Tuesday, July 21, 2009

အချိန်ပေးရမယ့် ကုလသမဂ္ဂအခန်းကဏ္ဍ

အချိန်ပေးရမယ့် ကုလသမဂ္ဂအခန်းကဏ္ဍ (သန့်မြင့်ဦး)
( ၂၀၀၈ ဧပြီလ ၅ ရက်နေ့ထုတ် Straits Time သတင်းစာက ဆရာ သန့်မြင့်ဦးရဲ့ UN's 'good offices' must be nurtured ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်။ )

ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂမ်ဘာရီအနေဖြင့် ပြီးခဲ့သည့် ခြောက်လအတွင်း မြန်မာနိုင်ငံ နှင့်ပတ်သက်ပြီး ထူးထူးကဲကဲအောင်မြင်မှု ရအောင်ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်းအပေါ် အချို့သူများက မကျေ မလည်ဖြစ်ခဲ့ကြသည်။ မကြာမီကာလအတွင်းကလည်း ဂမ်ဘာရီ၏ အခန်းကဏ္ဍကို အဆုံးသတ် လိုက်သင့်သည် ဆိုသည့် ပြောဆိုမှုများလည်း ရှိလာသည်ကို တွေ့ရ၏။

သို့သော်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အခန်းကဏ္ဍကိုအဆုံးသတ်လိုက်ခြင်းသည် အားလုံးအတွက် အကျိုးယုတ်မည့်ကိစ္စဖြစ်သောကြောင့် ထိုကဏ္ဍကိုပြည်ဖုံးကားမချမီ အတွင်းရေးမှူးချုပ်၏ အခန်းကဏ္ဍအစစ်အမှန်မှာ မည်ကဲ့သို့ဖြစ်သည်ကို နားလည်ရန်အရေးကြီးလှသည်။ လွန်ခဲ့သည့် နှစ်နှစ် ကျော်ခန့်က မြန်မာနိုင်ငံအတွက် ပထမဆုံးနှင့် တစ်ဦးတည်းသော အထူးကိုယ်စားလှယ် ရာဇာလီအစ္စမေးလ် သည် ပြည်ဝင်ဗီဇာကို အကြိမ်ကြိမ် ငြင်းပယ်ခံရပြီးနောက် ရာထူးမှအနားယူသွားခဲ့သည်။ သူ အနားယူမှု နှင့်အတူ ၂၀၀၀ ပြည့်နှစ်ထဲက သူစတင်ဆောင်ရွက်လာခဲ့သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်လည်း နိဂုံးချုပ် သွားခဲ့ပေသည်။

ထိုအချိန်ကအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်နေသူ ကိုဖီအာနန်က ကြားဝင်ဖြန်ဖြေမှု အခန်းကဏ္ဍ ကို ပြန်လည်စတင်နိုင်မည့် အခွင့်အရေးမရှိလှဟု သုံးသပ်ခဲ့ပါသည်။ ထို့ကြောင့် ကိုဖီအာနန်က အထူး ကိုယ်စားလှယ်တစ်ဦးထပ်မံခန့်အပ်မည့်အစား လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် (နိုင်ငံရေးရာ) မစ္စတာဂမ်ဘာရီကို မြန်မာ့အခြေအနေကို စောင့်ကြည့်ရန်နှင့် အစိုးရရော၊ အတိုက်အခံနှင့်ပါ ပြန်လည် ဆက်သွယ်ဆက်ဆံနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် တာဝန်ပေးအပ်ခဲ့ပါသည်။

၂၀၀၇ ခုနှစ်တွင် ဘန်ကီမွန်းအတွင်းရေးမှူးချုပ်ဖြစ်လာသည့်အခါတွင်မူ ဂမ်ဘာရီကို အီရတ်နှင့် အခြားကိစ္စများဆိုင်ရာ အထူးအကြံပေးအရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာ့အရေးမှာ ထိုအခြားကိစ္စများ တွင် တစ်ခုအပါအ၀င်သာဖြစ်သည်။ ထိုအချိန်မှစပြီး ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ သည်။ မြန်မာအစိုးရက သူ၏အချို့အဆိုပြုချက်များကို လက်ခံခဲ့သော်လည်း ကျန်အချက်များကိုမူ အစိုးရဘက်မှ ပယ်ချခဲ့သည်။

မြန်မာနိုင်ငံတွင်အစိုးရနှင့်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အဓိကနိုင်ငံရေးအတိုက်အခံ အဖွဲ့များအကြားတွင် ဆန္ဒနှင့် သဘောထားများမှာ ကြီးမားစွာကွာဟလျှက်ရှိသည်။ အစိုးရအနေဖြင့် အခြေ အနေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားနိုင်ပြီး ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံကို သော်လည်းကောင်း၊ အစိုးရနှင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်နိုင်သည်ဟု ယူဆသည့်အချက်များအပေါ် အပေးအယူလုပ်ရန်ကို သော်လည်းကောင်း စိတ်ဝင်စားမှုမရှိလှပေ။ ထိုအခြေအနေကို ပိုမိုရှုတ်ထွေး စေသည်က နှစ်ဒါဇင်ကျော်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမျိုးမျိုးကွဲပြားနေသည့် တိုင်းရင်းသားများ၏ အကျိုးစီးပွားများ ပင်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂမှ ၀င်ရောက်ဆောင်ရွက်ပေးရမည့် ကဏ္ဍမှာ မြန်မာနိုင်ငံ တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပေါ်စေရန်အတွက် အခြေအနေများဖန်တီးပေးရန်ဖြစ်သည်။ ထိုလုပ်ငန်း မှာ ပြည်တွင်းစစ်ရပ်စဲစေရန် ဆောင်ရွက်ခြင်းနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် ညှိနှိုင်းခြင်းတို့ထက်ပိုမို ရှုတ်ထွေးပြီး ကုလသမဂ္ဂအနေဖြင့် ရှားရှားပါးပါး တစ်ခါ တစ်ရံမှသာ ဆောင်ရွက်လေ့ရှိသည့် လုပ်ငန်းဖြစ်သည်။

ထို့ပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အတော်များများကလည်း ထိုလုပ်ငန်းမျိုးကို စိတ်ပါ လက်ပါ မရှိလှသည်ကို တွေ့ရသည်။ ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၉၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို မှန်မှန်အတည်ပြုခဲ့သော်လည်း ထိုအဆိုများမှာ အနောက်အုပ်စုက ဦးဆောင်ဦးရွက်လုပ်ခဲ့သည့်အဆိုများဖြစ်သည့်အပြင် အနောက်အုပ်စုပြင်ပနိုင်ငံအနည်းငယ်ကသာ စိတ်ပါ လက်ပါ ပါဝင်ဆောင်ရွက်လိုစိတ်ရှိသည်ကို တွေ့ရသည်။

ထိုကဲ့သို့ဖြစ်နေခြင်းမှာ မြန်မာ့အရေးတစ်ခုတည်းအတွက်သာမဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံအများစုက ကုလသမဂ္ဂပဋိဉာဏ်တွင် ပြဋ္ဌာန်းထားသည့် ပြည်တွင်းရေးတွင် ၀င်ရောက်စွတ်ဖက်ခြင်းမပြုရဆိုသည့် အချက်ကို ကျော်လွန်ဆောင်ရွက်လာသည့်အခြေအနေများအပေါ် စိတ်မသက်မသာဖြစ်နေခြင်း ဖြစ်သည်။ နိုင်ငံအတော်များများက စစ်အစိုးရနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများအကြားအားပြိုင်မှုကို ပြည်တွင်းရေးကိစ္စ အဖြစ် မြင်နေကြဆဲဖြစ်သည်။

အကယ်၍သာ မြန်မာ့အိမ်နီးချင်းနိုင်ငံများက မြန်မာ့အရေးကို လုံခြုံရေးကောင်စီက ကိုင်တွယ် ဖြေရှင်း ပေးရန် ပြောလာခဲ့လျှင်မူ အခြေအနေက တစ်မျိုးဖြစ်နိုင်သည်။ သို့သော် ထိုနိုင်ငံများအနေနှင့်လည်း ထိုကဲ့သို့ ပြောမည့်အရိပ်လက္ခဏာမရှိပေ။ ထို့ကြောင့် လုံခြုံရေးကောင်စီက ပိုမိုပြင်းထန်သည့် ဆုံးဖြတ်ချက်ချရန် အလှမ်းဝေးသကဲ့သို့ အထွေထွေညီလာခံဆုံးဖြတ်ချက်ကြောင့် မြန်မာ့နိုင်ငံရေးတွင် အပြောင်းအလဲများ ပေါ်ပေါက်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်သည်ကိုတွေ့ရသည်။

ဒီမိုကရေစီရေးတိုက်ပွဲဝင်သူအချို့ကမူ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို အရေးယူဆောင်ရွက် မှုသာလျှင် ဂမ်ဘာရီ၏ သံတမန်နည်းလမ်းကို အစားထိုးသင့်သည့် နည်းလမ်းအဖြစ် ယူဆနေဆဲဖြစ်သည်။ သို့သော် လုံခြုံရေးကောင်စီ၏ အနေအထားကို လေ့လာပါက ထိုနည်းလမ်းမှာ လက်တွေ့ကျသည့် နည်းလမ်း မဟုတ်သည်မှာ ထင်ရှားလှသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ကာလက ဗြိတိသျှတို့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အဆိုမူကြမ်းကို တရုတ်နှင့် ရုရှားတို့ ဗီတိုအာဏာသုံးပယ်ချခဲ့ခြင်းက လုံခြုံရေးကောင်စီ အတွင်း နက်နက်ရှိုင်းရှိုင်းသဘောထားကွဲလွဲနေမှုကို ဖော်ပြခဲ့ပြီးဖြစ်ကာ ယခုအချိန်အထိ ထိုအခြေအနေမှ ပြောင်းလဲလာခြင်းမရှိသေးပေ။

လုံခြုံရေးကောင်စီအဖွဲ့ဝင်အများအပြားက မြန်မာ့အရေးသည် နိုင်ငံတကာ လုံခြုံရေးနှင့် ငြိမ်းချမ်း ရေးကို ထိခိုက်သည်ဆိုသည့်အချက်အား လက်ခံခြင်းမရှိသကဲ့သို့ တရုတ်နိုင်ငံဆိုပါက မြန်မာ့အရေးကို လုံခြုံရေးကောင်စီအစီအစဉ်တွင် ထည့်သွင်းခြင်းကိုပင် သဘောမတူခဲ့သည်ကို တွေ့နိုင်သည်။ လုံခြုံရေး ကောင်စီအနေဖြင့် မြန်မာ့အရေးကို ဆွေးနွေးခြင်း၊ ဂမ်ဘာရီ၏ တင်ပြချက်များကို ကြားနာခြင်း တို့ကို ဆက်လက်ဆောင်ရွက်နေမည်ဖြစ်သော်လည်း မြန်မာ့အရေးနှင့်ပတ်သက်သည့် ပျော့ပျော့ပြောင်းပြောင်း ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်နိုင်ရန်ပင် မဖြစ်နိုင်သလောက်ရှိပေသည်။

ထို့ကြောင့်လည်း မိမိတို့အနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ အခန်းကဏ္ဍကို အားကိုး နေရခြင်းဖြစ်သည်။ ကုလသမဂ္ဂပဋိဉာဏ်အရ အထွေထွေအတွင်းရေးမှူးချုပ်ရုံးသည် ကိုယ်ပိုင်လုပ်ပိုင်ခွင့် များရှိသည့် နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းပင်ဖြစ်ပြီး အတွင်းရေးမှူးချုပ်အဆက်ဆက်သည် ထိုရုံး၏ လုပ်ပိုင်ခွင့်ဘောင်ထဲမှ ကုလသမဂ္ဂပဋိဉာဏ်စာချုပ်ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင် အောင် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် အထူးအာဏာများ မရှိ သကဲ့သို့ တပ်အင်အားသုံးခြင်း၊ ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းများကို ၎င်း၏ သဘောတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရပါ။ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သူ၏ အရာရှိများသည် စေ့စပ်ညှိနှိုင်းဖြေရှင်းသူ၊ အခြေအနေကောင်းများပေါ်ထွက်အောင် ဖန်တီးပေးသူများသာဖြစ်ပြီး ကာယကံရှင်နိုင်ငံ၏ သဘောတူမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် သူတို့လုပ်ငန်းများကို အကောင်အထည်ဖော်နေရခြင်းသာဖြစ်ပါသည်။ ထို့ပြင် မြန်မာ့အရေးကဲ့သို့ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအတွင်း သဘောထားကွဲလွဲ နေသည့်အခြေအနေမျိုးတွင် အတွင်းရေးမှူးချုပ်ရုံးက လုပ်နိုင်သည့်အခွင့်အရေး အနည်းငယ်သာ ရှိပေ သည်။

သို့သော် အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ ကဏ္ဍကို လက်မြှောက်စွန့်ပစ်ခြင်း မပြုမီ အတွင်းရေးမှူးချုပ်၏ လုပ်ငန်းများသည် မပြီးနိုင်၊ မဆုံးနိုင် အကြိမ်ကြိမ်တွေ့ဆုံမှုများ၊ တစ်ခါတစ်ရံ သံတမန်ရေးအရ အလုပ်မဖြစ်နိုင်လောက်အောင် ထွက်ပေါက်ပိတ်နေမှုများကို ကျော်ဖြတ်ပြီးမှသာ အောင်မြင်မှု အသီးအပွင့်များရခဲ့သည်ကို မမေ့ရန်အရေးကြီးပါသည်။ ထို့ပြင် တစ်ခါတစ်ရံ နှစ်ပေါင်းများစွာ ဆွေးနွေး ငြင်းခုန်နေရာမှ နိုင်ငံရေးအခြေအနေ ရုတ်ချည်းပြောင်းလဲသွားပြီး အတိတ်က တွေ့ဆုံဆွေးနွေး ခဲ့မှုများ၏ ရလဒ်က ချက်ခြင်းအသက်ဝင်လာသည်ကိုလည်း တွေ့နိုင်ပါသည်။ ထိုအဖြစ်အပျက် များကို အရှေ့တီမောနှင့် နီပေါနိုင်ငံတို့တွင်တွေ့နိုင်သည်။ ထိုနိုင်ငံများတွင် ကုလသမဂ္ဂသည် စိတ်ရှည်ရှည်နှင့် တိတ်တိတ်ဆိတ်ဆိတ် ချဉ်းကပ်ဆွေးနွေးနေရာမှာ ရုတ်ချည်းပင် တက်ကြွစွာ ကြားဝင် ဆောင်ရွက်နိုင်သည့်အခွင့်အရေးများ ရလာခဲ့ သည်ကို တွေ့နိုင်သည်။

ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် ချက်ခြင်းရလဒ်ကောင်းများ မရနိုင်သည့်တိုင် ဆွေးနွေးခွင့် ရသမျှ ဆွေးနွေးဆောင်ရွက်နေခြင်းဖြင့် နောင်ပေါ်ပေါက်လာမည့် အခွင့်အရေးများအတွက် အသင့်ရှိနေ သင့်ပေသည်။ ထို့ပြင် နိုင်ငံတစ်ခုခြင်း၊ သို့မဟုတ် အာဆီယံကဲ့သို့သော ဒေသဆိုင်ရာအဖွဲ့အစည်းများ ကလည်း ဆက်လက် ဆောင်ရွက်နေသင့်သည်။ တစ်ချိန်တည်း၌ပင် လူမှုဂရုဏာအကူအညီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှ ရလဒ်ကောင်းများပေါ်ထွက်လာစေရန်လည်း ဆောင်ရွက်ရပေမည်။

တစ်ချိန်တွင်မြန်မာနိုင်ငံ၌အခွင့်အလမ်းသစ်များပေါ်ထွက်လာမည်ဖြစ်ပြီး ထိုအချိန်တွင် အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် အပြောင်းအလဲများကို မြန်မြန်ဆန်ဆန်ရှေ့တိုးဆောင်ရွက်ရာတွင် မရှိမဖြစ် အရေးပါ လာပေလိမ့်မည်။ ထို့ကြောင့် အတွင်းရေးမှူးချုပ်ရုံး၏ မြန်မာနိုင်ငံအခန်းကဏ္ဍကို ဆက်လက်ကာကွယ် ထိန်းသိမ်းထားသင့်ပေသည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် အကုန်အကျမများလှသည့်အပြင် အခြားရွေးချယ် စရာနည်းလမ်းများလည်း မရှိသည်ကို သိထားရပေမည်။

သန့်မြင့်ဦး

( ဆရာသန့်မြင့်ဦးဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်ပါတယ်။ ယခင်က ထရီနီတီကောလိပ်မှ အမှုထမ်းခဲ့ပြီး သူ့ရဲ့ The River Of Lost Footsteps ဆိုတဲ့ မြန်မာ့ သမိုင်းအပေါ် သုံးသပ်ချက်စာအုပ်ဟာ ဝေဖန်ရေးဆရာများရဲ့ ချီးမွမ်းကို ခံရပါတယ်။ )

အီးမေးလ်မှရရှိသည်။ဘာသာပြန်သူအမည်ပါမလာပါ။

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” (အပိုင်း၁မှ၁၅)


“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...”
မင်းဟန်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 17 ရက် 2009 ခုနှစ် 22 နာရီ 14 မိနစ်


(၁)


၁၉၄၅ ခုနှစ် နှစ်ဦးမှစ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းတာဝန်များနှင့် ပိလျှက်ရှိသည်။ တပ်မတော်အတွင်းရှိ ပြည်သူ့အရေးတော်ပုံပါတီ (နောင်တွင်ဆိုရှယ်လစ်ပါတီဝင်)မှ ဗိုလ်အောင်ကြီး ၊ ဗိုလ်မောင်မောင်တို့အစု၏ ဂျပန်ဖက်ဆစ်တို့အား လက်နက်ကိုင်ထကြွမည့်အစီအစဉ်အား အချိန်မှီ တားရ၊ဆီးရသေး၏။ ဖက်ဆစ်တော်လှန်ရေးက တစုတဖွဲ့လေးနှင့် ထ၍၊တော်လှန်၍မရ…..။ လူထုအားစည်းရုံးရမည်။ ပြင်ဆင်ရမည်။ကျယ်ပြန့်သောအင်အားစုကြီးပါဝင်ရန်လိုသည်။ ပြီးလျှင် ….. အချိန်နှင့်အခြေအနေ…။ ပကတိဘဝက ရင့်မှည့်ဖို့လိုသည်။ ဤအတွက်ပင် ဗိုလ်ချုပ်က ဗိုလ်အောင်ကြီးတို့အားခေါ်၍ တားဆီးခဲ့ရခြင်းဖြစ်သည်။ တဖက်တွင်လည်းကျယ်ပြန့်သည့်ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးပေါ်ပေါက်ရေးအတွက် ပြင်ဆင်လုပ်ကိုင်နေရ၏။ ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ပဲခူးစံပြတပ်ရင်း၌ သခင်စိုး၊ ကိုဗဟိန်း၊သခင်သန်းထွန်းတို့နှင့်ဗိုလ်ချုပ်တွေ့ခဲ့ပြီး “ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်” အား ဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က …..သခင်စိုးသည် ဖက်ဆစ်တော်လှန်ရေးအား မြေအောက်တွင်ဆင်း၍လုပ်နေရသည့်အချိန်ဖြစ်သည်။ တွေ့ဆုံပွဲက လျှို့ဝှက်တွေ့ဆုံပွဲ……။ ဗိုလ်ချုပ်သည် ပဲခူးသို့ ဂျပန်ကင်ပေတိုင်တို့ မရိပ်မိစေရန်အတွက် မိသားစုပါခေါ်၍ အလည်အပါတ်သဘောသွားခဲ့၏။ ထိုစဉ်က ဗိုလ်ချုပ်တွင် သားကြီးအောင်ဆန်းဦးနှင့် သားငယ် အောင်ဆန်းလင်းတို့ ရှိနေပြီဖြစ်သည်။

ပဲခူးစံပြတပ်ရင်းဆွေးနွေးပွဲမှ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်ကြီးအား တပ်မတော်၊ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့နှင့် ဖွဲ့စည်းသွားရန် သဘောတူကြ၏။ ဗိုလ်ချုပ်၏အစီအမံနှင့် တပ်တွင်း၌ ဖက်ဆစ်တော်လှန်ရေးအတွက် သဘောတရားရေးသင်တန်းများပေး၏။ ဖက်ဆစ်တော်လှန်ရေးမြေအောက်ကလပ်စည်းများ ဖွဲ့၏။ အားလုံးက လျှို့လျှို့ဝှက်ဝှက်နှင့်လှုပ်ရှားလုပ်ကိုင်ကြရခြင်းဖြစ်သည်။ ဗိုလ်ချုပ်၏ စစ်သေနာပတိချုပ် ၊စစ်ဝန်ကြီးအရှိန်အဝါနှင့် လုပ်ရသဖြင့် လုပ်ကိုင်ကြရသည်မှာ ထိရောက်၏။ ၁၉၄၅ခုနှစ် မတ်လ (၁) ရက်နေ့တွင် ကန်တော်ကြီးစောင်းရှိ ဗိုလ်ချုပ်၏နေအိမ်တွင်ပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် အစည်းအဝေးအားပြုလုပ်၏။ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်အောင်အောင်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ရဲထွဋ္ဋ် ၊ ဗိုလ်ဖိုးကွန်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်စိန်မှန်နှင့် ဗိုလ်ခင်မောင်လေးတို့တက်ကြသည်။ ပြည်သူ့အရေးတော်ပုံပါတီက ဦးဘဆွေ၊ သခင်ချစ်၊ ဦးကျော်ငြိမ်းနှင့်ဦးလှမောင်တို့တတ်ရောက်ကြပြီး ကွန်မြူနစ်ပါတီမှမူ …..သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်တင်မြတို့ပါဝင်သည်။

အစည်းအဝေးက ညဦးယံမှ စခဲ့သည်မှာ ….သန်းခေါင်ယံကျော်မှပင်ပြီး၏။ ဧည့်သည်များပြန်သွားကြပြီးသည့်နောက် အိမ်သည် တိတ်ဆိတ်၍သွားသည်။ တာဝါလိမ်းလမ်းဖက်ဆီက မော်တ်ာကားသံအားသဲ့သဲ့ကြားရ၏။ ဒေါ်ခင်ကြည်သည် မအိပ်ဘဲ ဗိုလ်ချုပ်အားစောင့်နေ၏။ ဒေါ်ခင်ကြည်က မပေါ့မပါး….။ တတိယမြောက်ကိုယ်ဝန်နှင့်….။ ၅-လရှိသည့်ကိုယ်ဝန်က မို့မို့ဝန်းဝန်း….။


(၂)


ဂျပန်စစ်ဌာနချုပ်က ဗမာ့တပ်မတော်အား ထိုးစစ်ဆင်လာသည့်ဗြိတိသျှစစ်တပ်အား စစ်မျက်နှာတခုဖွင့်၍တိုက်ခိုက်ရန် စစ်ထွက်မိန့်ပေးလိုက်၏။ ဂျပန်တို့၏စစ်ထွက်မိန့်က …ဗိုလ်ချုပ်တို့အဖို့ “ရောင်တော်ပြန်နှင့် ရောလွှတ်” ရန် အခွင့်အရေးရသွား၏။ တပ်များအား ဖက်ဆစ်တော်လှန်ရေးအတွက် တာဝန်ကျရာ စစ်တိုင်းများသို့ ပုန်းလျှို၊ကွယ်လျှိုပြောင်းရွှေ့ရန်မလိုတော့….။ ၁၉၄၅ ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် ဦးဝိစာရလမ်းနှင့် ဝင်ဆာလမ်းထောင့်ရှိ မြက်ခင်းပြင်၌ ဗမာ့တပ်မတော် တပ်ရင်း၊ တပ်ခွဲများအား စစ်သေနာပတိချုပ် ဗိုလ်ချုပ်က စစ်ထွက်မိန့်ခွန်းပေး၏။

“အနီးကပ်ဆုံး ရန်သူကို ရှာတိုက်ကြ…..”

(၂၂)ရက်နေ့တွင် ဗိုလ်ချုပ်ကိုယ်တိုင် ရန်ကုန်မှ စစ်ထွက်၏။ ဒေါ်ခင်ကြည်က သားငယ်နှစ်ဦး….။ ပြီးလျှင် …. ရင့်မာစပြုနေသည့် ကိုယ်ဝန်နှင့်ကျန်ရစ်၏။ ဗိုလ်ချုပ်၏ စစ်ဌာနချုပ်က သရက်၊ မင်းတုန်းဘက်တွင် အခြေပြု၍လှုပ်ရှားမည်။ ၁၉၄၅ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် စစ်တိုင်းများအားလုံးက ဖက်ဆစ်ဂျပန်တို့အား တပြိုင်တည်းစ၍ တိုက်ကြ၏။

၁၉၄၅ခုနှစ် မေ (၂)ရက်နေ့တွင် ရန်ကုန်အား ဂျပန်လက်အောက်မှပြန်၍ သိမ်းပိုက်နိုင်ခဲ့၏။ ရန်ကုန်အားဗမာ့တပ်မတော်နှင့် ဗြိတိသျှတပ်များက သိမ်းထားပြီးဖြစ်သော်လည်း….. ဂျပန်တပ်များက စစ်တောင်းမြစ်၊ အရှေ့ဖက်ခြမ်းနှင့် တနင်္သာရီဒေသများအား ထိန်းသိမ်းထားဆဲဖြစ်၏။

ရန်ကုန်မြို့အား သိမ်းပိုက်ရရှိပြီးနောက် ဗြိတိသျှတို့က ရန်ကုန်အား စစ်အုပ်ချုပ်ရေးနှင့်အုပ်ချုပ်၏။ စစ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စပီးယားက.. ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းဆီးမည်။ ဖဆပလအား မတရားအသင်းကြေညာမည်…..ဤသို့ခြေလှမ်းများ လှမ်းလာ၏။ ဗိုလ်ချုပ်စပီးယား၏ခြေလှမ်းအား လန်ဒန်ရှိအာဏာပိုင်တို့က ခွင့်မပြု….။ စပီးယားအား ရန်ကုန်မှပြန်ခေါ်ပြီး ဗိုလ်ချုပ် ဟူးဘတ်ရန့်စ်အား လွှတ်၏။

၁၉၄၅ ခုနှစ်ဇွန်လ (၄)ရက်နေ့တွင် ဖဆပလဌာနချုပ်၌ မြန်မာပြည်ရှိ နိုင်ငံရေးခေါင်းဆောင်များ၏ အစည်းဝေးအားပြုလုပ်၏။ ဗိုလ်ချုပ်က ဖဆပလ၏ မူဝါဒနှင့်လုပ်ငန်းများအား အစည်းအဝေးတွင် ရှင်းပြ၏။ ဗမာတပ်မတော်၏အနာဂတ်ကိစ္စအား ဆွေးနွေး၏။

၁၉၄၅ခုနှစ် ဇွန်လ (၁၆)ရက်နေ့တွင် ဗြိတိသျှတပ်များ၏ စစ်သေနာပတိချုပ် မောင့်ဘတ်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၊သခင်သန်းထွန်းတို့ ရန်ကုန်တွင်ပင်တွေ့ပြီး ဆွေးနွေးကြ၏။ ဗမာ့လက်နက်ကိုင်တပ်များ၏အရေးအား အဓိကထားဆွေးနွေးကြ၏။ အလုပ်တာဝန်များအကြား၌ဗိုလ်ချုပ်သည် ပိ၍နေသည်။

၁၉၄၅ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် ဒေါ်ခင်ကြည်သည် တတိယမြောက်ကိုယ်ဝန်အားမွေးဖွားခဲ့၏။ သမီးလေး….။ မိခင်နှင့်ကလေးပါ ကျန်းမာရေးကောင်းကြ၏။ ဗိုလ်ချုပ်က ဇနီးသည်နှင့် သမီးငယ်တို့အနား၌ ကြာကြာမနေနိုင်….။ အချိန်မပေးနိုင်။ မနက်ဖြန်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဖို့အရေးကရှိသည်။ ပြင်ဆင်စရာရှိသည်များအား ပြင်ဆင်ရမည်။ ဖဆပလခေါင်းဆောင်များနှင့်တိုင်ပင်ဆွေးနွေးစရာများ လည်းရှိ၏။ သိပ့်သိပ့်သည်းသည်းထုတ်ပိုးထားသည့် ဖြူဖွေးသော အနှီအတွင်းမှ သမီးငယ်လေးမျက်နှာက နီတာရဲရဲ…..။


(၃)


၁၉၄၅ခုနှစ် မတ်လ (၂၇)ရက်နေ့ ဖက်ဆစ်တော်လှန်ရေးအားဆင်နွှဲရာတွင် “ဗမာ့ကာကွယ်ရေးတပ်မတော်” (BDA) အား “ပြည်သူ့လွတ်လပ်ရေးတပ်မတော်”ဟု အမည်ပြောင်း၍ တော်လှန်ခဲ့ကြသည်။ တော်လှန်ရေးက ပြီးပြီ။ ဗြိတိသျှမဟာမိတ်တပ်များက ဗိုလ်ချုပ်ဦးဆောင်သည့် “ပြည်သူ့လွတ်လပ်ရေးတပ်မတော်”အား “ဗမာ့အမျိုးသားတပ်မတော်” (BNA)ဟူ၍သာ သုံးနေ၏။ “ပြည်သူ့လွတ်လပ်ရေးတပ်မတော်”သားများကလည်း “ ပြည်သူ့လွတ်လပ်ရေးတပ်မတော်“ဟူ၍သာလက်ခံကြ၏။ “ဝေါဟာရ” အငြင်းအခုန်ကရှိနေသည်။ ဝေါဟာရ၏နောက်တွင် အနှစ်သာရအသွင်ကဆောင်လာမည်။ ၁၉၄၅ခုနှစ် ဇွန်လ (၂၉)ရက်နေ့တွင် ဗိုလ်ချုပ်သည် ဘုရင်ခံ ဒေါ်မန်စမစ်နှင့် တွေ့ပြန်သည်။ ဒေါ်မန်စမစ်က တပ်မတော်၏အမည်သတ်မှတ်ရေးအား “ဗမာ့မျိုးချစ်တပ်မတော်”ဟူ၍ခေါ်ရန် ဗိုလ်ချုပ်အားအကြံပေး၏။ ဗိုလ်ချုပ်မှလည်း သဘောတူလိုက်၏။ ဗိုလ်ချုပ်အတွက် သူထူထောင်ခဲ့သည့် တပ်မတော်ကြီး၏အမည်ကိစ္စကပြီးပြီ….။ တဖက်တွင် က….ရှိသေး၏။ အမည်ကိစ္စပင်….။ လွန်ခဲ့သည့် ဆယ်ရက်က ဖွားမြင်ခဲ့သည့် သူ၏ရင်သွေးသမီးငယ်လေးအား ယခုအထိ အမည်မပေးရသေး…။ သားဦးယောက်ျားလေးမွေးစဉ်က ….အောင်ဆန်းဦးဟု ပေးခဲ့၏။ ယခုသမီးငယ်အတွက် ….။ ဗိုလ်ချုပ်စိတ်အတွင်း၌ အမည်တခုအားပေးကြည့်၏။ အိမ်ပြန်ရောက်သည့်အခါ၌ ဇနီးသည်အား ဗိုလ်ချုပ်ကစိတ်ထဲမှပေးထားသည့်အမည်အားပြောပြသည်။ ဒေါ်ခင်ကြည်မှလည်းသဘောကျ၏။ သို့နှင့်… ဗိုလ်ချုပ်က သူ၏သမီးလေး၏အမည်အား မှည့်ခေါ်လိုက်သည်။

“ အောင်ဆန်းစုကြည်……”

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှင်သန်နေထိုင်ခဲ့ရသည့်ကာလက …. တိုတိုကျဉ်းကျဉ်းလေးသာဖြစ်သည်။ တိတိပပတွက်စစ်ပါမူ ….. စုစုပေါင်း ၂၅ လမျှသာ….။ ဤမျှတိုတောင်းသော အချိန်လေးများကိုပင် ပြည့်ပြည့်ဝဝ အတူနေခဲ့ကြရခြင်း မဟုတ်ခဲ့…။ ဗမာ့တပ်မတော်အား အသစ် ပြန်လည်ဖွဲ့စည်းရန်အတွက် ဗိုလ်ချုပ်ကြီးမောင့်ဘတ်တန်နှင့် ဆွေးနွေးရန် ဗိုလ်ချုပ်သည် သီရီလင်္ကာနိုင်ငံသို့ သွားရ၏။ ရန်ကုန်မှ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ထွက်၏။ ဗိုလ်ချုပ်၏ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်မှ ဗိုလ်လကျာ်၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော ပါကြ၏။ နိုင်ငံရေးခေါင်းဆောင်များမှ သခင်သန်းထွန်း၊ ဦးဘဘေ၊ ဦးညိုထွန်းနှင့် စောဘဦးကြီး ပါဝင်၏။

ခရီးစဉ်က….ရန်ကုန်မှ ကာလက္တား….။ ကာလက္တားမှတဆင့် သီရိလင်္ကာနိုင်ငံ ကန္ဒီသို့ သွားရန် ဖြစ်သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ဗိုလ်ချုပ်တို့အဖွဲ့ ရန်ကုန်မှ ထွက်သည်။ ၆ ရက်နေ့တွင် ကန္ဒီမြို့၌ “မောင့်ဘတ်တန်” ဦးဆောင်သော မဟာမိတ် စစ်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်တို့ ဆွေးနွေးကြသည်။ တပ်မတော်သစ် ဖွဲ့စည်းရေးဆိုင်ရာ “ကန္ဒီစာချုပ်” အား ချုပ်ဆိုကြ၏။ ကန္ဒီမှ ပြန်ရောက်ပြီးသည့်နောက်….ဗိုလ်ချုပ်သည် တပ်မှ နုတ်ထွက်၍ ဖဆပလတွင်ပင် ဥက္ကဋ္ဌအဖြစ်နှင့် နိုင်ငံရေးတာဝန်များအား အချိန်ပြည့် ထမ်းဆောင်၏။ ဖဆပလဥက္ကဋ္ဌ အနေဖြင့်လည်း ဗိုလ်ချုပ်သည် အမှတ် ၂၅ တာဝါးလိန်းနေအိမ်၌ နေရသည့်နေများက နည်းသည်။ တပြည်လုံးအနှံ့ ခရီးထွက်၍ လူထုနှင့်တွေ့ဆုံပြီး ရှင်းလင်းပြောကြားနေခဲ့ရသည်က များ၏။ မြစ်ကြီးနားသို့ သွား၏။ ဒူးဝါးကြီးများနှင့် ဆွေးနွေး၏။ ကချင်လူထုနှင့် တွေ့၏။ အိမ်တွင်ရှိသည့် အချိန်များတွင်လည်း ဗိုလ်ချုပ်သည် နေ့နေ့ညည အလုပ်များနှင့်ပိ၍ နေခဲ့သည်။

၁၉၄၆ ခုနှစ် ဇွန်လတွင် ဘုရင်ခံ ဒေါ်မန်စမစ်သည် ကျန်းမာရေးကြောင့် အင်္ဂလန်သို့ ပြန်သွားခဲ့၏။ ဒေါ်မန်စမစ်နေရာတွင် ဆာဟူဘတ်ရန့်စ်သည် ဘုရင်ခံသစ်အဖြစ်နှင့် ရောက်လာ၏။ ဘုရင်ခံသစ်က ရန်ကုန်သို့ရောက်ပြီး မကြာ…. ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့၏။ ဖဆပလနှင့် ဆွေးနွေး၏။ နှစ်ဖက် …. အလျှော့အတင်းနှင့် ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဖဆပလမှ ပါဝင်ရန် ဗိုလ်ချုပ်တို့ သဘောတူလိုက်၏။

၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် အမှုဆောင်ကောင်စီသစ်အား ဖွဲ့စည်း၏။ ဆာဟူးဘတ်ရန့်စ်က ကောင်စီ၏ ဥက္ကဋ္ဌ …. ဗိုလ်ချုပ်အောင်ဆန်းက ဒု-ဥက္ကဋ္ဌ။ ကောင်စီဝင် ၁၁ ဦး ရှိသည်။ ဖဆပလက ကောင်စီတွင် ၆ ဦး ပါရှိ၏။ ပြီးလျှင် …. ဗိုလ်ချုပ်က …. ဝန်ကြီးအဖွဲ့တွင် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုလည်း ယူရ၏။ သို့သော် … လွတ်လပ်ရေးခရီးက …..အဆုံးတိုင်သို့ မရောက်သေး…..။ ဗိုလ်ချုပ်၏ ဦးဆောင်မှုအောက်၌ ဆက်၍ချီဆဲ…။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် ဒေါင်းနင်းလမ်းက ဗိုလ်ချုပ်တို့အား အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံ တည်ထောင်ရေးအတွက် ဆွေးနွေးရန် ကမ်းလှမ်း၏။ ဖဆပလက “ဝှိုက်ဟော”၏ ကမ်းလှမ်းချက်ကို လက်ခံ၍ ဗိုလ်ချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တဖွဲ့ လန်ဒန်သို့ သွား၏။

၁၉၄၇ ခုနှစ် ဇန်နဝါရီလ တလလုံးနီးနီး လန်ဒန်တွင် နေပြီး ဒေါင်းနင်းလမ်းနေအိမ်၌ အက်တလီအစိုးရအဖွဲ့နှင့် ဗိုလ်ချုပ်တို့ ဆွေးနွေးကြသည်။ အဆုံး၌ သဘောတူညီမှု ရခဲ့ကြ၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှနန်းရင်းဝန် မစ္စတာအက်တလီတို့ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးကြ၏။

“အောင်ဆန်း-အက်တလီစာချုပ်”

တနှစ်အတွင်း လွတ်လပ်ရေး ရ….ရမည်….။ ဗိုလ်ချုပ်၏ အင်္ဂလန်ပြန် လက်ဆောင်က မြန်မာပြည်သူများအတွက်…. တနှစ်အတွင်း လွတ်လပ်ရေး ရ….ရမည်ဖြစ်၏။ သူ၏ ကလေးများအတွက်လည်း လက်ဆောင်များ ပါခဲ့၏။ သမီးငယ်အတွက်က အရုပ်ကြီးတရုပ်….။ ထိုအရုပ်ကြီးက လန်ဒန်တွင် ဒိုရာသန်းအေး (ဘိလပ်ပြန်သန်း) အား သမီးအတွက် ဗိုလ်ချုပ်က အဝယ်ခိုင်း၍ ဒိုရာသန်းအေးက ဝယ်ပေးလိုက်သည့် လက်ဆောင်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်က ထိုလက်ဆောင်အရုပ်ကြီးအား နှစ်ပေါင်းများစွာ ကြာသည့်အထိ မပျက်မစီး ထိန်းသိမ်းထားခဲ့၏။


(၅)


မိုးသောက်ယံကတည်းက .. ကောင်းကင်သည် အုံ့အုံ့မှိုင်းမှိုင်း …. ညို့ညို့ဆိုင်းဆိုင်း ….၊ ကြည်ကြည်လင်လင် မရှိ။ မြင်ရသည်မှာ မြူသန်းနေသည့် ပင်လယ်ပြင်ကြီးအလား….။ အရပ်ရပ်သည် ဝိုးဝိုးဝါးဝါး…..။ မိုးသည် လွတ်လွတ်ကင်းကင်း စဲသည်ဟူ၍ မရှိ။ ဖွဲလိုက်….။ သည်းလိုက်…..။ တဖြိုင်ဖြိုင် ရွာချလိုက်နှင့် စွေနေသည်။ သနပ်ခါးရောင် ပိုးပျော့ရင်ဖုံး၊ ဘန်ကောက်လုံချည်၊ ပန်းနုရောင်ခေါင်းပေါင်းနှင့် ရုံးသွားရန် ပြင်ဆင်နေသော ဖခင်အားမြင်ရသည်မှာ ဒေါ်အောင်ဆန်းစုကြည် စိတ်ထဲ၌ “ဆန်း”၍ နေသည်။ ယခင်ကမူ….. ဖေဖေ့အား စစ်ဝတ်စုံနှင့်သာ အမြဲလိုလို တွေ့ရမြဲ….။ မိုးကမစဲ…..။ ဖွဲလိုက်၊ သည်းလိုက်နှင့်…..။ မိုးရေထဲမှာပင် ဗိုလ်ချုပ်သည် အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့်အတူ ကားပေါ်သို့ တက်ပြီး ရုံးသို့ ထွက်သွား၏။ မိုးသည်းနေသဖြင့် အိမ်အဝ အထိပင် ဖခင်ဖြစ်သူအား ဒေါ်အောင်ဆန်းစုကြည်တို့ လိုက်ပို့နိုင်ကြ၏။ ဤလိုက်ပို့ခြင်းက ဖခင်ဖြစ်သူအား နောက်ဆုံးလိုက်ပို့ခဲ့သည့် နောက်ဆုံး ခရီးဟု ထိုစဉ်က …. ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အကိုများ မတွေးမိ၊ မထင်မှတ်မိခဲ့…..။

ထိုနေ့က …… ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်……။


(၆)


၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့၏။ လွတ်လပ်သောနိုင်ငံသစ်တွင် ပထမဦးဆုံး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်က သခင်နု ဖြစ်လာခဲ့သည်။ လွတ်လပ်သော နိုင်ငံသစ်၌ ဒေါ်ခင်ကြည်သည်လည်း နိုင်ငံ့တာဝန်အား ထမ်းဆောင်၏။ အရွယ်မရောက်သေးသည့် သားသမီး ၃ ယောက်အား ထိန်းကျောင်းရင်း……။ တဖက်တွင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန၊ လူမှုဝန်ထမ်းဌာနတို့တွင် တာဝန်ကြီးကြီးယူ၍ ထမ်းဆောင်ရ၏။ ထူထောင်ကာစ တိုင်းပြည်သစ်တွင် ဒေါ်ခင်ကြည်သည်လည်း အလုပ်တာဝန်များနှင့် မအားမလပ်…..ပိ၍နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ကလေးဘဝက ….. တပ်မတော်သား ရဲဘော်ရဲဘက်များ၏ ထိန်းကျောင်း၊ စောင့်ရှောက်မှု လက်ပေါ်၌သာ ကြီးပြင်းခဲ့ရသည်ဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမများအပေါ် အနွံအတာ အခံရဆုံးက …… ဗိုလ်ချုပ်၏ ကားအား မောင်းရသည့် ရဲဘော်ဖြစ်၏။ မပီ့တပီနှင့် ထိုရဲဘော်၏ အမည်အား ဒေါ်အောင်ဆန်းစုကြည်က ခေါ်တတ်၏။ ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမများက မိခင်၏ အုပ်ထိန်းမှု တပ်မတော်သား ရဲဘော်ရဲဘက်များ၏ ထိန်းကျောင်းမှုအောက်၌ ကြီးပြင်းခဲ့ရသည်ဟု ဆိုရမည်ဖြစ်သော်လည်း စင်စစ်တွင်မူ ဗိုလ်ချုပ်၏ … “ကလေးတွေကို ဘာကိုမှ မကြောက်စေနဲ့။ သူတို့ ကြောက်ဖို့ဟာ နှစ်ခုပဲရှိတယ်။ မတရားတဲ့ ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်။ မမှန်တဲ့ ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်။ လောကမှာ ကြောက်ဖို့ဆိုတာ ဒီနှစ်ခုပဲရှိပါတယ်။” ဟူသည့် သွန်သင်မှု၊ သင်ကြားမှုများအတွင်း၌သာ အသားကျ၊ အရိုးစွဲရှင်သန်ကြီးပြင်းခဲ့သည်ဟု ဆိုရမည်….။


(၇)


၁၉၄၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ကျောင်းစ၍ နေရသည်။ ရန်ကုန်ရှိ “စိန့်ဖရန့်စစ်” ကွန်ဗင့်ကျောင်းတွင် ဖြစ်သည်။ အင်းစိန်၌ သေနတ်သံတို့က စဲစပြုပြီ….။ ယမ်းငွေ့ကမူ ဝေဆဲ…..။ KNDO တို့က အင်းစိန်အား ၁ဝ၁ ရက်တိုင်တိုင် သိမ်းပိုက်ထားခဲ့ရာမှ စွန့်၍ မြစ်ဝကျွန်းပေါ်ဘက်သို့ တဖြေးဖြေး ဆုတ်ခွာသွားကြ၏။ ည ၉ နာရီကျော်လျှင် ….. အပြင်မထွက်ရ….။ နေဝင်မီးငြိမ်းအမိန့်အား ရန်ကုန်မြို့တွင် ထုတ်ပြန်၍ထားဆဲ….။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်နှင့် KNDO တပ်များက မြန်မာပြည်မြို့ကြီး အများအပြားအား သိမ်းပိုက်ထား၏။ ပုသိမ်၊ မြောင်းမြ၊ ဓနုဖြူ၊ ညောင်တုန်းတို့က KNDO တို့၏ လက်အောက်၌ ရှိနေ၏။ ဒေါ်အောင်ဆန်းစုကြည်၏ အမေဘက်မှ အဖိုးအဖွားနှင့် ဆွေမျိုးများက …..ပုသိမ်၊ မြောင်းမြဘက်၌ ရှိကြ၏။ ပြည်သူ့ရဲဘော်တို့ တောခိုသွားကြ၏။ တိုင်းပြည်က မီးလျှံအတွင်း၌…..။

“စိန့်ဖရန့်စစ်” ကွန်ဗင့်ကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၅၇ ခုနှစ်အထိ နေခဲ့၏။ အလယ်တန်းပညာအား “စိန့်ဖရန့်စစ်” ကွန်ဗင့်ကျောင်းမှပင် ပြီးဆုံးအောင်မြင်ခဲ့၏။ ထိုစဉ်က မြန်မာပြည်ပညာရေး၌ အစိုးရကျောင်းများနှင့် သာသနာပြုကျောင်းများဟူ၍ ၂ မျိုး ရှိ၏။ ဝန်ကြီးချုပ်ဦးနု အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံးလိုလိုက သူတို့၏ သားသမီးများအား ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရကျောင်းများ၌ မထား….။ သာသနာပြုကျောင်းများတွင်ပင် ထားကြ၏။

၁၉၅၆ ခုနှစ်….။

ဒေါ်အောင်ဆန်းစုကြည် “စိန့်ဖရန့်စစ်” ကွန်ဗင့်ကျောင်း၌ အလယ်တန်းပညာအား သင်ယူနေစဉ်… ၇ တန်း စာမေးပွဲ မေးခွန်းပေါက်ကြားမှုမှစ၍ ကျောင်းသားတဦး သေဆုံးခဲ့ရသည့် အရေးအခင်းတခု ဖြစ်ခဲ့၏။ မေးခွန်းပေါက်ကြားမှုအား အထောက်အထားနှင့်တကွ ဗမာ့ခေတ် သတင်းစာက ရေးသည်။ ဗမာ့ခေတ်တွင် ဖော်ပြပါရှိသည့် မေးခွန်းနှင့် စာမေးပွဲ စာစစ်ခန်းမှ မေးခွန်းက ထပ်တူဖြစ်နေသည်။ ဤတွင် …. ပညာရေးအာဏာပိုင်တို့က စာမေးပွဲအား ရက်အကန့်အသတ်မရှိ ရွှေ့လိုက်ကြောင်း …. စာမေးပွဲဖြေရန် ရောက်လာကြသည့် ကျောင်းသားများအား ရှင်းကြ၏။ နောက်ဆုံး ….. ကျောင်းသားများက သတင်းဖော်ပြခဲ့သည့် ဗမာ့ခေတ်သတင်းစာတိုက်သို့ ချီတက်၍ ဝိုင်းကြ၏။ သတင်းစာတိုက်အား ဖျက်ဆီးရန် ကြိုးစားကြ၏။ ဤတွင် ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသားတဦး ဒဏ်ရာရ၏။ နောက်ပိုင်း …. သွေးလွန်၍ ထိုကျောင်းသား ကွယ်လွန်ခဲ့၏။ ကွယ်လွန်ခဲ့သည့် ကျောင်းသားအမည်က ….“ဟယ်ရီတန်…”…..။ ထိုအရေးအခင်းအား ….“ဟယ်ရီတန်” အရေးအခင်း” ဟု ဆိုကြ၏။ ထိုနှစ်က …. အစိုးရကျောင်းများ အားလုံးရှိ ၇ တန်းကျောင်းသား အားလုံးအား အတန်းအအောင်ပေးခဲ့၏။


(၈)


၁၉၅၇-၅၈ ပညာသင်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မက်သဒစ်အထက်တန်းကျောင်းသို့ ပြောင်းရွှေ့၍နေသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် အသက်သည် ၁၃ နှစ်မျှ ရှိပြီ။ ပြည်တွင်းစစ်နှင့် စခဲ့ရသည့် လွတ်လပ်ရေးနှင့် ဒီမိုကရေစီသည် ၁ဝ နှစ်ခရီး လျှောက်လှမ်းပြီးသည့်အချိန်၌ ….ဖဆပလ၏ အာဏာရပ်ဝန်း အကွဲအပြဲတို့ကြောင့် နိဂုံးချုပ်ရတော့မည့်အလား ဖြစ်နေ၏။ ဦးနုက ဖဆပလအတွင်း သန့်ရှင်းရမည်ဟု ကြွေးကြော်၏။ တဖန် “ဆွေ-ငြိမ်း” တို့ကလည်း ဖဆပလ တည်မြဲရမည်ဟု ဟစ်အော်ပြန်၏။ ကြွေးကြော်ရင်း ….. ဟစ်အော်ရင်းနှင့် ၁၉၅၈ ခုနှစ် ကမ္ဘာအေး ဖဆပလ ညီလာခံကြီးတွင် နှစ်ခြမ်းကွဲသွားတော့၏။ သန့်ရှင်းနှင့် တည်မြဲဟူ၍……။ ဦးနုနှင့် မင်းလှ ဗိုလ်တဲသခင်တင်တို့က သန့်ရှင်းအား ဦးဆောင်၏။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က တည်မြဲအား ခေါင်းဆောင်ကြ၏။ ညီလာခံအကွဲက…. လွှတ်တော်ထဲအထိ သယ်လာကြသည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပါလီမန်လွှတ်တော်၌ တည်မြဲတို့က ဦးနု၏ အစိုးရအဖွဲ့အား အယုံအကြည်မရှိ အဆိုတင်၏။ သန့်ရှင်းအစိုးရအား ပမညတ တို့က လွှတ်တော်အတွင်း မဲတင်းပေးလိုက်ကြသဖြင့် တည်မြဲတို့၏ အဆိုက မအောင်…..။ ရှုံးနိမ့်ခဲ့ရ၏။ အာဏာရပ်ဝန်း၏ အလှုပ်အရမ်းအား ကြည့်ပြီး စစ်တပ်က တစခန်းထလာပြန်သည်။ တည်မြဲစစ်ဗိုလ်တို့က သန့်ရှင်းဦးနုအား အကျပ်ကိုင်၏။ အာဏာသိမ်းရန်အထိ ခြေလှမ်းပြင်လာကြသည်။ သန့်ရှင်းအစိုးရက …. တည်မြဲနှင့် စစ်တပ်။ စစ်မျက်နှာနှစ်ဖက်အား ရင်ဆိုင်နေရ၏။

၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဝန်ဒါမီယာရှိ ဝန်ကြီးချုပ်ဦးနု၏ အိမ်တွင် တပ်မှူးအချို့နှင့် ဦးနု ဆွေးနွေး၏။ တပ်မှူးများက ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးမောင်မောင် ဖြစ်သည်။ တပ်သို့ အာဏာလွှဲပြောင်းပေးရန် သေနတ်ပြ၍ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲက ၄ နာရီခန့် ကြာသည်။

နောက်ဆုံး ဦးနုလိုက်လျောလိုက်ရ၏။ စစ်တပ်၏ ကတ္တီပါ အာဏာသိမ်းပွဲ…..။ ထိုထိုသော အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်သည် မက်သဒစ်ကျောင်းတွင် ကျောင်းတက်ရင်း သိခွင့်၊ ကြားခွင့် ရခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့ပြီး သည့်နောက်တွင်လည်း ဗိုလ်ချုပ်၏ ကျောင်းနေဘက် သူငယ်ချင်းများ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ….. တပ်မတော်အတွင်းမှ ဗိုလ်ချုပ်၏ ရဲဘော်ရဲဘက်များက ဒေါ်အောင်ဆန်းစုကြည်တို့၏ နေအိမ်သို့ ဝင်ထွက်မြဲ၊ စောင့်ရှောက်မြဲ၊ ကူညီမြဲ ….. ဝန်းရံကြဆဲပင်…..။ ထိုအထဲ၌ …. ဦးအုန်း၊ သခင်အုန်းမြင့်၊ အိုးဝေ ဦးညိုမြ၊ တရားသူကြီးချုပ် ဦးမြင့်သိန်းတို့က နီးနီးကပ်ကပ် ပို၍ရှိကြသည်။ နွေးနွေးထွေးထွေး ဆက်ဆံကြ၏။ မိခင်ဒေါ်ခင်ကြည်နှင့် ထိုပုဂ္ဂိုလ်များ၏ စကားဝိုင်းများတွင် ဒေါ်အောင်ဆန်းစုကြည်သည် အနားမှ နားထောင်ခွင့်ရခဲ့၏။ သူတို့၏ အသိ၊ သူတို့၏ အတွေးအမြင်၊ အယူအဆများအား ဒေါ်အောင်ဆန်းစုကြည်သည် နီးနီးကပ်ကပ် သိရှိခွင့်ရခဲ့၏။ ထိုစဉ်က …. စစ်တပ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ….. ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း မော်လမြိုင်မြို့ NLD ရုံး၌ အတိတ်အား ပြန်ပြောင်း၍ အမှတ်တရ ထုတ်ဖော်ပြောဆိုခဲ့၏။

“၁၉၅၈ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းကတည်းက ကျမ သဘောမကျခဲ့ဘူး။ သဘောမကျရတဲ့ အကြောင်းအရင်းကတော့ တပ်မတော်ဟာ နိုင်ငံရေးအာဏာသိမ်းဖို့ ဖေဖေက တည်ထောင်ထားတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဖေဖေကိုယ်တိုင် နိုင်ငံရေးလုပ်တဲ့အခါ တပ်မတော်ထဲက ထွက်ပြီးမှ လုပ်ပါတယ်။ ဒီလိုတပ်မတော်ထဲက ထွက်ပြီးမှ နိုင်ငံရေးလုပ်ခဲ့ရတဲ့ အကြောင်းကတော့ အစဉ်အလာ ကောင်းစေချင်လို့ပဲ။ တိုင်းပြည်တပြည်ကို လက်နက်အားကိုးပြီးတော့ အုပ်ချုပ်တယ်ဆိုတဲ့ အစဉ်အလာ မဖြစ်စေချင်လို့။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်များဟာ ပြည်သူလူထုထောက်ခံမှု အင်အားနဲ့ပဲ အုပ်ချုပ်တာ ဖြစ်ရမယ်။ လက်နက်အင်အားနဲ့ အုပ်ချုပ်တာ မဖြစ်ရဘူးဆိုတာ ကျမကို မွေးကတည်းက သင်ထားခဲ့တဲ့ ကျမသိခဲ့တဲ့ သင်ခန်းစာပါ။ ဒါ့ကြောင့် ၁၉၅၈ ပထမအကြိမ် စစ်တပ်အာဏာ သိမ်းတုန်းကလည်း ကျမ မထောက်ခံခဲ့ဘူး။ အဲဒီတုန်းက ကျမ ငယ်ငယ်ပဲ ရှိပါသေးတယ်။ အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း ကျမတို့အသိုင်းအဝိုင်းက လူကြီးတွေက ဒီဟာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာ သင်ထားခဲ့လို့ ကျမ အဲဒီကတည်းက နားလည်ခဲ့ပါတယ်”

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၃)
ဆောင်းပါး
မင်းဟန်
ကြာသပတေးနေ့၊ ဇွန်လ 18 ရက် 2009 ခုနှစ် 20 နာရီ 20 မိနစ်



(၉)


၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဦးနုက ပြည်ထောင်စုပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်သည်။ “ဆွေ၊ ငြိမ်း” တို့ကမူ ဖဆပလအနေနှင့်ပင် ရွေးကောက်ပွဲ ဝင်ကြ၏။ “ဆွေ၊ ငြိမ်း” တို့၏ ကြွေးကြော်သံက ….“ရှုံးရင်လည်း နိုင်ရမည်” ဟူ၍ ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲကား ….. မသမာမှုများ၊ ဘက်လိုက်မှုများ၊ အကြမ်းဖက် ခြိမ်းခြောက်မှုများ …. လုပ်ကြံသတ်ဖြတ်မှုများ အတွင်းမှာပင် ကျင်းပပြီးစီးခဲ့သည်။ ရွေးကောက်ပွဲပြီးသည့်နောက် အာဏာရရှိခဲ့သည့် ဦးနု၏ ပထစ အစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်၏။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း မိခင်နှင့်အတူပင် အိန္ဒိယသို့ လိုက်ပါသွားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု အိန္ဒိယသို့ ပြောင်းရွှေ့ရေးအတွက် ပြင်ဆင်ကြရ၏။ ယူသွားကြမည့်ပစ္စည်းများ ထုပ်ပိုးကြ၏။ အချို့ပစ္စည်းများက သဘောင်္နှင့် ပို့ရမည့် ပစ္စည်းများဖြစ်သည်။ ပစ္စည်းအများစုက စာအုပ်၊ စာတမ်းများ ဖြစ်၏။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အသက်သည် ၁၅ နှစ်မျှသာ ရှိသေးသော်လည်း ကျောင်းစာအပြင် အခြားပြင်ပမှ စာအုပ်စာတမ်းများအား ဖတ်ရှုနေပြီဖြစ်သည်။ စာဖတ်ဝါသနာက ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်တွင် အမြစ်တွယ်နေလေပြီ။ ဒေါ်အောင်ဆန်းစုကြည်၏ အဓိက ဝါသနာက စာဖတ်ခြင်းဟုပင် ဆိုရမည်။ ပြင်ပစာပေများအား အထူး နှစ်သက်မက်မောစွာ ဖတ်၏။ နှစ်သက်သည့် စာအုပ်များကိုလည်း တခုတ်တရ သိမ်းဆည်းတတ်၏။ ဒေါ်အောင်ဆန်းစုကြည်အဖို့ ဤသို့ စာပေဝါသနာ ထက်သန်ရင့်မာလာစေရန်အတွက် နည်းပေး၊ လမ်းညွှန်ခဲ့သည့် ပုဂ္ဂိုလ်များက ရှိ၏။ တဦးက ….. ဦးအုန်းဖြစ်သည်။ ဦးအုန်းက တက္ကသိုလ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဘက် … ဖဆပလအတွင်း၌လည်း တွဲ၍လုပ်ကိုင်ခဲ့ဖူးသည့် လုပ်ဖော်ကိုင်ဖက်တဦး..။ နောင်တွင်မူ …. သတင်းစာဆရာ၊ ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး….။ ဦးအုန်းက ဒေါ်အောင်ဆန်းစုကြည်အား ဖတ်သင့်ဖတ်ထိုက်သည့် စာအုပ်များအား ညွှန်း၏။

ဦးအုန်းကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်အား စာအုပ်လမ်းညွှန်များပေးခဲ့သူ နောက်တဦးကား …. အိုးဝေဦးညိုမြ ဖြစ်သည်။ ဦးညိုမြက ဒေါ်အောင်ဆန်းစုကြည်အား “ဟားဗက်ဂန္တဝင်” (Harvard Classics) စာအုပ်တွဲ တစုံလုံးအား လက်ဆောင်ပေး၏။ ဒေါ်အောင်ဆန်းစုကြည် နှစ်သက်သည့် စာအုပ်များစာရင်းတွင် “ဟားဗတ်ဂန္တဝင်” စာအုပ်တွဲလည်း ပါ၏။ မကြာခဏ ပြန်ပြန်ဖတ်သည်။ နယူးဒေလီသို့ ဒေါ်အောင်ဆန်းစုကြည် သယ်ယူသွားမည့် ပစ္စည်းအများစုက စာအုပ်များ ဖြစ်သည်။

နယူးဒေလီတွင် ဒေါ်အောင်ဆန်းစုကြည်တို့ နေရသည့်အိမ်က …. အက္ကဘာလမ်း (Akbar Road) တွင် ရှိသည်။ အိမ်နံပါတ်က ၂၄ ဖြစ်သည်။ ခြံက ကျယ်ဝန်း၏။ ပန်းပင်များနှင့် ဥယျာဉ်ကြီးတခုအလား ….။ အိမ်မှာလည်း ကြီးမားခန့်ငြား တင့်တယ်လွန်းလှ၏။ ဒေလီရှိ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်လမ်းထိပ်တွင် သပြေပင်များရှိသည်။ သပြေသီး သီးချိန်၌ ခရမ်းရောင်ရင့်ရင့် ရှည်မျောမျော သပြေသီးတို့က လမ်းဘေးတွင် ပြောင်ပြောင်လက်လက်နှင့် ဖွေးနေသည်။ သပြေသီးအား ဒေလီတွင်က “ဇမ္ဖု” ဟု ခေါ်ကြသည်။ သပြေပင်များအကြား ဖြတ်လျှောက်သွားမိသည့် အချိန်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကဗျာဆရာကြီး မင်းသုဝဏ်၏ ကဗျာတိုလေးအား သတိရမိ၏။

“ဝါဆို ….. ဝါခေါင်

ရေတွေကြီးလို့ …..

သပြေသီးမှည့် ကောက်စို့ကွယ် …..”


(၁ဝ)


နယူးဒေလီ၌ ဒေါ်အောင်ဆန်းစုကြည်သည် “ဂျိုးဇက်နှင့် မေရီ ကွန်ဗင့်ကျောင်း” (Convent of Jesus and Mary) တွင် ပညာဆက်သင်ရသည်။ ကျစ်ဆံမြီး တုတ်တုတ်ရှည်ရှည်ကြီးနှင့် ၁၅ နှစ်သမီးအရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းသစ်၊ အတန်းသစ်၊ မိတ်ဆွေအသစ်များအကြား၌ ထူးဆန်းနေသည်။ “ဂျိုးဇက်နှင့် မေရီ ကွန်ဗင့်ကျောင်း” တွင် တနှစ်ခန့် ပညာသင်ပြီးသည့်နောက် …. ဒေါ်အောင်ဆန်းစုကြည်သည် ဒေလီတက္ကသိုလ်၊ လေဒီရှယ်ရီရမ် ကောလိပ် (Lady Shri Ram College) သို့ ဝင်ခွင့်ရ၏။

၁၉၆၂ ခုနှစ် ……။

လေဒီရှယ်ရီရမ် ကောလိပ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသိပံ္ပဘာသာရပ်အား အဓိကဘာသာအဖြစ် ယူခဲ့၏။ ဒေလီတက္ကသိုလ်တွင် တတ်ရောက်နေစဉ် … ရန်ကုန်မှ စိတ်မချမ်းမြေ့ဖွယ် သတင်းများအား ဆက်တိုက်ဆိုသလိုပင် ကြားနေရ၏။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်းဦးဆောင်သည့် စစ်တပ်က တိုင်းပြည်အာဏာအား သိမ်းယူလိုက်၏။ ၆၂ ခုနှစ် အာဏာသိမ်းပွဲက ၅၈ ကဲ့သို့ ကတ္တီပါအာဏာသိမ်းပွဲမျိုး မဟုတ်….။ ပစ်ခတ်မှု ပါ၏။ သမ္မတ၏ အိမ်တော်အား ဝင်ရောက်စီးနင်ရာတွင် ပစ်ခတ်ဝင်ရောက်၏။ သမ္မတ စပ်ရွှေသိုက်၏ သားတဦး သေဆုံးခဲ့ရ၏။ သွေးနှင့်စသော ခရီးအစ…..။ မြန်မာပြည်က အမှောင်နက်နက်အတွင်းသို့ တိုးဝင်ကာ သွားနေလေပြီဟု ဒေါ်အောင်ဆန်းစုကြည် တွေးထင်မိခဲ့၏။

ဒေါ်အောင်ဆန်းစုကြည် ဒေလီတက္ကသိုလ်တွင် ကျောင်းတက်နေစဉ်အတွင်း ဗိုလ်နေဝင်း၏ အာဏာသိမ်း တပ်မတော်အဖွဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတို့က ဆန့်ကျင်ဆန္ဒပြကြသည့် သတင်းများ ကြားရ၏။ စိုးရိမ်ထိတ်လန့်စွာနှင့်ပင် နားစွင့်နေမိသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ တောင်းဆိုချက်ကိုမူ ဒေါ်အောင်ဆန်းစုကြည် သဘောတူ၏။ ကျောင်းသားတို့၏ ရပ်တည်ချက်နှင့် ရဲဝံ့မှုအား သဘောကျနှစ်သက်၏။ မိမိသည်လည်း ဒေလီတက္ကသိုလ်၌ ပညာသင်နေသည့် ကောလိပ်ကျောင်းသူတဦး….။ “ကျောင်းသား” ဟူသော “သွေး” က “ဝေး” သော်လည်း “နီး” စေ၏။ ရင်ခုန်သံချင်းက …. “ဟာမီုနီ” ဖြစ်၏။ ဤသို့ပင် ….. ဒေါ်အောင်ဆန်းစုကြည် ခံစားမိ၏။ ပြီးလျှင် ….. မိမိကိုယ်တိုင်က “အရပ်ဖက် အုပ်ချုပ်ရေးတွင် တပ်မတော်မှ လက်နက်နှင့် ပါဝင်ပတ်သတ်သည်ကို မနှစ်သက်…..။ စစ်တပ်အာဏာသိမ်းမှုအား နင့်နင့်သည်းသည်း ဆန့်ကျင်၏။”

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် …..။

မိခင်မှတဆင့် ရန်ကုန်၏ သတင်းဆိုးကြီးအား ကြားရ၏။

“ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံကြီးကို ဗိုလ်နေဝင်းက ယမ်းဘီးလူးနဲ့ ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီ……”

ဒေါ်ခင်ကြည်၏ စကားသံက …. တိုး၍ တိမ်ဝင်သွား၏။ စကားလုံးတို့က လည်ချောင်းအတွင်း တစ်ခံနေသည့် အလား….။ ပြီးမှ …. ဒေါ်ခင်ကြည်၏ လည်ချောင်းဝမှ စကားလုံးတို့သည် ထစ်ထစ်ငေါ့ငေါ့နှင့် အားယူ၍ ထွက်လာသည်။

“အထဲမှာရှိနေတဲ့ …. ကျောင်းသားတွေအားလုံးလည်း ….. ကျဆုံးကုန်ကြတယ်……”

“အို …”

ဒေါ်အောင်ဆန်းစုကြည် တကိုယ်လုံး တောင့်တင်းသွား၏။ တဒင်္ဂအတွင်း သွေးတို့ လှည့်လည်မှု ရပ်တန့်ပြီး အေးခဲသွားသည့် အလား…..။

နာကြည်းမှု….. ကြေကွဲမှု….. အံ့သြမှု….. ထိတ်လန့်မှု….. ဝမ်းနည်းမှု…. ဒေါသ…။ ဤခံစားမှုဝေဒနာတို့က တဒင်္ဂအတွင်း တပြိုင်တည်း စုပြုံ၍ ဖြစ်ပေါ်ခဲ့သည်လား……။ ဒါမှမဟုတ်….. တခုပြီးတခု …. ပဉ္စလက်ဆန်စွာနှင့် ဖြစ်ပေါ်ခံစားခဲ့ရသည်လား…..။ ဒေါ်အောင်ဆန်းစုကြည် မဝေခွဲတတ်……။ ခဏငယ်ပေါင်းများစွာအား လွန်သော် …. အသိတရားသည် ခန္ဓာနှင့် ပြန်၍ကပ်မိ၏။ ဤတွင်မှ …. သတိထားမိသည်မှာ …. မောပမ်းမှုကြီးစွာနှင့် အသက်ရှူနေရခြင်း…..။ ရင်ထဲတွင် မောနေ၏။ အမောက ….. ဖော်ပြ၍ မတတ်စွမ်းသာ။ တကိုယ်လုံး နုံးချိနေသည်။

မိခင်ဒေါ်ခင်ကြည်သည်လည်း မိမိကဲ့သို့ပင် ဖြစ်၍နေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ထင်မိ၏။ ဗိုလ်နေဝင်းက ဖေဖေ ထူထောင်ခဲ့သည့် တပ်မတော်အား ပထမဖျက်ဆီး၏။ ပြီးလျှင်…. မြန်မာ့လွတ်လပ်ရေးအတွက် ဖေဖေတို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည့် ကျောင်းသားသမဂ္ဂအား ဖြိုဖျက်ပြန်သည်။ ဗိုလ်နေဝင်းသည် ဖေဖေလက်နှင့် လုပ်ခဲ့သမျှအား ခြေနှင့်လိုက်၍ ဖျက်နေလေ၏။ ဤသို့ပင်…. ဒေါ်အောင်ဆန်းစုကြည် မြင်မိ၏။ ဤ အမြင်အား အကိုဖြစ်သူ ကိုအောင်ဆန်းဦးအား ပြောပြလျှင်…. သူ မည်သို့ဆိုလေမည်နည်း။ အကိုဖြစ်သူ ကိုအောင်ဆန်းဦးက ကိစ္စအတော်များများတွင် သူနှင့် အမြင်မတူ…..။ တခုခုဆိုလျှင် ….. ကိုအောင်ဆန်းဦးက တဖက်…..။ သူတို့ သားအမိက တဖက် ….အမြဲပင် အမြင်မတူကြ….။


(၁၁)


အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်နှင့် နယူးဒေလီသို့ ဒေါ်ခင်ကြည် တာဝန်ကျသည့်အချိန်တွင် “နေရူး” သည် အိန္ဒိယတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။ ပန်ဒစ်နေရူးက သခင်အောင်ဆန်းအား….လေးစား၏။ တူသားညီနောင်သဖွယ်လည်း ချစ်ခင်၏။ ငယ်ရွယ်ပျိုမြစ်သည့် သခင်အောင်ဆန်းအား အရှေ့အာရှအတွက်ပါ မျှော်လင့်ပြီး အားထားခဲ့၏။ မျှော်မှန်းခဲ့၏။ ဤအတွက်ပင်….. သခင်အောင်ဆန်း၏ ဇနီးနှင့် မိသားစု ဒေလီသို့ ရောက်လာသည့်အခါတွင် ပန်ဒစ်နေရူးက ဒေါ်ခင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်၌ ဂရုစိုက်၊ အလေးထား ဆက်ဆံခြင်းဖြစ်မည်။

ကျောင်းအားရက်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် “အက္ကဘာ”လမ်း နေအိမ်မှာပင် “ပီယာနို” သင်၏။ ဂျပန်ပန်းအလှပြင်နည်းကိုလည်း သင်ရ၏။ မိခင်ဖြစ်သူက စီစဉ်ပေးခြင်းဖြစ်သည်။ ဒေါ်ခင်ကြည်က သမီးဖြစ်သူအား ဂီတ၊ အလှ၊ အနုပညာတွင်လည်း ခံစားသက်ဝင်စေလိုဟန် တူ၏။

ဒေါ်အောင်ဆန်းစုကြည်က ငယ်စဉ်ကပင်…. စနစ်တကျ လေ့ကျင့်ပျိုးထောင်မှုအောက်၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ မိခင်ဒေါ်ခင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်အား ကြံ့ခိုင်၊ ဖြတ်လတ်စေရန်လည်း မြင်းစီးအတတ်အား သင်စေပြန်သည်။ ဒေါ်အောင်ဆန်းစုကြည် မြင်းစီးလေ့ကျင့်သင်ကြားရသည့် မြင်ကွင်းက…. အိန္ဒိယနိုင်ငံသမ္မတကြီး၏ ကိုယ်ရံတော်တပ်ဖွဲ့ မြင်းစီးလေ့ကျင့်ရာ မြင်းကွင်းဖြစ်သည်။ ထိုမြင်းကွင်း၌ပင် ပန်ဒစ်နေရူး၏ မြေးများဖြစ်သည့် ရာဂျစ်ဂန္ဒီ၊ ဆန်ဂျေးဂန္ဒီတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် မြင်းစီးလေ့ကျင့်ခဲ့၏။

ဒေလီ၏ ဆင်ခြေဖုံးဘက်တွင် “မေရော်လီ” (Mehrauli) အမည်ရှိ ရပ်ကွက်တခု ရှိသည်။ ထိုရပ်ကွက်တွင် “အသောက ဝိဟာရ” အမည်ရှိ ဗုဒ္ဒသာသနိက အဆောက်အအုံတခု ရှိ၏။ “အသောက ဝိဟာရ” က ပြုပြင်ထိန်းသိမ်းသူ မရှိသဖြင့် ယိုယွင်းပျက်စီးနေ၏။ ဒေါ်ခင်ကြည်သည် ဗုဒ္ဒဘာသာကိုးကွယ်သည့် သံတမန်တို့၏ ပံ့ပိုးကူညီမှုအား ရယူ၍ “အာသောက ဝိဟာရ” အား ပြုပြင်ထိန်းသိမ်းခဲ့သည်။ နောင်တွင်….. “အာသောကဝိဟာရ” က ဒေလီရှိ ဗုဒ္ဒဘာသာဝင်တို့၏ ဗုဒ္ဒဘာသာပွဲတော်ကြီးများ ကျင်းပရာ…. ဝတ်ပြုရာ…..။ ကမ္မဌာန်းဘာဝနာ တရားစီးဖြန်းရာ….. သာသနိကအဆောက်အအုံကြီးတခု ဖြစ်လာခဲ့၏။ မိခင်ကြီး၏ ဘာသာရေးရာဆောင်ရွက်မှု အဝဝတွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အတူတွဲ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ပင်….။


(၁၂)


၁၉၆၃ ခုနှစ်တွင် ဒေလီတက္ကသိုလ် (Lady Shri Ram College) မှ နိုင်ငံရေးသိပ္ပံအဓိကနှင့် ဒေါ်အောင်ဆန်းစုကြည် ကျောင်းပြီးခဲ့၏။ ထိုစဉ်က….. ဒေါ်အောင်ဆန်းစုကြည်၏ အသက်မှာ ….. ၁၈ နှစ်စွန်းရုံမျှသာ ရှိသေး၏။ ပညာရေးအား ဆက်လက်သင်ကြားရန်အတွက် နည်းလမ်းရှာကြ၏။ ထိုစဉ်က….. အကိုဖြစ်သူ ကိုအောင်ဆန်းဦးသည် အင်္ဂလန်တွင် ကျောင်းတက်နေ၏။ ဒေါ်ခင်ကြည်က သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အင်္ဂလန်တွင်ပင် ပညာဆက်၍ သင်နိုင်ရန် စီစဉ်၏။

ဗြိတိန်နိုင်ငံသား လော(ဒ်)ဂိုးဘု(သ်) (Lord Gore Booth)နှင့် ဇနီးဖြစ်သူ ပက်တြိရှာ (Patricia) တို့က …. ဒေါ်ခင်ကြည်၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ ရန်ကုန်တွင် နေစဉ်ကတည်းက ဒေါ်ခင်ကြည်နှင့် သိကျွမ်းခင်မင်ခဲ့သည့် မိတ်ဆွေများ ဖြစ်သည်။ ထိုစဉ်က …. လော့(ဒ်)ဂိုးဘု(သ်)သည် ရန်ကုန်တွင် ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်နှင့် ရောက်ရှိနေခဲ့၏။ ယခု….. ဒေလီတွင် လော့(ဒ်)ဂိုးဘု(သ်) ဇနီးမောင်နှံနှင့် ဒေါ်ခင်ကြည်တို့ ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်သည်။ လော့(ဒ်)ဂိုးဘု(သ်)က ဒေလီသို့ ဗြိတိသျှမဟာမင်းကြီး တာဝန်နှင့် ရောက်လာခြင်း ဖြစ်သည်။ မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့မှုကား ……. ချစ်ကြည်ရင်းနှီးမှုအား တိုး၍ …..ခိုင်မြဲစေ၏။

၁၉၆၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်၊ ဟူးချိကောလိပ်၌ ဒေါ်အောင်ဆန်းစုကြည် ကျောင်းဝင်ခွင့် ရ၏။ အောက်စဖို့၌ ပညာသင်စဉ် တလျှောက်လုံး လော့(ဒ်)ဂိုးဘု(သ်) နှင့် ပက်တြိရှာသည် မိသားစုအရင်းအခြာကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်အား စောင့်ရှောက်၏။ ပက်တြိရှာတို့၏ အိမ်သည် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုအိမ်ကဲ့သို့….။ ဒေါ်အောင်ဆန်းစုကြည်က..ပက်တြိရှာတို့၏ မိသားစုဝင် သမီးတစ်ဦးကဲ့သို့…..။ လော့(ဒ်)ဂိုးဘု(သ်)နှင့် ပက်တြိရှာတို့တွင် သား ၂ ဦးနှင့် သမီး၂ ဦး ရှိ၏။ သူတို့နှင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မောင်နှမရင်းခြာများသဖွယ်….ရင်းနှီးနွေးထွေးခဲ့ကြ၏။ ဤအိမ်မှပင် ….ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ရှိ နိုင်ငံရေးသမားကြီးများ၊ တော်ဝင်အစိုးရ အမှုထမ်းကြီးများနှင့် သိကျွမ်းခွင့် ရခဲ့၏။


(၁၃)


အောက်စဖို့တက္ကသိုလ်တွင် တက်နေစဉ်အတွင်း နွေရာသီကျောင်းပိတ်ရက်များ၌ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ရှိရာ နယူးဒေလီသို့ နှစ်စဉ်ပြန်မြဲ…..။ တနှစ်တွင်မူ ….ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ရှိရာ ဒေလီသို့ မပြန်ဘဲ …. မိခင်ထံတွင် ခွင့်တောင်းပြီး ဒေါ်သန်းအေးရှိရာ အယ်(လ်)ဂျီးရီးယားနိုင်ငံသို့ သွားရောက်၏။ ဒေါ်သန်းအေးအား ရင်းနှီးသူများက “ဒိုရာသန်းအေး” ဟုသာ ခေါ်ကြ၏။ အများကမူ ….“လှေကလေး” သီချင်းနှင့်အတူတွဲ၍ အဆိုတော် “ဘိလပ်ပြန်သန်း” ဟု သိကြ၏။ ဒေါ်သန်းအေးက …. ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးလှသည့် မိန်းခလေးမိတ်ဆွေများထဲမှ ရှားရှားပါးပါး မိတ်ဆွေတဦး…။

၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဆွေးနွေးရန် ဗိုလ်ချုပ်တို့ လန်ဒန်သို့ သွားစဉ်က …. ဒိုရာသန်းအေးသည် လန်ဒန်တွင် ရှိနေ၏။ လန်ဒန်ဆွေးနွေးပွဲက တလမျှ ကြာ၏။ ထိုကာလများတွင် ဒိုရာသန်းအေးသည် ဗိုလ်ချုပ်တို့အား အစစအရာရာ ကူညီခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ဒေလီတွင်ရှိစဉ် ဒိုရာသန်းအေးသည် ကုလသမဂ္ဂ ပြန်ကြားရေးဌာန ဝန်ထမ်းအဖြစ်နှင့် နယူးဒေလီသို့ တာဝန်ကျ၏။ ဒေလီတွင် ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဒိုရာသန်းအေးတို့ ပိုမိုရင်းနှီးခဲ့၊ ခင်မင်ခဲ့ကြ၏။ ဒိုရာသန်းအေးက အိန္ဒိယမှ အယ်(လ်)ဂျီးရီးယားသို့ ကုလသမဂ္ဂ ဝန်ထမ်းတာဝန်နှင့်ပင် ရွှေ့ပြောင်းတာဝန်ထမ်းရ၏။ ဤတွင် …. ဒေါ်အောင်ဆန်းစုကြည်က မိခင်ထံ ခွင့်တောင်းပြီး ဒိုရာသန်းအေးနှင့် သွားနေခြင်းဖြစ်သည်။

၁၉၅၆ ခုနှစ် ဇွန်လတွင် ဗိုလ်မှူးကြီး ဟွာရီဘူမီဒီယန် (Houari Bou Medienne) က သမ္မတ အာမတ်ဘင်ဘဲလားအား ဖြုတ်ချပြီး အာဏာသိမ်း၏။ အယ်ဂျီးရီးယား အာဏာသိမ်းမှုက သွေးထွက်သံယိုမှု မရှိခဲ့….။ အယ်ဂျီးရီးယားက ၁၈၆၅ မှ စပြီး ပြင်သစ်၏ ကိုလိုနီဖြစ်ခဲ့၏။ ကိုလိုနီသက်ရှည်၏။ ၁၉၅၄ ခုနှစ်တွင် အယ်ဂျီးရီးယား အမျိုးသား လွတ်မြောက်ရေး တပ်ဦးက ပြင်သစ်ကိုလိုနီအစိုးရအား လက်နက်ကိုင်၍ တော်လှန်သည်။ ဖိနှိပ်သူနှင့် လွတ်မြောက်ရေးလှုပ်ရှားမှု ပဋိပက္ခက ကြီးမား၏။ နောက်ဆုံး ….. ပြင်သစ်သမ္မတ ဒီဂေါလက်ထက်တွင် “အေဗီယန်စာချုပ်” (Treaty of Evian) အား ချုပ်ဆိုပြီး အယ်ဂျီးရီးယား လွတ်လပ်ရေး ရခဲ့၏။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်…..။ လွတ်လပ်ရေး ရပြီးနောက်….. အယ်ဂျီးရီးယား အမျိုးသားခေါင်းဆောင် အာမက်ဘင်ဘဲလား (Ahmed Ben Bella) သမ္မတ ဖြစ်လာ၏။

၆၅ အာဏာသိမ်းမှုက လွတ်လပ်ပြီး ၃ နှစ်အကြာ ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှု ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် အယ်ဂျီးရီးယားသို့ ရောက်သည့်အချိန်၌ အာဏာသိမ်းမှုက ဖြစ်ပွားပြီးစ…..။ ရက်ပိုင်းမျှသာ ရှိဦးမည်။ မြို့တော် …. အယ်ဂျီးရီးယားက …. နာလန်ထစ မြို့တော်….။ ၈ နှစ်ကြာ လက်နက်ကိုင်တိုက်ပွဲများနှင့် ကြုံခဲ့ရသည့် မြို့တော် ….. အပျက်အဆီးများနှင့်….။ သံရုံးများ၊ ကုလသမဂ္ဂရုံးများက ယခုမှ အခြေပြုစ….။ အဆောက်အအုံ ရှားပါးမှုက အဓိက အခက်အခဲ ဖြစ်နေသည်။ ရေပေးဝေယူရေး၊ လျှပ်စစ်မီး ….. အားလုံးသည် အစမှ ပြန်စရမည့် အခြေ။ ကိုလိုနီ ပြင်သစ်အာဏာပိုင်တို့ ထွက်ခွာသွားခဲ့ကြပြီးနောက်…. ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား လုပ်ဆောင်ကြရန် စေတနာ့ဝန်ထမ်း လူငယ်များ အယ်ဂျီးရီးယားမြို့ပျက်ကြီးသို့ တဖွဲဖွဲဝင်လာနေကြ၏။

ဒေါ်အောင်ဆန်းစုကြည်သည် အယ်ဂျီးရီးယားတွင် ဖိတ်ကြားခံရသည့် ဧည့်ခံပွဲများထက်….. လမ်းပေါ်မှ အယ်ဂျီးရီးယား လူမျိုးများနှင့်တွေ့၍ အယ်ဂျီးရီးယားတွင် ဖြစ်ထွန်းနေသည့် အခြေအနေများအား မေးမြန်းလေ့လာရန်သာ စိတ်ထက်သန်လျက် ရှိသည်။ အယ်ဂျီးရီးယားတွင် NGO (အစိုးရမဟုတ်သောအဖွဲ့) တဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်သွယ်သည်။ ထို NGO က နှစ်ပေါင်းများစွာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ရသည့်ဒဏ်မှ လွတ်မြောက်ကာစ လူထုအား ကူညီထောက်ပံ့သည့် လုပ်ငန်းများ လုပ်ကိုင်သည့် အဖွဲ့ဖြစ်သည်။ လတ်တလောလုပ်ငန်းက ….. လွတ်လပ်ရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် တော်လှန်ရေးသမားများ၏ မိသားစုများအတွက် နေအိမ်အဆောက်အအုံများ ဆောက်လုပ်နေကြ၏။ စီမံကိန်းက ကြီး၏။ အယ်ဂျီးရီးယား လူမျိုးများအပြင် နိုင်ငံစုံမှ စေတနာ့ဝန်ထမ်း လူငယ်များလည်း ပါ၏။ ရုရှား၊ ပြင်သစ်၊ ဟော်လန်၊ လက်ဗနွန်၊ ဂျာမဏီမှ လူငယ်များ….။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုလုပ်ငန်းတွင် ဝင်၍ လုပ်အားပေး၏။ မြန်မာပြည်မှ တဦးတည်းသော စေတနာ့ဝန်ထမ်း….။ ရက်သတ္တပတ်ပေါင်းများစွာ လုပ်ခဲ့၏။ ပူပြင်းသော ရာသီဥတုအတွင်း ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း ဒေါ်အောင်ဆန်းစုကြည်….။ ကျောင်းများ ပြန်ဖွင့်မှပင် အယ်ဂျီးရီးယားမှ အောက်စဖို့သို့ ပြန်သွားခဲ့တော့၏။

(၁၄)


၁၉၆၇ ခုနှစ်တွင် အောက်စဖို့တက္ကသိုလ် ဟူးခ်ျကောလိပ်မှ ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ဖံ၊ စီးပွားရေး ဘောဂဗေဒ ဘာသာရပ်တို့နှင့် ဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့ ရရှိခဲ့၏။ ထိုစဉ်က…. ဒေါ်အောင်ဆန်းစုကြည် အသက်သည် ၂၂ နှစ် ရှိပြီ။ ဘွဲ့ရပြီးနောက်….. ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာန လက်အောက်ရှိ နိုင်ငံရေးသိပ္ပံဌာနတွင် သုတေသနလက်ထောက်အဖြစ် အလုပ်ဝင်၏။ သမိုင်းပါမောက္ခ ဟယူးတင်ကာ (Hugh Tinker) ၏ လက်ထောက်အဖြစ် ဝင်လုပ်ခြင်းဖြစ်၏။ ၂ နှစ်ခန့် လုပ်ပြီးနောက်….. သုတေသန လက်ထောက်အဖြစ်မှ ဒေါ်အောင်ဆန်းစုကြည် နုတ်ထွက်ခဲ့၏။ အလုပ်မှထွက်ပြီးနောက်….. အမေရိကန်ပြည်ထောင်စု နယူးယောက်သို့သွားရန် ဆုံးဖြတ်လိုက်၏။

နယူးယောက်တွင်က…. ဒိုရာသန်းအေး ရှိ၏။ ဒိုရာသန်းအေးက အယ်ဂျီးရီးယားတွင် ကုလသမဂ္ဂပြန်ကြားရေး အရာရှိအဖြစ် ၄ နှစ်ခန့် တာဝန်ထမ်းခဲ့ပြီးနောက်….. နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်သို့ ပြန်ရောက်နေသည်။ မိခင်ဒေါ်ခင်ကြည်မှာလည်း အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးရာထူးမှ အငြိမ်းစားယူခဲ့ပြီး ရန်ကုန်ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြန်ရောက်နေပြီ။ ရန်ကုန်သို့ ပြန်ပြီး တော်လှန်ရေးကောင်စီ လက်အောက်၌ ဒေါ်အောင်ဆန်းစုကြည် ပြန်၍မနေလို…။ သူ့အတွက် အလုပ်လည်းရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည် မထင်မှတ်….။ ပြီးလျှင် …. ဗိုလ်နေဝင်းမှလည်း ဗိုလ်ချုပ်၏ မျိုးဆက်အား မြန်မာပြည်အတွင်း၌ နေထိုင်အခြေချစေလိုဟန် မရှိ…..။ ဤအတွက်ပင် ….. နယူးယောက်သို့သွားရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

နယူးယောက်သို့ ရောက်ပြီးနောက် …. ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုးံဖြတ်ရသည်မှာ …. နယူးယောက် တက္ကသိုလ်တွင် ဘွဲ့လွန်ဆက်၍ တက်မည်လား…။ ကုလသမဂ္ဂဌာနချုပ်တွင် အလုပ်ဝင်မည်လား….။ နယူးယောက် တက္ကသိုလ်တွင် ဘွဲ့လွန်ဆက်တက်နိုင်ရေးအတွက်က …. နယူးယောက်တက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာရေးရာ ပါမောက္ခအဖြစ် ဆောင်ရွက်နေသည့် ပါမောက္ခ ဖရင့်ထရေဂါ (Dr Frank Trager) က ကူညီပေးနိုင်၏။ ပြဿနာက နေ့စဉ်ကျောင်းသို့ သွားလားရေးအခက်အခဲ ဖြစ်သည်။ ဒိုရာသန်းအေးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေထိုင်သည့် “မန်ဟတ်တင်” (Midtown Manhatten) က မြို့လယ်တွင် ရှိ၏။ “မန်ဟတ်တင်” မှ နယူးယောက်တက္ကသိုလ်သို့ ဘတ်(စ်)ကားနှင့် သွားရမည်။ ခရီးက ဝေး၏။ ကားမူးတတ်သည့် ဒေါ်အောင်ဆန်းစုကြည်အဖို့ အခက်တွေ့နေ၏။ ပြီးလျှင် …. ဘတ်(စ်)ကားမှတ်တိုင်မှတဆင့် နယူးယောက်တက္ကသိုလ်သို့ လမ်းလျှောက်၍ ဆက်သွားရမည်။ ပန်းခြံတခုအား ဖြတ်ရမည်။ ထိုပန်းခြံတွင်က ….. လမ်းသရဲလူကြမ်းများ ကျက်စား၏။ ထိုခရီးက ….တနေ့တရက် ခရီးမဟုတ်…။ တခါတရံ ခရီးမဟုတ်….။ နေ့စဉ် အချိန်မှန်သွားရမည့် ခရီးဖြစ်သည်။ မလွယ်…..။ နောက်ဆုံး …. ဘွဲ့လွန်သင်တန်း ဆက်တက်ရေးအား လောလောဆယ်ဆယ်တွင် ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်၏။ ပြီးနောက်….ကုလသမဂ္ဂတွင် အလုပ်ဝင်လျှောက်၏။ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရုံး အုပ်ချုပ်ရေးနှင့် ဘဏ္ဍရေးဆိုင်ရာ အကြံပေးကော်မီတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်နှင့် အလုပ်ဝင်ရ၏။

ကုလသမဂ္ဂ ဝန်ထမ်းများက ညနေရုံးဆင်းပြီး အချိန်များနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပရဟိတလုပ်ငန်းများတွင် လုပ်အားပေးကြရ၏။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် “မန်ဟတ်တင်” နေအိမ်အနီးတွင် ဘဲ(လ်)ဗယူး (Belleview) အမည်ရှိ ဆေးရုံတရုံ ရှိ၏။ ဆေးရုံက နယူးယောက်ဆေးရုံကြီး၏ အခွဲတခုဟု ဆိုရမည်။ ဆေးရုံရှိ လူနာများက ….. အမေရိကန်ရှိ ဆင်းရဲမွဲတေဆုံးလူနာများ….။ ကင်ဆာကဲ့သို့ ကုသ၍ မပျောက်ကင်းနိုင်တော့သည့် ဝေဒနာသည်များ၊ ခိုကိုးရာမဲ့များနှင့် ဘဝအား ရင်မဆိုင်နိုင်တော့သည့် လူမမာများဖြစ်၏။ ထိုဆေးရုံတွင် ဒေါ်အောင်ဆန်းစုကြည်သည် အပတ်တိုင်း အားလပ်ရက်များတွင် နာရီပေါင်းများစွာ သွားရောက်၍ လူနာများအား ပြုစု၏။ ပြုစုသည်ဆိုရာ၌ လူမမာများအား စိတ်ပိုင်းဆိုင်ရာ ဖေးမပေးခြင်း….။ သူတို့အားစာဖတ်ပြခြင်း၊ သူတို့၏ အခက်အခဲများအား စာနာမှုပေးခြင်းတို့ ဖြစ်၏။


(၁၅)


ကုလသမဂ္ဂဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် အလုပ်ဝင်နေသည့်အချိန်၌ ကုလ အထွေထွေအတွင်းရေးမှူးချုပ်က ဦးသန့် ဖြစ်သည်။ ဦးသန့်၏ နေအိမ်က “ရီးဗားဒေး(လ်)” (Riverdale)တွင် ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်တို့၏ နေအိမ်နှင့်မူ ကားနှင့် တနာရီခန့် သွားရမည်။ “ရီးဗားဒေး(လ်)တွင်ပင် ….. တော်လှန်ရေးကောင်စီ၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးစိုးတင်၏ နေအိမ်လည်း ရှိ၏။ ဦးစိုးတင်က အမေရိကန်ရှိ မြန်မာများအား “သိုးများ၊ ဆိတ်များ” ဟူ၍ မခွဲခြား….။ အားလုံးအား တန်းတူပင် ဆက်ဆံ၏။ “သိုးများ၊ ဆိတ်များ” ဟူသည်က ….. ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီအား ထောက်ခံပြီး တော်လှန်ရေးကောင်စီ၏ အောက်တွင် ငြိမ်ဝပ်နေသူများအား “သိုးများ” ဟု ခေါ်ပြီး၊ တော်လှန်ရေးကောင်စီအား ဆန့်ကျင်ဝေဖန်သူများကိုမူ ….ဆိတ်များဟု ခေါ်ကြ၏။

ဦးစိုးတင်၏ အိမ်တွင်က …..သိုးများဖြစ်ဖြစ်၊ ဆိတ်များဖြစ်ဖြစ် ဝင်ထွက်၍ ပွင့်ပွင့်လင်းလင်း ငြင်းခုန်၍ ရ၏။ အခြေအတင် ဆွေးနွေး၍ ရ၏။ တခါတရံတွင် ပြင်းပြင်းထန်ထန်အထိ ဖြစ်၏။ သို့သော်…. ပြဿနာမရှိ။ ဗွေမယူ…..။ အခင်အမင်မပျက်ကြ……။ ဦးစိုးတင်က တော်လှန်ရေးကော်စီနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်ချက်များက “ရဲလွန်း” သည်ဟု ဆိုသည့်အခါများတွင်၊ ဒေါ်အောင်ဆန်းစုကြည်က…

“ယုံကြည်ချက်အရ သတ္တိရှိရုံမက …. အဆက်အနွယ်အရလည်း သတ္တိရှိတာကိုး” ဟု နောက်ပြောင်ပြီး ပြန်ပြောလေ့ရှိ၏။


(၁၆)


၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးသည့်နောက်တွင် ဗိုလ်နေဝင်းသည် စစ်ဗိုလ် ၁၇ ဦးနှင့် တော်လှန်ရေးကောင်စီအား ဖွဲ့၏။ တော်လှန်ရေးကောင်စီဝင်များ အတွင်းမှ သူ့အား ခြေရာတိုင်းလာမည့်သူ…..။ သူ့အား ဆန့်ကျင်ရန် အလားအလာရှိသည့် သူများအား ဗိုလ်နေဝင်းသည် တယောက်ပြီးတယောက် ဖယ်ရှားပစ်ခဲ့၏။ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးကြည်မောင်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးတင်ယုဆိုင် …. စသဖြင့် တယောက်ပြီးတယောက် ဖြုတ်၊ ထုတ်ပစ်ခဲ့၏။ နောက်ဆုံး ဖြုတ်ထုတ်ပစ်ခြင်းခံရသည်က ….. ဗိုလ်မှူးချုပ်တင်ဖေဟု ဆိုရမည်။ ဖြုတ်၊ ထုတ်ပစ်ခဲ့သည့် တော်လှန်ရေး ကောင်စီဝင်များ၏ နေရာများတွင် ….ဗိုလ်မှူးကြီးလွန်းတင်၊ ဗိုလ်မှူးကြီးသောင်းဒန်(လေ)၊ ဗိုလ်မှူးကြီးမောင်လွင်၊ ဗိုလ်မှူးကြီး တင်ဦး….. စသည့်တပ်မှူးများနှင့် အစားထိုး၏။ တစ်ဖက်တွင်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ)အား “အမြုတေပါတီမှ ပြည်သူ့ပါတီသို့” ဟူ၍ ကြွေးကြော်သံအား အော်ဟစ်ရင်း ကူးပြောင်းနိုင်ရန် လုံ့လထုတ်၍ နေသည်။ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းမှသည်….. မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းသို့….။

၁၉၇၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မ.ဆ.လ ပါတီ၏ ပထမဆုံးအကြိမ် ပါတီညီလာခံအား ကျင်းပ၏။ မ.ဆ.လ ညီလာခံက စီးပွားရေးစီမံကိန်းများအား ချ၏။ နှစ်တို….နှစ်ရှည် စီမံကိန်းများ ဖြစ်သည်။ ထိုထိုသော စီမံကိန်းများအား ဗိုလ်မှူးကြီးမောင်လွင်က တာဝန်ယူဆောင်ရွက်ရ၏။ ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် “နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် (မူကြမ်း) ရေးဆွဲရေးကော်မရှင်” ကို ဖွဲ့စည်း၏။ ဗိုလ်မှူးချုပ်စန်းယုအား ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြန်သည်။ စစ်ဗိုလ်ကြီးများ ဘောင်းဘီချွတ်ချရန် တဖြည်းဖြည်း ပြင်ဆင်နေကြ၏။ ဗိုလ်မှူးကြီးမောင်လွင်သည် ကုလ အထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့အား ခေါင်းဆောင်၍ နယူးယောက်တွင် ရောက်ရှိနေသည်။ နယူးယောက်ရှိ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးစိုးတင်၏ နေအိမ်က နှစ်စဉ် …. စက်တင်ဘာလမှ ဒီဇင်ဘာလလယ် ရက်များတွင် ဧည့်ခံပွဲများနှင့် လူစည်မြဲဖြစ်သည်။ ထိုရက်များက …. ကုလသမဂ္ဂ၏ အထွေထွေညီလာခံကြီးအား ကျင်းပသည့် ရက်များဖြစ်၍ …. မြန်မာပြည်မှ အထွေထွေညီလာခံသို့ လာရောက်၍ တက်ရောက်ကြသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် စည်ကား၍ နေတတ်သည်။

တနေ့…. ။

ဦးစိုးတင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုရာသန်းအေးတို့အား သူ၏အိမ်သို့ ထမင်းစားကြွရန် ဖိတ်၏။ ထိုစဉ်က…. နယူးယောက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးအား ကျင်းပနေစဉ်ကာလ ဖြစ်သည်။ ဗိုလ်မှူးကြီးမောင်လွင်တို့ အဖွဲ့ရောက်နေကြောင်းလည်း သိရ၏။ မြန်မာကိုယ်စားလှယ်အဖွဲ့က တွေ့လိုကြောင်းလည်း ဦးစိုးတင်က ပြော၏။

တခုခုတော့….တခုခုပဲဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုရာသန်းအေးတို့ စိတ်မှ တွေးထင်ထားလိုက်၏။

ဦးစိုးတင်၏ နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုရာသန်းအေးတို့ နေ့လည်ခင်းအချိန်ခန့်တွင် ရောက်သွားကြ၏။ ပန်းများ၊ ရွက်လှပင်များ…။ အနက်နှင့် ရွှေအိုရောင် မြန်မာ့ယွန်းထည်များနှင့် အမြဲတမ်း ကိုယ်စားလှယ်သံတမန်ကြီး၏ အိမ်ဧည့်ခန်းသည် ခန့်ငြား၍ နေသည်။ လေးထောင့်စပ်စပ် ဧည့်ခန်းအတွင်း …. အထွေထွေညီလာခံကြီးသို့ တက်ရောက်ရန် ရောက်နေကြသည့် မြန်မာသံအမတ်ကြီးများအား တွေ့ရ၏။ ဒေါ်အောင်ဆန်းစုကြည်အား အခန်းတဖက်စွန်းရှိ ထိုင်ခုံပေါ်တွင် နေရာချပေး၏။ ဒေါ်အောင်ဆန်းစုကြည်၏ တဖက်စွန်းတွင်က…. ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် … ဗိုလ်မှူးကြီးမောင်လွင်….။ ဗိုလ်မှူးကြီးမောင်လွင်နှင့် ဒေါ်အောင်ဆန်းစုကြည်က မျက်နှာချင်းဆိုင်….၊ ဆိုင်လျက် အနေအထား….။

အိမ်ရှင်ဦးစိုးတင်သည် ယဉ်ကျေးစွာ ပြုံးရင်း ဧည့်ခံနေရသော်လည်း…. ကြိုတင်သိရှိပြီးသည့် အရေးကြောင့် အနေခက်သည့်ဟန် ပေါက်နေသည်။ အခင်းအကျင်းက…. မြန်မာအာဏာပိုင် သံတမန်ကြီးများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တစုံတခုသော စီရင်ချက်အား ချမှတ်ရန်စိုင်းပြင်းနေသည်ဟု ထင်မှတ်စရာ….။

ဘယ်လိုစီရင်ချက်မျိုးလဲ….။ တွေးမရ…..။ ဒေါ်အောင်ဆန်းစုကြည်ကမူ သူ၏ ဆိုဖာထိုင်ခုံပေါ်၌ သက်တောင့်သက်သာပင် ထိုင်နေ၏။

အလ္လာပ၊သလ္လာပ ....စကားများက ခဏပင်….။ အရေးတော်ပုံအား စ၏။ ဗိုလ်မှူးကြီးမောင်လွင်က ဒေါ်အောင်ဆန်းစုကြည်အား…..

“မည်သည့် နိုင်ငံကူးလက်မှတ်အား ကိုင်ဆောင်ထားပါသနည်း….” ဟူ၍ စ…စချင်းမေး၏။ ပြီးလျှင် … “မိခင်ဒေါ်ခင်ကြည်သည် သံအမတ်ကြီးတဦး မဟုတ်တော့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သံတမန်ဆိုင်ရာ နိုင်ငံကူးလက်မှတ်အား ပြန်အပ်ရမည်” ဟု ဆိုသည်။ “ယခုအထိ ပြန်မအပ်ရသေးသည်မှာ မှန်ပါသလား….” ဟူ၍ တရားသူကြီးတဦး၏ လေသံနှင့် တရားခံ မေး….မေးနေပြန်သည်။

“သံတမန်များဆိုင်ရာ နိုင်ငံကူးလက်မှတ်အား ဆက်ပြီးကိုင်ထားခြင်းမှာ ဥပဒေနှင့်မညီ …. နည်းလမ်းမကျသည့် ကိစ္စဖြစ်သဖြင့် အမြန်ပြန်အပ်ရန် လိုသည်” ဟု ပြောရင်း စကားအား အဆုံးသတ်လိုက်၏။

ဧည့်ခန်းဆောင်အတွင်း အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဒေါ်အောင်ဆန်းစုကြည်က…. တည်တည်ငြိမ်ငြိမ်ပင်….။ အားလုံးက ဒေါ်အောင်ဆန်းစုကြည်အား အာရုံစိုက်နေကြ၏။ မည်သို့ပြန်ပြောမည်နည်း….။ ဒေါ်အောင်ဆန်းစုကြည်က အေးဆေးတည်ငြိမ်သော လေသံနှင့် စကားစ၏။

“နိုင်ငံကူးလက်မှတ် အသစ်ရရန် … လန်ဒန်ရှိ မြန်မာသံရုံးတွင် လျှောက်ထားခဲ့သည်မှာ ကြာပါပြီ။ ယခုထိ သံရုံးမှ အကြောင်းမပြန်သေးပါ။ ….. မည်သည့်အတွက် ဤမျှ ကြန့်ကြာနေသည်ကို မသိရပါ။ ဤအတွက် နယူးယောက်သို့ လာခဲ့ရာတွင် ရှိလက်စ နိုင်ငံကူးလက်မှတ်ကိုပင် ကိုင်ဆောင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ကုလသမဂ္ဂတွင် အလုပ်ဝင်ရာတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြရန် နိုင်ငံကူးလက်မှတ်တခု လိုအပ်ပါတယ်။ လပေါင်းများစွာကပင် လန်ဒန်သံရုံးမှ ပေးပို့လာမည်ကို စောင့်နေခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်အသစ် ရရှိသည့်နှင့် အဟောင်းကို ဝမ်းသာစွာနဲ့ ပြန်ပြီး အပ်နှံပေးသွားပါမယ်။ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေထိုင်ရန်မှာ သံတမန်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ပဲဖြစ်ဖြစ်၊ ရိုးရိုးနိုင်ငံကူးလက်မှတ်ပဲဖြစ်ဖြစ် ….. တခုခုတော့ လိုအပ်ပါတယ်။ ဒါကိုလည်း ဒီမှာရှိကြသူ “အန်ကယ်” တို့ အားလုံး သိပြီးဖြစ်ပါလိမ့်မယ်….” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားအား ယဉ်ယဉ်ကျေးကျေးနှင့် အဆုံးသတ်လိုက်၏။

ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် လန်ဒန်သံရုံးမှ သံအမတ်ကလည်း …. ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခဲ့သည်မှာ ကြာပြီ။ ရန်ကုန်သို့လည်း ပို့ထားခဲ့ပြီးဖြစ်သည်။ ရန်ကုန်မှ မည်သို့မျှ အကြောင်းမပြန်သေးခြင်းသာ ဖြစ်သည်ဟု ဆို၏။

ဗိုလ်မှူးကြီးမောင်လွင်၏ မျက်နှာ၌ ဇဝေဇဝါ၊ မတင်မကျ ဖြစ်နေသည့်ဟန်မှာ အထင်းသားပေါ်နေသည်။ ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်သည့်အသွင်နှင့် ….. အရင်က အခြေအနေကို လုံးစေ့ပတ်စေ့ မသိရှိခဲ့ရ…..၊ ယခုမူ သဘောပေါက်ပြီဖြစ်၍ ရန်ကုန်ပြန်ရောက်လျှင် …. ဤကိစ္စအား အမြန်ဆုံးဖြစ်အောင် စီစဉ်ပေးမည်ဟု ဆို၏။

ဧည့်ခန်းဆောင်အတွင်း…..လွတ်လပ်ပွင့်လင်းမှုများ ပြန်ရလာ၏။ ဦးစိုးတင်၏ မျက်နှာက ရွှင်ရွှင်ပြပြနှင့် ပြုံးနေ၏။



(၁၇)


၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထိမ်းမြားလိုက်၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ မိုက်ကယ်အဲရစ်၏ အိမ်ထောင်ရေးက …..“သဘောတူညီမှု” တခုနှင့် ဖြစ်သည်။ ဒေါက်တာ မိုက်ကယ်အဲရစ်က ဒေါ်အောင်ဆန်းစုကြည်အား လက်ထပ်ခွင့်၊ ခွင့်ပန်၏။ ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာ မိုက်ကယ်အဲရစ်အား …..

“ကျမရဲ့ ပြည်သူတွေက…. ကျမကို လိုအပ်လာတဲ့အခါမှာ…. တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်ဖို့ …. ခွင့်ပြုပေးနိုင်မလား…..”

ဟူ၍ ကြိုတင်သဘောတူညီချက် ရယူခဲ့ပြီး၊ လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။ ၁၉၇ဝ ဝန်းကျင်က ဖြစ်သည်။ ဒေါက်တာ မိုက်ကယ်အဲရစ်က ဗြိတိသျှလူမျိုး ဖြစ်သည်။ အောက်စဖို့ တက္ကသိုလ် ပညာရပ်ဝန်းမှ သုတေသီ ပညာရှင်တဦး….။ ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်ပြီး၊ မြောက်ပိုင်း ဗုဒ္ဓဘာသာဟုခေါ်သည့် မဟာယနဗုဒ္ဒဘာသာနှင့် လူမှုရေး…၊ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းအား အထူးပြုလေ့လာနေသည့် သုတေသနပညာရှင်…..။ ဒေါက်တာ မိုက်ကယ်အဲရစ်က သူ၏ တွေ့ရှိချက်များကိုလည်း စာအုပ်စာတမ်းများ ရေးသား၍ ထုတ်ဝေခဲ့သည်။ အိမ်ထောင်ကျပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းရှိရာ “ဘူတန်” သို့ လိုက်သွား၏။ ဒေါက်တာ မိုက်ကယ်အဲရစ်က ဘူတန်တွင် ဘူတန်ဘုရင်၏ သားတော်၊ သမီးတော်များအား စာသင်ပေးသည့် ကျောင်းဆရာ……။ ပြီးလျှင် ဘူတန်အစိုးရ၏ ဘာသာပြန် ဌာနတွင်လည်း အကြီးတန်းအရာရှိအဖြစ် အလုပ်ဝင်၏။ ဒေါ်အောင်ဆန်းစုကြည် ဘူတန်သို့ ရောက်ပြီး၊ မကြာ……။ ဘူတန်နိုင်ငံခြားရေးရုံးတွင် ကုလသမဂ္ဂရေးရာ အကြံပေးအရာရှိအဖြစ် အလုပ်ရ၏။ ထိုစဉ်က….. ဘူတန်ဘုရင်မှာ “ဂျင်မီဆင်ရီဝမ်ချွတ်” ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ထက် ၁ဝ နှစ်မျှငယ်သည်။ သက်တော် ၁၇ နှစ်သာ ရှိသေးသည့် မင်းပျိုမင်းလွင်လေး…..။

ဘူတန်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇနီးမောင်နှံ ၁ နှစ်မျှနေခဲ့ပြီး အင်္ဂလန်သို့ ပြန်ခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်က သားဦးကိုယ်ဝန်နှင့်…။ အင်္ဂလန်သို့ ပြန်ရောက်ပြီးမကြာ …. သားဦးအား ဖွားမြင်၏။ ၁၉၇၃ ခု…..။ သားအား…. “မြင့်ဆန်းအောင်” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလို အမည်ပေး၏။ ဒုတိယမြောက်သားငယ်အား ၁၉၇၇ ခုနှစ်တွင် မွေးဖွားသည်။ အင်္ဂလန်မှာပင် မွေး၏။ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်ကပင် ရေနစ်၍ သေဆုံးခဲ့သည့် သူ့အကို ကိုအောင်ဆန်းလင်းအား တမ်းတသတိရနေဆဲဖြစ်မည်။ ထို့အတွက် သူ၏သားငယ်အား ဗမာလို အမည်ပေးရာတွင် အကို၏ အမည်ကိုပင် ပေးခဲ့၏။ “အောင်ဆန်းလင်း”…..။

အောက်စဖို့ဒ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်က ….စာအုပ်စာတမ်းများနှင့် ပြည့်နေသည်။ စာအုပ်များက စင်များပေါ်၌ …. သပ်သပ်ရပ်ရပ်၊ စီစီရီရီ…..။ အင်္ဂလန်ရှိ နေ့ရက်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် မိခင်တဦး၏ တာဝန်၊ ဇနီးသည်တယောက်၏ ဝတ္တရားတို့အား ကျေပွန်စွာ ထိန်းသိမ်းရင်း….. အောက်စဖို့တက္ကသိုလ် “ဘော့ဒျလီယန်” စာကြည့်တိုက်တွင် မြန်မာစာအုပ်၊ စာတမ်းများ၊ ပေပုရပိုက်များအား ကတ်တလောက် ပြုစုသူပညာရှင်တဦးအဖြစ် လုပ်ကိုင်ခဲ့သေး၏။

ဒေါ်အောင်ဆန်းစုကြည်မည်မျှပင် မိသားစုတာဝန်၊ အလုပ်တာဝန်များနှင့် များစေကာမူ နှစ်စဉ်လိုလိုပင် သူ့မိသားစုနှင့်အတူ ရန်ကုန်သို့ ပြန်၏။ ရသမျှအချိန်အား ရန်ကုန်တွင် မိခင်နှင့်အတူ ပြန်၍နေသည်။


(၁၈)


၁၉၇၉ ခုနှစ်….။

ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့်အတူ ရန်ကုန်သို့ အလည်ရောက်နေကြ၏။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က အင်းယားကန်နှင့် ထိဆက်နေသည်။ အင်းယားကန်အား ဖြတ်တိုက်လာသည့် လေတွင်က ရေငွေ့နှင့် နှင်းမှုန့်တို့နှင့်….။ အေးမြမြ။ ထိုနေ့က ….. မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆွေတယောက်နှင့် မိတ်ဆက်ပေးမည်ဟု ဆိုထား၏။ ဧည့်သည်အလာအား ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ …. ဧည့်ခန်းအတွင်းမှာပင် ထိုင်စောင့်နေကြ၏။ မကြာ…..။ အသက် ၆ဝ ကျော်ခန့်ရှိမည့် အမျိုးသားကြီးတဦး အိမ်ရှေ့တံခါးဝသို့ ရောက်လာသည်။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က ထိုင်နေရာမှထပြီး ဧည့်သည်အား ခရီးဦးကြို၏။ ပြုံး၍ နှုတ်ဆက်၏။

“စုစု …. ဒါ ဦးအုန်းမြင့်။ သမီးဖေဖေ သူငယ်ချင်း မိတ်ဟောင်းတွေပေါ့…..”

ဒေါ်ခင်ကြည်က ဧည့်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆက်ပေး၏။ ဒေါ်အောင်ဆန်းစုကြည်က ….ပြုံး၍……

“တွေ့ရတာ ဝမ်းသာပါတယ်….အန်ကယ်”

အားလုံး ဧည့်ခန်းအတွင်း ထိုင်လိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အတွက်…. ဖခင် ဦးအောင်ဆန်း၏ မိတ်ဆွေရင်းတဦးနှင့် သိကျွမ်းခွင့် ရခဲ့ပြီ။

သခင်အုန်းမြင့် (သို့မဟုတ်) သတင်းစာဆရာကြီး တိုးတက်ရေး ဦးအုန်းမြင့်….။ အခန်းအတွင်း တိတ်ဆိတ်နေသည်။ စကား မဆက်ကြ….။ သခင်အုန်းမြင့်က ဒေါ်အောင်ဆန်းစုကြည်အား အကဲခတ်နေ၏။

ပိန်၍သေးသွယ်သော ခန္ဓာကိုယ်တွင် ….ဗမာအမျိုးသမီး အဝတ်အစားအား ချပ်ချပ်ရပ်ရပ်၊ သေသေသပ်သပ် ဝတ်ထား၏။ လက်ဝတ်ရတနာ ပြိုးပြိုးပြက်ပြက်နှင့်မဟုတ်….. သရေကြိုးပတ် လက်ပတ်နာရီလေးနှင့် ရိုးရိုးရှင်းရှင်း ဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား သခင်အုန်းမြင့်၏ အမြင်တွင် အံ့သြနေသည့်ဟန်က အထင်းသား…..။


(၁၉)


၁၉၈ဝ ခုနှစ်အတွင်း သခင်အုန်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမှတ် ၅၄ နေအိမ်၌ ထပ်မံ၍ ဆုံတွေ့၏။ တွေ့တွေ့ချင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်က သူမသိလိုသည့် သူမဖခင်အကြောင်းများအား မေး၏။ ဒေါ်အောင်ဆန်းစုကြည် သိလိုသည်များက အကြောင်းအရာစုံသည်။

ကိုအောင်ဆန်း၏ ကျောင်းသားဘဝ…။

ကျောင်းသားဘဝက အပေါင်းအသင်းများ….။ ကိုနု၊ ကိုလှဖေ( ဗိုလ်လက်ျာ)၊ ကိုအုန်း၊ ကိုကျော်ငြိမ်း….တို့ အကြောင်း။ တဦးချင်းစီ သဘောသဘာဝနှင့် စိတ်နေစိတ်ထားများ….။ ပြီးလျှင် …. ကိုယ်ကျင့်တရား၊ စာရိတ္တကအစ …. နှိုက်နှိုက်ချွတ်ချွတ် မေး၏။ အသေးစိတ်၏။ စေ့စေ့စပ်စပ်မေးသည်။ ပြီးလျှင်…. ကျောင်းသားသမဂ္ဂမှ ဒို့ဗမာအစည်းအရုံးသို့ မေးခွန်းများက ကူးခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မေး၏။ သခင်အုန်းမြင့်ကလည်း စိတ်ရှည်ရှည်နှင့်ဖြေ၏။ ဖြတ်သန်းခဲ့သည့် သမိုင်းခေတ်များ…..။ ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ကျောင်းသားကိုအောင်ဆန်းနှင့် ပတ်သက်၍မူ သခင်အုန်းမြင့်က သူမြင်ခဲ့သည့် ကိုအောင်ဆန်းအား ဤသို့ မှတ်ချက်ပြု၏။

“တက္ကသိုလ် ကျောင်းတော်သားပင် ဖြစ်သော်လည်း ကော့စမစ်တစ် ဟဲရားကရင်မ် တို့နှင့်ဝေးစွ၊ အုန်းဆီပင် တွေ့ဖူးဟန်မတူသော စုတ်ဖွားဖွားဆံပင်၊ ကြမ်းပေ့ဆိုသော ကော်လာမပါသည့် ပင်နီရောင်မွဲမွဲ ရှပ်လက်တို အရောင်မပြောင်းသော ကြေးနီရောင် ဘန်ကောက်လုံချည်ကို တိုတိုဝတ်ဆင်လျက် အမြီးပိုင်းပါးလျက်ရှိသော လေယာဉ်ပုံဖိနပ်နှင့် သခင်ပေါက်စ ကိုအောင်ဆန်းကို ပြန်၍မြင်ယောင်မိသည်။ မျက်နှာထားမှာမူ ရှုသိုးသိုး။ တက္ကသိုလ် ကျောင်းသားဆို၍ ယုံနိုင်စရာမရှိသော ကိုအောင်ဆန်းကို တက္ကသိုလ် ပဲခူးကျောင်းဆောင်တွင် စ၍တွေ့ရပေသည်။ ထိုအချိန်မှစ၍ သခင်အောင်ဆန်းနှင့် မကြာခဏ တွေ့ရသည်။ ဒို့ဗမာအစည်းအရုံးသို့ မကြာမကြာ ပေါက်ချလာသည်။ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကျနော်တို့ သုံးဦး နေသော အိမ်သို့လည်း လှည့်၍လှည့်၍ လာတတ်လေသည်။ ကျနော်တို့နှင့် တွေ့ဆုံတိုင်း တခြားစကားမပြော၊ လွတ်လပ်ရေးအကြောင်းကိုသာ ပြောသည်။ အချိန်နာရီရှိသမျှ လွတ်လပ်ရေးအတွက် အမြဲတမ်း အလုပ်လုပ်ဖို့ စိတ်စောနေသည်”


(၂၀)


၁၉၈၄ ခုနှစ် ရန်ကုန်သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်သည့်ရက်များက ဒေါ်အောင်ဆန်းစုကြည်အဖို့ မိခင်နှင့်ပင် အတူမနေအား….။ နေ့စဉ်လိုလိုပင် တပ်မတော် မော်ကွန်းတိုက်သို့သွားပြီး “ဂျပန်ခေတ် Statement” များအား လက်ရေးနှင့် ကူးယူနေခဲ့ရသည်။ သခင်အုန်းမြင့်နှင့်ပင် အေးအေးလူလူ တွေ့ပြီး စကားမပြောဖြစ်သေး….။ ထိုနေ့က သခင်အုန်းမြင့် ၅၄ နေအိမ်သို့ လာမည်ဟု သိရသဖြင့် ….မော်ကွန်းတိုက်သို့ မသွားဘဲ ….အိမ်မှာပင် စာဖတ်ပြီး သခင်အုန်းမြင့်အား စောင့်မျှော်နေခဲ့၏။ ဧည့်ခန်း၌ ထိုင်မိသည်နှင့် …..သခင်အုန်းမြင့်က ဒေါ်အောင်ဆန်းစုကြည်အား သတင်းစာဖြတ်ပိုင်းလေးတခု ပေး၏။ နှစ်ကာလ မည်မျှကြာခဲ့ပြီမသိ…..။ ဖြတ်ပိုင်းစာရွက်လေးက ဝါကျင်ကျင်နှင့် ဖျော့၍နေပြီ။

၁၉၃ဝ ခုနှစ်တွင် ကိုအောင်ဆန်း ရေနံချောင်း အမျိုးသားကျောင်းမှ ၇ တန်းတွင် စကောလားရှစ် ရရှိသည့်အခါ ရွှေတံဆိပ် ချီးမြှင့်သည့် သတင်းဖြတ်ပိုင်းလေး ဖြစ်သည်။ ထိုစဉ်က အမျိုးသား ပညာရေးမဂ္ဂဇင်းတွင် ဖော်ပြပါရှိထားခဲ့သည်။ သူမ ဖခင်၏ ရွှေတံဆိပ်ဆု ရရှိသည့် သတင်းဖြတ်ပိုင်းလေးအား ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ သခင်အုန်းမြင့်ကို ပြောသည်။

“ အန်ကယ် စုလည်း ပြောမယ်ပြောမယ်နဲ့ မေ့နေတာ….မပြောဖြစ်ဘူး….။ စု ဆုံးဖြတ်ချက် ချထားပြီးပြီ။ ဗမာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း (Educational Foundation) ဆိုပြီးတော့ မတည်မယ်။ ပညာထူးချွန်ရဲ့သားနဲ့ ငွေရေးကြေးရေးကြောင့် အထက်တန်းပညာ မသင်နိုင်တဲ့ ကျောင်းသားတွေ၊ နိုင်ငံခြားမှာသွားပြီး ပညာမသင်နိုင်တဲ့ ကျောင်းသားတွေကို အထောက်အကူပေးဖို့ စု…လုပ်မယ်။ မေမေသဘောတူရင် အဲဒီ (Foundation) ကို ဒီအိမ်မှာ၊ ဒီနေရာမှာ ဒီခြံထဲမှာပဲ ထားပြီးတော့ ရုံးဖွင့်ပြီးတော့ လုပ်မယ်”

ဒေါ်အောင်ဆန်းစုကြည်က မိခင်ဖြစ်သူဘက်သို့ လှည့်ပြီး စကားအား အဆုံးသတ်လိုက်၏။ ဒေါ်ခင်ကြည်က စိတ်အားထက်သန်စွာ ပြောနေသည့် သမီးဖြစ်သူ၏ စကားအား ငြိမ်၍နားထောင်နေ၏။ ဒေါ်ခင်ကြည်သည် တစုံတရာအား လေးလေးနက်နက် တွေးနေသည်။ ပြီးလျှင် ….ဒေါ်ခင်ကြည်က သခင်အုန်းမြင့်အား…..

“သခင်အုန်းမြင့်ရေ …. ကျမစဉ်းစားထားတဲ့ အစီအစဉ်လေးကို ပြောချင်လို့ …. တိုင်ပင်တာလဲပါတာပေါ့”

သခင်အုန်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောလာမည့် ဒေါ်ခင်ကြည်၏ စကားအား…..ငြိမ်၍နားစွင့်နေကြသည်။

“ကျမတို့နိုင်ငံရဲ့ အခြေအနေဟာလည်း တနှစ်ပြီးတနှစ် ကျပ်တည်းပြီးရင်း ကျပ်တည်းလာတယ်လေ။ အဲ့ဒါ ကျမကို လစဉ် နိုင်ငံတော်က ထောက်ပံ့နေတဲ့ ထောက်ပံ့ငွေ ၅ဝဝဝ ကို တဝက်ပဲ ယူတော့မယ် ….. သခင်အုန်းမြင့်ရေ….. ကျန်တဝက်ကိုတော့ နိုင်ငံတော်ကိုပဲ ပြန်လှူလိုက်တော့မယ်လို့ ကျမစဉ်းစားထားတယ်။

သခင်အုန်းမြင့်က မည်သို့မျှ ပြန်၍မပြော….။ သခင်အောင်ဆန်း၏ကတော် ဒေါ်ခင်ကြည်ကိုသာ ငေး၍ကြည့်နေမိသည်။ သူမိခင်ဖြစ်သူ၏ ဘေးတွင် ထိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မည်သို့မျှ စကားမဆို၊ ငြိမ်၍နေသည်။ တခုခုအား လေးလေးနက်နက် ငြိမ်၍ တွေးတောနေသည်။ ဧည့်ခန်းအတွင်း တိတ်ဆိတ်၍ နေသည်။ ပြီးလျှင် ပြန်လည်၍ သက်ဝင်လာကြသည်။ သမိုင်းခေတ် တခေတ်၏ စာမျက်နှာအစ…..။

အိမ်အမှတ် ၅၄ ဧည့်ခန်းဆောင် ဆွေးနွေးပွဲက တစ…..တစနှင့် အနှစ်သာရ ပြည့်ဝ၍လာသည်။ ချုပ်ရလျှင်မူ …. “တိုင်းပြည်အခြေအနေက တနေ့ထက်တနေ့ တိုး…တိုးပြီး ဆိုးလာပြီ။ တိုင်းပြည်ငြိမ်းချမ်းမှ …..သာယာဝပြောမည်။ တိုင်းပြည်ရော … တိုင်းပြည်ထဲက လူတွေပါ သာယာဝပြောဖို့ လိုမည်။ အားလုံးသာယာဝပြောဖို့ရာက …. အခြေခံသည် ငြိမ်းချမ်းရေး….။ ငြိမ်းချမ်းရေးရဖို့အတွက် ….တနေ့နေ့ … တချိန်ချိန်တွင် သမိုင်းက တောင်းဆိုလာမည်။ ထိုအခါတွင်…. စိတ်ကောင်း၊ စေတနာကောင်း ရှိတဲ့သူတွေ၊ တိုင်းပြည်ကောင်းကျိုး သယ်ပိုးချင်တဲ့သူတွေ၊ တိုင်းပြည်ကို ချစ်တဲ့သူတွေ၊ တကယ့် မျိုးချစ်စိတ်ရှိတဲ့ သူတွေ …..။ ထိုထိုသော သူတို့ဟာ နိုင်ငံရေးထဲမှာ ပါဝင်လာကြရမယ်”

ဤသို့ ၅၄ ၏ ဧည့်ခန်းဆောင် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သခင်အုန်းမြင့်အကြား Understanding ရခဲ့၏။ သုံးဦးစလုံးက သိနေကြ၏။ မလုပ်ရင်မဖြစ်တော့…..။ ဝင်၍ တခုခု လုပ်ကြရတော့မည်ဟူ၍……။



(၂၁)


ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်အောင်ဆန်း၏ အတ္ထုပတ္တိစာအုပ်အား ရေးသားပြုစုရန် စိတ်ထက်သန်လျက်ရှိသည်။ ၁၉၈၄ ခုနှစ် ရန်ကုန်သို့ ရောက်စဉ်ကလည်း …. နေ့စဉ်လိုလိုပင် တပ်မတော်မော်ကွန်းတိုက်သို့သွားပြီး ဂျပန်ခေတ် Statement များအား လက်ရေးနှင့် ကူးယူခဲ့၏။ ပြင်ဆင်ခဲ့၏။ သခင်အောင်ဆန်း၏ BIA သန္ဓေတည်ရာက ဂျပန်တွင် ဖြစ်သည်။ သခင်အောင်ဆန်းနှင့် ထိတွေ့ဆက်ဆံခဲ့ကြသည့် ဂျပန်လူမျိုးများနှင့် တွေ့ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် သိ၏။ ဤအတွက်ပင် အင်္ဂလန်၌နေစဉ် ဂျပန်ဘာသာစကားအား ဇွဲကြီးစွာနှင့် သင်ယူခဲ့သည်။

၁၉၈၅ ခုနှစ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်အတွက် …. အခွင့်အလမ်းတခုက ဝင်လာ၏။ ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်နှင့် ဆက်စပ်သည့် ဘဝအစိတ်အပိုင်းအား သုတေသနပြုနိုင်ရန် ကျိုတိုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်သို့ လာရောက်ရန် ဖိတ်ခေါ်၏။

ဒေါ်အောင်ဆန်းစုကြည်အတွက် …… “ရေဆာစဉ် ရေချမ်းစင်အား တွေ့ခြင်း…..”။ ဂျပန်သို့ သွားရန် ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်ရသည်။ ထိုစဉ်က …. ဒေါက်တာ မိုက်ကယ်အဲရစ်က အိန္ဒိယပြည်မြောက်ပိုင်း “ဆင်းမလား” တွင် ရောက်နေသည်။ “ဆင်းမလားမြို့” အဆင့်မြင့် စာပေလေ့လာရေးဌာနစု၌ သုတေသနပညာရှင်အဖြစ် အမှုထမ်းနေရ၏။ သားအကြီး မြင့်ဆန်းအောင်က …၁၂ နှစ်အရွယ်….။ သားငယ် အောင်ဆန်းလင်းက ၈ နှစ်သား….။ သားကြီး မြင့်ဆန်းအောင်အား အောက်စဖို့တွင်ပင် ကျောင်းအိပ်ကျောင်းစားထားခဲ့ပြီး သားငယ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သို့သွားရန် ဆုံးဖြတ်ရ၏။ စီစဉ်ကြရ၏။ ကျိုတိုသို့ ရောက်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ရှိ “ဂျပန်-မြန်မာ” အသင်းဝင်များနှင့် တွေ့၏။ “ဂျပန်-မြန်မာ” အသင်းမှတဆင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် သိကျွမ်းရင်းနှီးခဲ့သော …. ဂျပန်အမျိုးသားကြီးများနှင့် တွေ့ရ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရသည့် ဂျပန်အမျိုးသားကြီးများက ဖခင်ဗိုလ်ချုပ်၏ အကြောင်းအား စိတ်အားထက်သန်စွာ ပြောပြကြ၏။


(၂၂)


ကျိုတိုတွင် တနှစ်ခန့် နေပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်သည် “ဆင်းမလား” ရှိ ခင်ပွန်းရှိသူထံသို့ သွားရောက်ခဲ့၏။ မြင့်ဆန်းအောင်သည်လည်း ကျောင်းအားရက်ဖြစ်သဖြင့် … မြင့်ဆန်းအောင်ကိုလည်း ဆင်းမလားသို့ ခေါ်ခဲ့၏။ ထိုကာလလေးက …. ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု စုစုဝေးဝေး ဆုံဆည်းခွင့်ရခဲ့သည့် ရက်များဟု ဆိုရမည်။ “ဆင်းမလား” တွင်ပင် ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းသည် လုပ်ကိုင်နေသည့် သုတေသနဌာန၌ သုတေသီပညာရှင်အဖြစ် အလုပ်ရ၏။ “ဆင်းမလား” ရှိ မိသားစု သိုက်သိုက်မြုံမြုံ နေထိုင်ရသည့် ကာလက တိုတောင်းလွန်းလှသည်။

၁၉၈၇ ခုနှစ်တွင် “ဆင်းမလား” မှ လန်ဒန်သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ခဲ့ရပြန်သည်။ လန်ဒန်တွင် မျက်စိအား ခွဲစိတ်ကုသမည့် မိခင်အားပြုစုရန် လန်ဒန်သို့ ပြန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်ကြည်၏ မျက်စိခွဲစိတ်မှုက ချောချောမောမောနှင့် အောင်မြင်ခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ ဦးအောင်ဆန်းဦးသည်လည်း လန်ဒန်သို့ လာရောက်၍ ၁ဝ ရက်ခန့် မိခင်နှင့် အတူနေ၏။

၁၉၈၇ ခုနှစ် …. ဇွန်လလယ်လောက်တွင် ဒေါ်ခင်ကြည် လန်ဒန်မှ ရန်ကုန်သို့ ပြန်သွား၏။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း မိသားစုရှိရာ “ဆင်းမလား” သို့ ပြန်၏။ ၁၉၈၇ ခုနှစ် စက်တင်ဘာလတွင်မူ ဒေါ်အောင်ဆန်းစုကြည်တို့ တမိသားစုလုံး ….. “ဆင်းမလား” မှ “အောက်စဖို့ဒ်” သို့ အပြီးပြောင်းရွှေ့ခဲ့ကြသည်။ အောက်စဖို့ဒ် ပညာရပ်ဝန်းအတွင်း ပြန်၍ အခြေချကြ၏။

အောက်စဖို့ဒ် နေအိမ်တွင် နေထိုင်ရင်း ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိအား စတင်၍ ရေးသားသည်။ အတ္ထုပတ္တိ၏ အစအား အမှာစာသဘောမျိုးနှင့် စ၏။

“ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထိုကြောင့် `ဖေဖေဟာ ဘယ်လို လူစားမျိုးပါလိမ့်` ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ ဘဝလုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်း ဖြစ်ပါသည်။ အောက်တွင်ဖော်ပြပါ အတ္ထုပတ္တိ စာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေပြီး အထောက်အထားများကို အဓိက အခြေခံထားပါသည်။ အကြောင်းနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့ မိသားစုနှင့် ဖေဖေ့အား ကောင်းစွာ သိကျွမ်းခဲ့သူများထံမှ သိရှိရသော အချက်အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးစပ်စွာ တော်စပ်သူတဦး၏ အတ္ထုပတ္တိကို ရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဋ္ဌာန်ကျကျ ရေးနိုင်မည်မဟုတ်ဟု အစွပ်စွဲခံရတတ်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပတ္တိ ရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံသွင်းပေးခဲ့သော အဖြစ်အပျက် အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည် မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်းရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။


(၂၃)


၁၉၈၈ ခုနှစ် မတ်လ ၃၁ ရက် ….။

အောက်စဖို့ဒ် နေအိမ် ….။

အောက်စဖို့ဒ် ညနေခင်းက …. တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်ပင်…။ ဆိတ်ငြိမ်အေးချမ်းမှုက …. ပညာရပ်ဝန်း၏ အငွေ့အသက် အဆောင်အယောင်လေလားဟုပင် ထင်မှတ်စရာ…..။

ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ပွန်းက ဧည့်ခန်းတွင်ပင် စာဖတ်၍ နေကြသည်။ သား ၂ ယောက်မှာမူ သူတို့၏ အိပ်ခန်းအတွင်း၌ ရှိနေကြ၏။ တယ်လီဖုန်း လူခေါ်ဘဲလ်သံက …. ဝေဝေစီစီ …. ။ ဒေါ်အောင်ဆန်းစုကြည်ပင် ထ၍ တယ်လီဖုန်းအား ကိုင်လိုက်၏။

ရန်ကုန်မှ ဖုန်းဖြစ်သည်။ မိခင်ဒေါ်ခင်ကြည်ထံမှ ….။ ၁ဝ မိနစ်ခန့် စကားပြောပြီး တယ်လီဖုန်းအား ချလိုက်သည်။ ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းဖြစ်သူထံသို့ သွားပြီး…..။

“မေမေ လေဖြတ်သွားလို့တဲ့ …. ဆေးရုံတင်ထားရတယ် …. အဲဒါ ကျမ ရန်ကုန်ကို ချက်ချင်း သွားရမယ်….”

ခင်ပွန်းသည်ကလည်း ကြည်ဖြူစွာနှင့်ပင် ခွင့်ပြု၏။ ချက်ချင်းပင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ခရီးအတွက် ထုပ်ပိုးပြင်ဆင်တော့၏။

ဤခရီးက ….. သူတို့၏ ဘဝများအား ထာဝရ ပြောင်းလဲသွားစေတော့မည် ဟူသည်အား ထိုညနေခင်းက ခင်ပွန်းသည်နှင့် ဒေါ်အောင်ဆန်းစုကြည်ပါ မတွေးထင်မိခဲ့……။


(၂၄)


၁၉၈၈ ခုနှစ်၊ ဧပြီလ ၂ ရက်။

ရန်ကုန်မြို့၊ ဂျပန်ဆေးရုံကြီး။

ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းမှ တက္ကသိုလ်ရိပ်သာလမ်း အိမ်သို့ မဝင်တော့ ----။ ဂျပန်ဆေးရုံသို့ တန်းပြီး လာခဲ့တော့သည်။ အဝတ်အစားထည့်သည့် လက်ဆွဲသေတ္တာ ၂ ခုသာ ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဆေးရုံသို့ ရောက်သည့်အချိန်၌ မိခင် (ဒေါ်ခင်ကြည်) ၏ ကျန်းမာရေး အခြေအနေက ဆိုးဝါး၍ နေပြီဖြစ်သည်။ ရောဂါက ၃-၄ မျိုး ရှိနေသည်။ အဆိုးဆုံးက ဆီးချိုဖြစ်သည်။ ဧပြီလ ၇ ရက်နေ့တွင် ဆရာဝန်ကြီးများနှင့် တိုင်ပင်ပြီး ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်၍ မိခင် ဒေါ်ခင်ကြည်အား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြောင်းရွှေ့ခဲ့တော့သည်။ မိခင်ကြီးအား အချိန်မလပ် ပြုစုစောင့်ရှောက်နေရင်း ---- တဖက်မှ တိုင်းပြည် အခြေအနေများကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်၍နေသည်။

မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား အရေးတော်ပုံကြီးက တိုင်းပြည်၏ အခြေအနေအား ဖော်ပြ၍နေသည်။


(၂၅)


အင်းယားကန်ဘောင်နှင့် ပြည်လမ်းမအကြားတွင် “တံတားဖြူ“ ဟူ၍ လူသိများသည့် မြောင်းကူးတံတားရှိသည်။ တံတားဖြူအား ကျော်ပြီးသည်နှင့် ဆန္ဒပြသည့် ကျောင်းသားထု လူတန်းကြီးသည် ဖြုန်းစားကြီး တန့်ရပ်သွားသည်။ သံဆူးကြိုးခွေများကို ဆန္ဒပြ လူတန်းကြီး၏ အရှေ့တွင် ဖြတ်သန်းပိတ်ပြီး ကာထားသည်။ သံဆူးကြိုးများ၏ နောက်တွင်မူ မောင်းပြန်သေနတ်များ ကိုင်ထားသည့် စစ်သားများက လူတန်းကြီးအား အသင့်ချိန်၍ ရပ်နေကြ၏။ စစ်သားများ၏ နောက်တွင်တော့ ဘရင်းကယ်ရီယာများ၊ လူတန်းကြီးအနောက်တွင်တော့ ----- ဒုတ်များ၊ ကြိမ်ဒိုင်များနှင့် လုံထိန်းများက ကန်ဘောင်ရိုးပေါ်သို့လည်း တက်လာကြသည်။ ဆန္ဒပြသည့် ကျောင်းသားတို့အား စစ်သားများနှင့် လုံထိန်းတို့က သုံးဘက်မှ ပိတ်ဆို့ထားလိုက်ကြပြီ ဖြစ်သည်။ ကျန်သည့် တဖက်မှာလည်း ခြံဝင်းမြင့်မြင့်ကြီးများက ပိတ်၍ ကာထားပြန်သည်။

အမိန့်ပေးသံများ ထွက်လာသည်။ လုံထိန်းများက ကျောင်းသားများကို ဝင်ရိုက်တော့သည်။ နံပါတ်ဒုတ်များ၊ အရိုးတွင်းတွင် ကျိုးအက်သံများ၊ သွေးများ အလူးလူးအလိပ်နှင့် အလဲလဲအပြိုပြို ကမ္ဘာပျက်၍ နေလေပြီ။

ဒေါ်ခင်ကြည် အား နေအိမ်သို့ ပြန်လည်ကြိုယူခဲ့ပြီးသည့် နောက်ပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ နေ့စဉ်လိုလိုပင် သခင်အုန်းမြင့် ရောက်ခဲ့သည်။ ၁၉၈၈ ခု၊ မတ်လ ကျောင်းသား အရေးအခင်းများ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်မှ မေးသည်။ သခင်အုန်းမြင့် ပြောပြသည်များကို နားထောင်ပြီး ဒေါ်အောင်ဆန်းစုကြည်က လေးလေးနက်နက် တွေး၍ နေသည်။ ပြီးနောက် -------

“----- အခု တိုင်းပြည်အခြေအနေက သိပ်ဆိုးသထက်ဆိုးလာတော့ အန်ကယ်နဲ့ စုနဲ့ ၁၉၈၄ တုန်းက ပြောခဲ့တဲ့ အတိုင်းမျိုးပေါ့။ ငြိမ်းချမ်းရေးကို ရမှဖြစ်မယ်။ ငြိမ်းချမ်းရေးမရရင် တိုင်းပြည်တော့ တော်တော်ကို ဒုက္ခရောက်ကုန်မယ်။ လူတွေ ဒုက္ခရောက်ကုန်မှာ။ ဒါကို ဘယ်လိုလုပ်ရရင် ကောင်းမလဲဆိုတာကိုလည်း စဉ်းစားကြရတော့မယ်။ အန်ကယ်လည်း စဉ်းစားပါ။ စုလည်း စဉ်းစားမယ်။ ဘယ်ပုံဘယ်နည်း စရမယ်ဆိုတာ -----“


(၂၅)


မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများက အစိုးရအဖွဲနဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို အယုံအကြည် ကင်းမဲ့နေတာကို ဆန္ဒပြရာတွင် ကိုယ်တိုင်ပါဝင်သူများနဲ့ နောက်မှ အားပေးသူများက ဖော်ပြလိုက်ပါတယ်။ ကျနော်ဟာ မတ်လနဲ့ ဇွန်လအတွင်းက စိတ်မချမ်းမြေ့စရာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကြောင့် သွယ်ဝိုက်သော နည်းဖြင့် တာဝန်မကင်းသူဟု ယူဆတာက တကြောင်း၊ အသက်အရွယ်လည်း ထောက်လာတာက တကြောင်းတို့ကြောင့် ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ ထွက်ခွင့်ပေးကြပါလို့ ပါတီဝင်တွေကို မေတ္တာရပ်ခံအပ်ပါတယ်။

နေဝင်း

အရေးပေါ်ပါတီ ညီလာခံ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

၁၉၈၈၊ ဇူလိုင်လ ၂၃ ရက်

ဦးနေဝင်းက အရှင်ထွက် ထွက်ပြီး ကားလိပ်ကြားသို့ တိုးဝင်သွား၏။ ဇူလိုင်လ တတိယအပတ်အတွင်းမှာ ဖြစ်သည်၊ အမြောက်နှင့် ယန္တရားတပ်မှ ဗိုလ်မှူးလှမြင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဆက်၍ လာသည်။ မည်သည့် အကြောင်းကိစ္စကြောင့် ဆက်လာသည်ဟူ၍မူ မသိ။ ဒေါ်စုမှ ဦးနေဝင်းနဲ့ တွေ့ချင်တယ်၊ စီစဉ်ပေးပါလို့ ပြောတော့ သူ အကြောင်းပြန်ပါမည်ဟု ပြောသည်။ ဦးနေဝင်း ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားခဲ့ပြီးနောက်တွင် ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ နေရာများအား ဦးစိန်လွင်မှ ဝင်ရောက်၍ တာဝန်ယူခဲ့သည်။ တက်လာသည်နှင့် လက်စွမ်းပြတော့သည်။ ဦးအောင်ကြီး၊ ဦိးအောင်ရွှေ စသည့် အငြိမ်းစား စစ်ဗိုလ်ကြီးများအား ထောင်ထဲသို့ သွင်းတော့သည်။ ဒုတိယအကြိမ် ဗိုလ်မှူးလှမြင့်ထံမှ ဖုန်းဆက်လာသည်။ ဦးနေဝင်းနှင့် တွေ့နိုင်မည့် အကြောင်းကိုမူ မပြော။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး မလုပ်ဘူးဆိုဟု ပြောမေး မေးသည်။ ဒေါ်အောင်ဆန်းစုကြည်က ကျမ နိုင်ငံရေးမလုပ်ဘူး ဆိုတာက နိုင်ငံခြားမှာ နေပြီးတော့ နိုင်ငံရေးမလုပ်မှာကို ပြောတာပါဟု ပြန်၍ ပြောလိုက်သည်။ တဖက်မှ မည်သို့မျှ ပြန်၍မပြော၊ တယ်လီဖုန်းလည်း ချ၍ သွားတော့သည်။


(၂၆)


''ဒီမိုကရေစီ ချက်ချင်းပေး''

''မဆလ အစိုးရ ကျဆုံးပါစေ''

''စိန်လွင် အလိုမရှိ''

''ဦးအောင်ကြီးနှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေး''

ကြွေးကြော်သံများက ရန်ကုန်မြို့ တမြို့လုံး ကျယ်လောင်စွာ မြည်ဟိန်းနေသည်။ ရန်ကုန်မြို့တွင်သာမက ပဲခူး၊ သနပ်ပင်၊ ရေနံချောင်း၊ ပြည်၊ တောင်ကြီး၊ မြို့များတွင်လည်း ''စိန်လွင် အလိုမရှိ'' ဟူသည့် အသံများက ကျယ်လောင်နေလေပြီ။ ည ၈ နာရီတွင် မြန်မာ့အသံမှ ဦးစိန်လွင်နှင့် ဗိုလ်ချုပ်ကြီးစောမောင်တို့ ၂ ဦး လက်မှတ်ထိုးထုတ်ပြန်သည့် ကြေညာချက်များအား ဖတ်ကြားကြေညာသွားသည်။ ရန်ကုန်မြို့တွင် မာရှယ်လော (စစ်ဥပဒေ) ထုတ်ပြန်ကြောင်း ကြေညာချက်ပင် ဖြစ်သည်။ ထိုနေ့က ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ဖြစ်သည်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ သခင်အုန်းမြင့်၊ ဦးထွေးမြင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာတို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ကြသည်။ ဆွေးနွေးကြသည်။ တိုင်းပြည်၏ အခြေအနေက သိပ်ဆိုး၍ နေပြီ၊ မည်သို့လုပ်ကြမည်နည်း၊ မည်သို့စ၍ လုပ်ကိုင်ကြမည်နည်း၊ အပြင်တွင် ရာသီဥတုက အုံ့မှိုင်းနေသည်။

''တိုင်းပြည်အခြေအနေက သိပ်ဆိုးနေပြီ၊ လူတွေကလည်း ဒုက္ခသိပ်ရောက်နေပြီ ---ငြိမ်းချမ်းရေးအတွက် အတိုင်ပင်ခံ ကော်မတီတခုဖွဲ့ပြီး လုပ်ဖို့တောင်းဆိုရင်တော့ ကောင်းမယ် ထင်တယ်'' ဦးထွေးမြင့်မှ တွေးတွေးဆဆနှင့် ဆွေးနွေးသည်။

''ကောင်းပါတယ်။ ဒီက `စ`ရင်ကောင်းပါတယ်။ ကော်မတီထဲမှာ ဘယ်သူဘယ်ဝါ ပါရမယ်။ ဘာမယ်တော့ မတောင်းဆိုဘဲနဲ့ ကော်မတီဖွဲ့ဖို့ပဲ တောင်းဆိုရင် ကောင်းမယ်'' သခင်အုန်းမြင့်က ဦးထွေးမြင့်၏ ဆွေးနွေးချက်ကို ထပ်၍ ဖြည့်စွက်သည်။

''ကျမ သဘောတူပါတယ်။ ဒီကပဲ `စ` ပြီး လုပ်ကြတာပေါ့။ ပြီးတော့ ကျမတို့ ဒီလုပ်ငန်းတွေ စလုပ်တာနဲ့ လုံးဝ အကြမ်းမဖက်ရေးဘဲ။ အကြမ်းမဖက်ဝါဒ၊ ဂန္ဒီဝါဒပေါ့။ ဒါကို ကျမတို့ရဲ့ `မူ` အနေနဲ့ ထားလိုက်မယ်။ နောက်ပြီး ဥပဒေ ဘောင်အတွင်းကပဲ လုပ်မယ်။ မြေအောက်တို့ တောခိုတာတို့ လက်နက်ကိုင်တိုက်တာတို့ လုံးဝ မလုပ်ဘူး။ ဒါ ကျမတို့ရဲ့ နိုင်ငံရေးလမ်းစဉ်ပဲ'' ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် အားလုံးက သဘောတူကြသည်။ အပြင်ဘက်ဆီမှ သေနတ်သံများအား သဲ့သဲ့ကြားကြရသည်။ အားလုံး စိတ်မသက်သာစွာဖြင့် သက်ပြင်းချလိုက်ကြသည်။





(၂၇)


“စစ်ကားတွေဟာ ရန်ကုန်တဝိုက်က လူသေတွေရော၊ ဒဏ်ရာရသူတွေကိုပါ သယ်ယူလာပြီး ဆေးရုံကြီးမှာ ပစ်ချလိုက်သည်။ တချို့ကျောင်းသားလေးတွေဆိုရင် ခြေတွေ၊ လက်တွေမှာ သေနတ်ဒဏ်ရာ၊ ရင်ဘတ်နဲ့ လည်ပင်းတွေမှာ လှံစွပ်ဒဏ်ရာတွေနဲ့ ပွင့်ထွက်နေကြတယ်။ အချို့ဆို ပုံပျက်ပန်းပျက်ကို ဖြစ်နေပြီ၊ ရုပ်မပေါ်တော့ဘူး။ အလောင်း အများအပြားက ကိုယ်တုံးလုံးနှင့် ယောက်ျားတွေ ပြီးတော့ ဘုန်းကြီးအလောင်းတွေ၊ စစ်သားတွေက ဘုန်းကြီးအလောင်းတွေကို ဆေးရုံကြီးမှာ လာမပုံခင် သင်္ဃန်းတွေကို ချွတ်ပစ်ခဲ့ကြတယ်။ ကျနော် ရေကြည့်တော့ အလောင်း ၁၆ဝ လောက် ရှိတယ်။ ဒဏ်ရာရသူတွေက ရာနဲ့ချီပြီးတော့ကို များတယ်။ ဒါက ဆေးရုံကြီးတခုပဲ ရှိသေးတယ်။ ရန်ကုန်မှာရှိတဲ့ အခြားဆေးရုံတွေ မပါသေးဘူး။ ဒီသြဂုတ်လ ၁ဝ ရက်နဲ့ ၁၂ ရက်ကြားမှာ စစ်တပ်က ပစ်လို့ သေတဲ့ လူပေါင်းဟာ ၁ဝဝဝ ထက် မနဲဘူး “

စာမျက်နှာ - ၁၃၄ ၊ ၁၃၅

(ဒေါမာန်ဟုန်)

စောကြာဒိုး၊ ဗိုလ်မှူးအောင်၊ ဦးနုတို့နှင့် ဦးထွေးမြင့် တွေ့သည်။ အတိုင်ပင်ခံကော်မတီဖွဲ့ဖို့ တောင်းဆိုမည့် အကြောင်းအား ပြောပြသည်။ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့သည့် ဥပဒေဘောင်အတွင်း ဖြစ်ရမယ်၊ မြေအောက်တို့ တောခိုတာတို့ လက်နက်ကိုင်တာတို့ မလုပ်ဘူးဆိုတဲ့ အခြေခံ သဘာထားကို ရှင်းပြသည်။ အားလုံးက သဘောတူကြသည်။ ပြီးနောက် ရန်ကုန်မှာ ရှိကြသည့် ကျောင်းသားသမဂ္ဂ အမှုဆောင်ဝင်ဟောင်းများ၊ ဥက္ကဋ္ဌဟောင်းများ အားလုံးနှင့် ဆက်သွယ်ချဉ်းကပ်ကြသည်။ သူတို့က တကယ်လုပ်ကြမည့် သူများဖြစ်သည်။ ဦးထွေးမြင့်နှင့် သခင်အုန်းမြင့်တို့က တနေ့လုံး အပြင်ထွက်၍ တွေ့မည့်သူများနှင့် တွေ့ကြသည်။ ဆွေးနွေးကြသည်။ သူတို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ပြန်ရောက်တော့ ညနေ ၅ နာရီိခန့် ရှိပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်ရေးသားထားသည့် အတိုင်ပင်ခံကော်မတီ ဖွဲ့စည်းရေး တောင်းဆိုချက် စာကြမ်း (Draft) အား ပြသည်။ ပြင်ဆင်စရာမရှိ။ အားလုံး သဘောတူကြသည်။ ဦးထွေးမြင့်မှ ယူလာသော (Typewriter) အဟောင်းကြီးနှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင်ပင် ဦးထွေးမြင့် (Type) ရိုက်သည်။ ၁၉၈၈ ခု၊ သြဂုတ်လ ၁၈ ရက်နေ့တွင် မဆလ ဗဟိုကော်မတီအစည်းအဝေးနှင့် အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပမည့်အကြောင်း မြန်မာ့အသံမှ သတင်းကြေညာသည်။ ထိုနေ့ကား သြဂုတ်လ ၁၂ ရက်နေ့။


(၂၈)


“ဦးစိန်လွင်သည် နိုင်ငံတော်ဥက္ကဋ္ဌ ရာထူးမှလည်းကောင်း၊ နိုင်ငံတော် သမ္မတ ရာထူးမှလည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း နုတ်ထွက်ခွင့်ပြုပါရန် တင်သွင်းခဲ့သည်။ ရာထူးမှနုတ်ထွက်ခြင်း၊ အစားထိုးခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ အခန်း ၄ ၏ စည်းမျဉ်းများအရ ဦးစိန်လွင်အား နိုင်ငံတော်သမ္မတ ရာထူးမှလည်းကောင်း၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ရာထူးမှလည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း ယနေ့ ၁၉၈၈ ခု၊ သြဂုတ်လ ၁၂ ရက်နေ့မှစ၍ နုတ်ထွက်ခွင့် ပြုလိုက်သည်“

(၂ဝး ဝဝ) နာရီသတင်း

မြန်မာ့အသံ

၁၉၈၈၊ သြဂုတ်လ ၁၂ ရက်

ဦးထွေးမြင့် (Type) ရိုက်ပြီးသည့်အချိန်တွင်မှ ဦးစိန်လွင် သမ္မတအဖြစ် နုတ်ထွက်ကြောင်းအား မြန်မာ့အသံမှ ကြေညာသည်။

လိပ်မူထားသည်ကား ဦးစိန်လွင် နိုင်ငံတော် သမ္မတကြီးထံသို့။ မည်သို့လုပ်ဆောင် ကြမည်နည်း။ ဦးစိန်လွင်က သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ပြီးနေ၏။ အခြားတယောက်ယောက်ကိုလည်း သမ္မတအသစ်အဖြစ် အစားထိုး ရွေးချယ်ခန့်အပ်သည်ဟူ၍ မြန်မာ့အသံမှ မကြေညာခဲ့။ ရှိစေတော့ ----။ ဦးစိန်လွင်ထံသို့ လိပ်မူထားသည်ကိုတော့ ပြင်မှရတော့မယ်။ ပြင်ပြီးလျှင် မည်သူထံသို့ လိပ်မူ၍ ပေးပို့မည်နည်း။ ဦးနေဝင်းသည်လည်း တာဝန်များအားလုံးမှ နုတ်ထွက်ထားပြီး ဖြစ်သည်။ တရားဝင်မှုအရ သူ့တွင် တာဝန်မရှိ။ သူ့ထံသို့ပင် လိပ်မူပြီး ပို၍မရနိုင်။ မိတ္တူတော့ ပို၍ရမည်။ အားလုံး စဉ်းစားရ ကျပ်နေကြသည်။

“ကဲ ---- အန်ကယ်ဦးထွေးမြင့်ရော၊ အန်ကယ်ဦးအုန်းမြင့်ရော ကျမတို့ လုပ်ရမှာတွေကလည်း ကပ်နေပြီ။ ဒီတော့ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးကျောင်ထင်ဆီပဲ လိပ်မူပြီး ပို့တာပေါ့“

ဒေါ်အောင်ဆန်းစုကြည်က ဝင်ပြောသည်။ နောက်ဆုံး ဦးကျော်ထင်ထံသို့ လိပ်မူပြီး ပို့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဦးထွေးမြင့်က (Typewriter) အဟောင်းကြီးနှင့် ပြန်၍ အလုပ်များနေပြန်တော့သည်။ ဒီနေ့ည အပြီးရိုက်ရမည်။ ဒီနေ့ညပြီးမှ မနက်ဖြန် ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့များတွင် တောင်းဆိုကြသည့် သူများထံတွင် လိုက်ပြီး လက်မှတ်ထိုးခိုင်းကြရမည်။


(၂၉)


၁၉၈၈ ၊ သြဂုတ်လ ၁၃ ၊ ၁၄ ရက်။

(Type) ရိုက်ထားပြီးသည့် စာပေါ်တွင် သဘောတူထောက်ခံကြသည့် သူများ၏ လက်မှတ်များရအောင် ၂ ရက်လုံးလုံး လက်မှတ်လိုက်ထိုးခိုင်းကြရသည်။ ရန်ကုန်တမြို့လုံး ဆန္ဒပြလူတန်းကြီးများနှင့် သွားလာရသည်မှာ မလွယ်ကူ။ စစ်သားများအား မြို့တွင်းမှ ပြန်၍ရုပ်သိမ်းသွားပြီးဖြစ်တဲ့အတွက် ယခင်ရက်များမှာကဲ့သို့ သေနတ်များအသင့်နှင့် ပစ်ရန်စောင့်နေသည့် စစ်သားများအား လမ်းဆုံလမ်းဂွများတွင် မတွေ့မြင်ရတော့ ----။

စောကြာဒိုး၊ သမ္မတဟောင်း မန်းဝင်းမောင်၊ ဗိုလ်မှူးအောင် ဖဆပလ ဝန်ကြီးဟောင်း ဦးညိုထွန်း၊ ဗိုလ်စန္ဒာကျော်၊ သခင် ခင်အောင်၊ သခင်သိန်းဖေ၊ ဗိုလ်ရန်နိုင်တို့၏ လက်မှတ်များရသည်။ ပြီးလျှင် ကျောင်းသားသမဂ္ဂ အမှုဆောင်ဟောင်းများနှင့် ဥက္ကဋ္ဌဟောင်းများ၏ လက်မှတ်များ ရသည်။ ဦးနုကမူ သီးခြားစာရွက်ဖြင့် သဘောတူထောက်ခံကြောင်း သီးသန့် စာရေးပေးသည်။


(၃ဝ)


၁၉၈၈ ခု၊ သြဂုတ်လ ၁၅ ရက်

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း။

နံနက် ၈း ၃ဝ) နာရီခန့်စပြီး တယ်လီဖုန်းတလုံးနှင့် ဒေါ်အောင်ဆန်းစုကြည် အလုပ်ရှုပ်နေသည်။ ဗိုလ်ချုပ်ကျော်ထင်၏ နေအိမ်သို့ တယ်လီဖုန်းဆက်သည်။ မရှိ။ ရုံးသို့ထွက်သွားပြီဟု ပြောသည်။ နိုင်ငံတော် ကောင်စီရုံးသို့ ဆက်သည်။ မရှိ။ မဆလ ပါတီဌာနချုပ်သို့ ဆက်သည်။ မရှိ။ မွန်းလွဲ ၂ နာရီိခန့် ရှိပြီ။ ဗိုလ်ချုပ်ကျော်ထင်အား ဆက်သွယ်၍ မရသေး။ ဗိုလ်ချုပ်ကျော်ထင်နှင့် အဆက်အသွယ်ရမှ ဖြစ်မည်။ ဒီနေ့မှာပင် သူထံသို့ စာပို့နိုင်မှ ဖြစ်မည်။ ၁၈ ရက်နေ့၌ သူတို့၏ အရေးပေါ် လွှတ်တော် အစည်းအဝေးနှင့် နိုင်ငံတော်ကောင်စီ အစည်းအဝေးများ ရှိသည်။ ဤအစည်းအဝေးများအမီ စာအား ပေးပို့နိုင်မှ ဖြစ်မည်။ နိုင်ငံတော်ကောင်စီရုံးသို့ နောက်ထပ်တကြိမ် ဖုန်းခေါ်ပြန်သည်။

“ဟဲလို ---- ကျမ အောင်ဆန်းစုကြည်ပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။ ဦးကျော်ထင်နဲ့ တွေ့ချင်လို့ပါ။ အရမ်းအရေးကြီးလို့ပါ။ သူ ရှိနိုင်မယ့် နေရာကို ပြောပြပေးပါလား“

ခဏစကားပြောပြီး ဒေါ်အောင်ဆန်းစုကြည် ဖုန်းချလိုက်သည်။ ဖုန်းနံပါတ်အသစ်တခုကို ဆက်ပြန်သည်။ မဆလ ပါတီဗဟို ဌာနချုပ်ရုံး။

“ဟဲလို ----- ကျမ အောင်ဆန်းစုကြည်ပါ “

စကားပြောပြီး၍ တယ်လီဖုန်းအား ချလိုက်ပြန်သည်။

“အန်ကယ် အုန်းမြင့်ရေ --- ဦးကျော်ထင်နဲ့တော့ စကားပြောလိုက်ရတယ်။ သူက အခုလောလောဆယ်ဆယ်တော့ ဘယ်လိုမှ တွေ့နိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်။ ပါတီဌာနချုပ်မှာ အရေးကြီးတဲ့ အစည်းအဝေး ပြုလုပ်နေလို့ပါတဲ့။ သူ အကြောင်းပြန်ပါ့မယ်လို့ ပြောတယ်“

“ကျမတို့ ညနေအထိ စောင့်ကြတာပေါ့“

ဦးကျော်ထင်နှင့် တယ်လီဖုန်း အဆက်အသွယ်ရခဲ့သည့်အတွက် အလုပ်အတွက် ရင်ထဲ၌ နည်းနည်း ပေါ့သွားသည်။ ထိုအခါမှ ….. ယခုအထိ နှစ်ယောက်စလုံး နံနက်စာ မစားရသေးသည်ကို သတိရတော့သည်။ အပြင်ဘက်တွင်တော့ မိုးက တဖွဲဖွဲနှင့် စဲတော့မည့်ဟန် မပေါ်။

ညနေ ၄ နာရီ ထိုးပြီ။ ဦးကျော်ထင်မှ အကြောင်းပြန်ကြားခြင်း မရှိသေး။ စောင့်ရသည်မှာ စိတ်မရှည်ချင်စရာ ကောင်းလှသည်။ အန်ကယ် ကျမ ဦးကျော်ထင်ဆီ ဖုန်းထပ်ဆက်လိုက်ဦးမယ်ဟု ပြောပြောဆိုဆိုဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည်သည် မဆလပါတီ ဌာနချုပ်ရုံးသို့ တယ်လီဖုန်း ဆက်ပြန်ပါသည်။

“အန်ကယ် ဦးကျော်ထင်ဆီက အကြောင်းမပြန်သေးလို့ ကျမ ထပ်ဆက်တာပါ“

“ဟုတ်ကဲ့ရှင့်၊ ကျမတို့ဆီမှာ ရေးထားပြီးသား အဆင်သင့်ရှိပါတယ်။ ဖြစ်နိုင်လို့ရှိရင် အန်ကယ် ဦးကျော်ထင်တို့ဆီကပဲ လူလွှတ်ပြီး လာယူခိုင်းပေးဖို့ မေတ္တာရပ်ခံပါတယ်“ ဒေါ်အောင်ဆန်းစုကြည်တို့ ဖုန်းပြောပြီး၍ မိနစ် ၂ဝ ခန့်ကြာသည့်အခါ၌ တက္ကသိုလ် ရိပ်သာလမ်းခြံဝင်းအတွင်းသို့ စစ်တပ်အမှတ်တံဆိပ် တပ်ဆင်ထားသည့် မာစတာဂျစ် တစင်း ဝင်လာသည်။ ကားပေါ်မှ ဗိုလ်မှူးအဆင့်နှင့် သူတယောက် ဆင်းလာသည်။

“ကျနော်တို့ စာလာယူတာပါ“


(၃၁)


၁၉၈၈ ခု၊ သြဂုတ်လ ၁၆ ရက်။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း။

နံနက် ၉ နာရီခန့်မှာပင် သခင်အုန်းမြင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရောက်သည်။ “အန်ကယ် အုန်းမြင့် - အခုပဲ ဘားကောင်စီက ဒေါ်မြင့်မြင့်ခင် တယ်လီဖုန်းဆက်တယ်။ သူတို့ ဘားကောင်စီက လူတွေ `စု` နဲ့ တွေ့ချင်တယ်။ အိမ်လာခဲ့မယ်လို့ ပြောတယ်။ `စု` ကလည်း ရပါတယ်။ လာခဲ့ပါလို့“ ဒေါ်အောင်ဆန်းစုကြည်မှ သူမထံသို့ ဘားကောင်စီမှ ဖုန်းဆက်၍ လာတွေ့မည့် အကြောင်းအာား အိမ်ပေါ်သို့ ရောက်ရောက်ချင်း သခင်အုန်းမြင့်အား ပြောပြနေသည်။

၁ဝ နာရီခန့်တွင် တယ်လီဖုန်းသံ မြည်လာသည်။ ဒေါ်အောင်ဆန်းစုကြည်မှ တယ်လီဖုန်းစကား ပြောပြီး ဖုန်းချလိုက်သည်။ ပြီးလျှင် တယ်လီဖုန်းဆက်လာသည့် အကြောင်းအား ပြောပြသည်။

“ဘားကောင်စီက ဆက်တာ၊ သူတို့က လူများတော့ ကားအခက်အခဲရှိလို့ ဖြစ်နိုင်ရင် ဒေါ်စု သူတို့ဆီကို လာခဲ့စေလိုပါတယ်တဲ့“

“ ဘယ်လိုလုပ်မလဲ“

သခင်အုန်းမြင့် က ---

“သွားတာပေါ့၊ ဘားလမ်းကိုသွားကြတာပေါ့“

ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းသာ ဘားကောင်စီရုံးရှိရာသို့ ထွက်သွားသည်။ နေ့လည် ၁ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်လာသည်။ ဘားကောင်စီမှာ ကားဖြင့် ပြန်ပို့ခြင်း ဖြစ်သည်။ ဧည့်ခန်းအတွင်း ထိုင်မိသည်နှင့် ဒေါ်အောင်ဆန်းစုကြည်မှ သခင်အုန်းမြင့်အား ပြောသည်။

“အန်ကယ် --- လာပါဆိုပြီး ပြောတုန်းကတော့ ဒေါ်မြင့်မြင့်ခင်နဲ့ ဦးကိုယုတဲ့။ ဟိုကျတော့ စကားပြောတာက ဒေါက်တာမောင်မောင်ကျော် ဆိုတဲ့သူက ပြောတာ။ တခါတည်း သူပဲ ဒိုင်ခံပြီး ပြောနေတော့တာပဲ။ သူတို့ ဘားကောင်စီက ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့ဖို့ကို မနေ့က စာတင်ထားပြီပြီးတဲ့၊ နိုင်ငံတော်ကောင်စီကို တင်ထားတာပေါ့။ အဲဒါကို ထောက်ခံပါလို့ ကျမကို ပြောတယ်“

“ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံမယ်လို့ ပြောခဲ့လား“

သခင်အုန်းမြင့် က ဒေါ်အောင်ဆန်းစုကြည် အားမေးသည်။

“မပြောခဲ့ပါဘူး“

“ဒါပေမယ့် ကျမတို့ မနေ့က တောင်းဆိုတဲ့စာနဲ့ သဘောထားချင်း သိပ်မကွာပါဘူးလို့တော့ ပြောခဲ့တယ်“

ရန်ကုန်မိုးက ဖွဲရာမှ သည်းလာသည်။ အင်းယားကန်အားဖြတ်၍ တိုက်ခတ်လာသောလေကြောင့် ခန်းဆီးများက တဖျတ်ဖျတ်နှင့် လူးလွန့်နေသည်။ ညနေစောင်းသည့်တိုင် မိုးက သည်းတုန်းပင်။ ညနေ ၅ နာရီိခန့် ရှိမယ်ထင်သည်။ ဘားကောင်စီမှ လွှတ်လိုက်သည့်ရှေ့နေ ကိုသိန်းဟန် ရောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပေးရန် ဘားကောင်စီမှ ရေးပေးလိုက်သည့် စာအား လာပို့ခြင်းဖြစ်သည်။ စာကား ဘားကောင်စီမှ နိုင်ငံတော် ကောင်စီသို့ ရေးပို့ထားသည့် စာအား ထောက်ခံပါသည်ဟူ၍ သက်ရောက်နေသည်။

“အန်ကယ် ဖတ်ကြည့်ပါအုံး“

သခင်အုန်းမြင့် စာဖတ်နေသည့်အချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည်က ကျမ နေ့လည်က ပြောခဲ့တာ ဒီသဘောမျိုး မဟုတ်ပါဘူးလို့ ကိုသိန်းဟန်ကို ပြောနေသည်။

“ဒေါ်အောင်ဆန်းစုကြည် ပြင်စရာရှိရင် ပြင်ပေးလိုက်ပါ။ ကျနော် ပြန်ယူသွားပါ့မယ်။ ဟိုမှာ ပြန်တင်ပြပြီးတော့ သူ ဖယောင်းစက္ကူနဲ့ ရိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးဖို့ ပြန်ယူလာခဲ့ပါမယ်“

နိုင်ငံတော်ကောင်စီ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်သို့ တင်ပြသည့် ၁၅-၈-၈၈ နေ့စွဲဖြင့် ဗဟိုတရားရုံး ရှေ့နေများ၊ ကောင်စီဝင်လူကြီးများနှင့် ရှေ့နေများ၏ တင်ပြတောင်းဆိုချက်များတွင်လည်းကောင်း၊ ၁၆-၈-၈၈ နေ့စွဲဖြင့် ရန်ကုန်ရှေ့နေအသင်းမှ တင်ပြတောင်းဆိုချက်များသည်လည်းကောင်း၊ တခြားသော အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလ များစွာတို့၏ တင်ပြတောင်းဆိုချက်များသည်လည်းကောင်း တူညီသောဆန္ဒ၊ တူညီသော တောင်းဆိုချက်များမှာ မြန်မာနိုင်ငံက တပါတီစနစ်ကို ဖျက်သိမ်းပြီး ပါတီစုံစနစ်ဖြင့် ပြန်လည်တည်ထောင်ပေးရန် ဆန္ဒပြုထားသည်ကို တွေ့ရှိရပါသည်။ အထက်ပါ အဖွဲ့အစည်းများနှင့် ပြည်သူတို့၏ ဆန္ဒပြု တောင်းဆိုချက်များသည် မှန်ကန်တရားမျှတသော တောင်းဆိုချက်၊ ဆန္ဒပြုချက်ဖြစ်ကြောင်း ကျမ ရိုးသားစွာ ယုံကြည်ပါသည်။ သို့ပါ၍ ပြည်သူတို့၏ ဆန္ဒပြငြိမ်းချမ်းစွာ ဖြစ်မြောက် အကောင်အထည် ဖော်ဆောင်လာစေရန် စေတနာဖြင့် အမြန်ဆုံးဆောင်ရွက်ပေးပါရန် တောင်းဆိုဆန္ဒပြု တင်ပြအပ်ပါသည်။

အောင်ဆန်းစုကြည်

အမှတ် ၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်း

ရန်ကုန်မြို့

ဖုန်း ၃ဝ၃၆၅။

၁၉၈၈၊ သြဂုတ်လ ၁၇ ရက်။

မှတ်ချက်။ ။ ကျမ ၁၅-၈-၈၈ နေ့စွဲတွင် တင်ပြခဲ့သော တင်ပြချက်နှင့် ၁၅-၈-၈၈ ရက်စွဲဖြင့် ထုတ်ပြန်သော ဗဟိုတရားရုံး ရှေ့နေများကောင်စီ တင်ပြချက်များသည် ပြည်သူလူထု ဆန္ဒနှင့် ကိုက်ညီသည့် ပြောင်းလဲမှုများကို လိုလားရာတွင် ကွဲလွဲမှု မရှိပါ။



(၃၂)


၁၉၈၈ ခု၊ သြဂုတ်လ (၁၈)ရက်။

အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း…..။

ဆရာပါရဂူ၊ မောင်ကိုယု၊ တင်ဆွေမိုးနှင့် ကဗျာဆရာ ကိုခေးတို့ ရောက်၍လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဆွေးနွေးကြသည်။ ဆရာပါရဂူနှင့်မောင်ကိုယုတို့က Signature Campaign ကိစ္စအားရှင်းပြသည်။ စာရေးဆရာများ၊ ပန်းချီ၊ ပန်းပု၊ ကာတွန်းနှင့် သတင်းစာဆရာများအားလုံးက နိုင်ငံတော်ကောင်စီကိုပေးပို့မည့် စာအကြောင်းပြောပြသည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း လက်မှတ်ထိုးပါရန် ပြောကြသည်။ စုစုပေါင်း (၇ဝဝ)ခန့်ရှိမည်။ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်တို့လည်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း လက်မှတ်ထိုး၍ပေးလိုက်သည်။

သို့

နိုင်ငံတော်ကောင်စီ

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ

မှ

မြန်မာနိုင်ငံ စာပေပညာရှင်များ အနုပညာရှင်များ

အကြောင်းအရာ။ ။ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများအပေါ် တင်ပြတောင်းဆိုခြင်း။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများကို အခြေခံတဲ့ ဖြစ်ပေါ်လာသည့် မလိုလားအပ်သော ဆိုးကျိုးများအပေါ် အောက်ပါအတိုင်း သုံးသပ် တင်ပြပါသည်။

ယခုကဲ့သို့ တင်ပြရခြင်းမှာ မိမိဆန္ဒကို တရားဥပဒေဘောင်အတွင်းမှ တင်ပြစေလိုကြောင်း သံဃာ့မဟာနာယကအဖွဲ့မှ မေတ္တာရပ်ခံနဲ့အညီ တင်ပြရခြင်းဖြစ်ပါါသည်၊ ၁၉၈၈ ခု မတ်လ ၊ ဇွန်လ ၊ သြဂုတ်လအတွင်းတွင် ကျောင်းသားထု၊ ပြည်သူလူထုဆန္ဒပြမှုများအပေါ် လိုအပ်သည်ထက် ပိုမိုးကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်ဟု ယုံကြည်ပါသည်။ ယခုကဲ့သို့ ဆန္ဒပြမှုမျိုး ဆက်လက်ပြုလုပ်နေခဲ့လျှင် တိုင်းပြည်တွင် သွေးချောင်းစီးကာ မင်းမဲ့စရိုက်ဝါဒ လွှမ်းမိုးလျက် ပြည်သူအားလုံး အတိဒုက္ခ ရောက်ကြမည်မှာ မလွဲမသွေဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ လတ်တလော ဖြစ်ပေါ်ရခြင်းမျိုးမဟုတ်ပါ။ (၂၆)နှစ်ကာလပတ်လုံး ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးဒဏ်ကို အလူးအလဲခံရခြင်း နိုင်ငံရေးအကျပ်အတည်း ၊ စီးပွားရေး အကျပ်အတည်းတို့၏ ဝေဒနာကို ပြင်းထန်စွာ ခံစားရခြင်း လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ပိတ်ပင်းထားခြင်းတို့မှ အံကြွပေါက်ကွဲလာခြင်းဖြစ်ပါသည်။ ဤသို့ အုံကြွပေါက်ကွဲခြင်းကို အကြမ်းဖက်လက်နက်ကိုင်ဖြေရှင်းမည့်အစား တိုင်းပြည်တွင်လေးစားထိုက်သော နယကဂုဏ် နှင့် ပြည့်စုံသည့် အုပ်ချုပ်မှုအတတ်ပညာရှင်များ ဦးသျှောင်ကွပ်ကဲနိုင်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်း အကူအညီတောင်းခံခြင်း အုပ်ချုပ်မှုပုံစံပြောင်းလဲခြင်းသည်သာ လျှင် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်ပါသည်။ မြန်မာနိုင်ငံတဝှမ်းလုံးတွင် အမြန်ဆုံးငြိမ်းချမ်းလျက် ကသောင်းကနင်းဖြစ်နေသော အခြေအနေများသည်လည်း ကင်း ဝေးစေကာလုပ်ရန်ရှိသော စီးပွားရေးစီမံကိန်းများနှင့် ပြည်သူလူထုတရပ်လုံး၏စိတ်တူကိုယ် တူ ဝိုင်းဝန်ကူညီဆောင်ရွက်မှုဖြင့် အောင်မြင်စေရန်အတွက် တိုင်းပြည်တပြည်လုံးက လိုလား တောင့်တနေသော နိုင်ငံရေးပုံသဏ္ဍာန်ပြောင်းလဲမှုကို အဓိကထားလျက် မင်းကျင့်တရား ဆယ်ပါးနှင့်အညီ ဆောင်ရွက်ပါရန် အလေးအနက်ထား တောင်းဆိုတင်ပြပါသည်း။


၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့။



(၃၃)


၁၉၈၈ ခု၊ သြဂုတ်လ (၂၁)ရက်

အမှတ် ၈၈၊ ဗိုလ်သူရလမ်း၊ ကြည့်မြင်တိုင်

ဒေါ်အောင်ဆန်းစုကြည်ရောက်သည်နှင့် ဆွေးနွေးပွဲအားစတင်ကြသည်။ လူအရေ အတွက် မများလှပေမယ့် အလွှာအသီးသီးအား ကိုယ်စားပြုသည့် ပုဂ္ဂိုလ်များပါဝင်ကြသည်။

ဦးဘထွန်း၊ သခင်ချစ်၊ မောင်ကိုယု၊ ဦိးထွန်းတင်၊ ဒေါ်မြင့်မြင့်ခင်စသည့် ရှေ့နေကြီးများပါဝင်ကြသည်။ တို့ဗမာအစည်းအရုံးဝင်သခင်များမှ သခင်ခင်အောင် ၊ သခင်ထွန်းခင်၊ သခင် ချစ်မောင်တို့ တတ်ရောက်ခဲ့သည်။ စာနယ်ဇင်းနှင့်အသိပညာရှင်၊ အတတ်ပညာရှင်များမှ မောင်သောက( ဗိုလ်မှူး ဘသော်) ၊ ဦးလှဝင်း (လေသူရဲတဦး) ၊ မောင်မိုးသူ၊ မောင်ဝံသ၊ ဦးဝင်းတင်၊ ဦးတိုးလှိုင်၊ ဦးလှတင်၊ သခင်တင်မြ ၊ ကိုရဲလင်း….။ ပြည်သူ့ရဲဘော်မှ ဗိုလ်သာထွန်း၊ ဗိုလ်စန္ဒာကျော်၊ ဗိုလ်မိုးညို တို့ တတ်ရောက်ခဲ့သည်။ အားလုံးက ဒေါ်အောင်ဆန်းစုကြည်အား လူထုနှင့်တွေ့ဆုံပြီး ဟောပြောရန် ဆွေးနွေးကြသည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း သဘောတူသည်။ လူထုနှင့်တွေ့မည့် လူထုအား ရှင်းပြမည်။ နေရာရွေးကြ၏။ မည်သည့်နေရာတွင် လူထုဟောပြောပွဲ ပြုလုပ်မည်နည်း။ ပထမ သိမ်ဖြုကွင်း ----။ မိုးတွင်းဖြစ်၍ သိမ်ဖြူကွင်းအတွင်း မဖြစ်နိုင်။ ရေများ၊ ဗွက်များနှင့် လူထုအတွက် အခက်အခဲရှိမည်။ ဤသို့ဖြင့် ----။ ရွှေတိဂုံဘုရား၏ အနောက်ဖက်ပမုဒ်ဦးနေရာသို့ သတ်မှတ်လိုက်ကြတော့သည်။ ဒေါ်အောင်ဆန်းစုကြည် လူထုနှင့် ပထမဦးဆုံးတွေ့ဆုံခြင်းဖြစ်သည်။


(၃၄)


၁၉၈၈ ခုနှစ် ၊ သြဂုတ်လ ၂၆ ရက်။

ရွှေတိဂုံဘုရားအနောက်ဖက်မုဒ်…..။

“ ကျမဒီကနေ့ကစပြီးတော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံပါရစေ။ ကျမနိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒါလေးတွေအတွက်ကြောင့် ကျမတိုင်းပြည်ပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုမှ ကျဆင်းမသွားနိုင်ပါဘူး။ “

“ နောက်တခုက ကျမဟာ ဗမာပြည်နိုင်ငံရေးအကြောင်း ဘာမှနားမလည်ပါဘူးတဲ့ ---။ တကယ်တော့နားလည်းလွန်းလို့ ခက်နေတာပါ“

“ ဗမာပြည်နို်င်ငံရေးဟာ ဘယ်လောက်ရှုပ်ထွေးတယ် ဒီရှုပ်ထွေးမှုဒဏ်ကို ဖေဖေ ဘယ်လောက်ခံခဲ့ရတယ်ဆိုတာ ကျမတို့ အသိဆုံးပါပဲ“

“ ဒါကြောင့်မို့လို့လဲ လွတ်လပ်ရေးရပြီးတဲ့အခါကျလို့ရှိရင် ထပ်ပြီးတော့ အာဏာလုတဲ့ နိုင်ငံရေးမျိုးကို ဆက်မလုပ်ချင်ဘူးဆိုတာ ဖေဖေ အတိအလင်းပြောသွားပါတယ်။ “

“ အဲဒီလိုပြောသွားတာမျိုးကြောင့်မို့လို့ ကျမလည်း နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။ ဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့ အခုမှ ဘာဖြစ်လို့ ဒီအရေးအခင်းထဲမှာ ဝင်ပါနေသလဲလို့ မေးစရာလည်း ရှိပါတယ်။ “

“ အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့အရေးအခင်း ဖြစ်နေပါတယ်။ ကျမမှာလည်း ဖေဖေရဲ့သမီးလုပ်ပြီး ခေါင်းရှောင်နေလို့ မဖြစ်တော့ပါဘူး။ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်မြောက်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်“

လက်ခုပ်သံသြဘာသံများက တော်လည်းသကဲ့သို့ မြေကမ္ဘာအတွင်းမြည်းဟီး၍ နေသည်။ အတော်မသတ်တော့ ---။

“ ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ ---။“

“ ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ ---။“

“ ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ ---။“

လူထုကြီးအား ဖြေးဖြေးခြင်းကျော်ဖြတ်ရင်း ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းလာသည့် ကားငယ်သည် မြေပဒေသာကျွန်းအနီးသို့ ရောက်ရှိလာသည်။ လူထုကြီး၏ ကြွေးကျော်သံများက ကြား၍နေရဆဲပင် ----။ ဒေါ်အောင်ဆန်းစုကြည်၏မျက်နှာသည် သူမချစ်သော ပြည်သူလူထုကြီးနှင့် ထိတွေ့ခဲ့ရသဖြင့် ကျေနပ်နှစ်သိမ့်၍နေသည်။ သူမ၏မျက်ဝန်းများက ကြည်လင်၍ အရောင်တောက်ပနေသည်။

“အန်ကယ် `စု`တော့ မြန်မာ့နိုင်ငံအရေးမှာ အရိုးကျေကျေ အရေခမ်းခမ်း ဆုံးခန်းတိုင်အောင် လုပ်ဖို့ ခြေစုံပစ်ပြီး ဝင်ခဲ့ပြီ --- ။“

သခင်အုန်းမြင့်က ဒေါ်အောင်ဆန်းစုကြည်ဆက်၍ပြောလာမည့် စကားအား စောင့်မျှော်၍ ငံ့လင့်နေသည်။ ဒေါ်အောင်ဆန်းစုကြည်က ဆက်၍မပြော ---။ သခင်အုန်းမြင့်၏လက်ထဲသို့သာ သူမလက်ရေးနှင့် ရေးထားသည့် ကြေညာစာတမ်းတစ်စောင်အားပေးသည်။

“အန်ကယ် `စု` အကြောင်းတခုခုဖြစ်လို့ရှိရင် အန်ကယ်စီစဉ်သင့်တာကို စီစဉ်ပါ “


နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရခြင်းအကြောင်း


(တိုင်းပြည်နှင့်အဖေ့ကျေးဇူးကို၊ ဖခင်ကျေးဇူးကို ဆပ်လို၍)

နိုင်ငံရေးအသိုင်းအဝိုင်းအတွင်းတွင် မွေးလာ၊ ကြီးပြင်းလာသူတစ်ဦးအနေနှင့် နိုင်ငံရေးလောကတွင် စိတ်ဝင်စားလာခြင်းသည် အထူးရှင်းပြရန် လိုမည့်အကြောင်းအရာတခု မဟုတ်ပါ။ ကျမသိတတ်စအရွယ်ကပင် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများ၊ အထူးသဖြင့် ကျမဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်အတွက် ကြိုးပမ်းမှုများနှင့် နိုင်ငံအတွက်ထားရှိခဲ့သော မျှော်မှန်းချက်များနှင့် ပတ်သတ်သော ဆွေးနွေးစကားများကို နေ့စဉ်မပြတ်ဆိုသလို ကြားနေခဲ့ရပါသည်။ ထိုသို့ကြားခဲ့ရခြင်းဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ရေးသည် ပြည်သူလူထု၏ညီညွှတ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှုနှင့် စီးပွားရေးခိုင်လုံမှုတို့အပေါ်တွင် တည်ရှိကြောင်း သဘောပေါက်ခဲ့ပါသည်။ ၄င်းအပြင်လည်း ဖေဖေသည် တိုင်းသူပြည်သားအချင်းချင်း၊ သတ်ဖြတ်တိုက်ခိုက်သည့်အာဏာလုနိုင်ငံရေးမျိုးကို လုံးဝမနှစ်သက်၊ မကြိုက်ခဲ့ကြောင်း လွတ်လပ်ရေးရပြီး ကာလ၌ နိုင်ငံရေးလောကတွင် ကျောခိုင်း၍ သတင်းစာဆရာ၊ စာရေးဆရာတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းရှာဖို့ ရည်ရွယ်ခဲ့ကြောင်း၊ နိုင်ငံအရပ်ရပ်သို့ သွားရောက်၍ မြန်မာပြည်သူအတွက် ပညာရစေ၊ အမြင်ကျယ်စေမည့် ဗဟုသုတများရှာဖွေရန် မှန်းဆခဲ့ကြောင်းများကို သိရှိခဲ့သည်။ ဖေဖေ၏မဖြစ်မြောက်နိုင်ခဲ့သော ရည်ရွယ်ချက်များကို စိတ်ဝယ်ထား၍ ကျမလည်း မြန်မာတိုင်းသူပြည်သားအချင်းချင်းအကြား အာဏာလုပွဲဖြစ်ပွားစေမည့် နိုင်ငံရေးမျိုးတွင် မပါဝင်ဘဲ နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရသည့် စာပေလောကအတွင်းမှ မြန်မာကို ကမ္ဘာက သိစေရေး။ မြန်မာ့ပြည်သူလူထုအတွက် အသုံးဝင်နိုင်မည့် စာအုပ်စာတမ်းးများ ပြုစုရေးတို့နှင့် တိုင်းပြည်အကျိုးဆောင်ဖို့ရန် ခန့်မှန်းရည်ရွယ်ထားခဲ့သည်။ ထိုခန့်မှန်းချက်များနှင့်အညီ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနဲ့ ဆက်စပ်သောစာပေ၊ အထွေထွေနှင့် ဖေဖေ့ဘဝ ဖေဖေ့နိုင်ငံရေးလုပ်ဆောင်ချက်များနှင့် သက်ဆိုင်သော စာအုပ်စာတမ်းတို့ကို လေ့လာ၍ သုံးသပ်ချက်များရေးသားခဲ့ပါသည်။ ထိုကဲ့သို့ စာပေလောက၌ အေးချမ်းပြည့်ဝစွာ နေခွင့်ရခဲ့ပါသော်လည်း မြန်မာနိုင်ငံမှာ ဖေဖေမျှော်မှန်းခဲ့သလို ညီညွှတ်ခိုင်ခန့်သည့် ပြည်ထောင်စုကြီး တိုးတတ်သာယာသည့် တိုင်းပြည်ကြီးအဖြစ်သို့ မရောက်လာခဲ့ခြင်းကြောင့် စိတ်ကျေနပ်မှု မရနိုင်ခဲ့ပါ။ အမှန်စင်စစ် ကျမစိတ်ထဲတွင် တိုင်းပြည်နှင့်ဖခင်ကို ကွဲ၍ မစဉ်းစားနိုင်ပါ။ မြန်မာနိုင်ငံအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်နေလျှင် ဖေဖေ့ကိုပင် ထိခိုက်နေသကဲ့သို့ ခံစားရပါသည်။ အထူးသဖြင့် ဖေဖေ့ပြုစုပျိုးထောင်ခဲ့သော တပ်မတော်နှင့်ဖေဖေ့အပေါ် အင်မတန်မှ မေတ္တာထားခဲ့သော လူထုအကြားတွင် စိတ်ဝမ်းကွဲစေနိုင်မည့် အခြေအနေမျိုးဖြစ်ထွန်းလာသည်ကို မြင်ရသောအခါ ပိုမို၍ စိုးရိမ်ပူပင်မိပါသည်။ တိုင်းသူပြည်သားအားလုံးတို့သည် မိမိတို့၏ စွမ်းအားရှိသ၍ တိုင်းပြည်အကျိုးထမ်းဆောင်ဖို့ရန် တာဝန်ရှိပါသည်။ ထိုကြောင့် မြန်မာပြည်၌ စိတ်မချမ်းမြေ့ဖွယ်ရာ အရေးအခင်းများပေါ်ပေါက်နေသည်ကို သုံးသပ်ဆင်ခြင်ရပါတော့သည်။ တိုင်းသူပြည်သား အချင်းချင်းအာဏာလုပွဲကဲ့သို့ ဖြစ်မည့်နို်င်ငံရေးမျိုးကို ရှောင်ကြဉ်ချင်လှပါသော်လည်း ကြီးမားလှစွာသော တိုင်းပြည်ကျေးဇူး ၊ ဖခင်ကျေးဇူးတို့ကို ဆပ်သည့်အနေနှင့် အများပြည်သူလူထုအတွက် အကျိုးဖြစ်စေမည့် နိုင်ငံရေးစနစ် အမြစ်တွယ်စေဖို့ ကြိုးပမ်းတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။

အောင်ဆန်းစုကြည်

၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက် ။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)
မင်းဟန်
ကြာသပတေးနေ့၊ ဂျူလိုင်လ 16 ရက် 2009 ခုနှစ် 18 နာရီ 47 မိနစ်







(၃၅)
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က မဆလပါတီ၏ အရေးပေါ် ညီလာခံအား ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ခေါ်ယူလိုက်၏။ စားသောက်ဆိုင်နှင့် အဖျော်ယမကာ ကုန်သွယ်ရေးကော်ပရေးရှင်း အလုပ်သမားသမဂ္ဂက ကျင်းပမည့် မဆလ အရေးပေါ် ညီလာခံတွင် ဧည့်ခံကျွေးမွေးရေးအား လုပ်ဆောင်ပေးမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်၏။ အစိုးရယန္တယားများက ရပ်တန့်၍ နေလေပြီ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်တို့ကား မဆလ၏ လက်ထဲတွင် မတည်ရှိတော့……။ တပ်မတော်သည်သာလျှင် ….. မဆလ၏ သစ္စာအား နာခံလျက်…၊ ဦးနေဝင်း၏ အရှေ့၌ ရိုကျိုးစွာ ဒူးတုတ်၍ အခစားဝင်နေဆဲ…။

မဆလ၏ အမှောင်သန်းသည့်နောက်ဆုံးနေ့များ….။
အရေးပေါ်ညီလာခံအား ၁၂ ရက်နေ့တွင် ကျင်းပရန် ခေါ်ယူထားသော်လည်း ၁၂ ရက်နေ့အထိပင် စောင့်မနေနိုင်တော့….။ ၂ ရက်ကြို၍ စက်တင်ဘာ ၁ဝ ရက်နေ့တွင်ပင် မဆလ၏ အရေးပေါ်ညီလာခံအား ကျင်းပ၏။ လက်နက်ကိုင် အစောင့်အကြပ် ထူထပ်စွာနှင့် သံဆူးကြိုးအကာအရံများအတွင်း ပြုလုပ်သော ပါတီညီလာခံ ဖြစ်သည်။ သိန်းနှင့်ချီသော လူထုက ပြည်သူ့လွှတ်တော် အဆောက်အအုံအား ဝန်းရံ၍ ဆန္ဒပြကြ၏။

`ပြည်သူ့ဆန္ဒခံယူပွဲ ….အလိုမရှိ´
`ကြားဖြတ်အစိုးရ …..ဖွဲ့စည်းရေး´
မဆလ၏ အရေးပေါ် ပါတီညီလာခံက….မတ်တပ်ရပ်၍ လုပ်ကြရသော အစည်းအဝေးဟု ခေါ်ရမည်။ အရေးပေါ်ညီလာခံနှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးက …. လွတ်လပ်၍ တရားမျှတသော ပါတီစုံ အထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးမည်ဟု ဆုံးဖြတ်လိုက်ရသည်။ ပြီးလျှင် … စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အား ဖွဲ့စည်း၏။ ဥက္ကဋ္ဌက ဦးဘဌေး…..။

နောက်တရက် စက်တင်ဘာလ ၁၂ ရက်နေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦး၊ ဦးအောင်ကြီးတို့နှင့် ပေါင်း၍ ဒေါက်တာမောင်မောင်ထံသို့ အိတ်ဖွင့်ပေးစာတစောင် ရေးပို့ခဲ့သည်။ စာကား …. ပြည်သူလူထုတရပ်လုံး လက်ခံနိုင်သည့် ကြားဖြတ်အစိုးရအား အမြန်ဆုံးဖွဲ့စည်းပေးရန် ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအား အကြံပြုထားသည့် စာဖြစ်သည်။


(၃၆)
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
တနင်္ဂနွေနေ့ …..။
မြို့တော်ခန်းမအရှေ့နှင့် ရန်ကုန်ဆေးရုံကြီး အရှေ့တို့တွင်က အစာငတ်ခံတိုက်ပွဲအား ဆက်လက်၍ တိုက်ပွဲဝင်နေကြဆဲ။ လူထု ၅ သိန်းခန့်က ရန်ကုန်မြို့၏ လမ်းများပေါ်၌ ကြွေးကြော်သံများ ဟစ်ကြွေး၍ လှည့်လည်ဆန္ဒပြနေကြသည်။ ဒေါက်တာမောင်မောင် အုပ်ချုပ်ရေးအဖွဲ့က ကြားဖြတ်အစိုးရဖွဲ့စည်းရေးအား ခေါင်းမာစွာနှင့် ငြင်းဆန်လျက်ရှိသည်။

မဆလ ဘက်၌ ရပ်တည်နေသည့် တခုတည်းသော မီဒီယာက `မြန်မာ့အသံ´ ….။ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာသည်ပင်လျှင် လူထုဘက်မှရပ်သည့် လူထုသတင်းစာ ဖြစ်၍နေပြီ။ ပြည်သူ့ရဲနှင့် တပ်မတော် ကြည်း၊ ရေ၊ လေမှ စစ်သည်များ လူထုနှင့် ပူးပေါင်း၍ ဆန္ဒပြသည့်သတင်းအား လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာက….` ဒီမိုကရေစီရရှိရေးအတွက် ပြည်သူ့ရင်ခွင်သို့ ခိုဝင်လာကြသည်´ ဟူ၍ စာလုံးမည်းကြီးနှင့် ဖော်ပြသည်။ မြန်မာ့အသံကမူ …. ပြည်သူလူထုကြီးနှင့် ပူးပေါင်းသွားကြသည့် တပ်မတော်သားများအား စိတ်ဝေဒနာရှင်များဟူ၍ သတင်းတွင် ကြေညာသွားခဲ့၏။ တပ်မတော်သားများ ပြည်သူလူထုနှင့် ပူးပေါင်းသွားခြင်းက …. နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ …. ကန့်လန့်ကာကြားတွင် ရှိနေသည့် ဗိုလ်နေဝင်းအတွက်မူ စိုးရိမ်ဖွယ်ရာပင်….။

စက်တင်ဘာ ၁၈ ရက် …. ညနေခင်း မြန်မာ့အသံ၏ အစီအစဉ်က မြန်မာစံတော်ချိန် ၄ နာရီ၌ စတင်၍ ထုတ်လွှင့်၏။ သီချင်းပဒေသာ အစီအစဉ်နှင့် စသည်။ သီချင်းပဒေသာက တပိုင်းတစနှင့် ရပ်သွား၏။ ပြီးလျှင် ….. သတင်းကြေညာသူ အမျိုးသားတဦး၏ အသံက ဝင်လာ၏။ တည်ငြိမ်လေးနက်အောင် ကြိုးစားထားသည့် အသံနှင့်….။





“နိုင်ငံ၏ အဖက်ဖက်က ယိုယွင်းနေသော အခြေအနေများကို အချိန်မီတားဆီးနိုင်ရန် အများပြည်သူအကျိုးအတွက် တပ်မတော်က နိုင်ငံတော် အာဏာအဝဝကို ယနေ့မှစ၍ လွှဲပြောင်းယူလိုက်ပါသည်။

ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်သည့်အနေဖြင့် ငြိမ်ဝပ်ပိပြားမှုရှိစေရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင် ခေါင်းဆောင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အား ဖွဲ့စည်းလိုက်သည်”

ဗိုလ်နေဝင်း၏ ကကြိုးက …. လူထုတောင်းဆိုသည့် `ကြားဖြတ်အစိုးရ´ ဟူသည်အား စစ်တပ်မှ အာဏာသိမ်းခြင်းဖြင့် တုံ့ပြန်လိုက်တော့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ၁၉ ဦး၏ အမည်စာရင်းအား ကြေညာ၏။ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ရအမိန့်အား ထုတ်ပြန်၏။ လမ်းများပေါ်၌ လူ ၅ ဦးထက်ပို၍ မစုဝေးရအမိန့်အား ထပ်မံ၍ ထုတ်ပြန်လေ၏။ အာဏာသိမ်းစစ်အုပ်စုသည် အမိန့်ကြေညာချက်များအား တခုပြီးတခု မြန်မာ့အသံမှတဆင့် ထုတ်ပြန်နေသည်။ ရေဒီယိုမှတဆင့် အာဏာသိမ်းနေ၏။ အာဏာသိမ်းတပ်များကမူ မြို့တော်အတွင်းသို့ ဝင်မလာသေး….။ မြို့တော်ရှိ လူထုသည် ချက်ချင်းပင် အာဏာသိမ်းစစ်တပ်နှင့် ရင်ဆိုင်ရန် လမ်းများပေါ်သို့ ထွက်လာကြ၏။

ဓား .. ဓားချင်း၊ လှံ .. လှံချင်း …. တွေ့ရန်မှ လွဲ၍ အခြားရွေးလမ်းမရှိတော့….။
ကောင်းကင်တခွင်တပြင်လုံးက မှောင်မဲသော မိုးတိမ်တို့ဖြင့် ထူထူပိန်းပိန်း….။ မိုးက ဖွဲဖွဲ…။ လူထုက ရန်ကုန်မြို့၏ လမ်းငယ်၊ လမ်းသွယ်၊ လမ်းကျယ်ကြီးများ အားလုံးအား ပိတ်ဆို့လိုက်ကြ၏။ မြို့တော်သို့ စစ်သားများအား အဝင်မခံလို…။ လျှပ်စစ်ဓာတ်အားလိုင်းများကိုလည်း ဖြတ်တောက်လိုက်ကြ၏။ သစ်ပင်ကြီးများအား လှဲ၍ လမ်းအား ဆို့၏။

လူထုထံတွင်ရှိသည့် လက်နက်က`ဂျင်ကလိ´နှင့် ယုံကြည်ချက်။

“စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား ၊ မကိုးစားလျှင်
ဓားသွားလည်း ကြွေ၊ လှံလည်း ခွေအံ့။”
(လက်ဝဲသုန္ဒရ၊ နန္ဒိသေနပျို့မှ)


(၃၇)
ညဦးယံမှာပင် အာဏာသိမ်းတပ်သည် စစ်ကားများ၊ ဘရင်းကယ်ရီယာများဖြင့် မြို့တော်၏ လမ်းများပေါ်သို့ ဝင်လာ၏။ အသံချဲ့စက်များဖြင့် ၂/၈၈ အား ကြေညာ၏။ ပိတ်ဆို့ထားသည်များအား ဖယ်ရှားရှင်းလင်းပေးရန်လည်း အမိန့်ပေး၏။ မြင်မြင်သမျှ …. မဲမဲ၊ဖြူဖြူ အကုန်ပစ်ခတ်တော့သည်။ အာဏာသိမ်းည ရန်ကုန်က …. သေနတ်သံ၊ ယမ်းငွေ၊ လူသေအလောင်း ….. သွေးပင်လယ်တို့နှင့် ကုန်လွန်ခဲ့ရ၏။

စက်တင်ဘာ ၁၉….၂ဝ…၂၁ ….။ `ဒေါင်းအလံနှင့် မောင်းပြန်´ တိုက်ပွဲများက ပြင်းထန်ဆဲ….။ အမိမြေက ယမ်းငွေ့၊ သွေးညှီနံ့တို့နှင့် ဖုံးလွှမ်းနေလျက်ပင် …..။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂသို့ တိုက်တွန်းစာတစောင် ရေးသား၍ ပေးပို့ခဲ့၏။ စာတွင် ….

`ကမ္ဘာ့နိုင်ငံတိုင်းက ဗမာပြည်သူတွေ အဓိပ္ပာယ်မယ့် ပစ်သတ်ခံခဲ့ရတယ်ဆိုတဲ့ အချက်ကို ကမ္ဘာက အသိအမှတ် ပြုစေချင်ပါတယ်´ ဟူ၍ ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြခဲ့၏။ မြန်မာ့အရေးက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးတွင် ကျယ်ကျယ်လောင်လောင် ဆွေးနွေးစရာအရေး ဖြစ်၍လာခံ၏။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Sir Geoffery Howe က ……
“ဗမာပြည်မှာ လက်နက်မဲ့ ဆန္ဒပြသူတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ၊ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အတွက် ကျနော်တို့ ထိတ်လန့်တုန်လှုပ်မိပါတယ်။ ပြည်တွင်းရေး ပြဿနာများကို ဖြေရှင်းရန် တခုတည်းသော နည်းလမ်းနဲ့ ကြာရှည်စွာ တည်တံ့ခိုင်မြဲမယ့် ဖြေရှင်းချက်ဟာ လွတ်လပ်မှုနဲ့ ပါတီစုံ ဒီမိုကရေစီလိုလားနေကြတဲ့ ပြည်သူတွေရဲ့ဆန္ဒ ဖြည့်ဆည်းပေးရန်သာ ဖြစ်တယ်ဆိုတာကို မြန်မာအာဏာပိုင်တို့အနေနဲ့ လုံးဝ လက်ခံရလိမ့်မယ်”


(၃၈)
အာဏာသိမ်း စစ်အုပ်စုသည် အာဏာသိမ်းပြီး နောက်တနေ့တွင်ပင် ကာကွယ်ရေးဝန်ကြီးဌာန ဒဂုံရိပ်သာ၌ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ၏။ ထိုကော်မရှင်က …. မဆလ၏ ပြည်သူ့လွှတ်တော်မှ စက်တင်ဘာ ၁၁ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သော ကော်မရှင် ဖြစ်သည်။ ထိုကော်မရှင်ကိုပင် အာဏာသိမ်း စစ်အုပ်စုက တာဝန်ထပ်ပေး၏။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥပဒေအား စစ်အုပ်စုက ပြဋ္ဌာန်း၏။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဥပဒေ အမှတ် ၄/၈၈ အား ထပ်မံ၍ ထုတ်ပြန်သည်။ ၄/၈၈ က … နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ဖြစ်သည်။ ပြီးလျှင် ….. ကော်မရှင် ဥက္ကဋ္ဌမှလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ အမှတ် (၁) ပြဋ္ဌာန်းချက်အား ကြေညာ၏။

အာဏာသိမ်းစစ်တပ်က လမ်းမထက် ပစ်ခတ်၊ သတ်ဖြတ်မှုများအား အဆုံးသတ်၊ သတ်ဖြတ်ပြီးသည့်နောက် ….. သပိတ်စခန်းများသို့ ဝင်ရောက်စီးနင်းပြန်သည်။ တဖက်မှလည်း စစ်ထောက်လှမ်းရေးက …. တနိုင်ငံလုံးအနှံ့ လူဖမ်းပွဲကြီးအား ဆင်နွှဲနေလေ၏။

အရေးတော်ပုံကြီးက သွေးနှင့်စပြီး သွေးနှင့်ပင် နိဂုံးချုပ်သွား၍ မဖြစ်….။ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရပြီ။

နံပါတ် ၁ ….. အကြမ်းမဖက်သည့် နှလုံးရည်တိုက်ပွဲအား Under Ground အသွင်နှင့် ဆက်၍ လှုပ်ရှားမည်လား…..။

နှစ်ပါတ် ၂ …. နယ်စပ်သို့ ထွက်ခွာ၍ လက်နက်ကိုင် တော်လှန်ရေးအား ဆင်နွှဲမည်လား…..။

နံပါတ် ၃ …. နိုင်ငံရေးပါတီတခု တရားဝင်ဖွဲ့စည်းပြီး ဒီမိုကရေစီခရီးအား ပန်းတိုင်သို့ ရောက်သည်အထိ ချီတက်မည်လား….။

ရွေးလမ်းက ၃ သွယ်ရှိ၏။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရွေးလမ်းအား ရွေးချယ်ထားပြီး ဖြစ်၏။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ သခင်အုန်းမြင့်၊ ဦးထွေးမြင့်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာတို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်ကတည်းက သူမ၏ နိုင်ငံရေးလမ်းစဉ်အား ချပြထားခဲ့ပြီး ဖြစ်သည်…။

`ကျမတို့ …. ဒီလုပ်ငန်းတွေ စလုပ်တာနဲ့ လုံးဝ အကြမ်းမဖက်ရေးပဲ။ အကြမ်းမဖက်ဝါဒ၊ ဂန္ဒီဝါဒပေါ့။ ဒါကို ကျမတို့ရဲ့ (မူ) အနေနဲ့ ထားလိုက်မယ်။ နောက်ပြီး …. ဥပဒေဘောင်အတွင်းကပဲ လုပ်မယ်။ မြေအောက်တို့၊ တောခိုတာတို့၊ လက်နက်ကိုင် တိုက်တာတို့ လုံးဝ မလုပ်ဘူး။ ဒါ ကျမတို့ရဲ့ နိုင်ငံရေးလမ်းစဉ်ပဲ…..´






(၃၉)
စက်တင်ဘာ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြီး၊ ဦးတင်ဦးတို့နှင့် ပူးပေါင်း၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ဖွဲ့စည်းထူထောင်လိုက်၏။ NLD အား ဖွဲ့စည်းပြီးဖြစ်သော်လည်း တိုင်းပြည်သို့ ထုတ်ပြန်ကြေညာခြင်းကိုမူ မပြုလုပ်ရသေး…။ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ကော်မရှင်သို့လည်း တင်သွင်းရဦးမည်။ လက်ငင်းလုပ်ငန်းများက … အဖွဲ့ချုပ်၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) တို့အား ရေးဆွဲရမည်။ ဆွေးနွေးညှိနှိုင်းပွဲများက နေ့စဉ်လိုလိုပင် ……။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အား ဖွဲ့စည်းရေး…။ နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့၊ ဖွဲ့ရေးတို့အတွက် ရွေးချယ်ညှိနှိုင်းကြရ၏။ NLD ၏ ဗဟိုခေါင်းဆောင်မှုအား ဦးအောင်ကြီးအစုမှ ၁၄ ဦး။ ဦးတင်ဦး၊ ဦးအောင်ရွှေတို့၏ တပ်မှူးဟောင်းများမှ ၁၄ ဦး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တတ်သိပညာရှင်များမှ ၁၄ ဦး…..။ စုစုပေါင်း ၄၂ ဦးနှင့် ဖွဲ့စည်းကြရန် သဘောတူညီခဲ့ကြသည်။


(၄ဝ)
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၊ နေ့စွဲနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းကြေညာချက် အမှတ် (၁) အား ထုတ်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည်မှ အထွေထွေ အတွင်းရေးမှူးအနေဖြင့် လက်မှတ်ထိုး၍ ထုတ်ပြန်ခြင်းဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ဖြစ်သည်။ ကြေညာချက် အပိုဒ် (၁) တွင် …

`ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူလူထုကြီးတရပ်လုံး အုံကြွပါဝင်ဆင်နွှဲခဲ့ကြသည့် ဒီမိုကရေစီ တိုက်ပွဲကြီးကို အောင်ပွဲခံ၊ အောင်လံလွှင့်နိုင်သည်အထိ အရှိန်အဟုန် တိုးမြှင့်ဆင်နွှဲသွားနိုင်ရန်အတွက် ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူလူထုကြီးအတွင်းမှ အလွှာအသီးသီး ပါဝင်စုစည်းသော နိုင်ငံရေး အဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါသည်´ ဟူ၍ လူထုအား အသိပေးလိုက်၏။ ပြီးလျှင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၂ ဦး၏ အမည်စာရင်းအား ဖော်ပြသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌက … ဦးအောင်ကြီး၊ ဒု-ဥက္ကဋ္ဌမှာမူ ဦးတင်ဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က … အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး…..။

၁၉၈၈ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ကြေညာချက် အမှတ် (၂) အား ထပ်မံ၍ ထုတ်ပြန်သည်။ အဖွဲ့ဝင် ၃ဝ ဦး ပါရှိသည့် နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့ဝင်များ၏ စာရင်းဖြစ်သည်။ ပြီးလျှင် ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) အား လူထုထံသို့ ချပြ၏။ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) ၏ အခန်း ၂ တွင် အဖွဲ့ချုပ်၏ ရည်ရွယ်ချက်အား ဖော်ပြထား၏။ ရည်ရွယ်ချက်က … ၅ ရပ်…။
(က) အများပြည်သူဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာစေရန်။
(ခ) ရည်ရွယ်ချက် (က) ကို ဖြစ်မြောက်စေရန် အဖွဲ့ချုပ်၏ ခေါင်းဆောင်မှုဖြင့် ပြည်သူလူထု ညီညွှတ်မှုအင်အားကို အခြေခံ၍ စည်းကမ်းစနစ်ကျသော ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်ပေါ်စေရန်။
(ဂ) နောင်ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ဒီမိုကရေစီ နိုင်ငံရေးစနစ် ထွန်းကားသော တည်တန့်ခိုင်မြဲသည့် ပြည်ထောင်စုကြီးအဖြစ် တည်ရှိရေးအတွက် အုတ်မြစ်ချရန်။
(ဃ) အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်မထွန်းကားစေရေးအတွက် ကြိုးပမ်းရန်။
(င) ကမ္ဘာတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားလာစေရေးအတွက် နိုင်ငံတကာရှိ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန်။


(၄၁)
အောက်တိုဘာ တစ်လလုံးလုံးက ဌာနချုပ်တွင်ပင် အဖွဲ့ချုပ်စတင်တည်ထောင်ရေး လုပ်ငန်းများနှင့် ဒေါ်အောင်ဆန်းစုကြည် အလုပ်များ၍နေသည်။ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးက နေ့စဉ်လိုလို ရှိ၏။ အတွင်းရေးမှူးအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူး။ ပြီးလျှင် … အဖွဲ့ဝင်များက … ဦးဝင်းတင် (ဟံသာဝတီ ဦးဝင်းတင်)၊ ဦးချစ်ခိုင် (ယခုကွယ်လွန်၊ ဗိုလ်မှူးကြီးဟောင်း) နှင့် ဦးကြည်ဟန် (ဗိုလ်မှူးကြီးဟောင်း၊ ဦးအောင်ကြီးနှင့်အတူ ခွဲထွက်ရာတွင် ပါဝင်သွားသူ) တို့ ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့တို့အား ဖွဲ့စည်း၍ ပြီးသည့်နောက် ….. ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်/ကျေး စသည့် အဆင့်ဆင့်သော စည်းရုံးရေးတာဝန်ခံများအား ရွေးချယ်တာဝန်ပေးရ၏။ ပြည်နယ်၊ တိုင်းဦးစီး အဖွဲ့များထံသို့ စည်းရုံးရေးမှူးများ လိုက်နာရမည့် `စည်းရုံးရေးမူ´များအား ရေးသားပေးပို့ရသည်။ စာကြမ်းများရေး၊ ပြင်ဆင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးက အတည်ပြုလျှင် ….. စာချောအား ပြည်နယ်နှင့်တိုင်း အသီးသီးသို့ အထွေထွေ အတွင်းရေးမှူးမှ လက်မှတ်ရေးထိုး၍ ပေးပို့ရသည်။

`အဖွဲ့ချုပ်စည်းရုံးရေး ကိုယ်စားလှယ်များ သတိပြုရန်´ ဟူသည့် ကြေညာချက်အား ထုတ်ပြန်၍ ပြည်နယ်၊ တိုင်း ဦးစီးမှူးများထံသို့ ပို့ရ၏။ ကြေညာချက်တွင်က …..
(၁) လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပပေးမည့်ဟု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ဂတိပြုထားပြီးဖြစ်သည်။
(၂) ထိုဂတိပြုထားသည့်အတိုင်း ယခုအခါ ပါတီအသီးသီးသည် စည်းရုံးလှုပ်ရှားမှုများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။
(၃) ထိုသို့ စည်းရုံးလှုပ်ရှားရာ၌ ပေးထားသော မူဘောင်အတွင်းမှသာ ဖြစ်ရမည်ဖြစ်သဖြင့် အောက်ပါအချက်များကို အထူးသတိပြု ရှောင်ရှားရမည်ဖြစ်သည်။
(က) အကြမ်းဖက်ဆူပူလှုပ်ရှားမှု၊ စီတန်းလှည့်လည်ဆန္ဒပြမှုများကို ဖြစ်စေမည့်အပြုအမူ၊ အပြောအဆိုများ။
(ခ) အကြမ်းဖက် ဆူပူလှုပ်ရှားမှု၊ လူထုအုံကြွမှုကို ဖြစ်စေမည့် သွေးထိုးလှုံ့ဆော်မှုများ။
(ဂ) အစိုးရနှင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိပါးစေမည့် အပြုအမူ၊ အပြောအဆိုများ။
(ဃ) တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ပြိုကွဲစေမည့် အပြုအမူ၊ အပြောအဆိုများ။
(င) ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီရရှိရေးဟူသော အဖွဲ့ချုပ်၏ မူဘောင်မှ ကျော်လွန်သော လုပ်ဆောင်ချက်များ။

စည်းရုံးရေးကိုယ်စားလှယ်များသည် မိမိတို့ မြို့နယ်အသီးသီးရှိ (ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး) အဖွဲ့များနှင့် ဦးစွာဆက်သွယ်ရန်။

ပြည်နယ်/တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း တင်ပြပြီးမှ စတင်လှုပ်ရှားရန် သတိပေးအပ်ပါသည်။

အောက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်မှ လက်မှတ်ထိုး၏။ အဖွဲ့ချုပ်၏ ခြေလှမ်းအစအား သတိထား၍ လှမ်းနေခြင်း…..။






(၄၂)
အဖွဲ့ချုပ်ရုံးများက ပြည်နယ်တိုင်းအသီးသီး၌ မှိုပေါက်သကဲ့သို့ တရုံးပြီးတရုံး ဖွင့်လှစ်လာခဲ့သည်။ အထွေထွေ အတွင်းရေးမှူးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အဆင့်ဆင့်သော အဖွဲ့ချုပ်စည်းရုံးရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တွေ့ရမည်။ စည်းရုံးရေး ကော်မတီဝင်များနှင့် ဆွေးနွေးရမည်။

ပြီးလျှင် …… လူထုနှင့် တွေ့ရမည်။ လူထုအား ရှင်းပြစရာများအား ဆွေးနွေးရှင်းလင်းရမည်။ ရန်ကုန်လူထုနှင့်က အရေးတော်ပုံကြီးအတွင်း ၂ ကြိမ် တွေ့ပြီးဖြစ်သည်။ ဤအတွက် နယ်လူထုနှင့် ပထမဦးစွာ တွေ့ရန် စိတ်ကူးထား၏။ အထွေထွေ အတွင်းရေးမှူး၏ ပထမဦးဆုံး ခရီးစဉ်အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်း ဆွေးနွေးကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဖခင်၏ ဇာတိဖြစ်သည့် `နတ်မောက်´ ဘက်သို့ ဦးစွာသွားရန် သဘောထားပေး၏။ အားလုံးမှ သဘောတူကြ၏။ ဤတွင် ….. အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍သွားမည့် အထက်မြန်မာပြည်ခရီးအတွက် ……. ပြင်ဆင်ကြရ၏။ ခရီးစဉ်တွင် လိုက်ပါကြမည့်သူများအား ရွေးချယ်ကြ၏။ ဗဟိုဦးစီးအဖွဲ့ဝင်များမှ ဦးဘသော် (ယခုကွယ်လွန်၊ စာရေးဆရာ မောင်သော်က) နှင့် ဦးမိုးသူ (စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ) တို့ ပါမည်။ လူငယ်များနှင့် ပြန်ကြားရေးအဖွဲ့တို့လည်း လိုက်ပါကြရမည်။ ခရီးစဉ်က ….. ပထမ ကြို့ပင်ကောက်၊ ပြီးလျှင် …..ပြည်၊ ချောက်၊ နတ်မောက်…..။ ထိုမှတဆင့် ….ပုဂံ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ စစ်ကိုင်း၊ မြင်းမူ၊ ရွာသစ်ကြီး၊ ရွှေဘို၊ မန္တလေး…..။

၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့တွင် နတ်မောက်သို့ ရောက်ကြ၏။ နတ်မောက်ခရီးက ဒေါ်အောင်ဆန်းစုကြည်အဖို့ အိမ်အပြန်ခရီးကဲ့သို့ ခံစားရ၏။ ဝေးနေခဲ့သော နတ်မောက်မြေက ဒေါ်အောင်ဆန်းစုကြည်နှင့် မစိမ်း….။ စိမ်းနေဦးမည့် ဇာတိမြေမဟုတ်…..။ နတ်မောက်မြို့ အဖွဲ့ချုပ်ရုံးတွင်ပင် …. အဖွဲ့ဝင်များနှင့် တွေ့၏။ နတ်မောက်လူထုနှင့် တွေ့၏။

`အစိုးရဆိုတာ၊ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ့်၊ တိုင်းပြည်အကျိုးကို ဆောင်ရွက်ဖို့ အချိန်ကန့်သတ်စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ရမယ်´

ဒေါ်အောင်ဆန်းစုကြည်၏ အသံက အသံချဲ့စက်မှတဆင့် ….. နတ်မောက်တမြို့လုံးသို့ လွှမ်း၏။ နတ်မောက် သားကောင်းကြီး၏ သမီးက ဒုတိယလွတ်မြောက်ရေး တိုက်ပွဲအား ဝင်ရန် နတ်မောက်သို့ ရောက်ခဲ့လေပြီ။


(၄၃)
ဒေါ်အောင်ဆန်းစုကြည်တို့က နတ်မောက်တွင် ညမအိပ်။ ချောက်သို့ပြန်၍ ညအိပ်ကြမည်ဖြစ်သည်။ နတ်မောက် ဆွေးနွေးပွဲပြီးသည်နှင့် ချောက်သို့ ပြန်ကြ၏။ ချောက်မြို့အဝင်တွင်က မှောင်၍ပင်နေပြီ။ ညမထွက်ရ အမိန့်က တည်ဆဲ….။ ခရီးဆက်၍ မရတော့….။ တည်းခိုမည့် အိမ်သို့ပင် တန်း၍သွားကြရန် ဆုံးဖြတ်လိုက်ကြ၏။ တည်းခိုမည့်အိမ်က ကျယ်၏။ အပေါ်ထပ်၊ အောက်ထပ်နှင့် ဖြစ်သည်။ တည်းခိုသည့် အိမ်အောက်ထပ်၌ပင် ချောက်မြို့နယ် စည်းရုံးရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဆွေးနွေးကြ၏။ ည ၈ နာရီ ထိုးသည်အထိ ဆွေးနွေးပွဲက မပြတ်….။ ဒေါ်အောင်ဆန်းစုကြည်က တနေ့လုံး ဟောရ၊ ပြောရ၊ ဆွေးနွေးရနှင့် ပန်းနေပြီ။ နတ်မောက်လမ်းကလည်း ဆိုး၏။ ကားမူးသည့် ဒဏ်ကလည်း မသက်သာလှ ….။ မရတော့….။ ဆွေးနွေးပွဲအား ဦးမိုးသူနှင့် လွှဲအပ်ခဲ့ပြီး အဖွဲ့ဝင်များအား ခွင့်တောင်းကာ အပေါ်ထပ်သို့တက်၍ အနားယူရ၏။ မကြာ….။ ဆရာဦးမိုးသူက ဘီဘီစီသတင်းတပုဒ်အား ပြောပြစရာရှိလို့ပါဟူ၍ မသင်္ဂီက လာပြောသဖြင့်…. ဒေါ်အောင်ဆန်းစုကြည် အနားယူရာမှ အိမ်အောက်ထပ်သို့ ဆင်းလာရပြန်သည်။

ဦးမိုးသူက …. ဒေါက်တာမိုက်ကယ်အဲရစ်ကို တိုင်းပြည်က ချက်ချင်း ထွက်သွားရန် စစ်အုပ်စုမှ နှင်ထုတ်သည့် သတင်းအား ပြောပြ၏ ။

အထက်မြန်မာပြည်ခရီးစဉ်အား မထွက်ခွာမီကတည်းက ဒေါက်တာမိုက်ကယ်အဲရစ်သည် တရားဝင်ဗီဇာနှင့် ရန်ကုန်တွင် ရောက်နေ၏။ ဒေါ်အောင်ဆန်းစုကြည်က ဦးမိုးသူ ပြောပြသည်အား နားထောင်ရင်း …..

`အေးလေ၊ ဘယ်တတ်နိုင်မှာတုန်း၊ နှင်ထုတ်တော့လဲ ဘာဖြစ်တုန်း´ ဟူ၍ အေးအေးဆေးဆေးပင် ပြန်ပြောသည်။ အားလုံးက ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်ရှိ ခင်ပွန်းသည်ထံသို့ ဖုန်းဆက်၍ အကျိုးအကြောင်း မေးမြန်းရန် တိုက်တွန်းကြ၏။ တည်းခိုသည့် အိမ်တွင်လည်း တယ်လီဖုန်းက ရှိ၏။

`အင်းလေ၊ အဲဒါဆိုလည်း ဆက်တာပေါ့´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြီး ခင်ပွန်းသည်ထံသို့ ဖုန်းဆက်၏။ မကြာ….။ ဒေါ်အောင်ဆန်းစုကြည်မှ ဖုန်းအား ချလိုက်ပြီး ….

`သူက မထွက်ဘူးလို့ ပြောတယ်။ ဖမ်းချင်လည်း ဖမ်းပလေ့စေလို့ ပြောတယ်။ ကျမကတော့ အင်း….သဘောပဲ။ မတတ်နိုင်ဘူးလေ၊ ထွက်ရင်လည်းထွက်….။ နေမယ်ဆိုရင်လည်း …..အဖမ်းခံမယ်ဆိုရင်လည်း ခံပေါ့လို့ ပြောလိုက်တယ်´ ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်းသည်နှင့် ဖုန်းဆက်သည့် အကြောင်းအား ဦးမိုးသူတို့ကို ပြန်ပြောပြ၏။ အားလုံးက စစ်အုပ်စု၏ လုပ်ရပ်ကြောင့် စိတ်မသက်မသာ ဖြစ်နေကြရ၏။ ပြီးလျှင် …. ခရီးစဉ်က ဘယ်လိုလဲ….။ ဆက်မည်လား…။ ဖျက်၍ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်သို့ ပြန်လှည့်မည်လား…..။ မဝေခွဲတတ်။ စနိုးစနောင့် ဖြစ်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား ထုတ်၍မေးရန်မှာလည်း အားနာနေကြ၏။ မတတ်နိုင်….။ ဦးမိုးသူအား မေးခိုင်းကြ၏။

`ဟာ…. ကျမတို့ ခရီးစဉ် ဆက်မှာပေါ့….။ ဆက်ရမှာပေါ့….။ ကိစ္စမရှိပါဘူး။ အားလုံးကို ပြောပြလိုက်ပါ´

ဒေါ်အောင်ဆန်းစုကြည်က ဦးမိုးသူအား ပြန်ပြောရင်း…. တွေးတွေးဆဆနှင့် ဦးမိုးသူအား ဆက်၍ … `ဆရာရေ …. ကျမတော့ ခင်ပွန်းသည်အပေါ်ကို သိပ်မတရားလှဘူး ထင်တယ်နော်´


(၄၄)
ဒေါ်အောင်ဆန်းစုကြည်၏ ၁၃ ရက်ကြာသည့် ပထမဦးဆုံး အထက်မြန်မာပြည်ခရီးက အောင်အောင်မြင်မြင်နှင့်ပင် ပြီးဆုံးခဲ့ရသည်ဟု ဆိုရမည်။ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာ ၅ဝ ကျော်သို့ လှည့်လည်ခဲ့သည့်ခရီး…..။ ခရီးစဉ်အတွင်း …. စစ်အုပ်စုမှလည်း ကြီးမားသည့် နှောင့်ယှက်ဟန့်တားမှုမျိုးကိုမူ တပ်ကုန်းမြို့မှလွှဲ၍ မပြုလုပ်ခဲ့ဟု ဆိုရမည်။ တပ်ကုန်းတွင်မူ တပ်ကုန်းမြို့ မဝတ ဥက္ကဋ္ဌ ဗိုလ်မှူးလှထွန်းကိုယ်တိုင် ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့အား နှောင့်ယှက်ခဲ့၏။ ဗိုလ်မှူးလှထွန်း၏ နှောင့်ယှက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိတ်ကသိကအောက် ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း တပ်ကုန်းမြို့အဝင်တွင် မဝတဥက္ကဋ္ဌ ဗိုလ်မှူးလှထွန်းနှင့် စစ်ကားတစီး ရောက်လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းအား တား၏။ ပြီးလျှင် …. ဗိုလ်မှူးလှထွန်းက ဒေါ်အောင်ဆန်းစုကြည်အား တပ်ကုန်းမြို့အတွင်း၌ ယာဉ်တန်းအား မရပ်ရန် ပြော၏။

ဒေါ်အောင်ဆန်းစုကြည်က ….. “မြို့ထဲမှာ ခဏဖြစ်ဖြစ် ရပ်နားမယ်။ မြို့ထဲမှာ လူထုက သိပ်ကြောက်နေကြတယ်။ အဲဒီအတွက် ရပ်မှကို ဖြစ်မယ် ….” ဟူ၍ ဗိုလ်မှူးလှထွန်းဆိုသူအား ပြန်၍ပြောသည်။ ဗိုလ်မှူးလှထွန်းဆိုသူကလည်း ….. မြို့ထဲမှာ ဘယ်မှ သွားစရာနေရာ မရှိဘူး…..။ အဖွဲ့ချုပ် ဆိုင်းဘုတ်တင်ဖို့ကိုလည်း တိုင်းက ခွင့်ပြုချက် မရသေးဘူး။ အဲ့ဒီအတွက် မြို့ထဲမှာ မရပ်ပါနဲ့ဟု ဆိုပြီး ….. ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းအား သူ၏ စစ်ကားများနှင့် ရှေ့နောက်ညှပ်ကာ တပ်ကုန်းမြို့အား ဖြတ်စေ၏။

နောင်တွင် ပြန်၍ကြားသိရသည်က ….. ဒေါ်အောင်ဆန်းစုကြည်တို့အား ဧည့်ခံကျွေးမွေးရန် စီစဉ်နေသည့် အိမ်ကိုလည်း သေနတ်ပြခြိမ်းခြောက်ကာ ဧည့်ခံကျွေးမွေးမည့် အစီအစဉ်အား ဖျက်ခိုင်းသည်ဟု ဆို၏။

ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် …. ဒေါ်အောင်ဆန်းစုကြည်သည် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့အား စနစ်တကျနှင့် ရှင်သန်ကြီးထွားလာစေရန် လုံ့လပြု၏။ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ စည်းရုံးရေးတာဝန်ခံများ ပြည်နယ်နှင့် တိုင်းအသီးသီးသို့ စည်းရုံးရေးခရီး သွားရောက်နိုင်ရေးအတွက် စီစဉ်၏။ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင် လူငယ်များ ဒေသအသီးသီးသို့ စည်းရုံးရေးခရီးမထွက်ခွာမီ နှုတ်ဆက်သြဝါဒ ပေးပွဲတခုအား အဖွဲ့ချုပ် ဗဟိုရုံးချုပ်၌ပင် ပြုလုပ်၏။ ဒေါ်အောင်ဆန်းစုကြည်က လူငယ်စည်းရုံးရေးမှူးများအား မိန့်ခွန်းပေး၏။ အဖွဲ့ချုပ်၏ စည်းရုံးရေးမှူးများ လက်စွဲထားရမည့် စည်းရုံးရေးမူများအား ရှင်းပြ၏။ ထိုမူများနှင့် ကွဲလွဲပြီး မပြုလုပ်မိစေရန်လည်း သတိပေး၏။ အနာဂတ်အား ဖန်တီးထုဆစ်ကြမည့် လူငယ်များအပေါ် ယုံကြည်အားထားကြောင်းလည်း ထုတ်၍ပြောသည်။ ပြီးလျှင် ….. မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲက နှလုံးရည်တိုက်ပွဲ ….။ စိတ်ဓာတ်ရေးရာကို အရင်းခံသည့် တိုက်ပွဲ….။ စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို မွေးမြူတည်ဆောက်ကြရန်လည်း မှာ၏။ အဆုံးတွင် ….. `ရုတ်ယဒ်ကက်ပ်လိမ်း´ ၏ `အကယ်၍´ ကဗျာအား ဒေါ်အောင်ဆန်းစုကြည်မှ ရွတ်ဖတ်ပြ၏။

အကယ်၍
မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါမှာ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်

ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း တယောက်ပေါ့။

ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာရွက်သံက ကြည်လင်၍ ရွှင်ပြနေသည်။ အားလုံးက ငြိမ်သက်စွာနှင့် …၊ အနာဂတ် ခရီးအား မျှော်ရည်ရင်း….။





(၄၅)
၁၃ ရက်ကြာသည့် အထက် မြန်မာပြည်ခရီးစဉ်မှ ပြန်ရောက်ပြီးစ, ရက်များမှာပင် အဖွဲ့ချုပ်အတွင်း၌ ပြဿနာအချို့ ရှိနေပြီဟူသည်အား ဒေါ်အောင်ဆန်းစုကြည် သိထားခဲ့၏။ ပြဿာနာက အတွင်းစည်း ပြဿနာ။ ပထမတွင်မူ…တိုးတိုးတိတ်တိတ်….။ သိုးသိုးသန့်သန့်နှင့်….။

ဒေါ်အောင်ဆန်းစုကြည်တို့ အထက်မြန်မာပြည် ခရီးထွက်ခဲ့သည့် ဝန်းကျင်ရက်များမှာပင် ဦးအောင်ကြီးသည်လည်း ရှမ်းပြည်နယ်သို့ စည်းရုံးရေးခရီး ထွက်၏။ ထိုခရီးစဉ်အတွင်း …. ဦးအောင်ကြီးက အဖွဲ့ချုပ်ဗဟိုတွင် ကွန်မြူနစ်များ ကြီးစိုးနေပြီဟု စွပ်စွဲရာမှ စသည်။ စွပ်စွဲချက်က … တိုးတိုးမှသည် ကျယ်လာ၏။ အမည်များတပ်၍ပင် စွပ်စွဲလာ၏။ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးကိုယု၊ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးမိုးသူ၊ ဦးထွန်းတင်၊ ဦးတင်ရွှေ (မုံရွာတင်ရွှေ) ….။

စုစုပေါင်း ၈ ဦး…။
ဦးဝင်းတင်၊ ဦးအောင်လွင်နှင့် ဒေါ်မြင့်မြင့်ခင်တို့က အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ပြီး ကျန်သည့် ပုဂ္ဂိုလ် ၅ ဦးက …. နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ဝင်များ….။ အားလုံးသော ပုဂ္ဂိုလ်များက အဖွဲ့ချုပ်အား စတင်ဖွဲ့စည်းရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ အမည်တင်သွင်းထားသည့် တတ်သိပညာရှင် ၁၃ ဦးထဲမှ ၈ ဦး ဖြစ်နေ၏။

ဦးအောင်ကြီးက ထို ၈ ဦးအား ကွန်မြူနစ်များဟု ပုတ်ခတ်စွပ်စွဲရုံနှင့် ရပ်၍မနေ….။ တဆင့်တက်၍ တောင်းဆိုလာ၏။ ဥက္ကဋ္ဌအနေနှင့် ထို ၈ ဦးအား အဖွဲ့ချုပ်မှ ထုတ်ပေးပါရန် တောင်းဆိုလာပြန်သည်။ မရတော့….။ ပြဿနာက ကြီးလာပြီ။ မကိုင်တွယ်၍ မရတော့….။ အပ်နှင့် ထွင်း၊ ထွင်း ….. ဆောက်နှင့် ထွင်း၊ ထွင်း …. ထွင်းမှရတော့မည့် ပြဿနာဖြစ်၍ လာပြီ။ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ခေါ်မည်။ အစည်းအဝေးတွင် စွပ်စွဲခံရသူများက တဦးချင်းစီ ဖြေရှင်းချက်ပေးကြမည်။ ဗဟိုဦးစီးအဖွဲ့ဝင်များက ကြားနာပြီး ဆန္ဒပေးကြရမည်။ ဦးအောင်ကြီး စွပ်စွဲချက်အတိုင်း ကွန်မြူနစ်များဖြစ်သည်ဟု ဗဟိုဦးစီးအဖွဲ့ဝင်များက ဆုံးဖြတ်လျှင် … ထိုပုဂ္ဂိုလ်များအား အဖွဲ့ချုပ်မှ ထုတ်ပယ်မည်။ စွပ်စွဲချက်က ကြောင်းကျိုးမခိုင်ခံ့ဟု ဗဟိုဦးစီးအဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့လျှင်မူ ….. စွပ်စွဲသူဦးအောင်ကြီးသည် အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပေးရမည်။ ပြီးလျှင် … အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်မည်။ ဤသို့ …. ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သဘောထားချ၏။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ယူ၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့က ၆၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်၏။ စွပ်စွဲခံရသူများက ဦးအောင်ကြီး၏ စွပ်စွဲချက်အား တိုတိုကျဉ်းကျဉ်းပင် ဖြေရှင်းချက်ပေးကြ၏။ ပြီးလျှင် ….ဗဟိုဦးစီးအဖွဲ့ဝင်များက တဦးချင်းစီ ဆန္ဒပေးကြသည်။ အဖွဲ့ချုပ် စတင်ဖွဲ့စည်းစဉ်က ဦးအောင်ကြီး အမည်စာရင်း ထည့်သွင်းခဲ့သည့် ဦးအောင်ကြီး၏ အစုမှ ပါဝင်ခဲ့သော ဦးကြည်မောင်သည်ပင်လျှင် …. ဦးအောင်ကြီး၏ စွပ်စွဲချက်သည် အခြေအမြစ် မရှိကြောင်း ဆန္ဒပေးခဲ့၏။ အဆုံးတွင်မူ ….ဦးအောင်ကြီး၏ စွပ်စွဲချက်သည် မခိုင်လုံကြောင်း….. ဗဟိုဦးစီးအဖွဲ့က ဆုံးဖြတ်လိုက်ကြ၏။

ဦးအောင်ကြီး၏ အဖွဲ့ချုပ် ဥက္ကဋ္ဌသက်တမ်းက ၆၈ ရက်နှင့်ပင် ဆုံးခန်းတိုင်သွားခဲ့တော့သည်။ ဦးအောင်ကြီး၏ ဓမ္မန္တရယ်အရေးကတော့ ပြီးပြီ။

အစည်းအဝေးပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ၆၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သြဝါဒခံယူပွဲသို့ တက်ရောက်ရပြန်သည်။ မိန့်ခွန်း ပြောရပြန်သည်။ ဦးအောင်ကြီး၏ ဓမ္မန္တရာယ်အရေးက ဖြေရှင်း၍ ပြီးသည်မှာ ပူပူလောင်လောင်ပင် ရှိနေသေး၏။ အဖွဲ့ဝင်ထုအား၊ မဟာမိတ်များအား၊ လူထုအား ရှင်းပြသင့်သည်တို့ကို ထုတ်၍ပြောပြရန်လိုမည်။ အရိပ်အမြွက်မျှဖြစ်ဖြစ် ကြိုတင်ချပြထားဖို့ လိုမည်။ ဤသို့ …. ဒေါ်အောင်ဆန်းစုကြည် တွေးထင်မိ၏။ ထိုအတွက်ပင် …. ၆၈ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မိန့်ခွန်း၌ …..

“ဒီလို ဒီမိုကရေစီရရှိရေးအတွက် လက်တွဲလုပ်နေတဲ့ လူမှန်သမျှကို ကျမတို့က လက်တွဲပြီးတော့ ခေါ်သွားချင်ပါတယ်။ လက်တွဲတယ်ဆိုတာလည်း မတွဲချင်၊ တွဲချင် တွဲနည်းမျိုးကို ပြောတာ မဟုတ်ပါဘူး။ ကိုယ်ပေါင်းစိတ်ခွာ မဟုတ်ပါဘူး။ စိတ်တူသဘောတူ လက်တွဲပြီး ချီတက်သွားတဲ့ နည်းမျိုးကို ကျမတို့ ပြောလိုပါတယ်။ ဒီလိုအမျိုးသားရေးကို လုပ်တဲ့အခါကျလို့ရှိရင် ဒီပုဂ္ဂိုလ်စွဲတို့၊ ဆန္ဒစွဲတို့ မရှိဖို့ဆိုတာ ကျမတို့ရဲ့ အခြေခံ စည်းမျဉ်းဥပဒေထဲမှာလည်း ပါပါတယ်။ အဲ့ဒီတော့ ပုဂ္ဂိုလ်စွဲတွေ မထားကြပါနဲ့၊ ဒါ ကောင်းတဲ့ အစဉ်အလာတွေ မဟုတ်ပါဘူး”


(၄၆)
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်၊ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့မှ ဦးအောင်ကြီးအား NLD ၏ ဥက္ကဋ္ဌအဖြစ်မှ ထုတ်ပယ်ပစ်ခဲ့သော်လည်း ဦးအောင်ကြီးမှာမူ သူသာလျှင် …. ဥက္ကဋ္ဌဟု ပြောနေသေး၏။ ပြီးလျှင် ….. ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း စာတို၊ စာရှည်များရေး၍ အိတ်ဖွင့်ပေးစာများ ပို့နေပြန်၏။ ဒေါ်အောင်ဆန်းစုကြည်ကမူ ….ဦးအောင်ကြီး၏ အရေးတော်ပုံနှင့် ပတ်သက်၍ ပြတ်ပြတ်ရှင်းရှင်းပင်….။

“ကျမတို့ အဖွဲ့ချုပ်ကနေပြီးတော့ ဦးအောင်ကြီးကို တရားဝင် ထုတ်ပစ်လိုက်ပြီးပါပြီ။ ထုတ်ပစ်လိုက်ပြီးတဲ့သူကို ဘယ်တော့မှလည်း ပြန်ပြီးတော့ လက်ခံမှာမဟုတ်ပါဘူး။ အဲ့ဒီတော့ ဦးအောင်ကြီးအနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာကို မထိန်းသိမ်းဘဲ ငါသာ ဥက္ကဋ္ဌလို့ ပြောနေတာတော့ မတတ်နိုင်ပါဘူး။ ကျမတို့ အဖွဲ့ချုပ်အနေနဲ့တော့ ရှင်းရှင်းပါပဲ။ ဦးအောင်ကြီး အဖွဲ့ချုပ်ကနေ ထွက်သွားတာ ဘာမှ အကျိုးမယုတ်ဘူးလို့ ယုံကြည်တယ်။ ဦးတင်ဦးလို အင်မတန်မှ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်တယောက် ဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်မှာ ကျမတို့ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကလည်း တက်လာတယ်။ စည်းရုံးရေးဟာလည်း များစွာ ပိုပြီးတော့ အောင်မြင်လာပါတယ်။ လူတဦးတယောက်ရဲ့ အာဏာရရှိရေး၊ နေရာရရေးအတွက် လုပ်တာဟာ ဒီမိုကရေစီရရှိရေးအတွက် လုပ်တာ မဟုတ်ပါဘူး”

ဤသို့ပင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ယူထား၏။ ပြီးလျှင် …. ဦးအောင်ကြီးနှင့် ပတ်သက်၍ အကဲဖြတ်စဉ်းစားထားချက်က … “ဦးအောင်ကြီးဆိုတာ အမှန်တရားကို သိပ်ပြီးတော့ နားလည်တဲ့သူ မဟုတ်ဘူး” ဟူ၍ …..။






(၄၇)

အာဏာသိမ်းစစ်အုပ်စုတွင် ရင်ဆိုင်နေရသော အကျပ်အတည်းပေါင်းများစွာအနက် …. နိုင်ငံခြားငွေပြတ်လပ်မှုက စစ်အုပ်စု၏ အာဏာအခြေအား နဲ့၍ ယိုင်စေ၏။ အာဏာသိမ်းပြီး၍ ရက်ပေါင်း ၆ဝ အကြာတွင် စစ်အုပ်စုလက်ထဲ၌ နိုင်ငံခြားငွေ ၁ဝ သန်းမျှသာ ရှိတော့သည်ဟု သတင်းများက ဆိုသည်။

နိုင်ငံခြားငွေ ရရှိရေးအတွက် စစ်အုပ်စုသည် အပူတပြင်း ကြိုးစား၏။ နည်းလမ်းများအား တခုပြီးတခု ရှာကြ၏။ အပြေးအလွှားနှင့် ဉာဏ်ရောင်စုံထုတ်ကြ၏။ ဂျပန်၊ ဂျာမဏီ၊ ဗြိတိန်စသည့် နိုင်ငံများကလည်း ယခင်ပေးနေခဲ့သည့် အကူအညီများအားလုံးကို ရပ်စဲလိုက်ကြသဖြင့် …. စစ်အုပ်စုအတွက် အပူပေါ် အပူဆင့်နေ၏။

၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ ရက်စွဲနှင့် စစ်အုပ်စုမှ ကြေညာချက်တစောင် ထုတ်ပြန်သည်။

“လွတ်လပ်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ” ထုတ်ပြန်ကြေညာသည်။ ဥပဒေက …. နိုင်ငံခြားကုမ္ပဏီများအား မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြု၍ ဖိတ်ခေါ်သည်။ ဖက်စပ်လုပ်ငန်းကြီးများတွင်လည်း ၃၅ ရာခိုင်နှုန်းအထိ ပါဝင်မြှုပ်နှံခွင့်ပြုကြောင်း ဆို၏။ နိုင်ငံခြားပိုင် လုပ်ငန်းများကိုလည်း ပြည်သူပိုင်သိမ်းမည် မဟုတ်ကြောင်း ကတိပေးပြီး၊ နိုင်ငံခြားလုပ်ငန်းရှင်များက အမြတ်အစွန်းများကိုလည်း ပြန်ပို့ချင်သည့် တိုင်းပြည်များသို့ ပို့ဆောင်ခွင့်ပြုမည်ဟု ဆို၏။ ပြီးလျှင် …. အခွန်ကင်းလွတ်ခွင့်အား ၃ နှစ်ပေးထား၏။

စစ်အုပ်စုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထုတ်ပြန်ခဲ့ပြီး၊ မျှော်လင့်ခြင်းကြီးစွာနှင့် ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအား မျှော်၏။

နိုင်ငံတကာရှိ လုပ်ငန်းရှင်များက စစ်အုပ်စု၏ ကြေညာချက်အား သတိထား၍ ဖတ်၏။ စစ်အုပ်စု၏ လက်ကား… စေးပျစ်နေသော သွေးတို့နှင့် မခြောက်သေး…..။ တိုးတက်သော ကမ္ဘာ့အသိုင်းအဝိုင်းက လက်ခံနိုင်သည့် အုပ်ချုပ်ရေးနှင့် အုပ်ချုပ်နေသည့် အစိုးရမျိုးမဟုတ်….။ ဤသို့သော …. အုပ်ချုပ်ရေးအဖွဲ့နှင့် တွဲဖက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြုလုပ်ပါက ရေရှည်တွင် ဆိုးကျိုးများသာ ပေါ်ပေါက်လာပေလိမ့်မည်။

ဤသို့ …. နိုင်ငံတကာမှ လုပ်ငန်းရှင်များက ယုံကြည်ထား၏။ ဤအတွက် …. မည်သည့် နိုင်ငံခြားလုပ်ငန်းရှင်မှ မြန်မာပြည်သို့ ခြေမလှမ်း….။ အဝေးကသာ သတိကြီးကြီးထား၍ စောင့်ကြည့်နေကြမြဲ….။

ဤတွင် ….. စစ်အုပ်စု၏ ရွှေဉာဏ်တော်က …. တိုင်းပြည်၏ သဘာဝ သယံဇာတများအား အိမ်နီးချင်း နိုင်ငံများသို့ ဈေးပေါပေါနှင့် ထုတ်ရောင်းရန် အကြံပေါက်၏။

အိမ်နီးချင်းကောင်း ပီသစွာနှင့် ချောင်းနေသည့် နိုင်ငံများကလည်း အသင့်…။

ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး “ပရာပတ်စ်လင်ပါဖန်” က ရန်ကုန်သို့ သွားရန် အထုပ်အပိုး တပြင်ပြင်နှင့်…။ ထိုင်းကျောင်းသားများနှင့် ထိုင်းလူအခွင့်အရေး လှုပ်ရှားသူများက ကန့်ကွက်နေကြသည့်အတွက် ရန်ကုန်ခရီးအား ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖျက်သိမ်းထားရ၏။

မလေးရှားနိုင်ငံ သံအမတ်က သူ၏ သံအမတ်ခန့်အပ်လွှာအား ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အာဏာသိမ်း ခေါင်းဆောင်ထံသို့ ပေးအပ်ခဲ့ပြီး … စစ်အုပ်စုနှင့် ပထမဆုံး သံတမန်ဆက်သွယ်လိုက်သည်။ မဟာသီယာက ဗိုလ်စောမောင်နှင့် ရွှေလမ်းငွေလမ်း ဖောက်လိုက်ပြီ။

ထိုင်းတို့နောက်တွင် ကျန်နေခဲ့၍မဖြစ်။ မလေးရှားတို့ထက် လက်ဦးမှုရဖို့ လိုမည်။ ထိုင်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ကန့်ကွက်နေမှုအား ဂရုစိုက်နေ၍ မဖြစ်….။ ထိုင်း အမျိုးသားအကျိုးစီးပွားကိုသာ ကြည့်ရမည်။

“GONE WITH THE WIND” ဝတ္ထုရှည်ကြီးထဲမှ ဇာတ်ကောင် ရောဘတ်တေလာ ပြောသကဲ့သို့ …. စီးပွားရှာရန် ကောင်းသော အချိန်က နှစ်ချိန်သာရှိ၏။ တိုင်းပြည်ပျက်နေသည့်အချိန်နှင့် တိုင်းပြည်ထူထောင်သည့်အချိန်….။

မြန်မာနိုင်ငံ၏ အခြေအနေက တိုင်းပြည်ပျက်နေသည့်အချိန် …. ဤအချိန်မျိုးတွင် စီးပွားရှာရမည်။

ဤသို့ … ထိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး “ချာဗလစ် ယောင်ချာယွတ်” စဉ်းစားမိဟန်တူ၏။ ရန်ကုန်သို့ သွားရမည်။ ဗိုလ်ချုပ်ကြီးစောမောင်နှင့် တွေ့မည်။ စီးပွားရေးကိစ္စများ ဆွေးနွေးမည်။

ဗိုလ်ချုပ်ကြီး ချာဗလစ် ဆုံးဖြတ်လိုက်၏။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်သို့ တရားဝင်ခရီးအဖြစ် သွားမည်။


(၄၈)
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စတင်မည့် ခရီးစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဆင်စရာများအား ပြင်ဆင်နေရသည်။ ဦးချမ်းအေး (စာရေးဆရာ မောင်စူးစမ်း)၊ ဦးလွန်းတင် (ယခု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဦးအေးမင်း၊ ဦးရဲထွဋ် (NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်ထို မဲဆန္ဒနယ်) တို့နှင့် အစီအစဉ်များ ရေးဆွဲ၏။ ခရီးစဉ်က…. ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ၏ ဒုတိယမြောက် စည်းရုံးရေးခရီးစဉ် ဖြစ်သည်။ မွန်ပြည်နယ် ၁ဝ မြို့နယ်သို့ သွားမည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စ၍ထွက်မည်။

ခရီးစဉ်တွင် …. ဦးလွင်လည်း ပါမည်။ ပြန်ကြားရေး၊ လုံခြုံရေး၊ အဖွဲ့များလည်း ပါမည်။ စုစုပေါင်း ၃၂ ယောက်….။
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်စောစောပင် ရန်ကုန်မှ စ၍ထွက်ကြ၏။ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ အင်းတကော် …. တမြို့ပြီးတမြို့ ဖြတ်ကျော်ခဲ့၏။ နံနက်စောစောဖြစ်၍လားမသိ၊ ပဲခူး-ရန်ကုန်ကားလမ်းက ရှင်း၍နေသည်။ နှင်းက ပိန်းပိတ်အောင် သိပ်သည်း၍မနေ….။ ပါးပါးကျဲကျဲသာ ရှိ၏။ လမ်းဘေးဝဲယာအား မြင်ရ၏။ မင်္ဂလာဒုံမှ အင်းတကော်အကြားတွင်မူ လမ်းဘေးဝဲယာ၌ တပ်စခန်းအသီးသီးကို တွေ့ရ၏။ မင်္ဂလာဒုံနှင့် အင်းတကော်အကြားက တပ်နယ်ဟုပင် ပြော၍ရမည်။ တပ်နယ်မြေဖြစ်၍လားမသိ လမ်းဘေးဝဲယာတွင်…

“ဘယ်သူခွဲခွဲ ဒို့မခွဲ အမြဲစည်းလုံးမည်” ၊ “ဒို့တာဝန် အရေးသုံးပါး …..” “တပ်မတော်သည် အမျိုးသားရေးအား ဘယ်တော့မှ သစ္စာမဖောက်”…. “ တပ်မတော်ဖြိုခွဲသူ ဒို့ရန်သူ” ၊ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” …. စသည့်… ဆိုင်းဘုတ်ကြီးများအား အရွယ်အစားအမျိုးမျိုးနှင့် ပြူးပြူးပြဲပြဲ ထောင်ထားသည်ကို တွေ့ရ၏။

၈၈ ၏ ဒီဇင်ဘာနံနက်ဦးက စိမ့်၍အေးစက်မနေ….။ ဖွဖွလေး အေး၏။ ပဲခူးကောလိပ်သည် နံနက်ခင်း နေရောင်ခြည်အောက်၌ အထီးကျန်စွာနှင့် ထီးထီးကြီး ရှိနေ၏။ ပဲခူးလိပ်ပြာကန်အရပ်ရှိ NLD ရုံးတွင်ပင် အဖွဲ့ချုပ် စည်းရုံးေးရးမှူးများ၊ အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး၏။ ပဲခူးလူထုအား ဟောပြော၏။

ဘုရားကြီးလမ်းခွဲအား လွန်သည်နှင့် လမ်းသည် ကျဉ်း၍သွားသည်။ ယာဉ် ၂ စီး လွတ်ရုံမျှသာ…။ ယာဉ်ကြီးများနှင့် တိုးလျှင် …လမ်းဘေးသို့ ဘီးတခြမ်း ဆင်းပေးရ၏။ ချိုင့်ခွက်များနှင့် လမ်းသည် ကြမ်း၏။ ဝေါ၊ သိမ်ဖြူဇရပ်၊ မုပ္ပလင်၊ ကျွန်းတောရွာတို့အား အစဉ်လိုက် ဖြတ်ကျော်ခဲ့၏။ ဖြတ်ခဲ့သည့် နေရာများ၌ လူထုက လမ်းဘေးမှ ထွက်ရပ်၍ ကြိုကြ၏။ လှိုက်လှိုက်လှဲလှဲ…..။

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”

ဒေါ်အောင်ဆန်းစုကြည်က လူထုအား ကားပေါ်မှပင် နှုတ်ဆက်စကားဆိုရ၏။ အချိန်ကမရ….။ ကျိုက်ထို၊ သထုံ၊ ပေါင်၊ မုတ္တမတို့၌ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပသွားရန် ရှိ၏။ နံနက်စာကိုမူ သထုံတွင်စားရန် စီစဉ်ထားကြ၏။

(၅၁)

မွန်ပြည်နယ် စည်းရုံးရေးခရီးက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြီးဆုံးခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ည ၇ နာရီခန့်တွင် ရန်ကုန်သို့ ပြန်ရောက်ခဲ့ကြ၏။ ၅ ရက်ကြာ ခရီးစဉ်က ချောချောမောမောနှင့် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု ဆိုရမည်။

၁၈ ရက်နေ့အပြန်ခရီး၌ သထုံနှင့် ဘီးလင်းအကြား “ကမာစိုင်” ရွာလေးအား ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းဖြတ်ရာတွင် …. လမ်းလုံခြုံရေးယူထားသည့် ခြေလျင်တပ်ခွဲရုံးမှ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းအဖြတ်တွင် မိုးပေါ်သို့ထောင်၍ သေနတ်ပစ်ဖောက်သည်တော့ ရှိ၏။ ထားတော့။

ဤမျှသော နှောင့်ယှက်မှုကိုမူ …. စစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင်က ….. နှောင့်ယှက်မှုဟု ယူဆ၍မရ…..။ ဤအတွက်ပင် …. ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ်ခရီးစဉ်အား အောင်မြင်ချောမွေ့စွာနှင့် ပြီးဆုံးခဲ့သည်ဟု ဆိုရခြင်းဖြစ်သည်။ သို့သော် …..

သို့သော်က ….. ဒေါ်အောင်ဆန်းစုကြည်၏ မွန်းခရီးစဉ်ပြီးဆုံးမှ စသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည့် ဒေသခံအဖွဲ့ချုပ် စည်းရုံးရေးမှူးများအား စစ်အုပ်စုက ခရီးစဉ်ပြီးသည်နှင့် ဖမ်းတော့၏။

၂/၈၈ အား ဖောက်ဖျက်ကျူးလွန်သည်ဟူ၍ ဖမ်းခြင်း ဖြစ်သည်။ စစ်အုပ်စု၏ ၂/၈၈ က ….
“ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ ၅ ယောက်နှင့်အထက်ပို၍ လမ်းများပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ အော်ဟစ်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်း၊ မပြုလုပ်ရ …” … ဟူ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင်က လူထုသည် ထောင်နှင့် သောင်းနှင့်ချီ၍ လမ်းပေါ်သို့ထွက်၍ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြ၏။ ၅ ယောက်ထက်တော့ ပို၏။ သို့သော် …. ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်နှင့် မဟုတ် ….။ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းမျိုးလည်း မရှိ…..။ စည်းကမ်းရှိရှိ ….. သေသေဝပ်ဝပ်နှင့်ပင် ဖြစ်၏။ အော်ဟစ်ကြွေးကြော်ခြင်းတော့ ရှိ၏။ “ ဒေါ်အောင်ဆန်းစုကြည် ….ကျန်းမာပါစေ” ဤမျှပင်….။ သို့သော် …. စစ်အုပ်စုက မရ…။ ၂/၈၈ အား ကျူးလွန်ပါသည်ဟူ၍ စွပ်စွဲပြီး …. ဖမ်းတော့၏။

ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များမှ ရပ်ကျေးနှင့် မြို့နယ်အဆင့်ရှိ အဖွဲ့ချုပ်၏ စည်းရုံးရေးမှူးများအား ဖမ်းခြင်းဖြစ်သည်။ ကျိုက်ထိုမှ …. ဒေါက်တာ အေးဇံ (ယခု ကျိုက်ထိုမြို့နယ်အမှတ် ၂ - NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးတိုးကျော် (ကျူရှင်ဆရာ)၊ ဘီးလင်းမှ ဦးတင်အေး (ဗဟိုတရားရုံးရှေ့နေ)၊ ကိုရဲလင်းထွန်း (လူငယ်)၊ ဦးစိုး (ဆန်စက်ပိုင်ရှင်)၊ ဦးကြီးမင်း (ယခင် မဆလခေတ် ဘီးလင်းမြို့နယ် လုပ်ငန်းစစ်ဆေးရေး ဥက္ကဋ္ဌဟောင်း) တို့ အပါအဝင် စုစုပေါင်း ၁၃ ယောက် အဖမ်းခံကြရ၏။ သထုံမြို့ ထောင်ကြီးချုပ်၌ ချုပ်နှောင်ထားပြီး သထုံခရိုင် တရားရုံး၌ တရားစွဲဆို၏။

အဖွဲ့ချုပ်၏ မွန်ပြည်နယ်စည်းရုံးရေး ခရီးစဉ်တွင် အဖွဲ့ချုပ်၏ တာဝန်အရှိဆုံးဖြစ်သည့် ဗဟိုခေါင်းဆောင်များ၊ ပြည်နယ်ခေါင်းဆောင်များအား ဖမ်းဆီးခြင်းမပြုဘဲ …. မြို့နယ်နှင့် ရပ်ကျေးအဆင့် အဖွဲ့ချုပ်စည်းရုံးရေးမှူးများအား ရွေးချယ်၍ ဖမ်းခြင်းက …… စစ်အုပ်စု၏ သေနင်္ဂဗျူဟာသည် ….. “ကျေးလက်ကို အခြေခံ …. မြို့တော်ကို သိမ်း” ဟူ၍ ဖြစ်သည်ဟု ဆိုရမည်။






(၅၂)
မွန်ပြည်နယ် စည်းရုံးရေးခရီးမှ ပြန်ရောက်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် လဲလျောင်းနေသည့် အိပ်ခန်းဆီသို့ ဦးစွာသွား၍ မိခင်ကြီး၏ ဝေဒနာအခြေအနေအား ကြည့်၏။

ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်နှင့် လေသင်တုန်းဖြတ်ထားသည့် ဒဏ်ရာဒဏ်ချက်တို့ကြောင့် ဒေါ်ခင်ကြည်၏ ကိုယ်လက်အဂါင်္အချို့က လှုပ်ရှား၍မရတော့ ….။ အိပ်ယာထက်တွင်ပင် လဲလျောင်း၍နေရ၏။

၁၉၈၈ ခုနှစ် ဧပြီလအစတွင် အရေးပေါ်ဆေးရုံသို့ တင်ခဲ့ရပြီးသည်မှစ၍ ဒေါ်ခင်ကြည်၏ ကျန်းမာရေးက ပြန်၍မကောင်းတော့…။ အိမ်နှင့် ဆေးရုံ ကူးချီသန်းချီနှင့်ပင် ရှင်သန်နေခဲ့ရ၏။

ရန်ကုန်ဆောင်း၏ အအေးဒဏ်ကြောင့်လား မသိ ….. ဒေါ်ခင်ကြည်၏ ကျန်းမာရေးသည် ပို၍ဆိုးဝါးလာ၏။ မိသားစုဆရာဝန်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီး မိခင်၏ အခြေအနေအား မေးမြန်း၏။ တိုင်ပင်၏။ အခြေအနေက မရနိုင်တော့….။ သမားတော်ကြီးများက ဒေါ်ခင်ကြည်အား ညင်သာစွာနှင့် ဘဝကူးပြောင်းနိုင်ရေးအတွက်ကိုပင် အာရုံစိုက်၍ ပြုစုကုသပေးကြ၏။

ဒေါ်အောင်ဆန်းစုကြည်က ရသမျှ အချိန်များတွင် မိခင်၏ အနား၌နေ၍ မိခင်ကြီးအား ပြုစု၏။ နေ့ …. နေ့ ….။ ည …. ည ….။

တက္ကသိုလ်ရိပ်သာ လမ်းဘက်ဆီမှ ခရစ်စမတ်ဓမ္မတေးသံအား သဲ့သဲ့ကြားရ၏။ ညသည် တစ္ဆေတကောင်အလား အေးစက်စက်နှင့် ညဥ့်ဦးယံအား ဖြတ်ကျော်ခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်၏ အခန်းရှိ ခန်းစီးလိုက်ကာများအား စေ့စေ့ …. ချလိုက်၏။ မိခင်ကြီးက အိပ်ယာထက်၌ မိန်းမော၍နေ၏။ ငြိမ်ငြိမ်သက်သက် ….။ တိတ်ဆိတ်သောည ….။ အေးစက်သောည ….။

ဒေါ်အောင်ဆန်းစုကြည်က ….. မိခင်အား ကြည့်ရှုစောင့်ရှောက်ရင်း …. ဒေါ်ခင်ကြည်၏ အခန်းအတွင်း၌ပင် ကဗျာတပုဒ်အား ရေး၏။

မိခင်လူမမာ၏အနားတွင် ရေးဖွဲ့သော ကဗျာ….။
ကဗျာက …. မိခင်ဖြစ်သူအား တိုင်တည်၍ သစ္စာပြုသော ကဗျာဟု ဆိုရမည်။ ပထမဦးစွာ ကဗျာ၏ ပထမအပိုဒ်အား ဒေါ်အောင်ဆန်းစုကြည် ချု၍ရေး၏။ ခေါင်းစဉ်ကိုမူ မပေးရသေး….။

“မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့၊
သည်းစွာသော အနာအား ကုပါအံ့၊
သမီး၏ လုံ့လ ဝီရိယဖြင့်
နာလန်ထူပါစေအံ့”

စကားလုံးများက ရှောရှောရှူရှူ …. ကျစ်ကျစ်လျစ်လျစ်နှင့်ပင် ကလောင်ဖျားမှ အံကျလာ၏။ ဒေါ်အောင်ဆန်းစုကြည်မှ ရေး၍ ပြီးသွားသော ကဗျာပိုဒ်အား ပြန်၍ ဖတ်ကြည့်၏။ ပြင်စရာမရှိ…။ ဝေါဟာရမှ အစ …. တို့ထိစရာမလို ….။ တခေါက်ပြန်ဖတ်ပြီး … ဒုတိယအပိုဒ်အား ဆက်၍ရေးပြန်သည်။

“မွေးကျေးဇူးကို မသိတတ်သော
ထိုထိုသော သူတို့အား
သိနားလည်အောင်
ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလော့”

“တွေ့ရသော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်”

တက္ကသိုလ်ရိပ်သာ လမ်းမဆီမှ မော်တော်ကားသံ ကြားရ၏။ ပြည်လမ်းမဘက်ဆီသို့ မောင်းသွားးသည့် ကားသံဖြစ်မည်။ အသံက TE.11 ၏ အသံ ….။ စစ်သားတို့ ကင်းလှည့်နေခြင်း ဖြစ်မည်။

ညမထွက်ရအမိန့်ကြောင့် ….. ရန်ကုန်၏ ညများတွင် လမ်းများပေါ်၌က စစ်သားတို့သည်သာ မင်းမူ၊ စိုးမိုး၍နေကြ၏။

“တ ဘဝ တခါ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရမည်ဖြစ်စေ
သမီး၌ မထူးခြား”

“သမီး၏ စိတ်ကူးသည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်”

မိခင်ကြီးဆီမှ လူးလွန့်သံကြားရသဖြင့် ရေးလက်စ ကဗျာအား ရပ်၍ မိခင်၏ ကုတင်ရှိရာဆီသို့ ဒေါ်အောင်ဆန်းစုကြည် ထ၍သွားသည်။ ပြေလျော့ကျနေသည့် စောင်အား ရင်ဘတ်ပေါ်သို့ ပြန်၍ ဆွဲတင်ပေး၏။ စောင်အတွင်းရှိ မိခင်ကြီး ခြေဖျားများအား ဒေါ်အောင်ဆန်းစုကြည် စမ်းကြည့်၏။

အေးစက်စက် အတွေ့အား ခံစားရ၏။ မိခင်၏ ခြေဖျားများ အေးစက်နေသည်ကို ဒေါ်အောင်ဆန်းစုကြည် သဘောမကျ ….။ နွေးနွေးထွေးထွေး ဖြစ်လာစေရန် ဘာလုပ်ပေးရင် ကောင်းမည်နည်း ….။ စဉ်းစားရပြီ။

ပထမ ခြေစွပ်အား ယူ၍ မိခင်၏ ခြေထောက်နှစ်ဖက်အား ခြေစွပ် စွပ်ပေးကြည့်၏။ ချက်ချင်း နွေးထွေး၍ မလာသေး။ ရေနွေးအိပ်ကပ်ပေးလျှင် ကောင်းမည်။ ရေနွေးအိတ်ကပ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြင်၏။ ရေနွေးအိတ်နှင့် …၊ ခြေစွပ်နှင့် ထားလိုက်တော့ …. ခြေဖျားများ ပြန်နွေးလာသည်။ ဒေါ်ခင်ကြည်က …. အိပ်ယာထက်၌ ပက်လက်အနေအထားနှင့် ငြိမ်သက်စွာ လဲလျောင်းနေသည်။
အသက်ရှူသည်မှာ ….. ညှင်းညှင်းသွဲ့သွဲ့နှင့် ညင်သာလွန်းလှ၏။ အခန်းသည် တိတ်ဆိတ်နေသည်။ အုပ်ကြွပ်မိုးပေါ်သို့ နှင်းပေါက်များ ကျသံကိုပင် အခန်းတွင်းမှ ကြားနေရ၏။

ရေးလက်စကဗျာအား ဆက်၍ရေးရန် ဒေါ်အောင်ဆန်းစုကြည် စာရေးစားပွဲတွင် ပြန်ထိုင်သည်။ ရေးပြီးသည့် ကဗျာပုဒ်များအား ပြန်ဖတ်၏။ ပြီးလျှင် … ဆက်ရေးပြန်သည်။

“အခြား၊ အခြားသော သူတို့၏
ရှုတ်ချခြင်း၊ ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း၊ နာမည်ဖျက်ခြင်းကို
သမီးအလျဉ်းဂရုမပြု”

“မိခင်ထံမှ
ဒါမှ ငါ့သမီး ဟူသော
ကျူးရင့်သံကိုသာ တောင့်တပါ”

“လောကတွင်
မိခင်၏ ကျေးဇူးကို အသိရဆုံး ဖြစ်ရပါလို၏”

ဒေါ်အောင်ဆန်းစုကြည်က … ကဗျာအား အဆုံးသတ်လိုက်၏။ အစအဆုံး တပိုဒ်ချင်း ပြန်၍ ဖတ်ကြည့်၏။ မကြိုက်သည့် စကားလုံးအား ပြန်၍ပြင်၏။ တခေါက် … နှစ်ခေါက် …. ပြန်၍ …. ထပ်၍ ဖတ်ကြည့်၏။ ရပြီ ….။ ကဗျာတော့ ပြီးပြီ။ ခေါင်းစဉ်အား ဘာပေးမည်နည်း စဉ်းစား၏။ ပြီးလျှင် ….. ကဗျာခေါင်းစဉ်အား ချရေးလိုက်၏။

“ဒါမှ ငါ့သမီး”


(၅၃)
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်ခင်ကြည် ကွယ်လွန်၏။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ပင် ကွယ်လွန်ခဲ့၏။ ချက်ချင်းပင် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်သည့် သတင်းကား ရန်ကုန်မြို့အတွင်း ပျံ့နှံ့သွားသည်။ တောမီးပမာ….။

ပြည်သူချစ်သော ဗိုလ်ချုပ်၏ ဇနီး ….။ ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည်၏ မိခင် …..။

နာရေးသတင်းကြောင့် ရန်ကုန်လူထုသည် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၏ အပြင်ဘက်တွင် စုရုံးလာကြသည်။ လူထုနှင့် တက္ကသိုလ်ရိပ်သာလမ်း တခုလုံး ပြည့်၍သွားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပထမဦးစွာ စဉ်းစားရသည်က …. မိခင်၏ ရုပ်ကလာပ်အား မည်သည့်နေရာတွင် ဂူသွင်းသင်္ဂြိုဟ်မည်နည်း ….။ တိုင်ပင်သင့်သည့်သူများနှင့် ဤအရေးအား ဆွေးနွေးတိုင်ပင်၏။ ပြီးလျှင် …. အာဏာသိမ်း စစ်အုပ်စုနှင့်လည်း ညှိနှိုင်းရမည်။ နောက်ဆုံး ….. အားလုံးက ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ခြေတော်ရင်းရှိ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်၏ အုတ်ဂူအနီးတွင် ဒေါ်ခင်ကြည်၏ ရုပ်ကလာပ်အား ဂူဗိမာန်ပြုလုပ်၍ ဂူသွင်းသင်္ဂြိုဟ်ရန် သဘောတူကြ၏။

ကိစ္စတစ်ရပ်တော့ပြီးပြီ။

ဒုတိယပြဿနာက မိခင်ကြီး၏ ဈာပနအား ရက်မည်မျှထားမည်နည်း….။ ဒေါ်ခင်ကြည်နှင့် ပတ်သက်၍ သားသမီးဟူ၍ သားကြီး ဦးအောင်ဆန်းဦးက အမေရိကန် ပြည်ထောင်စု ကယ်လီးဖိုးနီးယားတွင် ရှိ၏။ ဦးအောင်ဆန်းဦး လာနိုင်မည့်ရက်အား မေးမြန်းရသည်။ ပြီးလျှင် …. ဗိုလ်ချုပ်ကတော်၏ ဈာပနအား လူထုကလည်း တတ်ရောက်၍ ဂါဝရပြုလိုကြမည်။ ဤအတွက် အချိန်ပေးရန်လိုသည်။ အဖက်ဖက်က စဉ်းစားပြီးသည့်နောက် …. မိခင်ကြီး၏ ဈာပနအား အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်ပင် ပြည်သူလူထုကြီးမှ လာရောက်၍ အသုဘရှု ဂါဝရပြုနိုင်ရန် ၇ ရက်ထားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်သည်။

ပထမဦးစွာ စစ်အုပ်စု၏ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြင့် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၏။ ဒေါ်ခင်ကြည် ဈာပန ချောချောမောမော ဖြစ်ရေးအတွက် ညှိနှိုင်းတိုင်ပင်ကြ၏။ အကူအညီများလည်း ပေးသည်။ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သားများအား လွှတ်ပြီး ဈာပနတွင် ကူညီစေ၏။ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်တွင်း၌လည်း …. “ဒီအရေးဟာ အားလုံး လက်တွဲပြီး လုပ်ရမယ့်ကိစ္စ၊ နဝတနဲ့၊ တပ်မတော်နဲ့၊ အဖွဲ့ချုပ်နဲ့ အခြား ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုနဲ့ အားလုံး စုပေါင်းပြီး အဆင်ပြေအောင် လုပ်ရမယ့်ကိစ္စ ဖြစ်တယ်” ဟူ၍ သဘောပေါက် နားလည်ထား၏။

အချို့ အင်အားစုများက … ဦးသန့်ဈာပနကဲ့သို့ … အလောင်းထမ်း၍ ဆန္ဒပြချင်ကြ၏။ ဤသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကပင် ဖျောင်းဖျောင်းဖျဖျနှင့် ထိန်းထားခဲ့ရသည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်မှူးချုပ်ခင်ညွန့်နှင့် ဗိုလ်ချုပ်ဖုန်းမြင့်တို့ ၃ ဦး လာရောက်ကြ၏။ ဒေါ်ခင်ကြည်၏ ရုပ်ကလာပ်အား ဂါဝရပြု၏။ ဝမ်းနည်းကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြ၏။

ဒေါ်အောင်ဆန်းစုကြည်က …. အာဏာသိမ်း စစ်ခေါင်းဆောင် ၃ ဦးအား လက်ဖက်ရည်ပွဲနှင့် တည်းခင်းဧည့်ခံ၏။ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်မှူးချုပ်ခင်ညွန့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး ဆုံတွေ့မှု ဖြစ်သည်။

လက်ဖက်ရည် သုံးဆောင်ရင်း …. ဒေါ်အောင်ဆန်းစုကြည်တို့ စကားစမြည်ပြောကြ၏။ ဒေါ်အောင်ဆန်းစုကြည်က …. ဗိုလ်ချုပ်မှူးကြီးစောမောင်အား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန်နှင့် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရန်အတွက် စစ်တပ်မှ ကတိပေးထားသည်တို့အား တိုက်တွန်းသတိပေးခဲ့၏။


(၅၄)
၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ …..။

ဒေါ်ခင်ကြည်၏ ဈာပနအခမ်းအနားအား စတင်၏။ ဒေါ်ခင်ကြည်၏ ရုပ်ကလာပ်အား အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းမှစ၍ သယ်ဆောင်ကြသည်။ ဂူသွင်းမြှုပ်နှံမည့် ရွှေတိဂုံခြေတော်ရင်းဆီသို့ ….။ လွမ်းသူ့ပန်းခွေများ၊ ဆိုင်းဘုတ်များနှင့် …..။ အဖွဲ့ချုပ်အလံတော်၊ သုံးရောင်ခြယ်အလံ၊ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတို့က လေတွင် ယိမ်းယိမ်းနွဲ့နွဲ့၊ မြင့်မြင့်မားမားနှင့် လွှင့်ထူရင်း ချီတက်ကြ၏။ လူထုက ၅ သိန်းခန့် ရှိမည်။ အားလုံးက စည်းကမ်းစနစ်ကျစွာနှင့် ချီတက်နေကြ၏။ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအား အဖွဲ့ချုပ်မှပင် တာဝန်ယူ၏။ စစ်သားများက အဝေးမှ သေနတ်များ ကိုင်ဆောင်ရင်း စောင့်နေကြ၏။
“ကမ္ဘာမကြေဘူး” သီချင်းကို ချီတက်ရင်း သီဆိုကြ၏။
သီချင်းသံက ….. ရန်ကုန်မြို့၏ မြေဝသုန်အား လှုပ်ခါ၍ တုန်ဟီးစေ၏။ တော်လဲသည့်အလား ….။

“ကမ္ဘာမကြေဘူး …. ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ….”
“တော်လှန်ရေး … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော ….”
“သူရဲကောင်းတို့ရေ …. အာဇာနည်တွေ နေတဲ့ တိုင်းပြည် …..”
“ရဲရဲတောက် တို့ဗမာတွေ …..”
“သခင်အောင်ဆန်း….ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဖရေ့ …..”



(၅၅)
မိခင်ကြီး၏ ဈာပနကိစ္စပြီးမြောက်၍ ၁၂ ရက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်အား စတင်ရပြန်သည်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် အနောက်ဖက်ခြမ်းဆီသို့ ….။ ထိုစဉ်က …. စစ်အုပ်စုအတွင်း `ဗိုလ်ကျော်ဘ၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်မြင့်အောင်´ စသည့် တိုင်းမှူး ၃ ယောက်တို့ `ဓား´ထက်နေသည့်ကာလ …..။ ဗိုလ်မြင့်အောင်က …. ဧရာဝတီတိုင်း၏ တိုင်းမှူး …..။ ဗိုလ်ထွန်းကြည်က … မန္တလေးတိုင်း၊ ဗိုလ်ကျော်ဘက ကချင်ပြည်နယ်၊ အနောက်မြောက်တိုင်း၏ တိုင်းမှူး….။

`အောင်၊ ဘ၊ ကြည်´ ဂိုဏ်းက နဝတ ၏ ထိပ်ပိုင်းခေါင်းဆောင်များကိုပင် …. `ထီ´ထင်ကြသည့်သူများ မဟုတ်….။ တနယ်တမင်းဆန်နိုင်ရန် ၃ ယောက်ပေါင်းပြီး လုံ့လထုတ်နေကြသည့်ကာလ….။

ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ် အနောက်ဘက်ခြမ်းသို့ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စတင်၍ ခရီးထွက်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ဆင်ကြ၏။ သွားရမည့်ခရီးက ရေလမ်းခရီး…..။ သင်္ဘောနှင့် သွားကြရမည်။ `မြတ်မေတ္တာ´ သင်္ဘောက ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တလျှောက်လုံးအတွက် တာဝန်ယူ၍ ပို့ဆောင်ပေးမည်။ လုံခြုံရေးအတွက် လူငယ်များပါမည်။ ပြန်ကြားရေးနှင့် မှတ်တမ်းအဖွဲ့များလည်း ပါကြမည်။ လူကြီးပိုင်းမှမူ …. ဦးကြည်မောင်၊ ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း)တို့ လိုက်ပါကြမည်။ ခရီးစဉ်အား ဒေါက်တာသက်မင်းတို့နှင့် ညှိနှိုင်းကြ၏။ ခရီးစဉ်က …. မအူပင်၊ ကျုံမငေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ပြီးလျှင် …. ပုသိမ်သို့ ဒုတိယအကြိမ် ပြန်ဝင်မည်။ ပုသိမ်မှတဆင့် ….. ကျောင်းကုန်း၊ အိမ်မဲ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပြော၊ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း …..။ ကြံခင်းတွင်ပင် ဧရာဝတီတိုင်း ခရီးစဉ်အား အဆုံးသတ်ပြီး ပဲခူးတိုင်းမှတဆင့် ရန်ကုန်သို့ ပြန်ဝင်မည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းခရီးက မြို့နယ် ၁၇ မြို့နယ်နှင့် ကျေးရွာပေါင်း …. ၂၂ ရွာသို့ သွားရောက်မည့် ခရီးဖြစ်သည်။ ဗိုလ်ချုပ်မြင့်အောင်၏ နယ်သို့ သွားရောက်ရမည့်ခရီးက တိုင်းမှူးဗိုလ်ချုပ်ဉာဏ်လင်း၏ မွန်ပြည်နယ်ခရီးထက် ပိုမို၍ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ကိုမူ ဒေါ်အောင်ဆန်းစုကြည်တို့ နားလည်ထား၏။ အနှောင့်အယှက်၊ အဟန့်အတားများက မည်မျှအထိ ကြီးမားမည်နည်း….။

စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည့် မြစ်ဝကျွန်းပေါ်ခရီး….။


(၅၆)
၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်။
`မြတ်မေတ္တာ´ သင်္ဘောဦးက ရေပြင်အား ထိုးခွဲ၍ အရှေ့သို့ ခုတ်မောင်း၏။ လှိုင်းတို့က သင်္ဘောအားခွ၍ ပြန့်ကားခါ ကမ်းနှစ်ဖက်ဆီသို့ လှိမ့်၍ ….လှိမ့်၍ ကပ်၏။ လှိုင်းနှင့်အတူ ဗေဒါတို့သည်လည်း မြစ်လယ်မှသည် ကမ်းခြေဆီသို့ ….။ ဗေဒါပွင့်ပြာရင့်ရင့်တို့က ရေပြင်တွင် နိမ့်လိုက်၊ မြင့်လိုက်နှင့် ….။ သင်္ဘောက တွံတေးတူးမြောင်းအား လွန်၍ မအူပင်မြို့နယ်အတွင်းသို့ ဝင်လာလေပြီ….။ အရှေ့တွင် …. `ထနီး´ သို့ ရောက်မည်။ `ထနီး´က တိုက်နယ်မြို့လေး…..။

မအူပင် မဝတ မြို့နယ်ကောင်စီက မအူပင်မြို့နယ်အတွင်းရှိ လူထုအား အမိန့်အမျိုးမျိုး ထုတ်ပြန်၍ ချုပ်ချယ်ထား၏။ ဒေါ်အောင်ဆန်းစုကြည်တို့အား ….. ``မကြိုဆိုရ၊ လက်မပြရ၊ ပန်းစည်းမဆက်ရ၊ လက်ခုပ်မတီးရ၊ အိမ်ခြံဝင်းအတွင်းမှ မထွက်ရ ….´´

မဝတ ၏ အမိန့်များက အမျိုးမျိုး၊ သခင်ကိုယ်တော်မှိုင်းသာ သက်ရှိ၊ ရှိနေသေးလျှင် …. မည်သို့များ စာချိုးလေမည်နည်း ….. မသိ။

ဒေါ်အောင်ဆန်းစုကြည်တို့၏ သင်္ဘော `ထနီး´ သို့ ရောက်၏။ `ထနီး´လူထုက ပထမတွင် ရွံ့နေသည့်ဟန်ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်တို့ `ထနီး´အဖွဲ့ချုပ်ရုံးသို့ သွားသည်။ ရုံးအတွင်း၌ပင် အဖွဲ့ဝင်များနှင့် တွေ့၏။ အဖွဲ့ဝင်များအား အားပေးသည်။ ပြည်သူလူထုအား သတ္တိရှိကြရန် တိုက်တွန်း၏။ `ထနီး´အဖွဲ့ချုပ်ရုံးမှ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်ထွက်လာသည့်အခါတွင်မူ `ထနီး´လူထုသည် အိမ်ခြံဝန်းအတွင်းမှ လမ်းများပေါ်သို့ ထွက်လာကြ၏။ ဒေါ်အောင်ဆန်းစုကြည်အား ပန်းစည်းများကမ်းကာ ကြိုဆိုကြတော့၏။ အကြောက်တရားစည်းအား ကျော်လွန်နိုင်ခဲ့ကြပြီ။ မတရားသည့် အမိန့်အမျိုးမျိုးအား ဖီဆန်ရဲ၍ လာကြပြီ။ လူထုက ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ ထနီဆိပ်ကမ်းဆီသို့ လိုက်ပါချီတက်၏။ မြတ်မေတ္တာ သင်္ဘောပေါ်မှပင် ဒေါ်အောင်ဆန်းစုကြည်က `ထနီး´လူထုအား နှုတ်ခွန်းဆက်စကားဆို၏။

``ဖမ်းဆီးတယ်။ အမျိုးမျိုးချုပ်ချယ်တယ်ဆိုတာ ကျမတို့ ကြားရပါတယ်။ ဒီလောက်လုပ်နေတဲ့ ကြားထဲက ဒီလောက်အထိ သတ္တိရှိရှိနဲ့ လာပြီးတော့ ကြိုဆိုအားပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။ ကျမတို့ စိတ်ထဲမှာ ဧရာဝတီတိုင်းမှာ လူတယောက်ဟာ တခြားတိုင်းတွေမှာ လူတထောင်နဲ့ မျှတယ်လို့ ကျမ ထင်ပါတယ်။ အဲဒီတော့ ဒီလောက်လူများတယ်ဆိုရင် တခြားတိုင်းတွေမှာ သောင်းနဲ့ သိန်းနဲ့ ချီလောက်ကို အဖိုးတန်တယ်လို့ ကျမ စိတ်ထဲမှာ ထားပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများကြီး ကျေးဇူးတင်ပါတယ်။ အားလည်း အားကိုးပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုဆိုတာ ပြည်သူလူထုကို အားကိုးပြီးလုပ်ရတဲ့ လှုပ်ရှားမှုပါ´´

`ထနီး´ လူထုက ကမ်းလုံးပြည့်….။ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက် စကားဆုံးသည်နှင့် လူထု၏ လက်ခုပ်သြဘာသံများက `ထနီး´ကမ်းပါးမှသည် ဧရာဝတီမြစ်ပြင်အတွင်းသို့ စီးမျော၍သွားတော့သည်။


(၅၇)
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် စည်းရုံးရေးခရီး၏ ပထမနေ့ခရီးစဉ်က ပြီးပြီ။ စိန်ခေါ်မှုများ၊ ဟန့်တားနှောင့်ယှက်မှုများကမူ ထိပ်တိုက်တွေ့သည့်အဆင့်ထိ မဖြစ်ခဲ့သေး။ သံပုရာချောင်း၊ ကျွဲဒုံး၊ ရွှေဒင်္ဂါး၊ ရွှေလောင်းရွာများတွင် အာဏာပိုင်များ၏ ဟန့်တားနှောင့်ယှက်မှုများ မရှိ၍ ချောချောမွေ့မွေ့နှင့်ပင် ပြီးဆုံးခဲ့၏။ မအူပင်တွင်က မအူပင်အာဏာပိုင်တို့သည် ဒေါ်အောင်ဆန်းစုကြည်တို့ သွားမည့် လမ်းများအား `လမ်းပိတ်ထားသည်´ ဟူသည့် ဆိုင်းဘုတ်များကပ်၍ ပိတ်ဆို့၏။ လူထုကိုလည်း အမိန့်အမျိုးမျိုးထုတ်၍ လမ်းပေါ်သို့ မထွက်ရန် တားဆီး၏။ မရ….။ လူထုက မတရားသည့် အမိန့်အာဏာဟူသမျှအား ဖီဆန်၍ လမ်းများပေါ်သို့ ထွက်၏။ ဒေါ်အောင်ဆန်းစုကြည် …. ကျန်းမာပါစေဟူ၍ ကြွေးကြော်ကြ၏။ သောင်းနှင့်ချီသော မအူပင်လူထုအား မအူပင်အဖွဲ့ချုပ်ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်က စကားပြော၏။ မကြောက်တရားဟောရ၏။ ဒေါ်အောင်ဆန်းစုကြည်လူထုနှင့် စကားပြောနေစဉ် အာဏာပိုင်တို့က မိုးပေါ်သို့ ထောင်၍ သေနတ်များ ပစ်ဖောက်ပြီး လူထုအား ခြောက်၏။ လူထုက မကြောက်….။ လူထုက လူစုပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲအား ပြီးဆုံးသည်အထိ နာယူခဲ့ကြ၏။

ဤမျှဆိုလျှင် ….. ဧရာဝတီခရီးစဉ်အစက ထင်ထားသလောက် မဆိုးသေးဟု ဒေါ်အောင်ဆန်းစုကြည် တွေးထင်ထားလိုက်၏။


(၅၈)
ဒေါ်အောင်ဆန်းစုကြည်တို့၏ ဧရာဝတီတိုင်း ခရီးစဉ် ဒုတိယနေ့ခရီးက ကျုံမငေးသို့ ….။ မြတ်မေတ္တာသင်္ဘော ကျုံမငေးဆိပ်ကမ်းသို့ နံနက်စောစောပင် ရောက်၏။ ဆိပ်ကမ်းတွင် ကပ်ခွင့်ရသော်လည်း ကမ်းတက်ရန်အတွက် အာဏာပိုင်များနှင့် ညှိရသည်။ ကမ်းတတ်ခွင့်ပြုရန် အသံချဲ့စက်နှင့် ခွင့်တောင်းရသည်။ မေတ္တာရပ်ခံရ၏။ နောက်ဆုံး ကမ်းတက်ခွင့်ရ၍ ဒေါ်အောင်ဆန်းစုကြည်တို့အားလုံး မြတ်မေတ္တာ သင်္ဘောပေါ်မှ ကျုံမငေးဆိပ်ကမ်းသို့ တက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က အရှေ့ဆုံးမှ ….။ အနားတွင်မူ ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း) နှင့် ဦးကြည်မောင် (NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) တို့ ပါ၏။

ကျုံမငေးကမ်းသို့ရောက်ပြီး ကျုံမငေးမြို့ ဈေးရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းရှေ့သို့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ရောက်သည့်အခါတွင်မူ …. တပ်ကြပ်တဦး ဦးဆောင်သည့် တပ်စိတ်တစိတ်နှင့် ထိပ်တိုက်တိုး၏။ တပ်စိတ်က လက်နက်အသင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အရှေ့ ….. လမ်းမထက်မှ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့အား သေနတ်နှင့်ချိန်၍ …

`ကျည်ထိုး´
`နောက်ကအဖွဲ့တွေ ရပ်ထားဖို့ တောင်းပန်ပါတယ်´
`နောက်ကအဖွဲ့တွေ ရပ်ထားဖို့ တောင်းပန်ပါတယ်´
`နောက်ကအဖွဲ့တွေ တက်ဖို့အတွက် ကျနော်တို့မှာ အမိန့်ပေးထားတာ မရှိပါဘူး´
`မိမိရဲ့ နေရာဌာနကို ပြန်လည်ချီတက်ဖို့ မေတ္တာရပ်ခံပါတယ်´
`ရှေ့က ချီတတ်လာတဲ့သူ ခဏရပ်ထားပါ´
`ရပ်ထားပါ´
`ရပ်ထားပါ´
`ရပ်ထားဖို့ တောင်းပန်နေပါတယ်´

တပ်ကြပ်က ဒေါ်အောင်ဆန်းစုကြည်တို့အား သေနတ်နှင့်ချိန်ပြီး အမိန့်ပေးနေသည်။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား သေနတ်နှင့် ချိန်၍ ထိပ်တိုက်တွေ့လာ၏။ ထိပ်တိုက်ရင်ဆိုင်မှုက …. အမြင့်ဆုံးသို့ ….။ ဒေါ်အောင်ဆန်းစုကြည်က ချိန်ထားသည့် သေနတ်ပြောင်းဝများရှေ့၌ တည်ငြိမ်စွာနှင့်ပင် တစ်လှမ်းချင်း လှမ်းလျက်….။ စက္ကန့်ငယ်ပေါင်းများစွာက …. သမိုင်းရေး၍ နေကြ၏။
``အို …. မြစ်ဝကျွန်းပေါ် တိုက်ပွဲခေါ်လေ။ အရေးတော်ပုံ အောင်ရမည်´´



ကိုးကား …

- NLD ၏ ဖွဲ့စည်းပုံစည်းမျဉ်း ယာယီနှင့် ရည်ရွယ်ချက်များ
- NLD ၏ ထုတ်ပြန်ကြေညာချက် အမှတ် - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြား စာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခမောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲများ
- မောင်မိုးသူနှင့် ဧရာဝတီမဂ္ဂဇင်း တွေ့ဆုံမေးမြန်းမှု
- ဦးအောင်ကြီးမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာများ
- ဒေါ်အောင်ဆန်းစုကြည် ရေးသည့် ဒါမှ ငါ့သမီးကဗျာ
- နိုင်မြန်မာ၏ ကမ္ဘာမကြေဘူး သီချင်း
- ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် ကိုယ်တွေ့ တွေ့ကြုံခဲ့သည်တို့အား ပြန်လည် ပြောပြပေးကြသည့် လွတ်မြောက်နယ်မြေရောက် NLD အဖွဲ့ဝင်များအား ကျေးဇူးတင်ပါသည်။


မင်းဟန်

http://www.mizzimaburmese.com/မှရယူပါသည်