Thursday, May 21, 2009

ဒို့ခေတ်ကျမှညံ့ကြရတော့မှာလား

ရွေးကောက်ပွဲကိုခဏဖယ်ထားရင်လတ်တလောအခြေအနေမှာဒေါ်အောင်ဆန်းစုကြည်ကိုအကျဉ်းထောင်(သို့)နေအိမ်အကျယ်ချူပ်ပြန်ထားဖို့ကိုနအဖကအပူအပြင်းလုပ်ဆောင်နေတယ်။ပြည်သူနဲ့မီဒီယာကဒီထဲမှာမျောနေ
တယ်။ဒေါ်စုလွတ်မြောက်ဖို့ရှေ့နေ၊သံတမန်တွေနဲ့ပြည်ပကနေကြိုးစားနေကြတယ်။ကျွန်တော်တို့ဖက်ကဘာ
ကိုဦးတည်ပြီးလုပ်မလဲ၊ပန်းသိန်းစိန်ကဥပဒေပညာရှင်တွေနဲ့တွေ့တဲ့ပွဲမှာပြောပြီးပြီ။မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့
အုပ်ချူပ်နည်းကိုပဲကျင့်သုံးမယ်တဲ့၊ဆိုလိုတာကအာဏာရှင်(တဖြစ်လဲ)သက်ဦးဆံပိုင်ဘုရင်စနစ်ပဲ၊အချို့တိုင်း
ရင်သားအဖွဲ့တွေကနှစ်၅ဝတော်လှန်ရေးနောက်မှာအပြောင်းအလဲတခုအနေနဲ့နအဖနဲ့အနီးကပ်ဆက်ဆံ
ကြည့်လာတယ်။နယ်ခြားစောင့်(ကောင်းလိုက်တဲ့အသုံးအနုန်း)ဒီကေဘီအေတောင်အခုလှုပ်စိလှုပ်စိဖြစ်နေပြီ၊
ကျန်တဲ့တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေတော့ပြောမနေနဲ့တော့။တိုင်းရင်းသားလက်နက်ကိုင်ဆိုလို့လတ်
တလောဖြစ်ပျက်တာလေးတင်ပြချင်ပါတယ်။ဘီဘီစီသတင်းအရတော့တမီးခေါင်းဆောင်ဟာမသေဖူးလို့ဆိုပါ
တယ်၊တမီးတွေကိုထောက်ပံ့နေတာပြည်ပရောက်တမီးတွေပါ။ကနေဒါမှာအများဆုံးပါပဲ။ပြီးခဲ့တဲ့အနှစ်၂ဝလောက်
ကရာဂျစ်ဂန္ဒီကိုလုပ်ကြံသည်ဟုစွတ်စွှဲုချက်နဲ့အတူတမီးကျားတွေကိုအကြမ်းဖက်စာရင်းသွင်းခဲ့ကြတယ်။ပြည်ပ
နိုင်ငံတွေအထောက်အပံ့မရတော့လို့၈၃ခုနှစ်လောက်ထဲကတိုက်ခဲ့တဲ့တော်လှန်ရေးကလက်ရှိအခြေအနေအ
တိုင်းဖြစ်ခဲ့ရတာစာဖတ်ပရိတ်သတ်အသိပါ။ငြိမ်းချမ်းစွာပြီးဆုံးခြင်းမဟုတ်လို့တမီးလ်လူမျိုးဆိုတာကမ္ဘာမှာရှိနေသ
၍တော်လှန်ရေးဆိုတာရှိနေအုန်းမှာပါ၊ဆင်ခြင်ရမဲ့အချက်ကတော့မိမိအဖွဲ့အစည်းကိုအကြမ်းဖက်နာမည်အတတ်မ
ခံစေရဖို့ပါပဲ၊မဖြစ်သေးပေမဲ့တခုခုဖြစ်ရင်တင်းကြပ်လာရင်ထိုင်းရေတာကာကြီးခွဲချလိုက်မယ်ဆိုတာမျိုးတွေဟာဒီ
စာရင်းထဲချက်ချင်းရောက်သွားစေနိုင်ပါတယ်၊နအဖဗျူဟာမှုးတွေလည်းဒီအတွေးမျိုးတွေရှိခဲ့ဖူးပါတယ်။လက်ရှိ
အလားအလာကတော့တိုင်းရင်းသားနဲ့နအဖကဗိုလ်ခင်ညွန့်ငြိမ်းချမ်းရေးမယူခင်ရအတိုင်းပြန်ဖြစ်မှာပါပဲ၊ဒီကိစ္စ
ကိုတော့နအဖရင်ထဲမှာသိပ်မရှိပါဖူး၊လက်နက်ကိုလက်နက်နဲ့ရှင်းရတဲ့ပုဒ်စ္ဆာတပုဒ်ဟာ၃တန်းလောက်ပဲအရည်
အချင်းရှိတဲ့နအဖအတွက်တွေးတောနေစရာမလိုပါ၊၁နဲ့၂ပေါင်း၃ဆိုတဲ့အဆင့်မှာပဲပျော်မွေ့နေမှာပါ၂၁နှစ်လည်း
တိုင်ခဲ့ပါပြီ။တိုက်ခိုက်နေရသ၍ပြည်သူ့ကျေးဇူးရှင်တွေလုပ်နေအုံးမှာပါပဲ၊ဒီသီအိုရီကိုကျွန်တော်တို့ပြောင်းဖို့ကြိုး
စားရာမှာအချို့အခက်အခဲတွေရှိနေတယ်။စာမျက်နှာပေါ်မတင်ဖို့အကြံပေးတဲ့သူရှိပေမဲ့ဒီလိုမှမရှင်းရင်လည်းလို
ချင်တာကိုကျွန်တော်တို့ဆွဲယူနေတာဟာနှေးကွေမြဲနှေးကွေးနေမှာပါပဲ၊တိုတိုပဲရှင်းရရင်ပြည်ပမှာအိုင်စီစီ၊ဆိုတာ
ကလည်းဆောက်ဖြစ်မှကျောင်းဒကာပါ၊လုံခြုံရေးကောင်စီ၊နေတိုး၊စတာတွေကလည်းရေနံဆိုတာရေနံချောင်းမှာ
ပဲလားလို့ပြောရလောက်တဲ့ဒီနိုင်ငံဒေါ်လာသန်းပေါင်း၈သောင်းအကုန်ခံပြီးတိုက်ဖို့စီးပွားရေးအရတော့ခေါင်းထဲ
မှာရှိပုံမရပါ၊မဟာဗျူဟာကျသည့်နေရာတခုအဖြစ်တော့တည်ရှိနေဆဲပါ၊လုံခြုံရေးကောင်စီမှာတရုတ်ရုရှားငြင်းမ
ရတာတခုကတော့ဆားဘီးယားလိုအရပ်သားအစုလိုက်အပြုံလိုက်သတ်မှုတွေပါ။အာတူးပီနဲ့လည်းနွယ်ပါတယ်၊
စစ်တပ်ကစစ်တပ်၊နအဖကနအဖပါတပ်ထဲကတပ်သားတွေရဲ့အမြင်နဲ့ခံယူချက်ကိုကျွန်တော်နိုင်ငံခြားမထွက်ခင်
ထဲကစစ်တမ်းယူကြည့်ပြီးသားပါ၊မပိုင်ရင်ခြင်မရိုက်လွဲတာကလွဲလို့ပြည်ပတပ်အဝေးပစ်နဲ့ဝင်လာရင်လက်နက်
လေးတွေကောက်ရိုးပုံထဲထိုးပြီးတောင်သူအဖြစ်ခံယူကြမဲ့သူတွေချည်းပါပဲ။ကြောက်လို့မဟုတ်ပါနအဖကို
ိုသောက်ညင်ကတ်လို့ပါ၊ဆတ်ဒန်ဟူစိန်လိုသန်းရွှေလည်းချီးတွင်းထဲကပြန်ဖေါ်ယ.ူရမှာ။၈၈၈၈မတိုင်ခင်
ကိုမိုးသီးအပါအဝင်ကျွန်တော်တို့တွေတိုက်ရိုက်၊သွယ်ဝိုက်နည်းမျိုးစုံသုံးပြီးပြည်သူနဲ့ကျောင်းသားထုကြားတိုး
ဝင်ခဲ့ကြတယ်။ဒီဖက်ခေတ်မှာလူငယ်တွေကကျွန်တော်တို့ထက်ပိုသိနေကြပြီ၈၈တုန်းကလိုဒါဖြစ်သင့်တယ်လို့
ပြောစရာမလိုလောက်အောင်နားလည်နေပြီးသားဒီအပါတ်ထဲမှာတောင်လူကြီးတွေကတားယူနေရတယ်၊၈၈မှာကြားမဖြတ်နိုင်ခဲ့ဖူး၊ဒီခေတ်မှာအဲလိုလုပ်ဖို့ခက်လာတယ်တွေ့ဆုံရေးကပဲလတ်တလောအကောင်းဆံုးလို့
ဖြစ်လာတယ်၊ဖြစ်လာဖို့အဓိကအချက်တွေရှိတယ်၊
၁)လက်နက်နဲ့ရှင်းလို့မလွယ်ကူပါ။
၂)သေနတ်ပြောင်းဖက်ရင်ဘတ်လှည့်ပြခြင်း၊
၃)မီဒီယာကမ္ဘာဖြန့်ရန်အဆင်သင့်ရှိနေခြင်းတို့ဖြစ်သည်။တနေ့ကဒေါ်စုသံတမန်တွေနဲ့
ပေးတွေ့တာဟာ၎တန်းရောက်ပြီလို့သန်းရွှေဂုဏ်ပုဒ်ဖေါ်ထုတ်လိုက်တာပါပဲ။၈၈တုန်းကလိုအပစ်အခတ်
တွေမလုပ်တော့ပဲ၊စနစ်သစ်နည်းပညာတွေနဲ့ရှင်းလင်းရေးလုပ်ဆောင်တာမျိုးတွေရှိလာမယ်။အစာဝနေတဲ့န
အဖဟာ၈၈၈၈တုန်းကလိုမျိုးလုပ်မှာမဟုတ်တော့ဖူးလက်ရှိဒေါ်စုဖြစ်စဉ်မှာပြည်ပကစွက်ဖက်မှုတွေရလာပြီ၊
လိုနေတာတတိုင်းပြည်လုံးအုံကြွမှုပဲဖြစ်တယ်အင်းစိန်ထောင်ရှေ့တခုထဲနဲ့တော့အရာမထင်ပေမဲ့မီးစတခု
တော့ဖြစ်လာနိုင်တယ်။ပြည်ပဘယ်လောက်အထိစွက်ဖက်နိုင်သလဲဆိုတာပြည်တွင်းပြောင်းလဲမှုပေါ်လုံးo
တည်မှီနေတယ်။အခက်အခဲကတော့တပြိုင်ထဲဖြစ်ဖို့ပဲ။တပြိုင်ထဲဖြစ်ဖို့ကပြည်တွင်းကကျောင်းသားတွေအ
ပေါ်မှာလုံးလုံးမူတည်တယ်။နံရံမှာဆေးမှုတ်နေတာထက်အထက်မြန်မာပြည်၊အောက်မြန်မာပြည်ကျောင်းသား
ကွန်ယက်ဘယ်လိုဖြန့်ကျက်အချိတ်အဆက်မိကြမလဲ၊ဘယ်နေ့မှာတပြိုင်ထဲစမလဲ၊အချိန်ဘယ်လောက်ကြာ
ကြာသပိတ်ကိုထိန်းထားနိုင်မလဲ(ဒို့ခေတ်ကျမှညံ့ကြရတော့မှာလား)ဆိုတာကိုအာရုံမှာရှိကြဖို့တိုက်တွန်း
အပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သတ္တိရှင် အမျိုးသမီးတဦး

Photobucket
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သတ္တိရှင် အမျိုးသမီးတဦး(Sketch from - kerrywaghorn.com)

မတရား ချုပ်နှောင် တရားစွဲဆိုခြင်း ခံရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချစ်ကြည် လေးစား ထောက်ခံသည့် အနေဖြင့် April 16, 2007, The Guardian မှ Gordon Brown ၏ "A Woman of Courage" ကို ဇော်ဝင်းထွန်း ဘာသာပြန်ဆိုထားသည့် "ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သတ္တိရှင် အမျိုးသမီးတဦး" ရုပ်ပုံလွှာ ဆောင်းပါးကို ဧရာဝတီ ကွန်ရက် မဂ္ဂဇင်းမှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ . . . [စာရေးသူ - ဂေါ်ဒွန်ဘရောင်း (Gordon Brown) ဟာ လေဘာပါတီ (Labour Party) ခေါင်းဆောင် တဦးဖြစ်ပြီး လက်ရှိ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ဘရောင်းကို ၁၉၁၅ ဖေဖော်ဝါရီ ၂ဝ ရက်ကနေ့မှာ Govan, Glasgow, Scotland မှာ မွေးဖွားခဲ့ပြီး၊ ၁၉၈၃ မှာ Dunfermline East မှနေ လေဘာ အမတ် အဖြစ် ရွေးကောက် တင်မြှောက် ခံရကာ ပါလီမန် အမတ် တဦး ဖြစ်လာခဲ့တယ်။ ၁၉၉၇ ဗြိတိန် ရွေးကောက်ပွဲမှာ လေဘာပါတီက လွတ်လွတ်က္ဆွတ်က္ဆွတ် အနိုင် ရရှိခဲ့ပြီး၊ တိုနီဘလဲ (Tony Blair) ဦးဆောင်ပြီး လေဘာ အစိုးရ ဖွဲ့တဲ့ အခါမှာ ဘဏ္ဍာရေး ဝန်ကြီး (Chancellor of the Exchequer) အဖြစ် အဲဒီနှစ် မေလက စလို့ ၂ဝဝ၇ ခုနှစ်၊ အထိ တာဝန် ယူခဲ့တယ်။ ၂ဝဝ၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ ဗြိတိန် ဝန်ကြီးချုပ် တာဝန်ကို တိုနီဘလဲ ထံကနေ လွှဲပြောင်းယူပြီး ထမ်းဆောင်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါတယ်။]

၁၉၉ဝ ခုနှစ်၊ အစောပိုင်းမှာ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေဘာပါတီရဲ့ ညီလာခံမှာ မိန့်ခွန်း ပြောခိုင်းဖို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ တကယ်တော့ ဒီကိစ္စဟာ ဖြစ်နိုင်မှာ မဟုတ်မှန်း ကျနော် သဘောပေါက်ပါတယ်။ ဒါကြောင့် သူ နေရာမှာ အစားထိုး ပြောပေးနိုင်မယ့် သူရဲ့ အမျိုးသား ဒေါက်တာ မိုက်ကယ်အဲရစ်ကို စဉ်းစားမိပြီး သူနဲ့ တွေ့ဆုံဖို့ အတွက် စီစဉ်ပါတယ်။ အဲ့လို တွေ့ဖို့ စီစဉ်ပြီး သူတို့ စုံတွဲရဲ့အကြောင်းတွေကို အသေးစိတ် ဖတ်ကြည့်တဲ့ အခါမှာတော့ သူတို့အတူတူ ရှိခဲ့တဲ့ ဘဝ မှတ်တိုင်တွေ၊ သူတို့ရဲ့ ဘဝတလျှောက် ကြိုးပမ်းမှုတွေ အားလုံးကို တွေ့ရှိရပါတယ်။
တကယ်တမ်း ပြောရမယ် ဆိုရင်တော့ သူ အကြောင်းကို ပိုဖတ်လေ သူရဲ့ အထီးကျန်ဆန်မှုတွေကြားက ဆက်လက် တိုက်ပွဲဝင် နေတဲ့ ကြီးမားတဲ့ သတ္တိ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ အချက်တွေကပဲ သူကို ယုံကြည်ချက် အတွက် အကျဉ်းကျ နေတဲ့ အမျိုးသမီး အကျဉ်းသား အဖြစ် ကမ္ဘာတဝှမ်းမှာ အကျော်ကြားဆုံး ဖြစ်နေစေပါတယ်။ ဒေါ်စုဟာ ကမ္ဘာပေါ်မှာ အင်အား အကြီးမားဆုံး၊ အရက်စက်ဆုံး အာဏာရှင်ကို ရင်ဆိုင် တွန်းလှန်နေတာ ဖြစ်ပါတယ်။ သူ သတ္တိ ဘယ်လောက်ရှိသလဲ ဆိုတာကို သူ ချစ်တဲ့ ခင်ပွန်းသည်၊ သူရဲ့ ချစ်လှတဲ့ သားနှစ်ယောက်ရဲ့ ဘဝတွေကို လျစ်လျူရှုပြီးတော့ အကျယ်ချုပ်ထဲမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ခွဲခွာ နေထိုင်ခြင်းဖြင့် ပြသခဲ့ပါတယ်။ ချစ်သား နှစ်ယောက်ရဲ့ တစတစ ကြီးပြင်း အရွယ်ရောက်လာတဲ့ အချိန်တွေကို မျက်ကွယ်ပြု နေခဲ့ရတဲ့ မိခင် ဖြစ်ပါတယ်။
ဒေါ်စုရဲ့ သတ္တိ စွမ်းရည်တွေကို နားလည်ဖို့ ဆိုရင် သူရဲ့ တာဝန် ကျေပွန်လိုစိတ်နဲ့ သူ ဖခင်၊ လွတ်လပ်ရေးကို မမြင်ခဲ့ရတဲ့ လွတ်လပ်ရေး သူရဲကောင်းကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သူ အပေါ် သြဇာ လွှမ်းမိုးမှုတွေကို ပထမဦးဆုံး နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဒုတိယ အနေနဲ့ အရေးကြီးဆုံး အချက်ကတော့ ဒေါ်စုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပေါ်မှာ ထားတဲ့ အခြေခံ ယုံကြည်ချက် စွမ်းအားတွေပဲ ဖြစ်ပါတယ်။ မျှော်လင့် မထားတဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကို အကြောက်တရားကင်းကင်း ရင်ဆိုင်တာနဲ့တင် သူ သတ္တိကို ဖော်ကျူးလို့ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ချစ်တဲ့ မိသားစုနဲ့ ရက်ရက်စက်စက် ခွဲထားတာတွေ၊ ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ ကျော်လွှားခဲ့တဲ့ သူရဲ့ အခြေခံ ယုံကြည်ချက် ပြင်းပြမှုတွေဟာ သူရဲ့ ဖော်ကျူး မကုန်တဲ့ စွမ်းရည် သတ္တိတွေပဲ ဖြစ်ပါတယ်။
ဒေါ်စု အတွက် ဒီဖြစ်ရပ်တွေကို ကြုံတွေ့စေဖို့ အလှည့်အပြောင်း ကာလ တခုဟာ ၁၉၈၈ ခုနှစ်ရဲ့ နွေဦးရာသီမှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
"အဲဒီနေ့ဟာ အောက်စ်ဖို့ဒ်ဝန်းထဲက ငြိမ်သက်တဲ့ မတ်လရဲ့ နောက်ဆုံးနေ့ ညတည ဖြစ်ပါတယ်။ သားတွေဟာ အိပ်ရာထဲကို ရောက်နေကြပါပြီ။ ကျနော်တို့ စာဖတ်နေစဉ်မှာပဲ တယ်လီဖုန်းက မြည်လာပါတယ်။ စုဟာ တယ်လီဖုန်း ကောက်ကိုင်လိုက်တာနဲ့ တပြိုင်တည်းမှာ သူ မိခင်ရဲ့ အခြေအနေဆိုးကို ကြားသိ ခဲ့ရပါတယ်။ သူဟာ ဖုန်းချပြီးတာနဲ့ တခါတည်း အထုပ်ပြင် ပါတော့တယ်။ ကျနော်တို့ ဘဝတွေ အပြောင်းအလဲ ဖြစ်တော့မယ် ဆိုတာကို အဲဒီ အချိန်ကတည်းက ကျနော် ခံစားမိခဲ့ပါတယ်"။
ဒါကတော့ ခင်ပွန်းသည် မိုက်ကယ်ရဲ့ ပြန်ပြောင်း ပြောပြချက်တွေပဲ ဖြစ်ပါတယ်။
အဲဒီနေ့ မတိုင်ခင် အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဟာ ပညာရှင် တဦး အဖြစ်၊ ပါမောက္ခ တယောက်နဲ့ လက်ထပ်ထားတဲ့ အိမ်ထောင်ရှင်မ တယောက် အဖြစ်နဲ့ အေးချမ်းတဲ့ အောက်စ်ဖို့ဒ်ဝန်းထဲမှာ သားနှစ်ယောက်ကို စောင့်ရှောက်ရင်း ရှိနေခဲ့ပါတယ်။ နောက်တနေ့မှာတော့ သူဟာ အင်္ဂလန်ကနေ စစ်အုပ်စုကို ဆန့်ကျင် ဆန္ဒပြမှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတဲ့ ရန်ကုန်မြို့ဆီကို ခရီးနှင်ခဲ့ပါတယ်။ သူရဲ့ မိခင်ဖြစ်သူ ဝေဒနာကို ပြုစုရင်း၊ တိုင်းပြည်အတွင်း အာဏာရှင်စနစ်ကို မခံမရပ်နိုင် ဖြစ်ကာ တော်လှန်နေတဲ့ ကျောင်းသား လူငယ်တွေရဲ့ တိုက်ပွဲကို ဒေါ်စု အနေနဲ့ လက်ပိုက်ပြီး ငြိမ်ငြိမ်လေး ကြည့်မနေနိုင်ခဲ့ပါဘူး။ သူ ရောက်ပြီး ရက်သတ္တပတ် အနည်းငယ် အကြာ မှာ ဗိုလ်နေဝင်းရဲ့ မဆလ အာဏာရှင် ပြုတ်ကျ သွားပါတော့တယ်။ ဗိုလ်နေဝင်း ကိုယ်တိုင်က တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်စေဖို့ လူထု ဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ ကြေညာ လိုက်ပါတယ်။ ကျောင်းသား လူငယ်တွေရဲ့ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲဟာ တနိုင်ငံလုံးကို ပျံ့နှံ့လာပြီး လှည်းနေ လှေအောင်း မြင်းစောင်းမကျန် လမ်းမပေါ်ထွက် ဆန္ဒပြကြ ပါတော့တယ်။ ဗိုလ်နေဝင်းဟာ နိုင်ငံတဝန်းလုံးက လိုလား တောင့်တနေတဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို အကောင်အထည် ဖော်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းမပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်နေတဲ့ ပြည်သူလူထု အထူးသဖြင့် ကျောင်းသား လူငယ်တွေ ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ် ခဲ့ပါတယ်။
ဒီပစ်ခတ်မှုကို ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ ချက်သမ္မတဟောင်း ဗားကလက်ဟာဗယ်တို့က လက်နက်မဲ့၊ အပြစ်မဲ့ ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းလို့ ကမ္ဘာ့ ကုလသမဂ္ဂကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ အချိန်မှာ ဒေါ်စုဟာ ရန်ကုန် ရောက်နေတာ ရက်သတ္တပတ် အနည်းငယ်ပဲ ရှိပါသေးတယ်။ သူမှာ လက်နက် မရှိဘူး၊ နောက်လိုက်တွေ စစ်တပ်တွေလည်း မရှိပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်တွေရဲ့ ကမ်းကုန်အောင် ရက်စက် ကြမ်းကြုတ်မှုတွေကို မျက်မြင် တွေ့ခဲ့ရပါတယ်။ လမ်းမပေါ်မှာ ဆန္ဒပြနေတဲ့ ရေတွက် မရနိုင်တဲ့ ပြည်သူတွေရဲ့ ကံကြမ္မာဟာ စောင့်ကြိုနေတယ် ဆိုတာကို သူ သိပါတယ်။ ဒေါ်စုဟာ မြန်မာပြည်တွင်းက ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေက လွတ်မြောက်ပြီး သူ ဗြိတိသျှမှာ နေစဉ် လွတ်လပ်မှုတွေ ခံစားခဲ့ရသလိုမျိုး ခံစားစေချင်တယ်။ ရက်အနည်းငယ် အတွင်းမှာပဲ ဒေါ်စုနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ခဲ့ပြီး သူ ကိုယ်တိုင်လည်း အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ပါတယ်။
ကျနော့် အတွက် "သတ္တိ" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဒေါ်စုကနေ ဖွင့်ဆို ပေးခဲ့တယ်လို့ ပြောနိုင်ပါ တယ်။ အရင်က ဆိုရင် သတ္တိ ဆိုတာကို စစ်မြေပြင် တိုက်ပွဲတွေမှာပဲ အဓိက တွေ့ခဲ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အရ စွန့်လွှတ်မှု၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု၊ အောင်ပွဲ စတာတွေကို ကြည့်ပြီး သတ္တိကို ဖွင့်ဆို ခဲ့ကြပါတယ်။ သတ္တိ ဆိုတာကို ယောက်ျားတွေ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင် တောင့်တင်းသူတွေ၊ လုပ်ရဲကိုင်ရဲ ရှိသူတွေ၊ တခါတလေ ရိုင်းစိုင်းကြမ်းတမ်း မိုက်ရူးရဲဆန်မှုတွေကိုတောင် သတ္တိလို့ ဖော်ဆိုကြပါတယ်။ ဘယ်ဘာသာ စကားမှာပဲ ကြည့်ကြည့် သတ္တိ ရှိတယ် ဆိုတဲ့ စကားလုံးကို အမျိုးသားတွေ အတွက် သုံးကြပါတယ်။ ဒါပေမဲ့ ဒေါ်စုဟာ အာဏာမဲ့သူတွေကို ကိုယ်စားပြုတဲ့ စွမ်းအားတခု ဖြစ်ပါတယ်။ ယုံကြည်ချက် အတွက် အကျဉ်းကျနေတဲ့ အမျိုးသမီး တဦးဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှု အဆိုးဝါးဆုံး ဖြစ်တဲ့ စစ်အုပ်စုကို အကြမ်းမဖက် တိုက်ပွဲဝင် နေပါတယ်။ လူဦးရေ သန်း ၅ဝ ရှိတဲ့ တိုင်းပြည်မှာ အယောက် ၁,ဝဝဝ က နိုင်ငံရေး အကျဉ်းသားတွေ၊ လူဦးရေ ၅ သိန်းက ဒုက္ခသည်တွေ၊ အသက် ၄ နှစ်အောက် ကလေးလည်း ထောင်ထဲ ရောက်လိုရောက်၊ ကဗျာဆရာတွေ၊ သတင်းစာ ဆရာတွေလည်း စကားလေး ပြောမိရုံနဲ့ နှိပ်စက် အကျဉ်းချနေတဲ့ စစ်အုပ်စုကို ဒေါ်စုက သတ္တိရှိရှိ ငြိမ်းချမ်းစွာ တွန်းလှန် နေတာပါ။
ဒေါ်စု ရေးခဲ့တဲ့ 'ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး' စာစဉ်တွေမှာ ဆိုရင် သူ လေးစား လက်ခံတဲ့ သတ္တိ ဆိုတာကို အဓိက ရေးသား ဖော်ပြပါတယ်။ ကြောက်ရွံ့ခြင်း ကင်းတာ မဟုတ်ပါဘူး။ ယုံကြည်မှု ပြင်းထန်တာပါ။ စိတ်ဓာတ် ပြင်းထန်မှု သတ္တိပဲ ဖြစ်ပါတယ်။
ကြောက်ရွံ့မှု ကင်းတယ် ဆိုတာဟာ ကြီးမားတဲ့ လက်ဆောင်တခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကြိုးပမ်းမှုတွေထဲကနေ ရရှိတဲ့ သတ္တိကသာ ပိုပြီး တန်ဖိုးကြီးတယ် ဆိုတာ အထင်အရှားပါပဲ။ တယောက်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို ငြင်းပယ်ဖို့ ကြောက်ရွံ့ နေမှုတွေကို ဖယ်ရှားတဲ့ အလေ့အကျင့် မွေးမြူခြင်းကလာတဲ့ သတ္တိ၊ ပြင်းထန် ရက်စက်တဲ့ ဖိအားတွေ အောက်ကနေ ရုန်းထွက်၊ ဖောက်ထွက် ရင်ဆိုင်နိုင်တဲ့ သတ္တိတွေဟာ ပိုပြီး အဖိုးကြီးပါတယ်။
ဒေါ်စု ရန်ကုန် ပြန်ရောက်ပြီး တနှစ်လောက် အကြာမှာ စစ်တပ်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ဖွဲ့စည်းပြီး သူကို အမျိုးမျိုး ခြိမ်းခြောက်ကာ နိုင်ငံရေးနှင့် ကင်းဝေးအောင် လုပ်ဆောင်ပါတော့တယ်။ ၁၉၈၉ ဧပြီ ၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ရိုင်ဖယ် သေနတ်တွေနဲ့ သူတို့ကို တည့်တည့်ချိန်ထားတဲ့ စစ်တပ် တပ်စိတ် တခုနဲ့ ထိပ်တိုက် ရင်ဆိုင် တွေ့ခဲ့ပါတယ်။ ဒေါ်စုဟာ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘေးက လျှောက်သွားဖို့ ပြောဆိုခဲ့ပြီး ကိုယ်တိုင်ကတော့ သေနတ်သမားတွေ တည့်တည့်ကို ရဲရဲ ချီတက်ခဲ့ပါတယ်။ နောက်ဆုံးမှာ ဗိုလ်မှူး တယောက် ရောက်လာပြီး အမိန့် ပေးတော့မှ စစ်သားတွေရဲ့ သေနတ်တွေဟာ အောက်ကို ချသွားခဲ့ပါတယ်။ အင်မတန်မှ အသည်းယားဖွယ် ကောင်းတဲ့ မြင်ကွင်း တခုအဖြစ် သမိုင်းတွင်ရစ်ခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ လက်နက် အပြည့်အစုံနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုကို လက်နက်မဲ့ တယောက်တည်း တွန်းလှန် နေခြင်းဟာ သူ့တိုင်းပြည်ရဲ့ လွတ်လပ်မှု အတွက် သင်္ကေတ တခုလို ဖြစ်နေပါတယ်။ လျှပ်တပြက် မိနစ်ပိုင်း အတွင်း အသက် သေစေလောက်တဲ့ လုပ်ရပ်ကို ဒေါ်စုဟာ သူရဲ့ သတ္တိတရားနဲ့ ကျော်ဖြတ်ခဲ့တာပါ။
ဒါပေမဲ့ ကျနော့် အနေနဲ့ ပြောရမယ် ဆိုရင် သူ့တိုင်းပြည်ရဲ့ အဝေးကို ထွက်သွားလို့ ရပေမယ့်လို့ မထွက်သွားဘဲနဲ့ မိသားစုနဲ့ ခွဲနေနိုင်တဲ့ သတ္တိ၊ တယောက်တည်း နေအိမ် အကျယ်ချုပ်ထဲမှာ အထီးကျန် ဖြတ်သန်းနိုင်တဲ့ သတ္တိတွေကို ပိုပြီး လေးစား ဂုဏ်ယူ တန်ဖိုး ထားမိပါတယ်။
၁၉၈၉ ဇူလိုင်လမှာ ဒေါ်စုနဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ စစ်တပ်ရဲ့ အပြစ်မဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဒေါ်စုကို နေအိမ် အကျယ်ချုပ် ချထားခဲ့ပါတယ်။ သူရဲ့ မြန်မာနိုင်ငံ အတွက် ပေးဆပ်မှုတွေကို သူ့မိသားစုကလည်း ဖြည့်ဆည်း ပေးခဲ့ပါတယ်။ မိုက်ကယ်နဲ့ သားနှစ်ယောက်ဟာ နွေရာသီ ကျောင်းပိတ်ရက်မှာ ဒေါ်စု ရှိတဲ့ မြန်မာပြည်ကို သွားရောက်ခဲ့ပါတယ်။ သူတို့ဟာ ဒေါ်စုရဲ့ အချို့ လူထု လှုပ်ရှားမှုတွေမှာ လိုက်ပါ ခဲ့ကြတယ်။ အမှန်က ဒေါ်စု နေအိမ် အကျယ်ချုပ် ချခံရပြီး အစာငတ်ခံ ဆန္ဒပြတဲ့ အချိန်မှာ သားနှစ်ယောက်ဟာ သူနဲ့ အတူ ရှိနေခဲ့တယ်။ ဒါပေမဲ့ စစ်အုပ်စုကတော့ သူရဲ့ မိသားစုကို ဒေါ်စုထံ လည်ပတ်ခွင့် ပိတ်ပင်ခြင်းနဲ့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ကလေးတွေ ဗြိတိသျှကို ပြန်ရောက်ရောက်ခြင်းပဲ နဝတဟာ ဒေါ်စုနဲ့ မိသားစု အကြား ဆက်သွယ်မှုတွေကို ပိတ်ပင်လာပါတယ်။ ကလေးတွေ ကျောင်းအားလပ်ရက်တွေမှာ ဒေါ်စုနဲ့ ဆက်သွယ်ဖို့ အတွက် စစ်အုပ်စုက လုံးဝ ခွင့်မပြုခဲ့ပါဘူး။ ဒေါ်စုရဲ့ မိသားစု အပေါ်ကို ထားရှိတဲ့ မေတ္တာတရားနဲ့ စစ်အုပ်စုက ဒေါ်စုကို ပြန်လည် ချည်နှောင်ဖို့ ကြိုးစားလာ ခဲ့ပါတယ်။ အဲဒီ အချိန်က စပြီး သားနှစ်ယောက်ဟာ မိခင်နဲ့ တွေ့ဖို့ကို ပြည်ဝင်ခွင့် ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက မိုက်ကယ်ကိုတော့ ဒေါ်စုကို စည်းရုံးပြီး အရေးတော်ပုံကို စွန့်ခွာကာ မြန်မာပြည်က ထွက်သွားနိုင်လိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရစ်စမတ်မှာ တခါ သွားခွင့် ပြုခဲ့ပါတယ်။ မိုက်ကယ်က အဲ့ဒီ ခရစ်စမတ် အချိန်ကို ချိုမြိန်မှု၊ ခါးသီးမှုတွေနဲ့ ရောယှက်နေတဲ့ ကာလလို့ အခုလို ရေးသားခဲ့ပါတယ်။
"ကျနော် သူနဲ့ နောက်ဆုံး ရှိနေခဲ့တဲ့ အဲ့ဒီနေ့တွေဟာ ကမ္ဘာကြီးရဲ့ ပြင်ပကို ရောက်နေပြီး လုံးဝကို အထီးကျန် ဆန်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်တွေဟာ ကျနော်တို့ လက်ထပ်ပြီးတဲ့ ကာလရဲ့ အပျော်ဆုံး အချိန်တွေထဲက တခု ဖြစ်ပါတယ်။ တကယ့်ကို ငြိမ်းချမ်းတဲ့ ကာလ တခုပါပဲ။ သူဟာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတယ်၊ လေ့လာမှုတွေကို စဉ်ဆက်မပြတ် လုပ်နေတယ်။ သူ စန္ဒယား တီးတာကို ကျနော် နှောင့်ယှက်ဖို့ ကြိုးစားမိတယ်။ ဗုဒ္ဓကျမ်းတွေကို ဒေါ်စုက အလွတ်ကျက်နေတယ်။ ကျနော် ဝယ်ခဲ့တဲ့ ခရစ်စမတ် လက်ဆောင်တွေကို အဲဒီနေ့တွေမှာ ဒေါ်စုကို ပေးပါတယ်။ အကြောင်းအရာ များစွာကို ပြောဖို့ ကမ္ဘာမှာ ရှိတဲ့ အချိန်တွေ အားလုံးကို ကျနော်တို့ ရထားပါတယ်။ ဒီကာလဟာ ကျနော်တို့ရဲ့ ဘဝမှာ နောက်ဆုံးအချိန် ဖြစ်လိမ့်မယ် ဆိုတာ ကျနော် မတွေးမိခဲ့ပါဘူး။"
မိုက်ကယ်ဟာ ဒေါ်စုကို တိုင်းပြည်က ထွက်ခွာဖို့ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး ဆိုတာကို စစ်အုပ်စု သဘောပေါက်တဲ့ အခါမှာတော့ သူ့ကိုလည်း ပြည်ဝင်ခွင့် မပေးတော့ပါဘူး။ ဒေါ်စုရဲ့ ဖုန်းလိုင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဆီက စာ အဝင် အထွက်တွေကိုလည်း ပိတ်ပင် လိုက်ပါတယ်။ ဒေါ်စုဟာ စစ်အုပ်စုဆီက ဘာတခုကိုမှ လက်မခံခဲ့ပါဘူး။ မိသားစုနဲ့ ဆက်သွယ်ခွင့် ဆိုတဲ့ အပေး အယူကို တောင်မှ လက်မခံပါဘူး။ စစ်အုပ်စုရဲ့ အကူအညီကို လက်ခံခြင်းဟာ သူ့ရဲ့ ဖြူစင်မှုကို ညစ်နွမ်းစေမယ်၊ သူ့ တော်လှန်ရေးကို အားနည်းစေမယ်လို့ ဒေါ်စုက ယုံကြည်ထားပါတယ်။ ဒေါ်စုက သူ့ရဲ့ အကျယ်ချုပ် ကာလ ပူပန်မှုတွေ၊ အထီးကျန်မှုတွေကို အခုလို ပြောပြပါတယ်။
"တခါတရံမှာ ကျမ စားဖို့ သောက်ဖို့ အတွက် ပိုက်ဆံ မလောက်ပါဘူး။ အာဟာရ မပြည့်ဝမှုကြောင့် အားနည်းလာတယ်။ ဆံပင်တွေလည်း က္ဆွတ်လာတယ်။ ကျမ အိပ်ယာကနေ မထနိုင်ပါဘူး။ ကျမ နှလုံးရောဂါ ရမှာကို စိုးရိမ်လာတယ်။ လှုပ်ရှားလိုက်တိုင်း ရင်ကြပ်ပြီး မောလာတယ်။ အသက်ရှုဖို့ ခက်လာတယ်။ ကျမရဲ့ နဂိုရှိရင်း ၁ဝ၆ ပေါင်ကနေ ပေါင် ၉ဝ လောက်ထိ ကျသွားတယ်။ စားချင်စိတ်လည်း မရှိဘူး။ ကျမ ထင်တာ ငါတော့ နှလုံးရောဂါနဲ့ သေတော့မှာပဲ။ ကျမရဲ့ မျက်လုံးတွေကလည်း မှုန်လာတယ်။ နောက် ကျောရိုးမကြီး နာကျင်တဲ့ ဝေဒနာကိုလည်း ခံစားရပါတယ်။"
ဒေါ်စု အကျယ်ချုပ် ဘဝနဲ့ ရှိနေပေမယ့် သူ့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ၁၉၉ဝ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ လွှတ်တော် နေရာ ၈၂ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အောင်ပွဲ ခံခဲ့ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုခဲ့ပြီး ဝန်ကြီးချုပ် ဘဝနဲ့ တိုင်းပြည် တာဝန်ကို ထမ်းဆောင် နေရမယ့် ဒေါ်စုကို နေအိမ် အကျယ်ချုပ် ထည့်ထားပါတယ်။
နေအိမ် အကျယ်ချုပ်ဟာ ရက်မှ လ၊ လမှ နှစ်သို့ ကူးပြောင်း လာပါတယ်။ ဒေါ်စုကိုလည်း မိသားစု အပါအဝင် ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ထားပါတယ်။ စစ်အုပ်စုဟာ သူ့ကို မိသားစု ရှိရာ အင်္ဂလန်ကို သွားလည်ပတ်ခွင့် ပေးမယ်ဆိုတာ သိပါတယ်။ သူ တိုင်းပြည်က ထွက်သွားလို့ ရှိရင် ဘယ်တော့မှ မြန်မာပြည်ကို ပြန်လာလို့ မရဘူး ဆိုတာကိုလည်း ဒေါ်စု သဘောပေါက်ပါတယ်။ မိသားစုနဲ့ ထပ်တွေ့ဖို့ အရေး တိုင်းပြည်ကို အမှောင်ထဲကို တွန်းပို့ရမယ်။ မိသားစု အရေးအတွက် တိုင်းပြည်ကို ချောက်ထဲ တွန်းပို့တဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ရွေးချယ်မှု ဆိုတာ သူ့ နားလည်ပါတယ်။ သူ တန်းတူ ချစ်မြတ်နိုးတဲ့ မိသားစုနဲ့ တိုင်းပြည်အရေး နှစ်ခုကို အခြေခံပြီးတော့ အနိုင် အရှုံး ရလဒ်ကို ရွေးချယ်တာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ဒေါ်စု နားလည်ပါတယ်။
မိသားစုနဲ့ လစဉ် ဝေးကွာ နေတာဟာ ကလေး နှစ်ယောက်ရဲ့ အရွယ်ရောက် ကြီးပြင်းလာမှုတွေနဲ့ မျက်ကွယ် ဖြစ်နေတာပါပဲ။ လစဉ်တိုင်း တဦးတည်း အထီးကျန် နေထိုင်ရခြင်းဟာလည်း ချစ်မြတ်နိုးတဲ့ ဘဝ လက်တွဲဖော် ခင်ပွန်းနဲ့ ဝေးကွာ နေရခြင်းပါပဲ။ ဒီလို နေထိုင်နိုင်အောင် သူ့မှာ ဘယ်လိုမျိုး ခွန်အား၊ စွမ်းအား အရင်းအမြစ်တွေ ရှိလို့လဲ။ ဒေါ်စု မြန်မာပြည်ကနေ ထွက်ခွာဖို့ ငြင်းဆန်မှုဟာ ကလေးတွေကို မျက်ကွယ်ပြု၊ လျစ်လျူရှုတာလို့ စစ်အုပ်စုက ဝေဖန်ပြီး သူဟာ မိသားစု တာဝန်ထက် မြန်မာပြည်မှာ သူရဲကောင်း ဖြစ်လိုမှုကို လိုလားသူလို့ တိုက်ခိုက်လာ ပါတယ်။
မိသားစုနဲ့ ခွဲခွာနေရတဲ့ အကြောင်းတွေကို ကြုံတောင့်ကြုံခဲ ဒေါ်စုပြောတဲ့ အခါမှာတော့ သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အားလုံးက နားလည် သဘောပေါက် ကြပါတယ်။ နှစ်အတော်ကြာ ခွဲနေရပြီး သူ့သားအငယ် ထိန်လင်း (ကင်) နဲ့ ပြန်ဆုံတွေ့ရပုံကို အခုလို ရေးသားထားပါတယ်။
"ကလေးတယောက် ဘဝ အတွက် နှစ်နှစ်ဆိုတော်တော် အပြောင်းအလဲ မြန်ပါတယ်။ ကလေးရဲ့ မြင်ကွင်းမှာ ပျောက်ကွယ်နေတဲ့ မိခင် တယောက်ကို ဒီအချိန် အတွင်းမှာ မေ့သွားနိုင်ပါတယ်။ ဒီအချိန် အတွင်းမှာ အေးချမ်းတဲ့ လူငယ်လေး တယောက်ကနေ လူဆိုးတယောက် ဖြစ်သွားနိုင်ပါတယ်။ နှစ်နှစ်နဲ့ ခုနှစ်လ ခွဲနေရပြီး သားငယ်ကို ပထမဆုံး ပြန်တွေ့တဲ့ အခါမှာ သူ့ရဲ့ ၁၂ နှစ်သား ကလေးမျက်နှာ ဝိုင်းလေးကနေ လူပျိုပုံစံ မျက်နှာ အဖြစ် ပြောင်းလဲ နေပါပြီ။ သူ့ကို လမ်းမပေါ်မှာ တွေ့ရင် ကျမ သားလေးမှန်း သိမှာ မဟုတ်ပါဘူး။ မှတ်မိမှာ မဟုတ်ပါဘူး။"
၁၉၉၁ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဒီအကြောင်းကို အကျယ်ချုပ်ကနေ ဘီဘီစီ ရေဒီယို သတင်းက ကြားသိရတာပါ။ သူ့ရဲ့ သားကြီး Alexander Aris (မြင့်ဆန်းအောင်) က ဒီဆုကို သူ့ကိုယ်စား တက်ရောက် ယူခဲ့ပါတယ်။
၇ နှစ် ကြာပြီးတဲ့ နောက်မှာ မိုက်ကယ်ဟာ ကင်ဆာ ရောဂါ ဝေဒနာ ခံစားရပြီး အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့တဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။ ဒီကြေကွဲ ဝမ်းနည်းဖွယ် အခြေအနေကြောင့် သူ့ရဲ့ ဇနီးသည်ဆီကို နောက်ဆုံး အနေနဲ့ တွေ့နိုင်ဖို့ ကြိုးပမ်းပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ သံရုံးတွေရဲ့ အသနားခံ တောင်းဆိုမှုတွေကို စစ်အုပ်စုက မျက်ကွယ်ပြုပြီး မိုက်ကယ်ကို ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။ ဒါပေမဲ့ သေဆုံးခါနီး ခင်ပွန်းသည်ကို ပြုစုနိုင်ဖို့ ဒေါ်စုကို သွားရောက်နိုင်အောင် ကူညီပေးမယ်လို့ လူမဆန်စွာ ဝါဒ ဖြန့်ခဲ့ပါတယ်။
မိုက်ကယ် မသေဆုံးခင် ကာလတွေကို နှလုံးသား ကြေမွအောင် ခံစားပြီး ဖြတ်သန်းခဲ့ရတဲ့ ဒီစုံတွဲရဲ့ အခြေအနေကို ဘယ်သူကမှ စဉ်းစားဖို့ သတ္တိရှိမှာ မဟုတ်ပါဘူး။ ခင်ပွန်းသည်ကို နှုတ်ဆက် စကားလေးတောင် ပြောခွင့် မရခဲ့တဲ့၊ ဘယ်တော့မှ ပြောခွင့် မရလိုက်တဲ့ ဇနီးသည် ဖြစ်ပါတယ်။ မိုက်ကယ်ကတော့ ၁၉၉၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကွယ်လွန် သွားခဲ့ပါတယ်။
သူ့တာဝန်တွေဟာ သူ့ကိုယ်ပိုင် ဘဝထက် အရေးကြီးတယ် ဆိုတာကို ဒေါ်စု နားလည် သဘောပေါက်ပါတယ်။ ယုံကြည်ချက် အတွက် အကျဉ်းချ ခံထားရတဲ့ အကျဉ်းသားတွေရဲ့ အခက်အခဲ၊ အခြေအနေတွေကို သူ အသိအမှတ်ပြု နားလည် သဘောပေါက်ပါတယ်။ သူနဲ့ မိသားစု ကြုံတွေ့ နေရတဲ့ ဆင်းရဲ ဒုက္ခတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကို မျှဝေ ခံစားစေခြင်းဖြင့် မြန်မာနိုင်ငံ အရေးကို ကမ္ဘာက အာရုံစိုက် လာမယ်လို့ မျှော်လင့်တယ်။ သူ့ဟာ အားလုံး အတွက် ဒိုင်း ဖြစ်တယ်။ သူ ထောင်သွင်း အကျဉ်းကျ ခံနေတာဟာ အကျဉ်းသား အားလုံး အတွက် အကောင်းဆုံး ကာကွယ်မှု ဖြစ်တယ်လို့ ယုံကြည်တယ်။ သူ့ရဲ့ မိသားစု ဘဝကို သတ္တိရှိရှိ စွန့်လွှတ် အနစ်နာခံခြင်းဟာ အားလုံးကို ကာကွယ်ဖို့ အတွက် အလုပ် လုပ်နိုင်မယ်လို့ ယုံကြည်တယ်။
ယုံကြည်နေရုံနဲ့ မပြီးဘဲ ရှိတဲ့ စွမ်းအားနဲ့ အားလုံးကို လုပ်နိုင်ရမယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဘုန်းကြီးဖြစ်တဲ့ အမေရိကန် လူမျိုး အလန်ကလီးမန့်စ် (Alan Clements) က သူ့ကို မေးခဲ့တာ ရှိပါတယ်။
"မင်းရဲ့ ပြည်သူတွေ ဒုက္ခ ခံစားနေရတာကို မြင်တဲ့ အခါမှာ ပထမဦးဆုံး မင်းရဲ့ စိတ်ထဲမှာ ရောက်ရှိတဲ့ အရာနဲ့ နှလုံးသားကို ရိုက်ခတ်တာဟာ ဘာလဲ"။
ဒေါ်စုရဲ့ တုံ့ပြန်ချက်ဟာ တကယ့်ကို အဓိပ္ပာယ်ရှိပြီး ပြီးပြည့်စုံပါတယ်။
"ကျမတို့ဟာ တခုခု လုပ်ချင်ရင် ဘယ်အချိန်မဆို လုပ်နိုင်ပါတယ်။ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်နေတာကို တွေ့ရင် ဒီအတိုင်းပဲ ကျမ တုံ့ပြန်ပါတယ်။ လက်ကို ဝှေ့ယမ်းပြီး ဘုရားသခင် ကယ်တော်မူပါ၊ ဘုရားကယ်ပါ၊ တကယ်ကို ဆိုးပါတယ်။ ရပ်ပြီး အော်နေတာဟာ အသုံးမဝင်ပါဘူး။ မင်း လုပ်ပေးနိုင်တာ တခုခုကို လုပ်ရမယ်။ ကျမ အလုပ်အပေါ်မှာပဲ ယုံကြည်ပါတယ်။"
ဒါကြောင့် ဒေါ်စုရဲ့ သတ္တိဆိုတာ သူရဲ့ အေးဆေးတဲ့ ဘဝ၊ ပျော်ရွှင်တဲ့ ဘဝကို စွန့်လွှတ်ပြီး လူထု အတွက် ကိုယ်ကျိုးစွန့်တဲ့ သတ္တိပဲ ဖြစ်ပါတယ်။ သူရဲ့ တိုက်ပွဲဝင်မှုကြောင့် တတိုင်းပြည်လုံး ပျော်ရွှင် အေးချမ်းတဲ့ ဘဝကို သူ သယ်ဆောင် လာနိုင်ပါလိမ့်မယ်။ ဒါဟာ တကယ့်ကို တိုင်းပြည်အတွက်၊ လူထုအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် အေးဆေးတဲ့ ဘဝကို စွန့်လွှတ်ခြင်းဟာ သူ ကိုယ်စားပြုတဲ့ ပြည်သူတွေ အတွက် တောင်းဆို တိုက်ပွဲ ဝင်နေခြင်းပဲ ဖြစ်ပါတယ်။
ဒေါ်စုရဲ့ စွန့်လွှတ်မှုဟာ တကယ့်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူကိုယ်တိုင် လွတ်လပ်တဲ့ ဘဝကို အင်မတန် မြတ်နိုးတဲ့ သူတယောက် ဖြစ်လို့ပါပဲ။ သူဟာ သဘာဝတရားရဲ့ အလှအပတွေကို ရသမြောက်အောင် ရေးသားပါတယ်။ ပြောင်းလဲနေတဲ့ ရာသီများ၊ မြန်မာပြည်ရဲ့ ရိုးရာပွဲတော်များ၊ ကလေးငယ် မိသားစု အတွင်း မွေးဖွား ဝင်ရောက်လာခြင်း၊ စုပေါင်း လုပ်ဆောင်ခြင်းနဲ့ မိတ်ဆွေ စိတ်ဓာတ် စတဲ့ ရေးသားမှုတွေဟာ လူတွေရဲ့ ပင်ပန်း နွမ်းနယ်မှုကို ဖြေဖျောက်ပေးတဲ့ ရသ အရေးအသားများ ဖြစ်ပါတယ်။ ဒေါ်စုဟာ ကမ္ဘာကြီးကို ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးမယ့် အံ့သြဖွယ် ကောင်းတဲ့ ဇာတ်လမ်းတခုကို ဖော်ကျူး တင်ဆက်နေသူ ဖြစ်ပါတယ်။
ဒေါ်စုဟာ သူ့ကိုယ်သူ ကြီးမားတဲ့ တိုက်ပွဲ တခုကို ဆင်နွှဲ နေတာပဲလို့ မယူဆပါဘူး။ သာမန် ဘဝ တခု အတွက် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးတဲ့ လှုပ်ရှားမှုကို ဖော်ဆောင် နေတယ်လို့ပဲ ခံယူပါတယ်။ ယုံကြည်မှု၊ လေးစားမှု၊ ငြိမ်းချမ်းမှုတွေဟာ ဘဝ တခုကို တည်ဆောက်ဖို့ အရေးကြီးဆုံး အချက်တွေ ဆိုတာကို ဒေါ်စု နားလည်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံး လွတ်မြောက်မှုကို မျှော်လင့်နေတဲ့ ကျနော့်ရဲ့ အချိန်ကာလတွေဟာ ၂ဝဝ၇ ခုနှစ်၊ မတ်လမှာ စိတ်ပျက်မှုတွေနဲ့ ထပ်မံ ကြုံတွေ့ရ ပြန်ပါတယ်။ ဒေါ်စုကို ဘယ်တော့မှ မလွှတ်ပေးဘူး ဆိုတဲ့ စစ်အုပ်စုရဲ့ ရှင်းလင်းတဲ့ သဘောထားကို ထုတ်ပြန်ခဲ့လို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဒေါ်စုတို့ အနိုင်ရခဲ့တာ ၁၇ နှစ် ရှိပါပြီ။ တတိယ အကြိမ်ရဲ့ လေးနှစ်မြောက် အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကမ္ဘာလုံး လေးစားရတဲ့ ယုံကြည်ချက် အတွက် အကျဉ်းကျ ခံနေသူ အဖြစ် ဆက်လက် တည်ရှိ နေပါတယ်။
၁၉၈၈ ခုနှစ်၊ မတ်လတညမှာ ဒေါ်စုထံ ခေါ်တဲ့ တယ်လီဖုန်းဟာ သူ ချစ်တဲ့ မိသားစု၊ သူ မြတ်နိုးတဲ့ အိမ်နဲ့ ဝေးကွာဖို့ အကြောင်း ဖန်လာခဲ့တာ ဖြစ်ပါတယ်။ သူ အလွန် ချစ်မြတ်နိုးပြီး ဆုံးရှုံးခဲ့ရတဲ့ ဘဝတွေကို ဒေါ်စု ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ပါဘူး။ သူ ချစ်တဲ့ ခင်ပွန်း သေဆုံး သွားခဲ့ပါပြီ။ သူ့ရဲ့ ကလေးတွေလည်း အရွယ် ရောက်ကုန်ပြီ။ မိသားစုနဲ့ အချိန်တွေကို ပျော်ရွှင်စွာ ကုန်လွန်စေတဲ့ မိခင် တယောက်ရဲ့ အေးချမ်းတဲ့ ဘဝကို ပြန်လိုချင်တဲ့ ဒေါ်စုရဲ့ ဆန္ဒကို အကျဉ်းချမှုတွေ၊ ထိန်းသိမ်းမှုတွေ၊ ရက်စက်မှုတွေက ချိုးနှိမ်နိုင်မှာ မဟုတ်ပါဘူး။ သူ့အတွက် ဆိုးဝါးတဲ့ ကံကြမ္မာဟာ လူသားတွေ အတွက် ဒေါ်စု လုပ်နိုင်တဲ့ အလုပ်တွေကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။
သူရဲ့ ပုဂ္ဂိုလ်ရေး ဆုံးရှုံးမှုတွေ၊ ခံစားမှုတွေဟာ သူရဲ့ စိတ်ထဲမှာ ဘယ်တော့မှ ဝင်ရောက် နေရာယူမှာ မဟုတ်ပါဘူး။ ဒါဟာ တကယ့်ကို လေးနက်ပါတယ်။ တိုက်ပိတ် အကျဉ်းချတာ မရှိပါဘူး၊ ထောင် မရှိပါဘူး၊ အကျဉ်းစခန်း မရှိပါဘူး၊ ရက်စက်မှုတွေ မရှိပါဘူး၊ သေဆုံးမှုတွေ မရှိပါဘူး၊ ခေါင်းဆောင်ကောင်း တယောက်ရဲ့ စိတ်ဓာတ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ မရှိပါဘူးလို့ ကမ္ဘာကြီးကို ပြောနိုင်ဖို့ အတွက် ဒေါ်စု အမြဲတမ်း စွန့်လွှတ် တိုက်ပွဲဝင်နေတယ်။ ဒေါ်စုဟာ လူ့သဘာဝ အပေါ်မှာ နားလည် သစ္စာရှိတယ် စတဲ့ အချက်ထက် ပိုတဲ့ သတ္တိ သူ့မှာ ရှိတယ်။ ဒါ့အပြင် တနေ့မှာ သူ့ရဲ့ ပြည်သူတွေ လွတ်မြောက်ရမယ် ဆိုတဲ့ သူရဲ့ ခံယူချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ထဲမှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

ဂေါ်ဒွန်ဘရောင်း (Gordon Brown)
မြန်မာ ဘာသာပြန်သူ - ဇော်ဝင်းထွန်း

၂၁၀၅၂၀၀၉ ဒိုင်ယာရီ

၁၃၀၅၂၀၀၉ ဒိုင်ယာရီgoogle download

mediafire download

ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


စီတန်းလှည့်လည်ဆန္နပြပွဲ....(၃၁.မေ.၂၀၀၉) ဂျပန်နိုင်ငံ (နာဂိုယာမြို့ )


(ဂျပန်နိုင်ငံနာဂိုယာမြို့ ရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှဦးစီး၍)
ဒို့ ခေါင်းဆောင်ကိုချက်ခြင်လွှတ်......
စစ်အာဏာရှင်ကိုတော်လှန်ကြ....
စီတန်းလှည့်လည်ဆန္နပြပွဲ....
(၃၁.မေ.၂၀၀၉) ဂျပန်နိုင်ငံ (နာဂိုယာမြို့ )
SAKAE - ပန်းခြံ -(Chanel One TV station ဘေး)
စုရပ်-နေ့ လည်(၁၂း၀၀)..(မျိုးချစ်မြန်မာများအားကြိုဆိုပါသည်။ ။)
ဆက်သွယ်ရန်။ ။
ကိုအောင်အေးဝင်း(၀၉၀-၅၁၀၆-၆၃၉၃)
ကိုရဲတင် (၀၈၀-၃၆၂၈-၉၉၇၉)
ကိုမျိုးသီဟန် (၀၉၀-၄၁၆၂-၁၉၇၀)..

မစ္စတာ ယက်တော နှင့် ပတ်သက်ပြီး ရှေ့နေ ၂ ဦး၏ ပြောပြချက်များ

BBC အင်တာဗျူး
မေ ၂၁၊ ၂၀၀၉

မစ္စတာ ယက်တော၏ ရှေ့နေ ဦးခင်မောင်ဦး
ဦးခင်မောင်ဦး - ဒီနေ့ကတော့ သက်သေ ၂ ယောက်လောက် စစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ၀င်းသိမ်းတဲ့ဟာရယ်၊ နောက်တခုက ဟိုတယ်မှာ ပစ္စည်းတွေ ၀င်သိမ်းတဲ့ ကိစ္စရယ်၊ နောက်တခုက မစ္စတာ ယက်တောဆီက သိမ်းထားတဲ့ ဗီဒီယို နဲ့ Cannon ကင်မရာရယ်၊ ရှိုး လုပ်ပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ။
ဟိုတယ်မှာ ၀င်ပြီးသိမ်းတယ် ဆိုတာက ဘာပစ္စည်းတွေကို သိမ်းခဲ့တာလဲ။
သူတို့ သက်ဆိုင်တယ် ထင်လို့ သိမ်းခဲ့တာပါ။ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေပါ။
အခု ပြသခဲ့တဲ့ သက်သေပစ္စည်း၊ သက်သေထွက်ဆိုချက်တွေ အရ မစ္စတာ ယက်တောကို စွဲထားတဲ့ အမှုအပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိပါသလဲ။
ဒီဟာတွေ ကျူးလွန်ကြောင်းကို သူတို့ ကြိုးစား ပြနေတာပါ။ ဒါ တရားလိုပိုင်းပါ။ ကျနော်တို့ဘက်ကလည်း တရားခံဘက်ကလည်း ပြရမယ့် အကြောင်းတွေ ရှိပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ။
မစ္စတာ ယက်တော ကျန်းမာရေး အခြေအနေကို ဘယ်လို သုံးသပ်မိပါသလဲ။
သူကတော့ - - - - ဘုရားရှိခိုးတယ်။ ယုံကြည်ချက်တခုနဲ့ လုပ်တယ်လို့ ကျနော့်ကို ပြောပါတယ်။ ကျန်းမာရေး စောင့်ရှောက်တာ ရှိပါတယ်။ ထောင်ဆရာဝန်လည်း ရှိပါတယ်။ သူ့ကို ဂရုစိုက်ပါတယ်။
မစ္စတာ ယက်တောက စိတ် ကျန်းမာရေး အခြေအနေက သူ့ကိုယ်သူ ခုခံ ကာကွယ်ပြောဆိုနိုင်တဲ့ အဆင့် ရှိတယ်လို့ ရှေ့နေတယောက် အနေနဲ့ မြင်မိပါသလား။
ရှိပါတယ်။ (mental capacity?) က (sound?) ပိုင်းပါ။ ကျန်းကျန်း မာမာပါပဲခင်ဗျ။

မစ္စတာ ယက်တောကို တွေ့ခဲ့သော ရှေ့နေ ဦးဉာဏ်ဝင်း၏ ပြောပြချက်
ကျနော်တို့ မြင်ရတဲ့ အမြင် အနေအထားမှာ သူ စကားနည်းတယ်။ သိပ် မပြောဘူး။ ဒါပေမယ့် တရားရုံး စစ်ဆေးတာတွေကို သူ နားထောင်တယ်။ တက်လာတဲ့ သက်သေတွေကလည်း ရဲတွေ ဆိုတော့ သူ တွေ့ဖူးတာပေါ့လေ။ တချို့လူတွေလည်း သူ မှတ်မိချင်လည်း မှတ်မိမှာပေါ့။ ဒီလိုပဲ အကြောင်း ရှိရင်တော့ သူ့ရှေ့နေကို ခေါ်ပြီးတော့ သူတို့ ၂ ယောက် (အင်ဆက်ရှင်?) ပေးတာပေါ့လေ၊ အဲဒါတော့ ရှိတယ်။
မစ္စတာ ယက်တောဟာ စိတ် ကျန်းမာရေး အနေအထားက ပုံမှန်မဟုတ်ဘူး လို့ ပြောနေတာတွေ ကြားနေရတော့ အပြင်ပန်း ကြည့်ပုံအရ ဆိုရင် သူ့ကို ဘယ်လို အကဲခတ်မိပါသလဲ။
ကျနော်တို့ သိသိ သာသာ ခွဲခြားပြီး မမြင်ဘူး။ ကျနော်တို့ အနေနဲ့ မမြင်ဘူး။ ကျနော်တို့က မကျွမ်းကျင်တဲ့သူလည်း ဖြစ်ချင် ဖြစ်မှာပေါ့။
မစ္စတာ ယက်တောကို ကြည့်ခြင်းအားဖြင့် သူဟာ သူလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် နောင်တရနေတဲ့ ပုံစံမျိုး ဒါမှမဟုတ် စိတ်မကောင်းဖြစ်တဲ့ ပုံစံမျိုးတို့ ဘယ်လို ပုံစံမျိုးကို ထူးထူး ခြားခြား သတိထားမိပါသလဲ။
သူ့ရှေ့နေကို သူ ပေးခဲ့ (အင်ဆက်ရှင်?) အရ မေးခွန်းတွေပေါ်မှာ ပြောရရင် ပထမတချက် သူ့အာရုံမှာ ဒေါ်အောင်ဆန်းစုကြည်က အသက်အန္တရာယ်ရှိတယ်လို့ သူမြင်တယ်၊ အာရုံလို့ ပြောတာပေါ့ဗျာ၊ ဒါကတော့ ကျနော်တို့လည်း နားမလည်ပါဘူး။ အဲဒီလိုမြင်တော့ သူက သတိပေးဖို့ လာတာ ဆိုတဲ့ အချက်။ ဒီနေ့လည်း သူက အဲဒီ ပြောနေကြတဲ့ မွတ်စလင် အမျိုးသမီး ၀တ်စုံ ဆိုတာကို သူက ဒါကို လက်မခံဘူး။ မွတ်စလင် အမျိုးသမီး ၀တ်စုံ မဟုတ်ဘူး။ သူ့အာရုံမှာ မြင်တဲ့ ၀တ်စားဆင်ယင်မှု တခု လို့ သူက ဒီလိုပြောချင်တယ်။ ဒါတွေကို ကြည့်လို့ရှိရင် သူ့ရဲ့ စိတ်နေ စိတ်ထားကို နည်းနည်းတော့ ခန့်မှန်းလို့ ရတာပေါ့လေ။ သို့သော် ကျနော် တိတိ ကျကျလည်း မစွပ်စွဲချင်ပါဘူး။ တိတိ ကျကျလည်း မသိပါဘူး။

မြို့မေတ္တာ ခံယူမယ့်သား

Wednesday, 20 May 2009 20:38 ရန်ကုန်သားတာတေ
ရုက္ခစိုးကြီး အင်းစိန်ထောင် အနီးတွင် ရောက်နေသည်။ လုံခြုံရေး အကြီးအကျယ် ချထားသဖြင့် ရုက္ခစိုးကြီး အံ့အား သင့်နေသည်။ ဘာတွေ ဖြစ်နေသလဲ၊ လက်နက် မစွန့်ချင်သည့် အပစ်ရပ် အဖွဲ့တွေ ရန်ကုန်ကို လာသိမ်းမယ့် သတင်း ရလို့ ကြိုတင် ပြင်ဆင်နေသလား ဟု တွေးမိသည်။

လမ်းပေါ်တွင် ကားများ ရှင်းနေသည်။ ဓာတ်ဆီ ချွေတာသည့် သဘောဖြင့် ကားမမောင်းရသည့်နေ့ဟု သတ်မှတ် ထားခြင်းလည်း ဖြစ်နိုင်သည်ဟု တွက်ဆနေမိခိုက် လုံထိန်း အပြည့် တင်ဆောင်လာသော ထရပ်ကားတစီးက ရုက္ခစိုးကြီး ဘေးမှ ဝေါခနဲ ဖြတ်မောင်းသွားသဖြင့် ကမန်းကတန်း ရှောင်လိုက်ရသည်။

ထိုအခိုက် သစ်ပင်ရိပ်တွင် ထိုင်နေသူများထဲမှ လူငယ် ၂ ယောက်က သူ့ကို လှမ်းခေါ်သဖြင့် သူတို့ထံ လျှောက် သွားလိုက်သည်။ ဖိုးရှုပ် နှင့် ကြွက်စုတ်တို့ ဖြစ်နေလေသည်။

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ၊ မင်းတို့လည်း ဒီရောက်နေကြတာကိုး။ ဘာလုပ်နေကြတာလဲ၊ ဘတ်စ်ကား စောင့်နေတာလား။

ကြွက်စုတ်။ ။ ရှူး တိုးတိုး၊ ကျနော်တို့ ဒီကို ဒိုင်လျှို ရောက်နေကြတာ။ ဒီနေရာကို ဘတ်စ်ကား လာလို့ ရမလားဗျ။ လမ်းတွေ ပိတ်ထားတာ မတွေ့ဘူးလား။ ကားတွေ လူတွေမပြောနဲ့၊ ကြောင်တကောင်တောင် ဝင်ဖို့ မလွယ်ဘူး။

ရုက္ခစိုး။ ။ (အံ့အားသင့်နေသော မျက်နှာဖြင့်) မင်းတို့က ဒီနေရာကို ဘယ်လို ရောက်လာတာလဲ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရယ် ကျနော်က ကိုယ်မဖျောက်တတ်ပေမယ့် ဒီလောက်တော့ အပျော့ပေါ့ဗျာ။ လမ်းပိတ်ထားတဲ့ နေရာမှာ ပိတ်မိနေတဲ့ နိုင်ငံရေးသမားတွေကို တုတ်နဲ့ ရိုက်မယ် နှက်မယ်ဆိုပြီး ကျနော် ဟန်ရေးပြလိုက်တာ၊ ကျနော့်ကို စွမ်းအားရှင် အဖွဲ့ကလို့ ထင်သွားတော့ ဝင်ရထွက်ရ မခက်တော့ဘူးပေါ့ဗျာ၊ မပိုင်ဘူးလားဗျ … ဟဲဟဲဟဲ။

ကြွက်စုတ်။ ။ ဟန်ရေးပြစရာမလိုပါဘူးကွာ၊ မင်းရဲ့ ဥပဓိရုပ်နဲ့တင် လုံလောက်ပါပြီ။

သူ၏ ဥပဓိရုပ်ကို ထိခိုက်လာသဖြင့် ဖိုးရှုပ်က ကြွက်စုတ်ကို တချက် လှမ်းကန်လိုက်သည်။

ရုက္ခစိုး။ ။ ကဲ ကဲ … တော်ကြတော့၊ တော်ကြတော့ ။ ဟိတ်ကောင် … ကြွက်စုတ် မင်းကရော ဘယ်လို ရောက်လာသလဲ ဒီကို၊ သူ့လိုပဲ ဟန်ရေးပြခဲ့တာပဲလား။

ကြွက်စုတ်။ ။ ဟို အမေရိကန် တောင်မှ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို ခဲရာ ခဲဆစ် ဝင်နိုင်သေးတာပဲ၊ ကျနော်က ဒီနေရာကို ရောက်လာတာ ဘာထူးဆန်းလို့လဲ၊ ပြီးတော့ အင်းစိန် ဆိုတာ ကျနော့်နယ်မြေဗျ။

ရုက္ခစိုး။ ။ မေးမိတာ မှားပါတယ်ကွာ။ ဒါနဲ့ … လမ်းတွေ ပိတ်၊ လုံခြုံရေးတွေ ချပြီး ဘာအရူးထနေကြတာလဲ။

ဖိုးရှုပ်။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ် ပေးထားတာလေ။ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က မလုံခြုံတော့ အင်းစိန်ထောင်ထဲ ထည့်ထားရတယ်၊ သေချာအောင် ရဲတွေ ဘာတွေ ချထားပေးတာပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်၏အိမ်သို့ အမေရိကန်တဦး သွားရောက်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကြောင့် ဗိုလ်ချုပ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း စသဖြင့် ဖိုးရှုပ် နှင့် ကြွက်စုတ်တို့က လတ်တလော ဖြစ်ပျက်နေသည်များကို ဦးရုက္ခစိုး သိရှိရန် ရှင်းပြလိုက်သည်။

ရုက္ခစိုး။ ။ ဟာ … တယ်လည်း အကြံပိုင်တဲ့ ငရွှေပါလားကွ။ ဒီအတိုင်းဆို ဒီကောင်ကြီးက မြန်မာ့သမိုင်းမှာ ကလိမ် ကကျစ် အကျဆုံး ပုဂ္ဂိုလ် ဆိုတဲ့ ဘွဲ့ကို ရတော့မှာပဲ။ အင်း … အိမ်ကို လူတယောက်လာလို့ အိမ်ရှင်ကို ထောင်ထဲထည့်တယ် ဆိုတော့ ဒီအမှုက စိတ်ဝင်စားစရာပဲ။ ဒီနေ့ ရုံးချိန်းက ဘာတွေ ထူးထူးခြားခြား ရှိသေးလဲ။

ကြွက်စုတ်။ ။ ဒီနေ့တော့ မထူးဘူး။

ရုက္ခစိုး။ ။ ဒီနေ့ မထူးဘူး ဆိုတော့ ဘယ်နေ့က ထူးလို့လဲ။

ကြွက်စုတ်။ ။ အင်း … ပထမနေ့ကတော့ ထူးတယ်၊ တရားခွင်ကိုနာရီ ဝက် နောက်ကျပြီးမှ ဖွင့်တယ် တဲ့။ တရားသူကြီးက ကျမ်းစာ မေ့ကျန်ခဲ့တာကြောင့် အိမ်ပြန်ယူနေရလို့ နောက်ကျသွားတာလို့ သိရတယ်။

ရုက္ခစိုး။ ။ ဟိုက် … ရှာလဘတ်ရည်၊ မှတ်ဖွယ်မှတ်ရာတွေချည်းပါလား ကွယ်တို့။ အရေးကြီးတဲ့ ပစ္စည်းမှ မေ့ရတယ်လို့။

ထိုအခိုက် ရှေ့နေကြီးများ အင်းစိန်ထောင်ဝင်းအတွင်းသို့ ဝင်သွားသည်ကို လှမ်းတွေ့ရလေသည်။

ရုက္ခစိုး။ ။ ဟို အရပ်ရှည်ရှည်၊ ဆံပင်ဖြူဖြူနဲ့ ရှေ့နေကြီးက ဘယ်သူလဲ။

ဖိုးရှုပ်။ ။ အဲဒါ ရှေ့နေကြီး ဦးကြည်ဝင်း တဲ့။ မိုက်တယ်နော်၊ ဆံပင်ကို နောက်မှာ စုပြီး ချည်ထားတာ။ ဒီဆံပင် ပုံစံ ခေတ်စားလာနိုင်တယ်။

ကြွက်စုတ်။ ။ ခေတ်စားတာက နောက်မှ၊ တော်ကြာ ဒီဆံပင်ပုံစံကြောင့် တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုပြီး ရှေ့နေကြီးကိုပါ ထောင်ချနေဦးမယ်။

ရုက္ခစိုး။ ။ ရှေ့နေ ဦးအောင်သိန်းဆိုတာ ဟိုတယောက်လား။

ကြွက်စုတ်။ ။ အဲဒါ ဦးအောင်သိန်း မဟုတ်ဘူး၊ ဦးအောင်သိန်းက ခြေထောက် ရိုက်ချိုးခံထားရတယ်။

ရုက္ခစိုး။ ။ သြော် … ခြေထောက် ရိုက်ချိုးခံရတော့ ဘယ်လာနိုင်တော့မလဲ။

ထိုသို့ ပြောနေခိုက် သံတမန်များ ရောက်ရှိလာပြီး ထောင်ဝင်းအတွင်းသို့ ဝင်သွားကြသည်။

ရုက္ခစိုး။ ။ သံတမန်တွေကို ဝင်ခွင့်ပေးတယ် ဆိုတော့ အကြံပိုင်တဲ့ ငရွှေက တော်ပြီးရင်း တော်နေပြီဟေ့။ အရမ်းကို ကစားတတ်နေပါလား။ နိုင်ငံတကာကို ဘယ်လိုချော့သိပ်ရမယ်ဆိုတာ ကျွမ်းကျင်အဆင့် ရောက်နေပြီ။

ကြွက်စုတ်။ ။ ဟေ့ကောင် ဖိုးရှုပ်၊ ဦးရုက္ခစိုးပြောတာ မင်း ကြားတယ်နော်၊ သန်းရွှေကြီးက ကျွမ်းကျင် အဆင့် ရောက်နေပြီ တဲ့။ မင်းတို့ သတင်းထောက်တွေ သတိထားပေတော့၊ ဒီကောင်ကြီးတွေကို ညံ့ဖျင်းတဲ့အစိုးရ၊ တလွှဲစီမံတယ် mismanagement ဘာညာ ဆိုပြီး မရေးကြနဲ့တော့။

ကြွက်စုတ်က သတင်းထောက် ဖိုးရှုပ်ကို နှိပ်ကွပ်နေစဉ်မှာပင် ဂျာနယ်တိုက် ၅ ခုမှ သတင်းထောက်များ အင်းစိန် ထောင်ဝင်း အတွင်းသို့ ချီတက် သွားကြသည်။

ကြွက်စုတ်။ ။ ဟာ … ဟေ့ကောင် ဖိုးရှုပ်၊ ဟိုမှာ … ဟိုမှာ … သတင်းထောက်တွေ အထဲ ဝင်ကုန်ပြီ၊ မင်းလည်း သတင်းထောက်ပဲ လိုက်သွားပါလားကွ။

ဖိုးရှုပ်။ ။ အဲဒါ ခေါင်းခေါက်ပြီး ဖိတ်တာကွ။ သွားချင်တိုင်း သွားလို့မရဘူး။ ဂျာနယ်တိုင်းကို ဖိတ်တာမှ မဟုတ်တာ။ ငါတို့ ဒေဝါလီ ဆိုရင် ဖိတ်ဖို့ ဝေးသေး။ ဖိတ်လည်း မသွားရဲပါဘူး၊ သွားရင် ငါ့ကို ဆွဲစေ့မှာပေါ့။

ကြွက်စုတ်။ ။ အင်း … ဟုတ်သားပဲ။ ဟာ … သွားတဲ့အထဲမှာ “အသံ” ဂျာနယ်လည်း မပါပါလားကွ၊ အဲဒီဂျာနယ်လည်း ဖိတ်သင့် ဖိတ်ထိုက်တဲ့ အစုထဲမှာ ရှိတယ် မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ ငါ့ကို သတင်းထောက် သဝေထိုး ပြောဖူးတယ်၊ အသံဂျာနယ်ကို တတိယအုပ်စုက ကိုင်ထားတာတဲ့။ အုပ်စု မတူလို့ အဖိတ်မခံရတာ ဖြစ်မှာပေါ့ကွာ။

ဖိုးရှုပ်။ ။ မသွားရလည်း ဝမ်းမနည်းပါဘူးဗျာ။ ဒေါ်စုကို အင်တာဗျူးလို့ ရမှာမှ မဟုတ်တာ။ ဒီလူတွေ သတင်း ရေးရင်လည်း သန်းရွှေကြီး စိတ်ကြိုက် ရေးပေးရမယ့် သတင်းတွေ ဖြစ်လိမ့်မယ်။

ထိုအချိန်တွင် သူတို့၏ စကားဝိုင်းအနီး ဆိုက်ကားတစီး ချဉ်းကပ်လာသည်။

ဖိုးရှုပ်။ ။ ဟေ့ စကားပြော ဆင်ခြင်တော့ဟေ့။ ဟိုမှာ လာနေတဲ့ ဆိုက်ကား တွေ့တယ် မဟုတ်လား။ အဲဒါ ဆိုက်ကားသမား အစစ်မဟုတ်ဘူး။ သတင်းတပ်ဖွဲ့က အရာရှိကွ။

ကြွက်စုတ်။ ။ မဆင်ခြင်နိုင်ဘူးကွာ၊ သတ္တိရှိလို့ ဒီထောင်ရှေ့ကို လာခဲ့တာ။ စောစောက စကား ပြန်ဆက်ရရင် လွတ်လွတ်လပ်လပ် ရေးချင်သလား ဘလော့တခု လုပ်ထားပေါ့ကွ။ ကိုမိုးသီးဇူလိုင်ရဲ့ ဘလော့မှာ ဒီကနေ့ ရန်ကုန်ကလူတွေ လိုင်းကားတစီးကို မီးရှို့ဖို့၊ ပြီးတော့ လူတိုင်းလူတိုင်း မှန်တချုပ်ကို ရိုက်ခွဲဖြစ်အောင် ရိုက်ခွဲကြဖို့ တိုက်တွန်းထားတာ မတွေ့ဘူးလား။

ဖိုးရှုပ်။ ။ အင်း … ငါ့မှာတော့ ပေါက်ခွဲစရာ ဆိုလို့ အနီးစပ်ဆုံး ပုလင်းပဲ ခွဲစရာရှိတယ်။ ဒါပေမယ့် ဖင်ကပ်ကလေး ကျန်တာ မော့ပြီးမှ ခွဲတော့မယ်။

ထိုအချိန်တွင် သူတို့ အနားရောက်လာသော ဆိုက်ကားဆရာ ထောက်လှမ်းရေး အရာရှိက စကားဝိုင်းအတွင်းသို့ ဝင်၍ ပြောလေသည်။ “လူတွေကတော့ အခု မပေါက်ကွဲလည်း မကြာခင် ပေါက်ကွဲတော့မှာပါ” ဟု ဆို၏။

ဖိုးရှုပ်။ ။ (ရုပ်တည်ဖြင့်) ခင်ဗျားက ဘယ်လို သိတာလဲ။

ဆိုက်ကားဆရာ။ ။ ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျား သိပါတယ် သတင်းထောက်ကြီးရယ်။

သူ၏ စကားအဆုံးတွင် ဖိုးရှုပ်၏ ဆံပင်များ ထောင်သွားသည်။

ဆိုက်ကားဆရာ။ ။ အေးရာအေးကြောင်းပေါ့ဗျာ၊ မစိုးရိမ်ပါနဲ့။ ခင်ဗျားကို ကျုပ် မသိသလို နေပါ့မယ်။ ခင်ဗျား တွေ့တဲ့အတိုင်း ကျုပ်က သရုပ်ဆောင် ကောင်းပါတယ်ဗျ။ သရုပ်ဆောင်ဆိုလို့ ပြောရဦးမယ်၊ ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အတွက် ဇာတ်ညွှန်းရေးပြီးသား တဲ့။ သံတမန်တွေကိုတောင် သူက သရုပ်ဆောင် လုပ်ခိုင်းဦးမှာ။

ရုက္ခစိုး။ ။ ဟိတ်ကောင် … ဟုတ်ပါ့မလားကွ၊ ဒါ ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ။

ဆိုက်ကားဆရာ။ ။ ဦးရုက္ခစိုးကလည်း ရိုးပါ့ဗျာ၊ ဒီအနှစ် ၂ဝ လုံး သန်းရွှေကြီး ရိုက်ခဲ့တဲ့ ကားတွေ နည်းသလားဗျ။ အားလုံး ဘုမသိ ဘမသိ မင်းသားမင်းသမီးတွေ ဖြစ်ကုန်ပြီ။

ဆိုက်ကားဆရာ၏ စကားကို နားထောင်ပြီး ကြွက်စုတ်က တောက် တချက် ခေါက်လိုက်သည်။

ကြွက်စုတ်။ ။ တောက် … စိတ်ကူးပေါက်ရာ လျှောက်လုပ်တဲ့ သန်းရွှေကြီးကို ဖမ်းပြီး အင်းစိန်ထောင်ထဲ ထည့်ထားရမှာကွ။ ခင်ဗျားတို့ မစဉ်းစားမိကြဘူးလား။

ဆိုက်ကားဆရာ။ ။ ကျုပ်ကတော့ စဉ်းစားမိပါတယ်။ ကျုပ်ဆရာရဲ့ ဆရာတွေကလည်း ဒါတွေကို သိပါတယ်။

ဖိုးရှုပ်။ ။ လုပ်စမ်းပါဦး၊ ခင်ဗျားရဲ့ ဆရာ့ဆရာတွေက ဘယ်လို သိတာလဲ။

ဆိုက်ကားဆရာ။ ။ တပ်ချုပ်ကြီးနားမှာ နေတဲ့သူတွေ အားလုံးကတော့ တပ်ချုပ်ကြီးကိုရော သူ့သမီး သူ့သားတွေကို လက်အုပ် ချီပြီး ပြာပြာသလဲ ဝိုင်းဖားကြပေမယ့် ကွယ်ရာမှာ ပက်ပက် စက်စက် ဆဲကြတာ တစက်ကလေးမှ ရစရာ မရှိဘူး တဲ့။

ဖိုးရှုပ်။ ။ ပြောစမ်းပါဦး ဆဲပုံ ဆဲနည်းလေး။

ဆိုက်ကားဆရာ။ ။ သန်းရွှေမိသားစုက f&*%?m+@x#s#!@$< ၊ ပြီးတော့ ဒီသမီးတော်တွေက f#!@$<5&*%? w+@x#a ဘာညာ ဆိုပြီး ပက်ပက် စက်စက် ဆဲကြသတဲ့။

ဆိုက်ကားဆရာ အရာရှိ၏ စကားကြောင့် ရုက္ခစိုး၊ ဖိုးရှုပ် နှင့် ကြွက်စုတ် တို့ သုံးဦးသား ကျေနပ်သွားလေသည်။

အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ပွဲ

အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ပွဲ (ဦးဝင်းတင်နှင့် အင်တာဗျူး)
ကိုဝိုင်း
ကြာသပတေးနေ့၊ မေလ 21 2009 13:49 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်နေသည့် အချိန်ကာလတွင် အင်းစိန်ထောင်ရှေ့ သွားရောက် စုရုံးနေသူများသည် ဆန္ဒပြနေခြင်း မဟုတ်ဘဲ ‘ဆန္ဒဖော်ထုတ်နေခြင်း’ သာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။လက်ရှိပြုလုပ်နေသော တရားခွင်နှင့်ပတ်သက်၍ သူ့အမြင်ကို ဦးဝင်းတင်က မဇ္ဈိမသတင်းထောက် ကိုဝိုင်းသို့ ဖြေကြားထားသည်။ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူရှေ့မှာ တရားစီရင်တာ မဟုတ်ဘဲနဲ့ အခုလိုမျိုး တံခါးပိတ် စီရင်နေတဲ့ကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။ တရားစီရင်တဲ့အခါမှာ တစ်က ဒါတွေက ဘာမှ မဆန်းသလိုဖြစ်နေတယ်။ ကျနော်နေခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်အတွင်းမှာ မဆလခေတ် တခေတ်လုံးကလည်း အလားတူပဲဗျနော်။ အများပြည်သူရဲ့ ရှေ့မှောက်မှာ တရားစီရင်တာမဟုတ်ဘဲနဲ့ သူတို့ရဲ့ တံခါးပိတ် တရားစီရင်ရေး ပုံစံနဲ့ပဲ အများကြီး ကျနော် ကြုံခဲ့ဖူးတော့ ကျနော့်အဖို့ကတော့ မဆန်းသလိုပဲလို့ ပြောလို့ရတယ်ဗျာ။သို့သော်လည်း ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သို့မဟုတ်ရင်လည်း ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကာလမျိုး၊ နောက်တခါ ပါတီအဖွဲ့အစည်း ဒီမိုကရေစီအဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တယောက်ကို တရားစီရင်တဲ့ အခါမှာတော့ အများပြည်သူ နားထောင်သင့်တယ်လို့ ကျနော် ယူဆတယ်။ဥပမာ - ဆိုပါတော့ သခင်စိုးအမှု တရားစီရင်တဲ့အခါမှာ လွတ်လပ်စွာ တရားစီရင်ခွင့်မရဘူး။ တံခါးပိတ်စီရင်တယ်။ အဲဒီလို စီရင်တဲ့အခါမှာ သူလည်း နိုင်ငံရေးသမားပဲ ဘာလို့ သူ့ကို တံခါးပိတ်စီရင်တာ မကန့်ကွက်ဘဲနဲ့ ဒေါ်စုကျမှ ဘာလို့ ကန့်ကွက်လဲ ပြောစရာ အခြေအနေကပေါ်လာတယ်။ သခင်စိုးကိုက နိုင်ငံရေးခေါင်းဆောင် တယောက်အနေနဲ့ တရားစီရင်တာ မဟုတ်ဘူးဗျ။ သူပုန်ခေါင်းဆောင် တယောက်အနေနဲ့ တရားစီရင်တာ။ ဒေါ်အောင်ဆန်းစုကြည်က သူပုန်ခေါင်းဆောင်မဟုတ်ဘူးဗျ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်။ သခင်စိုးလက်ထက်မှာ တရားစီရင်တယ် ဆိုတာတောင်မှ သခင်စိုး တရားစီရင်ချက်တွေကို သတင်းစာမှာ ပုံမှန်ဖော်ပြတာ ရှိသေးတယ်ဗျ။ လူတွေလည်း သတ်မှတ်ထားတဲ့အတိုင်း ၁ဝ ယောက်၊ ၁၅ ယောက် တနေ့ကို စသည်ဖြင့် နားထောင်ခွင့် ရသေးတယ်ဗျ။ မီဒီယာလည်း အဲဒီမှာ သွားပြီး နားထောင်ခွင့်ရတယ်။ကျနော်ပြောချင်တာက ခေတ်ကာလနဲ့ လုံးဝမကိုက်ညီဘူး။ ဒီလိုဟာမျိုးတွေ နှစ်ပေါင်း ၄ဝ လောက် တွေ့ခဲ့ဖူးတယ် ဆိုသော်ငြားလည်း၊ ဥပမာ - ထောက်လှမ်းရေးအမှုပေါ့ဗျာ။ တံခါးပိတ်ဆိုတာတောင် ဒေါ်အောင်ဆန်းစုကြည် အခုဖြစ်နေတာထက် ပိုပြီးတော့ အများကြီး လွတ်လပ်တယ်။ ငွေစက္ကူအမှုတွေ စစ်ဆေးတာတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က လက်မခံနိုင်ဘူး။ ကန့်ကွက်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး အများပြည်သူ ရှေ့မှောက်မှာ ရုံးထုတ်တာမလုပ်ဘဲနဲ့ သီးသန့် တံခါးပိတ် စစ်ဆေးတာဟာ အများပြည်သူရဲ့ မူလအခွင့်အရေးရယ်၊ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအခွင့်အရေးရယ်တွေကို ချိုးဖောက်ခံရတယ်လို့ရော ယူဆပါသလားခင်ဗျာ။ ကျနော်က ယူဆပါတယ်။ ဘာလို့လဲဆိုတော့ လူတယောက်ဟာ တရားခွင်ကို သွားရတယ်ဆိုတာ သူ့ရဲ့ဘဝကို ချောက်ကမ်းပါးနား သွားနေရတာ။ သူ ချောက်ထဲကို လိမ့်ကြသွားမလား၊ ကမ်းပေါ်မှာပဲ တင်ကျန်နေမလား၊ မသိရတဲ့ အခြေအနေမျိုး။ အဲဒီ လူကို သူ့ရဲ့အမှုကို လွတ်လပ်စွာ တရားစီရင်ခြင်း၊ မှန်ကန်မျှတစွာ စီရင်ခြင်း မရှိရုံတင်မကဘူး၊ သူ့ တရားစီရင်ခြင်းကို အများပြည်သူ ကြားနာနိုင်ဖို့ ဥပဒေအရ အခွင့်အရေး ရှိပါရဲ့နဲ့ ခွင့်ပြုချက်မရဘူးဆိုတာက သူ့လူ့အခွင့်အရေး ချိုးဖောက်ခံရတာပဲလို့ ပြောနိုင်ပါတယ်။အလားတူပဲ အများပြည်သူက ကြားနာခွင့်မရတာလည်း တရားခွင်မှာ အများပြည်သူရှေ့မှောက် ခံရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် ရှိရဲ့သားနဲ့ နအဖ အစိုးရလက်ထက်မှာလည်း ဒီဥပဒေကို ဆက်လက်ပြဋ္ဌာန်းထားပါလျက်နဲ့ နားထောင်ခွင့်မရဘူး၊ လေ့လာခွင့် မရဘူး။ ဒါလည်း ချိုးဖောက်ခံရတာပဲ။ ဒေါ်စုကို ရုံးထုတ်နေတုန်း အန်အယ်ဒီအဖွဲ့ဝင်တွေ၊ အန်အယ်ဒီကို ထောက်ခံတဲ့လူတွေ၊ ဒီမိုကရေစီလိုလားသူတွေဟာ အင်းစိန်ထောင်ရှေ့နဲ့ အင်းစိန်မြို့နယ်အတွင်းမှာ စုဝေးနေကြတာ သတိထားမိပါတယ်။ ဒီကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။ ကျနော် အဲဒီမှာ လူတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့ရဲ့ အမြင်တွေ၊ သဘောထားတွေ၊ ခံစားချက်တွေကို သိရတာပေါ့။ ပြောချင်တာက ကျနော် အပါအဝင် အဲဒီရှေ့မှာ ရောက်လာပြီးတော့ စုရုံးနေတဲ့ လူတွေရဲ့ အခြေခံအမြင်ပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် သူတို့ကိုလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ တဦးချင်းကလည်း ကျနော့်ကို ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ အချင်းချင်းလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတာ။ ကျနော်တို့ ကြွေးကြော်သံတွေနဲ့ အော်ဟစ်နေတာ မဟုတ်ဘူး။ စာရွက်စာတမ်းတွေရေးပြီး ကမ်းလှမ်းနေတာ မဟုတ်တဲ့အတွက် တဦးချင်းကိစ္စက သဘောထား အသီးသီးကို မပြောနိုင်ပေမယ့် အားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ အမြင်၊ အယူအဆ၊ ခံစားချက်ကိုတော့ ပြောလို့ရတယ်လို့ ထင်တယ်။ ဘယ်လို လူမျိုးတွေ ရောက်လာပြီး၊ ဘာလာလုပ်နေကြတယ်ဆိုတာရော ပြောပြနိုင်မလား ခင်ဗျာ။ အဲဒီထဲမှာ အန်အယ်ဒီတွေ ပါတယ်။ တခြားသော ကျောင်းသား၊ လူငယ်တွေ ပါတယ်ဗျာ။ ရဟန်းသံဃာတွေ ပါတယ်ဗျာ။ လူမျိုးစုံပါတယ်။ ကလေးပါတယ်။ လူကြီးပါတယ်။ မိန်းမပါတယ်။ ယောက်ကျားပါတယ်ပေါ့ဗျာ။ ဒီလူတွေ အားလုံးရဲ့ ရင်ထဲမှာရှိတဲ့ဟာက ဘာလဲဆိုရင် တစ်က ကျနော်တို့ဟာ နတ်ကရာ ချီးမွမ်း လာပြီးထိုင်နေကြတာ မဟုတ်ဘူး။ ငေးမောပြီးတော့ ပွဲတော်တခု လာကြည့်နေတာ မဟုတ်ဘူး။ စတုဒိသာပွဲတခုလာပြီး စားသောက်နေတာ မဟုတ်ဘူး။ နောက်တခုက တချိန်တည်းမှာပဲ ကျနော်တို့ဟာ ဆန္ဒပြနေတာလည်း မဟုတ်ဘူး။ ဒါက အရေးကြီးတယ်။ ဆန္ဒပြချင်တဲ့လူကတော့ ပြမှာပဲ။ မပြဘူးလို့ မပြောနိုင်ဘူး။ ပြချင်တဲ့စိတ် မရှိဘူး၊ ရှိတယ်လည်း မပြောဘူး။ သို့သော် ပုံသဏ္ဍာန်အားဖြင့်၊ အမြင်အားဖြင့်ဆိုရင် ကျနော်တို့တတွေဟာ ငေးမောပြီးတော့ နေပူကျဲတဲမှာ ထိုင်စရာမရှိ၊ နေစရာမရှိ၊ စားစရာမရှိ၊ သောက်စရာမရှိ၊ အပေါ့အပါးသွားစရာမှ မရှိတဲ့ အနေအထားမျိုးမှာ နာရီပေါင်းများစွာ။ တချိန်တည်းမှာပဲ ကျနော်တို့က ဆူပူခြင်း၊ ဆန္ဒပြခြင်း၊ အော်ဟစ်ခြင်း၊ တောင်းဆိုခြင်း ဒါတွေ လုပ်နေတာလည်း မဟုတ်ဘူး။ အားလုံး တိတ်တိတ်ငြိမ်ငြိမ်ပဲ။ စကားတောင် အော်ကျယ်မပြောဘူး။ဒါဆိုရင် ဘာလုပ်နေတာလဲလို့မေးရင် ကျနော်ကပြောမယ်၊ အကုန်လုံး ရင်ထဲမှာ နိုင်ငံရေးစိတ်တွေ၊ သဘောထားတွေ ရှိတယ်။ နိုင်ငံရေး ခံစားချက်တွေ ရှိတယ်။ အဲဒီဟာတွေနဲ့ သူတို့ လုပ်နေတာ။ နိုင်ငံရေး လုပ်နေတာပဲ။ ဆိုလိုတာကတော့ နိုင်ငံရေးကို ပုံသဏ္ဍာန်တမျိုးနဲ့ လုပ်နေတာ။ အဲဒါ ဘာလဲဆိုရင် ‘ကျနော်တို့ ဆန္ဒ ဖော်ထုတ်နေတာ’ လို့ ပြောချင်တယ်။ တဦးချင်း တဦးချင်း၊ လူတိုင်း လူတိုင်း - ဆန္ဒဖော်ထုတ်နေတာ။‘ဆန္ဒ ဖော်ထုတ်နေတာ’ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်း ထပ်ရှင်းပြပေးပါဦးခင်ဗျာ။ ကောင်းပြီ။ ဒါဖြင့် ဘာဆန္ဒတွေလဲလို့မေးရင် တစ်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။ လူထုခေါင်းဆောင် ဖြစ်တယ်။ အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်တယ်။ ဒီမိုကရေစီခေါင်းဆောင် ဖြစ်တယ်။ ဒီလိုခေါင်းဆောင်မျိုး တယောက်ကို ဘယ်နေရာမှ တရားစီရင်နေမှန်းမသိ၊ လူတွေလည်း မဝင်ရ၊ ဒီအကြောင်းလည်း ဘာမှန်းမသိရ၊ ဆိုတဲ့ အနေအထားမျိုးနဲ့ လုပ်နေတာကို ကျနော်တို့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမလား။ မကြည့်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတယ်၊ ထောက်ခံတယ်၊ တသားတည်းဖြစ်တယ်၊ တပေါင်းတစည်းတည်း ဖြစ်တယ်ဆိုတာကို ပြချင်တယ်။ အဲဒီဆန္ဒတွေ ရှိတယ်။ အဲဒီဆန္ဒတွေနဲ့ ထောင်ရှေ့မှာ လာပြီး ထိုင်နေကြတာ။ ဒုတိယအချက်က ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲတာနဲ့ပတ်သက်ပြီး ကျနော်က လုံးဝကို လက်မခံဘူး။ ဒီအမှုက အမှုဆင်တာ၊ ရမယ်ရှာပြီးတော့ ပုဒ်မတပ်တာ။အမှုဆင်တာလို့ ဘယ်လို အခြေခံအကြောင်းတွေကြောင့် ပြောနိုင်တာလဲ ခင်ဗျာ။ အကွက်ဆင်တာ၊ ဘာလို့လဲဆိုတော့ ထင်ရှားတာ အချက် နှစ်ချက် ရှိတယ်။ တစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားတာ ဒီလ ၂၇ ရက်ဆို လွတ်တော့မယ်။ လွတ်ခါနီးကျမှ ဒီကိစ္စပေါ်လာတယ်။ နောက် သူနဲ့ သက်ဆိုင်တယ်ဆိုတဲ့ လူက ဒုတိယ အကြိမ် ပြန်လာတာဗျ။ ဒီ ယက်တော ဆိုတဲ့လူက လွန်ခဲတဲ့နှစ်တုန်းက ရောက်ခဲ့ပြီးပြီ။ ရောက်ခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ ဒေါက်တာတင်မျိုးဝင်းကနေတဆင့် ပြည်ထဲရေးဌာနကို တိုင်ကြားပြီးပြီ၊ အသိပေးပြီးပြီ။ အဲဒီကြားထဲကနေ ဒီလူ ရောက်လာတယ်ဆိုတာ ဘယ်လို ရောက်လာတာလဲလို့။ကျနော့်အတွေ့အကြုံ ပြောမယ်။ ကျနော့်အကြောင်း လေ့လာနေတဲ့လူက ကျနော် ထောင်ထဲမှာ ရှိနေတုန်း ဗမာပြည် လာဖူးတယ်ဗျ။ ဦးစိန်ဝင်းတို့၊ လူထုဒေါ်အမတို့၊ ဒဂုံတာရာတို့၊ ဦးမောင်မောင်ခင်တို့ စသည်ဖြင့် စာပေသမားတို့၊ သတင်းစာသမားတို့နဲ့ တွေ့တယ်။ အဲဒါကို အစိုးရက နည်းနည်းမှ မကြည်ဖြူဘူး၊ မှတ်ထားတယ်။ အဲဒါက ၅ နှစ်ကျော်ပြီ။ မကြာခင်တုန်းက ကျနော် လွတ်လာတော့ ကျနော့်ကို လာတွေ့ချင်တယ်။ ဗီဇာမရဘူး။ စဉ်းစားကြည့်ဗျာ။ ကျနော်က နိုင်ငံရေးအရ ကြီးကျယ်တဲ့ လူလည်း မဟုတ်ဘူး။ သာမန် သတင်းစာသမားတယောက်။ကောင်းပြီ။ ယက်တောက ဘယ်လို ဗီဇာရလဲ။ တခါတုန်းက ဒေါ်စုအိမ်ထဲ အိမ်ထဲဝင်တယ်ဆိုတာလည်း သိပြီ။ ဒေါ်စုရဲ့ ညွှန်ကြားချက်အရ ဒေါက်တာတင်မျိုးဝင်းကလည်း ပြည်ထဲရေးဌာနကို အကြောင်းကြားပြီးပြီ။ အဲဒီလောက် အမှတ်အသားဖြစ်ပြီး မှတ်ထားတဲ့လူဟာ ဒီလိုအချိန်မှာ ဘာ့လို့ ဗီဇာရသလဲ၊ ဘာဖြစ်လို့ ဗီဇာပေးသလဲ။ နိုင်ငံခြားရေးဌာနတို့ ဘာတို့က ဒီလောက်ပဲ ပေါ့လျော့သလား။ ဒီလောက် လက်လွတ်စပယ် လုပ်သလားဆိုတာ မေးစရာတွေ ရှိလာတယ်။ မဟုတ်ဘူး၊ မပေါ့တန်ဘူး။ စည်းကမ်းတကျ အဖွဲ့အစည်း၊ ကမ္ဘာ့အဆင့်အတန်းမီ အဖွဲ့အစည်း၊ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ အဖွဲ့အစည်း ဝန်ကြီးဌာန ဖြစ်တယ်ဆိုရင်၊ အဲဒီလိုဆိုရင်တော့ ဒီ ဗီဇာ ပေးလိုက်ခြင်းဟာ လုပ်ကြံမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ စိတ်ထဲမှာ ဒီဟာက လုပ်ကြံမှုကြီး။ အဲဒါကို ဒီအမှုကို ဖျက်သိမ်းပေးပါ။ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ထောင်ချလိုက်မယ်ဆိုရင် အန်အယ်ဒီ၊ ဒီမိုကရေစီ အင်အားစုတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အနေအထားက တစုံတရာ အပြောင်းအလဲ ဖြစ်သွားနိုင်မယ် ယူဆပါသလားခင်ဗျာ။ အဲဒီလိုဟာမျိုးကတော့ ပြောရတာတော့ ခက်တယ်။ တစ်က ကျနော်တို့က ဒီမိုကရေစီ အဖွဲ့အစည်းတရပ် ဖြစ်တယ်။ ဒီမိုကရေစီ အဖွဲ့အစည်းတရပ်ဟာ မှားယွင်းတဲ့ အခြေခံနဲ့ဖြစ်စေ၊ မှန်တဲ့အခြေခံမှာဖြစ်စေ တရားခွင် ရောက်တယ်။ တရားခွင်က လွတ်လပ်တဲ့ တရားခွင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အဲဒီလို အခြေခံမျိုးကနေ တရားစီရင်လိုက်တဲ့အပေါ်မှာ ကျနော်တို့ဟာ တစ် မမှန်ကန်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်ဖို့ဆိုတာ ကျနော်တို့ ဘာအကြောင်းမှ မရှိဘူး။ ဆိုလိုတာက တရားစီရင်ရေးကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တရားစီရင်ရေးစနစ်နဲ့ သွားတယ်ဆိုရင် တစုံတရာသော အတိုင်းအတာအထိ လက်ခံရမယ်လို့ ကျနော်တို့ ယူဆတယ်။ တရားစီရင်ရေးကနေ ထွက်လာတဲ့ ရလဒ်တခုကို လက်လွတ်စပယ်နဲ့ ငြင်းပယ်ခြင်း၊ ငြင်းဆန်ခြင်း၊ မလုပ်ဘူးလို့ ပြောလို့ရတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းဖြစ်တဲ့အတွက် အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သွားမှာပဲ။ သေချာတာကတော့ ပြစ်ဒဏ်ချလိုက်ပြီဆိုတာကို လက်ခံရသည့်တိုင် ဒီဟာကိုတော့ ဆက်ပြီးတော့ တရားဥပဒေ ရှုထောင့်က တိုက်သွားဦးမှာပဲ။ တရားဥပဒေ ရှုထောင့်က တိုက်လို့ မရဘူးဆိုရင်လည်း တုံ့ပြန်သင့် တုံ့ပြန်ထိုက်တဲ့ ပုံသဏ္ဍာန် တခုနဲ့တော့ တုံ့ပြန်မှာပဲလို့ ပြောလို့ရပါတယ်။ တရားစီရင်ရေးကနေ ထွက်လာတာတော့ မှန်တယ်။ တရားစီရင်ရေးအရလည်း ဆုံးခန်းတိုင် ရင်ဆိုင်သွားမယ်။ အဲဒီကြားထဲကနေ တရားမျှတမှန်ကန်တဲ့ တရားစီရင်ရေး မဟုတ်ဘူးဆိုရင် ဆန့်ကျင်တဲ့အရာ တစုံတရာတော့ ပေါ်လာမှာပဲ။ အများနဲ့လုပ်တာလေ။ တယောက်ကတော့ ငုံ့ခံချင် ငုံ့ခံနေမယ်၊ အများကတော့ ငုံ့ခံမနေဘူး။ သည်းခံခြင်း ရှိမယ်၊ ငုံ့ခံခြင်းမရှိဘူး။ နအဖ ထဲက အပြစ်ရှိတဲ့ စစ်တပ်အရာရှိတွေကို နိုင်ငံတကာတရားရုံး ICC ကို တင်ဖို့ ကြိုးစားနေတာတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တခုခု ပြောစရာများ ရှိပါသလား ခင်ဗျာ။ ဒါက လုပ်ရမယ့် ကိစ္စပဲ။ လူသားပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေလည်း ဖြစ်နေပြီ။ ကမ္ဘာမှာလည်း ဒီဥပဒေဟာ တစတစနဲ့ အလုပ်ဖြစ်လာပြီ။ နောက် ဒီလူတွေကို ရုံးတင် တရားစွဲခြင်း ဆိုတာကလည်း ကမ္ဘာမှာ နိုင်ငံပေါင်း များစွာပေါ့၊ အာဖရိကနိုင်ငံတွေရော၊ ယူဂိုဆလပ်တို့ ဘာတို့ရော လုပ်နေကြပြီ။ အခု နောက်ဆုံး ဆူဒန်တို့ ဘာတို့ တရားစွဲတာ လုပ်နေပြီ။ တချို့က တရားခွင်ရှေ့မှောက်ကို ရောက်တယ်။ တချို့က ဖမ်းမိန့်ပဲ ထုတ်ရသေးတယ်။ ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားအရက ဒီအခြေအနေမျိုးကို ရောက်နေတယ်။ သေချာတယ်။ ငြင်းလို့မရတဲ့ အနေအထား။ မီဒီယာတွေထဲ ပါလို့ ကျနော်က ငြင်းလို့မရတာလို့ ပြောတာမဟုတ်ဘူး။ သာမန်အားဖြင့် ပြည်သူတွေဟာ ရှစ်လေးလုံး ကာလလို ကာလမျိုးကစပြီးတော့ ၂ဝဝ၇ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးလိုကာလမျိုး နောက်တခါ နိုင်ငံရေးအကျဉ်းသား များစွာကို ညှင်းဆဲ သတ်ဖြတ် ဆိုတဲ့ ဒီလို ဥပမာတွေ ကြည့်ခြင်းအားဖြင့် ဒီလူတွေဟာ တရားစီရင်ခံရမယ့် အနေအထားမှာ ရှိတယ်လို့ ပြောတာ။ ဒီလူတွေကို အပြစ်ပေးရမယ်လို့ ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့် ကိစ္စ။ ကျနော့် ဘက်ကတော့ ဒီလူတွေဟာ အဲဒီလို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင် တယ်။ သတ်သတ်မှတ်မှတ် ပြောတယ်။ သို့သော် အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တချိန်တုန်းကရှိခဲ့တဲ့ သဘောထားပေါ့ဗျာ။ ကျနော်တို့ ဗမာပြည်မှာ အပြစ်တွေကို သင်ပုန်းချေမယ် ဆိုတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ဟာတွေအကုန်လုံး တယောက်နဲ့ တယောက် လက်စားချေကြမယ်ဆိုရင် မပြီးတော့ဘူး။ သင်ပုန်းချေတယ်ဆိုတာ သဘောတူတယ်။ သို့သော် ကျနော်တို့ဘက်က စဉ်းစားတော့ ဘာပေါ်လာသလဲဆိုရင်၊ ဒါ အန်အယ်ဒီရဲ့ ပေါ်လစီ ရယ်လို့တော့ မဟုတ်ဘူး။ အစုအဖွဲ့လိုက် ဆွေးနွေးကြတာ။ သင်ပုန်းချေတယ်ဆိုရင် ချေချင်တိုင်း ချေလို့မရဘူး။ ဘာလို့လဲဆိုတော့ ခံရတဲ့ ကာယကံရှင်တွေ ရှိတယ်ဗျာ။ သို့မဟုတ်လည်း သူ့ရဲ့ ရာဇဝတ်မှု ကျူးလွန်မှုဟာ လူသားအပေါ်မှာ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။အဲဒီလို ပုံစံအမျိုးမျိုး ကျူးလွန်တဲ့လူတွေကို သင်ပုန်းချေတယ်ဆိုပြီးတော့ ကျနော်တို့က ခွင့်လွှတ်လိုက်ရင် ရမလား။ နိုင်ငံရေး ပါတီတခုကနေ လုပ်ရင်ရမလား။ သို့မဟုတ်လည်း နိုင်ငံရေးခေါင်းဆောင် တယောက်ကနေလုပ်ရင် ရမလား။ မရဘူး။ တရားဝင် ဖြစ်ဖို့လိုတယ်။ ပြည်ပတရားရုံးတို့ ဘာတို့ဆိုတာကလည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သိပ်ပြီး မကြားသေးဘူးပေါ့ဗျာ။ ကျနော်တို့က ဘယ်လိုတွက်လဲဆိုတော့ လွှတ်တော်တို့ ဘာတို့မှာ တင်ပြီးတော့ ဥပဒေပြဋ္ဌာန်းပြီးတော့ သင်ပုန်းချေတာ ဖြစ်စေ၊ ဒါက တခုပေါ့နော်။ နောက်တမျိုးက ဘာလဲဆိုရင် ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ချင်တယ်။ တရားစီရင်ရေးက အမှန်တရား ဖြစ်စေချင်တယ်။ ကျနော်တို့က ဥပမာ - တောင်အာဖရိက Truth and Reconciliation Commission လိုဟာမျိုး လုပ်ရမယ်လို့ သဘောပေါက်တယ်။ အနည်းဆုံး အဲဒီလိုမျိုး ဖြေရှင်းမယ်။ သဘောထားတွေ ဟိုတုန်းက ရှိခဲ့တယ်။ သို့သော် ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသော်လည်း လွှတ်တော်အဆင့်ကို မရောက်ခဲ့တဲ့အတွက် ကျနော်တို့ ဒါ မလုပ်နိုင်ဘူး။ နောက်တခုက ကျနော်တို့မှာ ဘာအာဏာမှ ရှိတာမဟုတ်တဲ့အတွက်၊ ကျနော်တို့ဆိုတာ ကျနော်တို့ ဒီမိုကရေစီ သမားတွေကို ပြောတာပါ။ အန်အယ်ဒီရယ်လို့ မဟုတ်ပါဘူး။ အဲဒီလိုအနေနဲ့ Truth Commission တို့၊ Reconciliation Commission တို့ဆိုတာ ဖွဲ့နိုင်တဲ့အနေအထားမှာ မရှိဘူး။ လွှတ်တော်လည်း မရှိဘူး။ အခုနောက်ဆုံး ICC လိုဟာမျိုး ပေါ်လာတာပဲ။ အဲဒါနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားမိတယ်။ ဘာပဲပြောပြော ဒီလူတွေဟာ ICC ရှေ့မှောက်မှာ တရားစီရင် ခံရမယ်လို့ တထစ်ချ မပြောနိုင်သေးပေမယ့် ဒီလူတွေဟာ အဲဒီလို တရားစီရင် ခံရနိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာ အမှန်ပဲလို့ ကျနော် ယုံကြည်ပါတယ်။

နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးကို စွဲတင်နိုင်တော့မယ်

Photobucket
Photobucket

NEJ / ၂၁ မေ ၂၀၀၉
နအဖစစ်အစိုးရက ၂၀၀၃ ခုနှစ် မေ (၃၀) ဒီပဲယင်းအရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီးနောက် ဥပဒေပါသတ်မှတ်ချက်ထက် (၁) နှစ်ကျော်လွန် ဆက်လက် ထိန်းသိန်းခဲ့ခြင်း၊ ယင်းကဲ့သို့ ထိန်းသိမ်းထားစဉ် နေအိမ်အတွင်း နိုင်ငံခြားသားတဦး ၀င်ရောက်လာသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ (၂၂) ဖြင့် ထပ်မံတရား စွဲဆိုခြင်းတို့သည် ဥပဒေများဖြင့် လျော်ညီမှုရှိမရှိ မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးနှင့် ဆက်သွယ်မေးမြန်းချက်။ မေး။ ။ နအဖစစ်အစိုးရရဲ့နေအိမ်အကျယ်ချုပ်ချထားခံရစဉ်အတွင်းမှာ မစ္စတာယက်တော ၀င်ရောက်လာလို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အမှုဖွင့်စွဲဆိုထားတာဟာ ဥပဒေနဲ့ လျော်ညီမှု ရှိပါသလား။ဖြေ။ ။ ဒီလိုရှိတယ်ဗျ။ ဒီအမှုရဲ့အစဖြစ်တဲ့ ၁၉၇၅ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများအန္တရာယ်မှ ကာကွယ် သည့် ဥပဒေဆိုတာ detention law လို့ခေါ်တယ်။ တနည်းအားဖြင့် ချုပ်တဲ့ ဥပဒေဖြစ်တယ်။ သူက အပြစ်ပေးတဲ့ ဥပဒေမဟုတ်ဘူး။ ဒီဥပဒေဟာ မြန်မာပြည်တင်မဟုတ်ဘူး။ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ စသည်ဖြင့် တချို့နိုင်ငံတွေ မှာလည်း ရှိတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှု၊ လုံခြုံမှုတွေ ထိပါးမှာစိုးတဲ့အတွက် တရားရုံးရဲ့ ခွင့်ပြုချက်မလိုဘဲ အစိုးရ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ချုပ်ခွင့်ရှိတဲ့ ဥပဒေဖြစ်တယ်။ ကျနော်တို့ ပြည်တွင်းဥပဒေ (၁၀/က) အရ (၆) လ ချုပ်မယ်။ (၁၀/ခ) အရ တနှစ်။ အဲလိုမျိုး ရှိတယ်ဗျာ။ ချုပ်ပိုင်ခွင့်ရှိတဲ့ သက်တမ်းအတွင်း အချုပ်ခံရသူ နေတာထိုင်တာ ကျေနပ်ရင်လွှတ်တယ်။ မကျေနပ်ရင် သက်တမ်းတိုးပြီး ဆက်ချုပ်တယ်။ သို့သော် ချုပ်တဲ့ဥပဒေမှာလည်း အကန့်အသတ်ဘောင်ရှိတယ်။ တသက်လုံးချုပ်ထားလို့တော့ မရဘူးလေ။ ၁၉၇၅ ခုနှစ်ဥပဒေကို ၁၉၉၁ ခုနှစ် ပြင်ဆင်ထားချက်အရ (၅) နှစ်ဖြစ်တယ်။ (၅) နှစ်ပြည့်ရင် လွှတ်ကိုလွှတ်ရမှာ။ အဲတော့ အစိုးရအာဏာပိုင်တွေရဲ့ အခွင့်အာဏာနဲ့ ချုပ်နှောင်ထားရတဲ့၊ ချုပ်လည်း ချုပ်ထားတဲ့ကြားထဲကမှ မကျေနပ်ဘဲနဲ့ ဒီဥပဒေကို ပြင်ပြီးကျင့်သုံးနေ တဲ့ ကိစ္စကိုက လုံးဝဥပဒေရဲ့ အခြေခံနဲ့ဆန့်ကျင်နေတယ်။မေး။ ။ ကြားသိထားရတာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားစဉ်မှာ အကျယ်ချုပ် ဧရိယာရဲ့အပြင်ကို လုံးဝမထွက်ဖို့၊ သံရုံးတွေနဲ့မဆက်သွယ်ဖို့၊ နိုင်ငံရေးနယ်ပယ်က လူတွေနဲ့ မဆက်သွယ်ဖို့၊ နောက်ပြင်ပကို စာ၊ ဖုန်း စတာတွေနဲ့ မဆက်သွယ်ဖို့ကိုဘဲ တားမြစ်ထားတယ်ဆိုတော့ အခုလို မစ္စတာယက်တော သူ့ဟာသူ နေအိမ်အတွင်း ၀င်ရောက်လာတာဟာ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က အမှုကျူးလွန်တာ ဟုတ်မဟုတ် ရှင်းပြပေးပါ။ ဖြေ။ ။ ဘယ်လိုလုပ် ပြစ်မှုမြောက်မလဲ။ သူတို့မှာပဲ ပြစ်မှုမြောက်တာ။ ချုပ်ထားတာကိုက အာဏာပိုင်တွေက ချုပ်ထားတာ။ အဲလိုချုပ်ထားတဲ့ အတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေတာထိုင်တာ၊ သွားတာလာတာ၊ ဆက်သွယ်တာ အကုန်လုံးကို တာဝန်ယူရမှာ သူတို့။ အဲတော့ တာဝန်ရှိမှုအရ ချုပ်နှောင်ထားတဲ့ အာဏာပိုင်တွေမှာပဲ တာဝန်ရှိတာ။မေး။ ။ ဒါပေမယ့် နအဖစစ်အစိုးရဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေအိမ်အကျယ်ချုပ် ချိုးဖောက် တယ်ဆိုပြီး တရားစွဲတင်မှုတွေလုပ်နေပါပြီ။ ဒီလိုလုပ်တဲ့အခါမှာလည်း အများပြည်သူကိုကြားနာခွင့် မပြုတာဟာ တရားစီရင်ရေးမူနဲ့ ကိုက်ညီမှုရှိပါသလားခင်ဗျ။ဖြေ။ ။ ဒါကတော့ fair trial court ဆိုတဲ့ တရားမျှတရေး တရားခွင်ကိစ္စနဲ့ဆိုင်တယ်။ ကျနော်တို့ပြည်တွင်း ဥပဒေမှာ court & camera ဆိုတာရှိတယ်။ အမှုတိုင်းတော့ public trial မရနိုင်ဘူး။ အများပြည်သူ တက်ရောက် ကြားနာခွင့် မပြုသင့်တဲ့ မုဒိမ်းမှုလို၊ တိုင်းပြည်ရဲ့စစ်ရေး၊ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာတော့ ပေါက်ကြားမှုတွေ ရှိသွားမှာစိုးလို့ ဆိုတဲ့ ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ court & camera ဆိုတဲ့အမှုနဲ့ဆက်စပ်သူတွေကိုသာ ခေါ်ယူစစ်ဆေးရတာလည်း ရှိတယ်။ ဒါပေမယ့် အခုဟာက လုံခြုံရေးကျိုးပေါက်လို့မှ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို နိုင်ငံခြားသား တယောက် ၀င်သွားပြီးကာမှ လုံခြုံရေးအကြောင်းပြချက်နဲ့ အများပြည်သူကြားနာခွင့် မပြုဘူးဆိုတာ ဘာမှကို မဆိုင်ဘူးဗျာ။ နိုင်ငံခြားသားဝင်ရောက်လို့ စစ်ဆေးရတဲ့ ကိစ္စဟာ တိုင်းပြည်လုံခြုံရေးနဲ့လည်း မဆိုင်ဘူး။ ဒီလိုအမှုကို အများပြည်သူကို ကြားနာခွင့်မပေးဘူး ဆိုတာဟာလည်း ပြည်တွင်းဥပဒေတွေအရရော၊ နိုင်ငံတကာမှာရှိတဲ့ fair trial court နဲ့ရော ဆန့်ကျင်တယ်။ မေး။ ။ တရားစွဲဆိုနေစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်ထောင်အတွင်း ထားလိုက်တာကရော ဥပဒေနဲ့လျော်ညီမှုရှိပါသလား။ဖြေ။ ။ ဥပဒေအကြောင်း ပြန်ပြောရရင် စောစောကဟာကိုပဲ ပြန်ကောက်ရမယ်။ စောစောကပြောသလို ၁၉၇၅ ခုနှစ် ဥပဒေအရ ချုပ်ခွင့်ရှိတာကိုက (၅) နှစ်ပဲ။ (၅) နှစ်ထက် (၁) နာရီကျော်ပြီးတော့ကို ချုပ်ခွင့် မရှိဘူး။ (၅) နှစ်ကျော်ပြီး ဆက်ချုပ်ထားတာကိုက မှားနေပြီ။ ဘယ်နေရာမှာ ထားတယ်။ မထားတယ်ဆိုတာကိုတော့ ကျနော် မပြောလိုဘူး။ သူတို့ဟာသူတို့ အဆင်ပြေတဲ့ နေရာမှာထား။ သို့သော် (၅) နှစ်ထက်ကျော်ပြီး ချုပ်ထားတာကိုက ဘယ်နေရာမှာ ထားထား ဥပဒေကို ချိုးဖောက်နေတာပဲ ဖြစ်တယ်။မေး။ ။ နအဖစစ်အစိုးရဟာ ပြည်တွင်းဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး ပြည်ပရောက် ဥပဒေပညာရှင်တွေကလည်း ထောက်ပြကြတယ်။ နောက် working group တို့လို ယူအန်အဖွဲ့အစည်းတွေကလည်း ပြောနေတဲ့အကြားက ဒီကိစ္စတွေထပ်ဖြစ်လာတယ်ဆိုတော့ နိုင်ငံတကာ ဥပဒေအသိုင်းအ၀ိုင်းက ဘယ်လိုဆက်လက် ဆောင်ရွက်သွားနိုင်ပါသလဲ။ ဖြေ။ ။ ဒီလိုဗျ။ ပြီးခဲ့တဲ့လပိုင်းကပဲ ကျနော်တို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ လန်ဒန်မှာရှိတဲ့ ၀တ်လုံတော်ရကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ Burma justice committee က တင်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထား တာဟာ ပြည်တွင်းဥပဒေကိုရော၊ နိုင်ငံတကာဥပဒေကိုရော ချိုးဖောက်တာဖြစ်တယ်လို့ UN working group အဖွဲ့က ဆုံးဖြတ်ချက်ချလိုက်တာရှိတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ အင်မတန်ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကုလသမဂ္ဂက တောင် ဒီလိုဖမ်းဆီးထားတာဟာ ဥပဒေနဲ့မညီဘူးလို့ သုံးသပ်ထားပြီးပြီ။ အဲတော့…အဲလို ဥပဒေနဲ့မညီ ချုပ်နှောင်တဲ့ လူတွေအားလုံးက ရာဇ၀တ်ကောင်တွေပဲ။ အထဲမှာရှိတဲ့ တရားစီရင်ရေးစနစ်ကလည်းပဲ ချုပ်နှောင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရော အခြားနိုင်ငံရေးသမားတွေကိုရော စောင့်ရှောက်နိုင်တဲ့ အနေအထားမရှိတော့ဘူး။ တနည်းအားဖြင့် အထဲမှာရှိတဲ့ တရားစီရင်ရေးစနစ်က စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် တရားစီရင်ရေးစနစ် ဖြစ်သွားပြီ။ အဲတော့ ပြည်တွင်း တရားစီရင်ရေးအောက်က အကာအကွယ်ရ နိုင်မှု အခွင့်အလမ်းက တော်တော့်ကို နည်းသွားပြီ။ နိုင်ငံတကာ ဥပဒေရဲ့ အကာအကွယ် ရနိုင်ဖို့ ကြိုးစားဖို့ရှိလာပြီ။ နိုင်ငံတကာပြစ်မှုဆိုင်ရာ ဥပဒပုဒ်မ (၇၁/င) မှာ ဘာပါလဲဆိုတော့ ထောင်သွင်းအကျဉ်းချခြင်း၊ နိုင်ငံတကာဥပဒေ အခြေခံများကို ဆန့်ကျင်ပြီးတော့ လူတယောက်ရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ပြင်းထန်စွာချိုးဖောက်ခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်တခုရှိတယ်ဗျ။ အဲဒီပြဋ္ဌာန်းချက်အရ အကျုံးဝင်နိုင် မ၀င်နိုင်ကို သုံးသပ်ဖို့ရှိလာတယ်။ အဲတော့ ပြဿနာက ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ criminal court security မြောက်သလားဆိုတဲ့ မေးခွန်းရှိလာပြီ။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ဖမ်းဆီးထားရုံနဲ့ လူသားပြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှု မမြောက်နိုင်ဘူးလို့ ပြောရမှာဖြစ်တယ်။ သူတယောက်တည်း ဆိုရင်ပေါ့လေ။ သို့သော် ဒီကိစ္စက ဒီလိုကြည့်လို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်တာဟာ ၂၀၀၃ ခုနှစ် မေလမှာဖြစ်တဲ့ ဒီပဲယင်းကိစ္စကြီးရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ယနေ့အထိ ဆက်ဖမ်းထားတာ။ ဒီပဲယင်းကိစ္စကြီးဟာ criminal court security မြောက်နိုင်တယ်ဆိုတာကို ကျနော်တို့ ရီပို့တွေ တင်ထားပြီးပြီ။ သက်သေခံ အထောက်အထားတွေလည်း အများကြီးရှိတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင် ငါးထောင်လောက်ကို ကိုင်ပြီးတော့ လုပ်သွားတဲ့ crime ကြီးဖြစ်တယ်။ ဒါဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကို ကျူးလွန်ထားတဲ့ ပြစ်မှုဖြစ်တယ်။ အဲဒီ crime ကြီးရဲ့ အစိတ်အပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားတာဖြစ်တယ်။ အဲတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် တယောက် တည်းကို ချုပ်ထားတယ်လို့ မကြည့်ဘဲနဲ့ ဒီပဲယင်းကိစ္စကြီးကိုပါ ပြန်ကြည့်ကြရမှာဖြစ်တယ်။ နောက်ပြီး နိုင်ငံရေး သမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချတာတွေ ရှိတယ်။ ဒါတွေဟာ စနစ်တကျနဲ့ကို လက်ရှိ ရှိတဲ့ တရားစီရင်ရေး စနစ်ကြီးကို ကိုင်ပြီးတော့ အတိုက်အခံတွေကို ဖိနှိပ်တာ။ ဒီနေ့အချိန်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေပြီ။ ဒါကြောင့် ဒီလိုအချက်တွေပါ စုလိုက်မယ်ဆိုရင်တော့ ဗမာပြည်အတွင်းက ဒီမှုခင်းကြီးကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာ တရားစွဲဆို အရေးယူနိုင်ဖို့ရာအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြဖို့ အချိန်ရောက်ပြီ။ ဥပဒေကြောင်းအရ လုံးဝအကျုံးဝင်နေတယ်လို့ ကျနော်ပြောချင်တယ်။မေး။ ။ ဆောင်ရွက်နိုင်ဖို့ အခြေအနေ၊ အလားအလာကရော ဘယ်လိုရှိပါသလဲ။ဖြေ။ ။ အလားအလာကတော့ တထစ်ချင်း တထစ်ချင်း ပိုကောင်းလာပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ဒီကိစ္စအတွက် ဘန်ကောက်မှာ အစည်းအဝေး ကျင်းပနိုင်ခဲ့တယ်။ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဓိကကျတဲ့ အဖွဲ့အစည်း အားလုံး နီးပါးနဲ့ နိုင်ငံတကာက အဓိကကျတဲ့ အဖွဲ့အစည်းအားလုံးနီးပါး တက်ရောက်ဆွေးနွေးခဲ့ကြတယ်။ နိုင်ငံတကာ တရား ရုံးကိုတင် တရားစွဲဆိုနိုင်တဲ့ အနေအထားအဆင့်ကို ဦးတည်သွားကြဖို့ အားလုံးသဘောတူတယ်။ လုပ်ထုံးလုပ်နည်း ညှိယူနေကြရတာလေးတွေပဲ ရှိတယ်။ ဆိုတော့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးကို စွဲတင်နိုင်တော့မယ့် အလားအလာတွေ များလာပြီဆိုတာ ကျနော်ပြောချင်တယ်။

မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ ပြစ်မှု ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါတို့နဲ့ အလားတူ

21 May 2009


မြန်မာစစ်အစိုးရအပေါ် စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့
ရာဇ၀တ်မှုတွေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ ကမ္ဘာ့ထိပ်တန်းတရားသူကြီး ၅ ဦးက
တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို ဆူဒန်နိုင်ငံ၊ ဒါးဖောဒေသ
က အခြေအနေတွေနဲ့လည်း နှိုင်းယှဉ်ပြောကြပါသေးတယ်။ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးနေချိန်မှာပဲ အခုလို
တောင်းဆိုချက် ထွက်လာတာပါ။ ဗွီအိုအေရဲ့ အရှေ့တောင်အာရှဗျူရိုကနေ ဒန်နီယယ်
ရှာ့ဖ် (Daniel Schearf) ပေးပို့ထားတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြ
ပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်က ထင်ရှားလှတဲ့ ဟားဗတ်ဒ်
ဥပဒေရေးရာကျောင်းကနေ မေလ ၂၁ ရက်၊ ဒီကနေ့မှာပဲ ထုတ်ပြန်လိုက်တဲ့ အစီရင်
ခံစာမှာ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ပြပြီး ကုလသမဂ္ဂကနေ စုံစမ်းရေး
ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ
ကို ဖြစ်နေပြီး အစိုးရရဲ့ မူဝါဒတရပ်အနေနဲ့ကို လုပ်ဆောင်နေတာဖြစ်တယ်လို့
ဟားဗတ်ဒ်တက္ကသိုလ် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်
ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာရဲ့နာမည်ကို မြန်မာနိုင်ငံက ရာဇ၀တ်မှုများလို့ ဆိုရမယ့် “Crimes in
Burma” လို့ နာမည်ပေးထားပြီး အဲဒီလို ကျူးလွန်မှုတွေဟာ လူသားအဖြစ်ကို ဆန့်ကျင်
ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုမြောက် လုပ်ရပ်တွေ ဖြစ်နိုင်တယ်လို့ အစီရင်
ခံစာမှာ ထောက်ပြထားပါတယ်။

၁၅ နှစ်စာ ကုလသမဂ္ဂ အထောက်အထားတွေပေါ်မှာပဲ လုံးလုံးလျားလျား အခြေခံပြုစု
ထားတဲ့ ဒီအစီရင်ခံစာမှာ လိင်ပိုင်းအကြမ်းဖက်မှုတွေ၊ အတင်းအကျပ် နေရာရွှေ့ပြောင်း
ခိုင်းတာတွေ၊ နှိပ်စက်ညှဉ်းပန်းတာတွေနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာတွေကို မှတ်တမ်း
တင်ထားပါတယ်။

တိုင်လာ ဂီယမ်နီနီ (Tyler Giannini) ဟာ ဟားဗတ်ဒ်တက္ကသိုလ် လူ့အခွင့်အရေး
အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး ဒီအစီရင်ခံစာ ပြုစုရာမှာ ပါဝင်သူတဦးပါ။ အရင်
ယူဂိုဆလားဗီးယားဒေသနဲ့ ဒါးဖောဒေသတို့က အလားတူဖြစ်ရပ်မျိုးတွေကို ကုလသမဂ္ဂ
လုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးခဲ့သလို မြန်မာနိုင်ငံကိုလည်း စုံစမ်းစစ်ဆေးသင့်
တယ်လို့ သူကပြောပါတယ်။

“ဒါးဖောဒေသမှာ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ ကျေးရွာအရေအတွက်ဟာ မြန်မာနိုင်ငံ
အရှေ့ပိုင်းမှာ ဖျက်ဆီးခံရတဲ့ ကျေးရွာအရေအတွက်နဲ့ နှိုင်းယှဉ်ရင် အတူတူပါပဲ။
မြန်မာနိုင်ငံအရှေ့ပိုင်းမှာ ၁၉၉၆ ခုနှစ်ကတည်းကဆိုရင် ကျေးရွာပေါင်း ၃,၀၀၀ ကျော်
ဖျက်ဆီးခံရတာ၊ ဒါမှမဟုတ် လူတွေ စွန့်ခွာထွက်ပြေး သွားကြတာတွေကို ယုံကြည်ရပြီး
သီးခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်တွေပေါ်မှာ အခြေခံပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်
အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးက တွေ့ရှိထားခဲ့ပါ
တယ်။ ဒီအရေအတွက်ဟာ တကယ့်ကို သိသာထင်ရှားတဲ့ အရေအတွက်ပါ။”

ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးဟာ မြန်မာနိုင်ငံက မတရားဖြစ်ရပ်တွေကို နှစ်ပေါင်း
များစွာ ဝေဖန်ပြောဆိုခဲ့ကြပေမယ့် လုံခြုံရေးကောင်စီက အရေးယူလုပ်ဆောင်ဖို့
ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာက ဝေဖန်ထားပါတယ်။

ဒီအစီရင်ခံစာကို ရေးဆွဲပြုစုစေခဲ့သူတွေကတော့ နိုင်ငံတကာက ထင်ရှားတဲ့ တရား
သူကြီး ၅ ဦးပါ။ သူတို့ထဲက အများစုဟာ ယူဂိုဆလားဗီးယားဒေသဟောင်းနဲ့ ရ၀မ်ဒါ
ဒေသတို့ဆိုင်ရာ နိုင်ငံတကာပြစ်မှု တရားခုံရုံးတွေမှာ ၀တ်လုံတော်ရတွေ၊ တရားသူကြီး
တွေအဖြစ် ထမ်းဆောင်ခဲ့ကြဖူးပြီး တောင်အာဖရိက၊ အမေရိကန်ပြည်ထောင်စု၊
ဗြိတိန်နိုင်ငံ၊ ဗင်နီဇွဲလားနဲ့ မွန်ဂိုလီးယားနိုင်ငံတို့က ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင်
စစ်ဆေးနေတာနဲ့အမျှ မြန်မာစစ်အစိုးရပေါ် နိုင်ငံတကာဖိအား တိုးလာနေပါတယ်။ ဒီလို
တရားရုံးတင် စစ်ဆေးတာကြောင့် မြန်မာနိုင်ငံတွင်း မတရားမှုတွေကို အများက ပြန်ပြီး
အာရုံစိုက်လာကြချိန်မှာ ဒီအစီရင်ခံစာ ထွက်လာတာက အချိန်ကိုက်ပါပဲလို့ ဂီယမ်နီနီက
ပြောပါတယ်။

“နှိမ်နင်းဖြိုခွဲတာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်တမ်းတရား စွပ်စွဲတာ
တွေက မြန်မာလူထုရဲ့ အခြေခံလွတ်လပ်ခွင့်တွေအပေါ် ကန့်သတ်ချုပ်ချယ်တဲ့ စစ်အစိုးရ
ရဲ့ လုပ်ရပ်တွေကို နောက်ထပ်သက်သေပြတာပါပဲ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့
ကိစ္စရပ်တွေသာ ဖြစ်နေတာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ကြောင်း
ချိုးဖောက်မှုတွေလည်း ရှိနေတယ်ဆိုတာကို ဒီလို လေ့လာတွေ့ရှိချက်မျိုးက မီးမောင်း
ထိုးပြပါလိမ့်မယ်။”

စာမျက်နှာ ၁၁၄ မျက်နှာပါ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်း၊ နိုင်ငံတကာ
ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ အခြေခံတွေ၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊
လုံခြုံရေးကောင်စီက ယူဂိုဆလားဗီးယားနဲ့ ရ၀မ်ဒါဒေသဆိုင်ရာ လုပ်ဆောင်ခဲ့တာတွေ
နဲ့ မြန်မာနိုင်ငံ အခြေအနေ စသည်အားဖြင့် အခန်း ၄ ခန်းခွဲပြီး တင်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်ဆန့်ကျင် ကျူးလွန်မှု ICC က စစ်ဖို့တောင်းဆိုနေ
21 May 2009
မြန်မာစစ်အစိုးရက ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ရာဇ၀တ်မှုတွေအတွက် ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက အပြစ်ပေး အရေးယူဖို့ နိုင်ငံတကာက တောင်းဆိုလှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေကြပါပြီ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အကျဉ်းထောင်မှာ အထူးခုံရုံးတင် စစ်ဆေးနေတဲ့လုပ်ရပ်က တရားဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ နိုင်ငံတကာက ၀ိုင်းဝန်းပြောဆိုနေကြတဲ့အချိန်မှာ စစ်အစိုးရကို ICC က အပြစ်ပေး အရေးယူပေးဖို့ တောင်းဆိုမှုတွေတိုးမြင့်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ သောကြာနေ့တုန်းကပဲ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (Jose Ramos-Horta) က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရာဇ၀တ်မှု ကျူးလွန်မှုတွေနဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ရုံးတင် စစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ သမ္မတ ရာမို့စ် ဟော်တာ မတောင်းဆိုခင် ဒီအရင်ကလည်း စစ်အစိုးရက နှစ်ပေါင်းများ စွာ ကျူးလွန်လာတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေအတွက် ICC နိုင်ငံတကာ ရာဇ၀တ် ခုံရုံးက အပြစ်ပေး အရေးယူနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေခဲ့ကြတာတော့ ကြာပါပြီ။ စစ်အစိုးရက အခုလိုကျူးလွန်နေတဲ့ရာဇ၀တ်မှုတွေကို စုဆောင်းပြီး ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြနေတာတွေ ရှိပါတယ်။
မဆန်းရှာဖောင်ဟာ BLC မြန်မာနိုင်ငံရှေ့နေများကောင်စီက စစ်အစိုးရကို ICC ခုံရုံး တင်နိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ လုပ်ငန်းတာဝန်ခံတဦး ဖြစ်ပါတယ်။ သူမက စစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို ICC ခုံရုံးတင် တရားစွဲဆိုဖို့ လုပ်ဆောင်နေတာဟာ စိတ်ကူးယဉ်ဆန်တဲ့ လုပ်ရပ်မဟုတ်ဘဲ စစ်အစိုးရက တကယ်ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို အထောက်အထား အခိုင်အလုံနဲ့ တင်ပြလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“နအဖ ထပ်ခါတလဲလဲ ကျူးလွန်တဲ့ ပြစ်မှုအပေါ်မှာ ကျမတို့က နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကို တရားစီရင်ခွင့်ဘောင် အာဏာ ထဲမှာ ရောက်နေတဲ့ ပြစ်မှုတွေ ဖြစ်တယ်။ ကျမတို့ စိတ်ကူးယဉ်ဆန်ပြီး လုပ်နေတဲ့လုပ်ရပ် မဟုတ်ဘူး။ ဒါ တကယ် ကိုပဲ နအဖကိုယ်တိုင် ကျူးလွန်တဲ့ ပြစ်မှုတွေကို ပြည်တွင်းတရားစီရင်ရေးကိုယ်တိုင်က အားကိုးနိုင်လောက်တဲ့၊ တရားမျှတမှု ကို ဖော်ဆောင်ဖို့အတွက် အားကိုးနိုင်လောက်တဲ့ တရားရုံးတွေ မဟုတ်ဘူး။ ဒီပြစ်မှုတွေကလည်း ထပ်ခါထပ်ခါကျူးလွန်တဲ့ ပြစ်မှုတွေ ဖြစ်တယ်။ ICC စီရင်ခွင့်အာဏာ ဘောင်ထဲမှာရှိတဲ့ ပြစ်မှုတွေကို တင်ဖို့ ကျမတို့ ကြိုးစားတယ်။ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲဆိုရင်တော့ ဖြစ်နိုင်ခြေ အများကြီးရှိတယ်လို့ ဖြေလို့ရပါတယ်။”
အခုအချိန်မှာတော့ စစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို သက်သေခံအထောက်အထား စုဆောင်းတဲ့အဆင့်မှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။
“ဘယ်အဆင့်ရောက်ပြီလဲဆိုရင် ကျမတို့ BLC မှာ နအဖကျူးလွန်တဲ့ ပြစ်မှုကြီးတွေနဲ့ ပတ်သက်ပြီး သက်သေခံ အထောက်အထားတွေ အများကြီး စုဆောင်းလို့ ရနေပါပြီ။ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ မဟုတ်ဘူး။ ICC မှာ တင်နိုင်ဖို့အတွက်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ သွားရမယ်။ ဒီလိုမျိုးအားကောင်းစွာ UN Security Council ရဲ့ Resolution ကို ကျမတို့ ယူရမှာဖြစ်တယ်။
“အဲဒီနည်းတူ ကျမတို့ ဘယ်လောက်ခရီးရောက်ပြီလဲဆိုရင် နိုင်ငံတကာက ပြည်တွင်းမှာ ထပ်ခါထပ်ခါဖြစ်နေတဲ့ ပြစ်မှုတွေ ကို အများကြီး အာရုံစိုက်တယ်။ လွန်ခဲ့တဲ့အပတ် သောကြာနေ့က အရှေ့တီမောသမ္မတကိုယ်တိုင်က နိုင်ငံတကာတရားရုံး မှာ စီရင်နိုင်အောင် တင်ဖို့အတွက် ဖိအားပေးမယ်ဆိုတဲ့ တောင်းဆိုမှုတွေ ဖြစ်လာတယ်။ အဲဒါ လုံခြုံရေးကောင်စီက တရားရေးဆိုင်ရာအရ စဉ်းစားနိုင်လောက်တဲ့ အခြေအနေအထိ၊ ဒါ နည်းနည်းတော့ ခက်ခဲတဲ့ ကိစ္စတခုတော့ဖြစ်တယ်။”
ဒီကိစ္စအောင်မြင်နိုင်ဖို့အတွက် စစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို သက်သေသာဓကနဲ့တကွ နိုင်ငံတကာ ထောက်ခံ အားပေးမှုရရှိအောင် စည်းရုံးလှုံ့ဆော်နေတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
“Lobby တို့ Campaign တို့ ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဓာတ်ပုံတွေနဲ့တကွ လုပ်နေတာ ရှိနေပါတယ်။”
စစ်အစိုးရကို ICC ခုံရုံးတင် တရားစွဲဆိုနိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ BLC မြန်မာနိုင်ငံရှေ့နေများကောင်စီက လုပ်ငန်း တာဝန်ခံ မဆန်းရှာဖောင် ပြောပြသွားတာ ဖြစ်ပါတယ်။

အင်းစိန်အကျဉ်းထောင် သပိတ်စခန်း


အင်းစိန်အကျဉ်းထောင် သပိတ်စခန်း

အောင်ဝေး အထူးကဗျာ - ၂
မေ ၂၁၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
NLD ကို ၀န်းရံကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

ညောင်ပင်မှာ နား
ညောင်သီးလည်း စား
လေးသံကြားလည်း နားထောင်။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ဒီမိုကရေစီကို တိုက်ယူကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

အတိတ်ကို ပြန်လွမ်း
လက်ငင်းမှာ ရဲရဲဖြတ်သန်း
အနာဂတ်အတွက် မျှော်မှန်း။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ဘုံရန်သူကို ဆန့်ကျင်ကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

ဂဠုန်ဦးစောက ဗိုလ်ချုပ်အောင်ဆန်းကို
တကြိမ်ပဲ လုပ်ကြံတယ်
ဂဠုန်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို
အကြိမ်ကြိမ် လုပ်ကြံခဲ့ပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
မတရားတဲ့ ဥပဒေကို ရိုက်ချိုးကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

နအဖ = မိစ္ဆာ အစိုးရ
သန်းရွှေ ဂေါက်နေပြီ
နအဖ ကြောက်ကန်ကန် နေပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
သာသနအလံတွေ လွှင့်ထူကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

ကြက်တော ရေကူး
သန်းရွှေ သေတွင်းတူး
ပြည်သူ့အောင်ပွဲ အရုဏ်ဦး။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ခွပ်ဒေါင်းအလံတွေ လွှင့်ထူကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

သန်းရွှေ ဖက်ဆစ်
ဖက်ဆစ် သန်းရွှေ
ဖက်ဆစ်တစ္ဆေ နအဖ။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ဖက်ဆစ်တော်လှန်ရေးအလံတွေ လွှင့်ထူကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

၉၀ ရွေးကောက်ပွဲ
စစ်သားနဲ့ ရဲ၊ ၀န်ထမ်းတွေပဲရှိတဲ့ ကိုကိုးကျွန်းမှာ
NLD (ဦးလှသန်း) အနိုင်ရခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ပြည်သူ့ဘက်က တပ်မတော်သားတွေကို ကြိုဆိုကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

နေပြည်တော် ကျဆုံးခန်း
သန်းရွှေ ဘုရားရိုက်
မသာရထား ဆိုက်ပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ပြည်သူ့ဘက်က ရဲနဲ့ဝန်ထမ်းတွေကိုကြိုဆိုကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

မကြောက်တတ်ရင် တခါပဲ သေရတယ်
ကြောက်နေရင် အခါခါ သေရမယ်
သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲ
ကဲ ...
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
သား သုံး သား ပေါင်းစည်းညီညွတ်ကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။

အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ
နအဖကို ပုန်ကန်ကြ
အမိမြန်မာပြည်ကို ကယ်တင်ကြ
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။ ။