Sunday, July 12, 2009

နအဖဗိုလ်ချူပ်ကြီးများ၏ သားသမီးများနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများအကြောင်း တစေ့တစောင်း။

နအဖဗိုလ်ချူပ်ကြီးများ၏ သားသမီးများနှင့် ဆက်စပ်နေသော လုပ်ငန်းများများအကြောင်း တစေ့တစောင်း ဖေါ်ပြလိုက်ပါတယ်။ တိုင်းပြည်ရဲ့  သယံဇာတတွေ ဘဏ္ဍာငွေတွေကို ရာထူးအာဏာနဲ့  မတရားစီးပွားရှာ ရယူပိုင်ဆိုင်ထားကြတဲ့ ငွေကြေးဓနတွေပေါ် မူတည်ပြီး စီးပွားရေးလုပ်ငန်းမှန်သမျှ မိသားစုပိုင်လုပ်နေကြတဲ့ နအဖအသိုင်းအ၀န်းရဲ့  အကြောင်းကို သိထားဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့  ဒီ နအဖတွေရဲ့ လုပ်ငန်းတွေကို အားမပေးဖို့  တိုက်တွန်းပါရစေ။

၁။ ရဲတံခွန်ဆောက်လုပ်ရေး။

လိပ်စာ- တာမွေမြို့နယ်။ ယုဇနပလာဇာ နောက်။ ပိုင်ရှင် အောင်ဇော်ရဲမြင့်က ဗိုလ်ချုပ် ရဲမြင့်သား။ အသက် - ၂၈ နှစ်ခန့် ။ အရပ်- ၅ပေ ၇လက်မ ခန့် ။ အိမ်ထောင်ကွဲ ။ ၂၀၀၇ ခုနစ်မှာ မီးရထားဝန်ကြီးရဲ့ သမီး အေးမြသာနဲ့ လက်ထပ်တယ်။ အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲပြီး ဆိုးသွမ်းလူငယ်တဦး ဖြစ်တယ်။ အခု လင်မယားကွဲနေတယ်။ မင်္ဂလာဆောင်ပြီး (၅) လလောက်အတွင်းမှာ ကွဲသွားတယ်။ လက်ဖွဲ့ ငွေ သိန်း (၁, ၂၀၀) ကျော်ကျော် ရတယ်။ လင်မယား ကွဲတဲ့အခါ လက်ဖွဲ့တွေကို အမျိုးသမီးက သိမ်းလိုက်တယ်။ စီးပွားရေးလောကမှာ မအေးမြသာကလည်း ငွေရရင် အကုန်လုပ်မယ် ဆိုတဲ့ သူမျိုး ဖြစ် တယ် ။ Sunday Mart စီးပွားရေးလုပ်ငန်းမှာ သူမက တစိတ်တပိုင်းပါနေတယ်။

၂။ Sun Tac - ပိုင်ရှင်က စစ်တိုင်းအောင် ၊ သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့သား။ ဦးအောင်ဖုန်းမှာ စစ်တိုင်းအောင်နဲ့ စစ်သွေးအောင်ဆိုတဲ့ သားနှစ်ယောက် ရှိတယ်။ နှစ်ယောက်စလုံး အိမ်ထောင်ရှိတယ်။

၃။ ဆန်းဒေးမတ် Sunday Mart - အောင်ဇော်ရဲမြင့် မိန်းမ အေးမြသာ ပိုင်တယ်။

၎။ အောင်ရီဖြိုးနဲ့ Rose Hill Hospital - ပိုင်ရှင်က ဦးအောင်သောင်း၏ သား။

၅။ Happy Noodel - ပိုင်ရှင်က ဗိုလ်ချုပ်ကျော်ဘ၏ ချွေးမဟောင်း ။ သူ့ သား ဦးအေးထွန်းက စပ်သန္တာနွဲ့ နဲ့  ထပ်ယူထားတယ်၊ ဦးထွန်းနိုင်ရွှေ (သန်းရွှေ၏ သား) မိန်းမရဲ့ သမီး ။ ယခု လက် ရှိ ပုဂံလေကြောင်းမှာ တာဝန်ယူထား။

၆။ MICT - မှာက အောင်စိုးသာ အစုရှယ်ပါတယ်။ သူက ၀န်ကြီးဦးစိုးသာရဲ့ သား။

၇။ MMS Company - Super Market and Hotel Business က ကျော်မျိုးညွန့် နဲ့  ပတ်သက်တယ်။ အသက်- ၃၂ နှစ်ခန့် ။ (သူက လယ်ယာ / ဆည်မြောင်း ၀န်ကြီးဟောင်း ဗိုလ်ချုပ်ညွန့်တင်ရဲ့ သား)။ ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း ( ဂျပန်) ၏ သမီးနဲ့  ယူထားတယ်၊၊ ကျော်မျိုးညွန့်အကြောင်းကို အောက်မှာ ဆက်လက်ဖေါ်ပြထားတယ်၊၊

၈။ J & J - မှာက သန်းရွှေ၏ သား ထွန်းနိုင်ရွှေက အမည်ခံပေးတယ်။ ရာခိုင်နှုန်းအလိုက် အကြံအဖန်ရတယ်။

၉။ Herritage Golf Club - မှာက ဗိုလ်ချုပ်ဝင်းလှိုင်ရဲ့သား ၀င်းထွေးလှိုင် ရှယ်ယာ ပါတယ်။ အသက် ၂၃ နှစ်ခန့် ။

၁၀။ ထူုးထရိတ်ဒင်း - ပိုင်ရှင် ဦးတေဇ ။ သူနဲ့ပတ်သက်တဲ့ အချက်အလက်အများစု ကို လူတိုင်းသိပြီး ဖြစ်နေသဖြင့် မဖေါ်ပြသေးပါ။

၁၁၊ ပုဂံ လေကြောင်းလိုင်း - ပိုင်ရှင်တေဇနဲ့ ဗိုလ်ချုပ်သန်းရွှေ၏ မိန်းမ ဒေါ်ကြိုင်ကြိုင်။

၁၂၊ Pacific High Tech - စီးပွားရေးလုပ်ငန်းမှာ မင်းသက်ဦး ပါတယ်။ သူ့ အဖေက သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့် ဖြစ်တယ်။ သူကို ကိုမင်းလို့ ခေါ်ကြတယ်။ လုပ်ငန်းတော်တော်များများမှာလည်း သူ့ ရှယ်ယာတွေ ရှိတယ်။

၁၃။ တော်ဝင်လျှပ်စစ်လုပ်ငန်း - ဇင့်မြင်မောင် (ခ) စိုးစိုး (ဗိုလ်ချုပ်မြင့်မောင် သမီး) နဲ့ ၀ဏ္ဏ ( ဗိုလ်ချုပ်ဝင်းမြင့်) သား တို့ စပ်တူလုပ်ကိုင်ခဲ့တယ်။ ဗိုလ်ချုပ်ဝင်းမြင့်သားက ကားတိုက်ပြီး
ဆုံးသွားခဲ့တယ်။

၁၄။ အမည်မသိသေးတဲ့ ဆေးခန်းတစ်ခု - (ဆက်လက်စုံစမ်းဖေါ်ထုတ်နေဆဲ)။ ၂၀၀၆ ခုနစ် ၊ ကြည်မြင်တိုင်ဖက်မှာ ဆေးခန်းအသစ်တခုရှိတယ်။ ဆေးခန်းရှယ်ယာတွေ အများစုကို ထင်ကျော်က ပိုင်တယ်။ ထင်ကျော်က အသက် (၄၀) နှစ်ခန့် ၊ သူ့ အဖေက ဗိုလ်မှူးချုပ်ကျော်ဝင်း ( ပြုတ်သွားတဲ့ ထောက်လှမ်းရေး။) သူ မိန်းမက ထွေးထွေးစိုးမင်း ဖြစ်တယ်။ ထင်ကျော်က သူအဖေ ထောက်လှမ်းရေးက ပြုတ်တော့ နိင်ငံခြားရေးဝန်ကြီးဌာနကနေ ဖယ်ရှားခံရတယ်။ ဂျပန်မှာရှိတဲ့ မြန်မာသံရုံးမှာ လုပ်ခဲ့ဘူးတယ်။ အလုပ်က ပြုတ်တဲ့အချိန်မှာ ဆေးခန်းဖွင့်ပြီး ပွနေတယ်။

၁၅။ ဖြူ စိန်ဆိုင် - ဗိုလ်ချုပ်တင်ဦး (သေဆုံး) ရဲ့  ဒုတိယသမီး ဖြုဖြူဦး ( အဆိုတော်လုပ်တယ်။ ဖြူ ဆိုတဲ့နာမည်နဲ့ ဆိုတယ်။ ) ဗိုလ်ချုပ်ညွန့်တင်၏ သား ကျော်မျိုးညွန့်နဲ့ တွဲခဲ့သေးတယ်။ ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း၏ သမီး ရွှေယမင်းဦးနဲ့ ယူထားတယ်။ ဖြုဖြူဦးနဲ့လည်း ခုထိ တွဲနေသေးတယ်။

ကျော်မျိုးညွန့်က ဖြုဖြူဦး အတွက် - ဖြူ - ဆိုတဲ့ စိန်ဆိုင်ကို ဗိုလ်ချုပ် ဈေး မျက်နှာစာတန်းမှာ ဖွင့်ပေးထားတယ်။ ဖြူဖြူဦး အမက ချိုလဲ့ဦး ဖြစ်တယ်။ သူမက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တယ်။ သူ့  ယောက်ျား မောင်မောင်ကျော်က စသုံးလုံး ဒုတိယ - ညွန်ကြားရေးမှူးချုပ် လက်ရှိတာဝန်ယူဆဲ။

ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က ဖြူဖြူဦးကို ဖမ်းဖို့ ကြိုးစားသေးတယ်။ ၂၀၀၄ ခုနစ်ဝန်းကျင်မှာ ဖြူဖြူဦး ဟောင်ကောင်း ရတနာပြပွဲကို သွားတယ်။ မြန်မာပြည်က ရတနာတွေကို ခိုးထုတ်တယ်။ ခင်ညွန့် ထောက်လှမ်းရေးအဖွဲ့က လေဆိပ်မှာ ဖမ်းတယ်။ ဒါပေမဲ့ ဖြူဖြူဦး ကိုယ်စား သူရဲ့ တပည့်မက အဖမ်းခံလိုက်ရတယ်။ အခုထိ ထောင်ထဲမှာပဲ ရှိတယ်။ ဒီမိန်းမက မကွေး ဇာတိ ဖြစ်တယ်။ ဒီမိန်းနဲ့ ဗိုလ်မှူး မောင်မောင်ကျော်တို့ ငြိစွန်းခဲ့ဘူးတယ်။ ဒီမိန်းမဟာ အိမ်ထောင်ရှိသူ ဖြစ်တယ်။

၁၆။ ဒိုင်းမွန်း ပဲလေ့စ် ကုမ္ပဏီ - က အင်လျားမြိုင်ထဲမှာ ရှိတယ်။ မဝေေ၀သာက ပိုင်ရှင်ဖြစ်တယ်။ သူမက အသက် (၅၀) ခန့် ။ သူမ အရင်ယောက်ျားက ဗိုလ်ကြီးမောင်မောင်သိန်း ဖြစ်တယ်။ သူမနဲ့ ဗိုလ်မှူး မောင်မောင်ကျော် ( ဒုတိယညွန်ကြားရေးမှူးချုပ် ထောက်လှမ်းရေးနဲ့ ရည်ငံနေတယ်။)

၁၇။ အေးရှားဝေါလ်ကုမ္ပဏီ အုပ်စု - စတီဗင်လော - အသက် ၄၅ နစ်ခန့် ရှိတယ်။ တရုပ်ကိုးကန့် လူမျိုး၊ လောစစ်ဟန်ရဲ့ သား။ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဘွဲ့ရတယ်။ စင်္ကာပူသူနဲ့ အိမ်ထောင်ကျတယ်။ သူ့ ပါတနာရဲ့ မိန်းမကို သစ္စာဖေါက်ပြီး သူယူလိုက်တာ ဖြစ်တယ်။

တနိုင်ငံလုံးမှာသူ့ စီးပွားရေးတွေချည်းပဲ ဖြစ်တယ်။ ဥပမာ - ဆောက်လုပ်ရေး၊ ကြည်းမြင်တိုင်မှာ ကိုယ်ပိုင် ဆိပ်ကမ်းရှိတယ်။ လှည်းတန်း အ၀ိုင်းက မြေကွက်လပ်ကိုလည်း ပိုင်တယ်။ မန္တလေး လားရှိုးလမ်းကို လည်း သူပိုင်တယ်။ မူဆယ်အထိ ရောက်တယ်။

တစ်ရုံးလုံးက သူ့ ကိုဆရာကြီးလို့ ခေါ်မှ ကြိုက်တယ်။ ရန်ကုန် - အင်းစိန် လမ်းမပေါ်မှာ အများပိုင်မြေတွေကို မတရား သိမ်းယူခဲ့တယ်။ အိမ်ထောင်စုပေါင်း တစ်ထောင်ခန့်၊ လူဦးရေ တစ်သောင်းခန့်ကို (နအဖ ) စစ်အစိုးရ နဲ့  ပေါင်းပြီး ဖယ်ရှားခဲ့တယ်။ ဒီမြေကွက်ပေါ်မှာ နန်းတော်တမျှ အိမ်ဆောက်ပြီး နေထိုင်လျှက် ရှိတယ်။ သူအိမ်ကို Google Map မှာ ကြည့်နိုင်ပါတယ်။ သူ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

၁၈။ ကမ္ဘောဇဘဏ် - ပိုင်ရှင်က ဦးအောင်ကိုဝင်း ( ဆရာကျောင်း။) မောင်အေးရဲ့ စီးပွားရေး လက်ရုံး။

၁၉။ ဗိုလ်ချုပ်ရွေမန်း၏ အမျိုးများအကြောင်း ( မကြာမီ ဖေါ်ပြပါမည်။ )

၂၀။ ယဉ်ဝင်းသူ MNT (Myan New Technology) - အသက် ၃၀ကျော်။ ပြည်ပမှာ အနေများ ။ ဗိုလ်ချုပ်မောင်အေးသမီး နန္ဒာအေးနဲ့ ဘာလိုလို အချစ်တော် ဖြစ်ခဲ့တယ်။ နန္ဒာအေးနဲ့ အစုစပ် ကွန်ပြူတာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ ကျောင်းတွေကို ကွန်ပြူတာသွင်းခွင့်ရတဲ့ တဦးတည်းသော ကန်ထရိုက်တာဖြစ်တယ်။ အရမ်းကြွယ်ဝချမ်းသာတယ်။ စီအန်ဂျီဓါတ်ငွေ့ရည် ပရောဂျက်ကိုလည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေတယ်။ ၀ိသမစီးပွားရေးသမားတွေထဲမှာ နာမည်သိပ်မထွက်ပေမဲ့ အချမ်းသာဆုံးလို့တောင် ခန့်မှန်းရတယ်။ ၆ မိုင်ခွဲ။ စွပ်ကျယ်စက်လမ်းမှာ နေတယ်။ နန္ဒာအေးရဲ့ အချစ်တော်ဖြစ်ခဲ့ဘူးတာကြောင့် မောင်အေးသမက် အောင်သောင်း၏ သားက သူမကို ကြည့်မရ ဖြစ်နေပါတယ်။

ဆက်လက်ဖေါ်ပြပါမယ်။

(ပေးပို့ လာသူ - ကိုညိုစိုင်းအား အထူးကျေးဇူးတင်ရှိပါတယ်)။
http://www.niknayman-niknayman.co.cc/2009/07/blog-post_12.html

July 12 ဒိုင်ယာရီ


ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့
မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 11 ရက်

နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော လူအုပ်ကြီး လူစုကွဲသွားစေရန် ကြိုးပမ်းသည့်အနေဖြင့် အာဏာပိုင်များက သတင်းမှားများ လိုက်ဖြန့်နေသည်။

အတိုက်အခံ ခေါင်းဆောင်၏ အမှုတွင် တရားခံပြသက်သေ စစ်ဆေးမည့်နေ့ရက်ကို တရားရုံးက ရွှေ့ဆိုင်း လိုက်ပြီး၊ နောက်တကြိမ် ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သူတို့က သတင်းမှားများ လိုက်ဖြန့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ အကျိုးဆောင်ပေးနေသည့် ရှေ့နေများထဲမှ ရှေ့နေ ဦးဉာဏ်ဝင်းက ဤသတင်းသည် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အမှုစစ်ဆေးနေသည့် အင်းစိန်ထောင်ပြင်ပတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ထောက်ခံသူများအား လူစု ကွဲသွားစေရန် လုပ်ဆောင်ချက်သာဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားသည်။

''ကျနော်ထင်တာ ကျနော်တို့ကို ဆန့်ကျင်တဲ့သူတွေက ထောင်ပြင်ပမှာ စောင့်နေတဲ့သူတွေ လူစုကွဲသွားအောင် ဒီသတင်းကို ဖြန့်တာပဲ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး၊ ယနေ့ စစ်ဆေးမှုသည် အချိန်အားဖြင့် ၇ နာရီမျှ ကြာမြင့်ခဲ့ကြေင်း သူက ဆက်လက်ပြောဆိုသည်။

တရားရုံးက နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့ကို ချိန်းဆိုလိုက် ကြောင်းနှင့် ယနေ့အစောပိုင်းက ကောလာဟလ ဖြစ်ပေါ်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့ဆိုသည်မှာ မဟုတ်ကြောင်း သူက ငြင်းဆိုခဲ့သည်။

အင်းစိန်ထောင် ရုံးထိုင် ခရိုင်တရားရုံးက ဒုတိယသက်သေ ဒေါ်ခင်မိုးမိုး ကို ယနေ့ (သောကြာနေ့) တွင် စစ်မေးခဲ့ကာ၊ သူမသည် ရှေ့နေတဦးဖြစ်ကာ အန်အယ်ဒီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက ''အမှုစစ်ဆေးတာကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ရပ်နားလိုက်ပါတယ်။ ဒေါ်ခင်မိုးမိုးက သက်သေ ထွက်ချက်ပေးတယ်။ တရားလိုရှေ့နေကလည်း ပြန်လှန်စစ်မေးတာ လုပ်ပါတယ်'' ဟု ပြောသည်။

ဤအတောအတွင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် အန်အယ်ဒီ အဖွဲ့ဝင်နှင့် ထောက်ခံသူ အနည်းဆုံး ဦးရေ ၈ဝ ခန့်ကလည်း ယနေ့ရုံးချိန်းကို အင်းစိန်ထောင်ပြင်ပတွင် စုရုံး၍ စောင့်ဆိုင်းနားစွင့်လျက် ရှိကြသည်။ ထိုလူအုပ်နှင့်အတူ လုံထိန်းများနှင့် စစ်သားများကိုလည်း လုံခြုံရေးယူထားသည်ကို တွေ့မြင်ရသည်။

သို့သော် ယနေ့ ဒေါ်ခင်မိုးမိုး ကို သက်သေအဖြစ် အစစ်မခံဖြစ်ကြောင်းနှင့် တရားရုံးက နောက်ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သတင်းများကြားရပြီးနောက် အဆိုပါလူအုပ်ကြီးမှာ မွန်းလွဲပိုင်းတွင် လူစုကွဲသွားခဲ့သည်။

အဆိုပါ လူအုပ်ထဲတွင်ပါဝင်သူ အန်အယ်ဒီ လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းက ''ကျမတို့ကို လူတယောက်က လာပြောတယ်။ သူ့နာမည်တော့ မသိဘူး။ ရုံးက ဒီနေ့ နားလိုက်တယ်၊ မစစ်ဖြစ်ဘူး။ နောက်ရုံးချိန်းကို ဇူလိုင် ၁၇ ရက်နေ့ ပေးလိုက်တယ်လို့ လာပြောတယ်။ အဲဒါလည်း ကြားပြီးရော ကျမတို့လည်း လူစုကွဲသွားတာပဲ'' ဟု ပြောသည်။

''ကျမတို့အားလုံးက ဒီသတင်းကို အမှန်လို့ထင်တာ။ ဒါနဲ့ ထောင်ဘက်ကနေ ထွက်လာခဲ့တော့တာ။ ဒါပေမဲ့ ညနေကျမှ ဒီသတင်းဟာ သတင်းမှားကြီးဆိုတာ သိရတာ။ ကျမတို့ကို လူစုကွဲသွားအောင် လုပ်ခဲ့တာ'' ဟု သူက ပြောသည်။

ဦးဉာဏ်ဝင်းကလည်း ''ကျနော်တို့ အပြင်ထွက်လာတော့ လူတွေက ဝိုင်းမေးကြတယ်၊ ဒီနေ့ မစစ်ဖြစ်ဘူး၊ ဇူလိုင် လ ၁၇ ရက်ကို ရွှေ့လိုက်တယ်ဆိုတာ ဟုတ်သလား ဆိုပြီးတော့။ ကျနော်ထင်တယ် ဒီသတင်းမှားဟာ ကျနော်တို့ကို ဆန့်ကျင်တဲ့ သူတွေက ဖြန့်တာပဲ'' ဟု ပြောသည်။

သောကြာနေ့က တရားရုံးတွင် ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိ တော့သဖြင့် ဤ ၁၉၇၄ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ကမ္ဘာ့ နိုဘယ်ဆုရှင်ကို တရားစွဲဆိုခြင်း မပြု နိုင်ကြောင်း ခုခံချေပထွက်ဆိုခဲ့သည်။

သို့သော် တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း ၁၉၇၄ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြန်လှန်ခုခံပြောဆိုခဲ့သည်။

''သူတို့ကလည်း အစိုးရအမိန့်တွေ၊ စာရွက်စာတန်းတွေ အမျိုးမျိုးထုတ်ပြပြီး သူတို့ ရပ်တည်ချက်ကို မှန်ကန် ကြောင်း သက်သေပြဘို့ ကြိုးစားတာပဲ။ ဒါနဲ့ပဲ ပြီးဘို့အချိန်က အတော်ကြာသွားတာ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြောင်းနှင့် တရား ရုံးတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ တင်သွင်းနိုင်ရန် စာမျက်နှာ ၁၈ မျက်နှာရှိ အပြီးသတ် လျှောက်လဲချက်ကို ပြင်ဆင် ရေးသားထားပြီးဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ ဤသို့ အပြီးသတ်လျှောက်လဲချက်များ တင်သွင်း ပြီး ပါက တရားရုံးက နောက်ဆုံး အမိန့်ချရန် ရက်ချိန်းတချိန်းပေးဖွယ် ရှိသည်။

တားဆီးကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခြင်းခံရပါက အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

ထိုအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့သည်ဟူသော စွဲချက်ဖြင့် အလားတူ ရုံးတင်စစ်ဆေးခံနေရသည့် အမေရိကန်လူမျိုး ဂျွန် ဝီလျံ ယက်တောကို ဆေးရုံတင်ထားရသည်ဟု သတင်းများက ဆိုသည်။
--------------------------------------------------------------
မစ္စတာဘန်ကီမွန်းခရီးစဉ် လုံခြုံရေးကောင်စီမှာ ရှင်းလင်းမည်
RFA - 2009-07-11

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ် နဲ့ ပတ်သက်လို့ လာမယ့် ဇူလိုင်လ ၁၃ ရက် တနင်္လာနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို ရှင်းလင်းပြောကြားဖို့ ရှိတယ်လို့ မစ္စတာဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ms. Michele Montas က မနေ့က သတင်းထောက်တွေကို ပြောကြားပါတယ်၊၊
မစ္စတာ ဘန်ကီမွန်းဟာ အန်အယ်ဒီပါတီက အလေးထားတင်ပြတဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စတွေအပေါ်မှာ တကယ်ဘဲ အလေးထားကြောင်း၊ သူ မြန်မာပြည်က မထွက်ခွာခင် သံတမန်တွေ၊ အဲန်ဂျီအို အကြီးအကဲတွေရှေ့မှာလည်း ဒီကိစ္စတွေအပေါ် သူ့ရဲ့အမြင် ဘယ်လိုရှိတယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောကြားခဲ့ကြောင်း Ms. Montas က ပြောပါတယ်၊၊
နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ Ms. Montas က ကချင် ပြည်နယ် ဖားကန့်ဒေသ မြေပြိုမှုအတွက် ကုလသမဂ္ဂအနေနဲ့ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင် နိုင်ဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်၊၊
ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် ကချင်ပြည်နယ်မြောက်ပိုင်း ဥရုမြစ် တလျောက်မှာ လူ ၂ဝ ကျော် သေဆုံးပြီး လူ ၇ဝဝ- ၈ဝဝ လောက် ထိခိုက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု ရုံးရဲ့ ကနဦး စာရင်းတွေအရ သိရှိရကြောင်း၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုအဖွဲ့ အစည်းတွေက ဖားကန့်မြို့နယ် ကို သွားရောက်ပြီး ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြကြောင်းနဲ့ ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းနဲ့ စာသင် ကျောင်းတွေ အပါအဝင် နေရာ ငါးခုမှာ ယာယီ နေထိုင်စရာ စီစဉ်ပေးထားတယ်လို့ Ms. Montas က ပြောပါတယ်၊၊
ဒါ့ပြင် WFP ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်က အရေးပေါ် ရိက္ခာ ထောက်ပံ့ပေးသွားဖို့ စီစဉ်နေပြီး ယူနီဆက် အဖွဲ့ကလည်း လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးပစ္စည်း ကိရိယာတွေ ကူညီထောက်ပံ့နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်၊၊
ဖားကန့်ဒေသ မြေပြိုမှုကြောင့် တွင်းပိသေဆုံးတဲ့ ကျောက်တူးသမား အနည်းဆုံး ၃ဝ လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် စစ်အစိုးရ အာဏာပိုင်တွေဘက်ကတော့ သေဆုံးသူ ၂၄ ဦးသာရှိတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်၊၊
--------------------------------------------------------------

စပါးစိုက်တောင်သူများကို ကျေးရွာဥက္ကဋ္ဌ ငွေပိုကောက်ခံနေ
RFA - 2009-07-11

ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ် ကန်လေးအုပ်စု သစ်စဉ်ကျေးရွာ စပါးစိုက်တောင်သူတွေကို ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ ရတနာဝင်း ကုမ္ပဏီက ငွေတရာကို နှစ်ကျပ်တိုးနှုန်းနဲ့ တဧကကို ၁၅ဝဝဝ ချေးပေးနေရာမှာ ကျေးရွာ ဥက္ကဋ္ဌက လယ်တဧကအတွက် ၅ဝဝ နှုန်း ကြိုတင်ကောက်ခံတဲ့အတွက် ဒေသခံတောင်သူတွေ နစ်နာနေတယ်လို့ သိရပါတယ်။

ရတနာဝင်းကုမ္ပဏီက တောင်သူတဦးကို ချေးငွေစာအုပ်ဖိုးအတွက် ၃ဝဝ ကောက်ခံပြီး ဥက္ကဋ္ဌက ခေါင်းပုံဖြတ် ထပ်မံကောက်ခံပုံကို သစ်စဉ် ရွာသားတဦးက ပြောပြပါတယ်။

သစ်စဉ် ရွာသားတဦး။ ။'ရတနာဝင်းက ကောက်ခံတာမှ စာတအုပ် သုံးရာနှုန်းပဲ ကောက်ခံတယ်။ ဥက္ကဋ္ဌက ကျနော်တို့ လယ်သမားတွေဆီက တဧကကို ငါးရာနှုန်း ကောက်ခံတော့ ၁ဝ ဧကဆို ၅ဝဝဝ နှုန်းဖြစ်နေတယ်။ ဧကပေါင်းက အုပ်စုတစုကို ဧက ၁ဝဝဝ ကျော်ရှိနေတော့ လယ်သမားတွေက အောက်ညစ်ညစ်နဲ့ ပေးလိုက်ရတယ်။ သူ့ကိုပေးဖို့ ဒီပိုက်ဆံလေးရဖို့ သူ လုပ်ပေးမှ ဖြစ်တဲ့အတွက် ဘေးကနေ အတိုးရှာပြီး ပေးရတဲ့သဘော ဖြစ်ပါတယ်။ အခု ရေတွေလျှံ ဘာတွေလျှံနဲ့ တာလမ်းပေါ် ပျက်တာကစပြီး မလုပ်ဘူးပေါ့လေ သူ့မိသားစု စားဝတ်နေရေးအတွက် ကောက်ခံတာဖြစ်တယ်'
သစ်စဉ်ကျေးရွာဘေးမှာရှိတဲ့ ဇီးကုန်းနဲ့ပဲခူးရိုးမကို ဖောက်ထားတဲ့ ကားလမ်းဟာလည်း အေရှားဝေါလ် ကုမ္ပဏီက သစ်ကားတွေ ၁၂ ရာသီ သွားလာနေတဲ့အတွက် လမ်းကြီးဟာ ပျက်စီးချင်တိုင်း ပျက်စီးနေတာကို ကုမ္ပဏီက သိန်း ၁ဝဝ ကျော် လှူပေမယ့် ခုထိ ပြင်မပေးသေးတဲ့အတွက် သွားလာရခက်ခဲနေတယ်လို့ နောက်ထပ် သစ်စဉ်ရွာသားတဦးက ပြောပြပါတယ်။

သစ်စဉ် ရွာသားတဦး။ ။'သစ်တွေနဲ့မောင်းနှင်နေပါတယ်။ နွေရောမိုးရော။ ဒါကို အေရှားဝေါလ် ကုမ္ပဏီက ငွေသိန်း ရာကျော် ချပေးထားပါတယ်။ သူတို့က ပြုပြင်ခြင်း မွန်းမံခြင်းမရှိဘူး။ ပြုပြင်တာကလည်း တမိုင်အတိုင်းအတာ ပြည့်ပြည်မှီမှီမရှိဘူး။ ဒီငွေကလည်း ဘယ်သူစားတာလဲတော့ မသိဘူးပေါ့။ ဒါကိုတော့ အထက်လူကြီးတွေကို တင်ပြပေးပါလို့ ကျနော် မေတ္တာရပ်ခံပါတယ်'
ဒီလမ်းအခြေအနေကို အသေးစိတ် သိနိုင်ဖို့ ဇီးကုန်းဒေသခံတဦးကို မေးကြည့်တဲ့အခါမှာ လမ်းပျက်စီးနေတာ မှန်ကန်ကြောင်းနဲ့ အမြဲတမ်း သွားလာနေရတဲ့ ကျောင်းသူကျောင်းသား ဆရာဆရာမတွေ အခက်အခဲဖြစ်နေရပုံကို ပြောပြပါတယ်။

ဇီးကုန်းဒေသခံ။ ။'ကျောင်းသားတွေ ဆရာမတွေ အရမ်းဒုက္ခရောက်နေတာ သွားရတာလာရတာလေ။ ရွံ့ဗွက်တွေက အကြီးအကျယ်ဖြစ်နေတာ။ ကုမ္ပဏီကနေ နွေရောမိုးရော သွားနေတာ သစ်ကားကြီးတွေက။ အဲဒါကြောင့် ဒီလမ်းကြီးက အရမ်းပျက်စီးနေတယ်။ တမိုင်လောက်ပဲရှိတယ်။ မြေနီလမ်းလေးပဲ ခင်းထားတဲ့အတွက်ကြောင့်မိုလို့ ဆင့်ပါးစပ် နှမ်းပက်သလိုဖြစ်တာပေါ့နော။ ကျေးလက်နေ တောသူတောင်သားတွေက မြို့နဲ့ အသွားအလာ အရမ်းကို ခက်ခဲနေတာပေါ့နော်'
မြို့နယ်စည်ပင်သာယာကို ဒေသခံတွေက ဝိုင်းဝန်းတင်ပြပေမယ့်လည်း အခုချိန်ထိ ပြုပြင်မပေးသေးတဲ့အတွက် အခုမိုးရာသီမှာ သွားရလာရ အတော်ခက်ခဲနေတယ်လို့ သိရပါတယ်။
--------------------------------------------------------------
တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RFA - 2009-07-11
ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ထိုင်းဘတ်ငွေ သန်း ၂ဝဝ ကျော် တန်ဖိုးရှိတဲ့ မက်သာဖီတမင်း စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူ ဘလောက်တုံးတွေကို ဇူလိုင်လ ၁ဝ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့ အနောက်ဖက် နှစ်ကီလိုမီတာလောက်မှာရှိတဲ့ ပုံးထော်ဂိတ် ခေါ် လွယ်တော်ခမ်း စစ်ဆေးရေး ဂိတ်မှာ မိုင်းဆတ် ဖက်က ဝင်လာတဲ့ NISSAN ခြောက်ဘီးကုန်တင်ကားပေါ်ကနေ ဖမ်းဆီး ရမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ တောင်ကြီးမြို့မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ယာဉ်မောင်း စိုင်းထွန်းမြင့်ဦး၊ မိုင်းတုံမြို့က အသက် ၂၆ နှစ်အရွယ် ယာဉ်နောက်လိုက် သန်းဝင်းအောင်နဲ့ မိုင်းပန်မြို့က အသက် ၂၈ နှစ်အရွယ် ယာဉ်နောက်လိုက် မူတူးခေါ် သန်းဇော်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မတွေဖြစ်တဲ့ ၁၅/၁၉(က)/၂ဝ(က)/၂၁ မူး/စိတ်ပုဒ်မတွေနဲ့ တာချီလိတ်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးအရေးယူထားပါတယ်။
မူးယစ်ဆေးဝါးပိုင်ရှင်ကတော့ နမ့်ဆန်မ်မြို့ တိုင်းကောင်းရွာမှာ နေထိုင်တဲ့ စိုင်းနောင်ဖြစ်ပြီး တာချီလိတ် မြို့ တော်ကော့အပြင်ရွာမှာရှိတဲ့ ဦးလုံးနော် ဂိုဒေါင်ကို ပို့ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကလည်း တာချီလိတ်မြို့နယ်အတွင်းက မိုင်းဘုန်းကျေးရွာဖက်မှာ လက်နက်နဲ့ ဘိန်းဖြူ အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံပေါင်း ၂ဝ ထဲမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး မူးယစ်ဆေးဝါး လုပ်ငန်း နဲ့ ငွေမည်းကို ငွေဖြူဖြစ်အောင်လုပ်နေတဲ့ တိုင်းပြည်တွေထဲမှာလည်း မြန်မာနိုင်ငံ ပါဝင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာဆိုင်ရာ နှစ်ပတ် လည် အစီရင်ခံစာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဒဏ်ကို အိမ်နီးချင်း ထိုင်းနိုင်ငံဟာ အခံရဆုံး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ သုံးစွဲနေတဲ့ မူးယစ်ဆေးဝါးအများစုဟာ မြန်မာနိုင်ငံက ဝင်ရောက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ မူး ယစ်ဆေးဝါး သုံးစွဲသူဦးရေ တိုးပွားနှုန်းဟာလည်း စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာတဲ့အတွက် ထိုင်းအစိုးရက မူးယစ် ဆေးဝါး တိုက်ဖျက်ရေးစီမံကိန်းကို ဧပြီလ ၁ ရက်နေ့ကစပြီး ခြောက်လ စီမံကိန်းနဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ အထူးဒေသ (၁) ကိုးကန့်နယ်မြေ၊ အထူးဒေသ (၂) ဝ နယ်မြေနဲ့ အထူး ဒေသ (၄) မိုင်းလားဒေသတွေမှာ ၁၉၉၅ ခုနှစ်တည်းက ဘိန်းစိုက်ပျိုးရေးကို ပိတ်ပင် ထားပေမယ့် ကျန်ဒေသ နယ်မြေတွေမှာ ဘိန်းစိုက်ပျိုးကြတဲ့အတွက် လွန်ခဲ့တဲ့နှစ်တွေထက် ဘိန်းအထွက်နှုန်း တိုးလာတယ် လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး စောင့်ကြည့်ရေးဌာနက ဆိုပါတယ်။
ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း မြို့နယ် ၇ ခုကို စစ်တမ်းကောက်ယူတဲ့အခါမှာ ဘိန်းစိုက်ဧရိယာ ပိုမို ကျယ်ပြန့်လာတာ တွေ့ရတယ်လို့ လားဟူအမျိုးသား တိုးတက်ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ဧပြီလထုတ် Undercurrents: Monitoring Development on Burma’s Mekong စာစောင်မှာ ဖော်ပြထားပါတယ်။
အရှေ့တောင်အာရှက ထွက်တဲ့ ဘိန်းအားလုံးရဲ့ ၉၆ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး မြန်မာဟာ ကမ္ဘာမှာ ဘိန်းထွက်ရှိမှု ဒုတိယအများဆုံး နိုင်ငံအဖြစ် နေရာယူထားဆဲ ဖြစ်တယ်လို့လည်း မူးယစ် ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC က ဒီနှစ်ဆန်းပိုင်းမှာ ပြောဆိုထားပါတယ်။
--------------------------------------------------------------

ကေအန်ယူကို လက်နက်ကြီးဖြင့် ဒီကေဘီအေပစ်ခတ်ခြောက်လှန့်
Sat 11 Jul 2009, IMNA, ကွန်းဟဒေ့-
Independent Mon News Agency

ယမန်နေ့ညက ဘုရားသုံးဆူမြို့အပြင်တွင် တပ်စွဲထားသော ကလိုထူးဖော ဗျူဟာ လုံခြုံ ရေးတပ်ရင်းမှ ဗိုလ်ကြီး အေဝမ် ဦးစီးသည့် ဒီကေဘီအေတပ် ဖွဲ့သည် ဘုရားသုံးဆူမြို့ မြောက်ဘက်သို့ လက်နက်ကြီး သုံးလုံးဖြင့် ကေ အန်ယူကို ပစ်ခတ် ခြောက်လှန့်ခဲ့သည်ဟု ဘုရားသုံးဆူမြို့မှ စရဖနှင့် လက် နက်ကိုင်အဖွဲ့တို့မှ လာသော သတင်းအရ သိရသည်။

ထိုနေ့ညနေ ၈ နာရီမထိုးခင် ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးအမျိုးအစား RBG ၃ ချက်နှင့် M-16 ၁ ကဒ်စာလောက် အဝေးမှ လှမ်းပစ်ခတ်ခဲ့သည်ဟု DKBA အရာရှိ၏ ပြောပြချက်ကို ကိုးကားပြီး မွန်ပြည်သစ်ပါတီ အရာရှိ တစ်ဦးက ပြောသည်။

“ကေအန်ယူတွေ ရှိတဲ့အထင်နဲ့ သူတို့ ပစ်တာပဲ၊ ကျနော်ကြားရသလောက် တော့ ကေအန် ယူတွေက သူတို့ကို စိန်ခေါ်ထားလို့ အခုလို သူတို့ဘက်က ကေအန်ယူရှိနိုင်ဘက်ကို မှန်းပြီးပစ်လိုက်တာပဲ” ဟု ၄င်းက ပြောသည်။

လက်နက်ကြီးသုံးလုံးမှာ ဘုရားသုံးဆူမြို့အနီးတွင် ပစ်ခတ်ခဲ့သောကြောင့် ဘုရားသုံးဆူမြို့ ဒေသခံများက ကြောက်ရွံ့နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“၈ နာရီ မထိုးခင်လောက်မှာပေါ့၊ လက်နက်ကြီးသံ သုံးခါကြားရတယ်၊ အ ကျယ်ကြီးပဲ၊ မြို့ထဲမှာ လာကျတဲ့ အတိုင်းပဲ၊ အခုတော့ ကျနော်တို့က တိုက် ပွဲဖြစ်မှာကို စိုးရိမ်နေတယ်၊ လွန်ခဲ့တဲ့ ၂ ရက်က တဲသုံးလုံးမှာ တိုက်ပွဲ ဖြစ်ပြီး ကတည်းက ဒီကလူတွေ ကြောက်ရွံ့နေပြီးသားပဲ၊ တချို့ဆိုရင် မြန်မာ ဘက်ခြမ်းမှာ မနေရဲလို့ ထိုင်း ဘက် ခြမ်းမှာ သွားနေနေကြတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ယခုချိန်တွင် နအဖဘက်မှ စစ်ကြောင်းကြီးများ တက်လာပြီး ကေအန်ယူကို တိုက်ခိုက်ရန်ရှိသည်ဆိုသည့်သတင်းနှင့် ယခုကဲ့သို့ လက်နက်ကြီးသံများ မြို့အနီးတွင် ကြားခဲ့ရသဖြင့် မြို့ခံများ ကြောက်ရွံ့နေကြသည်။
--------------------------------------------------------------

MRP ခွဲထွက်အဖွဲ့ အစည်းအဝေးတက်ရန် နယ်စပ်တို့ တက်လာချိန်တွင် တိုက်ခိုက်ခံရ
Sat 11 Jul 2009, IMNA, မင်းအာသံ
Independent Mon News Agency

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ (MRP) မှခွဲထွက်သော နိုင်ပလိုင်း တို့အဖွဲ့သည် အစည်းအဝေးတက်ရန် နယ်စပ်တစ် နေရာသို့ တက်လာ ချိန်တွင် မွန်ပြည်သစ်ပါတီ၏ တိုက်ခိုက်ခြင်းကို ခံရသည်ဟု သိရသည်။

နိုင်ချမ်းဒိန်းနှင့် နိုင်ပလိုင်းတို့အဖွဲ့သည် အစကတည်းက နိုင်ပန်းညွှန့်လက် အောက်ခံအဖွဲ့ဝင် ဖြစ်ပြီး နောက်ပိုင်းတွင် ခွဲထွက်ခဲ့သည်ဟု သိရပါသည်။ သို့သော် ၄င်းတို့အဖွဲ့ သုံးဖွဲ့ပူပေါင်းပြီး ရှေ့ဆက်လုပ်မည် လုပ်ဆောင် ချက် အတွက် နယ်စပ် တစ်နေရာတွင် ချိန်းဆို အစည်းဝေး လုပ်ရန် တက်လာ အချိန်တွင် မွန်ပြည်သစ် ပါတီတို့က နိုင်ပလိုင်းအဖွဲ့ကို ပစ်ခတ်ခဲ့သည်ဟု မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီမှ နိုင်ပန်းညွှန့်က ပြောသည်။

“နိုင်ပလိုင်းတို့အဖွဲ့က နယ်စပ်တစ်နေရာမှာ ကျနော်တို့နဲ့ နိုင်ချမ်းဒိန်းတို့ တွေ့ဆုံပြီး အစည်း အဝေးလုပ်ဖို့ တက်လာချိန်မှာ မရမ်းချောင်းအဖြတ် ချောင်းအလယ်ရောက်တဲ့အခါ မွန်ပြည် သစ်ပါတီက ချောင်းတဖက်ကမ်း တွင် ပုန်းကာပြီ ချောင်းပစ်တာ၊ နိုင်ပလိုင်းတို့ဘက်က ၃ ဦးသေသွားပြီး တစ်ဦး ဒဏ်ရာရသွားတယ်။ မွန်ပြည်သစ်ပါတီက စပြီးပစ်ခတ်တော့ နိုင် ပလိုင်း တို့အဖွဲ့လဲ ပြန်ပစ်ခဲ့ရတယ်။ ဒါပေမယ့် သူတို့အဖွဲ့ တော်တော် များများက အတွေ့အကြုံနည်း တော့ ပစ်ခတ်တဲ့နေရာမှာ သိပ်ပြီးမကျွမ်း ကျင်းဘူးပေါ့”ဟု ၄င်းက ဆက်ပြောသည်။

ဇွန်လ ၂၉ ရက်နေ့တွင် နေလယ် (၂) နာရီအချိန် မွန်ပြည်သစ်ပါတီနယ်မြေ ထားဝယ်ခရိုင် (၁) သုံးလုံးတပ် နေရာဟောင်းတစ်နေရာတွင် မွန်ပြည်သစ် ပါတီက မွန်ခွဲထွက်အဖွဲ့ နိုင်ပလိုင်းတို့ကို ထိုးစစ်ဆင်ကာ တိုက်ခိုက်ခဲ့ သည်။ တိုက်ပွဲက မိနစ် (၂၀) လောက်ကြာသွားခဲ့သည်။

နိုင်ပလိုင်းတို့အဖွဲ့ကို ပစ်ခတ်လိုက်ရသည်မှာ ၄င်းတို့အဖွဲ့က ရွာသား/သူ များကို ပြန်ပေးဆွဲ ယုံသာမက မွန်ပြည်သစ်ပါတီ လက်နက်တချို့ကို လည်း လုယူသွားတာမျိုးရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ပြောသည်။

“ကျနော်တို့ပစ်ခတ်ရတဲ့အကြောင်းက ကျနော်တို့နယ်မြေမှာ လာသောင်း ကျန်းရင် ပစ်မှာပဲ။ နောက်ပြီး ကျေးရွာမှာ ပိုက်ဆံ သိန်းရာကျော် ကောက် တာမျိုးရှိတယ်၊ ဒါကြောင့် ကျနော်တို့ ပါတီက ပစ်ခတ်ခဲ့တာ” ဟု ၄င်းက ဆက်ပြောသည်။

နိုင်ပန်းညွန့်သည် ၂၀၀၁ ခုနှစ်တွင် မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့ပြီး မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီကို ဖွဲ့စည်းခဲ့သည်။
--------------------------------------------------------------

ကရင်ပြည်နယ်ရှိ မွန်ရွာတချို့ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်မား
Fri 10 Jul 2009, နိုင်မွန်ဂျစ်
Independent Mon News Agency

မွန်လူမျိုးအများစုနေထိုင်သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့တာရွာတွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု များလာပြီး တရွာလုံးနီးပါး ပြန့်ပွားနေပါသည်။ တုပ်ကွေးရောဂါသည်များက ပြီးခဲ့တဲ့ ဇွန်လကနေ စဖြစ်လာ၍ ဇူလိုင်လမှာ ပိုပြီးများပြားလာပါသည်။

“ရာသီဥတုနဲ့ဆိုင်တယ်၊ ကျမတို့ရွာမှာ ဒီရောဂါဖြစ်တာ တော်တော်များ တယ်၊ ဆေးလာဝယ်တဲ့ ရွာသားတွေရော၊ ကျမနဲ့နီးစပ်သူများကို လက် လမ်းမှီသလောက် ရောဂါကာကွယ်နည်းတွေကိုတော့ ရှင်းပြ ပါတယ်လို့” ဆေးဆရာမ တစ်ဦးက ပြောသည်။

ကော့တာရွာသည် အိမ်ခြေပေါင်း ၈၀ ခန့်ရှိပြီး၊ တုပ်ကွေးရောဂါဖြစ်ပွားသူ များသဖြင့် အိမ်တိုင်းလုနီးပါ တအိမ်လျှင် တစ်ယောက် နှစ်ယောက်ဖြစ်နေ သည်ဟု ရွာသားတစ်ဦးက ဆိုပါသည်။

“အိမ်တိုင်းဖြစ်နေတယ်လို့ ပြောလို့ရတယ်၊ ကလေးရော လူကြီးရော ဖြစ် နေတယ်၊ သုံးလေးနှစ်အရွယ် ကလေးတွေ ဖြစ်တာများတယ်" ဟု အခြား ရွာသားတစ်ဦးက ပြောပါသည်။

တုပ်ကွေးရောဂါသည် အချိန်မရွေးဖြစ်နိုင်သော်လည်း မိုးဦးကာလတွင် ဖြစ်ပွားမှု ပိုများသည်။ မိုးဦးကျချိန် လေပြင်းတိုက်ခတ်မှုကြောင့် ရော ဂါပိုးပျံ့နှံ့လွယ်သည်။ ရောဂါမကူးစက်နိုင်အောင် နှာခေါင်း၊ ပါးစပ်ပိတ်ခြင်း၊ တကိုယ်ရေသန့်ရှင်းမှုရှိခြင်းဖြင့် ကာကွယ်နိုင်သည်ဟု မွန်ကျန်းမာရေးဌာန ကော်မတီဝင် တစ်ဦးဖြစ်သည့် နိုင်ဆေးမွန်က ပြောပါသည်၊၊

“တုပ်ကွေးရောဂါကိုကုတဲ့ဆေး သေသေချာချာမရှိသေးပါဘူး၊ ပါရာစီတ မောဆေးတို့လောက်ပဲ သောက်နေရတာ၊ ရေများများသောက်၊ ရောဂါ တစ်ခါပြီးရင် နောက်တစ်ခါ ထပ်မဖြစ်တော့ပါဘူး” ဟု စံခလဘူရီမှ မွန်ကျန်းမာရေးဌာနခွဲ၏ ရုံးအုပ် နိုင်ဦးချမ်းက ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ ညနေတွင် ယူနီဆက်ဖ်မှ တုပ်ကွေးရောဂါအကြောင်း ပညာပေးမည့်အပြင် ခြင်တောင်များကိုလည်း ဆေးစိမ်ပေးမည်ဟု ရွာ ဥက္ကဋ္ဌက မောင်းထုထားသဖြင့် မနက် ၉ နာရီခန့်တွင် ရွာစာသင်ကျောင်း သို့ ခြင်တောင်နှင့်တကွ ရွာသားများ သွားရောက်စုရုံးနေကြသည။်

“ယူနီဆက်ဖ်မှ တာဝန်ရှိသူတစ်ယောက်က တုပ်ကွေးရောဂါအကြောင်း ပညာပေး ရှင်းလင်းဟောပြောတယ်၊ ခြင်တောင်စိမ်ဆေးပြား ဝေပေးတယ်၊ ရွာဥက္ကဋ္ဌနဲ့ ကျောင်းဆရာ/မတွေက ထောက်ပံ့ကြေးအနေနဲ့ ဆေးတလုံး ၃၀၀ ပေးပါဆိုလို့ ရွာသားတွေ လူတိုင်းပေးကြတယ်” ဟု ကော့တာ ဒေသခံတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီကိုပြောပြသည်။

၎င်းက “သူတို့တွေက ခရီးအဝေးကြီးကနေ လာရတော့ သူ့ကို ခြင် တောင်စိမ် ဆေးတစ်လုံးကို ကျပ် ၃၀၀ နဲ့ ထောက်ပံ့ပေးကြပါ၊ ရွာဥက္ကဋ္ဌနဲ့ ကျောင်းဆရာ/မ တွေ ပြောလို့ လူတိုင်းပေးကြတယ်" ဟု ပြောပါသည်။
--------------------------------------------------------------

မွန်ပြည်နယ်တွင် မျက်နှာဖုံးအုပ် ရောဂါကူးစက်ကာကွယ်မှု အလွန်နည်းပါး
Sat 11 Jul 2009, မွန်ဂျစ်
Independent Mon News Agency

နိုင်ငံတကာ၊ ထိုင်းနိုင်ငံနှင့် ရန်ကုန်မြို့ပေါ်နေ လူအများစုတို့က အသက်ရှု လမ်းကြောင်းမှတဆင့် ဝက်တုပ်ကွေးရောဂါ ကူး စက်ပြန့်ပွားနိုင်မှုကို ကာ ကွယ်ရန် မျက်နှာဖုံးအုပ်ပြီး သွားလာနေကြသော်လည်း မွန်ပြည်နယ်မှ ပြည်သူများကမူ မျက်နှာဖုံး ဖြင့် ရောဂါကာကွယ်မှု အလွန်နည်းပါးနေ ပါသည်။

ဝက်တုပ်ကွေးရောဂါကူးစက်ပုံကို တစွမ်းတစကြားသိရသဖြင့်ု သူတို့ထိတ် လန့် ကြောက်ရွံ့ကြသော်လည်း လူအများစုကမူ မျက်နှာဖုံးသုံးပြီး သွား လခြင်းမရှိသေးပေ။

“ဝက်တုပ်ကွေး ဖြစ်နေတဲ့လူအများကြီးပဲ၊ ကြောက်သလားလို့တော့ မမေး ပါနဲ့၊ ကုသိုလ်ကိုပဲ ယုံရမှာပေါ့၊ ဘုန်းကြီးကျောင်းသွားပြီး အလှူဒါန လုပ်နေ တာတော့ မပြောနဲ့ တော့၊ ဖြစ်ရင်တော့ ဘာတတ်နိုင်မှာပဲ၊ လူတိုင်းက သေ ကြရမှာပဲ မဟုတ်လား၊ မျက်နှာဖုံးနဲ့လည်း မသွားလာရဲဘူး၊ ရှုပ်လည်းရှုပ် တယ်၊” ဟု မုဒုံမြို့မှ အမျိုးသမီး တစ် ယောက်က ပြောပါသည်။

မွန်ပြည်နယ်မှ ပြည်သူအများကမူ ဆေးရုံမှ မျက်နှာဖုံး ၃ ခုကို ကျပ် ၁၀၀ နှုန်းဖြင့် ရောင်းချပေးနေသော်လည်း မည်သူမျှ ဝယ်ယူခြင်းမရှိဟု အစိုး ရကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောပါသည်။

“မျက်နှာဖုံးတပ်တာ တစ်ယောက်မှ မတွေ့သေးဘူး။ ဂရုလည်း မစိုက်ကြ ဘူး။ ဝက်တုပ်ကွေးဖြစ်တာလည်း မရှိသေးဘူး” ဟု ၄င်းက ဆက်ပြော ပါသည်။

အစိုးရကျန်းမာရေးဌာနမှ မြို့ပေါ်တွင်သာ ဝက်တုပ်ကွေး လက္ခဏာနှင့် ရော ဂါကူးစက်မှု ကာကွယ်နည်းများကို ပညာပေးပြီး တောရွာများတွင်မူ သွား ရောက်နိုင်ခြင်း မရှိသည့်အတွက် ပညာပေးခြင်း မရှိပေ။

အစိုးရကျန်းမာရေးဝန်ထမ်းက တောရွာများတွင် သူတို့ ပညာပေး ဟော ပြောပွဲ မလုပ်နိုင်သည့်အတွက် ဇနပုဒ်ကျေးရွာနေ လူအများက ဝက်တုပ် ကွေးရောဂါအကြောင်း ဗဟုသုတ မရှိကြသေးဟု ပြောပါသည်။

နိုင်စိုး မုဒုံမြို့မှ ဆိုင်ကယ်ကုန်သည်တစ်ယောက်ကမူ “ ဝက်တုပ်ကွေး ဖြစ် တဲ့လူ ရှိရမယ်၊ ဆုံးသွားကြတဲ့လူတွေကလည်း ဝက်တုပ်ကွေး ကြောင့်ပဲလို့ ကျနော်ထင်တယ်၊ ဘာကြောင့်လဲဆိုရင် ရန်ကုန်မှာ အဲဒီရော ဂါဖြစ်တဲ့ လူ ရှိတယ်၊ နောက်ပြီးတော့ တစ်နေ့ တစ်နေ့ကို ရန်ကုန်ကို သွားလာနေ ကြတဲ့လူတွေ၊ ထိုင်းနိုင်ငံနဲ့ နိုင်ငံခြားကနေ သွားလာကြနေတဲ့လူတွေလည်း ရှိတာကိုး” ဟု သူ၏ အမြင်ကို ပြောပါသည်။

မွန်ပြည်နယ်မှ ဒေသခံတချို့ကမူ ဂြိုဟ်တုစလောင်းကနေ ထိုင်းတီဗွီလိုင်းမှ တဆင့် ဝက်တုပ်ကွေးရောဂါကို သိရသဖြင့် ကြောက်နေကြသော်လည်ုး ဘယ်လိုကာကွယ်ရမည်ကို လာရောက်ပညာပေးခြင်းမရှိသည့်အတွက် ရောဂါကူးစက် မှုကာကွယ်နည်းကို မသိသေးဟု မွန်ပြည်နယ်၊ ကျိုက်မ ရောမြို့နယ်၊ ကော့ပလိုင်ရွာ ဒေသခံ တစ်ယောက်က ပြောပါသည်။
--------------------------------------------------------------

စစ်ကား တိမ်းမှောက်၍ စစ်သား ၂ ဦးသေ ၄ ဦး ဒဏ်ရာရ
7/11/2009
မင်းအောင်(နိရဉ္စရာ)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်ကား တစီး တိမ်းမှောက် သွားသဖြင့် စစ်သား နှစ်ဦး ပွဲချင်းပီး သေဆုံး၍ ၄ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

မင်းပြားမြို့ ဆေးရုံမှ တာဝန်ရှိသူ တဦးက အဆိုပါ သေဆုံးမူကို အတည်ပြု ပြောကြားပြီး မင်းပြားမြို့နယ်ရှိ တိုင်းဗဟိုလေ့ကျင့် ရေးကျောင်းသို့ စစ်သားများ တင်ဆောင်၍ မောင်နှင်းနေစဉ် ကားတိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ပြောသည်။

“ကားက စစ်တွေကနေ မင်းပြားမြို့နယ် တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းသို့အသွားမှာ ကမ်းနီကျေးရွာ အနီးမှာ လမ်းလျော်ပြီးတိမ်းမှောက် သွားတာ ဖြစ်ပါတယ်။ ညနေ ၇ နာရီ ခန့်မှာ ဖြစ်တာပါ။ လူနာတွေက ဆေးရုံကို ရောက်တာ ညနေ ၉ နာရီမှာ ရောက်ရှိလာပါတယ်။”

သေဆုံးသွားသူ စစ်သား နှစ်ဦးမှာ စစ်တွေ အခြေစိုက် ခမရ ၃၄၄ မှ ဒုတပ်ကြပ် အောင်အောင်နှင့် တပ်သား ကျော်လွင်ဦးတို့ ဖြစ်သည်။

“ဒဏ်ရာ ရသွားသူတွေ အထဲက တပ်သား မျိုးမင်းဝင်းနဲ့ ဇော်ဝင်းသန်းက ဒဏ်ရာ ပြင်းထန်ပါတယ်။ မျိုးမင်းဝင်းမှာ ဘယ်ခြေထောက်နဲ့ နံရိုးကျိုးသွားပြီး ဇော်ဝင်းသန်းက ညာဘက် လက်နှင့် ဘယ်ဘက်ပေါင်တွင် ဒဏ်ရာရရှိသွားပါတယ်။ စိုးရိမ်ရတဲ့ အနေထားမှာ ရှိပါတယ်။ တပ်သား ခင်မောင်သန်းနဲ့ အောင်အောင်ထွန်း တို့နှစ်ဦးလည်း ဒဏ်ရာ အနည်းငယ်စီ ရရှိသွားပါတယ်။ ခုသူတို့ထဲက ဒဏ်ရာပြင်းထန်သူ နှစ်ဦးကိုတော့ စစ်တွေကို ယူသွားပြီး ကျန်နှစ်ဦးကတော့ မင်းပြား ဆေးရုံမှာဘဲ ရှိနေပါသေးတယ်။” ဟု သူက ပြောသည်။

ယခုတိမ်းမှောက်သွားသည့်ကားမှာ စစ်ကားအမှတ် (ဗ- ၁၇၈၉) ဖြစ်ပြီး ယခုအခါ မင်းပြား ရဲစခန်းရှေ့တွင် ရပ်ထားသည်ဟု မျက်မြင် တဦးက ပြောသည်။

ဒဏ်ရာရရှိသွားသည့် စစ်သားများကို ယမန်နေ့က တိုင်းဗဟို လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး စိုးထွေးနှင့် စစ်အရာရှိများ လာရောက် ကြည့်ရှုခဲ့သည်ဟု သိရ သည်။ စစ်တွေ - ရန်ကုန် ကားလမ်းမတွင် ယခုနှစ်အတွင်း ကားတိမ်းမှောက်မူ (၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ဧပြီလ ၂ ရက်နေ့က အမ်းမြို့နယ်တွင် တိမ်းမှောက်ခဲ့မူတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ ဘုရားဖူးလာသူ လူပေါင်း ၂၀ ကျော်သေဆုံးခဲ့သည်။ မေလ ၃ ရက်နေ့က မန္တလေးမှ စစ်တွေသို့ မောင်နှင်လာသည့် ရွှေပြည်ရခိုင်ကား တိမ်းမှောက်မူတွင် ခရီးသည် ၅ ဦးသေဆုံးခဲ့သည်။

--------------------------------------------------------------

မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ စာရင်းအင်းများကို လေ့လာ သုံးသပ်ခြင်း
Mizzima ဆောင်းပါး
ဒဲရက်တုံကင်
စနေနေ့၊ ဂျူလိုင်လ 11 ရက် 2009 ခုနှစ် 21 နာရီ 46 မိနစ်

မဇ္ဈိမသတင်းတွင် ဇူလိုင်လ ၆ ရက်နေ့က ဆော်လမွန် ရေးသားခဲ့သော ဆောင်းပါးတွင် မြန်မာနိုင်ငံရှိ နောက်ဆုံး ရင်းနှီး မြှုပ်နှံမှု ကိန်းဂဏန်းများကို အဓိက အသားပေး ရေးသား ဖော်ပြခဲ့ပါသည်။ ဤကိန်းဂဏန်းများကို ရင်းနှီး မြှုပ်နှံမှု ဒါရိုက်တာဟောင်း တဦး၏ အမြင်ဖြင့် အနက်ကောက် ရေးသားတင်ပြပါမည်။

ဤကိန်းဂဏန်းများကို ၁၉၈၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ - FIL အရ ဖွဲ့စည်းတည်ထောင်ခဲ့သော မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် - MIC က ခွင့်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများမှ ရယူထားခြင်း ဖြစ်ပါသည်။ သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အဆိုပါ 1988 FIL ဥပဒေအရသာ မြှုပ်နှံရမည်ဟု မဆိုလိုပါ၊ တာဝန် မရှိပါ။ အမေရိကန်ဒေါ်လာ ၂ သိန်း ၅ သောင်းမှ တသန်းအထိ (အသေးစားနှင့် အလတ်စား စီးပွါးရေး လုပ်ငန်းများ-SME) တွင် မြှုပ်နှံကြသူများသည် FIL ပြင်ပမှပင် တရားဝင် လုပ်ကိုင်ခွင့်ရှိကြပါသည်။

MIC ၏ လိုင်စင်ခွင့်ပြုမှုဖြင့် လုပ်ကိုင်သော လုပ်ငန်းများအတွက် အကျိုးအမြတ်များမှာ FIL က ပေးအပ် ထားသော မက်လုံးနှင့် အာမခံချက်များ ရရှိခြင်းသာ ဖြစ်ပါသည်။ သို့သော် SME များတွင် မြှုပ်နှံလုပ်ကိုင်ကြသော ရင်းနှီးမြှုပ်နှံသူများကမူ ဤသို့ MIC ၏ လိုင်စင်ကို ရရှိရန်လုပ်ကိုင်ရသည်မှာ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးပြီး အချိန် ကြာသည်ဟု သဘောရကြသည်။ ထို့ကြောင့် FIL ၏ပြင်ပမှပင် ရင်းနှီးမြှုပ်နှံမှု ကန်ထရိုက်များ ချုပ်ဆို လုပ်ကိုင်နိုင်သည်ဆိုလျှင်ပင် တင်းတိမ်ကျေနပ်နိုင်ကြသည်။

ဤသို့ပြုလုပ်သူအများစုမှာ ထိုင်းနှင့် တရုတ်လူမျိုး စွန့်ဦးတီထွင် လုပ်ငန်းရှင်များဖြစ်ကြသည်။ သို့သော် မြန်မာ နိုင်ငံတွင် အဆက်အသွယ်ကောင်းများရှိ၍ အနေကြာသူ ဥရောပတိုက်သား ရင်းနှီးမြှုပ်နှံသူများကလည်း ဤအတိုင်းပင် စဉ်းစားလုပ်ကိုင်ကြသည်။ ဤအခြေအနေသည် မြန်မာနိုင်ငံတနိုင်ငံထဲတွင်သာ ဖြစ်ပျက်နေသည် မဟုတ်ပါ။ အရှေ့တောင်အာရှတခွင်လုံးနှင့် အခြားဒေသများတွင်ပါ ဖြစ်ပျက်နေခြင်းဖြစ်ပါသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိသော မက်လုံးများမှာ ရင်းနှီးမြှုပ်နှံသူ အကြီးစားများအတွက်သာ ဆွဲ ဆောင်မှု ရှိသည်။ အသေးစားများအတွက်မူ သိပ်ဆွဲဆောင်မှုမရှိလှ၊ ထိုသူတို့ကလည်း လုပ်ငန်းချဲ့ထွင်ခြင်းနှင့် အမြတ် အစွန်း ဆိုသည်မှာ ကုန်သွယ်မှုလုပ်ငန်းကသာ ရနိုင်သည်ဆိုသည်ကို သိသည်၊ သူတို့အတွက် အလုပ် စနိုင် ဘို့သာ အရေးကြီးသည်၊ မြန်မြန်စနိုင်လေ ကောင်းလေဆိုသည်ကို သဘောပေါက်သည်။ ထို့ကြောင့် MIC ၏ ခွင့်ပြုချက်ဖြင့် FIL ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံရှိသည်ဆိုသည့် ကိန်း ဂဏန်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှု အခြေအနေတခုလုံးကို ထင်ဟပ်သည့် ပုံကားချပ် မဟုတ်ပါ။ FIL ပြင်ပမှ ရင်းနှီး မြှုပ်နှံမှုသည် ဤကိန်းဂဏန်းပမာဏထက် များမည်ဆိုလျှင်လည်း ကျနော် အံ့သြမည်မဟုတ်ပါ။ သို့သော် ဤ ကိန်းဂဏန်းကို ခန့်မှန်းပြောကြားရန်မူ ကျနော် ဝန်လေးပါသည်။ ရှင်းရှင်းပြောရလျှင် သိလည်းမသိပါ။

နောက်ထပ် အရေးကြီးသည့် အချက်တခုမှာ အဆိုပါ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံဆိုသည့် ကိန်းဂဏန်းမှာ ခွင့်ပြုပြီး ကိန်းဂဏန်းမျှသာ ဖြစ်သည်။ MIC တွင် စာရင်းသွင်း ကန်ထရိုက် ခွင့်ပြုချက်ရယူထားသည့် ရင်းနှီး မြှုပ်နှံမှု ပမာဏသာ ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ် လာရောက်ရင်းနှီးမြှုပ်နှံသည့် ပမာဏ နှင့် အပြည့်အဝ ရင်းနှီးမြှုပ်နှံထားပြီးသည့် ပမာဏမှာ ထိုမျှလောက် မများပါ။ ၁၉၉ဝ စုနှစ်များအတွင်း ရှိခဲ့သော ရေနံ၊ ဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် အနောက်နိုင်ငံများက အမှန်တကယ် ရင်းနှီး မြှုပ်နှံ ခဲ့သော ပမာဏသည် အနည်းဆုံး အဆိုပါ ခွင့်ပြုသဘောတူညီချက် ရပြီးပမာဏ၏ ၈ဝ % ရှိပြီး၊ အာရှ နိုင်ငံ များ၏ အဆိုပါ အမှန်မြှုပ်နှံမှုပမာဏမှာမူ ပိုနည်းပြီး ၆ဝ % ခန့်အထိသာ ရှိပါသည်။

မည်သည့်ကိစ္စတွင်မဆို အဆိုပါ ခွင့်ပြုသဘောတူချက်ရပြီး ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ မကြာခဏ အဆင့် ၂ ဆင့်ရှိလေ့ရှိပြီး၊ ပထမအဆင့်တွင်သာ အပြည့်အဝ ရင်းနှီးမြှုပ်နှံကြ၍ ဒုတိယအဆင့်မှာမူ ဘဏ္ဍာရေးအခြေအနေ၊ ဈေးကွက်အခြေအနေတို့ပေါ် မူတည်၍ နှောင့်နှေးကြန့်ကြာတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ အဆိုပါ ခွင့်ပြု သဘောတူညီချက်ရပြီး စုစုပေါင်းငွေ ပမာဏမှာမူ ယခင်အတိုင်း မပြောင်းမလဲ ဖြစ်နေလေ့ရှိပါသည်။ အစ ကနဦးတွင် ထိုသို့ အဆင့်အားလုံးအတွက် သဘောတူညီချက်ရထားမှသာ ပထမလိုင်စင်တွင် ဒုတိယ အဆင့် အတွက် အကျုံးမဝင်ဘဲ MIC ထံမှ နောက်ပိုင်းတွင် သီးသန့်လိုင်စင်တခု ထပ်မံတောင်းခံ၊ သဘောတူညီချက် ရယူ ရဦးမည့် ဒုက္ခမှ ကင်းဝေးမည်ဖြစ်သည်။ ထို့ပြင် ဤသို့သဘောတူညီချက် ရထားပြီးသည့်တိုင် အဆိုပါ ရင်းနှီး မြှုပ်နှံမှုများသည် ဆိုင်းငံ့ထားခြင်းသော်၎င်း၊ စွန့်ပယ်ပစ်လိုက်ခြင်းသော်၎င်း ခံရနိုင်ပါသေးသည်။

သိသာသော အခက်အခဲတရပ်မှာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ် ခံစားခွင့်ရှိသူ မည်သည့်နိုင်ငံသား ဆိုသည်ကို စိစစ်သိရှိနိုင်ရန်ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော ကုမ္ပဏီတခု မည်သည့် နိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသလဲဆိုသည်မှာ နာမည်ကြီး ထင်ရှားသော နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတခု မဟုတ်လျှင် အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ခံစားခွင့်ရှိသူ၏ နိုင်ငံသားကို သိရှိနိုင်သည့်အချက် မဟုတ်ပါ။ အရှေ့တောင် အာရှမှ မည်သည့်နိုင်ငံတွင်မဆို ပြုလုပ်သည့် ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွင် အများက နှစ်သက် လက်ခံထားသောပုံစံမှာ ကိစ္စရပ်တခုတည်းအတွက် ကမ်းလွန်ဒေသတွင် သီးသန့် ဖွဲ့စည်း တည်ထောင် ထားသော ကုမ္ပဏီပုံစံဖြစ်ပါသည်။

အဆိုပါ ကမ်းလွန်ဒေသမှာ စီရင်ပိုင်ခွင့် နယ်မြေအမျိုးမျိုးတွင် ဖြစ်နိုင်ပါသည်။ ဥပမာ British Virgin Islands (BVI), Luxembourg, Labuan, Delaware, Netherlands Antilles or Gibralta လိုနေရာမျိုး ဖြစ်ပါသည်။ ထိုနေရာများထဲတွင် BVI သည် အထူးရေပန်းစားသည်။ ထိုနေရာမှာ ဗြိတိသျှ ပင်လယ်ရပ်ခြားနယ်မြေ ဖြစ်သော်လည်း ဤနေရာတွင် ကုမ္ပဏီတည်ထောင်ဖွဲ့စည်း၍ မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ထားကြသော ကုမ္ပဏီများသည် ဗြိတိန် ပင်မကုန်းမြေပေါ်တွင် အကျိုးခံစားခွင့် ရှိကြသူများ မဟုတ်ပါ။ ယင်းတို့သည် ဟောင်ကောင်၊ စင်္ကာပူ၊ တရုတ်၊ မလေးရှား၊ ရုရှ၊ ကနေဒါတို့ ကဲ့သို့သော ကျယ်ပြန့်များပြား လှသည့် နိုင်ငံများမှ နိုင်ငံသားများသာ ဖြစ်ကြပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ် ခံစားခွင့် ရှိကြသူ များသာ ဖြစ်ပါသည်။

သို့သော် MIC တွင် စာရင်းသွင်း မှတ်ပုံတင်သည့်အခါတွင်မူ အဆိုပါ BVI ကုမ္ပဏီများသည် ဗြိတိန် နိုင်ငံမှ ကုမ္ပဏီများအဖြစ်သာ စာရင်းသွင်း မှတ်ပုံတင်ကြသည်။ အကြောင်းမှာ BVI သည် ဗြိတိန်နိုင်ငံ၏ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ အရေးပါသည့် အချက်တရပ်မှာ ၁၉၉ဝ စုနှစ်များအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် အဓိက မြှုပ်နှံလုပ်ကိုင်ခဲ့ကြသည့် ဗြိတိန် ကုမ္ပဏီများသည် ယခုအခါ ဗြိတိန်နိုင်ငံသားမဟုတ်သည့် အကျိုးအမြတ် ခံစားခွင့်ရှိသူ ပိုင်ရှင်သစ်များထံ အားလုံး ရောင်းချခဲ့ပြီးဖြစ်သည် ဆိုသည့်အချက် ဖြစ်ပါသည်။

ဤသို့ BVI တွင် ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုသည် စီးပွါးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် BVI မှတဆင့် ဆောင်ရွက်လုပ်ကိုင်သည်မှာ ခပ်ရှားရှားပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်လုပ်ကိုင်နေသော ဘဏ္ဍာရေးဆောင်ရွက်မှုများ၊ အမြတ်ဝေစုခွဲဝေမှုများ အားလုံးကို BVI ပြင်ပတွင်သာ ဆောင်ရွက်လုပ်ကိုင်ကြခြင်းဖြစ်သည်။ အဆိုပါ ကမ်းလွန်ကုမ္ပဏီများသည် အကျိုးအမြတ် ခံစားခွင့်ရှိသူ ပိုင်ရှင်များအတွက် ဤသို့ BVI တွင် သူတို့၏ အစုရှယ်ယာပိုင်ဆိုင်မှုများကို ထားရှိခြင်းဖြင့် အခွန်ပေးဆောင်ရမှု အသာစီးရခြင်း၊ အစုရှယ်ယာဖွဲ့စည်းမှုပုံစံကို စီမံခန့်ခွဲရာတွင် ပျော့ပြောင်းမှုရှိခြင်းတို့တွင် များစွာအကျိုးရှိလှသည်။

ထို့ကြောင့် မလေးရှားကုမ္ပဏီတခုသည် BVI တွင် ဖွဲ့စည်းတည်ထောင်ထားပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ထားခြင်း ဖြင့် သူတို့၏ အစုရှယ်ယာများကို စင်္ကာပူကုမ္ပဏီတခုသို့ အလွယ်တကူ ရောင်းချနိုင်သည်။ သူတို့ အတွက် MIC နှင့် နောက်ထပ် မူရင်းလိုင်စင်စာချုပ်ကို နောက်တကြိမ် ထပ်မံဆွေးနွေးညှိနှိုင်းနေရန်မလို။ (ဗြိတိန် ရှိ ဗြိတိသျှ အမေရိကန် ဆေးရွက်ကြီးကုမ္ပဏီက ပိုင်ဆိုင်သည့်) Rothmans of Pall Mall Singapore ကို မြန်မာ နိုင်ငံမှ ထွက်ခွာရုပ်သိမ်းသွားရန် ၂ဝဝ၃ ခုနှစ်တွင် ဝိုင်းဝန်းဖျောင်းဖျကြသည့်အခါ ယင်းတို့၏ စင်္ကာပူ ဖက်စပ် ကုမ္ပဏီ Singapore Joint Venture Company တွင် ရှိသော သူတို့၏ အစုရှယ်ယာများကို စင်္ကာပူ မိခင်ကုမ္ပဏီဖြစ်သည့် Distinction Investment Holdings သို့ လက်လွှဲရောင်းချလိုက်ရုံပင် ဖြစ်သည်။

ဤသို့ဖြင့် မြန်မာ့စီးပွါးရေး ဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ကိုင်နေသော Rothmans of Pall Mall Myanmar မှာ နဂိုအတိုင်း ဆက်လက်တည်ရှိနေပြီး လန်ဒန်နှင့် State Express 555 စီးကရက် ထုတ်လုပ်ခွင့်လိုင်စင်မှာလည်း ဆက်လက်တည်ရှိနေကာ ဆက်လက်ထုတ်လုပ်နေမြဲဖြစ်သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၏ ဝင်ငွေအရင်းအမြစ်ကို တင်ပြရာတွင် အရှေ့တောင်အာရှ နိုင်ငံများသည် ရွေးချယ်စရာ အနည်းငယ်သာ ရှိသည်။ သို့သော် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ မည်သည့်နေရာတွင် ရှိသည်ဆိုသည့် အချက်ကိုမူ ဖော်ပြရသည်။ ကန်ထရိုက်စာချုပ်လက်မှတ် ရေးထိုးအပြီး အချိန်အနည်းငယ် အတွင်းမှာပင် ယင်းကုမ္ပဏီတို့၏ အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်များမှာ ပြောင်းလဲသွားနိုင်သည်။ မြှင့်တင်ရေး လုပ်ငန်းလုပ်ကိုင်သူ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ (promotional entrepreneurs) က အမြတ်အစွန်းရလျှင် အမြန်ဆုံး ရောင်းချပစ်နိုင်ရန် ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြခြင်းဖြစ်သည်။

သူတို့သည် ဈေးကွက်ကို၎င်း၊ သူတို့ လုပ်ကိုင်မည့် ကဏ္ဍတွင်၎င်း ကျွမ်းကျင်ပိုင်နိုင်မှု ရှိကြသူများ ဖြစ်သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများက သူတို့ကိုအမြတ်ပေး၍ လိုင်စင်အပြည့်အဝ ရရှိပြီးဖြစ်သော သေချာစွာ ဖွဲ့စည်းတည်ဆောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုတွင် ဝင်ရောက်မြှုပ်နှံကြရခြင်း ဖြစ်သည်။

ထို့ကြောင့် ဗြိတိန်နှင့် ယင်း၏ ကိုလိုနီနိုင်ငံများက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံ ရင်းနှီး မြှုပ်နှံထားသည်ဟု ရေးသားထားသည်ကို သင် ဖတ်ရလျှင် ကျနော် ဖြည့်စွက်ပြောဆိုလိုသည်မှာ ဤ ရင်းနှီးမြှုပ်နှံမှု များမှ အကျိုးခံစားခွင့်ရှိသူ ဗြိတိန်နိုင်ငံသား၏ ပိုင်ဆိုင်မှုသည် ကျနော့်ခန့်မှန်းချက်အရ အဆိုပါ စုစုပေါင်း ပမာဏ၏ ၁ % ထက်ပင် လျော့နည်းပါသည်။ ဗြိတိန်အစိုးရက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည်ကို အားမပေးပါ။ သို့သော် BVI တွင် ဖွဲ့စည်းတည်ထောင်၍ ဘဏ္ဍာရေး ဆောင်ရွက်မှုများကို ရယူအသုံးချနေကြသည့် ဟောင်ကောင်၊ စင်္ကာပူ၊ တရုတ်၊ မလေးရှား၊ ရုရှနှင့် ကနေဒါနိုင်ငံတို့မှ ကုမ္ပဏီများကို ထိပ်တိုက် ရင်ဆိုင်ရန် BVI အစိုးရကို ဖိအားပေးရန်အတွက်မူ ဗြိတိန်အစိုးရက သာ၍ပင် ဝန်လေးပါသည်။ အကြောင်းမှာ ယင်းသည် ဤကျွန်းနိုင်ငံ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး - GDP ၏ အဓိက ဝင်ငွေ လမ်းကြောင်း ဖြစ်နေခြင်းကြောင့်ဖြစ်သည်။

(ဒဲရက်တုံကင်သည် ၁၉၉၄ မှ ၂ဝဝဝ ခုနှစ်အထိ Beta Mekong Fund Limited ၏ ဥက္ကဋ္ဌ လုပ်ခဲ့သူ ဖြစ်သည်။)