Thursday, April 23, 2009

၂၀၁၀အတွက်အူမြူးမိခြင်း


အေဇော်ကြီးရဲ့အထွေထွေ

ရွာ အဝင် လမ်းကြီး ဖို့ ရန် ၊ တအိမ် တယောက် လုပ်အား ပေး လာရ မည်။ မလာ တဲ့ အိမ် ကို သေဒါဏ် ချက်ချင်း ပေးမည် ။ သေဒါဏ် ပေးမည် ဆိုသော် လည်း တကယ် ကြောက်စရာ မလိုသေးပါ ၊ ကြောက် စရာ မလို ဘူး ဆိုသော် လည်း ၊ လုပ် အား ပေး ကို တော့ မလာ ဘဲ မနေ ကြ ပါ နဲ့ ခင်ဗျာ ။
ဒီနေ့ မြန်မာတိုင်းမ် စာစောင်မှာ ကျန်းမာရေး ဝန်ကြီးဌာန က နေ အများပြည်သူသုံးဘို့ အစားအစာ ထဲ ဆိုးဆေး ပါ မပါစစ်ဆေးတဲ့ ကရိယာ တခု ကို ရှစ်ထောင် နဲ့ ရောင်းပေး ပါမယ်တဲ့ ခင်ဗျ။ အဲဒီ ကရိယာ မှာ ပါတဲ့ ဆေးရည် ကို ရေ နဲ့ ဖျော် ၊ ပြီးရင် အရောင် ပါမယ်ထင်တဲ့ အစား အစာ ထဲ့ ၊ ၃ မိနစ်ထား ၊ ပြီးရင် ၊ ကရိယာ နဲ့ အတူ ပါ လာ တဲ့ သိုးမွေးစလေး ထဲ့ ၊ ခန စိမ် ၊ ပြန် ဆွဲထုတ်ကြည့် လိုက် ရင် ၊ သိုးမွေးစ မှာ အရောင် တွေ ပေပြီး ပါလာ ပါမယ်တဲ့ ခင်ဗျ။ အဲ ဒီ သိုးမွေးစ ကို ရေသန့် နဲ့ ပြန်ဆေးလို့ အရောင် မရှိတော့ ရင် ယေဘုယျ က တော့ ဆိုးဆေး မဟုတ်ဘူးလို့ ပြော လို့ ရပါတယ်တဲ့ ၊ ဆေးရောင် က ရေနဲ့ ဆေးလို့ မပြောင်ဘဲ စွဲမြဲ နေရင် အန်တရယ်ရှိတဲ့ ဆိုးဆေးပါတဲ့ ခင်ဗျာ။ အင်း ရှိ သမျှ အစား အစာတွေ ကို ဒီ နည်း နဲ့ စမ်း လိုက် ရ လို့ က တော့ ၊ သတ် သတ် လွတ် ၊ မီး လွတ် ၊ ဘဲ ၊ နို့ နဲ့ သစ်သီးဝလံ တွေ ဘဲ စားကြ ရ မဲ့ ကျွန်တော် တို့ ပြည်သူ ပြည်သား ၊ ဟိန်ဒူ ဘာသာဝင် သူတော်စင်ကြီး တွေ အများကြီး တိုး ပွား လာကြဦး မှာပါ။

အဲဒီ စာစောင် မှာ ဘဲ စင်္ကာပူ သံရုံး က မြန်မာ ခလေးငယ်တွေ အတွက် ပညာတော်သင်ဆု လျောက်လွှာခေါ်တာပါလာပါတယ် ။ ရှစ်တန်းအောင်ပြီးသား ကျောင်းသားတွေ ကို အလယ်တန်း အဆင့် နဲ့ တက်ကသိုလ် ဝင်တန်း အဆင့် တွေ ကို စင်္ကာပူနိုင်ငံ မှာ ပညာ သင်ခွင့် ၄ နှစ် အတွက် လျောက်လွှာခေါ်တာပါ။ လျောက်လွှာတွေ ကို ရန်ကုန် ဗဟန်း မှာ ရှိတဲ့ စင်္ကာပူ သံရုံး မှာ အခ မဲ့ ရ နိုင်ပြီး ၊ ၂ဝဝ၉ အေပြီလ ၁ ရက်နေ့ က နေ မေလ ၁၅ ရက် အတွင်း လျောက် ရ မှာ ပါတဲ့ ခင်ဗျ ။ www.a-star.edu.sg , www.moe.gov.sg , www.singaporeedu.gov.sgတွေ မှာ အသေးစိတ် အချက်အလက်တွေ ဖတ်လို့ ရပါတယ်တဲ့ ဗျ ။

ပြီးခဲ့ တဲ့ ၂ဝဝ၈ ၊ အောက်တိုဘာ နိုဝင်ဘာ တုံး က ဖြစ်ခဲ့ တဲ့ ပဲ အရှုပ်တော် ပုံကြီးက လဲ စာရင်း ရှင်းတာ ပြီး သလောက် ဖြစ်သွားပါဘီ တဲ့ ခင်ဗျ ။ ဒီ ပဲ ကုန်သည် ခြောက် ဦး လောက် ကဘဲ ပတ်ရှုပ်ထားတာ ၊ သူ တို့ က လျော်ရ မဲ့ ပိုက်ဆံပေါင်း က မြန်မာ ကျပ်ငွေ ၂ဝ၃ ဘီလျံကျော် စာရင်းပေါက် ပါသတဲ့ ဗျ။ တဦး ကို ကျပ်ငွေ ဘီလျံ ၄ဝ လောက် လျော်ရ မှာပါ ၊ ဒါတောင် ပဲ ကုန်သည် ၊ပါးပါးလေး တွေ နော်ဗျ ၊ စပါး ကုန်သည်တွေ ၊ သံချောင်း ဘိလပ်မြေ ကျောက်မျက် ရတနာ ကုန်သည်တွေ မပါသေးပါဘူး ၊ ဗမာပြည် မှာ ဘီလျံနာ ကြီးတွေ၊ အများကြီး မီးခဲ ပြာဖုန်း ၊ ပတမြား နွံနစ်နေတာ အများကြီးပါလားဗျာ ၊ ဒါမျိုး ကြားရ တာ အားရှိသဗျာ ၊ရန်ကုန်ထဲ လမ်းဘေးဈေး သည်တွေ ဆီ က နေ့စဉ် ဈေးကောက် က တော့ မလွတ်စေရ အောင် ကောက် နိုင် ပေမဲ့ ၊ ဒီ ကုန်သည် တွေ ဆီ က နိုင်ငံတော် အတွက် အခွန် အခ ၊ ဘယ် ၂ ပြား ရထား ပါ သလဲ ဗျာ ၊ ဒီ သဌေးတွေ က လဲ ပိုင် သဗျာ ၊ အခု ရော် စရာ ရှိ တော့ ၁ဝဝ အ ရော် ရ မဲ့ လူ က ၂ဝ လောက် ပြန် ရရင် ကို ကုသိုလ် အတော် ကောင်း ပါ သ တဲ့ ဗျ။

အခုကြားနေရတဲ့ ကောလဟလ ဖြစ်တဲ့ ကျောင်းတွေ စောဖွင့် မယ် ၊ စာမေးပွဲကြီး တွေ စောစစ် မယ် ၊ စာ သင်ချိန်တွေ လျော့ မယ် ဆိုတာ မဟုတ်ပါဘူးတဲ့ ၊ အခြေခံပညာ ဦးစီး ညွှန်ချုပ်ကြီး က ဂျာနယ်တွေ ကို ပြော လိုက်ပါတယ် တဲ့ ဗျ။ အရင် အတိုင်း ဘဲ မေလ နောက်ဆုံး အပါတ် မှ ကျောင်းအပ် လက်ခံ ပြီး ၊ ဇွန်လ ပထမ ပါတ် မှာ မှာ ဖွင့် ပေး ပါမယ်တဲ့ ခင်ဗျ။ ဒီ ကိတ် စ တွေ က လဲ ၊ မိဘ တွေ အကြား အတော် ဗျာများ ရ သဗျာ ၊ ပို ပြီး အလုပ် ရှုပ် နေရတာ က ကျူ ရှင် ဆရာတွေ ပါ ၊ အရင် က အထူး ၆ လ ပြတ် ကို အခု အထူး ၃ လ ပြတ် ပြောင်း ဖွင့် ရ တော့ မလိုပါ ။

နောက် ကောလဟလ က လဲ ဆိုးသဗျ။ အရာရှိ အဆင့် မဟုတ်သူ ဝန်ထမ်းတွေ ကို အပိုဆောင်း စရိတ် တလ ၂ဝဝဝဝ ပေး မယ် ဆိုတာကြောင့် ဈေး တွေ ထဲ ၊ ငရုတ် ကြက်သွန် ဆန် ဆီဈေးတွေ တက်လာပါတယ် ၊ လက်အား ဈေး မှာ ဆန် တအိတ် ၃ဝဝဝ လောက် တက် လာပေ မဲ့ လက်လီ ရောင်းဈေး တွေ က သိသိသာသာ တက်လာပါတယ် ၊ တကယ် ပေး မ ပေး က လဲ ဘယ်သူ က မှ သေချာ မသိသေးပေမဲ့ ၊ ဈေး က တော့ တက် နှင့် နေပါဘီ။ ဗမာပြည် ထုံး စံ က လဲ တက်ဈေး ဆိုတာ ၁ ရက် ဘဲ ခံပါတယ် ၊ နောက် တနေ့ ကျ တော့ ခပ်တည်တည် ပါဘဲ ၊ တက် ဈေး ဘဝ က နေ ပေါက်ဈေး ဘဝ ပြောင်း သွားပါရော ဗျ ။

အင်း ၊ နေပြည်တော် သွား အမြန် လမ်း က လဲ ၊ အိုဘာ စပိဒ် ဖြစ်ပြီး ကားတွေ မှောက်တာ နဲနဲ များလာပါတယ် ၊ မှောက် လိုက် ကြတာ လဲ ခရီးသည် တင် ကားတွေ ဘဲ များ ပါ သတဲ့ဗျ။ အိုဘာစပိဒ် ဆိုတာ က ၁ဝဝ ကီလိုနှုန် ( တနာရီ မိုင်၆ဝ ) ပါတဲ့ ၊ အခု တော့ ၈ဝ ကီလို နှုန်း ( တနာရီ မိုင်၄၈ ) ဘဲ လျော့မောင်းစေ ဘို့ စီစဉ် နေကြ ပါ သတဲ့ ဗျ ၊ ပြသနာ က အကွေ့ နေရာ တွေ မှာ မှောက်တာ များပါတယ် ၊ ဒီ မိုင် နှုန်းတွေ က နိုင်ငံတကာ ဟိုင်းဝေး နှုန်း တွေ နဲ့ ဆိုရင် အိုဘာ စပိဒ် တော့ မဟုတ်ရ ပါ ခင်ဗျာ ၊ ယဉ်မောင်း က လမ်းကြော မသိ လို့ ဖြစ်ရ တာ များ မယ် နဲ့ တူပါတယ် ၊ ဟိုင်း ဝေဒ အင်္ဂါရပ် နဲ့ အညီ ၊ ယဉ် လမ်း ညွှန် အကွေ့ ရှိကြောင်း သတိပေး ဆိုင်း ဘုတ် တွေ ကို ၊ နေ့ နေ့ ည ည ၊ အလွယ် တကူ မြင်နိုင် အောင် အကွေ့ မရောက် ခင် ၊ အဝေး ကြီး က တဲက အဆင့် ဆင့် ၊ မြင်သာ အောင် ၊ နိုင် ငံတကာ ဟိုင်း ဝေး တွေ အတိုင်း ၊ လုပ် ထား သင့် ပါတယ် ၊ လမ်မ ကြီး တော့ အကျယ်ကြီး ဖောက် ပြီး ဆိုင်း ဘုတ်ဘိုး ပိုက် ဆံ မရှိတာ က တော့ အဆင် မပြေ လှပါ ခင်ဗျာ ။

အဲ အဲ နောက် တခု က မိုးလေဝသ ဆရာကြီး ဒေါက်တာ ဦးထွန်းလွင် က ဂျာနယ်တွေ ကို ပြော လိုက် ပါတယ် ၊ သတင်းစာ ရေဒီယို ရုပ်မြင်သံကြားတွေ မှာ မုန်တိုင်း အကြောင်း ပါလာရင် ခေါင်းစဉ်လေး ကို ဂရုစိုက်ပေး ကြပါတဲ့ ခင်ဗျ။ ( မုန်တိုင်းသတင်း ) လို့ ရေးထားရင် ကြောက်စရာ မလိုပါဘူး တဲ့ ခင်ဗျ ။ အဲ ( မုန်တိုင်း သတိပေးချက် ) လို့ ရေးထား မှ အလေးတယူ ဂရုမူကြပါတဲ့ ခင်ဗျ။ တခါ တုံး က ဖတ်ဘူး ခဲ့ တဲ့ ဆောင်ပါးလေး ထဲ ပါတာ ကို သတိ ရ သဗျာ ၊ လမ်းဖို့ ဘို့ လုပ်အားပေး ခေါ်တဲ့ အမိန့် ထုတ်ပြန် ချက်ပါ။ ( ရွာ အဝင် လမ်းကြီး ဖို့ ရန် ၊ တအိမ် တယောက် လုပ်အား ပေး လာရ မည်။ မလာ တဲ့ အိမ် ကို သေဒါဏ် ချက်ချင်း ပေးမည် ။ သေဒါဏ် ပေးမည် ဆိုသော် လည်း တကယ် ကြောက်စရာ မလိုသေးပါ ၊ ကြောက် စရာ မလို ဘူး ဆိုသော် လည်း ၊ လုပ် အား ပေး ကို တော့ မလာ ဘဲ မနေ ကြ ပါ နဲ့ ခင်ဗျာ ) တဲ့ ပါ။

အေဇော်ကြီး

ကျွန်ုပ်တို့၏မြေယာများကိုသိမ်းပိုက်ထားသည်။



“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ”

“သြော်- ဘရုတပ် မင်းလဲပါတာကိုး”
ကွန်းအိန်း ဧပြီ ၂၃၊ ၂၀၀၉။
လွှတ်တော်ရုံးမှ ဆင်းလာသောဧကရာဇ်ဂျူးလီယက်ဆီဇာကို လွှတ်တော်အမတ်များ၊ စစ်သူကြီးများက သူ့အနောက် ကြောချဉ်းကပ်ပြီး ဒါးဖြင့်ထိုးနှက်ကြသည်။ အဆက်မပြတ်ဝင်ရောက်လာသော ဒါးချက်များကို အံကြိတ်ခံယင်း အနောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ- “သြော်- ဘရုတပ် မင်းလဲပါတာကိုး”

စစ်မြေပြင်တွင် ရန်သူများကို ကြံကြံခံ မကြောက်မရွှံ့ တိုက်ခိုက်ခဲ့သော စစ်သားရင့်မကြီးခင်မျာ နောက်ကြောကို ဒါးနှင့် ထိုးခဲ့သော မိတ်ဆွေများကို ကြည့်ယင်း အံ့သြသော၊ မယုံကြည်သော မျက်နှာထားဖြင့် ဖြည်းညှင်းစွာ လဲကျသွားသည်။ ရန်သူများ၏ ဒါးချက်ထက် မိတ်ဆွေများ၏ သစ္စာဖောက်မှုကို ဂျူးလီယက်ဆီဇာကိုယ်တိုင် အံ့အားသင့်စွာ ခံယူယင်း အသက်ပေးသွားခဲ့သည်။

ငယ်စဉ်က သမိုင်းတွင် ဖတ်ဖူးခဲ့သောကမ္ဘာ့၊ မြန်မာရာဇဝင်များကို အတိတ်တွင်ထားခဲ့သော်လည်း ယခင်က အတိတ် ဖြစ်ရပ်များသည် ပစ္စုပ္ပန်၌ အသစ်တဖန်ပြန်လည်အသက်ဝင်လာသည်ကို မျက်ဝါးထင်ထင် ပြန်တွေ့မြင်ရသောအခါ၊ ကိုယ်တိုင်အံ့သြမိတာအမှန်ပင်။ သြော်သမိုင်းဘီးဆိုတာ နောက်ထပ်တဖန် ပြန်လည်တတ်သည်မျိုးလည်း ရှိနိုင်ပေ တကား။

လူ့သဘာဝမှာ မိမိ၏ အကျိုးအတ္တကို ရှေ့တန်းတင်လွန်းခြင်းပင်ဖြစ်သည်။ ဘရုတပ်အနေနှင့် လွှတ်တော်အမတ်များ မြှောက်ပင့်ပေး၍ ဂျူးလီယက်ဆီဇာကို လုပ်ကြံ ခဲ့သော်လည်း နိုင်ငံခေါင်းဆောင်အနေနှင့် မရပ်တည်နိုင်ခဲ့ပါ။

နိုင်ငံတော်သစ္စာဖေါက်အမည် ဆိုးဖြင့် နိဂုံးချူပ်ခဲ့ရပေသည်။ ဘရုတပ်အစား မတ်အန်တိုနီယိုက ပြည်သူ့ခေါင်းဆောင် ဖြင့် ရပ်တည်ဦးဆောင်နိုင်ခဲ့သည်။

မြန်မာရာဇာဝင်၌လည်း သီပေါမင်းလက်ထက်တွင် ပါလီမန်စံနစ်ကို တည်တောင်လိုသူ ဦးကောင်းနှင့် မြန်မာပဒေ သရာဇ်တို့ကြား ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့သေးသည်။ နောက်ဆုံး၌ ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်ဟူသော တဘောင်အတိုင်း မြန်မာမင်းဆက်ပြုတ်ကာ ကင်းဝန်မင်းကြီးအနေနှင့် ဗီလိန်အဖြစ် ရာဇဝင်တွင်ရစ်သည်။

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်လည်း အာဏာရယူလိုမှုဖြင့် ဂဠုန်ဦးစောသည် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် ဝန်ကြီးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဦးစောအနေနှင့် လူထု ခေါင်းဆောင်အရိုက်အရာကို ရခဲ့ပါသလော။ ပြည်သူ့ချဉ်ဖတ်အမည်ဖြင့် ရာဇဝင်တွင်ခဲ့သည်။

နေမဝင်အင်ဘာရာအရှင်သခင် အင်္ဂလိပ်လူမျိုးတို့သည် မိမိတို့ပိုင်ကိုလိုနီနယ်များတွင် သွေးခွဲအုပ်ချူပ်ရေးစံနစ်အရ သော်၎င်း၊ ဆူးကိုဆူးဖြင့်ထွင်သောနည်းစနစ်အရ၎င်း ယင်းတို့၏ အင်ဘာရာကို ချဲ့ထွင်ခဲ့သည်။ ကိုလိုနီနယ်သားများကို မွေး၍ သွေးခွဲပြီးအချင်းချင်း တိုက်ခိုက်ခိုင်းသည်။ တခြားနယ်ရှိ ကိုလိုနီနယ်သားများကို အထူးအခွင့်အရေးပေးမွေး၍ စစ်တိုက်ခိုင်းသည်။

ဤကဲ့သို့ လုပ်ရပ်ဖြင့် မိမိတို့ နိုင်ငံအကျိုးကို တိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည်။ နအဖစစ်အစိုးရအနေနှင့် တဖက်တွင် နယ်ချဲ့အင်္ဂလိပ်တို့၏ လုပ်ရပ်ကို ရှုတ်ချယင်း တဖက်တွင် သွေးခွဲအုပ်ချူပ်ရေးစံနစ်ကို တည်ထွင်လုပ် ဆောင်နေလေပြီး။

ထမင်းကြမ်းခဲကိုသာ မြင်ပြီး ဝါးရင်း တုတ်ကို မမြင်တတ်သော လူဗလံများကို မွေးခဲ့သည်။ ဤနည်းကို နအဖစစ်အရာ ရှိများ ကိုယ်တိုင် မဟာဗျူဟာချမှတ်၍ လုပ်ဆောင်နေခဲ့သည်။ ဗိုလ်မှူးကြီး သောင်းထိုက်ကိုယ်တိုင်ကပင် မျက်မှောက် ခေတ် ပထဝီနိုင်ငံရေးအခန်းစာမျက်နှာ (၁၅၇) အလယ်၌ ရန်သူကို လှို့ဝှက်သတ်ဖြတ် သုတ်သင်အဆိပ်ကျွေးသတ်၊ လူသတ်သမားအငှားသတ်အာလုံးတရားသည်ဟု ရေးခဲ့သည်။ ဤကားစစ်အစိုးရ၏ စက်ယုက်ကွယ်ပေါ်လစီတခုပင် ဖြစ်ပေသည်။

ယ္ခုပစ္စက္ခကာလ၌လည်း လက်နက်ကိုင်အဖွဲ့အစည်းများကို ချော့တခါချောက်တလှည့်ဖြင့် သိမ်းသွင်းဖြားယောင်း နေသည်။ အစိပ်စိပ်မွှာမွှာကွဲလေ၊ ၎င်းတို့အကြိုက်တွေ့လေ ဖြစ်နေသည်။ ထိုကွဲပြားနေသော၊ နိုင်ငံရေး၊ အမျိုးသားရေး ဦးတည်ချက်မရှိသောအဖွဲ့ငယ်များကို မွေးကာဒေသခံနယ်မြေများတွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးထားသည်။

လူထုဆန့်ကျင်ရေးလုပ်နေစေကာမူ တဖက်တွင် အကာအကွယ်ပေးထားသည်။ ထိုအဖွဲ့ငယ်များကို တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အနေနှင့် အမည်တပ်ကာ ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ခွင့် ပေးထားသည်။ ကြိုးရှည်ရှည်လှန်၍ လူထုဆန့်ကျင်ရေးလုပ်ခိုင်းသည်။

နောက်ဆုံးငြိမ်းချမ်းရေးတပ်ဖွဲ့၊ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ရောယောင်၍ လူထုအော့ကြောလန် ဖြစ်အောင် ပရိယာယ်ဖြင့် မြှောက်ပေးခဲ့သည်။ အနှီထမင်းကြမ်းခဲကိုသာမြင်၊ ဝါးရင်းတုတ်ကိုမမြင်သောသူများမှာ ဝါးလုံးခေါင်းတွင် လသာနေပြီးနွားခြေရာခွက်တွင် ပင်လယ်အသွင်ဖြင့် ကူးခတ်ပျော်ပါးနေခဲ့သည်။ စစ်အစိုးရ၏ ရေရှည်ပရိယာယ်ကို နားလည်နိုင်စွမ်းမရှိခဲ့။ အရိုးအရင်းကိုက်ရရုံနှင့် မိမိတို့၏အမျိုးသားရည်မှန်းချက်ကို မျက်ကွယ် ပြုခဲ့သည်။

ထိုမျက်ကန်းသမားများကို အသုံးပြု၍ စစ်အစိုးရအနေနှင့် အတိုက်ခံအဖွဲ့အစည်းများသုတ်သင်ချေမှုန်းရာတွင် အသုံးချ ခဲ့သည်။ ဥပမာအားဖြင့် ကရင်ခေါင်းဆောင် ဗဒိုမန်းရှာလဖန်းကို လုပ်ကြံခိုင်းခဲ့သည်။ အခြားတိုင်းရင်းသားခေါင်းဆောင် များကို တိုးတိုးတိတ်တိတ်လုပ်ကြံလျှက်ရှိသည်။ ဤကားစစ်အစိုးရ၏ ကူညီထောက်ပံ့မှုမပါဘဲ လုပ်၍ မရနိုင်ချေ။

မွန်အမျိုးသားကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မီလီအတွင်းရေးမှူး နိုင်မင်းနောင်လည်း ဧပြီးလ (၁၈) ရက်နေ့ မုဒုံမြို့နယ် ရိုးဂိုးဂိတ်အနီးတွင် လုပ်ကြံခံရသည်။ စစ်အစိုးရ၏ ပယောဂမဟုတ်ဟု ဘယ်သူပြောနိုင်မည်နည်း။ နှစ်လကြာရှည်စွာ ချမှတ်ထားသော လုပ်ကြံရေးပေါ်လစီကို စတင်အသုံးချနေပြီး ဖြစ်ကြောင်း ဤဖြစ်စဉ်များက သက်သေပြနေပါသည်။

ပုထုဇဉ်မှန်သမျှအတ္တနှင့်မကင်းနိုင်ပေ။ သို့သော် မိမိကိုယ်ကျိုးစီပွားတခုတည်းအတွက် အမျိုးသား၏ ဂုဏ်သိက္ခာ၊ အမျိုးသား၏ ရည်မှန်းချက်များကို ရောင်းစားရန်မသင့်တော်ပါ။

စစ်အစိုးရရူးတိုက်တိုင်း ဟောင်နေကိုက်နေပါက ရေရှည်တွင်မိမိတို့တိုင်းရင်းသား၏ ရုပ်ပုံကိုတွေ့လိုပါက ပြတိုက်၌သာ တွေ့နိုင်ဘွယ်ရှိနိုင်သည်ကို တွေးမိရန်လိုသည်။ သစ်ပင်ကိုခုတ်ရန် သစ်သားလက်ကိုင်ရိုးသုံးသည့်နည်းလမ်းကို နအဖစစ်အစိုးရ လက်တွေ့အသုံးပြုနေလေပြီး။

ထို့ကြောင့် ဘုံရန်သူကို ဦးတည်တိုက်ခိုက်မည့်အစား အမျိုးသားအချင်းချင်း အိုးမဲသုတ်ခွပ်ခိုင်းသည်ကို ကျေနပ်အားရ စွာ လက်ခံနိုင်မည်လော။ သခင်အားရ ကျွန်ဒါဏ်အသွင်နှင့် ထမင်းကြမ်းခဲလောက်၌ တင်းတိမ်မည်လော။

မိမိ၏ကိုယ်ကျိုးစီးပွါးအတ္တအတွက် အမျိုးသားများ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို ပစ်ပယ်တော့မည်လောဟု မေးစရာတပုံတပင် ကျန်ရစ်နေသည်။ ယ္ခုပစ္စုပ္ပန်အနေထားတွင်လည်း ဂျူးလီယက်ဆီဇာသည် ဒါးဒါဏ်ရာကြားမှ နောက်ပြန်လှည့်ကြည့်ယင်း
“သြော်ဘရုတပ်မင်းလည်းပါတာကိုး”



နိုင်မင်းနောင်ကျဆုံးခြင်းအတွက် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)

နိုင်မင်းနောင်ကျဆုံးခြင်းအတွက် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)
ထုတ်ပြန်ကြေငြာချက်

MNDF(LA) ဧပြီ ၂၁၊ ၂၀၀၉။
Photobucket
မွန်ပြည်သစ်ပါတီ ဗဟိုကယ်ဆယ်ရေးကော်မတီအတွင်းရေးမှူး၊ ခရိုင်ကော်မတီ နိုင်မင်းနောင်ကျဆုံးခြင်းအတွက် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထုတ်ပြန်ကြေငြာချက်-
မွေးဖွားပြီးနောက်သေဆုံးရသည်မှာ သတ္တဝါတိုင်း၏ ဓမ္မတာပင် ဖြစ်ပါသည်။ မည်သို့သောသေဆုံးမှုအပေါ်တွင်မဆို တော်စပ်နီးစပ်သူများ နှမြောတသဝမ်းနည်းကြေကွဲကြသည်မှာလည်း သဘာဝပင် ဖြစ်ပါသည်။
မွန်ပြည်သစ်ပါတီဗဟိုကယ်ဆယ်ရေးကော်မတီအတွင်းရေးမှူး၊ခရိုင်ကော်မတီဝင် နိုင်မင်းနောင် ကွယ်လွန် အနိစ္စ ရောက်ခြင်းအတွက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ)အနေဖြင့်မိသားနှင့်တကွ မိခင်မွန်ပြည်သစ် ပါတီနှင့်အတူ နှမြောတသကြေကွဲရပါ အထူးသဖြင့်မွန်အမျိုးသားတို့၏ တန်တူညီမျှရေး၊ ကိုယ်ြ့ကမ္မာ ကိုယ်ဖန်တီး နိုင်ရေးတူညီသော ရည်မှန်းချက်အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးရခြင်းအတွက် ပိုမိုနှမြောတသရပါသည်။
နိုင်မင်းနောင်၏အမျိုးသားရေးတာဝန်ကျေပွန်မှုများသည် ကျွန်ုပ်တို့နေ့စဉ်မွန်အမျိုးသားတော်လှန်ရေးတွင် ကျဆုံးခဲ့ ကြသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုသည့် အလေးပြုမှု အစီအစဉ်တွင် အမြဲပါဝင်လျှက် ရှိမည်ဖြစ်ပါသည်။လေးစားစွာ ဂုဏ်ပြုပါသည်။
နိုင်မင်းနောင်ကျဆုံးမှုကို ပြန်လည်သုံးသပ်ရလျှင် လက်နက်ဖြင့် အကြမ်းဖက်မှု မပေါ်ပေါက် ရေးစီမံဆောင်ရွက်နေ သည့် စစ်ဆေးရေးဂိတ်(စခန်း)အနီးတွင် ဖြစ်ပွားရခြင်းနှင့် ညနေ ၄ နာရီ အချိန်တွင် ဖြစ်ပွားရခြင်းကို ထောက်ရှုခြင်း အားဖြင့် န.အ .ဖ စစ်အစိုးရသည်
တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံ ခြုံရေးတာဝန်ကို မယူနိုင်သည်မှာ ပေါ်လွင်နေပါသည်။ နိုင်ငံတော် အာဏာ ရယူထားသည့် န.အ .ဖ စစ်အစိုးရ တွင် တာဝန်ရှိပါသည်။
ယခုအခါတွင်အတိုက်အခံများ၊ဆန့်ကျင်သူများ၊ တိုင်းရင်းသားများနှင့် ပြည်သူ့ပြည်သားများအားမတရား အကြမ်းဖက် မှုများအပေါ် တရားသဖြင့် အရေးယူများ အားနည်းနေသကဲ့သို့ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး၊ ကိုယ်ကြမ္မာ ကိုယ့် ဖန်တီးနိုင်ရေး လွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲ ဝင်နေကြသော နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေး ပါတီမျာအတွင်းတွင်လည်းကောင်းတဖွဲ့နှင့်တဖွဲ့အကြားတွင်လည်းကောင်း သံသယဝင် ပဲ့ထွက်ပြိုကွဲစေလျှက် ခွဲထုတ် စည်းရုံးနေမှုများ ရှိနေပါသည်။
သို့ပါ၍ နိုင်မင်းနောင်ကျဆုံးရခြင်းအတွက် မိမိအင်အားစုအတွင်း၊ အင်အားအချင်းချင်း၊ တိုင်းရင်းသား အချင်းချင်းနှင့် အတိုက်အခံအဖွဲ့အစည်းများအချင်းချင်း သံသယကင်းစွာ နှင့် စည်းလုံးညီညွတ်မှု ခိုင်မာစေရေး နှင့် တော်လှန်ရေး အရှိန်အဟုန် မြှင့်တင်ရေးကို ပိုမိုအာရုံစိုက် ဂရုပြုကြပါရန် ပန်ကြားရင်းဝမ်းနည်း ကြေကွဲရပါကြောင်း ထုတ်ပြန် ကြေငြာလိုက်ပါသည်။
မွန်အမျိုးသားတော်လှန်ရေးအတွက် စွန့်လွတ်စွန့်စားယင်း တာဝန်ကြေပွန်သွားသော နိုင်မင်းနောင် ကောင်းရာသုဂတိ ဘုံသို့ ရောက်ပါစေ။

အထွေထွေအတွင်းရေးမှူး
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့
ဆက်သွယ်ရန်။ ။ ဝ၈၅ ဝ၅၂ ၇၃ဝ၆ (လွတ်မြောက်နယ်မြေ)
အီးမေးလ် ။ ။ naiouasar@gmail.com

ဖက်ဒရယ် ပြည်ထောင်စု နှင့် နိုင်ဟံသာ ၏ အမြင်


အဖွဲ့ချုပ်က ပြည်သူများအတွက် ကိုယ်စားပြုရပ်တည်ဆဲ

အဖွဲ့ချုပ်က ပြည်သူများအတွက် ကိုယ်စားပြုရပ်တည်ဆဲ
Thursday, 23 April 2009 15:33 ရဲနည်
လာမည့်အပတ်တွင် မြန်မာနိုင်ငံ၏အဓိက နိုင်ငံရေးပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုင်ငံလုံး ဆိုင်ရာ အထူးအစည်းအဝေး တရပ်ကို ခေါ်ယူထားသည်။
NLD ပါတီက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တခဲနက်အနိုင်ရရှိထားသည့် ပါတီဖြစ်ပြီး ဤအချက်ကြောင့်ပင်မြန်မာ ပြည်သူများကို တရားဝင်ကိုယ်စားပြု ရပ်တည်ပေးနေသည့် ပါတီလည်းဖြစ်သည်။ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားကြရသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားအဆင့် ပါတီခေါင်းဆောင်များနှင့် တနိုင်ငံလုံးမှ အမျိုးသမီးနှင့် လူငယ်ဌာနခွဲများ၏ ကိုယ်စားလှယ်များလည်း တက်ရောက်ကြရန် ဖိတ်ကြားထားသည်။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲပြီးချိန်မှစ၍ လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း NLD ပါတီက ကျယ်ကျယ် ပြန့်ပြန့် ကျင်းပသည့်အစည်းအဝေးကြီးဆို၍ ၂ ခုသာခေါ်ယူနိုင်ခဲ့သည်။ တနိုင်ငံလုံးရွေးကောက်ပွဲတွင်မဲပေးခဲ့ကြသည့် အချိန်က တကြိမ်၊ ၁၉၉၇ ခုနှစ်တွင် ဒုတိယအကြိမ် အဖြစ်နှစ်ကြိမ်သာခေါ်ယူနိုင်ခဲ့သည်။

၁၉၉၈ခုနှစ်၊ သြဂုတ်လတွင် ၁၉၉၀ပြည့်နှစ် ရွေးချယ်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစည်းအဝေး ခေါ်ယူ နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အစည်းအဝေးတက်ရောက်မည့်သူအများအပြားကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ သောကြောင့် အစည်းအဝေး အထမမြောက်နိုင်ဘဲရှိခဲ့ရသည်။ ထိုမျှမက ပါတီအဖွဲ့ဝင်များ၏ ခရီးသွားလာရေးကိစ္စများကို လည်း အာဏာ ပိုင်များက ကန့်သတ်ချုပ်ချယ်ထားခဲ့သေးသည်။

၁၉၉၈ခုနှစ် သြဂုတ်လက ပိတ်ပင်ချုပ်ချယ်မှုပြုထားဖူးသည်နှင့်အညီ NLD ပါတီ အဖွဲ့ဝင်များနှင့်ပြည်တွင်းပြည်ပရှိလေ့လာ စောင့်ကြည့်နေသူများကလည်း ယခုတကြိမ်အစည်းအဝေးခေါ်ဆိုထားမှုကို အာဏာပိုင်များကမည်သို့ တုံ့ပြန်ဆောင်ရွက် မည်ကို ရင်မောစွာစောင့်ကြည့်နေကြသည်။

ယခုလအစောပိုင်းက အသက် ၉၁ နှစ်ရှိပြီဖြစ်သူ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုး၍ အထူးအစည်း အဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သောဖိတ်စာအရ ပါတီအလုပ်အမှုဆောင်ကော်မတီက အစည်းအဝေးတက်ရောက်လာသူများ ထံသို့ စာတမ်းများ တင်သွင်းရန်ရှိသည်ဟု သိရသည်။

စာတမ်းပါ အကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ယခုပါတီလက်ရှိရင်ဆိုင်နေရသော ပြဿနာများ၊ အခက်အခဲများပါဝင်မည်ဟု ယူဆရပြီး၊ အထူးသဖြင့်၂၀၁၀ခုနှစ်တွင်ကျင်းပမည့်ရွေးကောက်ပွဲကိစ္စလည်း ပါဝင်မည်ဟုမျှော်လင့်ရသည်။
အကယ်၍ စစ်အစိုးရကအနာဂတ်နိုင်ငံရေး၌ စစ်တပ်ကလွှမ်းမိုးချယ်လှယ်နိုင်မည့်အနေအထားကိုယူထားသော လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရန် သဘောတူညီမည်ဆိုပါက စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်း အပေးအယူပြုရန် အသင့် ရှိကြောင်း၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD ပါတီက ၎င်း၏လက်ရှိရပ်တည်ချက်အဖြစ်ဖော်ပြထားခဲ့သည်။

ထို့အပြင် ထောင်သွင်းအကျဉ်းချထားသော ပါတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များပြန်လည်လွှတ်ပေးရေး အတွက်လည်း တောင်းဆိုနေသည်။

သို့သော်လည်း မတ်လ၂၇ရက်နေ့၊ တပ်မတော်နေ့ကျင်းပရာ၌ ပြောခဲ့သောမိန့်ခွန်း၌မူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကNLD ပါတီ ၏ တောင်းဆိုချက်များ အားလုံးကိုပယ်ချခဲ့သည်။

"ဒီမိုကရေစီလမ်းပြမြေပုံ"ဟုခေါ်ဆိုထားသည့် စစ်တပ်ကလျှောက်လှမ်းလိုသော လမ်းကြောင်း၌ အပေးအယူပြုရန် ကိစ္စမရှိ ကြောင်းပြောဆိုခဲ့သည်။ စစ်အစိုးရ၏ ဒုတိယအကြီးအကဲဖြစ်သူ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးကလည်း မကြာသေးမီ က စစ်တပ်အရာရှိများကို၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် တာဝန်ရှိကြောင်းဖော်ပြပြောဆိုခဲ့သေးသည်။

၁၉၉၀ပြည့်နှစ်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေအရဆိုလျှင် မဲဆန္ဒနယ်မြေ အနည်းဆုံး ၃ နေရာတွင် ရွေးချယ် ခံရန် တင်သွင်းနိုင်ခြင်းမရှိသည့် နိုင်ငံရေးပါတီတရပ်အနေနှင့် ဖျက်သိမ်းခံရလိမ့်မည်ဖြစ်သည်။

အကယ်၍၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ပြီဆိုပါစို့။ ဤအချက်သည် NLD ရပ်တည်ရေး အတွက် များစွာစိုးရိမ်ဖွယ်ကောင်းသောခြိမ်းခြောက်မှုဖြစ်နေသည်။ စစ်အစိုးရကဤထောင်ချောက်ဖြင့် အတိုက်အခံ အဖွဲ့ အစည်းများ သူ့ဘာသာနိဂုံးချုပ်သွားသည်ကိုမြင်လိုနေသည်။ နောက်ပိုင်းတွင် နိုင်ငံတကာက မည်သို့သဘောထားပြီး အရေးယူဆောင်ရွက် သွားဖွယ် ရှိသည်ဖြစ်ပါစေ စစ်အစိုးရက ပါတီကိုဖိနှိပ်ဖြိုခွဲရန် အတွက် လက်တွန့်နေတော့မည် မဟုတ်ပါ။

အကယ်၍ NLD ပါတီက၂၀၁၀ရွေးကောက်ပွဲကို ၀င်မည်ဆိုပါကလည်း စိတ်တိုင်းကျဆောင်ရွက်နိုင်ဖွယ်မမြင်ချေ။ အချို့ လေ့လာသုံးသပ်သူများ၏ အဆိုအရ NLD ပါတီမှလွဲလျှင်အခြားသောနိုင်ငံရေးပါတီများက တခဲနက်လူထုထောက်ခံ အား ပေး၍ အနိုင်ရဖွယ်မမြင်ဟု ဆိုကြသည်။

NLD ပါတီကအနိုင်မရနိုင်အောင် စစ်အစိုးရက ပုံမှန်သုံးနေကျနည်းနာများကို ဆက်၍သုံးစွဲဆောင်ရွက်လိမ့်ဦးမည်ပင် ဖြစ်သည်။ အတိုက်အခံနိုင်ငံရေးပါတီနှင့် ထောက်ခံသူများကို ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက် နှောင့်ယှက်ခြင်းများ ပြုလိမ့်ဦးမည်ပင်ဖြစ်သည်။ မဲခိုးမဲလိမ်ညစ်ပတ်မှုများလည်း မလွဲမသွေရှိလာလိမ့်ဦးမည်ဖြစ်သည်။

နှစ်၂၀ကျော်ရပ်တည်လာခဲ့ရသည့်ခရီးတွင် NLD ပါတီအနေနှင့် စစ်အစိုးရက အကြိမ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရ သည်။ အချို့သောရွေးချယ်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှာ သေဆုံးသည်အထိဖြစ်ခဲ့ရပြီး အချို့မှာလည်းပြည်ပ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ကဲ့သို့သော ပါတီခေါင်းဆောင်များသည်ပင် အထိန်းသိမ်းခံနေရ၊ အကျဉ်းချခံနေကြရ သည်။ နိုင်ငံတ၀န်းရှိ ပါတီရုံးခွဲများလည်း ပိတ်ပင်ခံခဲ့ကြရပြီး ၎င်းတို့ပါတီအဖွဲ့ဝင် အများအပြားမှာဖိနှိပ်နှောင့်ယှက် ခံရခြင်း၊ ပါတီ မှနှုတ်ထွက်စေရန် အတင်းအကျပ် ဖိအားပေးခြင်းများကြုံတွေ့ခဲ့ကြရသည်။

မြန်မာနိုင်ငံ၏ အဓိကဦးဆောင်၊သြဇာအကြီးဆုံး နိုင်ငံရေးပါတီကြီးတခုအနေနှင့် မြန်မာနိုင်ငံ၏စီးပွားရေး၊ နိုင်ငံရေး ပြဿနာများဖြေရှင်းနိုင်ရန် မပြီးဆုံးသေးသည့်တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်ကျန်ရှိနေသေးကြောင်း NLD ပါတီကကောင်းစွာ သဘောပေါက်ထားပါသည်။

ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော စစ်အစိုးရကို ဆန့်ကျင်အံတုနေရသည်မှာ ခက်ခဲလှသော၊ မလွယ်ကူလွန်းလှ သော တိုက်ပွဲဖြစ်ကြောင်းလည်း ၎င်းတို့ကသဘောပေါက်နားလည်ထားကြပါသည်။

သို့သော်လည်း NLD ပါတီကသဘောပေါက်ထားသင့်သည်မှာ ၎င်းသည် ယခုတိုင်လက်နက်ကြီးငယ်များ တပ်ဆင်ထားကြ သည့်စစ်အစိုးရကိုခြိမ်းခြောက်နိုင်ဆဲဖြစ်သော၊ စစ်အစိုးရ၏ အသည်းနှလုံးထဲစိမ့်နေအောင် ကြောက်ရွံ့နေရဆဲဖြစ်သော အဖွဲ့ဖြစ်သည်ဟူသော ၎င်း၏အားကောင်းချက်ကိုမေ့လျော့မထားသင့်ပါ။

၂၀၁၀ခုနှစ် ရွေးကောက်ပွဲဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်မြန်မာနိုင်ငံရှိပြည်သူတို့၏ စိတ်ဓာတ်ရေးရာခွန်အားကိုကိုယ်စားပြုထားပေးသည့် အဖွဲ့ပင်ဖြစ်ကြောင်း လူအများက ကောင်းကောင်း အမှတ်ရနေကြမည်သာ ဖြစ်ပါသည်။

၂၃၀၄၂၀၀၉ဒိုင်ယာရီ

google download

mediafire download

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။