Friday, July 3, 2009

စီးပွားရေး ပိတ်ဆို့သူမှာ စစ်အစိုးရ ကိုယ်တိုင်ဖြစ်ဟု ပညာရှင်တဦး ထောက်ပြ

စီးပွားရေး ပိတ်ဆို့သူမှာ စစ်အစိုးရ ကိုယ်တိုင်ဖြစ်ဟု ပညာရှင်တဦး ထောက်ပြ
Friday, 03 July 2009 19:32 ဇာနည်ဝင်း
E-mail Print
မြန်မာပြည် ဖွံ့ဖြိုး တိုးတက်မှု မရှိခြင်းမှာ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ စစ်အစိုးရ၏ စီးပွားရေး မူဝါဒ အမှားများကြောင့် ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာ သည့် စီးပွားရေးပညာရှင်တဦးက ယနေ့ ပြောကြားလိုက်သည်။

“မြန်မာပြည်အတွက် အကြီးမားဆုံး စီးပွားရေး ပိတ်ဆို့မှုကတော့ စစ်အစိုးရ ကိုယ်တိုင်ပါပဲ” ဟု သြစတေးလျနိုင်ငံ၊ မက်ကွိုင်းယား တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ မစ္စတာ ရှောင်တာနဲ (Sean Turnell) က ဧရာဝတီကို ပြောသည်။

စစ်အစိုးရက မြန်မာ့ စီးပွားရေးကို ပိတ်ဆို့ ကန့်သတ်ထားသဖြင့် နိုင်ငံတကာမှ လုပ်ငန်းကြီးများက မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေကြခြင်း ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာပြည် စီးပွားရေး အခြေအနေမှာလည်း အလွန်တရာ ဆိုးရွားနေခြင်းကြောင့် ဖြစ်ကြောင်း ရှောင်တာနဲက သုံးသပ်ပြသည်။

“ဒီလိုအခြေအနေမှာ ဘယ်လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံမှာလဲ၊ ဘယ်လို အကျိုးအမြတ်တွေ ရနိုင်မှာလဲ” ဟု ရှောင်တာနဲက ပြောသည်။

မြန်မာစစ်အစိုးရ အဆက်ဆက်သည် နိုင်ငံတကာ စီးပွားရေး လုပ်နည်းလုပ်ဟန်များနှင့် အဆက်ပြတ်နေကြောင်း၊ ဤအခြေအနေကပင် စစ်အစိုးရကိုယ်တိုင် မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီးများ၏မိသားစုများ၊ ၎င်းတို့နှင့် နီးစပ်သူများသာ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်များ ရနိုင်ခြင်း၊ အဂတိလိုက်စားမှု အကြီးအကျယ် ဖြစ်ပွားနေခြင်းတို့ကလည်း နိုင်ငံ၏ စီးပွားရေး ချွတ်ခြုံကျလာခြင်း၏ အဓိက လက်သည်ဖြစ်နေသည်ဟု ရှောင်တာနဲက ထောက်ပြသည်။

မြန်မာပြည်မှ အများအပြား ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို အိမ်နီးချင်းနိုင်ငံများက ဝယ်ယူလျက်ရှိသည်။

နိုင်ငံက ဆင်းရဲနေပြီး၊ ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်တွင် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ငွေအမြောက်အမြား မည်သည့်နေရာတွင် အသုံးပြုနေသနည်းဟု ရှောင်တာနဲက မေးခွန်းထုတ်လိုက်သည်။

“စစ်အစိုးရက လက်ရှိကာလမှာ လတိုင်း လတိုင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီပြီး ရှိ တယ်။ ဒီငွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းတယ်” ဟု သူက ဆိုသည်။

စစ်အစိုးရ၏ ငွေစာရင်း ရှင်းတမ်းကို လေ့လာပါက စာရင်း လိမ်လည် ဖော်ပြထားမှုကို အံ့သြဖွယ် တွေ့ရမည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ငွေကို ပေါက်ဈေး ကျပ် ၁ဝဝဝ ကျော်ဖြင့် မဟုတ်ဘဲ တရားဝင် ငွေလဲနှုန်း ၆ ကျပ်ဖြင့် တွက်ချက်ပြီး စာရင်းသွင်းထားသည် ဟု ၎င်းက ထောက်ပြသည်။ ထိုသို့ တွက်ချက်ခြင်းမှာ ပြင်ပ ပေါက်ဈေးထက် အဆ ၂ဝဝ လျော့နည်းနေသည်။

စစ်အစိုးရက ထိုငွေများကို ကာကွယ်ရေးဆိုင်ရာ စီမံကိန်းများတွင် အသုံးပြုဖွယ် ရှိသည်ဟု အကဲခတ်များက ယူဆနေသည်။

၂ဝဝ၉ ခုနှစ် လေ့လာ သုံးသပ်ချက်များ အရ မြန်မာပြည်သည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး တို့တွင် အဆိုးရွားဆုံး နိုင်ငံ ၆ဝ ၌ အဆင့် ၁၃ နေရာတွင် ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် Foreign Policy မဂ္ဂဇင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

http://www.irrawaddy.org/bur/2009-07-03-12-32-56.html မှကူးယူသည် ။

ဇူလိုင် ၃ ဒိုင်ယာရီ

လူကြိုက်များသော ရုပ်သံဇာတ်လမ်းတွဲ Prison Break အားမြန်မာမှုပြုခြင်း ခွင့်မပြု

၃ ဇူလိုင် ရန်ကုန်၊ ၊ယူကွန်


Fox ရုပ်သံဌာန မှ ထုတ်လွှင့်နေသည့် လူကြိုက်များသော အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ တစ်ခု ဖြစ်သည့် အကျဉ်းထောင်ဖောက် စွန့် စားခန်း Prison Break ဇာတ်လမ်းတွဲ အား မြန်မာမှုပြု၍ ရိုက်ကူးမှု ကို မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ခွင့်မပြုဟု ရုပ်ရှင် ဒါရိုက်တာ တစ်ဦးက Freedom News Group သို့ ပြောသည်။

Prison Break ကိုမြန်မာ မှုပြုရန် ခွင့်ပြုခြင်းမခံရသည့် ထိုဒါရိုက် တာက သရုပ်ဆောင် လူမင်းနှင့် ရိုက် ကူးရန် စီစဉ်ထားရှိပြီး နောက် ဖလင် နှင့် ဌာနဆိုင်ရာ ကိစ္စများအတွက် ရုပ်ရှင် အစည်းအရုံးသို့ တင်ပြရာ အစိုးရ၏ မူဝါဒများ နှင့် ညိစွန်း နေသဖြင့် ရိုက်ကူးထုတ်လုပ် ဖြန် ချိပြသခွင့် မပြုဟု သိရသည်။

Prison Break ကိုမြန်မာမှု ပြုရန်စီစဉ်ထားရှိသည့် ဒါရိုက်တာ က “ကျွန်တော် ကရှင်းရှင်းပဲလေ ဒီဇာတ်လမ်း တွဲ ကို ကြိုက်လို့ ပြန်ရိုက်တယ်ပေါ့ ဒီနေ့ ခောတ် Time Frameအတိုင်းရိုက်ချင်တာ
ပြောတော့ ရုပ်ရှင် အစည်းအရုံးက ဒီနေ့ ခောတ်ဆိုရင် မရဘူး၊ ကိုလိုနီခောတ် နယ်ချဲ့ တော်လှန်ရေး တိုင်းဖရိမ် နဲ့ ဆိုရင် တော့ အဆင်ပြေလိမ့်မယ် လို့ သူတို့ ကပြောတယ် ”ဟု Freedom News Group သို့ ပြောသည်။

Prison Break ရုပ်သံဇာတ်လမ်းတွဲမှာ မူရင်းအမေရိကန် နိုင်ငံတွင် သာမက အာရှနိုင်ငံများ နှင့် မြန်မာနိုင်ငံ တွင်လည်း လူကြိုက်များလျှက် ရှိသည်။ Prison Break ဇာတ်လမ်းတွဲခွေအားမြန်မာ နိုင်ငံရှိ ဗီဒီယို အခွေအငှားဆိုင် များတွင် မြန်မာ စာတမ်း ထိုး ဒီဗီဒီခွေများဖြင့် ငှားရမ်းပြသည်။အမေရိကန် နိုင်ငံ တွင် Fox ရုပ်သံလိုင်း နှင့် အခြားရုပ်သံလိုင်းများက ၂၀၀၅ ခုနှစ် သြဂုတ် လမှ ၂၀၀၉ခုနှစ် မေလထိ ပြသသည်။ထိုဇာတ်လမ်းတွဲမှ သရုပ်ဆောင် မင်းသာ ဒိုမနစ်ပါဆဲလ် နှင့် မင်းသမီး ဆာရာဝိန်း ကယ်လီ တို့ ကို ပရိသတ် နှစ်ခြိုက်ကြသည်။

ထင်ရှားသောမြန်မာ ဒါရိုက်တာ အချို့ က ၎င်းတို့ ကြိုက်နှစ်သက်သော ဟောလိဝုဒ်အပါအ၀င် နိုင်
ငံရပ်ခြားရုပ်ရှင် ဇာတ်ကားများ နှင့် ဇာတ်လမ်းတွဲများကို ပြန်လည် ရိုက်ကူးမှု ပြုကြသည်။

၁၉၉၃ ခုနှစ်က ကျော်ဟိန်းသရုပ်ဆောင် ထားသော မောင်ရင် ငတေ မိုက်ကန်းသည် မှာ နိုင်ငံခြားရုပ်ရှင် ဇာတ်ကား The Good ,The Best and The Ugly ကို ပြန်လည်မှီငြမ်းထား
ခြင်းဖြစ်သည်။ ထိုမှီငြမ်းထားသော မြန်မာ ဗီဒီယို ဇာတ်ကားမှ ဇာတ်ဝင်ခန်း အချို့မှာ ဖြုတ်ပယ်ခံရပြီး ဇာတ်လမ်း မူလနာမည် မှာလည်း ဆင်ဆာငြိ သဖြင့် မောင်ရင် ငတေ မိုက်ကန်း
သည် ဟုပြောင်းလဲ လိုက်ရခြင်းဖြစ်သည်။

စစ်အစိုးရ လက်အောက်ရှိ ဗီဒီယို ရုပ်ရှင် ထုတ်လုပ် ရေး နယ်ပယ်တွင် အချို့ သောဇာတ်လမ်းများ
ကို ယနေ့ ခောတ်အခြေအနေ နှင့် ဆင်ဆာ ခွင့်မပြုလျှင် ကိုလိုနီ နယ်ချဲ့ တော်လှန်ရေးခောတ် အခြေအနေ နှင့်ပြောင်းလဲ ပြီးတင်ရသည် ဟု ဆိုသည်။

ထင်ရှားသော နိုင်ငံခြားဇာတ်ကား အချို့ အားမြန်မာမှုပြု၍ ရိုက်ကူးရာ ပရိသတ်နှစ်ခြိုက်ကြသည်
ဟုဆိုသည်။

http://longwalktofreedom.wordpress.com/ မှကူးယူဖော်ပြသည်


ထိုင်း နယ်စပ်အနီးသို့ နအဖ စစ်အင်အားတိုးမြှင့်ချထား
July 3, 2009 · Leave a Comment

၃ ဇူလိုင် သာဆောင်ယမ်၊ ၊Freedom News Group

အမြှောက် နှင့် သံချပ်ကာယန္တယားများပါဝင် သော စစ်အစိုးရလက်အောင်ခံ မြန်မာ စစ်တပ်မှ တာဝေးပစ် လက်နက်ကြီး အချို့ ကို ထိုင်းနိုင်ငံ သာဆောင်ယမ်မြို့ နှင့် နယ်နိမိတ်ထိစပ်နေသော ယခင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၇ နေရာ အထိပြောင်းလဲချထားသည် ဟု ထိုင်းစစ်တပ်မှ အမည်မဖော်လိုသော နယ်ခြားစောင့် စစ်သည် တစ်ဦးက Freedom News Group သို့ ပြောသည်။

ယခုကဲ့သို့ စစ်အင်အား တိုးမြှင့်ချထားခြင်းသည် DKBA တပ်ဆွဲထားမှု ကို တနည်းတဖုံဖယ်ရှားခိုင်းသည့် သဘောဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး
တပ်မတော်မှ အရာရှိ စစ်သည် တစ်ဦးက ပြောသည်။သာဆောင်ယမ် မြို့ နှင့်ကပ်လျှက် တည်ရှိသော မြန်မာ နယ်စပ်နေရာတွင် ရုရှား နှင့် ယခင် ယူဂိုဆလားဗီးယား နိုင်ငံလုပ် ၁၄၂ မီလီမီတာ မော်တာ နှင့် အမြှောက်လက်နက်ကြီးများပါ ပါဝင်သည် ဟုသိရသည်။

မြန်မာစစ် အစိုးရ က ယခင်တပ်မဟာ ရ စခန်း အနီးတွင် အရေးပေါ်ဆင်းသက် နိုင်သော ရဟတ်ယာဉ် ကွင်းဖောက်လုပ်ရန်စီစဉ်နေ သည် ဟုသိရသည်။ထိုအရေးပေါ် ရဟတ်ယာဉ်ကွင်း ကိုထောက်ပံ့ နှင့် ပို့ ဆောင်ရေးအတွက် ဖောက်လုပ်ခြင်းဖြစ်သည်ဟု အကြောင်းပြသော် လည်း ထိုင်းနယခြားစောင့်တပ်က မူ လက်နက်ကြီးများ ရွှေ့ ပြောင်းနိုင်ရန် အတွက် တက်သုတ်ရိုက် လုပ်ဆောင် နေခြင်းဖြစ်သည် ဟုပြောသည်။

အရှေ့တောင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်မ ၂၂ မှ စစ်သားများ နှင့် တပ်မ ၄၄ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ များမှ စစ်သားများမှာ ထိုနေရာမှ ရှေ့တန်းပြန်လာသောတပ်သားများနှင့်လူစားထိုးရသည် ဟု ဘားအံ မြို့ခံတစ်ဦးက ပြောသည်။

ဇွန်လဆန်းမှ စ၍ ကရင် အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ များကို တိုက်ခိုက်စဉ်က မြန်မာ စစ်တပ်မှာ နောက်မှ သာပစ်ကူပေးသော်လည်း ယခုကဲ့သို့ နယ်မြေစိုးမိုး ပြီးချိန်မှ အလုံးအရင်းအလိုက် နေရာ ၀င် ယူခြင်းကို DKBA တပ်ဖွဲ့ ဝင်များက လည်းမကျေနပ်ဟု သိရသည်။

ထိုင်းစပ်တပ်က လည်း ထိုနေရာတွင် ယခုလ ၁ရက် နေ့ ကတည်းက လက်နက်ကြီးတင်ဆောင်
ထားသော ဟမ်းဗီး အမျိုးအစားစစ်ကားများအပါ အ၀င် စစ်အင်အားတိုးမြှင့်ချထားရာ နှစ်ဖက်တပ်များရင်ဆိုင်အနေအထား ဖြစ်လျှက် ရှိသည်။

http://longwalktofreedom.wordpress.com/ မှကူးယူဖော်ပြသည်

ဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံ

2009-07-03



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ဒီကနေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မစ္စတာဘန်ကီမွန်းက အင်းစိန်ထောင်ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ မျက်နှာချင်းဆိုင် မြင်တွေ့ပြောဆိုလိုကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ဟာ ရုံးတင်စစ်ဆေးခံနေရသူ အကျဉ်းသားတဦး ဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းကို ပြန်လည်ပြောဆိုခဲ့ရာမှာ၊ မစ္စတာဘန်ကီမွန်းက ထပ်ဆင့်ပြီး ဒါဟာ မိမိရဲ့ တောင်းဆိုချက် ဖြစ်ပါတယ်၊ ဒီလိုတွေ့ဆုံခွင့်ရဖို့ အင်မတန်အရေးကြီးပါတယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးထံက အဖြေကို စောင့်ဆိုင်းနေကြောင်း မစ္စတာဘန်ကီမွန်းက ပြောဆိုတဲ့အတွက် သတင်းထောက်တွေက ဘယ်တော့လောက်အဖြေရမယ်ထင်ပါသလဲလို့ မေးမြန်းရာမှာ- ကျနော် မနက်ဖြန် မြန်မာပြည်က ပြန်မှာဖြစ်တယ်၊ ဒါ့ကြောင့် ကျနော်မပြန်ခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံက အဖြေရဖို့ စောင့်ဆိုင်း နေတယ်လို့ပဲ ပြောရမှာဖြစ်တယ်လို့ မစ္စတာဘန်ကီမွန်းက ဖြေကြားပါတယ်။

ဒါ့အပြင် လာမယ့်နှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့လိုကြောင်း၊ ဒါမှသာ သက်ဆိုင်ရာ ပုဂ္ဂိုလ်အားလုံးပါဝင်ခွင့်ရတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့် မယ်လို့လည်း မစ္စတာဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲရေးကို ဆောင်ရွက်ဖို့ ကတိကဝတ် ပြုထားတဲ့အပေါ် ကြိုဆိုကြောင်းနဲ့ သူ့အနေနဲ့လည်း မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲရေးအတွက် ကူညီ ဆောင်ရွက်လိုကြောင်း မစ္စတာဘန်ကီမွန်းက ပြောဆိုတယ်လို့ သိရပါတယ်။

မစ္စတာဘန်ကီမွန်းနဲ့ တွေ့ဆုံဖို့အတွက် တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၁ဝ ခုရဲ့ ကိုယ်စားလှယ်တွေကို ပျဉ်းမနားနေပြည်တော်ကို စစ်အစိုးရက ဖိတ်ခေါ်ထားတယ်လို့လည်းသိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် လေးဦးလည်း မနေ့ကတည်းက နေပြည်တော်ကို ရောက်သွားပြီ ဖြစ်တဲ့အကြောင်း ပါတီရဲ့ပြန်ကြားရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် က္မင်္ဗ ကိုပြောပါတယ်။

ဦးအုန်းကြိုင်။ ။'ကျနော်တို့ဆီကတော့ ဟိုရောက်နှင့်နေပြီ။ သူ့အစီအစဉ်အတိုင်းဖြစ်မှာပေါ့။ သူတို့ နဝတ ဘက်က စီစဉ်တာပဲ။ တွေ့ဖို့ ခေါ်လို့ သွားကြပြီ။ မနေ့ကတည်းက ထွက်သွားတယ်။ နေပြည်တော်မှာ ရောက်နေကြပြီ၊ မစ္စတာဘန်ကလည်းရောက်ပြီဆိုတော့ ဒါ တွေ့နိုင်တာပေါ့'

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့အတူ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် တဦးလည်း လိုက်ပါသွားခဲ့တယ်လို့သိရပါတယ်။ မစ္စတာဘန်ကီမွန်းဟာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့ပြီး ဖြစ်နိုင်တယ်လို့ ရန်ကုန်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

http://www.rfa.org/burmese/news/unsg_ban_met_with_senior_general_in_napyidaw-07032009144052.html မှ ကူးယူ ဖော်ပြသည် ။






ဒေါ်အောင်ဆန်းစုကြည်အမှု ထပ်မံရုံးချိန်း
မင်းနိုင်သူ / ၃ ဇူလိုင် ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသော အင်းစိန်ထောင်အထူးတရားရုံးတရားခွင်ကို ယနေ့နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီးနောက် ဇူလိုင် (၁၀) ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်ကြောင်း အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“ဒီနေ့က ဒေါ်ခင်မို့မို့ကို စစ်မေးရမှာ မမေးဖြစ်ဘူးလို့ကြားတယ်။ ဦးဉာဏ်ဝင်းတို့ ပြန်လာရင်တော့ ပြည့်ပြည့်စုံစုံ သိရမယ်။ အခုသေချာတာကတော့ (၁၀) ရက်နေ့ကို ရုံးချိန်းပြောင်းလိုက်တယ်” ဟု ၎င်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ထို့နောက် တရားရုံးတွင် အာဏာပိုင်များဘက်မှ တရားလိုပြသက်သေ (၂၃) ဦးတင်သွင်းခဲ့ရာ တရားရုံးက (၁၅) ဦး၏ ထွက်ဆိုချက်ကို ရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသော သက်သေ (၄) ဦးနက် (၃) ဦးကို အင်းစိန်ထောင်အထူးတရားရုံးက ပယ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြင်ဆင်ခွင့်အတွက် ရန်ကုန်တိုင်းတရားရုံးသို့ ဇွန် (၂) ရက်တွင် အယူခံတင်သွင်း ခဲ့ရာမှစ၍ အင်းစိန်ထောင်အထူးတရားခွင်ရုံးချိန်းများကို တလလုံးလုံး ရွှေ့ဆိုင်းပေးနေခဲ့ရခြင်းဖြစ်သည်။

သက်သေပြင်ဆင်ခွင့်အယူခံအတွက် ဗဟိုတရားရုံးအထိတက်ရောက်ခဲ့ရပြီး ဗဟိုတရားရုံးက ဇွန် (၂၉) ရက်တွင် အယူခံကိုပယ်ချလိုက်ရာ အင်းစိန်ထောင်အထူးတရားရုံးက ယနေ့တရားခွင်တွင် ရန်ကုန်တိုင်းတရားရုံးက ထပ်မံခွင့်ပြုခဲ့သော သက်သေ ဒေါ်ခင်မို့မို့ကို စစ်မေးရမည်ဖြစ်သည်။

ယနေ့အင်းစိန်ထောင်အထူးတရားခွင်ရုံးချိန်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းခရီးစဉ်တိုက်ဆိုင်နေသဖြင့် တရားခွင်ရုံးချိန်းပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်သည်ဟု ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေရာ နအဖစစ်အစိုးရ အကြီးအကဲဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီ (၁၀) ခုနှင့်လည်း တွေ့ဆုံညှိနှိုင်းသွားမည် ဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံခရီးမစတင်မီ ဂျပန်နိုင်ငံတွင် ရှိနေစဉ်ကပင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဒုတိယအကြိမ်မြောက် တောင်းဆိုထားသည်။


http://www.khitpyaing.org/ မှ ကူးယူ ဖော်ပြပါသည် ။


လွှတ်တော်အမတ် ခန့်အပ်ပေးရန် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို

NEJ / ၃ ဇူလိုင် ၂၀၀၉


ငြိမ်းချမ်းရေးအဖွဲ့များအတွင်းမှ သင့်တော်သူတိုင်းရင်းသားခေါင်းဆောင်များကို ရွေးချယ်ကာ တပ်မတော်အကြီးအကဲက လွှတ်တော်အမတ်အဖြစ် ခန့်အပ်ပေးရန် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့က တောင်းဆိုထားသည်။

ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဆွေးနွေးသည့် အစည်းအဝေးတွင် (NDA-K) ဥက္ကဋ္ဌ ဇခုံတိန့်ယိန်းက တင်ပြခြင်းဖြစ်သည်။

ဇွန် (၂၄) ရက်တွင် တရုတ်-မြန်မာနယ်စပ် NDA-K ဗဟိုဌာနချုပ်ရှိရာ ပန်ဝါမြို့၌ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဆွေးနွေးသည့် အစည်းအဝေး ကျင်းပစဉ် ဥက္ကဋ္ဌ ဦးဇခုံတိန့်ယိန်း ပြောကြားချက်အပါအဝင် အဆိုပါ အစည်းဝေးမှတ်တမ်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် နိုင်ငံရေးပါတီဖွဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေးဆိုသည်မှာ မသေချာမရေရာပါ။ ငြိမ်းချမ်းရေးအဖွဲ့ တိုင်းရင်းသားခေါင်းဆောင်များမှ သင့်လျော်သော သူများကို လွှတ်တော်သက်တမ်း တခုအတွင်း တပ်မတော်အကြီးအကဲများက စေလွှတ်သော လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်စေခြင်းဟု ဦးဇခုန်တိန့်ယိန်း၏ တောင်းဆိုပြောကြားချက်များအား ဖော်ပြထားသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ စုစုပေါင်း လွှတ်တော်အမတ်၏ (၂၅) ရာနှုန်းကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ် ခန့်အပ်ထားမည်ဖြစ်ပြီး ငြိမ်းအဖွဲ့မှ ခေါင်းဆောင်များကိုလည်း အလားတူ ရွေးချယ်ခန့်အပ်ရန် တောင်းဆို လိုက်ခြင်းဖြစ်သည်။

ထို့အပြင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို NDA-K အဖွဲ့က လက်ခံလိုက်ပြီး ထို့သို့လုပ်ဆောင်ရန်အတွက် နအဖဘက်မှ စေလွှတ်မည့် စစ်တပ်အရာရှိများကို ဗဟိုဌာနချုပ်အဆင့်တွင် ထည့်သွင်းထားပြီး အောက်ခြေတပ်ရင်းအဆင့်များကို ညှိနှိုင်းဖွဲ့စည်းသွားရန်လည်း တောင်းဆိုထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ NDA-K အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းအား ဖုန်းအဆက်အသွယ် မရရှိပါ။

အမည်မဖော်လိုသည့် ပန်ဝါမြို့ NDA-K တပ်ဖွဲ့ဝင်တဦးကမူ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်ခံဆွေးနွေးပွဲ ပန်ဝါဟိုတယ်တွင် လုပ်ခဲ့ကြောင်း အတည်ပြုပြောဆိုပြီး ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း ခရီးထွက်သွားကြောင်းသာ ပြောသည်။

NDA-K အဖွဲ့ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းနှင့် ကချင်ကာကွယ်ရေးတပ်မတော် (KDA) ဥက္ကဋ္ဌ ဦးမထုနော်တို့နှစ်ဦးစလုံးသည် ယနေ့ မြန်မာနိုင်ငံ ရောက်ရှိလာမည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ယီမွန်းနှင့်တွေ့ဆုံရန် ရှိသည်ဟူသော သတင်းများ လည်း ထွက်ပေါ်နေကြောင်း အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ နှစ်ဖွဲ့စလုံးသည့် နအဖဘက်က တောင်းဆိုထားသည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ ပြည်သူ့စစ်တပ် ဖွဲ့စည်းရေးများကို မကြာသေးမီက လက်ခံသဘောတူခဲ့ကြသည်။

http://www.khitpyaing.org/ မှ ကူးယူ ဖော်ပြပါသည် ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဘန်ကီမွန်းကို တွေ့ခွင့်မပေး
Friday, 03 July 2009 18:42 အေးချမ်းမြေ့

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုရာ စစ်အစိုးရ ခေါင်းဆောင်များက ငြင်းပယ်လိုက်သည် ဟု ၎င်းက ပြောသည်။

[မစ္စတာ ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ နေပြည်တော်တွင် ဇူလိုင် ၃ ရက်နေ့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)]

မစ္စတာ ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ နေပြည်တော်တွင် ဇူလိုင် ၃ ရက်နေ့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)
မစ္စတာဘန်ကီမွန်းသည် ယနေ့တွင် နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့စဉ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တွေ့ခွင့်ရဖို့ ပြောပြီး ဘာပြန်ပြောမလဲဆိုတာကို စောင့်နေခဲ့တယ်။ ဒီကိစ္စက သိပ်ကိုအရေးကြီးတဲ့အကြောင်းလည်း ပြောပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက သတင်းထောက် များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၄ ဦးကိုလည်း မစ္စတာ ဘန်ကီမွန်းနှင့်တွေ့ဆုံရန် ယမန်နေ့က နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း ကြားသိရသည်။

NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) များ ဖြစ်ကြသော ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်နှင့် ဦးသန်းထွန်းတို့ ၄ ဦးကို ယမန်နေ့ နေ့လယ်က စစ်အစိုးရ တာဝန်ရှိသူများက ကားဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

NLD ၏ CEC အဖွဲ့ဝင်များအနေနှင့် မစ္စတာဘန်ကီမွန်း မလာရောက်ခင်ကပင် ကြိုတင်၍ ၎င်းအား တင်ပြမည့်အချက်များကို ဆွေးနွေးခဲ့ကြရာ အဓိကအချက်များမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်း သားများအား လွှတ်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးနှင့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော အခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရေး စသည့် အချက် ၃ ချက် ဖြစ်ကြောင်း သိရသည်။

ဦးဝင်းတင်က မစ္စတာဘန်ကီးမွန်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က ထိန်းသိမ်းခံထားရတဲ့ သူဖြစ်နေတော့ လုံခြုံရေးအရဆိုပြီး တွေ့ခွင့်ပေး လိမ့်မယ် မထင်ဘူး၊ ဒါပေမယ့် ကျနော့်အနေနဲ့ ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့တယ်ဆိုရင် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း တွေ့စေချင်တယ်” ဟု ဦးဝင်းတင်က ပြောခဲ့သည်။

ဆက်လက်၍ သူက ယခုတကြိမ် မစ္စတာ ဘန်ကီမွန်းသည် ကမ္ဘာ့အဖွဲ့အစည်းကြီးတခု၏ ခေါင်းဆောင် တဦး အနေနှင့် မြန်မာပြည်သို့ လာရောက်ခြင်း ဆိုသည်ထက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြားဝင်စေ့စပ် ဖြန်ဖြေသူ ပုံစံဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု ပြောသည်။

“ကြားဝင်စေ့စပ် ဖြန်ဖြေတယ် ဆိုကတည်းက ဘက် ၂ ဘက်ရှိတယ်။ ဒီတော့ မစ္စတာ ဘန်ကီမွန်းအနေနဲ့ မစ္စတာဂန်ဘာရီလို စစ်အစိုးရနဲ့ပေါင်းပြီး သူတို့ စီစဉ်သမျှကို ခေါင်းညိတ် ပြန်သွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီလိုဆိုရင် ပြည်သူလူထုရဲ့ နိုင်ငံရေးလိုအပ်ချက်တွေ၊ တောင်းဆိုမှုတွေကို သစ္စာဖောက်သလို ဖြစ်မယ်” ဟု သူက ဆိုသည်။

NLD ခေါင်းဆောင်များက မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်နှင့် ပတ်သက်၍ မျှော်လင့်ချက်မရှိဟု ဆိုကြသည်။ သို့ရာတွင် ၎င်းပါတီ ခေါင်းဆောင်များအားလုံးက ယခုကဲ့သို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုယ်တိုင် မြန်မာပြည်၏ အရေးကိစ္စကို လာရောက်ဆောင်ရွက်ပေးခြင်းအတွက် ကြိုဆိုသည်ဟု ပြောသည်။

မြန်မာပြည်သို့ မလာခင် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခဲ့သော မစ္စတာ ဘန်ကီမွန်းက “ဒီခရီးစဉ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး တင်ပြနိုင်ဖို့ ကြိုးစားပါမယ်” ဟု ဂျပန်သတင်းထောက်များအား ပြောကြားခဲ့သည်။

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသားအဖွဲ့များအပါအဝင် အတိုက်အခံ အဖွဲ့များအားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရေး စသည့်အချက် ၃ ချက်ကို နအဖ အစိုးရအား အဓိက တောင်းဆိုမည်ဟု ဆိုသည်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မစ္စတာဘန်ကီမွန်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ စစ်အစိုးရအား တိုက်တွန်းသင့်သော်လည်း စစ်အစိုးရ ကျင်းပ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုမူ တရားဝင်ကြောင်း ပြောရန်မသင့်ဟုဆိုသည်။

အမှုဆောင် အရာရှိ Kanneth Roth က “မစ္စတာဘန်ကီမွန်းရဲ့ခရီးစဉ်ကို အသုံးချပြီး မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲဟာ တရားဝင်တယ်လို့ လုပ်လိုက်မယ်ဆိုရင် အန္တရာယ်ရှိတယ်” ဟု ပြောသည်။

NLD ခေါင်းဆောင် ဦးဝင်းတင်ကလည်း မစ္စတာဘန်ကီမွန်း တောင်းဆိုမည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စကို သဘောတူသော်လည်း ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သည့် အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးကို မပြောဘဲ ၂၀၁၀ ရွေးကောက်ပွဲကိစ္စပြောဆိုခြင်းကို သဘောမတူကြောင်း ပြောကြားသည်။

နေပြည်တော်၌ မစ္စတာဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံမည့် ယနေ့သည် ဒေါ်အောင်ဆန်း စုကြည်၏ သက်သေ ဒေါ်ခင်မိုးမိုးကို စစ်ဆေးမည့်နေ့ဖြစ်သော်လည်း လာမည့် ၁၀ ရက်နေ့သို့ ရုံးချိန်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ယခုကဲ့သို့ မစ္စတာ ဘန်ကီမွန်း လာရောက်ချိန်တွင် ရုံးချိန်းရွှေ့ဆိုင်းလိုက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ တစုံတရာ အပြောင်းအလဲ ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

http://www.irrawaddy.org မှကူးယူဖော်ပြပါသည် ။

စစ်အစိုးရနှင့်ပတ်သက်သည့် မြောက်ကိုရီးယား ကုမ္ပဏီ အမေရိကန် အရေးယူ
Friday, 03 July 2009 19:43 ကိုထွေး

မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းဆိုင်ရာ အကူအညီပေးခဲ့သော မြောက်ကိုရီးယား Namchingang Trading Corp နှင့် အီရန် အခြေစိုက် ဟောင်ကောင် Electronics ကုမ္ပဏီ ၂ ခုကို အမေရိကန်နိုင်ငံက ဘဏ္ဍာရေး ဆိုင်ရာ တားမြစ် ကန့်သတ်မှုများ ပြုလုပ်လိုက်သည်။

အဆိုပါ ကန့်သတ်ချက်တွင် အမေရိကန်နိုင်ငံ၏ မည့်သည့် စီးပွားရေးလုပ်ငန်းမဆို ထိုကုမ္ပဏီ ၂ခုနှင့် စီးပွားရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်း မပြုရန်ပါဝင်ကြောင်း အင်္ဂါနေ့ထုတ် Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီ ၂ခုသည် မြောက်ကိုရီးယား နိုင်ငံအတွင်းမှ နျူကလီးယား၊ တာဝေးပစ်ဒုံးကျည်များနှင့် သက်ဆိုင် သော နည်းပညာများကို ပြည်ပသို့ တင်ပို့ရန် ကြိုးစားသဖြင့် အဆိုပါကန့်သတ် တားမြစ်မှုကို ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း အမေရိကန် အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီရင်ခံစာတစောင်ကို ကိုးကားပြီး ယင်းဂျာနယ် တွင် ရေးသားထားသည်။

အမေရိကန် အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦး ဖြစ်သူStuart Leveyက “မြောက်ကိုရီးယားက ငွေကြေးဆိုင်ရာ ဆက်သွယ်မှုရှိတယ် ဆိုတာကို ခြေရာမခံနိုင်အောင် ဟောင်ကောင် Electronics လို ကုမ္ပဏီ တွေကို အသုံးပြုလေ့ရှိတယ်”ဟူသော ပြောဆိုချက်ကို ယင်းဆောင်းပါးက ကိုးကားထားသည်။

Namchingang Trading Corp ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စစ်လက်နက်ပစ္စည်းဆိုင်ရာ အကူအညီ ပေးခဲ့ သကဲ့သို့ ယူရေနီယံသန့်စင်ရန် အတွက် သက်ဆိုင်သော ပစ္စည်းကိရိယာများကို မြောက်ကိုရီးယားနိုင်ငံ အတွင်း သို့ တင်သွင်းခဲ့ကြောင်းသိရသည်။

ဟောင်ကောင် Electronics ကုမ္ပဏီမှာလည်း တာဝေးပစ် ဒုံးကျည်နှင့် ဆက်စပ်ပစ္စည်း တမျိုးကို မြန်မာပြည်သို့ တရားမဝင် တင်ပို့ရန် ကြိုးပမ်းသဖြင့် ပြီးခဲ့သောရက်ပိုင်းကဖမ်းဆီးခံခဲ့ရသော ဂျပန်လုပ်ငန်းရှင် ၃ဦးနှင့် ပတ်သက်နေကြောင်း ယင်းဆောင်းပါးတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသူများမှာ တိုကျိုအခြေစိုက် လုပ်ငန်းရှင်များ ဖြစ်ကြသော မြောက်ကိုရီးယားနိုင်ငံသား ၁ ဦး နှင့် ဂျပန် နိုင်ငံသား ၂ ဦးတို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့မှာ မြောက်ကိုရီးယားနိုင်ငံသား Toko Boeki ကုမ္ပဏီ ဥက္ကဋ္ဌ လီကျုံးဟို၊ ကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ တခု၏ ဥက္ကဋ္ဌ Miaki Katsuki နှင့် ထုတ်ကုန် အေဂျင်စီတခု၏ ဥက္ကဋ္ဌ Yasuhiko Muto တို့ဖြစ်သည်ဟု ဆိုသည်။

ဟောင်ကောင် Electronics ကုမ္ပဏီသည် မြောက်ကိုးရီးယားနှင့် အီရန်နိုင်ငံတို့အကြား လက်နက် အရောင်း အ၀ယ် ကို အဓိကနေရာမှ ဆောင်ရွက်ပေး နေသည်ဟု အမေရိကန်တို့က သံသယရှိထားသည်။

Namchingangကုမ္ပဏီ သည် International Atomic Energy Agency (IAEA) သို့ မြောက်ကိုရီးယား ကိုယ်စားလှယ် သံတမန်တဦး အဖြစ်သွားရောက်ခဲ့သော Yun Ho Jin ကဦးဆောင် တည်ထောင်ထား ခြင်းဖြစ်သည်။

၎င်းသည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်း အစိုးရအဖွဲ့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သက်သေကို ရုံးချိန်းထပ်မံရွှေ့ဆိုင်း

Friday, 03 July 2009 16:48 ကြည်ဝေ
E-mail Print
ဒေါ်အောင်ဆန်း စုကြည်၏သက်သေ ဒေါ်ခင်မိုးမိုးကို စစ်ဆေးရန်ရုံးချိန်းကို တရားရုံးက ယနေ့မှ ဇူလိုင် ၁၀ ရက်နေ့သို့ ထပ်မံပြောင်းရွှေ့ ဆိုင်းလိုက်ကြောင်း သိရှိရသည်။

ယနေ့ ဇူလိုင် ၃ ရက်နေ့ ရုံးချိန်းအတိုင်း သွားရောက်ရာတွင် စစ်ဆေးကြားနာမှု မရှိဘဲ ၁၀ ရက်နေ့သို့သာ ပြောင်းရွှေ့ချိန်းဆိုလိုက်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ်ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“အကြောင်းပြချက်ကတော့ ဗဟိုတရားရုံးရောက်နေတဲ့ အမှုတွဲပြန်မရောက်သေးဘူးတဲ့ အဲဒါ ကောင်းတဲ့ အကြောင်းပြချက်တော့ မဟုတ်ဘူး” ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

သို့သော် လက်ရှိ ဘန်ကီမွန်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ပတ်သက်၍ တခြားအစီအစဉ်တခု ရှိမည်ဟု သူ့အနေနှင့် သံသယ ဖြစ်မိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဘန်ကီမွန်း တွေ့ဆုံရေး သော်လည်းကောင်း၊ ဘန်ကီးမွန်းခရီးစဉ်နှင့် ယခုအမှုကိစ္စတွင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းခြင်းမျိုးသော် လည်းကောင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သက်သေ ဒေါ်ခင်မိုးမိုးကလည်း ယခုကဲ့သို့ ရုံးချိန်းကို ၁၀ ရက်နေ့သို့ ပြောင်းရွှေ့လိုက် ခြင်းနှင့် နအဖဘက်မှ ပေးသည့် အကြောင်းပြချက်မှာ သဘာဝမကျကြောင်း ပြောသည်။

“ဒီနေ့ကျတော့ အမှုတွဲ မရောက်သေးလို့ ဆိုပြီး ထပ်ချိန်းလိုက်တာကတော့ တရားစီရင်ရေး လုပ်ငန်းမှာ အချိန်ဆွဲထားသလို ဖြစ်တယ်လို့ ကျမယူဆတယ်” ဟု ဒေါ်ခင်မိုးမိုးက ဆိုသည်။

ဒေါ်ခင်မိုးမိုးကို ယခင် ဇွန် ၂၆ ရက်နေ့ စစ်ဆေးမည်ဟု တရားရုံးမှ ချိန်းဆိုခဲ့သော်လည်း ယခုလ ၃ ရက်နေ့သို့ ပြောင်းရွှေ့ ချိန်းဆိုခြင်းမှာ ဒုတိယ အကြိမ်မြောက် ချိန်းဆိုခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် ချိန်းဆိုသည့် ဇွန် ၂၆ ရက်နေ့က ဦးတင်ဦးနှင့် ဦးဝင်းတင် အမှုတွဲက တရားရုံးချုပ်ကို တက်နေဆဲဖြစ်ပြီး ဗဟို တရားရုံးချုပ်မှ အမိန့်မကျသေးသောကြောင့် ပြောင်းလဲ ချိန်းဆိုခြင်းမှာ သဘာဝကျကြောင်း၊ ယခုအခါ တတိယ အကြိမ်အဖြစ် ထပ်မံ ချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဒေါ်ခင်မိုးမိုးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်နေထိုင်သူဖြစ်ပြီး ရုံးချိန်းရှိသည့်အချိန်တိုင်း တောင်ကြီးမြို့ မှ ရန်ကုန်သို့ လာရောက်ရသူဖြစ်သည်။

http://www.irrawaddy.org မှကူးယူဖော်ပြပါသည် ။


သိမ်နံရံပေါ်မှ ဆရာတော် တပါး၏ပုံရိပ် စိတ်ဝင်းစားသူများပြား

Thursday, 02 July 2009 18:37 ဝေဆန်း
E-mail Print
ရန်ကုန်တိုင်း ဒေါပုံမြို့နယ်၊ လမုတန်း ရပ်ကွက်အတွင်းရှိ လမုတန်း ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ဆောက်လက်စ သိမ်ကျောင်း အုတ်နံရံပေါ်တွင် ဆရာတော်တပါး၏ ပုံရိပ်ပေါ်လာ သည်ဟူသည့် သတင်း ကြောင့် စိတ်ဝင်စားသူများ သွားရောက်ကြည့်ရှုနေကြသည်ဟု သိရသည်။



[သိမ်နံရံပေါ်တွင် ပေါ်နေသည့် ဆရာတော်တပါး၏ ပုံရိပ်ကို ဤသို့တွေ့ရသည်]

သိမ်နံရံပေါ်တွင် ပေါ်နေသည့် ဆရာတော်တပါး၏ ပုံရိပ်ကို ဤသို့တွေ့ရသည်

၎င်းပုံရိပ်ကို သိမ်ကျောင်းအတွင်း ပလ္လင်ဆောက်လုပ်ရာတွင် ပါဝင်သည့် ပန်းရံသမား တဦးက စတင် မြင်တွေ့ခြင်းဖြစ်ကြောင်း သိရသည်။

“တနင်္လာနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ပန်းရံသမား တယောက်က ပလ္လင်ရဲ့နောက်က အုတ်နံရံမှာ ပေါ်နေတဲ့ အစိုပျံတဲ့ အကွက်ပုံစံက ဆရာတော်တပါးရဲ့ ပုံနဲ့တူတယ်ဆိုပြီး စ သတိထားမိရာက တယောက်စကား တယောက် ပျံ့သွားပြီး ဟိုလူလာကြည့်၊ ဒီလူလာကြည့် လုပ်ကြတာ” ဟု ၎င်း သိမ်ဆောက်လုပ်ရာတွင် ပါဝင်သည့် ပန်းရံသမားတစ်ဦးက ဆိုသည်။

အဆိုပါ ဘုန်းကြီးကျောင်းမှ ဦးပဉ္ဇင်းတပါးနှင့် လာရောက်ကြည့်ရှုသူများက အုတ်နံရံတွင် ပေါ်နေသော ပုံရိပ်မှာ ပလ္လင်ပြုလုပ်နေသည့် နေရာအနီးတွင် အပူဇော်ခံထားသော ၁၉၉၂ ခုနှစ်က ပျံလွန်သွားခဲ့သည့် သီဟိုဋ်ပြန် ဓမ္မကထိက ကျောင်းထိုင်ဆရာတော်ကြီး ဘဒန္ဒ၀ံသ၏ ပုံတော်နှင့် တူနေကြောင်း ပြောဆိုနေကြ သည်။

ဆရာတော်ပုံရိပ်နှင့် စပ်လျဉ်းပြီး အင်ဂျင်နီယာတစ်ဦးက ဆောက်လက်စ အဆောက်အဦးဖြစ်သောကြောင့် ရေငွေ့ပျံခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အုတ်နံရံအနှံ့ အငွေ့ပျံခြင်းမျိုးမဟုတ်ဘဲ ရေငွေ့ပျံသည့်ပုံစံက ဦးခေါင်းပုံစံထွက်လာသည်မှာ ထူးခြားသည်ဟု ဆိုလျှင်ဆိုနိုင်ကြောင်း ပြောဆိုသည်။

အဆိုပါသိမ်ကျောင်းတော်ကို ယမန်နှစ် အောက်တိုဘာလအတွင်းက စတင်ဆောက်လုပ်ခဲ့သည်ဟု သိရသည်။

http://www.irrawaddy.org မှကူးယူဖော်ပြပါသည် ။

ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ အင်ဒိုနီးရှားရှိ ဗြိတိန် သံရုံးတွင်ပြသထား
Friday, 03 July 2009 18:43 သန်းထိုက်ဦး
E-mail Print
အင်ဒိုးနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဗြိတိန်သံရုံးတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို Projector ဖြင့် ယမန်နေ့က ပြသထားကြောင်း သိရသည်။



[ယမန်နေ့က ဂျကာတာရှိ ဗြိတိန် သံရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ ပြသထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - Getty Images)]

ယမန်နေ့က ဂျကာတာရှိ ဗြိတိန် သံရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ ပြသထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - Getty Images)
အဆိုပါ ဂျကာတာမြို့လယ် ဗြိတိန်သံရုံးတည်ရှိရာ Bundaran H1 မီးပွိုင့်လမ်းဆုံတွင် ဒေါ်အောင်ဆန်းစု၏ ရုပ်ပုံ ကို ဖော်ပြရသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် အလွန်အရေးပါသော အဖြစ်အပျက်နှစ်ခုကို ရည်ရွယ် သည် ဟု ယမန်နေ့က ဗြိတိန်သံရုံး၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

“ဗြိတိန် အစိုးရက တခြားနိုင်ငံတကာ အသိုင်းအ၀န်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေး အကျဉ်း သားအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုပါသည်”ဟု ကြေညာချက်တွင်ပါရှိသည်။

ဆက်လက်၍“မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း က ယခု အရေးကြီးသော ကာလတွင် မြန်မာနိုင်ငံသွားရောက်မည့် ဆုံးဖြတ်ချက်ကို လိုက်လှဲစွာ ကြိုဆိုပါသည်”ဟု လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကြီးကို ယမန်နေ့ မှ စတင်၍ စနေနေ့ ညနေ နေ၀င်ချိန်အထိ ၃ ရက်ကြာဖော်ပြ ထားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဖော်ပြထားသည်နေ့သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

မစ္စတာ ဘန်ကီမွန်းက ၎င်း၏ ခရီးစဉ်တွင် မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ ဆုံဆွေး နွေးရေးပြုလုပ်ရန်၊ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန်တို့ကိုတောင်း ဆိုထားသည်။

စစ်အစိုးရ၏ ဖိတ်ကြားချက်အရ ယနေ့ ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့များတွင် မစ္စတာ ဘန်ကီမွန်းသည် မြန်မာပြည် သို့ ဒုတိယအကြိမ် ခရီးစဉ်အဖြစ်ရောက်ရှိနေပြီ ဖြစ်သည်။

ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်တွင် “ဗြိတိန် အစိုးရအနေနှင့် အထွေထွေ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်အပေါ် မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ၂၀၁၀ ရွေးကောက်ပွဲဖြစ်ရန် အခြေခံလုပ်ဆောင်ချက်များကို ချမှတ်နိုင်ရေးအတွက် တိုးတက်မှုများ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်” ဟု ရေးသားထားသည်။

သို့သော် မစ္စတာ ဘန်ကီမွန်းသည် လက်ရှိ တရားရင်ဆိုင်နေရသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည် မတွေ့ဆုံမည်ကိုမူ မသိရှိရသေးချေ။

တချိန်တည်းတွင်ပင် ကမ္ဘာကျော် U2 အဖွဲ့က ဖျော်ဖြေသည့် စင်မြင့် ဖျော်ဖြေပွဲများတွင် ပရိသတ်များက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးများ တပ်ဆင်အားပေးရန် ၎င်းတို့၏ www.u2.com အင်တာနက်စာမျက်နှာ ပေါ်၌ နှိုးဆော်ထားသည်။

အဆိုပါ အင်တာနက်စာမျက်နှာပေါ်တွင် “Larry နှင့် Edge တို့က “Walk On” သီချင်းကို စတင် တီးခတ်လိုက် သည်နှင့် တပြိုင်နက် ယင်းမျက်နှာဖုံးကို ထောင်ပေါင်းများစွာသော ပရိသတ်များနှင့်အတူ ၀တ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သင်အပါအ၀င် တကမ္ဘာလုံးက အမှတ်ရကြောင်း ပြောပြလိုက်ပါ”ဟု ရေးသားထား သည်။

ယင်းမျက်နှာဖုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာရုပ်ပုံကို ပုံနှိပ်ထားပြီး သူမ၏ မိန့်ခွန်းကောက် နုတ်ချက် ဖြစ်သည့်“FEAR IS A HABIT; I AM NOT AFRAID”စာသားကိုလည်း ရေးထားသည်။ ၎င်း မျက်နှာဖုံးကို Adobe Acrobat Readerကို အသုံးပြု၍ ယင်းအင်တာနက် စာမျက်နှာပေါ်မှ တဆင့်ရယူနိုင်ကြောင်းလည်း သိရသည်။

http://www.irrawaddy.org မှကူးယူဖော်ပြပါသည် ။