Tuesday, April 21, 2009

ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်

ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန် [ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်း မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက်]
Photobucket
(ပုံမှာ - ဂျပန်ခေတ်က အခမ်းအနား တခုတွင် မြန်မာ့ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ကျောင်းသား ခေါင်းဆောင် ကိုဗဟိန်းနှင့် အတူ တွေ့ရပုံ။)

၁၃ဝ၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁ဝ) ရက် ဗုဒ္ဓဟူးနေ့ (၂၊ ၁၂၊ ၄၂) ရန်ကုန် သူရိယ သတင်းစာမှာ ဖော်ပြ ပါရှိတဲ့ ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်းရဲ့ မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက် "ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်" မိန့်ခွန်းကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ကိုင်း … ယခု လက်တွေ့ စမ်းကြည့်မယ်၊ ခု ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ် ယူကြမလား၊ တပ်ထဲ ဝင်ကြမလား ပြောကြစမ်း၊ စစ်ထဲ မဝင်ချင်တဲ့ သူတွေ များလျှင်၊ မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး၊ ရှေးတုန်းက ရာဇဝင် ပြောင်းပြန် ပြောနေလဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်းတွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။

အသက် ၁၈ နှစ်ပြည့် ကျန်းမာရေးနှင့် ပြည့်စုံလျှင် လက်ခံရန် ရှိခြင်း

မြန်မာပြည် ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ ကာကွယ်ရေး တပ်မတော် သေနာပတိကြီး ကာနယ် အောင်ဆန်းက အသံလွှင့် ဖြေဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း။
ယနေ့ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း ပြောရသည့် အတွက် က္ဆွန်တော် အထူးပဲ ဝမ်းမြောက်ပါတယ်၊ မြန်မာ့ ကာကွယ်ရေး တပ်မတော်နှင့် ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေ ရှိတာ သိပေမယ့် ပြောဖို့ ရှင်းဖို့ တပ်မတော် အခွင့်အလမ်း ရှာ၍ မရသေးတဲ့အတွက် အသာပဲ ရေငုံနေခဲ့ရတယ်၊ ယနေ့ ပြောခွင့်ရတဲ့အခါ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း အတော်အတန် ပြောပြရတာပေါ့။
နီပွန် နန်းရင်းဝန်ကြီး တိုဂျိုက မြန်မာပြည်ဟာ နီပွန်ပြည်၏ စိတ်နေ စိတ်ထား ဝါဒတို့ကို နားလည် သဘောကျပြီး ၎င်းတို့နှင့် အရှေ့အာရှ ခေတ်သစ် ထူးထောင်ရေးမှာ ပါမယ်ဆိုရင် လွတ်လပ်သော တိုင်းနိုင်ငံ အနေအထားမျိုး ဖြစ်ပါစေမယ်လို့ ကတိ ပေးထားတယ်။ ဒီ ကတိဟာ ပေါ့ပေါ့ဆဆ ပေးတဲ့ကတိ မဟုတ်ဘူး၊ ဒီ ကတိဟာ နီပွန်ပြည်ကြီးရဲ့ အစိုးရ အဓိကရ ခေါင်းဆောင်ကြီး တကမ္ဘာလုံး ကြေညာထားတဲ့ ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေ ဒီအတိုင်း ထိုင်နေကြလို့ ရတာ မထင်ကြနဲ့၊ ပထမဆုံး ဗြိတိသျှနဲ့ နီပွန် စစ်မဖြစ်ခင်က မြန်မာ့ လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့ လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လို လူမျိုးတွေ၊ မြန်မာပြည်က လူငယ်တွေ နီပွန်ပြည်ကို သွားပြီး စစ်ပညာသင်၊ မြန်မာပြည် အကြောင်း တိုက်တွန်း၊ မြန်မာပြည်က သိလိုတဲ့ မြန်မာပြည် အကြောင်းတွေ အမျိုးမျိုး ရှာပေး၊ နောက်စစ်ဖြစ်တဲ့ အခါလဲ ဒိုးတူပေါင်ဖက် ရှောက်လုပ်၊ တိုက်ခိုက်မှု အမျိုးမျိုးကူ၊ မြန်မာလူမျိုး တွေကလဲ ဝိုင်းဝန်း ထောက်ပံ့ခဲ့တာကြောင့် ဒီ ကတိ ပေးတယ် မှတ်ပါ၊ အလကား ထိုင်နေရင်း ရတယ် မထင်နဲ့ လုပ်တဲ့လူတွေ ရှိလို့ ရတယ်မှတ်ပါ။

မငြင်းနိုင်သော အချက်တရပ်

အဲဒီ နန်းရင်းဝန်ကြီး တိုဂျို၏ ကတိအတိုင်း မြန်မာပြည် လွတ်လပ်တော့မယ်လို့ ဆိုကြပါစို့၊ လွတ်လပ်ရေး ရပြီးတိုင်း ဘာက ကျုပ်တို့ တိုင်းပြည် စကြမလဲ၊ ယခု အစိုးရ အဖွဲ့က အတော်အတန် မြန်မာပြည် ခေတ်သစ် ထူထောင်ရေး အတွက် လုပ်ငန်း အစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့၊ ဒါပေမဲ့ ဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့ တနေ့ ဒီဟာတွေကို ကာကွယ်ဖို့ အားမရှိရင် ဘယ်မှ အသုံးကျတော့မလဲ၊ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသည် မြန်မာပြည် ကာကွယ်ရေး အပေါ် တည်၏။ ထို့ကြောင့် မြန်မာ့ ကာကွယ်ရေးသည် မြန်မာ့ လွတ်လပ်ရေးနှင့် ညီမျှ၏၊ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး၊ မြန်မာ့ အဓိက ပြဿနာဟာ မြန်မာ့ ကာကွယ်ရေးပဲလို့ တထစ်ချ မှတ်လိုက်ပါ။
ကိုင်း … မြန်မာ့ ကာကွယ်ရေး လုပ်ကြစို့၊ ဘယ်လို လုပ်ကြမလဲ၊ မြန်မာ့ ကာကွယ်ရေး ဆိုပေမယ်လို့ နားလည် မလွဲကြနဲ့နော်၊ ရှေ့မှာ မြန်မာ့ ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး။ မြန်မာ့ ကာကွယ်ရေးဟာ အရှေ့အာရှတိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံကို တနေ့က ကျောင်းဆရာတွေကို မြန်မာ့ ကာကွယ်ရေး အကြောင်းကို ပြောပြတုန်းက ရှင်းခဲ့ပြီ၊ ကာကွယ်ရေး ဆိုတာမှာလဲ ရန်သူက တချက်ခုတ်လျှင် ကျုပ်တို့က နှစ်ချက် ပြန်ခုတ်မယ်၊ ရန်သူက ကျုပ်တို့ ပြည် တိုက်မယ် ဆိုရင် ကျုပ်တို့ အရင် ဦးအောင် တိုက်မယ်၊ အဲဒီ ကာကွယ် ရေးမျိုး။ ဒီ ကာကွယ်ရေးမျိုး အတွက် ဆိုရင် လူလဲ များဖို့ လိုတယ်။ လူတွေ စိတ်ဓာတ်လဲ ရင့်ဖို့ လိုတယ်။ လက်နက် ကိရိယာ ခဲယမ်းမီးကျောက်လဲ ပြည့်စုံဖို့ လိုတယ်။ မြန်မာပြည်ဟာ လူဦးရေ နည်းတော့ မြန်မာ့ ကာကွယ်ရေးဟာ မြန်မာတိုင်း မြန်မာတိုင်း ကလေးမှ အစ အဖိုးကြီး အမယ်ကြီးထိ အားလုံး ပါနိုင်မှ မြန်မာ့ ကာကွယ်ရေးဟာ တောင့်တင်းမှာ။ ဘယ်လို ပါရမလဲ ဆိုရင် စစ်တိုက်တယ် ဆိုတာဟာ စစ်သားချည်းနဲ့ မပြီးဘူး၊ ရိက္ခာ ထောက်ဖို့၊ ရိက္ခာ စိုက်ပျိုး စုဆောင်းရေး၊ ရိက္ခာ တင်ပို့ရေး အစရှိသဖြင့် စစ်တိုက်ခြင်းနဲ့ တိုက်ရိုက် မဆိုင်တဲ့ အလုပ်တွေ တိုင်းပြည်ရဲ့ စီးပွားရေး အင်အားကို စစ်အင်အားနဲ့ ညီမျှအောင် လုပ်ဖို့တွေ အတွက် အားလုံး ယောက်ျား၊ မိန်းမ မကျန်လုပ်မှ ဖြစ်မယ်၊ ဒါက အကြမ်း ပြောပြခြင်းပဲ၊ တနေ့ကလဲ ကာကွယ်ရေး အကြောင်း အတော်အတန် ပြောခဲ့ပြီ။

လွတ်လပ်ရေး လက်တလှမ်း

သို့ပေမယ့် ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့ နေနေသာသာ ကျုပ်တို့မှာ ကာကွယ်ရေးဖို့ အချက်ဘာမှ မရှိသေးဘူး၊ အားလုံး စလုံးရေက စရမယ်၊ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ ကာကွယ်ရေး တပ်မတော်ဟာ ပထမ စလုံးရေ စခြင်းပဲ။ အစကရှိတဲ့ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ အမှန် ပြောရရင်တော့ အသင့်အတင့်လောက် အသုံးကျပါရဲ့၊ ဒါပေမဲ့ တခြား သွားတိုက်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ပြီးတော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ်ဆန်း ကျဖမ်း စီစဉ်ရတာမို့ ချို့ယွင်းချက်တွေ အများကြီး တွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ဒီ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ မြန်မာပြည်က အားကိုးနိုင်တဲ့ တပ်လဲ ဖြစ်မှာ မဟုတ်ဘူး။ မြန်မာတွေ အမြဲ ရင်လေးနေတဲ့ တပ်မျိုး အဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဘာလို့ မခေါ်ဘဲ မြန်မာ့ ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာ့ လွတ်လပ်ရေးသည် ယခင်က က္ဆွန်တော်တို့ အဓိက ရည်ရွယ်ချက်၊ အခု ဒီ လွတ်လပ်ရေး ရဖို့ ကိစ္စဟာ အဓိက မဟုတ်တော့ဘူး၊ ရတော့မယ်၊ လက်တလှမ်းပဲ လိုတော့တယ်။ ရပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာက ပိုပြီး အရေးကြီး လာပြီ၊ အဲဒါကြောင့် ရှေ့အနာဂတ်ကို မြှော်ကိုးပြီး ရာဇဝင် အကြောင်းထောက်လို့ မြန်မာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပေးတာပဲ။ တခြား အထင်လွဲ နေစရာ မလိုပါဘူး။ ပြီးတော့ နာမည် အရေးမကြီးပါဘူးဗျာ၊ လူ အရေးကြီးပါတယ်။ လုပ်တဲ့လူတွေ လုပ်တဲ့လူတွေ အဲဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ် က္ဆွန်တော်တို့ ခံခဲ့သလား၊ မဟုတ်ပါဘူး။ ဒီပြင်ဟာတွေလဲ လုပ်ထားပါတယ်။ ပထမ အရေးကြီးဆုံးက အမြဲ တပ်ကြီးပဲ၊ လုပ်လျှင် လုပ်ခြင်း အဲဒီ တပ်တွေကို ဗိုလ်လုပ်နိုင်တဲ့ လူတွေ အလုံအလောက် ရှိဖို့ လိုတယ်။ အဲဒါကြောင့် မင်္ဂလာဒုံမှာ ယခုနှစ် ဗိုလ်သင်တန်း ဖွင့်ပြီး အမြောက်အမြား သင်ပေးနေတယ်။
ရန်ကုန်မြို့မှာ ဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်ကြီး အတွက် စည်းကမ်းစနစ်တွေ လုပ်၊ ရိက္ခာတွေထောက် ရှေ့ပြေး တပ်မတော် လုပ်ငန်းဆိုင်ရာ ဌာနကြီး အဖြစ်နဲ့ (ဟေဘီချိုတု) ခေါ်တဲ့နောက် ကာကွယ်ရေး ဝန်ကြီးရုံး ဖြစ်မယ့် ရုံးကိုလဲ တည်ထောင် ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေ ချထားပြီး က္ဆွန်တော် ကိုယ်တိုင်ပဲ အုပ်ချုပ် နေရပါတယ်။ အားလုံး မြန်မာ ဗိုလ်တွေနဲ့ မြန်မာ့တပ်တွေကို အုပ်ချုပ် နေကြပါတယ်။ နီပွန် အတိုင်ပင်ခံတွေကလဲ စစ်ရေး နည်းနာတွေကို ကူညီ သင်ပြ ပေးကြပါတယ်။ အဲဒါတွေဟာ က္ဆွန်တော်တို့ စလုံးရေ စခြင်းပဲ။ ရှေ့ကို တဖြည်းဖြည်း လူတွေတိုး တပ်တွေချဲ့ လက်နက်တွေတိုး တင့်ကားတွေ အမြောက်ကြီး တွေ လေယာဉ်ပျံတွေ ရအောင် တဆင့် တဆင့် ကြိုးစား ကြရလိမ့်မယ်။ ယခု လာမယ့် နှစ်အတွက် တပ်ကို တိုးချဲ့ရအုံးမယ်။ ဒါပေမဲ့ စစ်သား အသစ်တွေ မကြာမီ ခေါ်တော့မယ်။ ဒါ မြန်မာတွေ အားလုံးရဲ့ တာဝန်ပဲ။ ဟို အရင်တုန်းက မြန်မာပြည် ကာကွယ်ရေး အတွက် မြန်မာ့ လက်ထဲအပ်ပါ။ မြန်မာတွေ ကိုယ့်ပြည် ကိုယ် ကာကွယ်ချင် လွန်းလို့ပါ။ လက်နက်သာ အပ်စမ်းပါ။ တိုက်ပြပါမယ်လို့ မြန်မာတွေက ပြောနေကြတယ်။ ကိုင်း … လက်တွေ့ စမ်းကြည့်မယ်။ ခု … ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ်။ ယူကြမလား၊ တပ်ထဲ ဝင်ကြမလား၊ ပြောကြစမ်း။ တို့မြန်မာ တို့စစ်ထဲ မဝင်ချင်ကြတဲ့ လူတွေများရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး။ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေလဲ အပိုပဲ၊ ရှေးတုန်းက ရာဇဝင်ကို ပြန်ပြောင်း ပြောနေရင်လဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်း တွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။

ကိုယ်တွေ့ (မျက်မြင်တခု)

ရှေးက မြန်မာတွေကတော့ တကယ့် ယောက်ျားတွေပဲ၊ ဒါ စာတွေ့တင် မဟုတ်ဘူး။ ကိုယ်တွေ့ မျက်မြင် ယိုးဒယားပြည် နေတုန်းက ရှေးမြန်မာ စွမ်းပကား သတ္တိ လက်ရာတွေ မြင်သိခဲ့ရသည်။ ယိုးဒယားပြည်မှ တောတောင် အတန်တန် ကျော်ပြီး ကျုပ်တို့ လာခဲ့ကြရလို့ ရှေးတုန်းက ဘုရင့်နောင်တို့ အလောင်းဘုရားတို့နှင့် စစ်သည်တော်များ၏ ဇွဲသတ္တိကို အဖန်ဖန် ချီးကျူးမိတယ်။ အဲသလို မြန်မာတွေ မြန်မာ့ သတ္တိကို ပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှု စတဲ့ အမှုအခင်းများ အမေရိကန်ပြည် ချီကာဂိုပြီးရင် ဒုတိယ စွဲတယ်လို့ ကြားဖူးတယ်။ မြန်မာ မြန်မာချင်း သတ်ဖြတ် တိုက်ခိုက်တာဟာ မြန်မာ့ သတ္တိ အစစ် မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုး မရှိဘူး။ သည်လို လုပ်မယ့် အစား မြန်မာပြည် အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြ လိုက်စမ်းပါ။ ဒါမှ ရာဇဝင်ပြောင်မှာ၊ ဒါပေမဲ့ က္ဆွန်တော် တွေ့ခဲ့သလိုတော့ မတွေ့ပါ ရစေနဲ့ တော့။ ရွာတွေ ရွာတွေ ဖြတ်လာခဲ့တယ်။ ဒီရွာက လူတွေရဲ့ သတ္တိတော့ စိတ်ချ လူဆိုးကြီးပဲ။ စစ်ထဲ လိုက်မယ့်လူ ထွက်စမ်း ဆိုတော့ နှစ်ယောက်၊ သုံးယောက်ထဲ ဒါတောင် ပြန်ထွက်ပြေး လိုက်ကြသေးတယ်။ တက်လူ ဆိုတဲ့ လူငယ်တွေ ဘောင်းဘီနီ အင်္ကျီနီတွေနဲ့ တွေ့ပါရဲ့၊ စစ်ထဲ လိုက်ရမယ် ဆိုတော့ တီ ဆားနဲ့ တို့သလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။ အဲဒါမျိုး ဖြစ်ရင် မြန်မာပြည်မှာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ က္ဆွန်တော် တထစ်ချ ဆိုတယ်။ ဒီလို ပြည်မျိုး ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ပါရစေနဲ့ ဒီတခါတော့ ဝင်ကြစမ်းပါ၊ များများစားစား ဝင်ချင်တဲ့ သူတွေ များလွန်းလို့ ပြန်လွှတ် လိုက်ရတယ် ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ် ဆိုတာ မကြားချင်ဘူး။ အဲဒါကြောင့် ယခု မြန်မာ့ ကာကွယ်ရေး တပ်မတော် ထပ်ချဲ့မယ်၊ ထပ်ချဲ့ရင် မြန်မာတွေ အသက် ၁၈ နှစ်ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ် ဆိုရင် ဝင်နိုင်တယ်။ လက်ခံဖို့ အသင့်ပဲ ဝင်ကြစမ်းပါ။ ထောင်လိုက် ရာလိုက် သောင်းလိုက်၊ ဒါပေမဲ့ တခုတော့ နားလည် စေချင်တယ်။ ဒီ စစ်တပ်တွေကို ငွေ လိုချင်လို့၊ လခ လိုချင်လို့၊ ရာထူး လိုချင်လို့တော့ အလကားပဲ။ ရမှာ မဟုတ်ဘူး။ ကျုပ် တွေ့ခဲ့ရတယ်။ က္ဆွန်တော်တို့ မြန်မာပြည် ကာကွယ်ရေး အတွက် မည်၍ မည်မျှ စိတ်အား ထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးက စပြီး ခန့်ပါလို့ လာပြောတယ်။ က္ဆွန်တော် ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် စစ်ထဲ တန်းဝင်ဝင်ချင်း စစ်ဗိုလ် ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာ နည်းနည်း ရဖူးပါရဲ့ ရတာက စစ်ကြပ်လောက်၊ ဖြစ်ချင်တာက ဗိုလ်ကြီးလောက် အဲဒါမျိုးတွေ တွေ့ရတယ်။

လခကို မမျှော်ရဟု ဆိုခြင်း

စစ်သား လုပ်တဲ့ လူတွေကလဲ လခ နည်းတယ်။ အစားအသောက်လဲ ဆိုးတယ်။ အနေ ကြပ်တယ် ဆိုရင်ပဲ ချူသံပါအောင် ညည်းလာတာပဲ။ တချို့လဲ ထွက်ချင်တယ် ဖြစ်လာကြတယ်။ ဒါမျိုးတွေ နောက်ထပ် မကြားရ မတွေ့ရပါစေနဲ့၊ လာတဲ့ လူတွေဟာ ဒါတွေ နားလည်ပြီး ငွေမမက် ရာထူးမမက် မြန်မာပြည်သက်သက် သမားတွေ လိုချင်တယ်။ ဒီ တပ်ဟာ လာဘ်စားမယ့် လူတွေ၊ ငွေလိုတဲ့ လူတွေ၊ ရာထူးမက်တဲ့ လူတွေ၊ ဆွေမျိုးတွေ အလုပ်ပေးမယ့် လူတွေ၊ လိုချင်တဲ့ တပ် မဟုတ်ဘူး။ မြန်မာ့ ကာကွယ်ရေးအတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ် မှန်တယ်။ ဒါပေမဲ့ လခတွေ အပေါ်မှာ မသုံးဘူး။ ဒါက ရှေး အင်္ဂလိပ် စနစ်ဟန်ကို မကျလို့ အင်္ဂလိပ်တွေ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြရပြီ မဟုတ်လား။ နီပွန် စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့ လူတွေ ရှိအောင် လုပ်ရမယ်။ လခကို ပဓာန မထားရဘူး။ နီပွန် တပ်မှာ စစ်သားတယောက် လေးကျပ်၊ လေးကျပ် အဲ ခြောက်ကျပ်သာ ရတယ်။ အဲဒါတွေကို အားကျရမယ်။ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်း မီးကျောက်တွေ အပေါ် အများဆုံးသုံး၊ ဒါမှ ပထမတန်း စစ်တပ်ရမှာ၊ အဲဒါမှ က္ဆွန်တော် အစက ပြောသလို ရန်သူက တချက်ခုတ်လျှင် နှစ်ချက် ပြန်နှက်နိုင်မှ ရန်သူ မတိုက်ခင် ကိုယ်က ဦးအောင် တိုက်နိုင်မှာ။
အဲဒီ စစ်သား စုဆောင်းရေးနဲ့ ပတ်သက်လို့ စကား အလျဉ်းသင့်သလို ပြောစရာ တခု ကျန်သေးတယ်၊ အဲဒါဟာ အရင်တုန်းက မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှာ ပါတဲ့ လူတွေ အများအပြားထဲမှာ မထွက်ချင်ဘဲ မကျန်းမာလို့ လူအိုနေလို့ ဆိုပြီး တပ်က ထွက်ခိုင်းရတာတွေ ရှိတယ်၊ အဲဒီ လူတွေကို ကောင်းကောင်းမွန်မွန် ပြန်၍ မကြည့်နိုင်ခဲ့ဘူး၊ သူတို့ နောင်ရေး အတွက်လည်း ဘာတခုမှ မလုပ်နိုင်ခဲ့ဘူး၊ အခုတော့ တတ်အားသမျှ ဒီ ကိစ္စတွေကို စီမံလျက်ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကလေးတွေကြောင့် ကျုပ်တို့ တပ်တွေထဲ မဝင်ချင် ဆိုတဲ့ စိတ်ပျက်ခြင်းမျိုး မဖြစ်သင့်ကြဘူး၊ တိုင်းပြည် တပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ် ဆိုတော့ ကမ္ဘာ့ ရာဇဝင် သိတဲ့လူ တိုင်းတော့ ဆင်ခြင် နိုင်ကြမှာပဲ၊ ဒါကြောင့် အမျှော်အမြင်ကြီးကြီးနဲ့ ဖြစ်ခဲ့တာတွေ စိတ်မပျက် လက်မပျက်ဘဲ ရသမျှ အခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။
ဒါမှသာ ကျုပ်တို့ မြန်မာပြည်ကြီးကို ကျုပ်တို့ ချစ်ရာ ရောက်ကြမယ်၊ ကျုပ်တို့ မြန်မာပြည် ထူထောင်မယ်၊ ဒါကြောင့် စိတ်လက်တွေ ပျက်နေကြတဲ့ လူတွေရှိရင် မပျက်ကြပါနဲ့၊ ဆက်ဆက် တပ်ထဲဝင်ကြပါလို့ တိုက်တွန်း လိုပါတယ်၊ နောက် အရေးကြီးမယ့် အချက် တချက်က အခု ကျုပ်တို့ လုပ်နေတဲ့ ကာကွယ်ရေး တပ်မတော်တို့ မြန်မာ့ လွတ်လပ်ရေးတို့ဟာ အခု အာရှ စစ်ကြီးမှာ နီပွန် တပ်မတော်များက ရန်သူ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် အစရှိသည်တို့ကို အပြီးအပိုင် သေသေချာချာနိုင်မှ တည်တံ့မယ်ဆိုတာ အားလုံး နားလည် ကြရမယ်၊ ဒါကြောင့် မြန်မာ့ လွတ်လပ်ရေးနဲ့ မြန်မာ့ ကာကွယ်ရေး အတွက် ခုအခါ ရှေ့က မားမားမတ်မတ် ဦးစီး ဆောင်ရွက်နေတဲ့ နီပွန် တပ်မတော်ကြီးအား စစ်နိုင်ရေး အတွက် မြန်မာ့ တမျိုးသားလုံးက တတ်နိုင်သလောက် စွမ်းအားဖြင့် ကူညီကြဖို့ လိုတယ်။

စစ်သားကို နီပွန်တို့ ရိုသေပုံ

နောက်ဆုံး က္ဆွန်တော် ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ် စစ်သားကို ချီးမြှင့်ကြဖို့ ပြောလိုပါတယ်၊ နီပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သား တယောက် စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့ အခါ အဲဒီ စစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်၊ ချီးကျူးကြတယ်၊ ဆလန် ပေးကြတယ်၊ စစ်မြေပြင် ထွက်တဲ့ စစ်သားဆိုရင်၊ ဘယ်လောက်ပင် ရာထူးကြီးတဲ့ သူဖြစ်ဖြစ် အလေးပြု ကြတယ်၊ ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ နီပွန် ဘုရင်မင်းကြီး ကိုယ်တိုင်က စစ်သားတို့ကို လေးစားတယ်၊ နီပွန် ဘုရင် မင်းကြီး ဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ မဟုတ်ဘူး၊ နီပွန် ဘုရား အစစ်ပဲ၊ အဲဒီ ဘုရားရှင် ကိုယ်တိုင် ကျဆုံးတဲ့ စစ်သား အတွက် ရည်စူးပြီး ဌာပနာထားတဲ့ အရိုးအိုး စေတီကို ဦးခိုက်ရတယ်။ ဦးညွှတ်ရတယ်၊ မြန်မာပြည်မှာတော့ မဟုတ်ပေါင်၊ မြန်မာ့ လွတ်လပ် ရေး တပ်သားတွေ အသက်လဲ သေရသေးတယ်၊ အဆင်းရဲလဲ ခံရတယ်၊ ဒီ အလောင်းကောင် တွေကို နင်းပြီး တက်လဲ သွားကြရသေးတယ်၊ အကောင်း မပြောချင်ကြဘူး။
ခေတ်ပျက်ကြီးတုန်းက သူခိုးဒမြတွေ သူ့လိုလူတွေ ခိုးကိုးရာမဲ့ ဖြစ်တုန်းက ကာကွယ် ပေးခဲ့တာတွေကို မေ့၊ ကိုယ့်ပစ္စည်း ကလေးတွေ သိမ်းတာ ဆည်းတာ ဗာရာဏသီ ချဲ့ပြောပြီး မချီးမြှင့်ကြဘူး၊ ရှက်ဖွယ် ရှက်ဖွယ် တို့မြန်မာတွေ မရှက်ဘူးလား၊ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး၊ မြန်မာပြည်မှာ ရှိတဲ့ လူတွေထဲမှာ စစ်တပ် စစ်သားဟာ ထိပ်ဆုံးပဲ၊ သူတို့ထက် မြတ်တာ မရှိဘူး၊ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ၊ ဆောင်လဲ ဆောင်ရွက် ခဲ့ကြပြီ၊ ကျုပ်တို့ စစ်သားကို အားပေးကြ လေးစားကြပါ၊ ဒါမှ မြန်မာပြည် ချမ်းသာမယ်၊ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ တပ်စခန်း သွားကြတဲ့ အခါ ဆိုင်ရာ ဒေသက မြန်မာတွေ အားလုံး တံခွန် ကုက္ကား၊ မုလေးပွားနဲ့ စစ်တံခွန် စစ်သီချင်း စစ်သံတွေ ပေးပြီး လိုက်ပို့ကြစမ်းပါ၊ ကြည့်ရသေးတာပေါ့လေ၊ ကိုင်း … အခုညအဖို့ ဒါပဲ၊ တော်သေးပြီး မြန်မာတွေ အားလုံး အဝေရာ ဟောန္ဈု ။
▪ - ¤ - ▪


မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်

စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

၂၁၀၄၂၀၀၉ဒိုင်ယာရီ

google download

mediafire download

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


သမိုင်းတစ်ကွေ့မှ သင်ခန်းစာများ

China Worries on the improved relation of US and Burma

၂၀၀၉ ဧပြီလ အစောပိုင်းက အမေရိကန်၏ အရှေ့တောင် အာရှဆိုင်ရာရုံး ဒါရိုက်တာ Stephen Blake ကို မြန်မာသို့ သံတမန် အဖြစ် စေလွှတ်ခဲ့ရာ အဲဒီလို စေလွှတ်တာဟာ ပြီးခဲ့တဲ့ ခုနှစ်နှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ဧပြီလ ထဲမှာပဲ US Deputy Secretary of State James Steinberg က “မြန်မာနိုင်ငံကို အထီးကျန် စေခြင်းကနေ ကင်းလွတ် စေဖို့အတွက် အာရှဒေသတွင်း အခြား နိုင်ငံများ နှင့်အတူ ဘုံဗျူဟာ တစ်ခု ချမှတ်နိုင်ဖို့ ၀ါရှင်တန်က မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။
အခုလို အခြေအနေ မျိုးနဲ့ ပြောင်းလဲမှု တွေဟာ သမ္မတဘုရှ် အုပ်ချုပ်မှု ကာလတုန်းက ဘယ်တုန်းကမှ မရှိခဲ့ဘူးပါ။ ဘုရှ် လက်ထက်က မြန်မာအပေါ် ဒီမိုကရေစီ ပြောင်းလဲရေးကို ဖိအားပေးမှု နှင့် အပြင်းအထန် ဆန့်ကျင် ရှုံချမှု တို့သာ ရှိခဲ့သည်။ ။
လက်ရှိ အခြေအနေတွေ အရ သမ္မတ အိုဘားမားရဲ့ အစိုးရဟာ အရင် သမ္မတ လက်ထက်က မြန်မာ နှင့် "axis of evil" ဟု ဘုရှ်က ခေါ်ခဲ့သော အီရန်၊ အီရတ် နှင့် မြောက်ကိုရီးယား တို့အပေါ် ထားတဲ့ မူဝါဒနဲ့ လုံးဝ ပြောင်းလဲ ကျင့်သုံးနေသည်။ ။ ဥပမာ အနေနဲ့ - မကြာခင် ကပင် အိမ်ဖြူတော်မှ တီဟီရန် (အီရန်) အပြန်အလှန် ဆွေးနွေးပွဲကို လည်းကောင်း၊ ခိုင်မာတဲ့ အပြန်အလှန် ဆက်သွယ်မှု နှင့်အတူ ပြုံးယမ်း (မြောက်ကိုရီးယား) ၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို လည်းကောင်း အာရုံစိုက် လာကြောင်းကို ပြသခဲ့ သကဲ့သို့ ကျူးဘား ကိုလည်း အမေရိကန် ကွန်ဂရက် အဖွဲ့ဝင် (ဥပဒေပြု လွှတ်တော်အမတ်) တစ်ဦးကို စေလွှတ်ခဲ့သည်။
အပေါ်ယံအားဖြင့် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒဟာ ၄င်းအရင် သမ္မတ၏ မူဝါဒကို လျင်မြန်စွာ လုံလုံးလျားလျား ပြောင်းလဲလိုက်ဟန် ရှိပါသည်၊ သို့သော် ဤပြောင်းလဲမှုတွေ အားလုံးဟာ အုပ်ချုပ်မှု နည်းဗျူဟာ ပုံစံအသစ်၏ အစိတ်အပိုင်း တစ်ချို့သာ ဖြစ်ပါသည်။ အိုဘားမား လက်ထက်မှာ နိုင်ငံခြားရေး မူဝါဒဟာ ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီး ယူမှုကို အခြေခံသော ခိုင်မြဲသော နိုင်ငံတကာ ဆိုင်ရာ တရားမျှတမှု နှင့် သမ္မတဘုရှ် လက်ထက်မှာ လျော့နည်း ဆုတ်ယုတ် လာခဲ့ရသည် ဟု ဟီလာရီ ကလင်တန် (Secretary of State) က ပြောခဲ့သော “soft power or smart power” ကို ပြန်လည် တည်ဆောက် ရေးကို ဦးတည်လာခဲ့သည်။
အိုဘားမားက သမ္မတဘုရှ် လက်ထက်မှာ များစွာ အားနည်း လာခဲ့ရတဲ့ တကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မြဲ တည်တံ့စေဖို့ အတွက် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒ ချိန်ခွင်ကို ယခင်နှင့်မတူ တခြား ဦးတည်ချက်ကို ဦးတည် ပြောင်းလဲနေဟန် ရှိပါသည်။ အထူးသဖြင့် ဘုရှ်လက်ထက်က ခေါင်းဆောင်မှု အပိုင်း၏ အဓိက အားနည်းချက်မှာ ၂၀၀၃ ခုနှစ် အီရတ် အပေါ် စစ်ရေးအရ ကျူးကျော်မှုပင် ဖြစ်သည်။ လက်ရှိ လက္ခဏာ နှင့် အခြေအနေ တွေအရ ပြောင်းလဲမှု များသည် ယခင် ဘုရှ် လက်ထက်က ဆုံးရှုံးခဲ့သော ညင်သာ ပျော့ပျောင်းသော လွှမ်းမိုးမှုကို ပြန်လည် ရရှိဖို့ အတွက် ဖြစ်ဟန် ရှိသည်။ အထက်ပါ ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် အိုဘားမား ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အသစ်ဟာ ၁၉၇၀ နှစ်လယ်ပိုင်း ဗီယက်နမ် စစ်ပွဲ ပြီးကတည်းက ဆုံးရှုံးခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် လွှမ်းမိုးမှုကို ပြန်လည် ရယူနိုင်ဖို့ ဆိုတာကို မြင်သာ နိုင်ပါသည်။
ပထ၀ီနိုင်ငံရေး အရလဲ အိုဘားမား၏ မူဝါဒဆိုင်ရာ ဦးတည်မှုများဟာ အရှေ့တောင်အာရှ ဒေသတွင်း အင်အား ညီမျှမှုကို စိန်ခေါ်မှု တစ်ရပ် ဖြစ်လေမလားဟု မေးခွန်း ထုတ်စရာလဲ ဖြစ်နိုင်ပါသည်။ ၄င်းအပြင် အမေရိကန်၏ မူဝါဒ ဆိုင်ရာ ပြောင်းလဲမှု များဟာ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများ အတွက် အာရုံ စိုက်စရာ ဖြစ်နေပါသည်။ တနည်း အားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ အသစ်ဟာ ကမ္ဘာမှာ အမေရိကန်၏ ပုံရိပ်ကို ကြီးမြင့် လာစေရုံ သာမက ၀ါရှင်တန်က ညီညွတ် အဆင်ပြေစွာ နှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်သော ဒေသတွင်း ပထ၀ီ နိုင်ငံရေး တည်ဆောက်မှု ပုံစံအတွက် ပြောင်းလဲမှု တစ်ရပ်လဲ ဖြစ်ပေသည်။
မကြာသေးခင် နှစ်များအတွင်း အမေရိကန်သည် အာဖဂန်နစ္စတန် အကြမ်းဖက် တိုက်ဖျက်ရေး၊ အီရတ်၊ ပါကစ္စတန် နှင့် အချို့  နေရာရှိ စစ်ပွဲတို့ဖြင့် အလုပ်များ နေခဲ့သည်။ ၄င်း အခြေအနေ များကပင် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး နှင့် အစိုးရနှင့် သဘောထား ကွဲလွဲသူများကို လွှတ်ပေးရေး စသော တောင်းဆိုမှု များနှင့်အတူ ရန်လို ဖိနှိပ်ပြီး တွန်းအားပေး လိုသော မူဝါဒမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် လက်တွေ့မှာ အမေရိကန် အနေနှင့် ဤ ရန်လို ဖိနှိပ်လိုပြီး တစ်ပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ရေး မူဝါဒများဖြင့် အထီးကျန် နိုင်ငံများကို လက်လျော့ လိုက်လျောစေမှု အပါအ၀င် မည်သည့် အကျိုးမမြတ် ကိုမျှ မရရှိခဲ့ပေ။ ဘုရှ် အစိုးရသည် မြန်မာအစိုးရ အပေါ် ဖိနှိပ် အုပ်ချုပ်သော အစိုးရ တစ်ရပ်ဟု ယူဆခဲ့ချိန်မှ စ၍ ၀ါရှင်တန်ဟာ မြန်မာနိုင်ငံ အပေါ် စီပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုင်းတွင် ဖယ်ကျဉ်ထားပြီး၊ စီးပွားရေး ဖွံဖြိုးမှု ဆိုင်ရာ အကူအညီ ပေးရေးကိုလည်း ငြင်းပယ် ထားခဲ့ပါသည်။
ဤကဲ့သို့သော အခြေအနေအရပ်ရပ်ကို တရုတ်က ကောင်းစွာ အသုံးချပြီး နိုင်ငံရေးနှင့် မူဝါဒပိုင်း ဆိုင်ရာ ကျောထောက် နောက်ခံအတွက် အရေးပါသော မြန်မာနှင့် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို တိုးတက်အောင် ဆောက်ရွက် ခဲ့သည်။ လက်ရှိ အခြေအနေအရ ဆိုလျှင်လဲ တရုတ် မြန်မာ အပြန်အလှန် မှီတည် ဆက်နွယ် နေမှုသည် နှစ်နိုင်ငံလုံး အကျိုးအတွက် လက်တွေ့ကျကျ အကောင်အထည် ပေါ်နေပြီ ဖြစ်သည်။ အပေါ်ယံ အားဖြင့် ကြည့်လျှင်လည်း အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးမှုကို ပြန်လည် ရယူနိုင်ရန် ကြိုးစားမှုဟာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျော့နည်း စေနိုင်သော သို့တည်းမဟုတ် အဆုံးသတ် စေနိုင်သော စိန်ခေါ်မှု တစ်ရပ် လေလားဟု မေးခွန်း ထုတ်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အရှေ့တောင်အာရှ နိုင်ငံများ အပေါ် အင်းအားကြီး နိုင်ငံကြီး များ၏ ပထ၀ီ နိုင်ငံရေး လွှမ်းမိုးမှုကို ရယူရန် ကြိုးစားမှုသည် ဒေသတွင်း နိုင်ငံတွေ အတွက်တော့ ကောင်းမွန်သော အချက် မဟုတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ တရုတ် အနေနှင့် ကတော့ မြန်မာနှင့် အလွန် ကြီးမားသော စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို ဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် လက်လျှော့ ဆုတ်ခွါမည့် ဟန်မရှိပါ။ တရုတ်အနေဖြင့် မြန်မာမှ ကုန်ကြမ်း ပစ္စည်းများကို ရယူလိုပြီး အထူးသဖြင့် အာဖရိကနှင့် အရှေ့ အလယ်ပိုင်း ဒေသမှ နိုင်ငံများနှင့် ကုန်သွယ်မှု အတွက် ဆိပ်ကမ်းတစ်ခုနှင့် ကြားခံစခန်း တစ်ခု ရရှိရန် လိုနေပေသည်။ (စာရေးသူမှတ်ချက်။ ။ တရုတ်က အာဖရိက နှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် တွင်းထွက်များကို ရခိုင် ကမ်းရိုးတမ်းမှ တဆင့် မြန်မာ ကုန်းတွင်းပိုင်းကို ဖြတ်၍ တရုတ်ပြည်မ အတွင်းသို့ သယ်ယူလိုပြီး ၄င်း လမ်းကြောင်းမှပင် တရုတ် ထွက်ကုန်များကို အဆိုပါ နိုင်ငံများသို့ မြန်မာနိုင်ငံကို ဖြတ်၍ တင်ပို့မည် ဖြစ်သည်။ ယခင် မလေးရှားနှင့် အင်ဒိုနီးရှားကြား မလက်ကာ ရေလက်ကြားမှ ဖြတ်ကာ စင်္ကာပူ ဆိပ်ကမ်းမှ ပတ်ပြီး သယ်ယူရေးထက် စီးပွားရေးအရ အလွန် တွက်ခြေကိုက်သော နည်းလမ်း ဖြစ်ပါသည်၊ တနည်း အားဖြင့်လဲ အလွန် လုံခြုံ စိတ်ချရပြီး ပထ၀ီ နိုင်ငံရေး ကိုလဲ တစ်ဘက် တစ်လမ်းက အကျိုး သက်ရောက် နိုင်သည်ဟု တရုတ် အနေနှင့် ယူဆမည်ဟု စာရေးသူ ယုံကြည်မိသည်။ မျက်မှောက်ခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထ၀ီ နိုင်ငံရေး အရေးသာမှုဟာ ကမ္ဘာ့ ထိပ်တန်း နိုင်ငံကြီးများ အပေါ် လွှမ်းမိုးမှု အတော်အတန် ကြီးမား နေသည်ကို မြန်မာတိုင်း ဂရုထား သင့်သည် ဟုလည်း ယူဆမိသည်။)
အပြင်ပန်းအားဖြင့်လဲ ၀ါရှင်တန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို ပြနေသော မူဝါဒ အသစ်ဖြစ်သော ပထ၀ီ နိုင်ငံရေး ယှဉ်ပြိုင်မှုဟာ ဒေသတွင်း အငြင်းပွားမှု များကို ဦးတည် စေနိုင်ပါသည်။ ဒါပေမယ့် ဒီအချက် တွေဟာ ဒေသတွင်း နိုင်ငံတကာ မူဝါဒရေးရာမှာ မုချအမှန် ဖြစ်လိမ့်မည်ဟုလဲ သေချာပေါက် မပြောနိုင်သေးပါ။ နိုင်ငံတကာ မူဝါဒ ရေးရာ၏ အစိတ်အပိုင်း တစ်ခုမျှသာ ရှိပါသေးသည်။ မြန်မာနိုင်ငံ အပေါ် ထားရှိလာသော အမေရိကန်၏ မူဝါဒ အသစ်နှင့် ပတ်သက်၍ အကျိုးဆက် များကို စမ်းစစ် မလေ့လာမှီ “အမေရိကန် အနေနှင့် မြန်မာနှင့် မည်သို့မည်ပုံ နားလည် သဘော တူညီမှုကို ရယူမလဲ” ဆိုတဲ့ မေးခွန်းကို အရင် မေးသင့်ပေသည်။
ပထမတစ်နည်းနေနှင့် အမေရိကန်ဟာ မြန်မာ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက် အပြန်အလှန် တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့် ချဉ်းကပ်ပြီး၊ မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်း မူဝါဒရေး ဆိုင်ရာ အကူအညီများ၊ စီးပွားရေး ဆိုင်ရာ အကူအညီများ နှင့်အတူ ဒီမိုကရေဆီ ပြောင်းလဲရေးကို ကူညီ ဆောင်ရွက် ပေးခြင်းဖြင့် နည်းလမ်း ရှာကောင်း ရှာနိုင်ပေသည်။ ဒါပေမယ့် ဒီ ချဉ်းကပ်နည်းဟာ ဘောင်တစ်ခု အတွင်း ကန့်သတ် ထိန်းချုပ်မှုကို ဦးတည်တာ ဖြစ်သောကြောင့် လက်တွေ့ မှာတော့ တကယ် အကောင်အထည် ဖော်ဖို့ဆိုတာ လွယ်တော့ မလွယ်လှပါ။ မြန်မာ အနေနှင့် လည်းပဲ ၄င်း၏ နိုင်ငံရေး မူဝါဒ စနစ်ကို ၀ါရှင်တန်မှ ချပေးသော ပုံစံမျိုးဖြင့် ပြုပြင် ပြောင်းလဲမည် မဟုတ် သကဲ့သို့ ၄င်း၏ ပြည်တွင်းရေး ကိစ္စရပ်များကို လည်းပဲ အမေရိကန်နှင့် ဆွေးနွေးလိမ့်မည် မဟုတ်ပါ။
ဒုတိယ တစ်နည်း အနေနှင့် အမေရိကန်ဟာ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD ပါတီ၊ ဒါမှမဟုတ် လက်ရှိ စစ်အုပ်ချုပ်ရေး စနစ်ကို ဖြုတ်ချလိုသော အတိုက်အခံ အုပ်စုများနှင့် တွေ့ဆုံ သဘောတူညီမှုများ ရယူကောင်း ယူနိုင်ပေသည်။ ရှင်းရှင်း ပြောရလျှင်တော့ ဤကဲ့သို့သော နည်းလမ်းကို CIA အပါအ၀င်၊ ယခင် ဘုရှ် အစိုးရတို့က ကြိုးစား ကျင့်သုံးပြီး ဖြစ်ပြီး အကျိုးရလဒ် ထူးထူးခြားခြား ရလာစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် ပထမ နည်းလမ်း လောက်ပင် ကောင်းမွန်မှု မရှိဘဲ၊ အကျိုး သက်ရောက်မှု မရှိကြောင်း ကိုလဲ ၀န်ခံ သက်သေပြပြီးဖြစ်သည်။
တတိယတစ်နည်းအနေနှင့် အမေရိကန်ဟာ မြန်မာအပေါ် စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် အတူ ငွေရေးကြေးရေး ဆိုင်ရာ အကူအညီများ ပေးပြီး ခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ရေးပင် ဖြစ်သည်။ သို့သော် တစ်ဖက် ကလည်း အမေရိကန် အနေနှင့်လဲ ဖွံဖြိုးဆဲ နိုင်ငံများနှင့် ပတ်သက်ပြီး ရင်းနှီး မြှုပ်နှံမှုနှင့် အကူအညီ ပေးရေး ဆိုင်ရာမှာ မရှိမဖြစ်သော ပြဌာန်းချက်နှင့် စည်းကမ်းချက် များကလဲ ရှိနေသေး ပေသည်။ မြန်မာ အနေနှင့် ကလည်းပဲ တခြား ရရှိနေသော စီးပွားရေးဆိုင်ရာ အထောက်အကူများ ကလဲ ရရှိ နေပေသေးသည် - ဥပမာ အားဖြင့် တရုတ် ထံမှဖြစ်သည် - ထို့ကြောင့်ပင် မြန်မာက အခြေအနေ အရ ဖြစ်လာသော အမေရိကန်၏ ပြောင်းလဲမှု အကူအညီကို လက်ခံလိမ့်မည် မဟုတ်ပေ။ တဖန် အမေရိကန် အနေနှင့် ကလည်းပဲ မြန်မာအပေါ် နိုင်ငံရေး မပါသော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမျိုး ဆိုတာကလဲ မဖြစ်နိုင် သကဲ့သို့ ၄င်း၏ မြန်မာနိုင်ငံ အပေါ် မူဝါဒရေး ပြောင်းလဲမှု၏ ရည်ရွယ်ချက် နှင့်လဲ ကိုက်ညီမှု မရှိလှပေ။ US Deputy Secretary of State James Steinberg ကလဲပဲ မြန်မာနိုင်ငံ အပေါ် အမေရိကန် မူဝါ၏ အဓိက ဦးတည်ချက်က ပြောင်းလဲမည် မဟုတ်ဟု ဖော်ပြခဲ့ ပေသည်။ သို့ပေမယ့်လဲ အမေရိကန် အနေနှင့် မြန်မာအပေါ် ပိုမို ပွင့်လင်းမှုနှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကဏ္ဍမှာ ၄င်းကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုကို မျှော်လင့် နေပေသည်။
အမေရိကန်ဟာ မြန်မာနှင့် သဘောတူညီမှု ရရန်မှာ ခက်ခဲကြောင်းကို မကြာခင်မှာပဲ သိမြင်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့်ပင် တရုတ်အနေနှင့် အမေရိကန်၏ အရှေ့တောင်အာရှ ဒေသအတွင်းသို့ အမြင်အားဖြင့် လျင်မြန်စွာ ထိုးဖောက် ၀င်ရောက် လာမှုကို စိုးရိမ်မှု မရှိပေ။ ဖြစ်ကောင်း ဖြစ်လာနိုင် ပေမယ့် ပထ၀ီ နိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ဖြစ်အံ့ဆဲဆဲ အခြေအနေ မျိုးတော့ မဟုတ်ပါ။ တရုတ် အနေနှင့် လဲပဲ ၄င်း၏ မဟာဗျူဟာ ပိုင်းဆိုင်ရာ ကိစ္စများအပြင် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာ နှုတ်တိုက် ပုံတူကူးချရန် တိုက်တွန်းနှုနှင့် သြဇာလွှမ်းမိုးမှု အတွက် မည်သည့် သဘောတူညီမှု မျိုးကိုမှ လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဤကိစ္စရပ် များသည် မြန်မာနိုင်ငံ၏ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက် နိုင်သော နိုင်ငံတွင်း ဆူပူအုံကြွမှု များကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေသည်။
သို့သော် တရုတ်အနေ နှင့် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးနှင့် ကုန်သွယ်မှု ပိုင်းဆိုင်ရာ သဘောတူညီမှု များကိုတော့ ကြိုဆို သွားမည်ဖြစ်သည်။ လူမှုရေး တည်ငြိမ်မှုရှိပြီး ဥစ္စာဓန ပေါကြွယ်ဝသော မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN)၀င် နိုင်ငံများဟာ တရုတ်၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီလျက် ရှိသည်။ အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဆိုင်ရာ အောင်မြင် ဖြစ်ထွန်းမှုကို အကူ အညီပေးမှုဟာ ASEAN အတွင်း စည်းလုံးမှုကို အထောက်အကူ ဖြစ်စေနိုင် ပါသည်။ ASEAN ၏ စည်းလုံးမှုနှင့် အကျိုး သက်ရောက်မှု ရှိခြင်းဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး၊ တရုတ် အနေနှင့်လဲ ဤအချက်ကို အမြဲ ကြိုဆိုနေမည် ဖြစ်သည်။
အတုန့်အပြန် အားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ပြည်တွင်းရေး စွက်ဖက်မှုပိုင်း ဆိုင်ရာ နည်းဗျူဟာ များဟာ အပြုသဘော ဆောင်နေခဲ့လျှင်တောင် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေ နိုင်ပါက တရုတ် အနေနှင့် ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်သည်။ ထို့ပြင် အမေရိကန်သည် မြန်မာနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမည် ဆိုလျှင်လဲ အရှေ့တောင်အာရှ ဒေသတွင် တရုတ်ဟာ အဓိက အရေးကြီးသော ဇာတ်ဆောင် ဖြစ်သည် ဆိုတာကို အသိအမှတ် ပြုရမည် ဖြစ်ပြီး၊ နိုင်ငံရေးမူဝါဒ အသစ်ဖြင့် မြန်မာကို တရုတ်နိုင်ငံနှင့် ဖယ်ကြဉ်စေရန် ဆောင်ရွက်မည် ဆိုပါက အလွန့်အလွန် ကြီးမားသော ခက်ခဲမှုမျိုးနှင့် ရင်ဆိုင် ရပေလိမ့်မည်။
အမေရိကန် အနေနှင့် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမှုတွင် မြောက်ကိုရီးယား ကဲ့သို့ ခြောက်နိုင်ငံ ဆွေးနွေးရေး ကိစ္စလိုမျိုး အသွင်ဖြင့် မကြိုးပမ်း သင့်ပေ။ US Deputy Secretary of State James Steinberg က လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် ထုတ်ဖော် ပြောကြား ခဲ့သော်လည်း တရုတ်၊ မြန်မာ နှင့် ASEAN တို့က ဤကဲ့သို့သော အကြံပြုချက် မျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။ မြန်မာဟာ မြောက်ကိုရီးယား ကဲ့သို့ အခြားနိုင်ငံ များကို ခြိမ်းခြောက်နေသော နိုင်ငံ မဟုတ်ပါ။ မြန်မာ့ အရေးဟာ နိုင်ငံတကာလုံး ဆိုင်ရာ ၀င်ရောက် ဆွေးနွေးရန် အရေးကိစ္စ မဟုတ်ပါ၊ ထို့ကြောင့် မြန်မာ့ အရေးနှင့် ပတ်သက်လာလျှင် ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေး သုံးသပ်မှု ပုံစံမျိုးဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။
မြန်မာနှင့် အောင်မြင်စွာ သဘောတူညီမှု ရယူရန် အမေရိကန်၏ ကြိုးပမ်းမှုတွင် ယခင် ဘုရှ် လက်ထက်က အသုံးပြုခဲ့သော အသုံးမ၀င်တော့ဘဲ ခေတ်နောက်ကျနေပြီ ဖြစ်သော ချဉ်းကပ်မှု မျိုးကို နောက်တစ်ကြိမ် ထပ်သုံးဦးမည် ဆိုလျှင် အမေရိကန် အတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။ တရုတ် အနေနှင့်လဲ ၄င်းကိစ္စ မျိုးကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။ သို့သော် အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် သန့်ရှင်းသော စီးပွားရေး လုပ်ဖော်ကိုင်ဖက် သဘောမျိုး ရရှိရန် အတွက် ကြိုးပမ်းခဲ့မည် ဆိုလျှင်တော့ ဘေဂျင်း(Beijing) အနေနှင့် ၀မ်းသာစွာ ကြိုဆိုနေမည် ဖြစ်သည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ ချဉ်းကပ်မှု အောင်မလား ရှုံးမလား ဆိုတာကတော့ တခြားနိုင်ငံ တွေရဲ့ ၄င်း ချဉ်းကပ်မှု နည်းလမ်းအပေါ် ထင်မြင် ယူဆချက်ထက် အမေရိကန် ကိုယ်တိုင် အသုံးပြုသော နည်းလမ်းက ပို၍ အရေးပါ ပေလိမ့်မည်။

The Institute of International Studies at Fudan University, Shanghai, China က Asistant professor Jian Junbo
မူရင်း ဆောင်းပါးကို ဖတ်ချင်လျင် http://www.atimes.com/atimes/China/KD17Ad01.html ၌ ဖတ်ရှုနိုင်ပါသည်။
Copyright 2009 Asia Times Online:

စာရေးသူ၏ ဖြည့်စွက် သုံးသပ်ချက်။ ။ လက်ရှိ ဆောင်းပါးဟာ ရှန်ဟိုင်း နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် လက်ထောက် ပါမောက္ခ Dr Jian Junbo ၏ အာဘော်ကို တိုက်ရိုက် ဘာသာပြန် ထားခြင်းဖြစ်သည်။ Dr Jian Junbo က အမေရိကန် မြန်မာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမှုဟာ တရုတ်၏ ဒေသတွင်း ပထ၀ီ နိုင်ငံရေး အတွက် အရေးကြီးပုံ၊ ပြောင်းလဲလာသော အမေရိကန်၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒရေးရာနှင့် ပတ်သက်ပြီး တရုတ်၏ ပတ်သက် ဆက်စပ် နေပုံနှင့် တရုတ်၏ တုန့်ပြန် သုံးသပ်ပုံတို့ကို မျက်မှောက်ခေတ် နှင့်အညီ သုံးသပ်တင်ပြထားသည်။
တရုတ်က အမေရိကန်ဟာ မြန်မာကို ကူညီလျှင်တောင် ကိုယ်ကျိုး မဖက်ဘဲ သီးခြား ကူညီဖို့ ခက်တယ် ဆိုတာကို မြန်မာကို ပြောချင်ပုံ ရသည်။ ထို့ပြင် တရုတ်သာ မြန်မာ၏ အဓိက မိတ်ဆွေဖြစ်ပြီး အမေရိကန်ဟာ အခြေအနေ အရ ဖန်တီးလာသော ညှိနှိုင်း ဆောင်ရွက်မှုသာ ဖြစ်သည်ဟု သတိပေး ချင်ဟန် ရှိပေသည်၊ ၄င်းကိုယ်တိုင် ကလဲပဲ အမေရိကန် မြန်မာကြား သဘောတူညီမှု တစ်ခုခုကို ဦးတည်သွားမှာ ကိုလည်း စိုးရိမ်နေပုံ ရသည်။ ASEAN အပေါ်တွင်လဲ ၄င်းကပင် သြဇာ လွှမ်းမိုးပြီး အဓိက key player အနေနှင့် ရှိနေချင်ဟန် ရှိသည်။
သို့သော် အမေရိကန် ၏ မြန်မာအပေါ် ချဉ်းကပ်မှုပိုင်း ဆိုင်ရာကို ဖော်ပြရာ၌ နည်းလမ်း သုံးသွယ်ဖြင့် ဖော်ပြထားပြီး ဒုတိယ နည်းလမ်းမှာ နှစ်ပေါင်းများစွာ တိုင်အောင် ကျင်သုံးပြီး ဖြစ်သော်လည်း မအောင်မြင်သည်မှာ ထင်ရှားပြီး ဖြစ်သည်။ သို့သော် ပထမနှင့် တတိယ နည်းတို့မှာမူ အမေရိကန်၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ အသစ်နှင့် ဆက်စပ်မှု ရှိနေပြီး အကောင်အထည် ပေါ်လာကောင်း ပေါ်လာနိုင် ပေသည်။ သို့သော် Dr Jian Junbo ကမူ ၄င်း ပထမ နှင့် ဒုတိယ အချက် တို့ကိုလည်း သိပ်မဖြစ်နိုင်ဟု ဖော်ပြသွားခဲ့ ပေသည်။ တကယ်တမ်း ကျတော့ သိပ်မဖြစ်နိုင် ဆိုတာထက် ၄င်းနည်းလမ်းများ အတိုင်း ဖြစ်လာမှာကို တရုတ်က အလွန် စိုးရိမ်လျက် ရှိသည်ဟု စာရေးသူ ယုံကြည်မိသည်။ ဖြစ်လာခဲ့ လျှင်တောင် တရုတ် အနေနှင့် ပထ၀ီ နိုင်ငံရေးနှင့် ပတ်သက်လျှင် မည်သည့် ချဉ်းကပ်မှုမျိုး ကိုမဆို ကန့်ကွက်မည့်ပုံ ရှိပေသည်။ ဤချဉ်းကပ်မှု နည်းလမ်းများဖြင့် ချဉ်းကပ်လာခဲ့လျှင် အမေရိကန် အနေနှင့် အခက်အခဲ များနှင့် ရင်ဆိုင် ရမည်ဟု တရုတ်က ပြောနေသော်လည်း၊ ချဉ်းကပ်မှု နည်းလမ်းများ မအောင်မြင် ခဲ့လျှင်တော့ ဟုတ်သည်ပေါ့၊ သို့သော် အမေရိကန်၏ ချဉ်းကပ်မှုများ အောင်မြင်ခဲ့ လျှင်မူကား တရုတ်ပြောခဲ့သော အခက်အခဲ များဟာ အမေရိကန် အတွက် မဟုတ်ဘဲ ၄င်း တရုတ်နိုင်ငံ အတွက်သာ ဖြစ်ပေလိမ့်မည်ဟု စာရေးသူ ယူဆမိသည်။
ထို့ပြင်လည်းပဲ တရုတ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းခြေမှာ အခြေဆိုက် ဆိပ်ကမ်း တစ်ခုကို ထားပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများနှင့် ကုန်သွယ်မှု အတွက် မြန်မာနိုင်ငံ၏ ကုန်းတွင်း လမ်းကြောင်းကို မြန်မာနှင့် အကျိုးတူ အသုံးပြု လိုပေသေးသည်။ ထို့အတွက်လဲ မြန်မာအပေါ် သြဇာ လွှမ်းမိုးမှုကို အမေရိကန် ကိုမှမဟုတ် မည်သူ့ မည်သူကိုမျှ ခွဲဝေပေး လိုလိမ့်မည် မဟုတ်ပေ။ ၄င်းလမ်းကြောင်းသည် တရုတ်အတွက် စီးပွားရေးအရ အလွန် တွက်ခြေကိုက်ပြီး လုံးခြုံ စိတ်ချရသော လမ်းကြောင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အရေးကိစ္စများသည် စစ်အေးခေတ် နှောင်းပိုင်း လက်ရှိ မျက်မှောက်ရေးရာ ကမ္ဘာ့ ချိန်ခွင်ကို ပြောင်းလဲနိုင်သော အာရှ အခန်းကဏ္ဍတွင် စာရေးသူတို့ နိုင်ငံ၏ ပထ၀ီ နိုင်ငံရေး အရ လွှမ်းမိုးနိုင်မှုနှင့် အရေးပါမှု တို့ပင် ဖြစ်ပေသည်။
၎င်းအပြင် စာရေးသူ အနေနှင့် မြန်မာဟာ ဒေသတွင်း ASEAN နိုင်ငံများ အပေါ်လဲ လွှမ်းမိုးမှုနှင့် အားသာချက် များ ရှိနေပေကြောင်း ကိုလဲ ပြောချင်သေးသည်။ မြန်မာနိုင်ငံ တည်နေရာအရ မြန်မာဟာ အာဖရိက၊ အရှေ့ အလယ်ပိုင်း နိုင်ငံတို့နှင့် ကမ္ဘာ့ အရှေ့ပိုင်း နိုင်ငံများ (တရုတ် ကဲ့သို့သော) ၏ ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ သို့သော် ပင်လယ်ကူး သင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာ၊ ကပ္ပလီ ပင်လယ် မှတဆင့် မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး စင်္ကာပူမှ ပတ်ကာ ထိုင်းပယ်လယ်ကွေ့နှင့် အရှေ့ပိုင်း နိုင်ငံများသို့ ဦးတည်လျက် ရှိပေသည်။ အကယ်၍သာ ထိုင်းက ၄င်းနိုင်ငံကို ဖြတ်ပြီး စူးအက်တူးမြောင်း ကဲ့သို့ တူးမြောင်းမျိုး ကိုသာ ဖောက်ခဲ့မည် ဆိုလျှင် ၄င်းကို အမှီပြု၍ မြန်မာ၏ ကူးသန်း ရောင်းဝယ်မှုနှင့် စီးပွားရေးအရ အချက်အခြာ ကျမှုတို့ဟာ ပို၍ အရေးပါ လာပေလိမ့်မည်၊ သို့သော် ပွဲစား သဘောမျိုးဖြင့် အသက်မွေး နေသော စင်္ကာပူ ကိုမူကား ထိုင်း၏ တူးမြောင်းက အခက်တွေ့ကောင်း တွေ့စေနိုင် ပေသည်၊ လက်ရှိ မျက်မှောက် အခြေအနေမှာပင် နည်းပညာပိုင်း ဆိုင်ရာ မြင့်မား လာမှုကြောင့် အချို့သော ပင်လယ်ကူး သင်္ဘောများနှင့် လေယာဉ်များဟာ စင်္ကာပူမှ တစ်ထောက် ရပ်နားခြင်းမျိုး မရှိဘဲ တိုက်ရိုက် ပျံသန်းသွားလာ နေတဲ့အတွက် စင်္ကာပူရဲ့ လက်ရှိ ရပ်တည်မှုဟာ စိတ်ချရလောက်တဲ့ အနေအထားမှာ မရှိပေ၊ အချိန်မရွေး ပြောင်းလဲသွား နိုင်ပေသည်။ ထိုင်းကသာ တူးမြောင်း တူးဖော်မှုကို အကောင်အထည် ဖော်ခဲ့လျှင် ပို၍ ဆိုးပေဦးမည်။ သို့သော် ထိုင်း၏ တူးမြောင်းသည် ကုန်သွယ်မှု လမ်းကြောင်းကို မြန်မာနှင့် ပို၍ နီးကပ်လာစေမည် ဖြစ်တဲ့အတွက် ကျယ်ပြန့်သော ကမ်းရိုးတမ်း အရှည်နှင့် သဘာဝ သယံဇာတ အပါအ၀င် မြိတ်ကျွန်းစုကို ပိုင်ဆိုင်သော မြန်မာဟာ ပို၍ အရေးပါ လာပေလိမ့်ဦးမယ်။ ထိုင်း အနေနှင့်လဲ စင်္ကာပူ၏ သင်ခန်းစာကို ယူပြီး အကောက်အခွန်နှင့် အကျိုးအမြတ်ကို လိုချင်ကောင်း လိုချင်သောကြောင့် ဖြစ်ပေမည်။ ထို့ထက် ပိုအရေးကြီးသော အချက်မှာကား ထိုင်းအနေနှင့် မြန်မာနှင့်သာ စစ်ဖြစ်ခဲ့လျှင် သို့တည်းမဟုတ် အခြား အကြောင်း တစ်ခုခုကြောင့် ဖြစ်စေ ၄င်း၏ စစ်သင်္ဘော များကို ဘင်္ဂလား ပင်လယ်အော်သို့ ရောက်ဖို့အတွက် မလက္ကာ ရေလက်ကြားမှ တဆင့် စင်္ကာပူကို ပတ်ကာ လာနေရပေသည်။ ဤအချက်သည် ထိုင်းရေတပ် အတွက် အလွန့်အလွန် ကြီးမားပြီး ခရီးဖင့် နေရသော အခက်အခဲ ဖြစ်ပေသည်။ ထိုင်းအနေနှင့် ၄င်း အခက်အခဲကိုလဲ ဖြေရှင်းရင်း စီးပွားရေး အရလဲ တွက်ခြေ ကိုက်အောင် စီစဉ်လျက် တစ်ချက်ခုတ် နှစ်ချက်ပြတ် စီမံကိန်းကို စဉ်းစားဟန် တူပေသည်။ (ဤဖော်ပြချက်ကို ထိုင်းက တူးမြောင်း တူးမည်ဟူသော သတင်းများကြောင့် ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပေသည်။ သတင်း အတိအကျနှင့် သတင်း source ကိုတော့ မမှတ်မိတော့ပါ။)
စာရေးသူ အနေနှင့် လက်ရှိ သုံးသပ်ချက်တွင် မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝမှု အပြင် ပထ၀ီ နိုင်ငံရေးနှင့် စီးပွားရေး အချက်အခြာ ကျမှုတို့ကို အရင်းခံပြီး မိမိနိုင်ငံ၏ တန်ဖိုးကို ဖော်ထုတ်လိုသော ကြောင့်သာ ဤကဲ့သို့သော ဖော်ပြချက် များဖြင့် သုံးသပ် တင်ပြခြင်း ဖြစ်ပေသည်။ လက်ရှိ အစိုးရကို သော်လည်းကောင်း၊ အတိုက်အခံများကို သော်လည်းကောင်း ထည့်သွင်း စဉ်းစားခြင်း မပြုလိုပါ။ မိမိနိုင်ငံ၏ တန်ဖိုးကို သိပြီး တန်ဖိုးထား ထိန်းသိမ်း သင့်သော၊ သွေးစည်း ညီညွတ်သင့်သော အမြင်၊ အမျိုးသား နိုင်ငံရေး အမြင်ဖြင့် တင်ပြလိုက် ပါသည်။ ထို့ကြောင့် မည်သို့သောအခက်အခဲ မည်သို့သော အခြေအနေ များတွင်ဖြစ်စေ မြန်မာဟာ အမြဲ ရွှေမြန်မာ ပင် ဖြစ်နေရ ပေမည်၊ တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်စွာဖြင့် ရင်းရင်းနှီးနှီး အတူတကွ နေထိုင်ရင်း ရွှေမြန်မာ၏ တည်တံ့မှုနှင့် ခန့်ထည် တည်ကြည်မှု၊ မြင့်မြတ်သော ဘာသာရေး ဖြစ်ထွန်း တည်ရှိမှု တို့ကို ကမ္ဘာတည်သရွေ့ မြန်မာအားလုံး (တိုင်းရင်းသား အားလုံးကို ဆိုလိုသည်) က နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ စစ်ရေးအမြင် တို့ဖြင့် ထိန်းသိမ်း သွားသင့် ပေသည် ဟု တင်ပြလိုက်ရ ပေသည်။
ထိုင်းတူးမြောင်းသာ အကောင်အထည် ပေါ်လာခဲ့လျှင် ဖြစ်လာနိုင်သော လမ်းကြောင်းနှင့် မြေပုံကို အောက်တွင် ဖော်ပြထားပါသည်။

အဏ္ဏ၀ါစစ်သည်

Photobucket

၈၈၈၈Yahoo အုပ်စုမှရရှိသည်။