Tuesday, February 3, 2009

အသားထဲကလောက်ထွက်ခြင်း

မပြောရင်လည်းတာဝန်မဲ့မယ်။ပြောရင်လည်းသူတပါးထိခိုက်မယ်။ဒါပေမယ့်မောင်ကျော်မိုးလေးဆင်ခြင်ဖို့
ဘဘကျော်ပြောရတော့မယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရန် ကနေဒါနိုင်ငံ၊ အမေရိကန်နိုင်ငံတို့တွင် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ
မြန်မာပြည် (UDP)ဆိုပြီးတော့ဖွဲ့တဲ့အဖွဲ့မှာဘဘကျော်တို့ကနေဒါကမောင်ကျော်မိုးလည်းအမတ်လောင်း
အဖြစ်ဝင်ပြိုင်မယ်တဲ့။တကယ်တော့မောင်ကျော်မိုးကဇာတိIndiaကနေနော်ဝေကိုရောက်၊နော်ဝေမှာ status
မရတော့Indiaမှာသိခဲ့တဲ့ဟန်နီထွန်းအကူအညီနဲ့ကနေဒါ၊တိုရန်တိုကို၂၀၀၀ခုမှာရောက်တယ်၊မောင်ကျောင်း
တွေအိမ်မှာ၂လလောက်နေလို့တောင့်တောင့်တင်းတင်းဖြစ်လာတော့အွန်တေးရီးယိုး(လန်ဒန်)ကိုပြောင်း
သွားခဲ့တယ်၊ဟိုမှာ၂နှစ်လောက်နေပြီးအဆင်မပြေတော့၅ယောက်ရှိရင်၆ဖွဲ့ဖွဲ့တဲ့ OTTAWA ရုံးစိုက်ရာမြို့
ကိုရောက်သွားပါရောလား။
နော်ဝေမှာတွေ့ခဲ့တဲ့DVBကိုအားကျပြီးအသံလွှင့်ဌာနလုပ်မယ်ဆိုပြီးကနေဒါအမတ်တွေဆီကပိုက်ဆံတောင်း
ဖို့ပါလီမန်ရှေ့မှာသွားသွားထိုင်ရင်းအမတ်တွေစီးလာတဲ့ကားတွေကိုထိုင်ပြီးသရေယိုနေသူလေးပေါ့။
မောင်ကျော်မိုးလေးဆင်ခြင်ဖို့ဘဘကျော်မပြောမပြီးမတီးမမြည်ဆုံးမရတော့မယ်။
အရင်ကကနေဒါမှာမြန်မာ့နိုင်ငံရေးကိုပြည်ချစ်တချို့နဲ့၈၈မောင်ကျောင်းတွေပဲလုပ်ကြတာကလား။
အများစုကဘာသာရေးကျောင်းတွေမှာပဲစုရုံးတတ်ကြတယ်လေ။စက်တင်ဘာဘုန်းကြီးသတ်ပွဲမှာ
အဲဒီလူတွေအကုန်နီးပါးဆန္ဒပြပွဲထဲမထင်မှတ်လောက်အောင်ပူးပေါင်းလာကြတယ်။
မောင်ကျောင်းတွေထဲမှာမောင်မြင့်ဆွေဆိုတာ၁၉၉၃လောက်ထဲကတိုရန်တိုကိုအစောဆုံးရောက်နေခဲ့တယ်
လေ။စာနယ်ဇင်းအဓိကနဲ့ကျောင်းတွေဘာတွေပြီးတော့သံတော်ဆင့်ဆိုပြီးလစဉ်စာစောင်ထုတ်ခဲ့တယ်။
မြန်မာဆိုင်တွေမှာတော့၁ဒေါ်လာပေးရတယ်။မောင်ကျောင်းရပ်ကွက်ထဲမှာလေ။ဘုန်းကြီးကျောင်းမှာတော့
အထုပ်လိုက်အလကားဖတ်ကြဖို့လာထားတယ်။ပထမတော့အတိုက်အခံဖက်ကရေးတယ်။နောက်တော့
မျှမျှတတဝေဖန်တဲ့ပုံမျိုးပဲရေးလာတယ်။မကြာပါဖူး၊ဘယ်လိုအဆက်အသွယ်ရလဲမသိ၊ဖေါ်ကောင်အေးလွင်
ကိုအင်တာဗျူးတွေထည့်လာပါရောလား၊အေးလွင်ကစီအာပီပီမှာဝင်ပူးခဲ့ပြီးတောင်ကြီးမှာလုပ်တဲ့ခွန်ထွန်းဦး
တို့ရှမ်းအဖွဲ့အစည်းအဝေးကိုယ်တိုင်တက်ပြီးအဖမ်းခံမှာစိုးလို့ဖေါ်ကောင်လုပ်ရင်းနအဖအောက်
ဆွဲလုပ်နေတာလေ။ကျော်ဆန်းလေညောင်းသက်သာအောင်သူကတာဝန်ယူအော်ဟစ်နေတာပေါ့။
နအဖကိုယ်စားဂမ်ဘာရီကိုNLDအပုပ်ချဝမ်းနုတ်ဆေးတွေနာရီဝက်တောင်တိုက်ခွင့်ရခဲ့တယ်လေ။
မောင်မြင့်ဆွေကဖေါ်ကောင်အေးလွင်အဆက်အသွယ်နဲ့မြန်မာပြည်ရောက်သွားပါရောလား။
နအဖသတင်းနှင့်ပြန်ကြားရေးကအရာရှိငယ်က....ခင်ဗျားပြောတဲ့လင့်စင်(Lism)တွေကကျွန်တော်
သိတဲ့ကျားခိုးပစ်တဲ့လင့်စင်တွေနဲ့မတူတာတော့အမှန်ပဲ။ဒါပေမဲ့ခင်ဗျားပြောခဲ့တဲ့အထဲမှာနအဖမကောင်း
ကြောင်းမပါတဲ့အတွက်ရောက်တုံးရောက်ခိုက်လည်ပတ်သွား၊ဖုန်း၂လုံးပေးထားမယ်။.........
ဖေါ်ကောင်အေးလွင်ကလည်း....ခင်ဗျားပြောတာတွေကျွန်တော်နားမလည်ဖူး...ကျွန်တော်သိတာနအဖ
ကြိုက်အောင်ဘယ်လိုပြောရမလည်းဆိုတာပဲ။..အဲ..မန္တလေးကဒေါက်တာစိုးလင်းကတော့သိမယ်ထင်တယ်..
ဒီလိုနဲ့မောင်မြင့်ဆွေ..မန္တလေးရောက်ပြီးဒေါက်တာစိုးလင်းကို..ယုံကြည်ချက်...ခံယူချက်တွေ..သွားအင်တာဗျူး
လို့ဒေါက်တာစိုးလင်းခမျာခြံခုန်ထားတာလေးမလုံလို့အသံလွှင့်ဌာနတွေကိုတငိုငိုတရီရီနဲ့သူ့ကိုအလွဲသုံးစား
လုပ်သွားကြောင်းစွတ်စွဲခံရပါလေရောလား...ဒီလိုနဲ့NLDမရှိဆိုတဲ့ကြံ့ဖွတ်အစည်းအဝေးတွေတက်ပြီးသူ့
လင့်စင်တွေနအဖကိုမတိုးနိုင်မှန်းသိလို့ဆန်ပြုတ်..ဆုတ်ပြန်ဖြစ်ခဲ့ပါရောလား...(ဇာနည်အကြောင်းတော့
ယူအက်စ်အေကသူတွေရေးကြမယ်ထင်တာပဲ(အားနာနေကြပုံရတယ်).....)
ကနေဒါပြန်ရောက်တော့ဘုန်းကြီးကျောင်းအောက်ကထမင်းစားဆောင်မှာ..နအဖကိုသူဘယ်လိုရိုက်ခဲ့တာ..
ဘာညာပေါ့...ယုံမယုံတော့မသိ..အမှုပါတ်မှာစိုးလို့ညနေမှပြန်မယ့်သူတွေနေ့လည်စာစားပြီးတာနဲ့အလျှိုလျှို
ပြန်ကုန်ရော...သံတော်ဆင့်သတင်းစာဆက်ထုတ်ပေမယ့်ဖတ်သူမရှိလို့ဂေါပကအဖွဲ့လည်းအားနာနာနဲ့အ
မှိုက်ပုံးထဲပဲပြစ်ပြစ်နေရတယ်လေ....သူ့မိသားစုလည်းလူတောမတိုးရဲဖြစ်တယ်..သတင်းစာထုတ်တုန်းဓါတ်ပုံ
သတင်းယူပေးတဲ့မောင်ကျောင်းတချို့ပါအချင်းချင်းထည့်တာခံရတာပေါ့...
မောင်မြင့်ဆွေကတော့သူကိုယ်သူ.ဟုတ်နေတယ်ထင်တုန်းမန္တလေးဘုန်းကြီးနဲ့တွေတော့မှကိစ္စပြီးတော့တယ်..
တနေ့သတင်းစာအထုပ်လေး၂ထုပ်ဆွဲပြီးတိုရန်းတိုဘုန်းကြီးကျောင်းရောက်သွားပါလေရော......
ဦးကောဝိဒ(သာကီသွေး)ကဦးချပြီးအောင်တော့စောင့်လိုက်သေးတယ်....ပြီးမှ..လက်ညှိးငေါက်ငေါက်ထိုးပြီး
'''' မင်းကသစ္စာဖေါက်ပဲကွ...အသားထဲကလောက်ထွက်တဲ့ကောင်...သွား..မင်းအထုပ်တွေမင်းယူပြီးပြန်ချေ..""
အဲဒီနောက်မောင်မြင့်ဆွေကိုလူမြင်ကွင်းမှာမတွေရတော့ပါဖူး...
(အဖိုးတန်တဲ့သတင်းစာပညာရှင်တယောက်ဆုံးရှုံးလိုက်ရတာပါ..ဘာလို့လဲဆိုတော့မောင်မြင့်ဆွေကစာနယ်ဇင်း
ဘာသာရပ်ကိုဒေါက်တာဘွဲ့ရတဲ့အထိကနေဒါမှာသင်ကြားနိုင်ခဲ့သူတဦးဖြစ်လို့ပါပဲ..)..
အဲဒီတော့မောင်ကျော်မိုးလေးလည်း..အသားထဲကလောက်မထွက်ခင်ဆင်ခြင်နိုင်ဖို့ဘဘကျော်ပြောပါရစေကွယ်..
လက်စနဲ့(ဒီဆောင်းပါးလေးပါသွားဖတ်ကြည့်ကြပါ..)

ရေးသူ ___ ဘဘကျော်(ကနေဒါ)

မှတ်ချက်....စာရေးသူ၏အာဘော်သာဖြစ်၏။ ။

ဆွေးနွေးခန်း

မေး - အခု ဂမ်ဘာရီ ရောက်လာပြီနော်။ ဘာတွေ ဖြစ်လာဖို့ အတွက် ပြင်ဆင်ရမလဲဗျာ။

ဖြေ - ထူးခြားမှုလေတွေတော့ ဖြစ်လာတော့မှာပါ။ အန်အယ်ဒီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် ရတဲ့အခွင့်အရေးကို ယူရမှာဖြစ်သလို နအဖ ကလည်း အန်အယ်ဒီ ကိုခွဲဖို့ကြိုးစားနေတယ်ဗျ။ ကြည့်ရတာ အန်အယ်ဒီထဲမှာ သပ်လျှိုသွင်းထားတဲ့ သူတို့လူတွေကို ထုတ်သုံးပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ဖို့လုပ်လာကြမယ်။ ကျွန်တော်တို့ပြည်သူတွေ အတွက်တော့ ဂမ်ဘာရီလာတာဟာ အခွင့်အရေးတစ်ခုပဲဗျ။ နအဖ ကလူ့အခွင့်အရေးချိုးဖောက်လာနိုင်မဲ့ အခွင့်အရေးကို နိုင်နိုင်ပေးပြီး ကုလသမဂ္ဂမှာ နာမည်ပျက် သိက္ခာကျအောင်လုပ်ဖို့ အချိန်ပဲ။ လူထုကို ကျူးလွန်မှုလေးတွေကို ကမ္ဘာသိအောင်လုပ်ရမယ်ဗျ။ ဂန်ဘာရီဟာ ဘယ်လိုလူလဲဆိုတာ ခင်ဗျားလဲသိတာပဲ။ သူ့ရဲ့ နအဖ အပေါ် အကောင်းပြောမှုလေးတွေ ရပ်သွားအောင်တော့ လုပ်ရမယ်ဗျ။

မေး - ခင်ဗျားပြောတာ လူထုအုံကြွမှု ဖြစ်ဖို့ လှုံဆော်ဖို့လား။

ဖြေ - ဂန်ဘာရီ ရောက်လာတဲ့ အချိန်မှာ လူထုအုံကြွမှု ဖြစ်တာလောက် ကောင်းတဲ့တိုက်ဆိုင်မှုမျိုး ရှားတယ်ဗျ၊ အင်အားသုံးနှိမ်နင်းဖို့ ကြိုးစားရင် နအဖ ဟာလူပုံအလည်မှာ အရှက်ကွဲမယ်။ လွှတ်ပေးထားမယ်ဆိုရင်လည်း နအဖဟာ ကိုယ့်သေတွင်းကိုတူးတာပဲဗျ။ ဒါပေမဲ့ဗျာ အခုလိုဖိနှိပ်ထားပုံမျိုးနဲ့ ဒီလိုဖြစ်ဖို့ခက်နေတယ်။ အန်အယ်ဒီ အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားသင့်တဲ့ အချိန်ဆိုတာ လူတိုင်းနားလည်ကြတဲ့ အချိန်၊ ပြည်သူအနေနဲ့လဲ သတိနဲ့စောင့်ကြည့်ပြီး လှုပ်ရှားဖို့ အခွင့်ကိုစောင့်ရမယ်ဗျ။ မီးစိမ်းကိုစောင့် ဖို့ပဲ။ သေချာတာတော့ အတိုက်အခံ ဘက်က နဲနဲ ပေါက်ပေါက်ရောက်ရောက် ရှိတဲ့သူတယောက်ယောက်က ဂန်ဘာရီကိုဂရုမစိုက်ပဲ ထိရောက်တဲ့ ဟာတခုခု လုပ်ဖို့ မျှော်လင့်တယ်ဗျာ။

မေး - အခု မဲဆွယ်ပွဲလေးတွေကိ မျောက်ပွဲပြသလို ပြပြီး နအဖ က ဆန်တောင်းဖို့လုပ်လာနိုင်တာရော။

ဖြေ - ဒါလေးတွေက နဲနဲ စောနေသေးတယ်ဗျာ။ သို့ပေမဲ့ သူတို့ရဲ့ ခွေးဇာတ်ခင်းမဲ့ ရုဒ်မက် ဆိုတာနဲ့ တိုးတက်မှုရှိပါပြီဆိုတဲ့ လိမ်ညာမှုတွေ ကို ဂန်ဘာရီ အစီရင်ခံစာတင်ဖို့ နအဖက ကြိုးစားမှာပါ။ လောလောဆယ်တော့ ဂန်ဘာရီဟာ သူတို့ အာဂျန်ဒါ နဲ့ သွားနေရတာပဲဗျ။ နအဖ အနေနဲ့ ကုလသမဂ္ဂ ဖိအားကို နဲနဲလျှော့လာဖို့ကြိုးစားမယ်။ ၂၀၁၀ မှာ ကုလ အနေနဲ့ သူတို့ကို ဘယ်လိုကြားဝင် လုပ်ပေးမလဲဆိုတာပြောမှာမဟုတ်ဖူး။ အန်အယ်ဒီဟာ သူတို့လမ်းကြောင်းပေါ်မှာ မလျှောက်ဖူးဆိုတာ တရားဝင်ဖြစ်အောင်လုပ်ဖို့ခေါ်လိုက်တာဗျ။ အန်အယ်ဒီ မပါဘဲ ရှေ့ဆက်သွားဖို့ဆိုတာ ထင်သလောက် မလွယ်မှန်းသိလာပြီဆိုတော့ ဆွယ်ဖို့ကောင်းကောင်းလုပ်မှာ ဒီအချိန်မှာ။ ဒါပေမဲ့ ထင်တဲ့အတိုင်းဖြစ်မလာရင် ကိုယ့်လမ်းကိုဆက်လျှောက်တယ်ဆိုတာ တရားဝင်ပါလို့လူသိအောင်ဟစ်ချင်တာ။ အခု နအဖ ဟာ ဖဲချပ်တွေကို ကုလားဖန်ထိုးဖို့လုပ်နေတယ်ဗျ။ အစိုးရဝန်ထမ်းတွေ ကိုပါးစပ်တွေပိတ်ထားဖို့ နအဖ က အတန်တန် သတိပေးနေတဲ့တိုင် သတင်းတွေက ရရနေတယ်။ အသေးစိတ်တွေက အရေးမကြီးသေးတော့ နောက်မ ပြောတာပေါ့ဗျာ။

မေး - ကျွန်တော် စာတချို့ရလာတယ်ဗျ၊ ခင်ဗျားပြောတဲ့ ကိစ္စမှာ အကြံတခုပြောလာတယ်။ သူတို့ဆီမှာ ဒီလို ဥပဒေမဲ့ ဒုစရိုက်မှုတွေကျူးလွန်လာနိုင်မဲ့သူတွေရှိတယ်ဆိုပဲ။ ဒါကို အခွင့်ကောင်းယူပြီး စွမ်းအားရှင်ပေါ်မှာ အပြစ်ပုံချလို့ရအောင် လုပ်လို့ရတယ်တဲ့။ ခင်ဗျားပြောတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ နည်းလမ်းလေးတွေတင်ပြထားတာ စိတ်ဝင်စားစရာလေးတွေ၊ နအဖလက်ကိုင်တုတ် တွေနဲ့ ရာဇဝတ်မှု ရောထွေးအောင်လုပ်နည်း တချို့ပေါ့ဗျာ။ အသေးစိတ်လေးတွေ မြို့နယ်က လှုပ်ရှားတက်ကြွသူတွေကို ဖြန့်ဝေဖို့ စီစဉ်ထားတယ်ဗျ။ ဒီလို နည်းဗျူဟာလေးတွေ အပေါ်မှာ ခင်ဗျားထင်မြင်ချက်လေး။

ဖြေ - ဒီနည်းလေးက မဆိုးဘူးဗျ၊ လူလေးငါးဆယ်ယောက်နဲ့ ကောင်းကောင်းလုပ်လို့ရတယ်။ အဓိက ကတော့ ပြည်သူတွေ တော်တော်များများက နားလည်ဖို့ပဲ။ လုပ်တဲ့သူတွေဘက်က နဲနဲ စွန့်စားရမှာဆိုတော့က နားလည်မှုရှိအောင် လုပ်ရမယ်။ ကျွန်တော်တို့ ဒီနည်းကို လွတ်လပ်စွာ ဖြန့်ဝေ ဖို့တော့သင့်မယ်မထင်ဘူး။ တချို့ဟာလေးတွေက နဲနဲ လက်ရဲဇက်ရဲ လေးတွေဆိုတော့ သတိထားဖို့တော့ ပြောလိုက်ပါ။ ခုလိုအချိန်မျိုးမှာ ဒီလိုနည်းဗျူဟာလေးတွေရဲ့ ထိရောက်မှုက အရင်ကထက်တော့ သာတာအမှန်ပဲဗျ။

မေး - ဗမာငွေကြေးခိုင်မာလာ မှုအတွက်ထင်မြင်ချက်ကလေး သိပရစေ။

ဖြေ - အကြောင်းတွေက တိုင်ဆိုင်လာတာ မဟုတ်ဖူးဗျ။ ခင်ဗျားရိုးရိုးလေး စဉ်းစားပြီးကြည့်။ ၁ အချက် နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံမှုလေးတွေ အခြေအနေမကောင်းတော့ဘူး ပိတ်ဆို့ခြင်း လုပ်ခံရနိုင်တဲ့ ငွေရင်းတွေ နိုင်ငံကိုပြန်ဝင်လာတယ်။ ၂ အချက် မူးယစ်ဆေးဝါးလုပ်ငန်းတွေက ပြည်တွင်းကို ငွေမည်းတွေတော်တော်လေး သွင်းလာတယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိအားပြင်းလာတယ်ဆိုတာ ခင်ဗျားသတိထားမိရင်တွေ့မှာပါ။ နအဖ ကလည်း ဒီလိုကိစ္စမှာ နိုင်ငံခြားငွေကိုငွေလဲနှုန်းနဲ့ အချိုအချောင်လိုက်နေတာ မူးယစ်လုပ်ငန်းရှင်တွေဆီက။ ၃ အချက် နိုင်ငံခြား (အိန္ဒိယ၊ ရုရှ ) နဲ့လုပ်တဲ့ ပရောဂျက်တချို့ အတွက် နအဖ ဟာငွေလိုလာတယ်ဗျ။ နောက်ပြီး လူထုက ဓာတ်ဆီဈေးတက်တာ အကြောင်းပြုပြီး အခွင့်အရေး ယူတာမျိုး နောက်ထပ် မကြုံချင်ဘူးလေဗျာ။ အဲဒီတော့ဒါဟာ မရိုးသားမှု တစ်ခုပြင်ဆင်နေတယ်ဆိုတာ ခင်ဗျားစဉ်းစားလို့ရမှာပါ။ နောက်ပြီး ကျွန်တော်တို့ဘက်မှာ နအဖ ရဲ့ လှုပ်ရှားမှုကို ကြိုတင်တွက်ဆပြီး လက်နဲ့ရေးသမျှကို ခြေနဲ့ (ဖျက်တော့မဖျက်နိုင်သေးလူးပေါ့ဗျာ) ဖျက်ဖို့ကြိုးစားနိုင်ကြဖို့ အရေးကြီးတယ်။ အခုအချိန်မှာ နအဖ ရဲ့ လှုပ်ရှားမှုကို ချစားတဲ့ဝန်ထမ်းတချို့ နဲ့ပေါင်းပြီး သိအောင်လုပ်နိုင်တာ ဒီစနစ်ဆိုးဆီက ထုတ်လို့ရတဲ့ အမြတ်ဖြစ်နေတာ။

Free our leader Daw Aung San Suu Kyi and Burma

Emerald Soeပေးပို့သည်။
Photobucket

03022009သတင်းဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


ရှင်သန်နိုးကြားနေသည့် သာဓကတခု (သို့မဟုတ်) လက်တွေ့ကျကျ စဉ်းစားကြစေချင်တယ်

Tuesday, 03 February 2009 18:21 တူမောင်ညို
ဇန်နဝါရီလ (၂၁) ရက်နေ့စွဲဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ ရှည်လျားလှသော “လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးသည့် အခြေခံဖြင့် တရားဝင်မှုကို ရှာဖွေနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး လွှတ်တော်ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရတရပ် ပေါ်ပေါက်လာအောင် ဆောင်ရွက်သွားသင့်ကြောင်း လူထုတရပ်လုံးသို့ အဆိုပြုတင်ပြချက်” ဆိုသည်ကို အင်တာနက်အီးမေးလ်အုပ်စုများမှတဆင့် လက်ခံရရှိပါသည်။

ယင်း ရှည်လျားလှသော အဆိုပြုတင်ပြချက်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ၎င်း၏အဖွဲ့ဝင် အဖွဲ့အစည်းများသို့ ပေးပို့ထားခဲ့ပြီးဖြစ်သော ယခင်အဆိုပြုတင်ပြချက်နှင့် အချို့နေရာ တော်တော်များများတွင် မတူညီမှုများရှိသည်ဟု ပြောဆိုသံကိုလည်း ကြားရပါသည်။ အချို့ လေ့လာစောင့်ကြည့်သူများကဆိုလျှင် (၂၁) ရက် နေ့စွဲဖြင့် ပေးပို့ရာတွင် (Cover Letter) ၌ (NCUB Letter Head) ပါသော်လည်း ယခင်လို တွဲဘက်အတွင်းရေးမှူး(၁) ၏ လက်မှတ်မပါရှိကြောင်းကိုပင် ထောက်ပြကြပါသည်။


မည်သို့ပင်ဖြစ်စေ ပြည်သူလူထုတရပ်လုံးသို့ အဆိုပြုတင်ပြလာသည်ဖြစ်သဖြင့် ပြည်သူလူထုဘက်က ရပ်တည်သူများကလည်း ပြည်သူများဘက်က ရပ်တည်ကိုယ်စားပြု၍ ပြန်လည်ဆွေးနွေး ဝေဖန်ဆန်းစစ်ရပေါတော့မည်။

အဆိုတင်ပြချက်၏ အစမှာပင် “ပိုအားကောင်းသောညီညွတ်မှု တည်ဆောက်ရန် နည်းလမ်းများ ရှာဖွေမှုများကို ပိုမိုရှင်းလင်းရန် တင်ပြခြင်းဖြစ်သည်” ဟု ဖော်ပြထားပါသည်။

ယင်းအချက်မှ အောက်ပါ ကောက်ချက် (၂) ရပ်ကို ရရှိပါသည်။

ပိုမိုအားကောင်းသော ညီညွတ်မှု တည်ဆောက်ရန်လိုအပ်သည်။
ညီညွတ်မှုတည်ဆောက်ရန် နည်းလမ်းများစွာရှိသည်။

ယင်းကောက်ချက်အတိုင်းဆိုလျှင် ယခုအဆိုပြုတင်ပြချက်ကိုလည်း ညီညွတ်မှုတည်ဆောက်ရန် နည်းလမ်းများစွာရှိသည့်အနက်မှ နည်းလမ်းတခုအဖြစ်သာလျှင် ဖြစ်သည်ဟုသာ သဘောထားရပေတော့မည်။ ယင်းသို့ သဘောထားရမည်ကို ခိုင်လုံစေသည့် အချက်အလက်များလည်း အဆိုပါ အဆိုပြုတင်ပြချက်၏ စာမျက်နှာ (၁) အချက်အမှတ် (က)၊ (ဂ)၊ (ဃ) တို့တွင် ဖော်ပြပါရှိသည်။

ယင်းသို့ တင်ပြထားသော်လည်း အဆိုပါ အဆိုပြုတင်ပြချက်၏ စာမျက်နှာ (၃) နှင့် (၄) တွင် ဖော်ပြချက်များသည် အထက်တွင် ဖော်ပြချက်များနှင့် ရှေ့နောက်မညီဘဲ ဆန့်ကျင်ကွဲလွဲနေပြန်သည်။

တပ်ပေါင်းစုသဘောဆောင်သော အဖွဲ့အစည်းများ အများအပြားတည်ရှိခြင်း
နိုင်ငံရေးအရ အဓိက အသံတသံတည်းမထွက်သည့် အနေအထားကို မလွဲမသွေ ကြုံတွေ့လာခြင်း
တပ်ပေါင်းစုအနေအထားသို့ ရောက်နေသည့် အဖွဲ့အစည်းကြီးများအားလုံးကို ဖျက်သိမ်းကာ တဖွဲ့ချင်းပါဝင်နိုင်သည့် တခုတည်းသော နိုင်ငံရေးတပ်ပေါင်းစု ဖြစ်ပေါ်လာအောင် ရေရှည်လုပ်ဆောင်သွားနိုင်ရန်

အထက်ပါအချက်များသည် လက်ရှိတည်ရှိနေသော တပ်ပေါင်းစုနှင့် တပ်ပေါင်းစုသဘောဆောင်သော အဖွဲ့အစည်းများနှင့် ပတ်သက်၍ ၎င်းတို့၏သဘောထားကို ရှင်းလင်းစွာ ဖော်ပြနေပါသည်။

နိုင်ငံရေးအရ တသံတည်းမထွက်ခြင်းသည် ကိုယ်စားပြုရပ်တည်မှု၊ ရင်ဆိုင်ရသည့်အခြေအနေနှင့် ပြဿနာအမျိုးအစားပေါ် မူတည်သည်။ အဖွဲ့အစည်းတိုင်းတွင် လွတ်လပ်သည့် ကိုယ်ပိုင်ဆုံးဖြတ်မှုနှင့် ရွေးချယ်မှုကိုယ်စီ ရှိပါသည်။ မည်သူကမျှ ချုပ်ချယ်ကန့်သတ်ထား၍ မရနိုင်ပါ။

“ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင် တသွေးတသံတမိန့်ပုံဆောင်သည့် အကြွင်းမဲ့ ညီညွတ်ရေးဟူသည် မရှိနိုင်ပါ။ မတူညီသော ရပ်တည်ချက်၊ အမြင်၊ နည်းနာများရှိသည်မှာ သဘာဝကျပါသည်။ ဤသည်မှာ အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေစဉ်အတွင်း ဒီမိုကရေစီ ကျင့်သုံးခြင်းသာဖြစ်သည်” မဟုတ်ပါလော။

စစ်အစိုးရကို တိုင်းရင်းသားအင်အားစုတိုင်းက၊ နိုင်ငံရေးအဖွဲ့အစည်းတိုင်းက ဆန့်ကျင်တွန်းလှန်နေသည်၊ ဘုံရန်သူကို တိုက်နိုင်ဖို့ ဘုံရန်သူဆန့်ကျင်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းကြရမည်။ “ တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်” ဟု ရှေ့က ခေါင်းဆောင်များက သူ့တို့၏ ဖြတ်သန်းမှုအတွေ့အကြုံများအရ ညွှန်ပြထားခဲ့ကြပြီ။

“တပ်ပေါင်းစုအနေအထားသို့ ရောက်ရှိနေသည့် အဖွဲ့အစည်းကြီးများအားလုံးကို ဖျတ်သိမ်းရန်” မည်သူ့တွင် အခွင့်အာဏာရှိနေပါသနည်း။ နိုင်ငံရေးတပ်ပေါင်းစုမဖွဲ့ဘဲ လွှတ်တော်ဖွဲ့ရမည်ဟု ဆုံးဖြတ်ရမည့်အခွင့်အာဏာ မည်သူ့တွင် ရှိပါသနည်း။

မည်သည့်အဖွဲ့အစည်းများကို ဖျက်သိမ်းပစ်ရန် ရည်ရွယ်ပြောဆိုနေတာပါလဲ။ ယင်းသို့ပြောဆိုရန် သင့်ပါသလား။ ယင်းပြောဆိုချက်သည် တည်ရှိနေသော စုဖွဲ့မှုများကို စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ပါသည်။ ခြိမ်းခြောက်ခြင်းပင်ဖြစ်ပါသည်။

သို့ပါ၍ အထက်ပါအချက်များသည် “သဘာဝကျပါသည်၊ အာဏာရှင်စနစ်ကို တိုက်ခိုက်နေစဉ်အတွင်း ဒီမိုကရေစီကျင့်သုံးခြင်းသာဖြစ်သည်” ဟူသော အဆိုပြုတင်ပြချက်ပေါ်တွင် ဖော်ပြထားသည့်အချက်များနှင့် ဆန့်ကျင်သွေဖီနေပါသည်။

ထို့အပြင် စာမျက်နှာ (၄) တွင် “လွှတ်တော်ဖွဲ့စည်းဆောင်ရွက်ရတွင်မူ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ဖြစ်လျှင်၊ သတ်မှတ်တာဝန်ပေးခံရပြီးလျှင်ဖြစ်စေ အဓိကအခြေပြုမှုမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွင် မတည်ရှိတော့ပါ” ဟု ဖော်ပြထားပါသည်။

ယင်းသို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်အရွေးခံခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုရန်၊ အခြေပြုရန် မလိုအပ်ဟု ပြောဆိုလိုခြင်းပင် ဖြစ်ပါသည်။ ထိုသို့ မည်သည့်နိုင်ငံတွင် ပြဌာန်းသတ်မှတ်ထားတာရှိလျှင် လေ့လာသိရှိနိုင်ရန်အလို့ငှာ ဖော်ပြပေးသင့်ပါသည်။

သို့သော်လည်း ဆက်လက်ရေးသားရာတွင် “ထိုလွှတ်တော်များတွင် မိခင်နိုင်ငံရေးပါတီများက မိမိတို့၏ လွှတ်တော်ကိုယ်စားလှယ်များအပေါ် လွှမ်းမိုးမှုများ အတိုင်းအတာနှင့်အညီ ဆက်လက်တည်ရှိနေမြဲဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့တဦးချင်း အကြံပြုလိုသည့် ဥပေဒကြမ်းများ၊ အဆိုပြုချက်များအပြင် မိခင်ပါတီများက တင်သွင်းစေလိုသော ဥပဒေမူကြမ်းများ၊ အဆိုပြုချက်များကိုလည်း လွှတ်တော်တွင် တင်သွင်းကြသည်” ဟု ရှေ့နောက်မညီ ပြောဆိုထားပြန်သည်။


သက်ဆိုင်ရာပါတီက ရွေးချယ်ခံရသည့် လွှတ်တော်အမတ်သည် သက်ဆိုင်ရာ မိခင်ပါတီကိုသာ နာခံရမည်မဟုတ်ပါလော။ ယင်းမှာ နိုင်ငံရေး ကကြီး ခခွေး ကိစ္စပင် ဖြစ်သည်။

ယင်းသို့ တစ်ခုနှင့်တစ်ခု၊ အချက်အလက်တစ်ခုနှင့်တစ်ခု ရှေ့နောက်မညီ ဆန့်ကျင်သွေဖီနေသည့် ကိစ္စများကို ဤတွင်တခန်းရပ်၍ တရားဝင် အသိမှတ်ပြုမှု (Legitimacy ) ဆိုသည့် ကိစ္စများကို လေ့လာကြည့်ကြပါစို့။

အာဏာသည် လူထုထံက ဆင်းသက်လာသည်၊ တရားဝင်အသိမှတ်ပြုမှုကို ပြည်သူလူထုထံမှ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများမှတဆင့် ရယူကြရမည်။ ဤသည်မှာ လူတိုင်းနားလည်သော အချက်ဖြစ်သည်။

“လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးသည့် အခြေခံဖြင့် တရားဝင်မှုကို ရှာဖွေနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးလွှတ်တော် ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရတရပ် ပေါ်ပေါက်လာအောင်” မည်ကဲ့သို့ ဖော်ဆောင်ကြမည်နည်း။

“လူထုအုပ်ချုပ်ရေးချမှတ်ကျင့်သုံးသည့် အခြေခံဖြင့်” ဆိုသော စကားလုံးသည် ဝေဝါးနေသော စကားလုံးပင်ဖြစ်သည်။ မည်သည့် နေရာဒေသတွင် လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးမည်နည်း။ ယင်းသို့ချမှတ်ပြီးနောက် “တရားဝင်မှု”ကို မည်သို့ရှာဖွေမည်နည်း။ ရှုပ်ထွေးဝေဝါးလွန်းလှပါသည်။

အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ဆိုလျှင် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်လောက်သည့် ရေမြေအနေအထား ပြည့်စုံဖို့လိုအပ်ပါသည်။ သို့မဟုတ်လျှင် လူရယ်စရာဖြစ်လိမ့်မည်။ ၁၉၈၈ မှ ယနေ့အထိ နှစ်ပေါင်း (၂၀) ကာလအတွင်း တော်လှန်ရေးဒေသများ သေးကြုံ့သွားသည့် ဖြစ်ရပ်မှန်ကို ရဲရဲ ကြည့်ဖို့လိုအပ်ပါသည်။ ကွင်းစကွင်းပိတ်ထဲက (လွတ်မြောက်နယ်မြေ)ဆိုတာ အဆိုပါ ကွင်းစကွင်း(-----)ပိတ်ထဲမှာလောက်သာ ကျယ်ဝန်းသည်ကို မိတ်ဆွေလည်း သိသည်။ ကျနော်လည်းသိသည်။

ဒါကြောင့် တစုံတရာသော နယ်မြေအကျယ်အဝန်း၊ တစုံတရာသော လူဦးရေပမာဏ၊ တစုံတရာသော လူမှုစီးပွားရေးအဆောက်အဦ စသော ရေမြေအနေအထားများ မရှိဘဲ မည်သို့သော လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးမှာလဲ။ တရားဝင် အသိမှတ်ပြုမှု (Legitimacy) ကို မည်ကဲ့သို့ ရှာဖွေမှာလဲ။ ဒီလိုပြောတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တော့မည်။

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုမျာရဲ့ လွတ်မြောက်နယ်မြေဆိုတာတွေကို မျှော်မှန်းပြီး ပြောနေတာလား။ ထိုဒေသများသည် ယခင်ကလို တစုံတရာ တည်ငြိမ်မှုမရှိတော့ဘဲ ရန်သူနဲ့ မိမိထဲမှာ ခွဲထွက်သူများက အချိန်မရွေး စစ်ရေးအရ ခြိမ်းခြောက်တာကို ခံနေရသည့် အနေအထားဖြစ်ပါသည်။ ယင်းကို ခုခံကာကွယ်နေရသည့် အခြေအနေဖြစ်ပါသည်။

မျက်စိမှိတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ကြပြီ ဆိုပြီး စဉ်းစားကြည့်ကြပါစို့။

အဲဒီအစိုးရရဲ့ အဓိက အခြေပြုရာနယ်မြေတွေ နိုင်ငံတကာကို ထုတ်ပြန်ကြေငြာလိုက်ပြီ ဆိုပါစို့။ အဲဒီနယ်မြေဒေသတွေကို ရန်သူက ထိုးစစ်ကြီးတွေ၊ စစ်ဆင်ရေးကြီးတွေ ဆင်လာပြီဆိုပါစို့။ ဘယ်လို ခုခံကာကွယ်စစ် ဆင်နွှဲမလဲ။

ဘယ်မှာလဲ စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာ။ ဒီကိစ္စတွေဟာ စိတ်ကူးယဉ်စရာကိစ္စမဟုတ်ဘူး။ အသက်၊ သွေး၊ ချွေးတွေနဲ့ ရင်းရမဲ့ ကိစ္စတွေပါ။ တိုက်ခိုက်ကြလို့ သေဆုံးဒဏ်ရာရသူတွေ၊ မှီခိုသူမိသားစုတွေ၊ သူတို့ကို ဘယ်လို ဆေးဝါးကုသပေးမလဲ။ ဘယ်လို ထောက်ပံ့ကူညီကြမလဲ။ တိုက်ပွဲကြီးတွေဖြစ်လာလို့ မှီတင်းနေထိုင်ရာဒေသတွေကို စွန့်ခွါထွက်ပြေးလာရမည့် လူထုတွေအတွက် ဘယ်မှာလဲ နေစရာ၊ စားစရာ။

ဒီအဆိုပြုတင်ပြချက်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်လို့ တလုံးတပါဒမျှ ရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။ တမျိုးသားလုံးရဲ့ကိစ္စကို ထည့်သွင်းစဉ်းစားမည်ဆိုရင် ဒီလိုဖြစ်လာနိုင်ခြေရှိတဲ့ အဆိုးအကောင်းကိစ္စတွေကိုပါ ထည့်သွင်းစဉ်းစားတင်ပြရန် လိုအပ်ပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသဖို့ လိုအပ်သည်။

အမျိုးသားညီညွတ်ရေးလွှတ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရကို သစ္စာရှိရှိ ခုခံကာကွယ်ဖို့ “အမျိုးသားကာကွယ်ရေး တပ်မတော်ကြီး” တရပ်လည်း မလိုအပ်ဘူးလား၊ အခြေခံအားဖြင့် လွှတ်တော်၊ အစိုးရ၊ တပ်မတော်ဆိုတာ နိုင်ငံတစ်ခုရဲ့ အခြေခံအင်္ဂါရပ်တစ်ခုပဲမဟုတ်ပါလား။

နောက်ဆုံးတခုကတော့ လွှတ်တော်နဲ့ အစိုးရအတွက် ဘဏ္ဍာငွေဘယ်ကရမလဲဆိုတဲ့ ကိစ္စပါပဲ။ အခွန်တော်ငွေတွေ ဘယ်လိုစည်းကြပ်ကောက်ခံကြမလဲ။ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လူမှုဖူလုံရေးကိစ္စတွေမှာ ဘယ်လို ကျခံသုံးစွဲကြမည်လဲ။

အခြေခံလူထုကလဲမရှိ၊ မြေကလည်းမရှိ၊ ငွေကလည်းမရှိ တပ်မတော်လည်းမရှိရင်တော့ ……

လက်ရှိတပ်ပေါင်းစုက အလုပ်မဖြစ်ဘူး၊ ရန်သူကို စုစည်းညီညွတ်စွာ မထိုးနှက်နိုင်ဘူးလို့ သုံးသပ်မိတယ်ဆိုရင် တပ်ပေါင်းစုကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတာကိုပဲ လက်တွေ့ကျကျ စဉ်းစားအဆိုပြုစေချင်ပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေက တောင်းဆိုနေသည်ကို လက်တွေ့ကျကျ တုန့်ပြန်နိုင်မည့် တပ်ပေါင်းစုတစ်ရပ်ဖြစ်ရန် လိုအပ်ပါသည်။

ခိုင်မာကျယ်ပြန့်သည့် တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းရေးကို ရည်ရွယ်ရိုးမှန်ရင် လက်တွေ့ကျကျစဉ်းစားဖို့ လိုအပ်ပါသည်။

ယင်းသို့မဟုတ်ရင် “ဖွတ်မရ ဓါးမဆုံး” မည့်ကိန်း ဆိုက်ပါလိမ့်မည်။

*************

တူမောင်ညို

(၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်)