Saturday, February 7, 2009

တတိယ အင်အားစုများအတွက် နေရာ

အခု ဒီတစ်ခေါက် ဂမ်ဘာရီ လာတာမှာ NLDက ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူးဆိုတာ သေချာသလောက် ဖြစ်သွားပါပြီ။ ဒေါ်စုကလဲ သဘောတူ လိုက်ပြီလို့ NLD CEC ကပြောတယ်လို့ ဖတ်လိုက် ရပါတယ်။ ရှင်းလောက်ပြီ ထင်ပါတယ်။

နအဖကလဲ ရို့ဒ်မက်ပ် ခုနစ်ချက်အတိုင်း ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မှာပါ။ တိုင်းပြည်အတွက် မကောင်းပေမဲ့ သူတို့ အတွက်တော့ အသက်ပါဘဲ။

ဒီအရေးမှာ ဘေးက ပြောရရင်တော့ NLD ကော နအဖကော နှစ်ဦး နှစ်ဘက်လုံး နစ်နာသွားပါတယ်။ NLDကလဲ နစ်နာနေတာ သိပ်မထူးပါဘူး။ နအဖက အခြေခံဥပဒေ ဆွဲထားသူ ရွေးကောက်ပွဲ လုပ်သူ အစိုးရဆိုတော့ ပိုအီတာပေါ့။

အကျိုးအမြတ် ရလိုက်တာကတော့ တတိယ အင်အားစုခေါ် ကြားနေ အဖွဲ့တွေပါဘဲ။ သူတို့အဖွဲ့တွေ အစွမ်းအစပြဘို့ နေရာနဲ့ အခွင့်အလမ်းတွေ ပေါ်လာတယ်။ ဘယ်သူတွေ ဘယ်လိုစိတ်ထားမျိုးနဲ့ ဘယ်လောက် လုပ်ပြနိုင်မလဲ ပြည်သူက စောင့်ကြည့် လာကြတော့မယ်။ သာဒ်ဖို့စ်တွေ မီးမောင်းအောက်ကို ရောက်လာပါပြီ။

ဆရာမောင်စူးစမ်းရဲ့ ဂိမ်းအသစ်နှင့် ရင့်ကျက်မှု ပြဿနာ ဆောင်းပါးကို ပိတောက်မြေမှာ ဖတ်ရပါတယ်။

ဆရာ့ဆောင်းပါးကို နားလည် သလောက်ကတော့ “နိုင်ငံရေးပါတီ NLD အနေနဲ့ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲက (ဂိမ်းအသစ်) မို့ ဒီပွဲကို ၀င်မကစားရင် (၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရင်) ရင့်ကျက်မှုမရှိ၊ အမျှော်အမြင်မရှိ၊ ၀င်ပြိုင်ရန် တာဝန်ရှိသည်” လို့ NLDကို နှဲ့လိုဟန် တူပါတယ်။ ဆရာတို့ ဆောင်းပါးတွေကို ဖတ်ရင်း ဆရာတို့နဲ့ ပြည်သူတွေ အကြားမှာ ကြီးမားသော ကွဲလွဲမှုကို ကျွန်တော် သတိပြုမိပါတယ် ပြည်သူတွေနဲ့ ဆရာတို့က မတူတော့ပါဘူး။ လူလဲ နားလည်အောင် ဆရာတို့လဲ မနစ်နာအောင် ကြိုးစားပြီး တစ်ခုလောက် တင်ပြချင်ပါတယ်။

ဆရာတို့က နိုင်ငံရေးမှာ အံတိုနေပါပြီ၊ အတွေ့အကြုံတွေ အများကြီး ရှိခဲ့ပါတယ်။ ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း အားလုံး ၀င်ခဲ့ဘူးသူတွေပါ၊

အားလုံး လုပ်ခဲ့ဘူးသူ၊ ဖြစ်ခဲ့ဘူးသူတွေမို့ အရည်ထူခဲ့ပါပြီ။ ဘာမှ အကြောက်အလန့် မရှိတော့ပါ။ မှားမှာလည်း မကြောက်ပါ။ နာမည်ပျက်မှာလဲ မကြောက်ပါ။ အမြှီးပြတ်မှာလဲ မကြောက်ပါ။ အကြောက် အရွံ့မရှိ နေတတ် စားတတ်ပါတယ်။ သိသလောက် ဆရာတို့ဟာ ဗမာပြည် ကွန်မြူနစ်ပါတီပေါ်လစ်ဗြူရိုအဖွဲ့ဝင်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် . . ဒင်တွေ ချည်းပါဘဲ။ နောက်လဲ လာဘို့ ရှိပါသေးတယ်။ ဆရာတို့ စာရင်း မပိတ်သေးပါဘူး။

ရာထူးယူခဲ့တဲ့ အဖွဲ့အစည်းတွေ မအောင်မြင်၊ ပြိုလဲကျဆုံးခဲ့တုံးကလဲ ဆရာတို့ ဘာမှတာဝန် မယူခဲ့ပါဘူး၊ ဘာသံယောဇဉ်မှ မရှိ ဖုတ်ဖက်ခါထပြီး နောက်အဖွဲ့တစ်ခုထဲ ခပ်တည်တည် ၀င်သွားလိုက်တာပါဘဲ။ သာမန်ပြည်သူတွေ မတတ်နိုင်တာ အားလုံး ဆရာတို့ တတ်နိုင်ပါတယ်။

NLDနဲ့ ဒေါ်စုမှာ ဘာအတွေ့အကြုံမှ မရှိပါဘူး၊ ဒါကြောင့် တိုင်းပြည်အတွက် အမှားမခံနိုင်ပါဘူး၊ သူတို့ နာမည်လဲ အပျက်မခံနိုင်ပါဘူး၊ မျက်နှာလဲ အပျက်မခံပါဘူး၊ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ဘို့ ပြည်သူကပေးတဲ့ တာဝန်ယူ ထားပါတယ်။ အရွေးခံ ထားပါတယ်။ ပြည်သူတွေ သားစဉ်မြေးဆက် စိတ်ဓါတ် လူညွန့်မတုံးအောင် ထိန်းသိမ်းဘို့၊ သူတို့ပါတီ မူဝါဒကို ထိန်းသိမ်းဘို့ သူတို့မှာ တာဝန်ရှိပါတယ်။ အမြှီးပြတ်တာ ဆရာတို့က ရိုးနေပြီ၊ မှားပေါင်း များခဲ့သူတွေမို့ နောက်ထပ် အမှားတွေလုပ်ဘို့ တတ်နိုင်ပါတယ်၊ သူတို့ မတတ်နိုင်ပါ။

အခုလည်းဆရာမောင်စူးစမ်းက နအဖ ဂိမ်းအသစ်မှာ ၀င်ကစားလိုက်ကွ၊ သတ္တိမရှိဘူးလား၊ မရင့်ကျက် ဘူးလားနဲ့ မြှောက်သာပေးနေ တာပါ။ ဘယ်မလဲ နိုင်ငံနဲ့ ပြည်သူအတွက် သေချာတဲ့ အာမခံချက်၊ တကယ်တန်း ကွဲရင် ပြည်သူတွေသာ ခံရမှာပါ။ ပြည်သူတွေကို ဘာသံယောဇဉ်မှမရှိ ခံစရာရှိ ပြည်သူခံလိမ့်မပေါ့၊ ဒီအဖွဲ့ နာမည်ပျက်နဲ့ ပျက်လဲ နောက်ပေါ် လာတဲ့အဖွဲ့ တို့အဖွဲ့ပေါ့ကွ ဆိုရင်လည်း မတတ်နိုင်ပါဘူး။ ငါးနှစ်တခါ လုပ်ရတော့မဲ့ ဒီဂိမ်းဟာ ဘယ်လိုဂိမ်းလဲ၊ ဘာကြောင့် ဖြစ်လာတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ၊ ဘယ်လောက် တရားမျှတမဲ့ ဂိမ်းလဲ၊ NLDက ၀င်ကစားသင့်လား၊ မကစားသင့်တဲ့ ဂိမ်းလား၊ စောင့်ကြည့်သင့်တဲ့ ဂိမ်းလား စောင့်ကြည့်တာ မှားလား၊ ဆရာ့ ဆောင်းပါးထဲမှာ ဘာမှ ပြည်သူဘက်က စေတနာပါပါနဲ့ ရှေ့ကို ကြိုပြီး ဝေဖန် စဉ်းစားပေးထားတာ မတွေ့ပါဘူး။ နအဖအကြိုက် ရွေးကောက်ပွဲဝင်ဘို့ တိုက်တွန်း ပေးနေတာဘဲ တွေ့ရပါတယ်။ နောင်ခါလာ နောင်ခါဈေး၊ တိုင်းပြည်ကို ချောက်ထဲတွန်း ချနေတာများလား ကြည့်ပါဦး။း

ပြည်သူတွေ အတွက် သေချာလက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ ရှေ့ရေးကို မမြင်ရဘဲ ရမ်းလုပ်ဘို့ ဆရာတို့က တတ်နိုင်ပေမဲ့ ဒေါ်စုနဲ့ NLDက မတတ်နိုင်ရှာပါ။ ဆရာတို့ပြောတာ တိုက်တွန်းတာ မှန်ကောင်းမှန်မယ်၊ သူတို့လဲ မသေချာဘဲ ဘယ်လုပ်လိမ့်မလဲ။ အနှစ်၅၀လောက် စစ်အစိုးရတွေ ပြောချင်ရာ ပြောလုပ်ချင်ရာ လုပ်တာခံပြီး ရင့်ကျက်ခဲ့ရတဲ့ ပြည်သူတွေလဲ ဒီလိုဘဲ ခံစားရပါတယ်။ ဆရာတို့နဲ့ Reputation မတူတော့ စိတ်ဓါတ်ခြင်း မတူတော့ပါဘူး။

ဖြစ်သင့်တာကတော့ ဒီဂိမ်းဟာ တိုင်းပြည်အတွက် အမှန်တကယ် ကောင်းတဲ့ ဂိမ်းဘဲဆိုတာ ပြည်သူတွေ အားလုံး convince ဖြစ်အောင်၊ လက်ခံ ယုံကြည်လာအောင် ဆရာတို့က ခေါင်းဆောင်ပြီး လုပ်ပြပါ။ ဆရာတို့နဲ့ ကြားနေ တတိယ အင်အားစုဆိုတဲ့ အဖွဲ့တွေက ဘယ်သူ့ကိုမှ မထိခိုက်ဘဲ လုပ်ပြနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ကိုယ်ယုံကြည်ရာကို လုပ်ပြနိုင်တဲ့ အခွင့်အရေး အခုရလာပြီဘဲ။ ကြားနေတွေအတွက် အကင်းပါးဘို့နဲ့ ရိုးသားဘို့တော့ လိုလိမ့်မယ်။

ကြားနေဆိုပြိး နအဖကို ထိုင်ဆဲနေလို့လဲ နအဖက ကြည်မှာမဟုတ်၊ နအဖ မကြည်ရင်လဲ နိုင်ငံရေး လှုပ်ရှားဘို့ မလွယ်ပါဘူး။

NLD ကို ထိုင်ကလောနေရင်လဲ ပြည်သူက မကြည်ဖြူလို့ မဲရမှာမဟုတ်ဘူး။ နာမည် ပျက်တာဘဲ အဖတ်တင်မယ်။ ဒီမိုကရေစီကို လိုလားသူ တကယ်ကြားနေ စစ်စစ်တွေမှ ဖြစ်မှာ၊ နအဖနဲ့လဲ ပြေလည် ပြည်သူကလဲ ကြည်ဖြူတဲ့အဖွဲ့ ထောင်နိုင်တဲ့သူ စားမယ်။

NLDက အရွေးမခံပါဘူး ပြောနေတာကို ကိုအေးလွင် ဆိုသူက ဒေါ်စုသားတွေ နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံရေးမှာ ဒေါ်စုပါဝင် ပတ်သက်လို့ မရဘူး ဆိုတာ ၄၇၊ ၆၂၊ ၇၄၊ ၉၀ တွေနဲ့ ကိုးကားပြီး ရှည်ရှည် ဝေးဝေး ပြောသွားသေးတယ်။ ဒီမောင်တွေ ဘယ်အချိန် ဘယ်စကားပြောရမလဲ သိဘို့ကောင်းတယ်။ ဟိုက NLD ပါတီအထွေထွေ အတွင်းရေးမှူး လုပ်နေတာ အနှစ် ၂၀ရှိပြီ။ ကိုယ်သဘောထား သေးသိမ်တာ လူသိသွားတာပေါ့။ ဒီမိုကရေစီကို သေချာ နားမလည်သေးဘူး ဆိုရမယ်။ တချို့က တရားမျှတ ကြားနေလုပ်ချင်သူ မဟုတ်ဘူး၊ မီးလောင်လေပင့် လက်ကိုင်ဒုတ် လုပ်စားချင်သူတွေကိုး၊ ဒီလိုလူမျိုးတွေ နအဖ ဖိအားမပါဘဲ နေရာရဘို့တော့ သိပ်မလွယ်ဘူး၊ ဦးရဲထွန်း၊ ဒေါ်ခင်စန္ဒာဝင်း၊ ဒေါ်လဲ့လဲ့နွယ်သိမ်း၊ ဒေါ်ချိုချိုကျော်ငြိမ်းတို့လဲ နာမည် ထွက်နေတယ်။ ဒါပေမဲ့ တပြည်လုံး အတိုင်းအတာနဲ့ ပါတီတစ်ခုကို ခေါင်းဆောင် နိုင်တဲ့ အရည်အချင်း ဘယ်သူ့မှာရှိမလဲ၊

တကယ်ကြားနေ စစ်စစ်တွေအတွက် အခွင့်အရေးက လက်တကမ်းမှာ ရောက်နေပြီ။ ကိုယ့်ကိုကိုယ် ယုံကြည်ရင် ဆရာတို့ အစွမ်းအစတွေ ပြဘို့ ခါးတောင်း ပြောင်အောင် ကြိုက်ထားကြပါ။

စေတနာဖြင့်၊

ကိုဂျူး