Saturday, May 9, 2009

အမေများနေ့(အမေ့နေ့ရက်များ)

Photobucket

ဓါတ်ပုံ
Photobucket

နာဂစ်ဖူးစာ(နှစ်ပတ်လည်)

Photobucket

၀၉၀၃၂၀၀၉ ဒိုင်ယာရီ

ဥပဒေသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ အပေါ်တွင်ရှိမရှိ ယုံချင်တယ်နော်ရွှေရွှေရေ....
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ သားဖြစ်သူ မောင်းနှင်လာသော ကားနှင့် အခြား ကားတစီးတို့ မေလ(၆)ရက်နေ့ ညဦးပိုင်းတွင် တိုက်မှုဖြစ်ပွားခဲ့ပြီး ယင်းယာဉ်တိုက်မှုကြောင့် အသက်(၅ဝ)နှစ်ခန့် လမ်းသွားလမ်းလာတဦး သေဆုံးခဲ့ကြောင်း သိရသည်။
google download

mediafire download

ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။

မြန်မာအပေါ် R2P ကျင့်သုံးရန် ဗြိတိသျှအမတ်များ တောင်းဆို / စစ်ခေါင်းဆောင်များကို ခုံရုံးတင်ဖို့ အထောက်အထားတွေ ရှိနေပြီ

မြန်မာအပေါ် R2P ကျင့်သုံးရန် ဗြိတိသျှအမတ်များ တောင်းဆို
မုံပီး
စနေနေ့၊ မေလ 09 2009 13:53 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် စပ်လျဉ်းသည့် ကိစ္စကို ‘ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိမှု’ - R2P မူ ချမှတ်ကျင့်သုံးရန် ဗြိတိသျှပါလီမန်အမတ် ၆ဝ ကျော်က ကုလသမဂ္ဂကို တောင်းဆိုလိုက်သည်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်းများ ဖြစ်ကြသော Ian McCartney, Keith Vaz အပါအဝင် အမတ်များက မြန်မာ နိုင်ငံဆိုင်ရာ ပါတီပေါင်းစုံ ဒီမိုကရေစီရေးအဖွဲ့ ပူးတွဲဥက္ကဋ္ဌ Joh Becrow အဆိုတင်သွင်းသည့် Early Day Motion (EDM) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဤအဆိုတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး အခြေအနေ ယိုယွင်းမှုများအတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ နေထိုင်သော ဒေသများတွင် စစ်ဆင်ရေးများ ပြုလုပ်နေသည်ဆိုသော မြန်မာစစ်အစိုးရ၏ အံ့သြထိတ်လန့်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများအတွက် ကာကွယ်ရန် တာဝန်ရှိမှု - R2P ဆိုသည့် မူကို ချမှတ်ကျင့်သုံးပေးပါရန် ဤအမတ်များက ယင်းတို့၏ EDM တွင် ကုလကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်ပွားနေသည်ဆိုသည့် စွပ်စွဲချက်များကို ကော်မရှင်တရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးပေးပါရန် ဘုရင်မကြီး၏ အစိုးရအဖွဲ့နှင့် အခြားအစိုးရများကို အဆိုပါ EDM တွင် တိုက်တွန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းများနှင့် စပ်လျဉ်း၍ ကာကွယ်ရန် တာဝန်ရှိမှု R2P မူကို ချမှတ်ကျင့်သုံးပါရန်လည်း ကုလကို တိုက်တွန်းထားသည်။

မြန်မာစစ်အစိုးရသည် ပြည်သူများကို အကြောက်တရား လွှမ်းမိုးအောင် ပြုလုပ်သည့် မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် လှုပ်ရှားတက်ကြွသူများက စွပ်စွဲထားသည်။ သူတို့၏ အုပ်ချုပ်မှုကို တည်မြဲစေရန်အတွက် အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ဒေသများဖြစ်သည့် မြန်မာနိုင်ငံ အစွန်အဖျား ဒေသများတွင် အဆိုပါ မူဝါဒများကို ပိုမိုပြင်းထန်စွာ ပြုလုပ်ကျင့်သုံးနေသည်ဟု သူတို့က စွပ်စွဲပြောဆိုထားကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် (Christian Solidarity Worldwide) က ကြာသပတေးနေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

ကြေငြာချက်တွင် ပါရှိသည့် မြန်မာစစ်အစိုးရ ကျင့်သုံးနေသော မူဝါဒများတွင် မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်တရပ်အဖြစ် ကျယ်ပြန့်စွာ အသုံးပြုနေခြင်း၊ အဓမ္မလုပ်အားခိုင်းစေမှုများ၊ လူသားများကို မိုင်းရှင်းကိရိယာအဖြစ် အသုံးချနေခြင်းများနှင့် ကလေးစစ်သား အသုံးပြုမှုတို့ ပါဝင်သည်။

၁၉၉၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံ အရှေ့ခြမ်းတွင် စစ်အစိုးရက ကျေးရွာပေါင်း ၃၃ဝဝ ကျော်ကို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။ အရပ်သားများအပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူတသန်းခန့်မှာ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအဖြစ် ကျရောက်နေရကြောင်း ဤအဖွဲ့က ဆိုသည်။

အန္တရာယ်များလှသော အခြေအနေတွင် နေထိုင်နေကြရသည့် မြန်မာနိုင်ငံမှ တိုင်းရင်းသားများရှိရာ ထိုင်း-မြန်မာ နယ်စပ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တို့သို့ John Becrow သွားရောက် လည်ပတ်ကြည့်ရှုခဲ့ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၏ အလွန်ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်များကို သူ ကြားခဲ့ရသည်ဟု ဆိုသည်။

“အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ပြောမပြနိုင်လောက်အောင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတဲ့သူတွေ၊ သူတို့ ဆွေမျိုးသားချင်းတွေကို သတ်ဖြတ်တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေနဲ့ ကျနော် မျက်နှာချင်းဆိုင် ထိုင်တွေ့ခဲ့ရပါတယ်။ သူတို့က ကျနော့်မျက်လုံးထဲကို စိုက်ကြည့်ပြီး သူတို့ ငိုယိုသံတွေကို တကမ္ဘာလုံးက ကြားနိုင်အောင် လုပ်ပေးဖို့ တောင်းပန်ခဲ့ကြပါတယ်” ဟု Becrow က ကြေညာချက်တွင် ဖော်ပြထားသည်။

“သူတို့ ငိုယိုသံတွေကို အဖြေပေးဖို့နဲ့ စစ်အစိုးရရဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချိန်တန်ပါပြီ။ မြန်မာပြည်သူ ပြည်သားတွေဟာ သူတို့ ကြာရှည်စွာ ငြင်းပယ်ခံခဲ့ရတဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို အပူတပြင်း လိုအပ်နေကြပါပြီ” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

EDM သည် ဗြိတိသျှပါလီမန်၏ အောက်လွှတ်တော်တွင် အခြေအတင် ဆွေးနွေးရန်အတွက် ပုံမှန်တင်သွင်းသော အဆိုတရပ် ဖြစ်သည်။ ဤအဆိုမျိုးကို အနည်းအကျဉ်းမျှသာ အမှန်တကယ် အခြေအတင် ဆွေးနွေးလေ့ ရှိကြသော်လည်း အကြောင်းအရာတရပ်ရပ်၊ အမြင်တရပ်ရပ်အပေါ် ပါလီမန်၏ ထောက်ခံမှု အတိုင်းအတာကို မီးမောင်းထိုးဖော်ပြနိုင်သည်။

“ဤတောင်းဆိုချက်ကို အလေးအနက် စဉ်းစားပါရန် ဗြိတိသျှအစိုးရနှင့် အခြားအစိုးရများကို တောင်းဆိုပါသည်။ စစ်အစိုးရ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက်လည်း စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးပေးပါရန်” CSW ၏ စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ Alexa Papadouris က တောင်းဆိုပြောကြားလိုက်သည်။

R2P အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များ၏ ၂ဝဝ၅ ခုနှစ် ထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရတရပ်ရပ်က သူ့နိုင်ငံသားများအပေါ် ကျူးလွန်လျက်ရှိသော မျိုးဖြုတ်သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုံး စစ်ဆင်မှုများ စသည်တို့မှ ကာကွယ်ရန် မတတ်နိုင်လျှင်သော်‚င်း၊ ကာကွယ်ပေးလိုစိတ် မရှိလျှင်သော်‚င်း၊ ထိုသူများအတွက် အကာအကွယ်ပေးရန် တာဝန်ရှိသည်ဟူသော အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များနှင့် အစိုးရများက သဘောတူညီခဲ့ကြသည်။

ဤ R2P ကို ချမှတ်ကျင့်သုံးရာတွင် ရှေးဦးစွာ ငြိမ်းချမ်းသည့် နည်းလမ်းများဖြစ်သော စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် ဥပဒေရေးရာ အစီအမံများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိပြီး၊ ဤဆောင်ရွက်ချက်များ မအောင်မြင်ပါက နောက်ဆုံး နည်းလမ်းအနေနှင့် ကုလသမဂ္ဂပÉိဥာဉ်စာတမ်း အခန်း ၇ အရ နိုင်ငံတကာ အသိုင်းအဝိုင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှတဆင့် ပူးပေါင်းတပ်ဖွဲ့တခုကို အသုံးပြုဆောင်ရွက်နိုင်သည်။

စစ်ခေါင်းဆောင်များကို ခုံရုံးတင်ဖို့ အထောက်အထားတွေ ရှိနေပြီ
အင်တာဗျူး
ကိုဝိုင်း
စနေနေ့၊ မေလ 09 2009 12:31 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ - (BLC )က ပြင်သစ်နှင့် အမေရိကန် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်း၍ ရာဇဝတ်မှု ကျူးလွန်ထားသော နအဖ စစ်ခေါင်းဆောင်များကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC သို့ တင်ရန် စိုင်းပြင်းလျှက်ရှိသည်။

စစ်အစိုးရကလည်း လက်ဦးမှု ရယူသည့်အနေဖြင့် BLC ကို မတရား အသင်းများအဖြစ် ပြီးခဲ့သည့်လ ၃ဝ ရက်၌ ကြေညာခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက BLC နှင့် ဆက်နွယ်အဖွဲ့အစည်းများသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ပျက်ပြားစေသည်ဟု ကြေညာချက်တွင် ပြောဆိုထားသည်။

ရာဇဝတ်မှုကျူးလွန်သူ စစ်ဗိုလ်ချုပ်ကြီးအချို့ကို နိုင်ငံတကာ တရားခွင်ကို တင်မည်ဆိုသော BLC ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက BLC ဥက္ကဌ ဦးသိန်းဦးကို ဆက်သွယ် မေးမြန်းထားသည်။

ရာဇဝတ်မှု ကျူးလွန်ထားတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး The International Criminal Court (ICC) မှာ တင်ဖို့ ကြိုးစားနေတာ ဘယ်အဆင့်၊ အခြေအနေကို ရောက်နေပြီဆိုတာ ထုတ်ဖော်နိုင်သလောက် ပြောပြပေးပါလားခင်ဗျာ။

ICC က ၂ဝဝ၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နောက်ပိုင်းက ဖြစ်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ အရေးယူနိုင်တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဖြစ်လာတဲ့ ကိစ္စတွေဟာ အကြမ်းမျဉ်းအားဖြင့် ပြောရမယ်ဆိုရင် ၂ဝဝ၃ ခု မေလ ၃ဝ ရက်မှာ နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးဆောင်ပြီးတော့ နိုင်ငံတော် အကြမ်းဖက်မှု ကျူးလွန်ပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စနစ်တကျနဲ့ သတ်ဖြတ်ချေမှုန်းဖို့ လုပ်တဲ့ကိစ္စဖြစ်ပါတယ်။ နောက် ၂ဝဝ၇ ခု ရွှေဝါရောင်တော်လှန်ရေးမှာလည်း အပြစ်မဲ့တဲ့ ရဟန်းသံဃာတော်တွေကို ဖိနှိပ်ညှဉ်းပမ်းသတ်ဖြတ်တဲ့ ကိစ္စမျိုးတွေပေါ့။ နောက် ၂ဝဝ၈ ခု မေလမှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းမှာလည်းပဲ လူ ၁ သိန်းခွဲလောက် သေဆုံးခဲ့တယ်။ အဲဒီအပြင် ၂ သန်း ကျော်လောက်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်တယ်။ အဲဒီလို မုန်တိုင်းနဲ့ အတိဒုက္ခ ရောက်နေတဲ့ လူတွေကို နိုင်ငံတကာက ပေးမယ့် စားနပ်ရိက္ခာဆေးဝါးတွေကို မပေးနိုင်အောင် လုပ်တဲ့ကိစ္စတွေ၊ အဲဒါတွေကလည်း တကယ့်ကို ရာဇဝတ်မှု ဖြစ်ပါတယ်။

အဲဒီအပြင် နယ်စပ်ဒေသတွေမှာဆိုရင် သောင်းကျန်းသူ အဖွဲ့အစည်းဝင်တွေလို့ မတရားစွပ်စွဲပြီးတော့ တိုင်းရင်းသား လူမျိုးစုံကို တမင်တကာကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ အဲဒါတွေဟာ တကယ့်ကို ICC လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှာတင်ပြီး အရေးယူနိုင်တဲ့ အနေအထားတွေ ဖြစ်ပါတယ်။

ဒီအနေအထားတွေအပေါ်မှာ ကျနော်တို့က လုံလောက်တဲ့ သက်သေခံချက်တွေ ရှိပြီးဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ပြီးတော့ပဲ ဆောင်ရွက်ဖို့ ရှိပါတယ်။

အဲဒီအထောက်အထားတွေကို ICC ကို တိုက်ရိုက်တင်ပြီး တရားစွဲလို့ ရနိုင်တဲ့ အနေအထားရော ရှိနေလို့လားခင်ဗျာ။

မြန်မာနိုင်ငံဟာ ICC ကို လက်မှတ်မထိုးထားတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့်မို့လို့ သူ့ကို တိုက်ရိုက်အရေးယူလို့ မရတဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ refer လုပ်တယ်ပေါ့နော်။ ICC ကို လွှဲလိုက်တယ်ဆိုရင် အရေးယူနိုင်မှာ ဖြစ်ပါတယ်။ အရေးယူမှု အပိုင်း နှစ်ခုပေါ့။ တရားရုံးက တိုက်ရိုက်အရေးယူတာ ရှိသလို၊ ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့် တရားရုံးကိုလည်း ဖွဲ့စည်းထူတောင်နိုင်တဲ့ အလားအလာ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့က ဒီကိစ္စတွေကို ဖြစ်အောင်ဆောင်ရွက်နေတာပါ။

ဒီလို နိုင်ငံတကာ ခုံရုံးတင်ဖို့ ကြိုးစားနေတဲ့အခါမှာ BLC နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ ဘယ်နှဖွဲ့လောက်ရှိလဲ ခင်ဗျာ။

အဓိက အဖွဲ့က နှစ်ဖွဲ့ပါ။ FIDH ဆိုတဲ့ ပြင်သစ်အခြေစိုက် လူ့အခွင့်အရေး တိုးတက်ရေးအဖွဲ့နဲ့ GJC လို့ခေါ်တဲ့ Global Justice Center အဲဒါက အမေရိကန်အခြေစိုက် အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ ၂ ဖွဲ့နဲ့ Burma Lawyers’ Council နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။ အဲဒီအပြင် ကျနော်တို့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုများနဲ့ ပတ်သက်ပြီးတော့ လုပ်ကိုင်နေကြတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဥပမာ - Burma UK Campaign ၊ US campaign for Burma ၊ WLB လို အမျိုးသမီးအဖွဲ့တွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဒေသအလိုက် လှုပ်ရှားနေကြတဲ့ အဖွဲ့စည်းပေါင်းစုံပေါ့နော်၊ တူညီတဲ့ရည်ရွယ်ချက်နဲ့ ပိုပြီးထိရောက်တဲ့ လုပ်ငန်းစဉ်တွေ ချနိုင်ဖို့ ဆုံးဖြတ်ချက်ချပြီး ဆက်ပြီးလုပ်နေပါတယ်။

ပြည်ပနိုင်ငံမှာ အခြေစိုက်ထားတဲ့ BLC အပေါ် စစ်အစိုးရက မတရားအသင်း ကြေညာခဲ့တာကို လက်ခံပါသလား။ ဒီကြေညာချက်ကရော ဥပဒေနဲ့ ညီတယ်လို့ ယူဆပါသလားခင်ဗျာ။

ပထမဆုံးအချက်ကတော့ မြန်မာနိုင်ငံရှေ့နေများကောင်စီ - BLC က မြန်မာနိုင်ငံရဲ့ ပြင်ပမှာ အခြေစိုက်ပြီးတော့ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျနော်တို့ လုပ်နေတဲ့အလုပ်က မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးမှာ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ဆောင်ရွက်နေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လို ချိုးဖောက်တယ်ဆိုတာကို လေ့လာသုံးသပ်ပြီးတော့ အရေးယူဖော်ထုတ်တဲ့ကိစ္စတွေကို လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ကျနော်တို့ဟာ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံ ရှေ့နေများကောင်စီရဲ့ မူရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်အရဆိုရင် ပြည်တွင်းထဲမှာ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး ထွန်းကားရေးကို လုပ်နေတဲ့ အဖွဲ့ဖြစ်တယ်။

ကျနော်တို့ဟာ ဘယ်ဥပဒေကိုမှ ချိုးဖောက်ခြင်း မရှိဘူး။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို နအဖက နေပြီးတော့ တရားမဝင်လို့ ဆိုလာခြင်းက ဥပဒေအရ လုံးဝမှားယွင်းတဲ့ ကြေညာချက်ပဲဖြစ်တယ်။

ဒုတိယအချက် တင်ပြချင်တာက မြန်နိုင်ငံအတွင်းမှာရှိတဲ့ စစ်အာဏာရှင် အစိုးရဟာ သူတို့ ကိုယ်တိုင်က တရားမဝင် အစိုးရဖြစ်တယ်။ အဲဒီအပြင် တရားဝင် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးဆိုတဲ့ တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်းပဲ အာဏာလွဲပြောင်းပေးအပ်ထားခြင်း မရှိဘူး။ မရှိဘဲနဲ့ အာဏာကို မတရား အဓမ္မ သိမ်းပိုက်ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့ဟာ တရားမျှတမှုကို မလိုချင်ဘူး။ တရားမျှတမှု ကိစ္စတွေကို ဆောင်ရွက်တာ သူတို့ မကြိုက်ဘူး။ အဲဒါကြောင့် သူတို့ရဲ့ မတရားဘူးလို့ ကြေညာခြင်းခံရတဲ့ ကျနော်တို့ရဲ့ ရှေ့နေများ ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ကြည့်မယ်ဆိုရင် တရားမျှတတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပြီးတော့ စစ်အစိုးရရဲ့ မတရားမှုတွေကို ဖော်ထုတ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဥပဒေနဲ့ မညီပဲနဲ့ မတရားအသင်းဆိုပြီး တဖက်သတ် ကြေညာခြင်းဖြစ်တယ်။ ဒါကို ကျနော်တို့ လက်မခံနိုင်ဘူး။

ပုဒ်မ (၁၅) (၁၆) အရဆိုရင် ပြည်တွင်းမှာ ဆူပူမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်တဲ့ ကိစ္စတွေ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေ၊ အဲဒီအဖွဲ့အစည်းတွေကို အားပေးတဲ့ လူတွေအတွက်ကို ရည်ရွယ်ပြီး ထုတ်ပြန်ထားတာဖြစ်တယ်။

BLC နဲ့ ဆက်စပ်နေတဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း မတရားအသင်းအဖြစ် ကြေညာထားပါတယ်။ ဆိုတော့ သူတို့ရဲ့ ကြေညာချက်က သက်ရောက်မှု ဘယ်လောက် ရှိတယ်လို့ ယူဆပါသလဲ ခင်ဗျာ။

မူလ ကာယကံရှင် BLC ကိုယ်တိုင်ကပဲ မတရားအသင်း မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ သူနဲ့ ဆက်စပ်လုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေကလည်းပဲ မတရားအသင်း မဟုတ်ကြဘူး။ သည့်အပြင် မြန်မာနိုင်ငံ ရှေ့နေများကောင်စီနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက နိုင်ငံတကာနဲ့ ချီပြီး လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာမှာ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ နအဖရဲ့ ကြေညာချက်ဟာဆိုရင် အင်မတန်မှ ရီစရာကောင်းတယ်။ အင်မတန်မှပဲ ရှေ့နောက်မညီ ဖြစ်ပြီးတော့။ အကုန်လုံး သိမ်းကြုံးပြီးတော့ ကြောက်အားလန့်အားနဲ့ ကြေညာလိုက်တဲ့ ကြေညာချက်ဖြစ်တယ်။ BLC နဲ့ တခြားသူများနဲ့ ပူးပေါင်းပြီးတော့ ပြည်တွင်းပြည်ပမှာ ပိုပြီးတက်ကြွတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာမှာကို ကြောက်တဲ့ အတွက်ကြောင့်မို့လို့ အခုလို တခြား အဖွဲ့အစည်းတွေကိုပါ ထည့်ပြီးကြေညာတာ ဖြစ်တယ်။ အဲဒီလို ကြေညာခြင်းဟာ ဥပဒေရဲ့ သဘောသဘာဝကို နားမလည်တာ ဖြစ်တဲ့အပြင် တဖက်သတ် အာဃာတနဲ့ ကြေညာတဲ့ ကြေညာချက်ဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။

အခုလို မတရားအသင်းအဖြစ် ကြေညာလိုက်တဲ့အတွက် BLC ရဲ့ လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို တစုံတရာ အတားအဆီး ဖြစ်နိုင်မယ်လို့ ယူဆပါလား ခင်ဗျာ။

အတားအဆီးတော့ မဖြစ်ပါဘူး။ ဥပမာဗျာ - နအဖ ရဲ့ မတရားတဲ့ ကိစ္စတွေကို နှစ်စဉ် ဆုံးဖြတ်ချက်ချနေတာက ကုလသမဂ္ဂ အထွေထွေညီလာခံ ရှိတယ်။ လုံခြုံရေးကောင်စီလည်း ရှိတယ်။ အဲဒီတော့ ဒီလို အဖွဲ့အစည်းတွေကလည်းပဲ နအဖ ရဲ့ သွေးစွန်းတဲ့ လုပ်ရပ်တွေ၊ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေကို အမြဲတန်းဖော်ပြပြီးတော့ ရှုံ့ချနေတာ ဖြစ်တယ်။ တခြားသော Amnesty International လို့ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တွေရှိတယ်။ Human Rights Watch လို့ခေါ်တဲ့အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေအများကြီးပဲပေါ့။ မြန်မာနိုင်ငံရှေ့နေများကောင်စီကို အဲဒီလို (မတရားအသင်းအဖြစ်) ကြေညာမယ်ဆိုရင် UN အပါအဝင် တခြားသော အဖွဲ့အစည်းတွေ အားလုံးလည်းပဲ မတရားအသင်း ကြေညာရမယ့် အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စကို လုပ်ကိုင်ဆောင်ရွက်ပြီးတော့ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကြောက်အားလန့်အားနဲ့ ရှေ့နောက်မကြည့်ဘဲနဲ့ ကြေညာလိုက်တဲ့ လုပ်ရပ်တခုသာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။

BLC က ဖွဲ့စည်းထားတာ ၁၅ နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် နအဖ ပြည်ထဲရေးဝန်ကြီးက အခုမှ မတရားအသင်း ဖြစ်တယ်ဆိုပြီး ထုတ်ပြန်လိုက်တဲ့အပေါ် ဘယ်လို သုံးသပ်ပါသလဲ ခင်ဗျာ။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ သေချာတာ နှစ်ခုရှိပါတယ်။ တခုကတော့ နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင် ဥပမာ ပါကစ္စတန်လို နိုင်ငံမှာဆိုရင် တရားရေးဆိုင်ရာ မတရားမှုတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့နေတွေ မခံဘူး။ အုံကြွလာတယ်။ သမ္မတ ကိုယ်တိုင်က အခက်အခဲတွေ ဖြစ်လာပြီး နောက်ဆုံး သမ္မတ ပြုတ်ကျသွားတယ်။ အဲဒီလိုဟာမျိုးတွေက မြန်မာနိုင်ငံကိုလည်း ကူးစက်လာစရာ အကြောင်းရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရှေ့နေတွေကို အဲဒီလိုမျိုး မလုပ်ရဲအောင် ကြိုတင်ပြီးတော့ ခြိမ်းခြောက်လိုက်တဲ့သဘော ရှိတယ်။

ဒုတိယအချက်ကတော့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ၁၉၉၄ ခုနှစ်ကတည်းက ဖွဲ့စည်းထူထောင်ခဲ့တာ ဖြစ်တယ်။ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး တိုးတက်ဖို့ ကိစ္စတွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဖြစ်တယ်။ အခုချိန်မှာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးက ပျက်သုန်းနေပြီးတော့ ဖြစ်ပွားနေတဲ့ ပြစ်မှုကြီးတွေကို အစိုးရက ဦးဆောင်ပြီးတော့ ကျူးလွန်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီလို ကိစ္စမျိုးတွေကို အရေးယူနိုင်ဖို့အတွက်လည်းပဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး - ICC ကလည်းပဲ ၂ဝဝ၃ ခုနှစ်မှာ တည်ထောင်ပြီးသား ဖြစ်သွားတဲ့အတွက်ကြောင့် အဲဒီလို ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေကို စစ်ဆေးမယ့် တရားရုံးပေါ်လာတဲ့ အတွက်ကြောင့် အဲဒီတရားရုံးမှာ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ နအဖ ရဲ့ အဓိက စစ်ခေါင်းဆောင်တွေကို တရားစွဲဖို့ လုပ်တဲ့အခါမှာ နအဖ အနေနဲ့ အင်မတန်မှ ကြောက်ပါတယ်။ ဒါတွေက တကယ်ပဲ ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်ပြီးတော့ ဖြစ်လာနိုင်စရာ လမ်းစတွေလညှ်း ရှိတယ်။ အဲဒီလမ်းပေါ်မှာ ကျနော်တို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို လုပ်နိုင်တဲ့ အဖွဲ့ဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းကို တမင်တကာ ချေဖျက်ချင်တဲ့အနေနဲ့ တဖက်သတ် ကြေညာတာ ဖြစ်ပါတယ်။

ကျနော်တို့ လုပ်မှာကတော့ တရားမျှတမှုကို ရှာဖွေရေးအတွက် လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ အခု အရှိန်ရလာပြီးတော့ နိုင်ငံတကာနဲ့ ဆက်စပ်လုပ်ကိုင်လာနိုင်တဲ့ အနေအထား ရောက်တဲ့အခါမှာ နအဖ က စိုးရိမ်ပြီးတော့ တဖက်သတ် မတရားအသင်း ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။