Friday, April 10, 2009

သင်္ကြန်အတွေးမိုး(အောင်ခိုင်မြင့်)


လက်ဖက် ရောင်းဝယ်ရေးနှင့် ရှမ်းပွဲဝိုင်းများ (၁၈၈၆-၉၁)

Photobucket
". . . ဆားသည် ရှမ်းလက်ဖက် ကုန်သည်တို့ အတွက် မဝယ်လျှင် မဖြစ်သည့် အပြန်ကုန် ဖြစ်၏။ ယင်းအချက်ကို သိသော ဆားကုန်သည်ကြီးများက အခွင့်ကောင်း ယူကြသည်။ ထို့ကြောင့် မန္ဈလေး၌ ဆား ပိဿာ ၁ဝဝ လျှင် ၈ ကျပ် ၈ ပဲ လက်ကားဈေး ပေါက်နေလျက်နှင့် ရှမ်းကုန်သည်တို့သည် မိမိတို့ လိုသော ဆားကို လိုသလောက် အလွယ်တကူ တစုတည်း တနေရာတည်း ရနိုင်သည့် ကုန်သည် ပွဲစားကြီးတို့ထံမှ ၁၂ ကျပ် ၈ ပဲနှုန်းနှင့် ဈေးပိုပေး၍ ဝယ်ယူကြ ရလေသည်။ သို့သော် ရှမ်းလက်ဖက် ကုန်သည်တို့က ထိုကဲ့သို့ ဈေးပို ပေးရသည်ကို များစွာ အမှုထားကြမည် မဟုတ်ချေ။ ထိုစဉ်က ရှမ်းပြည်နယ်တွင် ဆားပိဿာ ၁ဝဝ ကို ၃ဝ ကျပ်ဈေး ရလေသည် . . . " . . . [နိုင်ငံသမိုင်း သုတေသန စာစောင်၊ အမှတ် ၃၊ ၁၉၇၉ မှာ ဖော်ပြပါရှိခဲ့တဲ့ မကြန်ရဲ့ "လက်ဖက် ရောင်းဝယ်ရေးနှင့် ရှမ်းပွဲဝိုင်းများ (၁၈၈၆-၉၁)" သုတေသန ဆောင်းပါးကို မြန်မာ့ ရတနာ စာပေက ၂ဝဝ၂ ခုနှစ်၊ စက်တင်ဘာမှာ ပထမ အကြိမ် ပုံနှိပ် ဖြန့်ချိခဲ့တဲ့ 'သမိုင်း ရှာပုံတော် ခရီးနှင့် အခြား စာတမ်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]

လက်ဖက် ရောင်းဝယ်ရေးနှင့် ရှမ်းပွဲဝိုင်းများ (၁၈၈၆-၉၁)။ tea-leaf-and-burma

လက်ဖက်သည် ရှမ်းပြည်နယ် မြောက်ပိုင်း၏ အဓိက ထွက်ကုန် ဖြစ်သည်။ အဓိက စားသုံးကုန် မဟုတ်သော်လည်း လက်ဖက်သည် မြန်မာတို့ အတွက် ယနေ့တိုင် အလွန် အရေးပါသော အစားအစာ တခု ဖြစ်သည်။ အလှူမင်္ဂလာ၊ အသုဘပွဲ ကြီးပွဲငယ်တိုင်းတွင် လက်ဖက် ပါမြဲဖြစ်၏။ ထို့ထက် မြန်မာမင်းများ လက်ထက်က တရားတပေါင် မှုခင်း ကိစ္စ ဟူသမျှသည် လက်ဖက် အဆုံးအဖြတ်ဖြင့်သာ ပြီးပြတ် ခဲ့ရသည်။ လက်ဖက်ကို မြန်မာ တိုင်းရင်းသား ရှမ်း၊ ပလောင်တို့က စိုက်ပျိုးရောင်း ဝယ်ကြသည်။ ရှမ်း၊ ပလောင်တို့၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းကြီး ဖြစ်သည်။
လက်ဖက်ကို အစိုနှင့် အခြောက် ဟူ၍ နှစ်မျိုး လုပ်ဆောင် ရောင်းဝယ်ကြသည်။ သီပေါမင်း လက်ထက်က ရှမ်းပြည်နယ် မြောက်ပိုင်းမှ မန္ဈလေး ရွှေမြို့တော် ပွဲရုံများသို့ ကျရောက် ရောင်းဝယ်သည့် လက်ဖက်ခြောက်သည် နှစ်စဉ် ပိဿာချိန် ၅,ဝဝဝ ခန့် ရှိသည်။ ထို့အတူ မတ္တရာမြို့ ရွာနွားပွဲရုံသို့ နှစ်စဉ် ပိဿာချိန် ၅,ဝဝဝ ကျရောက်၍ မြောက်လမ်း နွားပွဲရုံသို့ ပိဿာချိန် ၁၅ဝ,ဝဝဝ ကျရောက်သည်။ တောင်ပိုင်နယ်မှ မန္ဈလေး ရွှေမြို့တော်သို့ လာရောက် ရောင်းဝယ်သည့် လက်ဖက်ခြောက်သည် နှစ်စဉ် ပိဿာချိန် ၅ဝ,ဝဝဝ ရှိ၍ လက်ဖက် အစိုသည် နွားဝန်တင်ပေါင်း ၁၈,ဝဝဝ ရှိသည်။ စုစုပေါင်း အားဖြင့် ရှမ်းပြည်နယ်ကျ လက်ဖက်ခြောက်သည် နှစ်စဉ် ပိဿာချိန်ပေါင်း ၂၁ဝ,ဝဝဝ ရှိ၍ လက်ဖက် အစိုမှာ နွားဝန်တင်၁ ပေါင်း ၁၈,ဝဝဝ ရှိသည်။ ထိုစဉ်က လက်ဖက်ခြောက် ဈေးသည် အကြမ်း အားဖြင့် ပိဿာဈေး ပေါက်၍ လက်ဖက် အစိုသည် တတင်လျှင် ၃ဝ ကျပ်ဈေး ရှိသည်။၂ ထို့ကြောင့် ရှမ်းပြည်နယ်ကျ လက်ဖက် ရောင်းဝယ်ရေးသည် တန်ဖိုး အားဖြင့် တနှစ်လျှင် ၇၅ဝ,ဝဝဝ ကျပ်ခန့် ရှိသည်။ ရွှေမြို့တော်သို့ ကျရောက် ရောင်းဝယ်သည့် လက်ဖက် အပြင် မိုးမိတ်မြို့ ဝန်စုပါ မြို့ရွာများက ပဉ္စာလ ၅ မြို့၊ ရတနာသိင်္ဃမြို့၊ ငစည့်ကူးမြို့၊ တပယင်း၊ မြေဒူး မြို့ရွာများသို့ ကျရောက် ရောင်းဝယ်သည့် လက်ဖက်အစို အခြောက်သည် တသိန်း ခြောက်သောင်းဖိုးခန့် ရှိသည်။ ယင်းလက်ဖက် ရောင်းဝယ်ရေး အပေါ်တွင် မြန်မာဘုရင် အစိုးရက နှစ်စဉ် လက်ဖက် အခွန်ငွေ ခုနစ်သိန်းခန့် ရသည်။ မြောက်လမ်း လက်ဖက်ပွဲခွန်သည် ခွန်ရှင်ဖြစ်၍ တနှစ်လျှင် ခြောက်သိန်းခန့် ရသည်။ မန္ဈလေးမှ ဗန်းမော်သို့ တင်ပို့ ရောင်းချသည့် အညာမြစ်စဉ် လက်ဖက်ခွန်သည် တလလျှင် ၇,ဝဝဝ ကျပ်နှုန်းနှင့် တနှစ်လျှင် ၈၄,ဝဝဝ ကျပ် ရကြောင်း စာရင်း တင်ထားသည်ကို တွေ့ရသဖြင့် လုပ်ငန်း၏ ထုထည် ပမာဏကို ခန့်မှန်း သိသာနိုင်သည်။
အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက် လိုက်ပြီးနောက် ရှမ်းပြည်နယ်က လက်ဖက် ရောင်းဝယ်ရေး အပေါ်တွင် အကောက်အစား မရှိ လွတ်ငြိမ်းခွင့် ပြုသည်။ သို့သော် ပြည်ရွာ မအေးချမ်း၊ ခရီးလမ်းပန်း မဖြောင့်ဖြူး သဖြင့် ရှမ်းကုန်သည်တို့သည် လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်နိုင်ခြင်း မရှိချေ။ တရုတ်ပြည် နယ်စပ်မှ သိန္နီ၊ သီပေါ၊ သုံးဆယ်တို့ကို ဖြတ်သန်းကာ မန္ဈလေးမြို့ရောက် နှစ်စဉ် မြင်း၊ လား ၁ဝ,ဝဝဝ ခန့်၊ ဝန်တင်နွား ၅ဝ,ဝဝဝ ခန့်နှင့် ကူးသန်း ရောင်းဝယ်မြဲ ကုန်သွယ်လမ်းသည် လုံးဝ ပိတ်နေသည်။ တောင်ပိုင်နယ် သိန္နီနယ်တို့မှ ကျဆင်းမြဲ လက်ဖက် အစို အခြောက် ကုန်များလည်း မဆင်း မကျနိုင်ဘဲ ရှိနေခဲ့သည်။ ထို့ကြောင့် ဗြိတိသျှ အာဏာပိုင်တို့သည် အခြေအနေ အရပ်ရပ်ကို အကဲခတ်ရန် ကုန်သွယ်လမ်းများ ပွင့်လင်းစေရန် လက်ဖက် အမြောက်အမြား စိုက်ပျိုးသော တောင်ပိုင်နယ်နှင့် အဆက်အသွယ် ရရှိစေရန် ရည်သန်၍ ၁၈၈၆ ခု၊ နိုဝင်ဘာလ အတွင်း ကာနယ် စတက်မင်၏ တပ်ကို သွေးတိုးစမ်းသည့် သဘောဖြင့် သုံးဆယ်နယ်သို့ ချီတက်စေသည်။ ယင်းခရီးတွင် ဗြိတိသျှ တပ်များသည် သီပေါနှင့် တောင်ပိုင်နယ်တို့သို့ မပေါက်ရောက်ခဲ့ကြချေ။ သို့သော် ဗြိတိသျှတို့၏ စိုးမိုးမှု အခြေခိုင်၍ နယ်မြေ အေးချမ်း ငြိမ်ဝပ်လာသော အခါ ရှမ်းပြည်နယ် မြောက်ပိုင်းမှ လက်ဖက် ကုန်သည်များသည် ရှေးသကဲ့သို့ လာရောက် ရောင်းဝယ်မြဲ ရောင်းဝယ်ကြသည်။ ၁၈၉ဝ ပြည့်နှစ်ခန့် ရောက်သောအခါ လက်ဖက် ရောင်းဝယ်ရေးသည် ပြန်လည် ဖွံ့ဖြိုး စည်ပင် လာသည်။
လက်ဖက်ကို စိုက်ပျိုးရာ ဒေသကို အစွဲပြု၍ အကောင်းနှင့် အညံ နှစ်မျိုး နှစ်စား ခွဲခြား ရောင်းဝယ်ကြသည်။ တောင်ပိုင်နယ်မှ ထွက်သော လက်ဖက်ကို လွိုင်နောဟု ခေါ်၍ ပထမတန်း သတ်မှတ်သည်။ ဗြိတိသျှခေတ်ဦး ၁၈၈၆-၉ဝ အချိန်တွင် လွိုင်နော လက်ဖက်သည် မန္ဈလေး၌ ပိဿာ ၁ဝဝ လျှင် ၁ဝဝ ကျပ် ဈေးရသည်။ အနည်းဆုံး ၈ဝ ကျပ် ဈေးရသည်။ တောင်ပိုင် လက်ဖက် မဟုတ်သော သီပေါနယ်နှင့် မိုင်းလုံ နယ်ထွက် လက်ဖက်များကို လွိုင်နှုတ်ဟု ခေါ်သည်။ လွိုင်နှုတ်သည် ထိုစဉ်က ပိဿာ ၁ဝဝ လျှင် အများဆုံး ၇ဝ ကျပ် ဈေးသာ ရလေသည်။ မြန်မာတို့က လွိုင်နောကို အတွင်းတောင် လက်ဖက်ဟု ခေါ်၍ လွိုင်နှုတ်ကို အပြင်တောင် လက်ဖက်ဟု ခေါ်သည်။ အတွင်းတောင် လက်ဖက်တွင် ဇယန်းရွာထွက်ကို အကောင်းဆုံးဟု သတ်မှတ်ကြသည်။ အပြင်တောင်တွင်လည်း အကောင်းဆုံးဟု သတ်မှတ်သည့် ရွာများရှိသည်။ ဗြိတိသျှခေတ်ဦး ၁၈၈၆-၉ဝ အချိန်က လက်ဖက် စိုက်ပျိုးသော ထင်ရှားသည့် အတွင်းတောင်နှင့် အပြင်တောင် ရွာများသည် အောက်ပါအတိုင်း ဖြစ်သည်။
PhotobucketPhotobucket
ဖော်ပြပါ အတွင်းတောင်၊ အပြင်တောင် ရွာများမှ ထိုစဉ်က လက်ဖက် အထွက်နှုန်းကို တိတိကျကျ သိရှိရန် မလွယ်ကူချေ။ သီပေါမင်း လက်ထက်က တောင်ပိုင်နယ် မှ မန္ဈလေးသို့ ကျရောက် ရောင်းဝယ်သည့် လက်ဖက်ခြောက်သည် တနှစ်လျှင် ပိဿာ ၅,ဝဝဝ၊ လက်ဖက်စိုသည် ပိဿာ ၁,ဝ၈ဝ,ဝဝဝ ခန့် ရှိခဲ့ကြောင်း အထက်တွင် ဖော်ပြခဲ့သည်။ ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်သည်များက တောင်ပိုင်းနယ်သို့ တက်ရောက်၍ တိုက်ရိုက် ဝယ်ယူကြသည်လည်း ရှိသေးသည်။ တောင်ပိုင် စော်ဘွားသည် မင်းတုန်းမင်း လက်ထက်က သူ၏ နယ်အတွင်း ကောက်ခံရရှိသည့် လက်ဖက် အခွန်မှ တနှစ်လျှင် ငွေ ၂,၂၅ဝ ကျပ် ဘုရင်သို့ ပေးဆက်ရသည်။ ဗြိတိသျှ ခေတ်ဦး ၁၈၈၆ မှ ၁၈၉၁ ခုနှစ်များ အတွင်းက တောင်ပိုင်နယ်မှ လက်ဖက် နှစ်စဉ် ပိဿာ တသန်းခန့် ထွက်သည်ဟု ခန့်မှန်းသည်။ ယင်း ပိဿာ တသန်းအနက် ဆယ်ပုံတပုံကို ဒေသတွင်း စားသုံးရန် အတွက် ဖယ်ထားလိုက်သော်တောင်ပိုင်နယ်မှ ထုတ်ရောင်းသည့် လက်ဖက်သည် နှစ်စဉ် ပိဿာ ၉ သိန်းခန့် ရှိသည်။ လက်ဖက်ခြောက်ကို ၂ ရာခိုင်နှုန်းမျှသာ ထုတ်လုပ်လေ့ ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် တောင်ပိုင်နယ်မှ တနှစ်လျှင် လက်ဖက်စို ၈၈၂,ဝဝဝ ပိဿာနှင့် လက်ဖက်ခြောက် ၁၈,ဝဝဝ ပိဿာ ရောင်းချခဲ့သည်ဟု အကြမ်းအားဖြင့် ခန့်မှန်းရသည်။ နယ်မြေ မအေးချမ်း၊ ခရီးလမ်းပန်း မဖြောင့်ဖြူးသည့် ၁၈၈၆ နှင့် ၁၈၈၇ ခုနှစ်များ အတွင်းက တောင်ပိုင်နယ်တွင် လက်ဖက် ပိဿာ ၁ဝဝ ကို ၅ ကျပ်ဈေးနှင့်ပင် အဝယ်အယူ မရှိဘဲ ဖြစ်နေခဲ့သည်ဟု ဆိုသည်။ ၁၈၈၉-၉ဝ ခုနှစ်များတွင်မူ အနှုတ် အသိမ်း များ၍ အရောင်းအဝယ် သွက်ခဲ့ရာ လက်ဖက်စို ဈေးသည် ပိဿာ ၁ဝဝ လျှင် ၁၅ ကျပ်မှ ၂၅ ကျပ်ခန့် ဖြစ်လာသည်။ လက်ဖက်ခြောက် ဈေးမှာလည်း နှစ်ဆတက်၍ ၅ဝ ကျပ်မှ ၁ဝဝ ကျပ် အထိ ရလာသည်။ ထို့ကြောင့် လက်ဖက် စိုက်ပျိုးရေးဖြင့် အသက်မွေးသည့် တောင်ပိုင်နယ်၏ ဝင်ငွေသည် ၁၈၉ဝ-၉၁ ခုနှစ် အတွင်းက အကြမ်းအားဖြင့် -
လက်ဖက်စို ၈၈၂,ဝဝဝ ပိသာ၊ ၂ဝ ကျပ်ဈေးနှုန်းနှင့် ကျပ် ၁၇၆,၄ဝဝ
လက်ဖက်ခြောက် ၁၈,ဝဝဝ ပိသာ၊ ၁ဝဝ ကျပ်ဈေးနှုန်းနှင့် ကျပ် ၁၈,ဝဝဝ
ပေါင်း ကျပ် ၁၉၄,၄ဝဝ
တသိန်း ကိုးသော်ကျော် ရှိသည်။ အပြင်တောင် လက်ဖက်ထွက်သော သီပေါနယ်နှင့် မိုင်းလုံနယ်တို့မှ လက်ဖက် အထွက်ကို မသိရချေ။ ၁၈၈၉-၉ဝ ခုနှစ်က စော်ဘွားကြီးသည် လက်ဖက်ခင်းများ အတွက် အခွန်တော်ငွေ ၁၃,၁၄ဝ ကျပ် ရကြောင်း သူ၏ ရသုံးငွေ စာရင်းတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် အပြင်တောင် လက်ဖက် အထွက်နှုန်းသည်လည်း နည်းမည် မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။
လက်ဖက် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းကို များသောအားဖြင့် ရှမ်းအမျိုးသားတို့က သိမ်းချုပ် လုပ်ကိုင်ကြသည်။ တောင်ပိုင်နယ်မှ ပလောင် အချို့လည်း မန္ဈလေးသို့ ကိုယ်တိုင် သွားရောက် ရောင်းချကြသည်။ သယ်ယူ ပို့ဆောင်ရေးတွင် နွားနှင့် မြင်းကို အသုံးပြုကြသည်။ သို့သော် ဝန်တင်နွားကို အသုံးများသည်။ မြင်းသည် အသွား မြန်သော်လည်း နွားလောက် ဝန်လေး မဆွဲနိုင်သောကြောင့် ဖြစ်သည်။
လက်ဖက် ကုန်သည်တို့သည် တောင်ပိုင်၊ သီပေါ၊ မိုင်းလုံနယ်တို့မှ လက်ဖက်ကို နွားဝန်တင်များဖြင့် သယ်ယူ၍ မန္ဈလေး ဈေးကွက်၌ ရောင်းချကြသည်။ တောင်ပိုင်နယ်သို့ သွားလာရာ ခရီးလမ်းသည် ခက်ခဲ ကြမ်းတမ်းလှ သဖြင့် အသန်မာဆုံး ဝန်တင် နွားများကိုသာ ရွေးချယ်၍ အသုံးပြုကြရသည်။ ထို့ကြောင့် သယ်ယူ ပို့ဆောင်ရေး၌ လွိုင်နှုတ်ကို တင်ဆောင်သည့် နွား ၁,၅ဝဝ ရှိလျှင် လွိုင်နောကို တင်ဆောင်နိုင်သည့် နွား ၁,ဝဝဝ သာ ရနိုင်သည်ဟု ဆိုသည်။ လက်ဖက် အစိုသည် လေသလပ်၍ လည်းကောင်း၊ နေပူရှိန်ကြောင့် လည်းကောင်း၊ လမ်းခရီးတွင် ရေစစ်သွား၍ အလေးချိန် လျော့သွားသည်။ ထိုလျော့ပါးမှုကို ကာမိစေရန် ရှမ်းကုန်သည်တို့သည် ဝန်တင်နွား တကောင်လျှင် လက်ဖက်စို ၆၅ ပိဿာခန့် တင်ယူလေ့ ရှိကြသည်။ သို့မှသာ မန္ဈလေးသို့ ရောက်သောအခါ နွားတကောင်တင် ဝန်သည် ၄၈ မှ ၅ဝ ပိဿာခန့် အဖတ်တင်သည်။ လက်ဖက်ခြောက်သည် လက်ဖက်စိုနှင့် စာသော် ဝန်ပေါ့ ဖြစ်သဖြင့် လက်ဖက်ခြောက် ပိဿာ ၁ဝဝ ကို သယ်ယူရန် နွားသုံးကောင် လိုသည်။ ထို့ကြောင့် လက်ဖက်ခြောက် အသယ်အချ အလွန်နည်းသည်။ လက်ဖက်ခြောက်သည် တောင်ပိုင်နယ်တွင် များသောအားဖြင့် ၁ ပိဿာလျှင် ၁ ကျပ် ဈေးခန့်ရှိ၍ မန္ဈလေးတွင် ပိဿာ ၁ဝဝ လျှင် ၁၅ဝ ကျပ် ခ္ဆွတ်ဈေး ရှိသည်။ သို့သော် ကုန်သည်တို့သည် လက်ဖက်ခြောက်ကို ၃ ရာခိုင်နှုန်းခန့်သာ ယူဆောင်ကြသည်။ ထို့ကြောင့် ခရီး တခေါက်တွင် နွားတန်တင် ၁ဝဝ လျှင် လက်ဖက်ခြောက် သုံးတင်ခန့်သာ ပါတတ်သည်။
ခရီးတခေါက် ဆိုသည်မှာ လက်ဖက်ကုန်သည်တို့ အိမ်က ထွက်သည်။ အိမ်သို့ ပြန်ရောက်သည် အထိ သုံးလမှ လေးလခန့် ကြာမြင့်သည်။ တောင်ပိုင်နယ်သို့ လက်ဖက် အဝယ်တက်သူတို့သည် များသောအားဖြင့် ငွေကို ယူသွားလေ့ မရှိကြချေ။ ငွေ အစား ဆန် သို့မဟုတ် ဆားကို ယူသွားကြသည်။ ယင်းဆန် သို့မဟုတ် ဆားကို တောင်ပိုင်တွင် ရောင်းချပြီးမှ ရသော ငွေနှင့် လက်ဖက်ဝယ်ကာ မန္ဈလေးသို့ သွားရောက် ရောင်းချကြသည်။ မန္ဈလေးမှ အပြန် ခရီးတွင် ဆား၊ ငါးခြောက်၊ ဆေး၊ အထည်အလိပ်၊ ဆီ၊ ဆေးဝါးနှင့် စည်သွတ်ဘူးများကို ဝယ်ယူ သွားကြသည်။ အနှောင့်အယှက် ဘေးအန္ဈရာယ် တစုံတရာ မရှိလျှင် တနှစ်တွင် ခရီးသုံးခေါက် သွားနိုင်ကြလေသည်။
လက်ဖက်ဝယ်ရန် အရင်းအနှီး မရှိသော ရှမ်းကုန်သည်တို့သည် သီပေါစော်ဘွားကြီး စောခွန်ဆိုင်ထံမှ ငွေချေးယူ နိုင်ကြသည်။ ငွေတိုး မြင့်မားလှသည်။ ခရီး တခေါက်အတွက် ချေးယူခြင်း ဖြစ်သော် သုံးလကြာသည် ဖြစ်စေ၊ လေးလကြာသည် ဖြစ်စေ အိမ်ပြန်ရောက်မှ ငွေပြန်ဆပ်ရ သဖြင့် ချေးငွေ အပေါ် ၂ဝ ရာနှုန်း အတိုး ပေးရသည်။ အကယ်၍ ကုန်ပစ္စည်းများကို ရောင်းချပြီးနောက် မန္ဈလေး၌ စော်ဘွားကြီး၏ ကိုယ်စားလှယ်ထံတွင် ချေးငွေကို ပေးဆပ်သော် လွိုင်နော လက်ဖက် ကုန်ကူးခြင်း ဖြစ်လျှင် ငွေ ၁ဝဝ လျှင် ၁၅ ကျပ်နှုန်း အတိုး ပေးရသည်။ လွိုင်နှုတ် ကုန်ကူခြင်း ဖြစ်လျှင် ငွေ ၁ဝဝ လျှင် ၁ဝ ကျပ်နှုန်း အတိုး ပေးရသည်။
ဗြိတိသျှ အစိုးရ လက်ထက် လက်ဖက် ရောင်းဝယ်ရေး အပေါ်အခွန်ကောက် အစားမရှိ လွတ်ငြိမ်းခွင့် ပြုသည်။ သို့သော် ရှမ်းပြည်နယ်မှ လက်ဖက် ချသူတို့သည် ကုန်သည် ပွဲစားကြီးများနှင့် နယ်ရှင် စော်ဘွား မြို့စားတို့၏ အညွန့်ခူးခြင်းကို ဆက်လက် ခံကြရသည်။ တောင်ပိုင်၊ သီပေါ၊ မိုင်းလုံနယ်တို့မှ လက်ဖက်ကို ဝယ်၍ ဝန်တင် နွားများဖြင့် မန္ဈလေးသို့ ချလာရာ လမ်းခရီး တလျှောက်တွင် အကောက်အစား အမျိုးမျိုး ပေးဆောင် ကြရသည်။ ပထမဦးဆုံး တောင်ပိုင်နယ်တွင် လက်ဖက် အကောက် ဟူ၍ ဝန်တက်နွား တကောင်လျှင် ၁ ကျပ်ကျ ပေးဆောင်ရသည်။ ထို့နောက် သီပေါ နယ်ကျော်ခွန် အဖြစ် နွားတကောင်လျှင် ၁ ကျပ် ၈ ပဲနှုန်း ပေးကြရ ပြန်သည်။ သီပေါ ကူတို့ခွန်သည် နွားခြောက်ကောင်လျှင် ၁ ကျပ်နှုန်း ဖြစ်၍ သီပေါ ကင်းခွန်သည် နွားတကောင်လျှင် ၈ ပဲကျ ဖြစ်သည်။ ထိုသို့ အကောက်အခွန်များကို အဆင့်ဆင့် ပေးဆောင်ကြပြီးမှ မန္ဈလေးမြို့သို့ ဆိုက်ရောက် လာကြသည်။
မန္ဈလေးမြို့တွင် ရှမ်း လက်ဖက် ကုန်သည်တို့သည် ပွဲဝိုင်းများ၌ စခန်းချ တည်းခိုလျက် ပါလာသည့် လက်ဖက်များကို ရောင်းချကြသည်။ ရှမ်းကုန်သည်တို့ တည်ခိုရန် မြူနီစီပယ်ဝိုင်း၊ သီပေါ စော်ဘွားဝိုင်း၊ ပုဂ္ဂလိက ကုန်သည် ပွဲစားတို့၏ ဝိုင်း စသည်ဖြင့် ပွဲဝိုင်းများ ရှိသည်။ ရှမ်းလက်ဖက် ကုန်သည်တို့သည် သီပေါဝိုင်းတွင် အများဆုံး စခန်း ချကြသည်။ မြူနီစီပယ်ဝိုင်းတွင် နွားတကောင်လျှင် ၄ ပဲနှုန်း အစိုးရက အကောက် ယူသည်။ သို့သော် ရှမ်းကုန်သည်တို့သည် အစိုးရဝိုင်းတွင် စခန်းချသည် ဖြစ်စေ၊ မချသည် ဖြစ်စေ၊ ကောက်ယူသည့် နွားတကောင်လျှင် ၄ ပဲကျ အကောက်ကို သီပေါဝိုင်းသို့ ပေးကြရသည်။ သီပေါဝိုင်း အတွက်လည်း ၄ ပဲကျ ထပ်မံ ပေးကြရသည်။ သီပေါဝိုင်း အတွက် နွားတကောင်လျှင် ၄ ပဲကျ အကောက်သည် အစိုးရနှုန်း အတိုင်း စာရင်းပြခြင်းသာ ဖြစ်သည်။ လက်တွေ့အားဖြင့် နွားတစ်ကောင်လျှင် ၁ ကျပ် ၈ ပဲကျ သီပေါဝိုင်းသို့ ပွဲခပေးကြရသည်။ ပါလာသည့် ကုန်ပစ္စည်းများကို ရောင်းချပြီးနောက် ရောင်းရငွေ အပေါ်တွင် ၁ဝဝ လျှင် ၅ ကျပ်ကျ သီပေါဝိုင်းသို့ ပွဲခ ပေးကြရပြန်သည်။ ထို အကောက်အစားများ အပြင် ရှမ်းကုန်သည်တို့ ပေးဆောင် ကုန်ကျရခြင်း တခု ရှိသေးသည်။ ရှမ်းကုန်သည်တို့တွင် လမ်းခရီး၌ လုံခြုံ စိတ်ချရစေရန် ကိုင်ဆောင်ထားသည့် သေနတ်များနှင့် အစဉ်အလား အားဖြင့် ကိုင်ဆောင်မြဲ ဖြစ်သည့် ဓားများ ပါရှိကြသည်။ မန္ဈလေး၌ စခန်းချစဉ် ထိုသေနတ်များ၊ ဓားများကို အစိုးရ ဥပဒေအရ စီရင်စု ရာဇဝတ်ဝန်ရုံး၌ ရောက်ပြသကာ မှတ်ပုံတင် ကြရသည်။ ရှမ်းကုန်သည်များ အတွက် ထိုကိစ္စသည် ရုံးပြင်ကန္နားသို့ သွားရောက်ရသည့် ကိစ္စဖြစ်၍ မက္ဆွမ်းကျင် မလွယ်ကူဘဲ အခက်အခဲ တရပ် ဖြစ်သည်။ ထို့ကြောင့် အခက်အခဲကို ငွေပေး၍ ဖြေရှင်းကြရသည်။ ရှမ်းကုန်သည်တို့သည် သေနတ် တလက်လျှင် ၂ ပဲ၊ ဓားတလက် ၁ ပဲကျ၊ သီပေါဝိုင်းသို့ ပေးကြရသည်။ ထိုအခါ သီပေါဝိုင်းမှ စာရေး တယောက်က ရှမ်းကုန်သည်တို့၏ လက်နက်များ မှတ်ပုံတင်ရေးကို ရာဇဝတ်ဝန်ရုံးတွင် လိုက်လံဆောင်ရွက် ပေးလေသည်။
ရှမ်းကုန်သည်တို့သည် ယင်းကဲ့သို့ အကောက်အစား အမျိုးမျိုး ပေးဆောင်ကြရသည့် အပြင် အပြန် ခရီးအတွက် ဆားဝယ်ယူရာ၌ ကုန်သည် ပွဲစားတို့၏ အညွန့်ခူးမှု အမြတ်ကြီးစားမှုကို ခံကြရပြန်သည်။ လက်ဖက် ကုန်သည်တိုင်းသည် အပြန်ခရီးတွင် ဆားကို အဓိကထား၍ ဝယ်ယူ သွားကြလေ့ ရှိသည်။ နွားတကောင်လျှင် ဆားပိဿာ ၅ဝ တင်ယူသည်။ ရှမ်းပြည်နယ်၌ ဆားဈေးကောင်း၍ အမြတ် အလွန်များသည်။ ထိုစဉ်က မန္ဈလေး ဆားလက်ကားဈေးသည် ပိဿာ ၁ဝဝ လျှင် ၈ ကျပ် ၈ ပဲခန့် ပေါက်ဈေး ရှိသည်။ သို့သော် ရှမ်းလက်ဖက် ကုန်သည်တို့သည် အပြန်ခရီး အတွက် ဆားကို ပိဿာ ၁ဝဝ လျှင် ၁၂ ကျပ် ၈ ပဲဈေးနှင့် ဝယ်ယူကြရသည်။ ရှမ်းကုန်သည်တို့ အတွက် ဆား အရောင်းအဝယ်ကို အစက ဦးချက်ကိုနှင့် ပွန်းလန်း ဆိုသူ တရုတ်ကုန်သည် နှစ်ဦး၊ မဟာမေဒင် ကုန်သည် ဦးချို ဆိုသူနှင့် ရေတွင်းတကာ မြန်မာကုန်သည် တဦးတို့က ချုပ်ကိုင်ထားခဲ့သည်။ ထို့နောက် ၁၈၈၉ ခုနှစ်၊ နိုဝင်ဘာလလောက်က စ၍ ရန်ကုန်မြို့ စမ်းချောင်းရပ် ကြေးထမ်းကြီး ဦးနန္နက ဆားအရောင်းအဝယ်ကို ချုပ်ကိုင် လုပ်ဆောင်သည်။ ထိုကဲ့သို့ ချုပ်ကိုင်သူ ကုန်သည်ပွဲစား လက်ပြောင်း ခဲ့သော်လည်း ရှမ်းကုန်သည်တို့ အတွက် ဆားဈေးသည် ပိဿာ ၁ဝဝ လျှင် ၁၂ ကျပ် ၈ ပဲနှုန်း ပုံသေ ဖြစ်နေလေသည်။ ဦးနန္နက ဆားလက်ကားဈေးနှင့် ပတ်သက်၍ ရန်ကုန် ပေါက်ဈေး ပိဿာ ၁,ဝဝဝ လျှင် ၈၆ ကျပ်နှင့် ဝယ်သော ဆားသည် ရန်ကုန်မှ မန္ဈလေးသို့ ရောက်သောအခါ သယ်ယူခ စရိတ် ပိဿာ ၁,ဝဝဝ လျှင် ၁ဝ ကျပ် ကုန်ကျကြောင်း၊ တဖန် မန္ဈလေး ဘူတာရုံမှ သူ၏ ပွဲရုံသို့ သယ်ယူရသော စရိတ်သည် ပိဿာ ၁ဝဝ လျှင် ၁ဝ ပဲနှုန်းနှင့် ပိဿာ ၁,ဝဝဝ အတွက် ၆ ကျပ် ၄ ပဲ ထပ်မံ ကုန်ကျကြောင်း စရင်းပြသည်။ ဦးနန္နက သူ၏ ပွဲရုံတွင် လာရောက် ဝယ်ယူသည့် ရှမ်းကုန်သည်တို့အား ဆားပိဿာ ၁ဝဝ လျှင် ၁၂ ကျပ်ဈေးနှင့် ရောင်းသည်။ ဆားကို သီပေါ စော်ဘွားဝိုင်းသို့ ပို့ပေးရလျှင်ပိဿာ ၁ဝဝ ကို ၁၂ ကျပ် ၈ ပဲနှုန်း ယူသည်။ ဆားသည် ရှမ်းလက်ဖက် ကုန်သည်တို့ အတွက် မဝယ်လျှင် မဖြစ်သည့် အပြန်ကုန် ဖြစ်၏။ ယင်းအချက်ကို သိသော ဆားကုန်သည်ကြီးများက အခွင့်ကောင်း ယူကြသည်။ ထို့ကြောင့် မန္ဈလေး၌ ဆား ပိဿာ ၁ဝဝ လျှင် ၈ ကျပ် ၈ ပဲ လက်ကားဈေး ပေါက်နေလျက်နှင့် ရှမ်းကုန်သည်တို့သည် မိမိတို့ လိုသော ဆားကို လိုသလောက် အလွယ်တကူ တစုတည်း တနေရာတည်း ရနိုင်သည့် ကုန်သည် ပွဲစားကြီးတို့ထံမှ ၁၂ ကျပ် ၈ ပဲနှုန်းနှင့် ဈေးပိုပေး၍ ဝယ်ယူကြ ရလေသည်။ သို့သော် ရှမ်းလက်ဖက် ကုန်သည်တို့က ထိုကဲ့သို့ ဈေးပို ပေးရသည်ကို များစွာ အမှုထားကြမည် မဟုတ်ချေ။ ထိုစဉ်က ရှမ်းပြည်နယ်တွင် ဆားပိဿာ ၁ဝဝ ကို ၃ဝ ကျပ်ဈေး ရလေသည်။
ရှမ်းပြည်နယ်မှ မန္ဈလေးသို့ လက်ဖက်ချယူ ရောင်းဝယ်သော လုပ်ငန်းသည် သာမန်အားဖြင့် အမြတ်အစွန်း ကောင်းသော လုပ်ငန်း တရပ်ဖြစ်သည်။ အရပ်ရပ် အကောက်အစားများကို ပေးဆောင်ရလျက်နှင့်ပင် သုံးလမှ လေးလခန့် အထိ ကြာသည့် ခရီး တခေါက်တွင် ၃၃ ရာခိုင်နှုန်းခန့် အသားတင် အမြတ်အစွန်း ရလေသည်။ နွားတကောင်တင် လွိုင်နော လက်ဖက်နှင့် တွက်ချက်သော် ငွေရင်း၊ ရောင်းရငွေနှင့် အမြတ်အစွန်းသည် အကြမ်းအားဖြင့် အောက်ပါ အတိုင်း ဖြစ်သည်။ နွားတကောင်တင် လွိုင်နော လက်ဖက် ပိဿာ ၅ဝ တင်သည် ဆိုကြပါစို့။ ထိုလွိုင်နော ပိဿာ ၅ဝ အတွက် ငွေရင်းသည် ၂ဝ ကျပ် ၈ ပဲခန့် ဖြစ်သည်။ ထို့ကြောင့်-
Photobucket
ထို့ကြောင့် ခရီး တခေါက်တွင် နွားတကောင်တင် ဝန်အတွက် အမြတ်ငွေသည် အကြမ်းအားဖြင့် ၁၅ ကျပ် ၅ ပဲ ၄ ပိုင် ရသည်။ အကယ်၍ တောင်ပိုင်သို့ လက်ဖက်ဝယ်ရန် အတက် ခရီးတွင် ငွေအစား ဆန်ကို တင်ယူသွားသော် အမြတ်ငွေသည် ထိုထက် ပိုမိုသည်။ နွားတကောင်တွင် ဆန် နှစ်တင်းခွဲမှ သုံးတင်းခန့် တင်နိုင်သည်။ ထိုစဉ်က သိန္နီနှင့် သီပေါ အရှေ့ပိုင်းတို့တွင် ဒီဇင်ဘာနှင့် ဇန်နဝါရီလများ အတွင်း ဆန်တတင်းလျှင် ၁ ကျပ်ခန့် ပေါက်ဈေး ရှိသည်။ ထိုအချိန်၌ တောင်ပိုင်တွင် ဆန်တတင်းကို ၄ ကျပ်မှ ၆ ကျပ် ဈေးရသည်။
ရှမ်းလက်ဖက် ကုန်သည်တို့၏ လုပ်ငန်းသည် အမြတ်အစွန်း ကောင်းသည်မှာ မှန်ပါ၏။ သို့သော် အစဉ်သဖြင့် ထိုကဲ့သို့ ဖြောင့်ဖြူးသာယာ စိုပြည်နေသည် မဟုတ်ချေ။ ထိုစဉ်က က္ဆွဲနွားရောဂါ ထူပြောမှုနှင့် တွဲဖက် ဆင်ခြင်သော် အလွန် ရင်လေးဖွယ် ဖြစ်သည်။ ခရီးတခေါက်သည် သုံးလမှ လေးလခန့်သာ ကြာမြင့်သော်လည်း ၁၈၈၉-၉ဝ ခု ဝန်းကျင်က မည်သည့် နွားဝန်တင် ကုန်သည်မျှ ဝန်တင်နွား အစုံအလင်နှင့် အိမ်ပြန်ရောက်သည်ဟု မရှိခဲ့ချေ။ ဝန်တင်နွား တကောင်၏ တန်ဖိုးသည်လည်း မနည်းလှချေ။ နွားတကောင် ပျက်စီး ဆုံးပါးသော် နွားသုံးကောင် အပေါ်မှ ရသည့် အမြတ်အစွန်းကို လက်လွတ် ဆုံးရှုံးလေသည်။
လက်ဖက် လာရောက်ရောင်းချသည့် ရှမ်းကုန်သည်တို့အတွက် မန္ဈလေး၌ စခန်းချ တည်းခိုရန် ရှမ်းပွဲရပ် အပြင် ပွဲဝိုင်းများ ရှိသည်။ ထိုစဉ်က ရှိသော ဝိုင်းများမှာ အစိုးရဝိုင်း နှစ်ဝိုင်း၊ သီပေါ စော်ဘွားဝိုင်းနှင့် ပုဂ္ဂလိက ကုန်သည် ပွဲစားတို့၏ ပွဲဝိုင်းများ ပွဲရုံးများ ဖြစ်ကြသည်။ အထောက်အထား တခုတွင် ၁၈၈၇ ခုနှစ်က သီပေါ စော်ဘွားကြီးပိုင် ဝိုင်း နှစ်ဝိုင်းရှိ၍ တောင်ဝိုင်းနှင့် မြောက်ဝိုင်းဟု ခေါ်ကြောင်း တွေ့ရသည်။ သို့သော် သီပေါ စော်ဘွား၏ တောင်ဝိုင်း အကြောင်းကို အထောက်အထားများတွင် နောက်ထပ် မတွေ့ရချေ။ အစိုးရ ဝိုင်းများသည် မြူနီစီပယ်၏ ကွပ်ကဲမှုအောက်တွင် ရှိသဖြင့် အများအားဖြင့် မြူနီစီပယ်ဝိုင်းဟု ခေါ်ကြသည်။ မြို့မြောက်ပြင်တွင် ရှိသည့် မြူနီစီပယ်ဝိုင်းသည် နွားကောင်ရေ ၂,ဝဝဝ ခန့် စခန်းချလောက်အောင် ကျယ်ဝန်းသည်။ သို့သော် မြူနီစီပယ်၏ စီမံကွပ်ကဲမှု ညံ့ဖျင်းလွန်း သဖြင့် ဝိုင်းမှာ ညစ်ပတ် နံစော်နေသည်။ ဝိုင်းကို ကြီးကြပ်ရန် မြူနီစီပယ်က ဈေးခေါင်း တယောက် ခန့်ထားသည်။ ၁၈၉ဝ ပြည့်နှစ်က မောင်ညွန့် ဆိုသူသည် မြောက်ပြင်ရှိ မြူနီစီပယ်ဝိုင်း၌ ဈေးခေါင်း အဖြစ် ဆောင်ရွက်သည်။ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း မြူနီစီပယ်ဝိုင်း၌ စခန်းချသည့် ဝန်တင်နွားများကို တကောင်လျှင် ၄ ပဲကျ ကောက်ယူသည်။ မောင်ညွန့်သည် စခန်းချသည့် နွားများကို စာရင်းယူခြင်း၊ ငွေ အကောက်ခံခြင်း စသည့် ဝတ္တရားတို့ကို ဝိုင်းသို့ နေ့စဉ်လာ၍ လုပ်ဆောင်ခြင်း မရှိချေ။ ဝိုင်းသို့ တလ တကြိမ်သာ လာ၍ သီပေါဝိုင်းက အတွင်းဝန်တို့ ပေးအပ်သည့် ဝန်တင်နွား စာရင်းကို ယူသည်။ တလလုံး အတွင်း လာရောက် စခန်းချသည့် ဝန်တင်နွား စာရင်းသည် သီပေါဝိုင်းက အတွင်းဝန်တို့ တင်ပြသမျှနှင့် ပြီးရလေသည်။ ယင်းစာရင်း အတိုင်း သီပေါဝိုင်း အတွင်းဝန်တို့က နွားတကောင်လျှင် ၄ ပဲကျနှင့် သင့်ငွေကို တွက်၍ မောင်ညွန့်သို့ ပေးအပ်သည်။ သီပေါဝိုင်းက ထိုစာရင်းပါ နွားများ အတွက် တကောင်လျှင် ၁ ကျပ် ၈ ပဲကျ ကောက်ယူပြီး ဖြစ်သည်။ စင်စစ်အားဖြင့် မြူနီစီပယ်ဝိုင်းကို သီပါ စော်ဘွားကြီးက ကိုယ်ပိုင် ဝိုင်းကဲ့သို့ အသုံးပြု၍ အညွန့် ခူးလေသည်။ ထို့ကြောင့် မြူနီစီပယ်ဝိုင်းကို အစိုးရက ၁၈၉ဝ ပြည့် ဖေဖော်ဝါရီလတွင် ပိတ်လိုက်လေသည်။
မန္ဈလေးမြို့ မြောက်ပြင် အရိပ်မထွက် ဘုရား အနီးတွင် မြူနီစီပယ်ဝိုင်းနှင့် ကပ်လျက် သီပေါ စော်ဘွားကြီး၏ဝိုင်း တည်ရှိသည်။ သီပေါဝိုင်းသည် အလွန် စည်ကားသည်။ ရှမ်းပြည် မြောက်ပိုင်းမှ လာသော ရှမ်းကုန်သည်များ စခန်းချရာ ဝိုင်းဖြစ်၏။ အထူးသဖြင့် တောင်ပိုင်နယ်နှင့် သီပေါနယ်တို့မှ လက်ဖက် ကုန်သည်များသည် သီပေါဝိုင်း၌ တည်းခိုကြသည်။ လက်ဖက် ကုန်သည်တို့သည် သီပေါ စော်ဘွားကြီးထံမှ အရင်းအနှီး ချေးငှားရခြင်း၊ သီပေါနယ်ကို ဖြတ်ကျော်ရခြင်း ထို့ကြောင့် သီပေါ စော်ဘွားကြီး၏ အငြိုအငြင်ကို မခံနိုင် မခံဝံ့ကြချေ။ သီပေါဝိုင်းသို့ မသွားဘဲ အစိုးရဝိုင်းသို့ လည်းကောင်း၊ အခြား ဝိုင်းများသို့ လည်းကောင်း သွားသော် အပြန်တွင် စော်ဘွားကြီး၏ အပြစ်ပေးခြင်း၊ ဒဏ်ရိုက်ခြင်းကို ခံကြရသည်။ ထို့ကြောင့် ရှမ်းကုန်သည်တို့သည် သီပေါဝိုင်းတွင် ဝန်တင်နွား တကောင်လျှင် ၁ ကျပ် ၈ ပဲနှုန်း ပွဲကောက်ကို ပေးဆောင်ခဲ့ပြီးမှ နှစ်သက်ရာ ပွဲဝိုင်းသို့ သွားရောက် ရောင်းဝယ်လေသည်။
သီပေါဝိုင်းသည် အလွန်စည်ကား၍ လုပ်ငန်းလည်း တွင်ကျယ်လှသည်။ သီပေါ စော်ဘွားကြီးက ခန့်ထားသည့် ဝိုင်းအမှုထမ်း ၂၅ ယောက် ရှိသည်။ ထိုအမှုထမ်းတို့၏ လုပ်ငန်း တာဝန်များနှင့် လစာများသည် အောက်ပါ အတိုင်း ဖြစ်သည်။
Photobucket
၁၈၈၉-၉ဝ ခုနှစ်များက သီပေါဝိုင်းရှိ အတွင်းဝန်များသည် မောင်ဇံနှင့် မောင်ဟော်ရွက်တို့ ဖြစ်ကြသည်။
အထက်ဖော်ပြပါ စာရင်းအရ သီပေါဝိုင်း အမှုထမ်း ၂၅ ယောက်၏ လစာသည် တလလျှင် ၉၇၅ ကျပ် ဖြစ်၍ တနှစ် သင့်ငွေသည် ၁၁,၇ဝဝ ဖြစ်သည်။ သီပေါ စော်ဘွားကြီး၏ ၁၈၈၉ - ၉ဝ ခု၊ ရသုံးငွေ စာရင်းတွင် ဖော်ပြထားချက်နှင့် ကွဲလွဲသည်။ ရသုံးငွေ စာရင်းတွင် ထိုနှစ်က မန္ဈလေးသို့ ဆင်းသည့် ဝန်တင်နွား ၃ဝ,၄၇၇ ကောင် ရှိကြောင်း မန္ဈလေးဝိုင်းမှ ပွဲကောက်ရ ငွေသည် ကျပ် ၃၅,ဝ၄၄ ဖြစ်၍ ဝိုင်း အတွက် အသုံးစရိတ်သည် ကျပ် ၄,၈ဝဝ ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုသို့ ဝိုင်းအသုံးစရိတ် ကွဲပြား ခြားနားလျက် ရှိသည်မှာ ဝိုင်းအမှုထမ်းများ စာရင်းတွင် အမှုထမ်းဦးရေ ပိုမို များပြားခြင်း ကြောင့်သော် လည်ကောင်း၊ အမှုထမ်းများကို တနှစ်ပတ်လုံး ခန့်ထားခြင်း မဟုတ်ဘဲ အလုပ်လုပ်ချိန် ၅ လ ခန့်သာ ထားရှိခြင်း ကြောင့်သော် လည်ကောင်း ဖြစ်တန်ရာသည်ဟု ထင်မြင်ပါသည်။
သီပေါဝိုင်းသည် ရှမ်းလက်ဖက် ကုန်သည်တို့ အပေါ် ပွဲခ ပွဲကောက် အမျိုးမျိုး ကောက်ယူသည်။ သို့သော် ရှမ်းကုန်သည်တို့သည် အစိုးရဝိုင်းနှင့် အခြား ပုဂ္ဂလိက ဝိုင်းများသို့ မသွားဘဲ သီပေါဝိုင်းသို့ပင် အများအားဖြင့် သွားကြသည်။ သီပေါဝိုင်းသို့ မသွားသော် ရှမ်းကုန်သည်တို့ကို သီပေါ စော်ဘွားကြီးက နယ်ကျော်ခွန် ကောက်ရိုး ကောက်စဉ်ထက် နှစ်ဆ ကောက်သဖြင့် နွားဝန်တင် တကောင်လျှင် ၃ ကျပ် ပေးရသည်ကို ကြောက်၍ ဖြစ်သည်။ ရှမ်းကုန်သည်တို့ ကိုယ်တိုင်က သီပေါဝိုင်းကို အစိုးရဝိုင်းနှင့် အခြား ပုဂ္ဂလိက ဝိုင်းများထက် နှစ်ခြိုက် စိတ်ချ အားကိုးသောကြောင့်လည်း ဖြစ်သည်။ မြန်မာစကား ရေလည်စွာ မပြောတတ်သည့် ရှမ်း၊ ပလောင်ကုန်သည် တို့သည် အမှုထမ်းကြီးငယ် ၂၅ ယောက် ရှိသည့် သီပေါဝိုင်းကို အားကိုး အားထားပြု၍ ရောင်းဝယ်ကြရသည်။ သီပေါဝိုင်း၌ စခန်း မချဘဲ အခြားဝိုင်းများသို့ သွားသော် မသမာ ကုန်သည် ပွဲစားတို့နှင့် တွေ့က အလိမ်အညာ ခံရ၍ နစ်နာ လိမ့်မည်ဟု လက်သိပ်ထိုး လှုံ့ဆော် ခြောက်လှန့်ထားချက်များ ရှိသဖြင့်လည်း ရှမ်း၊ ပလောင် ကုန်သည်တို့က သီပေါဝိုင်းကို ပိုမို စိတ်ချ ကြလေသည်။
ထို့အပြင် သီပေါဝိုင်း၌ ရှမ်းလက်ဖက် ကုန်သည်တို့ နှစ်ခြိုက်စရာ အချက်များလည်း ရှိသည်။ လက်ဖက်သည် လေသလပ်၍ လည်းကောင်း၊ နေပူရှိန်ကြောင့် လည်ကောင်း၊ အလေးချိန် လျော့တတ်သော ပစ္စည်း ဖြစ်သည်။ ထို့ကြောင့် ရက်ကြာရှည် မဆွဲဘဲ လျင်လျင်ထက်ထက် ရောင်းရရန် အရေးကြီးသည်။ ရံဖန်ရံခါ ကြိုက်ဈေး မရ၍ အရောင်းထိုင်း နေသော် ရှမ်းကုန်သည်တို့သည် မန္ဈလေးတွင် ရက်ကြာ၍ စရိတ် တက်သဖြင့် အမြတ် နည်းလေသည်။ ယင်းအခက်အခဲကို သီပေါဝိုင်းက ကောင်းစွာ ဖြေရှင်းပေးသည်။ ရှမ်း၊ ပလောင်ကုန်သည်တို့၏ လက်ဖက်များ ချက်ချင်း မရောင်းရလျှင် အလေးချိန် လျော့မသွားအောင် ရေစိမ်ထားနိုင်ရန် သီပေါဝိုင်းက စီမံပေးသည်။ အကယ်၍ အရောင်းထိုင်းခိုက် ဈေးကျခိုက် ကြုံလျှင် လက်ဖက်ကုန်သည်တို့သည် မိမိတို့၏ လက်ဖက်များကို ကြိုက်ဈေးရမှ ရောင်းရန် သီပေါဝိုင်းတွင် အပ်နှံ ထားခဲ့နိုင်သည်။ လက်ဖက်များကို ရေစိမ်ထား ရန်၊ စောင့်ရှောက်ရန်၊ စာရင်းမှတ်ရန်၊ သီပေါဝိုင်းတွင် စာရေး ၈ ယောက် ရှိလေသည်။ ယင်းသို့ အပ်ခဲ့သည့် လက်ဖက် အတွက် သီပေါဝိုင်းက ငွေစိုက်ထုတ်ပေး သဖြင့် ရှမ်းကုန်သည်တို့သည် အပြန်ကုန်များ ဝယ်၍ ခရီးတခေါက် ပြန်နိုင်ကြသည်။ စိုက်ထုတ်ပေးသည့် ငွေပေါ်တွင် သီပေါဝိုင်းက ငွေတရာလျှင် ၁ ကျပ်ခွဲမှ ၂ ကျပ်နှုန်း အတိုး ယူသည်။ လက်ဖက် အပ်ထားသည့် နေ့မှ လက်ဖက် ရောင်းရသည့် နေ့အထိ အချိန်ကာလ အတွက် အတိုး ယူသည်။ လက်ဖက် ကုန်သည်တို့ ကြိုက်သောဈေး ရရှိသည့် အချိန်တွင် လက်ဖက်များကို သီပေါဝိုင်း အရာရှိများက ရောင်းချထား၍ ကုန်သည်တို့ ခရီးတခေါက် ပြန်လာသည့် အချိန်တွင် စာရင်း ရှင်းကြသည်။ သီပေါဝိုင်း အမှုထမ်းများသည် လက်ဖက် ကုန်သည်တို့အား အပြန် ခရီး အတွက် ကုန်ဝယ်ရာ၌လည်း လိုက်လံ ကူညီကြသည်။ ထိုသို့ ကူညီရန် ဝိုင်းတွင် အကြီးအကြပ် တယောက်နှင့် စာရေး လေးယောက် ရှိသည်။ ကူညီ ဝယ်ခြမ်းပေးသည့် အတွက် ရှမ်းကုန်သည်တို့ထံမှ ပွဲခ ပွဲကောက် မယူကြချေ။ မန္ဈလေး ဆိုင်သည် ကုန်သည်များထံမှ လက်ဆောင် ရကြသောကြောင့် ဖြစ်သည်။
သီပေါဝိုင်း တာဝန်ခံ အတွင်းဝန်များ ပွဲစားများသည် ရှမ်း ပလောင် ကုန်သည်တို့ ထံမှ ပွဲကောက် ပွဲခ အမျိုးမျိုး ကောက်ယူသည် သာမက အစိုးရဝိုင်းနှင့် ဆက်သွယ် ရောင်းဝယ် လုပ်ကိုင်သူ မြန်မာများ ထံမှလည်း အကောက်အစား ယူသည်။ ထိုစဉ်က ရှမ်းကုန်သည်တို့ အတွက် နွားဝန်တင် ပိုများကို အစိုးရဝိုင်းမှ မောင်ဖြိုး ဆိုသူက ရွှံစေး၊ နောက်ချေး မံပေးသည်။ မောင်ဖြိုးသည် ယင်းလုပ်ငန်း အတွက် နွားတကောင်တင် ပိုနှစ်လုံးကို ၂ ကျပ် ၄ ပဲ ရသည်။ ၁ ကျပ် ၄ ပဲ အနက် ၄ ပဲကို သီပေါဝိုင်းသို့ အကောက် ပေးရသည်။ ထို့အတူ ဝန်တင်နွားများကို ဝိုင်းတွင် စခန်းချစဉ် ထိန်းကျောင်း ပေးရသည့် မောင်ကြယ်၊ မောင်ဖြိုး၊ မောင်သော်ကလေးတို့သည် ရှမ်းကုန်သည်တို့ ထံမှ နွား ၁ဝဝ လျှင် ၃ဝ ကျပ်နှုန်း နွားကျောင်းခ ရကြသည်။ ရရှိသည့် နွားကျောင်းခငွေ ၃ဝ လျှင် သီပေါဝိုင်းသို့ ငွေ ၁ဝ အကောက် ပေးကြရလေသည်။
မန္ဈလေးမြို့ မြောက်ဘက်ရှိ မြူနီစီပယ်ဝိုင်းနှင့် သီပေါဝိုင်းတို့ အပြင် မြို့တောင်ဘက်၌ ရှမ်းဝိုင်း တခု ရှိသည်။ တောင်ဘက် ရှမ်းဝိုင်းသည် မဟာမုနိ ဘုရားကြီး အနီးတွင် ရှိသည်။ မြုနီစီပယ်က ကြီးကြပ် တည်ထောင်ထားသော ဝိုင်းဖြစ်သည်။ မြောက်ပြင်ရှိ မြူနီစီပယ်ဝိုင်း ကဲ့သို့ပင် နွားတကောင်လျှင် ၄ ပဲကျ အကာက်ယူသည်မှ အပ တည်းခိုသူ ရှမ်းကုန်သည်တို့ အတွက် တစုံတရာ စီမံဆောင်ရွက် ပေးခြင်း၊ စွက်ဖက်ခြင်း မရှိချေ။ ရှမ်းကုန်သည်တို့က တောင်ဘက်ဝိုင်းကို နေရာ အကွက်အကွင်း မသင့်၊ အဆင်မပြေ၍ မကြိုက် နှစ်သက်ကြချေ။ ထို့ကြောင့် တောင်ဘက်ဝိုင်းသည် များစွာ ထင်ရှား တွင်ကျယ်ခြင်း မရှိဟု ယူဆရသည်။ မြောက်ပြင်ရှိ အစိုးရဝိုင်းကို သီပေါ စော်ဘွားကြီးက ကိုယ်ပိုင်ဝိုင်းကဲ့သို့ အသုံးပြု အမြတ်ထုတ်လျက် ရှိသဖြင့် ၁၈၉ဝ ပြည့်၊ ဖေဖော်ဝါရီလခန့်တွင် အစိုးရက ဝိုင်းကို ပိတ်ထား လိုက်သောအခါ ရှမ်းကုန်သည် အချို့သည် တောင်ဘက်ဝိုင်းသို့ သွားရောက် စခန်း ချကြသည်။ သို့သော် အကွက်အကွင်း မသင့်၍ မနှစ်သက်သဖြင့် တည်းခိုသူ အလွန်နည်းသည်။ ပုဂ္ဂလိက ပွဲဝိုင်းများသို့ သွားရောက် စခန်း ချကြသည်။ ထို့နောက် ရှမ်းကုန်သည် အချို့က တောင်ဘက်ဝိုင်း၏ အဆင်မပြေချက်များကို အစိုးရထံ တင်ပြ လျှောက်ထားကြသည်။
ထိုစဉ်က ဗြိတိသျှ အစိုးရသည် ရှမ်းလက်ဖက် ကုန်သည်တို့ တည်းခို စခန်းချရာ ဝိုင်းများနှင့် ပက်သက်၍ စိတ်ဝင်စားကြကြောင်း တွေ့ရသည်။ လက်ဖက် ရောင်းဝယ်ရေး အပေါ်တွင် မြန်မာ ဘုရင်များ လက်ထက်ကကဲ့သို့ အကောက်အစား မရှိ ကင်းလွတ်စေပြီး ဖြစ်၍ လက်ဖက် ရောင်းဝယ်ရေးကို မည်သို့မျှ ဝင်ရောက်စွက်ဖက် ချုပ်ကိုင်မှု မရှိချေ။ သို့သော် လက်ဖက် လာရောက် ရောင်းချကြသည့် ရှမ်းပလောင် ကုန်သည်များနှင့် ယင်းတို့ တည်းခို စခန်းချရာ ဝိုင်းများနှင့် ပက်သက်၍မူကား အစိုးရက လက်လွှတ် မထားလိုကြောင်း သိသာသည်။ ရှမ်းကုန်သည်များ တည်းခိုလိုရာ ပွဲဝိုင်း ပွဲရုံများ၌ စခန်ချ တည်းခို ရောင်းဝယ်ခြင်းကို လျစ်လျူရှု မထားသင့်ဟု မန္ဈလေး အရေးပိုင် ကွတ်နှင့် မြောက်ပိုင်းခရိုင် ဝန်ရှင်တော်မင်းကြီး ဘာဂျက်တို့က သဘောရကြသည်။ ထိုကြောင့် မြောက်ပြင်ရှိ အစိုးရဝိုင်းကို ပိတ်လိုက်ပြီးနောက် မဟာမုနိ ဘုရားကြီး အနီးရှိ တောင်ဘက်ဝိုင်းကို ရှမ်းကုန်သည်တို့က အသုံးမပြုလိုကြောင်း သိရသော အခါ မန္ဈလေး အရေးပိုင်က အစိုးရရှမ်းဝိုင်း အသစ် တခု ဖွင့်လှစ်ပေးရန် တင်ပြ စီရင်ခံသည်။
တောင်ဘက် ရှမ်းဝိုင်း၏ အဆင်မပြေမှု အထွေထွေကို မန္ဈလေး အရေးပိုင်ထံ တင်ပြ လျှောက်ထားကြသော ရှမ်းကုန်သည်တို့က ရှမ်းဝိုင်းသစ် ဖွင့်သင့်သော နေရာ တခုကို တပါတည်း တင်ပြကြသည်။ ရှမ်းကုန်သည်တို့ တင်ပြသည့် နေရာသည် မြို့အရှေ့ပြင် အေလမ်း အစွန် မနော်ရမံ ဥယျာဉ်နှင့် မြေမြို့ရိုးကြီး အကြားတွင် တည်ရှိသည်။ ထိုနေရာသည် ကုန်းမြင့် ဖြစ်သည့်အပြင် ရေနှင့် နီး၍ စားကျက်ကောင်း ဖြစ်သည်။ အစိုးရမြေ ဖြစ်သည်။ ၃၈ ဧက ကျယ်သည်။ ထိုစဉ်က ငနွဲ့ ဆိုသူက ထိုမြေ၏ တစိတ်တဒေသကို အစိုးရထံ တနှစ်လျှင် မြေခွန် ၁၂ ကျပ် ပေး၍ လုပ်ကိုင်နေသည်။ မန္ဈလေး အရေးပိုင်က ရှမ်းကုန်သည်တို့ တင်ပြသည့် ထိုမြေ ၃၈ ဧကကို ရှမ်းပွဲဝိုင်း အဖြစ် ခြံခတ်ပေးရန် ထောက်ခံ တင်ပြသည်။ ထို့ပြင် ယင်းရှမ်းဝိုင်း အသစ်ကို မြူနီစီပယ် အုပ်ချုပ်မှု အောက်၌ ထားရန်နှင့် ယခင် မြောက်ပြင်ရှိ ဝိုင်းကို သီပေါ စော်ဘွားကြီးက ခြယ်လှယ် အမြတ်ထုတ် သကဲ့သို့ အမြတ် မထုတ်နိုင်စေရန် သီပေါ စော်ဘွားကြီးနှင့် ညှိနှိုင်း သင့်သင်ဟုလည်း တင်ပြသည်။
ထိုအတွင်း ရှမ်းပြည်နယ် ဥတ္တရဌာန ဆိုင်ရာ အရေးပိုင် လက်ဖတင်နင် ဒါလီကလည်း လက်ဖက် ရောင်းဝယ်ရေးနှင့် ပတ်သက်၍ အစီရင်ခံစာ တစောင်ကို မဟာဝန်ရှင် မင်းကြီးထံ ၁၈၉ဝ ဧပြီလ ၁၉ ရက်နေ့စွဲဖြင့် တင်သွင်းသည်။ မန္ဈလေး မြို့မြောက်ပြင်ရှိ မြူနီစီပယ် ဝိုင်းကို အားမရ မကျေနပ် သဖြင့် တင်သွင်းသည့် စာဟု ယူဆရသည်။ ဒါလီ၏ တင်သွင်းစာတွင် လက်ဖက် ကူးသန်း ရောင်းဝယ်ရေး၏ သဘော သဘာဝ၊ နွားဝန်တင်များဖြင့် ဆင်းလာကြသည့် ရှမ်း၊ ပလောင် လက်ဖက် ကုန်သည်တို့၏ အခြေအနေ၊ ရင်ဆိုင်ရသည့် အခက်အခဲ၊ အစိုးရဝိုင်း၏ အပြစ် အနာအဆာများနှင့် သီပေါဝိုင်း၏ ကောင်းကွက် ဆိုးကွက်များ စသည်တို့ ပါသည်။ ဒါလီသည် သူ၏ တင်သွင်းစာတွင် ပါသော အချက်အလက်များကို သီပေါမြို့ခံ အဖြစ် တနှစ်ကျော်ခန့် အမှုထမ်း၍ သီပေါဝိုင်းတွင် အတွင်းဝန် အဖြစ် တနှစ်ခန့် လုပ်ကိုင်ခဲ့ဖူးသူ မောင်ဇံထံမှ စုံစမ်း ရရှိသည်။ ထို့ကြောင့် ဒါလီ၏ တင်စာတွင် မြူနီစီပယ်ဝိုင်းကို သီပေါဝိုင်းနှင့် နှိုင်းယှဉ် စံထိုးကာ အပြစ်တင် ရေးသားထားချက်များနှင့် သီပေါဝိုင်းကဲ့သို့ ပြုပြင်ရန် အကြံပေးချက်များ ပါသည်။ ရှမ်းဝိုင်းနှင့် ပတ်သက်၍ ဒါလီ၏ အကြံပေးချက်သည် အကြမ်းအားဖြင့် -
၁။ မြူနီစီပယ်ဝိုင်းတွင် သီပေါဝိုင်းမှာ ကဲ့သို့ ချက်ချင်း ရောင်းမစွန်သေးသည့် လက်ဖက်များကို ရေစိမ်ထားနိုင်ရေး အတွက် စီမံပေးရန်၊
၂။ ရှမ်း၊ ပလောင် ကုန်သည်တို့သည် မြန်မာစကား မတတ်ကြ။ အချို့ အဖွဲ့များတွင် မြန်မာစကား ရေလည်စွာ ပြောဆိုတတ်သူ တဦး တယောက်မျှ မပါသဖြင့် ရောင်းဝယ်ရေးတွင် အခက်အခဲ မရှိစေရန် ကုန်သည်တို့ ယုံကြည် ကိုးစားသည့် မြန်မာစကား တတ်သူ ရှမ်းတဦးကို အစိုးရဝိုင်းတွင် ခန့်ထားရန်၊
၃။ အရောင်းထိုင်းခိုက် သို့မဟုတ် ဈေးကျခိုက်နှင့် ကြုံသော် လက်ဖက်များကို အစိုးရက ဝယ်ထားလိုက်ရန် သို့မဟုတ် ငွေထုတ်ချေးရန် စီစဉ်သင့် မသင့် စဉ်းစားရန်၊
ဟူ၍ ဖြစ်လေသည်။
ဒါလီ၏ အကြံပေးချက်များကို ခြုံငုံ ဆင်ခြင်လိုက်လျှင် အစိုးရဝိုင်းကို သီပေါစော်ဘွား ဝိုင်းကဲ့သို့ ပြုပြင် စီစဉ်ရန် တင်ပြထားကြောင်း တွေ့ရသည်။ ရှမ်း ပလောင် လက်ဖက်ကုန်သည်တို့သည် ရှမ်းစကားတတ်သူ တဦး၏ ကူညီမှု၊ ဦးဆောင်မှု ပါမှသာ ရောင်းဝယ်ရာ၌ တရားသဖြင့် ဖြစ်နိုင်သည်ဟု စွဲလမ်း မှတ်ယူနေကြ သဖြင့် အစိုးရဝိုင်းတွင် ရှမ်းစကား တတ်သူတဦး ခန့်ထားရေးကို အလေးအနက် ထား၍ စဉ်းစားသင့်ကြောင့် ဒါလီက တင်ပြသည်။ ထိုကိစ္စ အတွက် မန္ဈလေးတွင် ရှိနေသည့် ရှမ်းအရာရှိဟောင်းများကို အသုံးပြုသင့်ကြောင်း၊ အထူးသဖြင့် နောင်မွန် မြို့စားဟောင်း သို့မဟုတ် မိုင်းတုံ မြို့စားဟောင်းတို့ကို လစာ အနည်းငယ် ပေး၍ ခန့်ထား အပ်ကြောင်း တင်ပြ တိုက်တွန်းသည်။ မဟာဝန်ရှင်တော် မင်းကြီးသည် ဒါဘီ၏ တင်သွင်းစာကို မြောက်ပိုင်းခရိုင် ဝန်ရှင်တော် မင်းကြီးနှင့် ရှမ်းပြည်နယ် ဆိုင်ရာ အရေးပိုင်တို့ထံ ပေး၍ ဝေဖန်ချက် မှတ်ချက် တောင်းခံသည်။
လက်ဖက် ရောင်းဝယ်ရေးနှင့် ပတ်သက်၍ ဗြိတိသျှ အုပ်ချုပ်ရေး အရာရှိကြီးများ ဤမျှ စိတ်ဝင်စားကာ အရေးယူ ဆောင်ရွက်ကြသည့် အကြောင်းအရင်းကို စိစစ်ကြည့်ရန် လိုသည်။ မြောက်ပိုင်းခရိုင် ဝန်ရှင်တော် မင်းကြီး၊ မန္ဈလေး အရေးပိုင်နှင့် ရှမ်းပြည်နယ် ဥတ္တရဌာန ဆိုင်ရာ အရေးပိုင်တို့၏ အစီရင်ခံစာများတွင် နွားဝန်တင် ကုန်သည်တို့ မန္ဈလေး၌ စခန်းချ တည်းခိုရာ၌ အခက်အခဲ ရှိစေလိုသည့် စေတနာနှင့် မြန်မာစကား ကောင်းစွာ ပေါက်ရောက်အောင် မပြောဆိုတတ်သည့် ရှမ်း၊ ပလောင် ကုန်သည်တို့ကို မသမာသူ ကုန်သည် ပွဲစားများက အရောင်းအဝယ်တွင် လိမ်လည် လှည့်ပတ် နှိပ်စက်ခြင်း မပြုနိုင်အောင် အကာအကွယ် ပေးလိုသည့် ဆန္ဒတို့ကို အလေးပေး ဖော်ပြထားသည်။ ထို့ပြင် သီပေါ စော်ဘွားကြီး၏ ဝိုင်းက အစိုးရဝိုင်းကို ကိုယ်ပိုင်ဝိုင်းကဲ့သို့ ခြယ်လှယ်ကာ စီးပွားရှာနေခြင်း၊ ပွဲခ ပွဲကောက် မတရား သဖြင့် ယူနေခြင်းတို့ကို ပြုပြင်လိုသည့် သဘောတို့ကို ပေါ်လွင်စေသည်။ သို့သော် ဖော်ပြပါ အချက်တို့ထက် အရေးကြီးသော အချက် တရပ်ကို မန္ဈလေး နယ်ပိုင် ဝန်ထောက်၏ အစီရင်ခံစာတွင် တွေ့ရသည်။ မန္ဈလေးနယ်ပိုင် ဝန်ထောက်က ရှမ်းလက်ဖက် ကုန်သည်တို့အား တစုံတရာ ကြပ်မတ် ချုပ်ကိုင်ထားခြင်း မရှိဘဲ သဘောရှိရာတွင် စခန်းချ တည်းခို ရောင်းဝယ် စေခြင်းသည် ကျေနပ်ဖွယ် လုံးဝ မရှိကြောင်း၊ လက်နက်နှင့် ဘိန်းခိုးသွင်း ရောင်းဝယ်ခြင်းကို မည်သို့မျှ တားဆီး ကာကွယ်နိုင်မည် မဟုတ်ကြောင်း တင်ပြသည်။ ထို့ကြောင့် ရှမ်းပွဲဝိုင်းများနှင့် ရှမ်းကုန်သည်တို့ကို အစိုးရက ထိုမျှ စိတ်ဝင်စားသည့် အကြောင်းရင်းတွင် လက်ဖက် ရောင်းဝယ်ရေး တွင်ကျယ် တိုးတတ် စေလိုသည်ထက် လက်နက်နှင့် ဘိန်းခိုးသွင်း ရောင်းဝယ်ခြင်းကို တားဆီး ပိတ်ပင်နိုင်ရေး သဘောထားက ပိုမိုသည်ဟု ဆိုနိုင်သည်။
လက်ဖက် ရောင်းဝယ်ရေးနှင့် ရှမ်းပွဲဝိုင်းတို့၏ ပြဿာနာများသည် ရှမ်းပြည်နယ် တောင်ပိုင်းမှ လာရောက် ရောင်းဝယ်ကြသော ရှမ်းကုန်သည်တို့နှင့် မပတ်သက်ချေ။ ရှမ်းပြည်နယ်တောင်ပိုင်းမှ ကုန်သည်တို့သည် နွားဝန်တင်များဖြင့် တောင်ပိုင်နယ်သို့ တိုက်ရိုက်သွား၍ လက်ဖက် ဝယ်ယူကြသည်။ ယင်းသို့ သွားရောက် ဝယ်ယူကြရာ၌ သီပေါ စော်ဘွားကြီးသို့ ကင်းခွန်၊ နယ်ကျော်ခွန်များ ထုံးစံ အတိုင်း ပေးကြရသည်။ မန္ဈလေးရှိ သီပေါဝိုင်းတွင် စခန်း မချ၍ နယ်ကျော်ခွန် ၂ ဆ ပေးရသည် ဆိုသည့် ပြဿာနာမျိုး မရှိချေ။ ရှမ်းပြည်နယ် တောင်ပိုင်းမှ ထွက်ကုန် ရောင်းကုန်များသည် ကြံသကာ၊ ချိပ်၊ သစ္စေး၊ သနပ်ဖက်၊ က္ဆွဲရေ၊ နွားရေ၊ ချိုနှင့် အလားတူ ကုန်များသာ ဖြစ်သည်။ ထို့ကြောင့် ရှမ်းပြည်နယ် ဥတ္တရဌာန ဆိုင်ရာ အရေးပိုင်၏ တင်သွင်းစာနှင့် ပတ်သက်၍ မဟာဝန်ရှင် မင်းကြီးက မှတ်ချက် တောင်းခံသော အခါ ရှမ်းပြည်နယ် ဆိုင်ရာ အရေးပိုင် စကော့က ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်သည်တို့တွင် ရောင်းကုန် ပစ္စည်းများကို အလေးချိန် မလျော့ပါးအောင် ထားသိုရန် နေရာကိစ္စ စသည့် ပြဿနာများ မရှိကြောင်း၊ မန္ဈလေး၌ လွယ်လင့်တကူ ရောင်းချကြရကြောင်း စသဖြင့် ပြန်ကြားခဲ့သည်။ ထိုစဉ်က ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်သည်များသည် မန္ဈလေးတွင် ပွဲစား မောင်ငယ် တည်ထောင်ထားသော သဘောတူဝိုင်း၌ အများဆုံး စခန်းချ တည်းခို နေကြသည်ဟု ဆိုသည်။ ရှမ်းကုန်သည်များက သဘောတူဝိုင်းကို ကျေနပ် နှစ်သက်ကြကြောင်း၊ များသော အားဖြင့် မြန်မာစကား ပြောတတ်ကြ၍ ရောင်းဝယ်ရာ၌ အခက်အခဲ မရှိ၊ ကြားလူ၏ အကူအညီ မလိုကြောင်းလည်း စကော့၏ ပြန်ကြားစာတွင် ဖော်ပြထားသည်။ ထို့ပြင် မြူနီစပယ်ဝိုင်း၌ မြန်မာစကား တတ်သော ရှမ်းအမျိုးသား တဦး ခန့်ထားရန် အဆိုကို ရှမ်းတို့က နှစ်ခြိုက်ကြကြောင်း၊ သို့သော် ဒါလီ တင်ပြသည့် နောင်မွန်မြို့စားဟောင်းကို ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်သည်များက လုံးဝ သဘောမတူကြကြောင်း၊ အကယ်၍ နောင်မွန် မြို့စားဟောင်းကို ခန့်ထားလျှင် မောက်မယ်၊ မိုင်းပွန်၊ မိုင်းစစ်၊ နောင်မွန်၊ ဘန်စစ်၊ နမ်းခုတ်နယ်တို့မှ ကုန်သည်များသည် ထိုဝိုင်းသို့ လုံးဝ လာကြတော့မည် မဟုတ်ကြောင်းလည်း တင်ပြသည်။၃
ရှမ်းပြည်နယ် တောင်ပိုင်း အတွက် ကူသန်း ရောင်းဝယ်ရေးသည် ၁၈၉ဝ ပြည့်နှစ်ခန့်တွင် တမျိုးတဖုံ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ရန်ကုန် မန္ဈလေး မီးရထားလမ်း ကောင်းစွာ ပေါက်ရောက်နေပြီ ဖြစ်၍ ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်သည်တို့သည် နွားဝန်တင်များဖြင့် မန္ဈလေး အထိ မဆင်းတော့ဘဲ ကျောက်ဆည်၊ မိတ္ထီလာလမ်းတွင် စခန်းချ ရပ်ကြသည်။ ပါလာသည့် ကုန်များကို မန္ဈလေးသို့ မီရထားဖြင့် တင်ယူ ရောင်းချကြသည်။ ဤနည်းသစ်သည် အချိန်ကုန် သက်သာသည့် အပြင် ဝန်တင်နွားများ အတွက် အစာရေစာ ပေါများသည့် နေရာတွင် စခန်းချခြင်း ဖြစ်၍ အများက ကြိုက်နှစ်သက်ကြသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၏ ကူးသန်း ရောင်းဝယ်ရေးသည် မကြာမြင့်မီပင် ထိုလမ်းစဉ် အတိုင်း ဖြစ်မြောက် သွားရန် အလားအလာ များစွာ ရှိနေသောကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်သည်တို့ အတွက် ရှမ်းပွဲဝိုင်း တည်ထောင်မည် ဆိုလျှင် မန္ဈလေးမှာထက် ကျောက်ဆည်၊ မိတ္ထီလာ လမ်းပေါ်တွင်သာ တည်ထောင်ရန် အကြောင်း ရှိသည်ဟု ရှမ်းပြည်နယ် ဆိုင်ရာ အရေးပိုင် စကော့က တင်ပြခဲ့သည်။
မြောက်ပိုင်းခရိုင် ဝန်ရှင်တော်မင်းကြီး ဘာဂျက်ကလည်း ဒါလီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ မဟာဝန်ရှင်မင်းထံ ၁၈၉ဝ ပြည့်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် မှတ်ချက် ရေးသား ပေးပို့သည်။ ယင်းအစီရင်ခံစာတွင် မြောက်ပိုင်းခရိုင် ဝန်ရှင်တော် မင်းကြီးသည် လက်ဖက် ရောင်းဝယ်ရေးနှင့် ရှမ်းပွဲဝိုင်းများ အကြောင်းကို သူ၏ လက်အောက်ခံ အရာရှိများ ဖြစ်သည့် မန္ဈလေး အရေးပိုင်နှင့် မန္ဈလေး ဝင်ထောက်တို့ တင်ပြချက်များ အပေါ် ခြုံငုံ၍ ရှင်းလင်း တင်ပြပြီးလျှင် ဆက်လက် ဆောင်ရွက်ရန် အဆိုပြုချက်များလည်း တင်ပြ၍ အမိန့် တောင်းခံသည်။ မြောက်ပိုင်းခရိုင် ဝန်ရှင်တော် မင်းကြီးက မန္ဈလေး နယ်ပိုင်ဝန်ထောက်၏ တင်ပြချက်ကို ဖော်ညွှန်း၍ ရှမ်းလက်ဖက် ကုန်သည်တို့အား နေရာအနှံ တည်းခို စခန်းချ ရောင်းဝယ်စေရန် ဖွင့်ပေးထားခြင်းသည် လုံးဝ ကျေနပ်ဖွယ် မရှိကြောင်း အလေးအနက် တင်ပြသည်။ ထို့သို့ သွားလိုရာ သွားရောက် တည်းခိုနိုင်ရန် ဖွင့်ပေးထားခြင်းကို ရှမ်းကုန်သည်တို့ ကိုယ်တိုင်က မနှစ်သက်ကြကြောင်း၊ မည်သည့် ဝိုင်းတွင်မဆို တစုတဝေးတည်းသာ စခန်းချ လိုကြကြောင်း ရှမ်းကုန်သည်များ ထံမှ စုံစမ်း သိရှိရသည်ဟုလည်း ဖော်ပြသည်။ အချို့ လက်ဖက်ကုန်သည် ရှမ်း၊ ပလောင်တို့က သီပေါဝိုင်းကို အကောင်းဆုံး စိတ်အချရဆုံးဟု ပြောဆိုကြကြောင်း၊ သာမန် အားဖြင့်သော် သီပေါဝိုင်းသို့ မသွားဘဲ သွားလိုရာ သွားနိုင်ကြသည်ဟု ထင်မြင်ရကြောင်း၊ သီပေါဝိုင်းသို့ မသွားသူများကို ပြောင်ပြောင်တင်းတင်း အပြစ် ပေးခြင်းမျိုး မတွေ့ရကြောင်း၊ သို့သော် သီပေါဝိုင်းသို့သာ သွားရန် တနည်းတဖုံ လွှမ်းမိုး ချုပ်ကိုင်ထားချက် သို့မဟုတ် နားသွင်းထားချက် ရှိသည်ဟု ယုံကြည်ရကြောင်းများလည်း အစီရင်ခံစာတွင် ဖော်ပြသည်။ မြောက်ပိုင်းခရိုင် ဝန်ရှင်တော် မင်းကြီးက အေလမ်း အစွန် မနော်ရမှုံယျာဉ် အနီးရှိ ရှမ်းဝိုင်းသစ် ဖွင့်ရန် နေရာသည် ဈေးကွက်နှင့် ဝေးကွာလွန်း၍ မသင့်လျော်ကြောင်း ထောက်ညွှန်ပြလျက် သီပေါဝိုင်း အဝင်အပါ ရှမ်းဝိုင်းများ အားလုံးကို ပိတ်ရန်၊ မြူနီစပယ်ဝိုင်းကို စနစ်တကျ ပြုပြင်ရန်၊ မြန်မာ စကားတတ်သည့် ရှမ်းတဦးကို မြူနီစီပယ်ဝိုင်းတွင် ခန့်ထားရန် စသည်တို့ကို တင်ပြ အမိန့် တောင်းခံသည်။ မြောက်ပိုင်းခရိုင် ဝန်ရှင်တော် မင်းကြီး ဘာဂျက်၏ အဆိုပြုချက်များမှာ အချုပ်အားဖြင့် -

(၁) သီပေါဝိုင်းအဝင်အပါ ရှမ်းဝိုင်းများအားလုံးကို ပိတ်ရန်၊
(၂) မြူနီစီပယ်ဝိုင်း နှစ်ခုကိုသာ စနစ်တကျ ပြုပြင် စီမံ ကွပ်ကဲစေ၍ ဖွင့်လှစ်ထားရန်၊
(၃) မြူနီစီပယ်ဝိုင်းများတွင် မြန်မာစကား တတ်သည့် ရှမ်းတဦး ခန့်ထားရန်၊
(၄) မနော်ရမံ၌ ရှမ်းဝိုင်းသစ် မဖွင့်ရန်တို့ ဖြစ်သည်။

ဗြိတိသျှ အစိုးရသည် နယ်ရှင် စော်ဘွား မြို့စားတို့က ရှမ်းပြည်နယ်သူ ပြည်နယ်သားများ အပေါ် သဘောကျ ခြယ်လှယ်နိုင်ရန် လမ်းဖွင့် ပေးထားကြသည်။ ဗြိတိသျှ အစိုးရ၏ မူဝါဒနှင့် မဆန့်ကျင်လျှင် ချမှတ်ထားသည့် စည်းကမ်းတို့ကို လိုက်နာလျှင် စော်ဘွား မြို့စားတို့၏ နယ်ပယ်တွင်း ရေးရာတို့၌ ဝင်ရောက် စွက်ဖက်ခြင်း မပြု၊ စော်ဘွားကြီးတို့ သဘောကျ ခြယ်လှယ်နိုင်ကြသည်။ ဤနည်းဖြင့် ရှမ်းပြည်နယ် မြို့ရွာများကို ငြိမ်ဝပ် ပိပြားအောင် ထိန်းသိမ်းခဲ့သည်။ မဟာဝန်ရှင်တော် မင်းကြီးသည် မြောက်ပိုင်း ခရိုင်ဝန်ရှင်တော် မင်းကြီး၏ သီပေါဝိုင်းကို ပိတ်ပစ်ရန် တင်ပြချက်ကို လုံးဝ လက်သင့်မခံချေ။ သီပေါ စော်ဘွားကြီး ငြိုငြင်မည်ကို မလိုလားသောကြောင့် ဖြစ်သည်။ သီပေါ စော်ဘွားကြီး ခွန်ဆိုင်သည် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပထမဆုံး ဗြိတိသျှ သစ္စာခံသူ ဗြိတိသျှတို့၏ သစ္စာကို စောင့်သိ ရိုသေသူ ဖြစ်၍ ဗြိတိသျှ အစိုးရ၏ လွန်စွာ အရေးပေးခြင်းကို ခံရသူ ဖြစ်သည်။ ထို့ကြောင့် သီပေါ စော်ဘွားကြီး ငြိုငြင်အောင် ထိခိုက်အောင် မလုပ်လိုချေ။ မဟာဝန်ရှင်တော် မင်းကြီးက ရှမ်းလက်ဖက် ကုန်သည်တို့၏ ရောင်းဝယ်ရေးကို လက်ရှိအတိုင်း ထား၍ ရှမ်းကုန်သည်တို့ ကြိုက်နှစ်သက်ရာ ဝိုင်းသို့ သွားနိုင်ရန် လွှတ်ထားစေလိုသည်။ ထို့ကြောင့် သင့်တော်သူများ ခန့်ထား၍ ကောင်းစွာ ကြီးကြပ် ကွပ်ကဲနိုင်မည်ဆိုလျှင် မြူနီစီပယ်ဝိုင်းကို ဖွင့်နိုင်ကြောင်း၊ သို့သော် ရှမ်းလက်ဖက် ကုန်သည်များအား မြူနီစပယ်ဝိုင်းသို့ သွားရမည်ဟု အတင်းအကြပ် မပြုရန် အာဏာ မသုံးရန် အမိန့် ချမှတ်သည်။ ထို့ပြင် သီပေါ စော်ဘွားကြီးက မတရား အကောက်အစားများ မယူနိုင်စေရန် ရှမ်းလက်ဖက် ကုန်သည်တို့ ရောင်းဝယ်ရေးကို အခါ အားလျော်စွာ ထောက်လှမ်း စုံစမ်းရန်၊ ပြုပြင်ရန်လိုက ပြုပြင်ရန် စောင့်ကြည့်ရမည်ဟု ရှမ်းပြည်နယ် ဥတ္တရဌာန ဆိုင်ရာ အရေးပိုင်အား တာဝန် ပေးအပ်သည်။
တောင်ပိုင်နယ်မှ လက်ဖက်ကို မန္ဈလေး ဈေးကွက်သို့ အရောက် ချယူလာရာ ခရီးလမ်း တလျှောက်၌ သီပေါ စော်ဘွားကြီးအား အခွန်အကောက် ပေးရခြင်းနှင့် ပက်သက်၍ အနည်းငယ် ဆက်လက် ရှင်းလင်း တင်ပြလိုပါသည်။ လက်ဖက် ကုန်သည်များ အပေါ် သီပေါ စော်ဘွားကြီး ကောက်ခံသည့် ကင်းခွန် နယ်ကျော်ခွန်များသည် ဗြိတိသျှ အစိုးရ လက်ထက်တွင် ပိုမိုများပြား ပြင်းထန်လာသည်ဟု ဟူဆရသည်။ ဗြိတိသျှ အစိုးရက ယင်းအကောက်ခွန်များကို စော်ဘွားကြီး အတွက် အခွန်တော် ငွေဝင်လမ်း တခု အဖြစ် အသိအမှတ် ပြုသည်။ တရားမျှတသည် မမျှတသည်ကို စိတ်ဝင်စားခြင်း ထည့်သွင်း စဉ်းစားခြင်း လုံးဝ မရှိခဲ့ချေ။ စင်စစ်သော် ၁၈၈၇ ခု နှစ်ဦးပိုင်းက ဗြိတိသျှ အစိုးရတို့ သိပင် မသိကြသည့် အခြေတွင် ရှိနေခဲ့သည်။ သီပေါ စော်ဘွားကြီး ချထားသည့် ကင်းစခန်းများမှာ ဆယ်ခုခန့် ရှိလေသည်။ တောင်ပိုင်မှ ဆင်းလာသည့် လက်ဖက်များကို မလွတ်တမ်း အကောက်ယူနိုင်ရန် ဟဲကွီး၊ တာပလဲ၊ ကျောက်မဲ၊ နမ်းလမ်၊ ပင်ဆန် ဟူ၍ ကင်းစခန်း ၅ ခု ရှိသည်။ သီပေါနှင့် မန္ဈလေး အကြား ခရီးလမ်းတွင် ဟဲကွီး၊ ဂုတ်ထိပ်၊ ရဲလင်းနှင့် ဘန့်ဘွေး ဟူ၍ ၄ စခန်း ရှိသည်။ ယင်းစခန်း လေးခုတွင် ၁၈၈၇ ခုနှစ် အတွင်းက ဝန်တင်နွား တကောင်လျှင် ၃ ကျပ် ၆ ပဲ ၆ ပိုင်၊ ဝန်မဲ့ နွားတကောင်လျှင် ၁ ကျပ် ၆ ပဲ ၆ ပိုင် အကောက် ပေးကြရသည်။ အတိအကျ ဖော်ပြရသော် -
Photobucket
ဖြစ်သည်။ အပြန်ခရီးတွင် နွားဝန်တင် တဖွဲ့လုံး အတွက် အဖွဲ့ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ကင်းစခန်း တခု၌ ဆား၊ ငပိ တပိဿာခန့်စီ ပေးကြရသည်။
ဖော်ပြပါ နှုန်းထားသည် ၁၈၈၇ ခုနှစ်တွင်မှ တိုးမြှင့် ကောက်ခံသော နှုန်းထား ဖြစ်သည်ဟု ဆိုသည်။ ရှေးအခါက ဘန့်ဘွေး ကင်းစခန်း တခုသာ ရှိခဲ့သည်။ ထိုစခန်း၌ ဆန် တစလယ်နှင့် ငွေ ၁ ပဲ သို့မဟုတ် ငွေသား ၄ ပဲ အဆင်ပြေရာ ပေးဆောင်သော် ပြီးစီးသည်။ ၁၈၈၇ ခုနှစ် အတွင်း သီပေါ စော်ဘွားကြီးသည် ကင်ခွန်နှုန်း တိုးမြှင့်သည် သာမက မန္ဈလေးရှိ သီပေါဝိုင်း၌ စခန်းမချလျှင် အပြန် ခရီးတွင် နယ်ကျော်ခွန် ၁ ကျပ် ၈ ပဲ အစား ၃ ကျပ် ကောက်ယူမည်ဟု အမိန့် ထုတ်ဆင့်သည်။ ယင်းအဖြစ်အပျက်ကို မှိုင်းကျောမှ မောင်ရွက်ကံနှင့် မောင်ရွှေနင်၊ သုံးဆယ်မှ မောင်တရုတ်နှင့် အဖွဲ့ဝင် ရှမ်းကုန်သည် ၂ဝ ခန့်က မန္ဈလေးရှိ မောင်ထွန်း၏ ပွဲဝိုင်းတွင် စခန်းချစဉ် တိုင်ကြား ပြောဆိုကြသည်။ ထို့ကြောင့် အကျိုးစီးပွား ဆက်သွယ် ထိခိုက်သူ ပွဲစား မောင်ထွန်း၊ မောင်အောင်ကြီး၊ မောင်ဘနှင့် ရွှေဘုန်းရှိန် ရပ်ကွက်နေ ရှမ်းကုန်သည် ၁၈ ဦးတို့က အစိုးရထံ လျှောက်လွှာ တင်ကြသည်။ လျှောက်ထားသူ မောင်ထွန်း အစရှိသော ကုန်သည် ပွဲစားများသည် ရှေးမြန်မာ ဘုရင် အစိုးရ လက်ထက်ကပင် ရှမ်းကုန်သည်များနှင့် ဆက်သွယ် ရောင်းဝယ် နေကြသူများ ဖြစ်ကြသည်။ လျှောက်ထားချက်တွင် ရှမ်းကုန်သည်တို့သည် ရှေးအခါက သဘောကျရာ ပွဲဝိုင်းတွင် တည်းခိုနိုင်ခွင့် ရှိခဲ့ကြောင်း၊ စော်ဘွားကြီး၏ အမိန့်သည် အစဉ်အလာကို ကျော်လွန်နေ သဖြင့် ရှမ်းကုန်သည်တို့က မကျေမနပ် ရှိကြကြောင်း၊ သီပေါ စော်ဘွားကြီးသည် မိမိ၏ ဂုဏ်သိက္ခာကို မငဲ့မထောက်ဘဲ ဆင်းရဲသား ကုန်သည် ပွဲစား တယောက်ကဲ့သို့ မန္ဈလေးတွင် ပွဲဝိုင်း နှစ်ခု တည်ထောင် ထားပြီးလျှင် သူ၏ ပွဲဝိုင်းသို့သာ သွားရမည်ဟု အာဏာ သုံးနေသည်ကို ကုန်သည် ပွဲစားများက မခံမရပ်နိုင် ဖြစ်ကြကြောင်း၊ အစိုးရက အရေးယူ ပေးစေလိုကြောင်း၊ ထိုသို့ အရေးယူ ပေးပါက အစိုးရ ပစ္စည်းများ သီပေါသို့ ပို့ရန် ဝန်တင်နွား တကောင်လျှင် အစိုးရ သတ်မှတ်သည့် ၂ဝ ကျပ် နှုန်းထက် လျှော့၍ ၁၉ ကျပ် နှုန်းဖြင့် ပို့ပေးမည် ဖြစ်ကြောင်းများ ပါသည်။
ဖော်ပြပါ လျှောက်ထားချက်နှင့် ပတ်သက်၍ အစိုးရက မည်သို့မျှ အရေးယူ ဆောင်ရွက်ခဲ့ဟန် မတူချေ။ ထိုစဉ်က မြောက်ပိုင်းခရိုင် ဝန်ရှင်တော် မင်းကြီးသည် သီပေါသို့ စစ်ပစ္စည်းများ ပို့ရန် စီစဉ်ဆဲ ဖြစ်သည်။ ထိုသို့ စီစဉ်သည့် အခါမှ သီပေါ ကင်းခွန်၊ နယ်ကျော်ခွန်များ အကြောင်း ပထမဆုံး သိလေသည်။ ကုန်သည် ပွဲစားတို့၏ လျှောက်လွှာကို ရရှိသော အခါ မြောက်ပိုင်းခရိုင် ဝန်ရှင်တော် မင်းကြီးသည် အခြေအနေကို မဟာဝန်ရှင်တော် မင်းကြီးထံ တင်ပြ၍ အရေးယူရန် တိုက်တွန်းသည်။ သို့သော် မဟာဝန်ရှင်တော် မင်းကြီးက အမိန့် တစုံတရာ ချမှတ်ခဲ့ခြင်း မတွေ့ရချေ။ သီပေါ စော်ဘွားကြီးသည် မန္ဈလေးရှိ သူ၏ ပွဲဝိုင်းတွင် စခန်းမချသူ ရှမ်းကုန်သည်များ ထံမှ နယ်ကျော်ခွန် ၂ ဆ ကောက်ခံမြဲ ကောက်ခံ နေခဲ့သည်။ အစိုးရ ပစ္စည်းများ တင်ပို့ရေးနှင့် ပတ်သက်၍မူ ဝန်တင် နွားများကို ကင်းခွန် မကောက်စေရန် အစိုးရက စော်ဘွားကြီးနှင့် ညှိနှိုင်း ပြောဆိုသည်။ ၁၈၈၉ ခု၊ ဖေဖော်ဝါရီလ အတွင်း မဟာဝန်ရှင်တော် မင်းကြီးနှင့် သီပေါ စော်ဘွားကြီးတို့ မန္ဈလေး၌ တွေ့ဆုံ၍ ကိစ္စ အရပ်ရပ်ကို ဆွေးနွေးကြသော အခါ အစိုးရ ပစ္စည်းကို သယ်ပို့သည့် ဝန်တင်နွားများ အပေါ် ကင်းခွန် မကောက် မယူရန်၊ ကူတို့ခွန်သာ ကောက်ယူရန်၊ သီပေါ စော်ဘွားကြီးက အာမခံသည်။ ထိုကတိ ဝန်ခံချက်ကို ကျေနပ် နှစ်သိမ့်လျက် အစိုးရသည် သီပေါ စော်ဘွားကြီး၏ အကောက်အစားများနှင့် ပတ်သက်၍ မည်သို့မျှ ဝင်ရောက်စွက်ဖက် အရေးယူခြင်း မပြုဘဲ လျစ်လျူ ရှုခဲ့သည်။
လက်ဖက် ကူးသန်း ရောင်းဝယ်ရေးသည် ၁၈၉ဝ - ၉၁ ခုနှစ်ခန့် ရောက်သောအခါ အခြေအနေ ပြောင်းလဲစ ပြုလာသည်။ သီပေါ ကင်းခွန်များနှင့် ပတ်သက်၍ အစိုးရ၏ သဘောထား ပြောင်းလဲ လာသည်ကိုလည်း တွေ့မြင်ရသည်။အခြေအနေ အရပ်ရပ်ကို ကိုယ်တွေ့ မျက်မြင် ဖြစ်နေသည့် ရှမ်းပြည်နယ် ဆိုင်ရာ အရေးပိုင်နှင့် မြောက်ပိုင်းခရိုင် ဝန်ရှင် မင်းကြီးတို့သည် သီပေါ ကင်းခွန်၊ နယ်ကျော်ခွန်များ အကြောင်း အဖန်ဖန် တင်ပြ ပြောဆို လာကြသည်။ ရှမ်းပြည်နယ် တောင်ပိုင်းမှ စော်ဘွား မြို့စားများကလည်း မိမိတို့ နယ်များမှ ကုန်သည်များ တောင်ပိုင်နယ်သို့ တိုက်ရိုက် သွားရောက်၍ လက်ဖက် ဝယ်ယူရာတွင် သီပေါ ကင်းခွန်များ ပေးဆောင် ကြရသည်ကို လည်းကောင်း၊ သီပေါ စော်ဘွားသည် ကင်းခွန်၊ နယ်ကျော်ခွန် စသဖြင့် အခွန်ဝင်ငွေ အခွင့်အရေး ပိုမို ရရှိနေသည်ကို လည်းကောင်း၊ မကျေနပ်ကြ သဖြင့် ၁၈၈၉ ခုနှစ် မိုးနဲ၌ ကျင်းပသည့် ဒါဘာပွဲတွင် ကန့်ကွက် ပြောဆို ကြလေသည်။
ရှမ်း ပလောင် နွားဝန်တင် ကုန်သည်များကမူ သီပေါဝိုင်း၌ စခန်း မချသော် နယ်ကျော်ခွန် နှစ်ဆ ပေးဆောင်ရသည်ကို မကျေနပ်ကြ သော်လည်း သီပေါ စော်ဘွားကြီးကို ကြောက်ရွံ့သဖြင့် တိတိလင်းကင်း ကန့်ကွက် ပြောဆို တိုင်ကြားခြင်း မပြုဝံ့ကြချေ။ သို့သော် အစိုးရ အရာရှိများက စုံစမ်း မေးမြန်းသော အခါမူ အချို့ ပေါက်ရောက် ထက်မြက်သူများ သတ္တိ ရှိသူများက တိုးတိုးကြိတ်ကြိတ် ဖွင့်ဟ ပြောဆိုကြသည်။ ထိုစဉ်က ပြင်ဦးလွင်၊ လားရှိုး အစိုးရ လှည်းလမ်းဖောက်ပြီး ဖြစ်သည်။ ယင်းအစိုးရ လမ်းပေါ်တွင်လည်း သီပေါ စော်ဘွားက သီပေါ၊ ပန်ပေါ၊ ပြောင်ခေါင်း၊ ဘော်ကြို၊ ဘန့်ဘွေးတို့၌ ကင်းစခန်း ဖွင့်၍ ကင်းခွန်များကို ကောက်ခံမြဲ ကောက်ခံသည်။ အစိုးရ လမ်းပေါ်၌ ကင်းခွန် ကောက်သည်ကို အစိုးရ အရာရှိများက မကျေနပ်ကြချေ။ မဟာဝန်ရှင်တော် မင်းကြီးထံ တင်ပြ၍ အရေးယူရန် တိုက်တွန်းကြလေသည်။ ထို့ကြောင့် မဟာဝန်ရှင်တော် မင်းကြီးသည် ၁၈၉၁ ခု၊ ဒီဇင်ဘာလတွင် သီပေါ စော်ဘွားကြီး ကောက်ခံသည့် ကင်းခွန်များ အကြောင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း တင်ပြရန် ရှမ်းပြည်နယ် ဆိုင်ရာ အရေးပိုင်ထံ ဆင့်ဆို ချမှတ်သည်။
မဟာဝန်ရှင်တော် မင်းကြီး၏ ဆင့်ဆိုချက် အရ ရှမ်းပြည်နယ် ဆိုင်ရာ အရေးပိုင်သည် သီပေါစော်ဘွား၊ သုံးဆယ် မြို့စားတို့နှင့် တွေ့ဆုံ၍ အခြေအနေ အရပ်ရပ်ကို စုံစမ်းသည်။ သီပေါ ကင်းခွန် အကောက်အစားနှင့် ပတ်သက်၍ မြန်မာဘုရင်တို့ လက်ထက်က အခြေအနေကိုပါ သိရှိနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီး မှူးကြီးဟောင်းများထံ စုံစမ်း မေးမြန်းခြင်း၊ လွှတ်တော် အမှတ်အသား၊ ပုရပိုက်များကို ရှာဖွေ လေ့လာခြင်းများလည်း ပြုလုပ်သည်။ ထို့ပြင် ရောင်းဝယ်နေကျ ကုန်သည် ပွဲစားများထံမှ မေးမြန်း စုံစမ်း ရရှိချက်များကို စော်ဘွားကြီး၏ ထွက်ဆိုချက် ၁၈၉ဝ-၉၁ ခုနှစ် ရသုံးငွေ စာရင်းတွင် ဖော်ပြချက်များနှင့် တိုက်ဆိုင် စစ်ဆေးသည်။ ရှမ်းပြည်နယ် ဆိုင်ရာ အရေးပိုင်က ကုန်သည်တို့၏ ထွက်ဆိုချက်ကို လည်းကောင်း၊ သီပေါ စော်ဘွား၏ ငွေစာရင်းကို လည်ကောင်း၊ မှန်ကန်မည်ဟု မယုံကြည်ချေ။ ကုန်သည်တို့၏ ထွက်ဆိုချက် အရသော် မြန်မာဘုရင် အစိုးရ လက်ထက်က ဝန်တင် နွား ၁ဝဝ လျှင် ငွေ ၂ဝဝ ကျပ်မျှနှင့် မန္ဈလေးသို့ ရောက်နိုင်ကြောင်း သိရသည်။ ဗြိတိသျှ အစိုးရ လက်ထက်တွင် ဝန်တင်နွား ၁ဝဝ လျှင် ငွေ ၄ဝဝ ကျပ် ကျော်ကုန်မှ မန္ဈလေးသို့ ရောက်သည်။ သီပေါ စော်ဘွားကြီး တင်ပြသည့် အကောက်အစားထက် ကုန်သည်တို့ ပေးဆောင်ရချက်က ဝန်တင်နွား တရာလျှင် ငွေ ၂၅ ကျပ်ခန့် ပိုနေကြောင်းလည်း တွေ့ရသည်။ ထို့အပြင် သီပေါ စော်ဘွားကြီးသည် ပခုံးထမ်း ကုန်သည်များ ထံမှ အကောက်အစား ယူသော်လည်း သူ၏ ရသုံးငွေ စာရင်းတွင် ထည့်သွင်း ဖော်ပြခြင်း မပြုကြောင်းလည်း တွေ့ရသည်။ သီပေါစော်ဘွား တင်ပြသည့် စာရင်းအရ ဆိုသော် ၁၈၉၁ ခုနှစ် အတွင်းက ကင်းခွန်၊ နယ်ကျော်ခွန် သီပေါဝိုင်း အကောက်အစားတို့ အတွက် စော်ဘွားသည် အသားတင် အမြတ် ၁ဝ၂,၇၅၇ ကျပ် ရခဲ့သည်။ ယင်းအခြေအနေ အရပ်ရပ်ကို တိုက်ဆိုင် စစ်ဆေးပြီးနောက် ရှမ်းပြည်နယ် ဆိုင်ရာ အရေးပိုင်က ကင်းခွန် နယ်ကျော်ခွန် စသည့် အကောက်အစားတို့ကို ဖျက်သိမ်း လိုက်သော်လည်း သီပေါ စော်ဘွား အတွက် အခွန်ဝင်ငွေ နည်းပါး သွားမည်ကို စိုးရိမ်ဖွယ် မရှိကြောင်း ဖော်ပြပါ အကောက်အခွန်များ မပါဘဲနှင့် သီပေါနယ်မှ အခွန်တော် ၁၅ဝ,ဝဝဝ ကျပ် ရရှိနိုင်သည်ကို စော်ဘွား တင်ပြသည့် စာရင်းအရ သိရကြောင်း၊ ယင်း အခွန် ဝင်ငွေသည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ စော်ဘွား မြို့စားတို့ ကောက်ခံ ရရှိသည်ထက် များစွာ ပိုနေသေးကြောင်းတို့ကို မဟာဝန်ရှင်တော် မင်းကြီးထံ တင်ပြ အစီရင်ခံသည်။
ရှမ်းပြည်နယ် ဆိုင်ရာ အရေးပိုင်၏ အစီရင်ခံစာကို ရပြီးနောက် မဟာဝန်ရှင်တော် မင်းကြီးသည် ပြင်ဦးလွင် - လားရှိုး အစိုးရ လမ်းပေါ်၌ မည်သည့် အကောက်အစားကိုမျှ ကောက်ခံခြင်း မပြုရဟု အမိန့် ချမှတ်သည်။ ထို့အပြင် မန္ဈလေးရှိ သီပေါဝိုင်း၌ စခန်း မချသူ ရှမ်းပလောင် ကုန်သည်များထံမှ နယ်ကျော်ခွန် နှစ်ဆ ကောက်ခံခြင်းကို ရုပ်သိမ်းရန် သီပေါ စော်ဘွားကြီးကို အမိန့် ပေးသည်။ သီပေါ စော်ဘွားသည် အစ ပထမတွင် ကင်းခွန်၊ နယ်ကျော်ခွန်များ ရုပ်သိမ်းရန် ငြင်းဆန် သေးသော်လည်း နောက်ဆုံးတွင် ဗြိတိသျှ အစိုးရ၏ သတ်မှတ်ချက် အတိုင်း လိုက်နာရန် သဘောတူညီသည်။ ထို့ကြောင့် ၁၈၉၂ ခု ဒီဇင်ဘာလ ၁ ရက်နေ့မှအစပြု၍ ပြင်ဦးလွင်-လာရှိုး အစိုးရလမ်းပေါ်ရှိ ကင်းစခန်းများကို ဖျက်သိမ်းကာ ကင်းခွန် ကောက်ခံခြင်းကို ရပ်စဲကြောင်း ထုတ်ပြန် ကြေညာသည်။ ထို့နောက် ၁၈၉၃ ခု၊ မေလ ၁၅ ရက်နေ့မှ အစပြု၍ သီပေါနယ် အတွင်း မည်သည့် လမ်းတွင်မှ ကင်းခွန် နယ်ကျော်ခွန် စသည့် တစုံတရာမျှ ကောက်ခံတော့မည် မဟုတ်ကြောင်းကို ထပ်မံ ကြေညာ၍ ကောက်ခံမြဲ အခွန်အကောက်များကို အပြီးတိုင် ရုပ်သိမ်းခဲ့သည်။ ထို့ကြောင့် တောင်ပိုင်နယ်မှ မန္ဈလေး အရောက် လက်ဖက်ချယူ ရောင်းဝယ်ကြသည့် ရှမ်း ပလောင် ကုန်သည်တို့သည် ၁၈၉၃ ခုနှစ်မှ စ၍ သီပေါစော်ဘွား၏ အခွန်အတုတ် အချုပ်အချယ်မှ ကင်းလွတ်ကြသည်။ ပြင်ဦးလွင် - လာရှိုး အစိုးရ လမ်းဖောက်ပြီး ဖြစ်သဖြင့်လည်း တောင်ပိုင်နယ်မှ လက်ဖက်များကို ရှေးကထက် ပိုမို လွယ်ကူစွာ ချယူ ရောင်းဝယ် နိုင်လာကြသည်။ နွားဝန်တင်များ သာမက နွားလှည်းများဖြင့်လည်း သယ်ယူ ပို့ဆောင်နိုင်သည့် အခြေသို့ ဆိုက်ရောက်လာသည်။
နိဂုံးချုပ် အနေဖြင့် ပြည်လည် ခြုံငုံ တင်ပြရသော် လက်ဖက်သည် မြန်မာ တိုင်းရင်းသားတို့ အတွက် အဓိက စားသုံးကုန် မဟုတ်သော်လည်း အရေးပါ အရာရောက်လှသော စားသုံးကုန် တခု ဖြစ်သည်။ တရုတ်တို့က လက်ဖက်တော်ဟု ခေါ်သည့် တောင်ပိုင်နယ်သည် လက်ဖက် အများဆုံး ထွက်ရာ ဒေသ ဖြစ်သည်။ လက်ဖက်ကို စိုက်ပျိုးရာ ဒေသကို စွဲ၍ အတွင်းတောင်၊ အပြင်တောင်ဟု အကောင်းအညံ့ အမျိုးအစား ခွဲခြား ရောင်းဝယ်ကြသည်။ မြန်မာမင်းများ လက်ထက်က လက်ဖက် ကူးသန်း ရောင်းဝယ်ရေး ပမာဏမှာ မသေးခဲ့ချေ။ လက်ဖက် ကူးသန်း ရောင်းဝယ်ရေး အပေါ်မှ မြန်မာ ဘုရင် အစိုးရသည် နှစ်စဉ် အခွန်အကောက် ၇ သိန်းခန့် ရခဲ့သည်။ ဗြိတိသျှ အစိုးရ လက်ထက် လက်ဖက် ရောင်းဝယ်ရေး အပေါ် အကောက်အခွန် မရှိ လွတ်ငြိမ်းခွင့် ပြုသည်။ သို့သော် ရှမ်း ပလောင် လက်ဖက် ကုန်သည်တို့သည် နယ်ရှင် စော်ဘွား မြို့စားတို့နှင့် ကုန်သည် ပွဲစားကြီးတို့၏ ခေါင်းပုံဖြတ်မှု၊ အညွန့်ခူးမှုကို ဆက်လက် ခံကြရသည်။ တောင်ပိုင်နယ်မှ လက်ဖက်ကို မန္ဈလေးသို့ အရောက် နွားဝန်တင်များဖြင့် သယ်ယူကြရာ လမ်းခရီးတွင် သီပေါနယ်ကို ဖြတ်ကျော်ရ၍ သီပေါ စော်ဘွားကြီးက ကောက်ယူသည့် ကင်းခွန်၊ နယ်ကျော်ခွန်များကို ပေးဆောင် ကြရသည်။ တောင်ပိုင်နယ်မှ နှစ်စဉ် လက်ဖက် ပိဿာ တသန်းခန့် ထွက်၍ ပိဿာ ကိုးသိန်းခန့် ထုတ်ရောင်းသည်ဟု ခန့်မှန်းသည်။ လမ်းခရီး မဖြောင့်ဖြူး မအေးချမ်းသည့် ၁၈၈၆ နှင့် ၁၈၈၇ ခုနှစ်များ အတွင်းက တောင်ပိုင်နယ်တွင် လက်ဖက်စို ပိဿာ ၁ဝဝ ကို ငါးကျပ်ဈေးနှင့်ပင် ဝယ်ယူသူ မရှိခဲ့ချေ။ ၁၈၈၉-၉ဝ ခုနှစ်များတွင်မူ အနုတ်အသိမ်း များ၍ လက်ဖက်စို ဈေးများ ပိဿာ တရာလျှင် ၁၅ ကျပ်မှ ၂၅ ကျပ်ထိ ဖြစ်လာသည်။ လက်ဖက်ခြောက် ဈေးမှာလည်း နှစ်ဆ တက်၍ ၅ဝ ကျပ်မှ ၁ဝဝ ကျပ် အထိ ရသည်။ လက်ဖက် စိုက်ပျိုးရေးဖြင့် အသက်မွေးသည့် တောင်ပိုင်နယ်၏ ဝင်ငွေမှာ ၁၈၉ဝ-၉၁ ခုနှစ်က တသိန်း ကိုးသောင်း ကျော်ခဲ့သည်။ သီပေါ စော်ဘွားသည် ၁၈၈၉-၉ဝ ခုနှစ်က လက်ဖက်ခင်းများမှ အခွန်တော်ငွေ ၁၃,၁၄ဝ ကျပ်ရသည်။ လက်ဖက် ကုန်သည်တို့သည် တောင်ပိုင်နယ်သို့ လက်ဖက် အဝယ် သွားရာတွင် များသောအားဖြင့် ငွေကို မယူဘဲ ဆန်ကို ယူသွားလေ့ ရှိကြသည်။ ခရီး တခေါက်လျှင် အရပ်ရပ် စရိတ် နုတ်ပြီးနောက် အသားတင် အမြတ် ၃ဝ ရာနှုန်းမှ ၅ဝ ရာနှုန်း အထိ ရကြသည်။ သို့သော် က္ဆွဲနွား ရောဂါ ထူပြောသဖြင့် ဝန်တင်နွား ပျက်စီး ဆုံးပါးခြင်း ရှိခဲ့လျှင် အရှုံးနှင့် ရင်ဆိုင်ကြရသည်။ ရှမ်းလက်ဖက် ကုန်သည်တို့သည် မန္ဈလေး၌ မြူနီစီပယ်ဝိုင်း၊ သီပေါ စော်ဘွားဝိုင်းနှင့် ပုဂ္ဂလိက ကုန်သည် ပွဲစားတို့၏ ဝိုင်းများ၌ စခန်းချ တည်းခိုကြသည်။ မြူနီစီပယ်ဝိုင်းတွင် ဝန်တင်နွား တကောင်လျှင် ၄ ပဲကျ အကောက် ယူသည်မှ အပ ရှမ်းကုန်သည်တို့ အတွက် မည်သို့မျှ ဆောင်ရွက်ပေးခြင်း၊ ဝင်စွက်ခြင်း မရှိချေ။ သီပေါ စော်ဘွားကြီး၏ ဝိုင်းတွင် စော်ဘွားကြီးက ခန့်ထားသော အမူထမ်း ၂၅ ယောက်ခန့် ရှိသည်။ လက်ဖက် ရောင်းချရေးကို အကူအညီ ပေးသည် သာမက အပြန်ကုန် ဝယ်ယူရာ၌လည်း ကူညီသည်။ ယင်းသို့ ကူညီသည့် အတွက် အကောက် အမျိုးမျိုး ယူသည်။ သီပေါ စော်ဘွားဝိုင်းက မြူနီစီပယ်ဝိုင်းကို ကိုယ်ပိုင်ဝိုင်းကဲ့သို့ အသုံးချ၍ အမြတ်ထုတ် နေသဖြင့် မြူနီစီပယ်ဝိုင်းကို ၁၈၉ဝ ပြည့်တွင် အစိုးရက ပိတ်ထားလိုက်သည်။ သီပေါ စော်ဘွားသည် မန္ဈလေး၌ ရှမ်းဝိုင်း ဖွင့်ထားသည့် အတွက် ၁၈၈၉-၉ဝ ပြည့်နှစ်က ပွဲကောက် ၃၅,ဝ၄၄ ကျပ် ရသည်။ သီပေါဝိုင်း၌ စခန်း မချသော ကုန်သည်တို့ကို သီပေါစော်ဘွားက အပြန်တွင် နယ်ကျော်ခွန် နှစ်ဆ ကောက်ယူသည်။ ဗြိတိသျှ အစိုးရသည် သီပေါ စော်ဘွားကြီး၏ အကောက်အစားများ အကြောင်းကို ၁၈၈၇ ခု အတွင်း အစိုးရ ပစ္စည်းများ လားရှိုးသို့ ပို့ဆောင်သည်တွင်မှ စတင် သိကြသည်။ အစိုးရ ပစ္စည်းများ သယ်ဆောင်သည့် ဝန်တင် နွားများအပေါ် အကောက် မယူရန် သီပေါ စော်ဘွားကြီးက သဘောတူသဖြင့် အစိုးရက ကျေနပ် နေခဲ့သည်။ ပြင်ဦးလွင် - လားရှိုး အစိုးရလမ်း ဖောက်ပြီးသော အခါမူကား အစိုးရ လမ်းပေါ်တွင် သီပေါစော်ဘွားက ကင်းစခန်းများ ထား၍ အကောက်ယူသည်ကို ဗြိတိသျှ အာဏာပိုင်များက မကျေမနပ် ဖြစ်လာကြသည်။ ထို့ကြောင့် သီပေါစော်ဘွားသည် ၁၈၉၂ ခု၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ အစပြု၍ ပြင်ဦးလွင် - လားရှိုး လမ်းပေါ်၌ ကင်းခွန် ကောက်ခံခြင်းကို ရပ်စဲရသည်။ ၁၈၉၃ ခု၊ မေလ ၁၅ ရက်နေ့က စ၍ သီပေါ တနယ်လုံး အတွင်း မည်သည့် ကင်း အကောက်အစားမျှ မကောက် မခံတော့ဘဲ ရုပ်သိမ်းလိုက်သည်။ လက်ဖက် ကူးသန်း ရောင်းဝယ်ရေးသည် ၁၈၉၁ ခုမှ စ၍ လမ်းပန်း ဆက်သွယ်ရေး အပေါ် မူတည်ကာ အခြေအနေ ပြောင်းလဲ လာခဲ့လေသည်။

မကြန်
[နိုင်ငံသမိုင်း သုတေသန စာစောင်၊ အမှတ် ၃၊ ၁၉၇၉]

အောက်ခြေမှတ်စု။

၁။ ပုရပိုက် အထောက်အထားများတွင် လက်ဖက်ခြောက်ကို ပိဿချိန်နှင့် ဖော်ပြ၍ လက်ဖက်စိုကို တင်နှင့် ဖော်ပြသည်။ လက်ဖက်တင်ရေ ၁၈,ဝဝဝ ဟု ဖော်ပြသည်။ တတင် ဆိုသည်မှာ နွား တကောင်တင် ဝန်ကို ဆိုလိုခြင်း ဖြစ်သည်။ နွားတကောင်၏ ကျောက်ကုန်းတွင် ဘယ်ညာ ခွာ၍ လက်ဖက်ပို ၂ လုံး တင်ဆောင်သည်။ ထို့ကြောင့် တတင်သည် ပို ၂ လုံး၊ အလေးချိန်အားဖြင့် ပိဿာ ၆ဝ ခန့် ရှိသည်။ လက်ဖက် တင်ရေ ၁၈,ဝဝဝ သည် အကြမ်းအားဖြင့် ၁,ဝ၈ဝ,ဝဝဝ ပိဿာ ရှိမည် ဖြစ်သည်။

၂။ တပိဿာလျှင် ငါးမူးဈေးခန့် ရှိသည်။

၃။ နောင်မွန်မြို့စားဟောင်း ဆိုသူသည် မြို့စား အမည်ခံသော်လည်း အစစ်အမှန် မဟုတ် ၁၈၈၇ ခုနှစ် အတွင်းက ထိုသူသည် ရှမ်းပြည်နယ် တောင်ပိုင်း စော်ဘွားများ၏ နာမည်နှင့် မဟုတ်မမှန်သော စာများ ရေး၍ အထက်မြန်မာပြည် အတွင်းဝန်ကြီးထံ ပေးပို့ခဲ့သဖြင့် အရှုပ်အထွေး အယှက်အတင် များစွာ ဖြစ်ခဲ့ဖူးသည်ဟု ဆိုသည်။
▪ - ¤ - ▪


မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်

စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

၁၀၀၄၂၀၀၉ဒိုင်ယာရီ

Photobucket
google download

mediafire download

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


သင်္ကြန် နဂ္ဂတစ် ပုံရိပ်များရဲ့ ဟိုမှာဘက်


ငြိမ်းချမ်းငြိမ်း
သောကြာနေ့၊ ဧပြီလ 10 2009 14:44 - မြန်မာစံတော်ချိန်
သပြေခက်နဲ့ ရေပက်လောင်းကြတဲ့ သင်္ကြန် မဟုတ်တော့တာ ကြာပြီဖြစ်ပေမယ့် သင်္ကြန်ဟာ သူ့ရဲ့ နဂို သဘာဝကနေ ခွဲထွက်လာခဲ့တာ အတော်ကြာပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က သင်္ကြန်ကို ကြုံခဲ့သူတယောက်သာ အခု သင်္ကြန်ကို ပြန်ကြုံဖြစ်ခဲ့တယ်ဆိုရင် ဘယ်လိုမှ မမှတ်မိနိုင်လောက်အောင် အပြောင်းအလဲ မြန်လှတဲ့ ရန်ကုန်သင်္ကြန်ကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တခြားနေရာတွေမှာတော့ သင်္ကြန်ဟာ ရန်ကုန်လောက် အပြောင်းအလဲ မရှိလှတာကို တွေ့ရမှာပါ။ ရန်ကုန်မြို့ အင်းလျားလမ်းကို သင်္ကြန်ကာလ အတွင်းသာ ရောက်ရှိသွားမယ်ဆိုရင် တခြား ဂြိုဟ်ကမ္ဘာတခုကို ရောက်ရှိသွားတယ်လို့ ထင်ရလောက်အောင်ကို ဆန်းပြားမှုတွေကို တသီကြီး တွေ့မှာပါ။အင်းလျားလမ်းထဲကို စဝင်လိုက်တယ် ဆိုကတည်းက ကားတန်းရှည်ကြီးနောက်မှာ တအိအိနဲ့ ရွေ့နေရပြီး ဟိုဘက် ပြည်လမ်းကို ရောက်ဖို့ တမနက်ကုန် သွားရတယ်။ ဒါတောင် အသွားအပြန် နှစ်ဖက်ရှိတဲ့ ယာဉ်ကြောဟာ သင်္ကြန်ကာလအတွင်းမှာ တဖက်ထဲသာ ရှိတော့တာ မို့လို့ပါ။ လမ်းရဲ့တဖက် အင်လျားကန်ဘက်ခြမ်းမှာတော့ မဏ္ဍပ်တွေ အစီအရီ။ အဲဒီ မဏ္ဍပ်တွေ ပေါ်မှာတော့ ဘီယာဗူးတွေကို ကိုင်ပြီး ကခုန်နေသူတွေ။ အဲဒီသူတွေက လွှင့်ပစ်လိုက်တဲ့ အရက်ပုလင်းခွံ၊ ဘီယာဗူးခွံတွေကို ရေစီးထဲ မျောပါမသွားရအောင် ကားကြိုကားကြားထဲကနေ လိုက်ကောက်နေတဲ့ ကလေးတွေရဲ့ ဘဝကတော့ မဏ္ဍပ်ပေါ်က လူတွေရဲ့ ဘဝနဲ့ ပြောင်းပြန်ပေါ့။ ဆာလာအိတ်ကြီးကို ကျောမှာ ပိုးပြီး ဘီယာဗူးခွံတွေ၊ အရက်ပုလင်းခွံတွေကို လိုက်ကောက်နေတဲ့ ကလေးငယ် တယောက်ကတော့ “သားသူငယ်ချင်း ဟိုမဏ္ဍပ်အောက်မှာ ဘီယာဗူးခွံ လိုက်ကောက်တာ ရဲက ဖမ်းသွားတယ်။ ဒီမဏ္ဍပ်နားကို မလာရဘူးတဲ့။ လာကောက်ရင် မင်းတို့ကို အင်းစိန် ပို့ပစ်လိုက်လို့ ရတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။ အဲဒီ ကလေးငယ်လေးက VIP မဏ္ဍပ်လို့ ခေါ်တဲ့ လူကြီးသားသမီးတွေ ပက်တဲ့ မဏ္ဍပ်နားမှာ ဘီယာဗူးခွံတွေ၊ ပုလင်းခွံတွေ အများကြီး ရှိပေမယ့် လိုက်ကောက်လို့ မရတဲ့အကြောင်း ကျနော့်ကို ညည်းတွားပြီး ပြောပါတယ်။ အင်းလျားလမ်းတဝိုက်မှာ ခုံကလေးတွေ ချပြီး သင်္ကြန်ကာလအတွင်း ဘီယာ၊ အရက်နဲ့ အမြည်းစားလို့ရတဲ့ ဆတ်သားခြောက် ရောင်းတဲ့ ဆိုင်တဆိုင်ကို ရောက်တော့ မြန်မာဘီယာတလုံးကို ပေါက်ဈေးထက် သုံးဆလောက် တင်ထားတာကို တွေ့ရတယ်။ “ကျမတို့က ရဲကို လိုင်းကြေး တနေ့ တသောင်းနဲ့ ဂရန်း နှစ်ပုလင်း ပေးရတယ်။ မပေးတဲ့ ဆိုင်တွေဆို စီမံချက်နဲ့ ဖမ်းပြီး ကမာရွတ် အချုပ်ထဲ ထည့်ထားတာ အကို သွားကြည့်ပါလား။ အချုပ်ခန်းတောင် ပြည့်နေလို့” လို့ ဆိုသဖြင့် ကျနော်လည်း မြန်မာဘီယာတပုလင်းကို ရေစိုနေတဲ့ တထောင်တန် သုံးရွက် ထုတ်ပေးပြီး အမြန်လစ်လာခဲ့ရတယ်။ မတော်လို့ ရောင်းသူရော၊ ဝယ်သူပါ ဖမ်းနေမှ မခက်ချေဘူးလား။ မဏ္ဍပ်ပေါ် ကျနော် ပြန်တက်သွားတော့ သူငယ်ချင်းက နေ့လယ် ဘယ်မှာ နားမလဲလို့ မေးတော့ “ဒီနေ့ ကန်ဘောင်ဘက် မသွားတော့ဘူး။ မဏ္ဍပ်မှာပဲ နားတော့မယ်” ဆိုတဲ့ အဖြေကို သူက “အော် - မင်းက ဘေ့(စ်)မန့်က အခန်းတောင် ယူထားလိုက်ပြီကိုး။ တယ်ပိုင်တာပဲ” လို့ ပြောလာတယ်။ သူ့စကားကို ကျနော် မရှင်းသဖြင့် ပြန်မေးရာ သူက ''အော် - မင်းကလည်း ဘာမှ မသိသလို အထာလေးနဲ့ပေါ့” လို့ ပြန်ပြောပါတယ်။ ကျနော်က သူ ပြောနေတဲ့ စကားတွေကို တကယ် မသိသဖြင့် နောက်မှ တကယ်မသိကြောင်း ပြောပြီး၊ မေးကြည့်ရာ သူ ပြောပြတဲ့ ဘေ့(စ်)မန့် ဆိုတာက ရေပက်စင် မဏ္ဍပ်အောက်ဘက်ရှိ အခန်းတွေကို ခေါ်ကြောင်း သိလိုက်ရတယ်။ မဏ္ဍပ်သေးတွေမှာ အဲဒီ ဘေ့(စ်)မန့် မပါဝင်ပေမယ့် မဏ္ဍပ်ကြီးတွေနဲ့ ဗီအိုင်ပီ မဏ္ဍပ်တိုင်း လိုလိုတွင် အဲဒီ ဘေ့(စ်)မန့်ဆိုတဲ့ အခန်းတွေ ပါဝင်တယ်လို့ သိလိုက်ရတယ်။ မနက်ခင်း မဏ္ဍပ်ပေါ်မှာ ကောင်မလေး တယောက်ယောက်နဲ့ အဆင်ပြေသွားခဲ့ရင် ခဏတဖြုတ် အဲဒီမှာ ကွန်းခိုလို့ ရတယ်လေ။ တခါတလေကျတော့ အဲဒီ အခန်းတွေဟာ ခဏတာအတွက် လက်မှတ် တစောင်ရဲ့ တနေ့တာကြေးလောက် ပေးရတာ ရှိသလို၊ တချို့ကျတော့လည်း မဏ္ဍပ်ရှင်ရဲ့ စပယ်ရှယ် ဂတ်(စ) - အထူးဧည့်သည်တွေ အတွက်သာလို့ ဆိုပါတယ်။ တချို့မဏ္ဍပ်က ဒီလို အခန်းတွေကျတော့ အဲယားကွန်းတောင် တပ်ပေးထားကြောင်း ကျနော့်သူငယ်ချင်းက ပြောပါတယ်။ နောက်မှ သိလိုက်ရတာကတော့ ဒီအခန်းတွေမှာ နားကြသူတွေဟာ အတီး၊ ကြယ်သီးလို့ အမည်ဝှက်နဲ့ ခေါ်ဆိုကြတဲ့ စိတ်ကြွဆေးဝါးတွေကို ဖြန့်ဖြူးပေးတဲ့ နေရာတခု ဖြစ်မှန်းလည်း သိလိုက်ရတယ်။ အခုလို သင်္ကြန်ကာလအတွင်းမှာ ငွေကို ရေလိုသုံးပြီး ပျော်ပါးနိုင်သူတွေ ရှိပေမယ့် အဲဒီ ပုံရိပ်တွေရဲ့ ဟိုမှာဘက်မှာတော့ သင်္ကြန်ကာလအတွင်း သတ်မှတ်နှုန်းထက် မြှင့်တင်ထားတဲ့ လိုင်းကားဈေးတွေကြောင့် ဒဂုံမြို့သစ်မှာနေတဲ့ မိခင်တယောက်က “ကလေးတွေကို မြို့ထဲက မဏ္ဍပ်တွေ လိုက်ပြချင်တယ်လေ။ ဒါပေမဲ့ ကားခက ဘယ်စီးစီး တယောက် ၅ဝဝ ဆိုတော့ ဘယ်လိုလုပ် သွားနိုင်တော့မလဲ” လို့ သူ့ရဲ့ ညည်းတွားသံ နောက်မှာ ကျနော် တွေးမိတာက ၁ဝ ပေ ပတ်လည်လောက်သာ ကျယ်ဝန်းတဲ့ အခန်းကျဉ်းလေးတွေထဲ သံတိုင်တွေရဲ့ နောက်ကွယ်မှာ သင်္ကြန်ဆိုတာ ဘာမှန်းမသိ ပျော်စရာ ဆိုတာလည်း နတ္ထိနဲ့ နှစ်ဟောင်းတွေကို ကုန်ဆုံးနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ။ မြန်မာနိုင်ငံရဲ့ သင်္ကြန်ဆိုတာ တချို့တချို့အတွက်သာ ပျော်စရာ ကောင်းပြီး၊ တချို့တချို့အတွက်တော့ ပျော်စရာထက် နာကြည်းစရာကောင်းတဲ့ သင်္ကြန်ဖြစ်မှန်းမသိ ဖြစ်ဖြစ်နေခဲ့တာ ကြာပါပြီ။ မြန်မာပြည်သူ ပြည်သားအားလုံး နှစ်သစ် မင်္ဂလာမှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။