Saturday, July 18, 2009

Blood Diamond of Burma

Blood Diamond of Burma
source http://bigbbrown.blogspot.com/

VOICE OF BURMA(July Issue)

VOB719KK

မင်းတရားခံဖြစ်မယ်



¤ မင်းတရားခံဖြစ်မယ် ¤

မသိသေးဘူးဆိုရင်လည့်း့ 
အတိအကျသိရအောင်လို့
ဆက်ပြီးလေ့လာလိုက်အုံးပေါ့
တိုင်းပြည်တပြည်ကိုအုပ်ချုပ်
ခေါင်းဆောင်လုပ်မယ့်သူက
ဟိုလူပြောလည်း ဟုတ်နိုးနိုး
ဒီလူပြောလည်း ဟုတ်နိုးနိုးနဲ့
ကိုယ်ပိုင်ရွေးချယ်ထာတဲ့လမ်းတခုမရှိပဲ
ဟိုလိုလို ဒီလိုလိုနဲ့တော့
တွေဝေနေလို့ မရဘူးပေါ့  ။
တိုင်းပြည်ကိုအုပ်ချုပ်တဲ့အခွင့်အရေးတွေကိုယူပြီ့း့ 
ပြည်သူတွေကိုပါတွေဝေသွားအောင်
ကိုယ့်တိုင်းသူပြည်သားတွေကိုတော့
အဆိပ်တွေ့  အဆိပ်တွေ မခပ်ကြနဲ့ပေါ့
မင်းမမှန်ရင်တော့
မင်းတရားခံဖြစ်မှာပေါ့
ငါမမှန်ရင်လည်း
ငါတရားခံဖြစ်မှာပဲ
ငါကတော့တိုင်းပြည်ကို အုပ်ချုပ်ချယ်လှယ်ဖို့
မစဉ်းစားခဲ့ဘူးသေးပေမယ့်
ဒီမိုကရေစီအခြေခံအုတ်မြစ်တခုဖြစ်ဖို့အတွက်
အုတ်တချပ် တခုအဖြစ်ပါဝင်ဖို့
ငါကြိုးစားနေဆဲပါပဲ့  ။
တိုင်းပြည်ကိုအုပ်ချုပ်ကာ့ 
နိုင်ငံအရေးကိုကြိုးကိုင်ကြမယ့်သူတွေဆိုရင်တော့
မနက်ဖြန်များစွာရှိနေကြသေးတဲ့
ပြည်သူပြည်သားတွေရဲ့အရေးတွေကို
မျှမျှတတလွတ်လပ်မှုတွေရှိအောင်တော့
ထည့်သွင်းစဉ်းစားပေးကြအုံးပေါ့
ကိုယ့်သမိုင်းကြောင်းတခုကောင်းအောင်လို့
ကိုယ့်ရဲ့လက်တွေ့လုပ်ရပ်တွေနဲ့ပြုလုပ်ခဲ့ကြရတာဖြစ်နေတော့
မင်းမမှန်တာလုပ်ခဲ့ရင်တော့
သမိုင်းမှာ မင်းပဲတရားခံဖြစ်မှာပေါ့  ။
လူ့ဘောင်လောကတခုမှာ့ 
လောကကောင်းကျိုးသယ်ပိုးချင်တယ်ဆိုရင်တော့
ကိုယ်ယုံကြည်ထားတာတွေကို
အများပြည်သူကိုချပြရဲရမှာပေါ့
ပြည်သူပြည်သားတွေကသာလျှင်
အကောင်းနဲ့အဆိုးတွေကိုအဆုံးအဖြတ်ပေးကြမှာမို့
မင်းမမှန်ရင်တော့
မင်းတရားခံဖြစ်မှာပေါ့  ။
နိုင်ငံရေးပါတီတွေနဲ့ တခြားအဖွဲ့အစည်းတွေကလည့်း့ 
အများအကျိုးအတွက်မိမိယုံကြည်ရာတွေကို
အများပြည်သူကိုချပြရဲရမှာပဲ
ထုတ်ပြန်ကြေညာချက်တွေရဲ့နောက်ကွယ်က
အကျိုးစီးပွားတွေကို
အများပြည်သူတွေကဖေါ်ထုတ်ကြမှာမို့
မင်းမမှန်ရင်တော့
မင်းတရားခံဖြစ်မှာပေါ့  ။
တခါတလေမှာလည့်း့ 
မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းထဲကအတိုင်း
“ ငါတို့သည် အတိတ်ကိုလည်းမပြန်
အနာဂတ်ကိုလည်းမမျှော်
ပစ္စုပ္ပန်တည့်တည့်ပဲသွားမည် ” ဆိုတဲ့စကားအတိုင်း
လက်ရှိအချိန်မှာ အများစုအားလုံးနီးပါးနဲ့
သဟဇာတဖြစ်အောင် နေထိုင်နိုင်ပြီးတော့
သမိုင်းကောင်းတခုကျန်ခဲ့အောင်
ကြိုးစားလုပ်ဆောင်ကြရမှာပေါ့
တိုင်းပြည်ကိုချယ်လှယ်အုပ်ချုပ်တဲ့
အခွင့်အာဏါတွေရှိထားပြီးတော့
အများပြည်သူအရေးကို ဦးစားမပေးရင်တော့
မင်းပြုလုပ်ခဲ့တဲ့ ရက်စက်တဲ့လုပ်ရပ်တွေအတွက်
အနာဂတ်သမိုင်းမှာတော့
မင်းပဲတရားခံဖြစ်မှာပေါ့  ။

ဇာနည်မောင်
( ၂၀၀၈ ညောင်နှစ်ပင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက် ပွဲကို မိုက်မဲစွာဝင်မည့်သူများအတွက် )

၁၈ဂျူလိုင်ဒိုင်ယာရီ

အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း အလှူလုပ်မည်

18 July 2009


မနက်ဖြန် ကျရောက်မယ့် ၆၂ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွင်းမှာ အလှူဒါန ပြုလုပ်ဖို့ ရှိနေပါတယ်။ ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခံ၊ တရားစွဲဆိုတာ ခံနေရတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းမှာ အကျဉ်းရုံး အခမ်းအနားတခု ပြုလုပ်မှာပါ။ တချိန်တည်းမှာ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း အခမ်းအနားတွေလုပ်ဖို့ စီစဉ်နေပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေကို အောက်မေ့ဖွယ် အခမ်းအနားတခုအဖြစ် အကျဉ်းကျခံနေရတဲ့ ထောင်တွင်းမှာ အလှူပေးမယ့် အခမ်းအနားတခု ပြုလုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ထားတာပါ။ တားမြစ်ကန့်သတ်ချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံထားရတဲ့ အမှုနဲ့ ပတ်သက်လို့ နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲရမှာမို့ သောကြာနေ့၊ မနေ့တုန်းကပဲ ဥပဒေရေးရာ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေကို ပြောပြခဲ့တာပါ။

အာဇာနည်တွေ ကျဆုံးတဲ့ ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီလို အကျဉ်းရုံးပြုလုပ်တဲ့ နေရာမှာ ထောင်တွင်းဆေးရုံမှာ ကုသမှု ခံယူနေရတဲ့ အကျဉ်းသားတွေကို အစားအသောက် လှူဒါန်းမှာဖြစ်တယ်လို့ သူ့ရဲ့ အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီအတွက် လိုအပ်မယ့် ပစ္စည်းတွေကိုလည်း ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမျိုးမြင့်က အင်းစိန်ထောင်ကို သွားရောက်ပေးပို့ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“တနာရီခွဲမှာ လိုအပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မှာတဲ့ ပစ္စည်းတွေ အားလုံးကို သူတို့ လက်ခံပြီး သွားပို့ပေးတယ်။ ပစ္စည်းက ကျနော် မှတ်မိသလောက် ကွေကာအုပ် အထုပ်ကြီး ၁၁ ထုပ်၊ တယောက်စာ ကိတ်မုန့်အထုပ် ၃၃၀၊ ကျနော်သိတဲ့ အစီအစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ထောင်ဆေးရုံတက်နေတဲ့ ပုဂ္ဂိုလ်အားလုံးကို အလှူဒါန ပြုမယ်။”

လွန်ခဲ့တဲ့ ၁၉ နှစ်တာ ကာလအတွင်း ၁၃ နှစ်လောက် ဖမ်းဆီးထိန်းသိမ်း ခံနေခဲ့ရတာမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လုပ်ကြံသတ်ဖြတ် ခံခဲ့ရသူ ၉ ဦးအတွက် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို မကြာခဏဆိုသလို တက်ရောက်နိုင်တာမျိုးတော့ မရှိပါဘူး။ ဒီတကြိမ်မှာလည်း အကျဉ်းကျခံဘ၀နဲ့ ဖခင်ကွယ်လွန်တဲ့ အထိမ်းအမှတ်ကို ဖြတ်သန်းရမယ့်အပေါ် သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေအဖို့ လက်မခံနိုင်စရာ ဖြစ်နေရတယ်လို့ ပါတီပြောခွင့်ရသူ ဦးဝင်းနိုင်က ပြောပါတယ်။

“ကိုယ့်အဖေ ကွယ်လွန်တဲ့နေ့မှာ လွတ်လွတ်လပ်လပ် ကောင်းမှုကုသိုလ်ပြု၊ အမျှအတန်းဝေ၊ စိတ်လက်ချမ်းသာစွာနဲ့ ရှိရမယ့် ဒီလိုကာလမျိုးမှာ တပူပေါ် နှစ်ပူဆင့်၊ အမှု တခုပြီးတခု၊ ပြဿနာ တခုပြီးတခု ဖြေရှင်းနေရတယ်။ ပြဿနာကလည်း ကိုယ်ကစတဲ့ ပြဿနာ မဟုတ်ဘူး။ အဲတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာတော့ ကျနော်တို့က ကရုဏာလည်း သက်မိတယ်၊ ဒီအပေါ်မှာလည်း ကျနော်တို့ အဖွဲ့ဝင်တွေ အားလုံးက စိတ်မကောင်း ဖြစ်ကြတယ်။

“အခုချိန်မှာ ဘာအပြစ်မှ မရှိဘဲနဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ထည့်ထားပြီးတော့ အခုလို ရင်ဆိုင်နေရတဲ့ ဘ၀မျိုးကတော့ ကျနော်တို့အနေနဲ့ ကြာရှည် တွေ့လည်း မတွေ့လိုဘူး၊ မြင်လည်း မမြင်လိုဘူး။”

ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို သူ့ရဲ့ NLD ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ဘဲ ကျင်းပရဖို့ ရှိနေပါတယ်။ NLD က စီစဉ်ထားတဲ့ အခမ်းအနားနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရသူ ဦးဝင်းနိုင် ပြောပြတာကတော့ …

“မနက်ဖြန်ကို အရုဏ်ဆွမ်း ဘုန်းကြီး ၅ ပါး ပင့်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အမျှအတန်း ပေးဝေမှာပါ။ အဲဒါပြီးရင် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲမယ်၊ ပြီးရင် အာဇာနည်ကုန်းဘက်ကို မျက်နှာမူပြီး အလေးပြုကြမှာပါ။ အဲဒါပြီးလို့ နေ့လယ် ၁၂ နာရီခွဲမှာ အခမ်းအနား စမယ်။ အခမ်းအနားဖွင့်မယ်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို အလေးပြုမယ်။ ပြီးရင်တော့ ဒီမိုကရေစီ အရေးတော်ပုံ အဆက်ဆက်မှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက်မယ်။ ပြီးရင် အဖွဲ့ချုပ် သဘာပတိ မိန့်ခွန်းပေါ့၊ ပြီးရင် အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ အာဇာနည်နေ့ ကြေညာစာတမ်း ဖတ်ကြားမယ်။ ပြီးရင် သ၀ဏ်လွှာတွေ ဖတ်မယ်။ အဲဒါပြီးရင်တော့ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာမှာပေါ့။”

NLD ပါတီ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားမှာတော့ မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းက ပုဂ္ဂိုလ်တွေ၊ သံတမန်တွေနဲ့ စာနယ်ဇင်းသမားတွေကို ဖိတ်ကြားထားတယ်လို့လည်း NLD ပါတီက ပြောပါတယ်။


စစ်ထောက်လှမ်းရေးမှတာဝန်ရှိသူ တစ်ဦးယနေ့ မနက် အင်းစိန်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ၁၅ မိနစ်ခန့်လာရောက်တွေ့ ဆုံ
၁၈ ဇူလိုင် ရန်ကုန်၊ ၊ညွန့် သက်ထားဦး

Military Officer Meets Daw Aung San Suu Kyi One Day Before Martyr’s Day

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့် ၆၂ နှစ်မြောက် အာဇာနည်နေ့ မတိုင်မှီ တစ်ရက်အလိုတွင် အင်းစိန်အကျဉ်းထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားခြင်းခံနေရသည့် သူမ အား စစ်အစိုးရ တာဝန်ရှိ သူတစ်ဦးမှ ယနေ့ နက် အစောပိုင်းတွင် မိနစ် နှစ်ဆယ် ခန့် တွေ့ ဆုံခဲ့သည် ဟု သိရသည်။ထိုသတင်းကို Freedom News Group မှ အတည်မပြု နိုင်သေးသော်လည်း “အင်းစိန်အကျဉ်းထောင် အကစ ၀န်ထမ်း တစ်ဦးမှ ဒီနေ့ တစ်နေ့ လုံး ဒယ်ဘယ် ဂျူတီ ပဲ ညနေ မှ အပြင်ပြန်ထွက်ရတယ် နက်ဖြန် လည်း ဒီလိုပဲ ဒီနေ့ က ဒေါ်စု သတင်းတော့ သိပ်မသိဘူး၊ဗူးဝမှာ တော့ ထောက်လှမ်း
ရေးတွေ ၀င်လိုက် ထွက်လိုက်ပဲ တိုက်ထဲ က ဂေါ်နိုက်(နိုင်ငံရေး အကျဉ်းသား) တွေ ကို လည်း ထောက် လှမ်းရေး က ရက်ဆက် အင်တာဗျူး နေတယ် ”ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရ တာဝန်ရှိသူ တစ်ဦးလာရောက် တွေ့ ဆုံလျှင်လည်း မည်သည့် အတွက်ကြောင့် တွေ့ ဆုံရသည် ကို အသေးစိတ် သိရှိနိုင်ခြင်းမရှိ သော်လည်း ဒေါ်အောင်ဆန်းစုကြည် အားအာဇာနည်နေ့ အခမ်းအနား တက်ရောက်ရန် လာရောက်ပြောကြားခြင်း မဟုတ်နိုင် ဟု နိုင်ငံရေး အကျဉ်းသူ တစ်ဦး၏ မိခင်ဖြစ်သူ ကသုံးသပ်ပြောကြားသည်။
၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွက် စစ်အစိုးရမှ ရန်ကုန် နှင့် မန္တလေးတွင် လုံခြုံရေးများတင်းကျပ် စွာချထားသည်။

ကိုမင်းကိုနိုင် အားပြန်လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်
July 17, 2009 · Leave a Comment
၁၇ ဇူလိုင် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး

Junta gives amnesty for some 88 Generation Students


တတိယ အကြိမ်မြောက် ပြန်လည်လွတ်မြောက်လာအုံးမည် ဟု သတင်းများထွက်ပေါ်နေသည့်  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
စစ်အစိုးရက မကြာခင်ကျင်းပတော့မည့် ၂၀၁၀ရွေးကောက်ပွဲ တွင်ပါဝင်နိုင်ရန် အတွက် ဖမ်းဆီး
ထားသောနိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးမည့် အစီအစဉ်ရှိသည် ဟုကုလသမဂ္ဂတွင်တရားဝင်ပြောကြားခဲ့ပြီးနောက် ယမန်နှစ် နိုဝင်ဘာလ ကထောင်ဒဏ်၆၅ နှစ်ချမှတ်ခံရသည့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်အားပြန်လွှတ်ပေးလိမ့်မည် ဟုသတင်များ ရန်ကုန် နိုင်ငံရေးအကျဉ်းသားမိသားစု အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်ခဲ့သည်။
စစ်အစိုး၏ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးမည် ဆိုသည့် အစီအစဉ် နှင့် ပတ်သက်၍ ရွှေဝါရောင်တော်လှန်ရေး အတွင်းက ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် လှုပ်ရှားတက်ကြွသူတစ်ဦး၏ မိခင်ဖြစ်သူကမူ “အန်တီ တို့ ကိုယ့်သားသမီးပြန်လွတ်လာမယ် လို့ လဲမမျှော်လင့် ရဲပါဘူးဘယ်သူပြန်လွတ်လွတ် တော့ အန်တီတို့ ဝမ်းသားတာပဲ ၊အခုတော့ ပီပီ(နိုင်ငံရေးအကျဉ်းသား) မိသားစု တွေထဲမှာတော့ မင်းကိုနိုင် ပြန်လွတ်လာမယ် လို့ သူတို့ ကြားရတဲ့ သတင်းတွေ ကတစ်ဆင့်ကိုးကားပြီးပြောနေတာကြားတယ် ဟု Freedom News Group သို့ ပြောသည်။

လက်ရှိရှမ်းပြည်နယ် ကျိုင်းတုံ ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကို မင်းကိုနိုင်မှာ အကျဉ်းထောင်ရှိရာဒေသ၏ ရာသီဥတု အခြေအနေ ဆိုးရွားခြင်းကြောင့်ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရဖွယ်ဖြစ်နေသည်။

စစ်အစိုးရ က နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးမည့် သတင်းထွက်ပေါ်ပြီးနောက် မြောင်းမြထောင် ၊ပုသိမ်ထောင် ၊မြင်းခြံထောင် ၊ဘားအံထောင် နှင့် ကလေးထောင် တို့ တွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများအား စစ်ထောက်လှမ်းရေး နှင့် တာဝန်ရှိသူများမှ လာရောက်တွေ့ ဆုံမေးမြန်းမှုများရှိသည် ဟုသိရသည်။

နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးမည့် သတင်းသည် ရန်ကုန် နိုင်ငံရေးအကျဉ်းသားမိ
သားစု အတွက် မျှော်လင့်စရာများ ဖြစ်လာခဲ့သော် လည်း နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စာအုပ် ထုတ်ဝေဖြန်ချိရေးလုပ် ငန်းရှင် တစ်ဦးဖြစ်သူက “မင်းကိုနိုင် ကိုလွှတ်ပေးမယ် လို့ သတင်းထွက် လာတာဟာ အခု လက်ရှိ အာဇာနည် နေ့ ၊ရှစ်လေးလုံး နှစ်ပတ်လည် နဲ့  ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နေ့ တွေ မှာ အီရန် လိုဖြစ်လာမှ ဆိုးလို့ သူတို့ လွှတ်မယ့်ထဲမှာ ကိုပေါ်(မင်းကိုနိုင်) လည်းပါမယ် ဆိုပြီး အရှိန် လျှော့သွားအောင် လုပ်တဲ့သဘောပါ။တကယ် လွှတ်ပေးတော့ မှ အော်လွှတ်ပေးပါလားဆိုပြီး ယုံရမှာပါ၊ အခုလည်း ကိုသူရ (ဇာဂနာ) ပါမယ်ဆိုပြီးသတင်းတွေ ထွက်နေသေးတယ် ” ဟု ပြောသည်။

စစ်အစိုးရ၏ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ ဒီမိုကရေစီ အင်အားစုမှာ ထောင်ဝင်စာတွေ့ ခွင့်ရရန် လည်း အခက်အခဲရှိပြီး ကျန်းမာရေးအခြေအနေ များမှာ လည်း အထူး သဖြင့် အမျိုးသမီးများ နှင့် သက်ကြီးရွယ် အို နိုင်ငံရေးအကျဉ်းသားများတွင် များစွာ စိုးရိမ်ဖွယ်ရာဖြစ်သည်။


အင်ဒိုနီးရှားဟိုတယ်နှစ်ခုတွင် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွား
၁၈ ဇူလိုင် ရန်ကုန် ၊ ၊Planet News (www.planet.com.mm)၊AFP


Indonesia Suspect Fugitives Terrorist in Bombing





ပြင်းထန်သော ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် လူ(၉)ဦးထက်မနည်း သေဆုံးပြီး (၅၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဂျကာတာမြို့တော်ရှိ ဟိုတယ်နှစ်ခုတွင် ပေါက်ကွဲခဲ့သော အင်အားပြင်းထန်သည့် ဗုံးများက ဟိုတယ်မှန်ပြူတင်းပေါက်များကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကာ လမ်းမပေါ်တွင် ပြန့်ကြဲသွားစေခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များသည် မဲရီယော့တ်ဟိုတယ်နှင့် ရစ်ဇ်ဟိုတယ်တို့သို့ ချက်ချင်းရောက်သွားသော်လည်း အကြမ်းဖက်သမားဟု ယူဆရသူများကို မတွေ့ရတော့ချေ။
ဇူလိုင်လ(၁၇)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော ဗုံးခွဲမှုတွင် မဲရီယော့တ်က ဦးစွာပေါက်ကွဲပြီး (၅)မိနစ်အကြာမှ ရစ်ဇ်တွင်လည်း ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ “ကြောက်စရာ ကောင်းလိုက်တာ။ အလောင်းတွေ မြေကြီးပေါ်ကို ပြုတ်ကျလာတယ်။ သူတို့ထဲက တစ်ယောက်ဆိုရင် ဗိုက်တစ်ခုလုံး အသားမရှိတော့ဘူး”ဟု ဟိုတယ်များအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းသည် အရေးပေါ်တပ်ဖွဲ့များ ရောက်မလာခင် ပေါက်ကွဲသည့် ဟိုတယ်များသို့ ဦးစွာရောက်ရှိခဲ့သူလည်းဖြစ်သည်။
မျက်မြင်တစ်ဦးဖြစ်ပြီး ဟိုတယ်များအတွက် ပစ္စည်းပို့သည့် တာဝန်ယူထားသူ အဲလက်စ်အက်စ်ဆူဘရက်တာက ဟိုတယ်နှစ်ခုသည် အချိန်ခြားပြီး ပေါက်ကွဲခဲ့သည်ကို ကိုယ်တိုင်တွေ့ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ လုံခြုံရေးဝန်ကြီး ၀ီဒိုဒိုအဒီ ဆူကီတိုကမူ ပေါက်ကွဲမှုနှစ်ခုကြား ကွာခြားချိန်သည် (၂)မိနစ်သာရှိကြောင်း ပြောခဲ့သည်။ ထို့အပြင် သေဆုံးသူများ စာရင်းတွင် နယူးဇီလန် နိုင်ငံသားများ ပါဝင်နေပြီး ဒဏ်ရာရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ခဲ့ကြောင်း ဆူကီတိုက အတည်ပြုခဲ့သည်။
အမေရိကန် သံရုံးကမူ ဒဏ်ရာရသူများတွင် အမေရိကန်တစ်ဦး ပါဝင်နိုင်ကြောင်း ပြောဆိုထားသော်လည်း အတည်မပြုနိုင်သေးဟုဆိုသည်။ ရစ်ဇ်ဟိုတယ်သည် ဇူလိုင်(၁၈)နှင့် (၁၉)ရက်နေ့များတွင် ကမ္ဘာကျော် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း အရှေ့တောင်အာရှသို့ လာရောက်ခြေစမ်းစဉ် တည်းခိုရန် စီစဉ်ထားသော်လည်း ယခုဖြစ်ရပ်ကြောင့် ရွှေ့ဆိုင်းရဖွယ်ရှိနေသည်။ ဂျကာတာ ရဲတပ်ဖွဲ့က ယခုကိစ္စကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး မည်သည့်အကြမ်းဖက်အဖွဲ့အစည်း လက်ချက်ဆိုသည်ကို မသိရသေးကြောင်း သတင်းရရှိသည်။
အမေရိကန် သမ္မတ အိုဘားမားက အင်ဒိုနီးရှားနိုင်ငံ အား ကယ်ဆယ်ရေးလုပ်ငန်းများ နှင့် အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းများတွင် အပြည့် အ၀ အကူအညီပေးသွားမည် ဟု သတင်းထုတ်ပြန်သည်။ဗုံပေါက်ကွဲ မှုမှာ မလေးရှား အစွန်းရောက်များ ၏ လက်ချက်ဟု အင်ဒိုနီးရှားကစွပ်ဆွဲ ထားသည်။ဗုံးပေါက် ကွဲ မှုကြောင့် လူ၈ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိသည်။

လူထုအဖွဲ့များက မြန်မာ့ လူ့အခွင့်အရေးကို အာဆီယံသို့ တင်ပြမည်
ဥဆာ ဖိချိုင်း
စနေနေ့၊ ဂျူလိုင်လ 18 ရက် 2009 ခုနှစ် 15 နာရီ 33 မိနစ်


ဖူးခက်၊ ထိုင်းနိုင်ငံ (မဇ္ဈိမ)။ ။ အာဆီယံအရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများသည် လာမည့် အာဆီယံ ထိပ်သီး အစည်းအဝေး၌ အာဆီယံ လူ့အခွင့်အရေး ပြဿနာတွင် မြန်မာ့အရေးကို အဓိကထား၍ တင်ပြကာ အင်အားကြီးမားသော လူ့အခွင့်အရေး အဖွဲ့အစည်းကြီး၏ အစည်းအဝေး အစီအစဉ်တွင် ပါဝင်နေစေရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

အာဆီယံပဋိညဉ် စာတန်းကြီးကို ဆက်လက်၍ မလိုက်နာဘဲ နေသည့် မြန်မာနိုင်ငံအား ပြင်းထန်စွာ အရေးယူပေးရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကို အဖွဲ့ ၆၉ ဖွဲ့ပါ အာရှပစိဖိတ် အဖွဲ့ကြီးက တောင်းဆိုလိုက်သည်။ ထိုသို့ တောင်းဆိုမှုကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်းဒေသတွင် ပြုလုပ်မည့် ၄၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် အိတ်ဖွင့်ပေးစာအဖြစ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အာဆီယံအနေဖြင့် ယင်းတို့၏ ပဋိညဉ် စာတမ်းကြီးကို မြန်မာနိုင်ငံက ပြောင်ချိုးဖောက်နေတာကို ကိုင်တွယ်ရပါမယ်။ စစ်အစိုးရ ရှိနေသမျှ အရပ်သားတွေကို စနစ်တကျ တိုက်ခိုက်နေတာတွေ၊ အတိုက်အခံ ခေါင်းဆောင်တွေကို ထောင်ချတာတွေ ဆက်လုပ်နေမှာပဲ။ ဒီမိုကရေစီ ဖော်ဆောင်နေပါတယ်လို့ စစ်အစိုးရက ထပ်တလဲလဲ ပြောနေတာတွေကို ကျနော်တို့က ဘယ်လိုလုပ် ယုံရမှာလဲ” ဟု အာဆီယံနှင့် မြန်မာ့အရေး အလုပ်အဖွဲ့ (TFAB) ၏ ဆက်သွယ် ညှိနှိုင်းရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။ အဆိုပါ အလုပ်အဖွဲ့သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့ ထွန်းကားရေးအတွက် လူထုဗဟိုပြု အာဆီယံအဖွဲ့ကို မြှင့်တင်နိုင်ရန် ဆောင်ရွက်နေသည့် ကွန်ရက် အဖွဲ့အစည်းတခု ဖြစ်သည်။

“အခုလို အရေးကြီးတဲ့ ကာလမျိုးမှာ လူ့အခွင့်အရေး ကိစ္စတွေ အင်အားချည့်နဲ့သွားအောင် အာဆီယံ အနေနဲ့ မလုပ်နိုင်ပါဘူး။ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ပိုမိုတင်းကျပ်တဲ့ အရေးယူမှုတွေ လုပ်သင့်ပါတယ်၊ မြန်မာနိုင်ငံက မတည်တဲ့ ကတိတွေပေးနေတာကို ခွင့်မပြုသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ယုံကြည်မှု လျော့ပါးလာမယ့် အန္တရာယ် ရှိပါတယ်” ဟု မြန်မာနှင့် ဒေသတွင်း အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများ ကွန်ယက် မြန်မာနိုင်ငံ အဖွဲ့ဝင်၏ ညှိနှိုင်း ဆက်သွယ်ရေးမှူးဖြစ်သူ ခင်ဥမ္မာက ပြောသည်။

အဆိုပါ အိတ်ဖွင့် ပေးစာတွင် ပဋိညဉ် စာတမ်းကြီးတွင် တိကျသော ပြဌာန်းချက်တရပ် ထည့်သွင်းထားရန်လည်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို တောင်းဆိုထားပြီး “ပဋိညဉ်စာတန်းကြီးကို ချိုးဖောက်ခြင်းသော်၎င်း၊ မလိုက်နာခြင်းသော်၎င်း ပြုလုပ်ခဲ့ပါက၊ ဤကိစ္စကို အဆုံးအဖြတ် ခံယူရန် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တင်ပြရမည်” ဟု ရေးသားထားသည်။

ဤအဖွဲ့က စာ၏ အဆုံးသတ်တွင် “ကျွန်ုပ်တို့သည် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပပျောက်စေရန် ကြိုးပမ်းနေခြင်းကြောင့်၎င်း၊ မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အကောင်အထည် ဖေါ်စေရန် ကြိုးပမ်းနေခြင်းကြောင့်၎င်း၊ အာဆီယံအဖွဲ့ကြီး အနေနှင့် မြန်မာ ပြည်သူများနှင့်အတူ ရပ်တည်ရမည်ဖြစ်ပြီး၊ အာရှတခွင် မိတ်ဆွေများနှင့် သွေးစည်း ညီညွတ်ရမည် ဖြစ်ကြောင်း” ရေးသားထားသည်။

သောကြာနေ့က ကျင်းပခဲ့သော အဆိုပါ အဖွဲ့၏ ကွန်ဖရင့်တွင် အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက ဒေသတွင်း ပိုမို ကောင်းမွန်သော လူ့အခွင့်အရေး အခြေအနေများ ပေါ်ထွန်းလာစေရေး အာမခံချက် ရှိစေရေးအတွက် ခိုင်မာ တောင့်တင်းသော လူ့အခွင့်အရေး အဖွဲ့ကြီးကို ဖွဲ့စည်းပြီး အဖွဲ့ဝင် နိုင်ငံများကလည်း လိုက်နာအရေးယူ ဆောင်ရွက်ပါမည်ဟူသော သံန္နိဌာန် ရှိကြစေရန် အာဆီယံ အဖွဲ့ကြီးကို တိုက်တွန်း တောင်းဆိုထားသည်။

နိုင်ငံတကာ အမျိုးသမီး အခွင့်အရေး အရေးယူ ဆောင်ရွက်မှု စောင့်ကြည့် လေ့လာရေးအဖွဲ့ (International Women’s Rights Action Watch) ၏ အစီအစဉ် အရာရှိဖြစ်သူ Wathshlah Naidu က ထိုအဖွဲ့၏ အာရှပစိဖိတ် (IWRAW-AP) ကွန်ဖရင့်တွင် “ကျနော်တို့ ခိုင်မာတဲ့ အကာအကွယ်ပေးမှု လုပ်ပိုင်ခွင့်ကို လိုချင်ပါတယ်၊ ဒီလုပ်ပိုင်ခွင့်မှာ အခင်းဖြစ်ပွားရာ နေရာတွေကို သွားရောက် စစ်ဆေးကြည့်ရှုခွင့်၊ စုံစမ်း စစ်ဆေးခွင့်၊ ထောက်ခံ တင်ပြချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေဆီ ပေးပို့နိုင်ခွင့်နဲ့ တိုင်ကြားချက်တွေကို လက်ခံ ကိုင်တွယ်နိုင်မယ့် ယန္တရားတရပ် ထူထောင်ခွင့်ရှိရေး စတာတွေ ပါဝင်ပါတယ်။ ဒီအဖွဲ့ကြီးဟာ လွတ်လပ်၊ ထိရောက်ပြီး ယုံကြည် ကိုးစားခံရမယ့် အဖွဲ့ဖြစ်သင့်ပါတယ်” ဟု ပြောကြားသွားသည်။

အာဆီယံ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အဖွဲ့မှ Sinapan Samydorai ကလည်း နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ကိုင်ကြသည့် အခြေအနေမှာ လတ်တလော အရေးပါသော ပြဿနာ ဖြစ်နေသည့်အတွက် အာဆီယံ အဖွဲ့အနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများရေးရာ ဆပ်ကော်မတီ တရပ်ကို ခန့်အပ်သင့်ကြောင်းဖြင့်လည်း ပြောဆိုခဲ့သည်။

၄၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံတောင်ပိုင်း အားလပ်ရက် အပန်းဖြေလာသူများဖြင့် စည်ကားသည့် ဖူးခက်တွင် ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။



တက္ကစီ အငှားယာဉ်ဈေးကွက် စီးသူဈေးကွက် ဖြစ်လာ
မျိုးသိဏ်း
စနေနေ့၊ ဂျူလိုင်လ 18 ရက် 2009 ခုနှစ် 15 နာရီ 38 မိနစ်


ရန်ကုန် (မဇ္ဈိမ)။ ။ တက္ကစီငှားရမ်းမှု ဈေးကွက်တွင် စီးနင်းသူများက ဈေးနှုန်း သတ်မှတ်၍ ယင်းတို့ သတ်မှတ်သည့် ဈေးနှုန်းအပေါ် အငှားယာဉ်မောင်းများက လိုက်ရသော ဈေးကွက်ပုံစံသို့ ပြောင်းလဲလာကြောင်း သိရှိရသည်။

“အခြေအနေကိုက အဲ့ဒီလိုဖြစ်နေတာပါ။ မလိုက်လို့ကလည်း မရဘူး။ စီအန်ဂျီဆိုတော့ မြို့ထဲမှာ ပတ်တော့ ပတ်နေနိုင်တယ်။ ဒါပေမယ့် နှစ်နာရီ သုံးနာရီလောက်ကြာတဲ့အထိ လူမရတာမျိုးလည်း ရှိတယ်။ အဲ့ဒီတော့ ရတဲ့ဈေးနဲ့ကို လိုက်ကုန်ကြတာပဲ” ဟု တက္ကစီယာဉ်မောင်းတဦးက ပြောသည်။

အုံနာကြေးပေး၍ မောင်းနှင်သူအများစုမှာ ၂၀၀၈ ခုနှစ် နှစ်ကုန်၊ ၂၀၀၉ ခုနှစ် အစောပိုင်းကာလများမှ စတင်ပြီး တွက်ချေမကိုက်ကြတော့ဟု သိရသည်။

ယခင်က နေ့ပိုင်း တက္ကစီမောင်းနှင်သူများမှာ ကျပ်နှစ်သောင်းခွဲမှ ကျပ်သုံးသောင်းအကြား ပျမ်းမျှဝင်ငွေ ရရှိခဲ့သော်လည်း ယနေ့အချိန်တွင် အုံနာကြေးရရန် ကြိုးစားပမ်းစား မောင်းနှင်နေရသည်။

“တကယ်လည်း ငါးထောင်လောက် အိမ်အပြန်ကျန်ဖို့ တော်တော်လေး မောင်းရပါတယ်။ စီအန်ဂျီတွေ ပြောင်းပြီးနောက်ပိုင်း စီးတီးတက္ကစီတွေ များလာကာစကလည်း ဒီလောက် မရှားပါးဘူး။ ပါရမီ တက္ကစီတွေကလည်း အပြင်တက္ကစီ မားကတ် (ဈေးကွက်)ကို မထိခိုက်ဘူး။ အခု စီးပွားရေး ကျဆင်းမှု ဂယက်ကျမှ တော်တော်လေး ငွေရှာရခက်လာတာ” ဟု အုံနာကြေးပေး၍ အငှားယာဉ်မောင်းနှင်သူ လှိုင်မြို့နယ်နေ ကိုထွန်းထွန်းက ပြောသည်။

စီအန်ဂျီ ဓာတ်ငွေ့အင်ဂျင်သုံး တက္ကစီများမှာ ဓာတ်ငွေ့တအိုး (လီတာ ၇၀ ကျော်ခန့်) လျှင် ကျပ် ၁၇၀၀ မျှသာ ပေးရပြီး မိုင် ၁၀၀ ဝန်းကျင်ခန့်အထိ မောင်းရသော်လည်း မြို့တွင်း၌ ပတ်သာပတ်နေရသော်လည်း လူမရဟု ဆိုသည်။

“သာကေတ ရှုခင်းသာနားကနေ မြို့ထဲအထိ ပါဆင်ဂျာက ၁၅၀၀ နဲ့ စစ်တယ်။ မျှမျှတတ ပြောရရင်တော့ ကျနော်တို့ ကိုက်တဲ့ဈေး မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်က ဓာတ်ငွေ့ဆိုင်က ပြန်လာတာလေ။ ဂတ်စ်ကို ငွေပြန်ဖော်ဖို့ အရေးကြီးတယ်ဆိုပြီး တင်ရတယ်..။ ကိုယ်မတင်ရင်လည်း နောက်လူတင်မှာပဲ.။ ခရီးသည်ကလည်း ဒါကို သိတယ်..။ လမ်းဘေးမှာ စိတ်ကြိုက် တားမေးနေတာ..။ တကယ်တော့ လက်ရှိအနေအထားက စီးတဲ့သူရဲ့ ဈေးကွက်ပါပဲ” ဟု ကိုယ်ပိုင်အငှားယာဉ်ကို မောင်းနှင်သူတဦးက ပြောသည်။

မလေးရှားတွင်လည်း သွားရောက် အလုပ်လုပ်ခဲ့ဖူးသူ ရန်ကုန်ဒေသခံတဦးက “ကမ္ဘာ့စီးပွားပျက်ဂယက်စပြီး ၂၀၀၉ အစလောက်ကတည်းက တောက်လျှောက် ငွေရှာရခက်သွားတယ်။ သင်္ကြန်ပိုင်းလေး နည်းနည်းလေး ပြန်အဆွဲကောင်းတယ်။ အခုနောက်ပိုင်း နှစ်သောင်း နှစ်သောင်းခွဲလောက် တော်တော်လေး ရှာယူရတယ်။ လူငှားမောင်းခိုင်းလည်း တသောင်းခွဲ အုံနာကြေးဆိုတော့.. အပိုသုံးလေးရအောင် ကိုယ်တိုင်ပဲ ထွက်ဆွဲလိုက်တော့တယ်” ဟု ဆိုသည်။

လက်ရှိ တက္ကစီအငှားယာဉ်ဈေးကွက်တွင် အုံနာကြေးပေး၍ မောင်းနှင်လိုသူများသည် ယာဉ်ပိုင်ရှင်အား စပေါ်ငွေ ကျပ် ၁၀ သိန်းမှ ၂၅ သိန်းအကြား ကားအခြေအနေအပေါ် လိုက်၍ အာမခံ ပေးထားရပြီး မောင်းနှင်ရသည်။ အုံနာကြေးအဖြစ် နေ့ပိုင်း - ကျပ် ၁၃၀၀၀ မှ ၁၈၀၀၀ အကြား ၊ ညပိုင်း - ကျပ် ၈၀၀၀ မှ ၁၂၀၀၀ အကြားပေးပြီး မောင်းနှင်ရသည်။

“တခါတလေလည်း အုံနာကြေးမပြည့်လို့ အိတ်ထဲက စိုက်ရတဲ့ရက်တွေ ရှိပါတယ်” ဟု ကိုထွန်းထွန်းက ပြောသည်။

စစ်အစိုးရအား ဖိအားပေးရန် အာဆီယံကို ကရင်အမျိုးသမီးအဖွဲ့တောင်းဆို
Saturday, 18 July 2009 18:20 ဇာနည်ဝင်း .အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေး ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံနှင့် ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့များ၊ နိုင်ငံရေး အဖွဲ့များက အာဆီယံအဖွဲ့ကို မြန်မာစစ်အစိုးရအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ရန် ဖိအားပေး တောင်းဆိုလိုက်သည်။


ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် ဒေသတွင်း နိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများမှ ကိုယ်စား လှယ်များ စတင် အစည်းအဝေး ပြုလုပ်နေချိန်၌ ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းတို့က အရပ်သားများနှင့် အကျဉ်းကျ နိုင်ငံရေးသမားများအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံနေသည့် စစ်အစိုးရ၏ လုပ်ရပ်များကို ထောက်ပြပြီး စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းများကို မေးခွန်းထုတ်လိုက်သည်။


နော်ထူးဖော၊ ကရင်အမျိုးသမီး အစည်းအရုံး (ဓာတ်ပုံ-ဇာနည်ဝင်း/ဧရာဝတီ)
စစ်အစိုးရက ပြီးခဲ့သည့် ၁ဝ နှစ်အတွင်း ကျေးရွာပေါင်း ၃၂ဝဝ ထက်မကကို ဖျက်ဆီးခဲ့ပြီး၊ ယခင်လကလည်း ကရင်ပြည်နယ် အတွင်း ထိုးစစ်ကြောင့် အရပ်သား ထောင်ပေါင်းများစွာ အိုးအိမ်ပစ် ထွက်ပြေးခဲ့ရသည် ဟူသည့် အချက်များကိုလည်း ထောက်ပြကြသည်။

အာဆီယံက စစ်အစိုးရကို ပြတ်ပြတ်သားသား ကိုင်တွယ်ရန် ၎င်းတို့ လှုံ့ဆော်နေသည်ဟု ဖူးကက်မြို့၊ အာဆီယံ အစည်းအဝေးသို့ ရောက်ရှိနေသူ ကရင်တိုင်းရင်းသူတဦးက ပြောသည်။

“အာဆီယံဒေသတွင်းမှာ ရှိနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှု မလုပ်ပေးနိုင်ဘူးဆိုရင် အာဆီယံ တခုလုံး အနေနဲ့ သူတို့ ရည်မှန်းချက်ကို ဘယ်လို ရောက်အောင် သွားမလဲ” ဟု ကရင်အမျိုးသမီး အစည်းအရုံးမှ စည်းရုံးရေးမှူးတဦး ဖြစ်သူ နော်ထူးဖောက ဧရာဝတီကို ပြောသည်။

ဤအတောအတွင်း လူ့အခွင့်အရေး အဖွဲ့များက အာဆီယံ လူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်ပေါက်ရေးကို လှုံ့ဆော်လျက် ရှိပြီး၊ ထိထိရောက်ရောက်၊ တာဝန်ရှိရှိ အရေးယူ ဆောင်ရွက်နိုင်သည့်၊ လွတ်လပ်သည့် ကော်မရှင် ဖြစ်စေလိုသည်ဟုလည်း တောင်းဆို၊ တိုက်တွန်းနေကြသည်။

အာဆီယံ လူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် ၂ဝဝ၇ ခုနှစ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သည်။

မနက်ဖြန်တွင် အာဆီယံ ၁ဝ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်သည့် အစည်းအဝေး ပြုလုပ်မည်ဖြစ်ပြီး အာဆီယံ ဒေသ လူ့အခွင့်အရေး လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ကျွမ်းကျင်သူများနှင့် ဆွေးနွေးကြမည်ဖြစ်သည်။

ယခင် အာဆီယံ အစည်းအဝေးများနှင့် မတူသည့် အချက်မှာ လူ့အခွင့်အရေး လှုပ်ရှားသူများက အစည်းအဝေးကာလ အတွင်း ဆန္ဒပြ လှုံ့ဆော်မှုများကို မမြင်တွေ့ရသည့်အချက် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများကြောင့် ယခင် အာဆီယံအစည်းအဝေးများ ရပ်ဆိုင်းခဲ့ရသည့်အတွက် ထိုင်းအစိုးရက ယခု အာဆီယံအစည်းအဝေး ပြုလုပ်နေစဉ် ဖူးကက်မြို့အတွင်း မည်သည့်နည်းနှင့်မျှ ဆန္ဒပြခြင်း မပြုနိုင်ရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

အာဆီယံအသင်း အစည်းအဝေး ကျင်းပသည့် နေရာသို့ အသင်း၏ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် ယမန်နေ့က ရောက်ရှိလာပြီး လုံခြုံရေး အစီအစဉ်များ အားလုံး ကောင်းမွန်လျက်ရှိကြောင်း၊ အစည်းအဝေးကို အနှောင့်အယှက်မရှိ ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း အာမခံ ပြောကြားသွားသည်။

ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ် သည်။

ဖူးကက်တွင် လုံခြုံရေးတင်းကျပ်၍ မြန်မာပြည်သားများ အခက်တွေ့
Saturday, 18 July 2009 16:06 ဇာနည်ဝင်း .ထိုင်းနိုင်ငံ၊ ဖူးကက်မြို့တွင် ယခုပြုလုပ်နေသည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ အတွက် လုံခြုံရေး ထူထပ်စွာချထားသဖြင့် ဖူးကက်ရောက် မြန်မာပြည်သားများ အခက်အခဲ တွေ့နေကြသည်။

ဖူးကက်မြို့ဆောက်လုပ်ငန်းရေးလုပ်ငန်းခွင်တခုတွင် လုပ်ကိုင်နေသည့် မြန်မာပြည်သား ကိုကျော်နိုင်က “လက်မှတ် မရှိတဲ့ အလုပ်သမားတွေက အလုပ်ထဲကို သွားလို့မရတဲ့အတွက် ဝင်ငွေထိခိုက် သလို အလုပ်ရှင် တွေဘက်ကလည်း အလုပ်နှောင့်နှေးမှုတွေရှိပါတယ်”ဟု ပြောဆိုသည်။

အလုပ်သမားလက်မှတ်ရှိသူများ အနေနှင့်မူ အဆင်ပြေသည်ဟုလည်း ၎င်းက ဆိုသည်။


အာဆီယံအစည်းအဝေး ကျင်းပသည့် နေရာသို့ သွားရောက်ရာလမ်းတွင် တွေ့ရသည့် စစ်ဆေးရေးဂိတ်တခု (ဓာတ်ပုံ - ဇာနည်ဝင်း/ဧရာဝတီ)
“အခုတလော ရဲတွေ အများကြီးပဲ၊ အနေအထိုင် ဆင်ခြင်နေရတယ်ဗျာ”ဟု ဖူးကက်ရှိ မြန်မာပြည်သား အလုပ်သမား တဦးကလည်း ပြောသည်။

ဖူးကက် ပင်လယ်ကမ်းခြေမြို့တွင် မြန်မာပြည်သား ၇ သောင်း မှ ၁ သိန်းခန့်အထိ ရှိသည်ဟု သိရသည်။

ထိုင်းအာဏာပိုင်တို့က အလုပ်သမားလက်မှတ် မရှိသည့် မြန်မာပြည်သားများကို ဖမ်းဆီးရမိပါက ထိုင်း မြန်မာ နယ်စပ်ဒေသသို့ ပြန်လည် ပို့ဆောင်လေ့ရှိသည်။ ထို့ကြောင့် လုံခြုံရေး တင်းကျပ်သော ယနေ့ကာလတွင် မြန်မာ အလုပ်သမားများ ခြေငြိမ်နေရသည်ဟု သိရသည်။

လုံခြုံရေး တင်းကျပ်မှုကြောင့် ဖူးကက်မြို့ရှိ စီးပွားရေးလုပ်ငန်းတချို့လည်းအထိအခိုက်ရှိသည်ဟု မြန်မာပြည်သား လုပ်ငန်းရှင်တဦးက ပြောသည်။

“တရက်ကို ဘတ် ၆ဝဝဝ လောက် အရှုံးပေါ်နေတယ်”ဟု ယင်းလုပ်ငန်းရှင်က ပြောသည်။ ကုန်ပစ္စည်းများ တင်ဆောင်သည့် ကားများကို ရှာဖွေရေး တင်းကျပ်သောကြောင့် သူ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလက ပတ္တရားမြို့တွင် အာဆီယံ အစည်းအဝေးပြုလုပ်ခဲ့ရာ ထိုင်းအစိုးရကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းသဖြင့် အစည်းအဝေး ပျက်သွားသည်။ ထိုစီးနင်းမှုကြောင့် အာဆီယံနိုင်ငံများမှ အစိုးရ ကိုယ်စားလှယ်များကို ရဟတ်ယာဉ်များဖြင့် ခေါ်ထုတ်သွားရသည်။

ထိုဧပြီလက ပျက်သွားရသည့် အဆိုပါ အစည်းအဝေးကြောင့် နိုင်ငံတကာတွင် မျက်နှာပျက်ခဲ့ရသော ထိုင်း အစိုးရက ဖူးကက်မြို့ အစည်းအဝေးအတွက် လုံခြုံရေး တင်းကျပ်ထားခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံ အသင်းဝင် ၁ဝ နိုင်ငံအပါအဝင် အာဆီယံနှင့် ဆွေးနွေးဖက် ၁၆ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အစိုးရကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သည်။

အစည်းအဝေးများကို ဇူလိုင် ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

အာဆီယံ ဆွေးနွေးပွဲ ကျင်းပသည့် နေရာသို့ ချည်းကပ်ရာ လမ်းများကို လုံခြုံရေးဂိတ် အများအပြားချထားသည်။ ဖူးကက်မြို့တွင်းမှ ဆွေးနွေးပွဲ ကျင်းပရာ နေရာသို့ သွားသည့်လမ်းတွင်လည်း ရဲ နှင့် စစ်သားများ ပါဝင်သည့် လုံခြုံရေးဂိတ် ၅ ခု ချထားသည်ကို တွေ့ရသည်။


မသင်္ကာသည့် ကားများကို ရပ်တန့်စေပြီး စစ်ဆေးလျက်ရှိသော စစ်ဆေးရေးဂိတ်တခု။ (ဓာတ်ပုံ - ဇာနည်ဝင်း/ဧရာဝတီ)
အစည်းအဝေးများ ကျင်းပမည့် ဖူးကက် ပင်လယ်ကမ်းခြေရှိ လာဂူးနား အပမ်းဖြေစခန်း (Laguna Beach Resort)တွင် စစ်သား နှင့် ရဲ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ချထားသည်ကိုလည်း တွေ့ရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း အပါအဝင် မည်သည့် ဆန္ဒပြခြင်းကိုမျှ ခွင့်ပြုမည်မဟုတ်ဟု ထိုင်းအာဏာပိုင်တို့က ကြိုတင် သတိပေးထားသည်။

ပြီးခဲ့သည့်လတွင် ထိုင်းလွှတ်တော်က ပြည်တွင်း လုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ရာ ထိုဥပဒေအရ စစ်တပ် နှင့် ရဲတပ်ဖွဲ့သည် နိုင်ငံလုံခြုံရေးကို ထိခိုက်မည့် အန္တရာယ်မှ ကာကွယ်ရန် ကာဖျူးအမိန့်ထုတ်ခြင်း၊ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ကန့်သတ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

အစည်းအဝေး တက်ရောက်လာသူများအတွက် ဧပြီလမှစတင်ပြီး ကမ္ဘာတဝန်း ပျံ့နှံ့နေသည့် ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်မှု မရှိစေရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်သူ ၄ဝဝဝ ကျော် ရှိခဲ့ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ သို့သော်လည်း အများစုမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဟု ဆိုသည်။

ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ်သည်။


ဗြိတိန်က ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ကွယ်လွန်

18 July 2009
ကွယ်လွန်သွားသည့် ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား ဟင်နရီ အယ်လင်ဂမ်။
ဇွန် ၁၃၊ ၂၀၀၈။
ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား၊ ပထမကမ္ဘာစစ် ဗြိတိသျှ စစ်မှုထမ်းဟောင်း ဟင်နရီ အယ်လင်ဂမ် (Henry Allingham) ဟာ အသက် ၁၁၃ နှစ်အရွယ် ဒီနေ့ အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းက သက်ကြီးဂေဟာမှာ ကွယ်လွန်သွားပါပြီ။ ဘုရင့်လေတပ်မတော် ဗုံးကြဲလေယာဉ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သားသမီး မြေးမြစ် တီ ကျွတ် ၃၀ ကျော် ကျန်ခဲ့ပါတယ်။

စီးကရက်၊ ၀ီစကီအရက်နဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း မိန်းမများကြောင့် သူ အသက်ရှည်ခဲ့ရတာလို့ ရာစု ၃ စု၊ ဘုရင်၊ ဘုရင်မ ၆ ပါးနဲ့ ကမ္ဘာစစ်ကြီး ၂ ခုကို ဖြတ်သန်းခဲ့သူ ဖိုးသက်ရှည်ကြီးက ပြောလေ့ရှိပါတယ်။

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး ဂါ့တ်ရုဒ် ဘန်းစ် (Gertrude Baines) ကတော့ အသက် ၁၁၅ နှစ်အရွယ် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့မနက် ကွယ်လွန်သွားတဲ့ အင်္ဂလန်နိုင်ငံက ဖိုးသက်ရှည်ကြီးကို ဂုဏ်ပြုကြတဲ့ အထဲမှာ ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘက် (Elizabeth) နဲ့ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) တို့လည်း ပါဝင်ပါတယ်။

မနှစ်က အိန္ဒိယနိုင်ငံမှာ ကွယ်လွန်သွားသူ ဟက်ဘစ် မီရန်း (Habib Mian) က အသက် ၁၃၈ နှစ်ရှိတယ်လို့ ဆိုပေမယ့် သူ့ရဲ့မွေးနေ့ကို အတည်ပြုချက် မရတာနဲ့ Guiness Book ခေါ် ကမ္ဘာ့မှတ်တမ်းထဲမှာ စာရင်းမ၀င် ဖြစ်ခဲ့ရပါတယ်။

အိန္ဒိယနဲ့ မဟာဗျူဟာမိတ်ဖက် ထူထောင်ရေး အမေရိကန်ကြိုးပမ်း

18 July 2009


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ရောက်ရှိနေပြီးတော့ ပါကစ္စတန် နိုင်ငံအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စမှာ အိန္ဒိယဘက်က ပါဝင်ကူညီဖို့ တိုက်တွန်းနေပါတယ်။ မစ္စ ကလင်တန် ရဲ့ ခရီးစဉ် နောက်ဆုံးအခြေအနေကို မွန်ဘိုင်းမြို့က ဗွီအိုအေ သတင်းထောက် David Gollust သတင်းပေးပို့ထားပါတာကို အခြေခံပြီး ဦးကျော်ဇံသာက တင်ပြထားပါတယ်။

သောကြာနေ့ နှောင်းပိုင်း သည်းသည်းမဲမဲ ရွာနေတဲ့မိုးတွေကြားထဲမှာ ရောက်ရှိလာတဲ့ ၀န်ကြီးကလင်တန်ဟာ အကြမ်းဖက် သမားတွေ ပစ်မှတ်ထားတိုက်ခိုက်တာ ခံခဲ့ရဘူးတဲ့ Taj Palace ဟိုတယ်မှာပဲ တည်းခိုပါတယ်။ စနေနေ့မှာတော့ အဲဒီ တိုက်ခိုက်မှုတွင်း သေဆုံးခဲ့ရသူတွေ အတွက် ရည်စူးတဲ့ အမှတ်တရ အခမ်းအနားကို တက်ရောက်ပါလိမ့်မယ်။ အမေရိကန်နဲ့ အိန္ဒိယတို့ဟာ ပြင်းထန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံရဖူးကြပြီး အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးကို ပိုမို တက်တက် ကြွကြွ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ ပါကစ္စတန် အနေနဲ့လည်း အကြမ်းဖက်ဝါဒ ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင် တိုက်ဖျက် သင့်တယ် လို့ Times of India ဆိုတဲ့ သတင်းစာကြီးရဲ့ သဘောထား ကဏ္ဍမှာ ၀န်ကြီးကလင်တန် က ဖော်ပြခဲ့ပါတယ်။

အိုဘားမား အစိုးရဟာ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးရေး လုပ်ကြဖို့ တိုက်တွန်း အားပေးနေခဲ့ တာပါ။ ဒီအပတ် အစောပိုင်းကတော့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း (Manhoman Singh) နဲ့ ပါကစ္စတန် ၀န်ကြီးချုပ် ယူစွပ်ဖ် ရာဇာဂီလာနီ (Yousuf Raza Gilani) တို့ဟာ အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်မှာ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။

ဝန်ကြီးကလင်တန် ဟာ ဒီတခေါက်မှာတော့ ပါကစ္စတန်ကို သွားမှာမဟုတ်ပါဘူး။ အိန္ဒိယမှာပဲ လေးရက် နေထိုင်ပြီးတော့ ၂၀၀၅ ခုနှစ်က စခဲ့တဲ့ Strategic Partner ခေါ် မဟာဗျူဟာမိတ်ဖက် ထူထောင်ရေး ဆိုတဲ့ နျူကလီးယား ပူးပေါင်း ဆောင်ရွက်မှုကို ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မနှစ်တုန်းက အမေရိကန် ကွန်ဂရက် လွှတ်တော်က နောက်ဆုံး အတည်ပြုပေးခဲ့တဲ့ အဲဒီ မဟာဗျူဟာ မိတ်ဖက် ထူထောင်ရေး သဘောတူညီချက်အရ အိန္ဒိယဟာ စစ်ရေးသုံးမဟုတ်တဲ့ နျူကလီးယား စက်ရုံတွေ အပေါ် နိုင်ငံတကာ စစ်ဆေးခွင့် ပေးမယ်လို့ ဆိုထားပြီး အမေရိကန် ကတော့ နျူကလီးယား နည်းပညာတွေ၊ hardware လို့ခေါ်တဲ့ အမာထည်ပစ္စည်းတွေ ရောင်းဖို့ သဘောတူ ထားပါတယ်။ အရင်တုန်းကတော့ အိန္ဒိယဟာ နျူကလီးယား မပြန့်ပွားရေး စာချုပ်ကို လက်မှတ်မထိုးဘူး ဆိုပြီး ဒါကို မရောင်းဘဲ နေခဲ့တာပါ။ ဒါ့အပြင် အမေရိကန် နျူကလီးယား စက်ရုံ ၂ ရုံအတွက် အိန္ဒိယနိုင်ငံမှာလည်း နေရာ နှစ်ကွက် သတ်မှတ်ပေးပါလိမ့်မယ်။

ဝန်ကြီးနဲ့အတူ ဒီခရီးမှာ လိုက်ပါသွားသူ အမေရိကန် တောင်အာရှ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရောဘတ် ဘလိတ် က - အိန္ဒိယ နဲ့ ဒီလို ဆက်ဆံမယ့်ကိစ္စကို ပြီးခဲ့တဲ့မေလ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် ဆင်း နဲ့ ကွန်ဂရက် ပါတီ အနိုင်ရပြီး အာဏာခိုင်မြဲလာတဲ့အထိ စောင့်ကြည့်ခိုင်းခဲ့တာပါ တဲ့။

“၀န်ကြီးချုပ် ဆင်း အာဏာပြန်ရလာပြီး ကွန်ဂရက်ပါတီ အင်အား ခိုင်မြဲသွားပြီ ဆိုတာ ကျနော်တို့ ယုံကြည်စိတ်ချ ပြီးတဲ့ နောက် သမ္မတ အိုဘားမား ဟာ အိန္ဒိယ နဲ့ ဆက်ဆံရေးကို အားဖြည့်ဆောင်ရွက်ဖို့ အပြည့်အ၀ ထောက်ခံအားပေး လိုက်တဲ့ အတွက် ဒီကိစ္စအတွက် လမ်းပွင့်သွားခဲ့ပါတယ်။ သမ္မတ အနေနဲ့ရော ၀န်ကြီး ကလင်တန် ကပါ အိန္ဒိယဟာ အမေရိကန် အတွက် အမှန်တကယ် အရေးပါတဲ့ မိတ်ဖက်နိုင်ငံအဖြစ် မှတ်ယူကြပါတယ်။ နှစ်နိုင်ငံရဲ့ အပြန်အလှန် အကျိုးစီးပွား လောက်တင် မကပါဘူး။ ၂၁ ရာစု ကမ္ဘာ့အခင်းအကျင်း ပုံဖော်ရေးအတွက်ပါ အရေးကြီးတယ်လို့ ယူဆကြတာပါ။”

ဝန်ကြီးကလင်တန် အတွက် မွန်ဘိုင်းမှာ လုပ်စရာတွေ အများကြီးပါ။ စီးပွားရေး၊ ပညာရေး၊ အမျိုးသမီး စွမ်းအင်မြင့်တင်ရေး စတဲ့ ကိစ္စတွေ ရှိနေပါတယ်။

နယူးဒေလီ မြို့ကို ရောက်ပြီးတဲ့အခါမှာတော့ တနင်္လာနေ့ကျရင် ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၊ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ခ်ျနာ (S. M. Krishna) စတဲ့ ခေါင်းဆောင်တွေအပြင် အတိုက်အခံ BJP ပါတီ ခေါင်းဆောင် လား ခရစ်ခ်ျနာ အက်ဒ်ဗာနီ (Lal Krishna Advani) စတဲ့သူတွေနဲ့ တွေ့ဆုံပါလိမ့်မယ်။

အဲဒီနောက် ၀န်ကြီးကလင်တန်ဟာ ဘန်ကောက်မြို့ကို ခရီးဆက်မှာပါ။ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဖူးကပ် အပမ်းဖြေကမ်းခြေမှာ ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများရဲ့ အစည်းအဝေးကို တက်ရောက်ပါလိမ့်မယ်။ အဲဒီ အာဆီယံ အစည်းအဝေးမှာတော့ မြောက်ကိုရီးယား ပြဿနာ၊ မြန်မာ့နိုင်ငံရေး အခြေအနေ နဲ့ ဂျကာတာမှာ ဗုံးခွဲ တိုက်ခိုက်မှုတွေဟာ အဓိက ဆွေးနွေးစရာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ရေးသား ထုတ်ပြန်ထားတဲ့ ကြေညာချက်တရပ်ထဲမှာတော့ ၀န်ကြီးကလင်တန် ဟာ ဂျကာတာ အကြမ်းဖက်မှုတွေကို ရှုတ်ချ ပြီး ဒါဟာ အစွန်းရောက် အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်၊ ဒီကိစ္စမှာ အင်ဒိုနီးရှား အစိုးရကို အကူအညီပေးဖို့ အဆင်သင့်ပဲ လို့လည်း ဆိုထားပါတယ်။


အီရန်ဆန္ဒပြပွဲ နှိမ်နှင်းမှု သမ္မတဟောင်း ဝေဖန်

18 July 2009


အီရန်နိုင်ငံရဲ့  သမ္မတဟောင်း အာ့ခ်ဘာ ဟာ့ခ်ျမီ ရာဖ်ဆန်ဂျနီ (Akbar Hashemi Rafsanjani) က တီဟီရန် တက္ကသိုလ်မှာ မနေ့ကကျင်းပခဲ့တဲ့ သောကြာနေ့ ၀တ်ပြုဆုတောင်းပွဲအတွင်း နိုင်ငံခေါင်းဆောင်တွေက ရွေးကောက်ပွဲနောက်ပိုင်း ဆန္ဒပြမှု တွေကို ဖြိုခွဲခဲ့တဲ့ကိစ္စ အပေါ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ သူက ပြည်သူတွေရဲ့ ဆန္ဒတွေဆိုတာ လေးစားရမယ့်ကိစ္စ၊ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ထည့်ခဲ့တဲ့မဲတွေအပေါ် ပြည်သူအများစုက သံသယတွေ ရှိနေကြတုန်းပဲလို့ ဟောပြောခဲ့ပါတယ်။

အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ သူက တောင်းဆိုခဲ့ပါသေးတယ်။ မနေ့က ၀တ်ပြု ဆုတောင်းပွဲမှာ အဓိကကျတဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် မီယာဟူစိန် မူဆာဗီ လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ အတိုက်အခံကို ထောက်ခံကြတဲ့ ပြည်သူတွေ ထောင်နဲ့ချီပြီးတက်ရောက်ခဲ့ကြပြီး ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ကြပါတယ်။ မျက်မြင် သက်သေတွေ ပြောတာက တော့ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေနဲ့ လူစုခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

အီရန်က အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူ ရှာဒီ ဆာဒါ ဟာလည်း မနေ့က ဆုတောင်းဝတ်ပြုပွဲကိုအသွား လမ်းမှာ အဖမ်း ခံခဲ့ရတယ်လို့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ အရပ်ဝတ်အရပ်စားနဲ့ လူတွေက သူ့ကို နံပါတ်တုတ် တွေနဲ့ ရိုက်ပြီး ကားထဲဆွဲခေါ် သွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

သခင်အောင်ဆန်း၏သမိုင်းဝင်မိန့်ခွန်းများ

နိုင်ငံတော်လုပ်ကြံမှုကြီး

အစွယ်လိုသူများ

-
မင်းဟန်
ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 07:00 - မြန်မာစံတော်ချိန်
(၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး
“အမျိုးသားသူရဲကောင်း တယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး။ ရန်သူများတယ်။ အများဆုံး သုံးနှစ်ပဲ ခံမယ်။ ကျနော့်အတွက်တော့ --- နောက် (၁၈) လထက် မပိုဘူးလို့ ယူဆတယ်”
ဗိုလ်ချုပ်အောင်ဆန်း
(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊ ၂၇၀) မှ

(၁)

၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင် ---။

“ဂျိုင်း” ----။

ကျယ်လောင်သည့် ဒေါက်ဖြုတ်သံကြောင့် အုတ်ရိုးနီနီပေါ်မှ ကျီးများလန့်၍ ထပျံကုန်ကြသည်။ ရောင်နီက မပေါ်သေး။ အင်းစိန်ထောင်ဝင်းအတွင်း အမှောင်ထုက ကြီးစိုးနေဆဲ။ အင်းစိန်ထောင်၏ ကြိုးစင်ရှိရာတွင်မူ လျပ်စစ်မီးရောင်များကြောင့် လင်းလင်းပပ ရှိ၍နေသည်။ ဒေါက်ဖြုတ်သံနှင့်အတူ ကြိုးစင်ပေါ်မှ ဖြူဖြူအရိပ် လေးခုသည် ကြိုးစင်တွင်း အတွင်းသို့ ရိပ်ခနဲ ထိုးဆင်းသွားသည်။ လျပ်တပြတ် ----။ ကြိုးတိုင်မှ တွဲလောင်းကျနေသည့် ကြိုးလေးချောင်းက လေးလံသည့် အရာဝတ္တုများအား ဆွဲထားရသည့်အတွက် “ တန်း” ၍ နေသည်။ မလှုပ်ရှား ----။ ငြိမ်သက်လျက်။

အင်းစိန်ထောင်ကြီးနှင့် (၁၂) မိုင်ခန့် ဝေးကွာသည့် ရန်ကုန်ထောင် ကြိုးစင်အတွင်း၌လည်း ကျယ်လောင်သည့် ဒေါက်ဖြုတ်သံ --- ။ ပြီးလျင် ---- ကြိုးစင်တိုင်မှ ကြိုးစင်တွင်း၊ အတွင်းသို့ တွဲလောင်းကျနေသည့် ကြိုးနှစ်ချောင်းသည်လည်း ---။ မလှုပ်ရှား ---၊ ငြိမ်သက်လျက် ---။

(၂)
၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်။
နေသူရိန် ကဇာတ်ရုံ ၊ ရန်ကုန်မြို့။

စစ်ပြီးစ --- ရန်ကုန်မြို့သည် နာတာရှည် သူနာတယောက်၏ နာလန်ထ လူနာကဲ့သို့ ဖြစ်၍နေသည်။ အားအင်ကမရှိ ။ ဟိုနားထိလည်းနာ၊ ဒီနားထိလည်းနာနှင့် အရာရာသည် ယိုယွင်း၍ နေ၏။ ယမ်းငွေ့များက အုပ်ဆိုင်းဆဲ။ လမ်းမထက် သွေးကွက်များက မုတ်သုန်မိုးအား အာခံ၍ နေဆဲ။ မုတ်သုန်မိုးသည် စစ်၏ ဒဏ်ရာဒဏ်ချက်တို့အား မဆေးကြော မသုတ်သင်နိုင်သေး။ အုပ်မှိုင်းသော မိုးသားတိမ်ထုတို့၏ အောက်၌ နေသူရိန်ကဇာတ်ရုံကြီးသည် ယခင်က အထီးတည်း ။ ယခုမူ ----။

“(ဖ ဆ ပ လ) အဖွဲ့ချုပ်ရဲ့ ကိုယ်စား ကျနော် ဒီလူထု အစည်းအဝေးကြီးမှာ အဆိုသုံးရပ်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ ဗမာ့ တပ်မတော်သစ်ကို မျိုးချစ် ဗမာ့တပ်မတော်သားများနှင့်သာ ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။ ဒုတိယ အဆိုအနေနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ရေးဆွဲနိုင်ရေးအတွက် တိုင်းပြုပြည်ပြု လွှတ်တော်တရပ် ခေါ်ယူသွားရေး ဖြစ်ပါတယ်။ တတိယ အနေနဲ့ မြန်မာတနိုင်ငံလုံး၊ လုံးဝလွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်ကြတဲ့အခါမှာ အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညှီညွှတ်ကြဖို့ လိုပါတယ်။ ---- ဒီအတွက် အားလုံး ညီညီညွှတ်ညွှတ်နဲ့ လုပ်ကိုင်သွားကြရန် ဖြစ်ပါတယ်။”

နေသူရိန် လူထု အစည်းအဝေးပွဲကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းမှ တင်သွင်းသော အဆိုပြုသံနှင့် ထောက်ခံသည့် သြဘာသံများသည် ကဇာတ်ရုံကြီးအတွင်းမှ လျံထွက်၍လာသည်။ `ဤမှ ---- ကန်တော်ကြီးရေပြင်ကို ဖြတ်တိုက်၍ မြန်မာနိုင်ငံ တနံတလျားသို့ ----။

နေသူရိန် လူထု အစည်းအဝေးပွဲကြီးက ဗမာ့လွတ်လပ်ရေး တိုက်ပွဲအား လက်နက်ကိုင် တိုက်ပွဲမှ လူထုတိုက်ပွဲ သဏ္ဌာန်ဆီသို့ ချိုးကွေ့လိုက်သည်။

(၃)
၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ( ၂)ရက်။
ကာလကတ္တားမြို့ ၊ အိန္ဒိယနိုင်ငံ။

ဗိုလ်ချုပ်ကြီး လော့လူဝီ မောင့်ဘတ်တန်က ဗမာ့တပ်မတော်သစ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဖိတ်ခေါ်သည်။ သူက ဗြိတိသျှ အစိုးရ၏ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်။ ပြီးနောက် မြန်မာ့အရေးအား မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သည့် စစ်ဘက် အရာရှိတဦး ဖြစ်သည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ဘီဒီအေမှ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဇော်မင်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်တို့ ပါပြီး နိုင်ငံရေး ခေါင်းဆောင်များမှ ဦးဘဘေ၊ ဦးညိုထွန်း၊ သခင်သန်းထွန်းနှင့် စောဘဦးကြီးတို့ ပါသည်။ အဖွဲ့၏ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မှ ကာလကတ္တား ----။ ကာလကတ္တားမှတဆင့် သိရီိလင်္ကာနိုင်ငံ ကန္နီသို့ သွားကြမည်။ မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကာလကတ္တားတွင် ခတ္တနားသည်။ ထိုစဉ်က သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) သည် ကာလကတ္တားတွင် ရှိနေသည်။ သခင်သန်းထွန်း၊ သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အနာဂတ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား မည်သည့် အခန်းကဏ္ဍမှ ပါဝင်စေမည်နည်း။ စစ်ခေါင်းဆောင်လား။ နိုင်ငံရေး ခေါင်းဆောင်လား။ အမြင်နှစ်မျိုး ကွဲ၍နေသည်။ သခင်စိုး၊ သခင်သန်းထွန်း စသည့် ကွန်မြုနစ်များက အောင်ဆန်းသည် နိုင်ငံရေး ခေါင်းဆောင် တဦးရှိသင့်သည့် အရည်အချင်း ပေါင်းစုံမရှိ။ နိုင်ငံရေး ပရိယာယ် မကျွမ်းကျင်။ လူမှုဆက်ဆံရေး ညံ့ဖျင်းသည်။ ထိုကြောင့် တပ်မတော်ထဲတွင်သာ နေသင့်သည်။ ဤအမြင်ကို ဗိုလ်လကျာ်နှင့် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့က လက်မခံ။ အောင်ဆန်းသည်သာ အမျိုးသားရေး အင်အားစု အပေါင်းကို ညီညွှတ်သော တပ်ဦးတရပ် ဖြစ်လာစေရန် စွမ်းဆောင်ပြီး ခေါင်းဆောင်မှု ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုကြောင့် စစ်တပ်မှ ထွက်ပြီး နိုင်ငံရေးတွင်သာ တာဝန်ယူရမည်။

အဆုံးအဖြတ်က ဗိုလ်ချုပ်အပေါ်တွင်သာ တည်တော့၏။ ဗမာ့မျိုးချစ် တပ်မတော်သစ်တွင် ဗိုလ်မှူးချုပ်အဆင့်နှင့် ( ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်) ဗိုလ်ချုပ်အောင်ဆန်းအား ရာထူးလက်ခံရန် မောင့်ဘတ်တန်က လမ်းကြောင်းပြန်၏။ မည်သို့နည်း ----။

(၄)
၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။
အလုံလမ်း ၊ ရန်ကုန်မြို့။

ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသည်။ အိန္ဒိယနိုင်ငံ ဆင်းမလားမှ ပြန်လာခြင်း ဖြစ်ပြီး ဘုရင်ခံသည် ရန်ကုန် ပြန်ရောက်ပြီး နောက်တနေ့မှာပင် ၎င်း၏အုပ်ချုပ်ရေး ပုံစံသစ်အား ထုတ်ပြန် ကြေငြာတော့သည်။ အုပ်ချုပ်ရေးက မသစ်ဆန်း။ မဲပြာပုဆိုးပင်။ ဘုရင်ခံ အမှုဆောင် ကောင်စီကို အဖွဲ့ဝင် (၁၅) ဦးနှင့် ဖွဲ့စည်းမည်။ ဘုရင်ခံအလိုကျ ခန့်နိုင်၏။ ထုတ်ပယ်နိုင်၏။ စက္ကူဖြူစာတမ်း၏ အစွမ်းသတ္တိဖြင့် ကိုလိုနီိစနစ်အား ထိန်းသိမ်းရန်သာ ဖြစ်သည်။ မိုးနှောင်ရက်ကျန် ရန်ကုန်မြို့က ငြိမ်သက်လျက်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ( ဖ ဆ ပ လ) အဖွဲ့ချုပ် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲက အချိန်မကြာ ---။ ဘုရင်ခံက (ဖ ဆ ပ လ) အား ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အဖွဲ့တွင် ပါဝင်ရန် ကမ်းလှမ်းသည်။ (ဖ ဆ ပ လ) မှ ဘုရင်ခံအမှုဆောင် ကောင်စီအား ကြားဖြတ်ယာယီ အမျိုးသား အစိုးရအနေဖြင့် ဖွဲ့စည်းရန် ရည်ရွယ်၏။ အမှုဆောင်ကောင်စီ (၁၅)နေရာတွင် (၁၁) နေရာအား (ဖ ဆ ပ လ) သို့ ပေးရန် တောင်းဆိုသည်။ ပြည်ထဲရေး ဌာနကိုလည်း (ဖ ဆ ပ လ) ကောင်စီဝင် တဦးမှ တာဝန်ယူမည်။ ဘုရင်ခံမှ ချက်ချင်း အဖြေမပေးနိုင်။ မကြာမှီ အကြောင်းပြန်ပေးပါမည်ဟု ယဉ်ကျေးစွာဖြင့် ဆိုသည်။ ပြီးပြီ။ ဆွေးနွေးပွဲက ဤမျှသာ ---။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ နှင့် ဦးဘဘေတို့ ဘုရင်ခံအား နှုတ်ဆက်ပြီး ဘုရင်ခံ၏ အိမ်တော်မှ ထွက်ခဲ့ကြသည်။ အလုံလမ်းမကြီးက စန့်စန့်ကြီး ၀ပ်ဆင်း၍ နေသည်။ မိုးစက်များက သူ့အပေါ်၌ ခုန်ပေါက်၍ နေကြသည်။ တပါတ်ခန့် ကြာသည့်အခါ၌ ဘုရင်ခံမှ အကြောင်းပြန်သည်။ ( ဖ ဆ ပ လ)၏ တောင်းဆိုချက်များအား ငြင်းပယ်သည့်အကြောင်း ----။ ပြီးလျှင် --- ဘုရင်ခံသည် အလိုတော်ရိများနှင့် စက္ကူဖြူစာတမ်းအား ထုဆစ်တော့၏။ ဆာပေါ်ထွန်း နန်းရင်းဝန် ဖြစ်လာသည်။

(၅)
၁၉၄၆ခုနှစ်၊ ဇန်န၀ါရီလ (၁၇-၂၃)ရက်။
ရွှေတိဂုံ အလယ်ပစ္စယံ၊ ရန်ကုန်မြို့။

ရာသီဥတုသည် ရှင်း၍နေသည်။ ကောင်းကင်သည် လင်း၍၊ လင်း၍ ----။ တိမ်ဆိုင် တိမ်အုပ်များ မရှိ။ နေခြည်သည် အတားအဆီးမရှိ မြေကမ္ဘာပေါ်သို့ ဖြန့်ကျက်၍ ဆင်းလာ၏။ ရွှေတိဂုံ စေတီတော်ကြီးသည် နေခြည်နှင့် လိမ်းကျံထားသဖြင့် ရွှေအိုရောင် ၀င်းပ၍ နေသည်။ ထိုးကျနေသည့် ရွှေတိဂုံ စေတီတော်၏ အရိပ်သည် အဆိုတင်သွင်းနေသူ အပေါ်သို့ အုပ်မိုးထားသည်။ ဘီဒီအေ ယူနီဖောင်းနှင့် (ဖ ဆ ပ လ) ဥက္ကဌ ဦးအောင်ဆန်းသည် ပထမအကြိမ် (ဖ ဆ ပ လ) ပြည်လုံးကျွတ် ညီလာခံကြီးသို့ အဆို တင်သွင်း၍ နေသည်။

“ ---- ဟုတ်လား ။ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ကုန်သည်ပွဲစားများနှင့် တိုင်းရင်းသား အရင်းရှင် လူတန်းစားတွေဟာ ---- ။ ဟုတ်လား----။ နယ်ချဲ့ အရင်းရှင်ကို အပြုတ်တိုက်နိုင်ဖို့ ကိုယ့်ဆိုင်ရာ လူတန်းစား အဖွဲ့အစည်းတွေ တည်ထောင်ပြီး လူတန်းစား ညီညွှတ်ရေးတွေ တည်ဆောက်ကြရမယ်။ အဲဒီ လူတန်းစား အဖွဲ့အစည်း အသီးသီးက ကိုယ်စားးလှယ်တွေနဲ့ ---- ဟုတ်လား ----။ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေဟာ ဒီ (ဖ ဆ ပ လ) တပ်ပေါင်းစုကြီး အတွင်းမှာ ညီညွှတ်စွာနဲ့ လုပ်ကိုင် သွားကြပါရန် ဒီညီညွှတ်ရေးအဆိုကို တင်သွင်းပါတယ် ----”

လက်ခုပ်သံများက ရွှေတိဂုံ အလယ်ပစ္စယံ အတွင်း၌ ဆူညံ၍ နေတော့သည်။ အဆိုအား ကန့်ကွက်သူမရှိ အားလုံး ထောက်ခံကြသည်။ လူတန်းစား ညီညွှတ်ရေး ၊ ပြီးလျှင် တပ်ပေါင်းစုကြီးအတွင်း ညီညွှတ်ရေး၊ ထိုမှ အမျိုးသား လွတ်မြောက်ရေးဆီသို့ ----။

ရဟန်း၊ သံဃာ၊ လူထုလူတန်းစား ၊ စုစုပေါင်း လေးသိန်းကျော် တက်ရောက်ကြသည့် အကြီးမားဆုံး နိုင်ငံရေး အစည်းအဝေးပွဲကြီး ဖြစ်သည်။

“ဒိုမီနီယံ အလိုမရှိ”
“လုံးဝလွတ်လပ်ရေး ချက်ချင်းပေး”
“တိုင်းပြုပြည်ပြု လွှတ်တော် အမြန်ခေါ်”

(၆)
၁၉၄၆ ခုနှစ် မတ် (၂၇)ရက်။
အလုံလမ်း၊ ဘုရင်ခံနေအိမ်၊ ရန်ကုန်မြို့။

(ဂျပန်ကင်ဒို ဓါးရှည်သည် အပေါ်သို့ မြှောက်၍ တက်သွားသည်။ ပြောင်လက်သော ကင်ဒိုဓါးရှည်သည် နေရောင်အောက်၌ လင်းလက်သွား၏။ ခဏတာအတွင်း ဓါးရှည်သည် အောက်သို့ စိုက်ဆင်းလာပြီး ခုတ်ပိုင်းလိုက်သည်။ တိခနဲ ပြတ်မသွား---။ သထုံခရိုင်၊ ပေါင်မြို့နယ်မှ အင်္ဂလိပ်သူလျှို သဲဖြူကုန်းရွာ၏ ကုလားသူကြီးသည် အရှေ့သို့ ငိုက်၍ လဲကျသွားသည်။ သို့သော် ချက်ချင်း မသေ။ အင်္ဂလိပ်သူလျှိ၏ အသက်က ပြင်းလှသည်။

သွေးစွန်းနေသော ကင်ဒိုဓါးရှည်အား ဓါးအိမ်အတွင်းသို့ ထိုးသွင်းလိုက်ရင်း ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ပြင်းလွန်းလှသည့် အင်္ဂလိပ်သူလျှို ကုလားသူကြီးအား သေနတ်နှင့် ပစ်သတ်ရန် သူ့ရဲဘော်များအား အမိန့်ပေးလိုက်သည်။ အနိဌာရုံမြင်းကွင်းအား ကြည့်ရှုနေကြသော ပရိတ်သတ်ကြီးသည် အင်္ဂလိပ်သူလျှိုတဦး သေဒဏ် စီရင်ခြင်းအပေါ်၌ ကျေနပ်၍ နေကြသည်။)

ဘုရင်ခံ အမှုဆောင်ကောင်စီ ဒု-ဥက္ကဌ ဆာရိုက်ဝိုက်စ်သည် ဘီအိုင်အေ စစ်ကြောင်းများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့စဉ် အပေါင်မြို့နယ် မုတ္တမ ဘောလုံးကွင်းအတွင်း သဲဖြူချောင်း ရွာသူကြီးအား သတ်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းအား တရားစွဲဆိုနိုင်ရန် အချက်အလက်ဖိုင်တွဲကို အစည်းအဝေးတွင် ဖတ်ပြ၍ နေသည်။

အလုံလမ်း ဘုရင်ခံ၏ အိမ်တော်၌ ပြုလုပ်သော အစည်းအဝေး ဖြစ်သော်လည်း ဘုရင်ခံကိုယ်တိုင်က မတက်ရောက်။ မေမြို့သို့ အနားယူ သွားနေ၏။ ဗြိတိသျှ စစ်ဘက်မှ ဗိုလ်ချုပ်ဘရစ်နှင့် သူ၏ စစ်ဦးစီး အရာရှိကြီးများ၊ ပုလိပ်မင်းကြီးနှင့် အရပ်ဖက် အင်္ဂလိပ် အရာရှိကြီးများ တက်ရောက်ကြသည်။

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ၏ တပ်ဦးတွင် ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားနိုင်ရန် လူသတ်မှုဖြင့် ထောင်သွင်း ဖမ်းဆီးနိုင်ရန် ကြံစည်ကြခြင်း ဖြစ်သည်။

မြန်မာပြည်ပုလိပ်မင်းကြီး မစ္စတာ ချက်တယ်လ်က -----

“ဗိုလ်ချုပ်အောင်ဆန်းကို စီအိုင်ဒီိက ဖမ်းတာနဲ့ မြန်မာပြည် သူပုန်ထကြမှာပဲ။ နောက်ပြီး စစ်အတွင်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အထွေထွေ လွတ်ငြိမ်ချမ်းသာခွင့်ပေးဖို့ လန်ဒန်မှာ အခု စဉ်းစားနေကြပြီး မကြာခင် ဥပဒေ ထွက်လာမယ်။ ဒီတော့ မပြီးစီးသေးဘဲ ဆိုင်းငံ့ထားသင့်တယ်”

ပုလိပ်မင်းကြီး၏ ဆွေးနွေးချက်အပေါ် တပ်မတော် သေနာပတိချုပ် ဗိုလ်ချုပ်ဘရစ်ကလည်း ထောက်ခံ၏။

“ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းတာနဲ့ လူထုကြီးက သူပုန်ထကြမှာပဲ။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆိုးဆိုးဝါးဝါး တုံ့ပြန်ကြလိမ့်မယ်။ နောက်ပြီး --- ဗမာ့ တပ်မတော်အတွင်းမှာ ရှိနေတဲ့ တပ်မတော်သား လေးထောင်၊ ငါးထောင်က ကျုပ်တို့ကို စတိုက်မှာပဲ။ သူတို့မှာ လက်နက် အပြည့်အစုံ ရှိတယ်။ စစ်ပညာ ရှိတယ်။ စစ်ပွဲ အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်တယ်။ ဆရာစံ ဂဠုန်တပ်လိုမျိုး မဟုတ်ဘူး -----“

အစည်းအဝေး ခန်းမအတွင်း တိတ်ဆိတ်၍ သွားသည်။ အားလုံးက တွေးဆ၍ နေကြသည်။ နေမ၀င် အင်ပါယာကြီးအတွက် -----။

(၇)
၁၉၄၆ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်။
အမှတ် (၂၅) တာဝါလိန်လမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၏ အပေါ်ထပ်တွင် (ဖ ဆ ပ လ) အမှုဆောင် အဖွဲ့အစည်းအဝေး ထိုင်နေကြသည်။ နေ့စဉ်နှင့်အမျှ မြန်မာ့နိုင်ငံရေးသည် ပြောင်းလဲ ဖြစ်ပေါ်လျက် ရှိ၏။ ရန်ကုန်မြို့သည် မငြိမ်သက်။ ၁၉၄၆ ခုနှစ် မေလ (၁၄) ရက်နေ့တွင် အင်းစိန်ခရိုင်၊ ထန်းတပင် မြို့၌ ပြည်သူ့ရဲဘော်များအား တားမြစ်မိန့်ကို ဖီဆန်၍ စစ်ရေး လေ့ကျင့်သည် ဟူ၍ အစိုးရက ဖမ်းသည်။ မကျေနပ်ကြ။ မတရားသော အမိန့်အာဏာနှင့် ဖိနှိပ်ခြင်းဟု မြင်ကြသည်။ မေလ (၁၈) ရက်နေ့တွင် ပြည်သူ့ရဲဘော်များက မတရားဖမ်းဆီးမှုအား ကန့်ကွက်သည့် စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးအား ကျင်းပကြသည်။ လယ်သမားများ ပါသည်။ ကျောင်းသားများလည်း ပါသည်။ ရဟန်း၊ သံဃာများလည်း ပါကြသည်။ မတရား အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်၍ ပြခြင်းဖြစ်၏။ ပုလိပ်အဖွဲ့က ပစ်ခတ်တော့သည်။ ဆန္ဒပြသူ လယ်သမားကြီးသုံးဦး သေဆုံးပြီး (၁၅)ဦးခန့် ဒဏ်ရာရကြသည်။ ဤမှစ၍ တိုင်းပြည်သည် မငြိမ်သက်တော့ ----။ အာဏာ ဖီဆန်မှုများ ဖြစ်ပေါ်၍ လာတော့သည်။ လူထု သိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင် ဆန္ဒပြကြသည်။ (ဖ ဆ ပ လ)၏ ဦးဆောင်မှု အောက်၌ စနစ်တကျ လူထုတိုက်ပွဲ ဆင်နွှဲလျက် ရှိသည်။

လူထု၏ အကျပ်အတည်းက ကြီးမားလှသည်။ မတရားသည့် အမိန့်အာဏာအောက် မလူးသာ မလှုပ်သာ ရှိနေသည့်အပြင် အခြေခံ စားသုံးကုန် ဈေးနှုန်းက အဆမတန် တက်၍လာသည်။ ဂျပန် ငွေစက္ကူများအား တရားမ၀င် ကြေငြာလိုက်သဖြင့် ငွေကြေး အကျပ်အတည်း ဖြစ်ရသည်။ လက်နက်ပုန်းများက နေရာအနှံ ----။ လုယက်မှု၊ ဓါးပြတိုက်မှုတို့က တိုး၍လာသည်။ လမ်းပန်း ဆက်သွယ်ရေးက လုံခြုံ ချောမွေ့မှုမရှိ။ ပြည်သူလူထုသည် ကျီးလန့်စာ၊ စားဘ၀ရောက်၍ နေသည်။

အခြေအနေ အရပ်ရပ်အား ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ဆာပေါ်ထွန်း အစိုးရသည် မည်သို့မျှ မဖြေရှင်းနိုင်။ အကျပ်တွေ့၍ နေသည်။

(ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို ရှုမြင်ရာ၌ မကွဲလွဲ။ အမြင်တူညီကြ၏။ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းသည် သူရေးဆွဲထားသည့် စီမံချက်အကြမ်းအား ဗဟို အလုပ်မှုဆောင်များသို့ ဖတ်ကြားပြနေသည်။

“ပြည်သူ့လွတ်လပ်ရေး ချုပ်ချယ်မှု ကန့်ကွက်ပွဲအတွက် “

၁။ သြဂုတ်လ (၂၅) ရက် မတိုင်မှီ စီတန်း လမ်းလျှောက်ပွဲ လုပ်နိုင်က လုပ်စေလိုသည်။ မဖြစ်နိုင်က အစည်းဝေးပွဲ လုပ်စေလိုသည်။
၂။ အထက်ပါ ကန့်ကွက်ပွဲမှာ အာဏာဖီဆန်ရေး မဟုတ်သေးသဖြင့် လက်ရှိ ဥပဒေများကို ဖောက်ဖျက်ခြင်း စသော ကိစ္စမျိုး မလိုသေးပါ။
၃။ ကြွေးကြော်သံများမှာ အောက်ပါအတိုင်း ဖြစ်သင့်ပါသည်။
- ချုပ်ချယ်တဲ့ ဥပဒေတွေ ပယ်ဖျက်
- ချုပ်ချယ်တဲ့ အမိန့်တွေ ပယ်ဖျက်
- ကာကွယ်ရေးဥပဒေ အလိုမရှိ
- လက်တလော ဥပဒေ တွေ အလိုမရှိ
- သတင်းစာတွေ မချုပ်ချယ်နှင့်
- ပြည်သူ့ရဲဘော်တွေကို လွှတ်ပေး

(၈)
၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်။

စက်တင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန် ပုလိပ်အစည်းအရုံးမှ ဦးဆောင်၍ ပုလိပ်သပိတ်ကြီးအား စတင်သည်။ စက်တင်ဘာ (၁၅) ရက်နေ့တွင် စာတိုက်အမှုထမ်းများ သပိတ်မှောက်ကြပြန်သည်။ ပြီးလျှင် ---- ကြေးနန်း၊ မီးရထား၊ စည်ပင်သာယာ စသော အစိုးရဌာနများ လိုက်၍ သပိတ်မှောက်ကြတော့သည်။ ၀န်ထမ်းပေါင်းစုံ သပိတ်ကြီး -----။ သပိတ်ကြီးကြောင့် နယ်ချဲ့အစိုးရ ယန္တရားကြီး ပျက်မည်ကဲ့သို့ ဖြစ်၍လာသည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်သည် မဖြေရှင်းတတ်။ အကျပ်တွေ့၍ နေသည်။ မည်သို့ ကိုင်တွယ် ဖြေရှင်းမည်နည်း။ ဘုရင်ခံသစ်သည် စက်တင်ဘာ (၁၇) ရက်နေ့တွင် ဆာပေါ်ထွန်း အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအတွက် ဆားဟူးဘတ်ရန့်စ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့သည်။ ဘုရင်ခံ၏ အမှုဆောင် ကောင်စီသစ်တွင် (ဖ ဆ ပ လ) ကိုယ်စားလှယ် အရေအတွက် တိုးပေးမည့်အကြောင်း ကမ်းလှမ်း၍လာသည်။

ထိုအချိန်၌ ဂဠုန်ဦးစောသည်လည်း ယူဂန္ဒာထောင်မှ ပြန်ရောက်၍ နေပြီ။ အလိုတော်ရိဟောင်းကြီး ဦးစောအားလည်း ဘုရင်ခံသစ်က ခေါ်၍တွေ့သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအား ဆွေးနွေးသည်။ အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ဘုရင်ခံက ဦးစောအား ကမ်းးလှမ်းသည်။ ဦးစောက မငြင်း။ သဘောတူမှု ရသွားတော့သည်။

ဘုရင်ခံအိမ်ဝင်း အတွင်းမှ ပြန်ထွက်လာသော ဦးစော၏ကားသည် အလုံလမ်းအတိုင်း မောင်းနှင်၍ လာခဲ့သည်။ သူရိယ သတင်းစာတိုက်သို့ ရောက်သည့်အခါ ကားရပ်ပြီး သတင်းတိုက်အတွင်းသို့ ဦးစော ၀င်၍သွားသည်။ သူရိယ သတင်းစာတိုက်မှ ပြန်ထွက်လာသော ဦးစော၏ကားနောက်၌ အစိမ်းရောင် ဂျစ်ကားတစင်း လိုက်ပါ၍လာပြီ။ ဦးစောက သတိမထားမိ။ ပြည်လမ်းအတိုင်း မောင်းနှင်လာကြသော ကားနှစ်စင်းသည် နီးသွားလိုက်၊ ဝေးသွားလိုက်နှင့် မြေနီကုန်း အ၀ိုင်းကြီးအနီးသို့ ရောက်၍လာသည်။ အစိမ်းရောင်ဂျစ်ကားသည် အရှိန်မြှင့်ပြီး ဦးစော၏ကားအား ကျော်တတ်သည်။ ကားနှစ်စီး ဘေးချင်းယှဉ်မိသည်နှင့် အစိမ်းရောင်ဂျစ်ကားပေါ်မှ ဦးစောအား သေနတ်နှင့် ပစ်တော့သည်။ တချက် -------။ ဦးစောကား၏ မှန်ကို ထိသည်။ မှန်များ ကြေမွ လွှင့်စင်ကုန်၏။ နောက်တချက် ထပ်ပစ်သည်။ ဦးစောအား မထိ။ ဦးစောက ကားအတွင်းဝပ်၍ နေလိုက်ပြီ ဖြစ်သည်။ တတိယ တချက် ထပ်ပစ်ပြန်သည်။ ပြီးလျှင် အရှိန်နှင့်မောင်း၍ ထွက်သွားတော့သည်။ ဦးစောတို့၏ကားက အဝေးတွင် ကျန်ခဲ့ပြီ။

(၉)
၁၉၄၆ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်။
အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ရန်ကုန်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး မငြိမ်သက်မှုများအား လန်ဒန်ရှိ လေဘာအစိုးရသည် သူ၏ တပ်အင်အားနှင့် ချေမှုန်းလို၏။ (ဖ ဆ ပ လ) နှင့် စေ့စပ်ဆွေးနွေးရန် ဆန္ဒမရှိ။ လွတ်လပ်ရေးပေးရန် မစဉ်းစား။ ကိုလိုနီစနစ်ကိုသာ အခိုင်အမာနှင့် တည်ဆောက် ချင်နေကြသည်။ လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေမှုအား စစ်အင်အား နှင့် နှိမ်နင်းလိုလေသည်။ သို့သော် ဖြစ်နိုင် ၊ မဖြစ်နိုင် ချိန်ဆ၍ နေကြသည်။ ဒေါင်းနင်းလမ်းမှ ဗြိတိသျှ စစ်ဦးစီး ဗိုလ်ချုပ်ကြီးများထံသို့ ထင်မြင်ချက် တောင်း၏။ ဗိုလ်ချုပ်ကြီးများမှ ဒေါင်းနင်းလမ်း အမှတ် (၁၀)သို့ ၎င်းတို့၏ ထင်မြင်ချက်များအား အစီရင်ခံ တင်ပြကြ၏။

“ဒုတိယ ကမ္ဘာစစ်ကြီးတွင် ကမ္ဘာ့ အရှေ့တလွှားသို့ သွားရောက်ကာ လေးနှစ်နီးပါး ကြာအောင် ရန်သူ ဂျပန်များအား တိုက်ခိုက်ရပြီးမှ စစ်နိုင်သော ဗြိတိသျှစစ်တပ်များနှင့် ဗြိတိသျှ လက်အောက်ခံ အာဖရိကတိုက်သား တပ်များသည် အိမ်ပြန်ချင်နေကြသည်။ မြန်မာ အမျိုးသား စစ်တပ်နှင့် တသားတည်း စည်းလုံးညီညွှတ်လျက်ရှိသော ပြည်သူလူထု အင်အားကြီးကို ဖြိုခွင်း အနိုင်ယူရန်မှာ နှစ်ပေါင်းများစွာ ကြာဖွယ်ရှိသည်။ မြန်မာနိုင်ငံ၏ မိုးရာသီ ရွှံနွံများအတွင်း၌ ဗြိတိသျှ စစ်သားများက လေးငါးနှစ် ဆက်၍ စစ်တိုက်နေလိုသော စိတ်ဓါတ် မရှိတော့ပြီ။ ထို့အပြင် အိန္ဒိယပြည်ကြီးသည် မကြာမီသော ကာလအတွင်း၌ လွတ်လပ်ရေး ရသွားတော့မည်။ ဤအခြေအနေ၌ အိန္ဒိယပြည်၏ နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော ဂန္ဒီ၊ နေရူး အစရှိသော ပုဂ္ဂိုလ်များသည် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲကို နှိမ်နင်းရန်အတွက် အိန္ဒိယ စစ်တပ်များအား အသုံးချခြင်းကို ခွင့်ပြုကြလိမ့်မည် မဟုတ်ချေ။ ထိုကြောင့် မြန်မာနိုင်ငံအား အသားတကြည်နှင့် လွတ်လပ်ရေး ပေးလိုက်ခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်သည်”

(၁၀)
၁၉၄၆ ခုနှစ် ၊ စက်တင်ဘာလ (၂၆)ရက်။

စက်တင်ဘာ (၅) ရက်နေ့မှ စတင်ခဲ့သော “စက်တင်ဘာ အရေးတော်ပုံကြီး” သည် အားကောင်း၍ သာလာ၏။ ဘုရင်ခံသည် (ဖ ဆ ပ လ) အား အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ကမ်းလှမ်းနေသော်လည်း (ဖ ဆ ပ လ) ၏ တောင်းဆိုချက်များအား ဈေးဆစ်၍သာ နေလေသည်။ မလိုက်လျော။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံအား ---

“ကျုပ်တောင်းတာ အေးအေးဆေးဆေး မပေးရင် လူထုကို ကျုပ်ထိန်းနိုင်တော့မှာ မဟုတ်ဘူး။ ထ ချကုန်လိမ့်မယ်”

ဟူ၍ တဖက်မှ အားကိုပြ၍ ခြိမ်းခြောက်၏။ တဖက်မှ တောင်းဆိုချက်များကို အေးဆေးစွာနှင့် ရရှိနိုင်ရန် စေ့စပ် ညှိနှိုင်း၏။ အလျော့အတင်း လုပ်ကြ၏။ စက်တင်ဘာလ (၂၉) ရက်နေ့တွင် လူထုသိန်းနှင့်ချီ၍ စက္ကူဖြူစာတမ်း ကန့်ကွက်ပွဲ ပြုလုပ်မည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ကြေငြာလိုက်၏။ ဘုရင်ခံ တင်းမထားနိုင်တော့။ လျော့ပေးရတော့သည်။

ဘုရင်ခံ၏ အမှုဆောင် ကောင်စီအား (၁၁) ဦးနှင့် ဖွဲ့စည်းမည်။ (ဖ ဆ ပ လ) မှ (၇)ဦး ပါဝင်မည်။ ကောင်စီကို အစိုးရအဖွဲ့ ပုံသဏ္ဍာန်နှင့် လုပ်ကိုင် ဆောင်ရွက်မည်။ ဘုရင်ခံက အမှုဆောင်ကောင်စီ၏ သဘာပတိ၊ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ သဘာပတိ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနကို ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူပြီး တောင်တန်းဒေသများကို ဘုရင်ခံမှ တိုက်ရိုက် တာဝန်ခံမည်။

ဘုရင်ခံနှင် (ဖ ဆ ပ လ) တို့ ညှိနှိုင်း၍ ရသွားကြပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ခေါင်းဆောင် တာဝန်ကို အလုံလမ်း၊ ဘုရင်ခံနေအိမ်၌ လက်မှတ်ရေးထိုး ရယူခဲ့ပြီးနောက် တာဝါလိန်းလမ်း နေအိမ်သို့ ပြန်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင်သော အစိုးရ၊ ညီညွှတ်သော (ဖ ဆ ပ လ)နှင့် လူထုသည် ယာယီ အမျိုးသားအစိုးရအဖြစ် အချုပ်အချာ အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်သို့ အရောက် ချီတက်တော့မည်။

(၁၁)
၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်။
အမှတ် (၂၅) ၊ တာဝါလိန်းလမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ် အပေါ်ထပ်၌ (ဖ ဆ ပ လ) အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ပြုလုပ်နေသည်မှာ နှစ်ရက်ရှိပြီ။ ဆုံးဖြတ်ချက် မချနိုင်သေး။ မနေ့ညကလည်း သန်းခေါင်ကျော်မှ အစည်းအဝေး ရပ်နားလိုက်ရသည်။ လူတွေက ပန်း၍နေ၏။ (ဖ ဆ ပ လ) အဖွဲ့မှ ဘုရင်ခံ အမှုဆောင် ကောင်စီအစိုးရ အဖွဲ့တွင်ဝင်ပြီး တလကျော်ကျော် ကာလအတွင်း (ဖ ဆ ပ လ) အနေဖြင့် နောက်တဆင့် လွတ်လပ်ရေးအတွက် လန်ဒန် အစိုးရကို တောင်းဆိုမည့်အကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။ မနေ့ညက သခင်နုသည် (ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သို့ အဆိုတရပ် တင်၍ ဆွေးနွေးသည်။

ဗြိတိသျှ အစိုးရ အနေနှင့် မြန်မာပြည်၏ လွတ်လပ်ရေးကို တနှစ်အတွင်း ပေးပါမည်ဟု ၁၉၄၇ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ မတိုင်မှီ လန်ဒန်ရှိ လေဘာအစိုးရက ကြေငြာပေးရန်။

ဗြိတိသျှအစိုးရက မကြေငြာပေးပါက ဘုရင်ခံ အမှုဆောင် ကောင်စီ အစိုးရအဖွဲ့မှ (ဖ ဆ ပ လ) ကိုယ်စားလှယ်များ နှုတ်ထွက်မည်။ ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် အနုနည်းဖြင့် အာဏာဖီဆန်ရေး တိုက်ပွဲများ ဆင်နွှဲသွားမည်။

သခင်နု၏ ဆွေးနွေးချက်များအား ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းက ထောက်ခံသည်။ ဦးဘဘေတို့က ကန့်ကွက်၏။ ကျန်လူများမှာတော့ မည်သည့် သဘောထားမှ မပြောကြ။ ဗိုလ်ချုပ်၏ သဘောထားအား သိချင်ကြပုံရ၏။ သူ့သဘောထားအား ဆွေးနွေးလိုက်ပါက ကျန်လူများက ဗိုလ်ချုပ်၏ သဘောထားအတိုင်း ရပ်တည်ကြမည်။ ဗိုလ်ချုပ်က ထောက်ခံပါက သဘောမတူသော်လည်း ထောက်ခံကြမည်။ ဗိုလ်ချုပ်က ကန့်ကွက်ပါက ထောက်ခံချင်သော်လည်း သူတို့ ကန့်ကွက်ကြမည်။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းက သူ့၏ သဘောထားအား အရင် မတင်ပြခြင်း ဖြစ်သည်။ ဤသို့နှင့် မနေ့က အစည်းဝေးသည် ညနက် သန်းခေါင်ကျော်ခဲ့၏။ ဆုံးဖြတ်ချက်ဟူ၍ မချမှတ်နိုင်ခဲ့။ ဒုတိယည ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး စသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းမှစ၍ ဆွေးနွေးတော့သည်။

“လွတ်လပ်ရေးဟာ အရေးအကြီးဆုံး ပြဿနာ ဖြစ်တယ်။ အဲဒီတော့ ဒီပြဿနာကို ဦးစားပေးပြီး ဆောင်ရွက်ရမယ်။ ဒီလို ဦးစားပေးပြီး မဆောင်ရွက်ရင် လွတ်လပ်ရေးကို ကျနော်တို့ မျက်ခြေပျက်သွားမယ်။ ဒီလွတ်လပ်ရေး ပေးပါမယ်လို့ ဗြိတိသျှအစိုးရကို ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့မတိုင်မီ ကြေငြာခိုင်းရုံနဲ့ မလုံလောက်ဘူး။ မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ ပါရမယ်။ အဲဒါမပါရင် ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိသျှအစိုးရက ဖိုင်တွဲချင်လည်း တွဲထားလိုက်မယ်။ စက္ကူစုတ်ထဲ့တဲ့ ခြင်းထဲကို စုတ်ပစ်ပြီး ထည့်ချင် ထည့်ထား လိုက်လိမ့်မယ်။ အဲဒါကြောင့် ဗြိတိသျှ အစိုးရက မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ် ဆိုတာကို ထည့်ရမယ်။ မထည့်လို့ မဖြစ်ဘူး။ အာဏာ ဖီဆန်တယ်ဆိုတာ မလုပ်ရင် မဖြစ်လို့ လုပ်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အိန္ဒိယမှာ မဟတ္တမဂန္ဒီဟာ အနုနည်း အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ လူတချို့သာ နားထောင်တယ်။ တချို့က နားမထောင်ဘူး။ ကျနော်တို့ ဗမာတွေက သိပ်စိတ်ဆပ်တယ်။ အနုနည်းနဲ့ ဘယ်လောက်ထိ အာဏာ ဖီဆန်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပဲ။ အိန္ဒိယမှာ တချို့လူတွေဟာ အကြမ်းဖက်လာတဲ့အခါ ဂန္ဒီဟာ အာဏာဖီဆန်ရေးကို ရုပ်သိမ်းပစ်လိုက်ရတယ်။ ကျနော်တို့ လူတွေက ကျနော်တို့စကားကို နားမထောင်ဘဲ အကြမ်းဖက်လာရင် အာဏာဖီဆန်ရေးကို ချက်ချင်း ရပ်ပစ်ရမှာပဲ ----“

ဗိုလ်ချုပ်အောင်ဆန်း ဆွေးနွေးပြီးသည့်နောက် (ဖ ဆ ပ လ) အလုပ်မှုဆောင်အဖွဲ့မှ သခင်နု၏ အဆိုကို မကန့်ကွက်ကြတော့။ အားလုံးမှ ထောက်ခံလိုက်ကြသည်။ (ဖ ဆ ပ လ) အလုပ် အမှုဆောင် အဖွဲ့အစည်းအဝေးကား ပြီးလေပြီ။ ရန်ကုန်မြို့က ငြိမ်သက်စွာ လဲလျောင်း၍ နေသည်။ တခါတခါ တာဝါလိန်းလမ်းမပေါ်မှ မောင်းနှင်သွားသော မော်တော်ကားသံများအား ကြားရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အိပ်ခန်းအတွင်းသို့ ၀င်လာသည်။ သမီးငယ် မစုက မိခင်၏ဘေး၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ နေလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် သမီးငယ် မစု၏ နဖူးပြင်သို့ ညင်သာစွာ နမ်းလိုက်၏။

(၁၂)

၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်။
လောင်းဝစ္စလမ်း၊ ပြည်သူ့ရဲဘော် ဌာနချုပ်။

ကွန်မြူနစ်ပါတီအား (ဖ ဆ ပ လ)အတွင်းမှ ထုတ်ပယ် ပစ်လိုက်ပြီးသည့်နောက် (ဖ ဆ ပ လ) တွင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆိုရှယ်လစ် ပါတီတို့သာလျှင် အင်အားကြီးမားစွာနှင့် ကျန်ရှိခဲ့တော့သည်။ (ဖ ဆ ပ လ) အဖွဲ့ချုပ်ကြီး အတွင်း၌ အဖွဲ့အစည်း အလံများအား တိုးဝှေ့၍ စိုက်ထူနေကြသည်။ (ဖ ဆ ပ လ) အတွင်း စစ်ရေးအရ ဖွဲ့စည်းထားသော ပြည်သူ့ရဲဘော်အဖွဲ့ ရှိပါလျက်နှင့် ဆိုရှယ်လစ်ပါတီက လယ်သမား ရှပ်နီတပ်အား စင်ပြိုင်ထောင်၏။ ပြည်ထဲရေးဌာနသည် ဆိုရှယ်လစ် ပါတီဝင်များအား သေနတ်လိုင်စင် ထုတ်ပေးသည်။ ပြည်သူ့ရဲဘော်များကိုမူ မထုတ်ပေး။ ထိုစဉ်က ပြည်ထဲရေး ၀န်ကြီးက ဦးကျော်ငြိမ်း ဖြစ်သည်။ သူက ဆိုရှယ်လစ်ပါတီမှ ခေါင်းဆောင်။ ဤပြဿနာမျိုးက ခရိုင်တိုင်း၌ ဖြစ်ပေါ်၍နေ၏။ ပြဿနာက ကြီး၍သာ လာသည်။ မပေါက်ကွဲကြမှီ စေ့စပ် ဖြေရှင်းပေးရန် လိုပေမည်။ သခင်နုက မေမြို့တွင် ရောက်နေသော ဗိုလ်ချုပ်အောင်ဆန်းအား ကြေးနန်းရိုက်၍ ရန်ကုန်သို့ အမြန်ပြန်လာရန် ခေါ်လိုက်သည်။ ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့ ညီညွှတ်ရေးအတွက် (ဖ ဆ ပ လ)က စေ့စပ်ရေး ပြုလုပ်ပေးသည်။

ပြည်သူ့ရဲဘော်အဖွဲ့ ဌာနချုပ်ဝင်းတ၀ိုက် လူများ တဖြည်းဖြည်း စုံလာကြပြီ။ ယောလုံချည်အကွက် ရင်ဖုံးအင်္ကျီနှင့် ဆရာဦးဘချိုသည် ညှိုးငယ်သော မျက်နှာဖြင့် ပြည်သူ့ရဲဘော်များအား လှမ်း၍ ကြည့်နေသည်။ ဆရာချိုမှာ တိုင်းပြည်အတွက် စိုးရိမ်စိတ် ၀င်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်နေရင်း သခင်နုနှင့် ရယ်မော၍ စကားပြောနေ၏။ တခါ တခါ ဆရာဦးဘချိုကို လှမ်း၍ စကားပြောသည်။ ဆိုရှယ်လစ်ပါတီမှ ခရိုင် တာဝန်ခံများလည်း စုံပြီ။ ပြည်သူ့ရဲဘော်မှ ခရိုင်ခေါင်းဆောင်များလည်း စုံကြပြီ။ သခင်နုကစ၍ စေ့စပ်ရေးစကား ပြောသည်။ ပြီးနောက် ဗိုလ်စိန်မှန်၊ ဦးဗဆွေတို့က ပြောကြသည်။ ညီညွှတ်ကြရန် အကြောင်းများအား နှုတ်ဖျားမှ ပြောနေကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် စကားပြောရန် ရယ်မောကာ ထ၍လာသည်။ သူ့လက်ထဲတွင် ဒိုင်ယာရီ စာအုပ်ငယ်လေးအား ကိုင်ထားသည်။ သူ့ရှေ့ရှိ ဆိုရှယ်လစ် ပါတီဝင်များနှင့် ပြည်သူ့ရဲဘော်များအား ကြည့်ပြီး တုံးတိစကားအား ဆိုလေ၏။

“ ---- မဟုတ်ပါဘူး။ ဘာစကားများနေဖို့ ရှိလဲ။ မင်းတို့ အလကား စကားများနေတာပဲ။ ဒီလောက် မိုက်တွင်းမနက်ကြနဲ့။ ငါသာ အာဏာရှင်လုပ်ချင်ရင် မင်းတို့ကို ခွစီးထားရုံပဲ။ ရဲဘော်တွေထဲကလည်း သောက်သုံးမကျကောင်တွေ အများကြီးပဲ။ ဆိုရှယ်လစ်ထဲကလည်း ဘ၀င်မြင့်ပြီး အလကား အထင်ကြီးနေတာတွေ တပုံကြီးပဲ။ ပြောချင်သေးတာက ငါဟာ ဘယ်တော့မှ နောက်လိုက် မရှာဘူး။ ကိုယ်ယုံကြည်ချက်အတိုင်း လုပ်သွားမှာပဲ။ တချို့ ခေါင်းဆောင်တွေ ရာထူးပေး အာဏာပေးပြီး နောက်လိုက် စုနေကြတယ်။ ငါဘယ်တော့မှ ဒီလိုမလုပ်ဘူး။ ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်သွားမှာပဲ။ ဘယ်တော့မှ နောက်လိုက်မမွေးလို့ အခုလည်း တယောက်တည်း၊ ထီးထီးပဲ”

ဗိုလ်ချုပ်အောင်ဆန်းသည် စကားဆုံးသည်နှင့် ပြန်၍ ထိုင်လိုက်သည်။ ပြီးလျှင် သခင်နုနှင့် ရယ်မော၍ စကားပြောနေ၏။ မှောင်ရိပ်က သန်း၍ လာလေပြီ။ စိန်ဝေလျံ တူရိယာအဖွဲ့မှ `ညီညွှတ်ရေး သွေးဗိမာန်` သီချင်းသံသည် ပြည်သူ့ရဲဘော် အဖွဲ့ချုပ်၏ ဌာနချုပ်ဝင်းအတွင်း ပျံနှံ့၍ နေသည်။

(၁၃)
၁၉၄၇ ခုနှစ် ၊ ဇန်န၀ါရီလ (၂၇) ရက်။
အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ဒေါင်းနင်းလမ်း အမှတ် (၁၀)က ဗြိတိသျှဝန်ကြီးချုပ်တို့ နေထိုင်ရာအိမ် ဖြစ်သည်။ အင်္ဂလိပ် ဗိသုကာ ဆန်သော သာမန်တိုက်ကြီးမျှသာ။ ထူးထူးခြားခြား ထည်ဝါ ခန့်ညားခြင်းများ မရှိလှ။ အပြင်ဖက်မှ မြင်ရသော အမြင်ဖြစ်၏။ အတွင်း၌မူ ခမ်းနား၏ ၊ ထည်ဝါ၏၊ ခန်းလုံးပြည့် ခင်းထားသော ကောဇောကြီးများ။ ဗြိတိသျှ ပါလီမန်လွှတ်တော်၊ ဗြိတိသျှ နိုင်ငံရေးသမိုင်းတို့နှင့် ပါတ်သတ် စပ်ဆိုင်သော ပန်းချီကားများ၊ ဓါတ်ပုံကြီးများအား အခန်းနံရံများတွင် ချိတ်ဆွဲ၍ ထားသည်။ အစည်းအဝေး ခန်းမက ကျယ်ဝန်းပြီး ခမ်းနားသပ်ရပ် သန့်ရှင်း၏။ ပရိဘောဂများသည်လည်း ခေတ်မီပုံစံများ မဟုတ်။ ၀ိတိုရိယ ဘုရင်မခေတ် ပရိဘောဂ အသုံးအဆောင်များ ဖြစ်သည်။ ထုထည်ကြီးသည်။ ခိုင်ခန့်သည်။ ပြီးလျှင် ---- တော်ဝင်ဆန်ပြီး လက်ရာမြှောက်လှ၏။ ဤနေရာတွင်ပင် ပြီးခဲ့သည့် ဇန်န၀ါရီ (၁၃) ရက်နေ့မှ စ၍ မြန်မာ့ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့ ကိုယ်စားလှယ် အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ ဆွေးနွေးခဲ့ကြသည်။ နေ့စဉ်ရက်ဆက် ----။ ယခုမူ အပြီးသတ် သဘောတူညီချက်ပင် ရရှိခဲ့ပြီ။

လန်ဒန် ရာသီဥတုက ညနေပိုင်းသို့ ရောက်လာသည်နှင့် အေးခဲ၍ လာတော့သည်။ စနိုးခေါ် မိုးပွင့်များက အဆက်မပြတ် သိပ်သည်းစွာ ကျလျက်ရှိသည်။ သဘောတူညီချက်တွင်က အပိုဒ် (၉) ပိုဒ်သာ ပါသည်။ သို့သော် ---- မြန်မာ့လွတ်လပ်ရေး အတွက်မူ အာမခံချက် ရှိသည်။ စည်းနှောင်မှု ခိုင်ခန့်၏။ အပြင်တွင် အေးခဲနေသော်လည်း အစည်းအဝေး ခန်းမတွင်းတွင်မူ နွေး၍နေသည်။ (ဖ ဆ ပ လ) ကိုယ်စားလှယ် သခင်မြနှင့် ဦးဘဘေတို့က သဘောတူညီချက် အပိုဒ် (၈) အပိုဒ်ခွဲ (ခ)နှင့် ပတ်သတ်၍ ဗိုလ်ချုပ်အောင်ဆန်းအား ထပ်၍ ဆွေးနွေးစေလိုသည်။ အပိုဒ် (၈) အပိုဒ်ခွဲ(ခ) က ----

“နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒ သဘောထား မေးမြန်းခြင်းကို ရှေ့လ (၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ) ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင် ဖြစ်စေ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့် အချက်က တောင်တန်းဒေသ ပြည်နယ်များ အနေနှင့် မြန်မာနိုင်ငံ အစိုးရနှင့် ဆက်ဆံရေးကို မည်သည့်ပုံစံဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင် ဖြစ်သည်”

အဓိပ္ပါယ်က တောင်တန်းဒေသ တိုင်းရင်းသားများ အနေဖြင့် မြန်မာတို့ အင်ပါယာအတွင်း ဒိုမီနီယံ အဆင့်နှင့် နေမလား။ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး ရယူမလား။ ဟူ၍ သဘောထား တောင်းခံရန် ဖြစ်သည်။ ဤသည်ကို သခင်မြနှင့် ဦးဘဘေတို့မှ စိုးရိမ်စိတ်ဖြင့် ဘ၀င်မကျခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ” ဒီကိစ္စအတွက် ဘာမှမပူကြပါနဲ့ ပင်လုံကျရင် ကြည့်ပါ။ အင်္ဂလိပ်တွေ မျှော်လင့်သလို မဖြစ်ပါဘူး” ဟု ပြောပြီး ထပ်ဆွေးနွေးရန် မလိုတော့ဟု ဆိုသည်။ ဤတွင် ----- သဘောတူစာချုပ်က လက်မှတ် ရေးထိုးရန်သာ ကျန်တော့၏။ ပြီးပြီ။ သို့သော် ---- ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ နှစ်ဦးက စာချုပ်ပါ အချက်များကို သဘောမတူ၍ လက်မှတ် ရေးမထိုးနိုင်ဟု တစခန်း ထလာကြသည်။ သူတို့က (ဖ ဆ ပ လ) ကိုယ်စားလှယ်များမဟုတ်။ အလိုတော်ရိများ ဖြစ်၏။ ငြင်းဆန်ခြင်းမှာ အပိုဒ် (၈) အပိုဒ်ခွဲ (ခ) ကြောင့်လည်း မဟုတ်။ (ဖ ဆ ပ လ) နှင့် ဗိုလ်ချုပ်အောင်ဆန်းအား တမင် ဆန့်ကျင်ကြခြင်းသာ ဖြစ်သည်။ ဤစာချုပ်က မြန်မာ့လွတ်လပ်ရေးသို့ သွားရာလမ်း ဖြစ်သည်။ ဤသည်ကို အလိုတော်ရိများ မလျှောက်လို။ လွတ်လပ်ရေးက အလိုတော်ရိများ၏ နိုင်ငံရေး သင်္ချိုင်းမြေဖြစ်ပြီး ဤစာချုပ်က သူတို့အတွက် သေဒဏ် စီရင်ချက်မျိုး ဖြစ်၏။ ဤသည်ကို အက်တလီတို့ကလည်း သိ၏။ သို့ဖြင့် စာချုပ်အား ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ နှစ်ဦးမှ သဘောမတူကြောင်း မှတ်ချက်နှင့် လက်မှတ်ရေးထိုးပြီး ချုပ်ဆိုခဲ့ကြသည်။

“ အောင်ဆန်း-အက်တလီ စာချုပ်”

(၁၄)
၁၉၄၇ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၅)ရက်။
(ဖ ဆ ပ လ) ဌာနချုပ်။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် လွတ်လပ်ရေးအတွက် အပင်ပန်းခံနိုင်သူ ဖြစ်၏။ ဖေဖော်ဝါရီလ(၂) ရက်နေ့တွင် လန်ဒန်မှ ရန်ကုန်သို့ ပြန်ရောက်ခဲ့သည်။ ပြီးလျှင် ---- ရှမ်းပြည်သို့ ခရီးထွက်ပြန်သည်။ မနား ---။ ပင်လုံတွင် တိုင်းရင်းသားများနှင့် တွေ့သည်။ စော်ဘွားကြီးများနှင့် တွေ့၏။ ဒူးဝါးကြီးများနှင့် ဆွေးနွေး၏။ တိုင်းရင်းသား လူထု ကိုယ်စားလှယ်များနှင့် ညှိနှိုင်း၏။ ကိုလိုနီ စနစ်အောက်မှ လွတ်လပ်ရေး ရယူရာတွင် မြန်မာများနှင့်အတူ လက်တွဲပြီး အေးအေးပူပူ အတူတူ သွေးစည်း၍ လွတ်လပ်ရေးကြီးအား ရယူသင့်ကြောင်း စည်းရုံး၏။ တင်ပြ၏။ တိုင်းရင်းသား ကိုယ်စားလှယ်များကလည်း သဘောတူ လက်ခံကြ၏။ ဤသို့နှင့်ပင်လုံ၌ ပြည်ထောင်စု စာချုပ်ကြီးအား ချုပ်ဆိုနိုင်ခဲ့တော့သည်။ ပင်လုံစာချုပ်-----။

ဗြိတိသျှအစိုးရများ အံ့အားသင့်၍ သွားတော့သည်။ ပြည်တွင်း အလိုတော်ရိများ မျက်နှာ ပျက်ခဲ့ကြသည်။ ဗြိတိသျှတို့မှ အောင်ဆန်း - အက်တလီ စာချုပ်တွင် သွင်းခဲ့သော အပိုဒ် (၈) အပိုဒ်ခွဲ(ခ) နှပ်ကြောင်းကား ထင်သလို ဖြစ်မလာခဲ့။ ဗြိတိသျှတို့၏ ခံစစ်ကုန်းများ ပြိုလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံစာချုပ်အား ချုပ်ဆိုပြီးသည်နှင့် ရန်ကုန်သို့ ပြန်ခဲ့သည်။ ရန်ကုန်တွင် လူထုအား ရှင်းပြသည်။ အောင်ဆန်း-အက်တလီ စာချုပ်နှင့် ပင်လုံစာချုပ်တို့ အကြောင်း-----။ ပြီးလျှင် ---- (ဖ ဆ ပ လ) ဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ပြန်သည်။ ဖေဖော်ဝါရီလ (၁၅) ရက်။ (ဖ ဆ ပ လ) ဌာနချုပ်၌ အောင်ဆန်း-အက်တလီ စာချုပ်၏ အနှစ်သာရအား ဗိုလ်ချုပ်အောင်ဆန်းမှ ဦးစီးအဖွဲ့ အစည်းအဝေးတွင် ရှင်းပြသည်။

“အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာပြည်က ရရှိခဲ့သော အချက်များက အဘယ်နည်း။ ကြားဖြတ် အစိုးရသည် အမျိုးသား ကြားဖြတ်အစိုးရ အာဏာကို ရရှိခဲ့သည်။

ဗြိတိသျှပါလီမန်က ဥပဒေပြု ပြုလုပ်ပေးခြင်းက မဟုတ်ပေ။ ထုံးတမ်းစဉ်လာအရ တိုင်းပြည်အာဏာပိုင် အခွင့်အရေး ရခဲ့ခြင်း ဖြစ်သည်။

ကြားဖြတ် အစိုးရသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဌာနများကို အုပ်ချုပ်နိုင်သည်။ နိုင်ငံခြားသို့ သံတမန်များ စေလွှတ်နိုင်ခွင့် ရှိသည်။

တိုင်းရင်းသား စစ်တပ်များကို လုံးဝ အုပ်ချုပ်နိုင်ပြီး နိုင်ငံခြား စစ်တပ်များမှာက ကြားဖြတ်အစိုးရ လက်အောက်မှာ မရှိသေး။

တိုင်းပြုပြည်ပြု လွှတ်တော်သည် ၁၉၃၅ အုပ်ချုပ်ရေး ဥပဒေအရ ရွေးကောက်ခြင်းမျိုး မဟုတ်ပဲ အရွယ်ရောက်သူတိုင်း မဲဆန္ဒပေး၍ နိုင်ငံသားများသာ ၀င်ရောက် အရွေးခံနိုင်သော လွှတ်တော် ဖြစ်ရပေမည်။

တိုင်းပြုပြည်ပြု လွှတ်တော်သည် အချုပ်အခြာ အာဏာပိုင် ၊ မပိုင်ကိုက မဆုံးဖြတ်ရသေး။ တိုင်းပြုပြည်ပြု လွှတ်တော် အချုပ်အခြာ အာဏာ ရှိသလားဆိုတာ လူထုအင်အား အပေါ်မှာ တည်တယ်။”

(၁၅)
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်။
ရန်ကုန်မြို့။

ဘုရင်ခံဟောင်း ဆာပေါ်ထွန်း၊ ဂဠုန်ဦးစော၊ ဒေါက်တာဘမော်တို့မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြသည်။ ပင်လုံစာချုပ် ချုပ်ဆိုအပြီး တပါတ်အကြာတွင် ပြုလုပ်ခြင်း ဖြစ်သည်။ ကိုလိုနီစနစ်နှင့် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲအတွင်း ပင်လုံ ခံစစ်ကုန်းအား ဗြိတိသျှတို့ လက်လွှတ်ပြီး ကာလအတွင်း ဖြစ်သည်။ ဦးစောမှ အောင်ဆန်းအား စွပ်စွဲ တိုက်ခိုက်တော့သည်။

အောင်ဆန်းသည် ကိုလိုနီအစိုးရနှင့် စေ့စပ်ပြီး အမျိုးသား လွတ်လပ်ရေးအား သစ္စာဖောက်သည်ဟု သတင်းစာ ဆရာများအား ပြောသည်။ ဦးစောမှ အောင်ဆန်း-အက်တလီ စာချုပ်အား ဒေါင်းနင်းလမ်း နေအိမ်၌ လက်မှတ်ရေးထိုးစဉ် အောင်ဆန်းသည် အက်တလီအား မလွန်ဆန်နိုင်၍ ရေးထိုးခဲ့ရကြောင်း လက်မှတ်ထိုးစဉ် အောင်ဆန်းသည် လက်တုန်တုန်နှင့် ရေးထိုးခဲ့ရခြင်း ဖြစ်သည်ဟု ဂဠုန်ဦးစောမှ ပြောသည်။ ပြီးလျှင် ----- ဂဠုန်ဦးစော၊ သခင်ဗစိန်၊ စောဘဦးကြီးတို့ သုံးယောက်တို့သည် အစိုးရအဖွဲ့မှ နုတ်ထွက် ခဲ့ကြတော့သည်။ အမျိုးသား လွတ်မြောက်ရေးလမ်းနှင့် ခွဲထွက်ခဲ့ကြခြင်း ဖြစ်သည်။ အလိုတော်ရိတို့၏ သွားရာလမ်း -----။

(၁၆)
၁၉၄၇ ခုနှစ်၊ ဧပြီ (၉) ရက်။
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

အတွင်းဝန်ရုံးမှ ဗိုလ်ချုပ်အောင်ဆန်းသည် (ဖ ဆ ပ လ) ဌာနချုပ်သို့ တယ်လီဖုန်းဆက်၏။

“ဟယ်လို --- သခင်နုလား။ ခင်ဗျားနာမည် အမတ်လောင်း စာရင်းထဲမှာ မတွေ့ဘူး”

သခင်နုက ပြန်ပြော၏။ ဟုတ်တယ် ဗိုလ်ချုပ် ကျနော် ရွေးကောက်ပွဲ မ၀င်ဘူး။ ဗိုလ်ချုပ် အောင်ဆန်းသည် တယ်လီဖုန်းမှ သခင်နုအား ဒေါသကြီးစွာနှင့် အော်၍ပြော၏။

“ခင်ဗျား မ၀င်လို့ မဖြစ်ဘူး။ The Country is doomed. “

သခင်နုက တယ်လီဖုန်းခွက်အား ချလိုက်သည်။ ဗိုလ်ချုပ် ဒေါသထွက်နေစဉ် သူနှင့် စကားပြော၍ မဖြစ်။

တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲက ဗမာပြည်၏ ပထမဦးဆုံးအကြိမ် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကြီး ဖြစ်သည်။ ရွေးကောက်ပွဲတွင် ( ဖ ဆ ပ လ)မှ အရွေးချယ် ခံသည်။ ကွန်မြူနစ် ပါတီမှလည်း ၀င်ရောက် အရွေးချယ်ခံသည်။ ကေအင်ယူနှင့် ဂဠုန်ဦးစော၏ မျိုးချစ်ပါတီတို့မှ ရွေးကောက်ပွဲအား မ၀င်ရောက်။ သပိတ်မှောက်ကြသည်။ သခင်စိုး၏ အလံနီ ကွန်မြုနစ် ပါတီကလည်း ရွေးကောက်ပွဲအား ဆန့်ကျင်သည်။ ထားတော့ -----။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် အမတ် နေရာ (၁၈၂) နေရာ ရှိသည့်အနက် (ဖ ဆ ပ လ)မှ (၁၇၁) နေရာ အနိုင်ရသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက (၇)နေရာ အနိုင်ရရှိသည်။ ပြည်သူများက လွတ်လပ်ရေးအတွက် အသဲကြားက မဲတပြားနှင့် သူတို့ ယုံကြည်ရာ ( ဖ ဆ ပ လ) သို့ ဆန္ဒပြုခဲ့ကြခြင်း ဖြစ်သည်။

(၁၇)
၁၉၄၇ခုနှစ်၊ ဇွန်လ (၉)ရက်။
တိုင်းပြုပြည်ပြုလွှတ်တော်၊ ရန်ကုန်မြို့။

လှိုင်မြစ်အတွင်း ဖြတ်သန်းလာသည့် မုတ်သုန်မိုးသည် ရန်ကုန်မြို့ပေါ်သို့ တဖွဲဖွဲနှင့် မစဲတော့။ မိုးဖွဲများအောက်၌ ရန်ကုန် မြို့သူမြို့သားများသည် မဟာဗန္ဒုလ ပန်းခြံအတွင်း စုဝေး၍ နေကြသည်။ ဗိုလ်ချုပ် ဦးဆောင်သည့် (ဖ ဆ ပ လ) တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များသည် မဟာ ဗန္ဒုလ ပန်းခြံအတွင်း စုရုံပြီး တိုင်းပြုပြည်ပြု လွှတ်တော် တည်ရှိရာ အတွင်းဝန်များရုံးသို့ ချီတက်ကြမည်။ ပရိတ်သတ်ကြီးသည် (ဖ ဆ ပ လ) လွှတ်တော် အမတ်များအား ထောက်ခံ အားပေးနေကြသည်။ ဗိုလ်ချုပ်သည် ပန်းနုရောင် ခေါင်းပေါင်းနှင့် တိုက်ပုံအင်ကျီ အဖြူရောင် ၀တ်ဆင်ပြီး ပန်းနုရောင် ချိတ်အဆင် ပုဆိုးအား ခါးတွင် စည်းထားသည်။ ယခင်က ဘီဒီအေ စစ်ယူနီဖောင်း အမြဲဝတ်ဆင်လေ့ ရှိသည့် ဗိုလ်ချုပ်သည် ပန်းနုရောင် ခေါင်းပေါင်းနှင့် ထူးဆန်း၍ နေသည်။ ပရိတ်သတ်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ( ဖ ဆ ပ လ) လွှတ်တော်အမတ်များအား ---- ။

“ဗိုလ်ချုပ်အောင်ဆန်း ကျန်းမာပါစေ”

“ဗိုလ်ချုပ်အောင်ဆန်း ကျန်းမာပါစေ” ဟု ကြွေးကြော်နေကြသည်။

နံနက် (၁၁) နာရီအချိန်တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး စသည်။ လွှတ်တော် အစည်းအဝေး စသည့်အခါ၌ ဗိုလ်ချုပ်သည် လွှတ်တော် အစည်းအဝေးအတွင်း ရှေးဦးစွာ ထိုင်ရာမှ ထပြီး -

“ကျနော် အဆိုတခု တင်ချင်ပါတယ်။ တိုင်းပြုပြည်ပြု အမတ်များ ခင်ဗျား- ဒီနေ့ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးမှာ ထုံးစံအတိုင်း အစည်းအဝေးကို ထိန်းသိမ်း စောင့်ရှောက်သွားရန်အတွက် သဘာပတိ လိုပါတယ်။ ဒီလို သဘာပတီအဖြစ် တင်မြှောက်ဖို့ ကျနော်က ဘဏ္ဍာရေးဝန်ကြီး သခင်မြကို အဆို တင်သွင်းပါတယ်”

ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအား မန်းဘခိုင်က ထောက်ခံလိုက်သည်။

(၁၈)

ဂဠုန်ဦးစောက ယူဂန္ဒာနိုင်ငံမှ ပြန်ရောက်ပြီးသည်နှင့် မျိုးချစ်ပါတီအား ပြန်လည် ဖွဲ့စည်းတော့သည်။ (ဖ ဆ ပ လ) အတွင်း ရောက်နေကြသည့် မျိုးချစ် ပါတီဝင်များအား ပြန်ခေါ်သည်။ ဦးစော၏ အကြံက ကြီး၏။ ၁၉၄၆ နှစ်ဦးမှစ၍ ဦးစောသည် နိုင်ငံတော် အာဏာအား ရယူနိုင်ရန် ကြံခဲ့၏။ (ဖ ဆ ပ လ)အား နိုင်ငံရေးအရ အတိုက်အခံ လုပ်၏။ ဗြိတိသျှ စစ်ဖက်နှင့် ပေါင်း၍ သေနတ်များအား စု၏။ အိန္ဒိယစစ်တပ် လျှပ်စစ်နှင့် စက်မှုလက်မှု အလုပ်ရုံတပ်မှူး မေဂျာယန်း ထံမှ ဆပ်မရှင်းဂန်း တလက်၊ ကာဘိုင် သုံးလက်၊ စတင်းဂန်းတလက်၊ တော်မီဂန်း နှစ်လက်၊ လူးဂါး ပစ္စတို တလက်၊ ခြောက်လုံးပြူး တလက်နှင့် ကျည်ဆံများအား ၀ယ်ယူခဲ့သည်။ ပြီးနောက် သူ၏ မြန်မာပြည်သိမ်း စီမံကိန်းအား ရေးဆွဲတော့သည်။

(၁) လက်နက်များ စုဆောင်းရန်
(၂) ခဲယမ်းမီးကျောက်များ စုဆောင်းရန်
(၃) ငွေကြေး အမြောက်အများ စုဆောင်းရန်
(၄) လက်နက် ခဲယမ်းများကို မျိုးချစ်ဂဠုန် တပ်ဖွဲ့များထံ လျှိုဝှက် ဖြန့်ချီထားရန်
(၅) ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို သုတ်သင်ရှင်းလင်းရန်
(၆) နယ်များမှ အရေးပါသော ခေါင်းဆောင်များကိုလည်း သုတ်သင်ရှင်းလင်းရန်
(၇) (ဖ ဆ ပ လ) စည်းရုံးရေး ဖရိုဖရဲ ဖြစ်လာစေရန်
(၈) (ဖ ဆ ပ လ) ခေါင်းဆောင်များ သေဆုံးသွားလျှင် (ဖ ဆ ပ လ) သည် ပြည်သူ့အပေါ် သြဇာ ရှိတော့မည်မဟုတ်
(၉) ထိုအခါ ဘုရင်ခံက မျိုးချစ်ပါတီကို အာဏာအပ်လိမ့်မည်
(၁၀) မျိုးချစ်ပါတီ အာဏာရလာလျှင် လူထုကို ဆွဲဆောင် စည်းရုံးနိုင်မည်။

ဤကား ဦးစော၏ အာဏာသိမ်းရေး အနာဂတ်မြေပုံ လမ်းညွန်(၁၀) ချက် ဖြစ်သည်။ သို့မဟုတ်---- ဦးစော၏ Road Map ------။

(၁၉)
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ။
အမှတ် (၂၂၆)၊ ဗိုလ်တထောင်လမ်း၊ ရန်ကုန်မြို့။

အင်္ဂလိပ်အရာရှိ ဗိုလ်ကြီး ဗီဗီယန်းသည် ဂဠုန်ဦးစော၏လူ ဘညွှန့်အား ဖော်ရွေစွာ နှုတ်ဆက်၏။ ဘညွှန့်က ထုတ်ပြသည့် စာရွက်အား ကြည့်ပြီး လက်မှတ်ထိုးလိုက်သည်။ အားလုံးက အတုများသာ ဖြစ်သည်။ ဘရန်းဂန်း သေနတ် နှစ်ရာနှင့် ပြောင်းပို နှစ်ရာ ၊ မဂ္ဂဇင်းကျည်ကတ် ရှစ်ရာ တို့အား ထုတ်ယူခြင်း ဖြစ်သည်။ ပြီးလျှင် ---- ကားနံပါတ် အာဘီ ၃၁၁၅ နှင့် ဂဠုန်ဦးစော၏ နေအိမ်သို့ သယ်ဆောင် သွားတော့သည်။ ရှစ်မိုင်လမ်း ဂဠုန်ဦးစော၏ နေအိမ်သို့ လက်နက်များ သယ်ဆောင်လာသည့် ကားသည် အခက်အခဲမရှိ ၀င်ရောက်ခဲ့သည်။ ဂဠုန်ဦးစောမှ ဘညွှန့်အား ကြည့်ပြီး ----

“ဂဠုန်ကွ” ဟူ၍ ကြွေးကြော်သည်။ ပြီးလျှင် ---- လက်နက်များအား အင်းယားကန် အတွင်း၌ စည်းပိုင်းများဖြင့် ထည့်ပြီး ဖွတ်၏။ အချို့အား သာယာဝတီ ခရိုင်ဖက်သို့ ပို့၏။ မျိုးချစ်တပ်များအား လက်နက် တပ်ဆင်ခြင်း ဖြစ်သည်။ အကြမ်းဖက်၍ နိုင်ငံတော် အာဏာအား ရယူရန် ဂဠုန်တို့ ကြံကြလေပြီ။

(၂၀)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်။
အလုံလမ်း၊ ဘုရင်ခံနေအိမ်။

မုတ်သုံမိုးက သွန်းဖြိုး၍ နေဆဲ။ ဂဠုန်ဦးစော၏ အကြံအစည်အား ရန်ကုန်မြို့သားများ သိ၍ နေကြသည်။ ဂဠုန်တပ်များ လက်နက် စုနေသည်ကို ရန်ကုန်အတွင်း ပြော၍နေကြသည်။ အတွင်းဝန်ရုံး၌လည်း ဤ သတင်းက ပြန့်နှံ၍နေသည်။ ဗြိတိသျှ အာဏာပိုင်များလည်း သိကြသည်။ ရဲမင်းကြီးလည်း သိသည်။ မည်သို့ လုပ်ကြမည်နည်း။ မည်သူမျှ လုပ်ကိုင် ဆောင်ရွက်မှုမရှိ။ ဗိုလ်ချုပ်အောင်ဆန်းသည် ပျော်ဘွယ် ဦးမြနှင့်အတူ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ထံသို့ သွား၍တွေ့သည်။ ဂဠုန်တပ်၏ အခြေအနေအား ရှင်းပြသည်။ ဘုရင်ခံမှ ထိရောက်သည့် အရေးယူမှု မပြုလုပ်ခဲ့။ နှာစေး၍ နေတော့သည်။

ဇူလိုင်လ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်နုနှင့်အတူ ဘုရင်ခံထံသို့ ထပ်မံသွားရောက်ပြီး ဂဠုန်ဦးစော၏ လက်နက်ကိစ္စများအား ပြောပြပြန်သည်။ ဘုရင်ခံ၏ တုံ့ပြန်မှုက အားမရ။ ဤသို့နှင့် ------။

(၂၁)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်။
အေဒီလမ်း၊ ရန်ကုန်မြို့။

ရန်ကုန်မြို့က တညလုံး စွေခဲ့သည့် မိုးကြောင့် စိုစွတ်၍ နေသည်။ အင်းယားရေပြင်အား ဖြတ်တိုက်၍ လာသော လေသည် မိုးငွေ့ကြောင့် အေးစိမ့်၍နေသည်။ ဦးစောသည် မနက် လက်ဖက်ရည် သောက်ပြီးသည်နှင့် မောင်စိုး၊ သက်နှင်းနှင့် စိန်ကြီးတို့အား သူ့အခန်းအတွင်းသို့ ခေါ်လိုက်၏။ သူ့အခန်း အတွင်း၌ကား စတင်းဂန်း၊ တော်မီဂန်းနှင့် အမှတ် (၁၂) အင်္ဂလိပ်တပ်မတော် ယူနီဖောင်းများအား ပုံထားသည်။ ဦးစောနှင့် မောင်စိုးတို့ ဆွေးနွေး၍ နေသည်။ ပစ်ခတ်မည့် သူများအတွင်း လူတယောက် လိုနေ၏။ မည်သူကို ရွေးမည်နည်း ။ နောက်ဆုံး ဦးစောမှ ရန်ကြီးအောင်အား ရွေးလိုက်သည်။ ရန်ကြီးအောင်က ဦးစော၏ ညီဝမ်းကွဲမှ မွေးသော ဦးစော၏ တူဖြစ်သည်။ အသက်မှာ (၁၆)နှစ်သာ ရှိသေး၏။ ရန်ကြီးအောင်အား ဦးစော၏ အခန်းတွင်းသို့ ခေါ်လိုက်၏။ စစ်ယူနီဖောင်းများက ရန်ကြီးအောင်ထက် ကြီး၍နေသည်။ တော်မီဂန်း တလက်အား ရန်ကြီးအောင်သို့ ပေးလိုက်သည်။ လေ့ကျင့်ထားပြီး ဖြစ်သည့်အတွက် ပစ်ခတ်မှုတွင် ကျွမ်းကျင်၍ နေပြီ ဖြစ်သည်။ မိုးကမစဲသေး။ တဖွဲဖွဲနှင့် ရွာ၍ကောင်းနေဆဲ။ ဦးစောသည် အခန်းအတွင်းမှ ထွက်သွားသည်။ ဘညွှန့်နှင့် ခင်မောင်ရင်တို့အား ဧည့်ခန်းအတွင်း တွေ့ပြီး ရှင်းပြ၍နေသည်။ ခင်မောင်ရင်က အတွင်းဝန်ရုံး၌ ဒီနေ့ ၀န်ကြီးအစည်းအဝေး ပြုလုပ်ဖြစ်၊ မဖြစ်အား နောက်ဆုံး အတည်ပြုချက် ရယူရန်----။ ဘညွှန့်က လွှတ်တော်ဥက္ကဌ သခင်နု သူ၏ ရုံးခန်းတွင် ရှိ ၊ မရှိ စုံစမ်းရန် ဖြစ်သည်။ အေဒီလမ်း ဦးစော၏နေအိမ်မှ ဒေါ့ဂျစ် အမျိုးအစား ကားငယ်လေးသည် မြို့အတွင်းသို့ မောင်း၍ ထွက်သွားသည်။ ကားပေါ်၌ ဘညွှန့်၊ ခင်မောင်ရင်နှင့် မောင်နီတို့ ပါသွားသည်။

ဦးစော ဧည့်ခန်းအတွင်းမှ တယ်လီဖုန်း မြည်လာသည်။ မိုးသံလေသံများ အောက်မှ တယ်လီဖုန်းသံသည် စူးစူးရဲရဲ ----။ မိစ္ဆာတကောင် အော်ဟစ်နေသကဲ့သို့ ----။

ဦးစောသည် တယ်လီဖုန်းအား ကောက်၍ ကိုင်လိုက်သည် ။ ခင်မောင်ရင်နှင့် ဘညွှန့်တို့ထံမှ တယ်လီဖုန်း ဖြစ်သည်။ အစိုးရအဖွဲ့ အစည်းအဝေးအား အတွင်းဝန်ရုံး၌ လုပ်ဖြစ်သည်။ သခင်နုကမူ သူ၏ လွှတ်တော်ဥက္ကဌ ရုံးခန်း၌ မရှိ။ ဦးစောသည် တယ်လီဖုန်းအား ချလိုက်သည်။

“အောင်ဆန်းတို့ အစည်းအဝေး လုပ်ဖြစ်တယ်။ ကဲ --- သွားကြမယ်။ ထကြ၊ ပြင်ကြ”

ဂဠုန်ဦးစောမှ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးတို့အား ပြောလိုက်သည်။ မိုးက ဖွဲဖွဲနှင့် ရွာ၍ ကောင်းနေဆဲ။ သုခသည် ကင်းဗတ်ဖိနပ်အား စီးထားသည်။ သူက ပစ်ခတ်မည့်သူများအား ကား ဖြင့် မောင်းပို့ရမည်။ ပစ်ခတ်မည့်သူများက မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ ဖြစ်သည်။

(၂၂)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

အင်္ဂလိပ် ဗိသုကာ ဆရာများ၏ လက်ရာ အုတ်ရိုးနီနီများဖြင့် ထုထည်ကြီးမားလှသည့် အတွင်းဝန်ရုံး အဆောက်အဦးကြီးသည် မိုးရေများအောက်၌ ခန့်ထည်၍ နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သနပ်ခါးရောင် ပိုးပျော့ရင်ဖုံအင်္ကျီအား ၀တ်ထား၏။ ယခင်နေ့များကဲ့သို့ ဘီဒီအေ စစ်ယူနီဖောင်းနှင့် မဟုတ်။ ဘန်ကောက်လုံချည်၊ ပိုးပျော့ ရင်ဖုံး၊ ပန်းနုရောင် ခေါင်းပေါင်းနှင့် တဘာသာ ဆန်း၍နေသည်။ ဂငယ်ပုံစံ စားပွဲရှည်၏ ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ထိုင်၏။ သခင်မြ၊ ဦးဘ၀င်းစသည့် ၀န်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင် ထိုင်ကြပြီး၊ လက်ယာဖက် စားပွဲတွင်မူ ၀န်ကြီး ဦးဗဂျမ်း၊ ပျော်ဘွယ် ဦးမြတို့ ထိုင်ကြ၏။ ၀န်ကြီး စောစံဖိုးသင်နှင့် ချင်းအမျိုးသားဝန်ကြီး ၀မ်ကိုဟောတို့ နှစ်ယောက်က အစည်းအဝေးသို့ မတတ်ရောက်နိုင်ကြ။ ခရီးလွန်နေကြသည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည်လည်း ဥရောပသို့ ရောက်နေ၍ အစည်းအဝေးတွင် မရှိ။

၁၀း ၃၇နာရီ -----။

အတွင်းဝန် ဦးအုံးမောင်သည် ၀န်ကြီး၏ကိုယ်စား ၎င်းဌာန အခြေအနေများအား သခင်မြ၏ဘေးမှ မတ်တပ်ရပ်၍ အစီရင်ခံနေသည်။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ အရှေ့မျက်စောင်းထိုးတွင် ထိုင်၍နေသည်။ သူ၏ အရှေ့တည့်တည့်၌က ၀န်ကြီး ဦးဗဂျမ်းနှင့် ပျော်ဘွယ်ဦးမြတို့ ရှိသည်။

အစည်းအဝေးအတွင်းသို့ ဗြိတိသျှအမှတ် (၁၂) တပ်မတော် ယူနီဖောင်းနှင့် လက်နက်ကိုင်လူ (၄) ယောက် ၀င်၍လာသည်။ အတွင်းဝန် ဦးအုံးမောင်က မသိ။ သူ၏ နောက်ကျောဘက်မှ ၀င်လာခြင်းဖြစ်၍ မတွေ့ရ။ အစည်းအဝေးသို့ ဆက်၍ အစီရင်ခံ တင်ပြ၍ နေသည်။ ၀င်လာသူ လေးယောက်သည် ဂငယ်ပုံ စားပွဲထိပ်ဝသို့ သွား၏။ ဗိုလ်ချုပ် အောင်ဆန်းနှင့် မျက်နှာချင်းဆိုင် ၊ တည့်တည့် အနေအထာ ----။ သေနတ်များနှင့် ထိုး၍ ချိန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်ရာမှ ထ၍ တား၏။ အသံများက လုံးထွေး၍ သွားတော့၏။

မောင်စိုးက အမိန့်ပေး၏။

“ပစ် ပစ်”

တော်မီဂန်းဖြင့် ရန်ကြီးအောင်သည် ပစ်၏။ ယမ်းပေါက်ကွဲသံများက ဆူညံ၍ နေသည်။ စိန်ကြီး၏ သေနတ်ပြောင်းဝမှ မီးပွင့်များက ခုန်ပေါက်၍ ထွက်နေသည်။ သက်နှင်း၏ ဘယ်ဘက်လက်ဖြင့် ပွေ့ကိုင်ထားသော စတင်းဂန်း သေနတ်ငယ်သည် ပေါက်ကွဲမှုကြောင့် ရမ်းခါ၍ နေသည်။ သူ၏ ညာဖက်လက်ညှိုးမှာမူ “ထွေကာ” ကွင်းအတွင်းရှိ မောင်းခလုတ်ငယ်အား ကွေး၍ ထားသည်။ မရပ်တော့ -----။ ဗိုလ်ချုပ်အောင်ဆန်းသည် မတ်မတ် ရပ်နေရာမှ အနောက်သို့ လန်၍ ကျသွားသည်။ သူထိုင်သည့် ကုလားထိုင် နောက်မှီမှ ကဒေါင်းရုပ်သည် ကျည်သင့်၍ ပဲ့ထွက်သွားသည်။ တချက် ----၊ နှစ်ချက် ---- မရေမတွက်နိုင်တော့။ ဗိုလ်ချုပ်အောင်ဆန်းသည် ကုလားထိုင်နှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲ၍ ကျသွားသည်။ သွေးများက `တာ` ကျိုးသည့်အလား။ ဗိုလ်ချုပ်၏ကိုယ်မှ သွေးများ သွန်းကျ၍ နေသည်။ ရန်ကြီးအောင်သည် ၀ပ်နေသည့်သူများအား မုဆိုးဒူးထောက် ထိုင်၍ ပစ်ပြန်၏။ တော်မီဂန်း သေနတ်သံများက ဆူညံ၍ နေတော့သည်။ ယမ်းငွေ့များက မွှန်ထူ၍ နေတော့သည်။ သွေးနံ့နှင့်ယမ်းနံ့ ရော၍သွားတော့၏။

ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော် ကိုထွေးသည် သေနတ်သံများ ကြား၍ ပြေးလာသည်။ ၀န်ကြီးများ အစည်းအဝေး ပြုလုပ်နေသည့် အခန်း၏အပြင်တွင် ဗြိတိသျှအမှတ် (၁၂) တံဆိပ် တပ်ထားသည့် စစ်ယူနီဖောင်းဝတ် သေနတ်ကိုင် လေးယောက်နှင့်တွေ့၏။ အံ့အားသင့်နေသော ရဲဘော်ကိုထွေးအား ရန်ကြီးအောင်မှ တော်မီဂန်းနှင့် ပစ်၏။ အတွင်းဝန်ရုံးက ယမ်းနှင့်သွေး လွှမ်း၍ သွားတော့သည်။ မိုးကမစဲတော့။ တဖွဲဖွဲနှင့် စွေ၍ ကောင်းနေဆဲပင်။

(၂၃)
၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်။
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

ယမ်းပေါက်ကွဲသည့် အသံများသည် မိုးသံလေသံတို့နှင့် ရောထွေးပြီး စီအိုင်ဒီ ရဲမင်းကြီး ဦးထွန်းလှအောင်၏ ရုံးခန်းအတွင်းသို့ စီးဝင်၍ လာသည်။ စီအိုင်ဒီရဲမင်းကြီး ဦးထွန်းလှအောင်၏ ရုံးခန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအောက် တည့်တည့်တွင် ရှိသည်။ ဗြိတိသျှ တပ်မတော်၏ မြန်မာနိုင်ငံ ကွပ်ကဲမှု ဌာနချုပ်အောက်တွင် ရှိသည့် တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် နက်(ရှ်)နှင့် ဗြိတိသျှ စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးချုပ် နိုက် (၂) ဦးသည် ရဲမင်းကြီး ဦးထွန်းလှအောင်နှင့် စကားပြောလျက် ရှိသည်။ ပြီးလျှင် ---- အင်္ဂလိပ် စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးသည် ရဲမင်းကြီး ဦးထွန်းလှအောင်အား နှုတ်ဆက်၍ အခန်းတွင်းမှ ထွက်သွားကြတော့သည်။ လျှို့လျှို့ဝှက်ဝှက် ----။

(၂၄)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်။
အေဒီလမ်း၊ ရန်ကုန်မြို့။
စီအိုင်ဒီ ရဲမင်းကြီး ဦးထွန်းလှအောင်နှင့် ဗိုလ်မှူးအေးငွေ (ဒဂုံမြတ်လေးနွယ်) တို့ ဦးဆောင်သည့် စစ်ရဲတပ်နှင့် သောင်းကျန်းမှု နှိမ်နင်းရေး တပ်ဖွဲ့တို့သည် အေဒီလမ်းရှိ ဦးစော၏အိမ်သို့ ၀ိုင်းလိုက်ကြသည်။ ဦးစောခြံ၏ ခြံတံခါးအား လုံခြုံရေးတပ်များက ဖွင့်ခိုင်း၏။ မှုန်ကြီးက မဖွင့်ပေး။ လုံခြုံရေး တပ်သားများအား သေနတ်နှင့် စတင်၍ ပစ်၏။ ပစ်ခတ်မှုက ခဏငယ် အတွင်းပြီး၏။ ခြံအတွင်းသို့ လုံခြုံရေးတပ်သားများ စီးနင်း ၀င်ရောက်သွားကြပြီး ဖြစ်သည်။ မှုန်ကြီးက လက်တွင် ဒဏ်ရာရ၏။ ဦးစောက အခြေမပျက်။ ဟန်ဆောင်ကောင်းလှ၏။ သူတို့ အားလုံးအား ဖမ်းဆီးလိုက်ကြသည်။ သူတို့အား ရန်ကုန်ထောင်နှင့် အင်းစိန်ထောင်တို့တွင် ခွဲ၍ ချုပ်ထားလိုက်ကြသည်။

(၂၅)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်။
အင်းစိန် စီအိုင်ဒီရုံး။

စီအိုင်ဒီမှ ရဲမှူးကြီး ဦးလှအောင်သည် ဘညွှန့် ၊ ခင်မောင်ရင်နှင့် ရန်ကြီးအောင်တို့၏ဖြောင့်ချက် လက်ရေးမူအား ဦးစော၏အမှုအား ကိုင်တွယ် စစ်ဆေးနေကြသည့် ရဲမှူးကြီး ဦးသိန်းအုန်း၊ ရဲအုပ် ဦးထွန်းမောင်၊ ဦးအောင်ချီ၊ ဦးကိုကိုကြီးနှင့် ဒုရဲအုပ်ဦးနွယ်တို့အား ပြ၏။ တရားခံအချို့အား ပြန်လည် စစ်ဆေးရန်လိုသည့် မေးခွန်းတို့အား ထုတ်ကြ၏။ သက်နှင်းနှင့် မောင်စိုးတို့ နှစ်ယောက်က ခေါင်းမာချင်ကြသည်။ အမှန်အတိုင်း မထွက်ဆိုချင်ကြသေး။ ဂဠုန်ဦးစောကမူ ဟန်ဆောင်မှု ကောင်းကောင်းနှင့် အချိန်ဆွဲထားလို၏။ အင်္ဂလန်ကျွန်းမှ ဆရာသခင်များ၏ ကယ်တင်ချိန်အား မျှော်နေဆဲ ဖြစ်၏။

(၂၆)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်။
အင်းစိန်ထောင်၊ အထူးခုံရုံး။

ဂဠုန်ဦးစောသည် ရှမ်းဘောင်ဘီ အနက်ရောင်အား ၀တ်ဆင်၍ ထားသည်။ နေကာမျက်မှန် အနက်ရောင်အား တပ်ဆင်ထားပြီး သူ့မျက်လုံး၏ အတွင်းသဏ္ဍာန်အား ဖုံးကွယ်ထားရန် ကြိုးစား၏။ တရားခံများထိုင်သည့် ၀က်ခြံအတွင်း၌ သူသည် အိနြေ္ဒရရ ထိုင်၍နေသည်။ မောင်စိုး၊သက်နှင်း၊ မှုန်ကြီးတို့က ဦးစော၏ဘေး ၀က်ခြံငယ် တခုအတွင်း၌ ထိုင်နေကြသည်။ မှုန်ကြီး၏လက်က သေနတ်ဒဏ်ရာကြောင့် ဖြတ်ပစ်ခဲ့ရသည်။ ရန်ကြီးအောင်၊ စိန်ကြီး၊ ခင်မောင်ရင်နှင့် သုခတို့က သက်နှင်းတို့၏ဘေး ၀က်ခြံငယ် တခုတွင် ထိုင်နေကြသည်။ သီးသီးသန့်သန့်စီ ----။ သတင်းထောက်များမှ ဓါတ်ပုံများ ရိုက်ကြ၏။ အထူးခုံရုံးအဖွဲ့၏ ဥက္ကဌဖြစ်သူ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များဖြစ်သော ဦးအောင်သာကျော် ၊ ဦးစီဘူးတို့သည် ရုံးခန်းအတွင်းသို့ ၀င်လာကြသည်။ တရားခံများအားလုံး မတ်တပ်ရပ်ကြ၏။ အထူးခုံရုံးအဖွဲ့သည် နိုင်ငံတော် လုပ်ကြံမှုကြီး၏ တရားလိုပြသက်သေ (၇၈) ဦးနှင့် တရားခံပြ သက်သေ (၃၁) ဦးတို့အား ရုံးတော်မှ ခေါ်ယူ စစ်ဆေး၏။ ဦးစောမှ သူ့အတွက် ရှေ့နေအား ၀တ်လုံတော်ရ မစ္စတာ ဗတားနစ်နှင့် အင်္ဂလန်မှ ၀တ်လုံတော် မစ္စတာ ကာတဘင်းနက်တို့ နှစ်ဦးအား ငှား၏။ မစ္စတား ကာတဘင်းနက်က အင်္ဂလန်မှ ဘုရင်တော်ဝင် ကောင်စီဝင် တဦးလည်း ဖြစ်သည်။ ကျန်သည့် လူသတ်သမား တရားခံများအတွက်မူ သာယာဝတီမှ ဦးသူငယ်အား ဦးစောမှ ငှားပေးသည်။ (၃၇) ရက်တိုင် ရုံးထိုင်၍ စစ်ဆေးပြီးနောက် ဦးစောနှင့် အပေါင်းအပါတို့၏ နိုင်ငံတော် လုပ်ကြံမှုကြီးအား ရုံးတော်မှ စီရင်ချက်ချတော့သည်။ သေဒဏ်နှင့် တသက်တကျွန်း ----။

(၂၇)
၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင်။

ထောင်ပိုင်ကြီးသည် ဦးစော၏ အခန်းရှေ့မှ သော့ခလောက်ကြီးအား ဖွင့်လိုက်သည်။ မီးရောင် မှိန်ပျပျအောက်၌ ဦးစောသည် သံတိုင်အားကိုင်လျက် မတ်တပ်ရပ်လျက် ရှိ၏။ ကုတ်အင်္ကျီအနက်နှင့် ပိုးပျော့ ရှမ်းဘောင်ဘီအရှည်အား ၀တ်ထားသည်။ တညလုံး အိပ်စက်ထားဟန် မတူ။ မျက်လုံးများက နီ၍ နေသည်။ ဂဠုန်ဦးစောသည် သံတိုင်အား ဆုပ်ကိုင်ရင်း ထောင်ပိုင်ကြီးအား အင်္ဂလိပ်ဘာသာဖြင့် မေး၏။

"Any Message from London"

ထောင်ပိုင်ကြီးမှ ဦးစောအား ကြည့်ပြီး တိုးညှင်စွာ အဖြေပေး၏။

"No Nothing, Very Sorry ---"

အင်းစိန်ထောင်ဝင်း တခုလုံး တိတ်ဆိတ်၍ နေသည်။ ဦးစော၏ အိမ်မက်က ပြီးဆုံး၍ သွားသည်။ မရတော့ ----။ မျှော်လင့်ချက် ကင်းမဲ့သွားသည့် ဦးစော၏ မျက်နှာသည် လူသေတဦးကဲ့သို့ ----။ သွေးရောင် ဆုတ်လျော့ပြီး ဖြူဖျော့၍ နေတော့သည်။ ထောင်အာဏာပိုင်များ၏ ခေါ်ရာသို့ ဦးစောသည် လိုက်၍ ပါလာခဲ့သည်။ တလှမ်းချင်း ----။

အင်းစိန်ထောင် အုတ်ရိုးနီနီများပေါ်၌ ကျီးတို့သည် ငိုက်မြည်း၍ နေကြသည်။ အာရုံက မပေါ်သေး ---။ အမှောင်ထုသည် အင်းစိန်ထောင်ဝင်းကြီးအား လွှမ်းခြုံ၍ မိုးထားဆဲ ----။

တလှမ်း ---၊ နှစ်လှမ်း ----။

တရွေ့ရွေ့နှင့် ဦးစောသည် အင်းစိန်ထောင်တိုက် (၃)မှ ကြိုးစင်ဆီသို့ ထောင်အာဏာပိုင်များ ခေါ်ယူရာအတိုင်း လိုက်ပါ၍ လာခဲ့သည်။ အသိမဲ့စွာ ----။ အင်းစိန်ထောင် ကြိုးစင်ဝန်းကျင်၌ လျှပ်စစ် မီးရောင်များဖြင့် လင်းလင်းပပ ----။ ဘေဘီစောသည် ဖခင်အား နောက်ဆုံးအကြိမ်အဖြစ် ကန်တော့၏။ ဦးစော၏ ရုပ်သွင်က အသက်ကင်းမဲ့သည့် အရုပ်တခုကဲ့သို့ ----။ ဦးစောအား ထောင်အာဏာပိုင်များက ခေါ်၍သွားသည်။ ကြိုးပေးသတ်မည့်သူအတွက် ၀တ်ရုံအဖြူကြီးအား ဦးစောအား စွပ်၍ ပေးကြသည်။ ပြီးလျှင် ---- ဦးစော၏ ခြေနှစ်ချောင်းအား ကြိုးနှင့် စည်း၏။ ထောင်ဝန်ထမ်းတဦးမှ ဦးစော၏ လည်ပင်းသို့ ကြိုးကွင်းအား စွပ်သည်။ ပြီးလျှင်---- ဦးစော၏ ဦးခေါင်းအား အ၀တ်ဖြူနှင့် စွပ်ရန် ပြုလုပ်၏။

ဦးစောမှ ----

“ရပါတယ်။ ကျနော် ရင်ဆိုင်ရဲပါတယ်” ဟု ပြောသည်။ ထောင်ပိုင်ကြီးမှ လုပ်ရိုးလုပ်စဉ်အရ ပြုလုပ်ရကြောင်း ပြောသည်။ ဦးစောမှ မငြင်း ----။ သူ၏ ဘေးသို့ နောက်ဆုံး ငဲ့၍ကြည့်၏။ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့က အ၀တ်ဖြူအုပ်၍ ကြိုးပေးရန် အသင့်ဖြစ်၍ နေကြပြီ။

“ဂျိုင်း”


မင်းဟန်
------------------------------
ကိုးကား ----
ကိုသန်း (ကြည့်မြင်တိုင်) ၏ ကိုယ်တွေ့ကြုံခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုကြီး
ဦးနု၏ တာတေစနေသား
သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့အကြုံများ
နတ်မောက်ဘုန်းကျော်၏ ငမိုးမသေသေး ဆောင်းပါး (မြ၀တီမဂ္ဂဇင်း၊ ၁၉၅၇ခုနှစ် ၊ ဇူလိုင်လ)
မောရစ်ကောလစ်၏ Last And First in Burma
တက္ကသိုလ်နေ၀င်း၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
အင်ဒီဒီမှ ထုတ်ဝေသည့် မြန်မာပြည်ရွေးကောက်ပွဲများနှင့် ပြည်သူတို့ နိုင်ငံရေးအရ ပါဝင်မှု