Friday, January 16, 2009

16012009သတင်းနှင့်ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


“ဒီမိုကရေစီကိုတော့ မမြင်ရသေးပါဘူး”

Friday, 16 January 2009 19:16 ဧရာဝတီ
မြန်မာ နိုင်ငံတွင် ကုလ သမဂ္ဂနှင့် အာဆီယံ အသင်းကြီး တို့၏ အခန်းကဏ္ဍ၊ ဆိုင်ကလုန်း နာဂစ် နောက်ပိုင်း ကယ်ဆယ်ရေး အထောက် အပံ့ လုပ်ငန်းများလုပ်ဆောင် နေမှု အခြေအနေနှင့် စစ်အစိုးရ၏ လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာအင်္ဂလန်နိုင်ငံ သံအမတ်ကြီး Mr. Mark Canning ၏အမြင် သဘောထားများကို ဧရာဝတီမဂ္ဂဇင်းမှ မေးမြန်းခွင့်ရခဲ့သည်။ Mr. Mark Canning
မေး။ ။ မြန်မာနိုင်ငံမှာ ၂၀၀၈ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သံအမတ်ကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဆိုးရွားတဲ့နှစ် တစ်နှစ်ပါပဲ။ ဆိုင်ကလုန်းနာဂစ်ဖျက်ဆီးလိုက်တဲ့ဒဏ်ကို မြန်မာပြည်သူတွေက ပြဿနာ ရပ်တွေအားလုံးရဲ့ထိပ်ကနေ ခက်ခက်ခဲခဲရင်ဆိုင်ရပ်တည်နေကြရတာကတော့ ရက်စက်လွန်းပါတယ်ဗျာ။ ဒါပေမယ့် တိုးတက်မှုတချို့တော့ မြင်ခဲ့ရပါတယ်။ အစပိုင်းမှာအခက်အခဲတွေကြုံခဲ့ရပေမယ့် ကယ်ဆယ်ရေး အထောက်အပံ့တွေ လိုအပ်နေတဲ့သူတွေဆီ ရောက်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်မယ့် စနစ်တခုကို ထူထောင်နိုင်ခဲ့ပြီး မျက်စိလည်စရာကောင်းလောက်အောင်ရှုပ်ထွေးတဲ့ပြဿနာတချို့ကိုလည်း ဖြေရှင်းနိုင်ခဲ့ပါတယ်။

အခြားနေရာတွေကတော့ တိုးတက်မှုမရှိခဲ့ပါဘူး။ တကယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေတွေတောင်ရှိပါသေးတယ်။ ကုလသမဂ္ဂနဲ့မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားရကျေနပ်စရာမရှိဘူးလို့ မကြာသေးခင်ကမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ပြောသွားပါသေးတယ်။ အစိုးရနဲ့ အတိုက်အခံအဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးရေးကလည်း ရှေ့မတိုးနောက်မဆုတ်အခြေအနေပါ။ ဖိနှိပ်အုပ်ချုပ်မှုတွေကတော့ ဆက်လက်ရှိမြဲပါပဲ။

နိုင်ငံရေးအကျဉ်းသားအရေအတွက်က နှစ်ဆတိုးလာတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတာတွေကို ထောက်ခံခဲ့တာကလွဲပြီး ဘာမှ မလုပ်ခဲ့တဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်ခဲ့သူ ၂၀၀ ကျော်ကိုလည်း နှစ်ရှည် ထောင်ဒဏ်တွေ အပြစ်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ချုပ်နှောင်ထားတယ်။ ရင်ကြားစေ့ညှိနှိုင်းမှုတွေလုပ်ပေးနိုင်တဲ့သူ့ကို အဲ့ဒီလို မလုပ်နိုင်အောင် ပိတ်ပင်ထားခဲ့တယ်။ ၂၀၀၈ အစမှာ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ သူ့အကြားမှာ တွေ့ဆုံမှု၊ လိုက်လျောမှုတွေ လုပ်ခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ်မှာ `စည်းကမ်းပြည့်ဝပြီး ခေတ်မီတဲ့ ဒီမိုကရေစီနိုင်ငံသစ်´ ကိုစတင်ထူထောင်မယ်လို့ ပြည်သူလူထုကိုပြောနေပါတယ်။ ခုချိန်မှာ ပြည်သူတွေကတော့ စည်းကမ်းတွေ အများကြီး ကန့်သတ်ခံနေကြရပေမယ့် ဒီမိုကရေစီကိုတော့ မမြင်ရသေးပါဘူး။

မေး။ ။ ပြည်တွင်းပြည်ပက မြန်မာတွေအပါအ၀င် ဝေဖန်ကြသူအများအပြားကတော့ အီဗရာဟင် ဂန်ဘာရီရဲ့စေ့စပ် ညှိနှိုင်းရေးအစီအစဉ်တွေဟာ မအောင်မြင်ဘူးလို့ ယုံကြည်နေကြတယ်။ သူ့ရဲ့လုပ်ငန်းတွေမှာ ယုံကြည်ထောက်ခံမှု ပိုပြီး ရလာဖို့နဲ့ မြန်မာပြည်မှာ နိုင်ငံရေးပြန်လည်သင့်မြတ်မှုတွေ ပေါ်ပေါက်လာဖို့ သူဘာတွေလုပ်နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကုလသမဂ္ဂဟာ အဓိကအခန်းကဏ္ဍမှာရှိနေပါတယ်။ ကျနော်တို့ အဲ့ဒါကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံပါတယ်။ ဒေါက်တာ ဂန်ဘာရီဟာ ဒီပြဿနာကို တော်တော့ကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရပါတယ်။ ဒါပေမယ့် သူနဲ့ အထွေထွေ အတွင်းရေးမှူးချုပ်တို့ ပြောခဲ့သလိုပေါ့ အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုအဆင့်က ပြည့်ဝလုံလောက်မှုမရှိတာပါပဲ။

ကုလသမဂ္ဂကိုယ်စားလှယ်တွေကို ဝေဖန်ရမယ်ဆိုတဲ့ အစွဲက ရှိနေပါတယ်။ ရာဇာလီအစ္စမေးလ်တုန်းကလည်း အလားတူ ဝေဖန်ခံခဲ့ရတာပါပဲ။ အခုဒေါက်တာ ဂန်ဘာရီအလှည့်လည်း ဒီအတိုင်းပါပဲ။ အဲဒါကတော့ အမှားတခုပါ။ တိုးတက်မှုတွေ မရရှိတာ ဘယ်သူ့မှာတာဝန်အရှိဆုံးလဲဆိုတာ ရှင်းပါတယ်။ အဲဒါကြောင့် ၂၀၀၉ ခုနှစ်မှာ ဦးစားပေးလုပ်ဆောင်ရမှာက ကုလသမဂ္ဂရဲ့လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံတကာရဲ့ထောက်ခံမှုတွေ ပိုပြီးခိုင်ခိုင်မာမာရရှိလာအောင် လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ပါဝင်ဆောင်ရွက်လာမှုကတော့ ကြီးမားတဲ့အင်အားတခုဖြစ်ပြီး အောင်မြင်မှုရဖို့ အထောက်အကူဖြစ်သင့်ပါတယ်။ အခြေအနေပေးလာခဲ့ရင် သူ မြန်မာပြည်ကိုပြန်သွားတာကို ကျနော်တို့ တကယ်မြင်ချင်ပါတယ်။ အခုကတော့ မြန်မာပြည်မှာဖြစ်ပျက်နေသမျှအရာတွေပေါ်မှာ ရှင်းလင်းပြတ်သားတဲ့ အကဲဖြတ်မှု တခု ရှိနေပါပြီ။ ပြီးခဲ့တဲ့ ၁၂ လ ကာလအတွင်း နိုင်ငံတကာက တွေ့မြင်ချင်ပါတယ်လို့တောင်းဆိုခဲ့တဲ့အရာတွေ ဘာတခုမှ တိုးတက်မှုမရှိခဲ့တာ အလွန်ရှင်းလင်းခိုင်မာပါတယ်။ အမှန်တကယ်တော့ အခြေအနေတွေက နောက်တောင်ဆုတ်သွားပါ သေးတယ်။ ကုလသမဂ္ဂရဲ့ဆောင်ရွက်ချက်တွေ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ထောက်ခံမှုမရှိသရွေ့ ရှေ့ဆက်ပြီး လည်း ဒီလိုပဲ ဖြစ်ဖို့ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စဟာ ပြည်တွင်းရေးဆိုတာထက် ကုလသမဂ္ဂက ကြိုးပမ်းနေတဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ရဲ့ အခရာအကျဆုံး အချက်ဖြစ်နေပါတယ်။

မေး။ ။ အင်္ဂလန်နိုင်ငံဟာ ဆိုင်ကလုန်းကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တာ တွေ့ရပါတယ်။ အခု အခြေအနေတွေကကော ဘယ်ကိုဦးတည်နေတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ အစက ကျနော်တို့ စိုးရိမ်ခဲ့တာထက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အများကြီးကောင်းလာပါတယ်။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ရဲ့ လုပ်ငန်းတွေဟာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။ ဆိုင်ကလုန်းဒဏ်အခံရဆုံးဒေသကပြည်သူ အများစုဟာ အထောက်အပံ့တချို့ရနေကြပါတယ်။ ဒုတိယကပ်ဘေးလှိုင်းကြီးကနေလည်း လွတ်မြောက်ခဲ့ပါတယ်။ ပြည်သူ ထောင်ပေါင်း ရာပေါင်းများစွာရဲ့အသက်ကို ကယ်ဆယ်တဲ့နေရာမှာ ဒီကယ်ဆယ်ရေးလုပ်ငန်းတွေဟာ အလွန် အရေးပါပါတယ်။ ခင်ဗျားပြောသလိုဘဲ အင်္ဂလန်နိုင်ငံဟာ အကြီးဆုံးအလှူရှင်နိုင်ငံပါ။ အဲ့ဒီအတွက် ကျနော်တို့ ဂုဏ်ယူပါတယ်။ အလှူရှင်နိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ ပြည်တွင်းပြည်ပက အန်ဂျီအိုတွေ အားလုံးက ခက်ခဲပြီး အရင်ကမလုပ်ဘူးခဲ့တဲ့ အလုပ်တွေကို လုပ်လာတဲ့ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုကို တော်တော်လေး တအံ့တသြ ဖြစ်နေကြပါတယ်။

အခု ကျနော်တို့ရဲ့ ၀န်ကြီးတွေဟာ ဒီ့ထက်ပိုပြီး ဘာတွေလုပ်နိုင်မလဲဆိုတာကို သုံးသပ်နေကြပါတယ်။ ရှေ့ကိုကြည့်မယ် ဆိုရင်တော့ အလှူရှင်နိုင်ငံအများစုက ဇူလိုင်လကျရင် သုံးပွင့်ဆိုင်ဗဟိုကော်မတီရဲ့ သက်တမ်းထပ်တိုးတာကို မြင်ချင်ကြပါတယ်။ အဲဒါမှလည်း အောင်အောင်မြင်မြင် ဆောင်ရွက်ထားခဲ့တာတွေကို ဆက်လက် လုပ်ဆောင်နိုင်ပါ လိမ့်မယ်။ ဆိုင်ကလုန်း ဒဏ်ခံရတဲ့ မြစ်ဝကျွန်းပေါ်ဒေသနဲ့ တခြားနေရာတွေမှာနေကြသူတွေ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် လယ်ယာစိုက်ပျိုးရေး နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ မူဝါဒဆိုင်ရာပြဿနာတချို့ကို အစိုးရနဲ့ပူးပေါင်းပြီး စဉ်းစားသွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေ အဲဒီဒေသတွေမှာရှိနေပါပြီ။ ဒါပေမယ့် ဒီထက်ပိုလုပ်နိုင်တာတွေ ရှိပါလိမ့်မယ်။ အဓိကအချက်ကတော့ လူနာကို ပြန်ကောင်းလာလို့ ပြန်ပို့ပြီဆိုမှတော့ သူ့ကို ပတ်တီးစည်းပေးထားစရာ အကြောင်းမရှိတော့လို့ပါဘဲ။

မေး။ ။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းတွေကို မြစ်ဝကျွန်းပေါ်ဒေသကနေပြီး တခြားဒေသ တွေဆီ တိုးချဲ့ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ထင်ပါသလား။ ဘယ်လိုအကြောင်းအချက်တွေကြောင့် ဒီလိုဖြစ်နိုင်ခြေ ရှိတယ်လို့ ယုံကြည်ရတာပါလဲ။ ဘယ်လိုအခက်အခဲတွေကို ကြိုမြင်မိပါသလဲ။

ဖြေ။ ။ အဲဒီအချက်က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လုပ်ဆောင်နေကြတဲ့ ကျနော်တို့အားလုံးရဲ့မျှော်လင့်ချက်ပါပဲ။ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ အလှူရှင်နိုင်ငံတွေနဲ့ အစိုးရအကြားမှာ ယုံကြည်မှုတည်ဆောက်ရေးကို အထောက် အကူပြုခဲ့ပါတယ်။ ကောင်းမွန်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ကျနော်တို့တွေ့ခဲ့ပါတယ်။ ဒေသခံနဲ့ နိုင်ငံတကာ အန်ဂျီအို တွေရဲ့ အခန်းကဏ္ဍဟာ မယုံကြည်နိုင်စရာပါ။ အဲဒါတွေအားလုံး အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားပြောသလို ပေါ့၊ ဒီအခြေအနေတွေကို တခြားဒေသတွေမှာ မတွေ့ရပါဘူး။ အရေးကြီးတာက လာမယ့်လတွေမှာ ကျနော်တို့တတွေရဲ့ စုစည်းမှုနဲ့ မြစ်ဝကျွန်းပေါ်ဒေသကနေ အရေးတကြီး အခြေအနေရောက်နေတဲ့တခြားဒေသတွေဘက် စပြီး ခြေဦးလှည့် ရတော့မယ်။ ကျနော်တို့ ဘယ်လောက်အောင်မြင်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။ အခြေအနေတွေက၂၀၁၀ ရွေးကောက်ပွဲ ကာလဆီ ဦးတည်နေတော့ ခက်ခဲပြီး မှန်းဆရခက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရလဒ်ကောင်းတွေကို တည်ဆောက်ပြီး အဲဒီအရှိန်ကိုဆက်ထိန်းထားဖို့က အလွန်အရေးကြီးပါတယ်။

မေး။ ။ အင်္ဂလန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တင်းမာတဲ့ နိုင်ငံရေးရပ်တည်ချက် ရှိခဲ့ပါတယ်။ အခုကိစ္စမှာ သံအမတ်ကြီးတို့က ဘာကြောင့်များ ရက်ရက်ရောရော လှူဒါန်းဖို့ စိတ်ဆန္ဒတွေ ဖြစ်ခဲ့ရတာပါလဲ။ ပြီးတော့ အစိုးရရဲ့ ကန့်သတ် ချုပ်ချယ်မှုတွေကြောင့် အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေကို ထိထိ ရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ သံသယဖြစ်နေကြသူတွေကို သံအမတ်ကြီးအနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။ မကြာသေးခင်ကပဲ မြန်မာစစ်အစိုးရကို သူ့ပြည်သူတွေအပေါ် ကူညီထောက်ပံ့မှုတွေပိုပေးဖို့ သံအမတ်ကြီးပြောခဲ့ပါ သေးတယ်။ အကူအညီတကယ်လိုအပ်နေတဲ့ ပြည်သူတွေကို သူတို့ အကူအညီတွေတိုးပေးခဲ့တယ်လို့ ထင်ပါသလား။

ဖြေ။ ။ ကျနော်တို့အမြဲယုံကြည်နေတဲ့ အချက်တခုရှိပါတယ်။ နိုင်ငံရေးအရ အဖြေတခုကို ရှာနေစဉ်မှာ ဒီတိုင်းပြည်က ပြည်သူတွေ ပိုပြီးဒုက္ခရောက်အောင် မလုပ်သင့်ပါဘူး။ ပြည်တွင်းက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ကျနော်တို့ ဖြည်းဖြည်းချင်း တိုးချဲ့ပေးနေပါတယ်။ အထူးသဖြင့် ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ မူလတန်း ပညာရေးကဏ္ဍတွေမှာ ဖြစ်ပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေက ကျနော်တို့ရဲ့လုပ်ဆောင်မှု အခန်း ကဏ္ဍက အဲဒီမူနဲ့ ကွဲလွဲမှုမရှိပါဘူး။ ကျနော်တို့ရဲ့အောင်မြင်မှုတွေက တခြားအလှူရှင်နိုင်ငံတွေ၊ ကမ္ဘာပေါ်မှာ ကူညီ ထောက်ပံ့မှု အနည်းဆုံးရတဲ့နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ဒီတိုင်းပြည်ကို လှူဒါန်းလာအောင် တွန်းအားပေးသလို ဖြစ်ပါလိမ့်မယ်။

သံသယရှိကြသူတွေကို ပြောချင်တာက အခြေအနေတွေဟာ အမြဲတမ်းလွယ်ကူနေတာမဟုတ်သလို ကောင်းမွန်တဲ့အလုပ် တွေကိုလည်း လုပ်နိုင်ပြီး လုပ်လည်း လုပ်နေကြတဲ့ ၀န်းကျင်တခုပါ။ 3D Fund ဟာ အကောင်းဆုံး နမူနာတခုပါ။ အားနည်းချို့တဲ့သူတွေကို အမှန်တကယ်လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုတွေကနေ ဒီလို အကျိုးကျေးဇူးတွေ ရခဲ့တာပါ။ လုပ်ငန်းတွေကိုလည်း အလှူရှင်တွေချမှတ်တဲ့ လမ်းညွှန်မှုတွေအတိုင်း အကောင်အထည်ဖော်ခဲ့ပါတယ်။ အလှူရှင်တွေ ပိုပြီးလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကို သူတို့ကို မျှဝေခွင့်ရမယ်ဆိုရင် ပိုလို့တောင် ၀မ်းသာပါတယ်။ အစိုးရရဲ့ အထောက်အပံ့တွေ ပိုပြီး တိုးမြှင့်ဖို့ကိုလည်း ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒီလိုဆိုရင် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ငွေကြေးသုံးစွဲမှု ပိုများလာရုံတင်မကဘဲ အစိုးရရဲ့ ရပ်တည်ချက်တွေကို ပြသရာရောက်တဲ့အတွက် အလှူရှင်အသစ်တွေကိုလည်း ဆွဲဆောင်နိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ လက်ရှိလှူဒါန်းနေသူတွေကိုလည်း အလှူငွေ ပိုထည့်ဝင်လာအောင် အားပေးရာရောက်ပါတယ်။

မေး။ ။ နိုင်ငံရေးဘက်ကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေအခြေအနေက ဘယ်လိုရှိပါသလဲ။ အာဆီယံ နိုင်ငံတွေကို ဆိုလိုတာမဟုတ်ပါဘူး။ အိန္ဒိယ၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေက မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ သံအမတ်ကြီး မြင်မိပါသလား။

ဖြေ။ ။ ဒေသတွင်းနိုင်ငံတွေက အခရာကျပါတယ်။ မြန်မာနိုင်ငံပြဿနာဟာ ကိုင်တွယ်ရခက်ခဲတာကို နိုင်ငံတိုင်းက နားလည်ကြပါတယ်။ အလွယ်တကူနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။ ပြဿနာဟာ ခင်ဗျားရဲ့အိမ်တံခါးဝအထိ ရောက်လာတဲ့အခါ လက်လျှော့ အရှုံးပေးချင်စိတ်တွေ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ ဒေသတွင်းညီညွတ်ရေးဆိုတာ ဆက်ဆံရေး အကောင်းဆုံး ကာလတွေမှာတောင် ရဖို့ခက်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတနိုင်ငံက နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေမှာ ဆန်ကျင်ဘက်လမ်းကို လျှောက်နေတဲ့ အချိန်မျိုးဆိုရင်တော့ ပြောစရာတောင်မလိုဘူးပေါ့။

လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းကို မကြာသေးခင်ကမှ စတင်ကျင့်သုံးလာတဲ့ အာဆီယံအဖွဲ့ကြီး အတွက်ဆိုရင် ဒီအခြေအနေဟာ အဖွဲ့ရဲ့ဂုဏ်သိက္ခာကို အထင်အရှား စိန်ခေါ်လိုက်တာပါပဲ။ အဖွဲ့တဖွဲ့မှာ ပိုပြီး တိုးတက် ကောင်းမွန်လာအောင် ရည်ရွယ်ရေးဆွဲထားတဲ့ စည်းမျည်းစည်းကမ်းတွေကို ချိုးဖောက်နေတဲ့ အဖွဲ့ဝင်တယောက်ရှိမယ်၊ အခြေအနေတွေက ပိုဆိုးလာနေတယ်၊ ရှေ့လျှောက်လည်း ဆိုးလာဖို့ရှိတယ်ဆိုရင် ပတ်ဝန်းကျင် နိုင်ငံတွေကို လက်တွေ့ ကျကျ ရိုက်ခတ်လာပြီး ဆိုးရွားမှုတွေက ပိုပြီးထင်သာမြင်သာ ရှိလာပါလိမ့်မယ်။

အဲဒါကြောင့် ဒေသတွင်းနိုင်ငံတွေအတွက် အခြေခံအကျဆုံး မေးခွန်းတခုက မြန်မာအစိုးရလျှောက်နေတဲ့လမ်းကြောင်းဟာ သူတို့နိုင်ငံတွေမှာ ရရှိပြီးဖြစ်တဲ့ တည်ငြိမ်မှုနဲ့ ကြွယ်ဝမှုမျိုး ပေးနိုင်သလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကျနော့်အမြင်ပြောရ ရင်တော့ ဒီလိုဖြစ်လာဖို့ သက်သေအထောက်အထား မရှိသေးပါဘူး။ စိန်ခေါ်မှုတွေရဲ့အတိုင်းအတာပမာဏကို ဘယ်သူက မှ ထင်ယောင်ထင်မှား မဖြစ်ကြပါဘူး။ ဒေသတွင်း နိုင်ငံအတော်များများဟာ ဒီပြဿနာကို ဖြေရှင်းဖို့လုပ်ဆောင်နေကြပါ တယ်။ ဒါပေမယ့် လာမယ့်လတွေမှာ အဓိကလုပ်ဆောင်ရမယ့် အချက်ကတော့ ကုလသမဂ္ဂက ကြိုးပမ်းလုပ်ဆောင်နေတာ တွေကို ပိုပြီးတညီတညွတ်တည်း ထောက်ခံမှုရအောင်လုပ်ဖို့ ဖြစ်ပါတယ်။ အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်၊ ကုလသမဂ္ဂ နဲ့ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့လိုအပ်တယ် ဆိုတာကို မြန်မာနိုင်ငံအပေါ် သြဇာရှိတဲ့နိုင်ငံတွေက မြန်မာ အစိုးရကို စဉ်ဆက်မပြတ်သတိပေးသွားဖို့ အလွန်အရေးကြီးပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ်ထဲမှာ လွှတ်ပေးလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ တော်တော်များများ ဖြစ်ပေါ် နေပါတယ်။ တကယ်လို့ သူမလွတ်လာခဲ့ရင် တခုခုကို အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ သံအမတ်ကြီး ထင်ပါ သလား။

ဖြေ။ ။ သူ့ကို လွှတ်ပေးမလား မပေးဘူးလားဆိုတာ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် သူ့ကို လွှတ်ပေးသင့်ပါတယ်။ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရနဲ့ရော တခြားနိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ပါ အတူလက်တွဲဆောင်ရွက်သွားချင်တဲ့ သူ့ဆန္ဒကို ထပ်ခါတလဲလဲ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီးပါပြီ။ တဖြည်းဖြည်းခြင်း တည်ငြိမ်ပြီး တဆင့်ခြင်းပြောင်းလဲသွားနိုင်ဖို့အတွက် ဒီလိုပြောင်းလဲတဲ့နေရာမှာ စစ်တပ်အပါအ၀င် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသွားမယ်ဆိုတဲ့ သူ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပါပြီ။

သူ့ကိုနေအိမ်မှာ အကျယ်ချုပ်ချထားတာကတော့ သူဟာအန္တရာယ်ပေးနိုင်သူပဲလို့ သတ်မှတ်ထားတာနဲ့ အတူတူပါပဲ။ တကယ်က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရာမှာ သူက အရေးပါတဲ့အကူအညီတွေ ပေးနိုင်တဲ့ အခွင့်အလမ်းကြီးတခုပါ။ သူ့ရဲ့ဒီအခန်းကဏ္ဍကို အသိအမှတ်မပြုဘူးဆိုရင် ဖြစ်နေတဲ့ ပြဿနာရပ်တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားရခက်ပါတယ်။

မေး။ ။ အင်္ဂလန်နိုင်ငံနဲ့ တခြား အနောက်နိုင်ငံသံရုံးတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သွားရောက်တွေ့ဆုံနေ တယ်ဆိုပြီး စစ်အစိုးရက စွပ်စွဲနေပါတယ်။ ဒီစွပ်စွဲချက်ကို သံအမတ်ကြီးအနေနဲ့ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့က တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့နေပါတယ်။ အဲ့ဒီထဲမှာ အစိုးရတင်မဟုတ်ဘူး တခြားအဖွဲ့အစည်းတွေလည်းပါပါတယ်။ ဒါဟာ သံရုံးတခုလုပ်ဆောင်ရမယ့် အခန်းကဏ္ဍ ဖြစ်ပါတယ်။

မေး။ ။ ၂၀၁၀ ပြည့်နှစ်နဲ့ အဲဒီအလွန်မှာ ဖြစ်လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို သံအမတ်ကြီး ဘယ်လိုမြင်ပါ သလဲ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အင်္ဂလန်နိုင်ငံရဲ့ ရပ်တည်ချက်ကို သိချင်ပါတယ်။

ဖြေ။ ။ အခုလာမယ့်နှစ်မှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လွှမ်းမိုးနေလိမ့်မယ်ဆိုတာ အထင်အရှားပါပဲ။ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တာနဲ့ ပတ်သက်ပြီး အစိုးရဆီကနေ ပိုအသေးစိတ်ကျတဲ့ အချက်အလက်တွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ နှစ်ရှည်လများရှိနေတဲ့ နိုင်ငံရေးအခက်အခဲတွေကို ဖြေရှင်းတဲ့ နည်းလမ်းအဆင့် တခုဖြစ်ပြီး ပြဿနာရပ်တွေကို ကုစားတဲ့ဖြစ်စဉ်တခုလုံးကို ကိုယ်စားပြုနိုင်ပါတယ်။ ဒါမှမဟုတ် အခုလက်ရှိတွေ့နေရတဲ့ အတိုင်း ဆန့်ကျင်ဘက်အခြေအနေတခုလည်း ဖြစ်သွားနိုင်ပါတယ်။

ဒီဖြစ်စဉ်ထဲမှာ အားလုံးပါဝင်လာဖို့ အချိန်ကျနေပြီဆိုတာ ရှင်းနေပါတယ်။ ဒီလိုဖြစ်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အပြုသဘောဆောင်တဲ့လမ်းကြောင်းတခုဆီ သွားနေတာကို တွေ့မြင်လိုတဲ့အကြောင်း ဥရောပသမဂ္ဂကလည်း အမြဲတမ်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်တာ၊ အစိုးရ၊ အတိုက်အခံနဲ့ တိုင်းရင်းသားတွေ အားလုံး ပူးပေါင်းဆောင်ရွက်တာမျိုး ဖြစ်မလာဘူးဆိုရင် ယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်မလာနိုင်ပါဘူး။ ဒီအချက်တွေအပေါ်မှာမူတည်ပြီး လာမယ့် ရွေးကောက်ပွဲကို ဆုံးဖြတ်သင့်ပါတယ်။ Next >