Monday, January 5, 2009

၂၀၀၉ဟောတမ်း

၁၉၉၀ရွေးကောက်ပွဲပြီးလို့ကိုယ်စားလှယ်တွေညီလာခံလုပ်နေချိန်မှာပေါ့...
န၀တကအရှေ့ကထိုင်နေတဲ့ပါတီကိုယ်စားလှယ်တွေကို၂၅%ကြီးချပြထားပြီးခေါင်းစားထားချိန်
အနောက်မှာထိုင်နေတဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေကိုရောင်စုံဆော့ပင်တချောင်းစီပေးပြီး
မြန်မာပြည်မြေပုံကြီးခင်းထားတဲ့ဟိုး....အရှေ့ကစင်ပေါ်ကိုလက်ညှိုးထိုးပြလိုက်တယ်.....
NLDကိုယ်စားလှယ်တွေက(ဒီမိုကရေစီ...ဒီမိုကရေစီ)ဆိုပြီးတော့လှမ်းတော့အော်သား...
အမယ် .... ဦးအောင်ရွှေနဖူးဆော့ပင်လေးနဲ့တောင် တောက်သွားလိုက်သေးတယ်......
ကိုယ်ပိုင်နယ်မြေတွေကဘယ်နားမှာလဲမသိလို့ပါဟုန၀တကဆိုလာ၍ဖြစ်သည်။
မဆလလက်ထက်တလျောက်အနှိပ်စက်ခံဘ၀နှင့်နေလာရပြီးဒီမိုဆိုတာဂျိုနှင့်လားဆိုရလောက်
အောင်ခါးသီးစွာခံစားခဲ့ရသည့်တိုင်းရင်းသားများအတွက်ကိုယ်ပိုင်ဒေသနှင့်ဒီမိုကရေစီ...
ထက်ထက်မိုးဦးနှင့်မတူးဘယ်သူ့ရွေးမလည်းဆိုသလိုကြိုက်မရှက်ငတ်မရှက်ဖြစ်ခဲ့ရတော့သည်။
ဒီမြေပုံကအပြင်ထိရောက်လာသည်။ရွှေတိဂုံဘုရားကသူတို့တည်ခဲ့တာတွေဘာတွေကျောင်းမှာ
ကြားလာသည်။
အိမ်ပြန်ရောက်တော့အဖေ့ကို...
''အဖေကအညာသားဖြစ်ပြီးရန်ကုန်လာနေတာကိုး....အညာပြန်ပြီးအ၀ိုင်းလေးတကွက်လောက်
သွားဝယ်ထားပါလား..သူတို့မြေပြန်ပေးလိုက်ရရင်နေစရာဘုံမပျောက်အောင်ပေါ့...
နို့မဟုတ်ရင်သားတို့ဘင်္ဂလားပင်လယ်အော်ထဲကန်ချခံရပြီးအကုန်ကြွတော့မယ်"...ဆိုတော့
ဘေးကနေစိတ်ဝင်တစားနားထောင်နေတဲ့ညီမငယ်က...၀ါး...ကနဲကြောက်လန့်တကြားထငိုလိုက်
တော့အဖေလွှတ်လိုက်သည့်ရေနွေကြမ်းပန်းကန်လုံးကိုမနဲလွတ်အောင်ရှောင်လိုက်ရသည်။

အမှန်တော့စစ်တပ်ချကျွေးလိုက်သည့်အကွက်ထဲစိုက်စိုက်ကြီးဆင်းသွားခဲ့ရခြင်းဖြစ်သည်။
''ပြည်ထောင်စုဖြိုကွဲမည့်အကြံ ဒို့ကြံဖန်.....လုပ်လိုက်ခြင်းဖြစ်သည်။၂၅%ကိုလက္မခံတာလည်ပါသည်။
ညီလာခံကနေကိုယ်စားလှယ်တွေစွန့်ခွာပြီးပျက်ရော...

တိုင်းရင်သားကကိုယ်ပိုင်ဒေသ။ကိုယ်ပိုင်အုပ်ချူပ်ရေးတောင်းနေသ၍ဗမာအများစုနေထိုင်သောဒီနိုင်ငံမှာ
စစ်တပ်ကလက်ခမောင်းခတ်။မော်တပြုံးပြုံးဖြစ်နေပေတော့သည်။ဗိုလ်ခင်ညွန့်ကိုအရှေ့တွန်းပို့ပြည်နယ်တွေ
ဆီလွှတ်၊မန္တလေးမှာတခုခုပြဿနာဖြစ်လျှင် ခီညုကိုခေါ်ပေး...ခီညုကိုခေါ်ပေး...ဟုပြောတတ်သောခါတော်မှီ
တိုင်းရင်းသားတွေလည်းနအဖလက်ထက်နန်းစိုက်ရာမန္တလေးမှာဘုံကျောင်းတွေနှင့်ပြည်နှက်နေပေတော့
သည်။

အခုလည်း အပစ် အခတ် ရပ်စဲရေး အဖွဲ့တခု ဖြစ်သည့် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ က ၎င်းတို့၏ ဒေသကို
“မြန်မာ နိုင်ငံတော် ၀ ပြည်နယ် အစိုးရ အထူး အုပ်ချုပ်ရေး ဒေသ” ဟု ကြေညာလိုက်သည်။
ပြည်နယ်တခုထပ်တိုးလာ၍နိုင်ငံတော်အလံတွင်ကြယ်တလုံးထပ်ထဲ့ပေးရတော့မည်။

နိုင်ငံတကာတွင်ကျင့်သုံးသောပြည်ထောင်စုဖက်ဒရယ်စနစ်တွင် ""ပြည်နယ် အစိုးရ အုပ်ချုပ်ရေး"ဟုသုံးစွဲသော်
လည်း ၀ပြည်သွေးစည်း ညီညွတ်ရေး ပါတီ တခုထဲကရာသက်ပန်အုပ်ချူပ်သည့်စနစ်မျိုးမဟုတ်ပေ...
ပြည်နယ်အစိုးရရွေးကောက်ပွဲတွင်အနိုင်ရပါတီကအုပ်ချူပ်ခွင့်ရသော်ငြားပြည်နယ်လွှတ်တော်ထဲတွင်အခြားပါတီ မှပြည်နယ်အဆင့်အမတ်များလည်းရှိ၍ပြည်နယ်ကောင်းကျိုးကိုငြင်းခုံဆုံးဖြတ်အတည်ပြုသည့်စနစ်မျိုးပေ...။
လက်ရှိနအဖ၏သိသိကြီးနှင့်ခေါင်းမာနေသည်လုပ်ရပ်ကြောင့်အဆင်ပြေသလိုမြန်မာ့ဖက်ဒရယ်တွေပေါ်ပေါက်
လာရခြင်းဖြစ်သည်။


တိုင်ရင်းသား၊ဗိုလ်ခင်ညွန့်၊ဒေါ်စုတိုးတိုးတိတ်တိတ်ဆွေးနွေးပွဲများရှိခဲ့သော်လည်း ကမ္ဘာ့ဖက်ဒရယ်တွင်လက်နက်
ကိုင်တပ်ဖွဲ့မှာတခုထဲရှိပြီးဗဟိုအစိုးရလက်အောက်တွင်ရှိရမည့်အချက်မှာအနှိပ်စက်ခံတိုင်းရင်းသားများအဖို့
လည်ချောင်းထဲရွှေတုံးကြီးနင်သလိုပေ။ဒေါ်စုလည်း''တိုင်းရင်းသားတွေကလည်းဖေဖေတို့လက်ထက်ကလို
မဟုတ်တော့ဖူး"ဆိုပြီးအိမ်ထဲပြန်ရောက်သွားပြန်သည်။

ထိုင်းဘုရင်ကိုအားကျနေသောမဟာရွှေကဒီမှာတစခန်းထတော့သည်။လွှတ်တော်မှာအော်ကျယ်အော်ကျယ်အမတ် တွေဘေးမှာကပ်ထိုင်ပြီးအတိုကပ်ပြဖို့အခက်၁၀၀ကျော်ကိုထည့်ထားမည်။အစာဝအောင်ကျွေးထားသောကြံ&ဖွတ်တွေလည်းရှိမည်။အဲဒါကိုကျော်လာလျှင်ထိုင်းလိုစစ်တပ်ကအာဏာသိမ်းမည်။သူကအဲဒါအားလုံးရဲ့အပေါ်မှာဘုရင် လုပ်မည်။
မြေးဖြစ်သူနေရွှေသွေးအောင်ကိုလည်းအိမ်ရှေ့မင်းအရာထား၍တတ်နိုင်သလောက်အကာအကွယ်ထပ်ယူထားမည်။Photobucket
မြိုင်ကြီးငူလိုတောမျိုးDKBA
ခွဲထုတ်ထားသည့်အဖွဲ့မျိုးတွေနေထိုင်ခွင့်ပေး၍အိမ်ကြက်ခြင်းအိုးမဲသုတ်၍ခွပ်ခိုင်းမည်။

ကရင်ရွာတွေမီးရှို့ခံရတာတောင်ကောင်းကောင်းတွေ့ဖူးပုံမရသောအထက်ပါပုဂ္ဂိုလ်မျိုးလေးတွေ
ကိုနေပြည်တော်အထိရောက်လာအောင်စည်းရုံးသည်။
ဒါဆိုရင်လမ်းဆုံးပြီပေါ့လို့တော့မယူဆပါနဲ့။မျှော်လင့်ချက်ရှိပါသေးသည်။မဟာရွှေ၏နောက်ဆုံးပန်းတိုင်က








ဤအဆင့်ရောက်ရန်ဖြစ်သည်။မရောက်ခင်ဝေဿန္တရာလိုကျင့်ရမည့်အဆင့်ရောက်လျှင်တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်လာနိုင်ပါသည်။
ဂဏာ.. နှင့်ဇာလီကိုပေးလှုသလိုဤမြေးလေးကိုလည်းပေးလှုမည်ဖြစ်ရာဘလော့အကယ်ဒမီဌာန တွင်အလှုခံလိုသူများစာရင်း ပေးထားနိုင်ပါသည်။
ဒါကပြည်တွင်းကအဖြစ်အပျက်...........။ ။

ပြည်ပကအဖြစ်အပြဲတွေလည်း၏ရှိပါသေးသည်။
ကျယ်ကျယ်ပြန့်ပြန့်တောင်းခံ(အဲ)စည်းရုံးနိုင်ရန်တိုးချဲ့ဖွဲ့စည်းမည့်အစီအစဉ်ဖြစ်သည်။
အားပေးပါသည်။ပြည်တွင်းမှမျိုးဆက်သစ်များကစင်ပြိုင်ဆိုတာဘကြီးသာအောင်ယာတောကဗူးစင်နဲ့
ဒေါ်ဘုမလယ်ထဲကဗူးစင်...သီးတာပြိုင်တာဟုပဲထင်ရလောက်အောင်တိမ်မြှပ်ပျောက်ကွယ်လုမတတ်
ဖြစ်ခဲ့ရသည်။
နောက်တခုကUNHCRတွင်NI နံပါတ်၂လုံး၊၃လုံးကိုင်ဆောင်ခဲ့ကြသူအဖွဲ့၏ပြည်တွင်းမှာသွားရောက်
၍အမတ်အရွေးခံမည့်အစီအစဉ်ဖြစ်သည်။စီပွားရေးသွားလုပ်မည့်သူများလည်းရှိသေးသည်။
သင်တို့ရှေ့ကChannel1000ကျော်ကြည့်ရသည့်ဒေါ်လာ၁၀၀၀၀တန်၅၀လက္မပလက်စမာကြီးကိုခေတ္တ
ပိတ်...Ipot Ph; ကိုခေတ္တ Silent လုပ်၍၄ပေပတ်လည်အုပ်တိုက်လေးထဲမှအသက်ရှုသံပြင်းပြင်းတွေကို
နားစွင့်ကြည့်ပါ။
သင်တို့လည်းပြည်တွင်းရောက်။မဟာရွှေဘုရင်ဖြစ်သည့်အထိမ်းအမှတ်အဖြစ်၈၈မျိုးဆက်ကျောင်းသားများ
လည်းလွတ်ငြိမ်းချမ်းသာခွင့်နှင့်အထွက်လက်ဖက်ရည်ဆိုင်မှာတွေ့ခဲ့ရင်ဖြင့်မျက်နှာတံတွေးနှင့်အထွေးခံရရန်
အလားအလာရှိသည်။ထိုမှတဖန်ကျော်လွန်၍အစုတ်ကောင်းသောကြောင့်(ဆင်ဖြူတော်မှီ၍ကြံစုတ်ခြင်း)
အေးလွင်နှင့်အတူလွှတ်တော်ထဲရောက်သွားလျှင်လည်း၊မဟာရွှေလက်သပ်မွေးထားသောကြံ့နှင့်ဖွတ်တို့ဝိုင်း
ကိုက်၍ကျလာမည့်အရိုးများလွှတ်တော်ဘေးကဤတောအုပ်လေးထဲမှာစွန့်ပြစ်ခြင်းခံရမည်ဖြစ်ကြောင်းသိစေ
အပ်ပါသည်။ ။
Photobucket

သွားပေအုံးတော့ ဒီတကွေ့


အညတြတော်လှန်ရေးသမားတဦး / ၅ ဇန်န၀ါရီ ၂၀၀၉

အကြောင်းကြောင်းကို ထောက်ထားပြီး ဘယ်သူမှ မပြောမဆိုခဲ့တဲ့ အင်အားစုတွေအကြောင်းကို ရေးမယ်ကြံတိုင်း ချီတုံချတုံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြောချိန်တန်ပြီလို့ ယူဆမိတာကြောင့် ဒီဆောင်းပါးကို ကျနော်အရဲစွန့်ရေးလိုက်ပါတယ်။

တော်လှန်ရေးထဲမှာ သက်တမ်းနှစ် (၂ဝ) ကြာလာတော့ အထက်တန်းကျောင်းသားဘဝ၊ နိုင်ငံရေးသဘောတရားတွေ၊ ဘာတွေ ဘာတခုမှ နားမလည်သေးတုန်းက ဖတ်ခဲ့ဖူးတဲ့ ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ် (၂ဝ) ဆိုတဲ့ စာအုပ်မှာရေးထားတဲ့ ကောက်နုတ်ချက်ကို ခဏခဏ သတိရမိပါတယ်။ တိုင်းပြည်အတွက် အနှစ် (၂ဝ) လုပ်ခဲ့ပြီးတဲ့နောက် မိမိကိုယ်ကို ပြန် ကြည့်တဲ့အခါ ကြိုးတိုက်ထဲမှာ တွေ့ပါတယ်တဲ့။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စာအုပ်ကို ရေးသားတဲ့ ဗိုလ်မှူးချစ်ကောင်းကို စာနာမိပါတယ်။ လေးလည်းလေးစားမိပါတယ်။ သူ့အတွက်လည်း ရင်နာမိပါတယ်။ ဒီခံစားမှုတွေဟာ ကျနော် တော်လှန်ရေးသမားတယောက် ဖြစ်လာရေးအတွက် ဖြည့်ဆည်းပေးခဲ့တဲ့ အချက်အလက်တွေထဲမှာ တခုအပါအဝင်ဖြစ်ခဲ့ တယ်ထင်ပါရဲ့။ အုပ်စိုးသူလူတန်းစားတွေကို ကျနော်မုန်းတီးလို့ မဆုံးခဲ့ပါဘူး။

ခုတော့ တော်လှန်ရေးထဲမှာ သက်တမ်းနှစ် (၂ဝ) ကြာပြီးတဲ့အခါ မိမိကိုယ်ကို မိမိပြန်ပြန်ကြည့်မိ (မကြာ၊ မကြာ ပြန်ကြည့်မိတာကို ပြောခြင်းဖြစ်ပါတယ်။ အထူးသဖြင့် တရေးနိုးလို့ ငါ ဘယ်ရောက်နေပါလိမ့်လို့ ဇဝေဇဝါဖြစ်မိတဲ့အခါ မျိုးမှာပါ) တော့ နယ်စပ်တနေရာမှာ တကိုယ်တည်းဖြစ်နေတာကို တွေ့ရပါတယ်။ အရာရာကို စွန့်လွှတ်စတေးထားခဲ့ရလို့၊ မိမိဆီမှာမြဲနေတာ အသက်တချောင်းပဲ ရှိနေပါတယ်။ အုပ်စိုးသူလူတန်းစားကို မုန်းတီးတဲ့အမုန်းကတော့ သေရာပါမယ်ထင်ပါရဲ့။ ဒါပေမယ့် အမုန်းတခုပါတိုးလာခဲ့ပါတယ်။ တော်လှန်ရေးသမားအမည်ခံသူတွေရဲ့ သီလကြောင် အကျင့်ပျက်မှု၊ (တနည်း) ကိုယ်ကျိုးရှာစိတ်ဓာတ်ပါပဲ။ စစ်အစိုးရရဲ့ထင်သလိုရမ်းကားနေတာ၊ ပြည်သူကို စော်ကားနေတာ၊ တိုင်းပြည်ကို ရောင်းစားနေတာတွေကို ကြားရတိုင်း လက်နက် တွေ ကိုင်ထားပါရက်နဲ့ နှစ်ဆယ်စုပေါင်းများစွာ ပြည်သူ့ဆီက အခွန်ကောက် (ခုတော့ အုပ်စိုးသူအဆက်ဆက်က ပြောတဲ့အသုံးအနှုန်းအတိုင်း ‘ဆက်ကြေး’ ကောက်တယ်ဆိုတဲ့ စကားကိုပဲ သုံးရတော့မလိုဖြစ်နေပါတယ်။)၊ မြေပေါ်မြေအောက်သယံဇာတတွေကို ရောင်းစားခဲ့ပြီး၊ ပြည်သူ့မျက်နှာမထောက် စစ်အစိုးရရှေ့မှောက်မှာ ကိုယ်ကျိုးစီးပွားအတွက် ဒူးထောက်နေကြသူတွေဟာလည်း စစ်အစိုးရရဲ့ ကြံရာပါတွေဖြစ်ကုန်ကြပြီလို့ မြင်မိပါတယ်။ သူတို့ပြောပြောနေတဲ့ တော်လှန်ရေးဆိုတာ လက်နက်ကိုင် အကြမ်းဖက်နေတာ လောက်ပဲရှိတာကို တွေ့ရပါတယ်။ ဒီလောက်ကတော့ လက်နက်ကိုင်ပြီး ဗိုလ်ကျ စားသောက်ချင်တဲ့ လူတွေလည်း လုပ်နိုင်ပါတယ်။

လူမှုတော်လှန်ရေးဖြစ်စဉ်တွေမှာ တွေ့ရတဲ့အချက် (၂) ချက်ရှိပါတယ်။ တော်လှန်ရေးရည်မှန်းချက်ပေါက်မြောက်ဖို့အတွက် အကြမ်းဖက်နည်းကို သုံးရခြင်းနဲ့၊ တည်ဆဲလူမှုဆက်ဆံရေးစနစ်၊ တည်ဆဲ လူတန်းစားအုပ်စိုးမှုအနေအထားကို အခြေအမြစ်ကနေ ဖယ်ရှားပစ်ပြီး၊ တော်လှန်ရေးရဲ့ တွန်းအားဖြစ်တဲ့ အများပြည်သူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှု စနစ်သစ်ကို ဆောင်ကျဉ်းပေးဖို့ပါပဲ။

ဒီလိုမှ လူနေမှုစနစ်သစ်ကို အာမမခံနိုင်ဘူးဆိုရင် ပြည်သူကလည်း လိုက်ပါလာမှာမဟုတ်ဘဲ ‘တော်လှန်ရေး’ ဆိုတဲ့ အင်အားစုတွေဟာ ရန်သူကို ချေမှုန်း အနိုင်ယူနိုင်လောက်တဲ့အင်အား တွေ ဖြစ်မလာဘဲ လုံးပါး ပါးသွားတာပါပဲ။ ခု လက်နက်ကိုင် အင်အားစုတွေမှာ ဖြစ်နေတဲ့ အတိုင်းပါပဲ။ ဒို့ပြည်သူတွေက ဒို့ကို ထောက်ခံနေသားပဲလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ကိုယ့်အဖွဲ့အစည်း ဘာဖြစ်လို့ ဘယ်အခြေအနေ၊ ဘယ် သောင်ဘယ်ကမ်းကို ဆိုက်နေတယ်ဆိုတာကို မသိတာတွေအများကြီးပါ (အဖွဲ့အစည်းအနေ နဲ့ ခြုံပြောခြင်းဖြစ်ပါတယ်။ တဦးချင်းအနေနဲ့ သိမြင်တတ်သူတွေရှိပါတယ်။ သိတဲ့အတိုင်းပါပဲ၊ အဖွဲ့အစည်းတွင်းမှာ ဒီမိုကရေစီမရှိ၊ ကော်မတီစနစ်ဆိုတာကလည်း ကော်မတီဆိုတာတွေကို ဖွဲ့ထားရုံလောက်သာရှိတော့၊ သိနားလည်တဲ့ပုဂ္ဂိုလ်တွေမှာ ဘာမှ မစွမ်းသာပါဘူး) ဒီလိုအဖွဲ့အစည်းမျိုးတွေဟာ ပြည်သူက ကိုယ့်ကို ထောက်ခံနေသလား၊ လက်နက်ကို ကြောက်ပြီး ခိုင်းတာလုပ်၊ တောင်းတာပေးနေရတာလားဆိုတာကို ရဲရဲ ကြည့်သူတွေ မဟုတ်ပါဘူး။ အင်မတန် ရက်စက်ယုတ်မာလှတဲ့ သန်းရွှေစစ်အုပ်စု အောက်မှာ နေနေရတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ် ဆိုးရွားရက်စက်ပုံတွေကို မီဒီယာမှာ ပြောင်ပြောင်တင်းတင်း ပြောရဲနေကြပေမယ့် တောတွင်းလက်နက်ကိုင် အင်အားစုတွေရဲ့ အုပ်ချုပ်ခံပြည်သူတွေဟာ ဒီလိုမပြောရဲပါဘူး။ တဖက်က လက်တုံ့ပြန်မှုက မြန်လည်းမြန် ကိစ္စတုံးလောက်တဲ့ အထိလည်းဖြစ်တတ်လို့ပါ။ မကြာသေးခင်ကဘဲ၊ လက်နက်ကိုင်အဖွဲ့အစည်းတခုထဲက အလယ်အလတ်တန်း အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တယောက်က သူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ မကျေနပ်တာတွေကို ကျနော့်ဆီမှာ လာပြီး ညည်းပါတယ်။ “ပြောစရာရှိတာကို အစည်း အဝေးမှာ ပြောပါလား” လို့ သူ့ကိုပြောတော့ “ဒီလိုပြောရင် ကျနော့်ကို ရက်ရက်စက်စက် လုပ်မှာပေါ့” တဲ့။ အရပ်သား ပြည်သူတွေအနေနဲ့ ပြောရဲဆိုရဲရှိဖို့တော့ ဝေးရောပဲ။

ဒီအဖွဲ့အစည်းတွေဟာ သူတို့အခြေစိုက်ရာနယ်မြေ ပြည်သူတွေအတွက် မရေရာတဲ့ ပန်းတိုင်တွေ ညွှန်ပြထားတာတွေတော့ရှိပါတယ်။ (စာရေးသူအနေနဲ့ အဲဒီပန်းတိုင် တွေရဲ့အမည်တွေကို အတိအကျ မဖော်ပြဘဲ ထားတာကောင်းမယ်လို့ ထင်ပါတယ်)။ အဲဒီပန်းတိုင်ကို ရောက်ရင် ပြည်သူတွေက ဘယ်လိုအခွင့်အရေးမျိုးတွေ ရရှိခံစားရမယ်၊ ဘယ်လို ဖော်ဆောင်ပေးမယ်ဆိုတာကို တိတိကျကျရေရေရာရာ ရှင်းလင်းပြတာ၊ ပြဋ္ဌာန်း ထားတာတွေ မရှိပါဘူး။ ခုလက်တွေ့မှာတောင် ဒါတွေကို လက်တွေ့ (အဖွဲ့အစည်းထဲမှာရော၊ အုပ်ချုပ်ရေးနယ်မြထဲမှာပါ) လုပ်နိုင်တာမဟုတ်တော့၊ ရေးပြထားလည်း အပိုပါပဲ။ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်သလို ဖြစ်သွားမယ် မဟုတ်ပါလား။ ဗမာပြည် စစ်အာဏာ ရှင်များရဲ့ ဖခင်ကြီး ဗိုလ်နေဝင်းတောင် ကတိတည်တာမတည်တာ အပထား၊ “ပြည်သူလူထု အပေါင်းအား အစားဆင်းရဲခြင်းဒုက္ခ၊ အနေဆင်းရဲခြင်းဒုက္ခ၊ အူမမတောင့်နိုင်၍ သီလမစောင့် နိုင်သော ဒုက္ခတည်းဟူသော လူမှုဒုက္ခ အပေါင်းမှ လွတ်မြောက်စေ” ရမယ်။ “သာယာဝပြောသော ဆိုရှယ်လစ်လောကသို့ မရောက်ရောက်အောင် ချီတက်မည်” လို့ ကတိပေးရဲခဲ့ပါတယ်။ (၄) နှစ် (၅) နှစ်သာ အာဏာယူထားခွင့်ရှိတဲ့ ပါလီမန် ရွေးကောက်ပွဲဝင် ပါတီတွေတောင် ကတိကဝတ်တွေ အတိအကျပေးပါတယ်။ ဥပမာ အခွန်ရှော့ပေါ့မယ်။ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးမယ် စသည်ဖြင့်။

ဒီနေရာမှာ၊ ၁၉-ရာစုအလယ်လောက်က တရုတ်ပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ တိုင်ပင်းသူပုန် (Taing Ping Rebellion-1855-1873) နဲ့ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ အဲဒီကာလတုန်းက တော်လှန်ရေး သဘောတရားတွေတောင် တရုတ်ပြည်ကို ရောက်မလာသေးပါဘူး။ ၁၉၁၁-ခုနှစ် သမ္မတနိုင်ငံ တည်ထောင်ရေး တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တဲ့ ဆွန်ယက်ဆင်လက်ထက်ကျမှသာ (ဒါတောင် ၁၉၁၇-ခုနှစ် ရုရှပြည် မဟာအောက်တိုဘာ တော်လှန်ရေးနောက်ပိုင်းမှာ မပြီးဆုံး သေးတဲ့ တော်လှန်ရေးအတွက် နည်းလမ်းရှာရင်း) တော်လှန်ရေးသဘောတရားတွေကို တင်သွင်းခဲ့တာပါ။ ဒီ သူပုန်လှုပ်ရှားမှုမှာတောင် ပုဂ္ဂလိကပိုင်ပစ္စည်း ဖျက်သိမ်းရေး၊ မြေယာမြေချမ်းရေးတွေကို ဆောင်ရွက်တဲ့အပြင် လူတန်းစားတွေနဲ့ ယောက်ျား၊ မိန်းမ တန်းတူညီမျှခွင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အရင် ဘယ်ခေတ်တုန်းကနဲ့မှ မတူဘဲ၊ အ မျိုးသမီးတွေကို စာမေးပွဲဝင်ဖြေခွင့်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ယိုယွင်းသွားခဲ့တယ်ဆိုပေမယ့် ဒီသူပုန်လှုပ်ရှားမှုဟာ ဒီပေါ်လစီတွေကို အကောင်အထည်ဖော်ခဲ့တာတော့ အမှန်ပါပဲ။ ကျနော်တို့ရဲ့ တော်လှန်ရေးအမည်ခံထားတဲ့ အဖွဲ့အစည်းအများစုဟာ အဲဒီသူပုန်လှုပ်ရှားမှု လောက်မှ အဆင့်ရှိပါရဲ့လား။

“လူမျိုးရေး၊ လူမျိုးရေး” လို့ ပြောကြပါတယ်။ အဲဒီလူမျိုးတွေထဲမှာ လူတန်းစားတွေ ရှိနေတာကို မမြင်မတွေ့နိုင်တာ မဟုတ်ပါ။ (“ဒို့က ဒို့လူမျိုးဆိုတာပဲ သိတယ်။ လူတန်းစားတွေ ဘာတွေ နားမလည်ဘူး” လို့ ပြောမယ်ဆိုရင် အဲဒီခေါင်းဆောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၅ဝ) လောက်က တိုင်ပင်သူပုန်ခေါင်းဆောင် ဟောင်ဇူကွမ်း (Hong Xiuquan) လောက်တောင်မှ အမြင်မရှိဘူးလို့ ပြောရပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်က အပေါ်စီးလူတန်းစားနေရာမှာ နေနေတာကို မမြင်ရအောင် ကိုယ့်ပြည်သူတွေရဲ့ မျက်လုံးထဲ ‘လူမျိုးရေး’ သဲပက်ထားတာလား။ ဒါပေမယ့် လူထုက အဲဒီ ခေါင်းဆောင်တွေ ချမ်းသာနေတာကို မေးငေါ့ တာဟာ လူတန်းစားအမြင်ပါပဲ။) ကျနော်တော်လှန်ရေးထဲ ရောက်စတုန်းက လူမျိုးစုအဖွဲ့ အစည်းထဲက အလတ်တန်း အထက်ဆင့် ခေါင်းဆောင်တယောက်က “လူလူချင်း ဆက်ဆံနေ တယ် ဆိုပေမယ့် တကယ်တော့ လူတန်းစားချင်း ဆက်ဆံနေရတာပါ” လို့ ပြောဖူးပါတယ်။ ဒါက သူ့တဦးချင်းရဲ့အမြင်ပဲ ဖြစ်ပါတယ်။ သူ့အဖွဲ့အစည်းမှာတော့ ဒီအမြင်မျိုးကို တညီတညွတ်တည်း လက်ခံထားကြတာ မဟုတ်ပါဘူး။ ‘လူမျိုးရေး’ ကိုပဲ အလွယ်ပြောနေ ကြပါတယ်။ သူတို့ ပြည်သူတွေအပေါ် သူတို့ဆက်ဆံနေပုံကို ထောက်ပြီးပြောရရင် “ဗမာတွေ အုပ်ချုပ်တာကို ဒို့လက်မခံဘူး” ဆိုတာပဲဖြစ်ပါတယ်။ ဒီထက် ပိုပြီး ပြောရရင် “ဗမာတွေမဖိနှိပ်စေရဘူး၊ ဒို့ပဲဖိနှိပ်မယ်” ဆိုတာပါပဲ။ တကယ်တော့ လူမျိုးစုပြည်သူတွေဟာ ဘယ်သူ့ဖိနှိပ်မှုကိုမှ ခံလိုကြမယ်မဟုတ်ပါဘူး။ ဗြိတိသျှနယ်ချဲ့၊ ဂျပန်ဖက်ဆစ်နယ်ချဲ့တွေရဲ့ ဖိနှိပ်မှုကို ခေါင်းငုံ့မခံခဲ့ကြတဲ့ ဗမာပြည် ပြည်သူတွေဟာ ဗမာအမျိုးသား အုပ်စိုးသူတွေရဲ့ ဖိနှိပ်မှုကိုလည်း ခေါင်းငုံ့မခံခဲ့ကြတာ ဒီနေ့ မျက်မြင်ကိုယ်တွေ့ပါပဲ။

ဒို့လူမျိုးအတွက် ဒို့လုပ်နေကြတာပဲဆိုတဲ့ အမြင်လောက်ပဲရှိတော့၊ တဖက်က တော်လှန်ရေးလို့ ပြောပြီး တဖက်မှာတော့ ကိုယ်ကျိုးလုပ်ကြပါတယ်။ ဒီလိုကိုယ်ကျိုးလုပ်တာဟာ တရားတယ် လို့ မြင်နေပုံရပါတယ် (“တော်လှန်ရေးအတွက် ငါ ဒီလောက်နှစ်ပေါင်းများစွာ လုပ်ခဲ့တာပဲ၊ ဒီလောက်တော့ ငါခံစားခွင့်ရှိတာပေါ့” ဆိုတဲ့ ကိုယ်တရားကိုယ် ထူထောင်၊ ကိုယ့်ကိုယ်ကိုယ် ဆုချတတ်တဲ့ လူစားမျိုးတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အတော်များများတွေ့ရ ပါတယ်။) တောမှာလည်းတော၊ အာဏာအလျောက် ရထားတဲ့အာဏာကို အသုံးချပြီး စီးပွားရေးလုပ်ပါတယ်။ အောင်မြင်ကြပါတယ်။ မအောင်မြင်ဘဲ ဘယ်ရှိပါ့မလဲ။ အရှင်သခင်တယောက်လို အာဏာရှိပြီး၊ အလွယ်ရတဲ့ ငွေကြေးကလည်းရှိပြန်တော့၊ နှုတ်က အသံမထွက်တာတောင် အကျေနပ်ကြီးကျေနပ်နေပြီပေါ့။ စစ်အစိုးရရဲ့ ဖိနှိပ်သတ်ဖြတ်မှု၊ လုယက်မှုစော်ကားမှုတွေကို အလူးအလဲခံစားနေရတဲ့ပြည်သူတွေအဖို့ ဒီစစ်အစိုးရကို ခါးသည်းနာကြည်းပါတယ်။ စစ်အစိုးရအပေါ်မှီခိုပြီး စီးပွားဖြစ်ထွန်းနေကြတဲ့ အဖွဲ့အစည်းတွေ (အောက်ခြေငယ်သားတွေကို မဆိုလိုပါ) ကတော့ သူတို့ပါးစပ်က ဘာပြောပြော လက်ရှိ အခြေအနေကို ကြိတ်ပြီး ကျေနပ်နေကြပါတယ်။ လက်ရှိအခြေအနေလို့ ဆိုရာမှာ အတိအကျ ပြောရရင်၊ အခု ၂ဝဝ၉-ခုနှစ် ဆန်းပိုင်းအခြအနေပဲဆိုပါတော့။ ကိုယ့်အိမ်၊ ကိုယ့်စီးပွားရေး လုပ်ငန်းတွေကို မြို့ရွာတွေမှာ အခြေစိုက်ထားတဲ့ (တချိန်က တောတွင်း) လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်ဆိုသူတွေဟာ ကိုယ့်ပိုင်ဆိုင်မှုတွေ၊ သာယာနေတဲ့ ဘဝအ ခြေအနေတွေ အရာယွင်းသွားမှာ သို့မဟုတ် ဆုံးရှုံးသွားမှာစိုးလို့ လက်ရှိအခြေ အနေပြောင်းသွားမှာကို မျက်ကလဲဆန်ပြာ စိုးရိမ်နေကြတာ မျက်မြင်ထင်ရှားပါပဲ။ ဒီတော့၊ သူတို့တလျှောက်လုံး ပြောလာခဲ့တဲ့ အမျိုးသားရေးဆိုတာကို ဘေးချိတ်ပြီး စစ်အစိုးရ ပြုသမျှနုကြတော့မှာပါ။ ဒီနေရာမှာ စစ်အစိုးရရဲ့ အာဏာစက်နဲ့ဝေးရာ သို့မဟုတ် အိမ်နီးနားချင်းတိုင်းပြည်တွေထဲမှာ အခြေချထားသူတွေအနေနဲ့ စစ်အစိုးရကို ဆက်လက် အန်တု (ဒီစကားလုံးပဲ သုံးချင်ပါတယ်။ တော်လှန်ဆိုတဲ့စကားနဲ့မထိုက်တန်ပါဘူး) မယ်ဆိုရင် ဆက်လက် အန်တုလာစရာရှိပါတယ်။ ဒါပေမယ့် ပြည်သူအတွက် မရေရာတဲ့ ကတိတွေ ပေးပြီး၊ ကိုယ်ကျိုးရှာနေသရွေ့တော့၊ အိမ်နီးချင်းနိုင်ငံတွေက စစ်အစိုးရနဲ့ ပလဲနံပသင့်ပြီး ဖိအားပေးလို့ဖြစ်စေ၊ အခြားသော အကျပ်အတည်းများကြောင့်ဖြစ်စေ၊ ခံနိုင်ရည်မရှိတော့ရင်၊ (နဂိုမူလက ရှိနေတဲ့ ကိုယ်ကျိုးကြည့်စိတ်ဓာတ်ကြောင့်) ကိုယ်လွတ်ရုန်းသွား ကြစရာရှိပါတယ်။

အရင်းစစ်က အမြစ်မြေက ဆိုသလို ဒီအဖွဲ့အစည်းတွေဟာ (ဒီနေရာမှာလည်း ဒီအဖွဲ့အစည်းတွေထဲက လွှမ်းမိုးနေတဲ့ အင်အားစုကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ မှန်မှန်ကန်ကန်နားလည်တဲ့ ပုဂ္ဂိုလ်တွေကို သိမ်းကျုံးပြောမိရာ ရောက်မှာစိုးလို့ပါ) မတရားသဖြင့် အုပ်စိုးတဲ့ အစိုးရအဆက်ဆက်ကို တွန်းလှန်ဖြိုချပြီး၊ ငြိမ်းချမ်းသာယာတဲ့ အမျိုးသားနိုင်ငံတော်တရပ် (စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့လည်း ပြောနိုင်ပါတယ်) တည်ဆောက်လိုတဲ့ဆန္ဒ အမှန်တကယ်မရှိဘဲ၊ အစိုးရအာဏာစက် အလှမ်းမမီရာ ကိုယ့်နယ်မြေ၊ ကိုယ့်တောတောင်ထဲမှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံလေးတွေရဲ့ အစိုးရ တွေ (တချို့အဖွဲ့အစည်းတွေဆိုရင် အစိုးရဆိုတဲ့ အမည်ကို မြိန်ရေရှက်ရေသုံးပါတယ်။ နောက်ပိုင်းမှာ အခြေမလှတော့မှ မသုံးတော့တာကို တွေ့ရပါတယ်)၊ သို့မဟုတ် တဘက်နိုင်ငံရဲ့ နယ်စားလေးတွေ၊ သို့မဟုတ် ဟိုးရှေးရှေး ဘုရင့်နိုင်ငံတော် (Kingdom) ခေတ်က ဘုရင်လေးတွေလို ‘စိုးစံ’ နေလိုကြတာကို တွေ့ရပါတယ်။

ဘာကြောင့် ဒီလိုပြောရပါသလဲ။။
နိုင်ငံတကာ အသိအမှတ်ပြုအာဏာကို လက်ကိုင်ထားတယ်ဆိုတဲ့ လက်ဦးမှုလည်းရှိ၊ တတိုင်းပြည်လုံးရဲ့ အခြေခံအဆောက်အအုံ အပါအဝင် အရင်းအမြစ်တွေကို ချုပ်ကိုင်ထားပြီး နှိုင်းယှဉ်ချက်အရ ပိုမိုအားကြီးစွာ လူမျိုးရေးဝါဒမှိုင်း တိုက်နိုင်တဲ့ အစိုးရကို တွန်းလှန်ဖြိုဖျက်ဖို့ ဆိုရင် တောတွင်းလက်နက်ကိုင်အင်အားစုတွေသာမက စစ်အစိုးရကို ဆန့်ကျင်တဲ့ အခြားအင်အားစုမှန်သမျှနဲ့ သွေးစည်းညီညွတ်မှုတရပ် တည်ဆောက်ရမယ်ဆိုတာ လူတိုင်းနားလည်တဲ့အချက်ပါ။ တပ်ပေါင်းစုတွေ တည်ဆောက်ခဲ့သားပဲလို့ ပြောချင်ပြောကြ ပါလိမ့်မယ်။ ဒါပေမယ့် တကယ့်တပ်ပေါင်းစု တည်ဆောက်လိုတဲ့စေတနာရှိ၊ မရှိဆိုတာကို အဲဒီတပ်ပေါင်းစုတွေဟာ ဘယ်လောက်အထိ ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့သလဲ၊ အဲဒီလို ထိထိရောက်ရောက် စွမ်းဆောင်နိုင်အောင် ဘယ်လောက် အစဉ်တစိုက် ကြိုးပမ်းနေသလဲ၊ ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲ ဆိုတာနဲ့ပဲ တိုင်းတာရပါလိမ့်မယ်။ လက်တွေ့မှာ တပ်ပေါင်းစုအကျိုးထက် တဖွဲ့ချင်းအကျိုး (ဒီထက်ပိုပြီးပြောရရင် တဖွဲ့ချင်းအထဲမှာ တဦးချင်းအကျိုး) ကိုသာ ကြည့်ခဲ့ကြလို့ တပ်ပေါင်းစုတွေ ဘယ် အခြေအနေရာက်နေသလဲဆိုတာ မျက်မြင်ထင်ရှားပါပဲ။ ဒီအချက်ကိုကြည့်ရင် လက်နက်ကိုင်အဖွဲ့အစည်းအများစုဟာ စစ်အစိုးရကို တွန်းလှန်ဖြိုချရေးအတွက်မဟုတ်ဘဲ ကိုယ့်နယ်မြေ၊ ကိုယ့်တောတောင်ထဲမှာ မင်းမူနေရရုံနဲ့ ကျေနပ်နေခဲ့ကြတယ်ဆိုတာ သိသာပါတယ်။

ဒါပေမယ့် အဲဒီအဖွဲ့အစည်းအသီးသီးက သူတို့ကိုယ်စားပြုထားသယောင်ယောင်ပြောနေတဲ့ သို့မဟုတ် သူတို့ကိုယ်စားပြုထားတယ်လို့ အထင်ရောက်နေတဲ့ ဒေသခံပြည်သူအသီးသီးက တော့၊ စစ်အစိုးရဖိနှိပ်မှုကို တွန်းလှန်ဖြိုဖျက်ရေးအတွက် တတိုင်းပြည်လုံး သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်ရမယ်ဆိုတာကို ကောင်းကောင်းကြီးနားလည်ထားကြပါ တယ်။ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေလို သွေးခွဲရေးစကားတွေနဲ့ အကြောင်းပြပြီး ရှောင်ဖယ်နေကြတာမဟုတ်ပါဘူး။ ဒီအချက်ကိုကြည့်ရင် ဒီအဖွဲ့အစည်းတွေရဲ့ (ခေါင်းဆောင်တွေရဲ့) အကျိုးစီးပွားနဲ့ သူတို့ကိုယ်စားပြုပါတယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားဟာ တခြားစီပဲလို့ ဆိုနိုင်ပါတယ်။ ဒီတော့ သူတို့ဟာ သက်ဆိုင်ရာလူမျိုးစုပြည် သူတွေကို ကိုယ်စားပြုသူတွေမဟုတ်ပါဘူး။ လူမျိုးအမည်ခံထားရုံနဲ့ ဒီလူမျိုးကို ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ မြန်မာအစိုးရလို့ အမည်တပ်ပြီး ကုလသမဂ္ဂမှာ ပါဝင်နေရုံနဲ့ မြန်မာပြည်တပြည်လုံးက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုသူတွေလို့ မဆိုနိုင်သလိုပေါ့။

သာဓကဆောင်ပြပါမယ်။
ဗိုလ်နေဝင်းရဲ့ မဆလ စစ်အစိုးရက ‘ဆိုရှယ်လစ်’ ဆိုင်းဘုတ်တပ်ပြီး ရှိရှိအမျှ စီးပွားရေး လုပ်ငန်းတွေကို ‘ပြည်သူပိုင်’ သိမ်းခဲ့တဲ့ ၁၉၆၄ ခုနှစ်ကစပြီး ၁၉၈၈ ခုနှစ်အထိ ကာလအတွင်း မှာ မှောင်ခိုဈေးကွက်ကြီး ထွန်းကားခဲ့ပြီး၊ နယ်စပ်ဒေသရဲ့ သွင်းကုန်ပို့ကုန် အခွန်အကောက် တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက နေ့စဉ်သိန်းသန်းနဲ့ချီပြီး ရပါတယ်။ ဒါ့အပြင် စစ်အစိုးရရဲ့ တပ်တွေကလည်း နယ်စပ်အထိ မထိုးဖောက်နိုင်သေးတော့ သစ်ထုတ်လုပ်ရေး လုပ်ငန်း၊ ဓာတ်သတ္တုနဲ့ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းတွေဆီကလည်း မနည်းလှတဲ့ အခွန်အကောက်တွေ ရခဲ့ပါတယ်။ (ခွန်ဆာအဖွဲ့လို အဖွဲ့အစည်းမျိုးကျတော့၊ ဘိန်းကုန်ကူးလို့ ဒီ့ထက်တောင် ဝင်ငွေကောင်းသေးတယ်လို့ သိရပါတယ်) ဒီ လက်နက်ကိုင် အဖွဲ့အစည်းအများစုမှာကလည်း ခေါင်းဆောင်တွေကိုယ်ကျိုးရှာတာ၊ ဥစ္စာဓန ပိုင်ဆိုင်တာကို တရားတယ်လို့ပဲ နားလည်ထားကြလို့ (အင်အားကြီးတယ်ဆိုတဲ့ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်ကြီးက “ဒီကောင်က ကိုယ်ကျိုးမလုပ်ဘူး။ ငါကတော့ ကိုယ်ကျိုးမလုပ်ဘဲ မနေနိုင်ဘူး” လို့ လူပုံအလယ်မှာ ပြောပါတယ်တဲ့) တချို့အဖွဲ့အ စည်းတွေရဲ့ ခေါင်းဆောင်တွေ ချမ်းသာသွားခဲ့ကြတာကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ကြဖူးသူတွေ မှန်သမျှ သိကြပါတယ်။

သူတို့တတွေက စစ်အစိုးရရဲ့ ရန်က ဝေးရာမှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်နေကြတော့ စစ်အစိုးရရဲ့တပ်တွေ ကိုယ့်နယ်မြေထဲ ဝင်လာတဲ့အခါ တိုက်ရုံကလွဲလို့ တတိုင်းပြည်လုံး သွေးစည်းညီညွတ်ပြီး၊ တိုက်ပွဲဝင်ဖို့ စိတ်မဝင်စားခဲ့ကြပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်လိုတဲ့ ဒေသခံပြည်သူအသီးသီးကတော့၊ (အဲဒီ လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ခေါင်းဆောင်မှုမပါဘဲ) တတိုင်းပြည်လုံးရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ တွေမှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ လူမျိုးရေးစကား၊ သွေးခွဲရေးစကားတွေနဲ့ အကြောင်းပြပြီး ရှောင်ဖယ်မနေကြပါဘူး။ ထင်ရှားတဲ့ ဖြစ်ရပ်တွေကတော့၊ တတိုင်းပြည်လုံးမှာရှိတဲ့ ဒေသအသီးသီးပြည်သူတွေ တခဲနက်နဲ့ တက်တက် ကြွကြွပါဝင်ခဲ့ကြတဲ့ (၈) လေးလုံး အရေးတော်ပုံ ဒီမိုကရေစီရရှိရေးတိုက်ပွဲ၊ ၂ဝဝ၇ ခုနှစ် သံဃာလှုပ်ရှားမှုအကြို ကျောင်းသား လှုပ်ရှားမှု၊ သံဃာလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရှားမှုတွေမှာ ဒေသအသီးသီး ပြည်သူတွေ ပါဝင်ခဲ့တာဟာ ဒီအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုတွေနဲ့ ပါဝင်ခဲ့တာ မဟုတ်ပါဘူး။ သံဃလှုပ်ရှားမှုအကြို ကျောင်းသားလူငယ်လှုပ်ရှားမှုကာလမှာ ရှမ်းလူငယ်အဖွဲ့ ခေါင်းဆောင်က ဘီဘီစီနဲ့တွေဆုံမေးမြန်းခန်းမှာ သူတို့လည်း ပူးပေါင်းပါဝင်မယ်။ မိမိတို့အမျိုးသား အပစ်အခတ်ရပ်စဲရေးအဖွဲ့ရဲ့ သဘောထားကို ဂရုစိုက်မနေနိုင်ပါဘူးလို့ ပြောခဲ့တာကိုကြည့်ရင် သိသာပါတယ်။ ဒါ့အပြင် လူမျိုးစုပြည်သူများရဲ့ ရွေးကောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်အမတ်များဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ စီအာပီပီထဲမှာ ပူးပေါင်းပါဝင်ပြီး စစ်အစိုးရကို ဆန့်ကျင်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် စည်းရုံးရေးခရီးစဉ်တလျှောက်လုံးမှာ လူမျိုးစုပြည်သူအသီးသီးက သောင်းသောင်းဖြဖြကြိုဆိုကြတာတွေဟာ အထင်အရှားပါပဲ။

စစ်အစိုးရကို တိုက်ဖျက်ရေး တတိုင်းပြည်လုံးသွေးစည်းရေးကိစ္စမှာ စုစည်းလို့ မရလောက်အောင် ရှောင်ဖယ်ဖယ် လုပ်ခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ (အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ) ဟာ စစ်အစိုးရက သံဃာ့လှုပ်ရှားမှုကို နှိပ်ကွပ်လို့ ကောင်းတုန်းအချိန်မှာလုပ်တဲ့ သံဃာ့လှုပ်ရှားမှု တန်ပြန်ရေး ‘အခြေခံဥပဒေကြိုဆိုထောက်ခံပွဲ’ မှာ တညီတညွတ်တည်း တက်ရောက်ပြီး စစ်အစိုးရအတွက် (ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) အင်အားပြပေးခဲ့ကြပါတယ်။ တချို့ထိပ် သီးခေါင်းဆောင်တွေဆိုရင် မျက်နှာပြောင်ပြောင်နဲ့ စင်မြင့်ပေါ်တက်၊ မိန့်ခွန်းပြောပေးတဲ့အထိ စစ်အစိုးရအလိုကျ လူထုဆန့်ကျင်ရေး လုပ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃာ့လှုပ်ရှားမှုဟာ သူတို့ပြောတဲ့ ‘မဟာဗမာ’ သံဃာတွေ သက်သက်ရဲ့ လှုပ်ရှားမှုမဟုတ်ဘဲ၊ ဘုန်းတော်ကြီးကျောင်းများရှိရာ ဒေသအားလုံးက ရဟန်း သံဃာတော် မှန်သမျှ (ရခိုင်၊ မွန်၊ ရှမ်း၊ ကရင် အစရှိတဲ့ လူမျိုးပေါင်းစုံ ရဟန်းသံဃာတော်များ) ပါဝင်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

ကိုယ်ကျိုးစီးပွားနောက်ကို လိုက်ခဲ့ကြပြီး၊ ပြည်သူလူထုအကျိုးကို ကိုယ့်အကျိုးရဲ့ အစွန်းထွက်လောက်ပဲ သဘောထားတဲ့ တောတွင်းအဖွဲ့အစည်းတွေဟာ ခုတော့ ပြည်သူလူထုရဲ့ စိတ်ရောကိုယ်ပါလိုက်ပါမှု မရှိတော့တဲ့အဆုံးမှာ စစ်အစိုးရရဲ့ ရှေ့မှောက် သဏ္ဌာန်အမျိုးမျိုးနဲ့ ဒူးထောက်နေကြရပါပြီ။ ရှေ့အလားအလာကိုကြည့်ရင် စစ်အစိုးရရဲ့ သူခိုးသေဖော်ညိရာမှာ စစ်အာဏာရှင်ဇာတ်ဝင်တွေ ဖြစ်ကုန်ကြဖို့ပဲ ရှိပါတော့တယ်။ (လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်တုန်းက အပစ်အခတ်ရပ်စဲရေးအဖွဲ့ထဲက အလတ်တန်းအဆင့် ခေါင်းဆောင်တယောက်ကို ကျနော်က “စစ်အစိုးရက အပစ်ရပ်အဖွဲ့တွေကို သူတို့ ဇာတ်ထဲသွင်းဖို့ ကြိုးစားနေပုံရတယ်” လို့ပြောတော့ အဲဒီပုဂ္ဂိုလ်က “ဝင်တောင်ဝင်နေပြီ” လို့ ပြန်ပြောခဲ့ပါတယ်။)

အထက်ပါအချက်တွေကို ခြုံပြီးပြောရရင် တော်လှန်ရေးဆိုတာကိုလုပ်ပြီး ကိုယ်ကျိုးဖက် တယ်ဆိုရင် ကျဆုံးမယ့်လမ်းကို သွားနေတာဖြစ်တယ်။ မိမိတို့ အပြောကြီးပြောခဲ့တဲ့ ရန်သူ့လက်အောက်မှာ ကိုယ်ကျိုးစီးပွားအတွက် ရှိုဝင်၊ ဒူး ထောက်ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ ဘာကိုလိုတယ်ဆိုတာကို စစ်အစိုးရက ကောင်းကောင်းကြီး နား လည်တယ်ထင်ပါရဲ့။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို လက်နက်ကိုင်တိုက်ပွဲ ကာလတုန်းကလို မဟုတ်ဘဲ မြို့ရွာတွေမှာ စီးပွားရေးလုပ်ခွင့်တွေသာမက ဘိန်းကုန်ကူးခွင့်ပါပေးပါတယ်။ အပစ်အခတ်ရပ်စဲရေးမလုပ်တဲ့ အဖွဲ့တွေကိုတော့ စီးပွားရေးလုပ်ခွင့် လုပ်ငန်းလိုက်စင်၊ အခွန်- ဒါကိုတော့ ဆက်ကြေးလို့ ကျနော်ရဲရဲပြောဝံ့ပါတယ်။ ကောက်ခွင့်တွေ ပေးပြီး ခွဲထုတ်စည်းရုံးပါတယ်။ ဒီလိုနဲ့ စစ်အစိုးရက တောထဲက အတိုက်အခံအင်အားစုတွေကို အညှာကိုင်ပြီး ချိုးနှိမ်ပစ်ပါတယ်။ မြို့ပေါ်က အင်အားစုတွေကိုတော့ လက်နက်အားကိုးနဲ့ ထင်သလိုရမ်းကားဖိနှိပ်နိုင်ပြီပေါ့။ ဒါ ကြောင့်လည်း ဒီလက်နက်ကိုင်အင်အားစုတွေဟာ စစ်အစိုးရရဲ့ ကြံရာပါတွေလို့ အထက်မှာ ကျနော်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ ကျဆုံးသွားတာတော့ မဟုတ်ပါ။ စစ်အာဏာရှင်စနစ်က ကျဆုံးရမှာပါ။ ဘယ်သူတွေ သစ္စာဖောက်သွားပါစေ၊ ပြည်သူလူထု ကတော့ ဆက်လက်တိုက်ခိုက်သွားမှာ မုချပါပဲ။ ၁၉၂ဝ ပြည့်နှစ် ဝန်းကျင်က ဝံသာနု လှုပ်ရှားမှုကိုသာ အမှတ်ရစရာဖြစ်ပါတယ်။ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား ပြည်သူ တွေရဲ့ အခွင့်အရေးတွေကို ကျောခိုင်းပြီး ဝံသာနုခေါင်းဆောင်အများစုက ဗြိတိသျှတွေပေးတဲ့ ငါးထောင်စားအမတ် ရာထူးနောက်ကို ငန်းငန်းတက် လိုက်သွားခဲ့ကြပေမယ့် ဝံသာနုတွေ တောင်းဆိုခဲ့တဲ့ ဟုမ္မရူး (ကိုယ်ပိုင်အုပ်ချုပ်ရေး) ထက်တောင် အဆင့်မြင့်တဲ့ အမျိုးသား လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပေါ်လာခဲ့တယ်မဟုတ်ပါလား။

ဒီနေရာမှာ ကျနော်ကြားဖူးတဲ့ ဖြစ်ရပ်တခုကို တင်ပြလိုပါတယ်။ လူလတ်ပိုင်းအရွယ် ပညာတတ်တယောက်ဟာ (၈) လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး တောခိုလာခဲ့ပါတယ်။ သားမယားတွေကို ပစ်ထားခဲ့ရသူပါ။ နဂိုက တော်လှန်ရေးသမားဖြစ်ဖို့ တည်ဆောက်ထား ခဲ့တာ မဟုတ်တော့ တောတွင်းအဖွဲ့အစည်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေရဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ စိတ်ညစ်ပြီး လက်နက်ချသွားခဲ့ပါတယ်။ သူ့ကို စစ်ကြောမေးမြန်းတဲ့ ရန်သူ့ထောက်လှမ်းရေးက သူ့ကို အပေါ်စီးနဲ့ “ခုတော့ ခင်ဗျားတို့ ဘာတတ်နိုင်တော့လဲ” လို့ မေးပါတယ်တဲ့။ ဒီတော့ သူက “အင်းလေ ဒီတပွဲတော့ ကျနော်တို့ ရှုံးသွားပြီပေါ့ဗျာ” လို့ ပြန်ပြောပါတယ်တဲ့။ ပြည်တွင်းကလာတဲ့ သူနဲ့သိသူတယောက်က ပြောပြတာပါ။

သူပြောတာမှန်ပါတယ်။ ရိုးရိုးသားသားနဲ့ ရဲရဲဝန်ခံရမယ်ဆိုရင် ဒီတပွဲ ဒီတကွေ့မှာ ကျနော်တို့ စစ်ရှုံးခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရှိနေသရွေ့ ကျနော်တို့တော်လှန်ရေးက နိဂုံးချုပ်သွားမှာမဟုတ်ပါဘူး။

အမေရိကန်လို အင်အားကြီးနိုင်ငံကြီးရဲ့ ဝင်ရေက်ကယ်တင်ပေးမှုကို မျှော်နေလို့လည်း မရပါဘူး။ အမေရိကန်က အီရတ်အရေးနဲ့တောင် မထွေးနိုင်မအန်နိုင်ဖြစ်နေတာကို အားလုံးအသိပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကြားဝင်ပေးမှုကို အားထားရအောင်လည်း ကုလသမဂ္ဂက (သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်းပြောသလို) သွားမရှိတဲ့ ကျားကြီးပါ။

လက်နက်ကိုင်တော်လှန်ရေးကလွဲလို့ စစ်အစိုးရကို ရှင်းပစ်စရာ တခြားနည်းလမ်းမရှိပါဘူး။ ဒါပေမယ့် တိုင်ပင်း သူပုန်လို သူပုန်မျိုးလောက်တောင်မှ အဆင့်မရှိဘဲနဲ့ ဆက်စခန်းသွားနေ ရင် တိုင်းပြည်နဲ့ ပြည်သူတွေ ဒုက္ခရောက်ရုံပဲရှိမှာပါ။ စစ်မှန်တဲ့ တော်လှန်ရေးတရပ်ကို အတွေး အခေါ်သစ်၊ နည်းလမ်းသစ်တွေနဲ့ ကိုယ်ကျိုးမဖက်ဘဲ ဆက်လက်ဆင်နွှဲ သွားဖို့လိုတာအမှန်ပါ။


၂၀၀၉ ခုနှစ် မှုန်ဝါးဝါး


၅ ဇန်န၀ါရီ ၂၀၀၀၉
အန်အယ်လ်ဒီ၏ အနာဂတ်ကို မှုန်ဝါးနေသည်ဟု ၂ဝဝ၈ ခုနှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်က သုံးသပ်၏။ မြန်မာနိုင်ငံ၏ အနာဂတ်ကိုကြည့်တော့လည်း စစ်အုပ်ချုပ်ရေးယန္တရားက ကြီးစိုးနေသည်ဟု ဦးဝင်းတင်က မြင်၏။ ဦးဝင်းတင်၏ အမြင်နှစ်ရပ်သည် ၂ဝဝ၉ ခုနှစ် မြန်မာ့နိုင်ငံရေး မြင်ကွင်းကို ပုံဖော်လိုက်သည်နှင့်တူ၏။

၂ဝဝ၈ ခုနှစ်ကုန် အန်အယ်လ်ဒီအခြေအနေကို ကြည့်တော့လည်း လွှတ်တော်ခေါ်ပေးရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေးအချက်တွေ လိုက်လျောဖို့ စစ်အစိုးရကို (၆) လ အချိန်ပေးထားသည်။ စစ်အစိုးရဘက်ကလည်း ဖွဲ့စည်းပုံပြင်ဖို့နေနေသာသာ ညောင်နှစ်ပင်ညီလာခံကို ဒုတိယအကြိမ် မလုပ်နိုင်ဟု အပြတ်ပြောထားပြီးဖြစ်၏။

၂ဝဝ၆ ခုနှစ်ကလည်း အလားတူ လွှတ်တော်ခေါ်ပေးရေး အထူးကြေညာချက်မျိုး အန်အယ်လ်ဒီထုတ်ပြီး နှစ်ဆန်းတရက်မတိုင်ခင်အကြောင်းပြန်ရန် စစ်အစိုးရကို ရာဇသံပေး၏။ ဘာမျှမထူး။ သည်ကြားထဲ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖွံ့ဖြိုးမှုငွေကြေးအကူအညီ ပေးသင့်တယ်ဆိုပြီး ဂမ်ဘာရီက ဘမ်ကီမွန်းကို အဆိုပြုပြန်၏။

တချိန်က အာဆီယံ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေး မအောင်မြင်သည့်အဆုံး မြန်မာစစ်အစိုးရကို ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးဖို့ ၁၉၉ဝ ခုနှစ်များနှောင်းပိုင်းမှာ နိုင်ငံတကာအသိုင်းအဝန်းက ယူဆ၏။ မအောင်မြင်။ နောက်ဆုံး ကုလသမဂ္ဂမှ ဒေါ်လာ (၁) သန်း ကူညီရေးကမ်းလှမ်းချက်ကိုပင် စစ်အစိုးရပယ်ချခဲ့သည့်အတွက် ဂမ်ဘာရီ၏ နအဖကို ငွေနှင့်ဖြားယောင်းရေး သံတမန်နည်းလမ်းမှာ အန်အယ်လ်ဒီ၏ လွှတ်တော်ခေါ်ပေးရေး တောင်းဆိုချက်လို ပစ်ပယ်ခံရဖို့များ၏။

မြန်မာဘက်ကကြည့်လျှင် နိုင်ငံတကာ အားပေးမှုမှာ အားကိုးစရာ လိုလိုထင်ရ၏။ နိုင်ငံတကာအသိုင်းအဝန်းဘက်က ကြည့်တော့ မြန်မာ့အရေးမှာ ဒါဖာအရေး၊ ဂါဇာအရေး ဇင်ဘာဘွေအရေးတွေနှင့် ယှဉ်ကြည့်လျှင် တခြားကမ္ဘာပြဿနာတွေထဲက အသေးအမွှား တခုသာ ဖြစ်နေပြန်၏။

အမေရိကန်ကိုကြည့်တော့လည်း ဆတ်ဒန်ကို ဖြုတ်ချနိုင်သော်လည်း ပေးဆပ်ရသည့်တန်ဖိုးက မနည်း။ ဆင်ဖိုးထက် ချွန်းဖိုးကြီးသည့် ကိန်းဆိုက်နေ၏။ သည်ကြားထဲ ကြွေးမြီစီးပွားကပ် ၂ဝဝ၈ ပါ ပေါင်းလိုက်တော့ အမေရိကန်စီးပွားရေး နာလန်မထူနိုင်ဖြစ်ရ၏။ ထို့ကြောင့် မြန်မာ့ အရေးသည် အမေရိကန်ဘက်ကကြည့်လျှင် စီးပွားကပ်ဆိုက်သည့် အမေရိကန်ဘဏ်တခုကို ကယ်တင်ဖို့က ပိုအရေးကြီးနေပြန်၏။

အမေရိကန်စီးပွားရေး ဟပ်ချိုးဆိုသည်နှင့် ကမ္ဘာ့စီးပွားရေး အအေးပတ်သည်ဆိုသည့် ဆိုရိုးစကားရှိ၏။ အမေရိကန်စီးပွားရေးအပေါ် ကမ္ဘာ့စီးပွားရေး မည်မျှမှီတည်နေရသည်ကို တင်စားချက်ဖြစ်၏။

ယခုတော့ အမေရိကန်စီးပွားရေးပြဿနာက ဟပ်ချိုးအဆင့်မဟုတ်။ စီးပွားရေး ကြက်ငှက်တုပ်ကွေးဟုပင် ဆိုနိုင်၏။ ထို့ကြောင့် ကမ္ဘာ့စီးပွားရေးတွေ ကုရာနတ္တိ ဆေးမရှိသည့်ကိန်း ဆိုက်ကုန်၏။ မြန်မာလိုနိုင်ငံမျိုးမှာပင် အရောင်းအဝယ်တွေထိုင်းပြီး ဒုက္ခရောက်ကုန်၏။

၂ဝဝ၉ နှစ်ဆန်း ပြည်ပ အတိုက်အခံတွေကြည့်တော့လည်း ရှိစုမဲ့စု စင်ပြိင်အစိုးရကို နိုင်ငံရေးပြန်ပေးဆွဲဖို့ စိုင်းပြင်းနေသည့်နှယ် သူတလူ ငါတမင်းနှင့် အချင်းချင်း စောင်နေကြ၏။ ရှင်ဘုရင်လုပ်ချင်သူတွေ များနေပုံရ၏။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီး၍ နအဖရုပ်သေးအစိုးရ ပေါ်လာသည့်တိုင် စင်ပြိုင်အစိုးရ တိုးချဲ့မည့်ဇာတ်လမ်း ပြီးမည့်ပုံမရှိ။ သည်ကြားထဲ နအဖထံ အခေါက်ခေါက်သွားပြီး ဖားသည့် နိုင်ငံရေးကြားပွဲစားတွေကလည်း ခြေရှုပ်ကြပြန်၏။ ဒေါက်တာဘွဲ့ရဆိုသည့် ပညာရှင်အချို့ကလည်း ပြည်တွင်းက နိုင်ငံရေးသမားကြီးတွေကို ပြည်ပ အလုအယက်ထုတ်ပြီး ဇာတ်သွင်းဖို့ ကြိုးစား၏။

မြန်မာစစ်အစိုးရအပိုင်းကိုကြည့်တော့ နေသာသပ လေညာကဆိုသည့်ကိန်း။

ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက မီးလောင်တိုက်သွင်းနေချိန်မှာ စစ်အစိုးရက အတိုက်အခံမှန်သမျှ ဘုစုခရုမကျန် ခပ်သွက်သွက် ထောင်သွင်းအကျဉ်းချလို့ ကောင်းတုန်း။ အိမ်နီးချင်းနိုင်ငံတွေ ၂ဝဝ၉ အတွက် စီးပွားပျက်ကပ်ဒဏ် ခံနိုင်ရည်ရှိအောင် လုံးပန်းနေချိန်မှာ ရုဒ်မက်ကိုထောက်ခံဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မိန့်ခွန်းခြွေကောင်းတုန်း။ ပြည်သူတွေ စီးပွားရေးကျပ်တည်းသည့် ဒုက္ခကို ကုစားဖို့ထက် နေပြည်တော်မှ ဝန်ကြီးဦးစိုးသာ ရုံးခန်း မီးလောင်သည့်ကိစ္စ ဖြေရှင်းရေးကိုသာ ဦးစားပေးကောင်းတုန်း။

မြန်မာ့နိုင်ငံရေးအခြေအနေမှာ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး၏ စကားနှင့်ဆိုရလျှင် မြန်မာနိုင်ငံထွက် မုန့်ပြားသလက်ကိုပင် အတူမစားနိုင်သည့်အခြေအနေ ဖြစ်နေ၏။

မြန်မာပြည်သူပြည်သားအပေါင်း ၂ဝဝ၉ နှစ်ဆန်းမှာ လိုရာဆန္ဒ ပြည့်ဝကြစေရန် ခေတ်ပြိုင်မှ ဆန္ဒပြုပါ၏။

(၂၀၀၉ ခု ဇန်န၀ါရီလထုတ် ခေတ်ပြိုင်ပုံနှိပ်ဂျာနယ်မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

၀၅၀၁၂၀၀၉သတင်းနှင့်ဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
Monday Jan 52009 News

၂၀၀၉ ခုအတွင်း ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာမည်ဟု ဦးဝင်းတင်ခန့်မှန်း


မင်းနိုင်သူ/ ၅ ဇန်န၀ါရီ ၂၀၀၉
အန်အယ်လ်ဒီလူငယ်ပါတီဝင် (၉) ဦး စမ်းချောင်းမြို့နယ်အတွင်း ဆန္ဒပြမှုသည် (အန်အယ်လ်ဒီ) ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုကြောင့်ဟု ပြည်တွင်းဂျာနယ်အချို့တွင် စွပ်စွဲထားချက်နှင့် ပတ်သက်၍ အထူးတလည် ဖြေရှင်းရန် မလိုကြောင်းနှင့် ၂၀၀၉ ခုနှစ်အတွင်း အလားတူ ဆန္ဒပြမှုများ ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ဦးဝင်းတင်က ပြောသည်။

“ဒီလိုမဟုတ်တမ်းတရားတွေပြောပြီး စွပ်စွဲတာမျိုးတွေကို ပြန်ပြီးတော့တောင် ဖြေရှင်းမနေချင်တော့ပါဘူး။ စာနယ်ဇင်းမျက်စိနဲ့ ကြည့်မယ်ဆိုရင် တစ်ကဘာလဲဆိုတော့ ၀ါဒမှိုင်းတိုက်တယ်ဆိုတာ ဘာတိုက်တာလဲ။ ဘယ်တုန်းကတိုက်တာလဲ။ ဘယ်သူတွေကိုတိုက်တာလဲ။ ဘာကြောင့်တိုက်တာလဲ။ ဒီလိုအကြောင်းတွေကို ထည့်ရေးရမယ်၊ ပြောရမယ်ဗျာ။ အခုဟာ ဒါတွေတခုမှ မပါဘူး၊ ရေးမထားဘူးဆိုတော့ ငြင်းဆိုခြင်းဆိုတာ လုပ်ဖို့တောင် ထိုက်တန်တဲ့ သတင်းတန်ဖိုးမရှိဘူးပေါ့။ ဆန္ဒပြလူငယ်တွေကို ဖမ်းတယ်ဆိုတာလောက်ထိက သတင်းရေးလို့ရတယ်။ ဘာမဟုတ်ဘဲနဲ့ ကျနော်တို့ကို ဆွဲထည့်ရုံ ထည့်တာသက်သက်နဲ့တော့ ကျနော်တို့က သာမန်အားဖြင့် ပြန်ဖြေရှင်းနေဖို့တောင် ထိုက်တန်တဲ့ သတင်းမဟုတ်ဘူးလို့ပဲ ပြောလို့ရတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်သို့ ရှင်းပြသည်။

အဆိုပါစွပ်စွဲရေးသားထားသော သတင်းကို True News၊ နံနက်ခင်းဂျယ်နယ် စသည့် ပြည်တွင်းသတင်းဂျာနယ်အချို့အား စာပေစိစစ်ရေးရုံးက ဖိအားပေးထည့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအယ်ဒီတာတဦးက ပြောဆိုသည်။ ပြည်တွင်းဂျာနယ်များတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့အား ၀ါဒမှိုင်းတိုက်သူများအဖြစ် ဖော်ပြခဲ့ပြီး အန်အယ်လ်ဒီလူငယ်များကိုလည်း ကလေက၀များသဖွယ် ရေးသားထားမှုမျိုးကို မိမိတို့အနေဖြင့် ပြုလုပ်မည်မဟုတ်ဘဲ ဖိအားများကြောင့်သာ ဖော်ပြခဲ့ကြရကြောင်း ၎င်းက ထပ်မံရှင်းလင်းပြောဆိုသည်။

အဆိုပါသတင်းတွင်း စွပ်စွဲမှုကို အထမြောက်စေနိုင်သည့် အကြောင်းပြချက် တစုံတရာမတွေ့ရှိရဘဲ ဖြစ်စဉ်အစဟုဆိုကာ ဒီဇင်ဘာ (၃၀)ရက်တွင် အန်အယ်လ်ဒီ ရုံးချုပ်၌ ဦးခင်မောင်ဆွေ ဟောပြောခဲ့သော “ပြည် သူနှင့် လွတ်လပ်ရေး’’ ဟောပြောမှုကို လူငယ်များ တက်ရောက်နားထောင်ခဲ့ကြောင်းသာ ဖော်ပြနိုင်သည်။ ဦးဝင်းတင်နှင့် စပ်လျဉ်းပြီး သတင်းအတွင်း ထည့်သွင်းရေးသားခြင်းမရှိသော်လည်း သတင်းခေါင်းစဉ်တွင်မူ ဦးဝင်းတင်အား ရှေ့တင် စွပ်စွဲရေးသားထားသည်။

“ကျနော့်ကို ခေါင်းစဉ်တင်ပြီး စွပ်စွဲထားပေမယ့် အကြောင်းပြမှု မရှိ၊ ဘာမရှိနဲ့ဆိုတော့ဗျာ ကျနော့်အတွက်က တော့ ဖြေရှင်းနေစရာတောင်မလိုပါဘူး။ ဆရာဦးခင်မောင်ဆွေရဲ့ ဟောပြောချက်တွေကို စွပ်စွဲတယ်ဆိုလည်းဗျာ။ ဦးခင်မောင်ဆွေရဲ့ လှုံ့ဆော်ချက်တွေက ဒါ့ထက်မက ကျယ်ပြန့်မယ်ဗျာ။ ဒါ့ထက်မက ထိရောက်မယ်။ ဒီဟောပြောပွဲကို တက်တဲ့လူက နှစ်ရာကျော် သုံးရာရှိတာ။ ဒီဆန္ဒပြတဲ့လူ လေးငါးရှစ်ယောက်တင် ဘယ်ကမလဲ။ အားလုံး ထွက်သွားတော့မှာပေါ့။ နောက်တခုက သူ့ဟောပြောချက်မှာလည်း ဆန္ဒပြဖို့တို့ ဘာတို့နဲ့ ပတ်သက်တာမပါဘူး။ ကိုယ့်တိုင်းပြည်ကို ချစ်ဖို့ လွတ်လပ်ရေး အရသာ၊ လွတ်လပ်ရေးရဲ့ အကျိုးသက်ရောက်မှု ဒါတွေကိုပဲ ဆရာပြောသွားတာပဲဗျ ” ဟု ဦးဝင်းတင်က တုံ့ပြန်သည်။

“ဒါပေမယ့် ဒီသတင်းက နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေချ၊ ဝေးလံခေါင်ဖျားတဲ့ ထောင်တွေကို ပို့နေပေမယ့် ဒါတွေကို မကြောက်မရွံ့ဘဲ သူတို့ ဆန္ဒရှိတဲ့အတိုင်း ၊ သူတို့ရဲ့ နိုင်ငံရေးအမြင် အတိုင်း ဖော်ထုတ်ရဲတဲ့ လူငယ်တွေရှိသေးတယ်ဆိုတာကို လူထုသိအောင် message ပေးသွားတယ်လို့ ပြောလို့ရမယ်။ ဒီသတင်းတခုတည်းရဲ့ မက်ဆေ့ခ်ျက ဒါပဲဗျ။ လူတွေဟာ မကြောက်ဘူးဗျ။ ဒီလူငယ်တွေလို ဒီအစိုးရကို အန်တုလိုတဲ့စိတ်၊ မခံချင်တဲ့စိတ်၊ ဆန့်ကျင်လိုတဲ့ စိတ်ကတော့ လူအတော်များများမှာ ရှိနေတယ်ဗျ။ အံ့သြစရာကောင်းတယ်။ ၈၈ ကာလတုန်းက လူတွေရဲ့ စိတ်ခံစားမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။ အကြောင်းကြောင်းကြောင့်သာ အန်တုနိုင်ခြင်းတို့ ၊ ဆန္ဒဖော်ထုတ်နိုင်ခြင်းတို့ မရှိတာ။ ဒါပေမယ့် ဒါတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်ဗျ’’ ဟု ၎င်းက ထပ်မံသုံးသပ်ပြောဆိုသည်။

နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့၏ ၀ါဒဖြန့်ချိမှု၊ အတိုက်အခံများအား ရှုတ်ချနှိပ်ကွပ်မှုများကို ၎င်းတို့ပိုင် သတင်းစာများတွင်သာမကဘဲ ပုဂ္ဂလိက ဂျာနယ်များတွင်ပါ ဆောင်းပါးများ မထည့်မနေရ ထည့်သွင်းစေရာမှ ယခုအခါ ပုဂ္ဂလိက ဂျာနယ်များမှ ဖော်ပြသည့်အသွင် သတင်းပုံစံဖြင့်ပါ ဖော်ပြလာခြင်းဖြစ်သည်။

ယင်းကဲ့သို့သော မတရားလုပ်ရပ်များနှင့် ပြည်တွင်းစီးပွားရေးကျဆင်းလာနေခြင်းတို့ကြောင့် လူထုအတွင်း မကျေနပ်မှု များပြားနေရာ ၂၀၀၉ ခုနှစ်အတွင်း ဆန္ဒပြပွဲများထပ်မံ ဖြစ်ပွားလာလိမ့်မည်ဖြစ်ကြောင်း ဦးဝင်းတင်က သုံးသပ်လိုက်သည်။


လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့ နှိုးဆော်စာများ ရန်ကုန်မှာကြဲ

မြင့်မိုးဇော်/ ၅ ဇန်န၀ါရီ ၂၀၀၉

ဒီဇင်ဘာ (၃၁) ရက်နေ့  ညအချိန်၌် လှည်းတန်းပတ်ဝန်းကျင်တ၀ိုက်တွင် “ပြည်သူတို့ရဲ့ လွတ်လပ်ရေး မရသေးသမို့ ဆက်ကာတိုက်ပွဲဝင်ကြစို့” ဆိုသည့် စာတန်းပါ စာရွက်များအား နေရာအနှံ့အပြားတွင် လိုက်လံကပ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ်တ၀ိုက်နှင့် (ဇ၀န) သုဝဏ္ဏမြို့နယ်တ၀ိုက်တွင်လည်း ထိုစာများအား အများအပြားကပ်ထားသည်ကို တွေ့ရသည်။ အဆိုပါစာများကို မည်သည့် အဖွဲ့အစည်းက ဖြန့်ဝေသွားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လွတ်လပ်ရေး ဟူသော ခေါင်းစည်းစာတန်းဖြင့် ပြည်သူသို့ လှုံ့ဆော်သော စာသားများပါရှိသည့် အရှေ့မျက်နှာနှင့် နောက်ကျောစာမျက်နှာတွင် တောင်းဆိုချက် (၃) ချက်ပါ စာသားဖြစ်သည့်

(၁) အမျိုးသားပြန်လည်သင့်မြတ်ရေး၊
(၂) စစ်မှန်သောတွေ့ဆုံဆွေးနွေးမှုအမြန်ဆုံး ပေါ်ပေါက်ရေး၊
(၃) နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရေး -

ဟူသည့် စာသားများပါသော စာရွက်များအား အင်းယားကန် တံတားဖြူမှတ်တိုင်နားနှင့် ကန်တော်ကြီး ပုဂံလုံးကျွန်းနားတွင် နှစ်နေရာပေါင်း စာရွက်ရေ (၂,၀၀၀) နီးပါးမျှနှင့် အခြားနေရာ အတော်များများတွင်လည်း စာများအား ကားပေါင်းစုံပေါ်မှ ကြဲချသွားကြောင်း ဖတ်ရှုရသည့် မြို့ခံများက ပြောသည်။



စင်ပြိုင်အစိုးရဖွဲ့ရေး အရှုပ်တော်ပုံ


စင်ပြိုင်အစိုးရဖွဲ့ရေး အရှုပ်တော်ပုံ အန်စီယူဘီ အကွဲအပြဲသရုပ်ပေါ်လွင်
NEJ/ ၅ ဇန်န၀ါရီ ၂၀၀၉

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) မှ အမျိုးသားညီညွတ်ရေးအစိုးရ ခေါ် စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းမည်ဆိုသည့် ကြေညာချက်ကို လူတစုက ထုတ်ပြန်ခြင်းသာဖြစ်ပြီး ခေါင်းဆောင် ပိုင်းနှင့် တိုင်ပင်ခဲ့ခြင်းမရှိဟု အန်စီယူဘီ ဒု-ဥက္ကဋ္ဌတဦးက ခေတ်ပြိုင်သို့ ပြောသည်။

အန်စီယူဘီအနေဖြင့် သီးသန့်စင်ပြိုင်အစိုးရ ဖွဲ့မည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး မိမိကိုယ်တိုင် မသိပါကြောင်းနှင့် လူ (၂) ဦး (၃) ဦးက ၎င်းတို့သဘောနှင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု အန်စီယူဘီ သဘာပတိအဖွဲ့ဝင်လည်းဖြစ်၊ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ ခွန်မာကိုဘန်းက ခေတ်ပြိုင်နှင့် ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ သို့သော် စင်ပြိုင်အစိုးရဖွဲ့လိုသည့် အန်စီယူဘီတပ်ပေါင်းစုမှ လူတစု မည်သူတွေဆိုသည်ကိုမူ ခွန်မာကိုဘန်းက ရှင်းရှင်းလင်းလင်း ပြောဆိုသွားခြင်းမရှိပေ။

အန်စီယူဘီက စင်ပြိုင်အစိုးရသစ် ထူထောင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) နှင့် အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) စသည့်အဖွဲ့များနှင့် မတိုင်ပင်ဘဲ တဖက်သတ် ထုတ်ပြန်ခြင်းဖြစ်သည်။ ထို့ကြောင့် အန်စီယူဘီ၏ အမျိုးသားညီညွတ်ရေး စင်ပြိုင်အစိုးရကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်မဟုတ်ဟု ခွန်မာကိုဘန်းက ဝေဖန်ထားသည်။

အန်စီယူဘီက စင်ပြိုင်အစိုးရသစ်ဖွဲ့မည်ဟု မကြာခင်က ကြေညာချက်ထုတ်သည်။ လွှတ်တော်ကိုယ်စား လှယ်များသမဂ္ဂ (အမ်ပီယူ ) ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းကမူ ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအား တိုးချဲ့ဖွဲ့စည်းရေးကို အန်စီယူဘီက စင်ပြိုင်အစိုးရသစ် ဖွဲ့တော့မယောင် လွဲမှားထုတ်ပြန်ခြင်းဖြစ်သည်ဟု ပြောသည်။ အန်စီယူဘီ ဒု-ဥက္ကဋ္ဌ ခွန်မာကိုဘန်းကလည်း အန်စီယူဘီ စင်ပြိုင်အစိုးရဖွဲ့ရေးကိစ္စကို ခေါင်းဆောင်ပိုင်းနှင့် မတိုင်ပင်ဘဲ လူတစုက ထုတ်ပြန်ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။ လက်ရှိစင်ပြိုင်အစိုးရ ခေါင်းဆောင် ဒေါက်တာစိန်ဝင်းကလည်း အန်စီယူဘီက စင်ပြိုင်အစိုးရဖွဲ့မည်ကို မသိပါကြောင်း ငြင်းဆိုသည်။

ထို့ကြောင့် စင်ပြိုင်အစိုးရဖွဲ့စည်းရေး အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၏ ပြောကြားချက်မှန်သည်ဟု အတိအကျ မသိရသော်လည်း သေချာသည့်အချက်မှာ အန်စီယူဘီ တပ်ပေါင်းစု ခေါင်းဆောင်ပိုင်းအတွင်း အက်ကြောင်းထင်နေသည့်ပြင် အန်စီယူဘီ၊ အမ်ပီယူနှင့် ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကြား အကွဲအပြဲကို ထုတ်ဖော်လိုက်သလိုရှိသည်ဟု ရန်ကုန် နိုင်ငံရေးသမားအချို့က နားလည်နေကြသည်။

စင်ပြိုင်အစိုးရ အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့များ၊ တပ်ပေါင်းစုများက တယောက်တပေါက် ပြောဆိုနေသော်လည်း ထိုစင်ပြိုင်အစိုးရသစ်ကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ဖွဲ့နိုင်မည် မဖွဲ့နိုင်မည်။ အဆိုပါစင်ပြိုင်အစိုးရက စစ်အစိုးရ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် မည်သို့ဟန့်တားမည် စသည့်အချက်များ ကို မည်သူမျှ ခိုင်ခိုင်မာမာ မပြောနိုင်ဖြစ်နေသည်ကို တွေ့ရသည်။


ထီးမူခီး

ခရီးသွားဆောင်းပါး
ရွှေအိမ်စည်
တနင်္လာနေ့၊ ဇန်နဝါရီလ 05 2009 15:47 - မြန်မာစံတော်ချိန်

ကျသောင်းဝါးတောကြီးအတွင်း ကျနော်တို့ တောတိုးနေခဲ့ကြသည်မှာ နာရီဝက်ခန့်ရှိပြီ။ ယခုထိ ၀ါးတောအတွင်းမှ မထွက်နိုင်သေး...။ မြေသားထက်တွင်မူ ၀ါးရွက်ကြွေတို့က အထပ်လိုက် ... အထပ်လိုက်...။ သိပ်သည်းစွာ ရှိနေကြသည်။ အချို့က ၀ါရွှေရွှေ...။ အချို့က ... နီညိုညို...။ အချို့က ညိုညစ်ညစ်...။ ပင်ယံထက်ရှိ ၀ါရွက်တို့ကမူ ... စိမ်းမြမြ။ မြရောင်အဆင်းဖြင့် လေအသော့တွင် ယိမ်းနွဲ့ကာနေကြ၏။ မိုးရေ၀နေသဖြင့် ၀ါးရွက်ကြွေများအပေါ် ဖြတ်နင်းသည့် ကျနော်တို့၏ ခြေသံက မထွက် ... လုံနေ၏။ မိုးရွာပြီးစ ကောင်းကင်သည် ထင်းထင်းလင်းလင်းမရှိ...။ အုန့်အုန့်မှိုင်းမှိုင်း...။

ပင်ယံချင်းယှက်ဖျာနေသော ၀ါးတောကြီးအတွင်း အလင်းရောင်သည် ဖျော့ကာ ညိုမှိုင်းနေသည်။ ချွေးဖြင့် ရွှဲနစ်နေသော ခန္ဓာသည် စိမ့်ပြီး အေးနေ၏။ လှုပ်ရှားနေသဖြင့်သာ အေးခဲမသွားခြင်းဖြစ်မည်။ အရှေ့တွင် ချောင်းရိုးငယ်တခုကို တွေ့ရ၏။ ချောင်းရေပြင်က မကျယ်၊ ၀ါးတရိုက်မျှပင် ရှိမည်။ ရေက ရင်စို့မျှပင် မနက်။ တောင်ကျရေ ထိုးဆင်းနေသဖြင့် ရေစီးကမူ သန်သည်။ တဦးချင်းစီ ဖြတ်ကူး၍မရ...။ တယောက်လက်တယောက် ချိပ်ပြီး ထိမ်းကူးကြရသည်။

အမ်ဆယ့်ခြောက် မောင်းပြန်ရိုင်ဖယ်အား အသင့်ကိုင်အနေအထားမှ ကြောတွင် ပိုးလိုက်၏၊ ရေက အေးစက်နေသည်။ ချောင်းက သဲချောင်းမဟုတ်...၊ အောက်တွင် ကျောက်တုံးများ ရှိသည်။ ကျောက်တုံးများက ရေညှိများနှင့် ချောနေ၏။ ရေစီးက ထိုး .. ကျောက်တုံးက ချောနှင့် မလဲရန် သတိထားပြီး တလှမ်းချင်း လှမ်းရသည်။

`ဒီအချိန် အပစ်ခံရရင်တော့ ချောင်းထဲမှာ အလောင်းတွေ မျောကုန်တော့မှာပဲ` ဟူ၍ ကူးနေရင်း အတွေးက တွေးမိသေး၏။ အတွေးမျှသာ...။ ပြဿနာကမရှိ...။ ကျနော်တို့ရှေ့တွင် KNLA ရင်း (၈) မှ တပ်ခွဲတခွဲလုံး ကူးပြီး တဖက်ကမ်းပါးတွင် နေရာယူထားကြပြီးဖြစ်သည်။ ချောင်းရိုး၏ တဖက်ကမ်းပါးတွင်မူ `ကော`နေပြီဖြစ်သည့် လယ်ကွင်းငယ်...။

ကျသောင်း ၀ါးတောကြီးက ချောင်း၏ တဖက်တွင် ကျန်ခဲ့ပြီ။ ချောင်းရိုးငယ်က ၀ါးတောကြီးအား တိကနဲ ဖြတ်ပိုင်းထားသကဲ့သို့...။ လယ်ကွင်းငယ်၏ တဖက်တွင်မူ တောင်စွယ်စွန်းသည် တဖြေးဖြေး သွယ်နှိမ့်ကာ ဆင်းသွား၏။ လူသွားလမ်းအား ရေးရေးတွေ့ရသည်။ လူသွားလမ်းက ချောင်းရိုးအတိုင်း ဆန်ပြီး ချောင်းရိုးနှင့် ယှဉ်လျက်ရှိ၏။ လမ်းက တောင်စွယ်အတိုင်း တောင်ပေါ်သို့တက်သည့် လမ်းမဟုတ်...။ တောင်စွယ်အစွန်းအား ပွတ်ကာသီကာ ကပ်ပြီး ချောင်းနှင့်ယှဉ်လျက် ချောင်းညှာဘက်ဆီသို့ သွားသည့်လမ်း...။

ကျနော်တို့က ချောင်းကူးပြီး လူသွားလမ်းငယ်လေးအတိုင်း ချောင်းအား ဆန်လျှောက်သည်။ တောင်စွယ်အစွန်းသို့ ရောက်သည့်အခါတွင်မူ လမ်းငယ်အတိုင်း မလိုက်တော့...၊ လမ်းမှ ဖယ်ခွာပြီး တောင်စွယ်အစွန်းမှ ဆင်ခြေလျှောအတိုင်း တောင်ပေါ်သို့ တက်ကြသည်။ လူသွားလမ်းငယ်နှင့် တောင်စွယ်တန်းသည် မျဉ်းပြိုင်လည်းမကျ...။ ကြက်လျှာသဏ္ဍာန်စွေစွေလေး သွယ်နေ၏။ တောင်စွယ်တန်းက လူသွားလမ်းငယ်အား မိုးထား၏။

တောင်စွယ်တန်းပေါ်မှကြည့်လျှင် လူသွားလမ်းငယ်အား စီး၍မြင်ရ၏။ ထိုတောင်စွယ်တန်းလေးတွင်ပင်စီ၍ ကျနော်တို့ စစ်ကြောင်းအား နေရာချလိုက်သည်။ ကျနော်တို့ စစ်ကြောင်းတွင် KNLA ရင်း (၈) မှ တပ်ခွဲတခွဲ၊ ရင်း (၉) မှ တပ်ခွဲတခွဲနှင့် ကျနော်တို့က တပ်စိတ်တစိတ်...၊ စုစုပေါင်း တရာကျော်ခန့် ရှိမည်။

စစ်ကြောင်းမှူးက သုခိုပိုးလိုဖြစ်သည်။ သူကား ... KNLA တပ်ရင်း (၉) မှ ဒုရင်းမှူးလည်းဖြစ်သည်။ ကျနော်တို့ စစ်ကြောင်းတွင် RPJ-5...RPJ-7...၊ ၆၀ မမ တလက်နှင့် `နာတိုး` စက်လက် နှစ်ခုံပါသည်။ သစ်ပင်ဝါးပင်တို့က အပင်ငယ်များသာ...။ ကျဉ်ကွယ်မရ..၊ မျက်ကွယ်သာရ၏။ စစ်ကြောင်းမှူးက ပစ်ကျင်းတူးခိုင်း၏။ ပေါက်ပြားမပါ .. ဂေါ်ပြားကမရှိ..၊ မတက်နိုင်..။ ခြေသလုံးခန့်ရှိသည့် သစ်မာပင်တပင်အား ခုတ်၍ အဖျားချွှန်ပြီး သစ်သားတူရွင်းလုပ်ကာ တူးကြရသည်။ မြေသားက ပျော့သဖြင့် လူတထိုင်စာပစ်ကျင်း တူးရသည်မှာ မကြာ...။ အလင်းရောင်က လုံးလုံးစုန်းစုန်းမြုပ်သွားလေပြီ။ ဘုတ်`အီ`သံတို့ကား ... တိုး၍၊ တိတ်၍ သွားကြပြီ။ အမှောင်သည် တစ္ဆေတကောင်အလား ခြောက်ခြားဖွယ်ရာ တိုးဝင်လာ၏။ ကင်းအား နှစ်ယောက်တကင်းချသည်။ ကိုယ့်ပစ်ကျင်းတွင်ပင် စောင့်ရမည်။ ကျနော်တို့အဖွဲ့မှ စစ်ရေးတာဝန်ခံက ကျနော်တို့ စစ်ကြောင်း၏ စစ်ရေးရည်မှန်းချက်အား ရှင်းပြသည်။

ရန်သူ၏ စခန်းတခုအား တိုက်မည်။ စခန်းသိမ်းတိုက်ပွဲ...။ ဒီ-ဒေးက .. မနက်ဖြန်..။ န-နာရီက .. ၀၄.၃၀ နာရီ...။ စခန်းက`ထီးမူခီး`စခန်းဖြစ်သည်။ ရန်သူအင်အား တရာခန့် ရှိမည်။ ဒုရင်းမှူးတယောက် ဦးစီးသည့်စခန်း ဖြစ်သည်။ စခန်းသို့ တက်ရာတွင်မူ... KNLA ဗဟိုမှ အထူးကွန်မန်ဒို တပ်ခွဲတခွဲက တက်မည်။ ကျနော်တို့ စစ်ကြောင်းက စခန်းမှ ပြိုဆင်းလာမည့် ရန်သူအား စောင့်၍ ချေမှုန်းရန်ဖြစ်သည်။ ရန်သူ့ဘက်မှ အနီးဆုံး စစ်ကူလာနိုင်သည်က...`မူသယ်-ဗျက်ကော´စခန်းမှ ဖြစ်သည်။ `မူသယ်-ဗျက်ကော´တွင် တပ်ရင်းမှူးနှင့် စစ်ကြောင်း (၁) ရှိသည်။ မူသယ်-ဗျက်ကောနှင့် ထီးမူခီးတို့၏ ရှေ့တမ်းဗျူဟာက `ကျောက်ကြီးမြို့` တွင် ထိုင်၏။ ကျောက်ကြီးဗျုဟာ၏ လက်အောက်ခံစခန်းများ ဖြစ်သည်။ ဗျုဟာက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဗျူဟာဖြစ်သည်။

ထိုစဉ်က ဗျုဟာမှူးမှာ ဗိုလ်မှူးကြီးဇော်ထွန်းဖြစ်သည်။ ကျနော်တို့ စစ်ဆင်ရေးဘက်မှ ဗျူဟာမှူးမှာမူ KNLA မှ ဗိုလ်မှူးကြီး `လောဝါဒီ´ ဖြစ်၏။ `လေ၀ါဒီ´ကား ... မာနယ်ပလော ခုခံရေးစစ်ပွဲတွင် နာမည်ရသည့် စစ်သည်တော်တဦး...။ KNLA မှ အားကိုးရသော စစ်ခေါင်းဆောင်တဦး...။ ပြီးလျှင်.... KNU ဥက္ကဋ္ဌဟောင်း မန်းဘဇံ၏ သားမက်လည်းဖြစ်သည်။ တော်လှန်ရေးတွင်ပင် ကြီးပြင်းခဲ့သည့် တော်လှန်ရေးသမားတဦးဟု ဆိုရမည့်သူ ဖြစ်၏။

ကျနော်နားလည်လိုက်၏။ ရန်သူ၏ မာနယ်ပလောထိုးစစ်ကို အောင်အောင်မြင်မြင် ရိုက်ချိုးလိုက်ပြီးသည့်နောက် ... မြို့ပြနှင့် နီးကပ်သည့် ရန်သူ့စခန်းများအား ပြန်လည်ထိုးစစ်ဆင်သည့် စစ်ဆင်ရေး...။ ပထမ .. ထီးမူခီး။ ပြီးလျှင် ... ကျောက်ကြီးကို သိမ်းမည်။ ပြီးလျှင်...။ ပြီးလျှင်...။ ကျနော့်ရင်တွေ အခုန်မြန်လာ၏။ အတွေးထဲတွင်မူ မ၀ံ့မရဲတော့ ဖြစ်မိ၏။ မ၀ံ့မရဲဖြစ်မိသည်ကား ... ကျနော်တို့၏ အခြေအနေနှင့် ပတ်သက်၍ ဖြစ်သည်။ ကျနော်တို့အဖွဲ့၏ စစ်ရေးစုဖွဲ့မှုက တပ်စိတ်နှစ်စိတ် ရှိ၏။ ထိုတပ်စိတ်နှစ်စိတ်အား တာဝန်ခံသည့် စစ်ရေးတာဝန်ခံ တယောက်ရှိ၏။ တပ်စုမှူးသဘော ဆောင်မည်။ ကျနော်တို့အဖွဲ့က စစ်ရေးလမ်းစဉ်မရှိသည့်အတွက် အမြဲတမ်း တိုက်ခိုက်ရေးတပ်မျိုး စုဖွဲ့ထားခြင်းမရှိ...။ လက်နက်ကိုင်တော်လှန်ရေး အခြေအနေက တောင်းဆိုလာလျှင် .. လက်နက်ကိုင်တပ်ဖွဲ့အား စုဖွဲ့၍ လက်နက်ကိုင်တော်လှန်ရေးအတွင်း ပါဝင်ကြသည်။

တိုက်ပွဲပြီးလျှင် .. တပ်စုဖွဲ့မှုအား ဖျက်သိမ်း၍ အခြား နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းများအား လုပ်ဆောင်ကြ၏။ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးတွင် `ဗော်လံတီယာ´ သဘောဆောင်၏။ ယခုစစ်ကြောင်းနှင့် ပါလာသည့် ကျနော်တို့အဖွဲ့၏ တိုက်ခိုက်ရေးသမားများအား ကြည့်လျှင် ... စစ်ရေးတာဝန်ခံနှင့် တပ်စိတ်မှူး နှစ်ဦးက၊ ယခင် ABSDF တပ်ရင်း (၂၀၉) နှင့် (၂၁၀) တို့တွင် တာဝန်ထမ်းခဲ့ကြဖူးသဖြင့် စစ်သင်တန်းကျေမည်။ တိုက်ပွဲအတွေ့အကြုံ ၃-၄ နှစ်စီ ရှိဖူးကြ၍ စစ်ရေးအတွေ့အကြုံ ရှိသည့်သူများဟုဆိုလျှင် ရမည်။

ကျန်သည့်သူများက....။ ကျနော်တို့ ရဲဘော်သုံးယောက်က မြို့ပြမှ ထွက်ခွာလာကြပြီး အဖွဲ့၏ `ဟိတိုးထ`စခန်းသို့ ရောက်သည်မှာ သုံးရက်မျှပင် မပြည့်တတ်သေး...။ သုံးရက်မြောက် မနက်တွင် ဤစစ်ဆင်ရေးကိစ္စ ပေါ်လာ၏။ အမှန်တွင်မူ ဖွဲ့စည်းပုံပြည့် အစိတ်သုံးဆယ်ခန့်နှင့် တပ်စုတစုစာ ထွက်ဖို့ ဖြစ်သည်။ သို့သော် ..... မဖြစ်ခဲ့။ စခန်းတွင်ရှိသည့် ရဲဘော်များက ရောဂါသည်နှင့် ဂီလာနများ......။ အချို့က အူကျသည့်သူ....။ အချို့က အရိုးယားသည့် ရောဂါသည်....။ ရောဂါတွေက ဆန်း၏။ စစ်ရေးအရ တိုက်ပွဲဝင်ရန် ကျန်းမာရေးက မသင့်....။ထားတော့.... အဆုံး၌ ဆယ်တစ်ယောက်သာ ထုတ်နုတ်၍ရ၏။ ဤတွင် ကျနော်တို့ ရဲဘော်သစ် သုံးယောက်အား အရေးပေါ်တိုက်ခိုက်ရေး ကျူရှင်ပေးတော့၏။ ကျနော်တို့၏တိုက်ခိုက်ရေးကျူရှင်အား ဘားတိုက်အတွင်း၌ပင် ဖွင့်၏။

ဒါက ..... AK-47 ၊ ဒါက .... AR-15၊ ဒါက ......M-16.....။ မဂ္ဂဇင်းကျည်အိမ်ကို တပ်ရင် ဒီလို....ဖြုတ်တော့ ဒါလေးကို ဖိပြီး ဖြုတ်.....။ မောင်းက ဒီလိုတင်.....လုံခြုံရေးခလုတ်က ဒီမှာ .....၊ တချက်ချင်းပစ်ရင် ဒီခလုတ်ကို ဒီမှာထား .... အတွဲလိုက်ပစ်ရင်တော့ ခလုတ်ကို ဒီကိုရွှေ့......။ ဒါပဲ။ ကျနော်တို့ သင်တန်းချိန်က နာရီနှင့်တွက်လျှင် သုံးနာရီထက်မပို.....။ ကျနော်နှင့် ကင်းအတူကျသည့် ရဲဘော်လေးများအား မေးကြည့်သည်။ သူတို့က ကျနော်တို့ထက် နည်းနည်းသာသည်။ `ဟီတိုးထ´ သို့ ရောက်ခါစ၌ စစ်သင်တန်းအား ၇ ရက်ခန့် တက်ခဲ့ကြရသည်ဟု ဆိုသည်။ ပစ်၊ ထောက်၊ မှောက်၊ လှိမ့်တို့ ရသည်။ သေနတ်တလက်လုံး ဖြုတ်တတ်၊ ဆင်တတ်သည်။ ပစ်မှတ်ကိုချိန်ပြီး လေးငါးဆယ်ချက်ခန့် သေနတ်ဖောက်ဖူးကြသည်ဟု ဆို၏။ မဆိုးသေး.....။ စစ်အနုပညာတွင် ချိုမှိုင်မှိုင်သာ ကတတ်သော ကျနော်တို့က ဇာတ်ခုံပေါ်သို့ တက်၍ နေရာယူထားပြီးကြလေပြီ....။ ကပြရမည့်ပွဲက ပွဲကြီး .....။ မတတ်နိုင်....။ ခွက်ခွင်းသံက မြည်နေပြီ....။

ကျနော်၏ရှေ့ လျှိုကလေးအတွင်းမှ သစ်ကိုင်းခြောက်နင်းသံကြောင့် ကင်းတာဝန်ယူနေသည့် ကျနော့်တာဝန်အား သတိကပ်မိ၏။ အတွေးတို့အား ရပ်ပစ်လိုက်၏။ အသံလာရာသို့ ကြည့်သည်။ မမြင်ရ....။ လျှိုလေးအတွင်း မည်းမည်းမှောင်မှောင်.....။ အသံအား နားစွင့်၏။ တွားသွား၍တက်လာသည့် အသံမျိုးများ ကြားရလေမလား.....။ အကြားအာရုံအား အစွမ်းကုန် စူးစိုက်ထား၏။ မကြားရ.....။ နောက်ထပ်မူ မည်သည့်အသံမှ ထပ်မကြားရ။ ညသည် တိတ်ဆိတ်စွာနှင့်ပင် ....။ ကောင်းကင်သည် ဖျော့ဖျော့လေး လင်းလာလိုက်၊ ပိန်းပိတ်အောင် မှောင်သွားလိုက်နှင့် အလင်းနှင့်အမှောင်အား တလှည့်ဆီ လှစ်ပြနေသည်။ လေးကိုင်းသဏ္ဍာန် လကလေးသည် တရွှေ့ရွှေ့နှင့် အနောက်အရပ်ဆီသို့ လွင့်မျောနေ၏။ ညိုမဲမဲ မိုးတိမ်များက အုပ်စုဖွဲ့၍ လေးကိုင်းသဏ္ဍာန် လလေးဆီသို့ လေဟုန်စီး၍ အပြေးလိုက်နေ၏။ ပြီးလျှင် ..... လမင်းငယ်အား ဖုံးဖိလိုက်ကြ၏။ ပြီးလျှင် ..... နောက်တွင် ချန်ထားခဲ့ပြီး တိမ်ညိုမဲတို့က လေဟုန်နှင့်အတူ နှင်ပြန်၏။

ညက မဟူရာတလှည့်.... ဘော်ငွေအိုရောင်တလှည့်။ စိတ်အတွင်း ဆရာမောင်နှင်းခိုင်၏ `တကြောင်းဆွဲမုဆိုး´ ကဗျာအား သတိရမိ၏။

`စိမ့်ကြီးမြိုင်ကြီး လျှိုမြောင်ခရီးမှာ....

ည ကလည်း ကျပ်တည်းကျပ်သပ်

လ ကလည်း ကပ်သီးကပ်သပ်

အရပ်ရှစ်မျက်နှာ မျက်လုံးငတ်တော့......´

ရွှေအိမ်စည်