Thursday, July 9, 2009

ထိုကောင်မလေး ၂ ဦးစလုံးမှာလည်း ရာမ မှီဝဲထားကြပါတယ်။

သူရာမေရိယကံကို မကျူးလွန်ဖို့ ဘုရားဟောခဲ့တာ သူ့ရဲ့ နောက်ဆက်တွဲ ပြသနာတွေကြောင့် အဓိကကျတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။
ယမကာလုလင်များ ဆုံဆည်းရာ ဘီယာဆိုင်တွေမှာ ရာဇဝတ်မှုတွေ ဖြစ်လေ့ရှိတာဟာလည်း ကျွဲကူးရေပါလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂ဝဝ၄ ခုနှစ်အတွင်းက သန်းခေါင်ယံည တညမှာ မန်းမြို့လည် မီးပွိုင့်ဘေး ပလက်ဖောင်းအနီးမှာ ပျက်စီးနေတဲ့ ဆိုင်ကယ်တစီးနဲ့ တကိုယ်လုံးမှာ ဒဏ်ရာများစွာရရှိပြီး သေဆုံးနေတဲ့ လူငယ်နှစ်ဦးကို သက်ဆိုင်ရာတို့က တွေ့ရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ အနီးတဝိုက်မှာ မျက်မြင်သက်သေ တဦးမှ မရရှိပါဘူး။ ပလက်ဖောင်း အပေါ်မှာ စိုက်ထူထားတဲ့ လမ်းညွှန် အမှတ်အသားတိုင်ဟာလည်း တွန့်လိမ်ကောက်ကွေးပြီး ပလက်ဖောင်းကိုလည်း ယာဉ်တစီးက တိုက်ထားတဲ့ လက္ခဏာတွေကို တွေ့ရှိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ မှုခင်းပုံစံပါပဲ။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို တာဝန်ရှိသူများက အသေးစိပ် စစ်ဆေးရာမှာ တိုက်သွားတဲ့ ယာဉ်မှ အင်ဂျင်ဝိုင်ဟု ယူဆရတဲ့ အရည်များ ဖိတ်စင်ကျနေခဲ့တာကို တွေ့ရှိရပါတယ်။ ထိုအရည်များဟာ ဆက်တိုက်လိုလို ကျဆင်းခဲ့တဲ့အတွက် ထိုမော်တော်ယာဉ် သွားရာ လမ်းကို နောက်ယောင်ခံ ရှာဖွေနိုင်ခဲ့ပါတယ်။ တာဝန်ရှိသူများအတွက် ကံကောင်းစေတဲ့အချက်ကတော့ ညအချိန်မတော် ဖြစ်နေခြင်းကြောင့် လမ်းများပေါ်မှာ သွားလာနေတဲ့ ယာဉ်များ အလွန်နည်းသောကြောင့် ခြေရာကောက်ရန် လွယ်ကူခဲ့ပါတယ်။ နောက်ဆုံး ထိုမော်တော်ယာဉ် ရပ်နားထားတဲ့ အိမ်ကို ရှာဖွေတွေ့ရှိပြီး စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ မော်တော်ယာဉ် အမျိုးအစားကတော့ ဂျစ်ကားဖြစ်ပြီး ထိုကားပေါ်မှာပဲ စိတ် ကြွဆေး အနည်းငယ်ကို ရှာဖွေတွေရှိ့ခဲ့ပါတယ်။
အခင်းဖြစ်ပွားပုံ အစကတော့ ဒီလိုပါ။ သူငယ်ချင်းနှစ်ဦးဟာ စိတ်ကြွဆေးခေါ် ရာမ မှီဝဲထားတဲ့အရှိန်ကုန်စ ညမှာ ထုံးစံအတိုင်း ၇၆-၇၇ လမ်းကြားက စင်တင်ဘီယာဆိုင် ဇမ္မူသီရိမှာ ဘီယာသောက်ပြီး ပြန်တင်ကြပါတယ်။ ဘီယာဆိုင်မှ ကောင်မလေး ၂ ဦးကို ဆိုင်အပိတ်မှာ ကားပေါ်တင်ခေါ်ခဲ့ကြပါတယ်။ ထိုကောင်မလေး ၂ ဦးစလုံးမှာလည်း ရာမ မှီဝဲထားကြပါတယ်။ ဘီယာဆိုင် ခြံဝင်းတံခါးဝမှာ ဆိုင်ကယ်တစီးနှင့် ဘေးခြင်းယှဉ်အထွက်၊ ဆိုင်ကယ်ပေါ်မှ လူငယ် ၂ ဦးမှ သီချင်းဆိုသည်ကို အကြောင်းပြုပြီး စကားများကြပါတယ်။ ဆိုင်မှ ဝန်ထမ်းများက ဝိုင်းဝန်းဖြန်ဖြေမှုကြောင့် အရှေ့ အနောက် တယောက်တလမ်းစီထွက်ကာ ပြေငြိမ်းခဲ့ကြပါတယ်။ မြို့တွင်းတနေရာ မီးပွိုင့်အနီးအရောက်မှာ ထိုဆိုင်ကယ်ကို ပြန်တွေသဖြင့် ကားပေါ်ပါ မိန်းခလေးတဦးမှ တိုက်သတ်ပစ်စမ်း ဟူသော စကားကို နာခံပြီး ဆိုင်ကယ်အား အနောက်ဖက်မှ အကြိမ်များစွာ တိုက်ခဲ့ပြီးနောက်ဆုံး ဂျစ်ကားမှာ ပလက်ဖောင်းပေါ်တက်သွားသဖြင့် လမ်းမပေါ်ကားနောက်ပြန်ဆုတ်ဆင်းကာ မောင်းပြေးခဲ့ကြပါတယ်။
သန်းခေါင်ယံအချိန် ပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့အတွက် မန်းမြို့သူမြို့သားများ သိပ်မသိလိုက်ကြတဲ့အတွက် ထိုဘီယာဆိုင်မှာလည်း ၂ ရက် ၃ ရက်ခန့်သာ ပိတ်ပြီးနောက် ပြန်ဖွင့်ခွင့် ရသွားပါတယ်။
မန်းဟာ မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲဖို့ ရန်ကုန်ထက်လွယ်ပါတယ်။ အထူးသဖြင့် ရာမနဲ့ အဖြူ ရန်ကုန်ထက် ပေါပါတယ်။ ဘီယာဆိုင်တွေမှာ အလုပ်လုပ်ကြတဲ့ မိန်းခလေး တော်တော်များများဟာ မူးယစ်ဆေးဝါး တခုမဟုတ် တခုကို သုံးစွဲဖူးကြပါတယ်။ တချို့ဆိုင်တွေမှာဆိုရင် သူတို့ဟာ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတွေအဖြစ်ပါ စီးပွားရှာကြပါတယ်။ တချိန်တည်းမှာပဲ တချို့သော မိန်းခလေးတွေကတော့ သုံးစွဲ၊ ဖြန့်ဖြူးရင်း ရဲသတင်းပေးပါ လုပ်ကြတာတွေလည်း ရှိပါတယ်။

နောက်များမှပဲ ဆက်ပါဦးမယ်

ကျေးဇူးတင်လျှက်
ဘလက်ခ်