Wednesday, June 24, 2009

စားအုံးဆီမခဲရအောင်


Palm Oil and Detergent

မနေ့က စားအုန်းဆီထဲမှာ ဆပ်ပြာမှုန့်တွေရောပြီး မခဲအောင်လုပ်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတခုကြားပါတယ်။ ကြောက်စရာကောင်းတဲ့ သတင်းပါ။


အီလန်ဆပ်ပြာမှုန့်က ဈေးပေါတော့ စားအုန်းဆီတပီပါ ၄၂ဂါလံကို အီလန်တထုပ် (၂၀၀ ဂရမ်လို့ထင်ပါတယ်) ထည့်တယ်လို့ ကြားပါတယ်။

ဆီကိုရေချိုး ဆေးရိုးမီးလှုံ ကောက်ရိုးတောင်လိုပုံဆိုတဲ့ စကားပုံကို အမြတ်တနိုးရွတ်တတ်တဲ့ ဗမာလူမျိုးဟာ ဆီစားကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။ မပေါတော့တာ ကြာလှပါပြီ။ ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။

မြန်မာတိုင်းမ်ရဲ့ အဆိုအရ ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ ၅ပိသာနဲ့ ၄၉ကျပ်သား စားပါတယ်။ လူဦးရေ ၅၂သန်းနဲ့ တွက်မယ်ဆို တနှစ်ကို ပိသာပေါင်း ၂၈၅ သန်း၊ တန်အားဖြင့် ၄သိန်းစားပါတယ်။

ဆီအဖြစ် ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီတို့ကို အဓိက အသုံးပြုရာမှာ ပြည်တွင်းမှာ စားဆီ ၅၀%လောက်ပဲ ထွက်ပြီး ကျန်တဲ့တ၀က်ကို ပြည်ပက တင်သွင်းရပါတယ်။

အဓိကတင်သွင်းတဲ့ နိုင်ငံက မလေးရှားဖြစ်ပြီး သွင်းတဲ့ဆီအမျိုးအစားက စားအုန်းဆီဖြစ်ပါတယ်။ တနှစ်ကို တန်ချိန် ၂သိန်းတင်သွင်းပါတယ်။ ပြည်တွင်းမှာ တနင်္သာရီတိုင်းမှာ ဧက ၂သိန်းလောက်စိုက်ဖို့ လျာထားတာ ၁သိန်းလောက်ပဲစိုက်နိုင်သေးတယ်လို့ ဆင်ဟွာသတင်းဌာနက ပြီးခဲ့တဲ့လက ရေးပါတယ်။

ဒါပေမယ့် မြန်မာတိုင်းမ်က ၂၀၀၅မှာ ဧက ၇သောင်းလောက်ပဲ စိုက်နိုင်သေးတယ်လို့ ဆိုပါတယ်။ မြန်မာတိုင်းမ်အဆိုက အမှန်နဲ့ ပိုနီးစပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၁ဧကကို ၂.၅တန်ထွက်ရင် ဧက ၇သောင်းကို တန်ချိန် ၁ သိန်း၇သောင်းခွဲ ထွက်ပါတယ်။ မလေးရှားက တနှစ်ကို စားအုန်းဆီ တန် ၂သိန်းတင်သွင်းတယ်ဆိုတော့ ပြည်တွင်းမှာ စားအုန်းဆီ နှစ်စဉ် တန်ပေါင်း ၃သိန်း ၇သောင်းခွဲ စားနေပါတယ်။ ဆင်ဟွာက ပြောတာယူရင် နှစ်စဉ်စားတဲ့ဆီက စားအုန်းဆီချည်းပဲ တန်၎သိန်းခွဲ ဖြစ်သွားပါလိမ့်မယ်။

တနှစ်ကို စားအုန်းဆီ တန် ၃သိန်း၇သောင်းခွဲစားတယ်ဆိုတော့ လိုတဲ့ တန် ၂သောင်းခွဲက ပဲဆီနဲ့ နှမ်းဆီဖြစ်ဖို့များပါတယ်။ နေကြာဆီနည်းနည်းပါနိုင်ပါတယ်။

ချုပ်လိုက်ရင် စားအုန်းဆီတွေ ပြည်တွင်းမှာ လှိုင်ဘောလယ်နေပါတယ်။ တန် ၃သိန်း၇သောင်းခွဲကို လူဦးရေ ၅၂သန်းနဲ့စားရင် လူတယောက်ဟာ တနှစ်ကို စားအုန်းဆီ ၅ပိသာနဲ့၁၅ကျပ်သား စားပါတယ်။

စားအုန်းဆီက ဒီတိုင်းထားရင်း ခဲတယ်ဆိုတာ လူတော်တော်များများသိပါတယ်။ သူ့ရဲ့ အခဲဖြစ်တဲ့ အပူချိန်ကမြင့်ပါတယ်။ ၃၁နဲ့ ၄၁ဒီဂရီ စင်တီဂရိတ်ကြားမှာအခဲဖြစ်ပါတယ်။ ဗမာပြည်မှာ အောက်ပြည်အောက်ရွာနဲ့ အညာမှာ တနှစ်လုံးပျမ်းမျှအပူချိန်က ၃၀ဒီဂရီနဲ့ အထက်မှာ ရှိတာဆိုတော့ စားအုန်းဆီခဲဖို့ လွယ်တဲ့နေရာပါ။

စားအုန်းဆီခဲရင် ပျော်သွားအောင် တနေ့ကို နည်းနည်းချင်းစီ အပူပေးရပါတယ်။ အပူသိပ်ပြင်းရင် ဆီထဲက အဆီတွေပျက်သွားလို့ အနံ့ဆိုးသွားပါတယ်။ ဒီတော့ စားအုန်းဆီကို ထိန်းသိမ်းရတာ ခက်ပါတယ်။

အဲဒီတော့ ရောင်းတဲ့လူတွေက အလွယ်လိုက်ပြီး အဆီတွေပျော်အောင် ဆပ်ပြာမှုန့်ရောလိုက်ပုံ ရပါတယ်။

ဆပ်ပြာမှုန့်သွေးလမ်းကြောင်းထဲရောက်သွားရင်

သွေးထဲမှာ အက်ဆစ်ပမာဏများလာတာ

အစာလမ်းကြောင်းပေါက်ကုန်တာ

အသက်ရှုကျပ်တာ

သွေးဖိအားကျတာ

လည်ချောင်းယောင်လာတာ

ခန္ဓာကိုယ်တွင်းက အင်္ဂါတွေပျက်စီးတာ ဖြစ်တတ်ပါတယ်။

၂၀၀၉ခုနှစ် ဇွန်လ ကမ္ဘာ့စားအုန်းဆီပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် စားအုန်းဆီတတန်ကို အမေရိကန်ဒေါ်လာ ၇၁၄ဒေါ်လာပေါက်ပါတယ်။ ပိသာနဲ့ပြန်တွက်မယ်ဆို တပိသာကို ၉၉ဆင့်ပဲကျပါတယ်။ ၁ဒေါ်လာပဲ ထားပါတော့။ ဗမာငွေနဲ့ဆို ၁၁၀၀မပြည့်ပါဘူး။

ဒါပေမယ့် ရန်ကုန်မှာ စားအုန်းဆီ တပိသာ ၂၁၀၀၊ မန္တလေးမှာ ၁၉၁၀၊ တောင်ကြီးမှာ ၂၁၀၀နဲ့ စစ်တွေမှာ ၂၂၀၀ပေါက်ပါတယ်။ စစ်တွေကလူတွေက စားအုန်းဆီကို ကမ္ဘာ့ပေါက်ဈေးထက် ၂ဆပိုပေးပြီး စားရပါတယ်။

စားအုန်းဆီကို မလေးရှားကသွင်းနေတာ ဦးပိုင်ကပါ။ လက်ကား၊ လက်လီအဆင့်ဆင့်ဖြတ်ပြီး တကယ်စားတဲ့လူဆီရောက်တော့ သွင်းဈေးရဲ့၂ဆဖြစ်နေပါပြီ။ ဒါပေမယ့် ဈေးကြီးတာက ထားတော့။ လူတွေအဆိပ်သင့်အောင် ဘာဖြစ်လို့ ဆပ်ပြာမှုန့်တွေ ရောနေပါလဲ။

စားသုံးသူက ဘာအခွင့်အရေးမှ မရှိတာကြာနေပါပြီ။ ဒါပေမယ့် ကိုယ့်အသက်ကို အန္တရာယ်ပြုနေတဲ့လူတွေကို တရားစွဲလို့ရတဲ့ ဥပဒေရှိတာကို သုံးရမယ့် အချိန်ရောက်နေပါပြီ။ တရုတ်ပြည်မှာတောင် နို့မှုန့်ထဲ မယ်လမင်းရောတဲ့လူတွေကို သေဒဏ်ပေးလိုက်ပါပြီ။

ဗမာပြည်မှာ စားသုံးသူတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ အဖွဲ့တွေရှိဖို့လိုနေပါပြီ။ ဥပဒေပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စားသုံးသူတွေကိုယ်တိုင်ပါဝင်ပြီး အစားအစာတွေကို အဆိပ်ဖြစ်အောင်လုပ်နေတဲ့ လူတွေကို တရားစွဲရမယ့် အချိန်ရောက်နေပါပြီ။ တနှစ်ကို အဆိပ်ရည် ၅ပိသာ သိသိကြီးနဲ့ တိုက်နေတာကို ချက်ချင်းရပ်သင့်ပါပြီ။

(ref: http://www.myanmar.gov.mm/myanmartimes/no221/MyanmarTimes12-221/c27.htm

http://www.myanmar.gov.mm/myanmartimes/no262/MyanmarTimes14-262/n014.htm

http://www.investors.com/NewsAndAnalysis/Article.aspx?id=92688212&source=Newsfeed)

http://zizawa.wordpress.com/2009/06/11/palm-oil-and-detergent/ မှပြန်လည်ဖေါ်ပြပါသည်။

ဒါမျိုးကျတော့ရ....


မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ

ကန်နမ်သင်္ဘောက သတင်းတခုလည်း သယ်ဆောင်လာသည်


Wednesday, 24 June 2009 18:26 ရဲနည်
မြောက်ကိုရီးယား သင်္ဘောတစင်း၏ ခရီးစဉ်ကို ပဟေဠိ ဖြစ်နေကြသည်။ ၎င်းသင်္ဘောတွင် မြန်မာနိုင်ငံသို့ လက်နက်များ သယ်ဆောင် လာသည်ဟု ယူဆနေကြပြီး ကမ္ဘာ့ကုလသမဂ္ဂက နောက်ဆုံး ချမှတ်ခဲ့သည့် မြောက်ကိုရီးယားအပေါ် ဒဏ် ခတ်ပိတ်ဆို့မှုက အမေရိကန်အပါအ၀င် အနောက် မဟာမိတ်နိုင်ငံများ ဤသင်္ဘောကို မည်သို့ တားဆီး ရှာဖွေ ကြမည်ကို ဆက်လက်စောင့်ကြည့်ရန် ရှိနေသည်။

ကန်နမ်သင်္ဘော၏ ခရီးစဉ်က မြန်မာနိုင်ငံ၏ တတိယအမြင့်ဆုံး စစ်အာဏာပိုင်ဟု ယူဆနိုင်သည့် တပ်မတော် ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ ခရီးစဉ်အပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ် သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများက လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ခံထားရသည့် အခြေအနေတွင် လက်နက် ခဲယမ်းများနှင့် အဆင့်မြင့်နည်းပညာများကို မြန်မာစစ်အစိုးရက အငမ်းမရရှာဖွေနေကြသည့် အချိန်နှင့်လည်း ကြုံကြိုက် နေသည်။

ဗိုလ်ချုပ်ကြီးရွှေမန်း၏ ခရီးစဉ်တွင် မြောက်ကိုရီးယားအဆင့်မြင့် စစ်ခေါင်းဆောင်များက စစ်စခန်းနှင့် ဌာန အများအပြားသို့ လိုက်လံ ပြသခဲ့ကြသည်ဟု ဧရာဝတီမဂ္ဂဇင်းက ရရှိလာခဲ့သည့်လျှို့ဝှက် မှတ်တမ်းတခုတွင် ဖော်ပြထားသည်။

စစ်ရေး လေ့လာသုံးသပ်နေကြသူများက မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရထံမှ မြန်မာစစ်အစိုးရက လက်နက်များ၊ စစ် ရေးနည်းပညာများနှင့် စစ်ရေးဆိုင်ရာ ဌာနများအတွက် အသုံးပြုမည့် မြေအောက်ဥမင် တည်ဆောက်ရေး ကျွမ်းကျင်မှု အတတ်ပညာများလည်း အကူအညီ ရရှိနေကြသည်ဟု ဆိုပါသည်။ အပြန်အလှန်အားဖြင့် မြန်မာဘက်က အစား အသောက်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြန်လည် ပေးပို့နေကြသည်။

တောင်ကိုရီးယား ထောက်လှမ်းရေးသတင်းရပ်ကွက်များက ယခု ကန်နမ်သင်္ဘောသည် တရားမ၀င်ပစ္စည်းများ မှောင်ခို ကုန်ကူးသည့်ကိစ္စတွင် တစိတ်တပိုင်း ပါဝင်ပတ်သက်နေပြီး လက်နက်များ သယ်ဆောင်လာသည်၊ ရန်ကုန်မြို့သို့ဦးတည် နေသည်ဟု ယုံကြည်နေပါသည်။

အမေရိကန်ရေတပ် စစ်သင်္ဘောတစင်းက ကန်နမ်သင်္ဘော၏နောက်မှ နောင်ယောင်ခံလိုက်လျက်ရှိပြီး ထိပ်တိုက်တွေ့ စရာ အကြောင်းရှိနေသည့် ယခုကိစ္စကို ၀ါရှင်တန်ရှိ အမေရိကန် အစိုးရက မည်သို့ကိုင်တွယ်ဆောင်ရွက် မည်ကိုလည်း မြန်မာ ဗိုလ်ချုပ်များက အထူးသတိကြီးစွာ စောင့်ကြည့်နေကြပါသည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ အမေရိကန်ပြည်ထောင်စုက ကန်နမ်သင်္ဘောကို တက်ရောက်ရှာဖွေခွင့်ရှိပြီး ကုန်သင်္ဘော ကို ရှာဖွေခွင့်လည်း တောင်းခံထားသည်။ သို့သော်လည်း အင်အားသုံး၍ တက်ရောက်ရှာဖွေရန်ကိုမူ ခွင့်ပြုမထားပါ။

သင်္ဘောပေါ် တက်ရောက်ရှာဖွေရန် မြောက်ကိုရီးယားနိုင်ငံက ခွင့်ပြုဖွယ် မရှိ၍ ပင်လယ်ပြင်ထဲတွင် ထိပ်တိုက်တွေ့ဆုံရမှု များ ဖြစ်လာနိုင်သေးသည်။ ၀ါရှင်တန်က မည်သို့မည်ပုံ တုံ့ပြန်လာနိုင်သည်ကို မြန်မာ စစ်ဗိုလ်ချုပ်များ သိလို နေကြပါ သည်။

ဒေါ်အောင်ဆန်းစုကြည် ကို ခုံရုံတင်တရားစွဲဆိုနေသည့်ကိစ္စ၊ ကရင်ဒုက္ခသည်များနှင့် အတိုက်အခံအဖွဲ့များကို ထိုးစစ်ဆင် နေသည့် ကိစ္စများ ဆက်လက်လုပ်ဆောင်ပြီး စစ်အစိုးရက ၎င်းတို့၏ "ဒီမိုကရေစီ လမ်းပြမြေပုံ" အတိုင်း တဖက်သတ် ခရီးနှင်ပါက အကျိုးဆက်များ မည်မျှ တွေ့ကြုံလာရဖွယ်ရှိသည်ကို ယခု သဘောင်္အား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မည်သို့ ကိုင်တွယ်မည်ဆိုသည်နှင့် နှိုင်းချိန်နိုင်ပါသည်။

မည်သို့ဖြစ်စေ၊ မြန်မာစစ်အစိုးရက ကုလသမဂ္ဂရှိ ၎င်း၏မဟာမိတ်နိုင်ငံ ၂ ခုဖြစ်သော တရုတ်နှင့် ရုရှားနိုင်ငံများမှ အားကိုး ရနိုင်သေးသည်ဟု တွက်ဆထားနိုင်ပါသည်။ ၎င်းနိုင်ငံများက အကယ်၍ လုံခြုံရေးကောင်စီက မြန်မာစစ်အစိုးရအပေါ် အရေးယူဖွယ်ကိစ္စများ ရှိလာပါက ဗီတိုသုံး၍ တားဆီးကာကွယ်ပေးနိုင်ပါသေးသည်။

မကြာသေးမီက စစ်အစိုးရ၏ ဒုတိယအမြင့်ဆုံး ဗိုလ်ချုပ်ကြီး မောင်အေး တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းကို ကြည့်ပါက၊ ဘေဂျင်းအစိုးရက ဆက်လက်ထောက်ခံပေးရန် အာမခံချက်ရယူနိုင်ရန် သွားရောက်ကြိုးပမ်းခဲ့ပုံ ရပါသည်။

တရုတ်နိုင်ငံ၏ ဒု သမ္မတ ဇီ ဂျင်ပင်း (Xi Jinping) က ဗိုလ်ချုပ်မောင်အေးထံသို့ ထပ်မံသတိပေးပြောကြားခဲ့ရာတွင် မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရမည့် ပထမဦးဆုံးအုပ်စုဝင် နိုင်ငံများတွင် ပါဝင် သည် ဟု ဆိုပါသည်။ နှစ်နိုင်ငံအနေနှင့် လက်ရှိ စီမံကိန်းများကို အကောင်အထည်ဖော်ရင်း နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေ ရေး ဆောင်ရွက်သင့်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံက လာမည့် စက်တင်ဘာလတွင် ကီလိုမီတာ ၁,၁၀၀ အရှည်ရှိ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မြန်မာနိုင်ငံကို ဖြတ်၍ စတင်ဖောက်လုပ်တော့မည် ဖြစ်သည်။

ရုရှားနိုင်ငံကလည်း ၎င်း၏ရပ်တည်ချက်ကို လွန်ခဲ့သည့် တနင်္ဂနွေနေ့က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက သူ့နိုင်ငံအနေနှင့် မြန်မာစစ်အစိုးရအပေါ် သြဇာသက်ရောက်နိုင်စေရန် နိုင်ငံရေးနှင့် စီးပွားရေး ဖိအားပေးမှုများကို ဆန့်ကျင်သည်ဟု ဆိုခဲ့သည်။ ရုရှားသတင်း ၀က်ဘ်ဆိုက်တခုဖြစ်သည့် www. itar-tass.com အဆို အရ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံတကာပြဿနာသဖွယ်ဖြစ်အောင် မြှင့်တင်နေခြင်းအား ဆန့်ကျင်သည်ဟု ဆို သည်။ အကြောင်းမှာ မြန်မာပြဿနာက ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိ ဟု ဆိုကာ သူက ပယ်ချခဲ့ပါသည်။

"ကုလ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးကို ဆွေးနွေးသင့်သည်ဟု မိမိတို့က အကြောင်းမမြင်မိပါ" ဟု ၎င်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂသည် အမှန်တကယ်တွင် အဆိပ်မရှိဟု သိထားကြသည့် အလျှောက်၊ မြန်မာစစ်ဗိုလ်ချုပ်များကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို မြန်မာ နိုင်ငံသို့ နောက်တခေါက်လာလည်ပါရန် ဖိတ်ကြားပါတော့သည်။

ဘန်ကီမွန်းက လွန်ခဲ့သည့်နှစ် အပျက်အစီး အသေအပျောက်များလှသော နာဂစ်မုန်တိုင်းကြီး ဖြစ်ပွားပြီး နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်လာခဲ့သေးသည်။ တံခါးပိတ်ထားသည့် မြန်မာစစ်အစိုးရကို မုန်တိုင်းကယ်ဆယ်ရေးအတွက် နိုင်ငံ ခြားသား အကူအညီပေးရေးလုပ်သားများ ပို၍ ၀င်ရောက်ခွင့်ပြုရန် တောင်းဆိုမေတ္တာရပ်ခံဖို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယခုတကြိမ် ခရီးစဉ်တွင်တော့ မည်သည့်ရလဒ်ထွက်ပေါ်လာပါမည်နည်းဟုလည်း လေ့လာသူများက စောကြောနေကြ သည်။

နိုင်ငံရေး ဝေဖန်သုံးသပ်သူများကမူ နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများနှင့် သံတမန်ရေးဖိအားများကို လျစ်လျူရှု၍ အင်းစိန် ထောင်အတွင်းရှိ ခုံရုံးက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံခြားသား တဦးအား အိမ် တွင်း လက်ခံထားမှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်းဆုံးဖြတ်ကာ ပြစ်ဒဏ်ချလိမ့်မည်ဟု သုံးသပ် ထင်ကြေးပေး နေကြပါ သည်။

နေပြည်တော်ရှိ အာဏာချက်မ နှင့် နီးသည့် သတင်းဌာနများ၏ အဆိုအရလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ရန် စစ်အစိုးရခေါင်းဆောင်များက အင်းစိန်ထောင်သို့ အမိန့်ညွှန်ကြားချက် ပေးထားပြီး ဖြစ်ကြောင်း ဧရာဝတီ မဂ္ဂဇင်းက ကြားသိရပါသည်။

ရဲနည် ရေးသားသည့် Kang Nam Could Hold a Message, not just Arms ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ချိုကုပ်ဒူးကြီးက မြောက်အိုပါးကို ကိုးကွယ်သတဲ့လား


Wednesday, 24 June 2009 19:04 ရန်ကုန်သားတာတေ
“အနယားဆယော .. အညာက စကော .. ”
“စာတန်းငေး ..၊ စာလုံးရေး”
“.. အိုပါး .. အိုပါး .. ဒီညနေ ဘာချက်ရင်ကောင်းမလဲဟင်”
“သြော် စာတန်းငေးရယ် .. တညင်းသီးနဲ့ ငါးပိရည်လေးပါရင် ရပါပြီ”
“အိုပါးကို အဲဒါကြောင့် ချစ်နေရတာသိလား။ ဟင်းကောင်းကောင်း ချက်မကျွေးနိုင်တဲ့အတွက် ပီယားနေးပါ အိုပါးရယ်”

ရန်ကုန်မြို့လယ် ဘတ်စ်ကားမှတ်တိုင်တွင်ဖြစ်သည်။ ကြိတ်ကြိတ်တိုး စည်ကားနေသည့် ကားစောင့်သူ ပရိသတ် အလယ်၌ ဦးရုက္ခစိုး၊ ဖိုးရှုပ်၊ ကြွက်စုတ်တို့ သုံးဦးသား ရောက်ရှိနေကာ မျက်စိသူငယ် နားသူငယ်ဖြစ်နေကြသည်။

ဦးရုက္ခစိုး။ ။ ဟေ့ ဖိုးရှုပ် .. ငါတို့ ရောက်နေတာ ရန်ကုန်မှ ဟုတ်ရဲ့လားကွ။

ဖိုးရှုပ်။ ။ ဟုတ်ပါတယ် ဦးရုက္ခစိုးရဲ့။ တညင်းသီးစားတာ မြန်မာ တနိုင်ငံတည်း ရှိတာပဲဟာ။ ခုနက တညင်းသီးဆိုတဲ့ အသံတောင်ကြားလိုက်သေးတယ်။

ဦးရုက္ခစိုး။ ။ မဟုတ်ဘူးလေ .. သူတို့ ဘာတွေပြောနေကြတာလဲ .. ငါ တလုံးမှ နားမလည်ဘူး။ အိုပါးတဲ့ .. အညာက စကောတဲ့ .. ဘာတွေလဲဟ။

ကြွက်စုတ်။ ။ ဟာ ဦးရုက္ခစိုးကြီးကလည်း ညံ့ရန်ကော .. အဲဒါ ကိုရီးယားစကားတွေဗျ။ ကိုရီးယား ဇာတ်လမ်းတွဲတွေ မှန်မှန်ကြည့်တဲ့သူဆိုသိတယ်။ အိုပါး ဆိုတာ အစ်ကိုလို့ ခေါ်တာ။ စာတန်းငေး ဆိုတာ ညီမ၊ အနယားဆယောဆိုတာ ကိုရီးယားလို မင်္ဂလာပါလို့ပြောတာ။ ပီယားနေး ဆိုတာက တောင်းပန်ပါတယ်တဲ့။

ဖိုးရှုပ်။ ။ ကြွက်စုတ်တောင် တော်တော်လေး ကျွမ်းနေပြီပဲ .. လေ့လာထား ဦးရုက္ခစိုးရဲ့ .. မကြာခင် ကိုရီးယားစကားကို နိုင်ငံတော်ဘာသာစကား လုပ်တော့မယ်လို့ကြားတယ်။

ထိုစဉ် သူတို့နားက ကြွက်တအုပ် ဖြတ်ပြေးသွားရာ .. ဦးရုက္ခစိုး လန့်ပြီး ထခုန်လိုက်သည်။

ဦးရုက္ခစိုး။ ။ ကြွက်တွေကလည်း ပေါလိုက်တာကွာ ..။ ဘယ်လိုရန်ကုန်လည်း မသိပါဘူး။ ကလူ ကလူ။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်းဗျာ .. မြောက်ကိုရီးယား သင်္ဘောကပ်မှာမို့လို့ ဒီလောက်များတဲ့ ကြွက်တွေ ချထားတာဖြစ်မှာပေါ့။

ဖိုးရှုပ်။ ။ တလွဲကတော့ ပြောပြပါလိမ့်မယ်။ ဦးရုက္ခစိုးက အမြီးနဲ့ ကြွက်အစစ်ကို ပြောတာကွ။ မင်းက ဘာကြွက်အကြောင်း ပြောနေတာလဲ။

ကြွက်စုတ်။ ။ မသိဘူးလေကွာ .. ငါက ဟိုလုံခြုံရေး ရဲတွေကိုပြောနေတာမှတ်လို့ ..။

ဦးရုက္ခစိုး။ ။ တော်တော့ တော်တော့ စကားမများကြနဲ့ .. ရဲတွေကို ကြွက်နဲ့ မနှိုင်းနဲ့ကွ ကြွက်သိက္ခာ ကျတယ်။

သူတို့ သုံးယောက် ကြွက်ပြဿနာ အငြင်းပွားနေစဉ် လူတယောက် အနားသို့ရောက်လာပြီး “အနယားဆယော” ဟု လာနှုတ်ဆက်သည်။

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီး ..။ ရန်ကုန်ရောက်နေတာလားဗျ။ နေပြည်တော်မှာ ဂူအောင်း သိုင်း ကျင့်မလို့ဆို .. ဘယ်လိုဖြစ်တာလဲ။

ချိုကုပ်။ ။ ဟုတ်တယ် ဦးရုက္ခစိုးရေ .. ။ ဂူအောင်းမယ့် ကိစ္စကို မောင်ကွေးတို့နဲ့ ခဏလွှဲထားခဲ့တယ်။ ကျုပ်က ခု ကျုပ်တို့ရဲ့ မြောက်အူပါးကို လာစောင့်တာ။ မိန်းမနဲ့ ကလေး တပြုံကြီးလည်း ပါလာတယ်။ အိုပါးကို ကြိုရမယ်လေ။ ခုတော့ သူတို့တွေကို ရန်ကုန်ရောက်တုန်းရောက်ခိုက် အင်းလျားလိပ်ဟိုတယ်မှာ သွားစားခိုင်း ထားတယ်။

ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးလည်း တော်တော်လေး ကိုရီးယားစကား ပြောတတ်နေပြီနော်။

ချိုကုပ်။ ။ ပြောတတ်ဆို ကျုပ်က တောင်အူပါးနဲ့ မြောက်အိုပါးကြားမှာ လယ်သလိုလုပ်စားလာတာ ကြာလှပြီပဲဟာ။ တောင်အိုပါးကို ကမ်းလွန်ဓာတ်ငွေ့တူးဖို့ လာရင်းခိုင်း ..၊ ရတဲ့ပိုက်ဆံနဲ့ မြောက်အိုပါးဆီက လက်နက်တွေ ဝယ်။

ရုက္ခစိုး။ ။ အဲဒီတော့ မြောက်အူပါး .. အဲယောင်လို့ .. မြောက်ကိုရီးယားက လက်နက်ရောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ နျူကလီးယားလက်နက်တွေ တပ်ဆင်ပြီး တောင်ကိုရီးယားကို ပြန်ခြိမ်းခြောက်မှာပေါ့။

ချိုကုပ်။ ။ ခြိမ်းခြောက်တယ်လို့ မပြောနဲ့ .. စ တယ်လို့ ယဉ်ယဉ်ကျေးကျေးသုံးစမ်းပါ။

ကြွက်စုတ်။ ။ ဒါနဲ့ ခု လာနေတဲ့ သင်္ဘောပေါ်မှာ ဘာတွေ ပါလာတာလဲဗျ။

ချိုကုပ်။ ။ ဒါက လျှို့ဝှက်ချက် ..။ သိချင်ရင် ဒီနားကိုတိုး .. ကျုပ်ပြောပြမယ်။ ပေါက်ကြားလို့ မဖြစ်ဘူးဗျ။

ချိုကုပ်ကြီးအပြောကြောင့် သူတို့အားလုံး စိတ်ဝင်စားစွာ အနားကပ်လိုက်ကြသည်။

ချိုကုပ်။ ။ တကယ်က အဲဒီသင်္ဘောမှာ ဘာမှ ပါမလာဘူး ..။ ဒီတိုင်းအလွတ်ကြီးပဲ။

ဦးရုက္ခစိုးတို့ သုံးယောက်လုံး အံ့အားသင့်သွားကြသည်။

ဖိုးရှုပ်။ ။ ဟာ တကမ္ဘာလုံးက ဒီလောက်အာရုံစိုက်နေကြတာကို .. ဘာမှ မပါဘူးဆိုတာ မဖြစ်နိုင်ဘူးဗျာ။

ချိုကုပ်။ ။ တကယ် မပါတာဗျ .. တကယ်တော့ တကမ္ဘာလုံးကို ကျုပ်တို့က အာရုံလွှဲလိုက်တာ။ မြောက် အိုပါးနဲ့ပေါင်းပြီး အာရုံလွှဲတာပေါ့ဗျာ။ ကဲ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ ဘယ်သူပြောသေးလဲ ငှဲငှဲ။

ရုက္ခစိုး။ ။ ဒါဆို ခင်ဗျားတို့က ပိုက်ဆံတွေ အလဟဿဖြုန်းနေကြတာပေါ့။

ချိုကုပ်။ ။ အလဟဿ ဘယ်ဟုတ်မလဲဗျ။ ကျုပ်တို့လက်ထဲမှာ နျူလက်နက်ရောက်နေပြီဆိုပြီး ပေါက်ဖော်ကြီးလည်း ငြိမ် ..၊ ကုလားကြီးလည်း မလှုပ်ရဲ ..၊ ဟို ယပလက် လေးတွေဆို အမြီးကို ကုပ်နေမှာ။ ဟီဟိ။ အသံထွက်ရဲထွက်ကြည့် .. လှမ်းချိန်လိုက်မယ်ဆိုတာနဲ့ ပါးစပ်ပိတ်၊ တိတ်။ လျှောက်မဖွနဲ့ဦးနော်၊ ကျုပ်လက်ထဲမှာ နျူကလီးယားရှိတယ်လို့ပဲ အားလုံးကထင်ပစေ။ ခုမရှိသေးပေမယ့် မကြာခင် ရှိအောင် တကယ်လုပ်မှာ။ ခုက နိုင်ငံတကာက ကြောက်အောင် ဖြဲချောက်ရုံလေးပဲ။

ကြွက်စုတ်။ ။ ဒီအကြံတွေ ခင်ဗျားကို ဘယ်သူပေးတာလဲ ချိုကုပ်ဒူးကြီး။

ချိုကုပ်။ ။ ဘယ်သူ ရှိမလဲ .. အိုပါးပေါ့ .. ကျုပ်တို့ရဲ့ မြောက်အိုပါး ကိုကိုအီးပေါ့။ သူလည်း ဒီလိုပဲ လုပ်စား နေတာကြာလှပြီပဲဟာ။ ကျုပ်တို့မှာလည်း ဒီတနည်းပဲ ရှိတော့လို့ပါဗျာ။ အဲဒီလိုမှ မဟုတ်ရင် နိုင်ငံတကာက ဝိုင်းဖိ တော့မှာ .. ကျုပ်တို့ခမျာ ဘယ်လောက် သနားစရာကောင်းလဲ။

ပြောရင်းက ချိုကုပ်ဒူးကြီး မျက်ရည်များဝိုင်းလာကာ .. နှပ်ချေးများ ထွက်လာသည်။

ချိုကုပ်။ ။ တကယ်တော့ မြောက်အိုပါးက ကျုပ်ကို သိပ်ကူညီတာဗျ။ သူ့ကိုကျုပ်က သိပ်အားကိုးတာ။ အဲဒါကြောင့် ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်တဲ့အခါကျရင် ကိုရီးယားစကားသည် တို့ စကား၊ ကိုရီးယားစာသည် တို့စာ၊ ကင်မ်ချီချဉ်ပတ်နဲ့ ဆန်ပြုတ်ကို တနိုင်ငံလုံး စားရမည်၊ ၂၀၂၅ တွင် နျူကလီးယား နိုင်ငံတော်ကြီးကို ထူထောင်ကြစို့ ဆိုတဲ့ ဆောင်ပုဒ်တွေအတိုင်း လျှောက်လှမ်းဖို့ စဉ်းစား ထားတယ်။

ဖိုးရှုပ်။ ။ အင်း ဆန်ပြုတ်သောက်ရမှာတော့ မြင်ယောင်နေပါတယ်။ ခုတောင် လူတွေ ထမင်းမှနပ်မမှန်တာ။

ချိုကုပ်။ ။ အဲဒါက အရေးမကြီးပါဘူး။ အဲဒါကြီးနဲ့သာ ကစားရရင်သေပျော်ပြီ။

ရုက္ခစိုး။ ။ ရန်ကုန်လည်း မြို့ပျက်ကြီးနဲ့တူနေပြီ .. မီးလည်းမလာ၊ ရေလည်းမရှိ၊ ကြွက်တွေကပေါ။

ချိုကုပ်။ ။ အဲဒါလည်း အရေးမကြီးပါဘူး။ နျူကလီးယားရှိရင် ပြီးပြီ။

ကြွက်စုတ်။ ။ နာဂစ်ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးက ဘာမှလည်း မလုပ်ရသေးဘူး။

ချိုကုပ်။ ။ သူ့ဟာသူ အဆင်ပြေသွားလိမ့်မယ်။ နျူကလီးယားရှိတယ်။ အိုပါးလည်းရှိတယ်။

ဖိုးရှုပ်။ ။ ခင်ဗျား မိန်းမနဲ့ ကလေးတွေကော ဆန်ပြုတ်ပဲတိုက်မှာလား။

ချိုကုပ်။ ။ အိုပါးကို မေးလိုက်ဦးမယ်။ ဟာ ယောင်လို့ .. ဘယ်ဟုတ်မလဲ .. ရန်ကုန်ရောက်တုန်းတောင် အင်းလျားလိပ်မှာ သွားစားခိုင်းထားပါတယ်ဆို။

ထိုစဉ် ချိုကုပ်ဒူးကြီးထံ ဖုန်းဝင်လာသည်။

ချိုကုပ်။ ။ ဘာ .. ကွိုင်ကွိုင်တို့အဖွဲ့ အင်းလျားလိပ်မှာ ပိုက်ဆံမပေးဘဲ စားကြတယ် ဟုတ်လား။ သြော် တဖြဲ နှစ်ဖြဲတုပ်တာတောင် ဘာမှ မပေးသွားဘူးလား။ အေးအေး သိပြီသိပြီ .. ပြောလိုက်ကွာ .. ပီယားနေးလို့ နော် ..။ သြော်တဆက်တည်း မှာရဦးမယ် .. စက်တင်ဘာတုန်းက ရိုက်ခဲ့တဲ့ ဘုန်းဘုန်းတွေကိုလည်း ပီယားနေး လို့ ပြောလိုက် ..။ ငါဖမ်းထားတဲ့ ဟိုကောင်မလေးကိုလည်း ပီယားနေးလို့ .. နော် .. ပြည်သူလူထုကြီးလည်း ပီယားနေး .. ဒါပဲ .. ကဲ ဖုန်းချတော့မယ်ဟေ့။ အဲလိုပဲ ဦးရုက္ခစိုးရေ .. အလုပ်ကအရမ်းရှုပ်တယ် .. ပီယားနေးဗျာ။ ။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …

နအဖရဲ့၂၀၀၈အခြေခံဥပဒေအပေါ်သဘောထားဟာစံဖြစ်တယ်


၂၄ ဇွန် ၂၀၀၉
Ko Ko Win(Canada)

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ နအဖစစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် ဘယ်လိုသဘောထားတယ် ဆိုတာဟာ နိုင်ငံရေးပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်းရဲ့ ရပ်တည်ချက်ကို တိုင်းတာတဲ့စံတခုဖြစ်နေ ပါပြီ။ လွယ်လွယ်အရပ်သားစကားနဲ့ပြောရရင် စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ခံသူဟာ စစ်အာဏာရှင် စနစ်ရဲ့ဘက်သား၊ ကန့်ကွက်သူ ဟာ ပြည်သူ့ဘက်သားဖြစ်ပါတယ်။ တကယ်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာဟာ အဲဒီနိုင်ငံရဲ့လက္ခဏာကို ပြဋ္ဌာန်းတာ၊ ဖော်ပြတာ ဖြစ်တဲ့အတွက် ဒါဟာ တိုင်းပြည်တခုရဲ့ သေရေးရှင်ရေး ပြဿနာဆိုရင် မမှားပါဘူး။ တိုင်းပြည်ရဲ့ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနိုင်ငံက နိုင်ငံရေးပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်းအနေနဲ့ ဒီသမိုင်း အကွေ့မှာ နအဖစစ်အစိုးရက မတရားအတည်ပြု ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ဘယ်လိုသဘောထား ရှိခဲ့တယ်ဆိုတာဟာ နောင်သူ့သမိုင်းမှာ အမြဲကပ်ပါသွားမယ့် မှတ်တိုင်တခုလည်းဖြစ်ပါတယ်။

ဒီ “ဖွဲ့စည်းပုံအခြေခံဥပဒေ” အခြေခံဥပဒေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သူတို့ရဲ့သဘောထားကို ရွှေဂုံတိုင်ကြေညာချက်မှာ တိတိလင်းလင်းဖော်ပြခဲ့ပြီးပါပြီ။ သူတို့ ဘာကြောင့် လက်မခံတယ်၊ ဘာတွေလက်မခံ တယ်ဆိုတာကို အသေးစိတ်မဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ ဖော်ပြခဲ့တဲ့သဘောထား၊ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ပဲ ပြည်သူအများစုကြီးက မြင်ကြပါတယ်။ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြုပြင်ဖို့လိုတယ်လို့ ထောက်ပြလိုက်တာဟာ ဒီနေ့ နအဖရဲ့ ဒီမိုကရေစီအောက်မှာ လုံလောက်တယ်လို့ အများက နားလည်ကြပါတယ်။

လတ်တလောဗမာပြည်ရဲ့ နိုင်ငံရေးမှာ ရှေ့ဆုံးကိုတက်လာနေတဲ့ ပြဿနာတခုကတော့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအင်အားစုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို ညောင်နှစ်ပင် ညီလာခံမှာ စနစ်တကျတင်ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့တင်ပြချက်ကို နအဖအစိုးရဟာ အဲဒီကတည်းက အများပြည်သူအကြားမှာ အကျယ်အပြန့်ဖြန့်ဖြူးခွင့်၊ ဆွေးနွေးခွင့်မပေးရုံမက ညောင်နှစ်ပင်က ကုလားထိုင်တွေအကြားမှာပဲ ချောင်ထိုးထားလိုက်ပါတယ်။ ဒီနေ့ နအဖနဲ့ ဒီအပစ်ရပ်အဖွဲ့အစည်း တွေအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုဟာ အဲဒီလို နအဖက လူကြီးလူကောင်းမဆံခဲ့တာတွေနဲ့ တိုက်ရိုက်ဆက်နေပါ တယ်။ သူတို့ကို နအဖက နိုင်ငံရေးကိစ္စ၊ နိုင်ငံရေးပြဿနာတင်ပြခွင့်၊ ပြောကြားခွင့်မပြုဘူးလို့ သူတို့မှန်ကန်စွာ ခံစားနေရပါတယ်။

၁၉၈၉ ခုနှစ်တုန်းက ဗကပလက်အောက်ကနေ ခွဲထွက်ကြတုန်းက နဝတစစ်အစိုးရဟာ တနပ်စားဉာဏ်နဲ့ “ကျုပ်တို့ကတော့ စစ်အစိုးရပဲ၊ ရွေးကောက်ပွဲပြီးလို့တက်လာတဲ့ အစိုးရနဲ့ကျမှ ခင်ဗျားတို့ နိုင်ငံရေး ကိစ္စဆွေးနွေး ကြပါ။ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမှာပဲ” လို့ ချွေးသိပ်ပြီး ပိုနေမြဲကျားနေမြဲ နေခဲ့ကြပြီး တလျှောက်လုံး စစ်ရပ်စဲရေးဆိုတာနဲ့ပဲ တည်ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စစ်အစိုးရဟာ သူတို့ရဲ့ ညောင်နှစ်ပင်မှာ ဝါဒဖြန့်ကောင်းအောင်လို့အတွက် ဒီအပစ်ရပ်အဖွဲ့အစည်းတွေကို တက်ခိုင်းပြီး ဒီလူတွေဟာ “တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ”၊ “တိုင်းရင်းသားကိုယ်စားလှယ်ကြီးတွေ” လို့ ဝိသေသနတွေ တပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ သူတို့ရဲ့အဖြစ်ဟာ ရုပ်ပြသက်သက်သာဖြစ်နေတယ်ဆိုတာကို သူတို့ရဲ့စာတမ်း ချောင်ထိုးခံရတဲ့ အဖြစ်အပျက်က ရှင်းလင်းစွာ ဖော်ပြနေပါတယ်။ အခုနောက်ဆုံး ဒီအဖွဲ့တွေကို နယ်ခြားစောင့်ပုလိပ် လုပ်ခိုင်းရာမှာ သူ့ကိုယ်သူ ဗိုလ်သန်းရွှေရဲ့ကိုယ်စားလှယ်ပါလို့ပြောတဲ့ ဗိုလ်ရဲမြင့်က ဝသွေးစည်းညီညွတ်ရေးပါတီကို “ခင်ဗျားတို့ရဲ့တိုက်တွေ တာတွေ မနှမြောဘူးလား” ခနဲ့တဲ့တဲ့နဲ့ ခြိမ်းခြောက်တာဟာ သူတို့ရဲ့ ဒီအဖွဲ့အစည်းတွေအပေါ် သဘောထားမမှန်မှု၊ အထင်သေး၊ ပြက်ရယ်ပြုလိုမှုတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။

ဒီကတဆင့်တက်ပြီး နအဖစစ်အစိုးရဟာ သူတို့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြီး ဖြစ်ကတတ်ဆန်း အတည်ပြုလိုက်ကြပါတယ်။ ဒီနောက် ဘာမှမကြာဘူး ဒီအပစ်ရပ်အင်အားစုတွေကို “မင်းတို့တတွေ နယ်စပ် ကာကွယ်ရေးတပ်တွေလုပ်ကြ၊ ဒေသပြည်သူ့စစ်တွေလုပ်ကြ” ဆိုပြီး ခန့်ခွဲအမိန့်ပေးလာပါတယ်။ ဒီအခါမှာ နိုင်ငံရေးသူငယ်နှပ်စားတွေမဟုတ်တဲ့၊ ဆယ်စုနှစ်နဲ့ချီ လက်နက်ကိုင်တိုက်ခဲ့ဖူးကြတဲ့၊ တော်လှန်ရေးသမား ဟောင်းတွေဟာ အနည်းဆုံးကိုယ့်ဂုဏ်သိက္ခာအတွက် နအဖကို အာခံရပ်တည်လာကြပါတယ်။ သူတို့ပါးစပ်က ထုတ်မပြောပေမယ့် သူတို့ဖော်ပြနေတာက နိုင်ငံရေးအရ ဆွေးနွေးတာမလုပ်ဘဲနဲ့တော့ လက်နက်ကိုမစွန့်နိုင်ဘူး၊ နအဖအမိန့်ပေးတိုင်း မလိုက်နာနိုင်ဘူးရယ် လို့ပဲဖြစ်တယ်။ နအဖရဲ့လုပ်ပုံက သူ့လက်အောက်ခံတွေလို နာခံခိုင်းတာ သက်သက်ဖြစ်နေပါတယ်။ “ဒါလုပ်ရင်လုပ်၊ မလုပ်ရင် - - -” ဆိုတာမျိုး ဖြစ်နေပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားသူတွေအနေနဲ့ အခုလိုရပ်တည်ရင်ဆိုင်တာ တရားပါတယ်။ ကျိုးကြောင်းဆီလျော်ပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ အင်အားစုတွေအနေနဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတာနဲ့စာရင် ရှိတာက တော်သေးတယ်” လို့ ပြောနေသူတွေလို မစဉ်းစားနိုင်ပါဘူး။ တချို့လူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလေး ပြစရာရှိတော့ နအဖနဲ့ပေါင်းဖို့အတွက် အကြောင်းပြစရာ ရတာပေါ့လို့ သဘောထားတာပါ။ တချို့ကတော့လည်း နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဘာတွေပဲ ပါနေနေ၊ ငါတို့အမတ်ဖြစ်ရင်ပြီးရောလို့ အောက်မေ့နေကြပါတယ်။ ဒါမျိုးကို အပစ်ရပ်အဖွဲ့တွေ မလုပ်နိုင်ပါဘူး။ သူတို့မှာ ယုံကြည်ချက်ရှိပါတယ်။ မူရှိပါတယ်။ တော်လှန်တဲ့ နိုင်ငံရေးအခြေခံ နောက်ကြောင်းတွေလည်း ရှိပါတယ်။ ထောက်ထားရမယ့် တိုက်ဖော်တိုက်ဖက် အာဇာနည်တွေအပြင် အသက်ပေး ကာကွယ်ရမယ့် အမျိုးသားအကျိုးစီးပွားတွေလည်း ရှိပါတယ်။

သူတို့ဟာ မနေ့တနေ့ကမှ နအဖအလိုကျ နိုင်ငံရေးထလုပ်တဲ့လူတွေလို စစ်အစိုးရကြိုးဆွဲရာမကနိုင်ပါဘူး။ နအဖ ဗိုလ်ချုပ်တွေက ထားရာနေစေရာသွားခိုင်းတဲ့အတိုင်း မလုပ်နိုင်ပါဘူး။ ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ မဆန့်ကျင်လိုက်ရင် သူတို့သမိုင်း ဘာဖြစ်သွားမယ်ဆိုတာ သူတို့သဘောပေါက်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကိုသာ ထောက်ခံမိရင် နောင်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားဦးတောင်မှ သူတို့အပေါ်မှာ တင်နေမယ့် အမည်းစက်ကြီးဟာ ဘယ်လိုမှမပျက်နိုင်တော့ဘူးဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။

ဒီနေ့ဗမာပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စဟာ စေ့စပ်လို့မရတဲ့ကိစ္စဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မလဲနိုင်ပါဘူး။ ဆိုလိုတာ ကိုယ်က သူ့ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်ပြုပေးမယ်၊ သူက ကိုယ့်ကို အဲဒီရွေးကောက်ပွဲကျင်းပပေး ဆိုတာမျိုး လုပ်လို့မဖြစ်ပါဘူး။ ဒီနှစ်ခုဟာ ခေါင်းနဲ့ပန်းလိုပဲ ခွဲခြားလို့ မရတဲ့ အရာနှစ်ခုဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ နအဖစစ်အုပ်စု အာဏာတည်မြဲရေးအတွက် လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပိုပြီးအခရာကျပြီး ကျောရိုးလည်းဖြစ်ပါတယ်။ ဒီနအဖ စစ်အုပ်စုရဲ့ ကျောရိုးဖြစ်လာမယ့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ဖျက်ရေးဟာ ဒီနေ့ခေတ်ဗမာပြည်သားတိုင်းရဲ့ သမိုင်းပေးတာဝန်ဆိုရင် မမှားပါဘူး။


ဇွန်လ၂၄ဒိုင်ယာရီ

လူမှုစီးပွားရေးနှင့် နိုင်ငံရေး အဆိုးဝါးဆုံးနိုင်ငံ မြန်မာပါဝင်
Wednesday, 24 June 2009 18:19 ကိုထွေး
မြန်မာပြည်သည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး တို့တွင် အဆိုးဝါးဆုံး နိုင်ငံ ၆၀၌ အဆင့် ၁၃ နေရာတွင် ရှိ ကြောင်း ယမန်နေ့က Failed States Index ၏ ၂၀၀၉ ခုနှစ် လေ့လာ သုံးသပ်ချက် အရ သိရသည်။

အဆိုပါ လေ့လာ သုံးသပ်ချက်ကို Foreign Policy မဂ္ဂဇင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားခြင်း ဖြစ် သည်။

မြန်မာပြည် ယခုကဲ့သို့ ကျဆင်းရခြင်းမှာ အစိုးရက ပြည်သူများ၏ လူမှုစီးပွားရေးကို လွန်ကဲစွာ ထိန်းချုပ်ခြင်း ကြောင့် ဖြစ်ကြောင်း ယင်း လေ့လာချက်က သုံးသပ်ထားသည်။

Failed States Index ကို အမေရိကန်ပြည်ထောင်စု ရှိ think-tank ၊ ၀ါရှင်တန် အခြေစိုက် The Fund for Peace နှင့် Foreign Policy မဂ္ဂဇင်းတို့က နိုင်ငံများ၏ အခြေအနေကို ပူးပေါင်း လေ့လာသုံးသပ်၍ ၂၀၀၅မှ စတင်ကာ နှစ်စဉ် ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀ရနှင့် ၂၀၀၈ မှစတင်ကာ အဆိုးဝါးဆုံးသော နိုင်ငံစာရင်းတွင် ပါဝင်လာခဲ့သည်။ ၂၀၀ရခုနှစ်တွင် အဆင့် ၁၄ရှိခဲ့ပြီး ၂၀၀၈တွင် အဆင့် ၁၃နေရာသို့ရောက်ရှိလာခဲ့သည်။

ယခုနှစ်တွင် အာဆီယံ အဖွဲဝင်နိုင်ငံများ ဖြစ်သော ဖိလစ်ပိုင်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့က ဆိုးဝါးသော နိုင်ငံ ၆၀စာ ရင်းတွင် အောက်ဆုံးနေရာမှ ပါဝင်လျက်ရှိပြီး မြောက်ကိုးရီးယားမှာ အဆင့် ၁၇ တွင် ရပ်တည်လျက် ရှိသည်။

၂၀၀၇ ခုမှစတင်၍ ကမ္ဘာပေါ်ရှိ နိုင်ငံ ၁၇၇နိုင်ငံကို သုံးသပ်ပြီးနောက် အခြေအနေဆိုးဝါးသည့် နိုင်ငံ ၆၀ ကို Foreign Policy မဂ္ဂဇင်း၏ Failed States Index စာရင်းတွင် ဖော်ပြထားသည်။

ယင်းအဖွဲ့သည် နိုင်ငံရေး၊ လူမှုစီးပွားရေးနှင့် ပတ်သက်သော အခြေခံအချက် ၁၂ချက်နှင့် အခြား လူသိများသော သတင်းအချက်အလက် ၃၀၀၀၀ ပေါ်မှုတည်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။

Failed State ဆိုသည်မှာ နိုင်ငံရပ်တည်ရေး နှင့် ပတ်သက်၍ လူမှုစီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အခြေ အနေများကို ပြန်လည် မဖန်တီးနိုင် တော့သည့် နိုင်ငံ ကို ဆိုလိုခြင်း ဖြစ်သည်။

ဒေါ်စု၏ ရှေ့နေများ လျှောက်လဲချက်ကို ဗဟိုတရားရုံး ကြားနာ
မုံပီး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 2009 21:34 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေနှစ်ဦးအား ပြင်ဆင်ခွင့် လက်ခံရန်အတွက် သူမ၏ ရှေ့နေများက ယနေ့တွင် လျှောက်လဲချက်ပေးခဲ့ရာ ဗဟိုတရားရုံးက ကြားနာခဲ့ပြီး၊ တစုံတရာ စီရင်ချက် ချခဲ့ခြင်း မရှိပါ။

ကျန်ရှိနေသည့် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်အား သက်သေများအဖြစ် ဥပဒေနှင့်အညီ လက်ခံပေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်သည်။

''ဗဟိုတရားရုံးကတော့ ချက်ချင်း ဆုံးဖြတ်ချက်တော့ မချပါဘူး။ ဆုံးဖြတ်ချက် မချခင် အချိန်ယူလိမ့်မယ်။ ဘယ်တော့မှ ကြေညာမယ်ဆိုတာ ကျနော်တို့ မသိပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အကျိုးဆောင် ရှေ့နေအဖွဲ့ အဖွဲ့ဝင်နှင့် အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း လက်ရှိ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဦးတင်ဦးကို လက်ခံရန် ဖြစ်နိုင်ဖွယ် ရှိကောင်းမှ ရှိမည်ဟူ၍ ဗဟိုတရားရုံး တရားသူကြီးများက သူတို့ကို ပြောဆိုခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ပြည်ပအခြေစိုက် ဒီဗီဘီ၊ ဘီဘီစီ၊ အာအက်ဖ်အေ အသံလွှင့် သတင်းဌာနများသို့ အင်တာဗျူး အများအပြား ပေးနေသည့် ဦးဝင်းတင်အနေဖြင့်လည်း အာဏာပိုင်များနှင့် သဘောထားချင်း ကိုက်ညီမှုမရှိသဖြင့် အရည်အသွေး ပြည့်မီဖွယ်မရှိကြောင်း တရားသူကြီးများက ရှင်းပြခဲ့သည်ဟူ၍ သူက ဆိုသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦးဖြစ်သူ ဦးကြည်ဝင်းကမူ အမှန်တရားကို ရှာဖွေရာ၌ ထောင်ဒဏ် တသက်တကျွန်း ကျခံရသူကိုပင် သက်သေအဖြစ်နှင့် ခေါ်ယူနိုင်သေးကြောင်း ပြောသည်။

''အစကတည်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလိုအကြောင်းပြချက်မျိုးနဲ့ သူတို့ ငြင်းပယ်လိမ့်မယ်လို့ ကျနော် ထင်ခဲ့ပြီးသားပါ။ ဒါပေမဲ့ ဥပဒေမှာကတော့ အမှုနဲ့ ဟပ်စပ်မှုရှိရင်တော့ ဘယ်သူမဆို သက်သေအဖြစ် ခေါ်ခွင့်ရှိပါတယ်'' ဟု ဦးကြည်ဝင်းက ပြောသည်။

ထောင်ထဲ၌ ကော်မရှင်ဖွဲ့၍ အကျဉ်းသားများအား သက်သေအဖြစ် ကြားနာမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ကြုံခဲ့ဖူးကြောင်း သူက ဆက်ပြောသည်။

ဦးဝင်းတင်နှင့် ပတ်သက်၍လည်း လူတိုင်းတွင် ကိုယ်ပိုင် သဘောထားအမြင်များ ရှိခွင့်ရှိကြောင်းနှင့် အစိုးရနှင့် အမြင်မတူသည်မှာ ပြစ်မှုကျူးလွန်ခြင်း မဟုတ်ကြောင်း ဦးကြည်ဝင်းက မဇ္ဈိမကို ပြောဆိုသည်။

''ကျနော်တို့ အခု ကြိုးစားနေတာက တရားရုံးမှာ တန်းတူညီမျှစွာ တင်ပြခွင့် ရရှိရေး ဖြစ်ပါတယ်။ အောက်ရုံး (အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံး) က သက်သေတွေကို ဘာကြောင့် ပယ်ချခဲ့တယ်ဆိုတာ ဥပဒေအရ ပြောဖို့ ရှိပါတယ်။ မပြောဘူးဆိုတာကတော့ ဥပဒေနဲ့ ကိုက်ညီမှု မရှိပါဘူး'' ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယသက်သေဖြစ်သည့် ဒေါ်ခင်မို့မို့သည် လာမည့် သောကြာနေ့တွင် အင်းစိန် ခရိုင်တရားရုံး၌ ထွက်ဆိုမှု ပြုလုပ်ရန် ချိန်းဆိုထားသော်လည်း၊ ဗဟိုတရားရုံးက အမိန့်ချမှတ်ခြင်း မရှိသ၍ ခရိုင်တရားရုံးအနေဖြင့် ဆက်လက်ကြားနာမှု ပြုလုပ်နိုင်မည် မဟုတ်ကြောင်း သူက ဆက်ပြောသည်။

ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် အကျယ်ချုပ် ကျခံနေခဲ့ရကာ၊ ထိန်းသိမ်းသည့် သက်တမ်းပြည့်ခါနီး ပြီးခဲ့သည့် မေလဆန်းတွင် နေအိမ်ခြံဝင်းအတွင်း အမေရိကန် နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်လာသဖြင့် ယခုအခါ တရားစွဲဆိုခံနေရသည်။

ဤတရားစွဲဆိုမှုသည် မြန်မာစစ်အစိုးရက ရည်ရွယ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေးတွင် ပိုမိုရှင်းလင်းစေရန်အတွက် ရမယ်ရှာခြင်းသာဖြစ်ကြောင်း လေ့လာသူများနှင့် အတိုက်အခံအင်အားစုများက ယုံကြည်နေကြသည်။

ရန်ကုန်မှာ လုံခြုံရေး ကားများ လှည့်ပတ်
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 2009 21:29 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်နက်အပြည့်အစုံနှင့် ယူနီဖောင်းဝတ် လုံထိန်းရဲများ တင်ဆောင်ထားသည့် စစ်ကား အစီးရေ ၃ဝ ခန့်ထက် မနည်းသည် ယနေ့ တနေ့လုံးနီးပါး ရန်ကုန်တိုင်းအတွင်း လှည့်ပတ်သွားလာနေခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

တရုတ်ပြည်ထုတ် FAW ကား တစီးလျှင် လုံထိန်းရဲ ဦးရေ ၂၀ ခန့် လိုက်ပါလာကြသည်။

“လုံထိန်းကား ၃၀၊ ၄၀ လောက် ပတ်နေတယ်။ အခုဟာက လုံခြုံရေးကို တပ်လှန့်ထားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ကားခေါင်မိုးပေါ်မှာ စက်လတ်တွေ တင်ထားတယ်။ လုံထိန်းအပြည့်နဲ့ ပတ်နေတာ။ ကျနော်တို့ ဘက်ကို ညနေ ၃ နာရီ မထိုးမီ ပတ်သွားတယ်” ဟု ကိုယ်တိုင်မြင်တွေ့ရသူ အင်းစိန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“အရင်တုန်းက နောက်ခန်းမှာ ဒိုင်းတွေ ဘာတွေ ကိုင်ထားတယ်။ ယူနီဖောင်း အပြည့်ဝတ်ထားတယ်။ အခုဟာက လူတယောက်က မတ်တပ်ရပ်ပြီး ကားခေါင်မိုးမှာ စက်လတ်ကို အသင့်ထောက်ထားတာ” ဟု သူက ဆိုသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့၌ လုံထိန်းကား ၃ စီးက ခေါက်တုံ့ခေါက်ပြန် သွားလာနေကြောင်း အခြား မြို့ခံတဦးက ဆိုသည်။

“ယူနီဖောင်း အပြည့်ဝတ်ထားတဲ့ လုံထိန်းကား ၃ စီးက ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်နေတယ်” ဟု သူက ပြောသည်။

“ကားပေါ်မှာ လုံထိန်းရဲတွေက ယူနီဖောင်း အပြည့်ဝတ်ထားတယ်။ ဒိုင်းတွေကို ကား ပတ်ပတ်လည် ကာထားတယ်။ လက်ထဲမှာ ဒုတ်တွေ၊ သေနတ်တွေလည်း ပါတယ်” ဟု သူက ဆိုသည်။

လုံထိန်း ရဲတပ်ရင်း အမှတ် ၈ သည် အင်းစိန်ထောင်ရှေ့၌ လုံခြုံရေး ယူထားသလို၊ ထောင်အတွင်း၌လည်း အထူးလုံထိန်း ရဲတပ်ဖွဲ့ဝင်များ ချထားကြောင်း သိရသည်။

အလားတူပင် မြေနီကုန်း၊ စမ်းချောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း အပါအဝင် မြို့နယ်အချို့၌လည်း လုံထိန်းကားများ လှည့်ပတ်သွားလာခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အိုက ငြင်းဆိုဟု လေ့လာသူများ ပြောဆို
မျိုးကြီး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 2009 21:25 - မြန်မာစံတော်ချိန်


ရွှေလီ (မဇ္ဈိမ)။ ။ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မြန်မာစစ်အစိုးရ၏ အဆိုပြုချက်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ - ကေအိုင်အိုက ငြင်းပယ်လိုက်ကြောင်း အဖွဲ့နှင့်နီးစပ်သည့် သတင်းရပ်ကွက်များက ဆိုသည်။

ယခုလ ၂၀ ရက်နေ့က ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား၌ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆွေးနွေးခဲ့ကြရာ ကေအိုင်အိုက ယခုလို ငြင်းဆိုခဲ့ကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“ကေအိုင်အိုက အဲဒီဆွေးနွေးပွဲ ပြီးသွားပြီ၊ ပြန်လာပြီ၊ သူတို့က နိုး (No) လို့ ဖြေလိုက်ပြီတဲ့။ တိုင်းမှူးက ပြောတယ်တဲ့၊ ဘာပြောသလဲဆိုရင် ခင်ဗျားတို့က နောက်တက်တဲ့ အစိုးရနဲ့မှ ဆွေးနွေးရအောင် နောက်တက်တဲ့ အစိုးရကို ခင်ဗျားတို့ ဘယ်လောက်အထိ ယုံကြည်လို့လဲပေါ့။ ရွေးကောက်ပွဲတောင် လုပ်ချင်မှ လုပ်မယ်ဆိုတဲ့ သဘောပေါက်နေတာပေါ့” ဟု တရုတ်-မြန်မာ နယ်စပ်နေ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ကေအိုင်အိုနှင့် နီးစပ်သူ အမည်မဖော်လိုသူ တဦးကလည်း “ကေအိုင်အို အရာရှိတွေက နအဖရဲ့ အဆိုပြုချက်ကို မဖြစ်နိုင်တဲ့အကြောင်း ပြောလိုက်ပါတယ်” ဟု ဆိုသည်။

လေ့လာသူနှင့် နီးစပ်သူတို့က ယခုလို ပြောဆိုကြသော်လည်း ကေအိုင်အိုကမူ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ယခုအချိန်ထိ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

ဦးအောင်ကျော်ဇောက “ငြင်းပယ်လိုက်တယ်ဆိုတာက၊ သူတို့ (ကေအိုင်အို) ကတော့ နောက်တက်တဲ့ အစိုးရနဲ့မှပဲ ဆွေးနွေးတော့မယ်တဲ့။ ဟိုဘက်ကတော့ ကျနော်တို့ လမ်းဖွင့်ထားပါတယ်၊ နောက်တက်တဲ့ အစိုးရကို ခင်ဗျားတို့ ဘယ်လောက်အထိ ယုံကြည်ရလို့လဲ၊ အဲဒီတော့ အခုကတည်းက ပြင်ထားဖို့ပေါ့။ သူတို့ကတော့ ဆက်ဆွေးနွေးလို့လည်း ရပါတယ်တဲ့။ အဲလို ပြောထားတော့ သတ်မှတ်ရက် လွန်သွားတော့ ဟိုဘက်က အလျှော့ပေးတဲ့ သဘော ပေါ်တာပေါ့” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များသည် တရုတ်နယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သီးခြားစီ တွေ့ဆုံရာ၌ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက ကေအိုင်အိုနှင့် မြစ်ကြီးနားမြို့၌ စတင်တွေ့ဆုံခဲ့သည်။

ကေအိုင်အိုက အဆိုပါ အဆိုပြုချက်နှင့် ပတ်သက်ပြီး လူထုသဘောထား သိရှိနိုင်ရန်အတွက် မေလ ၃၀ ရက်နေ့တွင် လိုင်ဇာ၌ ဆန္ဒသဘောထား ကောက်ခံသည့် လူထုအစည်းအဝေး ကျင်းပရာ ၎င်းအဆိုပြုချက်ကို လက်မခံကြောင်း ပြောဆိုခဲ့ကြသည်။ ထိုနေ့ကပင် အဆိုပြုချက်နှင့် လေ့လာဆောင်ရွက်ရန် ၇ ဦးပါ ကော်မတီတရပ်ကိုလည်း စတင်ဖွဲ့စည်းခဲ့သည်။

ဤသည်မှာ မေလ ၁၁-၁၂ ရက်နေ့များတွင် ကျင်းပခဲ့သည့် ကေအိုင်အို ဗဟိုကော်မတီ စုံညီအစည်းအဝေး၏ အဆက်လည်း ဖြစ်သည်။ စုံညီအစည်းအဝေး၌ ရှေ့ဆက်ရမည့် နိုင်ငံရေး လုပ်ငန်းစဉ်များ ချမှတ်လိုက်ကြောင်း မေလ ၁၄ ရက်နေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သေးသည်။

ကြေညာချက်ထဲ၌ မြန်မာစစ်အစိုးရနှင့် ကေအိုင်အိုအကြား အသေးစိတ် ညှိနှိုင်းပြီးမှ ဆုံးဖြတ်ချက်ချရန်နှင့် ကေအိုင်အို ဗဟိုကော်မတီမှ ကိုယ်စားလှယ်အဖွဲ့တခု သီးသန့်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့လူကြီးများကို လုပ်ငန်းတာဝန်များ ပေးအပ်ရန်အတွက် ကေအိုင်အို ဗဟိုအဖွဲ့ဝင်များ၊ ခေါင်းဆောင်များ၊ လူကြီးမင်းများ၊ ဝန်ထမ်းများ၊ တပ်အတွင်းနှင့် ရပ်မိရပ်ဖ ပြည်သူများ၊ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေထိုင်သော ကချင်အမျိုးသားများ စသည်တို့ထံမှ ပညာပေးအကြံပြုချက်များ စုစည်း၍ အရေးကြီးသော အကြံပြုချက်များကို ဗဟိုကော်မတီသို့ စာရွက်စာတမ်းဖြင့် ပေးပို့တင်ပြပါရန်လည်း ဆုံးဖြတ်ကြောင်း ဖော်ပြခဲ့သည်။

မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား (ဗီဒီယို)
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 2009 11:34 - မြန်မာစံတော်ချိန်


သောကြာဈေးလည်း အရောင်းအဝယ်ထိုင်း (ဗီဒီယို)
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 2009 12:03 - မြန်မာစံတော်ချိန်



NEJ / ၂၄ ဇွန် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အထူးတရားရုံး၏ သောကြာနေ့တရားခွင်ကို ရွှေ့ဆိုင်းရဦးမည်ဖြစ်သည်။

ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသော သက်သေထွက်ဆိုခွင့်အယူခံအတွက် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲ ချက်ကို ယနေ့ကြားနာခဲ့ပြီး တရားရုံးက စီရင်ချက်မချမှတ်သေးသဖြင့် အင်းစိန်တရားခွင် ရုံးချိန်းမှာ အလိုအလျောက် ရွှေ့ဆိုင်းပေးရလိမ့်မည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ကတော့ နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကိုပဲ ကြားနာသွားပါတယ်။ အစိုးရဘက်က ရှေ့နေတွေ တင်ပြသွားတဲ့ အချက်နှစ်ခုရှိပါတယ်။ အဲဒါက ဦးတင်ဦးဟာ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့အတွက် သက်သေ ထွက်ခွင့်မရှိပါဘူးတဲ့။ နောက် ဦးဝင်းတင်ကိုလည်း ပြည်ပမီဒီယာများကို အင်တာဗျူးများပေးနေခြင်းကြောင့် အစိုးရကို ဝေဖန်နေသဖြင့် သက်သေထွက်ခွင့် မပြုထိုက်ပါဘူးဆိုတဲ့ သဘောမျိုးတွေ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်း
က တရားခွင် လျှောက်လဲချက်များကို ရှင်းပြသည်။

ယခုကဲ့သို့ သက်သေထွက်ဆိုခွင့်အယူခံ ပြင်ဆင်ခွင့် တင်ရခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇ (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အောက်ရုံးများက ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် တင်ပြရခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့သည်ဟု သိရသည်။

“တကယ်တမ်းက ဥပဒေနဲ့ မလျော်ညီလို့ ထပ်မံလျှောက်ထားတာကို အစိုးရဘက်က ဒီကိစ္စကို တလုံးမှ မပြောဘဲနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေပဲ ပြောနေတယ်။ ဦးတင်ဦးကို ပြောတဲ့ (၁၀/ခ) ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တရားရုံးကို တင်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၄) ရက် (၅) လက အင်းစိန်တရားရုံးကို တရားစွဲတင်ခံရတယ်။ အဲဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကျယ်ချုပ်ခံထားရဆဲဖြစ်တဲ့အတွက် အကျယ်ချုပ်ခံထားရသူဟာ ရုံးရှေ့မရောက်နိုင်ဘူးဆိုတာ မမှန်ဘူးလို့ တင်ပြခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဝင်းတင် အင်တာဗျူးပေးခြင်းနှင့် စပ်လျဉ်း၍လည်း ၎င်း၏ တသီးပုဂ္ဂလပြောဆိုခွင့်ဖြစ်ကြောင်း၊ တရားရုံးအား အနှောင့်အယှက်ပြုနေသည်မဟုတ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း အင်းစိန်တရားရုံးက သက်သေတဦးသာ ခွင့်ပြုခဲ့သည့်အတွက် အထက်တရားရုံးများသို့ တင်ပြရာ ရန်ကုန်တိုင်းတရားရုံးက နောက်သက်သေ ဒေါ်ခင်မိုးမိုးကို ထပ်မံခွင့်ပြုခဲ့သည်။

ကျန်သက်သေ (၂) ဦးဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထွက်ဆိုခွင့်မပြုခဲ့ခြင်းကြောင့် ဗဟိုတရားရုံးသို့ ထပ်မံအယူခံဝင်ထားခြင်းဖြစ်သည်။

ယနေ့တရားခွင်တွင် အစိုးရရှေ့နေများ၏ပြောဆိုချက်နှင့်ပတ်သက်၍ ဦးဝင်းတင်က “ကျနော်က ကျနော့်အမြင် သဘောထား လွတ်လပ်စွာပြောတာပဲဗျာ။ ဒီလိုပြောတာဟာလည်း တရားရုံးရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်နေတာလည်း မဟုတ်ဘူး။ တခြားပါတီအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတာတော့ ပြောရမှာပဲလေ။ အဲလိုပြောတာနဲ့ တရားရုံးမှာ သက်သေထွက်ခွင့်မပြုနိုင်တာနဲ့တော့ မဆိုင်ဘူးဗျ” ဟု သူ့သဘောထားကို ပြောဆိုသည်။


NEJ / ၂၄ ဇွန် ၂၀၀၉


ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ထားသည့် စစ်လက်နက်ပစ္စည်း များ တင်ဆောင်ကာ မြန်မာနိုင်ငံ ဘက်ဆီသို့ ဦးတည်သွားနေသည်ဟု ယူဆရသည့် Kang Nam မြောက်ကိုရီးယားကုန်တင်သင်္ဘော၏ နောက်သို့ အမေရိကန်ရေတပ်သင်္ဘောက ဆက်လက် နောက်ယောင်ခံ လိုက်ဆဲ ဖြစ်သည်။

ပြီးခဲ့သည့်လ၌ မြောက်ကိုရီးယားက အနုမြူဗုံးစမ်းသပ် ဖောက်ခွဲခဲ့သည့် အတွက် လုံခြုံရေးကောင်စီက ယင်းသို့ ပိတ်ပင်တားမြစ်မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

Kang Nam မြောက်ကိုရီးယားသင်္ဘောသည် လက်နက်များ တင်ဆောင်လာသည်ဟု သံသယရှိဖွယ်ဖြစ်ပါက အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ဆေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြောက်ကိုရီးယားသင်္ဘောသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မကြာသေးခင်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ပထမဆုံး အကဲစမ်းလိုက်ခြင်းဖြစ်သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြသည်။

နောက်ယောင်ခံလိုက်နေသည့် အမေရိကန်ရေတပ်သင်္ဘောအနေဖြင့် ကြားဖြတ်ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားချက်မရဟု အမေရိကန်အစိုးရက ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားသင်္ဘောသည် မကြာခင် လောင်စာဆီဖြည့်ရန် တထောက်ရပ်နားရန် လိုအပ်လိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏တားမြစ်ချက်များအရ လက်နက်သယ်ဆောင်သည်ဟု သံသယဖြစ်နေသည့်သင်္ဘောကို အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် လောင်စာဆီဖြည့်တင်းသော ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ခွင့်မရှိပေ။

ကမ္ဘာ့သင်္ဘောများ လောင်စာဆီဖြည့်ရာ အချက်အချာဖြစ်သည့် စင်ကာပူနိုင်ငံကမူ စင်ကာပူဆိပ်ကမ်းသို့ Kang Nam မြောက်ကိုရီးယားသင်္ဘော ဆိုက်ကပ်ပါက လိုအပ်သလို အရေးယူဆောင်ရွက်မည်ဟု ပြောကြားထားသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌ Kang Nam မြောက်ကိုရီးယားကုန်တင်သင်္ဘောသည် Nampo သင်္ဘောဆိပ်မှထွက်ခွာခဲ့ပြီး အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain က နောက်ယောင်ခံလိုက်နေခြင်းဖြစ်သည်။

မြောက်ကိုရီးယားကမူ ၎င်း၏သင်္ဘောကို ကြားဖြတ်ဟန့်တားမှု ပြုလုပ်ပါက စစ်ကြေညာသည့်လုပ်ရပ်ဟု ထုတ်ဖော် ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၌လည်း Kang Nam 1 သင်္ဘောတစင်းသည် မြန်မာနိုင်ငံသို့ တရားမ၀င် စစ်လက်နက် ပစ္စည်းများ တင်ပို့ပေးခဲ့သည်ဟု အနောက်တိုင်းသံတမန်များက ပြောဆိုခဲ့သည်။ မြန်မာအာဏာပိုင်များက အဆိုပါသင်္ဘောတွင် သံသယဖြစ်စရာ မည်သည့်ကုန်ပစ္စည်းမှ မပါဝင်ကြောင်း ယင်းအချိန်က ပြောကြားခဲ့သည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊ သုတေသနနှင့်မှတ်တမ်းတင်ဌာနမှ သုတေသနမှူး ဦးဌေးအောင် ကလည်း ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ သီလ၀ါဆိပ်ကမ်းသို့ စစ်လက်နက်ပစ္စည်းများတင်ဆောင်လာသည့် Kang Nam 1 မြောက်ကိုရီးယား သင်္ဘောတစင်းဆိုက်ကပ်သည်မှာ အမှန်ဖြစ်ကြောင်း ပြောသည်။

၎င်းက “ကျနော်တို့သိရသလောက်ဆိုရင် အဲဒီတုန်းက Kang Nam 1 သင်္ဘော သီလ၀ါဆိပ်ကမ်းမှာ မဆိုက်ခင် ကတည်းက ဆိပ်ကမ်းပတ်ဝန်းကျင်ကို (၂) ရက် (၃) ရက်ကတည်းက လုံခြုံရေးယူတယ်။ ကက (၂) လို့ခေါ်တဲ့ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးနဲ့ ကက (လျှပ်) လို့ခေါ်တဲ့ လျှပ်စစ်နဲ့ စစ်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးက ရှင်းလင်းသယ်ယူရေးအဖွဲ့တွေက ကြိုတင်ရောက်ပြီးတော့ ဆိပ်ခံတံတားပတ်ဝန်းကျင်မှာ မိုင်းရှင်းတာတွေ အနီးကပ်လုံခြုံရေးတွေ လုပ်ခဲ့တယ်။ နောက်မှ အင်းတိုင်မှာအခြေစိုက်တဲ့ အမှတ် (၁) ပင်မအလုပ်ရုံ (လျှပ်စစ်) က ဒုတိယတပ်မှူး ဒု-ဗိုလ်မှူးကြီးရဲဒင်နဲ့ ဗိုလ်ကြီးအောင်မိုးဇော်တို့ ခေါင်းဆောင်တဲ့အဖွဲ့က တာဝန်ယူကြီးကြပ်ပြီးတော့ ပစ္စည်းတွေကို သယ်တယ်။ အင်းတိုင်၊ ပတောင်း၊ မန္တလေးကို သယ်တာ” ဟု ပြောသည်။

ထိုအချိန်က အဆိုပါသင်္ဘောတွင် ဒုံးကျည်လက်နက်၊ တာဝေးပစ်အမြောက်ကြီးများနှင့် ပတ်သက်သည့် အစိတ်အပိုင်းများ ပါဝင်ကြောင်း ဦးဌေးအောင်က ပြောသည်။

ယခုတဖန် မြောက်ကိုရီးယားမှ Kang Nam 1 သင်္ဘောတစင်း စစ်လက်နက်ပစ္စည်းများတင်ဆောင်ကာ မြန်မာနိုင်ငံသို့ ဦးတည်နေသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ ဦးဌေးအောင်က “ယခုသင်္ဘောလာတာ နည်းနည်းထူးဆန်း နေတယ်။ အရင်ကလည်း ဒီသင်္ဘောက မြန်မာနိုင်ငံကို လာခဲ့ဖူးတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာကြားမှာလည်း စစ်ရေးဆက်ဆံမှုတွေက နီးနီးကပ်ကပ်လုပ်နေတယ်ဆိုတော့ ဒီသင်္ဘောဦးတည်တဲ့ လမ်းကြောင်းအရကတော့ ဗမာပြည်ကို ဆိုက်ကပ်ဖို့ ဖြစ်နိုင်တယ်လို့ ထင်ရတာပေါ့” ဟု ပြောသည်။

မြန်မာစစ်အစိုးရက ၎င်းတို့စစ်တပ်ကို ခေတ်မီတိုးတက်စေရန် လုပ်ဆောင်နေသည့်အတွက် နည်းပညာရော၊ ခေတ်မီလက်နက်ပစ္စည်းအစိတ်အပိုင်းမှာပါ ရရာနေရာက လိုက်ဝယ်နေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“အနောက်နိုင်ငံတွေက လက်နက်ပိတ်ဆို့တဲ့အခါ အစပထမတုန်းကတော့ သူတို့ တရုတ်တို့ ရုရှားတို့က ၀ယ်တာပေါ့နော်။ ဒါပေမယ့် တချို့ဗျူဟာမြောက် လက်နက်တွေကြတော့ ဗမာစစ်အစိုးရကို ရောင်းဖို့ သူတို့ နောက်တွန့်နေတဲ့ အနေအထားမျိုး ရှိတယ်လို့ကြားရတယ်။ အဲဒီတော့ ရနိုင်တဲ့နေရာကနေ ရှာဝယ်ရင်းနဲ့ မြောက်ကိုရီးယားနဲ့ ဆက်စပ်မိသွားတဲ့သဘောပေါ့” ၎င်းက ဆက်လက်ရှင်းပြသည်။

“ကျနော်တို့သိရသလောက်ကတော့ ၁၉၉၉ ခုနှစ်ကတည်းက သူတို့စပြီးတော့ အဲလို မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း ဆက်စပ်မှုတွေ ရှိနေတာလေ။ အခုအချိန်မှာ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် နည်းပညာတွေကို ဗမာအစိုးရက စိတ်ဝင်စားနေတယ်လို့ ကျနော်တို့ ကြားရတာရှိတယ်။ နောက်တခုက တာဝေးပစ် အမြောက်ကြီးတွေကို စိတ်ဝင်စားတယ်။ နောက် မြောက်ကိုရီးယားမှာပဲ နျူကလီးယားနဲ့ပတ်သက်တဲ့ သုတေသန နည်းပညာတွေကိုလည်း သူတို့ရရှိဖို့ ကြိုးစားတယ်ဆိုတာလည်း ကြားရတယ်။ သေချာတာတခုကတော့ ဒုံးကျည်နဲ့ အမြောက်ကြီးတွေ မြောက်ကိုရီးယားကနေ ယူနေတယ်။ နောက် မြောက်ကိုရီးယားက ခေတ်မီရေဒါ နည်းပညာတွေ သူတို့ယူနေတယ်” ဟု ဦးဌေးအောင်က ပြောသည်။

အမေရိကန် ပင်တာဂွန်မှ စစ်အရာကြီးတဦးကမူ အဓိကသံသယဖြစ်စရာမှာ မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားနေခြင်းဖြစ်သည်ဟု အေပီသတင်းဌာနသို့ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းအငယ်စားများကို ရောင်းချခဲ့ကြောင်း သတင်းများ လည်း ထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံမှ ဆိုးဝါးသည့် လူ့အခွင့်အရေးမှတ်တမ်းများနှင့် ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြောင်း ပေးခြင်းမရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှု တားမြစ်ပိတ်ဆို့ထားသည်။


မင်းနိုင်သူ / ၂၄ ဇွန် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားတွင် မလေးရှားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာ (၁၄) ဦး အနက် (၆) ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ကျန် (၈) ဦးကို မလေးရှားအာဏာပိုင်များက ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားသည်။

၎င်းတို့သည် မလေးရှားအတိုက်အခံပါတီ (PKR) က ဇွန် (၁၉) ရက်တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းကြောင့် အဖမ်းခံရခြင်းဖြစ်သည်။

“သူတို့အထဲက (၆) ယောက်ကိုတော့ UNHCR ကတ်ကိုင်ဆောင်ထားတဲ့အတွက် ပြန်လွှတ်ပေးလိုက်တယ်။ တခြား (၈) ဦးကတော့ အထောက်အထားတစုံတရာ မပြနိုင်တဲ့အတွက် ဆက်ချုပ်ထားတယ်ဗျ” ဟု မလေးရှား အန်အယ်လ်ဒီအဖွဲ့ခွဲ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။

အဆိုပါ အတိုက်အခံပါတီက ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအခမ်းအနားကို မလေးရှားရဲက တာဝန်မယူကြောင်းနှင့် တက်ရောက်သူများကို ဖမ်းဆီးထိန်းသိမ်းနိုင်ကြောင်း ကြိုတင်အသိပေးထားသော်လည်း အထိန်းသိမ်းခံလိုက်ရသော မြန်မာများအနေဖြင့် မသိရှိသောကြောင့် သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း ကိုကျော်ကျော်က ရှင်းပြသည်။

အထိန်းသိမ်းခံရဆဲသူများမှာ ကိုငြိမ်းချမ်း၊ ကိုလွင်ဦး၊ ကိုအောင်သူရ၊ ကိုကျော်ကိုကိုကျော်၊ ကိုပြည့်ဖြိုးနိုင်၊ ကိုကျော်ကျော်၊ ကိုသန်းဦးနှင့် ကိုအောင်ကျော်သူတို့ဖြစ်ပြီး အများစုမှာ ရန်ကုန်တိုင်းမှ ထွက်ခွာလာကြသူများ ဖြစ်သည်။

၎င်းတို့အား မလေးရှားရဲက လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ကလနားဂျာရာစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

အဆိုပါအထိန်းသိမ်းခံများကို အကူအညီပေးနေသော မလေးရှားအန်အယ်လ်ဒီအဖွဲ့မှ ကိုကျော်ကျော်က “ကျနော်တို့ရဲ့ ခေါင်းဆောင်မွေးနေ့ပွဲနဲ့ ပတ်သက်ပြီး အထိန်းသိမ်းခံလိုက်ရတဲ့အတွက် ကျနော်တို့ကလည်း ဆောင်ရွက်ပေးနေတယ်။ နောက် မလေးလူ့အခွင့်အရေးအဖွဲ့တွေကလည်း ဆောင်ရွက်ပေးနေတယ်။ မနေ့ကလည်း ကျနော်တို့ ရဲမှူးကြီးနဲ့သွားတွေ့တယ်။ တွေ့တော့ သူက ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) ရဲ့ ထောက်ခံချက်ရမယ်ဆိုရင်တော့ ပြန်လွှတ်ပေးနိုင်တယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။

ထိုကိစ္စကို မလေးရှားအန်အယ်လ်ဒီက ယူအန်အိတ်ခ်ျစီအာသို့ တင်ပြထားရာ အထောက်အထားတစုံတရာ မရှိသည့်အတွက် စဉ်းစားရခက်နေသည်ဟုသာ တုံ့ပြန်ထားပြီး အကြောင်းပြန်ကြားမှုမရှိသေးကြောင်း သိရသည်။

“သူတို့ထဲမှာ တချို့က work permit နဲ့ လာပြီး ဒီရောက်မှ 0ver-stay ဖြစ်သွားကြတာတွေ ရှိသလို တချို့က အောက်လမ်းက လာကြတာတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေအနေနဲ့က မြန်မာပြည်ပြန်ရင်လည်း အစိုးရရဲ့ အထိန်းသိမ်းခံရမယ့် အန္တရာယ်ရှိတယ်။ နောက်ပြီး သူတို့က ဒီဘက်က အဖွဲ့အစည်းတွေမှာ ကူညီ ဆောင်ရွက်ပေးနေသူတွေပါ။ ဒါတွေကို ထောက်ပြပြီး ကျနော်တို့ကတော့ ယူအန်အိတ်ခ်ျစီအာကို မေတ္တာရပ်ခံ ထားတယ်” ဟု ကိုကျော်ကျာ်က ပြောသည်။

အထိန်းသိမ်းခံမြန်မာ (၈) ဦးအနေဖြင့် ယူအန်အိတ်ခ်ျစီအာ ထောက်ခံချက်မရပါက မလေးရှားလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ် (၆) လနှင့် ကြိမ်ဒဏ် (၁) ချက် အပြစ်ပေးကာ နိုင်ငံမှ ထွက်ခွာစေနိုင်ကြောင်း သိရသည်။


NEJ / ၂၄ ဇွန် ၂၀၀၉


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က နောင်တက်လာမည့် အရပ်သားအစိုးရနှင့်သာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးမည်ဟု မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နှစ်ဘက် တွေ့ဆုံစဉ် အကြောင်းပြန်ခဲ့သည်။

ကေအိုင်အိုအဖွဲ့မှ အသွင်ပြောင်းရေးကိစ္စနှင့်ပတ်သက်၍ မကြာသေးမီက ဖွဲ့စည်းထားသည့် ကေအိုင်အို ကိုယ်စားပြု (၇) ဦးပါ ကော်မတီနှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ ဇွန် (၂၀) ရက်နေ့ တွေ့ဆုံစဉ်အတွင်း ကေအိုင်အိုဘက်က ပြောဆိုခဲ့ကြောင်း ကေအိုင်အိုခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဇွန် (၂၀) ရက်နေ့မှာ အဖြေပေးပါမယ်ဆိုပြီး ကတိပေးထားချက်အရ မြစ်ကြီးနားမှာ ဒု-ဥက္ကဋ္ဌ ဦးဂေါ်ရီ ဇော်ဆိုင်း ဦးဆောင်တဲ့ (၇) ဦး ကော်မတီအဖွဲ့က သွားတွေ့ခဲ့တာ။ အဲဒီမှာ ကေအိုင်အိုက ပြောတာက မူလရည်ရွယ် ချက်ဖြစ်တဲ့ ရုဒ်မက် (၇) ချက်ကို အောင်မြင်အောင် လုပ်သွားစေချင်တယ်။ ဒါကြောင့်လည်း အမျိုးသားညီလာခံကို တက်ရောက်ခဲ့တာဖြစ်တယ်။ တပ်သားထုနဲ့ ကချင်ပြည်နယ်လူထုရဲ့ အငြိုအငြင်ခံပြီး ထောက်ခံခဲ့တာဖြစ်တယ်။ ဒီကနေ့ အသွင်ကူးပြောင်းရေးကိစ္စကိုလည်း ရုဒ်မက် (၇) ချက် ပြီးတဲ့နောက် တက်လာတဲ့ အစိုးရနဲ့သာ အခိုင်အမာ ဆွေးနွေးချင်တယ်လို့ ပြောခဲ့တယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ပြောဆိုမှုအပေါ် မပခတိုင်းမှူးက နောင်တက်လာမည့် အစိုးရအဖွဲ့အား မည်မျှအထိ ယုံကြည်မှုထားပါ သလဲဟု ပြန်လည်မေးခွန်းထုတ်ခဲ့ကြောင်း၊ ကေအိုင်အိုဘက်က ယခုကဲ့သို့ တုံ့ပြန်မှုအပေါ် ဘ၀င်မကျသည့်အတွက် ဆက်လက်ပြီး ဆွေးနွေးသွားမည်ဟု ပြောဆိုကာ နှစ်ဘက်ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ကေအိုင်အိုနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အကြား တပ်ဖွဲ့အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးခဲ့သည်မှာ ဧပြီ (၂၈) ရက်နေ့မှ စ၍ ယနေ့အထိ (၄) ကြိမ်တိုင် တွေ့ဆုံခဲ့ပြီး ယခု စတုတ္ထအကြိမ်မြောက် တွေ့ဆုံစဉ် တရားဝင် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများအား ဖုန်းဆက်သွယ်၍ မရရှိပါ။ အမည်မဖော်လိုသည့် ကေအိုင်အို အရာရှိငယ်တဦးကမူ ပြည်ပမီဒီယာများနှင့် ပြောဆိုမှုမလုပ်ရန် ကေအိုင်အဖွဲ့အတွင်း တားမြစ်ထား ကြောင်း၊ ကေအိုင်အိုခေါင်းဆောင်အချို့လည်း ခရီးထွက်နေကြောင်း ပြောဆိုပြီး အသေးစိတ်ပြောဆိုရန် ငြင်းဆိုသည်။

ဇွန် (၃၀) ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အနှစ် (၂၀) မြောက် အထိမ်းအမှတ် အခမ်းအနားပွဲ ကျင်းပရန်ရှိနေပြီး ကေအိုင်အိုမှ ခေါင်းဆောင်များအား ဖိတ်ကြားထားသောကြောင့် အဆိုပါပွဲတက်ရောက်ရန် ကေအိုင်အိုခေါင်းဆောင်အချို့ ခရီးထွက်နေပုံရသည်ဟု အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူများက ပြောသည်။


NEJ / ၂၄ ဇွန် ၂၀၀၉


စစ်ပွဲဂယက်များကြောင့် ထိုင်းဘက်ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည်များအား ခိုလှုံခွင့်တခုတည်းတွင် စုစည်းထားရှိသွားမည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) အဖွဲ့ဥက္ကဋ္ဌ ရောဘတ်ထွေးက ပြောသည်။

၎င်းက “ဒီဒုက္ခသည်တွေကို တနေရာတည်းမှာ စုစည်းထားဖို့ အူးသူးထာ့ နေရာကို ရွေးထားတယ်။ အဲဒီမှာ အိမ်ထောင်စု (၅၀၀) အတွက် နေထိုင်ဖို့ စီစဉ်နေပါတယ်။ နယ်မြေခံ ထာ့ဆောင်ရမ်း မြို့ပိုင် အဲဒီနေရာကို လာကြည့်ဖို့ရှိတယ်။ သူလာကြည့်ပြီးရင်တော့ အဲဒီကို ပြောင်းရွှေ့ရမည့်ရက်ကို သိရမယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များ၊ UNHCR, KRC, TBBC, IRC နှင့် အခြားအစိုးရမဟုတ်သောအဖွဲ့များကလည်း ယာယီခိုလှုံရေး စခန်း (၃) ခုမှ စစ်ပြေးဒုက္ခသည်များကို အူးသူးထာ့ စခန်းတခုတည်းတွင်သာ စုပေါင်းထားရှိရန် စီစဉ်နေသည်ဟု သိရသည်။

စစ်ပြေးဒုက္ခသည်များတွင် နယ်မြေအေးချမ်းသွားပါက ပြန်မည့်သူများ ရှိသကဲ့သို့ လယ်ပေါ်ဟဲပြည်တွင်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကမူ ၎င်းတို့စခန်းသို့ ပြန်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။

လယ်ပေါ်ဟဲစခန်းနေရာတွင် ဒီကေဘီအေတပ်များက စခန်းထိုင်ထားသောကြောင့် ထိုစခန်းမှ ဒုက္ခသည်များသည် ထိုင်းဘက်ခြမ်းတွင် ရေရှည်နေရမည့်သဘောဖြစ်နေပြီး ၎င်းတို့ကို တရားဝင်ဒုက္ခသည်အဖြစ် ထိုင်းက အသိမှတ် ပြုပေးနိုင်မည့် အနေအထားမျိုးရှိကြောင်း ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နိုင်ပြီဟု တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ ဒီကေဘီအေ (၉၉၉) တပ်ရင်း (၇) မှ ဒု-ရင်းမှူး အဆင့်ရှိသူက ထိုင်းဘက်ခြမ်း နောင်ဘိုးရွာသို့ ယခုရက်ပိုင်းအတွင်းက လာရောက်ပြောကြားခဲ့ သော်လည်း စစ်ပြေးဒုက္ခသည်များက အခြေအနေကို ယုံကြည်မှုမရှိသည့်အတွက် ဒီကေဘီအေ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ ထိုင်းနယ်ခြားစောင့်တပ်၏ အစီအစဉ်ဖြင့် ဒီကေဘီအေက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ပြေးဒုက္ခသည်များအား တစုတစည်းထားရှိခြင်းသည် လုံခြုံရေးအရ ကောင်းမွန်ကြောင်း မဲ့စလေရွာမှ ထိုင်းနိုင်ငံသားများက ပြောသည်။

“လောလောဆယ် ဒုက္ခသည်တွေပြန်သွားရင် သူတို့ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ မနေ့ကတောင်မှ ကျနော်တို့ မဲ့စလေ ရွာဘက်မှာ ဒီကေဘီအေစစ်သားတွေ ထိုင်းဘက်ကူးလာပြီး ထိုင်းဘက်ခြမ်းမှာ ရောက်နေတဲ့ ကရင်ရွာသား (၂) ယောက်ကို လာပြီး ပစ်သတ်သွားတယ်။ ဒါကြောင့်မို့ သူတို့ကို အခုလို အာဏာပိုင်တွေရဲ့ ကြည့်ရှု စောင့်ရှောက်မှုအောက်မှာ ထားမယ့်ကိစ္စဟာ အင်မတန်ကောင်းတဲ့ အစီစဉ်ပဲ” ဟု မဲ့စလေမှ ထိုင်းနိုင်ငံသား ၀န်ထမ်းတဦးက ပြောသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များသည် ယခုလ (၂) ရက်နေ့မှစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုကြောင့် ကရင်ရွာသား (၄,၀၀၀) ခန့် ထိုင်းဘက်သို့ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးလာကြသည်။

ယင်း စစ်ပြေးဒုက္ခသည်များကို ထိုင်းနိုင်ငံရှိ နောင်ဘိုး၊ အူးသူးထာ့၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ယာယီခိုလှုံခွင့် စခန်းများ ဖွင့်လှစ်စောင့်ရှောက်ထားသည်။


Comments (0)
မြောက်ကိုရီးယား သဘောင်္သတင်း ဖော်ပြခွင့်မပြု
Wednesday, 24 June 2009 18:00 အောင်သက်ဝိုင်း
မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောနှင့် ပတ်သက်ပြီး မြန်မာပြည်သူများ အကြား စိတ်ဝင်စားနေ သော်လည်း ယင်းသတင်းကို စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခွင့်မပြုကြောင်း သိရသည်။

၂၀၀၇ ခုနှစ်က ရန်ကုန်တွင် ဆိုက်ကပ်ထားသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘော (ဓာတ်ပုံ - AFP)
အပတ်စဉ်ထုတ် သတင်းဂျာနယ်များဖြစ်သည့် Weekly Eleven ၊ 7 days ၊ Yangon Time နှင့် The Voice အပါအ၀င် သတင်းဂျာနယ် အားလုံးနီးပါးတွင် အဆိုပါ မြောက်ကိုရီးယား သင်္ဘောနှင့် ပတ်သက်ပြီး ပြည်ပ အခြေစိုက် သတင်းဌာနများ၏ သတင်းများကို ဘာသာပြန် ဖော်ပြရန် ကြိုးစားကြသော်လည်း ဖော်ပြခွင့် မရခဲ့ကြကြောင်း သတင်းရရှိသည်။

“မြောက်ကိုရီးယားသင်္ဘော မြန်မာပြည်ကို ဦးတည်နေတယ်ဆိုတဲ့ သတင်းကို သတင်းဂျာနယ် အကုန်လုံးက ဖော်ပြနိုင်ဖို့ ကြိုးစားကြတယ်၊ ဒါပေမယ့် စာပေစိစစ်ရေးက လုံးဝ အဲဒီသတင်းကို ပယ်ချတယ်”ဟု သတင်းဂျာနယ် အမှုဆောင် အယ်ဒီတာတဦးက ရှင်းပြသည်။

ပြည်တွင်းသတင်း ဦးစားပေး သတင်းဂျာနယ်များအပြင် နိုင်ငံတကာရေးရာ များကိုသာ ရေးသားဖော်ပြသည့် သတင်းဂျာနယ် များတွင်လည်း မြောက်ကိုရီးယား သင်္ဘောသတင်းကို လုံးဝဖော်ပြခြင်းမပြုရန် တားမြစ်ထားသည်ဟု သိရှိရသည်။

“မြောက်ကိုရီးယား သင်္ဘောကိစ္စက သာမန်သတင်းမျိုး မဟုတ်ဘူး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တိုက်ရိုက် ကိုင်တွယ်နေတဲ့ သတင်းမျိုးဆိုတော့ ဖော်ပြမိရင် ဂျာနယ်ပိတ်၊ သတင်းသမားတွေကို တရားစွဲ ထောင်ချတာတွေတောင် ဖြစ်လာနိုင်တယ်၊ ပြည်တွင်း သတင်းမီဒီယာ ဆိုတာမျိုးက စာပေစိစစ်ရေး မျက်နှာကြည့်ပြီး လုပ်ရတာလေ၊ နိုင်ငံလုံခြုံရေးနဲ့ ပတ်သက်နေတဲ့ သတင်းကို ဖော်ပြရင် နောက်ဆက်တွဲ ဘာဖြစ်လာမယ် ဆိုတာ မပြောနိုင်ဘူး”ဟု ၀ါရင့်သတင်းထောက် တဦးက ပြောဆိုသည်။

ထိုသို့ ပြည်တွင်းသတင်း မီဒီယာများတွင် စစ်လက်နက်များ သယ်ဆောင်လာသည် ဆိုသော မြောက်ကိုရီးယား သင်္ဘောသတင်း ဖော်ပြခွင့် မရှိသော်လည်း ပြည်ပအခြေစိုက် မြန်မာအသံလွှင့် ဌာနများက ထိပ်တန်းဦးစားပေး သတင်းအဖြစ် ထုတ်လွှင့်နေသည့် အတွက် မြန်မာပြည်သူများ သိရှိနေပြီး စိတ်ဝင်စားမှု မြင့်တက်နေသည်ဟုလည်း သိရှိရသည်။

“ဘီဘီစီ၊ ဗီအိုအေနဲ့ အခြား အသံလွှင့်ဌာနတွေ အားလုံးမှာ ဒီသတင်းက ဦးစားပေးသတင်း ဖြစ်နေတယ်၊ လူတွေကလည်း အရမ်းစိတ်ဝင်စားတယ်၊ ပိုစိတ်ဝင်စားတာက အမေရိကန် စစ်သင်္ဘောက နောက်ယောင်ခံ လိုက်နေတယ် ဆိုတာကိုပဲ”ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး ဖြစ်စဉ်များသည် ပြည်တွင်းရေး သက်သက်သာသာ ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး မထိခိုက်ဟု ပြောဆိုခဲ့သော မြန်မာစစ်အစိုးရသည် မြောက်ကိုရီး ယားနှင့်ပူပေါင်းပြီး ကမ္ဘာ့လူသားထု တရပ်လုံးကို သေကြေစေနိုင်သော နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး ကြိုးစားလာသည့် အတွက် မြန်မာ့ပြဿနာသည် ကမ္ဘာ့ပြဿနာ ဖြစ်လာသည်ဟု ဆိုနိုင်ကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးတဦးက သုံးသပ်သည်။

“မြန်မာ့နိုင်ငံရေးက ပြည်တွင်းရေး မဟုတ်ဘူးဆိုတာ တရုတ်တို့၊ ရုရှတို့ သိဖို့ကောင်းတယ်၊ စစ်အာဏာရှင် အာဏာရနေသမျှ ကာလပတ်လုံး ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်ဆိုတာ သူတို့သိဖို့ ကောင်းတယ်”ဟု ထိုသတင်းစာ ဆရာကြီးက ပြောသည်။

ယခုလာနေသော မြောက်ကိုရီးယား သင်္ဘောသည် ယခင်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ဖူးပြီး ၂၀၀၇ ခုနှစ် အတွင်း လာရောက်ခဲ့စဉ်က ကာကွယ်ရေး ၀န်ကြီးဌာနက အကောက်ခွန် ဦးစီးဌာနသို့ ၁၅ ရက်ခန့်ကြိုတင် အထူးညွှန်ကြားချက် ထုတ်ကာ အကြောင်းကြားခဲ့ပြီး ညွှန်ကြားရေးမှူး အဆင့်ရှိ အကောက်ခွန် အရာရှိကြီးများ ကိုယ်တိုင် သီလ၀ါဆိပ်ကမ်းတွင် လုံခြုံရေးယူပေးခဲ့ရကြောင်း ရန်ကုန်မြို့ အကောက်ခွန် ဦးစီးဌာနရုံးချူပ်မှ ၀န်ထမ်းတဦးက ပြောသည်။

“အရင် မြောက်ကိုရီးယား သင်္ဘောလာတုန်းက ၁၅ ရက်လောက် ကြိုတင်ပြီး အရေးကြီး သင်္ဘောဝင်မယ်၊ အဲဒီအတွက် ဆိပ်ကမ်းရှင်းလင်း လုံခြုံရေးယူဖို့ အကြောင်းကြားတယ်၊ ဒါပေမယ့် ကြိုတင်အကြောင်းတဲ့ အထဲမှာ
မြောက်ကိုရီးယား သင်္ဘောဆိုတာကို လုံးဝမပြောဘူး၊ သင်္ဘောရောက်လာမှ မြောက်ကိုရီးယား သင်္ဘောမှန်း သိရတာ”ဟု ထိုဝန်ထမ်းက ရှင်းပြသည်။

ယခုအကြိမ်တွင်လည်း သင်္ဘောလာရောက်မည် ဆိုသော ညွှန်ကြားချက်များ ရှိနိုင်သော်လည်း ဒုတိယ ညွှန်ကြားရေးမှူး အဆင့်နှင့် အထက်အရာရှိကြီးများသာ ထိုညွှန်ကြားချက်ကို သိရှိနိုင်ကြောင်း အထက်ပါ ၀န်ထမ်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ မြောက်ကိုရီးယား သတင်းသာမက အီရန်နိုင်ငံတွင် ရွေးကောက်ပွဲ မသမာမှုကြောင့် လူထုဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး အကြမ်းဖက် နှိမ်နင်းနေသည် ဆိုသော သတင်းများကိုလည်း သတင်းဂျာနယ်များတွင် ထည့်သွင်းခြင်း မပြုရန် နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ပြီး စာပေစိစစ်ရေး ညွှန်မှူး ဗိုလ်မှူး တင့်ဆွေကို အကြောင်းကြား ထားကြောင်း၊ မလိုက်နာသော သတင်းဂျာနယ်များကို အရေးယူရန် ရှိကြောင်း စာပေစိစစ်ရေးရုံးမှ သိရှိရသည်။

“မြောက်ကိုရီးယား သတင်းနဲ့ အီရန် သတင်းတွေကို ညွှန်မှူး မှတ်ချက်နဲ့ ဖြုတ်ခိုင်းတယ်၊ ဂျာနယ် အားလုံးမှာ ဖြုတ်တာ”ဟု သတင်း ဂျာနယ်တခုမှ စာပေစိစစ်ရေး ပုံမှန်သွားရောက်နေသူ အယ်ဒီတာဦးက ဆိုသည်။

ထိုင်းနယ်စပ်ရှိ ကရင်ရွာသား ၂ ဦး ပစ်သတ်ခံရ
Wednesday, 24 June 2009 17:57 သန်းထိုက်ဦး
DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ဝင်များဟု ယူဆရသူ တချို့က ယမန်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံအတွင်းရှိ အိမ်တအိမ်သို့ ဝင်ရောက်ပြီး ပစ်ခတ်မှုကြောင့် ကရင် ရွာသား၂ ဦး သေဆုံးသွားကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်တဦးက ပြောသည်။

KNU နှင့် ဆက်သွယ်သည်ဟု သံသယ ရှိသောကြောင့် ထိုသို့ ပစ်ခတ်သွားခြင်း ဖြစ်နိုင်ကြောင်း KNU တွဲဖက် အတွင်းရေးမှူး (၁) ဖဒို စောလှငွေက ဧရာဝတီသို့ ပြောသည်။

“DKBA က လာရှင်းတယ် ဆိုကတည်းက KNU နဲ့ ဆက်သွယ်တယ်၊ သူတို့ကို တိုက်မယ့်သူတွေလို့ စွပ်စွဲပြီးတော့ လုပ်တဲ့ ကိစ္စမျိုးပဲ ရှိတယ်”ဟု ဖဒို စောလှငွေက ပြောသည်။

DKBA တပ်ဖွဲ့ဝင်ဟု ယူဆရသူများသည် ဆိုင်ကယ် စီး၍ ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဘားအံမြို့နယ်ရှိ DKBA ရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြောခွင့်ရ ပုဂ္ဂိုလ် မရှိသေးဟုသာ အကြောင်း ပြန်ကြားခဲ့သည်။

သေဆုံးသွားသည့် ကရင်အမျိုးသားများသည် အသက် ၃၆ နှစ် အရွယ် ဖားမော်ကလိုး နှင့် အသက် ၂၈ နှစ် အရွယ် အဲခလိန်း တို့ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ့သလေမြို့နယ် အတွင်းရှိ သောင်းရင်းမြစ် ကမ်းနားတွင် နေထိုင်ခဲ့ကြကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက အခင်း ဖြစ်ပွားခဲ့သည့် နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း ကရင်တိုင်းရင်းသားများနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြသည့် ကရင်သတင်းစဉ် (KIC) မှ တာဝန်ရှိသူတဦးက ပြောသည်။

ထိုဒေသရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များတွင် မကြာသေးမီက မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် ကရင် ဒုက္ခသည် ၄ဝဝဝ ဝန်းကျင်လည်း ခိုလှုံနေကြသည်။ အဆိုပါ ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ဖြစ်ပြီး ယခုလဆန်းပိုင်းက ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

နယ်စပ်ဒေသတွင် တိုက်ပွဲငယ်များ အဆက်မပြတ် ဖြစ်ပွားနေသော်လည်း ယခု လဆန်းပိုင်းမှ စတင်ပြီး မြန်မာ့တပ်မတော် နှင့် DKBA တို့ ပူးပေါင်းပြီး KNU ၏ တပ်စခန်းများကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ကြသည်။

ကရင် အချင်းချင်း သတ်ဖြတ်လိုခြင်း မရှိသဖြင့် KNU က စစ်စခန်းများကို စွန့်လွှတ်မည်ဟူသော သတင်းများ ထွက်ပေါ်လာပြီး မကြာမီမှာပင် KNUက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အနီးမှ သူ၏ စခန်းများကို လက်လွှတ်လိုက်ရသည်။

ဇွန်လ ၂၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ပူးပေါင်းတပ်ဖွဲ့များက KNU ၏ အဓိက တပ်စခန်း ဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။

KNU သည် မြန်မာအစိုးရကို နှစ်ပေါင်း ၆ဝ ကျော် လက်နက်ကိုင် ဆန့်ကျင်နေသော တိုင်းရင်းသား အဖွဲ့တဖွဲ့ ဖြစ်သည်။

DKBA သည် ၁၉၉၅ တွင် KNU မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် ပူးပေါင်းခဲ့သော အဖွဲ့ဖြစ်သည်။

ရင်ဖွင့်လိုသူများ ဘောလုံးပွဲသို့သွား
Wednesday, 24 June 2009 19:27 ဧရာဝတီ
ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသော ဘောလုံးပွဲများသည် ပွဲကြည့် ပရိသတ်များအတွက် နိုင်ငံရေး၊ စီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး မကျေနပ်ချက်များကို အော်ဟစ် ရင်ဖွင့် သည့်နေရာ ဖြစ်လာသည်။

(ဓာတ်ပုံ - MNL)
ဘောလုံးပွဲ ကျင်းပနေစဉ်အတွင်း လွတ်လွတ်လပ်လပ် အားပေးခြင်း၊ ပြစ်တင်ခြင်းများ ပြုလုပ်စဉ် မကျေနပ်ချက်များကို အော်ဟစ် ရင်ဖွင့်ကြခြင်း ဖြစ်သည်။

အဓိကအားဖြင့် ဘောလုံးအသင်းပိုင်ရှင်၏ နောက်ခံ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး အော်ဟစ်ကြသည်ဟု ဆိုသည်။

“ရန်ကုန် ယူနိုက်တက် အသင်းဘက်က ကန်တာ ညံ့သွားရင် ဝိုင်းဆဲကြတယ်၊ ဒီအသင်းက ဦးတေဇရဲ့ အသင်း ဆိုတော့ Air Bagan လေယာဉ် မစီးနဲ့တို့ ဘာတို့ အော်ကြတယ်၊ အသင်းတောင် အသုံးမကျတာ လေယာဉ်လည်း အသုံးကျမှာ မဟုတ်ဘူး စသဖြင့် အော်ကြတယ်” ဟု ဘောလုံးပွဲသို့ သွားလေ့ရှိသူ ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ဦးတေဇသည် စစ်အစိုးရခေါင်းဆောင်များနှင့် နီးစပ်သူဖြစ်သောကြောင့် ပရိသတ်တချို့က ထိုသို့ အော်ဟစ် ပြစ်တင်ကြခြင်းဖြစ်သည်ဟု သိရသည်။

“Alpine ရေသန့် ကုမ္ပဏီရဲ့ ရတနာပုံ FC အသင်းဆိုရင်လည်း ပြောစရာက ရှိနေတယ်။ အသင်းက ကစားတဲ့ နေရာမှာ နည်းနည်းလေး ခြေပျက်သွားရင်၊ မကောင်းဘူးဆိုရင် Alpine ရေသန့် ဝယ် မသောက်နဲ့၊ ရေ ရောင်းစားတဲ့သူတွေ ဆိုပြီး အော်ကြတယ်” ဟု အဆိုပါ ရန်ကုန်မြို့ခံက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ် Grand Royal 2009 ဖလားအတွက် ဘောလုံးအသင်းများက အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိပြီး ပရိသတ်များကလည်း အားရပါးရ အော်ဟစ် အားပေးနေကြကြောင်း သိရသည်။

ပြိုင်ပွဲများကို ပြီးခဲ့သည့်လက စတင်ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးတင် စစ်ဆေးသည့် အချိန်နှင့် တိုက်ဆိုင်နေရာ ပရိသတ်တချို့က ထိုတရားစွဲဆိုမှုနှင့် ပတ်သက်ပြီး အော်ဟစ် ပြောဆိုခဲ့ကြသည် ဟု ဆိုသည်။ မစ္စတာ ယက်ထော ဆိုသူ အမေရိကန်တဦး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ကျူးကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ထိုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“အသင်းတွေမှာ နိုင်ငံခြားသား ဘောလုံးသမားတွေ ငှားထားတာ ရှိတယ်။ ဒီကောင်တွေ ဘောလုံး သယ်လာပြီ ဆိုရင် ပရိသတ်က ယက်ထော၊ ယက်ထော ဆိုပြီး အော်ကြတယ်” ဟု ဘောလုံးပွဲသို့ ရောက်ခဲ့သူ ပရိသတ်တဦးက ပြောသည်။

“နိုင်ငံရေးနဲ့ ပတ်သက်ပြီး တခုခု မကျေနပ်တာ ရှိရင်လည်း ဘောလုံးကွင်းထဲမှာ ဆဲကြတယ်၊ ဘယ် ကာလ
ဘာဖြစ်နေလဲ၊ တယောက်က ဖြစ်နေတဲ့ အခြေအနေ အကြောင်း တိုင်ပေးရင် ကျန်တဲ့လူတွေက ဝိုင်းအော်ကြတယ်” ဟု သူက ဆိုသည်။

“ဘာပဲ ပြောပြော ၂ နာရီလောက် သွားထိုင်ပြီး အော်လိုက် ရရင် စိတ်ပေါ့ပါးသွားတာပေါ့။ ဒီလိုမျိုး လုပ်နိုင်တဲ့ နေရာက မြန်မာပြည်မှာက ဘောလုံးပွဲမှာပဲ ရှိတယ်” ဟု သူက ရှင်းပြသည်။

ပရိသတ်သည် အရှုံးအနိုင်ကို ကြည့်လိုသည့်အပြင် စိတ်အပန်းဖြေလိုသောကြောင့် ဘောလုံးပွဲသို့ သွားရခြင်း ဖြစ်ကြောင်း ဘောလုံးအားကစား ဆောင်းပါးရှင် ခင်မောင်ထွေး (ပျဉ်းမနား)က ဇွန် ၂၅ ရက်နေ့ထုတ် First Eleven အားကစား ဂျာနယ်တွင် ရေးသားထားသည်။

“ဘောလုံးကွင်းထဲရောက်မှ စိတ်လွတ် ကိုယ်လွတ် ဖွင့်ထုတ်ကြတာတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ရင်ထဲမှာ တစ်ဆို့ဆို့ကြီး ရှိနေတာတွေဟာ ဖွင့်ထုတ်လိုက်မှ ရင်ပေါ့သွားတဲ့ သဘောမျိုးပေါ့”ဟု ခင်မောင်ထွေး (ပျဉ်းမနား)က ဆိုသည်။

စိတ်လွတ် ကိုယ်လွတ် အော်ဟစ် အားပေးသည့် ဘောလုံးပွဲများကို ပုံမှန် သွားရောက် ကြည့်ရှုသူများထဲတွင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်လည်း ပါဝင်သည်။

ဘောလုံးပွဲကို အလွန်အမင်း ကြိုက်နှစ်သက်သူ ဖိုးလပြည့်သည် ပွဲစဉ်တိုင်းတွင် အထူးတန်း သီးသန့်နေရာမှ ကြည့်ရှုလေ့ ရှိကြောင်း သိရသည်။

ယခု ယှဉ်ပြိုင်နေသည့် ကြေးစား ဘောလုံးအသင်းများ ပေါ်ပေါက်လာခြင်းမှာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအမံများ ဖြစ်ပြီး သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်း အကောင် အထည် ဖော်ကြခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ဘောလုံးအသင်း ၈ သင်းမှာ ရန်ကုန်ယူနိုက်တက် (ထူးကုမ္ပဏီ)၊ ရတနာပုံ (Alpine ကုမ္ပဏီ) FC ၊ ကမ္ဘောဇ (ကမ္ဘောဇဘဏ်ကုမ္ပဏီ)၊ မကွေး ( အေးရှားဝေါလ်ကုမ္ပဏီ)၊ Southern Myanmar ယူနိုက်တက် (ယုဇန ကုမ္ပဏီ)၊ ဥဿာယူနိုက်တက် (IBTC ကုမ္ပဏီ)၊ Delta United (ဧဒင်ကုမ္ပဏီ)၊ ဇေယျာရွှေမြေ (ရွှေနဂါးမင်းကုမ္ပဏီ) တို့ ဖြစ်သည်။

ကြံ့ဖွံ့က လယ်သမားတွေကို ငွေချေးနေ
Wednesday, 24 June 2009 17:55 ဧရာဝတီ
စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က ၂၀၁၀ ရွေးကောက်ပွဲ အကြိုစည်းရုံးရေး ရည်ရွယ်ချက်ဖြင့် နိုင်ငံတဝန်း ကျေးလက်ဒေသရှိ လယ်သမားများအား အသေး စားချေးငွေများ ထုတ်ပေးနေကြောင်း သိရသည်။

အဆိုပါ အသေးစားချေးငွေကို ရန်ကုန်တိုင်းအတွင်းရှိ လယ်သမားများအတွက် ပိုမို ထုတ်ပေးရန် စီစဉ်နေကြောင်း ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူများက ပြောဆိုသည်။

“ရန်ကုန် အရှေ့ပိုင်းခရိုင်အတွင်းက လယ်သမားတွေကို တဧက ကျပ် ၅၀၀၀၀ နှုန်းနဲ့ ထုတ်ချေးမယ်တဲ့၊ အခုနှစ် စပါးစိုက် ရာသီ မုတ်သုန်ရာသီမှာ စချေးပေးမယ်လို့ သိရတယ်”ဟု ကြံ့ဖွံ့ အသင်းနှင့် နီးစပ်သူ တဦးက ပြော သည်။

ယခုကဲ့သို့ ချေးငွေများထုတ်ပေးခြင်းသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရ ကျောထောက်နောက်ခံပြု သည့် နိုင်ငံရေးပါတီများအား ထောက်ခံအားပေးရန် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ကြံ့ဖွံ့အနေနှင့် ယင်းသို့ ချေးငွေများ ထုတ်ပေးနေခြင်းမှာ ယခုမှမဟုတ်ဘဲ တခြားသောနယ်များတွင် ထုတ်ပေး နေသည်မှာ အနည်းဆုံး ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

“ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်က လယ်သမားတွေကို ၂ နှစ် အတွက် ချေးငွေပေးတယ်၊ ပထမ နှစ်အတွက် တဧက ကျပ် ၅၀၀၀၀ ဆိုပေမယ့် ဒုတိယ နှစ်အတွက်ကို ပိုထုတ်ပေးတယ်”ဟု ဒေသခံ ကြံ့ဖွံ့ အဖွဲ့ဝင်တဦး က ပြောသည်။

ယင်းကြံ့ဖွံ့ အဖွဲ့ဝင်များသည် သံဃာတော်များ ဦးဆောင်သော ၂၀၀၇ ခုနှစ် အရေးအခင်းကို အကြမ်းဖက် နှိမ်နင်းရာတွင် ပါဝင်ခဲ့ပြီး ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီရေး လှုပ်ရှားသူ များ၏ မော်တော်ယာဉ်တန်းကို အကြမ်းဖက်ရိုက်နှက်ရာတွင်လည်း ပါဝင်ခဲ့သည့်အတွက် နာမည်ဆိုးထွက်ထား သောကြောင့် အများပြည်သူနှင့် ဆက်ဆံရေး ပိုမိုအဆင်ပြေစေရန် ယခုကဲ့သို့ အသေးစားချေးငွေ စီမံကိန်းကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စစ်အစိုးရက ကြံ့ဖွံ့အဖွဲ့ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျေးလက် လူမှုဘဝ ဖွံ့ဖြိုးရေးစီမံကိန်းများ ဖြစ်သော လမ်းတံတား ဆောက်လုပ်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်း၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အသုံး အဆောင်များ ပေးအပ်ကူညီခြင်း၊ နာဂစ်ဆိုင်ကလုန်း ဖြစ်ပြီးနောက် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ အကူအညီ ပေးရေး လုပ်ငန်းများ အပြင် ယခုကဲ့သို့သော အသေးစားချေးငွေစီမံကိန်းများကို ဖော်ဆောင်ရန်ခွင့်ပေးထား ခြင်း ဖြစ်သည်ဟုလည်း နီးစပ်သူများကဆိုသည်။

ကြံ့ဖွံ့အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သော စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းသည် ပြီးခဲ့သည့် အပတ်အတွင်းက စစ်ကိုင်းတိုင်း ဆောမြို့နယ်မှ ဒေသခံ လူဦးရေ ၂၃၀၀၀ ကျော်ကို သွားရောက် တွေ့ဆုံကြောင်း တနလာင်္နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယခုလဆန်းကလည်း ကြံ့ဖွံ့ အသင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးသည် မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအီးလ်၏ အလုပ်သမား ပါတီ ခေါင်းဆောင် သက်တမ်း ၄၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ကျင်းပသော ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခဲ့သေးသည်။

ကြံ့ဖွံ့အဖွဲ့သည် အစိုးရတရားဝင် နိုင်ငံရေး ပါတီ တခု မဟုတ်သော်လည်း နိုင်ငံတကာ မှ လာရောက်သော အစိုးရ ဧည့်သည်များက တွေ့ဆုံရသည့် အဖွဲ့တဖွဲ့လည်းဖြစ်သည်။

ယင်းသို့ ကြံ့ဖွံ့အဖွဲ့ဝင်များက နိုင်ငံတဝန်းတွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားမှုများပြုလုပ်နေ သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် သတ်မှတ်ခြင်းမရှိသေးချေ။

ဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် စတင်

24 June 2009



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားရောက်တဲ့အကြောင်း ကုလသမဂ္ဂက အတည်ပြုပြောဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရဘက်က တရားစွဲဆိုနေတဲ့အချိန်မှာ မစ္စတာ ဂမ်ဘာရီ သွားရောက်တာဖြစ်ပါတယ်။ ကြိုတင် ကြေညာထားခြင်း မရှိဘဲ သွားရောက်တဲ့ ခရီးစဉ်ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် သွားရောက်မယ့် ခရီးစဉ်တခု ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားနေပြီဆိုတာကို ကုလသမဂ္ဂက ဒီနေ့ အတည်ပြု ပြောပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကြိုတင် မကြေညာခဲ့တာကို ကြည့်ရင် ကုလသမဂ္ဂဘက်က စစ်အစိုးရနဲ့ စေ့စပ်ညှိ့နိုင်းပြီး ခရီးစဉ်မစခင် အထူး သိမ်သိမ်မွေ့မွေ့ နဲ့ ကိုင်တွယ်နေရပုံရပါတယ်။ အထူးသဖြင့် မစ္စတာ ဂမ်ဘာရီ အနေနဲ ခရီးစဉ်အတွင်းမှာ စစ်အစိုးရဘက်က နိုင်ငံရေးအရ အသုံးချခံရတာမျိုးမဖြစ်အောင်၊ ရလဒ် တစုံတရာထွက်ပြီး ခရီးစဉ်က အပြန် မျက်နှာပန်းလှအောင် ကြိုးပမ်းနေရတယ်လို့ မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရိုက်တာသတင်း တပုဒ်မှာတော့ အနောက်တိုင်း သံတမန်တချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာစစ်အစိုးရက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လာမယ့် ဂျုလိုင်လအတွင်း မြန်မာနိုင်ငံလာဘို့ ဖိတ်ကြားထားတယ်လို့ ဖေါ်ပြပါတယ်။ အတွင်းရေးမှူးချုပ်ဘက်က ဒီဖိတ်ကြားချက်ကို လက်ခံမယ် လက်မခံဘူးဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို စစ်အစိုးရဘက် ၀ါဒဖြန့်ဘို့ အသုံးချတာမျိုးဖြစ်သွားမှာ ကုလသမဂ္ဂက စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောတဲ့အကြောင်း ကိုးကားရေးသားထားပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ ကုလသမဂ္ဂဟာ စစ်အစိုးရကို ထိထိရောက်ရောက် နားချနိုင်တဲ့ အခြေအနေမျိုးမှာ မရှိဘဲ၊ စစ်အစိုးရကို အပျော့ဆွဲ ဆွဲနေရတဲ့ အခြေအနေမျိုးမှာသာ ရှိနေတယ်ဆိုပြီး မြန်မာဒီမိုကရေစီအင်အားစုတွေ အားမလိုအားမရ ဖြစ်နေကြပါတယ်။ ဒီလို အားမလို အားမရဖြစ်နေသူတွေထဲမှာ အန်အဲလ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်လည်း ပါပါတယ်။

"သူတို့ဟာစစ်အစိုးရကို လာများ ချော့ချင်နေလို့လား၊ ချော့ချင်နေတာလား၊ ဒါမှမဟုတ် စစ်အစိုးရကို လာပြီး မျက်နှာချိုသွေးချင်နေလို့လား၊ ဒီလို သဘောနဲ့များဖြစ်လို့ တိုးတိုးတိတ်တိတ် ကြိတ်ကြိတ် လုပ်နေတာလား၊ ဒီလို ကျနော် သံသယဖြစ်မိတယ်။ သို့သော် ဒါက ကျနော့ရဲ့ သံသယပေါ့ဗျာ၊ ထားပါတော့၊ ဒါတွေက သူတို့ ကိစ္စဆိုတော့ ကျနော်တို့ ဘာမှ သိပ်ပြီး ပြောစရာ မရှိပါဘူး၊ ဒါက ကျနော့ရဲ့ သံသယပါ။''

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ချဉ်းကပ်တဲ့နေရာမှာ စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်ပဲ တွန်းအားပေးတဲ့ အဆင့်မှာရောက်နေပြီး ဒါဟာ ဒုတိယ အဆင့်ဖြစ်တယ်လို့ ဦးဝင်းတင်က မြင်ပါတယ်။

ဒီမိုကရေစီရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာက စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေဖြစ်ပြီး ဒီ အခြေခံ ဥပဒေပါ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ဘို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်အစိုးကို တွန်းအားပေးဘို့ လိုတယ်လို့ မြင်ပါတယ်။

''နိုင်ငံတကာက အဲဒီ ကိစ္စလေးကို ကျန်ကျန်နေတယ်။ နိုင်ငံတကာက အနောက်နိုင်ငံတွေက ဒီ အစိုးရကို တောင်းဆိုတဲ့အခါမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုပြီး တောင်းဆိုပါ။ ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စတို့ ဘာတို့ ဆိုတာက ဒုတိယ ကိစ္စဖြစ်ပါတယ်။ ဒီ အခြေခံ ဥပဒေက ရွေးကောက်ပွဲနဲ့ ပြည်သူတွေ ကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပြည်သူတွေ ကြားထဲမှာ ကန့်လန့်ကြီး ခံနေပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုပေးပါ၊ ကျနော်က ဒါကို ပြောချင်ပါတယ်။''

ဦးဝင်းတင် ပြောဆိုနေတာပါ။ မစ္စတာ ဂမ်ဘာရီ ဟာ အခုတခေါက် မြန်မာပြည် ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့် ရမရ မသေချာ သေးပါဘူး။ အင်းစိန်အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံခွင့် တောင်းမှာ သေခြာပါတယ်။

မစ္စတာ ဂမ်ဘာရီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်းပဲဖြစ်ဖြစ်၊ အစိုးရ ဧည့်ဂေဟာ မှာပဲဖြစ်ဖြစ်၊ အင်းစိန်ထောင်မှာဘဲ တွေ့တွေ့ စစ်အစိုးရ ချုပ်နှောင်တာကို ခံနေရဆဲအခြေအနေမှာ တွေ့နေရတာကိုက ကုလသမဂ္ဂရဲ့ မြန်မာ့အရေးကြားဝင်ဆောင်ရွက်မှုတွေ အရာမထင်သေးဘူးဆိုတာ ပြနေတယ်ဆိုပြီး မြန်မာ့အရေး လေ့လာသူတွေ ပြောဆိုနေကြတာပါ။

ပြည်ပ သတင်းဌာနတွေ ဆက်သွယ်တဲ့ ဦးဝင်းတင် သက်သေမဖြစ်သင့် စစ်အစိုးရရှေ့နေ တင်ပြ

24 June 2009

ဒီနေ့ မနက် ၁၀ နာရီ တရားရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်ကရော ဒေါ်အောင်ဆန်းစုကြည် ဘက်ကပါ လျှောက်လဲချက်တွေ ပေးခဲ့ပါတယ်။

အန်အလ်ဒီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက် ခွင့်ပေးဖို့ အဓိက တင်ပြခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားရုံး ရှေ့နေလည်းဖြစ် အန်လ်ဒီ ပြန်ကြားရေး အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ စစ်အစိုးရ ဘက် က တင်ပြချက်ထဲမှာ ဦးတင်ဦးဟာ ၁၀ (ခ)နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့အတွက် တရားရုံးရှေ့မှာ သက်သေ မထွက်ဆိုသင့်ဘူးလို့ တင်ပြပါတယ်။

ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ကို ခေါ်ပြီး တရားစွဲခဲ့တဲ့အချိန်ကလည်း ၁၀ (ခ)၊ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ အချိန်မှာ ခေါ်လာခဲ့တာဖြစ်တဲ့အတွက် ဦးတင်ဦးကို လက်မခံသင့် ဘူးဆိုတာ မဖြစ်သင့်ဘူးလို့ ခြေပပါတယ်။

နောက် အန်အလ်ဒီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ ပြည်ပ အသံလွှင့်ဌာနတွေနဲ့ နေ့စဉ်ဆိုသလို အင်တာဗျုးတွေ ပေးနေတဲ့၊ သူ့သဘောထားတွေ ထုတ်ပြောနေတဲ့သူ ဖြစ်တဲ့အတွက် ရုံးတော်ကို မလာရောက်သင့်ဘူးလို့ စစ်အစိုးရဘက်က တင်ပြပါတယ်။

ဦးဥာဏ်ဝင်းကတော့ စစ်အစိုးရနဲ့ သဘောကွဲလွဲသူတွေ သက်သေအဖြစ် ရုံးတော်မှာ ထွက်ဆိုခွင့် မရှိဘူးလို့ ဘယ်ဥပဒေမှာမှ ပြဌာန်းထားတာ မရှိဘူးလို့ ပြန်လည်ချေပပါတယ်။ ဦးဝင်းတင် ပြည်ပ အသံလွှင့်ဌာနတွေနဲ့ ဆက်သွယ် ပြောဆိုနေတာတွေဟာ ဦးဝင်းတင်ရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ဖြစ်တယ်လို့ ပြောပါတယ်။
ဦးဝင်းတင်ကတော့ ဒီလို သက်သေထွက်ခွင့် မရှိဘူးလို့ ပြောဆိုနေတာတွေဟာ သူ့အပေါ် ခြိမ်းခြောက် နေတာလို့ မြင်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“အစိုးရဘက်က ဘာ သဘောထားရှိနေသလဲဆိုရင်၊ ကျွန်တော့်ကို တရားစီရင်ရေးကို နှောက်ယှက်တယ်တို့၊ တရားစီရင်ရေးကို ပျက်ပြားစေတယ်ဆိုတာမျိုးတွေနဲ့ အရေးယူဖို့ ခြိမ်းချောက်တဲ့ သဘောထားရှိတယ် ဆိုတာ ကို ပြနေတယ်။ ကျွန်တော်ကတော့ သုံးသပ်မိတယ်။ ငါ့ကိုတော့ ခြိမ်းချောက်လာပြန်ပြီ။ အင်္ကျီကိစ္စလည်း ခင်ဗျားတို့ ကြားမှာပေါ့။ ထောင်က အင်္ကျီ ၀တ်လာလို့ ဆိုပြီး ဖမ်းမယ်ဆီးမယ် လုပ်နေတာလည်း ရှိတယ်ဗျ။ သူတို့ လုပ်ချင်တာ လုပ်ပါ။ ကျွန်တော်ရဲ့ ကောက်ချက်ကတော့ ကျွန်တော့်ကို တရားဥပဒေကြောင်းအရ အရေးယူဖို့ စိတ်ကူးတော့ ရှိနေပြန်ပြီ ဆိုတဲ့သဘောထားဟာ ဒီအမှုရဲ့ လျှောက်လဲချက်မှာ အစိုးရဘက်က လျှောက်လဲချက်ကို ထောက်ရင် ပေါ်လွင်နေတယ်ဆိုတာ တွေ့ရတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဘက်က အကျိုးဆောင် ရှေ့နေတွေက အခု ဗဟို တရားရုံးမှာ တင်သွင်းတဲ့ အဆင့်က နောက်ဆုံး အဆင့်ဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက် ချမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ လည်း ကြားနာဖို့ ကိစ္စကိုတောင် တရားရုံးက ရက်ချိန်း အမျိုးမျိုး ပေးပြီး အချိန်ဆွဲနေလို့ သုံးသပ်တာတွေ လည်း ရှိပါတယ်။ ဦးဝင်တင်ကတော့ အမှုနဲ့ ပတ်သက်လို့ အခုလို မြင်ပါတယ်။

“ကျွန်တော်တို့ဘက်က တင်နေတာက လူတွေကိစ္စအတွက် တင်သွင်းနေတာမဟုတ်ဘူး။ တရားဥပဒေက ချို့ယွင်းနေပါတယ်။ တရားခံပြသက်သေကို တရားရုံးက ပယ်ခွင့်ရှိပါတယ်။ မှန်ပါတယ်။ ပယ်ရင် စာနဲ့ ပေနဲ့ ရေးပြီး ပယ်ရမယ်ဆိုတဲ့ ပုဒ်မ ၂၅၇၊ ၁အရ ဒါကို လုပ်ဖို့ အောက်ရုံးက ပျက်ကွက်ပါတယ်။ အခု အထက်ရုံးက တင်တဲ့အခါကျတော့လည်း ဒါကိုပဲ ထောက်ပြပါတယ်။ အဲဒါကို သူတို့က အဲဒီအချက်ကို ကျွန်တော်တို့က လျှောက်လဲတဲ့ အခါ ဘာမှ အကြောင်းပြန်ခြင်း၊ ဖြေရှင်းခြင်း တစုံတရာ မပြုဘဲနဲ့၊ ကျွန်တော့်ကို ဗွီအိုအေတို့ ဘီဘီစီတို့မှာ အင်တာဗျူးတွေ လုပ်လို့ ကျွန်တော့်ကိုတောင် ဆက်ပြီး ခြိမ်းချောက်တာတွေ ပြနေတယ် ဆိုတာက တော်တော်လေး ဂွကျတဲ့အနေအထားပဲ။ ကျွန်တော်တော့ တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်ချက် ကလည်း မပြီးသေးတဲ့အတွက် ကျွန်တော်တော့ ဒီအပေါ်မှာ ဘာမှ ပြောချင်တာ မရှိပါဘူးဗျာ။”

အခု ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံထွက်ဆိုမယ့် သက်သေတွေ တင်ပြတဲ့ ကိစ္စကို တပတ်လောက် အတွင်းမှာ တရားရုံးက ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်တယ်လို့ အန်အယ်လ်ဒီဘက်က မျှော်လင့်ထားပါတယ်။

နိုင်ငံတကာ ဖိအားပေးမှု လက်မခံကြောင်း အီရန် ဘာသာရေးခေါင်းဆောင် ပြောဆို

24 June 2009

အငြင်းပွားစရာကောင်းတဲ့ သမ္မတ ရွေးကောက်ပွဲ အပြီး၊ ကန့်ကွက် ဆန္ဒပြပွဲတွေကို ရင်ဆိုင်နေရချိန်မှာ အီရန်နိုင်ငံ ဟာ ဖိအား အပေးခံနေရပေမဲ့၊ အလျှော့ပေးမှာ မဟုတ်ဘူးလို့ အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီ က ပြောပါတယ်။

ခရိုင် ၅၀ မှာ မဲပေးခဲ့တာ မမှန်မကန်ဖြစ်တာတွေ ကို တွေ့ရှိခဲ့ပေမဲ့၊ ရွေးကောက်ပွဲ ရလဒ်တွေကိုတော့ ပယ်ဖျက်ပေးမှာ မဟုတ်ဘူး လို့ အီရန် နိုင်ငံရဲ့ နိုင်ငံ့ ဥသျှောင်အဖွဲ့က ဆုံးဖြတ်လိုက်ပြီးတဲ့နောက် တစ်ရက် အကြာ၊ ဒီကနေ့ မှာ အယာတိုလာ ခါမေနီ က အဲသလို ပြောခဲ့တာပါ။ ဒီ ရလဒ်တွေ ရဲ့ တရားဝင်မှု က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်လို့ အမေရိကန် သမ္မတ ဘရက် အိုဘားမား က အင်္ဂါနေ့ က ပြောပါတယ်။ ဒီ ရလဒ်တွေအရ လက်ရှိသမ္မတ Mahmoud Ahmadinejad က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

အီရန် ပါလီမန် အဆောက်အဦးရှေ့မှာ ဒီကနေ့ နေ့လယ် လူတွေ စုရုံးကြဖို့ အင်တာနက် စာမျက်နှာတွေ အပေါ်မှာတော့ လှုံ့တော်နေကြပေမဲ့ ဒီ အစီအစဉ် ဖြစ်မဖြစ် အတည်ပြုလို့ မရသေးပါဘူ။။ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဆန္ဒပြတာတွေ ကို ချေမှုန်းပစ်မယ်လို့ တော်လှန်ရေး အစောင့်တပ်တွေက သတိပေးထားပါ တယ်။

ယခင် ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသမား အဖြစ် ရွေးကောက်ပွဲ ၀င်ခဲ့သူ Mir Hossein Mousavi ပိုင်ဆိုင်တဲ့ သတင်းစာတိုက်ကို ရဲ က ၀င်စီးခဲ့ပြီး ၀န်ထမ်း ၂၅ ယောက် ကို တနင်္လာနေ့ က ဖမ်းဆီးခဲ့ပါတယ်။

အီရန်ရွေးကောက်ပွဲ တရားဝင်မှု ရှိမရှိ သမ္မတ အိုဘားမား မေးခွန်းထုတ်

24 June 2009


အီရန်နိုင်ငံမှာ နိုင်ငံရေး ဆန္ဒပြသူတွေအပေါ် အီရန်အစိုးရ ရဲ့ တရားမမျှတတဲ့ ဆောက်ရွက်ချက်တွေ အတွက် အမေရိကန်သမ္မတ ဘရက် အိုဘားမား က ဝေဖန်ရှုတ်ချလိုက်သလို အီရန် သမ္မတ ရွေးကောက်ပွဲ တရားဝင်မှု ရှိမရှိ အကြီးအကျယ် မေးခွန်းထုတ်စရာ ရှိနေတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေအပေါ် အီရန်အစိုးရ ရဲ့ ဖမ်းဆီးမှု ရိုက်နှက်မှုတွေ နဲ့ပတ်သက်လို့ အမေရိကန် နဲ့ နိုင်ငံတကာ မိသားစု တခုလုံးက ထိတ်လန့် တုန်လှုပ်မိသလို ဒေါသထွက်ခဲ့ကြတယ်လို့ အင်္ဂါနေ့က အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား က ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ အီရန်အရေးမှာ ၀င်ရောက် စွက်ဖက်မှာ မဟုတ်ပေမယ့် အကြမ်းဖက်မှုတွေ အတွက်တော့ ရှုတ်ချတယ်လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

ဇွန်လ ၁၂ ရက်နေ့ ရွေးကောက်ပွဲမှာ နိုင်ငံတကာ က လေ့လာစောင့်ကြည့်သူတွေ မရှိခဲ့တာကြောင့် မဲရုံတွေမှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ဘယ်သူကမှ မသိနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် ပြည်သူတွေထဲက ရာခိုင်နှုန်း အတော်များများ ကတော့ ဒီရွေးကောက်ပွဲကို တရားဝင် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုကြတယ်လို့ မစ္စတာ အိုဘားမား က ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဝေဖန်ပြောဆိုမှုတွေ စွပ်စွဲချက်တွေ နဲ့ ပတ်သက်လို့ အီရန် ဥသျှောင် ကောင်စီ က စုံစမ်း စစ်ဆေးမှုတွေလုပ်ဖို့ နောက်ဆုံးရက်ကို နောက်ထပ် ၅ ရက် သတ်မှတ်ပေးဖို့ အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် Ayatollah Ali Khamenei က သဘောတူခဲ့တယ်လို့ အီရန်အစိုးရပိုင် သတင်းစာမှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

အီရန်ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်ပေးမည်မဟုတ်

23 June 2009


အီရန်သမ္မတ ရွေးကောက်ပွဲမှာ အကြီးအကျယ် မသမာမှုတွေ မရှိတာကြောင့်
ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးစရာအကြောင်း မရှိဘူးလို့ အီရန်နိုင်ငံ ဥသျှောင်
ကောင်စီက မနေ့က ပြောဆိုလိုက်ပါတယ်။

တိုင်ကြားချက်အများစုဟာ ရွေးကောက်ပွဲမတိုင်ခင်က အဖြစ်အပျက်တွေဖြစ်ပြီး
ရွေးကောက်ပွဲအတွင်းနဲ့ ရွေးကောက်ပွဲအပြီး တိုင်ကြားချက်တွေ မဟုတ်ဘူးလို့
ဥသျှောင်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။

ဇွန်လ ၁၂ ရက်နေ့ပေးခဲ့တဲ့ မဲစာရင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်မယ်လို့ ပြောပါတယ်။ အီရန်နိုင်ငံရဲ့ မြို့ကြီး ၅၀ မှာ မဲအရေအတွက်၃,၀၀၀,၀၀၀ ကျော် ရရှိခဲ့ပေမဲ့ တကယ် တရားဝင် မဲပေးခွင့်ရှိသူဦးရေထက် ပိုနေတာ တွေ့ရတယ် လို့ မဲဆန္ဒရှင်တွေက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားက ခိုင်ခိုင်မာမာရပ်တည်တာ
မရှိဘူးလို့ ဝေဖန်ခံနေရတာကြောင့် အိမ်ဖြူတော် တာဝန်ရှိပုဂ္ဂိုလ်တွေက ခုခံကာကွယ်
ပြောဆိုနေကြပါတယ်။

အီရန်မှာ သွေးထွက်သံယိုဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ သမ္မတ
အိုဘားမားက တိုက်တွန်းခဲ့ပေမဲ့ အီရန်နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို အီရန်ပြည်သူ
တွေကသာ အဆုံးအဖြတ် ပေးရပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) ကတော့
သမ္မတရဲ့ ဒီတုံ့ပြန်ချက်ဟာ အမေရိကန်ပြည်ထောင်စု ထူထောင်ခဲ့တဲ့ အခြေခံမူတွေ
အပေါ် သစ္စာမဲ့ရာကျတယ်လို့ ဝေဖန်လိုက်ပါတယ်။


မြန်မာစစ်တပ် ကလေးစစ်သားတွေ စုဆောင်းနေဆဲ

23 June 2009


အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်တပ်ထဲ စုဆောင်းမှုတွေ ရှိနေတယ်
ဆိုပြီး ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောဆိုနေတဲ့
ကြားကပဲ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းနေတာ
တွေ ရှိနေတုန်းပဲဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေဆဲပါ။ အခုဆိုရင်လည်း
ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက ကလေးငယ်တဦး အပါအ၀င် တခြားကလေးငယ်
တွေ စစ်သားအဖြစ် စုဆောင်းတာ ခံခဲ့ရလို့ မိဘတွေက တိုင်တန်းမှုတွေ လုပ်ခဲ့ပါတယ်။
ဒီအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက အရွယ်မရောက်သေးသူ ကလေးတဦး အပါအ၀င်
အနည်းဆုံး ကလေးငယ် ၂ ဦးကို တပ်သားသစ်အဖြစ် စုဆောင်းခေါ်ဆောင်သွားတာ
ခံခဲ့ရလို့ မိဘတွေက အပူတပြင်း လိုက်လံစုံစမ်းတာတွေ၊ အာဏာပိုင်တွေကို တိုင်တန်း
တာတွေ လုပ်နေကြတာပါ။ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ ကလေးငယ်တဦးကို မကြာ
သေးခင် ရက်ပိုင်းကပဲ ဒီလိုစုဆောင်းတာ ခံခဲ့ရလို့ ပူပန်နေတဲ့ မိဘတွေက တွံတေးမြို့
က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ကို လာပြီး အကူအညီ တောင်းခံ
တာလို့ တွံတေးမြို့နယ် အန်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ရှေ့နေတဦးလည်းဖြစ်တဲ့
ဦးကျင်တိုးက ပြောပါတယ်။

“၁၁-၆-၂၀၀၉ နေ့က ဒေါ်ကြူကြူမာနဲ့ သူ့ယောက်ျား ဦးမြသန်းဆိုတာ ရောက်လာတယ်။ သူတို့က မရမ်းတပင် ပန်းပင်စမ်းကျေးရွာ၊ တွံတေးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာမှာ နေပါတယ်တဲ့။ သူ့သား ဇင်မင်းအောင်ဆိုတဲ့ အသက်မပြည့်သေးတဲ့ ၁၄ နှစ်သားရှိတဲ့ ကလေးတဦးကို ၁၃-၅-၂၀၀၉ ညနေ ၅ နာရီမှာ သားက အပြင်သွားဦးမယ်ဆိုပြီး
ထွက်သွားတဲ့အခါမှာ လုံးဝပြန်မလာတော့ဘူးတဲ့။ ၄-၆-၂၀၀၉ နေ့ကြတော့မှ တွံတေးမြို့မှာရှိတဲ့ တပ်ရင်း ၇၀ က တပ်ကြပ်ကြီးဝင်းမြင့်က ဇင်မင်းအောင်နဲ့ တခြားကလေးတဦး အပါအ၀င် ကလေး ၂ ဦးကို မော်တော်ဆိုင်ကယ်နဲ့ တင်ပြီးတော့ တွံတေး မှန်လုံကားဂိတ်မှာ ခေါ်ဆောင်သွားတယ်ဆိုတာ မြင်တဲ့လူတွေက ပြောတဲ့အတွက် သတင်း
ရရှိတယ်တဲ့။

“ထပ်ပြီးတော့ စုံစမ်းတဲ့အခါ တပ်ကြပ်ကြီးဝင်းမြင့်က ဒညင်းကုန်း စစ်သားစုဆောင်း
ရေးတပ်ကို ခေါ်သွားကြောင်း သိရတယ်တဲ့။ ဒါကြောင့် ၅-၆-၂၀၀၉ နေ့မှာ လိုက်သွားခဲ့
တယ်တဲ့။ ဒညင်းကုန်း စစ်သားစုဆောင်းရေးဂိတ် ရောက်ပြီး စုံစမ်းကြည့်တဲ့အခါ
မောင်ဇင်မင်းအောင်နဲ့ မောင်ဇော်ဇော်တို့ဟာ ၁-၆-၂၀၀၉ မှာ ရောက်ရှိနေတယ်လို့
ဂိတ်အ၀င် ဧည့်စာရင်းမှာ တွေ့ရှိရတယ်တဲ့။ ကလေးတွေအကြောင်း မေးတဲ့အခါ အဲဒီ
ကလေး ၂ ယောက်စလုံးက အသက်လည်း မပြည့်ဘူး၊ ပေါင်ချိန်လည်း မပြည့်ဘူး၊
ဆေးလည်း မအောင်ဘူး ဖြစ်နေတယ်တဲ့။ ဒါကြောင့် အဲဒီကလေး ၂ ဦးကို ပြန်ထည့်
ပေးလိုက်တယ်လို့ ပြောတယ်တဲ့။”

ဒီလို ပြန်ပို့လိုက်တယ်ဆိုပေမယ့် အိမ်ကိုပြန်မရောက်လာတာမို့ ထပ်မံစုံစမ်းတဲ့အခါ
မကွေးတိုင်း စစ်သားစုဆောင်းရေးကို ထပ်ပြီး ပို့လိုက်တယ်လို့သာ ပြောလိုက်တယ်လို့
လည်း ဆိုပါတယ်။ ဒီအတွက် တွံတေးမြို့ခံ အာဏာပိုင်တွေကို တိုင်တန်းတဲ့အခါ
ဒီတပတ်ထဲ နောက်ဆုံးထား ပြန်ခေါ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ပြန်ရောက်မလာ
ခဲ့ဘူးလို့လည်း ဦးကျင်တိုးက ပြောပါတယ်။

“အဲဒီမိဘတွေက ကျနော်တို့ကို လာပြောပြီး တိုင်တယ်။ ၁၁-၆-၂၀၀၉ နေ့က ကျနော်
တို့ကို လာတိုင်တယ်။ စာနဲ့ပေနဲ့ သူတို့က လက်မှတ်ထိုးတယ်၊ လက်ဗွေနှိပ် တိုင်တယ်။
တိုင်တဲ့အခါ ကျနော်တို့က တွံတေးမြို့မှာရှိတဲ့ စရဖတာဝန်ခံကို ခေါ်တယ်။ ခေါ်ပြီး
ကျနော်တို့က ဒီလိုမျိုးရှိတယ်၊ တပ်ရင်း ၇၀ နဲ့ ဘယ်လိုမျိုး ညှိနှိုင်းကြမလဲဆိုတော့
ကျနော့်ကို အခွင့်ပေးပါ၊ ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးပါရစေဆိုပြီးတော့ ၂၃ ရက်
နေ့မှာ ရအောင်ပြန်ခေါ်ပေးပါ့မယ်ဆိုပြီး ကတိပေးတယ်လို့ စစ်ထောက်လှမ်းရေးက
ပြောတယ်။ ပြောတော့ ၂၃ ရက်၊ ဒီနေ့အထိ စောင့်တယ်ပေါ့ဗျာ။ ဒီနေ့အထိ လုံးဝ
ပေါ်မလာဘူး။”

စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတဲ့ ကလေးတွေ မိဘရပ်ထံ ပြန်ရောက်ရေး
အကူအညီပေးနေတဲ့ တွံတေးမြို့က ရှေ့နေ ဦးကျင်တိုး ပြောပြသွားတာ ဖြစ်ပါတယ်။

အခု စစ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်ဆိုတဲ့ ကလေးဟာ အရွယ်မရောက်သေးသူ
တဦးအဖြစ် သက်ဆိုင်ရာ ဆေးရုံတွေ၊ အာဏာပိုင်တွေကလည်း ထောက်ခံအတည်
ပြုချက်တွေ ရထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ အာဏာပိုင်တွေက ပြောထား
သလို သားဖြစ်သူ အချိန်တန်လို့ အိမ်ပြန်မရောက်သေးဘူး ဆိုရင်တော့ ဒီလို ကလေး
စစ်သားစုဆောင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ အိုင်အယ်လ်အို၊
ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (Unicef) လို အဖွဲ့အစည်းတွေကိုပါ
ဆက်ပြီး အကူအညီတောင်းသွားဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။


စစ်ပြေးဒုက္ခသည်နှစ်ဦးကို အမည်မသိသေနတ်သမားများက သတ်ဖြတ်ခဲ့
Wednesday, 24 June 2009 21:15 ရိုးမ ၃
ယခုလဆန်းပိုင်းမှစတင်ကာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်နှစ်ဦးကို အမည်မသိ သေနတ်သမားနှစ်ဦးက ထိုင်းနယ်မြေထဲတွင် ပစ်သတ်ခဲ့သည်။

ယမန်နေ့ည (၇) နာရီခန့်က ထိုင်းဘက်ကမ်းရှိ မယ်တန်မြို့နယ်၊ မယ်လစီနှင့် မယ်သဝေါကြားတွင် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

“ဖြစ်နိုင်ချေရှိတာက စီးပွားရေးနဲ့ နိုင်ငံရေးကြောင့်ပေါ့နော်၊ စီးပွားရေးကြောင့်ဆိုတာက ဒီလူတွေက မီးသွေးဖုတ်တယ်၊ ငါးဖမ်းစားတယ်၊ မနက်လုပ် ညစား၊ ထိုင်းထဲမှာ မနက်နေ ညပြန်လုပ်စားနေတဲ့သူတွေ၊ ဒီလူတွေကို စီးပွားရေးကြောင့် သတ်တာတော့မဖြစ်နိုင်ဘူး၊ တဖက်ကမ်းမှာက တိုက်ပွဲတွေ ဖြစ်နေတော့ သူတို့က သွားလိုက်ပြန်လိုက်ဆိုတော့ မသင်္ကာတာနဲ့ လာရှင်းတာဖြစ်နိုင်တယ်” ဟု ပြောသည်။

အဆိုပါ အရပ်သားနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သတင်းများပျံ့နှံ့နေလျှက်ရှိပြီး ထိုင်းအာဏာပိုင်များဘက်က ကရင်အမျိုးသားအစည်းအရုံးကို တစုံတရာ မေးမြန်းခြင်းမရှိကြောင်း ဗိုလ်မှူး စောလှငွေက ဆက်ပြောသည်။

“ထိုင်းဘက်က ကျနော်တို့နဲ့က အနေဝေးသွားပြီ၊ ကျနော်တို့က ဒီထိုင်းဘက် ဆက်စပ်နယ်မြေကို အသွားအလာ မလုပ်တော့ဘူးဆိုတော့ အမေးမြန်းမရှိဘူး၊ သူတို့လဲ သိတယ်၊ အခု ကြားနေရတာက သူတို့ကို KNU လားလို့ မေးတယ်၊ မဟုတ်ဘူးဆိုတော့ နေတဲ့နေရာ သိလားဆိုပြီး မေးတယ်၊ သူတို့က မသိဘူးဆိုပြီးပြောတော့ အဲဒါဆို အောက်ဆင်းခဲ့ပြောတော့ တယောက်က ကလေးချီထားတယ်၊ အဲဒါ မင်းကလေးကို ချထားလိုက် မချရင် ကလေးပါပစ်မယ်ဆိုတော့ ကလေးကို ချလိုက်တာ၊ နောက်ယောက်လဲ ခေါ်ဆင်းပြီး နှစ်ယောက်စလုံး ပစ်လိုက်တာ” ဟု ဆက်ပြောသည်။

တပ်မဟာ (၇) နယ်မြေထဲသို့ နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်များ ထိုးစစ်ကြောင့် စစ်ပြေးဒုက္ခသည်ပေါင်းများစွာ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မကြာခင်ရက်ပိုင်းအတွင်းကလည်း ထိုင်းဘက်ကမ်းသို့ ဝင်ရောက်လာသည့် ဒီကေဘီအေနှစ်ဦးအား လက်နက်နှင့်အတူ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ယခုလ (၂) ရက်နေ့မှစတင်ကာ ကရင်အမျိုးသားတပ်မတော် အခြေစိုက်နယ်မြေများကို နအဖပူးပေါင်းတပ်များက ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ နေ့တိုင်းနီးပါး ဖြစ်ပွားခဲ့ပြီး ရန်သူဘက်က အကျအဆုံး များပြားကြောင်း ဗိုလ်မှူး စောလှငွေက ဆက်ပြောသည်။

“ရန်သူဘက်က ကြားသလောက်တော့ ၁၆၀ နဲ့ ၂၀၀ ကြား သေဆုံးဒဏ်ရာရတာရှိတယ်၊ ကျနော်တို့တွေ့ရသလောက် သေတာ ၃၀ ကျော်နဲ့ ဒဏ်ရာ ၆ ယောက်ကျော် လောက်ရှိတယ်၊ ကျနော်တို့ ဘက်က ၁၁ ယောက်ဒဏ်ရာရတယ်၊ အခုတော့ သက်သာပြီ၊ အသေအပျောက်မရှိဘူး” ဟု ပြောသည်။

ထို့အပြင် KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ဘားအံခရိုင်အတွင်းသို့ နအဖတပ်များက ယမန်နေ့က လက်နက်ကြီးများဖြင့် ပတ်ခတ်ခဲ့သည်။

“မနေ့ကတော့ လေးဝါးလို့ခေါ်တဲ့ ဘားအံခရိုင်ဌာနချုပ်ဘက်ကို လက်နက်ကြီးအလုံး ၄၀ လောက် ပစ်တယ်၊ နှစ်ဖက်ညှပ်ပြီး တဖက်က ၈၁ တဖက်က ၅၇ နဲ့ ပစ်တယ်လို့ ပြောတယ်၊ အဲဒီဂွင်ကို အခုထိ သူတို့ ဝင်မရှင်းသေးဘူး၊ အဲဒီမှာ တပ်ရင်း မစွဲထားတော့ဘူး၊ အဲဒီမှာတော့ နယ်မြေကျွမ်းကျင်တဲ့ ပျောက်ကျားအဖွဲ့တွေ လှုပ်ရှားနေတယ်၊ လောလောဆယ်တော့ ကျနော်တို့ တပ်ဖျောက်ထားတဲ့သဘောပါ” ဟု ပြောသည်။

ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် ယခုအခါ အခြေစိုက်နယ်မြေများတွင် တပ်ဖျောက်ကာ လူနည်းနည်းဖြင့် လှုပ်ရှားသွားလာနေလျှက်ရှိပြီး အခြားတပ်ဖွဲ့ဝင်များကို အဓိကကျသည့် စခန်းဂွင်နှင့် အနီးဆုံးနေရာများတွင် ဖြန့်ကျက်ထားရှိကြောင်း ဆက်လက်ပြောသည်။

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးကို ခြိမ်းခြောက်ကာ တရားရုံးတွင် လိမ်လည်ထွက်ဆိုခိုင်းနေ
Wednesday, 24 June 2009 11:09 ဉာဏ်မောင်
အသက်မပြည့်သေးသည့် အိမ်ဖော်မိန်းကလေးတဦးအား အလုပ်ရှင်က အဓမ္မပြုကျင့်ပြီးနောက် တရားရုံးတွင် သမီးရည်းစားဖြစ်ကြောင်း ခြိမ်းခြောက်ထွက်ဆိုခိုင်းလျှက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလ (၁၅) ရက်နေ့ ည (၇) နာရီခန့်က ညောင်ဦးမြို့ဈေးအနီးတွင် နေထိုင်သူ ဖြိုးမောင်မောင်ဆိုသူက ၎င်း၏နေအိမ်တွင် အလုပ်လုပ်နေသည့် အသက် ၁၂ အရွယ် မိန်းကလေးကို ပိုက်ဆံခိုးသည်ဟု စွပ်စွဲက အတင်းအကြပ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

“အဲဒီနေ့က အိမ်မှာ ဘယ်သူမှမရှိတုန်း ဖြိုးမောင်မောင်က ကလေးမလေးကို ပိုက်ဆံခိုးတယ်စွပ်စွဲပြီး အဓမ္မပြုကျင့်တာ၊ ပြီးတော့ ဘယ်သူမှမပြောရဘူး၊ ပြောရင်သတ်ပစ်မယ်ဆို ခြိမ်းခြောက်ပြီးတော့ ငွေငါးထောင်ပေးပြီး ရေချိုးခိုင်းတာ၊ ပြီးတော့ ကောင်မလေးက ဖြိုးမောင်မောင် ဖုန်းဆက်နေတုန်း အိမ်က ထွက်ပြေးပြီး လမ်းမှာတွေ့တဲ့ မိန်းမကြီးတယောက်ကို အကူအညီတောင်းပြီး စခန်းမှာ အမှုဖွင့်လိုက်တာ” ဟု အိမ်နီးချင်းတဦးက ပြောသည်။

၎င်းအမှုအား တရားလိုမိန်းကလေးက ပထမအကြိမ် ရုံးချိန်းတွင် အမှန်တိုင်းထွက်ဆိုပြီးနောက် တရားခံမိဘများက ငွေကြေးပေး စည်းရုံးသိမ်းသွင်းခဲ့ပြီး နောက်ထပ် ရုံးချိန်းများတွင်း မိန်းကလေးဘက်မှ တရားခံနှင့် သမီးရည်းစားဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆက်လက်ပြောသည်။

“ပထမအကြိမ်တုန်းက ကောင်မလေးက အမှန်တိုင်းပြောတယ်၊ နောက်ပိုင်းကျတော့ ဖြိုးမောင်မောင်ရဲ့မိဘတွေက ကောင်မလေးကို ရွှေတွေဆင်ထားပြီး စည်းရုံးထားတော့ လမ်းမှာ မိန်းမကြီးတယောက်က အတင်းအကြပ် ရဲစခန်းကို ခေါ်သွားလို့ပါဆိုပြီး ပြန်ထွက်ဆိုတယ်” ဟု အဆိုပါ အိမ်နီးချင်းက ဆက်ပြောသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်၏ ဆေးစစ်ချက်အရ မိန်းကလေးမှာ အသက် ၁၂ နှစ်သာရှိကြောင်း မှတ်ချက်ပေးထားသော်လည်း တရားရုံးတော်တွင် ဆရာဝန်ကို ခေါ်ယူမေးမြန်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ အမှုမဖြစ်ခင်က ညောင်ဦးမြို့ပေါ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပိုစတာများ လိုက်လံကပ်ထားပြီး အသက်မပြည့်သေးသည့် ကလေးငယ်များအား လိင်ဆက်ဆံပါက ထောင်ဒဏ်တသက်တကျွန်း ချမှတ်နိုင်ကြောင်း ရေးသားထားသော်လည်း ယခုအမှုနှင့်ပတ်သက်၍ မြို့ခံအချို့က မကျေမနပ်ဖြစ်နေကြသည်။

“အခု မြို့ခံတွေက ဒီအမှုဖြစ်တော့ ကပ်ထားတဲ့ပိုစတာတွေကို ဆုတ်ဖြဲတာတွေ လုပ်ကြတာပေါ့၊ တကယ်တမ်းကျတော့ ဘာမှ ထိထိရောက်ရောက်မလုပ်ဘူး” ဟု ပြောသည်။

အမှုကျူးလွန်သူ တရားခံ ဖြိုးမောင်မောင်သည် ဦးမောင်မောင်၊ ဒေါ်သီတာအေးတို့၏ သားဖြစ်ပြီး ညောင်ဦးဈေးနားတွင် ငါးပိ၊ ဆီ၊ ဆား ရောင်းဝယ်နေသူဖြစ်ပြီး ကျူးလွန်ခံရသူမိန်ကလေးမှာ ရန်ကုန်ဘက်မှ လာရောက်အလုပ်လုပ်နေသူ ဖြစ်သည်။

ယခုအခါ အဆိုပါအမှုကို ညောင်းဦးတရားသူကြီး ဒေါ်ခင်နှင်းဦး၊ ဥပဒေအကြံပေးအရာရှိ ဦးမြင့်စိုးနှင့် တရားခံဘက်မှ ရှေ့နေ ဦးမြအောင်တို့က လိုက်ပါဆောင်ရွက်နေလျှက်ရှိပြီး တရားခံများဘက်မှ မိန်းကလေးသည် အသက်ပြည့်ကြောင်း ထောက်ခံစာကို ရန်ကုန်သို့သွားရောက်ကာ လဝကရုံးတွင် ရယူရန် လိုက်လံလုပ်ဆောင်နေလျှက်ရှိသည်။

ပါမောက္ခချုပ်နှင့် ဌာနမှူးတို့ပေါင်းကာ ခြစားမှုများကြောင့် အောက်ခြေဝန်ထမ်းများ မကျေနပ်
Wednesday, 24 June 2009 11:05 ဉာဏ်မောင်
ပါမောက္ခချုပ်နှင့် ဌာနမှူးတို့ပေါင်းပြီး အောက်ခြေဝန်ထမ်းများ ခံစားခွင့်ဖြစ်သည့် သက်သာကြေးများကို ပေးဝေခြင်းမရှိဘဲ ဝန်းထမ်းများအပေါ်တွင်လည်း ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးကျော်ရဲထွန်းနှင့် စီမံရေးရာဌာမှူး ဒေါ်ဖြူဖြူအောင်တို့ ပူးပေါင်းပြီး ဝန်ထမ်းများရရှိမည့် ခံစားခွင့်များကို ပေးခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် ခွဲဝေယူနေကြောင်း ပညာရေးဝန်ထမ်းတဦးက ပြောသည်။

“အခုဆိုရင် ကျောင်းက ပညာရေးဝန်ထမ်းတွေမှာ ဘာခံစာခွင့်မှမရှိဘူး၊ သက်သာကြေးဆိုတာလည်း သူပြောင်းလာကတည်းက တခါမှ မထုတ်ပေးတော့ဘူး၊ အခါကြီးရက်ကြီးတွေအတွက်လည်း ခံစားခွင့်တွေမရှိတော့ဘူး၊ ကျန်တဲ့ တက္ကသိုလ်တွေမှာ ဝန်ထမ်းတွေအတွက် အနည်းနဲ့အများ ရကြတယ်” ဟု ပြောသည်။

မိသားစုစားဝတ်နေရေးနှင့် သားသမီးများပညာရေးအတွက် ကျောင်းဝန်းအတွင်း ဈေးရောင်းသည့် ပညာရေးဝန်းထမ်းများကိုလည်း အဆောက်အဦးများဖျက်ပြီး နှင်ထုတ်ခြင်းများ ပြုလုပ်နေသည့်အပြင် ဝန်ထမ်းများရရှိမည့် သက်သာစရိတ်ကို ထုတ်ပေးခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ဝန်ထမ်းတွေကို မတရားခိုင်းတယ်၊ သူပြောင်းလာခါစက ပြောတာရှိတယ်၊ ခင်ဗျားတို့ သက်သာစရိတ်မသုံးတတ်ရင် ကျုပ်သုံးပြမယ်ဆိုပြီး ပြောထားတာ” ဟု အဆိုပါ ပညာရေးဝန်ထမ်းက ဆက်လက်ပြောသည်။

ထို့အပြင် ဝန်ထမ်းသားသမီးများအတွက် ပညာရေးထောက်ပံ့ရေးစရိတ်များကိုလည်း ခွဲခြားပြီးပေးနေသည့်အတွက် အောက်ခြေပညာရေးဝန်ထမ်းများက မကျေမနပ်ဖြစ်ပြီး အခက်အခဲများစွာ ကြုံတွေ့နေရသည်။

“ဝန်ထမ်းကလေးတွေ ကျောင်းစရိတ်ထောက်ပံ့တာက မူလတန်းကနေ လေးတန်းအထိ ကလေးတွေအတွက် ပေးတယ်၊ (ငါး၊ ခြောက်၊ ခုနှစ်တန်း) ကလေးတွေအတွက်ကို မပေးဘူး၊ ရှစ်တန်းကလေးတွေအတွက် ပြန်ပေးတော့လည်း လခ တသောင်းကျော်ရတဲ့ ဝန်းထမ်းရဲ့ ကလေးတွေကိုပဲ ပေးပြီး လခသုံးသောင်းလောက်ရတဲ့ ဝန်းထမ်းရဲ့ ကလေးတွေကျတော့ မပေးဘူး” ဟု ပြောသည်။

အဆိုပါ ပါမောက္ခချုပ် ဦးကျော်ရဲထွန်းသည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သန်လျင်သို့ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်းက ပြောင်းလာခြင်းဖြစ်ပြီး စရောက်သည့်အချိန်မှစ၍ ယနေ့ထိ ပညာရေးဝန်ထမ်းများအပေါ် နည်းအမျိုးအမျိုးဖြင့် ဖိနှပ်ဆက်ဆံနေကြောင်း ၎င်းက ဆက်ပြောသည်။

နှစ်နိုင်ငံ အလံတင် အစည်းအဝေး နစက၏ ကတိပြုဝန်ခံချက် အများအပြားနှင့် ပြီးဆုံး
6/24/2009


ယမန်နေ့က ကော့ဘဇားမြို့တွင် ပြုလုပ်ခဲ့သော ဘင်္ဂလာ-မြန်မာ တပ်မှူး အဆင့် နယ်ခြား အစည်းအဝေးမှာ နစက အရာရှိများ၏ ကတိပြု ၀န်ခံချက် အများအပြားနှင့် အတူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီမှ နေ့လည် ၃ နာရီထိ ကော့ဘဇားမြို့ Sea Place ဟိုတည်တွင် ကျင်းပခဲ့ပြီး မြန်မာဘက်က နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ဦးဆောင်သော ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ဆွေးနွေးခဲ့သည်။

ဘင်္ဂလာဘက်က စစ်တကောင်းတိုင်း ဘင်္ဂလာရိုင်ဖယ် တပ်မှူး ဒီတရူ အာလမ် ချော်ဒူရီ ဦးဆောင်သော ကိုယ်စားလှယ် ၂၂ ဦင်္း အစည်းအဝေးတွင် တက်ရောက်ခဲ့သည်။

ဘင်္ဂလာဒေခ်ျက အရာရှိများ၏ အပြောအရ မြန်မာ နစက အရာရှိများ အနေဖြင့် ဘင်္ဂလာဘက်က တင်ပြမူများ အပေါ် အပြုသဘော တုန့်ပြန်မူများ ရှိခဲ့ပြီး ဘင်္ဂလာတာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်များကို ဖြည့်စွမ်းပေးရန် ကတိပြု ၀န်ခံခဲ့သည်ဟု ပြောသည်။

ထိုအထဲတွင် လတ်တလော မြန်မာဘက်က ဘင်္ဂလာဒေခ်ျ့သို့ အကြီးအကျယ် ၀င်ရောက်နေသော မြန်မာ မူဆလင်များကို မ၀င်ရောက်နိုင်အောင် ရပ်တန့်ရန် နစကများက သဘောတူညီခဲ့ပြီး ဒုက္ခသည် စခန်း (၂) ခုတွင် ရှိနေသော မူဆလင် ဒုက္ခသည် ၂၇၀၀၀ ကိုလည်း ပြန်လည် လက်ခံယူရန်လည်း ကတိပြုခဲ့သည်ဟု သိရသည်။

နယ်စပ်တွင် တည်ဆောက်နေသော တာရိုးများ တည်ဆောက်နေမူနှင့် ခြံစည်းရိုးကာရံနေမူမှာ နေပြည်တော်မှ လာသော စီမံကိန်း ဖြစ်နေသဖြင့် သူတို့ အနေနှင့် မည်သို့မှ မတတ်နိုင်ကြောင်းနှင့် သို့သော်လည်း အဆိုပါ ခြံစည်းရိုးကာရံနေမူမှာ ဘင်္ဂလာဒေခ်ျ့ကို တစုံတရာ ထိခိုက် နစ်နာမည် မဟုတ်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်ဟု အစည်းအဝေးအပြီး ထွက်ပေါ်လာသော သတင်းများ အရ သိရသည်။

၎င်းအပြင် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရေး ကိစ္စ၊ ပို့ကုန်သွင်းကုန် မြှင့်တင်ရေး ကိစ္စ၊ မှောင်ခိုကုန်သွယ်မူ တိုက်ဖျက်ရေး ကိစ္စနှင့် နယ်စပ်တလျောက်တွင် ဖြတ်ကျော်ဝင်ရောက် ဓါးပြ ဂိုဏ်းများ နှိမ်နှင်းရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယခုပြုလုပ်သော နယ်စပ် တပ်မှူများ အလံတင် အစည်းအဝေးမှာ လွန်ခဲ့သောနှစ် နိုဝင်္ဘာလက ပေါ်ပေါက်ခဲ့သော ရေပြင်ပိုင်နက် အငြင်းပွားမူ နောက်ပိုင်း ပထမဆုံး အကြိမ် ပြုလုပ်သော အစည်းအဝေး ဖြစ်ပြီး အဓိကအားဖြင့် နှစ်နိုင်ငံအကြား လက်ခံ သဘောတူနိုင်မည့် နယ်စပ် အရေးကိစ္စများကိုသာ အလေးပေး ဆွေးနွေးခဲ့သည်ဟု သိရသည်။


ဝက်တုတ်ကွေး (H1N1)ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို စတင်ကူးစက်
6/24/2009


တာကလူး (နိရဉ္စရာ): ကမ္ဘာအနှံ့နိုင်ငံများစွာကို ပြန့်နှံ့ကူးစက်လျက်ရှိသည့် (H1N1) ခေါ် ၀က်တုတ်ကွေးရောဂါသည် ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို စတင်ကူးစက်ပြန့်နှံ့လာပြီး ယခုအချိန်ထိ ရောဂါကူးစက်ခြင်းခံရသူ စုစုပေါင်း (၇)ဦးရှိသွားပြီဖြစ်ကြောင်း ဒေသခံ ကျန်းမာရေးဌာန အရာရှိများ၏ ထုတ်ဖေါ်ပြောကြားချက်အရ သိရသည်။

ကူးစက် ရောဂါ လေ့လာရေးနှင့် ကာကွယ်ရေး ဌာနမှ ဒါရိုက်တာ ပါမောက္ခ မာဟာမူဒူ ရော်ဟာမန်က “ဘင်္ဂလာဒေ့ခ်ျ နိုင်ငံထဲမှာ ဇွန်လ(၂၃)ရက်နေ့ အထိ ၀က်တုတ်ကွေး ရောဂါ ကူးစက် ခံနေရသူ စုစုပေါင်း (၇) ဦး ရှိသွားပါပြီ” ဟု မြို့တော်ဒက္ကားတွင် ယနေ့ သတင်းထောက်များအား ပြောကြားသည်။

ရောဂါကူးစက်ခံနေရသူများမှာ အသက် ၂ နှစ်ခွဲမှ အသက် (၂၀) အကြားရှိသူများဖြစ်ပြီး အမေရိကန်နိုင်ငံကို လည်ပတ်ခဲ့ပြီး ယခုလ (၁၈)ရက်နေ့တွင် ပြန်လာသူများဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် (H1N1) ဗိုင်းရပ်စ်ကို အမေရိကန်သို့ ပညာရေးဆိုင်ရာ လေ့လာရေး သွားရောက်ခဲ့သူ ၁၉ နှစ်အရွယ် ကျောင်းသားလူငယ်တစ်ဦးတွင် ဇွန်လ (၁၈)ရက်နေ့က စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ရှိချက်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ကူးစက်ရောဂါ လေ့လာရေးနှင့် ကာကွယ်ရေးဌာန နှင့် ၀မ်းရောဂါ သုတေသန အဖွဲ့(ဘင်္ဂလာဒေ့ခ်ျ) တို့က ပူးတွဲ စမ်းသပ် စစ်ဆေးခဲ့ပြီး အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ရောဂါကူးစက်ခြင်း ခံနေရသူများ၏ အခြေအနေမှာ ပိုမို ဆိုးဝါးမှု မရှိသေးကြောင်း၊ သီးသန့် ခွဲထားပြီး ပုံမှန် ဆေးကုသပေးလျက်ရှိကြောင်း ရော်ဟာမန်က ပြောကြားခဲ့သည်။

ဝက်တုတ်ကွေးရောဂါမှာ ဇွန်လ (၂၂)ရက်နေ့ထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကို ပျံ့နှံ့ ကူးစက်လျက်ရှိပြီး သေဆုံးသူ (၂၃၁)ဦးရှိကာ ရောဂါကူးစက်ခံရသူ (၅၂၀၀၀)ကျော်ရှိ ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ၀က်တုတ်ကွေး ရောဂါမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အပါအ၀င် အိမ်နီးချင်း နိုင်ငံအားလုံးကို ပြန့်နှံကူးစက်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံသည် အဆိုပါ ကမ္ဘာ့ ကပ်ဆိုးရောဂါမှ ကင်းလွတ်လျက် ရှိကြောင်း မြန်မာအာဏာပိုင်များက ပြောကြားသည်။


လယ်သမားများအတွက် ချေးငွေ နတလ စံပြကျေးရွာသားများကို ထုတ်ချေး
6/24/2009


မောင်တောခရိုင်အတွက် လယ်သမားများကို ထုတ်ချေးမည့် ကျပ်ငွေ သိန်း ၆၀၀ အား ဒေသခံ လယ်သမားများကို မချေးဘဲ ဗမာ ပြည်မှ ပြောင်းရွှေ့လာသူ နတလ စံပြ ကျေးရွာသားများကိုသာ ထုတ်ချေးနေသည်ဟု အမည်မဖေါ်လိုသူ စာရေးကြီး တဦးက ပြောသည်။

“သူတို့က နတလ စံပြကျေးရွာသားတွေနဲ့ သူတို့ ပိုင်ဆိုင်တဲ့ လယ်မြေစာရင်းကို အရင်ကောက်ခိုင်းပါတယ်။ ချက်ချင်းဆိုသလိုဘဲ ချေးငွေတွေကို ထုတ်ချေးနေတာကို တွေ့ရပါတယ်။”

မောင်တောခရိုင်အတွက် ယခုနှစ် စိုက်ပျိုးစရိတ် ချေးငွေ သိန်း ၆၀၀ သတ်မှတ်ထားပြီး အဆိုပါ ငွေများကို မြန်မာ့ စိုက်ပျိုးရေး ဘဏ်မှ တဆင့် ထုတ်ချေးနေခြင်း ဖြစ်သည်။

မြန်မာ့ ဗဟိုဘဏ်မှ ရခိုင်ပြည်နယ်အတွက် ယခုနှစ် စိုက်ပျိုးရာသီအတွင်း စိုက်ပျိုးရေး ချေးငွေ သိန်းပေါင်း ၂၀၀၀ ထုတ်ချေးရန် သတ်မှတ်ထားပြီး မောင်တောခရိုင်ကို သိန်း ၆၀၀ ခွဲတန်းချပေးသည်ဟု သိရသည်။

ရခိုင်ပြည်နယ်ကို စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် မောင်တောခရိုင် စသည့် ခရိုင် (၄) ခုဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ ခရိုင် ၄ ခုအတွင်း မြို့နယ် (၁၇) မြို့တည်ရှိသည်။

အဆိုပါ စာရေးကြီးက “သူတို့က မူဆလင် လယ်သမားတွေကို ထုတ်ချေးလိုတဲ့ သဘောထား မတွေ့ရဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဘူးသီးတောင်နဲ့ မောင်တောမှာ ရှိတဲ့ မူဆလင်တွေကို နိုင်ငံခြားသား ဘင်္ဂလီ လူမျိုးများ အဖြစ် အစိုးရက သတ်မှတ်ထားတဲ့ အတွက် ဖြစ်ပါတယ်။” ဟု ပြောသည်။

မောင်တောခရိုင် အာဏာပိုင်များက မူဆလင် လယ်သမားများကိုသာမက ရခိုင်၊ ဒိုင်းနက်နှင့် ခမီးစသော လယ်သမားများကိုလည်း စိုက်ပျိုး စရိတ် ချေးငွေ တစုံတရာ ထုတ်ချေးပေးမည့် အနေအထား မရှိကြောင်း အဆိုပါ စာရေးကြီးမှ ပြောသည်။

ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့ကို လှည့်လည်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန်လ ၂၄၊ ၂၀၀၉


ယနေ့ နေ့ခင်း ၁၁ နာရီ ၀န်းကျင်ခန့်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် လုံထိန်းကား အစီးပေါင်း ၃၀ ၀န်းကျင်ခန့် မြို့တော်ခန်းမရှေ့တွင် ရပ်တန့် အင်အားပြခဲ့ပြီးနောက် ရန်ကုန်မြို့ကို လှည့်ပတ် သွားလာနေသည်။
မြို့တော် ခန်းမရှေ့နှင့် ရန်ကုန်တိုင်း ရဲရုံးတ၀ိုက်ကို လုံထိန်းကားများ ၀ိုင်းပတ်ပြီး ရပ်တန့်ထားသည်ကို တွေ့မြင်ခဲ့ရသည်သည်။ အတည်မပြုနိုင်သေးသည့် သတင်းများအရ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထိုအဖြစ်အပျက်ကြောင့် ယခုကဲ့သို့ လုံထိန်းကား အများအပြားဖြင့် အင်အားပြလှည့်လည်နေ ခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။
ဗိုလ်တထောင်မြိုနယ်တွင် နေထိုင်သူတဦးကလည်း နေ့လည် ၁၂နာရီခန့်က မဟာဗန္ဓုလ လမ်းမကြီး အတိုင်း လုံထိန်းကား ၁၂စီးခန့် ပါသည့် ယာဉ်တန်း လှည့်လည်သွားသည်ကို တွေ့လိုက်ရသည်ဟု ပြောဆိုသည်။ မည်သည့် အကြောင်းကြောင့် ယခုကဲ့သို့ လှည့်နေသည်ကို မခန့်မှန်း တတ်ကြောင်း မြို့ခံများက ပြောဆိုသည်။
မြောက်ကိုးရီးယား လက်နက်တင် သင်္ဘော ရန်ကုန်သို့ ဦးတည်လာနေခြင်း နှင့် ယခုလို လုံခြုံရေး တင်းကြပ်နေခြင်းတို့ ဆက်စပ်မှု ရှိနိုင်သည်ဟု တချို့က ပြောဆိုနေကြသည်။ မြောက်ကိုးရီးယား သင်္ဘော နှင့် ပတ်သက်ပြီး နအဖ စစ်အစိုးရက မည်သည့် ဝေဘန် ပြောဆိုမှုမျိုးမှ ယခုအချိန်ထိ ပြုလုပ်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံရေး အကြပ်အတည်းကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ အထူး သံတမန် မစ္စတာ ဂမ်ဘာရီလည်း မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိသည်ဟု သတင်း ဖော်ပြချက်များ အရ သိရသည်။

မွန်ပြည်သစ်ပါတီအား အပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား

Kaowao ဇွန် ၂၄၊ ၂၀၀၉။
စံခလပူရီ(ဇွန်-၂၄)။ ။ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS မိုင်းလားအဖွဲ့ အပစ်ရပ်ခဲ့ခြင်းအနှစ် ၂၀ ပြည့်အခမ်းအနားကို လာမည့် ဇွန်လ ၂၉ - ၃၀ ရက်နေ့များ၌ မိုင်းလားမြို့ ဗဟိုဌာနချုပ်၌ ကျင်းပမည်ဖြစ်ရာ မွန်ပြည်သစ်ပါတီ NMSP ကိုလည်း ယင်းအခန်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ယနေ့တွင်ပြောကြားခဲ့ပါသည်။

သို့ရာတွင် ယင်းအခန်းအနားကို မွန်ပြည်သစ်ပါတီဗဟိုကိုယ်စား မည်သူကဦးဆောင်၍ တက်ရောက်မည်ကို အတည်ပြုပြောကြားခဲ့ခြင်း မရှိပေ။

လွန်ခဲ့သည့် ၂ဝဝ၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့် “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေး ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း အနှစ် (၂ဝ) ပြည့်အထိမ်းအမှတ်ပွဲတော်ကြီးကို ဗဟိုဌာနချုပ် ပန်ဆန်းတွင်ကျင်းပစဉ် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့က တက်ရောက်ခဲ့ကြ ဟုသိရသည်။
ယခု NDAA ကျင်းပမည့်ပွဲတော်ကို အပစ်ရပ်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များအား ဖိတ်ကြားထားပြီး စစ်အစိုးရ ဘက်မှ ထိပ်တန်း အရာရှိကြီးများကိုလည်း ဖိတ်ကြားထားကြောင်း သျှမ်းသံတော်ဆင့် သတင်းတစ်ရပ်တွင် ဖေါ်ပြခဲ့သည်။

အထူးဒေသ ၄ မိုင်းလားအဖွဲ့၊၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ၊ ကိုးကန့် အဖွဲ့ MNDAA ၊ ဒီမိုကရေစီသစ် တပ်မတော်- ကချင် NDA-K တို့သည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု PDF အဖြစ် ၁၉၈၉ က စုပေါင်း ဖွဲ့စည်းထားပြီ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ခေါင်းခါငြင်းဆန်နေသည့် အဖွဲ့များလည်း ဖြစ်ကြသည်။

ယင်းအပစ်ရပ်အဖွဲ့များနည်းတူ မွန်ပြည်သစ်ပါတီသည်လည်း မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို လက်မခံငြင်းပယ်ခဲ့သည်။

လာမည့် ဇွန်လ ၂၉ ရက်သည် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေးသက်တမ်း ၁၄ နှစ်ပြည့် မြောက်မည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲနေ့ အထိန်းအမှတ်နေ့များကို မွန်ပြည်သစ်ပါတီမှ မော်လမြိုင်မြို့၌ နှစ်စဉ် အတိုင်းအတာတစ်ရပ်အထိကျင်းပခဲ့ရာ ရတခတိုင်းမှူးများအဆက်ဆက် တက်ရောက်ခဲ့ကြသည်။

ယမန်နှစ်တွင် မွန်ပြည်သစ်ပါတီက အကျဉ်းချုံး၍ ကျင်းပဖြစ်ခဲ့ရာ ရတခတိုင်းမှူး မတက်ရောက်နိုင်ခဲ့ပါ။ လာမည့် ဇွန်လ ၂၉ ရက်တွင်လည်း အပစ်အခတ်ရပ်စဲနေ့ကို မွန်ပြည်သစ်ပါတီမှ မည်ကဲ့သို့ကျင်းပမည်ကို ထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိသေးဟုသိရသည်။

စစ်တပ်မှ ထက်ဝက်ဈေးနှုန်းသာ ဝယ်ယူမှုကြောင့် အုတ်လုပ်ငန်းရှင်များအမြတ်အစွန်းဆုံးရုံး
Wed 24 Jun 2009, ကွန်းဟဒေ့
စစ်တပ်မှ တပ်စခန်းများတိုးချဲ့ဆောက်လုပ်ရန် အုတ်အလုံး သိန်း ၄၀၀ ကျော်လိုအပ်သဖြင့် မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အုတ်လုပ်ငန်းရှင်များထံမှ ထက်ဝက်ဈေးဖြင့်သာ ဝယ်ယူသောကြောင့် အုတ်လုပ်ငန်းရှင်များက အမြတ်အစွန်းဆုံးရုံးနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

လွန်ခဲ့သည့် ၃ ပတ်ကျော်က စစ်သားအရာရှိများက ကားဖြင့် အုတ်လုပ်ငန်းရှင်များထံသို့ လာရောက် ကာ စစ်တပ် တပ်စခန်းများ တိုးချဲ့ဆောက်လုပ်ရန်၊ အုတ်ရေအလုံး သိန်း ၄၀၀ ကျော်လိုအပ်သဖြင့် ရှိသမျှ အုတ်များကို ၄င်းတို့အား လျှော့ဈေးဖြင့် ရောင်းရန် အုတ်လုပ်ငန်းရှင်များကို ပြောကြားခဲ့သည်ဟု အုတ်လုပ်ငန်းရှင်တစ်ဦးမှ သိရသည်။

အုတ်များမှာ ဝယ်ယူသူများက စရံငွေပေးထားပြီးသား ဖြစ်နေသောကြောင့် အကုန်လုံးရောင်းချရန် မဖြစ်နိုင်ကြောင်း အုတ်လုပ်ငန်းရှင်များက ပြောသည်ကို နီးစပ်သူတစ်ဦးက ပြန်ပြောပြသည်။

“အကုန်လုံးရောင်းလို့မရရင် တဝက်လောက်ရောင်းရမယ်လို့ စစ်သားတွေက အတင်းပြောတော့ အုတ်ပိုင်ရှင်တွေက မရောင်းချင်လည်း ရောင်းရတာပေါ့” ဟု မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာရှိ အုတ်လုပ်ငန်းရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဝယ်ယူသော်လည်း ပေါက်ဈေးအတိုင်း မဝယ်ယူပဲ လျော့ဈေးနှင့်သာ စစ်တပ်မှ ဝယ်ယူလိုသောကြောင့် အုတ်လုပ်ငန်းရှင်များက အရုံးပေါ်မည်စိုး၍ မရောင်းချင်ကြဟု အုတ်လုပ်ငန်းရှင်တစ်ဦးမှ သိရသည်။

“ဟိုဈေးဒီဈေးမပြောနဲ့ အကုန်လုံး လျော့ဈေးနဲ့ယူမယ်လို့ သူတို့ (စစ်သား) ပြောတယ်၊ အခု အုတ်ပေါက်ဈေးက တစ်လုံးကို ၅၀ ကျော်တယ်၊ သူတို့က ၃၀ ဈေးနဲ့ပဲ ယူတော့ ကျနော်တို့ ဘာတတ်နိုင်မလဲ၊ အရုံးပေါ်လည်း ပေးရတာပေါ့” ဟု အမည်မဖော်လိုသူ အုတ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကမာဝက်ကျေးရွာရှိ အုတ်လုပ်ငန်းရှင်တစ်ဦးကမူ ၄င်း၏အုတ်ဖိုတွင် အုတ်ရေ နှစ်သိန်းရှိရာ အုတ်တစ်သိန်းကို စစ်တပ်သို့ ရောင်းခဲ့ရသည်ဟု ၄င်းနှင့်နီးစပ်သူမှ သိရသည်။

ထို့နည်းတူ သံဖြူဇရပ်မြို့၊ မုဒုံမြို့နှင့် လမိုင်းမြို့တို့မှ အုတ်လုပ်ငန်းရှင်များလည်း ၄င်းတို့၏အုတ်ရေ ထက်ဝက်ခန့်ကို စစ်တပ်သို့ လျှော့ဈေးဖြင့် ရောင်းရန် စစ်တပ်မှ လာပြောထားခဲ့သည်ဟု ဒေသခံတို့မှ သိရသည်။

ဝယ်ယူပြီးသော အုတ်များကို ရေးမြို့နယ်ဘက်သို့ ကားဖြင့် သယ်ယူသွားသည်ဟု မျက်မြင်သက်သေ မုဒုံမြို့နယ်ခံတစ်ဦးက ပြောသည်။ ၄င်းအုတ်များသည် ဘုရားသုံးဆူဒေသရှိ နယ်ခြားစောင့်တပ် စစ်သင်တန်းကျောင်းနှင့် နယ်ခြားစောင့်တပ်စခန်းများ တည်ဆောက်ရာတွင် အသုံးပြုရန် ဖြစ်နိုင်သည်ဟု ဒေသခံတစ်ချို့က ပြောသည်။

ရာမညတပ်ဖွဲ့မှ ခြံပိုင်ရှင်တစ်ဦးကို ခြိမ်းခြောက်စာပေးပို့
Wed 24 Jun 2009, မင်းအာသံ
ယမန်နေ့က ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသတွင် နိုင်ခင်မောင်ဦးစီးလှုပ်ရှားနေသော ရာမညတပ်ဖွဲ့သည် ဂျပန်ရေတွင်းကျေးရွာအနီး ဒေါ်ကောင်းစွမ်းပိုင်ဆိုင်သော ရာဘာခြံမြေကို ၄င်းတို့၏ခေါင်းဆောင် ခြံမြေဖြစ်သည်ဟုဆိုကာ ၄င်းခြံမြေကို ပြန်လည်ရယူလိုသည့်အတွက် ခြံပိုင်ရှင်ထံ ခြိမ်းခြောက်စာ တစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။

ဒေါ်ကောင်းစွမ်းပိုင်ဆိုင်သော ရာဘာခြံသည် မွန်လက်နက်ကိုင် ရာမညအဖွဲ့မှ ၄င်းတို့ခေါင်းဆောင် မြေဖြစ်သည်ဟု ဆိုကာ ၄င်းတို့က ထိုမြေများကို ရယူလိုသည်ဟု ရာဘာခြံပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရာမညတပ်က ဒေါ်ကောင်းစွမ်း ပိုင်တဲ့ခြံမြေကို လိုချင်တယ်။ ဒီခြံကို သိမ်းပြီရင် သူတို့ တပ်မြေအဖြစ် လုပ်မယ်လို့ ကျနော်ထင်တယ်။ အကယ်၍ ခြံပိုင်ရှင်က ပြန်လာလုပ်ရင် ဘတ်တစ်သိန်း ဒဏ်ရိုက်ခံရမယ်။ ဒီရာဘာခြံကို ဒေါ်ကောင်းစွမ်းပိုင်တယ်လို့ သက်သေလုပ်တဲ့ ရွာလူကြီး နိုင်ပိုင်လည်း ဘတ်ငါးသောင်း ဒဏ်ရိုက်ခံရမယ်လို့ သူတို့က ခြိမ်းခြောက်စာပေးထားတယ်” ဟု ၄င်းကပြောသည်။

သို့သော်လည်း နိုင်ခင်မောင်တို့အဖွဲ့က ဒီရာဘာခြံသည် မွန်ပြည်သစ်ပါတီမှ နှုတ်ထွက်သော နိုင်အောင်နိုင်က နိုင်ရှောင်ကို ပေးခဲ့သော ရာဘာခြံဖြစ်သောကြောင့် ၄င်းတို့က ပြန်လည်ရယူလိုသည်ဟု ဆိုသည်။

“ဒီရာဘာခြံက ကျနော်တို့ရဲ့ ဗိုလ်မှူးရှောင်းပိုင်တဲ့မြေဖြစ်တယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဥက္ကဋ္ဌ နိုင်ပိုင် ဒီရာဘာခြံကို ရောင်းလိုက်တယ်၊ ဒါပေမယ့် အသိမပေး ဘာမပေးပဲ ရောင်းခဲ့တယ်၊ ဒီမြေရဲ့ တဝက်ဈေးကို ရရင်လဲ ကျနော်တို့က ကျေနပ်တယ်။ အခုက နည်းနည်းလေးမှ လျော်ကြေးမပေးပဲနဲ့ ရောင်းလိုက်တယ်၊ ဒါကြောင့် ကျနော်တို့မှ ဒီတောင်းခံစာကို ရေးလိုက်ရခြင်းဖြစ်တယ်” ဟု နိုင်ခင်မောင်က ပြောသည်။

ရာမည တပ်မှ ယခုကဲ့သို့ ငွေတောင်းခံခြင်းသည် ၄င်းတို့အကြားတွင် ကိုယ်ရေးကိုယ်တာကိစ္စ အဖြစ် တောင်းတာ ဖြစ်နိုင်သည်ဟု မွန်ပြည်သစ်ပါတီ မြို့နယ်ကော်မတီဝင် နိုင်ဘတင်က ပြောသည်။

ထိုကဲ့သို့ ခြိမ်းခြောက်ခံရမှုကြောင့် ခြံပိုင်ရှင် ဒေါ်ကောင်းစွမ်းသည် ယခုချိန်ထိ ခြံထဲသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်း မဝံ့ခဲ့ပေ။

ရာမညတပ်ဖွဲ့သည် ကျေးရွာထဲတွင် ခဏခဏငွေလာတောင်းခံခြင်းကြောင့် မွန်ပြည်သစ်ပါတီမှ ဂျပန်ရေတွင်းကျေးရွာသာမက ကြံတောကျေးရွာတွင်လည်း လုံခြုံရေးချထားသည်ဟု သိရပါသည်။

လွန်ခဲ့သော နှစ်ပတ်ခန့်တွင်လည်း နိုင်ခင်မောင်ဦးစီးသော မွန်လက်နက်ကိုင်အဖွဲ့သည် တပ်ရင်း(၃) ကျေးရွာတွင် ငွေတောင်းခဲ့သည်။

မြောက်ကိုးရီးယား သင်္ဘောနှင့် အပစ်ရပ်များ အပေါ်စစ်အစိုးရ ဖိအားပေးမှု ဆက်စပ်ဘွယ်ရှိ
ဗုဒ္ဓဟူးနေ့၊ 24 ဇွန်လ 2009 သျှမ်းသံတော်ဆင့်


မြောက်ကိုးရီးယားသင်္ဘော The Kang Nam I ဗမာပြည်ဘက် ဦးတည်သွား နေပုံရကြောင်း ဂျွန် ၂၁ YIM တောင်ကိုးရီးယား ရုပ်မြင်သံကြား၏ သတင်းထုတ်ပြန်ချက်သည် အပစ်ရပ်အဖွဲ့များအပေါ်နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရ ဖိအားပေးမှုနှင့် ပတ်သက်ဆက်နွယ်နိုင်ကြောင်း သျှမ်းပြည်အရေးလေ့လာသူ အချို့ကဆိုသည်။

၂၀၀၉ မကုန်မီ ငြိမ်းအဖွဲ့များအားလုံး ကာကွယ်ရေးဦးစီးချုပ်အောက်ထားရှိမည့် စစ်အစိုးရ၏အစီအစဉ်အတိုင်း အပစ်ရပ် အဖွဲ့များ အား အကြိမ်ကြိမ်တွေ့ဆုံသတိပေးခဲ့သော်လည်း အောင်မြင်မှုမရသည့်အပြင် နှစ်ဘက်ဆက်ဆံရေး တင်းမာ လာမှု၊ အပြိုင်အဆိုင် အင်အားတိုးချဲ့မှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် ၀ ပြည်သွေးစည်းရေး တပ်မတော်၏ လူသူ လက်နက် ပြင်ဆင်ဖြည့်တင်းနေမှု အပေါ် စစ်အစိုးရ၏တုန့်ပြန်ချက်မှာ မြောက်ကိုးရီးယား၏ The Kang Nam I သင်္ဘောနှင့် ဆက်စပ်ဘွယ်ရှိသည်ဟု သျှမ်းပြည်အရေး လေ့လာသည့် အကဲခတ်တဦးက ပြောပါသည်။

တောင်ကြီးမှ SB ရဲမှူးတဦး၏ ထုတ်ဖေါ်ချက်ကို ကိုးကားဖူးသည့် လားရှိုးကုန်သည်တယောက်က - “အပစ်ရပ်တွေနဲ့ မမျှော်လင့်ဘဲ တိုက်ပွဲတွေဖြစ်လာရင် တပ်မတော်ကမြောက်ကိုးရီးယားကရလာတဲ့ လက်နက်ဆန်းတွေသုံးမယ် ထင်တယ်။ လူတွေများများသေလိမ့်မယ်” ဟု (မေလလယ်ပိုင်း) ပြောကြားသည့်အချက်၊ ဂျွန် ၉ ရက်နေ့ စရဖ ညွှန်ချုပ် ဗိုလ်ရဲမြင့်က မိုင်းလားထိပ်ပိုင်း ခေါင်းဆောင်များအား -“ခင်ဗျားတို့ နှစ်ပေါင်း ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ တော်တော် စွမ်းဆောင် နိုင်ခဲ့တယ်။ ချီးကျူးစရာဘဲ။ အသွင်ပြောင်းဖို့ဘူးခံငြင်းဆန်နေရင် ဒါတွေကို မနှမြောဘူးလား” ဆိုသည့်အချက်အပေါ် ၎င်းပုဂ္ဂိုလ်က -
၂၀၀၇ ရန်ကုန် သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် The Kang Nam I (Photo:uk.news.yahoo.com)

“သီရိလင်္ကာသမ္မတ ဂျွန်လဆန်းပိုင်း လာတုံးက တမီးလ်ကျားသပုန်တွေကို အနိုင်ယူနိုင်တဲ့ နည်းနာအကြောင်းတွေ ပြောပြ ခဲ့တာကို တပ်ချုပ်ကြီးက အရမ်းအားတက်တယ်လို့ ပြောတယ်။ ၀ တို့ မိုင်းလားတို့ အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ တိုက်ရရင် မြောက်ကိုးရီးယားက ရလာတဲ့ လက်နက်ဆန်းတွေ သုံးဖို့များတယ် ဆိုတာပေါ့။ အဲဒီလက်နက်တွေ သုံးရင် အပစ်ရပ်တွေ၊ ပြည်သူတွေရဲ့ တိုက်တာအိုးအိမ် အများအပြား ပျက်စီးဆုံးရုံးမယ်။ လူတွေ အစုလိုက်အပြုံလိုက် သေကျေ ကြမယ် ဆိုတဲ့သဘော”- ဟု ဆို၏။

ဂျွန် ၁၇ ရက်က The Kang Nam Iသင်္ဘောသည် မြောက်ကိုးရီးယားဆိပ်ကမ်းမှ ထွက်ခွာလာပြီဖြစ်ကြောင်း၊ သင်္ဘောပေါ် တင်ဆောင်လာသည့် ပစ္စည်းများ အတိအကျမသိရသော်လည်း အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော USS John S. McCain သတင်းပေးပို့ချက်ကို ကိုးကားလျှင် ဒုံးလက်နက်နှင့် အပိုပစ္စည်းများ ဖြစ်နိုင်ကြောင်း၊ အဆိုပါ သင်္ဘောသည် စင်္ကာပူဆိပ်ကမ်း မှတဆင့် ဗမာပြည်သို့ တိုက်ရိုက်ဦးတည် ခုတ်မောင်းနေကြောင်း နိုင်ငံတကာ သတင်းများက ဆိုပါသည်။

မြောက်ကိုးရီးယား အစိုးရက အဆိုပါ သူ့နိုင်ငံပိုင်သင်္ဘောကို မည်သည့် နိုင်ငံမဆို နိုင်ငံတကာ ရေပိုင်နက်၌ ဟန့်တား စစ်ဆေးလျှင် သူ့အားစစ်ရေး ကြေငြာခြင်းဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ထုတ်ဖေါ်ကြေငြာထားသည်။

မိုင်းလား နှစ် ၂၀ ပြည့်အခမ်းအနား ကျင်းပရက်နီး နှစ်ဘက်လုံခြုံရေးတင်းကြပ်
အင်္ဂါနေ့၊ 23 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
အထူးဒေသ ၄ မိုင်းလား အဖွဲ့ NDAA ထူထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနားပွဲတော် ကျင်းပရက်နီးလာသည် နှင့်အမျှ စစ်အစိုးရနှင့် မိုင်းလားဆက်သွယ်ရေး လမ်းကြောင်းတလျှောက် လုံခြုံရေးအထူး တင်းကြပ်ကြောင်း တရုပ်နယ်စပ် သတင်း ရပ်ကွက်ဆိုပါသည်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS ခေါ် မိုင်းလားအဖွဲ့ ဗကပမှခွဲထွက် ပြီးအပစ်ရပ်ခဲ့ခြင်းနှစ် ၂၀ ပြည့်အခမ်းအနားကို ဂျွန် ၂၉ - ၃၀ ရက် မိုင်းလားမြို့ ဗဟိုဌာနချုပ်၌ ကျင်းပမည် ဖြစ်ကြောင်း၊ အဆိုပါပွဲတော်သို့ အပစ်ရပ်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များအား ဖိတ်ကြားထားသကဲ့သို့ စစ်အစိုးရဘက်မှ ထိပ်တန်း အ ရာရှိကြီးများလည်း ဖိတ်ကြားထားကြောင်း၊ ကျိုင်းတုံ/ မိုင်းယန်း/ မိုင်းယောင်းတို့မှ မိုင်းလားလမ်းတလျှောက်အ၀င် အထွက် ခရီးသွားဖြတ်သန်းသူများအား အထူးကြပ်မတ် စစ်ဆေးကြောင်း ခရီးသွားများက ဆိုသည်။

အမည်မဖေါ်လိုသည့်ခရီးသွားတဦးက - “ပုံမှန်သွားလာတဲ့ ကျနော်တို့လိုဒေသခံတွေကတော့ ဆိုင်ရာအာဏာပိုင်တွေ မျက်မှန်းတမ်းမိပြီလေ၊ ထွေထွေထူးထူးမစစ်ဆေးဘူး။ မျက်နှာစိမ်း၊ အထူးသဖြင့် မိုင်းလားပွဲတော်သွားမယ့် ဧည့်သည် တွေကို အရမ်းစစ်ဆေးတယ်။ ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းကလဲ၊ ဘယ်သွားမလဲ၊ ဘာသွားလုပ်လဲ၊ ဘယ်နှစ်ရက် ကြာမလဲ စသဖြင့် လျှောက်မေးတယ်၊ မိုင်းလားပွဲတော်သွားလို့မရအောင် ခြိမ်းခြောက်တဲ့သဘော” ဟုဆို၏။

မိုင်းလားမြို့ လုံခြုံရေးတာဝန်ကျ NDAA တပ်မတော်သားများ
ထို့အတူမိုင်းလား အာဏာပိုင်များဘက်ကလဲ ဒေသအတွင်းဝင်ရောက်သည့် ခရီးသွားများအား ပြီးခဲ့သည့် ၁၃-၁၄ ရက်နေ့ လောက်မှစ၍လုံခြုံရေး အတွက် အထူးကြပ်မတ်စစ်ဆေးနေကြောင်း၊ ခရီးသွားတဦးက -“ကျနော်က သျှမ်းအမျိုးသားပဲ၊ ဒါပေ မဲ့ မှတ်ပုံတင်ထဲမှာက ဗမာနာမည်ဆိုတော့ အရမ်းစစ်ဆေးခံရတယ်။ ဘယ်မှာအိပ်မလဲ ဘယ်သူက ထောက်ခံပေးလဲ စသဖြင့် ပေါ့။ မိုင်းလားမှာပေးမအိပ်ဘဲ မောင်းထုတ်တာတော့မရှိသေးဘူး” - ဟု သျှမ်းသံတော်ဆင့် သို့ပြောပြပါသည်။

ပန်ဆန်းအဖွဲ့ ပွဲတော်ကျင်းပစဉ်က စစ်အစိုးရ၏ ထိပ်တန်းအရာရှိ တက်ရောက်ခြင်းမရှိသောကြောင့် ယခုမိုင်းလားအဖွဲ့ ကျင်းပသည့်ပွဲတော်တွင် စစ်အစိုးရ၏ ထိပ်တန်းအရာရှိများအား နာမည်နှင့်တကွ ဖိတ်ကြားထားကြောင်း အပစ်ရပ် ထိပ်ပိုင်း ခေါင်းဆောင်နှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းကဆိုသည်။

မိုင်းလားအဖွဲ့သည် ၁၉၈၉ ဂျွန်တွင် ဗကပ မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်ရပ်သဘောတူကာ မိုင်းလားမြို့ ကို ဗဟိုထား ၍ အထူးဒေသ ၄ အဖြစ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှစ် ၂၀ အတွင်း တစိုက်မတ်မတ်ကြိးပမ်းခဲ့ရာ ၁၉၉၄ တွင် မူးယစ် ကင်းစင် ဒေသအဖြစ်လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် စစ်အစိုးရလမ်းပြမြေပုံအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ကာကွယ်ရေးဦးစီး ချုပ်လက်အောက်ထားရှိမည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဂျွန်လနောက်ဆုံးထား သတင်းပေးပို့ရန် သတိ ပေးထားခဲ့သည့်အပေါ် လက်မခံနိုင်သေးကြောင်း ဂျွန် ၉ ရက် ဗိုလ်ရဲမြင့်နှင့်နောက်ဆုံးတွေ့စဉ် တရားဝင်ခေါင်းခါငြင်းဆန် ထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

အထူးဒေသ ၄ မိုင်းလားအဖွဲ့သည် ၁၉၈၉ ကတည်းက ၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ၊ ကိုးကန့် အဖွဲ့ MNDAA ၊ ဒီမိုကရေစီသစ်တပ်မတော်- ကချင် NDA-K တို့နှင့်အတူ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု PDF အဖြစ်စုပေါင်းဖွဲ့စည်း ထားသည့်အဖွဲ့ ဖြစ်သဖြင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ပန်ဆန်း နည်းတူ ခေါင်းခါငြင်းဆန်သည့် အဖွဲ့ဖြစ်သည်။

နအဖတပ် နှင့် တပ်ပေါင်းစုအဖွဲ့တိုက်ပွဲဖြစ်

ခွန်အောင်မြတ်။
ဇွန်လ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းတွင် မြန်မာစစ်အစိုးတပ်ဖွဲ့နှင့် တိုင်းရင်း သားလက်နက်ကိုင် စုပေါင်းတပ်ဖွဲ့ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ အရာရှိ တယောက်နှင့်ရဲဘော်တယောက် ကျဆုံးသွား သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ အရာရှိတယောက်က ပြောသည်။

မြန်မာစစ် အစိုးရတပ်မှ ဘန်းယဉ်ခြေစိုက် ခမရ ၄၁၂ တပ်ရင်း တပ်ခွဲမှူး ဥာဏ်လင်း ဦးဆောင်သည့်အဖွဲ့သည် မောက်မယ်မြို့နယ်အတွင်းရှိကျေးရွာမှရွာသူကြီးအား ဖမ်းဆီးပြီး လက်နက်ကိုင်အဖွဲ့များရှိရာသို့ လမ်းပြပေးရန် ခေါ်ဆောင်သွားစဉ် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ခွဲမှူး ဗိုလ်မှူး အောင်ဒင် က ယခုလို ပြောသည်။

“မနက် (၇) နာရီခွဲဗျ။ တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ကနေ အရင်ပစ်ရတာပဲ။ သူတို့ စခမ်း ထဲကို ၀င်လာတယ်။ ရွာသားကို ကြိုးနဲ့ချည်ပြီးတော့လေ။ အဲဒါ ကျနော်တို့ကလည်းပဲ စခန်းဘေး ကနေ ပြောင်းမယ်ဆိုပြီးတော့ ရွေ့ခိုင်းတဲ့အချိန်မှာ သွားပြီး ဒဲ့တိုးကြတာပေါ့။ ဒဲ့တိုးတဲ့ အချိန်မှာအဲမှာ ပစ်ကြတယ်လေ။ အဲမှာ နအဖဘက်က ဗိုလ်ကြီး ဥာဏ်လင်းဆိုတဲ့တယောက်နဲ့ သူ့ရဲ့တပ်သာား ဟဲဗီး ဆိုတဲ့ တယောက်ကျတယ်လေ။ ဒဏ်ရာရတာက တယောက်ပေါ့။”

တိုင်းရင်းသားလက်နက်ကိုင်စုပေါင်းတပ်ဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ၀အမျိုးသားတပ်မ တော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော် တို့ ပါဝင်သည်။

ယင်းတိုက်ပွဲတွင် တပ်ပေါင်းစုအဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိဟု ဆိုသည်။

ရှမ်း-ကရင်နီ နယ်စပ် မောက်မယ်မြို့ မဲုင်းစပ် ကျေးရွာရှိ ရွာသူကြီး အပါအ၀င် ကျေးရွာသား ၁၀ ဦးကို ယမန် နေ့မနက် ၃ နာရီတွင် မြန်မာစစ်အစိုးရတပ်က ဖမ်းဆီးသွားသည်ဟု အဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက် လာသူ ရွာသူကြီး ဦးဒီးလယ်က ပြောသည်။

“ကျနော်တို့ကို လာဝိုင်းတာက မနက်ပိုင်း ၃ နာရီလောက်ကပါ။ ကျနော်တို့ ၁၀ယောက် အဖမ်းခံ ရပါတယ်။ အဲမှာ ကျနော့်ကို စစ်ဆေးတာ ဓားမြောင်နဲ့ လှီးတာ သုံးခါ။ ရိုက်တာက ခြောက်ချက်။ ကျနော့်တယောက်ထဲကိုပဲ နာအောင်လုပ်တာ။ ဖမ်းတာကတော့ ၁၀ ယောက်။ ၉ ယောက်ကိုတော့ မနှိပ်စက်သေးဘူး။ ရွာမှာ ဘယ်လိုဆက်ဖြစ်လဲတော့ မသိရသေးဘူး။ ကျနော့် ကို စခမ်းနားကို ခေါ် သွားတာ။”

၎င်းကို ကြိုးဖြင့်ချည်ပြီး ခေါ်သွားချိန်တွင် တပ်ပေါင်းစုအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှ တပ်ပေါင်းစုထံ ထွက်ပြေး ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောသည်။

ယခုလဆန်းပိုင်းတွင် ဆီဆိုင်မြို့နယ်ရှိ ဗန်းမပ်က်ကျေးရွာအုပ်စုရှိ ရွာသူကြီး ခြောက်ဦး ကိုလည်း မြန်မာစစ် တပ်က နောင်ထောင်ဝ်သို့ ခေါ်ဆောင်သွားမည်ဟု ပြောဆိုကာ လမ်းတ၀က်တွင် သတ်ဖြတ်လိုက်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

ဟိုနမ်းကျေးရွာအုပ်စုမှ ရွာသူကြီးနှင့် လွယ်ဆမ်ဆစ်ပ် ရွာသူကြီးကိုလည်း အလားတူ ပစ်သတ် ခံခဲ့ရသည်ဟု ဆို သည်။

ကရင်နှင့်ပအိုဝ်း ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်အစိုးရတပ်ဖွဲ့တခုအား မေလဆန်းပိုင်းက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ၁၂ ဦး ကျဆုံးပြီးနောက်ပိုင်း ယင်းဒေသရှိ ဒေသခံများအား မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။

တရုတ်-မြန်မာနယ်စပ် မှောင်ခိုလမ်းတွင် အရွယ်ကောင်းလူငယ်များအား စစ်တပ်မှ ဖမ်းဆီး

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၂၄ ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အခြေစိုက် မပခလက်အောက်ခံတပ်ရင်းများနှင့် စကခ(၂၁) လက်အောက်ခံ တပ် ရင်းများက တရုတ်နယ်စပ်နှင့် မှောင်ခိုကုန်သွယ်ရေးလုပ်ကိုင်နေသူထဲမှ အရွယ်ကောင်းယောက်ျားလေးများအား ရွေးချယ်ကာ ဖမ်းဆီးခေါ်ယူနေသည်။

မကြာသေးမီရက်ပိုင်းကစ၍ နမ်းခမ်းနှင့် ဗန်းမော်အကြားတွင် ဆိုင်ကယ်ကယ်ရီသမားများထဲမှ အရွယ်ကောင်း ယောက်ျားလေးများကို စစ်တပ်ကဖမ်းဆီးခဲ့ကြောင်းကို ကိုယ်တိုင်တွေ့ကြုံခဲ့ရ သည့် ဆိုင်ကယ်သမားက ယခုလို ပြောသည်။

“ကျနော်တို့ကျတော့ အရွယ်ကြီးသွားလို့လည်း ဖြစ်နိုင်တယ်။ ကျနော်တို့ ရှေ့ကသွားတဲ့ထဲက ကောင် လေး သုံးယောက်ပါသွားတယ်။ မတ္တရာဘက်ကလို့ ပြောတယ်၊ ပေါ်တာဆွဲတယ်ဆိုပြီး တော့လည်း ပြောနေတယ်။ ပေါ်တာဆွဲတယ်ဆိုရင် အားလုံးကို ဆွဲမှာပေါ့။ အခုက လူရွေးပြီး ခေါ်နေတာ။ မံစီက တပ်ဖြစ်ဖို့များတယ်၊ မံစီနားမှာပဲ ခေါ်တာ။ ပစ္စည်းတွေကော ပါသွားတာ ပေါ့။”

သစ်မှောင်ခိုသမားများ၊ ကယ်ရီသမားများ ညအိပ်ရပ်နားရာ ကချင်နှင့် ရှမ်းနယ်စပ်၊ တရုတ်-မြန်မာ နယ်စပ်ရှိ မံဝိန်းကြီးကျေးရွာအား အခုလ(၂၁)ရက်နေ့ ညပိုင်းက စကခ(၂၁) လက်အောက်ခံတပ်များ ဝင်ရောက်စီးနင်းကာ အရွယ်ရောက် ယောက်ျားလေးများကို ရွေးပြီး ခေါ်ဆောင်သွားသည်ဟု တရုတ်-မြန်မာ နယ်စပ်ဒေသခံများက ပြောသည်။

“ပေါ်တာဆွဲလို့ဆိုပြီး ဒီဘက်ကိုပြေးလာတဲ့လူတွေလည်းရှိတယ်။ ပေါ်တာဆွဲသလား၊စစ်သား စုဆောင်း တာလားဆိုတာ အခုထိ မသိရသေးဘူး။ ဗန်းမော်တို့၊ အောက်ပိုင်းတို့ကလူတွေ အဖမ်းခံရတယ်လို့ တော့ ပြောတယ်။ ညပိုင်း ဖြစ်သွားတာကို။ ဘယ်နှစ်ယောက်ဆိုတာတော့ မသိဘူး။”

ယခုလို ဖမ်းဆီးနေမှုကြောင့် တရုတ်-မြန်မာ ဆိုင်ကယ်ကယ်ရီလုပ်ကိုင်နေသည့် လူငယ် လူရွယ်များ သိသိသာ သာ နည်းပါးသွားပြီး ရွှေမှော်များတွင်လည်း ယခုလို ဖမ်းဆီးမှုကြောင့် အမျိုးသမီးများနှင့် လူကြီးပိုင်း များသာ လုပ်ကိုင်နေကြသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်အတွင်း မြန်မာစစ်အစိုးရ စစ်ကြောင်းလှုပ်ရှားမူများ ထူးထူးခြားခြား မရှိသေး သလို သစ်ဖမ်း ဆီးသည့် စစ်ဆင်ရေးမျိုးလုပ်လျင် အရပ်သားများအား ပေါ်တာဆွဲခြင်း မရှိသည့် အတွက် ယခုလို လူငယ်များ အား ဖမ်းဆီးနေခြင်းအပေါ် စစ်သားစုဆောင်းရေး ဖြစ်နိုင်သည်ဟု နယ်စပ်ရှိ ဒေသခံများက ခန့်မှန်းနေကြသည်။


အင်္ဂလန် နိုင်ငံ အူလ်စတာ (ulster) တက္ကသိုလ်မှ ဒေါ်စု အား ဥပဒေ ဆိုင်ရာ ဒေါက်တာဘွဲ့ ချီးမြှင့်


နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အား ဂုဏ်ပြု အမှတ်တရ © David Ng
မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အင်္ဂလန် နိုင်ငံ အူလ်စတာ (ulster) တက္ကသိုလ်မှ အမြင့်ဆုံး ဥပဒေ ပညာရှင် ဆုကို ဂုဏ်ပြု ချီးမြှင့်မည် ဖြစ်ကြောင်း သိရှိ ရသည်။

အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနား ကို လာမည့် ဂျူလိုင်လ ၇ ရက်၊ ကြာသပတေး နေ့ တွင် ဒယ်ရီ ထောင်စုနှစ် စင်မြင့် ( Derry's Millennium Forum ) ၌ ကျင်းပ ပေးအပ်မည် ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဆိုပါ ဆုပေးပွဲ မတတ်ရောက် သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား မာရ် ရဇမ် လင်း က ( Mra Razam Linn ) လက်ခံ ရယူပေးမည် ဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားသည့် မိန့်ခွန်းကို အဆိုပါ ဘွဲ့နှင်းသဘင်တွင် ဖတ်ကြားမည်ဟု ဒယ်ရီ မဂ္ဂဇင်း (derryjournal) တွင် ရေးသား ဖေါ်ပြထားသည်။ အဆိုပါ အခမ်းအနားတွင် သီချင်းရေးဆရာ၊ တူရိယ ပညာရှင်၊ အဆိုတော် ပေါလ်ဘရ့်ဒီ ( Paul Brady) ကို စာပေဆိုင်ရာ ထူးချွန်ဆု အပ်နှင်း မည် ဖြစ်သကဲ့သသို့၊ အူလ်စတာ (ulster) တက္ကသိုလ် မှ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ အားလည်း ဘွဲ့များ ပေးအပ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။

ဒီကနေ ဗဟိုတရားရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြထားသော သက်သေထွက်ဆိုခွင့်အယူခံအတွက် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲ ချက်ကို ကြားနာ ခဲ့ပြီး၊ စီရင်ချက်မချမှတ် ခဲ့ကြောင်း၊ သောကြာနေ့ အင်းစိန် အထူးတရားရုံး ၏ တရားခွင်ကို ရွှေ့ဆိုင်း ပေးရဦးမည် ထင်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်း က လူထုအသံ ကို ပြောဆို ခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် သည် လွန်ခဲ့သော (၁၉) နှစ်တာ ကာလ အတွင်း စုစုပေါင်း အချိန် (၁၃) နှစ်ကျော်ကို နေအိမ် အကျယ်ချုပ်ဖြင့် အထီးကျန်စွာ ဖြတ်သန်း ခဲ့ရသော်လည်း သူမ၏ ဒီမိုကရေစီ မျှော်လင့်ချက်များ မှာ အားပျော့ မသွားဘဲ ခိုင်မာစွာ တည်ရှိ နေဆဲ ဖြစ်သည်။

Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသည် (ခွေးသူတောင်းစားပုဒ်မ)

ဂူ ဂဲလ် တော့ခ် (google talk) ခေါ် ဂျီတော့ခ် (gtalk) သုံးစွဲသူတွေ
မြန်မာပြည်မှာ အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့အပတ်က မိုးမခ နဲ့
တခြားဘလော့တွေမှာ ဖတ်ရတော့ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ အင်တာနက်
စောင့်ကြည့်ရေး အောက်မှာ အရဲစွန့် သုံးစွဲနေသူများကို အထူး
စိုးရိမ်နေခဲ့တာ အမှန်ပါ။ ညီငယ်တဦး ဖြစ်သူလည်း မကြာသေးခင်က
တက်ကြွလူငယ်တစုနဲ့ အတူ နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက်
အသရေဖျက်မှုနဲ့ ထောင်ဒဏ် ကျခံနေရကာ နောက်ဆက်အမှုတွဲအဖြစ် သူရဲ့
အင်တာနက်ဆိုင် ဝင်ထွက် သွားခဲ့တဲ့ မှတ်တမ်း အချက် အလက်ကြောင့် အင်တာနက်က
တဆင့် သတင်းဖြန့်ဝေမှု ဘာ ညာ လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်များနဲ့ အင်တာနက်
ဆက်သွယ်ရေး နည်းဥပဒေ ၃၄ (ဃ) ဖြင့် ပြစ်ဒဏ် ပိုမိုချနိုင်ဖို့
တရားစွဲဆိုမှု ခံနေကြောင်း
မိဘများက ပြောပြတယ်။

အများသိတဲ့အတိုင်း ယနေ့ မြန်မာပြည်မှာ အကြောင်း အမျိုးမျိုးနဲ့
ဖမ်းဆီးခံရတဲ့ နိုင်ငံရေး တက်ကြွသူတွေကိုလည်း စစ်အစိုးရက
အင်တာနက်ဆိုင်သွား၊ အင်တာနက်သုံးတာ ရှိရင် ဒီ အင်တာနက်ဆိုင်ရာ
မတရားဥပဒေနဲ့ ထောင်ချဖို့ ပြင်ဆင်ထားပါတယ်။ ဒီတော့ အခုရက်အတွင်း
ဂျီတော့ခ် သုံးစွဲတာကို အစိုးရက ကြားဖြတ် ဝင်ရောက်ပြီး အချက်အလက်တွေ
ရယူနိုင်တာကြောင့်လို့ သတင်းတွေမှာ မတင်မကျ ရေးထားတာကြောင့်
အင်တာနက်သုံးစွဲသူတွေမှာ ဂျီမေးလ် (gmail) ဂျီတော့ခ် သုံးစွဲတာ
လုံခြုံမှုမရှိ သူတို့ ပြောဆိုရေးတာတွေကို အစိုးရက အချိန်မရွေး ကြားဖြတ်
ဝင်ရောက်နိုင်တယ်လို့ ထင်ရောင်ထင်မှား ဖြစ်ကြကုန်ပါတယ်။ ဒီလို
အစိုးရသတင်း အချက်အလက် ရယူနိုင်တာ ဂျီမေးလ် လုံခြုံမှု မရှိလို့ မဟုတ်ဘဲ
သုံးစွဲသူများ အခြေခံ ရှောင်သင့် ဆောင်သင့်တာ မလုပ်နိုင်တာက တကြောင်း နဲ့
စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှုများကြောင့် ဖြစ်ပါတယ်။ ဒီအတွက်
အနည်းဆုံး အင်တာနက် သုံးစွဲနေသူများ အနေနဲ့ သိသင့် ရှောင်သင့် ဆောင်ရန်
အချက်များကို မျှဝေလိုက်ပါတယ်။

အင်တာနက်လောကကို ဦးဆောင်နေတဲ့ ဂူးဂဲလ် (google) အုပ်စုထုတ် ဂျီတော့ခ်၊
ဂျီမေးလ် တို့ကို အလွယ် ဝင်ရောက်ကာ သုံးစွဲသူရဲ့ သတင်း အချက် အလက်
ယူလို့မရနိုင်ပါ။ အများအားဖြင့် ဒီလို မိမိတို့ သတင်း အချက်အလက်တွေကို
တပါးသူ ရယူနိုင်တာ၊ ဖျက်ဆီး နှောက်ယှက်ခံရတာ အင်တာနက် သုံးစွဲသူများ
ကိုယ်တိုင် အင်တာနက် သုံးစွဲရာမှာ သိသင့်တဲ့ အခြေခံ ရှောင်ရန်
ဆောင်ရန်များကို အလေးမထား မလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါတယ်။

ယနေ့ မြန်မာပြည် အင်တာနက် သုံးစွဲနေမှုကို အကြမ်း လေ့လာကြည့်ရင်
အင်တာနက်သုံးစွဲသူ အရေအတွက် အလွန်နည်းပါးလျက်ရှိပြီး သုံးစွဲသူများ
စာရင်း အရေအတွက်ကိုလည်း စစ်အစိုးရက အလွယ် ရရှိနိုင်ပါတယ်။ အများစုမှာ
အင်တာနက်ဆိုင်များမှာ သုံးစွဲနေရပြီး အများစုမှာ အင်တာနက် နည်းပညာကို
စလုံးရေးစ မသိသေးသူများသာ ဖြစ်ကြပါတယ်။ စိတ်ဝင်စားစရာ တချက်က အခမဲ့
ရယူနိုင်တဲ့ ဟော့မေးလ် (hotmail) နဲ့ ယာဟူး (yahoo) တို့ကို ယနေ့အထိ
ပိတ်ပင်ထားပြီး ဂျီမေးလ် ကိုသာ ရယူနိုင်ပါတယ်။ ထူးခြား ထူးဆန်းတာက
အီးမေးလ် အသစ် ဖွင့်လိုသူများမှာ အင်တာနက်ဆိုင်ကိုသွားပြီး ဂျီမေးလ်
ဖွင့်ပေးဖို့ ငွေပေး လုပ်ကိုင်ရကြောင်း၊ ဖွင့်ပေးတဲ့ အီးမေးလ်ရဲ့
သုံးစွဲသူ အမည် (username) နဲ့ စကားဝှက် (password) တို့ကို
အင်တာနက်ဆိုင်က မှတ်ယူ သိမ်းထားပြီး အီးမေးလ် လာသုံးတဲ့အခါ ဆိုင်က
ဖွင့်ပေးကြောင်း ညီငယ်တဦးက ပြောပြပါတယ်။

စစ်အစိုးရအနေနဲ့ တဖက်မှာလည်း ဘယ်သူတွေ ဘယ်အချိန်ကာလမှာ အင်တာနက်
သုံးစွဲတယ် ဆိုတာကို အင်တာနက် ဆိုင်များရဲ့သုံးစွဲသူမှတ်တမ်း
(အဝင်-အထွက်၊ သုံးစွဲတဲ့ အချိန်ကာလ) ကို ယူကြည့်ခြင်းဖြင့်
အလွယ်ရယူနိုင်တယ်။

အခုနောက်ပိုင်း တချို့ အင်တာနက်ဆိုင်များမှာလည်း ကွန်ပြူတာ (အင်တာနက်)
သုံး ဝါရင့်လာသူများ ရှောင်ရှားမှုကို ထောက်လှမ်းနိုင်ဖို့ အာဏာပိုင်များက
keylogger ခေါ် ကွန်ပြူတာသုံးစွဲသူ အသုံးပြုပုံ စာရိုက်ချက်တွေကို
မှတ်ယူနိုင်တဲ့ စနစ်ကို ကွန်ပြူတာများမှာ ထည့်သွင်းပြီး
သုံးစွဲသူများရဲ့အကြောင်းအရာမျာ
းကို ထောက်လှမ်း ရယူနေတယ်လို့ သိရှိရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဒေသမှာ နေနေ အများသုံး ကွန်ပြူတာကို သုံးပြီး
အင်တာနက် ကြည့်သူ သုံးသူများအတွက် လုံခြုံမှုမှာ ကိုယ်ပိုင် ကွန်ပြူတာနဲ့
ကိုယ့်အိမ်မှာ သုံးတာထက် အထူး နည်းပါးပြီး မိမိရဲ့သုံးစွဲမှု
အချက်အလက်များကို တခြားလူများက အလွယ်တကူ ဖော်ထုတ် ရယူနိုင်ပါတယ်
(စကားချပ် - ဒီဖက် အမေရိကန်နိုင်ငံ နဲ့ တိုးတက်နေတဲ့ နိုင်ငံတွေမှာလည်း
နိုင်ငံတော် လုံခြုံရေး အကြမ်းဖက် လှုပ်ရှားမှုများ နဲ့ အသက် ၁၈ နှစ်အောက်
ကလေးငယ်များရဲ့ ကာမဆိုင်ရာ ပုံများ ဖလှယ်မှု၊ အသက် မပြည့်သူများနဲ့
ကာမဆိုင်ရာ ဆက်သွယ် လုပ်ကိုင်မှုများကို စောင့်ကြည့် ကြားဖြတ်
လုပ်ကိုင်နေပါတယ်)။

အင်တာနက်ပေါ်မှာ နိုင်ငံရေး ဆိုင်ရာ အကြောင်း အရာ အချက် အလက်များ ရေးသား
ပြောဆိုတာတွေကို အထူး တင်းကြပ် စောင့်ကြည့်နေတဲ့ မြန်မာပြည်မှာ အင်တာနက်
သုံးစွဲနေသူများ အနေနဲ့ တက်နိုင်သမျှ အင်တာနက်ဆိုင်များ လူမြင်ကွင်းမှာ
လျှိုဝှက်သင့်တဲ့ အကြောင်းအရာ အချက်အလက်များကို ဂျီတော့ခ်၊ အီးမေးလ်
တို့မှတဆင့် ရေးသားပို့ဆောင်၊ ဖလှယ်ခြင်းများကို အထူးဂရုစိုက်
လုပ်ကိုင်ဖို့ လိုပါတယ်။ တဖက်မှာလည်း အင်တာနက်သုံးစွဲသူအနေနဲ့ အခြေခံ
မဖြစ်မနေ လုပ်သင့်တာများကို ပြင်ဆင်လုပ်ကိုင်ဖို့ လိုပါတယ်။



(၁) အင်တာနက်ဆိုင်က မိမိ အီးမေးလ် (ဂျီမေးလ်)၊ ဂျီတော့ခ် များကို
ဖွင့်ပေးထားပါက စကားဝှက်အသစ်ကို မိမိကိုယ်တိုင် ရွေးချယ် ပြောင်းလဲပါ။
အတက်နိုင်ဆုံး မိမိ စကားဝှက်ကို သူငယ်ချင်း မိတ်ဆွေ၊ မောင်နှမ ဆွေမျိုး
သားချင်း မည်သူကိုမှ ပေးမသိဖို့၊ အလွယ် ရေးမှတ်ထားခြင်း မလုပ်ဖို့ နဲ့
အနည်းဆုံး သုံးလတကြိမ် စကားဝှက် အသစ် ပြောင်းလဲပါ။ ဂျီတော့ခ်၊
ဂျီမေးလ်ကို အများသုံး ကွန်ပြူတာမှာ သုံးစွဲတဲ့အတွက် အီးမေးလ်ကို
ဖွင့်တဲ့အခါ သုံးစွဲသူအမည်၊ စကားဝှက် တို့ကို ဖြည့်ပြီးတဲ့အခါ
အောက်ဖက်ရှိ Remember me on this computer ချက်ဘောက် ကို check
မလုပ်ပါနဲ့။ အင်တာနက် သုံးပြီးတဲ့ အခါလည်း အီးမေးလ်ကို logout လုပ်ပြီး
အင်တာနက် ဘရော့စာ တခုလုံးကို exit လုပ် ပိတ်ပစ်ပါ။ ဂျီတော့ခ်
ဝင်ဒိုးကိုလည်း exit လုပ် ပိတ်ပစ်ပါ။



(၂) ဂျီတော့ခ်၊ ဂူးဂဲလ်တော့ခ် သုံးသူများအနေနဲ့ မိမိ သိတဲ့သူ
ရင်းနှီးသူများကိုပဲ မိမိတို့ စကားဝိုင်းထဲကို ဖိတ်ခေါ် ထည့်သွင်းဆက်သွယ်
ပြောဆိုပါ။ မိမိ မသိသူ တဦး တယောက်က ချိတ်ဆက်လာ၊ ဖိတ်ခေါ်တဲ့အခါ
ဘယ်သူဘယ်ဝါ ဆိုတာကို သိအောင် စီစစ်ပြီးမှ မိမိ စကားပြော အုပ်စု စာရင်းထဲ
ထည့်သွင်းပါ။ မသိသူ ဖိတ်ခေါ်မှုကို အလွယ်လက်ခံခြင်း၊ မိမိ အုပ်စုထဲ
ထည့်သွင်းခြင်း မလုပ်သင့်ပါ။ ထောက်လှမ်းသူများအနေနဲ့ မိမိ သူငယ်ချင်း
မိတ်ဆွေပုံစံမျိုးနဲ့ စကားပြောအုပ်စုထဲ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာမို့
ဂျီတော့ခ် နဲ့ စကားပြောမယ်ဆိုရင် ကြိုတင် (ဖုန်း) အချိတ်အဆက် လုပ်ပြီး
ဘယ်အချိန်မှာ ဘယ်သူဘယ်ဝါနဲ့ ဆက်သွယ် ပြောမယ် ဆိုတာမျိုး
လုပ်ကိုင်သင့်ပါတယ်။ မိမိအနေနဲ့ တဦး တယောက်ကို မိမိတို့ စကားပြော
အုပ်စုစာရင်း ထည့်သွင်း လက်ခံပြီးရင် စာရင်းထဲရှိသူများက ဂျီမေးလ်၊
ဂျီတော့ခ်ကို ဆက်သွယ်ဖွင့်တိုင်း သူတို့အနေနဲ့ မိမိ အင်တာနက် ချိတ်ဆက်
သုံးနေတာကို သိနိုင်ပါတယ်။ မိမိ မလိုလားတဲ့သူ မသိတဲ့လူ ဆက်သွယ်ရေး
စာရင်းထဲမှာ ရှိနေရင် ဖယ်ရှားလိုတဲ့ အမည်ရဲ့ ရွေးပြီး မောက်စ် ညာဘက် ကို
နှိပ်ပြီး remove လုပ်နိုင်သလို၊ Block လုပ်ပြီး တားမြစ်နိုင်ပါတယ်။



(၃) ဂျီတော့ခ် သုံးစွဲမှုမှ ဗိုင်းရပ်စ် ရနိုင်သလားလို့ မေးတာကို ဖြေရရင်
ဂျီတော့ခ် ဖွင့်သုံးခြင်းမှ မရနိုင်ပါ။ သို့ပေမယ့် မိမိနဲ့ ချိတ်ဆက်
စကားပြောနေသူ (စကားပြောအုပ်စုထဲမှ တဦးတယောက်)က အီးမေးလ်မှ တဆင့်
ပို့လာတဲ့ ဗိုင်းရပ်စ် (virus) စပိုင်ဝဲယား (spyware)၊ စပမ် (spam) စတဲ့
ဒုက္ခပေးနိုင်တဲ့ အင်တာနက် စာမျက်နာလင့်ခ် များကို ဖွင့်ကြည့်ရာမှ
ဗိုင်းရပ်စ်တို့၊ စပိုင်ဝဲယား တို့ကို ရနိုင်ပါတယ်။ ဒါကြောင့် မသိတဲ့
လင့်ခ်များ၊ ပူးတွဲစာ၊ ပုံ (attachment file) များကို
အလွယ်ဖွင့်ကြည့်ခြင်း၊ ဒေါင်းလုတ် ရယူခြင်းများကို ရှောင်ရှားပါက
ဗိုင်းရပ်စ်ရန်မှ ကင်းနိုင်ပါတယ်။



(၄) တခါတလေ ဂူးဂဲလ် က ဆက်သွယ်လာတဲ့ ပုံစံမျိုးနဲ့ အီးမေးလ်စာ (သို့)
ဂျီတော့ခ် က တဆင့် မိမိရဲ့အမည်၊ စကားဝှက် တို့ကို တောင်းယူတဲ့အခါ
ထင်ယောင် ထင်မှားဖြစ်ပြီး မပေးပါနဲ့။ ဂူးဂဲလ် အနေနဲ့ သုံးစွဲသူများရဲ့
အချက်အလက်ကို တောင်းစရာမလိုဘဲ လိုအပ်ပါက သုံးစွဲသူများရဲ့
အချက်အလက်များကို အလိုအလျောက် ဝင်ရောက် ပြင်ဆင်နိုင်ပါတယ်။
သဘောတူညီချက်အရ ဘယ်တော့အခါမှ သုံးစွဲသူရဲ့ အမည်၊ စကားဝှက်များကို ဂူးဂဲလ်
အနေနဲ့ တောင်းဆိုခြင်း၊ တခြား တယောက်ကို ပေးခြင်း မရှိပါ။ ဝင်ရောက်
ပြင်ဆင် လုပ်ကိုင်ခြင်းမျိုးလည်း မရှိပါ။ တခါတလေ အောက်ဖော်ပြပါ
ဂူးဂဲလ်တော့ခ် ပုံစံမျိုးနဲ့ သုံးစွဲသူ အမည်၊ စကားဝှက်တို့ကို
တောင်းခံရယူပြီး မိမိ အချက်အလက်များကို ရယူတက်ပါတယ်။ သတိထား
ရှောင်ရှားဖို့ လိုပါတယ်။ ဂူးဂဲလ်အနေနဲ့ သုံးစွဲသူအီးမေးလ်ကို
သူတို့သတ်မှတ်ထားတဲ့ သုံးစွဲသူ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းများ
ဖောက်ဖျက်တဲ့အခါမှ ဖျက်သိမ်း ပိတ်ပစ်တာမျိုး ရှိပါတယ်။



ဂျီတော့ခ် မှာ လုပ်သင့်တဲ့ အချက်များ

ဂျီတော့ခ် (ဂျီမေးလ်တော့ခ်) မှာ မိမိပြောဆို ရေးခဲ့သမျှကို
သိမ်းဆည်းထားနိုင်ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ပိုင် သုံးစွဲသူအမည်၊
စကားဝှက်တို့နဲ့ ဖွင့်မှ အီးမေးလ်စာများ နဲ့ သိမ်းထားတဲ့
စကားပြောမှတ်တမ်း (Your browser may not support display of this image.
Chat) ကို ဖွင့်ကြည့်နိုင်ပါတယ် (ဒါပေမယ့် မြန်မာနိုင်ငံမှာတော့
အာဏာပိုင်များက မိမိ အင်တာနက် ဂျီတော့ခ် သုံးစွဲမှုကို စုံစမ်း
စစ်ဆေးလို့ပါက အကြပ်ကိုင် အတင်း အဓမ္မ အမိန့်အာဏာနဲ့
ဖွင့်ယူကြည့်ခြင်းဖြင့် မိမိ ရေးပြောခဲ့တာများကို ဖော်ထုတ်နိုင်ပါတယ်)။
သိမ်းဆည်းထားတဲ့ စကားပြော မှတ်တမ်းကိုလည်း အီးမေးလ် စာဖိုင်များလိုပဲ
တခြားတဦး တယောက်ဆီကို ပို့ပေးနိုင်သလို၊ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။



အရေးပါ လျှိုဝှက်သင့်တဲ့ အချက်အလက်များကို စကားပြောမှတ်တမ်း (chat
history) မှာ သိမ်းဆည်းထားခြင်း မလုပ်သင့်ပါ။ ဒီအတွက် အာဏာပိုင်များ
မိမိပြောဆိုခဲ့တာကို ပြန်လည်ဖော်ထုတ် မကြည့်နိုင်ဖို့
စကားပြောမှတ်တမ်းကို အောက်ပါအတိုင်း ပြင်ဆင်သင့်ပါတယ်



ဂျီမေးလ် (ခ) ဂူးဂဲလ်မေးလ်

(၁) ဂျီမေးလ် အီးမေးလ် ကို ဖွင့်ပါ။

(၂) အပေါ်ဖက်ပိုင်းရှိ settings ကို ဖွင့်ပြီး Chat ကို နှိပ်လိုက်ပါ။

(၃) Chat စာမျက်နှာမှာ Select 'Don't save chat history in my Gmail
account' ကို ရွေးပြီး Save လုပ်ခြင်းဖြင့် မိမိပြောဆိုခဲ့တာတွေကို
ဂျီးမေးလ်ထဲမှာ သိမ်းဆည်းထားခြင်း မရှိတော့ပါ။ အကယ်လို့ သိမ်းဆည်းလို့ပါက
အထက်ပါအဆင့်အတိုင်း ပြန်သွားပြီး 'Save chat history in my Gmail
account' ကို နှိပ်ပြီး Save လုပ်လိုက်ခြင်းဖြင့် မိမိ
ပြောဆိုခဲ့တာတွေကို စကားပြောမှတ်တမ်း မှာ သိမ်းထားလိမ့်ပါမယ်။



ဂျီတော့ခ် (ခ) ဂူးဂဲလ်တော့ခ်

(၁) ဂျီတော့ခ်ကို ဖွင့်ပါ။

(၂) မိတ်ဆွေသူငယ်ချင်းစာရင်း အထက်ပိုင်းရှိ Settings ကို နှိပ် Chat မှာ
'Don't save chat history in my Gmail account' ရွေးလိုက်ခြင်းဖြင့်
မှတ်တမ်းသိမ်းဆည်းမှုကို ပိတ်ထားနိုင်ပါတယ်။ သိမ်းထားလိုပါက အထက်ပါ
အဆင့်အတိုင်း လုပ်ပြီး 'Save chat history in my Gmail account'
ရွေးလိုက်ပါ။ ပြီးနောက် OK လုပ်ပါ။



မှတ်ချက်။ ။ မိမိဖက်က စကားပြော မှတ်တမ်းကို သိမ်းဖို့ မလုပ်ထားပေမယ့်
တဖက် စကားပြောသူများက သိမ်းထားရင်လည်း မိမိတို့ စကားပြော မှတ်တမ်း
အကြောင်းအရာ အချက်အလက်များကို သူတို့ မှတ်တမ်းမှ ရယူနိုင်ပါတယ်။
သူတို့ဆီမှာ မိမိ ပြောဆိုချက်များကို မတင်ကျန် မသိမ်းဆည်းလိုပါက
မိမိအနေနဲ့ off the record ကို ရွေးချယ် သုံးသင့်ပါတယ်။

Off the record လုပ်ထားခြင်းဖြင့် မိမိ စကားပြောမှတ်တမ်း နဲ့ ဆက်သွယ်
ပြောဆိုသူများရဲ့ မှတ်တမ်းများမှာ မိမိတို့ ပြောဆိုချက်များ မတင်ကျန်
သိမ်းဆည်းထားခြင်း မရှိတော့ပါ။ Off the record လုပ်ထားတာကို မိမိ နဲ့
ဆက်သွယ် စကားပြောသူများ သိနိုင်ပြီး မိမိ ဂျီတော့ခ်မှာ Off the record
ဖြစ်နေတာကို အသိပေးတာကို တွေ့ရပါမယ်။



Off the record လုပ်နည်း

ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်း ညာဖက်ရှိ အောက်ဖက်ညွန်းမျှား (down arrow)
ကို နှိပ်လိုက်ပြီး Go off the record ကို ရွေးချယ်လိုက်ပါ၊
ဂျီမေးလ်ချက်မှာတော့ ချက်ဘောက် (chat box) ရှိ Video & more
မြားကလေးကိုနှိပ်ဖွင့်ပြီး အထက်ဖက်ရှိ Off the record ရွေးချယ်လိုက်ရင်
မိမိနဲ့ ဆက်သွယ်သူများရဲ့ ပြောဆိုချက်များကို သိမ်းဆည်းထားမည်
မဟုတ်ကြောင်း သတိပေးချက်ကို ရရှိပါလိမ့်မယ်။ အကယ်၍ မိမိအနေနဲ့
ပြောဆိုချက်များကို သိမ်းဆည်းထားလိုပါက ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်းရှိ
cancel (သို့) Options အောက်ရှိ stop chatting off the record ရွေးချယ်
ပြောင်းလိုက်ပါ။

အထက်ဖော်ပြပါ အကျဉ်းချုပ် ရှောင်ရန်ဆောင်ရန် သတိပြုစရာများကို
လုပ်ဆောင်ခြင်းဖြင့် အင်တာနက် သုံးစွဲခြင်းကို အနေအထားတခု အထောက်အကူ
ပြုနိုင်ပါလိမ့်မယ်။ ပျော်ရွှင်ချမ်းမြေ့စွာ လွတ်လပ်စွာ
အင်တာနက်သုံးစွဲနိုင်ကြပါစေ။ ။
Posted by ဒေါင်းတမာန် at http://arzarni.blogspot.com/2009/06/google-talk-or-g-talk.html