Monday, January 26, 2009

အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း



ဂျူး၏ဝတ္တုတို ၃၆ပုဒ်

ဂျူး၏ဝတ္တုတို ၃၆ပုဒ် ကို တစ်စုတစ်စည်းထဲဖတ်နိုင်ရန် စုစည်းထားခြင်းဖြစ်ပါသည်။
၁။ ညမီးကျီ
၂။ ပြတိုက်မှအပြန်
၃။ သစ်တစ်ပင်ကောင်း
၎။ အချစ်ရဲ့အလှ အချစ်ရဲ့အရသာ
၅။ ကမ္ဘာမြေရဲ့ချစ်သူ
၆။ ကျမနှင့်ဆေးလိပ်
၇။ ကျမတို့မိန်းမတွေ
၈။ လေထဲမှာပျံဝဲသူများ
၉။ ချစ်သူ၏သမီး
၁၀။ ငါးမျှားခြင်း
၁၁။ ဆဲတတ်သူများနှင့်တစ်ညနေ
၁၂။ ဆရာဝန်နှစ်ယောက်
၁၃။ ဆူးနှင့်ဖက်
၁၄။ နာမည်နှင့်အသက်
၁၅။ ပြတင်းပေါက်
၁၆။ ဖျားနေတဲ့မြို့
၁၇။ ဘဝဇာတ်ဆရာ
၁၈။ မြစ်ပြင်ပေါ်မှာ
၁၉။ မိန်းမနှစ်ယောက်
၂၀။ မြရဲ့လ
၂၁။ မိုးခေါ်တဲ့ပွဲ
၂၂။ မတော်တရော်
၂၃။ ရဲရင့်သောနှလုံးသား
၂၄။ ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့
၂၅။ ရွက်လှေများ
၂၆။ လူနှင့်ကြိုး
၂၇။ လရောင်ကိုကြောက်သူ
၂၈။ သစ်တောလမ်း
၂၉။ သူတို့တွန်းအားကြောင့် ကျနော်လုပ်မိသွားတာပါ
၃၀။ အဆိပ်
၃၁။ အဝါရောင်ရထား
၃၂။ အသံဖမ်းသူ
၃၃။ အာရုံဝင်စားခြင်း
၃၄။ အနုပညာရှင်များနှင့် စံလက်ရာများ
၃၅။ ကောင်းကင်မပါသောည
၃၆။ ရေမျောသီး
File download here

love to the children of Myanmar

မသဒ္ဓါ မှကျေးဇူးပြုသည်။ ။

ရင်နာလွန်းလို့


2601009သတင်းနှင့်ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


ဆက်တွန်းရင် ပိတ်နေတဲ့တံခါး ပွင့်သွားနိုင်တယ်

Monday, 26 January 2009 19:04 ဧရာဝတီ
ဦးအောင်မိုးဇော် သည် ၁၉၉၀ ပြည့်နှစ်တွင် ပြည်ပသို့ တိမ်းရှောင် လာသော နိုင်ငံရေးသမား တဦး ဖြစ်သည်။ ပြည်ပ အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) ၏ ဥက္ကဌ ဦးအောင်မိုးဇော် (ဓာတ်ပုံ - yoma3.org)
ဖြစ်သည်။ စင်ပြိုင်အစိုးရဖွဲ့မည်ဟု မကြာသေးမီက ကြေညာခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်သည်။ ပြည်ပရောက်အတိုက်အခံအဖွဲ့များ၏အခြေအနေ၊ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီက ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ NCUB က စင်ပြိုင်အစိုးရအသစ်တခု ဖွဲ့မယ်ဆိုတာနဲ့ပတ်သက်ပြီး ဦးအောင်မိုးဇော်အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ NCUB က ထုတ်တဲ့ နှစ်သစ်ကူး ကြေညာချက်ကို ကျနော် နားလည်တာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ပြုပြင်ပြီးတော့ အားကောင်းအောင် လုပ်မယ်ဆိုတာပဲ။ အဲဒီလို မဟုတ်ဘဲ အသစ်တခုဖွဲ့ဖို့ သူ ရည်ရွယ်တယ် ဆိုရင်တော့ ကျနော်တို့ လက်ခံလို့ မရဘူး။ ကျနော်တို့ လုပ်ရမှာက အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့၊ အဲဒီကတဆင့် တိုင်းပြည် အပြောင်းအလဲ ဖြစ်အောင် သွားဖို့။ အဲဒီကိစ္စတွေ အင်အားစုတွေ အသီးသီးက ဆောင်ရွက်ရမယ်။ ပြည်တွင်းလုပ်ငန်းမှာဖြစ်ဖြစ်၊ နိုင်ငံတကာလုပ်ငန်းမှာပဲ ဖြစ်ဖြစ် အင်အားစု အသီးသီး ပူးပေါင်း ပြီးတော့ နအဖကို ဒီထက် ပိုပြီး ဖိအားပေးနိုင်ရင် ပေး၊ မပေးနိုင်ရင် ဘာအဖွဲ့ပဲ ဖွဲ့ဖွဲ့၊ ဘာပဲ လုပ်လုပ်၊ ဘာမှ ဖြစ်မှာမဟုတ်ဘူး။

မေး။ ။ အဲဒီလိုဖြစ်လာဖို့ အချိန် ဘယ်လောက် လိုအပ်မလဲ။ ၂၀၁၀ ရွေးကောက်ပွဲကလည်း ရှိနေတယ်ဆိုတော့ ..။

ဖြေ။ ။ ဒီနှစ်တွေထဲမှာ လုပ်ရင် ရနိုင်မယ်လို့ ထင်တယ်။ လုပ်ဖို့ အချိန်လည်း ကျနေပြီ။ ၂၀၁၀ မတိုင်ခင်မှာပဲ ကျနော်တို့ အင်အားစု အသီးသီး လက်တွဲပြီး နအဖကို ဖိအား ပိုပေးနိုင်မယ်ဆိုရင် ရွေးကောက်ပွဲဆိုတာလည်း မြင်ချင်မှ မြင်ရ လိမ့်မယ်။ မြန်မာပြည်ထဲမှာ မနေ့တနေ့ကပဲ ဖြစ်သွားတာတွေကြည့်၊ အန်အယ်လ်ဒီလူငယ်တွေ ဒေါ်စုလွတ်မြောက်ဖို့ ဆန္ဒပြကြတာတွေ ရှိတယ်။ စစ်တွေမှာ ကျောင်းသား လေးငါးရာလောက် လှုပ်ရှားမှုတွေ ရှိတယ်။ အဲဒီလို လှုပ်ရှားမှု မျိုးတွေက ကျနော့်အထင်အရ ပြောမယ်ဆိုရင် ဆက်တိုက် ဖြစ်လာလိမ့်မယ်။

မေး။ ။ လှုပ်ရှားမှုတွေဖြစ်လာနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်တာပါလဲ။

ဖြေ။ ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်က တော်တော်ကို ပြဿနာ ရှိနေတယ်။ စီးပွားရေးအကြပ်အတည်းကိုလည်း ကျော်လွှားနိုင်မယ့် အခြေအနေ မရှိဘူး။ ပြည်သူတွေရဲ့ မကျေနပ်မှုတွေက နေ့စဉ်နဲ့အမျှ တိုးပွားနေတယ်။ နအဖက အတိုက်အခံ အင်အားစုကို ဖိနှိပ်ပြီးကျော်လွှားဖို့ ကြိုးစားနေတယ်။ မကျေနပ်မှုတွေ လှုပ်ရှားမှုတွေ၊ ပေါက်ကွဲမှုတွေက ဖြစ်လာလိမ့်မယ်။

မေး။ ။ ပြည်ပမှာရှိတဲ့ အဖွဲ့တွေက မြန်မာပြည် အပြောင်းအလဲအတွက် ဘယ်ကဏ္ဍကပါဝင်ကြမှာပါလဲ။

ဖြေ။ ။ နိုင်ငံတကာကို focus လုပ်နိုင်တယ်။ ပြည်တွင်းကိစ္စတွေနဲ့ ပတ်သက်ရင်တော့ အရံသဘော၊ အထောက်အကူဖြစ်တဲ့သဘောပဲ ရှိတယ်။ တပြိုင်နက်တည်းမှာ ပြည်ပမှာရှိတဲ့ အင်အားစုတွေက အသွင်ကူးပြောင်းရေး ကာလအတွက် ပြင်ဆင်တာတွေ လုပ်နိုင်တယ်။ ဘယ်ကိစ္စက အရံလည်း၊ ဘယ်ကိစ္စက အဓိကလဲ ဆိုတာကတော့ ပြောဖို့ခက်တယ်။ တခုလုံးအနေနဲ့ ပြောမယ်ဆိုရင် ပြည်တွင်း လှုပ်ရှားမှုတွေအတွက် အဓိက အထောက်အကူ ဖြစ်မယ့် အခန်းကဏ္ဍမှာ ရှိမယ်။

မေး။ ။ စစ်အစိုးရကတော့ လမ်းပြမြေပုံအတိုင်း သွားမှာပဲမဟုတ်လား။

ဖြေ။ ။ ၂၀၁၀ အစောပိုင်းမှာ (ရွေးကောက်ပွဲ) လုပ်မယ် ဆိုရင်တောင် ၁ နှစ် ကျော်ကျော် အချိန် ရသေးတယ်။ နှောင်းပိုင်းမှာ လုပ်မယ်ဆိုရင် ၂နှစ်နီးပါး အချိန်ရသေးတယ်။ ၁ နှစ်ကျော် ၂ နှစ်အတွင်းမှာ အင်အားစုတွေ အားလုံး သေသေချာချာ လုပ်ငန်းစဉ်တခု အောက်မှာ ကျနော်တို့ တွန်းရင် အချိန်ရှိသေးတယ်။ ကျနော်တို့အားလုံး ကျရာအခန်းကဏ္ဍက ဆက်တွန်းရင် ပိတ်နေတဲ့တံခါး ပွင့်နိုင်တယ်။

မေး။ ။ လူထုအုံကြွမှု ဖြစ်လာရင်ကော ဘယ်သူက ခေါင်းဆောင်မှာပါလဲ။ ခေါင်းဆောင်နိုင်တဲ့သူတွေ အကုန် ထောင်ထဲရောက်နေတယ် မဟုတ်လား။

ဖြေ။ ။ အန်အယ်လ်ဒီခေါင်းဆောင်မှု ရှိနေသေးတယ်။ ပြင်ဆင်မှုရှိရင် ခေါင်းဆောင်နိုင်လိမ့်မယ်လို့ ထင်တယ်။ ပြင်ဆင်မှုကို သေချာလုပ်ရမယ်။

မေး။ ။ ၁ နှစ်ကျော် ၂ နှစ် အချိန် ရှိသေးတယ်လို့ ဦးအောင်မိုးဇော် ပြောပေမယ့်၊ ရှေ့မှာ နှစ် ၂၀ လုပ်ခဲ့ပြီးသွားပြီ။ နှစ် ၂၀ ဘာမှ မဖြစ်လာဘဲနဲ့ ဒီ ၁ နှစ် ၂ နှစ်အတွင်း ဘယ်လိုလုပ်မှာလဲ။

ဖြေ။ ။ နှစ် ၂၀ က အချည်းအနှီး ဖြတ်ခဲ့တာတော့ မဟုတ်ဘူး။ နှစ် ၂၀ အတွင်း ကျနော်တို့ ရခဲ့တာ အများကြီးပဲ။ နှစ် ၂၀ အတွင်း ကျနော်တို့ဘက်က ပဲ့တာတွေ၊ လွင့်တာတွေလည်း အများကြီးပဲ။ နအဖ ဘက်က ရှုံးခဲ့တာတွေလည်း အများကြီးပဲ။ သူက နိုင်ငံရေးအင်အားစုတွေကို ဖိနှိပ်ထားနိုင်တာ မဟုတ်ဘူး။ သူကိုယ်နှိုက်က စင်းလုံးချော တိုင်းပြည်ကို အုပ်ချုပ် စီမံနေနိုင်တာ မဟုတ်ဘူး၊ အကယ်၍ နောက်တချီ ကျနော်တို့ ပြင်ပြင်ဆင်ဆင်နဲ့ ရုန်းနိုင်မယ် ဆိုရင် အလှည့်အပြောင်း တခုကို ဖန်တီးနိုင်တဲ့ အခြေအနေရှိတယ်။

မေး။ ။ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ပါ့မလား။ ပြည်ပအဖွဲ့အစည်းတွေရဲ့ ဘုံတူညီချက်ကို ဘယ်လိုစည်းရုံးနိုင်မလဲ။

ဖြေ။ ။ ဘယ်အင်အားစုကိုပဲ မေးမေး၊ အဖြေတွေက တယောက်နဲ့တယောက် မကွဲဘူး၊ ကျနော်တို့ မြင်ချင်တဲ့ဟာ လိုချင်တဲ့ဟာ တူကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်သူမှ လက်မခံနိုင်ဘူး ဆိုတဲ့ ဘုံတူညီချက် ရှိတယ်။ အဲဒီကိစ္စက အငြင်းမပွားဘူး။ ဘုံလုပ်ငန်းစဉ် ဘယ်လိုရမလဲ ဆိုရင် အင်အားစုအသီးသီးက သူ့အခန်းကဏ္ဍနဲ့သူ အလုပ်လုပ်ရုံပဲ။

မေး။ ။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအတွက် ဆန္ဒခံယူပွဲ လုပ်တုန်းကလည်း ဒီလိုပဲ ပြောကြတာပဲမဟုတ်လား။ ဒါပေမယ့် စစ်အစိုးရက ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲရတယ် ဆိုပြီး လုပ်လိုက်တယ်လေ။

ဖြေ။ ။ ဆန္ဒခံယူပွဲ ဆိုတာလည်း တိုက်ပွဲတခုပဲ။ ဒီတိုက်ပွဲကို တိုက်တယ်၊ သာမန်အရ ကျနော်တို့ ရှုံးတယ်လို့ ပြောလို့ရတယ်၊ နောက်တိုက်ပွဲတခုကို ကျနော်တို့ ထပ်တိုက်နိုင်အောင် ကြိုးစားမယ်။

မေး။ ။ တိုက်ပွဲရှုံးခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဖြေ။ ။ ၂၀၁၀ ကို ရည်ရွယ်ပြီးကို တိုက်ရလိမ့်မယ်။ တပြိုင်နက်တည်းမှာ အဆိုးဆုံး အခြေအနေ အတွက်လည်း နောက်ထပ် ပြင်ဆင်မှုတော့ ရှိဖို့ လိုတယ်။ ၂၀၀၈ မှာ ဆန္ဒခံယူပွဲဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတင်းအဓမ္မ အတည်ပြုလိုက်တယ်။ အဲဒီဖွဲ့စည်းပုံကို မတိုက်လို့ မရဘူး။ ၂၀၁၀ မတိုင်ခင်မှာ ဒါကို တိုက်ဖို့ လိုမယ်။ ဒါကြောင့်လည်း အန်အယ်လ်ဒီက ဖွဲ့စည်းပုံကို ပြန်သုံးသပ်ဖို့ ပြောထားတယ်။ ဒါကို ၂၀၁၀ မတိုင်ခင် ပြင်နိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ မရဘူးလား၊ နောက်တပွဲ ဆက်တိုက်မယ်။

မေး။ ။ ၂၀၁၀ ပြီးသွားရင် နအဖ ထဲမှာ power structure ဘယ်လိုပြောင်းသွားမယ် ထင်သလဲ။ အပြင်က အဖွဲ့အစည်းတွေကော ဘယ်လိုပြောင်းလဲသွားမယ် ထင်ပါသလဲ။

ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားရင်လည်း အခြေအနေက ဒီအတိုင်း ဆက်ရှိနေဦးမှာပဲ။ ရွေးကောက်ပွဲ ပြီးသွားရင် ကျိန်းသေတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသက်သွင်းရမယ်။ အသက်သွင်းရင် တပ်ထဲမှာ အာဏာပြိုင်ဆိုင်မှု ပိုများလာမယ်။ ဘယ်သူ သမ္မတ လုပ်မလဲ၊ ဘယ်သူ ကာကွယ်ရေးဦးစီးချုပ် လုပ်မလဲ။ ကျနော်တို့မှာလည်း စိန်ခေါ် ချက်တွေ ရှိနေတယ်၊ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် နအဖက တစုံတရာ တရားဝင်မှု ရသွားလိမ့်မယ်၊ ကျနော်တို့ တရားဝင်မှုက ကျသွားလိမ့်မယ်၊ အထဲမှာ နိုင်ငံရေးပုံစံသစ် ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ရှိတယ်။

ကျိန်းသေတာက အခုဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ ပြေလည်မသွားဘူး။ တိုင်းရင်းသားပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ။ ၀ ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ မွန်ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ ကချင်ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ ဖြုတ်လို့ မရဘူး။ အဲဒီလိုပဲ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း ဆက်ရှိနေဦးမှာပဲ။ အားနည်းကောင်း နည်းသွားနိုင်တယ်။ ဆက် တည်ရှိနေဦးမှာပဲ။ ထူးထူးခြားခြား ပြောင်းလာလိမ့်မယ်လို့ မထင်ဘူး။

မေး။ ။ မြန်မာ့အရေးကို အမေရိကန် သမ္မတဘုရှ်က အစွမ်းကုန်လုပ်ခဲ့တယ်လို့ ယူဆလို့ ရမလား။ လက်ရှိသမ္မတကရော မြန်မာ့အရေးကို ဘယ်လောက်အထိ စွမ်းစွမ်းတမံဝင်လုပ်ပေးနိုင်မယ် ထင်ပါသလဲ။

ဖြေ။ ။ သမ္မတဘုရှ်က သူလုပ်နိုင်တဲ့ ဘောင်ထဲကနေ တော်တော်လေး လုပ်ခဲ့တယ်လို့ ကျနော် ထင်တယ်။ သူတို့ ကျနော်တို့ကို အများကြီး လုပ်ပေးသွားတယ်။ အိုဘားမားရဲ့ မူဝါဒသဘောထား ထုတ်ပြန်ချက်ကို ကျနော်တို့ ဖတ်ရတာ ရှိတယ်။ အဲဒီ statement အရ ဆိုရင် သမ္မတဘုရှ် လက်ထက်က ရှိခဲ့တဲ့ မြန်မာ့အရေးအပေါ် သဘောထားနဲ့ ဘာမှ မကွဲပြားဘူး။ အတူတူပဲလို့ ပြောလို့ရတယ်။ မြန်မာပြည်အရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်မယ်ဆိုရင် သူ့အနေနဲ့ တခြားနိုင်ငံတွေကို တွဲခေါ်နိုင်မယ့် အခြေအနေက သမ္မတဘုရှ်ထက်စာရင် ပိုများနိုင်တယ်လို့ ကျနော်တော့ ထင်တယ်။

မေး။ ။ အမေရိကန်ကို ဆန့်ကျင်တဲ့သူတွေကြောင့် ပြီးခဲ့တဲ့ ၈ နှစ်မှာ မြန်မာအတိုက်အခံတွေက မစ္စတာဘုရှ်နဲ့ ရင်းနှီးလာတယ်၊ ။ မြန်မာအတိုက်အခံတွေဟာ အစွန်းရောက်သူတွေ၊ အမေရိကန်ရဲ့လူတွေ၊ အမေရိကန်နဲ့ နီးစပ်တဲ့လူတွေလို့ ဥရောပ နိုင်ငံ တချို့က မြင်ကြတယ်လို့ သိရတယ်။ အတိုက်အခံတွေက သူတို့ကို မစ္စတာဘုရှ် နဲ့ နီးတယ်လို့ အပြောခံရတဲ့အတွက်ကြောင့် စိတ်ညစ်ကြတယ်။ အဲဒီလို ကိစ္စတွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်း ကျော်လွှားခဲ့ရပါသလဲ။

ဖြေ။ ။ မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံသူတွေ အားလုံးထဲမှာ အမေရိကန်က အတက်ကြွဆုံးပဲ။ အား အပါဆုံးပဲ။ မစ္စတာဘုရှ်လည်း ဒီအတိုင်းပဲ။ အဲဒီအတွက် သူတို့နဲ့ ကျနော်တို့နဲ့ ပိုရင်းနှီးတယ်လို့ ပြောလာရင်တော့ ကျနော်တို့မှာ ပြန်ပြောစရာ အကြောင်း မရှိပါဘူး။

မေး။ ။ မြန်မာအတိုက်အခံတွေက အနောက်ကို အားကိုးတဲ့၊ မျှော်တဲ့ မူဝါဒ အရမ်းများတယ်လို့ မထင်ဘူးလား။

ဖြေ။ ။ အဓိကက ကျနော်တို့ အကျိုးကို ကျနော်တို့ ကြည့်တာပါ။ ကျနော်တို့ လှုပ်ရှားမှု၊ ကျနော်တို့နိုင်ငံ အပြောင်းအလဲအတွက် ဒီအကျိုးကို ကျနော်တို့ ကြည့်တာပဲ။ အမေရိကန် ကျနော်တို့ကို ထောက်ခံတယ်၊ ပိုထောက်ခံအောင် ကျနော်တို့ လုပ်ရမှာပဲ။ တချို့နိုင်ငံတွေကလည်း ခင်ဗျားပြောသလို ပြောနေတာတော့ ရှိပါတယ်။ တကယ်တမ်းတော့ သူတို့ ဘာမှ လုပ်ပေးတာတော့ မဟုတ်ဘူး။ ဥပမာ စီးပွားရေး ပိတ်ဆို့မှုကို ကြည့်။ ဒါနဲ့ပတ်သက်ပြီး လုပ်သင့်တယ် မလုပ်သင့်ဘူး အငြင်း အပွားဆုံးက ဥရောပနိုင်ငံတွေပဲ။ တကယ်တမ်းတော့ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် စီးပွားရေး ပိတ်ဆို့ခဲ့တာ မရှိဘူး။ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် လုပ်ခဲ့တာမရှိဘဲနဲ့ မလုပ်သင့်ဘူးပြောတာလည်း သူတို့ပဲ။

မေး။ ။ ဒါပေမယ့် အီးယူက မြန်မာပြည်ထဲကို အကူအညီတွေ အများကြီး ပေးနေတာပဲ မဟုတ်ဘူးလား။ လူသားချင်း စာနာမှုဆိုင်ရာ ရှုထောင့်ကနေပေါ့။

ဖြေ။ ။ လူသားချင်း စာနာမှု အကူအညီနဲ့ ပတ်သက်လို့ ကျနော်တို့ မဆန့်ကျင်ဘူး။ မြန်မာပြည်သူတွေက အကူအညီ လိုတာ အမှန်ပဲ၊ ပေးသင့်တယ်။ တခုကိုတော့ သေချာအောင် လုပ်ဖို့လိုတယ်၊ သူတို့ပေးနေတဲ့ အကူအညီတွေ လူထု လက်ထဲကို ထိထိ ရောက်ရောက် ရောက်သလား မရောက်ဘူလား ဆိုတဲ့ဟာကို သေသေချာချာ သိဖို့ လိုတယ်။ ရောက်အောင်လုပ်ပါ လို့လည်း ကျနော်တို့ ပြောတယ်။ မြန်မာပြည်သူတွေကို များများ အကူအညီ ပေးနိုင်လေ ကောင်းလေပဲ။ ဒါပေမယ့် ပေးတဲ့ အကူအညီတွေက နအဖအိတ်ထဲ မရောက်ဖို့တော့ လိုတယ်။ မေးခွန်းတွေ ထုတ်ရင်တော့ အဲဒီလူတွေက သည်းမခံနိုင် ဖြစ်ကြတယ်။

မေး။ ။ အထဲရော အပြင်ရော အတိုက်အခံတွေ အနောက်ကိုမျှော်တာ အကျိုးရှိလို့ လို့ ပြောတယ်။ ဒါဆိုရင် အရှေ့ဘက်ကို မျှော်တာမျိုးရော ရှိလား။

ဖြေ။ ။ ကျနော်တို့ ကိုယ်တိုင် အာဆီယံထဲမှာ နေနေတာပဲ။ အနှစ် ၂၀ လုံး တရုတ်ကိုလည်း ဆက်ဆံခဲ့တယ်၊ အခုချိန်ထိလည်း လက်မလျှော့သေးဘူး ကြိုးစားတုန်းပဲ။ အာဆီယံနိုင်ငံတွေကိုလည်း ချည်းကပ်တုန်းပဲ။ ကျနော်တို့ကို အစဉ်တဆက် ထောက်ခံနေတာ အနောက်အုပ်စုက ဖြစ်တယ်။ အဲဒီထောက်ခံမှုကို ကျနော်တို့ ယူရမှာပဲ။ မယူလို့ မရဘူး။

မေး။ ။ တရုတ်နဲ့ အာဆီယံကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘာလုပ်စေချင်ပါသလဲ။

ဖြေ။ ။ အာဆီယံညီလာခံမှာ တရုတ်ဝန်ကြီးချုပ် သဘာပတိ လုပ်တုန်းက ထုတ်ထားတဲ့ ကြေညာချက် ရှိတယ်။ အဲဒီ ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ဆက်ရပ်မယ် ဆိုရင် မြန်မာပြည်ကို ပြောင်းအောင် တွန်းနိုင်မယ်လို့ ကျနော် ထင်တယ်။ အထိန်းသိမ်းခံအားလုံးကို လွှတ်ပေးဖို့၊ နိုင်ငံရေး အင်အားစုတွေကို ဖိနှိပ်နေတာတွေကို ရုတ်သိမ်းဖို့၊ အားလုံး ပါဝင်တဲ့ နိုင်ငံရေး process တခုကို သွားဖို့။ ရွေးကောက်ပွဲကို တရုတ်တောင် မပြောဘူးနော်။ အဲဒီအပေါ်မှာသာ သေချာ တွန်းပြီးတော့ ကုလသမဂ္ဂနဲ့ရော နိုင်ငံတကာနဲ့ရော ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် မြန်မာပြည် အပြောင်းအလဲဖြစ်ဖို့ အများကြီး အားရှိလိမ့်မယ်။

မေး။ ။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေတာကို ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ အသုံးဝင်တယ်လို့တော့ ထင်တယ်။ သို့သော် အခုအနေအထားကတော့ မျှော်လင့်ချက် အတော် နည်းတယ်။ သူတို့နောက်မှာ ရပ်တည်မယ့်နိုင်ငံတွေ ကြားမှာ ကွဲပြားနေတယ်။ အားရစရာ မကောင်းဘူး။ မစ္စတာ ဘန်ကီမွန်းတို့ ကိုယ်တိုင် ပိုပြီးတော့ ကြိုးစားသင့်တယ်။ ပြောထားတာတွေကို ထိထိ ရောက်ရောက် ဖြစ်အောင် ဆက်ကြိုးစားသင့်တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် မျှော်လင့်ချက်တခုလို့ ခံယူတုန်းပဲလား။

ဖြေ။ ။ ဟုတ်တယ်။ သူဟာ ကနေ့အထိ အလွှာအသီးသီးရဲ့ ယုံကြည် လက်ခံမှုကို ရထားလို့ မျှော်လင့်ချက် ရှိတယ်။ သူက သင်္ကေတပဲ။ ဒီသင်္ကေတက အသွင်ကူးပြောင်းတဲ့ကာလမှာ သိပ်အရေးကြီးတယ်။ ကျနော်တို့ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားမှုကို ကြည့်။ သင်္ကေတ မရှိဘူး။ မရှိတော့ ဟန်ချက်ကို ဘယ်လိုထိန်းလဲဆိုတာ ပြဿနာ ရှိတယ်။

မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု

၂၀၀၉ (သုံးသပ်ချက်)
မင်းနိုင်သူ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
၂၀၀၉ ခုနှစ်အတွင်း အာရှနိုင်ငံများ၌ စီးပွားရေးကို အခြေခံသော လူမှုအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက်တရပ်ရှိသည်။ ထိုကဲ့သို့ သတိပေးသူမှာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗဟိုရုံးအကြီးအကဲ Ajay Chhibber ဖြစ်သည်။ ၎င်းက အခြေခံဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံ့စီးပွားရေးထိန်းကျောင်းနိုင်မှုစံနှုန်းများ အပေါ်မှုတည်၍ “အာရှနိုင်ငံများအတွင်း” ဟူသော အထူးပြုချက်ကို သုံးနှုန်းသတိပေးခဲ့ခြင်းဖြစ်ဟန်ရှိသည်။

ထို့ကြောင့် သတိပေးဧရိယာအတွင်း ပါဝင်နေသည့် ၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေး အလားအလာကို သုံးသပ်ကြည့်ဖို့လိုလာသည်။

၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေးသည် ၂၀၀၈ ခုနှစ်ထက် သိသာစွာ ကျဆင်းလိမ့်မည်ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် (Burma Fund) ဘားမားဖန်းမှ ဦးစိန်ဌေးတို့နှစ်ဦးက တူညီစွာမှန်းဆသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းလာချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံများ ရင်ဆိုင်ရမည့် စီးပွားရေးအကျပ်အတည်းထက် မြန်မာက ပိုမည်ဖြစ်သည်။

၂၀၀၈ ခုနှစ် နှစ်စပိုင်းတွင် နာဂစ်ဒဏ်ခံခဲ့ရသဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများမှ အခြေခံသွင်းအားစုများနှင့် လုပ်သားများ ပျက်စီးဆုံးရှုံးခဲ့ခြင်း၊ နှစ်လယ်ပိုင်းတွင် အဓိကပို့ကုန်တမျိုးဖြစ်သော ပဲဈေးကွက်ပျက် ပြားသွားခြင်းနှင့် စစ်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှု များပြားနေခြင်းတို့သည် အခြားနိုင်ငံများထက်ပိုနေသော အချက်များဖြစ်ကြောင်း မီးမောင်းထိုးပြကြသည်။

“စီးပွားရေးခန့်မှန်းတဲ့အခါ ပြီးခဲ့တဲ့ တနှစ်လောက်ကိုပဲကြည့်ပြီးတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့။ အရင်ကဟာတွေကိုလည်း ကြည့်ဖို့လိုတယ်။ သို့သော်လည်း recently ပေါ့။ တနှစ်လောက်ကဟာကတော့ တိုက်ရိုက်ထိခိုက်တာ (directly impact) ဖြစ်တာပေါ့။ ဒီလိုပဲ စီးပွားရေးကျဆင်းမှုဟာ တနှစ်အတွင်း သိသာမှု မရှိခဲ့ဘူးဆိုရင်လည်း နောက်နှစ် နောက်နှစ်တွေမှာကျမှ သွားပြီးထိခိုက်တာမျိုးလည်းရှိတယ်။ ချက်ချင်းထိခိုက်တာမျိုးလည်းရှိတယ်။ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာအရေးခင်းမျိုးကတော့ တိုက်ရိုက်အကျိုးသက်ရောက်သွားတာလို့ ပြောလို့ရတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။

အကယ်စင်စစ်လည်း ကမ္ဘာ့စီးပွားရေး မကျဆင်းမီကပင် မြန်မာ့စီးပွားရေးမှာ ကျဆင်းနေခဲ့ပြီးဖြစ်သည်။

စစ်အစိုးရ၏ ညံ့ဖျင်းသောကိုင်တွယ်မှုကြောင့် ယိုင်နဲ့နေသော မြန်မာ့စီးပွားရေးကို မေ (၂) ရက် နာဂစ်က အရှိုက်ထိုးလိုက်ပြန်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု (၄၀) ရာခိုင်နှုန်းမျှ ပျက်စီးခဲ့သည်။ ငါးလုပ်ငန်း၊ ဆားလုပ်ငန်း များလည်း နာလန်မထူနိုင်။ ထို့ထက်ပိုဆိုးသည်မှာ ဒေသခံလူထု နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ကြရခြင်း ဖြစ်သည်။ လုပ်သားအင်အားဆုံးရှုံးမှုသည် အဆိုးဝါးဆုံး ဆုံးရှုံးမှုဖြစ်သည်။

သေဆုံးသူစာရင်းကို နအဖက အတိအကျထုတ်ပြန်မပေးနိုင်သော်လည်း ပျက်စီးဆုံးရှုံးမှုစာရင်းကိုမူ သုံးပတ်အတွင်း အရအမိကောက်ကာ ကန်ဒေါ်လာ (၁၁) ဘီလီယံကျော်ရှိကြောင်း ကမ္ဘာကိုပြောသည်။ မေ (၂) ရက်က ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုးကို မေ (၂၅) ရက်တွင် စာရင်းအတိအကျဖြင့် တင်ပြလာနိုင်စွမ်းသော နအဖ၏ စာရင်းများကို ကမ္ဘာကမယုံ။ သို့နှင့် အာဆီယံက ကြားဝင်တွက်ချက်ပေးရာ လေးပုံတပုံလျော့ပါးသွားပြီး (၄) ဘီလီယံဟု အဖြေထွက်လာသည်။

နာဂစ်ဖြစ်ပြီးစအချိန်ကလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် မစဉ်းစားဘဲ မေ (၅) ရက်တွင် ဘဏ္ဍာရေး ဒု-၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက ဒုက္ခသည်ပြ ဒေါ်လာရပြီ အထင်နှင့် ကမ္ဘာ့ဘဏ်သွားကာ လက်ဖြန့်သည်။ ကမ္ဘာ့ဘဏ်က မပေး။

ဤကဲ့သို့သော မရိုးဖြောင့်မှုများရှိရသည့်အထဲ နာဂစ်ဒုက္ခသည်များကို ကူညီသူများအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူမှုများကြောင့် ကမ္ဘာ့အကူအညီပေးရေးများ တွန့်ဆုတ်ကုန်သည်။ နအဖ၏ မိုက်မဲမှုကြောင့် ဒေသခံလူထုသည် ကမ္ဘာ့အကူအညီများကို လိုသလောက်မရခဲ့။

တဖက်တွင်လည်း စက်တင်ဘာအရေးအခင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကျဆင်းလာနေသော ခရီးသွားလုပ်ငန်းသည် နာဂစ်အပြီးတွင် အခြေအနေပိုဆိုးလာသည်။ မီးခိုးမဲ့စက်ရုံပိုင်ရှင် ခရီးသွားလုပ်ငန်းရှင်များ ကိုယ်တိုင် ၎င်းတို့အိမ်တွင် မီးခိုးမဲ့တော့မည့် သဘောရှိလာသည်။ ဗီဇာစနစ်ပြောင်းလဲပေးရန်နှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်မှုများ လျှော့ပေါ့ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တောင်းဆိုလာကြသည်။ နအဖကတော့ ယခုအချိန်အထိ တုတ်တုတ်မျှမလှုပ်။

ပုဂ္ဂလိကစီးပွားရေးကျဆင်းနေချိန်တွင် ရှိသမျှသယံဇာတ ထုတ်ရောင်းရန်သာ ကြံဆနေသော နအဖက ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားပြန်သည်။ ရလဒ်ကား ပြည်တွင်းရေထွက်ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ရပ်ဆိုင်းကုန်ခြင်းဖြစ်သည်။

တဖန် နှစ်လယ်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းဖြစ်ပွားခဲ့သော ပဲကြိုပွိုင့်ရောင်းဝယ်မှုများကြောင့် အဓိကပို့ကုန်တခုဖြစ်သည့် ပဲဈေးကွက်ပျက်သွားပြန်သည်။ ဤတွင် နအဖက နိုင်ငံတော်မှ ဦးဆောင်ရောင်းဝယ်မည်ဆိုကာ ပဲဈေးကွက်ကို ထိန်းချုပ်ရန် တာစူလာပြန်၏။ တနိုင်ငံလုံးရှိ ကုန်စည်ဒိုင်အမှုဆောင်များအား ကုမ္ပဏီများ စုဖွဲ့ခိုင်းနေသည်။ နယ်ခံကုမ္ပဏီနှင့် ရန်ကုန်ရှိ နအဖလက်ဝေခံကုမ္ပဏီများ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု စီးပွားကူးသန်းဒု-၀န်ကြီးက နယ်လှည့် ဆွယ်တရားဟောနေ၏။ နယ်ခံကုန်သည်ပွဲစားများက လိုလားမှုမရှိ။ နအဖနှင့် ပတ်သက်နေသော ရန်ကုန်ကုမ္ပဏီများကိုလည်း မယုံကြည်ကြ။ အဆုံးသတ်တွင် မည်ကဲ့သို့သော ရလဒ်ပေါ်ထွက်လာမည်ကို စောင့်ကြည့်ကြရဦးမည်။

နအဖ၏ တပွဲတိုးဖြေရှင်းနည်းများကား ထိုမျှနှင့်ရပ်မသွား။ နာဂစ်ဒဏ်ခံခဲ့ရခြင်း၊ စပါးဈေး အလွန်အမင်းကျဆင်းနေခြင်းတို့ကြောင့် သွင်းအားစုများ ဖြည့်တင်းရန်ပင် အခက်အခဲရှိနေသော လယ်သမားများ၏ လယ်ယာမြေများကို ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများအား ၀င်ရောက်လုပ်ကိုင်စေသည်။ အမည်ကိုကား လှလှလေး ပေးထားပါ၏။ အကျိုးတူ လယ်ယာစီးပွား။ ထိုအကျိုးတူ လယ်ယာစီးပွားဆိုသည်ကို ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါ တိုးချဲ့သွားမည်ဟု နအဖက လေသံပစ်ထားသည်။

“အဲလိုတွေက လုပ်ခဲ့ဖူးတယ်။ ၁၉၉၅ ခုနှစ်လောက်မှာထင်တယ်။ ရေနက်ကွင်း စိုက်ကွင်းဆိုပြီး ဒေသခံတွေဆီက မြေတွေသိမ်းပြီး သူတို့ကုမ္ပဏီတွေကို ချပေးတာမျိုးတွေရှိခဲ့တယ်။ မကွေးတိုင်းမှာလည်း စီမံကိန်း ၀ါစိုက်ဖို့ဆိုပြီး ယာမြေတွေသိမ်း ပုဂ္ဂလိကကုမ္ပဏီတွေကို ချပေးခဲ့ဖူးတယ်။ မဆလ လက်ထက်တုန်းကလည်း သမ၀ါယမ လယ်ယာတွေဆိုပြီး ရှိခဲ့ဖူးတာပါပဲ။ အခုလည်း အဲဒီပုံစံတွေအတိုင်း နအဖက လိုက်လုပ်နေတာပါပဲ။ အဲဒါတွေက ဒေသခံလူထုအတွက် အကျိုးမရှိနိုင်ဘူး။ ကုမ္ပဏီတွေပဲ အကျိုးရှိမယ်။ သူတို့က ထွက်လာတဲ့အသီးအနှံကို ပြည်ပတင်ပို့ခွင့်ရတော့ နိုင်ငံခြားငွေ (export earning) တွေ ရမယ်။ မူလလုပ်ခဲ့တဲ့ လယ်သမားတွေကတော့ ကုမ္ပဏီရဲ့ အလုပ်သမားသွားဖြစ်ရော။ လယ်ပိုင်ကနေ လယ်ယာလုပ်သားဖြစ်သွားတာ။ နောက်ဆုံးကျတော့ ဒေသခံတောင်သူလယ်သမားတွေကတော့ ဘ၀ပျက်သွားတော့တာပေါ့။ သူတို့ရဲ့ စီးပွားရေးမူဝါဒထဲမှာ ပုဂ္ဂလိကပိုင်ပြုရေးဆိုတာပါပေမယ့် လက်တွေ့မှာ သမ၀ါယမပြုနေတာပဲ။ ပုဂ္ဂလိကပိုင်ပြုတယ်ဆိုရင် တဦးချင်းစီ၊ တကဏ္ဍစီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမှာ”ဟု ဦးစိန်ဌေးက သုံးသပ်ပြသည်။

ထိုကဲ့သို့ ပုဂ္ဂလိကစီးပွားရေး ကဏ္ဍတွင် ဒေသခံများ မလုပ်တတ်ဟုဆိုကာ ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများထံ လုပ်ငန်းခွင်များ ထိုးထည့်ပေးနေသော နအဖအနေဖြင့် ၎င်းတို့ကိုယ်တိုင်စီမံခန့်ခွဲနေသည့် အစိုးရအသုံးစရိတ်ကို ကြည့်ပြန်တော့လည်းမဟန်။ ဘတ်ဂျက်လိုငွေပြမှုက (၅) ရာခိုင်နှုန်းအထက်မှာ နှစ်စဉ်ရှိနေသည်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော်ရှိခဲ့ကြောင်း ၀န်ကြီး အဖွဲ့အစည်းအဝေး(၃၈/၂၀၀၈) တွင် ၀န်ကြီးချုပ်က ၀န်ခံခဲ့သည်။

“(၇) ရာခိုင်နှုန်း (၈) ရာခိုင်နှုန်းဆိုတာ နှစ်စဉ်လိုဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒီနှစ်မှာ ပိုတောင်သုံးရဦးမယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ပုဂ္ဂလိက ကဏ္ဍကသုံးစွဲမှုတွေ လျော့လာမှာဖြစ်လို့ ငွေကျုံ့မှု (deflaction) မဖြစ်အောင် အစိုးရက ပိုသုံးပေးရမယ်” ဟု ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

ဦးစိန်ဌေးက “တိုင်းပြည်တိုးတက်ဖို့ ဘတ်ဂျက်ပိုသုံးသင့်တဲ့အခါ သုံးကြရပါတယ်။ စီးပွားရေးကျဆင်းလာချိန်မှာ အစိုးရက ပိုသုံးပေးရတယ်ဆိုတာ မှန်ပါတယ်။ သီအိုရီအရမှန်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ပိုသုံးခဲ့တာများနေပြီဗျ။ ၈၈ ကနေ ၂၀၀၈ ဆိုရင် အနှစ်နှစ်ဆယ်ရှိနေပြီ။ ဘာမှအကျိုးမရှိဘူး။ အဲဒီမှာပိုသုံးတာ မသုံးတာထက် သုံးတဲ့ဧရိယာတွေကြည့်ရမှာ။ ယောင်ပြတည်ဆောက်မှုတွေ လုပ်နေတာမျိုးက ဘာမှအကျိုးမရှိဘူး။ မလိုအပ်သေးဘဲနဲ့ ဒါမှမဟုတ် တကယ်မလုပ်နိုင်သေးဘဲနဲ့ ၀ါဒဖြန့်ချင်လို့ လမ်းဖောက်လို့၊ တံတားဆောက်လို့ စပါးထွက်နှုန်းတိုးလာမလား။ ဘတ်ဂျတ်သုံးစွဲတဲ့အခါ ဘယ်ကဏ္ဍသည် နိုင်ငံအတွက် အဆီအနှစ်ဖြစ်စေသလဲ။ ဒါကိုကြည့်ရမယ်။ အခုဟာက စစ်တပ်အတွက် အများကြီးသုံးနေတယ်။ မလိုအပ်ဘဲ နေပြည်တော်ဆောက်နေတာ အခုထိမပြီးသေးဘူး။ အများပြည်သူအလုပ်လုပ်တဲ့ ကဏ္ဍတွေမှာ ပံ့ပိုးတာမရှိဘူး။ နိုင်ငံတနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုဟာ (၂) ရာခိုင်နှုန်း၊ (၃) ရာခိုင်နှုန်းသာ ရှိသင့်တာပါ” ဟု ပြောသည်။

နအဖ၏ စာရင်းများကား မှန်ကန်လေ့မရှိဟု ကမ္ဘာကလက်ခံထားကြသည်။ ယခုဘတ်ဂျက်လိုငွေပြမှုသည်လည်း ယခုထက်ပိုစရာသာရှိသည်။ ကြံ့ဖွံ့လို လူမှုရေးအသင်းအဖွဲ့ဆိုသည်ကြီးကိုလည်း နအဖက ထောက်ပံ့နေရသဖြင့် လျော့စရာအကြောင်းမရှိ။ ကြံ့ဖွံ့ပံ့ပိုးငွေများ မည်သည့်ဝန်ကြီးဌာန၏ အသုံးစာရင်းမှ သွားသနည်း။

မိမိတို့ အစိုးရအသုံးစရိတ်ကိုပင် ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသည့် နအဖအနေဖြင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း ၎င်းတို့အား နောက်ခံပြုပေးနေသော ကုမ္ပဏီကြီးများ လက်သို့သာ ၀ကွက်အပ်စီမံစေသည်မှာ တကယ်တော့မဆန်း။

ဆန်းသည်မှာ Ajay Chhibber ၏ စီးပွားရေးကို အခြေခံသော လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးမှုမှန်ကန်ကြောင်းကို မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် နှစ်စမှာပင် ပြသခဲ့ခြင်းဖြစ်သည်။

ဖြစ်ရပ်မှာ နအဖလက်ဝေခံကုမ္ပဏီများကြီးစိုးရာ ရေနံမှော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းမှူး၏ အစ်မပိုင်ကုမ္ပဏီက နှောပင်ရေနံမှော်တွင် ဒေသခံတွင်းပိုင်များထံမှ ရေနံစိမ်းကို လက်ဝါးကြီးအုပ် ၀ယ်ယူလိုသည်။ တန်ရာတန်ကြေးမပေး။ ပြင်ပရေနံပွဲစားများက တပေပါ (၅) သောင်းကျော် ပေးနေချိန်တွင် ကုမ္ပဏီက (၃) သောင်းဝန်းကျင်သာပေးသည်။ သူတို့မှလွဲ၍ အခြားရောင်းချခြင်းမပြုရဟု အစည်းအဝေး ခေါ်ပြောသောနေ့မှာပင် ဒေသခံလုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ပြဿနာတက်သည်။ စစ်တပ်က ဒေသခံလူထုကိုသာ ပစ်ခတ်နှိမ်နင်းခြင်းဖြင့် ဖြေရှင်းပြသည်။

အလားတူဖြစ်ရပ်မျိုးများ ပေါ်ပေါက်လာနိုင်စရာအကြောင်းများလည်း တွေ့မြင်နေရသည်။ အဘယ့်ကြောင့် ဆိုသော် နအဖ၏ စီးပွားရေးမနိုင်နင်းမှုနှင့် ၎င်းတို့နှင့် လက်ဝေခံကုမ္ပဏီများကိုသာ အလုံးစုံသော လုပ်ပိုင်ခွင့်များ ပေးထားသဖြင့် လူထုစီးပွားကျဆင်းလာနေခြင်းကြောင့်ဖြစ်သည်။