Saturday, May 30, 2009

ဓနုတ်ဘုရားပြို လူအများဒဏ်ရာရ


ဒလ ဘက်ကမ်းမှာ ရှိသော ရှေးဟောင်း ဓနုတ်ဘုရားကြီး မှ ငြမ်းများ ပြိုကျပျက်စီးသွားသော ကြောင့် လူတော်တော်များများ ထိခိုက် ဒါဏ်ရာများ ရကုန်တယ်လို့ သတင်းရပါတယ်ခင်ဗျာ။ ပထမ အဆင့်ပြိုကျတဲ့ အချိန်မှာ သွားကယ်ဆယ်တဲ့ ရဲများ အပါအဝင် ကယ်ဆယ်ရေးလုပ်သားများပါ ဒုတိယ အကြိမ် ပြိုကျမှုကြောင့် တော်တော်များများ ထိခိုက်ကုန်တယ်လို့ သိရပါတယ်။ လောလောဆယ်ဆယ် မှာ ဆေးရုံကြီး အရေးပေါ်ဌာနမှာ အကုန်ပြင်ဆင်ထားပါတယ်။ အသေအပျောက်မသိရသေးပါ။ စောင့်ဆိုင်းနေတဲ့ တာဝန်ကျ များလည်း အများကြီးပါ ခင်ဗျာ။

စာကြွင်း။။။ အဆိုပါ ဓနုတ်ဘုရားကြီး ကို လွန်ခဲ့သော ၈ ရက်နေ့က ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် ဘုရားထီးတင်ထားသည်ဟု သိရပါကြောင်းပါခင်ဗျာ။
အခု အချိန်မှာတော့ ဆေးရုံကြီးအရေးပေါ်မှာ လူများ တိုးကြိတ်နေသလို အရေးပေါ်ကားများလည်း တစ်စီးပြီး တစ်စီး ရောက်နေပါတယ်။

ဓနုတ်ဘုရားပြို လူအများဒဏ်ရာရ
၃ဝ ပြေ ၂ဝဝ၉

ဒလမြို့နယ်အတွင်း ပြန်လည်ပြုပြင် တည်ဆောက်ဆဲ ဓနုတ်ဘုရားကြီး ခေါ် ဥာဏ်တော် ပေ(၁၈ဝ)ခန့် စေတီတော်ကြီး စနေနေ့ မွန်းလွဲပိုင်းက ပြိုကျမှုကြောင့် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ ရေတပ်သားများ အပါအဝင် ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။

ဒလမှ လက်ခုပ်ကုန်းသို့ သွားသော ကားလမ်းပေါ်တွင်ရှိသော ဘုရားကြီး၏ ဌက်ပျောဖူးနှင့် ခေါင်းလောင်းတော် အပါအဝင် အချို့ အစိတ်အပိုင်းများအား ပြန်လည် ပြုပြင်နေဆဲတွင် ပြိုကျမှု ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသူ ဦးရေ (၃ဝ) ထက်မနည်းကြောင်း တာဝန်ကျ ဝန်ထမ်းများက ပြောသည်။ ဒလနှင့် တွံတေး ဆေးရုံများသို့ တင်ပို့ထားသော လူနာများ ရှိနေသည်။

“ဖြစ်တာက နေ့လည် နှစ်နာရီကျော်လောက်ဖြစ်တာ။ ကျနော်က ငြမ်းပေါ်ကို တက်တုန်းပဲ ရှိသေးတယ်။ အပေါ်က ဝုန်းကနဲ အသံကြားလို့ ကြည့်တော့ ငှက်ပျောဖူးနေရာကစပြီး ပြိုကျ လာတာ။ အမြန်ပြန်ဆင်းပြေးတာ ကံကောင်းလို့ လွတ်သွားတယ်။ ကျနော်တို့ ငါးယောက်အဖွဲ့မှာ တယောက်က အရေးပေါ် တင်ထားရတယ်။ ” ဟု အန္တရာယ်မှ ကင်းလွတ်လာသူ ဆေးသုတ်အဖွဲ့မှ လုပ်သားတဦးက ပြောသည်။

လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ ဘုရားကြီး၏ ခေါင်းလောင်းတော်နေရာမှ စတင်ပြိုကျပြီးနောက် အချိန်ခဏမျှသာ ဆိုင်း၍ စေတီတော်ကြီး တခုလုံး ပြိုကျသွားကြောင်း သိရသည်။

“ဒီနေ့ လုပ်အားပေးတဲ့ စစ်သားတွေ (ရေတပ်သားများ ) အားလုံး ၅၄ ယောက် ရှိတယ်။ ဆေးအဖွဲ့တွေရော၊ ငြမ်းအဖွဲ့တွေရော နောက်ပြီး ရွာကလူရောဆို စုစုပေါင်း ရာဂဏန်း နီးပါးလောက်ရှိတယ်။ ငြမ်းအဖွဲ့တွေကတော့ အမြင့်ဆုံးမှာ ရောက်နေတယ်။ ငှက်ပျောဖူးကငြမ်းကို ဒီနေ့ စဖြုတ်တုန်းမှာ ဖြစ်တာ။ ဒဏ်ရာရတဲ့သူတွေကို မရေနိုင်ဘူး.။ ကားလာထိုးတာနဲ့ ကိုယ့်အဖွဲ့ကလူကိုယ် ချက်ချင်းကောက်တင်ပြီး ကားနဲ့ လိုက်လာတာ။” ဟု ဆေးသုတ်လုပ်သားက ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် ဆရာ ခင်ငြမ်းအဖွဲ့နှင့်အတူ ဘုရားလူကြီးတဦးနှင့် စစ်ဘက် အရာရှိ နှစ်ဦးခန့် ကြီးကြပ်နေခဲ့သည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် စောင့်ကြပ်နေသူ ရေတပ်မှ တပ်ကြပ်တဦးက “ဒီကိုရောက်လာတဲ့ ရေတပ်သား စုစုပေါင်း (၁၇) ယောက်ရှိပြီ။ ဟိုကနေပို့နေတုန်းပဲ။ စုစုပေါင်း ဘယ်လောက်ထိလည်း မပြောတတ်သေးဘူး။ ဒလနဲ့ တွံတေး ဆေးရုံတွေကိုလည်း ပို့ထားသေးတယ်။” ဟု ယနေ့ ည ၇ နာရီခန့်တွင် ပြောသည်။

ရေတပ်သား လုပ်အားပေးများ အနေဖြင့် အရပ်သားများထက် ထိခိုက်ဒဏ်ရာရသူ ပိုမို များပြားပြီး ရေယာဉ်စု(၃၆) လုပ်အားပေးအဖွဲ့မှာ အခြေအနေ အဆိုးဝါးဆုံး ဖြစ်ကြောင်း သိရသည်။ ယင်းတို့အား ဆေးရုံကြီးတွင် အရေးပေါ် ကုသမှုများ ပြုလုပ်ပေးပြီးနောက် အမှတ် (၂) စစ်ဆေးရုံသို့ ဆက်လက် လွှဲပြောင်းပေးနေသည်ကိုလည်း တွေ့ရသည်။

နာဂစ်မုန်တိုင်းတွင် တစိတ်တပိုင်း ပြိုကျပျက်စီးခဲ့သည့် ဓနုတ်ဘုရားကြီးအား ပြန်လည်ပြုပြင်ပြီးနောက် မေလ(၈ ) ရက်နေ့တွင် ထီးတော်တင်လှူ ပူဇော်ခဲ့သည်။

“ဒီဘုရားက လူပြောများတယ်။ ဦးခင်ညွှန့် အိမ်မက်ပေးတယ်တို့၊ မိန်းမ ဦးစီးပြီး ပြန်ပြင်မှ ရမယ်တို့ အဲ့ဒီလိုတွေက ဒလ တမြို့လုံး ပြန့်နေတာ ကြာပြီ။ နောက်ပြီး ထီးတင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် အိမ်မက်ပေးတာတို့ ခဏခဏ ကောလဟာလ ထွက်တယ်။ ကျမယောက်ျားက ဒီနေ့မှ လုပ်အားပေးတာ အခုအုတ်ပုံပိပြီး ခြေထောက်နှစ်ချောင်းလုံး ကျိုးသွားတယ်။ ” ဟု ဒဏ်ရာရရှိသူ ရွာခံလုပ်အားပေး တဦး၏ ဇနီးက မဇ္ဈိမသို့ ပြောသည်။

ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ပြိုကျ ပြန်

ရန်ကုန်တိုင်း၊ ဒလ မြို့နယ် မှာ တည်ရှိသော ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ယနေ့ ညနေပိုင်း ( မေလ ၃ဝ ရက် တွင် ) ပြိုကျမှု ကြောင့် လူတော်တော်များ သေကြေ ဒဏ်ရာ ရရှိသွားတယ်လို့ သိရှိ ရပါတယ်။

ဓနုတ် စေတီတော်ကြီး သည် ၇၊၆၊၂ဝဝ၆ ရက် မနက် ဝ၃း၁၅ နာရီမှာ မိုး သည်းထန်စွာ ရွာသွန်းတဲ့ သဘာဝ ရာသီဥတု ဒဏ်ကြောင့် တနင်္လာထောင့်မှ စပြီး ထီးတော်၊ ငှက်ပျော်ဖူးနဲ့ တကွ စေတီတော်ကြီးဟာ ထက်ခြမ်းကွဲပြီး ပြိုကျ မြေခ ခဲ့ပြီး၊ သီတင်းကျွတ် လပြည့်နေ့ ၁၄၊၁ဝ၊၂ဝဝ၈ ရက်က စတင်ပြီး မူလ စေတီ ဘုရား ငုတ်တိုကို ငုံကာ ၉ လ နဲ့ အပြီး တည်ဆောင်ရန် ကြံစည် ခဲ့သော်လည်း၊ ၈ လ နဲ့ အပြီးသတ် ပြန်လည် တည်ဆောက် ခဲ့တာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ပြီးခဲ့သည့် မေလ ၈ ရက်၊ သောကြာနေ့ ( မြန်မာသက္ကရဇ် ၁၃၇၁ ခု ကဆုန်လပြည့်နေ့ ) ကမှ ဘုရား ဒယိကာမ ဒေါ်ကြည်ကြည် က ထီးတော် တင်ထား ခဲ့တာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ကို မူလဒီဇိုင်းအတိုင်း ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဒီဇိုင်း ဖြစ်ကာ၊ အလှူငွေ သိန်းပေါင်း ၁ သောင်း ၃ထောင် ( ၁၃ဝဝဝ ) ဖြစ် တည်ဆောက် ခဲ့တာ ဖြစ်ကြောင်း၊ စေတီတော်ကြီး ပြန်လည် ပြုပြင်မှုကို ရွှေသံလွင် ကုမ္မဏီက ဦးဆောင်ပြုလုပ် ခဲ့တာ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ နုတ် စေတီတော်မြတ်ကြီးကို ဥာဏ်တော် (၁၈၆)ပေ၊ ငှက်ပျောဖူး (၂၃)ပေ၊ ထီးတော်အဝ (၉)လက်မ၊ ထီးတော်အမြင့် (၃၂)ပေ၊ လုံးပတ်တော် (၁၇၄)ပေ (၈)လက်မ၊ ဖိနပ်တော် (၄၉ဝ)ပေ (၄)လက်မ ဖြစ်ကာ၊ အခုတစ်ကြိမ် ပြိုကျတာဟာဖြင့် (၅) ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

ဓနုတ် စေတီတော်ကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ်မှာ ဂေါတမ မြတ်စွာ ဘုရား ရဲ့ ဆံတော် (၂) ဆူ ဓာတ်တော် (၂၄) ဆူ တို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောက ရဲ့ အထောက်အပံ့ နဲ့ ရဟန်းတော် အရှင်ဇာတကလေး သည် ရွာမှာ တိုက်စေတီ တည်တာကြောင့် ဒုနဂ္ဂဟစေတီလို့ ဘွဲ့တော် ပေးခဲ့ဖြစ်ကြောင်း၊ နောင်အခါ တိုက်စေတီ မှ သင်တိုင်း စေတီပုံ ပြင်ဆင်ခဲ့ပြီး ဓနုတ်စေတီ လို့ ဘွဲ့တော် အမည် ပြောင်းလဲခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။

ဓနုတ် စေတီတော် ကို မြန်မာ မင်းအဆက်ဆက် ပြုပြင်မှုမှာ ကောဇာသက္ကရာဇ် (၇၁၅) ခုနှစ်မှာ ဟံသာဝတီ ဘုရင် ဗညားဦး နဲ့ မိဖုရား တို့က ပြန်လည် ပြုပြင်ကာ ထီးတော် တင်လှူ ခဲ့ကာ၊ သက္ကရာဇ် (၇၅၆) ခုနှစ်မှာ တော့ သုတသောမရာဇာဓရာဇ် ဘုရင် ရဲ့အမိန့်တော်အရ ဓနုတ်ကင်း သူကြီး 'ထဗ' ရွှေဘုရား၊ ငွေဘုရား (၄၅) ဆူစီ ဌာပနာထားပြီး အမြင့် (၄၅)တောင်ခန့် စေတီ တည်ထားကာ ထီးတော် တင်လှူခဲ့ပါတယ်။ သက္ကရာဇ် (၉၂၆) ခုနှစ်မှာတော့ ဘုရင့်နောင် မင်းတရားကြီးက အမြင့် အတောင် (၉ဝ) ရှိ စေတီတော် ထပ်မံ တည်ကာ ကြေးထီးတော် တင်လှူပြီး စေတီတော် လုံးတော်ပြည့် ရွှေချခြင်းများ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ် တခုမှာ ဖတ် ခဲ့ရဘူးပါတယ်။

လူထုအသံ အွန်လိုင်းဂျာနယ်မှ ကူးယူဖေါ်ပြပါသည်။
=======================
ဒီသတင်းထဲမှာတော့ ဒေါ်ကြည်ကြည်လို့ ပြောထားပါတယ်။

ဒီပဲယင်းအကြမ်းဖက်မှု ၆ နှစ်ပြည့်တိုင် အရေးမယူသေး

30 May 2009
နိုင်ငံတွေရဲ့ သမိုင်းမှာ အထိန်းအမှတ်ပြုတဲ့နေ့တွေ ရှိတတ်ကြပါတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ပြီး ဒီဘက်ခေတ်၊ အထူးသဖြင့် ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းအချိန်ကစပြီး အမှတ်စရာတွေက ပိုများလာပါတယ်။ မင်္ဂလာရှိတဲ့နေ့တွေထက် သွေးချောင်းစီးခဲ့တဲ့ နေ့ရက်တွေက ပိုများလာပါတယ်။ အခုတလော ပိုပိုပြီးတော့ စိပ်လာတာတွေ့ရပါတယ်။
ဒီအထဲမှာမှ လွန်ခဲ့တဲ့ခြောက်နှစ် ဒီကနေ့မှာဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေးအခင်းဆိုရင် မြန်မာ့သမိုင်းကို အတော်ကို အောက်တန်းကျအကျည်းတန် အရုပ်ဆိုးစေတဲ့နေ့လို့ ဆိုရပါလိမ့်မယ်။ အဲဒီနေ့က ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတချို့ကို အခု မကြာခင်ကပဲ ကျနော် ပြန်ကြည့် ကြည့်ပါတယ်။ အကြမ်းဖက်သမားတွေကို အမှောင်ထဲမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူစိတ်ပျောက်ပြီးတော့ သရဲသဘက်တွေ မကောင်းမိစ္ဆာတွေ ၀င်ရောက်ပူးကပ်နေလေသလားလို့ ထင်ရလောက်အောင် ကြောက်စရာကောင်းတဲ့ ရုပ်လက္ခဏာတွေနဲ့ ၀ါးရင်းတုတ်တွေ ကိုင်ထားတာ တွေ့ရပါတယ်။ ဒီလူတွေအပါအ၀င် သူတို့ကို ခိုင်းတဲ့သူတွေက ဒီဖြစ်ရပ်တွေကို မမေ့ရင်တောင်မှ မေ့ချင်ယောင်ဆောင်နေကြမှာ ဖြစ်ပေမယ့် ခံခဲ့ရတဲ့သူတွေကတော့ ဘယ်မေ့နိုင်ပါ့မလားဗျာ။ ကိုယ်တိုင် ခေါင်းကွဲအောင် ရိုက်နှက်ခံခဲ့ရတဲ့ ဒေါ်ညွှန့်ညွှန့် ဆိုရင် ဒီနေ့ပဲ အခုလို ပြန်ပြောခဲ့ပါတယ်။
“ဘယ် မေ့ပျောက်နိုင်မှာလဲရှင်။ ကျမရှေ့မှာ လူလေးယောက်လောက်ကို ရိုက်ပြီး ကျမ သားသမီးအရွယ် ကလေးတွေ တပြုံကြီးသေတာ ကျမ ဘယ်မေ့လို့ ရပါ့မလဲ။ အိပ်မက်ဆိုးကြီးက ဒီနှစ်ဒီရက်ဆိုရင် တော်တော် ခံစားရတာပေါ့။ အခုလည်း ကျမ အဲဒီကိစ္စအတွက် သေဆုံးသွားတဲ့လူတွေ ကောင်းရာဘုံရောက်ဖို့ ကျမနဲ့အတူတူ တိုက်ပွဲဝင်ခဲ့တဲ့ အဖမ်းခံရတဲ့ ရဲဘော်တွေ လွတ်မြောက်ဖို့အတွက် ကျမကတော့ ဒီနေ့ရောက်တိုင်း ဆွမ်းကပ်ပြီးတော့ အမြဲတမ်း ဆုတောင်းပေးနေပါတယ်။”
ရိုက်တဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာကိုလည်း အထွေအထူး စစ်မေးနေစရာ မလိုပါဘူး။ သူတို့ကိုယ်တိုင် သူတို့ဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို ပြောဆိုရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။
“သူတို့က ရိုက်ကတည်းကိုက ပြောတယ်။ ငါတို့က စွမ်းအား၊ တံတားတွေဆောက်၊ လမ်းတွေဖောက်နေတာ သိသလား ဆိုပြီး ကျမ နားထဲကို ၀ါးချွန်နဲ့ ထိုးလိုက်တာ အခုချိန်ထိ ကျမနားမှာ တဖက်က ပိတ်နေပါတယ်။”
သူတို့က စွမ်းအား ဖြစ်တယ်ဆိုပြီးတော့ ရိုက်တဲ့သူကပြောပါတယ်။ လမ်းတွေဖောက် တံတားတွေ ဆောက်နေတယ် ဆိုတော့လည်းပဲ ဒါဟာ အာဏာလက်ရှိ စစ်အစိုးရရဲ့ သူတွေ၊ သူတို့ရဲ့ လက်ပါးစေတွေ ဆိုတာ ပေါ်လွင်နေပါတယ်။
ဆိုတော့ ဒီဖြစ်ရပ်ဟာ ဘယ်သူတွေလက်ချက်လဲ ဆိုတာတော့ သိရပါပြီ။ ဘယ်လို အရေးယူနိုင်သလဲ ဆိုရင်တော့ ပြည်တွင်းမှာ အရေးယူဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အာဏာလက်ရှိလူတွေရဲ့ လုပ်ရပ်ပါ။ အာဏာရှင်နိုင်ငံတွေမှာ ဒီလိုကိစ္စမျိုး မကြာခဏ ဖြစ်တတ်ပြီး တရားဥပဒေဟာ စွံ့အနေတတ်ပါတယ်။ ပြစ်မှု ကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့လူတွေ တာဝန်ရှိတဲ့သူတွေတောင် ရာထူးတိုးတက်သွားတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ကြားခဲ့ရပါတယ်။ ဒါဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကရော ဘယ်လို အရေးယူနိုင်ပါသလဲ။ ဒါလည်းပဲ သိပ်မလွယ်နိုင်သေးဘူးလို့ ထင်ပါတယ်။ အာဏာလက်ရှိအစိုးရကို အကြောင်းအမျိုးမျိုးကြောင့် အကာအကွယ်ပေးနေတဲ့နိုင်ငံတွေ ကမ္ဘာ့မှာရှိနေပါတယ်။ ဒါပေမယ့် BLC လို့ခေါ်တဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီရဲ့ အတွင်းရေးမှူး ဦးအောင်ထူးကတော့ ဒီကိစ္စကို လက်မလျော့သေးပါဘူး။
“ကျနော်တို့ မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့ ကြားထဲမှာတင်ပဲ ကျနော်တို့ အတိုက်အခံ အင်အားစုတွေအားလုံးနီးပါးရော နိုင်ငံတကာအဖွဲ့အစည်းတွေ ပါဝင်တဲ့ seminar တခုကို ဘန်ကောက်မှာ ကျင်းပနိုင်ခဲ့တယ်။ ကျင်းပပြီးတော့ ကျနော်တို့ သဘောတူညီချက် တော်တော်များများ ရယူနိုင်ခဲ့တယ်။ ဘာလဲဆိုတော့ တချိန်ကျရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြစ်မှုကြီးတွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကိုရောက်အောင် ကြိုးပမ်းသွားဖို့ ဦးတည်ချက် ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက အရင်က မဖြစ်ခဲ့တဲ့ အခြေအနေတွေ ဖြစ်တယ်။ အခုဖြစ်လာပြီ။ တကမ္ဘာလုံး ကျနော်တို့ နိုင်ငံကိစ္စကို စိတ်ဝင်စားသူ တော်တော်များများက ဒီလမ်းကြောင်းကို လျှောက်လှမ်းလာနေတာ တွေ့ရပါတယ်။”
တကယ်တမ်းမှာတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အမျက်အမုန်းထားပြီး အရေးယူစေချင်တာ အပြစ်ပေးစေချင်တာထက် ဒီလို လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုမျိုးကို တရားဥပဒေနဲ့အညီ မဖော်ထုတ်မဟန့်တားနိုင်ဘူး ဆိုရင် ဒီလိုဖြစ်ရပ်မျိုးတွေဟာ မကြာခဏ ပြန်ပြီး ဖြစ်လာနိုင်တတ်ပါတယ်။ ဖြစ်လည်းဖြစ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေကို အရေးယူမဆောင်ရွက်နိုင်သမျှ မြန်မာနိုင်ငံဟာ တရားဥပဒေ ကင်းမဲ့သော လူ့ယဉ်ကျေးမှုနဲ့ မထိုက်တန်သော၊ အစွယ်ရှိတဲ့သူက မရှိတဲ့သူကို နိုင့်ထက်စီးနင်း လုပ်နိုင်တဲ့ တောတွင်း အရိုင်းအစိုင်း တိရစ္ဆာန်တွေရဲ့ ဥပဒေကြီးစိုးသော လူ့အဖွဲ့အစည်းတခု အဖြစ် ဖြစ်နေဦးမယ်ဆိုတာ ပေါ်လွင်နေပါတယ်။
http://www.voanews.com/burmese/2009-05-30-voa3.cfm

checkmate အလုပ်ခံထားရရှာသောဦးသန်းရွှေ


ဒီGameဒီလိုလာမယ်ဆိုတာသူသိတယ်။ထောင်ကျတာမကျတာသူ့အတွက်မထူးဆန်း၊ပြည်သူအတွက်ရင်းထား
ပြီးသား၊USA,EUနဲ့UNကအစထဲကPressureပေးနေကြ၊ဒီတခါတော့ရုရှား..နဲ့အာစီယန်ပါယိုင်ဆင်းလာရတယ်
၊မြန်မာနိုင်ငံမှာဒီလိုမျိုးနိုင်ငံရေးအကွက်ရွှေ့နိုင်တာအန်တီစုတယောက်ပဲရှိတယ်၊ဦးမောင်အေးကတော့ဦးသန်း
ရွှေကိုသတိပေးရှာသား၊အန်တီစုကိုတခြားနည်းနဲ့အကွက်ဆင်ဖမ်းဖို့သတိပေးတယ်၊ဒါပေမဲ့အန်တီစုမျက်လုံး
တွေကိုရင်မဆိုင်ရဲတဲ့ဦးသန်းရွှေရရာအကွက်တက်လိုက်တော့မထင်တဲ့Attackersတွေကိုဘွားဘွားကြီးရင်ဆိုင်
ရတော့တယ်..ဘာအကောင်ချကျွေးရမှန်းတောင်မသိ၇ှာတော့ဖူး...ဒါပေမဲ့တဂိမ်းပြီးရင်နောက်တဂိမ်း..
အန်တီစုဖက်ကဘယ်သူတွေပြိုင်မှာလည်း..ရဲရင့်ငယ်မှသည်ဒေါက်တာဦးစိန်ဝင်းအထိပွဲကြည့်ပရိတ်သတ်
သက်သက်....တကယ်ဝင်ပါခွင့်ရမယ့်သူတွေကဦးဝင်းတင်ခေါင်းဆောင်တဲ့ပြည်တွင်းကပြည်သူတွေပါ...
အလကားတော့မရဖူး..၀င်ကြေးရှိတယ်...(ဒီမိုကရေစီနဲ့လူ့အခွင့်ရေးရတဲ့အထိသင့်ဘ၀ကိုရင်းရမည်)..
အသက်၆၃နှစ်အရွယ်မိန်းမသားတယောက်ပြောလိုက်တယ်..
''ဘာမှ စိတ်ပူစရာ မလိုဘူး၊ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး..""
ဦးသန်းရွှေရွှေ့လို့ရတာတကွက်ပဲရှိတယ်..စကားလုံးလှလှလေးတွေသုံးပြီးအန်တီစုကိုလွှတ်...အဆင်ပြေမယ့်
နိုင်ငံရေးလမ်းကြောင်းတခုကိုရွေးချယ်၇န်ဖြစ်သည်။
အန်တီစုကိုထောင်ချပြီးပြည်သူကိုထိပ်တိုက်ရင်ဆိုင်ရင်တော့တပ်မတော်သားတွေရဲ့သေနတ်ပြောင်းတွေဟာ
ဦးသန်းရွှေဖက်လှည့်လာတော့မည်ဖြစ်ကြောင်းပါ။