Thursday, June 4, 2009

အခြေအနေများ



ဒီမှာလည်းနားထောင်ပါ -အခြေအနေ(မိုးသွေး.generation wave)




အခြေအနေများ

Artist Moethway
Produced by Generation Wave


စာသင်တဲ့ကျောင်းခေါင်းလောင်းလည်းကွဲအက်ပြီ ပညာအဆင့်ကလက်နှိုက်မမီ
ဘွဲ့လက်မှတ်က အီးကုန်းလို့ရသည်
ကျောင်းကားမလောက်လို့ အားကိုးရှာကာ ရုံးခန်းသွားပြောသည်
ကျောင်းသား ၅ယောက် jail ထဲပို့လိုက်ပြီ

ပြည်သူတွေလုံးရင်းပါးရင်းအမွှေးကျွတ်ကုန်ပြီ တနေ့လုပ်တနေ့ငတ်သည်
ဘုန်းဘုန်းအတွက်တော့ ဆွမ်းလေးအမြဲကပ်သည်
ကိုယ်တော်တွေ ဆွမ်းဘုဉ်းပေးရင်း အတွေးထဲမြင် မျိုမကျတော့စဉ်းစားပြီ
ပရိတ်ထွက်ရွတ်တော့တုတ်နဲ့ရိုက်သတ်သည်
ပရိတ်ထွက်ရွတ်တော့ သေနတ်နဲ့ပစ်သတ်သည်

ဒါမြန်မာပြည်မှာတကယ်ကိုဖြစ်ခဲ့သည်
အာဇာနည်တွေမြင်ရင် ရှက်လိမ့်မည်
ငါတို့တခုခုတော့လုပ်မှဖြစ်တော့မည်

အာဏာရှင်ကို အမြစ်မဖြတ်နိုင်ရင် လူတွေ ဥပုသ်စောင့်ရမည်
တခေါက်တော့ ထပ်လို့လမ်းမထွက်မှဖြစ်မည်
လူညီရင်ပွဲပြတ်နိုင်သည် ပြိုင်တူတွန်းကြရွေ့ရမည်
ကုလသမဂ္ဂစောက်ဂရုမစိုက်တော့ပြီ

မုန်တိုင်းကြီးရုတ်တရက်တိုက်ခတ်မွှေသည် အလောင်းများသိန်းသန်းချီ
road map အစုတ်အပြတ် အလုပ်မပျက်ရှေ့ဆက်သည်
အကူအညီတွေပေးဖို့ အဝေးကတကူးတကလာသူမောင်းထုတ်ပစ်လိုက်သည်
အားလုံးလက်မြှောက်အရှုံးပေးလိုက်ရသည်

သပိတ်စုံ၊သူပုန်ထ၊ တော်လှန်ကြစို့



အောင်ဒင်

ဇွန် ၄၊ ၂၀၀၉

၁ - ဒီမိုကရေစီရေး၊လူ့အခွင့်အရေးအလံတော်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ လူထုအုံကြွမှုကြီးရဲ့ အသီးအပွင့်တခုဖြစ်ပြီး အဲ့ဒီအရေးတော်ပုံကြီးရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအလံတော်ကို ဆက်လက်လွှင့်ထူနေတာပါ။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အဖွဲ့ချုပ်ဟာ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ နအဖစစ်အုပ်စုကို အဆက်မပြတ်တောင်းဆိုနေခဲ့တာပါ။

အဲ့ဒီတောင်းဆိုမှုအပေါ် နအဖစစ်အုပ်စုရဲ့တုံ့ပြန်မှုကတော့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေကို ဖမ်းဆီး အကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တိုက်ခိုက်သတ်ဖြတ်ခြင်း၊ ထွက်ပြေးအောင် မောင်းထုတ်ခြင်း၊ စတဲ့ အကြမ်းဖက်နည်းလမ်းများနဲ့ပါပဲ။ အဖွဲ့ချုပ်ကို ထောက်ခံကြသူ ထောင်ပေါင်းများစွာဟာ အကြမ်းမဖက်လှုပ်ရှားရင်း အကြမ်းဖက်ခံကြရလို့ ဘဝတွေပျက်၊ စီးပွါးပျက်၊ မိသားစုတွေ သေကွဲကွဲကြရ၊ ရှင်ကွဲကွဲကြရ၊ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာလဲ နှစ်ထောင့်တရာရဲ့ အထက်ကို တိုးပြီးရင်း တိုးရင်း၊ အခုဆို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေပုဒ်မအမျိုးမျိုးနဲ့ အမှုတွေထပ်တိုး အကျဉ်းချနေပြန်ပါပြီ၊။

ဒါဟာဖြင့် အဖွဲ့ချုပ်ရဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို နအဖစစ်အုပ်စုက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာပါဘဲ။ ဒီထက် ရှင်းတာ မရှိတော့ပါဘူး။ အဖွဲ့ချုပ်က ဘယ်လောက်ပဲ အော်ဟစ်ပြီး တောင်းနေ တောင်းနေ၊ ဒိုင်ယာလော့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ နအဖ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ခွင့်ဆိုတာလဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို လူထုဆန့်ကျင်မှုနဲနဲ၊ ဒါမှမဟုတ် မရှိသလောက်နဲ့ ပိုင်ပိုင်နိုင်နိုင် ထောင်ချပြီးတဲ့နောက် နအဖရဲ့နောက်ခြေတလှမ်းက အဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကနေ အပြီးတိုင် ဖယ်ရှားတာပဲ ဖြစ်ပါလိမ့်မယ်။

နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၀) နိုင်ငံရေးပါတီများ ပုဒ်မ ၄၀၅မှာ ဒီလို ဖော်ပြထားပါတယ်။

ပုဒ်မ ၄၀၅ - နိုင်ငံရေးပါတီ တရပ်သည်၊

(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊

(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊

(ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်၊

ဒီတော့ မကြာခင်မှာ နအဖက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာပြီး ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပါလိမ့်မယ်။ ပြီးရင် ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ ပုဒ်မ (၄၀၅) မှာ ဖော်ပြထားတဲ့အတိုင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့နိုင်ငံရေးပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာဖို့ သဘောတူလိုက်တာပါဘဲ။

အဖွဲ့ချုပ်က ပါတီ တရားဝင်ဆက်လက်ရပ်တည်နေနိုင်ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ မှတ်ပုံတင်လိုက်မယ် ဆိုရင် အဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာဖို့ သဘောတူလိုက်တာ ဖြစ်ပြီး ရှေ့က တောင်းဆိုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို သုံးပွင့်ဆိုင် ပြန်လည်ပြင်ဆင်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ စတဲ့ တောင်းဆိုချက်တွေကို ကိုယ့်ကိုယ်တိုင်က ဖျက်သိမ်းလိုက်တာပါဘဲ။ အဲ့ဒီတောင်းဆိုချက်တွေကို ဆက်လက်ကိုင်စွဲထားလဲ ဘာမှ အရေးမပါတော့ပါဘူး။ မှတ်ပုံမတင်ဘူးဆိုရင်လဲ အဖွဲ့ချုပ်ဟာ ဖျက်သိမ်းခံရဖို့ သေချာသလောက်ပါဘဲ၊
ပုဒ်မ (၄၀၇) ကိုကြည့်ပါဦး၊

ပုဒ်မ(၄၀၇) - နိုင်ငံရေးပါတီတရပ်ရပ်သည် အောက်ပါအကြောင်းတခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ။

(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊

(ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန် ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း (သို့မဟုတ်) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ (သို့မဟုတ်) မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊ (သို့မဟုတ်) အားပေးကူညီခြင်း၊

(ဂ) နိုင်ငံခြားတိုင်းပြည်တခုခုမှ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းတခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊

(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း၊

ဒီပုဒ်မဟာဖြင့် အပြစ်ရှာစရာ အင်မတန်ကျယ်ပြန့်ပြီး အဖွဲ့ချုပ်ကို လိုအပ်တဲ့အချိန်မှာ ဖျက်သိမ်းနိုင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတဲ့ ဥပဒေပါ။ နအဖက နယ်စပ်ဒေသအခြေစိုက်နဲ့ ပြည်ပရောက်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို အကြမ်းဖက်သမားများအဖြစ် စွပ်စွဲထားပြီး တချို့အဖွဲ့အစည်းတွေ (NCGUB, FTUB, BLC,….) ကို မတရားအသင်း ကြေညာတာဟာ အဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ ကြိုတင်ပြင်ဆင်ထားတာပါ။ နိုင်ငံခြားသံရုံးများနဲ့ဆက်သွယ်ပြီး အထောက်အပံ့တွေ ညွန်ကြားချက်တွေ လက်ခံရယူတယ်လို့လဲ အဖွဲ့ချုပ်ကို နအဖက မကြာခဏ စွပ်စွဲနေတာပါ။ ဒီတော့ မကြာခင်မှာ နအဖက အဖွဲ့ချုပ်ကို အမြစ်ပြတ်ချေမှုန်းတော့မှာ အထင်အရှားပါဘဲ။

အဖွဲ့ချုပ်က ကော်မရှင်မှာ မှတ်ပုံတင်ရင်လဲ နအဖရဲ့ဖွဲ့စည်းပုံကို သဘောတူရာ ရောက်သလို အရှုံးပေး ဒူးထောက်တာလဲ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုယ့်ဖာသာ စွန့်လွှတ်တာ ဖြစ်ပြီး ပြည်သူတွေရဲ့ အမြင်လွဲမှုကို အကြီးအကျယ် ခံရမှာပါ။ ပါတီ ဆက်တည်ရှိနေရင်တောင်မှ လူထုကိုယ်စားပြုပါတီ၊ လူထုထောက်ခံတဲ့အဖွဲ့အစည်း မဖြစ်နိုင်တော့ပါဘူး။ တိုက်ပွဲမှာ လက်နက်ချတဲ့ ခေါင်းဆောင်ကို ဘယ်လူထုကမှ ကြည်ညိုမှာ မဟုတ်ပါ။

ဒီတော့ အဖွဲ့ချုပ်ခေါင်းဆောင်များဟာ အသေခံတိုက်ပွဲဝင်ပြီး ပြည်သူလူထုကို ဆက်လက် ဦးဆောင်မလား၊ ဒါမှမဟုတ် အရှုံးပေး အညံ့ခံပြီး ပြည်သူလူထုရဲ့ပစ်ပယ်မှုကို ခံယူမလား၊ တခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ရမယ့်အချိန် ဆိုက်ရောက်နေပါပြီ။

နှစ် - တိုင်းရင်းသားလူမျိုးစုများ အားလုံး တန်းတူညီမျှရေး အလံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ



၁၉၈၉ ကစပြီး နအဖနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအကြောင်း ဦးစားပေး ဆွေးနွေးချင်ပါတယ်။ သူတို့ရဲ့လက်ရှိအခြေအနေက လမ်းဆုံလမ်းခွကို ရောက်နေပြီး သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုက နအဖရဲ့အောင်ပွဲကိုရော တိုင်းရင်းသားများရဲ့ ကံကြမ္မာကိုပါ အဆုံးအဖြတ်ပေးမှာမို့ပါ။

နအဖအဆိုအရ တိုင်းရင်းသား အပစ်ရပ်အဖွဲ့ပေါင်း (၁၇) ဖွဲ့ ရှိတယ်ဆိုပေမဲ့ တကယ်တမ်း တောင့်တင်းခိုင်မာပြီး နိုင်ငံရေးရပ်တည်ချက်ရှိတဲ့အဖွဲ့က ဆယ်ဖွဲ့လောက်ပဲ ရှိပြီး အဲ့ဒီ ဆယ်ဖွဲ့က လက်နက်ကိုင်အင်အား လေးသောင်းကျော်လောက်ကို ကိုယ်စားပြုထားတာပါ။ ဒီတိုင်းရင်းသားအပစ်ရပ်အဖွဲ့များရော၊ ဆက်လက်တိုက်ပွဲဝင်နေဆဲ KNU, KNPP, SSA (South), စတဲ့ အဖွဲ့များရော တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေး၊ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးများ ရရှိရေး အလံတော်ကို ကိုင်ဆွဲပြီး မဟာဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ပါပြီ။

တိုင်းရင်းသားအဖွဲ့တွေ အပစ်ရပ်ဖို့ သဘောတူကြတုံးက နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဖြစ်ပေါ်ပြီး မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ညှိနှိုင်းပြီး ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့လဲ သူတို့မျှော်လင့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာခြင်း မရှိပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်ရှိစဉ်က နိုင်ငံရေးကိစ္စတွေကို နောင်တက်လာမဲ့အစိုးရနဲ့မှ ဆွေးနွေးဖို့ပြောကြားခဲ့ပေမဲ့ ၂၀၀ ခုနှစ် ဒီပဲရင်းလုပ်ကြံမှုကြီး အပြီး နှစ်ပေါင်းများစွာ ရပ်နားထားခဲ့ရတဲ့ အမျိုးသားညီလာခံအတုအယောင်ကို ပြန်စချိန်မှာတော့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို ညီလာခံတက်ပြီး သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို တင်ပြခွင့်ပေးခဲ့ပါတယ်။

ဒါလဲ နအဖရဲ့လှည့်ဖြားမှု တခုပါပဲ။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ တင်သွင်းတဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုချက်တွေဟာ အကျဉ်းနည်းနဲ့ ပယ်ချခံလိုက်ရတာပါ။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ နအဖက စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်အပ်နှင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တဖက်သတ် ရေးဆွဲအတည်ပြုလိုက်ပါပြီ။

ဆက်လက်ပြီးတော့လဲ စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းနိုင်ဖို့အတွက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အပြီးတိုင် ပယ်ဖျက်ဖို့ ရွေးကောက်ပွဲအသစ်တွေကို ၂၀၁၀ မှာ ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီအတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်တရပ် ဖြစ်တဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို ၂၀၁၀ မတိုင်ခင် လက်နက်ဖြုတ်သိမ်းဖို့၊ တပ်တွေကို ပါတီတွေကနေ ဖယ်ရှားဖို့ စတင် ဆောင်ရွက်နေပါပြီ။

နအဖက တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို သူတို့ရဲ့ လက်နက်ကိုင်တပ်တွေကို အနည်းဆုံး အရေအတွက်အထိ လျှော့ချပြီး နအဖရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်ကို ဒီနှစ် အောက်တိုဘာလမတိုင်ခင် လွှဲပြောင်းပေးဖို့ ညွန်ကြားချက်ထုတ်ပြန်ပြီးပါပြီ။

လက်နက်ကိုင်တပ်တွေရှိတုံးကတောင်မှ နအဖထံမှာ ကိုယ်လိုချင်တဲ့၊ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို အရမယူနိုင်ခဲ့တာ၊ လက်နက်ကိုင်တပ်တွေသာ မရှိတော့ဘူးဆိုရင် ဒီတိုင်းရင်းသားအပစ်ရပ်အဖွဲ့များရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာပါ။ လက်နက်ကိုင်တပ်တွေရဲ့ ကျောထောက်နောက်ခံ မရှိတော့ဘူး ဆိုရင်ဖြင့် ဗမာစစ်ဘုရင်ကို သစ္စာစောင့်သိရမယ့် ဗမာစစ်ဘုရင်ရဲ့ အစောင့်အရှောက်ခံ မြို့စား နယ်စားလေးများဘဝကို ရောက်ရတော့မှာပါ။ အဲဒီအချိန်မှာဖြင့် ဒီ တိုင်းရင်းသားခေါင်းဆောင်တွေဟာ သူတို့ကိုယ်စားပြုတဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ ငြိုငြင်မှု၊ မယုံကြည်မှု၊ ပစ်ပယ်မှုကို ခံရမှာဖြစ်သလို နအဖကလဲ သူတို့ကို ရေရှည် မျက်နှာသာပေးမှာ မဟုတ်ပြန်ပါဘူး။

တချို့မျှော်လင့်ကြသလို လက်ရှိအခြေအနေကို ဆက်ထိန်းထားပြီး ရွေးကောက်ပွဲပြီးမှ ဆက်ဆွေးနွေးကြဖို့ဆိုတာကိုလဲ နအဖက လက်ခံမှာ မဟုတ်ပါဘူး။ အနှစ် နှစ်ဆယ် နီးပါးကြာတဲ့ အပစ်အခတ်ရပ်စဲရေးကာလမှာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအတွက် သေချာသိမြင်လာတာကတော့ သူတို့တောင်းဆိုနေတဲ့ လူမျိုးစုအခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေကို နအဖဗိုလ်ချုပ်တွေဆီက ရမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံမှ၊ ဒီမိုကရေစီအင်အားစုကြီးနဲ့ ပူးပေါင်း ဆောင်ရွက်မှ ရနိုင်မှာပါ။

ဒီအခြေအနေမှာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအနေနဲ့ နအဖရဲ့ ဖိအားပေးမှုကို ခေါင်းငုံ့ခံ၊ တပ်တွေ လျှော့ချ လွှဲပြောင်း၊ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားရပိုင်ခွင့်တွေကို မေ့ပစ်ပြီး နအဖဗိုလ်ချုပ်တွေရဲ့ လက်အောက်ခံဘဝကို လက်ခံမှာလား၊ ယုံကြည်ချက်အတွက် ဒီမိုကရေစီအင်အားစုကြီးနဲ့လက်တွဲပြီး တိုက်ပွဲဝင်ကြမှာလား၊ ပြတ်ပြတ်သားသား ရွေးချယ်ရမဲ့အချိန် ရောက်နေပါပြီ။

သုံး - အကြပ်အတည်းများနဲ့ နအဖ၊ အမြစ်ပြတ်ချေမှုန်းရေး စီမံချက်



တကယ်တော့ နအဖ ဗိုလ်ချုပ်တွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များဟာ ၂၀၁၀ ရွးကောက်ပွဲ အကောင်အထည်ဖော်ရေးအတွက် အကြီးမားဆုံး အတားအဆီးတွေပါ။ အဖွဲ့ချုပ်နဲ့ မြေပေါ်တိုင်းရင်းသားပါတီများက နိုင်ငံရေးအကျဉ်းသားများ မလွတ်မချင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများလက်ခံနိုင်အောင် မပြင်မခြင်း၊ တွေ့ဆုံဆွေးနွေးပွဲတွေ မဖြစ်မခြင်း၊ ရွေးကောက်ပွဲမဝင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးပွင့်ဆိုင် ဆွေးနွေးပြီး မပြင်မခြင်း၊ အဖမ်းခံထောင်ကျနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ မလွတ်မခြင်း ရွေးကောက်ပွဲဝင်မှာ မဟုတ်ပါဘူ။

ဒီအင်အားစုကြီး နှစ်စုရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့်ပဲ နအဖဟာ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ မကြာခဏ ကြွေးကြော်နေပေမဲ့ လက်တွေ့ကြတဲ့ လုပ်ရပ်တွေကို အခုထိ မလုပ်ဆောင်နိုင်သေးပါဘူး။

ဒီကနေ့ထိ မြန်မာနိုင်ငံကို ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့အညီ ပြန်လည်ပိုင်းခြား သတ်မှတ်ခြင်း မလုပ်နိုင်သေးပါဘူး။ တိုင်း ၇ တိုင်းကို ဒေသကြီးများအဖြစ် ပြောင်းတာ၊ အသစ်ပေါ်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (တယ်လို့ဆိုတဲ့) ဇုံတွေတိုင်းတွေကို မဖွဲ့စည်းနိုင်သေးပါဘူး။ မြို့တော်ဖြစ်သွားတဲ့ နေပြည်တော်ကြတ်ပြေးကို သီးခြားပိုင်းခြားပြီး မန္တလေးနဲ့ ပဲခူးဒေသကြီး ဧရိယာတွေကို ပြန်လည် မသတ်မှတ်နိုင်သေးပါဘူး။ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေတွေ မထုတ်ပြန်နိုင်သေးဘူး။ ရွေးကောက်ပွဲကော်မရှင် မဖွဲ့စည်းနိုင်သေးပါဘူး။ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ မပါဝင်တဲ့ရွေးကောက်ပွဲကိုလဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက သက်ဆိုင်သူအားလုံးပါဝင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ်အသိအမှတ်ပြုမှာမဟုတ်ပါဘူး၊၊

ဒီအကြပ်အတည်းကိုဖြေရှင်းဖို့ နအဖရွေးချယ်လိုက်တဲ့ နည်းလမ်းက တွေ့ဆုံဆွေးနွေးရေး မဟုတ်ပါဘူး။ အခု ကျနော်တို့မြင်တွေ့နေရတဲ့ ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အမြစ်ပြတ်ချေမှုန်းရေးပါပဲ။ နအဖက ပြတ်သားပါတယ်။ ရန်သူကို ရန်သူလို့ပဲ မြင်ပါတယ်။ စေ့စပ်ဆွေးနွေးရေးဆိုတာ နအဖရဲ့ အဘိဓာန်မှာ မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ၊ အချုပ် သက်တမ်းတိုးပြီး အဖွဲ့ချုပ်ကို ချေမှုန်းပစ်မယ်။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကိုလဲ အဖွဲ့များကြားမှာ သွေးခွဲ၊ အဖွဲ့တခုချင်းရဲ့ ခေါင်းဆောင်တွေကြားမှာ သွေးခွဲ၊ သူတို့ကိုယ်စားပြုတဲ့ လူမျိုးစုများကြားမှာ သွေးခွဲပြီး လက်အောက်ခံ၊ သစ္စာခံ ဖြစ်မလာသူကို အမြစ်ပြတ် ချေမှုန်းပစ်တော့မှာပါ။ နိုင်ငံပြင်ပမှာလဲ သူ့မဟာမိတ် တရုတ်နိုင်ငံရဲ့ အကာအကွယ်ပေးမှု၊ သူ့အလိုတော်ရိတွေရဲ့ ဝါဒဖြန့်ချိမှုတွေနဲ့ သူ မတရားမှုတွေ ဘယ်လောက်ပဲ ကျူးလွန်၊ ကျူးလွန် ထိရောက်တဲ့ အရေးယူမှုတွေ ဖြစ်မလာနိုင်ဖူးလို့ ယုံကြည်ထားပုံ ရပါတယ်။

အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များဆိုတဲ့ အဓိက အဟန့်အတားများကို အပြီးသပ်ချေမှုန်းပြီးမှ သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်ဇာတ်ကို ဆက်ဖန်တီးမှာပါ။

နအဖက အစွမ်းကုန် ပြတ်သားရက်စက်နေချိန်မှာ ကျနော်တို့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေလဲ တွေ့ဆုံဆွေးနွေးရေးအိပ်မက် ဆက်မမက်သင့်တော့ပါဘူး။ ပြတ်သားကြဖို့ အချိန်တန်ပါပြီ။

မေ ၃၀ ရက်နေ့ည Voice of America မြန်မာပိုင်းက ထုတ်လွှင့်တဲ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆရာဦးဝင်းတင်ပြောသလို ပြည်တွင်းပြည်ပ၊ လက်နက်ကိုင် လက်နက်မဲ့၊ အင်အားစုအားလုံး ပါဝင်လှုပ်ရှားကြမဲ့ နိုင်ငံရေးသစ်ဆိုတာကို အမြန်ဆုံးတည်ဆောက် တုံ့ပြန်ကြရမှာပါ။

နအဖက အမြစ်ပြတ်ချေမှုန်းတာကို ငြိမ်ခံပြီး နအဖအလိုကျ ပျက်စီးသွားကြမှာလား …

ရှိသမျှအင်အားတွေကို ပြန်လည်စုစည်းပြီး မြေပေါ်မြေအောက် လက်တွဲတော်လှန် အောင်ပွဲခံကြမှာလား …

ကျနော်တို့ရဲ့ ကျဆုံးသွားခဲ့ပြီဖြစ်တဲ့ သူရဲကောင်းတွေရဲ့ဝိဉာဉ်တွေက ကောင်းကင်ဘုံကနေ ကျနော်တို့ကို စောင့်ကြည့်နေကြတယ်ဆိုတာ မမေ့ကြပါနဲ့။



လေး - သပိတ်စုံ သူပုန်ထ တော်လှန်ကြစို့



အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွင်းမှာ ကျနော်တို့ရဲ့ သူရဲကောင်းတွေ ကျင့်သုံးအောင်မြင်ခဲ့တဲ့ မဟာဗျူဟာတခု ရှိပါတယ်။ အဲ့ဒါကတော့ " သပိတ်စုံ သူပုန်ထ" တဲ့ … လူထုအုံကြွမှုနဲ့လက်နက်ကိုင်တော်လှန်ရေးကို ဟန်ချက်ညီညီ ပူးတွဲ အကောင်အထည်ဖော်ရင်း အောင်ပွဲကို ရယူတာပါ။ ဒီမဟာဗျူဟာဟာ အင်္ဂလိပ်ကို တော်လှန်တော့လဲ မှန်ခဲ့တယ်။ ဂျပန်ကို ဆန့်ကျင်တော့လဲ မှန်ခဲ့တယ်။ ခေတ် အဆက်ဆက် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ မှန်ခဲ့၊ မှန်ဆဲဖြစ်တဲ့ ဗျူဟာပါ။ တကယ်ကိုပဲ လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး ဟန်ချက်ညီညီ လှုပ်ရှားကြရင်ပေါ့။

၁၉၈၈ လူထုအရေးတော်ပုံကြီးမှာ မြန်မာတနိုင်ငံလုံး မြို့တိုင်း မြို့တိုင်းက လမ်းတွေပေါ်မှာ သန်းပေါင်းများစွာသောပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ စုံခဲ့ပေမဲ့ သူပုန်တွေက မထနိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လဲ လက်နက်ကိုင်တော်လှန်ရေးရဲ့ ခြိမ်းခြောက်မှုကို မရင်ဆိုင်ရတဲ့ စစ်အာဏာရှင်တွေက နယ်စပ်အခြေစိုက်တပ်တွေကို အချိန်မီပြန်ခေါ်ပြီး သပိတ်မှောက်ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းနိုင်ခဲ့တာပါ။

ဒီတခါတော့ သပိတ်သမားတွေနဲ့ သူပုန်တွေ တကယ့်ကိုပဲ ဟန်ချက်ညီဖို့ လိုပါပြီ။ မဟုတ်လို့ကတော့ နှစ်ဖက်စလုံး ပျက်သုံးပြီး တနိုင်ငံလုံး၊ တမျိုးသားလုံး စစ်ကျွန်တွေ ဖြစ်ကြရတော့မှာပါ။

အဖွဲ့ချုပ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်တွေကို အခြားအခြားသော ကြေညာချက်တွေနဲ့အတူ သေတ္တာထဲ သော့ခတ်သိမ်းထားသင့်ပါပြီ။ ရိုက်ရဲတာ သတ္တိ မဟုတ်သလို ရိုက်သမျှ ခံရဲတာလဲ သတ္တိ မဟုတ်ပါဘူး။ ဗိုလ်ချုပ်တွေက ပါတီကို အပြီးတိုင် ဖြိုလှဲတော့မယ့်အချိန်မှာ မတုန်မလှုပ်ကျောက်ရုပ်လုပ်မနေဘဲ ဆရာဦးဝင်းတင်လမ်းညွန်သလို မြေပေါ်မြေအောက်အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့လက်တွဲပြီး အောင်ပွဲဆီ ဖောက်ထွက်ဖို့ အချိန်တန်ပါပြီ။

ပြည်သူလူထုတရပ်လုံး၊ တပ်မတော်သားများအပါအဝင် အားလုံးက နအဖစစ်ဗိုလ်တွေကို အစွမ်းကုန် မုန်းတီး စက်ဆုပ်နေကြတာပါ။ မှန်ကန်တဲ့ ခိုင်မာတဲ့ ဦးဆောင်မှုရှိရင် အဲ့ဒီဦးဆောင်မှုအောက်မှာ ပြည်သူလူထုကြီးတရပ်လုံးက နအဖစစ်ဗိုလ်တွေကို ညီညာဖျဖျ တော်လှန်ကြမှာပါ။ သူတို့လိုအပ်နေတာက ခေါင်းဆောင်မှုဖြစ်ပြီး အဲ့ဒီခေါင်းဆောင်မှုကို အဖွဲ့ချုပ်ဆီက မျှော်လင့်နေကြတာပါ။

အဖွဲ့ချုပ်ကသာ ပြည်သူလူထုကြီးတရပ်လုံးကို အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ကြဖို့ ဖိတ်ခေါ်မယ်၊ ဦးဆောင်မယ်ဆိုရင် အားလုံးက အမျိုးသားလွတ်မြောက်ရေးအလံတော်ကို ညီညာဖြဖြ လွှင့်ထူကြမှာပါ။ အဖွဲ့ချုပ်ကသာ ကိုယ်တိုင်ကအကြမ်းမဖက်ရေးလုပ်ငန်းစဉ်ကို ကိုင်စွဲထားပေမဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့အရေးပါမှုကိုအသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ရင် တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူညီမျှရေးနဲ့ အခွင့်အရေးတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေနဲ့ တန်းတူအရေးကြီးပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကြီးကနေ သယ်ယူဆောင်ကျဉ်းပေးဖို့ ကတိပြုမယ်ဆိုရင် တိုင်းရင်းသားအပစ်ရပ်၊ အပစ်မရပ်အဖွဲ့တွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောငဆန်းစုကြည်ကို အင်နဲ့အားနဲ့ ဝိုင်းရံကြမှာပါ။



ငါး - နောက်ဆုံးမှတ်ချက်



ဒီစာစုကိုရေးသူဟာ မြန်မာနိုင်ငံနဲ့ မိုင် တသောင်းကျော် ကွာဝေးတဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသူပါ။ ဒီတော့ "ဟိုး အဝေး လုံခြုံစိတ်ချ အန္တရာယ်ကင်း ဘေးလွတ်ရာကနေ လက်သီးလက်မောင်း တန်းပြနေတယ်" လို့ စွပ်စွဲပြစ်တင်ရင်လဲ ခံရမှာပါ။ "သတ္တိရှိရင် မင်း မြန်မာနိုင်ငံပြန်လာပြီး လုပ်ပါလား" လို့ ခါးခါးသီးသီး ပြောရင်လဲ ကြောက်ပြီး ထွက်ပြေးလာသူမို့ ငြိမ်ခံရုံပါပဲ။ တခုတော့ ရှင်းပြချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ကျနော် ၂၀၀၁ က စတင် ရောက်ရှိပြီး ဒီကနေ့အထိ နိုင်ငံတကာကမ်ပိန်းတွေကို အကောင်အထည်ဖော်ရင်း နိုင်ငံတကာအစိုးရတွေကို မြန်မာနိုင်ငံအရေးကို ထိထိရောက်ရောက်ကူညီဖို့ တောင်းဆိုရင်း သေသေချာချာ သိလာရတာကတော့ တရုတ်အစိုးရရဲ့ အခိုင်အမာ အကာအကွယ်ပေးမှုအောက်မှာ ကုလသမဂ္ဂက မြန်မာစစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဆိုတာပါပဲ။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများအနေနဲ့လဲ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို ဘယ်လောက်ပဲ ထောက်ခံ၊ ထောက်ခံ ၊ တရုတ်ကို ကျော်လွန်ပြီး ဆောင်ရွက်ဖို့၊ တရုတ်ကို ဖိအားပေးအကြပ်ကိုင်ပြီး မြန်မာစစ်အုပ်စုကို ထိမ်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။

အထူးသဖြင့် အခု အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများ စီးပွါးပျက်ကပ်ကျရောက်နေချိန်မှာ စီးပွါးရေးတောင့်တင်း ခိုင်မာနေဆဲဖြစ်တဲ့ တရုတ်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများက အရေးတကြီး လိုအပ်နေတဲ့အချိန်၊ ချော့ပေါင်းနေရတဲ့ အချိန်ပါ။ ပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများအတွက် မြန်မာနိုင်ငံထက်ပိုပြီး အရေးကြီးတဲ့ ကမ္ဘာအရေးအခင်းတွေကလဲ အများကြီးပါပဲ။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအရေးကိစ္စဟာ မြန်မာပြည်သူတွေသာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဖာသာ ဖြေရှင်းရမယ်။ နိုင်ငံတကာရဲ့ ပါဝင်ကူညီမှုတွေဟာ အကန့်အသတ်ရှိတယ် ဆိုတာကို သဘောပေါက် နားလည်ခဲ့ရသူပါ။

အဲ့ဒီနားလည်စိတ်နဲ့ ဒီစာစုကို ရေးဖြစ်ပါတယ်။ သဘောမတူရင်လဲ လွတ်လပ်စွာ ကွဲလွဲကြပါ။ လွတ်လပ်စွာ ကွဲလွဲခွင့်ပြုပါ။

(ဇွန် ၁၊ ၂၀၀၉)

DOWNLOAD THE PDF VERSION FROM HERE - http://moemaka.com/images/aungdin-boycottcall.pdf



အတောင်တူ ငှက်တို့ရဲ့ တောင်ပံခတ်သံများ



ငြိမ်းဝေ
ကြာသပတေးနေ့၊ ဇွန်လ 04 2009 15:39 - မြန်မာစံတော်ချိန်

(က)

၁၉၉၂ ခုနှစ်၊ မေလ ...။

ခန့်မှန်းရခက်သည့် တနေရာဆီက တစ်တီတူးမြည်သံကြားရသည်။ ကျနော်တို့နှစ်ယောက် ပြောလက်စ စကားကို ရပ်ထားလိုက်ကြ၏။ ပတ်ဝန်းကျင်ကို နားစွင့်ကြရပြန်သည်။ ကျနော်တို့နှင့် ၁ဝ ကိုက်မျှအကွာတွင် စစ်တောင်းမြစ်သည် တည်ငြိမ်အေးဆေးစွာ စီးဆင်းလျက်ရှိ၏။ အမှောင်ထုကြီးအတွင်းမှ ရေစီးသံသဲ့သဲ့ကို ကြားရသလိုရှိ၏။ ငါးပွက်သံကိုပင် ကြားလိုက်ရ၏။ ထို့နောက် ပတ်ဝန်းကျင်တခွင်လုံး အမှောင်ထုကြီးအောက်၌ နစ်မြုပ်ပျောက်ကွယ် တိတ်ဆိတ်လျက်ရှိလေသည်။

''ဦးခင်မောင်ဝင်းကို ရုံးထုတ်ရင် လိုင်းကားကို ချောဆွဲပြီးမှ ခေါ်လာတဲ့ကိစ္စ။ ရဲသားတယောက်နဲ့ ဒုလုံခြုံရေးမှူးတယောက်ပဲ ပါလာတယ်ဆိုတဲ့ကိစ္စက သေချာပါတယ်နော် ဆရာလေး ''

''သေချာတယ်၊ တောင်ငူရဲစခန်းမှာ ကျနော့်အသိ ရဲတယောက်ကို မသိမသာ မေးကြည့်တော့လည်း ဒီအတိုင်းပဲ ပြောတယ်။ ရဲက တယောက်ထဲ မဟုတ်ဘူး။ တခါတလေ နှစ်ယောက်လောက် လိုက်တယ်။ ဒုလုံခြုံရေးမှူးနဲ့ဆိုရင် ၃ ယောက်ပေါ့။ ရုံးထုတ်တဲ့နေ့က ဦးခင်မောင်ဝင်းကို မေးကြည့်တော့လည်း ဒီအတိုင်းပဲ ပြောတယ်။ ဒီအတွက်တော့ သေချာပါတယ် ကိုဆန်းလင်း''

''ဒါဆိုရင် ကျနော်တို့ဘက်က လူ ၆ ယောက်လောက်ပါမှ ဖြစ်မယ်ထင်တယ်။ ဆရာလေးအနေနဲ့ လူဘယ်နှယောက်လောက် စဉ်းစားထားသလဲ''

''ကျနော့်ဆီကတော့ ကျနော်ပါနဲ့မှ ၃ ယောက်ပဲ ရမယ်။ တယောက်က ကား ကောင်းကောင်းမောင်းတတ်တယ်။ ကားဆရာကို လိုရမယ်ရ ဖယ်ခိုင်းပြီး၊ ကိုယ်တိုင်မောင်းသင့်ရင် မောင်းရမယ်ထင်တယ်။ ဒီတော့ ရဲနှစ်ယောက်၊ ဒုလုံခြုံရေးမှူးနဲ့ ကားဆရာကို ထိန်းဖို့ဆိုရင် စုစုပေါင်း ၆ ယောက်ရှိမှ ဖြစ်မယ်''

''ဒါဆိုရင် ကျနော့်ဘက်က ၃ ယောက်ပေါ့။ အတိုနှစ်လက် ယူခဲ့မယ်။ ကျန်တဲ့သူတွေက ဓားမြောင်တွေပဲ ယူခဲ့ပေါ့။ ပါးစပ်တွေ၊ မျက်စေ့တွေ ပိတ်စည်းထားဖို့ ကြိုးနဲ့ ပိတ်စတွေလည်း လုံလုံလောက်လောက် ယူခဲ့ရမယ်။ သေနတ်ကို မဖြစ်နိုင်လွန်းမှပဲ အသုံးပြုမယ်''

''ဟုတ်တယ်။ သေနတ်ကိုတော့ မသုံးတာ အကောင်းဆုံးပဲ။ သေနတ်သံပေးလို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး။ ပထမ ကျနော်တို့ ၃ ယောက်က တောင်ငူက ထွက်ထွက်ချင်း ခပေါင်းတံတားထိပ်ကနေပြီး ကားတားစီးမယ်။ ကိုဆန်းလင်းတို့က ဟိုဘက်တံထားထိပ်အဆင်းက စောင့်။ အခြေအနေ မပေးရင် ကျနော်တို့က ဘာအချက်မှ မပြဘဲ ငြိမ်ပြီးနေမယ်။ ခင်ဗျားတို့အထဲက တယောက်ပဲ တက်လိုက်ခဲ့ပေါ့။ ရှေ့မှာတွေ့တဲ့ ရွာတန်းရှည်မှာ ကျနော်တို့အားလုံး ပြန်ဆင်းနေခဲ့မယ်။ အခြေအနေပေးလို့ ကျနော်တို့က အချက်ပြရင် ခင်ဗျားတို့အားလုံး ကားပေါ်တက်ပြီး၊ စီစဉ်ထားတဲ့အတိုင်း လုပ်ကြတာပေါ့''

''ကားကို ခပေါင်းလမ်းဆုံအထိ ပြန်မောင်းပြီးမှ ထန်းတပင်ဘက်ကို မောင်းရမှာပေါ့နော်''

''ဟုတ်တယ် ကိုဆန်းလင်း။ ထန်းတပင်အထိ ကျနော်တို့ မသွားဘူး။ လမ်းမှာ လမ်းခွဲတခုရှိတယ်။ အဲဒီ ကားလမ်းခွဲက စစ်တောင်းမြစ်နဲ့ အရမ်းနီးတဲ့အထိ ကပ်သွားတဲ့နေရာ ရှိတယ်။ ခြေကျင် စမ်းလျှောက်ရင် တမိနစ်လောက်နဲ့ စစ်တောင်းမြစ်ကမ်း ရောက်တယ်။ ကိုဆန်းလင်းတို့အဖွဲ့က အဲဒီကမ်းပါး ဟိုဘက်ကမ်းထိပ်က စောင့်ပေါ့။ ဟိုဘက်မှာတော့ လှည်းလမ်းရှိတယ်မို့လား။ ထန်းတပင်ကို ကွင်းပြီး တောင်ခြေအထိ ကိုဆန်လင်းတို့ တာဝန်ပေါ့''

''ကားဆရာနဲ့  ရဲတွေကျတော့ ဒီအတိုင်း ကြိုးတုတ်ပြီး ထားခဲ့ကြမလား''

''ဟုတ်တယ်။ လမ်းဘေးမှာ တောရှိတယ်။ တောစပ်အထိ မောင်းဝင်ပြီး သူတို့ကို ထားခဲ့ရမှာပဲ''

''ဒါဆိုရင် ကားကို ခပေါင်းတံတားအထိ ပြန်မောင်းတာရယ်၊ စစ်တောင်းမြစ် ဟိုဘက်ကမ်းအထိ ကူးတာရယ်၊ စုစုပေါင်း အချိန်ဘယ်လောက်ယူရင် ရမလဲ''

''ကျနော်တို့ လေ့ကျင့်ခန့်မှန်းကြည့်တာတော့ နာရီဝက်ပဲ။ အားလုံးအဆင်ချောရင် နာရီဝက်ထက်ကို မပိုဘူး။ စစ်တောင်းမြစ်ကလည်း အဲဒီနေရာမှာ ကိုဆန်းလင်းသိတဲ့အတိုင်း ကျဉ်းကျဉ်းလေးဗျ''

''တကယ်လို့ ဒီကြားထဲ ခရီးသည်တွေပါလာရင်ကော ဆရာလေး''

''အများအားဖြင့်တော့ ခရီးသည်က ခပေါင်းတံတားအလွန်ကျမှပဲ ကားတားစီးတာ များတယ်။ ကျနော်တို့ စောင့်စီးတဲ့နေရာက ခရီးသည် အင်မတန်ပါးတဲ့ နေရာတွေပဲ။ ဒါကြောင့်မို့ မသကာ ခရီးသည်ပါလာလို့ အဆင်မပြေဘူးထင်ရင်။ ခင်ဗျားတို့ကို ကျနော်တို့ အချက်မပြဘူး။ အချက်မပြလို့ ခင်ဗျားတို့ထဲက တယောက်ပဲ တက်စီးရင်လည်း သူ့ဆီမှာ သေနတ်ပါမလာစေနဲ့ပေါ့''

''ဒါဆိုရင် ဒီကြားထဲမှာ ဆရာလေးတို့ဘက်က ပြင်ဆင်စရာရှိတာ၊ လေ့ကျင့်စရာရှိတာ လုပ်ထားကြတော့ပေါ့။ ကျနော်တို့ဘက်ကလည်း အားလုံး ပြင်ဆင်ထားမယ်။ ဒီတခါ ဦးခင်မောင်ဝင်းကို ရုံးထုတ်ရင် ဆရာလေး ဖွင့်ပြောလိုက်။ သူသဘောတူရင် နောက်တပတ် ရုံးထုတ်တဲ့နေ့၊ လုပ်ငန်းစကြတာပေါ့''

''ကဲ … ကိုဆန်းလင်းတို့လည်း တောင်ခြေအထိ ပြန်သွားရဦးမယ်။ ဒီလောက်ဆိုရင် ပြည့်စုံပြီ။ ကိုဆန်းလင်းတို့ ပြန်ကြတော့။ ဒီတခါ တနင်္လာနေ့ ရုံးထုတ်ရင် ဦးခင်မောင်ဝင်းကို ဖွင့်ပြောမယ်။ ပြီးတော့ ကိုဆန်းလင်းနဲ့ ကျနော် ထပ်တွေ့မယ်။ အဲဒီကျမှ အသေးစိတ် ထပ်ပြီး စဉ်းစားကြတာပေါ့''

''ဟုတ်ကဲ့ ဆရာလေး။ အရေးတော်ပုံ အောင်ပါစေ''

ကိုဆန်းလင်းက လေသံတိုးတိုးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည့်တိုင် ကျနော့်ရင်ထဲ၌ နှုတ်ဆက်သံများ ပဲ့တင်ထပ်သွားခဲ့ရ၏။ စိတ်လှုပ်ရှားနေခဲ့သဖြင့် ကျနော့်လက်များမှာ တုန်ရင်လျက်ရှိ၏။

ကျနော်တို့နှင့် မလှမ်းမကမ်း သောင်ပြင်ပေါ်က လူရိပ်တချို့ ကျနော်တို့နှင့် နီးကပ်လာခဲ့သည်။ ကိုဆန်းလင်းနှင့် ကျနော်တို့နှစ်ဦး ဆွေးနွေးတိုင်ပင်နေစဉ် ကျနော်တို့အတွက် ကင်းစောင့်ပေးနေခဲ့ကြသည့် လူငယ် ၆ ယောက် ဖြစ်ကြ၏။ အမှောင်ထုကြီးအောက်တွင် ကိုဆန်းလင်းတို့လူသိုက် စစ်တောင်းမြစ် တဖက်ကမ်းသို့ လှေတစင်းဖြင့် ကူးကြ၏။

ကျနော်နှင့် သောင်ပုရွာသား လူငယ်နှစ်ယောက်၊ သောင်ပြင်ပေါ်လမ်းလျှောက်လာစဉ် `ကိုဆန်းလင်း´ နှင့် ပြောဆိုဆွေးနွေးခဲ့သည့် အချက်များကို ကျနော် ပြန်တွေးနေမိသည်။

အုတ်တွင်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ''ဦးခင်မောင်ဝင်း'' ကို တော်လှန်ရေးနယ်မြေသို့ ခေါ်ဆောင်ပို့ဆောင်ပေးကြရန် ကျနော်နှင့် ''ကိုဆန်လင်း'' တို့ တိုင်ပင်ညှိနှိုင်းခဲ့ကြ၏။

`ဦးခင်မောင်ဝင်း´ မှာ အုတ်တွင်းမြို့ ၊ အမှတ် (၂) မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်၏။ ဦးခင်မောင်ဝင်းကို အစိုးရက ချဲအမှုဖြင့် အမှုဆင် မတရားဖမ်းဆီးကာ၊ ရုံးတင်တရားစွဲဆိုထား၏။ တောင်ငူထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည့် ဦးခင်မောင်ဝင်းကို အုတ်တွင်းမြို့ တရားရုံးတွင် ရုံးထုတ်စစ်ဆေးလျက် ရှိ၏။ ရုံးထုတ်သည့်နေ့ဆိုလျှင် ဦးခင်မောင်ဝင်းကို မည်သူမဆို ခဏတဖြုတ် တွေ့ဆုံစကားပြောခွင့် ရ၏။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ဦးခင်မောင်ဝင်းက သဘောတူပါက တော်လှန်ရေးနယ်မြေ၊ ဌာနချုပ်၊ အမျိုးသားညွန့်ပေါင်း အစိုးရအဖွဲ့ ရှိရာသို့ ခေါ်ဆောင်ပို့ပေးကြရန်၊ ကိုဆန်းလင်းနှင့် ကျနော် သဘောတူခဲ့ကြ၏။ အစီအစဉ်များ ရေးဆွဲခဲ့ကြ၏။

သောင်ပြင်ပေါ်တွင် လမ်းလျှောက်လာနေစဉ်၊ ကျောင်းသားတပ်မတော်မှ အမှတ် (၂၁ဝ) တပ်ရင်းမှူး၊ တပ်မှူးကလေး '' ကိုဆန်းလင်း'' ကို ကျနော် တွေးနေမိသည်။ ကိုဆန်းလင်းနှင့် ကျနော်က ၁၉၈၈၊ သြဂုတ်လ၊ ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း သိကျွမ်းခဲ့ကြ၏။ သူက တောင်ငူမြို့ ရွှေဆံတော် ဘုရားကုန်းတော်ပေါ်တွင် အခြေစိုက်သည့် သပိတ်ကော်မတီဝင် ဖြစ်၏။ ကျနော်က အုတ်တွင်းမြို့နယ်၊ သောင်ပုရွာ သပိတ်ခေါင်းဆောင် ဖြစ်၏။ အရေးတော်ပုံကာလအတွင်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်း၊ ကျေးရွာ ၁၁ ရွာ၏ သပိတ်စခန်းတွင် ဟောပြောပွဲ ပြုလုပ်သောအခါ ကိုဆန်းလင်းနှင့် လူငယ်တချို့ကို ကျနော်က တကူးတက ဖိတ်ကြားပြီး တရားဟောစေခဲ့၏။

ထိုစဉ်ကတည်းက ကိုဆန်းလင်းနှင့် ကျနော် အလုပ်အတူတွဲပြီး လုပ်ခဲ့၏။ စက်တင်ဘာလအတွင်း စစ်တပ်က အာဏာသိမ်းသောအခါ ကိုဆန်းလင်းတယောက် လက်နက်ကိုင် တော်လှန်ရေးဘက်သို့ ကူးပြောင်းသွားခဲ့၏။ ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကိုဆန်းလင်းနှင့် ကျနော် ပြန်လည် အဆက်အသွယ် ရသောအခါ ကိုဆန်းလင်းမှာ ကျောင်းသားတပ်မတော်၏ တပ်မှူးတဦး ဖြစ်လာခဲ့၏။ သူက အုတ်တွင်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်အလုပ်လုပ်နေသည့် ကျောင်းဆရာဟောင်း ကျနော့်ကို လျှို့ဝှက်ပြီး ဆက်သွယ်လာခဲ့၏။

အမှောင်ထုကြီးအောက်တွင် လမ်းလျှောက်လာနေစဉ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်း သောင်ပုရွာအထိ စွန့်စားထိုးဖောက်ရောက်ရှိလာကာ ကျနော်နှင့် တွေ့ဆုံခဲ့သည့် တပ်မှူးကလေး ''ကိုဆန်းလင်း'' ကို ကျနော် လေးစားမိသည်။ သူသည် ငယ်ရွယ်သူ ပညာတတ်လူငယ်တဦး ဖြစ်၏။

ကျနော်တို့ လူသိုက်၊ သောင်ပုရွာကမ်းပါးပေါ် ရောက်တော့ အမှောင်ထုကြီးအောက်တွင်ပင် တိတ်ဆိတ်စွာ လူစုခွဲလိုက်ကြ၏။

(ခ)

၁၉၉၃ ခု၊ အောက်တိုဘာလ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံး၊ မာနယ်ပလော။

''ဒီတုန်းက ဦးခင်မောင်ဝင်းကို ခေါ်လာနိုင်ပြီး အမျိုးသား ညွှန့်ပေါင်းအစိုးရအဖွဲ့နဲ့ ဆက်သွယ်မိသွားရင် သူ့သမိုင်းက တမျိုးပြောင်းသွားမယ် ထင်တယ်ဗျာ ဆရာလေးရ''

မပြုံးတပြုံးမျက်နှာနှင့် ကျနော့်ကိုကြည့်ရင်း မေးလာသည့် ကိုဆန်းလင်းကို ကျနော်ကလည်း ခပ်ပြုံးပြုံးပင် ပြန်ကြည့်မိသည်။

''အဲဒါတော့ ခင်ဗျားလည်း သိတဲ့အတိုင်းပဲပေါ့ဗျာ''

ကျနော်တို့နှစ်ယောက် အတွေးကိုယ်စီဖြင့် အသံတိတ်သွားကြပြန်သည်။ မယ်တုက္ခီ စမ်းချောင်းထဲက ရေစီးသံမှာ ပိုပြီး အသံကျယ်လာသည်ဟု ထင်ရ၏။ ရဟန်းပျိုသမဂ္ဂ ကုန်းတော်ပေါ်ဆီက ကြေးစည်ထုသံ ကြားရသည်။ ရုံးရှေ့မြေကွက်လပ်ဆီက ရဲဘော်တချို့ စကားပြောသံကို ကြားရသည်။

''အေးဗျာ … အခုတော့ သူ့ခမျာ ထောင်ထဲမှာ နေနေရတော့တာပေါ့''

''ကိုဆန်းလင်းနဲ့ ကျနော် တွေ့ပြီး နောက်တပတ် ရုံးထုတ်တဲ့ရက်ကို ကျနော် စောင့်နေတာ၊ ဦးခင်မောင်ဝင်းရဲ့ မိသားစုတောင်မှ ဦးခင်မောင်ဝင်းကို စနေနေ့ကြီး ရုံးထုတ်ပြီး ထောင် ၁ဝ နှစ် စီရင်ချက်ချတာ နောက်ရက်တွေကျမှ သိရတာဗျ။ အရင်တုန်းကတော့ ရုံးထုတ်မယ့်ရက်ကို ကြိုပြီး သိတယ်။ အခုဟာက ဘာမှ ကြိုမပြောဘဲ စနေနေ့ ရုံးပိတ်ရက်မှာ ရုံးထုတ်ပြီး စီရင်ချက်ချလိုက်တာ''

ထမင်းစားရုံဘက်က ဝါးဆစ်ဗူးခေါက်သံ ကြားရ၏။ ကိုဆန်းလင်းနှင့်ထိုင်ပြီး စကားပြောနေစဉ် ဧည့်သည်စာရင်းပေးရန် ကျနော် တွေးမိ၏။ စားဖိုမှူးကိုသောင်းလှိုင်ထံ ကိုဆန်းလင်းအတွက် စာရင်းပေးရဦးမည်ဖြစ်သည်။

''ကျနော် ထမင်းမစားတော့ပါဘူးဗျာ။ ပြီးတော့မှ ဆရာလေးနဲ့ ကျနော် ထူးရာစိုး လက်ဖက်ရည်ဆိုင် သွားကြတာပေါ့။ ကျနော် မနေ့ကတည်းက ငှက်ဖျားတက်နေတာ။ ထမင်းစားလို့ မရသေးဘူးဗျ''

နားထင်နားရင်းများ ချိုင့်ဝင်နေသည့် ကိုဆန်းလင်း၏ မျက်နှာကို ကျနော် သတိပြုမိသွားသည်။ ကျနော့်ထက် ၁ဝ နှစ်ကျော်မျှ ငယ်ရွယ်သူဖြစ်သည့်တိုင် ပင်ပမ်းဆင်းရဲလှသည့်ဒဏ်ကို ခံခဲ့ရသဖြင့် သူ့ခမျာ ပိန်လှီနွမ်းလျလွန်းနေသည်။

''ဆရာလေးလည်း အဲဒီကိစ္စပြီးကတည်းက ဒီဘက်ကိုလာဖို့ စဉ်းစားခဲ့တာနော်''

''ဟုတ်တယ်၊ ဦးခင်မောင်ဝင်းကိစ္စ လုပ်ဖြစ်ရင်တော့ အဲဒီကတည်းက တခါထဲ ထွက်ဖို့ပဲ။ ဦးခင်မောင်ဝင်းကိစ္စ မအောင်မြင်တော့ အခြေအနေအရ တလလောက် ဆက်နေရသေးတယ်။ ဦးခင်မောင်ဝင်းက စိတ်ဓာတ်မာတယ်ဗျ။ ဒီကိစ္စ သူ့ကို ဖွင့်ပြောဖြစ်ခဲ့ရင် သူလည်း သဘောတူမှာ သေချာတယ်။ အေးဗျာ ကံကြမ္မာကလည်း ကိုယ့်ဘက်မှာ မရှိခဲ့ဘူးလေ''

ကျနော်နှင့် ကိုဆန်းလင်းတို့ စီစဉ်ကြသည့် ''ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ရေးစီမံချက်'' မှာ အကောင်အထည်ဖော်ခွင့် မရခဲ့ပါ။ ၁၉၉၁ ခုနှစ် ဧပြီလအတွင်း ကျနော်နှင့် ကိုဆန်းလင်းတို့ သောင်ပုရွာသောင်ခုံပေါ်တွင် တွေ့ဆုံခဲ့ကြပြီး၊ နောက်တပတ် စနေနေ့တွင် `ဦးခင်မောင်ဝင်း´ကို ရုတ်တရက် မည်သူ့ကိုမျှ အသိမပေးဘဲ ရုံးထုတ်ခဲ့ကြ၏။ အုတ်တွင်းမြို့ တရားရုံးက `ဦးခင်မောင်ဝင်း´ကို ထောင် ၁ဝ နှစ် ချမှတ်ကြောင်း ကြေညာ၏။ ထို့နောက် တောင်ငူထောင်သို့ ပြန်လည်ပို့ဆောင်လိုက်၏။ `ဦးခင်မောင်ဝင်း´ကို လျှို့ဝှက်ရုံးထုတ်ကာ၊ လျှပ်တပြက်အတွင်း စီရင်ချက်ချပြီး တောင်ငူထောင်တွင်း သွင်းလိုက်ကြသည့် သဘောပင် ဖြစ်နေ၏။ ထို့ကြောင့် ကျနော်တို့၏ စီမံကိန်းမှာ အကောင်အထည်ဖော်ခွင့် မရခဲ့တော့ပါ။

''ဆရာလေးကော ဘယ်လိုလဲ၊ ငှက်ဖျား ဖျားပြီးပြီမို့လား''

''ဟုတ်တယ်၊ ဖျားပြီးပြီ။ ရောက်ပြီး တလကျော်မှ ဖျားတာဗျ။ ဆေးရုံတောင် တက်လိုက်ရသေးတယ်။ အခုတော့ အဆင်ပြေပါတယ်။ အာတီစနိတ် ရှိတယ်လေဗျာ''

''အဲဒီဆေးက ဈေးကြီးတယ်။ ကျနော်တို့က ဘယ်ဆောင်ထားနိုင်မှာလဲ။ တကဒ်ကို ဘတ် ၅ဝ ။ ရဲဘော်တွေအဖို့တော့ ကွီနင်းပေါ့ ဆရာလေးရာ''

''ကျနော်လည်း တခါဖျားရင် တကဒ်ကုန်အောင် မစားဘူး။ တဝက်ပဲ စားတယ်။ သက်သာရင် ရပ်ထားပြီး နောက်တခါ ဖျားမှ သောက်တယ်။ ဒီမှာတော့ ရန်သူပြီးရင် ဒုတိယ အကြီးဆုံးရန်သူဟာ ငှက်ဖျားပဲပေါ့နော်''

ကိုဆန်းလင်းနှင့် ကျနော် ရုံးချုပ်ရှေ့ ကွက်လပ်ဘက် ထွက်ခဲ့ကြသည်။ ကိုဆန်းလင်းက ပြောက်ကျား စစ်ဘောင်းဘီ အဟောင်းကို ဝတ်ဆင်ထား၏။ သံလွင်မြစ်ကမ်းတွင် တပ်စွဲထားသည့် ၂၁ဝ တပ်ရင်းမှတဆင့် ကျနော့်ထံ အလည်လာသူ ကိုဆန်းလင်းကို ကျနော့်မှာ ဧည့်ဝတ်မကျေပွန်နိုင်ဟု ခံစားရသည်။

''ဒေါ်အောင်ဆန်းစုကြည်လမ်း'' လေး ထိပ်တွင် ကျနော်တို့ နှစ်ယောက် မတိုင်ပင်ရဘဲ ပြိုင်တူရပ်လိုက်ကြ၏။ ဘောနော်လေး တောင်ထိပ်ကို လှမ်းမြင်နေရသည်။ ရဟန်းပျိုသမဂ္ဂကုန်းတော်နှင့် ကုန်းအောက်က စာရေးဆရာ`နိုင်ဝင်းဆွေ´၏ တဲကလေးကို လှမ်းတွေ့ရသည်။ ကျနော်တို့သည် `ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းဘုတ်လေးအောက်တွင် ရပ်နေမိကြ၏။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ ဗဟိုဌာနချုပ်ရုံး ရှေ့မှတဆင့် တောင်စောင်းအတိုင်း တိုက်ခတ်လာနေသည့် လေနုအေးသည်` ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းဘုတ်အောက်တွင် ရပ်နေကြသည့် ကျနော်တို့ နှစ်ဦးအတွက်မူ မအေးမြနိုင်ခဲ့ပါ။

(ဂ)

၂ဝဝ၉.... ခု၊ မေလ ၃ဝ ရက်။

''ဒါဆိုရင်၊ ဦးခင်မောင်ဝင်းက ထောင်ကလွတ်ပြီပေါ့နော် .. ဘဘ''

တူမလေး `ဇင်လဲ့ခင်´ ကို စကားပြန်မပြောခင် ခေတ္တခဏမျှ ကျနော် ငြိမ်ပြီး စဉ်းစားနေမိသေးသည်။

''ဦးခင်မောင်ဝင်းက ထောင်ထဲမှာ ၁ဝ နှစ်နဲ့ ၁၅ ရက် နေခဲ့ရတယ်။ ၂ဝဝ၂ ခုနှစ်ထဲမှာ ထောင်ကလွတ်တယ် .... ဒါပေမယ့်''

''ဒါပေမယ့် ဘာဖြစ်လဲ ဘဘ''

''ထောင်ကလွတ်ပြီး အပြင်မှာ ၂ နှစ်ပဲ နေခဲ့ရတယ်။ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခု ထောင်ထဲ ပြန်ရောက်နေတယ်။ ဒီတခါတော့ ထောင် ၁၅ နှစ် ချလိုက်ကြတယ်။ သူ ..... အခု ထောင်ထဲမှာ''

''အို ... ဖြစ်မှဖြစ်ရလေ ဘဘရယ်''

စာကြည့်တိုက်ထဲတွင် စာအုပ်ငှားသူ မရှိသဖြင့် တိတ်ဆိတ်လျက် ရှိသည်။ ကျနော့်စာမူများကို ကွန်ပြူတာဖြင့် စာရိုက်ပေးနေသည့် တူမလေး `ဇင်လဲ့ခင်´မှာ မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ တိတ်ဆိတ်သွားခဲ့၏။ သူ့ထံက ကွန်ပြူတာရိုက်သံ တဂျောက်ဂျောက် ကြားနေရသည်။

''အော် ... ပြီးတော့ တပ်ရင်းမှူး ကိုဆန်းလင်း ဆိုတာရော။ သူ အခု ဘယ်မှာလဲဘဘ။ ကျောင်းသား တပ်မတော်ထဲမှာကော ရှိသေးရဲ့လား။ ဘဘနဲ့ကော အဆက်အသွယ် ရှိရဲ့လား''

''မာနယ်ပလော မကျခင်တုန်းကတော့ ကိုဆန်းလင်းနဲ့ ဘဘ အဆက်အသွယ် ရှိပါတယ်။ မာနယ်ပလော ကျပြီးတော့ သူနဲ့ ဘဘ အဆက်အသွယ်ပြတ်သွားတယ်။ နောက်တော့မှ သူ့သတင်းကို ကြားခဲ့ရတာ''

''ဘယ်လို .... ဘာသတင်းလဲ ဘဘ။ ကိုဆန်းလင်းက ဘာဖြစ်သွားလို့လဲ''

''သူ့ကို ရှေ့တန်းက ရွာတရွာမှာ ရန်သူက အရှင်ဖမ်းဆီးမိသွားတယ်တဲ့။ သူက သူ့မှာ ပါလာတဲ့ သေနတ်နဲ့ ခုခံပြီး ဖောက်ထွက်ရင် လွတ်နိုင်ပေမယ့် အိမ်ရှင်တွေက သူ့ကို တောင်းပန်တော့ အိမ်ရှင်တွေရဲ့ အသက်ကိုငဲ့ပြီး ဒီအတိုင်း အဖမ်းခံသွားခဲ့တာတဲ့''

''အို ... ဖြစ်မှဖြစ်ရလေ ဘဘရယ် .... ဒါဖြင့် ကိုဆန်းလင်းလည်း ထောင်ထဲမှာပဲလား''

''မဟုတ်ဘူးသမီး။ ကိုဆန်းလင်း အဖမ်းခံရပြီး ပြည်တွင်းမှာရှိတဲ့ မိဘတွေကော ဒီဘက်က တာဝန်ရှိတဲ့ သူတွေကော သူ့သတင်းကို စုံစမ်းခဲ့ကြတယ်။ သူ့သတင်းက တော်တော်နဲ့ စုံစမ်းလို့ မရဘူးကွ။ တချို့ကလည်း ကိုဆန်းလင်းတယောက် အနှိပ်စက်ခံရလို့ စိတ်ဖောက်ပြန်သွားပြီ။ တောင်ငူက လမ်းဘေးမှာ တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းလည်း ကြားလိုက်ရသေးတယ်။ အခုတော့ သူကျဆုံးသွားတာ သေချာပြီလို့ ပြောနိုင်လောက်ပါပြီ''

''ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲ ဘဘရယ်''

''သူ့ကို စစ်တပ်က ဖမ်းမိသွားတာ မှန်တယ်။ ဒါပေမယ့် ရုံးတင်ပြီး တရားစွဲထောင်ချတာမျိုး မလုပ်ဘဲ ချောကြီးထဲ ထည့်လိုက်တယ်။ အဲဒါ တောင်ပေါ် ရှေ့တန်းတနေရာမှာပဲ အစာငတ်၊ ရေငတ်ထားပြီး နှိပ်စက်လို့ နောက်ဆုံးမှာ တောထဲတောင်ထဲမှာပဲ သေသွားရပြီလို့ ကြားရတာပဲ။ သူ့မိဘတွေကလည်း ဒီအတိုင်းပဲ စုံစမ်းသိခဲ့ရတယ်တဲ့လေ''

တူမလေး `ဇင်လဲ့ခင်´ ဆီက မည်သည့်အသံမျှ မကြားရ။ ကျနော်ကလည်း ကိုဆန်းလင်းအကြောင်းကို ဆက်ပြီး ပြောမပြနိုင်တော့။

စာကြည့်တိုက်ထဲတွင် တူမလေး `ဇင်လဲ့ခင်´၏ ကွန်ပြူတာရိုက်သံ ကြားနေရ၏။ ကျနော်က စာကြည့်တိုက်ရှေ့တွင် ထွက်ပြီး ရပ်သည်။ သစ်ခွပန်းခြံဘေးတွင် ရပ်ပြီး မွန်းကြပ်လျက်ရှိသည့် ရင်ကို ပေါ့စေရန် လေကို အားယူပြီး ရှူရှိုက်နေမိ၏။ ခေါင်းကို အထက်ဘက်သို့ မော့ကာ သက်ပြင်းတချက် ချမိသည်။

အပြာရောင် ကောင်းကင်ထဲတွင် အဖြူရောင်ငှက်တအုပ်၊ အရှေ့ဘက်သို့ ဦးတည်ပြီး ပျံသန်းသွားနေကြသည်ကို ကျနော် ငေးကြည့်နေမိ၏။ ။

ပျောက်ဆုံးသားငယ် တပ်ထဲရောက်နေဟု မိဘများ ပြောဆို



အင်တာဗျူး
ကိုဝိုင်း
ကြာသပတေးနေ့၊ ဇွန်လ 04 2009 17:24 - မြန်မာစံတော်ချိန်





ချင်းမိုင် (မဇ္ဈိမ)။ ။ ၅ လကျော် ပျောက်ဆုံးသော ၁၇ နှစ်သားအရွယ် သားငယ်၏ လက်ရေးနှင့် ရေးသားထားသည့် စာတစောင်အား မိဘများက ရရှိမှသာ သားဖြစ်သူသည် မွန်ပြည်နယ် သထုံမြို့ရှိ စစ်တပ်ထဲတွင် ရောက်ရှိနေကြောင်း ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံကျေးရွာအုပ်စုရှိ လက်ပံသုံးခွရွာသစ်မှ မိဘများ အပြောအရ သိရသည်။

ယခုအခါ သူတို့က သားရှိနိုင်သည့် သထုံမြို့ ခြေလျင်တပ်ရင်း - ခလရ ၁၁၈ သို့ သွားရောက်စုံစမ်းရန် စီစဉ်နေကြပြီဖြစ်သည်။

ကလေးစစ်သား‘မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး လုပ်ငန်းကော်မတီ’ ဖွဲ့စည်းထားပြီး ဥပဒေထုတ်ပြန်၍လည်း မြန်မာစစ်အစိုးရက တားဆီးပိတ်ပင်ထားသည်။ သို့သော် လက်တွေ့တွင်မူ မြန်မာတပ်မတော်ထဲတွင် ကလေးစစ်သား အမြောက်အမြား ရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ဖော်ပြကြသည်။
မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ပျောက်ဆုံးနေသည့် ကလေး၏ မိဘနှစ်ပါးထံသို့ ဆက်သွယ်ကာ ကလေးငယ်ပျောက်ဆုံးပုံ၊ ပေးစာတစောင် ရောက်ရှိလာပုံနှင့် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်များကို သိရှိနိုင်ရန်အတွက် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

(ဖခင်ဖြစ်သူနှင့် ဆက်သွယ်မေးမြန်းချက်)

ကလေးပျောက်သွားပုံလေး မှတ်မိသလောက် ပြောပြပေးပါလားဗျာ။

ဒိုက်ဦး သံတံတား သူ့အဒေါ်တွေအိမ်ကိုလေ ဆွမ်းလောင်းဖို့ ဝက်သား ၆ ပိဿာကို စက်ဘီးနဲ့ သွားပို့ခိုင်းတာ။ သားသတ်က ဖမ်းပြီးတော့ စည်ပင်ရုံးကို ပို့လိုက်တာ။ ဝက်သားကိုက ရပ်ကွက်လူကြီးက ရောင်းစားလိုက်တယ်လေ။ စက်ဘီးက ဒိုက်ဦးမြို့ စည်ပင်ရုံးမှာပဲ ရှိတယ်။ ကလေးက အစအန မရတာ။ ကျနော်တို့ကို ဘာသတင်းမှလည်း မပို့ဘူး။ ပြီးခဲ့တဲ့နှစ် ၂၆ ရက်နေ့ ၁၂ လပိုင်းကနေ ဖမ်းသွားတာ။ ၂၈ ရက်နေ့ကျမှ ဟိုမေးဒီမေးနဲ့ အဲဒီ သတင်းရတယ်။

ကလေးက အသက်ဘယ်လောက်ရှိလဲ။ ကလေးကိုရော စည်ပင်ရုံးမှာ မတွေ့ဘူးလားခင်ဗျာ။

သူက ၁၇ နှစ်ပေါ့၊ ပျောက်သွားတုန်းက။ စည်ပင်ရုံးမှာ ကလေးက မရှိဘူး။ ဘယ်ရောက်မှန်း မသိဘူး။ ဒီလ ၂ ရက်ပိုင်း ကျတော့မှ ကျနော်တို့ဆီ စာတစောင်တော့ ရထားပေါ်က ပစ်ချသွားတယ်။ ၁၁ နာရီလောက်က။ ကျနော့်ဆီကို ရောက်တာက ညနေ ၅ နာရီလောက်မှ။ အဲဒီရထားက မွန်ပြည်နယ် သထုံဘက်ကို သွားတဲ့ရတား၊ နေပြည်တော်ဘက်က။

အဲဒီစာကရော အိမ်ကို ဘယ်လိုလုပ် ရောက်လာလဲဗျာ။

စာအိတ်နဲ့ ပိတ်ပြီးတော့ ရောက်လာတယ်။ ကျနော့်သားနာမည်က မောင်ကျော်ပို ပေါ့။ သူ့ရဲ့ နာမည်အရင်း ကျော်မျိုးပိုင် ဆိုပြီး စာပို့ထားတယ်။ တပ်နံပါတ်က ခလရ ၁၁၈ သထုံ၊ ကိုယ်ပိုင်နံပါတ်က တ-၄ဝ၆ ၂၉ဝ။ အဲဒီမှာ ရောက်မယ့် သဘောပေါ့။ ဒိုက်ဦး ဒရယ်မြီးရပ်ကွက်ကနေ ဈေးထဲသွားတဲ့ လမ်းကုန်းပေါ့လေ။ ကုန်းပိတ်ထားတာ။ ရထားပေါ်ကနေ စာပစ်ချသွားတာ။ အဲဒီနားက ဆိုက်ကားသမားနဲ့ ကယ်ရီသမားတွေက တွေ့တယ်။ ကျနော်တို့ လက်ပံသုံးခွ ရွာက ကယ်ရီသမားက ယူလာခဲ့ပေးတော့ ညနေ ၅ နာရီထိုးမှ ကျနော့်ဆီကို စာရောက်လာတယ်။

အဲဒီ သထုံမြို့က တပ်မှာ ရောက်တယ်ဆိုတာ အဲဒီစာအရ သိရတာပေါ့နော်။ စာထဲမှာ ဘာတွေ ရေးထားလဲ ခင်ဗျာ။

ဟုတ်ပါတယ်။ အဲဒီ စာအရ သိရတာပါ။ သား အဲဒီတပ်ကို ရောက်နေတဲ့အကြောင်းပေါ့လေ။ မိဘတွေ စိတ်မပူဖို့ဟာကို သူက ရေးထားတယ်။ နယ်မြေကြမ်းတယ်ပေါ့လေ။ သူသွားတဲ့နေရာက။ ကျနော်တို့ကို မလိုက်လာပါနဲ့ဘဲ အဲဒီလိုရေးတယ်။ ဒါပေမယ့် ကျနော်တို့က ကိုယ့်ကလေး ဘယ်လိုဖြစ်လဲ၊ ကျန်းမာရေးရော ကောင်းရဲ့လား၊ ဘယ်လို နေရထိုင်ရလဲဆိုတာ ကျနော်တို့လည်း သိချင်လို့။ သွားတွေ့ချင်တယ်။

စာထဲက လက်ရေးကရော သူ့လက်ရေး သေချာလားဗျာ။

ဟုတ်ကဲ့။ သူ့လက်ရေး သေချာတယ်။ သူကိုယ်တိုင် ပစ်ချတာလား၊ တခြားလူက ပစ်ချပေးတာလားတော့ ကျနော်တို့လည်း သေချာ မသိဘူး။

အခုရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို စီစဉ်ထားလဲဗျာ။

ကျနော်တို့က ကလေးကို သွားတွေ့ချင်တယ်လေ။ သွားတွေ့ဖို့ အစီအစဉ်တော့ ဆွဲနေပါပြီ။

ရဲစခန်းမှာ အမှုဖွင့်ထားတာတွေ ဘာတွေ ရောရှိလားခင်ဗျာ။

ပထမတုန်းကတော့ အရင်နှစ်ပေါ့၊ ၂၇ ရက်နေ့မှာတော့ မတွေ့သည့်အဆုံး ကျနော်တို့လည်း ဘယ်လိုဖြစ်မှန်းမသိဘူး။ အဲဒါနဲ့ လူပျောက်တော့ ဒိုက်ဦး ရဲစခန်းမှာ တိုင်ချက်တော့ လုပ်ထားသေးတာပေါ့။ ၂၈ ရက်နေ့ကျမှ ဘေးက ပြောစကားအရနဲ့ ကျနော်တို့က သိရတာကိုး။


(မိခင်ဖြစ်သူနှင့် ဆက်သွယ်မေးမြန်းချက်)

စည်ပင်ကနေ ကလေးကို ဖမ်းပြီး ဘာလုပ်သေးတယ် ကြားသေးလဲဗျာ။

စည်ပင်ကို မိဘတယောက်အနေနဲ့ ကျမသွားတဲ့အခါမှာလေ။ အလုပ်အမှုဆောင် ဒေါ်ခင်အေးဝင်းက ကျမကို ပြောပြပါတယ်။ အမသားကိုတဲ့ ကျမက မေးမြန်းတဲ့အခါမှာတဲ့ သားရဲ့အဖေက ဘယ်သူလဲဆိုတော့ ဦးတင်မျိုးနိုင် သားတို့ အသား သတ်တာက တောမှာလုပ်တာမှန်တယ်။ မြို့တက်လာရင် ဖမ်းတယ်ပေါ့နော်။ အဖမ်းခံရရင်၊ ဒဏ်ငွေမဆောင်နိုင်ရင် ထောင်ဒဏ် တနှစ် ကျမယ်လို့ ကလေးကို ခြိမ်းခြောက်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့၊ သူတို့ဘက်က။ အဲဒါနဲ့ မိဘကို သွားခေါ်ခိုင်းတဲ့အခါမှာ သားသတ်ဒိုင်က ချက်ကြီးဆိုတဲ့ အကောင်ကို ဆိုင်ကယ်နဲ့ ဒရယ်မြီးရပ်ကွက်ကုန်းကို ပို့ခိုင်းတယ်တဲ့။ ပို့ခိုင်းတဲ့ အချိန်မှာ ကလေးက အစကို ရှာမရဘူး။ သူတို့ဘက်ကနေ ကျမတို့ကို သတင်းမပေးလို့။ ကျမတို့လည်း တခါမှ မရောက်ဖူးဘူးပေါ့နော်။

ဒီဝက်သားလေး ၆ ပိဿာနဲ့ကို ခြိမ်းခြောက်တဲ့ သဘောမျိုး ဖြစ်တာပေါ့နော်။ ကျမတို့လည်း ဘယ်လိုတွေ ဖြစ်မှန်းကို မသိဘူး။ စဉ်းစားရခက်နေတယ်။ ဒီကလေး အတိုင်းအတာကိုလည်း။ ကလေးက ပျောက်တဲ့အချိန်မှာ ၁၇ နှစ်ပါ။

ကလေးဘယ်ရောက်သွားတယ် ဆိုတာကိုရော စည်ပင်ရုံးက ဘာပြောလိုက်သေးလဲဗျာ။

သူတို့ မသိဘူးဘဲ ပြောတယ်။ မိဘကို အမြန်ရောက်စေချင်ဇောနဲ့တဲ့ ကလေးကို ခေါ်ခိုင်းလိုက်တာတဲ့။ သူ့အဖေကို ခေါ်ခိုင်းလိုက်တယ်ပေါ့နော်။ ကြားမှာ ပျောက်သွားတယ်။ ကျမတို့ဆီလည်း မရောက်ဘူး ကလေးက။ စာရမှပဲ စစ်တပ်ထဲ ရောက်နေတယ်ဆိုတာ သိရတာပါ။

လက်ပံသုံးခွရွာနဲ့ ဒိုက်ဦးနဲ့က ဘယ်လောက်ဝေးလဲဗျာ။

၃ မိုင်လောက်တော့ ဖြစ်မယ်။ စက်ဘီးနဲ့ပဲ သွားကြတာပဲ။

သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ



မောင်ရွှေ
ကြာသပတေးနေ့၊ ဇွန်လ 04 2009 19:05 - မြန်မာစံတော်ချိန်

သူငယ်ချင်း …

မင်း နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် တက်နေတယ်လို့ ကြားရလို့ ဒီစာကို ရေးလိုက်ပါတယ်။ တပ်မတော်ထဲမှာ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်လာဖို့ ဖြတ်သန်းတဲ့ခရီးမှာ ဒီတက္ကသိုလ်ဟာ အရေးကြီးတဲ့ အဆင့်တခုလို့ ငါ နားလည်ထားတယ်။ ငါလည်း မင်းကို တပ်မတော်မှာ ထိပ်တန်းခေါင်းဆောင်အဖြစ်၊ နိုင်ငံနဲ့ လူမျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်တဲ့ တပ်မတော်သားကောင်းအဖြစ် မြင်တွေ့ချင်ပါတယ်။ ဒါကလည်း မင်းနဲ့ ငါ အကြားမှာ တူညီတဲ့ ရပ်တည်ချက်တခု ရှိနေလို့ပါ။

အဲဒါ ဘာလဲဆိုတော့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ချင်တဲ့ ဆန္ဒနဲ့ ရည်မှန်းချက်တွေ ကိုယ်စီ ရှိနေကြတဲ့ဆိုတဲ့ common ground တခု ရှိနေကြလို့ပေါ့။ ဒါကြောင့်လည်း တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး မင်းနဲ့ အမြင်ဖလှယ်ချင်လို့ ဒီစာကို ရေးလိုက်တာပေါ့။ မင်းလည်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာနေတဲ့ အချိန်ဆိုတော့ ဒီစာဟာ မင်းအတွက် စဉ်းစားစရာတွေ ရလိမ့်မယ်လို့ ထင်ပါတယ်။

မင်းနဲ့ အဓိက ဆွေးနွေးချင်တဲ့ အချက်က တို့နိုင်ငံအတွက် ရေရှည်တည်တံ့စေမယ့် ဖွံ့ဖြိုးတိုးတက်မှု Sustainable Development ပေါ့။ ဒါပေမယ့် ဒီအချက်ကို မသွားခင် တို့နိုင်ငံ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေးအခေါ်တွေကို အရင်ဆွေးနွေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တခုရဲ့ ကံကြမ္မာကို စဉ်းစားရာမှာ “ပြည်တွင်း/ပြည်ပ အဖျက်သမားများ” ဆိုတဲ့ ဝေါဟာရထက် “နိုင်ငံကို ဦးဆောင်နေသူ(များ) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စဉ်းစား တွေးတော လက်ခံပုံ (Mindset)” ဆိုတဲ့ ဝေါဟာရက ပိုအရေးကြီးတယ်လို့ ငါ ခံယူလို့ပါ။

၁၉၆၂ မတိုင်မီ ကာလ

သူငယ်ချင်းရဲ့သင်တန်းမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ဟောပြောပို့ချမှုတွေ ပါတယ်လို့ သိထားတယ်။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်မှ အယူအဆတွေနဲ့ ပတ်သက်ပြီး ဒုတိယကမ္ဘာစစ်ပြီးကာလ ၁၉၅ဝ ခုနှစ်များနဲ့ ၁၉၆ဝ ခုနှစ်များမှာ နိုင်ငံတခု ဖွံ့ဖြိုးတိုးတက်ဖို့အရေး စီးပွားရေးတိုးတက်မှုကို အဓိကထား စဉ်းစားကြတဲ့အကြောင်းကို Rostow ရဲ့ States of Growth Theory တို့၊ Harrod-Domar ရဲ့ Growth Model တွေနဲ့အတူ မင်းတို့ကို ပို့ချကြမှာပါ။ အဲဒီ ခေတ်ကာလက တို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကိုပြတဲ့ GDP, GNP တွေနဲ့ ပတ်သက်ပြီး အောက်ကပုံကို ကြည့်ရင် တရှိန်ထိုး တိုးတက်ခဲ့တာ မင်း တွေ့လိမ့်မယ်။ ဒီကိန်းဂဏန်းတွေက ၁၉၅၃၊ ၁၉၅၇ နဲ့ ၁၉၆၃ တွေက အစိုးရရဲ့ Central Statistical and Economics Department ပြုစုထုတ်ပြန်ခဲ့တဲ့ National Income of Burma ပါ အချက်တွေကို အခြေခံပြီး ဆွဲထားတာ။

Your browser may not support display of this image.

သူငယ်ချင်း … ၁၉၆၂ မတိုင်မီကာလနဲ့ ပတ်သက်ပြီး ငါဆိုလိုချင်တာက အဲဒီခေတ်အခါက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေးအခေါ်များနဲ့ တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရလဒ်တွေ ထပ်တူညီကြခဲ့တယ်ဆိုတဲ့ အချက်ပါ။

၁၉၆၂ - ၁၉၈၈

ဒီလို အခြေအနေကောင်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်တဲ့ တို့နိုင်ငံဟာ ၁၉၈၇ ခုနှစ်လည်း ရောက်ရော ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းဝင် ဖြစ်သွားတယ်။ ဒီတော့ ဦးနေဝင်းအုပ်ချုပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်၊ ၂၆ နှစ်တာကာလအတွင်းမှာ အဲဒီခေတ်က ရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်များနဲ့ နိုင်ငံရဲ့ ရလဒ်တွေကို ပြန်စဉ်းစားကြည့်ရအောင်။

၁၉၆ဝ ခုနှစ်များနဲ့ ၁၉၇ဝ ခုနှစ်များမှာ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ တတိယနိုင်ငံများအတွက် Structural Change Models တွေ ခေတ်စားခဲ့တယ်။ ဆိုလိုတာက လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ ဆိုတဲ့ နိုင်ငံ့စီးပွားရေး ကဏ္ဍကြီး ၃ ခုရဲ့ ဖွဲ့စည်းပုံမှာ စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေ ပိုမိုဖွံ့ဖြိုး တိုးတက်မှ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံထားတဲ့ အယူအဆတွေပေါ့။ နောက်ထပ် အတွေးအခေါ်တခုက Basic Needs Approach ပါ။ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတိုင်းရဲ့ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ နေထိုင်မှု အခြေအနေတွေကို အာရုံစိုက်လုပ်ဆောင်ကြဖို့ကို ဆိုလိုတဲ့ အတွေးအခေါ်ပေါ့။

“စာတတ်မြောက်ရေး လှုပ်ရှားမှု” “လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့” “မြစိမ်းရောင် တော်လှန်ရေး” “အားလုံး ကျန်းမာ သက္ကရာဇ် ၂ဝဝဝ မှာ” စတဲ့ စကားလုံးတွေ၊ အပြောအဆိုတွေ မြင်ခဲ့ရ၊ ကြားခဲ့ရတဲ့ အချိန်ကာလတွေကို မင်း ပြန် အမှတ်ရနေဦးမယ် ထင်တယ်။ ငါဆိုလိုချင်တာက ဦးနေဝင်းနဲ့ မဆလပါတီလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဲဒီခေတ် အဲဒီအခါက Structural Change ဖွံ့ဖြိုးမှု သီအိုရီတွေ၊ အတွေးအခေါ်တွေနောက်ကို တတ်နိုင်သလောက် လိုက်ခဲ့ကြတယ်လို့ ပြောချင်တာပါ။

ဒါပေမယ့် သူတို့ အုပ်စုကို အဓိက လွှမ်းမိုးခဲ့တဲ့ နောက်ထပ် အတွေးအခေါ်တစု ရှိခဲ့သေးတယ်။ International Dependence Revolution လို့ ခေါ်ကြတဲ့ အတွေးအခေါ်စုပေါ့။ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဘယ်လို လုပ်ရမယ်လို့ ပြောတာထက်၊ နိုင်ငံမဖွံ့ဖြိုးတာ ဘာကြောင့်ဆိုကြတာ ပိုအာရုံစိုက်ထားတဲ့ အတွေးအခေါ်တွေပါ။ အဓိက အချက်တွေက ဖွံ့ဖြိုးပြီး နိုင်ငံက ပညာရှင်တွေ၊ အဲဒီနိုင်ငံတွေမှာ ပညာသင်ခဲ့သူတွေဟာ ကိုယ့်ရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ မလျော်ညီ၊ မအပ်စပ်တဲ့ အယူအဆနဲ့ လုပ်ပုံကိုင်ပုံတွေ တင်သွင်းလာကြလို့ အလုပ်မဖြစ်ရတာ။ မဖွံ့ဖြိုးမှု ပြဿနာဟာ ခေတ်သစ် နယ်ချဲ့များကြောင့်လို့ ပြောကြတယ်။ မဆလခေတ် သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ ဒီသဘောတရားတွေကို ရောင်ပြန်ဟပ်စေတဲ့ အရေးအသားတွေ မင်းမှတ်မိနေဦးမယ်လို့ ငါ ထင်မိတယ်။ အဆုံးမှာတော့ ဦးနေဝင်းရဲ့ ဟိုလိုလို၊ ဒီလိုလို မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ရဲ့ ရလဒ်က တရှိန်ထိုးတက်နေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ခေါင်းပြန်စိုက်ပြီး ၁၉၈၇ မှာ အမွဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်သွားတာပဲ ဖြစ်တယ်။

အဲဒီ ၁၉၈ဝ ခုနှစ်များမှာပဲ တို့လို နိုင်ငံတွေအတွက် အဖြေထုတ်ပေးထားတဲ့ အတွေးအခေါ်တွေ ပေါ်ထွက်နေခဲ့ပြီ။ Neo-classical Counter-revolution လို့ သိကြတဲ့ ဒီအတွေးအခေါ်ရဲ့ အဓိကဆိုလိုရင်းကတော့ အစိုးရရဲ့ မူဝါဒ မှားယွင်းမှုတွေ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်၊ မြေပေါ်မြေအောက် သယံဇာတတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် မသုံးစွဲနိုင်တာတွေ၊ တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးမှာ အစိုးရရဲ့ ထိန်းချုပ်စွက်ဖက်မှုတွေ များလွန်းတာတွေ၊ စတာတွေကြောင့် နိုင်ငံတွေဟာ မဖွံ့မဖြိုး ဖြစ်ရတယ်လို့ ဆိုတယ်ကွ။

ဒီအယူအဆကို အခြေခံပြီး ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တွေက သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ဖိအားပေး ဆော်သြလာခဲ့ကြတယ်၊ Structural Adjustment Programme လို့ သိကြတဲ့ အစီအစဉ်ပေါ့။ အဲဒီအစီအစဉ်မှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖို့၊ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့၊ ပုဂ္ဂလိက အခန်းကဏ္ဍကို မြှင့်တင်ဖို့၊ ကုန်သွယ်ရေး လွတ်လပ်ခွင့်တွေ ကျင့်သုံးဖို့၊ လာဘ်ပေး လာဘ်ယူမှုတွေ နှိမ်နှင်းဖို့၊ ဘတ်ဂျက်လိုငွေပြမှု လျှော့ချဖို့၊ ငွေကြေးဖောင်းပွမှုတွေ လျော့နည်းသွားအောင် လုပ်ဖို့ စတဲ့ အချက်တွေကို သက်ဆိုင်ရာ အစိုးရများက စီစဉ်ဆောင်ရွက်ပေးဖို့ တောင်းဆိုလာခဲ့တယ်။ အဲဒီ အယူအဆတွေနဲ့ ၁၉၈ဝ ခုနှစ်တွေမှာ ပေါ်ပေါက်လာတဲ့ ကမ္ဘာတဝှမ်းက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်စပ်ကြည့်စမ်းပါ သူငယ်ချင်း။ ဥပမာ --

* ၁၉၈ဝ ခုနှစ်ကာလများမှ တရုတ်ခေါင်းဆောင် တိန်ရှောက်ဖိန်နဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ၊
* ၁၉၈၅ ခုနှစ်မှာ ဆိုဗီယက်ယူနီယံရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ မီခေးလ်ဂိုဘာချော့ရဲ့ “ဂလပ်စ်နော့” ခေါ်၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ အစိုးရအနေနဲ့ ပွင့်လင်းဖို့၊ လူထုအမြင် ကြည်လင်စေဖို့ ဆိုတဲ့ ပယ်ရီစတွိုင်ကာ လုပ်ငန်းတွေ၊
* ၁၉၈၆ ခုနှစ်မှာ စခဲ့တဲ့ ဗီယက်နမ်ရဲ့ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ၊
* ၁၉၈၆ ခုနှစ် ဖိလစ်ပိုင်ရဲ့ People Power Revolution လှုပ်ရှားမှုနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊
* အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် အသွင်ပြောင်းခဲ့ကြတဲ့ လက်တင်အမေရိက နိုင်ငံတွေ - အာဂျင်တီးနား (၁၉၈၃)၊ ဥရုဂွေး (၁၉၈၄-၈၅)၊ ဘရာဇီး (၁၉၈၅-၈၆)၊ ချီလီ (၁၉၈၈-၈၉)၊
* ၁၉၈၈ ခုနှစ် နောက်ပိုင်း ကိုရီးယား သမ္မတ နိုတေဝူးရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊
* ချက်ကိုစလိုဗက် (၁၉၈၉ ခုနှစ်)နဲ့ ရိုမေးနီးယား (၁၉၉ဝ ခုနှစ်) များက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေနဲ့
* ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံထဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံများ ခွဲထွက်မှု၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု စတာတွေပေါ့။


ဒီအခြေအနေက ဘာကို ပြောလဲဆိုတော့ -

(၁) နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ပြင်းပြင်းထန်ထန် ငတ်မွတ်နေတဲ့ လူထု ရှိတယ်၊

(၂) ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ရမယ်ဆိုတဲ့ အဖြေရှိတယ်၊

(၃) ပြုပြင်ပြောင်းလဲရေးအတွက် စေ့ဆော်တိုက်တွန်းကြတဲ့ ခေါင်းဆောင်တွေ ပေါ်လာတယ်၊

ဒါကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ တက်ညီလက်ညီ လုပ်ခဲ့ကြတာ။ တို့နိုင်ငံရဲ့ ၁၉၈၈ ခုနှစ် လှုပ်ရှားမှုကလည်း ဒီအတိုင်းပဲ သူငယ်ချင်း။ ဒါပေမယ့် အာဏာရှင် Mindset ပဲရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် Mindset မရှိရှာတဲ့ ဦးနေဝင်း၊ ပြုပြင်ပြောင်းလဲရေးတွေအစား တဖက်လှည့် အာဏာသိမ်းခိုင်းမှုနဲ့အတူ နိုင်ငံရေးဇာတ်ခုံပေါ်က ရှောင်ပြေးခဲ့တယ်။ အဆုံးသတ် ဇာတ်သိမ်းမလှတဲ့ သူနဲ့ သူ့မိသားစုအကြောင်း မင်းလည်း သိပြီးသားမို့ မရေးတော့ပါဘူး။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလကို ဆက်ပြောကြရအောင်။

၁၉၈၈ ခုနှစ်မှ ယနေ့တိုင်

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှာ Structural Adjustment စကားတွေဖြစ်တဲ့ ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးမယ်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချမယ်၊ ပုဂ္ဂလိက အခန်းကဏ္ဍကို မြှင့်တင်မယ်၊ ကုန်သွယ်ရေး လွတ်လပ်ခွင့်တွေ ကျင့်သုံးမယ်၊ ဒီလို ပြုပြင်ပြောင်းလဲမှုတွေအတွက် အခြေခံအကျဆုံးဖြစ်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့အတူ နဝတ က နိုင်ငံအာဏာ ရယူခဲ့တယ်။ အခုဆိုရင် တပ်မတော် အစိုးရခေတ်ဟာ ၂၁ နှစ် ပြည့်တော့မယ်ဆိုတာ မင်းလည်း သိပါတယ်။ နဝတနဲ့ ယနေ့ နအဖရဲ့ နိုင်ငံရေး၊ စီးပွားရေး ဦးတည်ချက်များကို ကြည့်ရင်တော့ Structural Adjustment စကားလုံးတွေ ဖော်ပြထားပေမယ့် လက်တွေ့ဘဝကို ကြည့်စမ်းပါ။

လူတိုင်း တန်းတူညီတူ ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက် ဖြစ်မလာတဲ့အပြင် လူတစုရဲ့ လက်ဝါးကြီးအုပ် စီးပွားရေး ပုံသဏ္ဍာန်သာ ဖြစ်လာတယ်။ ဗဟိုချုပ်ကိုင်မှု ဆထက်တပိုး တိုးလို့သာ လာနေတယ်၊ ငွေကြေးဖောင်းပွမှု အဆမတန် ဖြစ်လာတယ်၊ လာဘ်ပေးလာဘ်ယူမှုတွေဟာ ယဉ်ကျေးမှုတရပ်လို ဖြစ်လာနေတယ်။ အနှစ် ၂ဝ ဆိုတဲ့ အချိန်ကာလဟာ အဖွဲ့အစည်းတခုအနေနဲ့ ကိုယ် ကတိကဝတ်ပြုထားတဲ့ ကိစ္စများအတွက် အခြေခံကောင်းတွေ တည်ဆောက်ပေးဖို့ လုံလောက်တဲ့အပြင် ပိုတောင်နေပါသေးတယ်။ ဒါပေမယ့် ဘာတခုမှ လုပ်မပေးနိုင်တဲ့အပြင် ဦးနေဝင်း ခေတ်ကအတိုင်း အာဏာရှင်စနစ်အတွက် အခြေခံကောင်းတွေသာ ပေါ်ပေါက်လာခဲ့တယ် မဟုတ်လား။ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လှုပ်ရှားခဲ့ကြတဲ့ ၁၉၈၈ အခင်းအကျင်းနဲ့ ယနေ့ ဘာတွေ ကွာသလဲ၊ ကြည့်လိုက်ရအောင်။

ဒီနေ့ အခြေအနေတွေက ဘာကိုပြနေသလဲဆိုတော့ -

(၁) နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ၁၉၈၈ ခုနှစ်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် ငတ်မွတ်နေတဲ့ လူထု ရှိတယ်၊ Globalization နဲ့ Internet တွေကြောင့် ပြင်ပကမ္ဘာအကြောင်း ဦးနေဝင်းခေတ်ထက် ပိုသိကြတဲ့ လူထုကြီး ရှိနေတယ်။

(၂) ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ရမယ်ဆိုတဲ့ အဖြေကို ၁၉၈၈ ခုနှစ်ကတည်းက ရှာတွေ့ထားပြီးတဲ့အပြင် ဒီနည်းလမ်းတွေနဲ့ ကုသခဲ့လို့ ဒီနေ့ ဖွံ့ဖြိုးစပြုနေတဲ့ နိုင်ငံတွေကို မြင်ရတဲ့အခါ ဒီအဖြေ မှန်တယ်ဆိုတာပါ ယုံစားထားပြီး ဖြစ်တယ်။

(၃) ပြုပြင်ပြောင်းလဲရေးအတွက် ယုံကြည်ချက် အင်မတန် ခိုင်မာတဲ့ ခေါင်းဆောင်တွေ လူထုအကြားမှာ ရှိနေတယ်။

ငါ ဆိုလိုချင်တာက ယနေ့ အခြေအနေက ၁၉၈၈ အခြေအနေနဲ့ အတူတူပဲ သူငယ်ချင်း၊ တဖက်က ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲပေးဖို့ Mindset မရှိတဲ့ အာဏာရှင်၊ တဖက်က ဖွံ့ဖြိုးတိုးတက်မှုကို ၁၉၈၈ ထက် ပိုပြီးငတ်မွတ်နေတဲ့ လူထု၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခိုင်မာတဲ့အဖြေတွေ၊ ဆောင်ရွက်ရမယ့် နည်းလမ်းတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ လုပ်ကြမယ့် လူထုခေါင်းဆောင်တွေ ရှိနေတယ်။

၁၉၈၈ နဲ့ ဒီနေ့ အခင်းအကျင်းကို ပြောပြီးလို့ အခု ဦးနေဝင်း အာဏာရှင်ခေတ်နဲ့ ဦးသန်းရွှေ အာဏာရှင်ခေတ်ကို နှိုင်းယှဉ်ပြောဦးမယ်။ အဲဒါကတော့ ပြည်ပဖိအားပေါ့။ သတင်းနည်းပညာ တိုးတက်မှုတွေကြောင့် အာဏာရှင်ရဲ့ ဖိနိုပ်ရက်စက်မှုတွေကို ကမ္ဘာက ပိုသိရသလို Globalization ကြောင့် ဦးနေဝင်းခေတ်လို တိုင်းပြည်ကို ကမ္ဘာလောကကြီးကနေ ဆွဲထုတ်ထားလို့ လုံးဝ မဖြစ်နိုင်တော့တဲ့ အခြေအနေပေါ့။ ဒီတော့ ဦးနေဝင်း ခံစားရတဲ့ ပြည်ပဖိအားထက် အဆပေါင်းများစွာသော ဖိအားကို ဦးသန်းရွှေ ခံစားရတာပေါ့။ ဒီတော့ သူဘာလုပ်သလဲ။ မင်းသိတဲ့အတိုင်း တရုတ်ပြည်ကို ဆရာတင် အကာအကွယ်ယူလိုက်တယ်။ အဲဒီတော့ အတုံ့အလှည့်နဲ့ တရုတ်ပြည်ကို အထူးအခွင့်အလမ်းတွေ ပေးရတော့တာပေါ့။ ဒီနေရာမှာ မင်းကို ငါပြောချင်တယ်ဆိုတဲ့ “Sustainable Development” ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ရောက်လာပါပြီ။

၁၉၉၂ ခုနှစ်မှာရဲ့ အစောပိုင်း ကာလတွေမှာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ရလဒ်တွေကို ပြန်သုံးသပ် ဆင်ခြင်ကြည့်ကြတော့ မမျှော်လင့်တဲ့ ဆိုးကျိုးတွေကို တွေ့လာရတယ်။ ဥပမာ - သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ပြန်လည်အစားထိုးလို့ မရနိုင်တဲ့ သဘာဝ သယံဇာတ ကုန်ခမ်းသွားတာတွေကစလို့ ကမ္ဘာကြီးပူနွေးလာနေတဲ့ကိစ္စ အဆုံးပေါ့။ ဒီအခြေအနေတွေကြောင့် နောက်ထပ် ပေါ်ထွက်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှု အယူအဆက Sustainable development အယူအဆပဲပေါ့။ ဒီအယူအဆကို လွယ်အောင်ပြောရရင် “တို့ခေတ်အခါမှာလည်း တို့အတွက် လိုအပ်ချက်တွေ ပြည့်စုံအောင် လုပ်ကြတာပေါ့။ ဒါပေမယ့် ငါတို့ အဲဒီလို လုပ်သွားလို့ နောင်လာနောက်သား ငါတို့ မျိုးဆက်တွေမှာ သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အရေး အခက်တွေ့ရတာမျိုး မဖြစ်စေသင့်ဘူး” ဆိုတဲ့ အတွေးခေါ်ပဲ ဖြစ်တယ်။

မင်း အချိန်တော်တော်များများ နေထိုင်ခဲ့ရတဲ့ ကချင်ပြည်နယ်ကို ပြန်တွေးကြည့်ရအောင်။ မေခနဲ့ မလိခ မြစ်ကြမ်းပြင်က ရွှေစင်ရွှေမှုန်တွေ ဘယ်ရောက်သွားပြီလဲ။ တရုတ်ပြည်ကလူတွေ ရွှေရှာတဲ့ သံဖောင်ကြီးတွေ သယ်လာ၊ စက်တွေနဲ့ စုတ်တင်သွားလိုက်တာ ကုန်သလောက် မဟုတ်လား။ ဖားကန့်က ကျောက်စိမ်းတွင်းတွေလည်း ဘာထူးသေးသလဲ။ တရုတ်ပြည်ဘဏ်တွေက အထောက်အပံ့ရထားတဲ့ ကုမ္ပဏီတွေက စက်ယန္တယားကြီးတွေနဲ့ ထိုးကော်နေလိုက်ကြတာ၊ နာမည်ကြီး ကျောက်စိမ်းထွက်တဲ့ ကျောက်အလွှာတွေကုန်လို့ အရင်က ထိုးကော်ထုတ်ထားတဲ့ နေရာတွေမှာ ပြန်ရှာရတဲ့ အဆင့်ရောက်နေပြီ မဟုတ်လား။ ကချင်ပြည်နယ်က ကျွန်းတောကြီးတွေ နေရာမှာ တောင်ကတုံးတွေ ဖြစ်ကုန်ပြီ မဟုတ်လား။ ငါ ဆိုလိုတာက တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကြီးဟာ ပမာဏကြီးလွန်းတော့ တို့နိုင်ငံက ရေမြေသယံဇာတတွေကို ခဏလေးနဲ့ Absorb လုပ် စုပ်ယူသွားနိုင်တဲ့ အခြေအနေ ရှိတယ်၊ ရှိလည်း ရှိနေပြီ။ ဒီ့အပြင် ရတဲ့ အခွင့်အရေးကိုလည်း အစွမ်းကုန် အသုံးချနေပြီဆိုတာ ပြောပြချင်လို့ပါ။

ဒီတော့ Sustainable Development ရှုထောင့်က ကြည့်ရအောင်။ အထက်က အဖြစ်ရပ်မှာ နိုင်ငံတော်က ဘာအကျိုးအမြတ် ရလိုက်သလဲ။ နိုင်ငံတော်ထက် ပိုအကျိုးအမြတ်ထွက်တဲ့ သူတွေကို မင်း ကောင်းကောင်း သိနေပါတယ်။ စီးပွားရေးအရ ရေရှည်တည်တံတဲ့ အကျိုးဖြစ်ထွန်းမှု နိုင်ငံတော်က မရလိုက်တဲ့အပြင်၊ တောတောင်တွေ ပြုန်းတီး၊ မြစ်တွေ ကောကုန်ပြီး အရင်နှစ်ပေါင်းများစွာက မကြုံတွေ့ရဖူးတဲ့ မြစ်ရေလျှံ၊ ရေကြီးမှုတွေ၊ ရေစီးကြောင်းတွေ ပြောင်းလို့ ရွာတွေ ရွှေ့ပြောင်းခဲ့ရတာတွေ စတဲ့ ပတ်ဝန်းကျင် ပျက်စီးမှုတွေသာ အဖတ်တင် ကျန်ရစ်ခဲ့တယ် မဟုတ်လား။ ရှေ့အနှစ် ၅ဝ-၁ဝဝ လောက်ကိုပဲ မှန်းဆကြည့်ရင်တောင် ကချင်ပြည်နယ်မှာ နေထိုင်အသက်မွေးကြမယ့် နောင်လာ နောင်သားများအရေး တွေးကြည့်ရင် ဘယ်လောက်များ ရင်လေးစရာ ကောင်းလိုက်သလဲ သူငယ်ချင်း။ ဒီ ကချင်ပြည်နယ် ဥပမာကစလို့ ဒီနေ့ တနိုင်ငံလုံး ဖြစ်ပျက်နေပုံကို ဆက်တွေးကြည့်စမ်းပါ သူငယ်ချင်း။ ငါတို့ မြေးမြစ်တွေ ဒီမြေ၊ ဒီရေမှာ တို့တတွေ ကြီးပြင်းခဲ့ကြသလို သူတို့ ရှင်သန်ကြီးပြင်းခွင့် ရှိပါဦးမလား။ မင်း စိတ်ဝင်စားရင် ဒီ Sustainable Development အကြောင်းတွေ ထပ်ဆွေးနွေးကြတာပေါ့။

ငါ့စာလည်း အတော်ရှည်သွားပြီမို့ နိဂုံးချုပ်တော့မယ်..

ဒီနေ့ အခြေအနေတွေရဲ့ အရင်းအမြစ်ဟာ တို့နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေး အဖြေမရှာဘဲ “ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်” ဆိုတဲ့ အာဏာရှင်တဦးကြောင့်ပါ။ ဒီ အာဏာရှင်ကို ဖယ်ရှားနိုင်မှသာ တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လို့ ကမ္ဘာ့အလယ် လူရာဝင်ရပါလိမ့်မယ်။ ဒီနေ့ အခြေအနေဟာ ၁၉၈၈ အခြေအနေနဲ့ အတူတူပဲလို့ ငါ ပြောခဲ့ပြီးပါပြီ။ တခုပဲ ကျန်ပါတော့တယ်။ ၁၉၈၈ ခုနှစ်က တပ်မတော်ဟာ အာဏာရှင် အယုံသွင်းရာ လိုက်ပြီး လူထုဆန္ဒကို ကျောခိုင်းခဲ့တယ်။ ဒီနေ့ ဘာလုပ်မှာလဲ။ ဒီလို မေးရတာက “တပ်မတော်ဟာ အမျိုးသား နိုင်ငံရေးကို လုပ်နေတာ” လို့ မင်း ငါ့ကို အမြဲပြောပြခဲ့တယ်။ ဒီနေ့ တပ်မတော်က လုပ်ပေးရမှာ “တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ အာဏာရှင်ကို ဖယ်ရှားပေးဖို့ပဲ ဖြစ်တယ်” သူငယ်ချင်း။ ပိုပြီး တိတိကျကျ ဆိုရရင် တပ်မတော်ရဲ့ အမျိုးသား နိုင်ငံရေးတာဝန်ဟာ တို့နိုင်ငံမှာ “အာဏာရှင်စနစ် မပေါ်ပေါက်အောင် ကာကွယ်တားဆီးပေးရမယ့် တာဝန်” ပဲ ဖြစ်တယ် သူငယ်ချင်း။

တိုင်းပြည်နဲ့ လူထုကို အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ တပ်မတော်ရဲ့ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ တိုင်းပြည်အတွက် စစ်မှန်တဲ့၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပူးပေါင်းဆောင်ရွက်ကြရအောင်။

မင်းရဲ့ အမြင်နဲ့ လုပ်ပေးနိုင်တာလေးတွေကိုလည်း သိချင်ပါသေးတယ်။ စာပြန်ပါဦး။

မင်းရဲ့ သူငယ်ချင်း
မောင်ရွှေ

ဥပဒေကို ဖိနှိပ်ရေးအတွက် အသုံးချခြင်း


မင်းလွင်ဦး
ကြာသပတေးနေ့၊ ဇွန်လ 04 2009 19:19 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူအား သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သည့်အတွက်၊ အမှန်တရားကို ဖုံးကွယ်ခဲ့သည့်အတွက် အရေးယူခဲ့ရကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သည့်အတွက် နိုင်ငံတကာမှ ဝင်မစွက်သင့်ကြောင်း ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

တနည်းအားဖြင့် ငါတို့နိုင်ငံထဲမှာ ငါတို့ လုပ်ချင်တာလုပ်မယ်၊ မဆိုင်သူတွေ ဝင်မရှုပ်နဲ့ဟု နိုင်ငံတကာကို ခပ်ရိုင်းရိုင်း တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုမရှိ၊ လွတ်လပ်သည့် တရားစီရင်ရေးဆိုတာ မရှိကြောင်းကိုလည်း နိုင်ငံတကာက ပိုမိုသိရလေအောင် အတိအလင်း ထုတ်ဖော်ပြောဆိုရာရောက်သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့်ကိစ္စသည် တရားဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ နိုင်ငံတကာက သံသယဖြင့် စောင့်ကြည့်နေချိန်တွင် ဒေသအတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်စေနိုင်သည်ဟု ခြိမ်းခြောက်လိုက်သည့်အတွက် ယခုကဲ့သို့ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများက အပြင်းအထန် ပြန်လည် တုံ့ပြန်ပြောဆိုမှုများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုထားခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိကို သုံးသပ်ရလျှင် -

အဆိုပါ ဥပဒေပုဒ်မ ၉ (င)တွင် အရေးယူခြင်း ခံရသူအား တရားစွဲဆိုနိုင်လောက်သည့် အချက်အလက် ပြည့်စုံလျှင် တရားစီရင်ရေးအဖွဲ့သို့ ချက်ချင်း ပို့ရမည်။

ဥပဒေပြဋ္ဌာန်းချက်အရ ဒေါ်အောင်ဆန်းစုကြည်အား မူလ အရေးယူထားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက် အထောက်အထားများ ခိုင်လုံစွာ တင်ပြနိုင်လျှင် တရားစွဲဆိုရန် တရားစီရင်ရေးအဖွဲ့သို့ ချက်ချင်း ပို့ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ မူလအရေးယူထားသည့်ကိစ္စမှာ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။

(၁) အကြမ်းဖက် ရိုက်နှက်ခံရသူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံအားပေးသူများ ဖြစ်သည်။ ထိုအကြမ်းဖက်မှုကို ဒေါ်အောင်ဆန်းစုကြည်က စီမံဆောင်ရွက်ခဲ့ခြင်း မဟုတ်၊ အာဏာပိုင်များက စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ထိုအကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနိုင်ရန် အာဏာပိုင်များဘက်မှ အချက်အလက် တင်ပြနိုင်ခြင်း မရှိ။

ဒီပဲယင်း အဖြစ်အပျက် ဖြစ်ပေါ်လာအောင် ဒေါ်အောင်ဆန်းစုကြည်က စီမံဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု အထောက်အထား အချက်အလက် အပြည့်အစုံ ရှာဖွေတွေ့ရှိလျှင် တရားစီရင်ရေးအဖွဲ့သို့ ချက်ချင်း ပို့ပြီး တရားစွဲဆိုရန် ဖြစ်သည်။

(၂) အရေးယူခြင်းခံထားရသည့် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့် ဥပဒေကိုမျှ ချိုးဖောက်ခဲ့ခြင်း မရှိ။ ထို့ကြောင့် ပြဋ္ဌာန်းထားသည့် ဥပဒေအရ သတ်မှတ်ကာလ ပြည့်လျှင် ပြန်လည်လွှတ်ပေးရမည် ဖြစ်သည်။

အဆိုပါ ပုဒ်မ ၉ (ဇ) တွင် ဖမ်းဆီးချုပ်နှောင်သူအား ပြန်လွှတ်ပြီးနောက် မူလအရေးယူခဲ့သည့် (ဒီပဲယင်း အကြမ်းဖက်လုပ်ကြံမှု) ကိစ္စရပ်အပေါ် အခြေပြု၍ ဤ ဥပဒေအရ ထပ်မံဖမ်းဆီးချုပ်နှောင်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရမည်ဖြစ်သည်။ ထိုသို့ လွှတ်ပေးခြင်း မပြုမီ ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းအရာတခုခုဖြင့် တရားစွဲဆိုထားမှသာ ဆက်လက်၍ ချုပ်နှောင်ထားနိုင်မည် ဖြစ်သည့်အတွက် အာဏာပိုင်များက အကွက်ချစီမံဆောင်ရွက်၍ ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁ဝ (ခ) ဖြင့် ကန့်သတ်တားဆီးမိန့်များ ထုတ်ပြန်ထားခြင်းကို ပြန်လည်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံ ရဲချုပ်ခင်ရီနှင့် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်းတို့က အင်းစိန်ထောင်အတွင်းရှိ ရိပ်သာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဖတ်ကြားအသိပေးခဲ့သည်။ ကန့်သတ်တားဆီးထားသည့် အချိန်ကာလမှာလည်း နောက်ထပ် ၆ လ ထပ်မံချုပ်နှောင်ထားနိုင်ကြောင်းကို သံတမန်များနှင့် နိုင်ငံခြားသတင်းထောက်များကို သတင်းစာရှင်းလင်းပွဲဖြင့် ရှင်းပြခဲ့သည်။ နောက်ထပ် ၆ လ ထပ်မံချုပ်နှောင်ထားနိုင်သည် ဆိုသည့်အချက်နှင့် ပတ်သက်၍ -

ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားဆီးသည့် အချိန်ကာလ ကျော်လွန်နေပြီဖြစ်ကြောင်း အစိုးရအဖွဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များက အကြိမ်ကြိမ် အယူခံတင်သွင်းခဲ့သည်။ အယူခံမှုကို လက်ခံ၍ လျှောက်လဲချက်ပေး ကြားနာခွင့်ပြုခဲ့ပါက အကျိုးဆောင် ဦးကြည်ဝင်းတို့ဘက်မှ သတ်မှတ်ထားသည့် ကာလသက်တမ်း ၅ နှစ် ကျော်လွန်နေပြီဖြစ်ကြောင်းကို ဥပဒေနှင့်အညီ တင်ပြမည်ဖြစ်သည်။ ထိုအချက်များကို ဗဟိုအဖွဲ့ သို့မဟုတ် အစိုးရအဖွဲ့အနေဖြင့် မငြင်းဆိုနိုင်။ ထို့ကြောင့် အယူခံမှုကို လက်မခံဘဲ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အောက်ပါ အချက်များအရ တွေ့ရမည်ဖြစ်သည်။

ဥပဒေပုဒ်မ ၁ဝ (ခ) အရ တားဆီးမှုပြုလုပ်ရန် လိုအပ်ခြင်းကြောင့် ဗဟိုအဖွဲ့၏ အခွင့်အာဏာဖြင့် သူမ၏ နေအိမ်မှာပင် ၂၈-၁၁-၂ဝဝ၃ ရက်နေ့မှ ၂၇-၁၁-၂ဝဝ၄ ရက်နေ့အထိ ကန့်သတ်တားဆီးခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပုဒ်မ ၁၄ အရ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် တနှစ်ထက်မပိုဘဲ အောက်ပါအတိုင်း ဆက်လက်တားဆီးခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးချုပ်မြင့်သိန်းက ပြောဆိုခဲ့သည်။

(က) ၂၈-၁၁-၂ဝဝ၄ မှ ၂၇-၁၁-၂ဝဝ၅ အထိ ပထမအကြိမ် (၁) နှစ်

(ခ) ၂၈-၁၁-၂ဝဝ၅ မှ ၂၇-၅-၂ဝဝ၆ ထိ ဒုတိယအကြိမ် (၆) လ

(ဂ) ၂၈-၅-၂ဝဝ၆ မှ ၂၇-၅-၂ဝဝ၇ ထိ တတိယအကြိမ် (၁) နှစ်

(ဃ) ၂၈-၅-၂ဝဝ၇ မှ ၂၇-၅-၂ဝဝ၈ ထိ စတုတ္ထအကြိမ် (၁) နှစ်

(င) ၂၈-၅-၂ဝဝ၈ မှ ၂၇-၅-၂ဝဝ၉ ထိ ပဉ္စမအကြိမ် (၁) နှစ်

ဗဟိုအဖွဲ့၏ အခွင့်အာဏာမှာ ပုဒ်မ ၁ဝ (က) ပါ ပြဋ္ဌာန်းချက်အရ ချုပ်နှောင်နိုင်သည့် ကာလအပိုင်းအခြားမှာ တကြိမ်လျှင် ရက်ပေါင်း ၆ဝ ဖြင့် ရက်ပေါင်း ၁၈ဝ အထိ ဖြစ်သည်။

ပုဒ်မ ၁၂ တွင် ဗဟိုအဖွဲ့သည် အရေးယူခြင်းခံရသူအား ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (က) ပါ ကာလအပိုင်းအခြားထက် ကျော်လွန်၍ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားရန် လိုအပ်ပါက ဝန်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။

ဆိုလိုသည်မှာ ရက်ပေါင်း ၁၈ဝ ထက် ကျော်လွန်ချုပ်နှောင်ထားလိုပါက ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်သည်။

ပုဒ်မ ၁၄ တွင် ဝန်ကြီးအဖွဲ့သည် ဆက်လက်ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှု ပြုလုပ်ရန်ဖြစ်စေ ကြိုတင်ခွင့်ပြုချက်ပေးရာတွင် တကြိမ်လျှင် တနှစ်ထက် မပိုစေဘဲ စုစုပေါင်း ၅ နှစ်အထိ ခွင့်ပြုနိုင်သည်။

ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စတင်၍ တားဆီးမိန့်ထုတ်ပြန်သည့် ကာလသည် ၂၈-၁၁-၂ဝဝ၃ မှ စတင်ခဲ့ပြီး ၂၇-၅-၂ဝဝ၉ အထိ တွက်လျှင် စုစုပေါင်း တားဆီးမိန့်ကာလမှာ ၅ နှစ် နှင့် ၆ လ ဖြစ်သည်ကို တွေ့ရမည်။

သတင်းစာရှင်းလင်းပွဲတွင် ဥပဒေပုဒ်မ ၁ဝ (ခ) အရ တားဆီးမှုပြုလုပ်ရန် လိုအပ်ခြင်းကြောင့် ဗဟိုအဖွဲ့၏ အခွင့်အာဏာဖြင့် သူမ၏ နေအိမ်မှာပင် ၂၈-၁၁-၂ဝဝ၃ ရက်နေ့မှ ၂၇-၁၁-၂ဝဝ၄ ရက်နေ့အထိ ကန့်သတ်တားဆီးခြင်းကို စတင်ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြခဲ့ရာ ဗဟိုအဖွဲ့တွင် ထိုအခွင့်အာဏာမရှိ၊ ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ဆက်လက်တားဆီးနိုင်သည်ကို ပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်အရ တွေ့ရမည်ဖြစ်သည်။ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန်နှင့် နိုင်ငံတကာကို လှည့်စားရန် ဥပဒေကို လက်တလုံးခြားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

သတ်မှတ်ကာလ ၅ နှစ် ကျော်လွန်ပြီးဖြစ်သည့်အတွက် ဆက်လက်၍ တားဆီးချုပ်နှောင်ထားခြင်းသည် မတရား တားဆီးချုပ်နှောင်ထားမှု ဖြစ်ကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် လက်အောက်ရှိ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားခြင်းဆိုင်ရာ အလုပ်အဖွဲ့က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

ထို့အပြင် သံတမန်များနှင့် နိုင်ငံခြား သတင်းထောက်များအား ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား John William Yettaw ကို ၂ ရက် နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း စသည့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းသည် တည်ဆဲဥပဒေနှင့် ငြိစွန်းနေခြင်းကြောင့် မလွှဲမရှောင်သာ ဝမ်းနည်းစွာဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်ပါကြောင်း ရဲမှူးချုပ်မြင့်သိန်းက ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံတကာအစိုးရများက ဥပဒေများ ပြဋ္ဌာန်းထားရခြင်းနှင့် ကျင့်သုံးအကောင်အထည်ဖော်ရခြင်းသည် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ ဥပဒေကို လက်နက်သဖွယ် အသုံးပြု၍ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်ရန် မဟုတ်ဆိုသည့် အခြေခံ သဘောတရားကို လက်ကိုင်ထားကြသူများ ဖြစ်သည်။ နအဖ၏ လုပ်ဆောင်ချက်များကမူ ထိုသို့မဟုတ်။ ဥပဒေကို လက်နက်သဖွယ် အသုံးပြု၍ ဖိနှိပ်ခြင်း ဖြစ်သည့်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအဖို့ နိုင်ငံတကာ အစိုးရများအကြားတွင် မျက်နှာပျက်စရာ ဖြစ်လာရသည်။

နအဖသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်နိုင်အောင် နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်နေခြင်း ဖြစ်ကြောင်းနှင့် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်သည့် တရားဝင်အစိုးရအဖြစ်သို့ ရောက်အောင် စီမံဆောင်ရွက်နေကြောင်း အထက်ဖော်ပြပါ အချက်များအရ ပိုမိုသိသာထင်ရှားစေသည်။

နအဖ၏ ဥပဒေမဲ့လုပ်ရပ်များဖြင့် တရားဝင်မှုရအောင် လုပ်ဆောင်ခြင်းကို ခွင့်ပြုခဲ့ပါက နောင်တွင် ယခုထက်ပို၍ ရှုပ်ထွေးမှုများ၊ ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်ရမည်ကို အာဆီယံခေါင်းဆောင်များကလည်း သတိပြုမိလာသည့်အတွက် ယခုကဲ့သို့ အပြင်းအထန် ကန့်ကွက်ပြောဆိုလာခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

ပါလီမန်လွှတ်တော်နှင့်ဒီမိုကရေစီအနာဂတ်

Photobucket
NEJ / ၄ ဇွန် ၂၀၀၉
အယ်ဒီတာအာဘော်(ခေတ်ပြိုင်)

ဒီမိုကရေစီဟူသည်မှာ အမြဲတမ်းတိုးတက်ပြောင်းလဲနေသော နိုင်ငံရေးဖြစ်စဉ်ဖြစ်သည်။ မိမိအားနည်းချက်နှင့် ချို့ယွင်းချက်ကို မိမိဖာသာပြုပြင်သွားသော နိုင်ငံရေးစနစ်ဟုလည်း ခေါ်နိုင်သည်။ ဗြိတိသျှပါလီမန်အောက်လွှတ်တော်မှ ကိုယ်စားလှယ်များ ရပိုင်ခွင့်စရိတ်စက အလွဲသုံးစားလုပ်သည်ကို လွန်ခဲ့သော မေလ၌ “ဒေလီးတယ်လီဂရဖ်” သတင်းစာက ဖော်ထုတ်၍ ဗြိတိန်နိုင်ငံသားများ ဒေါသထွက်ကြသဖြင့် ပြည်သူ့ဆန္ဒဦးစားပေးသည့် ပါလီမန်လွှတ်တော်ပြုပြင်ရေးလုပ်ရန် အာဏာရပါတီနှင့် အတိုက်အခံပါတီတို့ ပြောဆိုနေကြပါပြီ။ ဗြိတိသျှပါလီမန်ကို ကမ္ဘာ့လွှတ်တော်များ၏ မိခင်ကြီးအဖြစ် အသိအမှတ်ပြုထားကြသဖြင့် ပါလီမန်ဒီမိုကရေစီရှေ့ရေးကို တကမ္ဘာလုံးက စိတ်ဝင်းစားနေကြသည်။

အင်္ဂလိပ်ပါလီမန်၌ ကိုယ်စားလှယ် (၆၄၆) ဦးရှိသည်။ ပါလီမန်အစည်းအဝေး တက်သည့်နယ်မှ ကိုယ်စားလှယ်များ လန်ဒန်တွင် နေထိုင်သည့် ကုန်ကျစရိတ်ကို ပါလီမန်က ပေး၏။ ဤသည်ကို ဒုတိယအိမ်စရိတ်ဟု ခေါ်သည်။ လန်ဒန်မြို့တွင်း၌ နေထိုင်သော ကိုယ်စားလှယ်များ ဤစရိတ်ကို ခံစားပိုင်ခွင့်မရှိ။ သို့သော်လည်း ပါလီမန်စရိတ်စက ဌာနသည် အစစ်အဆေးမလုပ်ဘဲ တောင်းသရွေ့ထုတ်ပေးသဖြင့် ရပိုင်ခွင့်မရှိဘဲ စရိတ်ရသူများနှင့် ရပိုင်ခွင့်အလွဲသုံးစား လုပ်သူများရှိလာသည်။ အချောင်နှိုက်မှုကို သတင်းစာက ဖွင့်ချသောအခါ လွှတ်တော်တရပ်လုံး ကသိကအောက် ဖြစ်ကုန်၏။ ဤပြဿနာကို အကိုင်အတွယ်မတတ်သော လွှတ်တော်ဥက္ကဋ္ဌ နုတ်ထွက်လိုက်ရ၏။ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုင်ကယ်မာတင် နုတ်ထွက်ရခြင်းသည် အနှစ် (၃၀၀) ကျော်တွင် ပထမဆုံးသော အကြိမ်ပင်ဖြစ်သည်။

ဗြိတိသျှပါလီမန်လွှတ်တော်သည် (၁၃) ရာစုအစောပိုင်း (၁၂၁၅) ၌ ပေါ်ပေါက်သည်ဟု ဆိုသဖြင့် (၇၉၄) နှစ် သက်တမ်းရှိသည့် နိုင်ငံရေးအဖွဲ့အစည်းပင်ဖြစ်သော်လည်း သန့်စင်ဖို့ လိုအပ်နေတုန်းဖြစ်၏။ စရိတ်စက အချောင်နှိုက်သူများသည် အာဏာရလေဘာပါတီ၊ အတိုက်အခံကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီဝင်များဖြစ်သဖြင့် နိုင်ငံရေးပါတီစနစ်ပါ သိက္ခာကျလာသည်။ မိမိရရှိရသော မဲဆန္ဒအချိုးအစားကိုလိုက်၍ ကိုယ်စားလှယ်တင်မြှောက်သောစနစ်ကို တင်ပြလာကြသည်။ ပါလီမန်လွှတ်တော်၊ ပါတီစနစ်၊ ရွေးကောက်ပွဲစနစ် သုံးခုစလုံး ပြုပြင်ပြောင်းလဲဖို့ ပြောဆိုနေကြပါပြီ။

သတင်းလွတ်လပ်မှုအက်ဥပဒေအရ သတင်းစာက တောင်းဆိုသည်ကို လွှတ်တော်က လိုက်လျောရသည့်အတွက် အလွဲသုံးစားလုပ်မှုကို ပြည်သူများ သိရှိရခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံ၌ ပါလီမန်ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးအတွက် သတင်းစာက ကြားဝင်ပြီး ဝေဖန်သုံးသပ်ကာ ကျားကန်ပေးလိုက်ခြင်းဖြစ်၏။ ဒီမိုကရေစီစနစ်၌ အုပ်ချုပ်ရေးဌာန၊ ဥပဒေပြုရေးဌာန၊ တရားစီရင်ရေးဌာနနှင့် လွတ်လပ်သော စာနယ်ဇင်းဟူ၍ မဏ္ဍိုင်ကြီး (၄) ခုရှိသည်။ သတင်းစာကို စတုတ္ထမဏ္ဍိုင်ဟုခေါ်သည်။ ဤမဏ္ဍိုင် (၄) ခုသည် သီးခြားလွတ်လပ်စွာ တည်ရှိကြသော်လည်း တဦးနှင့်တဦး အပြန်အလှန်ထိန်းကြသည်။ ထို့ကြောင့် စာနယ်ဇင်းနဲ့ တရားရေးဌာနလွတ်လပ်မှုသည် အလွန် အရေးကြီး၏။

ဗမာစစ်အစိုးရသည် ဤမဏ္ဍိုင်ကြီး (၄) ခုစလုံးကို ချုပ်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်နေသည်။ ထို့ကြောင့် မြန်မာပြည်တွင် ဒီမိုကရေစီ၏ အခြေခံတခုမျှမရှိသေးပါ။ တိုင်းပြည်ဘဏ္ဍာကို လုယက်ဖို့သာသိသော စစ်အစိုးရသည် ရွေးကောက်ပွဲကျင်းပရုံနှင့် ဒီမိုကရေစီတည်ဆောက်နိုင်သည်ဟု ယူဆနေသည်။ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေး လွတ်လပ်မှုမရှိသော နိုင်ငံ အများကြီးရှိသည်။ အာဏာရအစိုးရ၏ ဖောက်ပြန်မှုကို ဖော်ထုတ်နိုင်သော စာနယ်ဇင်း လွတ်လပ်မှုသည် ရွေးကောက်ပွဲထက် အရေးကြီးသည်ဟု ယူဆသူများရှိသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် အနိုင်ရသောပါတီ အာဏာရလာရုံနှင့် မပြီးသေးပါ။ ယင်းပါတီနှင့်အစိုးရကို စောင့်ကြည့်မည့် လွတ်လပ်သော တသီးပုဂ္ဂလ စာနယ်ဇင်းနှင့် တရားသောဥပဒေကို ကျင့်သုံးမည့် တရားရေးဌာန ရှိရန် လိုအပ်သည်။ စာနယ်ဇင်းနဲ့ တရားဌာန လွတ်လပ်မှုမရှိသော တိုင်းပြည်တွင် ဒီမိုကရေစီလည်း မရှိနိုင်ပါ။

စာနယ်ဇင်းနှင့်တရားရေးဌာန လွတ်လပ်မှုမရှိဘဲ တည်ထောင်သော အစိုးရစနစ်သည် “ကလက်တိုကရေစီ” Kleptocracy (ခေါ်) သူခိုးအုပ်ချုပ်ရေးစနစ်သာဖြစ်ပေသည်။ ဈေးကွက်စီးပွားရေးခေတ်၌ တရုတ်ကွန်မြူနစ်သည်လည်း သူခိုးတမျိုးဖြစ်လာသည်။ စီးပွားရေး တိုးတက်သကဲ့သို့ အချောင်ဝင်နှိုက်သော အာဏာပိုင်သူခိုးလည်း များပြားလာ သည်။ အာဏာပိုင်များနှင့် အဆက်အသွယ်ရှိသူသည် ဘဏ်မှ ငွေချေးပြီး ပြန်ဆပ်လေ့မရှိပါ။ အလွဲသုံးစားလုပ်မှုဖြင့် တရုတ်အစိုးရအမှုထမ်းများ အရေးယူခံရသော သတင်းကို ရှင်ဟွာသတင်း၌ မကြာခဏ ဖော်ပြပါသည်။ ပြည်နယ်အစိုးရများတွင် သူခိုးပိုများသည်ကို တွေ့ရ၏။

ကွန်မြူနစ်စီးပွားရေးကျင့်သုံးစဉ်က မချမ်းသာသော်လည်း အစိုးရဘဏ္ဍာကို ခိုးယူမှု၊ လုယက်မှု အလွန်နည်းပါးသည်။ လွန်ခဲ့သော အနှစ် (၃၀) မှစ၍ ဈေးကွက်စနစ်နှင့်အတူ ကွန်မြူနစ်သူခိုးများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်နှင့် တရုတ်ပြည်တွင် အစိုးရသည် အစသာရိုးပြီး နောက်ပိုင်းတွင် သူခိုးဖြစ်သွားတော့သည်။ သူခိုးလူတန်းစား သည် ဒီမိုကရေစီကို မည်သည့်အချိန်အခါတွင်မှ တည်ဆောက်နိုင်မည်မဟုတ်ပါ။

ပင်လံသက်သေမွေခံထိုက်စေ



၎ ဇွန် ၂၀၀၉
နအဖဟာ အပစ်ရပ် ငြိမ်းအဖွဲ့တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး “အသွင်ကူးပြောင်းရေး မူဝါဒကော်မတီကို” တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ကြမည့်အပြင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ တွဲဖက်အတွင်းရေးမှူးများဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းထားတာကိုကြည့်ရင် နအဖအနေနဲ့ အပစ်ရပ် တိုင်းရင်းသားတွေအပေါ်မှာ သတိထားကိုင်တွယ် နှိပ်ကွပ်မယ့်သဘော တွေ့ရပါတယ်။

ဆက်လက်ပြီး တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်က ဥက္ကဋ္ဌ၊ တိုင်းမှူးများက အဖွဲ့ဝင်၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်၊ ညွှန်ကြားရေးမှူး (ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်း)၊ စစ်ဦးစီးမှူး (ပထမတန်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တာဝန်ဌာနခွဲ အဖွဲ့ဝင်နဲ့ ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ် များ ညွှန်ကြားရေးမှူးရုံး အတွင်းရေးမှူးနဲ့ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ ချုပ်ရုံးမှ စစ်ဦးစီးမှူး (ပထမတန်း)၊ တွဲဖက်အတွင်းရေးမှူးများပါဝင်တဲ့ “အသွင်ကူးပြောင်းရေးလုပ်ငန်းကော်မတီ” ကိုလည်း ဖွဲ့စည်းထားပါတယ်။

ဒါ့အပြင် တိုင်းမှူး ဥက္ကဋ္ဌ၊ ဒုတိယတိုင်းမှူး အပါအ၀င် ဦးစီးအရာရှိကြီးများ ပါဝင်တဲ့ အသွင်ကူးပြောင်းရေး “တိုင်းအဆင့် လုပ်ငန်းကော်မတီ” ဆိုပြီးတော့လည်း ဖွဲ့စည်းထားပါသေးတယ်။

ဒါပေမယ့် အဲဒီကော်မတီအဆင့်ဆင့်မှာ အပစ်ရပ် တိုင်းရင်းသားခေါင်းဆောင်တွေ လုံးဝပါဝင်ခွင့်မရှိတာကိုကြည့်ရင် တိုင်းရင်းသားအခွင့်အရေးနဲ့ တန်းတူညီမျှမှုဆိုတာ အိပ်မက်ပမာသာ ရှိနေပါဦးမယ်။

ဖြစ်သင့်တာက နအဖဖွဲ့စည်းထားတဲ့ မူဝါဒကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ တိုင်းအဆင့်လုပ်ငန်းကော်မတီတွေအနက် အနိမ့်ဆုံး တိုင်းအဆင့်လုပ်ငန်းကော်မတီမှာ အပစ်ရပ်အဖွဲ့မှ အရာရှိကြီးတချို့ ပါဝင်သင့်ပါတယ်။

ဒါမှသာ ဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံအရ ပေါင်းစပ်ပြီးရင် လေ့ကျင့်ရေး၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်မှု၊ ဘာသာစကား နားမလည်မှု၊ လူမျိုး၊ ဓလေ့ထုံးစံ ကွဲလွဲမှု၊ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေများဆိုင်ရာ အခက်အခဲ စတာတွေကို ပေါင်းစပ်ညှိနှိုင်းကာ ဖြေရှင်းဖို့ လွယ်ကူနိုင်မှာ ဖြစ်ပါတယ်။

အပစ်ရပ်တွေ ဖွဲ့စည်းရမယ့် နယ်ခြားစောင့်တပ်ရင်းရဲ့ ဖွဲ့စည်းပုံနဲ့ လက်ရှိနအဖတပ်ရင်းရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့ အောက်ပါအတိုင်း နှိုင်းယှဉ်တင်ပြအပ်ပါတယ်။နယ်ခြားစောင့်တပ်တတပ်တွင် ရှိရမယ့် ဗိုလ်မှူး (၃) ယောက်အနက် တပ်မှူးနှင့် ဒု-တပ်မှူးများမှာ ငြိမ်းချမ်းရေးအဖွဲ့မှ ဖြစ်ပြီး ကျန် (၁) ဦးမှာ နအဖတပ်မှ ဌာနချုပ်တပ်ခွဲမှူး Admin အရာရှိဖြစ်ရမယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ရေးဗိုလ်ကြီး (၁) ဦးနှင့် တပ်ထောက်ဗိုလ်ကြီး (၁) ဦးတို့မှာလည်း နအဖတပ်မှသာ ဖြစ်ပါတယ်။ တပ်ခွဲမှူးများမှာမူ ငြိမ်းချမ်းရေးအဖွဲ့မှ ဖြစ်ပါတယ်။

နအဖတပ်က အခြားအဆင့် (၂၇) ယောက်အနေနဲ့ တွဲဖက်ပါဝင်ထမ်းဆောင်ရာမှာ ဒု-အရာခံဗိုလ် (ရုံးအုပ်) (၁) ယောက်၊ ဒု-အရာခံဗိုလ် (တပ်ထောက်) (၁) ယောက်၊ တပ်ကြပ်ကြီး (စာရေး) (၈) ယောက်၊ တပ်ကြပ်ကြီး (၆) ယောက်၊ တပ်ကြပ် (၉) ယောက်၊ သူနာပြုကျွမ်းကျင် (၁) ယောက်တို့ ဖြစ်ကြပြီး သူတို့ဟာ နယ်ခြားစောင့်တပ်ရဲ့ အရေးပါတဲ့ နေရာများမှာ တာဝန်ယူပြီး ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်နဲ့ ပတ်သက်ပြီး နအဖက အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။
- တပ်နေရာချထားရေးနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ညှိနှိုင်းရန်။
- လစာနှုန်းနှင့် ခံစားခွင့်များမှာ တပ်မတော်သားအတိုင်း ဖြစ်မည်။
- အဆင့်သတ်မှတ်ရန်ကိစ္စနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ သတ်မှတ်ပေးရန်။
- နယ်ခြားစောင့်တပ် (Border Guard Force) အား အစပိုင်း (သင်တန်းကာလ) အတွင်း ပူးပေါင်းကွပ်ကဲသွားမည်။
- (Border Guard Force) အား အခြားဒေသသို့ စေလွှတ်ခြင်းမရှိဘဲ ကိုယ့်နယ်အတွင်း၌သာ နယ်ခြားစောင့်တာဝန် ထမ်းဆောင်ရမည်။
- စစ်သင်တန်းစလျှင်စချင်း တပ်မတော်သားများ ခံစားခွင့်ရရှိသော (နေထိုင်၊ စားသောက်ရေး၊ မိသားစုလိုင်း) များ ခံစားခွင့်ရမည်။

ယခုအခါ UWSA ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းကို လုံးဝသဘောမတူကြောင်း ပြတ်ပြတ်သားသား နအဖအား ပြန်ကြားခဲ့ပြီးဖြစ်ပါတယ်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ မြန်မာ့ခေါင်းဆောင်တဦးအား ယခုလို မတရားသဖြင့် ပြစ်မှုဖန်တီးတဲ့ နအဖကို လုံးဝအယုံအကြည်မရှိပါဟု ၀ ခေါင်းဆောင်တဦးမှ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ဟာ တိုင်းရင်းသားတွေအတွက် လုံးဝလက်ခံနိုင်စရာမရှိတဲ့အပြင် နအဖကို ပြန်တိုက်ဖို့သာ ရှိတော့ကြောင်းလည်း ပြောကြားလာပါတယ်။

အမိမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိဖို့ တိုင်းရင်းသားတွေအားလုံးဟာ ဗိုလ်ချုပ်အောာင်ဆန်း ဦးဆောင်တဲ့ ပင်လုံစာချုပ် သက်သေတည်ပြီး စည်းလုံးညီညွတ်စွာနဲ့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပါတယ်။ လွတ်လပ်ရေး ရရှိခဲ့ပြီး ပေမယ့် တိုင်းရင်းသားတွေအနေနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို အမှန်တကယ် မရရှိသေးပါ။

ဒါ့ကြောင့် ဖခင်ရဲ့ ကောင်းမွေကို ဆက်ခံပြီး အများပြည်သူလိုလားတဲ့ လွတ်လပ်မှု၊ တန်းတူရည်တူ သာတူညီမျှမှု၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်ရင်း အာဏာရူးတွေရဲ့  မတရားဖမ်းဆီး အရေးယူခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်စောင့်ရှောက်ကြပါရန် တိုင်းရင်းသားများအားလုံးသို့ အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

ဇွန်၎ဒိုင်ယာရီ


ဖခင်ဖြစ်သူလွတ်မြောက်ရေး အတွက် ဆန္ဒပြသူ မိသားစုဝင်များ သံရုံးရှေ့တွင် အဖမ်းခံရ
June 4, 2009 ·

၎ ဇွန် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး

Lone Protester ’s Family Members Arrest Outside U.S. Embassy in Burma

မေလ ၂၈ ရက်နေ့ က အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့်လေတပ် အရာရှိ ဟောင်းတစ်ဦးဖြစ်သူ
ဗိုလ်ကြီး ဇော်ညွန့် ၏ မိသားစု ၀င်များကို ယနေ့ နံနက် က ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ မှုကြောင့် လုံခြုံရေးအဖွဲ့ ဝင်များက ဖမ်းဆီးလိုက်သည်။

အနည်းဆုံး ဆန္ဒပြသူလေးဦးပါဝင်သော အဖွဲ့ သည် ဗိုလ်ကြီးဇော်ညွန့် ၏ ဇနီး နှင့် သားသမီးများဖြစ်
ပြီး ၎င်းတို့ ၏ဖခင့် ပြန်လည် လွှတ်ပေးရန် အတွက်တောင်းဆို ဆန္ဒပြခဲ့ ခြင်းသာဖြစ်သည်။ဆန္ဒပြသူ
လေးဦး အပါအ၀င် အခြားနှစ် ဦးကို လုံခြုံရေးအဖွဲ့ ဝင်များကချက်ချင်းပြီးဖမ်းဆီးသွားခဲ့သည် ဟုမျက်မြင်တွေ့ ရှိ သူများကပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သူဦးဇော်ညွန့် မှာ မေ လ၂၈ ရက်နေ့ က အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြရာချက်ချင်းပင် ဖမ်းဆီးခံ
ရသည်။
http://longwalktofreedom.wordpress.com/

ရွှေတိဂုံစေတီအပါအ၀င် ဘုရားစေတီများကြံခိုင်မှုလိုက်လံစစ်ဆေးနေ
June 4, 2009 ·

၎ ဇွန် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း

Pagodas Robust Examine

r1146584560ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ အင်ဂျင်နီယာ ဌာန(ဆောက်လုပ်ရေး)မှကျွမ်းကျင်
သူများသည် အိုးအိမ်ဦးစီးဌာန နှင့် စစ်အင်ဂျင်နီယာ တပ်တို့ မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရန်
ကုန်မြို့ တွင်းရှိ ဘုရားပုထိုးစေတီများ ကြံခိုင်မှုရှိမရှိ လိုက်လံစစ်ဆေးနေရသည် ဟု ရန်ကုန် စည်ပင်
မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ရွှေတိဂုံ စေတီကြံခိုင်မှု အတွက် စစ်ဆေးမှုတာဝန်ယူထားသည့် အင်ဂျင်နီယာတစ်ဦးကအင်္ဂတေ သဘာဝအရ ယနွေျ့ဃ ကွန်ကရစ် သဘောမျိုး သံပြားများဖြင့် ချုပ်၍ ထိန်းမတ် ပေးထားသည်ကို တွေ့ခဲ့ရကြောင်၊ သို့ရာတွင် စနစ်တကျနှင့် ကြံ့ခိုင်မှု ရှိသည်ဟုတော့ မဆိုနိုင်ကြောင်း၊ ကြာမှောက်၊ ကြာလှန်၊ ရွဲဝန်းကျင် နေရာသည် စေတီတော်ကြီး တစ်ခုလုံးတွင် အစိုးရိမ်ရဆုံး နေရာဟု ယူဆရကြောင်း၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်းက စေတီတော် ကြံ့ခိုင်မှု စစ်ဆေးရာတွင် ယင်းကဲ့သို့ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပြောသည်။

“အရင်ဆုံးဆုံး ရန်ကုန်မြို့ ထဲကဘုရားတွေ ကြံခိုင်မှု ရှိမရှိ စစ်ဖို့ ကျွန်တော်တို့ ယာအုံက အင်ဂျင်နီယာတွေကတော့ ဓနုတ်စေတီတော် ပြိုတာနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ သွားကြပြီ။ဒီတစ်ပတ်ထဲ တိုက်ဆောက်ဖို့ လာတဲ့ ကန်ထရိုက်တွေ ဘီကျူစစ်ဖို့ လာတာ ဘယ်သူမှမရှိလို့ ဒီလို ပဲပြောလွှတ်ရ
တယ် ”လို့ စည်ပင် ၀န်ထမ်းတစ်ဦးကပြောသည်။

အခုရက် ပိုင်းအတွင်းမှာပင် မြို့ မကျောင်းလမ်းနှင့် မှော်ဘီတွင် အခြေစိုက်သည့် စစ်အင်ဂျင်နီယာ
တပ်များအနေဖြင့် ရွှေတိဂုံ ဘုရားနှင့် ဗိုလ်တစ်ထောင် ဘုရားတို့ ကို သွားရောက်စစ်ဆေးရမည် ဟု
သိရသည်။ဘုရားစေတီများကြံခိုင်မှုကို လိုက်လံစစ်ဆေးရသည့် အဖွဲ့ ထဲတွင်ပါဝင်သည့် ကျွမ်းကျင်
သူတစ်ဦးက “လေဖိအား၊ငလျှင် ဒဏ်ခံ နိုင်မှုရှိမရှိ နဲ့ အထဲက ရေ၀င်နေ တဲ့ ကွန်ကရစ်နေရာတွေကို
carbon fibre fabric wrapping ပြန်သုံးဖို့ နဲ့ ရှေးဟောင်းရွှံ့စည်းသရိုး ကိုင် နေရာတွေကို စတီး
သံကူကွန်ကရစ်တွေ နဲ့ အစားထိုးရမှ ရမယ် ဒါမှမပြိုမှာ ဟုပြောသည်။

ရန်ကုန် မြို့ တွင်းရှိ ဘုရား၊ပုထိုးစေတီများသည် ဘက်စုံ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများလုပ်
နေသော် လည်း ခေါင်းလောင်းတော်၊သပိတ်မှောက် နှင့်ဖောင်းရစ် နေရာများသည် ကျွမ်းကျင်သူများ
နှင့် သာပြုပြင် သင့်ကြောင်း ပြောသည်။

မေလ ၃၀ ရက်နေ့ ကပြိုကျသွားခဲ့သည့် ဓနုတ်စေတီတော်ကို ဗိုလ်ချုပ်ကြီးသူရရွှေ မန်နှင့်ဆွေမျိုး
တော်စပ်သူ ဦးခင်ရွှေ၏ ဇေကမ္ဘာ အုပ်စုမှ တာဝန်ယူပြင်ဆင်သော ကြောင့် ဗိုလ်သန်းရွှေမိသားစုမှ
အရေးယူရန် ခဲယဉ်းနေသည် ဟုသိရသည်။

http://www.khitpyaing.org/




ဝီရ / ၄ ဇွန် ၂၀၀၉
line


ကရင်နီပြည်တွင် အပစ်ရပ်အဖွဲ့များအနက် အင်အားအတောင့်တင်းဆုံး ဖြစ်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ရွေးကောက်ပွဲ ဝင်ရေး ကမ်းလှမ်းချက်အား လက်ခံလိုက်ပြီးသည့်နောက် အင်အားချည့်နဲ့သော ကျန်အဖွဲ့ငယ်များကလည်း အလားတူ လိုက်လံဆောင်ရွက်ကြရန်သာ ရှိကြောင်း ကလလတအဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

“ဦးထွန်းကျော်က ကရင်နီအပစ်ရပ်အဖွဲ့တွေထဲမှာ သြဇာအရှိဆုံးပေါ့။ စီးပွားရေးအပိုင်းမှာလည်း အတောင့်တင်းဆုံးပဲ။ ဦးတေဇနဲ့ ဆက်စပ်ပြီး ဒီကရင်နီပြည်ထဲက အဖိုးတန် သယံဇာတတွေနဲ့ အခြေခိုင်နေတော့ သူ့ရှေ့ရေးကလည်း အဲဒီအပေါ်မှာ မူတည်နေတယ်။ နယ်ခြားစောင့်တပ်ပြောင်းဖို့ အလွယ်တကူပဲ လက်ခံခဲ့တယ်။ လွန်ခဲ့တဲ့မေလက သဘောတူညီမှု ရခဲ့တာပေါ့” ဟု ၎င်းက ပြောသည်။

ကရင်နီပြည်နယ်အတွင်း လှုပ်ရှားနေသော အပစ်ရပ်လက်နက်ချသည့် အဖွဲ့အားလုံး (၅) ဖွဲ့ ရှိသည်။ ထိုအဖွဲ့များမှာ ခန့်မှန်းအင်အား (၁,၆၀၀) ခန့် ရှိသော ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး၊ လက်ရှိအင်အား (၆၀၀) ခန့်ရှိသော ဦးသန်းစိုးနိုင်နှင့် သန်းပလန်တို့ ဦးဆောင်သည့် ကယန်းပြည်သစ်ပါတီနှင့် အင်အား (၁၀၀) အောက်ရှိ အခြားအပစ်ရပ် အဖွဲ့ငယ် (၃) ဖွဲ့တို့ ဖြစ်သည်။

အင်အားကြီးအဖွဲ့ဖြစ်သည့် ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်များကို လက်ခံလိုက်သဖြင့် အင်အားချည့်နဲ့ သော အဖွဲ့ငယ်လေးများကလည်း အလိုအလျောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် လက်ခံရမယ့် အနေအထား ရှိနေသည်ဟုလည်း ကရင်နီသတင်းအေဂျင်စီ ကန္တာရ၀တီတိုင်း(မ်)မှ အယ်ဒီတာတဦး ဖြစ်သူ ကိုစေးရယ်စိုးက ပြောသည်။

အဆိုပါ အဖွဲ့များမှာ ဒီမောဆိုမြို့နယ်၊ ဒေါတမကြီး၊ အမှတ် (၂) ခရိုင်၊ မောချီးဒေသ၊ ဘောလခဲအရှေ့ဘက်ခြမ်း အခြေစိုက် ဗိုလ်လီးရယ် ဦးဆောင်သည့် နဂါးအဖွဲ့ (ကေအန်ဒီပီ) အဖွဲ့၊ အမှတ် (၃) ခရိုင် ဟိုဟာအဖွဲ့ (ဦးဂိုရီ ဦးဆောင်) နှင့် အမှတ် (၂) ခရိုင် မောချီးဒေသ အခြေစိုက် ကရင်နီသွေးစည်းညီညွတ်ရေးအဖွဲ့(ကေအန်အက်စ်အို) တို့ဖြစ်သည်။

ကိုစေးရယ်စိုးက “ဒီအဖွဲ့ (၃) ဖွဲ့က အင်အားနည်းတာကြောင့်ရယ်၊ ပြီးတော့ နယ်မြေတွေကိုလည်း နအဖတို့က စီစဉ်ထားပေးပြီးသားဆိုတော့ နအဖ ကမ်းလှမ်းသလို လိုက်လုပ်ရမယ့် အနေအထားမှာပါ။ ဟိုဟာအဖွဲ့တို့ဆိုလို့ရှိရင် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် အဆင့်မရှိသလောက် ဖြစ်နေတယ်။ သူတို့အဖွဲ့တွေကို နအဖကလည်း ဖိအားပေးထားပြီးသားဆိုတော့လေ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

နဂါးအဖွဲ့ ခေါ် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (ကေအန်ဒီပီ) သည် ပြီးခဲ့သည့် ၂ဝဝ၈ ခု စက်တင်ဘာတွင် နအဖ စစ်အစိုးရ၏ လက်နက်သိမ်းဆည်းခြင်း ခံရသည့်အဖွဲ့ ဖြစ်သည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်ခြင်းသည် အောက်ခြေအဆင့် အင်အားစုများကို ထိန်းသိမ်းသွားနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင်တဦးက ပြောသည်။
သို့သော် ကယန်းပြည်သစ်ပါတီ (ကေအန်အယ်လ်ပီ) ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေးကို လက်မခံကြောင်း ကြေညာထားပြီး ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သော်လည်း အရပ်သားပါတီအဖြစ် ဝင်ပြိုင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းသည် ယင်းအဖွဲ့မှ ခေါင်းဆောင်အချို့က ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် လက်ခံလိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများရှိနေပြီး ခေါင်းဆောင်ဖြစ်သူ ဦးထွန်းကျော်သည် မြန်မာပြည်တွင်သာမက စင်ကာပူနှင့် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် အိုးအိမ်များရှိကြောင်း မယ်ဟောင် ဆောင်နယ်စပ်မှ ကလလတ အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။




မင်းနိုင်သူ / ၄ ဇွန် ၂၀၀၉
line


ယနေ့ထုတ် နအဖသတင်းစာများတွင် ဓနုတ်စေတီတော်ကြီး ပြိုကျပျက်စီးရခြင်းမှာ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အရည်အသွေးမပြည့်မီမှုကြောင့် ဖြစ်ကြောင်း ရေးသားထားသည်။

ယင်းကဲ့သို့ ပြိုကျရခြင်းမှာ မူလစေတီပုံစံဖြစ်စေရန် ပြင်ဆင်ခဲ့ခြင်းကြောင့် ၀န်ပိုများ များပြားလာခြင်း၊ အလှူရှင်များ ဆန္ဒအရ မိုးမကျမီပြီးစီးနိုင်ရေးအတွက် အမြန်မွမ်းမံတည်ဆောက်ခြင်း၊ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ကတွေ့ရှိရသည်ဟု ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါသတင်းစာများတွင် စေတီတော်ပြိုကျမှုကြောင့် အရပ်သား (၂) ဦး သေဆုံးခဲ့ပြီး၊ တပ်မှ (၂၆) ဦးနှင့် အရပ်သား (၈) ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

မေ (၃၀) တွင်ဖြစ်ပွားခဲ့သော စေတီတော်ပြိုကျမှုသတင်းကို စစ်အစိုးရ နေ့စဉ်ထုတ် သတင်းစာများက ယနေ့တွင်မှ ဖော်ပြခဲ့ကြပြီး ပြည်တွင်းဂျာနယ်များကိုလည်း သတင်းရေးသားခွင့်မပြုခဲ့ကြောင်း ပြည်တွင်းမှ ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“သတင်းထောက်တွေကတော့ သတင်းလိုက်ခဲ့ကြတာပဲ။ ကျနော်တို့လည်း စိစစ်ရေးတင်တာပဲ။ ဒါပေမယ့် မရဘူး။ အားလုံးကို ဖြုတ်တယ်။ ပုံရော၊ စာရော ဘာတခုမှ မပေးဘူး။ ဒီနေ့သတင်းစာမှာပါလာပြီဆိုတော့ ပြန်တော့တင်ကြည့်ရမှာပဲ။ ဖော်ပြခွင့်ရရင်လည်း သတင်းစာမှာ ပါသလောက်ပဲဖြစ်မှာပဲ” ဟု အယ်ဒီတာက ပြောသည်။

ပြည်တွင်းသတင်းထောက်များကမူ သေဆုံးသူဦးရေ (၂) ဦးထက်ပိုမည်ဖြစ်ကြောင်း၊ လွတ်လပ်စွာသတင်းရယူခွင့် မပြုကြောင်း၊ အလျင်လိုခဲ့ကြသည့် အလှူရှင်များဆိုသည်မှာလည်း ဗိုလ်ချုပ်ကတော်များသာဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြသည်။

ဓနုတ်စေတီတော်ကြီးသည် ၂၀၀၆ ခုနှစ်အတွင်းတွင် တနင်္လာထောင့်မှ စ၍ ထက်ခြမ်းကွဲမြေခခဲ့သဖြင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးစီးမှုဖြင့် ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူပြုပြင်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် မေ (၇) ရက်တွင် နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ဦးစီးပြီး ထီးတော်တင်ခဲ့ပြီးနောက် (၂၃) ရက်အကြာ မေ (၃၀) ရက် စနေနေ့တွင် ပြိုကျပျက်စီးသွားခဲ့သည်။




NEJ / ၄ ဇွန် ၂၀၀၉
line


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသောကြောင့် မိမိတို့တပ်ရင်းတပ်ဖွဲ့ အသီးသီးကို တပ်လှန့်ထား ကြောင်း တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။

ယမန်နေ့က နအဖတပ်မ (၂၂) လက်အောက်ခံ တပ်အချို့နှင့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ (၇) ဌာနချုပ်အနီးသို့ ထိုးစစ်ဆင်ရန် ချဉ်းကပ် လာသောကြောင့် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး နအဖနှင့် ဒီကေဘီအေဘက်မှ တဦးကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

တပ်မဟာ (၇) မှူးက “မနေ့မနက် (၁၁) နာရီမှာတကြိမ်၊ မွန်းလွဲ (၃) နာရီမှာတကြိမ်၊ တိုက်ပွဲ (၂) ခါဖြစ်တယ်။ သူတို့ဘက်က တယောက်ကျပြီး (၃) ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးတာ မရှိဘူး။ အခုလည်း သူတို့အင်အားတွေ ထပ်ဖြည့်နေတယ်။ အဓိက တပ်မဟာ (၇) ဒေသကို တိုက်ခိုက်ဖို့ပဲ။ ကျနော်တို့ ကတော့ ခုခံစစ်ကို ဆင်နွှဲသွားမှာပဲ။ သူတို့လာတိုက်တာကို မခုခံလို့ ဘယ်ဖြစ်မှာလဲ" ဟု ခေတ်ပြိုင်သို့ပြောသည်။

နအဖအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းသရွေ့ကာလပတ်လုံး နိုင်ငံရေးပြဿနာများ ဆက်လက်ကြီးထွားနေမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရကြောင်း ၎င်းက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရှေ့ပြေးအဖြစ်တက်လာသည့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များ၏ တပ်ရင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ အရာရှိငယ်တဦးက ယခုကိစ္စနှင့်ပတ်သက်၍ မသိရှိကြောင်း ပြောသည်။

၁၉၉၄ ခုနှစ်ကုန်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှခွဲထွက်ပြီး နအဖကျောထောက်နောက်ခံဖြင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ကို ဘုန်းတော်ကြီး ဦးသုဇန ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့တွင် လက်နက်ကိုင်အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု သိရပြီး နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လာမည့်နှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏ အစီအမံကို ပထမဆုံး ကြိုဆိုထောက်ခံသည့်အဖွဲ့ဖြစ်သည်။




NEJ / ၄ ဇွန် ၂၀၀၉
line


စာရေးဆရာမောင်ဆုရှင်ကို ယနေ့  ညနေ (၂) နာရီတွင် ရန်ကုန်မြို့ရေဝေးသုသာန်တွင် မီးသဂြုင်္ိဟ်ခဲ့သည်။ ၎င်း၏ ဈာပနကို စာပေအသိုင်းအ၀ိုင်း ဆွေမျိုးမိတ်ဆွေများ (၁,၀၀၀) ကျော် လာရောက်ပို့ဆောင်ကြကြောင်း ပြည်တွင်းမှ စာရေးဆရာတဦးက ပြောသည်။

ဆရာမောင်ဆုရှင်သည် ၂၀၀၉ ခု၊ ဇွန်လ (၂) ရက်၊ နံနက် (၁) နာရီကျော်တွင် SSC ရွှေဂုံတိုင်အထူးကုဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၈) နှစ်ရှိပြီဖြစ်သည်။

“ဝေဒနာကို အများကြီး မခံစားခဲ့ရဘူး။ သူ့အတွက်တော့ ကောင်းပါတယ်” ဟု ဆွေမျိုးတဦးက အသုဘ အခမ်းအနားတွင် ပြောသည်။

ဆရာမောင်ဆုရှင်ကို မြောင်းမြမြို့တွင် အဖ ဦးချစ်ဖေ၊ အမိ ဒေါ်စိန်မြင့်တို့မှ ၁၉၃၂ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် နေ့တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးမျိုးသန့်ဖြစ်သည်။

မောင်ဆုရှင်ကလောင်အမည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး မောင်ကောင်းမြင့်၊ မောင်ကြည်ဖြူ၊ ဦးဘခန့်၊ မျိုးသန့်၊ ၀င်းသန့်၊ အောင်သူ ဟူသော ကလောင်ခွဲများဖြင့်လည်း သုတ၊ ရသစာပေများကို ရေးသားခဲ့ကြောင်း မိသားစု ပြောပြချက်အရ သိရသည်။

ဆရာမောင်ဆုရှင် ရေးသားခဲ့သော ဘာသာပြန် စာအုပ်များအနက် ပင်လယ်ပြာနဲ့ တံငါအို စာအုပ်ကြောင့် ကမ္ဘာကျော် စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး၏ စာပေအရေးအသားကို မြန်မာဘာသာဖြင့် ဖတ်နိုင်သည့်အတွက် ဆရာမောင်ဆုရှင်ကို ကျေးဇူးတင်နေကြောင်း လူငယ် စာဖတ်ဝါသနာတဦးက ပြောသည်။

“ကျနော်က ပဲခူးကပါ။ ဆရာ့ကို အပြင်မှာ မမြင်ဖူးပါဘူး။ သတင်းစာမှာ ဆရာ့နာရေးပါတာတွေ့တော့ လာခဲ့တာပါ။ ကျနော်က ဆရာ့ရဲ့ဘာသာပြန်ကို ဖတ်ထားတာဆိုတော့ ဆရာဆုံးတာ စိတ်မကောင်းဖြစ်မိတယ်။ ဒါ့ကြောင့်
သဂြုင်္ိဟ်မယ့်နေ့မှာ လာခဲ့တာပါ” ဟု ပဲခူးမြို့မှ အဆိုပါ လူငယ်က ပြောသည်။

ဆရာသည် အမေရိကန်နိုင်ငံ ဆရာကျုပ်တက္ကသိုလ်နှင့် ဘော့စတွန် တက္ကသိုလ်တို့မှ သတင်းစာပညာ ဒီပလိုမာနှင့် စာအုပ်ထုပ်ဝေရေးပညာ ဒီပလိုမာများကို ၁၉၆၂ ခုနှစ်တွင် ရရှိခဲ့ပြီးနောက် ၁၉၅၃ ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်တွင် ညွှန်ကြားရေးမှူးချုပ်အဆင့်အထိ ထမ်းဆောင်ခဲ့ကာ ပြန်ကြားရေးဝန်ကြီးဌာန အကြံပေး အရာရှိအဖြစ်လည်း ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။

ထို့အပြင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပခုက္ကူဦးအုန်းဖေ စာပေဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ သုတစွယ်စုံစာပေဆုရွေးချယ်ရေးအဖွဲ့ စသည့်တာဝန် များနှင့် နိုင်ငံတော်အဖွဲ့အစည်းများ၏ စာပေဆိုင်ရာ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။

ဆရာမောင်ဆုရှင်သည် ၁၉၅၄ ခုနှစ်မှ သေဆုံးသည်ထိ စာအုပ်ပေါင်း (၁၀၀) ကျော် ရေးသားပြုစုခဲ့ပြီး စာရေးဆရာ မောင်ပေါ်ထွန်းနှင့်အတူ စာအုပ်ဟူသည် ၁၉၇၂၊ စာရေးဆရာ သိန်းတန် ဟံသာဝတီနှင့် စာနယ်ဇင်းဟူသည် ၁၉၇၄ တို့ကို ရေးသားခဲ့သေးကြောင်း သိရသည်။




NEJ / ၄ ဇွန် ၂၀၀၉
line


နေပြည်တော် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန (သွင်းကုန်) တွင် ညွှန်မှူးအသစ်များနှင့် စည်းကမ်းသစ်များကြောင့် သွင်းကုန်လုပ်ငန်းရှင်များ ကုန်သွယ်မှုအခက်ခဲများနှင့် တွေ့ကြုံနေရပြီး သွင်းကုန်လိုင်စင်အမြန်ရရှိရေးအတွက် တံစိုးလက်ဆောင်များ ပေးကမ်းနေကြရသည်။

ဧပြီလကုန်ပိုင်းက စတင်တာဝန်ယူလာသည့် နယ်စပ်ကုန်သွယ်ရေး (သွင်းကုန်) ညွှန်မှူး ဗိုလ်မှူး ဆန်းနွယ်ဝင်းနှင့် ဒု-ညွှန်မှူး ဗိုလ်မှူး ဝင်းလွင်တို့သည် မကြာသေးမီကစ၍ သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကုန်ပစ္စည်း အမျိုးအမည် (၂၅) ခုသာ ကန့်သတ်လိုက်သဖြင့် ထော်လာဂျီ၊ ကား၊ ဆိုင်ကယ်နှင့် စက်ဘီး အပိုပစ္စည်း တင်သွင်းလိုသူများ အမျိုးအမည်မျိုးစုံ ပါဝင်နေ၍ လိုင်စင်များ ခွဲလုပ်နေရသည်ဟု တရုတ်နယ်စပ် ကုန်သည်တဦးက ပြောသည်။

သတ်မှတ်ချက်စာရင်းတွင် မပါဝင်သည့် ကုန်အမျိုးအမည်များအား သွင်းလိုလျှင် (၃) လထက်ကျော်လွန်သည့် ပါမစ်များအား လက်မခံတော့ကြောင်း အဆိုပါကုန်သည်က ပြောသည်။

“Price Data base ဆိုတာ ရှိတယ်။ သွင်းကုန်ပစ္စည်းတန်ဖိုးတွေကို သတ်မှတ်ထားတာ။ အဲဒီထဲမှာ မပါတဲ့ ကုန်ဆိုရင် ဈေးနှုန်းတွေကို စိစစ်ဦးမယ်ဆိုပြီး အချိန်တလလောက် စောင့်ရရော။ အဲလို မစောင့်ရဖို့အတွက် အရင်က သွင်းဖူးတဲ့ လိုင်စင်အဟောင်းကို ပြပြီး သွင်းမယ်ဆိုရင် အရင်ညွှန်မှူးတွေဆို တနှစ်လောက်ကဟာကို ပြပြီး သွင်းလို့ရတယ်။ အခုက သုံးလထဲပေးတယ်။ ဈေးနှုန်းကို ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့ စိစစ်ပြီးတဲ့အထိ စောင့်နေရတယ်။ အချိန်နဲ့တပြေးညီ လုပ်လို့မရတော့ဘူး” ဟု ၎င်းက ပြောသည်။

လိုင်စင်လျှောက်လိုပါကလည်း ကုန်ပစ္စည်းဓာတ်ပုံများကို တင်ပြရပြီး ဓာတ်ပုံမကြိုက်လျှင် ပြန်တင်ခိုင်းခြင်း၊ အရောင်းအဝယ်စာချုပ်ပါ ထိုးထားသည့် လက်မှတ်များကို မကြိုက်၍ ပြန်လည်ပြင်ဆင်ခိုင်းခြင်း၊ ထောက်ခံစာများ ယူခိုင်းခြင်းတို့ကြောင့် လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

၎င်းက “sale contract မှာ အင်္ဂလိပ်လို လက်မှတ်ထိုးထားလို့ လက်မခံဘူး။ တရုတ်လက်မှတ်နဲ့ တရုတ်ရဲ့ တံဆိပ်တုံးပါရမယ်တို့၊ အမှန်က အဲဒါတွေက အတုတွေပဲ။ လုပ်ငန်းသဘောအရသာ တင်နေကြတာပဲ။ အဲဒါကို ရစ်နေတာ။ ဟောလစ်တို့၊ မိုင်လိုတို့၊ အရက်ပုလင်းတို့၊ မုန့်ပုံးတို့ပါတဲ့ လက်ဆောင်ခြင်းတွေ ပေးကမ်းလိုက်ရင်တော့ အိုကေတယ်။ အဲလို ပေးကမ်းလာအောင်ပဲ ခွင်လုပ်နေသလားလို့ ယူဆရတယ်။ သူတို့စည်းကမ်းတွေက ကုန်သွယ်ရေးကို မြန်ဆန်ချောမွေ့အောင် လုပ်နေတာမဟုတ်ဘဲ ဆုတ်ယုတ်ကျဆင်းအောင် လုပ်သလိုဖြစ်နေတာ” ဟု ပြောသည်။

ကုန်သွယ်ရေး ကမောက်ကမ ဖြစ်စေသည့် စည်းမျဉ်းများ တင်းကျပ်ရာတွင် ဗိုလ်မှူး ဝင်းလွင်သည် ညွှန်မှူးထက် ကျော်လွန်လုပ်နေသည်ဟုလည်း မူဆယ်မှ ကုန်သွယ်ရေး အေးဂျင့်တဦးက ပြောသည်။

“ဗိုလ်မှူး ဝင်းလွင်ပဲ အဓိကလုပ်နေတာ။ ကျနော်တို့ အေးဂျင့်တွေလည်း လုပ်ရကိုင်ရတာ အတော်ခက်လာတယ်။ ကုန်သည်တွေကလည်း ကုန်တွေဝယ်ပြီး နယ်စပ်မှာ အောင်းထားရ၊ ငွေကမပေါ်၊ လိုင်စင်စောင့်ရတာလည်း စိတ်မရှည်လာတော့ တောလမ်းကိုပဲ လှည့်လုပ်လာနေကြတာ” ဟု ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမှ ပုံမှန်ကုန်သွယ်ရေး ကူးပြောင်းလုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း တရုတ် ဓာတ်မြေသြဇာမှလွဲ၍ ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ ယာဉ်အပိုပစ္စည်း စသည့် ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး (Normal Trade) အနေဖြင့် သွင်းနေကြရပြီး နေပြည်တော်တွင် သွင်းကုန်လိုင်စင် လျှောက်နေကြရသည်။

http://www.mizzimaburmese.com/

ရန်ကင်း အန်အယ်ဒီ ဥက္ကဋ္ဌ ထောင်ပြောင်းရဖွယ်ရှိ Print E-mail
မျိုးကြီး
ကြာသပတေးနေ့၊ ဇွန်လ 04 2009 14:13 - မြန်မာစံတော်ချိန်


ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ဗန်းမော်ထောင်၌ ပြစ်ဒဏ် ကျခံနေရသည့် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးခင်သည် ကျန်းမာရေး အခြေအနေကြောင့် ထောင်ပြောင်းရဖွယ် ရှိသည်။

“ကျမ သွားတွေ့တော့ အက်ဘီနဲ့ ထောင်မှူးက ခေါ်ပြောတယ်။ ၅ ရက်နေ့ ထောင်ပြောင်းမယ်လို့ ပြောတယ်။ ဘယ်ထောင်မှန်းတော့ မသိသေးဘူး။ ကျန်းမာရေးကြောင့် ထောင်ပြောင်းပေးတာပါတဲ့။ အဲလိုပြောတယ်။ ဆရာဝန်ရှိတဲ့ထောင် ပြောင်းတာပေါ့နော်။ သူတို့ အဲလိုတော့ ပြောတယ်။ အတိအကျတော့ မသိသေးဘူးပေါ့နော်” ဟု ဒေါ်ခင်ခင်ဝင်းက ပြောသည်။

အသက် ၄၀ နှစ်အရွယ် ဦးမျိုးခင်တွင် နှလုံးနှင့် သွေးတိုးရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရကာ ပြီးခဲ့သည့်လ ၂၁ ရက်နေ့က မူးမေ့လဲကျခဲ့ရသလို၊ ၂၃ ရက်နေ့ကလည်း အလွန်အမင်း အော့အန်ခဲ့သဖြင့် ဗန်းမော်မြို့နယ် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသည်ဟုဆိုသည်။

“သူကလေ ကျန်းမာရေး မကောင်းဘူး။ နှလုံးနဲ့ သွေးတိုးရောဂါ ဖြစ်နေတယ်။ ဗန်းမော်ထောင်မှာက သတိ ၃ ခါ လစ်သွားတယ်” ဟု ဒေါ်ခင်ခင်ဝင်းက ပြောသည်။

မူးမေ့လဲကျသွားသည့် အရှိန်ကြောင့် ဦးခေါင်း၊ မျက်ခုံးနှင့် နားရွက်တွင် အနည်းငယ် ဒဏ်ရာရသဖြင့် ဆေးရုံက ဦးခေါင်းကို ဓာတ်မှန် ရိုက်ပေးခဲ့ပြီးနောက် ၂၆ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။

ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ရန်ကုန်၌ ဖြစ်ပွားနေစဉ် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်များက ဦးမျိုးခင်အား ဖမ်းဆီးကာ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု - ၁၄ရ၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု - ၁၄၃ ၊ အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု - ၅ဝ၅ (ခ) တို့ဖြင့် ထိုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ်ခွဲ ချခဲ့သည်။

ထို့နောက် ရန်ကုန် အင်းစိန်ထောင်မှ ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ကော့သောင်း မြေပြိုမှုတွင် လူ ၄ ဦး သေဆုံး Print E-mail
ကိုဝိုင်း
ကြာသပတေးနေ့၊ ဇွန်လ 04 2009 14:09 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ညက မိုးသက်လေပြင်း တိုက်ခတ်ပြီး မြေပြိုကျသဖြင့် အိမ်တလုံးမှ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြို့ခံများ အပြောအရ သိရသည်။

ရွှေမင်းဝံရပ်ကွက် အမှတ် (၈) လမ်းတွင် နေအိမ်ပေါ် မြေပြိုမှုကြောင့် မိခင်အပါအဝင် ကလေး ၃ ဦး မြေပိ သေဆုံးသွားရပြီး၊ ဖခင်မှာ ခြေထောက်ကျိုးသွား၍ အခြားအိမ်နီးချင်း ၂ ဦးနှင့်အတူ ကော့သောင်းဆေးရုံ၌ ဆေးကုသခံနေရသည်။

“လူ ၄ ယောက် သေတယ်။ ၃ ယောက် ဆေးရုံပို့ထားတယ်။ အမှတ် (၈) လမ်းဆိုတာက တောင်ခြေရောက်နေပြီ။ ညက ၁၂ နာရီလောက်က မိုးနဲ့ လေနဲ့ ကြီးပြီးတော့ မြေက ပြိုဆင်းလာတာ။ ကလေး ၃ ယောက်က ခြင်ထောင်ထဲမှာ လုံးပြီးတော့ မြေပိနေတယ်။ သူတို့အမေလည်း သေတာပဲ။ ဒီမနက် ၉ နာရီမှ ဖော်လို့ပြီးတယ်။ တခြားအိမ်တွေထဲက ရေဝင်တယ်။ ကျောက်တုံးတွေ လိမ့်ကျလာတာ ရှိတယ်။ တမြို့လုံးနီးနီး ညက မအိပ်ကြရဘူး” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ကော့သောင်းမြို့၌ မိုးပြင်းရွာနေသည်မှာ နှစ်ရက်ခန့်ရှိပြီးဖြစ်ပြီး ယမန်နေ့ညကမူ လေပြင်းပါတိုက်ခတ်ခဲ့သည်။ နေအိမ်များ၊ ဆိုင်များနှင့် လမ်းမများတွင် ရေကြီးခဲ့ပြီး မြေနိမ့်ပိုင်း တချို့နေရာများတွင် ရင်ခေါင်းခန့်အထိ ရေမြင့်တက်ခဲ့သည်။

ယနေ့နံနက်တွင်မူ နေသာလျက်ရှိသော်လည်း ညက ရေဝင်သွားသည့် အိမ်ရှင်များမှာမူ အမှိုက်နှင့် အညစ်အကြေးများ ရေတင်ကျန်ခဲ့သဖြင့် သန့်ရှင်းရေး လုပ်နေကြသည်။

ဇေကမ္ဘာ၏ ချယ်ရီ FM တောင်ကြီးတွင် မကြာမီ စတင်မည် Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 04 2009 12:40 - မြန်မာစံတော်ချိန်


ရန်ကုန် (မဇ္ဈိမ)။ ။ ဇေကမ္ဘာ ကုမ္ပဏီက တောင်ကြီးမြို့နယ်တွင် ထုတ်လွှင့်မည့် ချယ်ရီ FM အမည်ရှိ ရေဒီယိုလှိုင်းတို အစီအစဉ်ကို ယခုလ ၁၅ ရက်နေ့မှ စတင်ကာ ထုတ်လွှင့်သွားမည်ဟု ကုမ္ပဏီမှ ဝန်ထမ်းများ အပြောအရ သိရသည်။

ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ သမီးဖြစ်ပြီး၊ စစ်အစိုးရအတွင်း နံပါတ် ၃ အကြီးအကဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ချွေးမတော်စပ်သူ မဇေဇင်လတ်က ဦးစီး လုပ်ကိုင်မည်ဖြစ်ကာ လုပ်ငန်း စတင်ချိန်တွင် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးနှင့် ရန်ကုန် ဝန်းကျင်၌ နားဆင်နိုင်မည်ဖြစ်ရာ ယခုအခါ ပြင်ဆင်မှုများ ပြုလုပ်ပြီး ဖြစ်သည်။

“လောလောဆယ် ဇွန်လ ၁၅ ရက်နေ့လို့ သတ်မှတ်ထားပါတယ်။ လိုအပ်တဲ့ ဝန်ထမ်းတွေခန့်တာ၊ သင်တန်းတွေ ပေးတာကိုတော့ အားလုံး စီစဉ်ပြီးသွားပါပြီ။ ဝန်ထမ်းတွေထဲမှာလည်း ရန်ကုန် FM တို့၊ မန္တလေး FM တို့က အတွေ့အကြုံရှိ ဝန်ထမ်းအချို့ကိုလည်း ခေါ်ပြီး ခန့်ထားပါတယ်။ အစီအစဉ်ကိုလည်း တခြား FM တွေနဲ့ မတူတဲ့ အစီအစဉ် ဆန်းဆန်းလေးတွေ ထည့်သွင်း ထုတ်လွှင့်သွားမှာပါ” ဟု ဇေကမ္ဘာ ကုမ္ပဏီ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

အသံလွှင့်ဌာနကို ဇေကမ္ဘာ ကုမ္ပဏီ အခြေစိုက်ရာ ရန်ကုန်ရှိ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ထားရှိမည်။

ရွှေသံလွင် ကုမ္ပဏီကလည်း ကယားပြည်နယ် လွိုင်ကော်မြို့ ပတ်ဝန်းကျင်တွင် ထုတ်လွှင့်ပေးမည့် သဇင် FM နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ထုတ်လွှင့်မည့် ရာမည FM တို့ကို မကြာမီ စတင်တော့မည် ဖြစ်သည်။

ထို့အပြင် MRTV4 အစီအစဉ်များ ထုတ်လွှင့်ပေးသည့် forever ကုမ္ပဏ်ီကလည်း ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုမှ တိုက်ရိုက် ထုတ်လွှင့်သည့် ပဉ္စဝတီ FM အစီအစဉ်ကို လွှဲပြောင်းရယူခဲ့ပြီး ဖြစ်သည်။

ပဥဝတီ FM ကို ပြီးခဲ့သည့် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့မှ စတင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတဝိုက် ၂၅ မိုင် ပတ်ဝန်းကျင်သို့ နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ထုတ်လွှင့်ပေးနေသည်။ ယခုအခါ သံတွဲမြို့၊ အမ်းမြို့နှင့် ဧရာဝတီတိုင်းကိုပါ ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း MRTV 4 သတင်းရပ်ကွက် အဆိုအရ သိရသည်။

မြန်မာစစ်အစိုးရက FM ရေဒီယို ၈ ခုကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများထံ အလွှဲအပြောင်း လုပ်ခဲ့ရာတွင် သူတို့ အများစုမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများက စီးပွာရေးနှင့် နိုင်ငံသို့ လာရောက် လည်ပတ်ခွင့် တားမြစ်ခံထားရသူများ ဖြစ်သည်။

မြန်မာစစ်အစိုးရက ”မီဒီယာကို မီဒီယာနဲ့ တိုက်မည်” ဟူသော မူဝါဒကို ကျင့်သုံးမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုလာပြီးနောက် ဖျော်ဖြေရေး အစီအစဉ်များ အဓိက ပါဝင်ပြီး ဆင်ဆာ ဖြတ်တောက်ထားသည့် သတင်းများ ထုတ်လွှင့်ပေးသည့် အက်ဖ်အမ်များ ထူထောင်လာခဲ့သည်။

http://www.irrawaddy.org/bur/

တားဆီးမိန့် ဥပဒေဘောင်ကျော်မှု အဓိက လျှောက်လဲမည်
Thursday, 04 June 2009 20:20 ကိုစိုး
ဒေါ်အောင်ဆန်း စုကြည်၏ အမှုအတွက် အပြီးသတ် လျှောက်လဲချက် ပေးရာတွင် ဒေါ်အောင်ဆန်း စုကြည်သည် မည်သည့် ဥပဒေမှ မချိုးဖောက်သည့် အပြင် စစ်အာဏာပိုင်များ ကန့်သတ်ထားသည့် တားဆီးမိန့်ကိုယ်နှိုက် က ဥပဒေဘောင် ကျော်နေသည်ကို အဓိကလျှောက်လဲ သွားမည်ဖြစ်ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းကပြောသည်။

အဆိုပါ လျှောက်လဲချက်ကို ရေးသားပြင်ဆင်နေသော ဦးကြည်ဝင်းက“ကျနော်တို့က ကြိုပြီးတော့ တရားရုံးကို မထေမဲ့မြင်အနေနဲ့ အနှောင့်အယှက်(Contempt of court) ဖြစ်အောင် ပြောတာတော့ မဟုတ်ဘူး၊ စဉ်းစားဖို့ ပြောတာ၊ အဲဒါက ဘာလဲဆိုတော့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေ ဆိုတဲ့ အဲဒီ ဥပဒေမှာ ပုဒ်မ (၁၁) ဆိုတာ ရှိတယ်၊ ၁၀(ခ) ပြီးရင်၊ ၁၀(ခ)ကနေ အဲဒီမှာ တားဆီးလိုက်တယ်၊ အဲဒီ ၁၀(ခ) ကို ကပ်ပြီး ပြဌာန်းထားတာ၊ အဲဒီ ပုဒ်မ (၁၁) နဲ့ ဘယ်လိုကွာလဲဆိုတာ ကျနော် တို့ကတော့ လျှောက်လဲဖို့ အသင့်ပြင်နေတယ်၊ ဒီဘောင်ကို ကျော်ပြီးတော့ တားဆီးထားတယ်၊ ဒါကြောင့် ဥပဒေ နဲ့ မညီဘူးလို့ ပြောရမှာပဲ၊ တားဆီးတဲ့ အမိန့်ကိုက မညီတာ”ဟု ဧရာဝတီသို့ ပြောသည်။

ပုဒ်မ(၁၁)တွင် ပြဌာန်းထားသည်များမှာ အရေးယူခြင်းခံရသူအားတားဆီးမှုပြုရာတွင်(က) မည်သည့် နေရာ ဒေသတွင် မနေထိုင်ရဟု သတ်မှတ်ခြင်း၊ (ခ) မည်သည့်နေရာ ဒေသတွင်သာ နေထိုင်ရမည်ဟု သတ်မှတ်ခြင်း၊ (ဂ) သွားလာမှုများကို လိုအပ်သလို တားဆီးခြင်း၊ (ဃ) သတ်မှတ်သည့် အရာဝတ္ထုများကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုမှုကို ပိတ်ပင် တားဆီးခြင်း တို့ ပြုလုပ်နိုင်ကြောင်း ပြဌာန်းထားခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြ သည်။

“တားဆီးတဲ့ အမိန့်ကိုက ဥပဒေနဲ့ မညီဘူး၊ သို့သော် ဒေါ်စုက တားဆီးထားတဲ့အတိုင်းကို လိုက်နာပါတယ်”ဟု လည်း ဦးကြည်ဝင်း က ပြောဆိုသည်။

တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား အပြီးသတ် လျှောက်လဲချက်ပေးရန် မူလက ရုံးချိန်းကို ဇွန်လ ၁ ရက်မှ မနက်ဖြန်သို့ ရုံးချိန်း ချိန်းဆိုထားသော်လည်း ခရိုင် တရားရုံးက ပယ်ချထားသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ၃ ဦးအတွက် ပြန်လည်သုံးသပ်ပြင်ဆင် ပေးရန်လျှောက်လဲချက်အား ယမန်နေ့တွင် ရန်ကုန်တိုင်းတရားရုံးကလက်ခံခဲ့ပြီး မနက်ဖြန်တွင် စစ်ဆေး အမိန့်ချ ရန်ရှိသည့်အတွက် တိုင်းတရားရုံး၏ ဆောင်ရွက်ချက်များပြီးစီးမှသာ ခရိုင်တရားရုံးက အပြီးသတ်လျှောက်လဲချက် ရုံးချိန်း သတ်မှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။
စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများဖြန့်ဝေ
Thursday, 04 June 2009 19:34 ကိုထွေး
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေခြင်း (Photo campaign) လှုပ်ရှုားမှုတရပ်ကို မိတ္ထီလာခရိုင် အတွင်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါဝင်သော ဓာတ်ပုံ ၁၀၀၀၀ခန့်ကို ဇွန်လ၂ရက်နေ့က စတင်၍ ဦးဆောင် ဖြန့်ဝေရာယခုအခါဓာတ်ပုံ ၃၀၀၀ခန့် ရှိပြီဖြစ်ကြောင်း သိရသည်၊

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဖြန့်ဝေသော ဓာတ်ပုံ ၈မျိုး တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်း စုကြည် တို့ ယှဉ်တွဲရိုက်ကူးထားသော ဓာတ်ပုံမှာ အများဆုံး ဖြန့်ဝေရကြောင်း မိတ္ထီလာခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါ်အေးအေးမြင့် ကပြောသည်။

ဒေါ်အေးအေးမြင့်က“မြန်မာပြည်မှာသတင်းနဲံ့ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတော့ မီဒီယာတွေမှာ ဒေါ်အောင် ဆန်း စုကြည် ရဲ့ဓာတ်ပုံ ကိုသိပ်ဖော် ပြလေ့ မရှိဘူး၊ မမြင်ဘူးတဲ့သူတွေက အများကြီးပဲ၊ လာတောင်းတဲ့သူတွေ ကလည်း မနည်း ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဖြန်ဝေတဲ့ဓာတ်ပုံ ၈မျိုးထဲမှာ ဖခင်ဖြစ်တဲ့ဗိုလ်ချုပ် အောင်ဆန်းနဲ ရိုက်ထားတဲ့ပုံက အဖြန့်ဝေရဆုံးပဲ” ဟု ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ဓာတ်ပုံများကို အခမဲ့ ဖြန်ဝေသွားမည်ဖြစ်ပြီး အရွယ်အစားမှာ ၃ လက်မ x ၄ လက်မ ပတ်လည် ရှိကြောင်း လည်းသိရသည်။

“ကျမတိုရဲ့ရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကျယ်ကျယ်ပြန့်ပြန့် လူထုလက်ထဲ အိမ်တိုင်းစေ့ ရောက်ရှိအောင်ဖြန့်ဝေသွားမှာဖြစ်တယ်၊ ဓာတ်ပုံကိုရယူကြတဲ့ပြည်သူတွေကို တောင်းဆိုချင်တာက ဓာတ်ပုံကို မိမိတို့ အိမ်ရဲ့ ဧည့်ခန်းမှာ မှန်ဘောင်သွင်း ချိတ်ဆွဲထားနိုင်ရင်ထားစေချင်တာပေါ့ အဲဒါမှအဆင် မပြေဘူး ဆိုရင် အိမ်မှာဓာတ်ပုံ ထည့်တဲ့ အယ်လ်ဘမ်ရဲ့ရှေ့ ဆုံးမှာ ထည့်သွင်းထားဖို့ဆော်သြထားတယ်၊ မိမိရဲ့ GSMဖုန်းထဲမှာ၊ ပိုက်ဆံအိတ်ထဲတွေမှာ လည်း ထည့်ထား စေချင်ပါတယ်”ဟု၎င်း ကဆက်ပြောသည်။

မိတ္ထီလာခရိုင်(NLD)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာဖြင့် လူထု ပါဝင် ဆင်နွှဲ နိုင်သော လှုပ်ရှုားမှုအဖြစ် Photo Campagin ကိုရွေးချယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို စဉ်ဆက်မပြတ်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မြင်းခြံ၊ ညောင်ဦး၊ညောင်ရွှေ မြို့များကို ဖြန်ဝေပြီး ဖြစ်ကြောင်း၊ နောက်ပိုင်း မိုးကုတ် မန္တလေးကိုပါ ဆက်လက် ဖြန့်ဝေသွားရန်စီစဉ်နေပြီး မကြာမီရက်ပိုင်း အတွင်း ပဲခူး၊မကွေးတိုင်း များ လည်း ပါဝင်နိုင်မည်ဖြစ်ကြောင်း၊ သာစည်မြိုနယ် တွင်မှု ရဲများကလိုက်လံ သိမ်းဆည်းနေသည်ဟုကြားသိရကြောင်း ဒေါ်အေးအေးမြင့်က ပြောသည်။

၎င်းဓာတ်ပုံဖြန်ဝေသည့်လှုပ်ရှားမှုနှင့် ပတ်သက်၍ သံဃာ့တပ်ပေါင်းစုမှ ဦးဆောင်ဆရာတော်တပါးဖြစ်သူ ဦးအာစ္စရိယက ထောက်ခံခဲ့ပြီး သံဃာတော်များကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် တတ်အားသရွေ့ ဘုရားတွင် ဆုတောင်း မေတ္တာပို့သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

Generation Wave အဖွဲ့အနေနှင့်လည်း မတ်လက ရန်ကုန်၊ပြည် ရှိလူစည်ကားရာနေရာများတွင် စာရွက်စာတမ်းများ ဖြန်ဝေခြင်း၊ မှုတ်ဆေးများဖြင့် လှုံ့ဆော်စာရေးသားခြင်းများ ပြုလုပ်ခဲ့ကြောင်း ရှေ့ဆက်၍လည်းပြည်သူ လူထုနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဝင်တဦးက ဧရာဝတီသို့ပြောသည်။

မိုး/ဇလ ညွှန်ချုပ်ကို တာဝန်မှ ရပ်ဆိုင်း
Thursday, 04 June 2009 16:25 ခိုင်ရီ
မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေ ဒုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ကို တာဝန်မှ ရပ်ဆိုင်း လိုက်ကြောင်း ၎င်းဌာနနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။
“တရားဝင် ရပ်ဆိုင်းခံရတာပဲ။ ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ ရာထူးက အနားယူလိုက်ပြီလို့ပဲ ပြောကြတယ်” ဟု မိုးလေ၀သနှင့်ဇလဗေဒမှ ၀န်ထမ်းတဦးက ပြောသည်။

ဦးထွန်းလွင်ကို တာဝန်မှ ရပ်ဆိုင်းခဲ့ခြင်းမှာ နေပြည်တော်တွင် တိုက်ခတ်သွားသော လေပြင်း မုန်တိုင်းကိစ္စ ကြိုတင်သတိပေး ထုတ်ပြန်ခြင်းမရှိ သောကြောင့် ဖြစ်သည်ဟု ၎င်းတို့ ဌာနအတွင်း သတင်းစကားများ ထွက်ပေါ်လျက်ရှိကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း နေပြည်တော်တွင် လေပြင်း တိုက်ခတ်ခဲ့ပြီး ထိုလေပြင်းကြောင့် သစ်ပင်ကြီးများ ကျိုးပျက်ခြင်း၊ နေအိမ်တချို့ အမိုး လန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

“ဦးထွန်းလွင်က ကျန်းမာရေးအခြေနေကြောင့် အနားယူချင်နေတာကြာပြီလို့ ကြားနေတာ။ အခုသတင်းတွေ ထွက်နေလို့ မေးကြည့်တော့ နှလုံးရာဂါအခြေအနေကြောင့် နားလိုက်တာလို့ ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

အတည်မပြုနိုင်သည့် သတင်းများအရမူ ဦးထွန်းလွင်သည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် ပြင်ဆင်မည်ဖြစ်သောကြောင့် ရာထူးမှ ရပ်နားခံရခြင်းဖြစ်သည်ဟု ကြားသိရသည်။

နအဖ အစိုးရသည် စစ်ဘက်ဆိုင်ရာ အရာရှိ၊ အရပ်ဘက် ဝန်ထမ်း အရာရှိ နှင့် စီးပွားရေးသမားတချို့ကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန်အတွက် ယခုနှစ်ဆန်းပိုင်းမှ စတင်တိုက်တွန်း လျှက်ရှိကြောင်း ကြားသိရသည်။

လူပေါင်းသိန်းချီသေဆုံးခဲ့သည့် ၂၀၀၈ မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မိုးလေ၀သ ဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်တိကျစွာ မဖော်ပြဘဲ ထိန်ချန်ခဲ့သည်ဟု ဦးထွန်းလွင်ကို အများက စွပ်စွဲခဲ့သည်။

“ဝ” တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် ပြောင်းလဲရန် စစ်အစိုးရ ထပ်ပြော
Thursday, 04 June 2009 18:18 သန်းထိုက်ဦး
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ကူးပြောင်းရေး အတွက် ပြန်လည် စဉ်းစားပေးရန် မြန်မာအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေး ကိစ္စကို UWSA တပ်များကလက်မခံနိုင်ကြောင်း အသိ ပေးပြီးနောက် ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့သည်ဟု တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်ကြီးရဲမြင့်က ယခုနယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်းကူးပြောင်းရေး ကိစ္စကို ပြန်လည်စဉ်းစားပေးဖို့ ပြောကြားတယ်လို့ သိရပါတယ်”ဟု ၎င်းကဆိုသည်။

UWSA တပ်ဖွဲ့များက နအဖ ကမ်းလှမ်းခဲ့သော နယ်ခြားစောင့်ကိစ္စကို ( ၁ ) အချက် လက်မခံနိုင်ဘူး၊ (၂ ) အချက် လက်ရှိအခြေ အနေကို ထိန်းသိမ်းသွားမယ်ဟု မိမိတို့၏ သဘောထားကို ပြောကြားခဲ့ပြီးနောက် ဒုတိယ အကြိမ် ထပ်မံ ပြောကြားခြင်းလည်းဖြစ်သည်။

မြန်မာ စစ်အစိုးရ အာဏာပိုင်းများက လွန်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင် ကူးပြောင်းရေးအတွက် အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင် ကူး ပြောင်းရေးတိုင်းအဆင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းရန် ၎င်း နှင့် အပစ်ခတ်ရပ်စဲထားသော တိုင်းရင်း သား လက်နက်ကိုင်တပ်များကို တွေ့ဆုံခဲ့သည်။

စစ်အစိုးရ ထိပ်ပိုင်းအဆင့်မြင့် အရာရှိများက အပစ်ခတ်ရပ်စဲထားသော ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအ၀င် ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) ၊ ကချင် ဒီမိုကရေစီသစ်တပ်မတော်(NDA-K) ၊ ကိုးကန့်တပ်ဖွဲ့ ၊ ရှမ်းပြည်တပ် မတော်(မြောက်ပိုင်း) (SSA-N) စသည် တို့ကို တွေ့ဆုံခဲ့သည်။

မြန်မာနှင့် တင်းမာမှု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝေဖန်
Thursday, 04 June 2009 16:31 သန်းထိုက်ဦး
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝနှင့် နိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရုန်း တို့၏ လုပ်ဆောင်ချက်ကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး တင်းမာ ရသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဟောင်း နက်ပဒွန်လ် ပတ်ထမာ ကပြောကြားကြောင်း ယမန်နေ့ထုတ် မြန်မာအစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နက်ပဒွန်လ် ပတ်ထမာ က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတင်းမာနေ သည့် အခြေအနေနှင့်ပတ်သက်ပြီးပြောကြားချက်ကို မေလ ၂၇ ရက်နေ့က ထိုင်းဘာသာဖြင့် ရေးသားထားသည့် မတ်တိချွန်း(Mati chon) သတင်းစာ၌ ဖော်ပြခဲ့သည်ကို မြန်မာ့အလင်း သတင်းစာက ကိုးကားရေးသားထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ် ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံက ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး တို့က ပြစ်တင်ဝေဖန်ခဲ့သည်။

ထို့ အတွက် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့် မှန် ကန်ခြင်း မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့်ကွက်သည်ဟူ၍ တန်ပြန်ကြေညာခဲ့ရာ လက်ရှိအနေအထားအရ နှစ်နိုင်ငံတင်းမာမှုများရှိခဲ့ပြီး ဒုတိယအကြိမ် မြန်မာစစ်အစိုးရ သတင်းစာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နက်ပဒွန်လ် က ယခုထိုင်းနိုင်ငံသည် အာဆီယံ ဥက္ကဌ တာဝန်ထမ်းဆောင် နေပြီး အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ ဆက်ဆံရေးအဆင်မပြေ မူကြောင့် အာဆီယံ ဂုဏ်သိက္ခာကျဆင်းရကြောင်း ၎င်းသတင်း၌ ဖော်ပြထားသည်။

အာဆီယံ ဥက္ကဌ၏ မေလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာချက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာရောက်သဖြင့် အနာဂတ်ကာလ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို စိုးရိမ်ပူပန်မိပြီး နိုင်ငံခြားရေး ၀န်ကြီး ကဆစ် ရာထူးမှ နုတ် ထွက်သင့်ကြောင်းလည်း နက်ပဒွန်လ် က ဆိုသည်ဟု ရေးသားထားသည်။

ထို့အပြင် ယခင်းဝန်ကြီးချုပ် ဆုမ်ချိုင်း ဦးဆောင်သည့် အစိုးရအဖွဲ့လက်ထက်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ကြောင်း သို့ရာတွင် လက်ရှိကာလ ထိုင်း-မြန်မာဆက်ဆံရေးသည် သမိုင်း တွင် မဖြစ်ပေါ်ခဲ့ဖူးသည့် ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်နေရသည် ဖြစ်ကြောင်း မတ်တိချွန်း သတင်း စာ၌ဖော်ပြထားရာ ၎င်းစာကို မြန်မာ့အလင်း သတင်းစာက ကိုးကားရေးသားထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နက်ပဒွန်လ် သည် ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဥပဒေ ဆိုင်ရာအကြံပေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင်ဝန်ကြီးချုပ် ဆုမ်ချိုင်းသည် သက်ဆင်နှင့် ဆွေးမျိုးတော်စပ်သူလည်းဖြစ်သည်။

လွန်ခဲ့သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ အထိ ၀န်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာ စစ်အစိုးရနှင့် ဆက်ဆံရေး ပြေလည်ခဲ့ကြောင်း သိရသည်။

ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီး Hor Namhong ကလည်း နေအိမ်အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်း စုကြည် အား အမြန်ဆုံးပြန်လွှတ်ပေးရန်၊ မြန်မာအစိုးရကို ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်ရန်တိုက်တွန်း ခဲ့သည်ဟု (၁၇) ကြိမ်မြောက် အာဆီယံ -အီးယူ ၀န်ကြီးအဆင့် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ မေလ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ-အီးယူ ၀န်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံမှ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးဦး မောင်မြင့်ကလည်း တခြားသောနိုင်ငံများက မြန်မာနိုင်ငံအပေါ် ၀င်ရောက်စွက်ဖက်မှုကို မလိုလား ကြောင်း ဇွန်၂ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ထိုသို့ဖော်ပြရာတွင် ဦးမောင်မြင့်က ထိုင်းနိုင်ငံသည်သာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ရန် လိုကြောင်း မြန်မာနိုင်ငံအနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမျိုးသားညီလာခံ၌ အောင်မြင်စွာ ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ပြောခဲ့သည်။

ဦးမောင်မြင့်၏ ရှင်းလင်းချက်ထဲ၌ “နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးသည် ကုလသမဂ္ဂ၊ အာယီယံနှင့် ဒေသဆိုင်ရာ အဖွဲ့ အစည်းများ၏ အခြေခံမူဝါဒဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှုမပြု လုပ်သကဲ့သို့ တခြားနိုင်ငံများက မိမိတို့အပေါ် ၀င်ရောက်စွက်ဖက်မှု ကိုလည်း မလိုလားကြောင်း” ထည့်သွင်း ဖော်ပြထားသည်။

ဇွန် ၂ ရက်နေ့မှာပင် မြန်မာနိုင်ငံနှင့်အချင်းများခြင်းအားဖြင့် ထိုင်းနိုင်ငံသာ အရှုံးဖြင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း အာဏာသိမ်း ခေါင်းဆောင်ဟောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဆွန်ထီ ဘွန်ရာ ရက်ကလင်က ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝ၏ မြန်မာနိုင်ငံအပေါ် တင်းမာနေသော အနေအထားနှင့် ပတ်သက်ပြီး သတိပေးစကားပြောကြားချက်အား မေလ ၂၉ ရက်နေ့က ထိုင်းဘာသာဖြင့်ရေးသားထုတ်ဝေသည့် Thairath သတင်းစာ၌ ဖော်ပြထားသည်ကို မြန်မာ့အလင်း သတင်းစာက ကိုးကားဖော်ပြခဲ့သေးသည်။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေးယူ ခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရသိရှိရသည်။

ထို့အပြင် နအဖ နှင့် အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့များထဲမှ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် သဘောတူခဲ့ပြီး ၎င်းထိန်းချုပ်ထားသော နယ်မြေ ဒေသများ၌ တပ်သားသစ်များ စုဆောင်းနေကြောင်းသိရသည်။

DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်။

သို့သော် မွန်ပြည်သစ် ပါတီ (NMSP) တပ်ဖွဲ့ကမူ နယ်ခြား စောင့်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရန်အတွက် လက်မခံနိုင်ကြောင်းသိရသည်။

ကော့သောင်းတွင် မြေပြို၊ အနည်းဆုံး ၄ ဦး သေ
Thursday, 04 June 2009 16:40 ဧရာဝတီ
တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် အနည်းဆုံးလူ ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း ကော့သောင်းမြိုခံတဦးက ပြောသည်။

အဆိုပါမြို့ခံက “ကလေးသုံးယောက်နဲ့ သူတို့ရဲ့ အမေတော့ သေသွားတယ်၊ လူ ၇ ယောက်လောက် ကတော့ အခုဆေးရုံမှာ ရောက်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းမြေပြိုမှုသည် ယမန်နေ့ညက ပြင်းထန်သောလေနှင့် သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆောက်အအုံများ ပြိုကျခဲ့ပြီး တချို့သောအိမ်များမှာ ရေမြုပ်သွားကာ သစ်ပင်များမှာလည်း ကျိုးကျကုန်ကြောင်း ယင်းမြို့ ခံက ဆက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့သည် မြန်မာပြည် တောင်ဘက်အကျဆုံး နေရာတွင်တည်ရှိကာ မြန်မာပြည်၏ အဓိကကျသော ပင်လယ် ဆိပ်ကမ်းမြို့တမြို့ ဖြစ်ပြီး ယင်းမြို့မှတဆင့် မွန်နှင့် မြန်မာလူမျိုးများသည် ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည်။

http://www.voanews.com/burmese/index.cfm

အမေရိကန်နဲ့ မူစလင်ကမ္ဘာ ဆက်ဆံရေးသစ်စဖို့ သမ္မတအိုဘားမား နှိုးဆော်

04 June 2009

President Barack Obama delivers much-anticipated message to Muslim world from auditorium at Cairo University campus, 04 Jun 2009

ဇွန် ၄၊ ၂၀၀၉။
အကြမ်းဖက်ဝါဒ ပုံသဏ္ဌာန်မျိုးစုံကို ရင်ဆိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ မူစလင်
ကမ္ဘာတို့ အတူတကွ လုပ်ဆောင်ကြရမယ်လို့အမေရိကန်သမ္မတ အိုဘားမား (Barack
Obama) က ပြောလိုက်ပါတယ်။

အမေရိကန်ဟာ အစ္စလာမ်ဝါဒနဲ့ စစ်ဖြစ်နေတာ မဟုတ်သလို ဘယ်တော့မှလည်း ဖြစ်မှာ
မဟုတ်ဘူးဆိုတာ သူ ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးသားပါလို့ သမ္မတက ပြောပါတယ်။
ဒါပေမယ့် အမေရိကန် လုံခြုံရေးကိုခြိမ်းခြောက်နေတဲ့ အကြမ်းဖက်
အစွန်းရောက်ဝါဒီတွေကိုတော့ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

တင်းမာမှုရဲ့ နောက်ထပ်အရင်းအမြစ်တခုကတော့ အစ္စရေးလ်၊ ပါလက်စတိုင်းနဲ့
အာရပ်ကမ္ဘာကြား အခြေအနေပဲဖြစ်တယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးလ်နိုင်ငံအကြား ခိုင်မာတဲ့စည်းနှောင်မှုဟာ လူသိထင်ရှား
ဖြစ်ပြီးသား ချိုးဖျက်လို့မရပါဘူးလို့ သူကပြောပါတယ်။ ဂျူးလူမျိုးတွေဟာ ရာစုနှစ်
ပေါင်းများစွာ နှိပ်စက်ခံခဲ့ကြရပြီး အစ္စရေးလ်ကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်တာ
တွေဟာ မှားယွင်းတယ်လို့ ဆိုပါတယ်။

နောက်ထပ် တင်းမာမှု အရင်းအမြစ်တခုကတော့ နျူကလီးယားလက်နက်ကိစ္စ
ဖြစ်ပါတယ်။ အထူးသဖြင့် အီရန်က အနုမြူလက်နက်တွေ ပိုင်ဆိုင်ဖို့ လုပ်နေတဲ့အပေါ်
နိုင်ငံတကာရဲ့ အငြင်းပွားမှုဖြစ်တယ်လို့ မစ္စတာအိုဘားမားက အီဂျစ်နိုင်ငံ၊
ကိုင်ရိုတက္ကသိုလ် မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြကြတဲ့ လူစုတစုကို အာဏာပိုင်တွေက
ဖမ်းဆီးလိုက်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။

အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ် ၃ ယောက်ထက်မနည်းဟာ အမျိုးသမီး
တယောက်ရဲ့ ခင်ပွန်းသည် အထိန်းသိမ်းခံထားရတာကို ပြန်လွှတ်ပေးဖို့ တောင်းဆို
ထားတဲ့ စာတမ်းကိုကိုင်ပြီး သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အမျိုးသမီးတယောက်ရဲ့
ခင်ပွန်းဖြစ်သူကို မြန်မာစစ်အစိုးရက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ သူ ဘယ်သူ
ဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘဲ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်တယ်ဆိုတာ
ကိုပဲ စုံစမ်းလို့ရပါသေးတယ်။

ဆန္ဒပြတာကို အမေရိကန်သံရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောကြား
ပါတယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စအတွက် ဆန္ဒပြကြတာဖြစ်ပြီး နိုင်ငံရေးလှုံ့ဆော်တာမျိုး
မပါဘူးလို့ သံရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ၁၅ မိနစ်လောက် ကြာပြီးတဲ့နောက်
သူတို့တွေ ပြန်ထွက်သွားကြတယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် သူတို့ကို
ဘယ်နေရာမှာ ဖမ်းဆီးလိုက်တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး
ပါဘူး။

တီယန်နန်မင်မှာ သေဆုံးသူခဲ့သူစာရင်း ထုတ်ပေးဖို့ အမေရိကန် တောင်းဆို

04 June 2009

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် တီယန်နန်မင်အရေးအပေါ် နှိမ်နင်းမှုကို ပွင့်ပွင့်လင်းလင်း ပြန်သုံးသပ်ဖို့နဲ့ စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာကြောင့် အဲဒီမှာ ဖမ်းဆီးခံရသူ၊ သတ်ဖြတ်ခံရသူ၊ ပျောက်ဆုံးသူ အရေအတွက်ကို ကြေညာပေးဖို့ အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံကို တောင်းဆိုပါတယ်။ တီယန်နန်မင် အရေးအခင်း နှစ် ၂၀ပြည့် အထိမ်းအမှတ် ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် တရပ် ထုတ်ပါတယ်။ တရုတ်အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သလိုပဲ၊ လူ့ အခွင့်အရေး ကိစ္စကိုလည်း အလေးပေး လုပ်ဆောင်သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန်က တိုက်တွန်းပါတယ်။

ရာပေါင်းများစွာသော အပြစ်မဲ့ ပြည်သူတွေရဲ့ အသက် စွန့်ခဲ့ရတယ်လို့ မစ္စက် ကလင်တန်က အဲဒီ အဖြစ်အပျက်ကို ပြန်လည် အောက်မေ့ပြောဆိုခဲ့ပါတယ်။ ဆန္ဒပြတာမှာ ပါဝင်ခဲ့သူတွေက ခြိမ်းခြောက် အနှောက်အယှက်ပေးတာတွေကို ရပ်တန့်ဖို့၊ အဲဒါနဲ့ ဆက်နွယ်ပြီး ဖမ်းဆီး ထောင်ချခံရသူတွေကို ပြန်လွှတ် ပေးဖို့နဲ့ အဲဒီ အဖြစ်အပျက်မှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံတာတွေ စတင် လုပ်ဖို့ ကလင်တန်က တရုတ်အစိုးရကို တောင်းဆိုပါတယ်။ ကျောင်းသားနဲ့ အလုပ်သမားတွေရဲ့ သတင်း ပတ်ကြာ ဆန္ဒပြမှုကို နှိမ်နင်းဖို့ တရုတ်အစိုးရဟာ ဆန္ဒပြရာ တီယန်နန်မင် ရင်ပြင်ကို တင့်ကားတွေ၊ စစ်သား တွေ ၁၉၈၉ခု ဂျွန်လ ၄ရက်နေ့မှာ စေလွှတ်ခဲ့ပါတယ်။ အဲဒီမှာ ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ကြရတာပါ။ အခု နှစ် ၂၀ပြည့် အထိမ်းအမှတ်နေ့မှာတော့ လုံခြုံရေးကို အထူး တင်းကျပ်ထားပါတယ်။

ဦးတင်ဦး အကျယ်ချုပ် ၆နှစ် မပြည့်သေးဟု စစ်အစိုးရ တွက်

04 June 2009

ဒေါ်အောင်ဆန်းစုကြည်လိုပဲ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ NLD ဒုတေိယ ဥက္ကဋ္ဌ ဦးတင်ဦး ကို ဘာကြောင့် လွှတ်မပေးရသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

ဒီပဲယင်း တိုက်ခိုက်မှုကြီး ဖြစ်ပြီးနောက်ပိုင်း NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို စစ်အစိုးရ ဖမ်းဆီးပြီးတော့ နေအိမ် အကျယ်ချုပ် ချထားခဲ့တာ အခုဆိုရင် ၆နှစ်ပြည့်ခဲ့ပါပြီ။ သူ့ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ကာလမှာ ကလေးထောင်မှာ ချုပ်နှောင်ထားတဲ့ ကာလကို ထည့်မတွက်ဘူးလို့ NLD က ပြောပါတယ်။ ဦးတင်ဦး လွတ်မြောက်နိုင်ဖို့ အခြေအနေကို သိရအောင် ကိုသိန်းထိုက်ဦးက NLD သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးဥာဏ်ဝင်း။ ။ ကျွန်တော်နားလည်တာက အန်ကယ် ဦးတင်ဦးဟာ ဒီပဲယင်း ပြီးတော့ ကလေးထောင်မှာ ၁နှစ်လောက်ကြာတယ်။ ပြီးတော့ အိမ်ကို ပြန်ရောက်တာက ဖေဖေါ်ဝါရီလ ၁၃ရက် ထင်တယ်။ အဲဒီကမှ စပြီးတော့ သူတို့ ယူတာက အဲဒီကမှ စပြီးတော့ အရေးယူတယ်။ ၂၀၀၄ ဖေဖေါ်ဝါရီက စတဲ့အတွက် ၂၀၁၀ ဖေဖေါ်ဝါရီမှ သူက ၆နှစ်ပြည့်မယ့် သူတို့ရဲ့ သဘော။

ကိုသိန်းထိုက်ဦး။ ။ ကလေးထောင်မှာ ချုပ်နှောင်ထားခဲ့တဲ့ သက်တမ်းကို သူတို့က ထည့်မတွက်ဘူး ဆိုတဲ့ သဘော။
ဦးဥာဏ်ဝင်း။ ။ ဟုတ်ပါတယ်။

ကိုသိန်းထိုက်ဦး။ ။ အခုအတိုင်းဆိုရင် ၂၀၁၀မှ ၆နှစ်ပြည့်မယ့်သဘော။

ဦးဥာဏ်ဝင်း။ ။ဟုတ်ကဲ့ပါ။

ကိုသိန်းထိုက်ဦး။ ။ ထပ်ပြီးတော့ သက်တမ်း ဘယ်တုန်းက တိုးထားပါသလဲခင်ဗျ။

ဦးဥာဏ်ဝင်း။ ။ ၂၀၀၉ ဖေဖေါ်ဝါရီ ၁၃မှာ။
ကိုသိန်းထိုက်ဦး။ ။ သူရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လို ရှိပါသလဲ။

ဦးဥာဏ်ဝင်း။ ။ ကျွန်တော် သိရသလောက်တော့ ကျန်တဲ့ ရောဂါတော့ မသိဘူး။ သူ့မှာ နဂိုကတည်းက သေနတ် ဒဏ်ရာ၊ ကျည်ဆံမထုတ်ရသေးတဲ့ ခြေထောက်က ဒဏ်ရာ ရှိသေးတယ်။ အဲဒါတော့သိတယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ မသိဘူး။

ကိုသိန်းထိုက်ဦး။ ။ သူ့ကိုရော ဒေါ်အောင်ဆန်းစုကြည်လိုပဲ ကျန်းမာရေးအရ မိသားစု ဆရာဝန်နဲ့ တွေ့ခွင့်၊ ကျန်းမာရေး ဆေးစစ်ခွင့်တို့ရော အာဏာပိုင်တွေက ခွင့်ပြုပါသလား။

ဦးဥာဏ်ဝင်း။ ။ ကျန်းမာရေး စစ်ဆေးမှုတို့၊ သိခြားဆရာဝန်ဆီတောင် သွားခွင့်ရတယ်လို့ ကြားပါတယ်။

http://www.narinjara.com/burmese.asp

ရခိုင်အမျိုးသမီးများ ယုဇန စားအုံးဆီ ခြံများတွင် အလုပ် လုပ်ရန် ထွက်ခွာနေ

6/4/2009

ဆင်းရဲနွမ်းပါးသူ ရခိုင်အမျိုးသမီးများမှာ စားအုံးဆီ ခြံများတွင် နေ့စား အလုပ်သမားများ အဖြစ် အလုပ် လုပ်ကိုင်ရန် တနင်္သာရီတိုင်းသို့ အစုလိုက် ထွက်ခွာနေကြသည်ဟု အမည်မဖေါ်လိုသူ ရခိုင်အမျိုးသမီး တဦးက ပြောသည်။

“ယုဇန ဆီအုံး ကုမ္ပဏီက အလုပ်ကြမ်းတွေ လုပ်ဖို့ ရခိုင်ဘက်က လူတွေ ခေါ်နေတော့ ဆင်းရဲ နွမ်းပါးပြီး အလုပ်အကိုင် မရှိတဲ့ အမျိုးသမီးငယ်တွေ အဲဒီ ဆီအုံးခြံတွေမှာ အလုပ် လုပ်ကိုင်ဖို့ သွားနေကြတာ ဖြစ်ပါတယ်။ အဓိက အားဖြင့် အထူးစီးပွားရေး အကျပ်ဆိုက်နေတဲ့ ရသေ့တောင် မြို့နယ် မြောက်ပိုင်းက ရေစိုးချောင်း၊ အမျက်တောင်၊ ကျောက်ရံ၊ ကျောက်တန်းနဲ့ ရပုတ် ကျေးရွာတွေ ဘက်က များပါတယ်။ ”

ထိုသို့ အလုပ်ခေါ်ယူရာတွင် ခရီးစရိတ်ကို ယုဇန ဆီအုံး ကုမ္ပဏီက ပေးပြီး စားစရိတ်အတွက်လည်း ငွေများ ကြိုတင် ထုတ်ချေး ပေးသည်ဟု သိရသည်။

“သူတို့က နေ့စား အလုပ်သမားတွေ အဖြစ် ခေါ်ယူတာပါ။ ရာသီအလိုက် ခေါ်ပြီး ခိုင်းတာပါ။ လုပ်ခက တလကို ကျပ် သုံးသောင်းနီးပါး ရပါတယ်။ နေစရာတွေလည်း စီစဉ်ပေးပါတယ်။ ”

အလုပ်သမများမှာ များသောအားဖြင့် ပေါင်းရှင်း၊ မြက်နုတ်၊ ခြံကာ၊ သစ်ပင်စိုက်၊ မြေတူး စသည့် အလုပ်များတွင် နံနက်မိုးလင်းမှ နေ၀င် မိုးချုပ် အထိ အလုပ် လုပ်ကြရသည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှ အမျိုးသား အများအပြားမှာ စီးပွားရေး အကျပ်အတည်း အပြင် ဒေသအတွင်း တပ်စွဲထားသော စစ်တပ်များ၏ အနိုင်ကျင့်မူ၊ လယ်မြေများကို အတင်း သိမ်းပိုက်မူများကြောင့် မိမိနေထိုင်ရာ ကျေးရွာများကို စွန့်ပစ်ပြီး နီးစပ်ရာ နိုင်ငံများကို အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားကြပြီး နောက်ပိုင်း ယခု ရခိုင် အမျိုးသမီးများ အနေဖြင့် ဆက်လက်ထွက်ခွာနေကြခြင်း ဖြစ်သည်။

တခြား အမည်မဖေါ်လိုသူ ရခိုင်အမျိုးသမီး တဦးကလည်း “စီးပွားရေးက အထူး ကျပ်လာပါတယ်။ ငွေ တရာကို ရှာလို့ ရဖို့ဆိုတာ ရခိုင်ပြည်နယ်က ကျေးလက်တောရွာတွေမှာ မလွယ်ပါ။ စပါးဈေး အထူးကျသွားတဲ့ အတွက် လယ်ယာလုပ်ငန်းကို အဓိကထားပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ လယ်သမားတွေ ပိုပီး နစ်နာနေကြပါတယ်။ လယ်သမားတွေ လက်ထဲမှာ ငွေမရှိတော့ အကုန်လုံး အကျပ်ရိုက် နေကြရပါတယ် ” ဟု ပြောသည်။

ယခင်နှစ်က ယခုအချိန်တွင် စပါးတောင်းတရာကို နှစ်သိန်းနီးပါးထိ ဈေးပေါက်ခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ကိုးသောင်းကျော်သာ ရှိသည်ဟု သိရသည်။

တခြားမောင်တောမြို့မှ နေ့ချင်းပြန် ခရီးသွားနေသူ အမျိုးသမီး တဦးကလည်း “ကျွန်မတို့မှာ ဘာစီးပွားရေးမှ မရှိသလို အရင်းအနှီးလည်း မရှိဘူး။ ကုလား သူဌေးတွေဆီမှာ ပစ္စည်း အဌားသယ်ပေးနေတဲ့သူတွေသာ ဖြစ်ပါတယ်။ ခုလို မောင်တောမှာ ပစ္စည်း အဌားပြောင်းပြီး လုပ်ကိုင် စားသောက် နေသူ အမျိုးသမီးက စုစုပေါင်း (၂၀၀) လောက်ရှိပါတယ်။ ကျွန်မတို့မှာ ဆင်းရဲလွန်းတဲ့အတွက် မလုပ်ချင်ပေမယ့် ကုလား သူဌေးတွေဆီမှာ အဌားခံနေရပါတယ်။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ကျွန်မမှာ ဒီခန္ဓာ တခုကလွဲရင် ကျန်တာ အကုန်လုံး ပေးလိုက် ရပါပြီ ” ဟု ပြောသည်။

ရခိုင်ပြည်နယ် တခုလုံးတွင် စီးပွားရေး အကျပ်ဆိုက်နေပြီ်း ယခင်က စီးပွားရေး အဆင်ပြေသူများလည်း ယခုအခါ အဆင်မပြေတော့ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ကျောင်းဆရာ တဦးကလည်း “ ဟို ဘုရင်ခေတ်တုန်းကတော့ ဗမာ ဘုရင်တွေက ဓါးတွေ လှံတွေကို သုံးပြီး ရခိုင်ကို မြေလှန် ဖျက်ဆီး ပစ်ခဲ့ပါတယ်။ ဒီနေ့ကာလမှာတော့ ဓါးခေတ် လှံခေတ် ကုန်သွားပြီင်္းဆိုတော့ နအဖ စစ်အုပ်စု စီးပွားရေး လက်နက်ကို အသုံးပြုပြီး ရခိုင်ကို မြေလှန် ဖျက်ဆီးပစ်နေတာ ဖြစ်ပါတယ်။ ဆင်းရဲလာတော့ မျိုးစောင့် တရားတွေ ဘာတွေ ဘယ်ထား နိုင်တော့မလဲ။ ထမင်း နပ်မှန်ဖို့ အရေးကြီးတယ်၊ ဗမာ စစ်သားဆိုလည်း အမျိုးသမီးငယ်တွေက ယူကြတာပါဘဲ။ နောက်ဆုံး ဗမာ စစ်သားတွေကို ယူလည်း ထမင်းငတ်တာ့ မထူးဘူးဆိုပြီး တခြားဒေသတွေကို သွားပြီး အလုပ် လုပ်ကြရတာပါဘဲ ” ဟု ပြောသည်။

များမကြာမှီက ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးလာသူ ဗမာ စစ်သားငယ် တဦးအား မေးကြည့်ရာ သူက “ကျွန်တော်က ပြည်နယ် တော်တော်များကို ရောက်ဖူးတယ်။ စိတ်လည်း မဆိုးနဲ့အကို။ ဖန်ရတာ အထဲမှာ ရခိုင်သမတွေကို ဖန်ရတာက တခြား လူမျိုး အမျိုးသမီးတွေထက် လွယ်တယ် ” ဟု ပြောသည်။

နဖအ စစ်အစိုးရသည် အမျိုးချစ်စိတ်ဓါတ် အထူးထက်သန်သော ရခိုင်လူမျိုးများကို ဖျက်ဆီးရန်နှင့် လူမျိုးရေး သွေးနှောရန် အတွက် ရခိုင်ပြည်နယ် စီးပွား တခုလုံးကို ပထမ ဖျက်ဆီးပစ်လိုက်ပြီး ၎င်းနောက်ပိုင်းတွင် လူမျိုးရေး သွေးရောနှောရန် အတွက် စစ်တပ် တပ်ရင်းပေါင်း (၆၀) နီးပါးခန့်ကို ရခိုင်တွင် တပ်စွဲ ချထားလိုက်သည်။ ယင်းနောက်ပိုင်းတွင် ရခိုင်လူုမျိုးများ တိုးတက်ရေးအတွက် စက်ရုံ အလုပ်ရုံ တရုံမှ တည်ဆောက်ပေးခြင်း မရှိဘဲ ဗမာပြည်နှင့် ရခိုင်ပြည် အကြား တံခါးမရှိ ဓါးမရှိ သွားလာနိုင်အောင် ကားလမ်း ရထားလမ်းများကို သာ တခုပြီး တခုဖေါက်လုပ်ပေးနေကာ ရခိုင်ပြည်နယ် တိုးတက်ရန်အတွက် လုပ်ကိုင်ပေးနေကြောင်း ၀ါဒဖြန့် ကျေညာမူများ ပြုလုပ်နေသည်။

အမည်မဖေါ်လိုသူ စစ်တွေမှ ဆရာတော်တပါးက “တကာ စဉ်းစားကြည့်ပါ၊ ရထားလမ်း ဖေါက်လိုက်တာနဲ့ ဘယ်သူတွေ အရင်ဆုံး ရခိုင်ပြည်နယ်ထဲကို ရောက်လာမှာလဲ။ ဗမာအရာရှိတွေ ဂါတ်ဗိုလ်တွေဘဲ အရင် ရောက်လာမှာ။ ဒါတွေကို စစ်အာဏာပိုင်တွေက စီမံကိန်းတွေချပြီး လုပ်ကိုင်နေတာ၊ ဆရာတော်က လူမျိုးရေး ကျဉ်းမြောင်းတာတော့ မဟုတ်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်ကို တော့ တည်တံ့ချင်တယ်။ ခုလို ဖျက်ဆီးနေရင်တော့ သိပ်မကြာပါဘူး။ ရခိုင်လူမျိုး ပျောက်သွားနိုင်တယ် ” ဟု ပြောသည်။

စွယ်စုံရ စာရေးဆရာကြီး မောင်ဆုရှင် ကွယ်လွန်မူ အပေါ် အများက စိတ်မကောင်းဖြစ်

6/4/2009

မောင်ရမ္မာ (နိရဉ္စရာ) စွယ်စုံရ ဆရာရေးဆရာကြီး မောင်ဆုရှင် ခေါ် ဆရာ ဦးမျိုးသန့် ကွယ်လွန်သွားသဖြင့် စာပေနယ်က ပုဂ္ဂိုလ်များ သာမက သူ့စာပေကို လေးစား တန်ဖိုးထားသူများပါ စိတ်မကောင်း ဖြစ်နေကြသည်ဟု သိရသည်။

မောင်တောမြို့ နဒီ စာပေ ဖြန့်ချီရေး ဆိုင်မှ လူငယ် တဦးကလည်း “သူဆုံးသွားတဲ့အတွက် တော်တော် စိတ်မကောင်းပါ။ ဆရာက သိပ္ပံနဲ့ သုတ ဆောင်းပါးတွေ ရေးတဲ့အထဲမှာ တော်တော့ကို တော်ပါတယ်။ ဆရာလို နောက်ထပ် ပုဂ္ဂိုလ်များ မြန်မှာနိုင်ငံမှာ ထွက်ပေါ် လာအုံး မလားလို့တောင် တွေးနေမိပါတယ်။” ဟု ပြောသည်။

ဆရာ မောင်ဆုရှင်မှာ အသက် ၇၇ နှစ် ရှိပြီး ဇွန်လ ၂ ရက် (အင်္ဂါနေ့) နံနက်က ရွှေဂုံတိုင် အထူးဆေးခန်းတွင် ကွယ်လွန်သွားခဲ့သည်။

ဆရာအား ဇွန်လ တရက်နေ့ ည ၆ နာရီတွင် ဆေးရုံတင်ပြီး နောက်တနေ့ ဇွန်လ ၂ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်တွင် နှလုံး သွေးကြော ပိတ်ပြီး သေဆုံးသွားခဲ့သည်ဟု မိသားစုများကပြောသည်။

မောင်တောမြို့မှ အမည် မဖေါ်လိုသူ အလယ်တန်းပြ ကျောင်းဆရာ တဦးကလည်း “ ဆရာ ဆုံးတာကို ဘီဘီစီတို့ အာရ်အက်ဖေတို့က ကြားပါတယ်။ ဆရာ ထုတ်ဝေခဲ့တဲ့ သုတစွယ်စုံ ဆိုရင် ကျနော်တို့ အမြဲဖတ်ပါတယ်။ လူတိုင်း ကတော့ ဆရာဆုံးပါး သွားတဲ့အတွက် စိတ်မကောင်း ကြပါဘူး။” ဟု ပြောသည်။

ဆရာ၏ ရုပ်အလောင်းကို ယနေ့ (ကြာသပတေးနေ့) နေ့လည် ၂ နာရီ အချိန်တွင် ရေဝေး သုသာန်တွင် မီးသင်္ဂြိုဟ်မည်ဟု သိရသည်။

ဆရာမောင်စုရှင်ကို အဖ ဦးချစ်ဖေ၊ အမိ ဒေါ်စိန်မြင့်တို့က ၁၉၃၂ ခုနှစ် ဇန္န၀ါရီလ ၁ ရက်နေ့က မြောင်းမြမြို့မှာ ဖွါးမြင်ခဲ့သည်။

သူကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်စန်းရီနှင့် အတူ သား ၃ဦးနှင့် သမီး ၁ ဦး ကျန်ရှိခဲ့သည်။

အရပ်သား လူငယ်တဦး မတော်တဆ ကျည်ဆံထိမှန်၍ သေဆုံး

6/4/2009

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရခိုင်လူငယ် တဦးမှာ နအဖ စစ်တပ်မှ စစ်သားတဦး၏ သေနတ် မတော်တဆ ပေါက်ကွဲရာမှ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူမှာ ကိုရွှေဦး (၂၆ နှစ်) ဖြစ်ပြီး ပလက်ဝမြို့နယ် အိန္ဒိယ နယ်စပ် အနီးတွင် တည်ရှိသော သရော်အိုင် ကျေးရွာမှ ဖြစ်သည်။

“သူ့အဖေ နာမည်က ဦးသိန်းရွှေ ဖြစ်ပါတယ်။ မနေ့က ပလက်ဝကို သရော်အိုင်ကနေ စက်လှေ တစီးနဲ့ ဆင်းလာတာမှာ ခုလို စစ်သား တဦးရဲ့ သေနတ် မတော်တဆ ပေါက်ကွဲပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။ လူသေမူဆိုတော့ စစ်သားလည်း ကြောက်ပီး သေနတ်ကို မယူဘဲ စက်လှေပေါ်က ခုန်ချ ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟုအမည်မဖေါ်လိုသူ ပလက်ဝမြို့ပေါ်မှ လူငယ် တဦးက ပြောသည်။

ထွက်ပြေးသွားသော စစ်သားမှာ ဇော်မျိုးအောင်ဖြစ်ပြီး ငှက်ဖျားဖြစ်၍ ရှေ့တန်းမှ ပလက်ဝ နောက်တန်း တပ်ရင်းသို့ ပြန်စဉ် စက်လှေပေါ်တွင် သေနတ် ပေါက်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

“အလောင်းကတော့ မနေ့ညနေက ပလက်ဝကိုရောက်ရှိလာပါတယ်။ ရဲက အလောင်းကို စစ်ဆေးပြီး ဆေးရုံကို ဆေးစစ်ချက်ယူဖို့ ပို့လိုက်ပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့ ဘယ်ဘက် နို့အုံအောက်က ၀င်သွားပြီး ဘယ်ဘက် ရင်ဖတ်က ထွက်သွားတာကို တွေ့ရပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ အရပ်သား လူငယ် တဦး စစ်သား တဦး၏ ကျည်ဆံ ထိမှန်သေဆုံး သွားသော်လည်း မိသားစု အနေဖြင့် နစ်နာကြေး ရရှိမည် မဟုတ်ဟု အဆိုပါ အရပ်သား လူငယ်က ပြောသည်။

“ခုလို သေဆုံးသွားတဲ့အတွက် လျော်ကြေးရတယ်လို့ ကျွန်တော် တသက်မှာ တခါမှ မကြားဖူးပါဘူး။ ကျန်ရစ်တဲ့ မိဖတွေဆီကတောင် ရဲနဲ့ စစ်တပ်က လူသေမူဆိုပြီး ခြိမ်းခြောက် ငွေတောင်းချင် တောင်နေအုံးမှာ။ တောသူ တောင်သားတွေ ဆိုတော့လည်း ကြောက်ပီး ခုလို ခြိမ်းခြောက် ငွေတောင်းရင် ပေးနေကြတာပါဘဲ။”

http://www.moemaka.com/

ပြည်ပက မြန်မာတွေ လမ်းပေါ်ထွက်ဖို့ အချိန်ရောက်ပြီဟု အယ်လ်အေက မြန်မာများက နှိုးဆော်

မိုးမခ အထောက်တော် ၀၀၂

ဇွန် ၃၊ ၂၀၀၉

မြန်မာပြည်က စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ဖမ်းဆီးထားခြင်းနှင့် ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်နေခြင်းတို့ကြောင့် ပြည်ပရောက် မြန်မာတို့က ပြည်တွင်းရှိ ပြည်သူတို့ကိုယ်စား နိုင်ငံတကာက လမ်းမများပေါ်တွင် မြန်မာစစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက်ကြရန်၊ ဒေါ်စုကို လေးစားထောက်ခံမှုများ အကျယ်လောင်ဆုံး ထောက်ခံပြကြရန်အတွက် ကယ်လီဖိုးနီးယားပြည်၊ အယ်လ်အေမြို့က မြန်မာမိသားစုတို့က တိုက်တွန်းနှိုးဆော်လိုက်ပြီး လာမည့် ဇွန်လ ၇ ရက် တနင်္ဂနွေနေ့တွင် အယ်လ်အေမြို့လယ်၊ လူအစည်ကားဆုံးနေရာ ဟောလီဝုဒ်လမ်းမကြီးပေါ်က အော်စကာအကယ်ဒမီပေးသည့် ကိုဒတ်သီယေတာ အဆောက်အဦကြီးရှေ့တွင် ညနေ ၄ နာရီမှ ၆ နာရီအထိ စုဝေး ဆန္ဒပြကြမည်ဟု ဖိတ်ခေါ်ထားသည်။

အယင်အပတ်ကလည်း ဘာသာပေါင်းစုံ စုဝေးဆုတောင်းခြင်းအခမ်းအနားကို မြန်မာဘုန်းတော်ကြီးကျောင်းတွင် လူမျိုး၊ ဘာသာစုံ မြန်မာတို့ စုဝေးပြီး ကျင်းပခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အကျယ်ချုပ်ဖောက်ဖျက်မှုနှင့် တရားစွဲဆိုကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။ တရားစီရင်ရာတွင် အများပြည်သူတို့ တက်ရောက်ခွင့်၊ သက်သေများ လွတ်လပ်စွာ တင်ပြခွင့်နှင့် နိုင်ငံတကာစံနှုန်းနှင့်ညီညွတ်သော ဥပဒေအခွင့်အရေးများကို တားဆီးပိတ်ပင်ပြီး တဖက်သတ် တရားစီရင်ရန် ကြိုးစားလျက်ရှိရာ၊ လာမည် သောကြာနေ့ တရားရုံးချိန်းကို တနလာင်္နေ့သို့ ထပ်မံရွေ့ဆိုင်းဦးမည်ဟု ပြည်တွင်းက သတင်းများက ဆိုထားသည်။

ဒေါ်စု၏ အမှုလိုက်ရှေ့နေများကလည်း သက်သေများခေါ်ယူခွင့်ကို တားဆီးမှုအား တိုင်းရုံးသို့ အယူခံတင်ထားသေးသည် ဖြစ်ရာ ထိုအပြုအမူကြောင့် ဒေါ်စုကို စစ်အုပ်စုက အချိန်ဆွဲ ဖမ်းချုပ်ထားရန် အခွင့်ကောင်းပေးထားသလိုဖြစ်နေသည်ဟု ပြည်တွင်းက တရားရုံးချုပ်ရှေ့နေတဦးက ပြောသည်။

“ဘောလုံးပွဲမှာ သူများဂိုးရှေ့ နည်းမျိုးစုံ လိမ်ခေါက်ပြီး အစွမ်းကုန် အလှ ကစားပြနေတာပေါ့ခင်ဗျာ။ ဟိုက ဂိုးတိုင်လည်း မရှိဘူး။ ဒိုင်လူကြီးလဲ မရှိဘူး။ လက်ပိုက်ပြီး ရပ်ကြည့်နေတာ။ ပွဲကြည့်စင်က ပရိသတ်ကလည်း မခံမရပ်နိုင်လွန်းလို့ အော်ရ၊ ဟစ်ရနဲ့ အသံတွေကွဲ၊ လည်ချောင်းတွေ နာလှပြီ။ နောက်ဆုံးတော့ ပရိသတ်ကြီးက ဘောလုံးကွင်းထဲ ဆင်းချလာရတော့မှာပဲ။ ပြည်ပကလည်း လမ်းပေါ်ထွက်ကြ။ ပြည်တွင်းကလည်း သပိတ်တွေ မှောက်ကြ။ အဲဒါမှ အေးမှာ”
ဟု သူ့ထင်မြင်ချက်ကို ပြောသွားသည်။


http://www.nmg-news.com/nmg/newspage.html

ဒေါ်စု လွတ်မြောက်ရေး အတွက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်

နွယ်လေး။
ဇွန်လ ၄ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ချစ်ခြင်းမေတ္တာခရစ်ယာန် ဘုရားကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးအတွက် ယမန်နေ့ ညနေ (၆)နာရီခွဲတွင် စုပေါင်းလှုပ်ရှားရေးကော်မတီ (JAC) မှ ဦးဆောင်၍ ဘာ သာပေါင်းစုံ ပါဝင်သည့် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ဝတ်ပြုဆုတောင်းပွဲတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များနှင့်အတူ ဘာသာပေါင်းစုံမှ လူပေါင်း ၈၀ ကျော်တက် ရောက်သည်။

ဆုတောင်းပွဲ အခမ်းအနား အစီအစဉ်ကြီးကြပ်သူ ကိုမိုးစက်က“ခရစ်ယာန်ဘာသာအားဖြင့် ၀တ်ပြုကိုးကွယ် ခြင်း ဆုတောင်းခြင်း ဖယောင်းတိုင်လေးတွေ ထွန်းပြီးဆုတောင်းတယ်။ သံဃာ တော်တွေက ဒီဘုရား ကျောင်းမှာ မေတ္တာသုတ်ရွတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေး အကျဉ်းသားအားလုံး လွတ် မြောက်ဖို့အတွက် ဆိုပြီး မေတ္တာပေးတဲ့ အစီအစဉ် ပြုလုပ်ပါတယ်” ဟု ပြောသည်။

ဘုရားကျောင်းအနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် မြန်မာအလုပ်သမားများလည်း ၎င်းတို့ နေအိမ်မှ ဆီးမီးပူဇော် ထွန်းညှိပြီး ပါဝင်ဆုတောင်းကြသည်ဟု ၎င်းက ဆက်ပြောသည်။

“အဲမှာ ထူးခြားတာတခုက ဘုရားကျောင်းအတွင်းမှာပဲ မဟုတ်ပဲနဲ့ ကျနော်က ဆုတောင်း မေတ္တာပို့ တော့မယ်လို့ ကြေငြာတာနဲ့အဲဒီ တိုက်တန်းလျားမှာရှိတဲ့ အလုပ်လာလုပ်တဲ့ မြန်မာပြည်သားတွေ သူတို့ဘာသာ ဘယ်ချိန်ကတည်းက ဖယောင်းတိုင်ကို ပြင်ဆင်ထားကြလဲ မသိဘူး။ တခါတည်း သူတို့အိမ်အထပ်ဝရန်တာမှာ တန်းစီပြီး ဖယောင်းတိုင်ထွန်းပြီး သူတို့ပါ ဒီမေတ္တာပို့ခြင်းမှာ ပါဝင်တာ ကျနော်တွေ့ရတယ်”

စုပေါင်းလှုပ်ရှားရေးကော်မတီက ဒေါ်စုလွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုပွဲကို ယခု တတိ ယ အကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းနေအိမ်အား ရေကူးဝင်လာသည့် အမေရိကန်နိုင်ငံသားအား လက်ခံထားမှုဖြင့် အင်းစိန်တရားရုံးတွင် တရားစွဲဆိုခံထားနေရသည်။

ကော့သောင်းတွင် မိုးကြီးရေလျှံပြီး မြေပြိုကျ၊ ၄ ဦးသေဆုံး

ဇော်ကြီး။
ဇွန်လ ၄ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့တွင် ယမန်နေ့ညက လေပြင်းတိုက်ပြီး မိုးသည်းထန် မှုကြောင့် အိမ်တစ်လုံး ပြိုကျကာ ကလေးသုံးဦး အပါအ၀င် လူ လေးဦး သေဆုံး၍ ၃ ဦး ဆေးရုံတင် ထားရသည်။

ယမန်နေ့ညဦးပိုင်း အချိန်မှစ၍ လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျ ရေလျှံပြီး မြေပြို ကာ အိမ်တစ်လုံးပြိုကျ၍ သေဆုံးသူများရှိသည်ဟု ကော့သောင်းမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

“မနေ့ညက ဒီမှာ လေရောမိုးရော ကြီးတာပေါ့နော်။ ကြီးပြီးတော့ တောင်ကမ်းပါး ပြိုကျလာပြီး အိမ် တစ်အိမ်ထဲမှာ မိသားစု ၄ ယောက်က ဆုံးသွားတယ်။ ကျန်တဲ့ ၃ ယောက် ကတော့ ဆေးရုံတင် ထားရတယ်ခင်ဗျ။”

ရွှေမင်းဝံ ရပ်ကွက်(၈)တွင် နေထိုင်ပြီး ထရံယက်လုပ်ငန်းဖြင့် အသက်မွေးကြသည့် မိသားစု တခု၏ မိခင်နှင့် က လေးငယ် ၃ ဦး အလောင်းအား ယနေ့နံနက်ပိုင်းက ရပ်ကွက် လူထုမှ တူးဖော်ကာ ဖခင်ဖြစ်သူအား ဆေးရုံသို့ ပို့ဆောင်ထားသည်။

ကော့သောင်း-ရန်ကုန်သို့သွားရာ လမ်းတလျှောက်၌လည်း တောင်ပြိုကျသဖြင့် လမ်းပိတ် ဆို့မှုများဖြစ်ကာ မြို့ တွင်းတွင်လည်း သစ်ပင်များ ပြိုလဲပြီး လမ်းပိတ်ဆို့နေသည်ဟု မြို့ခံများက ပြောသည်။

တောင်ကျရေများလွန်းပြီး ရေနုတ်မြောင်းများ ပိတ်ဆို့မှုကြောင့် ရေလျှံရခြင်းဖြစ်ပြီး ပင်လယ် ရေတက်ချိန်နှင့် တိုက်ဆိုင်ပါက အခြေအနေပိုဆိုးနိုင်သည်ဟု ကော့သောင်းမြို့ခံ အမျိုးသမီး တစ်ဦးက ယခုလိုပြောသည်။

“အခုက တောင်ကျရေက တအားထိုးဆင်းတာလေ။ အဲမှာ ရေထွက်လမ်းနည်းပြီးတော့ မြောင်းတွေ ပိတ်ပြီးတော့ အိမ်တွေထဲမှာ ရေတက်လျှံတာပေါ့။ တစ်ခါမှ အဲလောက်ထိ မရောက်ဖူးဘူး။ တော်သေး တယ် ပင်လယ်ရေနဲ့ မထိလိုက်လို့။ ပင်လယ်ရေအတက်နဲ့ဆို လူတွေ တော်တော်အန္တရာယ်များမယ်။”

ကော့သောင်း၌ လေပြင်းတိုက်ခတ်မှုနှင့် ရေကြီးမှုများ မကြာခဏဖြစ်လေ့ရှိသော်လည်း ၎င်းအတွေ့အကြုံအရ ယခုအကြိမ်သည် အဆိုးဝါးဆုံးဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ကော့သောင်းမှာ လူသေတာတွေဘာတွေက အခုပထမဦးဆုံးအကြိမ်ပဲ။ ရေကြီးလို့လေ တောင်ပြိုတာ တွေဘာတွေက။ အခု ဒီကိုရောက်တာ (၂၁)နှစ် ရှိပြီ။ ဒီတစ်ခါပဲ အဲလိုမျိုး တောင်ပြိုပြီးတော့ မိုးကြီး ပြီး လူသေတယ်ဆိုတာ ကြားဖူးသေတယ်လေ။ အမတို့ အိမ်လည်း အဲ့တိုင်းပေါ့။ အခုတစ်ခါပဲ အိမ်ပေါ် အထိ ရေတက်ဖူးတယ်။”

ကော့သောင်းမြို့သည် တနသာင်္ရီတိုင်းအတွင်းတည်ရှိပြီး ထိုင်းနိုင်ငံ ရနောင်းနှင့် နယ်စပ်ချင်း ကပ်လျှက်ရှိကာ ပင်လယ်ရေလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများအဓိက လုပ်ကိုင်ကြသည်။

ထိုဒေသတ၀ိုက်တွင် လွန်ခဲ့သည့် ၂ ရက်မှစ၍ မိုးသက်လေပြင်းကျရောက်သဖြင့် ထိုင်းမိုးလေ၀သ သတင်းဌာနမှ မြန်မာနိုင်ငံ ကော့သောင်း၊ ရနှောင်းနှင့် ချွန်ဖွန်ဒေသ တ၀ိုက်တွင် မိုးကြီး၍ ကပ္ပလီပင်လယ်အော်နှင့် ထိုင်း ပင် လယ်အော်တို့တွင် မိုးသက်လေ ပြင်းများကျရောက်နိုင်ကြောင်း ယနေ့ထုတ် The Nation သတင်းစာ၌ ဖော်ပြ ထားသည်။

ကျောင်းသားများ အပါအ၀င် မြန်မာအလုပ်သမား ရာကျော် ဖမ်းဆီးခံရ

ခွန်အောင်မြတ်။
ဇွန်လ ၄ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဖက် ၄၄ ကီလိုမီတာရှိ မြန်မာအလုပ်သမားများကို ထိုင်းနယ်ခြားစောင့် စစ်တပ်က ယနေ့ နံနက်တွင် ၀င်ရောက်ဖမ်းဆီးရာ ကလေး ၁၂၀ ကျော် အပါအ၀င် အလုပ်သမား ၃၀၀ ခန့် အဖမ်းခံခဲ့ရသည်။

ဖုဖရမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ နေထိုင်ရာ အုပ်စု များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့နံနက် ၄ နာရီခန့်တွင် ရှောင်တခင် ၀င်ရောက်ဖမ်းဆီးသည်ဟု ထွက်ပြေးလွတ်မြောက်သူ အလုပ်သမား ဦးဆန်းလင်းကြည်က ပြောသည်။

“ညက သုံးနာရီလောက် ကျနော်တို့ကို လာဝင်ဖမ်းတော့ ပြေးကြလွှားကြတယ်။ နောက်ပိုင်းမှာ သား သမီးတွေ မိသားစုတွေ ကျန်နေခဲ့တယ်။ အိမ်တွေကို မီးနဲ့ရှို့သွားတယ်။ ကျနော်သမီးတွေ လည်း ကျောင်းသားတွေပဲ။ အဲဒါမီးနဲ့ရှို့သွားတာ ကျနော်တို့ ပြန်လာတော့ ပစ္စည်းတွေက အကုန်လုံးပေါ့ တ၀န်းလုံး ဘာမှမရှိတော့ဘူး။ နေစရာလည်း နေရာ မရှိတော့ဘူး။ ဆန်အိတ်တွေ ဘာတွေပါ အကုန် လုံး အိုးတွေ၊ ခွက်တွေပါ ထုပိန် အကုန်လုံး မီးထဲအကုန်ရှို့ သွားတာ။ ထိုင်းစစ်သား ဒီမနက်မှာ နှစ် ခေါက် ပထမတခေါက် ဖမ်းတော့ ကျနော်တို့ ပြေးတယ်။ အိမ်တွေမီးရှို့တော့ ကျနော်တို့ ပစ္စည်း ပစ္စ ယပေါ့နော် ကျန်တဲ့ဟာလေးတွေ လာသိမ်းတော့ တခါ နောက်တခေါက်လာပြန်ဖမ်းတော့ ကျနော် တို့ပြေးရတယ်။”

အဖမ်းခံရသူ အများစုမှာ အမျိုးသမီးနှင့် ကျောင်းသားများဖြစ်သည်ဟု ၎င်းက ပြောသည်။

ဒို့မိတ်ဆွေကျောင်းမှ ကျောင်းကော်မတီ ဥက္ကဌ ဦးပေစိလည်း အဖမ်းခံသည်ဟု အိမ်ခန်းထဲတွင် ပုန်းနေသဖြင့် အဖမ်းမခံရပဲ ကျန်နေခဲ့သည့် ၎င်း၏ သမီးက ငိုယို၍ ယခုလို ပြောသည်။

“အများကြီးပဲ ပါသွားကြတယ်။ လေးနာရီဆိုတော့ သူများဝန်းထဲမှာလည်း မိတယ်။ သမီးတို့ အဖေတို့ အမေတို့တော့ အကုန်လုံးပဲ ပါသွားကြတယ်။ အခုပြောတော့ ဖုဖရ အချုပ်ထဲရောက်သွားပြီလို့ ပြော တယ်။ သမီးက အိမ်ခန်းထဲမှာ ပုန်းနေလို့ သမီးကျန်နေခဲ့တယ်။ သမီးညီမတွေလည်းပါသွားတယ်။ ခ လေးတွေလည်း အကုန်လုံးပါသွားတယ်။ သူတို့လာဖမ်းတယ်လေ။ တောချဒေါတွေ ထိုင်းစစ်သားတွေ။ သူများဝန်းထဲကဆိုရင်လေ မီးတွေဘာတွေရှို့တယ်။ တော်တော်ပါသွားတယ်။ သမီးတို့ဝန်းထဲကဆိုရင် မိန်းကလေးတွေ အကုန်လုံးပဲ ပါသွားတယ်။”

ထိုင်းစစ်တပ်က လာရောက်ဖမ်းဆီးချိန်တွင် အမျိုးသားအများစုက တောတွင်းထဲသို့ထွက်ပြေး တိမ်းရှောင်နေကြ သည်ဟု လွတ်မြောက်သူ အလုပ်သမားများက ပြောသည်။

အလုပ်သမားကလေးများကို ဖမ်းဆီးလိုက်သည့်အတွက် ကျောင်းပိတ်ထားရသည့် ဒို့မိတ်ဆွေ ကျောင်းမှ ဆရာ ထိုက်သူအောင်က ယခုလို ပြောသည်။

“ကျနော်တို့က ၄၂ ရွာက စာသင်ကျောင်းပေါ့နော်။ အဲဒီ ၄၄ ရွာက ကလေး ၁၂၀ ကျနော်တို့ ကျောင်း ကို လာတက်တယ်။ ညတုန်းက ၃ နာရီခွဲ လေးနာရီ ပတ်ဝန်းကျင်မှာ ထိုင်းစစ်တပ်က ၀င်ဖမ်း တာ။ ကလေးလူကြီးကော အကုန်လုံးပေါ့။ ကျောင်းသားတွေ ကျောင်းရောက်မလာတဲ့ အခါကျတော့ မနက်ခြောက်နာရီခွဲ (၇)နာရီမှာ ကျနော်တို့ ကျောင်းကားကြိုတယ်။ ကြိုတဲ့အခါ အဲဒီမှာ ရွာက၀န်း တွေမှာ လူတွေမရှိပဲနဲ့ အကုန်အဖမ်းခံရတဲ့ ပုံစံတွေ တွေ့ရတယ်။ လူကြီး တွေကို ဖမ်းတာတော့ဗျာ ကျနော်တို့ အနေနဲ့ အပြစ်မပြောဘူး။ ကလေးတွေကို ဖမ်းသွားတဲ့ ဟာကတော့ တော်တော်ဆိုး တယ်လို့ မြင်တယ်။ ကျနော်တို့အနေနဲ့ကတော့ ဖမ်းတယ်လို့ မြင်တယ်။ ခုနက ထိုင်းစစ်တပ်က နေ ပြီး ကျနော်တို့ကို လှမ်းပြောတယ်။ သူတို့က ကလေးတွေ ကို ထားခဲ့လို့ မရဘူးတဲ့ အဖေရော အမေ ရော ဖမ်းသွားတော့ ကလေးတွေကိုပါ ခေါ်သွားတာတဲ့။ ဒါပေမယ့် ကျနော်တို့ဘက် မြင်တာကတော့ ကလေးတွေကို ဖမ်းသွားတယ်လို့ပဲ မြင်တာပဲ။”

ဖုဖရရှိ ထိုင်းနယ်ခြားစောင့်တပ်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် နယ်စပ်လုံခြုံရေးအရ ဖမ်းဆီးသည်ဟု ပြောဆိုပြီး အသေးစိတ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ဖုဖရမြို့နယ်အတွင်းတွင် တရားမ၀င် မြန်မာအလုပ်သမား သောင်းချီရှိပြီး အများစုမှာ ပန်းစိုက်ပျိုးခြင်း၊ တောင် ယာလုပ်ငန်းခွင်နှင့် အခြား စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြ သည်။

http://www.mongloi.org/burmese/

တင်းမာလာသည့် အနေအထားကြောင့် တောင်ပိုင်း ၀ တပ်နှင့် နအဖ တပ်ပစ်ခတ်လုနီးနီး
ဗုဒ္ဓဟူးနေ့၊ 03 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
လတ်တလော ၀ တပ်ဖွဲ့နှင့် စစ်အစိုးရတပ်တို့အကြား တင်းမာလာသည့်အခြေအနေကြောင့် နှစ်ဖက်အောက်ခြေတပ်များ ပစ်ခတ်လုနီးဖြစ်ပြီး မိမိတို့တပ်ဖွဲ့များသွားလာရေး အနှောင့်အယှက်ဖြစ်ရသည်ဟု ၀ တပ်မှူးတဦးက ပြောဆိုသည်။

မေ ၃၁ ရက် က တောင်ပိုင်း ၀ တပ်ဖွဲ့၏ ဖိုးဝှီး ကား ၇ စီး၊ လူအင်အား ၃၀ ခန့် တာချီလိတ်သို့ စားနပ်ရိက္ခာသွားရောက် ၀ယ် ယူပြီး (မိုင်းဆတ်မြို့တောင်ဘက်ဝမ့်ဟုန့် တပ်စခန်းနှင့် မိုင်းတုံမြို့တောင်ဖက်ဟွေ့အော့ တပ်စခန်းသို့) အပြန် - ခရီး တ၀က်၌ နအဖ လမ်းကင်းစောင့်တပ်ဖွဲ့၏ ဟန့်တားစစ်ဆေးမှုကြောင့် ၀ တပ်ဖွဲ့ နှင့် နအဖ စစ်တပ်အကြားအချေ အတင် စကားများပြီး ပစ်ခတ်လုနီးပါးဖြစ်ခဲ့ရသည်ဟု အဆိုပါတပ်မှူးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
[တောင်ပိုင်း ၀ တပ်ဖွဲ့]

တောင်ပိုင်း ၀ တပ်ဖွဲ့

“မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ် တောင်ကြောက လမ်းကင်းစောင့်တဲ့ (မိုင်းတုမ်း အခြေစိုက်) ခမယ ၅၅၃ နဲ့ ၅၅၄ ဗမာစစ်သားတွေ ကျနော်တို့ကားကို အသေးစိပ်ရှာဖွေစစ်ဆေးချင်လို့တဲ့။ ကျနော်တို့ပေးမစစ်ဘူး၊သူတို့ ကားလဲ ကျနော်တို့မစစ်ဆေးဘူး၊ လက်နက်ကိုင်အချင်းချင်းဘဲ။ ဒါကြောင့် အချေအတင်ဟိန်းဟောက်ကြတယ်”- ဟုဆို၏။

မိုင်းတုံမြို့ဒေသခံတဦးက -“ အခုတလော ၀ တပ်တွေ လက်နက်ခဲယမ်းမီးကျောက်သယ်ယူ ဖြည့်တင်းတာတွေဖိလုပ် နေ တယ်လို့ကြားလို့ နအဖစစ်တပ်ကစစ်ဆေးကြည့်ချင်တဲ့သဘောဖြစ်နိုင်တယ်” ဟုဆို၏။

တောင်ပိုင်း ၀ တပ်ဖွဲ့အား စစ်ရေးအရ အချက်အခြာကျသည့် တပ်စခန်း ၃ ခု ကိုမေလ ကုန်နောက်ဆုံးထား၍ဆုတ်ခွာ ပေး ရန်၊ စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး လက်အောက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်၊ မြောက်ပိုင်းသို့ တပ်ရုတ် ပြန်ရန် စစ်အစိုးရဖက်က သတိပေးမှုကြောင့် ဆက်ဆံရေးပိုမိုတင်းမာလာခြင်းဖြစ်သည်။ စစ်အစိုးရကအသင့် အနေအထား တပ်လှန့်ထားသကဲ့သို့ တောင်ပိုင်း ၀ တပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊လူသူလက်နက်အဆင်သင့်ဖြည့်တင်း ပြီး စစ်ရေးပြင် ဆင်ထားသည်ဟုဆို၏။ ထို့အပြင် ကျေးရွာတွင်း/မြို့တွင်း ရှိနေကြသည့် ၀ စစ်သား/ အရာရှိများလည်း မိသားစုနှင့်အတူ တပ်စခန်းအသီးသီးသို့ ပြန်သွားနေကြရပြီဖြစ်ကြောင်း သိရပါသည်။

နိုင်ငံရေးစစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက - နအဖ နှင့် အပစ်ရပ်များအကြားလတ်တလောနိုင်ငံရေးအခြေ အနေ တင်းမာလာသော်လည်း ယခုနှစ်ကုန်ပိုင်းအထိ အပစ်ရပ်များအပေါ် စစ်အစိုးရစစ်မျက်နှာသစ်ဖွင့်နိုင်ဦးမည် မဟုတ်ကြောင်း သုံးသပ်ပါသည်။


ဂျွန်လမကုန်မီ နအဖထံ တရားဝင် အဖြေပေးရေးအတွက် ၀ ခေါင်းဆောင်များ၏ ဆန္ဒ ရပ်တည်ချက်ချမှတ်
ကြာသပတေးနေ့၊ 04 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
အပစ်ရပ်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် UWSA ပန်ဆန်းဌာနချုပ်မှ လက်မ ခံနိုင်ကြောင်း ဗိုလ်ချုပ်ကြီးရဲမြင့်ထံတိုက်ရိုက်အကြောင်းပြန်လိုက်ပြီးနောက်ပိုင်း ထို့ထက်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ၀ ခေါင်းဆောင်/အရာရှိ/တပ်မှူးများ ထပ်မံဆွေးနွေးပြီးဆန္ဒသဘောထားကောက်ခံမှုပြု လုပ်ခဲ့ကြောင်း နယ်စပ်သတင်း ရပ်ကွက်ကဆိုသည်။

“မေ ၂၆-၂၇ တုန်းက ထိပ်ပိုင်းခေါင်ဆောင်တွေ အထက်အရာရှိတွေ၊ ဌာနကြီးမှူး၊ တပ်မှူးတွေ ပန်ဆန်းဌာနချုပ်မှာ ဆွေးနွေး ပွဲထပ်လုပ်တယ်။ မေလ ၂၀ ရက် ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ တိုက်ရိုက်အကြောင်း ပြန်လိုက်တဲ့နောက်ပိုင်း နအဖရုံးချုပ်ဆီနောက် ထပ်တရားဝင်ပြန်ကြားဖို့ ထပ်မံသဘောတူညီမှုချမှတ်တာဘဲ” ဟုအစည်းဝေးတက်ရောက် ခဲ့ရသူ အရာရှိတဦးကပြောပြ၏။

ဒု-ဥက္ကဌ ဦးရှောက်မင်လျံ လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ရဲမှူးကြီးဗိုလ်ချုပ်ရဲမြင့် ဥက္ကဌ ဦးပေါက်ယိုချမ် ကျိုင်းတုံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး (၀ဲမှ ယာသို့)
ထိုတွေ့ဆုံဆွေးနွေးပွဲမှ -
(၁) ဂျွန်လနောက်ဆုံးထား၍ စစ်အစိုးရထံ လူသူလက်နက်စာရင်း နှင့် ပင်စင်ယူမည့်အသက် ၅၀ ကျော်အရာရှိများ စာရင်း အကြောင်းပြန်ရေးကိစ္စ။
(၂) လက်ရှိနိုင်ငံရေး ရေစီးကြောင်းနှင့်ကိုက်ညီမည့် ပြတ်သားသောမူဝါဒလမ်းစဉ်ကိုင်စွဲရန်နှင့်လူသူလက်နက်အင်အား ဖြည့်တင်းထားရေးကိစ္စ။
(၃) တိကျသောသဘောတူညီမှုမရသေးဘဲ နှင့် စစ်အစိုးရဘက်မှ အပစ်ရပ်များအတွက် တပ် ပြန်ဖွဲ့ခိုင်းရန်၊ စစ်သင်တန်းကျောင်းဆိုင်ရာ ပြင်ဆင်ထားသည့်ကိစ္စ - စသည့်အကြောင်းအရာ များဆွေးနွေးခဲ့သည်ဟု ထိုအရာရှိက ဆက်ပြောပြပါသည်။

ဝ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ရင်းနှီးသည့်လားရှိုးကုန်သည်တဦးက- “သူတို့ဆွေးနွေးတဲ့အထဲမှာ - ၂၀၁၀ ရွေးကောက် ပွဲကနေ အစိုးရပေါ်ထွက်လာပြီးမှသာ တပ်အသွင်ပြောင်းရေးလုပ်/မလုပ်ကို အဲဒီအချိန်ကျမှယတိပြတ် ဆုံးဖြတ်နိုင်မယ် ဆိုတဲ့ကိစ္စပါနိုင်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

၎င်းဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ကြသည့် (အလယ်အလတ် နှင့် အထက်) ၀ အရာရှိ အရာခံ ၇၅% က -စစ်အစိုး ၏ အပြောနှင့် အလုပ်မညီမှုအပေါ် ယုံကြည်၍မရကြောင်း၊ မိမိတို့ဖက်မှဦးစွာတိုက်ခိုက်ရန်အတတ်နိုင်ဆုံးအောင့်အီး ရှောင်ရှား သွားမည်ဖြစ်သော်လည်း စစ်ရေးအရ အဆင့်သင့် ဖြည့်တင်းပြင်ဆင်ထားခြင်းကအကောင်းဆုံးရွေးချယ် စရာလမ်းဖြစ်ကြောင်း၊ အသက်နှင့်လဲပြီး မိမိတို့၏အမျိုးသားနယ်မြေကာကွယ်သွားမည်ဖြစ်ကြောင်းတခဲနက်သဘော တူ ဆန္ဒဖေါ်ထုတ် ကြသည်ဟု ဆိုသည်။

အမည်မဖေါ်လိုသည့် အခြား ၀ တပ်မှူးတဦးကလည်း - “လက်ခံသဘောတူချက်မရသေးဘဲနဲ့ စစ်အစိုးရဘက်က ကျနော် တို့အတွက် သင်တန်းပေးဖို့ ဗထူး၊ တန့်ယန်း နဲ့ ကျိုင်းတုံမြို့မှာ သင်တန်းကျောင်း(အပစ်ရပ်တပ်ဖွဲ့ဝင်တွေ အတွက် သီးသန့် သင်တန်းကျောင်း) ပြင်ဆင်ထားတဲ့ ကိစ္စကနည်းလမ်းမကျပါဘူး” - ဟုဆို၏။

ထိုသင်တန်းကျောင်းက အပစ်ရပ်အရာရှိ/တပ်မှူးများအား ကျန်းမာရေး၊ အရပ်အမောင်း၊ အသက်အရွယ်၊ပညာရေး ပိုင်း အကြောင်းရှာပြီး စစ်အစိုးရ အလိုမရှိသူများအား အဆင့်မမှီ/ပယ်စာရင်းနည်းလမ်းဖြင့်တယောက်ပြီးတယောက် ပယ်ထုတ် နိုင်ဖွယ်ရှိကြောင်း၊ စစ်အစိုးရ၏ ရည်မှန်းချက်စီမံချက် နောက်ကွယ်တွင် ရိုးသား မျှတတန်းတူမှုကင်းမဲ့နေ သောကြောင့် လျှော့တွက်၍မရကြာင်း၊ ၎င်းတို့၏ ခြောက်တခါချော့တလှည့် ထောင်ခြောက်ကို အထူးသတိထားရမည် ဖြစ်ကြောင်းလည်း ထိုတပ်မှူးကဆက်ပြောပြပါသည်။



ဓနုတ်စေတီတော်ပြိုကျပျက်စီးမှု စစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ
Kaowao

ဇွန် ၄၊ ၂၀၀၉။

ရန်ကုန်(ဇွန်-၄)။ ။စစ်အစိုးရထုတ် ယနေ့မြန်မာ့အလင်းသတင်းစာတွင် လွန်ခဲ့သည့်မေလ (၃၀) ရက်နေ့က ပြိုကျပျက်စီးခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဓနုတ်စေတီတော်အကြောင်း ဖော်ပြပါရှိခဲ့၏။

သတင်းစာပါဖော်ပြချက်တွင် စစ်ဆေးရေးအဖွဲ့၏ ပဏာမတွေ့ရှိချက်အရ စေတီတော်အား မူလပုံသဏ္ဍာန်အတိုင်း ဖြစ်စေလိုသည့်အတွက် ပြုပြင်သူများ၏ ကြိုးစားမွမ်းမံမှုများကြောင့် မူလကမျှော်လင့်မထားသည့် ဝန်ပိုများပြားလာ ခဲ့ပြီး စေတီတော်၏ ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ကာ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင်အလှူရှင်၊ စေတနာရှင်များ၏ ဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင်ပြီးစီးနိုင်ရန် ကြိုးစားပြီး အမြန်မွမ်းမံတည်ဆောက်မှု ပြုလုပ် ခဲ့သည့်အတွက် အချို့နေရာများတွင် အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ပြီး ပြိုကျခဲ့ရကြောင်း ပါရှိပါသည်။

ထို့အပြင် စေတီတော်ပြိုကျံမှုကြောင့် ရပ်သား ၂ ဦး သေဆုံးခဲ့ပြီး တပ်မတော်သား ၂၆ ဦး၊ အရပ်သားရှစ်ဦးတို့ မစိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့ရာ သက်ဆိုင်ရာဆေးရုံးများတွင် စောင့်ရှောက် ကုသပေးလျှက်ရှိသည်ဟု ဖေါ်ပြ ထားပြန်သည်။

မဇ္ဇျိမသတင်းမှ ဇွန်လ ၁ ရက်နေ့သတင်း ဖေါ်ပြချက်တွင်လူ ၂ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကာ၊ အုတ်ပုံအောက်တွင် လူအချို့ ပိမိနေခဲ့သော်လည်း ကယ်တင်ရေးထက်၊ လုံခြုံရေးကိုအဓိကလုပ်ခဲ့သဖြင့် သေဆုံးသူ ဦးရေမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု ပါရှိသည်။

ယခင်အခါပြိုကျခဲ့သည်မှာ ၂ဝဝ၆ ခုနှစ် ဇွန်လ ၇ ရက်၊ မနက် ဝ၃း၁၅ နာရီခန့်၌ မိုးသည်းထန်စွာ ရွာသွန်းသည့် သဘာဝ ရာသီဥတု ဒဏ်ကြောင့် တနင်္လာထောင့်မှ စ၍ စေတီတော်ကြီး ထက်ခြမ်းကွဲပြီး ပြိုကျမြေခခဲ့ပြီး လွန်ခဲ့ သည့် သီတင်းကျွတ် လပြည့်နေ့ ၁၄၊၁ဝ၊၂ဝဝ၈ ရက်တွင် မူလစေတီ ဘုရားကိုငုံကာ ၉လနှင့် အပြီးတည်ဆောင်ရန် ကြိုးစားခဲ့သည်။

၈ လခန့်အကြာ စေတီထက်ခြမ်းသာ တည်ဆောက်မှု ပြီးစီးခဲ့သော်လည်း မေလ ၇ ရက်၌ ဗိုလ်ချုပ်သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် ထီးတော်တင်ခဲ့စဉ် ပြီးစီးသည့် အပိုင်းကိုသာ ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ခဲ့ရသည်ဟု ပြည်ပ သတင်းဌာနအချို့တွင် ဖေါ်ပြကြ၏။

စေတီတော်ကြီး မူလဒီဇိုင်းမှာ ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဖြစ်ကာ၊ အလှူငွေ ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင် ( သိန်း၁၃၀၀၀ ) ဖြင့် တည်ဆောက်ခဲ့ရာ ရွှေသံလွင် ကုမ္မဏီက တည်ဆောက်ခဲ့သည်။

ဓနုတ် စေတီတော်မြတ်ကြီးသည် ဥာဏ်တော် ၁၈၉ ပေ ၉လက်မ၊ ထီးတော်အမြင့် ၃၂ ပေ၊ လုံးပတ်တော် ၂၄၄ ပေ ရှိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြထားပါသည်။

ဓနုတ် စေတီတော်သမိုင်းစာအုပ်ဖေါ်ပြချက်တစ်ခုတွင်ဓနုတ် စေတီတော်ကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ် တွင် ဂေါတမ မြတ်စွာဘုရား၏ ဆံတော် (၂) ဆူ ဓာတ်တော် (၂၄) ဆူ တို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောကအမှူးပြု၍ ဒုနဂ္ဂဟစေတီ ခေါ် ဓနုတ်စေတီ စတင်တည်ထားခဲ့သည်။

မွန်ဘုရင် ကောဇာသက္ကရာဇ် (၇၁၅) ခုနှစ်မှာ ဟံသာဝတီဘုရင် ဗညားဦး နှင့် မိဖုရားတို့က ပြန်လည် ပြုပြင်ကာ ထီးတော်တင်လှူခဲ့ပါသည်။

“ဓနုတ်” ဝေါဟာရကို မွန်အသံထွက်လျှင် ရှေးအခေါ်အဝေါ်အရ လေးမြှားဟု အဓိပ္ပါယ်ထွက်ရှိသည်။ ထိုစဉ်က မွန်တို့၏ သုဝဏ္ဏဘုမ္မိပြည် အထိမ်းအမှတ်တံဆိပ်မှာ လေးမြှားပုံသဏ္ဍာန် ရှိသည်ဟု မွန်သမိုင်းသုတေသီတစ်ဦးက ဆိုသည်။

ဓနုတ်ရွာသည် ရှေးမွန်ရွာတစ်ရွာဖြစ်ခဲ့ပြီး မွန်မင်းအဆက်ဆက်တို့ အောင်ပွဲခံရန် အဓိဌာန်ပြုသည့် စေတီတစ်ဆူ ဖြစ်၍ နောင်တွင် ဤဒေသကို ပိုင်စိုးလာသည့် ဗမာမင်းအဆက်က်တို့ကလည်း ယခင်မွန်ဘုရင်များအတိုင်း စေတီတော်အားပြန်လည် ပြုပြင်ခဲ့ကြသည်ဟု မွန်သမိုင်းလေ့လာသူများက ထောက်ပြပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်သည်လည်း သမိုင်းအဆက်ဆက်တွင် အမည်နာမ ပါရှိရလေအောင် ထီးတော်ကို သူမဦးဆောင်ပြီး တင်ခဲ့ဟန်ပေါ်သည်ဟု သမိုင်းလေ့လာသူများ သုံးသပ်ကြသည်။

http://www.kaowao.org/b/



သေနတ်သမားတစ်စုက ရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်
Kaowao

ဇွန် ၄၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၄)။ ။ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့နှင့် နီးကပ်လျှက်ရှိသည့် တပ်ရင်း-၃ ကျေးရွာ၌ ယမန်နေ့ညပိုင်း ၇ နာရီ ၅၅ မိနစ်ခန့်တွင် နိုင်ခင်မောင်ဆိုသူ ဦးစီးအင်အား ၈ ယောက်ခန့်ရှိ မောင်းပြန်သေနတ်များ အပြည့်အစုံကိုင်ဆောင်ထားသော လက်နက်ကိုင်တပ်ဖွဲ့တို့က ရွာသားနှစ်ဦးကို ကြိုးများဖြင့် ချည်နှောင်ကာ အခြား တစ်နေရာသို့ အတင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ အုပ်ချုပ်ရေးအရာရှိ များက အတည်ပြုပြောကြားခဲ့သည်။

“တပ်ရင်း-၃ ကျေးရွာ ဥက္ကဌဟောင်း နိုင်ရွှေသောင်းနဲ့ ဆယ်အိမ်ခေါင်း နိုင်စံထိန်း တို့ကို ဘာအကြောင်းကြောင့် အခုလိုဖမ်းဆီးရတာကို ကျနော်တို့လည်း နားမလည်ပါဘူး၊ သူတို့မှာ ပုဂ္ဂိုလ်ရေးအရ မကျေလည်စရာတွေရှိတာ မကြားမိပါဘူး” ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ အုပ်ချုပ်ရေးကော်မတီဝင် နိုင်ဘတင်က သုံးသပ်ပြပါ သည်။

အဆိုပါ နိုင်ခင်မောင်အဖွဲ့တို့က ရွာဥက္ကဌဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်း တို့ကို ဖမ်းဆီး ခေါ်ဆောင်နေစဉ်တွင် AK-47 သေနတ် ၄ ချက် ပစ်ဖေါက်ခဲ့ပြီး လက်နက်ကိုင်အားလုံးတို့မှာ ပြောက်ကျားစစ်ဝတ်စုံ ကိုယ်စီနှင့်အတူ M-79 လက်နက်ကြီးတစ်လက်ကိုလည်း တွေ့ခဲ့ရသည်ဟု မျက်မြင်များပြောပြသည်။

ထိုလက်နက်ကိုင်အဖွဲ့ကို စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲထားသည်ကို မလိုလားသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစားဗိုလ်မှူးကြီးဟောင်းတစ်ဦးက ဦးဆောင်နေ သည်ဟု မွန်ပြည်သစ်ပါတီမှ ယူဆနေသည်။

ယ္ခုဝင်ရောက်ဖမ်းဆီးမှုကို ဦးဆောင်ခဲ့သူ နိုင်ခင်မောင် ဆိုသူမှာ လွန်ခဲ့သည့်နှစ်များတွင် အဆိုပါ တပ်ရင်း-၃ ကျေးရွာ၌ ကျေးရွာကာကွယ်ရေးခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီမှ ခန့်အပ်တာဝန် ပေးထားခဲ့ဘူးသူလည်း ဖြစ်သည်။

အဆိုပါ တပ်ရင်း-၃ ကျေးရွာသည် စစ်အစိုးရနှင့်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ၏ အုပ်ချုပ်မှုနယ်မြေ အတွင်း ကျရောက်နေပြီး အိမ်ခြေတစ်ရာကျော်ခန့်ရှိရာ ဘုရားသုံးဆူမြို့တောင်ဘက် ဆင်ခြေဖုံးအနီး မြို့နှင့်နီးကပ် လျှက်တည်ရှိသည်။

ဤဖြစ်ရပ်နှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ မြန်မာစစ်အာဏာပိုင်များက မွန်ပြည်သစ်ပါတီထံ တရားဝင်ဆွေးနွေး မေးမြန်းမှုများ မပြုလုပ်ရသေးသော်လည်း မြန်မာထောက်လှမ်းရေး အသိုင်းအဝိုင်းများကြားတွင် သတင်းအမှန် သိရှိနိုင်ရန် နယ်စပ်ကုန်သည်များနှင့် နယ်စပ်အစိုးရသတင်းပေးများ အပြင်းအထန် လိုက်လံစုံစမ်း မေးမြန်းနေကြ သည်ဟု ဘုရားသုံးဆူနယ်စပ် စစ်ဘက်လေ့လာသူများက ပြောဆိုနေကြသည်။



အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့် လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ
Kaowao

ဇွန် ၃၊ ၂၀၀၉။

ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်စဉ်ပုံ

Ai la ဆိုင်ကလုံးမုန်တိုင်း ကြမ်းတမ်းစွာတိုက်ခံရသည့် ဒါဏ်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ (၂၈) ရက်နေ့အထိသေဆုံးသူ(၂၅၀) ကျော်ရှိပြီး ပျောက်ဆုံးသူ တစ်ထောင်ကျော် ရှိကြောင်း တာဝန်ရှိ အာဏာပိုင်များမှ အတည်ပြုခဲ့သည်။

မေလ (၂၅) ရက်နေ့မှစ၍ Ai la ဆိုင်ကလုံးမုန်တိုင်း
သည် ကုန်းတွင်းပိုင်းမှ စတင်ဝင်ရောက်တိုက်ခတ်လာ
ရာ ဘင်္ဂလားဒေ့ရှ်တွင် (၁၃၀) ဦးသေဆုံးခဲ့ပြီး အိန္ဒိယတွင် (၁၂၀) ကျော် သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဆင်ဟွာသတင်းဌာနမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်းကြီး ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မစ္စတာ ရိုလမ်ကီဘီရားမှ မုန်တိုင်းဒါဏ်ကြောင့် လူပေါင်း (၆၅၀၀) ကျော်ထိခိုက်ဒါဏ်ရာရပြီး လူဦးရေ (၃.၄၇) သန်းခန့် မုန်တိုင်းဒါဏ်ခံခဲ့ရကြောင်း ဖြေကြားခဲ့သည်။ ကမ်းရိုးတန်းရှိခရိုင် (၁၄) ခရိုင်တွင်လည်း မုန်တိုင်းသင့်ခဲ့သဖြင့် လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရွက်ဖျင်တဲ ဖြင့် နေထိုင်နေကြရသည်။

သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဖြစ်သူ မစ္စတာအက်ဘ်ဒါရာဇက်ခ်ကလည်း မုန်တိုင်းဒါဏ်သင့်ဒေသ တွင် ရွက်ဖျင်တဲများအရေးတကြီးလိုအပ်လျှက်ရှိပြီး နောက်ဆက်တွဲ ပြဿနာကြောင့် သေဆုံးမှု ပမာဏများလာ နိုင်ကြောင်း၊ အကူအညီများစွာ လိုအပ်နေသေးကြောင်း ဝန်ခံခဲ့သည်။

Ai la မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် မေ(၂၃)ရက်နေ့က စတင်ခဲ့ပြီး မေလ(၂၅) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အနောက်တောင်ကမ်းခြေသို့ တစ်နာရီလျှင် ကီလိုမီတာ (၇၀) မှ (၉၀) အထိပြင်းထန်စွာ တိုက်ခတ် ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် မုန်တိုင်းဒါဏ်သင့်ဒေသများသို့ အမေရိကာန် ဒေါ်လာ ၃ သိန်းကျော်နှင့် ဆန်(၁၀) တန်ခန့် ကယ်ဆယ်ထောက်ပံ့ခဲ့ကြောင်း planet; news ဂျာနယ်မှ ရေးသားဖေါ်ပြထားပါသည်။

http://www.monnews-imna.com/burmese/index.php

မွန်ပြည်သစ်ပါတီ နယ်မြေအတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လှုပ်ရှား
Thu 04 Jun 2009, အာကာ
ယမန်နေ့ည ၈ နာရီခန့်တွင် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုနယ်မြေအတွင်း၌ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တပ်ရင်း (၃) ကျေးရွာမှ ရွာသားနှစ်ဦးကို ချုပ်နှောင်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

၎င်းတပ်ရင်း ၃ ကျေးရွာသည် မွန်ပြည်သစ်ပါတီ၏ အုပ်ချုပ်မှုဒေသအတွင်းရှိပြီး ဘုရားသုံးဆူမြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်နှင့် ထိစပ်လျှက်ရှိသည်။

အင်အား (၁၀) ဦးခန့်ရှိသော ယခုလက်နက်ကိုင်အဖွဲ့ကို ဦးဆောင်သူမှာ တပ်ရင်း ၃၊ ကျေးရွာကာကွယ်ရေးခေါင်းဆောင်ဟောင်း နိုင်ခင်မောင်ဖြစ်ပြီး သေနတ်သမားများမှာ လက်နက်ကိုယ်စီ စစ်ဝတ်ကိုယ်စီဖြင့် ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း မျက်မြင်ရွာသားများက ပြောသည်။

တပ်ရင်း ၃ ကျေးရွာဥက္ကဌဟောင်း နိုင်ရွှေသောင်းနှင့် ရပ်ကွက်လူကြီး နိုင်စံထိန်း ၂ ဦးအား မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း ယခင်ပုဂ္ဂိုလ်ရေးကြောင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ အုပ်ချုပ်ရေးကော်မတီဝင် နိုင်ဘတင်က ယခုကဲ့သို့ ထင်မြင်ချက်ပေးသည်။

“ကျနော်တို့တပ်ရင်း ၃ နဲ့ ရွာက တစ်မိုင်လောက်ပဲ ဝေးတယ်။ တကယ်လို့ ကျနော်တို့နဲ့ ဖြစ်စရာရှိရင် ကျနော်တို့တပ်ကို လာရမယ်ပေါ့၊ ခုက ကျနော်တို့ပါတီဝင်မဟုတ်တဲ့ ရွာဥက္ကဌဟောင်းနဲ့ ရပ်ကွက်လူကြီးကို ရိုက်တယ်၊ ဖမ်းတယ် ဆိုတော့ ပုဂ္ဂိုလ်ရေးတွေ ရှိကြလို့ ဖြစ်မှာပေါ့” ဟု ၄င်းက ပြောသည်။

ယခု လက်နက်ကိုင်အုပ်စုကို ဦးဆောင်သူ နိုင်ခင်မောင်မှာ မွန်ပြည်သစ်ပါတီ၏ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး တပ်ရင်း ၃ ကျေးရွာကာကွယ်ရေးခေါင်းဆောင်အဖြစ်မှ အနားယူခဲ့ရာမှ လွန်ခဲ့သည့် (၅) လခန့်တွင် ၄င်းရွာမှ ပြောင်းရွှေ့သွားခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

ဖမ်းဆီးစဉ် သေနတ်သမားများမှာ လက်နက်ငယ် (၄) ချက် ပစ်ဖေါက်သွားခဲ့သည်ဟုလည်း ရွာသားများက ပြောသည်။

မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုနယ်မြေအတွင်း ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်ပွားခြင်းကြောင့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးသူများကို ပိုက်စိပ်တိုက် ရှာဖွေနေဆဲ ဖြစ်သည်။

ယခု လက်နက်ကိုင်အုပ်စုကို မွန်ပြည်သစ်ပါတီ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစား ဗိုလ်မှုးကြီးတစ်ဦး ဦးဆောင်လျှက်ရှိပြီး ထိုင်းမြန်မာနယ်စပ်တလျှောက်တွင် လှုပ်ရှားလျှက်ရှိသည်ဟု မွန်ပြည်သစ်ပါတီမှ မှတ်ယူထားသည်။

ကုန်စုံဈေးနှုန်းများ တက်နေသောကြောင့် ဒေသခံခြံရှင်များ အဆင်မပြေဖြစ်
Thu 04 Jun 2009, မင်းအာသံ
ရာဘာဈေးနှုန်းနှင့် ကွမ်းသီးဈေးနှုန်များ ကျဆင်းနေသောအချိန်တွင် ကုန်စုံပစ္စည်းဈေးနှုန်းများ မြင့်တက်နေသောကြောင့် ခြံပိုင်ရှင်ဒေသခံများအတွက် အဆင်မပြေဖြစ်နေကြသည်။

မွန်ပြည်နယ်ရှိ ရာဘာ၊ ကွမ်းသီးစသည့်သဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော ဒေသခံများသည် ၄င်းတို့၏ ရာဘာ၊ ကွမ်းသီးဈေးနှုန်းများသည် တက်လာခြင်းမရှိပဲ စားသုံးကုန် ပစ္စည်းများသာ တစတစတက်လာနေသောကြောင့် ညည်းညူနေကြသည်။

“ရွှေဈေးနဲ့ စားကုန်ဈေးတွေပဲ တက်နေတာ၊ လွန်ခဲ့တဲ့အပတ်ကဆိုရင် ကြက်သွန်တစ်ပိဿား ၆၀၀ ကျပ်၊ အခု ၈၀၀ တောင်ဖြစ်သွားပြီး၊ ရာဘာဈေးနဲ့ ကွမ်းသီးဈေးတွေတော့ တက်ကိုမတက်တော့ဘူး” ဟု ရေးမြို့ခံ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ဈေးနှုန်းတစတစမြင့်တက်နေသော ကုန်စုံပစ္စည်းများမှာ အများသောအားဖြင့် စားဆီ၊ ကြက်သွန်နီ၊ အားတို့ ဖြစ်ကြသည်ဟု မုဒုံကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

"ယခုအပတ်အတွင်း ကျွန်မတို့ ဆိုင်မှာရောင်းနေတဲ့ ဈေးနှုန်းဆိုရင် စားဆီ တစ်ထုပ်ကို (၁၂၅၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာကို (၇၀၀) ကျပ်၊ အားလူး တစ်ပိဿာကို (၈၀၀) ကျပ် နှင့် ဖယောင်းတိုင်တစ်ထုပ်ကို (၅၀၀) ကျပ်ဖြစ် ရောင်းနေရပါတယ်” ဟု ၄င်းက ပြောသည်။ လွန်ခဲ့သောတစ်ပတ်တွင် စားဆီ တစ်ထုပ်လျှင်(၁၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၄၀၀) ကျပ်၊ အားလူး တစ်ပိဿာကို (၅၅၀) ကျပ်နှင့် ဖယောင်းတိုင် တစ်ထုပ်ကို (၄၀၀) ကျပ် သာရှိသည်။

ယခုအချိန်တွင် အရည်အသွေးအကောင်းဆုံး ရာဘာအပါးဈေးသည် ၁ ပေါင်လျှင် (၅၅၀) ကျပ် ဈေးကျနေ၍ ရာဘာရောင်း၍ရသော ပိုက်ဆံနည်းနည်းနှင့် ချိန်ပြီ ကုန်စုံပစ္စည်းတွေဝယ်နေရပါသည်။ ယခင်က ရာဘာဈေးနှုန်းသည် ၁ ပေါင်ကို (၁၄၀၀) ကျပ် ရနေသောကြောင့် ပိုက်ဆံသုံးရသည်မှာ သိပ်ပြီး ချိန်စရာမလိုပါ ဟု မုဒုံမြိုံ့ရှိ ရာဘာပိုင်ရှင်တစ်ဦးက ပြောသည်။

ကုန်စုံပစ္စည်းဈေးနှုန်း တခုတည်းသာ တက်နေပြီး လုပ်အားခမူလအတိုင်းသာရှိနေသောကြောင့် ဒေသခံနေ့စား အလုပ်သမားများအတွက် အဆင်မပြေ ဖြစ်နေကြသည်။

“ပစ္စည်းတွေ ဒီလိုဈေးတက်နေတော့ ကျွန်တော်တို့လိုမျိုး တစ်ရက်လုပ် တစ်ရက်စားဘဝကို ဘယ်လိုဝယ်ရမှာလဲ၊ ကျွန်တော်တို့ရဲ့ အလုပ်လုပ်ခက တခါမှတိုးသွားတာမရှိဘူး၊ ကျွန်တော်တို့ တနေကုန်အလုပ်လုပ်မှ (၃၀၀၀) ကျပ် လောက်ပဲရတယ်၊ တချို့အလုပ်သမားတွေက (၁၅၀၀) လောက်ပဲရတယ်၊ သူတို့အတွက်တော့ ပစ္စည်းဝယ်ဖို့ ပိုဝေးသေး”ဟု ကျေးရွာအတွင်းတွင် အလုပ်လုပ်နေသော အလုပ်သမားတစ်ဦးက ပြောသည်။

“အခုကုန်စုံဈေးနှုန်းတက်နေတာက လယ်သမားတွေ စပါးစိုက်ပျိုးဖို့အချိန်နီးလို့ ဈေးတက်တာဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ လယ်သမားတွေ ကုန်စုံပစ္စည်း အဝယ်အများဆုံးအချိန် ဖြစ်တယ်၊ ကုန်စုံပစ္စည်းအားလုံးလိုလိုပဲတက်နေတယ်၊ တက်ရင်လည်း မဝယ်လို့မှမရတာ ဝယ်စားရမယ်မှာပဲ”ဟု လယ်သမားတစ်ဦးက ၄င်း၏ထင်မြင်ချက်ကို ပြောသည်။

ယမန်နှစ်မိုးရွာသွန်းမှု အလွန်စောလွန်းပြီး ဒေသခံများသည် မိုးရွာလျှင် လူအများက အိမ်အတွက် ကုန်စုံပစ္စည်းများကို အကြိုဝယ်လေ့ရှိသည်။ ထိုကြောင့် ဝယ်လိုအားများလာလျှင် ပစ္စည်းဈေးနှုန်း တက်သွားခြင်းဖြစ်ပါသည်ဟု တခြားမုဒုံမြို့ခံ ဆိုင်ရှင်တစ်ဦးက ပြောသည်။

http://www.rfa.org/burmese/news/

မြန်မာနိုင်ငံ အလုပ်သမား အခွင့်အရေး တိုးတက်မှု မရှိကြောင်း ILO ညွှန်ချုပ် ပြောဆို
2009-06-04

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီးရဲ့ လာမဲ့ စနေနေ့မှာ ပြုလုပ်မဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက အဓမ္မ လုပ်အားပေး စေခိုင်းနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အဓိက အချက် ၂ ချက်ကို မဖြစ်မနေ ဆွေးနွေးမဲ့ အကြောင်း ILO ရဲ့ ညွှန်ကြားရေးမှူးချုပ် Kari Tapiola က RFA ကို ပြောပါတယ်။

Photobucket
Photo: Courtesy of Free Burma Rangers)

စစ်အစိုးရတပ်ဖွဲ့များနှင့် ၎င်းတို့ အဓမ္မ အလုပ်ခိုင်းစေသဖြင့် အထုပ်အပိုးများ ထမ်းနေရသော ပေါ်တာများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

ပထမအချက်က မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အဓမ္မ လုပ်အားပေး စေခိုင်းနေတဲ့ ကိစ္စတွေနဲ့ ဒီအပေါ်မှာ ILO ဌာနေ ကိုယ်စားလှယ်ရဲ့ လုပ်ငန်းတင်ပြချက်တွေ၊ နောက်ပြီး အဓမ္မ လုပ်အားပေး စေခိုင်းခံရသူတွေက ILO ကို တင်ပြ တိုင်တန်းနိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ လွတ်လပ်စွာ စည်းရုံး ဖွဲ့စည်းခွင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်စွာ စည်းရုံးဖွဲ့စည်းခွင့်ပြုဖို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်ပေမဲ့ အလုပ်သမား သမဂ္ဂအပါအဝင် သင်းပင်း ဖွဲ့စည်းခွင့်နဲ့ ပတ်သက်ပြီး ပြဿနာ အတော်လေးရှိတဲ့ နိုင်ငံ ဖြစ်တယ်လို့ Mr. Tapiola က ပြောပါတယ်။

ဒီသီတင်းပတ်မှာ ကျင်းပမဲ့ ILO ဆွေးနွေးပွဲကို မြန်မာစစ်အစိုးရက မြန်မာနိုင်ငံက အလုပ်သမား ကိုယ်စားလှယ်တဦး စေလွှတ်ထားပါတယ်။ သူ့ကို ILO အနေနဲ့ မြန်မာနိုင်ငံက အလုပ်သမားထုကို ကိုယ်စားပြုတဲ့ အလုပ်သမား ကိုယ်စားလှယ်အဖြစ်နဲ့ အသိအမှတ်ပြု လက်ခံဆွေးနွေးဖို့ အလားအလာ ရှိမရှိ မေးမြန်းရာမှာတော့ ILO ရဲ့ ညွှန်ကြားရေးမှူးချုပ် Kari Tapiola က မြန်မာနိုင်ငံကနေ ၃ ဦးပါတဲ့ အဖွဲ့တဖွဲ့ ရောက်နေပြီး မြန်မာအစိုးရရဲ့ အဖွဲ့ထဲမှာ အလုပ်သမား ကိုယ်စားလှယ်ဆိုပြီး ပါလာတဲ့ အကြောင်း၊ သူ့ဟာ မြန်မာနိုင်ငံက အလုပ်သမားထုကို အမှန်တကယ် ကိုယ်စားပြု မပြုဆိုတာနဲ့ ပတ်သက်ပြီး ILO စိစစ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ILO ဌာနေ ကိုယ်စားလှယ်ထားရှိခဲ့တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေအနေ တိုးတက်မှု ရှိပါသလားလို့ မေးမြန်းရာမှာတော့-

လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံမှာ ထင်သာမြင်သာတဲ့ တိုးတက်မှု တစုံတရာကို သူ့အနေနဲ့ မမြင်မိကြောင်း၊ အခုအချိန် အထိ အလုပ်သမားသမဂ္ဂ ဆိုတာလည်း မရှိသေးတဲ့အကြောင်း ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေတဲ့ လုပ်ရပ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ အကြောင်းအမျိုးမျိုးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေဆဲပဲ ဆိုတာကို ILO အနေနဲ့ သတိပြုမိကြောင်း ပြောပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေတဲ့ လုပ်ရပ်တွေ နဲ့ ပတ်သက်ပြီး တိုးတက်မှု တစုံတရာ ရှိ၊ မရှိ ဆိုတာကိုတော့ မပြောနိုင်သေးကြောင်း ILO ရဲ့ ညွန်ကြားရေးမှူးချုပ် Kari Tapiola က RFA ကို ပြောသွားပါတယ်။

ရန်ကုန်ရှိ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုဖြစ်ပွား
2009-06-04

မေလ၄ရက် ဒီကနေ့ မနက် ၁ဝနာရီလောက်က အမေရိကန် သံရုံးရှေ့မှာ အမျိုးသမီး ၂ဦးနဲ့ ခလေး ၄ဦး စာရွက်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပြီး အာဏာပိုင်တွေက ဖမ်းသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သူတို့ဟာ အမေရိကန် သံရုံးက အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ အမေရိကန်သံရုံးက ပြောဆိုပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မေလ ၂၈ရက်က အင်းစိန်ထောင်ရှေ့တွင် တကိုယ်တော် ဆန္ဒပြသူ ဗိုလ်ကြီးဟောင်း ဦးဇော်ညွန့် (အလယ်တွင် လဲနေသူ) ကို အရပ်ဝတ် အာဏာပိုင်များက ဝိုင်းဝန်းဖမ်းဆီးနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မျက်မြင်သက်သေ။ ။ 'မနက် ၁ဝနာရီလောက်က အမျိုးသမီး နှစ်ယောက်၊ အမျိုးသမီး နှစ်ယောက်က အနောက်မှာ ကလေး လေးယောက်နဲ့၊ အမျိုးသမီး နှစ်ယောက်က ဘုတ်ကိုင်ထားတယ်။ အဲဒါကို တက္ကစီကားနဲ့ ဖြတ်သွားရင်းနဲ့ တွေ့တာဗျ။ ဖြတ်သွားရင်းနဲ့ တွေ့လိုက်တာဆိုတော့ သူတို့ကို ဖမ်းမဖမ်း ဘာညာ ကိစ္စတွေကိုတော့ က္ဆွန်တော်တို့ မသိလိုက်ဖူးဗျ။ က္ဆွန်တော်တို့က ကားနဲ့ အဖြတ်မှာ တွေ့တာ ဆိုတော့လေ၊ သူတို့ အဲဒီအတိုင်းပဲ အဲဒီရှေ့မှာ သံရုံးရှေ့မှာ ရပ်နေတာကိုပဲ က္ဆွန်တော်တို့က တွေ့ရတာခင်ဗျ။ ဒါပြီးတော့ တက္ကစီက ဆက်မောင်းသွားတဲ့ အခါကျတော့ က္ဆွန်တော်တို့ ဆက်ပြီးတော့ ဘာထပ်ဖြစ်တယ်ဆိုတာတော့ ထပ်မကြားရဘူးပေါ့ခင်ဗျ။'

RFA က အမေရိကန် သံရုံးကိုမေးမြန်းတဲ့အခါမှာ သံရုံး လက်ထောက် ပြန်ကြားရေး တာဝန်ခံက သံရုံးရှေ့မှာ လူအုပ်စုငယ်တစု စုရုံးတယ် ဆိုတာ ဟုတ်မှန်ကြောင်း ၁၅မိနစ် ခန့် ရပ်နေတာတွေ့ရပြီး သူတို့ ကို တွေ့ဆုံစကားပြောခွင့် ရခဲ့ကြောင်း နိုင်ငံရေး ကိစ္စမဟုတ်ပဲ ပုဂ္ဂိုလ်ရေးကိစ္စသာ ဖြစ်တယ်လို့ RFAကို ပြောဆိုပါတယ်။ သူတို့ သံရုံးထဲက ထွက်ခွာသွားချိန်မှာ အဖမ်းခံရတာတော့ မိမိတွေ့မြင်လိုက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

တခြား မျက်မြင်သက်သေတွေကတော့ လုံခြုံရေးအဖွဲ့တွေဟာ သူတို့ကို စောင့်ကြည့်နေပြီး သံရုံးနဲ့ ဝေးတဲ့ နေရာရောက်မှာ ဖမ်းတာဖြစ်တယ်လို့ ဆိုပါတယ်။

အခြားမျက်မြင်သက်သေ။ ။ 'သူတို့ ဆန္ဒပြတဲ့အချိန်ကတော့ ကလေးတွေ ပါနေတဲ့အတွက် သူတို့ ဘာမှမလုပ်ဖူး။ သူတို့ ဟိုဖက်ကို နည်းနည်းလေး၊ အဲဒီ အမေရိကန် သံရုံးရှေ့ကို နည်းနည်းလေး၊ လွန်သွားပြီးတော့မှ သူတို့အားလုံးကို ကားပေါ်ကို တင်ခေါ်သွားတယ်လို့ ကြားတယ်၊ က္ဆွန်တော်တို့။'

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စာတမ်းကို ကိုင်ဆောင်ထားသူ အမျိုးသမီးတဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် တရားရုံးမှာ ရုံးတင်တဲ့ နေ့က အဖမ်းခံရတဲ့ ရွှေပြည်သာမြို့နယ် လူငယ်အဖွဲ့ဝင် ကိုထွေးသိန်းရဲ့ ဇနီးနဲ့ ခလေး လေးယောက် ဖြစ်တယ်လို့ သိရှိသူ တချို့က ပြောပါတယ်။ နောက်အမျိုးသမီး တဦးကတော့ မေလ ၂၈ရက်နေ့က အင်းစိန်ထောင်ရှေ့မှာ တကိုယ်တော်ဆန္ဒြုပလို့ အဖမ်းခံရတဲ့ ဦးဇော်ညွန့်ရဲ့ ဇနီးဖြစ်နိုင်တယ်လို့ ပြောဆိုပေမဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။