Saturday, July 4, 2009

အမ်းအနီး ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်

အမ်းအနီး ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်
တဦးသေ အများအပြား ဒဏ်ရာရ


7/3/2009

စစ်တွေမှ ရန်ကုန်သို့ မောင်းနှင်လာသော ခရီးသည်တင် ဘတ်(စ်)ကား တစီး အမ်းမြို့အလွန်တွင် တိမ်းမှောက်သွားသဖြင့် ခရီးသည် တဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွားသည်။

တိမ်းမှောက်သွားသော ကားမှာ တိုးရနာဘတ်စကားလိုင်းမှ ခရီးသည်တင် ဘတ်စ်ကား ဖြစ်ပြီး လွန်ခဲ့သော တနင်္လာနေ့က တိမ်းမှောက်သွားခြင်း ဖြစ်သည်။

အဆိုပါ ကားသည် အဆိုပါနေ့ နံနက်က စစ်တွေမှ ခရီးသည် ၄၀ ကျော်ကို တင်ဆောင်ပြီး မောင်းနှင်လာစဉ် အမ်းမြို့အလွန် တောင်တက် တနေရာတွင် တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု စစ်တွေမှ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

သေဆုံးသွားသူ ခရီးသည်မှာ မည်သူ ဖြစ်သည်ကို သဲကွဲစွာ မသိရှိရသေးကြောင်းနှင့် ခရီးသည် အများအပြားကိုလည်း အမ်းဆေးရုံတွင် တင်ထားရသည်ဟု အဆိုပါ သတင်းတွင် ဖေါ်ပြသည်။

ယခု ဘတ်စကား တိမ်းမှောက်မှုမှာ ယခုနှစ်အတွင်း တတိယ အကြိမ်မြောက်ပြီး ယခင်နှစ်ကြိမ် တိမ်းမှောက်စဉ်က ခရီးသည် အများအပြား သေဆုံးခဲ့သည်။

ပထမ တကြိမ် ကားတိမ်းမှောက်မှုမှာ ဧပြီလ ၂ ရက်နေ့က ဖြစ်ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည်။ အဆိုပါ ကားမှာ ရခိုင်ပြည်နယ်သို့ ဘုရားဖူးလာသော ရန်ကုန်မှ ကားဖြစ်ပြီး သေဆုံးသွာသူ အများစုမှာ မရမ်းကုန်းမြို့နယ်မှ ဖြစ်ကြသည်။

အလားတူ မေလ ၃ ရက်နေ့ကလည်း မန္တလေးမှ စစ်တွေသို့ မောင်းနှင်လာသော ရွှေပြည် ရခိုင် ဘတ်စ်ကား တိမ်းမှောက်ပြီး လူ (၅) ဦးသေဆုံးခဲ့သည်။

http://www.narinjara.com/detailsbur.asp?id=1927 မှ ကူးယူဖော်ပြပါသည် ။