Tuesday, March 10, 2009

မျိုးဆက်သစ်ကျောင်းသားများဆီတပ်လှန့်ပြီ...



၁၀၀၃၂၀၀၉ ဒိုင်ယာရီ



file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


အပစ်ရပ်အဖွဲ့အစည်းတွေအတွက် အချိန်သိပ်မရှိတော့ဘူး

အင်္ဂါနေ့၊ 10 မတ်လ 2009 (တူမောင်ညို)
“အပစ်အခတ်ရပ်စဲရေးအစ အရှေ့မြောက်က” လို့ ဆိုရမယ်နဲ့တူပါတယ်။

(ဗကပ)ကနေခွဲထွက်ခဲ့ကြပြီး (နဝတ) စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတာ ဗမာပြည်အရှေ့မြောက် အရပ်က စခဲ့တာမဟုတ်လား။ နောက်မှ ဗမာပြည် အလယ်ပိုင်းနဲ့ တောင်ပိုင်းကို ပျံ့နှံ့သွားခဲ့တယ်။ အခု အဲဒီလို အပစ်အခတ် ရပ်စဲခဲ့တာ မကြာခင်မှာပဲ နှစ် (၂၀) ပြည့်တော့မယ်။

နှစ်ပေါင်း (၂၀) အတွင်းမှာ အပစ်ရပ်အဖွဲ့တွေဘာတွေလုပ်ဆောင်နိုင်ခဲ့ကြသလဲ။ မိမိစိုးမိုးထားရာ နယ် မြေဒေသနဲ့ ကိုယ်စားပြုရာလူမျိုးတွေအတွက် ဘာတွေဆောင်ရွက်ပေးနိုင်ခဲ့ကြသလဲ။ တပြိုင်နက်ထဲမှာ သီးခြား ကင်းလွတ် ဘေးဖယ်ထားလို့မရတဲ့ တတိုင်းတပြည်လုံးအကျိုးအတွက်ရော ဘာတွေများလုပ်ဆောင်နိုင်ခဲ့ကြသလဲ ဆိုတာ စာရင်းချုပ်ကြည့်ဖို့လိုပါလိမ့်မယ်။

အပစ်အခတ်ရပ်စဲနိုင်ခဲ့တဲ့ နယ်မြေဒေသတွေမှာ အရင်ကလို သေနတ်သံတွေမကြားရတော့တာ၊ တစုံတရာတည်ငြိမ် လာတာ၊ဒေသခံပြည်သူတွေ တစုံတရာ တည်တည်ငြိမ်ငြိမ် လုပ်ကိုင်စားသောက်လာနိုင်တာတွေ ဟာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။

ဒီထက်ပိုကောင်းတဲ့ကိစ္စကတော့ အဲဒီလိုရရှိထားတဲ့ တစုံတရာတည်ငြိမ်မှုတွေဟာ ရေရှည်တည်တံ့ ခိုင် မြဲနိုင်မယ့် အာမခံချက်ရရှိဖို့လိုပါတယ်။

အကောင်းဆုံးကတော့ တတိုင်းတပြည်လုံး တည်ငြိမ် အေးချမ်းသာယာမှု ခိုင်ခိုင်မာမာရရှိရေးဆိုတဲ့ အချက်နဲ့ ခိုင်ခိုင် မာမာ ဆက်စပ်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါမှသာအေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောင်နိုင်ပါလိမ့်မယ်။

အခုတော့အထက်ကတင်ပြခဲ့တဲ့အချက် ၂ ချက်စလုံးတစ်ခုမှ မရသေးပါဘူး။ ဒါပေမယ့် (နအဖ) စစ် အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အောက်မှာ နယ်မြေ၊ တပ်နဲ့လက်နက်ပါ အပ်ရ၊ ချရတော့မယ် အနေ အထားဖြစ် လာနေပါပြီ၊ (နအဖ) စစ်အစိုးရကတော့ (နိုင်ငံရေး/စစ်ရေး) ပုံစံမျိုးစုံ နဲ့ သွေးတိုးစမ်းနေပါပြီ။

(နဝတ) စစ်အစိုးရနဲ့ အပစ်အခတ်စတင်ရပ်စဲကြတော့ အပစ်ရပ်အဖွဲ့တွေကို (နဝတ) စစ်အစိုးရက မတရား သင်းကြေညာ ထားရာကနေ ဖျက်သိမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် တရားဝင်နိုင်ငံရေးအဖွဲ့အစည်း တရပ် အဖြစ်ရပ် တည် လှုပ်ရှားဆောင်ရွက်ခွင့်မပြုခဲ့ပါဘူး။ လူမျိုးအရကိုယ်စားပြုမှုနဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။

အမျိုးသားညီလာခံထဲ ဆွဲသွင်းချင်တဲ့အခါမှာ အပစ်ရပ်အဖွဲ့တွေကို “ အခြားဖိတ်ကြားသင့်သူများ” ဆိုတဲ့ ခေါင်းစဉ် အောက်မှာ “အထူးဒေသကိုယ်စားလှယ်များ” အဖြစ်ပါဝင်ခဲ့ကြရတာပါ။ ညီလာခံတက်ခဲ့ကြပေမယ့်၊ တင်ပြချက်တွေ မှန်သမျှဘာမှဖြစ်မလာခဲ့ပါဘူး။ “နိုင်ငံရေးစကားပြောချင်ရင်နောက်တက်လာမယ့်အရပ်သားအစိုးရနဲ့ ပြောကြ” ဆိုပြီး နှပ်ကြောင်းပေးခဲ့တဲ့ ထလရ ဗိုလ်ခင်ညွန့်လည်း အခုတော့အရာကျသွားခဲ့ပြီ။

(နဝတ-နအဖ) စစ်အစိုးရ အပစ်ရပ်အဖွဲ့တွေအပေါ်မှာ မှန်ကန်တဲ့သဘောထားမထားရှိခဲ့သလို၊ သဘောထား တမျိုးထဲ ထားရှိခဲ့တာလည်းမဟုတ်ပါဘူး။ အဖွဲ့ကြီးတွေကို မကွဲကွဲအောင်ဖြိုခွဲခဲ့ပြီး။ ကွဲထွက်လာသမျှ ခွဲထွက်လာ သမျှကိုလည်း ဝါးမျိုးပစ်ခဲ့ပါတယ်။ ဖျက်သိမ်းပစ်ခဲ့ပါတယ်။ ချေမှုန်းပစ်ခဲ့ပါတယ်။ အပြီးအပိုင်လက်နက် ဖြုတ်သိမ်းပစ်လိုက်ပါတယ်။ ဒီလိုနဲ့ အပစ်ရပ်အဖွဲ့ငယ်တချို့လုံးဝပျက်စီးသွားခဲ့တယ်။ တချို့လက်နက်ချခဲ့ကြရ တယ်။ အခုသူတို့အသံမကြားရ တော့ပါဘူး။ ဒါဟာ တကယ့်လက်တွေ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ နိုင်ငံရေးအရကြံ့ခိုင် မှုမရှိတဲ့အခါ၊ စည်းလုံးညီညွတ်မှု မရှိတဲ့ အခါ (နဝတ-နအဖ) စစ်အစိုးရပြုသမျှနုရတဲ့ဘဝရောက်သွားရပါတယ်။ ဒါကြောင့် မိမိတို့သက်ဆိုင်ရာ အဖွဲ့အစည်း တွေအတွင်း နိုင်ငံရေးအရ ကြံ့ခိုင်ဖို့နဲ့ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ပါတယ်။

ဒါ့အပြင်တတိုင်းတပြည်လုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးနဲ့ဆက်စပ်ထားနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ရှေ့ကအတွေ့အကြုံတွေလို နိဂုံးမလှဖြစ်ကြရပါလိမ့်မယ်။

အခုတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်မလား/မဝင်ဘူးလားဆိုတာက အပစ်ရပ်အဖွဲ့တွေကြားမှာ ကွဲစရာပြဲစရာသပ် တစ်ချောင်း ဖြစ်နေပါတယ်။ အဖွဲ့အစည်းနဲ့တပ်ကို မအပ်နိုင်ဘူးဆိုတာကတဖက်၊ (နအဖ) စစ်အစိုးရ နဲ့အစစပြေလည်ဖို့ အလျော့ပေးချင်တဲ့ဖက်ဆိုပြီး အပစ်ရပ်အဖွဲ့တွေအတွင်းမှာ နှစ်ဂိုဏ်းနှစ်ပက္ခဖြစ်နေတယ် လို့ ကြားရပါတယ်။ ဒီလိုဖြစ်နေတာကို (နအဖ) စစ်အစိုးရကသိပ်ကြိုက်ပါတယ်။

ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မှာပါရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနဲ့ပတ်သက် ပြီးပြဌာန်း ထားချက်တချို့နဲ့ယှဉ်တွဲထောက်ပြလိုပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့များရဲ့ ဥပဒေပြုစာရင်းကို ဇယား(၃) မှာအချက် (၁) မှ (၁၀) အထိ အမှတ်စဉ်ထိုးပြီးဖော်ပြထားရာမှာ “ကာကွယ်ရေး” ဆိုလို့ မီးဘေးအန္တရာယ်ကာကွယ်ရေးနဲ့သစ်တောကာကွယ် ရေးပဲပါရှိပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးလည်း ပုဒ်မ (၂၇၆) ပုဒ်မခွဲ ( က) မှ (ဌ) အထိ ဖော်ပြထားပါတယ်။ အဲဒီပုဒ်မတွေနဲ့ ပုဒ်မခွဲတွေကို လိုရင်းချုပ်ပြီးဖော်ပြရရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဦးစီး အဖွဲ့ကို အဖွဲ့ဝင် (၁၀) ဦးနဲ့ဖွဲ့စည်းရမယ်လို့ဆိုပါတယ်။

ဒီ (၁၀) ဦးထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် များမှ ရွေးကောက် တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်စေရ မယ်။

လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမည် စာရင်းတင်သွင်းထားသူများပါရှိရမယ်လို့ဆိုပါတယ်။ ဒီလိုပါရှိရမယ်ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်း မည့်သူများဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ဝင်စုစုပေါင်းရဲ့ လေးပုံတစ်ပုံ (အနည်းဆုံး၃ ဦး) ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဖွဲ့စည်းရာမှာလိုအပ်နေသေးရင် အထက်ကပုဂ္ဂိုလ်များ (သက် ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သူများ) ကရွေးချယ် ဖြည့်စွက် ခန့်အပ် နိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအကြီးအမှူးဟာအလိုအလျောက်အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီး အဖွဲ့ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ရမည်လို့ အတိအလင်းရေးသားပြဌာန်းထားပါတယ်။

ဒီလိုအချက်အလက်တွေ (ဥပဒေပြုခွင့်နဲ့ အုပ်ချုပ်ခွင့်) နဲ့ လက်ရှိ “ဝ” ဒေသကို ချုပ်ကိုင်ထားတဲ့ အပစ်အရပ်အဖွဲ့ အစည်းအနေအထားကို ယှဉ်တွဲစဉ်းစားလိုက်မယ်ဆိုရင်အားလုံး(ဒေသနဲ့တပ်/အုပ်ချုပ်ရေး/စီးပွားရေး)ထိုးအပ်လိုက်ရ မယ်သဘောဖြစ်နေပါတယ်။

ဒါတောင် “ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ” ထွက်မလာသေးပါဘူး။ အဲဒီမှာပါလာမယ့် ကန့် သတ်ချက်တွေ (နိုင်ငံသားဖြစ်မှု၊ ပညာအရည်အချင်းစသဖြင့် ) ကို ပါထည့်သွင်းစဉ်းစားလိုက်ရင် နိုင်ငံရေး ကနေထာဝစဉ်မောင်းထုတ် ထားတာကို ရှင်းရှင်းကြီးတွေ့မြင်နိုင်ပါလိမ့်မယ်။

ဒါကြောင့် (နအဖ) စစ်အစိုးရ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလိုက်ရင်အသိအမှတ်ပြုလိုက်ရင် အားလုံး လက်လွတ်ဆုံးရှုံး သွားမှာအသေအချာပဲဖြစ်ပါတယ်။ ဒီလိုအဖြစ်မခံနိုင်ဘူးဆိုရင်တော့နိုင်ငံရေးအရ တန်း တူရည်တူရှိပြီး တိကျသေချာတဲ့ အာမခံချက်ရှိဖို့လိုပါတယ်။ တပြည်လုံးနိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆက်စပ်ထားဖို့ လို အပ်ပါတယ်။ သီးခြားစဉ်းစားလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ တချိန်ကတော့ သီးခြားစဉ်းစားပြီး (ကိုယ့်ဒေသ၊ ကိုယ့် အဖွဲ့အစည်း၊ ကိုယ့်လက်နက်ကိုင်တပ်တည်ရှိရေးအတွက်) ညီလာခံတက်ခဲ့ကြတာပဲ။ အခုတော့ အဲဒီညီလာခံ ရလဒ် (ဖွဲ့စည်းပုံအခြေခံဥပဒေ)နဲ့ အကျပ်ကိုင်လာနေပါပြီ။

မကြာခင်ကပဲ ကချင်အပစ်ရပ်အဖွဲ့တာဝန်ရှိသူတစ်ဦး “တက်လာတဲ့ အရပ်သားအစိုးရသစ်ဆီ လက်နက် ချဖို့အဆင် သင့်ရှိတယ်” လို့ပြောသံကြားရပါတယ်။ လွယ်လွယ်ပဲကိုင်ထားတဲ့လက်နက်အပ်လိုက်မယ်ဆိုရင်တော့ ပြောစရာ မရှိပါဘူး။ ဒီလိုသာဓကတွေရှေ့မှာရှိပြီးသားဖြစ်ပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတစ်ခု နိုင်ငံရေးဖက် ကူးပြောင်းမယ်ဆိုရင် နိုင်ငံရေးစကားပြောဖို့လိုအပ်ပါတယ်။

ချုပ်လိုက်ရင် (နအဖ) စစ်အစိုးရ အခြေခံဥပဒေဆိုတာနဲ့တစ်ဖက်ကချုပ်ကိုင်လာသလို၊ စစ်ရေး၊ သပ် ရှိုဖြိုခွဲရေးတဲ့ နည်းလမ်းပေါင်းစုံနဲ့အကျပ်ကိုင်လာနေပါပြီ။ ဒီအခက်အခဲကို ဘယ်လိုကျော်လွန်ကြမလဲဆိုတာ အပစ်ရပ်အဖွဲ့ အစည်းများအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို အသေအချာဆုပ်ကိုင်ပြီး၊ ကုန်လွန်ခဲ့တဲ့ နှစ်(၂၀)ကို နိဂုံးချုပ်ကာ ရှေ့အနာဂတ်ဝေးဝေးအထိ မျှော်ကြည့်ကြရမယ်လို့ယူဆပါတယ်။ အချိန်ကသိပ်မရှိတော့ ပါဘူး။
(တစည) က စိုးရိမ်နေတဲ့ “စစ်ပွဲတွေ၊ လူထုဆန္ဒပြပွဲတွေ” ဖြစ်လာနိုင်တဲ့ အလားအလာတွေက လည်း စိုးရိမ်လောက်အောင် တကယ်ကိုတည်ရှိနေတာပါ။

မှတ်ချက်။ ။ စာရေးသူ၏ ပုဂ္ဂလိကအတွေးအမြင်ယူဆချက် သုံးသပ်ချက်ဖြစ်ပါသည်။ (အယ်ဒီတာ)