Monday, May 4, 2009

Swine Flu (H1N1)ဗိုင်းရပ်စ်အတွက် Foxသတင်းဌာန၏ အကြံပြုချက် (၁၀)ချက်

ကမ္ဘာနှင့်တ၀ှမ်းတွင် ခြိမ်းခြောက်နေသည့် ဝက်တုပ်ကွေးခေါ် SwineFlu(H1N1)ဗိုင်းရပ်စ်အား ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်း(၁၀)ခုကိုFoxသတင်းဌာနက ယခုကဲ့သို့ အကြံပြု ဖော်ပြထားသည်။
Photobucket
(ရန်ကုန်လေဆိပ်တွင် စစ်ဆေးမှုများပြုလုပ်နေစဉ်) (ဓာတ်ပုံ-ဂျေမောင်မောင်“အမရပူရ”)

၁။Swine Flu(H1N1)ကို ကာကွယ်ဖို့ အခြေခံအကျဆုံးမှာ လက်ဆေးရန်ဖြစ်သည်။ လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။ စက္ကန့်(၂၀)မျှကြာအောင် လက်ကြိုလက်ကြားနေရာများအထိ ဆပ်ပြာသုံးပြီး သန့်စင်သောရေဖြင့် ဆေးကြောပါ။ ထိုအခါလက်တွင်ကပ်ငြိနေနိုင်သော ဗိုင်းရပ်စ်ပိုးများကို ဖယ်ရှားပြီးသားဖြစ်သွားလိမ့်မည်ဟု လောင်းအိုင်းလန်းကောလိပ်ဆေးရုံမှ လက်ထောက်ပါမောက္ခဒေါက်တာကလစ်ဖို့ ဘတ်ဆက်က ပြောကြားခဲ့သည်။

၂။ရေမရှိလျင် (သို့မဟုတ်) ရေအလွယ်တကူမရလျင် အယ်လ်ကိုဟောပါဝင်သည့်Sanitizerတစ်မျိုးဖြင့် လက်ကိုခဏခဏ ပွတ်ပေးပါ။ ထိုဂျယ်သည် ရေရှားသောအရပ်များတွင် လက်ကိုဆေးကြောရန် အသုံးဝင်သော ဓာတုဓာတ်ပေါင်းမျိုးဖြစ်သည်။လက်ကိုဂျယ်နှင့် ပွတ်ပြီးချိန်တွင် လေထဲတွင် ခါယမ်းပြီး လေသလပ်ကာအခြောက်ခံပါ။ ထိုဂျယ်တွင်ပါသော အယ်လ်ကိုဟောဓာတ်က လက်တွင်ရှိသောတုပ်ကွေးရောဂါပိုးများကို သတ်ဖြတ်နိုင်ပါလိုက်မည်။ သို့သော်လည်းလက်တွင်လိမ်းသည့် ဆေးရည်တိုင်း ပိုးသတ်နိုင်သည့် အစွမ်းသတ္တိမရှိကြောင်းသတိပြုသင့်ပါသည်။
Photobucket
(H1N1 ဗိုင်းရပ်စ်ပိုးရှိနိုင်သူတစ်ဦးအား စစ်ဆေးရန်ခေါ်ဆောင်လာစဉ်)
၃။နှာစေးလျင်၊ ချောင်းဆိုးလျင် နှာခေါင်းနှင့်ပါးစပ်ကို ကာထားပါ။ဒေါက်တာဘက်ဆက်က နှာစေးနေသည့် အချိန်များတွင် လက်ကိုမျက်နှာနှင့်နှာခေါင်းများအား မကြာခဏ မပွတ်သင့်ကြောင်း အကြံပြုခဲ့သည်။လက်တွင်ကပ်နေသည့် တုပ်ကွေးဗိုင်းရပ်စ်များသည် မျက်နှာတွင်ရှိသည့်အစိတ်အပိုင်းများမှတဆင့် ခန္ဓာကိုယ်ထဲ ပြန့်နှံ့ဝင်ရောက်သွားနိုင်ကြောင်း၎င်းကဆိုသည်။ ထို့အပြင် နှာစေး၊ နှာရည်ယိုသဖြင့် နှပ်ညှစ်ပြီးလျင်လည်း လက်ကိုစင်စင်ကြယ်ကြယ်ဖြစ်အောင် သတိပြုဆေးကြောရန် ဒေါက်တာဘက်ဆက်က သတိပေးခဲ့သည်။

၎။ပတ်ဝန်းကျင်တွင် တုပ်ကွေးရောဂါရှင်များ ရှိနေသည်ဟု သံသယရှိပါကနှာခေါင်းနှင့် ပါးစပ်များကို ကာကွယ်ပေးသည့် မျက်နှာဖုံး(Mask)များအားအသုံးပြုသင့်ပါသည်။

Photobucket
(H1N1 ဗိုင်းရပ်စ်များ မကျန်ရှိစေရန် လေယာဉ်ပေါ်တွင် ပိုးသတ်ဆေးဖြန်းစဉ်)
၅။အကယ်၍ တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် လက္ခဏာများ ပေါ်ပေါက်လာပြီးဖျားနာနေပြီဆိုလျင် အိမ်တွင် နားနေသင့်ပါသည်။ လူများသောနေရာများနှင့်အလုပ်ခွင်သို့ သွားရောက်ခြင်းမျိုးကို ရှောင်ကြဉ်ရပါမည်။

၆။ဗီတာမင်စီ(C)ကို ဖြည့်ဆည်းပေးနိုင်သည့် အစားအသောက်နှင့် ဆေးဝါးများကိုမှီဝဲရပါမည်။ ဗီတာမင်စီ(C)သည် တုပ်ကွေးကို ဟန့်တားနိုင်သည်ဟု ပညာရှင်များကလက်ခံယုံကြည်ထားသည်။
Photobucket
(H1N1 ဗိုင်းရပ်စ်ကူးစက် ခံထားရသူတစ်ဦးအား ကုသမှုပြုစဉ်)
၇။ညီညွတ်မျှတသော အစာအာဟာရကို ဖြည့်တင်းစားသောက်ပါ။ အာဟာရပြည့်အောင်စားသောက်ခြင်းနှင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းတို့သည် လူ့ကိုယ်ခံအားကိုတိုးတက်ကောင်းမွန်စေသည်။ များများအနားယူခြင်းသည် တုပ်ကွေးကိုချေဖျက်နိုင်မည့် အကောင်းဆုံးလုပ်ဆောင်မှု တစ်ခုဆိုသည်ကို သိထားသင့်ပါသည်။

။ကလေးငယ်များကို ကျန်းမာရေးနှင့်လျော်ညီအောင် နေထိုင်ကျင့်ကြံတတ်သည့်အလေ့အကျင့် ပျိုးထောင်ပေးပါ။ ၎င်းတို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသည်မည်မျှအရေးပါကြောင်း ကလေးများ သိရှိသင့်ပါသည်။

၉။ပရိဘောဂ အသုံးအဆောင်များ၊ ခန္ဓာကိုယ်နှင့် ထိတွေ့မှုများမည့် နေရာများကိုသန့်ရှင်းစွာထားပါ။ ပိုးသတ်ဆေးဖြန်းပါ။ တုပ်ကွေးဗိုင်းရပ်စ်များသည်စားပွဲမျက်နှာပြင်များ၊ ကွန်ပျူတာကီးဘုတ်များစသည့် လူ့လက်နှင့်မကြာခဏထိတွေ့နိုင်သည့် နေရာများတွင် နာရီအတန်ကြာ ရှင်သန်နေနိုင်သည့်အစွမ်းရှိသည်။

၁၀။ရောဂါဖြစ်ပွားနေကြောင်း သေချာခဲ့ပြီဆိုလျင် နီးစပ်ရာကျန်းမာရေးဌာနများဆီသို့ အမြန်ဆုံးသွားရောက်ပြီး လိုအပ်သောဆေးဝါးကုသမှုများ ခံယူသင့်ပါသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပမှ ဝင်ရောက်လာသော ခရီးသည်များကို ဝက်တုပ်ကွေး ရောဂါ၊ ရှိမရှိ စစ်ဆေးလျက်ရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းခရီးဖြင့် ဝင်ရောက်လာသော ပြည်ပမှခရီး
သည်များတွင် ဝက်တုပ်ကွေးရောဂါပါရှိလာခြင်းရှိ၊ မရှိကိုစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ စစ်ဆေးမှု
များကိုဧပြီလ ၂၉ရက်နေ့မှ စ၍ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး
ဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဝက်တုပ်ကွေး ရောဂါကို
ကိုယ်အပူချိန်တိုင်း ကိရိယာ(Thermal Scanner)ဖြင့်တိုင်းတာစစ်ဆေးကြောင်းသိရှိရသည်။“Thermal Scanner
နဲ့ ပြည်ပကဝင်လာတဲ့ခရီးသည်တွေကို စစ်ဆေးနေပါတယ်။ Thermal Scanner က ဗီဒီယို ကင်မရာလိုပဲ ချိန်ပြီး
ကိုယ်အပူချိန်ကို တိုင်းရတာဖြစ်ပါတယ်။ ကိုယ်အပူချိန် ၃၈ ဒီဂရီရလို့ အမှတ်နီပြလိုက်တာနဲ့ သူ့ကို ဝက်တုပ်ကွေး
ကြောင့်လား၊ တခြားကြောင့်လားဆိုပြီးစစ်ဆေးပါမယ်” ဟုလေကြောင်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန မှ
တာဝန်ရှိသူတစ်ဦးကပြောပြပါသည်။ ထို့ပြင် ၄င်းကပင် ဆက်လက်၍ “ဒီရောဂါက မက္ကဆီကို နိုင်ငံကနေ စဖြစ်တဲ့
အတွက် မက္ကဆီကိုနဲ့နီးတဲ့နိုင်ငံတွေက ခရီးသည်တွေ အဓိကကUnited State ပေါ့။ ဒီခရီးသည်တွေအစီးများတဲ့
လေကြောင်းလိုင်းတွေကို အဓိကထားစစ်ဆေးပါမယ်။ China Airway, TG, Silk Air စတဲ့လေကြောင်း လိုင်းတွေ
ပေါ့နော်။ မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားခရီးသည်တော်တော်များများကလည်း ဒီလေကြောင်းလိုင်းတွေနဲ့တ
ဆင့်ခံပြီး လာကြတာများတယ်လေ။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ချိတ်ဆက် ပျံသန်းနေတဲ့ နိုင်ငံတကာ လေကြောင်း
လိုင်းတွေက မည်သည့်ခရီးသည်မဆို ဒီကိုရောက်တာနဲ့ ဝက်တုပ်ကွေးရောဂါစစ်ဆေးသွားမှာဖြစ်ပါတယ်”ဟုပြော
ပြခဲ့ပါသည်။ ထိုသို့စစ်ဆေးမှုများပြုလုပ်စဉ် ဝက်တုပ်ကွေးရောဂါရှိနေသူအား တွေ့ရှိပါကမြောက်ဥက္ကလာဝေဘာဂီ
ဆေးရုံသို့ တက်ရောက်ကုသပေးမည်ဖြစ်ကြောင်း ၂၀၀၉ခုနှစ် မေလ ၁ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်
တွင်ဖော်ပြထားပါသည်။
Photobucket
(H1N1 ဗိုင်းရပ်စ်ဖြစ်ပွားပြန့်နှံ့ပုံ)
Credit to Planet

၀၄၀၅၂၀၀၉ဒိုင်ယာရီ

google download

mediafire download

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။

တပ်ချုပ်ကြီးအားခြောက်လှန့်နေသော မေလပုံရိပ်များ

Sunday, May 03, 2009
မင်းလွင် (ရှမ်းပြည်)
ဝဝ၈-ခုနှစ်၊၊ မေလ (၁)ရက်၊၊ နံနက် (၁ဝ)နာရီ

ဦးထွန်းလွင်၏မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ်နီမြန်းနေသည်။ နောက် (၁ဝ) နာရီဆိုလျှင် ဧရာဝတီတိုင်း၏ ကံ ကြမ္မာမှာ မည်သို့ဖြစ်မည်ကို မတွေးရဲလောက်အောင် ပူပန်နေပေမဲ့ စိတ်ကိုရှည်ရှည်ထားပြီး တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။

ဒု-တပ်ချုပ်ကြီးကိုလည်း အကြောင်းစုံဆွေးနွေးတင်ပြသော်လည်း ဆုံးဖြတ်ချက်မပေးနိုင်ဘဲ ပေါ့ပျက်ပျက်နိုင်လှသော စကား ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ လူပေါင်းသန်းနှင့်ချီသောကြမ္မာဆိုးကို ဂရုမစိုက်ဘဲ မကြာမီကျင်းပတော့မည့် လူထုဆန္ဒ ခံယူပွဲတွင် မသမာသောနည်းဖြင့် အနိုင်ရရှိရေးကိုသာ အာရုံရောက်နေသည်။ ခုဘဲကြည့်လေ နေ့လည်ကြောင်တောင်ကြီးမှာ တောင် စကားပြောလိုက်တိုင်း အနံ့ဆိုးအရက်နံ့က ထွက်နေသည်။ မသင်္ကာသော မျက်နှာဖြင့်လည်း မေးခွန်းထုတ်လိုက် သေးသည်။

'သေချာရဲ့လား မုန်တိုင်းသတင်းက။ ဒီအချိန်မှာ ပြည်သူလူထုတွေကို စိတ်မခြောက်ခြားစေချင်ဘူး။ ခုလုပ်မယ့် ဆန္ဒခံယူပွဲဟာ ဒို့တပ်မတော်အတွက် အရေးပါဆုံးအချိန်ဘဲကွ။ ခင်ဗျားတင်ပြတဲ့ အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ ဆိုတာဟာ တပ်ချုပ်ကြီး နဲ့ဘဲဆိုင်တယ်။ သူ့ကိုသွားဆွေးနွေးတင်ပြလိုက်ပါ'

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးထွန်းလွင်တယောက် လေးလံသောခြေလှမ်းများဖြင့် ဒုတပ်ချုပ်မှူးကြီး မောင်အေး အိမ်မှထွက်လာပြီး တပ်ချုပ်ကြီးအိမ်ဘက်သို့ခြေဦးလှည့်လိုက်သည်။ အိမ်တအိမ်နှင့်တအိမ်အကွာအဝေးမှာ တမိုင်ကျော် ကွာ ဝေးနေပြီး နေအိမ်နှစ်လုံးကြားတွင်လည်း စစ်ဆေးရေးဂိတ်သုံးခုကိုဖြတ်ကျော်ခဲ့ရသည်။ နောက်ဆုံးဂိတ်အရောက်တွင်လည်း ငါးမိနစ်ခန့်ကားကိုရပ်တန့်ပေးရပြီး လာရင်းကိစ္စ၊ အဆင့်ရာထူးများကိုပါ မေးမြန်းစစ်ဆေးခြင်း ခံနေရသည်။

ကွန်မန်ဒိုတပ်ခွဲငါးခွဲဖြင့် ခြံရံထားသော တပ်ချုပ်ကြီးအိမ်ရောက်တော့ ဧည့်ဆောင်၌တပ်ချုပ်ကြီးထွက်အလာကို စောင့်မျှော် နေရသည်။ တနာရီတိတိကြာသည်ထိ တပ်ချုပ်ကြီးထွက်ပေါ်မလာခဲ့ပေ။ ဘုရားဝတ်ပြုခန်းတွင် ရှိနေခြင်းမဟုတ်ဘဲ မည်သူမျှ အကြောင်းကြားပိုင်ခွင့်မရှိသော ကိုယ်ပိုင်သီးသန့်ခန်းတွင် အနားယူနေကြောင်းသိရှိရ၍ လက်မြှောက်အရှုံးပေးကာ နောက် ကြောင်းပြန်လှည့်ခဲ့ရသည်။ မိမိအနေဖြင့်အသိပေးတင်ပြခြင်းကို တရားဝင်ဖြစ်အောင်တော့ လုပ်ရမည်ဟူသောစိတ်ဖြင့် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌရုံးသို့ နောက်ဆုံး ဝင်ရောက်အကြောင်းကြားရာ တပ်မှူးကြီးရွှေမန်း၊ တပ်မှူးကြီးမြင့်ဆွေတို့ကိုတွေ့ရ၍ အားတက်မိသွားသည်။ တပ်ချုပ်ကြီးကို တင်ပြခွင့်မရခဲ့ပေမဲ့ မပြေးသော်လည်းကန်ရာရှိ ဆို သလို တပ်မှူးနှစ်ဦးအားအစီရင်ခံတင်ပြရာတွင် အိန္ဒိယမိုးလေဝသသတင်းဌာန၏ အရေးပေါ်သတိပေးချက်အရ ဘင်္ဂလား ပင်လယ်အော်တွင် အစပျိုးဖြစ်ပေါ်နေသော မုန်တိုင်းသည် အားကောင်းလာပြီး အရှေ့မြောက်ဘက်သို့ရွေ့ရှားနေကြောင်း၊ လေတိုက်နှုန်း မိုင် (၈ဝ) မှ (၁ဝဝ) အကြားတွင်ရှိပြီး လှိုင်းကြီးရုံတင်မက ဒီရေပါ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လွှမ်းနိုင် ကြောင်း၊ အထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအဖို့ အရေးပေါ်ကြေညာချက်ထုတ်ပြီး ပြင်ဆင်ထားနိုင်လျှင် (၁ဝ)နာရီ ခန့်အချိန်မှီသေးကြောင်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ် (ဧရခ) မှလည်း မုန်တိုင်းတိုက်ခတ်မည့်လက္ခဏာများရှိနေ၍ မိုးလေဝသဌာနသို့ တနာရီတကြိမ် ပုံမှန်သတင်းပေးပို့နေကြောင်းတို့ကို တပ်မှူးကြီးနှစ်ဦးအားရှင်းလင်းတင်ပြပြီး အရေးပေါ် ကြေညာချက် ထုတ်ပြန်နိုင်ဖို့အတွက် တပ်ချုပ်ကြီးကိုထပ်ဆင့်အကြောင်းကြားရန် စစ်ကူတောင်းခံခဲ့သည်။

မေလ (၂)ရက်နေ့

မြန်မာ့သဘာဝဘေးဆိုးများတွင် အဆိုးဆုံးသောမုန်တိုင်းဒဏ်ကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ခံစားလိုက်ရသည်။ မုန် တိုင်း သတင်းများကို ပြည်ပအသံလွှင့်ဌာနများတွင် အကျယ်တဝင့်ကြိုတင်ကြေညာထားသော်လည်း မိမိတို့မိုးလေဝသဌာနမှ အမှန်အတိုင်းထုတ်ပြန်ချင်သော်ငြားလည်း နေပြည်တော်မှပိတ်ဆို့မှုများကြောင့် သိက္ခာကျဆင်းခဲ့ရသည်။ မိုးလေဝသဌာန သုံး ရဟတ်ယာဉ်တစီးကတော့ မင်္ဂလာဒုံကွင်းထဲတွင် အထီးကျန်စွာဖြင့်ရပ်တန့်နေရှာသည်။ အခြားသောလေယာဉ်များ အထူးသဖြင့်တပ်ချုပ်ကြီးနှင့် စီးပွားရေးသာမက လူမှုရေးများတွင် ပါဝင်ပတ်သက်နေသူ မောင်တေဇပိုင်လေယာဉ်များမှာ ထူး ထူးခြားခြားမတွေ့ရပေ။

နောက်မှသိရှိရသည်မှာ မိမိနေပြည်တော်မှအပြန် ညနေခင်းကတည်းက မန္တလေးသို့ ပြောင်းရွှေ့သွားမှန်းသိခဲ့ရသည်။ အရေး ပေါ်ကြေညာချက်ကြိုတင်ထုတ်ပြန်ဖို့ သွားရောက်စောင့်ဆိုင်းနေစဉ် လုံးဝထွက်အတွေ့မခံဘဲ လေယာဉ်များ ရွေ့ပြောင်းရေး အတွက်ကိုတော့ တပ်ချုပ်ကြီးအမိန့်ပေးခဲ့သည်မှာ ယုတ္တိလုံးဝမရှိချေ။

မုန်တိုင်းစတင်တိုက်ခတ်ကတည်းက မိမိဌာနနှင့်ဧရာဝတီရေတပ်စခန်းဌာနချုပ်မှာ အဆက်အသွယ် လုံးဝမပြတ်ခဲ့ချေ။ ရေ တပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးသိန်းကိုယ်တိုင် ဆက်သွယ်ရေးစက်မှတိုက်ရိုက် မိမိနှင့်အဆက်အသွယ်ရနေပြီး မုန်တိုင်း အခြေအနေကိုတနာရီတကြိမ်ပေးပို့နေသောကြောင့် နေပြည်တော်ကိုလည်း ထပ်မံအစီရင်ခံနေရသည်။ ဗိုလ်ချုပ်စိုးသိန်းမှာ ဗိုလ်ကြီးအဆင့်ဖြင့် ဥရောပတွင် ရေတပ်ဆိုင်ရာ စစ်ပညာကိုလေ့လာသင်ယူနေစဉ် မိမိနှင့် သိကျွမ်းခဲ့ရသည်။ ထိုစဉ်က မိမိမှာ လည်း မိုးလေဝသဆိုင်ရာလေ့လာဆည်းပူးဖို့ရန် နိုင်ငံတော်စရိတ်ဖြင့် ဥရောပတခွင် ရောက်ရှိနေချိန်ဖြစ်သည်။

'ခင်ဗျားဌာနနဲ့ကျနော့်တို့ရေတပ်က လင်မယားလိုဘဲနော်၊ နောက်များလည်း မကြာမကြာတွေ့ကြရဦးမယ်။' သတ္တုသံ ပါသော အသံ၊ နှုတ်ဆက်ဖော်ရွေခြင်းနှင့် ခန့်ညားသောဥပဓိရုပ်ပိုင်ရှင် ဗိုလ်ကြီးစိုးသိန်းကို မိမိဥရောပတွင် စတင်ခင်မင်ခဲ့ရသည်။ အထူးသဖြင့် မိမိကြည့်မရသောစစ်သားများထဲတွင် ထူးထူးခြားခြား ဗိုလ်ကြီးစိုးသိန်းမှာ ခင်မင်စရာ ကောင်းနေသည်။

ဗိုလ်ကြီးစိုးသိန်းမှာ ယခုတော့ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးကြီးရနေသလို မိမိမှာလည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန် ကြားရေးမှူးတာဝန်ကို ထမ်းဆောင်နေရသည်။ အမြဲတမ်းလိုလို တာဝန်အရဆက်ဆံနေရပြီး ယခုမုန်တိုင်းကာလတွင် တိုက် ရိုက်ဆက်သွယ်စကားပြောနေရသည်။ အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ တပ်ချုပ်ကြီးကို သွားလျှောက်ဖို့လည်း ဗိုလ်စိုးသိန်း က အကြံဥာဏ်ပေးခဲ့ရှာသည်။ သို့သော် မျှော်မှန်းသလို တပ်ချုပ်ကြီးက ထွက်မတွေ့သောကြောင့် မုန်တိုင်းကိုအန်တု စောင့် ကြည့်နေရုံသာရှိကြောင်း နှစ်ဦးသားတိုင်ပင်ကြသည်။

မုန်တိုင်းလွန်သော်

'ကျနော့် (ပ-တ-ခ) ရေတပ်တော့ပျက်ပြီ။... စာရင်းချုပ်အရ စစ်သင်္ဘောကြီးငယ် (၃၆)စီး မြုပ်သွားတယ်။ ကိုစိုးဝင်း (ဝန်ကြီး ချုပ်ဟောင်း) တရုတ်သွားတုန်းက ဟိုကမီးရထားတွဲ (၁၅ဝ)ကျော် လက်ဆောင်ပေးလိုက်တယ်။ ကျနော့်ကိုတော့ ရေယာဉ် ကြီး (၄)စီး ပေးတယ်။ နှစ်စီးကတော့ ကိုကိုးကျွန်းမှာကပ်ထားလို့ မုန်တိုင်းဒဏ်ကလွတ်သွားတယ်။ ဟိုင်းကြီးကျွန်းက နှစ်စီး ကတော့ နစ်တဲ့ထဲပါသွားပြီ။ ပြည်သူကိုကယ်ဖို့မဆိုထားနဲ့ ကိုယ့်ဟာကိုယ်တောင် မဆယ်နိုင်ဘူးဗျာ။'

ဗိုလ်စိုးသိန်းမျက်နှာမှာ နှမြောစိတ်ကြောင့်မကောင်းလှပေ။ မိမိမှာလည်း နေပြည်တော်သို့အမြန်ဆုံးလာဖို့ ဆင့်ဆိုထားသော ကြောင့် လာမဲ့ဘေးပြေးတွေ့ရဦးမည်။ မသွားခင် ကိုယ့်ဘက်မှမှားယွင်းမှုမရှိအောင် ပြင်ဆင်ထားဖို့လည်း သူငယ်ချင်း ဗိုလ်စိုး သိန်းက သတိပေးရှာသည်။

တပ်ချုပ်ကြီး၏ဟန်ဆောင်ပူပန်ခြင်း

'ဒီလောက်ထိကြီးဖြစ်လိမ့်မယ်လို့ လုံးဝကျနော်မမျှော်လင့်ဘူးဗျာ။ အဓိကမိုးလေဝသဌာနမှာတာဝန်အရှိဆုံးပါ။ ညွှန်မှူး ထွန်း လွင်ကို တာဝန်ရှိသလိုသာ ဆက်လုပ်လိုက်ပါ။ လောလောဆယ်နာဂစ်ဒေသကို သိန်းစိန်နဲ့လွှတ်ထားလိုက်ပါ။'

အချိန်မှီသတိပေးပျက်ကွက်မှုကြောင့် ညွှန်မှူးထွန်းလွင်ကိုဖြုတ်ရန် တပ်မှူးကြီးသူရရွှေမန်းနှင့် တွဲဖက်တပ်မှူးမြင့်ဆွေ တို့ကို မှာကြားပြီး တပ်ချုပ်ကြီးတယောက် ဥက္ကဌရုံးမှထွက်ခွာသွားသည်။ ကျန်ရစ်ခဲ့သောတပ်မှူးနှစ်ဦး တယောက်မျက်နှာ တယောက် ကြည့်ကာ ခေါင်းကိုက်ခဲသွားလေတော့သည်။ တကယ်တော့ ညွှန်မှူးထွန်းလွင်ကြိုတင်၍ အစီရင်ခံခဲ့သည်။ မိမိ တို့ကိုလည်း သေချာရှင်းလင်းတင်ပြခဲ့ပါသည်။ ထွက်မတွေ့ဘဲ အခန်းအောင်းနေသူက တပ်ချုပ်ကြီးဖြစ်ကြောင်း သဘော ပေါက်သည်။ မည်သူ့တွင်တာဝန်ရှိသည်ကို မေးနေစရာမလိုပါ။ တပ်မှူးနှစ်ဦးစလုံး တစုံတခုကို ဆုံးဖြတ်ချက်ချလိုက်သည်။

မတည်မြဲသောရာထူးသင်္ခါရ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးရာထူးကို ဦးထွန်းလွင်တယောက် မဆုံးရှုံးခဲ့ပါ။ သူငယ်ချင်းဖြစ်သူ ရေတပ်ချုပ်ကြီး မှာ ရာထူးနှစ်ဆင့်ကျကာ စက်မှု (၂) ဝန်ကြီးရာထူးသို့လျှောကျသွားသည်။ အံ့သြစိတ်ကြောင့်လည်း သူငယ်ချင်း၏ ရင်ဖွင့်သံ ကို မျှဝေခံစားပေးနေရသည်။

'ပထမတော့ကျနော်လည်း သူတို့စစ်သဘောင်္တွေရောက်လာလို့ စိတ်နည်းနည်းတိုသွားတယ်။ နောက်မှ သူတို့ဘက်က ရှင်း ပြတယ်၊ ထိုင်းနဲ့လုပ်မယ့် (Cobra) စစ်ရေးလေ့ကျင့်တာကိုရွေ့ဆိုင်းလိုက်ပြီး နာဂစ်အတွက်လာတာတဲ့၊ ရေယာဉ်ပေါ်မှာ လက်နက်မပါဘဲ ကယ်ဆယ်ရေးပစ္စည်းတင်ဆောင်လာတယ်ဆိုတာကို တက်ပြီးစစ်ဆေးဖို့လည်း ဖိတ်တယ်လေ။ ခင်ဗျားဘဲ စဉ်းစားကြည့်ပါဗျာ။ ခုနေချိန်မျိုးမှာ ကိုယ်က ပြည်သူတွေကိုကယ်ဖို့နေနေသာသာ ကိုယ့်ဟာကိုယ်တောင် မကယ်နိုင်ဘဲ ဒုက္ခ ဖြစ်နေတာဘဲလေ။ အကူအညီမှန်သမျှ များများနဲ့မြန်မြန်လက်ခံရမှာဘဲဗျ။ ကျနော်တင် မကဘူး။ ရေတပ်စခန်းတခုလုံးက သူတို့သင်္ဘောတွေလာကပ်တာကို ဝမ်းသာနေကြတယ်။'

ရေတပ်ချုပ်ကြီး၏စိတ်ဓာတ်ကိုချီးကျူးလေးစားမိသည်။ အနောက်တိုင်းတခွင်ပညာသင်ခဲ့ဖူးတာကြောင့် ခေတ်မှီ စိတ်ထားနှင့် ပကတိအခြေအနေတွင်လည်း အမှန်ဘက်တွင်ရပ်တည်ခြင်းဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် စိတ်ထားရှင် နေပြည်တော် တပ်ချုပ်ကြီးက ရေတပ်ချုပ်ကြီးသည် အမေရိကန်စစ်သဘောင်္များကို ဆိုက်ကပ်ခွင့်ပေးခြင်း၊ စစ်သဘောင်္များနှင့် နေ့စဉ် ဆက်သွယ်စကားပြောခြင်း၊ အမေရိကန်ရေတပ်ဦးစီးချုပ်အား မင်္ဂလာဒုံလေယာဉ်ကွင်းတွင် ကြိုဆိုစဉ်က မိမိအား လူစိတ်မရှိ သယောင်ပုံစံမျိုးပြောဆိုသွားခြင်း စသော ပြစ်ချက်များသတ်မှတ်ကာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးမှ ထုတ်ပယ်ခဲ့ သည်။ မတတ်နိုင်လွန်း၍ ကျန်ရေတပ်ကေဒါများ ပူညံပူညံလုပ်မည်စိုး၍ စက်မှု (၂) ဝန်ကြီးရာထူးပေးကာ ချွေးသိပ်ခဲ့သည်။

အတိတ်ပုံရိပ်အိမ်မက်ခြင်း

စံအိမ်တော်ဘေးတွင်စိုက်ထားသောထင်းရှူးပင်မှာ သဘာဝအတိုင်းစိုက်ပျိုးထားခြင်းမဟုတ်ဘဲ အပင်ကြီးကို ကရိန်းဖြင့် ဆွဲ နှုတ်ကာ ကျင်းတူး၍စိုက်ပျိုးထားခြင်းကြောင့် အရွက်များမှာ အချိန်တိုအတွင်းခြောက်သွေ့နေသည်။ လေတိုက်လိုက်တိုင်း သစ်ရွက်ခြောက်မြည်သံကြောင့် တပ်ချုပ်ကြီး၏စိတ်ကို ခြောက်ခြားစေသလိုဖြစ်နေသည်။ ယခုလည်း စံအိမ်တော်မှာ ကိုး ကွယ် ပူဇော်နေသော သထုံမြို့မှအလံတရာဆရာတော်ရောက်ရှိနေသည်။ ယခင်ရွှေဝါရောင် လူသတ်ပွဲအပြီးတွင်လည်း စိတ် ခြောက်ခြားနေ၍ ဆရာတော်ကိုပင့်ဖိတ်၍ တရားရေအေးတိုက်ကျွေးခိုင်းဖူးသည်။ ခုတော့ သက်သာမည်မထင်ပါ၊ တသက် လုံး ဖုံးခဲ့သမျှသည် ဘူးပေါ်သလိုပေါ်နေပြီ။

မိမိ၏သမီးတော်လေးကိုယ်ဝန်နှင့်မင်္ဂလာဆောင်စဉ်က ဗီဒီယိုခွေမှာ လက်ကျန်ထောက်လှမ်းရေးများ လက်ဆော့ လိုက်သဖြင့် ကမ္ဘာပျံ့သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းကိုက်နေချိန်တွင် လူဆိုးကြီးဆက်ဒမ်ဟူစိန်ကို ကြိုးပေးသတ်လိုက်တော့ နှလုံးရောဂါပါဖြစ်ပြီး စကာင်္ပူဆေးရုံသို့လစ်ရတော့သည်။ စင်္ကာပူဆေးတန်ခိုးကြောင့် ရောဂါ သက်သာခဲ့ပေမဲ့ ယခုအချိန်မှာ နာဂစ်အကျိုးဆက်ကြောင့် မိမိအပေါ်တကမ္ဘာလုံးအော့နှလုံးနာဖြစ်နေသည့် ရောဂါကို ဘယ်ဆေးဝါးမျိုးနှင့်မျှ သက်သာမည် မထင်ပါ။ အခံရအခက်ဆုံးမှာ မိမိမွေးထားသောတပ်မှူးနှစ်ဦးက မိမိအမိန့်ကို အာခံကာ ညွှန်မှူးထွန်းလွင်ကိုဖြုတ်ချခြင်း မပြုဘဲ ထွန်းလွင်အစီရင်ခံစာကို ကဗျည်းထိုးမှတ်တမ်းတင်ထားသည်။ ရေခြားမြေခြားရောက်နေသော ထောက်လှမ်းရေး အောင်လင်းထွဋ်ကလည်း ဖုံးကွယ်ထားခဲ့သော လူသတ်ပွဲကို အစပျိုးဖော်ထုတ်နေလေပြီ။ တခြားသူတဦးတယောက်ဆို တော်ပါသေးသည်၊ ခုတော့ တရားခံပြသက်သေအဖြစ် ကမ္ဘာကိုကြေညာနေပြီ။

ဂြိုလ်မွှေသည့်မေလ

ဒီလဒီကာလရောက်လေတိုင်း စိတ်သောကရောက်ရစမြဲဖြစ်သည်။ ၁၉၉ဝ-ခုနှစ်ကတည်းက မိမိတို့ကို အလဲထိုး အနိုင်ယူခဲ့ သော ရွေးကောက်ပွဲအောင်ပွဲက ခုထိခြောက်လှန့်နေသည်။ မိမိ၏လက်စွဲတော်လူမိုက်များက လိုသည်ထက် ပိုမို၍ လက်လွန် သွားသော ဒီပဲယင်းရိုက်သတ်ပွဲကြောင့် ကမ္ဘာကအယုံအကြည်ကင်းမဲ့ခဲ့ရသည်။

(၉ဝ)ရွေးကောက်ပွဲကိုချေဖျက်နိုင်ဖို့ အင်တိုက်အားတိုက်လုံးပမ်းခဲ့ရသော ဆန္ဒခံယူပွဲကလည်း ထင်သလောက် ဖြစ်မလာဘဲ ပိပိရိရိမသေသပ်မှုကြောင့် အရှက်ကွဲနေရသည်။ လွန်ခဲ့သောနှစ် မေလကတိုက်ခတ်သော နာဂစ်ကြောင့်လည်း အကြင်နာ တရားကင်းမဲ့သည့် ကမ္ဘာ့အဆိုးဝါးဆုံးပုဂ္ဂိုလ်ဘွဲ့ကိုရရှိစေခဲ့သည်။

မကြာမီရင်ဆိုင်ရမည့်စိန်ခေါ်မှုမှာ လွတ်ရက်စေ့၍ပြန်လွှတ်ပေးရတော့မည့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အကျယ်ချုပ် ပြဿနာဖြစ်သည်။ လွှတ်ပေးလိုက်ရရင်လည်း ကြွတက်လာမည့်လူထုလှိုင်းသည် မိမိတို့ကို ရိုက်ခတ်သွားနိုင်သည်။ ဆက် လက် ထိန်းထားလျှင်လည်း အကျယ်ချုပ်လက်နက်ထိပ်တုံးကို မိမိကိုယ်တိုင်ထမ်းပိုးရတော့မည်။ ထို့ပြင် ကလော်တုတ် ဆဲဆိုကြမည့် နိုင်ငံတကာအသိုင်းအဝိုင်းမှလက်ညှိးများကိုလည်း အန်မတုဝံ့ပေ။ အဆိုးဝါးဆုံးမှာ မိမိမွေးထားခဲ့သော တပည့်ကျော်များကလည်း ယုံကြည်စိတ်မချရသေး၊ မိမိသာအာဏာမဲ့သွားလျှင် ဆရာကြီး ဦးနေဝင်းကဲ့သို့ ဖြစ်သွားနိုင်သည်။ အာဏာကိုဆက်ဆုပ်ကိုင်ထားသောကြောင့်လည်း မိမိရုပ်မှာ ဘီလူးကဲ့သို့လား ထင်မှတ်နေရသည်။

သောကကင်းငြိမ်းဖို့ရာ ဗုဒ္ဓတရားရေအေးတိုက်ကျွေးဖို့ခေါ်ထားသော သထုံအလံတရာဆရာတော်ကလည်း ပင့်ဖိတ်လို့ မရ။ နောက်ဆုံးအားကိုးရာဖြစ်သော ကြင်သူသက်ထားမကြိုင်ကြိုင်က ဘေးနားမှနေ၍ မေတ္တာသုတ်ကို ရွတ်ဖတ် ပေးနေရှာသည်။ မေတ္တာသုတ်ကိုနားစွင့်ရင်း ဘုရားအာရုံပြုလိုက်သောအခါ မနောစိတ်တွင်ဘုရားပေါ်မလာဘဲ ရွှေဝါရောင်ကာလကရိုက်သတ် ခဲ့သော မေတ္တာသုတ်ပိုင်ရှင် သံဃာတော်များ၏ပုံရိပ်ကသာ မင်းမူနေပါတော့သတည်း။

မင်းလွင် (ရှမ်းပြည်)

အလိုချင်ဆုံးက … တာရိုး

Monday, 04 May 2009 19:50 ခိုင်ရီ
ယခုအချိန် အခါတွင် မည့်သည့်အရာကို အလိုချင်ဆုံး ဆန္ဒပြင်းပြ နေသလဲဟု တစုံတယောက်က မေးမြန်းလာခဲ့လျှင် သူတို့ရွာနှင့် ကိုက် ၃၀ ခန့်သာကွာဝေးသည့် ပင်လယ်မှ ဒီရေလှိုင်း မ၀င်လာနိုင်စေရန် တားမြစ်ပေးသည့် ဒီရေတား (သို့မဟုတ်) မုန်တိုင်းအန္တရာယ် ထပ်မံ ကျရောက်လာပါက အမြန်ဆုံးပြေးလွှား ခိုလှုံနိုင်မည့် မုန်တိုင်း ကာ အဆောက်အဦ (သို့) အသက်ကယ် တောင်ကုန်းတစ်ခုဟု ဦးမြကြည် အဖြေပေးလိမ့်မည်။
ထိုအရာများထဲမှ အရေးအကြီးဆုံး၊ အလိုအပ်ဆုံးကို ထပ်မံရွေးချယ်ရဦးမည်ဆိုလျှင် သူတို့ရွာသား အားလုံးနှင့် အလိုချင်ဆုံး ဆန္ဒတူညီသည့် ဒီရေတားကိုသာ မလွှဲမသွေ ရွေးချယ်မိပေလိမ့်မည်။
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကြုံဒတ်ကျေးရွာ အုပ်စုထဲတွင် ရှိသည့် သူတို့ရွာမှ လှမ်းကြည့်လျှင် ကပ္ပလီ ပင်လယ်ပြင်ကို အတိုင်းသားမြင်ရသည်။ တဘက်တွင်လည်း မြစ်တစင်း ရှိနေသေးသည်။
မြစ်နှင့်ပင်လယ်ကြားမှ ကုန်းမြေပြန့်ပေါ်တွင် အမြင့်ဆုံးအရာမှာ ကျေးရွာသောက်ရေကန် ဘောင်များသာ ဖြစ်သည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နှစ်ပတ်လည်ရန် ရက် အနည်းငယ်အလိုက မြန်မာနိုင်ငံ မြောက်ဘက်သို့ ဦးတည် နေပြီဆိုသော ဘစ်ဂျလိ မုန်တိုင်း ကြေညာချက်ကြောင့် အထုပ်အပိုးကိုယ်စီပြင်ဆင်ကာ ထိုရေကန် ဘောင် ခြေရင်းဆီသို့ အပြေးအလွှား ပုန်းခိုခဲ့ရသည်။ သူတို့က ရွာသို့မရောက်နိုင်သော မုန်တိုင်း ဆိုသည်ကို သိ နေသော်လည်း နာဂစ်မှရခဲ့သည့် အကြောက်တရားက ယခုထက်တိုင် ရှိနေဆဲဖြစ်သည်။
“မုန်တိုင်းကြေညာတာ တိကျသလို လူတွေကလည်း ၀ီရိယ လွန်နေကြတယ်။ မုန်တိုင်းဆိုတာနဲ့ ကိုယ့်ဘက် ဟုတ်ဟုတ်မဟုတ်ဟုတ် ကြောက်တယ်။ အရင်တုန်းက မကြောက်ခဲ့ပေမယ့် အခု ကြောက်နေရပြီ”ဟု ရွာသားတစ်ဦးကပြောသည်။
မြို့ ပြတွင် မီးလန့်သကဲ့သို့ သူတို့ ဧရာဝတီဒေသတွင် ရေလန့်၊ လေလန့်မှုတွေ ခံစား တတ်လာကြသည်။ မြို့ပြတွင် မီးသတ်ဌာနကို အားကိုး၍ ရကောင်း ရနိုင်သော်လည်း သူတို့ ရွာသားများတွင် အားကိုးစရာမရှိ။ ရေလန့်မှုကို ဖြေရှင်းရန် ပြေးတက်စရာ မြေပြင်မို့မို့ပင် မရှိသလို လေလန့်မှုကိုဖြေရှင်းရန်လည်း မုန်တိုင်းကာ အဆောက်အအုံ မရှိပေ။
မိုးစပါး တမျိုးတည်းသာ စိုက်ပျိုး၍ ရသောသူတို့ရွာနှင့် ရွာနီးချုပ်စပ်တွင် လွန်ခဲ့သည့် တနှစ်က တိုက်ခတ်သည့် နာဂစ်မုန်တိုင်းကြောင့် ရေတာတမံများ ပြိုပျက်ကာ လယ်ဧကများပျက် စီးခဲ့သည်။ ရေတာတမံများ မရှိတော့ သောကြောင့် ပင်လယ်မှ တိုက်ရိုက် ထိုးတက်လာမည့် လွန်းလှိုင်းများ နှင့် အတူပါလာမည့် ပင်လယ်သဲများ ဖုံးလွှမ်းကာ လယ်မြေဧကများ ဆုံးရှုံးနိုင်မှုကို အချိန်မီ ကာကွယ်ပေးနိုင်ရန် အရေးပေါ် လိုအပ်လျှက်ရှိနေသည်။
ရွာထဲတွင် အိမ်များ မည်မျှပင် ကောင်းနေစေကာမူ တာမရှိပါက အပို သက်သက်ပင် ဖြစ်မည်ဟု ဦးမြကြည် အပါအ၀င် သူတို့ရွာသားများ တညီတညွှတ်တည်း ပြောနေကြသည်။
ယခင်က သူတို့ရွာနှင့် ပင်လယ်ကြားတွင် ဒီရေတောကြီးတခု ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် နိုင်ငံ
တော်၏ လယ်ယာမြေတိုးချဲ့ခုတ်ထွင်ရေး စီမံချက်ကြောင့် ပင်လယ်နှင့်ရွာ တိုးလျှိုပေါက် ဖြစ်လာတော့သည်။ မည်သည့် အကာအရံမှမရှိ၊ မည်သည့်အတားအဆီးမှမရှိတော့ပေ။
ယခု အမိုးနည်းနည်းညိုလျှင် လေနည်းနည်းထန်လျှင် သူတို့ရွာသားများ၏ စိတ်တွင်ပင်လယ်မှ ထိုးဝင်လာမည့် ဒီရေလှိုင်းကို ကြောက်နေကြရသည်။
ရေကာတာ မရှိသည့်အတွက် မိုးရိပ်ညိုတိုင်း နောက်ကျောမလုံ ဖြစ်နေရသည်။ သူတို့ရွာနှင့် တခြား ရွာ ၃ ရွာကို ပင်လယ်ရေလှိုင်းဒဏ်မှ ကာကွယ်ပေးမည့် တာဘောင် အကွာအဝေးက ၂ မိုင်အရှည်မျှပင် မပြည့်တတ် သူတို့ရွာနှင့် ကုန်းမြေချင်း ဆက်စပ်နေသည့် ပင်လယ်နှင့်အနီးဆုံး ကျေးရွာတွင် ပုဂ္ဂလိက အလှူရှင်တဦး၏
လှူဒါန်းမှုကြောင့် မြေဖို့တာတမံ ဖာလုံအနည်းငယ် တည်ဆောက်လျှက်ရှိကြောင်းလည်း သူတို့သိရသည်။
“အဲဒီရွာက တာရှိလာတော့ ကျနော်တို့ ကျန်တဲ့ရွာတွေက ပိုဆိုးလာရတယ်။ ပင်လယ်ရေ ဒီဘက်ကို အလုံးလိုက် ၀င်ရောက် လာတော့မယ်” ဟု ဦးမြကြည်က ဆိုသည်။ “ဖြစ်နိုင်ရင် ဒီဘက် ကျန်တဲ့ ကမ်းတစ်လျှောက်ကို ဆက်ဆောက်ပေးရင် သိပ်ကောင်းမှာပဲ” ဟု တခြား ရွာခံတဦးက ဖြည့်စွက်ပြောသည်။
သူတို့ လိုချင်သည့် ရေတားတာကို အုတ်၊ အင်္ဂတေ ကောင်းကောင်းဖြင့် တည်ဆောက်ပေးသည်ထက် လယ်မြေမှ တူး၍ရသည့် မြေသားကို အောက်ခြေ ၂၅ပေ၊ အမြင့် ၄ ပေနှင့် ထိပ်ဝ ၈ ပေအကျယ် တာတခု တည်ဆောက် ပေးရန်သာ လိုချင်သည် ဟု ဦးမြကြည်တို့ ရွာသားများက ဆိုသည်။
“ဒီလောက်ဆိုရင် ကောင်ကောင်းခိုင်တဲ့ တာတစ်ခုဖြစ်ပါပြီ။ လှိုင်းရိုက်ရင် မပြိုနိုင်တော့ဘူး။ ပင်လယ်
သဲတွေက တာအောက်ခြေကို ဖို့ဖန်များလာရင် ကြာလာရင် သဘာဝတာကြီး ဖြစ်လာမှာပဲ။ တာတခုသာ ရမယ်ဆိုရင် ကျနော်တို့ ရွာသားတွေ ဆက်ပြီးထိန်းမှာပါ” ဟု ရွာသားတဦးက ပြောသည်
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် ၁ နှစ်ပြည့်ရန် ရက်အနည်းငယ်အလိုတွင် ဦးမြကြည်နှင့် သူတို့ ရွာသားများက အတိတ် နာဂစ်ကို ပြန်ပြောကြသည်။ သေဆုံးခဲ့သည့် မိသားစုဝင်များ၊ ဆွေမျိုး အပေါင်းအသင်း များကို သတိရနေကြသည်။ ပစ္စုပ္ပန်အခြေအနေကို သုံးသပ်ကြသည်။ အနာဂတ်တွင်ရောက်လာနိုင်သည့် သဘာဝဘေးဒဏ်အတွက် အိမ်မပီသသေးသော အဆောက်အဦ တခုထဲတွင် စုပေါင်းထိုင်ကာ တွေးတော ပူပန်နေကြသည်။
မကြာမီ မိုး စုပ်စုပ်ချုပ်တော့မည်။ အမှောင်ညနှင့်အတူ အိမ်နောက်က မြစ်ရေပြင်က တဖြည်းဖြည်း မြင့်တက်ကာ အိမ်အောက်မှ တံတားဘောင်လေးဆီသို့ ရိုက်ခတ်လာတော့မည်။
သူတို့ရွာသား များအတွက်ကား ရေတားတာ (သို့) မုန်တိုင်းကာအဆောက်အဦ (သို့) အသက်ကယ်တောင် ကုန်းတခု မရှိသရွေ့ မကြာမီရောက်လာတော့မည့် အမှောင်ညနှင့်အတူ သူတို့အနာဂတ်များ မှောင်မိုက် နေဦးမည် ဖြစ်သည်။ ။