Thursday, March 12, 2009

လက်မှတ်ထိုးနိုင်ကြပါတယ်

file
global signature campaign for the release of Burma’s political prisoners has been launched today, on Burma’s Human Rights Day. The campaign aims to collect 888,888 signatures before 24 May 2009, the legal date that Nobel Peace Prize winner Daw Aung San Suu Kyi should be released from house arrest. Over 150 Burma exile and solidarity groups are participating in the campaign. Events and activities will take place around the world, including in Bangkok, Chiang Mai, London, Dublin, New Delhi, Hong Kong, Manila, Seoul, Jakarta, Sydney, and Tokyo.

The petition calls on the UN Secretary General Ban Ki-moon to make it his personal priority to secure the release of all political prisoners in Burma, as the essential first step towards national reconciliation and democratization in the country. The target symbolises 8.8.88, the day the junta massacred some 3,000 people who courageously protested in Burma’s largest democracy uprising.
The global signature campaign will run from 13 March to 24 May.





ဒီမှာလက်မှတ်ထိုးနိုင်ကြပါတယ်

တာဝန်ရှိကယူရမည်

တာဝန်ရှိကယူရမည်

ရေမလာလို့မီးကပျက် နအဖအခက်၊

ထကြွကြလော့ခွပ်ဒေါင်းတွေ အချိန်အခါကျရောက်ပေ၊

နေရာအနှံ့သပိတ်မှောက် ငရွှေမြောင်းထဲအရောက်၊

ဘုန်းကြီးသတ်တဲ့အပုပ်ကောင် လဒမစားပေါင်၊


ဘုရားတည်လည်းမရနိုင် သံသရာကိုတိုင်၊

ကြိုင်ရွှေမပါအဆစ်ရ အဝေဇိမှာဂျိုးကပ်ဟ

ဂျိုးကပ်ဟ ဂျိုးကပ်ဟ။ ။

(ရဲရင့်ငယ်-ကိုဖုန်းမော်နှစ်ပတ်လည်နေ့)

်လွန်ခဲ့တဲ့၂၁နစ်ကပေါ့.......(ပုံပြင်မဟုတ်ပါ)



၁၂၀၃၂၀၀၉ ဒိုင်ယာရီ

မော်လမြိုင်ကျောင်းသားတွေရဲ့ မီးရရှိရေးလှုပ်ရှားမှုကို နအဖကကြောက်သွားပုံရတယ်။ အခုရန်ကုန်မြို့ မှာ မတ်လ ၁၁ ရက်နေ့ ညက စပြီး အလုံ၊ မင်္ဂလာဒုံ၊ သာကေတ မြို့ တွေမှာရှိတဲ့ ဓါတ်အားပေးရုံးတွေကို ရဲ လုံထိမ်း တွေအစောင့်ချလိုက်တယ်လို့ သတင်းရတယ်။ ရန်ကုန်မြို့ လည်ကောင်၊ မြို့ သစ်တွေနဲ့ ဆင်းရဲသားရပ်ကွက် တွေမှာသာ မီးမလာတာ နအဖ တွေ ဆောက်ထားတဲ့ ရပ်ကွက်တွေမှာတော့ မီးတွေ ထိန်ထိန်သာအောင်လာနေတယ်လို့ သိရတယ်။ ဒီရပ်ကွက်တွေမှာ လူတွေသိပ်မနေဘူး အစောင့်တွေပဲရှိတယ်လို့ သိရတယ်။ ဒီရပ်ကွက်တွေမှာနေတာက နအဖ နဲ့ ပတ်သက်နေတဲ့လူချမ်းသာတွေဖြစ်ပြီး သူတို့ က နိင်ငံခြားတွေမှာ သွားရောက်လုပ်ကိုင်နေကြတယ်လို့  ကျောင်းသားတဦးက ခုလိုရင်ဖွင့်သွားပါတယ်။
ဘယ်မှာမီးလာနေသလဲဆိုရင်သာကေတ တောင်ဒဂုံ ရတနာ..အိမ်ယာ..ဆိုတဲ့...ရာထူးကြီးကြီး..လူတွေကိုပေးထားတဲ့..အိမ်ယာမှာပေါ့..။ ဒါကြောင့်ပြောတာပေါ့အဲဒီက နေရာတွေကို သွားချရမှာ အဲ့ဒီနေရာမှာ..ဆောက်ထားတဲ့အိမ်တွေဆိုကောင်းမှကောင်း...၊ဒီကောင်တွေ...ရာထူး..လက်ရှိ..အချိန်မှာ..ရသမျှ..ခိုးပြီး၊အိမ်တေါကို..ရှယ်ဆောက်ထားတာ...။အဲ့ဒီရပ်ကွက်မှာလူမနေဘူး၊ အိမ်စောင့်ခြံစောင့်တွေလောက်ပဲရှိတာ။မာကျူရီမီးတွေနဲ့ ..ထိန်နေတာပဲ.။

file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


အမေရိကန်တွေ စီးပွားပျက်နေကြပုံ ဘာလဲ ဘယ်လဲ

ဒေ၀ါလီ သာဂိ
မတ် ၁၂၊ ၂၀၀၉
ဆောင်းပါးတွေ အရှိန်နဲ့ရေးတတ်တဲ့ သန်းစိုးလှိုင်က မြန်မာပြည်စီးပွားရေးအခြေအနေတို့ ဘာတို့ကို ရေးတယ်။ ပြီးတော့ ခင်ဗျားတို့ အမေရိကားကလူတွေ လက်တွေ့မှာ စီးပွားပျက်ကပ်ထဲ ဘယ်လိုကူးခတ်နေလဲ ဆိုတာကို ရေးဦးလေ … တဲ့။ ပြည်တွင်းက စာဖတ်သူတွေက ခင်ဗျားတို့ ဘယ်လိုများ စီးပွားပျက်နေကြသလဲဆိုတာ သိချင်တယ်တဲ့။ တဆိတ်ရှိ ခင်ဗျားတို့ဘ၀တွေက ဘ၀ပျက်နေတာတောင် ပင်လယ်ကမ်း သောင်ခြေမှာ အုန်းရည်စုတ်ရင်း ဂီတာတီးပြီး ငိုကြတဲ့ ရုပ်ရှင်တွေလိုပဲများလား လို့ မေးကြလွန်းလို့ပါ တဲ့။
အမေရိကားက သေဌေးတွေက စီးပွားပျက်တော့ ကိုယ့်ကိုယ်ကို သတ်သေတယ်။ စိတ်ကယောက်ကယက်တွေက လမ်းပေါ်ထွက်ပြီး မြင်မြင်ရာ သေနတ်နဲ့ ပစ်တယ်။ အရင်းရှင်ကြီးတွေက အလုပ်သမားတွေကို အလုပ်ဖြုတ်တယ်။ အလုပ်ပြုတ်တဲ့လူတွေက အစိုးရဆီက အလုပ်လက်မဲ့ ခံစားခွင့်တောင်းကြတယ်။ အစိုးရက စီးပွားရေး အားတိုးဆေးဖော်ပြီး တိုင်းပြည်ကို ပြန်တိုက်တယ်။ ဒါကတော့ သတင်းစာတွေထဲက ထင်ရှားတာတွေကို မြန်မြန် သရုပ်ဖော်ပြတာဖြစ်ပါတယ်။

အမေရိကန် စီးပွား ဘာလို့ ပျက်သလဲ
စစ်တိုက်လို့ လို့ တချို့ကပြောတယ်။ စစ်သုံးစာရိတ်က မနည်းဘူး။ စစ်ပစ္စည်းဖိုးအပြင် စစ်သား၊ အရန်စစ်သား၊ စစ်ပြန်၊ မိသားစု စတာတွေရဲ့ လစာတွေ၊ အထောက်အပံ့တွေက မနည်းဘူး။
ပြီးတော့ အိမ်ဈေးတွေ မတရားဖောင်းပွလွန်းလို့ အိမ်ခြံမြေ ပူပေါင်းကြီး ပေါက်သွားလို့ တဲ့။ အိမ်တွေက ဈေးတွေတင်၊ ပြီးတော့ မတတ်နိုင်တဲ့ မိသားစုတွေကို အတင်း ထိုးရောင်း၊ အတိုးနှုန်း မတန်မဆနဲ့ ငွေချေးစာချုပ်တွေနဲ့ သူတို့ကို အတင်းညှစ်ထုတ်။ အဲဒီမှာ အိမ်ခြံမြေဈေးကွက် ပျက်တာပဲ။
ဘဏ်တွေ ငွေကြေးလုပ်ငန်းတွေ လုပ်စားလို့တဲ့။ ဟုတ်တယ်။ လူတွေကို ငွေချေးပြီးတော့ အဲဒီချေးငွေတွေကို စတော့တွေ၊ ရှယ်ယာတွေအဖြစ် ပုံပြောင်း၊ အချင်းချင်း ပြန်လှည့်ရောင်း၊ အဆိပ်အတောက်ရှိတဲ့ ချေးငွေအရင်းအနှီးပေါ့ဗျာ။ အတိုးများများရမယ် ဘာညာပေါ့။ ၀ယ်ရောင်းတွေနဲ့ ရှုပ်နေချိန်မှာ အိမ်ဝယ်ထားသူတွေက မတတ်နိုင်တော့ အိမ်တွေကို အရှုံးခံပြီး လက်လွှတ်တော့ သူတို့စတော့တွေ ရှယ်ယာတွေ ပြုတ်ကျ။
အာမခံလုပ်ငန်းတွေ ပြုတ်ကုန်လို့တဲ့။ ငွေကြေးနဲ့ အရင်းအနှီးဈေးကွက်မှာ အရှုံးကို ကာမိအောင် အာမခံထားကြတော့ အဲဒီအရှုံးတွေကို အာမခံကုမ္မဏီတွေက ၀င်ခံပေးကြရတော့ သူတို့တွေရှုံးတော့ မလျော်နိုင်၊ အာမခံကုမ္မဏီကို အာမခံထားတဲ့ ကုမ္မဏီတွေပါ ထိခိုက်ကုန်ကြတာပေါ့။
ဒါတွေက မြင်သာတဲ့ အကြောင်းတွေကို တိုတိုတင်ပြတာပါ။ တချို့တွေက အမေရိကားမှာ ဘာမှ မထုတ်လုပ်တော့ဘူး။ အီးကုံးစက္ကူက အစ မိတ်အင်ချိုင်းနား ဖြစ်နေတော့ အဲဒါကလည်း ပြည်သူတွေကို အလုပ်အကိုင် အရင်းအနှီး ပြည်တွင်းမှာ ရှားပါးစေတယ်တဲ့။ အော် … အိမ်သာကမုတ်ကြီးတွေကတော့ မိတ်အင် ယူအက်အေတွေချည်းပဲ ရှိပါသေးတယ်။ လေးကလေးနဲ့။ ဒို့မြန်မာတွေ အိမ်ပြန်လက်ဆောင် မိတ်အင်ယူအက်စ်အေ ရှိသေးတဲ့အကြောင်း။ ပြီးတော့ စွမ်းအင်နဲ့ လောင်စာမှာ ပြည်ပကို အားကိုးလာရတာ။ ရေနံကို မှီခိုလွန်းတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အပြောပဲရှိပြီး အလုပ်နဲ့ စံမပြနိုင်တော့။ ကဲ တိုတိုပြောကြပါစို့။ သူတို့ အမေရိကန်တွေ စီးပွားပျက်ကုန်ကြတယ် ဆိုကြပါစို့။ အသုံးကကြီးတော့ အကြွေးပဲရှိတယ်။ စုဆောင်းထားတာလည်း မရှိဘူးတဲ့။ တရုတ်ပြည်ကြီးနဲ့ အာရှသားတွေဆီမှာ အရင်းအနှီးတွေ ပြောင်းရွှေ့ကုန်တယ်တဲ့။

တဦးချင်းဆီ စီးပွားပျက်ရင် ဘယ်လိုလုပ်ကြမှာလဲ
အလုပ်ပြုတ်တာက အဓိကပြသနာဖြစ်ပါတယ်။ အလုပ်ပြုတ်ရင် သူတို့မှာ လူမှုဖူလုံရေး ထောက်ပံ့ငွေကို အစိုးရဆီမှာ ၆ လကနေ ၁ နှစ် အထိ လျောက်ထားခံစားနိုင်ပါတယ်တဲ့။
အမေရိကန်က အလုပ်သမားတဦးမှာ လစဉ်လစာထဲကနေ ပင်စင်၊ လူမှုဖူလုံရေး၊ ကျန်းမာရေး၊ ကျန်းမာရေးအာမခံ၊ အစိုးရအခွန်နဲ့ ပြည်နယ်အခွန်တွေကို ကောက်ယူ သိမ်းဆည်းထားလေ့ရှိပါတယ်။ အဲဒီက လူမှုဖူလုံရေး (Social Security) နှင့် ကျန်းမာရေး (Medicare) က ရှေ့ကသွားနှင့်တဲ့ အနားယူသွားကြတဲ့ လူအိုတွေ၊ လူနာတွေကို ထောက်ပံ့ကူညီပေးတာ ဖြစ်ပါတယ်။ ပင်စင်ကတော့ သင့်စုငွေဖြစ်ပြီး ပင်စင်သွားရင် အတိုးနဲ့တကွ ထုတ်ယူခံစားခွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီပင်စင်စုငွေ (Retirement, 401 (K)) ကို သင့်ရွေးချယ်ရာ ဘဏ်၊ ငွေကြေးလုပ်ငန်းတွေက ထိန်းသိမ်းပြီး စတော့တွေ၊ ရှယ်ယာတွေမှာ မြုတ်နှံတိုးပွားအောင် စီမံပေးနေတယ် (လို့ ဆိုပါတယ်။)။ ကျန်းမာရေးအာမခံ (Medical Insurance) ကတော့ သင်နဲ့ သင့်မိသားစု ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးစာရိတ်ဖြစ်ပါတယ်။ (Federal & State Tax) အခွန်တွေကတော့ နိုင်ငံတော်နဲ့ ပြည်နယ်က သိမ်းယူပြီး သူတို့ အစိုးရနဲ့ ပြည်နယ်လုပ်ငန်းတွေမှာ သုံးပါတယ်။
သည်တော့ အခွန်ပုံမှန်ဆောင်တဲ့ လူတဦးက အစိုးရဆီက ပြည်နယ်ဆီက သူရဲ့ လူ့အခွင့်အရေးအဖြစ် (Unemployment Benefit) အလုပ်လက်မဲ့ ခံစားခွင့်ကို ထုတ်ယူခံစားခွင့်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမ ၆ လကနေ ဒုတိယ ၆ လ အထိ ခံစားခွင့်ရှိတယ်ဆိုတော့ တနှစ်အတွင်း အလုပ်ပြန်ရှာခွင့်ရတယ် လို့ ဆိုရမှာလို့ ဆိုပါတယ်။ ပြည်နယ်တခုနှင့်တခုတော့ မတူဘူးပေါ့ခင်ဗျာ။ အဲဒီ အလုပ်သမားဖူလုံရေးဌာနက ညွန်ကြားတဲ့အတိုင်း အလုပ်ရှာတာ၊ သင်တန်းလေး ဘာလေး တက်တာတွေကို လုပ်ပြနေရမှ ထောက်ပံ့ကြေးက ၀င်တာဖြစ်ပါတယ်တဲ့။
ချေးထားတဲ့ ငွေကြေးတွေ အားလုံးကို ဆိုင်ရာ အဖွဲ့အစည်းများနဲ့ တိုင်ပင်ပြီးတော့ ဆိုင်းသင့်တာ ဆိုင်း၊ လျော့ချသင့်တာ လျော့၊ လျော်သင့်တာ လျော်လို့ ရတယ်လို့လည်း ရတယ်လို့ပြောပါတယ်။ ထို့အတွက် အဲဒီ ကူညီတဲ့ အေဂျင်စီတွေကို အားမနာတမ်း ဆက်သွယ်မေးမြန်း အကူအညီတောင်းဖို့သာ လိုတာပါတဲ့။
အမေရိကန်က လစာနဲ့ မြန်မာပြည်က လစာ မတူတာက အဲဒီနေရာ ဖြစ်ပါတယ်။ အမေရိကန်က ငွေ ၁ ထောင် ၀င်ရင် အိမ်ကို ငွေ ၇၀၀ လောက်နဲ့ ပြန်ပါတယ်။ ငွေ ၃၀၀ ကို အစိုးရ၊ အနာဂတ်နဲ့ အာမခံလုပ်ငန်းတို့က ဖြတ်ယူလိုက်တာ ဖြစ်ပါတယ်။ ငွေ ၃၀၀ လောက်က အိမ်စာရိတ် ဖြစ်သွားတတ်ပြီး ကျန်တဲ့ ၃၀၀ နဲ့ သွားလာ၊ စားသောက်၊ ပျော်ရွှင်တာ ဖြစ်ပါသတဲ့။ အကြွေးကဒ်တွေနဲ့ ကြိုသုံးတာကိုလည်း လစဉ် ဆပ်နေပါသေးသတဲ့။ အဲ မြန်မာပြည်ကတော့ လစာ ၁၀၀၀ ရရင် အလုပ်သွားတဲ့ ဘတ်စကားခက ၃၀၀ လောက် ဖြစ်ပြီး၊ စားသောက်စာရိတ်က ၅၀၀ ဖြစ်ပါတယ်။ ကျန်တဲ့ ၂၀၀ က ဖယောင်းတိုင်နဲ့ မီးစက်ဓာတ်ဆီဖိုး ဖြစ်ပြီး အိမ်ကတော့ အဖေ၊ အမေနဲ့ ယောက္ခမအိမ်မှာ ကပ်နေလို့ မကုန်ပါဘူးတဲ့။ အင်း အဲလိုမဟုတ်ရင်လည်း “အခြားဝင်ငွေ”နဲ့ ဖြေရှင်းရတယ်လို့ ပြောကြပါတယ်ခင်ဗျာ။
အမေရိကန်တွေ တဦးချင်းစီ တမိသားစုချင်းစီ အလုပ်ပြုတ်ကြလို့၊ ကံဆိုးမိုးမှောင်ကျကြတဲ့ဆီမှာ သူတို့တွေ ဘ၀ပျက်ကြရတယ် ဆိုတာက ခုနင်က အထက်ကပြောသလို မလိုအပ်ပဲ အလွန်ဖောင်းပွထားတဲ့ အိမ်ကို အကြွေးနဲ့ ၀ယ်မိထားတာ၊ မော်တော်ကားအကြွေး ၂ စီး ၃ စီး လောက် ပိနေတာ။ သားသမီးတွေက တက္ကသိုလ်၊ ကျောင်းစာရိတ်တွေ ပိနေတာတွေကြောင့် ဖြစ်ပါတယ်လို့ တချို့က ဆိုကြပါတယ်။ အခြားအသုံးစာရိတ်တွေ ပိနေတာတွေလည်း ရှိတယ်လို့ ပြောကြပါတယ်။
ပြီးတော့ အိုစာမင်းစာအတွက် ၀ယ်ယူ စုဆောင်းထားတဲ့ အသက်အာမခံတို့၊ စတော့တို့ ရှယ်ယာတို့၊ ရင်းနှီးတာတွေ ဈေးပြုတ်ကျကုန်လို့၊ အဲဒီအေးဂျင့်တွေ ကုမ္မဏီတွေ စီးပွားပျက်ကုန်လို့ဆိုရင်တော့ တပူပေါ် နှစ်ပူ ဆင့်တာပေါ့ခင်ဗျာ။ စုထားသမျှတွေ အရေးပေါ်ထုတ်သုံးဖို့အတွက် မကျန်တော့ရင်တော့ ဒုက္ခပေါ့။ ပြန်စစ်ကြည့်ကြပါဦးဗျို့။

ဘယ်လို ဖြတ်သန်းကြမှာလဲ
အလုပ်ရှင်ကလည်း လုပ်ငန်းအရှုံးပြနေချိန်၊ သို့မဟုတ် မပြုတ်ခင်မှာ အလုပ်သမားတွေကို အလုပ်ဖြုတ်တော့တာပါပဲ။ (ဒီနေရာမှာ အမေရိကန်အစိုးရရဲ့ စီးပွားရေး အားတိုးဆေးမြီတိုကြီးကို မပြောသေးပါဘူး)။ အလုပ်သမားတွေ မိသားစုတွေကလည်း အလုပ်မပြုတ်ခင်နဲ့ အလုပ်ပြုတ်ချိန်မှာ အသုံးစာရိတ်တွေကို အကြီးအကျယ် လျော့ချလိုက်တော့တာပါပဲ။ စိစစ်ချွေတာလိုက်တော့တာပါပဲ။ အဲသည်မှာ လုပ်ငန်းတွေလည်း ၀င်ငွေတွေ ကျဆင်းကုန်ပြီး အရှုံးနဲ့ ရင်ဆိုင်ကြလို့ လုပ်ငန်းတွေ ပြုတ်ကုန်ကြတော့တာပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်နယ်ကလည်း အခွန်ဝင်ငွေတွေနဲ့ ရပ်တည်နေရတော့ အခွန်တိုးတာ၊ သူတို့ရဲ့ ပညာရေး၊ အစိုးရ အဆောက်အအုံစာရိတ်တွေကို လျော့ချတော့တာပါပဲ။ ဂျာအေးသူ့အမေရိုက်ပေါ့ခင်ဗျာ။ စီးပွားက ပျက်သထက်ပျက်၊ ညဥ့်နက်ထက် နက်ကုန်ပြီပေါ့။
တကယ်ကတော့ စီးပွားရေး ကျမ်းဂန်များအဆိုအရ စာရိတ်တွေ အသုံးတွေ ဈေးနှုန်းတွေ အကြီးအကျယ် ဖောင်းပွ မြင့်တက်နေလို့ စီးပွားရေးကျလာပြီဆိုရင်ဖြင့် အဲသည် ဈေးနှုန်းတွေလည်း ကျဆင်းဖို့ အချိန်ကို ရောက်လာရမယ်လို့ ဆိုပါတယ်။
၎ သိန်းတန် လုပ်ငန်းက ၄ ထောင်တန် အလုပ်သမားကို ဖြုတ်လိုက်ပေမယ့် သူ့ရောင်းနေတဲ့ ပစ္စည်းကို တခု ၄၀၀ ကနေ မလျော့သေးပဲ ဆက်ရောင်းနေဦးမယ် ဆိုရင်တော့ ဒါက တရားတဲ့ အလုပ်မဟုတ်ပါဘူးတဲ့။ သူ့ ၄၀၀ တန် ပစ္စည်းကိုလည်း ၃၀၀ လောက်နဲ့ ချရောင်းဖို့ ဆက်လက် ဆောင်ရွက်ရမှာပါတဲ့။ ဒါမှသာ လုပ်ငန်းစာရိတ်လည်း ကျ၊ သူ့ပစ္စည်းဈေးလည်း ကျပြီး ကျဈေးနဲ့ ရောင်းတဲ့ ပစ္စည်းကို ပြန်ဝယ်လာနိုင်တဲ့ ဦးမော့မှု ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်တဲ့။
မြန်မာပြည်ကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က လဘက်ရည် ၁ ခွက် ၁ ကျပ်က အခု ၂၀၀ လောက် အဖြစ် မြင့်တက်လာပါတယ်။ ဆက်လက်ပြီးလည်း မြင့်တက်လျက် ရှိပါတယ်။ လစာကတော့ တိုးလာတယ် မရှိ၊ တန့်နေတာများပါတယ်။ မတိုးရဲဘူးတဲ့ လစာတိုးသံကြားရင် စီးပွားရေးလုပ်ငန်းတွေက ဈေးတွေ တင်လွန်းလို့တဲ့။ ဖြစ်ပုံ။
ခုချိန်မှာတော့ စားသုံးသူတွေက သူတို့ရဲ့ ဖောင်းပွတဲ့ အသုံးစာရိတ်တွေကို စိစစ်လိုက်ပါပြီ။ ကော်ဖီတခွက် ၁ ဒေါ်လာ ၆၅ ပြားကနေ ၁ ဒေါ်လာတန် ကော်ဖီ ပြောင်းသောက်နေကြပါပြီ။ ရိပ်မိတဲ့ လုပ်ငန်းရှင်တွေကတော့ သူတို့ ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ နည်းပညာကို ဈေးချပေးရတော့မှာကို သဘောပေါက်တော့မှာ ဖြစ်ပါတယ်။ စောင့်ကြည့်ကြဖို့သာ ရှိပါတယ်။

စီးပွားပျက်ကပ် ကူးစက်ရောဂါလား
ဟုတ်ပါတယ်တဲ့။ အခု သာဂိရှင်းပြတာက လြူပိန်းတွေအတွက် ရေးထားတဲ့ ဆောင်းပါးတွေကို ဖတ်ပြီးတော့ ရှိတဲ့ဉာဏ် ၂ ပြားဖိုးလောက်နဲ့ ရှင်းတာဖြစ်ပါတယ်။ သာဂိတို့က ဒေ၀ါလီသာဂိဆိုတော့ မာမာပဲလို့ ထင်ကြမယ်။ မာတော့ မမာဘူး။ လန့်လန့်ပဲဗျ။ စီးပွားပျက်ကပ်က ကူးစက်တတ်တယ်။ လန့်ပြီးတော့လည်း လူတွေ၊ လုပ်ငန်းတွေ နိုင်ငံတွေက ကျဆုံးတတ်တယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆန်ဖရန်စစ္စကိုမှာ ကယ်လီဖိုးနီးယားဘာဆိုလား ဘဏ်တခုရှိဖူးတယ်။ အာရှသားတွေရဲ့ ဖောက်သည်ကြီး။ အဲသည်မှာ အဲဒီဘဏ်တွေ အရှုံးပြနေပြီ ဘာညာဆိုပြီး ကောလဟလထွက်လာလိုက်တာ။ အာရှသားတွေက အထူးသဖြင့် ထိတ်လန့် ပြာယာခတ်ပြီး ငွေတွေ ပြန်ထုတ်ကြတော့တာပဲတဲ့။ ဘဏ်ကော၊ ပြည်နယ်ကကော၊ အစိုးရ ကိုယ်တိုင်ကကော ၀င်ပြီး ဘယ်လိုရှင်းရှင်း မရဘူးတဲ့။ ဒီဘဏ်က အာမခံထားတဲ့ဘဏ်၊ ရှုံးရင်တောင်မှ အာမခံကုမ္မဏီက ၀င်ရှင်းမှာ၊ မရှင်းနိုင်ရင် အစိုးရက ရှင်းပေးမှာလို့ ဘယ်လိုပြောပြော အာရှသားတွေက လက်မခံဘဲနဲ့ အဲဒီဘဏ်တွေရှေ့မှာ နေ့နေ့ ညည တန်းစီးပြီး ငွေပြန်ထုတ်လိုက်ကြတာ လမ်းပေါ်မှာ လူတန်းရှည်ကြီးနဲ့ ရဲတောင် ခေါ်ရသတဲ့။ အဲဒါနဲ့ အဲဒီဘဏ်လည်း ပြုတ်သွားလေရော တဲ့။
အခုအချိန်မှာ စီးပွားပျက်ကပ်ဆိုတဲ့အသံဟာ တော်လဲသံလို တချို့လူတွေကို လိပ်ပြာလွင့်စေပါတယ်။ အဲဒီရဲ့ အဆိုးဂယက်ကို ကာကွယ်နိုင်ဖို့၊ ကာပြန်နိုင်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက သတိကြီးစွာနဲ့ စီးပွားရေးအားတိုးဆေးကြီးကို ဖော်ပြီး တိုင်းပြည်ကို တိုက်ဖို့ လုပ်နေကြတာဖြစ်ပါတယ်။
ဒေ၀ါလီသာဂိဆိုတဲ့ ကလောင်နံမယ်ကတော့ မြန်မာပီပီ ယတြာချေတဲ့အနေနဲ့ ကျိန်းကျေအောင် အစီအမံလုပ်ပြီး အမြော်အမြင်နဲ့ ပေးတဲ့နံမယ်ဖြစ်ပါတယ်။ အမေရိကန်တွေနဲ့ သူတို့အစိုးရက သာဂိတို့လို ယတြာတွေ၊ ဗေဒင်တွေ၊ ဘိုးတော်တွေ၊ ဘာတွေ ညာတွေ အယုံအကြည်မရှိတာ သိပ်ဆိုးတာပဲ။ အခုလို စီးပွားပျက်နေချိန်မှာ သူတို့တတွေ ဒါမျိုးအစီအမံတွေ မလုပ်ကြတာကလေး တခုပဲ လိုနေတယ်လို့ ဟိုလူကြီး အိုဘားမားကို ပြောအုံးမှနဲ့ တူပါရဲ့။ အော် … အမေရိကန်မှာ ကြက်ဆူပင် စိုက်ဖို့များ လိုနေသလားလို့ မေးကြည့်အုံးမှ …

အဖေလျှောက်တဲ့ လမ်းပေါ်က သမီး


မဝေနှင်းပွင့်သုန်
Thursday, 12 March 2009 17:56 ဧရာဝတီ
မဝေနှင်းပွင့်သုန်သည် လက်ရှိ လွိုင်ကော် ထောင်၌ အကျဉ်းချခံ နေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေး၏ သမီးကြီးဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန် မြို့တွင် စီးပွားရေးပညာ သင်ယူလျှက် ရှိသည်။ ၎င်းသည် နိုင်ငံရေးနှင့် စီးပွားရေးပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန် လျှောက်ထားဆဲ ဖြစ်ပြီး ဖခင်ဖြစ်သူ ဦးမြအေး အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် တတပ်တအား ပါဝင် ဆောင်ရွက် နေသူ တဦးလည်း ဖြစ်သည်။ အသက် ၂၀ ရှိပြီ ဖြစ်သော မဝေနှင်းပွင့်သုန်သည် “လန်ဒန် အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့” (Burma Campaign UK) ၌ လှုပ်ရှားမှု တာဝန်ခံ တဦးအဖြစ် ဆောင်ရွက်လျှက်ရှိသည်။ သူ့ဖခင် ဦးမြအေးမှာ ၂၀၀၇ ခုနှစ် သြဂုတ်လက လောင်စာဆီဈေးနှုန်းများ တိုးမြှင့်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သဖြင့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ အပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့်အတူ အဖမ်းခံ ခဲ့ရသည်။ ၎င်းအဖမ်းခံရစဉ် ဇနီးသည်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ဖခင်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား တဦး ဖြစ်နေသော မဝေနှင်းပွင့်သုန်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ဘဝမှာ အဖေဆိုတာကို ဘယ်အချိန်မှာ မှတ်မှတ်ရရ စသိခဲ့ပါသလဲ။

ဖြေ။ ။ သမီးအဖေက သမီး ၅ လ အရွယ်ကတည်းက ၁၉၈၈ အရေးအခင်းကြောင့်ဆိုပြီးတော့ ထောင် ၈ နှစ် ကျသွားတယ်။ သမီးဘဝမှာ အဖေ့ကို ၄ နှစ် အရွယ်ကျမှ ပထမဆုံး ပြန်တွေ့ရတာရှင့်။ ဒီကြား ထဲမှာတော့ သမီးအမေက ဓာတ်ပုံပြပြီး “ဒါ နင့်အဖေ။ ဒယ်ဒီလို့ခေါ်” ဆိုပြီး အမြဲတမ်းသင်ပေးလို့သာ သမီးရဲ့ နှလုံးသားထဲမှာ ဒါ အဖေဆိုပြီးတော့ သိခဲ့ရတာ။ မျက်နှာချင်းဆိုင် တွေ့ရတာတော့ သမီး ၄ နှစ် ကျမှ၊ အဲဒါကလည်း အဖေက သံတိုင်ကြားထဲမှာ ဆိုတော့ သမီးတို့နှစ်ယောက်က လက်ချောင်းလေးတွေ ထိတာကလွဲရင် အဖေ့ကို သမီးကဖက်လို့ မရခဲ့ဘူး။ အဖေကလည်း သမီးကို ဖက်လို့ မရခဲ့ဘူး။ သမီး ၈ နှစ် အရွယ်ကျမှ အဖေ့ကိုသေချာ ပြန်တွေ့ရတာပါရှင့်။

မေး။ ။ အဖေက နိုင်ငံရေးသမားဆိုတာ ဘယ်အချိန်မှာ စ သိတာလဲ။

ဖြေ။ ။ ၄ နှစ်သမီးအရွယ်တုန်းက အမေက အင်းစိန်ထောင်ကို ခေါ်သွားတုန်းကတော့ အဖေ့ကို တွေ့မယ်ဆိုတာပဲ သိတယ်။ ဒီလိုနေရာမျိုးကို သွားရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အရမ်းကို ထူးဆန်းနေတယ်။ ဒါပေမယ့်လည်း အမေရှင်းပြတာတွေ အားလုံးသိခဲ့ရပြီးတဲ့ နောက်ပိုင်း သမီး အဖေ့ကို အရမ်းလေးစားတယ်။ ဘဝကို ပေးဆပ်ပြီးလုပ်ခဲ့တဲ့ အဖေ့ကိုသနားတယ်။

ထောင်က ထွက်လာတဲ့ နောက်ပိုင်း အဖေက နိုင်ငံရေးကို ဆက်လုပ်တယ်။ ၂၀၀၄ ခုနှစ်မှာ .. နိုင်ငံရေး အကျဉ်းသားတွေ ထွက်လာတဲ့ အချိန်ဆိုတော့ “ ၈၈ မျိုးဆက် ကျောင်းသား အုပ်စု” ဆိုပြီး ပြန်ဖွဲ့ပြီးတော့ လုပ်တယ်။ အဲဒီအချိန်မှာလည်း သမီးအဖေ ဘယ်အချိန် လာဖမ်းခံထိမလဲ ဆိုပြီးတော့ စိတ်ပူခဲ့ရတယ်။

၂၀၀၅ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲအောင်တော့ တက္ကသိုလ်တက်ဖို့ လျှောက်တယ်။ ဒါပေမယ့် သမီးလိုချင်တဲ့ ဘာသာရပ်ကို မရခဲ့ဘူး။ ဆိုတော့ သမီးအဖေနဲ့ သမီး မိသားစုက သမီးပညာရေး ကောင်းစားဖို့အတွက် ဆိုပြီး နိုင်ငံခြားမှာ ပညာသင်ဖို့လွှတ်ခဲ့တယ်။ သမီးအဖေကို နောက်ဆုံးအကြိမ်နဲ့ မြင်ခဲ့ရတာ လွန်ခဲ့တဲ့ ၂ နှစ်ကပေါ့။ လန်ဒန် ရောက်လာတဲ့ အထိ အဖေနိုင်ငံရေး ဆက်လုပ်နေတယ် ဆိုတာကို သိတယ်။

အဖေ ပြန်အဖမ်းခံထိတဲ့ ၂၀၀၇၊ သြဂုတ်လ ၂၂ ရက်နေ့ မနက်မှာ အဖေနဲ့ စကားပြောလိုက်ရတယ်။ အဖေလုပ်နေတာ အဆင်ပြေရဲ့လား … ။့ အဖေလုပ်နေတာတွေကို သမီး အရမ်းအားကျတယ်။ လူတွေ အများကြီး အဖေတို့ အဖွဲ့ကိုအားပေးတယ် .. ။ ဒါပေမယ့် နည်နည်းတော့ ဂရုစိုက်ဦး လို့ ပြောတော့ အဖေကပြန်ပြောတယ် “ငါတို့နိုင်ငံတော်ကြီး ပြောင်းလဲဖို့ နီးလာပါပြီ ဘာမှမဖြစ်ပါဘူး” တဲ့။ ညလည်း ရောက်ရော သမီးကို လူတွေက ဖုန်းဆက်တယ် နင့်အဖေပါသွားပြီ ဆိုပြီးတော့။

မယုံနိုင်ဘူး။ သမီးပြန်ပြောတယ် “မဟုတ်ပါဘူး ဒီနေ့မနက်ပဲ ဖုန်းပြောလိုက်ရသေးတယ်” လို့။ ဒါပေမယ့် ကြားလိုက်တဲ့ အချိန်မှာတော့ ဘာလုပ်ရမှန်းကို မသိဘူး။ အရမ်းကို shock ဖြစ်ပြီးတော့ တော်တော်ကို စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့်လည်း မျှော်လင့်ခဲ့ပြီးသား။ အဖေကလည်း မျှော်လင့်ထားဖို့ ပြောခဲ့ တယ်။ ဒါကြောင့် ကိုယ့်ဟာကိုယ် စိတ်ကိုပြန်တင်းပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နိုင်တယ်။

သမီးက ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလမှာ ရန်ကုန်ကနေ လန်ဒန် ရောက်ပါတယ်။ သမီးအဖေက အခု လောလောဆယ် ထောင်ထဲမှာ ၆၅ နှစ်ကျခံနေရတယ် ဆိုတော့ သမီးအဖေလွတ်မြောက်ဖို့ အပါအဝင် တခြားနိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ကို သမီးတတ်နိုင်သလောက် တစိတ်တပိုင်း ပါဝင်ကူညီ ဆောင်ရွက်နေပါတယ်။ ကိုယ့်ကိုယ်ကို တာဝန်ပေးထားတာကတော့ သမီးအဖေ လွတ်မြောက်ဖို့နဲ့ မြန်မာနိုင်ငံသား အားလုံး လွတ်မြောက်ဖို့ပါ။

မေး။ ။ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု လုပ်မယ် ဆိုတဲ့ အပေါ်မှာကော ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ သမီးအနေနဲ့ကတော့ လူတိုင်းက ဒီနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့အတွက် တတ်နိုင်သမျှ တစိတ်တပိုင်း ပါဝင်ဆောင်ရွက် နေတာတွေ့တော့ အရမ်းဝမ်းသာတယ်။ ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့သလို “နိုင်ငံတော် ပြောင်းလဲမှုကို လိုချင်တယ်ဆိုရင် နိုင်ငံရေးသမား အားလုံးကို အရင်လွှတ်ပေးမှ ရမယ်။ နိုင်ငံရေးသမား အားလုံး လွတ်မြောက်မှသာ နိုင်ငံတော်ပြောင်းလဲမှုရဲ့ အဆင့် ၁ ဆိုတာ ဖြစ်လာ မယ်” ဆိုတဲ့ အတိုင်းပဲ။ အဲဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသား အားလုံး နှိပ်စက်ညှဉ်းပန်း ခံနေရတာက လွတ်မြောက်ပြီး သူတို့ဘဝရဲ့ ယုံကြည်ချက်တွေကို ဆောင်ရွက်လို့ရအောင် သမီးတို့လည်း ကူညီဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်ရှင့်။

မေး။ ။ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ် ဆိုတာကို ဘယ်လို နားလည်ခဲ့လဲ။

ဖြေ။ ။ သမီး ဘဝမှာ အဖေဘာလို့ နိုင်ငံရေးလုပ်တယ်ဆိုတာရယ်၊ အဖေ နိုင်ငံရေး လုပ်ရတာဟာ သမီးတို့မြန်မာ လူမျိုးတွေ နှိပ်စက်ညှဉ်းပမ်း ခံနေရလို့ ဆိုတာရယ်၊ ဒီအစိုးရက ဘယ်လောက်ထိ ရက်စက် တယ် ဆိုတာရယ်ကို သိခဲ့တယ်။ ပြီးတော့ ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးကိုကိုကြီး တို့ရဲ့ စကားတွေအရ သူတို့လိုချင်တာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အဲလောက်ကို သမီးသိခဲ့တယ်။ ဒါပေမယ့် လူ့အခွင့်အရေး ဆိုတာကို ကိုယ်တိုင်မခံစားခဲ့ရတော့ ဘာကို ဆိုလိုချင်မှန်း မသိခဲ့ဘူး။

ဒီနိုင်ငံ ရောက်လာတဲ့ခါကျတော့ လူ့အခွင့်အရေး ဆိုတာကိုမြင်လိုက်ရတယ်။ လူ့အခွင့်အရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် ဆိုတာသိလာတယ်။ ဥပမာ - ဒီက ကျောင်းသား တွေဆိုရင် ကိုယ်သင်ချင်တာ သင်ခွင့် ရတယ်။ ကျောင်းသားဆိုတာ အသစ်အဆန်း တွေကိုလေ့လာချင်တယ်၊ ကိုယ်ယုံကြည်ရာကို လုပ်ချင်တယ်။ ဒါပေမယ့် ရန်ကုန်မှာ ကျောင်းသားဆိုတာက ကျောင်းဝန်းထဲ ဝင်လိုက်တာနဲ့ တကယ့် ထောင်အသေးလေး ထဲ ဝင်လိုက်ရသလိုပဲ။ စာကြည့်တိုက်မှာ ဘာမှမရှိဘူး၊ စာသင်ခန်းတွေဆို ပစ္စည်း အလုံအလောက်မရှိဘူး။
ကွန်ပျူတာလည်း မရှိဘူး။

မြန်မာနိုင်ငံသားတွေက ထောင်ထဲမှာ နေရမှ အကျဉ်းသား မဟုတ်ဘူး။ မြန်မာနိုင်ငံထဲမှာ နေရတာကိုက ထောင်ကျနေသလိုပဲ။ ဥပမာ - သူတို့ဖတ်ချင်တဲ့ စာအုပ်၊ သူတို့သုံးချင်တဲ့ အင်တာနက်၊ သူတို့ ယုံကြည် ရာတွေ ဘယ်လိုမှ လုပ်လို့မရဘူး။ မြန်မာနိုင်ငံသား တွေက အကျဉ်းထောင် ကျနေသလို ဖြစ်နေတယ်။ လူ့ အခွင့် အရေးဆိုတာ မြန်မာနိုင်ငံမှာ လုံးဝ မရှိတဲ့အတွက် သမီး ကြားဖူးခဲ့ပေမယ့်လည်း မခံစားခဲ့ရတော့ အဲဒီအရသာကို မသိခဲ့ဘူး။

မေး။ ။ အဖေက နိုင်ငံရေးသမား တယောက်ဆိုတော့ အထက်တန်း ကျောင်းသား ဘဝမှာ သူငယ်ချင်း အပေါင်း အသင်းတွေက ခွဲခြားဆက်ဆံတာမျိုး ရှိလား။ ဘယ်လို ဖြတ်သန်းခဲ့လဲ။

ဖြေ။ ။ ကျောင်းသား ဘဝမှာတုန်းက သမီးရဲ့ အဖေက နိုင်ငံရေးသမား ဆိုတာကို မသိကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သမီးအနေနဲ့လည်း ထုတ်ပြောလို့မရဘူး။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေက နိုင်ငံရေး အကျဉ်းသား ဆိုတာကို နားမလည်ဘူး။ ကြီးလာလို့ ရှင်းပြတော့လည်း သူတို့က လက်မခံချင်ဘူး။ လက်မခံဘူးဆိုတာ “နင့်ကိုတော့ ငါနားလည်တယ်။ နင့်အဖေကိုလည်း ငါလေးစားပါတယ်။ ဒါပေမယ့် ငါတို့ကိုတော့ မပြောပါနဲ့။ ငါတို့ မိဘတွေမှာလည်း စီးပွားရေးက ရှိသေးတယ်။ ငါတို့ဒါတွေ ဝင်မပါချင်ဘူး၊ ဒုက္ခရောက်လိမ့်မယ် ဆိုတာမျိုး သူတို့က တားဆီးတော့ ကိုယ့်မှာက သူငယ်ချင်းဆိုတာကို ဘောင် အကန့်အသတ် နဲ့ပဲ စကားပြောရတယ်။ သမီးမှာ တကယ်သူငယ်ချင်းလို့ ပြောလို့ရတာက အဖေရှိမယ်၊ ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးကိုကိုကြီး သူတို့တွေပဲ။ သူတို့အားလုံးဆီက နေပြီး သမီး ဗဟုသုတတွေရတယ်။ စကားပြောဖော် ရှိခဲ့တာဆိုလို့ သူတို့ အဖွဲ့ပဲ ရှိခဲ့တယ်ရှင့်။

သူတို့ မရှိတဲ့ အချိန်မှာတော့ အိမ်မှာ အမေနဲ့နေတယ်။ စာကြည့်ချိန်ကြည့်တယ်။ အပြင်လည်း သိပ်မထွက် ဖြစ်ဘူး။ သမီးတယောက်တည်း စာရေးပြီးဆော့တယ်။ သမီးငယ်ဘဝမှာလည်း သူငယ်ချင်း အများကြီးတော့ မရှိခဲ့ဘူး။

မေး။ ။ တခြား ဘာတွေများ ပြောစရာ ရှိသေးလဲ။

ဖြေ။ ။ အဖေ လွတ်မြောက်ရေး အတွက်ကော အားလုံးလွတ်မြောက်ရေး အတွက်ပါ တတ်နိုင်သလောက် သမီး ကြိုးစားလုပ်နေပါတယ်။ သမီးဘယ်တော့မှ အလျှော့မပေးဘူး။ သမီး ပြောချင်တာကတော့ ဗုဒ္ဓဘုရား ဟောခဲ့သလိုပဲ အရာအားလုံးဟာ တနေရာတည်းမှာတော့ မတည်မြဲနေဘူး။ အားလုံးကတော့ ပြောင်းလဲ သွားရမှာပဲ။ ပြောင်းလဲသွားတဲ့ အချိန်ကျရင် သမီးတို့တွေက ပျော်ပျော်ရွှင်ရွှင်နဲ့ နေရမယ်။ အဲဒီအခါကျရင် ခံရတဲ့ သူတွေက ခံရမှာပဲ။ လူတယောက်ဟာ အမြင့်မှာ အမြဲတမ်းတော့ ရပ်နေရမှာမဟုတ်ဘူး ဆိုတာပဲ သမီးပြောချင်ပါတယ်။ ။