Saturday, June 27, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သတ္တိရှင် အမျိုးသမီးတဦး


မတရား ချုပ်နှောင် တရားစွဲဆိုခြင်း ခံရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချစ်ကြည် လေးစား ထောက်ခံသည့် အနေဖြင့် April 16, 2007, The Guardian မှ Gordon Brown ၏ "A Woman of Courage" ကို ဇော်ဝင်းထွန်း ဘာသာပြန်ဆိုထားသည့် "ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သတ္တိရှင် အမျိုးသမီးတဦး" ရုပ်ပုံလွှာ ဆောင်းပါးကို ဧရာဝတီ ကွန်ရက် မဂ္ဂဇင်းမှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ . . . [စာရေးသူ - ဂေါ်ဒွန်ဘရောင်း (Gordon Brown) ဟာ လေဘာပါတီ (Labour Party) ခေါင်းဆောင် တဦးဖြစ်ပြီး လက်ရှိ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ဘရောင်းကို ၁၉၁၅ ဖေဖော်ဝါရီ ၂ဝ ရက်ကနေ့မှာ Govan, Glasgow, Scotland မှာ မွေးဖွားခဲ့ပြီး၊ ၁၉၈၃ မှာ Dunfermline East မှနေ လေဘာ အမတ် အဖြစ် ရွေးကောက် တင်မြှောက် ခံရကာ ပါလီမန် အမတ် တဦး ဖြစ်လာခဲ့တယ်။ ၁၉၉၇ ဗြိတိန် ရွေးကောက်ပွဲမှာ လေဘာပါတီက လွတ်လွတ်က္ဆွတ်က္ဆွတ် အနိုင် ရရှိခဲ့ပြီး၊ တိုနီဘလဲ (Tony Blair) ဦးဆောင်ပြီး လေဘာ အစိုးရ ဖွဲ့တဲ့ အခါမှာ ဘဏ္ဍာရေး ဝန်ကြီး (Chancellor of the Exchequer) အဖြစ် အဲဒီနှစ် မေလက စလို့ ၂ဝဝ၇ ခုနှစ်၊ အထိ တာဝန် ယူခဲ့တယ်။ ၂ဝဝ၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ ဗြိတိန် ဝန်ကြီးချုပ် တာဝန်ကို တိုနီဘလဲ ထံကနေ လွှဲပြောင်းယူပြီး ထမ်းဆောင်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါတယ်။]

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သတ္တိရှင် အမျိုးသမီးတဦး။ (Sketch from - kerrywaghorn.com)


၁၉၉ဝ ခုနှစ်၊ အစောပိုင်းမှာ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေဘာပါတီရဲ့ ညီလာခံမှာ မိန့်ခွန်း ပြောခိုင်းဖို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ တကယ်တော့ ဒီကိစ္စဟာ ဖြစ်နိုင်မှာ မဟုတ်မှန်း ကျနော် သဘောပေါက်ပါတယ်။ ဒါကြောင့် သူ နေရာမှာ အစားထိုး ပြောပေးနိုင်မယ့် သူရဲ့ အမျိုးသား ဒေါက်တာ မိုက်ကယ်အဲရစ်ကို စဉ်းစားမိပြီး သူနဲ့ တွေ့ဆုံဖို့ အတွက် စီစဉ်ပါတယ်။ အဲ့လို တွေ့ဖို့ စီစဉ်ပြီး သူတို့ စုံတွဲရဲ့အကြောင်းတွေကို အသေးစိတ် ဖတ်ကြည့်တဲ့ အခါမှာတော့ သူတို့အတူတူ ရှိခဲ့တဲ့ ဘဝ မှတ်တိုင်တွေ၊ သူတို့ရဲ့ ဘဝတလျှောက် ကြိုးပမ်းမှုတွေ အားလုံးကို တွေ့ရှိရပါတယ်။
တကယ်တမ်း ပြောရမယ် ဆိုရင်တော့ သူ အကြောင်းကို ပိုဖတ်လေ သူရဲ့ အထီးကျန်ဆန်မှုတွေကြားက ဆက်လက် တိုက်ပွဲဝင် နေတဲ့ ကြီးမားတဲ့ သတ္တိ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ အချက်တွေကပဲ သူကို ယုံကြည်ချက် အတွက် အကျဉ်းကျ နေတဲ့ အမျိုးသမီး အကျဉ်းသား အဖြစ် ကမ္ဘာတဝှမ်းမှာ အကျော်ကြားဆုံး ဖြစ်နေစေပါတယ်။ ဒေါ်စုဟာ ကမ္ဘာပေါ်မှာ အင်အား အကြီးမားဆုံး၊ အရက်စက်ဆုံး အာဏာရှင်ကို ရင်ဆိုင် တွန်းလှန်နေတာ ဖြစ်ပါတယ်။ သူ သတ္တိ ဘယ်လောက်ရှိသလဲ ဆိုတာကို သူ ချစ်တဲ့ ခင်ပွန်းသည်၊ သူရဲ့ ချစ်လှတဲ့ သားနှစ်ယောက်ရဲ့ ဘဝတွေကို လျစ်လျူရှုပြီးတော့ အကျယ်ချုပ်ထဲမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ခွဲခွာ နေထိုင်ခြင်းဖြင့် ပြသခဲ့ပါတယ်။ ချစ်သား နှစ်ယောက်ရဲ့ တစတစ ကြီးပြင်း အရွယ်ရောက်လာတဲ့ အချိန်တွေကို မျက်ကွယ်ပြု နေခဲ့ရတဲ့ မိခင် ဖြစ်ပါတယ်။
ဒေါ်စုရဲ့ သတ္တိ စွမ်းရည်တွေကို နားလည်ဖို့ ဆိုရင် သူရဲ့ တာဝန် ကျေပွန်လိုစိတ်နဲ့ သူ ဖခင်၊ လွတ်လပ်ရေးကို မမြင်ခဲ့ရတဲ့ လွတ်လပ်ရေး သူရဲကောင်းကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သူ အပေါ် သြဇာ လွှမ်းမိုးမှုတွေကို ပထမဦးဆုံး နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဒုတိယ အနေနဲ့ အရေးကြီးဆုံး အချက်ကတော့ ဒေါ်စုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပေါ်မှာ ထားတဲ့ အခြေခံ ယုံကြည်ချက် စွမ်းအားတွေပဲ ဖြစ်ပါတယ်။ မျှော်လင့် မထားတဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကို အကြောက်တရားကင်းကင်း ရင်ဆိုင်တာနဲ့တင် သူ သတ္တိကို ဖော်ကျူးလို့ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ချစ်တဲ့ မိသားစုနဲ့ ရက်ရက်စက်စက် ခွဲထားတာတွေ၊ ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ ကျော်လွှားခဲ့တဲ့ သူရဲ့ အခြေခံ ယုံကြည်ချက် ပြင်းပြမှုတွေဟာ သူရဲ့ ဖော်ကျူး မကုန်တဲ့ စွမ်းရည် သတ္တိတွေပဲ ဖြစ်ပါတယ်။
ဒေါ်စု အတွက် ဒီဖြစ်ရပ်တွေကို ကြုံတွေ့စေဖို့ အလှည့်အပြောင်း ကာလ တခုဟာ ၁၉၈၈ ခုနှစ်ရဲ့ နွေဦးရာသီမှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
"အဲဒီနေ့ဟာ အောက်စ်ဖို့ဒ်ဝန်းထဲက ငြိမ်သက်တဲ့ မတ်လရဲ့ နောက်ဆုံးနေ့ ညတည ဖြစ်ပါတယ်။ သားတွေဟာ အိပ်ရာထဲကို ရောက်နေကြပါပြီ။ ကျနော်တို့ စာဖတ်နေစဉ်မှာပဲ တယ်လီဖုန်းက မြည်လာပါတယ်။ စုဟာ တယ်လီဖုန်း ကောက်ကိုင်လိုက်တာနဲ့ တပြိုင်တည်းမှာ သူ မိခင်ရဲ့ အခြေအနေဆိုးကို ကြားသိ ခဲ့ရပါတယ်။ သူဟာ ဖုန်းချပြီးတာနဲ့ တခါတည်း အထုပ်ပြင် ပါတော့တယ်။ ကျနော်တို့ ဘဝတွေ အပြောင်းအလဲ ဖြစ်တော့မယ် ဆိုတာကို အဲဒီ အချိန်ကတည်းက ကျနော် ခံစားမိခဲ့ပါတယ်"။
ဒါကတော့ ခင်ပွန်းသည် မိုက်ကယ်ရဲ့ ပြန်ပြောင်း ပြောပြချက်တွေပဲ ဖြစ်ပါတယ်။
အဲဒီနေ့ မတိုင်ခင် အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဟာ ပညာရှင် တဦး အဖြစ်၊ ပါမောက္ခ တယောက်နဲ့ လက်ထပ်ထားတဲ့ အိမ်ထောင်ရှင်မ တယောက် အဖြစ်နဲ့ အေးချမ်းတဲ့ အောက်စ်ဖို့ဒ်ဝန်းထဲမှာ သားနှစ်ယောက်ကို စောင့်ရှောက်ရင်း ရှိနေခဲ့ပါတယ်။ နောက်တနေ့မှာတော့ သူဟာ အင်္ဂလန်ကနေ စစ်အုပ်စုကို ဆန့်ကျင် ဆန္ဒပြမှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတဲ့ ရန်ကုန်မြို့ဆီကို ခရီးနှင်ခဲ့ပါတယ်။ သူရဲ့ မိခင်ဖြစ်သူ ဝေဒနာကို ပြုစုရင်း၊ တိုင်းပြည်အတွင်း အာဏာရှင်စနစ်ကို မခံမရပ်နိုင် ဖြစ်ကာ တော်လှန်နေတဲ့ ကျောင်းသား လူငယ်တွေရဲ့ တိုက်ပွဲကို ဒေါ်စု အနေနဲ့ လက်ပိုက်ပြီး ငြိမ်ငြိမ်လေး ကြည့်မနေနိုင်ခဲ့ပါဘူး။ သူ ရောက်ပြီး ရက်သတ္တပတ် အနည်းငယ် အကြာ မှာ ဗိုလ်နေဝင်းရဲ့ မဆလ အာဏာရှင် ပြုတ်ကျ သွားပါတော့တယ်။ ဗိုလ်နေဝင်း ကိုယ်တိုင်က တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်စေဖို့ လူထု ဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ ကြေညာ လိုက်ပါတယ်။ ကျောင်းသား လူငယ်တွေရဲ့ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲဟာ တနိုင်ငံလုံးကို ပျံ့နှံ့လာပြီး လှည်းနေ လှေအောင်း မြင်းစောင်းမကျန် လမ်းမပေါ်ထွက် ဆန္ဒပြကြ ပါတော့တယ်။ ဗိုလ်နေဝင်းဟာ နိုင်ငံတဝန်းလုံးက လိုလား တောင့်တနေတဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို အကောင်အထည် ဖော်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းမပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်နေတဲ့ ပြည်သူလူထု အထူးသဖြင့် ကျောင်းသား လူငယ်တွေ ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ် ခဲ့ပါတယ်။
ဒီပစ်ခတ်မှုကို ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ ချက်သမ္မတဟောင်း ဗားကလက်ဟာဗယ်တို့က လက်နက်မဲ့၊ အပြစ်မဲ့ ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းလို့ ကမ္ဘာ့ ကုလသမဂ္ဂကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ အချိန်မှာ ဒေါ်စုဟာ ရန်ကုန် ရောက်နေတာ ရက်သတ္တပတ် အနည်းငယ်ပဲ ရှိပါသေးတယ်။ သူမှာ လက်နက် မရှိဘူး၊ နောက်လိုက်တွေ စစ်တပ်တွေလည်း မရှိပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်တွေရဲ့ ကမ်းကုန်အောင် ရက်စက် ကြမ်းကြုတ်မှုတွေကို မျက်မြင် တွေ့ခဲ့ရပါတယ်။ လမ်းမပေါ်မှာ ဆန္ဒပြနေတဲ့ ရေတွက် မရနိုင်တဲ့ ပြည်သူတွေရဲ့ ကံကြမ္မာဟာ စောင့်ကြိုနေတယ် ဆိုတာကို သူ သိပါတယ်။ ဒေါ်စုဟာ မြန်မာပြည်တွင်းက ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေက လွတ်မြောက်ပြီး သူ ဗြိတိသျှမှာ နေစဉ် လွတ်လပ်မှုတွေ ခံစားခဲ့ရသလိုမျိုး ခံစားစေချင်တယ်။ ရက်အနည်းငယ် အတွင်းမှာပဲ ဒေါ်စုနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ခဲ့ပြီး သူ ကိုယ်တိုင်လည်း အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ပါတယ်။
ကျနော့် အတွက် "သတ္တိ" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဒေါ်စုကနေ ဖွင့်ဆို ပေးခဲ့တယ်လို့ ပြောနိုင်ပါ တယ်။ အရင်က ဆိုရင် သတ္တိ ဆိုတာကို စစ်မြေပြင် တိုက်ပွဲတွေမှာပဲ အဓိက တွေ့ခဲ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အရ စွန့်လွှတ်မှု၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု၊ အောင်ပွဲ စတာတွေကို ကြည့်ပြီး သတ္တိကို ဖွင့်ဆို ခဲ့ကြပါတယ်။ သတ္တိ ဆိုတာကို ယောက်ျားတွေ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင် တောင့်တင်းသူတွေ၊ လုပ်ရဲကိုင်ရဲ ရှိသူတွေ၊ တခါတလေ ရိုင်းစိုင်းကြမ်းတမ်း မိုက်ရူးရဲဆန်မှုတွေကိုတောင် သတ္တိလို့ ဖော်ဆိုကြပါတယ်။ ဘယ်ဘာသာ စကားမှာပဲ ကြည့်ကြည့် သတ္တိ ရှိတယ် ဆိုတဲ့ စကားလုံးကို အမျိုးသားတွေ အတွက် သုံးကြပါတယ်။ ဒါပေမဲ့ ဒေါ်စုဟာ အာဏာမဲ့သူတွေကို ကိုယ်စားပြုတဲ့ စွမ်းအားတခု ဖြစ်ပါတယ်။ ယုံကြည်ချက် အတွက် အကျဉ်းကျနေတဲ့ အမျိုးသမီး တဦးဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှု အဆိုးဝါးဆုံး ဖြစ်တဲ့ စစ်အုပ်စုကို အကြမ်းမဖက် တိုက်ပွဲဝင် နေပါတယ်။ လူဦးရေ သန်း ၅ဝ ရှိတဲ့ တိုင်းပြည်မှာ အယောက် ၁,ဝဝဝ က နိုင်ငံရေး အကျဉ်းသားတွေ၊ လူဦးရေ ၅ သိန်းက ဒုက္ခသည်တွေ၊ အသက် ၄ နှစ်အောက် ကလေးလည်း ထောင်ထဲ ရောက်လိုရောက်၊ ကဗျာဆရာတွေ၊ သတင်းစာ ဆရာတွေလည်း စကားလေး ပြောမိရုံနဲ့ နှိပ်စက် အကျဉ်းချနေတဲ့ စစ်အုပ်စုကို ဒေါ်စုက သတ္တိရှိရှိ ငြိမ်းချမ်းစွာ တွန်းလှန် နေတာပါ။
ဒေါ်စု ရေးခဲ့တဲ့ 'ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး' စာစဉ်တွေမှာ ဆိုရင် သူ လေးစား လက်ခံတဲ့ သတ္တိ ဆိုတာကို အဓိက ရေးသား ဖော်ပြပါတယ်။ ကြောက်ရွံ့ခြင်း ကင်းတာ မဟုတ်ပါဘူး။ ယုံကြည်မှု ပြင်းထန်တာပါ။ စိတ်ဓာတ် ပြင်းထန်မှု သတ္တိပဲ ဖြစ်ပါတယ်။
ကြောက်ရွံ့မှု ကင်းတယ် ဆိုတာဟာ ကြီးမားတဲ့ လက်ဆောင်တခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကြိုးပမ်းမှုတွေထဲကနေ ရရှိတဲ့ သတ္တိကသာ ပိုပြီး တန်ဖိုးကြီးတယ် ဆိုတာ အထင်အရှားပါပဲ။ တယောက်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို ငြင်းပယ်ဖို့ ကြောက်ရွံ့ နေမှုတွေကို ဖယ်ရှားတဲ့ အလေ့အကျင့် မွေးမြူခြင်းကလာတဲ့ သတ္တိ၊ ပြင်းထန် ရက်စက်တဲ့ ဖိအားတွေ အောက်ကနေ ရုန်းထွက်၊ ဖောက်ထွက် ရင်ဆိုင်နိုင်တဲ့ သတ္တိတွေဟာ ပိုပြီး အဖိုးကြီးပါတယ်။
ဒေါ်စု ရန်ကုန် ပြန်ရောက်ပြီး တနှစ်လောက် အကြာမှာ စစ်တပ်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ဖွဲ့စည်းပြီး သူကို အမျိုးမျိုး ခြိမ်းခြောက်ကာ နိုင်ငံရေးနှင့် ကင်းဝေးအောင် လုပ်ဆောင်ပါတော့တယ်။ ၁၉၈၉ ဧပြီ ၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ရိုင်ဖယ် သေနတ်တွေနဲ့ သူတို့ကို တည့်တည့်ချိန်ထားတဲ့ စစ်တပ် တပ်စိတ် တခုနဲ့ ထိပ်တိုက် ရင်ဆိုင် တွေ့ခဲ့ပါတယ်။ ဒေါ်စုဟာ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘေးက လျှောက်သွားဖို့ ပြောဆိုခဲ့ပြီး ကိုယ်တိုင်ကတော့ သေနတ်သမားတွေ တည့်တည့်ကို ရဲရဲ ချီတက်ခဲ့ပါတယ်။ နောက်ဆုံးမှာ ဗိုလ်မှူး တယောက် ရောက်လာပြီး အမိန့် ပေးတော့မှ စစ်သားတွေရဲ့ သေနတ်တွေဟာ အောက်ကို ချသွားခဲ့ပါတယ်။ အင်မတန်မှ အသည်းယားဖွယ် ကောင်းတဲ့ မြင်ကွင်း တခုအဖြစ် သမိုင်းတွင်ရစ်ခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ လက်နက် အပြည့်အစုံနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုကို လက်နက်မဲ့ တယောက်တည်း တွန်းလှန် နေခြင်းဟာ သူ့တိုင်းပြည်ရဲ့ လွတ်လပ်မှု အတွက် သင်္ကေတ တခုလို ဖြစ်နေပါတယ်။ လျှပ်တပြက် မိနစ်ပိုင်း အတွင်း အသက် သေစေလောက်တဲ့ လုပ်ရပ်ကို ဒေါ်စုဟာ သူရဲ့ သတ္တိတရားနဲ့ ကျော်ဖြတ်ခဲ့တာပါ။
ဒါပေမဲ့ ကျနော့် အနေနဲ့ ပြောရမယ် ဆိုရင် သူ့တိုင်းပြည်ရဲ့ အဝေးကို ထွက်သွားလို့ ရပေမယ့်လို့ မထွက်သွားဘဲနဲ့ မိသားစုနဲ့ ခွဲနေနိုင်တဲ့ သတ္တိ၊ တယောက်တည်း နေအိမ် အကျယ်ချုပ်ထဲမှာ အထီးကျန် ဖြတ်သန်းနိုင်တဲ့ သတ္တိတွေကို ပိုပြီး လေးစား ဂုဏ်ယူ တန်ဖိုး ထားမိပါတယ်။
၁၉၈၉ ဇူလိုင်လမှာ ဒေါ်စုနဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ စစ်တပ်ရဲ့ အပြစ်မဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဒေါ်စုကို နေအိမ် အကျယ်ချုပ် ချထားခဲ့ပါတယ်။ သူရဲ့ မြန်မာနိုင်ငံ အတွက် ပေးဆပ်မှုတွေကို သူ့မိသားစုကလည်း ဖြည့်ဆည်း ပေးခဲ့ပါတယ်။ မိုက်ကယ်နဲ့ သားနှစ်ယောက်ဟာ နွေရာသီ ကျောင်းပိတ်ရက်မှာ ဒေါ်စု ရှိတဲ့ မြန်မာပြည်ကို သွားရောက်ခဲ့ပါတယ်။ သူတို့ဟာ ဒေါ်စုရဲ့ အချို့ လူထု လှုပ်ရှားမှုတွေမှာ လိုက်ပါ ခဲ့ကြတယ်။ အမှန်က ဒေါ်စု နေအိမ် အကျယ်ချုပ် ချခံရပြီး အစာငတ်ခံ ဆန္ဒပြတဲ့ အချိန်မှာ သားနှစ်ယောက်ဟာ သူနဲ့ အတူ ရှိနေခဲ့တယ်။ ဒါပေမဲ့ စစ်အုပ်စုကတော့ သူရဲ့ မိသားစုကို ဒေါ်စုထံ လည်ပတ်ခွင့် ပိတ်ပင်ခြင်းနဲ့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ကလေးတွေ ဗြိတိသျှကို ပြန်ရောက်ရောက်ခြင်းပဲ နဝတဟာ ဒေါ်စုနဲ့ မိသားစု အကြား ဆက်သွယ်မှုတွေကို ပိတ်ပင်လာပါတယ်။ ကလေးတွေ ကျောင်းအားလပ်ရက်တွေမှာ ဒေါ်စုနဲ့ ဆက်သွယ်ဖို့ အတွက် စစ်အုပ်စုက လုံးဝ ခွင့်မပြုခဲ့ပါဘူး။ ဒေါ်စုရဲ့ မိသားစု အပေါ်ကို ထားရှိတဲ့ မေတ္တာတရားနဲ့ စစ်အုပ်စုက ဒေါ်စုကို ပြန်လည် ချည်နှောင်ဖို့ ကြိုးစားလာ ခဲ့ပါတယ်။ အဲဒီ အချိန်က စပြီး သားနှစ်ယောက်ဟာ မိခင်နဲ့ တွေ့ဖို့ကို ပြည်ဝင်ခွင့် ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက မိုက်ကယ်ကိုတော့ ဒေါ်စုကို စည်းရုံးပြီး အရေးတော်ပုံကို စွန့်ခွာကာ မြန်မာပြည်က ထွက်သွားနိုင်လိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရစ်စမတ်မှာ တခါ သွားခွင့် ပြုခဲ့ပါတယ်။ မိုက်ကယ်က အဲ့ဒီ ခရစ်စမတ် အချိန်ကို ချိုမြိန်မှု၊ ခါးသီးမှုတွေနဲ့ ရောယှက်နေတဲ့ ကာလလို့ အခုလို ရေးသားခဲ့ပါတယ်။
"ကျနော် သူနဲ့ နောက်ဆုံး ရှိနေခဲ့တဲ့ အဲ့ဒီနေ့တွေဟာ ကမ္ဘာကြီးရဲ့ ပြင်ပကို ရောက်နေပြီး လုံးဝကို အထီးကျန် ဆန်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်တွေဟာ ကျနော်တို့ လက်ထပ်ပြီးတဲ့ ကာလရဲ့ အပျော်ဆုံး အချိန်တွေထဲက တခု ဖြစ်ပါတယ်။ တကယ့်ကို ငြိမ်းချမ်းတဲ့ ကာလ တခုပါပဲ။ သူဟာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတယ်၊ လေ့လာမှုတွေကို စဉ်ဆက်မပြတ် လုပ်နေတယ်။ သူ စန္ဒယား တီးတာကို ကျနော် နှောင့်ယှက်ဖို့ ကြိုးစားမိတယ်။ ဗုဒ္ဓကျမ်းတွေကို ဒေါ်စုက အလွတ်ကျက်နေတယ်။ ကျနော် ဝယ်ခဲ့တဲ့ ခရစ်စမတ် လက်ဆောင်တွေကို အဲဒီနေ့တွေမှာ ဒေါ်စုကို ပေးပါတယ်။ အကြောင်းအရာ များစွာကို ပြောဖို့ ကမ္ဘာမှာ ရှိတဲ့ အချိန်တွေ အားလုံးကို ကျနော်တို့ ရထားပါတယ်။ ဒီကာလဟာ ကျနော်တို့ရဲ့ ဘဝမှာ နောက်ဆုံးအချိန် ဖြစ်လိမ့်မယ် ဆိုတာ ကျနော် မတွေးမိခဲ့ပါဘူး။"
မိုက်ကယ်ဟာ ဒေါ်စုကို တိုင်းပြည်က ထွက်ခွာဖို့ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး ဆိုတာကို စစ်အုပ်စု သဘောပေါက်တဲ့ အခါမှာတော့ သူ့ကိုလည်း ပြည်ဝင်ခွင့် မပေးတော့ပါဘူး။ ဒေါ်စုရဲ့ ဖုန်းလိုင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဆီက စာ အဝင် အထွက်တွေကိုလည်း ပိတ်ပင် လိုက်ပါတယ်။ ဒေါ်စုဟာ စစ်အုပ်စုဆီက ဘာတခုကိုမှ လက်မခံခဲ့ပါဘူး။ မိသားစုနဲ့ ဆက်သွယ်ခွင့် ဆိုတဲ့ အပေး အယူကို တောင်မှ လက်မခံပါဘူး။ စစ်အုပ်စုရဲ့ အကူအညီကို လက်ခံခြင်းဟာ သူ့ရဲ့ ဖြူစင်မှုကို ညစ်နွမ်းစေမယ်၊ သူ့ တော်လှန်ရေးကို အားနည်းစေမယ်လို့ ဒေါ်စုက ယုံကြည်ထားပါတယ်။ ဒေါ်စုက သူ့ရဲ့ အကျယ်ချုပ် ကာလ ပူပန်မှုတွေ၊ အထီးကျန်မှုတွေကို အခုလို ပြောပြပါတယ်။
"တခါတရံမှာ ကျမ စားဖို့ သောက်ဖို့ အတွက် ပိုက်ဆံ မလောက်ပါဘူး။ အာဟာရ မပြည့်ဝမှုကြောင့် အားနည်းလာတယ်။ ဆံပင်တွေလည်း က္ဆွတ်လာတယ်။ ကျမ အိပ်ယာကနေ မထနိုင်ပါဘူး။ ကျမ နှလုံးရောဂါ ရမှာကို စိုးရိမ်လာတယ်။ လှုပ်ရှားလိုက်တိုင်း ရင်ကြပ်ပြီး မောလာတယ်။ အသက်ရှုဖို့ ခက်လာတယ်။ ကျမရဲ့ နဂိုရှိရင်း ၁ဝ၆ ပေါင်ကနေ ပေါင် ၉ဝ လောက်ထိ ကျသွားတယ်။ စားချင်စိတ်လည်း မရှိဘူး။ ကျမ ထင်တာ ငါတော့ နှလုံးရောဂါနဲ့ သေတော့မှာပဲ။ ကျမရဲ့ မျက်လုံးတွေကလည်း မှုန်လာတယ်။ နောက် ကျောရိုးမကြီး နာကျင်တဲ့ ဝေဒနာကိုလည်း ခံစားရပါတယ်။"
ဒေါ်စု အကျယ်ချုပ် ဘဝနဲ့ ရှိနေပေမယ့် သူ့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ၁၉၉ဝ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ လွှတ်တော် နေရာ ၈၂ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အောင်ပွဲ ခံခဲ့ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုခဲ့ပြီး ဝန်ကြီးချုပ် ဘဝနဲ့ တိုင်းပြည် တာဝန်ကို ထမ်းဆောင် နေရမယ့် ဒေါ်စုကို နေအိမ် အကျယ်ချုပ် ထည့်ထားပါတယ်။
နေအိမ် အကျယ်ချုပ်ဟာ ရက်မှ လ၊ လမှ နှစ်သို့ ကူးပြောင်း လာပါတယ်။ ဒေါ်စုကိုလည်း မိသားစု အပါအဝင် ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ထားပါတယ်။ စစ်အုပ်စုဟာ သူ့ကို မိသားစု ရှိရာ အင်္ဂလန်ကို သွားလည်ပတ်ခွင့် ပေးမယ်ဆိုတာ သိပါတယ်။ သူ တိုင်းပြည်က ထွက်သွားလို့ ရှိရင် ဘယ်တော့မှ မြန်မာပြည်ကို ပြန်လာလို့ မရဘူး ဆိုတာကိုလည်း ဒေါ်စု သဘောပေါက်ပါတယ်။ မိသားစုနဲ့ ထပ်တွေ့ဖို့ အရေး တိုင်းပြည်ကို အမှောင်ထဲကို တွန်းပို့ရမယ်။ မိသားစု အရေးအတွက် တိုင်းပြည်ကို ချောက်ထဲ တွန်းပို့တဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ရွေးချယ်မှု ဆိုတာ သူ့ နားလည်ပါတယ်။ သူ တန်းတူ ချစ်မြတ်နိုးတဲ့ မိသားစုနဲ့ တိုင်းပြည်အရေး နှစ်ခုကို အခြေခံပြီးတော့ အနိုင် အရှုံး ရလဒ်ကို ရွေးချယ်တာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ဒေါ်စု နားလည်ပါတယ်။
မိသားစုနဲ့ လစဉ် ဝေးကွာ နေတာဟာ ကလေး နှစ်ယောက်ရဲ့ အရွယ်ရောက် ကြီးပြင်းလာမှုတွေနဲ့ မျက်ကွယ် ဖြစ်နေတာပါပဲ။ လစဉ်တိုင်း တဦးတည်း အထီးကျန် နေထိုင်ရခြင်းဟာလည်း ချစ်မြတ်နိုးတဲ့ ဘဝ လက်တွဲဖော် ခင်ပွန်းနဲ့ ဝေးကွာ နေရခြင်းပါပဲ။ ဒီလို နေထိုင်နိုင်အောင် သူ့မှာ ဘယ်လိုမျိုး ခွန်အား၊ စွမ်းအား အရင်းအမြစ်တွေ ရှိလို့လဲ။ ဒေါ်စု မြန်မာပြည်ကနေ ထွက်ခွာဖို့ ငြင်းဆန်မှုဟာ ကလေးတွေကို မျက်ကွယ်ပြု၊ လျစ်လျူရှုတာလို့ စစ်အုပ်စုက ဝေဖန်ပြီး သူဟာ မိသားစု တာဝန်ထက် မြန်မာပြည်မှာ သူရဲကောင်း ဖြစ်လိုမှုကို လိုလားသူလို့ တိုက်ခိုက်လာ ပါတယ်။
မိသားစုနဲ့ ခွဲခွာနေရတဲ့ အကြောင်းတွေကို ကြုံတောင့်ကြုံခဲ ဒေါ်စုပြောတဲ့ အခါမှာတော့ သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အားလုံးက နားလည် သဘောပေါက် ကြပါတယ်။ နှစ်အတော်ကြာ ခွဲနေရပြီး သူ့သားအငယ် ထိန်လင်း (ကင်) နဲ့ ပြန်ဆုံတွေ့ရပုံကို အခုလို ရေးသားထားပါတယ်။
"ကလေးတယောက် ဘဝ အတွက် နှစ်နှစ်ဆိုတာ တော်တော် အပြောင်းအလဲ မြန်ပါတယ်။ ကလေးရဲ့ မြင်ကွင်းမှာ ပျောက်ကွယ်နေတဲ့ မိခင် တယောက်ကို ဒီအချိန် အတွင်းမှာ မေ့သွားနိုင်ပါတယ်။ ဒီအချိန် အတွင်းမှာ အေးချမ်းတဲ့ လူငယ်လေး တယောက်ကနေ လူဆိုးတယောက် ဖြစ်သွားနိုင်ပါတယ်။ နှစ်နှစ်နဲ့ ခုနှစ်လ ခွဲနေရပြီး သားငယ်ကို ပထမဆုံး ပြန်တွေ့တဲ့ အခါမှာ သူ့ရဲ့ ၁၂ နှစ်သား ကလေးမျက်နှာ ဝိုင်းလေးကနေ လူပျိုပုံစံ မျက်နှာ အဖြစ် ပြောင်းလဲ နေပါပြီ။ သူ့ကို လမ်းမပေါ်မှာ တွေ့ရင် ကျမ သားလေးမှန်း သိမှာ မဟုတ်ပါဘူး။ မှတ်မိမှာ မဟုတ်ပါဘူး။"
၁၉၉၁ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဒီအကြောင်းကို အကျယ်ချုပ်ကနေ ဘီဘီစီ ရေဒီယို သတင်းက ကြားသိရတာပါ။ သူ့ရဲ့ သားကြီး Alexander Aris (မြင့်ဆန်းအောင်) က ဒီဆုကို သူ့ကိုယ်စား တက်ရောက် ယူခဲ့ပါတယ်။
၇ နှစ် ကြာပြီးတဲ့ နောက်မှာ မိုက်ကယ်ဟာ ကင်ဆာ ရောဂါ ဝေဒနာ ခံစားရပြီး အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့တဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။ ဒီကြေကွဲ ဝမ်းနည်းဖွယ် အခြေအနေကြောင့် သူ့ရဲ့ ဇနီးသည်ဆီကို နောက်ဆုံး အနေနဲ့ တွေ့နိုင်ဖို့ ကြိုးပမ်းပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ သံရုံးတွေရဲ့ အသနားခံ တောင်းဆိုမှုတွေကို စစ်အုပ်စုက မျက်ကွယ်ပြုပြီး မိုက်ကယ်ကို ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။ ဒါပေမဲ့ သေဆုံးခါနီး ခင်ပွန်းသည်ကို ပြုစုနိုင်ဖို့ ဒေါ်စုကို သွားရောက်နိုင်အောင် ကူညီပေးမယ်လို့ လူမဆန်စွာ ဝါဒ ဖြန့်ခဲ့ပါတယ်။
မိုက်ကယ် မသေဆုံးခင် ကာလတွေကို နှလုံးသား ကြေမွအောင် ခံစားပြီး ဖြတ်သန်းခဲ့ရတဲ့ ဒီစုံတွဲရဲ့ အခြေအနေကို ဘယ်သူကမှ စဉ်းစားဖို့ သတ္တိရှိမှာ မဟုတ်ပါဘူး။ ခင်ပွန်းသည်ကို နှုတ်ဆက် စကားလေးတောင် ပြောခွင့် မရခဲ့တဲ့၊ ဘယ်တော့မှ ပြောခွင့် မရလိုက်တဲ့ ဇနီးသည် ဖြစ်ပါတယ်။ မိုက်ကယ်ကတော့ ၁၉၉၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကွယ်လွန် သွားခဲ့ပါတယ်။
သူ့တာဝန်တွေဟာ သူ့ကိုယ်ပိုင် ဘဝထက် အရေးကြီးတယ် ဆိုတာကို ဒေါ်စု နားလည် သဘောပေါက်ပါတယ်။ ယုံကြည်ချက် အတွက် အကျဉ်းချ ခံထားရတဲ့ အကျဉ်းသားတွေရဲ့ အခက်အခဲ၊ အခြေအနေတွေကို သူ အသိအမှတ်ပြု နားလည် သဘောပေါက်ပါတယ်။ သူနဲ့ မိသားစု ကြုံတွေ့ နေရတဲ့ ဆင်းရဲ ဒုက္ခတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကို မျှဝေ ခံစားစေခြင်းဖြင့် မြန်မာနိုင်ငံ အရေးကို ကမ္ဘာက အာရုံစိုက် လာမယ်လို့ မျှော်လင့်တယ်။ သူ့ဟာ အားလုံး အတွက် ဒိုင်း ဖြစ်တယ်။ သူ ထောင်သွင်း အကျဉ်းကျ ခံနေတာဟာ အကျဉ်းသား အားလုံး အတွက် အကောင်းဆုံး ကာကွယ်မှု ဖြစ်တယ်လို့ ယုံကြည်တယ်။ သူ့ရဲ့ မိသားစု ဘဝကို သတ္တိရှိရှိ စွန့်လွှတ် အနစ်နာခံခြင်းဟာ အားလုံးကို ကာကွယ်ဖို့ အတွက် အလုပ် လုပ်နိုင်မယ်လို့ ယုံကြည်တယ်။
ယုံကြည်နေရုံနဲ့ မပြီးဘဲ ရှိတဲ့ စွမ်းအားနဲ့ အားလုံးကို လုပ်နိုင်ရမယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဘုန်းကြီးဖြစ်တဲ့ အမေရိကန် လူမျိုး အလန်ကလီးမန့်စ် (Alan Clements) က သူ့ကို မေးခဲ့တာ ရှိပါတယ်။
"မင်းရဲ့ ပြည်သူတွေ ဒုက္ခ ခံစားနေရတာကို မြင်တဲ့ အခါမှာ ပထမဦးဆုံး မင်းရဲ့ စိတ်ထဲမှာ ရောက်ရှိတဲ့ အရာနဲ့ နှလုံးသားကို ရိုက်ခတ်တာဟာ ဘာလဲ"။
ဒေါ်စုရဲ့ တုံ့ပြန်ချက်ဟာ တကယ့်ကို အဓိပ္ပာယ်ရှိပြီး ပြီးပြည့်စုံပါတယ်။
"ကျမတို့ဟာ တခုခု လုပ်ချင်ရင် ဘယ်အချိန်မဆို လုပ်နိုင်ပါတယ်။ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်နေတာကို တွေ့ရင် ဒီအတိုင်းပဲ ကျမ တုံ့ပြန်ပါတယ်။ လက်ကို ဝှေ့ယမ်းပြီး ဘုရားသခင် ကယ်တော်မူပါ၊ ဘုရားကယ်ပါ၊ တကယ်ကို ဆိုးပါတယ်။ ရပ်ပြီး အော်နေတာဟာ အသုံးမဝင်ပါဘူး။ မင်း လုပ်ပေးနိုင်တာ တခုခုကို လုပ်ရမယ်။ ကျမ အလုပ်အပေါ်မှာပဲ ယုံကြည်ပါတယ်။"
ဒါကြောင့် ဒေါ်စုရဲ့ သတ္တိဆိုတာ သူရဲ့ အေးဆေးတဲ့ ဘဝ၊ ပျော်ရွှင်တဲ့ ဘဝကို စွန့်လွှတ်ပြီး လူထု အတွက် ကိုယ်ကျိုးစွန့်တဲ့ သတ္တိပဲ ဖြစ်ပါတယ်။ သူရဲ့ တိုက်ပွဲဝင်မှုကြောင့် တတိုင်းပြည်လုံး ပျော်ရွှင် အေးချမ်းတဲ့ ဘဝကို သူ သယ်ဆောင် လာနိုင်ပါလိမ့်မယ်။ ဒါဟာ တကယ့်ကို တိုင်းပြည်အတွက်၊ လူထုအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် အေးဆေးတဲ့ ဘဝကို စွန့်လွှတ်ခြင်းဟာ သူ ကိုယ်စားပြုတဲ့ ပြည်သူတွေ အတွက် တောင်းဆို တိုက်ပွဲ ဝင်နေခြင်းပဲ ဖြစ်ပါတယ်။
ဒေါ်စုရဲ့ စွန့်လွှတ်မှုဟာ တကယ့်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူကိုယ်တိုင် လွတ်လပ်တဲ့ ဘဝကို အင်မတန် မြတ်နိုးတဲ့ သူတယောက် ဖြစ်လို့ပါပဲ။ သူဟာ သဘာဝတရားရဲ့ အလှအပတွေကို ရသမြောက်အောင် ရေးသားပါတယ်။ ပြောင်းလဲနေတဲ့ ရာသီများ၊ မြန်မာပြည်ရဲ့ ရိုးရာပွဲတော်များ၊ ကလေးငယ် မိသားစု အတွင်း မွေးဖွား ဝင်ရောက်လာခြင်း၊ စုပေါင်း လုပ်ဆောင်ခြင်းနဲ့ မိတ်ဆွေ စိတ်ဓာတ် စတဲ့ ရေးသားမှုတွေဟာ လူတွေရဲ့ ပင်ပန်း နွမ်းနယ်မှုကို ဖြေဖျောက်ပေးတဲ့ ရသ အရေးအသားများ ဖြစ်ပါတယ်။ ဒေါ်စုဟာ ကမ္ဘာကြီးကို ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးမယ့် အံ့သြဖွယ် ကောင်းတဲ့ ဇာတ်လမ်းတခုကို ဖော်ကျူး တင်ဆက်နေသူ ဖြစ်ပါတယ်။
ဒေါ်စုဟာ သူ့ကိုယ်သူ ကြီးမားတဲ့ တိုက်ပွဲ တခုကို ဆင်နွှဲ နေတာပဲလို့ မယူဆပါဘူး။ သာမန် ဘဝ တခု အတွက် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးတဲ့ လှုပ်ရှားမှုကို ဖော်ဆောင် နေတယ်လို့ပဲ ခံယူပါတယ်။ ယုံကြည်မှု၊ လေးစားမှု၊ ငြိမ်းချမ်းမှုတွေဟာ ဘဝ တခုကို တည်ဆောက်ဖို့ အရေးကြီးဆုံး အချက်တွေ ဆိုတာကို ဒေါ်စု နားလည်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံး လွတ်မြောက်မှုကို မျှော်လင့်နေတဲ့ ကျနော့်ရဲ့ အချိန်ကာလတွေဟာ ၂ဝဝ၇ ခုနှစ်၊ မတ်လမှာ စိတ်ပျက်မှုတွေနဲ့ ထပ်မံ ကြုံတွေ့ရ ပြန်ပါတယ်။ ဒေါ်စုကို ဘယ်တော့မှ မလွှတ်ပေးဘူး ဆိုတဲ့ စစ်အုပ်စုရဲ့ ရှင်းလင်းတဲ့ သဘောထားကို ထုတ်ပြန်ခဲ့လို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဒေါ်စုတို့ အနိုင်ရခဲ့တာ ၁၇ နှစ် ရှိပါပြီ။ တတိယ အကြိမ်ရဲ့ လေးနှစ်မြောက် အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကမ္ဘာလုံး လေးစားရတဲ့ ယုံကြည်ချက် အတွက် အကျဉ်းကျ ခံနေသူ အဖြစ် ဆက်လက် တည်ရှိ နေပါတယ်။
၁၉၈၈ ခုနှစ်၊ မတ်လတညမှာ ဒေါ်စုထံ ခေါ်တဲ့ တယ်လီဖုန်းဟာ သူ ချစ်တဲ့ မိသားစု၊ သူ မြတ်နိုးတဲ့ အိမ်နဲ့ ဝေးကွာဖို့ အကြောင်း ဖန်လာခဲ့တာ ဖြစ်ပါတယ်။ သူ အလွန် ချစ်မြတ်နိုးပြီး ဆုံးရှုံးခဲ့ရတဲ့ ဘဝတွေကို ဒေါ်စု ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ပါဘူး။ သူ ချစ်တဲ့ ခင်ပွန်း သေဆုံး သွားခဲ့ပါပြီ။ သူ့ရဲ့ ကလေးတွေလည်း အရွယ် ရောက်ကုန်ပြီ။ မိသားစုနဲ့ အချိန်တွေကို ပျော်ရွှင်စွာ ကုန်လွန်စေတဲ့ မိခင် တယောက်ရဲ့ အေးချမ်းတဲ့ ဘဝကို ပြန်လိုချင်တဲ့ ဒေါ်စုရဲ့ ဆန္ဒကို အကျဉ်းချမှုတွေ၊ ထိန်းသိမ်းမှုတွေ၊ ရက်စက်မှုတွေက ချိုးနှိမ်နိုင်မှာ မဟုတ်ပါဘူး။ သူ့အတွက် ဆိုးဝါးတဲ့ ကံကြမ္မာဟာ လူသားတွေ အတွက် ဒေါ်စု လုပ်နိုင်တဲ့ အလုပ်တွေကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။
သူရဲ့ ပုဂ္ဂိုလ်ရေး ဆုံးရှုံးမှုတွေ၊ ခံစားမှုတွေဟာ သူရဲ့ စိတ်ထဲမှာ ဘယ်တော့မှ ဝင်ရောက် နေရာယူမှာ မဟုတ်ပါဘူး။ ဒါဟာ တကယ့်ကို လေးနက်ပါတယ်။ တိုက်ပိတ် အကျဉ်းချတာ မရှိပါဘူး၊ ထောင် မရှိပါဘူး၊ အကျဉ်းစခန်း မရှိပါဘူး၊ ရက်စက်မှုတွေ မရှိပါဘူး၊ သေဆုံးမှုတွေ မရှိပါဘူး၊ ခေါင်းဆောင်ကောင်း တယောက်ရဲ့ စိတ်ဓာတ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ မရှိပါဘူးလို့ ကမ္ဘာကြီးကို ပြောနိုင်ဖို့ အတွက် ဒေါ်စု အမြဲတမ်း စွန့်လွှတ် တိုက်ပွဲဝင်နေတယ်။ ဒေါ်စုဟာ လူ့သဘာဝ အပေါ်မှာ နားလည် သစ္စာရှိတယ် စတဲ့ အချက်ထက် ပိုတဲ့ သတ္တိ သူ့မှာ ရှိတယ်။ ဒါ့အပြင် တနေ့မှာ သူ့ရဲ့ ပြည်သူတွေ လွတ်မြောက်ရမယ် ဆိုတဲ့ သူရဲ့ ခံယူချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ထဲမှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

ဂေါ်ဒွန်ဘရောင်း (Gordon Brown)
မြန်မာ ဘာသာပြန်သူ - ဇော်ဝင်းထွန်း

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

အာဇာနည်ဗိမာန် မှာ ဗုံးကွဲစဉ်က ..



Youtube မှာတွေ့ လို့ ပါ ..
အခု ကိုရီးယား နဲ့ ဘာညာကွိကွ ကိစ္စတွေကြောင့် သတိရတာနဲ့  Share လိုက်ပါတယ် ....

“ ပန်းတိုင် ”


“ ပန်းတိုင် ”
ရည်မှန်းချက်ရည်ရွယ်ချက်တခုကို့ 
စွဲမြဲစွာဆုပ်ကိုင်ကြလို့
ငါတို့လူသားတွေအများစု
ဘ၀တခုအတွက်ခရီးဆက်နေကြတယ့့်  ။
အဲ့ဒီဘ၀ခရီးတခုအတွက်ကတော့ 
တွေဝေနေရင်ရှုံးမှာပဲပေါ့
ဘ၀တခုမှာခရီးရောက်ချင်ရင်
အကြောက်တရားတချို့ကိုတော့
ကိုယ်ပိုင်အသိနဲ့ရိုက်ချိုးလို့
ခေတ်မှီချင်ရင်တော့ခေတ်စာပေတွေကိုဖတ်ကာ
ခရီးတခုဆုံးအောင်ဆက်သွားရအုံးမှာ့  ။
တခါတလေမှာအနာဂတ်တွေမှုန်ဝါးပေမယ့့် 
ယုံကြည်ရာလမ်းတခုတော့မပျောက်ခဲ့
ဇွဲမာန်တွေကို ဥာဏ်သတိနဲ့ယှဉ်ကာ အားကိုတင်း
ဒီခရီးမှာရှုံးနိမ့်သူမဖြစ်စေနဲ့  မင်း
အမှားနဲ့အမှန်ဆိုတာကတော့
ဒွန်တွဲကာအမြဲရှိနေမှာပေါ့
ကိုယ်လိုချင်တဲ့ခရီးပန်းတိုင်လျှောက်လှမ်းနေစဉ်
ငါ့လုပ်ရပ်ဟာမှန်နေသလား
မှားနေသလားဆိုတာ
အချိန်ရတိုင်းအမြဲစမ်းစစ်ရင်းနဲ့
စာမျက်နှာသစ်တွေ တွေ့ခွင့်ရမယ့်
ပန်းတိုင်ဆီကို ငါတို့ရွက်တွေလွှင့့်  ။

ဇာနည်မောင်

ဇွန်လ၂၇ဒိုင်ယာရီ

မြောက်ကိုရီယား အစိုးရ နှင့် မြန်မာစစ်အုပ်စု တို့၏ ပုလင်းတူဗူးဆို့လုပ်ရပ်များ
-မြတ်စိုး- http://komoethee.blogspot.com/


မြောက်ကိုရီယား ကွန်မြူနစ် အစိုး နှင့် နအဖ စစ်အုပ်စု တို့ အကြား ဘာကြောင့် အချင်းချင်း စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုးမြှင့် ဆက်ဆံနေကြသလဲ။ အဖြေကတော့ ရှင်းပါတယ်။

ပုလင်းတူဗူးစို့ တွေဖြစ်တယ်။ ကမ္ဘာမှာ နှစ်အရှည်ဆုံး အာဏာရှင်နိုင်ငံတွေ ဖြစ်ပြီး၊ အာဏာရှင်တွေဟာ နိုင်ငံတွင်းရှိ ပြည်သူတွေအပေါ် လူအခွင့်အရေးတွေ နှင့် လွတ်လပ်မှုတွေ ကို ပိတ်ပင်တားမြစ် ဖိနှိပ်ချုပ်ချယ်ထား ကြတယ်။ နိုင်ငံကို အုပ်ချုပ်နေသူတွေ ကိုယ်တိုင် အကြမ်းဖက်မှုတွေကို ကြံစည် အားပေးထောက်ခံလှုပ်ရှား ခဲ့ကြတယ်။ မြောက်ကိုရီးယားအစိုးရ ဟာ မြန်မာနိုင်ငံ အာဇာနည်ဗိမာန်မှာ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်အစိုးရအဖွဲ့ကို အကြမ်းဖက်မှု တိုက်ခိုက်ခဲ့တာဟာ အစိုးရတရပ်အနေနဲ့ အကြမ်းဖက်မှု ကို ကျူးလွန် လုပ်ခဲ့သော အထင်းအရှား သာဓက လုပ်ရပ်တစ်ခုဖြစ်တယ်။ ဒေသတွင်းကို အဏုမြူ လက်နက် အင်အား သုံးပြီး ဒေသတွင်း မတည်ငြိမ်မှုနှင့် ဒေသတွင်းလုံခြုံရေးကို ခြိမ်းချောက်နေတယ်။ ထို့အတူ မြန်မာနအဖ စစ်အုပ်စု ကလည်း မြန်မာပြည်သူတွေအပေါ် ကြံဖွတ်၊စွမ်းအားရှင် အကြမ်းဖက် လက်ကိုင်ဒုတ် တွေကိုအားပေး အားမြောက် ပြုပြီး မြန်မာပြည်သူတွေကို အကြမ်းဖက်မှုတွေပြူလုပ်နေတယ်။ အနှစ် ၂၀ ကာလ အတွင်း မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်၊ ရွေှ့ပြောင်း ဒုက္ခသည် နှင့် တိုင်းပြည်ကို စွန့်ခွာသွားသူ ၄ သန်းကျော် ဖြစ်လာခြင်းက အထင်းအရှား သာဓက လုပ်ရပ်တစ်ခုဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအ၀န်း က အကြမ်းဖက် အစိုးရတွေ အဖြစ် အသိအမှတ်ပြုထားခြင်း ခံနေရတယ်။ အနောက်နိုင်ငံ တွေ ကလည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်းခံနေရသလို၊ နိုင်ငံတကာရဲ့ ပစ်ပယ်မှုကိုလည်း ခံနေရတယ်။

ဒီလို အကြမ်းဖက်မှုတွေကို အားပေးထောက်ခံပြီးလုပ်ဆောင်နေတဲ့ အာဏာရှင်နိုင်ငံတွေ ဖြစ်နေ တာကြောင့် နှစ်နိုင်ငံစလုံး ကို နိုင်ငံတကာက ပြစ်တင်ရှု့ချခြင်းလည်း ခံနေရတယ်။ ဒါကြောင်မို့ နှစ်နိုင်ငံ ညီညွတ်မှု၊ အပြန်အလှန် အားပေး အကူအညီပေးဖို့ လိုအပ်နေတယ်။ သူခိုး သားရည်ဖော်ညှိ ကြခြင်းလည်းဖြစ်တယ်။
ကြောင်ခံတွင်းပျက် နှင့် ဇရက်တောင်ပံ့ကျိုး တို့ တွေ့ကြတာဖြစ်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်က ဆောက်လုပ်နေတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဟာ လျှပ်စစ်မီး လုံလောက်အောင် မပေးနိုင်ဘူး။ ဒုတိယ ကမ္ဘာစစ်ပြီး ဆောက်လုပ်ခဲ့ကြတဲ့ လော်ကား ရေလှောင်ကန်တို့ ၊ လောပိတ စက်ရုံ၊ ဘီလူးချောင်း စက်ရုံ တို့ ဟာလည်း ခေတ်မမှီတော့တဲ့ အတွက် ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နေတာ အချိန်အတော်ကြာနေပါပြီ။ ဒါပေမဲ့ ပြင်ဆင်နိုင်ဖို့ အခက်အခဲတွေ ဖြစ်နေကြတယ်။ တရုတ်၊ဂျာမန် အစိုးရ အကူအညီတွေနဲ့ ပြင်ဆင်ခဲ့ပါ သေးတယ်။ ဒါပေမဲ့လည်း ဒုတိယ ကမ္ဘာစစ်က ထုတ်လုပ်ခဲ့တဲ့ စက်ပစ္စည်းအပို ကိရိယာ များကိုတော့ ထပ်မံ မှာယူလို့ မရဖြစ်နေတယ်။ ဒီပစ္စည်းတွေကို ထုတ်လုပ်တဲ့နိုင်ငံတွေ ကလည်း စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ထားလို့ မှာယူတင်သွင်းလို့ မရဖြစ်နေတယ်။ နိုင်ငံတကာ နဲ့ မြန်မာပြည်သူတွေကတော့ နိုင်ငံမှာ ပြည်သူတွေကို လျှပ်စစ်မီးတောင် လုံလောက်အောင် မပေး တဲ့ အာဏာရှင်အစိုးရလို့ ခေါ်ဝေါ် သတ်မှတ်ထားကြတယ်။ မြန်မာ့နည်း မြန်မာ့ဟန် နဲ့ တော့ ဆက်လက် လည်ပတ်နေကြပါသေးတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေ စက်ချို့ယွင်းလို့ လျှပ်စစ်သာ မီးပြတ်ပေမဲ့၊ လေယာဉ်တွေ စက်ချို့ယွင်းရင်တော့ လူ့ အသက်ပါဆုံးရှုံး နေရတယ်။ ဒီတော့ တရုတ်က ဈေးနှုန်းချိုသာပြီး၊ အရည်အသွေးညံ့ဖျင်းတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေကို မှိုလိုပေါက်အောင် ၀ယ်ယူတည်ဆောက် ခဲ့ကြတယ်။ ဒါပေမဲ့ ဆင် ခ တဲ့ ချွန်းခ က ဈေးကြီးနေတယ်။ အရည်အသွေးညံ့ဖျင်းမှုကြောင့် အဖိုးထက် လက်ခ က ဈေးကြီးလို့ အခက်တွေ့နေကြတယ်။ ဘယ်လိုပဲ နအဖ သတင်းစာတွေထဲမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေ၊ ရေကာတာတွေဆောက်လုပ်နေကြောင်းဖော်ပြနေပေမဲ့ တကယ့်လက်တွေ့မှာ တော့ မြန်မာပြည် မြို့ ကြီးတွေမှာ တောင် လျှပ်စစ်မီးကို လုံလောက် အောင် မပေးနိုင် ဖြစ်နေတယ်။ မီးလုံလောက်အောင်မပေးနိုင်တဲ့ လက်တွေ့ ဖြစ်ပျက်နေတဲ့ အခြေအနေဟာ နအဖ စစ်အုပ်စု အနေနဲ့ ပြည်သူကို ညာလို့ မရအောင် လယ်ပြင်မှာ ဆင်ကြီးသွားနေသလို ကွက်ကွက်ကွင်းကွင်းကြီး ဖြစ်နေ တော့တယ်။

ဒီလိုနဲ့ ကွန်မြူနစ်နိုင်ငံတွေကို အဖေ ပဲခေါ်ရ ခေါ်ရ ၊ ပထွေးပဲခေါ်ရ ခေါ်ရ နယူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တွေကို တည်ဆောက်ဖို့ ရုရှား၊ မြောက်ကိုရီးယား၊ တရုတ် အစိုးရတွေကို ချည်းကပ်လာရတော့တယ်။ ဒီနိုင်ငံတွေကို နည်းပညာတွေ သင်ယူဖို့ လူတွေလွှတ် ယင်း၊ ဒီ လူငယ်တွေ ဟာလည်း မသိမသာနဲ့ ၂၁ ရာစုခေတ်မှာ ခေတ်သစ် ကွန်မြူနစ် ကေဒါလောင်းလေးတွေ ဖြစ်လာခြင်း ခံရလာရသလို၊ မြန်မာ စစ်တပ်ဟာ ကွန်မြူနစ် နိုင်ငံတွေရဲ့ လက်ပါးစေ လက်ကိုင်ဒုတ်ဖြစ်လာခဲ့ရတယ်။

မြောက်ကိုရီးယား အစိုးရကလည်း အကြမ်းဖက်မှု တွေ နှင့် ဒေသတွင်း မှာ အဏုမြူ လက်နက် အင်အား သုံး ခြိမ်းချောက်မှုတွေကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားလို့ အစားရေစာ ဖူလုံမှုမရှိ၊ ငွေကြေးလိုအပ်မှုတွေရှိနေတယ်။

နိုင်ငံတော် ကို အကြမ်းဖက်ခံခဲ့ရတာ ကို လူသိရှင်ကြား တိုင်းသူပြည်သားတွေကို ၀န်ချ တောင်းပန် ခြင်းပြုလုပ်ပေးဖို့တောင် တောင်းဆိုခြင်းမပြုလုပ်တော့ပဲ၊ ရောင်းချထားတဲ့ သဘာဝ သံယာဇာတ က ၀င်ငွေတွေကို နယူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တွေ၊ နေပြည်တော် ဥမင်လှိုင်ခေါင်းတွေ ကို မြောက်ကိုရီးယား အကူအညီနဲ့ တည်ဆောက်ဖို့ ကျိုးစား လာကြတယ်။ မြောက်ကိုရီးယားက နည်းပညာ နှင့် အတက်ပညာ တွေ ကို ၀ယ်ယူခဲ့ကြတယ်။ ဒီတော့ ပြည့်တန်ဆာမ နဲ့ ၀ရမ်းပြေး၊ ကြောင်ခံတွင်း ပျက် နှင့် ဇရက်တောင်ပံ့ကျိုး တို့ တွေ့ဆုံလာခဲ့ကြရတာပါပဲ။

ဒီမှာ ပြဿနာက မြန်မာနိုင်ငံမှာ မိလ္လာ နှင့် အမှိုက် စွန့်ပစ်ရေး စံနစ် ကိုတောင် မထိမ်းသိမ်း၊ မပြင်ဆင်၊ မစောင့်ရှောက် နိုင်သေးယင် နယူကလီးယား စွန့်ပစ်ပစ္စည်းတွေကို ဘယ်မှာ စွန့်ပစ်မယ်၊ ဘယ်လောက် အကုန်အကျ သုံးစွဲမလဲ၊ ဘယ်လောက် ပြည်သူတွေရဲ့ အသက်အိုးအိမ် ကို လုံလုံခြုံခြုံ အကာအကွယ်ပေးနိုင်မလဲ ဆိုတာကတော့ မေးခွန်းတွေ အများကြီး ရှိနေပါသေး တယ်။ မြောက်ကိုရီးယား အစိုးရ ဟာ မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကြောင့် တောင်ကိုရီးယား အစိုးရ အဖွဲ့အ၀င်များနှင့် မြန်မာပြည်သူတွေ သေဆုံးခဲ့ကြရသလို၊ လက်ရှိ မြောက်ကိုရီးယားက တည်ဆောက်နေတဲ့ နယူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ က မတော်တဆ ပေါက်ကွဲရင်တော့ မြန်မာပြည်သူ တွေ ဘယ်လောက် သေကြေအုံးမလဲဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

ခင်ရီ လိမ်သည် ဟု ဇင်မောင် တုံ့ပြန်
June 27, 2009 · Leave a Comment
၂၇ ဇွန် ချင်းမိုင်၊ ၊Freedom News Group

Zin Maung Told Myanmar Police General is a Liar



စစ်အစိုးရ အတွက် လိမ်ညာမုသား ပြောပေးရသူ ခင်ရီ
၂၅ ရက်နေ့ က ရန်ကုန်မြို့ ဟံသာဝတီရှိ မူးယစ်ဆေးဝါးပြတိုက်တွင် ပြုလုပ်သော သတင်းစာရှင်း
လင်းပွဲဉ် မြန်မာနိုင်ငံ ရဲချုပ် ခင်ရီ က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူးဝင်ရောက် လာ
သောအမေရိကန် နိုင်ငံသား ဆန်းကြယ်သော ဘာသာရေးဂိုဏ်းဝင် ဂျွန်ဝီလျှံ ယက်တော သည်ပထမ အကြိမ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း သို့ မ၀င်ရောက်ခင် ကတည်းက ထိုင်းနိုင်ငံချင်းမိုင် နှင့် မဲဆောက် သို့ သွားရောက် ခဲ့ပြီး နယ်စပ်အခြေစိုက် မြန်မာ အတိုက်အခံများဖြစ်သည့်
ဒေါက်တာ နိုင်အောင် (FDB)၊ ABSFU(FAC)မှကိုမင်းနိုင်၊ကိုဇော်ထွန်း၊ကိုဇင်မောင်၊
ကိုကျော်ဝင်းနှင့် လူ့ ဘောင် သစ် မှ ကိုဝေလင်းတို့ နှင့် တွေ့ ဆုံခဲ့သည် ဟု သတင်းစာဆရာများနှင့် တွေ့ ဆုံရာတွင်ပြောကြားခဲ့သည်။

ဒေါက်တာ နိုင်အောင် ၏ စီစဉ်ပေးမှု ဖြင့် ယက်တောသည်ချင်းမိုင်တွင် ကိုဇင်မောင် ၊ကိုကျော်ဝင်းတို့ နှင့် တွေ့ ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ ဗကသ (နိုင်ငံခြားရေးရာကော်မတီ)မှ ကိုဇင်မောင်က “ဂျွန်ဝီလျှံ ယက်တော ဆိုတာ စစ်အစိုးရ သတင်းစာတွေ မှာ ရေးသားဖေါ်ပြ တော့မှ သိဖူးကြားဖူးတာပါ။ ချင်းမိုင်မှာ ရော ဘယ်နေရာမှာ မှ တစ်ခါမှဆုံတွေ့ ခဲ့ဖူးခြင်းမရှိ ပါဘူး”ဟုFreedom News Groupသို့ ပြောသည်။

“ကျွန်တော်နဲ့ မှ မဟုတ်ပါဘူး ကိုနိုင်အောင် နဲ့ ရော FAC ကဘယ်လူနဲ့ မှ ပါမတွေ့ ဆုံဘူးပါဘူးခင်ရီလိမ်နေ တာပါ ”ဟုထပ်လောင်းပြောကြားသည်။

ကြာသပတေးနေ့ ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေ ချိုးဖောက်သူ ဟု စွပ်ဆွဲပြောကြားခဲ့သည်။ဗြိတိသျှ သံရုံး နှင့် နိုင်ငံခြားသံတမန် အများစု၏မေးခွန်းများ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ၏ အမှုသည် အချိန်မည်မျှ ကြာမြင့် နိုင်သည် လည်း ဆိုသည့် မေးခွန်းမေး ခွန်းကို မူသူ နှင့် မဆိုင် ဟု ပြန်လည်ဖြေကြားခဲ့သည်။

သတင်းစာ ရှင်းလင်းလင်းပွဲ များတွင် ပြည်တွင်း သတင်းစာဆရာများ အတွက် လွတ်လပ်စွာမေးမြန်းခွင့်မရှိပဲ မေးခွန်းများကန့် သတ် ခံရသည် ဟု ပြည်တွင်း သတင်းဂျာနယ် မှ အယ်ဒီတာ တစ်ဦးကပြောသည်။

သတင်းစာရှင်းလင်း ပွဲ၌ ရဲချုပ် ခင်ရီက ဂျွန်ဝီလျှံ ယက်တောသည် မဲဆောက်ရှိ AAPP မှ ကိုဘိုကြည် နှင့် တွေ့ ဆုံခဲ့ပြီး မယ်တော် ဆေးခန်း သို့ လည်း ၁၀ ကြိမ်ရောက်ဖူးသည် ဟု
ဆိုသည်။

စစ်အစိုးရ ၏ သတင်းစာရှင်းလင်းပွဲများကို ပြည်သူများက အယုံအကြည်မရှိကြချေ။



ရနောင်းမြို့တွင် မြန်မာအလုပ်သမားများ ထိုင်းစစ်တပ်တို့၏ ဖမ်းဆီးခြင်းခံရ
Sat 27 Jun 2009, မိမွန်စွန်း, IMNA
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ခိုးဝင်လာသည့် မြန်မာအလုပ်သမား ( ၄၆) ဦးကို ရနောင်းမြို့တွင် ယမန်နေ့ည ၁၁ ခွဲခန့်တွင် ထပ်မံအဖမ်းခံရသည်ဟု သိရသည်။

မြန်မာအလုပ်သမား ( ၄၆) ဦးတို့သည် ထိုင်းစစ်တပ်တို့၏ ဖမ်းဆီးခြင်းကို ရနောင်းမြို့နှင့် (၂ ) ကီလိုအကွာတွင် အဖမ်းခံရခြင်းဖြစ်သည်။ အဖမ်းခံရသည့် အလုပ်သမားတို့သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့မှ ဖြစ်သည်ဟု သိရသည်။

“ဒီအလုပ်သမားတွေက ထိုင်းနိုင်ငံထဲကို ဝင်ဖို့အတွက် ပွဲစားတွေက ထိုင်းပုလိပ်နဲ့ညှိနှိုင်းပြီး ပိုက်ဆံပေးထားပြီးသားပါ၊ ဒါပေမယ့် ထိုင်းစစ်သားတွေကတော့ လက်မခံဘူး၊ ဒါကြောင့် အလုပ်သမားတွေကို စစ်တပ်က ဖမ်းတာ” ဟု ထိုင်းထောက်လှမ်းရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဇူလိုင်လအတွင်း ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ထိုင်နိုင်ငံတွင် တရားမဝင် အလုပ်အလုပ်နေသူများကို အလုပ်သမားလက်မှတ်အသစ် လုပ်ပေးမည်ဖြစ်သည့်အတွက် မြန်မာအလုပ်သမားများ ထိုင်းနိုင်သို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်ရန် ကြိုးပမ်းနေကြသည်ဟု ၄င်းက ဆက်ပြောသည်။

ဇွန်လ ( ၂၂ ) ရက်နေ့ ညနေတွင်လည်း မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် လှေ (၃) စီး၊ ရနောင်းမြို့တွင် အဖမ်းခံရပြီးနောက် ထိုင်းစစ်တပ်တွေက ရနောင်းမြို့မှာ လုံခြုံရေးတင်းကြပ်ထားပါသည်။

“မနေ့ညက အဖမ်းခံရတဲ့ အလုပ်သမားတွေကို ရနောင်းမှာရှိတဲ့ ပွဲစားတွေက ရွေးထုတ်ဖို့အတွက် ကြိုးပမ်းနေကြပါတယ်၊ အလုပ်သမားတစ်ဦးကို ဘတ်ငွေ ( ၃ ) ထောင်ပေးရတယ် “ ဟု ရနောင်းမြို့မှာရှိနေသည့် မြန်မာလူမျိုး ပွဲစားတစ်ဦးက ပြောသည်။

မြန်မာအလုပ်သမားများက ရနောင်းမြို့မှတဆင့် ဘန်ကောက်၊ ပူကတ် နှင့် မဟာချိုင်တို့တွင် အလုပ်လုပ်ရန်သွားကြမည်ဖြစ်သည်။

လွန်ခဲ့သည့်မေလကလည်း ရနောင်းမြို့နှင့် ကော့သောင်းမြို့ကြားတွင် လှေမှောက်ပြီးနောက် မြန်မာအာဏာပိုင်တို့က တနသာင်္ရီဒေသခံတို့မှတစ်ပါး အခြားဒေသမှလာသော နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူများကို လှေဖြင့် လုံးဝဖြတ်သန်းခွင့်မပြုပါ။

ယမန်နေ့ညတွင် ကော့သောင်းအဏာပိုင်တွေက မွန်ပြည်နယ်မှလာသော မြန်မာနိုင်ငံသား ( ၁၀) ဦးကို တနသာင်္ရီဒေသသို့ နယ်မြေကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ကော့သောင်းမြို့ခံ တစ်ဦးကပြောသည်။

Comments (1)
ဂန်ဘာရီ နှင့် ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံဖွယ်မရှိ
Saturday, 27 June 2009 19:35 ကိုစိုး
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ယမန်နေ့ က စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ယနေ့တွင် ပြန်လည်ထွက်ခွာရန်ရှိသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အတိုက်အခံခေါင်းဆောင်များနှင့် တွေ့ဆုံဖွယ်မရှိကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များ တွေ့ဆုံရန် သက်ဆိုင်ရာ အာဏာပိုင်များက ယခုအချိန်အထိ ဆက်သွယ်အကြောင်းကြားခြင်းမရှိ၍ မတွေ့ဆုံဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုသည်။

မစ္စတာ အီဗရာဟင် ဂန်ဘာရီ
“အခုအချိန်အထိ မစ္စတာ ဂန်ဘာရီနဲ့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တယောက်နဲ့မှ မတွေ့သေး ပါဘူး”ဟု ၎င်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ၏ ခရီးစဉ်အား အဓိပ္ပာယ်ရှိသည့် နိုင်ငံရေးခရီးစဉ်အဖြစ် ယူဆကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဦးဉာဏ်ဝင်းက“အခုအချိန်မှာ သူတို့လာတာကို ကျနော်တို့ကတော့ နိုင်ငံရေးအရ အဓိပ္ပာယ် ရှိတဲ့ ခရီးစဉ် တခုအနေနဲ့ လာမယ်လို့ ထင်တယ်၊ ဘယ်လိုဦးတည်ချက်နဲ့လာလည်း ဆိုတာတော့ ကျနော်တို့ မသိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

မစ္စတာ ဂန်ဘာရီသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် စစ်အစိုးရ ခေါင်းဆောင်များနှင့်တွေ့ဆုံကြောင်း သိရသည်။

ယင်း မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်သည် လာမည့် ဇူလိုင်လ အစောပိုင်းတွင် သွားရောက်မည့် မစ္စတာ ဘန်ကီမွန်း ခရီးစဉ်အကြို ကြိုတင်ပြင်ဆင်မှု ဖြစ်သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုထားသည်။

စစ်အစိုးရက မစ္စတာ ဘန်ကီမွန်းအား လာမည့် ဇူလိုင်လအစောပိုင်း၌ မြန်မာနိုင်ငံသို့ လာရောက်ရန် ယခုလလယ် တွင် ဖိတ်ကြားထားသည်။

မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် ၈ ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်တချို့၊ စစ်အစိုးရ ထောက်ခံသည့် အဖွဲ့များနှင့် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး နှင့် တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပေ။

ထိုခရီးစဉ်နှင့် ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်မှာ တိုးတက် ပြောင်းလဲမှု တစုံတရာ မရှိကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ ဂန်ဘာရီသည် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တာဝန် ထမ်းဆောင်စဉ်မှစပြီး မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံး ၀တ်ဆင်အားပေးရန် U2 နှိုးဆော်
Saturday, 27 June 2009 19:32 ကိုထွေး
ကမ္ဘာကျော် U2အဖွဲ့ကဖျော်ဖြေသည့် စတိတ်ရှိုးပွဲတွင် ပရိသတ်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးများကို တပ်ဆင်အားပေးရန် ၎င်းတို့၏ www.u2.com အင်တာနက် စာမျက်နှာပေါ်တွင် နှိုးဆော်ထားသည်၊

ယင်းမျက်နှာဖုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံကို ထပ်တူရယူထားပြီး သူမ၏ မိန့်ခွန်းကောက် နုတ်ချက်ဖြစ်သည့်“FEAR IS A HABIT; I AM NOT AFRAID”စာသားကိုလည်း ရေးထားသည်။

အဆိုပါ မျက်နှာဖုံးကို Adobe Acrobat Readerကို အသုံးပြု၍ ယင်းအင်တာနက် စာမျက်နှာပေါ်မှ တဆင့်ရယူ နိုင်ကြောင်းလည်း သိရသည်။

ယင်း အင်တာနက်စာမျက်နှာပေါ်တွင် “Larry နှင့် Edge တို့က “Walk On” သီချင်းကို စတင် တီးခတ် လိုက်သည်နှင့် တပြိုင်နက် ယင်းမျက်နှာဖုံးကို ထောင်ပေါင်းများစွာသော ပရိသတ်များနှင့်အတူ ၀တ်ဆင်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို သင်အပါအ၀င် တကမ္ဘာလုံးက အမှတ်ရကြောင်း ပြောပြလိုက်ပါ”ဟု ရေးသား ထားသည်။

အလုပ်နှင့် ကျောင်းသွားရာတွင် ဖြစ်စေ၊ ဘက်စ်ကားနှင့် မီးရထား စီးနင်းရာတွင် ဖြစ်စေ၊ စားသောက်ဆိုင်နှင့် စတိုးဆိုင်များ သွားရာတွင်ဖြစ်စေ ယင်းမျက်နှာဖုံးကို တပ်ဆင်နိုင်သကဲ့သို့ U2 အဖွဲ့၏ ဖျော်ဖြေရေးပွဲသို့ လည်း မပျက်မကွက် ယူဆောင်လာရန်လည်းပါရှိသည်။

ယင်းတီးဝိုင်းက ကမ္ဘာတ၀န်းလုံး ဒေါ်အောင်ဆန်းစုကြည်ကို မေ့ပျောက်ရန် မသင့်ဟု ယုံကြည်ကြောင်း၊ ၎င်းတို့ အဖွဲဖျော်ဖြေသည့် ပွဲများတွင် သူမအတွက် ရည်စူး ရေးဖွဲ့ထားသည့် “Walk On” သီချင်းကို သီဆိုသည့် အခါ ယင်းမျက်နှာဖုံးကို ၀တ်ဆင်ကြရန်လည်း ပြောသည်။

U2 အဖွဲ့မှ အဆိုတော် Bono သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပတ်သက်၍ စစ်အစိုးရအား အစဉ်တစိုက် တောင်းဆိုနေသူ တဦးဖြစ်သည်။

U2 အဖွဲ့သည် မကြာမီ ကာလအတွင်း ဖျော်ဖြေရေးပွဲစဉ် ၃၆၀ ကို စတင်တော့မည်ဖြစ်ပြီး လာရောက် အားပေးကြ သည့် ပရိသတ်များကို ဒေါ်အောင်ဆန်းစုကြည်အား သတိရသည့် အနေဖြင့် အဆိုပါ မျက်နှာဖုံးများကို ၀တ်ဆင် ကြရန် တောင်းဆိုထားသည်။

U2 အဖွဲ့သည် လာမည့် အင်္ဂါနေ့တွင် စပိန်နိုင်ငံ ဘာစီလိုနားမြို့တွင် ဖျော်ဖြေပွဲများ စတင်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

မြေအောက်ဥမင် ဓာတ်ပုံမှတ်တမ်း အင်ဂျင်နီယာများ သံသယရှိ
Saturday, 27 June 2009 16:41 ဧရာဝတီ
မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကို ပြီးခဲ့သည့် ရက်များအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ယင်းထုတ်လွှင့်ချက်များအပြီး အဆိုပါမှတ်တမ်းများသည် စစ်အစိုးရ၏ နိုင်ငံနှင့် တ၀န်းတွင် တည်ဆောက်နေ သော ရေအားလျှပ်စစ် စီမံကိန်းများမှ မှတ်တမ်းများ ဖြစ်နိုင်မည်လား ဟူသည့် ပြည်တွင်း၊ပြည်ပရှိ အင်ဂျင်နီယာ အများစု၏ မေးခွန်းများ ပေါ်ထွက်လာသည်။

နေပြည်တော်အနီးရှိ ပေါင်းလောင်းရေအား လျှပ်စစ်တွင် တာဝန်ထမ်းဆောင်နေသော အင်ဂျင်နီယာ တဦးက “ဒီဓာတ်ပုံတွေက ရေအားလျှပ်စစ် စီမံကိန်းကလား ဒါမှမဟုတ် စစ်အစိုးရရဲ့ မြေအောက် ဥမင်လိုဏ်ခေါင်းလား ဆိုတာ ဝေခွဲရခက်နေတယ်၊ ရေအားလျှပ်စစ် စီမံကိန်းက လိုဏ်ခေါင်းတွေကလည်း အဲဒီလောက်နီးပါးကျယ်တော့ ကျနော်တော့ မခွဲခြားတတ်တော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက မြန်မာပြည်တွင် အကြီးဆုံးသော ရဲရွာ စီမံကိန်း အပါအ၀င် ရေအားလျှပ်စစ် စီမံကိန်း ၁၂ ခုကို အကောင်ထည် ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

Peace Creation Group ဟု အမည်ပေးထားသည့် မြန်မာပြည်တွင်းရှိ မြေအောက်အဖွဲ့တဖွဲ့က ယင်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကို ဧရာဝတီ သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီက ယင်းအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ၌ နေပြည်တော်အနီးတွင် ရိုက်ကူးထားသော မှတ်တမ်းများ ဖြစ်ကြောင်း၊ သို့သော် ယင်းမှတ်တမ်းများတွင် ပါဝင်သော ပုံများကိုမှု အသေအချာမသိရှိသေးကြောင်း ပြော သည်။

အဆိုပါ မှတ်တမ်းများတွင် ပါဝင်သော ပုံများမှာ အပြာရောင်ဝတ်စုံနှင့် ၀န်ထမ်းများ၊ စစ်ဘက်ဆိုင်ရာ အရာရှိများ၊ ဆောက်လုပ်ရေးလုပ်သားများနှင့် အာရှနိုင်ငံများမှ နိုင်ငံခြားသားများကို မြင်တွေ့ ရမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ လျှပ်စစ် ၀န်ကြီးဌာနမှ ၀န်ထမ်းများသည် အပြာရောင်ဝတ်စုံကို ၀တ်ဆင်ကြသည်။ ထို့အပြင် ယင်းစီမံကိန်းများကို ဆောင်ရွက်ရာတွင် စစ်အင်ဂျင်နီယာများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကန်ထရိုက်များ လည်း ပါဝင်ကြသည်။

စစ်အစိုးရနှင့် မြောက်ကိုရီးယားတို့၏ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာပြည်တွင် ဥမင် လိုဏ်ခေါင်းများ တည်ဆောက်နေသည်ဟူသော သတင်းကို လူအများက အာရုံစိုက် လာကြခြင်းဖြစ်သည်။

နေပြည်တော်အနီးတွင် ၀င်္ကပါသဖွယ် မြေအောက် ဥမင်လိုဏ်ခေါင်းပါသော စစ်ဌာနချုပ်ကို တည်ဆောက်ရန် စီစဉ်နေကြောင်း ဧရာဝတီက ရရှိထားသည့် မြန်မာနှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံ နားလည်မှုစာချုပ်အရ သိရသည်။

သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်

27 June 2009


မြန်မာပြည်တွင်း သတင်းလွတ်လပ်ခွင့်တွေ ပိတ်ပင်တာတွေ သတင်းသမားတွေကို အပြစ်ပေးအကျဉ်းချမှုနဲ့ ပတ်သက်ပြီး ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Boarders) က တကယ်လို့ မြန်မာ ပြည်တွင်းမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ သတင်းလွတ်လပ်ခွင့်တွေ မရှိဘူး၊ အကျဉ်းချခံထားရတဲ့ သတင်းသမား တွေကိုလည်း ပြန်မလွတ်ပေးဘူး ဆိုရင် အဲဒီရွေးကောက်ပွဲကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအနေနဲ့ ဘယ်နည်းနဲ့မှ အသိအမှတ် မပြုနိုင်ဘူး ဆိုတာကို မြန်မာစစ်အစိုးရကို ပြတ်ပြတ်သားသား သတိပေးဖို့ လိုအပ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်း ကို ပြောကြားလိုက်ပါတယ်။ အကြောင်းစုံကို စုံးစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြထားပါတယ်။

အခုနောက်ပိုင်း မြန်မာစစ်အစိုးရက ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာ သတင်းတချို့ကို ပိတ်ပင်တားမြစ်ထားတာ တွေကို တိုးမြှင့်တာတွေ၊ အရင်အပတ်တုန်းက လည်း ရန်ကုန်အခြေစိုက် သတင်းသမား ကိုဇော်ထွန်းကို ထောင်ဒဏ် ၂ နှစ် ချမှတ် ခဲ့တာတွေ၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် ကိုလည်း အနှောက်အယှက်ပေးမှုတွေ၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတဲ့ အပေါ်မှာ ပြစ်တင်ရှုတ်ချကြောင်း ဇွန်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသမားများ လွတ်မြောက်ရေးအတွက် ဖိအားပေးသလို အကျဉ်းကျ ခံထားရတဲ့ သတင်းသမားတွေ လွတ်မြောက် ရေးအတွက်လည်း ဖိအားပေး သင့်တယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ က ဗင်းဆင့်န် ဘရက်ဆဲလ် (Vincent Brossel) က အခုလို ပြောပါတယ်။

“များသောအားဖြင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကို ဖိအားပေးကြတာ မှန်ပါတယ်။ အဲဒါအပြင် ထောင်ထဲက တခြား လူတွေ လွတ်မြောက်ရေး အတွက် ဖိအားပေးဖို့ အရေးကြီးပါတယ်။ အကျဉ်းချခံထားရတဲ့ သတင်းသမားတွေ၊ ဘလော့ဂါတွေ အများကြီး ရှိပါသေးတယ်။ သူတို့ လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ဖိအားမပေးဘူးဆိုရင် သူတို့ဟာ ထောင်ထဲမှာ အကြာကြီး ဆက်နေရဖို့ ရှိပါ တယ်။”

ဆက်လက်ပြီး မစ္စတာ ဗင်းဆင့်န် ဘရက်ဆဲလ် က အခုလောလောဆယ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ အနေနဲ့လည်း သတင်း လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေ လွတ်မြောက်ရေး နဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရ သိအောင် ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသား သတိပေးသင့်တယ်လို့ ပြောပါတယ်။

“ကုလသမဂ္ဂ ဘက်က လုပ်ဆောင်နိုင်တာတခုက တကယ်လို့ မြန်မာပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့် မရှိဘူး၊ အကျဉ်းချ ခံထားရတဲ့ သတင်းသမားတွေကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပြန်မလွတ်ပေးဘူးဆိုရင် အဲဒီ ရွေးကောက်ပွဲကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက ဘယ်နည်းနဲ့မှ အသိအမှတ် မပြုနိုင်ဘူးဆိုတာကို မြန်မာစစ်အစိုးရကို ပြတ်ပြတ်သားသား အသိပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ မစ္စတာ ဂန်ဘာရီနဲ့ မစ္စတာ ဘန်ကီမွန်း တို့က ဒီကိစ္စကို မပြောကြဘူး၊ မပြောနိုင်ကြ ဘူး ဆိုရင် ကုလသမဂ္ဂ ရဲ့ ယုံကြည်စိတ်ချမှု အပေါ်မှာ သံသယ ဖြစ်လာပါလိမ့်မယ်။”

ဆက်လက်ပြီး မစ္စတာ ဗင်းဆင့်န် က မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် ပိတ်ပင်တားမြစ်တာနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ် မှာ အဆိုးရွားဆုံး ၁၀ နိုင်ငံဖြစ်တဲ့အပြင် မြန်မာ့အိမ်နီးချင်း တရုတ် နဲ့ ဗီယက်နမ် နိုင်ငံတောင်မှ မြန်မာနိုင်ငံနဲ့စာရင် သတင်း လွတ်လပ်ခွင့်မှာ အခြေအနေတွေ အများကြီး ပိုကောင်းတယ် ဆိုတာကိုလည်း ထောက်ပြသွားပါတယ်။

မြန်မာစစ်အစိုးရ ဟာ သတင်းစာ ဆရာကြီး ဦးဝင်းတင် ကို ထောင်ထဲကနေ လွှတ်ပေးပြီးကတည်းက မှတ်ပုံတင် ထုတ်ပေး ခြင်း မရှိတဲ့အတွက်ကြောင့်မိုလို့ ဦးဝင်းတင် ဟာ မြန်မာပြည်တွင်းမှာ မြန်မာနိုင်ငံသား ဖြစ်လျက်နဲ့ စဉ်ဆက်မပြတ် ဧည့်စာရင်း တိုင်နေရတဲ့ အခက်အခဲကို ကြုံတွေ့နေရတဲ့အကြောင်း ဦးဝင်းတင် က ပြောသွားတာလည်း ရှိပါတယ်။

မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရောက်မလဲ

27 June 2009


မြောက်ကိုရီးယား အကူအညီ နဲ့ မြေအောက် ဥမင်လှိုင်ခေါင်းတွေကို မြန်မာစစ်အစိုးရ တည်ဆောက်ခဲ့တယ် ဆိုတဲ့ ဓါတ်ပုံတွေ သတင်းတွေ ထွက်လာချိန်မှာပဲ စစ်လက်နက် ပစ္စည်းတွေ တင်ဆောင်လာဖွယ် သံသယ ရှိတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း မြန်မာနိုင်ငံဘက် ဦးတည်ခုတ်မောင်းနေတယ် ဆိုတဲ့ သတင်းတွေကလည်း နိုင်ငံတကာမှာ ထွက်နေတာပါ။ ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ မြောက်ကိုရီးယား သင်္ဘော မြန်မာနိုင်ငံဘက် ခုတ်မောင်းလာနေတယ် ဆိုတာ မဟုတ်ပါဘူးလို့ ငြင်းသွားပါတယ်။ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား အကူအညီ နဲ့ ဥမင်လှိုင်ခေါင်းတွေ ဖောက်နေတယ် ဆိုတဲ့ အကြောင်းကိုတော့ မြန်မာစစ်အစိုးရ က မငြင်းသေးပါဘူး။ ဆိတ်ဆိတ်နေခြင်းက ၀န်ခံခြင်း သဘောပါလား။ ဦးကျော်ဇံသာ က သုံးသပ် တင်ပြထားပါတယ်။

စစ်အစိုးရကတော့ တကယ်တမ်း ဒါကို ၀န်ခံလိမ့်မယ် မဟုတ်ပါဘူး။ ဒါက သူတို့နိုင်ငံအတွက် စစ်ရေးလျို့ဝှက် ဖြစ်ပါတယ်။ နိုင်ငံအတော်များများ ကလည်း ဒီလိုကိစ္စမျိုးကို ထုတ်ပြီး ပြောကြားလေ့ မရှိပါဘူး။ မြောက်ကိုရီးယား သင်္ဘော မြန်မာနိုင်ငံကို လာတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ငြင်းခဲ့တာကလဲ အဲဒါကို နိုင်ငံတကာ က စိတ်ဝင်စားပြီးတော့ အမေရိကန်လို နိုင်ငံမျိုးက သူတို့ စိတ်ဝင်စားတယ်၊ စောင့်ကြည့်နေပါတယ် ဆိုတဲ့ အပြောအဆိုကြောင့်သာ မြန်မာစစ်အစိုးရက ထုတ်ဖော်ငြင်းတာ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ဥမင်တွေ တူးပြီးတော့ မြောက်ကိုရီးယား နဲ့ စစ်ရေး ဆက်သွယ်နေတယ်၊ အဝေးပစ် ဒုံးကျည်တွေ လုပ်နေတယ် ဆိုတာတွေကလည်း အလားတူစွာ နိုင်ငံတကာက ဝေဖန်မှုတွေ လုပ်လာတဲ့အခါမှာ စစ်အစိုးရက ထုတ်ဖော် ပြောကြားကောင်း ပြောလာပါလိမ့်မယ်။ ငြင်းကောင်း ငြင်းလာပါလိမ့်မယ်။ ဒါပေမယ့် အခု လောလောဆယ် အထောက်အထား ကလည်း တော်တော်လေး ခိုင်လုံနေတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဒါ ကိုအောင်ဇော် တို့၊ ဘက်တေးလ် လစ်တနာ တို့ဟာ မြန်မာ့အရေး ကျွမ်းကျင်တဲ့ သတင်းစာ သမားတွေ ဖြစ်ကြပါတယ်။ ဆိုတော့ အထောက်အထား စာရွက်စာတမ်းတွေလည်း အပြင်မှာ ပုံနဲ့တကွ အများကြီး ထွက်ပေါ်နေတယ်။ ဒါကြောင့် စစ်အစိုးရက ၀န်ခံသည်ဖြစ်စေ၊ မ၀င်ခံသည်ဖြစ်စေ မှန်ကန်တဲ့အချက် တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် မြန်မာအစိုးရက နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်မှာ အားလုံးရဲ့ လက်ညှိုးထိုး ခံနေရတဲ့ မြောက်ကိုရီးယား နိုင်ငံနဲ့မှ သွားပြီး အပေါင်းအသင်း ဖြစ်နေတယ် ဆိုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လိုများ ဖြစ်လာမလဲ၊ ဘယ်လို မြင်ပါသလဲ။ -

နိုင်ငံတကာက လက်ညှိုးထိုး ခံနေရတဲ့ မြောက်ကိုရီးယား နိုင်ငံ နဲ့ အပေါင်းအသင်း ဖြစ်တော့ သူလည်းပဲ ၀ိုင်းပြီး လက်ညှိုးထိုး ခံရမှာပါပဲ။ အခုလည်းပဲ တကယ်တော့ နည်းနည်း လက်ညှိုးထိုးမယ့်အထဲမှာ ပါနေပြီပေါ့လေ။ ဒါပေမယ့် ပိုပြီး ဆိုးတာက မြောက်ကိုရီးယား ကို လူတွေက ရှုတ်ချကြတယ်။ ကုလသမဂ္ဂ ပြဌာန်းချက်တွေ ဘာတွေ နဲ့ လုံခြုံရေး ကောင်စီ က ရှုတ်ချတဲ့အခါမှာ ဒါဟာ ဒေသတွင်း လုံခြုံရေးကို အန္တရာယ် ဖြစ်စေတဲ့အတွက် ဆိုပြီးတော့ နိုင်ငံပေါင်းစုံက ပါဝင် လက်မှတ်ထိုးလာကြတယ်။ အရုပ်တောင်မှပဲ ဒီတခါ မငြင်းတော့ဘူး။ သူတို့နိုင်ငံအတွက်လည်း မြောက်ကိုရီးယား အနုမြူ ဟာ အန္တရာယ် ဆိုတာ သူတို့လည်း သဘောပေါက်ပါတယ်။ မြန်မာနိုင်ငံကို အရေးယူမယ့် ကိစ္စမှာကျတော့ နိုင်ငံတကာ က ဘာစဉ်းစားလဲ ဆိုတော့ မြန်မာနိုင်ငံအရေးဟာ ပြည်တွင်းရေးသာ ဖြစ်တယ်၊ ဒေသလုံခြုံရေးကို မထိခိုက်ဘူး ဆိုပြီးတော့ အာဆီယံ တို့ တရုတ်တို့က ဒီအကြောင်းပြချက်နဲ့ သူတို့ မပါဝင်ဘဲ နေခဲ့ကြတာ၊ အခု မြောက်ကိုရီးယား နဲ့ ပေါင်းပြီးကတည်းက အိမ်နီးချင်း နိုင်ငံတွေကို ပစ်နိုင်တဲ့ လက်နက်တွေကိုပါ လုပ်လာပြီ ဆိုတော့ မြန်မာ့အရေးဟာလည်း ဒေသတွင်းနိုင်ငံတွေကို ထိခိုက်နိုင်တယ် ဆိုတာ ပိုပြီး ပေါ်လွင်လာတဲ့သဘော ဖြစ်လာပါလိမ့်မယ်။ ဆိုတော့ နိုင်ငံတကာ ရဲ့ ဆုံးဖြတ်မှုကို မြောက်ကိုရီးယား နဲ့အတူ တန်းတူခံလာရမယ့် သဘော ရှိနေပါတယ်။ ဒါဟာ မြန်မာနိုင်ငံ စစ်အစိုးရ အတွက်လည်း မကောင်းပါဘူး။ နိုင်ငံတကာ နဲ့ ပိုပြီးတော့ အထီးကျန် ဆန်လာမယ်။ အထီးတည်း နိုင်ငံ ဖြစ်လာမယ်။ ပြည်သူတွေ အတွက်လည်း မကောင်းဘူး။ ဒီလို အထီးကျန် ဖြစ်လာခြင်းအားဖြင့် တိုင်းပြည်ကို ဆင်းရဲပြီး စုတ်ပြတ်သည်ထက် စုတ်ပြတ် လာမယ် ဆိုတော့ ပြည်သူတွေ ဟာလည်း မြောက်ကိုရီးယား ပြည်သူများလို ဖြစ်လာမယ်လို့ ယူဆပါတယ်။ တကယ်တမ်း အကောင်းဆုံး ထွက်ပေါက်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ နိုင်ငံတကာကို ကြောက်စရာလည်း မလိုဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံတို့ ဘာတို့ကိုလည်း ကြောက်စရာ မရှိပါဘူး။ Democracy never goes to war. ဆိုပြီးတော့ ပြောထားတဲ့အတိုင်းပါပဲ။ သူတို့ဟာ ဒီမိုကရေစီ နိုင်ငံ အချင်းချင်း ပြဿနာရှိရင်တောင်မှ တန်းတူရည်တူ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

သမ္မတရာထူးပြုတ်မည်ဟု ဟောကိန်းထုတ်သည့် ဗေဒင်ဆရာ အဖမ်းခံရ

27 June 2009


သီရိလင်္ကာနိုင်ငံရဲ့ သမ္မတ မဟင်ဒါ ရာဂျာပါ့ခ်ဆေ့ (Mahinda Rajapaksa) ကို ဒီနှစ်အတွင်း ရာထူးက အဖယ်ရှားခံရမယ်လို့ ကြိုတင်ဟောကိန်းထုတ် လိုက်တဲ့ နာမည်ကြီး ဗေဒင်ဆရာတဦး ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ဒီလို ကြိုတင် ဟောကိန်း ဘာကြောင့် ထုတ်ရသလဲ ဆိုတာကို အာဏာပိုင်တွေက သိချင်နေတယ်လို့ သီရိလင်္ကာရဲ ဌာန ပြောခွင့်ရပုဂ္ဂိုလ်က မနေ့ကပဲ ပြောလိုက်ပါတယ်။

ဗေဒင် ဆရာ ချန်ဒြာစီရိ ဘန်ဒါရာ (Chandrasiri Bandara) ကို အခုတပတ်စောစောပိုင်းက ဖမ်းခဲ့ကြတာပါ။ သူ့ရဲ့ ဟောကိန်းအရ လက်ရှိဝန်ကြီးချုပ်က သမ္မတနေရာကို ၀င်ယူပြီး အတိုက်အခံ ခေါင်းဆောင်တဦးက ၀န်ကြီးချုပ် ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီလို အပြောင်းအလဲဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖြစ်လိမ့်မယ်လို့ ဟောခဲ့တာပါ။ ဗေဒင်တွက်ချက်မှုဟာ သီရိလင်္ကာနိုင်ငံမှာ တော်တော်ယုံကြည်မှုရှိတဲ့ ကိစ္စဖြစ်ပြီး နိုင်ငံရေးသမား တော်တော်များများ ကလည်း ဗေဒင်ကိုအကြီးအကျယ် ယုံကြည်ကိုးစားကြတာပါ။

ရပ်ကွက်အာဏာပိုင်းများ ရိုက်နှက်မှုကြောင့် အပြစ်မဲ့လူငယ်တဦး သေဆုံး
Saturday, 27 June 2009 01:18 ဉာဏ်မောင်
အာဏာပိုင်များက လူငယ်တဦးအား ရိုက်နှက်ရာမှ လက်လွန်ပြီးသေဆုံးခဲ့သည်ကို သက်ဆိုင်ရာရဲစခန်းက ယနေ့အထိ ရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း မိသားစုဝင်က ပြောသည်။

ယခုလ (၁၉) ရက်နေ့က ပုသိမ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ရယကအဖွဲ့နှင့် ကြံဖွံ့အဖွဲ့ဝင်များက သင်္ဘောစက်ပျက်၍ ကမ်းကပ်လာသည့် လူငယ်နှစ်ဦးကို ဖမ်းဆီးပြီး တဦးအား ငွေပြန်ယူရန်လွှတ်လိုက်စဉ် ကျန်ရစ်ခဲ့သူအား ရိုက်နှက်ရာမှ သေဆုံးခြင်းဖြစ်သည်။

“(၁၉) ရက်နေ့ည (၇) နာရီလောက်မှာ ကြံ့ဖွံ့နဲ့ ရယကအဖွဲ့တွေက သူတို့နှစ်ယောက်ကို ဖမ်းပြီး ငွေ ၆,၀၀၀ တောင်းတာ၊ အဲဒါ တယောက်က ပြန်ယူရင်း အချိန်မမှီတော့လို့ နောက်မနက် (၂၀) ရက်နေ့ သွားပေးတဲ့အချိန်မှာ ရယကတွေက ပြန်လွှတ်လိုက်ပြီ ပြောတယ်၊ အဲဒါနဲ့ ပြန်လာတော့ အိမ်မှာလဲ မတွေ့ဘူး၊ နောက်တနေ့ (၂၁) ရက်နေ့မှာ အလောင်းကိုတွေ့တာ” ဟု မိသားစုဝင်တဦးက ပြောသည်။

သေဆုံးသူမှာ ဗလရှင် (ခ) မောင်အောင်ထွန်းဖြစ်ပြီး သူနှင့်အတူ ဖမ်းဆီးခံရသူမှာ တင်ထွန်းလွင်ဖြစ်သည်။ အဆိုပါသေဆုံးသူ၏ အလောင်းကို အမှတ် (၁) ရက်ကွက်ပိုင် ရေခဲစက်နှင့် ဆားစက်အကြားတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူ့အလောင်းကိုတွေ့တော့ သွေးအိုင်ထဲမှာ၊ ခေါင်းက နောက်ပိုင်းကြေနေတယ်၊ ဘေးနားမှာ တုတ်တချောင်းလဲ တွေ့တယ်၊ ရိုက်တဲ့သူတွေကို နာမည်တော့မသိဘူး၊ ဖမ်းထားတုန်းက အဖွဲ့စုံပဲ၊ အမှုဖွင့်ထားတာ သက်ဆိုင်ရာက စုံစမ်းပေးမယ်ပဲ ပြောတယ် ဒီကိစ္စကို ကျမတို့ လုံးဝမကျေနပ်ဘူး” ဟု သေဆုံးသူ၏ မိသားစုဝင်က ပြောသည်။

ယခုကဲ့သို့ မောင်အောင်ထွန်းသေဆုံးမှုနှင့် ပတ်သက်၍ မိသားစုဝင်များက အသည်ကြီးရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း အာဏာပိုင်များဘက်မှ ယနေ့အထိ တစုံတရာ အကြောင်းအကြားခြင်းမရှိကြောင်း ဆက်ပြောသည်။

သေဆုံးသွားသူ မောင်အောင်ထွန်းမှာ ပုသိမ်မြို့ စိန်ကုန်းတိုးချဲ့ရပ်ကွက် အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယခုကဲ့သို့ အာဏာပိုင်များက အပြစ်မဲ့ပြည်သူတဦးကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် ဥပဒေမဲ့ လုပ်ရပ်သာဖြစ်ကြောင်း မြို့ခံဦးက ပြောဆိုသည်။

တပ်သားသစ်စုဆောင်းနေပုံမှာ ဆိုးရွားပြီး ပြန်ပေးဆွဲသလိုဖြစ်နေ
Saturday, 27 June 2009 01:07 ရိုးမ ၃
အောင်လံမြို့တွင် အတင်းအဓမ္ပ စစ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေသဖြင့် ပြန်ပေးဆွဲသည့် ပုံစံမျိုးဖြစ်နေကာ မြို့ခံများအနေဖြင့် အထိတ်တလန့်ဖြစ်နေရသည်။

ယခု (၃) ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ပြေးဖမ်းသည်ဟု အကြောင်းပြကာ လူငယ်အယောက် ၆၀ ကျော်ကို ခရလ (၇၁) မှ စစ်သားများက ဖမ်းဆီးပြီး ပြန်ရွေးပါက ငွေကြေးတောင်းယူခြင်းများ ပြုလုပ်နေလျှက်ရှိကြောင်း မြို့ခံတဦးက ပြောသည်။

“သူတို့အကြောင်းပြတာက စစ်ပြေးဖမ်းတယ်ဆိုပြီး ပြောတယ်၊ အလုပ်သမားတွေ နံနက်ဝေလီဝေလင်း (၅) နာရီလောက် တောထဲသွား အလုပ်သွားလုပ်တဲ့သူတွေပါ အဆွဲခံရတယ်၊ အိမ်ထဲမှာ အိပ်နေတဲ့သူကိုလဲ နှိုးပြီး မေးစရာရှိတယ်ဆိုပြီး ဆွဲသွားတာရှိတယ်၊ လမ်းပေါ်တွေ့တာနဲ့ ခေါ်တာ၊ အခုက ကားစပါယ်ယာတွေလဲ ပါသွားတယ်၊ ရယကတွေကို ရပ်ကွက်ထဲ ဆိုးသွမ်းလူတွေ ခေါ်ပေးပါဆိုပြီး ခေါ်တာ၊ အခုဆို အိပ်နေတဲ့ အလုပ်သမားတွေပါ ဖမ်းခေါ်တာ၊ မိဘတွေက အထိတ်တလန့်ဖြစ်နေရတယ်” ဟု မြို့ခံက ပြောသည်။

ယနေ့အထိ လူငယ် ၆၇ ဦးကို နှစ်ကြိမ်ခွဲပြီး မန္တလေးမြို့သို့ ပြည်-မန္တလေးပြေးဆွဲသည့် တိုင်းလုံးကျော်ကားဖြင့် နှစ်ကြိမ်ခွဲကာ ပို့ဆောင်ပြီးဖြစ်ကြောင်း မြို့ခံက ပြောသည်။

“ပထမတသုတ်မှာ ၃၇ ယောက်ပို့တယ်၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်က အယောက် ၃၀ ထပ်ပို့တယ်၊ အောင်လံက တိုင်းလုံးကျော် ကားဂိတ်မှာ စရံတသိန်း ပေးတယ်၊ ပြည်က လူမတင်လာနဲ့ဆိုလို့မှာပြီး မန္တလေးကို အားချင်းပို့တာ၊ အခုဆို မြို့ပေါ်မှာ ညဘက်ဆို ကလေးတွေပညာရေးအတွက် ကျူရှင်လိုက်ပို့နေရတဲ့ အခြေအနေဖြစ်နေတယ်၊ လိုက်ရွေးရင် ၇ သောင်းပေး ၅ သောင်းပေးနဲ့ ပြန်ပေးဆွဲသလိုကို ဖြစ်နေတာ” ဟု ပြောသည်။

ယင်းကဲ့သို့ စစ်သားသစ်များ အတင်းအကြပ်ဖမ်းဆီးရာတွင် သက်ဆိုင်ရာ ရပ်ကွက်အတွင်းသို့ အခြားရပ်ကွက်မှ ရယကနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ခေါ်လာကာ ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“(၃) ရက်နေ့က ကျောင်းစုကျေးရွာက ဦးတင်ဝင်း၊ ဒေါ်ယုံတို့သား ၁၇ နှစ်အရွယ် ဇော်ဇော်ထက်ကို ဖမ်းခေါ်သွားတာ၊ လိုက်တွေ့တာ တွေ့ခွင့်မရဘူး၊ အခု မန္တလေးပို့လိုက်တယ်၊ နောက်တယောက်က သန်းဇော်ဦး၊ ပြည်တော်အေးရက်ကွက် စက်ရုံ (၃) လမ်းမှာနေတာ သူက တောင်တွင်းကြီးက ပြန်လာတာ ၂ နာရီခွဲလောက်မှာ သူ့လမ်းထိပ်မှာ ကားပေါ်ကဆင်းရင်းနဲ့ ဖမ်းခံရတာ၊ တပြိုင်တည်းမှာပဲ ဦးကံထွန်း UKT အရက်ချက်ရုံက ဘိုထွန်းဆိုတဲ့ကောင်လေးနဲ့အတူ စစ်တပ်က ဖမ်းခေါ်သွားတာ၊ ဘိုထွန်းကတော့ စက်ရုံမန်နေဂျာက တပ်ကို အကြောင်းကြားပြီး ကြံ့ဖွံ့ ဘာညာနဲ့လိုက်တော့ ပြန်လွှတ်လိုက်တယ်၊ သန်းဇော်ဦးကိုကျတော့ ပြန်မလွှတ်ဘူး” ဟု ပြောသည်။

အောင်လံမြို့ပေါ်တွင် နယ်မြေအခြေစိုက် ခလရ (၇၁) က ယခုကဲ့သို့ အတင်းအကြပ် စစ်သားစုဆောင်းနေမှုအခြေအနေကို သက်ဆိုင်ရာ တပ်ရင်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျစစ်သားတဦးက ဖြေဆိုခွင့်မရှိကြောင်း ပြောဆိုသည်။

“ကျနော်လဲ သင်တန်းက ပြန်လာတာမကြာသေးတော့ ဘာမှမသိရသေးဘူး၊ နောက်ပြီး ကျနော်တို့အဆင့်နဲ့လဲ ဒီလိုဖြေကြားခွင့်မရှိပါဘူး၊ အထက်လူကြီးတွေကိုသာ မေးပါ” ဟု ပြောဆိုသည်။

မိုးမရွာ၍ မောင်တောတွင် မိုးခေါ်ပွဲကျင်းပ
၆၊၂၇၊၂၀၀၉

ဇွန်လကုန်ပြီး ၀ါဆိုမည့် ရက်နီးကပ်လာပြီ ဖြစ်သော်လည်း မိုးမရွာသေးသဖြင့် မောင်တောမြို့တွင် ဆရာတော်ကြီးများ ဦးဆောင်ပြီး မိုးခေါ်ပွဲကို ကျင်းပခဲ့သည်။

မောင်တောမြို့မှ ကုန်သည် တဦးဖြစ်သူ ဦးကျော်မြှင့်က “ဆရာတော်ကြီးတွေနဲ့ ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေက မြို့ကို ပတ်ပြီး ငရံ့မင်း ပရိတ်တော်ကို ရွှတ်ကာ မိုးခေါ်ခဲ့တာ ဖြစ်ပါတယ်။ မိုးမရွာတဲ့အတွက် ဘာသာရေး ထုံးတန်း စဉ်လာနဲ့ အညီ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မိုးခေါ်ပွဲ ကျင်းပတာ ဖြစ်ပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် ယခု အချိန်ထိ မိုးမရွာသေးသဖြင့် တောင်သူ လယ်သမားများမှာ လယ်မထွန်ရဘဲ ဖြစ်နေသဖြင့် တောင်သူလယ်သမားများမှာ လယ်ယာလုပ်ငန်း ပျက်စီးမှာကို အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တောင်သူ လယ်သမားများ အနေဖြင့် နှစ်စဉ် နှစ်တိုင်း ဇွန်လဆန်းတွင် လယ်ထွန်လေ့ရှိသော်လည်း ယခုနှစ်တွင် ဇွန်လကုန်သည်အထိ လယ် မထွန်ရဘဲ ဖြစ်နေသည်။

ဦးကျော်မြှင့်က “ဟိုနှစ်က ဒီအချိန်ဆိုရင် စပါးစိုက်လို့ တ၀က်ကျော် ပြီးနေပါပြီ။ ခုနှစ်က လယ်မထွန်နိုင်သေးတဲ့ အပြင် ပျိုးစပါးတောင် မချနိုင်သေးပါဘူး။ ခုလို မိုးခေါင်နေတာဟာ မောင်တော တမြို့နယ်တည်း မဟုတ်ပါဘူး။ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ ပလက်ဝနဲ့ မြောက်ဦး အပါအ၀င် တခြားမြို့နယ်တွေမှာလည်း မိုးခေါင်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲသို့ မိုးခေါင်နေသဖြင့် တောင်သူ လယ်သမားများ အနေဖြင့် စပါးများကို အချိန်မှီ မစိုက်ပျိုးနိုင်၍ လာမည့် နှစ်တွင် စပါး အထွက်နုန်းကျဆင်းမည်ကို အထူး စိုးရိမ်နေကြသည်ဟု သတင်းများ ရရှိသည်။

အလားတူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း မိုးခေါင်နေသဖြင့် စစ်တကောင်းတောင်တန်းနယ် အပါအ၀င် နေရာ အတော် များများတွင် ယခုအချိန်ထိ စပါး မစိုက်ပျိုးနိုင်သေးကြောင်း သိရသည်။

ယခုကဲ့သို့ မိုးခေါင်နေခြင်းမှာ ရာသီဥတု ပြောင်းလဲလာမူ၏ ဆိုးကျိုး ဖြစ်သည်ဟု ဘင်္ဂလာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ပြောဆိုနေကြသည်ဟု သိရသည်။

တနသာင်္ရီတိုင်း မှတ်ပုံတင် မဟုတ်ရင် ထိုင်းဘက်ကမ်းသို့ သွားခွင့်မပြု

နွယ်လေး။
ဇွန်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာနိုင်ငံတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းတွင် တနသာင်္ရီ တိုင်း မှတ်ပုံတင် ကိုင် ဆောင်သူမဟုတ်ပါက လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) တားမြစ် ခရီးသည် အဖြစ်သတ်မှတ်ပြီး ကော့သောင်း-ရနောင်းသို့ သွားလာခွင့် ပိတ်ပင်ထားသည်။

ထိုင်းနိုင်ငံ တစ်ဘက်ကမ်းရနောင်းသို့ တနသာင်္ရီတိုင်း ၆ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများကိုသာ ဖြတ် သန်း ၀င်ရောက်ခွင့်ပြုသည်ဟု ကော့သောင်း ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ကော့သောင်းကနေ ဟိုဘက်ကမ်း ရနောင်းကူးဖို့နည်းနည်းအခက်အခဲရှိတယ်။ ၆ မျဉ်းစောင်းက လွဲ ပြီး ကျန်တာ မလုပ်ပေးဘူး။ အာမခံတောင် မလုပ်ပေးဘူး။ အရင်ကလ၀က တစ်ဖွဲ့လုံးရှင်းသွားတယ်။ နောက်တဖွဲ့ ရောက်လာတယ်။ အသစ်တွေကြီးပဲခု။ အရင်က အိမ်ထောင်စုနဲ့ မှတ်ပုံတင် ထောက်ခံရင် လွတ်ပေးတယ်။ ခုကျတော့ အခြေအနေ ကြပ်နေတာ။ ၆ မျဉ်းစောင်းတောင် ဘယ်နှစ်နာရီကျ ပြန် အဲလို မသကာင်္ရင်တောင် လုပ်မပေးဘူး။ ”

ကော့သောင်းခရိုင်ရုံးမှ လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က)မှ တာဝန်ရှိသူအသစ်များ ယခင်အပတ်ရောက် လာချိန် မှစ၍ ထိုင်းဘက်ကမ်းသို့ သွားလာရေး တင်းကြပ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာရေး တင်းကြပ်သဖြင့် စီးပွားရေးအခက်အခဲဖြစ်သည်ဟု နောက်ထပ် မြို့ခံ တစ်ဦး က ပြောသည်။

“အကုန်တမြို့လုံးပဲ။ အဲလိုဖြစ်တော့ စီးပွားရေး တအားကြပ်သွားပြီ။ ဟိုတုန်းက တရက်ဆို လေးငါးရာ လောက်ရတယ်။ မရတာ မရှိဘူး လှေသမားတိုင်း တော်တော်များများရတယ်။ ခုချိန်တော့ တစ်ရာ တစ်ရာကျော် မနည်းရအောင် လုပ်နေရတယ်။ ဆိုင်ကယ်သမားဆို မမေးနဲ့တော့ အုန်နာခ နှစ် ထောင်မနည်း ရှာနေရတယ်။ စီးပွားရေး မတရားကြပ်သွားတယ် အကုန်လုံး။ ကော့သောင်းမြို့ တစ် မြို့လုံးပဲ” ဟုပြောသည်။

မေလ ၁၈ရက်နေ့တွင် စက်လှေ တိမ်းမှောက်သဖြင့် ခရီးသည်များ သေဆုံးမှု ဖြစ်ပွားပြီး နောက် အခြားနယ်မှ ရောက်လာသူ မသင်္ကာသည့် ခရီးသည်များကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများအလိုက် နေ့စဉ် စစ်ဆေးထိန်းသိမ်း ပြီး နေရပ်ဒေသသို့ ပြန်ပို့ခဲ့သည်။

လူကုန်ကူးမှု ပြသာနာများကြောင့် ယခုဇွန်လဆန်းပိုင်းမှ စပြီး ထိုင်းတစ်ဘက်ကမ်းသို့ တစ်ပတ်စာ သွားရောက် လည်ပတ်ခွင့် လက်မှတ်ကို ကော့သောင်းဗျူဟာမှုးက ပိတ်ပင် ထားသည်။

မူးယစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှု ကချင်ကျောင်းသားများ ပြုလုပ်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၂၆ ရက်၊ ၂ဝဝ၉ ခုနှစ်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိန်းအမှတ် အနေဖြင့် ကချင် ပြည်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ အဖွဲ့က မြစ်ကြီးနားမြို့တွင် မူးယစ် ဆေးဝါး ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ သည်။

အေဖိုးဆိုဒ်အရွယ် စာရွက်ပေါ်တွင် Free drug Zone/ No Election 2010 ဟု အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး မြစ်ကြီးနားတက္ကသိုယ်၊ ဒူကထောင်ရှိ ပညာရေးကောလိပ်အပါအဝင် မြစ်ကြီးနားမြို့ ပေါ်ရှိ အထက၊ အလက ကျောင်းများ၊ အစိုးရဌာနဆိုင်ရာ အနီးနားရှိ ဓာတ်တိုင်၊ ခြံစည်းရိုး၊ အုတ်ခုံ စသည့် လူမြင်ကွင်းများတွင် ကပ်ခဲ့ သည်ဟု ကချင်ကျောင်းသားသမဂ္ဂမှ ပြောခွင့်ရ ကျောင်းသားတဦးက ပြောသည်။

“ဒီကနေ့ကျရောက်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်း ဝယ်သူတွေ၊ သုံးစွဲသူတွေ များပြားနေတာကို အာဏာပိုင်တွေက လစ်လျူရှုထားတာကို ဆန့်ကျင်တဲ့ အနေနဲ့ လုပ်တာပါ။ ပြီးတော့ ကျနော်တို့ အစဉ်တစိုက်ဆန့်ကျင်လာတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ကြောင်း ရေးထားပါတယ်။”

လူအများစိတ်ဝင်တစားရှိခဲ့ပြီး၊ အာဏာပိုင်များ လာရောက်သိမ်းယူခြင်း မတွေ့ရသေးကြောင်း အဆိုပါ ကျောင်း သားက ပြောသည်။

“မနေ့ညကတည်းက ကပ်ခဲ့တာ။ ဒီကနေ့ ကျောင်းတက်ချိန်မှာလည်း ရှိနေသေးတယ်။ ကျောင်းလာတဲ့ ကျောင်းသားတွေလည်း ကြည့်နေတာဘဲ။ လမ်းသွားလမ်းလာတွေလည်း ကြည့်ကြပါတယ်။ အင်္ဂလိပ် လိုရေးပေမယ့် ကျောင်းသားတွေ၊ လူလတ်၊ လူကြီးပိုင်းတွေ အတော် များများ နားလည်မှာပါ။ မသိခဲ့ ရင်တောင် သိတဲ့လူက ဘာသာပြန်ပေးလို့ ရမှာပါ။ ပြီးတော့ စာလုံးတွေက အခုအချိန်မှာ သိပ်ကြီး မစိမ်းတော့ဘူး။”

ပိုစတာလှုပ်ရှားမှုကို တွေ့မြင်ခဲ့ရသည့် ဒူကထောင်ရပ်ကွက်နေ ကချင်လူငယ်တဦးက ယခုလို စာကပ်လှုပ်ရှားမှု အပေါ် ထောက်ခံကြောင်း ပြောသည်။

“ပညာရေးကောလိပ်နားက အုတ်ခုံမှာ ဒီမနက် ဖတ်ခဲ့ရပါတယ်၊ လက်ခံသဘောတူပါတယ်။ ကိုယ်မ လုပ် နိုင်ပေမယ့် သူများတွေလုပ်တာ အားပေးပါတယ်။ ထောက်ခံပါတယ်။ မူးယစ် ဆေးဝါးဆိုတာက ကောင်းကျိုးမှ မရှိတာ။”

ကချင်ကျောင်းသားသမဂ္ဂအဖွဲ့သည် မကြာခဏဆိုသလို စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု၊ ရေကာတာ ဆန့်ကျင် ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် မြေအောက်အဖွဲ့အစည်းဖြစ်သည်။


မြန်မာနိုင်ငံမှာswine flu ဖြစ်နေပါပြီ..

swine flu ကိုမြန်မာပြည်မှာ နှစ်ယောက်ခန့်ဖြစ်နေပြီလို့သိရပါတယ်။ စင်ကာပူမှပြန်လာသော ကျောင်းသူလေးကို ရန်ကုန်ဆေးရုံကြီးတွင် သွားရောက်စုံစမ်းသော သတင်းထောက်တစ်ဦးမှ သူသွားရောက်စဉ် ဆေးရုံကြီးသို့ နောက်ထပ်တစ်ယောက်တွေ့ပြီဖြစ်ကြောင်း ဖုန်းဝင်လာတာကိုတွေ့ခဲ့ရတယ် လို့ ထိုသတင်းထောက်မှပြောပါတယ်။

ဒီနေ့ညနေ မြန်မာရုပ်မြင်သံကြားက သတင်းတခုဖတ်ပြသွားတယ်... မြန်မာနိုင်ငံရဲ့ ပထမဆုံး swine flu တုပ်ကွေးလူနာ ကိုရန်ကုန်ဆေးရုံကြီး အထူးအဆောင်မှာ ကုသနေကြောင်း သတင်းကြေငြာသွားပါတယ်.... ထိုဖြစ်ပွားသူရဲ့ မိသားစုနှင့် ထိုသူနှင့် ထိတွေ့ ခဲ့သော သူငယ်ချင်းများကိုလဲ အနီးကပ်ကြည့်ရုနေပီး ထိုသူစီးနှင်လာသော လေယာဉ်ပျံမှ ခရီးသည် ၉ဝ ကျော်နှင့် ရန်ကုန်လေယာဉ်ကွင်းမှဝန်ထမ်းများကိုလဲ ရောဂါပိုးရှိမရှိ စစ်ဆေးနေပါတယ်။
source ဒီမှာဖတ်ပါ