Monday, January 19, 2009

နားနားပြော


တာတေစနေသား

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


မြန်မာစာဖတ်ပရိသတ်များအတွက် စာကြည့်တိုက်အသစ်အား မိတ်ဆက်ခြင်း

မြန်မာစာဖတ်ပရိသတ်များ အီးဘွတ် (ebooks) များကို အခမဲ့ အလွယ်တကူ ဒေါင်းလုပ်လုပ်ပြီး
ဖတ်ရှု့လို့ရနိုင်ပါပြီ။

အခုလက်ရှိ မြန်မာစာအုပ်များ နှင့် english စာအုပ်ပေါင်း ၃၀၀ နီးပါးတင်ထားပြီး
ဆက်လက်တင်နေဆဲဖြစ်ပါတယ်။

အာလုံးအသုံးပြုလွယ်ကူအောင် ၀ဘ်ဆိုဒ်ကို ရိုးရှင်းသေသပ်စွာပြုလုပ်ထားပြီး စာအုပ်များကို
ကိုယ်ပိုင်ဆာဗာတွင်သာ သိမ်းဆည်းထားသောကြောင့် ဒေါင်းလုပ်လုပ်သည့်အခါ
အခက်အခဲများ ဖြစ်ပေါ်ခြင်းလုံးဝ မဖြစ်ပေါ်နိုင်ပါ။

Books Hive သည် မြန်မာလူမျိုးများအတွက်သာ ရည်ရွယ်ကာ
သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သုတ ရသ ပညာပေး
စာမေးပွဲစသည်တို့နှင့် သက်ဆိုင်သည့် စာအုပ်များ တင်ထားရှိနှင့်ပြီး ဖြစ်ပါသည်။

ဝဘ်ဆိုဒ်ရဲ့လိပ်စာကတော့ www.books-hive.com ဖြစ်ပါတယ်။

အားလုံးပဲလာရောက် အားပေးကြလိမ့်မယ်လို့ မျှော်လင့်တောင်းတမိပါသည်။

Aung Ko Ko Thet
2009/1/19

19012009သတင်းနှင့်ဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ

၂ဝဝ၈ ခု ဒီဇင်ဘာ ၁ဝ ရက်မှာ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၆ဝ ပြည့် အခမ်းအနားတွေ တကမ္ဘာလုံးမှာ ကျင်းပခဲ့ပါတယ်။ လူ့သမိုင်းမှာ ပထမဆုံးအဖြစ် လူ့အခွင့်အရေးတွေကို အပြည့်အစုံစနစ်တကျ ဖော်ထုတ်လိုက်နိုင်တာ ကုလသမဂ္ဂရဲ့ ဧရာမအောင်မြင်မှုကြီး တခု ဖြစ်ပါတယ်။ ဒီလိုဖော်ထုတ်လိုက်နိုင်တဲ့ ၁၉၄၈ ခုကစပြီး ကမ္ဘာ့ပြည်သူတွေအဖို့ အာဏာရှင်စနစ်တွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို ရင်ဆိုင် ရာမှာ အရေးပါ အစွမ်းထက်တဲ့ လက်နက်တခု ရလာခဲ့ပါတယ်။
အာဏာရှင်စနစ်အမျိုးမျိုးအောက် ပြားပြားမှောက်နေရတဲ့ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂကထုတ်ပြန်တဲ့ လူ့အခွင့်အရေးအချက် ၃ဝ ကို အသုံးချပြီး အခွင့်အရေးတောင်းဆိုဖို့ အင်မတန်အသုံးတည့် အကျိုးရှိခဲ့ပါတယ်။ ၇၅ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြင့်အေးနဲ့တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေ၊ လှုပ်ရှား တက်ကြွသူတွေရဲ့ တပင်တပန်းအနစ်နာခံစည်းရုံး ပညာပေးမှုတွေကြောင့် မြန်မာနိုင်ငံမှာလည်း ၁၉၆၂ ခု၊ ၁၉၇၄ ခုတွေထက်စာရင် ဒီလို လူ့အခွင့်အရေးတွေကို နားလည်သိမြင်မှုတွေဟာ အတိုင်းအတာတခုထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်သူလူထုတွေအနေနဲ့ လူ့အခွင့်အရေး တွေ နားလည်လာ၊ တောင်းရကောင်းမှန်းသိလာလို့ နအဖစစ်အာဏာရှင်တွေ မခံမရပ်နိုင်ဖြစ်ပြီး ကိုမြင့်အေးတို့ကို မဆီမဆိုင် ဗုံးခွဲမှုပုဒ်မ တပ် အမှုဆင်ထောင်ချရတဲ့ အဆင့်ထိ ဖြစ်လာပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးဆိုတာ ဒင်္ဂါးပြားတပြားရဲ့ ဘက်တဘက်သာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူ့အခွင့်အရေးအကြောင်းပြောရုံနဲ့ မလုံလောက်သေးပါဘူး။ လူ့အခွင့်အရေးကိုသိဖို့ မလွဲမသွေလိုအပ်တဲ့အပြင် လူ့တာဝန်ဝတ္တရားကိုပါသိမှ အပြောင်းအလဲ ဖြစ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့တာဝန်ဟာ ခွဲလို့မရပါဘူး။ ဒီတော့ လူ့တာဝန်ဝတ္တရားတွေက ဘာတွေလဲ။ ဘာသာရေးနယ်ပယ်မှာ လူ့တာဝန်ဝတ္တရားတွေကို သက်ဆိုင်ရာဘာသာတွေအလိုက် ဖော်ထုတ်ထားတာတွေရှိပါတယ်။ ဥပမာ—ဗုဒ္ဓဘာသာမှာ ငါးပါးသီလ၊ ဗြဟ္မစိုရ် တရားလေးပါး၊ ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါးတို့ဟာ လူ့တာဝန်တွေကို လောကုတ္တရာနည်းအရ သတ်မှတ်ပေးထားတာ ဖြစ်ပါ တယ်။ ဗုဒ္ဓဘာသာမှာ လောကီရေးအတွက်လည်း မင်္ဂလာတရား ၃၈ ပါး၊ မင်းကျင့်တရား ၁ဝ ပါးဆိုတာ ရှိပါသေးတယ်။

ခေတ်သစ်နိုင်ငံရေးနယ်ပယ်မှာတော့ လူ့တာဝန်ဝတ္တရားဆိုတာ မတရားတဲ့လုပ်ရပ်တွေ၊ ဖောက်ပြန်ဆိုးယုတ်တဲ့ အုပ်စိုးသူတွေ၊ မှားယွင်းတဲ့ စနစ်တွေ၊ မတရားတဲ့အမိန့်အာဏာနဲ့ ဥပဒေတွေကို ဖီဆန်တိုက်ဖျက် ချေမှုန်းဖို့ဖြစ်ပါတယ်။ တခုပြောစရာရှိတာက နိုင်ငံရေးအရောင် အသွေးမတူရင် မတူသလို မတရားမှု၊ ဖောက်ပြန်ဆိုးယုတ်မှု၊ မှားယွင်းမှုကို သတ်မှတ်ပြဋ္ဌာန်းချက် ကွဲလွဲနိုင်တာရှိပါတယ်။ ဒါပေမဲ့ လူသား တိုင်းရဲ့မွေးရာပါဆင်ခြင်ဉာဏ်နဲ့ မတရားမှု၊ ယုတ်မာမှု အနိမ့်ဆုံးစံတွေကို သတ်မှတ်လို့ရပါတယ်၊ မခဲယဉ်းပါဘူး။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း စကားချီးပိုင်းမှာတော့ လူ့အခွင့်အရေးတွေကို ထိန်းသိမ်း ကာကွယ်မပေးရင် တရား လက်လွတ် နှိပ်စက်ကလူပြု အုပ်စိုးမှုနဲ့ ဖိနှိပ်ညာဉ်းပန်းမှုတို့ကို နောက်ဆုံး မလွှဲမရှောင်သာ လက်နက်စွဲကိုင် တော်လှန်ပုန်ကန်ရမယ်ဆိုတဲ့ လူ့တာဝန်ဝတ္တရားကို ယေဘုယျကျကျထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကလည်း “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုပြီး လူ့တာဝန်ကို မီးမောင်းထိုးပြဖူးပါတယ်။

ကုလသမဂ္ဂဟာ လူ့အခွင့်အရေးတွေကိုဘဲ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအဖြစ် စာနဲ့ပေနဲ့ ဖော်ထုတ်ခဲ့ပြီး လူ့တာဝန် ဝတ္တရားတွေကိုတော့ အပြည်ပြည်ဆိုင်ရာလူ့တာဝန်ဝတ္တရားကြေညာစာတမ်းအဖြစ် တိတိကျကျ အသေးစိတ်ဖော်ထုတ်မပေးခဲ့ပါဘူး။ ပညာရှင်တချို့ပြောတာက အဲဒီ ၁၉၄၈ ခု ကာလတုံးက ကွန်မြူနစ်နိုင်ငံတွေကို ထိုးနှက် အပုပ်ချဖို့ဘဲ ရည်ရွယ်ခဲ့တာဖြစ်လို့ လူ့အခွင့်အရေး သက်သက်ကိုဘဲ ဖော်ထုတ်သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ လူ့တာဝန် ဝတ္တရားတွေကိုပါ ဖော်ထုတ်လိုက်ရင် ကွန်မြူနစ်နိုင်ငံတွေတင် မကဘဲ ဒီမိုကရေစီနိုင်ငံအစိုးရများ မဟုတ်တာလုပ်တာတွေ၊ အထူးသဖြင့် အဲဒီကာလက နယ်ချဲ့ကိုလိုနီစနစ်ကျင့်သုံးတာနေတွေကိုပါ သက်ဆိုင်ရာပြည်သူလူထုတွေက ပြည်သူ့စွမ်းအားနည်းနဲ့ တိုက်ပွဲဝင်တွန်းလှန်ပစ်တာတွေ ဖြစ်လာမှာစိုးလို့ မဖော်ထုတ်ခဲ့တာလို့ ဆိုကြ ပါတယ်။

လူ့အခွင့်အရေးတဖက်တည်းကိုပြောရင် ရသင့်ရထိုက်တာကို ပြောတာဘဲဖြစ်နေပြီး ရဖို့နည်းလမ်းမပါ ဖြစ်နေပါတယ်။ အောက်ကနေ လက် ဖြန့် တောင်းတာ၊ ငိုပြတာ အဓိကဖြစ်နေပါတယ်။ သူများပေးသနားမှ ရမယ့်သဘော ရောက်နေပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေ အတွက် လူ့အခွင့်အရေးတွေကို ကုလသမဂ္ဂကလုပ်ပေးမှရမလိုလို၊ ဂမ်ဘာရီ လုပ်ပေးမှရမလိုလို၊ ဒါမှမဟုတ်လည်း ဒေါ်အောင်ဆန်း စုကြည် လုပ်ပေးမှဘဲ ရမလိုလို တွေးမြင်ကုန်ကြပါတယ်။ တကယ်တော့ လူတိုင်းမှာ လူ့အခွင့်အရေးတွေ ခံစားရရှိနိုင်ခွင့် ရှိသလို၊ ဒီလူ့ အခွင့်အရေးတွေ ပိတ်ပင်ချိုးဖောက်နေသူ ဘယ်သူကိုမဆို ဖယ်ရှားရှင်းလင်းပစ်ဖို့ လူ့တာဝန်လည်း လူတိုင်းလူတိုင်းမှာ သေချာပေါက် ရှိနေပါတယ်။

အနိမ့်ဆုံးဥပမာပြရရင် ကိုယ့်မျက်စိရှေ့မှာ အမျိုးသမီးတယောက်ကို လူဆိုးတယောက်က မုဒိမ်းကျင့်နေတာ တွေ့ရင် “ဟေ့လူ၊ ခင်ဗျား လူ့အခွင့်အရေးကို မဖောက်ဖျက်ပါနဲ့” လို့ဘဲ ဝိုင်းအော်နေမှာလား။ တရားဟော ဖြောင်းဖြ နားချနေမလား။ “ခင်ဗျား အမျိုးသမီးအခွင့်အရေး ဖောက်ဖျက်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်” လို့ဘဲ ထိုင်ကြေညာနေမှာလား။ (ဒီထက်ပိုဆိုးတာကတော့ “ခင်ဗျား အခုလို လုပ်တဲ့အခါမှာ ကွန်ဒွမ်သုံးသင့်တယ်”လို့ ပြောတာပါဘဲ။) အဲဒါတွေထက်စာရင် ရဲစခန်းကိုဖုံးဆက်တိုင်တာ တစုံတရာတော့ အဓိပ္ပာယ် ရှိပါသေးတယ်။ ဒါပေမဲ့ ရဲတွေရောက်လာတဲ့အချိန်မှာတော့ မုဒိမ်းကောင်ဟာ ရည်မှန်းချက်ပြီးမြောက်သွားလို့ အေးအေးဆေးဆေး စီးကရက်ထိုင်သောက်နေတာဘဲ တွေ့ရမှာဖြစ်ပြီး မိန်းကလေးခမြာမှာတော့ အပျိုရည်ပျက်ပြီးသွားတာ သို့မဟုတ် ကိုယ်ဝန်ရသွားတာ သို့မဟုတ် အနိမ့်ဆုံးအားဖြင့် ခန္ဓာကိုယ်ဒဏ်ရာ စိတ်ဒဏ်ရာ ရသွားတာဘဲ အဖတ်တင်သွားတော့မှာ ဖြစ်ပါတယ်။ မုဒိမ်းကောင်ကို အရေးယူနိုင်ဖို့အတွက်လည်း လုံချည်တွေ ထမိန်တွေ ဓာတ်ခွဲခန်းပို့ရပါအုံးမယ်။ (ရွေးကောက်ပွဲရှုံးသွားတဲ့ အမေရိကန် ရီပတ်ဘလစ်ကန် ပါတီ ဒုသမတလောင်း မဆာရာပါလင်းဟာ မုဒိမ်းကျင့်ခံရတဲ့မိန်းကလေးတွေရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်ရုံမက မုဒိမ်းမှုအတွက် ဓာတ်ခွဲစစ်ဆေးခကို မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးက ကျခံရမယ်လို့တောင် ပေါ်လစီချခဲ့ဖူးသေးတယ်။)

ဒါကြောင့် ဒီလိုနေရာမှာ လူ့အခွင့်အရေးကို အသိအမှတ်ပြုဖို့ ဟောပြောဆော်သြမနေဘဲ တွေ့မြင်သိရှိသူတွေက လူ့တာဝန်ဝတ္တရားနဲ့အညီ မုဒိမ်းသမားကိုဝိုင်းသမရမှာဖြစ်ပါတယ်။ အနည်းဆုံး ၄-၅ ချက်လောက် ဝိုင်းဗြင်းပြီးမှ ရဲစခန်း ပို့သင့်ပါတယ်။ ဒါမှသာ လူ့တာဝန် ကျေမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးကိုဘဲ တဖက်စောင်းနင်းအမွှန်းတင်နေတဲ့ အနောက်နိုင်ငံတချို့မှာ လမ်းကြားထဲ ပန်းခြံထဲ မုဒိမ်းကျင့်နေ၊ အကျင့်ခံရတဲ့ မိန်းကလေးကရုန်းကန်အော်ဟစ်နေတာကို ဖြတ်သွားဖြတ်လာတွေက ကိုယ်နဲ့မဆိုင်သလိုဘဲ မျက်နှာလွှဲသွားကြတဲ့အကြောင်း အဲဒီနိုင်ငံ တွေ ရောက်သွားသူတွေဆီက ပြန်ကြားရပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ လူ့တာဝန် မျှမျှတတအားပေးတဲ့ တခြားအနောက်နိုင်ငံ တွေမှာတော့ ခုနလိုသတင်းမျိုး သိတ်မကြားရပါဘူး။

၁၉၆၄ ခု မတ်လတုံးက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကစ်တီဂျီနိုဗိစ် ဆိုတဲ့ (၂၉) နှစ်အရွယ် အမျိုးသမီးတယောက်ကို မုဒိမ်းကျင့် လူသတ်သွားတာ အိမ်နီးနားချင်း (၃၈) ယောက်က တွေ့မြင် (သို့မဟုတ်) အော်ဟစ်အကူအညီ တောင်းသံ ကြားခဲ့ပေမဲ့ ရဲတောင် ဖုံးဆက်မတိုင်ဘဲ ကိုယ်နဲ့မဆိုင်သလိုနေခဲ့လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ ဟိုးလေးတကျော် သတင်းပါလာခဲ့ပါတယ်။ ၁၉၈၃ မတ်လက မက်ဆာချူးဆက်ပြည်နယ် ဘက်ဒ်ဖို့ဒ်မြို့မှာလည်း (၂၁)နှစ်အရွယ် မိန်းကလေးတယောက်ကို အရက်ဆိုင် ဘိလိယက်ခုံပေါ် အမျိုးသား(၆)ယောက် မုဒိမ်းကျင့်နေတာ ဆိုင်မှာ အရက်သောက်နေသူ (၁၅)ယောက်လောက်က ဝိုင်းကြည့်နေခဲ့ပုံကို နောက်ပိုင်းမှာ ရုပ်ရှင်အဖြစ်တောင် ပြန်ရိုက်ခဲ့ရပါတယ်။ ၂ဝဝ၇ သြဂုတ်လမှာလည်း မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာ (၂၆)နှစ်အရွယ် အမျိုးသမီး တဦးကို လှေခါးဟောခန်းထဲ ရိုက်နှက်ထိုးကြိတ်ပြီး မုဒိမ်းကျင့်နေတာကို အိမ်နီးနားချင်း (၁ဝ)ယောက်လောက်က ထွက်ကြည့် စူးစမ်း ခဲ့ပေမဲ့ ဘယ်သူကမှ မတားဆီးခဲ့ဘဲ တနာရီကျော်ကြာမှသာ တစုံတယောက်က ရဲကိုခေါ်ခဲ့ပါတယ်။

၁၉၈ဝ ခုတုံးက အိန္ဒိယနိုင်ငံမှာ ယောက်ျား (၂၂)ယောက်ကနေ (၃)ပတ်ကြာအောင် အုပ်စုလိုက် မုဒိမ်းကျင့်ခံခဲ့ရ၊ ရွာထဲ ကိုယ်တုံးလုံးချွတ် လမ်းလျှောက်ပြရပြီးနောက် ဖူလန်ဒေဝီ ဟာ ငွေများတရားနိုင် ဘက်လိုက်တရားဥပဒေရဲ့ အကူအညီကို ဘယ်လိုမှမရနိုင်တာသိလာလို့ ဓားပြဗိုလ်လုပ်ပြီး သူမကိုမုဒိမ်းကျင့်တဲ့ ယောက်ျား (၂၂)ယောက်စလုံးကို တယောက်ပြီးတယောက် လိုက်သတ်ပစ်နိုင်ခဲ့ပါတယ်။ ၁၉၆၈-၆၉ ခုနှစ်တွေလောက်ကလည်း ရှမ်းပြည် ပင်းတယ-ရွာငံ-ရပ်စောက်-မိုးလုံးဟိန်းဒေသမှာ အုပ်စုလိုက်မုဒိမ်းကျင့်ခံရတဲ့ ပအိုဝ်းအမျိုးသမီး တယောက်က ဓားပြဗိုလ်လုပ်ပြီး သူ့ကို မုဒိမ်းကျင့်ခဲ့တဲ့ ယောက်ျားတွေနဲ့ ဘက်လိုက်တဲ့ရွာသူကြီးတွေ၊ ရဲတွေကို ပြန်လိုက်သတ်ခဲ့တဲ့အဖြစ် ရှိခဲ့ဖူးပါတယ်။

လူ့တာဝန်ကိုထည့်မပြောဘဲ လူ့အခွင့်အရေးကိုသာ စောင်းပေးနေသရွေ့ အာဏာရှင်တွေ၊ ကိုယ်ကျိုးရှာသမားတွေကို ဖယ်ရှားရေးဟာ သူ့တာဝန်လိုလို ကိုယ့်တာဝန်လိုလို၊ ပြည်တွင်းကအဲန်အယ်လ်ဒီ စီအာပီပီတာဝန်လိုလို ပြည်ပက စင်ပြိုင်အစိုးရတာဝန်လိုလို၊ ကုလသမဂ္ဂ တို့ နိုင်ငံတကာတရားရုံးတို့တာဝန်လိုလို၊ တရုတ်တာဝန်လိုလို အမေရိကန် တာဝန်လိုလိုနဲ့ ဇာတ်မျောကြီးဖြစ်နေမှာပါဘဲ။

ိဂါမဏိ

အသက် ၁၁၅နှစ်အရွယ် မြန်မာ့ဘွားသက်ရှည် ကမ္ဘာ့အသက်ရှည်ဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းတင်နိုင်


ရန်ကုန်၊ ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသမီးအဖြစ် ဂင်းနက်စ်မှတ်တမ်းတင်မည်ဆိုပါက မြန်မာနိုင်ငံမှသက်ရှိထင်ရှားရှိနေသည့် အသက် ၁၁၅နှစ်အရွယ် ဘွားချစ်မယ် မှတ်တမ်းဝင်နိုင်မည်ဖြစ်သည်။
ဇန်န၀ါရီ ၂ရက်က ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသမီးအဖြစ် ဂင်းနက်စ်မှတ်တမ်းတင်ထားသော ပေါ်တူဂီနိုင်ငံမှ အမျိုးသမီးကြီး ကွယ်လွန်သွားပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြပါရှိခဲ့ပြီးနောက် ၁၁၄နှစ်အရွယ် အမေရိကန်သူမှာ ဘွားသက်ရှည်ဖြစ်လာခဲ့ကြောင်း သတင်းများဖော်ပြခံရပြန်ပြီး ဂင်းနက်စ်မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ ယခုလ ဇန်န၀ါရီ ၁၅ ရက်က အသက် ၁၁၅နှစ်ပြည့်မွေးနေ့ မင်္ဂလာပွဲအောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည့် ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှ ဘွားချစ်မယ်အား ကမ္ဘာ့ဘွားသက်ရှည်အဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဘွားချစ်မယ်ကို မြန်မာသက္ကရာဇ် ၁၂၅၅ခု ပြာသိုလပြည့်ကျော် ၅ရက် တနင်္လာနေ့တွင် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကံကြီးရွာတွင် အဖဦးသံဒုနှင့် အမိဒေါ်အေးတို့မှ မွေးဖွားခဲ့သည်။
ထို့နောက် ဦးနွဲ့နှင့် အိမ်ထောင်ကျ ကာ ကလေးရှစ်ဦးမွေးဖွားခဲ့ပြီး ဦးဘမှီ၊ ဒေါ် အုံးခင်၊ ဦးဘစီတို့ သုံးဦးသာ အသက်ရှင် လျက်မွေးဖွားခဲ့သည်။ ဘွားချစ်မယ်သည် သားသမီးမြေးမြစ်များနှင့်အတူ ဆင်းရဲကျပ် တည်းစွာဘ၀ကို ဖြတ်သန်းခဲ့ရပြီးနောက် ၁၉၉၂ခုနှစ်တွင် ခဲမဖြူသတ္တုသန့် စင်စက် ရုံမှ ယာဉ်မောင်းဦးတင်ထွန်းက တွေ့ရှိခဲ့ပြီး မိခင်ရင်း၊ အဘွားရင်းကဲ့သို့ ချစ်မြတ်နိုးစွာ စောင့်ရှောက်ခဲ့သည်။
"ကျွန်တော် ၁၉၉၂ခုနှစ် မန္တ လေးပုသိမ်ကြီးစက်ရုံကို တာဝန်ပေးခဲ့တုန်း က အမေကြီးကို တွေ့ခဲ့တာပါ။ တွေ့ကတည်း က အမေကြီး မပြေလည်မှန်းသိပါတယ်။ ဒါနဲ့ ကျွန်တော့်အမျိုးသမီးနဲ့အတူ တစ်လတစ် ခါလောက် သွားကန့်တော့ဖြစ်တယ်။ ၁၉၉၆ ခုနှစ်မှာ ကျွန်တော်ရန်ကုန်သန်လျင် စက်ရုံ ကို ပြောင်းရတော့ အမေကြီး ရန်ကုန်၊ ပဲခူး၊ ဇလွန်ဘုရားဖူးဖို့
တစ်နှစ်တစ်ခါ အလည်ခေါ် ခဲ့ပါတယ်။ နောက်ပိုင်း မိတ်ဆွေဆရာဝန် တွေက သက်ကြီးရွယ်အိုကို ခရီးဝေးမခေါ် သင့်ဘူး။ အရိုးတွေပျက်စီးနိုင်တယ်၊ ပြော ကြတာကြောင့် မိခင်ကြီးကို ကျွန်တော်တို့ နဲ့
လာနေမလားမေးတော့ မိခင်ကြီးက နေ မယ်သဘောတူတာကြောင့် ကျေးရွာက ဆရာတော်၊ ကျေးရွာလူကြီးတွေနဲ့ တိုင်ပင် ပြီး ရွာသူရွာသားတွေကလဲ သဘောတူတာ နဲ့မိခင်ကြီးကို
၁၀၂နှစ်လောက်မှာသန်းခေါင် စာရင်းဝင်အထိလုပ်ခဲ့တယ်"ဟု ဦးတင်ထွန်း က ပြောသည်။
ဘွားချစ်မယ်မှာ ဟင်းသီးဟင်း ရွက်များကို ကြိုက်နှစ်သက်စွာ စားသုံးတတ် ပြီး ချဉ်ဟင်းနှင်ငါးပိရည်ကို ကြိုက်နှစ်သက် ၍ အိုဗာတင်းကို တစ်နေ့လျှင် နှစ်ခွက်နီး ပါးသောက်တတ်သည်။ ဆေးဝါးအနေဖြင့် ယခင်က ပရိုဗီမင်(စိမ်းပြာရေညှိ) သောက် ခဲ့ပြီး နောက်ပိုင်းတွင် ဆရာဝန်ညွှန်ကြားချက် ကြောင့်(ဠငဘမညေ)ဆေးကို တစ်နေ့တစ်လုံး သောက်ကြောင်းဘွားချစ်မယ်ကပြောသည်။
ထို့ပြင် ဂုဏ်တော် ၃၀၀၀ကို နံ နက်၊ နေ့လယ်၊ ညဘက်သုံးပိုင်းခွဲပြီး တရား ရှုမှတ်ကြောင်း၊ တခါတရံအဓိဋ္ဌာန်ဝင်သည့် အခါ သက်သတ်လွတ် မီးလွတ်စားပြီး တရားအားထုတ်လေ့ရှိသည်။
ဘွားချစ်မယ်၏ မွေးနေ့ပွဲများကို ၁၀၃နှစ်မှ စတင်ပြုလုပ်ခဲ့ရာ ယခု ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁၅ရက်တွင် အသက် ၁၁၅ နှစ်ထိမွေးနေ့ပွဲများကို ဆက်တိုက်ပြုလုပ်ခဲ့ သည်။ ဘွားချစ်မယ်အသက် ၁၁၅နှစ်ပြည့် ကြောင်း အဘွား၏နိုင်ငံသားစိစစ်ရေးကတ် ပြားတွင် တွေ့ရှိရပြီး ဖွားချစ်မယ်သည် မွေး စားမိသားစုနှင့်အတူ သန်လျင်ခဲမဖြူသတ္တု သန့်စင်စက်ရုံဝန်းအတွင်း ပျော်ရွှင်စွာနေထိုင်လျက်ရှိသည်။

မြစ်ဝကျွန်းပေါ်သွား မှတ်တမ်း

Monday, 19 January 2009 18:40 ကြည်ဝေ
ကျနော် မနေ့က ပြန်ရောက် ပါတယ်။ ရောက်ရောက်ချင်း အီးမေးလ် ပို့မလို့ပါဘဲ။ ကိုယ်တွေ လက်တွေ နာနေတာနဲ့ ဆေးသောက်ပြီး နားနေရတယ်။ လမ်းက တော်တော် ဆိုးသေးတာကိုး။

တွေ့တာ မြင်တာ တွေကတော့ အများကြီးပဲ။ အတွေ့အကြုံသစ်တွေလည်း ရတယ်။ တခါသွား တမျိုး မရိုး။ ကျနော်က မြောင်းမြထိကို ရန်ကုန်ကနေ အဝေးပြေးကားစီးသွားတယ်၊ မြောင်းမြကနေလပွတ္တာ ထိကို ဆိုင်ကယ် တက္ကစီ စီးသွားတယ်။ လပွတ္တာကနေ ရွာတွေကိုစက်လှေထပ်စီးသွားရတယ်။

အဲဒီမှာ ရန်ကုန်ကနေ မြောင်းမြအထိ လမ်းတလျှောက်လုံး ပြဿနာမရှိပေမယ့် မြောင်းမြအ၀င်မှာ လမ်းခွဲဂိတ် ရှိတယ်။ အဲဒီဂိတ်က ပုသိမ်ကနေ ငွေဆောင် ချောင်းသာသွားရင် တဘက်လမ်းကနေ သွားရသလို၊ မြောင်းမြ လပွတ္တာသွားမယ်ဆိုရင် ဒီဘက်လမ်းကနေသွားရမယ်ဆိုတဲ့ လမ်းခွဲပဲ။ ချောင်းသာ၊ငွေဆောင်ဘက် သွားမယ့် လမ်းပေါ်မှာရှိတဲ့ ကားတွေကို မစစ်ဘူး။ ဒီဘက်ကမြောင်းမြ သွားမယ့်ကားတိုင်းကို စစ်တယ်။

ကားပေါ်မှာ နိုင်ငံခြားသား ပါလာသလားဆိုတာကို အရင်စစ်တယ်။ ပါလာတယ်ဆိုရင်အဲဒီနေရာကနေ လှည့် ပြန် ခိုင်းတယ်။ တချို့ နိုင်ငံခြားသားတွေက ပုဆိုးဝတ်ပြီး လာတယ်။ ဒါပေမယ့် သူတို့က ဗမာစကားလေးငါးခွန်း မေး တယ်။ အဲဒီမှာနိုင်ငံခြားသားမှန်းပေါ်တာပဲ။ ဒါဆို အဲဒီကနေ ချက်ခြင်းလှည့်ပြန်ရတာပဲ။ပြီးတော့ အဲဒီနိုင်ငံ ခြား သားကို ခေါ်လာတဲ့သူကို ပြဿနာရှာတော့တာပဲတဲ့။

အဲဒီဂိတ်က လပွတ္တာထဲကို လွယ်လွယ်ကူကူ ၀င်လို့မရအောင်ချထားတဲ့ ဂိတ်ပဲ။ အဲဒီဂိတ်မှာ မှတ်ပုံတင်ပြရတယ်။ လူနဲ့ မှတ်ပုံတင်နဲ့ တိုက်စစ်တယ်။ နယ်ခံရုပ်မပေါက်တဲ့သူကို ဘာအလုပ်လုပ်လဲ မေးတယ်။ ဘာဖြစ်လို့ လပွတ္တာ ကို သွားမလဲမေးတယ်။ သတင်းထောက်ဆိုရင် အဲဒီဂိတ်ကနေ နောက်ကြောင်း လှည့်ပြန်ရတယ်တဲ့။

လွန်ခဲ့တဲ့ ခြောက်လပြည့်တုန်းက ဖလားဝါးနယူးစ် ဂျာနယ်က သတင်းထောက် တယောက်သွားတာ အဲဒီဂိတ်က နေ နောက်ကြောင်းပြန်လှည့်ရတယ်လို့ သူတို့ အယ်ဒီတာကပြောတယ်။ လပွတ္တာကိုသွားချင်တဲ့ သတင်း သမား တွေအဖို့ အဲဒီဂိတ်ကိုဘယ်လိုနည်းနဲ့ ဖြတ်မလဲဆိုတာ ထည့်စဉ်းစားဖို့လိုတယ်။

အိုင်အန်ဂျီအို အဖွဲ့တွေနဲ့လိုက်ရင်တော့ရတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ သတင်းသမားဆိုတာက တွေ့တဲ့ မြင်တဲ့အတိုင်းရေးတော့ သူတို့လိမ်နေတာတွေ ၊ ဖိမ့်ထားတာတွေ ပေါ်သွားမှာစိုးလို့ထင်ပါရဲ့ ဘယ် အိုင်အန်ဂျီအို အဖွဲ့ကမှမခေါ်ချင်ကြဘူး။ သူတို့ကတော့လပွတ္တာမြို့ပေါ်မှာ အစစ်အဆေးမရှိ သွားလာလို့ရတယ်။ အက်စ်ဘီ (ရဲ အထူးသတင်း တပ်ဖွဲ့)က အစ သူတို့ကိုအရေးပေးတယ်လေ။ သူတို့နဲ့ညနေတိုင်း အရက်သောက်ပြီး ကာရာ အိုကေ ဆိုလို့ရတာကိုး။

အဲဒီဂိတ်ကို ဖြတ်ရင်တော့ အိုင်အန်ဂျီအိုက ကားတွေနဲ့ ဖြတ်ရင်အစစ်ဆေးမရှိဘူး။ ဒီအတိုင်း လိုင်းကားနဲ့သွား တယ် ဆိုရင်တော့ထောက်ခံစာပြရတယ်။ ထောက်ခံစာပါမလာရင် အဲဒီဂိတ်ကနေ ပြန်ရတယ်။ အဲဒီဂိတ်မှာစစ် ဆေးတာ တခါတရံမှာ ၄၅ မိနစ်လောက်ကြာတတ်တယ်တဲ့။

အဲဒီဂိတ်လွန်လို့ မြောင်းမြရောက်သွားပြီဆိုရင် လပွတ္တာကိုသွားဖို့ ပထမအဆင့်အောင်မြင်သွားပြီလို့ ပြောလို့ ရတယ်။ ဒါပေမယ့် လပွတ္တာမြို့ထဲမှာရဲတွေ၊ ထောက်လှမ်းရေးတွေနဲ့ အင်ဖော်မာတွေကလည်း ခြေချင်း လိမ် နေကြတော့လပွတ္တာကနေ မုန်တိုင်း ထိထားတဲ့ ရွာတွေဆီကို ဘယ်လိုနည်းနဲ့ဝင်မလဲဆိုတာလည်း ထပ် စဉ်းစားရတယ်။

မြောင်းမြကနေ လပွတ္တာကို ကားစီးသွားရင် ၄ နာရီ ခွဲလောက် စီးရတယ်။ ဆိုင်ကယ်နဲ့ဆိုရင်၂ နာရီ ခွဲလောက် စီးရတယ်။ ကားစီးသွားရင် လမ်းမှာဂိတ်တွေကို မှတ်ပုံတင်ထပ်ပြနေရတော့ ကျနော်က ဆိုင်ကယ်တက္ကစီ စီးဖို့ စဉ်းစားတယ်။ စရိတ်ကတော့ ပိုကြီးတယ်။ ဆိုင်ကယ်တက္ကစ်ီက တယောက်ကို ကျပ် ၁ သောင်း ၂ ထောင်ပေးရ တယ်။ ကားခကတော့ ခေါင်းခန်းက စီးရင် ၄ ထောင်၊ နောက်ခန်းက စီးရင် ၂ ထောင်ပဲ ဈေးသက်သာသလို လမ်းကြမ်းပြီး ဖုန်ထူတော့နောက်ခန်းခ စီးတဲ့သူတွေက ဖုန်တွေလူးပြီး မျောက်ရုပ်ပေါက်ကြတာပဲ။

ဆိုင်ကယ်လည်း အဲဒီလိုပါပဲ။လမ်းတွေက ချိုင့်တွေနဲ့ ပြည့်နေတော့ဖင်နဲ့ ခုံနဲ့ထိတယ်ကို မရှိတော့ဘူး။ တလမ်းလုံး မြောက်တက်နေတာပဲ တော်တော်အီတယ်။ ဒါပေမယ့် လပွတ္တာကိုဝင်တဲ့ရန်ကုန်က လူတော်တော် များများက ဆိုင်ကယ်ပဲ စီးကြတာလို့ သိရတယ်။ ဆိုင်ကယ်က ပိုပင်ပန်းပေမယ့်အစစ်အဆေးမရှိဘူး။ အချိန်တို တယ်လေ။

ဒါပေမယ့် တခု သံသယရှိစရာရှိတယ်။ လမ်းတလျှောက်လုံး တက္ကစီသမားက ကျနော့်ကိုမေးတယ်။ ဘာအလုပ် လုပ်လဲ၊ လပွတ္တာ ဘယ်နေရာကိုသွားမှာလဲ၊ ဘာလုပ်ဖို့လဲ အဲဒီလိုပဲ အစ်နေတာ အဲဒီလောက် မေးနေတော့ သူ့ အပေါ်မှာ သံသယရှိလာတယ်။ သူ့အကြောင်း ကိုပြန်မေးကြည့်တော့ ငတိက လည်တယ်။ အပေါ်ယံ လောက်ပဲ ပြောတယ်။ သူ့ဆီကပဲ မေးခွန်းတွေ ဆက်တိုက်လာတယ်။ လပွတ္တာရောက်မှ မြို့ခံတချို့ကို မေးကြည့် တော့ ကျနော်စီးလာတဲ့ ဆိုင်ကယ်ကကြံ့ဖွံ့ ဆိုင်ကယ်မှန်းသိရတယ်။

အစိုးရက ဆိုင်ကယ်တက္ကစီ အဖွဲ့ထဲမှာ ကြံ့ဖွံ့တွေကို ဆိုင်ကယ်တက္ကစီ ဆွဲခိုင်းထားတယ်။ ပြောရရင်တော့ အင်ဖော်မာပေါ့။ သူတို့ကို ဆိုင်ကယ်တွေကို အကြွေးနဲ့ရောင်းပေးထားတယ်။ တနေ့ဘယ်လောက်သွင်း ရမယ်၊ လပွတ္တာနယ်ထဲကိုဘယ်သူတွေ ၀င်တယ်ဆိုတာ သိအောင်လုပ်ပေးထားတာလို့ နယ်ခံတွေက ပြောပြကြတယ်။ ဖြစ်ချင်တော့ ကျနော်ကလည်း အဲဒီ ဆိုင်ကယ်ကိုသွားငှားမိလျက်သားဖြစ်နေတယ်လေ။

လမ်းမှာ စိတ်ဝင်စားစရာကောင်းတာက လေဘေးဒုက္ခသည် စခန်း၂ ခု အခုချိန်ထိရှိနေသေးတယ်ဆိုတာကို တွေ့ ရ တာပဲ။ အဲဒီမှာ လပွတ္တာ မရောက်ခင် ၁၀မိုင်အလိုမှာ ကြာကန်ဆိုတဲ့ စခန်းရှိတယ်၊ အဲဒီရွာမှာ ဒုက္ခသည် ၂၅၀ လောက်ရှိသေးတယ်။ နောက် ၇ မိုင်အလိုမှာလည်း ပိန္နဲတောဆိုတဲ့စခန်းရှိတယ်။ အဲဒီမှာလည်း လူ ၃၀၀ လောက် ရှိသေးတယ်။ လမ်းမပေါ်ကနေ လှမ်းကြည့်ရင် တာပေါ်လင်အမိုးပြာတွေနဲ့ မိုးထားတဲ့ တဲအိမ်လေးတွေကို မြင်နေ ရတယ်။ မြို့နဲ့လှမ်းပြီး လမ်းမပေါ်ကနေ တော်တော်လေးဝင်ရမယ်။ အဲဒီစခန်းတွေကို အစိုးရကဘယ်သူမှ ပေး မ၀င်ဘူး။ အိုင်အန်ဂျီအိုတွေက လှူချင်ရင် မြို့ပေါ်မှာဖွင့်ထားတဲ့ အလှူလက်ခံတဲ့နေရာမှာပဲ လှူရတယ်။

ကျနော် စုံစမ်းလို့ရသလောက်သိရတာကတော့ အဲဒီထဲက ဒုက္ခသည်တွေကဗမာတွေများတယ်။ စစ်တပ်က ကျွေး ထားပြီး ခိုင်းနေတယ်။ ပစ္စည်းသယ်ခိုင်းတယ်။ လမ်းဖောက်တဲ့အခါမှာ ခိုင်းနေတယ်။ ဒါပေမယ့် အလုပ်မရှိတဲ့ အခါ မကျွေးလို့ စခန်းကလူတချို့ ဘေးနားကရွာတွေမှာ သွားတောင်းစားရတယ်လို့လည်းကြားရတယ်။

အရင်က ရွာသားတွေကို လမ်းဖောက်တဲ့နေရာမှာ၊ ပစ္စည်းသယ်တဲ့နေရာတွေမှာခိုင်းပေမယ့် ကျနော်တို့သတင်း တက် သွားပြီးတဲ့နောက်မှာ ရွာသားတွေကိုမခိုင်းတော့ဘူးတဲ့။ ပြီးတော့ မီဒီယာတွေကိုပြောတဲ့ကောင်တွေ သတ် ပစ်မယ်လို့လည်း ကြိမ်းထားတယ်။ အခုရွာသားတွေက ဘယ်သူမေးမေးလုပ်အားပေးနဲ့ပတ်သက်ပြီး ဘာမှမပြော ရဲဘူးလို့ပဲ ဖြေကြတယ်။
နောက် လပွတ္တာမြို့ထဲအ၀င်မှာ အက်စ်ဘီက စစ်တယ်။ အဲဒီမှာ လပွတ္တာကို ညရောက်တော့ ထမင်းစားပြီး ပင်လယ်ထဲကို ညတွင်းချင်းထွက်ခဲ့ကြတယ်။

မုန်တိုင်းထိထားတဲ့ ရွာတွေကိုရောက်ဖို့အတွက် လပွတ္တာဆိပ်ကမ်းကနေ ၄နာရီကြာအောင် မောင်းရတယ်။ အရင် ဆုံး ရွေးမြစ်ကို ဖြတ်ရတယ်၊ ပြီးတော့ပင်လယ်၊ ပြီးတော့ ပြန်မလော့မြစ်ပေါ့။ အဲဒီမှာ တော်တော်အေးတယ်။ ကျနော်လည်း အေးလွန်းတော့ ၀တ်ထားတဲ့ အနွေးထည်အပြင် ကျောပိုးအိတ်ထဲမှာထည့်လာတဲ့ အနွေးထည်တွေ ရော၊ ဦးထုပ်တွေရော မာဖလာတွေရော အကုန်လုံးထုတ်ဝတ်ရတော့တယ်။ ဂျင်းဘောင်းဘီဆိုရင်လည်း ၂ ထပ် ထပ်ဝတ်ရတယ်။ အမှန်တော့ပင်လယ်ဆိုတာ နွေးရမှာ။ ဒါပေမယ့် အခုအတော့်ကို အေးတာ။ အေးလွန်းတော့
အရိုး အဆစ်တွေထုံပြီး ကိုက်လာတယ်။ အဲဒီမှာ ရွာသားတွေရဲ့ ပြောပြချက်အရဆိုရင် နာဂစ်မတိုင်ခင်တုန်းက ဒီလောက်မအေးဘူး။ ပင်လယ်ကလည်း နွေးတယ်တဲ့။ ခုလို နာဂစ်ဖြစ်ပြီးမှ အရမ်းအေးလာတာ။ သစ်ပင်တွေ လည်း မရှိတော့လေကလည်းတိုက်၊ အေးကလည်း အေးနဲ့ပဲ။

အဲဒီလို အေးပုံအေးနည်းမျိုး နားလည်အောင် ဘယ်လိုပြောရမလဲ မသိဘူး။ အေးလွန်းတော့ ရွာမြန်မြန် ရောက်ပါ စေလို့ ဆုတောင်းရတယ်။ ဒါပေမယ့် ကံမကောင်းဘူး။ ရွာကို မနက် ၅နာရီမှပဲ ရောက်တယ်။

ကျနော်တို့ အဖွဲ့ စက်လှေနဲ့ ည ၁၀ နာရီမှာ ထွက်လာပေမယ့် လမ်းမှာ ပန်ကာကျိုးသွားတဲ့ စက်လှေတစင်းကို တွေ့လို့ ကူပြီးခေါ်လာပေးရတော့ မနက် ၅ နာရီမှ ကရင်ရွာတရွာကို ရောက်တယ်။ အဲဒီရွာမှာ တပ်မ ၆၆ ရှိတယ်။

အဲဒီရွာမှာ အန်ဂျီအို အဖွဲ့တွေကတူးပေးနေတဲ့ ရေတွင်း သုံးတွင်းရှိတယ်။ ဒါပေမယ့် အဲဒီက ထွက်တဲ့ရေက သောက်ဖို့ လုံးဝ မသင့်လျော်ဘူး။ ရေကနောက်နေတဲ့အပြင် ရေထဲကို လက်ဖက်ခြောက် ခတ်လိုက်တဲ့အခါ ရေကမည်းပြီးတက်လာတယ်။ ဘာဖြစ်လို့ မည်းပြီးတက်လာတာလဲ ဆိုတာကို ပညာရှင်တွေရဲ့အကူအညီနဲ့ အဖြေထုတ်ဖို့ လိုတယ်။ ရွာသားတွေကပြောတော့ နာဂစ်ကြောင့်ရေတွေခုလို ဖြစ်ကုန်တာတဲ့၊ အရင်က ရေက ဒီလောက်မဆိုးဘူးတဲ့။အခုလောလောဆယ်မှာတော့သူတို့ ခံထားတဲ့ မိုးရေတွေကို သောက်ကြတယ်။ သူတို့မှာ
လက်ကျန်မိုးရေတွေရှိပေမယ့် ဒီလကုန်ရင် မိုးရေ ကုန်ပြီ။ သောက်ရေကိစ္စ ပြဿနာဖြစ်နေပြီ။

အဲဒီသောက ရေပြဿနာက ရွာတိုင်းကြုံနေရတာပဲ။ ကျနော် သိပံ္ပကုန်းကြီးကနေ ဆားချက်၊ ပိတောက်ကုန်း၊ သပြေချိုင်၊ ရေတွင်းကုန်း၊ အမတ်ကလေး၊ ၀ဲဒေါက် အဲဒီရွာကြီးတွေကို ရောက်ခဲ့တယ်။ ရေပြဿနာရှိ တယ်။ နာဂစ် မတိုင်ခင်တုန်းကရေကန်တွေက နာဂစ်ကြောင့် ပျက်စီးသွားတယ်။ တချို့ကန်တွေက ရေငန်တွေ ကိုစုတ်ထုတ်ပြီးဖြစ်ပေမယ့် ခုချိန်ထိပြန်သုံးလို့ မရသေးတဲ့အခြေအနေဖြစ်နေသေးတယ်။

တချို့တော့ အဲဒီ မကောင်းတဲ့ ရေကိုပဲ သုံးရေအဖြစ် သုံးနေကြရပြီ။ သူတို့မှာရွေးချယ်စရာမှ မရှိတာလေ။

သူတို့ ကြုံနေရတဲ့ အခက်အခဲတွေကို အကူအညီပေးမယ့်လူတွေ သိဖို့လိုတယ်။ ရေကိစ္စကမြန်မြန်ဖြေရှင်းပေးဖို့ အရေးကြီးနေပြီ။ ပြည်တွင်းက အဖွဲ့အစည်းတချို့ကရေတွင်းတွေ လိုက်တူးပေးနေပေမယ့် လိုအပ်နေတဲ့ ပမာဏ ကသိပ်ကြီးနေတော့ အားလုံးက၀ိုင်းကူမှ ဖြစ်မယ့် အနေအထားတွေ ဖြစ်နေတယ်။

နောက် ကျနော် ရောက်ခဲ့တဲ့ ပိတောက်ကုန်းနဲ့ ၀ဲဒေါက် ကတော့ သရဲခြောက်တဲ့ ရွာလို့ နာမည်ကြီးတယ်။ အဲဒီရွာ မှာ အရင်က လူ ၅၀၀ ကျော်လောက်ရှိတာ။ အခု လူ ၁၀၀ ၀န်းကျင်လောက်ပဲ ကျန်တော့တယ်။ ၇၅ ရာနှုန်း လောက် သေကုန်ကျတယ်လို့ ပြောကြတယ်။

ပိတောက်ကုန်းကိုဆိုရင် တခြားအနီးအနားက ရွာတွေက ဘယ်သူမှ အဲဒီရွာကို မသွားရဲကြဘူး။ သရဲခြောက်လွန်း လို့တဲ့၊ ခရစ္စမတ်နေ့တုန်းက ဆိုရင်အဲဒီရွာက ဘုရားကျောင်းအပျက်မှာ ခေါင်းလောင်းထိုးသံတွေညံနေတာ တည လုံးပဲတဲ့။ အနားက ရွာတွေကတောင် ကြားရတယ်။ နောက်ပြီး အဲဒီနားမှာ လူသံတွေလျှောက်သွားနေတဲ့ အသံ တွေ စကားသံတွေကြားရတာကတော့ ညတိုင်းပဲလို့ပြောကြတယ်။ အဲဒီ ရွာမှာနေတဲ့သူတွေကတော့ သူတို့ အမျိုး တွေ သူတို့ကိုလာလာနှုတ်ဆက်တာပဲ၊ သူတို့ကတော့ မကြောက်ဘူးလို့ ပြောကြတယ်။

ကျနော် ရောက်ခဲ့တဲ့ ရွာတွေမှာ အိုင်အန်ဂျီအိုအဖွဲ့တွေက အလုပ်လုပ်ဖို့ ပိုက်ဆံချေးပေးကြလို့ အိမ်ဆိုင်တွေ ဘာတွေ ဖွင့်ပြီး အရောင်းအ၀ယ်တော့ စ နေတာ တွေ့ရတယ်။

နောက်တခုကတော့ ရွာတိုင်းလိုလိုမှာ အရက်ဆိုင်တွေရှိနေပြီး ညနေဆိုရင်ယောက်ျားတွေက အရက်သောက်ပြီး ငိုငိုနေတဲ့ ကိစ္စပဲ။ အရက်သောက်ပြီး နာဂစ်တုန်းက အကြောင်းတွေ ပြောပြီး ငိုကြ ရယ်ကြနဲ့၊ ရွာမှာ ရှိတဲ့လူတွေရဲ့
၈၀ ရာခိုင်နှုန်းက အရက်သမားတွေ ဖြစ်ကုန်တာတွေ့ရတယ်။ သူတို့ အပြောကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မိသားစုတွေကို ဘယ်လိုမှ မေ့မရဘူး၊ အရက်မသောက်ဘဲနဲ့ မအိပ်နိုင်ဘူးတဲ့။ အရက်ကို တမူး သောက်ကြတာပဲ။ နေ့ခင်းမှာတော့ အလုပ်တွေသိမ်းကြုံးလုပ်ပြီး နေတယ်တဲ့။

ညနေစောင်းလို့ အလုပ်သိမ်းပြီဆိုတာနဲ့ အရက်ဆိုင်ဝင် အရက် ၀ယ်ပြီးပြန်ကြတယ်လေ။ သူတို့ အရက်ဖိုး ပေး တာ ကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ရလာတဲ့ ငါးတွေ၊ ပုစွန်တွေကို အရက်ဖိုးအနေနဲ့ ပေးတယ်။ တချို့ကလည်းခွဲတမ်းရတဲ့ ဆန်ကို ပေးတယ်လေ။ အရက်ဆိုင်တွေကတော့ အလုပ်အဖြစ်ဆုံးပဲ၊ တချို့မိန်းမတွေ ကလည်း အရက်ဝင်သောက်ကြတာ တွေ့ရတယ်။ အခုချိန်ထိအဲဒီနာဂစ်ဖြစ်တဲ့ ညကအကြောင်းတွေကို ပြောရင်
ချုံးပွဲချငိုတဲ့သူတွေရှိနေသေးတယ်။

ပြီးတော့ အစားအသောက်ကလည်း တိရိစ္ဆာန်သာသာလောက်ပဲ စားရသောက်ရတာပဲ။ ယူအန်အဖွဲ့တွေက ၁ ယောက်ကို တလကို ဆန် ၅ ပြည် ပေးတယ်။ အဲဒီ ၅ ပြည်နဲ့ လောက်အောင် စားကြတယ်။ ဟင်းကတော့ သိတဲ့ အတိုင်းပဲ ငါး၊ ပုစွန်၊ ကဏန်းပဲပေါ့။ ကြက်သားဆိုတာ မစားရတာ ၈ လရှိပြီတဲ့ ။ ၀က်သားကတော့ရွာထဲမှာ ပေါ် ရင် တရွာလုံး မျှစားကြတယ်။ အခုသူတို့ ရွာတွေမှာ ဘုံစနစ်ကိုပဲသုံးနေကြတယ်။ အခုလို ချမ်းတဲ့ကာလမှာ စောင် မရှိတဲ့သူက ရှိတဲ့သူနဲ့မျှခြုံရတယ်။ အနွေးထည်ကိုလည်း မျှဝတ်ကြတယ်။ အဲဒီလိုပဲ အစစ အရာရာ မှာဘုံစနစ် ပေါ့။ လူစင်စစ်ကနေ တိရိစ္ဆာန် စနစ်ကိုရောက်သွားရတဲ့ သဘောလို့ပဲကျနော် ခံစားလာရတယ်။

အထူးသဖြင့် ကလေးတွေရဲ့ အခြေအနေနဲ့အနာဂတ်ကိုတွေးမကြည့်ရဲဘူး။ ကျောင်းရှိပေမယ့် ကျောင်းပြန်တက် တဲ့ ကလေးက သုံးပုံ ၁ပုံပဲရှိတယ်။ကျန်တဲ့ကလေးတွေက ငါးရှာ၊ ဖားရှာတယ်။ ပြီးရင် အရက်သောက်လာတယ်။ သူတို့ရှေ့ကလူကြီးတွေလုပ်တဲ့အတိုင်း လိုက်လုပ်ကြတယ်။ အဲဒါကို အခွင့်ကောင်းယူပြီးကလေးတွေကိုပင်လယ် ထွက်ပြီး ငါးဖမ်းတဲ့အခါ ခေါ်သွားတဲ့ အလုပ်ရှင်တွေရှိလာတာတွေ့ရတယ်။ ကလေးဆိုတော့ လုပ်အားခက တရက် ကို ကျပ် ၃၀၀ နဲ့ စားဖို့ ငါးအနည်းအပါးပေးရတယ်။ လူကြီးတယောက်ကို ပင်လယ်ခေါ်ရင် တရက်ကို ၃၀၀၀ ပေးရတယ်။ ငါးမျှပေးရတယ်။ အရက်တိုက်ရတယ်လေ။

နောက်ပြီး ကလေးက ခိုင်းသမျှ အကုန်လုပ်ပေးတယ်။ အန္တရာယ်များတယ် မများတယ် မသိဘူး။ အလုပ်ရှင် ခိုင်းတာ မှန်သမျှ လုပ်ပေးကြတယ်ဆိုတော့ အလုပ်ရှင်တွေကလူကြီးတွေကို မခေါ်တော့ဘူး။ ရှစ်နှစ်အရွယ် လောက်ဆိုရင်ပဲ သူတို့ခိုင်းလို့ရနေပြီဆိုပြီး ကလေးတွေကို အလုပ်သမားတွေအဖြစ် ခေါ်သုံးနေကြတယ်။

နောက်တခုကတော့ တပ်တွေက ရွာထဲက မိဘမဲ့ကလေးတွေကို စစ်သားအနေနဲ့ စုဆောင်းနေတဲ့ ကိစ္စပဲ။ ကရင်အဖွဲ့က ကလေး ၂ယောက်ပါသွားလို့ လပွတ္တာက အက်စီဘီကို ပြောပြီး ပြန်တောင်းတာ ကရင်လေး ၂ယောက်တော့ ပြန်ရလာတယ်။ သူတို့နဲ့ အတူပါသွားတဲ့ ဗမာ ၃ယောက်ကတော့ ပြန်မရဘူးလို့ သိရတယ်။

နောက် တောင်သူတွေ၊ ရေလုပ်သားတွေ အဆင်မပြေသေးတဲ့ အခြေအနေ။ စပါးစိုက်ထားတာက လေးပုံ ၁ပုံ လောက်ပဲ အောင်ကြတယ်။ အဲဒါကလည်း အကြွေးပြန်ဆပ်ရမှာနဲ့ နောက်လာမယ့် ရာသီအတွက် မျိုးစပါး အတွက်တောင်မဆင်မပြေကြဘူး။ သူတို့က လယ်တွေအတွက် ကျွဲတွေ၊ နွားတွေလိုတယ်လို့ပြောတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ကျွဲတွေ၊ နွားတွေလှူကြတယ်လို့ ပြောပေမယ့် သူတို့တကောင်မှ မရကြဘူးတဲ့။

လယ်ထွန်စက်ချပေးတာလည်း တရွာကို ၁ စက်၊ ၂ စက်လောက်ချပေးတာဆိုတော့ လယ်သမားတွေက လယ် ထွန်ဖို့ အတွက် အလှည့်ရောက်အောင်စောင့်ရတာနဲ့ စက်ချပေးတဲ့အချိန် နောက်ကျတာနဲ့ အဆင်မပြေကြဘူး။ အခုတော့ အဲဒီစက်တွေကိုလည်း သက်ဆိုင်ရာကပြန်သိမ်းသွားတယ်လို့ ပြောတယ်။ သူတို့ကို ခဏလာပြတဲ့ သဘောပဲ ရှိတယ်တဲ့လေ။ ရွာသားတိုင်းမှာ အကြွေး ရှိကြတယ်။ ဘယ်သူမှလည်း ပြန်ဆပ်နိုင်မယ့် အခြေ အနေမရှိကြဘူး။

သူတို့တွေကတော့ ဘာကိုမှ သိပ်ကြောက်ပုံလည်း မရတော့ဘူး၊ ပြီးတော့နောက်နှစ်အတွက်ဆိုတာလည်း သိပ် မစဉ်းစားကြတော့ဘူး။ ရှိတာလေး စား၊ ဖြစ်သလိုလေး နေနေကြတာပဲ။ ပြီးတော့ သူတို့တွေရဲ့ မျက်လုံး တွေမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ နေမထူးသေမထူးဘ၀မျိုးနဲ့ သူတို့ ဘာကိုမှကြောက်ပုံမရတော့ဘူး လေ။ သူတို့မှာ ဘ၀ ဆိုတာလည်း ပျောက်နေပြီကိုး။