Saturday, June 13, 2009

ဒလိုင်းလားမားကဒေါ်စုကိုချီးကျူး

Photobucket

ပထွေးကိုကျော်လွမ်းသူနအဖ


ဒီအပါတ်တနလာင်္နေ့ကကနေဒါမှနိုင်ငံခြားရေးဆိုင်ရာအရာရှိတဦးလည်းဖြစ်။အင်အားကြီလစ်ဘယယ်ပါတီမှဒုတိယ
လူကြိုက်အများဆုံးပါလီမန်အမတ် BOB MAY အားသီရိလင်္ကာနိင်ငံ၊ကိုလံဘိုလေဆိပ်တွင်တညထိမ်းသိမ်း၍နောက်
နေ့လေယာဉ်ဖြင့်DEPORTATIONအလုပ်ခံခဲ့ရသည်။ BOB MAY သည် ပြည်ပမှကိုယ်ထိလက်ရောက်ကူညီခွင့်မရ
သောတမီးလ်ဒုက္ခသည်စခန်းများသို့အရဲစွန့်၍သွားရောက်ရာမှာလေဆိပ်တွင်အဖမ်းခံခဲ့ရသည်။တိုက်ဂါးများကိုအကြမ်း
ဖက်အဖြစ်သတ်မှတ်ခဲ့သောနိုင်ငံများတွင်ကနေဒါလည်းပါဝင်ခဲ့သလိုတိုက်ပွဲကာလအတွင်းကနေဒါရောက်တမီးလ်များမှ
ကနေဒါအစိုးရမှဖိအားပေးရန်တောင်းဆိုသည်ကိုလစ်လျူရှု့ခဲ့၍၃သိန်းကျော်ရှိသောတမီးလ်များမိသားစုအလှည့်ကျပါမစ်မ
ယူပဲ၂၄နာရီနေ့စဉ်ရက်ဆက်ဆန္ဒပြခဲ့ကြသည်။တမီးလ်ဒုက္ခသည်များအတွက်ကိုတော့လူသားခြင်းစာနာမှုအကူအညီများ
ရရှိအောင်ဆောင်ရွက်မည်ဟုကတိပြုထားသည်။တိုက်ဂါးများကျဆုံးရခြင်း၏အဓိကအရင်းအမြစ်မှာအန္ဒိယဖြစ်သည်။လူ
လက်နက်အကူအညီပေးသည်ဟုတမီးလ်တို့ကစွတ်စွဲခဲ့ကြသည်။တိုက်ဂါးအလံပေါ်တွင်ရေးဆွဲထားသောသေနတ်၂လက်
မှာလည်းကနေဒါပြည်သူများ၏ထောက်ခံမှုရရှိရန်ခက်ခဲခဲ့ရသည်။သီရိလကာင်္သမ္မတမြန်မာပြည်လည်မည့်ကိစ္စကိုပြည်ပမှ
တမီးလ်များမှအလွန်စိတ်ဝင်စားနေကြသည်။ BOB MAY ကသီရိလကာၤအစိုးရနွင့္တမီးလ္လူမ်ိဴးမ်ားၾကားမွပဋိပကၡကို
အဆုံးသတ်ရေးဆောင်ရွက်ရန်ကနေဒါအစိုးရကိုပြန်ရောက်လာသည့်နေ့ကတောင်းဆိုလိုက်သော်လည်းအလွန်နောက်
ကျနေပြီဖြစ်သည်။သီရိလကာင်္စစ်သားများသည်Refugee Camp များအတွင်းဝင်ရောက်၍၁၄နှစ်နှင့်အထက်ယော
င်္ကျားလေး၊မိန်းခလေးများကိုတိုက်ဂါးများဟုစွပ်စွဲ၍ဖမ်းဆီးခေါ်ဆောင်ပြီးမိန်းကလေးများကိုအဓ္ခမပြုကျင့်သည်ဟုပြည်ပ
ရောက်တမီးလ်များကစွတ်စွဲလျက်ရှိသည်။
လက်ရှိKNLAနှင့်နအဖတပ်များဖြစ်ပွားလျက်ရှိသောတိုက်ပွဲများရပ်တန့်အောင်ပြည်ပမှဖိအားပေးဆောင်ရွက်ရန်အချိန်မ
နှောင်းသေးပေ၊အနိမ့်ဆုံးကျောပိုးအိပ်တပ်ရင်းများအနေနှင့်ကျန်ရစ်နေပေအုန်းမည်။တွေ့ဆုံဆွေးနွေးခြင်းမလုပ်ပဲအမြစ်
ပြတ်နှိမ်နှင်းမှုသည်ထိုင်းနယ်စပ်ရှိနေသ၍မည်သို့မှမအောင်မြင်နိုင်ပါ၊တော်လှန်ရေးဆိုတာရှိနေပေအုံးမည်။တခုတော့ရှိ
သည်နအဖအနေနှင့်ထိုင်းနိုင်ငံကိုပါစစ်တိုက်၍သိမ်းလိုက်လျှင်တော့ဤတော်လှန်ရေးကိုအဆုံးသတ်နိုင်ပေလိမ့်မည်။
လက်နက်ကိုင်တိုက်နေသူများကိုဖယ်လိုက်လျှင်ကျန်သူများမှာပြည်သူများသာဖြစ်သည်။တိုက်ပွဲကြားမြေစာပင်ဖြစ်မှာစိုး
၍ထိုင်းနယ်စပ်သို့ထွက်ပြေး၍ခိုလှုံနေရသော၄၀၀၀ခန့်သောရွာသားများမှာအကူအညီများစွာလိုအပ်နေချိန်တွင်နအဖ
က၄င်းတို့ကိုကျော်ပြီးသီရိလင်္ကာမှစစ်ဘေးဒဏ်ခံဒုက္ခသည်များကိုဒေါ်လာ၅၀၀၀၀လှမ်းလှုနေသည့်အကြောင်းအရာမှာ
မျက်နှာမှာတော့ပေါင်ဒါအဖွေးသားနှင့်ပေါင်ကြားမှာတော့သေးစီးကြောင်းနှင့်ဆိုသလိုဖြစ်နေပေတော့သည်။

We cordially would like to invite you to join us in celebrating Daw Aung San Suu Kyi's birthday.

Event (1) Offering lunch & donations to Buddha & monks
Date: Sunday, June 14th
Time: 10 am
Place: Maha Dhammika Burmese Buddhist Temple
12 High Meadow Place, Toronto

Event (2) Daw Aung San Suu Kyi Birthday!!
Date: friday, June 19th
Time: 6:30 pm
Place: Dandas Square (Yonge & Dandas), Toronto
Silent protest at downtown Toronto Dandas Square to demand "Free Daw Aung San Suu Kyi" and to wish her "Happy Birthday".
(Please wear ASSK Tshirts. Ko Si Thu will also make some Tshirts.)

''သူတည်းတစ်ယောက်... ကောင်းဖို့ရောက်မူ...''

စစ်သားဖြစ်ကတည်းက သေခြင်းနဲ့ ရှင်ခြင်းဟာ ကျနော်တို့အတွက် ဘာဆန်းလို့လဲ ဆရာကြီးရာ...။ ဒါပေမယ့် ၀မ်းနည်းတာက တပ်ထဲမှာ အနီးကပ်ဆုံး ရန်သူတွေဟာ ကျနော်တို့ ရဲဘော်တွေရဲ့ နောက်ကြောမှာ ရှိနေတယ်ဆိုတာကို နောက်ကျမှ သိရတဲ့အတွက်ပဲ"လို့ ပြောပြီး ခွက်ထဲကို အရက်ထပ်ဖြည့်လို့ သောက်ပြန်တယ်။

မြင်တွေ့သမျှ... ရင်မှာလေ ခံစားရ

ပြန်ပြီးတော့လည်း ပြောမပြနိုင်တယ်...

သေတဲ့အထိ ရင်မှာလေမျိုသိမ့်လို့

တကယ်ရ... မရတော့လေ မသိဘူးပေါ့လေ... ... ...

အမှန်ကိုဆိုမယ့် ငါ့ပါးစပ်ကို ချုပ်နှောင်စဉ်မှာ

အမှန်ကို မြင်တဲ့ ငါ့မျက်လုံးပါ ဖေါက်ပါတော့လား... ...''

(မွန်းအောင်၏ စာခြောက်ရုပ်မှ...)

(၀)

ကျုပ်ရဲ့ မျက်လုံးတွေကို မှေးစက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လို့မရခဲ့တာ... ကြာပြီဗျာ။ ဘယ်လောက် ကြာပြီလဲဆိုတော့...။ နှစ်ထောင့်ငါး ခုနှစ်ကတည်းကပဲ။ ခုဆို ညပေါင်း တစ်ထောင် ကျော်ပြီပေါ့ဗျာ...။ သူ့ရဲ့ အကြည့် သူ့ရဲ့ မျက်ဝန်းတစ်စုံဟာ ကျုပ်ကို ညပေါင်းတစ်ထောင် လောက် အိပ်စက်မပျော်အောင် လွမ်းမိုး ထားနိုင်လွန်းတယ်ဗျာ...။ အရက်ကိုမူးအောင်သောက်ပြီး အိပ်လည်းမရပါဘူး...။ မူးနေလို့ အသိမဲ့ နေချိန်လေးပဲ ရတယ်။ အသိလေး ပြန်ကပ်လာတာနဲ့ သူ့အကြည့် သူ့မျက်ဝန်းတစ်စုံက ကျုပ်ကို စိုးမိုးတော့တာပါပဲ...။ သူ့အကြည့်ကို ကျုပ်မခံနိုင်ဘူး...။ သူ့မျက်လုံးတွေကို ကျုပ်ရင်မဆိုင်ရဲဘူး...။ ဒီတော့... ကျုပ်ရဲ့ သိစိတ်တွေကို အရက်ခွက်ထဲမှာပဲ နှစ်ထားလိုက်တော့တယ်...။ ခုတော့... အလုပ်လဲ ပြုတ်သွားပြီ။ ကောင်းတယ်...။ ကျုပ်ကလည်း ဒီအလုပ်ကို မလုပ်ချင်တော့တာကြာပြီ။ ဒီ...သေနတ်ကိုင်တဲ့ အလုပ်...။ ဒီ... လူသတ်တဲ့အလုပ်...။

(၁)

ခြေမြန်တပ်ရင်းအမှတ် (၃)ကို ဒီနေရာမှာ တပ်တည်ခဲ့တာကြာပြီ။ ၁၉၇၈-၇၉ တည်းက ဆိုတော့ ခုဆို နှစ်ပေါင်း သုံးဆယ်ရှိပြီ။ အဲဒီအချိန်တုန်းကဆို ကျုပ်က ကျောင်းနေ နေတုန်းပဲ။ ရှစ်တန်း နှစ်ခါကျပြီး အပြင်ဖြေ၊ ပြန်ဖြေဖို့ ကျောက်ဖြူမှာ ညကျောင်းတက်နေတုန်းပဲရှိမယ်။

ကျောက်ဖြူက အဖေရဲ့ဇာတိ။ အမေကတော့ ဘူးသီးတောင် မောင်းတောဖက်က။ နှစ်ယောက်စလုံးက ရခိုင်အမျိုးသားတွေပဲ။ အဖေက အရင်ကတော့... စစ်သား။ တပ်မ (၇၇)က။ ကျုပ်ကို မွေးတာလည်း တပ်မ ဆေးရုံမှာပဲ မွေးခဲ့တာလို့ပြောတယ်။ အဲဒီတော့... ကျုပ်က ပဲခူးသား ပဲခူးဇာတိပေါ့။ အဖေတပ်ထဲမှာရှိတုန်းက ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး။ နောက်... ဘာဖြစ်တယ်ရယ်တော့မသိဘူး။ ဗိုလ်ချုပ်ကြီးတင်ဦးကို တပ်ကထုတ်ပြီး အရေးယူတာတို့ ဘာတို့လုပ်တယ်။ မကြာဘူး အဖေလည်း တပ်က အငြိမ်းစား ပေးခံရပြီး။ တပ်က ထွက်လိုက်ရတယ်။ တပ်က အဖေထွက်တော့ အရာခံဗိုလ်နဲ့ထွက်တာ။ အဲဒီတုန်းက တပ်မ (၇၇)က တော်တော်များများ ထွက်ကြရတယ်။ တချို့က ဆေးပင်စင်လေးဘာလေး ရသေးတယ်။ အဖေကတော့ ဘာမှ မရဘူးလို့ပြောတယ်။ တပ်ကထွက်ပြီး အဖေလည်း သူ့ဇာတိ ကျောက်ဖြူကို ပြန်လာပြီး ခြံလေးစိုက်။ အမေက အိမ်ဆိုင်လေးဖွင့်ပြီး နေခဲ့ကြတာ။ ကျုပ်မူလတန်းစနေတော့... ကျောက်ဖြူမှာပဲ စနေခဲ့တာ။ အဖေက တပ်ကနေ အထုတ်ခံခဲ့ရပေမယ့်... စစ်တပ်ကိုတော့ အတော်သံယောဇဉ်ကြီးတာ။

'' င့ါသားများကြီးလာရင်... သူ့ကိုပြောလိုက်ပါ စစ်တပ်ဆိုတာ ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ နေရာဖြစ်တယ်...'' ဆိုတာကြီးကို အခုထိယုံတုန်း...။ တိုတိုပြောရင်တော့ဗျာ... ညကျောင်းတက်ပြီး ရှစ်တန်းစာမေးပွဲကို အပြင်ဖြေတယ်။ အဲဒီနှစ်လဲ မအောင်ဘူး...။ ဒီတော့ ကျုပ်က ရှစ်တန်းနဲ့ပဲ ကျောင်းပြီးသွားတယ်။ အဲတော့ အဖေကမေးတယ်။ မင်းတပ်ထဲဝင်မလားတဲ့...။ ကျုပ်ကလဲ ၀င်မယ်ပေါ့...။ ဘာဆန်းလဲ။ စစ်သားရဲ့သား စစ်တပ်ထဲ ၀င်တာ...။ ဒါနဲ့ ကျုပ်တပ်ထဲရောက်လာခဲ့တယ်။

ဒီ... ခ.မ.ရ (၃) ကို ရောက်တော့ ကျုပ် ဒု တပ်ကြပ်ဖြစ်နေပြီ။ ဒီတပ်ရင်းမှာပဲ တပ်ကြပ်။ တပ်ကြပ်ကြီး ဖြစ်လာခဲ့တယ်။ ဒီတပ်ရင်းကပဲ ကျုပ်တပ်က ထွက်ခဲ့ရတယ်။ ဒီတပ်ရင်းမှာပဲ ကျုပ်ရဲ့ အိပ်မပျော်တဲ့ ညတွေ စခဲ့တာ...။

(၂)

၂၀၀၅ တစ်မိုးလုံး ကျုပ်တို့တပ်ရင်းက (၄၄၂) ဗျူဟာတွဲဖက်အနေနဲ့ သာလွန်မှာ တာဝန်ကျတယ်။ သာလွန်က နံမည်ကြီး ခွေးအိပ်တောင်ခြေမှာ ရှိတယ်။ စစ်ဆင်ရေး တစ်ပတ်လုံး... ထိတွေ့မှုတော့ သိပ်ကြီးကြီးမားမား မရှိခဲ့ဘူး...။ ပျောက်ကျား အပစ်ခံရတာမျိုး လောက်ပဲရှိတယ်။ စစ်ကြောင်း (၁)က နှစ်ခါ။ စစ်ကြောင်း (၂)က (၄) ခါလားမသိဘူး။ အပစ်ခံရတယ်။ ကျုပ်က စစ်ကြောင်း (၁)ခွဲ (၃)၊ တပ်စု (၁)က တပ်စု တပ်ကြပ်ကြီး။ စစ်ကြောင်း (၁) ကိုက တပ်ရင်းမှူးကိုယ်တိုင် ကိုင်တယ်။ ကျုပ်တို့ (မ-၃) ရဲ့ တပ်ရင်းမှူးက ဒု ဗိုလ်မှူးကြီး မျိုးဝင်း...။

သူကလည်း 'ပရိုမိုးရှင်း' စောင့်နေတာ။ 'ပရိုမိုးရှင်း' စောင့်နေတဲ့ အရာရှိတွေက သိတဲ့အတိုင်းပဲ အနေအထိုင်၊ အသွားအလာအားလုံး သတိထားနေရတာ။ ကိုယ်ဝန်ဆောင် ဗိုက်ကြီးသယ်လိုပဲ။ တပ်ရင်းတစ်ရင်းလုံးက သူ့တာဝန်ဆိုတော့ အမှားအယွင်းမရှိအောင် ထိန်းနေရတယ်။ ဒါနဲ့တောင် နောက်တန်း ပြန်ဝင်တော့..... မြိုင်ကလေးမှာ ခွဲ (၁)က ရဲဘော်တစ်ယောက်နဲ့ ဒု တပ်ကြပ်တစ်ယောက် ထွက်ပြေးသွားသေးတယ်။ တော်သေးတာပေါ့။ သေနတ်မပါသွားလို့။ ထားပါတော့...။ တပ်ရင်းပြန်ရောက်တော့... သင်တန်း သွားစရာရှိတဲ့သူ သင်တန်းပို့...။ ကျန်တဲ့သူ 'ဖက်ဒိတ်' ခွဲ။ 'ဖက်ဒိတ်' အလှည့်မကျတဲ့သူတွေ အနားပေးပေါ့။ 'out pass' ရရင် တပ်ရင်းအပြင် ထွက်လည်ကြ ပတ်ကြပေါ့။ ပြောရအုံးမယ်။ ကျုပ်တို့ တပ်ရင်း တည်ရာက ဘီးလင်းနဲ့ နတ်ကြီးသွားတဲ့ ကားလမ်းဘေးမှာ။ တပ်ရဲ့ အရှေ့ဘက်မှာဆို 'တံတားခါးကြိုး' ရွာရှိတယ်။ တပ်ရဲ့ အနောက်ဘက်မှာက 'ကဇိုင်း' ဆည်ကြီး။ အဲဒီဆည် တာလမ်းအတိုင်းသွားရင် တဖက်မှာ 'ပိုင်ဒ၀ယ်' ဆိုတဲ့ ရွာကို ရောက်တယ်။ ကရင်ရွာလေးတွေပါ။ အနီးဆုံးမြို့က ဘီးလင်းပဲရှိတယ်။ ဒါတောင် (၇)မိုင်လောက် သွားရတာ။ အဲဒီတော့... 'out pass' ရရင် ရဲဘော်တွေက ဘီးလင်းကိုပဲ သွားကြတယ်။ တပ်က ကားတွေကလည်း ဈေးဝယ်။ ကျောင်းပို့ အမြဲသွားလာနေတော့ လွယ်လွယ်ပဲ လိုက်သွားလို့ရတယ်။ ဒါမှ မဟုတ်လည်း စက်ဘီးနဲ့ သွားမလား...။ မြင်းလှည်း၊ ဆိုက်ကားစီးပြီးသွားမလား...။ ကြိုက်သလို သွားလို့ ရတယ်။ ထားပါတော့...။ တပ်ရင်း ပြန်ဝင်ပြီး တစ်ပါတ် ဆယ်ရက်လောက်ရှိမယ်ထင်တယ်...။ တနေ့ မနက် ကျုပ်တပ်စုကပဲ တပ်ကြပ် သာထွန်းကျော်နဲ့ ရဲဘော်တစ်ယောက် ကျုပ်အိမ်ရောက်လာပြီး "ဘီးလင်းသွားမယ် ဆရာကြီး ဘာမှာအုံးမလဲ"လို့ မေးလို့ ကျုပ်ကတောင် ရေဒီယိုနားထောင်ဖို့ ဓါတ်ခဲအသေးတစ်ကဒ် ၀ယ်ခဲ့ဖို့ မှာလိုက်သေးတယ်။ စကားစပ်လို့ ပြောရအုံးမယ်... သာထွန်းကျော်ကလဲ ရခိုင်ပဲ ကျုပ်တပ်စုမှာက ကျုပ်ရယ်၊ သာထွန်းကျော်ရယ်။ နောက်... ဒုတပ်ကြပ်တစ်ယောက်ရယ်၊ ရခိုင်သုံးယောက်ရှိတယ်။ ကျုပ်တပ်စုမှာ ကျုပ်က တပ်စု တပ်ကြပ်ကြီး...။ အသက်ကလည်း သူတို့ထက်ကြီး... တာဝန်ကလည်း ကြီးတော့ သူတို့တွေက ကျုပ်ကို အကိုကြီးလို ခင်ကြတယ်။ ရခိုင်အမျိုးသားချင်းလည်း ဖြစ်တော့၊ ဆွေမျိုး သားချင်းတွေလိုပဲ နေကြတယ်။ သာထွန်းကျော်က အသားမဲမဲနဲ့ ပိန်ပိန်ပါးပါးပဲ။ အသက်က သုံးဆယ်တော့ရှိပြီထင်တယ်။ ခုထိ အိမ်ထောင်မကျ သေးဘူး... စကားပြောရင် ကျုပ်ထက်တောင် ၀ဲသေးတယ်။ ရှေ့တန်းမှာတော့ အားကိုးရတဲ့ ရဲဘော်ပဲ။ လုပ်ရဲကိုင်ရဲ ရှိတယ်။ ဖျတ်ဖျတ်လတ်လတ် ရှိတယ်။ သူ့တပ်စိတ်ကို ပွိုင့်ပြေးခိုင်းရင် စိတ်ချရတယ်။ ပျောက်ကျား ပစ်ခံရတာတို့နဲ့ ကြုံရင် ဘယ်တော့မှ ပိုးစိုးပက်စက် မခံရဘူး...။ တပ်ခွဲမှူးလည်း သူ့ကို သဘောကျတယ်။ အဲ... ဆိုးတာက နောက်တန်းပြန်နားရင် ဒီကောင်က ထိန်းရခက်တယ်။ အရက်ကလည်း ကြိုက်မှကြိုက်...။ ထမင်းမစား ဟင်းမစားသောက်တာ...။ သောက်လဲ သောက်နိုင်တဲ့ကောင်...။ အရက်ရှိန်များ တက်လာပြီဆို အငြိမ်နေတော့တာ မဟုတ်ဘူ...။ ဟိုအိမ်၊ ဒီအိမ်သွားပြီ။ နယ်မြို့လေးဆိုပေမယ့်လည်း ဘီးလင်းမှာက ဟိုအိမ်၊ ဒီအိမ်မျိုး သုံးလေးအိမ်တော့ ရှိတာပဲ။ "ဟေ့ကောင် မနေနိုင်ရင် မင်းမိန်းမ ယူလိုက်တော့... အလကားနေရင်း ရောဂါရနေမယ်" လို့ ပြောရင် "ဆရာကြီးကလည်း နွားနို့သောက်ဖို့များ နွားမတစ်ကောင်လုံး မွေးထားစရာ မလိုပါဘူး"လို့ သာထွန်းကျော်က ပြန်ပြောတတ်တယ်။ ဘယ်လိုမှပြောလို့မရဘူး...။ နောက်တန်းပြန်နားရင် သာထွန်းကျော်ကို ထိန်းရခက်တယ်ဆိုတာက အဲ့ဒီလိုမျိုး...။

သူတို့နှစ်ယောက် ထွက်သွားပြီး ကျုပ်လည်း ၀က်ခြံလေးပြင်စရာရှိတာ ပြင်နေလိုက်တယ်။ မေ့မေ့ပျောက်ပျောက်ပဲ။ ညနေကျတော့... အာမီရမ်လေးတစ်ခွက်၊ နှစ်ခွက်သောက် ထမင်းစားပြီး သတင်းလေး ဘာလေးနားထောင်မယ်ဆိုပြီး ရေဒီယိုဖွင့်တော့မှပဲ သာထွန်းကျော်တို့နှစ်ယောက်ကို ဓါတ်ခဲမှာလိုက်တာ သတိရတယ်။ အခုလောက်ဆို ဒီကောင်မူးနေလောက်ပြီ၊ မနက်ကျမှ လာပေးမယ်နဲ့ တူတယ်လို့ ကျုပ်လဲတွေးမိပြီး သူတို့လူပျိုဘားတိုက်ဘက် မသွားတော့ဘူး...။ ကျုပ်ကလဲ အဲဒီလိုပဲ တွေးထင်မိတာကိုး...။

(၃)

သတင်းနားထောင်နေရင်းနဲ့ ကျုပ် မှေးကနဲ အိပ်ပျော်သွားတယ်။ တပ်ရေးရုံးက ရဲဘော်တစ်ယောက် ရောက်နေတယ်လို့ပြောပြီး မိန်းမက နှိုးတော့ ကျုပ်စိတ်ထဲမှာ ဘာကိစ္စလဲပေါ့...။ အချိန်က ည (၉) နာရီလောက်ရှိပြီ။ ကျုပ် ရဲဘော်လေးနဲ့ ထွက်တွေ့တော့... တပ်ရေး ဗိုလ်ကြီးက ခေါ်ခိုင်းလို့ပါဆိုတော့...။ ကျုပ်လဲ ချက်ချင်းပဲ ယူနီဖောင်းလဲပြီး လိုက်သွားတယ်။ တပ်ရေးဗိုလ်ကြီး ရုံးခန်းလည်း ရောက်ရော... ရုံးခန်းထဲမှာ ကျုပ်တို့ တပ်ခွဲမှူး ဒုခွဲမှူးနဲ့ တပ်စုမှူးတွေကိုပါ တွေ့ရတယ်။ ကျုပ်လဲ အလေးပြုပြီး သင့်ရာခုံမှာ ၀င်ထိုင်လိုက်တယ်။ ဘာများလဲပေါ့။ တစ်ခုခုတော့ တစ်ခုခုဖြစ်ပြီဆိုတာကတော့ သေချာတယ်။

"ဆရာကြီး တပ်စုက တပ်ကြပ်သာထွန်းကျော်နဲ့ ရဲဘော် နိုင်ဝင်းတို့ နှစ်ယောက် ပျောက်နေတယ်။ ပြီးတော့... သကြားစက် လုံခြုံရေးကင်းက အရာခံဗိုလ်ကျော်ဝင်းရဲ့ သေနတ်ကိုလည်း သူတို့နှစ်ယောက် ခိုးယူသွားကြတယ်"လို့ တပ်ခွဲမှူးက ကျုပ်ကို လှမ်းပြောတယ်။ ပြီးတော့..."အဲဒါဆရာကြီး ဘာသိလဲ"တဲ့...။ ကျုပ်လဲ ခေါင်းကြီးသွားတယ်။ ပြီးတော့ ကျုပ်လဲ မနက်က သာထွန်းကျော်တို့ နှစ်ယောက် ဘီးလင်း သွားမယ့်အကြောင်း ကျုပ်ကို လာပြောလို့ ဓါတ်ခဲတောင် မှာလိုက်သေးတဲ့အကြောင်း ပြောပြလိုက်တယ်။ ဟုတ်တယ်လေ.. ကျုပ်လဲ ဒါပဲသိတာကိုး...။ ကျုပ်တို့ရဲ့ တပ်ခွဲမှူးနဲ့ တပ်ရေးဗိုလ်ကြီးတို့ ခဏတိုင်ပင်ဆွေးနွေး ကြတယ်။ ပြီးတော့ အစီအစဉ်တွေချတယ်။ မြို့အ၀င်အထွက်နဲ့ အဝေးပြေးလမ်းမပေါ်က တပ်ကင်းစခန်းတွေဆီကို တပ်ရေးဗိုလ်ကြီးက အကြောင်းကြားတယ်။ လက်နက်ပျောက်ဆုံးမှုနဲ့ အရာခံဗိုလ်ကျော်ဝင်းကို 'ကွာတာ' ချတယ်။ ကျုပ်နဲ့ တပ်စိတ်တစ်စိတ်ကတော့ ဘီးလင်းကိုသွားပြီး သာထွန်းကျော်တို့ကို ပိုက်စိတ်တိုက်ရှာဖို့ တာဝန်ပေးတယ်။ ကျုပ်လဲချက်ချင်းပဲ တပ်ကကားနဲ့ တပ်စိတ်တစ်စိတ်ကိုတင်ပြီး ဘီးလင်းကို ထွက်ခဲ့တယ်။

ဒီကောင်နှစ်ကောင် ပထမဆုံးသွားမှာက အရက်ဆိုင်ပဲ...။ ဒီတော့ ကျုပ်လည်း ဘီးလင်းမှာ ရှိတဲ့ အရက်ဆိုင်တွေကို တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်မေးတယ်။ ဓါတ်ပုံပြတယ်။ ဒီဆိုင်မှာ သောက်သွားကြသလား...လို့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်မေးတယ်။ သိပ်မကြာဘူး... ဖိုးလှကြီးရပ်ကွက်နဲ့ ကန်သာယာရပ်ကွက်ကြား ပန်းခြံထဲကဆိုင်မှာ သူတို့နှစ်ယောက် သောက်သွားတယ်ဆိုတာ သိရတယ်။ အစကတော့ရပြီ။ ဒါနဲ့ ကျုပ်လည်း ဆိုင်မှာရှိတဲ့ ဆိုင်ရှင်ရော စားပွဲထိုးလေးတွေကိုပါ မေးမြန်းကြည့်တယ်။ ဒီကောင်နှစ်ကောင် သောက်ရင်းစားရင်းနဲ့ ဘာတွေ ပြောလဲပေါ့...။ ပြီးရင် ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာတို့ကို မေးရတာပေါ့။ အဲဒီမှာ စားပွဲထိုးကောင်လေးက 'ဟိုအိမ်' သွားကြမယ် ဆိုတာတော့ သူတို့ ပြောတဲ့အထဲ ကြားမိတယ်လို့ ဆိုတယ်။ အဲဒီ 'ဟိုအိမ်' ဆိုတာကလည်း တစ်မြို့လုံးမှ နှစ်အိမ်.. သုံးအိမ်လောက်ပဲရှိတာဆိုတော့ လိုက်ရတာ မခက်ဘူး...။ ဒါနဲ့ပဲ စားပွဲထိုးကောင်လေးတွေကို ဒီနားမှာ အနီးဆုံး 'ဟိုအိမ်' ဘယ်အိမ်ရှိလဲလို့ ကျုပ်က မေးလိုက်တော့...။ စားပွဲထိုးကောင်လေးက စစ်သားဖြစ်ပြီး 'အ' ရန်ကောဆိုတဲ့ အကြည့်နဲ့ ကျုပ်ကို ကြည့်ပြီး BOC အနောက်ဖက်ကလမ်းထဲမှာ 'ဒေါ်စန်းပွင့်' အိမ်ရှိတယ်လို့ ပြောတယ်။ ဒါနဲ့ ကျုပ်က ကျုပ်နဲ့ ပါလာတဲ့ ဆရာလှမောင်ကို မင်းသိလားဆိုတော့ ဆရာလှမောင်က သိတယ်ဆရာကြီး ဆိုတာနဲ့ပဲ ကျုပ်တို့လည်း 'ဒေါ်စန်းပွင့်' အိမ်ကို ထွက်ခဲ့ကြတယ်။

အိမ်ခြံဝင်းတစ်ခုအရှေ့မှာ ကျုပ်တို့ ကားရပ်လိုက်တော့ အိမ်ထဲက အဒေါ်ကြီးတစ်ယောက် ထွက်လာတယ်။ ကျုပ်လဲကားပေါ်ကဆင်းပြီး အဲဒီအဒေါ်ကြီးဆီကို သွားလိုက်တယ်။

ဒေါ်စန်းပွင့်လားဆိုတော့ ဟုတ်ပါတယ်တဲ့။ ပြီးတော့... ဆရာကြီး ဘာလိုချင်လို့လဲတဲ့... တစ်ယောက်၊ နှစ်ယောက်တော့ ရှိပါသေးတယ်တဲ့...။ ကျုပ်မျက်နှာတစ်ခုလုံး ထူပူသွားတယ်။ ဒါနဲ့ ကျုပ်လဲ ဘာမှမလိုဘူး...။ လူလာရှာတာလို့ပြောပြီး သာထွန်းကျော်ရဲ့ ဓါတ်ပုံကို ထုတ်ပြတော့... ဓါတ်ပုံကိုကြည့်ပြီး။ လာတယ်ဆရာကြီးတဲ့။ သူနဲ့ အဖော်တစ်ယောက်ပါတယ်တဲ့။ ဒီမှာတောင် ရန်ဖြစ်သွားသေးတယ်တဲ့...။ ဆိုက်ကားသမားတစ်ယောက်နဲ့ ဖြစ်တာတဲ့။ သူတို့က အရက်မူးလွန်နေတော့ သူတို့ ခံလိုက်ရတာပေါ့တဲ့။ ပြီးတော့ ပြန်သွားကြပြီး တစ်နာရီလောက် ကြာတော့ ပြန်ရောက်လာကြတယ်တဲ့။ သူတို့နဲ့ ရန်ဖြစ်တဲ့သူ ဘယ်မှာလဲ.. ဘယ်သွားလဲနဲ့ လာရမ်းသွားကြသေးတယ်တဲ့... ပြီးတော့... သူတို့နဲ့ ရန်ဖြစ်တဲ့သူကို တစ်မြို့ လုံးလိုက်ရှာမယ် တွေ့ရင် ပစ်သတ်မယ်လို့ ကြိမ်းပြီး ထွက်သွားကြတာပဲလို့ ဒေါ်စန်းပွင့်က ပြန်ပြောပြတယ်။ လမ်းစကပျောက်ပြီ။ ဘယ်ဆက်လိုက်ရမယ်မှန်း ကျုပ်မသိတော့ဘူး...။ ညဥ့်ကလည်း နက်သထက် နက်နေပြီ။ လမ်းပေါ်မှာ လူတောင် အသွားအလာ မရှိတော့ဘူး။ ဒါနဲ့ကျုပ်လဲ တပ်ကိုပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ တပ်ပြန်ရောက်တော့ တပ်ရေးဗိုလ်ကြီးကို အစီရင်ခံ သတင်းပို့လိုက်တယ်။ တပ်ရေးဗိုလ်ကြီးက ကျုပ်ကို သူ့ရုံးခန်းမှာပဲ စောင့်ခိုင်းထားပြီး တပ်ရင်းမှူးကြီးရဲ့ အိမ်ကို ထွက်သွားတယ်။ ခဏကြာတော့ တပ်ရေးဗိုလ်ကြီး ပြန်ရောက်လာတယ်။ ကျုပ်တို့ တပ်ခွဲရဲ့ တပ်ခွဲမှူးလည်း ပါလာတယ်။ ကျုပ်ရဲ့ တပ်ခွဲမှူးက ဆရာကြီး မနက်ဖြန် မနက် တပ်စု တစ်စုနဲ့ ဘီးလင်းချောင်းရဲ့ အရှေ့ ဘက်ကမ်းတစ်လျှောက် ရှင်းရမယ်တဲ့။ ရင်အုံကနေ အရှေ့ဘက်ကမ်းကိုကူး... မဲနဂေါင်း၊ အဟုန်းဝ၊ သူဌေးကုန်း ကနေပြီး ခဲမှောက်ဒေါက်ရပ်အထိ ကွက်ပြည့်နင်းမယ်တဲ့..။ ဒီကောင် နှစ်ကောင် အရှေ့ ဖက်ကမ်းကူးပြီး KNUနဲ့ ပေါင်းသွားနိုင်တယ်တဲ့...။ ကျုပ်လဲမနက်ဖြန်အတွက် စီစဉ်စရာတွေကို ချက်ချင်းစီစဉ်ရတယ်။ ကျုပ်အိမ်ပြန်ရောက်တော့ လင်းကြက်တောင် တွန်နေပြီ။

(၄)

(၂)ရက် တိတိ ကျုပ်တို့ တပ်စု ဘီးလင်းချောင်းအရှေ့  ဖက်ကမ်းတစ်လျှောက်ကွက်ပြည့် နင်းခဲ့တယ်။ ဘာထူးခြားမှုမှ မရှိသေးဘူး။ သာထွန်းကျော်တို့ နှစ်ယောက်သတင်းက အစပျောက်နေတယ်။ KNUနဲ့ ပူးပေါင်းသွားတယ်လို့လည်း မကြားရဘူး...။ KNUနဲ့ ပေါင်းသွားပြီဆိုရင် 'ကြားဖြတ်' က သိရမယ်။ ရွာသား သတင်းပေးတွေကို မေးမြန်းစုံစမ်းခိုင်းလည်း ဘာမှမကြားရဘူး။ အစပျောက်နေတယ်။ ဒီကောင်နှစ်ကောင် ဒီဘက်ကမ်းမကူးဘူးနဲ့ တူတယ်။ (၃)ရက်နေ့ မနက်ကျတော့ ကျုပ်တို့ တပ်စုကို တပ်ရင်းပြန်ဝင်ခဲ့ဖို့ လှမ်းခေါ်တယ်။ ဒါနဲ့ ကျုပ်တို့လည်း 'ခဲမောက်' ဒေါက်ရပ်ဘက်ကနေပြီး တပ်ရင်းကို ပြန်ခဲ့တယ်။

တပ်ပြန်ရောက်တော့ ဒီကောင်နှစ်ကောင်ရဲ့  သတင်းကို ကြားရတယ်။ 'မြင်သာတောင်' ဘုန်းကြီးဆီမှာ ရှိနေတယ်လို့ သိရတယ်။ 'မြင်သာတောင်'ဆိုတာက ဘီးလင်းမြို့ ကို အနောက်ဖက်က ကန့်လန့်ဖြတ် ပိတ်ကာထားတဲ့ တောင်တန်း...။ ပေတစ်ထောင်ကျော်ကျော်တော့ မြင့်မယ်။ တောင်ရဲ့ အခြေတစ်ဖက်မှာ ခြေလျင်တပ်ရင်း အမှတ် (၈)ရှိတယ်။ တပ်လုံခြုံရေးအရရော၊ မြို့လုံခြုံရေးအရပါ မြင်သာတောင်ထိပ်က အရေးပါတယ်။ ဒီတော့ တောင်ထိပ်မှာ လက်နက်ကြီး တပ်စုတစ်စု တင်ထားရတယ်။ အဲဒီ တပ်စခန်းအတွက် ခလရ (၈)နဲ့ ကျုပ်တို့ တပ်ရင်းနှစ်ရင်းက အလှည့်နဲ့ ချိန်းပြောင်းပြီး တာဝန်ယူရတယ်။ အဲဒီတောင်ထိပ်မှာပဲ စေတီတစ်ဆူနဲ့ ဘုန်းကြီးကျောင်းရှိတယ်။ ဘုန်းကြီးကြီးက ဇုတ်သုတ် ကျိုက်ထီးစောင်း ဆရာတော် လိုင်းမျိုး၊ တပ်ရင်းမှူး အစဉ်အဆက်တိုင်းလိုလိုကလည်း ဘုန်းကြီးကြီးကို ကိုးကွယ်ကြတယ်။ တိုတိုပြောရရင်ဗျာ...။ တပ်စခန်းနဲ့ ဘုန်းကြီးကျောင်း နီးစပ်တာလည်းရှိတော့... ရဲဘော်ကစလို့ တပ်ရင်းမှူးကြီးအထိ မြင်သာတောင် ဘုန်းကြီးကြီးနဲ့ ရင်းနှီးကြတယ်။ အဲတော့... ဒီကောင်နှစ်ကောင် မြင်သာတောင်ပေါ်တက်ပြီး ဘုန်းကြီးကြီးဆီမှာ သွားခိုနေကြတယ်။ ဘုန်းကြီးကြီးက တပ်ရင်းကို ကြွလာ... တပ်ရင်းမှူးကြီးနဲ့ တွေ့ပြုပြီး သာထွန်းကျော်တို့ နှစ်ယောက်ကို တပ်ရင်းမှူးကြီးကို ပြန်အပ်မယ်။ သတ်တာတို့ ဘာတို့တော့ မလုပ်ပါနဲ့ ဥပဒေအတိုင်းသာ အရေးယူပါလို့မိန့်တယ်။ တပ်ရင်းမှူးကြီးကလည်း လွယ်လွယ်ပဲ ဘုန်းကြီးကြီးရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံလိုက်တယ်။ အရေးကြီးတာက သာထွန်းကျော်တို့ နှစ်ယောက် တပ်ကို ပြန်ရောက်ဖို့က အရေးကြီးတာကိုး...။ နောက်တော့... သာထွန်းကျော်တို့နှစ်ယောက်ကို မြင်သာတောင် ဘုန်းကြီးကြီးဆီက သွားပြန်ဖမ်းခေါ်ခဲ့ပြီး တပ်ရင်းမှာပဲ ချုပ်ထားလိုက်တယ်။

(၅)

ဘယ်လိုမေးမေး အရာခံဗိုလ်ကျော်ဝင်းရဲ့သေနတ်ကို သူတို့ မယူပါဘူးလို့ပဲ ဘူးခံနေတယ်။ သကြားစက် လုံခြုံရေးကင်းစခန်းကိုသွားတာက သူတို့ ဒီည တပ်ရင်းကို ပြန်ရောက်မှာ မဟုတ်တဲ့အကြောင်း တပ်ရင်းကို သတင်းပို့ခိုင်းမလို့ သွားတာလို့ ပြောတယ်။ ဟိုရောက်တော့.. အရာခံဗိုလ်ကျော်ဝင်းတို့ ဖဲဝိုင်းကောင်းနေတာနဲ့ သတင်းမပို့ခိုင်းတော့ပဲ ပြန်ထွက်လာခဲ့တာလို့ သာထွန်းကျော်က ပြောတယ်။ ဒါပေမယ့် စစ်မေးတဲ့ သူတွေက မယုံကြဘူး။ နောက်တော့... သာထွန်းကျော်နဲ့ အတူပါတဲ့ ရဲဘော်လေးကို ခပ်ကြမ်းကြမ်းလေး ကိုင်လိုက်တော့မှ ရဲဘော်လေးက ဖော်တော့တာကိုး။ ဖြစ်ပုံကဒီလိုဗျ...။ ပထမ အရက်သောက်ကြတယ်။ ပန်းခြံထဲကဆိုင်မှာပါပဲ။ မူးလာတော့... ဒေါ်စန်းပွင့်အိမ်ကို သွားကြတာကိုး...။ ဟိုရောက်တော့ မူးမူးနဲ့ တွေ့ရာလူကို ရစ်နေတော့... ဆိုက်ကားသမားတစ်ယောက်နဲ့ တည်ရော... ဟိုလူက လက်သွက်ခြေသွက်နဲ့ ထိုးလိုက်တော့ နှစ်ယောက်သား ခံလိုက်ရရော ဆိုပါတော့...။ ဒီတော့ စစ်သားပီပီ သေနတ်အားကိုးရှာတော့....။ သကြားစက် လုံခြုံရေးဂိတ်ကို သတိရတယ်။ ဒါနဲ့ အဲဒီမှာ သေနတ်သွားယူမယ်ဆိုပြီး နှစ်ယောက်သားထွက်လာခဲ့ကြတယ်။ ဟိုရောက်တော့ အရာခံဗိုလ်ကျော်ဝင်းတို့ကလည်း ၀ိုင်းကောင်းနေပြီး ဖဲမှာ မဲနေကြတော့ သာထွန်းကျော်တို့ လွယ်လွယ်ပဲ အရာခံဗိုလ်ကျော်ဝင်းရဲ့သေနတ်ကို အသာယူ ခါးကြားထိုးပြီး ပြန်ထွက်လာ ခဲ့ကြတာပေါ့...။ ဒေါ်စန်းပွင့်အိမ်ပြန်ရောက်တော့ သူတို့နဲ့ ရန်ဖြစ်တဲ့ကောင်က မရှိတော့ဘူး...။ ဒီတော့ သေနတ်ခါးကြားထိုးပြီး သူတို့နဲ့ ရန်ဖြစ်တဲ့သူကို မြို့ ထဲလိုက်ရှာကြတာကိုး...။ ရှာရင်းရှာရင်းနဲ့ ညကနက်လာတယ်။ အမူးကလည်းပြေစပြုပြီ။ ဒီတော့မှ အထက်အရာရှိရဲ့သေနတ်ကို ခိုးခဲ့တဲ့ တပ်ပြေးဖြစ်နေပြီဆိုတာကို သိလာတယ်။ အရာခံဗိုလ်ကျော်ဝင်းဆီ ပြန်သွားပြီး အမှန်အတိုင်း ဖွင့်ပြောတောင်းပန်ပြီး သေနတ်ပြန်ပေးရင်ရော...။ အရာခံဗိုလ်ကျော်ဝင်းက သေနတ်ပျောက်ဆုံးတာကို တပ်ရင်းကို မတိုင်ကြားထားလျှင်တော့အကြောင်းမဟုတ်...။ တိုင်ကြားထားပြီးပြီဆိုရင်... မထူးတော့...။ ဘာလုပ်မလဲ...။ ဘာလုပ်ရမလဲ။ တပ်ရင်းကလည်း မြို့တွင်းလှည့်ပြီး ရှာနေလောက်ပြီနဲ့တူတယ်။

ကိုင်း... မထူးဘူး။ ဟိုဘက်ကမ်းကူးပြီး ရှောင်နေမယ်။ အဆက်အသွယ်ရရင်လည်း KNU နဲ့ဆက်ပြီး KNU မှာ လက်နက်ချမယ်။ ပြီးရင်... နယ်စပ်ကို ဖြတ်ပြီး ထိုင်းမှာ အလုပ်လုပ်မယ်...။ အဲဒီလို ဆုံးဖြတ်ပြီး ဘီးလင်းချောင်းရဲ့ အရှေ့ဘက်ကမ်းကို ကူးခဲ့ကြတယ်။ ဗိုလ်တေဇရပ်ကွက်ကနေ ဘီးလင်းချောင်းကိုဆင်းရင် ကြံခင်းတွေရှိတယ်။ ကြံခင်းတွေလွန်ရင် ကမ်းနဖူးမှာ ဦးသောင်း သစ်ခွဲစက်ရှိတယ်။ အဲဒီသစ်စက်ဘေးကကပ်ပြီး ချောင်းကို သူတို့ နှစ်ယောက်ကူးခဲ့ကြတယ်။ ချောင်းအရှေ့ဘက်ကမ်းရောက်တော့လည်း ကြံခင်းတွေပဲ။ အရှေ့ တည့်တည့်ကို တစ်နာရီလောက် ဆက်သွားရင် မြောက်သူဌေးကုန်းရွာကို ရောက်မယ်။ ချောင်းရိုးအတိုင်း အပေါ်ဖက်ကိုဆန်ပြီး တက်ရင်တော့ နှစ်နာရီစွန်းစွန်းလောက် လျှောက်ရင် 'အဟုံးဝရွာ'ကို ရောက်မယ်။ ဆက်သွားမလား... ကြံခင်းထဲမှာပဲ ဒီတစ်ညခိုမလား...။ နောက်ဆုံးဒီ တစ်ည ကြံခင်းထဲမှာပဲ အိပ်ဖို့ ဆုံးဖြတ် လိုက်ကြတယ်။ နောက်တနေ့ မနက်လင်းတော့... သူတို့ နှစ်ယောက် မြောက်သူဌေးကုန်းရွာ ဖက်ကို ထွက်ခဲ့တယ်။ ရွာနားရောက်တော့ သူတို့ရွာထဲကို ချက်ချင်းမ၀င်သေးဘူး...။ ရွာထဲမှာ ဘာရှိနေမှန်း မသိသေးတော့ အရမ်းဝင်သွားလို့က မဖြစ်။ ရွာထဲက ထွက်လာတဲ့ ရွာသား တစ်ယောက် နှစ်ယောက်ကို စုံစမ်းကြည့်တော့ ရွာထဲမှာ ဗမာ စစ်တပ် ရှိနေတယ်တဲ့...။ ဆက်သွား၍မဖြစ်..။ သူတို့ ညက အိပ်ခဲ့တဲ့ ကြံခင်းဆီကိုပဲ ပြန်ဆုတ်ခဲ့ကြတယ်။ တစ်ရက်။ နောက်တစ်ရက်လည်း မြောက်သူဌေးကုန်းက စစ်တပ်ကမထွက်ဘူး...။ သူတို့ သွားမယ့်လမ်းကိုပဲ လာပိတ်ထားသလိုဖြစ်နေတယ်။ ထမင်းမစားရတာလဲ နှစ်ရက်ရှိပြီ။ ကြံပဲစုပ်ပြီး နေနေရတယ်။ KNU နဲ့ အဆက်ရဖို့ဆိုတာလည်း မလွယ်မှန်း သိလာတယ်။ စိတ်ဓါတ်လည်း ကျလာပြီ။ ဘာလုပ်မလဲ...။

သာထွန်းကျော် စဉ်းစားရပြီ။ သူတို့ အမှုကြီးသွားတာကအရာခံဗိုလ်ကျော်ဝင်းရဲ့ သေနတ် ခိုးတဲ့ကိစ္စ။ ဒီသေနတ်ကိစ္စ မပါရင်... သူတို့အမှုက တပ်ပြေးမှုတစ်ခုတည်းသာ...။ အလွန်ဆုံးကျမှ ကွာတာ (၂၈) ရက်ပေါ့..။ ဟုတ်ပြီ...။ သူတို့ သေနတ်ယူတာ လဲဘယ်သူကမှ မမြင် မတွေ့ခဲ့ကြဘူး။ အားလုံးဖဲဝိုင်းမှာပဲ မဲနေကြတယ်။ ဟုတ်ပြီ။ သေနတ်ကို ဖျောက်ပြီး တပ်ကို ပြန်ဆက်သွယ်မယ်။ အပစ်ပေးတာခံမယ်။ သေနတ်ကိစ္စကို ဘူးကွယ်ရမယ်။ သာထွန်းကျော် သူ့ရဲဘော်အား ရှင်းပြတယ်။ ရဲဘော်လေးကလည်း သာထွန်းကျော် သဘောပေါ့...။ သူက နောက်လိုက်ပဲဟာ...။ ဒါနဲ့ သူတို့နှစ်ယောက် ဘီးလင်းချောင်းကို ပြန်ကူးခဲ့တယ်။ သေနတ်ကိုတော့ ချောင်းထဲမှာ ပစ်ချခဲ့တယ်။ ပြီးတော့ မြင်သာတောင် ဆရာတော်ဆီသွားပြီး တပ်ကိုမပြန်ရဲလို့ ကူညီပေးဖို့ လျှောက်တယ်။ သာထွန်းကျော်အကြံက ဒီလိုကိုး...။ အခုတော့ သေနတ်ကိစ္စလည်းပေါ်... ပြောတဲ့နေရာမှာ ပြန်ငုတ်တော့ သေနတ်လည်း ပြန်ရပြီ။ သက်သေခံလည်း စုံပြီဆိုတော့ သူတို့နှစ်ယောက်ကို အမှုဖွင့် စစ်ခုံရုံးတင်ပြီး တရားစီရင်ရုံပေါ့။

(၆)

သာထွန်းကျော်တို့ အမှုကိုစစ်ဖို့ စစ်ခုံရုံးအဖွဲ့ကို တပ်ရင်းအဆင့်မှာပဲ ဖွဲ့လိုက်တော့... ပထမ ကျုပ်အံသြသွားတယ်။ ဘာလို့လဲဆိုတော့... တပ်ရင်းအဆင့် ခုံရုံးက အမှုသေးလေးတွေကိုသာ စစ်ဆေး စီရင်ပိုင်ခွင့်ရှိတယ်။ ချုပ်ရက်က (၂၈) ရက်ထက်မပိုတဲ့ ပြစ်ဒဏ်မျိုးကိုသာ စီရင်လို့ရတာ...။ သာထွန်းကျော်တို့ အမှုက ထောင်ဒဏ် ငါးနှစ်ကနေပြီး (၁၅)နှစ်အထိ ကျနိုင်တဲ့အမှုကြီး။ အဲဒီအမှုမျိုးဆိုရင် တိုင်းစစ်ဌာနချုပ်အဆင့် စစ်ခုံရုံးဖွဲ့ပြီး စစ်ရတာမျိုး...။ အဲဒီခုံရုံးအဖွဲ့မှာဆိုရင် တိုင်းစစ်ဌာနချုပ်က အရာရှိကြီးတွေပါမယ်။ ပြီးတော့... စစ်ဥပဒေချုပ်ရုံးက အရာရှိကြီး တစ်ဦးပါရမယ်။ အခုတော့... တပ်ရင်းမှာပဲ ဒုရင်းမှူးရယ်၊ တပ်ရေးဗိုလ်ကြီးရယ်၊ ကျုပ်တို့ တပ်ခွဲရဲ့တပ်ခွဲမှူးရယ်...၊ ဒီသုံးယောက်နဲ့ပဲ စစ်ခုံရုံးဖွဲ့ပြီး သာထွန်းကျော်တို့ အမှုကို စစ်တာဆိုတော့ ကျုပ်အံသြတာပေါ့..။ စစ်ဆေးတာက (၂) လလောက်ကြာတယ်။ ဒီအတွင်း သတင်းတွေက အမျိုးမျိုးပေါ့...။ ထားပါ။ ကောလဟာလတွေပါ...။ ဒါပေမယ့် တပ်ထဲမှာက ကောလဟာလဆိုတာတွေက တနေ့ကျရင် အတည်ဖြစ်ဖြစ်သွားတတ်တာပဲ။ တိုတိုပြောရရင်.. သာထွန်းကျော်တို့ အမှုကို စီရင်ချက်ချမယ့်နေ့ ရောက်လာတယ်။ အဲဒီနေ့မှာ ကျုပ်လဲ သွားနားထောင်ပါတယ်။ ကောလဟာလတွေကြောင့် ကျုပ်လည်း သွားနားထောင်တာပါ။ ကျုပ် စိတ်ထဲမှာက တပ်ရင်းအဆင့် စစ်ခုံရုံးက ကွာတား ၂၈ ရက်ပဲ ချလို့ရတော့ သာထွန်းကျော်တို့အမှုလဲ အများဆုံး စီရင်ရင် ကွာတား ၂၈ ရက်ပေါ့။ ခုနက ပြောသလို ကောလဟာလတွေကြောင့်ပဲ ကျုပ်လည်း သွားပြီးနားထောင်ခဲ့တာပါ။ ကျုပ်ရောက်တော့ စစ်ခုံရုံးအဖွဲ့ခေါင်းဆောင် ဒုရင်းမှူးကြီးက စီရင်ချက်ကို ဖတ်နေပြီ။ စီရင်ချက်လည်း ဆုံးရော ... ကျုပ်တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားတယ်။ ဟုတ်ရဲ့လား...။ ကျုပ်ကြားလိုက်တာ...။ ကျုပ်နားကို ကျုပ်မယုံနိုင်ဘူးဖြစ်နေတယ်။

"တပ်ကြပ် သာထွန်းကျော် ကိုယ်ပိုင်အမှတ် ... နှင့် တပ်သား နိုင်ဝင်း ကိုယ်ပိုင်အမှတ် .... တို့ နှစ်ဦးအား ဤရုံးတော်မှ သေဒဏ် စီရင်လိုက်သည်..."

‘သေဒဏ်စီရင်လိုက်သည်...’ ‘သေဒဏ်စီရင်လိုက်သည်...’ ကျုပ်နားထဲမှာ သေဒဏ်စီရင် လိုက်သည်ဆိုတဲ့ ဒုရင်းမှူးရဲ့ အသံကြီးက ထပ်ခါ ... ထပ်ခါ မြည်နေတယ်။ ကျုပ်နား နှစ်ဖက်ကို လက်နဲ့ ပိတ်လိုက်တယ်။ ပြီးတော့ ... တပ်သားနိုင်ဝင်းကို ကြည့်တော့.... မျက်ရည်စက်လက်နဲ့ ငိုနေတယ်။ ကောင်လေးက ရှိလှမှ ဆယ့်ခွန်၊ ဆယ့်ရှစ်ပေါ့...။ ခလေးသာသာပဲ ရှိသေးတာ။ ကျုပ်သား အကြီးကောင်နဲ့မှ ရွယ်တူ...။ အရွယ်တောင် မရောက်သေးဘူး... သေရတော့မှာပါလား...။ ကျုပ်စိတ်မကောင်းလို့ မကြည့်ရက်တော့ဘူး။ သာထွန်းကျော်ကို ကြည့်တော့... လား... လား... ဒီကောင်က ခပ်တည်တည်ပဲ။ မတ်မတ်ရပ်ထားတာ ရင်ကိုကော့လို့ဗျာ။ ပြီးတော့ သူ့အရှေ့က ခုံရုံးအဖွဲ့ဝင်တွေကို တည့်တည့်စိုက်ကြည့်လို့...။ သာထွန်းကျော်အကြည့်က မင်းတို့ လုပ်လို့ရတဲ့အခါ လုပ်ချင်တာ လုပ်ထားပေါ့... ဆိုသလိုမျိုး...။ နှုတ်က ထုတ်မပြောလို့ စကားလုံးမဖြစ်တာပဲရှိမယ်။ အဲဒီအကြည့်မှ အဲဒီအကြည့်...။

ကျုပ်အိမ်ကို ဘယ်လိုပြန်ရောက်လာတယ်ဆိုတာ ကျုပ်မသိဘူး...။ တစ်လမ်းလုံး ကျုပ်နားထဲမှာ ကြားနေတာက... သာထွန်းကျော်တို့အမှုနဲ့ ပတ်သက်တဲ့ ကောလဟာလတွေပဲ...။

"တပ်ရင်းမှူးကြီးက ခုံရုံးအဖွဲ့ကို ညွှန်ကြားချက်ပေးထားပြီးသား...။ နောင်အစဉ်အလာ မဖြစ်အောင် ပြင်းထန်စွာ အပြစ်ပေးဖို့..."

"ပြင်းထန်စွာ အပြစ်ပေးဖို့ဆိုတာက သိတယ်မဟုတ်လား သေဒဏ်ပေးဖို့ကိုပြောတာ..."

"တပ်ရင်းမှူးကြီးက ပရိုမိုးရှင်း စောင့်နေတဲ့လူလေဗျာ။ ဒီကိစ္စကို အပေါ်ဘယ်တင်မလဲ...။ အပေါ်ကို အသိဘယ်ခံမလဲ...။ ဒီမှာပဲ အပြတ်ရှင်းမှာပေါ့..."

(၇)

ကျုပ်အတွက် ပြဿနာက ဒီမှာစတာဗျ..။ သာထွန်းကျော်တို့ နှစ်ယောက်ကို စစ်ခုံရုံးက သေဒဏ်တော့ ပေးလိုက်ပြီ။ သတ်ဖို့ကျတော့ ခက်နေရော...။ တပ်ရင်းမှာက ကြိုးစင်လည်းမရှိ။ လျှပ်စစ်ထိုင်ခုံလဲ မရှိတော့... ဘယ်နည်းနဲ့ သေဒဏ်ပေးမလဲပေါ့...။ ဒါကလည်း လွယ်ပါတယ်။ တပ်မှာက သေနတ်တွေ ရှိတာပဲ..။ သေနတ်နဲ့ ပစ်သတ်ပေါ့...။ ဟုတ်ပြီ။ သေနတ်နဲ့ ပစ်သတ်မယ်။ ဒါပေမယ့် ခက်တာက ဘယ်သူမှ မပစ်ချင်ကြဘူး...။ ငြင်းကြတယ်။ အမိန့်မနာခံလို့ ကွာတားချလည်း ချဆိုပြီး အားလုံးက ညီပြီး ငြင်းကြတယ်။ အဲဒီတော့... တပ်ရင်းမှူးကြီးက လူသတ်ဖို့ကိစ္စကို မဲနှိုက်မယ်။ မဲပေါက်တဲ့သူ အာဏာပါးကွက်သားလုပ်ပေါ့...။ မဲနှိုက်ရမယ့် သူတွေထဲမှာ တပ်သားအဆင့် ရဲဘော်တွေမပါဘူး...။ နောက်ပြီး ပြန်တမ်းဝင်အရာရှိတွေမပါဘူး...။ အခြားအဆင့်တွေပဲ မဲနှိုက်ရမယ်ဆိုပြီး စည်းကမ်းချက်က ပါလာတယ်။ အခြားအဆင့်ဆိုတာက ကျုပ်တို့လို အကြပ်စစ်သည်တွေလေ...။ မတတ်နိုင်ဘူးနိုက်ပေါ့...။ ကျုပ်တို့ တပ်ရင်းမှာက ဒုတပ်ကြပ်။ တပ်ကြပ်၊ တပ်ကြပ်ကြီးနဲ့ အရာခံဗိုလ် အဆင့်ရှိသူတွေက သုံးဆယ်၊ လေးဆယ်လောက်ရှိတာပဲ။ ဒီထဲမှာတော့ ငါ မဲမပေါက်နိုင်ပါဘူးလို့ ကျုပ်က တွေးထားပြီး မဲနှိုက်လိုက်တယ်။ တပ်သား နိုင်ဝင်းကို သတ်ဖို့ အရင် မဲနှိုက်တယ်။ ကျုပ်မပေါက်ဘူး... ဗလာမဲ။ တစ်ခုတော့...။ ပင့်သက်ချနိုင်သွားပြီပေါ့...။ မဲပေါက်တဲ့ ဌာနချုပ် တပ်ခွဲက ဒုတပ်ကြပ်လေး မျက်နှာကို ကြည့်တော့ ငိုမဲ့မဲ့...။ ဒုတပ်ကြပ်လေးရဲ့ ပုခုံးကို ညှစ်ပြီး ကျုပ် နှစ်သိမ့်လိုက်သေးတယ်။ တို့ဘ၀တွေက ဘာတတ်နိုင်မှာလဲပေါ့...။

နောက်တစ်ခါ မဲထပ်နှိုက်တယ်။ တပ်ကြပ်သာထွန်းကျော်ကို ပစ်သတ်ဖို့အတွက် လူသတ်သမားရွေးပွဲ။ ကျုပ်အလှည့် ရောက်တော့ မဲလိပ်ကိုကျုပ်နှိုက်လိုက်တယ်။ မဲလိပ်ကို ဖြေတော့ ကျုပ်လက်တွေ တုန်နေတယ်။ ကျုပ်မျက်လုံးတွေ ပြာသွားတယ်။ ကံကြမ္မာက တည့်တည့်ပဲ သာထွန်းကျော်နဲ့ ကျုပ်ကို တွေ့ပေးလိုက်တယ်။

(၈)

တံတားခါးကြိုးသချုင်္င်း ဆိုတာက ကျုပ်တို့ တပ်ရင်းအရှေ့ကနေပြီး ကားလမ်းအတိုင်း 'နတ်ကြီး၊ ရင်အုံ' ဖက်ကို ဆယ်မိနစ်လောက်သွားရင် ရောက်တယ်။ ကားလမ်းရဲ့ အရှေ့ဖက်ခြမ်းမှာ ရှိတယ်။ ကျုပ်တို့ တပ်ရင်းနဲ့ဆိုရင် ကားလမ်းရဲ့ ဟိုဘက် ဒီဘက်ပေါ့...။ တံတားခါးကြိုးရွာရဲ့ သင်္ချုင်းပါ။ ကျုပ်တို့ တပ်ရင်းရဲ့ နာရေးကိစ္စတွေကိုလည်း အဲဒီ သချုင်္င်းမှာပဲ လုပ်ကြတယ်။

အဲဒီနေ့က... တံတားခါးကြိုးသချုင်္င်းကို ဌာနချုပ်တပ်ခွဲက တပ်စုတစ်စုကို လုံခြုံရေး ချထားတယ်။ သာထွန်းကျော်တို့ လူသတ်ပွဲ လုံခြုံရေး...။ အားလုံးကို ကြီးကြပ်စီမံနေတာက တပ်ရေးဗိုလ်ကြီး...။ သာထွန်းကျော်တို့ကို အရှေ့ကပဲ လက်ထိပ်ခတ်ထားတယ်။ ခြေထောက်ကိုလည်း ကြိုးချည်ထားတယ်။ ပူးချည်ထားတာတော့ မဟုတ်ဘူး။ လှမ်းလို့ ရပ်လို့ရအောင် တစ်ပေလောက်ခွာပြီး ချည်ထားတာ။ ခြေကျင်းခတ်ထားသလိုမျိုး...။

သူတို့ကို မြုပ်ဖို့ကျင်း သူတို့ကိုပဲ တူးခိုင်းတယ်။ တပ်သားနိုင်ဝင်းကတော့ ငိုယိုပြီး မြေကြီးပေါ်မှာ လူးလှိမ့်နေတယ်။ ဆွဲထူလို့လည်း မရဘူး။ တွင်းတူးခိုင်းလို့လည်း မရဘူး..။ ဒါနဲ့.. သူ့ကို ပစ်သတ်ရမယ့် ဒု တပ်ကြပ်လေးကပဲ သူ သတ်ရမယ့် သူအတွက် တွင်းတူးပေးရတယ်။

သာထွန်းကျော်ကတော့ ရတယ်ဆရာကြီး ကျုပ်ဘာသာ ကျုပ်တူးမယ်ဆိုပြီး ပေါက်ပြားကိုကိုင်ပြီး တူးတယ်။ သူ့ကိုယ်မြုပ်မယ့်တွင်း တူးနေတယ်လို့တောင် သာထွန်းကျော်စိတ်ထဲ ထင်ရဲ့လားမသိဘူး...။ ခပ်တည်တည်ပဲ...။ တွင်းကို နက်နက်တူးတယ်။ သပ်သပ်ရပ်ရပ်ဖြစ်အောင် တွင်းနံဘေးမြေသားကို ညှိတယ်။

တွင်းတူးပြီးသွားတော့...။ သာထွန်းကျော်ကို ခဏပေးနားတယ်။ နားနေရင်းနဲ့ "မင်းနောက်ဆုံး ဘာစားချင်လဲ ဘာသောက်ချင်လဲ" လို့ တပ်ရေးဗိုလ်ကြီးက သာထွန်းကျော်တို့ နှစ်ယောက်ကို မေးတယ်။ ဟိုကောင်လေးကတော့ မေးလို့မရဘူး... ငိုပဲငိုနေတယ်။ သာထွန်းကျော်ကတော့ အာမီရမ်သောက်ချင်တယ် (၁)လုံးယူခဲ့ပါ အမြည်းမလိုဘူးလို့ ပြောတယ်။ ဒါနဲ့ တပ်ရေးဗိုလ်ကြီးလည်း တပ်ကို လူလွှတ်ပြီး ချက်ချင်းစီစဉ်ပေးတယ်။

ခွက်ထဲကို အရက် နှစ်ပက်လောက်ထည့်ပြီး ကျုပ်ကို သာထွန်းကျော်က လှမ်းပေးတယ်။ ကျနော်သေတဲ့အထိမ်းအမှတ် 'ချီးယား' ပေါ့လို့ ပါးစပ်ကလည်း ပြောသေးတယ်။ ကျုပ်က ခေါင်းခါပြီး ငြင်းလိုက်တော့...။ "ဆရာကြီး ဘာဝမ်းနည်းစရာလိုလဲ။ တပ်ထဲကို ၀င်ကတည်းက ရန်သူနဲ့တွေ့ပြီး ကိုယ်သေရင်သေ၊ ကိုယ်မသေရင် သူသေ ဒါပဲရှိတာပဲ။ စစ်သားဖြစ်ကတည်းက သေခြင်းနဲ့ ရှင်ခြင်းဟာ ကျနော်တို့အတွက် ဘာဆန်းလို့လဲ ဆရာကြီးရာ...။ ဒါပေမယ့် ၀မ်းနည်းတာက တပ်ထဲမှာ အနီးကပ်ဆုံး ရန်သူတွေဟာ ကျနော်တို့ ရဲဘော်တွေရဲ့ နောက်ကြောမှာ ရှိနေတယ်ဆိုတာကို နောက်ကျမှ သိရတဲ့အတွက်ပဲ"လို့ ပြောပြီး ခွက်ထဲကို အရက်ထပ်ဖြည့်လို့ သောက်ပြန်တယ်။

ပြီးတော့... ဘယ်သူ့မှ စကားမပြောတော့ပဲ အရက်ကိုပဲ တစ်ခွက်ပြီး တစ်ခွက် သောက်နေတယ်။ အာမီရမ် တစ်ပုလင်းကို သောက်တာများ နာရီဝက်တောင် ကြာမယ်မထင်ဘူး။ အရက်လဲကုန်ရော သာထွန်းကျော်က တပ်ရေးဗိုလ်ကြီးကို ကြည့်ပြီး "ပြီးပြီဗိုလ်ကြီး သတ်တော့..."လို့ ပြောပြီး သူ့တွင်းဝမှာ တွင်းဖက်ကို မျက်နှာမူပြီး ဒူးထောက်သွားထိုင်လိုက်တယ်။ တပ်သားနိုင်ဝင်းကိုတော့ တွင်းဝရောက်အောင် တပ်ထိန်းနှစ်ယောက်က အတင်းဆွဲယူရတယ်။ ထိုင်ခိုင်းလို့လဲမရဘူး...။ မျက်လုံးကို အ၀တ်စည်းပြီး မြန်မြန်ပဲ ပစ်သတ်လိုက်ရတယ်။ သာထွန်းကျော်ကတော့ သူ့ဘေးမှာ လူတစ်ယောက်ကို ပစ်သတ်နေတာကိုသူနဲ့ မဆိုင်သလိုပဲ...။ ဒူးထောက်ထိုင်ပြီး တွင်းထဲကိုပဲကြည့်နေတယ်။

တပ်ထိန်းတစ်ယောက်က သာထွန်းကျော်ရဲ့ မျက်လုံးကို အ၀တ်စည်းဖို့သွားတော့... "ရတယ် မလိုဘူး... ရဲဘော်တစ်ယောက်သေသွားတာကို မြင်နေကျတဲ့ ရဲဘော်တွေရဲ့ မျက်လုံးတွေကို ကြည့်ပြီး သေသွားချင်တယ်" လို့ပြောပြီး အ၀တ်အစည်းမခံဘူး...။ အဲဒါနဲ့ တပ်ရေးဗိုလ်ကြီးလည်း အ၀တ်မစည်းဖို့ အမိန့်ပေးလိုက်ရတော့တယ်။

ဒူးထောက်ထိုင်နေတဲ့ သာထွန်းကျော်ရဲ့ နောက်ကြောမှာ ကျုပ်ရပ်လိုက်တယ်။ "အနီးကပ်ဆုံး ရန်သူဟာ ကျနော်တို့ ရဲဘော်တွေရဲ့ နောက်ကြောမှာ ရှိနေတယ်"ဆိုတဲ့ ခုနကတင် ပြောခဲ့တဲ့ သာထွန်းကျော်ရဲ့ စကားကို ပြန်ကြားမိတော့... ကျုပ်ကိုယ်ကြီးဟာ စာခြောက်ရုပ် တစ်ရုပ်လို တောင့်တောင့်ကြီးဖြစ်သွားတယ်။ ကျုပ်လက်ထဲမှာ "ကာဘိုင်"ကို ပစ်ခတ်ရန် အသင့် ချိန်ထားတယ်။ သေနတ်ကို ကိုင်ထားတဲ့ ကျုပ်လက်တွေ မတုန်အောင် သတိထား ထိန်းနေရတယ်။ 'ထွေကာ' ကွင်းထဲက ခလုပ်ပေါ် တင်ထားတဲ့ လက်ညှိုးဟာ ချွေးတွေနဲ့ စီးနေတယ်။

ဒီသေနတ်နဲ့ပဲ တိုက်ပွဲတွေအကြား သာထွန်းကျော်နဲ့ ရင်ဘောင်တန်းလို့ ရန်သူတွေကို တိုက်ခဲ့တယ်။ သတ်ခဲ့တယ်...။ အခု... ဒီသေနတ်နဲ့ပဲ...။ အတွေးမဆုံး...။

မျက်ဝန်းထောင့်စွန်းက တပ်ရေးဗိုလ်ကြီးရဲ့ ပစ်ရန် အချက်ပြလိုက်တာကို တွေ့လိုက်ရတယ်။ မောင်းပေါ်က လက်ညှိုးကို ကျုပ် ကွေးလိုက်တယ်။ ကျုပ်သေနတ်ပြောင်းဝက ကျည်ဆံထိပ်ဖူးတစ်ခု ကန်ထွက်သွားပြီး သာထွန်းကျော်ရဲ့ ညာဘက် နားရွက်နောက်က ဦးခေါင်းခွံအတွင်းကိုဖောက်ဝင်သွားတာ တွေ့လိုက်ရတယ်။ ကျည်ရဲ့ အရှိန်ကြောင့် သာထွန်းကျော်ရဲ့ ဦးခေါင်း အရှေ့ကို ငိုက်ကျသွားတယ်။ ဦးနှောက်ကို ဖောက်ဝင်သွားတဲ့ ကျည်ရဲ့ အရှိန်ကြောင့် အရှေ့ကိုငိုက်ပြီး တွင်းထဲကို လိမ့်ကျသွားလိမ့်မယ်လို့ ကျုပ်ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်သလို ဖြစ်မသွားဘူး...။ ငိုက်သွားတဲ့ ဦးခေါင်း... ယိုင်သွားတဲ့ ခန္ဓာကိုယ်ကို သာထွန်းကျော်ဟာ ပြန်ထိန်းလိုက်တယ်။ နည်းနည်းလေးယိမ်းနေတာက လွဲလို့ သာထွန်းကျော်ဟာ မပစ်ခင်က အတိုင်း ပြန်မတ်လာတယ်။ ပြီးတော့...။ ပြီးတော့...။ ကျုပ်ဖက်ကို ခေါင်းကို လှည့်ပြီး ကြည့်တယ်။ ကျုပ်ပစ်ထားလို့ သာထွန်းကျော်ရဲ့ ဘယ်ဘက်မေးရိုးဟာ ပွင့်ထွက်နေပြီ။ ပါးစပ်ထဲမှာလဲ သွေးတွေနဲ့ ပြည့်နေတယ်။ ကျုပ်ကို စကားလှမ်းပြောတယ်။ ပါးစပ်ထဲမှာ သွေးတွေ ပြည့်နေတော့ စကားသံက လုံးနေတယ်။ မျက်လုံးတွေက ကျုပ်ကို စိုက်ပြီး ကြည့်နေတယ်။ သူ့မျက်ဝန်းထဲမှာ စကားလုံးတွေ အများကြီး...။ အဓိပ္ပါယ်တွေ အများကြီး။ အဲဒီအကြည့်...။ အဲဒီမျက်ဝန်းတစ်စုံရဲ့ အကြည့်...။ ကျုပ် ရင်မဆိုင်ရဲတော့ဘူး...။ မောင်းကွင်းထဲက လက်ညှိုးကို ကျုပ် ဆက်ခါ ဆက်ခါ ဆွဲညှစ်လိုက်တယ်။ သာထွန်းကျော်ရဲ့ မျက်ဝန်း နှစ်စုံရဲ့ ကြား နှာတံအရင်းမှာ ကျုပ်သေနတ်ပြောင်းက ကျည်ဖူးတွေ ဖောက်ဝင်သွားတယ်။ ကျုပ်ဘာမှ မသိတော့ဘူး...။ ကျုပ်တစ်ကိုယ်လုံး ချွေးတွေနဲ့ အေးစက်နေတယ်။ တပ်ရေးဗိုလ်ကြီးက ကျုပ်ပခုံးကို သူ့လက်နဲ့ တင်းတင်း လာညှစ်တယ်။ အားပေးတာလား... သတိပေးတာလား မသိဘူး...။ ကျုပ်သူ့ကို မော့ကြည့်လိုက်တော့... သူကလည်း ကျုပ်ကို ကြည့်နေတယ်။ ကျုပ်ကို ကြည့်နေတဲ့ တပ်ရေးဗိုလ်ကြီးရဲ့ မျက်ဝန်းတွေဟာလည်း သာထွန်းကျော်ရဲ့ မျက်ဝန်းတွေလိုပါပဲလား....။ ။

"သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ..."

မျက်ဖြေလင်္ကာ

(အနန္ဒသူရိယအမတ်)


၂၀၀၅ခုနှစ် နိုဝင်ဘာလအတွင်းက ခြေမြန်တပ်ရင်း အမှတ် (၃)၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် အမှန်အား ပြန်လည်ရေးဖွဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ခြေမြန်တပ်ရင်းအမှတ် (၃)၏ တပ်ရင်းမှူးဖြစ်သူ ဒု-ဗိုလ်မှူးကြီး မျိုးဝင်းသည် ယခုအခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါသည်။

(မင်းဆွေသစ်)

http://ghre.org/mm/ မှတဆင့်ပြန်လည်ဖေါ်ပြပါသည်။
အရေးအသားကောင်းသော(မင်းဆွေသစ်)အားလည်းဂုဏ်ပြုပါသည်။

Voice of Burma (June 14 Issue)

မြန်မာပြည်ကနောက်ဆုံးပေါ်အငှားယာဉ်

(နည်းပညာ၊ပစ္စည်းဘာမှမထောက်ပံ့နိုင်ပဲငါသာလျှင်ဘုရင်ဖြစ်တော့သည်ဟုကြွေးကြော်၍အာဏာသိမ်းပြီး
စည်းစိမ်ခံ၊လူတစုသာဖွံ့ဖြိုးတိုးတက်နေချိန်တွင်ပြည်တွင်းလက်မှုပညာသည်များ၏လက်ရာ။)

Photobucket
အ၀င်တံခါးကဘေးမှာ
Photobucket
အရင်ကတော့ဒီကားကိုပေါ်တာကက်လို့ပဲခေါ်တယ်
Photobucket
အရင်ကထိုင်ခုံကဘေးတိုက်အခုအရှေ့လှည့်
(နည်းပညာ၊ပစ္စည်းဘာမှမထောက်ပံ့နိုင်ပဲငါသာလျှင်ဘုရင်ဖြစ်တော့သည်ဟုကြွေးကြော်၍အာဏာသိမ်းပြီးစည်းစိမ်ခံ၊လူတစုသာဖွံ့ဖြိုး
တိုးတက်နေချိန်တွင်ပြည်တွင်းလက်မှုပညာသည်များ၏လက်ရာ။)

ဇွန်၁၃ဒိုင်ယာရီ

Photobucket

အန်အယ်ဒီ လူငယ် ၃ ဦး ဖမ်းဆီးခံရ
မေကျော်
စနေနေ့၊ ဇွန်လ 13 2009 18:33 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၃ ဦးကို ယမန်နေ့ ညပိုင်းတွင် ရဲများက ဖမ်းဆီးသွားသည်။

မြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုအောင်အောင်ဦး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ကိုကျော်ဝင်းထွန်းနှင့် တာမွေမြို့နယ်မှ ကိုကျော်မျိုးနိုင်ကို ဗဟန်းမြို့နယ်အဝိုင်းထိပ် မှတ်တိုင်အနီးရှိ ကိုအောင်အောင်ဦး၏ နေအိမ်ရှေ့တွင် ဗဟန်းရဲစခန်းမှ ရဲ ၂ ဦးက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သူတို့ ၃ ယောက် လမ်းလျှောက်လာတယ်။ ရဲ ၂ ယောက်က ဆိုင်ကယ်နဲ့ သူတို့နား ကပ်လာတယ်။ သူတို့ စကားပြောနေကြတယ်လို့ပဲ ထင်နေတယ်။ နောက်တော့ ရဲ ၂ ယောက်က သူတို့စီးလာတဲ့ ဆိုင်ကယ်ကို ထားလိုက်ပြီး တက္ကစီငှားပြီး သူတို့ကို ခေါ်သွားတယ်” ဟု အခင်းဖြစ်ပွားရာ အနီးတွင် နေထိုင်သူ မျက်မြင်သက်သေ တဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်၍ မိသားစုဝင်များထံ အာဏာပိုင်များက ယခုထိ အကြောင်းကြားခြင်း မရှိသေးသဖြင့်၊ မည်သည့်အတွက်ကြောင့် ယခုလို ဖမ်းဆီးခံရသည်ကို အန်အယ်ဒီ ပါတီနှင့် မိသားစုဝင်များမှ မသိရှိသေးပါ။

ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော် ကြားတာပဲ ရှိသေးတယ်၊ လူငယ် ၃ ဦး ဖမ်းခံရတယ် ဆိုတာကို။ သေချာတော့ မသိသေးဘူး” ဟု ပြောသည်။

“နိုင်ငံရေးကိစ္စနဲ့ ဖမ်းရင် ဘယ်တော့မှ ချက်ချင်း အကြောင်းမကြားဘူး။ ၄-၅ ရက်နေမှ အကြောင်းကြားတယ်။ ဒါမှမဟုတ် တလ နှစ်လနေမှ၊ အင်းစိန်ကို ရောက်လာမှ မိသားစုက သိရတယ်” ဟု ပါတီ ဗဟို လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

မြောက်ကိုရီးယားကို အရေးယူရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်
13 June 2009
အရင်လက နျူကလီးယား လက်နက် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား အစိုးရအပေါ် ကုလလုံခြုံရေး ကောင်စီက ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု တွေကို ပိုပြီးတင်းကျပ်လိုက်ပါတယ်။ လုံခြုံကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ယာယီအဖွဲ့ဝင် ၁၀ နိုင်ငံတို့က တညီတညွတ်တည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒီလို ပိတ်ဆို့ဒဏ်ခတ်မှု တိုးမြှင့်လိုက်တာကြောင့် မြောက်ကိုရီးယားကို အသွား အပြန်လုပ်တဲ့ ကုန်တင်ယာဉ်အားလုံးကို နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ ပါမပါ စစ်ဆေးမှာဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားကနေ တခြားနိုင်ငံကို လက်နက် တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပြီးငွေကြေးဆိုင်ရာ ပိတ်ပင်မှုတွေကိုလည်း ပိုပြီး တင်းကြပ်လိုက်ပါတယ်။

အခုနောက်ဆုံး အရေးယူမှုကို မြောက်ကိုးရီးယားရဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ရုရှားတို့ကပါ ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဆူဇန် ရိုက်စ် (Susan Rice) ကလည်း အရင်ကတခါမှ မရှိခဲ့ဖူးတဲ့ ဒီလောက်တင်းကြပ်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု ချမှတ်လိုက်တဲ့ အပေါ် အားရကျေနပ်မိတယ်၊ ဒီအပေါ်မှာ မြောက်ကိုရီးယား အစိုးရဘက်က ပိုမိုရန်လိုတဲ့ဟန်နဲ့ တုံ့ပြန်လာမယ်ဆိုရင် သူ့အအနေနဲ့ အံ့အားသင့်မှာ မဟုတ်ဘူးလို့ သမ္မတ အိမ်ဖြူတော်ကနေ ပြောခဲ့ပါတယ်။

အီရန်ရွေးကောက်ပွဲ လက်ရှိ သမ္မတအနိုင်ရ

13 June 2009


အီရန်နိုင်ငံက သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာမွတ် အမာဒီနီဂျပ် ကပဲ အနိုင်ရသွားတယ်လို့ အစိုးရပိုင် သတင်း ဌာနက ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့  ပြိုင်ဘက်ဖြစ်တဲ့ ပြုပြင် ပြောင်းလဲရေးသမားကလည်း သူနိုင်တယ်လို့ ဆိုနေပါတယ်။

ရွေးကောက်ပွဲ ထိပ်တန်း အရာရှိချုပ် ပြောတာကတော့ သောကြာနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ထည့်ခဲ့ကြတဲ့ မဲတွေရဲ့  ၁၉ % ကို ရေတွက်ကြည့်တဲ့အခါမှာ ၆၉ % က သမ္မတ မာမွတ်အမာဒီနီဂျက် အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ အကြို ရလဒ်တွေကို ဒီကနေ့ စနေနေ့မှာ သိရမယ်လို့ အရင်က မျှော်လင့်ထားကြတာပါ။ သမ္မတ အမာဒီနီဂျက် နဲ့ ပြိုင်ဘက် ဖြစ်တဲ့ အရင် ၀န်ကြီးချုပ်ဟောင်း မီရာ ဟူစိန် မူဆာဗီကလည်း ရွေးကောက်ပွဲမှာ အနိုင်ရတာက သူပဲလို့ မနေ့က ညပိုင်း တီဟီရန်မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့ပါတယ်။

တချို့ ဒေသတွေမှာ မဲရုံတွေ နည်းပါးလို့ မဲပေးမှုတွေမှာ ပြဿနာတွေ ရှိနေတယ်လို့လည်း သူက ပြောပါသေးတယ်။ မနေ့က ကျင်းပခဲ့တဲ့ အီရန်သမ္မတ ရွေးကောက်ပွဲမှာ မဲပေးကြသူတွေလည်း အကြီးအကျယ် များကြပြီး ည ၁၀ နာရီ အထိ မဲထည့်ချိန် တိုးပေးခဲ့ရပါတယ်။

စစ်တွေရထားလမ်း ဖွင့်ပြီးမကြာခင် ပျက်စီး

13 June 2009


ဖွင့်လှစ်တာ ၁ နှစ်မပြည့်သေးတဲ့ စစ်တွေမြို့က ရထားလမ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အစိတ်အပိုင်း တော်တော်များများ ပျက်စီးသွားပါတယ်။ ဒီရထားလမ်း ပျက်သွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းထားသူကတော့ ဗွီအိုအေ ထိုင်းအခြေစိုက် ကိုကျော်ထင် ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဖွင့်လှစ်ပေးခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ ပထမဆုံး ရထားလမ်းဖြစ်တဲ့ စစ်တွေမြို့က ရထားလမ်းဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းအူကြောင်း နိမ့်ကျသွားပြီး ရထားမသွားနိုင်တော့ဘူးလို့ သိရပါတယ်။ လျော့ကျသွားတဲ့ လမ်းအူကြောင်းကို သဲအိပ်တွေ သိန်းချီပို့နေရတယ်လို့ စစ်တွေမြို့ခံတယောက်က အခုလို ပြောပြပါတယ်။

“မိုးရွာလာတော့ ဖြစ်သလို လုပ်ထားတဲ့ ရထားလမ်းတွေက မြေပြိုကျလို့ အဲဒါကို သဲအိပ်တွေနဲ့ ထိုးနေရတယ်လို့ မြင်တာပဲ။ သဲအိပ်တွေနဲ့ ဖွေးနေတာပဲလို့ ထင်တာပဲ။ သဲအိပ်ကလည်း တော်တော်များများ ဆိုတာ သိန်းချီပြီးတော့ သဲအိပ်တွေ ထိုးနေတာပဲ။ သဲအိပ် ၂ သိန်း ၃ သိန်းလောက် ဖို့ရမယ်ထင်တယ်။ ဒီလောက် သဲအိပ်တွေ ဖို့နေရတော့ သွားလို့ရပါ့မလား အဲဒီရထားလမ်းက။ မိုးကြီးလာတော့ ပျက်စီးတာပေါ့။”

ဒီရထားလမ်းဟာ စစ်တွေမြို့စွန် ပြည်တော်သာ ရပ်ကွက်ကနေ (ရေချမ်းငြိမ်?) နည်းပညာတက္ကသိုလ် အထိ ၁၂ မိုင်အထိ ရှည်ပြီး စစ်တွေ-မင်းဘူး ရထားလမ်း ဖြစ်တယ်လို့ စစ်အစိုးရက ဆိုပါတယ်။ ရထားလမ်း ပျက်စီးနေပေမယ့် ဒေသခံတွေအဖို့ အခက်အခဲ မရှိဘူးလို့ သူမက အခုလို ဆက်ပြောပါသေးတယ်။

“အဲဒီ ရထားလမ်းကို သိပ် မျှော်လင့်ချက် ကြီးကြီးမားမား နဲ့ စီးမယ့်သူတွေ မရှိပါဘူး။ အဲဒီ ရထားလမ်း ပျက်စီးသွား တော့လည်း လူတွေက ဘာမှမဖြစ်သလိုပါပဲ။ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ရထား ဆိုတာကို ရခိုင်ကလူတွေက မမြင်ဖူးတော့ ရထားလမ်းဖွင့်တယ် ဆိုတော့ အသံကြားတာနဲ့ စီးဖူးတယ်ရှိအောင် သွားစီးတဲ့ပုံစံမျိုးပဲ။ ဒါပေမယ့် လမ်းခရီးအတွက် အဆင်ပြေတယ်ဘာတယ် ဆိုတာတော့ မကြားမိဘူး။”

အခြား စစ်တွေမြို့ခံတယောက်ကလည်း ရထားလမ်းပြိုကျတာကို အခုလို ရှင်းပြပါတယ်။

“လုပ်တော့ လုပ်နေတာပဲဗျ။ လုပ်တော့လုပ်နေတယ် ဆိုတာက ဒီလိုလေ။ အမြန်ပြီးအောင်လို့လေ မြေတွေကဖို့ထားတော့ ရခိုင်က မိုးများတယ် မဟုတ်လား။ ပြိုတယ်လို့ ကြားတယ်။”

ရထားလမ်း ပြင်ဆင်တာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် မီးရထား ဌာနကို မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားမယ့်သူ မရှိပါဘူး။ ၁၉၈၈ ခုနှစ် အာဏာသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်း တနိုင်ငံလုံးမှာ ရထားလမ်းမိုင် ၁,၃၀၀ နီးပါးကို တိုးချဲ့ ဖောက်လုပ်နိုင်ခဲ့ပြီလို့လည်း သိရပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး လမ်းမကြီးတွေ ဖောက်လုပ်ဖို့ သဘောတူညီချက်မှာ ရထားလမ်းနဲ့ ကားလမ်း ဆက်သွယ် ဖောက်လုပ်မှုတွေလည်း ပါဝင်ပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ် ဘက်က ကားလမ်း၊ ရထားလမ်း စီမံကိန်းတွေကို အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။ အခု ပျက်စီးနေတဲ့ ပြည်တော်သာ ရေချမ်းငြိမ် ရထားလမ်းဟာ နှစ်နိုင်ငံ ရထားလမ်းကွန်ယက် နဲ့လည်း ဆက်စပ်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က ဒေသခံတွေက ပြောကြပါတယ်။

အကျဉ်းသားလွတ်မြောက်ရေး လက်မှတ် ၆ သိန်းကို ကုလ-ဘန်ကီမွန်းထံ လက်ရောက်ပေးအပ်မည်

မိုးမခအထောက်တော် ၀၀၂

ဇွန် ၁၃၊ ၂၀၀၉

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုက စုဆောင်းရရှိထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို နိုင်ငံတကာမိသားစုများက ၀ိုင်းဝန်းလက်မှတ်ထိုး တောင်းဆိုထားသည့် လက်မှတ်ပေါင်း ၆ သိန်းကို ကုလသမဂ္ဂရုံးချုပ်တွင် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဦးတည်ပြီး ကိုယ်တိုင်လာရောက်ပေးအပ်မည်ဖြစ်ကြောင်း အေအေပီပီ ခေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

ထိုအခမ်းအနားကို အေအေပီပီ၏ ဦးဆောင်တဦးဖြစ်သူ တွဲဖက်အထွေထွေအတွင်းရေးမှူးတာဝန်ခံ ကိုတိတ်နိုင်ကိုယ်တိုင် ထိုင်းနိုင်ငံ၊ မဲဆောက်ရုံးမှ အမေရိကန်ပြည် နယူးယောက်သို့ လာရောက်မည်ဟု ဆိုသည်။ ၎င်းနှင့်အတူ ကင်ပိန်းတာဝန်ခံတဦးလည်းဖြစ်၊ ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံအဖွဲ့များ၊ တပ်ပေါင်းစုများ၏ ခေါင်းဆောင်တဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားဟောင်း မခင်ဥမ္မာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ် မြန်မာပြည်အတွက်အမေရိကန်ကင်ပိန်းအဖွဲ့ ဦးဆောင်သူတဦးလည်းဖြစ်သည့် ကိုအောင်ဒင်တို့ကလည်း ထိုအခမ်းအနားကို တက်ရောက်ကြမည်ဟု ဖော်ပြထားသည်။

အခမ်းအနားကို ချက်ရီပတ်ဘလစ်ကိုယ်စားလှယ်အဖွဲ့က စီစဉ်ပေးပြီး၊ ဇွန်လ ၁၅ တနလာင်္နေ့ ညနေ ၃ နာရီတွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ် အဆောက်အဦတွင် ကျင်းပမည်ဟု ဆိုသည်။ ကုလသမဂ္ဂခေါင်းဆောင်ထံ ရည်ရွယ်ပြီး ထိုလက်မှတ်များကို ပေးအပ်သည့် အခမ်းအနားတွင် မြန်မာပြည်အရေးကိစ္စများ၊ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော ဥပဒေရေးရာကိစ္စများကို သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အကျယ်တ၀င့်ပြောကြား ဖြေဆိုမည်ဟုလည်း ဖော်ပြထားသည်။

မြန်မာပြည်တွင် စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေလဆန်းကစပြီး အင်းစိန်ထောင်တွင် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုထားသည်။ နိုင်ငံတကာက လူ့အခွင့်အရေးလှုပ်ရှားသူများက မြန်မာစစ်အုပ်စုကို လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ငံရေးလွတ်လပ်ခွင့် မရှိအောင် ဖိနှိပ်ချုပ်ချယ် ဖမ်းဆီးမှုများအပြင် တရားဥပဒေကို အလွဲသုံးစား ကျုးလွန်နေမှုများဖြင့် ပြစ်တင်ဝေဖန်လျက်ရှိသည်။

ဦးဝင်းတင်ကို တရားစွဲဟု သတင်းထွက်
မိုးမခအထောက်တော် ၀၀၆
ဇွန် ၁၃၊ ၂၀၀၈
ထောင်မှ ထွက်သည့်နေ့တွင် အကျဉ်းသား ၀တ်စုံဖြင့် တွေ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင် (photo: getty images)

အာဏာပိုင်တို့က ဦးဝင်းတင်ကို အကျဉ်းသားဝတ်စုံ ပြန်လည် အပ်နှံရန် ပျက်ကွက်မှုဖြင့် တရားစွဲဆိုထားသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။ ဦးဝင်းတင် ထောင်မှ လွတ်မြောက်လာပြီး ၉ လခန့် အကြာတွင် ဤသို့ သတင်းထွက်လာခြင်းဖြစ်သည်။

တရားစွဲဆိုထားသည်ဟူသော သတင်းကို ကာယကံရှင် ဦးဝင်းတင်ကိုယ်တိုင် ကြားသိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိဟု ဆိုသည်။

“အာဏာပိုင်တွေက ဘာမှ တရားဝင် ပြောတာ မရှိပါဘူး” ဟု ဦးဝင်းတင် ပြောသည်။
သို့သော်လည်း ကြာသပတေးနေ့တွင် အကျဉ်းဦးစီးဌာန အရာရှိတဦးက တရားလိုလုပ်ပြီး တရားစွဲထားကြောင်း၊ အင်းစိန်ထောင်တွင်း တရားရုံးက ထိုအမှုကို လက်ခံခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဦးဝင်းတင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသည်။

ထိုစဉ်က အာဏာပိုင်တို့သည် ဦးဝင်းတင် အပါအ၀င် အကျဉ်းသား ၉၀၀၂ ဦးကို ရွေးကောက်ပွဲတွင် ပါဝင် နိုင်ရန် ဟု ကြေညာပြီး လွှတ်ပေးခဲ့သည်။ ထောင်ဒဏ် အနှစ် ၂၀ ကျနေသော ဦးဝင်းတင်အား ထောင်သက် ၁၉ နှစ် ကျော် ကြာသည့်အချိန်တွင် အာဏာပိုင်တို့က လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးလိုက်သည်။

ဦးဝင်းတင်က အာဏာပိုင်တို့က သူ့အား “ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုသည်” ဟု ကြေညာပြီး လွှတ်သည့် ပုံစံကို သဘောမတူ ကန့်ကွက်သည့်အနေဖြင့် အကျဉ်းသား ၀တ်စုံကို မချွတ်ဘဲ ထောင်ထဲမှ ထွက်ခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလာသည့် DKBA တဦး ထိုင်းလုံခြုံရေးတပ် ဖမ်းဆီးမိ
ကရင်သတင်းစဉ် (ကေအိုင်စီ)
ဇွန် ၁၂၊ ၂၀၀၉

ဒီကေဘီအေတပ်သား စောကျုကျူ (ဓာတ်ပုံ-ကေအိုင်စီ)

ထိုင်း-မြန်မာ နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA)တပ်သားတဦးကို ဇွန်လ ၁၂ရက်နေ့တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။
အသက် ၂ဝ ဝန်းကျင် အရွယ်ရှိ စောကျုကျူသည် KNLA ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် DKBA တပ်မဟာ (၅၅၅)မှ တပ်ဖွဲ့ဝင် တဦး ဖြစ်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲတရီ ကျေးရွာသို့ ထွက်ပြေး လွတ်မြောက်လာရာမှ ဒေသခံ ထိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် စောကျုကျူက ၄င်းသည် DKBA (၅၅၅) တပ်မဟာမှ တပ်ဖွဲ့ဝင် တဦး အဖြစ် ဝင်ရောက်သည်မှာ ၃ လ ကျော်သာ ရှိသေးကြောင်းနှင့် တိုက်ပွဲကို ကြောက်လန့်ကာ ထွက်ပြေးလာသည့် အကြောင်း ထိုင်းအာဏာပိုင်များအား ဝန်ခံ ပြောဆိုခဲ့ပြီး အခြား ဖြေဆိုချက်များမှာ ပုံမှန် မဟုတ်သဖြင့် မူးယစ်ဆေးဝါး သုံးစွဲဖူးသည့်ပုံ ပေါ်နေကြောင်း စစ်ဆေး မေးမြန်းသူများက ဝေဖန် ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် DKBA တပ်ဖွဲ့မှ KNLA တပ်မဟာ(၇)၏ တပ်ရင်းနေရာများသို့ လက်နက် ကြီး ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိုင်းဘက်ကမ်းသို့ လက်နက်ကြီး ၃လုံး ကျရောက်ခဲ့သည်ဟု ထိုင်းဖက်မှ ပြောကြားခဲ့ပြီး လက်ရှိ အချိန်ထိ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရှိရသေးကြောင်း KNLA တပ်မဟာ (၇) ဌာနချုပ်က ကရင်သတင်းစဉ်ကို ပြောသည်။

ယမန်နေ့က ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးရွာသို့ ဝင်ရန် လမ်းဆုံတွင် ထိုင်းစစ်တပ်မှ ဒီကေဘီအေနှစ်ဦး ပါဝင်သည့် ကားတစီးကို ဖမ်းဆီးရမိ ပြီး ကားပေါ်တွင် ပွိုင့်-၄၅ အသံတိတ် သေနတ်(၁)လက် တွေ့ရှိရာ ကားမောင်းသူမှာ ထိုင်း အရာရှိဟောင်း တဦး ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၈) ရက်နေ့ကလည်း လက်ရှိ စစ်ဆင်ရေးကို မတိုက်ခိုက်နိုင်သည့် အတွက် DKBA တပ်သား (၄)ဦး လက်နက်ငယ် (၂)လက် ဖြင့် နောက်ကြောင်း လှည့်ကာ ပြန်လည် ထွက်ပြေးသွားကြောင်း သိရသည်။

DKBA တပ်များနှင့် အတူ ရှေ့တန်းသို့ အထမ်း ပေါ်တာ အဖြစ် ပါလာသည့် ရွာသားများလည်း ပြီးခဲ့သည့် ရက်ပိုင်းက အလားတူ ထွက် ပြေးလျက် ရှိသဖြင့် သက်ဆိုင်ရာ ရွာလူကြီးများက ထွက်ပြေးသည့် မိမိတို့ ရွာသား တဦး အတွက် ဘတ်ငွေ သုံးထောင် ပေးဆောင်ရန် အတွက် DKBA တပ်မဟာ(၉၉၉) တပ်ရင်း(၄)မှ တာဝန်ယူ ကောက်ခံလျက်ရှိသည်ဟု သိရသည်။

စိုင်းတင်ရေအားလျှပ်စစ်စီမံကိန်းကြောင့် ကျေးရွာများ ပြောင်းရွေ့ခံရ

6/13/2009

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်တွင် ယခုနှစ်အစပိုင်းက စတင်တည် ဆောက်နေသည့် စိုင်းတင်ရေ အားလျှပ်စစ်စီမံကိန်းအတွင်းပါဝင်သည့် ကျေးရွာတချို့ကို အာဏာပိုင် များကစတင်ပြောင်းရွေ့ နေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုပြောင်းရွေ့ခံရသည့် ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း အထက်ပိုင်း တွင်တည်ရှိသည့် ချော်ယေကျေးရွာ၊ လီဗွီကျေးရွာ၊ ရီးချောင်းကျေးရွာ၊ ပိန္နဲချေကျေးရွာ၊ ဇီးရွာ၊ ဓါးဆောက်ပိုင်းကျေးရွာနှင့်မရီးမိကျေးရွာတို့ဖြစ်ကြသည်။

“အခုပြောင်းရွေ့ခံရတဲ့ ကျေးရွာတွေအားလုံးကတော့ မြိုနဲ့ ခမိအမျိုးသားကျေးရွာ တွေဖြစ်ပါတယ်။ အိမ်ခြေက ၅၀ ကနေ ၇၀ အတွင်းမှာရှိကြပါတယ်။” ဟု ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူတဦး ကပြောသည်။

စီမံကိန်းဧရိယာတွင် ပါဝင်ပြီး နောက်ထပ် အဖြိုခံရမည့် တခြား ကျေးရွားများလည်းရှိသေးကြောင်း သိရသည်။

“တခြားအဖြိုခံရမယ့် ကျေးရွာတွေလည်းရှိသေးတယ် အဲဒီကျေးရွာတွေကိုတော့ အခုလောလော ဆယ်တန့်ထားပါတယ်။ သီတင်းကျွတ်လ လောက်ဆိုရင် ပြောင်းရမယ်လို့ပြောပါတယ်။” ဟု သူက ပြောသည်။

ဆက်လက်ပြောင်းရွေ့ခံရမည့် ကျေးရွာများမှာ ပျာရည်ကျေးရွာ၊ ဇီးရွာနှင့် သရက်ပြင်ကျေးရွာ တို့ဖြစ်သည်။

စိုင်းတင် ရေအားလျှပ်စစ်ဓါတ်အား စီမံကိန်းမှ မီဂါဝပ် ၇၀ အထိ ထုပ်လုပ်နိုင်မှာဖြစ်ပြီး ရခိုင်ပြည်နယ် ၇၅ ရာခိုင်နှုန်းကို မီးပေးနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အဆိုပါ စီမံကိန်းကို ၁၉၅၂ နှစ်ကလည်း ၀န်ကြီးချုပ် ဦးနု လက်ထက်တွင်တကြိမ် စတင်ပြု လုပ်ခဲ့ သော်လည်း ဗကပ တပ်ဖွဲ့ တခုမှ အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ တဦးကို သတ်ဖြတ်သွားသဖြင့် စီမံကိန်းကို ရပ်တန့် ပစ်ခဲ့သည်။ အဆိုပါ သတ်ဖြတ်မူမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမည်ကို မလို လားသော အစိုးရ အဖွဲ့ဝင် ၀န်ကြီး တချို့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီက ပူပေါင်းဆောင်ရွက်ခဲ့သည်ဟု ရခိုင်ပြည်သူများက ယုံကြည်ထားကြသည်။

၁၉၈၈ ခုနှစ် န၀တ အာဏာရလာသော အခါလည်း အဆိုပါ စီမံကိန်းကို တည်ဆောက်ရန် စီစဉ်ခဲ့ပြီး စီမံကိန်းရုံးများကို စစ်တွေနှင့် ဘူးသီးတောင်တွင် ဖွင့်လှစ်ခဲ့သည်။ သုံးနှစ်အကြာတွင် အဆိုပါ စီမံကိန်း ကို အကြောင်းပြချက် မရှိဘဲ ရပ်ဆိုင်း ပစ်ခဲ့သည်။ ယခု နအဖ စစ်အစိုးရမှ ပြန်လည် တည်ဆောက်ရန် စီစဉ်လာခြင်း ဖြစ်သည်။

မြစ်နားရွာ အနီးရှိ နီလာစေတီတော် ဌာပနာ ဖေါက်ထွင်းခံရ

6/13/2009

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ် မြစ်နားရွာ အနီးရှိ နီလာစေတီတော် သုံးဆူမှ အကြီးဆုံး စေတီတော် ဌာပနာကို လွန်ခဲ့သော နှစ်ရက်က အမည်မသိသူများက ဖေါက်ထွင်း ယူဆောင်သွား ခဲ့သည်ဟု ရခိုင်အမျိုးသား တဦးက ပြောသည်။

�ကျွန်တော်တို့ သွားကြည့်တော့ စေတီတော်မှာ ဘုရားဆီးမီး ပူဇော်တဲ့ ဂူပေါက်ကနေပြီး ဖေါက်ထွင်း ပြီး ဌာပနာကို ယူသွားတာ ဖြစ်ပါတယ်။ စေတီတော် ရင်ပြင်မှာ တက်ရောက် အိမ်ယာ ဆောက်လုပ် နေထိုင်သူ ဘင်္ဂလီတွေ ဖြစ်နိုင်ပါတယ်� ဟု သူက ပြောသည်။

အဆိုပါ ဖေါက်ထွင်းမူအား ဒေသဆိုင်ရာ အာဏာပိုင်များအား တိုင်ကြားသော်လည်း ယနေ့ထိ လာရောက် စစ်ဆေးခြင်းနှင့် အရေးယူခြင်းမရှိဟု သိရသည်။

အဆိုပါ ကိစ္စနှင့် နီလာမြို့နယ်မှ ဒုတိယ ဥက္ကဌ အာယု ဘင်္ဂလီကို နိရဉ္စရာမှ ဖုံးဖြင့် ဆက်သွယ်ပြီး မေးမြန်းရာ အဆိုပါ ကိစ္စကို သူအနေဖြင့် မသိရှိသေးဟု ဆိုကာ ဖုံးချသွားခဲ့သည်။

အဆိုပါ စေတီတော်ရင်ပြင်တွင် ဘင်္ဂလီမိသားစု ၆ စုခန့်မှ တက်ရောက် အိမ်ယာ ဆောက်လုပ် နေထိုင်နေပြီး မူးယစ်ဆေးဝါးများလည်း ရောင်းချနေသည်ဟု နီလာကျေးရွာမှ အရပ်သား တဦးက ပြောသည်။

�ဘုရားပေါ်မှာ တက်ရောက်ပြီး အိမ်ယာ ဆောက်လုပ် တာတောင် မကသေးဘူး။ မူးယစ်ဆေးဝါးတွေ လည်း ရောင်းချနေ ပါတယ်။ သက်ဆိုင်ရာကို သွားတိုင်ရင် ရန်ရှာမှာကို ကြောက်တဲ့ အတွက် ဘယ် ရခိုင်လူမျိုးမှ သွားမတိုင်ရဲပါဘူး။�

အဆိုပါ နီလာတောင်ပေါ်တွင် စေတီတော် သုံးဆူရှိပြီး ရှေ့ခေတ်ကတည်းက တည်ရှိနေသော သမိုင်းဝင်စေတီများ ဖြစ်ကြသည်။

မြစ်နားရွာမှ လူငယ် တဦးကလည်း “စေတီတော် ဌာပနာ ကိုလည်း ယူမယ်။ ပီးတော့ စေတီတော် ကိုလည်း အတွင်းကနေပြီး ဖြိုမယ်ဆိုတဲ့ ရည်ရွယ်ချက် သူတို့မှာ ပါဝင် ပါတယ်။ အပြင်က ဖြိုရင် လူတွေ မြင်နိုင်တဲ့အတွက် သူတို့က ဌာပနာကို ဖေါက်ပြီး ခုလို ကြံစည်တာ ဖြစ်ပါတယ်။”ဟု ပြော သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ရှေ့ဟောင်း စေတီပုထိုးတော်များ အများအပြား တည်ရှိပြီး တချို့မှာ ဖြိုဖျက်ခံ လိုက်ရသလို တချို့မှာလည်း ဖြိုဖျက်ခံရမည့် အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ဇင်ဘာဘွေလူထုအတွက် အမေရိကန်က ဒေါ်လာ သန်း ၇၀ ကျော် ပေးမည်

13 June 2009


အမေရိကန် ပြည်ထောင်စု အနေနဲ့ ဇင်ဘာဘွေပြည်သူတွေအတွက် အမေရိကန် ဒေါ်လာ ၇၃ သန်း အကူညီ အထောက်အပံ့ ပေးမယ်လို့ သမ္မတ ဘရက် အိုဘားမား (Barack Obama) က ကတိပေးလိုက်ပါတယ်။ ဇင်ဘာဘွေဝန်ကြီးချုပ် မော်ဂန် ချန်ဂရိုင်း (Morgan Tsvangirai) နဲ့ သမ္မတအိမ်ဖြူတော်မှာ သောကြာနေ့က တွေ့ဆုံအပြီး သမ္မတက အခုလို ပြောကြား လိုက်တာပါ။ ဒီအကြောင်း ဗီအိုအေသတင်းထောက် ကန့်ကလိုင်ယန် (Kent Klein) သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ (Robert Mugabe) က ဇင်ဘာဘွေ ပြည်သူတွေ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေ လုပ်ဆောင်တဲ့ အစဉ်အလာ မရှိဘူးဆိုတာ အမေရိကန် ပြည်ထောင်စုက ယုံကြည်တဲ့အတွက် ဒီအထောက်အပံ့ ငွေတွေ ဇင်ဘာဘွေ ပြည်သူတွေထံကို တိုက်ရိုက် ပို့ပေးမယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ဒါပေမယ့် မျှော်လင့်ချက် အတွက် အခြေခံ အကြောင်းအရာတွေ ရှိနေတယ်လို့
ဝန်ကြီးချုပ် မော်ဂန် ချန်ဂရိုင်း နဲ့ တွေ့အပြီးမှာ သမ္မတ အိုဘားမားက ပြောပါတယ်။

“ဇင်ဘာဘွေနိုင်ငံ ခက်ခဲတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြား လွန်မြောက်နိုင်အောင် ဇွဲလုံ့လအပြည့် နဲ့ ၀န်ကြီးချုပ်က ဦးဆောင် လမ်းပြခဲ့တဲ့ အပေါ် ကျနော့်အနေနဲ့ အများကြီး လေးစား ဂုဏ်ယူပါတယ်။”

စီးပွားရေး ကျဆင်းပြီး ငွေကြေး အဆမတန် ဖောင်းပွမှုတွေကို ဇင်ဘာဘွေနိုင်ငံ အနေနဲ့ ကာလအတော်ကြာ ခံစားခဲ့ရတာပါ။ ၀န်ကြီးချုပ် ချန်ဂရိုင်း အနေနဲ့ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းတွေက ကျော်လွားနိုင်အောင် ကြိုးစား လုပ်ဆောင်နေတာတွေ ကိုလည်း သမ္မတ အိုဘားမားက ချီးကျူးလိုက်ပါတယ်။

သမ္မတ မူဂါဘီ အစိုးက သူ့ရဲ့ အတိုက်အခံ လှုပ်ရှားမှုတွေအပေါ် ဖိနှိပ် ချုပ်ချယ်ခဲ့တာတွေကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့တဲ့ အပေါ်မှာလည်း သမ္မတ အိုဘားမားက ချီးကျူးလိုက်ပါတယ်။ မနှစ်ကကျင်းပခဲ့တဲ့ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအပြီး သမ္မတ မူဂါဘီ က ညီညွတ်ရေး အစိုးရဖွဲ့ဖို့ ဖေဖော်ဝါရီလထဲမှာ မစ္စတာ ချန်ဂရိုင်း ကို ဖိတ်ကြားခဲ့ရာက အခု အဲဒီ ညီညွတ်ရေး အစိုးရမှာ ၀န်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

“ဇင်ဘာဘွေ နိုင်ငံမှာ အင်မတန် လိုအပ်နေတဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေ ပေါ်ပေါက်လာဖို့တင်မကဘဲ စီးပွားရေးဖက် ပိုင်းမှာလည်း ဖွံ့ဖြိုးတိုးတက်လာအောင် ကျနော်တို့ အနေနဲ့ အတတ်နိုင်ဆုံး အဖက်ဖက်က ၀ိုင်းဝန်း ပံ့ပိုးပေးလိုတဲ့ ဆန္ဒရှိပါတယ်။”

ပုံမှန် လည်ပတ်မှု ရှိနိုင်တဲ့ စာသင်ကျောင်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ကိုယ့်ပြည်သူကို ပြန်လည် ကျွေးမွေး နိုင်လောက်တဲ့ စိုက်ပျိုးရေး စံနစ်တွေနဲ့အတူ ဇင်ဘာဘွေ နိုင်ငံမှာ လူ့အခွင့်အရေး နဲ့ တရားဥပဒေ စိုးမိုးမှုရှိရေး ကိစ္စတွေကို အားပေး လုပ်ဆောင်သွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အနောက်နိုင်ငံတွေက ဇင်ဘာဘွေနိုင်ငံကို ကူညီ ထောက်ပံ့နေတဲ့အပေါ် သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားပြီး နိုင်ငံတကာက မျှော်လင့်ထားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားမယ်လို့ မစ္စတာ ချန်ဂရိုင်း က ပြောပါတယ်။

“လာမယ့် ၁၈ လအတွင်း ဇင်ဘာဘွေ နိုင်ငံသူ နိုင်ငံသားတွေ ကိုယ်ပိုင်အစိုးရကို ရွေးကောက် တင်မြောက်နိုင်မယ့် ပြုပြင်ပြောင်းလဲမှုမျိုး ကျနော်တို့ လုပ်ဆောင်သွားပါမယ်။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ အနေနဲ့ တိုးတက်မှုတွေ အများကြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ပြဿနာတွေ ကတော့ ရှိနေတုန်းပါပဲ။”

သမ္မတ မူဂါဘီ ဟာ လူဖြူတွေပိုင်ဆိုင်တဲ့ လယ်မြေတွေ သိမ်းပိုက်တာ အပါအ၀င် လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့သလို တိုင်းပြည်ရဲ့ စီးပွားရေး ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တခြားတိုင်းပြည်တွေက စွပ်စွဲ ပြောဆိုထားပါတယ်။
သမ္မတ မူဂါဘီ ဟာ ၁၉၈၀ ခုနှစ်ကတည်းက ဇင်ဘာဘွေနိုင်ငံရဲ့ အာဏာကို ချုပ်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။



ဥမင်လှိုဏ်ခေါင်း၊ လက်နက်နှင့် ကင်မ်ချီ - မြောက်ကိုရီးယား၏ ဒေါ်လာရှာ လုပ်ငန်းများ

http://www.mizzimaburmese.com/

ဘာတီလင်တနာ (Bertil Lintner)
စနေနေ့၊ ဇွန်လ 13 2009 15:36 - မြန်မာစံတော်ချိန်

ရက်စက်၍ လျှို့ဝှက်သိပ်သည်းသော မြန်မာစစ်အစိုးရအတွက် မြောက်ကိုရီးယားက လှိုဏ်ခေါင်းများ တူးဖော်ပေးနေခြင်း

ဘန်ကောက် (ယေးလ်ဂလိုဘယ် ) ။ ။ ဒုံးကျည်နှင့် ညူကလီယာ နည်းပညာ၊ ငွေတုပြုလုပ်ခြင်းနှင့် စီးကရက် မှောင်ခိုလုပ်ငန်း၊ နိုင်ငံရပ်ခြား တိုင်းပြည်များတွင် ဟန်ပြကုမ္ပဏီများ ပျော်ပွဲစားရုံများ ဖွင့်လှစ်လုပ်ကိုင်ခြင်း၊ အရှေ့အလယ်ပိုင်း ဒေသသို့ အလုပ်သမားများ တင်ပို့ခြင်း၊ ဤလုပ်ငန်းတို့မှာ ပြုံယမ်းရှိ စစ်အစိုးရအတွက် အရေးတကြီး လိုအပ်နေသော နိုင်ငံခြားငွေကြေးများ ရှာဖွေရာတွင် မြောက်ကိုရီးယားတို့ အလွန်ကျွမ်းကျင်၍ တီထွင် ဖန်တီးမှုရှိစွာ လုပ်ကိုင်နိုင်သော အလုပ်များ ဖြစ်သည်။ သို့သော် ဤလှိုဏ်ခေါင်းဖောက်လုပ်ငန်း ကျွမ်းကျင်မှုကို နိုင်ငံခြားအလုပ် အပ်နှံသူများအတွက် လုပ်ကိုင်ပေးသည် ဆိုသည်မှာ လူသိနည်းသော စီးပွါးရေး လုပ်ငန်းတခု ဖြစ်သည်။ စိတ်ဝင်စားဖွယ် ဤစီးပွါးရေးလုပ်ငန်းအကြောင်း တစေ့တစောင်း သိရှိနိုင်သည့် မြန်မာနိုင်ငံမှ လျှို့ဝှက်ရိုက်ကူး ပေးပို့လိုက်သော ဓါတ်ပုံများကို ဤသတင်းထောက်က ရရှိထားပါသည်။

Nuclear Than Shwe၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခှုနှစ်အတွင်း ရိုက်ကူးထားသည့် ဤဓါတ်ပုံများတွင် တကမ္ဘာလုံးက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အမျှော်ကြီး မျှော်နေချိန်တွင် စစ်အစိုးရက လှိုဏ်ခေါင်းများ တမျှော်တခေါ် တူးဖော်ခြင်းဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့ရနိုင်သည်။ ပြင်ပကမ္ဘာကဖြစ်စေ၊ သူ့ပြည်သူများကဖြစ်စေ ပေးလာမည့် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်မည့် ဤမြေ အောက် အဆောက်အအုံများကို မြောက်ကိုရီးယား ပညာရှင်များက ကူညီ ဆောက်လုပ်ပေးနေသည်။ ဤလှိုဏ်ခေါင်းများသည် မြောက်ကိုရီးယားနိုင်ငံက တက်တက်ကြွကြွ လုပ်ကိုင်ပေးနေ သည်ဟု ဆိုသည့် ညူကလီယာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် ပတ်သက်မှုရှိသည် မရှိသည်ကိုမူ မသိရပါ။ (မြန်မာ့ညူကလီယာ မက်မောမှုတွင် ရှု)

ယခု ထုတ်ဝေဖြန့်ချိလိုက်သော ဓါတ်ပုံများတွင် မြန်မာနိုင်ငံ၏ အသစ် တည်ဆောက်ထားသော ခံတပ် မြို့တော်ကြီး နေပြည်တော်၌ မြေအောက် အဆောက်အအုံများ အနှံ့အပြား ကွန်ရက်သဖွယ် တည်ဆောက်ထားသည်ကို တွေ့ရနိုင်သည်။ စစ်အစိုးရသည် သူ၏ အုပ်ချုပ်မှု ယန္တယားကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ၌ မြို့တော်ဟောင်း ရန်ကုန်မြို့မှ ကီလိုမီတာ ၄၆၀ (မိုင် ၃၀၀) အကွာတွင် လုံးလုံး အသစ် တည်ဆောက်ထားသော နေရာသစ်သို့ ရွှေ့ပြောင်းသွားခဲ့သည်။

ဘုရင်မင်းမြတ်တို့၏ ဘုံဗိမာန် ဟု အဓိပ္ပါယ်ရသော နေပြည်တော်သည် စစ်အစိုးရအတွက် အာဏာ၏ သင်္ကေတဖြစ်ပြီး ကိုလိုနီခေတ်မတိုင်ခင် ရှေးလက်နက်နိုင်ငံတော် ထူထောင်ခဲ့သာ ဘုရင်များ အစဉ်အလာအတိုင်း နိုင်ငံသစ်ကို ထူထောင်လိုသည့် ဆန္ဒနှင့်အညီလည်း ဖြစ်သည်။ သို့သော် မြေအောက်တွင် တည်ဆောက်ထားသော အဆောက်ဦများမှာမူ စစ်တပ်က အာဏာကို စွဲစွဲမြဲမြဲချုပ်ကိုင် ထားလိုသည့် သဘောသာ ဖြစ်သည်ဟု ယူဆရသည်။ နောက်ထပ် လှိုဏ်ခေါင်းများနှင့် မြေအောက် အစည်းအဝေး ခန်းမများကို တောင်ကြီးမြို့အနီးတွင် တည်ဆောက်ထားပြီး ဖြစ်သည်။ တောင်ကြီးသည် မြန်မာနိုင်ငံအရှေ့မြောက် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော သောင်းကျန်းမှု များစွာ၏ နေရပ်ရင်းလည်း ဖြစ်သည်။ ၂၀၀၆ ခုနှစ် ဇွန်လအတွင်းက ရိုက်ကူးထားသော ဓါတ်ပုံအချို့တွင် မြောက်ကိုရီးယား ပညာရှင်များ နေပြည်တော် ဒေသအတွင်း အစိုးရ ဧည့်ဂေဟာတခုမှ အရပ်ဝတ်များဖြင့် ထွက်လာပုံကို တွေ့ရသည်။ သူတို့အနီးရှိ မြန်မာ အလုပ်သမားများနှင့် ပုံသဏ္ဍန် ကွဲပြားနေသော အဆိုပါ ပညာရှင်များမှာ မြောက်ကိုရီးယား လူမျိုးများ ဖြစ်သည်ဟု အာရှသံတမန်များက ခွဲခြားပြပါသည်။

ယင်းသည် မြောက်ကိုရီးယား သူလျှိုများက ရန်ကုန်မြို့အာဇာနည်ဗိမာန်တွင် ၁၉၈၃ ခုနှစ်က ဗုံးထောင် တိုက်ခိုက်၍ ထိုစဉ်က ဒုတိယဝန်ကြီးချုပ်နှင့် အခြားဝန်ကြီး ၃ ဦး အပါအဝင် တောင်ကိုရီးယားအရာရှိများ သေဆုံးသွားခဲ့၍ သံတမန် အဆက်ဖြတ်အပြီး ယခုတဖန် တပတ်ပြန်ကျော့၍ ဆက်ဆံရေးသစ်များ ထူထောင်လာခြင်း ဖြစ်သည်၊

မြန်မာနှင့်မြောက်ကိုရီးယား သံတမန်များအကြား လျှို့ဝှက် ဆွေးနွေးပွဲများသည် ၁၉၉ဝ စုနှစ်များ ကတဲက ဘန်ကောက်မြို့တွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခင် ဆယ်စုနှစ်အတွင်း ရန်လိုသော အပြုအမူများ ရှိခဲ့လင့်ကစား သူတို့တွင် ဘုံတူညီသော အချက်အလက်များစွာ ရှိနေသည် ဆိုသည်ကို နှစ်ဘက်စလုံးက သိမြင်လာခဲ့ကြသည်။ အခြေခံ အကျဆုံး လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းနှင့် ပြုံယမ်း၏ နူကလီးယား လက်နက် အစီအစဉ်များကြောင့် နှစ်နိုင်ငံစလုံးမှာ နိုင်ငံတကာ၏၊ အထူးသဖြင့် အမေရိကန်၏ မကြုံစဖူးသော ပြစ်တင်ရှုတ်ချမှုကို ခံနေရသည်။ မြန်မာ နိုင်ငံအတွက်လည်း တိုးပွါးလာနေသော မြို့ပြအုံကြွမှုများနှင့် နယ်စပ်ရှိ တိုင်းရင်းသား သူပုန်များကို နှိမ်နင်းရန်အတွက် စစ်နက်လက်ပစ္စည်းများ ပိုမို လိုအပ်လာနေသည်။ မြောက်ကိုရီးယားကလည်း ရိက္ခာ၊ ရာဘာ နှင့် အခြား အခြေခံကုန်စည်များကို လိုအပ်နေသည်၊ ဘာတာစနစ်ဖြင့် ရောင်းဝယ်လိုလျှင်လည်း လက်ခံလိုသည်။ ဤအချက်သည် ငွေကြေး ချို့တဲ့နေသော မြန်မာဗိုလ်ချုပ်ကြီးများအတွက် အကိုက်ပင် ဖြစ်သည်။ `သူတို့ချင်း ကျောချင်းကပ်ပြီး အပြန်အလှန် အကာအကွယ်ပေးဘို့ အသင့်ပြင်ထားကြတာ` ဟု ဘန်ကောက်အခြေစိုက် အနောက်တိုင်း သံတမန်တဦးက ပြောသည်။ `မြန်မာဗိုလ်ချုပ်ကြီးတွေက အမေရိကန်ကို အာခံရဲလို့ဆိုပြီး မြောက်ကိုရီးယားတွေကို သဘောကျတယ်၊ သူတို့လဲ ဒီလို လုပ်ချင်နေကြတယ်`။

အပြန်အလှန် လျှို့ဝှက် လည်ပတ်မှုများ ပြုလုပ်ပြီးနောက် မြောက်ကိုရီယား လက်နက်များ မြန်မာနိုင်ငံသို့ စတင် ရောက်ရှိလာခဲ့သည်။ ဤထူးခြား ဆန်းကြယ်သော မြန်မာနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံမှုကို အရှေ့ဖျား စီးပွါးရေးစာစောင် (FEER) က ၂ဝဝ၃ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပထမဆုံး ဖော်ထုတ်လိုက်သည်။ ၁၅ ယောက် အယောက် ၂ဝ ခန့်ရှိသော မြောက်ကိုရီးယား ပညာရှင်များကို မြို့တော်ဟောင်း ရန်ကုန်ရှိ ထိုအချိန်က အစိုးရ ဧည့်ဂေဟာတခု၌ မြင်တွေ့ခဲ့ရသည်။ ၁၉၈၃ ခုနှစ်က ဖြစ်ပွါးခဲ့သော ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုကြောင့် ထိုသတင်းကို သံသယဖြင့် ကြည့်မြင်ခဲ့ကြသည်။ သို့သော် ၂ဝဝဝ စုနှစ် အစပိုင်းတွင် မြန်မာနိုင်ငံ၌ မြောက်ကိုရီး ယားမှ စစ်မြေပြင်သုံး အမြောက်ကြီးများ မြင်တွေ့ရသော အခါတွင်မှ မြောက်ကိုရီးယား နိုင်ငံသည် မဟာမိတ်သစ်တရပ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ရှင်းလင်းသွားခဲ့သည်။ ယင်းမှာ နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ပြန်လည် ထူထောင်သည့် ၂ဝဝ၇ ခုနှစ်ဧပြီလ မတိုင်မီ နှစ်ပေါင်းများစွာ ကတဲက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

`၁၉၅ဝ စုနှစ်များက ရုရှပုံစံကို အခြေံခံထားတာ ဖြစ်ပေမဲ့ ဒီလက်နက်တွေ (အမြောက်ကြီး) တွေက စိတ်ချရတယ်၊ စစ်ပွဲတွေမှာ အစစ်ဆေး အစမ်းသပ်ခံပြီးသား ဖြစ်တယ်` ဟု သြစတြေလျလူမျိုး မြန်မာနိုင်ငံဆိုင်ရာ ပညာရှင် Andrew Seth က ၂ဝဝ၄ ခုနှစ်က သြစတြေလျနိုင်ငံ အမျိုးသား တက္ကသိုလ်သို့ တင်သွင်းသော စာတန်းတွင် ရေးသားဖော်ပြထားသည်။ `ဤလက်နက်များကြောင့် မြန်မာနိုင်ငံက အင်အားချည့်နဲ့နေသော တာဝေးပစ် အမြောက်လက်နက်ကြီးများ၏ စွမ်းဆောင်ရည်တွင် သိသိသာသာ တိုးတက်မှု ရရှိသွားခဲ့သည်` ဟု ရေးသားထားသည်။ ထိုအချိန်ကတဲက မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ ယာဉ်တင်ဒုံးပစ် လောင်ချာများ၊ တရုတ်ပြည်မှ ရရှိထားသော စစ်သင်္ဘောများတွင် တပ်ဆင်အသုံးပြုရန်အတွက်ဟု ယူဆရသော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကိုလည်း ဝယ်ယူ တင်သွင်းခဲ့သည်။

ထို့နောက် လှိုဏ်ခေါင်းတူး ကျွမ်းကျင်သူများ ရောက်ရှိလာပြန်သည်။ ဇီဝနှင့် ဓါတုလက်နက် အစီအစဉ်များ အပါအဝင် မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေး စက်ရုံ အများစုနှင့် အခြား စစ်တပ်နှင့် အစိုးရ အဆောက်အအုံများကို မြေအောက်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤစက်ရုံများထဲတွင် လူသိထားပြီး ဖြစ်သော စက်ရုံများဖြစ်သည့် Ganggye, Sakchu တို့မှ စက်ရုံများ ပါဝင်သည်။ ထိုနေရာများတွင် ထောင်ပေါင်းများစွာသော ပညာရှင်များ၊ အလုပ်သမားများက တောင်အောက်တွင် ဥမင်လှိုဏ်ခေါင်းများ တူးဖော် ဖောက်လုပ်နေခဲ့ကြသည်။ ဤနည်းပညာ ကျွမ်းကျင်မှုကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချနေသည် ဆိုသည်ကို ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့သည်မှာ ၂ဝဝ၆ ခုနှစ် ဇွန်လက ဖြစ်သည်။ မြောက်ကိုရီးယား ဥမင်လှိုဏ်ခေါင်း တူးဖော်ရေး ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ လုပ်ကွက်ထဲတွင် ရောက်နေပြီ ဆိုသည်ကို အတည်ပြု အကြောင်းကြားသည့် နေပြည်တော်မှ ကြေးနန်းတစောင်ကို ထောက်လှမ်းရေး အေဂျင်စီများက ကြားဖြတ် ဖမ်းမိခဲ့သည်။ ၃ နှစ် ကြာပြီးနောက် ယခုထုတ်ပြန်လိုက်သည့် ဓါတ်ပုံများသည် ဤသတင်းများ၏ မှန်ကန်တိကျမှုကို အတည်ပြု ပေးလိုက်သည်။ ယခုအချိန်တွင် ဤဥမင်လှိုဏ်ခေါင်းများသည် တောင်ကြီးမြို့က ဥမင်များကဲ့သို့ပင် ပြီးစီးလောက်ပြီ ဖြစ်သည်။ ဤကောင်းစွာ ဖုံးကွယ်ထားသော ဥမင်များက ၁၉၈၈-၈၉ ခုနှစ်များ အတွင်းက ဖြစ်ပွါးခဲ့သော လူထုအုံကြွမှုများ အတွင်းကလို အရပ်သားများက အစိုးရ အဆောက်အဦများကို ဝင်စီးမည့် အန္တရာယ်မှ ကောင်းစွာ ကာကွယ်ပြီး ဖြစ်စေသည်။ နိုင်ငံတကာနှင့် ကင်းကွာနေသော စစ်အစိုးရသည် ဤနက်နက် တူးထားသော ကတုတ်များကို အာဖဂန်ရှိ တာလီဘန်များနှင့် အီရတ်ရှိ ဆက်ဒမ် ဟူစိန်အစိုးရတို့လို လေကြောင်းမှ တိုက်ခိုက်လာလျှင်လည်း နောက်ဆုံးအဆင့် အနေဖြင့် ကာကွယ် ခုခံနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောပြကြသည်။ ဤလက်နက်များအတွက် မြန်မာနိုင်ငံက ဘာတွေ ဘယ်မျှ ပေးလိုက်ရသည် ဆိုသည်မှာမူ မရှင်းလင်းသေးပါ။ ဖြစ်နိုင်သည်မှာမူ မြန်မာနိုင်ငံမြောက်ပိုင်း မြစ်အောက်ကြမ်းပြင်တွင် ရှိနေသော ရွှေများ၊ သို့မဟုတ် စားနပ်ရိက္ခာတို့ဖြင့် လဲလှယ်ခဲ့ရခြင်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် အခြားသတ္တုများလည်း ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီယား၏ ဥမင်လှိုဏ်ခေါင်း စီးပွါးရေးအတွက် တခုတည်းသော ဖောက်သည်နိုင်ငံတော့ မဟုတ်ပါ။

၂ဝဝ၆ ခုနှစ် စစ်ပွဲအပြီးတွင် ဟစ်ဇဘိုလာ စစ်သွေးကြွများ စွန့်ခွါသွားခဲ့သော မြေအောက် အဆောက်အအုံ အတော်များများကို အစ္စရေးနှင့် ကုလသမဂ္ဂ တပ်ဖွဲ့များက လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ တိုက်ဆိုင်သည်လားတော့ မသိ၊ ဤဥမင်များနှင့် အစည်းအဝေးများ ကျင်းပနိုင် လောက်အောင် ကျယ်ဝန်းသော မြေအောက် အခန်းကျယ်ကြီးများသည် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသေား စစ်မဲ့ဇုံအတွင်း တောင်ကိုရီးယား တပ်ဖွဲ့များက ဖော်ထုတ် တွေ့ရှိခဲ့သည့် ဥမင်များ၊ မြေအောက်ခန်းများနှင့် တထေရာတည်း တူနေသည်။ မြက်ခင်းများ၊ ခြံပုတ်များအတွင်း ကွယ်ဝှက်ထားသော မြောင်းဖုံး လူဝင်ပေါက်အရွယ် သေးငယ်သော အပေါက်ကလေးများမှ ဆင်းသွားလျှင် သံမဏိဖြင့် အချောကိုင်ထားသော မြေတွင်း ဥမင်များမှတဆင့် အခန်းကျယ်ကြီးများ အတွင်းသို့ ရောက်ရှိသွားနိုင်သည်။ ထိုအခန်းကျယ်ကြီးများတွင် လျှပ်စစ်၊ လေဝင်လေထွက် စနစ်၊ ရေပန်း တပ်ဆင်ထားသည့် ရေချိုးခန်းများနှင့် ရေမြောင်းစနစ် ပါဝင်သော အခန်းကျယ်ကြီးများ အတွင်းသို့ ရောက်ရှိသွားသည်။ အချို့သော ဥမင်များကို မီတာ ၄ဝ အနက် အစ္စရေးနယ်စပ်မှ မီတာ ၁ဝဝ အကွာခန့်တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဤဥမင်များတူးဖော်ရာတွင် မြောက်ကိုရီးယားတို့ ပါမပါဆိုသည်ကို ဆန်းစစ်ရန်မှာမူ ခက်ခဲပါသည်။ အစ္စရေး စုံစမ်းစစ်ဆေးရေး သတင်းသမား (Investigative Journalist) Ronen Bergman ၏ အဆိုအရမူ အနောက်သို့ ကူးပြောင်းခိုလှုံလာသော အီရန် တော်လှန်ရေး အစောင့်တပ် အကြီးတန်း အရာရှိတဦး၏ အပြောအရ `ရာပေါင်းများစွာသော အီရန်ပညာရှင်များနှင့် အင်ဂျင်နီယာများ၊ အီရန် သံတမန်များက ခေါ်ယူလာခဲ့သော မြောက်ကိုရီးယား ကျွမ်းကျင်သူများကြောင့် ဟစ်ဇဘိုလာတို့သည် လက်ဘနွန်တောင်ပိုင်းတွင် ၂၅ ကီလိုမီတာရှည် မြေအောက်လမ်းမ တခုကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သည်`ဟု ဆိုသည်။

ဘေရွတ် သတင်းရပ်ကွက်များ၏ ယူဆချက်အရမူ ဟစ်ဇဘိုလာတို့သည် သူတို့ကို ဆီးရီးယားနှင့် အီရန် မဟာမိတ်များက ပေးအပ်ခဲ့သော မြောက်ကိုရီးယား ဒီဇိုင်းနှင့် ပုံစံပြာတို့ကို အသုံးပြုတည် ဆောက်ခြင်းဖြစ်ဘို့ ပိုများသည်ဟု ဆိုသည်။ ဤနှစ်နိုင်ငံစလုံးမှာ မြောက်ကိုရီးယားနှင့် နီးစပ်သော နိုင်ငံများဖြစ်ကြသည်။ (အီရန်နှင့် ဆီးရီးယား နှစ်နိုင်ငံစလုံးသည် မြောက်ကိုရီးယားနိုင်ငံမှ ဒုံးပျံ နည်းပညာကို ရရှိခဲ့သည်။ မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရသော ဆီးရီးယားနိုင်ငံရှိ အနုမြူ ဓါတ်ပေါင်းဖိုကို အစ္စရေး လေတပ်က ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့သည်) မည်သို့ပင်ဖြစ်စေ မြောက်ကိုရီးယား၏ ဥမင်လှိုဏ်ခေါင်းဖောက် အတတ်ပညာသည် ပို့ကုန်ဈေးကွက်တွင် တန်ဘိုးရှိ ကုန်စည်တရပ် ဖြစ်လာနေခဲ့သည်။ နိုင်ငံတကာမှ အပယ်ခံ အာဏာရှင်များကို ကူညီ လုပ်ဆောင်ပေးနေသ၍ ငွေပေးချေမှု အပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံက အလွန် ပျော့ပျောင်းပါသည်။


ဘန်ကောက်။ ။ ကမ္ဘာ့ စီးပွါးပျက်ကပ်ကြောင့် မမျှော်လင့်သော သားကောင်တကောင် ပေါ်လာသည်။ ယင်းမှာ မြောက်ကိုရီးယားနိုင်ငံက အရှေ့တောင်အာရှတလွှား ဖွင့်ထားသော စားသောက်ဆိုင်များပင် ဖြစ်သည်။လွန်ခဲ့သော လအနည်းငယ်အတွင်းက အဆိုပါ ဆိုင်များမှာ `လတ်တလော စီးပွါးရေး အခြေအနေကြောင့်´ ပိတ်လိုက်ရသည် ဟု ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ အာရှ သံတမန်တဦးက ပြောသည်။ ဤအချက်က ဒေသတွင်း စားသောက်ဆိုင်များ၊ အခြားရှေ့တန်း ဟန်ပြ လျှို့ဝှက်ကုမ္ပဏီများ ဖွင့်လှစ် လုပ်ကိုင်နေသည့် မြောက်ကိုရီးယား အလုပ်သမားပါတီ၏ နိုင်ငံတကာ ငွေကြေးရှာဖွေရေး ဌာနခွဲဖြစ်သော အမှတ် ၃၉ ဗျူရိုသည် ငွေကြေးများ ပြတ်လပ်နေပြီ ဟူသည့် အဓိပ္ပါယ် ဆောင်ပါသည်။ အကယ်၍ ဤစီးပွါးရေး လုပ်ငန်းများသည် ငွေကြေးခဝါချရန် သက်သက်သာ တည်ထောင်ထားသည် ဆိုလျှင်ပင် ဤလုပ်ငန်းများ၏ လည်ပတ်စရိတ် နှင့် ငွေကြေးစီးဆင်းမှုမှာ သူတို့ ရပ်တည်ရှင်သန်နိုင်ရေးအတွက် အရေးကြီးမြဲ ကြီးပါသည်။ သူတို့ စားသောက်ဆိုင်များ၏ အဓိက ဖောက်သည်များမှာ အထီးကျန် မြောက်ကိုရီးယားနိုင်ငံ၏ ရှားရှားပါးပါး နှစ်သိမ့်စရာ အစားအသောက်များကို လာရောက်ရှာဖွေ စားသောက်ကြသည့် တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည်များ ဖြစ်သည်။ စားပွဲထိုး မိန်းကလေးများမှာ သေချာဂရုတစိုက် ရွေးချယ်ထားသည့် ငယ်ရွယ် နုပျို၍ ရိုးရာကိုရီးယား အဝတ်အစားများ ဝတ်ဆင်ထားကြသည့် မိန်းမပျိုကလေးများ ဖြစ်သည်။ သူတို့သည် လာရောက်သော ဧည့်သည်များကို သီချင်းများ အကများဖြင့်လည်း ဖျော်ဖြေကြသည်။

ကမ္ဘာ့စီးပွါးရေး အကြပ်အတည်းကြောင့် တောင်ကိုရီးယား လူမျိုး ကမ္ဘာလှည့်ခရီးသည် အရေအတွက်သာ ကျဆင်းသွားသည်မဟုတ်၊ တောင်ကိုရီးယား ဝမ်ငွေ၏ တန်ဘိုးမှာလည်း ကျဆင်းသွားခဲ့ရာ ထိုငွေကြေး၏ ဝယ်နိုင်အားလည်း ကျဆင်းသွားခဲ့ရသည်။ တောင်ကိုရီးယား ဝမ်ငွေသည် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလက အမေရိကန် တဒေါ်လာလျှင် ၉၄၂ ရှိနေရာမှ ဖေဖော်ဝါရီလတွင် ၁၅ဝ၆ အထိ ကျဆင်းသွားခဲ့သည်။ အသေးစိတ် စာရင်းအင်းများ မရရှိသော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော တောင်ကိုရီးယား လူမျိုး ကမ္ဘာလှည့်ခရီးသည် အရေအတွက်မှာ ၂၅ ရာနှုံး ကျဆင်းသွားခဲ့သည်။ ထိုင်းနိုင်ငံသည် သူတို့အတွက် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယားနှင့် လာအိုတို့သို့ သွားရောက်ရာ တံခါးပေါက်လည်း ဖြစ်သည်။

မိမိနိုင်ငံတွင် ဒေါင်ဒေါင်မြည် ဆိုရှယ်လစ်ဖြစ်သော်လည်း မြောက်ကိုရီးယား နိုင်ငံသည် နိုင်ငံရပ်ခြားတွင် အရင်းရှင် စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ အောင်မြင်လှသည်။ ထိုလုပ်ငန်းများမှ ပြုံယမ်း၏ ဘဏ္ဍာတိုက်တွင်းသို့ နိုင်ငံခြား ငွေကြေးများ ပုံမှန် စီးဆင်းနေစေသည်။ မြောက်ကိုရီးယားသည် ကုန်သွယ်ရေး ကုမ္ပဏီများကို ထိုင်း၊ ဟောင်ကောင်၊ မကာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် ဖွင့်လှစ်ထားကာ မြောက်ကိုရီးယား ကုန်စည် များကို ဒေသတွင်းနိုင်ငံများသို့ တင်ပို့ ရောင်းချနေသည်။ အများစုမှာ အဝတ်အထည်၊ ပလပ်စတစ်၊ ကြေးနီ ကဲ့သို့သော သတ္တုများ ဖြစ်ကြသည်။ တချိန်တည်းတွင် အစားအစာ အမျိုးမျိုး၊ အပေါ့စား စက်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများကို တင်သွင်းခဲ့သည်။ ယခင်ကမူ အရပ်ဘက်ရော စစ်ရေးဘက်တွင်ပါ အသုံးပြုနိုင်သည့် နှစ်ဘက်သုံး ဓါတုပစ္စည်းများကို တင်သွင်းခဲ့သည်။ ဤကုမ္ပဏီ အားလုံးသည် အင်အား ကြီးမားလှသော Daesong Group က လည်ပတ် လုပ်ကိုင်နေသော လုပ်ငန်းများဖြစ်ပြီး လျှို့ဝှက် သိပ်သည်းလှသော အမှတ် ၃၉ ဗျူရို လက်အောက်ခံလည်း ဖြစ်သည်။

၁၉၈ဝ စုနှစ်များ နှောင်းပိုင်းနှင့် ၁၉၉ဝ စုနှစ်များအတွင်း ကွန်မြူနစ် မဟာမိတ်ဟောင်းများနှင့် ကုန်သွယ်ရေး အဆက်အဆံများ ရပ်ဆိုင်းသွားပြီး အလွန်ပြင်းထန်သည့် အကြပ်အတည်းကို ကြုံရပြီးနောက် မြောက်ကိုရီးယား နိုင်ငံသည် ဤအရင်းရှင် စီးပွါးရေး လုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်လာခဲ့ခြင်း ဖြစ်သည်။ ပိုပြီး ထိခိုက်စရာ ဖြစ်လာသည်မှာ ၁၉၉ဝ ခုနှစ်တွင် ယခင် ဆိုဗီယက်ယူနီယံက၎င်း၊ ၁၉၉၃ ခုနှစ်တွင် တရုပ်နိုင်ငံက၎င်း သူတို့ ရောင်းချသော ကုန်စည်များကို နိုင်ငံတကာ စံဈေးနှုံးများအတိုင်း ငွေမာဖြင့် ပေးချေရန် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်၊ ယခင် ကုန်ချင်း လဲလှယ်သည့် ဘာတာစနစ်ကို လက်မခံတော့။ အလားတူ နိုင်ငံရပ်ခြားရှိ သံရုံးများကိုလည်း မြောက်ကိုရီးယား နိုင်ငံက အရေးတကြီး လိုအပ်နေသော နိုင်ငံခြားငွေကြေးများ ရှာဖွေခိုင်းခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံအတွင်း ဖြစ်ထွန်းသမျှကို လေ့လာနေသော ဘန်ကောက်အခြေစိုက် အနောက်တိုင်း သံတမန်တဦး အပြောအရ သိရသည်။ `ငွေဘယ်လိုရတယ်ဆိုတာက အရေးမကြီးဘူး၊ တရားဝင်ရော၊ တရားမဝင်ရော နည်းပေါင်းစုံနဲ့ လုပ်လို့ ရတယ်။ သူတို့က မကြာခဏ သံတမန် အထူးအခွင့်အရေးကို အလွဲသုံးစား လုပ်ကြတယ်´ ဟု အဆိုပါ သံတမန်က ပြောသည်။

မြောက်ကိုရီးယား နိုင်ငံ၏ အဓိကရှေ့တန်းဟန်ပြ ကုမ္ပဏီများ ဖြစ်ကြသော Star Bravo နှင့် Kosun Import-Export ကုမ္ပဏီတို့မှာ ယနေ့တိုင် ထိုင်းနိုင်ငံတွင် လည်ပတ်လုပ်ကိုင်နေဆဲ ဖြစ်သည်။ ၂ဝဝဝ စုနှစ်များအစော ပိုင်းတွင် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပြီးလျှင် မြောက်ကိုရီးယားသည် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယား သံတမန်များက ဇိမ်ခံကားများ၊ အရက်နှင့် စီးကရက်များတို့ကို ထိုင်းနိုင်ငံ အတွင်းသို့ အကောက်ခွန်မဲ့ တင်သွင်းလာသည်ကို အနောက်နိုင်ငံ ထောက်လှမ်းရေးအရာရှိများက သတိပြုမိလာကြသည်။ ဘန်ကောက်သည် ဤသို့သော ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၏ ဗဟိုဌာနချုပ် ဖြစ်လာခဲ့သည်။ ပိုထူးသော လုပ်ငန်းတရပ်မှာ ဘန်ကောက်ရှိ မြောက်ကိုရီးယား လူမျိုးများက တပတ်ရစ် မိုဘိုင်းဖုံးများကို ဝယ်ယူ၍ သံတမန်ချောအိတ်များ သုံးပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တင်ပို့ကာ အသစ် မဝယ်နိုင်သော ဖောက်သည်များအား ရောင်းချနေခြင်း ဖြစ်သည်။ ၂ဝဝ၁ ခုနှစ် အစပိုင်းတွင် အရည်အသွေးမြင့် အမေရိကန် ဒေါ်လာ ၁ဝဝ တန် ငွေစက္ကူများ ဘန်ကောက်တွင် ပေါ်ထွက်လာခဲ့သည်။ ဤကိစ္စအတွက် မြောက်ကိုရီးယား သံရုံးတွင် တာဝန်ရှိသည်ဟု ထိုအချိန်က တာဝန်ယူခဲ့သော ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင်းရှိ ဒေသခံ ဘဏ်များတွင် အဆိုပါ သံအရာရှိများ ဒေါ်လာငွေအတုများ အပ်နှံရန် ကြိုးပန်းသည်ကို ဖမ်းမိခဲ့ပြီး၊ သူတို့ကို နောက်မလုပ်ရန် သတိပေးခဲ့သည်။

စားသောက်ဆိုင်များမှာမူ ပြုံယမ်း အစိုးရအတွက် နောက်ထပ် ငွေကြေးများ ရှာဖွေရာတွင် အသုံးပြုသည်။ တချိန်တည်းတွင် မြောက်ကိုရီးယားနိုင်ငံ၏ မသတီစရာ စီးပွါးရေး လုပ်ငန်းများမှ ရရှိသော ငွေကြေးများ ခဝါချ ရာတွင်လည်း အသုံးပြုနေသည်ဟု သံသယရှိစရာ ဖြစ်နေသည်။ စားသောက်ဆိုင်များနှင့် အခြားငွေသား အသားပေး စီးပွါးရေး လုပ်ငန်းများကို ဘဏ်များက အပ်နှံငွေအဖြစ် လက်မခံသည့် ငွေအစုလိုက် အပုံလိုက်ကို လက်ခံရာ ကြားခံအဖြစ် အများအားဖြင့် အသုံးပြုနေသည်။

မြောက်ကိုရီးယား စားသောက်ဆိုင် အများအပြားကို ပီကင်း၊ ရှန်ဟဲနှင့် အခြား တရုတ်မြို့ကြီးများတွင် နှစ်ပေါင်း များစွာ ကတဲက ဖွင့်လှစ် လုပ်ကိုင်လာခဲ့သည်။ သို့သော် အရှေ့တောင်အာရှတွင် ပထမဆုံးသော အဆိုပါ စားသောက်ဆိုင်ကို ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့၌ ၂ဝဝ၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ အန်ကောဝပ် ဘုရားကျောင်း အပြိုအပျက်များကို လာရောက် လေ့လာကြည့်ရှုကြသည့် တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည် ထောင်ပေါင်းများစွာကြောင့် အဆိုပါ စားသောက်ဆိုင်မှာ ချက်ချင်း အောင်မြင်သွားခဲ့သည်။ ထိုဆိုင် အောင်မြင်သွားသောကြောင့် ဒုတိယ စားသောက်ဆိုင်ကို မြို့တော် ဖနွမ်းပင်တွင် ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလ က ထပ်မံဖွင့်လှစ်ခဲ့သည်။ အတော်အတန် ကြီးမားသော အဆိုပါ စားသောက်ဆိုင်တွင် သိပ်မထူးခြားလှသော ကိုရီးယားလူမျိုးတို့၏ အဓိက အစားအစာ ကင်ချီ (Kimchi) နှင့် အခြား ဟင်းလျာများကို ရောင်းချပြီး မြောက်ကိုရီးယား စားပွဲထိုး အမျိုးသမီးလေးများက အဆိုအကမျာဖြင့် ဖျော်ဖြေသည်။ အဆိုပါ ဆိုင်ကို စီးပွါးရေး မကောင်းသောကြောင့် ယခုနှစ် အစောပိုင်းက ပိတ်ခဲ့ရသည်။

နောက်ထပ် ပြုံယမ်းစားတော်ဆက် ဟုခေါ်သည့် စားသောက်ဆိုင် တဆိုင်ကို ဘန်ကောက်မြို့တွင် ၂ဝဝ၆ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ စားသောက်ဆိုင်ကို အနောက် နိုင်ငံသားများ အရောက်အပေါက် နည်းသည့် ဘန်ကောက်ဆင်ခြေဖုံး Pattanakan အရပ် လမ်းကြားတွင် အထူး ဆောက်လုပ်ထားသော ကောင်းမွန်ခန့် ငြားလှသည့် အဆောက်အဦ၌ ဖွင့်လှစ်ထားသည်။ သို့သော် ထိုအရပ်သည် မြောက်ကိုရီးယား သံရုံးနှင့် အခြား ဘန်ကောက်မြို့ရှိ ရှေ့တန်းဟန်ပြ ကုမ္ပဏီများ ဖွင့်လှစ်ထားရာ နေရာနှင့်မူ နီးသည်။ နောက်ထပ် အလားတူ စားသောက်ဆိုင်တဆိုင်ကို ပို၍ပင် ခမ်းနားစွာ ထိုင်းနိုင်ငံ၏ နာမည်ကျော် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမြို့ ဖြစ်သော ဖတ်တယား (Pattaya) ၌ ဖွင့်လှစ်ခဲ့သည်။ သီးခြား အဆောက်အဦဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားများ ရပ်နားရန် အလွန်ကြီးမားသော ကားရပ်စခန်း တခုကိုပါ အပြင်တွင် တပါတည်း ထည့်သွင်း တည်ဆောက်ထားသည်။ ထိုစားသောက်ဆိုင်ထက် အများကြီးငယ်သော စားသောက်ဆိုင်ကိုမူ လာအိုနိုင်ငံ၏ အိပ်မောကျနေသည့် ပျင်းရိငြီးငွေ့ဘွယ် ကောင်းသော ဗီယင်ကျန်းမြို့တော်၌ ဖွင့်လှစ်ထားသည်။ ထိုစားသောက်ဆိုင်မှာမူ တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည်များကြောင့် ထင်ရှာလာခြင်း မဟုတ်ဘဲ တရုတ်လူမျိုး ပညာရှင်များနှင့် ဧည့်လုပ်သားများ လာရောက် စားသောက်ကြခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ဆက်လက် လည်ပတ်လုပ်ကိုင်နေဆဲ စားသောက်ဆိုင်မှာ ဗီယင်ကျန်း စားသောက်ဆိုင် တဆိုင်သာ ဖြစ်ပါလိမ့်မည်။

မြောက်ကိုရီးယားနိုင်ငံ၏ ငွေတုလုပ်ငန်းနှင့် မှောင်ခိုစီးပွါးရေး လုပ်ငန်းများကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ပြုံယမ်း၏ ဘဏ္ဍာရေး လုပ်ငန်းများကို ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် ဝက်အူတင်း တင်းကြပ်ခဲ့သည်။ ဤလုပ်ရပ်မှာ မကာအိုရှိ ဒေသခံ ဘဏ်တခုဖြစ်သော Banco Delta Asia ကို ´ငွေကြေးခဝါချမှု လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု အဓိက စိုးရိမ်ပူပန်စရာ ဘဏ္ဍာရေး အဖွဲ့အစည်း´ အဖြစ် သတ်မှတ်ခံလိုက်ရပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဘဏ်မှာ ပြိုလဲလုနီးပါး ဖြစ်သွားပြီး မြောက်ကိုရီးယားနိုင်ငံ၏ ပိုင်ဆိုင်မှု အားလုံကိုလည်း ထုတ်မရအောင် လုပ်ထားခြင်း ခံလိုက်ရသည်။ ၆ နိုင်ငံ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနိုင်ငံ၏ အလျှော့ပေး လိုက်လျောလာမှုများကို မက်လုံးပေးသည့် အနေနှင့် အဆိုပါ ပိုင်ဆိုင်ခွင့် (ရရန်ပိုင်ခွင့် Assets)များကို မြောက်ကိုရီးယားနိုင်ငံသို့ ရုရှအရှေ့ဖျားရှိ ဘဏ်မှတဆင့် တဖြေးဖြေး ပြန်လည် လွှဲပြောင်းပေးခဲ့သည်။ ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများနှင့် ပေါင်းစပ်လိုက်သောအခါ မြောက်ကိုရီးယားနိုင်ငံ၏ ပင်လယ်ရပ်ခြား ဘဏ္ဍာရေး ကွန်ရက်မှာ ထိခိုက် ပျက်စီးသွားတော့သည်။ ပြုံယမ်း ၏ ပင်လယ်ရပ်ခြား ရှေ့တန်းဟန်ပြ ကုမ္ပဏီ အများအပြားမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် မရတော့။ ဥပမာ အားဖြင့် ထိုင်းနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄၃ သန်းအထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာမှ စတင် ကျဆင်းသွားခဲ့သည်။ ၂ဝဝ၇ ခုနှစ် တွင် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ သို့ ကျဆင်းသွားပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ဝ.၈ သန်း သာ ရှိတော့သည်။

ယခု မြောက်ကိုရီးယားနိုင်ငံက ဒုတိယအကြိမ် ညူကလီယာလက်နက် စမ်းသပ် ဖောက်ခွဲမှုများ ပြုလုပ်၍ ဒုံးကျည်များ ပစ်လွှတ် စမ်းသပ်ခဲ့ပြီးနောက် ဝါရှင်တန်က မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဘက်ဝါဒ ထောက်ခံအားပေးသော နိုင်ငံအဖြစ် ပြန်လည် သတ်မှတ်မည့် အလားအလာများ တဖန် များလာပြန်ပြီ ဖြစ်သည်။ ဤသို့ ဖြစ်လာပါက ပုဂ္ဂလိက ကုမ္ပဏီ အများအပြားမှာ ပြုံယမ်းနှင့် စီးပွါးရေး လုပ်ကိုင်လျှင် အမေရိကန် ဘဏ္ဍာရေးဌာန၏ နာမည်ပျက်စာရင်း သွင်းခံရမည်ကို စိုးရိမ်ရ၍ တွဲဖက် စီးပွါးရေးလုပ်ကိုင်ရန် ဝန်လေးသွားကြမည် ဖြစ်သည်။

ဤသို့ ငွေရှာပေးနေသည့် စီးပွါးရေးလုပ်ငန်း အများအပြား ပျက်ကိန်း ကြုံနေရသဖြင့် ပြုံယမ်းမှာ ဖိအားများ ပိုမို ခံလာနေရသည်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကြပ်အတည်းကလည်း မြောက်ကိုရီးယားနိုင်ငံကို နောက်ထပ် ချောင်ပိတ်ခံရအောင် လုပ်လိုက်သလို ဖြစ်နေသည်။ နိုင်ငံရပ်ခြားရှိ မြောက်ကိုရီးယားနိုင်ငံ၏ စီးပွါးရေး လုပ်ငန်းများမှ ရရှိငွေများကို တိုင်းပြည်ရှိ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများတွင်သော်၎င်း၊ တိုင်းပြည်တွင်းရှိ အစာရေစာ ငတ်ပြတ်နေသော ပြည်သူလူထု၏ ထမင်းစားပွဲပေါ်တွင် စားစရာများ တင်ပေးလိမ့်မည်ဟုသော်၎င်း၊ အခြား အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးလိမ့်မည်ဟုသော်၎င်း မျှော်လင့်၍ မရနိုင်ပါ။ ဒေသတွင်းရှိ တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသည်များအား ရောင်းချရန် အစားအသောက်ပင် မရှိတော့ပါ။

(ဘာတီလင်တနာသည် ဘန်ကောက်အခြေစိုက် ဆွီဒင်လူမျိုး သတင်းစာဆရာ တဦးဖြစ်ပြီး အာရှရေးရာ စာအုပ် အများအပြား ရေးသားခဲ့သူ ဖြစ်သည်။ ထိုစာအုပ်များထဲတွင် “Blood Brothers: The Criminal Underworld of Asia”, “Great Leader, Dear Leader: Demystifying North Korea under the Kim Clan” တို့ ပါဝင်သည်။)