Friday, March 13, 2009

၁၃၀၃၂၀၀၉သတင်းနှင့်ဆောင်းပါးများ

ရောမမြို့ ကြီးမီးဟုန်းဟုန်းတောက်နေတဲ့ အချိန် မှာ ရောမဘုရင်ကြီး နီရိုး က တယောထိုးကောင်းနေတုန်း ဆိုတဲ့ သမိုင်းရာဇ၀င်ထဲက ပုံပြင်လိုပဲ ၊ မြန်မာပြည်ကြီး မှာ နားဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် သန်းနဲ့ ချီတဲ့ပြည်သူတွေ ဒုက္ခအတိရောက်နေချိန်၊၊ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး ကြောင့် မြန်မာပြည်သူတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေချိန်၊ ကမ္ဘာမှာ အဆင်းရဲဆုံးနဲ့ အစာရေစာငတ်မွတ်နေမှုကြောင့် နိုင်ငံတကာ က အကူအညီတွေကို သူတောင်းစားလို တောင်းခံနေရတဲ့အချိန်၊ မြန်မာပြည်မြို့ ကြီးတွေ မှာ မီးမလာလို့ အမှောင်ဖုန်းလွှမ်းနေတဲ့အချိန်၊ မြန်မာပြည်သူတွေဟာ သန်းနဲ့ချီ ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည် ဖြစ်နေရတဲ့အချိန်၊ …..ဒီလို ဒီလို အချိန်မျိုးမှာတောင် ကြပ်ပြေးနေပြည်တော်က ဘုရင်ရှုး သန်းရွှေ ကတော့ ဥပ္ပါတသန္တိစေတီတော် ရတနာစိန်ဖူးတော် နှင့် ရတနာငှက် မြတ်နားတော် ကို မင်္ဂလာ ဝေါယာဉ် ဖြင့် ပင့်ဆောင်ပြီး လက်ယာရစ်တပတ် လှည့်လည်ပူဇော်နေလေရဲ့ ။
ပုလင်တူဖူးစို့ အိမ်ရှေ့စံ တွေလို ကိုယ့်ကိုယ် ကိုယ်ထင်မှတ်ပြီး ရှူးသွတ်နေကြတဲ့ စစ်ကြောင် မောင်အေး နဲ့ မောင်ရွှေမန်း ကလည်း ရွှေမန်းဇတ်သဘင်ထဲကလို စစ်ဝတ်စုံ အပြည့် နဲ့ နတ်ကတော် တွေလို မြန်မာပြည် ကို စစ်ကျွန်ပြုဖို့ ခေါင်းလောင်းထိုး မပြတ်၊ မောင်းထိုးမပြတ် ဆုတောင်းနေကြလေရဲ့ ။ အပ္ပယ် ငရဲ က သူတို့ကို ဆီးကြိုနေတယ် ဆိုတာ သူတို့ ကိုယ် သူတို့ သိနေကြပုံတူရဲ့ ။
နိုင်ငံတကာ ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံက ပြည်သူတွေအတွက် နေ့မအားညမအား အလုပ်လုပ်နေတဲ့ အချိန်၊ ပြည်သူတွေ ကို ငွေကြေးအကူအညီတွေပေး ဖို့ ကျိုးစားနေစဉ်မှာ တိုင်းပြည်ဘဏ္ဍာကို အလာဟသ သုံးစွဲနေတဲ့ စစ်ကြောင်တွေရဲ့ အောက်မှာ မြန်မာပြည်သူတွေ ကတော့ အမှောင်ထဲ မှာ ဘယ်လောက်တောင် ဆက်လက် ဒုက္ခတွေခံကြရ အုန်းမလဲမသိဘူး။

နိုင်ငံတကာ ကို သူတောင်းစားလိုတောင်း နေကြတဲ့ စစ်ကြောင် တွေကြောင့် မြန်မာပြည်သူတွေ လည်း ခေါင်းမဖော်ရဲအောင် သိက္ခာလုံးလုံး ကျနေရပြီ။ နိုင်ငံတကာ က ထပ်ကူမဲ့ ငွေကြေး ဟာ မြန်မာပြည်သူတွေဆီ မရောက်ပဲ၊ စစ်ကျွန်ပြု ခေါင်းလောင်းထိုးဆုတောင်းပွဲ အတွက်ပဲဖြစ်နေအုန်းမှာပါပဲ။

file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


၂၀၁၀ လွန်ကာလမှာ (နအဖ)စစ်အစိုးရအတွက် ပြဿနာတွေပိုများမယ်

Friday, 13 March 2009 15:24 တူမောင်ညို
အဆိုးမြင်လွန်းတယ်လို့ ပြောချင်လည်း ပြောကြပေတော့။ မြင်တဲ့အတိုင်း ရေးလိုက်ပြီ။

ပြဿနာအားလုံးကို ဖြေရှင်းနိုင်မယ့် သော့ချက်ဟာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့သာလျှင် ဖြစ်ပါတယ်။ ဒါပေမယ့် (နအဖ)စစ်အစိုးရဟာ ကမ်းလှမ်းအဆိုပြုမှုမှန်သမျှကို လစ်လျူရှုခဲ့ပြီး ငါ့မြင်းငါစိုင်းခဲ့လို့ တည်ရှိဆဲပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင် နောက်ထပ်ပြဿနာသစ်တွေကိုလည်း ထပ်မံ ဖန်တီးနေပြန်ပါတယ်။

ဒါပေမယ့် ပြည်တွင်းပြည်ပ ကလူတချို့က ထင်ယောင်မှားပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ရင် (နအဖ)စစ်အစိုးရအနေနဲ့ ပန်းပန်နိုင်ပြီ၊ ပြည်တွင်းပြည်ပအတိုက်အခံတွေတော့ နိဂုံးချုပ်တော့မယ်လို့ ထင်နေကြပါတယ်။ ဒါကြောင့် “ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြရမယ်”ဆိုတဲ့ အာဘော်ကို ဖန်တီးလာပါတယ်။

ဒီလိုဝင်သွားကြမယ့်သူတွေဟာ ဂုဏ်သိက္ခာပျက်ယွင်းပြီး (ပြည်သူလူထုက ရွံရှာမုန်းတီးပြီး) အနာဂတ်လည်း ပျောက်ဆုံးသွားပါလိမ့်မယ်။

၂၀၁၀ ရွေးကောက်ပွဲလွန်ကာလ ဖြစ်နိုင်ခြေများ

အောက်ပါပြဿနာ (၃) မျိုး ဖြစ်ရန် အလားအလာရှိနေပါတယ်။
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာများ
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ယူဆောင်ဖန်တီးလာမည့် ပြဿနာများ
၃။ လက်ရှိကမ္ဘာ့စီးပွားရေးကပ်ကြောင့် တနွယ်ငင်တစင်ပါ သက်ရောက်လာမည့် ပြဿနာရပ်များ

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာများ
- ၁၉၉၀ ပြည့်ရွေးကောက်ပွဲပြဿနာ
- အပစ်ရပ်တိုင်းရင်းသားများ၏ တည်ရှိမှုနှင့်ဆိုင်သော ပြဿနာများ

အထက်ပါပြဿနာများကို (န၀တ)လက်ထက်မှာ မဖြေရှင်းနိုင်ခဲ့သလို (နအဖ)လက်ထက်မှာလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

ဒီပြဿနာတွေကိုမဖြေရှင်းနိုင်ခဲ့တဲ့အပြင် စစ်အုပ်စုအတွင်းပဋိပက္ခတွေကို ပိုမိုပြင်းထန် သည်းသန်လာစေခဲ့ပါတော့တယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ရာထူးက အနားပေးလိုက်ရတာ၊ မူလ (နဝတ)အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ စသူတွေကို အစုလိုက်အပြုံလိုက် အနားပေးလိုက်ရပါတယ်။ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦး ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရပါတယ်။ စစ်အုပ်စုရဲ့ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေဝင်း မိသားစုအဝန်းဝိုင်းနဲ့ အရာရှိတချို့ရဲ့ အာဏာသိမ်းပိုက်ရန် လှုပ်ရှားပေါ်ပေါက်ခဲ့တာ၊ နောက်ဆုံးမှာတော့ ဗိုလ်ခင်ညွန့်နဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကြီးကို ဖယ်ရှားဖျက်သိမ်းလိုက်ရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီလာခံကို ၁၉၉၅ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ မကျင်းပနိုင်ဘဲ ရပ်ဆိုင်းထားခဲ့ရတာ၊ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုကြီး ပေါ်ပေါက်ခဲ့တာတွေဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲပြဿနာကို မဖြေရှင်းနိုင်ရာကနေ ဆက်စပ်ဖြစ်ပွားလာခဲ့ရတဲ့ အကျိုးဆက်ပြဿနာများပဲ ဖြစ်ပါတယ်။

ဒီပြဿနာ ၂ ရပ်ကို (နအဖ)စစ်အစိုးရက ခပ်ကြမ်းကြမ်းသာ ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် (တစည)ပါတီက စိုးရိမ်နေတဲ့ လူထုအုံကြွမှုတွေ၊ ပြည်တွင်းစစ်အန္တရာယ်တွေကို မန်းမှုတ်ခေါ်ယူလိုက်သလို ဖြစ်ပါလိမ့်မယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးနိုင်တဲ့အပြင် နောက်ထပ် ဖိနှိပ်မှုနဲ့ ဖမ်းဆီးတွေ တသီကြီး ဖြစ်ပေါ်လာစရာ အလားအလာတွေ ရှိနေပါတယ်။

တကယ်တော့ (နအဖ) စစ်အစိုးရ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ သူတို့ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း ဆက်လက် ထင်ရာစိုင်းနေလေတော့ နောက်ထပ်ပြဿနာသစ်တွေကို ယူဆောင်ဖန်တီးနေသလို ဖြစ်နေပါတော့တယ်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ယူဆောင်ဖန်တီးလာမည့်ပြဿနာများ
- သမတနှင့် ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ရေးပြဿနာ
- နိုင်ငံရေးအားပြိုင်မှုများ
- လွှတ်တော်တွင်းတိုက်ပွဲများ

ဒီပြဿနာဟာ စစ်အုပ်စုအတွင်းမှာ ဖုံးကွယ်ထားလို့မရနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဘယ်သူသမတလုပ်ပြီး ဘယ်သူက ကာကွယ်ရေးဦးစီးချုပ်လုပ်မလဲ၊ ၂၅ % သော စစ်သားအမတ်တွေ ဘယ်သူတွေဖြစ်မလဲ၊ ဘယ်သူတွေက အဆိုပြုဆုံးဖြတ်မလဲ၊ အဲဒီလို ဆုံးဖြတ်နိုင်တဲ့အာဏာကို ဘယ်သူက ကိုင်ထားမလဲ၊ ဒါတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)က ယူဆောင်ဖန်တီးလာမယ့် ပြဿနာများအနက် အဓိကကျတဲ့ ပြဿနာတွေ ဖြစ်ဖွယ်ရှိပါတယ်။

ဒီအခြေခံဥပဒေ (၂၀၀၈) အာဏာတည်လာတဲ့အခါ တစ်တိုင်းတပြည်လုံးရဲ့ အာဏာမှန်သမျှကို ချုပ်ကိုင်ထားမယ့် အဖွဲ့အစည်းဟာ လွှတ်တော်မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (မကလ) ဖြစ်ပါတယ်။ သမတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ဘယ်လောက် အပေးအယူတည့်မလဲဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) က ယူဆောင်လာမယ့် ပြဿနာများရဲ့ မောင်းခလုတ်ပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာ ကာကွယ်ရေးဦးစီးချုပ်က အရာရာကို ဆုံးဖြတ်ချယ်လှယ်ထားတဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။ ကျနော်တို့က ဒါကြောင့် စစ်အာဏာရှင်စနစ် ထာဝစဉ် သက်ဆိုးရှည်ဖို့ ရေးဆွဲထားတဲ့ ဥပဒေလို့ အကဲဖြတ်ထားတာဖြစ်ပါတယ်။ ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြမယ်ဆိုရင် တစ်သက်လုံး ခေါင်းငုံ့သွားရဖို့ပဲ ရှိပါတယ်။

အခန်း (၁၀) နိုင်ငံရေးပါတီများဆိုတာမှာ ကြည့်ပါ။ ပုဒ်မ (၆) ခု ရှိပါတယ်။ ပုဒ်မ (၄၀၉) အရ နိုင်ငံရေးပါတီများ ဥပဒေ၊ ရွေးကောက်ပွဲဥပဒေ စတာတွေ ပြဌာန်းလာတဲ့အခါ နိုင်ငံရေးပါတီများရဲ့ အနေအထားဟာ ဘယ်လိုရှိလာမလဲဆိုတာ အသေအချာ တွက်ချက်နိုင်ပါလိမ့်မယ်။ မကြာခင် ဒီဥပဒေတွေ ပေါ်ထွက်လာပါတော့မယ်။

သေချာတာတော့ လှုပ်နိုင်မှာမဟုတ်ပါဘူး။ ဝါးလုံးခေါင်းထဲ ဝင်မိတဲ့ ကျွဲလိုပဲ ဖြစ်ပါလိမ့်မယ်။ “ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြရမယ်”လို့ ဆိုနေသူတွေ သတိပြုရမယ့်ကိစ္စဖြစ်ပါတယ်။

(၁၉၇၄) မဆလ အခြေခံဥပဒေမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တစ်ခုတည်းသော ပါတီဖြစ်သည်၊ နိုင်ငံတော်ကို ဦးဆောင်သည်လို့ လုပ်ခဲ့သလိုပဲ။ အခု (နအဖ)စစ်အစိုးရရဲ့ အခြေခံဥပဒေ (၂၀၀၈) ကလည်း ကာကွယ်ရေးဦးစီးချုပ်က အရာရာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါကို ပြေပြေပြစ်ပြစ်နဲ့ ကြည့်ကောင်းစေဖို့နဲ့ တုံးတိလည်းမဖြစ်၊ ဒဲ့ဒိုးလည်းမကျအောင် “အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းတွင် တပ်မတော်က ပါဝင်ရေး”ဆိုပြီး ရေးထားတာဖြစ်ပါတယ်။ အနှစ်သာရက ကာကွယ်ရေးဦးစီးချုပ်က အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်စနစ်ပဲ ဖြစ်ပါတယ်။ “ရတဲ့အပေါက်က ဝင်ကြ၊ ရတဲ့အပေါက်က ဝင်ကြရမယ်” ဆိုတာ စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။

၃။ လက်ရှိကမ္ဘာ့စီးပွားရေးကပ်ကြောင့် တနွယ်ငင်တစင်ပါ သက်ရောက်လာမည့် ပြဿနာရပ်များ
- စီးပွားရေး
- လူမှုရေး
- ပညာရေး
- ကျန်းမာရေးဆိုင်ရာ ပြဿနာများ

ကျနော်တို့တိုင်းပြည်ဟာ စိုက်ပျိုးရေးထွက်ကုန်နဲ့ မြေပေါ်အောက် ရေပေါ်ရေအောက် သယံဇာတ ရောင်းစားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

အဓိကကုန်သွယ်နေတာကလည်း အာစီယံထဲက ( စင်္ကာပူ၊ မလေးရှား၊ ထိုင်း) တို့နဲ့ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်တို့နဲ့ပဲ ဖြစ်ပါတယ်။ ဒီတိုင်းပြည်တွေဟာ လက်ရှိစီးပွားပျက်ကပ်ရဲ့ ဂယက်ကို ခံစားနေရပါပြီ။ ဒါရဲ့ ဆင့်ပွားဂယက်ကို ကျနော်တို့နိုင်ငံ ခံရမှာပါ။ အခု စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ မွေးမြူရေးနဲ့ ရေထွက်ကုန်ပစ္စည်းတွေ ဈေးကျပါတယ်။ ဒါပေမယ့် ထုတ်လုပ်ကုန်ကျစရိတ်က မကျပါဘူး။ ဒီတော့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေ နစ်နာပါတယ်။ ဒီတော့ ဘယ်သူမှ တိုးထုတ်ဖို့ စိတ်မကူးပါဘူး။ ကျနော်တို့ပို့ကုန်ဆိုတာ ပြည်ပပို့ကုန် ပဲမျိုးစုံတို့၊ ပုဇွန်သားငါးနဲ့ သဘာဝဓါတ်ငွေ့၊ ကျောက်မြက်ရတနာလောက် ရှိတာပါ။ စီးပွားပျက်ကပ် ကြုံနေရသူတွေက ဒါတွေကို သူတို့နိုင်ငံတွေက အခု ဝယ်ဖို့ စိတ်မဝင်စားပါဘူး။

ပြည်ပတင်ပို့မှုတွေ လျော့နည်းလာတာနဲ့ပတ်သက်ပြီး “လယ်ယာဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်အမယ်များ ထုတ် လုပ်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေး” (၁ ဒီဇင်္ဘာ ၂၀၀၈ နေပြည်တော်) တွင် ပြောကြားသည့် ဝန်ကြီးချုပ် ဗိုလ်သိန်းစိန် မိန့်ခွန်းမှ ကောက်နှုတ်ချက်များဖြင့် ကိုးကားပြလိုက်ပါတယ်။

- ၂၀၀၈ ခုနှစ် အောက်တိုဘာလကုန်အထိ ပြီးခဲ့သော နှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် ဆန်၊ ပြောင်း၊ နှမ်း တင်ပို့မှုသည် ပိုမိုများပြားသော်လည်း ပဲအမျိုးအမျိုး တင်ပို့မှုတန်ဖိုးသည် ၅ ဒသမ ၄ ရာခိုင်နှုန်းခန့်၊ ရော်ဘာ ၀ ဒသမ ၇ ရာခိုင်နှုန်းခန့်စီ လျော့နည်းပါကြောင်း
- တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် ယခင်နှစ် အလားတူကာလထက် တန်ဖိုး ၂၅ ဒသမ ၄ ရာခိုင်နှုန်း တိုးသော်လည်း ရေထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး ၆ ဒသမ ၁ ရာခိုင်နှုန်းလျော့နည်းပါကြောင်း
- ငါးတင်ပို့မှုမှာ တန်ဖိုး ၁ ဒသမ ၇ ရာခိုင်နှုန်းခန့်၊
- ပုစွန်တင်ပို့မှုတန်ဖိုးသည် ၄ ဒသမ ၂ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပါကြောင်း
- အလားတူ သစ်တောထွက်ပစ္စည်းအုပ်စုတွင် ၀ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းပြီး
- စက်မှုကုန်ချောအုပ်စုတွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းပါကြောင်း
- ဓါတ်ငွေ့တင်ပို့ရောင်းချမှုတန်ဖိုးမှာလည်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းခန့် လျော့နည်းနေကြောင်း

ဒီအချက်တွေဟာ လွန်ခဲ့တဲ့ ၃ လနီးပါးကာလက အချက်အလက်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘယ်လောက်အထိ ကျဆင်းသွားမလဲဆိုတာ ခန့်မှန်းတွက်ဆကြည့်နိုင်ပါတယ်။

သူတို့ပြောနေတဲ့ စက်မှုဇုန် (၁၉) ခုဆိုတာကလည်း လျှပ်စစ်မီး မှန်မှန်မလာလို့ မလည်ပတ်နိုင်ပါဘူး။ မီးစက်နဲ့ လည်ဖို့ဆိုရင်လည်း စရိတ်ထောင်းလို့ တွက်ခြေမကိုက်ပါဘူး။ ဒီတော့ အောက်ပါပြဿနာတွေဟာ တက်လာမှာ သေချာသလောက်ပါပဲ။ နိုင်ငံရေးအကျဉ်းသားတော့ မလွှတ်ဘဲ ရာဇ၀တ်သား (ခိုးဆိုးနှိုက်) တွေကို စေတနာဗလပွနဲ့ လွှတ်ပေးနေတော့ ရာဇ၀တ်မှုတွေဖြစ်လာအောင် (နအဖ) စစ်အစိုးရကိုယ်တိုင် ဖန်တီးပေးနေတာကို ရှင်းရှင်းမြင်နိုင်ပါတယ်။ အကျဉ်းသား (၆၃၁၃) ယောက် လွှတ်တာမှာ နိုင်ငံရေးအကျဉ်းသားက (၂၉ ) ယောက်ပဲ ပါတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောနေပါတယ်။ (နအဖ) စစ်အစိုးရရဲ့ အကျဉ်းသားလွှတ်ပေးမယ်ဆိုတဲ့ ကြေညာချက်မှာပါတဲ့ “လူသားချင်းစာနာထောက်ထားမှု၊ သနားချစ်ခင်မှု၊ မိသားစုများအား ငဲ့ညှာမှု” ဆိုတဲ့ အချက်တွေဟာ နိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာ ထားရှိတာမဟုတ်ဘဲ (ခိုးဆိုးနှိုက်)ဆိုတဲ့ ရာဇဝတ်သားတွေအပေါ်မှာ ထားတယ်ဆိုတာ သိပ်ပေါ်လွင်ထင်ရှားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ မိသားစုနဲ့ဝေးတဲ့ ထောင် ပြောင်းတယ်၊ တိုက်ပိတ်ထားတယ်။

ဒီအချက်အလက်တွေကို ပေါင်းရုံးသုံးသပ်ကြည့်လိုက်ရင် (နဝတ-နအဖ) စစ်အစိုးရဟာ ပြဿနာဟောင်းတွေကို မဖြေရှင်း နိုင်တဲ့အပြင် ပြဿနာအသစ်တွေကိုပါ ထပ်မံဖန်တီးနေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဗမာပြည်ဟာ ပေါက်ကွဲတော့မယ့် ယမ်းအိုးကြီးနဲ့တူနေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။

ချုပ်ပြီးပြောရရင် ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလမှာ ဖြေရှင်းရမယ့် ပြဿနာတွေဟာ ပိုမိုးများပြားသလောက် ရှုပ်ထွေးပါလိမ့်ဆိုတာပါပဲ။ ပြီးတော့ ဒီပြဿနာတွေကို ပြေလည်ကောင်းမွန်စွာ ဖြေရှင်းနိုင်စေမယ့် နည်းလမ်းတွေ (နအဖ) စစ်အစိုးရ အတင်းအကြပ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာ မပါရှိဘူးဆိုတာပါပဲ။

ဒါကြောင့် ဒီအချက်အလက်တွေပေါ်ကပြောရင် ကျနော်တို့အတွက် ပြင်ဆင်မှုကောင်းဖို့လိုတယ်ဆိုတာနဲ့ လူထုအုံကြွမှုဆိုတာ ကျနော်တို့ ဘယ်လောက် ပြင်ဆင်စည်းရုံး စုစည်းထားနိုင်သလဲဆိုတဲ့ အချက်အပေါ်မှာသာ တည်မှီနေပါတယ်။

××××××

တူမောင်ညို (၂၀၀၉ ခုနှစ်၊ မတ် ၂ ရက်)

၈၈ ရဲ့ မတ်လမှာ ..



Friday, 13 March 2009 19:51 အေးချမ်းမြေ့
ခြေကုန်သုတ်ပြေးရင်း အင်းလျားလမ်းမပေါ်က ခြံတခြံထဲကို ကျော်ဝင်ခဲ့သည်။ ပြေးလွှားနေစဉ် ကြည့်ခဲ့ဖူးသော ရုပ်ရှင်များထဲက စစ်မြေပြင်ကို ကိုယ်တိုင်ရောက်နေသလို ခံစားရသည်။ နောက်လှည့်ကြည့်လိုက်တော့ အဖြူ အစိမ်းဝတ် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်ကျောင်းသားလေးတဦးကို လုံထိန်းတယောက်က တုတ်ဖြင့် အားပါးတရ ရိုက်နေသည်။ သွေးများ ဖြာခနဲဖြစ်သွားတော့ သူတို့အားလုံးမထိန်းနိုင်မသိမ်းနိုင် အော်မိကြသည်။

“ဟေး ခြံထဲတွေကို လိုက်ကြ ..၊ အဲဒီမှာ ပုန်းနေကြတယ်” ဆိုသည့် အော်သံများ အဆုံးတွင် လုံထိန်းများ သူတို့ ရှိရာဘက် ပြုံဆင်းလာတာ တွေ့လိုက်ရသည်။ ပြေးစရာမြေမရှိ၊ ခြံပိုင်ရှင်ကလည်း အိမ်တံခါးကို ဖွင့်မပေး။ ကံကောင်းထောက်မစွာ တဘက်ခြံက ခြံစောင့်ကြီးက လှေခါးထောင်ပေးပြီး သူတို့ခြံထဲ လာပုန်းနေရန် ခွင့်ပြုခဲ့ သည်။

“အဲဒီနေ့က လူက တော်တော်လေးကို သွေးပျက်သွားတာ။ အရမ်းလည်း တုန်လှုပ်သွားပြီး မတရားမှုကို တော်လှန်မယ် ဆိုတဲ့စိတ်က ဒုံးဒုံးကျသွားတာ” ဟု မခင်ဥမ္မာက ပြောပြသည်။ တံတားနီနေ့ဟု ပြောစမှတ် တွင်ခဲ့ရသည့် ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းကို မခင်ဥမ္မာက ပြန်ပြောင်းပြောပြနေခြင်း ဖြစ်သည်။

ယနေ့ မတ်လ ၁၃ ရက်နေ့သည် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် စစ်အာဏာရှင်တို့ လက်ချက်ဖြင့် ကွယ်လွန်ခဲ့သည်မှာ ၂၁ နှစ်ပြည့်သည့်နေ့ဖြစ်သည်။ ထို့ကြောင့် မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးနေ့ အဖြစ် ဒီမိုကရေစီ အင်အားစုများက သတ်မှတ်ထားခဲ့ကြသည်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ညက စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် လုံထိန်းများ လက်ချက်ဖြင့် ကျဆုံးခဲ့သည့် သတင်းကို ၁၄ ရက်နေ့ နံနက်ကျတော့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ နောက်ဆုံးနှစ် ကျောင်းသူ မခင်ဥမ္မာနှင့် သူငယ်ချင်းတစုတို့ ကြားလိုက်ရသည်။

သူတို့ကျောင်းသူ ကျောင်းသားများကြားတွင် ထိုသတင်းက တီးတိုးပျံ့နှံ့နေသည်။ ၁၅ ရက်နေ့တွင် စက်မှုတက္ကသိုလ်ကို ပိတ်လိုက်ပြီ ကြားလိုက်ရသည်။ ၁၆ ရက်နေ့ကျတော့ ရန်ကုန်တက္ကသိုလ်က ကျောင်းသူ ကျောင်းသားများ စက်မှုတက္ကသိုလ်သို့ ချီတက်ကြမည်၊ RC 2 ခေါ် ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေနှင့် ပူးပေါင်း မည်။ ကျောင်းသားကျောင်းသူများက စီးပွားရေးတက္ကသိုလ်ဝင်ပေါက်က တဆင့် ချီတက် ထွက်ခွာရာ မခင်ဥမ္မာနှင့် သူငယ်ချင်း တစုတို့လည်း လူအုပ်ကြီး၏ ထိပ်ပိုင်း သုံးပုံတပုံခန့်တွင် လိုက်ပါသွားသည်။

ဆရာ၊ ဆရာမများက တားဆီးသော်လည်း မရတော့။ သူတို့အားလုံး ရှေ့ကိုသာ သွားနေကြသည်။ သို့သော်လည်း ရှေ့မှာက စစ်သားတွေ။ သံဆူးကြိုးများကာဆီးကာ လှိုင်နယ်မြေကို သွားလို့မရအောင် ပိတ်ထားလိုက်ပြီ။ ထိုစဉ် လှည်းတန်းဘက်က အသံများကြားရပြီး စစ်ကားများ အတင်းမောင်းဝင်လာကာ လူစုခွဲသည်။ သူတို့ကျောင်းသားများအားလုံး ကစဥ့်ကလျား ပြေးလွှားကြသည်။

အများစုက အင်းလျားကန်ဘောင်ပေါ် တက်ပြေးသည်။ ထိုနေ့က တံတားဖြူကို “တံတားနီ” ဟု အမည်တွင်သွား လောက်အောင် ကျောင်းသား ကျောင်းသူတို့၏ သွေးများဖြင့် စွန်းပေစေခဲ့သည်ကို မခင်ဥမ္မာကိုယ်တိုင် မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း သူ့ယုံကြည်ချက် ခိုင်မာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“စိတ်ထဲမှာ မတရားလိုက်တာ၊ ငါတို့ ဘာလုပ်လို့ ငါတို့ကို ဒီလို ဆက်ဆံခဲ့တာလဲ ဆိုပြီး မခံနိုင်ဖြစ်နေတယ်။ အဲဒီ နေ့ကနေ လုံးဝမရပ်တော့တာ” ဟု မခင်ဥမ္မာက ထိုစဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။

သူ့ယုံကြည်ချက် ပိုမို ခိုင်မာသွားစေသည်က ကိုစိုးနိုင်ကြောင့်ဖြစ်သည်ဟု မခင်ဥမ္မာက ဆိုသည်။ ကိုဖုန်းမော် ကျဆုံးခဲ့သော်လည်း ကိုစိုးနိုင်မှာ သေနတ်ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီး အချုပ်ထောင်တွင် ရှိနေသည်။ ကိုစိုးနိုင်၏ အဆုတ်ထဲတွင် သေနတ်ကျည်ဆန်က ပြေးနေသောကြောင့် ခွဲစိတ်ထုတ်ယူ၍ မရဘဲ ဖြစ်နေသည် ဟု သူတို့စုံစမ်း သိရှိရသည်။

အကျဉ်းသားများ ဆေးကုသရာ ဆေးရုံကြီးအချုပ်ဆောင်ကို သူတို့ ကြံဖန်ကြိုးစား ဝင်ကြရခြင်း ဖြစ်သည်။ ကိုစိုးနိုင်ကို တွေ့လိုက်တော့ မခင်ဥမ္မာ၏ စိတ်ထဲတွင် တုန်လှုပ်ခြင်း လုံးဝမရှိတော့ဘဲ တည်ငြိမ်သွားတော့သည်။

“ကိုစိုးနိုင်က လူကောင်သေးသေးလေး။ ဒဏ်ရာကြီးနဲ့ ကုတင်ပေါ်မှာပက်လက်။ ဒါပေမယ့် သူ့လက်တွေ ခြေတွေကို ကုတင်တိုင်နဲ့ ပူးပြီး လက်ထိပ်ခတ်ထားတယ်။ အဲဒီမြင်ကွင်းကို မြင်လိုက်တော့ လူက လုံးဝ ငြိမ်သွားတယ်” ဟု သူက ပြောပြသည်။

သာမန်ကျောင်းသူတယောက် ဘဝဖြင့် နိုင်ငံရေး မျိုးဆက်လည်း မရှိသည့် မခင်ဥမ္မာသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဆိုသည့် ကိစ္စရပ်များကို ယခင်က နားလည်ခဲ့ခြင်းလည်း မရှိခဲ့။ ၈ လေးလုံး အရေးတော်ပုံကြီး မတိုင် ခင်အထိ တပါတီစနစ်ကို ဖြုတ်ချရမည် ဆိုသည်ကိုလည်း စိုးစဉ်းမျှ နားမလည်ခဲ့။

“ပညာရေးစနစ်ကြီး မကောင်းတာကို ဝေဖန်တာမျိုး၊ မတရားတာကို မကြိုက်တာမျိုးတော့ ရှိတယ်။ စ လုပ်ဖြစ်တာ ကလည်း မတရားတာကို မခံနိုင်လို့ပဲ။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ဆိုတာ နောက်မှ လိုက်လာတာပါ” ဟု မခင်ဥမ္မာက ပြောပြသည်။

ထိုကာလက နောက်ဆုံးနှစ်ကျောင်းသား တဦးဖြစ်နေခဲ့သော ကိုတင်အေးသည်လည်း တံတားနီ အရေးအခင်း တွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သူဖြစ်သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ကျောင်းသားအရေးကိစ္စ ဖြစ်လာတိုင်း တောင်းဆိုခဲ့ကြသည်မှာ ကျောင်းသား သမဂ္ဂ ပြန်လည်ဖွဲ့စည်းပေးရေးဖြစ်သည်ဟု ကိုတင်အေးက ပြောပြသည်။

၁၉၈၇ စက်တင်ဘာလ၊ ၅ ရက်နေ့တွင် ငွေစက္ကူများ တရားမဝင်ကြောင်းကို မဆလ အစိုးရက ကြေညာခဲ့သည်။ ထိုနောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းကြရန် လက်ကမ်းစာစောင်များကို တက္ကသိုလ်များတွင် ဖြန့်ကြသည်။ ထိုသို့ ဖြန့်ဝေကြသည့်ထဲတွင် ကိုတင်အေးလည်း ပါဝင်ခဲ့သည်။

ကိုဖုန်းမော် ကွယ်လွန်ခဲ့သည့် ညကမှ ကိုတင်အေးက မိဘရပ်ထံ မအူပင်မှ ပြန်လာခြင်းဖြစ်ရာ ထိုကိစ္စကို ၁၄ ရက်နေ့နံနက်မှ သိလိုက်ရသည်။ ကိုဖုန်းမော်၏ ဈာပနကို ၁၇ ရက်နေ့တွင် ကျင်းပကြမည်၊ ထိုနေ့တွင် ကျောင်းသား အလံ (ခွပ်ဒေါင်းတံဆိပ်) ကို ပြန်လွှင့်မည်၊ ထိုဈာပနကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လိုက်ပါပို့ဆောင်ကြမည် .. စသည်ဖြင့် စီစဉ်ထားကြသည်။

ထိုသတင်းက ကျောင်းသားများကြားတွင်လည်း ပျံ့နှံ့နေပြီ။ ထိုသို့စီစဉ်နေစဉ် ၁၅ ရက်နေ့တွင် စက်မှုတက္ကသိုလ် ပိတ်လိုက်သည်။ ၁၆ ရက်နေ့ကြတော့ စက်မှုတက္ကသိုလ်က ကျောင်းသားတအုပ် ရန်ကုန်တက္ကသိုလ်သို့ ရောက်လာကာ ပူးပေါင်းသည်။

ကျောင်းသားများ ချီတက်ကြတော့ ကိုတင်အေးက ကျောင်းသားအလံကို မြှောက်တင်ပေးလိုက်ရာ တယောက်က ဝါးလုံးတွင်ချည်၍ ချီတက်သွားသည်ဟု ဆိုသည်။

“နောက်ဆုံးမြင်လိုက်ရတာက အင်းလျားကန်ဘောင်ပေါ်မှာ ခွပ်ဒေါင်းအလံ တလူလူနဲ့ ပြေးနေတဲ့မြင်ကွင်းပဲ” ဟု ကိုတင်အေးက ပြောပြသည်။ ထိုအလံကို ကိုင်ဆောင်ထားသည်မှာ မည်သူမည်ဝါဟု မသိရဘဲ ရန်ကုန် တက္ကသိုလ် အရန်တပ်ရင်းက ကျောင်းသားတယောက်ဟု ယူဆရကြောင်း ကိုတင်အေးက ပြောသည်။

ကိုတင်အေးသည် ငွေစက္ကူအရေးအခင်း၊ ကိုဖုန်းမော်အရေးအခင်းများ မတိုင်မီကတည်းက အာဏာရှင်တို့၏ မတရားမှုများကို နာကြည်းနေခဲ့ပြီဟု ဆိုသည်။

“တက္ကသိုလ်ရောက်လာတော့ တခြားတိုင်းပြည်တွေနဲ့ ကွာဟတာတွေ၊ အာဏာရှင်အသိုင်းအဝန်းနဲ့ သာမန်အရပ်သား ခြားနားတာတွေ၊ အစစအရာရာ ဆုတ်ယုတ်တာတွေ ပိုသိ၊ ပိုခံစားလာရတယ်” ဟု သူက ပြောပြသည်။

စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် ၁၅ နှစ်နှင့် ၉ လကျော် အကျဉ်းချခံခဲ့ရပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် ရှေ့တန်းမှ ပါဝင်ခဲ့သော ကိုတင်အေးသည် ကျောင်းသားဘဝက စစ်တုရင် လက်ရွေးစင်တဦး ဖြစ်ခဲ့သည်။

စစ်တုရင်သမား တဦးအဖြစ် တက္ကသိုလ်လက်ရွေးစင်မှ တဆင့် နိုင်ငံ့လက်ရွေးစင်အဆင့်အထိ အရွေးခံ ခဲ့ရသော်လည်း သူ့ကို အစိုးရက ရှေ့ဆက် သွားခွင့်မပေးခဲ့၊ နိုင်ငံတကာ ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရခဲ့။

၁၉၈၅ ခုနှစ်က ဆိုဗီယက်ယူနီယံ အစိုးရက နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် မြန်မာနိုင်ငံမှ စစ်တုရင် လက်ရွေးစင် ၅ ဦးကို စားရိတ်ငြိမ်း ပညာတော်သင်စေလွှတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနှစ်က ကိုတင်အေး လက်ရွေးစင်ဖြစ်ခဲ့သည်။ သို့သော် သူတို့ သွားခွင့်မရခဲ့။ မည်သည့်နိုင်ငံတကာ ပြိုင်ပွဲများတွင်မှ ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့။

“ဒီအဖြစ်အပျက်တွေက ကျနော့်ရဲ့ သီးခြား ခံစားချက်ပါ။ ဒါပေမယ့် ကျနော် နိုင်ငံရေးကို စိတ်ဝင်စားခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ ဒါတွေလည်း ပါတယ်” ဟုကိုတင်အေးက ပြောသည်။

၁၉၈၉ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်အစိုးရ၏ ဖိနှိပ် နှိမ်နင်းမှုများကြောင့် မြန်မာပြည်တွင်း နေထိုင်ရန် မဖြစ်နိုင်တော့သည့် အနေအထားတွင် ကျောင်းသားများ တောခိုခဲ့ရာ မခင်ဥမ္မာလည်း ထိုအထဲတွင်ပါဝင်ခဲ့သည်။

ထိုစဉ်မှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိရေးအတွက် တရက်မနား ဆောင်ရွက် နေခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ချင်သည့် စိတ်ဓာတ်၏ အရင်းခံမှာ စစ်အာဏာရှင် အစိုးရ၏ မတရားမှု၊ ရက်စက်မှုများမှ စတင် သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်ဟု မခင်ဥမ္မာက ပြောပြသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့၊ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတင်သော နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး လှုပ်ရှားမှု၌ မခင်ဥမ္မာက မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ ကိုယ်စားလှယ်အဖြစ် ပါဝင်သည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခြင်းများ အပါအဝင် တံတားဖြူသွေးစွန်းခဲ့ရသည့် အဖြစ်အပျက်များကို စစ်အာဏာရှင်တို့က ဖျောက်ဖျက်ကာ မှေးမှိန်စေခဲ့သော်လည်း သူတို့၏ ပေးဆပ်မှုကြောင့် သူတို့ဝိညာဉ်များက မည်သည့်အခါမှ သေဆုံးမည် မဟုတ်ကြောင်း ထိုင်း - မြန်မာ နယ်စပ်အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး (NDD) ဥက္ကဌ တာဝန် ယူထားသူ မခင်ဥမ္မာက ဆိုသည်။

“ကိုဖုန်းမော်အပါအဝင် ကျဆုံးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ သွေးတွေ အလကား မဖြစ်စေရဘူး။ အဲဒီအတွက် ကျမတို့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲ ဆက်ဝင်နေဦးမယ်။ သူတို့ရဲ့ပေးဆပ်မှုကို အားယူပြီး ဆက်သွားမယ်။ သူတို့ ရောက်ရာအရပ်က ဂုဏ်ယူစေရမယ်” ဟု မခင်ဥမ္မာက ပြောသည်။

မြန်မာနိုင်ငံ သမိုင်းတွင် ကျောင်းသားမျိုးဆက်ဆိုသည်မှာ အစဉ်အမြဲ အသစ်ဖြစ်ပေါ်နေသည်ဟု ၁၉၈၈ ခုနှစ်က ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ထောင်ရာတွင် တဦးအပါအဝင်ဖြစ်ခဲ့သူ ကိုတင်အေးက ပြောပြသည်။ ကိုတင်အေးမှာ လက်ရှိတွင် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၏ နိုင်ငံခြားရေး တာဝန်ခံအဖြစ် ထမ်းဆောင်လျှက်ရှိသည်။

“တချို့က မြန်မာ့ ဒီမိုကရေစီအရေး တိုက်ပွဲကြီးက ကြာလာပြီ အီနေပြီလို့ ပြောကြတယ်။ ဒါပေမယ့် ကျောင်းသားတွေ ကြားမှာ ဒီပြဿနာမရှိဘူး။ ကျနော်တို့ရှေ့က ကျောင်းသားတွေဆီကတဆင့် ကျနော်တို့ လက်ဆင့်ကမ်း သယ်ခဲ့ကြတယ် .. ။ ခွပ်ဒေါင်းအလံ ဆိုတာ ကျနော်တို့ လက်ထက်ကျမှ ဖြစ်လာတာ မဟုတ်ဘူး။ ကျနော်တို့သယ်လာတဲ့ ကျောင်းသားအလံကို ၂၀၀၇ ကျောင်းသားတွေအထိ ဆက်သယ်တာ တွေ့ရတယ်။ အဲဒီတော့ ကိုယ်နေတဲ့ နိုင်ငံရဲ့ ကျောင်းသားတာဝန်၊ ကိုယ့်ပြည်သူလူထုအတွက် သမိုင်းပေးတာဝန်တွေကို အဲဒီခေတ်ရဲ့ ကျောင်းသားတွေက ထမ်းကို ထမ်းရမယ်။ ထမ်းမယ်လို့လည်း ကျနော် ယုံကြည်တယ်” ဟု ကိုတင်အေးက ကိုဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ပြောသည်။

ဖုန်းမော် လူ့အခွင့်အရေးနှင့် ကျောင်းသားစိတ်


ရဲရင့်အောင်
သောကြာနေ့၊ မတ်လ 13 2009 14:06 - မြန်မာစံတော်ချိန်

လွန်ခဲ့သည့် ၂၁ နှစ်တာကာလ ယခုနေ့ရက်တွင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကြီးဖြစ်သော ရှစ်လေးလုံး အရေးတော်ပုံကို ပေါ်ပေါက်စေမည့် ကျောင်းသား ကိုဖုန်းမော် (ရန်ကုန် စက်မှုတက္ကသိုလ်၊ ပဉ္စမနှစ်) ပစ်ခတ်သေဆုံးခံရမှု ဖြစ်ပွားခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက် လုံထိန်းတပ်က ပစ်ခတ်သဖြင့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သေဆုံးခဲ့ရသည်ကို အစွဲပြုကာ ဖုန်းမော်နေ့ ပေါ်ပေါက်လာခဲ့သည်။

ထိုစဉ်က အာရ်အိုင်တီတွင် ဒုတိယနှစ် ကျောင်းသားအဖြစ် ပညာသင်ကြားနေသူ ကိုသံဒုတ်ကို မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်သည်။

ကိုသံဒုတ်သည် လက်ရှိတွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ - BLSO တာဝန်ခံဖြစ်သည်။

ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ အချိန်တုန်းက ဖြစ်စဉ်အကျဉ်းချုပ်လေး ပြောပြပါလား။

မတ်လ ၁၃ ရက်နေ့မတိုင်မီ ကျောင်းသားတွေထဲက နွားထိုးကြီးက ၀င်းမြင့်ရယ်၊ ပုလဲက ၀င်းမြင့် ပါတယ်။ သူတို့က ဒုတိနှစ်ကျောင်းသားတွေပေါ့နော်။ အနောက်ကြို့ကုန်းက စန္ဒာဝင်း လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည်သောက် သွားရင်းနဲ့ အနောက်ကြို့ကုန်းက လူငယ်တွေနဲ့ စကားများတယ်။ စကားများတဲ့အခါမှာ သာမန် စကားများတဲ့အဆင့် မဟုတ်ဘဲနဲ့ လူငယ်တွေက ဒုတိယနှစ် ကျောင်းသားတွေဖြစ်တဲ့ ၀င်းမြင့်တို့ကို ရိုက်ထည့်လိုက်တာပေါ့နော်။ ကျောင်းသားနဲ့ အရပ်ဖက်က လူငယ်တွေ သာမန်ဖြစ်တဲ့ ကိစ္စပါပဲ။

ဒါပေမဲ့ ပြဿနာက ဘာဖြစ်လဲဆိုတော့ ရိုက်လိုက်တဲ့ လူငယ်တွေက မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်။ အဓိက မှားတာကလည်း လူငယ်တွေဘက်က မှားတာ။ သို့သော်လည်းပဲ ပြဿနာကို တွန်းအားပေးစေတဲ့ အကြောင်းရင်းက ရိုက်လိုက်တဲ့၊ မှားတဲ့ လူငယ်တွေက မဆလ အဖွဲ့ဝင် သားသမီးတွေဖြစ်တော့ ဥပဒေအရ အရေးယူဖို့ ကျောင်းသားတွေက နည်းမှန်လမ်းမှန်နဲ့ ဆရာတွေနဲ့ အင်းစိန် ရဲစခန်းကို သွားတိုင်ပေမယ့်လည်း သူတို့တွေက မဆလ အနွယ်ဝင်တွေဖြစ်နေတော့ ဒါကို အရေးမယူဘူး။ ဒါက ပြဿနာကို ပိုပြီးတော့ တွန်းအားပေးစေတယ်ပေါ့နော်။ ပြဿနာကို ပိုပြီး ကြီးထွားစေတဲ့ အကြောင်းရင်းတွေလို့ ကျနော်တို့က မြင်ကြတယ်။

နောက်တချက်က အရေးမယူတဲ့အပြင် မဆလ စစ်အစိုးရက ကျောင်းသားလှုပ်ရှားမှုတွေကို၊ သူတို့ကိုယ်၌ကလည်း ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပတ်သက်လာရင် အတွေ့အကြုံလည်း ရှိတယ်၊ သတိလည်း ထားတယ်။ ဥပမာ ပြောရရင် - ၆၂ ဖြစ်တယ်ဗျာ။ ၇၄-၇၅-၇၆ စသဖြင့် ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်တယ်ဗျာ။ နောက် ၈၇ ဖြစ်တယ်ဗျာ၊ ၈၈ ဖြစ်တယ်။ အဲဒီတော့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပတ်သက်လာရင် သူတို့က နည်းမှန်လမ်းမှန် မဖြေရှင်းဘဲနဲ့ သူတို့ (မဆလ အစိုးရ) ရဲ့ စိတ်အခံကိုက ကျောင်းသားတွေအနေနဲ့ ဆန့်ကျင်လာနိုင်တယ်ဆိုတဲ့ သဘောထားရှိတယ်။ ချေမှုန်းချင်တဲ့ သဘောပေါ့နော်။ အဲဒီ ချေမှုန်းချင်တဲ့ သဘောကြောင့် တကယ်လည်း ချေမှုန်းလိုက်တဲ့အတွက် ကိုစိုးနိုင်တို့၊ ကိုဖုန်းမော်တို့ ကျဆုံးတာပေါ့။ အဲဒီတော့ ကျောင်းသားတွေအနေနဲ့က ပိုပြီးတော့ မခံမရပ်နိုင်ဖြစ်လာတယ်။

နောက်တချက် ပိုဆိုးတာက ၁၅ ရက်နေ့မှာ အဖြစ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးစားတာက - ကျောင်းသားတွေကို လုံးဝ သည်းမခံနိုင်တဲ့ အထွတ်အထိပ်ကို ရောက်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချွန်ထက်တဲ့ အရာနဲ့ ကျောင်းသားတွေ သေဆုံးတယ်လို့ သတင်းစာမှာ ပါတယ်။ ကျောင်းသားတွေရဲ့ ရှေ့၊ အာရ်အိုင်တီ (စက်မှုတက္ကသိုလ်) ရဲ့ မျက်နှာစာမှာ ကိုဖုန်းမော်က ကျည်ဆံနဲ့ သေဆုံးခဲ့တာ။ အစိုးရက ဖုံးကွယ်ဖို့ ကြိုးစားလိုက်တာက ကျောင်းသားတွေရဲ့ ဒေါသကို ပိုပြီးတော့ တွန်းအားပေးလိုက်တယ်။ ထိန်းမနိုင် သိမ်းမနိုင်နဲ့ပဲ ကျောင်းသားတွေ ဒေါသထွက်ပြီးတော့ ဆန့်ကျင်လိုတဲ့ စိတ်တွေဆီ လုံးဝ ရောက်သွားတာပေါ့နော်။

ကျောင်းသားထုက အစိုးရနဲ့ အတိုက်အခံဖြစ်နေတဲ့ အနေအထားမျိုးမှာ ကိုဖုန်းမော်က အာရ်အိုင်တီကျောင်းသား၊ ကိုသံဒုတ်တို့ကလည်း အဲဒီမှာ ကျောင်းတက်နေကြတယ်။ ကိုယ့်ကျောင်း ပရိဝုဏ်ထဲကို သေနတ်နဲ့ပစ်လို့ ကျောင်းသားတွေ သေရတယ်။ ကိုယ့်ခေတ်၊ ကိုယ့်ကာလ ကျောင်းသားဘ၀တုန်းကပေါ့လေ။ ဒါက နှစ် ၂၀ ကျော်လာတဲ့အချိန်မှာကော ဘယ်လိုခံစားရပါသလဲ။

ဒီကနေ့အထိ နှစ် ၂၀ ကျော်လာခဲ့ပါပြီ။ ရန်ကုန် စက်မှုတက္ကသိုလ်ကနေ ထွက်လာရတဲ့ ကျောင်းသားတွေ ဖြစ်တယ်။ အထုတ်ခံရတဲ့ ကျောင်းသားတွေပေါ့နော်။ နောက်တချက်က ကိုဖုန်းမော်တို့၊ ကိုစိုးနိုင်တို့လို မြန်မာ့နိုင်ငံရေးစနစ်ကို ပြောင်းလဲချင်တဲ့ ကျောင်းသားတွေဖြစ်တယ်လို့ ဒီကနေ့တိုင် ခံယူတယ်။ အခုထိ ကျနော့်ဘ၀ကနေပြောရင် ကျောင်းသားတိုင်း အဲလိုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ အာရ်အိုင်တီ စက်မှုတက္ကသိုလ်ကျောင်းကို တက်တယ်။ အမှန်အတိုင်းပြောရရင် ကျနော်တို့ ကျောင်းကို အပြီးထိ တက်ချင်ခဲ့တယ်။ အင်ဂျီနီယာတယောက် ဖြစ်ချင်တယ်။ သို့သော်လည်း မဖြစ်ခဲ့ရဘူး။

တဖက်က စိတ်မကောင်းသော်လည်းပဲ တဖက်ကလည်း အင်မတန်မှ ၀မ်းမြောက်တယ်။ တိုင်းပြည်ရဲ့ အလွန်အရေးကြီးတဲ့ စနစ်တခုကို ပြုပြင်ပြောင်းလဲပစ်ချင်တယ်။ နောက်တခုက အဖိနှိပ်ခံ ပြည်သူတွေဘက်က ကျနော်တို့ ရပ်ချင်တယ်။ ကျောင်းသားတွေဘက်က ရပ်ချင်တယ်။ နောက်တချက်ရှိတာက ဖောက်ပြန်နေတဲ့ နအဖ အစိုးရကို ကျနော်တို့က အပြင်းအထန် ဖြုတ်ချချင်တယ်။ အဲဒီအတွက် ကိုဖုန်းမော်ကနေ စရေတွက်ရင် တော်လှန်ခဲ့တာဟာ နှစ် ၂၀ ကျော် လာခဲ့ပြီဖြစ်ပေမယ့် ငါတို့တွေဟာ ဆုံးခန်းတိုင် လုပ်ရမယ်ဆိုတဲ့ အသိလေး ဒီနေ့တိုင် စိတ်ဖြစ်တယ်။ ဘယ်လိုပဲ အခက်အခဲတွေ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ပြဿနာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရပေါ့နော်။ ငါတို့တော့ ကျောင်းသား ဘ၀ကိုစွန့်ခဲ့ပြီ။ ဆက်ပြီး စွန့်ပြီး အတတ်နိုင်ဆုံး လူထုအကျိုးအတွက် ရပ်တည်ရမယ်။ စစ်အာဏာရှင်စနစ်ကို အပြီးပြတ် ချုပ်ငြိမ်းတဲ့အထိ ငါတို့ တော်လှန်တိုက်ပွဲဝင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကလေးတော့ ရှိတယ်။

လွန်ခဲ့တဲ့အချိန်က ကျနော်တို့က အသက် ၂၀ ကျော်လောက်ပဲ ရှိသေးပါတယ်။ ဘာကို သွားတွေ့လဲဆိုတော့ အဲဒီတုန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားတွေက အလွန်အင်မတန်မှ အပြစ်ကင်းကြပါတယ်။ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ လူငယ်တွေဖြစ်ပေမယ့်၊ အတွေ့အကြုံနည်းပေမယ့် နိုင်ငံရေးရပ်တည်ချက်တွေက ကျောင်းသားထုဘက်က၊ လူထုဘက်က တော်တော်မှန်ခဲ့ပါလားဆိုပြီး အားကျမိတယ်။ ဒီနေ့ ကျနော် အသက် ၄၀ ကျော်သွားပြီပေါ့။ ထို့အတူပဲ ဒဂုံတက္ကသိုလ်မှာ ဖြစ်တဲ့ ကိစ္စ၊ ကျနော် ယုံတယ်၊ တိုးတက်တဲ့ ကျောင်းသားတွေ၊ လူငယ်တွေဟာ ဒီစစ်အာဏာရှင်စနစ် ရှိသရွေ့ ဆက်တိုက်နေလိမ့်မယ်။

ကိုသံဒုတ်တို့ လူငယ်ဘ၀မှာ ခေတ်ဆိုးစနစ်ဆိုးကို မျက်ကွယ်မပြုဘဲနဲ့ တော်လှန်ခဲ့ကြတယ်။ ဒီနေ့ဒီအချိန်အထိ တော်လှန်နေကြတုန်းပဲ။ တကယ်လို့ ကျောင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘယ်လိုမျိုးရရင် ကျောင်းသားထုနဲ့ စစ်အစိုးရနဲ့အကြား ဘယ်လိုပြေလည်နိုင်မလဲ၊ ဖြစ်နိုင်ပါ့မလား။

ကျောင်းသားအခွင့်အရေးဆိုတာက ဒီလိုဗျ။ တစ်အချက် - ကျနော်မြင်တွေ့ချင်တာက Free Education ပေါ့နော်။ ကျနော်တို့ တိုင်းပြည်နဲ့ နိုင်ငံ့အနေအထားနဲ့ဆိုရင် လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်ပေါ့နော်။ အဲဒါက အစိုးရက တာဝန်ယူရမယ်။ နောက်တခုရှိတာက ကျောင်းသားဆိုတာက နုနယ်ပျိုမျစ်ပြီးတော့ တိုင်းပြည်၊ လူ့အဖွဲ့အစည်းရဲ့ အားထားရတဲ့ သူတွေပါ။ အဲဒီအတွက် သူတို့တွေမှာ လွတ်လပ်တဲ့ အသင်းအပင်း၊ သမဂ္ဂတွေ ဖွဲ့စည်းခွင့် ရှိသင့်တယ်လို့ အခိုင်အမာ ယုံကြည်တယ်။ အစိုးရကနေ ပညာသင်ကြားရေးအတွက် ကုန်ကျစရိတ်တွေကို လုံးဝ တာဝန်ယူသင့်တယ်။

ဒါတွေကလည်း နိုင်ငံတခုရဲ့ စနစ်နဲ့ သွားပြီးတော့ ဆက်စပ်နေတယ်။ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုကို ဒီမိုကရေစီနည်းလမ်းတကျ မတည်ဆောက်နိုင်ဘူး။ ဒါကြောင့်လည်း နိုင်ငံတော်က၊ အစိုးရက တာဝန်ယူတဲ့ လွတ်လပ်တဲ့ ပညာသင်ကြားခွင့်ဆိုတာ မဖြစ်နိုင်ဘူး။

အဲဒီတော့ ကျနော်တို့မြင်တာက ကျောင်းသားတွေအနေနဲ့ လွတ်လပ်တဲ့ ပညာသင်ကြားခွင့်၊ ကျောင်းသားတွေရဲ့ အခွင့်အရေးကို တိုက်ရိုက်အကာအကွယ်ပေးတဲ့ ကျောင်းသားသမဂ္ဂ၊ ဒါတွေက ဘာတွေနဲ့ ဆက်စပ်နေလဲဆိုရင် အုပ်ချုပ်တဲ့စနစ်တွေ၊ နိုင်ငံတော်ရဲ့ အစိုးရတွေနဲ့ ဆက်စပ်နေတယ်။ အဲဒီတော့ နအဖ ပဲဖြစ်ဖြစ်၊ မဆလ တပါတီ အာဏာရှင်စနစ်ပဲဖြစ်ဖြစ်၊ ဒီဟာတွေအောက်မှာတော့ ကျနော်တို့ လိုလားတဲ့ အရာတွေက မဖြစ်နိုင်ဘူး။ လက်ရှိ ဘာမှ မရနိုင်ဘူး။ ရနိုင်တာကတော့ ဘာလဲဆိုတော့ ဒီစစ်အာဏာရှင်စနစ် ရှိနေသရွေ့ ကျောင်းသားတွေဟာ သွေးမြေကျနေဦးမယ်ဆိုတာပါပဲ။ ဒါက သဘာဝဖြစ်တာကိုး။ ဒါကြောင့် တိုးတက်တဲ့ကျောင်းသား၊ တိုးတက်တဲ့ လူငယ်တွေဟာ ဒီလို ခေတ်စနစ်အောက်မှာ မွေးဖွားလာဦးမှာပဲ။ ကျောင်းသားတွေက ခေါင်းငုံ့ခံမှာ မဟုတ်ဘူး။ မခံတော့ ဘာဖြစ်မလဲဆိုတော့ ကိုဖုန်းမော်တို့လို၊ ကိုစိုးနိုင်တို့လို ဆက်လက်တိုက်ပွဲဝင်ရင်း အကျအဆုံး နည်းပါစေလို့ ကျနော်တော့ ဆုတောင်းချင်ပါတယ်။

အသက် ၂၃ နှစ်၊ ၂၄ နှစ်အရွယ်မှာဖြစ်ခဲ့တဲ့ ကိုဖုန်းမော်တို့ ခေတ်ကာလကို ဒီကနေ့ ပြန်လှည့်ကြည့်တဲ့အခါ အဲဒီတုန်းက အသက်အရွယ်အားဖြင့် ငယ်ပင်ငယ်သော်လည်းပဲ ကိုယ်လျှောက်လှမ်းခဲ့တဲ့ ကိုယ့်ရပ်တည်ချက်က မှန်ခဲ့ပါလားဆိုပြီး ပြန်တွေ့တယ်လို့ ကိုသံဒုတ်က ပြောတယ်ပေါ့လေ။ ဒီကနေ့ ကျောင်းသားတွေရဲ့ ရပ်တည်ချက်ကိုလည်း ကိုသံဒုတ်က ယုံကြည်ထားတယ်ဆိုတော့ ကျောင်းသားတွေရဲ့ ပင်ကိုယ်သဘာဝပေါ့နော်၊ အထူးသဖြင့် ခေတ်ကြီးစနစ်ကြီးတွေနဲ့အပြိုင် တိုးတက်တဲ့အမြင်တွေ ဘာကြောင့် ရနေတယ်လို့ ထင်လဲ။

အဲဒါက လူတယောက်ရဲ့ လက်တွေ့ဘ၀၊ ဖြတ်သန်းမှု ကြုံတွေ့မှုတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ကျနော်က အဲလိုမြင်တယ်။ နိုင်ငံရေးစကားအနေနဲ့ ပြောမယ်ဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ ကျောင်းသားသမိုင်းက အလွန်အင်မတန်မှ ကြီးကျယ်မြင့်မြတ်ဂုဏ်ယူစရာပါ။ အဲဒါက တပိုင်း။

နောက်တချက်က လူတွေရဲ့ ဘ၀ဖြတ်သန်းမှု ဖြစ်စဉ်ပေါ့။ ဟိုတခေတ်က ဥပမာတခုကို ကြည့်မယ်ဆိုရင် ကျောင်းလခက ၃၀၊ အဆောင်ကြေးက ၁၂၀-၁၅၀ ပေါ့နော်။ အဲဒီအချိန် အထက်တန်းပြ ဆရာတယောက်ရဲ့ လခက ၁၅၀။ ဥပမာ - ကျောင်းသားတယောက်ဆိုရင် ၃၀၀-၃၅၀ မရှိဘဲနဲ့ တက္ကသိုလ်တက်လို့ မရနိုင်ဘူး။ ဒါက စာအုပ်ဖိုးတွေဘာတွေ မပါသေးဘူး။ ကျောင်းသားရဲ့ မိဘက ၀န်ထမ်းဖြစ်တယ်ဆိုရင် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းထားဖို့ဆိုတာ အလွန်အင်မတန်မှ ခက်ခဲတယ်။ အဲဒီတော့ ကျနော်တို့ ကျောင်းသားတွေရဲ့ ဘ၀ပေးအခြေအနေကိုက မဆလကို လက်ခံနိုင်စရာမရှိဘူး။

ကျောင်းသားတွေက တိုးတက်တဲ့လူငယ်တွေ၊ စဉ်းစားဆင်ခြင် တွေးတောနေကြတဲ့ လူငယ်တွေ၊ နောက်ပြီးတော့ ဘ၀တွေကို သုံးသပ်နေကြတဲ့ လူငယ်တွေ၊ ပညာတွေကို သုံးသပ်နေတဲ့ လူငယ်တွေ။ တက္ကသိုလ် ကျောင်းသားတွေ ဆိုတာက စစ်တပ်လို ဘောင်နဲ့ လူတွေကို လုပ်ထားလို့ မရဘူး။ အဲဒီတော့ သူတို့ရဲ့ ဘ၀ကိုက၊ ကျောင်းသားတွေရဲ့ ဗီဇစရိုက်ကိုက ဒီစစ်အာဏာရှင်စနစ်၊ တချိန်ကဆိုရင် မဆလ တပါတီအာဏာရှင်စနစ်ကို လက်ခံနိုင်မှုဆိုတာ ရှားပါးတယ်လေ။ အဲဒါကို သွားတွေ့ရတယ်။ ဒါက သူတို့ကို ဘယ်သူကမှ မြှောက်ပေးတာမဟုတ်ဘူး။ သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ ဗီဇစရိုက်၊ သူတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေကိုယ်၌က ဆင်းရဲတယ်၊ မိဘတွေရဲ့ အခြေအနေက စီးပွားရေးအင်အား ချို့တဲ့တယ်။ ဒါ့အပြင် တပါတီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေကို ကျောင်းသားတွေက နေ့စဉ်ကြုံတွေ့နေရတာ။ အဲဒီတော့ အဲဒါဘ၀တွေ ကိုယ်၌က တိုးတက်တဲ့ လူငယ်တွေ ဖြစ်လာပြီးတော့ တပါတီအာဏာရှင်စနစ်ကို အလိုအလျောက် ဆန့်ကျင်နေကြတဲ့ သူတို့ရဲ့ ပြောဆိုဆွေးနွေးချက်တွေ၊ အသံတွေကို ကျနော် အသက် ၂၃-၂၄ အရွယ်ကတည်းက ကြားနေရတာ။ သူတို့ဟာ နိုင်ငံရေးသမားတွေ မဟုတ်ဘူး။ ဒါက သူတို့ရဲ့ ဘ၀ပေးအသိကနေ ပေါ်ထွက်လာတဲ့ ဆန့်ကျင်မှုတွေလို့ ကျနော်ကတော့ မြင်ပါတယ်။

ကျောင်းသားဆိုတာ ခေတ်ရယ်၊ စနစ်ရယ်၊ ပတ်ဝန်းကျင် အခြေအနေရယ်က တောင်းဆိုပြဋ္ဌာန်းလိုက်တဲ့အတွက် တွန်းကန်တော်လှန်မှုတွေ၊ တိုက်ပွဲတွေ၊ ဖိနှိပ်မှုကို ဆန့်ကျင်အံတုတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တယ်ပေါ့နော်။ လက်ရှိ အခြေအနေကျ ခေတ်က၊ စနစ်က ပိုပြီး ကျပ်တည်းလာတယ်၊ ဆင်းရဲချို့တဲ့မှုတွေက ပိုပြီး ထူထပ်လာတယ်ဆိုတော့ ဒီခေတ်စနစ်နဲ့အတူ လိုက်လျောညီထွေရှိတဲ့ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားတွေရဲ့ ရှေ့ဆောင်ဦးရွက် အခန်းကဏ္ဍကို ဘယ်လိုမြင်တွေ့နေရလဲဗျ။

၈၈ ထွက်လာပြီးနောက်ပိုင်းပေါ့နော်၊ ၉၆-၉၇ ရှိတယ်။ ၂၀၀၇ ရှိတယ်။ ဒဂုံအရေးအခင်း ရှိတယ်။ အဲဒီတော့ ဒါတွေကို နအဖ စစ်အစိုးရက ကျောင်းသားလူငယ်ထုတွေ အနေအထားကို ကောင်းကောင်းသိတယ်။ ၆၂ ကတည်းက ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ယဉ်ပါးခဲ့တဲ့၊ ချေမှုန်းခဲ့တဲ့၊ အတွေ့အကြုံရှိတဲ့ အစိုးရတရပ်ပါ။ ထို့အတူပဲ ကျနော်တို့ ကျောင်းသားတွေကလည်းပဲ စစ်အာဏာရှင်စနစ်ကို ဘယ်လိုဆန့်ကျင်တော်လှန်ရမယ် ဆိုတာကို အတွေ့အကြုံရှိတယ်၊ ဗီဇစိတ် ပြင်းထန်တယ်။ အဲဒီတော့ အဖိနှိပ်ခံဘ၀က လွတ်မြောက်ဖို့၊ လူထုဘက်က ရပ်ခံပြီးတော့ ဆန့်ကျင်တော်လှန်ဖို့၊ ကျောင်းသားအခွင့်အရေးအတွက် တော်လှန်ဖို့ ဒီ ကျောင်းသားစိတ်ဓာတ်တွေဟာ ဘယ်တော့မှ မတိမ်ကောဘဲနဲ့ ဒီကနေ့ မြန်မာပြည်မှာ အခိုင်အမာ ရှိနေသေးတယ်လို့ ကျနော်က ယုံကြည်တယ်။ ဒါကြောင့်လည်း ဒဂုံမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက သက်သေထူနေတာပဲခင်ဗျ။

နောက်ဆုံးအနေနဲ့ မေးချင်ပါတယ်။ ကိုဖုန်းမော် အပါအ၀င် ခေတ်အဆက်ဆက်က ဒီနေ့ဒီကာလအထိ ပြည်သူလူထုအကျိုးအတွက်၊ အဖိနှိပ်ခံဘက်ကနေ ရပ်တည်ပြီးတော့ စွန့်လွှတ်စွန့်စားနဲ့ နည်းလမ်းပေါင်းစုံ တိုက်ပွဲနေတဲ့ ကျောင်းသားတွေကို ကိုသံဒုတ်အနေနဲ့ ကိုဖုန်းမော်နေ့ အမှတ်တရအဖြစ် ဘယ်လိုစကားမျိုး ပြောချင်လဲခင်ဗျ။

ကျနော်တို့က ရန်ကုန် စက်မှုတက္ကသိုလ်ကပါ။ ကျနော် ကျောင်းသားရဲဘော် သံဒုတ်ပါ။ ကျနော်တို့ကတော့ သေတဲ့အထိပေါ့နော်၊ စစ်အာဏာရှင်စနစ် အကြွင်းမရှိ ချုပ်ငြိမ်းတဲ့အထိ ကျနော်တို့တွေဟာ ဘယ်ကျောင်းမှ မတက်ဘူး၊ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာကို ပြည်တွင်းပြည်ပက ကျောင်းသားတွေကိုရော၊ အရင်တချိန်မှာ လုပ်ခဲ့တဲ့ ၈၈ က ကျောင်းသားသူငယ်ချင်းတွေရောကို ကျနော်တို့က ပြောကြားလိုတယ်၊ ကျနော်တို့ ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး။ ဖုန်းမော်စိတ်ဓာတ်နဲ့အတူ မြန်မာပြည်က အဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်တဲ့အထိ ပြီးဆုံးတဲ့အထိ၊ ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂကို ကိုယ့်ခြေကိုယ့်လက်နဲ့ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်တဲ့အထိ ကျနော်တို့က ဆက်လက်တိုက်ပွဲဝင်သွားမယ်။ ထို့အတူပဲ ဖိနှိပ်ကြမ်းတမ်းနေတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ ကိုမင်းကိုနိုင်နဲ့ တော်လှန်နေတဲ့ ကျောင်းသားအားလုံးကို ကျနော်တို့က အလေးပြုပါတယ်။


ရက်စွဲမှတ်တမ်း

(ဖုံးမော်မှသည် ...)

၁။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် သေဆုံး။

၂။ အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ယင်းသေဆုံးမှုမှာ RIT အနီးဝန်းကျင်နေ ပြည်သူများနှင့် စက်မှုကျောင်းသားများ ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးရခြင်းဖြစ်ဟု နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်။

၃။ မတ်လ ၁၄ ရက်နေ့တွင် ကြိမ်ဒိုင်းနှင့် နံပါတ်ဒုတ်ကိုင် လုံထိန်းအမြောက်အမြားက RIT ကျောင်းဝန်းကျင်သို့ ရောက်ရှိစောင့်ကြပ်။ ကျောင်းသားများက ကိုဖုန်းမော် သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ကို အခြား တက္ကသိုလ်ကျောင်းများသို့ လိုက်လံအသိပေး ရှင်းလင်းပြ။

၎။ မတ်လ ၁၅ ရက်နေ့တွင် RIT ကျောင်းဝင်းအတွင်း လုံထိန်းနှင့် စစ်သား ၆၀၀ ခန့် ၀င်ရောက်စီးနင်းကာ ကျောင်းသားများကို နံပါတ်ဒုတ်များဖြင့် ရိုက်နှက်၊ ကျောင်းသား ၃-၄၀၀ ခန့်အား စစ်ကားများပေါ် တင်၍ ဖမ်းဆီးခေါ်ဆောင်သွား။

အစိုးရဘက်ကမူ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်ပြု ဆူပူသူ ကျောင်းသားများအား ထိရောက်စွာ အရေးယူမည်ဟု ကြေညာ။

၅။ မတ်လ ၁၆ ရက်နေ့တွင် အင်းလျားကန်ဘောင်ဘက်ရှိ ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ကျောင်းသား ထောင်ပေါင်းများစွာက ဖက်ဆစ်အစိုးရ ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေးနှင့် တပါတီစနစ် ကျဆုံးပါစေ ဟူသော ကြွေးကြော်သံများ အော်ဟစ်ကာ ဟောပြောပွဲများ ကျင်းပကြ။

ကျောင်းသားများစွာသည် တက္ကသိုလ်ဝင်းအတွင်းမှ လမ်းပေါ်တက် ဆန္ဒပြချီတက်လာရာ အင်းလျားကန်ဘောင်နှင့် ပြည်လမ်းမကြားရှိ တံတားဖြူဟု လူသိများသော မြောင်းကူးတံတားအလွန်တွင် လုံထိန်းတပ်က နံပါတ်ဒုတ်များဖြင့် ရိုက်နှက်ရာ ရာနှင့်ချီ၍ သေဆုံးဒဏ်ရာရ၊ ဖမ်းဆီးခံရ။ နောက်ပိုင်းတွင် တံတားနီအရေးအခင်းဟု ကျော်ကြား။

၆။ မတ်လ ၁၇ ရက်နေ့တွင် အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ကိုဖုန်းမော် သေဆုံးမှုသည် ဓားဒဏ်ရာနှင့် မဟုတ်ဘဲ၊ သေနတ်ဒဏ်ရာနှင့်ဟူ၍ ၀န်ခံပြောဆို၊ သို့သော် တံတားနီ အရေးအခင်းနှင့် ပတ်သက်၍မူ တခွန်းတပါဒမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိ။

၇။ မတ်လ ၁၄-၁၅-၁၆-၁၇ ရက်နေ့များအတွင်း တက္ကသိုလ်ကျောင်းသားများ၏ ဆွေးနွေးပွဲများမှ ကိုဖုန်းမော်သေဆုံးမှုနှင့် ပတ်သက်၍ သတင်းအမှန် ထုတ်ပြန်ရန်နှင့် သင့်တင့်လျောက်ပတ်သော ဈာပန ပြုလုပ်ပေးရန် တောင်းဆို။

၈။ မတ်လ ၁၇ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားအားလုံးကို အစိုးရက စရိတ်ထုတ်ပေးပြီး အိမ်ပြန်စေခဲ့ကာ ကျောင်းများ ပိတ်ပစ်။

၉။ အိမ်ပြန်ရောက်လာသည့် ကျောင်းသားများကြောင့် နိုင်ငံတ၀ှမ်းရှိ ပြည်သူများ ကိုဖုန်းမော် အသတ်ခံရမှုအပြင် စစ်တပ်မှ ကျောင်းအတွင်း ၀င်ရောက်ကာ ကျောင်းသားများကို အင်အားသုံး ဖမ်းဆီးခဲ့သည့် သတင်းအမှန် သိရှိခဲ့ရပြီး၊ နိုင်ငံတ၀ှမ်း မကျေနပ်မှုများ ဖြစ်လာ။

၁၀။ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွတ်လာပြီး BBC နှင့် VOA က ယင်းကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ကာ သတင်းထုတ်လွှင့်သဖြင့် ထောင်ထဲတွင် အာဏာပိုင်များ၏ နှိပ်စက်ပုံများနှင့် နေထိုင်ခဲ့ရပုံများကို အများပြည်သူ သိရှိခဲ့ရ။

၁၁။ သြဂုတ်လ ၈ ရက်နေ့တွင် - ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန်များအား အစိုးရက ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည့်အပေါ် မကျေမနပ်ဖြစ်နေသော ပြည်သူများက ကိုဖုန်းမော် ပစ်ခတ်သေဆုံးမှုကို အကြောင်းရင်းခံကာ မဆလ အစိုးရကို ညီညွတ်စွာ တော်လှန်အုံကြွရာမှ ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာ။

၁၂။ သြဂုတ်လ ၂၆ ရက်နေ့တွင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံအနောက်မုဒ်တွင် လူထု ၅ သိန်းခန့် တက်ရောက်သော လူထုတရားဟောပွဲတွင် ဟောပြော။

၁၃။ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ယင်းအဖွဲ့က ၀န်ကြီးချုပ်ဟောင်းဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဗိုလ်ရန်နိုင်၊ ဦးအောင်ကြီးတို့နှင့် တွေ့ဆုံပြီး ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းရန် ဆွေးနွေး။

၁၄။ ကြားဖြတ်အစိုးရ မဖြစ်ပေါ်ခဲ့ဘဲ၊ ယနေ့အထိ စစ်တပ်က နိုင်ငံတော် အာဏာကို ချုပ်ကိုင်ထားဆဲ။

စု-လွှတ်-တွေ့ ရှင်သန်နေဆဲ


ကိုဝိုင်း
သောကြာနေ့၊ မတ်လ 13 2009 20:07 - မြန်မာစံတော်ချိန်


(ဦးဝင်းတင်နှင့် အင်တာဗျူး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဆရာဦးဝင်းတင်သည် ယမန်နေ့က အသက် ၇၉ နှစ် မွေးနေ့ကျရောက်ခဲ့သည်။ စု-လွှတ်-တွေ့ နှင့် ရံသုံးရံ တို့၏ ပိုင်ရှင်အတွက် မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်များက ရန်ကုန်မြို့၌ မွေးနေ့ပွဲကျင်းပပေးခဲ့သည်။

၁၉ နှစ်တာ အကျဉ်းကျခံခဲ့ရသူ သတင်းစာဆရာတဖြစ်လဲ နိုင်ငံရေးသမားကြီးက နိုင်ငံရေးအကျဉ်းသားများကို ကူညီရန် အားသန်သူလည်း ဖြစ်သည်။

မွေးနေ့အမှတ်တရ စကားများအတွက် မဇ္ဈိမက ဆရာကြီးကို ဆက်သွယ်မေးမြန်းထားသည်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးနေတယ်ဆိုတဲ့နေရာမှာ နိုင်ငံရေးသဘောအရထက် တိုက်ရိုက်လုပ်ပေးနေတာတွေများ ရှိပါသလားခင်ဗျာ။

ရှိတာပေါ့ဗျာ။ နိုင်ငံရေးအားဖြင့်လည်း ကျနော်တို့က သူတို့ကို လွှတ်ပေးရေးကိစ္စတွေကို အစဉ်တစိုက် တောင်းဆိုနေတာပဲ။ တခြားသော နိုင်ငံရေးအဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံတဲ့အခါမှာ ဒါတွေပြောတယ်။ ပြည်ပအဖွဲ့အစည်းများနဲ့ တွေ့ဆုံတဲ့ အခါမှာလည်း ဒါတွေတင်ပြတယ်။ နိုင်ငံရေးအကျဉ်းသား လွတ်ရေးဟာ ကျနော်တို့ရဲ့ အဓိကအကျဆုံး ကိစ္စရပ်တရပ်အနေနဲ့ သဘောထားပြီးတော့ လုပ်ဆောင်နေတယ်။

ပုဂ္ဂိုလ်ရေးအရဆိုရင် မိတ်ဆွေတွေ၊ သားချင်းတွေ၊ တပည့်တွေ စသည်ပေါ့ဗျာ ကျနော့်ကို ငွေလေးဘာလေး ထောက်ပံ့ကြတယ်ဗျ။ ကျနော် ဒီကနေ့ အသွားရောအပြန်ရော ဘတ်စ်ကားစီးနေတာ။ ဘတ်စ်ကားက ၂၀၀ လောက် ခရီးပေါ့ဗျာ။ တက္ကစီနဲ့ စီးသွားရင် ၄,၀၀၀ လောက် ကျမယ့်ခရီး။ အဲဒီအခါမှာ ကျနော့်မှာ ငွေပိုတွေ ထွက်လာတယ်။ အဲဒီငွေတွေကို ဘာမှ ကျနော် မသုံးစွဲဘဲနဲ့ ဒီအကျဉ်းသားတွေအတွက် ကူညီနိုင်သမျှပေါ့ဗျာ၊ ကူညီတာ။ မုံ့လေးတထုပ်ပဲဖြစ်ဖြစ်၊ ဆေးလေး တဗူးပဲဖြစ်ဖြစ်၊ ကော်ဖီထုတ်ကလေး တထုပ်ပဲဖြစ်ဖြစ်ပေါ့။

ဥပမာ စနေနေ့မနက်တိုင်းလိုလိုမှာ အင်းစိန်ထောင်ဗူးဝကို အမြဲသွားကြည့်နေတာပဲ။ ထောင်ဝင်စာတွေ့တဲ့လူတွေ ဇနီးသားမယားတွေ လာကြရင်လည်း ကျနော် အနည်းဆုံးတော့ နှုတ်၏ ဆောင်မခြင်းပေါ့ အားပေးစကားပြောနိုင်တယ်။ မုံ့လေး၊ ကော်ဖီလေး ကူညီနိုင်တယ်။ ဒါတွေ ကျနော် လုပ်နေတာပဲဗျ။

ဒီနေ့ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းဟာ ငါတို့ဟာ အမေ့ခံအကျဉ်းသားတွေပါလား ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိဘဲနဲ့ ထွက်လာစေချင်တယ်ဗျာ။

ထောင်ထဲမှာ နေခဲ့တုန်းက “ထူထောင်ရမယ်။ ထိန်းသိမ်းရမယ်။ ထိုင်မနေနဲ့။ ထိတွေ့ရမယ်” ဆိုတဲ့ ထ’ လေးလုံး အယူအဆတခုကို လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား ခင်ဗျာ။

ကျနော်လုပ်တာ မဟုတ်ဘူး။ တခြားလူတွေ လုပ်တာဖြစ်လိမ့်မယ်။ သိတယ် ကျနော်။ လူတွေအားလုံးကတော့ ဝိုင်းလုပ်ကြတာပါပဲ။ ကျနော်ကတော့ “စု-လွှတ်-တွေ့” တို့ “ရံ သုံးရံ” တို့ဆိုတာတော့ ကျနော် လုပ်ခဲ့တယ်ဗျ။ အကြံကောင်း ဉာဏ်ကောင်းတွေ၊ စိတ်ကူးကောင်းတွေ၊ အစီအမံကောင်းတွေ၊ လုပ်ငန်းစဉ်ကောင်းတွေဟာ ထောင်ထဲမှာ အမြဲတမ်း ပေါ်ထွက်နေတာပဲဗျ။

ထ’ လေးလုံးဆိုတာ ကျနော် ကြိုက်လည်းကြိုက်တယ်၊ သဘောကျတယ်၊ ကောင်းတယ်။ ကျနော် ချီးကျူးပါတယ်။

ဘယ်သူလုပ်မှန်း အတိအကျ မသိရတဲ့ အဲဒီ ထ’ လေးလုံး အယူအဆဟာ ဒီနေ့ အချိန်အခါနဲ့ ကိုက်ညီမှု ရှိတယ်လို့ ယူဆပါသလားခင်ဗျာ။

သိပ်ရှိတာပေါ့ဗျာ။ ဒီနေ့တင်မဟုတ်ဘူးဗျ။ အမြဲတမ်း ရှိနေတာပဲ။ ထောင်ထဲမှာ နေတယ်ဆိုတာက ပထမဦးဆုံး ထောင်ထဲက ဘဝကို ရင်ဆိုင်ရတာကိုးဗျ။ ဒုတိယကတော့ ပြင်ပနိုင်ငံရေးဘဝကို မျှော်မှန်းပြီးတော့ ချုပ်မိအောင် ကြိုးစားရတာကိုး။ ထောင်ထဲမှာနေတုန်းလည်း ဒီစကားဟာ အရေးကြီးတဲ့ စကားပဲ။ ထောင်ထဲမှာဆိုတာ ဘဝတွေက ပျက်နေကြတာဗျ။ ဒုက္ခ သိပ်ရောက်ကြတယ်။ ကျနော်တို့ နေရတာတောင်မှ အကောင်းစားတောင်မှ ပြောနိုင်တယ်။ ရန်ကုန်မှာတင် ကျနော်က နေခဲ့ရတာကိုး။ ဒီနေ့ခေတ်ကျတော့ ဟိုး ဝေးလံခေါင်ဖျားတွေမှာ နေရတဲ့အခါကျတော့ ဘဝပျက်မယ့်လူတွေ အများကြီးရှိမယ်။ အဲဒီအခါမှ ကိုယ့်ဘဝကို ကိုယ်ထူထောင်ရမယ်လို့ ကျနော်က အဲဒီလိုပဲ အဓိပ္ပာယ်ဖွင့်ချင်တယ်ဗျာ။ ချမှတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ ဘယ်လိုရည်မှန်းချက် ကျယ်ပြန်တဲ့ ဟာတွေ ရှိမှာပေါ့ဗျာ။

နောက်တခုက ထိန်းသိမ်းရမယ်ဆိုတာမျိုးကလည်း ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ဘဝတခုလုံး၊ သို့မဟုတ်လည်း ကိုယ့်ရဲ့အယူအဆ၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့အပေါင်းအသင်း၊ အသိုင်းအဝိုင်း ဒါတွေဟာ အကုန်လုံး အကျုံးဝင်တာပဲဗျ။ သာမန်တင် မကတော့ဘူး။ ထောင်ထဲမှာ ကျဉ်းကျဉ်းလေး နေရတဲ့ အခါကျတော့ အပေါင်းအသင်းကို ထိန်းသိမ်းထားရမယ်။ ကိုယ့်ရဲ့ နိုင်ငံရေးနဲ့ ရည်မှန်းချက်တွေကို ထိန်းသိမ်းထားရမယ်။

ထိုင်မနေနဲ့ဆိုတာကျတော့ ထောင်ထဲကျတော့ လူတွေက တခါတလေ စိတ်ပျက်တယ်ဗျ။ စိတ်ပျက်တော့ ဘာလုပ်ရမှန်းလည်းမသိဘူး။ ကိုယ့်အခန်းကျဉ်းလေးထဲမှာပဲ ငုတ်တုတ်လေးထိုင်ပြီးတော့ ဟိုငေးဒီငေး ငေးတာပေါ့။ ဒါကြောင့် ထိုင်မနေနဲ့ ဆက်သွယ်လို့ရအောင် အော်သင့်အော်ရတယ်ဗျာ။ တခါတလေ ဆေးလိပ်တိုထဲ စာထည့်ပြီးတော့ ပေးသင့်ပေးရတယ်ဗျာ။ သို့မဟုတ်လည်း ကိုယ်စားမယ့် အစားအစာကို အပြင်မှာ လွတ်လွတ်လပ်လပ် သွားလာနေရတဲ့ သာမန်အကျဉ်းသားတွေကို ပေးလိုက်ပြီးတော့ အဲဒီလူတွေကတဆင့် ဆက်သွယ်ရေးတွေ လုပ်ရတယ်။ အဲဒါ ထိုင်မနေတာပဲဗျ။ ထိုင်မနေနဲ့တင်မကဘူး ရုန်းကန်ကြ၊ လှုပ်ရှားကြ၊ ထွက်ပေါက်ရှာကြ၊ ဖောက်ထွက်ကြဆိုတဲ့ သဘောပါပဲဗျာ။

ထိတွေ့ရမယ်ဆိုတာက သာမန်ပြောရင်တော့ မိတ်ဆွေတယောက်နဲ့ တယောက် ထိတွေ့အောင် လုပ်ရတယ်။ တခါတလေ တယောက်ထဲ ပိတ်မိနေတယ်။ ဒီလိုပဲ ငုတ်တုတ်မနေဘူးပေါ့ဗျာ။ တံခါးခေါက်တယ်ဗျာ၊ လှမ်းအော်တယ်ဗျာ။ အပြင်က ကျန်တဲ့ ရဲဘော်တွေနဲ့ ထိတွေ့အောင် လုပ်ရတယ်။ ပြင်ပလောကနဲ့လည်း ထိတွေ့အောင်လုပ်တာပဲဗျ။ ပြင်ပက သတင်းတွေ၊ နိုင်ငံရေးစကားတွေ ဘယ်လိုရမလဲ။ ပြန်ပြီးတော့ message တွေ ဘယ်လိုပေးရမလဲ။

ဒီအယူအဆဟာ ထောင်တွင်းဘဝနဲ့ပဲ သက်ဆိုင်တာလား။ ထောင်ပြင်ပ ဘဝနဲ့ရော ဆက်စပ်လို့ရပါသလားခင်ဗျာ။

ဒါဟာ ထောင်ထဲ ဘဝနဲ့လည်း ဆိုင်တယ်။ လူ့ဘဝ တခုလုံးနဲ့လည်း ဆိုင်တယ်ဗျ။ ပြင်ပရောက်လာတဲ့ အခါကျလည်း စိတ်ပျက်စရာဖြစ်ပြီး ငါ့လည်း ကူညီမယ့်လူ မရှိဘူး။ ငါလည်း ဘာမှမလုပ်နိုင်တော့ဘူး။ ငါတော့ ထိုင်နေရုံပဲဆိုတာမျိုး မဖြစ်စေနဲ့။ ကိုယ့်ဘဝကိုယ် ဘယ်လိုထူထောင်မလဲ။ ထောင်ထွက်တယောက်ဗျာ။ ဘဝပျက်လာတယ်။ လူတွေနဲ့ အဆက်အသွယ်ပြတ်၊ ပြည်သူ့ဘဝတွေနဲ့ အဆက်သွယ်ပြတ်၊ နိုင်ငံရေးနဲ့လည်း အဆက်အသွယ်ပြတ်။ ကိုယ့်ဘဝကို နိုင်ငံရေးအားဖြင့် ထူထောင်ရတယ်၊ ရပ်တည်လာနိုင်တယ်၊ ပြည်သူ့အကျိုး ဆောင်မယ်ဆိုတဲ့ စွမ်းအားတွေရလာတယ်။ အဆက်အသွယ်တွေ ပြန်ရလာမယ်။

နောက် ကိုယ့်ရဲ့ နိုင်ငံရေးယုံကြည်ချက်ကို ထိန်းသိမ်းရတော့မယ်။ နောက် အိမ်မှာတင် စိတ်ပျက်ပြီးတော့ ဒီအတိုင်း ထိုင်မနေနဲ့ အလုပ်မရှိရင် အလုပ်ရှာရမှာပေါ့ဗျာ။ နိုင်ငံရေးလုပ်စရာမရှိရင် နိုင်ငံရေးလုပ်စရာ ရှာရမယ်ဗျာ။ အတွေးသစ်၊ အမြင်သစ်၊ အယူအဆသစ်တွေ ရစရာရှိတာတွေကို လုပ်ကြရမယ်ဆိုတဲ့ဟာက လမ်းညွှန်လို ဖြစ်လာတယ်ဗျ။

အလားတူပဲ ထိတွေ့မှုရှိရမယ်ဆိုတာ အိမ်မှာ စိတ်ပျက်ပြီး ထိုင်မနေဘူး။ အပြင်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ထိတွေ့ရတယ်။ တိုင်းရင်းသား နိုင်ငံရေးသမားတွေနဲ့လည်း ထိတွေ့ရမယ်။ ပြည်သူတွေနဲ့ ထိတွေ့ရမယ်။ အဆက်ပြတ် မခံရဘူး။ ဒီဟာတွေဟာ ဘဝလမ်းညွှန်တွေ ဖြစ်လာတယ်ဗျ။

ထောင်ထဲမှာ ထောင်သားဘဝအနေနဲ့ လမ်းညွှန်ဖြစ်သလို ပြင်ပဘဝ ရောက်တဲ့အခါလည်း ပြင်ပဘဝလမ်းညွှန် ဖြစ်ပါတယ်။ ကျနော် သိပ်ပြီးတော့ ကျေးဇူးလည်း တင်တယ်။ အမှတ်လည်း ရတယ်။ လေးလည်း လေးစားတယ်။ ဒီလို ဆရာလုပ်တာလားလို့မေးတဲ့အတွက် သိပ်ပြီးတော့ ဝမ်းသာတာပဲဗျာ။ ရှင်းရှင်းပြောရရင် စာပေဆု တဆုရသလို ဝမ်းသာပါတယ်။ ကျနော့်ထက် ပိုပြီး အမြော်အမြင်ရှိတဲ့ အကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လူငယ်ဖြစ်ရင်ဖြစ်မယ်၊ လူကြီးဖြစ်ရင် ဖြစ်မယ်ပေါ့ဗျာ။ အဲဒီလူတွေရဲ့ လုပ်ဆောင်ချက်ပါ။ ဒီဖန်တီးချက်ကို ကျနော် အပြည့်အဝ ထောက်ခံပါတယ်။ ကျနော်လည်း ဒီအယူအဆတွေအတိုင်း ကျင့်သုံးပါတယ်။

‘စု-လွှတ်-တွေ့’ ဆိုတာ ဒီကနေ့ လက်တွေ့အခြေအနေနဲ့ရော ကိုက်ညီသေးတယ်လို့ ဆရာ ယူဆပါသလားခင်ဗျာ။

ယူဆပါတယ်ဗျာ။ ဒေါ်စုအပါအဝင် မြောက်မြားစွာသော ပုဂ္ဂိုလ်တွေဟာ ဒီနေ့အထိ မလွတ်သေးဘူးဗျာ။ ကျနော်တို့သာ အကြောင်းအားလျော်စွာ ဘယ်လိုလွတ်လာတယ် မသိဘူး။ သူတို့ပြောလိုက်ရင်တော့ အကျဉ်းသား ၉,၀၀၀ လွှတ်တယ်တို့၊ ၆,၀၀၀၊ လွှတ်တယ်တို့။ ဒါပေမယ်လို့ ၁၀၀ မပြည့်ဘူး။ အယောက် ၂၀ မပြည့်ဘူး ဆိုတာတွေ ဖြစ်နေတဲ့အခါကျတော့။

ထောင်ထဲမှာလည်း ဒီနေ့ကာလမှာ အလွန်အကျွံ အကြီးအကျယ် ဖမ်းခံရပါတယ်ဆိုတဲ့ ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်းမှာ ဖြစ်တာတောင်မှ နိုင်ငံရေးအကျဉ်းသားဟာ ၁,၀၀၀ လောက်ရှိတာ။ ဒီနေ့ နိုင်ငံရေးအကျဉ်းသားက ၂,၀၀၀ ကျော်နေပြီဗျာ။ အဲဒီတော့ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုတာ ဒီနေ့အထိ ရှိနေတုန်းပဲဗျ။

အလားတူပဲ လွှတ်’ ဆိုတဲ့ဟာကလည်း ၁၉၉၀ ရွေးကောက်ပွဲကို ဒီနေ့အထိ ဒီအစိုးရက လေးစားခြင်း မရှိဘူး။ ပြည်သူက လွှဲအပ်လိုက်တဲ့ အာဏာနဲ့ကို အကောင်အထည်ဖော်ရမယ်ဆိုတဲ့ တာဝန်ကို အခုအထိ သူက ပျက်ကွက်နေတုန်းပဲဗျ။ ဒါကြောင့်မို့လို့ လွှတ်’ ဆိုတဲ့ လွှတ်တော်ခေါ်ယူကျင်းပရေး ဆိုတာဟာလည်း ဒီနေ့အထိ ရှင်သန်နေတုန်းပဲ။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့။ ဆိုတဲ့ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ၊ တိုင်းသူပြည်သားတွေရဲ့ တောင်းဆိုချက်တွေ၊ နိုင်ငံရေး အင်အားစုများရဲ့ တောင်းဆိုချက်တွေဟာလည်း ဒီနေ့အထိ ရှိနေတုန်းပဲဗျာ။

‘မကျိုးပဲ့ရေး တရားသုံးပါး’ ကရော ဒီနေ့အခြေအနေမှာ ဆက်ပြီး လုပ်ဆောင်သင့်တဲ့ အယူအဆလို့ ထင်ပါသလားခင်ဗျာ။

‘မကျိုးပဲ့ရေးသုံးပါး’ ဆိုတာ ကျနော်ထင်တယ် ထောင်ထဲတင် မဟုတ်ဘူးဗျ။ အပြင်မှာလည်း ဒါ အရေးကြီးနေတာပဲ။ ကိုယ့်ကျန်းမာရေး ကိုယ်ထိန်းရမယ်ဗျာ။ ကျနော်ဆို ၇၉ နှစ်ဗျာ။ သို့သော် ကျနော် ကျန်းမာတုန်းဗျ။ ဒီနေ့အထိ ဘတ်စ်ကား စီးတုန်းပဲဗျ။ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးသမားတွေရဲ့ အိမ်တွေလည်း သွားတုန်း၊ နိုင်ငံရေး မုဆိုးမအိမ်တွေ သွားတုန်း၊ မကျန်းမာတဲ့ နိုင်ငံရေးသမားတွေဆီ သွားတုန်းပဲဗျ။ ကျနော့် ကျန်းမာရေး ထိန်းထားနိုင်တာကိုး။ စိတ်ဓာတ်လည်း မကျိုးပဲ့ဘူး။ လုပ်စရာရှိတာ လုပ်နေတာပဲ။

စုဖွဲ့မှုမကျိုးပဲ့အောင်ဆိုတာ ကျနော့်ရဲ့ နိုင်ငံရေးရဲဘော်တွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ၊ ငါ့ပါတီရယ်လို့ တခုထဲနဲ့ ကျနော် သဘောမထားဘူးဗျ။ အခြား နိုင်ငံရေးအင်အားတွေ မှန်သမျှနဲ့လည်း စုဖွဲ့မှုမပျက်အောင် လုပ်နေတယ်။ ကျနော့်ပါတီထဲမှာလည်း လူငယ်တွေ ၁၀၀ ကျော်လောက် နုတ်ထွက်တယ်။ ကျနော်ကလည်း ပါတီကနေ ထုတ်မပစ်ပါနဲ့။ ဒီလူငယ်တွေရဲ့ အတွေ့အကြုံတွေ၊ စိတ်ဓာတ်တွေ၊ ဖြတ်သန်းမှုတွေကို အဆုံးရှုံးမခံနိုင်ဘူး။ စုဖွဲ့မှု မပျက်အောင် လုပ်နေတာပဲဗျ။

အဲဒါတွေဟာ ကျနော့်ရဲ့ ဘဝလမ်းညွှန်တွေလည်း ဖြစ်ပါတယ်။ ထောင်ထဲမှာတင် ကျင့်သုံးတာမဟုတ်ပါဘူး။ အပြင်မှာလည်း ကျင့်သုံးနေပါတယ်။ လူငယ်တွေ၊ မျိုးဆက်သစ်တွေဟာလည်း ဒီလိုစိတ်ဓာတ်မျိုးတွေ၊ ဒီလိုကျင့်သုံးမှုတွေ၊ ဒီလို အားထုတ်မှုမျိုးတွေ ဖြစ်စေချင်တာပဲဗျာ။

မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကျင်းပနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေပေါ်မှာ ထင်ဟပ်ပြီးတော့ ဘာများ သတင်းစကား ပြောချင်ပါသလဲခင်ဗျာ။

ကျနော်တို့ တိုင်းပြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အလွန်ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတယ် ဆိုတာကို တိုင်းပြည်က သိစေချင်တယ်။ အရေးအကြီးဆုံး လက္ခဏာဟာ တိုင်းသူပြည်သားတွေရဲ့ လွတ်လပ်စွာ ကိုယ့်အစိုးရကို ကိုယ် ရွေးကောက်တင်မြှောက်နိုင်တယ်ဆိုတဲ့ လူ့အခွင့်အရေး။ ဒီအခွင့်အရေးကြီးကို ဒီစစ်အစိုးရ ချိုးဖောက်တာဟာ ၁၉၉၀ ပြည့်ကတည်းက ဒီနေ့အထိပါပဲလို့။ အဲဒါကို မမေ့ကြပါနဲ့။ တခြားခြားသော ချိုးဖောက်မှုတွေလည်း အများကြီးပဲ။ ထောင်ကျနေတယ်။ ဖမ်းတာခံနေရတယ်။ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် မရှိဘူး။ ဘုန်းကြီးတွေကို သတ်ဖြတ်နေတယ်။

မြန်မာနိုင်ငံမှာ ဘယ်သူ့ကိုမေးမေး တနည်းမဟုတ်တနည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရတယ်။ ဒီချိုးဖောက်မှု ပြင်းထန်တိုင်း ကြောက်ရမှာလား။ လူတွေ မကြောက်ကြပါနဲ့၊ ငုံ့ခံလည်းမနေပါနဲ့၊ မကြောက်တရားကို မွေးပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပျက်ပြားသွားအောင်လို့ တုံ့ပြန်ကြပါ၊ ဆန့်ကျင်ကြပါ၊ ထုတ်ဖော်ပြောကြပါ လို့ပြောချင်ပါတယ်။

အဲဒီလို လုပ်တဲ့နေရာမှာ ငါ့သဘောနဲ့ငါ လုပ်ကြမယ် ဆိုတာနဲ့ မဖြစ်ပါဘူး။ အားလုံး စုပေါင်းပြီးလုပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာကို ကာကွယ်လို့ရတယ်၊ ဆန့်ကျင်လို့ရတယ်၊ တွန်းလှန်ဖယ်ရှားလို့ရတယ်။ ပြုပြင်ပြောင်းလဲလို့ ရတယ်လို့ ကျနော် ပြောချင်တယ်နော်။ နိုင်ငံရေးပါတီများရဲ့ အလံတော်အောက်မှာ လာပြီးတွဲတာလည်း ဖြစ်နိုင်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြဲတမ်း ဆန့်ကျင်တွန်းလှန်နေတဲ့ အန်အယ်ဒီလို အဖွဲအစည်းမျိုး ရှိပါတယ်။ အဲဒီလိုမှမဟုတ်ရင်လည်း တိုင်းရင်းသား အဖွဲ့အစည်းတွေဆီမှာလည်း ရပါတယ်။ သို့မဟုတ်လည်း လူငယ် ကျောင်းသားများအနေနဲ့လည်း ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့လိုဟာမျိုး၊ လူ့ဘောင်သစ် ကျောင်းသားအဖွဲ့လို ဟာမျိုးတွေ ရှိပါတယ်။ အလားတူပဲ အန်အယ်ဒီအောက်မှာ အမျိုးသမီးအဖွဲ့တွေလည်း ရှိပါတယ်။ အမျိုးသမီးများဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာရှိရင် အန်အယ်ဒီ အမျိုးသမီးအဖွဲ့လိုဟာမျိုးနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။

ဝဘ်ဆိုဒ်များ ထိုးဖောက် ဝင်ရောက်ခံရမည့် အန္တရာယ် ပိုမိုများလာ

World Wide Web တီထွင်သူ ဆာဘွဲ့ရ တင် ဘာနာ လီး ( သတင်း အထောက်အကူပြု ဓါတ်ပုံ - www.abc.net.au)
ဝဘ်ဆိုဒ် တည်ထောင်သူများ အနေနှင့် မိမိဆိုဒ် အတွင်း ထိုးဖောက် ၀င်ရောက်ပြီး အချက်အလက်များကို ကြည့်ရှုခံရသည့် အန္တရာယ်မှာ တစထက် တစ မြင့်တက် လာနေကြောင်း ပညာရှင်များက သတိပေးလိုက်သည်။
World Wide Web တီထွင်သူ ပညာရှင် ဆာ တင်ဘာနာ လီးက ထိုလုပ်ဆောင်မှု များသည် သူတပါး အိပ်ခန်းအတွင်း TV ကင်မရာ တပ်ထားသည် နှင့် အတူတူပင် ဖြစ်ကြောင်း ရှုတ်ချခဲ့သည်။
ဥပဒေများ အနေနှင့် အဆိုပါ ကျူးကျော်မှုကို ကိုင်တွယ်ရာတွင် အားနည်းချက်များ ရှိနေသေးသလို အဆိုပါ ကိစ္စသည် အလွန်သိမ်မွေ့ပြီး Sensitive ဖြစ်သောကြောင့် တိကျသော ပြဋ္ဌာန်းချက်များ ထုတ်ပြန်နိုင်ရန် ခက်ခဲသည် ဟုလည်း သိရသည်။
အင်တာနက်တွင် Privacy ချိုးဖောက်မှုများ မြင့်တက်လာမှု အပေါ် ကျွမ်းကျင်သူများက အလွန်အမင်း စိုးရိမ်နေကြသည်။ ဗြိတိန် ပါလီမန်အနေ နှင့် Online Privacy အတွက် တိကျသော ဥပဒေ တရပ် ချမှတ်ရန် လိုအပ်နေကြောင်း ဆာတင်ဘာနာလီးက တိုက်တွန်း ပြောဆိုလိုက်သည်။
နည်းပညာ တိုးတက်လာမှုနှင့် အတူ အချက်အလက် ဖောက်ထွင်းခံရမှုများကို တားဆီးနိုင်မည့် ဥပဒေများလည်း တိုးတက် လာဖို့လိုကြောင်း ၎င်းက မှတ်ချက် ပြုခဲ့သည်။ နိုင်ငံတကာတွင် Online Privacy ဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ် နေသော်လည်း သိသာ ထင်ရှားမှု မရှိခြင်းမှာ ထိုအခြေအနေကို ကိုယ်တွယ်ရန် မည်မျှ ခဲယဉ်းကြောင်း သက်သေ ပြနေခြင်းပင် ဖြစ်သည်ဟု ပညာရှင်များက ပြောဆို ထောက်ပြလိုက်သည်။