Friday, May 15, 2009

ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ ခုံရုံးတင် စစ်ဆေးခြင်းနှင့် စပ်လျှင်း၍ ပြည်တွင်းပြည်ပ အဖွဲ့  (၇၁) ဖွဲ့ မှ စုပေါင်းကန့် ကွက်။


ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ ခုံရုံးတင်စစ်ဆေးခြင်းနှင့် စပ်လျှင်းပြီး မိမိ၏ အမြင်များကို http://gab-burma.weebly.com/contact.html တွင် ရေးသားနိုင်ပါသည်

၁၅၀၅၂၀၀၉ဒိုင်ယာရီ

google download

mediafire download

ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


သခင်ကိုယ်တော်မှိုင်း နဲ့ တိုင်းရင်းသားအရေး

Thursday, May 14, 2009
ဂါမဏိ
Photobucket
သခင်ကိုယ်တော်မှိုင်းကို မြန်မာနိုင်ငံထဲမှာ စာပေယဉ်ကျေးမှုနယ်ပယ်ကတပ်မှူးကြီး၊ သတင်းစာဘိုးအေကြီးအဖြစ်တင်မက အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းထက်မြင့်တဲ့ လွတ်လပ်ရေးဘိုးအေကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီးအဖြစ် အာဏာ ရအုပ်စိုးသူအဆက်ဆက်၊ အထူးသဖြင့် စစ်အာဏာရှင်တွေကလွဲလို့ အားလုံးက သတ်မှတ်လက်ခံ ထားကြပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသ အပါအဝင် တချို့တိုင်းရင်းသားတွေကြားမှာတော့ သခင်ကိုယ်တော်မှိုင်းကို မဟာလူမျိုး ကြီးဝါဒီတယောက်၊ လူမျိုးခွဲခြားရေးသမား တ ယောက်အဖြစ် မြင်နေကြပါတယ်။ တိုင်းရင်းသား ခေါင်းဆောင် တွေကိုယ်၌က အဲသလိုမြင်နေကြတာဖြစ်ပါတယ်။

ဒီကိစ္စရဲ့ အကြောင်းရင်းကတော့ ဒီနယ်စပ်ဒေသဘက်မှာ တချိန်က ပျံ့နှံ့ခဲ့ဖူးတဲ့ “သခင်ကိုယ်တော်မှိုင်းရဲ့ သေတမ်းစာ” ဆိုတဲ့ စာ တမ်းတခုကြောင့် ဖြစ်ပါတယ်။ ဒီ “သေတမ်းစာ” ဆိုတာထဲမှာ ရခိုင်နဲ့ပတ်သက်လို့ “သမိုင်းကြွေးမဆပ်နိုင်အောင်၊ နလံမထူနိုင်အောင် မင်းတို့တတွေ စွမ်းဆောင်တတ်ရမယ်။ ... ရှမ်းဆိုတဲ့လူတွေလည်း ... တောင်ပေါ်သားအသိထက် မကျော်လွှားမိစေဖို့ ကြပ်ကြပ် သတိထားရမယ်။ ဘယ်သူဘဲဖြစ်ဖြစ် ကြီးထွားလာခဲ့ရင်၊ ဒါဟာ ဗမာ့ရန်သူဘဲ၊ ပြတ်သားတဲ့ နည်းကို ကျင့်သုံးရမယ်။ ... ကရင် ဆိုတာလည်း ... ရန်သူတမျိုးဘဲ။ ဘဝကို မြေတောင်မြှောက်မပေးနှင့်။ လက်မြန်ခြေမြန် ဝါဒရှိတယ်။ သတိလစ်ရင်လစ်သလို ဗမာတွေ အသက်ရှူကျပ်လိမ့်မယ်။” ကချင်လူမျိုးများနဲ့ပတ်သက်လို့ “ဘယ်လိုဘဲဆို ဆို ငါတို့ တတွေဟာ လက်ဦးထားဖို့က အရေးကြီးတယ်။ မညှာနဲ့၊ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။” မွန်တိုင်းရင်း သားအပေါ် သဘောထားအဖြစ်လည်း “အတိတ်ကသူပိုင်တယ်၊ ငါပိုင် တယ်ဆိုတာ ဗမာတွေ နားမလည်ဘူး။ လက်ရှိမှာ ဘယ်လိုရှိနေသလဲ၊ ရှိနေသလိုဘဲ ထိန်းထားတတ်ရမယ်” စသဖြင့် မြန်မာပြည်ရဲ့ အဓိကတိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ်ချိုးနှိမ်ရေးတရားတွေ ဟောထားပါတယ်။ “ဗမာဟာ မဟာဗမာဖြစ်ဖို့ အဓိကဘဲ” လို့ အဲဒီ “သေတမ်းစာ” ဆိုတာထဲမှ နောက်ဆုံး နိဂုံးချုပ် မှာကြားထားပါတယ်။

ဒီ “သေတမ်းစာ” ပါသဘောထားအမြင်တွေဟာ အင်မတန်မှဆိုးဝါးလှပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ တသက်တာပတ်လုံး ရပ် တည်လှုပ်ရှားချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဒါကြောင့် ဒီသေတမ်းစာဟာ တကယ်အမှန်အကန် ဟုတ်မဟုတ် စိစစ်ဖို့ လိုလာပါတယ်။

သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ချက်အမှန်ကို သိရအောင် သူ့ဘဝတသက်တာထဲက ဖြစ်ရပ်တွေကို လေ့လာ ကြည့်တဲ့အခါ အခုလိုတွေ့ရပါတယ်။

ဆရာကြီးဟာ အင်္ဂလိပ်ကိုလိုနီဘဝမှာ နိုင်ငံလွတ်လပ်ရေးအတွက် စည်းရုံးရေးအနေနဲ့ ဇာတိမာန် မျိုးချစ်စိတ် တက်ကြွစေဖို့ အနော် ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ အလောင်းဘုရား စတဲ့ နာမယ်ကျော်ဗမာဘုရင်တွေကို အမွှန်းတင်ချီးမြှောက်တာ လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီခေတ်ဟောင်းဘုရင်တွေလို စတုတ္ထမြန်မာနိုင်ငံထူထောင်ရေး၊ မဟာဗမာ အင်ပါယာ ထူထောင်ရေးစိတ်ဓာတ်တွေကိုတော့ အမွေမဆက်ခံခဲ့ပါဘူး။

ရှေးရိုးစွဲ ခေတ်ဟောင်းအတွေးအခေါ် မရှိတဲ့အကြောင်းကို ၁၉၂၇ ခုနှစ်ဆန်းက ဖြစ်ခဲ့တဲ့ “ဆယ်ကုဋေကျော် အရေးတော်ပုံ” ဆိုတဲ့ဖြစ် ရပ်မှာ စတွေ့နိုင်ပါတယ်။ ၁၉၂၆ နှစ်ကုန်ပိုင်းက သူရိယသတင်းစာထဲပါတဲ့ ဦးဘဖေရဲ့ ဆောင်းပါးတပုဒ်မှာ ဗမာပြည်ဟာ ဘုန်းကြီးပျံ တွေ၊ ဘုရားပွဲတွေကြောင့် တနှစ်ကို ကျပ်ငွေ ဆယ်ကုဋေကျော် (ကျပ်သန်း ၁ဝဝ ကျော်) ကုန်ကျနေတဲ့အကြောင်း၊ တိုင်းသူပြည် သားတွေ ဆင်းရဲလှတဲ့နိုင်ငံမှာ ဒီလိုမျိုးငွေဖြုန်းတီးမယ့်အစား ဆင်းရဲသားလူထု အကျိုးရှိမယ့် တခြားလုပ်ငန်းတွေမှာ သုံးသင့်ကြောင်း ရေးထားလို့ သံဃာတွေအပါအဝင် ဘာသာရေးသမားတွေကြားမှာ ဆူပွက်သွားခဲ့ပါတယ်။ ဒီဆောင်းပါးကို ဆန့်ကျင်တဲ့ဖက်နဲ့ ထောက်ခံ တဲ့ဘက် အပြန်အလှန် အပြင်းအထန် ရေးကြဟောပြောကြလို့ ဆယ်ကုဋေကျော်အရေးတော်ပုံ သို့မဟုတ် ဆယ်ကုဋေကျော်တိုက်ပွဲ ဆို ပြီး နာမယ်ကျော်သွားပါတယ်။ အဲဒီတိုက်ပွဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဦးဘဖေကိုထောက်ခံပြီး မလိုအပ်တဲ့ဖြုန်းတီးမှု ဆန့် ကျင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ သံဃာတော်တွေက အကြီးအကျယ်ရှုတ်ချတိုက်ခိုက်တာ ခံခဲ့ရပေမဲ့လည်း မိမိအယူအဆကိုဘဲ ခိုင် ခိုင်မာမာကိုင်စွဲ ခဲ့ပါတယ်။ ဒါကိုကြည့်ရင် ဆရာကြီးမှိုင်းဟာ ခေတ်ဟောင်း ပဒေသရာဇ်ဝါဒစွဲ ဘာသာရေးစွဲ လူမျိုးရေးစွဲ မဟုတ်တာ သိ သာပါတယ်။

၁၉၃၃ ခုမှာ ခွဲရေး-တွဲရေး ကိစ္စ ပေါ်လာတဲ့အခါမှာလည်း ဗမာပြည်ကို အိန္ဒိယပြည်နဲ့ ခွဲရေးကို ဆရာကြီးက ဆန့်ကျင်ခဲ့ပါတယ်။ အင်္ဂလိပ်ကျွန် ဖြစ်ရတာချင်းအတူတူ လူမျိုးရေးအရ ခွဲတာကို မလိုလားဘဲ အဖိနှိပ်ခံချင်း ယိုင်းပင်းလက်တွဲ တိုက်ပွဲ ဝင်ရေးဖက်က ရပ် တည်ခဲ့ပါတယ်။ ဒီထက်ပိုထင်ရှားတဲ့ အဖြစ်ကတော့ ၁၉၃၈ ခု ကုလား-ဗမာအဓိကရုဏ်းမှာ ကုလားဆန့် ကျင်ရေး မဟာဗမာလူမျိုးရေးကို အတိအလင်းဆန့်ကျင်ခဲ့တာဘဲ ဖြစ်ပါတယ်။ အဲဒီတုံးက သခင်ကိုယ်တော်မှိုင်းရဲ့ “ကုလား အရေး လောက်ကိုဖြင့်၊ ဓားသွေးလောက်တယ် ဆရာမထင်လို့မို့ ...” ဆိုတဲ့ လေးချိုးကဗျာစာသားဟာ ထင်ရှားကျော်ကြား ပြီး ထိမိခဲ့ လှပါတယ်။

၁၉၃၇ ခုမှာ သခင်ကိုယ်တော်မှိုင်းဟာ တိုးတက်ရေးမဂ္ဂဇင်းထဲမှာ ဆရာစံသူပုန်ကို ထောက်ခံတဲ့ “ပုန်ကန်ခြင်း” ဆောင်းပါးကို ရေးခဲ့ ပါတယ်။ အဲဒီဆောင်းပါးမှာ ရာဇဝင်ထဲက “အပြစ်လွတ်သောပုန်ကန်ခြင်း” ဥပမာတွေကို ထောက်ပြရာမှာ မွန်အမတ် ငရန်မန်ကန်း က ဗမာဘုရင်စောလူးမင်းကို ပုန်ကန်တာကို အပြစ်လွတ်တဲ့ပုန်ကန်ခြင်း၊ အခုခေတ်စကားနဲ့ပြောရရင် တရားတဲ့တော်လှန်စစ်အဖြစ် ဖော်ပြ ခဲ့ပါတယ်။ ဗမာပြည်မှာ ဟိုးအရင် ပဒေသရာဇ်ခေတ်၊ အင်္ဂလိပ်ခေတ်ကရော၊ အခု နအဖခေတ်အထိပါ အများသိထားတာက ငရန်မန် ကန်း ဟာ ပထမမြန်မာနိုင်ငံတော်ကို ဖျက်ဆီးဖို့ကြံတဲ့ ဆူပူသောင်းကျန်း သူ ဗီလိန် အဖြစ် သိထားကြ၊ ဝါဒဖြန့်နေကြတာဖြစ်ပါတယ်။ အဲဒီအယူအဆကနေ ခွဲထွက်ပြီး ငရမန်ကန်းကို မှန်ကန်တိုး တက်တဲ့ တော်လှန်ရေးသမားအဖြစ် သတ်မှတ်တာဟာ ကျနော်သိသ လောက် သခင်ကိုယ်တော်မှိုင်းက ပထမဆုံးဖြစ်ပါတယ်။ ငရန်မန်ကန်းပုန်ကန်မှုကို ပထမဆုံး မွန်အမျိုးသားလွတ်မြောက်ရေး တော်လှန် ရေးအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့တဲ့ ဒုတိယမြောက် ဗမာနိုင်ငံရေးသမား၊ စာပေသမားကတော့ ဆရာဗန်းမော်တင်အောင်ဖြစ်ပြီး “ မြန်မာ နိုင်ငံတော်သမိုင်း ” စာအုပ်မှာ သုံးသပ်ခဲ့ တာဖြစ်ပါတယ်။

၁၉၄၈ ခုလွတ်လပ်ရေးရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ တော်လှန်သောဗမာ့တပ်မတော်တို့ ပုန်ကန် တော်လှန်ပြီး နောက် ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ၁၉၄၉ ခုနှစ်ဆန်းမှာ တော်လှန်ရေးစတဲ့အတွက် ရွက်စုံ တက်စုံပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါ ဒီလိုမဖြစ်ရအောင် စောစောကတည်းက နိုင်ငံရေးအရ ဒီမိုကရေစီနည်းကျကျဖြေရှင်းဖို့ သခင်ကိုယ်တော်မှိုင်း ကြိုးပမ်း ခဲ့တာ မအောင်မြင်ခဲ့တဲ့အကြောင်းကို “လောကတခွင်မှာနော်ကွယ်၊ ဟောမရ ပြောမရတာ တွေကြောင့်၊ သောကပူပင် ...” စသဖြင့် ဖဆ ပလခေါင်းဆောင်တွေကို ရှုတ်ချတဲ့ ကဗျာစပ် ရင်ဖွင့်ခဲ့ပါတယ်။

သခင်ကိုယ်တော်မှိုင်းဟာ လက်ဝဲသူပုန်တွေနဲ့တိုက်တာဖြစ်ဖြစ်၊ တိုင်းရင်းသားသူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ် ပြည်တွင်းစစ် အားလုံးကို ဆန့်ကျင်ခဲ့တဲ့ ငြိမ်းချမ်းရေးသမားစစ်စစ်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်စိုးသူတွေက ဘယ်လောက် မတရားလုပ်လုပ် ငုံ့ခံရေး အယူအ ဆရှိတဲ့ ရွှေပြည်အေးငြိမ်းချမ်းရေးသမား Pacifist တော့ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီး အာဃာတမထားရေး၊ သူမနာ-ကိုယ်မနာငြိမ်းချမ်းရေးရဖို့ ရပ်တည်သူဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောနေတဲ့ သင်ပုန်း ချေရေး၊ စေ့စပ်ဆွေးနွေးရေးဆိုတာတွေကို ဗမာပြည်မှာ ပထမဆုံးစပြောခဲ့သူ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် သခင်ကိုယ်တော်မှိုင်းဟာ ဗမာပြည်အနှံ့ ခရီးထွက်စည်းရုံးခဲ့ရာမှာ ၁၉၅၄၊ ၅၆-၅၇၊ ၆၁ ခုမှာ မြစ်ဝကျွန်း ပေါ်ဒေသ၊ ၁၉၅၆ ခုမှာ ကချင်ပြည်၊ ၁၉၅၇ ခုမှာ ရခိုင်ပြည်တို့ကိုသွားခဲ့ပါတယ်။ ဗမာတွေတင်မက ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်တိုင်း ရင်းသားလူထုတွေက အကြီးအကျယ် အုတ်အော်သောင်းနင်း ကြိုဆိုကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လာတုံးက မကြိုဆိုခဲ့တဲ့ ရခိုင် တိုင်းရင်းသားတွေဟာ သခင်ကိုယ်တော်မှိုင်းကိုတော့ အကြီးအကျယ်ကြိုခဲ့ကြပါတယ်။ ရခိုင်တိုင်း ရင်းသားတွေ အကြီးအကျယ်ကြိုဆို ထောက်ခံတဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ဘဲရှိမယ်ထင်ပါတယ်။ ဗမာအမျိုး သမီးတွေတင်မက တိုင်းရင်းသူအမျိုးသမီးတွေကပါ သခင်ကိုယ်တော်မှိုင်းသွားရာ လမ်းမှာ ဆံပင်ဖြန့်ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါ တွေကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းကတိုင်းရင်းသားတွေနဲ့ သခင်ကိုယ်တော်မှိုင်း ဆက်ဆံရေးအနေအထားကို အလွယ်တကူသိနိုင်ပါ တယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်စည်းရုံးရာမှာ ကရင်အမျိုးသားနိုင်ငံရေး သမားတွေဖြစ် တဲ့ မန်းထွန်းရင်၊ မန်းကျော်အုံး၊ စောကျော်စိုး (အင်းစိန်)၊ စောကျော်စိန်၊ ဒေါက်တာဆင်ဖိုးတို့နဲ့ တွဲခဲ့ပါတယ်။ ဒေါက်တာဆင်ဖိုးဟာ ဆရာ ကြီးရဲ့ကျန်းမာရေးကို တောက်လျှောက်အနီးကပ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဆရာကြီးဟာ ကရင်ခေါင်းဆောင် မန်းဒါဝိတ်နဲ့ အထူးရင်း နှီးလှပြီး ဆရာတပည့်လို၊ သားအဖလို နေထိုင်လက်တွဲခဲ့ပါတယ်။ မန်းဒါဝိတ်ဟာ မြေပေါ်ကရင်အမျိုးသားခေါင်းဆောင်တယောက် ဖြစ်ရုံ မက ကေအဲန်ယူရဲ့ ယူဂျီခေါင်းဆောင်တယောက်ဖြစ်ပြီး မဆလ ခေတ်မှာ နှစ်ကြိမ်၊ နဝတခေတ်မှာတကြိမ် ထောင်ကျခဲ့ပါတယ်။ ၁၉၉၂ ခုမှာ အင်းစိန်ထောင်မှာဘဲ ကျဆုံးသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကော်မတီမှာ သခင်ကိုယ်တော်မှိုင်းနဲ့ လက်တွဲလှုပ်ရှားခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဆရာကြီးရဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ် သဘောထားကို ၂ဝဝ၇ ခုနှစ်တုံးက ဒီလိုပြောပြခဲ့ဖူးပါတယ်။ “သခင်ကိုယ်တော်မှိုင်းဟာ ကေအဲန်ယူနဲ့ပြည်တွင်းစစ်ကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းရေးရဖို့ ရပ်ခံခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်း ရေးအတွက် လှည့်လည်ရာမှာ မြစ်ဝကျွန်းပေါ်ကရင်များက အထူးကြည်ညိုလေးစားကြတယ်။ ကရင်ရွာများကို သွားရောက်ဟောပြောခဲ့တယ်။ သူ့မှာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အထင်သေးနှိမ်ချတဲ့စိတ်၊ ခွဲခြားဖိနှိပ်ချင်တဲ့စိတ် လုံးဝမရှိဘူး။ စိတ်သဘောထား အင်မတန်နူးညံ့သူဖြစ်တယ်။ ဆရာ ကြီးကွယ်လွန်ချိန်အထိ ကျနော်တောက်လျှောက် အနီးကပ်နေခဲ့တာ၊ ကျနော့်လက်ပေါ်မှာဘဲဆုံးသွားတာ ဖြစ်တဲ့အတွက် ဒီလိုသေတမ်း စာဆိုတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ကျနော် သေချာပြောရဲတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံမှာ၊ ဗုဒ္ဓဘာာသာထုံးစံမှာ သေ တမ်းစာ ဆိုတာလည်း မရှိပါဘူး” လို့ ဗိုလ်ကျော်ဇောက ခိုင်ခိုင်မာမာ ပြောပြပါတယ်။

၁၉၆၁ ခု ဇွန်လမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တောင်ကြီးညီလာခံကျင်းပပြီး ၁၉၄၇ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ဖက်ဒ ရယ်မူ (ခေါ်) ရှမ်းမူကို ဖော်ထုတ်ခဲ့တဲ့အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်း ရေးကော်မတီအဖွဲ့ ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်းအစ်ကို)၊ ဦးသိန်းဖေမြင့် တို့က ထောက်ခံခဲ့ကြပါ တယ်။ သူတို့နောက်ကွယ်မှာ သခင်ကိုယ်တော်မှိုင်း ရှိနေတာ ယုံမှားစရာမရှိပါဘူး။

အကယ်၍သာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ မဟာဗမာဝါဒီတယောက်၊ တိုင်းရင်းသားဖိနှိပ်ရေးသမားတယောက် ဖြစ်ခဲ့ရင်ဗြောင် အတိအလင်း ဖက်ဒရယ်ဆန့်ကျင်ရေး စတုတ္ထ မဟာဗမာအင်ပါယာထူထောင်ရေး ဗမာအမျိုးသားရေးသက် သက်ဝါဒသမားတွေဖြစ်တဲ့ သခင်ဗစိန်၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးကျော်ငြိမ်း တို့နဲ့ တသားတည်းတွဲမိခဲ့မှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဒီလူတွေဟာ ဆရာကြီး အပေါ် အခါးသီးဆုံးရန်ဖက်တွေလိုဘဲ သဘောထားခဲ့ကြပါတယ်။ ဒါ့အပြင် ကိုယ့်အာဏာအတွက် တိုင်းရင်းသားတွေကို လိုရင်လိုသလို အသုံးချသွားတဲ့ ပါလီမန်ဒီမိုကရေစီ ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဖက်ဒရယ် ဆန့်ကျင်ရေးစစ်အာဏာရှင် ဗိုလ်နေဝင်းတို့နဲ့လည်း ဘယ်လိုမှ အစေးမကပ်ခဲ့ပါဘူး။ ဒါကြောင့် နဝတ-နအဖ တို့ကလည်း သခင်ကိုယ်တော်မှိုင်းအခန်းကဏ္ဍကို ဘယ်လိုမှ နေရာမပေး အသိအမှတ် မပြုကြတာ ဖြစ်ပါတယ်။

ဒါကြောင့် သခင်ကိုယ်တော်မှိုင်းသေတမ်းစာ ဆိုတဲ့စာတမ်းဟာ တန်းတူရေးအတွက်တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသားလူ မျိုးတွေနဲ့ ရိုးသန့်စင်ကြယ်တဲ့ ဗမာလူမျိုးဒီမိုကရေစီသမားတွေ ပေါင်းစည်းညီညွတ်မိသွားမှာကို စိုးရိမ်တဲ့ အာဏာရှင်ဘက်တော်သား တွေရဲ့ လုပ်ကြံလီဆယ်မှုသက်သက်ဘဲ ဖြစ်ပါတယ်။