Saturday, June 6, 2009

ဝိုးတ၀ါး ဓနုတ်ပုံရိပ်


ဝင်းပေါ်မောင်

ဓနုတ်စေတီ ပြိုကျသည့် သတင်း ထွက်ပေါ်လာသောအခါ ကြားရသူတိုင်း လှုပ်လှုပ် ရှားရှား ဖြစ်သွားခဲ့ကြပါသည်။
စေတီက ထီးတော်တင်တာ ရက်ပိုင်းမျှသာ ရှိသေးပြီး၊ ပြုပြင် တည်ဆောက်နေဆဲ ရုတ်တရက် ပြိုကျသွားတာမို့ အထူးအဆန်း တအံ့တသြ ဖြစ်ကြရသည်။ လူ အထိအခိုက်လည်း အတော်များတာကြောင့် ၀မ်းနည်းမှု၊ စိုးရိမ်မှုတွေ လူတိုင်းလိုလို ဖြစ်ခဲ့ရပါသည်။ ထိုခံစားမှုများ နှင့်အတူ သို့လောသို့လော တွေးထင်မှုတွေလည်း ဖြစ်ပေါ်လာခဲ့ကြသည်။
ကျနော်ကတော့ ဓနုတ်စေတီ ပြိုကျသည့် ဓာတ်ပုံ နှင့် သတင်းကို ကြည့်ရင်း အတိတ်တခုက မပီဝိုးဝါး တွေးမြင် ပုံရိပ်များကို ပြန်လည် မြင်ယောင်လာမိသည်။

+ + +

ကျနော်အဖို့ `ဓနုတ်ဘုရားပွဲ´ ဆိုသည့် စကားကို ငယ်စဉ် ကလေးဘ၀ မှာကတည်းက မှတ်မှတ်သားသား ရှိနေခဲ့ပါသည်။ အကြောင်းမှာ အမေက သူ့ဘ၀ အတွေ့အကြုံများကို ပုံပြင်သဖွယ် ပြန်ပြောပြသည့် အထဲတွင် အမြဲလိုလို ပါနေတတ်သောကြောင့် ဖြစ်ပါသည်။ ကျနော် မကြာခဏ ကြားနာခဲ့ရသည့် အမေ့ဘ၀ အတွေ့အကြုံများအနက် ဓနုတ်ဘုရားပွဲ အကြောင်းသည် ပျော်စရာ လွမ်းစရာတို့နှင့် ပြည့်နေသည်။ အမေပြောပြသည့် ဓနုတ်ဘုရားပွဲ ဆိုသည်မှာ လွန်ခဲ့သည့် အနှစ် ၇၀ ကျော် ၈၀ ၀န်းကျင်က အခြေအနေ ဖြစ်ပါသည်။
ထိုကာလများ မတိုင်မီကပင် ဓနုတ်စေတီ ရှိရာ ဒလ၊ ကွမ်းခြံကုန်း ဒေသမှ ရွာများနှင့် ငမိုးရိပ် ချောင်းမ ချောင်းရိုး တလျှောက်မှ ရွာများသည် ရေလမ်းဖြင့် အကူးအသန်း အသွားအလာ အမြဲရှိခဲ့သည် ဆိုပါသည်။ လှည်းကူး၊ စစ်ပင်၊ မဒ၊ ဆင်ဖုံ၊ ထားဝယ်ချောင်၊ ပေါက်တလောက်၊ သိမ်ချောင်း စသည့် ငမိုးရိပ်ချောင်း တလျှောက် ရွာများနှင့် ရခိုင်ချောင်၊ ပျော်ဘွယ်၊ ဓနုတ်၊ ၀ါးဘလောက်သောက်၊ အနောက်ချောင်းကလေး စသည့် ဒလ ကွမ်းခြံကုန်းဖက်မှ ရွာများမှာ စုန်ချည်ဆန်ချည် ကူးလူးဆက်ဆံခဲ့ကြသော ရွာများ ဖြစ်ကြပါသည်။ ရွာတိုင်းလိုလိုတွင် ဆွေမကင်း မျိုးမကင်းများလည်း ရှိနေတတ်ကြပါသည်။
အမေ့ဇာတိ စစ်ပင်ရွာမှ အဖိုးလေး တဦးက ရခိုင်ချောင်ရွာသူနှင့် အိမ်ထောင်ကျပြီး၊ ထိုရွာမှာ နေထိုင်ခဲ့သည်။ ယနေ့တိုင် ဆွေရိပ်မျိုးရိပ် မကင်းသူများ ရှိကြပါသေးသည်။ ဓနုတ်စေတီ ရှိရာ ဓနုတ်ရွာက ရခိုင်ချောင်နှင့် ပျော်ဘွယ်ရွာ အနီးတွင် ရှိပါသည်။ ဓနုတ်ဘုရားပွဲ ကျင်းပသည့် အခါ အနီးဝန်းကျင်မှ ရွာများကလည်း စုပေါင်း ပါဝင်ကြပါသည်။ သို့နှင့် အဖိုးလေးတို့ ရှိစဉ်ကာလ အမေတို့ ဆယ်ကျော်သက်ဘ၀က ဓနုတ်ဘုရားပွဲကို ကောင်းကောင်းကြီး ၀င်နွှဲခဲ့ကြသည်ဟု ဆိုပါသည်။
ပွဲခင်းထဲက ဖျာကြမ်းပေါ်မှာ သင်ဖြူး တထပ်၊ ကော်ဇော တထပ် အကျအနခင်း၊ လက်ဖက် ဂျင်းသုတ် အစုံအလင်နှင့် ပွဲကြည့်ခဲ့ကြပုံ၊ ညီအမ တတွေ ဘုရားပွဲ လျှောက်လည်ကြပုံများကို အမေက ပြောပြတတ်သည်။ ဓနုတ်ဘုရားပွဲသည် ထိုဒေသအတွင်း ထင်ရှားသော ပွဲတော်တခု ဖြစ်ခဲ့ပြီး၊ စည်စည်ကားကား ရှိခဲ့သည်ဟု ဆိုပါသည်။ ဇာတ်၊ ရုပ်သေး၊ ပွဲဈေး သာမက ဗုဒ္ဓ၀င် ရုပ်စုံ မဏ္ဍပ်များပါ ပါဝင်သည်ဟု ဆိုပါသည်။
ထိုခေတ်၏ အေးချမ်း သာယာမှု ပုံရိပ်များဟု မှတ်ယူနိုင်ပါသည်။ ယင်းကာလကို ဓနုတ်စေတီ ထင်ရှားခဲ့သော ခေတ်တခုဟု ဆိုရမည် ထင်ပါသည်။
သို့ရာတွင် ထိုစဉ်က စည်ကားခဲ့သော ဓနုတ်ဘုရားပွဲမှာ နောင် အနှစ် သုံးလေးဆယ် အကြာတွင် မှေးမှိန်သွားခဲ့ပါသည်။ မည်သည့် အကြောင်းကြောင့် မှေးမှိန်သွားသည်ကို တပ်အပ် မဆိုနိုင်သော်လည်း ကျနော်တို့ လူမှန်းသိသည့် ကာလတွင် ဓနုတ်စေတီသို့ အသွားအလာ မရှိသလောက် ကျဲသွားပါသည်။
စေတီနှင့် အနီးဆုံး နေသူများကပင် ဓနုတ်စေတီ အကြောင်း သိပ် စိတ်မ၀င်စားကြတော့ပါ။ ဓနုတ်ဘုရားပွဲ အကြောင်း မကြားရတော့ပါ။ သွားလာရေးကလည်း တကူးတက သွားမှ ရသလို ဖြစ်သွားပါသည်။ ကားနှင့် သွားလျှင် ဒလ-ကော့မှူး-ကွမ်းခြံကုန်း ကားလမ်း၏ လမ်းတ၀က်မှ နေ၍ ဓနုတ်ရွာဖက် လမ်းခွဲသို့ ချိုးသွားရသည်။ ရေလမ်းကိုတော့ မသုံးသလောက် ဖြစ်သွားပါသည်။
ထင်ရှားမှု မှေးမှိန်မှုတွေ မည်သို့ပင်ရှိစေ ဓနုတ်စေတီကတော့ တည်ရှိမြဲ ရှိနေပြီး၊ အစဉ်အလာ ပွဲသဘင်များလည်း သူ့အတိုင်းအတာနှင့်သူ ရှိနေခဲ့မည် ထင်ပါသည်။

+ + +

ဓနုတ်စေတီကို လူတွေသိအောင် တဖန် ပြန်ကြုံလာစေသည့် အကြောင်းမှာ ၂၀၀၆ ဇွန် ၂၇ တွင် စေတီနှစ်ခြမ်းကွဲ၍ ပြိုကျခဲ့ခြင်းပင် ဖြစ်ပါသည်။
စေတီပြိုသည့် အကြောင်းကို တစတစနှင့် လူတွေ သိလာပြီးနောက် ပြုပြင်ရန် အလှူငွေ ကောက်ခံ ခဲ့ကြပါသည်။ တည်ဆောက် ပြုပြင်ရေးများ အစပျိုး လုပ်ကိုင်နေဆဲ ၂၀၀၈ မေ ၂-၃ မှာ တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ထပ်မံ ပျက်စီးခဲ့ရသည်ဟု သိရပါသည်။ ထိုနှစ် အောက်တိုဘာ ၁၄ မှ စတင်၍ စေတီ ပြန်လည် တည်ဆောက်ရေးကို လုပ်ကိုင်ခဲ့ကြပါသည်။ ရွှေသံလွင် ကုမ္ပဏီက ကိုးလနှင့် အပြီး တည်ဆောက်ရန် လျာထား လုပ်ကိုင်ခဲ့သည်။ ယခုနှစ် မေ ၇ ရက်နေ့က ထီးတော် တင်ခဲ့ပြီး အချောသတ်နေစဉ် ပြိုကျခဲ့ခြင်း ဖြစ်သည်။ လူ ၁၀ ဦး ထက်မနည်း သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရခဲ့သည်။
ဓနုတ်စေတီ ထီးတော်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ဇနီး ဒေါ်ကြိုင်ကြိုင် နှင့် မိသားစုဝင်များ၊ ဗိုလ်ချုပ်ကတော်များက တင်လှူခဲ့ပြီး ၂၃ ရက်အကြာတွင် စေတီပြိုကျခြင်း ဖြစ်သောကြောင့် စိတ်ဝင်တစား ပြောဆိုဝေဖန်မှု များခဲ့သည်။ တည်ဆောက်နေဆဲ ပြိုကျသဖြင့် အံ့သြထိတ်လန့် ကြရသည်။ လေမတိုက်၊ ငလျင်မလှုပ်ဘဲ ဘာကြောင့် ပြိုသလဲဟု ဆန်းစစ်ကြသည်။ ထူးဆန်းသည်ဟု ထင်မြင်ကြသည်။ အတိတ် နိမိတ် မကောင်းဟု ယူဆကြသည်။ အခြားသော အယူသည်းသည့် အပြောအဆိုများလည်း ပေါ်လာသည်။

+ + +

မြန်မာပြည် တလွှားရှိ စေတီများမှာ ပြိုတတ်ပါသည်။ ရှေးဟောင်း စေတီ မှန်လျှင် မပြိုဘူးသည့် စေတီ ဟူ၍ မရှိပါ။ ဒါသည်ပင် အမှန်တရား တခု ဖြစ်ပါသည်။ တည်ဆောက်ထားသော အရာတခုသည် ဘယ်သောအခါမှ မပျက်စီးဟူ၍ မရှိနိုင်ပါ။ သက်ရှိ သက်မဲ့ အရာအားလုံး သင်္ခါရတရားချည်း ဖြစ်ပါသည်။
လူအများစုက စေတီ ပြိုပျက်လျှင် မုန်တိုင်းကြောင့်၊ ငလျင်ကြောင့်ဟုသာ မှတ်ယူလေ့ ရှိကြပါသည်။ စေတီပြိုမှုမှာ ငလျင်တို့ လေတို့ ဆိုသည့် အကြောင်း တခုတည်းကြောင့် မဟုတ်ပါ။ စေတီ၏ ခိုင်ခံ့မှု လျော့နည်းလာခြင်းက ပဓာန အကြောင်းတခု အဖြစ် ပါဝင်နေပါသည်။ တကယ်တော့ လေတိုက်တာ၊ ငလျင်လှုပ်တာက `ပြင်ပအကြောင်းတရား´ ဖြစ်ပါသည်။ စေတီ၏ ခိုင်ခံ့မှု ယိုယွင်းခြင်းက `မူလအကြောင်းတရား´ ဖြစ်ပါသည်။
မြန်မာပြည်ရှိ စေတီများမှာ နေဒဏ် လေဒဏ် ရေဒဏ်ကို တိုက်ရိုက်ခံကြရသည့် သဘော ရှိပါသည်။ လိုဏ်ဂူပါသော ပုထိုးများတွင် ဘုရားအတွင်းပိုင်းသို့ ၀င်ရောက်နိုင်သဖြင့် ပျက်စီးယိုယွင်းမှုကို သတိထားမိနိုင်သည်။ မြေစိုက်စေတီများတွင် ပြင်ပ ကိုယ်လုံးတော်ကိုသာ မြင်ကြရသဖြင့် ယိုယွင်းမှုကို သတိမထားမိနိုင်ပါ။ အတွင်းပိုင်း အခြေအနေကို အလွယ်တကူ မသိနိုင်ပါ။ အတွင်းပိုင်းက တော်တော်ယိုယွင်းပြီး အပြင်တွင် အက်ကြောင်း ထင်လာမှသာ သိကြရပါသည်။ ထို့ကြောင့် အတွင်းပိုင်း ခိုင်ခံ့မှု အားနည်းနေသော စေတီများသည် ငလျင်ဒဏ် မုန်တိုင်းဒဏ်တို့နှင့် ကြုံရသည့်အခါ ပြိုကျရခြင်း ဖြစ်ပါသည်။ ထို့ပြင် မြေစိုက်စေတီများ၏ တည်ဆောက်ပုံအရ အပေါ်ဖျားပိုင်းသည် ပြင်းထန်သည့် ငလျင်ဒဏ် ခံရလျှင် ပျက်စီးတတ်ပါသည်။
ဓနုတ်စေတီသည် ၂၀၀၆ ခုနှစ်က လေပြင်း မတိုက်၊ ငလျင် မလှုပ်ဘဲ ထက်ခြမ်းကွဲ၍ ပြိုကျခဲ့သည်။ ခေါင်းလောင်းပုံ အပါအ၀င် ကိုယ်လုံး တခုလုံး ပြိုကျခြင်း ဖြစ်သည်။ `ထက်ခြမ်းကွဲ´ ပြီ ဆိုကတည်းက စေတီ၏ အောက်ခြေပိုင်း မခိုင်တော့ဟု ကောက်ချက် ချနိုင်ပါသည်။ အောက်ခြေ ပစ္စယံသာ ကျန်ခဲ့ပြီး ခေါင်းလောင်းပုံ အထိ ပြိုသည် ဆိုလျှင် စေတီ၏ ထက်ဝက် သို့မဟုတ် ထက်ဝက်ကျော် ပြိုကျခြင်း ဖြစ်ပါသည်။ တနည်းပြောလျှင် စေတီတခုလုံး ပြိုသွားသည့် သဘောလည်း ဖြစ်ပါသည်။
မိုးသည်းထန်စွာ ရွာ၍ ပြိုသည်ဟု သတင်းများက ဖော်ပြပါသည်မှာ အပေါ်ယံ လျှပ်၍ ထန်းလက်ကာခြင်းသာ ဖြစ်ပါသည်။

+ + +

ဓနုတ်စေတီ သမိုင်းမှာ မြန်မာပြည်ရှိ ရှေးဟောင်းစေတီ သမိုင်းများကဲ့သို့ပင် ဖြစ်ပါသည်။ ထို အကြောင်းခြင်းရာတို့အပေါ် ကျနော် ဘာမျှ မပြောလိုပါ။ သေချာသည်မှာ ဓနုတ်စေတီသည် ရှေးဟောင်းစေတီ တဆူ ဖြစ်သည်ဟု ယူဆနိုင်ခြင်းသာ ဖြစ်ပါသည်။
၂၀၀၆ ခုနှစ် ပြိုမကျခင်ထိ ရှိခဲ့သည့် ဉာဏ်တော်အမြင့် ၁၈၆ ပေရှိ စေတီကို မည်သည့်ကာလက တည်ခဲ့ကြောင်း မသိရပါ။ ဓနုတ်စေတီ သမိုင်း အဆိုအရ ၁၈၁၁ တွင် ဗဒုံမင်း (ဘိုးတော်ဘုရား) ပြုပြင်ခဲ့သည်ဟု ဆိုပါသည်။ ယင်းနောက်ပိုင်း ပြုပြင်ခဲ့သည်ဟု မှတ်တမ်း မတွေ့ရပါ။ ထို့ကြောင့် နောက်ဆုံး စေတီကို ဗဒုံမင်း တည်ခဲ့သည်ဟု ယူဆရန် ရှိပါသည်။ ထိုအချက် မှန်သည် ဆိုလျှင် ယခုစေတီသည် နှစ်ပေါင်း ၂၀၀ ခန့် ရှိနေပြီဟု ဆိုနိုင်ပါသည်။
ဤတွင် အထင်ကရ ဖြစ်သော ရွှေတိဂုံစေတီ သမိုင်းနှင့် အနည်းငယ် ယှဉ်ကြည့်သင့်ပါသည်။ -

ရွှေတိဂုံစေတီကို

- ၁၃၇၂ တွင် ဗညာဦး ပြင်ဆင်သည်။
- ၁၄၃၆ တွင် ငလျင်လှုပ်၍ ခေါင်းလောင်းအထိ ပြိုသည်။ (ရှင်စောပု ပြုပြင်)
- ၁၅၆၄ တွင် ငလျင်လှုပ်၍ ပြိုသည်။ (ဘုရင့်နောင် ပြုပြင်)
- ၁၆၂၀ တွင် ငလျင်လှုပ်၍ ပြိုသည်။ (အနောက်ဖက်လွန်မင်း ပြုပြင်)
- ၁၆၇၉ တွင် ငလျင်လှုပ်၍ ပြိုသည်။ (အများဝိုင်းဝန်း ပြုပြင်)
- ၁၇၆၈ တွင် ငလျင်လှုပ်၍ ပြိုသည်။ (ဆင်ဖြူရှင် ပြုပြင်)
- ၁၈၇၁ တွင် ပြုပြင်၍ ထီးတော်အသစ် တင်သည်။ (မင်းတုန်းမင်း)
- ၁၉၃၀ ငလျင်လှုပ်၍ ငှက်မြတ်နားတိုင် ကျိုးကျသည်။
- ၁၉၇၀ ငလျင်များလှုပ်၍ ပန်းလည်တိုင် စောင်းသည်။

ဤ စာရင်းမှာ ထင်ရှားသည့် အချက်အချို့သာ ဖြစ်ပါသည်။ ထိုစာရင်းကို ကြည့်လျှင် အနှစ် ၆၀၀ အတွင်း ကိုးကြိမ်မျှ အကြီးစား ပြုပြင်ခဲ့ရသည်ကို တွေ့နိုင်ပါသည်။ အကြမ်းဖျင်းအားဖြင့် စေတီတဆူသည် အနှစ် ၅၀ တွင် တကြိမ် ကျကျနန ပြုပြင်ဖို့ လိုအပ်ကြောင်း သို့မဟုတ် ထိခိုက် ပျက်စီးရတတ်ကြောင်း ပြောနိုင်ပါသည်။
အနှစ် ၂၀၀ ကို ခဏထား၍၊ အမေတို့ ကြုံခဲ့ရသည့် ဓနုတ်ဘုရားပွဲ ကာလက ပြုပြင်မှုများ ရှိခဲ့မည်ဟု ခန့်မှန်းလျှင်သော်မှ ယခုအခါ အနှစ် ၇၀ ကျော်နေပေပြီ။ ထို့ကြောင့် ဓနုတ်စေတီ၏ အတွင်းပိုင်း ခိုင်ခံ့မှုမှာ များစွာ အားနည်းနေပြီဟု စိတ်ချလက်ချ ပြောနိုင်ပါသည်။
ကံမကောင်းသည့် အချက်တခုမှာ နအဖခေတ် `ဘက်စုံမွမ်းမံ´ ရောဂါ ထသည့် အထဲတွင် ဓနုတ်စေတီက ကွက်ကျော် ဖြစ်ခဲ့ပုံရသည်။

+ + +

၂၀၀၆ က ပြိုသည်ကို ၂၀၀၈ တွင် အသစ် ပြန်တည်ဆောက်ပါသည်။ တည်ဆောက်ပုံမှာ ပြိုသွားသည့် အပိုင်းကို မူလအတိုင်း ပြန်လည် တည်ဆောက်သည်ဟု ဆိုပါသည်။ ဤသို့ လုပ်ဆောင်ပုံမှာ ရှေးက ဘိုးဘွားများ လုပ်ဆောင်ပုံနှင့် လုံးဝ ကွဲလွဲနေပါသည်။
ရှေးက ဘိုးဘွားများက စိန်ဖူးတော်၊ ထီးတော် ပျက်စီးလျှင် မူလအတိုင်း ပြန်လည် ပြုပြင်သည်။ အပေါ်ပိုင်း ငှက်ပျောဖူး လောက်အထိ ပျက်လျှင် အပေါ်ပိုင်းကို ငုံ၍ ဉာဏ်တော်မြှင့်ကာ ပြုပြင်သည်။ ထို့ထက်ပို၍ စေတီအထက်ပိုင်း သပိတ်မှောက်အထိ ပြိုလျှင် စေတီတခုလုံးကို ငုံ၍ ဉာဏ်တော်မြှင့်ကာ ပြန်လည်တည်သည်။
ရွှေတိဂုံစေတီတွင် ၁၄၃၆ မှ ၁၄၇၆ အထိ ဗညားရန်၊ ဗညားဗရူး၊ ဗညားကင်းဒေါ၊ ရှင်စောပု နှင့် ဓမ္မစေတီမင်းတို့ ပြုပြင်ပုံမှာ စေတီတခုလုံးကို ငုံ၍ တည်ဆောက်ခြင်း ဖြစ်သည်။ ဉာဏ်တော် ၃၀၂ ပေ မြင့်ခဲ့သည်။ ၁၇၆၈ ဆင်ဖြူရှင်မင်း ပြုပြင်ပုံမှာ သပိတ်မှောက် အထက်ပိုင်းမှစ၍ အပေါ်ပိုင်းကို ငုံ၍ တည်ဆောက်ခြင်း ဖြစ်သည်။ ကျန် ပြုပြင်မှုများက ငှက်ပျောဖူး အပါအ၀င် အထက်ပိုင်းကို ပြုပြင်ခြင်း ဖြစ်သည်။ ထိုသို့ အကြိမ်ကြိမ် တိုးမြင့် ပြုပြင်ခဲ့ခြင်းကြောင့် ယခုအခါ ဉာဏ်တော် ၃၂၆ ပေ ရှိလာခြင်း ဖြစ်သည်။
ဓနုတ်စေတီ ထက်ခြမ်းကွဲ၍ ခေါင်းလောင်းနားအထိ ပြိုသည်ကို ပြုပြင်လိုလျှင် ဘိုးဘွားတို့၏ အစဉ်အလာအရ ဆိုပါက စေတီတခုလုံးကို ငုံ၍ ပြန်လည် တည်ဆောက်ရမည် ဖြစ်ပါသည်။ ဉာဏ်တော်ကိုလည်း မြှင့်ရမည် ဖြစ်သည်။ ယင်းလုပ်ငန်းမှာ စေတီ အသစ် တည်ဆောက်ခြင်းပင် ဖြစ်သည်။ ရွှေတိဂုံစေတီသည် ၇ ထပ် ငုံ၍ တည်ထားသော စေတီ ဖြစ်ပြီး၊ အတွင်းစေတီကို အပြင်စေတီက မှီထား ဖိထားခြင်း မရှိစေဘဲ တည်ထားသည်ဟု မှတ်တမ်းများက ဆိုပါသည်။
ယခု ဓနုတ် စေတီ တည်ဆောက်ပုံမှာ မူလ စေတီဟောင်း၏ ပစ္စယံပေါ်တွင် စေတီအသစ်ကို တည်ခြင်း ဖြစ်နေပါသည်။ ထို့ကြောင့် ခိုင်ခံ့မှု အားနည်းနေပြီ ဖြစ်သော မူလ စေတီဟောင်းက အသစ် တည်ဆောက်မှု ဒဏ်ကို မခံနိုင်ဘဲ ရက်ပိုင်းအတွင်း ပြိုကျသွားရသည်ဟု ကောက်ချက် ချနိုင်ပါသည်။
အသက်လု ထွက်ပြေးလာရသူတို့၏ ပြောစကားများက ထိုအချက်ကို သက်သေခံနေပါသည်။ စေတီက လှုပ်ခါလာပြီး ငှက်ပျောဖူး အထက်ပိုင်းနှင့် ထီးတော်က ပထမဆုံး ကျိုးကျသည်။ ထို့နောက် ဆက်လက် လှုပ်ခါကာ ကိုယ်ထည်ပိုင်းက နိမ့်ကျ ပြိုလဲသွားသည်ဟု ဆိုပါသည်။
နောက်ထပ် အချက်တခုမှာ ၂၀၀၆ ကရော ယခုရော နှစ်ကြိမ်စလုံးတွင် စေတီ အရှေ့မြောက်ထောင့်မှ စတင် ပြိုလဲခြင်း ဖြစ်သည်။ မတော်တဆ တိုက်ဆိုင်မှုဟု မဆိုနိုင်ပါ။ အောက်ခြေတွင် ပျက်ယွင်း နေကြောင်း သက်သေခံနေသည့် အချက် ဖြစ်ပါသည်။

+ + +

``ဟောင်းနွမ်းသည် ကျိုးပဲ့ပျက်စီးသည်ကို ပြင်ဆင်သည့် လုပ်ငန်းအား ဘုရားအဆူဆူ ချီးမွမ်းတော်မူ၏´´ ဟု င်္သဂါယနာတင်ကျမ်းက ဆိုကြောင်း မှတ်သားဖူးပါသည်။
စေတီများ ဟောင်းနွမ်းခဲ့ ပြိုပျက်ခဲ့လျှင် ပြန်လည် ပြုပြင် တည်ဆောက် ရမည်သာ ဖြစ်ပါသည်။ ရှေးအဆက်ဆက်လည်း ကျနော်တို့ ဘိုးဘွားများသည် ပြိုပျက်သော စေတီတို့ကို ပြန်လည် တည်ဆောက်ခြင်းဖြင့် တည်တံ့မှုကို အဓွန့်ရှည်စေခဲ့ကြပါသည်။
သို့ရာတွင် ပြုပြင်သည့် အလုပ်အတွက် အချိန် အကန့်အသတ်တော့ ရှိရပါလိမ့်မည်။ ပြုပြင်၍ ရနိုင်သည့် အချိန်အတွင်း ပြုပြင်မှသာ ပြုပြင်မှုက အကျိုး ထင်ကျန် ပါလိမ့်မည်။ အချိန်အခါ လွန်လေပြီးမှ ဆိုပါမူ ပြုပြင်ပါသော်လည်း ဆိုးကျိုးများသာ ဖြစ်လာနိုင်တော့သည်။
မြန်မာပြည် မြို့ရွာအနှံ့၌ တုံးတိငုတ်တို ဖြစ်နေသော ဘုရားပြို ဘုရားပျက်တို့ အများအပြား ရှိနေသည်ကို သတိပြုအပ်ပါသည်။ ထို ဘုရားစေတီတို့မှာ အကြောင်း အမျိုးမျိုးကြောင့် မပြုပြင် ဖြစ်ခဲ့ကြဟု ဆိုသော် ရနိုင်ပါသည်။ ထိုအမျိုးမျိုးအနက် အချိန်အခါ လွန်သွားခြင်းကလည်း အကြောင်းတကြောင်း ဖြစ်မည် ထင်ပါသည်။
ဟောင်းနွမ်းမှ ပျက်စီးမှ ပြုပြင်ဖို့ စိုင်းပြင်းခြင်းထက် မဟောင်းနွမ်းခင် မပျက်စီးခင် ပြုပြင် ထိန်းသိမ်း စောင့်ရှောက်ခြင်းက ပို၍ အကျိုးများသည် မဟုတ်ပါလား။
ပြိုကျသွားသော ဓနုတ်စေတီ နှင့်အတူ ကြားသိ ခံစားခဲ့ရဖူးသည့် ပုံရိပ်တို့က ဝေေ၀၀ါးဝါး လွင့်ပါးသွားခဲ့ပြီ။ ကြေကွဲဖွယ်ကောင်းသည့် ဖြစ်ရပ်တို့ကြားတွင် တွေးမြင်ဆင်ခြင်မှုတွေကလည်းေ၀၀ါးနေကြဦးမည် ထင်သည်။

ဝင်းပေါ်မောင်
၂၀၀၉ ဇွန် ၅

ဇွန်၆ ဒိုင်ယာရီ


အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင်များက တိုင်းပြည် မငြိမ်မသက်ဖြစ်နေအောင် လုပ် ဟုစစ်အစိုးရ ပြော
June 7, 2009 ·

၆ ဇွန် ရန်ကုန်၊ ၊ယူကွန်
Aung San Suu Kyi party warned over trial criticism

အမျိုးသာဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းကိစ္စကို အကြောင်းပြု၍ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသည် ဟုယနေ့ ထုတ်စစ်အစိုးရအာဘော် မြန်မာ့ အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။
အစိုးရသတင်းစာအာဘော် နှင့်ပတ်သက်၍ လှည်းတန်းရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက “တိုင်းပြည် မငြိမ်မသက် ဖြစ်အောင် လုပ်နေတာရဲတွေပဲ နေ့ ခင်းကြောင်းတောင်ကြီးဗျာ အရေးပေါ်မီးရောင်စုံဖွင့် ပြီးမောင်းနေ တယ် ဘာများဖြစ်တာလဲ လို့  ပြီးတော့ဘာမှ လဲမဟုတ်ဘူး”ဒီရဲတွေက ဒေါ်စု ကိစ္စ ကို အကြောင်းပြုပြီး အခွင့် အရေးပိုယူတယ်ဗျာ ”ဟု ပြောသည်။
စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းမတရား အမှုဆင် ဖမ်းဆီးထားသည့်နေ့ မှစ၍ ရဲကားအစီး နှစ်ရာ ကျော်အား ရန်ကုန်မြို့ နေရာ နေရာအနှံတွင် ဖြန့်ကျက်ချထားသည်။

စစ်တွေတွင်လေယာဉ် စက်ချို့ယွင်းမှု ကြောင့် အရေးပေါ်ဆင်းသက်စဉ် လေယာဉ်မှုးအပါအ၀င်ခရီးသည်လေးဦး ထိခိုက်ဒဏ်ရာရ
June 6, 2009 ·
၆ ဇွန် ရန်ကုန်၊ ၊Freedom News Group
Three injured as plane crash lands in Myanmar(Reuters)
ma_pic13မြန်မာ အဲယားဝေးမှ XY-ADW ဂျက်လေယာဉ် အမျိုးအစားခရီးသည် တင်လေယာဉ်တစ်စီးသည်
ရန်ကုန်မှ စစ်တွေ သို့ ပြန်သန်းစဉ် စက်ချို့ ယွင်းမှုကြောင့် စစ်တွေလေဆိပ်၌ အရေးပေါ်ဆင်းသက်
ခဲ့ရသည်။
ခရီးသည် ၈၀ ဦးတင်ဆောင် ထားသော ထိုလေယာဉ်သည် ရန်ကုန် မှ မိုင်နှစ်ရာကျော် ကွာဝေး
သည့် ရခိုင်ပြည်နယ် သို့ ပြန်သံစဉ် စက်ချို့ ယွင်းမှုကြောင့်အရေးပေါ်ဆင်းသက်စဉ် လေယာဉ်မှုး
တစ်ဦး နှင့် ခရီူသည် လေးဦးပြင်းထန်စွာ ဒဏ်ရာရရှိ ၍ ဆေးရုံတင်ထားရကြောင်းစုံစမ်းသိရှိရ
သည်။
လေယာဉ် စက်ချို့ယွင်းနေစဉ် အရေးပေါ်တံခါးမှာဖွင့်ရခက်ပြီး လေယာဉ်စီးခရီးသည် များကလည်း
ံလုံလောက် သည့် အောက်ဆီဂျင် မရမှု ကြောင့် အသက်ရှုမွမ်းကျပ် မှုကြောင့် ဖြစ်ပေါ်ကြသည် ဟု
သိရသည်။လေယာဉ် ပေါ်ပါခရီးသည် အားလုံး ထိခိုက် ဒဏ်ရရှိပြီး အချို့ မှာ အကြောက်မပြေသေး
ပဲငိုယို လျှက်ရှသည်။
အရေးပေါ်ဆင်းသက်ရသော ကြောင့် လေယာဉ် တောင်ပံ တစ်ဘက် နှင့် လေယာဉ်ဝမ်းဗိုက်တို့
ပျက်စီးဆုံးရှုံးခဲ့ရသည်။
မြန်မာ့လေကြောင်းသည် ယခင် ကအစိုးရပိုင်ဖြစ်ပြီး စစ်အစိုးရ အာဏာရလာပြီးနောက် ပိုင်းတွင်
့စင်္ကာပူလေ ကြောင်းလိုင်းတစ်ခုနှင့် ဖက်စပ် လုပ်ကိုင်သည်။

NLD အဖွဲ့ ခေါ်ယူသတိပေးခံရ
Saturday, 06 June 2009 19:58 ကိုစိုး
စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်တာဝန်ခံများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) များကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံရသည့်အမှု ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အီလက်ထရွန်နစ် အက်ဥပဒေ အပါအဝင် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် ငြိစွန်းသည်ဟူသော အကြောင်းပြချက်ဖြင့် ခေါ်ယူသတိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့က ဇွန် ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်သည် အင်တာနက် ဝက်(ဘ်) ဆိုက်များတွင် ခွင့်ပြုချက်မရှိဘဲ ဖော်ပြပါရှိသည့်အတွက် အီလက်ထရွန်နစ် အက်ဥပဒေ ၃၃(က) အပါအဝင် ပုံနှိပ် ထုတ်ဝေခွင့်မရှိဘဲ အများပြည်သူလက်အတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည့်အတွက် ပုံနှိပ်ထုတ်ဝေ သူများ မှတ်ပုံတင်ဥပဒေတို့နှင့် ငြိစွန်းကြောင်းကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။

NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကမူ“ကျနော် သိသလောက် အီလက်ထရွန်နစ် ဥပဒေက နိုင်ငံတကာက သိနိုင်အောင် အင်တာနက်မှာ ဖော်ပြတာ၊ ဒီကိစ္စဟာ လူငယ်တွေ ကျူးလွန်ချင်မှ ကျူးလွန်မယ်၊ အစိုးရက လုပ် ချင် လုပ်မှာ ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း အီလက်ထရွန်နစ် ဥပဒေသည် စစ်အစိုးရက ယမန်နှစ်တွင် ထင်ရှားသည့် ၈၈ မျိးဆက်ကျောင်းသား ခေါင်း ဆောင် ကိုမင်းကိုနိုင်၊ လူရွှင်တော် ဇာဂနာ၊ လူငယ် ဘလော့ဂါ နေဘုန်းလတ် ၊ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတပါးဖြစ်သည့် အရှင်ဘမ္ဘီရ စသည့် နိုင်ငံရေး လှုပ်ရှားသူများနှင့် နာဂစ် ဒုက္ခသည်များ ကူညီကယ်ဆယ် ရေး လုပ်သူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ရာတွင် ထည့်သွင်းစွဲဆိုသည့် ဥပဒေ ပုဒ်မ တခုဖြစ်သည်။

သတင်းစာတွင် အဆိုပါကြေညာချက်ကို ဇွန်လ ၃ ရက်နေ့က Niknayman အင်တာနက် ဝက်(ဘ်)ဆိုက် အပါ အဝင် တခြားသော အင်တာနက်စာမျက်နှာများတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရသည်ဟုလည်း ရေးသားထား သည်။

၎င်းကြေညာချက်နှင့် ပတ်သက်ပြီး တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုတို့ကို ထိပါးစေနိုင်သည့် ရေးသားဖော်ပြချက်များပါရှိ၍ တည်ဆဲ ဥပဒေများနှင့် မညီညွတ်ဟုဆိုကာ NLD လူငယ်တာဝန်ခံများနှင့် CEC အဖွဲ့ကို စစ်အာဏာပိုင်များက ၂ ရက်ဆက်၍ ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်သည်။

ကြေညာချက်တွင်ပါရှိသော အများပြည်သူကြားနာခွင့်မရဟူသော အကြောင်း ပြချက်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများကို စစ် အစိုးရက ငြင်းပယ်နေသည် ဟူသော အချက်၊ ဒေါ်အောင်ဆန်းစုကြည်အမှုကို စစ်ဆေးကြားနာရာတွင် ဥပဒေ က ပေးထားသော ခုခံ ချေပ ပိုင်ခွင့် အပြည့်အဝ မရရှိဟူသောအချက်၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ် ပြီးဖြစ်သည်ဟူသော ပြောဆိုချက်များအပေါ်တွင် ရှင်းလင်းသတိပေးခြင်းဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။

ယခုကြေညာချက်ပါဖော်ပြချက်များသည် ဥပဒေနှင့်အညီဆောင်ရွက်နေသည့်အပေါ် လိုရာဆွဲရေးသား ထုတ်ပြန် သည့်အတွက် တရားရုံးကို အနှောင့်အယှက်ပြုခြင်း၊ တည်ဆဲ ဥပဒေကို အနှောင့်အယှက်ပြုခြင်း၊ အမှန်တရားကို မျက်ကွယ်ပြု၍ အများပြည်သူ အထင်အမြင်လွဲစေရန်နှင့် ဆူပူ ဆန္ဒပြမှုများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်သည့် လုပ်ရပ်များသာ ဖြစ်သည်ဟုလည်း သတင်းစာတွင် ပါရှိသည်။

ယင်းသတိပေးချက်ကို ဇွန်လ ၅ ရက်နေ့က NLD CEC ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးစိုးမြင့် တို့အဖွဲ့အား ရန်ကုန်တိုင်း တိုင်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း၊ တိုင်း ဥပဒေအရာရှိ ဦးဇေယျ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်တို့က ခေါ်ယူ သတိပေးကြောင်း၊ ဇွန်လ ၅ ရက်နေ့တွင်ပင် NLD လူငယ်တာဝန်ခံများဖြစ်သော ဦးမျိုးညွန့်၊ ဦးလှဦး၊ ဦးအေးထွန်းတို့ကို ဗဟန်းမြို့နယ် မယက ဥက္ကဌ ဦးအောင်မွန်လတ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒု ရဲမှူး တင်ဇော်ထွန်း၊ မြိုနယ် တရားသူကြီး ဦးခင်မောင် ထွေး၊ မြို့နယ် ဥပဒေ အရာရှိ ဒေါ်နော် ဒေါရစ်တို့က ထပ်မံ သတိပေးမှု ပြုလုပ်ကြောင်း သိရသည်။

ဇွန်လ ၄ ရက်နေ့ ညနေပိုင်းကလည်း NLD လူငယ်တာဝန်ခံများ ဖြစ်သော ရန်ကုန်တိုင်း NLD စည်းရုံးရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးလှသိန်း(တာမွေ-၁)၊ လူငယ်တာဝန်ခံ ဦးမျိုးညွန့်(အလုံ)၊ ဦးလှဦး(မန္တလေး)၊ ဦးအေးထွန်း (ရန်ကင်း) တို့ကို သက်ဆိုင်ရာက ခေါ်ယူ သတိပေးခဲ့သည်ဟုလည်း သတင်းစာက ဆိုသည်။

ထို့အတွက် NLD လူငယ်တာဝန်ခံများနှင့် CEC တို့ သည် ဝန်ခံလက်မှတ်များ ရေးထိုးပေးခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ ကလည်း မန္တလေး NLD အဖွဲ့ဝင်များ၏ နေအိမ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ ဂျွန် ၀ီလျံ ယက်ထော တို့ ၂ ယောက်တွဲပုံများကို ညပိုင်းတွင် တိတ်တဆိတ် လာရောက် ချထားခဲ့ ကြောင်း မန္တလေး NLD အဖွဲ့ဝင် တဦး ကပြောသည်။

“ဓာတ်ပုံတွေက တမင်လုပ်ကြံဖန်တီးထားတဲ့ ပုံတွေပါ၊ သိသာပါတယ်”ဟု မန္တလေး NLD မှ ဦးမျိုးနိုင်က ပြောပြ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

အဲန်အယ်လ်ဒီ လူကြီးလူငယ်တချို့ သတိပေးခံရ
06 June 2009
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် လူကြီးတချို့နဲ့ လူငယ်အဖွဲ့ဝင်တချို့ကို မြန်မာအာဏာပိုင်တွေက ခေါ်ယူသတိပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စစ်ဆေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ပါတီတွင်း စာ ရေးသားပေးပို့ခဲ့တဲ့အတွက် အခုလို သတိပေးခံခဲ့ရတယ်လို့ အဲန်အယ်လ်ဒီ ဘက်က ပြောပါတယ်။ အပြည့်စုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် တွေက ဌာနတွင်း စာတစောင် ထုတ်ပြန်ခဲ့တာမို့ အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သုံးဦးနဲ့ လူငယ်ခေါင်းဆောင် သုံးဦးကို ဒီကနေ့ အာဏာပိုင်တွေက ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဲန်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက -
“လူငယ်တွေက ဌာနတွင်း စာလေးတခု ရိုက်ပြီးတော့ ဝေတယ်။ ဒါကလည်း စီအီးစီ ဆုံးဖြတ်ချက်နဲ့။ ကျနော် မနက်က သိရတာကတော့ မနေ့က ဒီစာရေးတဲ့လူငယ်တွေကို မ၀တ က ခေါ်ပြီးတော့ သတိပေးတယ်ပေါ့။ ဘာကို သတိပေးလဲ ဆိုတော့ အခု ကျနော်တို့အမှုမှာ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ ကျနော်တို့က ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာ မူတည်ပြီး သူတို့က အရေးယူတဲ့အပိုင်းလည်း ပါတယ်။ အဲဒီတော့ ကျနော်တို့က ၁၉၇၄ ဥပဒေ မရှိဘူးလို့ ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီး ခုခံရေးလမ်းကြောင်းမှာ ပါတယ်။ နောက်တချက်က အမှုကို အများပြည်သူရှေ့မှာ ကြားနာပေးဖို့ ကျနော်တို့ တရားဝင် လျှောက်တယ်။ ရုံးက လက်မခံဘူး။ ဒီဥစ္စာလည်း တရားဥပဒေ စိုးမိုးရေးအတွက် မကောင်းဘူး။ တရားစီရင်မှုနဲ့ မကိုက်ဘူး။ ကျနော်တို့လည်း ဒီလမ်းသွားတယ်။ အဲဒီအချက်ကလေးတွေ ပါတဲ့အတွက် အရေးယူနိုင်တယ် ဆိုပြီးတော့ သတိပေးတယ်လို့ ကျနော် ကြားတယ်။”
ဒါ့အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ဆင့်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင် ကလည်း -

“အဲန်အယ်လ်ဒီ ကလည်း ထုတ်ပြီးသား ကြေညာချက်ပါတော့ လူကြီးတွေကိုလည်း ခေါ်တယ်လို့ ကြားတယ်။ ကျနော် ကြားတာကတော့ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွှန့်ဝေရယ် သုံးယောက် ခေါ်တယ်လို့ ကြားတယ်။”

အဲန်အယ်လ်ဒီ အလုပ်အမှုဆောင်တွေနဲ့ လူငယ်ခေါင်းဆောင်တွေကို အာဏာပိုင်တွေက ခေါ်ယူသတိပေးခဲ့တာနဲ့ ပတ်သက်လို့ ဦးဝင်းတင် ပြောပြခဲ့တာပါ။

အစိုးရစစ်ဆင်ရေးကြောင့် ကရင်ရွာသားများ ထိုင်းဘက်ပြေး
06 June 2009

ဘားအံခရိုင်ထဲက ကရင်ရွာသားတချို့ဟာ ဇွန်လဆန်းပိုင်းကစပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက် လာနေကြပါတယ်။ အခုချိန်ထိ ထောင်နဲ့ချီတဲ့ ရွာသားတွေ ဒီလိုထွက်ပြေးလာကြတာဟာ စစ်အစိုးရနဲ့ ဒီကေဘီအေ (ကရင်ဗုဒ္ဓဘာသာအဖွဲ့) တွေရဲ့ ပူးပေါင်းစစ်ဆင်မှုတွေကြောင့် ဖြစ်တယ်လို့ ဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ အခု ထိုးစစ်ဆင်နေတဲ့နေရာဟာ ဒုက္ခသည်အများအပြား ခိုလုံနေတဲ့စခန်းတခုနဲ့လည်း နီးကပ်နေပါတယ်။ ရွာသားတွေကို မိုင်းရှင်းလင်းရေးမှာ အသုံးပြုသလို စစ်ဆင်ရေးအတွက်လည်း အလုပ်ကြမ်းတွေ ခိုင်းစေတာတွေ ပေါ်တာဆွဲတာတွေလည်း ရှိနေတဲ့အတွက် ဒီလိုထွက်ပြေးကြတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး CIDKB လို့ခေါ်တဲ့ အိုးအိမ်ပစ်ခွာ ထွက်ပြေးကြသူများ ဆိုင်ရာ ကရင်လူထုရေးရာ ကော်မတီ တာဝန်ခံ ဦးစောစတိ(ဖ) က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုဖြစ်တဲ့ဟာက ကျနော်တို့ဘက်ဆို ဘားအံခရိုင်ပေါ့။ မြန်မာပြည်နယ်မြေပုံအရ ဆိုရင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ရွာသူရွာသားတွေက ဒီကေဘီအေ ကနေ တပ်သားသစ်တွေ စုစောင်းတယ်။ အဲဒီတပ်သားသစ်တွေ စုစောင်းတဲ့အပေါ်မှာ အဲဒါ ရွာသားတွေက စစ်တပ်ထဲ မ၀င်ချင်လို့ ထွက်ပြေးတာကလည်း အကြောင်းတကြောင်း၊ နောက်တချက်က နယ်စပ် ဒေသမှာရှိတဲ့ လွယ်ပေါ်ဟော ဒုက္ခသည် IDP စခန်းပတ်ဝန်းကျင်မှာလည်း နအဖ နဲ့ ဒီကေဘီအေ ပူးပေါင်း စစ်ကြောင်းတွေက စစ်ဆင်ရေးလုပ်နေတယ်။ အဲဒါကြောင့် ရွာသားတွေက မနေရဲဘဲနဲ့ သူတို့က ထိုင်းဘက်ကမ်းကို ကူးလာတယ်။ လောလောဆယ်ကတော့ ထိုင်းဘက်ကလည်း အခု ယာယီ ခိုလုံခွင့်ပေးထားတယ်လို့ ကျနော်တို့ သိရတယ်။ တက်ခ် ခရိုင်၊ ထတောင်ယမ်း မြို့နယ်မှာလို့ ပြောရမှာပေါ့လေ။”

အဲဒီတော့ သူတို့တွေက ဒုက္ခသည်စခန်းမှာလည်း မရှိဘူးဆိုတော့ သူတို့ ဘယ်လို နေ နေရလဲ၊ -

“အဲဒါ တချို့တလေကတော့ တချို့ ရွာတွေမှာ စာသင်ကျောင်းတွေဟောင်း၊ ဘုန်းကြီးကျောင်းတွေတို့၊ တချို့တလေကျတော့ ရွာသူရွာသားတွေကပဲ ယာယီ လက်ခာံထားပေးတယ်လေ။ အဲဒီလိုပဲ သူတို့ လောလောဆယ် နေနေကြတယ်။ အဲဒီမှာ ထိုင်းရွာတွေ ရှိတယ်။ အဲဒီရွာတွေမှာပဲ သူတို့ ယာယီ ခိုလုံနေတယ်။”

CIDKB တာဝန်ခံ စောစတိ(ဖ) ကို နော်ရှိုးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

သမ္မတ အိုဘားမား ဥရောပ ခရီးဆက်
05 June 2009
အရှေ့အလယ်ပိုင်းဒေသကို ခရီးထွက်သွားပြီးတော့ ဥရောပဘက်ကို လှည့်လာခဲ့တဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမား ဟာ အခု ပြင်သစ်နိုင်ငံကို ရောက်နေပါပြီ။ သူဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ နော်မန်ဒီ ကမ်းခြေကို မဟာမိတ်တပ်တွေ ၀င်တိုက်ခဲ့တဲ့ D-Day (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ဟာ အရှေ့အလယ်ပိုင်းဒေသ အီဂျစ်နိုင်ငံကနေ ဂျာမဏီနိုင်ငံကို အရင် ၀င်ခဲ့တာပါ။ ပြီးမှ ပြင်သစ်နိုင်ငံကို သောကြာနေ့ ညနေပိုင်းမှာ သူ ရောက်ခဲ့တာပါ။

ဂျာမဏီနိုင်ငံမှာတုန်းက ဂျူးတွေကို နှိပ်စက်ခဲ့တဲ့ ဘူချန်ဝေါဒ် (Buchenwald) အကျဉ်းစခန်းကို ဂျာမဏီ ၀န်ကြီးချုပ် အိန်ဂျလာ မာကဲလ်၊ နိုဘယ်လ်ဆုရှင် အီလိုင်းဝိုင်ဆယ်လ် တို့နဲ့အတူ သွားရောက်ခဲ့ပါသေးတယ်။ အီလိုင်ဝိုင်ဆယ်လ် ဟာ ငယ်စဉ်ဘ၀က ဘူချန်ဝေါဒ် အကျဉ်းစခန်းမှာ အကျဉ်းကျခံခဲ့ရသူ တဦး ဖြစ်ပါတယ်။ သူ့ရဲ့ အဖေဖြစ်သူကတော့ အဲဒီ အကျဉ်း စခန်းထဲမှာပဲ သေဆုံးသွားခဲ့ကြရတဲ့ လူပေါင်း ၅၆,၀၀၀ ထဲက တဦး ဖြစ်ပါတယ်။

သမ္မတ ဘရက် အိုဘားမား ဟာ လူတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ မီးဖိုကြီးတွေနဲ့ အကျဉ်းသားတွေ နေခဲ့ရတဲ့ အဆောင်တွေကို မြင်သွားခဲ့ရပြီးတော့ ဒါတွေဟာ စိတ်ကူးလို့တောင် မဖြစ်တဲ့အခြေအနေတွေပဲလို့ ပြောဆိုခဲ့ပါတယ်။



စစ်အစိုးရ၏ ထိုးစစ်ကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထွက်ပြေးလာဟု KNU က ပြော
ကိုဝိုင်း
စနေနေ့၊ ဇွန်လ 06 2009 20:52 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အပေါ် လတ်တလော ထိုးစစ်ဆင်နေမှုကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ပိုမို ရောက်ရှိလာနေသည်ဟု ကရင်အမျိးသား အစည်းအရုံးက ပြောဆိုလိုက်သည်။

“လူဦးရေကတော့ ၄၀၀၀ ဝန်းကျင်လောက်တော့ ရှိမယ်ပြောတယ်။ လေးနေရာလောက်မှာ ပျံ့နှံ့ပြီးနေကြတယ် ပြောတယ်။ အဲဒီဂွင် အားလုံးက ထွက်ပြေးလာတဲ့ လူဦးရေပဲလေ။ လယ့်ဘော်ဟဲက လူတွေကတော့ ထိုင်းဘက်ကမ်းကို ထွက်ကုန်ပြီ။ နီးစပ်ရာ ဆွေမျိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ တချို့ နေလို့ထိုင်လို့ရမယ့်နေရာမျိုးမှာ ဒေသခံလူထုနဲ့၊ TBBC တို့၊ ထိုင်းက ဆေးအဖွဲ့တို့၊ တခြားလူမှုရေးအသင်းအဖွဲ့တွေ က အဲဒီမှာ သွားပြီး နေရာချထားပေး၊ ကူညီပေးနေတယ်ပြောတာပဲ” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမသို့ ပြောသည်။

KNLA ၏ တပ်မဟာ (၇) - ဘားအံခရိုင် ပိုင်ကျုံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းမှ ဒေသခံများသာမက ‘လယ့်ဘော်ဟဲ’ ပြည်တွင်း ဒုက္ခသည် စခန်းမှလည်း ထွက်လာကြသူများ ဖြစ်ပြီး လူဦးရေ (၄၀၀၀) ခန့်ရှိကြောင်း KNLA ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

စစ်ပြေးဒုက္ခသည်များ ရောက်ရှိနေသည့် နေရာသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ် အတွင်း၌ ဖြစ်ကြောင်း သိရသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တာဝန်ရှိသူ တဦးကလည်း ၎င်းတို့အဖွဲ့မှ ကွင်းဆင်း လေ့လာသူများနှင့် ဆက်သွယ်၍ မရသေးသဖြင့် နောက်ဆုံးသတင်းကို အတိအကျ မသိရသေးသော်လည်း ‘လယ့်ဘော်ဟဲ’ ပြည်တွင်း ဒုက္ခသည် စခန်းနေသူ လူဦးရေ ၁၂၀၀ ကျော် ရှိနေသည်ဟု ဆိုသည်။

KHRG ကပင် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် (၇၀၀) ကျော် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သေးသည်။

KNLA တပ်မဟာ (၇) ၏ ဘားအံခရိုင် ဒေသကို စစ်အစိုးရ တပ်များနှင့်အတူ အပစ်ရပ်ဆဲထားသော DKBA ၏ တပ်မဟာ ၉၉၉၊ ၃၃၃ နှင့် ၅၅၅ တို့၏ ပူးတွဲစစ်ကြောင်းနှင့် KNLA တပ်များအကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေခဲ့သည်။

မြန်မာဘက်မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေရှ့် တံငါသည်များ ဒဏ်ရာရ
ငြိမ်းချမ်း
စနေနေ့၊ ဇွန်လ 06 2009 20:48 - မြန်မာစံတော်ချိန်
ဒါကာ (မဇ္ဈိမ)။ ။ မြန်မာ နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွက်ကဲရေး အဖွဲ့-နစက က မြန်မာ့ရေပိုင်နက် အတွင်း ငါးခိုးဖမ်းသည်ဟုဆိုကာ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေရှ့် တံငါသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုလ ၂ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့ နစက က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆဲမာတင် (အုန်းကျွန်း) ကျွန်အနီးတွင် ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှှ် ငါးဖမ်းသမားများကို နယ်မြေကျူး ကျော်ဝင်ရောက်ကာ ငါးဖမ်းသည်ဟု ဆိုကာ ပြစ်ခတ်လိုက်ခြင်း ဖြစ်သည်။

မောင်တောမြို့ ကျီးကန်ပြင်အခြေစိုက် နစက ဌာနချုပ်က ယခုနှစ် နှစ်ဆန်းပိုင်းက နစက နယ်မြေ အသီးသီးသို့ နယ်မြေကျူးကျော် ငါးခိုးဖမ်းဆီးမှုများကို ပစ်မိန့် ထုတ်ပေးထားသည်။

“ပြီးခဲ့တဲ့ အင်္ဂါနေ့ ( ယခုလ ၂ ရက်နေ့ ) ပစ်ခတ်မှုတခုဖြစ်သွားတယ်လေ။ အလယ်သံကျော် အခြေစိုက်တဲ့ နယ်မြေ (၇) နယ်မြေထဲမှာ” ဟု နစက အဖွဲ့ဝင်တဦးက ပစ်ခတ်မှုကို အတည်ပြုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကမူ ပစ်ခတ်ခံရသူများ လာရောက် တိုင်ကြားမှု မရှိသေးသည့် အတွက် အရေးယူခြင်း မရှိသေးကြောင်း ဘင်္ဂလားဒေရှ့် နေ.စဉ်ထုတ် သတင်းစာ တစောင်ဖြစ်သော The Dainik Cox’s Bazarက ယခုလ ၄ ရက်နေ့က ဖော်ပြသည်။

ဒဏ်ရာရရှိသူ ဘင်္ဂလားဒေရှ့် တံငါသည် ၁၀ ဦးကို တက္ကနာမြို.နယ် ပြည်သူ.ဆေးရုံးကြီးတွင် တင်ထားပြီး နောက်တဦးကို စစ်တကောင်း ဆေးရုံးသို့ တင်ထားရကြောင်း တက္ကနာဆေးရုံဝန်ထမ်း အာဘူ ဖေါရပ်က ပြောသည်။

တက္ကနာဆေးရုံက လူနာ ၁၀ ဦးမှာ အသက် အန္တရာယ် မစိုးရိမ်ရသော်လည်း စစ်တကောင်း ဆေးရုံသို့ လွှဲပြောင်းထားရသူ တဦးကမူ ညာဘက်ရင်ဘတ်မှ ညာဘက်ကျော အထိ ထုတ်ခြင်းပေါက် ဒဏ်ရာ ရရှိသဖြင့် စိုးရိမ်ရကြောင်း သိရသည်။

မြန်မာနစကမှ ပစ်ခတ်မှုကြောင့် ယခုနှစ် ဧပြီလ ၈ ရက်နေ.ကလည်း ဘင်္ဂလားဒေရှ့်ငါးဖမ်းသမား ၂ ဦး သေဆုံးခဲ့ရသည်။

စစ်အစိုးရ၊ DKBA နှင့် KNU တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
Saturday, 06 June 2009 18:22 သန်းထိုက်ဦး
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ်ထားသည့် တပ်စခန်းများကို မြန်မာ စစ်အစိုးရ တပ်နှင့်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ယခုလဆန်း မှစတင်၍ တိုက်ပွဲများဆက်လက် ဆင်နွှဲနေရာ ယနေ့တွင် လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ကြောင်း သိရ သည်။

အဆိုပါ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံ ကရင်တိုင်းရင်းသားများမှာ စိုးရွံ့ထိတ်လန့်၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရာ ယနေ့အထိ လူဦးရေ ၂၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ကရင်လူငယ်အစည်း အရုံး (KYO) ဥက္ကဌ စောလှထွန်းက ပြောသည်။

[ယင်း ကရင်ဒုက္ခသည်အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးရောက်ရှိ လာကြောင်းလည်း သိရှိရသည်။

“အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ ဆက်ထွက်လာနိုင်သေးတယ်”ဟု စောလှထွန်းက ဧရာဝတီသို့ ပြောသည်။

၎င်း ကရင်ဒုက္ခသည်များ၏ စားသောက် နေထိုင်ရေးအခက်အခဲများအတွက် ကရင်ဒုက္ခသည်များ ကော်မတီ (KRC) မှ တဆင့် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိဖြစ်ပွားနေသည့် KNLA တပ်မဟာ(၇) ထိန်းချုပ်ထားသည့် တပ်စခန်းများကို မြန်မာ စစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များ၏ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဒု ဥက္ကဌ စောဒေးဗစ် တာကပေါက KNU ကို အပြီးသတ် ထိုးစစ်ဆင်နေခြင်း ဟုတ်မဟုတ် စောင့်ကြည့်ရမည်ဖြစ် သည်ဟု ပြောဆိုသည်။

စောဒေးဗစ်တာကပေါက“ အခုလက်နက်ကြီးတော်တော်သုံးတယ် လို့ကြားတယ်၊ မသေချာသေးဘူး၊ ဆိုတော့ ဒီဟာက တိုက်ပွဲသေးလား တိုက်ပွဲကြီးလား ထိုးစစ်ကလေးလာ ထိုးစစ်ကြီးလားတော့ မသိသေးဘူး၊ စောင့်ကြည့် နေတုန်းပဲ၊ စဖြစ်တာကတော့ DKBA က ရွာတွေမှာ စစ်သားလိုက်စုတယ်၊ စစ်သားလိုက်စုတဲ့အခါ ရွာသားတွေက ထွက်ပြေးလာတယ်၊ ထွက်ပြေးလာတဲ့အခါ KNU တပ်တွေကစောင့်ရှောက်တော့ တိုက်ပွဲဖြစ်တယ်”ဟု ပြော သည်။

၎င်း DKBA တပ်ဖွဲ့သည် ပြီးခဲ့သည့် မေလ အတွင်းမှ စတင်၍ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးအတွက် မွန်ပြည် နယ် သထုံနှင့် ကရင်ပြည်နယ် ဘားအံ ခရိုင် အတွင်းရှိ ဒေသခံများကို တပ်သားသစ်များအဖြစ် အဓမ္မ စုဆောင်း မှုများ ပြုလုပ်ကြောင်း ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးကော်မတီ (CIDKP) ၏ ပြောဆို ချက်အရသိရသည်။

မြန်မာစစ်အစိုးရ တပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့်DKBA (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ဌာန ချုပ်အနီးတွင် ဇွန်လဆန်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့အထိဆက်လက် ဖြစ်ပွားနေသည်။
ယင်း နှစ်ဘက် တိုက်ပွဲများကြောင့် အကျအဆုံး မည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။

ဇင်ဘာဘွေတရားရုံးမှာ သတင်းထောက်တွေ ပြန်ကြားရေးဌာနကိုအနိုင်ရ
06 June 2009

ဇင်ဘာဘွေနိုင်ငံသား သတင်းစာဆရာ လေးဦးက သူတို့အစိုးရအပေါ်မှာ အနိုင်ရရှိကြောင်း တရားရုံးက ဆုံးဖြတ်ချက်တရပ် ချမှတ်လိုက်ပါတယ်။ ဒီသတင်းသမား လေးဦးတို့က အစိုးရရဲ့ သတင်းနဲ့ ပြန်ကြားရေး ကော်မရှင်ကို ဥပဒေကြောင်းအရ စိန်ခေါ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အာဏာရှင် အစိုးရအပေါ်မှာ သတင်းထောက်တွေကို အနိုင်ပေးတဲ့ ဇင်ဘာဘွေက အမှု ကိစ္စအကြောင်းကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

သတင်းသမားတွေကို ခွင့်ပြုချက်ထုတ်ပေးတာ၊ သူတို့ရဲ့လုပ်ငန်းမှာ အစိုးရရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ၀င်ရောက် စွက်ဖက်နေတာတွေကို ရပ်ဆိုင်းဖို့ ဇင်ဘာဘွေ တရားရုံးက အမိန့်ချမှတ်လိုက်ပြီလို့ ဟာရယ်ရီ မြို့တော်ကနေ သတင်းထောက် အိရှ်မာဖွန်ဒီကွာ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

အစိုးရ ပြန်ကြားရေးကော်မရှင်ဟာ သတင်းထောက်တွေဆီက ခွင့်ပြုချက်တွေအတွက် အခကြေးငွေ ကောက်ခံနေတာကို ရပ်ဆိုင်းရမယ်လို့ တရားသူကြီး ဘားရက် ပတဲလ် က သောကြာနေ့က အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ကော်မီဆာ လို့ ခေါ်တဲ့ အာဖရိက အရှေ့ပိုင်းနဲ့ တောင်ပိုင်း ဘုံဈေးထိပ်သီးစည်းဝေးပွဲကို လာရောက်သတင်းယူချင်တဲ့ သတင်းထောက်တွေအနေနဲ့ သူတို့ဆီမှာ မှတ်ပုံတင်ရမယ်၊ ခွင့်ပြုချက်ယူရမယ်ဆိုပြီး ပြီးခဲ့တဲ့ အပတ်က အမိန့်ထုတ်ခဲ့ပါတယ်။ ဒါကို ဆန့်ကျင်ပြီးတော့ အခုလို တရားရုံးက ဆုံးဖြတ်ချက် ချလိုက်တဲ့ကိစ္စ နဲ့ပတ်သက်ပြီး သတင်းထောက်များရဲ့ အကျိုးဆောင် ရှေ့နေဖြစ်တဲ့ ဆယ်လ်ဒီဟွာချာ က ဗွီအိုအေ ကို အခုလို ရှင်းပြပါတယ်။

“ဒါဟာ ယာယီအမိန့်တရပ် ဖြစ်ပါတယ်။ အပြီးသတ်အမိန့်ဖြစ်လာအောင် တရားရုံးကို ပြန်သွားရပါလိမ့်ဦးမယ်။ အဲဒီ အခါကျတော့ သတင်းနဲ့ပြန်ကြားရေး ကော်မရှင် တကယ်ဆက်ရှိနေဦးမလား။ ရေရှည်မှာ ဒါမျိုးတွေ ဆက်လုပ် နေဦးမလား ဆိုတဲ့ကိစ္စတွေပါ ပါလာပါလိမ့်မယ်။ ကျနော့်အမြင်မှာတော့ သတင်းနဲ့ပြန်ကြားရေးကော်မရှင်ဆိုတာ ဆုံးခန်းတိုင် သွားပါပြီ။”

ဒါကို တဖက်က အယူခံဝင်မယ်ဆိုရင် ၁၀ ရက် အချိန်ရတယ်လို့လည်း ဆိုပါတယ်။ သတင်းအချက်အလက် ရယူမှုနဲ့ ကိုယ်ရေးကိုယ်တာ ထိပါးမှု ကာကွယ်ရေး ဥပဒေအရဆိုရင် သတင်းအဖွဲ့အစည်းတွေ သတင်းဌာနတွေဟာ MIC လို့ခေါ်တဲ့ မီဒီယာ နဲ့ ပြန်ကြားရေးကော်မရှင်ဆီမှာ မှတ်ပုံတင်ဖို့ လိုအပ်ခဲ့ပါတယ်။ အဲဒီလို မှတ်ပုံတင်ဖို့ ပျက်ကွက်လို့ ၂၀၀၃ ခုနှစ်က ဆိုရင် Daily News ဆိုတဲ့ သတင်းစာကြီး အပိတ်ခံခဲ့ရပါတယ်။ သတင်းစာဆရာတချို့လည်း ထောင်ကျသူ ကျ၊ ဒဏ်ရိုက်ခံ ထိသူထိ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ နိုင်ငံခြားသတင်းထောက်တွေ ဇင်ဘာဘွေ နိုင်ငံထဲကို ၀င်ချင်တယ်ဆိုရင် ဇင်ဘာဘွေ အစိုးရဟာ အခကြေးငွေ အမြောက်အများ တောင်းခံလေ့ရှိပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ၀န်ကြီးချုပ် မော်ဂန်ရှန်ဂရိုင်း ဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရ မဖွဲ့ခင်မှာ ဒီ MIC ကို ပိတ်ပင်တဲ့အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီအဖွဲ့အစည်းနေရာမှာ အစားထိုး ဖွဲ့စည်းမှုတော့ တစုံတရာ မလုပ်ခဲ့ သေးပါဘူး။

နအဖနှင့် ဒီကေဘီအေတပ်များ ဒုက္ခသည်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်
Saturday, 06 June 2009 21:33 ရိုးမ ၃
နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက (KNLA) တပ်မဟာ (၇) နယ်မြေအတွင်းရှိ 'လယ်ပေါ်ဟဲ' ပြည်တွင်းဒုက္ခသည်စခန်းကို ယနေ့ နေ့လည်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိသည်။

ယနေ့ နေ့လည် (၁၁) နာရီ (၅၅) မိနစ်ခန့်မှ စတင်ကာ (၈၁) အမျိုးအစားလက်နက်၊ (၆၀ မမ) နှစ်လက်တို့ဖြင့် (၁၂) နာရီခွဲအချိန်ထိ ဆက်တိုက်ပစ်ခတ်နေပြီး အထိအခိုက်စာရင်းကို မသိရသေးကြောင်း တပ်မဟာ (၇) မှ ဗိုလ်ကြီးအဆင့်ရှိသူတဦးက အတည်ပြုပြောသည်။

“ထိခိုက်ဒဏ်ရာရတာ မကြားရသေးဘူး၊ ဒုက္ခသည် ၂၀၀၀ လောက်ကလဲ မနေ့ကလောက်ကတည်းက ထိုင်းဘက်ကို ရောက်နေပြီ၊ အဲဒီမှာ လူတွေမရှိတော့ဘူး၊ ကျနော်တို့ တပ်တွေကတော့ ကာကွယ်ပြီး ပစ်မှာဘဲ” ဟု ပြောသည်။

ယင်းကဲ့သို့ နအဖစစ်တပ် လက်အောက်ခံတပ်များနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များ ပစ်ခတ်မှုသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင်အင်အားစုများကို အပြီးပျက်ခြေမှုန်းသည့်သဘောဖြစ်ကြောင်း (KNLA) တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက သုံးသပ်ပြောဆိုသည်။

ယခုပစ်ခတ်မှုတွင် လက်နက်ကြီးများဖြင့်သာ အဝေးမှ လှမ်းပစ်ခြင်းဖြစ်ပြီး ကျည်အလုံး ၃၀ ခန့် ဒုက္ခသည်စခန်းထဲကို ကျရောက်ကြောင်း ၎င်းက ဆက်ပြောသည်။

“လက်ရှိအခြေအနေကတော့ ကျနော်တို့ နယ်မြေထဲကို ရန်သူဝင်လာရင်တော့ ကျနော်တို့ဘက်က ပြန်လည်ခုခံတိုက်ခိုက်မှာဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

'လယ်ပေါ်ဟဲ' ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် ယမန်နေ့ကတည်းက ထိုင်းဘက်ခြမ်းသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး ထိုင်းအစိုးရအာဏာပိုင်များကလည်း နယ်စပ်တလျှောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားသည်။

(KNLA) နှင့် နအဖ-ဒီကေဘီအေ ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား
Saturday, 06 June 2009 21:57 ရိုးမ ၃
ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၂) နှင့် နအဖ- ဒီကေဘီအေပူးပေါင်းတပ်များ ယနေ့ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး အကျအဆုံးရှိကြောင်း သိရသည်။

ယနေ့ နေ့လည်ပိုင်းက တပ်မဟာ (၇) နယ်မြေအတွင်းရှိ 'လယ်ပေါ်ဟဲ' ဒုက္ခသည်စခန်းအတွင်းသို့ နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

“ဒီညနေ (၄) နာရီ (၁၀) မိနစ်မှာ စပြီး တိုက်ပွဲဖြစ်တာ၊ ရန်သူဘက်က လာထိုးစစ်ဆင်တာ၊ ဒီကေဘီအေ (၉၉၉) အဖွဲ့နဲ့ဖြစ်တာ၊ အခုတော့ တိုက်ပွဲက နည်းနည်းလေး ငြိမ်သွားပြီ” ဟု (KNLA) တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် တနာရီကျော်ကြာမြင့်ပြီး (KNLA) ဘက်မှ အကျအဆုံးစာရင်းကို အတိအကျ မသိရသေးကြောင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“နအဖက နောက်ကနေ လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်ပေးနေတာ၊ အခုတောင် တချက်တချက် ကြားနေရသေးတယ်၊ ဒီကေဘီအေတွေကတော့ အခု နောက်ဆုတ်သွားတယ်၊ နောက်ပြန်ထပ်တက်ရင် ဒီည ရှင်းလင်းလို့မပြီးဘူး၊ အသေအပျောက်တော့ နှစ်ဖက်စလုံး ရှိတယ်” ဟု ပြောသည်။

ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KLNA) အနေဖြင့် စစ်ရေးပြင်ဆင်မှုများ အဆင့်သင့်ရှိနေပြီး ဒီကေဘီအေအဖွဲ့များက ထပ်မံ ထိုးစစ်ဆင်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား သိက္ခာကျဆင်းစေသည့် ဓါတ်ပုံများ အာဏာပိုင်များဖြန့်ဝေ
Saturday, 06 June 2009 21:43 ဖြိုးကြီး
နအဖအာဏာပိုင်များဘက်က ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ သိက္ခာကျစေသည့် ဓါတ်ပုံများကို ပြည်သူလူထုအကြားတွင် ဖြန့်ဝေခြင်းများ ပြုလုပ်နေသောကြောင့် မြို့ခံလူထုက မကျေမနပ်ဖြစ်နေကြသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာယက်တောတို့ ပူးတွဲနေသည့်ပုံ ပြုလုပ်ထားသည့် ဓါတ်ပုံတွင် မဖွယ်မရာစာများရေးသားထားပြီး လိုက်လံဖြန့်ဝေခြင်းနေခြင်းကြောင့် ဖြစ်သည်။

“အဲဒီမှာက မစ္စတာ ယက်တောကို ဒေါ်အောင်ဆန်းစုကြည်က မှီနေတဲ့ပုံတွေ ဖြန့်တာ၊ စာတွေကလဲ မဖွယ်မရာ ရေးထားတာ၊ နောက်ခံနေရာကလဲ ဒေါ်အောင်ဆန်းစုကြည်ခြံဝန်းထဲမှာပဲ၊ ဓါတ်ပုံက ၃ လက်မဆိုဒ်နဲ့ လုပ်ထားတာ” ဟု မြို့ခံတဦးက ပြောသည်။

အဆိုပါဓါတ်ပုံများကို ဖြန့်ဝေသွားသူများမှာ ကြံ့ဖွံ့အဖွဲ့နှင့် စွမ်းအားရှင်များက လုပ်သွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။

“ဆိုင်ကယ်နဲ့ ဖြန့်သွားတာ၊ တချို့က ကိုယ်တိုင်လိုက်ဝေတာ၊ ကျနော်တို့စုံစမ်းကြည့်တာ လေးငါးခြောက်ယောက်လောက် ရှိမယ်၊ အဲဒါက သက်သက်ယုတ်မာတာ၊ မြို့ခံတဦးအနေနဲ့ပြောရမယ်ဆိုရင် တော်တော်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပါ၊ တမြို့လုံးကလဲ မကျေနပ်ဘူး၊ အဲဒီပုံတွေကို တွေ့တဲ့သူတွေကလဲ အကုန်ဆုတ်ဖြဲပစ်လိုက်တာ” ဟု ဆက်ပြောသည်။

ထို့အပြင် မြင်းခြံမြို့နှင့် တောင်သာမြို့များတွင်လည်း မန္တလေးတိုင်း ကြံ့ဖွံ့အဖွဲ့က တိုက်ရိုက်ညွှန်ကြားပြီး ယခုကဲ့သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်အား ဂုဏ်သိက္ခာကျဆင်းစေသည့် ဓါတ်ပုံများ၊ စာရွက်စာတမ်းများ ဖြန့်ဝေနေလျှက်ရှိသည်။

နစက တပ်ဖွဲ့များ၏ ကျူးကျော်ဝင်ရောက် ပစ်ခတ်မူကြောင့် ဘင်္ဂလီ ငါးဖမ်းသမား ၁၁ ဦးဒဏ်ရာရ
6/6/2009
နတ်မြစ်ဝ အနီးရှိ အုန်းကျွန်း ပတ်ဝန်းကျင်တွင် ငါးသလောက် ဖမ်းနေသော ဘင်္ဂလီ ငါးဖမ်း စက်လှေများကို မြန်မာဘက်က ၀င်ရောက်ပစ်ခတ်သဖြင့် ငါးဖမ်းသမား ၁၁ ဦး ဒဏ်ရာ ရရှိသွားသည်။
ဒဏ်ရာရရှိသူများ အထဲတွင် တဦးမှာ ဦးခေါင်းတွင် ထိခိုက်သွားသဖြင့် ယမန်နေ့က စစ်တကောင်း ဆေးရုံသို့ ပို့လိုက်ရသည်ဟု သိရသည်။
မြန်မာနိုင်ငံ နစက တပ်ဖွဲ့များသည် အဆိုပါဘင်္ဂလာ ရေပြင် ပိုင်နက်သို့ ၀င်ရောက်လာပြီး သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်သဖြင့် ယခုကဲ့သို့ အများအပြား ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု နယ်စပ်မှလာသော သတင်းများတွင် ဖေါ်ပြသည်။
ဆင်မဖြူကျွန်းတွင် နေထိုင်သူ မြန်မာနိုင်ငံသား တဦးက “နစကတွေဟာ ဘင်္ဂလာက ငါးဖမ်း လှေတွေကို သူတို့ဆီကို လာဖို့ ခေါ်တယ်။ မလာတော့ သေနတ်တွေနဲ့ ပစ်ခတ်တယ်။ ငါးဖမ်းလှေ သုံးစီးကို ဖမ်းသွာပြီး လှေပေါ်ပါလာတဲ့ လူတွေကို စက်လှေ အဆိုးတစီးပေါ်မှာ တင်ပြီး ဘင်္ဂလာဘက်ကို မောင်းထုတ်လိုက်တယ်” ဟု ပြောသည်။
ယခုအခါ မိုးဦးရာသီ ဖြစ်သဖြင့် ငါးသလောက်များ အုပ်စုလိုက် ရေပေါ်သို့ တက်လာသဖြင့် အဆိုပါ ငါးသလောက်များကို ဖမ်းဆီးရန် ဘင်္ဂလီ ငါးဖမ်းသမားများက စက်လှေများဖြင့် သွားရောက်စဉ် ယခုကဲ့သို့ နစကများ၏ ပစ်ခတ်ခြင်းကို ခံရခြင်းဖြစ်သည်။
ထိုကဲ့သို့ ပစ်ခတ်ခံရသဖြင့် ဘင်္ဂလီ ငါးဖမ်းသမားများမှာ ယခုအခါ ငါးဖမ်းရန် ပင်လယ်ပြင်သို့ မသွားဝံ့ဘဲ ဖြစ်နေကြသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ နယ်စပ် ငါးလုပ်ငန်းရှင်များက မြန်မာ နစကများ၏ ကျူးကျော် ၀င်ရောက်ပစ်ခတ်မူကို တက်ကနက် အုပ်ချုပ်ရေး အဖွဲ့သို့ တိုင်ကြားလိုက်သည်ဟု သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အကြားတွင် ရေပြင် ပိုင်နက် သတ်သတ်မှတ်မှတ် မရှိသောကြောင့် အဆိုပါ အခွင့်အရေးကို ယူလျက် မြန်မာ နစကများသည် ဘင်္ဂလီ ငါးဖမ်း သမား များအား ဖမ်းဆီးခြင်း၊ ငွေညစ်ခြင်းနှင့် သေနတ်နှင့် ပစ်ခတ်မူများ ပြုလုပ်ကာ ငါးများကို လုယက်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိကြသည်။

စစ်တွေတွင် လေယဉ် တစီး ပြေးလမ်းချော်သွား၍ လေယဉ်မှူးနှင့် ခရီးသည် အမျိုးသမီးငယ် တဦး ဒဏ်ရာရ

6/6/2009

မြန်မာ လေကြောင်းပိုင် လေယဉ် တစီး စစ်တွေ လေယဉ်ကွင်းသို့ ဆင်းသက်စဉ် လေယဉ်လမ်းကြောင်း ချော်သွားသဖြင့် လေယဉ်မှူး တဦးနှင့် ခရီးသည် အမျိုးသမီးငယ် တဦး ဒဏ်ရာ ရရှိသွားသည်။

စစ်တွေလေယဉ်ကွင်းသို့ သွားရောက်ကြည့်ခဲ့သူ အမျိုးသား တဦးက �လေယဉ်မှူး တဦးနဲ့ ခရီးသည် အမျိုးသမီးငယ် တဦး ဒဏ်ရာ ရရှိသွားပါတယ်။ ခရီးသည် အမျိုးသမီး ငယ်ကိုတော့ ဒဏ်ရာ ပြင်းထန်တဲ့အတွက် ချက်ချင်း ဆေးရုံတင်လိုက်ရပါတယ်� ဟု ပြောသည်။

လေယဉ်တွင် ခရီးသည် ၆၄ ဦး ပါရှိလာပြီး လေယဉ်မှာ မြန်မာလေကြောင်းပိုင် လေယဉ် ဖြစ်သည်။ ယနေ့နံနက်က ရန်ကုန်မှ ပျံသန်းလာပြီး နံနက် ၈ နာရီ ၃၀ တွင် စစ်တွေ ကွင်းသို့ အဆင်း၌ ယခုကဲ့သို့ လမ်းချော်သွားခြင်း ဖြစ်သည်။

သူက �လေယဉ်တောင်ပံတွေ အကုန်လုံးကျိုးသွားပါတယ်။ သစ်ပင်တွေမှာ တိုက်မိပြီး ကျိုးသွားတာပါ။ ကံကောင်းတာက လူနှစ်ဦး ဒဏ်ရာ ရာတာကလွဲပြီး အသေအပျောက် မရှိတာဘဲ ဖြစ်ပါတယ်� ဟု ပြောသည်။

အဆိုပါ လေယဉ်မှာ မည်သည့်အတွက်ကြောင့် ပြေးလမ်းကြောင်းချော်သွားခဲ့သည်ကို မသိရှိရသေးကြောင်းနှင့် သက်ဆိုင်ရာမှ စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရှိရသည်။

မြောက်ဦးမြို့တွင် ရေတွင်းတူးရာမှ ရှေ့ခေတ် လှေတစ်စင်း ထွက်ပေါ်လာ

6/5/2009

ရခိုင်ပြည် မြောက်ဦးမြို့တွင် ရှေ့ခေတ်အခါက အသုံးပြုခဲ့သည့် လှေတစင်းကို ရေတွင်း တူးရာမှ မြေထဲ၌ မြုပ်နှံလျက် တွေ့ရှိခဲ့သည်ဟု 7 days news ကိုကားပြီး ဆင်ဟွာ သတင်း က ဖေါ်ပြသည်။

အဆိုပါ သတင်း၏ ဖေါ်ပြချက်အရ ဒေသခံများက မေလ (၂၈)ရက်နေ့တွင် မြောက်ဦးမြို့ တံတိုင်းအနီး ရေတွင်း တူးရာမှ ထိုလှေကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း (၄၀၀) ကျော် ကတည်းကပင် ထိုနေရာ၌ မြုပ်နှံတည်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း အများက ယူဆနေကြ သည်။

အဆိုပါ လှေမှာ ၅ မီတာကျော် ရှည်လျားပြီး၊ မြေထဲသို့ အနက် ၇ မီတာကျော် တူးပြီး သောအခါ အဆိုပါလှေအား မြုပ်နှံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

လူနှစ်ယောက် လှော်ခတ်နိုင်သည့် အဆိုပါလှေမှာ မြောက်ဦး ခေတ်က အသုံးပြုသည့် ကင်းလှည့်လှေ အမျိုးအစား ဖြစ်နိုင်ကြောင်း သမိုင်း လေ့လာသူများက ပြောဆိုသည်။

အဆိုပါလှေကို ပြန်လည်မွမ်းမံပြီး မြောက်ဦးရှေ့ဟောင်းပြတိုက်တွင် ပြသထားမည် ဖြစ်ကြောင်း သိရှိရသည်။

မြောက်ဦးမြို့သည် မြန်မာနိုင်ငံ၌ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည့် ကျောက်တော် မဟာမုနိ ဘုရားမှ မိုင် (၃၀) အကွာတွင် တည်ရှိပြီး၊ အေဒီ ၁၅ ရာစုမှ ၁၈ ရာစုထိ ရခိုင်ဘုရင်များ ထီးနန်းစိုက်ရာ ရှေ့ဟောင်းမြို့တော် တစ်ခုဖြစ်ခဲ့သည်။
သို့အတွက် မြောက်ဦး မြို့ အနီး တ၀ိုက်တွင် ရှေ့ဟောင်း ဘုရားစေတီပုထိုးများမှာ လက်ညိုးထိုး၍ မလွဲအောင် ပေါများသည်။

ရန်ကုန်ရှုခင်း
လမ်းလျှောက် ဂျာနယ်လစ် ရန်ကုန်
ဇွန် ၆၊ ၂ဝဝ၉

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲ၊ အမှုဆင် ထောင်ချဖို့ ကြိုးစားနေစဉ်မှာပဲ လူထုအုံကြွမှုကို ကြောက်လန့်ပြီး နေ့ခင်း ကြောင်တောင် ရဲလုံထိန်းကားတွေ မီးနီ မီးဝါ ဖွင့်လို့ မြို့ထဲ လှည့်ပြီး ဟန်ရေး ပြနေတာတွေကို လူထုက မြင်တွေ့ရပြီး ဘယ်မှာ ဘာဖြစ်သလဲလို့ တယောက်နဲ့ တယောက် မေးကြမြန်းကြ။ အမှန်ကတော့ ဘာမှ မဖြစ်ဘဲ လုံခြုံရေးတွေကို တပ်လှန့်ထားတာ သက်သက်ပဲ ဆိုတာ နောက်မှ သိကြရတယ်။

ညသန်းခေါင်လို အချိန်မျိုးမှာတောင်မှ လုံထိန်းတွေ စခန်းချတဲ့ အစိုးရ အဆောက်အဦ၊ ဝင်းတွေထဲ ဟေး၊ ဝါးနဲ့ လေ့ကျင့်သံတွေ ပေးပြီး လူထုကို ခြောက်လှန့်နေတာကိုလည်း အနီးအနား နေတဲ့ သူတွေ မြင်ရကြားနေရပါတယ်။

ရန်ကုန် လူထုထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးသတင်းကို နေ့စဉ် နားစွင့်နေတဲ့သူ အများ အပြား ရှိသလိုပဲ တနေ့လုပ်၊ တနေ့စားရသူတွေ၊ ဝဝစားဖို့ အခက်အခဲ ရှိသူတွေကို နေ့တွက် ၂ထောင် ၃ထောင်မျိုး ပေးပြီး စွမ်းအားရှင်၊ ကြံ့ဖွံ့တွေ အဖြစ် အင်အားပြ၊ သတင်းပေး လုပ်နေကြသူတွေလည်း ရှိနေပါသေးတယ်။ ဆင်းရဲမှုဟာ အစိုးရမကောင်းလို့ ဆိုတဲ့အချက်ကို ယေဘုယျအားဖြင့် သိရှိကြပေမယ့်၊ ကြပ်တည်း ဆင်းရဲ၊ အကာအကွယ်မဲ့နေတဲ့ အခြေအနေမှာ အာဏာရှိသူက ငွေပေး သွေးထိုးပေးကာ ခိုင်းတာကို လုပ်မယ့်သူ ရှိတာလည်း ယနေ့ မြန်မာနိုင်ငံ အခြေအနေ တရပ်ပါ။

မနေ့ကတော့ မကြာခင် ရက်ပိုင်းအတွင်း အဖမ်းခံရတဲ့ မိသားစုဝင်တွေက အမေရိကန် သံရုံးရှေ့မှာ ကူညီဖို့ သွားတောင်းဆို ဆန္ဒပြလို့ ရဲတွေက ဖမ်းသွားတဲ့ သတင်းက မနေ့က ကြားသိရပါတယ်။ နိုင်ငံရေး ပါဝင်လှုပ်ရှားသူတွေကို နအဖ စစ်အစိုးရက ဖမ်းဆီးနေတာကို ကယ်ရာမဲ့ ခံစားရလို့ အမေရိကန် သံရုံးရှေ့မှာ သွားပြီး အကူအညီ တောင်းတဲ့ သဘော ဖြစ်မယ် လို့ နားလည်မိပါတယ်။



ဒီပဲယင်း နှစ်ပတ်လည်နေ့မှာ ဓနုတ်ဘုရားပြို

ဒလမြို့နယ် ဓနုတ်ကျေးရွာက ဘုရားပြိုတဲ့ သတင်းကို ဘယ်ဂျာနယ်၊ ဘယ်စာစောင်မှာမှ ဖော်ပြခွင့် မပြုပေမယ့် ပြည်ပက လွှင့်တင်တဲ့ အင်တာနက် ဝက်ဆိုက်တွေ၊ ရေဒီယိုတွေမှာ ဖြစ်ကြောင်း ကုန်စင် ဖော်ပြကြပါတယ်။ ဖြစ်ပြီး ၆ရက်အကြာ ဇွန်လ ၄ရက်နေ့ မှာတော့ စစ်အစိုးရရဲ့ သတင်းစာမှာ ခပ်မှိန်မှိန် ဖော်ပြတာ တွေ့ရပါတယ်။ အလှူရှင်၊ စေတနာရှင်တွေရဲ့ စောစီးစွာ ထီးတင်လိုတဲ့ ဆန္ဒကြောင့် အလျင်စလို တည်ဆောက်ရတာကြောင့် အရည်အသွေး မမှီဖြစ်ပြီး ပြိုကျရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဖြစ်မှန်ကတော့ ထီးတော်ကို မိုးကြိုးခတာကြောင့်လို့ ရွာခံတွေက နောက်ပိုင်းမှာ အတည်ပြုခဲ့ကြပါတယ်။ မိုးကြိုးလွဲ မတပ်ဆင်ထားတာကြောင့် မိုးကြိုးဒဏ်ကို ခံစားရတာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်ကြိုင်ကြိုင်နဲ့ သူ့သားသမီးတွေ လာရောက်ပြီး ထီးတင်သွားတဲ့ ရှေးဟောင်းစေတီကို ဒေါ်အောင်ဆန်းစုကြည်ကို ပထမအကြိမ် လုပ်ကြံခဲ့တဲ့ ဒီပဲယင်း နှစ်ပတ်လည်နေ့မှာ မိုးကြိုးခတယ် ဆိုတာ နအဖ စစ်ခေါင်းဆောင်တွေကို နိမိတ်ပြတာပဲလို့ မြန်မာတွေက ယုံကြည် တွေးဆ ကြမှာပါ။

စေတီပြိုပြီး နောက်တနေ့ အပျက်အစီးများကြားမှာ ပိတ်မိနေသူတွေ ရှိနေသေးတယ် လို့ ကံဆိုးသူများရဲ့ ဆွေမျိုးသားချင်းတွေက အကူအညီ တောင်းနေခဲ့ပေမယ့် ဘုရားရဲ့ စိန်ဖူးတော်ကို အရင် တွေ့အောင်ရှာပြီး လူအသက်က စိန်ဖူးတော်လောက် အရေးမကြီးဘူး ဆိုတာလည်း ကိုယ်တိုင် သွားရောက်ခဲ့သူတွေ ပြောပြချက်အရ သိရပါတယ်။



ရန်ကုန်ရဲ့မီးဒုက္ခ

အမြဲတမ်း မီးမလာတဲ့ ရန်ကုန်မြို့ရဲ့ လမ်းဆုံတွေ အနက်က တခုဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါ်သိန်းတင်လမ်း နဲ့ အထက်ပန်းဆိုးတန်းလမ်း ဆုံရာ မီးပွိုင့်က ဒီမနက် မီးလင်းနေတော့ ဒါက သတင်းပါလား လို့ နားလည် သဘောပေါက်လိုက်ပါတယ်။ ရန်ကုန်မြို့လယ်က အချက်အချာကျတဲ့ သိမ်ဖြူလမ်း၊ အနော်ရထာလမ်း၊ ပန်းဆိုးတန်းတို့လို လမ်းဆုံလမ်းခွတွေရဲ့ မီးပွိုင့်တွေ မီးမလာတာ ကြာလှပေါ့။ အဲဒီ လမ်းဆုံတွေမှာ ဘတ်စ်ကားတွေ တက်စီတွေနဲ့ အိမ်စီးကားတွေ ဒွေးရောယှက်တင်နဲ့ လုမောင်းနေကြတာ အသည်းယားစရာလည်း ကောင်းလှပါတယ်။

အခုလို မလင်းစဖူး လင်းနေတော့ ဒါကို သတင်းခေါင်းစဉ်လုပ်ပြီး ရန်ကုန်မြို့ မီးပွိုင့်အချို့ မီးပြန်လာလို့ ရေးပြီး စိစစ်ရေးကို တင်လိုက်ရရင်တော့ စိစစ်ရေးက ငြှိုးမှာ သေချာတယ်။ သိသိကြီးနဲ့ အစိုးရကို အရှက်ခွဲတာ လို့ ဗြောင်မစွပ်စွဲတောင် ဂျာနယ်ကို နောက်သီတင်းပတ်တွေကျရင် လုပ်ရ ကိုင်ရ ခက်အောင် ဒုက္ခပေးမှာ သေချာတယ်။

ရန်ကုန်မြို့မှာ မီးမလာတာ သတင်း မဟုတ်တော့ဘဲ မီးလာတာက သတင်း ဖြစ်နေတော့တယ်။ မီးကို အေ၊ ဘီ၊ စီ ဆိုပြီး အုပ်စုတွေခွဲ ရှုပ်ရှုပ်ထွေးထွေးတွေ စဉ်းစားပြီး မီးပေးတာ ကြာလှပေါ့။ မီးမှန်မှန် မလာတာ ကြာတော့ မီးဆိုတာ အလှည့်နဲ့ပေးတဲ့အမျိုးလို့ ရန်ကုန်မြို့ခံတွေက နားလည် လက်ခံကြကုန်ရော။ ဒီအပတ် ထုတ်ဂျာနယ် အချို့မှာ လာမယ့် ဇူလိုင်လလယ်ရောက်ရင် မီး ၂၄ နာရီ လာမယ် ဆိုတာမျိုး ဖတ်ရရင်ကိုပဲ မျှော်လင့်ခြင်းတွေ ပြန်ပေါ်လာကြတဲ့ ဘဝပါ။ အိမ်နီးချင်း ကွန်မြူနစ် အုပ်ချုပ်ခဲ့တဲ့ လာအိုလို၊ ပြည်တွင်းစစ် နှစ်ပေါင်းများစွာဖြစ် လူသန်းနဲ့ချီ အသတ်ခံခဲ့ရတဲ့ ကမ္ဘောဒီးယားလို နိုင်ငံတွေတောင် လျှပ်စစ်မီးကို မှန်အောင်ပေးနိုင်ကြရင် မြန်မာနိုင်ငံက စစ်အစိုးရဟာ အဲဒီအစိုးရတွေ အားလုံးထက် အဆင့်အတန်း နိမ့်တယ် ဆိုတာ ပေါ်လွင်နေပါတော့တယ်။



အက်ဖ်အီးစီ ၅ဝ တန် ဖုန်းကတ် ရောင်းပြန်ပြီ

အရင် တခါသုံး ကတ်တွေ ရောင်းတုန်းက လူတွေ အုံးအုံးကြွက်ကြွက် ဝယ်ကြ၊ အက်ဖ်အီးစီ ၂ဝ တန် တကတ်ကို တလတောင် မပြည့်ခင် ပြောလို့ကုန်သွားတော့ ပစ်လိုက်ကြရနဲ့ ပြန်ဖြည့်လို့ရမယ့် ၅ဝ ကတ် လာမယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာ လနဲ့ချီခဲ့ပါပြီ။

မကြာမီရက်ပိုင်းမှာတော့ မျှော်လင့်နေကြတဲ့ ၅ဝ တန် ကတ် လာပါပြီ တဲ့။ ဒါပေမယ့် မိနစ် ထပ်ဖြည့်လို့လည်း မရဘဲ စတင်သုံးပြီး ရက် ၆ဝ မှာ သက်တမ်းကုန်မယ့် အပြင် အရင်လူတွေ ကိုင်နေတဲ့ ဂျီအက်စ်အမ် ဆင်း ကတ် မဟုတ်တော့ပဲ စီဒီအမ်အေ ၄၅ဝ မီဂါဟတ်စနစ်၊( ဒီမှာတော့ ကမ်းရိုးတန်းဖုန်းလို့ ခေါ်) ဖြစ်နေ ပြန်ပါရော။ ၂ဝတန်ကတ် သုံးသူတွေ ၅ဝတန်ကတ် ပြောင်းသုံးလိုရင် ကမ်းရိုးတန်းဖုန်း ဟန်းဆက်ကို ဝယ်ရမယ့် သဘော ဖြစ်သွားပါတယ်။ ကမ်းရိုးတန်းဖုန်း ဟန်းဆက်တွေကို ရောင်းချင်လို့ ဒီကတ်ကို ပွဲထုတ်တာလား၊ ဂျီအက်စ်အမ် နက်ဝေါ့ခ်မှာ လိုင်းတွေ ရောင်းတာ များလွန်းသွားပြီး နက်ဝေါ့ခ်ရဲ့ စွမ်းဆောင်နိုင်အား မရှိတော့လို့ပဲ ကမ်းရိုးတန်းဖုန်း စနစ်ကို ပြောင်းတာလား ဆိုတာကိုတော့ ဒီကတ် ရောင်းခွင့်ရတဲ့ ထူးကုမ္ပဏီနဲ့ အစိုးရပဲ သိပါလိမ့်မယ်။

ထင်ရှားသည့် ရဟန်း ၂ပါး ဘုရားဖူးခရီးစဉ်အတွင်း ဒဏ်ရာရ
ဓာတ်ပုံသတင်း
ဇွန် ၆၊ ၂၀၀၉

မုံရွာမြို့ ဗောဓိတထောင် ဘုရားရှိ ရပ်တော်မူ ဆင်းတုတော်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် ခြေထောက် ထိခိုက်သည့် ဒဏ်ရာများ ရရှိကြကြောင်း၊ မန္တလေး ဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ သံဃာ ၂ ပါး ရေးသားသော စာအုပ်များမှာ မြန်မာပြည်တွင် လူကြိုက်များလျက်ရှိသည်။ အရှင်ရာဇိန္ဒ ၏ ကလောင်အမည်မှာ “ရဝေနွယ် (အင်းမ)” ဖြစ်သည်။

မတော်တဆမှု ဖြစ်ပွားခဲ့သော အထပ် ၃၂ ထပ်၊ အမြင့် ၄၂၄ ပေ (မီတာ ၁၃၀) ရှိသည့် ရပ်တော်မူ ဆင်းတုတော်ကြီး




ကြာသပတေးနေ့ ညနေပိုင်းက မတော်တဆမှုတခုတွင် ဒဏ်ရာ ရရှိသွားကြသော အရှင်ရာဇိန္ဒ နှင့် အရှင်ဆန္ဒာဓိက။

နိုင်ငံတကာစိုးရိမ်မှုကို မြန်မာစစ်အစိုးရ နားထောင်သင့်ကြောင်း ဂျပန်အစိုးရပြောဆို
2009-06-06

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်မှုကို မြန်မာစစ်အစိုးရအနေနဲ့ လေးလေးစားစား နားထောင်သင့်တယ်လို့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ကို သွားရောက်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

Ko Pwar- Japan

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် မြန်မာ့အရေး ထောက်ခံအားပေးသည့် ဂျပန်အဖွဲ့အစည်းများ မေလ ၂၄ ရက်နေ့က တိုကျိုမြို့တွင် ချီတက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Ko Pwar- Japan)

ဂျပန်နိုင်ငံရေးဝန်ကြီးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Kenichiro Sasae ဦးဆောင်တဲ့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့တော်ကို ဇွန်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေက သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အစိုးရ အထူးကိုယ်စားလှယ် အဖွဲ့ထဲမှာ Mr. Kenichiro Sasae နဲ့အတူ ရန်ကုန်က ဂျပန်သံအမတ်ကြီး Mr. Nobutake Odano နဲ့ နိုင်ငံရေးတာဝန်ခံ Mr. Takimi တို့ ပါဝင်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ ဒု- နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်အဖွဲ့ ဘယ်လိုဆွေးနွေးခဲ့သလဲ ဆိုတာကို RFA ဝိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရကို အရေးယူကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ညီလာခံ ဆုံးဖြတ်
2009-06-06

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ညီလာခံက မြန်မာစစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အကြံပြုလိုက်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဇွန်လ ၆ ရက်နေ့ ညနေပိုင်းက ဆုံးဖြတ်လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပနေတဲ့ ILO ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဇွန်လ ၆ ရက်နေ့က ဆွေးနွေးရာမှာ အလုပ်သမားသမဂ္ဂ ၁၄ ဖွဲ့၊ အလုပ်ရှင်များအဖွဲ့ ကိုယ်စားလှယ်နဲ့ အစိုးရကိုယ်စားလှယ်တွေက မြန်မာနိုင်ငံ အခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ စစ်အစိုးရအနေနဲ့ ILO နဲ့ ၂ဝဝဝ ခုနှစ်နဲ့ ၂ဝဝ၆ ခုနှစ်က သဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်တဲ့အပြင် ချိုးဖောက်ခဲ့တာနဲ့ ပတ်သက်ပြီး သမဂ္ဂအဖွဲ့ဝင် သန်း ၃ဝ ကျော်ရှိတဲ့ ရုရှ အလုပ်သမားသမဂ္ဂ အပါအဝင် တောင်ကိုရီးယား၊ ဘရာဇီးလ် စတဲ့ နိုင်ငံတွေက အလုပ်သမားသမဂ္ဂတွေက ထောက်ပြဆွေးနွေးခဲ့သလို အလုပ်ရှင်များရဲ့ ကိုယ်စားလှယ်နဲ့ အစိုးရကိုယ်စားလှယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုတဲ့ ကိစ္စတွေကို ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။ အလုပ်ရှင်များရဲ့ ကိုယ်စားလှယ်က မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားတယ်လို့ ဆိုပါတယ်။ အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB အတွင်းရေးမှူး ဦးမောင်မောင်က ခုလိုပြောပြပါတယ်။

ဦးမောင်မောင်။ ။'အလုပ်ရှင်တွေရဲ့ ကိုယ်စားလှယ်တွေလည်း ပြင်းပြင်းထန်ထန် ပြောသွားတယ်။ တိုးတက်မှုက ဖြစ်နေတယ်၊ နဝတ ဘယ်လောက်ပဲ ပြောင်းလဲတယ်ပြောပြော အခန်းထဲမှာ ရှိတဲ့လူတွေအားလုံးက လူတွေက အရူးမဟုတ်ဘူးတဲ့။ ဒါကိုထပ်ထပ်ပြီး လိမ်လို့မရဘူးတဲ့။ အတော်လေး ပြင်းပြင်းထန်ထန် ပြောသွားတယ်။ နောက်ပြီးတော့ ဒေါ်စုအတွက် တရားမျှတတဲ့ တရားစီရင်မှု မရှိဘူးလို့ ပြောသွားတယ်။ နောက် မြန်မာနိုင်ငံ အခြေအနေကို ပြောရင် ဒေါ်စုကိစ္စကိုလည်း နောက်ခံအနေနဲ့ မပြောလို့မရဘူးဆိုပြီး ပြောသွားပါတယ်'

ဒီဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရ ကိုယ်စားလှယ် သံအမတ်ကြီးက မြန်မာနိုင်ငံက တိုးတက်မှုဖြစ်စဉ်တွေကို ပြန်လည်ဖြေရှင်းခဲ့သလို အိန္ဒိယ၊ ကျူးဘား၊ ဗီယက်နမ်နိုင်ငံတွေက စစ်အစိုးရဖက်က ထောက်ခံဆွေးနွေး တယ်လို့ သိရပါတယ်။ စင်္ကာပူနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စေ့စပ်ဆွေးနွေး အဖြေရှာဖို့ တင်ပြတယ်လို့ သိရပါတယ်။

ညနေပိုင်း အစည်းအဝေးရပ်နားချိန်မှာ ILO အဖွဲ့ ဥက္ကဋ္ဌနဲ့ က္ဆွမ်းကျင်သူ ပညာရှင်များ၊ စစ်အစိုးရကိုယ်စားလှယ်တို့ တံခါးပိတ် ဆွေးနွေးပြီးတဲ့နောက် အစည်းအဝေး ပြန်စချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့မှာလည်း မြန်မာနိုင်ငံက လွတ်လပ်တဲ့ သင်းပင်း ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိသလို မြန်မာနိုင်ငံက စေလွတ်လိုက်တဲ့ ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး ဒီကိုယ်စားလှယ်ဟာ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်အစစ် ဟုတ်မဟုတ် စစ်ဆေးမယ့် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

ILO ညီလာခံရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမောင်မောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖြန့်ဝေရေးလှုပ်ရှားမှုများ
2009-06-06

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံရေးတက်ကြွတဲ့ လူငယ်တွေက ပြည်နယ်နဲ့တိုင်း အတော်များများမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံဖြန့်ဝေရေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသလို မြင်းခြံနဲ့ တောင်သာမြို့တွေမှာ မသမာသူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် မဖွယ်မရာပုံတွေ လူစည်ကားရာ နေရာတွေမှာ ဖြန့်ကြဲခဲ့တယ်လို့ သိရပါတယ်။ မနေ့ညက မြင်းခြံမြို့မဈေးနဲ့ မြောက်ပိုင်းဈေးတခုမှာ လိပ်စာကဒ်အရွယ် ဓာတ်ပုံနှစ်မျိုး ဖြန့်ကြဲခဲ့ပုံကို မြင်းခြံဒေသခံတဦးက အာအက်ဖ်အေကို ပြောပြပါတယ်။

AFP

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရုံးတင်တရားစွဲဆိုခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို AFP သတင်းဌာနက စုစည်းဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: AFP)

မြင်းခြံ ဒေသခံ။ ။'ကွန်ပြူတာ လုပ်ချက်မှန်းတော့ သိသာပါတယ်။ ဒီ နှစ်ပုံကို ဈေးတွေနားမှာ ပြန့်ကြဲနေအောင် အများကြီး၊ ကျနော်သိရသလောက်က မနက်မိုးလင်းရယ်။ ဒါမျိုးတွေကို ရဲတို့ စည်ပင်သာယာတို့က သိမ်းတယ်ဗျ။ ဃု ဒီနေ့မှာ စည်ပင်သာယာတို့ ရဲတို့က မသိမ်းဘူး။ မသိမ်းတဲ့အတွက် မနက်မိုးလင်း လူတွေလာရင် ကောက်မိအောင်လို့ ထားတာဗျ။ လူတွေက အနည်းအကျဉ်းတော့ ကောက်ကြည့်ကြတာပေါ့ဗျာ'

ဒီပုံတွေကို မန္တလေးတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက တိုက်ရိုက်ညွန်ကြားပြီး ဖြန့်ဝေခဲ့တာလို့ အဲဒီဒေသခံကပဲ ဆက်ပြောပါတယ်။

မြင်းခြံဒေသခံ။ ။'မြင်းခြံ ကြံ့ဖွတ်က ကိုမိုးဇော်၊ စည်သူအောင်ရယ် ဂျိုးဂျိုး ရယ် ကျော်မျိုးအောင်တို့ကနေ အကုန် ဈေးပတ်ချာလည်ကို ကြဲသွားတယ်လို့ သိရတယ်။ ဘာဖြစ်လို့ သူတို့ကြဲသွားတယ်လို့ အတတ်ပြောနိုင်သလဲဆိုရင် သူတို့က ဒီဟာကြဲသွားပြီးတဲ့အခါမှာ ညကို လမင်းတရာ ဘီယာဆိုင်မှာ အဲဒီလူတွေဟာပြောတာ။ သူတို့ကိုခိုင်းတာ မန္တလေးတိုင်းက တိုင်းကြံ့ဖွတ် ဣိထိလ ကနေ ခိုင်းတာလို့ပြောတယ'်

အလားတူ လုပ်ရပ်မျိုးကို တောင်သာမြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ကိုသန်းဌေးအောင် ဦးဆောင်တဲ့ အဖွဲ့ကလည်း ဖြန့်ဝေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို မဖွယ်မရာ လုပ်ရပ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ အမှန်အကန်တွေကို ပြည်သူအကြားရောက်အောင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖို့ ဆော်သြခဲ့တဲ့ မိတ္ထီလာ အန်အယ်ဒီအတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက အခုလိုပြောပါတယ်။

ဒေါ်မြင့်မြင့်အေး။ ။ဒီဓာတ်ပုံတွေကို ကြဲချသွားတဲ့သူတွေက သူတို့သာ သတ္တိရှိရင် လူထုကို ပေါ်တင် ဝေလိုက်ပါ့လား။ လူထုက သူတို့ကို တန်ပြန်လိမ့်ဦးမယ်ပေါ့နော်။ ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးကို ဂုဏ်သိက္ခာမဲ့အောင် လုပ်ပေမယ့်လည်း ဂုဏ်သိက္ခာကျတယ်လို့ ကျမတို့တော့ မထင်ဘူး။ လုပ်တဲ့လူပဲ ဂုဏ်သိက္ခာကျတာ။ ဒီလို မဖွယ်မရာလုပ်တဲ့ကိစ္စက အင်မတန် အောက်တန်းကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးတယောက်ဆိုတာ မြန်မာတင် မကဘူး ကမ္ဘာက သိပါတယ်။ အမျိုးသမီး တယေက်ကို ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲ သွားမှာမဟုတ်ပါဘူး

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ဒီလိုလုပ်နေချိန်မှာပဲ တခြား ပြည်နယ်နဲ့တိုင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံအစစ်အမှန်တွေဟာ ကူးလို့မလောက်အောင် ပြည်သူတွေက တောင်းခံနေကြပါတယ်။ မကွေးတိုင်း အန်အယ်ဒီ လူငယ်တဦးက သူတို့အနေနဲ့ ဘယ်လို အခက်အခဲတွေရှိရှိ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန်လ ၁၉ ရက်နေ့ထိ လုပ်ဆောင်သွားမယ်လို့ ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံမှာ လွှတ်ပါ ဆိုတဲ့ စာတမ်းပါတဲ့ လွှတ်ပါ ဓာတ်ပုံ လှုပ်ရှားမှုတွေကို သပိတ်ကျင်း ၊မိုးမိတ်၊ တွံတေး ၊ ဇီးကုန်း၊ ညောင်ရွှေနဲ့ ရမည်းသင်း၊ ပျော်ဘွယ်မြို့တွေမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ဖြန့်ဝေတဲ့အခါ အာဏာပိုင်တွေက စောင့်ကြပ်ကြည့်ရှုတာတွေ ရှိပြီး ရွာသားတွေဆီကနေ ဓာတ်ပုံတွေကို သိမ်းယူတာတွေ ရှိခဲ့ကြောင်း ဇီးကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးအေးကိုက ပြောပါတယ်၊၊ အာဏာပိုင်တွေဘက်က အဲဒီလို လုပ်ဆောင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို လာရောက် တောင်းခံနေကြတုန်းဘဲလို့ ဦးအေးကိုက ဆိုပါတယ်၊၊

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မတရားဖမ်းဆီးထားတဲ့အပေါ်မှာ ပြည်သူတွေက မခံချင်ဖြစ်နေကြတယ်လို့လည်း သိရပါတယ်၊၊ ကျောင်းသူလေး တဦးကတော့ သူတို့ ယုံကြည်အားထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွတ်စေချင်ပါတယ်လို့ ဆိုပါတယ်၊၊ ဇီးကုန်း မြို့ခံတဦးကလည်း သာမန် ပြည်သူတွေအနေနဲ့ နိုင်ငံရေးအရ ဥပဒေတွေကို နားမလည်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ တရားမျှတမှု မရှိဘူးဆိုတာကိုတော့ လူတိုင်း သိကြပါတယ်လို့ ပြောပါတယ်၊၊

NLD လူငယ်ခေါင်းဆောင်များအား အာဏာပိုင်များ ခေါ်ယူသတိပေး
2009-06-05

ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အစိုးရက တရားစွဲနေတာဟာ ပျက်ပြယ်ပြီးသား ၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ရည်ညွန်းပြီး တရားစွဲတာ ဖြစ်တဲ့အတွက် အဖွဲ့ချုပ် လူငယ်ထုအနေနဲ့ လုံးဝ လက်မခံနိုင်ကြောင်း ကြေညာချက်တစောင်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေး ကော်မတီက ဇွန်လ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

(Photo: AFP)

တူညီဝတ်စုံ ဝတ်ဆင်၍ ရင်ထိုးတံဆိပ် တပ်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)

အခုကြေညာချက် ထုတ်လိုက်တဲ့အတွက် မနေ့က ဇွန်လ ၄ရက်နဲ့ ဒီနေ့ ညနေ ၄ နာရီလောက်မှာ အဖွဲ့ချုပ် လူငယ်တာဝန်ခံတွေကို ဗဟန်းမြို့နယ် မယကရုံးက ဆင့်ခေါ်တဲ့အတွက် ကိုမျိုးညွန့်၊ ကိုအေးထွန်းနဲ့ ကိုလှဦးတို့ လိုက်ပါသွားရပြီး၊ ဗဟို အလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဦးညွန့်ဝေ၊ ဦးလှဖေနဲ့ ဦးသန်းထွန်းတို့ကိုလည်း ပြည်ထဲရေးဌာနက ခေါ်လို့ သွားရောက်တွေ့ဆုံရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မယကရုံးကို လိုက်ပါသွားရသူထဲက လူငယ်တာဝန်ခံ(၃) ကိုအေးထွန်းက RFAကို အခုလို ပြောပါတယ်။

ကိုအေးထွန်း။ ။ 'က္ဆွန်တော်တို့ကို မနေ့က မဝတက မဝတ ဥက္ကဋ္ဌက ခေါ်တယ်။ က္ဆွန်တော်တို့ တာဝန်ခံ သုံးယောက်ရယ်၊ ဦးလှသိန်းနဲ့ က္ဆွန်တော်တို့ သွားကြတယ်။ သွားကြတဲ့အခါကျတော့ အဲဒီမှာ ဥပဒေ အကြံပေးတွေ ရှိတယ်၊ ထောက်လှမ်းရေးတွေ ရှိတယ်ဗျာ။ နောက်ပြီးတော့ မဝတ ဥက္ကဋ္ဌရှိတယ်၊ မြို့နယ်မှူးရှိတယ်။ သူတို့က အဓိက ပြောတာကတော့ဗျာ၊ ဒီကြေညာချက်ကတဲ့ ရုံးထဲကို ဝေတာလို့ ခင်ဗျားတို့ ပြောပေမဲ့တဲ့၊ အခု အင်တာနက်မှာပေါ့ဗျာ၊ အများပြည်သူ ဖတ်ရတာပေါ့၊ အဲဒါကြောင့်မို့ သူက အီလက်ထရွန်းနစ် အက်ဥပဒေနဲ့လည်း ငြိစွန်းတယ်တဲ့။ နောက်ပြီးတော့ လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးအဖွဲ့လို့ သုံးထားတာ ဖြစ်တဲ့အတွက်တဲ့၊ အဖွဲ့အစည်းများဆိုင်ရာ ဥပဒေနဲ့လည်း ငြိတယ်လို့တော့ ပြောတယ်ဗျ။ ပုဒ်မတွေကတော့ အများကြီးပဲဗျာ၊ ဘယ်ဟာတွေ တခုချင်းတခုချင်း ငြိတာတွေကော အများကြီးပဲလို့ သူကပြောတယ်ဗျ။'

စစ်အစိုးရ အာဏာပိုင်တွေက အခုလို ခေါ်ယူခြိမ်းခြောက် လက်မှတ်ထိုးခိုင်းတဲ့အပေါ်မှာလည်း ပြန်လည်ဖြေရှင်းခဲ့တာကို ကိုအေးထွန်းက ဆက်ပြောပြပါတယ်။

ကိုအေးထွန်း။ ။ 'က္ဆွန်တော်တို့ကတော့ ရေးထားတာက ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တရားဝင် ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ပါတဲ့ စကားလုံးနဲ့ အပိုဒ်တွေကို ယူပြီးတော့ က္ဆွန်တော်တို့ ရေးထားတာ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ဗဟို အလုပ်အမှုဆောင်အဖွဲ့ကနေပြီးတော့ တာဝန်ခံတယ် ဆိုတဲ့အကြောင်းကိုလည်း ခင်ဗျားတို့ကို က္ဆွန်တော်တို့ ပြောထားပြီးသားပဲလို့ ဆိုတော့ အဲလိုပြောတယ်။ နောက်ဆုံးကျတော့ဗျာ၊ က္ဆွန်တော်တို့ကို လက်မှတ်ထိုးခိုင်းတယ်။ ဒီဟာတွေကို အပြစ်ရှိကြောင်း၊ စာရွက်နောက်ဆုံးမှာတော့ အပြစ်ရှိကြောင်းကို တွေ့ရှိကြောင်းနဲ့ လက်မှတ်ရေးထိုးအပ်ပါသည် ဆိုပြီးတော့ အဲဒီမှာ ရေးထိုးရတယ်ဗျ။ တာဝန်ခံ (၁) တာဝန်ခံ သုံးယောက်ပေါ့ဗျာ၊ ကျန်တဲ့အောက်ကတော့ မဝတရော၊ ရဲစခန်းမှူးရော၊ မြို့နယ်မှူးရောပေါ့ဗျာ၊ ကျန်တဲ့လူတွေပါ အဲဒီမှာ ရေးခိုင်း ထိုးခိုင်းတယ်။'

ဒီကိစ္စအပေါ်မှာ လူငယ်တာဝန်ခံ (၁)က အာဏာပိုင်တွေ ခေါ်ယူပြောဆိုတာ သိရှိကြောင်း လက်မှတ်ထိုးပေးခဲ့ပြီး၊ ကျန်နှစ်ဦးက လိုက်ပါလာသူတွေ အနေနဲ့ပဲ လက်မှတ် ထိုးပေးခဲ့တယ်လို့ ပြောပါတယ်။

ဒီကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးနေတဲ့အပေါ် အများပြည်သူ ကြားနာခွင့် (Open Court) ခွင့်မပြုတာကိုလည်း အပြင်းအထန် ကန့်ကွက်ကြောင်းနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ခ္ဆွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ရယကမှ တက္ကသိုလ်ကျောင်းသားများ ညအပြင်ထွက်ခွင့်ချိန် ကန့်သတ်
Sat 06 Jun 2009, ပနွတ်ကျား
မော်လမြိုင်တက္ကသိုလ် အပြင်တဝိုက်ရှိ တက္ကသိုလ်ကျောင်းသား အဆောင်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရယကမှ ကျောင်းသားများ ညအပြင်ထွက်ခွင့်ကို ကန့်သတ်ခဲ့သည်ဟု အဆောင်ပိုင်ရှင်များမှ သိရှိရသည်။

မိန်းကလေးအဆောင်ဆိုလျှင် ည ၈ နာရီထိသာ အပြင်ထွက်ခွင့်ရှိပြီး၊ ယောကျာ်းလေးအဆောင်သည် ည ၉ နာရီထိသာ အပြင်ထွက်ခွင့်ရှိသည်ဟု အဆောင်ပိုင်ရှင်များက ပြောသည်။

“အဓိကသူတို့ရဲ့ ရည်ရွယ်ချက်ကို မသိဘူး၊ သူတို့က (ရယက) ကလေးတွေရဲ့လုံခြုံရေးအတွက် ကလေးတွေကို ညပိုင်းအပြင်မပေး ထွက်ဖို့လောက်ပဲ ပြောတယ်၊ တစ်ခြားဘာမှတော့ မပြောပါဘူး လောက်ပါပဲ” ဟု အဆောင်မှူးတစ်ဦးက ပြောသည်။

ယခင်ကဆိုလျှင် အဆောင်စည်းကမ်းအရ မိန်းကလေးများကို ၈ နာရီအထိ ညအပြင်ထွက်ခွင့် စည်းကမ်းချမှတ်ထားသော်လည်းပဲ ယောကျာ်းလေးများမှာ ကန့်သတ်ချက်မရှိဟု ၄င်းက ဆက်ပြောသည်။

“ကျနော်တို့လုံခြုံရေးအတွက်လို့ သူတို့ (ရယက) ပြောတယ်၊ ကျောင်းသားတွေ စုစုရုံးရုံးနေရင် တစ်ခုခုလုပ်မယ်ဆိုးလို့ သူတို့ကန့်သတ်တာဖြစ်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုတလောက စားမေးပွဲဖြေခါနီးမှာ မီးမလာလို့ ကျောင်းသားတွေ ဆန္ဒပြတယ်၊ အခုလဲ မီးက ပုံမှန်မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ကျောင်းသားတွေ ဆန္ဒပြမှာစိုးလို့ အုပ်စုဖွဲ့ပြီး စုစုဝေးဝေး ပေးမနေချင်တာလဲ ဖြစ်မယ်” ဟု ကျောင်းသားတစ်ဦးက ပြောသည်။

လွန်ခဲ့သော မတ်လ ၆ ရက်နေ့တွင် စားမေးပွဲဖြေခါနီးတွင် မီးမလာသောကြောင့် ကျောင်းသား များဆန္ဒပြပြီး မတ်လ ၈ ရက်နေ့တွင် မယကမှ အဆောင်းမှူးများကို ညပိုင်းအရေးပေါ် အစည်းအဝေး ခေါ်ခဲ့ပြီး အဆောင်တိုင်းကို မီးစက်ဝယ်ရန် လက်မှတ်ထိုးခိုင်းခဲ့သည်။

အဆောင်မှူးအနေဖြင့် မယကမှ ညွန်ကြားသည့်အတိုင်း ကျောင်းသားများကို စည်းကမ်းသတ်မှတ်ပေးရသော်လည်း ကျောင်းသားများ လက်ခံ လက်မခံသည်ကိုမူ မသိဘူးဟု အဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ညအပြင်ထွက်ခွင့်အချိန် ကန့်သတ်ချက်နှင့် ပတ်သက်၍ လွန်ခဲ့သော မေလ ၂၈ ရက်နေ့တွင် ရယကမှ အဆောင်ပိုင်ရှင်များကို ရုံးတွင် အစည်းအဝေးခေါ်ပြီး ညွန်ကြားခဲ့သည်။