Monday, June 22, 2009

တိုရန်တိုကြွက်တွေကံကောင်းသလောက်မြန်မာသင်္ကြန်ကံဆိုး...


တိုရန်တိုမြူနီစပယ်လုပ်သား၂၄၀၀၀ကနေဒါစံတော်ချိန်တနင်္ဂနွေနေ့ည၁၂ထိုးတာနဲ့စတင်ဆန္ဒပြလိုက်ကြပါပြီ။
အမှိုက်သိမ်းခြင်း၊နေ့ကလေးထိန်းခြင်း၊လမ်းနှင့်ပန်းခြံပြုပြင်ရေး၊ဖယ်ရီဘုတ်များနှင့်နွေရာသီအပမ်းဖြေစခမ်းများကိုရပ်နားပြီးမရှိမဖြစ်လိုအပ်သောမီးသတ်နှင့်ရဲကိုတော့ဆက်လက်တာဝန်ထမ်းဆောင်စေမယ်လို့the Canadian Union of Public Employees,(CUPE locals)ကပြောပါတယ်။စီးပွားကျချိန်မှာပိုက်ဆံတိုးတောင်းတာမြို့ခံတွေကတော့အမြင်မကြည်ကြပါဖူး...ပြီးရင်Property tax တွေတိုးပေးရမှာ..
၂၀၀၂ ဒီလိုအချိန်မှာတခါရက်သတ္တပတ်အနည်းငယ်ဆန္ဒပြခဲ့ပေမဲ့သတ်မှတ်ထားတဲ့ပန်းခြံတွေထဲမှာလာပစ်ထားတဲ့အမှိုက်ထုပ်တွေက
တော့အမြင့်ပေ၂၀လောက်တောင်ရောက်ခဲ့ရပါတယ်။ကားတစီးကပိုးသတ်ဆေးဖြန်းပေးတာကလွဲလို့လမ်းမတွေပေါ်မှာစည်းကမ်းမဲ့လွှင့်
ပစ်ထားတာတွေကတော့တမြို့လုံးညစ်ပတ်နေခဲ့ရပါတယ်..အခုလည်းဘယ်နှစ်ပတ်ကြာအုံးမည်မသိ...USAနှင့်နယ်မြေထိစပ်နေသော
ဝင်ဆာမြို့မှာဆန္ဒပြနေတာတော့၂လရှိပြီဟုဝင်ဆာမှမြန်မာတဦးကပြောပါသည်။စားသောက်ဆိုင်ပိုင်ရှင်များကမိမိအစီအစဉ်ဖြင့်အမှိုက်ပစ်
သည်ကိုဆန္ဒပြသူများကတားဆီး၍ညသန်းခေါင်မှအမှိုက်ပစ်ရသည်ဟုဆိုသည်၊တိုရန်တိုတွင်ဆန္ဒပြသူများကအလုပ်သမားများ၏လုံခြုံရေး
ပင်စင်၊ဆေးနားခွင့်အစရှိသည်တို့ပိုမိုရရှိရန်တောင်းဆိုလျက်ရှိသည်။စနေနေ့၊ Woodbine Park တွင်ပြုလုပ်မည့်မြန်မာသင်္ကြန်မှာအလိုအ
လျောက် Cancel ဖြစ်သွားရပါတော့သည်။

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ

မင်းချမ်း(ဘဝတက္ကသိုလ်)
ဇွန် ၁၈၊၂၀၀၉။
နအဖစစ်အစိုးရက သေရေးရှင်ရေးသမျှ အလောတကြီးလုပ်ဆောင်နေတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး ကိစ္စမှာ နအဖရဲ့နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဖေါ်ဆောင်မှုကော်မတီ အကြီးအကဲ/ စရဖ ချုပ်ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကို အပစ်ရပ် တိုင်းရင်းသားပါတီ၊ တပ်ဖွဲ့တွေက ယခင်က အားနာနေသယောင်နဲ့ ဟိုရွေ့ဒီရွေ့ အချိန်ဆွဲခဲ့ရာက နောက်ဆုံးအားမနာတမ်း“ဘူး” ခံပြလာတော့ မြန်မာနိုင်ငံ အရှေ့မြောက်ခြမ်းက အင်အားကြီးမားတဲ့ UWSA ဝတပ်ဖွဲ့နဲ့ အခြားတပ်ဖွဲ့တွေအပေါ် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ နအဖတို့အနေနဲ့ မျက်ပြူးဆံပြာဖြစ်ခဲ့ရပါတယ်။

ယခုဇွန်လ ၁၅ ရက်နေ့ကလည်း ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး ပေါက်ဖေါ်တရုတ်ဆီ သွားရောက်ခဲ့ပါတယ်။ စီးပွားရေး ကိစ္စလို့ သတင်းများ လွှင့်ထုတ်နေပါတယ်။ တရုပ်နယ်စပ်က အပစ်ရပ်အဖွဲ့တွေ နယ်ခြားစောင့်တပ်ကိစ္စကနအဖအတွက် အလွန်အရေးကြီးတဲ့ ဗျူဟာတစ်ရပ်ပါ။ အကဲခတ်တွေကတော့ နယ်ခြားစောင့် တပ်ဖွဲ့ကိစ္စထက် အခုတလော ကမ္ဘာ့ သတင်းလောက ထိပ်တန်းသတင်းတွေမှာ လူအများအာရုံစိုက်နေကြရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ဘယ်လို
ဖြေရှင်းမလဲ ဆိုတာကိုပဲ ပေါက်ဖေါ်တရုပ်ကြီးအနေနဲ့ ဦးစားပေးရမဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုကြပါတယ်။

တရုတ်ပြည်က လူအဖတ်များတဲ့ အင်တာနက်စာမျက်နှာ www.news.qq.com ရဲ့ ဇွန်လ ၁၆ ရက်နေ့က ရေးသားချက် မှာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာဝမ်ကျားပေါင်က မြန်မာပြည် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုကို မျှော်လင့်နေသည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ထုတ်ဖော် ပြောဆိုလိုက်ကြောင်း၊ ဒီလိုပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ရာမှာ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ စီးပွားရေး၊ ဖွံဖြိုး တိုးတက်ရေးတို့ကို ထိခိုက်ခြင်း မရှိစေရန်အတွက် မှန်မှန် လုပ်ဆောင်ရန် လိုတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ အခုတလော မြောက်ကိုးရီးယားကို အရေးယူမှုမှာ တရုတ်က အများဆန္ဒအတိုင်း လုံခြုံရေးကောင်စီမှာ သဘောတူလိုက်တာတွေဟာ နအဖစစ်အစိုးရအတွက် သတိပြုစရာ အချက်တစ်ရပ်လို့ ဆိုနိုင်ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖမ်းဆီးထားတဲ့ ကိစ္စဟာလည်း စစ်အစိုးရမှာ ဖွတ်အမြီးဖွတ်လည်ပင်းကို ပြန်ပတ်မိနေတဲ့ကိန်း ဆိုက်နေတယ်ဆိုတာ မြန်မာ့အရေး စိတ်ဝင်စားကြသူတိုင်း အကဲခတ်မိကြမှာပါ။ အာဆီယံ၊ ဥရောပသမဂ္ဂ EU၊ ကုလသမဂ္ဂတို့၊ မစ္စတာဘန်ကီမွန်း၊ ဂမ်ဘာရီ၊ ဆက်ဆံရေးဝန်ကြီး ဦအောင်ကြည်တို့၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအဖွဲ့အစည်းတို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စတွေဖေါ်ဆောင်ဖို့ အချိန်ကုန်အောင် တမင်ဆွဲထားသူက နအဖပါပဲ။

ဗိုလ်ခင်ညွန့် အနေနဲ့လည်း KNU တစ်ဖွဲ့ကို အပစ်ရပ်အဖွဲ့ထဲ စည်းရုံးသိမ်းသွင်းနိုင်မလားဆိုပြီး စောင့်စားမျှော်ကိုးရင်း နောက်ဆုံး စစ်ထောက်လှမ်းရေး ယန္တယားတစ်ခုလုံး အဖြိုခွဲခံလိုက်ရတဲ့အထိပါပဲ။ ဗိုလ်ချုပ်ကြီးမြကိုယ်တိုင် ရန်ကုန်မြို့ ကို ရောက်ခဲ့ရပါတယ်။ မအောင်မြင်ခဲ့ကြပါဘူး။ စစ်အစိုးရဖက်တော့ KNU နဲ့ အပစ်အခတ်အောင်မြင်သွားရင် တစ်နိုင်ငံ လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမယ်။ ဒီတော့ နိုင်ငံရေးအရ အားလုံးမဖြစ်မနေဆွေးနွေး အဖြေရှာရမဲ့အဆင့်ကို အလိုလိုရောက်သွားမယ်၊ ဆိုတော့ စစ်အစိုးရက ဒီအဆင့်ကိုတက်လှမ်းဖို့ အင်မတန်ဝန်လေး နေပြီး လက်ခံဖို့မဖြစ်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒီတော့ KNU နဲ့ အပစ်အခတ်ရပ်စဲဖို့ စကားကမ်းလှမ်းထားဆဲ အဆင့်မှာပဲ ဆက်ပြီးထားနေရဦးမှာပဲ။

အခု စစ်အစိုးရ ဦးတည်ဖော်ဆောင်နေတာကတော့ အလုပ်ရှားပါးတဲ့ မြန်မာပြည်မှာ စစ်သားဦရေ ပိုများပြားလာအောင် လုပ်ဆောင်နေပုံပါပဲ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ပါးစပ်ကသာ တဖွဖွ ရွတ်ပြနေပြီး တစ်ဖက်မှာ စစ်အင်အားတိုးချဲ့လာကာ ကိုယ့်လူမျိုးအချင်းချင်း ပြန်တိုက်ခိုင်း၊ သတ်ခိုင်းနေတာကို အခုတလော KNU နဲ့ DKBA တိုက်ပွဲတွေကသက်သေဖြစ်သလို ဒီတိုက်ပွဲတွေမှာ မြန်မာအစိုးရရဲ့တပ်ဖွဲ့တွေလုံးဝ မပါဝင် ခဲ့ကြောင်း၊ အချင်းချင်းတိုက်ခိုက်နေကြကြောင်း ဥရောပသမဂ္ဂရဲ့စိုးရိမ်မှုကို ဇွန်လ ၁၃ ရက်နေ့မှာ နအဖနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်ချေပတဲ့ ထုတ်ပြန်ကြေညာချက်မှာ အတိုင်းသားဖတ်ရှုခဲ့ရပါတယ်။ နအဖတပ်ဖွဲ့ပါဝင်တာ မပါဝင် ထားပါ။ ကရင်အချင်းချင်းတိုက်ခိုက်နေကြတာကို အင်မတန်သဘောခွေ့နေပုံပါပဲ။

နဝတ၊ နအဖရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ဥပဒေဘောင်အတွင်းဝင်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပါတီ အဖွဲ့အစည်း ၁၇ ဖွဲ့ရှိပါတယ်။ လက်နက်ချအဖွဲ့များ မပါဝင်ပါ။ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ ၁၇ ဖွဲ့ ထဲမှာ စစ်အစိုးရဖက်က သဘောတူညီချက်စည်းကမ်းအချို့ကို ဖောက်ဖျက်လာတဲ့အတွက် ဖိအားအမျိုးမျိုးတို့ကို မခံ မရပ်နိုင်တဲ့အဆုံး အောက်ဖေါ်ပြပါ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့ ယခုတိုင် စစ်အစိုးရကို ပြန်လည်တိုက်ခိုက် နေတာကို တွေ့နေရပါတယ်။
၁။ ကရင်နီတိုးတက်ရေးပါတီKarenni National Progressive Party (KNPP),
၂။ပလောင်ပြည်လွတ်မြောက်ရေးတပ်မတော် Palaung State Liberation Army (PSLA),
၃။ သျှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ Shan State Nationalities People Liberation Organization (SNPLO),
၎။ သျှမ်းပြည်အမျိုးသားတပ်မတော် Shan State National Army (SSNA)

အပစ်အခတ်ရပ်စဲပြီး စစ်အစိုးရကို ပြန်လည်တိုက်ခိုက်နေတဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်တပ် ၄ ဖွဲ့ကို နအဖကအများ တကာ ပြည်သူများကိုတင်ပြရာမှာ ယခုတိုင်အပစ်ရပ်အဖွဲ့ ၁၇ ဖွဲ့ ရှိနေတယ်လို့ပဲ ဗြောင်လိမ်နေပါသေးတယ်။ ၁၃ ဖွဲ့ပဲ ကျန်တော့တယ်လို့ အဘယ်ကြောင့် မဖေါ်ပြပါသလဲ။ ဘာကြောင့် အပစ်အခတ်ရပ်စဲပြီး ပြန်လည်ပစ်ခတ်ကြရပါသလဲ။ မည်သည့်ဖက်က ကတိသဘောတူညီမှုများ စတင်ချိုးဖောက်ခဲ့သလဲဆိုတာ ပြည်သူများ အမှန်တကယ် သိရှိသွားမှာကို စစ်အစိုးရတို့ အလွန်ပင်စိုးရိမ်နေရပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကို စစ်အစိုးရဆန္ဒအတိုင်း မလိုက်လျောဘဲ ခေါင်းခါငြင်းဆံနေတဲ့ အဖွဲ့တွေ ကတော့ လက်ရှိအနေအထားမှာ ဒီလိုတွေ့ရှိနေရပါတယ်။
၁။ ကချင်ဒီမိုကရေစီသစ် တပ်မတော်New Democratic Army-Kachin (NDA-K)
၂။ ကချင်လွတ်လပ်ရေးအဖွဲ့ Kachin Independence Organization (KIO)
၃။ ကယန်းပြည်သစ်ပါတီ Kayan New Land Party (KNLP)
၎။ မိုင်းလားအဖွဲ့ National Democratic Alliance Army(NDAA)
၅။ ကိုးကန့်အဖွဲ့Myanmar National Democratic Alliance Army (MNDAA)
၆။ ဝပြည်ညီညွတ်ရေးတပ်မတော် United Wa State Army (UWSA)
၇။ သျှမ်းပြည် တပ်မတော် မြောက်ပိုင်း Shan State Army- North (SSA-N)
၈။ မွန်ပြည်သစ်ပါတီ New Mon State Party (NMSP)

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းနိုင်ရန် စစ်အစိုးရဖိအားပေးနေမှုကို ကိုးကန့်၊ ၀ ၊ မိုင်းလား အပစ်ရပ်အဖွဲ့တို့က စစ်အစိုးရဆန္ဒကို လက်မခံ သဘောမတူနိုင်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားပြီး ဖြစ်ပါ တယ်။ သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ကလည်း ငြင်းပယ်ထားပါတယ်။

KIO ကချင်လွတ်လပ်ရေးအဖွဲ့ကလည်း ကချင်ပြည်သူများရဲ့ ဆန္ဒအရ နယ်ခြားစောင့်တပ်အသွင်ကို နောင်တက်လာမဲ့ အစိုးရနဲ့သာ တွေ့ဆုံပြောကြားဖို့ စဉ်းစားမယ်လို့ သတင်းဌာနများကို ပြောဆိုခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီကလည်း ၂၀၀၈ ဒီဇင်ဘာလကတည်းက မွန်ပြည်သစ်ပါတီ အနှစ် ၅၀ ရွှေရတုသဘင်မှာ မွန်ပြည်သူ များကို အသိပေးထုတ်ပြန်ခဲ့ရာမှာ ၂၀၀၈ မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို အများသဘောတူညီနိုင်သည် အထိ အချက်အလက်အချို့ကို ပြန်လည်မပြင်ဆင်လျှင် ၂၀၁၀ ရွေးကောက်ပွဲကိုလည်းမဝင်၊ မွန်အမျိုးသားလွတ် မြောက်ရေး တပ်မတော် MNLA ကိုလည်း နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲမှာ မဟုတ်ကြောင်း အတိအလင်း ကြေညာခဲ့ပါတယ်။

နအဖတို့ အကြိမ်ကြိမ်တောင်းဆိုနေပေမဲ့ မွန်ပြည်သစ်ပါတီဟာ ဒီရပ်တည်ချက်ကို လုံးဝပြောင်းလဲဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ ဒီအကြောင်းကို အနည်းငယ်အကျယ်တဝင့် ရှင်းပြချင်ပါတယ်။

ယနေ့ကာလမှာ မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရနဲ့ ဆက်ဆံရေးကဏ္ဍမှာ တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်ရပ်စဲထားရုံ မျှသာရှိကြပြီး စစ်အစိုးရထံက ဘာထောက်အပံ့ကိုမှ မရရှိတော့ပါဘူး။ စတင် အပစ်ရပ်စဲစဉ် သုံးလေးနှစ်လောက်ကာလ မှာပဲ စစ်အစိုးရက ထောက်ပံ့ခဲ့တာရှိခဲ့ပါတယ်။ အဲဒီကာလတွေမှာ တစ်ဖက်နဲ့တစ်ဖက် အဆင့်အလိုက် အပတ်စဉ်၊လစဉ်၊ နှစ်စဉ် ပုံမှန်အစည်းအဝေးတွေ ရှိကြပါတယ်။ ပြဿနာရှိယင် ချက်ချင်းပြောဆိုဖြေရှင်းကြပါတယ်။

အမျိုးသားညီလာခံမှာ မွန်ပြည်သစ်ပါတီနဲ့ အခြားအပစ်ရပ်အဖွဲ့တွေ တင်ပြချက်တွေကို ငြင်းပယ်ခံလိုက်ရလို့ မွန်ပြည်သစ်ပါတီက အမျိုးသားညီလာခံကို ဆက်မတက်တဲ့ကိစ္စ၊ ဝန်ကြီးချုပ်ဗိုလ်ချုပ်သိန်းစိန်ရဲ့ပန်ကြားချက်အရ တစ်ဖက်နဲ့တစ်ဖက် မျက်နှာမပျက်ရလေအောင်၊ အများတကာမြင်ကောင်းကြားကောင်းအောင် မွန်ပြည်သစ်က လေ့လာသူအဆင့်အနေနဲ့ တက်ရောက်တဲ့အခါ အရေးသိပ်မပါတဲ့ လူငယ်ခေါင်းဆောင်တွေကိုပဲ လွှတ်သွားတဲ့ကိစ္စ၊ နောက်ပိုင်းမှာ စစ်အစိုးရရဲ့ သဘောထားအတိုင်း ခေါင်းလိုက်မညိတ်တာတွေ များလာတာကြောင့် ပိတ်ဆို့မှု၊ ဖြတ်တောက်မှု၊ အကန့်အသတ်တွေအမျိုးမျိုးကို မွန်ပြည်သစ်အပေါ် လုပ်လာပါတယ်။ အယင်က ပုံမှန်အစည်းအဝေး တွေလည်း မရှိကြတော့ပါဘူး။ စစ်အစိုးရထံက စီးပွားရေးအခွင့်အလမ်းနဲ့ အထောက်အပံ့တွေ မရရင် လုံးဝရပ်တည်နိုင် မှာ မဟုတ်ဘူးလို့ စစ်အစိုးရဖက်က ယူဆထားခဲ့ဟန်တူပါတယ်။

တစ်ခုတော့ရှိပါတယ်။ ဘယ်ပါတီအဖွဲ့အစည်းမှာမဆို သစ္စာဖောက်တတ်တဲ့ နှစ်ဖက်ခွ အချောင်သမားတွေတော့ ရှိတတ်ကြစမြဲပါ။ ပါတီရဲ့ အရေးပါတဲ့ နေရာတွေမှာရောက်ရှိ တာဝန်ထမ်းဘူးခဲ့သူတစ်ယာက်စ၊ နှစ်ယောက်စ စစ်အစိုးရဆီက လာဘ်လာဘတွေကို မျှော်ကိုးပြီး သတင်းပေး၊ အကဲခတ်၊ အကြံပေးတွေ လုပ်နေတဲ့သူတွေကိုလည်း တွေ့နေရပါတယ်။ ဒီလိုမျိုးပုဂ္ဂိုလ်တွေ ကျပြန်တော့လည်း မွန်နိုင်ငံရေးမျက်နှာစာမှာ စင်ပေါ်တင်ဖို့က လူရှေ့သူရှေ့မှာ ခေါင်းဖော်၊ ခေါင်းမော်ဝံ့သူတွေမဟုတ်မှန်း စစ်အစိုးရ သဘောပေါက်လာပါတယ်။ နယ်ခြားစောင့်တပ် အတင်းလုပ်ခိုင်းဖို့ကလည်း အင်အားစုနိုင်ဖို့က မွန်လူငယ်တွေကို စစ်ထဲဝင်ခိုင်း၊ မဲပုံးလာထောင်ရဲလောက်တဲ့သတ္တိခဲ မွန်မျိုးချစ်အာဇာနည်လောင်း တွေ နအဖရွေးမထွက်တော့ သူတို့အပါးတော် အကြံပေးအဆင့်လောက်မှာပဲ ဒီသစ္စာဖေါက်တွေကိုနေရာပေးထားရ ပါတယ်။

မဖြစ်နိုင်တာကို ထပ်မံတောင်းဆိုဖို့ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် မျက်နှာပူမိတယ်လို့ ထင်ပါရဲ့။ မေလနောက်ဆုံးအပတ်မှာ မော်လမြိုင်မြို့ကို သူတိတ်တဆိတ်ခေတ္တခဏ လာရောက်စဉ် မွန်ပြည်သစ်ပါတီကို မခေါ်တော့ပါ။ နယ်ခြားစောင့်မဲ့ ဖထီးတွေကိုပဲ လာတွေ့သွားတယ်လို့ ရတခနဲ့နီးစပ်သူတွေက ပြောပြခဲ့ပါတယ်။

ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် အမှာတော်ပါးခဲ့တဲ့အတိုင်း ဒီဇွန်လ ၇ ရက်နေ့မှာ ရတခတိုင်းမှူးက မွန်ပြည်သစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ထုံးစံအတိုင်း နယ်ခြားတပ်ဖွဲ့ကိစ္စကို ဈေးထပ်ဆစ်ပြန်ပါတယ်။ အားနာနာနဲ့ မွန်ပြည်သစ်ပါတီက “ဟုတ်ကဲ့ ကျနော်တို့ အစည်းအဝေးခေါ်ပြီး စဉ်းစားပေးမယ်” ဆိုပြီး တုန့်ပြန်ထားတယ်လို့ သိရပါ တယ်။ စာရေးသူပါဝင်ခွင့် ရခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရကိုယ်စားလှယ်တွေ ၄ ကြိမ်တိတိ အပစ်အခတ်ရပ်စဲနိုင်ဖို့ ဆွေးနွေးခဲ့စဉ်ကာလက အနာဂတ်တစ်နေ့မှာ မွန်ပြည်သစ်ပါတီလက်အောက်မှာရှိတဲ့ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို နယ်ခြားစောင့် တပ်အသွင်ပြောင်းလဲရေးကိစ္စ လုံးဝမပါရှိခဲ့ပါ။

စစ်အစိုးရရဲ့ နယ်ခြားစောင့် Border Guard Force တပ်ကို အသွင်ပြောင်းလဲမယ့် အဖွဲ့တွေကတော့ ခေါင်းဆောင်ပိုင်း တွေမှာ နိုင်ငံရေးအမြင်အားနည်းမှုနဲ့ ကိုယ်ကျိုးစီးပွားတို့ကြောင့် ဒီဖေါ်ပြပါ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့ ဟာ စစ်အစိုးရရဲ့ဆန္ဒအတိုင်း သဘောတူညီလိုက်ရတာကို အကဲခတ်မိပါတယ်။
၁။ ကယန်းအမျိုးသားတပ်ဖွဲ့ Kayan National Guard (KNG),
၂။ ကရင်နီအမျိုးသားပြည်သူ့လွတ်မြောက်ရေးတပ်ဦး Karenni Nationalities People Liberation Front (KNPLF),
၃။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ Democratic Karen Buddhist Army (DKBA),
၎။ ကချင်ကာကွယ်ရေးတပ်မတော် Kachin Defense Army (KDA),
၅။ ပအိုဝ်းအမျိုးသားအဖွဲ့ Pa-O National Organization (PNO)

ဒီတိုင်းရင်းသားတပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲဖို့ ခေါင်းဆောင်ပိုင်းက စစ်အစိုးရနဲ့ သဘောတူညီခဲ့တယ် ဆိုပေမဲ့ စစ်အစိုးရအရာရှိတွေ မိမိတပ်ဖွဲ့မှာ လာရောက်အုပ်ချုပ်လာမှာကို အောက်ခြေအရာရှိ ရဲဘော်တွေထဲမှာ ဂယက် ရိုက်ခတ်နေဆဲပါ။ ဘာသာစကား၊ စရိုက်ချင်းလဲမတူ။ မိမိလူမျိုးကိုယ်စားပြုတဲ့ သက်ဆိုင်ရာတိုင်းရင်းသားတွေရဲ့ အမည် နာမတွေ ဖျောက်ဖျက်လိုက်ရတာကိုလည်း မကျေနပ်သူများ ရှိနေကြပါတယ်။ ဒါပေမဲ့ စီးပွားရေးအရ စစ်အစိုးရထံဆီက သူတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အကူအညီများစွာ ရယူထားပြီး နှုတ်ဂတိတွေ ကျွံလာခဲ့တော့ ဘယ်လိုမှလည်း လွန်ဆံလို့မရတော့ပါဘူး။

ဒီတပ်ဖွဲ့စည်းပုံအတိုင်း သတ်မှတ်အရေအတွက်ပြည့်မီနိုင်ဖို့ လစာတစ်လကျပ်ငွေ နှစ်သောင်းခွဲနဲ့ အောက်ခြေရဲဘော်တွေ စုဆောင်းနိုင်ဖို့ DKBA တပ်ဖွဲ့ဝင်တွေ ကရင်ကျေးရွာဒေသများမှာ တစ်ရွာဝင်ထွက်ပြီး မဲစနစ်နဲ့ လူငယ်များကို အတင်း အကြပ် ကောက်ယူနေရတာကို ကြားသိနေရပါတယ်။ စစ်အစိုးရတပ်တွေထဲမှာတောင် တပ်သားသစ်ရဖို့အရေးစုဆောင်း နိုင်ဖို့ အတော်လေးအခက်တွေ့နေရတဲ့ ကာလမှာ စစ်အစိုးရတပ်သားတွေဖြစ်လာရတော့မယ့် မြန်မာနယ်ခြားစောင့် စစ်သားလောင်း DKBA တွေ အခုလို စုဆောင်းပေးနေတာကို စစ်အစိုးရဖက်က သိပ်ကိုကျေးဇူးတင်နေမှာပါ။ အရွယ် ရောက်တဲ့ ကရင်လူငယ်တွေ အတော်များများက ထိုင်းနယ်စပ်ဖက်ကို ထွက်ပြေးနေရပါပြီ။

ဒီတော့ ရှင်းရှင်းပြောရရင် အခုနယ်ခြားစောင့်တပ်ဖွဲ့ကိစ္စက စစ်အစိုးရအနေနဲ့ အရပ်စကားနဲ့ဆိုလျှင် “ခင်ဗျားတို့တပ်ဖွဲ့က လက်နက်ရောလူတွေပါ အားလုံကို ကျုပ်တို့လက်ထဲအပ်၊ ခင်ဗျားတို့ကိုလခပေးထားမယ်၊ အသက်ကြီးတဲ့ သူတွေကို ပင်စင်ပေးမယ်” ဆိုတာပါဘဲ။



မင်းချမ်း(ဘဝတက္ကသိုလ်)

"တွင်းတူးသမား စစ်အာဏာရှင်များ၏ အခန်းဆက် မိုက်မဲမှုများ"

Sunday, June 21, 2009
စိုးနေလင်း
သံတမန်ဆက်ဆံရေးအပြောအဆို အပါအ၀င် မြန်မာနိုင်ငံက အာဏာရှင်စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်လို့ သတင်းတွေ ကြားရ ဖတ်ရ မြင်ရတိုင်း ဒီမိုကရေစီချစ်မြတ်နိုးကြသူ ပြည်သူလူထု အားလုံးစိတ်ဆင်းရဲရ၊စိတ်ဆိုးရ၊မခံချိမခံသာမဖြစ်ရမှာ အသေ အချာပဲလို့ ယုံကြည်ပါတယ်။ ခုရက်ပိုင်းအတွင်း ကျနော် ဖတ်ခဲ့ရတဲ့ ဆောင်းပါးရှင် Bertil Lintner ရဲ့ မြန်မာစစ်ဗိုလ်ချုပ် တွေနဲ့ မြောက်ကိုးရီးယား မြေအောက်လိုဏ်ခေါင်းတူး ပညာရှင်တွေ ပူးပေါင်း တည်ဆောက်ဖောက်လုပ်နေတဲ့ ကြပ်ပြေး တောင်ကြီး စစ်အာဏာရှင်စနစ်ကာကွယ်ရေး မြေအောက်လိုဏ်ခေါင်းနဲ့ အဆောက်အအုံဆောက်လုပ်ရေး စီမံကိန်းကြီး အကြောင်း ဆောင်းပါးနဲ့ Larry Jagan ရဲ့ စစ်အစိုးရရဲ့ ကေအန်ယူအပြုတ်တိုက်ရေး ထိုးစစ်ကြောင့် စစ်ဆင်ရေးဒေသနဲ့ အနီးပတ်ဝန်းကျင်က အရပ်သားအပြစ်မဲ့ ပြည်သူလူထုတွေ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက် ခိုလှုံလာကြတဲ့အကြောင်း သတင်းဆောင်းပါးဖတ်ပြီး ကျနော်အထက်မှာ ပြောခဲ့တဲ့ စိတ်ခံစားမှုတွေကိုခံစားရ ဆောင်းပါးရေးချင်တဲ့စိတ်ဆန္ဒ ပေါ်ပေါက် လာတာနဲ့ ဒီဆောင်းပါးကို ရေးဖြစ်တာပါ။

မြန်မာနိုင်ငံမှာ မတရားအာဏာရယူ အုပ်စိုးရနေကြတဲ့ အာဏာနဲ့ စည်းစိမ်ဥစ္စာကလွဲပြီး ဘာကိုမှဂရုမစိုက်တဲ့ ဘနဖူးသိုက်တူး နေကြတဲ့ (ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ရဲ့ ဘခင်ပါ) စစ်ဗိုလ်ချုပ်တွေဟာ ကျနော်တို့ စာရေးသူတွေ ဘယ်လိုမှနောက်ထပ် စကားလုံးအသစ် ရှာမရအောင်ကို ပြုပြင်လို့မရအောင် ကမ်းကုန်နေသော ရက်စက်ယုတ်မာသော ကောက်ကျစ်စဉ်းလဲသော အတ္တဗဟိုပြု အကုသိုလ်တုံးလူမိုက်တွေ ဖြစ်ပါတယ်။ ဒါကိုလည်း လူစိတ်ရှိကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုအားလုံးနဲ့ နိုင်ငံ တကာက ပြည်သူလူထုအများ သိပြီးဖြစ်ကြပါတယ်။ ခုတခါ သူတို့အတွက် သုံးစရာစကားလုံး တိုးလာပြန်ပြီလို့ ဆိုရပါမယ်။ မိုက်တွင်းကို အနက်ရှိုင်းဆုံး တူးသူများ အဲ့ဒီလို ခေါ်လို့ရမယ် ထင်ပါတယ်။

မြန်မာနိုင်ငံက အာဏာရူးစစ်ဗိုလ်ချုပ်တွေဟာ မင်းရူးရူးပြီး သူတို့ ပြောင်းရွှေ့တည်ဆောက်လိုက်တဲ့ ကြပ်ပြေးနေပြည်တော် ကနေ စစ်အာဏာရှင်စံနစ်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေ စည်းစိမ်ဥစ္စာတွေကို အကာအကွယ်ပေးဖို့ ခုခံဖို့ ပြင်ဆင်တဲ့နေရာမှာ အခုအခါ ကမ္ဘာကျော် အာဏာရှင်ဆက်ဒမ်ဟူစိန် ကမ္ဘာကျော် ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမား အိုစမာဘင်လာ ဒင်နဲ့ အစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့နည်းနာကိုယူပြီး အခု ကြပ်ပြေးနေပြည်တော်ကနေ တောင်ကြီးအထိ မြေအောက် လိုဏ်ခေါင်းနဲ့ မြေအောက်ကွပ်ကဲရေးစခန်း အဆင့်ဆင့် တည်ဆောက်နေခဲ့ပြန်ပါပြီ။ မြန်မာတနိုင်ငံလုံးက ပြည်သူလူထုကြီး တရပ်လုံး စီးပွားရေးချွတ်ခြုံကျ ကျန်းမာရေး ပညာရေးကဏ္ဍတွေမှာ အဆင့်အတန်းအလွန်နိမ့်ကျနေပြီး စစ်အာဏာရှင်လူ နည်းစုနဲ့ အလိုတော်ရိ ဒေါက်တိုင်တွေ စီးပွားရေးသမားကြီးတွေကလွဲပြီး လူများစုကြီး ဆင်းရဲဒုက္ခနွံတွင်းမှာ နစ်နေတာကို သိသိကြီးနဲ့ ကြပ်ပြေးနေပြည်တော်ဆိုတာကို ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံဆောက်ရုံနဲ့တင် အားမရသေးဘဲ ပြည်သူ လူထုပိုင် သဘာဝ သယံဇာတတွေပစ္စည်းတွေကို ရောင်းချ စစ်လက်နက်ပစ္စည်းတွေနဲ့ လဲလှယ်ပစ်ပြီး သူတို့အာဏာတည်မြဲ ရေးအတွက်ပဲ ကြိုးစားနေကြတယ်ဆိုတာ ကိုယ့်တိုင်းပြည်က ပြည်သူလူထုအပေါ်မှာ လုံးဝ စေတနာကင်းမဲ့တယ်ဆိုတာ လည်း မြန်မာပြည်က ဖိနှိပ်ခံပြည်သူလူထုကြီးက သိမြင်သဘောပေါက်ထားခဲ့တာကတော့ ကာလရှည်ကြာလှပါပြီ။

ထိုင်းနိုင်ငံလို အိမ်နီးချင်းဒီမိုကရေစီနိုင်ငံကတောင် သူ့နိုင်ငံနဲ့ ပြည်သူလူထုအကျိုးစီးပွားအတွက် စစ်အာဏာရှင်တွေနဲ့ မိတ် မပျက်အောင် ကြိုးစားနေထိုင်နေရသလို အိန္ဒယနဲ့ တရုတ်နိုင်ငံတွေကလည်း နိုင်ငံရေးပထ၀ီအနေအထားအရ ဈေးကွက်နဲ့ ကိုယ်ကျိုးစီးပွားအရ စစ်အစိုးရကို ပြေလည်အောင် ဆက်ဆံကြတယ်ဆိုတာကိုလည်း အားလုံးက သိနေခဲ့ကြပြီး ဖြစ်ပါတယ်။ ရုရှားနိုင်ငံကတော့ တချိန်က အမေရိကန်နဲ့အင်အားအရ ထိပ်တိုက်ရင်နေခဲ့ရတဲ့ မဟာအင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပေမယ့် ပြိုကွဲ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားပြီးတဲ့နောက် သူ့နိုင်ငံကို စီးပွားရေး ပြန်လည်အားကောင်း ဖွံ့ဖြိုးလာအောင် လုပ်တဲ့နေရာမှာ သူ့ရဲ့ စစ်လက်နက်ပစ္စည်းဟောင်း တိုက်လေယာဉ်ဟောင်းတွေကို မြန်မာနိုင်ငံက သတ်ချင် ဖြတ်ချင်နေတဲ့ (trigger happy) စစ်ဗိုလ်ချုပ်တွေကို ဈေးသက်သက်သာသာနဲ့ အကြွေးစနစ်နဲ့ ရောင်းချနေခဲ့တာ ကြာပါပြီ။ စစ်အာဏာရှင်တွေက မွေးထုတ် ပေးလိုက်တဲ့ အာဏာရူး ကိုယ်ကျိုးစီးပွားဝါဒီ ဗိုလ်ကလေးတွေကို ခေတ်မီစစ်ရေးနည်းပညာတွေနဲ့ နျူးကလီးယားနည်းပညာ တွေကို လက်ခံ သင်ကြားပေးနေခဲ့တာ ကြာပါပြီ။ ဒါကိုလည်း သိမှီသူတွေအားလုံး သိပြီး ဖြစ်ပါတယ်။ စစ်အစိုးရ ဗိုလ်ချုပ် တွေကို ထပ်ပြီး မျက်နှာသာပေး အကျိုးလိုလို့ ညောင်ရေလောင်း လာတာကတော့ မြောက်ကိုးရီးယားအာဏာရှင် ကင်ဂျုံအီ အစိုးရပါပဲ။

မြောက်ကိုရီးယား ပြည်သူတွေဟာ အာဏာရှင်အစိုးရလက်အောက်မှာ မြန်မာပြည်က ပြည်သူလူထုလိုပဲ ဆင်းရဲတွင်းထဲမှာ နစ်နေကြတာပါ။ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေကြရသလို အာဏာရှင်ရဲ့ ဖိနှိပ်မှုခံရလွန်းလို့ ပြည်သူလူထုဟာ အိမ်နီးချင်း တရုတ်နိုင်ငံကတဆင့် မြန်မာနိုင်ငံ အဲ့ဒီကမှ ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်ပြီး တောင်ကိုးရီးယားနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံနေခဲ့ကြတာလည်း ကြာပါပြီ။ အာဏာရှင်အစိုးရကလည်း သူ့ပြည်သူလူထုကို ၀လင်အောင် ကျွေးမွေး စောင့်ရှောက် ဖို့ထက် စစ်လက်နက် တိုးချဲ့တည်ဆောက် ခြိမ်းခြောက်ဖို့ ကြိုးစားရင်း ငွေရအောင် ရှာဖွေတဲ့နေရာမှာ မြန်မာနိုင်ငံကစစ်အာ ဏာရှင် ဗိုလ်ချုပ်တွေကို သဘောကျပါတယ်။ အမေရိကန် ဆန့်ကျင်ရေးလုပ်ဖို့အတွက် ဇက်ရဲလက်ရဲရှိတဲ့ ဗိုလ်ချုပ်တွေနဲ့ သူ့တို့တပ်ကို တပည့်မွေးချင်ပုံလည်း ရပါတယ်။ ဒါကြောင့်လည်ဲး သူတို့ရောင်းချလို့ရနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်း ပညာတွေကို အာဏာငမ်းဖမ်းနေတဲ့ စစ်ဗိုလ်ချုပ်တွေကို ရောင်းချပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေ ၀ယ်ယူနိုင်လောက်တဲ့ အခြေအနေအထိ ဈေးနှုန်းနဲ့ အရောင်းအ၀ယ်ပုံစံကို လိုက်လျောပေးတဲ့အတွက် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အရောင်းအ၀ယ် လည်း ဖြစ်ခဲ့ပါတယ်။ တာဝေးပစ်အမြောက်တွေ မြေပြင်-မြေပြင်၊ မြေပြင်-ဝေဟင် ဒုံးကျည်တွေနဲ့ နျူကလီးယား နည်းပညာ တွေကို ရောင်းချပေးနေခဲ့ပါတယ်။ နောက် ရောင်းကုန်ပစ္စည်းတခုကတော့ မြေအောက်လိုဏ်ခေါင်းနဲ့ မြေအောက်ကွပ်ကဲရေး စခန်းတည်ဆောက်ရေးနည်းပညာပါပဲ။

ဆောင်းပါးအရတော့ ကြပ်ပြေး တောင်ကြီးနဲ့ တောင်ကြီးအခြေစိုက် မြေအောက်တည်ဆောက်ရေးဟာ ပြီးစီးသလောက် ဖြစ် နေပြီလို့ ယူဆရပါတယ်။ ဒါတွေကို ကြည့်ရင် စစ်အစိုးရဟာ လူထုအုံကြွပေါက်ကွဲမှုနဲ့တော်လှန်ရေး နိုင်ငံတကာက စစ်ရေး အရ အရေးယူဆောင်ရွက်မှုတွေ (ဖြစ်နိုင်ဖို့ ခက်ခဲပေမယ့်)ကို ဘယ်လောက်ကြောက်ရွံ့နေတယ် အဲ့ဒီအတွက် ဘယ်တုံးက စတင်ကြံစည်စိတ်ကူးခဲ့တယ် အကောင်အထည် ဖော်ခဲ့တယ်ဆိုတာကို သိနိုင်ပါတယ်။

နောက်စစ်အာဏာရှင် ဗိုလ်ချုပ်တွေ စနစ်တကျ စီစဉ်ဆောင်ရွက်နေတာကတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပါပဲ။ ရွေး ကောက်ပွဲမှာ အဓိက လူထုထောက်ခံမှုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နည်းလမ်းပေါင်းစုံနဲ့ ညစ်ပတ်ကောက်ကျစ် ဖိနှိပ်အနိုင်ယူပြီး တရားဝင်စစ်အစိုးရ တည်ဆောက်ဖွဲ့စည်း မြန်မာနိုင်ငံက ပြည် သူတွေကို စစ်ကျွန်ဘ၀ ထာဝရသွတ်သွင်းပစ်ဖို့ပဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၈ ဖွဲ့အားလုံးက အဓိကအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်တွဲဆန့်ကျင် သပိတ်မှောက် လိုက်မှာကိုလည်း စစ်အစိုးရက ကြောက်ပါတယ်။ အဲ့ဒီလိုဆိုရင် သူထင်သလို ဖန်တီးကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကမှ ရနိုင်မယ့် သူ့အစိုးရအဖွဲ့ရဲ့ တရားဝင်ဖြစ်မှုကို အားနည်းလျော့ပါး သွားစေနိုင်တယ်ဆိုတာကို နားလည်ထားတဲ့ စစ်အစိုးရဟာ သူစည်းရုံးသိမ်းသွင်းလို့ရနိုင်တဲ့ အင်အားနည်းလက်နက်ကိုင်အဖွဲ့အစည်းငယ်လေးတွေကို မက်လုံးပေးခွဲထုတ်စည်းးရုံး၊ ခေါင်းမာပြီး မက်လုံးပေးလို့မရနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းကြီးတွေကို အပြုတ်တိုက် ခြေမှုန်းဖို့ ကြိုးစား နေပါတယ်။

ခုစစ်အစိုးရက DKBAနဲ့ ပူးတွဲပြီး KNU ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ သာမန်နယ်မြေ စိုးမိုးရေးထိုးစစ် မဟုတ်ပါဘူး။ KNU ကို အမြစ်ဖြတ် အပြုတ်တိုက်ဖို့ပါ။ စစ်ဆင်ရေးဒေသထဲမှာ နေထိုင်ကြတဲ့ အပြစ်မဲ့ ကရင်ပြည်သူလူထု ၄၀၀၀ ကျော်ဟာ ထိုင်းနယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်ပြီး ထိုင်းအစိုးရနဲ့ NGO အဖွဲ့အစည်းတချို့ရဲ့ စောင့်ရှောက်ထောက်ပံ့မှုနဲ့ အသက်ရှင် နေကြပါပြီ။ တောထဲမှာ ပုန်းရှောင်နေကြတဲ့ မိသားစုတွေလည်း ရှိနေသေးတဲ့အတွက် အရေအတွက်ဟာ ဒီ့ထက်အများကြီး များပြားနိုင်ပါသေးတယ်။ "သူတို့ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ အဆက်မပြတ်ကျရောက်နေတဲ့ လက်နက်ကြီး ကျည်ဆံတွေ ကြောင့်သာ ထွက်ပြေးနေကြရတာမဟုတ်ဘဲ စစ်တပ်က သူတို့ကို ဖမ်းဆီးပြီး အထမ်းသမား (porter) တွေအဖြစ် အခိုင်းခံ ရမှာကြောင့်လည်း ဖြစ်ပ်ါတယ်" လို့ UNHCR ဒေသဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Ms Kitty Mc Kinsey က ပြောပါတယ်။ သူတို့ အတွက် အရေးတကြီးလိုအပ်နေတာဟာ ခိုနားစရာဖြစ်ပြီး UNHCR က ယာယီခိုနားဖို့ မိုးကာ ပလတ်စတစ်ဖျင်တွေ ပေးအပ် နေရပါတယ်။ "ထွက်ပြေးတမ်းရှောင်လာသူတွေ အများဆုံးဟာ ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်းတွေကို ၀င်ရောက်ပြီး တတိ ယ နိုင်ငံတွေကို ထွက်ဖို့လည်း ဆန္ဒမရှိကြဘဲ ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်စဲသွားရင် အလွယ်တကူ သူတို့ရဲ့ မူရင်းဒေသ မြန်မာနိုင်ငံထဲ ပြန်ဝင်နိုင်ဖို့ နယ်စပ်နဲ့ အနီးဆုံးမှာပဲ နေချင်ကြပါတယ်။ ဒါပေမယ့် အများစု ပြောစကားအရ သူတို့ရဲ့ ကောက် ပဲ သီးနှံတွေနဲ့ မွေးထားတဲ့ တိရစ္ဆာန်တွေကို စစ်တပ်က သိမ်းယူသွားကြပါပြီ။ သူတို့တွေ ကြောက်ရွံ့ထိတ်လန့်နေကြတာ ပေါ် လွင်နေပါတယ်။ ဒါပေမယ့် သူတို့အားလုံးဟာ အဲ့ဒီလို ကြောက်ရွံ့ထိတ်လန့်မှုနဲ့ပဲ တသက်လုံးနေကြရတာပါ" "ခုရွာသားတွေ နဲ့ စကားပြောနေတုံးမှာလည်း မော်တာပစ်သံတွေ အဆက်မပြတ် ကြားနေရပါတယ်´လို့ Ms Kinseyက ပြောပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာရှင်ဗိုလ်ချုပ်တွေကတော့ ဆက်ပြီး တွင်းတူးမိုက်ကြပါလိမ့်အုံးမယ်။ စဉ်းစားရမှာက စစ်အာဏာရှင် လက်အောက်က ကျနော်တို့ပြည်သူလူထုတရပ်လုံး လွတ်မြောက်ပြီး အမှန်တကယ် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်နိုင်ဖို့ ဦးဆောင်နိုင်ငံရေးပါတီတွေ လက်နက်ကိုင်အင်အားစုတွေနဲ့ ပြည်သူလူထုကြီးအနေနဲ့ ဘယ်လိုမဟာဗျူ ဟာ နည်းဗျူဟာတွေ ချမှတ်ကျင့်သုံးကြပါမလဲ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီကိုအားပေးတဲ့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု အရေးယူမှုတွေကို ဘယ်လို ရအောင်ယူကြမှာပါလဲ။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ပါမှ ကျနော်တို့နိုင်ငံက ပြည်သူလူထုကြီးတရပ်လုံး လူချင်းတူတူ သူချင်းမျှမျှ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ နေနိုင်ကြမှာက တော့ အသေအချာပါပဲ။ အလှည့်အပြောင်းဖြစ်လာမှာကို မျှောပြီး စောင့်နေလို့တော့မရပါဘူး။ ပြည်သူလူထုကြီးတရပ်လုံး ကလည်း ကိုယ့်မှာလည်း တာဝန်ရှိနေပါလားဆိုတဲ့ အသိစိတ်နဲ့ကိုယ် စွန့်လွှတ်အနစ်နာခံနိုင်သမျှ စွန့်လွှတ်အနစ်နာခံပြီး ကျား ကုတ်ကျားခဲ ဇွဲသတ္တိ အားမန် အတွေးအခေါ် ယုံကြည်မှုနဲ့ နည်းပညာတွေ အသုံးချပြီး စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်း လင်းပစ်ဖို့ ကြိုးစားကြရပါလိမ့်မယ်။

စစ်အာဏာရှင်တွေကတော့ မကြာမတင်မှာ သူတို့တူးနေတဲ့ မိုက်တွင်းနက်နက် ထဲမှာပဲ နိဂုံးချုပ်မိုက်ဇာတ် သိမ်းကြရတော့ မှာ အသေအချာပါပဲ။ ။

စိုးနေလင်း

ဒေါ်အောင်ဆန်းစုကြည်သာ ယုံကြည်မျှော်လင့်ချက်


Saturday, 20 June 2009 14:11 ကြည်ဝေ
ရန်ကုန်မြို့၊ကြည်မြင်တိုင်မြို့နယ် ဘောဂလမ်းထဲမှ ထရံကာတဲအိမ်ကလေးရှေ့သို့ ဆလွန်းကား ဖြူဖြူလေးတစီး ထိုးစိုက်လာခဲ့သည်ကို သူက ထူးဆန်းသလို ကြည့်လိုက်မိရာ ထိုကားထဲမှစပယ်ပန်းများ ဝေဆာစွာ ပန်ထားသော အသားဖြူဖြူ ခပ်သွယ်သွယ်အမျိုးသမီးတဦးထွက်လာသည်ကို သူ စတင်မြင်တွေ့လိုက်ရသည်။

၁၉၈၉ ခုနှစ်က ဖြစ်သည်။
အင်္ကျီ အဖြူနှင့် အနီရောစပ်ထားသော ချိတ်လုံခြည်ကိုဝတ်ဆင်ထားသည့် ထိုအမျိုးသမီး ကားထဲက ထွက်လိုက် သည်နှင့်ပင် ဘေးပတ်ဝန်းကျင်မှလူများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး “ဒေါ်အောင်ဆန်းစုကြည် လာတယ်…ဒေါ်အောင်ဆန်းစုကြည်လာတယ် ”ဟူသောစကားသံများလည်း ထွက်ပေါ်လာခဲ့ကာ တခဏတွင်းမှာပင် ထိုလမ်းသွယ်လေးအပြည့် ဖြစ်သွားလေသည်။

“အဲဒီတုန်းက ကျနော်က ကလေးသာသာပဲ ရှိသေးတယ်၊ ကားပေါ်က ဆင်းဆင်းချင်းဘယ်သူလဲ ဆိုတာ ကျနော် မသိသေးဘူး၊ နောက်မှ လူတွေပြောလို့ သိလိုက်ရတာ၊ သူက NLD က လူတယောက်ရဲ့ အိမ်ကိုလာကြည့် တာ တဲ့။ အဲဒီအိမ်က အရမ်းဆင်းရဲတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရောက်လာတာကို အံ့သြနေကြတာ၊ လာကြည့်တဲ့သူတွေလည်း တော်တော်များတယ်”ဟု အစိုးရ ၀န်ထမ်းတဦးက ဆိုသည်။

ထိုစဉ်က အသက် ၄၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ လန်းဆန်းသွတ်လက်သော အသွင်သဏ္ဍန် ကို သူ့အနေနှင့် ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရှိကြောင်း သတင်း ၊ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ဆုရရှိသောသတင်းများကို ကြားသိရ ကြောင်းပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယအကြိမ်ပြန်မြင်တွေ့ခွင့်ရခဲ့သည်မှာ ၂၀၀၉ ခုနှစ် မေလ ၂၀ ရက်နေ့ အင်းစိန် ထောင် အတွင်းတွင်ဖြစ်သည်ဟု သူက ပြောသည်။

ထိုမေလ ၂၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွဲချက်တင်ခံရသည့် လေးဦးကိုရုံးတင် စစ်ဆေးသည့် တတိယ မြောက်နေ့ ဖြစ်ပြီး သံတမန် ၃၀ နှင့် သတင်းထောက် ၁၀ ဦးတို့ကိုစစ်အစိုးရ က တက်ရောက်ခွင့် ပေးခဲ့ သည့်အတွက် တရားခွင်တွင် လူ ၆၀ ကျော်ခန့် တက်ရောက်ကြရာ သူလည်း အပါအ၀င် ဖြစ်သည်ဟု ပြောသည်။

အင်္ကျီ ပန်းသွေးနီရောင်ဖျော့ဖျော့ဝတ်ထားပြီး၊ နောက်တွဲ ဆံထုံးလေးထုံးထားကာ၊ မိတ်ကပ် ပါးပါးလိမ်း နှုတ်ခမ်း နီ ပြေပြေ ဆိုးထားသော အသက် ၆၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော နှစ် ၂၀ ၀န်းကျင် ကထက်ပိုပြီး ရင့်ကျက်တည်ငြိမ် ပြတ်သားကြောင်းသူက ဆိုသည်။

“အံ့သြစရာကောင်းလောက်အောင်ကို အသက်အရွယ်နဲ့စာရင် နုပျိုတယ်၊ အရင်ကထက်ပိုပြီး ရင့်ကျက်လာတာ ကလွဲလို့ လမ်းလျှောက်ပုံကအစ အရင်တုန်းက အတိုင်းပါပဲ”ဟု သူက ဆိုသည်။

တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တည်တည်ငြိမ်ငြိမ်နှင့် ရိုးဖြောင့်စွာပြောဆိုကြောင်း၊ ထို့အပြင် လူ အများအပေါ် ကာကွယ်လိုသည့် စိတ်သဘောထားကိုလည်းမြင်တွေ့ရကြောင်း သူက ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးသားဖြောင့်မတ်တယ်ဆိုတာ သိပါတယ်၊ တိုင်းပြည်အတွက် ကောင်းအောင် လုပ်နိုင်မယ်ဆိုတာလည်း ကျနော် ယုံပါတယ်”ဟု သူက ဆိုသည်။

မေလ ၂၀ ရက်နေ့ တရားခွင်တွင် တက်ရောက်ခွင့်ရခဲ့သော ပြည်တွင်းသတင်းထောက်တဦးကလည်း“ကျနော် တို့တင် မကဘူး၊ သူတို့ဝန်ထမ်းတွေက အစ အန်တီ့ကို မေတ္တာရှိတဲ့အရိပ်အယောင်တွေ ပေါ်နေတယ်၊ သူတို့ တချိန်လုံး အန်တီ့ကိုပဲငေးစိုက်ကြည့်နေကြတာတွေ့ရတယ်”ဟု အစိုးရ၀န်ထမ်းများအနေနှင့်ဒေါ်အောင်ဆန်း စုကြည်အပေါ် ထားသည့်သဘောထားနှင့်ပတ်သက်ပြီး သူမြင်တွေ့ခဲ့ရသည်တို့ကို ပြောပြခဲ့သည်။

သူ၏ ပြောပြချက်အရ တရားခွင်အတွင်းနှင့်အနီးတ၀ိုက်တွင် တာဝန်ကျ ရဲဝန်ထမ်းများသည်လည်းကောင်း၊ တရားခွင်မှ တရားရေးဝန်ထမ်းများသည်လည်းကောင်း၊ ထိုနေ့က တက်ရောက်လာကြသော နိုင်ငံခြားရေး
ဝန်ကြီးဌာမှ ၀န်ထမ်းများသည်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်သောအရိပ်အယောင်များပါဝင် သည့် မျက်ဝန်းတို့ဖြင့် ငေးစိုက်ကြည့်နေကြသည်ကိုမြင်တွေ့ရကြောင်း၊ တချို့မှာစိတ်မကောင်းဖြစ်နေဟန်တွေ့ မြင် နေရကြောင်း သူကပြောပြသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦးကလည်း မေ၂၀ ရက်နေ့ ည ၈ နာရီ မြန်မာ့ ရုပ်မြင်သံကြား သတင်း တွင် မထင်မှတ်ဘဲနှင့် ဒေါ်အောင်ဆန်းစုကြည်အားတွေ့မြင်လိုက်ရသည့်အတွက် ၀မ်းသာဝမ်းနည်း ခံစားခဲ့ရ ကြောင်း ပြောဆိုသည်။

“မထင်မှတ်ဘဲ မြင်လိုက်ရတော့ စိတ်ထဲမှာ အံ့သြ၀မ်းသာသွားတယ်၊၀မ်းသာတယ်ဆိုတာက သူ့ကို အရင်တုန်း ကလိုပဲ ဖျတ်ဖျတ်လတ်လတ်နဲ့တွေ့လိုက်ရလို့ အားတက်ပြီး ၀မ်းသာသွားတာပါ၊ တိုင်းပြည်ကိုကယ်တင်နိုင်မယ့် သူဆိုပြီး ကျမတို့ အရမ်းမျှော်လင့်ပါတယ်၊ ခုလို အစိုးရကထပ်ပြီး ထောင်ချဖို့ လုပ်နေတာ တွေ့ရတော့လည်း သူ့အတွက်ကော တိုင်းပြည်အတွက်ပါ စိတ်မကောင်းဖြစ်ရတယ်”ဟု ယင်း ၀န်ထမ်း အမျိုးသမီးက ဆိုသည်။

သူမသည် ၁၉၈၈ ခုနှစ်က အဒေါ်၊ အစ်မများနှင့်အတူရွှေတိဂုံစေတီအနောက်ဘက်မုခ်သို့ သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းကို နားထောင်ခဲ့ဖူးကြောင်းလည်း ပြောပြသည်။

“အဲဒီတုန်းက သူပြောတာက ကျမဟာလည်း ဖေဖေရဲ့ သမီးဖြစ်နေတော့ခေါင်းရှောင်ပြီး နေလို့ မဖြစ်တော့ဘူးတဲ့၊ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်းဖြစ်တယ်လို့ သူပြောခဲ့တယ်၊ ခုတော့ ဒီတိုက်ပွဲကို နှစ်၂၀ ကြာအောင် တိုက်နေရတာပေါ့နော်”ဟု သူမကပြောပြသည်။

၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ပါတီကိုသာ မဲပေးခဲ့ကြောင်း၊ ၂၀၀၈ မေလ ပြည်သူ့ဆန္ဒခံယူပွဲတွင်လည်း သူတို့ဌာနမှ လူကြီးဆိုပြောနေသည့်ကြားကပင် ကန့်ကွက်မဲ ထည့်ခဲ့ကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း NLD ကိုပဲ မဲပေးမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို အမြန်လွတ်စေချင်ကြောင်းလည်း ၎င်းက ပြောသည်။

ပြည်တွင်းဂျာနယ် သတင်းထောက် တဦးကလည်း အစိုးရ၀န်ထမ်းအများစုကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်မျှော်လင့်ချက်ထားကြသည်ကို တွေ့မြင်ရ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏ အားကိုးယုံကြည်မှုကိုယနေ့တိုင် ရရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရကြောင်း ပြောဆိုသည်။

“လူတွေမှာ စားဝတ်နေရေးကျပ်တည်းလို့ တိုင်းပြည်အရေးဘာမှမတွေးနိုင်တဲ့သူတွေရှိပေမယ့် နိုင်ငံရေးအခြေခံ ဗဟုသုတရှိတဲ့သူတွေကတော့ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ထောက်ခံတယ် ၊ ယုံကြည်တယ်၊ သူဦး ဆောင်ရင် တိုင်းပြည်ကောင်းလိမ့်မယ်လို့ လက်ခံတဲ့သူတွေရှိတာ တွေ့ရတယ်၊ လူထု အားပေးမှုကတော့ အပြည့်ရှိတယ်” ဟု ရန်ကုန်မြို့မှ ၀ါရင့်သတင်းသမားတဦးက သုံးသပ် ပြောဆိုသည်။

အစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး အများပြည်သူက မနှစ်သက်သည်ကိုတွေ့မြင်ရပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အပေါ်တရားစွဲဆိုခြင်းကိုလည်း ပြစ်တင်လျက်ရှိကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား တွဲဖက်ပါမောက္ခတဦးကပြောဆိုဝေဖန်သည်။

“အားလုံးက သိတယ်၊ မတရားလုပ်တယ်ဆိုတာ၊ တရားမျှတမှု မရှိဘူးဆိုတာ၊ အဲဒါလည်း ခုမှ မဟုတ်ဘူး၊ လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကတည်းက သူတို့လုပ်ချင်ရာလုပ်ခဲ့တာပဲ၊ အခုဆို ဒေါ်စုတောင် အသက် ၆၀ ကျော်ပြီပဲ ဟုတ် လား၊ ဒါ လူတွေအတွက်ကော တိုင်းပြည်အတွက်ပါ တကယ်နစ်နာပါတယ်”ဟု သူက ဆိုသည်။

ရန်ကုန်မြို့မှ ဂျီတီစီ ကျောင်းသား တဦးက ယမန်နေ့က ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သူငယ်ချင်းများစုပြီး ရွှေတိဂုံဘုရား အင်္ဂါထောင့်ကိုသွားပြီး ဆုတောင်းခဲ့ ကြောင်း ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာတော့ တခါမှ မတွေ့ဖူးပါဘူး၊ သူ့ဓာတ်ပုံကိုပဲ မြင်ဖူးပါတယ်၊ သူ့အကြောင်း တွေ ကိုတော့ အင်တာနက်ကနေ သိရပါတယ်၊ ကျနော်တို့အတွက်တော့ သူဟာ သူရဲကောင်းပါပဲ”ဟု အဆိုပါ
ဂျီတီစီကျောင်းသားက ဆိုသည်။

ထိုသို့သော လူထုယုံကြည်လေးစားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလအတွင်းမြန်မာနိုင်ငံရေးလောကသို့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး NLD ပါတီကို စတင်တည်ထောင်ခဲ့သော ခေါင်းဆောင်တဦးဖြစ်သည်။

လွတ်လပ်သည့် တရားစီရင်ရေးကို တိုင်းတာသည့် စံနှုန်းများ


မင်းလွင်ဦး
တနင်္လာနေ့၊ ဇွန်လ 22 2009 14:53 - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားဆီးမိန့်ကို ဖောက်ဖျက်သည့်အတွက် စွဲဆိုထားသည့် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂/ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ တို့အရ စွဲဆိုသည့် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး၏ ပြစ်မှုဆိုင်ရာ အမှုကြီး ၄၇/၂ဝဝ၉ အမှုအား (၁၈-ဝ၅-၂ဝဝ၉) နေ့မှ စတင်စစ်ဆေးလာခဲ့ရာ ယနေ့ဆိုလျှင် တလ ကျော်လာပြီဖြစ်သည်။

တရားလိုဘက်မှ တင်ပြသည့် သက်သေများကို စစ်ဆေးပြီး (၂၂-ဝ၅-၂ဝဝ၉) ရက်နေ့တွင် တရားလိုပြသက်သေ ၂၃ ဦးအနက် ၁၅ ဦးကို စစ်ဆေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် John William Yettaw အား စွဲချက်တင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အကျိုးဆောင်များက တရားလိုပြသက်သေ ၁၅ ဦးအနက် ၅ ဦးကို ပြန်ခေါ် သက်သေများအဖြစ် ပြန်လည်ခေါ်ယူပြီး စစ်မေးခဲ့သည်။

တရားခံပြ သက်သေများအဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မို့အား တရားခံပြ သက်သေများအဖြစ် စာရင်းတင်သွင်းခဲ့ရာ မူလရုံးမှ ဦးကြည်ဝင်း တဦးတည်းကိုသာ ခွင့်ပြုခဲ့သည့်အတွက် အထက် တရားရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှုတင်သွင်းခဲ့ရာ တိုင်းတရားရုံးမှ ဒေါ်ခင်မို့မို့ကို ထပ်မံခွင့်ပြုပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်အား တရားခံပြသက်သေအဖြစ် အစစ်ခံရန် ခွင့်မပြုသည့် အောက်ရုံးအမိန့်ကို အတည်ပြုခဲ့သည်။

ထို့ကြောင့်လည်း တိုင်းတရားရုံး၏ အမိန့်ကို ပြင်ဆင်ပေးရန် အမြင့်ဆုံးတရားရုံးဖြစ်သည့် တရားရုံးချုပ်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ လက်ခံခဲ့ပြီး ၂ ဖက် လျှောက်လဲချက်ပေးရန် ၂၄ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။ အမြင့်ဆုံးဖြစ်သည့် တရားရုံးချုပ်သည် နိုင်ငံတကာက လက်ခံထားသည့် လွတ်လပ်သည့် တရားစီရင်ရေးစနစ်ကို အကောင်အထည် ဖော်နိုင်ပါမည်လား။ တရားရုံးချုပ်မှ ပြဋ္ဌာန်းထားသည့် တရားစီရင်ရေးဆိုင်ရာ မူကို တရားရုံးချုပ်က လိုက်နာဆုံးဖြတ်မည်လားဆိုတာကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာရှိ အစိုးရများ လက်ခံကျင့်သုံးနိုင်ရန် ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားပါသည်။

မြန်မာနိုင်ငံသည် အဆိုပါ အချက်များကို လိုက်နာကျင့်သုံး အကောင်အထည် ဖော်နိုင်သည့်အဆင့် သို့ရောက်ရှိနေပြီလားဆိုသည်ကို စာဖတ်သူများ လေ့လာသုံးသပ်ဆုံးဖြတ်နိုင်ရန် တင်ပြလိုက်ပါသည်။

လွတ်လပ်သည့် တရားစီရင်ရေးကို ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အစိုးရအဖွဲ့အစည်းများကလည်း တရားရုံး၏ အဆုံးအဖြတ်ကို လေးစားလိုက်နာရမည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေက ထိုအချက်ကို အာမခံချက်ပေးရမည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးပါ။ ၂ဝဝ၈ ခုနှစ်တွင် အသစ်ရေးဆွဲ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပတ်သက်၍ တိတိကျကျ အာမခံမထားပါ။

တရားရုံးအနေဖြင့် အာဏာပိုင်အဖွဲ့အစည်းများက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှမ်းမိုးမှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု၊ ဝင်ရောက်စွက်ဖက်မှုများမှ ကင်းဝေးစေရမည်ဖြစ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်၍ ဆုံးဖြတ်နိုင်ရမည်။

တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ခံဆောင်ရွက်သည့် ကိစ္စရပ်များတွင် တရားရုံး တရားသူကြီး၏ အဆုံးအဖြတ်ဖြင့်သာ စီမံဆောင်ရွက်ရမည်။ အာဏာပိုင်များ၏ အမိန့်ပေးခြင်းကြောင့် လက်ခံဆောင်ရွက်ခြင်း၊ ငြင်းပယ်ခြင်း မရှိစေရ။

တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ အယူခံမှုကို လက်ခံခြင်း ပြန်လည်သုံးသပ်ခြင်း၊ စသည်တို့ကို ဥပဒေပြဋ္ဌာန်းချက်များ အတိုင်းသာ တရားရုံးအဆင့်ဆင့်က ဆောင်ရွက်ရမည်ဖြစ်ပြီး အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်မှု ကင်းစေရမည်။

ပြစ်မှုများကို သာမန်တရားရုံး၊ ခုံရုံးများတွင်သာ စစ်ဆေးကြားနာမည့် လွတ်လပ်သည့် တရားရုံးများကို ဖွဲ့စည်းတည်ထောင်ပေးရမည်။

မျှတစွာ စစ်ဆေးစီရင်သည်ကို ၂ ဖက်အမှုသည်များက လေးစားအသိအမှတ်ပြုရန် လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပြဋ္ဌာန်းဥပဒေများ၊ ကျင့်ထုံးများ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးစီရင်ရမည်။

နိုင်ငံတော်အနေဖြင့် တရားရုံးအဆင့်ဆင့်တွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည့် အရင်းအမြစ်များကို ထောက်ပံ့ကူညီပေးရမည်။

တရားစီရင်ရေးဆိုင်ရာ တရားရုံးချုပ်အနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာပိုင် စသည်တို့နှင့် လုံးဝ လွတ်ကင်းပြီး လွတ်လပ်စွာ သီးခြားတည်ရှိနေရမည် ဖြစ်သည်။ သို့မှသာ တရားစီရင်ရေးကို ဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ မဆောင်ရွက်နိုင်သေးပါ။ နိုင်ငံရေးမှုခင်းများနှင့် ပတ်သက်၍ အာဏာပိုင်များ အလိုကျ တရားရုံးချုပ်က စီရင်ဆုံးဖြတ်ပေးနေရသည်ကို ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ရွှေဝါရောင်သံဃလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံခဲ့ရသူများ၏ အမှုများ၊ နာဂစ်မုန်တိုင်းသင့်များအရေး ပါဝင်ကူညီမှုဖြင့် ဖမ်းဆီးခံရသူများ၏ အမှုများတွင် အကျဉ်းနည်းဖြင့် အင်းစိန်ထောင်အတွင်း သီးသန့်အထူးခုံရုံးများ၌ စစ်ဆေးပြီး အမြင့်ဆုံးပြစ်ဒဏ်များကို ချမှတ်ခဲ့သည့် သာဓကများက သက်သေခံလျက် ရှိသည်။

ပြစ်မှုဆိုင်ရာ အမှုများကို သာမန်အားဖြင့် မှုခင်းဖြစ်ပွားသည့်နေရာများတွင် စစ်ဆေးစီရင်ရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေက အတိအလင်း ပြဋ္ဌာန်းထားသည်။ ဥပမာအားဖြင့် ယနေ့ လူအများ စိတ်ဝင်စားနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သည် ဗဟန်းမြို့နယ်အတွင်း၌ တည်ရှိနေသဖြင့် အမှုကို စစ်ဆေးစီရင်မည်ဆိုပါက ဗဟန်းမြို့နယ် တရားရုံး၌ စစ်ဆေးစီရင်ရမည် ဖြစ်သည်။ အမှုကို စစ်ဆေးစီရင်သည့်အခါ၌လည်း အများပြည်သူများ တက်ရောက်နားထောင်နိုင်စေရန် အများပြည်သူ၏ ရှေ့မှောက်၌ စစ်ဆေးစီရင်ရမည် ဖြစ်သည်။ သို့သော် အာဏာပိုင်များက ထိုသို့မဆောင်ရွက်ပေ။ တရားသူကြီးချုပ်ကလည်း ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေအရ အပ်နှင်းထားသည့် အာဏာဖြင့် အင်းစိန်ထောင်အတွင်း အထူးသီးသန့် ခုံရုံးဖြင့် စစ်ဆေးစီရင်နိုင်ရန် စီမံဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်ရှေ့နေချုပ်ကလည်း စွဲဆိုထားသည့်အမှုသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် မညီသည့် တရားစွဲဆိုမှု ဖြစ်သည်ကို သိလျက်နှင့် တရားစွဲဆိုနိုင်ရန် စီမံဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိဘဲ အာဏာပိုင်များ၏ စိတ်တိုင်းကျ ရှေ့နေချုပ်နှင့် တရားသူကြီးချုပ်တို့က ပူးပေါင်းဆောင်ရွက်ပြီး အမှုကို စစ်ဆေးစီရင်နေကြောင်း ထောက်ပြပြောဆိုနေကြခြင်း ဖြစ်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းအဖွဲ့ ထူထောင်ခွင့်သည် လွတ်လပ်သည့် တရားစီရင်ရေးကို ထိန်းကျောင်းတည့်မတ်ရာ၌ အရေးပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ နိုင်ငံသားများ၏ မွေးရာပါ အခြေခံအခွင့် အရေးများအနက် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့များ ထူထောင်နိုင်ခွင့်နှင့် လွတ်လပ်စွာ စီတန်း လှည့်လည်နိုင်ခွင့်တို့နှင့် ပတ်သက်၍ ကျင့်သုံးဆောင်ရွက်နိုင်ရန် အစိုးရက စီမံဆောင်ရွက်ပေးရမည် ဖြစ်သည်။ အလားတူပင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၌ ပါဝင်ဆောင်ရွက်နေသည့် အကျိုးဆောင်ရှေ့နေများအတွက် လွတ်လပ်သည့် အသင်းအဖွဲ့များ ဖွဲ့စည်းထူထောင်ခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှစ်လေးလုံး မတိုင်မီက အထိုက်အလျောက် လွတ်လပ်သည့် ရှေ့နေအသင်းအဖွဲ့များ တိုင်းနှင့် ပြည်နယ်တို့တွင် ဖွဲ့စည်းတည်ထောင်ခွင့် ရှိခဲ့သည်။ တရားရုံးချုပ် ရှေ့နေများနှင့် အထက်တန်း ရှေ့နေများအတွက် ဘားကောင်စီ ခေါ် ဗဟိုတရားရုံး ရှေ့နေများ ကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းထားနိုင်ခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် အာဏာပိုင်များက ယခင်က လွတ်လပ်စွာ တည်ရှိခဲ့သည့် ဘားကောင်စီဥပဒေကို ပြင်ဆင်ပြီး နိုင်ငံတော် ရှေ့နေချုပ်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်၍ ထိန်းချုပ်ခဲ့သည်။ ထို့ကြောင့် လက်ရှိ တရားရုံးချုပ် ရှေ့နေများ ကောင်စီသည် တရားမျှတသည့် တရားစီရင်ရေးကို ဖော်ဆောင်နိုင်ရန် အကူအညီပေးသည့် တရားရုံးချုပ် ရှေ့နေများကို အကာအကွယ် မပေးနိုင်တော့ဘဲ၊ အာဏာပိုင်များ အလိုကျသာ စီမံဆောင်ရွက်နေရသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။

တရားရုံးချုပ် ရှေ့နေကြီးများဖြစ်သော ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် အထက်တန်း ရှေ့နေများဖြစ်သည့် ညီညီထွေး၊ ရန်နိုင်အောင် ခေါ် ဖိုးဖြူတို့အား ဖမ်းဆီးအကျဉ်းချနိုင်အောင် ဆောင်ရွက်ခဲ့သည့် သာဓကများ အထင်အရှား တွေ့ရှိရသည်။ တရားရုံးချုပ် ရှေ့နေများ ကောင်စီအနေဖြင့် လိုင်စင်ရုပ်သိမ်းခြင်း ခံရသည့် တရားရုံးချုပ် ရှေ့နေများနှင့် အထက်တန်း ရှေ့နေများကို အကာအကွယ် မပေးနိုင်ခဲ့ပေ။ လာဘ်ပေးလာဘ်ယူမှုများ၊ ကိုယ်ကျင့်တရား ပျက်ပြားသည့်အတွက် ထောင်ဒဏ်ကျခံရသည့် ဥပဒေဝန်ထမ်းများ၊ တရားသူကြီးများအနေဖြင့် ထောင်မှ လွတ်လာသည့်အခါ ရှေ့နေများအဖြစ် လိုက်ပါဆောင်ရွက်နိုင်ခွင့် ရှိသော်လည်း နိုင်ငံရေးအမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် လိုက်ပါဆောင်ရွက်သည့် ရှေ့နေများအနေဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် အဆိုပါ အခွင့်အရေးကို ရရှိခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

တရားသူကြီးများ အနေဖြင့် ၎င်းတို့၏ သက်မွေးပညာရပ်များနှင့် ပတ်သက်၍သော်လည်းကောင်း လွတ်လပ်သည့် တရားစီရင်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် လွတ်လပ်သည့် အသင်းအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ခွင့်ကို အာဏာပိုင်များက ခွင့်ပြုပေးရမည်။

မြန်မာနိုင်ငံမှ တရားသူကြီးချုပ် အပါအဝင် တရားစီရင်ရေးဌာနမှ တရားသူကြီးများအနေဖြင့် အာရှဒေသဆိုင်ရာ တရားသူကြီးများအသင်း၊ ရှေ့နေများအသင်းနှင့် နိုင်ငံတကာ တရားရုံးချုပ်ရှေ့နေ အဖွဲ့အစည်းများသို့ လွတ်လပ်စွာ အဖွဲ့ဝင်များအဖြစ် လျှောက်ထားနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

တရားသူကြီးများ၏ အရည်အချင်း၊ ရွေးချယ်မှုနှင့် သင်တန်းများကလည်း လွတ်လပ်သည့် တရားစီရင်ရေးကို ဖော်ဆောင်ရာတွင် အရေးပါသည်။

တရားရုံးချုပ် တရားသူကြီးများနှင့် တရားသူကြီးများအား ရွေးချယ်ခန့်အပ်ရာ၌ ဥပဒေဘွဲ့ရရုံနှင့် မလုံလောက်ပါ။ တရားရုံးချုပ် တရားသူကြီးများအဖြစ် တာဝန်ထမ်းဆောင်မည့် သူများအား ရွေးချယ်ရာ၌ လူမျိုး၊ အသားအရောင်၊ ကျား-မ၊ ဘာသာရေး ယုံကြည်မှုနှင့် နိုင်ငံရေးယုံကြည်မှုကို အခြေခံ၍ ခွဲခြားခြင်း မရှိဘဲ တရားသူကြီးများ၏ အရည်အချင်းနှင့် လုပ်ငန်းဆောင်ရွက်မှုတို့အပေါ် မူတည်၍ ရွေးချယ်ခန့်ထားရမည် ဖြစ်သည်။ တရားရုံးချုပ် တရားသူကြီးများ၏ အရည်အချင်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားရမည်။

တရားသူကြီးများ၏ လုပ်ငန်းခွင်လုံခြုံမှု အခြေအနေ မရှိပါက လွတ်လပ်သည့် တရားစီရင်ရေး မပေါ်ထွန်းနိုင်။

တရားသူကြီးများ လွတ်လပ်စွာ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအနေဖြင့် လုပ်ငန်းခွင် လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးရမည်။ လုံလောက်သော လစာငွေ၊ ရာထူးတိုးမြှင့်သည့်ကိစ္စ၊ ပင်စင်လစာငွေနှင့် အငြိမ်းစားယူရမည့် သက်တမ်းကို ဥပဒေနှင့်အညီ လုံခြုံမှုရှိစေရန် ပြဋ္ဌာန်းဆောင်ရွက်ရမည်။

တရားသူကြီးများ၏ လစာငွေ လုံလောက်မှုမရှိပါက လာဘ်စားမှုများ ပေါ်ပေါက်မည် ဖြစ်သည်။ အငြိမ်းစား ယူပြီးသည့်အခါ ရရှိသည့် ပင်စင်လစာငွေသည် စား၊ ဝတ်၊ နေရေးအတွက် လုံလောက်မှုရှိရန် အာမခံချက် ပေးရမည် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် အဆိုပါ အာမခံချက်မျိုးကို အစိုးရအနေဖြင့် ပေးထားနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

တရားသူကြီးများ ခန့်အပ်ခြင်း၊ ရွေးချယ်ခြင်းနှင့် လုပ်ငန်းခွင် လုံခြုံမှုကို အာမခံရမည့်အပြင် အငြိမ်းစားယူုသည့် အသက်နှင့် လုပ်ငန်းခွင်မှ ထွက်ခွာပြီးနောက်ပိုင်း လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးရမည်။ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တရားသူကြီး၏ အရည်အချင်းနှင့် လုပ်ဆောင်မှုအပေါ် အဓိက အခြေခံရမည် ဖြစ်သည်။ အာဏာပိုင်များ အလိုကျ စစ်ဆေးစီရင်ပေးသည့်အတွက် ရာထူးတိုးမြှင့်ပေးခြင်းမျိုး မဖြစ်စေရပါ။

တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း စစ်ဆေးစီရင်ဆုံးဖြတ်ခဲ့သည့် အမှုများနှင့် ပတ်သက်၍ ချမှတ်ခဲ့သည့် စီရင်ချက်နှင့် အမိန့်များ လုပ်ဆောင်မှုများအပေါ်တွင် နောင်တချိန်တွင် တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးရမည်။ တရားသူကြီးအဖြစ် စစ်ဆေးဆောင်ရွက်စဉ် ကာလအတွင်း မှုခင်းများနှင့် ပတ်သက်၍ လျှို့ဝှက်၊ ကန့်သတ် သတင်းအချက်အလက်များကို တရားရုံး၌ သက်သေအဖြစ် ထွက်ဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးရမည်။

တရားသူကြီးချုပ်အဖြစ်မှ အနားယူပြီးနောက် ပြင်ပ၌ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုမည်ဆိုပါကလည်း လိုအပ်သည့် နှစ်ကို ကန့်သတ်ပေးထားရမည်။ တရားသူကြီးချုပ်အဖြစ်မှ အနားယူပြီးနောက် ပြင်ပ၌ ရှေ့နေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုမည်ဆိုပါက လက်ရှိ တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများအပေါ် ၎င်း၏ သြဇာလွမ်းမိုးမှု ဆက်လက်ရှိနေနိုင်သေးသဖြင့် မျှတသည့် တရားစီရင်ရေး မပေါ်ပေါက်နိုင်ကြောင်း တဖက်မှ အကြောင်းပြ ကန့်ကွက်နိုင်သည့်အတွက် လိုအပ်သည့် နှစ်ကို ကန့်သတ်ထားရန် ဖြစ်သည်။ ဥပမာအားဖြင့် အငြိမ်းစားယူပြီးနောက် ၅ နှစ်ကြာမှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နိုင်သည် စသဖြင့် နှစ် ကန့်သတ်ထားရန် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဦးမွန်စံလှိုင်သည် တရားရုံးချုပ် တရားသူကြီးအဖြစ်မှ အငြိမ်းစားယူပြီးနောက် ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုရာ၌ ထိုသို့ နှစ် ကန့်သတ်ထားခြင်း မရှိသည့်အတွက် တရားခွင်သို့ ဦးမွန်စံလှိုင် ရောက်ရှိလာပါက မြို့နယ်တရားသူကြီးများ၊ တိုင်းတရားသူကြီးများအနေဖြင့် တချိန်က ၎င်းတို့၏ အထက်မှ ဆောင်ရွက်ခဲ့သည့် တရားသူကြီးချုပ် ဖြစ်ခဲ့သည်ကို အလွယ်တကူ မေ့ပျောက်၍ မရသဖြင့် ၎င်း လိုက်ပါဆောင်ရွက်သည့် အမှုတိုင်းလိုလို အနိုင်ရခဲ့သည်ကို တွေ့ရသည်။

ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးချထားခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း ခံရသည့် တရားသူကြီးများကိုလည်း ဥပဒေနှင့်အညီ ခုခံချေပခွင့် ပြုရမည် ဖြစ်သည်။ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာ၌လည်း စွဲဆိုခြင်းခံရသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ခုခံချေပခွင့် ပြုရမည်ဖြစ်ပြီး လိုအပ်လျှင် ရှေ့နေဖြင့် ငှားရမ်းထုချေခြင်း စသည်တို့ကို ခွင့်ပြုပေးရမည် ဖြစ်သည်။ အကြောင်းမဲ့ ရာထူးမှ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်း၊ ရာထူးချထားခြင်းကို ဆောင်ရွက်နိုင်ခြင်း မရှိအောင် အစိုးရက လိုအပ်သည့် ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။ ရာထူးမှထုတ်ပယ်ခြင်း၊ ရပ်ဆိုင်းခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ခြင်းကို ဆောင်ရွက်နိုင်ခွင့်ရှိအောင် ဥပဒေဖြင့် ပြဋ္ဌာန်းအကာအကွယ်ပေးရမည် ဖြစ်သည်။ သို့မှသာ လွတ်လပ်သော တရားစီရင်ရေးနှင့် မျှတသော တရားခွင်ကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။

တရားရုံးချုပ် တရားသူကြီးများ၏ သက်တမ်းနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက ၁၉၈၈ ခုနှစ်နောက်ပိုင်း တရားရုံးချုပ် တရားသူကြီးများအဖြစ် တာဝန်ယူခဲ့သည့် တရားသူကြီးများအနက် ကျန်းမာရေးချို့ယွင်း၍ တာဝန်မှ အနားယူသွားသူများမှအပ ယနေ့တိုင် နှစ်ပေါင်း ၂ဝ နီးပါး မပြောင်းလဲသည့် တရားသူကြီးများ၏ သက်တမ်းကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်သည့် တရားစီရင်ရေးကို အကောင်အထည်ဖော် ကျင့်သုံးနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယနေ့ စစ်ဆေးစီရင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည်လည်း အမှန်တရားအတိုင်း မပေါ်ပေါက်နိုင်၊ တရားရုံးများ လိုက်နာဆောင်ရွက်ရမည့် တရားစီရင်ရေးဆိုင်ရာ မူများကို တရားရုံးချုပ်နှင့် တရားသူကြီးချုပ်က ပြဋ္ဌာန်းထားသည်ဖြစ်ရာ မိမိကိုယ်တိုင် ပြဋ္ဌာန်းထားသည့် ဥပဒေကို လိုက်နာဆောင်ရွက် ကျင့်သုံးမှု ရှိပါမည်လား ဆိုသည်မှာ လွန်စွာ သံသယဖြစ်ဖွယ်ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တောင်းဆိုထားသည် သက်သေ ဦးတင်ဦးနှင့် ဦးဝင်းတင်အား ခွင့်ပြုခဲ့သည် ဆိုပါကလည်း အပြည့်အဝ ဝမ်းမသာနိုင်သေးပါ။ သက်သေထွက်ချက်များသည် အမှုနှင့် ဆက်စပ်ခြင်း မရှိသည့်အတွက် အမှုကို ဆုံးဖြတ်ရာ၌ ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ အာဏာပိုင်တို့ အလိုကျ စီရင်ချက်နှင့် အမိန့်ကို ချမှတ်ပေးနိုင်သေးသည်ကို သတိပြုကြရန် လိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းသည့် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား အာမခံဖြင့် အမှုအား ခုခံချေပခွင့် ပေးသင့်သည်။ ယခုကဲ့သို့ အင်းစိန်ထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား ကြိုတင် အပြစ်ပေးထားသကဲ့သို့ ဖြစ်နေပါသည်။ ထို့ကြောင့် အာဏာပိုင်များအနေဖြင့် အမှုကို ဆက်လက်စစ်ဆေးစီရင်မည်ဆိုပါက အချုပ်လွတ် အာမခံနှင့် ခုခံချေပခွင့် ပြုသင့်သည်။ အာမခံ ပေးသင့်ကြောင်း လျှောက်ထားမည်ဆိုပါကလည်း မူလ မြောက်ပိုင်းခရိုင် တရားရုံးက လျှောက်လွှာကို ပယ်ချဦးမည် ဖြစ်သည်ကိုမူ သံသယဖြစ်စရာ မလိုကြောင်း တင်ပြလိုက်ရပေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ကဗျာဆရာများ

၂၂ ဇွန် ၂၀၀၉ မောင်စွမ်းရည်


နိုင်ငံရေးသမားလို အများအကျိုးကို ထမ်းဆောင်ရသူတဦးဟာ စာပေအနုပညာများကို မြတ်နိုးသူမဟုတ်ရင် နည်းနည်းစိုးရိမ်ရပါတယ်။ စာပေအနုပညာများကို မမြတ်နိုးသူဟာ “ရုပ်ကြမ်းသမား” တွေ ဖြစ်တတ်ပါတယ်။ ရုပ်ကြမ်းသမားဆိုတာ စိတ်နှလုံးမနူးညံ့တဲ့၊ စာနာထောက်ထားမှုမရှိတဲ့၊ ခံစားမှုမဲ့တဲ့လူမျိုးကို ဆိုလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စာပေအနုပညာများကို မြတ်နိုးတဲ့ နိုင်ငံရေး သမားတဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ အကြမ်းနည်းနဲ့ ပြဿနာဖြေရှင်းတာကို မနှစ်သက်သူဖြစ်နေတာလို့ ယုံကြည်ပါတယ်။ သာမန်အားဖြင့်လည်း ပညာတတ်လူယဉ်ကျေးဆိုတာမျိုးဟာ စာပေအနုပညာများကို လေးစားရ၊ မြတ်နိုးရ၊ တန်ဖိုးထားရမြဲမဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ခဏတဖြုတ်လောက်ပဲ အချိန်အားရရင်ပဲ သူ့အနီးအပါးမှာ ဆရာဒဂုန်တာရာ ရှိလို့ကတော့ စန္ဒယားတီးခိုင်းတော့တာပါပဲ။ တခါတရံ မဆိုတတ်ဆိုတတ်နဲ့ သီချင်းဝင်ဆိုတတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုယ်တိုင် စန္ဒယားတီးပြီး ဂီတနဲ့ မွေ့လျော်လေ့ရှိသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စတင်တွေ့ဆုံဖူးတာက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ ဖြစ်ပါတယ်။ နောင်လည်း စာကြည့်တိုက်မှာပဲ ဆုံရတာ များပါတယ်။ အချိန်ရှိသရွေ့ စာပေမှာ မွေ့လျော်သူတဦးဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ ကျနော်က ကဗျာဆရာတဦးဖြစ်လို့ ကဗျာဆရာတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲဆိုတာ နည်းနည်းတင်ပြချင်ပါတယ်။ ဒေါ်စုဘက်ကလည်း ကဗျာဆရာများအပေါ်မှာ ဘယ်လိုမြင် တယ်ဆိုတာကိုလည်း ကျနော်တို့ ဖြတ်သွားဖြတ်လာ တွေ့ဆုံရင်းနဲ့ အကဲခတ်သိရှိရသမျှကို တင်ပြချင်ပါတယ်။

ထူးခြားချက်တခုကတော့ ဒေါ်စုအနေနဲ့ ဗမာပြည်မှာ လူထုလှုပ်ရှားမှုထဲကို ပါဝင်လာပြီးတာနဲ့ သိပ်မကြာဘူး။ မြန်မာ စာပေလောကထဲက ကဗျာဆရာတွေ အားလုံးလောက်နဲ့ သိကျွမ်းရင်းနှီးပြီး ဖြစ်နေခဲ့ပြီဆိုတာပါပဲ။ ဗမာပြည်မှာ ဒီမိုကရေစီအရေးအခင်းကြီး ဖြစ်ပေါ်လာခဲ့တဲ့အခါ ပြည်သူအားလုံးနဲ့အတူ ကဗျာဆရာတွေ အားလုံးလည်း ထောက်ခံ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြလက်မှတ်ကောက်ခံတဲ့အခါမှာ အသက်အကြီးဆုံး စာဆိုကြီးနှစ်ဦးဖြစ်တဲ့ ခေတ်စမ်း စာဆိုကြီးနှစ်ဦးက အဦးဆုံး လက်မှတ်ထိုးပေးခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံဖြစ်စမှာပဲ ကဗျာဆရာကြီး ဇော်ဂျီက ကျန်းမာရေးချို့တဲ့လာခဲ့ပါတယ်။ အိမ်ထဲမှာပဲ တွန်းလှည်းပေါ်မှာ နေထိုင်ရွေ့လျားခဲ့ရ ပါတယ်။ မကြာခင် အိပ်ရာပေါ်မှာပဲ နေရတဲ့ အခြေအနေကို ရောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။

ဆရာကြီး မင်းသုဝဏ်ကတော့ ကမာရွတ်အ၀ိုင်းမှာ နေ့ရော ညပါ လေထဲမိုးထဲ အစာငတ်ခံဆန္ဒပြကြတဲ့ ကျောင်းသား လူငယ်တွေကို မျက်ရည်စက်လက်နဲ့ ထွက်ပြီး အားပေးနိုင်ခဲ့ပါသေးတယ်။ “ငါ့မျက်ရည် မထိန်းနိုင်လို့” ဆိုပြီး အိမ်ပြန် သွားပါတယ်။ အိမ်မှာ ကဗျာတပုဒ်ရေးဖွဲ့ ကျနော့်လက်ထဲကို ထည့်လိုက်ပါတယ်။ လူငယ် သူရဲကောင်း တွေကို ဂုဏ်ပြုတဲ့ ကဗျာပါ။ ကျနော်ကိုပဲ ဖတ်ပြပေးပါလို့ တာဝန်ပေးလို့ ပရိသတ်ရှေ့ကို သွားရောက်ဖတ်ပြရတဲ့ အခါ ပရိသတ်က အကြိမ်ကြိမ်ထပ်ပြီးဖတ်ခိုင်းပါတယ်။ အလွန်အားတက်ဂုဏ်ယူကြပါတယ်။ (ပရိသတ်ထဲမှာ ကဗျာဆရာ ပုတီးကုန်း မောင်စိန်ဝင်းနဲ့ ပျဉ်းမနား မောင်နီသင်းလည်းပါပါတယ်။) အဲဒီကဗျာကိုတော့ အမေလူထု ဒေါ်အမာက လှမ်းတောင်းလို့ တယ်လီဖုန်းပေါ်မှာ နှုတ်နဲ့ပဲ ရွတ်ဆိုပြီး ပို့ပေးလိုက်ရပါတယ်။ ပြီးတော့ မန္တလေးကထုတ်တဲ့ ရှစ်လေးလုံးဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ဆရာကြီးမင်းသုဝဏ်ဟာ တရားရိပ်သာတခုကို ၀င်ဖို့ ပြင်ဆင်နေဆဲပါ။ ဒါပေမယ့် “ငါ့သူငယ်ချင်းရဲ့ သမီးကို ငါမျက်နှာလွှဲနေလို့ ဘယ်ဖြစ်မလဲ” လို့ဆိုပြီး ဒေါ်စုကို ထောက်ခံအားပေးခဲ့ပါတယ်။ ၁၉၃၆ က ကိုအောင်ဆန်းတို့ သပိတ်မှောက်တော့ ဆရာမင်းသုဝဏ်က တက္ကသိုလ်မှာ ဆရာဖြစ်နေပါတယ်။ ကိုအောင်ဆန်းတို့ရဲ့ ဆရာပါ။ ဒါပေမယ့် ဆရာက သူငယ်ချင်းလို့ပဲ ပြောခဲ့ပါတယ်။ ခေတ်စမ်းစာဆိုကြီးနှစ်ဦးဟာ ဖခင်လက်ထက်မှာရော၊ သမီးလက်ထက်မှာပါ အုပ်စိုးသူများကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်အန်တုပြီး အမှန်တရားဘက်က ထောက်ခံ ရပ်တည်ခဲ့ကြ ပါတယ်။

ခေတ်စမ်းစာဆိုတဦးဖြစ်ခဲ့ပြီး ကိုအောင်ဆန်းနဲ့လည်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့သူ ကဗျာဆရာ ဒဂုန်တာရာ ဟာ စစ်ပြီးခေတ်မှာ ပြည်သူ့စာပေခေတ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ စာဆိုတာရာကလည်း သူ့သူငယ်ချင်းရဲ့ သမီးကို အားပေးထောက်ခံပါတယ်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့ခြင်း ဖြစ်တယ်” ဆိုတဲ့ ဂန္ဒီ၊ မင်ဒဲလား လမ်းစဉ်ကို စွဲကိုင်ကြေညာရင်း ဒေါ်စုဘက်က ရပ်တည်ခဲ့ပါတယ်။

ရှင်လေးလုံးအရေးတော်ပုံကာလမှာ မန္တလေးက ဆင်းလာခဲ့ကြတဲ့ ကျနော်တို့ စာပေသမား သူငယ်ချင်းတစုဟာ အားလုံး ဒေါ်စုကို ၀န်းရံခဲ့ကြပါတယ်။ မုံရွာတင်ရွှေ၊ ပေါ်ဦး၊ ၀င်းဖေ၊ တင်မိုး၊ မောင်မိုးသူ၊ မောင်သာနိုး၊ မောင်စွမ်းရည်တို့တတွေ “တတ်သီအဖွဲ” ဖွဲ့တော့ စုဝေးပါဝင်ကြပါတယ်။ အဲဒီတုန်းက အခမ်းအနားသဘာပတိ လုပ်သူဟာ ကဗျာဆရာတင်မိုးပါ။ ကဗျာဆရာတဦးက ဦးဆောင်ဖွဲ့စည်းလှုပ်ရှားခဲ့တာကို သမိုင်းတင်ထားရ ပါလိမ့်မယ်။

ကဗျာဆရာတင်မိုးကိုတော့ “ဒီမိုကရေစီအရေးတော်ပုံစာဆို” လို့ ဆိုချင်ပါတယ်။ အရေးတော်ပုံကာလ တလျှောက်လုံး ကဗျာတွေ ရေးဖွဲ့၊ ရွတ်ဆိုဟောပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ထုတ်သမျှ လက်ကမ်းစာစောင်တွေမှာလည်း ကဗျာနဲ့ ပါဝင်ရေးဖွဲ့အားပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြောင်းကို ဖွဲ့ဆိုဂုဏ်ပြုကဗျာတွေ အများဆုံးရေးဖွဲ့ခဲ့သူဟာလည်း တင်မိုးပဲဖြစ်ပါတယ်။ ကဗျာဆရာတင်မိုးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအရ အရင်းနှီးဆုံး ကဗျာဆရာလည်း ဖြစ်ပါတယ်။ အရေးတော်ပုံကာလ အရေးအကြီးဆုံးအချိန်တွေမှာ မုံရွာတင်ရွှေ၊ ဦးဝင်းတင်၊ ဗိုလ်သော်က၊ မောင်မိုးသူ စတဲ့ စာပေးသမားများနဲ့အတူ တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ်နဲ့ ရှိနေခဲ့ပါတယ်။

ကဗျာဆရာတင်မိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အရေးတော်ပုံမတိုင်မီကာလကတည်းက သိကျွမ်းရင်းနှီးခဲ့ ပါတယ်။ တင်မိုးက ဒေါ်စုကို ရန်ကုန်မြို့ထဲက လမ်ဘေးစာအုပ်အဟောင်းဆိုင်တွေကို တနေကုန် ဘာမှမကျွေးဘဲ ခေါ်သွားခဲ့ဖူးတာဟာ အမှတ်တရပြောစရာဖြစ်ခဲ့ပါတယ်။ ဒေါ်စုက “ဆရာမိုးရေ ကျမတော့ ဆာပြီ” ဆိုမှ သတိရပြီး လမ်းဘေးခေါက်ဆွဲသုပ်ဆိုင်တဆိုင်ကို ခေါ်သွားသတဲ့။ ဒေါ်စုကလည်း လမ်းဘေးအသုပ်ဆိုင်မှာပဲ မြိန်ရေရှက်ရေ စားရှာပါသတဲ့။ ဒီလိုနဲ့ စာအုပ်ရှာတာ တနေကုန်သွားခဲ့ပါတယ်။

ကဗျာဆရာကြည်အောင်နဲ့ ကိုလေး (အင်းဝဂုဏ်ရည်) တို့နှစ်ဦးကတော့ အညာမှာပဲ နေကြတာဖြစ်လို့ အရေးတော်ပုံကာလမှာ ကျနော်တို့နဲ့ မဆုံနိုင်ခဲ့ကြပါဘူး။ ရန်ကုန်မှာ ဒေါ်စုကို အနီးကပ် မ၀န်းရံနိုင်ဘဲ အဝေးကပဲ ၀န်းရံခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသားနေ့လို အခါကြီးရက်ကြီးတွေမှာ ကြည်အောင်နဲ့ကိုလေးတို့ နှစ်ဦးကို ရန်ကုန်ရုံးချုပ်မှ ဖိတ်ခေါ်ပြီး ဟောပြောစေပါတယ်။ ဒီကဗျာဆရာနှစ်ဦး သူများနဲ့မတူတာက မန္တလေးတက္ကသိုလ် ကျောင်းထွက်တွေ ဖြစ်ကြတဲ့အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးလိုဟာမျိုးကအစ ရတု၊ ရကန်၊ အဲ၊ အန် တွေကို စနစ်တကျ ရွတ်ဆိုတတ်သူတွေဖြစ်ပါတယ်။ သူတို့ ရွတ်ဆိုဟောပြောတာတွေကို ဒေါ်စုကအစ အဖွဲ့ချုပ်က ရဲဘော်ရဲဘက်တွေက အထူးသဘောကျကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးကိုပဲ နှစ်စဉ်ဖိတ်ကြားလေ့ရှိပါတယ်။ ဒေါ်စုက သူတို့ကို နိုင်ငံခြားက စာအုပ်တွေမှာပြီး လက်ဆောင်ပေးပါတယ်။ ကဗျာဆရာအောင်ဝေးကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ပေးချက်အရ မြစ်ဝကျွန်းပေါ်ဒေသ စည်းရုံးရေး ကိစ္စတွေကို ဆောင်ရွက် ရသူဖြစ်ပါတယ်။ “ကိုအောင်ဝေးရေ ဒေါ်စုနဲ့ ကဗျာအကြောင်း စာအကြောင်း လေးများ ဆွေးနွေးဖြစ်တာရှိရင် ဒို့များလည်း မှတ်သားရအောင် ဖောက်သည်ချပါအုန်း” လို့ ပြောဖူးပါတယ်။ “ဆရာရေ- ဆုံဖြစ်ကြတာတွေက အဖွဲ့ချုပ်ကိစ္စတွေနဲ့ချည်းဆိုတော့ ကဗျာအကြောင်း စာအကြောင်း မပြောဖြစ်ပါ ဘူး” လို့ ပြန်ဖြေပါတယ်။ ကျနော်ကပဲ ကျနော်တို့နဲ့ ပြောဖူးတာလေးတွေကို ဖောက်သည်ချရပါတယ်။

အရေးတော်ပုံကာလမှာ တင်မိုးက အစိုးရအလုပ်က အငြိမ်းစားယူပြီးပါပြီ။ ကျနော်ကတော့ အရေးအခင်းအပြီးမှာ ရုံးကို ပြန်တက်နေပါတယ်။ ပြီးမှစောပြီး အငြိမ်းစားယူလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူရုံး၊ သူ့ခြံထဲမှာ အလုပ်ရှုပ်နေလို့ ကဗျာဆရာတွေနဲ့ အလာပသလ္လာပပြောဖို့ အချိန်မရရှာပါဘူး။ လမ်းဘေးဟောပြောပွဲတွေ လုပ်တာ ကိုတော့ ကျနော်တို့ မပြတ်သွားနားထောင်ပါတယ်။ ဒေါ်စု သာရေးနာရေးတွေကို ထွက်လာတဲ့အခါမှာလည်း ဆုံဖြစ်ပါ တယ်။ ဆရာကြီး မင်းသုဝဏ်တို့၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ထမနဲပွဲတွေမှာ အမြဲလာပါတယ်။ အဲလိုအခါ တွေမှာ ကဗျာဆရာကြီး ဒဂုန်တာရာနဲ့ရော၊ ကျနော်တို့နဲ့ရော ဆုံခွင့်ကြုံရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ လေထီးဦးအုန်းမောင်၊ ဗိသုကာ ဦးကျော်မင်း၊ တိုင်းစည်းရုံးရေးမှူး ဦးသိန်းတင်၊ မုံရွာ ဦးတင်ရွှေ၊ ဟာဂျီဦးမြသန်း၊ စာရေးဆရာ မြသန်းတင့် စတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ကွယ်လွန်နှစ်ပတ်လည်ပွဲတွေမှာလည်း မပျက်မကွက် လာလေ့ရှိပါတယ်။ အဲလိုလာတဲ့အခါ ဒေါ်စုနဲ့အတူ ဦးတင်ဦး၊ ဦးကြည်မောင်၊ သခင်အုန်းမြင့်တို့ သုံးဦး ကတော့ အမြဲပါလေ့ရှိပါတယ်။

မုံရွာတင်ရွှေက ကျနော်တို့ရဲ့ ရဲဘော် သူငယ်ချင်းပါ။ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဟောင်းပါ။ ဒါကြောင့် တင်မိုး၊ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ခေါ် ခရစ်ယာန် သာသနာပိုင်ချုပ် အင်ဒရူး မြဟန် စတဲ့ ငယ်ပေါင်းရဲဘော်များက မပျက်မကွက် စုံစုံညီညီသွားလေ့ရှိပါတယ်။ တခါတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က မုံရွာ ဦးတင်ရွှေရဲ့အိမ် (အင်းစိန်၊ နံ့သာကုန်း) ရဲ့ အပေါ်ထပ်မှာ အစောကြီး ရောက်နှင့်နေတယ်။ ကျနော်တို့အဖွဲ့က နောက်ကျရောက်ပြီး အောက်ထပ်မှာပဲ စကားဝိုင်းဖွဲ့နေကြပါ တယ်။ ခဏနေတော့ ရဲဘော်တယောက် ရောက်လာပြီး ကျနော်တို့ကို “အပေါ်ကြွပါ” လို့ ဖိတ်ခေါ်ပါတယ်။ အပေါ်တက်သွားတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ စားပွဲဝိုင်းက သခင်အုန်းမြင့်က လှမ်းပြီး လက်ရပ်ခေါ်ပါတယ်။ သူနဲ့အဖွဲ့ဝင်လူကြီးတချို့က ထပေးပြီး ကျနော်တို့တဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောကြဖို့ ဆုံပေးပါတယ်။ ဒီလို စကားဝိုင်းဖွဲ့ခွင့်မျိုးကို သခင်အုန်းမြင့်က မကြာခဏ လုပ်ပေးလေ့ရှိပါတယ်။

ကျနော်တို့တတွေ ဒေါ်စုနဲ့ ဆုံမိကြတဲ့အခါ တခါမှ နိုင်ငံရေးစကား မပြောဖြစ်ကြပါဘူး။ နိုင်ငံရေးအကြောင်းအရာ အနေနဲ့ ထူးပြီးပြောစရာလည်း မရှိပါဘူး။ နိုင်ငံရေးအသိအမြင်ကလည်း ခြားနားတာရှိကြတာမှ မဟုတ်ဘဲကိုး။ ဒါကြောင့် စာကြောင်းပေကြောင်းလောက်ပဲ ပြောဖြစ်ပါတယ်။ မုံရွာ ဦးတင်ရွှေရဲ့ အဲဒီနှစ်လည်ပွဲမှာ ထူးထူးခြားခြား ပြောမိကြတာကို ခေါင်းစဉ်တပ်ရရင် “ကဗျာဆရာများနဲ့ နိုင်ငံရေး” လို့ တပ်ရပါလိမ့်မယ်။ ဒေါ်စုက ကျနော်တို့ ကဗျာဆရာတွေကို ကြည့်ပြီး “နိုင်ငံမှာ အရေးရယ်လို့ ကြုံလာရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ကရောက်လာပြီး ပါဝင်ဆင်နွှဲကြလေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားချက်လို့ ကျမတော့ ထင်မိတယ်။ ဆရာတို့ ဘယ်လို သဘောရသလဲတဲ့။ ဒီပွဲမှာ ကျနော့်ထက် အသက်လည်းကြီး၊ ၀ါလည်းကြီးတဲ့ ကဗျာ ဆရာ သုံးဦးပါဝင်နေပါတယ်။ တင်မိုး၊ မောင်ပေါက်စည်(မန်းတက္ကသိုလ်) နဲ့ မောင်သာနိုးတို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အဖြေကို စောင့်နေရပါတယ်။ အတန်ကြာငြိမ်နေတော့ တင်မိုးက “ခင်ဗျားပြောလိုက်ပါ” လို့ ကျနော့်ကို လှည့်ပြီး ပြောလိုက်ပါတယ်။

ကျနော့်အနေနဲ့ကလည်း အဖြေကို သိပ်စဉ်းစားချိန်မရပါဘူး။ ကိုယ်ဘာဖြေရဖို့လည်း အသင့်ပြင်မထားပါဘူး။ ခုလို တင်မိုးက မေးထိုးပြီး ခိုင်းလိုက်တော့ ပြောလိုက်ရပါတယ်။ “ကျနော်တို့ ခေတ်သစ် ဗမာစာပေလောကမှာ ရှေ့ဆုံးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရှိပါတယ်။ ဆရာကြီးက နိုင်ငံမှာ အရေးကြုံတိုင်း ရှေ့ဆုံးက ပါခဲ့ပါတယ်။ “အရေးကြီးရင်၊ သွေးနီးရာပါစမြဲ” လို့ ကြွေးကြော် ၀င်ရောက်လာလေ့ရှိပြီး လေးချိုးကဗျာကြီးတွေနဲ့ ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။ ဒီအစဉ်အလာအရ ကဗျာဆရာဆိုတာ နိုင်ငံရေးမှာ ပါရမယ်လို့ စွဲမြဲယုံကြည်ထားကြပါတယ်။ ဒါဟာ ဆရာကြီး ချမှတ်စိုက်ထူခဲ့တဲ့ အစဉ်အလာပါ” လို့ ဖြေကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာပေါ်မှာ ဘ၀င်ကျသွားတဲ့ လက္ခဏာ မပေါ်လာပါဘူး။ “ဆရာ၊ အဲဒါလည်း မှန်ပါ တယ်။ ဒါက ဗမာပြည်ရဲ့ အစဉ်အလာဖြစ်မှာပါ။ ဒါပေမယ့် ကျမက နိုင်ငံတကာရဲ့ အစဉ်အလာကို ပြောလိုတာပါ။ နိုင်ငံတိုင်းမှာလိုလိုပဲ ကျမ သတိပြုမိတာက အရေးကြုံရင် ကဗျာဆရာတွေ ရှေ့ဆုံးက ပါဝင်လာကြတာပဲ။ အဲဒါ ထူးခြားတယ်လို့ ကျမထင်လို့ပါ။ အဲဒါကို ဆရာတို့ ဘယ်လိုသဘောရပါသလဲ” တဲ့ ထပ်ပြီး ဆွေးနွေးလိုက်ပါတယ်။

ကျနော့်ဦးနှောက်ထဲမှာ ယိတ်(ခ်)၊ အော်ဒင်၊ မာယာကော့ဖ်စကီး၊ လူရွှင့်၊ တဂိုး စတဲ့ ကဗျာဆရာကြီးတွေရဲ့ နာမည်တွေနဲ့ သူတို့ကဗျာတွေ ပဲ့တင်ထပ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကဗျာဆရာတွေထဲက ဘယ်သူမှ ရုတ်တရက် ၀င်မဖြေဖြစ်ကြပါဘူး။ ဒီမှာတင် မမျှော်လင့်တဲ့ ပုဂ္ဂိုလ်တဦးက ၀င်ပြီး “ကျနော်က ကဗျာဆရာမဟုတ်ပေမယ့် အဖြေတခု ပြောကြည့်ချင်ပါတယ်” လို့ ခွင့်တောင်းလာပါတယ်။ ကျနော်တို့အားလုံးကလည်း ၀မ်းပန်းတသာနဲ့ ဖိတ်ခေါ်ပါတယ်။

“ဒီလိုပါ။ ကဗျာဆရာ စတဲ့ အနုပညာရှင်တွေဟာ အမှန်တရားကို ရှာဖွေသူတွေ၊ အမှန်တရား သစ္စာတရားကို ယုံကြည်ကိုးကွယ်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတနိုင်ငံမှာ အရေးအခင်းတခု ကြုံရရင် အမှားဘက်၊ အမှန်ဘက် ဆိုတာ ရှိစမြဲပါပဲ။ ဒီအခါမှာ အမှန်တရားဘက်ကနေပြီး ကဗျာဆရာတွေက ရှေ့ဆုံးက ၀င်ပါလာကြတယ်လို့ ကျနော်ထင်ပါတယ်” တဲ့။ ကျနော်တို့အားလုံးက ၀မ်းပန်းတသာနဲ့ ဒီအဖြေကို သဘောတူလိုက်ကြပါတယ်။ ဖြေဆိုသူက ဗိုလ်ချုပ်တင်ဦး။ စစ်သားကြီး တင်ဦးပါ။ သူလည်း အမှန်တရားကို ကိုးကွယ်သူပါ။

နိုင်ငံမှာ အရေးကြုံရင် ကဗျာဆရာများရော၊ စစ်ဗိုလ်စစ်သားများပါ အမှန်တရားဘက်က ၀ိုင်းရံလေ့ရှိကြပါတယ်။ အမှန်တရားကို မြတ်နိုးသူတိုင်း ဒေါ်စုကို ဆက်လက်ဝန်းရံကြပါစို့။ ဒေါ်စု ကျန်းမာပါစေ၊ အန္တရာယ်လည်း ကင်းပါစေ လို့ ကဗျာဆရာများက ဆုတောင်းလိုက်ပါကြောင်း။


ဇွန်လ၂၃ဒိုင်ယာရီ

တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
22 June 2009 VOA
တားမြစ်ချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုကြားနာနေတဲ့ တရားခွင်မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေတွေကို သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ ရှေ့နေတွေက
ပြောပါတယ်။ သူ့ကိုဖမ်းဆီးထားရာ ရန်ကုန်မြို့က အင်းစိန်ထောင်မှာ ရှေ့နေတွေနဲ့တွေ့ဆုံပြီး အခုလို ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ဖမ်းဆီးထိန်းသိမ်းခံနေရပြီး တရားစွဲဆိုခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုကြားနာစစ်ဆေးနေတဲ့ တရားခွင်ရဲ့ မမျှတမှုတွေနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင်တွေနဲ့ တိုင်ပင်နှီးနှောတာတွေ လုပ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သူနဲ့အတူ စွပ်စွဲခံထားရတဲ့အဖော်အဖြစ်နေထိုင်သူ ၂ ဦးနဲ့ သူတို့ရဲ့ရှေ့နေ ၄ ဦးတို့နဲ့ ၂နာရီလောက်ကြာတွေ့ဆုံဆွေးနွေးမှုတွေအတွင်း
အဲဒီလိုပြောလိုက်တာလည်း ဖြစ်ပါတယ်။ဒီအထဲက ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြတာကတော့ …“၃ နာရီခွဲကနေ ၅ နာရီခွဲအထိ ကျနော်တို့ တွေ့ဖြစ်ပါတယ်။ ရှေ့နေ ၄ ယောက်လုံးပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါ်ခင်ခင်ဝင်းရော၊ ၀င်းမမရော၊ သူတို့လည်းလာပါတယ်။ အကြောင်းအရာအနေနဲ့ကတော့ မူလမှုအပေါ်မှာ အမြင်တွေ၊ အကြောင်းအရာအမြင်၊ ဥပဒေအမြင် ဆွေးနွေးကြတယ်။ နောက် ဗဟိုတရားရုံးမှာ ရှိနေတဲ့အမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြတယ်။ အမှုအကြောင်းအရာ
အဓိက ဆွေးနွေးပါတယ်။“တရားဥပဒေစိုးမိုးမှု၊ ဒီအမှုမှာ ဘယ်နေရာတွေမှာ တာဝန်ရှိတယ်၊ ဘယ်သူတွေတာဝန်ရှိတယ်၊ Transparency မရှိတာတွေ၊ ဒီဟာတွေအားလုံးကို သူဆွေးနွေးတယ်။အခွင့်အရေးနဲ့ တာဝန်ပေါ့၊ အခွင့်အရေးရှိရင် တာဝန်လည်းရှိရမယ်။ ဒီဟာတွေနဲ့
ပတ်သက်ပြီး မညီညွတ်တာတွေ၊ Rule of Law နဲ့ မညီညွတ်တာတွေ၊ အဲဒါတွေကိုဆွေးနွေးကြတာပေါ့။”

အခုအချိန်အထိကတော့ တရားခွင်က ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပပေးမယ့် သက်သေ ၄ ယောက် တင်ပြထွက်ဆိုခွင့် တောင်းထားပေမယ့် ၂ ယောက်သာရထားတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်
တွေဘက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့်ရခဲ့တာမို့လို့လည်း ဒါဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရှေ့နေတွေက ပြောထားတာပါ။ ဒီအတွက်လည်း နောက်ထပ် ကျန်သက်သေ ၂ ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုပဲ နေအိမ်
အကျယ်ချုပ် ကျခံနေရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် အတွင်းရေးမှူး ဦးဝင်းတင်တို့ကိုပါ တရားခွင်မှာ ထွက်ဆိုခွင့်ရဖို့ ဆက်ပြီး ကြိုးစားနေကြတာပါ။

အဲဒီအတွက် တရားရုံးချုပ်ကို ပြင်ဆင်ချက်တင်သွင်းထားတာ ကြားနာဖို့ကိုလည်းလာမယ့်ဗုဒ္ဓဟူးနေ့မှာ ရက်သတ်မှတ်ထားပါတယ်။ ဒီအတွက်ကြောင့် မူလက ရန်ကုန်အင်းစိန်ထောင်တွင်းမှာ တံခါးပိတ် ကြားနာနေတဲ့ တရားခွင်ကို သောကြာနေ့မှာချိန်းဆိုထားပေမယ့် အပြောင်းအလဲတွေ ရှိလာဖို့ မျှော်လင့်ရကြောင်း ဦးဉာဏ်ဝင်းကပြောပါတယ်။

အခုနောက်ဆုံး ဥပဒေအကျိုးဆောင်တွေနဲ့ တွေ့ဆုံရာမှာတော့ အမှုကိစ္စတွေ ဆွေးနွေးခဲ့တာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့မှာ သူ့ကိုထောက်ခံသူတွေရဲ့ အားပေးမှုတွေအပေါ် တုံ့ပြန်သတင်းစကား ပြောခဲ့တယ်လို့လည်းဦးဉာဏ်ဝင်းက ဆိုပါတယ်။

“ဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ပတ်သက်ပြီး ပြည်တွင်းကရော၊ ပြည်ပကရော ဆုတောင်းပေးတာတွေ၊ အဲဒါတွေအားလုံးအတွက်ကို သူက ကျေးဇူးတင်ကြောင်း ပြောပေးပါ၊ တဦးချင်းအနေနဲ့ ဒီလို ကျေးဇူးတင်ကြောင်း ပြောကြားနိုင်ခြင်း
မရှိသေးတာကိုလည်း နားလည်ပေးကြပါဆိုပြီး အဲဒါတော့ ပြောခိုင်းပါတယ်။”အဲဒီတော့ မွေးနေ့တုန်းက ဒံပေါက်ကျွေးတယ်ဆိုတာရော အထဲမှာ လုပ်ဖြစ်သွားတာပေါ့။

“လုပ်ဖြစ်ပါတယ်၊ အားလုံးအဆင်ပြေပါတယ်တဲ့၊ ကျနော်တို့လည်း မေးတော့၊ သူနဲ့အတူတူနေထိုင်တဲ့ လုံခြုံရေး အမျိုးသမီးဝန်ထမ်းတွေ၊ နောက် သူနေတဲ့ အိမ်ခြံဝင်းဝန်းကျင်မှာ ချထားတဲ့ လုံခြုံရေးရဲဘော်တွေ၊ အားလုံးကို သူကျွေးတာပါ။”

တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ရန်ကုန်အင်းစိန်ထောင်မှာ တွေ့ဆုံစကားပြောခဲ့တဲ့ အခြေအနေတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။



ထိုင်းကို ပုတ်ခတ်သည့်ဆောင်းပါး ဖော်ပြရန် ဂျာနယ်များကို ဖိအားပေး
Monday, 22 June 2009 16:50 အောင်သက်ဝိုင်း
ထိုင်းနိုင်ငံအား ဝေဖန် ပုတ်ခတ်ရေးသားထားသော ဆောင်းပါးများနှင့် အမေရိကန် သံတမန်အဖွဲ့က KNU (ကရင် အမျိုးသား အစည်းအရုံး) ကို ကူညီနေသည်ဆိုသော သတင်းများအား ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စာပေစိစစ်ရေး က ဖိအားပေး ဖော်ပြခိုင်းကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှုဆင်ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဝေဖန်ခဲ့သော ထိုင်းအစိုးရအား “ယိုးဒယားအစိုးရ” ဟုခေါ်ဆို သုံးနှုန်းထားသည့် မိမြတ်မွန်မွန် ရေးသားထားသော “နှစ်သစ်ကူးသင်္ကြန်ကာလ ထိုင်းနိုင်ငံရောက်ရှိစဉ် အကြမ်းဖက်မှုများနှင့် နိုင်ငံရေး ဖြစ်စဉ်များ” အကြောင်း ဆောင်းပါးကို ယခုတပတ်ထုတ်
ဂျာနယ်များ၌ ဖိအားပေး ထည့်သွင်းခိုင်းသည်ဟု စာနယ်ဇင်းအသိုင်းအဝန်းမှ ကြားသိရသည်။

“ထိုင်းမှာ အနီရောင်၊ အ၀ါရောင် ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်ကြ၊ လေဆိပ်တွေပိတ်၊ ကားတွေမီးရှို့၊ လူတွေသေ၊ ရိုက်ကြနှက်ကြ တုန်းကတောင် မြန်မာနိုင်ငံက သူများ ပြည်တွင်းရေး ၀င်ရောက်မစွက်ဖက်ဘူး။ အခုအချိန်မှာ ကိုယ့်ပြဿနာကိုယ်မရှင်းဘဲ မြန်မာ့အရေးဝင်ရှုပ်တာရှက်ဖို့ကောင်းတယ်ဆိုတဲ့ သဘောမျိုး ရေးထားတဲ့ ဆောင်းပါးပါ” ဟု သတင်းဂျာနယ် အမှုဆောင်အယ်ဒီတာတဦးက ပြောသည်။

ထို့အပြင် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သော “ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်များအဖွဲ့ မဲလ ဒုက္ခသည်စခန်းနှင့် နယ်စပ်တလျှောက် စစ်ပွဲကြောင့် ထွက်ပြေးလာသော ကရင်သူပုန်ဆွေမျိုးများအား တွေ့ဆုံကူညီ” ဆိုသော သတင်းကိုလည်း ဂျာနယ်များအားလုံးတွင် ဖော်ပြခိုင်းသည်ဟု သိရသည်။

အဆိုပါသတင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အဖွဲ့က ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တာ့ခ် ခရိုင်၊ သာဆောင်ယမ်းမြို့နယ်၊ မဲလကရင် ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး ဒုက္ခသည်ဟု ခေါ်ဆိုသူများကို တွေ့ဆုံ အားပေး ကူညီနေကြောင်း၊ ထိုဒုက္ခသည်ဆိုသူများသည် ဒုက္ခသည်အမည်ခံ KNU သူပုန်များ၏ ဆွေမျိုးများ သာဖြစ်ကြောင်း ရေးသားထားသည်။

ထို့ပြင် ယခု KNU နှင့်ဖြစ်ပွားနေသော စစ်ပွဲ မှာလည်း အစိုးရနှင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ DKBA နှင့် KNU တို့ ဖြစ်ပွားသော တိုက်ပွဲသာ ဖြစ်ပြီး မြန်မာ့ တပ်မတော်က လုံးဝပါဝင်ခြင်း မရှိဟုလည်း အစိုးရက တရားဝင် ငြင်းဆိုသည်။

စာပေစိစစ်ရေးသည် ပြည်တွင်းသတင်းများ သာမက ပြည်ပသတင်းများကိုလည်း ဖြုတ်ပယ်မှုများပြုလုပ်နေရာ ယခုနောက်ပိုင်း မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့နှင့် ပတ်သက်သည့် သတင်းများကို ရေးသားခွင့် မပြုကြောင်း သိရသည်။

“အီရန်က ဆန္ဒပြပွဲတွေ၊ အစိုးရနှိမ်နင်းလို့ လူတွေသေကြေတယ်ဆိုတာတွေ ရေးခွင့် မရှိဘူး။ မြောက်ကိုရီးယားကို အာဏာရှင်နိုင်ငံလို့ သုံးနှုန်းတာမျိုးတွေ၊ မြောက်ကိုရီးယား ပြည်သူတွေ ငတ်ပြတ် နေတယ်ဆိုတာ မျိုးတွေ ရေးခွင့်ပိတ်တယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။

အစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင်လည်း အမေရိကန် ၀င်ရောက် ကျူးကျော်ထားသော အီရတ်၊ အာဖဂန်နစ္စတန်နိုင်ငံများ၌ မတည်မငြိမ်ဖြစ်ကာ ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန် စစ်သားများနှင့် ပြည်သူများ သေဆုံးနေကြောင်း၊ အမေရိကန်ထောက်ခံသော ပါကစ္စတန်နိုင်ငံတွင်လည်း ယင်းသို့ ဖြစ်ရပ်များ ကြုံတွေ့နေရကြောင်း စသည့်သတင်းများကို သေဆုံးသူများ၏ ဓာတ်ပုံများနှင့် နေ့စဉ် ဖော်ပြနေသည်။

“အစိုးရက သူတို့ ၀ါဒဖြန့်ဖို့ ကိုပဲ အာရုံထားပြီး စာနယ်ဇင်း ကျင့်ဝတ်ဆိုတာကို ဂရုမစိုက်ဘူး။ ဇွန်လ ၂၁ ရက်နေ့ ကြေးမုံ သတင်းစာမှာပါတဲ့ အီရတ်နိုင်ငံ ကာဘာလာမြို့ တိုက်ပွဲမှာ သေဆုံးနေတဲ့ သွေးသံရဲရဲ အလောင်း ပုံတွေကို ဖော်ပြထားတာဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ လုံးဝမညီဘူး” ဟု ၀ါရင့် သတင်းသမားတဦးက ပြောသည်။


မြောက်ကိုရီးယားသင်္ဘော မြန်မာပြည်တွင် ဆိုက်ကပ်မည်ဟု ယူဆရ
Monday, 22 June 2009 19:28 အေးချမ်းမြေ့
အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်ပါလာသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောသည် လာမည့် ရက်ပိုင်းအတွင်း မြန်မာပြည်၊ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင် ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူ တဦးက အတည်ပြု ပြောကြားလိုက်သည်။

“ပုံမှန်အားဖြင့်တော့ သင်္ဘောတစီးဝင်ရင် ၂ ရက်လောက်ကြိုသိရတယ်။ ဒါပေမယ့် ဒီသင်္ဘောက အရေးကြီးတော့ သူ့ရဲ့ အစီအစဉ်ကို ကြိုမသိရဘူး။ ကပ်ခါနီးမှ သိရလေ့ရှိတယ်” ဟု ၎င်းတာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

လက်နက်များကို တင်ဆောင်လာသည်ဟု ယူဆရသော ထို Kang Nam 1 သင်္ဘောမှာ တန်ချိန် ၂၀၀၀ ခန့်သာရှိပြီး ပစ္စည်းအတင်အချ ပြုလုပ်ချိန်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားလေ့ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားဆိပ်ကမ်းမှ ဇွန် ၁၇ ရက်နေ့က ထွက်ခွာလာခဲ့သော ၎င်း သင်္ဘောသည် တရုတ်ပြည် ကမ်းရိုးတမ်းဒေသကို ဖြတ်ကျော်လာခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့သတင်းဌာနများတွင် ဖော်ပြထားသည်။

Kang Nam 1 သင်္ဘောတွင် လက်နက်များ၊ နျူကလီးယား လက်နက် အစိတ်အပိုင်းများတင်ဆောင်လာသည်ဟု အမေရိကန် ရေတပ်က သံသယရှိသဖြင့် ဆိပ်ကမ်းမှ စတင်ထွက်ခွာလာကတည်းက စောင့်ကြည့်လျက်ရှိသည်။

လက်ရှိအနေအထားအရ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ကာ တရားစွဲဆိုထားသဖြင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုနေသည့်ကာလဖြစ်သည်။

ထိုကာလတွင် ယခုကဲ့သို့ စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား သင်္ဘော မြန်မာပြည်သို့ ဦးတည်ထွက်ခွာခဲ့သဖြင့် နိုင်ငံတကာက စိတ်ဝင်စားနေကြပြီး အာဆီယံအပါအဝင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကလည်း မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးကို စိုးရိမ်နေကြသည်။

ယင်း Kang Nam 1 သင်္ဘောသည် မြန်မာပြည် သီလဝါဆိပ်ကမ်းတွင် ၂၀၀၇ ခုနှစ်အတွင်းကလည်း ဆိုက်ကပ် ခဲ့ဖူးပြီး ထိုစဉ်ကတည်းက မြောက်ကိုရီးယားနိုင်ငံအနေနှင့် မြန်မာပြည်ကို စစ်လက်နက် ပစ္စည်းများ ရောင်းချ လျက် ရှိသည်ဟု နိုင်ငံတကာက သံသယ ရှိနေသည်။ သို့သော် မြန်မာစစ်အစိုးရက Kang Nam 1 သင်္ဘောသည် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပစ္စည်းများသယ်ဆောင်လာသဖြင့် မြန်မာပြည်တွင် ဆိုက်ကပ်ခွင့်ပြုခြင်း ဖြစ်သည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာစစ်တပ်အရေး လေ့လာသူတို့က နအဖ အစိုးရအနေနှင့် လာမည့် ၂၀၂၅ ခုနှစ်တွင် နျူကလီယား စွမ်းအင် လက်ဝယ် ပိုင်ဆိုင်နိုင်ရန် စိတ်ကူးယဉ်လျက် ရှိသည်ဟု သုံးသပ်ကြသည်။

ပြည်တွင်းပြည်ပရှိ လေ့လာသုံးသပ်သူတို့၏ အဆိုအရ နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကြောင့် မြောက်ကိုရီးယား နျူကလီးယား ပညာရှင် အမြောက်အများ မြန်မာနိုင်ငံတွင်း ရောက်ရှိနေသည်ဟုလည်း သိရှိရသည်။

စစ်ဖက်ရေးရာ လေ့လာသုံးသပ်သူတို့ကမူ မြောက်ကိုရီးယားနိုင်ငံသည် မြန်မာစစ်အစိုးရကို ခေတ်မီ စစ်သုံး လက်နက်ပစ္စည်းများ ပံ့ပိုးပေးလျက်ရှိပြီး နျူကလီးယား လက်နက်များ တပ်ဆင်ရန် အကူအညီများစွာ ပေးလျက် ရှိသည်ဟု ဆိုကြသည်။

၂၀၀၆ ခုနှစ်က နျူကလီးယား လက်နက်များ စတင်စမ်းသပ်ခဲ့သော မြောက်ကိုရီးယားနိုင်ငံကို ကမ္ဘာ့ကုလ သမဂ္ဂက စီးပွားရေးပိတ်ဆို့ အရေးယူခဲ့ပြီး နောက်ပိုင်းတွင် မြောက်ကိုရီးယားက မြန်မာပြည်ကို ၂၀၀၈ ခုနှစ် အတွင်း ရော့ကက်လောင်ချာများ ရောင်းချပေးခဲ့သည်။

မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ ၁၉၉၉ ခုနှစ် မြန်မာစစ်အရာရှိတချို့ မြောက် ကိုရီးယားသို့ တိတ်တဆိတ် သွားရောက်ခဲ့စဉ်က ပြန်လည်စတင်ခဲ့သည်ဟု ယူဆရသည်။ ၂၀၀၀ ပြည့်နှစ်တွင် လည်း မြန်မာစစ်တပ်မှ အကြီးတန်းအရာရှိ တချို့၏ လျှို့ဝှက်ခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ သွား ရောက်ခဲ့သေးသည်။

၂၀၀၁ ခုနှစ် ဇွန်လကလည်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Park Kil-yon နှင့် မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးခင်မောင်ဝင်းတို့ တွေ့ဆုံခဲ့သေးသည်။

သို့ရာတွင် ၁၉၈၃ ခုနှစ်က မြန်မာပြည်သို့လာရောက်ခဲ့သော တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝမ် ရန်ကုန်မြို့ အာဇာနည်ကုန်းသို့ လည်ပတ်စဉ် မြောက်ကိုရီးယားနိုင်ငံမှ ဗုံးဖောက်ခွဲလုပ်ကြံမှု ပြုလုပ်ခဲ့ပြီးနောက်တွင်မူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်သွားခဲ့ပြီး မြန်မာ နှင့် မြောက်ကိုရီးယားသည် တရားဝင် သံတမန် ပုံမှန် ဆက်ဆံရေးကို ၂၀၀၇ ခုနှစ်မှ ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။


ကုလအကြီးအကဲ မတိုင်မီ ဂမ်ဘာရီ ရန်ကုန်သို့ သွားမည်
လယ်ရီရေဂင်
တနင်္လာနေ့၊ ဇွန်လ 22 2009 21:36 - မြန်မာစံတော်ချိန်


ဘန်ကောက် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဇူလိုင်လ အစောပိုင်းတွင် သွားရောက်နိုင်ရေးအတွက် ကုလ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိပြီး စီစဉ်ထားမှာဖြစ်သည်။

မြန်မာအစိုးရ အရာရှိတဦးအပြောအရ ကုလသံတမန်၏ ခရီးစဉ်ကို သောကြာနေ့တွင် စတင်ရန် ရှိသည်ဟု သိရသည်။ “အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးဖို့နဲ့ မစ္စတာဘန်ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်ဖို့ပါ” ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

ကုလသမဂ္ဂ အရာရှိများကို ဆက်သွယ်မေးမြန်းရာ ခရီးစဉ်နှင့်ပတ်သက်ပြီး လောလောဆယ်တွင် အတည်ပြု၍ မရသေးဟု ဆိုသည်။ အခြားသော သတင်းရပ်ကွက်များကတော့ မစ္စတာဂန်ဘာရီ၏ ခရီးစဉ်ကို စီစဉ်ထားပြီးပြီဖြစ်ကာ သတ်မှတ်ချိန်အတိုင်း သွားဖြစ်ရန် များပါသည်ဟု ဆိုသည်။ ရန်ကုန်ရှိ သံတမန်အများက မဇ္ဈိမကို ပြောကြားရာတွင် ခရီးစဉ်ကို အတည်ပြု၍ မရနိုင်သေးသော်လည်း ယခုသတင်းပတ်အကုန်တွင် ကုလကိုယ်စားလှယ် လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။

“တကယ်လို့များ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဇူလိုင်လမှာ လာမယ်ဆိုရင် သူ့ရဲ့ အထူးကိုယ်စားလှယ် ဂမ်ဘာရီဟာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြင်ဆင်မှု လုပ်ရမှာပဲလေ” ဟု ရန်ကုန်ရှိ အမည်မဖော်လိုသူ အနောက်တိုင်း သံတမန်တဦးက မဇ္ဈိမကို ပြောသည်။

ဘန်ကီမွန်း၏ ဂျပန်နိုင်ငံ တိုကျိုမြို့ ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ကြောင်းနှင့် ဇွန်လ ၃ဝ ရက်နေ့မှသည် ဇူလိုင်လ ၂ ရက်နေ့အထိ ကြာမြင့်နိုင်ကြောင်း အာရှ သံတမန်သတင်းရပ်ကွက်က ယုံကြည်နေကြသည်။ မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်အသေးစိတ်ကို မပြောနိုင်သော်လည်း မြန်မာနိုင်ငံသို့ လည်ပတ်ရေးမှာ ဖြစ်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မစ်ချယ် မွန်တက်စ်က နယူးယောက်တွင် သောကြာနေ့က သတင်းစာဆရာများကို ပြောကြားခဲ့သည်။

အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် စိတ်ပိုင်းဖြတ်မှု မပြုရသေးကြောင်းသာ ကုလသမဂ္ဂ အရာရှိများက လူသိရှင်ကြား ပြောကြားမည် ဖြစ်သည်။ သို့သော်လည်း ဘန်ကီမွန်းအနေဖြင့် သွားရောက်ရန် ဆန္ဒပြင်းပြနေသည်ဟု သူနှင့် အဆက်အသွယ်ရှိသူ သံတမန်အများက မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံသို့ ဇူလိုင်လအတွင်း လာရောက်ပါရန် ကုလအကြီးအကဲကို ဖိတ်ကြားထားသော်လည်း ဖိတ်စာကို အကြောင်းပြန်ကြားချက် မရသေးကြောင်း မြန်မာအစိုးရ အရာရှိများက ပြောသည်။

မစ္စတာ ဘန်ကီမွန်းအနေဖြင့် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အကြောင်းပြန်ကြားချက်စာကို ကုလသံတမန်ဖြင့် ပေးအပ်လိုက်ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။ ယခင်အကြိမ်များကဲ့သို့ပင် စစ်အစိုးရ ခေါင်းဆောင်က မစ္စတာ ဂမ်ဘာရီကို တွေ့ဆုံခြင်း မပြုဘဲ နေမှာလား၊ တွေ့ဆုံမည်လား ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။

ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများထံမှ တစုံတရာ ကမ်းလှမ်းမှု မရနိုင်လျှင် ကုလအကြီးအကဲအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်မှာ မဟုတ်ပေ။ မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အတွင်း အထွေထွေ အတွင်းရေးမှူးချုပ် မျှော်လင့်ထားသည်များကို ရှင်းလင်းပြောကြားသွားဖွယ် ရှိသည်ဟု ရန်ကုန်ရှိ သံတမန်များက ယုံကြည်နေကြသည်။

နယူးယောက်ရှိ ကုလ ရုံးချုပ်တွင် မစ္စတာ ဘန်ကီမွန်းက စာနယ်ဇင်းသမားများကို ပြောကြားခဲ့ရာ၌ “ကျနော် မကြာခဏ ပြောခဲ့သလို သင့်တင့်လျောက်ပတ်တဲ့ အချိန်ဖြစ်ပြီး အခြေအနေကလည်း ပေးမယ်ဆိုရင် မြန်မာနိုင်ငံကို သွားဖို့ အဆင့်သင့်ပါပဲ။ အခု အဲဒါ လုပ်နေတာ” ဟု သူက ဆိုခဲ့သည်။

နာဂစ်မုန်တိုင်း ဖြစ်ပြီးခါစ ၂ဝဝ၈ ခုနှစ် မေလ နှောင်းပိုင်းတွင် မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်သူများအတွက် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အရေးပါသော အလှူအတန်းများ ရရှိစေရန် ရန်ကုန်တွင် ပြုလုပ်သော အလှူရှင်များ အစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တနာရီကြာ တွေ့ဆုံခဲ့ပြီး၊ တရင်းတနှီး ဆွေးနွေးခဲ့သည်ဟု မြန်မာစစ်တပ် သတင်းရပ်ကွက်က ပြောသည်။ တရားဝင် ထုတ်ပြန်ချက်တွင်မူ ခရီးစဉ်မတိုင်မီ ချမှတ်ထားခဲ့သည့်အတိုင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းကိစ္စရပ်များကိုသာ ဆွေးနွေးခဲ့သည်ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

သို့သော်လည်း ဆွေးနွေးမှုအတွင်း နိုင်ငံ၏ ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံအပေါ် မစ္စတာ ဘန်ကီမွန်း၏ အမြင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မေးမြန်းခဲ့သည်ဟု သိရသည်။ အထွေထွေ အတွင်းရေးမှူးချုပ်က အခွင့်အလမ်းကို လက်လွှတ်မခံဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု ရရှိရန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်စေခြင်းဖြင့် ယုံကြည်ကိုးစားမှု ရရှိစေရန် လုပ်ဆောင်သင့်သည်ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးရန်လည်း သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောကြားခဲ့သည်ဟု မစ္စတာ ဘန်ကီမွန်းနှင့် နီးစပ်သူ ကုလ အရာရှိများ အပြောအရ သိရသည်။

ဆွေးနွေးပွဲ၌ ပါဝင်တက်ရောက်ခွင့် ရရှိသူတဦး အပြောအရ ဆွေးနွေးမှု အဆုံးသတ်ခါနီးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ ပေါင်ကိုပုတ်လိုက်ပြီး နိုင်ငံခြားသားနှင့် ဆွေးနွေးမှုများတွင် ယခုတခါသည် အကောင်းဆုံး ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ မေလတုန်းက နှစ်ဦးသား အမြင်ချင်း ဖလှယ်နိုင်ခဲ့သလို ကောင်းမွန်သော ဆက်ဆံရေး ထူထောင်နိုင်လိမ့်မည်ဟု မစ္စတာ ဘန်ကီမွန်းက မျှော်လင့်နေသည်။

မစ္စတာ ဘန် အနေဖြင့် အဓိကကျသော အကြောင်းကိစ္စရပ်များကို ရှင်းလင်းစွာ ပြောကြားခဲ့ပြီး ဖြစ်သည်။ “ဒီမိုကရေစီ ထွန်းကားရေး မြှင့်တင်လုပ်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး” သည် သူ၏ ဦးစားပေးကိစ္စဖြစ်ကြောင်းနှင့် နောင်တွင်လည်း ဦးစားပေး လုပ်ငန်းများ ဖြစ်နေလိမ့်မည်ဟု မစ္စတာ ဘန်က စာနယ်ဇင်းများကို မကြာသေးခင်က ပြောကြားခဲ့သည်။

မစ္စတာ ဘန်နှင့် မစ္စတာ ဂမ်ဘာရီတို့ နှစ်ဦးလုံး ပြုလုပ်နေဆဲဖြစ်သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ တက်ရောက်နားထောင်ဖွယ် ရှိနေသည်။ အမေရိကန် နိုင်ငံသားတဦးက ရေကူး၍ သူ၏ နေအိမ်ဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့ခြင်းကို အစားအသောက်များ ကျွေးမွေးပြီး နေအိမ်တွင်း ဝင်ခွင့်ပြုမှုကြောင့် နေအိမ်အကျယ်ချုပ် ကာလအတွင်း စည်းကမ်းချိုးဖောက်သည်ဟု စွဲဆိုခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို သောကြာနေ့ ရုံးချိန်းပေးထားသည်။ ကျူးလွန်ကြောင်း ထင်ရှားလျှင် ၅ နှစ်အထိ ထောင်ဒဏ် အပြစ်ပေးခံရမည် ဖြစ်သည်။

မစ္စတာ ဘန်ကီမွန်း၏ ဂျပန်ခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ သွားရောက်မှု ရှိ မရှိ နှင့် သူမ၏ ကံကြမ္မာက ဆက်စပ်နေသည်။ မစ္စတာ ဂမ်ဘာရီသည် စစ်ခေါင်းဆောင်များနှင့် ယခုအကြောင်းကို ဆွေးနွေးရန် မျှော်လင့်ထားသည်။

ထို့အပြင် ၁၉၉ဝ ပြည့်နှစ်ကစလျှင် ပထမဆုံးအကြိမ် ဖြစ်လာမည့် နောင်နှစ်တွင် ပြုလုပ်ရန် လျာထားသော အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ပြောဆိုကြဖွယ် ရှိသည်။ စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မစ္စတာ ဂမ်ဘာရီကို ပြသဖွယ်လည်း ရှိသည်။ “လအတန်ကြာ ရေးဆွဲခဲ့တဲ့ ဒီဥပဒေကို ဂမ်ဘာရီကို ပထမဆုံး ပြမယ်လို့ ထင်တယ်” ဟု ရန်ကုန်ရှိ အနောက်တိုင်း သံတမန်တဦးက ပြောသည်။

မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်အပြီး မစ္စတာ ဂမ်ဘာရီသည် တိုကျိုသို့ သွားရောက်ကာ စစ်အစိုးရ၏ တုံ့ပြန်ပြောကြားချက်ကို ကုလအကြီးအကဲထံ သယ်ဆောင်သွားမည်ဟု ကုလ အတွင်းလူများ အပြောအရ သိရသည်။


သပိတ်ကျင်းမှာ စစ်တပ်က ပေါ်တာဆွဲ
မေကျော်
တနင်္လာနေ့၊ ဇွန်လ 22 2009 20:13 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရွှေတွင်းဒေသများတွင် စစ်တပ်က အရွယ်ရောက် လူငယ် ၅၀ ကျော်ကို ယခုလ ၁ ရက်နေ့က ပေါ်တာ ဆွဲသွားသည်ဟု ဒေသခံများ အပြောအရ သိရသည်။

လိပ်ကျ၊ ရွှေတော၊ ကွင်းသုံးဆယ်၊ ချောင်းကြီး၊ အရိုးတောင် ခေါ် မျောက်တောင်၊ ကျောက်လှည်းဘီး၊ ဇရပ်ကွင်း ကျေးရွာတို့မှ လူငယ် ၅၀ ကျော်ကို ယင်းနေ့ ညပိုင်းတွင် စစ်တပ်က ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။

“စစ်ကား ၅ စီးနဲ့ လာခေါ်သွားတာ။ လက်ဖက်ရည်ဆိုင်တို့ စားသောက်ဆိုင်တို့က ဒီရွာတွေမှာ မန္တလေး အတိုင်းပဲ ညဆို စည်ကားတယ်။ အဲဒီမှာ လူငယ်တွေကို ဆွဲခေါ်သွားတာ။ ရွာတွေ အားလုံး တရက်ထဲ ဗြုန်းစားကြီး ဖြစ်သွားတာ” ဟု သပိတ်ကျင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အခြား ဒေသခံတဦးကလည်း “သပိတ်ကျင်းမှာ အဲလို တခါမှ မဖြစ်ဖူးဘူး။ ဒါက ပထမဆုံးအကြိမ်ပါ။ အခုတော့ တယောက်ကို တသိန်း (ကျပ်) နဲ့ ရွေးရတယ်လို့ ပြောတယ်။ ၅ ယောက်လောက်တော့ လွတ်လာပြီ” ဟု ပြောသည်။

ကျေးရွာလူထုအနေဖြင့် သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီး ကျေးရွာတွင် တပ်ချထားသော ခလရ ၁၄၈ မှ ယခုကဲ့သို့ ပေါ်တာဆွဲခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေး ပြောဆိုနေသည်။

ပေါ်တာဆွဲခံရသည့် ဒေသများမှာ ရွှေထွက်ရှိရာ ဒေသခံကျေးရွာသားများအပြင် စစ်ကိုင်းတိုင်းအတွင်းမှ ရွှေဘို၊ ဝက်လက်၊ အရာတော်၊ တန့်ဆည်မြို့များမှ လုပ်သားများလည်း ပုဂ္ဂလိက ရွှေတူးခြင်း လုပ်ငန်းကို ရွှေ့ပြောင်းလုပ်ကိုင်ရာ ဒေသလည်း ဖြစ်သည်။


တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဇူလိုင်တွင် စာရင်းပေးရမည်
မေကျော်
တနင်္လာနေ့၊ ဇွန်လ 22 2009 18:52 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား တရားမဝင် ရွှေ့ပြောင်းလုပ်သားများ လာမည့်လအတွင်း မှတ်ပုံတင် စာရင်းပေးသွင်းရမည် ဖြစ်သည်။

ယခုပြုလုပ်ပေးမည့် ယာယီ အလုပ်သမား မှတ်ပုံတင်ကတ်ကို မြန်မာ၊ လားအိုနှင့် ကမ္ဘောဒီးယား တရားမဝင် လုပ်သားများကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာန၏ ရွှေ့ပြောင်းလုပ်သားများအတွက် ထုတ်ပြန်သည့် တရားဝင် ကြေညာချက်မှ သိရသည်။

ယခုလ ၁၇ ရက်နေ့က ထိုင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ပညာရှင်များ၊ အဖွဲ့အစည်းများ ဘန်ကောက်မြို့တွင် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အကောင်းဆုံး မူဝါဒတခု ချမှတ်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုလို ကြေညာချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ထိုဆွေးနွေးပွဲ၌ တရားဝင် လုပ်သားများအဖြစ် မှတ်ပုံတင်ရန်အတွက် ထောက်ခံပေးမည့် အလုပ်ရှင် လတ်တလော လိုအပ်ပြီး မှတ်ပုံတင်ပြီးနောက်ပိုင်း တရားဝင် လုပ်သား မှတ်ပုံတင် ထုတ်ပေးရန် စစ်ဆေးချိန်တွင်မူ သက်ဆိုင်ရာ နိုင်ငံသား အဖြစ်အသိအမှတ်ပြုလက်မှတ်တို့ လိုအပ်မည်။

“မြန်မာ လုပ်သားတွေအနေနဲ့ ကိုယ့်ကို ထောက်ခံပေးမယ့် အလုပ်ရှင်ကိုရှာပြီး ဇူလိုင် ဒုတိယပတ်မှာ မဖြစ်မနေ မှတ်ပုံတင် စာရင်း သွင်းထားစေချင်ပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ အမျိုးသား ညွန့်ပေါင်းအစိုးရ - NCGUB ၏ ဒုက္ခသည်နှင့် ရွှေ့ပြောင်းလုပ်သားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

အလုပ်သမား မှတ်ပုံတင်ကတ်ကို ပန်းရောင်၊ အလုပ်လုပ်ခွင့်အတွက်မူ အရောင် ၆ မျိုး ခွဲခြားထားမည် ဖြစ်သည်။

ပင်လယ်ပြင်ငါးဖမ်းက မိုးပြာရောင်၊ ပင်လယ် အစားအသောက်ထုတ်လုပ်ငန်းက လိမ္မော်ရောင်၊ လယ်ယာနှင့် မွေးမြူရေးလုပ်ငန်းအတွက် အစိမ်းရောင်၊ ဆောက်လုပ်ရေး လုပ်ငန်းက အဝါရောင်နှင့် အိမ်တွင်းမှုလုပ်ငန်းက မီးခိုးရောင်နှင့် အခြားလုပ်ငန်းများအတွက် အညိုရောင်အဖြစ် ခွဲခြားထားသည်။

ဇူလိုင်လ ၃၀ ရက်အတွင်း မှတ်ပုံတင်ခြင်း မပြုနိုင်ပါက သြဂုတ်လ ၁၀ ရက်အတွင်း အပြီး မှတ်ပုံတင်ရမည်ဟု ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ထိုင်းအလုပ်သမား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကမူ တရားမဝင် လုပ်သားများ ဆုံးရှုံးနေရသည့် အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ တရားဝင် ယာယီလုပ်သား ကဒ်များ ထုတ်ပေးနိုင်ရန် အရေးကြီးကြောင်း ယခုလ ၇ ရက်နေ့က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။





ရခိုင်ကရင် ၃၄ ဦးလွတ်မြောက်ရေး အတွက် ဆန္ဒပြသူ ၂၀ ကျော် ဒက္ကားတွင် ဖမ်းဆီးခံရ
6/22/2009 http://www.karenunited.co.cc/

ဒက္ကားမြို့ အိန္ဒိယ သံရုံးရှေ့တွင် ရခိုင်နှင့် ကရင် ၃၄ ဦး လွတ်မြောက်ရေး အတွက် ဆန္ဒပြသူ ၂၁ ဦးကို ဘင်္ဂလာရဲ အဖွဲ့က ယနေ့ နံနက်က ဖမ်းဆီးသွားသည်။

သူတို့အား ယခုအခါ ဂုလ်ရှန် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမူများကို ပြုလုပ်နေသည်ဟု ကိုကံမြင့်က ပြောသည်။

“ကျနော်တို့ကို သူတို့က စစ်ဆေးနေတယ်။ ဘာကြောင့် ဆန္ဒပြရတယ်ဆိုတဲ့ အကြောင်းတွေကို ထပ်ခါ တလဲလဲ မေးမြန်းနေတယ်။ ဦးကျော်မြသာက အခြေအနေတွေကို ရှင်းပြနေတယ်။ ဘာဖြစ်လာမလဲ ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးဘူး။”

ဖမ်းဆီးခံရသူ အများစုမှာ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ ဖြစ်ပြီး ရဟန်းတော်များနှင့် အမျိုးသမီးများလည်း ပါဝင်သည်။

“သူတို့က ကျနော်တို့ ပတ်စ်ပို့ ရှိလားဆိုပြီးတော့လည်း မေးနေပါတယ်။ အများစုကတော့ ယူအန်ကဒ်တွေကို ထုတ်ပြကြပါတယ်။” ဟု ကိုကံမြင့် ပြောသည်။

ယခုအချိန်ထိ စစ်ဆေးမေးမြန်းနေပြီး မည်သို့ ဆက်ဖြစ်လာမည်ကို မသိသေးကြောင်း ကိုကံမြင့်က ဆက်ပြောသည်။

ယနေ့တွင် ကမ္ဘာလုံးဆိုင်ရာ ရခိုင် ကရင် ၃၄ ဦး လွတ်မြောက်ရေး လှုပ်ရှားမူနေ့ဖြစ်ရာ ဘင်္ဂလာဒေခ်ျ့တွင် ရခိုင်အမျိုးသားများက အိန္ဒိယ သံရုံးကို သွားရောက် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့တွင် မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ဘင်္ဂလာရဲက ဖမ်းဆီးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။



မင်းနိုင်သူ / ၂၂ ဇွန် ၂၀၀၉


ပြီးခဲ့သည့် သီတင်းပတ်အတွင်းမှ စတင်၍ ရခိုင်ပြည်နယ်အတွင်း၌ သံဃာတော်များ၏ ခရီးသွားလာမှုကို အာဏာပိုင် များက စစ်ဆေးမေးမြန်းမှုများ တင်းကျပ်စွာ ပြုလုပ်လျက်ရှိကြောင်း ဒေသခံသံဃာအချို့က မိန့်ဆိုသည်။

“ဦးဇင်းက ရန်ကုန်မှာ စာဝါလိုက်ပြီး စစ်တွေကို ပြန်တာ။ လမ်းမှာ အစစ်ဆေးအမေးအမြန်းတွေ အရမ်းများတာပဲ။ ကိုယ့်ရပ် ကိုယ်ဒေသပြန်ပြီး ၀ါဆိုတာတောင် ကောင်းကောင်းသွားလာခွင့် မရှိတော့ဘူး” ဟု စစ်တွေဒေသခံ သံဃာတော်တပါးက မိန့်သည်။

ယခုကာလသည် ၀ါတွင်းကာလဖြစ်နေသဖြင့် သံဃာတော်များအနေဖြင့် ၀ါတွင်းသုံးလပတ်လုံး ၀ါကပ်မည့် နေရာရွေးချယ်ကာ ခရီးသွားလာမှုများ ပြုနေကြရသည့် အချိန်ဖြစ်သည်။

ထိုကဲ့သို့ သံဃာတော်များ ၀ါဆိုဝါကပ်ကြွရောက်သွားလာနေချိန်တွင် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သည့် မောင်းတောမြို့နှင့် ဘူသီးတောင်မြို့အကြားတွင် ပိုမိုတင်းကျပ်ထားသည်ဟု ဒေသခံ သံဃာတော်တပါးက မိန့်သည်။

“ဘူးသီးတောင်နဲ့ မောင်းတောက (၁၆) မိုင်ပဲဝေးတယ်။ ဒါပေမယ့် လမ်းမှာတင် ဂိတ် (၂) ခုထားပြီး စစ်တယ်။ ဘုန်းကြီးတွေကိုလည်း သာသနာ့ဝန်ထမ်း ကတ်ပြခိုင်းရုံတင်မဟုတ်ဘူး။ ဘယ်သွားမှာလဲ။ ဘယ်မှာတည်းမှာလဲနဲ့ အကုန်လျှောက်စစ်မေးတယ်။ စရဖဂိတ်က ပိုဆိုးတယ်။ တချို့သံဃာတော်တွေဆို ကားမစီးတော့ဘူး။ (၁၆) မိုင်ခရီးကို ခြေလျင်ကြွကုန်ကြတယ်။ စစ်ဆေးမေးမြန်းခံရရင် အကုသိုလ်များလွန်းလို့” ဟု ဘူးသီးတောင်မှ သံဃာတော်တပါးက မိန့်သည်။

မောင်းတောမြို့ခံ ဆရာတော်တပါးကလည်း “အဓိကကတော့ ကော့ဆက်ဘဇားဘက်မှာက အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်ရှိတာကိုး။ အဲဒီကို သွားရောက်မှာ စိုးတယ်နဲ့ တူပါတယ်။ ပြီးတော့ ခုရက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ သံဃာတော်တွေ အပြင်ထွက်ဖို့ မလွယ်တော့ နယ်စပ်ကနေတဆင့် ထွက်သွားမှာကိုလည်း မလိုလားတဲ့အတွက်ဖြစ်နိုင်တယ်” ဟု မိန့်ကြားသည်။

အဆိုပါ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမြို့ရှိ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ် (ဌာနခွဲ) က ဦးစီး၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆန္ဒပြမှုပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ရဲက ရဟန်းတော်များ အဖွဲ့ချုပ်ရုံးကို စစ်ဆေးမှုများပြုခဲ့သည်ဟူသော သတင်းများလည်း ပေါ်ထွက်နေသည်။

၂၀၀၇ ခုနှစ်၌ မြန်မာနိုင်ငံတ၀န်းတွင် သံဃာတော်များဦးစီးသည့် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ သံဃာတော်များမှာ ဆက်လက်၍ တက်ကြွစွာ လှုပ်ရှားနေခြင်းကြောင့် အာဏာပိုင်များ၏ အနီးကပ်စောင့်ကြည့် စစ်ဆေးမေးမြန်းမှုများ ရှိနေဆဲဖြစ်ကြောင်း ရခိုင်သံဃာတော်များက မိန့်ကြားသည်။



NEJ / ၂၂ ဇွန် ၂၀၀၉


ကုလသမဂ္ဂက ကန့်သတ်တားမြစ်ထားမှုကို ချိုးဖောက်ပြီး စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသည်ဟု သံသယရှိနိုင်သော မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားနေပုံရကြောင်း တောင်ကိုရီးယား YTN ရုပ်မြင်သံကြားသတင်းတွင် ယမန်နေ့က ဖော်ပြသည်။



မြောက်ကိုရီးယားမှ Kang Nam ကုန်တင်သင်္ဘောသည် ဒုံးလက်နက်နှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရကြောင်း အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain ၏ သတင်းပေးပို့ချက်ကို ကိုးကားပြီး တောင်ကိုရီးယားနှင့် အမေရိကန်သတင်းမီဒီယာများတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းခံရသည့် မြန်မာစစ် အစိုးရသည် မြောက်ကိုရီးယားမှ လက်နက်များဝယ်ယူသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain ၏ ထောက်လှမ်းချက်များအရ Kang Nam မြောက်ကိုရီးယားသင်္ဘောသည် စင်ကာပူနိုင်ငံမှတဆင့် မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားမည့်ပုံရကြောင်း YTN သတင်းတွင် ဖော်ပြသည်။ အကယ်၍ အဆိုပါသင်္ဘော စင်ကာပူသို့ ဆိုက်ကပ်လာပါက စစ်ဆေးမှုများပြုလုပ်သွား မည်ဟု စင်ကာပူနိုင်ငံက ပြောကြားသည်။

အထက်ဖော်ပြပါ YTN ရုပ်မြင်သံကြားသတင်းနှင့်ပတ်သက်၍ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ အတည်ပြုခြင်း မရှိသေးပေ။

အဆိုပါ Kang Nam သင်္ဘောသည် ဇွန် (၁၇) ရက်တွင် မြောက်ကိုရီးယားဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် မည်သည့်ပစ္စည်းများ ပါသည်ကို အတိအကျမသိရသေးသော်လည်း ယခင်က နျူကလီးယား ပစ္စည်းများ တင်ဆောင်ခဲ့ဖူးကြောင်း အမေရိကန်အရာရှိနှစ်ဦးကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂက တားမြစ်ထားသည့်ကြားမှ ပြီးခဲ့သည့်မေ (၂၅) တွင် မြောက်ကိုရီးယားက ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး တာဝေးပစ် နျူကလီးယားဒုံးကျည်များ ပိုင်ဆိုင်နေပြီဟုလည်း မြောက်ကိုရီးယားက ကြေညာခဲ့သည်။



NEJ / ၂၂ ဇွန် ၂၀၀၉


ကရင်စစ်ပြေးဒုက္ခသည်များအား ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့မည့်အခြေအနေရှိကြောင်း ဒုက္ခသည်များနှင့် ဒုက္ခသည်အရေးဆောင်ရွက်နေသူများက ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့စောင်ရန်းမြို့နယ် နောင်ဘိုးကျေးရွာတွင် ခိုလှုံနေသည့် စစ်ပြေးဒုက္ခသည်တဦးဖြစ်သူ ဖတကော်က “ထိုင်းစစ်သားတွေက ကျနော်တို့ကို တိုက်ပွဲမရှိတော့ဘူး၊ ရွာပြန်လို့ရတယ်ဆိုပြီး အတင်းအိမ်ပြန်ခိုင်း နေတယ်။ ဟိုမှာက အခြေအနေလည်း မကောင်းသေးဘူး။ ဒီကေဘီအေနဲ့ ဗမာစစ်သားတွေရှိနေတုန်းပဲ။ မိုင်းတွေလည်း ထောင်ထားတယ်။ ဘယ်လိုလုပ် ပြန်လို့ရမှာလဲ။ ကျနော်တို့ဒုက္ခကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီပေးကြဖို့ ပြောချင်တယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းဘက်သို့ဝင်ခွင့်မရသည့် ၀ါးမီကလားရွာသားအချို့ ရွာသို့အပြန် လမ်းခရီးတွင် မြေမြှုပ်မိုင်း နင်းမိ၍ ရွာသားများ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များကို ကူညီနေသူတဦးက ပြောသည်။

နောင်ဘိုးရွာမှ ဒုက္ခသည်များအတွက် အစားအသောက် အဆင်ပြေသော်လည်း သောက်ရေသန့်ရရှိရန် ခက်ခဲသဖြင့် လယ်ကွင်းထဲ ရေသွင်းသည့်မြောင်းမှ ရေကိုသာ သောက်သုံးနေရသဖြင့် ၀မ်းရောဂါဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း ဒေသတွင်းမှ ထိုင်းအစိုးရ၀န်ထမ်းတဦးက ပြောသည်။

ဒုက္ခသည်များအရေး စေတနာ့ဝန်ထမ်း လိုက်လံကူညီပေးနေသည့် အဖွဲ့တခုမှ အဖွဲ့ဝင်တဦးက “ထိုင်းဘက်က အတင်းပြန်ခိုင်းတာတွေ ရှိတယ်။ ရွာသားတွေက မပြန်ရဲကြဘူး။ ဒီကေဘီအေနဲ့ ဗမာစစ်တပ်က ဒီလူတွေပြန်ရင် အနည်းဆုံး စစ်ဆေးနှိပ်စက်တာခံရမယ်။ အဲ့ဒီနယ်မှာ မိုင်းကွင်းတွေလည်း အများကြီးပဲ။ ပေါ်တာအထမ်းသမား အဖြစ်လည်း သူတို့အခိုင်းခံရမှာ သေချာတယ်။ အဲဒီအနေအထားအောက်မှာ ရွာပြန်ခိုင်းရင် သူတို့ကို သေလမ်း ပို့တာနဲ့ အတူတူပဲ။ ဒီအခြေအနေအမှန်တွေကို နိုင်ငံတကာက သိစေချင်တယ်” ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် ထိုင်းအာဏာပိုင်အဖွဲ့ဝင်တဦးကမူ “ဒီသတင်းတွေ ထွက်နေတာမဟုတ်ဘူး။ သူတို့အတွက် လိုအပ်တာတွေ အကုန်ကူညီပေးတယ်။ သူတို့သဘောနဲ့သူတို့ပဲ။ ကျနော်တို့ဘက်က သူတို့ကို ဘာမှအဓမ္မတိုက်တွန်းတာမရှိဘူး” ဟု ပြောသည်။

ယခုလဆန်း (၂) ရက်မှစတင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၇) ဒေသအတွင်း၌ နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့၏ ထိုးစစ်ကြောင့် ကရင်ရွာသားဒုက္ခသည် (၄,၀၀၀) ခန့်သည် ထိုင်းဘက်သို့ ထွက်ပြေးလာကြပြီး ၎င်းတို့အား ထိုင်းဘက်မှ ယာယီခိုလှုံခွင့်စခန်း (၃) ခုဖွင့်ကာ လက်ခံစောင့်ရှောက်ထားသည်။

နအဖနှင့် ဒီကေဘီအေပူးပေါင်းအဖွဲ့များက တပ်မဟာ(၇) ဒေသကို သိမ်းယူလိုက်သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ယင်းသတင်းသည် မဟုတ်မှန်ကြောင်း ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောသည်။

၎င်းက “ကျနော်တို့ ဆုတ်လိုက်တယ်ဆိုတာက ကျနော်တို့မှာ စခန်းအသေမထားဘူး။ ပြောက်ကျားစစ်ရဲ့ သဘောသဘာဝပဲ။ အခြေအနေအရ စခန်းနေရာကို ရှောင်ပေးလိုက်တာ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့တပ်တွေ အနီးအနားမှာပဲ တပ်ဖြန့်ထားတယ်။ နေရာကိုင်ထားဖို့က အဓိကမဟုတ်ဘူး။ လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့နဲ့ လက်ဦးမှုရရှိဖို့ပဲ အရေးကြီးတယ်။ လက်ရှိအခြေအနေက စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ ဒါကြောင့် ဒီလိုအချိန် မျိုးမှာ ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့ရင် သူတို့အတွက် အန္တရာယ်အများကြီးရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းအာဏာပိုင်များဘက်ကလည်း စစ်ပြေးဒုက္ခသည်များကို နယ်မြေအေးချမ်းမှသာ ပြန်ပို့မည်ဖြစ်ပြီး အတင်းအဓမ္မ ပို့ဆောင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။


NEJ / ၂၂ ဇွန် ၂၀၀၉


ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်များတွင် အသုံးပြုသူ လျော့နည်းလာသည့်အတွက် စီးပွားရေးအရ တွက်ခြေမကိုက် ဖြစ်လာကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။

ဗိုလ်တထောင်မြို့နယ်အတွင်း အင်တာနက်ဆိုင် (၃) ဆိုင် ဖွင့်ထားသူတဦးက “ခုနောက်ပိုင်း ဆိုင်တွေမှာ လူအဝင် အတော်နည်းလာတယ်။ အဓိက ပြဿနာကတော့ အင်တာနက်လိုင်း ကွန်နက်ရှင်တွေ အတော်လေးကို နှေးကွေးနေ တော့ လာသုံးတဲ့ လူအများစု စိတ်မရှည်တော့တာလည်း ပါတယ်။ လူအဝင်နည်းတဲ့အပြင် ခုအထိ မီးက မမှန်တော့ မီးစက်နဲ့ မောင်းပေးနေရတဲ့ အချိန်ကများနေလို့ ကုန်ကျစရိတ်များပြီး တွက်ခြေမကိုက် ဖြစ်လာတာပါ” ဟု ရှင်းပြသည်။

ပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်ကတည်းက အင်တာနက်လိုင်းများ အလွန်နှေးကွေးနေခဲ့ပြီး တခါတခါ ကွန်နက်ရှင် ပြတ်တောက်သွားတတ်ကြောင်း အခြားအင်တာနက်ကဖေး ဆိုင်ပိုင်ရှင်များကလည်း ပြောသည်။

အစိုးရ ဆက်သွယ်ရေးဌာနက ရေအောက်ကေဘယ်လ်များ ပြုပြင်နေ၍ မကြာခင် ပြန်ကောင်းတော့မည်၊ အမြန်နှုန်းများ သိသိသာသာ တိုးတက်လာမည် စသဖြင့် ၎င်းတို့ဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သော်လည်း ယနေ့ အချိန်ထိ အင်တာနက်ကွန်နက်ရှင်များ အလွန်နှေးကွေးနေလျက်ရှိကြောင်း သိရသည်။

အင်တာနက် အသုံးပြုသူများသည် ဝက်ဘ်ဆိုက်များ ဖွင့်မရခြင်း၊ ဂျီမေးလ် သုံးမရခြင်း၊ ဒေတာများ ပို့ခြင်း၊ လက်ခံခြင်း လုပ်မရသည့် ပြဿနာများ ကြုံနေကြကာ ဂျီတော့ခ်ဖွင့်ပြီး စာရိုက်ချက်တင်သာ လုပ်နိုင်သည့်အတွက် အသုံးပြုသူများ စိတ်ပျက်နေကြကြောင်း အင်တာနက်ကဖေးဆိုင်ရှင်များက ပြောသည်။

အင်တာနက် အသုံးပြုခမှာ တနာရီ ပျမ်းမျှ ကျပ် (၄ဝဝ) ခန့်သာ ရှိသော်လည်း ဝင်ငွေနည်း လူငယ်များ ယခုနောက်ပိုင်း အလာနည်းသွားသည်ဟုလည်း သိရသည်။

ရန်ကုန်မြို့တွင် ယမန်နှစ် နိုဝင်ဘာလဆန်းမှစ၍ လျှပ်စစ်မီးများကို ခွဲတမ်းဖြင့်သာ ရသည့်အတွက် အင်တာနက် ကဖေးဆိုင်အများစုမှာ မီးစက်များကို အသုံးပြုပြီး လုပ်ငန်းလည်ပတ်ကြရကြောင်း၊ ဆိုင်များအနေဖြင့် လာရောက်သုံးစွဲသူ တဦးနှစ်ဦး ရှိသော်လည်း မိတ်မပျက်ရန် မီးစက်မောင်းပေးရခြင်းကြောင့် ရသည့်ငွေနှင့် ကုန်ကျစရိတ် မကာမိကြောင်းလည်း ဆိုင်ပိုင်ရှင်အများစုက ပြောသည်။

ယမန်နှစ်ကုန်ပိုင်း၌ ဒီဇယ်ဆီ တဂါလန် ကျပ် (၂,ဝဝဝ) ဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း ယခု ဇွန်လနှောင်းပိုင်းတွင် တဂါလန် ကျပ် (၃,ဝဝဝ) ကျော်လာသည့်အတွက် ဒီဇယ်ဖိုး ကုန်ကျစရိတ် များလာကာ အင်တာနက်ကဖေးဆိုင်များ တွက်ခြေမကိုက်ဖြစ်ကြရသည်ဟု သိရသည်။

မြန်မာအင်ဖိုတက်ခ်၏ စာရင်းများအရ မြန်မာတနိုင်ငံလုံးတွင် အင်တာနက်ကဖေး (၄၈၆) ဆိုင်ရှိပြီး ရန်ကုန်တွင် (၃၇၁) ဆိုင်၊ မန္တလေး (၁၇) ဆိုင်၊ အခြားမြို့ကြီးတို့တွင် (၉၈) ဆိုင် ရှိသည်။

ရန်ကုန်တွင် ကွန်ပျူတာ (၁၅) လုံးခန့်ပါသည့် အင်တာနက်ကဖေးဆိုင်တဆိုင် ဖွင့်ပါက တယ်လီဖုန်း၊ အင်တာနက်လိုင်း (၂) လိုင်း၊ တနှစ်စာ အခန်းငှားခ၊ ကွန်ပျူတာနှင့် အထွေထွေပစ္စည်း၊ မီးစက်၊ ဆိုင်အပြင်အဆင်အပါအဝင် စုစုပေါင်း သိန်း (၁၈ဝ) နှင့် သိန်း (၂ဝဝ) အကြား ကုန်ကျစရိတ်ရှိသည်။

ရန်ကုန်မြို့မှ ကွန်ပျူတာအင်ဂျင်နီယာတဦးက “နအဖစစ်အစိုးရဟာ အင်တာနက်ကို နာမည်ခံလောက်ပဲ ဖွင့်ပေးထားတဲ့အတွက် မြန်မာနိုင်ငံမှာ အိုင်တီနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ နေနေသာသာ ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေ အိုင်တီဗဟုသုတနဲ့ အလှမ်းဝေးနေဦးမှာဖြစ်တယ်” ဟု ပြောသည်။







NEJ / ၂၂ ဇွန် ၂၀၀၉


လုံခြုံရေးအခြေအနေကြောင့် လက်ရှိကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏ ဘောလုံးပြိုင်ပွဲ များကို အောင်ဆန်းကွင်း၌ ကျင်းပခွင့် ပိတ်ပင်လိုက်ကြောင်း အားကစားဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

ဇွန် (၂) ရက်၌ ဦးတေဇပိုင် ရန်ကုန်အသင်းနှင့် ဥသာယူနိုက်တက်အသင်းတို့ ကန်ရာတွင် ဒိုင်က ပင်နယ်တီ ပေးရာတွင် မှားသည်ဟု ပရိသတ်က ဆူဆဲကြရာမှ ပလတ်စတစ်ခုံများ ရိုက်ချိုးသည်အထိ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ယင်းသို့ တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“အဲဒီပုံတွေအားလုံး နိုင်ငံခြားသတင်းဌာနနဲ့ အင်တာနက်ထဲ ရောက်ကုန်တယ်။ အဲဒီနေ့က ပရိသတ် ဆူပူတာကို သတင်းထောက်တွေအားလုံး ဓာတ်ပုံရိုက်ကြတယ်။ တယောက်ကိုပဲ ခေါ်စစ်နိုင်တယ်။ နောက် ဒါမျိုးပုံ မရိုက်ကြဖို့ သတင်းထောက်အားလုံးကို ညွှန်ကြားချက် ထုတ်လိုက်တယ်။ အဲဒီကစပြီး ၀န်ကြီးက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အောင်ဆန်းကွင်းမှာ ဆက်မကန်ဖို့တားတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ဘောလုံးအဖွဲ့ချုပ်က မြက်များပျက်စီးနေသည့်အတွက်ဟု အကြောင်းပြကာ နှစ်ပတ်နားကြောင်း ကြေညာခဲ့ပြီး ယခုနောက်ပိုင်း ပွဲစဉ်အားလုံး အောင်ဆန်းကွင်းတွင် မကန်တော့ကြောင်း ကြေညာလိုက်ပြီဖြစ်သည်။

ရန်ကုန်မြို့မှ အားကစားဂျာနယ် အယ်ဒီတာတဦးကမူ ယခုကျင်းပနေသည့် သူဌေးကြီးများ၏ ကလပ်အသင်း ဘောလုံးပွဲ ကျင်းပချိန်မှစပြီး ၎င်းတို့၏ သတင်းရေးသားမှုများ မကြာခဏဖြတ်တောက်ခံရကာ စာပေစိစစ်ရေးမှ ခေါ်ယူသတိပေးခံနေရသည်ဟု ပြောသည်။

၎င်းက “အဲဒီကလပ်အသင်းတွေက ငွေအကုန်အကျ အများကြီးခံပြီး ပရိသတ်အတုတွေကို အခမဲ့ခေါ်နေတဲ့ကိစ္စ၊ သာမန်ပရိသတ်တွေ လက်မှတ်မရှိတော့ဘဲ လက်မှတ်တွေ မှောင်ခိုဖြစ်ရတာ၊ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတာ၊ ပရိသတ်တွေဆူတာ အဲဒါတွေ ဘာတခုမှ ရေးလို့မရဘူး” ဟု ပြောသည်။

ယခု အောင်ဆန်းကွင်း၌ ကန်ခွင့်မပေးတော့သည်ကိုပင်လျှင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည့်အတိုင်း ကွင်းထဲ မြက်ပြန်စိုက်ရန်ဟုသာ ရေးသားခွင့်ရကြောင်း ၎င်းက ရှင်းပြသည်။

ဘောလုံးပွဲများ အားလုံးကို သုဝဏ္ဏကွင်းမှာသာ ပြောင်းရွှေ့ကျင်းပနေသည့်အတွက် အမှန်တကယ်ကြည့်မည့် မြို့တွင်းမှ ပရိသတ်များ သွားလာရ ခက်ခဲသွားသော်လည်း ကလပ်အသင်းပိုင်ရှင်များကမူ ငွေကုန်ကြေးကျခံ၍ ကားများငှားပြီ အခမဲ့အားပေးမည့်ပရိသတ်များကို ဆက်လက်ခေါ်ယူနေဆဲဖြစ်သည်။

Comments (2)
မြန်မာနိုင်ငံအပေါ် ဖိအားပေးနေမှုများ ရုရှား ကန့်ကွက်
Monday, 22 June 2009 18:32 ကိုထွေး
မြန်မာနိုင်ငံ အပေါ် နိုင်ငံရေးနှင့် စီးပွားရေး ဖိအားပေးနေမှုများကို ကန့်ကွက်ကြောင်း ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဌာနက ယမန်နေ့က ထုတ်ဖော်ပြောကြား လိုက်သည်။

ရုရှားနိုင်ငံ သတင်းနှင့် ပြန်ကြားရေးက ယင်းထုတ်ပြန်ချက်ကို ရုရှားနိုင်ငံ အင်တာနက် စာမျက်နှာ တခုဖြစ်သော www.itar-tass.com/eng/ ပေါ်တွင် ရေးသားထားသည်။

နိုင်ငံခြားရေးဌာနက“မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို နိုင်ငံတကာ ပြဿနာဖြစ်အောင် အတိုက်အခံတွေက ကြိုးပမ်း အားထုတ် နေပါတယ်၊ မြန်မာ့ အရေးဟာ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို မထိခိုက်ပါဘူး၊ ကျနော်တို့ အမြင်အရ စီးပွားရေးနဲ့ နိုင်ငံရေး ဖိအားပေးခြင်းအားဖြင့် လိုချင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်မှာ မဟုတ်ပါဘူး၊ စစ်အစိုးရကသာ ပိုအထီးကျန် ပြီးတော့ နိုင်ငံသားတွေရဲ့ စီးပွားရေးက ပိုဆိုးလာမှာပါ” ဟု ပြောကြောင်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။

ရုရှား အနေဖြင့် မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး ကြိုးပမ်း ဆောင်ရွက် နေမှုကို စောင့်ကြည့် လျက်ရှိကြောင်း၊ လမ်းပြ မြေပုံတွင် ချမှတ် ထားသည့် အတိုင်း ၂၀၁၀ ရွေး ကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းဌာနက ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြုပြင်ထိန်းသိမ်းရေး အတွက် နိုင်ငံတကာမှ ၀ိုင်းဝန်း ဖိအားပေးကြရန် အာဆီယံ၊ ဥရောပသမဂ္ဂ နှင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား တို့က တောင်းဆိုခဲ့သည်။

အဆိုပါ နိုင်ငံခြားရေးဌာနက “မြန်မာအကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ အကြောင်းပြချက် တစုံတရာကို မတွေ့မိဘူး၊ တချိန်တည်းမှာ မြန်မာပြည်ကို ပိုပွင့်လင်းဖို့ နိုင်ငံတကာနဲ့ အတူ ကုလသမဂ္ဂ အထူးသံ ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်၊ မြန်မာနဲ့ ကမ္ဘာ့ နိုင်ငံ တွေကြားမှာ အပြန်အလှန် နားလည်မှုကို တည်ဆောက်တဲ့ နေရာမှာ တွေ့ဆုံဆွေးနွေးရေးက အလုပ် ဖြစ်ပါ လိမ့်မယ်” ဟု ပြောဆိုသည်။

ရုရှား အနေဖြင့် ဒေါ်အောင်ဆန်း စုကြည် အပေါ်စွဲဆိုထားသော အမှုသည် တရားမျှတမှုရှိရန် မျှော်လင့်ကြောင်း ၊ မိမိနိုင်ငံ ဥပဒေနှင့် လူ့အခွင့်အရေး စံနှုန်းများဖြင့် ဆောင်ရွက်သော်လည်း နိုင်ငံတကာ၏ အမြင်ကိုလည်း အလေးထားရန် လိုသည် ဟု ထင်ကြောင်း ယင်း ဌာန၏ ပြောကြားချက်တွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ရှရုားနိုင်ငံတွင် ယခုလက်ရှိ မြန်မာ့ နည်းပညာရှင်နှင့် စစ်တပ်မှ အရာရှိ ၅၀၀၀ခန့် ပညာသင်ကြားလျက် ရှိသည်။

၂၀၀၇ ခုနှစ်က လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက် ချမှတ်ရာတွင် ရှရှားနှင့် တရုတ်နိုင်ငံ တို့သည် ဗီတိုအာဏာ သုံးပယ်ချခဲ့သည်။

ယင်း၂၀၀၇ ခုနှစ်ကပင် ရုရှနိုင်ငံ အဏုမြူစွမ်းအင်အေဂျင်စီ Rosatom ၏ အကူအညီဖြင့် ၁၀ မီဂါဝပ်အင်အားရှိ အဏုမြူ ဓာတ်ပေါင်းဖို တလုံး တည်ဆောက်ရန် အစီအစဉ်ကို မြန်မာစစ်အစိုးရက အတည်ပြုလိုက်ခြင်းကြောင့် မြန်မာ့ အရေး လေ့လာ အကဲဖြတ်နေ သူများအကြားတွင် ထိတ်လန့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်ပေါင်း (၆၀)ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁ လ အကြာ တွင် ၂နိုင်ငံ အပြန်အလှန် သံတမန် အဆက်အသွယ် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

၁၉၅၅ ခုနှစ်တွင် ၀န်ကြီးချုပ်ဟောင်း ဦးနုက ရှရှားနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ သကဲ့သို့ ရှရုားခေါင်းဆောင် ခရူးရှက်ကလည်း မြန်မာပြည်သို့ လာရောက်လည်ပတ်ခဲ့သည်။

ရန်ကုန် စက်မှုတက္ကသိုလ်၊ အင်းလျား လိတ် ဟိုတယ်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စ၀်စံထွန်း ဆေးရုံတို့ကို ရုရှားက တည်ဆောက် ပေးခဲ့သည်။

KNU တပ်မဟာ (၇) ဌာနချုပ် သိမ်းပိုက်ခံရ
Monday, 22 June 2009 19:47 ဧရာဝတီ
စစ်အစိုးရ တပ်ဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၏ အဓိက တပ်စခန်းဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို ယမန်နေ့က သိမ်းပိုက်လိုက် ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းတပ်များက ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) ဌာနချုပ် ကို ပြီးခဲ့သည့် ဇွန်လ ၁၇ ၊ ၁၈ ရက်များကတည်းက စတင်၍ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု KNU တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကပြောသည်။

ယခုအခါ KNLA တပ်မဟာ (၇) တွင် တပ်စခန်း တခုတည်းသာ ကျန်ရှိတော့ကြောင်းနှင့် KNLA တပ်များအနေနှင့် ပြောက်ကျား စစ်ဆင်ရေး နည်းကို ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့က တပ်မဟာ (၇) ဌာနချုပ်ကို စတင်တိုက်ခိုက်သည့် တိုက်ပွဲတွင် DKBA ဘက်က ၇ ဦးခန့် ကျဆုံးမှုရှိခဲ့သည်ဟုလည်း ဗိုလ်မှူး စောလှငွေ က ဆိုသည်။

ထို့အပြင် KNLA တပ်ရင်း ၂၁ ၊ ၂၂ နှင့် ၁၀၁ တပ်စခန်းများ ကျဆုံးခဲ့ရပြီး တပ်ရင်း ၂၀၂ ၏ တပ်စခန်း တချို့ကို ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

ယင်း KNLA တပ်မဟာ (၇) ကျဆုံးခြင်းအတွက် ထိုင်းမြန်မာ နယ်စပ်မြို့ မဲဆောက်တွင် အခြေစိုက်ထားသော မြန်မာအတိုက်အခံအဖွဲ့များ၏ ရပ်တည်ရေးကို ထိခိုက်နိုင်သည်ဟုလည်း ဗိုလ်မှူး စောလှငွေ က ပြောပြသည်။

တိုက်ပွဲများကြောင့် ဇွန်လ ပထမ အပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၄၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

ယင်း ပြင်းထန်သည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာရသော ကရင် ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက မြန်မာပြည်ဘက်သို့ အဓမ္မ ပြန်လည် ပို့ဆောင်မှုများပြုလုပ်ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ဒုက္ခသည်များကို အဓမ္မ ပြန်ပို့နေခြင်း အပေါ် ကရင်အမျိုးသမီး အစည်းအရုံး(KWO) က လွန်စွာ စိုးရိမ်မှုရှိကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ထဆောင်ရန်း ဒေသရှိ ပြန်ပို့ခံနေရသော ကရင် ဒုက္ခသည်မိသားစုများနှင့် ပတ်သက်ပြီး နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန်၊ ထိုင်းအာဏာပိုင်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအပါအဝင် အကူအညီပေးရေးအဖွဲ့များ ဆွေးနွေးအဖြေရှာကြရန်လား KWO က တောင်းဆိုထား သည်။

KWO အတွင်းရေးမှူး ဒါး အယ် ကလယ်က“ထိုင်းအာဏာပိုင်တွေအနေနဲ့ နောက်ဆုံးအခြေအနေအထိ စောင့်ကြည့် ရပါမယ်၊ အခုလို မိုးတွင်းကြီးမှာ ဒုက္ခသည်တွေကို အဓမ္မ ပြန်ပို့နေတာဟာ သူတို့ရဲ့အသက်ရှင် နေထိုင်ခွင့်နဲ့ လူ့အခွင့်အရေးတွေကိုချိုးဖောက်နေသလိုဖြစ်ပါတယ်”ဟု ပြောသည်။

ယင်း ပြန်ပို့ခံရသည့် ဒုက္ခသည်များသည် အသက် အန္တရာယ်စိုးရိမ်ရကြောင်းနှင့် အမျိုးသမီး ငယ်များဖြစ်ပါက မြန်မာစစ်တပ်၏ အဓမ္မ ပြုကျင့်ခံရမှုများ ရှိသည်ဟုလည်း ၎င်းကဆိုသည်။

လွန်ခဲ့သည့် အပတ်အတွင်းက အသက် ၁၇ နှစ် ခန့်ရှိ ဒုက္ခသည်အမျိုးသမီးငယ် ၂ ဦးသည် ဘားအံခရိုင် အတွင်း ၌ မြန်မာစစ်တပ်၏ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရကြောင်း၊ အဓမ္မပြုကျင့်သူများမှာ မြန်မာစစ်တပ် တပ်ရင်း ၂၀၅ မှ ဖြစ်ကြောင်း၊ အမျိုးသမီး တဦးမှာ ကိုယ်ဝန်ဆောင်သည်ဖြစ်ပြီး တဦးမှာ ၆ လသားအရွယ် ကလေးငယ်တဦး ကျန်ရစ်ကြောင်း KWO ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂန်ဘာရီ မြန်မာပြည် သွားမည်
Monday, 22 June 2009 18:14 အေးလဲ့
မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် လာမည့် ဇွန် ၂၅ ရက်တွင် မြန်မာပြည်သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီသည် လာမည့် ကြာသပတေးနေ့မှ စနေနေ့အထိ သွားရောက်မည်ဖြစ်ပြီး ဇူလိုင် လဆန်း တွင် မြန်မာနိုင်ငံသို့ သွားရောက်မည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ၏ အကြိုခရီးစဉ် ဖြစ်ကြောင်း အနောက်တိုင်း သံတမန် တဦးကို ကိုးကား၍ AP သတင်းက ဖော်ပြထားသည်။

မစ္စတာ ဂန်ဘာရီသည် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း မြန်မာနိုင်ငံ ခရီးစဉ်တွင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တချို့၊ စစ်အစိုးရ ထောက်ခံသည့် အဖွဲ့များနှင့် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး နှင့် တွေ့ဆုံခဲ့ခြင်းမရှိပေ။

ထိုခရီးစဉ်နှင့် ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်မှာ တိုးတက် ပြောင်းလဲမှု တစုံတရာ မရှိကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ ဂန်ဘာရီသည် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တာဝန် ထမ်းဆောင်စဉ်မှစပြီး မြန်မာနိုင်ငံ ခရီးစဉ်ပေါင်း ၇ ကြိမ် သွားရောက်ခဲ့ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

စစ်အစိုးရက မစ္စတာ ဘန်ကီမွန်းအား လာမည့် ဇူလိုင်လအစောပိုင်းတွင် မြန်မာပြည်သို့ လာရောက်ရန် ပြီးခဲ့သည့် အပတ်အတွင်းတွင် ဖိတ်ကြားထားသည်။

မစ္စတာ ဘန်ကီမွန်း၏ အာရှ ခရီးစဉ် အစီအစဉ်အရ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ၂ ရက်နေ့အထိ ဂျပန်နိုင်ငံ ခရီးစဉ်အပြီး၌ မြန်မာနိုင်ငံသို့ လာရောက်ရန် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်အပတ်အတွင်းအထိ အာရှခရီးစဉ်တွင် မြန်မာပြည်သွားရန် ဆုံးဖြတ်ချက်မချဖြစ်သေးကြောင်း မစ္စတာ ဘန်ကီမွန်း ၏ ပြောခွင့်ရ အမျိုးသမီး မီရှဲလ် မွန်းတပ်(စ်) ကပြောသည်။

မစ္စတာဘန်ကီမွန်းသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသို့ပထမအဆုံးအကြိမ်သွားရောက် ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြောဆိုခဲ့သည်။

ထိုခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ခဲ့သည်။

တချိန်တည်းတွင် မစ္စတာဘန်ကီမွန်း အနေဖြင့် မြန်မာပြည်သွားရောက်၍ စစ်အစိုးရကို ဖိအားပေးပြောဆိုရန် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။

ကုလသမဂ္ဂကလည်း မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် တို့ကို တောင်းဆိုထား သည်။ ယင်းတောင်းဆိုချက်များ အကောင်အထည် ဖော်နိုင်မှသာ မြန်မာနိုင်ငံသို့ သွားရောက်လိုကြောင်း လည်း မစ္စတာ ဘန်ကီမွန်း က ထုတ်ဖော် ပြောဆိုထားသည်။

မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးတဲ့ မြောက်ကိုရီးယားသင်္ဘော နောက်တကြိမ် ဆိုက်ကပ်ဖွယ်ရှိ

22 June 2009


မြန်မာနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားနိုင်ငံက
ကုန်တင်သင်္ဘောတစီးမှာ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာဖွယ်ရာ ရှိတယ်
ဆိုပြီး သံသယတွေ ၀င်နေကြပါတယ်။ ဒီအတွက် အမေရိကန် စစ်သင်္ဘောတစင်းက
လည်း အဲဒီသင်္ဘောနောက်က နောက်ယောင်ခံ စောင့်ကြည့်နေပါတယ်။
မြောက်ကိုရီးယားသင်္ဘောရဲ့ ခရီးစဉ်အပေါ် အကဲခတ်တွေရဲ့ အမြင်ကိုတော့
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

သံသယဖြစ်စရာ ကုန်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယုံကြည်နေကြတဲ့
ကမ်နမ် ၁ (Kang Nam I) လို့ အမည်ရတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း တရုတ်
ပင်လယ်ပြင်ကနေ မြန်မာနိုင်ငံဘက် ဦးတည်နေပုံရတာမို့ စောင့်ကြည့်နေကြတာပါ။
မြန်မာနိုင်ငံကို သွားတယ် မသွားဘူးဆိုတာ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး
မရှိပေမယ့် အရင်တုန်းကလည်း အလားတူ ၀င်ထွက်မှုမျိုးတွေ ရှိခဲ့တာကြောင့်
ဒီတကြိမ်မှာလည်း မြန်မာနိုင်ငံကို ၀င်ရောက်ဆိုက်ကပ်လိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်
တွက်ဆနေကြတာပါ။

မြန်မာနဲ့ မြောက်ကိုရီးယားအရေး အကဲခတ်စောင့်ကြည့်နေတဲ့ ဘာတေးလ် လစ်တနာ
(Bertil Lintner) ကတော့ ကမ်နမ် အမည်ရှိတဲ့ သင်္ဘောတစီးဟာဆိုရင် အရင်တုန်းက
အခုလို ၀င်ရောက်ဆိုက်ကပ်တာမျိုးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကမ်နမ်သင်္ဘောက အရင်တုန်းကလည်း မြန်မာနိုင်ငံကို သွားဖူးပါတယ်။ နောက်တခု
ကလည်း မြန်မာနဲ့ မြောက်ကိုရီးယားတို့အကြား သံတမန်ရေးရာ ဆက်သွယ်မှုတွေ
မေလ ၂၀၀၇ တုန်းက တရားဝင် ပြန်လည်စတင်ပြီး ရက်ပိုင်းအတွင်းမှာ ဆိုသလိုပဲ
ကမ်နမ်သင်္ဘောတစင်း သီလ၀ါဆိပ်ကမ်းကို ဆိုက်ဘူးပါတယ်။ အဲဒီတုန်းကတော့
ရာသီဥတု ဆိုးရွားနေလို့ ခိုလှုံဆိုက်ကပ်တာလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီအချိန်က
ရာသီဥတုကလည်း ဆိုးဆိုးရွားရွား ဖြစ်မနေပါဘူး။”

အဲဒီအချိန်တုန်းကလည်း မြောက်ကိုရီးယားသင်္ဘောဟာ ဘယ်လိုကုန်ပစ္စည်းတွေ
တင်ဆောင်လာတယ်ဆိုတာ အတိအကျ မသိရပေမယ့်လည်း စစ်လက်နက်လို့
ယုံကြည်ရတဲ့ စက်ပစ္စည်း ကြီးကြီးမားမားတွေကို ဆိပ်ကမ်းမှာ ချသွားတယ်လို့လည်း
သူက ဆိုပါတယ်။ ဒီတကြိမ်မှာလည်း ကမ်နမ်သင်္ဘောမှာ ဘာတွေတင်ဆောင်
လာတယ်ဆိုတာ အတိအကျ မသိနိုင်ပေမယ့် ဒီသင်္ဘောကို မျက်ခြည်မပြတ်
စောင့်ကြည့်နေတဲ့ အမေရိကန် ရေတပ်ကတော့ စိုးရိမ်စရာရှိတဲ့ ပစ္စည်းတွေလို့
ဆိုထားတာမို့ သာမန်ကုန်ပစ္စည်းတွေ မဖြစ်နိုင်ဘူးလို့လည်း ယုံကြည်နေကြတာပါ။

တကယ်တော့ နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဝေဖန်ခံနေ
ရတဲ့ မြန်မာစစ်အစိုးရနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုကြောင့် ဒေသတွင်း
စိုးရိမ်စရာဖြစ်နေလို့ ဖြေရှင်းနေရတဲ့ မြောက်ကိုရီးယား ၂ နိုင်ငံတို့အကြား ဆက်ဆံမှု
တွေ တိုးတက်လာတာ၊ အထူးသဖြင့် မြန်မာနိုင်ငံက စစ်ရေးတည်ဆောက်မှုအတွက်
အကူအညီပေးနေတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေတာပါ။

မြောက်ကိုရီးယား ပညာရှင်တချို့ မြန်မာနိုင်ငံက စစ်ရေးတည်ဆောက်မှုတွေမှာ ပါဝင်
ပတ်သက်မှုတွေနဲ့ ပတ်သက်လို့ မကြာသေးခင်ကပဲ ဆောင်းပါးတစောင်ရေးသားပြီး
ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့တဲ့ ဘာတေးလ် လစ်တနာကတော့ …

“လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက မြောက်ကိုရီးယား ကျွမ်းကျင်သူ အများအပြား
မြန်မာနိုင်ငံကို သွားကြတယ်ဆိုတာ ရှင်းနေတာပါပဲ။ ပထမဆုံး မြောက်ကိုရီးယားတွေ
ကို ဆိုရင်လည်း ရန်ကုန် သံလျက်စွန်းမှာ တွေ့ရတာပါ။ သူတို့တတွေက မြန်မာ
စစ်အစိုးရရဲ့ ဒုံးကျည်တပ်ဆင်မှုတွေမှာ ကူညီပေးတာတွေလည်း ရှိပါတယ်။”

လတ်တလောမှာတော့ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစင်းဖြစ်တဲ့ USS John S.
McCain က တန်ချိန် ၂,၀၀၀ ရှိတဲ့ ကမ်နမ် ၁ ကို မျက်ခြည်မပြတ် နောက်ယောင်ခံ
လိုက်ကြည့်နေသလို ဆက်သွယ်ရေးဂြိုဟ်တုကနေလည်း လမ်းကြောင်းကို စောင့်ကြည့်
နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ကမ်နမ်သင်္ဘောဟာ သီလ၀ါဆိပ်ကမ်းကို
ဆိုက်ကပ်ဖွယ်ရာရှိတယ် ဆိုပြီးတော့ သတင်းတွေ ကြားနေရပေမယ့်လည်း ဆိုက်ကပ်
မယ့် သင်္ဘောစာရင်းထဲမှာတော့ ထည့်သွင်းမထားဘူးလို့လည်း ဆိပ်ကမ်းအာဏာပိုင်
တွေနဲ့ နီးစပ်တဲ့ အသိုင်းအ၀န်းက ပြောပါတယ်။

ဒီလို နိုင်ငံတကာက ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာ
စစ်အစိုးရတို့အကြား ဆက်ဆံမှုတွေဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ပြဿနာတွေနဲ့
ရင်ဆိုင်လာရစရာတွေ ရှိလိမ့်မယ်လို့လည်း အကဲခတ်တွေက တွက်ဆနေကြတာပါ။
အထူးသဖြင့်ကတော့ အခုလို ဆက်ဆံမှုတွေက မြန်မာစစ်အစိုးရအတွက် နိုင်ငံရေးအရ
ကျောထောက်နောက်ခံပေးနေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ရင်းနှီးမှုတွေအပေါ်
ထိခိုက်စရာတွေ ရှိနိုင်တယ်လို့ ဘာတေးလ် လစ်တနာက သူ့အယူအဆကို
ပြောပါတယ်။

“ဘာကြောင့်လည်းဆိုတော့ ဒါဟာ တရုတ်နိုင်ငံက မြန်မာအပေါ် အခုအနေအထားမှာ
သိပ်ပြီး ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိတော့တဲ့အဓိပ္ပါယ် ဖြစ်နေလို့ပါ။ နိုင်ငံရေးအရ
သြဇာလွှမ်းမိုးနိုင်တာတွေ မရှိတော့သလို တခြားကုန်သွယ်မှုတွေ၊ တင်ပို့မှုတွေနဲ့
ပတ်သက်လို့လည်း လက်လွှတ်ရမယ့် အခြေအနေမျိုးမို့ သိပ်တော့ ၀မ်းသာမယ်
မထင်ပါဘူး။”

ဒါဟာဆိုရင် လဆန်းပိုင်းအတွင်း မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချမှတ်အပြီး ပထမဆုံးအကြိမ် ထွက်ပေါ်လာတဲ့ ဖြစ်ရပ်
ပါ။ ဒီဆုံးဖြတ်ချက်ထဲမှာတော့ မြောက်ကိုရီးယား နျူကလီးယား လက်နက်အစီအစဉ်၊
ဒုံးကျည်လက်နက် အစီအစဉ်တွေ မလုပ်နိုင်အောင် မြောက်ကိုရီးယား သင်္ဘောတွေကို
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ၀င်ရောက်ရှာဖွေ စစ်ဆေးနိုင်တယ်ဆိုတဲ့ အချက်တွေ
ထည့်သွင်းထားတာပါ။

ဒါပေမယ့်လည်း ဒီလို စစ်ဆေးခွင့်ပြုဖို့က မြောက်ကိုရီးယားနိုင်ငံရဲ့ ခွင့်ပြုချက်
လိုအပ်တာဖြစ်သလို နိုင်ငံတနိုင်ငံရဲ့ ပိုင်နက်အတွင်း ရောက်သွားပြီဆိုရင်တော့
သက်ဆိုင်ရာနိုင်ငံရဲ့ ခွင့်ပြုချက်ရမှ ဖြစ်မှာပါ။ ဒါကြောင့်မို့ မြန်မာနိုင်ငံကိုသာ အများက
ယူဆထားသလို ဆိုက်ကပ်ခဲ့မယ်ဆိုရင် ဒီလိုရှာဖွေစစ်ဆေးမှုတွေ ဖြစ်လာဖို့ အလား
အလာ သိပ်ရှိမှာမဟုတ်ဘူးလို့လည်း အကဲခတ်တွေက တွက်ဆထားကြတာ
ဖြစ်ပါတယ်။

တီဟီရန်မြို့တော်မှာ ငြိမ်သက်နေပြီး ဖမ်းဆီးမှုတွေ ရာနဲ့ချီရှိ

22 June 2009


အီရန်နိုင်ငံမှာ အငြင်းပွားဖွယ်ရာ ဇွန်လ ၁၂ ရက်နေ့ သမ္မတရွေးကောက်ပွဲနောက်ပိုင်း
ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာတော့ ဆန္ဒပြပွဲ ကြီးကြီးမားမားဖြစ်တဲ့
သတင်း မရဘဲ မြို့တော် တီဟီရန်မှာ အေးဆေးငြိမ်သက်နေပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) က
သူ့ကိုထောက်ခံသူများအား ကန့်ကွက်တဲ့အနေနဲ့၊ စည်းရုံးမှုပြတဲ့အနေနဲ့ ညဦးပိုင်း
အချိန်မှာ မော်တော်ကားရှေ့မီးများ ဖွင့်ထားကြဖို့ နှိုးဆော်ထားပါတယ်။

စနေနေ့က ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ လူ ၄၅၇ ယောက်ကို ထိန်းသိမ်းထားပြီး
၁၀ ယောက် သေဆုံးသွားကြောင်း အီရန်နိုင်ငံတော် အသံလွှင့်ဌာနက သတင်း
ထုတ်ပြန်ပါတယ်။ ဆန္ဒပြပွဲစကတည်းက သေဆုံးသူ ၁၇ ယောက် ရှိသွားပါပြီ။

တီဟီရန်ရဲချုပ်ကတော့ ဆူပူအောင် လှုံ့ဆော်ကြလို့ ထိန်းသိမ်းတာလို့ အကြောင်းပြ
ပါတယ်။

အီရန်နိုင်ငံ ဥသျှောင်အဖွဲ့က ဒါဇင်နဲ့ချီရှိတဲ့ မြို့ကြီးတွေမှာ ရွေးကောက်ပွဲအတွင်း
မဲမသမာမှုတွေ ရှိတယ်လို့ ဆိုထားပေမယ့် ရွေးကောက်ပွဲရလဒ်ကို ထိခိုက်ခြင်းရှိမရှိ
တော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဂမ်ဘာရီ ဇွန်လ၂၅ရက် မြန်မာနိုင်ငံသွားဖို့ခန့်မှန်း

21 June 2009

မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ မစ္စတာ ဂမ်ဘာရီအနေနဲ့ ကြိုတင်ကြေညာထားခြင်း မရှိဘဲ ရုတ်တ ရက် သွားရောက်မယ့် ဒီတကြိမ် ခရီးစဉ်အတွင်းမှာ အန်အယ်လ်ဒီ ပါတီအပါအ၀င် တခြား နိုင်ငံရေးပါတီတွေ အဖွဲ့စည်းတွေနဲ့ တွေ့ ဆုံနိုင်ပါမလား။ မစ္စတာ ဂမ်ဘာရီရဲ့ ဒီတခေါက် လာမယ့် ခရီးစဉ်နဲ့ပတ်သက်လို့ နိုင်ငံရေးခေါင်းဆောင်တချို့ရဲ့ အမြင်သဘောထား ဘယ်လို ရှိသလဲဆိုတာကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ ဟာ ကြိုတင် ကြေညာထားခြင်း မရှိဘဲနဲ့ လာမယ့် ကြာသပတေးနေ့ ဇွန်လ ၂၅ ရက်နေ့မှာ မြန်မာ ပြည်ကို သွားရောက်မယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်။ အခါတိုင်း အခုလို ကုလသမဂ္ဂ အထူး သံတမန် တဦး မြန်မာပြည်ကို သွားမယ်ဆိုရင် ကြိုတင်ပြောဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို မပြောတဲ့အပေါ်မှာ ခန့်မှန်းချက်တွေကတော့ အမျိုးမျိုး ထွက်နေတာပါ။ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်၊ ၀ါရင့်သတင်းစာဆရာကြီးတဦးလည်း ဖြစ်တဲ့ ဦးဝင်းတင် ကတော့

“ရှင်းရှင်း ပြောရရင် စစ်အစိုးရကလည်း အလွန်ခေါင်းမာနေတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီအတွက် ကမ္ဘာနဲ့ လာ ထိတွေ့ခြင်းဟာ နောက်ဆုံးများ ဖြစ်ကောင်းဖြစ်မလားလို့ ကျွန်တော်က တွေးမိတယ်။ ဒါကြောင့် ကုလသမဂ္ဂ အနေနဲ့ သတိထားပြီးတော့ ပထမဆုံးနဲ့ နောက်ဆုံး တွေ့ဆုံတာမျိုး မဖြစ်အောင်လို့ တက်နိုင်သမျှ သိမ်သိမ် မွေ့မွေ့ လုပ်နေတယ်လို့ ယူဆတယ်။ ဒီဟာနဲ့ ပတ်သက်လို့ သံခင်း တမန်ခင်း ပုံသဏ္ဍာန်ကို တစုံတရာ ပြောစရာမရှိသော်လည်း ဒီလောက်ကြီး လျှို့ဝှက်လုပ်စရာ မလိုပါဘူး။ ဒါက နိုင်ငံရေး လာလုပ် တာကိုး။ နိုင်ငံရေး ပြဿနာ ရှေ့လမ်းကြောင်းတွေကို ချမှတ်ဖို့ လာလုပ်တာကိုး။ ဒီနိုင်ငံရေး အင်အားစုတွေ မပါဝင်ဘဲနဲ့ မဖြစ်ဘူး။ အဲဒါကို ဂမ်ဘာရီ အနေနဲ့ သတိထားမိမယ်လို့ ကျွန်တော် ယူဆမိပါတယ်။”

ဒါ့အပြင် စီအာပီပီ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ UNA တိုင်းရင်းသား နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ဥက္ကဌ ဦးကျင်ရှင်းထန် ကလည်း

“အထူးသဖြင့် သူ ကမန်းကတမ်း လာဖို့ ဘာများ အကြောင်း ပေါ်သလဲတော့ မသိဘူး။ အခု လာမယ် ဆိုတော့ အံ့သြနေတာ တခုပါပဲ။ ခုနစ်ခါ ရှစ်ခါလောက် လာပြီးသွားတာ ကျွန်တော်တို့ တချိန်လုံးပဲ လာလိမ့်မယ်။ တွေ့ လိမ့်မယ်လို့ မျှော်လင့်ထားတာတွေ တခါမှ မဖြစ်ဘူးဆိုတော့၊ ဒီတခါလည်း ပိုပြီးတော့ တင်းကျပ်တဲ့အချိန် ဖြစ်နေတော့ ဘယ်လို ဖြစ်မလဲ မသိဘူး။ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်။ ကျွန်တော်တို့ အမြင်မှာက အခု ရှုပ်ထွေးနေတဲ့ မြန်မာ့ နိုင်ငံရေးဟာ အားလုံး ပါဝင်တွေ့ဆုံမှ အဆင်ပြေနိုင်မယ့် အခြေအနေမှာ ရှိတယ်။”

တချို့ နိုင်ငံရေးလေ့လာသုံးသပ်တွေကတော့ အရင်ကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ မြန်မာပြည်ကို အကြိမ်ကြိမ် သွားရောက်ခဲ့ပေမဲ့ အခုချိန်ထိ ပြေလည်မှု ရမလာဘဲ အခြေအနေတွေ ပိုပြီးဆိုးရွားလာတဲ့အပေါ် ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ UNA တိုင်းရင်းသားနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ရဲ့ ပြော ရေး ဆိုခွင့်ရှိသူ ဦးကျင်ရှင်းထန် ကလည်း တူညီတဲ့ အမြင်မျိုး ရှိတဲ့အကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

“အလားတူပါပဲ။ ကျန်တဲ့ အချိန်မှာ ဂမ်ဘာရီလာတယ်။ လာပြီးတော့ ဘာမှလည်း အကြောင်းမထူးဘူး။ ကျွန်တော်တို့ လူမျိုးစုအုပ်စုကလည်းပဲ သူ လာတာ ဘာမှ ဖြစ်မလာဘူးဆိုပြီး ကျွန်တော်တို့ ပြောလိုက်တာ ရှိတယ်။”

ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ ပွင့်လင်းဖို့ လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တွေ့သင့် တွေ့ထိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးနဲ့ တွေ့သင့်ကြောင်း၊ တကယ်လို့သာ တွေ့သင့်တွေ့ထိုက်တဲ့သူတွေနဲ့ စစ်အစိုးရက တွေ့ဆုံခွင့် မပေးနိုင်ဘူးဆိုရင် ဒီခရီးစဉ်ကို မလာသင့်တဲ့အကြောင်း အခုလို ဆက်ပြောပြပါတယ်။

“ရှင်းရှင်းပြောရရင် ဒီပြဿနာဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ လုံးဝ မဖြစ်နိုင်ဘူး။ လုံးဝ လက်မခံနိုင်ဘူး။ လုံးဝကို ကျောခိုင်းတယ်။ ဒေါ်စု ဘေးဖယ်ထားပြီး နိုင်ငံရေး ရေစီးကြောင်းက ဘေးဖယ် ထားမယ်၊ ထောင်ထဲ ထည့်ထား မယ် ဆိုရင် လုံးဝကို လက်မခံနိုင်ပါဘူး။ ရှင်းရှင်း ပြောရရင် အန်အယ်လ်ဒီ တခုတည်း ရှင်းလို့မရဘူး။ ဒီဟာက အားလုံး ပါဝင်ရမယ်ဆိုတဲ့ နိုင်ငံတကာကရော လက်ခံထားတဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီးတခုလုံးကို ဖြေရှင်းဖို့ တိုင်းရင်းသားတွေလည်း မပါလို့ မဖြစ်ဘူး။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလည်း အလွန် ကြီးမားပါတယ်။ တွေ့ဖို့လည်း အကြောင်းပေါ်မှာမဟုတ်ဘူးလို့ သူတို့က ထင်တယ်။ သိနေတယ် ဆိုရင်၊ သူတို့ဘက်က အချင်းချင်း အသံတွေ ပေးပြီးသားဖြစ်နေမယ်။ စစ်အစိုးရ က လည်း ကြိုပြီး ငြင်းပယ်ထားတာမျိုး ရှိမယ်ဆိုရင် မစ္စတာ ဂမ်ဘာရီအနေနဲ့ မလာတာဘဲ ကောင်းပါတယ်။”

ဒါကတော့ မြန်မာပြည်ကို ရုတ်တရက်သွားရောက်မယ့် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူး သံ ကိုယ်စား လှယ် အီဗရာဟင် ဂမ်ဘာရီ ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူး အဖွဲ့ဝင်တဦးလဲဖြစ်၊ ၀ါရင့်သတင်းစာဆရာကြီးတဦးလဲဖြစ်တဲ့ ဦးဝင်းတင် နဲ့ CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင် ဦးကျင်ရှင်းထန်တို့ရဲ့ အမြင်နဲ့သဘောထားတွေကို ကြားခဲ့ရ တာပါ။ ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင်ကလဲ မြန်မာပြည်ကို ဂျူလိုင်လဆန်းမှာ သွားရောက်ဖို့ ရှိတယ်ဆိုပြီး ကုလသမဂ္ဂ ကနေ တရားဝင် ပြောဆိုထားတာပါ။ မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို သွားချင်တဲ့ အကြောင်း ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးရေးအတွက် မြန်မာ စစ်အစိုးရကို တိုက်တွန်းဖို့ပဲလို့ ဆိုပါတယ်ရှင်။

ဆန္ဒပြပွဲများ ဆက်လုပ်ဖို့ မူဆာဘီ တိုက်တွန်း

22 June 2009


အီရန် နိုင်ငံမှာ အငြင်းပွားဖွယ် ရွေးကောက်ပွဲ ရလဒ်ပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ထောက်ခံသွားမယ်လို့ အတိုက်အခံခေါင်းဆောင် မီယာဟူစိန် မူဆာဘီ က ကြေညာချက် တခု ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ သူ့အဆိုအရ လိမ်ညာမှုတွေအပေါ်မှာ အီရန် ပြည်သူတွေက ဆန့်ကျင်ဆန္ဒ ထုတ်ဖော်ခွင့် ရှိတယ်လို့ မစ္စတာ မူဆာဘီက အင်တာနက်ပေါ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူ့ကို ထောက်ခံသူတွေကို အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ ပန်ကြားထားပါတယ်။ တနင်္ဂနွေနေ့က မစ္စတာ မူဆာဘီကို ထောက်ခံသူတွေဟာ ခေါင်မိုးပေါ်တွေမှာ အစိုးရကို အာခံတဲ့ ကြွေးကြော်သံတွေကို နေ၀င်ပြီးချိန်နောက်မှာ အပြန်အလှန် အော်ဟစ်ခဲ့ကြပါတယ်။ ရဲတွေနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကတော့ တဟီရန် မြို့တော်မှာ ကင်းလှည့်နေပါတယ်။ စနေနေ့က ဆန္ဒပြသူ ၁၀ ယောက် သေဆုံးတယ်လို့ အီရန် အစိုးရ ရုပ်သံက ကြေညာတဲ့အတွက် ဆန္ဒပြမှုတွေ စတင်ကတည်းက အစိုးရ တရားဝင်ထုတ်ပြန်တဲ့ သေဆုံးသူ အရေအတွက် ၁၇ ယောက်ရှိသွားပါပြီ။

ဆန္ဒပြမှုတွေအပေါ် အီရန်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဂျာမနီ ၀န်ကြီးချုပ် အင်ဂျလာ မာခဲလ် က ဂျာမနီဟာ အီရန် ပြည်သူတွေဘက်မှာ ရှိတယ်လို့ ပြောပြီး ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို လုပ်ခွင့်ပေးဖို့ အီရန် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ပြင်သစ် သမ္မတ ဆာကိုဇီ ကတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြီး ဒီလို လုပ်ရပ်ဟာ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ ပြောပါတယ်။ အီတလီ နိုင်ငံခြားရေး ၀န်ကြီးကလည်း အီရန် ပြည်တွင်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ အမြန်ဆုံး ဖြေရှင်းဖို့ တောင်းဆိုပါတယ်။ စပိန် နိုင်ငံခြားရေး ၀န်ကြီးကလည်း မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် အီရန် အစိုးရက လုံးဝ မြင်သာထင်သာတဲ့ နည်းနဲ့ ဖြေရှင်းရမယ်လို့ ပြောခဲ့ပါတယ်။


ဒေါ်စုအတွက် ဆုတောင်းတဲ့ အန်အယ်လ်ဒီပါတီဝင်၂ဦး ထောင်ဒဏ် အပြစ်ပေးခံရ

21 June 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီပါတီ အဖွဲ့ဝင် ၂ဦးကို အာဏာပိုင်တွေက ဖမ်းဆီးပြီး၊ ထောင်ဒဏ် ၁နှစ်ခွဲ ချမှတ်ခဲ့တယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း က ဗွီအိုအေကို ပြောကြားပါတယ်။ တွံ့တေး က အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးချစ်ဖေနဲ့ ဦးအောင်စောဝေတို့ ၂ဦးကို သာသနာ ညှိုးနွမ်း စေမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်စေဖို့ အတွက် ဆုတောင်းပွဲကို သွားရောက်ခဲ့သူတွေ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ အတိုက်အခံတွေကို နည်းနည်းလေးမှ လှုပ်ရှားခွင့် ပေးလေ့ မရှိပါဘူး။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လွန်ခဲ့တဲ့ ၁၉နှစ်တာ ကာလအတွင်း နှစ်ပေါင်း ၁၃နှစ်လောက် ဖမ်းဆီး ထိန်းသိမ်းထားခဲ့တဲ့ အပြင် နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အင်းစိန် အကျဉ်းထောင်မှာ တရား ရင်ဆိုင်နေရပါတယ်။ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံသား ဂျွန်ယက်တော မဖိတ်မခေါ်ဘဲ ရောက်လာတာနဲ့ ပတ်သက်ပြီး နေအိမ် အကျယ်ချုပ် ကန့်သတ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ပုဒ်မ ၂၂နဲ့ တရားစွဲဆိုခဲ့တာပါ။


အာဏာပိုင်များက မြေသြဇာဝယ်မှ ချေးငွေထုတ်ပေးမည်ဆိုသဖြင့် လယ်သမားများ မကျေနပ်ဖြစ်နေ
Monday, 22 June 2009 22:29 ဖြိုးကြီး
မိုးစပါးစိုက်ပျိုးချိန် လယ်သမားများကို စိုက်ပျိုးစရိတ်ထုတ်ပေးရာတွင် အာဏာပိုင်များက မြေသြဇာဝယ်မှ ငွေထုတ်ပေးမည်ဟု ပြောဆိုသဖြင့် လယ်သမားများ မကျေမနပ်ဖြစ်နေကြသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကြာပန်း၊ ကြံဘိုဒိုင်နယ် ရယကဥက္ကဌများက ယနေ့ ငွေထုတ်ပေးနေသည့်အချိန်တွင် အတင်းအကြပ် ပြောဆိုခြင်းဖြစ်သည်။

“သက်ဆိုင်ရာဥက္ကဌတွေက ဘဏ်ထုတ်တဲ့နေရာမှာ စိုက်ပျိုးရေးက ထုတ်ပေးတဲ့ မြေသြဇာကို ဝယ်ရမယ်၊ မဝယ်ရင် ဘဏ်မထုတ်ပေးဘူး ပြောတယ်၊ သူတို့ထုတ်ပေးတဲ့ဈေးက ကြီးတယ်၊ အပြင်ပေါက်ဈေးနဲ့တောင် နည်းနည်းပဲ သုံးနိုင်တာဆိုတော့ ပြဿနာတတ်နေတယ်” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

စိုက်ပျိုးရေးဌာနက ထုတ်ပေးသည့် မြေသြဇာမှာ တအိတ်လျှင် ၂၀,၆၀၀ ကျပ်ဖြစ်ပြီး အပြင်ပေါက်ဈေးမှာ ၁၉,၀၀၀ ကျပ်သာရှိပြီး ယခင် ဈေးနှုန်းသက်သာစဉ်က လယ်သမားများတောင်းထုတ်သော်လည်း ထုတ်ပေးခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်တုန်းက လယ်သမားတွေထုတ်ချင်တော့ မထုတ်ပေးဘူး ၊ အဲဒီတုန်းက အစိုးရထုတ်ဈေးက သက်သာတယ်၊ အဲဒါကို သက်ဆိုင်ရာဌာနတွေနဲ့ ရယကတွေ ပေါင်းပြီး ထုတ်ရောင်းတယ်၊ အခုဈေးတက်တော့မှ ထုတ်ပေးတာ” ဟု ပြောသည်။

လယ်သမားများကို စိုက်ပျိုးစရိတ်ထုတ်ပေးရာတွင် တဧကလျှင် ၁၀,၀၀၀ ကျပ်နှုန်းကို အတိုး တကျပ် လေးဆယ့်ငါးပြားနှုန်းဖြင့် ထုတ်ပေးခြင်းဖြစ်ပြီး ချေးငွေထုတ်ပြီးသွားသည့် ကျေးရွာတွင်လည်း အဆိုပါ မြေသြဇာဝယ်ရန် ဒိုင်နယ်ဥက္ကဌက ပြောဆိုနေသည်။

“ရေဖြူကန်ဒိုင်နယ်က ချေးငွေထုတ်ပြီးပြီ အဲဒါကို ဒိုင်နယ်ဥက္ကဌက စိုက်ပျိုးရေးက ထုတ်ပေးတဲ့ မြေသြဇာ ယူခိုင်းတာတွေ လုပ်နေတယ်” ဟု ဒေသခံလယ်သမားက ပြောသည်။

ယင်းကဲ့သို့ မြေသြဇာဝယ်ယူမှ ငွေထုတ်ပေးမည်ဟု ပြောဆိုနေခြင်းနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဘဏ် ဝန်ထမ်းတဦးက မိမိတို့အနေဖြင့်က မည်သူ့ကိုမဆို ချေးငွေ ထုတ်ပေးနေလျှက်ရှိသည်ဟု ပြောသည်။

“မြေသြဇာ ဝယ်ရမယ်ဆိုတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ ကျနော်တို့နဲ့မဆိုင်ဘူး၊ ကျနော်တို့က ထုတ်ပေးတာပဲ၊ မဝယ်ရင် မထုတ်ပေးဘူးဆိုတာ ကျနော်တို့မပြောဘူး၊ လာထုတ်တဲ့သူ အကုန်ပေးတာပဲ၊ ရယကတွေက ဘာကြောင့်လုပ်တယ်ဆိုတာတော့ ကျနော်တို့မသိဘူး” ဟု အဆိုပါဝန်ထမ်းက ပြောဆိုခဲ့သည်။

လယ်သမားများအနေဖြင့် စပါးစိုက်ပျိုးချိန် ရောက်ရှိလာသော်လည်း အစိုးရထုတ်ပေးသည့် ချေးငွေ လုံလောက်မှုမရှိခြင်းနှင့် ယခုကဲ့သို့ မြေသြဇာများ အတင်းအကြပ် ရောင်းနေချနေသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေလျှက်ရှိသည်။


ဖမ်းဆီးခံ ရခိုင် ၂၁ ဦး ပြန်လည် လွှတ်မြောက်လာ
6/22/2009


ယနေ့ ဒက္ကားမြို့ အိန္ဒိယ သံရုံးရှေ့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၂၁ ဦးမှာ ယနေ့ ညနေပိုင်းတွင် ပြန်လည် လွှတ်မြောက်လာခဲ့သည်။

သူတို့အား ဖမ်းဆီးပြီး ၁၀ နာရီခန့် အကြာတွင် ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သူ ကိုအောင်နိုင်က “ကျနော်တို့ ခုနလေးတင်ဘဲ အိမ်ကို ပြန်ရောက်ပါတယ်။ ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက လာပီး ထုတ်ပါတယ်။ ရဲက နောက်ထပ် ဒီလို သံရုံးတွေရှေ့မှာ လာပြီး ဆန္ဒ္ဒ မပြရဘူးဆိုပီး လက်မှတ်ထိုးခိုင်းပါတယ်။ ဆရာမက ဒါကို သူမ အနေနဲ့ တာဝန် မယူနိင်ဘူးလို့ ပြောဆို ခဲ့တယ်လို့ သိရပါတယ်။” ဟု ပြောသည်။

အဆိုပါ ရခိုင်အမျိုးသား ၂၁ ဦးမှာ ယနေ့တွင် ကျရောက်သော နိုင်ငံတကာ လှုပ်ရှားမူနေ့တွင် ကာလကတ္တားထောင်ထဲရှိ ရခိုင်နှင့် ကရင် ရဲဘော် ၃၄ ဦး လွတ်မြောက်ရေး အတွက် ဒက္ကားမြို့ရှိ အိန္ဒိယ သံရုံးရှေ့တွင် သွားရောက် ဆန္ဒပြစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြသူများကို ဖမ်းဆီးရန်အတွက် အန္ဒိယ သံရုံးမှ ရဲသို့ အကြောင်းကြားခဲ့သဖြင့် ဖမ်းဆီး ခဲ့ရတာ ဖြစ်ပါတယ်ဟု ဂလူရှန် ရဲစခန်းမှ တာဝန်ရှိသူ လက်ထောက် ရဲကော်မရှင်နာ မင်းကြီး ချန်နာရီက ပြောသည်။

၎င်းပြင်သူက “ဘယ်က လူတွေလည်း မသိဘူးဗျာ။ နိုင်ငံခြားကပါ ပြည်တွင်းပါ ဖုံးဆက်တာနဲ့ တခြား ကိစ္စတွေကို ဆောင်ရွက်လို့ မရ အောင်ထိ ဖြစ်သွားပါတယ်။ နောက်တော့ အခြေအနေကို သဘောပေါက် နားလည်သွားတဲ့အတွက် ပြန်ပီး အေးအေးဆေးဆေး လွတ်ပေးလိုက်ပါတယ်”ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့တွင် မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ဖမ်းဆီးမူမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ယခု ဆန္ဒပြပွဲအား ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဖမ်းခံရသူများထဲတွင် မိန်းမများနှင့် ကလေးငယ်များလည်း ပါဝင်သည်ဟု သိရသည်။


မယက ရံပုံငွေအတွက် ဆိုင်ကယ် ဦးထုပ် မဆောင်းသူ တဦးစီမှ ကျပ်ငွေ ၁၀၀၀၀ စီကောက်
6/21/2009


ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဦးထုပ် မဆောင်းဘဲ ဆိုင်ကယ် စီးသူများကို ဖမ်းမိလျှင် ယဉ်ထိန်းရဲများက ဒဏ်ငွေ ၁၀၀၀ ကျပ် အပြင် မယက ရံပုံငွေ အတွက်ဟု ဆိုကာ ကျပ်ငွေ ၁၀၀၀၀ စီ အတင်းကောက်ခံနေသည်ဟု အမည်မဖေါ်လိုသူ ကျောင်းသူ တဦးက ပြောသည်။

“ကျွန်မတို့မှာ ခုလို အတင်း မဟုတ်မတရား ဒဏ်ငွေ ရိုက်ခံနေရတဲ့ အတွက် ဆိုင်ကယ် စီးရမှာကိုတောင် ကြောက်လာပါတယ်။ စစ်တွေမှာ ဆိုင်ကယ်စီးသူတွေကို ဦးထုပ် ဆောင်းရမယ် ဆိုပြီး ဥပဒေ ထုတ်ထားပါတယ်။ မဆောင်းဘဲ မိရင် ဒဏ်ငွေ တထောင် ပေးလျော် ရမယ်ဆိုပြီးလည်း ကြိုတင် ပြောထားတာ ရှိပါတယ်။ ဒါပေမယ့် ဦးထုပ် မဆောင်းဘဲ မိရင် ပလုတ်တောင် ရပ်ကွက်က ယဉ်ထိန်းရဲ စခန်းကို ခေါ်ယူသွားပြီး ဒဏ်ငွေက တထောင်၊ မယက ရံပုံငွေ အတွက် တသောင်းဆိုပီး ၁၁၀၀၀ ကျပ် အတင်း ကောက်ယူ ပါတယ်။ မပေးရင် တရားရုံးကို ပို့မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အတွက် အောင့်သက်သက်နဲ့ ပေးနေရပါတယ်။”

စစ်တွေတွင် ယဉ်ထိန်းရဲများသည် အရပ်ဘက် တက်စီများဖြင့် အရပ်သား အ၀တ်များကို ၀တ်ဆင်ပြီး ရပ်ကွက်များ အတွင်း ဦးထုပ်မဆောင်းဘဲ မော်တော်ဆိုင်ကယ် စီးသူများကို လိုက်လံ ဖမ်းဆီး နေသည်ဟု တခြား ဒေသခံ တဦးကလည်း ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“မြို့တွင်းက ရပ်ကွက်တွေထဲက လမ်းတွေမှာ တရပ်ကွက်နဲ့ တရပ်ကွက်၊ တလမ်းနဲ့ တလမ်း ခလေးတွေက မောင်းနုန်း ၇ မိုင် ၈ မိုင်နဲ့ မောင်းရင်လည်း သူတို့က လိုက်ဖမ်းပါတယ်။ ဖမ်းမိရင် ပလုတ်တောင် ယဉ်ထိန်း စခန်းကို ခေါ်သွားပြီး ဒဏ်ငွေနဲ့ မယက ရံပုံငွေ အတွက် ဆိုပြီး ကျပ်ငွေ ၁၁၀၀၀ စီ အတင်းတောင်း ပါတယ်။ မိန်းခလေးတွေကတော့ တရားရုံးကို ရောက်မှာ ကြောက်တဲ့အတွက် ပေးကြတာ များပါတယ်။”

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေ မယက ဥက္ကဌ ဦးအောင်ထွန်းသို့ ဖုံးဖြင့် ဆက်သွယ်မေးမြန်းရာ ဥက္ကဌ ခရီးလွန်နေသည်ဟု ဆိုကာ ရုံးမှ တာဝန်ရှိသူ တဦးက ပြောရန် ငြင်းဆန်ပြီး ဖုံးချသွားခဲ့သည်။

အဆိုပါ ဒေသခံက “ခုလို မယက ရံပုံငွေအတွက် ငွေတသောင်းစီ ကောက်ခံတာဟာ မယက ဥက္ကဌ ဦးအောင်ထွန်း အမိန့်မရဘဲ လုပ်လို့ မရပါ။ ယဉ်ထိမ်းရေးတွေနဲ့ မယက ဥက္ကဌတို့ အကြား စားကွက်ထွင်ပြီး လုပ်ကိုင် စားနေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေမြို့မှာ မော်တော် ဆိုင်ကယ် စီးသူ အရေအတွက် အထူးတိုးပွားလာနေသဖြင့် မန္တလေးကဲ့သို့ ဆိုင်ကယ် မြို့တော် ဖြစ်လာသော်လည်း ယဉ်ထိန်းရဲများ သောင်းကျန်းနေမူကြောင့် ဆိုင်ကယ် စီးသူများမှာ လွတ်လွတ် လပ်လပ် ဆိုင်ကယ် မစီးရဲဘဲ ဖြစ်နေကြသည်ဟု သိရသည်။


ကော့ဘဇား ယူအန်ရှေ့တွင် ရခိုင် ဒုက္ခသည်များ အသံတိတ် ဆန္ဒပြ
6/21/2009


မောင်အေး(နိရဉ္စရာ) ကော့စ်ဘာဇားမြို့ရှိ ကုလသမဂ္ဂ မဟာမင်းကြီး ရုံးရှေ့တွင် ရခိုင်ဒုက္ခသည် တချို့က ဆိုင်းဘုတ်များ လက်ကိုင် ပိုစတာများကို ကိုင်ဆောင်ပြီး ယနေ့တွင် အသံတိတ် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုကို ရဟန်းတော်များ အပါအ၀င် ရခိုင်ဒုက္ခသည် ၂၀ ခန့်က ယနေ့နံနက် ၈ နာရီခန့်တွင် စတင် ပြုလုပ် ခဲ့ကြခြင်း ဖြစ်သည်။

ရခိုင် ဒုက္ခသည် တဦးဖြစ်သူ ဦးဖိုးလှက “အခုလို အသံတိတ် ဆန္ဒပြရတာက ကျွန်တော်တို့ အနေနဲ့ UNHCR က ခွဲခြား ဆက်ဆံ တာတွေကို ခံစားနေရတယ်။ ကလေးတွေ ပညာရေး ဆုံးရှုံးနေရတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု တွေကိုလည်း ကန့်သတ် ခံထား ရတယ်။ ဒီလို အခြေအနေတွေကြောင့် တတိယ နိုင်ငံ တခုခုကို ပို့ပေးဖို့ အတွက် ဒီနေရာကို လာပြီး ဆန္ဒပြ တောင်းဆို ရတာဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ဆန္ဒပြပွဲအား ယမန်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ ဒုက္ခသည်များနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ဘင်္ဂလာဒေခ်ျ့တွင် သောကြာနေ့ ရုံးပိတ်ရက် ဖြစ်သည့် အတွက် ယနေ့တွင် ပြုလုပ် ကြခြင်းဖြစ်သည်ဟု သိရသည်။

တခြား ရခိုင် ဒုက္ခသည် တဦး ဖြစ်သူ ဒေါ်မဖြူချေက “ကျမတို့ ၂ ယောက် ယူအန် အိပ်စီအာရ်က တာဝန်ရှိသူ တဦး ဖြစ်တဲ့ စတီးပန့် ဆိုသူနဲ့ သွား တွေ့တယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေပညာရေး အတွက် ထောက်ပံ့မှုတွေ ပေးဖို့နဲ့ တတိယ နိုင်ငံ တခုခုကို ပို့ပေးဖို့ ကျမတို့က ပြောတယ်။ သူပြောတာက မြို့ပေါ် ဒုက္ခသည်တွေ ကိစ္စက သူတို့နဲ့ မဆိုင်ဘူး။ ဒကားရုံးနဲ့ဘဲ ဆိုင်တယ် ကျွန်တော်တို့ ဘာမှ လုပ်မပေးနိုင်ပါ ဘူးလို့ ပြောပါတယ်။”ဟု ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မြို့ပေါ် ဒုက္ခသည်များကို လွန်ခဲ့သည့် နှစ်က စပြီး ထောက်ပံ့ကြေး အားလုံး ကို UNHCR မှ ဖြတ်တောက်လိုက်သည့် အတွက် မြန်မာ့ ဒုက္ခသည်များမှာ ဒုက္ခမျိုး စုံနှင့် ရင်ဆိုင် နေကြရသည်။

ဒေါ်မဖြူချေက “ ကျမသမီးလေးအတွက် စားစရိတ် အပါအ၀င် ပညာသင် ထောက်ပံ့ကြေး ၁၂၀၀ တာကာ ပေးတာကို လွန်ခဲ့တဲ့ မတ်လ ကစပြီး သူတို့ ဖြတ်တောက်လိုက်ပီး ၆၀၀ တာကာ ဘဲပေးပါတယ်။ ထောက်ပံ့ကြေး အရမ်းနည်းတဲ့အတွပ် သူတို့ကို ထပ်တိုးပေးဖို့ တောင်းဆိုတယ်။ သူတို့က မပေးနိုင်ဘူးလို့ ပြောပါတယ်။ ခု သမီးလေး ကျောင်းနေဖို့ အခက်အခဲ ရှိနေပါတယ်။ သမီးကို ကျောင်းဆက်ထားနိုင်မှာ မဟုတ်တော့ ပါဘူး” ဟု ပြောသည်။

ယခုအခါ ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ အများစု ရခိုင် မြို့ပေါ် ဒုက္ခသည်များမှာ အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်နေရပြီး ရပ်တည်နေထိုင်ရေးတွင် လည်း အထူး ဒုက္ခတွေ့နေကြရသည်ဟု သိရသည်။

ကုလ မဟာမင်းကြီးရုံးမှ တာဝန်ရှိသူ များမှာလည်း မြန်မာ မြို့ပေါ် ဒုက္ခသည်များ အပေါ် အရေးတစိုက် မရှိသည့် အပြင် ခွဲခြား ဆက်ဆံမူများလည်း ရှိနေသည်ဟု ဒုက္ခသည် သတင်း ရပ်ကွက် အရ သိရသည်။


မြို့ခံများ အတင်းအဓမ္မလုပ်အားပေး ခိုင်းစေခံရ
Mon 22 Jun 2009, ကွန်းဟဒေ့
ခေါဇာမြို့ပြင်ရှိ ပျက်စီးနေသော မြေနီလမ်းမကြီးကို မယက ဥက္ကဌမှ မြို့ခံများ အတင်းအဓမ္မ ခိုင်းစေပြီး ပြုပြင်ခိုင်းနေသည်ဟု သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၏ အပြင်ဘက်ရှိ မိုးရာသီတွင် မိုးရေကြောင့်ပျက်စီးသွားသော မြေနီလမ်းမကြီးကို မယကဥက္ကဌ ဦးကျော်မိုးမှ မြို့ခံများကို ရပ်ကွက်အလိုက် အလှည့်ကျ ပြုပြင်ရန် ခိုင်းစေခဲ့သည်ဟု မြို့ခံများက ပြောသည်။

“တစ်နေ့ကို တစ်ရပ်ကွက်ဆီ သွားလုပ်ပေးရတယ်၊ မသွားလို့မရဘူး၊ မသွားရင် ဒဏ်တပ်မယ်လို့ ပြောတော့ ဘယ်သူမှ မလွန်ဆန်ရဲဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ခေါဇာမြို့တွင် ရပ်ကွက်နှစ်ရပ်ကွက်သာရှိသဖြင့် တရပ်ကွက်လျှင် တရက်ခြားသွားရောက်ပြုပြင်ရသည်။ မြို့ခံများ ပြုပြင်ခဲ့ရ သော ကတ္တရာလမ်းအရှည်မှာ တစ်မိုင်ခွဲခန့်ရှိကာ မြေနီဖို့ပြီး ပြုပြင်ခဲ့ကြရသည်။ လမ်းပြင်ရာတွင် တာဝန်ရှိ အာဏာပိုင်းတို့က ထောက်ပံ့မှုမပေးပဲ၊ ကိုယ့်စရိတ်နှင့်ကိုယ် သုံးရက်ကြာ ပြုပြင်ခဲ့ရသည်ဟု ရွာသားတဦးက ပြောသည်။

မြို့ရွာဖွံ့ဖြိုးရေးနှင့် လမ်းများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် မြို့နယ်ဥက္ကဌမှ မြို့ခံများကိုသာ ခိုင်းစေလုပ်ဆောင်ခဲ့သည်ဟု မြို့ခံများပြောသည်။

လွန်ခဲ့သောမတ်လလယ်တွင်လည်း မြို့တွင်းရှိ လမ်းမကြီးကို ကတ္တရာခင်းချဲ့ထုတ်ပြုပြင်ရာ လမ်းမကြီးနှင့်ငြိစွန်းသွားသော အိမ်များကို လျော်ကြေးပေးဆောင်ခြင်းမရှိပဲ ဖြိုဖျက်ခိုင်းခဲ့သည့်အပြင် မြို့ခံများကိုလည်း တစ်အိမ်လျှင် ကျောက်နှစ်ကျင်းစီ အိမ်တိုင်း ပေးဆောင်ရမည်ဟု ဥက္ကဌ ဦးကျော်မိုးမှ အမိန့်ထုတ်ထားခဲ့သည်။

ခေါဇာမြို့နယ်ခွဲသည် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းတွင်ရှိပြီး၊ မွန်ပြည်နယ်အတွင်း နအဖစစ်သားများနှင့် ဒေသခံအာဏာ ပိုင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှု အခံရဆုံး ဒေသဖြစ်သည်ဟု မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း အလုပ်မှုဆောင် ကိုအဲမွန်က ပြောသည်။

မြင်းခြံထောင်ရောက် တွံတေးမြို့နယ် စည်းအဖွဲ့ဝင် မစန္ဒာ ကျန်းမာရေး ဆိုးဝါး
2009-06-22

မြင်းခြံထောင်မှာ အကျဉ်းချခံထားရတဲ့ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းအဖွဲ့ဝင် မစန္ဒာဟာ တယောက်တည်း တခန်းထဲမှာ သီးသန့်ခွဲပြီး ချုပ်နှောင်ခံနေရတဲ့အပြင် ထောင်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အားနည်းလွန်းတာကြောင့် သူ့ကျန်းမာရေး အခြေအနေဟာလည်း အခုတလော ပိုဆိုးလာနေတယ်လို့ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကိုဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

(Photo: AFP)

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားသူများအား မတန်တဆ ကြီးလေးသော အပြစ်ဒဏ်များ ချမှတ်နေခြင်းကို ဆန့်ကျင်ကန့်ကွက်၍ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂ဝဝ၈ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့က ဆန္ဒပြနေသူများ ဖြစ်ပါသည်။ (Photo: AFP)

ကိုဇော်မင်းထွန်း။ ။ 'မစန္ဒာက ညတွင်းကြီး ကျန်းမာရေး မကောင်းလို့ ပစ်ပျက်လဲတော့ အစာအိမ်လား၊ ဘာလားမသိဘူး အောင့်တယ် အောင့်တယ် ဖြစ်တော့ ထောင်ဆရာဝန်ကြီးကို လှမ်းပြီးတော့ ထောင်က အကြောင်းကြားတယ်၊ အကြောင်းကြားတဲ့အခါမှာ ထောင်ဆရာဝန်ကြီးက တော်တော်နဲ့ ရောက်မလာဘူးခင်ဗျ၊ နှစ်နာရီ သုံးနာရီလောက်မှ ရောက်လာတယ်၊ ရောက်လာပြီးတော့မှ စစ်တဲ့အခါမှာလည်း ဆေးဝါးလည်း မပါဘူးပေါ့နော်၊ စစ်ပြီးတော့မှ နောက်တခါကျတော့ တနာရီလောက် နေတော့ ပြန်သွားပြီးတော့ ဒိုင်ယာစီပင် လားဘာလားမသိဘူး၊ အဲဒီဆေးလေးပေါ့နော်၊ တလုံးလာပေးတယ်တဲ့ ၊ ပေးတဲ့အခါမှာ ကျမကို ဆေးတွေဘာတွေ ကုသပေးပါလို့ ပြောတော့ ထောင်ဆရာဝန်ကြီးက အပေါ်ကနေ ငါ့ကို ဆေးတွေ မချပေးတော့ ငါကုသပေးလို့ မရဘူးပေါ့၊ ငါ့မှာ ဆေးမရှိဘူးလို့ ပြောတယ်တဲ့၊ ဒီစစ်ဆေးတာတွေ ဆေးကုသမှုတွေ မရှိတဲ့အတွက် တဖြည်းဖြည်း ကျန်းမာရေးတွေက ဆိုးလာတယ်လို့ပဲ ထင်တယ်။ တခြားနိုင်ငံရေး အကျဉ်းသားတွေတော့ ဒီလိုပဲ ကျန်းမာရေး မကောင်းဘူးလို့ပဲ ကျနော်ကြားရတယ်ခင်ဗျ။'

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တက်တက်ွ့ကွ့ကကူညီဆောင်ရွက် ပေးခဲ့သူတဦးဖြစ်တဲ့ မစန္ဒာဟာ အရင်ကတည်းက အစာအိမ်ရောဂါ၊ နှလုံးရောဂါနဲ့ လေးဖက်နာရောဂါဝေဒနာတွေ ခံစားနေရသူ ဖြစ်ပါတယ်။ သူ့ကို အသုံးမလိုတော့တဲ့ ဘက်ထရီအိုးဟောင်း အရောင်းဝယ်လုပ်မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၁၃ လ ချခံခဲ့ရတာပါ။ ခင်ပွန်းဖြစ်သူက ထောင်ဝင်စာတွေ့ဖို့ ရောက်နေချိန် မြင်းခြံမြို့က ယမုံနာ တည်းခိုခန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းစစ်မယ်ဆိုကာ သူ့တယောက်တည်းကို ရွေးထုတ်ပြီး ည ၁၁ နာရီကျော်မှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ကိုဇော်မင်းထွန်း။ ။ 'ဧည့်စာရင်းစစ်မလို့တဲ့ အကို့တယောက်တည်းကိုပဲ ခေါ်ခိုင်းတာတဲ့၊ တည်းခိုခန်းမှာဆိုတာ လူတွေ အများကြီး တည်းတာပေါ့ဗျား၊ တည်းတဲ့အခါမှာ ကျနော့်တယောက်တည်း ခေါ်ခိုင်းတယ်ဆို၊ ဒါ လုပ်ကြံပြီး ဖမ်းမည့် ပုံစံတော့ရှိတယ်လို့ ကျနော်ထင်လိုက်တယ်၊ ကျနော်ဆင်းသွားတော့ အောက်မှာ ရဲအုပ် တယောက်ရယ်၊ နောက်ပြီးတော့ ဒုရဲအုပ်တွေချည်းပဲဗျ ၊ အများကြီးပဲ ရောက်နေတယ်၊ ယူနီဖောင်းတွေနဲ့၊ ဘာကိစ္စရှိလို့လဲလို့ ပြောတော့ ဘာပြောလဲဆိုတော့ သူတို့က ခရိုင်မှူးကတဲ့၊ အပေါ်ကညွန်ကြားလို့တဲ့၊ ခင်ဗျားကို ဧည့်စာရင်း လာစစ်တာတဲ့ အဲဒီရဲအုပ်က ပြောတယ်၊ နောက်ပြီးတော့ ခင်ဗျားက ဘာဖြစ်လို့ မပြန်တာလဲပေါ့နော်၊ ကျနော်က ပြောမယ်ဆိုရင် ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ နောက်ကျလို့ ပြန်လို့ လက်မှတ်ဝယ်တာတွေ ဘာတွေ အခက်အခဲရှိတာပေါ့ဗျာ၊ ဒီပုံစံမျိုးတွေ ပြောပြတဲ့အခါမှာ ဒါကျုပ်တို့ကတဲ့ အပေါ်က ညွန်ကြားလို့တဲ့ လာစစ်တာတ၊ဲ့ ခင်ဗျားကိုတဲ့၊ ဒီလာတဲ့ ရက်တွေ ဒီ ကျနော် ထောင်ဝင်စာတွေ့တာတွေ အဲဒီဒါတွေကို မေးမြန်းပြီးတော့ ခရိုင်မှူးကို သူတို့ သတင်း ပို့တယ်။'

အခုတခေါက် မြင်းခြံအကျဉ်းထောင်ကို ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ရာမှာလည်း လမ်းခရီးတလျှောက် အခက်အခဲတွေ ရှိခဲ့သလို ထောင်ဝင်စာတွေ့ရာမှာလည်း အဆင်မပြေမှုတွေ မလိုအပ်ပဲ ကြန့်ကြာအောင် လုပ်တာတွေ အမျိုးမျိုးနဲ့ ကြုံခဲ့ရတယ်လို့ မစန္ဒာရဲ့ခင်ပွန်း ကိုဇော်မင်းထွန်း ပြောပြပါတယ်။

NLD ပါတီဝင် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း အဖွဲ့ချုပ်မှာ ဖွင့်လှစ်
2009-06-22

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ဆောက်ရေးနဲ့ ပါတီဝင်များ စွမ်းဆောင်ရည် မြှင့်တင်ရေး အတွက် ၅ ရက်ကြာ ဆွေးနွေပို့ချမှု သင်တန်းတခုကို ပါတီဌာနချုပ်မှာ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ စတင်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီ ပြန်ကြားရေး တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင်က အခုလို ပြောပြပါတယ်။

ဒေါက်တာဝင်းနိုင်။ ။ 'သင်တန်းသဘောမျိုးပေါ့၊ ဒီမှာ ခေါ်ပြီးတော့ တိုင်းနဲ့ ပြည်နယ်တခုကို သုံးယောက်စီ၊ သင်တန်းခေါ်ပေးတဲ့ သဘောမျိုးပဲ။ က္ဆွန်တော်တို့ ဒီက ဆွေးနွေးတာတွေ၊ သူတို့က ပြန်လှန်ဆွေးနွေးတာတွေနဲ့ share လုပ်တာပေါ့ဗျာ။ ဒီနေ့ကတော့ သင်တန်း တိုင်းနဲ့ ပြည်နယ် အားလုံးပေါင်း ၁၁ခုပေါ့၊ ၁၁ခုက သင်တန်းသား ၃ဝကို သင်တန်းခေါ်ပေးတဲ့ သဘောပဲ။ အဖွဲ့ဝင်တွေကို က္ဆွန်တော်တို့ ဒါ စွမ်းရည်နဲ့ သူတို့ရဲ့ knowledge ကို မြှင့်တင်ပေးတဲ့ သဘောပဲ။'

သင်တန်းတာဝန်ခံကတော့ ဗဟို အလုပ်အမှုဆောင် ဦးခင်မောင်ဆွေ ဖြစ်ပြီး သင်တန်းမှူးကတော့ ဦးအုန်းကြိုင် ဖြစ်ပါတယ်။ သင်တန်းမှာ ပါဝင်ဆွေးနွေးမဲ့ အခြား အဖွဲ့ဝင်တွေကတော့ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့် ၊ ဦးမျိုးမြင့်၊ ဒေါက်တာ မေဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဝင်းနိုင်တို့ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ဆွေးနွေး ပို့ချခဲ့တာတွေကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သမိုင်းနဲ့ ဗဟို အမျိုးလုပ်ငန်းအဖွဲ့ရဲ့ အနှစ် ၂ဝ ကာလလှုပ်ရှား ဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နောက်နေ့တွေမှာ ဆက်လက် ဆွေးနွေးဖို့ ရှိတာတွေကတော့ နိုင်ငံရေးနဲ့ အမျိုးမျိုး ကွဲပြားခြားနားသော အယူအဆများ၊ သိပ္ပံနဲ့နည်းပညာများရဲ့ လူ့အဖွဲ့အစည်းအပေါ် အကျိုး သက်ရောက်မှုများ၊ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနဲ့ လက်တွေ့ပြဿနာများ၊ စီးပွားရေးကဏ္ဍ၊ စတာတွေကို ၄ ရက်ကြာ၊ ဆွေးနွေးပို့ချမှုတွေ ပြုလုပ်ပြီး၊ နောက်ဆုံးနေ့မှာ အပြန်အလှန်ဆွေးနွေးမှုတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အခုလိုတိုင်းနဲ့ပြည်နယ်အသီးသီးကပါဝင်တဲ့ ပါတီတွင်းစွမ်းရည်မြှင့်တင်မှုသင်တန်းကို ၂၂ ရက်နေ့ ကနေ ၂၆ ရက်နေ့အထိ ပထမဆုံးအကြိမ်တင်လုပ်ဆောင်တာဖြစ်ပြီး၊ နောက်ပိုင်းမှာလည်း ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့ ကြိုးပမ်းနေကြောင်းကိုလည်း သိရှိရပါတယ်။

ကချင်အဖွဲ့ ထိန်းချုပ်ရာဒေသမှာ စစ်အစိုးရတပ်များ စစ်ရေးလှုပ်ရှားနေ
2009-06-22

မြန်မာစစ်အစိုးရတပ်တွေက အခုတလော ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်၊ မံစီ ဒေသအတွင်းမှာရှိတဲ့ သစ်တောတွေအတွင်း စစ်ကြောင်းတွေ ဝင်သွားတာ တွေ့တယ်လို့ ဒေသခံတွေထံက စုံစမ်း သိရှိရပါတယ်။

(Photo: AFP)

တောနယ်ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)

အင်အားက တော်တော်များတာကြောင့် စစ်ရေးလှုပ်ရှားမှု တခုခု လုပ်မဲ့ပုံစံမျိုးလို့ ထင်တဲ့အကြောင်း ဒေသခံတဦးက RFAကို ပြောပါတယ်။

ဒေသခံ။ ။ 'နအဖ စစ်အစိုးရက အခု တောတအားဝင်နေတယ်။ အခု ဒီဘက် ဗန်းမော်ခရိုင်၊ မံစီ ဘက်တွေက တောတွေမှာ ဂိုက်ထိပ် ဘက်တလှေျ့ာက်မှာ တောထဲဝင်တာတော့ ၂ပတ်လောက်ရှိပြီ အင်အားကတော့ သုံးလေးရာ၊ အဲလိုပဲ မြင်လိုက်တာ စစ်ဆင်ရေးပုံစံမျိုးလိုပဲ၊ အရင်တုံးက သစ်ဖမ်းတာက အဲလိုမဟုတ်ဘူးလေ။ အခုဟာက တကယ့် တိုက်ပွဲဝင်မဲ့ အနေအထား ရှိနေတယ်။'

ဒါ့အပြင် ရှမ်ပြည်မြောက်ပိုင်း ဒေသဘက်မှာ ရှိတဲ့ ရွှေလီမြစ်ပတ်ဝန်းကျင်မှာလဲ ဝိုင်းမော်အခြေစိုက် ခလရ ၅၈ နဲ့ မိုးမောက်အခြေစိုက် ခလရ ၄၃၇ တပ်ရင်းတွေ လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။ ရွှေလီမြစ်ရဲ့ မြောက်ဘက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ တပ်ရင်း (၂)ရင်း အခြေစိုက်ထားပြီးတော့ ရွှေလီမြစ်ရဲ့ အနောက်တောင်ဘက်မှာ ကေအိုင်အို တပ်မဟာ (၄) နဲ့ သူ့ရဲ့လက်အောက်ခံ တပ်ရင်း (၃) ရင်း လောက်ရှိတယ်လို့ ကေအိုင်အိုနဲ့ နီးစပ်သူတွေက ပြောပါတယ်၊

စစ်ကြောင်းတွေ ဖြတ်သွားနေတဲ့တချိန်တည်းမှာပဲ စစ်အစိုးရတပ်တွေက ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာက ရွာသားတွေကို ဒီကနေ့ မနက်ပိုင်းမှာ ပေါ်တာဆွဲသွားတယ်လို့ သိရပါတယ်၊ ဒါနဲ့ ပတ်သက်လို့ ဒေသခံ ရွာသားတယောက်ကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာ ခုလို ဖြေကြားခဲ့ပါတယ်။

ဒေသခံ။ ။ 'မလိုက်မနေရ အဲလိုဆွဲသွားတာ တရွာလုံးနီးပါးဟုတ်တယ်၊ မိန်းကလေးတွေတော့ ပါတာတော့ မတွေ့ဘူး။ ယောက်ျားလေးတွေပေါ့၊ လူငယ်ပိုင်းပေါ့နော်။ ၂ဝ ကျော် တောင့်တောင့်ထွားထွား လူငယ်တွေပေါ့။ အသက်ကြီးတဲ့ လူငယ်တွေရော ပါတယ်၊ မလိုက်မနေရ အဲလိုလုပ်တာ မန်ဝိန်းကြီးရွာ အဲဒီအထက်က နယ်တဝိုက်မှာ။'

လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းက သူတို့နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲဖွဲ့စည်းဖို့ စည်းရုံးနေတဲ့အချိန်မှာ စစ်အစိုးရဘက်က စစ်ရေးလှုပ်ရှားမှုတွေ မြင်တွေ့လာရတာပါ။ ဒါဟာ ကေအိုင်အိုနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ မဆိုနိုင်ပေမဲ့ ဖိအားပေး ခြိမ်းခြောက်မှုတခု ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

မြောက်ကိုရီးယားရန်ကို အမေရိကန် ကာကွယ်ဖို့ အသင့်ပြင်ဆင်ပြီး
2009-06-22

မြောက်ကိုရီးယားက အမေရိကန်ပိုင်နက်ကို ဒုံးပျံနဲ့ တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်အနေနဲ့ ခုခံကာကွယ်ဖို့ အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ အမေရိကန်သမတ မစ္စတာဘာရက် အိုဘားမားက ပြောလိုက်ပါတယ်။

(Photo: AFP)

တောင်ကိုရီးယားနိုင်ငံ တုန်ဒူချောင်တွင် အမေရိကန်နှင့် ကိုရီးယားတပ်ဖွဲ့များ ဇွန်လ ၂ရက်နေ့က ပူးတွဲ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ မြောက်ကိုရီးယား၏ ဒုံးကျည် ခြိမ်းခြောက်မှု အန္ဈရာယ်ကြောင့် တောင်ကိုရီးယားနှင့် အမေရိကန်တပ်များကို အဆင့်မြှင့် တပ်လှန့်ထားသည်။ (Photo: AFP)

အမေရိကန်အစိုးရနဲ့ အမေရိကန်စစ်တပ်အနေနဲ့ ဘယ်လို ဖြစ်လာမဲ့ အခြေအနေမဆို ဖြေရှင်းဖို့ အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ စစ်ရေးအရ လက်တုံ့ပြန်မယ်၊ မပြန်ဘူးဆိုတာကို ကြိုပြီး ထုတ်ဖော် မပြောလိုကြောင်း၊ ဒါပေမဲ့ အမေရိကန် ပြည်သူတွေအတွက် အရေးကြုံလာရင် အသေးစိတ် အသင့်ဖြစ်နေပြီးဆိုတာကို စိတ်ချစေလိုကြောင်း သမတ အိုဘားမားက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ကောက်ယူခဲ့တဲ့ Gallup လူထုစစ်တမ်းတရပ်ရဲ့ အဆိုရ အမေရိကန်ပြည်သူ ၅၁ ရာခိုင်နှုန်းဟာ မြောက်ကိုရီးယားဟာ အီရန်၊ အီရတ်၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ထက် ပိုပြီး စစ်ရေးအရ ခြိမ်းခြောက်မှု ရှိတယ်လို့ ယုံကြည်ကြောင်း ဖော်ပြခဲ့အပြီး အခုလို အမေရိကန်သမတက ပြောလိုက်တာပါ။

တချိန်တည်းမှာလည်း အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John McCain ဟာ ဒုံးပျံနည်းပညာ ပစ္စည်းတွေ အရင်က ရောင်းဝယ်ရာမှာ သုံးဖူးတဲ့ မြောက်ကိုရီးယား သင်္ဘော Kang Nam အမှတ် ၁ ကို နောက်ယောင်ခံ လိုက်နေပါတယ်။ ဒီသင်္ဘောဟာ မြောက်ကိုရီးယားကနေ ပြီးခဲ့တဲ့ အပတ်က ထွက်ခွာလာပြီး စင်ကာပူကနေ မြန်မာနိုင်ငံကို ဦးတည် ခုတ်မောင်းနေတယ်လို့ ဆိုပါတယ်။

ဒီသင်္ဘောဟာ မြန်မာနိုင်ငံကို သွားခဲ့မယ်ဆိုရင် စစ်အစိုးရနဲ့ မြောက်ကိုးရီးယားအစိုးရတို့ ပူးပေါင်းပြီး နေပြည်တော်မှာ လျှို့ဝှက်လိုင်ခေါင်း တူးဖော်နေတာတွေနဲ့လည်း ပတ်သက် ဆက်စပ်နိုင်တယ်လို့ ကေအင်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စောဒေးဗစ်တောက RFA ကို ပြောပါတယ်။

စောဒေးဗစ်တော။ ။'မြန်မာနိုင်ငံကို ဒီလက်နက်တွေ ရောင်းချတယ်ဆိုတာကတော့ က္ဆွန်တော်ထင်တယ်၊ မြန်မာနိုင်ငံမှာ ပြည်ပ အန္ဈရာယ်တွေလည်း ဒီလောက် ကြီးကြီးမားမား ရှိတာလည်း မဟုတ်ဖူး။ တဖက်က ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံကတော့ ဒီ စစ်လက်နက် ပစ္စည်း အသစ်အဆန်းတွေကို ရမယ်ဆိုရင် သူ့အနေနဲ့ကတော့ ဘာပဲပြောပြော လက်နက်အင်အားပေါ်မှာ ကိုယ့်ကိုယ်ကို ပိုပြီးတော့ မြှင့်တင်လိုတဲ့ သဘောဆန္ဒ ရှိတာကို တွေ့ရတယ်။ တဖက်ကကြည့်မယ်ဆိုရင်လည်း ဒီ မြောက်ကိုရီးယားရဲ့ လက်နက်ပစ္စည်းတွေက အဆက်အစပ်အရ ပြောမယ်ဆိုရင်တော့ နေပြည်တော်လို့ ခေါ်တဲ့ ဝန်းကျင်မှာ သူတို့ လုပ်နေတဲ့ ဥမင်လိုင်ခေါင်းနဲ့ ဆက်နွယ်မယ်လို့တော့ က္ဆွန်တော်တို့ အဲလိုပဲ ယူဆပါတယ်။'

ဒါအပြင် စစ်အစိုးရအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဖိအားပေးနိုင်ဖို့ လက်နက်အင်အား ခိုင်မာအောင် စုဆောင်းနေတာ ဖြစ်တယ်လို့ စောဒေးဗစ်တောက ပြောပါတယ်။

စောဒေးဗစ်တော။ ။'တိုင်းရင်းသား အပစ်အခတ်ရပ် အဖွဲ့တွေရော၊ အပစ်မရပ် အဖွဲ့တွေရော ဒီစစ်အစိုးရအနေနဲ့ သူ့ရဲ့ လက်နက်အဆင့်ကို မြှင့်တင်ခြင်းအားဖြင့် တဖက်က ခြိမ်းခြောက်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာကတော့ သိသာထင်ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီ နယ်စပ်ဒေသနဲ့ ပတ်သက်ပြီးတော့ အပစ်ရပ်ထားတဲ့ ဝတို့၊ ကိုးကန့်တို့ အစရှိတဲ့ ကချင်အဖွဲ့တွေ အပေါ်မှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုက နည်းနေတဲ့အခါမှာ ဒီလို လက်နက်အင်အား ပြပြီးတော့ အနိုင်ယူချင်တဲ့ သဘောဆန္ဒမျိုးလို့ပဲ က္ဆွန်တော်တို့ ယူဆပါတယ်။'

မြောက်ကိုရီးယားအနေနဲ့ နောက်ဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ သဘောထား တင်းမာနေတဲ့အချိန်မှာ စစ်အစိုးရအနေနဲ့ မြောက်ကိုးရီးယားအစိုးရတို့ နီးနီးကပ်ကပ် ဆက်ဆံလာတဲ့အတွက် ဒေသတွင်း နိုင်ငံတွေအနေနဲ့ အထူး စိုးရိမ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

စင်ကာပူအစိုးရကတော့ တကယ်လို့ လက်နက်ပစ္စည်း သယ်လာတယ်လို့ အတည်ပြုနိုင်ရင် ဒီသင်္ဘောကို ရှာဖွေ အရေးအယူဖို့ အသင့်ဖြစ်ကြောင်း ဒီကနေ့ ဇွန်လ ၂၂ရက်မှာ ထပ်ပြီး ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း မြောက်ကိုရီးယားဟာ ဟာဝိုင်ယီက္ဆွန်းကို ဒုံးပျံနဲ့ ပစ်နိုင်တယ်ဆိုတဲ့ အလားအလာကြောင့် ဟာဝိုင်ယီအနီး အမေရိကန်တပ်တွေ အသင့်ပြင်ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Robert Gates က ပြောခဲ့ပါတယ်။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ်
2009-06-21

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီဟာ လာမယ့် ဇွန်လ ၂၅ ရက် ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စကို ဆွေးနွေးမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြန်မာစစ်အစိုးရ အရာရှိတဦးကို ကိုးကားပြီး DPI သတင်းဌာနက ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ခရီးစဉ်အတွက် ရှေ့ပြေးခရီးလည်း ဖြစ်တယ်လို့ အများက သုံးသပ်ပါတယ်။

မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ဇူလိုင်လထဲမှာ လာရောက်ဖို့ မြန်မာစစ်အစိုးရက ဖိတ်ကြားခံထားရပြီး ဇွန်လ ၃ဝ ရက်ကနေ ဇူလိုင် ၂ ရက်နေ့အထိ ဂျပန်နိုင်ငံမှာ အစိုးရအရာရှိတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီကတဆင့် မြန်မာနိုင်ငံကို ခရီးဆက်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်လို့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်က အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီး Ms. Michelle Montas က ပြီးခဲ့တဲ့ သောကြာနေ့က ပြောပါတယ်။

မြန်မာနိုင်ငံကို ခရီးဆက်ဖို့ဟာ ဖြစ်နိုင်ခြေရှိပေမယ့် အတွင်းရေးမှူးချုပ် အနေနဲ့ မဆုံးဖြတ်ရသေးပါဘူးလို့ မစ္စမွန်တပ်စ် က ဆိုပါတယ်။

ဂျပန်ခရီးစဉ်အပြီး ဘယ်ကို ဆက်မလဲဆိုတာ အဲဒီအချိန် တိုးတက်ပြောင်းလဲမှုတွေအပေါ် အခြေခံပြီး ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။ မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ သူ့အနေနဲ့ အသင့်ရှိကြောင်း အခုလ အစောပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်မြောက်ရေးအပါအဝင် ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာရေးစတဲ့ ကိစ္စတွေဟာ သူ့အတွက် ထိပ်တန်း အရေးကြီးတဲ့ ကိစ္စတွေဖြစ်ပြီး ဒီကိစ္စတွေဟာ ဆက်ပြီးတော့လည်း ထိပ်တန်းကိစ္စတွေ ဖြစ်နေဦးမယ်လို့ မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ နာဂစ်ဆိုက်ကလုန်း တိုက်ခတ်အပြီး မနှစ်က မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ရောက်ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဇွန်လ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးမြန်းရာမှာ မစ္စတာဘန်ကီမွန်းရဲ့ သဘောထားဟာ အရင်ကအတိုင်း မပြောင်းလဲဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အပြည့်အဝ ပြန်လည်ဆွေးနွေးဖို့ တောင်းဆိုကြောင်း ပြောခွင့်ရ အမျိုးသမီး Ms. Michelle Montas က ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့သတင်း တရုပ်အစိုးရရုပ်မြင်သံကြားမှ ထုတ်လွှင့်
2009-06-21

ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ တရုပ်ဗဟိုအစိုးရ ရုပ်မြင်သံကြားကနေ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်လွှင့်သွားပါတယ်။ အဲ့ဒီအချိန်ဟာ စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး တရုပ်ပြည်မှာ ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေတာမို့ ထူးခြားတယ်လို့ ရုပ်မြင်သံကြား ကြည့်ရှုလိုက်ရသူတွေက RFA ကိုပြောပါတယ်။

AFP

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရုံးတင်တရားစွဲဆိုခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို AFP သတင်းဌာနက စုစည်းဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: AFP)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ နိုင်ငံတကာက တောင်းဆိုချက်တွေကို နောက်ခံ ရုပ်သေပုံတွေ ထိုးပြပြီး သတင်းပုံစံ ထုတ်လွှင့်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ရုပ်မြင်သံကြား ကြည့်လိုက်ရသူ တရုပ်မြန်မာနယ်စပ်မှာ နေထိုင်တဲ့ မြန်မာတဦးက အခုလို ပြောပါတယ်။

နယ်စပ်မှ မြန်မာတဦး။ ။'ဒေါ်အောင်ဆန်းစုကြည် အသက် ၆၄ နှစ်ပြည့်တဲ့မွေးနေ့မှာ အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှားတို့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို တောင်းဆိုတယ်။ နောက် အိန္ဒိယ အတိုက်အခံပါတီကလည်း ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွတ်ပေးဖို့အတွက် တောင်းဆိုမှု လုပ်တယ်'

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး ရောက်ရှိနေစဉ် တရုတ်နိုင်ငံက အများသုံး အင်တာနက်စာမျက်နှာ QQ.com မှာ မြန်မာ- မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံများရဲ့ ရေးသားချက်တွေကို ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။ တရုပ်ပြည်မှာ သတင်းနဲ့ပတ်သက်ပြီး ဆင်ဆာလုပ်လေ့ရှိရာမှာ ဒီသတင်းတွေကို ဖော်ပြတာကို ကြည့်ပြီး တရုပ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ ပေါ်လစီ အပြောင်းအလဲ ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်သူတွေက ပြောဆိုပါတယ်။

ဒီအတောအတွင်း စနေနေ့ မွန်းလွဲပိုင်းမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး မြန်မာနိုင်ငံ ပြန်သွားပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက သယံဇာတ ရှာဖွေရေးလုပ်ငန်းတွေမှာ ပူးပေါင်း တိုးမြှင့် ဆောင်ရွက်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း လာမယ့် အောက်တိုဘာလ တရုတ်ပြည်မှာကျင်းပမယ့် တရုတ်၊ အာဆီယံ ကုန်စည်ပြပွဲမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။ တရုတ်- မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မြန်မာ့စစ်ရေးနိုင်ငံရေး လေ့လာသူ တရုတ်-မြန်မာနယ်စပ်က ဦးအောင်ကျော်ဇောကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် အကောင်းဆုံးမွေးနေ့လက်ဆောင် အမေရိကန် အထက်လွတ်တော်အမတ် ပြောကြား
2009-06-20

၆၄ နှစ်မြောက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် အကောင်းဆုံးလက်ဆောင်ဟာ သူအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ မြန်မာနိုင်ငံက အကျဉ်းသားတွေကို ပြန်လွှတ်ရေးပါပဲလို့ အမေရိကန်္မ Republican ပါတီ အထက်လွှတ်တော်အမတ် Mitch McConnell က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

AFP

အမေရိကန် အထက်လွတ်တော်အမတ် Mitch McConnell (Photo: AFP)

Mitch McConnell။ ။'ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ အသက် ၆၄ နှစ် ပြည့်မြောက်ပါပြီ။ ကံမကောင်း အကြောင်းမလှစွာဘဲ သူဟာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ မွေးနေ့ပွဲ မဆင်နွှဲရဘဲ အင်းစိန်ထောင်မှာ ရောက်ရှိနေပါတယ်။ သူ့ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေပုံ မရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်ကို ဝင်ရောက်လာတဲ့ ဦးတည်ရာမဲ့ အမေရိကန်တဦးကို ခိုနားခွင့်ပေးတယ်ဆိုတဲ့ သံသယပွားစရာ စွဲချက်နဲ့ တရားရင်ဆိုင် နေရပါတယ်'

ကုန်လွန်ခဲ့တဲ့ မွေးနေ့ ၁၉ ခု အနက် မွေးနေ့ ၁၃ ခုကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ လွန်မြောက်ခဲ့ရပြီး မြန်မာစစ်အစိုးရက အမှုဆင် စွဲဆိုချက်အရ ပြစ်မှုထင်ရှားရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နာမည်ဆိုးလှတဲ့ အင်းစိန်ထောင်မှာ နောက် မွေးနေ့ ၅ ခုကို ကုန်လွန်ရဖွယ် ရှိနေတယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရရှိနိုင်တဲ့ အကောင်းဆုံးမွေးနေ့လက်ဆောင်ဟာ စစ်အစိုးရက စိတ်ကောင်းစေတနာကောင်းတချို့ ပြသပြီး ယုံကြည်ချက်အရ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေးပါပဲ။ ကျနော်နဲ့တကွ အပေါင်းအဖော်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်လို့ Mitch McConnell က ပြောသွားပါတယ်။