Wednesday, May 13, 2009

ဒေါ်စုကိုဒီနေ့မနက်အင်းစိန်ထောင်ရှေ့ရုံးမှာတရားစွဲမည်

ဒေါ်စုကိုဒီနေ့မနက်အင်းစိန်ထောင်ရှေ့ရုံးမှာတရားစွဲမှာဖြစ်လို့အင်းစိန်ထောင်နားကအိမ်တအိမ်ကိုပြောင်းနေရပြီ။
ဒေါ်စုကိုယ်တိုင်လည်းမသိဘူးလို့ဦးကြည်ဝင်းကပြောသည်။နိုင်ငံခြားသားကိစ္စနှင့်ပတ်သက်၍စာအုပ်ကြီးအတိုင်း
နောက်ထပ်နှစ်ထပ်တိုးအုံးမည်ဖြစ်သည်။အိမ်အကျယ်ချူပ်လား၊ထောင်ထဲပို့မှာလားအတိအကျမသိရသေးပေ။
အရင်တခါထိုနိုင်ငံခြားသားဝင်စဉ်ကဒေါက်တာတင်မျိုးဝင်းတိုင်ကြားခဲ့သည်၊ယခုအဖမ်းခံရခြင်းမှာထိုကိစ္စနှင့်
ပတ်သက်၍ထပ်မံကန့်ကွက်သောကြောင့်သက်သေအစဖျောက်လုပ်သည့်မျောက်မသားသန်းရွှေ၏ထမိန်ခြုံကြား
ကလက်သီးပုန်းထောင်သည့်လုပ်ကြံမှု..ပေါင်၁၀၀လောက်ရှိတဲ့မိန်းမကိုအကြောက်ကြီးကြောက်ပြီးကလိန်စေ့ငြမ်းဆင်အကောက်ကြံကြခြင်းဖြစ်သည်။

Photobucket
အောင်သပြေရိပ်သာဆိုပဲ...သန်းရွှေအဲဒီရိပ်သာရောက်ဖို့မဝေးတော့ပါဖူး....

၁၃၀၅၂၀၀၉ ဒိုင်ယာရီ

google download

mediafire download

ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


မစ္စတာယက်တော အင်းလျားကန်အတွင်း ခုန်ဆင်းခြင်း

Wednesday, 13 May 2009 18:41 ဧရာဝတီ
ဝီလျံ ယက်တော အချုပ်ခန်း နံရံကို မှီပြီး ထိုင်နေသည်။ ရန်ကုန်မြို့ အင်းလျားကန် အတွင်း အဖမ်းခံရသည်မှာ ယနေ့ဆိုလျှင် ၇ ရက် ပြည့်ပြီ။ ၇ ရက်အတွင်း နှစ်နှစ် ခြိုက်ခြိုက် အိပ်စက်ရသည့် အချိန်က ၇ နာရီ မပြည့်သေး။ မြန်မာပြည် ထောက်လှမ်းရေးတို့၏ စစ်ကြောရေး လုပ်ပုံ လုပ်နည်းအကြောင်း ဖတ်ရှုခဲ့သမျှ အမှန်တွေပါပဲလား ဟုလည်း ဆင်ခြင်မိသည်။ ထိုအခိုက် အချုပ်ခန်း အတွင်းသို့ ကိုယ်ရောင် ကိုယ်ဝါ တောက်ပသူ တယောက် ဝုန်းခနဲ ရောက်လာသည်။

ယက်တော။ ။ ဟာ … လန့်လိုက်တာဗျာ၊ ခင်ဗျားက ဘယ်သူလဲ။

ရုက္ခစိုး။ ။ ငါလား၊ ငယ်နာမည် ကြက်တော၊ အဲလေ ယောင်လို့ ကျုပ်က ရုက္ခစိုးဗျာ။ သစ်ပင်စောင့်နတ် ဆိုပါတော့။

ယက်တော။ ။ တံခါးလည်း မဖွင့်ဘဲနဲ့ ခင်ဗျား ဘယ်အပေါက်ကနေ ဝင်လာတာလဲ။

ရုက္ခစိုး။ ။ ဒါကိုတော့ ပြောလို့ ဘယ်ဖြစ်မလဲ။

ယက်တော။ ။ လွယ်လွယ်လေးနဲ့ ဒီကို ရောက်လာတယ်ဆိုတော့ အပြင်မှာ အစောင့်တွေ မရှိဘူးလား။

ရုက္ခစိုး။ ။ ဘာလို့ မရှိရမှာလဲ၊ ရဲ အယောက် ၃ဝဝ လောက် အစောင့် ချထားတယ် အပြင်ဘက်မှာ။ မင်းတောင် အစောင့်တွေကြားက ရေကူးတတ်ရင် ငါက ပိုတောင် လုပ်တတ်သေးတယ်။

ယက်တော။ ။ ကျနော်က ရမ်ဘိုကို မျှော်နေတာ။ ခင္ဗ်ားက ျမန္မာရမ္ဘုိလား။ ခင်ဗျား … ခင်ဗျားက ကျနော့်ကို လာကယ်တာပေါ့။ (မျက်လုံးကို ပြူးကြောင်ကြောင်လုပ်ပြီး မေးလိုက်သည်။)

ရုက္ခစိုး။ ။ ထပ်သရီး၊ ငါက မင်းကို ကိုယ်ဖျောက်ပေးလို့ မရဘူး ကွ။ ကယ်လို့ ရလည်း မင်းကိုတော့ မကယ်နိုင်ပါဘူးကွာ။ မင်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ထပ်သွားမယ်ဆိုရင် ကွိုင်ပဲ။ အမှုတွေ ထပ်တိုးပြီး အိမ်အကျယ်ချုပ်ဘဝနဲ့ပဲ သူ့ခမျာ နိဂုံးချုပ်တော့မယ်။

ဦးရုက္ခစိုးက သူ့ကို မကယ်ထုတ်နိုင်ဟု ဆိုသဖြင့် ရေကူးချန်ပီယံ ယက်တော ခေါင်းငိုက်စိုက် ကျသွားသည်။

ရုက္ခစိုး။ ။ စိတ်ဓာတ်မကျပါနဲ့ကွာ။ မင်းက အခုဆို ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်နေပြီ။ သံရုံးကလည်း ထောင်ဝင်စာ လာတွေ့မှာပါ။ ရေကူးတဲ့ ရိုဟင်ဂျာတွေလည်း ကမ္ဘာကျော်သွားသလို၊ မင်းလည်း ကမ္ဘာကျော်သွားပြီ ဆိုတော့ လူတွေလည်း ရေကူးသင်တန်းတက်ဖို့ ပြင်နေကြတယ် ဆိုပဲ။

ယက်တော။ ။ ကျနော် အဲဒီလောက်အထိ မရည်ရွယ်ပါဘူးဗျာ။

ရုက္ခစိုး။ ။ မင်း မရည်ရွယ်တာ ခဏ ထားလိုက်ဦး၊ အခု မင်း ရေအကူးကောင်းလို့ အစိုးရကတောင် နိုင်ငံခြား ခရီးသည်တွေကို ဗီဇာ တင်းကျပ်လိုက်ပြီ ကွ။ ရေကူးတတ်ရင် ဗီဇာ မပေးဘူး တဲ့။ ဧရာဝတီက ဟန်လေးတောင် အဲဒီ အကြောင်း ကာတွန်း ဆွဲထားသေးတယ်။ ကဲ … မင်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဘာကြောင့် သွားရတာလဲ ပြောစမ်းပါဦး၊ အပြင်မှာတော့ မင်းရဲ့ စွန့်စားခန်း အကြောင်း အားလုံးက သိချင်နေတယ်။

ယက်တော။ ။ ကျနော် မသွားပါဘူး၊ ဒါပေမယ့် အဖြစ်မှန်ကို ပြောရမယ် ဆိုရင်တော့ အရှည်ကြီးပေါ့ဗျာ။

ရုက္ခစိုး။ ။ လိုရင်းပြောပါကွာ။ အချိန်မရှိဘူး။ မင်းကို စစ်ကြောရေး ဝင်ဖို့ လာခေါ်ကြဦးမယ် ထင်တယ်။

ယက်တော။ ။ ဒီလိုဗျ။ ကျနော့်ကို ဗိုလ်ချုပ်မောင်အေးက ငှားထားတာ။

ရုက္ခစိုး။ ။ ဘာလဲ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့လား။

ယက်တော။ ။ စကားဆုံးအောင် နားထောင်ပါဦး။ ကျနော်က စိတ်ရောဂါ အထူးကု ဆရာဝန်ပါ။ ဗိုလ်ချုပ်သန်းရွှေ စိတ်ရောဂါရနေတာကို ကုပေးဖို့ ဗိုလ်ချုပ်မောင်အေးက အကူအညီတောင်းလို့ ဒီကို လာရတာပါ။

ရုက္ခစိုး။ ။ သြော် … လက်စသတ်တော့ မောင်ရင်က ဆရာဝန် ဖြစ်နေတာကိုး။

လူတချို့ ထင်ကြသကဲ့သို့ မစ္စတာယက်တောက စီအိုင်အေ ရေကူး ချန်ပီယံ မဟုတ်ဘဲ စိတ်ရောဂါ အထူးကု ဟု ဆိုသဖြင့် ဦးရုက္ခစိုးက အထင်ကြီးသွားသည်။

ယက်တော။ ။ ဗိုလ်ချုပ်သန်းရွှေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တော်တော်လေး ဆိုးနေတယ်။ အထူးသဖြင့် ဒီနှစ်ထဲမှာ ပိုဆိုးလာတယ်လို့ သိရတယ်။

ရုက္ခစိုး။ ။ ဟုတ်လား၊ ဘယ်လောက်အထိ ဆိုးနေလို့လဲ။ မနှစ်တုန်းကတော့ အုန်းသီးထဲ ဘယ်သူ ရေထည့်သလဲ လို့ စာရေးဆရာ ဘောဂဗေဒကို ဖုန်းဆက်ပြီး လှမ်းမေးတယ် တဲ့။ ဆရာဘောက ဖြေရခက်လို့ ဆိုပြီး အမေရိကန်အထိ သွားပြီး စတေးရှောင်နေရတယ်။

ယက်တော။ ။ အုန်းသီးထဲ ဘယ်သူ ရေထည့်သလဲ သိချင်တာက တော်သေးတာပေါ့၊ အခုဟာက အဲဒီထက် ဆိုးတယ်။ မြန်မာပြည်မှာ ဆန်စပါး တောင်ပုံ ရာပုံ ဖြစ်နေပြီလို့ လျှောက်ပြောနေတာ မကြားလိုက်ဘူးလား။ ပြီးတော့ နေပြည်တော်မှာ မြို့သစ် ၅ မြို့ တိုးချဲ့တော့ နာမည်တွေကို ဒက္ခိဏသီရိ၊ ပုပ္ဗသီရိ စသဖြင့် သာမန် မဟုတ်တဲ့ နာမည်တွေ ပေးတယ်လို့ ပြောတယ်။

မစ္စတာယက်တော၏ ရှင်းပြချက်ကြောင့် ဦးရုက္ခစိုး စိတ်လေသွားသည်။

ရုက္ခစိုး။ ။ အင်း … ရောဂါက မသေးပါလား။ ရာသီဥတုကလည်း ပူတာကိုး … ။

ယက်တော။ ။ ဒေါ်ကြိုင်ကြိုင်လည်း စိတ်တိုနေတယ်၊ မြို့သစ် ၅ ခုရဲ့ နာမည်တွေမှာ သီရိ ဆိုတာကို ထည့်ထားတာ သူ မကြိုက်ဘူး။

ရုက္ခစိုး။ ။ ဘာမကြိုက်စရာ ရှိသလဲကွ၊ သီရိ ဆိုတာ ကျက်သရေ ရှိခြင်း၊ တင့်တယ်ခြင်းကို ပြောတာပဲ။

ယက်တော။ ။ အဲဒါတော့ ကျနော် မသိဘူး၊ ဒေါ်ကြိုင်ကြိုင်ကတော့ သူ့ကို နေ့တိုင်း စကားနာ ထိုးနေတယ် ပြောတာပဲ၊ ဒါ ရှင့်ရဲ့ ငယ်ရည်စား နာမည် မဟုတ်လား ဘာညာ ပေါ့ဗျာ။

ရုက္ခစိုး။ ။ ခေါ်ရခက်တဲ့ နာမည်တွေ ပေးထားတာ ဆိုတော့ အင်း … ဒီစိတ်ကူးကတော့ အတော့်ကို ပုံမှန်မဟုတ်တာဘဲ။ ခက်တယ် … ခက်တယ် … ဘုရင်ရူးနဲ့ လှေလူးနဲ့ ဆိုတော့ ခက်ကုန်ပြီပေါ့။ ဒီတော့ မင်းကရော သူ့ကို ဆေးကုပေးခဲ့ရဲ့လား။

ယက်တော။ ။ ဆေးပညာချည်းပဲ အားကိုးလို့ မရဘူး ဗျ။ စိတ်ပညာလည်း သုံးရတယ်။ သူ့ရောဂါက နေပြည်တော်တွေ ဘာတွေ တည်ဆောက်တာကို ခရေဇီဖြစ်တဲ့ ဘုရင်ရူး ဆိုတော့ ဒါဟာ မြန်မာပြည် နိုင်ငံရေးနဲ့လည်း ဆက်စပ် နေတာကြောင့် နိုင်ငံရေး ဂုရုကြီးတချို့ကိုလည်း ချည်းကပ်ရတယ်။ ကျနော် Turd Group လို့ ခေါ်တဲ့ အုပ်စုတွေနဲ့ တွေ့ခဲ့တယ်။ အဆင်ပြေတဲ့ ကုထုံးတခု ရလိုရငြား သူတို့ကို ချဉ်းကပ်ရတာပေါ့။

ယက်တောပြောသည့် Turd Group ဆိုသည့် စကားလုံးကို ဦးရုက္ခစိုး မသိပါ၊ Third Group နှင့် အတူတူပဲ ဖြစ်မည်ဟု တွေးလိုက်မိသည်။

ရုက္ခစိုး။ ။ မြန်မာ့နိုင်ငံရေးမှာတော့ Turd Group တွေ၊ Elite တွေရဲ့ ရွှေခေတ်ပဲဟေ့။

ယက်တော။ ။ သူတို့ပြောတဲ့အတိုင်းဆို သူတို့က ရိုးရိုး Elite မဟုတ်ဘဲ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသွားဖို့ စည်းရုံး လှုံ့ဆော်ပေးမယ့်သူတွေ ဖြစ်ကုန်ပြီ တဲ့။ အရင်က နအဖ ငှားခဲ့တဲ့ အမေရိကန်က DCI တို့ထက် ခြေတံလက်တံ ရှည်တယ် ဆိုပဲ။ ဝါရှင်တန်က လူတွေကိုတောင် ခါးပိုက်ထဲ ထည့်ထားနိုင်တယ် တဲ့။

ရုက္ခစိုး။ ။ အတိုက်အခံတွေ သုံးမရတော့လည်း ဒီ Turd Group တွေ ခေတ်ကောင်းတာပေါ့ကွာ။ အတိုက်အခံ ဆိုတာက အမြဲတမ်း အတိုက်အခိုက်ပဲ ခံနေတာကိုး။ ကဲ … Turd Group တွေထဲက ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ။

ယက်တော။ ။ Exclusive Elite စာစောင် ထုတ်တဲ့ ဒေါက်တာ ထိပ်ပြောင် နဲ့ တွေ့တယ်။ ထိပ်ပြောင်ဆီက ဘာ အကြံဉာဏ်မှ မရပါဘူးဗျာ။ သူက ကျုပ်ကို မြန်မာ့နိုင်ငံရေး တတိယအုပ်စုထဲ ဝင်ပြီး လုပ်ဖို့ပဲ စည်းရုံးတယ်။ တတိယအင်အားစု အားကောင်းရင် မြန်မာပြည်ဟာ ပြဿနာ အကုန်လုံး ပြေလည်ပြီး ထောင်တက်သွားမယ် တဲ့။

ကုထုံးရှာခါမှ နောက်ထပ် ဝေဒနာသည် တယောက်နှင့် ဆုံရပြီဟု ဦးရုက္ခစိုး စဉ်းစားမိပြီး ပြုံးလိုက်သည်။

ရုက္ခစိုး။ ။ ထိပ်ပြောင်ဆီက အိုင်ဒီယာ မရတော့ ဘယ်ကို သွားလဲ။

ယက်တော။ ။ အန်ဟူး နဲ့ တွေ့တယ်၊ သူက ဥရောပ အခြေစိုက် နိုင်ငံရေးသမား တဲ့၊ သူ အခု ရန်ကုန် ရောက်နေတယ်ဆိုပဲ။ သူကတော့ ရေကူးဖို့ အစီအစဉ် မရှိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်သန်းရွှေနဲ့တော့ ဂေါက်သီး ရိုက်ဖို့ ချိန်းထားတယ် လို့တော့ ပြောတယ်။ ဂေါက်ရိုက်ရင်းနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်မယ်လို့ ဆိုတယ်။

မစ္စတာယက်တော စကားကြောင့် ဦးရုက္ခစိုး မျက်လုံး ပြူးသွားသည်။

ယက်တော။ ။ ပြီးတော့ အန်ဟူးက ပြောတယ်၊ ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတယ် ဆိုတာ ကြောက်လို့ ဖမ်းထားတာကွ တဲ့။ ဗိုလ်သန်းရွှေက ကြောက်တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ အစွမ်းထက်တဲ့ ဆေးရှိရင် ရှိမယ်၊ ဆေးမရှိတောင် အနည်းဆုံး အကြံဉာဏ်လေးတော့ ပေးနိုင်မယ် လို့ ပြောတယ်။ ကျနော်လည်း ဆေးတွေ ကုထုံးတွေ ရဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်။ ဆရာဝန်တယောက်အတွက် လူနာက အရေးအကြီးဆုံး မဟုတ်လား။

ရုက္ခစိုး။ ။ သြော် … ကုထုံးရှာတာတော့ ဟုတ်ပါပြီ၊ မင်းက ဗိုလ်သန်းရွှေကို တွေ့ပြီးပြီလား၊ စမ်းသပ်ပြီးပြီလား။

ယက်တော။ ။ တွေ့ပါ့ဗျာ၊ တွေ့ပါ့။

ရုက္ခစိုး။ ။ ဟုတ်လား ဘယ်အိမ်မှာ တွေ့တာလဲ၊ ရန်ကုန်အိမ်လား၊ နေပြည်တော်အိမ်လား။

ယက်တော။ ။ အိမ်မဟုတ်ဘူးဗျ၊ နန်းတော်ကြီး၊ နန်းတော်ကြီး။ ကျုပ်တွေ့ဖူးတဲ့ လူနာတွေထဲမှာ ဒီလူနာက အနေအထိုင် အခမ်းနားဆုံး၊ အတောက်ပြောင်ဆုံးပဲ။

ရုက္ခစိုး။ ။ သူနဲ့တွေ့တော့ ဘာပြောလဲ၊ ရောဂါ အခြေအနေ ဘယ်လို ရှိလဲ။

ယက်တော။ ။ ကျနော်လည်း ချော့မော့ပြီး ပြောရတာပေါ့။ အခြေအနေကတော့ သိပ်မကောင်းဘူး။ သူ့ကို စစ်ဆေး စမ်းသပ်ဖို့ အချိန် အတော်ကြာအောင် ညှိရတယ်၊ ပြောရတယ်။ နောက်ဆုံးမှ သဘောတူညီချက်တခုနဲ့ စစ်ဆေးခွင့် ရသွားတယ်။

ရုက္ခစိုး။ ။ ဟုတ်လား၊ ဗိုလ်ချုပ်သန်းရွှေနဲ့ သဘောတူညီချက်တခု ရတဲ့အထိ ညှိနိုင်တယ် ဆိုတော့ မင်း ထပ်ပြီးတော့ ကမ္ဘာကျော်တော့မယ်၊ နိုဗဲလ်ဆုတွေတောင် ရချင် ရနိုင်တယ်၊ ပြောပါဦး ဘာ သဘော တူညီချက် ရသွားတာလဲ။

ယက်တော။ ။ သူ့ ကျန်းမာရေးကို စစ်ဆေးခွင့် ရချင်ရင် ချစ်မငြီးတဲ့ သူ့သမီးတော်ထဲက တယောက်ယောက်ကို လက်ဆက်ရမယ် လို့ ပြောတယ်။ ဒါကြောင့် ကျနော်လည်း စိတ်ညစ်ညစ်နဲ့ ရန်ကုန် ပြန်လာတယ်၊ အင်းလျားကန်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်လိုက်တယ်။ ကံဆိုးချင်တော့ ရဲက ဖမ်းပြီး အမှုဆင်လိုက်တော့ ယက်တောရဲ့ဘဝ အခုလို ဇာတ်သိမ်းရတော့တာပါပဲ။

ထိုသို့ ပြောဆိုပြီး မစ္စတာ ယက်တောသည် တဟီးဟီးဖြင့် ဟီးချ ငိုကြွေးလေသည်။ ။

အကြွေးတွေပဲ ထပ်ခါထပ်ခါ တင်ရတဲ့ ကျနော်တို့ လယ်သမားများ

ဗုဒ္ဓဟူးနေ့၊ မေလ 13 2009 18:26 - မြန်မာစံတော်ချိန်
ကျနော်က ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ လယ်သမားများ အားလုံးကိုယ်စား ပြောမှာပါ။ ကျနော် လယ်သမားတယောက်ပါ။ ကျနော်တို့နိုင်ငံက အလုပ်သမား။. လယ်သမား နိုင်ငံဖြစ်ပါတယ်။ အလုပ်သမား၊ လယ်သမား တိုးတက်မှု မရှိပါဘူး။ ဆုတ်ယုတ်မှုသာ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ တိုင်းပြည်ကလည်း ဆုတ်ယုတ်လာပါတယ်။
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့လို့ သူတို့ (အာဏာပိုင်) က ပြောတယ်။ ဒါပေမဲ့ စက်မှုဌာနလည်း စက်ရုံတွေ မရှိတော့ပါဘူး။ ထွန်စက်တွေလည်း မရှိပါဘူး။ နွားတွေလည်း မရှိပါဘူး။ လက်နဲ့လုပ်ရတဲ့ လယ်ယာမြေသို့ ပြောင်းလဲလာပြီလို့ ကျနော်တို့ လယ်သမားတွေကတော့ အဲဒီအတိုင်းပဲ ခံစားနေရတာပါ။
တိုးတက်မှု ရှိသည်၊ မရှိသည်ကို စဉ်းစားကြဖို့ လိုပါတယ်။ ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှာရှိတဲ့ လယ်သမား အားလုံးက စိုက်ထားတဲ့ လယ်တွေက မြေဆီကလည်း မရှိပါဘူး၊ ကြိုတင်ငွေဆိုတာလည်း သူတို့က လုံလောက်အောင် ထုတ်မပေးနိုင်ပါဘူး။ ထုတ်ပေးတော့လည်း တဧကမှာ ၁ သောင်းပဲ ပေးပါတယ်။ ဘာမှ လုပ်မရပါဘူး။ အဲဒီတော့ လယ်သမားတွေက ဖြစ်သလို ကျဲပြီးတော့ စိုက်တယ်။ လယ်သမားကြီးတွေကလည်း လယ်လက်လုပ်လက်စား အလုပ်သမားတွေကို ကြိုတင်ငွေတွေလည်း မထုတ်ပေးနိုင်ပါဘူး။ အဲဒီလိုဖြစ်သလို ကျဲစိုက်တဲ့အခါမှာ အထွက်တွေလည်း နည်းလာတယ်။ လယ်သမားတွေ ဝင်ငွေ နည်းလာမယ်။ အကြွေးက ထပ်တင်ရပြန်ပါတယ်။
ဆိုတော့ ကျနော်တို့ မြို့နယ်မှာ ကြွေးပြဿနာဆိုတာလည်း ကြားမှာပေါ့နော်။ တော်တော်များများကို ဖြစ်နေကြပါပြီ။ ကိုယ့်ကိုကိုယ် သတ်သေတာတို့၊ လယ်တွေယာတွေ သိမ်းသွားတာတို့၊ အိမ်တွေ၊ ခြံတွေ၊ နွားတွေ သိမ်းတာတို့ ဆိုတဲ့ဟာတွေက အများကြီး ဖြစ်နေကြပါပြီ။ နောက်နှစ်၊ နောက်နှစ်တွေဆိုရင် သည့်ထက်၊ သည့်ထက်သာ ဆိုးသွားမယ်၊ ဆုတ်ယုတ်သွားမယ်ဆိုရင် တာဝန်ရှိတဲ့ နိုင်ငံတော် အကြီးအကဲတွေကလည်း လှည့်မကြည့်လို့ ဒီပေါ်မှာ ဘာမှ လုပ်မပေးတော့ဘူး ဆိုရင်တော့ ကျနော်တို့ လယ်သမားတွေအတွက်က စဉ်းစားလို့ မရတဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အဲဒါလေး ပြောပြချင်တာပါ။

ခရမ်းမြို့သား

စည်းဝေးပျက်လျှင် လစာငွေ ဖြတ်သဖြင့် ဝန်ထမ်းများ အလုပ်ထွက်ကြရ
ဗုဒ္ဓဟူးနေ့၊ မေလ 13 2009 18:25 - မြန်မာစံတော်ချိန်
ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးက (မယက ဥက္ကဋ္ဌ) ဦးလှသောင်းပါ။ သူရောက်လာတဲ့ ၂ နှစ်တာ ကာလအတွင်းမှာ စာရေးဝန်ထမ်း ၂၂ ယောက်ဟာ အလုပ်ကနေ နုတ်ထွက်ခဲ့ရတယ်။ ရပ်/ကျေး စာရေးဝန်ထမ်းက အားလုံးပေါင်း ၆၀ လောက် ရှိတာပါ်။

နုတ်ထွက်ရတဲ့ အကြောင်းရင်းက ဝန်ထမ်းတွေကို တလကို အစည်းအဝေးက ၅ ကြိမ် ခေါ်ပါတယ်။ ရုံးကျူတီက ၄ ကြိမ် ခေါ်ပါတယ်။ တကြိမ်ပျက်ကွက်ရင် တပတ်စာ လစာ ဖြတ်တောက်တာပါ။ အဲဒါကို ဦးလှသောင်းက ယူပါတယ်။ အခြေခံ ဝန်ထမ်းလစာက ၃ သောင်းလောက်ပဲ ရကြပါတယ်။

နောက်တခါ ဝန်ထမ်းသက်သာအဖြစ် ၆ လစာ ၆ သောင်းကို အစိုးရက ပေးတယ်ပေါ့နော်။ အဲဒါကို ၃ သောင်းခွဲ ဖြတ်ပြီးတော့ ၂ သောင်းခွဲပဲ ဝန်ထမ်းကို ပေးပါတယ်။ တနှစ်ခွဲအတွင်းမှာ ၃ ခါ ဖြတ်တောက်ပြီးပါပြီ။ အဲဒီလို ပေးရပေမယ့် ၆ သောင်း ရရှိတယ်လို့ ကျနော်တို့ စာရေးတွေက လက်မှတ် ထိုးပေးရတယ် ခင်ဗျ။

အဲဒါတင် မကသေးဘူး၊ လကုန်လို့ လခထုတ်တဲ့အခါမှာ မိခင်နဲ့ကလေး အမျိုးသမီးရေးရာ အသင်းဝင်ကြေးဆိုပြီး ၂ ထောင် ဖြတ်ပါသေးတယ်။ သန့်ရှင်းရေးက ၃၀၀ ကျပ်။ စိုက်ပျိုးစရိတ်က ၁၀၀၀ ကျပ်။ မဂ္ဂဇင်းနဲ့ ဂျာနယ်ကြေးဆိုပြီး ၁၈၀၀ ကျပ်၊ အားလုံး ၅၁၀၀ ကျပ်ကို လတိုင်းဖြတ်ပါတယ်။

ရုံးလုပ်ငန်းအပြင် ပြင်ပလုပ်ငန်းဖြစ်တဲ့ သန့်ရှင်းရေးတို့ စိုက်ပျိုးရေးတို့ကို မြို့သစ်မှာရှိတဲ့ ခြံမြေတွေကို ခြံစည်းရိုးကာပြီး သူပိုင်အဖြစ် သိမ်းယူထားတဲ့ ခြံမှာ ပိတ်ရက်တွေမှာ အတင်းအဓမ္မ စေခိုင်းတယ်။ ထွက်ရှိတဲ့ သီးနှံနဲ့ အကျိုးအမြတ်ကို ဥက္ကဋ္ဌက ယူပါတယ်။

အဲဒီလို လက်အောက် ငယ်သားတွေ အပေါ်မှာ အနိုင့်ထက်အဓမ္မ ဖိနှိပ်တယ်။ ဗြူရိုကရက်ကို အုပ်ချုပ်ရေးမှူး တာဝန်နဲ့ သင့်တော်၏ မသင့်တော်၏ ဆုံးဖြတ်နိုင်ပေးပါရန် သက်ဆိုင်ရာသို့ တင်ပြလိုက်ရပါတယ်။

အလုပ်မှ ထွက်ရသော ဝန်ထမ်းတဦး

ဒေးဒရဲ မှာ ဒီလိုဖြစ်နေပါတယ်
ကိုဝိုင်း
အင်္ဂါနေ့၊ မေလ 12 2009 17:32 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ် ဆိုင်ကလုံး မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ တနှစ်ကျော်သွားပြီဖြစ်သည်။ လူ ၁ သိန်း ၄ သောင်းနီးပါး သေဆုံးပျောက်ဆုံးခဲ့ရသည့် အဖြစ်ဆိုးနောက်ကွယ် သေကံမရောက် သက်မပျောက်ဘဲ ကျန်ရစ်သူတို့၏ ဘဝကကော ဘယ်လိုများ တိုးတက်မှုတွေ ရှိနေပြီလဲ။

မကြာသေးမီကမှ ဒေးဒရဲနှင့် ကွမ်းခြံကုန်းမြို့နယ်အတွင်းမှ ကျေးရွာများသို့ ဖြတ်သန်း ရောက်ရှိသွားခဲ့သည့် ပုဂ္ဂလိက အလှူရှင်တဦး၏ တွေ့မြင်ခဲ့သည်များကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။

ဒေးဒရဲမြို့နယ်ထဲက ဘယ်ကျေးရွာတွေကို ရောက်ခဲ့ပါလည်း။ ရွာသားတွေဆီက ကြားခဲ့ရတာတွေ၊ ကိုယ်တိုင်မြင်ခဲ့ရတာတွေ ပြောပြပါလားဗျာ။

အန်ဂျီအိုတွေက လုပ်သာလုပ်နေကြတယ် ဒါပေမယ့် သူတို့မရောက်နိုင်တဲ့နေရာတွေ တော်တော်များများ ကျန်သေးတယ်ပေါ့။ ကျနော်က စက်လှေနဲ့သွားတာ။ ဒေးဒရဲမြို့နယ်ထဲက တမာတကောရွာအုပ်စု အပိုင်ထဲမှာ ရွာလေးတွေက တမာတကော၊ ဆူးကလတ်၊ တူးမြောင်း၊ ဗြူးချောင်း၊ ကဝက်၊ ပိုင်ခြုံ၊ ဆားကျင်း၊ တိုးကွင်းရွာ စတဲ့ ဒေးဒရဲအပိုင် ရွာ ၁၅ ရွာလောက်ကို ဖြတ်ခဲ့တာပေါ့။ ဒေးဒရဲက လူအရောက်နည်းလို့ အဲဒီဘက်ကို ဝင်တာ။ အဲဒီဖက်ကရွာတွေ အများစု ရောက်ခဲ့တာပေါ့။ ကွမ်းခြံကုန်းဘက်လည်း ရောက်ပါတယ်။ အဲဒီနေရာတွေ သွားတဲ့အခါမှာ အဲဒီရွာတွေမှာ cyclone shelter (မုန်တိုင်း ဘေးလွတ်ရန် ခိုလှုံရန်နေရာ) cyclone shelter တွေ တခုမှ မရှိဘူး။ shelter တွေ ဆောက်ထားတယ်လို့ ပြောတယ်လေ။

ဟိုတခေါက်ကဆိုရင် မုန်တိုင်းတိုက်မယ်ဆိုလို့ လူတွေအားလုံးက မြို့ပေါ် ထွက်ပြေးကြတာတွေ ဖြစ်တယ်။ အဲဒီမှာ တချို့လူတွေက ဖြစ်ပြန်ပြီဆိုပြီးတော့ ကြောက်လန့်ပြီးတော့မှ တုန်ပြီးတော့ ကောင်းကင်မော့ကြည့်နေတဲ့လူတွေအများကြီး ရှိတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ ဘယ်လိုလုပ် ပြေးမှာလည်းဗျာတဲ့။ အခု ကွင်းထဲမှာ နေတဲ့လူက ကွင်းထဲကနေ ရွာကိုပြေးနိုင်ဖို့လောက်ပဲ ကြည့်ထားတယ်တဲ့။ မြို့ပေါ်ကိုတော့ ဘယ်လိုလုပ် ပြေးမလည်းဗျာတဲ့။ အဝေးကြီး။ ဘာနဲ့ သွားပြေးမှာလည်းတဲ့။ လမ်းမှာတင် သေမှာပဲတဲ့။

ကွင်းထဲမှာနေကြတဲ့ လူတွေက မုန်တိုင်းထပ်ဖြစ်မဖြစ် ကြိုတင် သိနိုင်မယ့် အခြေအနေရော တွေ့ခဲ့ရလား

ရွာသားတွေက မုန်တိုင်း နောက်တခါ ထပ်ဖြစ်ဦးမလား ဆိုပြီးတော့ ကြောက်တဲ့အတွက် ကွင်းထဲမှာ မနေရဲကြဘူးလို့ ကြားထားတယ်။ ဒါပေမယ့် ကွင်းထဲမှာ အိမ်လေးတွေတွေ့တော့ ဘာလို့အဲဒီလို နေရဲတဲ့လူတွေ ရှိသလည်းလို့ သွားမေးတော့ ရွာထဲမှာလည်း နေစရာမရှိလို့တဲ့။ သူတို့လည်း အားကိုးစရာ မရှိဘူးပေါ့နော်။

သူတို့ သတင်းတော့ နားထောင်တယ်တဲ့။ သတင်းနားထောင်ပြီး မုန်တိုင်းရှိတယ်ဆို ပြေးမယ်ပေါ့။ သတင်းက ဘယ်လို နားထောင်တာလည်းလို့ ဆိုတော့ ရေဒီယိုနားထောင်တာတဲ့။ ရေဒီယိုက သူတို့ (အာဏာပိုင်) က ကြေညာလို့လား ဆိုတော့။ မဟုတ်ဘူးတဲ့ အာအက်အေ၊ ဘီဘီစီ၊ ဗီအိုအေ တို့ကို နားထောင်တာတဲ့။ တဲလေးမှာ မြန်မာငွေ ၂ဝဝဝ တန် တရုတ်ကလာတဲ့ ရေဒီယိုလေးနဲ့ပေါ့နော်။

အဲဒီကွင်းတွေထဲက မိသားစု တချို့နဲ့ စကားပြောဖြစ်သေးလား။ ဘာတွေ သိခဲ့ရလည်းဗျာ။

ကျနော်ရောက်ခဲ့သေးတဲ့ အိတွေထဲက အိမ်လေးတအိမ်က အရင်က (မုန်တိုင်းမဖြစ်ခင်က) လူဦးရေ (၂၂) ယောက် ရှိခဲ့တယ်ပေါ့။ ခု (၇) ယောက်ပဲ ကျန်တယ်ပေါ့နော်။ အိမ်ထောင်စု (၃) စု ပေါင်းနေတာပေါ့နော်။ ကျန်တာက မုန်တိုင်းထဲ ပါသွားတာပေါ့။ သူတို့ကို မေးကြည့်တယ် တနှစ်လည်းပြည့်နေပြီ ဘာတိုးတက်လည်းဆိုတော့ မိန်းမကြီးကတော့ ခံနိုင်ရည်ရှိရှိနဲ့ ကျနော်မေးတာတွေ အေးအေးဆေးဆေးဖြေတယ်။ ယောက်ကျားကြီးကတော့ ငိုချလိုက်တယ်ဗျာ။ သူက အိမ်ထောင်ဦးစီး တယောက်ဖြစ်ပြီး သူလုပ်နိုင်စွမ်းအားနည်းတော့ မိသားစုပေါ် တာဝန်မကျေဘူးဆိုပြီးတော့ သူက ငိုတယ်။

ဘာလို့လည်းဆိုတော့ ရေငန်ဝင်သွားတော့ ပြီးခဲ့တဲ့နှစ်ကပေါ့နော် မိုးစပါးအထွက် မရဘူးပေါ့။ နွေစပါးကျတော့ ရပြီးတော့ မုန်တိုင်းတလုံးလာလိုက်တယ်လေ။ အဲဒီမှာ အားလုံးပျက်သွားရော။ ပျက်သွားတော့ စားရမဲ့ သောက်ရမဲ့ဖြစ်နေတယ်။

လယ်တခုပဲ သူတို့အားကိုးနေရတာလေ။ ငါးမဖမ်းဘူးလားဆိုတော့ ကျနော်တို့က ငါးဖမ်းတဲ့လူတွေမဟုတ်ဘူးတဲ့ လယ်လုပ်တဲ့ လူတွေတဲ့။ ဒါဆို အခု ဘာလုပ်နေကြလည်းဆိုတော့ ဓနိခုတ်ပြီး ရောင်းတယ်။ ဓနိကလည်း သူ့အပိုင် ကိုယ့်အပိုင်ဆိုတော့ သူတို့ အပိုင်မှာ ဓနိက များများစားစား မရှိဘူး။ အဲဒီတော့ ဘာနဲ့ ရပ်တည်ကြသလည်းဆိုတော့ မိန်းမကြီးက မျက်ရည်ကျတယ်။ သူတို့ စားတဲ့ဟာတွေကလည်း အကြွေးတင်တာပေါ့နော်။

အခက်အခဲဖြစ်နေတော့ အစိုးရ သက်ဆိုင်ရာတွေကို မပြောဘူးလားဆိုတော့။ အစိုးရကပေးတာက အခင်းရယ် စောင်လေးရယ် ရတယ်တဲ့။ ပေးတဲ့ဆန်တွေက တရက်စာပဲ ဖူလုံပါတယ်တဲ့။ ကျမတို့က အဲဒီ တရက်ပြီးရင် ဆက်အသက်ရှင်နေရဦးမှာပဲတဲ့။ သူတို့ပေးတာနဲ့ပဲဆို ကျမတို့ သေတာကြာပြီပေါ့တဲ့။ ရှိတာလေးနဲ့ ကိုယ့်ဟာကိုယ် လုပ်ကိုင်စားသောက်ကြရတယ်တဲ့။

ကိုယ့်ဖာသာကိုယ် လုပ်ကိုင်စားသောက်ဖို့ကျတော့ရော အဲဒီဘက်က လူတွေအတွက် ဘယ်လိုအခက်အခဲတွေ ရှိနေတာ တွေ့ခဲ့ရလဲ။

ဟိုးအရင်တုန်းက နိုင်ငံတကာအဖွဲ့အစည်းတွေက ရောက်ရောက်လာကြတယ်တဲ့။ တွေ့ရင်တွေ့သလို ပေးသွားတယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့က အမြဲတန်းမမျှော်ကိုးပါဘူးတဲ့ ကိုယ့်ဘာသာကိုယ် အလုပ်လုပ်ချင်တယ်။ အလုပ်လုပ်ဖို့ကို အရင်းအနှီး လိုတယ်တဲ့။ အဓိကကတော့ စပါးစိုက်ချင်တယ်။ စပါးစိုက်တော့ အာဏာပိုင်တွေ ပေးလိုက်တဲ့ မျိုးစပါးတွေက မအောင်ဘူးတဲ့။ တခါစိုက်တယ် မအောင်ဘူးတဲ့။ မအောင်တော့ ထပ်စိုက်တော့ နှစ်ခါ ရှုံးတယ်ပေါ့။ နောက်တခါ ထပ်စိုက်ဖို့ဆိုတာ အရင်းအနှီး လိုလာတယ်။ နောက်ပြီး မုန်တိုင်းကြောင့် သေကုန်ကျတော့ လူမရှိကြဘူး။ သူရင်းငှားခတွေကလည်း အရင်ကဆိုရင် မိုးတခါစာ လယ်တခါ လုပ်တဲ့ တမိုးစာပေါ့ တသိန်း နှစ်သောင်းလောက်ပေးရတာ။ အခု တသိန်း ရှစ်သောင်းလောက်ပေးရတယ်တဲ့။ တသိန်း ရှစ်သောင်းကိုလည်း တခါတည်း အပြီင်္းတောင်းကြတယ်တဲ့။ အဲဒီတော့ လယ်အကူကို ပိုက်ဆံပေးဖို့ မရှိရင် ကိုယ်တိုင် လုပ်ကြရတာပေါ့။ ပြီးတော့ ရှိတဲ့ မိသားစု ဦးရေကလည်း နည်းသွားတော့ အခက်အခဲတွေ ရှိနေတယ်။

ငွေကြေးအခက်အခဲရှိတော့ ဒါကို သူတို့ ဘယ်လို ဖြေရှင်းကြသလည်းဗျာ။

နောက်ဆုံးမှာ ပိုက်ဆံကိုတဲ့ အတိုးနဲ့ပဲ ချေးရချေးရ တရာကို (၃) ကျပ်တိုးနဲ့လောက်ဆိုရင် ပေးနိုင်ပါတယ်တဲ့။ ပထမတော့ ရွာတွေကို အဲဒီလို ချေးမယ်ဆိုတဲ့ အသံကြားရတယ်ပေါ့။ ကြားပြီးတော့ သူတို့ ဆီကို ရောက်မလာပါဘူးတဲ့။

အခုဆိုရင် မိုးက ကျစပြုတယ်။ ဒါပေမယ့် သူတို့ မထွန်နိုင်သေးဘူး။ ဘာမှမလုပ်နိုင်သေးဘူး။ နောက်ပြီးတော့ ကျွှဲတွေနွားတွေ ပေးတယ်ဆိုပြီးတော့ သူတို့ကျတော့ မရဘူးပေါ့နော်။ အရင်တုန်းကတော့ ထွန်စက်တွေ ငှားတယ်ပြောတယ်တဲ့ အခုကျတော့ ငှားလို့ မရပြန်ဘူးတဲ့။ အဲဒါ ဘယ်လိုလုပ်ရမှန်းတောင် မသိသေးဘူးပေါ့နော်။

ဒါမျိုးနဲ့ပတ်သက်ပြီး လူ ဘယ်လောက်ရှိနိုင်မလည်းဆိုတော့ တမာတကောရွာ ဘက်မှာဆို အခက်အခဲဖြစ်နေတဲ့ လယ်သမား အိမ်ထောင်စု (၁ဝဝ) လောက်က ဒီအတိုင်း ငုတ်တုတ်ဖြစ်နေကြတယ်ပေါ့နော်။ ဘာလုပ်ရမှန်းလည်းမသိဘူး။ မျှော်လို့ကလည်း ဟိုက ရမှာလိုလို ဒီက ရမှာလိုလိုနဲ့ ဖြစ်နေတယ်ပေါ့နော်။

ငါးဖမ်းဖို့နဲ့ သွားရေးလာရေးသုံးဖို့ဆိုပြီး လှေတွေ ခွဲဝေပေးတာတွေနဲပပတ်သက်ပြီး ဘာတွေများ ကြားခဲ့သေးသလဲ။

လှေတွေဝေခြမ်းတယ်ဆိုတာကလည်း ရေလုပ်သားမဟုတ်တဲ့လူတွေ ရတာရှိတယ်ဗျာ။ ဥပမာ ရယက တွေဆိုရင် မိန်းမ နာမည်နဲ့တခါ၊ သားနာမည်နဲ့ တခါ၊ ယောက်ကျားနာမည်နဲ့တခါ တအိမ်ထဲကို (၃) စီးရတယ်။ အဲဒါ မကျေနပ်လို့ မြို့နယ် တက်တိုင်တော့ မြို့နယ်က ရှင်းပေးလိုက်ပါလို့ ရယက တွေကို ပြောတယ်။ ရှင်းဆိုတော့ ဒီ ရယက တွေကိုပဲ ပြန်သွား ရှင်းရတယ်တဲ့။ အဲဒီလူနဲ့ရှင်းတော့ အဲဒီလူက ဆဲလွှတ်လိုက်တယ်တဲ့။ ဘာမှလုပ်လို့မရဘူး။ နောက် အုပ်ချုပ်ရေး အဆင့်ဆင့် မှာလည်း မဆိုင်တဲ့ လူတွေက လာအုပ်ချုပ်တယ်။ ကိုယ့်ရွာကလည်း မဟုတ်ဘူးတဲ့။ အဲဒါမျိုးလည်း တွေ့တယ်။

ငှားဖမ်းလှေတို့ ပိုက်တို့ပေးတယ်ဆိုတာလည်း တကယ့်အမှန်ကန်လူထက် ဈေးကွက်ထဲရောက်သွားတာများတယ်။ ရောင်းစားလိုက်ကြကုန်တာလည်းရှိတယ်။ အခု တကယ်ငါးဖမ်းတဲ့လူဆိုတာက သူတို့ (အာဏာပိုင်) တွေက ပြရုပ်အနေနဲ့ ဗီဒီယိုထဲမှာ ရိုက်တယ်။ မီဒီယာတွေက ဖော်ပြရုံ။ မရဘူး မဟုတ်ပါဘူး ရတော့ရပါတယ်တဲ့။ ဒါပေမယ့် ရတယ်ဆိုတာက သူတို့နဲ့ အလျဉ်းသင့်တဲ့လူတွေ ရတယ်တဲ့။ ပြီးတော့ ရတဲ့လှေကလည်း ငါးဖမ်းဖို့ကောင်းတဲ့ အရွယ်အစားတွေ မဟုတ်ဘူးတဲ့။

ခရီးစဉ် တလျောက်မှာ သောက်ရေသန့်ကိစ္စနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်တာများ သတိထားမိတာရှိလား။

တမာတကောမရောက်ခင် (၃) ရွာလောက်မှာပေါ့နော်။ အဲဒီရွာက ဘုန်းကြီးကျောင်းလေးက ရေကန်လေးရှိတယ်ဗျ။ အဲဒီရေကန်က နာဂစ်တုန်းက ရေငန်ဝင်သွားတယ်ပေါ့နော်။ ဒါလေးကို ရေပြန်ထုတ်ထားတယ်ပေါ့။ ထုတ်တာကလည်း ဟုတ်တိပတ်တိ မထုတ်နိုင်ပါဘူးတဲ့ ရွာလူထုအားနဲ့ ခပ်ထုတ်လိုက်တယ်။ နွေရာသီကျတော့ ပြန်ခြောက်သွားတယ်။ ခု မိုးပြန်ရွာတော့ ရေပြန်တင်တာပေါ့။ ကျနော်တို့ လယ်သမားတွေကတော့ အဆိုရှိပါတယ်တဲ့။ ရေက ဗိုက်ထဲကို တဂါလန် ဝင်သွားရင် သန့်သွားရော လို့ပြောတယ်။ ကွင်းထဲနေတဲ့သူတွေက သောက်ရေအတွက် ရွာကို လှေနဲ့သွားခပ်ကြရတယ်လေ။ ပလတ်စတစ်ပုံးလေးတွေနဲ့ သွားခတ်တယ်။ အဲဒီလှေက ထောက်ပံ့ပေးလို့ ရတာလားလို့ မေးတော့ မဟုတ်ပါဘူးတဲ့ ဒီလှေဟာ ကိုယ့်ဖာကိုယ် ရှာကြံရိုက်ထားတာပါတဲ့။ လှေကိုကြည့်လိုက်တော့ လှေက အဆုတ်လေးပါပဲ။

ဒေးဒရဲမြို့နယ်ထဲက ဘုန်းတော်ကြီးကျောင်းတွေ၊ သံဃာတော်တွေရဲ့ အခြေအနေရော တိုးတက်မှု တွေ့ရလား။

တမာတကောရွာက ဘုန်းကြီးကျောင်းဆိုတာ တိုင် (၁ဝ၈) လုံးရှိတယ်ပြောတယ်။ ကျောင်းကြီးက အကြီးကြီးပဲ။ အဲဒီ ကျောင်းကြီးက ပြိုကျသွားတာပေါ့နော်။ ကံကောင်းလို့တဲ့ လေစတိုက်တဲ့အချိန်မှာ ပြိုကျသွားလို့တဲ့။ နောက်မှသာ ပြိုကျမယ် ဆိုရင် တရွာလုံးက လူတွေသေတယ်တဲ့။ ဘာလို့တုန်းဆိုတော့ တရွာလုံးက ဘုန်းကြီးကျောင်းကို ပြေးလာကြမှာလေ။ အဲဒီ ပြိုကျသွားတဲ့ ဘုန်းကြီးကျောင်းကြီးက အခုထက်ထိ ဒီအတိုင်းပဲ။ ဒီနယ်မြေတဝိုက်မှာလည်း ဒီဘုန်းကြီးကျောင်းက ဥပုတ် ဘာဝနာတွေ ဘာတွေ သီတင်းကျွှတ်ဆို လုပ်ရတယ်ပေါ့နော်။ အဲဒီနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေအားလုံးက ဘုန်းကြီးတွေ အများကြီး စုပြီးလုပ်ရတာ။ နေရာအခက်အခဲဖြစ်တဲ့အတွက် ဒီမှာ လောလောဆယ် ဘုန်းကြီးတွေက ဖျာခင်းပြီး ကွင်းပြင်ထဲမှာ လုပ်ရမလို ဖြစ်နေတယ်ပေါ့နော်။

အဲဒီကျောင်းပျက်သွားတော့ သတင်းသုံးတာ၊ ဆွမ်းဘုန်းပေးတာတို့ရော အဆင်ပြေကြရဲ့လား။

တမာတကောရွာက ဘုန်းကြီးကျောင်းထဲမှာ သိမ်ကလေး တခုရှိတယ်ဗျ။ သိမ်လေးကတော့ အုတ်လေးနဲ့ လုပ်ထားတဲ့ တထပ်ပေါ့။ အဲဒီထဲမှာ ဘုန်းကြီးတွေ ဝင်ကြိမ်းနေကြတယ်။ ဘုန်းကြီးတပါးက အသက်ကြီးတော့ သမံတလင်းမှာ အိပ်ဖို့ အခက်ခဲရှိတယ်ဆိုပြီး ကျောင်းသေးသေးလေးပေါ့ အောက်က ကြမ်းခင်းလေးနဲ့ ပျဉ်ကာလေးလုပ်ထားတယ်ပေါ့။ ဒါပေမယ့် သူက ပူလို့ မအိပ်နိုင်သေးဘူး။ ဆွမ်းဘုန်းရတဲ့ အနေအထားကတော့ ဖြစ်သလိုပဲပေါ့။ တချို့လည်း ရွာထဲမှာရှိတဲ့ အခြေအနေ ထိုက်သင့်သလောက်ကောင်းတဲ့ အိမ်တွေကလည်း လှူတာလေးတွေ ရှိပါတယ်။

တမာတကောရွာကို ကျနော်က ကဆုန်လပြည့်နေ့ရောက်သွားတော့ ကဆုန် ညောင်ရေသွန်းနေတာ တွေ့တယ်။ ဘုန်းကြီး ကျောင်းမှာရှိတဲ့ ရေစုတ်စက်လေးနဲ့ ရေတင်ပေးတယ်။ နောက် စားပွဲလေး (၂) လုံး ချထားတယ်။ အဲဒီစားပွဲလေးတွေမှာ ဆန်ပြုတ်လေးကို သကြားလေးထည့်ထားတယ်ပေါ့နော်။ ညနေ (၄) နာရီ လောက်မှာပေါ့နော်။ လာတဲ့ကလေးတွေကို ဆန်ပြုတ်တိုက်တာ အလှူ့ရှင် (၂) ဦးပေါ့။ ရွာထဲက။ အလှူ့ရှင်ဆိုတာ သူတို့လည်း ချမ်းသာလို့ မဟုတ်ဘူးတဲ့ ဒီနေ့မှာ ကုသိုလ်ပြုတာပါတဲ့။ ကလေးတွေက အလုအယက် သောက်ကြတယ်။ ကလေးတယောက်က ကြီးကြီးတဲ့ သားကို ထပ်ထည့် ပေးလို့ ရမလားတဲ့ တောင်းနေတယ်။ အဲဒီမိန်းကကြီးက အင်းတဲ့ တစွန်းထပ်ထည့်ပေးတယ်။ တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရတယ်။

တူးမြောင်းရွာဘုန်းကြီးကျောင်းလည်း ဒီလိုပဲ ပြိုကျသွားတာ ခုထိ ဘာမှမလုပ်နိုင်ဘူးပေါ့နော်။

အာဏာပိုင်တွေက အဲဒီ တမာတကောရွာက ကလေးတွအတွက် ဘာတွေ လုပ်ပေးတာရှိလဲ။

တမာတကောဘုန်းကြီးကျောင်းပေါက်မှာ ကလေးပျော် Children Happy ဆိုပြီး ရေးထားတယ်။ ဇရပ်လေး တဆောင်လိုပဲ ဆောက်ပေးထားတာပေါ့နော်။ ဘာပါလည်းဆိုတော့ ကြမ်းခင်းလေးရယ်။ အကာလေးက သစ်သားလေးတွေကို တဝက် ကာထားတယ်ဗျာ။ အပေါ်က လေဟာနယ်လေးပေါ့။ အဲဒီဟာလေးမှာ ကလေးတွေပျော်အောင် လုပ်ထားတယ်။ ဒါပေမယ့် (၈) လ လောက်ရောက်တော့ အဲဒီ ကလေးပျော်အဖွဲ့က ပြန်သွားတယ်။ ခန့်ထားတဲ့ ဝန်ထမ်းတွေလည်း မရှိတော့ဘူး။ ဆိုတော့ ဒီကျောင်းက လောလောဆယ်တော့ ဘာမှ အသုံးမကျတော့ဘူးပေါ့နော်။ အဲဒီရွာမှ မူလတန်းကျောင်းလေး တကျောင်းလည်း လုပ်ထားပေးတယ်။

အိမ်ဝေခြမ်းရေးတွေနဲ့ ပတ်သက်ပြီးရော ဘာတွေတွေ့ခဲ့ရသေးလဲ။

ကွမ်းခြံကုန်းမြို့အဝင် ညာဘက်ခြမ်း ကွင်းထဲမှာပေါ့ မေတ္တာရွာလို့ နာမည်ပေးထားတဲ့နေရာ ရောက်တယ်။ အဲဒီမှာ သီရိလင်္ကာ ဘုန်းကြီးလှူထားတဲ့ အိမ်တွေပေါ့။ အိမ်ပေါင်းက (၇ဝဝ) ကျော်ဆောက်ထားပြီးပြီ။ အိမ်ပုံစံက ဆရာတော်ကို ပြတုန်းက တမျိုး၊ သူတို့ဆောက်တော့ တမျိုး၊ ခနော်ခနဲ့နဲ့။ ဟိုတလောက လေလာတဲ့အချိန်မှာ နှစ်လုံးလဲသွားတယ်တဲ့။ ကျနော်သွားကြည့်တော့ အုတ်ဖိနပ်အမြင့်က ၁ပေခွဲ ရှိတယ်။ အဲဒါကို မြေကြီးထဲစိုက်ရမှာ မစိုက်ပဲနဲ့ အပေါ်မှာ ပေါ်နေတယ်။ တချို့အိမ်က တဖက်က အုတ်ဖိနပ်ခံပြီးတော့ တဖက်က ကုန်းနည်းနည်းမြင့်တဲ့နေရာ မြေကြီးထဲမှာ တိုင်စိုက်ထားတယ်။ အုတ်ဖိနပ်မပါဘူး။ နောက်ပြီး အဲဒီအိမ်တွေ ဘယ်လိုဝေမှာလည်းဆိုတော့ မယက ကိုင်တယ်တဲ့။ အဲဒီ အိမ်တွေကို ခုထက်ထိ မပေးသေးဘူး။

အလှူရှင်ကတော့ လှူထားတာအများကြီးပေါ့နော်။ သူတို့ (အာဏာပိုင်) တွေက ကန်ထရိုက်ကိုပေးတဲ့အတွက် ကန်ထရိုက် ကလည်း ကိုက်အောင် ဆောက်တဲ့အတွက် အိမ်တွေဟာ ခနော်ခနဲ့ဖြစ်နေတာတွေပေါ့နော်။ ဒါက နောက်ထပ်လေတိုက်ရင် ပြိုလဲမယ့် အိမ်တွေပေါ့။ ကြာရှည်မခံနိုင်ဘူး။

အခု ခရီးစဉ်နဲ့ အရင်တုန်းက ခရီးစဉ် ကားလမ်းတွေရဲ့ ကြံ့ခိုင်ရေးအခြေအနေ ဘယ်လိုရှိပါသလည်း ခင်ဗျာ။

ရန်ကုန်က စထွက်တယ်ဆိုရင် ဒလဘက်ကနေသွားလိုက်တယ်ပေါ့နော်။ အဲဒီကနေ ကွမ်းခြံကုန်ဘက်ကို ကားနဲ့ ဆက်သွားရတာပေါ့နော်။ လမ်းမှာ တွံတေးတို့၊ ကော့မှူးတို့ကိုဖြတ်သွားရတာ။ အဲဒီလမ်းတွေ အားလုံးကတော့ အပေါက်အပဲနဲ့ အရာတွေနဲ့ချည်းပဲ သွားရတာပေါ့။ လမ်းတွေကတော့ နဂိုအတိုင်းပဲ ဆိုးဆိုးရွားရွားပါပဲ။ လမ်းမှာ ဘာတခုမှ ပြုပြင်ထိန်းသိမ်းမှုက မရှိဘူး။ သူတို့ (အာဏာပိုင်များ) လုပ်သွားတဲ့ ဓါတ်တိုင်ပေါ့နော်။ အရင်တုန်းက အရေးပေါ်ကာလတုန်းက ရထားသံလမ်းတွေကို ဓါတ်တိုင်လုပ် သုံးထားတာပေါ့နော်။ အဲဒီဟာတွေက ခုထက်ထိ ဘာမှမပြောင်းလဲသေးပဲ ဒီအတိုင်းပဲထားတယ်။ emergency တုန်းကဟာက ခု permanent ဖြစ်သွားတာပေါ့နော်။

နောက်တခုကတော့ ကွမ်းခြံကုန်းမြို့နယ်အနေနဲ့လည်း ဘာမှ ထူးထူးခြားခြားကြီး ပြောင်းလဲတာ မရှိဘူး။ အဲဒီမှာ အန်ဂျီအို တွေက လာပြီးတော့ ရုံးတွေဖွင့်ထားတာတွေက အခု ဘာမှမရှိတော့ပဲနဲ့ တခြား လမ်းပမ်းဆက်သွယ်ရေးကောင်းတဲ့ လပွတ္တာတို့၊ ဖျာပုံတို့၊ သူတို့ နည်းနည်း Hot ဖြစ်မယ့်နေရာ မြို့ပေါ်တွေမှာပဲ အဲဒီ ရုံးအဖွဲ့တွေ၊ အန်ဂျီအိုတွေက ရောက်နေကြတယ်။

အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့

လေးငယ် မေ ၁၁၊ ၂၀၀၉။
-ရန်ကုန်တိုင်း၊ ခရမ်းမြို့၏မြို့နယ်အုပ်ချုပ်ရေးမှုး (မြို့နယ်မယကဥက္ကဌ)သည်၊ ဦးလှသောင်းဖြစ်ပါသည်၊၊ ၄င်းသည် ခရမ်မြို့နယ်ကို အုပ်ချုပ်လာခဲ့သည်မှာ နှစ်နှစ်နီးပါး ခန့်ရှိနေပါပြီး၊၊ သူ၏လက်အောက်တွင် ရပ်ကွက်ကျေးရွာ အုပ်စုများမှ (ရယက) စာရေးပေါင်း၊(၆ဝ)ဦးခန့်ရှိပါသည်၊၊ ၄င်းစာရေးများသည်၊ သူအုပ်ချုပ်ခဲ့သည့် ဤနှစ်နှစ်ခန့် အတောအတွင်းမှာ (၂၂)ဦး အနားယူသွားခဲ့ပါသည်၊၊ ဘာကြောင့်ယခုလိုဖြစ် သွားရပါသလဲ၊ နှုတ်ထွက်သွားခဲ့ကြသည့် စာရေးများနှင့် မေးမြန်းပြီး အောက်ပါအတိုင်း တင်ပြပါရစေ၊၊

- နှုတ်ထွက်သွားကြသည့် အကြောင်းရင်းများမှာ ဝန်ထမ်းစာရေးများကို လစဉ်အစည်းအဝေး (၄)ကြိမ်မှ (၅)ကြိမ် ပြုလုပ်ခဲ့ပါသည်၊၊ အစည်းအဝေး တကြိမ်ပျက်ကွက်သွားသည့်စာရေးကိုမူ ထိုစာရေး၏ လစာထဲမှတပါတ်စာကို ဖြတ်တောက်ပစ်ပြီး ဥက္ကဌကယူလိုက်ပါသည်၊၊ သုံးကြိမ်ပျက်ကွက်လျှင် (၃)ပါတ်စာဖြတ်တောက်ပစ်ပါသည်၊၊ အခြေခံဝန်ထမ်း၏လစာမှာ ကျပ်(၃)သောင်းခန့်သာဖြစ်ပါသည်၊၊

- အစိုးရမှ ဝန်းထမ်းများအတွက် ဝန်းထမ်းသက်သာစရိတ်အဖြစ် (၆)လကို ကျပ်ခြောက်သောင်း ထောက်ပံ့ပေးပါသည်၊၊ ဥက္ကဌသည်၊ ဤဝန်ထမ်းသက်သာ စရိတ်ထဲမှလည်း တဦးစီကို ကျပ်သုံးသောင်းခွဲဖြတ်ယူပြီး၊ ကျန်နှစ်သောင်း ခွဲကိုသာ ဝန်ထမ်းများကိုပေးပါသည်၊၊ သို့သော်လစာထုတ် လက်မှတ်ထိုးသည့်အခါ ကျပ်(၆) သောင်းအပြည့်ကို လက်မှတ်ထိုး ခိုင်းပါသည်၊၊ ထို့အပြင် လကုန်သည့်အခါ လစာငွေထဲမှ မိခင်နှင့်ခလေး၊ အမျိုးသမီးရေးရာ အသင်းဝင်ကြေးဆိုပြီး၊ တလကျပ်(၂ဝဝဝ)၊ သန့်ရှင်းရေးအတွက် ကျပ်(၃ဝဝ)၊ ဌာနတွင်းစိုက်ပျိုးစရိတ်အတွက် ကျပ်(၁ဝဝဝ)၊ မဂ္ဂဇင်းနှင့် ဂျာနယ်ကြေးအတွက် (၁၈ဝဝ) ကျပ် အားလုံးပေါင်း လိုက်လျှင် ၊ (၅၁ဝဝ)ကျပ်ကို လစဉ် ထပ်မံဖြတ်တောက်ခဲ့ပါသည်၊၊

- လစာဖြတ်တောက်မှုအပြင် ရုံးလုပ်ငန်းနှင့် မပါတ်သက်သည့် တခြားပြင်ပလုပ်ငန်းဖြစ်သည့် သန့် ရှင်းရေး၊ နှင့် စိုက်ပျိုးရေး လုပ်ငန်းကိစ္စ၌လည်း ခရမ်းမြို့သစ်တွင်ရှိသည့် ရုံးခြံမြေအတွင်းမှာခြံမြေကို ခြံစည်းရိုးကာခိုင်းပြီး ဥက္ကဌ ပိုင်အဖြစ်သိမ်းယူခဲ့ပါသည်၊၊ ရုံးပိတ်ရက်များတွင်လည်း ဝန်ထမ်းများကို အတင်းအဓမ္မ ဖိအားပေးပြီး အလုပ်စေခိုင်း ခဲ့ပါသည်။ ထွက်ရှိလာသည့် သီးနှံများကိုမူ ဥက္ကဌကသိမ်းယူခဲ့ပြန်ပါသည်၊၊ ဝန်ထမ်းများကလည်း ဤဖြစ်ရပ်အတွက် အထက်အရာရှိများကို အကြိမ်ကြိမ်တင်ပြပါ သော်လည်း အပစ်ပေးအရေးယူခြင်းမရှိသည့်အတွက် ယခုလိုနှုတ်ထွက် နေကြခြင်း ဖြစ်ပါသည်၊၊

- ဤသို့ကြောင့် နှစ်နှစ်ခန့်အတွင်းမှာ ဝန်ထမ်း(၆ဝ)ဦးမှ (၂၂)ဦး နှုတ်ထွက်သွား ခဲ့ခြင်းဖြစ် ပါသည်၊၊ ဤနေရာတွင် မေးစရာဖြစ်လာသည်မှာ နှုတ်ထွက်သွားသည့်ဝန်ထမ်းနေရာတွင် အစားထိုးခန့်ထားမှုရှိ မရှိနှင့် အုပ်ချုပ်ရေး ညံ့ဖျင်း သည့်မြို့နယ်ဥက္ကဌကြောင့် ဝန်ထမ်းများ ဘယ်လိုရပ်တည်ကြမလဲဆိုသည့် မေးခွန်းဖြစ်ပါသည်၊၊

-မှန်ပါသည်၊ ဤနေရာတွင် နိုင်ငံတော်တခု ယိုယွင်းပျက်စီးတော့မည်ဆိုလျှင်၊၊ မြင့်တွေ့ရမည့် လက္ခဏာများမှာ နိုင်ငံ တော်ဝန်ထမ်းများ အကျင့်ပျက်လာခြင်း၊ တရားဥပဒေမဲ့လာခြင်း၊ အနိုင်အထက်ပြုမူ လာခြင်းပင်ဖြစ်သည်၊၊ ယခုလည်း ဤဖြစ်ရပ်မျိုးများ ခရမ်းမြို့နယ်တခုထဲ၌ ဖြစ်နေသည်မဟုတ်ပေ၊၊ ဗမာတနိုင်ငံလုံး၌တွေ့ရှိရမည်ဖြစ်ပါသည်၊၊ ဤသည် လည်း နိုင်ငံတော်ဖြစ်သူ(အဖိုး)၏လုပ်ရပ်ကို အောက်ခြေအကျဆုံးမြို့နယ်ဖြစ်သူ(မြေး)က အမွေ လက်ခံလိုက်ခြင်း ဖြစ်ပါသည်၊၊ လက်ရှိ နိုင်ငံတော်၌ လည်း နိုင်ငံတော်ကို အုပ်ချုပ်နေသည့် အဖိုးဖြစ်သူတွေက စီးပွားရေး စီမံခန့်ခွဲမှုအရာ မှာ ညံ့ဖျင်းခဲ့ သည့်အတွက်ကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ မှုခင်းပေါများခြင်း၊ ပြည့်တန်ဆာလုပ်ငန်း ပေါများခြင်း၊ ဒုစရိုက်ပေါများခြင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်၊၊

- ဤအခြေအနေမျိုးအောက်တွင် ဝန်ထမ်းများသည်လည်း၊ မိမိရပ်တည်ရေးအတွက် လစာမလောက်မငှဖြစ်လာလျှင် ပြည်သူတွေအပေါ် အကြောင်းအမျိုးမျိုးရှာပြီး လာတ်စားလာခဲ့ရပါတော့သည်၊၊ ဤကိစ္စကိုပြည်သူတွေက အထက်ကို တင်ပြပါသော်လည်း နိုင်ငံတော်အပါဝင် ဝန်းထမ်းလောက၏ အဆင့်အားလုံးမှာ အခြေအနေက အတူတူချင်းပေမို့ ထူးခြားမှုမရှိခဲ့ပေ၊၊ ထို့ကြောင့် ဝန်ထမ်းတယောက်ထွက်သွားပြီးဆိုလျှင် ဤနေရာ ကိုဝင်လုမည့်သူက ဒုနဲ့ဒေး ဖြစ်ပါသည်၊၊ အကြောင်းရင်းမှာ အဖိုးစရိုက်ကြောင့် မြေးများ အမွေရသွားခဲ့တာလား၊ မြေးစရိုက်ကြောင့် အဖိုးစံစား နေရတာလား ဆုံးဖြတ်စေချင်ပါသည်၊၊

လေးငယ်

အကြွေးမဆပ်နိုင်သည့် လယ်သမား လယ်ထွက်ပစ္စည်းနှင့်လယ်များ ဈေးနှိမ်သိမ်းခံရ
2009-05-13

ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာရွာက ဦးမြင့်ဆွေပိုင် ပစ္စည်းတွေကို အကြွေးရစရာ ရှိတယ်ဆိုပြီး ခမရ ၄၃၉ က သိမ်းဆည်းသွားပြီး အိမ်ကို မီးရှို့သွားတယ်ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ အာအက်ဖ်အေက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီ မတရားမှုအတွက် လယ်ပိုင်ရှင်ဦးမြင့်ဆွေက လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို တိုင်ကြားတဲ့အခါမှာ ခမရ ၄၃၉ က တာဝန်ရှိသူတွေကို စစ်ဆေးခဲ့ပေမယ့် ကာယကံရှင် ဦးမြင့်ဆွေတို့ မိသားစုကိုတော့ ခေါ်ယူမေးမြန်းခြင်း မရှိဘူးလို့ သိရပါတယ်။

(Photo: AFP)

စိုက်ပျိုးရေးအတွက် နွားနှင့်ဖက်၍ ထွန်ယက် လုပ်ကိုင်နေသော မြန်မာ တောင်သူလယ်သမား သားအဖ ဖြစ်ပါသည်။ (Photo: AFP)

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးမြင့်ဆွေရဲ့ဇနီး ဒေါ်ခင်ဝင်းက အာအက်ဖ်အေကို ပြောပြပါတယ်။

ဒေါ်ခင်ဝင်း။ ။'ခမရ ၄၃၉ မှာ ဒီပြင့်တပ်တွေက လာပြီး ခုံရုံးဖွဲ့ စစ်တယ်။ စစ်တဲ့အချိန်မှာ ကျမတို့ကို ခေါ်ပြီးတော့ မစစ်ဘူးလေ။ ကျမရဲ့ အဖေနဲ့အမေကို လာပြီးတော့ စစ်တဲ့အခါမှာ အမေ့ကို ဒု-အရာခံဗိုလ် စိုးသိန်းက လာပြီး လမ်းမှာ သင်သွားတယ်တဲ့။ အဖွားကြီးပေါ့၊ ဒီအသက်ဒီအရွယ် ရောက်မှပေါ့။ ကိုမြင့်ဆွေတို့ကို မေးလို့စစ်လို့ရှိရင် မရှိဘူး မသိဘူးလို့ပြောပေါ့။ နောက်တခါ ခေါ်စစ်နေရင်၊ အသက်ကြီးမှ ခေါ်စစ်နေအုံးမယ်လို့ ပြောတယ်။ ကျမတို့အမေက စာမတတ်တဲ့ အခါကျတော့ မရှိဘူး မသိဘူးလို့ အဲဒီလိုပဲ ပြောထားခဲ့တယ်တဲ့။ ရှိတယ်သိတယ်ဆိုတဲ့ လယ်သမားတွေကျတော့လည်း အမှန်အတိုင်းပြောရင် လယ်တွေမလုပ်ရဘူးဆိုလို့ ကျမတို့ဘက်က လိုက်မဲ့သူက နည်းနည်းလန့်နေတယ်။ သွားအစစ်ခံတဲ့ လယ်သမားတွေက ပြောတော့ ကျမတို့နွားတွေကို ဗျုဟာမှူးက ထိန်းထားတယ်ပေါ့။ ဗျုဟာမှူးဆီ ရောက်သွားတယ်တဲ့ ကျမတို့နွား ငါးကောင်ကလေ'

ဦးမြင့်ဆွေအပါအဝင် လယ်သမား ၃၁ ဦး တောရိုင်းကို ခုတ်ထွင်ရှင်းလင်းထားတဲ့ လယ်မြေတွေကို ခလရ ၄၃၉ က တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့ပြီး ဒီလယ်သမား တွေကိုပဲ တနှစ် လယ်တဧကကို စပါး တင်း ၂ဝ ပေးရမယ်ဆိုပြီး သီးစားခ ချထားပေးခဲ့တာပါ။ သီးစားခ လယ်ထောက်ခတွေအပြင် ခမရ ၄၃၉ တပ်ရင်းမှူးနဲ့ အရာရှိတွေပိုင်တဲ့ ငွေတွေကို ဦးမြင့်ဆွေအကူအညီနဲ့ လယ်သမားတွေကို ငွေတိုးချေးခဲ့ရာမှာ ပြန်မဆပ်တဲ့ ရွာသားတွေ ရှိတဲ့အတွက် အခုလို ဦးမြင့်ဆွေအပေါ်ကို ပုံချပြီး တပ်မြေမှာ စပါးစိုက်တဲ့အတွက် သွင်းရမဲ့သီးစားခ မရသေးဘူးဆိုပြီး ဦးမြင့်ဆွေ ဒေါ်ခင်ဝင်းပိုင် လယ်ထွက်သီးနှံတွေနဲ့ နွားတွေကို သိမ်းယူခဲ့တာဖြစ်ပါတယ်။ အခုလို အနိုင်ကျင့် အသိမ်းခံရပြီး ရှင်းလင်းခွင့်မရတဲ့ သူတို့ရဲ့အခက်အခဲကို ဒေါ်ခင်ဝင်းက ဆက်ပြောပြပါတယ်။

ဒေါ်ခင်ဝင်း။ ။'ပဲပေးတွေစပါးပေးတွေက လယ်သမားတွေက သုံးထားတာ။ အဲဒါ အာမခံတယ်လို့ မဟုတ်ဘူး။ သူတို့တပ်က အရာခံဗိုလ် ဦးစိုးသိန်းပါ ပါတဲ့ဥစ္စာ။ ဦးမြင့်ဆွေ တယောက်ထဲ လုပ်ပေးတာမှမဟုတ်တာ။ အခုလည်း ကိုယ့်အရပ်ကိုယ့်ရွာမှာ နေလို့မရအောင် အမြဲတမ်း ဒုက္ခပေးနေတယ်။ နေရထိုင်ရတာခက်တယ်။ စားဝတ်နေရေးလည်း ကြပ်တည်းတယ်။ အကုန်လုံး ရှိတာတွေသိမ်းသွားတော့လေ။ အိမ်တွေလည်းမီးရှို့၊ ပဲခင်းတွေလည်း နှုတ်လို့ ပြောင်တဲ့အခါကျတော့ အမကြီးတို့မှာ တအားခက်ခဲနေတယ်။ ကလေးတွေ ကျောင်းထားဖို့တောင်မှ စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ အမကြီးတို့ကို ခေါ်ပြီးစစ်ဆေးတာမရှိဘူး။ ရှင်းလင်းခွင့်လည်းမပေး၊ နားလည်မှု မပေးဘူး။ အမတို့ကလည်း အရိုးခံတောင်သူတွေပါ။ အမှန်အကန် ဖြေရှင်းခွင့်ရပြီး ကျမတို့ပစ္စည်းကို အမှန်အကန် ပြန်လိုချင်တယ်။ ဒါပဲကျမတို့ဘက်က။ သူတို့ကို နစ်နာပါစေ အလုပ်ပြုတ်ပါစေ ဆိုတဲ့ ဆန္ဒမရှိပါဘူး'

ဒီကိစ္စတွေကို အသေးစိတ် သိရှိနိုင်ဖို့ ခမရ ၄၃၉ ကို အာအက်ဖ်အေက မေးမြန်းတဲ့အခါမှာ ဖုန်းမှားနေတယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။ လယ်သမားတွေအရေးနဲ့ လူ့အခွင့်အရေးကို ကူညီပေးနေတဲ့ လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကတော့ သူတို့တိုင်ကြားထားတာကို အခုလို မတရားလုပ်သွားပြီး ထိထိရောက်ရောက် အရေးယူမပေးဘူးဆိုရင် နိုင်ငံတကာက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရောက်အောင် တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

ဦးအေးမြင့်။ ။'တချို့က အမှန်အတိုင်း ဖြေတဲ့အတွက် အဲဒီလို အမှန်အတိုင်း ဖြေတဲ့သူတွေကို လက်မှတ်မထိုးခိုင်းဘူး။ တပ်အတွက် ကာကွယ်ပေးမယ့် သူတွေကိုတော့ လက်မှတ်ထိုးပြီး ယူသွားတယ်။ ပြည်သူလူထုကို ချစ်ပါတယ် ပြည်သူလူထုကို စောင့်ရှောက်ပါတယ်ဆိုတဲ့ တပ်မတော်။ ဒါပေမယ့် တပ်မတော် အရိပ်ကိုခိုပြီးတော့ အခုလို တောင်သူလယ်သမားတွေရဲ့ က္ဆွဲနွားတွေ ပဲတွေစိုက်ပြီးသားတွေကို နှုတ်သွားတဲ့ တပ်မတော်သားမျိုးကိုတော့ ဆုံးမဖို့လိုအပ်တယ်လေ။ အဲဒီလိုလူမျိုးကို တပ်မတော်က ထိထိရောက်ရောက် ဆုံးမပေးဖို့ကို ကျနော်တို့က လေးလေးစားစားနဲ့ တိုင်တယ်။ စာရွက်စာတမ်းနဲ့ တိုင်ပြီးပြီ။ မရတဲ့အခါကျရင်တော့ နိုင်ငံတကာ အဖွဲ့အစည်း ရောက်အောင် ဒီ လင်မယားကို ကျနော်တို့ လမ်းပြကြယ်အဖွဲ့က အကူအညီ ပေးပါလိမ့်မယ်'

ပြီးတဲ့လမှာလည်း ပဲခူးတိုင်းက တောင်သူတဦးဟာ အကြွေးရှင်က သူ့ဆီကယူထားတဲ့ အကြွေးတွေအတွက် လယ်ထွက်ပစ္စည်းတွေနဲ့ မြေကို သိမ်းယူတဲ့အတွက် အဆိပ်သောက် သေသွားခဲ့ပါတယ်။ ဧပြီလ ၃ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် စာဖာခြုံအုပ်စု ညောင်ကန်ရွာနေ အသက် ၄၆ နှစ်အရွယ် တောင်သူ ဦးအောင်ကြည်သိန်းဟာ အရင်နှစ် လုပ်ငန်းခွင် ဝင်ချိန်တုန်းက လယ်ယာလုပ်ငန်း မကောင်းတဲ့အတွက် ငွေ ဆယ်သိန်းကို ပြန်မဆပ်နိုင် ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာ အတိုးအရင်း ပေါင်း သိန်း ၂ဝ ကျော် ဖြစ်သွားတဲ့အကြောင်း ဆွေမျိုးနီးစပ်သူ လယ်သမားတဦးက ပြောပြပါတယ်။

လယ်သမားတဦး။ ။'အကြွေး ၁ဝ သိန်းယူထားတဲ့အနက်မှာ လယ်ထွက် မတ်ပဲ တင်း ၅ဝ ကို အတင်းဝင်ရောက်ပြီး ချင်ယူသွားပါတယ်။ ကိုအောင်ကြည်သိန်းလည်း မရှိဘူး သူ့အမျိုးသမီးလည်း မရှိဘူးပေါ့လေ။ မျိုးတောင်မချန်ပဲနဲ့ အကုန်ယူသွားပါတယ်။ ကျန်သေးတယ်ဆိုပြီး လယ်တဧကကို အတင်းဝင် တိုင်းသွားပါတယ်။ တဧက ကို ၁၃ သိန်း ပေါက်နေတာကို ၈သိန်း ၉ သိန်းနှုန်းနဲ့ ဖြတ်ယူသွားပါတယ်။ အဲဒါကိုရှက်ပြီးတော့ ကိုအောင်ကြည်သိန်းသည် အဆိပ်သောက် သေဆုံးသွားပါတယ်။ သူ့ယောက်ျား သေဆုံးသွားတော့ ဒေါ်သန်းသန်းနွယ်က ကိုယ်တခြမ်း လေဖြတ်သလို ဖြစ်သွားတာပေါ့။ ကြောက်ကလည်းကြောက် လန့်ကလည်းလန့် ကလေးလေး နှစ်ကောင်နဲ့ သူ့ခမြာ ဟိုမသွားတတ် ဒီမလာတတ်ပေါ့'

နောက်ထပ် ရစရာ တသိန်းကိုလည်း ရယက ဥက္ကဋ္ဌ အိမ်ကနေ အတင်း လက်မှတ်ထိုးခိုင်း နေသေးတယ်လို့ ပြောပါတယ်။ အခုလို ကြပ်တည်းနေချိန်မှာ ဒီလိုကြွေးရှင်တွေရဲ့ မညှာမတာ လုပ်ဆောင်ချက်တွေကြောင့် ဒုက္ခရောက်နေရတဲ့ ပဲခူးတိုင်းက တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကို ခုနက လယ်သမားကပဲ ဆက်ပြောပါတယ်။

လယ်သမားတဦး။ ။'ကျနော်တို့ တောင်သူလယ်သမားတွေမှာ မွန်းကြပ်နေတဲ့ ကြားထဲ ကြွေးမြေတွေက မပြေလည်၊ လယ်ထွက်စပါး ပဲသီးနှံတွေ အဆင်ကမပြေ၊ အခုလို ဖြစ်နေတော့ ကျနော်တို့မှာ တော်တော် ဒုက္ခရောက်နေကြပါတယ်။ တချို့ဆို က္ဆွဲမရှိ နွားမရှိ၊ လူဝမ်းစာမရှိ၊ ကောက်စိုက်စရိတ်မရှိ၊ လယ်သမားတွေ တော်တော်ကို ငုတ်တုတ်မေ့ကုန်ပါပြီ။ လူတွေတော့ မြင်နေရတယ် စိတ်တွေက မကောင်းကြဘူးပေါ့နော်'

ဒိုက်ဦးမြို့နယ်က လယ်သမားတဦး ပြောသွားတာပါ။ အခုလို လယ်သမားတွ အဆင်မပြေလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ ဖြစ်ရပ်မျိုး ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ဒီနှစ်ထဲမှာတင် လေးဦးလောက် ရှိသွားပြီလို့ သိရပါတယ်။ ဒီဖြစ်ရပ်တွေကတော့ ပဲခူးတိုင်းက အရင်းရှင်နဲ့ အာဏာပိုင်တွေကြောင့် ဒုက္ခရောက်နေတဲ့ စနစ်ဆိုး ဒုက္ခပင်လယ်ထဲက လယ်သမားတွေရဲ့ ဒုက္ခအနည်းငယ်ကို ထုတ်နှုတ်တင်ပြလိုက်တာ ဖြစ်ပါတယ်။