Wednesday, July 15, 2009

အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အကျဉ်း

(၅၉) နှစ်မြောက် အာဇာနည်နေ့ကို အောက်မေ့ သတိရ ဂုဏ်ပြုသော အားဖြင့် အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို စုဆောင်း လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။ အခု ၂၀ဝ၈ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ဟာ (၆၁) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ကာ နအဖ စစ်အုပ်စုက ပြည်သူ အာဇာနည်တွေကို စတင်ပြီး စည်းခြားလိုက်တဲ့ နေ့တနေလည်း ဖြစ်လာပါပြီ။ ကျနော်တို့ဟာ နအဖ လမ်းစဉ်ကို ခေါင်းငုံ ကျွန်ခံရင်း သက်သက်သာသာပဲ နေလိုက် ကြတော့မလား၊ ဒါမဟုတ် အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ လမ်းစဉ်အတိုင်း သေသေကြေကြေ ချီတက်ကြမလား ဆိုတာကို ဆုံးဖြတ် ရပါတော့မယ်။ "သွေးမြေ မကျရေး ဆိုတာ ကျွန်လမ်းစဉ်သာ ဖြစ်ကြောင်း" ကျနော်တို့ရဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေက သူတို့ အသက် သွေးတွေနဲ့ ရေးပြ သွားခဲ့ကြ ပြီးပါပြီ …

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁၀ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။


ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု၊ သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တင်မြှောက်ခြင်း ခံရသည်။


သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လ အတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇဝတ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄၀ ဩဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ်များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များနှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။


ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု၊ စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ ဩဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။


သခင် မြ (၁၈၉၇ - ၁၉၄၇)

သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ကသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။


၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော 'ကိုယ်မင်း ကိုယ်ချင်း အဖွဲ့' ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင် အမတ် တဦးလည်း ဖြစ်သည်။


ပြည်သူ့ အရေးတော်ပုံ ပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ် အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသော အခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။
▪ - ¤ - ▪

ဦးဘချို (၁၈၉၃ - ၁၉၄၇)

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ် တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁၀ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှု ထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရ ဝန်ထမ်းမှ ထွက်ပြီး အမျိုးသား ကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် 'မြန်မာ့ ရီဗျူးဂျာနယ်' ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် 'ဒီးဒုတ် ဂျာနယ်' ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။


ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိ စာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ ကဗျာ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် 'ဂီတဝိသော ဓနိ' ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။


၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။


ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္ဈလေး စက်စလီ ယောကျာ်း ကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူး တို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။


၁၉၂၁ ခုတွင် မန္ဈလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ် ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ် ဆရာကြီး အဖြစ် ထမ်းရွက် ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာ သင်ပေး ရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ မြန်မာ - မွတ်စလင် အသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။


မန်းဘခိုင် (၁၉၀၃ - ၁၉၄၇)

ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတ မြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင် ဘာသာ သင်ကျောင်း တကျောင်းကို ဦးစီး ဖွင့်လှစ် ခဲ့သူ တဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး တွင်လည်း ပါဝင် ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟို အမှုဆောင် လူကြီး တဦး ဖြစ်လာသည်။ ကရင် လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှု လက်မှုနှင့် အလုပ်သမား ဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ ခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။


မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉၀၇ - ၁၉၄၇)

မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။


ဦးဘဝင်း (၁၉၀၁ - ၁၉၄၇)


နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။


ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)


ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။


ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

မန္ဈလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။

ကိုးကား

(၁) စစ်ပြန်မဂ္ဂဇင်း။ ၁၉၈၀ ပြည့်နှစ်၊ ဇူလိုင်လ၊ အမှတ် (၂၂) မှ မှူးသက်ရှည်၏ "ဇူလိုင် ၁၉ နှင့် သူတို့ ၉ ဦး" (သမိုင်းတကွေ့ မှတ်တမ်း)။
(၂) ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် - မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
(၃) ၁၉၆၀ ခုနှစ်ထုတ်၊ သမဂ္ဂ အိုးဝေ နှစ်လည် စာစောင်။

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

တိမ်ဖုံးသော လပမာ

၁၉၅၁ ခု၊ နိုဝင်ဘာလမှာ ရဲဘော်စာအုပ်တိုက်မှ ပုံနှိပ် ဖြန့်ချိခဲ့တဲ့ အလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း တည်းဖြတ်၍ ဗိုလ်ချုပ်အောင်ဆန်း၊ စာရေးဆရာ၊ ရဲဘော်သခင်နှင့် ကျောင်းနေဘက်များ စုပေါင်း ရေးသားတဲ့ 'ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ' စာအုပ်၊ အခဏ်း (၂၅) (အခန်း ၂၅) မှနေ ဦးအုန်းမြင့် (သခင်အုန်းမြင့်) ရေးသားတဲ့ "တိမ်ဖုံးသော လပမာ" ရုပ်ပုံလွှာ ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ [ဤဆောင်းပါးရှင် ဦးအုန်းမြင့်မှာ ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်း၏ အရင်းနှီးဆုံး မိတ်ဆွေ တဦးဖြစ်သည်။ ဦးအုန်းမြင့်နှင့် သခင်တင်ဦးတို့မှာ သခင် ဘဝကပင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြောမနာ ဆိုမနာ မိတ်ဆွေရင်းများ ဖြစ်ကြသည်။ ဦးဆောင်ဆန်း မကွယ်လွန်မီကလေးက ကျင်းပခဲ့သော သတင်းစာ ဆရာများ အစည်းအဝေးတွင် ဦးအောင်ဆန်းက "ကျုပ်အကြောင်း သူတို့ နှစ်ယာက်သာ ကောင်းကောင်းသိတယ်" ဟု ပြောဆိုခဲ့ဖူးသည်။ ယခု ဆောင်းပါးသည် ဤဦးအုန်းမြင့်၏ ဆောင်းပါးပင် ဖြစ်ဖြစ်ပြီး မူလပထမ ဂျာနယ်ကျော်မှာ "သူ့အကြောင်း ကျနော် မှတ်မိ သိရှိရသမျှ" ခေါင်းစဉ်နဲ့ ရေးသားခဲ့တာလို့ သိရသည်။ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ လက်ထပ်စဉ် အခါက မှတ်တမ်း ဓာတ်ပုံများ (အထက်) နှင့် ဗိုလ်ချုပ်အား သူ၏ မိသားစုဝင်များနှင့် အတူ တွေ့ရစဉ် အခါက မှတ်တမ်း ဓာတ်ပုံများ (အောက်)။

တိမ်ဖုံးသော လပမာ

ဗိုလ်ချုပ် ကွယ်လွန်ပြီဟု ပြောသံကြားလိုက်ရသည်နှင့် တပြိုင်နက် ကျနော်၏ အနီးတွင် ကပ်၍ ဗုန်းကျပြီး ပြင်းထန်စွာ မြည်ဟီး ပေါက်ကွဲကာ မီးခိုးလုံးတွေ ပိတ်ဖုံး မှောင်မဲ သွားသကဲ့သို့ ထင်မှတ် လိုက်မိတော့သည်။ လျှပ်တပျက်ခန့် လုံးလုံးသတိလစ်ခါ လဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြေးဖြေးပင် တရေးရေး ထင်မြင် ပေါ်ပေါက်လာသည်မှာကား ယခင် နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့် အတူ နေထိုင် လုပ်ကိုင် စားသောက် သွားလာ ပြောဆိုရပုံများပင် ဖြစ်ပေသည်။ သို့စိတ်ထဲတွင် ထင်ယောင်မြင်ယောင် ပေါ်ပေါက် လာသော်လည်း သာယာသော နေ့လည် နေ့ခင်းတွင် မြင်ရတွေ့ရသော အခြားအရာမျိုးကဲ့သို့ မဟုတ်ဘဲ တိမ်ဖုံးသော လရောင်အောက်တွင် မြူတွေ အုံ့ဆိုင်းနေသည့် ကြားမှ မြင်ရသော အရိပ်အရောင် ကဲ့သို့ပင် ဖြစ်ပေသည်။

သခင်အောင်ဆန်း

တက္ကသိုလ် ကျောင်းတော်သားပင် ဖြစ်သော်လည်း ကော့စမစ်တစ် ဟဲရားကရင်တို့နှင့် ဝေးစွ၊ အုန်းဆီပင် ထိတွေ့ဖူးဟန် မတူသော စုတ်ဖွားဖွား ဆံပင်၊ ကြာပေ့ ဆိုသော ကော်လာ မပါသည့် ပင်နီရောင်မွဲ ရှပ်လက်တို၊ အရောင်မပြောင်းသော ကြေးနီဘိနပ်နှင့် သခင်ပေါက်စ ကိုအောင်ဆန်းကို ပြန်၍ မြင်ယောင်မိသည်။ မျက်နှာထားမှာမူ ရှူသိုးသိုးပင်၊ တက္ကသိုလ် ကျောင်းသား ဆို၍ ယုံနိုင်စရာ အလျဉ်း မရှိသည့် သခင်အောင်ဆန်းကို တက္ကသိုလ် ပဲခူး ကျောင်းဆောင်တွင် စ၍ တွေ့ရပေသည်။

သူကဒီလို

ထိုအချိန်မှ စ၍ သခင်အောင်ဆန်းနှင့် မကြာခဏ တွေ့ရသည်။ တို့ဗမာ အစည်းအရုံးသို့ မကြာမကြာ ပေါက်၍ ပေါက်၍ လာတတ်သည်။ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကျနော်တို့ ၃ ဦး နေသော အိမ်သို့လည်း လှည့်၍ လှည့်၍ လာတတ်လေသည်။ သူနှင့် တနေ့တခြား ပို၍ ရင်းနှီးလာလေလေ သူ့အား ကြည်ညိုလာလေလေ ဖြစ်တော့သည်မှာ တခြားမဟုတ်။

ကျနော်တို့နှင့် တွေ့ဆုံတိုင်း တခြားစကားကို မပြော၊ လွတ်လပ်ရေး အကြောင်းကိုသာ ပြောသည်။ အချိန် နာရီ ရှိသမျှ လွတ်လပ်ရေး အတွက် အမြဲတမ်း အလုပ်လုပ်ဖို့ စိတ်စောနေသည်။ သူ့မှာ လွတ်လပ်ရေး အတွက် စိတ်စောလွန်း အားကြီး၍သာ အခြားသူများက ခေါ်လျှင် ကြားချင်မှ ကြားသည်။ သူများပြောလျှင် ဂရုတစိုက် နားထောင်ချင်မှ ထောင်သည်။ သူ့ဘာသာသူ စဉ်းစား နေသည်သာ ဖြစ်သည်။ ထို့ကြောင့်ပင် မိတ်ဆွေရင်းများကပင် သူ့အား ဟန်ကြီးပန်ကြီး လုပ်သည်။ သွေးကြီးသည်၊ ဂွကျသည်၊ အူကြောင်ကြောင် နိုင်သည်။ ဦးနှောက် ကျဉ်းနေသည်ဟု အမျိုးမျိုး အထင်မှား အမြင်မှား ဖြစ်ကြသည်။ သူ့အကြောင်းနှင့် စပ်လျဉ်း၍ အဖြစ်အပျက်ကလေးကို ပြန်၍ မြင်ယောင်လျှက် ရှိနေသည်။ တနေ့သော် သခင်ဗို (ဂျပန် တော်လှန်ရေး အတွက် အိန္ဒိယပြည်မှ မြန်မာပြည်သို့ လေယာဉ်ပျံနှင့် အလာ လေယာဉ်ပျံ ပျက်ကျ၍ သေဆုံး သွားရရှာသူ) သည် ကျနော်နှင့် သခင်သန်းထွန်းတို့ဆီသို့ ဒေါကြီးမောကြီးနှင့် ရောက်လာသည်။ "ဟေ့ - ကိုဗို ဘာဖြစ်လာတာလဲဗျ" ဟု ဆီး၍ မေးကြရာ၊ "သခင်အောင်ဆန်းပေါ့၊ ကျနော် သူ့ကို ကွန်တီနင်တယ်ဒေါင့်မှာ ယောင်ချာချာနဲ့ တွေ့တယ်" တွေ့လို့ "ဟေ့ - သခင်ဆောင်ဆန်း ဘယ်လဲ ဘိုင်စကုတ် ကြည့်လို့လား၊ ကျနော်နဲ့ အတူတူကြည့်မယ်" လို့ နှုတ်ဆက်တယ်၊ သူက ခပ်တည်တည် လူကိုကြည့်ပြီး ချာကနဲ လှည့်ထွက်သွားတယ်။ လူတွေ အများကြီးထဲမှာ သိပ်ရှက်စရာ ကောင်းတာပဲဟု ရှူးရှူးရှားရှား ဖြစ်နေသဖြင့် "ကိုဗိုကလဲဗျာ၊ သူ့အကြောင်း အသိသားနဲ့ပဲ" ဟု ဝိုင်းဝန်း ဖြောင့်ဖျလိုက်ရသည်။ နောက်တနေ့ မနက် သူကိုယ်တိုင် ပေါက်လာသည်နှင့် တပြိုင်နက်၊ "ဟေ့ သခင်အောင်ဆန်း ခင်ဗျား မနေ့က ကိုဗိုကို အူကြောင်ကြောင် လုပ်လွှတ်လိုက်လို့ ကိုဗို ဒေါပွနေတယ်" ဟု ပြောရာ သခင်အောင်ဆန်းမှာ ကျနော် ပြောသည်ကို အရှင်းနားမလည်၊ "ဘာလဲကွ" ဟု ဆိုနေပြန်၍ အကျိုးအကြောင်း ပြောပြမှ "ငါ သူနဲ့ မတွေ့ပါဘူး" ဟု ပြန်၍ ဖြေလေသည်။

တို့ဗမာ အစည်းအရုံး၌

တက္ကသိုလ်ကျောင်းတွင် အေးအေးလူလူ စာသင်နေရာမှ လွတ်လပ်ရေး စိတ်စောမှုဖြင့် အငတ်ငတ် အပြတ်ပြတ် နေရသော သခင်ဘဝသို့ လုံးလုံးလျားလျား ရောက်လာလေပြီ။ တို့ဗမာ အစည်းအရုံး အမြဲတမ်း အလုပ်သမား အတွင်းရေးမှူး အလုပ်ကို လက်ခံပြီး တို့ဗမာ အစည်းအရုံးသို့ ပြောင်းရွှေ့ လာလေသည်။ ချွေးနံ့ တသင်းသင်း ထွက်နေသော လွှာချင်းစောင်တထည်၊ ချေးညှော်လှိုင်၍ မာသောနေရာ မာ၍ မှို့များ ထွက်နေသည့်နေရာ ထွက်နေသော မွေ့ရာ ခေါင်းအုံးတို့ဖြင့် ဖုံအထပ်ထပ် တက်နေသော ကြမ်းပြင်တွင် စာအုပ်ပုံ ကြီးငယ် သတင်းစာ အဟောင်းအမြင်းများ ပတ်လည်ဝိုင်းနေပြီး အမြဲ မခါမရှင်းသည့် အိပ်ယာထက်တွင် အိပ်ခါ၊ လမ်းဘေးဆိုင်တွင် စားခါသောက်ခါနှင့်ပင် လွတ်လပ်ရေး တိုက်ပွဲကို သဲသဲမဲမဲ လုပ်လေသည်။

သို့သော် တခါ တခါတွင်ကား ဘိုင်အမြဲကျနေသည့် အပေါင်းအဖော်များတွင် ပိုက်ဆံ ရှိ မရှိ နားမလည်၊ ဟေ့ ငါဘာစားချင်သည်ဟု ပြောပြောဆိုဆို ထွက်ခါ သူဝင်ချင်သည့် ဆိုင်ဝင်ပြီး စားချင်တာတွေ စား၍ အတူပါလာသူ အပေါင်းအသင်းများမှာ ပိုက်ဆံ မရှိ၍ ဂျောက်ကျခဲ့ပေါင်းမှာ မရေမတွက်နိုင်တော့ပေ။ တခါ တခါလည်း ပိုက်ဆံ မရအရ ချေးခိုင်းပြီး ရုပ်ရှင် ပြခိုင်းတတ်သည်။ ရုပ်ရှင် ကြည့်သည့်အခါလည်း အတန်းမရှောင် တမတ်တန်းကလည်း တိုးခွေ့၍ ဝင်သည်။ ပြနေစဉ်လည်း တားမရ သူဝင်ချင် ဝင်ကြည့်သည်၊ ကြည့်နေရင်းလည်း သူသဘောကျပါက အားရပါးရ ဝါးကနဲ ရယ်ချလိုက်လေသည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်၊ သူများရယ်လို့ ရယ်ချင်မှ ရယ်သည်။ သူရယ်လျှင်ကား သူတယောက်ထဲ ရယ်သံသာ ထူးထူးခြားခြား ထွက်လာတတ်လေသည်။

ရေနစ်စဉ်က

ပြန်၍ မြင်ယောင်ပါသေးသည်။ အချိန်မှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့် ပုသိမ်မြို့တွင် ကျင်းပပြီး မော်တင်စွန်းသို့ နွေရာသီ စခန်း ထွက်ခဲ့ကြသည်။ တခုသော နံနက်လင်းအားကြီးတွင် ကျနော်တို့ လူပေါင်း ၁၄ ယောက်၊ ဇီးချိုင့် (ရခိုင်ရွာ) သို့ ထွက်ခွာ သွားကြလေသည်။ လမ်းတွင် တောင်ကျချောင်း တခုကို ဖြတ်ကူးနေကြရင်း တောင်ကျရေ ကျလာရာ ၁၄ ယောက် အနက် ၃ ယောက်သာ ရေကူးတတ်၍ သခင်အောင်ဆန်း၊ သခင်သန်းထွန်းနှင့် ကျနော်တို့ ရေနစ်ကြတော့သည်။ ထိုအခါ အားလုံး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေရာမှ သခင်ဗဟိန်း (ကွယ်လွန်သူ)၊ ဦးဇော်ဝိတ် (ကာယဗလ) နှင့် အခြားသူ တဦးတို့က ကယ်၍ သက်သာတော့သည်။ တဖက်ကမ်းသို့ ရောက်သောအခါ အားလုံးပင် ရောအောက် ကျောက်ဂျင်းများ ထိခိုက်၍ ဒဏ်ရာ အနည်းအများ ရကြရာ သခင်အောင်ဆန်း ခြေထောက်မှာ ရစရာမရှိအောင် အရှအနာများ အစင်းများ ထင်နေသော်လည်း နေပူကြဲကြဲ သဲသောင်ပြင်တွင် မငြီးမတွား လျှောက်၍ သွားလေသည်။

သူပုန်ထရမယ်

ဇီးချိုင့်ရွာသို့ ရောက်သောအခါ ဘုန်းကြီးကျောင်းတွင် နံနက်စာ စားပြီး ရွာသူ ရွာသားများအား တရား ဟောတော့သည်။ ဤတွင်မှ "လွတ်လပ်ရေးကို လက်နက်ကိုင် တော်လှန်မှသာ ရမယ်။ ကျုပ်တို့ သူပုန် ထရမယ်" ဟု သခင်အောင်ဆန်း အတိအလင်း ဟောပြောခဲ့လေသည်။ (သူပုန်ထမှ လွတ်လပ်ရေးရမယ် - သူပုန် ထရမယ်) ဟု ဒေါမာန်ပါပါ ဟောလိုက်သံ ကြားရသဖြင့် ထိုအခါက ကြက်သီးတဖြန်းဖြန်း ထခဲ့ရာ ယခုတိုင် တွေးမိတိုင်း ကြက်သီးထ လာပေတော့သည်။

ဇီးချိုင့်ရွာတွင် ဟင်းအမျိုးပေါင်း ၃၀ ကျော်နှင့် စားသောက်လာကြရာ အပြန်တွင် သခင်အောင်ဆန်း ဓာတ်တွေ လျှောသဖြင့် အတော်ကို အလူးအလဲ ခံခဲ့ရသေးသည်။ သူကား ဓာတ်လျှောသည်မှာ ခဏ ခဏပင်။

သံယောဇဉ် မရှိအောင် နွားတွေလို

၁၉၃၈ ခုနှစ်လောက်က အိန္ဒိယသို့ သွားကြသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ခေါတောကုလားများ၊ ဂေါ်ရင်ဂျီ ကုလားများနှင့် အရောရော အနှောနှော သွားကြရသည်။ အခြားသူ အားလုံးလိုလို အဖို့ မသတီစရာကြီးလို ဖြစ်နေသော်လည်း သခင်အောင်ဆန်းမှာ ဘာမှ ဂရုမစိုက်၊ သတိထားမိဟန် မတူ။ စကားဝိုင်းဖွဲ့ ပြောကြတိုင်း လူငယ် လူရွယ်တိုင်း နိုင်ငံရေးကို အမြဲတမ်း (Whole Time) လုပ်ဖို့ လိုတယ်။ ဒီလို လုပ်ဖို့လဲ သံယောဇဉ် မရှိမှ ဖြစ်မယ်။ သံယော်ဇဉ် မရှိအောင် နွားတွေလို ဝှေးသင်းထားရင် ကောင်းမယ် ဟု ပြောခဲ့လေသည်။
သခင်အောင်ဆန်းကား သူ့စိတ်ထဲရှိသမျှ ပြောချလိုက်သည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို သူဂရုမစိုက်၊ လွတ်လပ်ရေး အတွက် ဘာမဆို လုပ်ချင်သည်၊ လုပ်သည်။

ပျောက်သွားပုံ

အိန္ဒိယ အသွား အပြန်လည်း လမ်းတလျှောက်လုံး ခဏ ခဏ ဝမ်းလျှောသဖြင့် အလူးအလဲ ခံရရှာသည်။ သို့သော်လည်း တချက်မျှ မညီးမထွားခဲ့၊ အိန္ဒိယမှ ပြန်လာကြပြီးနောက် ဗမာပြည်တွင် လွတ်လပ်ရေး တိုက်ပွဲ ပိုမို ပြင်းထန်လာရာ သခင်သန်းထွန်း၊ သခင်စိုး၊ ကိုဗဟိန်း စသည့် လုပ်ဖော်ကိုင်ဖက်များ တယောက်ပြီး တယောက် အဖမ်းခံရသည့်ကြားထဲမှ သခင်အောင်ဆန်း ပျောက်ချင်းမလှ ပျောက်သွားတော့၏။

ခွေးမသား စစ်ထဲဝင်

ထို့နောက်မှာကား ဂျပန်တို့ ဗမာပြည် ဝင်လာသည့် အခါ သူ့အား ဗိုလ်တေဇ အဖြစ်နှင့် ပြန်၍ တွေ့ရ၏။ ကျနော်လည်း တောမှ ရန်ကုန်သို့ တက်လာပြီး သူ့အား ဒီဗွန်းကုတ်တွင် စစ်ဝတ်စစ်စားနှင့် တွေ့လိုက်ရသော အခါ သူက ကျနော့်အား သုံသုံမှုန်မှုန်ကြီး ကြည့်နေသည်။ ကျနော်က "ဗိုလ်တေဇ နေကောင်းရဲလား" ဟု စကား စလိုက်သည်နှင့် တပြိုက်နက် "ဘာဗိုလ်တေဇလဲ ခွေးမသား စစ်ထဲဝင်ရမယ်" ဟု ပြန်၍ နှုတ်ဆက်လိုက်သည်ကို ယခုတိုင် ကြားယောင်လျှက် ရှိပါသေးသည်။

ထို့နောက် သခင်အောင်ဆန်း၊ သခင်တင်ဦး (ယခု အစိုးရ အသံလွှင့်ဌာန၊ အစီအစဉ်လက်ထောက်)၊ သူရဲဗအေး (ယခုအလံ ကွန်မြူနစ် ပါတီ ခေါင်းဆောင်) တို့ ဂိုးလ်ဒင်းဘဲလ်လီတွင် အတူနေကြသည်။ တနေ့နံနက် သူအိပ်ရာထတွင် ကျနော်က မုံရွာထောင်တွင် ရှိသည့် သခင်သန်းထွန်း၊ သခင်စိုးနှင့် အခြား ရဲဘော်များကို သွားထုတ်ရန် လက်နက်နှင့် လူပေးဖို့ ပြောသည့်အခါ၊ "ခွေးမသား မင်း - သေချင်သလား။ သူတို့လဲ သူတို့ဖာသာ ထွက်လာကြမှာပေါ့၊ မင်းမသွားရဘူး" ဟု ပြတ်ပြတ်တောက်တောက် ပြောလေသည်။ ကျနော်လည်း အံ့အားသင့်သလို ကြည့်နေစဉ် "ဒီပြင်လူတွေ ကြည့်လွှတ် ပို့မယ်ကွယ် မင်းမသွားပါနဲ့" ဟု လေချိုကလေးနှင့် ပြောသံကို ယခုတိုင် နားမှ မထွက်နိုင်၊ မမေ့နိုင် ကြားယောင်လျှက်ပင် ရှိသေးသည်။

သို့ - ကျနော့် အပေါ် ကြင်နာစိတ် ရှိသော်လည်း သခင်တင်ဦး၊ သခင်ဗအေး၊ ကျနော်နှင့် သူ မျက်နှာချင်းဆိုင်မိတိုင်း "ခွေးမသားတွေ မင်းတို့ စစ်တိုက်ရမယ်" ဟု အမြဲ ပြောလေ့ရှိသည်။

သူနှင့်အရက်

တညသော်၊ ကျနော်တို့ ဗိုလ်စင်္ကြာအိမ် ရောက်သွားကြသည်။ ဗိုလ်စင်္ကြာတို့ အိမ်တွင် သခင်တင် (ယခု လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး)၊ နောင်ကြီးလင်း (ကွယ်လွန်သူ သထုံခရိုင်ဝန် သခင်လင်းကြီး) တို့လည်းရှိရာ အားလုံးကပင် စစ်ဗိုလ် ဆိုရင် အရက်သောက် ရတယ်ဟု ပြောပြောဆိုဆို သခင်အောင်ဆန်းအား ဝိုင်း၍ အရက် တိုက်ကြတော့သည်။ မဋ္ဌမသော်၊ မသောက် ဇွတ်ငြင်းသေးသည်။ နောက်မနေနိုင်တော့။ "စစ်တိုက်မှပဲ သောက်မယ်၊ ငါသောက်မယ် - အဟမ်း ဟဲ ဟဲ" ဟု ဆိုကာ တခွက် မော့လိုက်လေသည်။ မော့ပြီးသည်နှင့် တပြိုင်နက် "မင်းတို့ ဥစ္စာ မကောင်းဘူး။ နံလဲ နံတယ်၊ ပူလဲ ပူတယ်" ဟု မှတ်ချက် ချလေသည်။ ဗိုလ်စင်္ကြာ၊ သခင်တင်နှင့် နောင်ကြီးလင်းတို့ ကောင်းမှုကြောင့် ၃-၄ ခွက် လောက်သောက်ပြီးနောက် သူ့ကို အတင်းတိုက်ရမလားဟု ဆဲသည်။ နောက် "ငါအိမ်ပြန်မယ်" ဟု ပြောပြောဆိုဆို ထပြန်လေသည်။ အိမ်ရောက်သော အခါ "ငါ မူးတယ် အိပ်မယ်" ဟု ပြောကာ အိပ်ရာဝင်လေသည်။ ခဏမျှ ငြိမ်နေပြီး အိပ်ပျော်သွားပြီဟု ထင်နေစဉ်၊ "ဟေ့ ခွေးမသား အုန်းမြင့်၊ တင်ဦး ငါမူးတယ် အိပ်လို့ မရဘူး ငါ့ အမူးပြောအောင် လုပ်ပေးကြ၊ ခွေးမသားတွေ" ဟု တကြိမ်းတည်း ကြိမ်းနေ၍၊ "ရေချိုးဗျာ၊ အိပ်သွားမှာပဲ" ဟု ပြောလိုက်သည်နှင့် တပြိုင်နက်၊ ဆင့်ကာ ဆင့်ကာ ကြိမ်းတော့သည်။ သခင်အောင်ဆန်းမှာ ရေကို ၇ ရက် ၈ ရက်ကြာမှ ချိုးချင်မှ ချိုးသည်။ အမြင်မတော်၍ အခြားသူများက အတင်းချိုးခိုင်းမှ ချိုးတတ်သည့် အလေ့မှာ မပျောက်။ ထို့နောက်မှ သူ့အား သခင်တင်ဦးနှင့် ကျနော် ၂ ယောက်တွဲ၍ လမ်းလျှောက် နေရတော့သည်။ နောက်တနေ့ မနက်တွင် အိပ်ရာထ ခါတိုင်းထက် နောက်ကျပြီး အိပ်ရာမှ နိုးလျှင် နိုးချင်း "ခွေးမသားတွေ ငါမူးနေတယ်" ဟု မနက်ခင်း နှုတ်ဆက်လေသည်။

နောက် ဗမာ့တပ်မတော် ဖွဲ့လေပြီ၊ သခင်တင်ဦး၊ သခင်ဗအေးနှင့် ကျနော်တို့ စစ်ထဲ မဝင်၍ "ခွေးမသားတွေ စစ်ထဲ ဝင်ရမယ်" ဟု တကြိမ်းတည်း ကြိမ်းနေသည်။ သခင်အောင်ဆန်းကား စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေး ရမည်။ စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေး အစစ် ခိုင်လုံမည်ဟု တထစ်ချ ယုံကြည်သည်။ စစ်တပ် ကြီးကျယ်မှုကို ကြိုးစားသည်၊ လုပ်ခဲ့သည်။

ဒေါ်ခင်ကြည်နှင့်

ကျနော် နယ်သို့ ထွက်သွားပြီး ပြန်လာသော အခါ သူဆေးရုံတွင် ရောက်နေလေပြီ၊ သခင်တင်ဦးနှင့် ကျနော် သူ့အခန်းထဲ ဝင်သွားကြရာ "ဟို ခွေးမသား တင်ဦးကို ငါ့မိန်းမဖို့ လက်စွပ် ဝယ်ခိုင်းတာ မရဘူး၊ မင်း ဝယ်ပေးရမယ်" ဟု စကား စလေသည်။ ကျနော်လည်း သူကျေနပ်အောင် "ဝယ်ပေးပါ့မယ်" ဟု ပြော၍ "ဟေ့ တင်ဦး အုန်းမြင့်ကို ပိုက်ဆံပေးလိုက်၊ ဟေ့ကောင် လက်စွပ်ဝယ်ဖို့နော်၊ ခွေးမသား မင်းသုံးမပစ်လိုက်နဲ့အုံး" ဟု တဆက်တည်း ပြောလေသည်။ ထိုအခိုက် ဆရာမကလေး တယောက် ဆေးခွက်ကိုင်၍ ဝင်လာရာ၊ "မသောက်ဘူး မသောက်ဘူး ဆရာမ မခင်ကြည်တိုက်မှ သောက်မယ်" ဟု ခေါင်းတခါခါ ပြောသဖြင့် ဆရာမကလေး ပြုံးပြီး လှည့်ထွက် သွားလေသည်။ တဖက်ခန်းမှ ဦးကျော်ငြိမ်း ယခု ပြည်ထဲရေး ဝန်ကြီးက "မြန်မြန်ရအောင် လုပ်ပေးစမ်းပါဗျာ ဟဲ ဟဲ" ဟု ထုံးစံ အတိုင်း လေအေးပြော့ကလေးနှင့် လှမ်း၍ နောက်လိုက်သည်။

ထို့နောက် ကျနော် တောသို့ ပြန်သွားရာ သခင်အောင်ဆန်း၊ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည့် သတင်းကို ကြားရလေသည်။ ထိုစဉ်က သခင်အောင်ဆန်းမှာ လွတ်လပ်ရေး အတွက် ဆင်းရဲ ပင်ပမ်းကြီးစွာ ကြိုးပမ်း၍ အတော် မကျန်းမမာ ဖြစ်နေရာ ဒေါ်ခင်ကြည်၏ ကျေးဇူးကြောင့်သာ ယခုကဲ့သို့ လွတ်လပ်ရေး အတွက် ဆက်လက် ကြိုးပမ်းနိုင်ခြင်း ဖြစ်လေသည်။ သို့သော် တိုက်နေရင်းပင် လွတ်လပ်ရေး မရခင် ခုလပ်တွင်ပင် ရန်သူ့ လက်ချက်ဖြင့် အသက် ဆုံးရှုံးရရှာလေပြီ။

တော်လှန်ရေးပြီး

ထို့နောက် ဂျပန်ကို တော်လှန်ကြလေပြီ။
အင်္ဂလိပ် ပြန်၍ ဝင်လာပြီး မကြာမတင်ပင် သခင်အောင်ဆန်း၊ ဗိုလ်လင်္ကျာ (ယခု ကာကွယ်ရေး ဝန်ကြီး)၊ မျက်နှာဖြူ စစ်ဗိုလ်နှင့် စစ်ဗိုလ်လေး အချို့ ဟင်္သာတသို့ ရောက်လာသည်တွင်မှ သူနှင့် ကျနော် ပြန်တွေ့ရလေသည်။ ကျနော်နှင့် တွေ့သော အခါ "ဟေ့ကောင် ခွေးမသား မင်း ဒီမှာ ဘာလာလုပ်တာလဲ။ စစ်ထဲ ဝင်ရမယ် - ငါနဲ့ လိုက်ခဲ့" ဟု ခေါ်ပြန်သည်။

ရုံးထိုင်သည့်နေ့

ကျနော် ရန်ကုန်သို့ ပြန်၍ ရောက်လာသော အခါ၌ကား သူ့မှာ နေ့မအား ညမအား အလုပ် လုပ်နေရသဖြင့် အေးအေးလူလူ ရယ်ရွှန်းပတ်ရွှန်း နေခွင့် မရခဲ့ပေ။ သို့သော် ဖဆပလ အစိုးရ အဖွဲ့ စ၍ ရုံးထိုင်သည့် ညနေတွင် အတွင်းဝန်ရုံး လှေခါး အဆင်း၌ သူနှင့် ဗိုလ်ထွန်းလှကို တွေ့ရာ "အစိုးရ လုပ်ရတာ မနိပ်ပါဘူးကွာ အုန်းမြင့်ရာ …" ဟု ညီးညီးညူညူ ရှုံ့ကာ မဲ့ကာ ပြောပြီး ကားပေါ်သို့ တက်သွားသည်ကို ယခုတိုင် ကြားယောင် မြင်ယောင်လျှက်" ရှိတော့သည်။

ဘိလပ်ပြန် ကွန်ဖရင့်၌

ဘိလပ်မှ ပြန်လာကြပြီး သူ့အိမ်တွင် သတင်းစာ ဆရာများကို ဖိတ်ခေါ်ကာ ရှင်းလင်း ပြောပြလေသည်။ ရှင်းပြကြပြီးနောက် အသီးသီး ထ၍ ပြန်ကြစဉ် ကျနော့် အနီးသို့ ကပ်လာပြီး "ဟေ့ကောင် မင်းက ဘာနားလည်လို့ သတင်းစာထဲမှာ တောရေး တောင်ရေးနှင့် ထည့်ရတာလဲ" ဟု မျက်နှာထားနှင့် ပြောပြောဆိုဆို သူ့လက်ထဲရှိ လန်ဒန်တိုင်း သတင်းစာနှင့် ရိုက်လေတော့ရာ အနီးရှိ ပုဂ္ဂိုလ်များ အံ့အားသင့် နေကြ၏။ နောက်မှ "ခွေးမသား မင်း တနေ့လာအုံး၊ ဟဲ ဟဲ" ဟု ရယ်တော့မှ အားလုံး ကြက်သေသေ နေရာမှ ဝိုင်း၍ ရယ်နိုင်ကြတော့သည်။ သခင်အောင်ဆန်းကား ဝန်ကြီး ဖြစ်လို့လည်း ဟန်မကြီး၊ စတိုင်မလုပ် သူ့သဘောရိုး အတိုင်း ပြောနေ ဆိုနေ ဆက်ဆံနေကြ အတိုင်းပင်။

သူ၏ဇာတ်သိမ်း

ထို့နောက်တဖန် အစိုးရ အဖွဲ့သစ် ပြန်လည် ပြင်ဆင်၍ ဖွဲ့မည့် နံနက်က သူ့အိမ်တွင် သတင်းစာ ဆရာများနှင့် ဝန်ကြီးများ ဆုံကြပြန်သည်။ ထိုနေ့ နံနက်က ၇ နာရီခွဲ သာသာလောက်တွင် သူ့ခလေး အထွေးဆုံး အနိစ္စ ရောက်သွားသဖြင့် ဧည့်သည်တွေ ရှေ့မှောက်တွင်ပင် အိမ်ပေါ်မှ ချသွားရလေသည်။ သို့သော် ဧည့်သည်များ အနက် တဦး နှစ်ဦးသာ သိသည်။ ဆရာချို (ကွယ်လွန်သူ ဒီးဒုတ်ဦးဘချို) ကား စုတ်တသတ်သတ်နှင့် ရှိတော့သည်။ နိမိတ် သိပ်မကောင်းကြောင်းနှင့် ပြောရှာသေးသည်။ သို့သော် သူကား ခလေးသေ၍ ဘာမျှ မထိခိုက်၊ မတုန်လှုပ်။ သူ၏ လုပ်ငန်းများကို ခါတိုင်းလိုပင် ရှင်းလင်း ပြောပြ ခဲ့ရှာလေသည်။

သူ့ဇာတာ

ထို့နောက် ကျနော်နှင့် ကိုသိန်း (ဇဝန) တို့သည် ဆရာချို၏ စကားလုံးကိုသာ စိတ်တွင် တအုံနွေးနွေး ဖြစ်ခါ မကြာခဏ သူ့အကြောင်းကို ပြောပြရသည်။ တနေ့ ညနေခင်းတွင် သခင်အောင်ဆန်း၊ ဒေါ်ခင်ကြည်နှင့် ခလေးတွေပါ ဗဟန်း ပလာတာဆိုင်၌ တွေ့ကြသည်။ ဟန်ကြီးပန်ကြီး မလုပ်တတ်သော သခင်အောင်ဆန်းသည် ပလာတာဆိုင်၌ ကုလားထိုင်ပေါ်တွင် ဒူးတဖက်ထောင်ခါ ပလာတာ စားသည်။ သူ့ဇာတာ စမ်းလဂ် အကြောင်း ကိုသိန်းက စကားစ၍ ကျနော်ကပင် ဇာတာပေးရန် ပြောပြီး သူ့အိမ်သို့ လိုက်သွားကြသည်။ အိမ်ရောက်သော အခါ ဇာတာကို ဒေါ်ခင်ကြည်က ထုတ်ယူလာ သဖြင့် ကျနော်လည်း ဇာတာကို ကိုင်ပြီး "ဟင် … ခင်ဗျားဇာတာက ရေနံလဲ မရှိဘူး ပဲ့ရွဲ့တောင် နေပြီ" ဟု ပြောရာ၊ "အောင်မာ မင်းက၊ ဒီဇာတာဟာ နာမည်ကျော် ဆရာ ဦးထွန်းမြတ် ဖွဲ့ပေးတာကွ" ဟု ရယ်ရယ်မောမော ပြောလိုက်သေးသည်။

သူ့ဇာတာမှာ ဖွဲ့ရိုးဖွဲ့စဉ် ရေးရိုးရေးစဉ် အတိုင်း ဖြစ်သော်လည်း အလွန် ထူးခြားချက် တခု ပါရှိသည်ကား (ဘုံပညာနှင့် ပြည့်စုံသော သတိုးသားကို မိတာမိခင် ဖွားသန့် စင်သည်။ နာမသညာ ခေါ်တွင်ရာကား။ မောင်ထန်လင်း အသက်ရာကျော် ရှည်စေသောဝ်) ဟု ပါရှိလေသည်။ အမှန်မှာ (ဘုန်းပညာ) ဟု ဖြစ်ရမည့်အစား (ဘုံပညာ) ဟု သူ့ဇာတာတွင် ထူးထူးခြားခြား ပါရှိခြင်းကို ကိုသိန်းရော ကျနော်ပါ ပြော၍ မဆုံးနိုင်အောင် ရှိရလေသည်။

သူနှင့် နောက်ဆုံးတွေ့သည့်နေ့

သူနှင့် နောက်ဆုံး တွေ့လိုက်ရသည်မှာကား ဆရာချို၏ အခန်းထဲ သတင်းစာ ဆရာများ ကွန်ဖရင့်တွင်ပင် ဖြစ်ပေသည်။ ထိုနေ့ကမူ သခင်အောင်ဆန်းမှာ တချိန်လုံး ရယ်ကာ ပြုံးကာ ဒေါမာန်ပါပါ ပြောသွားလေသည်။ တသက်နှင့် တကိုယ် ဤမျှ အာဝဇ္ဇန်းရွှင်ရွှင် ရယ်ရယ်မောမော ကြေကြေနပ်နပ် စကား ပြောသွားသည်ကို တွေ့ရလေသည်။ ပြောဆိုပြီးနောက် အသီးသီး ပြန်ကြသော အခါ ကျနော်လည်း သူ့အနားသို့ ကပ်သွားပြီးနောက် "မြို့ရွာ လှုပ်လှုပ်ရွရွနဲ့ အကာအကွယ်တွေများ လုပ်ထားရဲ့လား" ဟု မေးရာ၊ "ဟေ့ အုန်းမြင့်ရာ သူတို့က ကာကွယ် ပေးနိုင်လိမ့်မယ်လို့ မင်းထင်လို့လား" ဟု နှုတ်ခမ်းနှစ်ခု စေ့ကာ ပြန်၍ ပြောသွားလေသည်။

ဤစကားများ ပြောပြသွား ခဲ့ပြီး၍မှ များမကြာမီပင် မြန်မာတပြည်လုံးကို အုပ်ချုပ်ရသော အစိုးရ ဗဟိုဋ္ဌာန မြန်မာပြည်၏ မြို့တော် ရန်ကုန်မြို့ အလယ်ခေါင် အတွင်းဝန်များ ရုံးပေါ်သို့ ရန်သူတို့ အတင့်ရဲရဲ ချင်းနင်းဝင်ရောက် ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခြင်းကြောင့် သူ့မှာ လွတ်လပ်ရေး ရခါနီး လမ်းခုလပ်တွင် ကျဆုံး သွားရရှာလေပြီ။

သူအလိုရှိသော တကယ့် လွတ်လပ်ရေး သူအလိုရှိသော ခေတ်မီလက်နက်များဖြင့် လုံးဝပြည့်စုံသော စစ်သား တသန်းရှိ စစ်တပ်ကြီးကို ဖြစ်မြောက်အောင် လုပ်နိုင်ရန်ကား။ သူအလိုရှိသော တမျိုးသားလုံး ညီညွတ်ရေးဖြင့် သဲသဲမဲမဲ ဇွဲကောင်းကောင်းဖြင့် သူ့အလိုကို ဖြည့်စွမ်းကာ သူ့ကျေးဇူးကို ဆပ်ကြဖို့သာ ရှိပေတော့သတည်။

အုန်းမြင့်

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ

လှမြင့် (ရန်ကုန်တက္ကသိုလ်) ရဲ့ "ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ" ပြန်ပြောင်း ရှာဖွေ ဖော်ထုတ်မှုကို ချင်းတွင်း၊ မဂ္ဂဇင်း အမှတ် (၄ဝ)၊ ဇူလိုင်လ၊ ၂ဝဝ၉ ခု ထုတ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။၁၉၄၇ ခု၊ ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားကို ဂျူဘလီဟော၌ ပြင်ဆင်ထားပုံနှင့် ယနေ့ အာဇာနည်ဗိမာန် (ပေါ်)၊ ၁၉၄၈ မေ ၈ အရုဏ်တက်ချိန်၊ အင်းစိန်ထောင်၌ ယုတ်မာ ညစ်ထေးသည့် အမျိုးသား သစ္စာဖောက် ဂဠုန်စောအား ကြိုးပေးရန် ပြင်နေစဉ်နှင့် မိုက်ရူးရဲ နောက်လိုက်များ (အောက်)။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အာဇာနည် ခေါင်းဆောင်ကြီးများသည် နယ်ချဲ့တို့၏ သွေးခွဲ သပ်လျှိုမှု၊ အသားထဲမှ လောက်တွယ်မှု ဖြစ်ရပ်ဆိုးတို့ကို အရင်းခံလျက် ရေတိမ် နစ်ခဲ့ကြရသည့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသော ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ သမိုင်းဖြစ်ရပ်ဆိုး အခြေအနေများကို ထိုအချိန်က ထုတ်ဝေခဲ့သော စာနယ်ဇင်းများတွင် သမိုင်းမှတ်တမ်းတင် ရေးသား ဖော်ပြခဲ့ကြ၏။ ထိုသမိုင်းဝင် မှတ်တမ်းသဖွယ် ဖြစ်သော စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများကို လက်လှမ်းမီသမျှ ရှာဖွေဖော်ထုတ် ကောက်နှုတ် တင်ပြလိုပါသည်။


ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ပြီးနောက် တပတ် အကြာတွင် ထုတ်ဝေသော ဂျာနယ်ကျော် (အုပ်တွဲသစ် ၉၊ အမှတ် ၆) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် စာစောင်တွင် ဂျာနယ်ကျော် မမလေးသည် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသည့် နေ့ရက်နှင့် သူ၏ ခံစားရမှု အထွေထွေကို နှိုင်းယှဉ်၍ 'လဆန်း ၂ ရက်နေ့' ဆောင်းပါးကို ဝမ်းနည်း ကြေကွဲစွာ ရေးသား မှတ်တမ်းတင်ခဲ့သည်။


'လဆန်း ၂ ရက်နေ့' ဆောင်းပါးတွင်၊ လဆန်း ၂ ရက်နေ့တိုင်း ကျမ တသက်ပန် အဖို့ စိတ်နှလုံး ထိခိုက်သော နေ့ဖြစ်၍ ဤလဆန်း ၂ ရက်နေ့ထက် ဗျာပါမီး တောက်ရသည့်နေ့ကား ကျမ တသက်လုံး မရှိနိုင်။ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဗိုလ်အောင်ကျော်တို့သည် လဆန်း ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ကြသည် ဟူ၍ အစချီလျက် ၁၉၃ဝ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဗိုလ်ချုပ်တို့ ကျဆုံးမှုအတွက် ဝမ်းနည်းမဆုံး ဖြစ်ရမှုကို

"မြန်မာပြည် လွတ်လပ်ရေး မရမီ သူ့တို့တတွေ ကွယ်လွန်သည်မှာ အသည်းနာဖို့ အလွန်ကောင်းလေသည်။ သူတို့သည် သူ့တို့ မသေခင် ကျမတို့အား လွတ်လပ်သော လူမျိုးတမျိုး မဖြစ်ကြသေးကြောင်းကို လည်းကောင်း၊ မြန်မာပြည်တွင် ကိုယ်တယောက်တည်း အတွက် သုခရှာ၍ မဖြစ်နိုင်ဘဲ လွတ်လပ်ရေး သုခကြီးကို တမျိုးလုံး တညီတညွတ်တည်း ရှာယူကြဖို့ရာ လည်ကောင်း နှိုးဆော်သင်ကြား လမ်းပြ ပေးသွားကြသည်။"

၁၉၄၉ ခုနှစ်၊ ဩဂုတ်လ ၉ ရက် ( ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၈ ရက်)နေ့ထုတ် ဂျာနယ်ကျော်အုပ်တွဲသစ် ၉ အမှတ် ၈ တွင် ဆောင်းပါးရှင် ဂျာနယ်ကျော်အဖွဲ့ဝင် ဦးအုန်းမြင့်သည် 'သူ့အကြောင်း ကျနော် မှတ်မိ သိရှိရသမျှ' ဟူသော အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ စတင်ကာ ကျဆုံး အချိန်အထိ ဖြစ်ရပ်များကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။ ဆောင်းပါးရှင် ဦးအုန်းမြင့်သည် သခင် ဘဝကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြောမနာ၊ ဆိုမနာ မိတ်ဆွေရင်း ဖြစ်သည်။ ဗိုလ်ချုပ် ကိုယ်တိုင်ပင် "ကျုပ်အကြောင်းကို သူတို့ နှစ်ယောက် (ဦးအုန်းမြင့်နှင့် သခင်တင်ဦး) သာ ကောင်းကောင်းသိတယ်" ဟု ပြောဆိုခဲ့ဖူးသည်။ ဦးအုန်းမြင့်၏ ဆောင်းပါးတွင်၊

"ဗိုလ်ချုပ် ကွယ်လွန်ပြီဟု ပြောသံကြားရသည်နှင့် တပြိုင်နက် ကျနော်၏ အနီးတွင် ကပ်၍ ဗုံးကျပြီး ပြင်းထန်စွာ မြည်ဟိန်း ပေါက်ကွဲကာ မီးခိုးလုံးတွေ ပိတ်ဖုံး မှောင်မည်း သွားသကဲ့သို့ ထင်မှတ် လိုက်မိတော့သည်။ လျှပ်တပြက်ခန့် လုံးလုံးသတိလစ်ကာ လေဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြည်းဖြည်းပင် တရေးရေး ထင်မြင် ပေါ်ပေါက်လာသည်မှာကား ယခင် နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့် အတူ နေထိုင် လုပ်ကိုင် စားသောက် သွားလာ ပြောဆိုရပုံများပင် ဖြစ်ပေသည်" စသည်ဖြင့် ရေးသား ဖော်ပြထားသည်။

၁၉၄၇ ခုနှစ်၊ ဩဂုတ် ၂၃ ရက်နေ့ထုတ် ဂျာနယ်ကျော် အုပ်တွဲသစ် (၉)၊ အမှတ် (၁ဝ) တွင် သခင်ဗအေး (သူရဲ) သည် 'ကျနော် သိသော ဗိုလ်ချုပ်' ဆောင်းပါးကို ရေးသားခဲ့သည်။ သခင်ဗအေးသည် ဗိုလ်ချုပ်နှင့် ကျောင်းသား ဘဝကပင် သိခဲ့သည်။ သခင် ဘဝနှင့် အင်္ဂလိပ်ကို တော်လှန်စဉ် အခါက လည်ကောင်း၊ ဂျပန်ကို တော်လှန်စဉ် အခါက လည်းကောင်း ဗိုလ်ချုပ်ထံ အပါးတော်မြဲ အဖြစ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူ၏ ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ရောင့်ရဲတတ်မှု၊ အာရုံဝင်စား ပြင်းထန်မှုတို့ကို၊

"စာအလွန်ဖတ်သူ ဖြစ်သည်။ တခါတရံ နောက်ဖေးသွားစဉ် နောက်ဖေးသွားရင်း စာဖတ်နေရာ နာရီဝက်ကျော်ကြာ သဖြင့် ခေါ်ယူရ၏။ ထမင်းကိုလည်း အမှတ်တရ မရှိ၊ စားချိန်တွင် ခေါ်ယူ ကျွေးရ၏။ မုန့်ပဲသရေစာကို စားရန် ကောင်းစွာ ဂရုမစိုက်။ ရေကိုလည်း အတွင် ချိုးစေရ၏" ဟူ၍ ဖော်ပြထားသည်။

ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ရှုမဝ ရုပ်စုံမဂ္ဂဇင်း စတင် ပေါ်ထွက်စ အချိန် ဖြစ်သည်။ ရှုမဝ ရုပ်စုံ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၃)၊ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လထုတ်တွင် ဝမ်းနည်းသည့် သဝဏ်လွှာနှင့် ကဗျာများကို ထည့်သွင်း ဖော်ပြခဲ့သည်။ 'သဝဏ်လွှာ' တွင် ဝမ်းနည်းသည့် အထိမ်းအမှတ် အဖြစ် အတွဲ (၁)၊ အမှတ် (၃)၊ ဩဂုတ်လထုတ် မဂ္ဂဇင်းကို မထုတ်ဝေသင့်ကြောင်းကို၊

"တကယ်ဆိုလျှင် ယခုလ ရှုမဝ မဂ္ဂဇင်း ထုတ်ဝေခြင်းငှာ မသင့်ပါပေ။ အကယ်တည့် လွန်ခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့တွင် ရှုမဝ စာမျက်နှာ ၇ မှ ၁ဝဝ အထိ ရိုက်ပြီးသား မဖြစ်ခဲ့မိလျှင် လည်းကောင်း၊ တတိုင်းပြည်လုံး ယူကျုံးမရ တသဝမ်းနည်း အဖြစ်ကြီး ဖြစ်ရသော နိုင်ငံရေး လုပ်ကြံမှုသည် ဇူလိုင် ၁၉ ရက်ထက် စောလျက် လဆန်းစ ၃၊ ၄ ရက် အတွင်း ဖြစ်ပွားခဲ့ပါလျှင် လည်းကောင်း ရှုမဝ အမှတ် (၃) သည် မည်သည့်နည်းနှင့်မျှ ထုတ်လာနိုင်မည် မဟုတ်ချေ" ဟူ၍ ဖော်ပြခဲ့သည်။

ဆက်လက်၍ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားသိရသော အခါ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှု ခံစားရချက်တို့ကိုလည်း၊

"ဤအချိန်မှာ ကျွန်ုပ်တို့ နံနက် ထမင်း စားနေဆဲ ဖြစ်ကြသည်။ ဤသတင်းကို ကြားလျှင်ကြားချင်း အလျဉ်းပင် မယုံကြည်ကြ၊ မယုံနိုင်ကြ၊ ယုံလည်း မယုံချင်ကြ၊ မယုံကြဘူး ဟူ၍သာ ဆိုရသည်။ တဝိုင်းလုံး တုန်လှုပ် ချောက်ချား နေကြသည်။ အံ့ဩ ဝမ်းနည်း ယူကျုံးမရကြီး ဖြစ်နေကြသည်။ ထမင်းပင် ဆက်မစားနိုင်ကြ။ ဆေးရုံ ပြေးသူပြေး၊ သတင်းစာတိုက် သွားသူသွား၊ တတိုက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

ညနေ သတင်းစာများ ထွက်လာသော အခါ၌ကား ကျွန်ုပ်တို့ လက်ခံနိုင်၍လည်း မရ။ မယုံနိုင်၍လည်း မဖြစ်။ ဝမ်းနည်း ဝမ်းနည်း ယူကျုံးမရ ကြီးစွာဖြင့်သာ လက်ခံ ယုံကြည် လိုက်ကြရတော့သည်။ ဗမာတိုင်းလိုလိုပင် ဤနည်းနှင်နှင် ဖြစ်ပျက်ကြမည်ကား မလွဲ။"

၁၉၄၇ ခုနှစ်၊ ဩဂုတ်လထုတ် ဒဂုန်မဂ္ဂဇင်း အုပ်တွဲ (၂၁)၊ အမှတ် (၈) တွင် ဒဂုန်ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူး ဆပ်မည်နည်း'၊ မောင်မောင်ြွကက်၏ 'ကလောင်စက်'၊ ရန်ကုန်ခင်ဆွေ၏ 'ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများနှင့်'၊ 'ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများအတွက် ကုသိုလ်ဆွမ်းသွတ် လွမ်းဆွတ် ကြေကွဲခြင်း လေးချိုးလတ် ငိုချင်း' စသည်တို့ဖြင့် အမှတ်တရ ထုတ်ဝေခဲ့သည်။

ဒဂုန် ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူးဆပ်မည်နည်း' ဆောင်းပါးတွင်

"မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဟူသော ဂဏန်းကွက်သည် မြန်မာ တိုင်းရင်းသားတို့ အတွက် စိတ်လက်ညစ်နွမ်း ဝမ်းနည်းမဆုံး ကြိမ်မီးအုံးသကဲ့သို့ ယူကျုံးမရ ဖြစ်စေသော အမင်္ဂလာနေ့ကြီး ဖြစ်ပေသည်။

လူတို့ မည်သည်မှာ မိမိတို့ အားကိုးပြုရာ မေရုမြင်းမိုရ်တောင်ကြီး ပြိုကွဲ ယိုင်လဲရှာခြင်း အတွက် ပွက်ပွက်ဆူမျှ ပူလောင်ကြမြဲ ဖြစ်သော်လည်း ဤသို့ ပူဆွေးလောင်ကျွမ်း ဝမ်းနည်းမပြေ ဖြစ်နေရုံမျှဖြင့် ကွယ်လွန်ရှာသူတို့အား လွမ်းရာကျမည် မဟုတ်။ သူတို့၏ လုပ်ငန်းများကို ဆက်လက် အမွေခံကာ လုပ်ကိုင် ကျင့်ကြံခြင်းသည်သာလျှင် စစ်စစ် လွမ်းရာရောက်မည် ဖြစ်လေသည်။

သို့ဖြစ်၍ ဗိုလ်ချုပ် အမှူးရှိသော ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းမဆုံး စိတ်နှလုံး ပူဆွေး နေကြရရုံမျှနှင့် အချိန်မကုန်စေကြကုန်ဘဲ ခေါင်းဆောင်ကြီးများအား တကယ်တမ်း လွမ်းဆွတ်ရာ ရောက်ကြလေအောင် လမ်းပြခဲ့သည့် ခရီးစဉ်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ကြခြင်းဖြင့် ကွယ်လွန်သူ ခေါင်းဆောင်ကြီးများ၏ ကြီးမားလှသော ကျေးဇူးတရားများကို အသီးသီး ပေးဆပ်တော်မူ နိုင်ကြပါစေသတည်း" ဟူ၍ သတိပေး နှိုးဆော် ရေးသားခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် သတင်းစုံဂျာနယ် အုပ်တွဲ (၂)၊ အမှတ် (၂၃) ၏ ခေါင်းကြီးပိုင်းတွင် 'မိခင်မျက်မှောက်၊ မြန်ပြည်အောက်မှ၊ ကွယ်ပျောက်ခဲ့ပြီ၊ အာဇာနည်' ဟူသော ခေါင်းစီးဖြင့် ဗိုလ်ချုပ်တို့၏ ကျဆုံးမှုနှင့် ပြည်သူတို့၏ ခံစားရမှုများကို မှတ်တမ်းတင်ခဲ့သည်။ 'ဂျူဗလီဟောတွင် ဤသို့ပင်' ဆောင်းပါးတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များ ပြင်ဆင်ထားမှုကို

"ဗိုလ်ချုပ် အလောင်းနှင့် ခုတင်ကား ရှေ့ဆုံးတွင် ရှိနေ၏။ စင်မြင့်ပေါ်မှ မြင်ရသည်မှာ လက်ဝဲမှ လက်ယာသို့ ၁) အိုင်စီအက် ဦးအုန်းမောင် (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၂) မိုင်းပွန်စော်ဘွား (အဖြူ၊ အစိမ်း၊ အဝါ၊ အလယ် အဖြူလုံး အမှတ်အသား အလံ လွှမ်းထားသည်)၊ ၃) ဦးဘချို (တောင်လှန်ရေးအလံ လွှမ်းထားသည်)၊ ၄) ဦးဘဝင်း (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၅) သခင်မြ (ဥဒေါင်းရုပ်ပါသည့် ဆိုရှယ်လစ်အလံ)၊ ၆) မန်းဘခိုင် (အဖြူ၊ အပြာရင့်နှင့် အနီပါသောထောင့်၌ ဖားစည်တံဆိပ်နှင့် အလံ)၊ ၇) ဆရာကြီး ဦးရာဇတ် (ခေါင်းအလွတ် စတိသာ ပြင်ထားသည်)၊ ၈) ကိုထွေး (အလောင်းနှင့် ခေါင်းမရှိ ခုတင်သာ ရှိသည်) အားလုံးသော ခေါင်းများပေါ်တွင် ပန်းခွေနှင့် အမည် စာကဒ်ကလေးများရှိလျက် ပန်းရောင် ခေါင်းအုံး တလုံးစီနှင့် သစ္စာပန်းများ တင်ထားသည်" ဟူ၍ မှတ်တမ်းတင်ခဲ့သည်။

အယ်ဒီတာ အာဘော် အခန်းတွင် ခေါင်းဆောင်ကြီးများ မကျဆုံးမီ တရက်အလို ဇူလိုင်လ ၁၈ ရက် သောကြာနေ့တွင် မြန်မာ့အလင်း၊ စီးပွားရေး၊ ဟံသာဝတီရှေ့ဆောင် သတင်းစာတိုက်များမှ အယ်ဒီတာတို့ကို ဒီဒုတ် ဦးဘချို ပြောကြားခဲ့သည့်

"ပထမ ဘရင်းဂန်း ၂ဝဝ၊ ဒုတိယ စတင်းဂန်း ၁,ဝဝဝ၊ ပျောက်ဆုံးတဲ့ လက်နက်တွေဟာ တကယ်တော့ ဖဆပလကို တိုက်ဖျက်ပြီး ကျုပ်တို့တတွေကို သတ်ဖို့ပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် ရိုးရိုးသားသား လုပ်နေတဲ့ ကျုပ်တို့တတွေဟာ အကာအကွယ်တော့ ယူဖို့ မလိုပါဘူး။ သတ်ရင်လည်း သေရုံပေါ့။ ခင်ဗျားတို့ကသာ တိုင်းပြည်ကြီး မမှောက်မှားရအောင် ထိန်းထိန်းအုပ်အုပ် ရေးကြပါ" ဟူသော နောက်ဆုံး စကားဖြင့် လွမ်းဆွတ်ဖွယ် ရေးသားထားသည်။

၁၉၄၇ ခုနှစ်၊ သတင်းစုံဂျာနယ် အတွဲ (၂)၊ အမှတ် (၂၆)၊ အထူးထုတ် သတင်းစုံ အချပ်ပိုတွင် ဗိုလ်ချုပ်အောင်ဆန်းအား တိုင်းရင်းသား တောင်တန်းသားများ၏ ချစ်ခင်မှု၊ လေးစားမှု၊ အားကိုးမှု၊ စေတနာထားမှုများကို 'လွမ်းစချင့်ဖွယ်၊ တောင်တန်းနယ်က၊ ဘယ်ဝယ်ရော်ရမ်း၊ ဦးအောင်ဆန်း၊ မျှော်မှန်းချင့်တွေး၊ သွေးနှင့်ရေးသည့် သူတို့ပေးစာ၊ သဝဏ်လွှာကား' ဟူသော ခေါင်းစဉ်ရှည်နှင့် ဝင်းလဲ့ကြည် နတ်မောက်မြို့၏

"တောင်တန်းနယ်သူ၊ နယ်သားများသည် ကျွန်သက်ရှည်ရေး အဖြစ်မှ ကယ်တင်ခဲ့သော ဗိုလ်ချုပ်အား ၎င်း၏ လုပ်ငန်းစဉ်ကို လိုက်ရုံမျှမက ပုဂ္ဂိုလ်စွဲ အားဖြင့်လည်း ခင်မင် နေကြလေ၏။ ယခု ရက်တာရှည်စွာ မနေနိုင်သေးသော်လည်း ဗိုလ်ချုပ်က လွတ်လပ်ရေး ရပြီးနောက် တောင်တန်းနယ်တွင် စိတ်အေးလက်အေး လာ၍ နေပါမည် အကြောင်းနှင့် ပြုံးပြုံးရယ်ရယ် ပြန်ပြောသည့် အခါ ဗိုလ်ချုပ် ပြောသည့် စကားများကို တောင်တန်း နယ်သားများသည် ယခုတိုင် ကြားယောင်လျက် ရှိကြောင်း" စသည်ဖြင့် မှတ်တမ်းတင် ရေးသားခဲ့သည်။

ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ထုတ်ဝေခဲ့သော စာနယ်ဇင်းများမှာ အရေအတွက်အားဖြင့် အမြောက်အမြား ရှိနေသည်။ စာ-နယ်-ဇင်း အားလုံးတွင် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းကို ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ခေါင်းကြီးတို့ဖြင့် ကြေကွဲ ဝမ်းနည်းစွာ မှတ်တမ်းတင် ဖော်ပြခဲ့ကြသည်။ စာ-နယ်-ဇင်းတိုင်း ခေတ်သမိုင်း ဟူသော ဆိုရိုးနှင့် အညီ နယ်ချဲ့တို့၏ ပယောဂ သွေးထိုး သပ်လျှို လှုံ့ဆော်မှုကို နားယောင်၊ နာခံ ဆောင်ရွက်မှုကြောင့် မြန်မာ့ အာဇာနည်များနှင့် မြန်မာနိုင်ငံ၏ ရေတိမ်နစ်ခဲ့ရသော သမိုင်း သင်ခန်းစာ ပေးနေသည့် ဖြစ်ရပ်ကို အသိနှင့် သတိ ယှဉ်နိုင်စေရန် ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က စာ-နယ်-ဇင်း မှတ်တမ်းတင်ခဲ့မှုများမှ လက်လှမ်းမီသမျှ၊ ကြိုးစားရှာဖွေ တင်ပြခြင်း ဖြစ်ပါသည်။

လှမြင့် (ရန်ကုန်တက္ကသိုလ်)

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

အခြေခံဥပဒေပြင်ဆင်ရေး ပထမဟု ပြည်တွင်းနိုင်ငံရေး ပါတီများတောင်းဆို


Wednesday, 15 July 2009 19:11 အေးချမ်းမြေ့
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သတင်းစာ ရှင်းလင်းပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ထပ်မံ ပြောဆိုခဲ့သည့် “၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရေး” ဆိုသည့်အချက်မှာ ပြည်တွင်းရှိ အတိုက်အခံများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ အသံကို ကိုယ်စားမပြုကြောင်း မြန်မာပြည်တွင်းရှိ နိုင်ငံရေးအဖွဲ့များက ပြောဆိုကြသည်။

ထိုသို့ မစ္စတာဘန်ကီမွန်းက တောင်းဆိုလိုက်ခြင်းသည် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို တရားဝင်ကြောင်း အသိအမှတ် ပြုပေးရာ ရောက်သည်ဟု ၎င်းတို့ကဆိုသည်။

“မစ္စတာဘန်ကီမွန်း မြန်မာပြည်လာစဉ်က ပြောခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးဖို့ ဆိုတဲ့အချက်ကို သဘောမတူပါဘူး။ ၂၀၀၈ ခုနှစ်က စစ်အစိုးရအတည်ပြုခဲ့တဲ့ အခြေခံဥပဒေကို မပြင်ဆင်ရင် ဒီ ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှာ မဟုတ်ပါဘူး” ဟု NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရသည် ၂၀၀၈ မေလက မြန်မာပြည်အတွင်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးချိန်တွင် ၎င်းတို့ ရေးဆွဲထားသည့် အခြေခံဥပဒေ အတည်ပြုပွဲကို ကျင်းပခဲ့သည်။ ထို့နောက် ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို အခြေခံဥပဒေဆန္ဒခံယူပွဲသည် တရားမျှတပြီး လွတ်လပ်မှုမရှိဟု လေ့လာသူတို့က ပြောဆိုသုံးသပ်ကြသည်။

၎င်းအခြေခံဥပဒေတွင် လွှတ်တော်၏ အဆင့်တိုင်း၌ စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာယူထားမည်ဟု ပါရှိသဖြင့် ပြန်လည်သုံးသပ်ရန် NLD က တောင်းဆိုထားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ကရင်နီတိုင်းရင်းသား တိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး ၁ ခူဦးရယ်ကလည်း “အခြေခံဥပဒေက ပြန်လည်သုံးသပ်ရုံတင်မဟုတ်ဘူး၊ ပြင်ကိုပြင်ဆင်ရမှာ၊ စစ်တပ်က အဆင့်တိုင်းမှာ ၂၅ ရာခိုင်နှုန်းပါနေတာကိုက သဘာဝမကျဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သို့ရာတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်းတို့အတည်ပြုခဲ့ပြီးဖြစ်သည့် အခြေခံဥပဒေကို လုံးဝ ပြင်ဆင်လိမ့်မည် မဟုတ်ကြောင်း၊ လမ်းပြမြေပုံ အဆင့် ၇ ဆင့်ကို အကောင်အထည်ဖော်ဆောင်နေရာ ယခုအခါ ၅ ဆင့်အထိ ပြီးမြောက်ပြီ ဖြစ်သောကြောင့် ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မကြာခဏ ပြောဆိုခဲ့သည်။

“အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံရာမှာ နိုင်ငံတော် အကြီးအကဲက ၂၀၁၀ ပြည့်နှစ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပ ပေးသွားမယ်။ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲနေပြီ။ ပြီးတာနဲ့ ပါတီတွေဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကျင်းပရေးအတွက် ဥပဒေတွေ အချိန်မီ ထုတ်ပြန်ပေးသွားမယ်။ ရွေးကောက်ပွဲ ပြုလုပ်တဲ့အခါ လူတိုင်း ပါဝင်နိုင်အောင် ဆောင်ရွက်ထားပြီး ဥပဒေကိုလည်း မျှမျှတတ ဖြစ်အောင် ရွေးဆွဲနေတယ်” ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် မောင်မှတ်က မစ္စတာဘန်ကီမွန်းနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောကြားသော စကားများကို ကိုးကားရေးသားသွားသည်။

လူတိုင်းပါဝင်နိုင်သော ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုသော်လည်း ၎င်း ဆောင်းပါးတွင် ဥပဒေနှင့် ညီညွတ်သူများသာ ပါဝင်ခွင့်ရမည်ဟု ဆိုထားသည်။

စစ်အစိုးရ အတည်ပြုခဲ့သော အခြေခံဥပဒေတွင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသူ အနေနှင့် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်မရှိဟု ပါရှိသည်။ ထို့ပြင် နိုင်ငံတော်သမ္မတမှာ စစ်တပ်အတွေ့အကြုံရှိထားသူသာ ဖြစ်ရမည်ဟု ဆိုသည်။

ထိုအချက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ အတိအကျ ငြင်းပယ်ပြီးဖြစ်ကြောင်း ထင်ရှားသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဆောင်းပါးရှင် မောင်မှတ်၏ “ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက်၊ လက်ကမ်းလျက်ပါ” အမည်ရှိ မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနှင့် မစ္စတာဘန်ကီမွန်းကို အထူးလိုက်လျောခဲ့သည်ဟုလည်း ဖော်ပြထားသည်။

“နားလည်သလောက်ပြောရရင် နိုင်ငံတော် အကြီးအကဲအနေနဲ့ နှစ်ခါတိုင်တိုင် လက်ခံတွေ့ဆုံတဲ့ ဧည့်သည်ဆိုတာ မရှိ သလောက်ပါပဲ။ အခု အတွင်းရေးမှူးချုပ်ရဲ့ ဆန္ဒကို လိုက်လျောပြီး နှစ်ခါတိတိ ရက်ဆက် လက်ခံတွေ့ဆုံခဲ့တယ်ဆိုတာ တော်ရုံလိုက်လျောမှု မဟုတ်လောက်ပါဘူး” ဟု ၎င်းဆောင်းပါးရှင်က ရေးသားထားသည်။

ပြည်တွင်း အတိုက်အခံအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့များက အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် တောင်းဆိုချိန်တွင်ကုလသမဂ္ဂက ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတရေးကိုသာ တောင်းဆိုလျှက်ရှိသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေးမှာ အခက်ခဲဆုံးကိစ္စက အခြေခံဥပဒေ ပြဿနာပဲ” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက တိုင်းရင်းသားပြဿနာနှင့် အခြေခံဥပဒေ အရေးကိစ္စမပါဝင်လျှင် ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်မှု အရာထင်လိမ့်မည်မဟုတ်ဟု ပြောသည်။

ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး၏ ဒိုင်ယာလော့

Wednesday, 15 July 2009 19:28 ရန်ကုန်သားတာတေ
ဖိုးရှုပ်၏ ရှုပ်ပွနေသော အခန်းသို့ ဦးရုက္ခစိုး နှင့် ကြွက်စုတ်တို့ ရောက်လာသည်။ ကွန်ပျူတာ တလုံးနှင့် အလုပ်ရှုပ်နေသော ဖိုးရှုပ်ကို သူတို့နှစ်ဦးက တယောက်တပေါက် နှုတ်ဆက် လိုက်ကြသည်။

ကြွက်စုတ်။ ။ ဟေ့ သူငယ်ချင်း၊ ဘာတွေ ကြည့်နေတာလဲ။ You Tube ပေါ်က မိုးဟေကိုရဲ့ လန်ဒန်စတိတ်ရှိုးကို ခံစားနေတာလား။

ရုက္ခစိုး။ ။ သတင်းထောက်က အလုပ်များနေလို့ ငါ့ဆီ ရောက်မလာဘူး ထင်တာ လက်စသတ်တော့ အိမ်တွင်းပုန်းပြီး စတိတ်ရှိုး ကြည့်နေတယ်ပေါ့လေ။

ဖိုးရှုပ်။ ။ ဘာစတိတ်ရှိုးမှ မကြည့်အားဘူး၊ ကြည့်ဖို့လည်း မလိုဘူး၊ မိုးဟေကို နဲ့ ကျနော်နဲ့ ပြင်သစ်မှာ တွေ့ဖို့ ချိန်းထားပြီးသား။

ကြွက်စုတ်။ ။ ဟာ … ဟ … သတင်းထောက်ကလည်း လူရွှင်တော်နဲ့ တူနေပြီ။ ကဲ … စကား ကောင်းကောင်းပြောကွာ၊ မင်း ဘာလုပ်နေတာလဲ။

ဖိုးရှုပ်။ ။ အသံ ခိုးဖမ်းထားတာ နားထောင်မလို့ကွ။

ရုက္ခစိုး။ ။ နာနာနဲ့ မျိုးမျိုး ဖုန်းထဲမှာ ပြောတဲ့ဟာတွေလား။ အဲဒါ အန်းတစ် ဖြစ်သွားပြီလေ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း ဒါတွေ သိသားပဲ။ အခု ကျနော့်ဆီ ရောက်နေက နာနာတို့ မျိုးမျိုးတို့ထက် အပုံကြီး ကြီးတယ်ဗျ။

ဖိုးရှုပ်၏ စကားအဆုံးတွင် ကြွက်စုတ်က တံတွေးမြိုချလိုက်သည်။

ဖိုးရှုပ်။ ။ ကဲ … လိုရင်းကို ပြောရရင် ဟိုတလောက ဘန်ကီမွန်းကြီး မြန်မာပြည်သွားတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့တယ်မဟုတ်လား။ သူတို့နှစ်ယောက် ပြောတာတွေကို အသံဖမ်းထားတာ အခု ကျနော့်ဆီ ရောက်နေသဗျ။

ရုက္ခစိုး။ ။ ဟာ ဒါဆိုရင် ဖွင့်လေကွာ၊ တို့လည်း နားထောင်ရအောင်။

ဖိုးရှုပ်က သူရထားသည့် စီဒီကို ကွန်ပျူတာထဲ ထည့်ပြီး ဖွင့်လိုက်သည်။ မစ္စတာ ဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ် ဒုတိယနေ့က ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ စကားပြောဆိုသည့် အသံများ ထွက်ပေါ်လာလေသည်။ ဘန်ကီမွန်း၏အသံက စိတ်ဓာတ် ကျနေသည့်အသံ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးကမူ ပျော်ရွှင်နေပုံရသည်။ တချက်တချက် ဘန်ကီမွန်းကို နှိပ်ကွပ်လိုက်သေးသည်။

ဗိုလ်ချုပ်မှူးကြီး။ ။ မနေ့ကလည်း ဒါပဲ၊ ဒီကနေ့လည်း ဒါပဲ၊ ခင်ဗျားကြီးမှာ ပြောစရာစကား မရှိတော့ဘူးလား။

ဘန်ကီမွန်း။ ။ ဒါက ဒီလိုရှိတယ်လေ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မှ မြန်မာပြည်မှာ ဒီမိုကရေစီ … …

ဗိုလ်ချုပ်မှူးကြီး။ ။ ကျုပ် အကြိမ် ၁ဝဝ ပြောပြီးပြီပဲ၊ ကျုပ်တို့မှာ လမ်းပြမြေပုံ ရှိတယ်၊ အားလုံး အဆင်ပြေစေရမယ်၊ အောင်ဆန်းစုကြည်ကို မလွှတ်နိုင်ဘူး၊ ခင်ဗျားနဲ့လည်း ပေးမတွေ့ဘူး … ဒါပဲ။

ဘန်ကီမွန်း။ ။ ဒါဆို … ကျနော် မြန်မာပြည်လာတာ အလကား ဖြစ်ပြီပေါ့။

ဗိုလ်ချုပ်မှူးကြီး။ ။ မဖြစ်ပါဘူး၊ မဖြစ်ပါဘူး၊ ခင်ဗျား ကျုပ်နဲ့ ၂ ကြိမ်တွေ့ရတယ်လေ။ ဒါ နည်းနည်းနောနော အခွင့်အရေးမှ မဟုတ်တာ။ ဟဲဟဲဟဲ … အိုး … နိုး … နိုး … နိုး … … ဒေါသ မထွက်နဲ့လေ၊ ကုလသမဂ္ဂ ခေါင်းဆောင် ဆိုတာ အင်မတန် သံတမန်ဆန်ရမယ် မဟုတ်လား။

ဘန်ကီမွန်း။ ။ သေချာပါတယ်လေ၊ ကျနော် ဒီကိုလာတာ အလကား ဖြစ်ပါပြီ။ ကျနော် ပြန်ရင်တော့ ခင်ဗျားတို့က ပြောအားရှိပြီပေါ့၊ ကျနော့်ကို ၂ ကြိမ်တောင် တွေ့တယ်၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရှိတယ် ဆိုပြီး အော်ချက် ထုတ်တော့မှာပဲ။

အသံများ ခေတ္တ တိတ်သွားသည်။ ထို့နောက် ရုပ်ရှင်ထဲမှ လူကြမ်း၏ ခြောက်ကပ်ကပ်ရယ်သံနှင့် ခပ်ဆင်ဆင် တူသော ဗိုလ်ချုပ်မှူးကြီး၏ ရယ်သံ ထွက်ပေါ်လာသည်။

ဘန်ကီမွန်း။ ။ ခင်ဗျား သိပ်ရယ်မနေနဲ့။ မြန်မာပြည် ဘာဖြစ်နေလဲ သိတယ်မဟုတ်လား။ လူတွေလည်း စုတ်ပြတ်နေတာပဲ။ မတွေ့ဘူးလား။

ဗိုလ်ချုပ်မှူးကြီး။ ။ ဒါကြောင့် ကျုပ်က နေပြည်တော်ကို ရွှေ့လာရတာပေါ့။ ဒီရောက်တော့ အဲဒါတွေ သိပ် မတွေ့တော့ဘူး။ ဟဲဟဲဟဲ … ။

ဘန်ကီမွန်း။ ။ ရယ်မနေနဲ့၊ ရန်ကုန်မှာ လူတွေက ပြောနေကြပြီ၊ ဘယ်သူ သေသေ ငရွှေမာရင်ပြီးရော တဲ့။

ဘန်ကီမွန်း၏ စကားအဆုံးတွင် စားပွဲကို လက်သီးဖြင့် ထုသံ ဝုန်းခနဲ ပေါ်ထွက်လာသည်။

ဗိုလ်ချုပ်မှူးကြီး။ ။ အား … ကျွတ် ကျွတ် ကျွတ် ကျွတ် ကျွတ် … ငရွှေမာလိုက်တာ … အဲ … နာလိုက်တာ၊ နာလိုက်တာ … ။

ဘန်ကီမွန်း။ ။ ခင်ဗျားနဲ့တော့ ခက်တော့တာပဲ၊ အရာရာကို အင်အားသုံး ဖြေရှင်းလို့ မရဘူးဗျ။

ဗိုလ်ချုပ်မှူးကြီး။ ။ ဘယ်သူလဲ၊ ဘယ်သူသေသေ ငရွှေမာရင်ပြီးရော ဆိုတာ ဘယ်သူတွေလဲ ပြောတာ၊ ကျုပ်ကို အဲဒီလူတွေရဲ့ နာမည်တွေ အချက်အလက်တွေပေး။ ပြီးရင် ခင်ဗျား တွေ့ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်ဗျားကို ပေးတွေ့မယ်။

ဘန်ကီမွန်း။ ။ ဟာ … ဒီနာမည်တွေ ထုတ်ပြောလို့တော့ ဘယ်ဖြစ်မလဲ၊ စိတ်ကို လျှော့ပါဗျာ၊ ထစ်ခနဲရှိ ချေမှုန်းမယ်၊ ဘာမယ်၊ ညာမယ်ဆိုတာ ဟန်မကျပါဘူး။ ခင်ဗျားဘက်က သဘောထား ပျော့ပြောင်းတယ်၊ အပြောင်းအလဲ လုပ်ဖို့ အသင့်ပဲ ဆိုတာတွေကို ကမ္ဘာက မျှော်လင့်နေကြတာနော်။

ဗိုလ်ချုပ်မှူးကြီး။ ။ ဒါလေးများ လွယ်ပါတယ် မစ္စတာ ကင်မ်ချီ အဲ … မစ္စတာ ဘန်ကီမွန်းရယ်။ ကျုပ်တို့ ဖမ်းထားတာ အများကြီး ရှိပါတယ်။ လူတွေကို ထောင်နဲ့ချီပြီး လွှတ်ပေးလိုက်ဖို့ ကျုပ် ဝန်မလေးပါဘူး။

ဘန်ကီမွန်း။ ။ ဟုတ်ပြီဗျာ၊ ကျနော်လည်း ခင်ဗျားရဲ့ လမ်းပျောက်မြေပုံ အဲ … ဆောရီး … မှားသွားတယ် … ခင်ဗျားရဲ့ လမ်းပြမြေပုံမှာ ပါတဲ့ ရွေးကောက်ပွဲကို ထောက်ခံပြီး ပြောပေးမယ်။ ခင်ဗျားဘက်ကလည်း အကျဉ်းသားတွေကို လွှတ်ပေးဖို့တော့ လိုတယ်။ ပြီးတော့ ဒေါ် … …

ဘန်ကီမွန်း စကားမဆုံးမီ ဗိုလ်ချုပ်မှူးကြီးက ဖြတ်ပြောလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး။ ။ တခု ဖြတ်မေးဦးမယ်၊ ဟို အမေရိကန်ကောင်တွေက ကျုပ်တို့နဲ့ ပတ်သက်ပြီး ဘာတွေလုပ်မယ် ကြားသလဲ။

ဘန်ကီမွန်း။ ။ ခင်ဗျားတို့ကိစ္စက သူတို့အတွက် ခေါင်းကိုက်စရာ ကိစ္စလေးတခုပေါ့။ ခေါင်းကိုက်တယ်ဆိုလို့ အရေးကြီးအဆင့်လို့ မထင်လိုက်နဲ့၊ မြန်မာပြည်အရေးကို ဘာဆက်လုပ်ရမှန်း မသိတာကို ပြောတာ။ ဒါနဲ့ပဲ မူဝါဒပြင်ဖို့ စောင့်ကြည့်နေတယ် လို့ ဟိုတလောက ပြောနေတယ်။ အနည်းဆုံးတော့ လူကြားကောင်းတာပေါ့။

ဗိုလ်ချုပ်မှူးကြီး။ ။ တော်သေးတာပေါ့ဗျာ။ ကျနော်က နေပြည်တော်မှာ လိုဏ်ဂူတွေ တူးနေတာ မပြီးသေးဘူး။

ဗိုလ်ချုပ်မှူးကြီး၏ စကားကြောင့် ဘန်ကီမွန်းက တခစ်ခစ် ရယ်လိုက်လေသည်။

ဗိုလ်ချုပ်မှူးကြီး။ ။ ခင်ဗျားက ဘာတွေ သဘောကျနေတာလဲ။

ဘန်ကီမွန်း။ ။ နိုင်ငံတကာမှာ လကမ္ဘာပေါ်ကို ပြန်သွားဖို့ အပြင်းအထန် ကြိုးစားနေချိန်မှာ ခင်ဗျားက လိုဏ်ဂူတွေတူးပြီး မြေကြီးထဲ ဝင်ဖို့ အပြင်းအထန် ကြိုးစားနေတယ်ဆိုတာကို သဘောကျလို့ပါ ခစ်ခစ်ခစ်ခစ် … …

ဘန်ကီမွန်း၏ အဆက်မပြတ် ရယ်သံများ ထွက်ပေါ်လာသည်။

ဗိုလ်ချုပ်မှူးကြီး။ ။ ခင်ဗျားရယ်သံကို နားထောင်ဖို့ ကျုပ်မှာ အချိန်မရှိဘူး၊ ဗေဒင်ဆရာနဲ့ တွေ့ရဦးမယ်၊ တရုတ်သိုင်းကားလည်း ကြည့်စရာ ရှိသေးတယ်။ ကဲ … ဘာပြောဦးမလဲ။

ဘန်ကီမွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ ဒီတခုပဲ ကျနော် တောင်းဆိုချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ။ နေစမ်းပါဦး … ခင်ဗျားက ဘာကြောင့် အသည်းအသန် တောင်းဆိုနေရတာလဲ။

ဘန်ကီမွန်း။ ။ အခုဆိုရင် လူတွေက ကျနော့်ကို ခရီးတွေ လျှောက်ထွက်ပြီး ဘာရလဒ်မှလည်းမရတဲ့ UN တိုးရစ်ကြီး လုပ်နေတယ် ဆိုပြီး ဝိုင်း ဝေဖန်နေကြတယ်။ ကျနော့်ရဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို နောက်ထပ် သက်တမ်း တိုးဖို့တောင် မသေချာတော့ဘူး။ ကျနော် တောင်းဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင်တော့ ကျနော့်ရဲ့ သက်တမ်း ရှည်မှာပေါ့ဗျ။

ဗိုလ်ချုပ်မှူးကြီး။ ။ မဖြစ်ဘူး၊ လွှတ်လို့တော့ မဖြစ်ဘူး … ဒေါ်အောင်ဆန်းစုကြည် လွတ်သွားရင် ငါ့သက်တမ်း တိုမယ်ကွ၊ ငါ့သက်တမ်း တိုမယ် … ။

စကားပြောသံများ ထိုနေရာတွင် ရပ်သွားလေသည်။ နားထောင်နေသည့် သူတို့ သုံးယောက်လည်း တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြသည်။ အတန်ကြာမှ ကြွက်စုတ် ကမှတ်ချက်ချလိုက်လေသည်။

ကြွက်စုတ်။ ။ သြော် … ဘန်ကီမွန်း နဲ့ ဗိုလ်ချုပ်မှူးကြီး သက်တမ်းရှည်ရေးက ဒေါ်အောင်ဆန်းစုကြည်အပေါ် မူတည်နေပါလား။

ဖိုးရှုပ်။ ။ အင်း … ဦးဝင်းတင်ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် “စု-လွှတ်-တွေ့” ဆိုပြီး ကြွေးကြော်နေတာ ကြာပြီ။

ရုက္ခစိုး ။ ။ ဒါဆို ဗိုလ်ချုပ်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မေ့ထားချင်တယ် ဆိုတော့ ဗိုလ်ချုပ်မှူးကြီးက “စု-လွှတ်-မေ့” ဆိုတဲ့ ကြွေးကြော်သံကို ထွင်တော့မယ်နဲ့ တူတယ်။ ။

ပါလီမန်ဒီမိုကရေစီပါတီစာစောင်

ဇူလိုင်၁၅ဒိုင်ယာရီ

ဗိုလ်ချုပ်မှူးကြီး ဇနီးမောင်နှံ ရွှေတိဂုံမှာ ပန်းယတြာချေ

Wednesday, 15 July 2009 18:37 ဟိန်းဇော်



စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် ယခုတပတ်အတွင်း ၃ ရက်ဆက်၍ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားသို့ ပန်းများဆင်ယင်ထားသော ဗုဒ္ဓရုပ်ပွားတော်များကို လာရောက် ပူဇော်ထားရှိ သည့်အတွက် လူအများစိတ်ဝင်စားနေကြကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ရွေတိဂုံဂေါပက အဖွဲ့ဝင်များက ပြောသည်။



နှီးဖြင့် ပြုလုပ်ထားပြီး “နေကြာပန်း”များ အပါအဝင် ပန်းပေါင်းစုံ အပွင့်များဖြင့်ဆင်ယင်ထားသော ဉာဏ်တော် တစ် ပေ ခန့်ရှိ ဗုဒ္ဓရုပ်ပွားတော် ၃၅ ဆူကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့က မိသားစုဝင်များနှင့် အတူ ရွှေတိဂုံဘုရားသို့ သယ်ဆောင် ပူဇော်ခဲ့ခြင်းဖြစ်သည်ဟု ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်တဦးက ပြောပြသည်။



“နှင်းဆီပန်း၊ ရွှေပန်း၊ ငွေပန်းစတဲ့ ပန်းအမျိုးအစားပေါင်း မနည်းဘူး။ ရုပ်ပွားတော်ရဲ့ကိုယ်မှာစိုက်လှူထားတာ ၊ ရုပ်ပွားတော် ၃၅ဆူလောက်ရှိတယ်။ ဘုရားလာဖူးတဲ့ လူတွေက ပန်းပေါင်းစုံရုပ်ပွားတော်တွေ မွေးနံ ထောင့်တိုင်း မှာရှိနေတာ့ တအားစိတ်ဝင်တစားမေးမြန်းတာ"ဟု ၎င်းက ပြောသည်။



အဆိုပါ ရုပ်ပွားတော်များကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်စောစောက ရွှေတိဂုံဘုရား၏ နေ့နံအလိုက် သတ်မှတ် ထားသော မွေးနေ့ ထောင့်တိုင်းတွင် ပူဇော်ထားရှိခြင်းဖြစ်ပြီး “နေကြာပန်း”များအား ထည့်သွင်း ပူဇော်ခြင်းသည် အနေကြာစေရန် ဟူသော အဓိပ္ပာယ်ဖြင့် အာဏာဆက်လက် တည်မြဲရေးနှင့် ကျန်းမာရေးကောင်းမွန်ရန်တို့ အတွက် ယတြာချေခြင်း ဖြစ်နိုင်ကြောင်းလည်း သူက ဆိုသည်။



အတိုင်ပင်ခံ ဗေဒင်ဆရာများ၏ အခါပေးစေခိုင်းမှုဖြင့် ယတြာချေခြင်းဖြစ်ပြီး ဒေါ်ကြိုင်ကြိုင် ထီးတော် တင်ထား သော ဓနုတ်စေတီတော် ပြိုကျခြင်းနှင့်ပတ်သတ်၍ ကျရောက်လာမည့် အညံ့ များကို ချေဖျက်ရန် ထိုသို့ ပြုလုပ် ခြင်းဖြစ်ကြောင်း အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။



ရွှေတိဂုံ ဘုရားဖူးတဦးကလည်း"ဘုရားမှာ ထူးထူးခြားခြား တွေ့တော့မေးကြည့်တာ၊ စေတီတော် တစ်ကိုယ်လုံး ပန်းအစုံနဲ့ ဘုရားကိုယ်ကိုတောင် မမြင်ရဘူး၊ ဘာလုပ်တာလဲမေးတော့ ဒီနေ့မနက်(ဇူလိုင် ၁၀) ငါးနာရီလောက်က ဘုရားက တံခါးတွေပိတ်ပြီး သူစိမ်းဝင်ခွင့်မပြုတော့ဘဲ ဦးသန်းရွှေတို့ ဇနီးမောင်နှံနဲ့ အပေါင်းအပါတို့ ယတြာ လာချေ သွားတာတဲ့"ဟု ပြောသည်။



မကြာသေးခင်က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် အစိုးရထိပ်ပိုင်း အဖွဲ့ဝင် ၅ ဦးတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှ အာဏာ သိမ်းရန် ကြိုးပမ်းကြောင်း ကောလာဟလ ထွက်ပေါ်မှုများလည်း ရန်ကုန် လူထုကြား ပျံ့နှံ့နေ သည်ဟုလည်း ၎င်း ဘုရားဖူး က ဆိုသည်။



ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့သည် ၎င်း၏ ကံဇာတာ အညံ့များ ကောင်းမွန်ရန်အတွက် ဗေဒင် ယတြာများကို ယုံကြည်မှု ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဗေဒင်ဆရာ တဦးက ပြောသည်။



“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခက်အခဲ အကျပ်တည်းထဲမှာ ရောက်နေတယ်၊ ဒါကြောင့် သူ့ကံဇာတာ ကောင်း အောင် ယတြာချေတာ”ဟု အထက်ပါ ဗေဒင်ဆရာ က ပြောသည်။



ယင်း ပန်းပေါင်းစုံ နှီးဘုရားများကို စိတ်ဝင် တစားမေးမြန်းသူများလာခြင်းကြောင့် သော်လည်းကောင်း၊ ယတြာချေ ပြီး၍ သော်လည်းကောင်း ဇူလိုင်လ ၁၄ရက်နေ့ က လာရောက် သိမ်းဆီးသွားကြောင်း ရွှေတိဂုံ ဘုရားမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။



ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ဒေါ်ကြိုင်ကြိုင် ထီးတင်ခဲ့သည့် ရန်ကုန်တိုင်း ဒလ မြို့နယ်ရှိ ရှေးဟောင်း ဓနုတ် စေတီကြီး ပြိုကျခဲ့သည်။ ၎င်းစေတီကြီးအား မေလ ၇ ရက်နေ့က ထီးတင်ခဲ့ခြင်းဖြစ်သည်။



ထုစေတီကြီးပြိုကျမှုနှင့် ပတ်သက်ပြီး“အလှူရှင်များဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင် ပြီးစီးရန် မွမ်းမံ တည် ဆောက် လိုက်ရသောကြောင့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ်ပျက်စီးခဲ့ရသည်”ဟု အစိုးရ သတင်းစာများတွင် ရေးသား ဖော်ပြခဲ့သည်။



ဤသတင်းအား ဧရာဝတီ သတင်းထောက် မင်းလွင် နှင့် ပူးပေါင်း ရေးသားသည်။

----------------------------------------------------------------------



အစိုးရဝန်ထမ်းများ ဆိုင်ကယ်မစီးရ၊ ထောင်ဒဏ် ၃ လ

Wednesday, 15 July ဟိန်းဇော်



ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြုထားသည့် နေရာမှန်သမျှတွင် အစိုးရဝန်ထမ်းများ ဆိုင်ကယ် စီးနင်းခွင့်ကို အထူးစီမံချက်ဖြင့် တားမြစ်လိုက်ပြီး တားမြစ်ချက် မလိုက်နာသူ ဝန်ထမ်းများအား ထောင်ဒဏ် ၃ လနှင့် ဆိုင်ကယ်သိမ်း အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်စီးကမ်း ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။



“ဒီ ဇူလိုင်လကစပြီး ဆိုင်ကယ်စီးနင်းခွင့်ကို တင်းတင်းကျပ်ကျပ် လုပ်ဖို့ အထက်က အမိန့် ပေးတာ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဘယ်သူမှ မစီးရတော့ဘူး”ဟု ၎င်းက ဆိုသည်။



မင်္ဂလာဒုံ မြို့နယ်အတွင်း စစ်တပ်မှ တာဝန်ရှိသူ တဦးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတဦးတို့ ဆိုင်ကယ်ချင်း တိုက်မိရာမှ ယခုကဲ့သို့ အစိုးရဝန်ထမ်းများ ဆိုင်ကယ်စီးခွင့် ပိတ်ပင်တားမြစ်ခြင်း ဖြစ်သည်ဟု အတည်ပြုချက် မရယူနိုင်သော သတင်းများ ထွက်ပေါ်လျှက် ရှိသည်။



ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို ၂၀၀၁ ခုနှစ်နောက်ပိုင်း ပိတ်ပင်တားမြစ် ခဲ့သော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သတ်သူ တချို့ကိုမူ အာဏာပိုင်အဖွဲ့ အစည်းမှ ထုတ်ပေးထားသော ကတ်ပြားများဖြင့် ဆက်လက် စီးနင်းခွင့် ပြုခဲ့သည်။



ယခုအခါ ရန်ကုန်မြို့အတွင်း တွင်သာမက အရပ်သားများ လွပ်လပ်စွာ စီးနင်းခွင့်ရထားသည့် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ဧရိယာပြင်ပရှိ မြို့နယ် ၁၄ မြို့နယ်တွင်ပါ မည်သည့် ဌာနဆိုင်ရာ ဝန်ထမ်းမှ ဆိုင်ကယ်စီးနင်းခွင့် မပြုတော့ပေ။



ယခုကဲ့သို့ အစိုးရဝန်ထမ်းများကို ဆိုင်ကယ် စီးနင်းခွင့် မပြုသောကြောင့် ဝန်ထမ်းအများစုမှာ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။



ဇူလိုင် ၁၁ ရက်နေ့မှ စတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ဆိုင်ကယ်စီးခွင့် ပိတ်ပင်သည်ဟု တရားဝင် ကြေညာ ထားကြောင်း၊ ဆိုင်ကယ်စီးခွင့်ကို ဇူလိုင် ၁၈ ရက်နေ့အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၎င်းရက် နောက်ပိုင်း အစိုးရဝန်ထမ်းများ ဆိုင်ကယ်စီးသည်ကို တွေ့ရှိပါက ဆိုင်ကယ်သိမ်းကာ ထောင်ချမည်ဟု စာကပ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ အကြီးတန်းအရာရှိ တဦးကပြောသည်။



“ဆိုင်ကယ်ကျတော့ အရေးကြီးတဲ့ ကိစ္စဖြစ်ရင် ချက်ချင်းသွားလို့ ရတယ်။ အခုကျနော်တို့ကို ဆိုင်ကယ်စီးခွင့် ပိတ်လိုက် တော့ စက်ဘီးနဲ့သွားရင်သွား။ မသွားရင် စခန်းကကားနဲ့ သွားမှ ဖြစ်တော့မယ်။ စခန်းကားနဲ့ ကျတော့ အဆင် မပြေဘူး” ဟု ဒဂုံမြို့နယ်မှ ဒုရဲအုပ် တဦးက ပြောသည်။



အစိုးရဝန်ထမ်းများကို ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်သည့် အတွက် ဝန်ထမ်းအများစုမှာ အခက် အခဲ များစွာ ရှိလာနိုင်သောကြောင့် ၎င်း ဝန်ထမ်းများ သွားလာရေး လွယ်ကူစေရန် အစီအစဉ် တခု ပြုလုပ်ပေးသင့် သည်ဟု သန်လျင်မြို့နယ်မှ ရဲဝန်ထမ်းတဦးက ဆိုသည်။



ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က ၂၀၀၈ ခုနှစ် သြဂုတ်လ အတွင်း ရန်ကုန် စည်ပင်သာယာနယ်နိမိတ် ဧရိယာပြင်ပရှိမြို့နယ် ၁၄ မြို့နယ်တွင် တရားဝင် ဆိုင်ကယ် လိုင်စင်များ လျှောက်ထားခွင့် ပြုခဲ့သည်။



ရန်ကုန်တိုင်းအတွင်း တရားဝင် ဆိုင်ကယ် လိုင်စင်ထုတ်ပေးထားသော မြို့နယ်များမှာ သန်လျင်၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ လှည်းကူး၊ ဥက္ကံ၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များဖြစ်သည်။



ယခင်က ၎င်းမြို့နယ်များအတွင်း လိုင်စင်မဲ့ဆိုင်ကယ်များကို စီးနေကြရာမှ စစ်အစိုးရက တရားဝင်လိုင်စင် ပြုလုပ်ကာ စီးနင်းစေခြင်းဖြစ်သည်။ ထိုသို့ မှတ်ပုံတင် လိုင်စင်ပြုလုပ်ရာတွင် အခွန်အဖြစ် မော်တော်ဆိုင်ကယ် အမျိုးအစား အလိုက် အစိုးရကို တစီးလျှင် ကျပ် ၇၅၀၀၀ မှ ကျပ် ၄၈၇၉၀၀ အထိ ပေးဆောင်ကြရသည့်အပြင် ကညန ကို ကျပ် ၇၉၀၀ ပေးဆောင်ကြရသည်။



ရန်ကုန်တိုင်းအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် မော်တော်ဆိုင်ကယ် ၄၂၃၂၂ စီးရှိပြီး ဌာနဆိုင်ရာက ပိုင်ဆိုင်သည့် ဆိုင်ကယ်မှာ ၈၈၆ စီးရှိကြောင်း ကညန က တရားဝင်ကြေညာထားသည်။



ယခုအခါ အဆိုပါဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးထားသည့် မြို့နယ်များတွင် အရပ်သားများသာ ဆိုင်ကယ် စီးနင်းခွင့် ရရှိတော့မည် ဖြစ်သည်။

----------------------------------------------------------------------



ဧရာဝတီတိုင်းတွင် လေဆင်နှာမောင်းတိုက်ခတ်

ကြိမ်ချောင်းကြီးကျေးရွာတွင် အိမ်များပျက်စီး

NEJ / ၁၅ ဇူလိုင် ၂၀၀၉



ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်အချိန်ခန့်က ဧရာဝတီတိုင်းအတွင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသခံများထံမှ သိရသည်။



ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာကြီးတရွာဖြစ်သော ကြိမ်ချောင်းကြီးကျေးရွာတွင် အိမ်အလုံးရေ (၃၅) လုံးခန့် ပြိုသွားကြောင်း ဘိုကလေးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။



“အိမ်ကတော့ (၃၅) လုံးလောက်တော့ရှိမယ်လို့ ကြားတယ်။ သေသေချာချာတော့ မသိရသေးဘူး။ ဒီသတင်းကိုလည်း ဘယ်ကိုမှ မပြောရဘူးလို့ ပြောထားပါတယ်။ အဲဒီကြိမ်ချောင်းကြီးရွာဆိုတာ ပြီးခဲ့တဲ့နှစ်က နာဂစ်မုန်တိုင်းတိုက်တော့ တရွာလုံး ပျက်စီးသွားတဲ့ ရွာကြီးပါ။ အစိုးရကလည်း အခု ပြန်လည်ထူထောင်ရေးတွေ သေသေချာချာ လုပ်ပေးတာခံရတဲ့ ရွာလို့လည်း ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။



လေဆင်နှာမောင်းတိုက်ခတ်ခံရသည့် ကျေးရွာခံများအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ကို ခံစားရပြီးနောက် (လေ) ဆိုလျှင် ကြောက်ရွံ့နေကြကြောင်း ဘိုကလေးမြို့ခံများက ပြောသည်။



“အခုလေဆင်နှာမောင်းကြောင့် လူအချို့ ဆေးရုံကိုရောက်နေကြတယ်။ အရေအတွက်ကိုတော့ မသိရဘူး။ (၁) ယောက် သေတယ်လို့လည်း ကြားပါတယ်” ဟု ဘိုကလေးမြို့ခံတဦးက ပြောပြသည်။



“ကျနော်တို့ ဘိုကလေးမှာ ကြိမ်ချောင်းရွာက တော်တော်ကိုကြီးပါတယ်။ စီးပွားရေးတွေလည်း အရင်က တော်တော် ကောင်းကြ ပါတယ်။ နာဂစ်တိုက်ပြီးတဲ့နောက်တော့ အခြေအနေတွေ ပျက်တဲ့လူတွေ များသွားတယ်” ဟုလည်း ဘိုကလေး မြို့မှ ကျောင်းဆရာတဦးက ပြောသည်။



ယမန်နေ့က တိုက်ခဲ့သော လေဆင်နှာမောင်းလမ်းကြောင်းမှာ ငွေဆောင်ကမ်းခြေထိရောက်ခဲ့ပြီး ငွေဆောင်ရွာတွင်ရှိသည့် ရဲစခန်းနှင့် တိုက်နယ်ဆေးရုံတို့ကိုလည်း လေကြောင်းထိခဲ့ကြောင်း၊ ကမ်းခြေရှိ Sliver View ဟိုတယ်အဆောက် အအုံ နှစ်ခု မှာ အမိုးအချို့လန်သွားကြောင်း ဟိုတယ်ဝန်ထမ်းတဦးက ပြောသည်။

----------------------------------------------------------------------



ရန်ကုန်မြို့တွင် ဆေးလိပ်ရောင်းအား ကျဆင်းခြင်းမရှိ

NEJ / ၁၅ ဇူလိုင် ၂၀၀၉



မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်း တိုးတက်အောင်မြင်နေပြီး ဆေးလိပ် သောက်သုံးမှု လျော့ကျသွားသည်ဟု စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာနေသော်လည်း ရန်ကုန်မြို့တွင် ဆေးလိပ်ရောင်းအား ကျဆင်းမသွားကြောင်း ဆေးလိပ်အရောင်းဆိုင်များက ပြောသည်။



အထူးသဖြင့် ဆေးလိပ်အရောင်းသွက်သည့်ဆိုင်များမှာ ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်များဖြစ်ပြီး ယင်းဆိုင်တိုင်းတွင် ဆေးလိပ်အမျိုးစား အမျိုးမျိုးရောင်းချလျက်ရှိသည်။



တာမွေရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦးက “တာမွေက လက်ဖက်ရည်ဆိုင်တွေအားလုံး ဆေးလိပ်မရောင်းတဲ့ဆိုင်ဆိုတာ မရှိဘူး။ ကျနော်တို့ဆိုင်မှာတော့ စီးကရက်အမျိုးအစားတွေ အများကြီးပဲ။ အရောင်းရဆုံးကတော့ ရက်ရူဘီ(red ruby) ပေါ့။ အဲဒီ စီးကရက်က တလိပ်ကို (၅၀) ကျပ်ပဲရှိတာလေ။ လန်ဒန်ကတော့ ရောင်းအားကျမသွားဘူး။ ဒါပေမယ့် ဈေး မြင့်တယ်။ စားသောက်ဆိုင်ကြီးတွေမှာ ဆိုရင်တော့ ရောင်းအားကောင်းတယ်ဗျာ” ဟု ပြောသည်။



ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင်အများစုတွင် ရောင်းအားအကောင်းဆုံးစီးကရက်မှာ ရက်ရူဘီစီးကရက်ဖြစ်ပြီး လူတန်းစာ မရွေး သောက်နိုင်သော ဈေးနှုန်းကြောင့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ရောင်းချလျက်ရှိသည်။



သိမ်ကြီးဈေး ဒီရုံတွင် မြန်မာတနိုင်ငံလုံးသို့ စီးကရက် ဖြန့်ဖြူးရောင်းချနေသည့် အရောင်းဒိုင်တခုမှ တာဝန်ခံတဦးက အများ ဆုံး ဖြန့်ချိရောင်းချရသော ပြည်နယ်နှင့်တိုင်းများမှာ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ ဖြစ်သည်ဟု ပြောသည်။



၎င်းက “စီးကရက်ကတော့ အရောင်းထိုင်းတယ်ဆိုတာ မရှိဘူး။ ဘယ်လိုလူမျိုးတွေ အသောက်များတယ်ဆိုတာတော့ မသိ ဘူး။ ကျနော့်ဆိုင်မှာ တနေ့တနေ့ စီးကရက်လာဝယ်တဲ့သူတွေ အများကြီး။ ရန်ကုန်က လက်ဖက်ရည်ဆိုင် ဖောက်သည် တွေ၊ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေက အမြဲလာဝယ်လေ့ရှိတယ်။ သောက်သူတွေရှိနေလို့ ရောင်း နေရတာပဲလေ” ဟု ပြောသည်။



အဆိုပါအရောင်းဆိုင်တွင် စီးကရက်အမျိုးပေါင်း (၅၀) ကျော်ရှိကာ ဈေးအမြင့်ဆုံးမှာ မာဘိုရို စီးကရက်ဖြစ်ပြီး ရန်ကုန်တွင် ဖောက်သည်ဈေး တတောင့်လျှင် (၁၈,၃၀၀) ကျပ်ဝန်းကျင်ရှိကြောင်း၊ ရန်ကုန်ပရိသတ်ကြိုက် စီးကရက်များမှာ လန်ဒန်၊ ရက်ရူဘီ၊ ဗီးဂက်စ်၊ ဗွီအနီတို့ဖြစ်ပြီး ရက်ရူဘီနှင့် ဗီးဂက်စ် တတောင့်လျှင် (၄,၈၀၀) ကျပ် ၀န်းကျင်၊ ဗွီအနီတတောင့်လျှင် (၄,၃၀၀) ကျပ်ဝန်းကျင် အသီးသီးရှိကြောင်း သိရသည်။



နအဖက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးထိန်းချုပ်ဥပဒေကို ၂၀၀၆ ခု မေလ (၄) ရက်တွင် စတင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၇ ခု မေလ (၄) ရက်တွင် ယင်းအာဏာ စတင်တည်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အာဏာတည်သည့်နေ့မှစ၍ ရန်ကုန်မြို့ရှိ မည်သည့်နေရာတွင်ဖြစ်စေ ဆေးလိပ်ကြော်ငြာခြင်းများကို ခွင့်မပြုတော့ကြောင်း ရန်ကုန်စည်ပင်က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းတွင် ဆေးလိပ်နှင့်ပတ်သက်သော ကြော်ငြာများ လုံးဝမကြော်ငြာရသည့်အပြင် လက်ကမ်းကြော်ငြာ ပေးဝေခြင်း၊ တနည်းနည်းဖြင့် ကြော်ငြာခြင်းတို့ကိုလည်း အဆိုပါဥပဒေအရ အရေးယူမည်ဟု ပါရှိသည်။

ဆိုင်းဘုတ်နှင့်ကြော်ငြာများကို အရေးယူမည်ဟုပြောသော်လည်း စီးကရက်ကုမ္ပဏီများက ရန်ကုန်ဈေးကွက် အတွင်း တွင် အမျိုးသား အမျိုးသမီးငယ်များကို တူညီဝတ်စုံများဝတ်ဆင်စေပြီး မားကက်တင်းဆင်းကာ စီးကရက် ရောင်းအား မြှင့်တင်မှုများ လုပ်နေကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှ ကျောင်းဆရာတဦးကမူ ဆေးလိပ်သောက်သူများတွင် ဆယ်ကျော်သက် အရွယ် ကျောင်းသား အများအပြားပါဝင်နေသဖြင့် အစိုးရအနေဖြင့် ဆေးလိပ်သောက်သုံးမှုအန္တရာယ် လျော့ပါးရေးအတွက် လက်တွေ့ ကျကျ ကျန်းမာရေး ပညာပေးမှုများကို ကျောင်းများနှင့် ပြည်သူလူထုကြားမှာပါ ကျယ်ကျယ်ပြန့်ပြန့် ပိုမို လုပ်ဆောင်သင့်သည်ဟု ပြောသည်။

----------------------------------------------------------------------

မြန်မာနိုင်ငံတောင်ပိုင်းတွင် မြစ်ရေကြီးသဖြင့်

ရေလမ်းခရီးအချို့ ရပ်ဆိုင်းထားရ

ဝီရ / ၁၅ ဇူလိုင် ၂၀၀၉



ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြန်မာနိုင်ငံ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မြစ်ချောင်းများ စိုးရိမ်ရေမှတ်အထိ ရောက်ရှိခဲ့ပြီး ရေလမ်း၊ ကုန်းလမ်းခရီးအချို့ ရပ်နားခဲ့ရသည်။



သံလွင်မြစ်အောက်ပိုင်း ကရင်ပြည်နယ် ဘားအံမြို့နှင့် မော်လမြိုင်သို့ သင်္ဘောဖြင့် သွားလာနေသည့် ရေလမ်းခရီးကို ယခုလ (၁၃) ရက်မှစ၍ ရပ်နားခဲ့ကြောင်း ဘားအံမြို့မှ ဈေးသည်တဦးက ပြောသည်။



“အခု သွားလို့မရတော့ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို ကားလမ်းကနေ မှာနေရတယ်။ ဇူလိုင် (၁၃) ရက်ကတည်းက သင်္ဘောသွားလို့မရတာ။ မြစ်ရေက တံတားဘောင်အနားထိ ရောက်နေတယ်။ သင်္ဘောတွေ ဖြတ်ဝင်လို့ မရတော့ဘူး။ အခြားလှေငယ်တွေကလည်း မသွားရဲကြတော့ဘူး။ ရေစီးကြမ်းတယ်” ဟု ၎င်းက ပြောသည်။



ထို့ပြင် မြဝတီ-ကော့ကရိတ်-အိန္ဒု ကားလမ်းပေါ်ရှိ ဂျိုင်းတံတား (ကော့ကရိတ်) မှာလည်း ယိုယွင်းနေ၍ ဖြတ်ကူးသည့် ကားတင်ချိန် လျှော့ချရသဖြင့် ဘားအံမြို့ပေါ်တွင် ကုန်ပစ္စည်းမျိုးစုံ ဈေးတရိပ်ရိပ်တက်နေပြီး ကုန်သယ်စရိတ်မှာ ယခုလောလောဆယ် နှစ်ဆခန့် ဈေးတက်နေသည်ဟု ၎င်းက ပြောသည်။


မွန်ပြည်နယ် ရေးမြို့နယ်တွင်လည်း ယခုလ (၁၃) ရက်၌ ရေးချောင်း မြစ်ရေလျှံသဖြင့် ရေးမြို့ ကမ်းနားလမ်းတလျှောက်ရှိ ဈေးကြီးအပါအဝင် တဘက်ကမ်း ချောင်းတောင်ရွာရှိ လူနေအိမ်ခြေများ ပြောင်းရွှေ့ခဲ့ရပြီး မြို့ပေါ်ရပ်ကွက်အချို့အထိ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။



ရေးမြို့ခံတဦးက “ရေတက်တော့ ဒီရန်ကြီးအောင်ရပ်ကွက်ရယ်၊ ချောင်းဘေးနှစ်ဘက်က အိမ်တွေအားလုံး ပြောင်းရတယ်။ ချောင်းတောင်ရွာဘက်ခြမ်းရော ဆိုရင် အိမ်ခြေ (၁၀၀) နီးပါးလောက် ပြောင်းရတယ်။ အဲဒီတရက် ဇွန် (၁၃) မှာ ဈေးကြီးက တချို့ဈေးသည်တွေလည်း ပစ္စည်းတွေ ပြောင်းရတယ်။ ဒီရေးမြို့ပေါ်က အနိမ့်ပိုင်း ရပ်ကွက်တွေအားလုံး ရေဝင်နေတယ်။ ဒီနေ့အထိ ရေသိပ်မကျသေးဘူး။ ချောင်းဖျားဘက်က မိုးဆက်ရွာနေတာကိုး။ ချောင်းဖျားက သစ်ထုတ်လုပ်တဲ့သူတွေဆီက ခွဲပြီးသား သစ်လုံးကြီးတွေလည်း ဒီဘက်ကို စီးလာတာရှိတယ်။ သစ်လုံးတွေက တလုံးကို သိန်းချီရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။



ရေမြင့်တက်မှု စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည့် ဘားအံမြို့တွင် (၆၈၆) စင်တီမီတာမှ နောက်နှစ်ရက်အတွင်း (၇၅၀) စင်တီမီတာအထိ ရောက်ရှိနိုင်ကြောင်း၊ မွန်ပြည်နယ် ရေးမြို့တွင် စိုးရိမ်ရေမှတ် (၉၁.၅) စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။



နယ်စပ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်းရှိ ချောင်းနှစ်ခွ-မုဒုံတွင် သွားလာနေသည့်လမ်းကြောင်းမှာလည်း ချောင်းရေ မြင့်တက်နေပြီး ရေစီးကြမ်းနေသဖြင့် ယမန်နေ့မှစ၍ ရေလမ်းခရီး ပိတ်ထားရသည်။



ဘုရားသုံးဆူမြို့အနီး ချောင်းဆုံလှေဂိတ်မှ ရွာသားတဦးက “လွန်ခဲ့တဲ့ နှစ်ရက်နေ့က ဒီချောင်းဆုံရွာ အောက်ပိုင်းက အိမ်တွေ ရေထဲပါသွားတာ ရှိတယ်။ မိုးကြီးလို့ ရုတ်တရက် ရေမြင့်တက်လာတာကြောင့် အိမ် (၃၀) လောက် ကုန်းဘက်ကို ပြောင်းသွားရ တယ်။ မနေ့က ချောင်းနှစ်ခွကနေ ဟိုဘက်ကမ်း မုဒုံဘက်ကို သွားလို့မရဘူးလို့ လှေသမားတွေက ပြောတယ်။ ရေက ဆိပ်ခံထက်မြင့်တက်နေတော့ ဇက်လှေက ကမ်းကို ကပ်လို့မရဘူးလို့ ပြောတယ်။ ခရီးသည်တွေက အဲဒီမှာပဲ ညအိပ်လိုက်ရ တယ်တဲ့။ လှေငယ်တွေလည်း မလွယ်ဘူး။ ရေစီးတာ အရမ်းကြမ်းတယ်လေ။ အန္တရာယ်များလို့ ဘယ်သူမှ မဆင်းချင်ကြဘူး” ဟု ပြောသည်။

----------------------------------------------------------------------

စစ်အစိုးရ၏ အလုပ်သမားကာကွယ်ရေးဖွဲ့စည်းမှု နောက်ကျ

မင်းနိုင်သူ / ၁၅ ဇူလိုင် ၂၀၀၉



မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြရသည်မှာ နှစ် (၂၀) ကျော်ရှိနေခဲ့ရာ ယခုမှ မြန်မာစစ်အစိုးရက အလုပ်သမားရေး တာဝန်ယူဖြေရှင်းရန် အားထုတ်ခြင်းမှာ နောက်ကျနေပြီဖြစ်ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့တာဝန်ခံ ကိုမိုးဆွေက ပြောသည်။



ယနေ့ထုတ် စစ်အစိုးရသတင်းစာပါ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည့် သတင်းနှင့်စပ်လျဉ်း၍ ပြောဆိုခြင်းဖြစ်သည်။



၎င်းက “ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင်လည်း တရားဝင်မြန်မာအလုပ်သမားတွေ မတရား အလုပ်ဖြုတ် ခံရတာတို့၊ မတရားအလုပ်ခံရတာတို့ရှိလို့ မြန်မာသံရုံးကို အကြောင်းကြားရင် တာဝန်ယူဖြေရှင်းပေး တာမရှိဘူး။ (၁) မှု (၂) မှုပေါ့နော် ကျနော်မှတ်မိသလောက်။ မြန်မာ အိမ်ဖော်အမျိုးသမီး မီးရှို့အသတ်ခံရတုန်းကတော့ သူတို့ တခေါက် လာဖူးတယ်။ (၉၅) ရာခိုင်နှုန်းကတော့ ဖြေရှင်းပေးတာမျိုး မရှိခဲ့ပါဘူး” ဟု ပြောသည်။



မြန်မာအလုပ်သမားများ အများဆုံးကြုံတွေ့ကြရပြီး အလုပ်သမားအဖွဲ့အစည်းများက အများဆုံးဖြေရှင်းပေးနေကြရသည်မှာ လုပ်အားခ နှိမ်ပေးခြင်းနှင့် လစာလုံးလုံးမပေးဘဲ အလုပ်ဖြုတ်ပစ်ခြင်းတို့ ဖြစ်ကြောင်း ကိုမိုးဆွေက ပြောသည်။



ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နာယကအဖြစ် တာဝန်ယူကာ သံရုံးဝန်ထမ်းများအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားသင့်လျော်သူများဖြင့် ဖွဲ့စည်းသွားမည်ဟု သိရသည်။



ထိုကဲ့သို့ မြန်မာသံရုံးဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်ပါက ကြိုးနီစနစ်ကျင့်သားရနေသူများဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများရှိနေမည်ဟု ကိုမိုးဆွေက ပြောသည်။



မြန်မာအလုပ်သမားရေးကိစ္စအတွက် ထိုင်းနိုင်ငံ ရနောင်းမြို့၌ ဇူလိုင် (၁၀) ရက်တွင် ကျင်းပသော နိုင်ငံသားစိစစ်ရေးနှင့် မြန်မာလုပ်သားထပ်မံ ခေါ်ယူရေးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံခြားရေးဒု-၀န်ကြီး ဦးမောင်မြင့် တက်ရောက်ခဲ့ပြီး ဖူးခက်မြို့ သို့လည်း သွားရောက်ခဲ့သည်။



ဖူးခက်ရှိ မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်မှုခံယူကြရန် ဒု-၀န်ကြီးက တိုက်တွန်းခဲ့ကြောင်း မြန်မာအလုပ်သမား တဦးက ပြောသည်။



မြန်မာအလုပ်သမားအများစုမှာ မှတ်ပုံတင်လက်ဝယ်မရှိသူများဖြစ်သည့်အပြင် လက်ရှိအလုပ်လုပ်နေရာ လုပ်ငန်းခွင်မှ နယ်စပ်ပြန်၍ နိုင်ငံသားစိစစ်ရေးခံယူရန်မှာ မလွယ်ကူကြောင်း ကိုမိုးဆွေက ပြောသည်။



“တိုင်းရင်းသားတချို့မှာ နိုင်ငံသားစိစစ်ရေးကတ်ကိုမရှိဘူး။ မရှိလို့ ပြန်သွားလုပ်ပြန်ရင် သူတို့က တရက်တည်းနဲ့ အပြီးလုပ်ပေး မှာလား။ နောက်တခုက အဲလိုနယ်စပ်မြို့တွေကို ပြန်လုပ်တဲ့အခါ အပြန်လမ်းမှာပဲ ထိုင်းရဲအဖမ်းဆီးခံရမယ့် ပြဿနာတွေ ရှိမယ်။ ရက်ကြာကြာ အလုပ်အကိုင်ပျက်လို့ လုပ်ငန်းရှင် မကြည်ဖြူမယ့် ပြဿနာတွေရှိတယ်။ မြန်မာအစိုးရလုပ်သင့်တာက ထိုင်းနိုင်ငံကို လာပြီး Mobile ပုံစံနဲ့ နိုင်ငံသားစိစစ်ရေးကိစ္စကို လုပ်သင့်တယ်” ဟု ၎င်းက ပြောသည်။



ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်သော မြန်မာနိုင်ငံသားများအား တရားဝင်ဗီဇာထုတ်ပေးခြင်းနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင်ခြင်းတို့ကို ဇူလိုင် (၁) ရက်နေ့မှ စတင်လုပ်ပေးနေပြီဖြစ်သော်လည်း မည်မျှကြာသည်အထိ ပြုလုပ်ပေးမည်ကို မသိရှိရသေးပေ။



နယ်စပ်မြို့မှ နိုင်ငံသားစိစစ်ရေးခံယူကာ ၀င်ရောက်လာသော မြန်မာအလုပ်သမားများအနေဖြင့် ဌာနဆိုင်ရာ ၀န်ထမ်းများ နှင့် လူပွဲစားများအား ဘတ်ငွေ သုံးထောင်ပေးဆောင်နေကြရကြောင်း ဖူးခက်မြို့မှ မြန်မာအလုပ်သမားတဦးက ပြောသည်။



ယခုအလုပ်သမားမှတ်ပုံတင်ပြီးသူများအနေဖြင့် ၂၀၁၀ ဖေဖော်ဝါရီ (၂၉) ရက်အထိ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် လုပ်ကိုင်နိုင်ကြမည်ဟု သိရသော်လည်း အသေးစိတ်အချက်အလက်များကို နှစ်နိုင်ငံဝန်ကြီးဌာနများက ထုတ်ပြန်ခြင်း မရှိသေးဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံက ပြောသည်။



အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂) သန်း ကျော်ရှိကြောင်း သိရသည်။

----------------------------------------------------------------------



မြန်မာကြက်သွန်နီ တရုတ်အ၀ယ်လိုက်

ထိုင်းဈေးကွက်တွင် ဈေးကြီး

NEJ / ၁၅ ဇူလိုင် ၂၀၀၉



ဈေးကောင်းရသည့် တရုတ်နိုင်ငံဘက်သို့ မြန်မာကြက်သွန်နီ တင်ပို့မှု မြင့်မားလာသဖြင့် ထိုင်းဈေးကွက်တွင် ကြက်သွန်နီ အ၀င်နည်း၍ ဈေးနှုန်းမြင့်တက်လာသည်ဟု ကုန်သည်များက ပြောသည်။



ယခင်က မဲဆောက်-မြ၀တီကုန်သွယ်ရေးလမ်းကြောင်းမှ တရက်ခြား မြန်မာကြက်သွန်နီ (၂၅) တန်ခန့် နည်းမျိုးစုံဖြင့် ပုံမှန်တင်သွင်းနေရာမှ ပြီးခဲ့သည့်လလယ်မှစတင်ကာ ရုတ်တရက် ဈေးနှုန်းမြင့်တက်သွားသောကြောင့် ထက်ဝက်ခန့်သာ တင်သွင်းနိုင်တော့သည်ဟု မဲဆောက်မြို့မှ ထိုင်းကြက်သွန်ပွဲရုံပိုင်ရှင်တဦးက ပြောသည်။



မြန်မာကြက်သွန်နီကုန်သည်တဦးက “အခုကြက်သွန်နီဈေးကောင်းတော့ မြန်မာကုန်သည်တွေအတွက် တွက်ခြေကိုက်တယ်။ ထိုင်းဝယ်လက်ကလည်း နပ်တယ်။ ကြက်သွန်ကို ပုံမှန်သွင်းတာထက် တ၀က်ပဲဝယ်တော့တယ်” ဟု ပြောသည်။



ထိုင်းဘက်သို့တင်သွင်းသည့် ကြက်သွန်နီများမှာ ဆိပ်ဖြူ၊ မြင်းခြံ၊ မလှိုင်၊ ပျော်ဘွယ်နှင့် တောင်သာဒေသများမှ ထွက်သည့် ကြက်သွန်များဖြစ်ပြီး လက်ရှိ ရန်ကုန်ပွဲရုံပေါက်ဈေးမှာ တပိဿာ (၅၅၀) မှ (၇၅၀) ကျပ်အထိဖြစ်ပြီး ယခင်လဆန်းက ဈေးနှုန်းမှာ ကျပ် (၅၀၀) ခန့်သာဖြစ်သည်။



ယခုကဲ့သို့ ကြက်သွန်များဈေးတက်သွားခြင်းမှာ ပြည်ပငွေလဲနှုန်း သိသာစွာမြင့်တက်လာသဖြင့် ကြက်သွန်ကုန်သည် များက ၀ယ်အားကောင်းသည့် အဓိက တရုတ်အပါအ၀င် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်တို့သို့ အများအပြားတင်ပို့ကြခြင်းဖြစ်သည်။



ထိုင်းနိုင်ငံဈေးကွက် မဲဆောက်တွင် ယခင်လက ကြက်သွန်နီ (၁) ကီလိုလျှင် ထိုင်းဘတ် (၂၀) သာရှိခဲ့ပြီး ယခုအခါ (၁) ကီလိုပေါက်ဈေးမှာ ဘတ် (၃၀) ဖြစ်သည်။



ထိုင်းကြက်သွန်ကုန်သည်တဦးက “ဈေးတက်ပေမယ့် သူလည်း အဓိကစားသုံးကုန်တခုဆိုတော့ လုံးဝမ၀ယ်လိုတော့ မရဘူး။ ဒါကြောင့် လျှော့ပြီး ၀ယ်ရတာဖြစ်တယ်။ မြန်မာကြက်သွန်နီက အသုံးများတဲ့အတွက် ထိုင်းနိုင်ငံမှာ ဈေးကွက်ကြီးတခု ရထားတယ်” ဟု ပြောသည်။



ကြက်သွန်နီကဲ့သို့ အလားတူ မြန်မာကြက်သွန်ဖြူမှာလည်း ထိုင်းနိုင်ငံဈေးကွက်အတွင်း ၀င်ရောက်မှုမရှိတော့သဖြင့် ယခင်လက (၁) ကီလို ဘတ် (၃၀) သာရှိသည့် ကြက်သွန်မှာ လက်ရှိပေါက်ဈေး ဘတ် (၆၀) အထိ ဖြစ်ခဲ့ပြီး ဈေးကွက် အတွင်း ပစ္စည်းပြတ်လပ်လျက်ရှိပြီး တရုတ်ကြက်သွန်ဖြူများဖြင့် အစားထိုးသုံးစွဲလျက်ရှိသည်။



မြန်မာနိုင်ငံမှ အရည်အသွေးကောင်းသည့် မြစ်သားကြက်သွန်မှာ ဈေးနှုန်းပိုမိုရရှိသောကြောင့် တရုတ်ဈေးကွက်သို့ တင်သွင်းခြင်းဖြစ်သည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။

----------------------------------------------------------------------

စစ်တွေတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ငြိမ်းချမ်း

ဒါကာ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စိတ်ကြွဆေးပြား အများအပြားကို မူးယစ် အထူးတပ်ဖွဲ့က ယခုလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။



စစ်တွေမြို့ မင်ဂံရပ်ကွက်ရှိ အဝေးပြေးကားဂိတ်တွင် ရန်ကုန်မြို့မှ ရောက်ရှိလာသည့် ကုန်ကားပေါ်၌ ဝေဖါ မုန့်ပုံးအတွင်း ထည့်သွင်းထားသည့် စိတ်ကြွဆေးများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခြင်းဖြစ်သည်။ သို့သော် ကားမောင်းသူမှာမူ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။



“ဖမ်းတာက စစ်တွေကားဂိတ်မှာ ဖမ်းတာပါ။ သတင်းရလို့ ဝင်ဖမ်းတာ ဖြစ်နိုင်တယ်။ သူတို့က သေသေချာချာ ထည့်ထားတာ။ မုန့်ပုံးတခုထဲက ပါကင် ၅ ထုပ်ကို ရသွားတာ” ဟု မျက်မြင်တဦးဖြစ်သည့် စစ်တွေ အဝေးပြေးကားဂိတ်မှ အလုပ်သမားတဦးက မဇ္ဈိမကို ပြောပြသည်။



ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့ ပလုတ်တောင် ရဲစခန်းသို့ ဆက်သွယ်ကြည့်သော် ယခုအချိန်ထိ ဆက်သွယ်၍ မရဘဲ ဖြစ်နေသည်။



ဘင်္ဂလား-မြန်မာနယ်စပ်သည် မူးယစ်ဆေး ကူးသန်းရောင်းဝယ်ရေးရာ လမ်းကြောင်းတခု ဖြစ်လာနေသည်။ ယခုလ ၄ ရက်နှင့် ၇ ရက်နေ့များတွင် ဘင်္ဂလား-မြန်မာနယ်စပ်မြို့ တက္ကနာနှင့် ကော့စ်ဘဇာမြို့သို့ သွားရောက်ရာ ကားလမ်း ပေါ်ရှိ နယ်စပ် လုံခြုံရေးတပ် BDR စစ်ဆေးရေး ဂိတ်များက တကြိမ်လျှင် တကီလိုခန့် ဝင်ဆန့်သည့် ဘိန်းထုပ်တထုပ်စီကို မော်တော်ကား များပေါ်မှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သေးသည်။



မြန်မာထွက် ဘိန်းဖြူများသည် ဘင်္ဂလားကို ကြားခံအဖြစ် သုံးစွဲကာ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နေသည်ဟု မူးယစ်တိုက်ဖျက်ရေးဌာန အကြီးအကဲတဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် နေ့စဉ်ထုတ် The Independent သတင်းစာက ယခုလ ပထမပတ်တွင် ရေးသားဖော်ပြခဲ့သည်။



ဘိန်းဖြူ တကီလိုဂရမ်ကို မြန်မာငွေ သိန်း ၈၀ မှ ၁၀၀ အထိ ပေါက်ဈေးရှိပြီး၊ ဘင်္ဂလားဒေ့ရှ်တွင် ကျပ် သိန်း ၁၂၀ (တာကာငွေ ၈ သိန်း) ဈေးရှိနေသည်။



စိတ်ကြွဆေးပြားများမှာမူ မောင်တောတွင် တပြားလျှင် ၃၂၀၀ ကျပ် ဈေးပေါက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း တက္ကနာတွင် တပြားလျှင် တာကာ ၂၅၀ မှ ၃၀၀ (ကျပ်ငွေအားဖြင့် ၃၇၅၀ မှ ၄၅၀၀) ကြား ပေါက်ဈေးရှိသည်။

----------------------------------------------------------------------



အင်အားမလျော့ဘဲ ကချင်ဒေသ လုံခြုံရေးတပ်ဖွဲ့ဟု ပြောင်းလဲရန် KIO က လိုလား

ဖနိဒါ

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် (Border Guard Force) ဟူသော အသုံးအနှုန်းအစား ကချင်ဒေသ လုံခြုံရေးတပ်ဖွဲ့ (Kachin Regional Guard Force) ဟု သုံးစွဲပြီး အင်အားကိုလည်း လက်ရှိအတိုင်း ထားလိုကြောင်း ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်အစိုးရကို တင်ပြထားသည်။



မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားမြို့တွင် KIO ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ယခုလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်စစ်တပ်ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် စစ်အစိုးရက ကြိုးပမ်းနေခြင်းအပေါ် KIO က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။



“အခုလောလောဆယ်တော့ အစိုးကို တင်ပြ တောင်းဆိုထားတာပဲ ရှိသေးတယ်။ ဆွေးနွေးဖို့ ရှိသေးတယ်။ စစ်အစိုးရဘက်မှ အဖြေမပေးသေးဘူး။ ကျနော်တို့က KIO တပ်အင်အား နဂိုအတိုင်း ဖြစ်ဖို့ တင်ပြထားတယ်။ သူတို့ ပြောတဲ့ Border Guard force နယ်ခြားစောင့်တပ်အဖြစ် ပြောင်းဖို့ လက်မခံဘူး” ဟု KIO မှ အဆင့်မြင့် တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။



တွေ့ဆုံဆွေးနွေးပွဲသို့ KIO ဗဟိုကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်ကြီး လဖိုင်လ၊ ဗိုလ်ကြီး ဂေါလိုး လအောင်၊ ဆရာ ကွမ်းထပ် ထိန်နန်နော်တို့ တက်ရောက်ခဲ့သည်။



နှစ်ပေါင်းများစွာ လက်နက်ကိုင် ပုန်ကုန်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူသွားခဲ့သည့် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းပြီး၊ အင်အားကို ကန့်သတ်ရန် စစ်အစိုးရက ဖိအား ပေးနေရာ အများစုက လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦးပါဝင်ပြီး မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များကိုလည်း လက်ခံရမည် ဖြစ်သည်။

အရာရှိ အဆင့် ၁၈ ဦး၊ အခြားအဆင့် ၃ဝ၈ ဦးဖြစ်သော နယ်ခြားစောင့်တပ်တွင် တပ်မှူးမှာ ငြိမ်းချမ်းရေးအဖွဲ့မှ ဖြစ်သော်လည်း မြန်မာ့တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိတဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးနှင့် အခြားအဆင့်ရှိ ၂၇ ဦးတို့ကို ထည့်သွင်းပေးရမည် ဖြစ်သည်။

KIO ၏ စစ်တပ်ဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) လက်ရှိ အင်အားမှာ ၂ သောင်းခန့်ဟု ယုံကြည်ရပြီး၊ ဒီမိုကရေစီ အစိုးရသစ်တရပ် ပေါ်ထွန်းလာချိန်အထိ အင်အားကို ဆက်လက်ထိန်းသိမ်းထားလိုနေသည်။

ကချင်တိုင်းရင်းသား ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်း ၄ ခုရှိရာမှ အဖွဲ့ငယ်များက နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် သဘောတူလိုက်ကြပြီ ဖြစ်သည်။

ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) သည် နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း၊ လဆန်အောင်ဝါအဖွဲ့နှင့် ကချင်အမျိုးသား ကာကွယ်ရေး တပ်မတော် (KDA) တို့လည်း ပြည်သူ့စစ်အဖြစ်သို့ လည်းကောင်း ပြောင်းရမည် ဖြစ်သည်။



ထောင်ထဲရှိကျောင်းသားခေါင်းဆောင်များကို ရွေးကောက်ပွဲဝင်ဖို့ စည်းရုံး

RFA - 2009-07-14



နယ်ဝေးထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ကို ရွေးကောက်ပွဲဝင်ဖို့ စအဖ ခေါ် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ပြီးခဲ့တဲ့လပိုင်းအတွင်း ညှိနှိုင်းပြောဆိုခဲ့ပေမဲ့ အောင်မြင်မှု မရဘူးလို့ သိရပါတယ်။ ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့က အာဏာပိုင်တွေရဲ့ စည်းရုံးပြောဆိုမှုကို ငြင်းဆန်ထားတယ်လို့ သိရပါတယ်။



နယ်ဝေးထောင်တွေက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက ခုလို စည်းရုံးနေတာနဲ့ ပတ်သက်လို့ RFA က အတည်ပြုချက် ရယူနိုင်ဖို့ ကျောင်းသားခေါင်းဆောင်တွေရဲ့ မိသားစုတွေကို ဆက်သွယ်ခဲ့ပေမဲ့ မိသားစုအများစုဟာ ထောင်ဝင်စာ သွားမတွေ့နိုင်ပဲ အဆက်အသွယ် ပြတ်နေကြတဲ့အတွက် မသိရှိကြသေးဘူးလို့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ ညီဖြစ်သူ ကိုအောင်က ပြောပါတယ်။



ကိုအောင်။ ။ 'ဘာမှတော့ မကြားဘူး၊ မတွေ့တာ ကြာတော့လေ။ အင်းစိန်က ပြောင်းပြီးကတည်းက က္ဆွန်တော်တို့လည်း အကုန်လုံး ပြတ်နေကြတာဗျ၊ မိသားစုတွေက ပထမပိုင်းကတော့ သွားတွေ့နေတာပဲ၊ ၂ လပိုင်းကတည်းက နောက်ဆုံးပဲ၊ ၂ လပိုင်းက ဆိုတော့ သူတို့ အဲဒီအချိန်မှာလည်း တကယ်လို့ ဟုတ်ခဲ့ရင်တောင်မှ ဘာမှ ကြားရမှာ မဟုတ်သေးဘူးလေ။'



မိသားစုတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာသွားတွေ့ဖို့ အခက်အခဲ ဖြစ်နေရတဲ့ အဓိကအကြောင်းရင်းက လေယာဉ်အသွားအလာ နည်းပါးတဲ့အပြင်၊ ရှိတဲ့လေယာဉ်တချို့လည်း စက်ခ္ဆွတ်ယွင်းပြီး ခရီးစဉ် ရပ်ထားရတာကြောင့်လို့ သိပါတယ်။



ကိုအောင်။ ။ 'ဒီမှာကိုက လေယာဉ်လည်း ရှားတယ်လေ။ လေယာဉ်က နည်းရတဲ့ ကြားထဲမှာ ဟိုတခါလည်း စစ်တွေမှာ လမ်းချော်လို့ ဘာလဲ အတောင်ပံ ထိသွားတယ်ဆိုတာ။ ဒီလေယာဉ်တွေက ကွင်းပတ်နေရတာကိုး။ ကားလမ်းက သွားရင်လည်း ကားလမ်းက အဝေးကြီးကိုး။'



လေယာဉ်စီးခ ဈေးနှုန်းအနေနဲ့လည်း ရှမ်းပြည်နယ် ကျိုင်းတုံအထိ သွားမယ်ဆိုရင် MAI လေယာဉ်စီးရင် ၅သောင်းလောက် ကုန်ကျပေမဲ့၊ ရန်ကုန်အဲယားဝေး၊ မန္ဈလေးအဲယားဝေး စတဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းနဲ့ဆိုရင် ကျပ်တသိန်းတသောင်းကျော် ကျတဲ့အတွက် မတက်နိုင်လို့ ထောင်ဝင်စာ သွားမတွေ့နိုင်တဲ့ မိသားစုတွေ အများအပြား ရှိတယ်လို့လည်း သိရပါတယ်။

----------------------------------------------------------------------



နိုင်ငံရေးခေါင်းဆောင်များကို လုပ်ကြံရန် စစ်အစိုးရက သေနတ်သမားများ စေလွှတ်

RFA - 2009-07-14



မြန်မာစစ်အစိုးရကို ဆန့်ကျင်တော်လှန်ဖို့ ထိုင်းမြန်မာနယ်စပ်မှာ လှုပ်ရှားဆောင်ရွက်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲက ထင်ရှားသူ အနည်းဆုံး ၃ဦးကို လုပ်ကြံသတ်ဖြတ်နိုင်ရန် မြန်မာစစ်အစိုးရနဲ့ DKBA လို့ ခေါ်တဲ့ ခွဲထွက် ကရင်အမျိုးသား ပူးပေါင်းတပ်ဖွဲ့တို့က လက်ဖြောင့် သေနတ်သမားတွေကို စေခိုင်းထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လုပ်ကြံသတ်ဖြတ်ဖို့ အဓိက ပစ်မှတ်ထားသူ စာရင်းထဲမှာ KNU တပ်မဟာ ၇ တပ်ရင်းမှူး ဗိုလ်မှူးချုပ်ဂျော်နီ KNU ဥက္ကဋ္ဌ ၊ DAB ဥက္ကဋ္ဌနဲ့ NCUB ဥက္ကဋ္ဌ တာဝန်တွေကို ပူးတွဲထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး တာမလာပေါနဲ့ တခြား KNU ခေါင်းဆောင်တွေအပြင် NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်တို့ ပါဝင်တယ်လို့ ဆိုပါတယ် ။



ဒီကိစ္စနဲ့ပတ်သက်လို့ KNU ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါကို RFA က ဆက်သွယ်မေးမြန်းရာမှာ KNU အောက်ခြေတပ်ဖွဲ့တွေက သူ့ကို သတိပေး ပြောဆိုတာရှိသလို အရင်တုန်းကလည်း DKBA က တယ်လီဖုန်းနဲ့ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက်ပိုင်း KNU အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာကို ၂ဝဝ၈ခုနှစ် ဖေဖော်ဝါရီလက လုပ်ကြံခံခဲ့ရတဲ့ သာဓကတွေလည်း ရှိကြောင်း ရှင်းပြပါတယ် ။



စောဒေးဗစ်တာကပေါ။ ။ 'ဒီလိုပေါ့ဗျာ၊ သတိနဲ့ နေပေါ့၊ ဒီမှာ ဟိုဟာ DKBA တွေ ကားနဲ့ သွားလာတာ တွေ့တယ်ပေါ့၊ အဲလို အပြောအဆိုတွေတော့ ရှိတယ်။ အဲဒီတော့ က္ဆွန်တော်တို့လည်း သတိတော့ ရှိတာပဲလေ။ အရင်က ပဒိုမန်းရှာတုန်းကတော့ က္ဆွန်တော်တို့ သိရတာ ဖုန်းကြိုဆက်တယ်။ အဲဒီ ဗိုလ်ဆန်ပြုတ်လို့ ပြောတာပဲ။ တပတ်နှစ်ပတ်လောက် ထင်တယ်။ ကြိုပြီးတော့ ဖုန်းဆက်တယ်။ ပဒိုမန်းရှာတင် မဟုတ်ဖူး၊ တခြားလူတွေလည်း ပါတယ်ပေါ့။ အဓိကက သူက လာ လုပ်ကြံမယ်ပေါ့။ သတိနဲ့နေလို့ ပြောတာပဲ။'



ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က မဲဆောက်မြို့ Lotus ကုန်တိုက်အနီး အသံတိတ်ကိရိယာ တပ်ထားတဲ့ ပစ်စတို နှစ်လက်နဲ့အတူ မြန်မာနိုင်ငံသား နှစ်ယောက်ကို ထိုင်းထောက်လှမ်းရေးတွေက ဖမ်းဆီးရမိခဲ့ပါတယ် ၊ အဲဒီနောက် ၃ရက်အကြာမှာ နောက်ထပ် မြန်မာနိုင်ငံသား အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို မဲဆောက်မြို့ တနေရာမှာပဲ ထိုင်းရဲတွေက သေနတ်နဲ့ ပစ်ဖမ်းခဲ့ရာမှာ အသက်မသေပေမဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်လို့ ဆိုပါတယ် ။ အဲဒီလူနှစ်ဦးထံကနေ အမ်မ် ၁၆ သေနတ်တလက်လည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။



ဒါ့အပြင် ပြီးခဲ့တဲ့စနေနေ့က အမည်မသိ သေနတ်သမားတွေဟာ KNU တွဲဖက် အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးစောလှငွေကို မဲဆောက်မြို့ပြင် တနေရာမှာ နောက်ယောင်ခံ လိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် RFA က မေးမြန်းကြည့်ရာမှာ ဗိုလ်မှူးစောလှငွေက ခုလို ပြောပါတယ်။



ဗိုလ်မှူးစောလှငွေ။ ။ 'သူတို့ တချို့ ပြန်ပြောတာ က္ဆွန်တော် တနေရာမှာ မိတ်ဆွေတယောက်နဲ့ ဝင်တွေ့တဲ့အချိန်မှာ ဒီ အပြင်မှာ က္ဆွန်တော် စီးလာတဲ့ ကားနဲ့ မနီးမဝေးမှာပေါ့လေ၊ အဲဒီ လူတစု ဆင်းလာတယ်၊ ဆင်းလာတဲ့အခါ သူတို့ လက်ထဲမှာ သေနတ်လို့ ယူဆရတာတွေလည်း ပါတယ်၊ တွေ့တဲ့လူကတော့ သူ့ထင်မြင်ချက်ကတော့ သူ အဲလို ထင်တာပေါ့လေ၊ ဟုတ်တယ်လည်း ပြောလို့ မရသလို မဟုတ်တယ်လည်း ပြောလို့ မရဘူးပေါ့လေ။ ဒါတွေကတော့ ရှိနိုင်တာပေါ့။'



ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ဟာ ဒီနှစ်ပိုင်းတွေအတွင်း လုံခြုံစိတ်ချစွာ နေထိုင်နိုင်တဲ့ အရပ်ဒေသ မဟုတ်တော့ပဲ ၊ အန္ဈရာယ်တွေ အချိန်မရွေး ကျရောက်နိုင်တဲ့ မြို့တမြို့ဖြစ်နေပြီး ၊ ပိုက်ဆံပေးရင် လူသတ်တဲ့ ထိုင်းကြေးစား လူသတ်သမားတွေလည်း ကျင်လည်လှုပ်ရှားရာ မြို့တမြို့ ဖြစ်နေတယ်လို့လည်း မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက RFAကို ပြောဆိုကြပါတယ် ။

----------------------------------------------------------------------



ကျောင်း ၁၅မိနစ် စောလွှတ်သဖြင့် ဆရာဆရာမများ ခံဝန်ချက်လက်မှတ်ထိုးရ

RFA - 2009-07-14



ပြီးခဲ့တဲ့ ဇူလိုင်လ ၇ရက်နေ့က၊ ကွန်ပျူတာတက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေကို နောက်ဆုံးအချိန် မှာ ၁၅မိနစ်စောပြီး ကျောင်းလွှတ်ပေးတာကြောင့် ပါမောက္ခချုပ်က ဆရာဆရာမများကို ခံဝန်ချက်လက်မှတ်တွေ ထိုးခိုင်းပြီး ပြင်းပြင်းထန်ထန် ကြိမ်းမောင်းတာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



ရန်ကုန်မြို့စွန် သာဓုကန် အလွန်မှာ ဖွင့်ထားတဲ့ ကွန်ပျူတာ တက္ကသိုလ်ကို တက်ရောက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ သွားရေးလာရေး အခက်အခဲရှိတာကြောင့် ဆရာဆရာမတွေက နေစဉ်ပဲ နောက်ဆုံးတက် ရတဲ့ အချိန်မှာ နားလည်မှုနဲ့ ၁၅မိနစ်ခန့် စောလွှတ်ပေးနေတာ ဖြစ်ပါတယ်။



ဒါပေမဲ့ ဇူလိုင်လ ၇ ရက် 7 July နေ့မှာ ၁၅မိနစ် စောလွှတ်တဲ့ အတွက် နောက်ဆုံးအချိန်များမှာ တာဝန်ကျတဲ့ ဆရာဆရာမအားလုံးကို ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက ခေါ်ယူပြီး ခံဝန်ချက်လက်မှတ် ထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကွန်ပျူတာတက္ကသိုလ်က ကျောင်းသူတဦးက ခုလို ပြောပါတယ်။



ကျောင်းသူ။ ။ 'စောလွှတ်တဲ့အတွက်ကို ဆရာဆရာမတွေ အကုန်လုံးကို အဲလို ပြင်းပြင်းထန်ထန် ပြောဆိုတဲ့အတွက်ကို သမီးတို့အနေနဲ့ တော်တော် မခံနိုင်ဘူးပေါ့နော်။ သမီးတို့ အချင်းချင်း သူငယ်ချင်းတွေ အချင်းချင်းလည်း လမ်းမှာတွေ့တိုင်းပြောတယ်။ အင်တာနက်ပေါ်မှာ တွေ့လို့ရှိရင်လည်း ဘလော့ဂ်တွေ ဘာတွေထဲပေါ့နော်၊ ဘလော့ဂ်တွေ ဘာတွေမှာလည်း တင်ထားတယ်ရှင့်။ ဆရာဆရာမတွေ အဲလို လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့။ အခုဆိုလို့ရှိရင် ထွက်တော့မယ်ဆိုတဲ့ ဆရာဆရာမတွေလည်း အများကြီးပဲရှင့်။ ဟို ဆရာဆရာမတွေ အဲလို တင်းတင်းကျပ်ကျပ် ထားတယ်၊ ကင်းတွေ အဲလိုမျိုးပေါ့နော် လုံခြုံရေး ချထားတယ်၊ တကဲ့ နေ့ကြီးရက်မြတ်တွေ ဘာတွေ ကျရင်။ အဲဒါ ဆရာမတွေ အရမ်း စိတ်ညစ်တယ်ရှင့်။'



ကျောင်းသူကျောင်းသားများအနေနဲ့ မြို့ပြင်မှာ ကျောင်းတက်ရတာကြောင့် သွားရေးလာရေး အခက်အခဲများ ကြုံနေကြရတာကို ဆရာဆရာမများက ကူညီတာဖြစ်တယ်လို့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။ ခုလိုနောက်ဆုံးအချိန်ကို ၁၅မိနစ်စောလွှတ်ပေးတဲ့ အတွက် သုံးနာရီရထားကို မီတယ်လို့ သိရပါတယ်။



ကျောင်းသူ။ ။ 'သမီးတို့ဆို မနက်ဆိုရင်လည်းပေါ့နော်၊ အစောကြီး ထရတယ်ရှင့်။ တကဲ့ ဟိုဟာတုန်းကဆိုရင်တောင်မှ အထက်တန်းကျောင်းတုန်းက ဆိုရင်တောင်မှ အဲလောက် မတက်ခဲ့ရဘူး။ အခုဆိုရင် မိုးလင်းတာနဲ့သွား၊ မိုးချုပ်မှ ပြန်ရောက်တယ်ပေါ့နော်။ ကားနဲ့ ဆိုလို့ရှိရင် ၃ဝဝ လောက်ပေးရတယ်။ ရထားစီးရင်တော့ ၁ဝ ပဲ ပေးရတာပေါ့။ ပြီးတော့ ရထားက အချိန်လည်း မှန်တယ်လေ။'



ဆရာဆရာမများကို ခေါ်ယူကြိမ်းမောင်းခဲ့တဲ့ ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းဟာ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းနဲ့ နီးစပ်သူလို့ သိရပြီး တက္ကသိုလ်အတွင်း ကျောင်းသားများ လှုပ်ရှားမှုတွေကို တာဝန်အရထက်ပိုပြီး တင်းတင်းကျပ်ကျပ် ပြုလုပ်နေသူဖြစ်တယ်လို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသူကျောင်းသားတွေက ပြောပြပါတယ်။



မကြာသေးခင်ကလည်း ကွန်ပျူတာတက္ကသိုလ်အတွင်း စာဝေတဲ့ လှုပ်ရှားမှုတခု ဖြစ်ခဲ့ရာမှာ စာဝေသူကို ဖမ်းပေးဖို့ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်းက ဆုငွေထုတ်ခဲ့တယ်လို့ သိရပါတယ်။

----------------------------------------------------------------------



အေးရှားဝေါလ် ဆိပ်ကမ်းတွင် ပေါက်ကွဲမှုတရပ် ဖြစ်ပွား

မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ပြင်းထန်သည့် ပေါက်ကွဲမှုတရပ် ယနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဆိပ်ကမ်းချင်း နီးကပ်နေသည့် ဆိပ်ကမ်းတခုမှ ဝန်ထမ်းတဦးနှင့် အလုံမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ အဆိုအရ သိရခြင်း ဖြစ်သည်။



“ကြားမိပါတယ်။ ကျနော်ကတော့ သေချာ မသိပါဘူးခင်ဗျာ။ သိချင်ရင် အေးရှားဝေါလ် ဆိပ်ကမ်းကို မေးကြည့်ရင် အကုန်သိနိုင်ပါတယ်” ဟု အလုံမြို့နယ်ရှိ Myanmar Industrial ဆိပ်ကမ်းမှ ဝန်ထမ်းတဦးက ပြောသည်။



အလုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ ပုဂ္ဂိုလ်တဦးက “ဘာဖြစ်တာလဲတော့ မသိဘူး။ ပေါက်ကွဲမှုတခု ဖြစ်တယ်လို့ပဲ သိရတယ်။ ကျနော်တို့ဆီကတော့ မသွားရဘူး ခင်ဗျာ။ အကုန်လုံးပြီးစီးမှ ကျနော်တို့ကို အကြောင်းကြားတယ် ခင်ဗျာ။ ၄ နာခွဲနဲ့ ၅ နာရီကြားမှာ ဖြစ်တယ်။ ဘာဆိုလဲတော့ ကျနော်တို့ မသိရဘူးခင်ဗျာ” ဟု ပြောသည်။

သို့သော်လည်း အေးရှားဝေါလ် ဆိပ်ကမ်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဆိပ်ကမ်းမှ တာဝန်ရှိသူတဦးက ငြင်းဆိုသည်။

သူက “မဟုတ်ပါဘူး။ ကျနော်တို့လည်း အတိအကျ မသိဘူး။ ဒီမှာတော့ ကျနော်တို့ မကြားဘူး” ဟု ပြောသည်။

ဤပေါက်ကွဲမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် မဇ္ဈိမက ဆက်လက် စုံစမ်းဆဲဖြစ်သည်။

----------------------------------------------------------------------

မန္တလေးမှ လူသတ်မှု သတင်းဖြင့် သံဃာထု သိက္ခာကို ချဖို့ကြံစည်

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇူလိုင် ၁၅၊ ၂၀၀၉

ယမန်နေ့ထုတ် ၀ိကလီး အလဲဗင်း ဂျာနယ် အချပ်ပို စာမျက်နှာ ၁ တွင်ပါရှိသည့် မန္တလေး မြို့ဘုန်းတော်ကြီး ကျောင်း တကျောင်းမှ ၃လောင်းပြိုင်လူသတ်မှု သတင်းသည် သံဃာထု အပေါ်လူအများ ယုံကြည်မှု ကျဆင်းစေရန် တမင်ရည်ရွယ်ပြီး နအဖ အစိုးရက ထည့်သွင်းဖေါ်ပြစေသည်ဟု မန္တလေးမြို့ခံများက နားလည် သဘောပေါက်လျက် ရှိသည်ဟု မန္တလေး မြို့ခံအချို့က ပြောဆိုသည်။



ဇူလိုင်လ ၁၃ရက်နေ့စွဲ ဖြင့်ထုတ်ဝေသည့် ၀ိကလီး အလဲဗင်းဂျာနယ်တွင် မန္တလေး ဒေးဝန်း အနောက်ရက်ကွက် ၊ အကောက်ဝန်မင်းကြီး ကျောင်းတိုက် အရှေ့ဆောင်တွင် သီတင်းသုံးနေသည့် သံဃာနှစ်ပါးကို မာတုဂါမကိစ္စဖြင့် အငြိုးထားပြီး အရပ်သား တဦးက ညအချိန်တွင် လာရောက် သေကြောင်းကြံရာမှ အရပ်သားနှစ်ဦးနှင့် သံဃာတပါး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဖေါ်ပြထားခဲ့သည်။



သာမန်အားဖြင့် ထိုသို့သော သတင်းမျိုးကို ဖေါ်ပြခွင့် ပိတ်ပင်ထားလေ့ ရှိသော်လည်း ယခုအဖြစ်အပျက်ကို စာပေစိစစ်ရေး နှင့်နီးစပ်သည်ဟု သတင်းကြီးသော ၀ိကလီး အလဲဗင်း ဂျာနယ်တွင် ဖေါ်ပြစေခြင်း သည် သဘောရိုးမဟုတ်နိုင်ဟု မီဒီယာ အသိုင်းအ၀ိုင်းမှ ပြောဆိုလျက်ရှိသည်။ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း သံဃာထုကို ပစ်မှတ်ထားလာသည့် နအဖ အစိုးရ၏ ၀ါဒဖြန့်ချိမှု တခု အနေဖြင့် ယခု သတင်းဖေါ်ပြခြင်းဖြစ်သည် ဟုလည်း ရန်ကုန်မီဒီယာ အသိုင်းအ၀ိုင်းမှ နားလည် သဘောပေါက်လျက်ရှိသည်။



နအဖ အစိုးရသည် ၂၀၀၇ ခုနှစ် သံဃာ့အရေး အခင်းတွင်ပါဝင်သော ရဟန်းသံဃာများကို အသရေ ပျက်စေရန်ရည်ရွယ်ပြီး ငွေကြာယံကျောင်းတိုက် တွင် ဝေယျာဝစ္စလုပ်ကိုင်ပေးသည့် ဒကာမ၊ နယ်မှ ဆေးကုရန် လာရောက်တည်းခိုနေသည့် ဒကာမ အမျိုးသမီးများ၏ အ၀တ်အစားများကို ရှာဖွေသိမ်းဆည်းပြီးခြင်း၊ အတင်းအဓမ္မ ခြိမ်းခြောက်ထွက်ဆို စေခြင်းများ ပြုလုပ်ခဲ့သည်။ ငွေကြာယံကျောင်းတိုက်ကို စက်တင်ဘာ ၂၇ရက်နေ့ အာရုံတက်ချိန်တွင် စစ်တပ်ဖြင့် အကြမ်းဘက် ၀င်စီးခဲ့ပြီးနောက် သေဆုံး၊ ဒဏ်ရာရခဲ့သည့် သံဃာအများ အပြားရှိခဲ့ပြီး ငွေကြာယံ ကျောင်း ၀င်စီးပြီးနောက် မြင်ကွင်း ဓါတ်ပုံဗီဒီယိုများမှာ နိုင်ငံတကာ မီဒီယာများအထိ ပြန့်နှံ့ခဲ့သည်။



----------------------------------------------------------------------

ဟောဒါ နောက်ဆုံးအပုဒ်ဗျာ-



ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘာဆက်လုပ်မှာပါလဲ

ကျော်ဗလ NEJ

၁၅ ဇူလိုင် ၂၀၀၉



ဇူလိုင်လ (၄) ရက်နေ့က မြန်မာပြည်မှပြန်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကြီးမှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်က “နအဖအစိုးရအပေါ် အတော်စိတ်ပျက်မိကြောင်း” ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီသတင်းကိုကြားရ တော့ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အပေါ် မျှော်လင့်ချက်ထားနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ကုလသမဂ္ဂအဖွဲ့ကြီး အပေါ် အတော်စိတ်ပျက်သွားခဲ့ကြပါပြီ။ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေအနေဖြင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုတွေအပေါ် စိတ်ကုန်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်ကို အင်အားသုံးဖြုတ်ချ စီရင်ပြီး ဒီမိုကရေစီစနစ် ထူထောင်ပေးခဲ့တဲ့ သမ္မတဘုရှ်လည်း မြန်မာပြည်အတွက်တော့ ထိထိရောက်ရောက် ဘာမှမလုပ်ပေး နိုင်ခဲ့ပါဘူး။ အီးယူအဖွဲ့ကြီးကလည်း သိပ်ပြီးမထိရောက်လှတဲ့ အကန့်အသတ်နှင့် စီးပွားရေးပိတ်ဆို့မှုတချို့လုပ်တာက လွဲပြီး ဘာမှသိပ်မတတ်နိုင်ခဲ့ပါဘူး။



အာရှတိုက်က မြန်မာ့အိမ်နီးချင်းတွေက ပိုဆိုးကြပါတယ်။ ၁၉၉၀ ပြည့်နှစ်ရလဒ်ကို ပထမဆုံး ကြိုဆိုဂုဏ်ပြုခဲ့တဲ့ တရုတ်ပြည်ဟာ နောက်ပိုင်း လုံခြုံရေးကောင်စီမှာ မြန်မာအစိုးရကို ဗီတိုအာဏာသုံး ကာကွယ်နေတဲ့ တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ တရုတ်ကို အားကျခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကလည်း စီးပွားရေးအမြတ်ထုတ်ချင်စိတ်နှင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲ ဖိတ်ခေါ်သွတ်သွင်းခဲ့ကြတယ်။ ပိုဆိုးတာက မြန်မာ့ဒီမိုကရေစီရေးကို တလျှောက်လုံး အားပေးခဲ့တဲ့ အိန္ဒိယနိုင်ငံကြီးတောင်မှ အခုအခါ နအဖနှင့်ဖက်လဲတကင်း ရင်းနှီးချစ်ကြည်နေကြပါပြီ။ နောက်ဆုံးအားကိုးစရာအဖြစ် ကုလသမဂ္ဂကြီးကို မျှော်ကြည့်မိပြန်တော့လည်း အတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းကိုယ်တိုင်က စိတ်ပျက်စရာဖြစ်နေပါပြီ ဆိုမှတော့ မြန်မာပြည်သူတွေအတွက်မှာ စိတ်ကုန်စရာချည်းပါပဲ။



ဒီသတင်းစာရှင်းလင်းပွဲမှာပဲ မစ္စတာ ဘန်ကီမွန်းက “မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ ပွင့်လင်းမှုကိုပြသရန် အခွင့်အလမ်းတွေ လက်လွတ်ဆုံးရှုံးခဲ့ရပြီ” လို့ စိတ်မကောင်းစွာ မှတ်ချက်ချသွားခဲ့ရှာပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက်ကို နအဖ ဗိုလ်ချုပ်တသိုက် က ဟားတိုက်ရီနေကြပါလိမ့်မည်။ တကယ်က သူတို့မှာ နိုင်ငံရေးအရ ရိုးသားပွင့်လင်း ကြောင်း ဖော်ပြလိုတဲ့ သဘောထား တရွေးသားတောင် မရှိခဲ့ကြဘူး။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် နိုင်ငံတကာကို ဘယ်လို တပတ်ရိုက်ရမည်၊ ဘယ်လိုကလိမ် ကညစ်နည်းတွေကို သုံးရမည်ဆိုတာကိုသာ နေ့စဉ်နှင့်အမျှ စဉ်းစားနေကြသူတွေပါ။ ဒါကြောင့် ရိုးသားမှုလည်းမရှိ၊ အရှက်အကြောက်တရားလည်း မရှိတဲ့ နအဖအဖွဲ့မှာ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အတွင်းရေးမှူးချုပ်ကြီးတို့သာ ဂုဏ်သိက္ခာဆုံးရှုံးကျဆင်း၊ ယုံကြည်မှုကင်းမဲ့ခြင်း ခံခဲ့ကြရတာ ဖြစ်ပါတယ်။



မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီး ဂုဏ်သိက္ခာကျဆင်း၊ ယုံကြည်မှုကင်းခံရတာ ဒီတကြိမ်သာမဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါလို ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့နှစ်ပိုင်းက အတွင်းရေးမှူးချုပ်ကိုယ်စားလှယ်အဖြစ် မစ္စတာ ဂမ်ဘာရီ ပဉ္စမအကြိမ် မြောက် ရောက်လာခဲ့တုန်းကလည်း ဗိုလ်သန်းရွှေနှင့်တောင် တွေ့ခွင့်မရခဲ့ရှာပါဘူး။ ပိုဆိုးတာက ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းဆိုတဲ့ လူမလေး ခွေးမခန့် ပုဂ္ဂိုလ်မျိုးက သံတမန်ဆက်ဆံရေးဆိုတာကို နားမလည် ပါးမလည်နှင့် မစ္စတာ ဂမ်ဘာရီကို သူငယ်နှပ်စားတယောက်လို ပုတ်ခတ်စော်ကား အထက်စီးက ပညာပေးသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။



အခုတခါတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီးကိုယ်တိုင် သာသာနှင့်နာနာထိအောင် ပညာပြခံလိုက်ရပြီလို့ ဆိုရပါလိမ့်မည်။ ဘန်ကီမွန်းရဲ့ ဒီတခေါက်ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့ (၃) ကြိမ်တိတိ နအဖကို မေတ္တာရပ်ခံ တင်ပြခဲ့ပါတယ်။ ကိုယ်စားလှယ်တော်ကြီး ဂမ်ဘာရီက ဦးဉာဏ်ဝင်းမှတဆင့် အတွင်းရေးမှူးချုပ်ကြီးရဲ့ ဆန္ဒကို တကြိမ်တင်ပြခဲ့ ပါတယ်။ မစ္စတာ ဘန်ကီမွန်းကိုယ်တိုင်လည်း ဗိုလ်သန်းရွှေဆီမှာ တိုက်ရိုက် (၂) ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ သံတမန်ထုံးတမ်းအစဉ်အလာမှန်သမျှ ဘာမှဂရုစိုက်ထောက်ထားလေ့ မရှိတဲ့ ဗိုလ်သန်းရွှေက တော့ ဆောရီးပါပဲ။ မြန်မာပြည်ကို ကိုယ်တိုင် (၂) ခေါက်တိတိ ရောက်ခဲ့တာတောင် ကမ္ဘာကျော် အကျဉ်းစံ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရရှာတဲ့ ဘန်ကီမွန်းခမျာ ကုလသမဂ္ဂကို ဘယ်လိုမျက်နှာပြန်ပြရမည်၊ လုံခြုံရေးကောင်စီကို ဘယ်လိုအစီရင်ခံရမလဲဆိုတာတောင် မတွေးရဲအောင်ပါဘဲ။



အတွင်းရေးမှူးချုပ်နှင့် ဗိုလ်သန်းရွှေတို့ ဆွေးနွေးကြရာမှာ မစ္စတာ ဘန်ကီမွန်းက လာမည့်နှစ် ရွေးကောက်ပွဲဟာ အရေးကြီးပြီး၊ ဒီမိုကရေစီ နည်းကျကာ တရားမျှတ ပွင့်လင်းမှုရှိရန် လိုအပ်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် ရွေးကောက်ပွဲအတွက် အကူအညီပေးလိုကြောင်း တင်ပြတယ်လို့ သိရပါတယ်။ ဗိုလ်သန်းရွှေကလည်း ရွေးကောက်ပွဲကို တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ ကတိပြုတယ်လို့ ဆိုပါတယ်။ သံတမန်စကားအရ နှုတ်ကတိပေးထားတာပါ။ ဘာမှ အာမခံချက်မရှိပါဘူး။ လက်တွေ့ကတော့ မစ္စတာ ဘန်ကီမွန်းရဲ့ ကုလသမဂ္ဂမှ ကူညီပါရစေဆိုတဲ့ အဆိုပြုချက်ကိုတောင် ၀န်ကြီးဗိုလ်ကျော်ဆန်း ကတဆင့် ငြင်းဆန်ပယ်ချထားပြီးသားပါ။ ဒီနေ့အထိ အန်အယ်လ်ဒီပါတီအဖွဲ့အစည်းအဆင့်ဆင့်ကို ဆက်သွယ်စည်းရုံး လှုပ်ရှားခွင့်တွေ ဘာမျှမပေးသေးပါဘူး။



ဒါပေမယ့် ကြံ့ဖွံ့ဗဟိုကော်မတီဝင် ၀န်ကြီး၊ ၀န်ကလေးတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး လာဘ်ထိုး လာဘ်ပေး စည်းရုံးရေး တွေ ဆင်းနေကြပါပြီ။ ဒါ့အပြင် တစညလို အလိုတော်ရိပါတီတွေသာမက နအဖစီးပွားရေး လုပ်ငန်းရှင်ကြီးတွေပါ အမတ်လုပ်ဖို့၊ ငွေထုပ်ပိုက်ပြီး မဲလိုက်ဝယ်နေကြပါတယ်။ ဒီလို အန်အယ်လ်ဒီအပါအ၀င် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေအပေါ် ဓားမိုးချိုးနှိမ်ထားပြီး နအဖနောက်လိုက် အလိုတော်ရိတွေကြားမှာ ရွှေမိုး၊ ငွေမိုးတွေ ရွာထားပေးမှတော့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ရဲ့အဖြေဟာ ဘာဖြစ်မယ်ဆိုတာ လူတိုင်းသိနေကြပါပြီ။



အမှန်တော့ မစ္စတာ ဘန်ကီမွန်းအနေဖြင့် ဗိုလ်သန်းရွှေကို ဆွေးနွေးတင်ပြရမှာ “၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ” ပြဿနာ မဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်နီးပါးမျှ တင်ပြတိုက်တွန်းလာခဲ့တဲ့ ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ပါ။ အဓိကအားဖြင့် ၁၉၉၀ ပြည့်နှစ်ရလဒ် အသိအမှတ်ပြုရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးအဖြေရှာဖို့ပါ။ ဒါပေမယ့် ဆွေးနွေးပွဲမှာ ဘန်ကီမွန်းကိုယ်တိုင် “၉၀ ပြည့်နှစ်ရလဒ်” အကြောင်းကို တခွန်းမျှ မဟခဲ့ပါဘူး။ တကယ်တော့ ဘန်ကီမွန်းဆိုတာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပါ။ ကိုရီးယားက စီးပွားရေးလုပ်ငန်းရှင်တယောက် မဟုတ်ပါဘူး။ ဘာမှ နအဖအကြိုက် လိုက်လျောပြောဆိုစရာမလိုပါဘူး။ အလုပ်ဖြစ်ရာ ဖြစ်ကြောင်းအတွက် မူမဲ့စွာ၊ တာဝန်မဲ့စွာ၊ အချိုသတ် ပြနေစရာလည်း မလိုပါဘူး။



အတွင်းရေးမှူးတယောက်အနေဖြင့် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အာမခံ အကောင်အထည် ဖော်ဖို့သာ တာဝန်ရှိပါတယ်။ ဒါကြောင့် ၉၀ ပြည့်နှစ်ရလဒ်တွေကို ကျော်လွှားချန်လှစ်ပစ်လို့ မဖြစ်ပါဘူး။ Roadmap တို့၊ ၂၀၁၀ ရွေးကောက်ပွဲတို့ ဆိုတာတွေဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်လမ်းညွှန်ချက်တွေထဲမှာ ပါတာမဟုတ်လို့ ထည့်သွင်း အမွှန်းတင်ပြစရာ မလိုပါဘူး။



ဒီနှစ်ဦးပိုင်းကာလ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီးရဲ့ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ကိုရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီ စီအီးစီအဖွဲ့နှင့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အန်အယ်လ်ဒီ စီအီးစီက၊ ၉၀ ပြည့်နှစ်ရလဒ်ကို အသိအမှတ်ပြု အကောင်အထည်ဖော်ပေးရေး၊ နအဖရဲ့ ဖွဲ့စည်းပုံဥပဒေကို ပြန်လည်သုံးသပ် ညှိနှိုင်းခွင့်ပြုရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ကြီးကြပ်ခွင့်ပြုရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသမားများအားလုံးကို လွှတ်ပေးရေး စတဲ့ အချက် (၄) ချက်ကို တောင်းဆိုတင်ပြဖို့ ဂမ်ဘာရီကို ဆွေးနွေးခဲ့ကြပါတယ်။



မစ္စတာ ဂမ်ဘာရီက အဆိုပါတောင်းဆိုချက် (၄) ချက်ထဲက အရေးကြီးဆုံးနှင့် အလိုချင်ဆုံးတခုကိုသာ ပြောပါဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး တချက်တည်းကိုသာ တောင်းဆိုပေးဖို့ သဘောတူခဲ့ကြပါတယ်။ အန်အယ်လ်ဒီ စီအီးစီရဲ့ အဆိုပါတခုတည်းသော တောင်းဆိုချက်ကိုတောင် နအဖ လက်မခံ ပယ်ချခဲ့ပါတယ်။ ဒါ့ထက်ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်သည့်အပြင် ယက်တောအမှုဆင်ပြီး တရားခွင်တင် စစ်ဆေးစီရင်နေတာပါပဲ။ နအဖရဲ့ မိုက်ရိုင်းရမ်းကားပုံကတော့ ကမ်းကုန်နေပါပြီ။



အခုနောက်ဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တင်ပြတာကို ပယ်ချလိုက်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရဖို့ (၃) ကြိမ်တိတိ မေတ္တာရပ်ခံတာကိုတောင် ရိုင်းပြမိုက်ကမ်းစွာ ငြင်းဆန်လိုက်ပါပြီ။



ဒီတော့လည်း မစ္စတာ ဂမ်ဘာရီကို မေးစရာမေးခွန်းတခုသာ ကျန်ပါတော့တယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘာဆက်လုပ်မှာပါလဲ။