Friday, July 24, 2009

နိုင်ငံရေးအမြင်များကိုဆီလျော်အောင်တည်ဆောက်ခြင်း

သိန်းစိန်နှင့်တရုတ်ဝန်ကြီးချူပ်ဆွေးနွေးချက်များ

Teaching to Burmese PM How to Talk With Chinese PM

စစ်အတွေးအခေါ်- အနုမြူ လက်နက်နှင့် နအဖ လှိုဏ်ခေါင်း စစ်ပွဲသဏ္ဌာန်



ဘိုဘိုကျော်ငြိမ်း
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 17 နာရီ 18 မိနစ်

နိုင်ငံတနိုင်ငံရဲ့ စစ်တပ်တခု ဖွဲ့စည်းပုံ၊ ဗျူဟာချပုံ၊ ပုံဖော်တွေအားလုံးဟာ စစ်ရေးအတွေးအခေါ် Military Doctrine အပေါ် မူတည်ပါတယ်။ ဂျပန်တော်လှန်ရေးစစ် (၁၉၃၇-၁၉၄၅) ခုနှစ်က အတွေ့အကြုံပေါ် မူတည်ပြီး တရုတ်တပ်နီတော်ဟာ မော်စီတုံးရဲ့ ပြည်သူ့စစ်ပွဲ အတွေးအခေါ် People’s War Doctrine ကို လက်ခံကျင့်သုံးခဲ့တယ်။ ဒီအတွေးအခေါ်ရဲ့ အခြေခံက ရန်သူကို ကျယ်ပြန့်တဲ့ တရုတ်ပြည်ကြီးရဲ့ သဘာဝ အနေအထားနဲ့ ကြီးမားတဲ့လူဦးရေ အားသာမှုကို အခွင့်ကောင်းယူပြီး ပြောက်ကျားစစ်နဲ့ အနိုင်ယူမယ်ဆိုတဲ့ အတွေးအခေါ် ဖြစ်တယ်။

မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်အုပ်စိုးတဲ့ နိုင်ငံဖြစ်တဲ့အတွက် နှစ်စဉ်ကျင်းပတဲ့ တပ်မှူးများ ညီလာခံဟာ အရေးပါတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပတဲ့ တပ်မတော် အစည်းအဝေးမှာ ထိုအချိန်က ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် စန်းယုက တပ်မတော်စစ်ရေး အတွေးအခေါ်သစ် New Military Doctrine ကို လိုအပ်ရင် ရှာဖွေသင့်ပြီလို့ တင်ပြလာပါတယ်။ ဒုစစ်ဦးစီချုပ် (ရေ) ဗိုလ်မှူးချုပ် သောင်းတင် ဦးစီးတင်ပြတာမှာ သောင်းကျန်းသူတိုက်ဖျက်ရေး နည်းလမ်းနဲ့ ဗျူဟာ People Militia (အရပ်သားစစ်သည်) များကို သင်တန်းပေးရေးနဲ့ ပညာပေးရေးတို့ ပါဝင်ပါတယ်။ ဒီဆွေးနွေးမှုမှာ သောင်းကျန်းသူ နှိမ်နှင်းရေးနဲ့ ပြည်ပကျူးကျော်မှု (အကယ်၍ အင်ဒိုချိုင်းနား စစ်ပွဲပြိုခဲ့သော်) တို့ ဖြစ်တယ်။ ဒုဗိုလ်မှူးကြီး သူရထွန်းတင်နဲ့ အဖွဲ့ကို နိုင်ငံခြားသို့ စေလွှတ်လေ့လာစေခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှစပြီး “ပြည်သူ့စစ်” (People’s War) ကို တပ်မတော်ရဲ့ စစ်ရေးအတွေးအခေါ် Military Doctrine အဖြစ်ခံယူခဲ့ပါတယ်။

ဒီပြည်သူ့စစ် စစ်အတွေးအခေါ်ရဲ့ သောင်းကျန်းသူ ဆန့်ကျင်ရေး၊ စစ်ဆင်ရေးအပိုင်းကို ၁၉၆၆ ခု ဇန္နဝါရီလကနေ မတ်လအထိ ဗကပ တို့ရဲ့ မြစ်ဖျားခံဒေသတိုင်းမှာ စမ်းသပ်ခဲ့ပါတယ်။ ၁၉၆၈ ခု တပ်မတော် အစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့တာကတော့ ပြည်သူ့စစ် အတွေးအခေါ်နဲ့ ဆက်စပ်နေတဲ့ ဖြတ် ၄ ဖြတ် ဗျူဟာပါပဲ။ တပ်မတော်ဟာ အောက်မြန်မာပြည်နဲ့ မြန်မာပြည်အလယ်ပိုင်းမှာ ဖြတ် ၄ ဖြတ်နည်းကို သုံးခဲ့ပေမယ့် အနောက်မြောက်ဒေသမှာတော့ တရုတ်ကွန်မြူနစ်တို့ရဲ့ ထောက်ပံ့မှုကြောင့် ရွှေ့ပြောင်းတိုက်ခိုက်တဲ့ သမရိုးကျစစ် (Mobile Convention) နဲ့ ပြောက်ကျားစစ်ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ လေပေါ်ကနေ ဗုံးကြဲမှု၊ လေကြောင်း ကာကွယ်မှု၊ အမြောက်နဲ့ပစ်ပြီး ကာကွယ်မှုတို့အပြင် ကတုတ်ကျင်းတိုက်ပွဲ (Trench Warfare) ဟာ စစ်ဗျူဟာရဲ့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော် လက်ခံခဲ့တဲ့ People’s War လို့ခေါ်တဲ့ ”ပြည်သူ့စစ်” နဲ့ နိုင်ငံခြားကျူးကျော်မှုကို ရင်ဆိုင်ဖို့ ပြောက်ကျားစစ်ပွဲနဲ့ ပြည်တွင်းစစ်အတွက် တန်ပြန်သူပုန် ဗျူဟာစစ်ဆင်ရေးတို့ဟာ ထုသုံးထု (Three Masses)၊ လူထု၊ အချိန်နဲ့ နယ်ပယ် Population, Time and Space နဲ့ “ပမာဏလေးရပ်“ (Four Strengths) လူထုအင်အား၊ ပစ္စည်းအား အချိန်နဲ့ စိတ်ဓာတ် Manpower, Material, Time and Morale တို့အပေါ် အခြေခံပါတယ်။

(မှတ်ချက် - ကျနော် မကြာခဏ ရေးပြခဲ့တဲ့ အတိုက်အခံတွေကို ချေမှုန်းတဲ့နေရာမှာ Time and Space အချိန်နဲ့ နိုင်ငံရေး လှုပ်ရှားမှု နယ်ပယ် - Political Space တို့ကို ဗျူဟာအဖြစ် အသုံးပြုတယ်ဆိုတာကို သတိရစေလိုပါတယ်။ စစ်ဗိုလ်ဆိုတာ စစ်တွေး တွေးကြတာပါပဲ။)

ဒါပေမဲ့ ဒီစစ်အတွေးအခေါ်ကို ချမှတ်တဲ့ အဲဒီကာလက နိုင်ငံခြားကနေ ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ဗျူဟာကျကျ ငြင်းဆိုမှု Strategic denialနဲ့ တန်ပြန်ထိုးစစ်ဆင်နိုင်မှု - counter-offensive Capability တို့ကို ဖော်ထုတ်ထားခြင်း မရှိခဲ့သေးပါဘူး။

နောက်တဆင့် စစ်ရေးအတွေးအခေါ်ကို ဖော်ထုတ်ခြင်း

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး စစ်ကောင်စီ (နဝတ) ကို ဖွဲ့စည်းအပြီး မကြာခင်မှာ စစ်ခေါင်းဆောင်တွေဟာ လက်ရှိစစ်အတွေးအခေါ်နဲ့ ဗျူဟာကို ပြန်လည်သုံးသပ်ပြီး စစ်တပ်ကို ခေတ်မီအောင် လက်နက်တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအတွေးအခေါ်ဟာ နိုင်ငံခြားကျူးကျော်မှု သို့မဟုတ် တဆင့်ခံ ကျူးကျော်မှုကို စိုးရိမ်ပူပန်မှုကြောင့်ပါ။ ၈၈၈၈ အရေးတော်ပုံကြီးအတွင်းမှာ မြန်မာ့ရေပိုင်နက်အတွင်းမှာ အမေရိကန် ရေတပ်သဘောင်္တွေ ရောက်ရှိနေတာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို စော်ကားခြင်းလို့ စစ်ဗိုလ်တွေက ယူဆကြပါသည်တဲ့။ ဒါ့အပြင် စစ်အစိုးရဟာ နယ်ခြားဒေသမှာရှိတဲ့ သူပုန်တွေကို နိုင်ငံခြား အင်အားကြီး နိုင်ငံတွေက အင်အားပြည့်အောင် ထူထောင်ပေးပြီး ရန်ကုန်မှာရှိတဲ့ စစ်အစိုးရသစ်ကို ယှဉ်ပြိုင်ခိုင်းနိုင်တာကိုလည်း စိုးရိမ်ပူပန်ကြပါတယ်တဲ့။ ဒါ့အပြင် ၈၈၈၈ အရေးတော်ပုံကြီးအပြီးနဲ့ စစ်တပ်ကနေ အာဏာသိမ်းအပြီး ပေါ်ပေါက်ပြန့်နှံ့လာတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက နိုင်ငံခြားအကူယူပြီး နိုင်ငံခြားကနေ ဝင်ရောက်စွက်ဖက်ခြင်းသော်၎င်း၊ ဝင်ရောက်သိမ်းပိုက်ခြင်းဖြင့် စစ်အစိုးရ မတည်ငြိမ်ရန်သော်၎င်း၊ ပြုတ်ကျရန်အတွက်သော်၎င်း ကြိုးစားအားထုတ်နေကြတယ်လို့ စစ်အစိုးရက ယုံကြည်နေကြပါတယ်တဲ့။ ဒီဖြစ်နိုင်စရာ၊ ထင်စရာ အန္တရာယ်တွေကြောင့် စစ်ဗိုလ်ချုပ်တွေဟာ Siege mentality အဝိုင်းခံရနေကြရသလို ခံစားရတယ်လို့ ဆိုပါတယ်။

ဒီလို စစ်ဗိုလ်ချုပ်တွေရဲ့ ခေါင်းထဲမှာ ပြည်ပကနေ ဝင်ရောက်ကျူးကျော်နိုင်တဲ့ အန္တရာယ် ကြီးမားလာတာနဲ့အမျှ နဝတ စစ်ခေါင်းဆောင်တွေဟာ တပ်မတော်ကို ခေတ်မီတဲ့ စစ်လက်နက်တွေ တပ်ဆင်ရုံသာမက စစ်အတွေးအခေါ် Military Doctrine ကိုပါ ခေတ်မီတိုးတက်လာအောင် ထပ်ဆင့်ဖြည့်စွက်စေပါတယ်တဲ့။ ဒီစိတ်ဓာတ်ကြောင့် ၁၉၈၉-၁၉၉ဝ ခုနှစ်တွေမှာ လေယာဉ်ပစ် အမြောက်တွေနဲ့ တင့်ကားအစီး ၆ဝ ကို ဝယ်ယူခဲ့ပါတယ်။ ထိပ်တန်း စစ်ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်မှာလည်း မော်စီတုံးရဲ့ မဟာဗျူဟာ တွေးခေါ်နည်းတွေဟာလည်း လွှမ်းမိုးလျက် ရှိပါတယ်။ မြန်မာလို ဘာသာပြန်ထားတဲ့ မော်စီတုံးရဲ့ လက်ရွေးစင် စစ်အကြောင်း ရေးသားချက်တွေနဲ့အတူ လင်ပြောင်ရဲ့ ပြည်သူ့စစ် People’s War နဲ့ ချေဂွေဗာရားရဲ့ ပြောက်ကျားစစ်ပွဲတို့ဟာ ၁၉၆ဝ နဲ့ ၁၉၇ဝ ခုနှစ်တွေအတွင်းက မဆလစစ်ဗိုလ်တွေအတွင်း အဖတ်အများဆုံး စာအုပ်တွေ ဖြစ်ကြပါတယ်။

၁၉၉၅ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်အတွင်း တပ်မတော်က ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေး လေ့ကျင်ခန်းကို ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်လောက်မှာတော့ စစ်ရေးအတွေးအခေါ်ဖြစ်တဲ့ “ပြည်သူ့စစ်“ People’s War ကတဆင့် တိုးတက်တဲ့ စစ်အတွေးအခေါ်ကို ဗိုလ်ချုပ်သန်းရွှေက “ခေတ်သစ်အခြေအနေအောက်ရှိ ပြည်သူ့စစ်“ People’s War Under Modern Condition လို့ တရားဝင် ခင်ပွန်းတပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအတွေးအခေါ်နဲ့ နာမည်ကိုယ်တိုင်က တရုတ်တွေဆီကနေ ဗြောင်ခိုးချထားတာ ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ အရင်က ပြည်သူ့စစ်မှာ မပါခဲ့တဲ့ ရန်သူကို ဗျူဟာကျကျ ငြင်းပယ်ခြင်း Strategic Denial နဲ့ Counter Offensive Capabilities လို့ ခေါ်တဲ့ တန်ပြန်ထိုးစစ်၊ ဒီ ၂ ပိုင်းကို ထပ်ဖြည့်ထားခြင်းပင် ဖြစ်တယ်။ လူဗိန်းစကားနဲ့ပြောရရင် စစ်တပ်က ကျူးကျော်လာတဲ့ နိုင်ငံခြားစစ်တပ်ကို ပမာဏတိုက်ပွဲတွေမှာ မထိန်းထားနိုင်ခဲ့ရင် ရပ်ရွာမြို့နယ်တိုင်းနဲ့ တပြည်လုံး အတိုင်းအတာအလိုက် တော်လှန်ရေး တပ်ဖွဲ့တွေဖွဲ့ပြီး တော်လှန်ပြီး ရန်သူကို အထိနာစေပါမယ်။ ဒီလိုနဲ့ ရန်သူရဲ့ စိတ်ဓာတ်ကို အထိနာစေပြီး ရန်သူ ခြေကုန်လက်ပန်းကျလို့ ကစဥ့်ကလျားဖြစ်မှ လိုအပ်တဲ့ (အင်အား) ကို စုပြီး တန်ပြန်ထိုးစစ်ကို ဆင်နွဲလို့ ရန်သူကို အမိနိုင်ငံမြေကနေ မောင်းထုတ်ဖို့ အစီအစဉ် အတွေးအခေါ်ဖြစ်တယ်။

အတိုချုပ်ပြောရရင် အရင်က ပြည်တွင်းစစ်နဲ့ ပြည်တွင်းသူပုန်တို့ကိုပဲ အသားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ အခုအချိန်မှာ ပြည်ပရန်သူ (မှတ်ချက် - အမေရိကန်လို့ သဘောပေါက်ပါ - စာရေးသူ) ကို ပိုအရေးပေးလာပြီး တရုတ်တို့ရဲ့ စစ်ရေးအတွေးအခေါ်ကို တိုက်ရိုက်ခိုးယူပြီး ပြည်ပရန်သူကို ပထမတင်းခံထား၊ တန်ပြန်ထိုးစစ်နဲ့ အနိုင်ယူမယ်ဆိုတဲ့ စစ်ရေးအတွေးအခေါ် ဖြစ်ပါတယ်။ ဒီအတွေးအခေါ်မှာ ရန်သူရဲ့ စိတ်ဓာတ်ကို ပြောက်ကျား စစ်ဆင်ရေးနဲ့ တိုက်ဖျက်ပြီး ခုခံဖို့ ဖြစ်ပါတယ်။

ရှုပ်ထွေးကုန်မှာစိုးလို့ အသေးစိတ်ကို တင်ပြထားခြင်း မရှိပါ။

ဒီအတွေးအခေါ်ကို စိတ်ဝင်စားသူတွေ ရှိခဲ့ရင် ၂ဝဝ၉ ခုနှစ် ပထမပိုင်းက ထုတ်ဝေခဲ့တဲ့ မောင်အောင်မျိုး (Ph.D) ရဲ့ Buliding the Tatmadaw, Myanmar Armed Forces Since 1948 ကို ဖတ်ရှုသင့်ပါတယ်။ မောင်အောင်မျိုးဟာ Australia National University (ANU) ကနေ Ph.D ဘွဲ့ကို ရခဲ့ပြီး မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်တွေကို မွေးထုတ်ပေးနေတဲ့ Nation Defense College မှာ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒေါက်တာမောင်အောင်မျိုးဟာ တခါတရံ မသိမသာ မြန်မာ့တပ်မတော်ကို ဖေးဖေးမမ တင်ပို့လေ့ရှိပေမယ့် ပညာရှင်သက်သက် မျက်စိနဲ့ကြည့်ရင် စာပေပညာရှင် (Academic) တွေကြားမှာ မြန်မာ့တပ်မတော် အကြောင်းကို အသိဆုံးမှာ ဒေါက်တာ မောင်အောင်မျိုးလို့ ဆိုရပါမယ်။ အကြောင်းမှာ အတွင်းသိဖြစ်လို့ပါ။ စာရေးသူရဲ့ အမြင်မှာ သူသိသမျှ မရေးရဲလို့ အပြစ်မရောက်ရုံသာ ရေးနိုင်ခြင်းလို့ ယူဆပါတယ်။ မြန်မာ့တပ်မတော်အကြောင်း စိတ်ဝင်စားပါရင် သူ့ရဲ့ ရေးသားချက်တွေကို ဖတ်သင့်တယ်။ ANU ကနေ ထုတ်တဲ့ သူ့ရေးသားချက်တွေ ရှိပါသေးတယ်။ လက်တွေ့ရှုထောင့်ကနေ ကြည့်ရင်တော့ ဦးအောင်ကျော်ဇောဟာ ကိုယ်တိုင် စစ်တိုက်လာသူ ဖြစ်ရုံမက နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေ အကြောင်းကို ကောင်းကောင်းသိရှိသူပါ။ ဒါ့အပြင် တရုတ်ရေးရာကို ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဤပုဂ္ဂိုလ် ၂ ဦးထံမှ စာတွေ့လက်တွေ့ ရှုထောင့် ၂ ခုစလုံးကနေ ကြည့်ရှုလေ့လာသင့်တယ်လို့ ထင်လို့ပါ။

စစ်ဗိုလ်ချုပ်တွေဆီကနေ ခွင့်ပြုချက် မရလို့လား။ စိုးရိမ်စိတ်ကြောင့်လား မသိ၊ မောင်အောင်မျိုး မရေးခဲ့တာလေးတွေ ရှိပါသေးတယ်။ ဥပမာ - စစ်ဗိုလ်ချုပ်တွေရဲ့ အနုမြူစီမံကိန်းနဲ့ အဝေးပစ် ဒုံးပျံပညာ ရှာဖွေစုဆောင်းခြင်းတို့ကို လုံးဝ ချန်လှပ်ခဲ့ပါတယ်။

ပထမ အီရတ်စစ်မှာ အီရတ်က ကူဝိတ်ကို သိမ်းပြီး၊ နောက်တဆင့် ဆော်ဒီအာရေးဗီးယားကို သိမ်းနိုင်တာကြောင့်၊ ဆော်ဒီကို ကာကွယ်ဖို့ အမေရိကန်မှာ ၂ နိုင်ငံ နားလည်မှုအရ တာဝန်ရှိတာကြောင့် အီရတ်ကို ကူဝိတ်က မောင်းထုတ်ဖို့ အမေရိကန်က ဝင်တိုက်ခဲ့ရတယ်။ ပထမဘုရှ် (၄၁) က အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားမို့ ဆဒမ်ကိုဖြုတ်ချဖို့ မကြိုးစားခဲ့ဘူး။ ဒါ အမေရိကန်ရဲ့ တာဝန်မဟုတ်ပါ။

ဒါထက် ပိုအရေးကြီးတာက အမေရိကန်ဟာ ကမ္ဘာ့အင်အားကြီးဆုံးနဲ့ အနုမြူဗုံးပိုင်ဆိုင်တဲ့ နိုင်ငံ။ ဒါကြောင့် လက်နက်အားကိုးနဲ့ ဗိုလ်ကျတဲ့ အမှု အထူးသဖြင့် အနုမြူလက်နက် ထုတ်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေကို ဗိုလ်မကျရပါ။

အတွေ့အကြုံအားနည်းတဲ့ ဒုတိယဘုရှ် (၄၃) လက်ထပ်မှာ အလေးအနက် စဉ်းစားခြင်းမရှိဘဲ အီရတ်ကို ဒုတိယအကြိမ် ဝင်တိုက်ခဲ့ပါတယ်။ ဒီကျူးကျော်မှုကို တရားဝင်မှုရှိအောင် Pre-emptive Doctrine ဆိုတဲ့ Weapon of Mass Destruction လို့ ခေါ်တဲ့ လူအများကို သေကြေစေနိုင်တဲ့ အနုမြူလက်နက်နဲ့ ဓာတုလက်နက်တို့၊ အစွန်းရောက် အကြမ်းဖက်သမားအင်အားစုတွေဆီ မကျရောက်စေရေးအတွက် ကြိုတင်ကာကွယ်စစ်ကို ဆင်နွှဲနိုင်တယ်ဆိုတဲ့ အတွေးအခေါ် Doctrine ကို ချမှတ်ခဲ့ပါတယ်။ တချိန်ထဲမှာ မြောက်ကိုရီးယားက အမေရိကန်ရဲ့ စစ်ရေးဗိုလ်ကျမှုရန်ကနေ ကာကွယ်ဖို့ဆိုပြီး အနုမြူဗုံး ထုတ်လုပ်နိုင်ရေးကို အားသွန်ဆောင်ရွက်ခဲ့ပါတယ်။

မြောက်ကိုရီယားနိုင်ငံမှာ စစ်သားဦးရေ သန်းနဲ့ချီပြီး အင်အားရှိတဲ့ စစ်တပ်ရှိတယ်။ အနုမြူနည်းပညာတွေကို နားလည်ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်က စကားပြောတာကလွဲလို့ ဘာမှ အရေးမယူနိုင်ဘူး။ ဒါကြောင့် အမေရိကန်နဲ့ မသင့်မြတ်တဲ့ နိုင်ငံတွေရဲ့ အမြင်မှာ အမေရိကန် စစ်ရန်က ကင်းဖို့ အနုမြူလက်နက်ရှိမှ ဖြစ်မယ်ဆိုတဲ့ အမြင်ရလာတာကြောင့် အီရန်ကလည်း အနုမြူဗုံးရဖို့ အားသွန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်။

ဒါဟာ ဘုရှ် (၄၃) ရဲ့ ပေါ်လစီရဲ့ အကျိုးသက်ရောက်မှုပဲ။ ဒီအခြေအနေမှာ သဘာဝဓာတ်ငွေ့က ရလာတဲ့ ‘ငွေ’ တွေနဲ့ ရွှင်မြူးနေတဲ့ နအဖ စစ်အစိုးရဟာလည်း အနုမြူပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ရေးအတွက် စိတ်ကူးယဉ်လာပါတယ်။

တကယ်တော့ အနုမြူလက်နက် ထုတ်ဖို့ဆိုတာ ထင်သလောက်၊ ပြောသလောက် မလွယ်ကူလှပါ။

အနုမြူရူပဗေဒ ပညာရှင် Nuclear Physicists တွေ လိုအပ်သလို ပိုအရေးကြီးတာက နျူကလီးယား အင်ဂျင်နီယာတွေ လိုအပ်ပါတယ်။ နျူကလီးယား လက်နက်ထုတ်ဖို့ Uranium ယူယေနီယံနဲ့ Plutonium ပလူတိုနီယံတို့ကို သန့်စင်စေရပါတယ်။ Plutonium က သိပ်မတည်ငြိမ်လှတဲ့အတွက် Uranium ကို အသုံးများကြပါတယ်။ Uranium ကို သန့်စင်ရာမှာ U235 လို့ ခေါ်တဲ့ ယူရေနီယံ အိုက်ဆိုတုပ် Uranium Isotope ဟာ ၉ဝ ရာခိုင်နှုန်းကျော် သန့်စင်မှ ဗုံးကို ထုတ်လုပ်လို့ရပါတယ်။ Uranium ကို သန့်စင်ရာမှာ ၂၆ဝဝ ဒီဂရီအထိ အပူပေးပြီး Centrifugal Force လို့ ခေါ်တဲ့ လည်ပတ်ရင်းက ရလာတဲ့ စွမ်းအားနဲ့ Mass ကိုမှီပြီး သန့်စင်တဲ့ Uranium ကို ခွဲထုတ်ကြရပါတယ်။ ဒီ Process လုပ်ငန်းစဉ်က မလွယ်ကူပါ။ ဒီသန့်စင်တဲ့စက် Centrifuge ပေါင်း ထောင်ချီလို့ ဆက်စပ်တည်ဆောက်ရပါတယ်။ ဒီစက်ကိရိယာတွေ အပူလွန်လာတဲ့ ပြဿနာကို အီရန်က ရင်ဆိုင်နေရလို့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို နှစ်နဲ့ချီပြီး နောက်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အခုမှ နျူကလီးယားပညာကို စလုံးရေစကနေ သင်နေတဲ့ မြန်မာစစ်ဗိုလ်တွေ ဒီပညာကို ကျွမ်းကျင်တတ်မြောက် ကျော်လွှားဖို့ ကံကောင်းရင်အနည်းဆုံး အနှစ် ၂ဝ ကြာပါမယ်။ ကိုရီးယားက ကွန်မြူနစ်အာဏာရှင် ကင်အီစွန်းဟာ အမေရိကန်က ဂျပန်ကို အနုမြူဗုံးကြဲပြီးကတည်းက စိတ်ဝင်စားကာ အနုမြူပညာရရှိရေးကို ကြိုးစားခဲ့ပါတယ်။ အနှစ် ၆ဝ ကျော်မှ အနုမြူဗုံးကို အောင်မြင်အောင် ဖောက်ခွဲနိုင်ခဲ့ကြတာပါ။

အနုမြူဗုံးဆိုတာ ဖောက်ခွဲပြီးရုံနဲ့ မပြီးပါ။ Delivery System လို့ ခေါ်တဲ့ အနုမြူဗုံးကို သယ်ဆောင်မယ့် လက်နက်လိုအပ်ပါတယ်။ ဒါ့အပြင် ဗုံးကို ဒုံးပျံထိပ်ဖူးမှာ တပ်ဆင်နိုင်ဖို့ “ကျုံ့” တဲ့ ပညာ Minimize လုပ်တတ်ဖို့ လိုပါတယ်။ မြောက်ကိုရီးယားက ဒုံးပျံပညာမှာ တတ်ကျွမ်းတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် သန့်စင်ရာမှာ အခက်တွေ့တဲ့ ကိုရီးယားနဲ့ ပါကစ္စတန်တို့ ပညာအလဲအလှယ် လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ရဲ့ အနုမြူဗုံး ဖခင်ဟာ Metallurgist သတ္တုဗေဒပညာရှင်ဖြစ်ပြီး၊ ဥရောပမှာ အလုပ်လုပ်ရင်း Centrifuge သန့်စင်တဲ့ စက်နဲ့ ပညာကို ကောင်းကောင်း တတ်ကျွမ်းလာတဲ့ ပညာရှင်ဖြစ်တာကိုး။

အနုမြူဗုံး ပိုင်ဆိုင်လိုတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေဟာ ဗုံးသယ်ဆောင်တဲ့ ဒုံးပျံပညာ Rocket-Missile Technology ကို အခုကတည်းက ရုရှားနဲ့ မြောက်ကိုရီးယားမှာ ဆည်းပူးနေပုံရပါတယ်။ ဒုံးပျံမှာ ၂ မျိုး၊ ၂ စား ရှိပါတယ်။ တခုက မြေပြင်ကနေ လေယာဉ်ပစ်တဲ့ ဒုံးပျံပါ။ ဒါက SAM Surface-to-Air Missile ဒါက လေကြောင်း ကာကွယ်ရေးအတွက်ပါ။ နောက်မြေပြင်ပစ် ဒုံးပျံတွေ ရှိပါတယ်။ ဆိုဗီယက်က ဒုံးကျည်တွေကို SCUD လို့ ခေါ်ပြီး တာတို-တာလတ်ဒုံးပျံတွေ ဖြစ်ကြပါတယ်။ Scud A (150km), Scud B (300km), Scud C (600km), Scud D (700km) ဆိုပြီး Scud အမျိုးမျိုး ရှိပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၁၉၇၉ နဲ့ ၁၉၈ဝ ခုနှစ်တွေမှာ အီဂျစ်ကနေ Scud B ကို လက်ခံရရှိပြီး Reverse Engineering လို့ ခေါ်တဲ့ ထုတ်လုပ်ပြီး ပစ္စည်းကနေ ထုတ်လုပ်ပုံကို ဖော်ထုတ်ပြီး ဒုံးပျံပညာကို ကူးယူခဲ့ပါတယ်။ ဒီအောင်မြင်မှုကြောင့် ၁၉၈၄ ခုနှစ်မှာ Hwasang-5 ဒုံးပျံကို ထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ Hwasang-6 ကို ထုတ်လုပ်နိုင်ခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ ကီလိုမီတာ ၅ဝဝ အထိ ရောက်နိုင်တဲ့အထိ အောင်မြင်ခဲ့ပြီး Rodong-1 ဒုံးပျံဟာ (1000km) အထိ ရောက်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သယံဇာတ ပေါများတဲ့နိုင်ငံ မဟုတ်ပါ။ စီးပွးရေးတိုးတက်တဲ့ နိုင်ငံလည်း မဟုတ်ပါ။ စစ်အင်အား ကြီးမားတဲ့ နိုင်ငံ တနိုင်ငံသာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေရဖို့ ဘာမဆိုလုပ်မယ့် နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ဒုံးကျည်တွေကို အီရန်၊ ဆီးရီးယား၊ လစ်ဗျားနဲ့ ယီမန်နိုင်ငံတွေဆီ Hwasong-5, Hwasong-6 ဒုံးပျံတွေကို ရောင်းချခဲ့ပါတယ်။ အီရန်နိုင်ငံက Hwasong-6 ဒုံးပျံကို တခါထုတ်လုပ်ပြီး Shahab-2 လို့ ခေါ်ပါတယ်။ အခု မြောက်ကိုရီးယားက Rodong-1 (Scud-D) ကို တည်ထောင်နိုင်ပြီး ကီလိုမီတာ ၁ဝဝဝ သွားတယ်လို့ ဆိုပါတယ်။ Rodong ဒုံးပျံပရိုဂမ်ကို အီရန်က ငွေကြေးထောက်ပံ့ပြီး Shahab-3 ဒုံးပျံအဖြစ် ပြန်ထုတ်နေတယ်။ ရှင်းတာက မြောက်ကိုရီးယားက ဒုံးပျံနည်းပညာကို ဖြန့်ဖို့ဝန်မလေးဘူး။ အစ္စရေးလ် (Israel) က ဖုံးကြဲဖျက်စီးခဲ့တဲ့ ဆီးရီးယားက အနုမြူစက်ရုံဟာ မြောက်ကိုရီးယားက အကူအညီနဲ့ ဆောက်ခဲ့တာလို့ တတ်သိပညာရှင်တွေက စွပ်စွဲကြပါတယ်။ နိုင်ငံကြားငွေမာ (hard-currency) ရရင်ပြီးရော ဘာမဆိုလုပ်ဖို့ ဝန်မလေးသူတွေကတော့ မြောက်ကိုရီးယားတွေပါပဲ။

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ပြည်သူတွေကို ထမင်းဝအောင် မကျွေးနိုင်တာမို့ ပြည်သူတွေ ငတ်ပြတ်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါကြောင့် နအဖ ဗိုလ်ချုပ်တွေက နိုင်ငံခြားငွေနဲ့ ပေးချေစရာမလိုဘဲ ဆန်စပါး၊ ပဲနဲ့သော်လည်းကောင်း၊ ရေနံ (သို့မဟုတ်) ဓာတ်ငွေ့နဲ့သော်လည်းကောင်း (ဘာတာ) စနစ်အရ ပေးချေနိုင်ပါတယ်။

ဒါ့ကြောင့် မြောက်ကိုရီးယားမှ ဒုံးပျံတွေဝယ်၊ ဒုံးပျံနဲ့ အနုမြူပညာတွေကို မြောက်ကိုရီးယားဆီက လွယ်လွယ်ဝယ်ယူလို့ ရနိုင်ပါတယ်။

ကျနော့်အမြင်အရ နအဖ အစိုးရဟာ အနုမြူဓာတ်ပေါင်းဖိုကို ရုရှားတွေဆီက ဝယ်ယူပြီး အနုမြူပညာကို ရှာဖွေနေစဉ် ဒုံးပျံနဲ့ ဒုံးပျံပညာကို မြောက်ကိုရီးယားကနေ ဝယ်ယူဆည်းပူးထားပြီး အနုမြူဗုံးအဆင့်ရောက်လျှင် သယ်ဆောင်ရန် ဒုံးပျံတွေလည်း အဆင်သင့်ရှိပြီပေါ့။

အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ - သံယံဇာတ - လူဦးရေအရ နိုင်ငံကြီးတနိုင်ငံ ဖြစ်သင့်ပါတယ်။ လွပ်လပ်ရေးရပြီးကာစ ပြည်တွင်းစစ် ဝိုင်းဝိုင်းလည်နေတဲ့ ကြားက - ပါလီမန်ဒီမိုကရေစီ ခေတ်က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေကြားမှာ- ချမ်းသာတဲ့ နိုင်ငံ၊ တိုးတက်တဲ့ နိုင်ငံ၊ အလားအလာ အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ထိုင်း-မလေးရှား-စင်္ကာပူ-အင်ဒိုနီးရှား နိုင်ငံတို့ဟာ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကြောင့် ဆုတ်ယုတ်သွားတဲ့ ကာလမှာ တရှိန်ထိုး တိုးတက်လာကြရာမှာ အခုကာလမှာတော့ အနောက်နိုင်ငံတွေကတောင် အလေးပေးဆက်ဆံရတဲ့ နိုင်ငံတွေအဖြစ် ရပ်တည်လျက် ရှိနေပါပြီ။ အင်ဒိုနီးရှားနိုင်ငံဆိုရင် ဂျီ (၂ဝ) G (20) လို့ ခေါ်တဲ့ စီးပွားရေးအရ အရေးပါတဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံတခုအဖြစ် အသိအမှတ်ပြုခံနေရပါပြီ။ အနှစ် ၄ဝ ကျော် မြန်မာမာစစ်ဗိုလ်တွေရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ စီးပွားရေးကိုင်တွယ်မှု ကမောက်ကမတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် ကျဆင်းဆုတ်ယုတ်လျက်ရှိပါတယ်။

အမှန်က စီးပွားရေး တိုးတက်အောင်မြင်လာပါမှ မိမိရဲ့ ဒေသအတွင်း အင်အားကြီးတဲ့၊ ရိုသေလောက်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားသင့်ပါတယ်။ တချိန်က ဝန်ကြီးချုပ်ဦးနုဟာ ချူအင်လိုင်းနဲ့ နေရူးတို့အကြား စေ့စပ်ပေးရသူ ဖြစ်ခဲ့ဖူးတာပဲ။ ဘက်မလိုက်အုပ်စုမှာ မြန်မာနိုင်ငံဟာ ခေါင်းဆောင်နေရာ ရခဲ့ဖူးတာပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဆင်းရဲမှု အခြေအနေကြောင့် ဒေသတွင်းနိုင်ငံ အငယ်တွေဖြစ်တဲ့ လော (လာအို) နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကတောင် ဒေသဆိုင်ရာ စည်းဝေးပွဲတွေမှာ နအဖ စစ်ဗိုလ်ချုပ်တွေကို အရေးတယူ လေးလေးစားစား မဆက်ဆံကြတော့ပါဘူး။ ဉာဏ်နည်းပြီး မောက်မာစိတ်ပြင်းတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ စီးပွားရေးအောင်မြင်အောင် လုပ်ပြီး ပြည်သူတွေလည်း ထမင်းဝ၊ နိုင်ငံလည်း ဝံ့ကြွားနိုင်၊ လူရိုသေ ရှင်ရိုသေ ဘဝရောက်အောင် မကြိုးစားချင်ကြ။ တိုင်းပြည်ရတနာတွေကို ရောင်းစားပြီး စစ်တပ်ကို ကြီးသထက်ကြီးအောင် ထောင်၊ အနုမြူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေး လမ်းကြောင်းကို လိုက်လျက်ရှိကြပါတယ်။

တနည်းအားဖြင့် လူမိုက်တို့ အတွေးအတိုင်း လက်နက်အားကိုးနဲ့ တိုင်းပြည်နဲ့လူမျိုးကို နှိပ်စက်နေရတာကို အားမရ၊ အနုမြူလက်နက်ကိုင်ပြီး ဒေသအတွင်း လမ်းမတော်ဖိုးတုတ် (လူမိုက်) လုပ်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ဘိုဘိုကျော်ငြိမ်း
bnyein@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

အပိုင်း (၂) တရုတ်ကို အတုယူခိုးချနေသော နအဖ စစ်တပ်
အပိုင်း (၃) ဖြစ်နိုင်၊ မဖြစ်နိုင် ဆန်းစစ်ခြင်း

အကိုးအကား

- Building the Tatmadaw, Myanmar Armed Forces Since 1948 by Maung Aung Myo
- Unpublished paper of Maung Aung Myo
- ANU published papers by Maung Aung Myo
- Military Power of the People’s Republic of China, Annual report to Congress, Office of the Secretary of Defense.
- Theater Ballistic Missiles and China’s doctrine of ‘Active Defense’ by Martin Andrew, China Brief Volme:6, Issue:6
- Chinese Nulcear Forces and U.S. Nuclear war planning, Hans M Kristensen, Robert S. Norris, and Matthew G. McKinzie
- China Nuclear Forces: Operation, Training, Doctrine,Command, Control and Campaign Planning by Larry M. Wortzel
- China Nuclear Doctrine, Savita Pande, Research Fellow, IDSA Strategic Analysis


၂၄ဇူလိုင်ဒိုင်ယာရီ

ရှေ့တလှမ်းတိုး နောက်နှစ်လမ်းဆုတ်
Friday, 24 July 2009 18:04 ဟန်လေး

နေပြည်တော် က ၀ါရှင်တန် ကိုအာခံမှုများပြုလုပ်လာ
၂၄ ဇူလိုင် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး

Naypyitaw Defiance Washinton



မြန်မာ အရေးကရှေ့တန်းရောက်သွားသည့် ဖူးခက်အာဆီယံ အစည်းအဝေးပြည်တွင်း၊ပြည်ပ နှင့် နိုင်ငံတကာက ဝေဖန်ပစ်တင်မှုများ ရှိလင့်ကစား စစ်အစိုးရသည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင် အားဆက်လက်ပြုလုပ်ခြင်းဖြစ် နိုင်ငံတကာ အထူးသဖြင့် အမေရိကန် ကို အာခံသည် ဟု ပြည်တွင်းရှိ နိုင်ငံရေးလှုပ်ရှားသူ အသိုင်းအ၀ိုင်းက ယနေ့ သုံးသပ်ပြောကြားသည်။

ယနေ့ အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် အား နှစ်ဘက် အပြီးသတ် လျှောက်လဲချက်ပေးသည့် နေ့ တွင် ပင် စစ်အစိုးရ အာဘော် သတင်းစာများ ဉ် ဆောင်းပါးရှင် လူသစ် ဆိုသူက “ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲ ဆိုထားခြင်းသည် တရားရုံး နှင့် သာသက်ဆိုင်ကြောင်းရေး သားထားသလို နိုင်ငံရေး အကျဉ်းသားဆိုသည် မှာ လည်းမရှိကြောင်းဖေါ်ပြထားသည်။
ဖူးခက် တွင်ကျင်းပနေသည့် အာဆီယံအစည်းအဝေး သို့ တက်ရောက် လာသူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မူ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်း သားများပြန် လွှတ်ပေးလျှင် မြန်မာနိုင်ငံ အနေနှင့် ၀ါရှင်တန် နှင့် အဆွေ ခင်ပွန်းကောင်းဆက်ဆံရေး နီးပါး ပြန်လည်ရရှိမည် ဟု ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ ပြန်လွှတ်ပေးရန် အတွက် အမေရိကန် ၏ သဘောထားကိုပင်ဆန့် ကျင်ကာ ယနေ့ တရားခွင်ကို ပြန်စခြင်းသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် ၀ါရှင်တန် အားစစ်အုပ်စု မှ မထေမဲ့မြင် ပြုခြင်းဖြစ်သည် ဟု ပြည်တွင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။ယနေ့ အင်းစိန်ထောင်တွင်း ပြုလုပ်သောတရားခွင်တွင် နိုင်ငံခြားသံတမန်များကို လာရောက်ခွင့်ပြုသည်။



ဒေါ်အောင်ဆန်းစုကြည် အမှု လာမည့် တနင်္လာနေ့သို့ ထပ်မံချိန်းဆို
ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 19 နာရီ 39 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို ယနေ့ တင်ပြခဲ့ရာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက ယခုလ ၂၇ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် စာမျက်နှာပေါင်း ၂၃ မျက်နှာပါ နောက်ဆုံးလျှောက်လဲချက်ကို အင်းစိန်ထောင် တရားခွင်၌ ရှေ့နေ ဦးကြည်ဝင်းက မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၄နာရီခွဲထိ လျှောက်လဲခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်က ပြောသည်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက နေပြီးတော့ လျှောက်လဲချက်ကို တင်ပြခဲ့တယ်။ ဒီနေ့အတွက် ရုံးချိန်ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ဆိုပြီးတော့ ၂၇ ရက်နေ့မှာ ချိန်းလိုက်တယ်” ဟု အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

လာမည့် ၂၇ ရက်နေ့မှာ ရှေ့နေ ဦးလှမျိုးမြင့်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်း သားအမိ၏ အမှုလျှောက်လဲချက်ကို တင်ပြမည်ဖြစ်ပြီး၊ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ရုံးချိန်းများ ပေးနေခြင်းကို သဘောမကျကြောင်း တရားခွင်အပြီးမှာ ပြောကြားခဲ့သေးကြောင်းကို အန်အယ်ဒီ ရန်ကုန်ဌာနချုပ်၌ ယနေ့ညနေတွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ခြင်းမရှိဘဲ ကျင်းပမည့် ၂၀၁၀ ခု ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကုလသမဂ္ဂမှ ပြောသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းအား မှာကြားလိုက်ကြောင်းလည်း ရှေ့နေဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ယနေ့ အပြီးသတ် လျှောက်လဲချက် တင်သွင်းရာသို့ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေများဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သာမက အမေရိကန်၊ အင်္ဂလန်၊ ဗြိတိန်၊ ပြင်သစ်တို့အပါအဝင် အနောက်နိုင်ငံတချို့မှ သံတမန်များလည်း တက်ရောက်ခဲ့သည်။

တရားဆိုင်သက်သေများအဖြစ် ပုဂ္ဂိုလ် ၄ ဦးကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း လပွတ္တာ အန်အယ်ဒီအမတ် ဦးကြည်ဝင်းနှင့် တောင်ကြီးမြို့မှ ရှေ့နေဒေါ်ခင်မိုးမိုးတို့ နှစ်ဦးကိုသာ ခွင့်ပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နှင့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ကို ဗဟိုတရားရုံးက ပယ်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် မေလဆန်းက အင်းလျားကန်မှ ရေကူးကာ တိတ်တဆိတ် ဝင်ရောက်၍ နှစ်ညတာ နေထိုင်ခဲ့သဖြင့် သူမကို စစ်အစိုးရက “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် စွပ်စွဲပြီး ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။

အစိုးရဘက်မှ တရားလိုပြ သက်သေများအဖြစ် အနည်းဆုံး ၂၃ ဦး တင်ပြခဲ့သော်လညှ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်း လုံခြုံရေးအတွက် တာဝန်ယူထားခဲ့သူများ၏ အမည်များ ပါဝင်ခြင်း မရှိပေ။

လုံခြုံရေး အားနည်းခြင်းကြောင့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအနေဖြင့် ခြံဝန်းအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း ဖြစ်သော်လည်း လုံခြုံရေးတာဝန်ရှိသူများအား အရေးမယူခြင်းသည် တရားမျှတမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မြင်သည်ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ယခင်က ပြောပြသည်။

အကယ်၍ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လျှင် သူမအနေဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။

ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်
ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 16 နာရီ 08 မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ကြားနာနေချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက်ခဲ့ကာ ပါတီခေါင်းဆောင်နှင့် သွေးစည်းညီညွတ်မှုကို ပြသခဲ့သည်။

နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ အင်းစိန်ထောင်ရှေ့ အနည်းဆုံး ၃၀၀ ခန့် ရှိနေခဲ့သည်။

“ရှေ့နေတွေက ၂ နာရီ မထိုးခင် ဝင်သွားတယ်။ လူထုက ၃၀၀ လောက်ရှိတယ်။ ဒါထက် ပိုရင်လည်း ပိုမယ်။ ကျနော်ကြည့်တာက ခါတိုင်းနေ့ထက် ပိုများတယ်။ အသက်ကြီးတဲ့ လူတွေရော လာတယ်” ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က ပြောသည်။

“ကျနော် အကြိမ်ကြိမ် ပြောချင်တာက ဒီအမှုက မတရားတဲ့အမှု။ အကွက်ဆင်ပြီး လုပ်တဲ့အမှု ဖြစ်တဲ့အတွက် ဒါကို ရုပ်သိမ်းပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့။ ဒေါ်စုနဲ့ တသားတည်းကျတယ်ဆိုတာကို ပြချင်တာပဲ ရှိတယ်”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီးအုပ်စုများနှင့် ပြည်သူများ လာရောက်ကြသည်ဟု ပြောသည်။

သို့သော် ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို ရဲများက ဘုရင့်နောင် ရဲစခန်းတခုသို့ ခေါ်ဆောင် စစ်ဆေးခဲ့သေးသည်ဟု ဦးဝင်းတင်က ပြောသည်။

အင်းစိန်လမ်းမ ပိတ်ထားပြီး လုံခြုံရေးလည်း ယခင်ကထက် ပိုချထားသည်။

ဒေါ်စုအမှု တံခါးပိတ် တရားခွင်သို့ သံတမန်များ တက်ရောက်ခွင့်ရ
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 14 နာရီ 10 မိနစ်


နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း တရားခွင်၌ ယနေ့တွင် နောက်ဆုံး လျှောက်လဲချက် ကြားနာရာသို့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အီတလီ သံတမန်များကို မြန်မာစစ်အစိုးရက တက်ရောက်ခွင့် ပေးလိုက်သည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုကို အများအားဖြင့် တံခါးပိတ်နည်းဖြင့် စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့သည့်အနက် သံတမန်များကို တက်ရောက်ခွင့် ပေးခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယမြောက် ဖြစ်သည်။ ယခင်ကလည်း ရွေးချယ်ထားသည့် သံတမန်တချို့နှင့် သတင်းထောက်တချို့ကို တက်ရောက်ခွင့် ပေးခဲ့သေးသည်။

''ဒီတခါတော့ သူတို့ (အာဏာပိုင်များ) က ကျနော်တို့ကို ဖိတ်ကြားတာမျိုး၊ အကြောင်းကြားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံး ကြားနာပွဲကို တက်ရောက်ဖို့ တောင်းခံခဲ့တဲ့ သံတမန်တွေကိုတော့ အစိုးရက ခွင့်ပြုချက် ထုတ်ပေးခဲ့တယ်'' ဟု ရန်ကုန်ရှိ စာနယ်ဇင်းသမားတဦးက မဇ္ဈိမကို ပြောသည်။

အင်းလျားကန်မှ ရေကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း မဖိတ်ခေါ်ဘဲ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် ဂျွန် ဝီလျံ ယက်တော၏ နိုင်ငံဖြစ်သည့် အမေရိကန်မှ သံရုံးအရာရှိကိုမူ တရားရုံးချိန်းရှိတိုင်း တောက်လျှောက် တက်ရောက်ခွင့် ရရှိခဲ့သည်။

''ကျနော် အတည်ပြုနိုင်သလောက်ကတော့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နဲ့ အီတလီကို တရားခွင်ထဲ တက်ခွင့် ပေးထားတယ်'' ဟု ရန်ကုန်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောသည်။

ယနေ့ တရားရုံးက နှစ်ဖက် တရားဆိုင်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲချက်များကို ကြားနာသွားမည် ဖြစ်သည်။ တရားရုံးသို့ တင်သွင်းရန် ၂၃ မျက်နှာပါ လျှောက်လဲချက်ကို ပြင်ဆင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက မဇ္ဈိမကို ပြောသည်။

ယနေ့ တရားခွင်မှ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်။ သို့သော်လည်း အကဲခတ်များကမူ တရားရုံးအနေဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်သည့် အခြား နေ့ရက်တရက်ကို သတ်မှတ်ပြီးဖြစ်ကြောင်း ယုံကြည်နေကြသည်။

အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့် နိုင်ငံရေးလေ့လာသူများ အများအပြားသည် စုပြုံရောက်ရှိနေကြကာ ယနေ့ တရားခွင်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းသမားက ပြောသည်။



မန္တလေးတိုင်း မြို့နယ်တချို့မှ အန်အယ်ဒီ အဖွဲ့ဝင်များ ဆုတောင်းပွဲ ကျင်းပ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 22 နာရီ 29 မိနစ်


မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံး လျှောက်လဲချက်ပေးသည့် ယနေ့တွင် ဘုရားများသို့ သွားရောက်ကာ လွတ်မြောက်ရေး ဆုတောင်းပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေများကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောပြထားပါသည်။

''ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်အနေနဲ့ ဝတ်ပြုဆုတောင်းဖို့ နှိုးဆော်ထားတာက မြို့ပေါင်း ၃ဝ ပါတယ်။ ဘုရားမှာ သပြေပန်းတွေ ကပ်လှူတယ်။ မနက် ၉ နာရီ ၁၅ မိနစ်မှာ သွားကြတယ်။ ၁၁ နာရီ ၄၅ မိနစ်မှာ ပြန်ရောက်တယ်။ ဘုရားဝတ်ပြုတာကိုက မိနစ် ၄ဝ လောက် ကြာတယ်။ ပဋ္ဌာန်းရွတ်ဖတ်တယ်၊ ဆုတောင်းတာတွေ လုပ်တယ်''။

''မိတ္ထီလာမှာ ရွှေမျှင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။ သာစည်မြို့ပေါ်မှာရှိတဲ့ ၅ ဆူရိပ်သာ သတ္တဋ္ဌာန ဆုတောင်းပြည့်ဘုရားမှာ ဒုဥက္ကဋ္ဌ ဦးသန်းဆောင် ဦးဆောင်ပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ သဲတောမြို့ပေါ် မြဘုန်းရှင်ဘုရားမှာ အတွင်းရေးမှူး ဦးထွန်းထွန်းက ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းတယ်။ ဝမ်းတွင်းမြို့နယ် သဲစုကျေးရွာအုပ်စု တွဲဘက်အတွင်းရေးမှူး ကိုအောင်သူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးက သွားပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၂ မိုင်မှာလည်း ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်က သွားရောက် ဝတ်ပြုဆုတောင်းတယ်''။

''ကျမတို့ မိတ္ထီလာမှာက ဘုရားကို သွားပြီးတော့ နောက်ကနေ တန်းပြီးပါလာပါတယ်။ ဓာတ်ပုံတွေ ဘာတွေ ရိုက်တယ်။ ရဲကားတစီးလည်း ဘုရားပရိဝုဏ်ထဲကို မောင်းလာပြီး ရပ်နေတဲ့ ပုံစံမျိုးပေါ့၊ တွေ့ရတယ်။ ခြိမ်းခြောက်တဲ့ သဘောမျိုးလည်း သက်ရောက်ရင် သက်ရောက်မယ်။ ကျမတို့ ပြန်လာတဲ့အခါကျတော့ ကျမတို့ ဖြတ်ပြီးပြန်လာတဲ့ လမ်းကြောင်းမှာက အမှတ် (၁) မီးသတ်ဋ္ဌာနရှိတယ်။ မီးသတ်ထဲမှာ လူအင်အား ၅ဝ နဲ့ ၁ဝဝ ကြားမှာ ရှိမယ်။ ရပ်ကွက်တိုင်းက ရဝတ (ရပ်ကွက်ကောင်စီ) တွေ ထိုင်စောင့်နေတယ်။ ရဲအထူးသတင်းတပ်ဖွဲ့၊ စွမ်းအားရှင်ရော။ ကျမတို့ အဖွဲ့ဝင် ၁ဝ ယောက်၊ ကလေးနဲ့ဆို ၁၁ ဦးပါ။ ရွှေမျှင်တင်ဘုရားမှာ သွားရောက် ဝတ်ပြုဆုတောင်းကြတာပါ''။

''ဒီကနေ့ ကျမတို့လုပ်တဲ့ လှုပ်ရှားမှုက ဘုရားကို သွားပြီး ဝတ်ပြုဆုတောင်းကြဖို့။ အဲဒီလို မသွားနိုင်တဲ့သူတွေက မိမိတို့ အိမ်မှာရှိတဲ့ ဘုရားမှာ သပြေပန်းတွေ ကပ်လှူပြီးတော့၊ ပဋ္ဌာန်းရွတ်ဖတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ဆုတောင်းပေးဖို့ တိုက်တွန်းထားတယ်''။

''ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတရပ်လုံးက ပါဝင်ပူးပေါင်းပြီးတော့ စစ်အစိုးရကို တောင်းဆိုရမှာပဲ။ နောက်ဆုံးပိတ် ထောင်ကျသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင် တသက်လုံး ကျမနေဘူး။ စစ်အစိုးရကလည်း တသက်လုံး အုပ်ချုပ်မနေနိုင်ဘူး။ အုပ်ချုပ်လို့ မရဘူး။ ကျမတို့ ပြည်သူက တသက်လုံး ဒုက္ခရောက်မနေဘူး။ တချိန်မှာ ထွက်ပေါက်ဆိုတာ ရှိမှာပဲ''။

''ဒီထွက်ပေါက်ကို စစ်အစိုးရနဲ့၊ ကျမတို့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားတွေက အားလုံး လက်တွဲပြီး ဖြေရှင်းသွားကြရမှာ ဖြစ်တယ်။ အဲဒါက နောက်ဆုံးပိတ် အဖြေပဲ''။

A (H1N1) တုပ်ကွေး သိရှိနိုင်ရန် ခရိုင်အဆင့် အဖွဲ့များ ရှိနေပြီဟု နေပြည်တော် ပြောဆို
နန်းဒေဝီ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 22 နာရီ 31 မိနစ်


နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံတဝန်း ခရိုင်ဒေသအဆင့်များတွင် ကမ္ဘာ့လူတုပ်ကွေး ကူးစက်မှုအခြေအနေ လျင်မြန်စွာ သိရှိနိုင်ရန် ဖွဲ့စည်းထားသော လျှပ်တပြက် တုံ့ပြန်အဖွဲ့များရှိနေကြောင်း နေပြည်တော်ရှိ သက်ဆိုင်ရာဌာနက ပြောသည်။

A (H1N1) ရောဂါကူးစက်ခံရသူဟု သံသယရှိသူ၏ နှာခေါင်းနှင့် လည်ချောင်းမှ အရည်ကြည် နမူနာကို ရန်ကုန်ရှိ Polymerase Chain Reaction (PCR) ဓာတ်ခွဲစမ်းသပ်ခန်းတွင် ယူသွားခြင်းပြီး အတည်ပြုပေးနိုင်သည့်အတွက် စိုးရိမ်စရာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကူးစက်ဌာနက ပြောဆိုခြင်း ဖြစ်သည်။

“တနိုင်ငံလုံးမှာ ခရိုင်အဆင့်ထိ ဒီ RRT အဖွဲ့ (လျပ်တပြက်တုံ့ပြန်) ကို ဖွဲ့ထားတယ်။ PCR က ရန်ကုန်မှာပဲ ရှိတယ်။ လူနာကို ရန်ကုန်အထိ ခေါ်သွားဖို့ မလိုဘူး။ နှာခေါင်းထဲက အရည်ကြည် နမူနာကို ယူပြီးတော့ ရန်ကုန်မှာရှိတဲ့ PCR ဓာတ်ခွဲခန်းမှာ အတည်ပြုချက် ယူရပါမယ်” ဟု ကူးစက်ဌာနမှ ဒေါက်တာဝင်းနိုင်က မဇ္စျိမကို ပြောသည်။

“PCR- Polymerase Chain Reaction, Laboratory base Surveillance ပါ။ ဓာတ်ခွဲအတည်ပြုပြီးမှပဲ အတိအကျ ပြောလို့ရပါတယ်။ ရိုးရိုးစမ်းသပ်တာမျိုး၊ microscope (အနုကြည့်မှန်ပြောင်း) တို့ဟာမျိုးနဲ့ ကြည့်လို့ မမြင်ရပါဘူး။ အဖြေကို ၄၈ နာရီအတွင်း သိနိုင်အောင် ဆောင်ရွက်ပေးပါတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာ့လူတုပ်ကွေး A (H1N1) ရောဂါပိုးကို ပြီးခဲ့သည့် လနှောင်းပိုင်းက စင်္ကာပူနိုင်ငံမှ ပြန်လာသည့် ၁၃ နှစ်အရွယ် မိန်းကလေးတွင် စတင်တွေ့ရှိခဲ့ပြီး၊ ယခုဆိုလျှင် ရောဂါကူးစက်ခံရသူ ၆ ဦးရှိသွားပြီဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ထုတ်ပြန်ရေးသားထားသည်။

သြစတြေးလျားနိုင်ငံမှ ပြန်လာသူ ၄၂ နှစ်အရွယ် အမျိုးသားတဦး ဖျားနာသဖြင့် ယခုလ ၂၂ ရက်နေ့တွင် အထူးကုဆေးခန်းသို့ သွားရောက်ပြသခဲ့ရာမှ ဝေဘာဂီ ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ကြောင်းနှင့် လူနာ၏ လည်ချောင်း၊ နှာခေါင်းမှ အရည်ကြည် နမူနာ ရယူပြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနတွင် စမ်းသပ်စစ်ဆေးခဲ့ရာ A (H1N1) ပိုးတွေ့ရှိရကြောင်း ဖော်ပြထားသည်။

အဆိုပါ အမျိုးသားမှာ မြန်မာနိုင်ငံသို့ ယခုလ ၁၆ ရက်နေ့က ထိုင်းလေကြောင်း ခရီးစဉ်အမှတ် TG-305 ဖြင့် ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်း သတင်းစာက ဆိုသည်။

ထို့အပြင် လူနာနှင့်အတူနေသူ မိသားစုဝင် ၅ ဦးအား နေအိမ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်စဉ် လူနာ၏ ၃ နှစ်နှင့် ၆ လအရွယ် သမီးဖြစ်သူမှာ ဖျားနေသဖြင့် ရန်ကုန်ရှိ ကလေးဆေးရုံကြီးသို့ တက်ရောက်စေခဲ့ကြောင်းနှင့် ကလေးငယ်အား ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနက စမ်းသပ်စစ်ဆေးခဲ့ရာ A (H1N1) ပိုးတွေ့ရသဖြင့် ရန်ကုန် ကလေးဆေးရုံကြီး သီးသန့်လူနာခန်းတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။

ရောဂါကူးစက်ခံရသည့် ကလေးငယ်ကို ကျန်းမာရေး စစ်ဆေးပေးသည့် အရှေ့အနောက် ပါရမီ အထူးကုဆေးခန်းမှ ဆရာဝန်၏ မိသားစုဝင်များကိုလည်း နေအိမ်မှ အပြင်ထွက်ခွင့် ပိတ်ပင်ထားကြောင်း ၎င်း၏ အိမ်နီးနားချင်း မိတ်ဆွေတဦးက ပြောသည်။

“ဆရာဝန် တမိသားစုလုံးကို အိမ်မှာပဲ နေရတယ်။ ဒီမိသားစုတွေ လိုအပ်တာတွေကိုတော့ ရပ်ကွက် ဥက္ကဋ္ဌက တာဝန်ယူပြီး အပြင်ကနေ ကျန်းမာရေး ဌာနနဲ့ ပံ့ပိုးပေးတယ်လို့ ပြောပါတယ်” ဟု သူက ပြောသည်။

လူနာအမျိုးသားနှင့်အတူ စီးနင်းလိုက်ပါလာသည့် ခရီးသည် ၂၄၆ ဦးကို သူတို့နေထိုင်ရာ နေရာများသို့ သက်ဆိုင်ရာ အာဏာပိုင်များက တုပ်ကွေးရောဂါ လက္ခဏာ ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းနှင့် လူနာနှင့် ထိတွေ့မှု ရှိခဲ့သူများကိုလည်း သူတို့နေထိုင်ရာ နေရာ ၇ နေရာတွင် နေအိမ်၌ပင် နေထိုင်စေပြီး စောင့်ကြပ်ကြည့်ရှုနေကြောင်း သတင်းစာက ဖော်ပြထားသည်။

A (H1N1) ရောဂါ ဖြစ်ပွားသူ ၆ ဦးအနက် ၃ ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ပြီး၊ ကျန်ရှိသည့် ၃ ဦးကို အထူးကုဆရာဝန်ကြီးများဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်နေကြောင်း ဆက်လက် ဆိုထားသည်။

A (H1N1) ကူးစက်ခံရသူ ၆ ဦးစလုံးသည် ပြည်ပမှ ရောက်ရှိခဲ့ပြီးနောက် ကူးစက်ခံရသူများဖြစ်ပြီး၊ ပြည်တွင်းမှ ရောဂါကူးစက်မှု မရှိသေးကြောင်း ဒေါက်တာဝင်းနိုင်က ပြောသည်။

ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသများမှ နေ့စဉ် ဝင်ထွက်သွားလာနေသူများမှတဆင့် ရောဂါပိုးကူးစက် ပျံ့နှံ့နိုင်ကြောင်း မှတ်ချက်ပေးကြသည်။

သို့သော် ဒေါက်တာဝင်းနိုင်ကမူ နယ်စပ်ဒေသများတွင် စောင့်ကြပ်သည့် အဖွဲ့များဖြင့် စောင့်ကြည့်ခြင်းများ ပြုလုပ်နေသည့်အပြင်၊ နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ တစုံတရာ ဖျားနာမှုရှိပါက ကြိုတင်သတင်းပေးသည့် စနစ်ကို လုပ်ဆောင်နေကြောင်း ပြောသည်။

သူက “နိုင်ငံခြားက ပြန်လာတဲ့သူတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ကျန်းမာရေး ဝန်ထမ်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။ early warning system နဲ့ လုပ်နေပါတယ်။ အဲဒီကနေ သတင်းတွေရတာနဲ့ ချက်ချင်း ကျနော်တို့ သွားပါတယ်” ဟု ပြောသည်။

အခြေအနေကို ထိမ်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အာဆီယံ ပလပ်စ်ထရီးနှင့် ဂျပန်နိုင်ငံမှ လှူထားသည့် Tamiflu ဆေးဝါးများဖြင့် အဆင်သင့်ရှိကြောင်းနှင့် A (H1N1) ရောဂါ အုပ်စုလိုက် ကူးစက်ပြန့်ပွားမှု ဖြစ်လာပါက ကာကွယ်ကုသနိုင်ရန် လိုအပ်သည့် Tamiflu ဆေး ရရှိရေးအတွက် WHO အဖွဲ့နှင့် ပူးပေါင်းကာ ကြိုတင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဒေါက်တာ ဝင်းနိုင်က ပြောသည်။

Tamiflu ဆေးဝါးများကို ရောဂါကာကွယ်ရေး အတွက်သာမက ကုသဆေးအဖြစ်လည်း အသုံးပြုနိုင်သော်လည်း သက်ဆိုင်ရာ ဆရာဝန်များ၏ ညွန်ကြားချက်ရရှိမှသာ သောက်သုံးသင့်ကြောင်း သူက ပြောဆိုသည်။

ဒေါ်စုကို လွှတ်ပေးရန် တောင်းဆိုခြင်း နည်းလမ်းမကျဟု စစ်အစိုးရ သတင်းစာက ရေးသား
ကိုဝိုင်း
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 15 နာရီ 51 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေခြင်းသည် အဓိပ္ပါယ်မဲ့ပြီး တရားနည်းလမ်း မကျကြောင်း စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-အန်အယ်ဒီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ အပါအဝင် အမေရိကန်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်၍ ရေးသားဖော်ပြလာခြင်းဖြစ်သည်။

“နိုင်ငံတော်အပိုင်းက ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု ကလောင်ရှင် လူသစ် ဆိုသူက သတင်းစာများ၌ ရေးသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုလ (၃-၄) ရက်များတွင် လာရောက်ခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ကြီးကလည်း မကြာသေးမီက ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပခဲ့သော ဒေသဆိုင်ရာ အစည်းအဝးကြီးမှတဆင့် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းမရှိပါက မြန်မာနှင့် အမေရိကန်ကြား ဆက်ဆံရေးအား ပိုမိုလေးနက်စွာ ထိခိုက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

သို့သော် နအဖ ၏ မြန်မာ့အလင်းသတင်းစာကမူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံများနှင့် နိုင်ငံတကာက ရည်ညွှန်းနေသော နိုင်ငံရေးအကျဉ်းသားများဆိုသည်မှာ ဒီမိုကရေစီအရေးဆောင်ရွက်သဖြင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်းမဟုတ်ပဲ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ဖောက်ဖျက်သောကြောင့် ဖမ်းဆီးထားသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအား တွေ့ဆုံဆွေးနွေးပြီး ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု အန်အယ်ဒီက တောင်း ဆိုထားမှုသည်လည်း စစ်အစိုးရက မဖြစ်မနေ ဆက်လက် အကောင်အထည်ဖော်မည့် “မူဝါဒလမ်းစဉ် (၇) ရပ်” အား နှောင့်နှေး၊ ပျက်ပြားစေရန် ကြိုးစားနေခြင်းသာဖြစ်သည်ဟုလည်း စွပ်စွဲရေးသားထားသည်။

အန်အယ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား ဂျွှန်ဝီလျံ ယက်တော သူမ၏ နေအိမ် အတွင်း ခိုးဝင်သည်ကို အကြောင်းပြု၍ “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် စွပ်စွဲ၍ အင်းစိန်ထောင်၌ ရုံးတင်စစ်ဆေးလျက်ရှိသည်။

ယနေ့သည် အပြီးသတ်လျှောက်လဲရမည့်နေ့ဖြစ်သည်။

၁၉၉၀ ခု အထွေထွေရွေးကောက်ပွဲကြီးတွင် အန်အယ်ဒီ ပါတီက ထောက်ခံမဲ အမြောက်အများဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်အား ယနေ့အထိ အသိမှတ်ပြု အာဏာလွှဲပြောင်းပေးခြင်းမရှိသေးပေ။

ယင်းကြောင့် မြန်မာ့နိုင်ငံရေးတွင် အမဲစက်ဖြစ်မည်ကို စိုးရိမ်သဖြင့်ဟုဆိုကာ ၁၉၉ဝ ခု ရွေးကောက်ပွဲရလဒ်အား တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရန် အန်အယ်ဒီပါတီက တောင်းဆိုထားသည်။

သို့သော် စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် သတင်းစာများကမူ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ၁၉ နှစ်ကျော် “Date အောက်” နေသည့်ရလဒ်ကို ပြည်သူများက ပြန်လှည့်ကြည့်တော့မည် မဟုတ်ကြောင်း ဖော်ပြကြသည်။

ထို့အပြင် နအဖက ဦးဆောင်၍ ကျင်းပခဲ့သော အမျိုးသားညီလာခံမှ ထွက်ခွာသွားသဖြင့် “တွေ့ဆုံဆွေးနွေးရေး” ဆိုသည်မှာ လည်း “လုံးဝအဓိပ္ပါယ်မရှိ” သည့်အခြေအနေကို ရောက်နေပြီဖြစ်သည်ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စသည် တရားရုံးနှင့်သာ သက်ဆိုင်သဖြင့် တရားရုံးက အပြစ်ရှိကြောင်း တွေ့လျင် ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူမှုကို ခံရမည်ဖြစ်ကြောင်း၊ အပြစ်မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လျင် တရားရုံးက ဥပဒေနှင့်အညီ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းပါ ကလောင်ရှင် လူသစ်၏ ဆောင်းပါးတွင် ဖော်ပြသည်။

သို့သော် ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံရေး အတိုက်အခံများ၊ ရှေ့နေများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတကာ ကမူ စစ်အစိုးရသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေသည်သာမက ပြည်တွင်းဥပဒေကိုပင် လိုက်နာခြင်းမရှိပဲ သဘော ထားကွဲလွဲသူများကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း၊ ရပ်ဝေးအကျဉ်းထောင်များသို့ ပို့ဆောင်ခြင်းများ လုပ်နေကြောင်း ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီး အကျဉ်းချခြင်းခံနေရသူ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားသည်။

အာဏာပိုင်များ အနီးကပ် စောင့်ကြည့်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 15 နာရီ 40 မိနစ်


အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့ ရက်ချိန်းတွင် အင်းစိန်ထောင်ရှေ့၌ စုဝေး ရောက်ရှိနေသည့် ပါတီဝင်များနှင့် ထောက်ခံသူများအား အရပ်ဝတ်ဖြင့် အနည်းဆုံး လူ ၅ ဦးက ဗီဒီယိုနှင့် ဓာတ်ပုံများ မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။

''ဗီဒီယို ကင်မရာတွေနဲ့က ၃ ယောက်၊ တခြား ၂ ယောက်ကတော့ ဓာတ်ပုံကင်မရာတွေနဲ့။ သူတို့က အင်းစိန်ဈေးထဲကနေ လှမ်းရိုက်နေကြတာ။ သူတို့အားလုံးက ဆက်သွယ်ရေး စက်တွေ တပ်ထားကြတယ်'' ဟု အင်းစိန်ထောင်ရှေ့တွင် ရောက်ရှိနေသည့် ပါတီထောက်ခံသူတဦးက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများသည် လူဦးရေအားဖြင့် ၁ဝဝ ခန့်ရှိခဲ့ရာမှ ယခုအခါ ၁၅ဝ ခန့်သို့ တိုးမြှင့်လာသလို၊ အာဏာပိုင်များဘက်ကလည်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ရိုက်ကူးနေခဲ့သည်။

တချိန်ထဲတွင် စစ်ထရပ်ကား ၆ ကားနှင့် ဟိုင်းလပ်ကားငယ် ၂ စီးသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ယူနီဖောင်းဝတ် အဓိကရုဏ်းနှိမ်နင်းရေး ရဲများကို တင်ဆောင်ကာ မြို့တွင်းပိုင်းသို့ မောင်းနှင်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

''ကျနော် ထင်တာကတော့ မြို့ထဲမှာ သူတို့တွေ ကင်းလှည့်သွားတာ ဖြစ်မယ်'' ဟု သူက ပြောသည်။

နှစ်စဉ် လူ ၃၇၀၀ ကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွား
မျိုးသိဏ်း
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 15 နာရီ 46 မိနစ်


ရန်ကုန်။ ။ ရန်ကုန်တိုင်းတွင် ငါးနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ လူဦးရေ (၃၇၀၀) ကျော် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ယင်းလူနာများအနက် နှစ်စဉ်ပျမ်းမှ လူ(၃ဝ)ဦးခန့် သေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ရန်ကုန်တိုင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွား/သေဆုံးမှု စာရင်းဇယားအရ (၂၀၀၄)ခုနှစ်မှ (၂၀၀၈) ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၈၅၆၈)ယောက် ရှိခဲ့ပြီး (၁၅၁) ယောက် သေဆုံးခဲ့ကာ နှစ်စဉ် မိုးတွင်းကာလဖြစ်သော ဇွန်၊ ဇူလိုင်၊ သြဂုတ်လ များသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား မှုနှင့် သေဆုံးမှု အများဆုံး ကာလများ ဖြစ်သည်။

(၂၀၀၅) ခုနှစ်တွင် ရောဂါဖြစ်ပွားသူ အများဆုံးဖြစ်ခဲ့ပြီး (၅၆၂၁)ဦး ဖြစ်ပွား၍ လူဦးရေ (၄၀) သေဆုံးခဲ့သည်။ (၂၀၀၇)ခုနှစ်တွင်မူ ရောဂါဖြစ်ပွားသူ (၄၉၄၈) ယောက်သာ ရှိခဲ့ သော်လည်း သေဆုံးသူဦးရေ (၅၄) ဦးရှိခဲ့ကာ ငါးနှစ်အတွင်း အများဆုံး ဖြစ်ခဲ့သည်။

ယခု (၂၀၀၉)ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇွန်လ (၂၃) ရက်နေ့အထိ စာရင်းဇယားအရ ရန်ကုန်တိုင်းအတွင်း သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၈၃၈)ယောက် ရှိခဲ့ပြီး (၆) ဦးသေဆုံးခဲ့ပြီး ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၄၅) မြို့နယ်အနက် လူဦးရေ ထူထပ်၍ အခြေခံလူတန်းစား ပိုမိုများပြားသော မြို့နယ်များနှင့် မြို့စွန်ဆင်ခြေဖုန်းမြို့နယ်များ ဖြစ်သော သာကေတ၊ သင်္ကန်းကျွန်း၊ တာမွေ၊ လှိုင်သာယာ၊ လှည်းကူး၊ တိုက်ကြီး၊ ရွှေပြည်သာ စသောမြို့နယ်များသည် နှစ်အလိုက် ရောဂါဖြစ်ပွားမှုနှုန်း များပြားသကဲ့သို့ ယခုနှစ်တွင်လည်း ဖြစ်ပွားမှု အများ ဆုံး မြို့နယ်များပင်ဖြစ်ရာ ယင်းမြို့နယ်များတွင် ဒေသန္တရ ကျန်းမာရေးစောင့်ရှောက်မှုအနေအထား အားနည်းလျှက်ရှိကြောင်း သိသာစေသည်။

ယခုနှစ် ဇွန်လအတွင်း၌ (၂၃) ရက်နေ့အထိသာ စာရင်းကောက်ယူခဲ့ရသေးသော်လည်း ခြောက်လရောဂါ ဖြစ်ပွားမှုနှုန်းတွင် အများဆုံးဖြစ်နေပြီး (၃၄၉) ယောက် ရောဂါဖြစ်ပွားကာ (၄) ဦး သေဆုံးခဲ့သည်ကို တွေ့ရသည်။

သို့သော် ဝန်ကြီးဌာန၏ အချက်အလက်များမှာ လျော့နည်းနေသေးသည်ဟု တွက်ဆမှုလည်း ရှိနေသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်တဦးက နှစ်စဉ်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား/သေဆုံးမှု စာရင်းဇယားကောက်ယူရာတွင် အားနည်းချက်များရှိနေသေးကြောင်း၊ စာရင်းပြုစုရန် သတင်းအချက်အလက်များကို ဒေသန္တရ ကျန်းမာရေးအဖွဲ့များထံမှ ကောက်ယူရာတွင် မပြည့်စုံမှုများ၊ ထိန်ချန်မှုများ ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်တွင် ရောဂါဖြစ်ပွားမှုအများဆုံးကာလ၏ စာရင်းဇယားများ မကောက်ယူရသေးသော်လည်း ယမန်နှစ်( ၂၀၀၈) ခုနှစ် ဖြစ်ပွား/သေဆုံးမှုနှုန်း အောက်တွင်သာ ရှိနိုင်ကြောင်း သူက ခန့်မှန်းပြောကြားသည်။

၂၀၀၄ ခုနှစ်မှ ယနေ့အထိ ရန်ကုန်တိုင်းရောဂါ ဖြစ်ပွား သေဆုံးမှုနှုန်း
ခုနှစ် ဖြစ်ပွား / သေဆုံး
၂၀၀၄ ၂၈၆၅ / ၈
၂၀၀၅ ၅၆၂၁ / ၄ဝ
၂၀၀၆ ၁၅၃ဝ / ၁၈
၂၀၀၇ ၄၉၄၈ / ၅၄
၂၀၀၈ ၃၆ဝ၄ / ၃၁
၂၀၀၉ (ဇွန်-၂၃ထိ) ၈၃၈ / ၆

လွတ်လပ်ရေးကြိုးပမ်းခဲ့သူ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ကွယ်လွန်
အင်တာဗျူး
မေကျော်
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 19 နာရီ 01 မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကိုလိုနီနယ်ချဲ့ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဆန့်ကျင် တော်လှန်မှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေး တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လွတ်လပ်ရေးရပြီးနောက် စစ်တိုင်းမှူးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ် မောင်မောင် (ငြိမ်း) (၉ဝ နှစ်) သည် ယခုလ ၈ ရက်နေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

သူသည် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရအဖြစ် နိုင်ငံတော်အာဏာ သိမ်းပိုက်ခဲ့သည့် တပ်မတော်ခေါင်းဆောင် အနည်းစုထဲတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှ စတင်ကာ အာဏာရှင်ဟောင်း ဦးနေဝင်းက တိုင်းပြည်အာဏာကို သိမ်းလိုက်ပြန်ပြီးနောက် သူ့ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် အစ္စရေး၊ ယူဂိုဆလားဗီးယား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျားနိုင်ငံတို့တွင် အမှုထမ်းရန် စေလွှတ်ခဲ့ရသည်။ ထို့နောက် အငြိမ်းစား ဘဝဖြင့် ရပ်တည်ကာ သေဆုံးသည့်တိုင် နေထိုင်သွားခဲ့သည်။

ဗိုလ်မှူးချုပ် မောင်မောင်ကို ၁၉၂ဝ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်၌ ဇနီး၊ သားသမီးများနှင့် မြေး ၈ ဦး ကျန်ရစ်ခဲ့သည်။

ယခုလ ၁၄ ရက်နေ့တွင် ခရစ်ယာန်ထုံးစံဖြင့် သူ၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ခဲ့ကြောင်း ကျန်ရစ်သူ မိသားစုက နိုင်ငံပိုင် သတင်းစာမှ နာရေးသတင်း ထုတ်ပြန် ဖော်ပြခဲ့သည်။

ကွယ်လွန်သွားပြီဖြစ်သည့် ဗိုလ်မှူးချုပ် မောင်မောင် အကြောင်းကို ဝါရင့်နိုင်ငံရေးသမားကြီး တဦးဖြစ်သူ သခင်ချန်ထွန်းကို ဆက်သွယ်ကာ သတင်းထောက် မေကျော်က မေးမြန်းထားပါသည်။

ဗိုလ်မှူးချုပ်ဟောင်း မောင်မောင် ကွယ်လွန်သွားပြီလို့ ကြားပါတယ် ဘဘ။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ သူဟာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ ပြောပြပေးပါ။

ဗိုလ်မှူးချုပ် မောင်မောင်က စစ်ကြိုခေတ် ကျောင်းသား ဘဝတုန်းကတော့ အင်္ဂလိပ် တော်လှန်ရေးကို ကျောင်းမှာ စပြီးလုပ်ခဲ့ကြတာပေါ့။ ဗိုလ်မှူးကြီး ဝင်းတို့၊ ဦးဘဆွေတို့၊ အဲလို ဆက်ပြီးတော့ ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့ပြီးတော့ Underground (မြေအောက်) ပေါ့လေ။ အင်္ဂလိပ်ခေတ်ကပေါ့။ အဲဒီတုန်းကစပြီး လုပ်လာခဲ့တယ်။

နောက် (မြန်မာ့လွတ်လပ်ရေး တပ်မတော်) ဘီအိုင်အေ တို့၊ ဘာတို့ထဲ ရောက်လာတော့ ဘီအိုင်အေထဲ ဝင်တယ်။ အဲဒီကနေ တောက်လျှောက် စစ်တပ်ထဲမှာ ဝင်တယ်။ ၁၉၄၉ ခုနှစ်မှာ သူက မန္တလေးမှာ မြောက်ပိုင်းတိုင်းမှူးပေါ့လေ။ အဲဒီမှာ သူက ဗိုလ်မှူးကြီးကနေ တက်ပြီးတော့ ဖြစ်တယ်။ အင်္ဂလိပ်တပ်က ဗိုလ်ချုပ်တွေ ပြန်ကြတဲ့အခါ သူက တက်ပြီးတော့ ဖြစ်တယ်ပေါ့နော်။

အဲလို မဖြစ်ခင်ကတော့ တပ်မတော်မှာ အတွင်းရေးမှူးပေါ့၊ စစ်အတွင်းဝန်ပေါ့။ အဲဒီကနေ တိုင်းမှူးလုပ်တယ်။ တိုင်းမှူးလုပ်တဲ့ အခါရောက်တော့ ၁၉၄၉ ကရင်တွေက အထက်ဗမာပြည် သွားသိမ်းတဲ့အခါ ရောက်တော့ ပျဉ်းမနား စစ်ကြောင်းမှာ အဖမ်းခံရတယ်။ သူနဲ့အတူ စစ်ဗိုလ်တချို့ပေါ့လေ။ အဲဒီမှာ နောက်ဆုံး တိုက်ရင်းခိုက်ရင်းပေါ့လေ၊ တောင်ငူ-ထန်းတပင် ဘက်ကနေပေါ့လေ။ သူတို့ကို တောင်ကုန်းပေါ်မှာ ထားတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီက ရန်ကုန်ဘဆွေတို့၊ ဗိုလ်ချုပ်အောင်ကြီးတို့၊ ဗိုလ်ချုပ်နေဝင်းတို့က လွတ်မြောက်ရေးအတွက် လုပ်တယ်။ ရန်ကုန်ဘဆွေနဲ့ အဖွဲ့ပေါ့။ ၂ နှစ်၊ ၃ နှစ်လောက် ကြိုးစားတော့ သူက အောင်မြင်ပြီးတော့ လွတ်လာတာပေါ့။ လွတ်လာတော့ တပ်မှာပြန်ပြီး တာဝန်ပေးတော့ နောက်မှ ဗိုလ်မှူးချုပ် ဖြစ်တာ။

၁၉၅၉ ခုနှစ် Care Taker အိမ်စောင့်အစိုးရ လက်ထက်မှာ သူက အထူးအရာရှိ ပြည်ထဲရေး ဆိုပြီးတော့။ အဲဒီမှာ ပြည်ထဲရေး ဝန်ကြီးက ဦးခင်မောင်ဖြူနော်။ ဦးခင်မောင်ဖြူက နာမည်ခံပဲ။ တကယ်က ဗိုလ်မှူးချုပ် မောင်မောင်က အကုန်လုံးကို တာဝန်ခံပြီးတော့ အဲဒီတုန်းကတော့ ပမညတ တွေရော၊ ကွန်မြူနစ် အနွယ်တွေရော အကုန်ဖမ်းတာပဲ။ နောက်ဆုံး ကိုကိုးကျွန်းတို့ ဘယ်တို့ ပို့တဲ့ထိအောင် သူက စီမံတာ။ အဲဒါတွေကတော့ သိပ်မကောင်းဘူးပေါ့လေ။ ရာဇဝင်က။

နောက် Care Taker အစိုးရကို ဦးနေဝင်းက ပြန်အပ်လိုက်တယ်။ အပ်လိုက်ပြီးတော့ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲ လုပ်တော့ သူက ဦးနေဝင်းက စစ်တပ်ကနေ ဘက်မလိုက်ဖို့ လုပ်ပေမယ့် သူ (ဗိုလ်မှူးချုပ် မောင်မောင်) က တည်မြဲဘက်ကိုး။ တည်မြဲ သန့်ရှင်းကွဲတာကိုး။ ဦးကျော်ငြိမ်းတို့က တဖက်၊ ဦးနုတို့က တဖက်ပေါ့။ အဲတော့ ဆွေငြိမ်း အုပ်စုနဲ့ နုတင် အုပ်စု ဆိုပြီး ၂ အုပ်စုကွဲတာကို သူက ဆွေငြိမ်းဘက်ကို ရွေးကောက်ပွဲမှာ အားပေးတဲ့ သဘောမျိုး ဖြစ်ခဲ့တယ်။

အဲဒီရွေးကောက်ပွဲမှာ သန့်ရှင်း ဖဆပလ က အပြတ်အသတ် နိုင်တာကိုး။ အဲလို နိုင်လိုက်တဲ့အခါ ဦးနေဝင်းက ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဗိုလ်မှူးချုပ် အောင်ရွှေပေါ့လေ၊ နောက် ဗိုလ်မှူးကြီး ကြည်ဝင်းတို့၊ ဗိုလ်မှူးကြီး ချစ်ခိုင်တို့ အစရှိတဲ့ တည်မြဲကို ထောက်ခံတဲ့ ပြင်းထန်တဲ့ စစ်ဗိုလ်တွေကို သူက ထုတ်ပယ်လိုက်တယ်။

အဲဒါကို ဦးနုက ပြန်ပြီးတော့ စီစဉ်ပေးပါ ဆိုလို့ပြောတော့ သူက ပြန်ရတယ်။ ဒါပေမဲ့ သူတို့က စစ်တပ်ကို သူတို့က ကိုင်လာတာ အန္တရာယ်ရှိတယ်လို့ သန့်ရှင်း ဖဆပလ ခေါင်းဆောင်တွေက ဦးနုတို့ကပေါ့နော်။ ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဗိုလ်မှူးချုပ် အောင်ရွှေကိုတော့ သံအမတ်ပေးပါလို့ ပြောတော့ အဲဒါကို သူကလည်း သဘောတူတော့ သူတို့ သံအမတ် ဖြစ်သွားတယ်။

ကျန်တဲ့ ဦးချစ်ခိုင်တို့ ဘာတို့ကတော့ အရပ်သားတွေအနေနဲ့ ကျန်ခဲ့တာကိုး။ ဗိုလ်မှူးကြီး ကျော်မြင့် တို့ကတော့ အဲဒီတုန်းက ရွေးကောက်ပွဲမှာ ၁၉၆ဝ ရွေးကောက်ပွဲမှာ တည်မြဲဘက်လိုက်တဲ့ ရွေးကောက်ပွဲကို ဖြုတ်ခဲ့တဲ့အထဲမှာ ပါခဲ့တယ်။

နောက်ပိုင်းရောက်တော့ သူက သံအမတ်ကြီးအနေနဲ့ နိုင်ငံခြားသွားတယ်။ နောက် အာဏာသိမ်းပြီးတဲ့ အချိန်ရောက်တော့လည်း နေရာပေးပါသေးတယ် သူ့ကို။

၁၉၇၄ လောက်ရောက်တော့ အကုန်လုံးပေါ့လေ။ ဦးအောင်ရွှေ့လည်း အဲဒီတုန်းက သံအမတ်ပေးတာပဲ။ ဗိုလ်မှူးချုပ် မောင်မောင်လည်း ပေးတာပဲ။ ဦးနုက ပေးချင်တယ်။ ဦးနေဝင်း ကလည်း သဘောတူတယ်။

၁၉၇၄-၇၅ လောက်မှာ ပင်စင်ယူလာရတယ်။ အဲဒီနောက်ပိုင်း သူ အရောင်းအဝယ် လုပ်သေးတယ်။ နောက်ဆုံးတော့ အရောင်းအဝယ်လုပ်တာနဲ့ သူ့အကျင့်က သိပ်မကိုက်တော့ သူဘာမှ မလုပ်ဘဲ နားလိုက်တယ်။ အဲဒီနောက်ပိုင်းတော့ အေးအေးဆေးဆေးနဲ့ သေသည်အထိ နေသွားတယ်လို့ ကျနော် အဲလိုပဲ နားလည်ပါတယ်။

သူနဲ့ ဦနေဝင်းရဲ့ နောက်ပိုင်း ဆက်ဆံရေးကရော ဘယ်လိုအနေအထားမျိုး ဖြစ်သွားပါသလဲ ဘဘ။

နောက်အာဏာသိမ်းတာကျတော့ ဗိုလ်နေဝင်းက သူတို့ကို အသိမပေးတော့ဘူး။ အရင်တခါ သိမ်းတုန်းကတော့ ပါတာပေါ့။ ပထမ တခါတုန်းက ဦးနေဝင်းက မသိခဲ့ဘူး။ ဗိုလ်မှူးချုပ် မောင်မောင်တို့က သိမ်းခဲ့တာ။ တည်မြဲကို ထောက်ခံတဲ့ ဘက်က။ နောက်တော့ ဗိုလ်ချစ်ခိုင်တို့၊ ဗိုလ်အောင်ရွှေတို့ ပါတာ ဗိုလ်ကြည်ဝင်းတို့လေ။

ဗိုလ်အောင်ကြီးကတော့ သူက တည်မြဲရော၊ သန့်ရှင်းရော ဝင်ထွက်နေတဲ့သူ။ သူတို့က အဲလို အာဏာသိမ်းချင်တဲ့ သဘောနဲ့ ဦးနုဆီသွား အာဏာတောင်းတယ်။ အဲဒါကို ဦးနုက မင်းတို့ အဲလိုတော့ အာဏာမသိမ်းပါနဲ့။ အာဏာတောင်းတာကတော့ ဗိုလ်ချုပ် အောင်ကြီးရယ်၊ ဗိုလ်ချုပ် အောင်ရွှေရယ်၊ ဗိုလ်မှူးချုပ် မောင်မောင်ရယ်။ သွားတယ်လို့ ပြောတယ်။

ဒါနဲ့ ဦးနေဝင်းဆီ စာရေးပေးမယ်ဆိုပြီး ဦးနုကနေ စာရေးပေးတယ်။ ဦးနေဝင်းကလည်း တခါ စာပြန်တယ်။ အဲဒီ စာနှစ်စောင်ကတော့ အာဏာယူပါ။ အာဏာကို ခေတ္တ ထိန်းထားပါဆိုတဲ့ သဘောမျိုး ရေးထားတာပါ။ ဦးနေဝင်းကလည်း သဘောတူတယ်ဆိုတဲ့ သဘောမျိုး ရေးထားတယ်။

ဗိုလ်ချုပ် အောင်ကြီးတို့၊ ဗိုလ်ချုပ် အောင်ရွှေတို့၊ နောက် ဗိုလ်မှူးချုပ် မောင်မောင်တို့ကနေ ဦးနေဝင်းက သဘောတူလိုက်တော့ Care Taker Gov (အိမ်စောင့်အစိုးရ) ဆိုပြီး လုပ်ကြတာ။ အိမ်စောင့် အစိုးရဆိုပြီး ဖွဲ့လိုက်ကြတာ။ အဲဒီ အိမ်စောင့်အစိုးရမှာ လူထုက နည်းနည်းပါးပါး လက်ခံကြည်ညိုတဲ့ ဦးခင်မောင်ဖြူတို့ ဘာတို့နဲ့ အိမ်စောင့်အစိုးရကို ဖွဲ့လိုက်တာ။ အဲဒီနောက်တော့ ၁၉၆ဝ မှာ ရွေးကောက်ပွဲ လုပ်တယ်။

ဗိုလ်မှူးချုပ် မောင်မောင်က ပြည်ထဲရေး အထူးအရာရှိ။ အဲဒီ အိမ်စောင့်အစိုးရ လက်ထက်မှာ ဝန်ကြီးကို ဗိုလ်မှူးချုပ် တင်ဖေကိုပဲ ပေးတာ၊ အလုပ်သမားဝန်ကြီး ဆိုပြီးတော့။

သူက တပ်ထဲမှာတုန်းက အင်္ဂလိပ်တွေနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ သူ့ရဲ့ တပ်တွင်း ဆက်ဆံရေးက ဘယ်လိုများ ရှိပါသလဲ။

ကျောင်းသားထဲက တော်လှန်ရေးထဲ ပါလာတာ။ ဘီအိုင်အေတို့ ဘာတို့ပေါ့။ ဒါပေမဲ့ သူက စည်းကမ်းသိပ်ကြီးတဲ့သူ။ နောက် သူက ၁၉၄၇ ၊ ၁၉၄၈ ခုနှစ်မှာ တပ်မတော် အတွင်းဝန် ဖြစ်တာ။ အဲလို အင်္ဂလိပ်ရှိတုန်း ဖြစ်တာ။ ဖြစ်တဲ့အခါကျတော့ အင်္ဂလိပ်စစ်တပ်က စစ်ဗိုလ်တွေက ရာထူးခပ်ကြီးကြီးတွေ တော်တော်များများ ယူထားကြတာ။ သူက စစ်တပ်မှာ အတွင်းဝန်လို ဖြစ်သွားတာ။ စစ်တပ်ကို ဗမာက လွတ်လပ်ရေးရတော့ စစ်တပ်က အင်္ဂလိပ်စစ်ဗိုလ်တွေက ထွက်တာ။ ထွက်တော့ တပ်တခုမှာ ဗိုလ်မှူး ပက်ထရစ် ဖိုးလှ။ သူက ဗိုလ်မှူး၊ အင်္ဂလိပ်တပ်က ဗိုလ်မှူး။

ဗိုလ်ကြီး လှမြင့်က အရင်တုန်းက ကျောင်းသားတွေကတော့ ဘဲလ်ယားလှမြင့် လို့ ခေါ်တာပေါ့လေ။ ဗိုလ်ကြီး လှမြင့်က အဲဒီတုန်းက ဗိုလ်ကြီး၊ တပ်ခွဲမှူးပေါ့။ ဒုတပ်ရင်းမှူးပေါ့နော် ပက်ထရစ် ဖိုးလှက။ အဲဒီမှာ တပ်ရင်းမှူးက နိုင်ငံခြားပြန်တဲ့ အခါရောက်တော့ အင်္ဂလိပ်က သူ့နိုင်ငံကို ပြန်တယ်။

ရာထူးတိုးရင် ပက်ထရစ် ဖိုးလှက ရရမယ်။ ဒါပေမဲ့ မရဘူး။ အဲဒါ သူက ပက်ထရစ် ဖိုးလှက မရဘဲနဲ့ စက္ကရီတေရီ အနေနဲ့ သူက ဗိုလ်ကြီးလှမြင့်ကို တပ်ရင်းမှူး ခန့်တယ်။ ခန့်တော့ ပက်ထရစ် ဖိုးလှက သူသာ ဖြစ်သင့်တာပေါ့။ သူက မေဂျာလည်း ဖြစ်တယ်။ ဒုတပ်ရင်းမှူးလည်း ဖြစ်တယ် ဆိုပြီးတော့ ဝင်ပြောတော့ သူက ငါ ခန့်ချင်ရာ ခန့်မယ်၊ You get out ဆိုပြီး လုပ်လိုက်တယ်။ သူ့ကို ဖြုတ်လိုက်တယ်ဆိုပြီး လုပ်လိုက်တာ။ အဲဒီမှာ ပက်ထရစ် ဖိုးလှက အဲဒီမှာ အလုပ်က ပြုတ်လာတာ။
သူက ပြတ်တယ်ပေါ့။ လုပ်ချင်ရာကို လုပ်တတ်တဲ့ အကျင့်ရှိတယ်။

ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး
မင်းနိုင်သူ / ၂၄ ဇူလိုင် ၂၀၀၉


အင်းစိန်တရားခွင်ကို ယနေ့ပြန်လည်စတင်ရာ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ရှေ့နေများမှတဆင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ အမှာစကားတခု ပါးလိုက်သည်။

“ကုလသမဂ္ဂအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရင်မလုပ်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ မျှတမှုလည်းမရှိဘူး၊ တရားဝင်မှာလည်း မဟုတ်ဘူးဆိုတာကို ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တို့ဘာတို့ ထုတ်ပြီး ပြောသင့်တယ်တဲ့။ အဲလိုပြောလိုက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က တဆင့်ပြန်လည်ပြောပြသည်။

ယခင်တရားခွင်များကို နံနက် (၁၀) နာရီတွင် အမှုစတင်ကြားနာလေ့ရှိသော်လည်း ယနေ့တရားခွင်ကို နေ့လယ် (၂) နာရီတွင်မှ စတင်ကြားနာပြီး ရှေ့နေကြီး ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အတွက် အပြီးသတ်လျှောက်လဲချက် ပေးခဲ့သည်။ ထို့နောက် တရားခွင်ကို ညနေ (၄)နာရီခွဲတွင် ရပ်နားကာ ဇူလိုင် (၂၇) ရက်သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်သည်။

တရားခွင်အချိန်ပြောင်းရွှေ့ကြားနာမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှုမရှိကြောင်း ၎င်း၏ရှေ့နေများကို ပြောကြားခဲ့သည်ဟု သိရသည်။

ယနေ့တရားခွင်သို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အမေရိကန်နိုင်ငံတို့မှ သံတမန်များကို တက်ရောက် နားထောင်ခွင့်ပြုခဲ့သော်လည်း သတင်းမီဒီယာများကိုမူ တရောက်ခွင့်မပေးခဲ့ပေ။

အင်းစိန်ဈေးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူများ ပိုမိုများပြားလာသကဲ့သို့ လုံခြုံရေးချထားမှုလည်း ပိုမိုများပြားသည်ဟု ကိုယ်တိုင်သွားရောက်ခဲ့သူ ဦးအုံးကြိုင်က ပြောသည်။

၎င်းက “ဆရာဦးဝင်းတင်လည်း ကျန်းမာရေးမကောင်းတဲ့အကြားကပဲ ဆိုက္ကာစီးပြီးလာတယ်။ ဦးအေးသာအောင်လည်းလာတယ်။ အန်အယ်လ်ဒီပါတီဝင်တွေလည်း လာကြတယ်” ဟု ပြောသည်။

လာမည့်တနင်္လာနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် အပြီးသတ် လျှောက်လဲချက်ကို ရှေ့နေဦးလှမျိုးမြင့်က လျှောက်ထားမည်ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲဆိုမှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးသာ တင်သွင်းခွင့်ပြုထားသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ဒေါ်အောင်ဆန်းစုကြည် သည် ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။


ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းနေ့ အားပေးသူများ စုစည်း
လုံထိန်းရဲများ အင်းစိန်ထောင်ပတ်ဝန်းကျင် အင်အားပြ
NEJ / ၂၄ ဇူလိုင် ၂၀၀၉


အင်းစိန်ထောင်ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အမှုကို ယနေ့ အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်ရာ ထောင်ပြင်ပ အင်းစိန်ဈေးတ၀ိုက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူအချို့ စုစည်းရောက်ရှိနေသည်ဟု မျက်မြင်တွေ့ရှိသူ များက ပြောသည်။

လုံထိန်းတပ်ဖွဲ့ဝင်များမှာလည်း ယခင်နှင့်မတူ အင်အားပြလျက်ရှိကြောင်း မြင်တွေ့ခဲ့သူ အင်းစိန်မြို့ခံတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တပတ်ကျော် ရုံးချိန်းတုန်းက အင်းစိန်ဈေးရှေ့က ဒေါ်စုကို အားပေးထောက်ခံသူတွေ ထိုင်ပြီး စုဝေးတဲ့ နေရာကို လုံထိန်းရဲတွေ သိမ်းပိုက်ထားတော့ အဲဒီနေရာမှာ မစုနိုင်ခဲ့ဘူး။ ဒီတပတ်တော့ အဲဒီနေရာမှာ ဒေါ်စုကို ထောက်ခံသူ (၃ဝ-၄ဝ) ကျော်လောက် စုပြီးထိုင်နေတာ တွေ့ရတယ်။ လုံထိန်းရဲတွေကိုတော့ အဲဒီ အင်းစိန်ဈေးရှေ့ နေရာအနှံ့ ဖြန့်ပြီး ချထားတာ စုစုပေါင်း (၃ဝဝ) ဝန်းကျင်လောက်ရှိမယ်။ ပေါက်တောဝဘက် အခြမ်းမှာလည်း အင်အား ဒီလောက်ပဲရှိမယ်။ အင်းစိန်ရှေ့ လက်ဖက်ရည်ဆိုင်တွေမှာတော့ အရပ်ဝတ် လုံခြုံရေးနဲ့ စွမ်းအားရှင်လို့ ယူဆရသူတွေချည်းပဲ ထိုင်နေကြတာ တွေ့ရတယ်” ဟု ပြောသည်။

ယခုတပတ် ထူးခြားချက်မှာ အင်းစိန်ခုံးတံတားပေါ်တွင် လုံထိန်းရဲ အယောက် (၂ဝ) ကျော်ခန့် တန်းစီ နေရာချထားပြီး ခုံးတံတားကျော်မည့်သူများထဲမှ မသင်္ကာသူများကို ခေါ်ယူစစ်ဆေးနေကာ ခုံးကျော်တံတားအောက်က ဖြတ်သန်းသူများကိုလည်း စောင့်ကြည့်လျက်ရှိသည်။

အင်းစိန်ဈေး အရှေ့ဘက်ခြမ်းတွင် လုံထိန်းကား (၆) စီးနှင့် လမ်းတဖက်တချက်တွင်လည်း လုံထိန်းကား (၄) စီးရပ်ထားပြီး ရဲများက လမ်းများပေါ်တွင် ဖြန့်ကြက်နေရာယူထားကာ လမ်းကြိုလမ်းကြားတို့၌လည်း ရဲများကို နေရာချထားကြောင်း၊ အင်းစိန်ဈေးရှေ့မှ ထောင်ဘူးဝသွားသည့်လမ်းကိုမူ ယခင်ကဲ့သို့ သံဆူးကြိုးကာ ပိတ်ဆို့ထားပြီး ရဲများက စောင့်ဆိုင်းနေသည်ဟု သိရသည်။

အင်းစိန်မြို့ခံတဦးက အင်းစိန်ဈေးပတ်ဝန်းကျင်တွင် ဈေးသည်၊ ဈေးဝယ် ခြောက်သွေ့နေပြီး လုံထိန်းရဲ၊ အရပ်ဝတ်လုံခြုံရေး၊ စွမ်းအားရှင်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများသာရှိကြောင်း ပြောသည်။

ရန်ကုန်မြို့တွင်း အခြေအနေမှာမူ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီး ထူးခြားမှု တစုံတရာ မတွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းသူ
အန်အယ်လ်ဒီလူငယ် ထိုးကြိတ်ခံရ
မင်းနိုင်သူ / ၂၄ ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အတွက် မဟာမြတ်မုနိဘုရားကြီးသို့ မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ်ပါတီဝင်များက ယနေ့ သွားရောက်ဝတ်ပြုဆုတောင်းခဲ့ရာတွင် စစ်အစိုးရလိုလားသူများက လူငယ်ပါတီဝင်တဦးအား ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲခံနေရသော ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ်လျှောက်လဲရက် ရုံးချိန်းနေ့တွင် ၀တ်ပြုဆုတောင်းပြီးအပြန် ထိုးကြိတ်ရိုက်နှက်ခံရသူမှာ မန္တလေးတိုင်းအရှေ့တောင်မြို့နယ်မှ ကိုတိုးကြီးဆိုသူဖြစ်သည်။

“ကျနော်တို့ အသွားကတည်းက ကြံ့ဖွံ့နဲ့ သတင်းတပ်ဖွဲ့အင်အား (၅၀) လောက်က စောင့်ကြည့်နေတာဗျ။ ကျနော်တို့ လူစုနဲ့သွားလာနေတုန်းမှာတော့ စောင့်ကြည့်နေတာပဲရှိတယ်ဗျ။ ၀တ်ပြုဆုတောင်းပြီးအပြန် လူစုခွဲလိုက်တဲ့အချိန် ဆိုင်ကယ် ရပ်နားစခန်းမှာပဲ ကိုတိုးကြီးကို ၀ိုင်းထိုးကြတာဗျ။ လုပ်သွားတဲ့လူတွေရဲ့ နာမည်တွေတော့ မသိရသေးဘူးဗျာ။ ကြံ့ဖွံ့တွေ တော့ပါတယ်” ဟု မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင် ကိုမြင့်မော်က ပြောသည်။

ကိုတိုးကြီးကို ထိုးကြိတ်ရိုက်နှက်သူများမှာ (၅) ဦးခန့်ရှိပြီး တစုံတရာပြောဆိုခြင်းမရှိဘဲ အသားလွတ် ထိုးကြိတ်သွားခြင်းဖြစ်ပြီး ကိုတိုးကြီးက တစုံတရာပြန်လုပ်ခဲ့ခြင်းမရှိဟု သိရသည်။

ထိုကဲ့သို့ ထိုးကြိတ်ခံရခြင်းကြောင့် ကိုတိုးကြီး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားပြီး ရင်ဘတ်ကို အကန်ခံရသဖြင့် အရှိုက်အောင့်နေ၍ ဓာတ်မှန်ရိုက်ထားရသည်ဟု ကိုမြင့်မော်က ပြောသည်။

၎င်းက “အခုချိန်အထိတော့ ရဲစခန်းတွေဘာတွေတော့ တိုင်ချက်မဖွင့်သေးဘူးဗျာ။ တိုင်းစည်းရုံးရေးအဖွဲ့နဲ့ ဗဟိုကို အကြောင်းကြားထားတယ်။ လူကြီးတွေရဲ့ သဘောထားအတိုင်း လုပ်စရာရှိတာ ဆက်လုပ်သွားပါ့မယ်။ တကယ်တော့ ၀တ်ပြု တယ်၊ ဆုတောင်းတယ်ဆိုတာ ကိုယ့်ဘာသာအလိုက် လုပ်ခွင့်ရှိတာပဲဗျာ။ ဒါကို ရန်ရှာတာကတော့ ကျနော်တို့လူငယ်တွေကို ခြိမ်းခြောက်တာပဲ” ဟု ပြောသည်။

မန္တလေးမဟာမြတ်မုနိဘုရားကြီးသို့ မန္တလေးမြို့နယ်မှ အန်အယ်လ်ဒီလူငယ် (၁၅) ဦး သွားရောက် ၀တ်ပြုဆုတောင်းခဲ့ကြပြီး မန္တလေးတိုင်း မြို့နယ်အသီးသီးတွင်လည်း ၀တ်ပြုဆုတောင်းပွဲများ ယနေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


မြန်မာကို အာဆီယံကထုတ်ရန် အကြောင်းမရှိဟု
ထိုင်းဝန်ကြီးချုပ်ပြောကြား
NEJ / ၂၄ ဇူလိုင် ၂၀၀၉


စစ်အစိုးရအုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရန်မှာ လုံလောက်သည့် အကြောင်းများ မရှိကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က ပြောကြားလိုက်သည်။

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပါက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းမှ ထုတ်ပယ်ပစ်ရန် စဉ်းစားသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ထိုင်းတီဗွီနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည့်အပေါ် လက်ရှိအာဆီယံအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားရသည့် ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် မစ္စတာအဖိဆစ်က ယမန်နေ့က ပြန်လည်တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဧဂျင်စီတွင် ဖော်ပြသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်သည်ကို မြင်လိုပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားမှု အပါအ၀င် မြန်မာနိုင်ငံအခြေအနေများကို စောင့်ကြည့်နေသည်ဟုလည်း မစ္စတာအဖိဆစ်က ပြောကြားခဲ့သည်။

မစ္စစ်ကလင်တန်က မြန်မာနိုင်ငံကို အာဆီယံမှ ထုတ်ပယ်ရန်ပြောဆိုလိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ်ထင်ဟပ်စေသည့် အမြင်တခုသာဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်ကပြောကြားလိုက်ကာ “တကယ်လို့ ဒီလို လုပ်လိုက်ရင်လည်း မြန်မာနိုင်ငံဟာ ပိုပြီးအထီးကျန်သွားပြီး ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ဟုလည်း ၎င်းက ပြောကြားသည်။

မြန်မာစစ်အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နေပါသည်ဟု ပြောဆိုနေပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် တရားဥပဒေပိုင်းဆိုင်ရာကိစ္စဟု စစ်အစိုးရက အခိုင်အမာပြောဆိုနေသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ မြန်မာစစ်အစိုးရကို အာဆီယံက စောင့်ကြည့်နေသည်ဟု မစ္စတာအဖိဆစ်က ပြောသည်။

၎င်းက “အာဆီယံနဲ့ အနောက်နိုင်ငံတွေဟာ ရည်မှန်းချက်ခြင်းတူပေမယ့် မူဝါဒခြင်းတော့ တူချင်မှတူမှာပါ၊ အာဆီယံအနေနဲ့ ပြဿနာကိုဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးရမှာပါ” ဟု ပြောသည်။

အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံသည် ကိုယ့်နည်းကိုယ့်ဟန်နှင့်ရှိကြသော်လည်း မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းရှိနိုင်ငံများကမူ မတူညီကွဲပြားသည့် ဆက်ဆံမှုနည်းလမ်းများဖြင့် ချဉ်းကပ်လုပ်ဆောင်ကြရသည်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားကြောင်း ထိုင်းသတင်းဧဂျင်စီတွင် ဖော်ပြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသားတဦး ၀င်ရောက်ခဲ့ပြီးသည့်နောက် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် စစ်အစိုးရ၏ တရားစွဲဆိုခြင်းခံနေရပြီး တရားခွင်တွင် နှစ်ဖက်သက်သေများ၏ လျှောက်လဲချက်များကို ယနေ့နောက်ဆုံး ကြားနာမည်ဖြစ်သည်။

စစ်အစိုးရက ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင် ဖမ်းဆီးပြီး ရုံးတင်တရားစွဲဆိုထားသည့်အပေါ် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။





(၁၀) သိန်းလာဘ်ယူကာ ဒီဂျစ်တယ်ဖုန်းလိုင်းသစ်များ လုပ်ပေး
ဝီရ / ၂၄ ဇူလိုင် ၂၀၀၉


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ အသုံးပြုရန် အဆင်မပြေတော့သည့် အင်နယ်လော့ (Analog) ဖုန်းလိုင်းဟောင်းများအား ဒီဂျစ်တယ်စနစ် ပြောင်းလဲတပ်ဆင်ပေးရာတွင် ဆက်သွယ်ရေးဝန်ထမ်းများက လာဘ်ငွေယူကာ ဖုန်းလိုင်းမရှိသူများအတွက် လည်း လိုင်းသစ်များချပေးနေသည်။

ယခင် ဖုန်းလိုင်းအဟောင်း (၂၁၊ ၂၂၊ ၂၃) အစဂဏန်း သုံးစွဲနေသူများကိုသာ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲပေးမည်ဟု ဆက်သွယ်ရေးဌာနက ကြော်ငြာထားသော်လည်း ဖုန်းလိုင်းမရှိသူများထံမှ ကျပ်ငွေ (၁၀) သိန်းယူပြီး နားလည်မှုဖြင့် ဖုန်းသစ်များ ချပေးနေကြောင်း မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်သားတဦးက ပြောသည်။

၎င်းက “(၁၀) သိန်းပေးရင် နားလည်မှုနဲ့ လုပ်ပေးနေတယ်။ ဆက်သွယ်ရေးဝန်ထမ်းတွေကိုယ်တိုင်ပဲ၊ ပွဲစားမလိုဘူး။ အဲဒါကြောင့် လျှောက်လွှာတင်သွင်းရမယ့် ကောင်တာမှာတောင် ‘လျှောက်လွှာလာရောက် တင်သွင်းခြင်း မပြုသူများ၏ လိုင်းဟောင်းများအား ဖြတ်ပစ်မည်’ ဆိုပြီးတော့ စာကပ်ထားတယ်။ ဆိုလိုတာက ကြိုးလဲဖို့ ပိုက်ဆံ (၄) သိန်းခွဲ လာမသွင်းရင် လိုင်းဟောင်းကို ဖြတ်မယ်ဆိုတဲ့သဘောပေါ့။ လာမလျှောက်တဲ့လိုင်းတွေကို ပြန်ရောင်းတာပေါ့” ဟု ပြောသည်။

မြိုင်သာယာရပ်ကွက်မှ ဖုန်းလိုင်းများအတွက် ဒီဂျစ်တယ်စနစ် ပြောင်းလဲရာတွင် သတ်မှတ်နှုန်းမှာ (၄) သိန်းခွဲဖြစ်ပြီး လာရောက်တပ်ဆင်သည့်အချိန်တွင် ကေဘယ်လ်ကြိုးအရှည်ပေါ်မူတည်၍ နောက်ထပ် ကျပ်ငွေ (၂) သိန်းမှ (၃) သိန်းအထိ ထပ်မံပေးဆောင်ရမည်ဟု ၎င်းက ပြောသည်။

ဒီဂျစ်တယ်စနစ် လိုင်းပြောင်းရန် နောက်ဆုံးလျှောက်လွှာ တင်သွင်းရက်ကို ယခုလကုန်သတ်မှတ်ထားသော်လည်း ဖုန်းခလက်ကျန်များရှင်းရန် ကြန့်ကြာနေသည့်အတွက် သြဂုတ် (၁၅) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။


ဖုန်းမရှိသေးသည့်အိမ်များအတွက် တိုးတိုးတိတ်တိတ် လုပ်ဆောင်ပေးနေသည့်ကြေး ကျပ် (၁၀) သိန်းမှာ လိုင်းရရှိရန် အတွက်သာဖြစ်ပြီး အခြားကြိုးသစ်သွယ်ရန်အတွက် ထပ်ပေးရမည်ဖြစ်သဖြင့် (၁၀) သိန်းအထက် ကုန်ကျမည်ဖြစ်ကြောင်း အခြားမြို့ခံတဦးက ပြောသည်။


ဂျပန်ကားဟောင်းများ မြန်မာပြည် တင်သွင်းမှုပိုမိုများ


NEJ / ၂၄ ဇူလိုင် ၂၀၀၉


နအဖနှင့်နီးစပ်သည့်ကုမ္ပဏီတခုကို ကားလေလံတင် ရောင်းချခွင့်ပြုလိုက်သောကြောင့် မဲဆောက်-မြ၀တီမှတဆင့် ရန်ကုန်သို့ ဂျပန်ကားဟောင်းများ တရားမ၀င်တင်ပို့နေမှု ပိုမိုမြင့်တက်လာနေကြောင်း ကားကုန်သည်များက ပြောသည်။

“အရင်ကဆိုရင် တရက်ခြား ကားတန်းအဆင်းမှာ မြ၀တီကနေ ရန်ကုန်ကို သယ်တဲ့ကားတွေဟာ အများဆုံး (၁၀) စီး၊ (၁၅) စီးပဲ။ အခုဆိုရင် တရက်ခြား အစီး (၃၀) လောက်ရှိတယ်” ဟု ကားသယ်ပို့ပေးသူ ကရင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ ယဉ်မောင်းတဦးက ပြောသည်။

ယခုတင်သွင်းသည့်ကားများမှာ ဂျပန်မှတဆင့် ဘန်ကောက်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့်ကားများဖြစ်ပြီး ဘန်ကောက်မှ တဆင့် နယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၇) ဂိတ်၊ (၁၀) ဂိတ်၊ (၁၃) ဂိတ်နှင့် ထာ့အာဂိတ်များမှတဆင့် မြန်မာနိုင်ငံ မြ၀တီသို့ တင်သွင်းကြခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ ကားကုန်သည်တဦးက “ဒီနှစ်လ၊ သုံးလအတွင်းမှာ ကားတွေ ထက်ဝက်နီးပါး ပိုသွင်းကြတာက အစိုးရက သူနဲ့ နီးစပ်တဲ့ကုမ္ပဏီတခုကို ကားရောင်းချခွင့်ပေးတာနဲ့ တိုက်ရိုက်ဆက်စပ်တယ်လို့ သိရတယ်။ နောက်ထပ် ကုမ္ပဏီတွေကိုလည်း ဒီလုပ်ငန်းတွေ ချပေးဖို့ ရှိတယ်လို့ သိရတယ်။ ဒါကြောင့် ကားသွင်းတဲ့လူတွေ အလုပ်ဖြစ်နေကြတယ်” ဟု ပြောသည်။

ထိုင်းဘက်ကမ်းမှ မြ၀တီသို့ ကားတစီးတင်သွင်းရာတွင် မဲဆောက် ထိုင်းအကောက်ခွန်ဌာနအား ဘတ် (၆) ထောင်၊ မော်တော်ကား မြန်မာဘက်ကူးခ ဘတ် (၃) ထောင်၊ မြ၀တီဘက်ခြမ်းရှိ မြန်မာအာဏာပိုင်များအတွက် ဘတ် (၃) ထောင် ပေးရသည်ဟု ကုန်သည်များက ပြောသည်။

အဆိုပါကားများကို ဒီကေဘီအေအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ စစ်တပ်နှင့်ရဲတို့က မြ၀တီမှ ရန်ကုန်မြို့သို့ သယ်ဆောင်ပေးကြပြီး ကားအမျိုးအစားပေါ်မူတည်၍ ၎င်းတို့အား ကျပ်သိန်း (၂၀) မှ (၂၅) အထိ ယာဉ်ပိုင်ရှင်များက ပေးရသည်။

လတ်တလောတင်သွင်းနေသည့်ကားများမှာ တိုရိုတာ (TOYOTA) အမျိုးအစားနှင့် အခြားအမျိုးအစားများဖြစ်ပြီး ထိုကားများကို ဆယ်ဘီးတပ် ကားသယ်ယာဉ်များဖြင့် သယ်ဆောင်ကြသည်။ ဆယ်ဘီးတပ်ကားကြီး တစီးလျှင် အနည်းဆုံး ကား (၆) စီးခန့် တင်ကာ ဘန်ကောက်မှ မဲဆောက်ကမ်းနားအထိ လာရောက်ပို့ဆောင်ပေးသည်။

အဆိုပါလမ်းကြောအတိုင်း မော်တော်ကားများအပြင် မြေတူးစက်များ၊ ဆောက်လုပ်ရေးသုံးယာဉ်များ၊ ဂျပန်နှင့် ကိုရီယား နိုင်ငံတို့မှ ကုန်သေတ္တာများဖြင့် တင်သွင်းသည့် စက်ဘီးအဟောင်းများကိုလည်း မြန်မာနိုင်ငံအရပ်ရပ်သို့ သယ်ယူကြသည်။


ဖြစ်နိုင်တာကတော့ သမိုင်းလူပြက်ပဲ
ရဲဘော်ဖိုးသံချောင်း

၂၄ ဇူလိုင် ၂၀၀၉


ဒီတလော ဗမာပြည်နိုင်ငံရေးမှာ အတော်ကျယ်ကျယ်လေးကြားလာရတဲ့ အယူအဆတခုက “နိုင်ငံရေးလုပ်တယ်ဆိုတာ ဖြစ်နိုင်တာကိုလုပ်တဲ့ အနုပညာပဲ” ဆိုတာပါ။ ဒါကို ဂျာနယ်တခုရဲ့ အယ်ဒီတာ့အာဘော်မှာတွေ့ရသလို မောင်(ဦး)စူးစမ်းရဲ့ အင်တာဗျူးတခုမှာလည်း တွေ့လိုက်ရပါတယ်။ ဒါတွေနဲ့တဆက်တည်း ဖော်ပြလေ့ရှိတဲ့ ယူဆနည်းက နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဗမာပြည်မှာ နဂိုကလုံးဝလှုပ်ရှား လုပ်ကိုင်ခွင့်မရှိတဲ့ နိုင်ငံရေးအင်အားစုတွေအဖို့ လှုပ်ရှားဖို့ခွင် (သူတို့အသုံးအနှုန်းအရဆိုရင် Space) ရတာပဲ၊ ဒါကိုမုချအသုံးချရမယ်။ လုပ်ငန်းအားလုံးဒီကနေ အစပြုရမယ်လို့လည်း ဆိုကြပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးအတွက် အစပြုချက်ဖြစ်တယ်လို့ ဖော်မြူလာထုတ်ပေးကြပါတယ်။ ဒီလှုပ်ရှားဖို့ ခွင်ဆိုတဲ့အယူအဆကို တင်သူတွေထဲမှာ နိုင်ငံခြားသားတွေလည်း မနည်းဘူး ဆိုတာကို သတိထားမိပါတယ်။

“ဘာမှမရှိတာထက်စာရင် နည်းနည်းရှိတာကတော်သေးတယ်”၊ ဘာဖွဲ့စည်းပုံအခြေခံဥပဒေမှမရှိတာနဲ့စာရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိတာဟာ ပိုကောင်းတယ်ဆိုတဲ့ အယူအဆ ထွက်လာပြီးနောက် ဆက်တိုက်ပေါ်လာတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ခါတော်မီအယူအဆတွေလို့ဆိုရင် မမှားပါဘူး။

နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နအဖရဲ့ လမ်းပြမြေပုံထဲက နံပါတ် (၆) အဆင့်ကို အကာအကွယ်တွေပေးတာ၊ ထောက်ခံတာတွေ ဆက်တိုက်ပေါ်ထွက်လာတယ် လို့ နားလည်မိပါတယ်။ စစ်အစိုးရအဆက်ဆက်လက်ထက်မှာ ရာစုနှစ် တဝက်နီးပါး အသက်ရှင်လာခဲ့သူတဦးအနေနဲ့ ဒီလိုအချိန်အခါမှာ ဒီလိုရေးသူတွေပေါ်တယ်ဆိုတာက တရားတခုလို့ပဲ သဘောထားမိပါတယ်။ မအံ့သြမိကြောင်း ဝန်ခံလိုက်ပါရစေ။ ဘယ်သူတွေကရေးမလဲ။ ဘယ်လိုတွေရေးမလဲဆိုတာဘဲ စောင့်ကြည့်မိခဲ့တာပါ။ အခုတော့ အစီအရီ၊ အယူအဆတမျိုးစီနဲ့ ထွက်လာကြပါပြီ။ ဒီနေရာမှာ တမျိုးစီဆိုလို့ အနှစ်သာရနဲ့ ရည်ရွယ်ချက်ဟာ တခုနဲ့တခု ကွဲပြားတယ်လို့ မဆိုလိုပါဘူး။ အဲဒီသဘောနဲ့ ပြောရရင်တော့ ဗြိဇုံနဲ့ဗြုံဇိတွေပါ။

ကိုယ့်အယူအဆတခုကိုတင်ရာမှာ ဒီအယူအဆခိုင်လုံမှုကို ပြောတာထက် ဒါကိုဆန့်ကျင်တဲ့လူတွေဟာ “စိတ်ကူးယဉ်တာ၊ လက်တွေ့မကျတာ” လို့ တိုက်ခိုက်ပါတယ်။ ဒါကနည်းနည်းတော်ပါသေးတယ်။ သူနဲ့မတူသူတွေဟာ “လေကြီးမိုးကြီးသမားတွေ၊ လက်ဝဲစွန်းသမားတွေ၊ မရိုးသားတဲ့လူတွေ၊ အယောင်ဆောင်သမားတွေ” စသဖြင့်လည်း ပြစ်ပြစ်နှစ်နှစ် တွယ်လိုက်ပါသေးတယ်။ ဒီလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်လို့ရတာချည်းပဲပေါ့။ မောင်(ဦး)စူးစမ်းဟာ သူ့ကိုယ်သူနိုင်ငံရေးသမား လို့တောင် မခံယူရဲတော့ဘူးပဲဟာ။ သူဟာပစ်ပြီးသား ကျည်ခွံဖြစ်သွားပြီလို့ သူကိုယ်တိုင်ရေးနေတာပါ။ ကိုယ့်အယူအဆနဲ့ မတူသူတွေကို ပုဒ်မအမျိုးမျိုးတပ်တာ၊ အစိုးရနဲ့ ရန်တိုက်ပေးတာ စတဲ့လုပ်နည်းတွေဟာ ဘယ်နိုင်ငံ၊ ဘယ်ခေတ်မဆို ရှိတတ်တာချည်းမို့ အဲဒီလိုလူမျိုးတွေက အဲဒီလိုပဲလုပ်တတ်တယ်လို့ အောက်မေ့လိုက်ပါမယ်။

အခုဒီ “ဖြစ်နိုင်တာကိုလုပ်တဲ့အနုပညာပဲ” ဆိုတာကို စောကြောကြည့်ပါမယ်။ သူတို့ပြောတဲ့ဖြစ်နိုင်တာဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘယ်သူ့အနေနဲ့ ဖြစ်နိုင်တာကိုပြောတာလဲ။ တကယ်က သူတို့ပြောတဲ့ ဖြစ်နိုင်တာဆိုတာဟာ နအဖကခွင့်ပြုတာတွေကို ဆိုလိုတာပါ။ ဒါကို ပြန်လှန်ပြောရရင် နအဖခွင့်မပြုတာမှန်သမျှဟာ မဖြစ်နိုင်တာပါ။ မဖြစ်နိုင်တာတွေမလုပ်ချင်ပါနဲ့။ နအဖခွင့် မပြုတာတွေမလုပ်ချင်ပါနဲ့ ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒါကိုပဲ သူတို့က “အနုပညာ” လို့ ကင်ပွန်းတပ်ပေးထားပါတယ်။

မောင်(ဦး)စူးစမ်းကဆိုရင် ဒီနေ့ နိုင်ငံရေးမှာ “ဘယ်သူက Dictate လုပ်နေတာလဲ” ဆိုပြီး “စစ်တပ်နော်-စစ်တပ်” လို့ မပြောရုံ တမယ် ဖြဲခြောက်ပါသေးတယ်။ နောက်တခါ သူက “မနူးမနပ်တွေ Anti-military (စစ်တပ်ဆန့်ကျင်ရေး) မလုပ်ကြနဲ့” လို့လည်း သတိပေးလိုက်ပါသေးတယ်။ ဗိုလ်အောင်ကြီးတယောက်တော့ အရေးအခင်းကာလမှာ “စစ်တပ်ကိုလုံးဝ မပြစ်မှားနဲ့” လို့ ပြောခဲ့တာနဲ့ပဲ နိုင်ငံရေးအမှိုက်ပုံထဲကို ရောက်သွားခဲ့ပါတယ်။ အခုလည်း စစ်အာဏာရှင်တွေကို စိတ်နဲ့တောင် ပြစ်မှားခွင့်မရှိတဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ကို အရိုးများသလေး၊ ချေးခါးသလေးမပြောကြနဲ့လို့ သူတို့တတွေက မာမာတင်းတင်း ပြောနေကြပါတယ်။

မဆလခေတ်တုန်းက ‘ခ’ သုံးလုံးပေါ်လစီ (ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောနဲ့)၊ ထောင်ထဲမှာပြောလေ့ရှိတဲ့ “ပေးတာယူ၊ ကျွေးတာစား၊ စကားမများနဲ့”၊ ခေါင်းထဲမှာပြန်ပေါ်လာတာတွေ အများကြီးပါပဲ။ သူတို့ရေးတာတွေထဲမှာ ထူးထူးခြားခြား မြင်သာတဲ့ အချက်တချက်ကတော့ နအဖအစိုးရဘက်ကို တစက်မှအပြစ်မတင်၊ နအဖဘက်က ဘယ်အချက်ဖြင့် လျှော့ပေး သင့်တယ်ဆိုတာမျိုး တကြောင်းတပါဒမျှ မရေးတာပါဘဲ။

နအဖစစ်အာဏာရှင်တွေက ရေးဆွဲတဲ့လမ်းပြမြေပုံကနေ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားမယ့်လွှတ်တော်ကို မွေးထုတ် လိုက်ပါတယ်။ တခါ အဲဒီလိုလွှတ်တော်ကနေ စစ်တပ်ကရေးဆွဲပြီး မတရားအတည်ပြုထားတဲ့ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင်အတည်ဖြစ်ကြောင်း ကြေညာပါမယ်။ ဒီကနေ ပေါ်ထွက် လာမယ့် ဒီမိုကရေစီကနေ ဘယ်လို နိုင်ငံရေး၊ ဘယ်လို ဒီမိုကရေစီတွေ ဆက်ထွန်းကားမယ်ဆိုတာ ရှင်းနေတာပါ။ အဲဒီလို နိုင်ငံရေးဘောင်၊ နိုင်ငံရေးခွင်ကိုပဲ “လှုပ်ရှားနိုင်တဲ့ခွင်” လို့ထောက်ပြပြီး အားလုံးကို ပုံအောခိုင်းနေကြတာပါ။ ဒါကိုပဲ ဖြစ်နိုင်တာလို့ပြောပြီး သူတို့နဲ့မတူသူတွေကို မဖြစ်နိုင်တာပြောတဲ့ စကားကြီးစကားကျယ်သမားတွေ၊ လက်တွေ့မကျသူတွေလို့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒါဟာ လာလတ္တံ့သော နအဖရဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ရဲ့ ရှေ့ပြေးလုပ်နည်းလုပ်ဟန်တွေ များလား၊ မစဉ်းစားဘဲမနေနိုင်ပါဘူး။

ကောင်းပါပြီ။ အဲဒီ “ခွင်” မှာ ဘာလုပ်လို့ရမှာလဲ။ ပါတီဆိုင်းဘုတ်တွေ ထောင်ခွင့်ရပါမယ်။ အမတ်တွေဖြစ်လာပါမယ်။ ဒါပေမယ့် “နိုင်ငံတော်အကြီးအကဲများ” နဲ့ “တပ်မတော်” ကို ဝေဖန်ပြောဆိုရေးသားခွင့်ရှိမလား။ ဆန့်ကျင်ဆန္ဒပြခွင့်ရှိမလား။ (နိုင်ငံရေး ပါတီတွေအချင်းချင်း ဝေဖန်တိုက်ခိုက်ခွင့်တွေ ပေးမှာကတော့ သံသယဖြစ်စရာမလိုပါဘူး)။ နောက်ပြီး ကုန်လွန်ခဲ့တဲ့ အနီးခေတ် သမိုင်းကို အမှန်အတိုင်းရေးသားဖော်ပြခွင့်ရှိမလား။ အဲဒါတွေမပါတဲ့ နိုင်ငံရေးမျိုးတော့ အခုလည်းလုပ်ကိုင်ခွင့်ရနေတာပဲ မဟုတ်ဘူးလား။

“ခွင်” ဆိုတာတော့ပေးပါရဲ့၊ အဲဒီ “ခွင်” ကနေ ငါတို့ကိုကြိုက်သလောက် ချီးကျူးစမ်းကွာလို့ ဖွင့်ပေးထားတာမျိုးဆိုရင်တော့ မဖြစ်ဘူးထင်ပါတယ်။ “ခွင်” ထဲမှာ ဘုရင်လုပ်ခွင့်မပေးဘဲ မျောက်လောင်းပဲ လုပ်ခိုင်းနေတယ်ဆိုရင် ဘယ့်နှယ်ပြောပါ့မလဲ။ ခွင်တခု ပေးတယ်ဆိုတိုင်း ခွဲခြားမှုမရှိဘဲ ထောက်ခံကြိုဆိုနေတာ မှားပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ အယူအဆကို တင်ပြသူတွေထဲက ဘယ်တယောက်ကမှ နအဖစစ်ဗိုလ်တွေဟာ တဖြည်းဖြည်းနဲ့ အယူ အဆတွေ၊ လုပ်နည်းလုပ်ဟန်တွေ ပြောင်းကုန်မှာ၊ ဒါမှမဟုတ် သူတို့ကို ပြောင်းယူမယ်လို့ မပြောကြပါဘူး။ ဒါ့အပြင် သူတို့က လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းနဲ့ သမ္မတနေရာ၊ နောက်ပြီး အရေးကြီးတဲ့ဝန်ကြီးနေရာတွေကို စစ်တပ်ကိုထာဝရယူထားခွင့် ပြုမယ်လို့ အာမခံတဲ့သဘော ဖြစ်နေပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံတို့ရဲ့ ဟိုဘက်မှာ လူတချို့ အမတ်ဖြစ်လာမယ်ဆိုတာလောက်ကလွဲလို့ သူတို့ဟာ ဘာမှဝမ်းပါးလောက်အောင် ထောက်မပြနိုင်ကြပါဘူး။ စစ်တပ်ကိုယ်စား လှယ် ပါဝင်မှုကို (၂၅) ရာခိုင်နှုန်းကနေ တဖြည်းဖြည်းလျော့သွားအောင် လုပ်ယူမယ်လို့တောင် ဘယ်သူမှ မပြောဝံ့ပါဘူး။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ဝမ့်စွေ့” ကြွေးကြော်ဖို့ အမတ်လုပ်ရတာဆိုရင်တော့ သမိုင်းလူပြက်တွေ ဖြစ်ကုန်ပါလိမ့်မယ်။


ကလင်တန်၏ ကမ်းလှမ်းချက် အတိုက်အခံတို့ မနှစ်သက်
Friday, 24 July 2009 20:20 ဇာနည်ဝင်း .စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ ဗုဒ္ဓဟူးနေ့က ပြောဆို ချက်မှာ လုံလောက်သည့် ကမ်းလှမ်းချက် မဟုတ်ဟု အတိုက်အခံတို့က ယူဆနေကြသည်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - Reuters)
“သူ့ကိုသာ လွှတ်ပေးလိုက်ရင် အခွင့်အလမ်းတွေ အများကြီး ပွင့်လာမှာ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံကလည်း မြန်မာပြည်မှာ ရင်းနှီး မြှုပ်နှံတာမျိုး အပြင် မြန်မာပြည်နဲ့ ဆက်ဆံရေးကို တိုးချဲ့ပေးမှာ ဖြစ်ပါတယ်” ဟု အာဆီယံ ဒေသတွင်း အစည်းအဝေးသို့ ရောက်ရှိစဉ် ဟီလာရီ ကလင်တန်က ပြောသည်။

စီးပွားရေး ပိတ်ဆို့မှု တခုတည်းနှင့် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးမှာ အောင်မြင်မည် မဟုတ် ဟူသော အချက်ကို လက်ခံသော်လည်း ဟီလာရီ ကလင်တန်၏ ပြောကြားချက်ကို စိတ်ပျက်မိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ဌာနမှ ကိုမိုးဇော်ဦးက ပြောသည်။

“လွှတ်ရင် ရင်းနှီးမြှုပ်နှံမယ် ဆိုတော့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသလို ဖြစ်နေတယ်။ အပြောင်းအလဲ တခုခုဖြစ်ဖို့ စစ်အစိုးရကို တခုခု လိုက်လျောတာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်ရုံနဲ့ မပြေလည်နိုင်ဘူး။ ထိရောက်တဲ့ ဖိအားတော့ ဆက်ပြီး ပေးထားသင့်တယ်” ဟု ကိုမိုးဇော်ဦးက ဆိုသည်။

ဟီလာရီ ကလင်တန်၏ ပြောဆိုချက်ကို ရန်ကုန်မြို့မှ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်များကလည်း အားရ ကျေနပ်မှု မရှိပေ။ ထိုပြောဆိုချက်မှာ အမေရိကန်ပြည်ထောင်စု၏ မူဝါဒရေးဆိုင်ရာ အားနည်းမှုကို ဖော်ပြနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ယူဆသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့အချက်ကို ဘယ်သွားထားမလဲ။ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအရေးတွေလည်း ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းနိုင်တယ်ဆိုတာကို သူတို့ မသိဘူးလား” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

မြန်မာပြည် အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ခြင်း တခုတည်းနှင့် လုံလောက်ခြင်း မရှိဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ နိုင်ငံခြားရေးရာ ကော်မတီမှ တာဝန်ခံ ကိုမင်းနိုင်ကလည်း ယူဆနေသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ် ဆိုရင်တောင် ဒါက ပထမအဆင့်ပဲ ရှိဦးမယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အကုန် လွတ်ဖို့လိုတယ်။ ဒီမိုကရေစီအရေး နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ အဆင့်တွေကို သွားဖို့ အခြေခံ ဥပဒေကို ပြန်သုံးသပ်ပြီး ပြင်တာတွေ ဆက်လုပ်ဖို့ လိုတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ကိုမင်းနိုင်က ဧရာဝတီကို ပြောသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုများကို ၁၉၈၈ခုနှစ် လူထုဆန္ဒပြပွဲများ အကြမ်းဖက် ချေမှုန်းခံရချိန်မှ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ စသည့် အဖွဲ့အစည်းများကလည်း မြန်မာပြည်သို့ ကူညီမှုများ ရပ်ဆိုင်းခဲ့သည်။

မြန်မာပြည်အား စီးပွားရေး ပိတ်ဆို့မှုကို နိုင်ငံတိုင်းက ထောက်ခံကြခြင်း မရှိပေ။ အနောက် နိုင်ငံတို့၏ မူဝါဒကို ပြန်လည် သုံးသပ်ကြရန် အရှေ့တီမော သမ္မတက အကြိမ်ကြိမ် တိုက်တွန်း ထားသည်။

“သူတို့ခေါင်းဆောင်တွေရဲ့ မကောင်းမှုတွေ အတွက် ပြည်သူ လူထုကိုတော့ ဒဏ်မခတ်သင့်ပါဘူး” ဟု အရှေ့တီမော သမ္မတ မစ္စတာဟော်တာက ဘန်ကောက်မြို့သို့ ယခုနှစ်ဆန်းပိုင်းက ရောက်ရှိစဉ် ပြောကြားခဲ့ဖူးသည်။

စစ်အစိုးရကလည်း စီးပွားရေးပိတ်ဆို့မှုကို အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။

ဤအတောအတွင်း မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ပိတ်ဆို့ သည့် ဥပဒေကို တနှစ် သက်တမ်း ထပ်မံ တိုးရန် အမေရိကန်အောက် လွှတ်တော်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်သည်။

အတိုက်အခံ များကမူ စီးပွားရေးပိတ်ဆို့မှုကို ဒီမိုကရေစီအရေးအတွက် လိုအပ်ချက်တခု အဖြစ် ရှုမြင်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် ပြုလုပ်သည့် အာဆီယံ နှင့် ဆွေးနွေးဖက် နိုင်ငံများ အစည်းအဝေး (ARF) တွင် မြန်မာ့အရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရကို တိုက်တွန်းခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့် အစပိုင်းကာလတွင် နေ့စဉ်ရက်ဆက် ရုံးတင် စစ်ဆေးခဲ့သည်။ ထိုသို့ နေ့စဉ် စစ်ဆေးမှုကြောင့် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သောအမှုကို အာဏာပိုင်တို့က အမြန်ဆုံး အဆုံးသတ်မည် ဟု အများက ယူဆခဲ့ကြသည်။ သို့သော်လည်း တရားရုံးတွင် ကမန်းကတန်း စစ်ဆေးနေသည့် အရှိန်ကို အာဏာပိုင်တို့က လျှော့ချလိုက်သည်။

ဤအတောအတွင်း ဟီလာရီ ကလင်တန် အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်များ တက်ရောက်သည့် ARF အစည်းအဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာ့အရေး ဦးစားပေး ဆွေးနွေးသည့် ARF အစည်းအဝေး ပြီးသည့်ကာလရောက်မှ စီရင်ချက်ချရန် စီစဉ်လိုက်ခြင်းမှာ အာဏာပိုင်တို့၏ ပါးနပ်သည့် ခြေလှမ်းဖြစ်သည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

လွန်ခဲ့သည့် ၆ လက အာရှတိုက်သို့ ဟီလာရီ ကလင်တန် ရောက်ရှိစဉ် မြန်မာပြည်အပေါ် ထားရှိသည့် မူဝါဒကို ပြန်လည် သုံးသပ်မည်ဟု ကြေညာခဲ့သဖြင့် မည်သို့ မည်ပုံ ပြောင်းလဲမည်ကို အကဲခတ်များက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။

ပြီးခဲ့သည့် အပတ်က ARF အစည်းအဝေး တက်ရောက်ရန် ဝါရှင်တန်မှ ထွက်ခွာစဉ် မြန်မာ့အရေး အတွက် မူဝါဒသစ် မရှိဘဲ ဟီလာရီ ကလင်တန် အာရှတိုက်သို့သွားပြီဟု Washington Post သတင်းစာက ရေးသားခဲ့သည်။

ARF အစည်းအဝေးရောက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလျှင် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမည်ဟု တစိုက်မတ်မတ် ကိုင်စွဲလာသည့် စီးပွားရေး ပိတ်ဆို့မှု အရေးယူခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ကမ်းလှမ်းမှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မူဝါဒ ပြင်ဆင်တာကတော့ သူတို့ သဘောပဲ။ မြန်မာပြည်အတွက် အကျိုးရှိပြီး ပြည့်စုံတဲ့ မူဝါဒမျိုး ဖြစ်ရင်တော့ ကောင်းတာပေါ့” ဟု ဗကသ နိုင်ငံခြားရေးရာ ကော်မတီမှ ကိုမင်းနိုင်က ပြောသည်။

ဧရာဝတီ
Search Move Close
အင်္ဂလိပ်ပိုင်းသို့ | Download Zawgyi Font ..ပင်မစာမျက်နှာသတင်းဆောင်းပါးအာဘော်
အယ်ဒီတာ့အာဘော်သူ့အတွေး သူ့အမြင်အင်တာဗျူးထွေရာလေးပါးစာအုပ်စင်ကဏ္ဍကာတွန်းရုပ်သံကဏ္ဍအထူးကဏ္ဍသောကြာစကားဝိုင်းe-ဂျာနယ်.. Comments (0)
ဒေါ်အောင်ဆန်း စုကြည်လွတ်မြောက်ရေး ဆုတောင်းသူများကို အာဏာပိုင်များက နှောင့်ယှက်
Friday, 24 July 2009 20:11 အေးလဲ့ .ဒေါ်အောင်ဆန်း စုကြည်၏အမှု နှစ်ဘက်အပြီးသတ် လျှောက်လဲ ကြားနာစစ်ဆေးသည့် ယနေ့တွင် အင်းစိန်မြို့နယ် အနီးတဝိုက်၌ လုံခြုံရေး အထူးတင်းကျပ်ထားပြီး သူ လွတ်မြောက် ခွင့်ရရန် မေတ္တာပို့၊ ဆုတောင်း သူများကိုပါ အာဏာပိုင်များက အနှောင့်အယှက်ပြုကြောင်း သိရသည်။

ယနေ့နံနက်က ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ဆုတောင်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များကို အာဏာပိုင်များက အနှောင့် အယှက်ပြုကြောင်း NLD အဖွဲ့ဝင်များက ပြောသည်။

မန္တလေးမြို့ ရှိ NLD လူငယ်တချို့တို့ မဟာမြတ်မုနိဘုရားကြီး ဝန်းအတွင်း ဆုတောင်း မေတ္တာပို့ပြီး အပြန်တွင် NLD လူငယ်တာဝန်ခံ ကိုတိုးကြီးကို ကြံ့ဖွံ့အဖွဲ့က ဝင်ရောက် ရိုက်နှက်ခဲ့သဖြင့် နံရိုးတွင် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ရှိ NLD လူငယ် တာဝန်ခံတဦးက “ကျနော်တို့ အဖွဲ့ဝင် လူငယ်တွေ ဆုတောင်းပြီး အပြန်မှာ ကြံ့ဖွံ့နဲ့ ရဲတွေ အယောက် ၅၀ လောက်က ကျနော်တို့ကိုဝိုင်းထားပြီး ကိုတိုးကြီးကို သူတို့ လေး၊ ငါး ယောက် လောက်က ဝိုင်းထိုးကြတယ်၊ တယောက်က ကန်တယ်” ဟု ပြောသည်။

မန္တလေး အရှေ့တောင်မြို့နယ် NLD ယာယီ ဆက်သွယ်ရေးရုံးတွင်လည်း မြို့နယ် ဥက္ကဌ ဦးကျော်ရွှေ၊ အတွင်းရေမှူး ဦးချစ်ရင် နှင့် မြို့နယ်စည်းရုံးရေးမှူး တို့ကလည်း စုပေါင်းကာ မေတ္တာပို့ခဲ့ကြသည်ဟု ဆိုသည်။

ဒေါ်နော်အုန်းလှအပါအဝင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ဘုရားဝတ်ပြု ဆုတောင်း နေကြ NLD အဖွဲ့ဝင် တချို့တို့သည်လည်း ယနေ့ နံနက် ၈ နာရီမှ ၉ နာရီ အထိ ရွှေတိဂုံ ဘုရားပေါ်ရှိ အဂါင်္ထောင့်၌ ပဌာန်း ရွတ်ဖတ် ဆုတောင်း မေတ္တာပို့ခဲ့ရာ ၎င်းတို့ မေတ္တာပို့နေချိန်အတွင်း အာဏာပိုင် များက စောင့်ကြည့်နေခဲ့ပြီး အပြန်လမ်းတွင် ၎င်းတို့ စီးနင်း ခဲ့သည့် လိုင်းကားကို အာဏာပိုင်များက ၃ နာရီခန့်ကြာအောင် ခေတ္တ ခေါ်ယူ ထိန်းသိမ်းခဲ့ကြောင်း သိရ သည်။

ရန်ကုန် NLD လူငယ်တဦးက “ကျနော်တို့ ရွှေတိဂုံဘုရားက အပြန် အာဇာနည် ကုန်းဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တဲ့ အင်းစိန်ထောင်ဘက် သွားဖို့ဆင်းလာတယ်။ အာဏာပိုင်တွေက ကျနော်တို့ နောက်ကို တောက်လျှောက်လိုက်လာပြီး ဘုရင့်နောင်လမ်းရောက်တော့ ကျနော်တို့ စီးလာတဲ့ အင်းစိန် လိုင်းကားကို ခရီးသည်တွေကော အားလုံး၊ ချောဆွဲသလို ဘုရင့်နောင် ရဲစခန်းကို မောင်းသွား တယ်” ဟု ပြောသည်။

ယင်းလိုင်းကားပေါ်မှ ဒေါ်နော်အုန်းလှ အပါအဝင် NLD အဖွဲ့ဝင် ၁၀ ဦးကို ကိုယ်ရေးရာဇဝင်များ တောင်းယူကာ ၎င်းတို့ သွားနေသည့် ခရီးစဉ်များကို စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်လိုက်သည် ဟုသိရသည်။

အလားတူပင် မိထ္ထီလာ၊ တွံတေး၊ ခရမ်း၊ သုံးခွ၊ မြင်းခြံ အစရှိသည့် မြို့နယ်များမှ NLD အဖွဲ့ဝင်များ တို့ကလည်း ဝတ်ပြု ဆုတောင်း ခဲ့ကြကြောင်း သိရသည်။

ယနေ့နံနက်က အင်းစိန်ထောင် အနီးအနား ပတ်ဝန်းကျင်တွင် လုံထိန်းရဲအင်အား ရာပေါင်းများစွာနှင့် စွမ်းအားရှင် ရာပေါင်းများစွာကို တိုးမြှင့်ချထားသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံအားပေးသူ ၂၀၀ ကျော်ခန့်သည် အင်းစိန်ထောင်အနီးရှိ ထိပ်တန်းအပေါင်ဆိုင်အနီးတွင် စုရုံးခဲ့ကြသည်။

ယနေ့ ချထားသော လုံခြုံရေးအင်အားသည် ဒေါ်အောင်ဆန်းစုကြည် အမှု စစ်ဆေးသည့် တလျှောက်လုံးတွင် အများဆုံးချထားသည့် အင်အားဟုဆိုနိုင်ပြီး အထူးသဖြင့် စွမ်းအားရှင်အရေအတွက် သိသိသာသာ တိုးမြှင့် ထားသည်ဟု မျက်မြင်သွားရောက် ကြည့်ရှုသူတဦးက ပြောကြားသည်။

ရန်ကုန်အခြေစိုက် အလွတ်သတင်းထောက်တဦးက “လုံထိန်းရဲတွေလည်း တအားများတယ်။ အင်းစိန်ပန်းခြံ နားက မြို့နယ် ကျန်းမာရေး ဦးစီးဌာန ရုံးရှေ့မှာ လုံထိန်းရဲကား ၆ စီး၊ အင်းစိန်ဈေးရှေ့ လှိုင်မြစ်လမ်းမကြီး ပေါ်မှာ ၁၅ စီးလောက် ရှိတယ်။ အချုပ်ကားလည်းပါတယ်။ ဒိုင်နာတွေ၊ ဘီအမ်တွေလည်း တော်တော်များ တယ်။ အင်းစိန်မီးရထားဝန်းထဲမှာလည်း ရပ်ထားတဲ့ လုံထိန်းကားတွေ၊ အရပ်ဝတ်ရော၊ယူနီဖောင်းဝတ်ရဲရော အင်အား အပြည့်ပဲ” ဟု ဆိုသည်

လုံခြုံရေးအင်အားတိုးမြှင့်သည့်အပြင် အင်းစိန်ထောင်နှင့် ဈေးအနီး သွားရောက်မည့် သူများကို အင်းစိန် ခုံးကျော်တံတားထိပ်တွင် ယူနီဖောင်းဝတ်ရဲများချပြီး စစ်ဆေးနေသည်ဟုလည်း သိရှိရသည်။

ထို့ပြင် NLD အဖွဲ့ချူပ်ရုံး တည်ရှိရာ ရွှေဂုံတိုင်အနီးတဝိုက်တွင်လည်း လုံထိန်းအင်အားများ တိုးချဲ့ချထားပြီး ရွှေဂုံတိုင်မီပွိုင့် နှင့် ရွှေဂုံတိုင်ဆက်သွယ်ရေးစခန်း အနီးတွင် လုံထိန်းရဲကား ဆယ်စီးခန့်ရပ်တန့်ကာ လုံခြုံရေးယူထားသည်ကို တွေ့ရှိရသည်။

အင်းစိန်ထောင်အနီးရှိ လမ်းသွယ်နှင့် လမ်းမများအားလုံးကိုလည်း ပိတ်ထားပြီး အရပ်ဝတ်ရဲများနှင့် စွမ်းအားရှင်များ စခန်းချရာ အင်းစိန်မြို့မဈေး အပေါ်ထပ်တွင် ၀ါးရင်းတုတ်များ သိမ်းဆည်းထား သည်ကိုလည်း တွေ့ရှိရကြောင်း အင်းစိန်ဈေးသား တဦးကပြောသည်။

စွမ်းအားရှင်များသည် စက်မှုဇုန်ထုတ် လိုက်ထရပ်ကားများ၊ ဘီအမ်ကားကြီးများနှင့် လာရောက်ခြင်းဖြစ်ပြီး မှော်ဘီ၊ ထောက်ကြံ့နှင့် မြို့စွန်ဒေသများမှ ခေါ်ယူထားသူများဖြစ်သည်ဟုလည်း သိရှိရသည်။

အင်းစိန်ထောင်အနီး လှိုင်မြစ်လမ်းမကြီး ပေါ်တွင် သံဆူးကြိုးဘယ်ရီယာများချထားပြီး လုံထိန်းရဲအများစု သည် လက်နက်အပြည့်အစုံ ကိုင်ဆောင်သူ အရေအတွက် က ပိုမိုများပြားကြောင်း သိရသည်။

ဤသတင်းအား ဧရာဝတီသတင်းထောက် အောင်သက်ဝိုင်း ပါဝင်ရေးသားသည်။


နာဂစ် ဒုက္ခသည်များ ရိက္ခာအတွက် စိုးရိမ်နေကြ
Friday, 24 July 2009 17:47 ရန်ပိုင် .ဧရာဝတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ နာဂစ်မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များက ပြည်ပ အကူအညီပေးရေးအဖွဲ့ INGO များ ပြန်လည် ထွက်ခွာသွားလျှင် ၎င်းတို့ စားရေ ရိက္ခာ အခက်အခဲ ဖြစ်မည်ကို စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။

“နိုင်ငံခြား အကူအညီအဖွဲ့တွေ ပြန်သွားရင်တော့ မုန်တိုင်းဒုက္ခသည်တွေ စားရေရိက္ခာ အခက်ခဲဖြစ်လာနိုင်တယ်” ဟု လပွတ္တာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မုန်တိုင်းဒုက္ခသည်များကူညီကယ်ဆယ်ရေးကော်မတီမှ ဒေါက်တာ အေးကြူ က ပြောသည်။

ယင်း မုန်တိုင်း ဒဏ်သင့် လပွတ္တာမြို့တွင် လက်ရှိ နိုင်ငံခြား အကူအညီပေးရေးလုပ်သား အနည်းငယ်သာ ကျန်ရှိ နေပြီး ယခုအချိန်အထိ နောက်ထပ် တဦးတလေမျှ ရောက်ရှိ မလာသေးကြောင်း၊ ဤ ဒေသများသည် မုန်တိုင်း ဒဏ်ကို အဆိုးဝါးဆုံးခံ ရသော ဒေသများဖြစ်ကြောင်း ၄င်းကပြောသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်မှာ ၁ နှစ်ကျော်လာခဲ့သော်လည်း ဒေသခံ အများစုသည် ဘ၀ရပ်တည်မှုအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲ ဖြစ်သည်ဟုသိရသည်။

“တချို့လည်း မြစ်ချောင်းထဲမှာ ငါးရှာ၊ ဖားရှာပေါ့၊ တချို့လည်းမနက်ဆို ငွေလိုက်ချေးနေတာကို တွေ့မြင်ရတယ်” ဟု ဒေါက်တာအေးကြူ ကပြောသည်။

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်( WFP ) ၏ အစီရင်ခံစာအရ ဖေဖော်ဝါရီလ အတွင်းတွင် လပ္ပတ္တာ နှင့် ဘိုကလေးမြို့နယ်များ၌ ကောက်ခံခဲ့သော စစ်တမ်း၌ လူဦးရေ၏ ၅၁ ရာခိုင်နှုန်းသည် အကူအညီပေးရေး အဖွဲ့ များကို မှီခိုနေရဆဲဖြစ်ပြီး၊ ၂၅ ရာခိုင်နှုန်းသာလျှင် စီးပွားရေးပြန်လည် ထူထောင်နိုင်သည်ဟုဖော်ပြထားကြောင်း လူဦးရေ ၏ ၈၅ ရာခိုင်နှုန်းသည် ဆန်ကို အကြွေးဖြင့်ဝယ်စားနေရကြောင်း သိရသည်။

စစ်အစိုးရ က ကုလသမဂ္ဂအဖွဲ့အစည်းများ နှင့်ပြည်ပအကူအညီပေးရေး အဖွဲ့များထက် ပြည်တွင်း NGO အလုပ်သမား များ ကို ငှားရမ်းအသုံးပြု လိုသောကြောင့် ပြည်ပအကူအညီပေးရေး အဖွဲ့များစွာ ပြန်လည် ထွက်ခွာသွားကြောင်းလည်း သိရသည်၊၊

“ပြည်ပNGO အဖွဲ့တွေ တော့ တဖြည်းဖြည်းနဲ့ ပြန်ထွက်သွားနေကြတာပဲ၊ အသစ်ပြန်လာတဲ့ သူကသိပ်မရှိ တော့ဘူး၊ တကယ်တမ်းလုပ်ငန်း တွေကလည်း ဘာမှမပြီးသေးဘူး၊ NGO အဖွဲ့တွေသာ ထွက်သွားရင် သိပ် မလွယ်ဘူး၊ အင်ဒိုနီးရှား အာချေးပြည်နယ် အခြေအနေနဲ့ အရမ်းကွာတယ်”ဟု ဒေါက်တာအေးကြူ က ပြော သည်။

နာဂစ်မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များက ပြည်ပ အကူအညီပေးရေးအဖွဲ့များ ပြန်လည်ထွက်ခွာသွားလျှင် သူတို့၏ စားဝတ်နေရေးအတွက် စိုးရိမ်နေသကဲ့သို့ ၊ အစိုးရကလည်း အကူအညီပေးရေးအဖွဲ့များ ထွက်ခွာ သွားလျှင် ၄င်းတို့နှင့်အတူ မုန်တိုင်းသင့်ဒေသမှ သတင်းများပါသွားမည်ကို စိုးရိမ်နေသည်ဟု သိရသည်။

ပြည်ပအကူအညီပေးရေး အဖွဲ့ ၂၀၀ ခန့်သည် ပြည်ဝင်ခွင့်ဗီဇာ အခက်အခဲကြောင့် ကြန့်ကြာနေသည် ဟု ကုလသမဂ္ဂ ၊ မြန်မာစစ်အစိုးရနှင့် အာဆီယံအသင်းတို့ ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့( TCG ) မှ အဆင့်မြင့် အရာရှိတဦး ကပြောကြားခဲ့သည်။

ယခုကဲ့သို့ ဗီဇာကန့်သတ်ရခြင်းမှာ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ရုံးတင် တရားစွဲဆိုခြင်းနှင့် သူမအပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ထိုင်းနိုင်ငံမှ တောင်းဆို ဝေဖန် ခဲ့သောကြောင့် စစ်အစိုးရ ၏ တုံ့ပြန်မှု ဖြစ်နိုင်သည်ဟု TCG အဖွဲ့ နှင့်နီးစပ် သော သတင်းများအရ သိရသည်။

မုန်တိုင်းသင့် ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သုံးနှစ်ကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဒေါ်လာ သန်း ၇၀၀ နီးပါး လိုအပ်မည်ဟု သုံးပွင့်ဆိုင်အဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလဆန်းက ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသများ တွင် တိုက်ခတ်ခဲ့ သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ တစ်သိန်းလေးသောင်းခန့် သေကျေပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။

DKBA ကြောင့် ကရင်ဒုက္ခသည်များ ထိုင်းသို့ ထပ်မံထွက်ပြေးလာ
Friday, 24 July 2009 17:04 သန်းထိုက်ဦး .ကရင်ပြည်နယ် ဘားအံ ခရိုင်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ကရင်ရွာသားများသည် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) က တပ်သားသစ် စုဆောင်းမှုကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးနေကြရ သည် ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောဆိုသည်။

Thailand Burma Border Consortium (TBBC)အဖွဲ့၏ ယမန်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ချက်၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယမ်းမြို့နယ် ဘက်သို့ ထွက်ပြေးလာသူပေါင်း ၂၀၀ ရှိသည်ဟု အဆိုပါကြေညာချက်တွင် ရေးသားထားသည်။

“DKBA တပ်များက တပ်သားသစ် စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေကြေးရိက္ခာ တောင်းခံခြင်းများ ပြုလုပ်နေသော သ တင်းများ ရရှိနေသည်” ဟု ထိုင်း မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)၏ ယမန် နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ အူးသူထ ဒုက္ခသည်စခန်းသို့ စုစုပေါင်း လူဦးရေ ၅၁၇ ဦး ထပ်မံ ရောက်ရှိလာကြောင်း လယ်ပေါ်ဟဲ စခန်း ဥက္ကဌ စောတာစူးညားက ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးလာသော ကရင်ရွာသား အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မဲ့လာအားခီး၊ ၀ါးမီးကလာနှင့် ကျော်ကေးထကျေးရွာဒေသခံများဖြစ်ပြီး အိမ်ထောင်စု ၈၀ ခန့် ရှိကြောင်း ၎င်း စောတာစူးညားက ဆိုသည်။

ယင်း ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန် လဆန်းပိုင်းမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် နေရာ များလည်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစုပေါင်း ၄၀၀၀ ကျော်သည် မဲ့သဝေါနှင့် မဲ့သလေ မြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

KNLA တပ်မဟာ (၇) နယ်မြေအတွင်းရှိ စခန်းများကျဆုံးပြီးနောက်တွင် DKBA နှင့်မြန်မာစစ်တပ်သည် KNLA တပ်မဟာ (၅) နှင့် KNLA တပ်မဟာ (၆) ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် အာရုံစိုက်လာသည်ဟုလည်း ထိုင်း-မြန်မာ နယ်စပ် မှလာသော သတင်းများနှင့် လေ့လာသူများ၏ အဆိုအရ သိရသည်။

မြန်မာစစ်အစိုးရသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းမြန်မာနယ်စပ် တလျှောက်တွင်ရှိသော KNU လက် အောက်ခံ KNLA ထိန်းချုပ်ရာဒေသများကို အပြီးသတ်ရှင်းလင်းတိုက်ခိုက်ရန် ရည်ရွယ် ထားကြောင်း သိရသည်။

ထိုသို့ အပြီးသတ်ရှင်းလင်းခြင်းမှာ မြန်မာစစ်အစိုးရက တပ်ရင်းတရင်းတွင် တပ်ဖွဲ့ဝင် ၃၂၆ ဦးပါဝင်သည့် နယ်ခြားစောင့် တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက်ဖြစ်ပြီး လက်ရှိတွင် DKBA က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် တပ်ဖွဲ့ဝင်အသစ်များ ကို အဓမ္မ စုဆောင်းမှုများပြုလုပ်နေ ကြောင်း သိရသည်။

ထို့အပြင် ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် မြန်မာ စစ်အစိုးရထံသို့ KNLA တပ်မဟာ ( ၆ ) တပ်ရင်း (၁၈ )မှ တပ်ခွဲ မှူး ဗိုလ်မှူး ၊ ဗိုလ်ကြီး အဆင့်ရှိ စောလေးကယ် အပါဝင် စုစုပေါင်း ၂၂ ဦး လက်နက်ငယ် ၈ လက်၊ ခဲယမ်း မျိုးစုံနှင့် အတူ လက်နက် စွန့်လွှတ်ပြီး ဥပဒေ ဘောင်အတွင်း ၀င်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက် နှင့် ပတ်သက်၍ KNU တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေကမူ ၎င်း၏ သက်ဆိုင်ရာ တာဝန် ရှိသူများကို လိုက်လံမေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ လက်နက်ချသည့် ဖြစ်စဉ် တစုံတရာ မရှိခဲ့ကြောင်း လုပ်ကြံဖန်တီးထား သည့် သတင်း ဖြစ်သည်ဟု အကြောင်းပြန်ကြားခဲ့သည်ဟု ပြောသည်။

“သူတို့ဘက်မှာလည်း လက်နက်ချတာတွေ ရှိတယ်ဆိုတဲ့အကြောင်းကို သူတို့ဖန်တီး လုပ်ယူတာဖြစ်တယ်”ဟု ၎င်း က ဆိုသည်။

နအဖ ထံသို့ သွားရောက်ပူးပေါင်းသူများသည် တဘက်နိုင်ငံ မယ်လ ဒုက္ခသည်စခန်း၌ နေထိုင်ကြသူများဖြစ်ကြောင်း ၎င်း တို့သည် ပြည်ပ အထောက်အပံ့များကိုယူ၍ အဆင်ပြေပြေနေထိုင်လျက်ရှိသော်လည်း လက်အောက်ခံတပ်ဖွဲ့ဝင်များမှာ ကိုယ့်ရိက္ခာ ကိုယ်ရှာဖွေ စားသောက်နေရပြီး အခက်အခဲများရှိသောကြောင့် ယခုကဲ့သို့ ဥပဒေဘောင် အတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်းလည်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြပါရှိသည်။

ဒေါ်စုအမှု နှစ်ဖက်အခွင့်အရေး တန်းတူမရခဲ့

24 July 2009

ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ အကျဉ်းထောင်ထဲက တံခါးပိတ်တရားခွင်မှာ သူ့ရဲ့ ရှေ့နေတွေက ဒီကနေ့ အပြီးသတ် လျှောက်လဲတဲ့ နေရာမှာ ဥပဒေကြောင်းအရ ခုခံချေပခွင့် ပြည့်ပြည့်၀၀ မရခဲ့တာတွေကိုပါ အလေးထား တင်ပြခဲ့ကြပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ဒီအမှုနဲ့ ပတ်သက်လို့ ကျေနပ်မှုမရှိတဲ့အကြောင်း ပြောခဲ့တာပါ။ ကြားနာစစ်ဆေးမှုတွေ လုပ်နေတဲ့ ရန်ကုန် အင်းစိန်အကျဉ်းထောင် တ၀ိုက်မှာတော့ လုံခြုံရေးတွေ ထူထူထဲထဲ ချထားတဲ့ကြားက ရာနဲ့ချီတဲ့ သူ့ကို အားပေးထောက်ခံသူတွေလည်း ဒီကနေ့ စုဝေးရောက်ရှိလာကြတာပါ။ တရားခွင် နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။
နေအိမ်အကျယ်ချုပ် အမိန့်ကို ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုတာတွေ ရင်ဆိုင်နေရတဲ့ အမှုအတွက် နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းကြဖို့ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် အတွက် ခုခံချေပသူတွေ ဖက်ကသာ လျှောက်လဲဖို့ အချိန်ရခဲ့တာပါ။ မွန်းလွဲပိုင်းက စတင်တဲ့ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးကြည်ဝင်း ရဲ့ လျှောက်လဲချက်တွေကို တရားခွင်က ကြားနာအပြီး တရားလိုအဖြစ် စွပ်စွဲထားသူတွေဖက်က အပြီးသတ် လျှောက်လဲဖို့ကိုတော့ ရှေ့တပတ် တနင်္လာနေ့ မနက်ကို ပြန်ပြီး ချိန်းဆိုလိုက်တာလို့ အင်းစိန် ထောင်တွင်း တရားခွင်ကို ရောက်သွားတဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

“ဦးကြည်ဝင်း လျှောက်လဲချက်ပေးတော့ ၄ နာရီ ထိုးပြီးသွားပြီ။ စတာက ၂ နာရိကိုး။ အဲဒီတော့ ၄ နာရီခွဲ ဆိုတော့ ရုံးချိန်ကုန်သွားလို့ ဆိုပြီးတော့ ၂၇ ရက်နေ့ ၁၀ နာရီကို ပြန်ချိန်းလိုက်တယ်။ နောက်ပြီးတော့ ဟိုဘက်က ၂၇ ရက်နေ့ကျမှ ပေးကြမှာပေါ့။”

ဒီလို လျှောက်လဲတဲ့ နေရာမှာတော့ နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံဝန်း အတွင်းကို တိတ်တဆိတ် ရေကူးဝင်ရောက်လာတဲ့ အမေရိကန် နိုင်ငံသားတဦးကို လက်ခံထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆို အပြစ်ပေးဖို့ လုပ်ဆောင်နေတာတွေကို သူ့ရဲ့ ရှေ့နေတွေက ခုခံချေပခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုပဲ လျှောက်လဲချက် တင်သွင်းတဲ့ နေရာမှာ တရားရုံးတင် စစ်ဆေးမှု ကာလတလျှောက် ဒေါ်အောင်ဆန်းစုကြည် ဖက်က ဥပဒေကြောင်းအရ ခုခံချေပနိုင်ခွင့်တွေ ပြည့်ပြည့်၀၀ မရနိုင်တာတွေကို ရှေ့နေတွေက လျှောက်လဲခဲ့သလိုပဲ၊ အခုနောက်ဆုံး လျှောက်လဲချက်တွေ အပြီးမသတ်နိုင်တာတွေနဲ့ ပတ်သက်လို့ ကျေနပ်မှု မရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မှတ်ချက်ပေး ပြောဆိုခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

“တရားခွင်မှာပြောတာကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည် အတွက် ရှေ့နေက လျှောက်လဲချက် ပေးပြီးသွားပြီ။ ကျန်တဲ့ဟာတွေက တနင်္လာနေ့ကို ချိန်းထားတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုဟာမျိုးဟာ တနေ့တရက်တည်းမှာ ပြီးစီးအောင် လုပ်ရတယ်၊ ဒီလိုချိန်းဖို့ ဖြစ်နေတဲ့ အခြေအနေကို သူ လုံးဝ မကျေနပ်ဘူး လို့တော့ ပြောသွားပါတယ်။ နည်းလမ်းတကျ မဟုတ်တာတွေကို ဒီနေ့ လျှောက်လဲချက်ထဲမှာလည်း ကျနော်တို့ ထည့်ပြောပါတယ်။ တချို့ မိတ္တူတွေ ကူးတာ အချိန်မှီမရဘူး။ အချိန်တွေ ရွှေ့တယ်။ နောက်ပြီးတော့ ကျနော်တို့ ရှေ့ပိုင်းမှာတုန်းက ရှေ့နေနဲ့ အမှုသည်က လွတ်လွတ်လပ်လပ် စကားပြောခွင့် မရခဲ့ဘူး။ ပြီးတော့ အခုထိ Public Hearing မရဘူး။”

အစောပိုင်းမှာ တုန်းကလည်းပဲ တရားလိုအဖြစ် တရားစွဲဆိုခဲ့တဲ့ အာဏာပိုင်တွေဖက်က သက်သေတွေ ၁၄ ဦးအထိ တင်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေ ဖက်ကတော့ သက်သေအဖြစ် ၄ ဦး တင်သွင်းထားတဲ့ နေရာမှာ ၂ ဦးသာ ထွက်ဆိုခွင့် ရခဲ့တာပါ။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းတင် တို့ကိုတော့ တရားရုံး အဆင့်ဆင့် အထိ တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရတာမို့ ဒါဟာ မျှတမှု မရှိဘူးလို့ ရှေ့နေတွေက ပြောဆိုထားကြတာပါ။ အပြီးသတ် လျှောက်လဲချက်တွေ ပေးရမယ့်နေ့ ထောင်တွင်း တရားခွင်ကိုတော့ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမဏီ နဲ့ နော်ဝေး နိုင်ငံက သံတမန်တွေကို တက်ရောက် အကဲခတ်ခွင့် ပြုခဲ့ပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့အမှု အဆုံးသတ် လာတော့မယ့် အချိန်ကလည်း နီးလာတာမို့ တံခါးပိတ်ကြားနာမှုတွေ လုပ်နေတဲ့ ရန်ကုန်အင်းစိန်ထောင် အနီးအနားကို သူ့ကို အားပေးထောက်ခံသူ အများအပြားလည်း အကဲခတ်ဖို့ ရောက်လာကြပါတယ်။ ထောင်အနီးအနား ရောက်သွားသူတွေထဲက ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးခင်မောင်ရှိန် ကတော့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတာတွေ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံသူတွေ ရာနဲ့ချီပြီး ရောက်လာကြတာလို့ ပြောပါတယ်။

“ဒီမှာမြင်ရတဲ့ မြင်ကွင်းကတော့ စုစုပေါင်း လူ ၁,၀၀၀ လောက်ရှိမယ်။ ပျမ်းမျှပြောရရင်တော့ ၆၀/၄၀ လောက်ရှိမယ်။ ၆၀ % ကတော့ pro (ထောက်ခံသူ) ပေါ့။ ကျန်တာ ၄၀ % ကတော့ တဖက်ကပေါ့။ လုံခြုံရေး အနေနဲ့ကတော့ ကားတွေ အတော်များတယ်။ လုံခြုံရေးကားတွေ။ အင်းစိန်ဈေးလမ်းမကြီး ရဲ့ ဈေးဘက်ခြမ်းမှာ၊ နောက်တခါ ဒီဘက်မှာ ပရိသတ်တွေ ရှိနေတဲ့ဘက်မှာလည်း ကား ၄ စီးလောက် ရှိတယ်။ ဒီမှာ လမ်းသွယ်တွေ အားလုံးထိပ်မှာ အကုန်လုံးကို လုံခြုံရေး ချထားတယ်။ သံဆူးကြိုးတွေလည်း ရှိတယ်။ အထူးသဖြင့် အနီးအနား ဆေးရုံထဲမှာ လုံခြုံရေးတွေ ချပြီးတော့ ဌာနချုပ်သဘောမျိုး လုပ်ထားတယ်။ အားပေးထောက်ခံတဲ့သူ အနေနဲ့ကတော့ မြို့နယ်တွေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ လာတယ်။ နောက်ပြီးတော့ ဒီမှာ အဖွဲ့ချုပ် လူငယ်တွေ လာတယ်လေ။ နယ်တွေကပါ လာတယ်။ အဲဒါတွေ တွေ့ရတယ်။”

ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ကာနီးမှ ဥပဒေ ချိုးဖောက်တယ်လို့ဆိုပြီး တရားစွဲဆိုတာတွေ လုပ်နေတာကြောင့်လည်း ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အာဏာပိုင်တွေဖက်က ဆောင်ရွက်မှု တခုအဖြစ် သံသယတွေလည်း ထွက်ပေါ်ခဲ့တာပါ။ အထူးသဖြင့်ကတော့ ရှေ့နှစ် ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရက ကမကထလုပ် ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ မပါဝင်နိုင်အောင် ရည်ရွယ်နေတာလို့ ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ မဖော်ဆောင်နိုင်ဘဲ ဒီလိုရွေးကောက်ပွဲတွေ လုပ်ဖို့ စီစဉ်နေတာကို ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်းအ၀န်းက ပြောသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကတော့

သူ့ရဲ့ သဘောထားကို မနေ့တုန်းက ရှေ့နေတွေနဲ့ တွေ့တုန်းကပဲ ပြောထားတယ်လို့လည်း ဦးဉာဏ်ဝင်း က ဆိုပါတယ်။

“မနေ့က ကျနော့်ကို ပြောပါတယ်။ ကျနော်တို့ အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အမျိုးသား ရင်ကြားစေ့ရေးကို မလုပ်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်သွားမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ တရားဝင်မှု မရှိဘူး။ တန်ဖိုး မရှိဘူးလို့ ကုလသမဂ္ဂက ကြေညာသင့်တယ်လို့ ကျနော့်ကို ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ အစိုးရနဲ့ အတိုက်အခံကြား ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့နဲ့ အစိုးရက ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက လက်ခံနိုင်မယ့် အခြေအနေတွေ ဖြစ်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း ကတော့ ဒီလဆန်းပိုင်းတုန်းကပဲ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တာပါ။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တပတ်ထဲတုန်းက လုံခြုံရေးကောင်စီကို အစီရင်ခံတဲ့ နေရာမှာတော့ လက်ရှိ အခြေအနေမှာ၊ မြန်မာပြည်သူတွေ မျှော်လင့်နေတာတွေ လိုအပ်နေတာတွေနဲ့ နိုင်ငံတကာက စိုးရိမ်ပူပမ်မှုတွေနဲ့ ပတ်သက်လို့ လျစ်လျူရှုထားမလား၊ တိုင်းပြည်အကျိုး ရှေ့ရှုပြီး မြန်မာစစ်အစိုးရအနေနဲ့ အကောင်းဆုံး တုံ့ပြန်ဆောင်ရွက် သွားမလား ဆိုတာတွေကို ကမ္ဘာက စောင့်ကြည့်နေပါတယ် ဆိုပြီးတော့ အတွင်းရေးမှူးချုပ်က စစ်အစိုးရအပေါ် သတိပေး ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။


ဒေါ်စုလွတ်မြောက်ရေး ၀တ်ပြုပွဲများ နှောက်ယှက်ခံရ

24 July 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို နောက်ဆုံးလျှောက်လဲ ကြားနာမယ့် ဒီကနေ့မှာ မြန်မာပြည်တ၀ှမ်းမှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆုတောင်းပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ ဒီလို ဆုတောင်းပွဲတွေ ကျင်းပရတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ တိုင်းရင်းသားလူမျိုးစုတွေ ယုံကြည်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ်နိုင်ငံရေးမှာ ပါဝင်ဖို့ လိုအပ်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတွက် အနည်းဆုံး မြို့ကြီး ၂၀လောက်မှာ ဆုတောင်းပွဲတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ရေနံချောင်းမြို့က ဒီကနေ့ လှုပ်ရှားမှုကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်စည်း ကိုတင့်လွင် က အခုလိုပြောပါတယ်။

“ကျနော်တို့ မနက်က ၈ နာရီ ၁၅ မိနစ်မှာ ရေနံချောင်းမြို့မှာ ရှိတဲ့ လာဘမုနိ မြတ်စွာဘုရားမှာ ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်တယ်။ သပြေပန်းက ၆၅ ခက်၊ ဖယောင်းတိုင် ၆၅ တိုင်၊ နံသာတိုင် ၆၅ တိုင် လှုဒါန်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ဆုတောင်းခဲ့ပါတယ်။ မေတ္တာသုတ် ရွတ်တယ်။ မောရသုတ် ရွတ်တယ်။ ပဌာန်း၂၄ ပစ္စည်းကို ရွတ်ဖတ်ပူဇော်တယ်ပေါ့။ သုံးကြိမ် ရွတ်ဖတ်ပူဇော်တယ်တယ်။”

ရေနံချောင်းမြို့က တန်ခိုးကြီးဘုရား တော်တော်များများကို အာဏာပိုင်တွေက သော့ခတ်ထားပြီး ရဲနဲ့ ကြံ့ခိုင်ရေး အဖွဲ့ဝင်တွေက စောင့်ကြပ်နေတယ်။ ဒါကြောင့် အစောင့်မရှိတဲ့ဘုရားကို သွားရောက်ခဲ့တာမို့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

ဒီလိုဆုတောင်းရတာဟာ အနာဂတ်မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဖို့ လိုအပ်နေတယ်လို့ ယုံကြည်နေတာကြောင့် ဖြစ်တယ်လို့ ကိုတင့်လွင့်က ဆက်ပြောပါတယ်။

“ကျနော်တို့ အလုပ်လုပ်နေတာကတော့ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း မဟုတ်ဘူး။ အဲန်အယ်လ်ဒီ အတွက်ရယ်လို့ မဟုတ်ဘူး။ ပြည်သူတွေအတွက် လုပ်နေတာ။ မြန်မာနိုင်ငံမှာ တကယ်တန်းဖြစ်နေတာက ပြည်တွင်းစစ်ပေါ့။ ပြည်တွင်းစစ်ဆိုတဲ့ နာတာရှည်ရောဂါကြီးကို ကုစားဖို့ရာ တိုင်းရင်းသားအများစုက လက်ခံယုံကြည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ပါဝင်မှပဲ ဒီပြည်တွင်းငြိမ်းချမ်းရေး ဆိုတာ ရရှိလာမယ်။ တချိန်ကလည်း ဗိုလ်ချုပ် ကျဆုံးသွားခဲ့လို့ မြန်မာနိုင်ငံရဲ့ အခြေအနေက အခုလိုမျိုးဖြစ်လာခဲ့တာ။ အနာဂတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ရှိရင် ဗိုလ်ချုပ် ရှိသကဲ့သို့ပဲ အနာဂတ်ဟာ သာယာဖြောင့်ဖြူးလိမ့်မယ်လို့ လူတိုင်းက လက်ခံယုံကြည်ကြပါတယ်။ အဲဒါကြောင့် အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်မှ သာယာညှင်းပြောင်းတဲ့ ပြောင်းလဲမှုမျိုးတွေ ဖြစ်လာမယ်လို့ ကျနော်တို့က မြင်တယ်ဗျ။ ဒါက လူတိုင်းက လက်ခံယုံကြည်နေပါတယ်။”

ရေနံချောင်းက ဆုတောင်းပွဲကိုတော့ အဲန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ပြည်သူ ၁၁ ယောက် တက်ရောက်ခဲ့ပါတယ်။

မန္တလေးမြို့မှာလည်း ဒီနေ့မနက်က မဟာမုနိဘုရားကြီးမှာ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီဆုတောင်းပွဲကို အဲန်အယ်လ်ဒီနဲ့ ပြည်သူ ၁၀ ယောက်သာ တက်ရောက်ခဲ့ပေမယ့် အာဏာပိုင်တွေဘက်က လူ ၅၀ လောက် စောင့်ကြည့်ပြီး ဓါတ်ပုံရိုက် မှတ်တမ်းယူခဲ့ပါတယ်။

အဲန်အယ်လ်ဒီ ပါတီဝင်တယောက်ကတော့ ဆုတောင်းပွဲကအပြန်မှာ အာဏာပိုင်တွေဖက်ကလို့ ယူဆရသူတွေက သူ့ကို ၀င်ရောက်ထိုးကျိတ်ခဲ့တယ်လို့ ပြောပါတယ်။

“ဘုရားကန်တော့ပြီးလို့ ပြန်လာတဲ့အခါ လူစုလည်းကွဲရော ကျနော့်ကို ၀ိုင်းထိုးတယ်ခင်ဗျ။ သူတို့ထဲက လူပဲဗျ။ တာဝန်ရှိတဲ့လူတွေရဲ့ ရှေ့မှာ ထိုးတာ ကျနော့်ကို။ ဒါ ဥပဒေမဲ့တာပဲလို့ ကျနော်က ပြောလိုက်တာပဲ။ သူတို့ရဲ့ ရှေ့မှာ အထိုးခံရတာ သူတို့ ရဲ့ ၀စိဘတ် ပါတယ်လို့ပဲ ကျနော်ကတော့ ပြောချင်တာပဲ။”

မိုးကုတ်မြို့မှာတော့ သံဃာတော်တွေက ဦးဆောင်ပြီး ဆုတောင်းပွဲ ကျင်းပဖို့ ပြင်ဆင်ပြီးချိန်မှာ လုံခြုံရေး တင်းကျပ်တာကြောင့် လူစုခွဲလိုက်ရတယ်လို့ မိုးကုတ်မြို့သား တယောက်က အခုလို ပြောပါတယ်။

ပထမ သံဃာထဲက ကိုယ်တော်နဲ့ မြို့ထဲကလူတွေ ပေါင်းပြီးတော့ ဘုရားတခုသွားမယ် လုပ်ပြီး ဖြစ်ချင်တော့ ဒီနေ့ မိုးကုတ်ကို ဗိုလ်ချုပ် ခင်မောင်မြင့် ဆိုလား၊ လူကြီးခရီးစဉ် လာတော့ လမ်းတိုင်းလမ်းတိုင်းမှာ ဘုရားတိုင်း ဘုရားတိုင်း မှာ ရဲတပ်ဖွဲ့တွေ လုံခြုံရေးတွေ အများကြီး စောင့်နေတဲ့အခါ ကျတော့ အဲဒါ မလုပ်ဖြစ်လိုက်ဘူး။ အဲဒီဘုန်းကြီးကလည်း သူ့ ဘုန်းကြီးကျောင်းပြန်ပြီးတော့ အဲဒီဘုန်းကြီးကျောင်းမှာပဲ ၀တ်ပြုဆုတောင်း လုပ်လိုက်တယ်။ လူငယ်တွေကလည်း သူငယ်ချင်းတွေ စုပြီး သူတို့အိမ်မှာပဲ လုပ်ဖြစ်လိုက်တာဗျ။”

မြင်းခြံမြို့မှာတော့ အဲန်အယ်လ်ဒီ အဖွဲ့ဝင် ၁၅ ယောက်ဟာ ရှင်ပင် နှစ်ဆူနဲ့ ဆန္ဒတော်ပြည့် စေတီမှာ ဒီမနက်က နှစ်ကြိမ် ဆုတောင်းပွဲ ကျင်းပခဲ့တယ်လို့ အဲန်အယ်ဒီ ပါတီက ဦးလူနီ က ပြောပါတယ်။ ဒီမနက် မြင်းခြံမြို့က ဆုတောင်းပွဲကိုတော့ အနှောက်အယှက် တစုံတရာ မရှိဘဲ အေးအေးချမ်းချမ်းပဲ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေးအခင်းအပြီးမှာ နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရတာ ဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ် သက်တမ်းပြည်ခါနီးမှာ အမေရိကန်နိုင်ငံသား တယောက်က သူမ နေအိမ်အတွင်းကို ရေကူးဝင်ရောက်ခဲ့တာကြောင့် လုံခြုံရေးဥပဒေချိုးဖောက်မှုနဲ့ ရုံးတင် စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။


မြောက်ကိုရီးယားနဲ့ မြန်မာ့အရေး အာဆီယံ အောင်မြင်မှု မရ

24 July 2009


ထိုင်းနိုင်ငံ ဖူးခက် ပင်လယ်အပန်းဖြေ စခန်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများရဲ့ အစည်းအဝေး ပြီးဆုံးသွားပြီး ဒီအစည်းအဝေးကနေ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖြစ်ပေါ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒေသတွင်းရဲ့ အဓိကပြဿနာ ၂ ခုဖြစ်တဲ့ မြန်မာနဲ့ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အောင်မြင်မှု မရှိခဲ့ဘူးလို့ ဗွီအိုအေသတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ထိုင်းနိုင်ငံ ဖူးခက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများရဲ့ ၄ ရက်ကြာ အစည်းအဝေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီအစည်းအဝေးကို တက်ရောက်တဲ့ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒေသတွင်းမှာ အဓိက အရေးပါတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က ပြောပါတယ်။ သဘောတူညီချက်တွေက ပိုမိုထိရောက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ အာဆီယံနဲ့ ဒေသတွင်းမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်တဲ့ အာဆီယံအဖွဲ့ ဖြစ်ပေါ်လာအောင် လုပ်ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်က အခုလို ပြောပါတယ်။

“ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာပါ။ အဲဒီလိုဆိုရင် ဘဏ္ဍာရေးနဲ့ စီးပွားရေး အကျပ်ရိုက်မှု၊ အစားအစာနဲ့ စွမ်းအင် လုံခြုံစိတ်ချရမှုနဲ့ ကပ်ရောဂါ ကိစ္စရပ်တို့လို အရေးကြီးတဲ့ ပြဿနာရပ်တွေကို အာဆီယံအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။”

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု စာချုပ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က လက်မှတ်ထိုးပြီးတဲ့ နောက်မှာတော့ အာဆီယံအဖွဲ့ရဲ့ မိတ်ဆွေနိုင်ငံ အဖြစ်နဲ့ရော အာဆီယံ ဒေသတွင်းမှာ အမေရိကန်နိုင်ငံရဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်တာကို ကြိုဆိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ရဲ့ ပထမဆုံး လူ့အခွင့်အရေးအဖွဲ့ တည်ထောင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီချက်က လူ့အခွင့်အရေး ကိစ္စတွေကို ကာကွယ် အားပေးနိုင်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်စေတယ်လို့ သူက ပြောပါတယ်။
အာဆီယံ လူ့အခွင့်အရေးအဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေးယူနိုင်ဖို့ အာဏာမရှိပါဘူး။ ဒါပေမယ့် အနာဂတ်မှာတော့ အရေးယူ ဆောင်ရွက်နိုင်တဲ့ အနေအထားတွေကို တိုးတက်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အစည်းအဝေးကို တက်ရောက်တဲ့ ၂၇ နိုင်ငံထဲက နိုင်ငံအတော်များများကတော့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံနဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ပြောဆိုခဲ့ကြတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ် (Stephen Smith) က ပြောပါတယ်။

နေအိမ်အကျယ်ချုပ် ချထားတာကို ချိုးဖောက်တယ်ဆိုပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ဖမ်းဆီးထားပြီး အတိုက်အခံ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ထားတာကြောင့် မြန်မာစစ်အစိုးရဟာ နိုင်ငံတကာရဲ့ ဖိအားပေးတာကို ခံနေရပါတယ်။ မြောက်ကိုရီးယား နိုင်ငံကတော့ သူတို့ရဲ့ နျူကလီးယား စီမံကိန်းကို အဆုံးသတ်ဖို့အတွက် ပြောဆိုဆွေးနွေးတာကို လက်မခံဘဲ ငြင်းဆန်နေပါတယ်။

မြန်မာနိုင်ငံရော မြောက်ကိုရီးယား ၂ နိုင်ငံစလုံးက နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုနေကြပေမယ့်လည်း နိုင်ငံခြားရေး ၀န်ကြီးတွေကတော့ ၂ နိုင်ငံစလုံးကို ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ်က ပြောပါတယ်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုတွေက ပြင်းထန်ပြီး ၂ နိုင်ငံစလုံးကို ဖိအားတွေ ပိုပြီးတော့ သက်ရောက်စေပါတယ်။ ၂ နိုင်ငံစလုံးမှာ ကျနော်တို့ အခု တွေ့ချင်တာက ဒီဖိအားပေးမှုတွေကို တုံ့ပြန်သွားဖို့ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ပြီးတော့ မြန်မာအစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း ရွေးကောက်ပွဲ အကောင်အထည်ဖော်မယ့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ပါဝင်ခွင့်ပြုဖို့ ဖြစ်ပါတယ်။”

တရုတ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပြီး မြောက်ကိုရီးယားနိုင်ငံနဲ့ ပြောဆိုဆွေးနွေးနေတဲ့ ၆ နိုင်ငံ ပြောဆိုဆွေးနွေးမှုကို အပြီးသတ် မဖျက်သင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန် ဂျီးချီ (YANG JIECHI) က ပြောပါတယ်။

“ပြောဆိုဆွေးနွေးနေတဲ့ ကိစ္စမှာ အခက်အခဲတွေကို ရင်ဆိုင်နေရပေမယ့်လည်း အချိန်ကာလ အတော်ကြာကတည်းက ကြီးမားတဲ့ တိုးတက်မှုတခု ရခဲ့တယ် ဆိုတာကိုတော့ ဘယ်သူမှ ဥပေက္ခာပြုထားလို့ မရပါဘူး။ အဲဒါကြောင့် မဟာဗျူဟာနဲ့ ရေရှည်အကျိုးစီးပွားကို ကြည့်ပြီးတော့ ၆ နိုင်ငံ ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်စနိုင်ဖို့အတွက် လုပ်ရပါမယ်။ ဒီကိစ္စဟာ အလွန်ကို အရေးပါတဲ့ကိစ္စ ဖြစ်တာကြောင့် တရုတ်နိုင်ငံကတော့ ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကျန်တဲ့ ၅ နိုင်ငံစလုံးနဲ့ အနီးကပ် ဆက်ဆံမှုတွေ ရှိနေပါတယ်။”

ဒီအစည်းအဝေးမှာ တက်ရောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ နျူကလီးယား စီမံကိန်း အဆုံးသတ်ရေး ပြောဆိုဆွေးနွေးမှုဟာ ပြီးဆုံးသွားပြီလို့ ပြောကြားလိုက်ပြီး အမေရိကန် အစိုးရရဲ့ ရန်လိုတဲ့ မူဝါဒတွေအပေါ် ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။


ဗြိတိန် ဝက်တုပ်ကွေး အခြေအနေဆိုး

23 July 2009


ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၀၀,၀၀၀ ရှိခဲ့ပြီး အဲဒီမတိုင်ခင် တပတ်ကထက် ၂ ဆနီးပါး ပိုများတယ်လို့ ဗြိတိန်က ပြောလိုက်ပါတယ်။

ဗိုင်းရပ်စ် ပိုးသတ်ဆေးတွေကို အရေးပေါ် လိုအပ်သူတွေ အနေနဲ့ ဆရာဝန်ရဲ့ ဆေးလက်မှတ်မပါဘဲ အထူးသတ်မှတ်ထားတဲ့ Hot Line ဖုန်းနံပါတ်ကို ဆက်ပြီး တောင်းနိုင်သလို အင်တာနက်ပေါ်ကနေလည်း မှာယူနိုင်မယ့် အစီအစဉ်သစ်ကို ဗြိတိန် တုပ်ကွေးတိုက်ဖျက်ရေးဌာနက စတင်လိုက်တာနဲ့အတူ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ စတင်လိုက်တဲ့ အရေးပေါ် ဝက်တုပ်ကွေးဆိုင်ရာ ၀က်ဘ်ဆိုက်ဟာ စတင်အသက်ဝင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဝင်ပြီးကြည့်သူတွေ များလွန်းတဲ့အတွက် ဂျမ်းဖြစ်သွားခဲ့ပါသေးတယ်။ ဗြိတိန်မှာ H1N1 အမျိုးအစား ဝက်တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၈၄၀ ဆေးရုံတက်ခဲ့ရပြီး သေဆုံးသူကလည်း ၃၀ ထက်မနည်း ရှိသွားပါပြီ။

ဝက်တုပ်ကွေး ကူးစက်သူတွေထဲမှာ အသက် ၁၄ နှစ်နဲ့အောက် ငယ်တဲ့ ကလေးတွေဟာ ရောဂါ အပြင်းအထန် အခံစားရဆုံးဖြစ်တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားအပေါ် ကုလ အရေးယူမှု စစ်အစိုးရ လိုက်နာဖို့ ကတိပြု

23 July 2009


ထိုင်းနိုင်ငံ ဖူးခက် ပင်လယ်အပန်းဖြေ စခန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ဒေသတွင်း လုံခြုံရေး အစည်းအဝေးမှာ အမေရိကန်အစိုးရ ကိုယ်စားလှယ်တချို့နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တချို့တို့ဟာ ဗုဒ္ဓဟူးနေ့ညက ထူးထူးခြားခြား သီးခြားတွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာစစ်အစိုးရအနေနဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ကုန်သွယ်ရေးအရ ပိတ်ဆို့ဒဏ်ခတ်တဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို ပါဝင် အကောင်အထည်ဖော်ဖို့ အမေရိကန် အရာရှိတွေက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင် တရားရုံးမှာ စွဲချက်တင် ခံနေရတာနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ချက်ဟာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်မှာ အကျိုးဆက်တွေ အများကြီး သက်ရောက်မှုရှိနိုင်မှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုယ်တိုင်တော့ မြန်မာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ လိုက်ပါသွားခြင်း မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေက ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် ကုန်သွယ်ရေးအရ ပိတ်ပင်ဒဏ်ခတ်တာကို လိုက်နာဆောင်ရွက်ဖို့ ကြိုးစားသွားမယ်လို့ ပြန်လည် တုံ့ပြန်လိုက်တဲ့ အပေါ်မှာတော့ ၀န်ကြီး ကလင်တန်က ကြိုဆိုလိုက်ပါတယ်။ ဒေသတွင်း လုံခြုံရေး အစည်းအဝေး မစတင်ခင် ဗုဒ္ဓဟူးနေ့တုန်းကလည်း ၀န်ကြီး ကလင်တန်က မြန်မာစစ်အစိုးရလက်ထဲ မြောက်ကိုရီးယားက နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာတွေ ရောက်သွားနိုင်ခြေ ရှိတဲ့အပေါ်မှာ အင်မတန် စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်သင့်သလားလို့ဆိုပြီး သတင်းထောက်တွေက သူ့ကိုမေးတော့ ၀န်ကြီး ကလင်တန်က ဒါဟာ စဉ်းစားသင့်တဲ့ မူဝါဒေရေးရာ ပြောင်းလဲမှုတရပ် ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့တာ ရှိပါတယ်။ ဒီကနေ့မှာတော့ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) က ဒေါ်အောင်ဆန်းစုကြည်အမှု တခုတည်းနဲ့ ပတ်သက်တာလောက် နဲ့တော့ မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်ပစ်ဖို့ အာဆီယံ အသင်းကြီးက စဉ်းစားမှာ မဟုတ်ဘူးလို့ ပြန်လည် တုံ့ပြန် လိုက်ပါတယ်။

စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံတွင် အသက်၆၀ ကျော်အရွယ်လည်း ခါးပိုက်နှိုက်ဖြစ်
၂၄ ဇူလိုင် ရန်ကုန် ၊ ၊ညွန့် သက်ထားဦး

Old Man , Pick Pocket Arrested by Police

အသက် ၆၃ နှစ်အရွယ်ရှိ ဦးအုန်းကြိုင် သည် မြောက်ဥက္ကလာမှ လှိုင်သာယာပြေးဆွဲနေ သည့် အမှတ် ၁၂၁ လိုင်း ရှိဒိုင်နာ ယာဉ်ပေါ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ က အမျိုးသားတစ်ဦး အားခါးပိုက်နှိုက် မှုကြောင့် မရမ်းကုန်း ရဲစခန်းတွင် ဖမ်းဆီးထားသည် ဟု သတင်းရရှိသည်။
မြောက်ဥက္ကလာ မှ စီးနင်းလိုက်ပါ လာသူ ဦးအုန်းကြိုင်သည် လမ်းဝမှတ် တိုင်အရောက်တွင် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးအားခါးပိုက်နှိုက်သည် ကို တွေ့ ရှိသောကြောင့် မရမ်းကုန်း စခန်းတွင် ရှာဖွေ
စစ်ဆေးရာ ဦးအေး ဆိုသူထံမှ ခါးပိုက် နှိုက်ထားသော ငွေ ငါးထောင်ကျပ်ကို သိမ်းဆည်းရမိသဖြင့်အမှု ဖွင့်အရေးယူထားသည် ဟု သိရသည်။

ယခုနှစ် မိုးတွင်းကာလ အစ ပိုင်းမှ စ၍ ရန်ကုန်မြို့ရှိ ခရီးသည်တင် ကားများပေါ်တွင်ခါးပိုက်နှိုက်များ နှင့် အလစ်သုတ် သူပြေးသူများ ပေါများလာကြောင်း ၄၃ လိုင်းကားနောက် လိုက်တစ်ဦးက Freedom News Group သို့ ပြောသည်။

နေ့ စဉ် ခရီးသည်တင် ကားဖြစ် ဒဂုံမြို့ သစ်မြောက်မှ မြို့ ထဲသို့  အလုပ်ဆင်းရသည့် ကုမ္ပဏီ ၀န်ထမ်း
အမျိုးသမီးတစ် ဦးကလည်း “ဘတ်(စ)ကားပေါ်မှာ ခါးပိုက် နှိုက်တွေ ပေါလာတာတော့ အမှန် ပဲလွန်
ခဲ့တဲ့ ဆယ်ရက် လောက်က လမ်းကျယ်(ပလာဇာ) မှတ်တိုင်မှာ ဖြစ်တဲ့ ခါးပိုက် နှိုက်မှု ဆိုရင် ဆယ်နှစ်
ကျော်လောက်ပဲ ရှိသေးတဲ့ ခလေး နှစ်ယောက် အခု မီးတွေ ကလည်း မလာတော့ မိုးရွာပြီး မီးပျက်
တဲ့ အချိန် ဆိုရင် တောင် ဒဂုံမှာ အိမ်ပေါ် တက်ပြီးတောင် လုယက်မှု တွေ ရှိတယ်”ဟုပြောသည်။

စစ်အစိုးရ လက်ထက် စားဝတ်နေရေး အကျပ်အတည်းဒဏ် ခံကြရသည့် ပြည်သူများမှာ နေ့ စဉ်
ထမင်း တစ်နပ် အတွက် အဆင်မပြေမှုများဖြစ်လာပါက ရာဇ၀တ်မှု နှင့် နှီးနွယ်သည့် အမှုများထိကျူး
လွန် လာသည် ဟု သိရသည်။

၁၂၁ ခရီးသည်တင်ကားပေါ်တွင် ခါးပိုက်နှိုက်မှု ဖြင့် ဖမ်းဆီးခံထားရသည့် ဦးအုန်းကြိုင်မှာ ယခင်က
ပြစ်မှု ဟောင်းမရှိ ဟုသိရသည်။ခါးပိုက် နှိုက် မှု ဖြင့် ဖမ်းဆီးခံထားရသည့် ဦးအုန်းကြိုင်သည် ထိုအမှု
ဖြင့် ဖမ်းဆီးခံရသူများ တွင် အသက်အကြီး ဆုံးဖြစ်သည်။

၂၀၁၀ ခုနှစ် ရွှေးကောက်မတိုင်မှီ ချမ်းသာရေး နအဖ အာဏာပိုင်များ ကြိုးပမ်းအားထုတ်
7/24/2009


ရခိုင်ပြည်နယ် အတွင်း ယခုအခါ လာဒ်ပေး လာဒ်ယူမူနှင့် အတင်း ငွေကြေးကောက်ခံမူများ အထူး တိုးပွားလာနေသည်ဟု မောင်တော ဒေသခံ တဦးက ပြောသည်။

သူက “အခုအခါ ငွေတောင်းတာ လာဒ်ပေး လာဒ်ယူမူ လုပ်တာက ကျနော်တို့ ပြည်နယ်ထဲမှ အထူး တိုးပွားနေပါတယ်။ ခုလို ဖြစ်တာကက ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲနဲ့ သက်ဆိုင်နေပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲပီးရင် နအဖ ဆိုတာ မရှိတော့ဘူး။ ရှိရင်လည်း တခြားနာမည် တခြား အုပ်ချုပ်ရေး ပုံစံနဲ့ လာတော့မယ်။ ခုရှိနေတဲ့ စစ်တပ်က အရာရှိတွေ၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ မယက ခယကတို့ ဆိုတာ အာဏာရှိချင်မှ ရှိတော့မယ်။ သူတို့က ဒါကို သိနေတဲ့ အတွက် ရွှေးကောက်ပွဲ မတိုင်မှီ ရတာကို လိုက်ပြီး စုကြရမယ် ဆိုတဲ့ သဘောမျိုးနဲ့ မြင်တဲ့နေရာ ရနိုင်တဲ့ နေရာတွေက ငွေတွေကို အတင်းကောက် အတင်းတောင်း ခုလို လုပ်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အတွင်းရှိ စစ်တပ် အရာရှိများ၊ ရဲနှင့် နစက အရာရှိများ၊ ခရိုင်နှင့် မြို့နယ် အဆင့်အရာရှိများမှာ ယခုတလော အတင်း အဓမ္မ ငွေကြေး တောင်းခံမူ ကောက်ယူမူ အထူး တိုးပွားခဲ့သည်။

စစ်တွေတွင် ဆန်ဆိုင်များ အပါအ၀င် ကုန်စုံဆိုင်များ၊ ဈေးတွင်းရှိ ဈေးဆိုင်များတွင်လည်း အကြောင်း အမျိုးမျိုးပြ ငွေကြေး ကောက်ခံမူများ တိုးပွားလာနေသည်ဟု သိရသည်။

၎င်းပြင် မော်တော်ပီကေများမှလည်း ငွေအတောင်းကြမ်းသဖြင့် ယခုအခါ စစ်တွေတွင် ဆိုင်ကယ်များ လမ်းပေါ် မထွက်ရဲဘဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။


မြန်မာနိုင်ငံမှ စစ်သား ၃ ဦးပျောက်ဆုံးနေ
7/24/2009


ယခုနှစ် ဖေဖေါ်ဝါရီလ အတွင်းက နအဖ စစ်တပ်မှ ဘင်္ဂလာဒေခ်ျ့သို့ နယ်စပ်သို့ ထွက်ပြေး လာပြီးနောက် ဘင်္ဂရိုင်ဖယ် တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရသူ စစ်သား ၃ ဦးမှာ ယခုအခါ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

သူတို့ ၏ ဆွေမျိုး တဦးက “သူတို့ကို ဘင်္ဂလာဒေခ်ျ့ကို ရောက်သွားတယ် ဆိုတဲ့အတွက် လိုက်ရှာတာ ဘင်္ဂလာဒေခ်ျ့မှာ မရှိတော့ဘူး။ ဗမာပြည်ကို ပြန်ပို့လိုက်တယ်လို့ ကြားရပါတယ်။ ဟုတ်မဟုတ်ကို တိတိကျကျ ဘယ်သူမှ မပြောနိုင်ပါဘူး” ဟု ပြောသည်။

အဆိုပါ စစ်သားသုံးဦးမှာ ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ ဖြစ်ပြီး အဆိုပါ တပ်ရင်းမှ တပ်ခွဲ တခွဲ နယ်စပ်မှတ်တိုင်များကို ပလက်ဝ နယ်စပ်တွင် လာရောက် စစ်ဆေးစဉ် ထွက်ပြေးလာကြသူများ ဖြစ်သည်။

သူတို့ သုံးဦးစလုံးမှာ ရခိုင်အမျိုးသားများ ဖြစ်ကြပြီး ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာမှ ဖြစ်ကြသည်။ သူတို့ သုံးဦးမှာ မောင်မောင်သန်း၊ စိုးထွေးနှင့် သန်းဌေးလှိုင်တို့ ဖြစ်ပြီး အသက် (၂၀) ပတ်ဝန်းကျင် အရွယ်များ ဖြစ်ကြသည်။

“အခု သူတို့ သတင်းအစ အနပျောက်နေတော့ လာရှာတဲ့အခါ ဘင်္ဂလာဒေခ်ျ့မှာ စုံစမ်းလို့ မရဘူး။ သူတို့ကို ဧပြီလအတွင်းက ဘင်္ဂလာ အာဏာပိုင်တွေက ထောင်သားတွေနဲ့ အတူ ဗမာဘက်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။ ဗမာပြည်ဘက်ကလည်း ဘာမှ မိသားစုတွေ ဆီကို အကြောင်းမကြားတာကြောင့် သူတို့ ဘယ်မှာရှိတယ်ဆိုတာကို ဘယ်သူမှ တိတိကျကျ မသိရဘဲ ဖြစ်နေပါတယ်” ဟု ပြောသည်။

သူတို့ သုံးဦးကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင် ဟေရ်မာန် မောင်ရွှေစိန်ကျေးရွာတွင် ထွက်ပြေးလာပြီး အနားယူနေစဉ် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့က ဖေဖေါ်ဝါရီလ အတွင်းက ဖမ်းဆီးခဲ့သည်။

သူတို့ထွက်ဆိုချက်အရ နယ်စပ်မှတ်တိုင် စစ်ဆေးနေစဉ် အတွင်း ကျည်ဘောက်များ ကျကျန် ပျောက်ဆုံးသွားသဖြင့် အပြစ်ပေးခံရမည်ကို စိုးရိမ်၍ ထွက်ပြေးလာကြောင်း သိရသည်။

အဆိုပါ စစ်သား သုံးဦးဖမ်းဆီးမိခြင်းကို ဘင်္ဂလာဒေခ်ျ့ သတင်းများကလည်း အဆိုပါ အချိန်က ရေးသား ဖေါ်ပြခဲ့ကြသည်။

သူတို့၏ ဆွေမျိုးက “ဗမာပြည်ကို ပြန်ပို့လိုက်တာ မှန်ရင်တော့ သူတို့က လက်နက် ခဲယမ်းမီးကျောက်မူနဲ့ ထွက်ပြေးသွားသူတွေဆိုတော့ သတ်ပစ်ချင်ရင် သတ်ပစ်နိုင်တယ်။ ဒါမှမဟုတ် နှစ်ရှည်ထောင်ဒဏ် ချမှတ်ကောင်း ချမှတ်နိုင်တယ်။ ဒါပေမယ့်လို့ သတင်း ဘာမှ မရတဲ့အတွက် သူတို့အပေါ် မိသားစုတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

သူတို့အား ဘင်္ဂရိုင်ဖယ် တပ်ဖွဲ့က ဖမ်းဆီးစဉ် အဆိုပါ စစ်သားများထံမှ စစ်ယူနီဖေါင်းများမှ အပ မည်သည့် လက်နက် ခဲယမ်းမီးကျောက်များမှ ဖမ်းဆီး ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။


မြန်မာနိုင်ငံသား မူဆလင် ၂၈ ဦးဖမ်းဆီးခံရ
7/24/2009


မြန်မာနိုင်ငံမှ ခိုးဝင်လာသူ မူဆလင် ၂၈ ဦးကို ဘင်္ဂလာ ရိုင်ဖယ် တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ ညနေက မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် ဖမ်းဆီးလိုက်သည်။

သတင်းအရ တောင်ပြို တဘက်ကမ်းရှိ ခေါင်တုံးဒေသမှ ရော်ဘာခြံ တခြံကို ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ တဖွဲ့မှ စီးနှင်းစဉ် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသား မူဆလင်များ အနေဖြင့် အသစ် ထပ်မံ ပြုလုပ်ပေးနေသော ဘင်္ဂလာဒေခ်ျ့ အမျိုးသား မှတ်ပုံတင် ကဒ်ပြားများ ပြုလုပ်ရန် ၀င်ရောက်လာနေသည်ဟု သတင်း ဖြစ်ပေါ်နေသဖြင့် ဘင်္ဂလာရိုင်ဖယ်တပ်ဖွဲ့မှ နယ်စပ်ကို အထူုး သတိထားပြီး စောင့်ကြည့်နေစဉ် သူတို့အား ဖမ်းဆီးရမိခြင်း ဖြစ်သည်။

သူတို့အား ဖမ်းဆီးပြီးနောက် တရားစွဲဆိုမည်လား မြန်မာနိုင်ငံကို ပြန်မောင်းထုတ်မည်လားဆိုသည်ကို တိတိကျကျ မသိရသေးကြောင်း ဒေသခံ တဦးက ပြောဆိုသည်။

လွန်ခဲ့သော အပတ်ကလည်း မြန်မာနှင့် ထိစပ်နေသော နတ်ကျောက်ဆရီ မြို့နယ်အတွင်း မြန်မာနိုင်ငံမှ ၀င်ရောက်လာသူ မူဆလင် ၃၆ ဦးကို ဘင်္ဂလာရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့

Kaowao ဇူလိုင် ၂၄၊၂၀၀၉။
စံခလပူရီ ဇူလိုင်-၂၄ ။ ။ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်၌ နှစ်နိုင်ငံနယ်စပ်အာဏာပိုင်များ ဝက်တုတ်ကွေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကြောင့် ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ အခက်အခဲများစွာ ရင်ဆိုင်နေကြရကြောင်း မေးမြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှနေ၍ ကီလိုမီတာ ၂၀ ခန့်သာဝေးသော ထိုင်းနိုင်ငံစံခလပူရီမြို့ အထက်တန်းကျောင်းသို့ ကျောင်းလာတက်နေသူ မင်းမွန်စိုက်က “ထိုင်းဘက်ကိုကျောင်းလာတက်တဲ့ ကျောင်းသားတွေ ဘုရားသုံးဆူမြို့အိမ်ကို မပြန်ကြရတော့တာ ၃ ရက်လောက်ရှိပြီ၊ ဒီစံခလက မွန်ဘက်ကမ်းက အသိအိမ်တွေမှာလိုက်နေကြရတယ်၊ သုံးဆူကိုပြန်ရင် ထိုင်းဘက်ကို ကျောင်းလာမတက်ရတော့ဘူး” ဟု ပြောပြခဲ့သည်။

မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှ ကျောင်းသား ၅၀ ဦ်းကျော်ခန့် ကျောင်းကြိုပို့ကားများဖြင့် စံခလပူရြီံမို့ရှိ၊ ထိုင်းအထက်တန်းကျောင်း၌ နေ့စဉ်ကျောင်းတက်နေကြသည်။
ထိုင်းနိုင်ငံဘုရားသုံးဆူရွာနှင့် မြန်မာနိုင်ငံဘုရားသုံးဆူမြို့ကို ပိုင်းခြားထားသော နယ်ခြားဂိတ်လမ်းကြောင်းကို ပိတ်ထားပြီး ထိုင်းအာဏာပိုင်တို့က ဘုရားသုံးဆူရွာ၊ အမှတ် ၂ လမ်းသွယ်မှမလွယ်ပေါက်တစ်ခုကို ဖွင့်လှစ်ပေးကာ မြန်မာနိုင်ငံမှ ဝင်ရောက်လာသူများကို ထိုင်းကျန်းမာရေးဌာနမှ တစ်ဦးချင်းဆေးစစ်စမ်းသပ်မှုများ ယနေ့နံနက်စောစောမှ စတင်ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာသူများကို တန်းစီပြီးတစ်ဦးချင်းစစ်ဆေးရသဖြင့် အလုပ်သမားများစွာ အလုပ်ခွင်သို့ အဝင်နောက်ကျခဲ့ကြောင်း သိရသည်။ အဖျားရှိသူများကိုသာ မြန်မာနယ်မြေဖက်သို့ ပြန်ခိုင်းစေပြီး ဆေးစစ်ဆေးပြီးသူများကို လက်ဖျံတို့တွင် တဆိပ်မှင်ဖြင့် အမှတ်အသားပြုထားသည်။ မြန်မာနိုင်ငံမှ ဤကဲ့သို့နေ့စဉ်အသွားအပြန် ဝင်ရောက်လာသူများကို ထိုင်းအာဏာပိုင်များမှ ငွေကြေးကောက်ခံမှုများ တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။
ဘုရားသုံးဆူရွာ(ထိုင်း)၌ အထည်ချုပ်စက်ရုံများရှိကာ နေ့စဉ်မြန်မာနိုင်ငံမှ အလုပ်သမား တစ်ထောင်ကျော်ခန့် ဝင်ရောက်အလုပ် လုပ်ကိုင်နေကြသည်။ တရားဝင်အလုပ်သမားများ မဟုတ်ကြသော်လည်း နယ်စပ်ဖြစ်နေသဖြင့် ယင်းအလုပ်သမားတို့ နေ့စဉ်ဝင်ထွက်သွားလာမှုများကို ထိုင်းအဏာပိုင်များ အနှောက်အယှက် တစုံတရာမပြုကြပေ။

သို့ရာတွင် ဘုရားသုံးဆူမြို့ပေါ်သို့ ထိုင်းနိုင်ငံမှ ဝင်ရောက်လာကြသည့် ဒေသခံမဟုတ်သူများ၊ မျက်နှာစိမ်းများကို မြန်မာအာဏာပိုင်များ ဝင်ရောက်ခွင့်မပြုတော့ကြောင်း မြို့ခံတစ်ယောက်က ပြောဆိုခဲ့သည်။ အထူးသဖြင့် စံခလပူရီတွင် နေထိုင်နေသူများကို လာရောက်ခွင့်မပြုဟု သတင်းများပေါ်ထွက်နေသော်လည်း ဘုရားသုံးဆူမြို့ပေါ်သို့ နေ့စဉ်ဝင်ထွက်ကာ လာရောက်စီးပွားရှာလုပ်ကိုင်နေသူများ အသွားအလာမပျက်ကြပေ။မြန်မာအာဏာပိုင်များ၏ အကြောင်းပြချက်မှာ စံခလပူရီမြို့တွင် ယခင်အပတ်က ဝက်တုတ်ကွေးရောဂါရှိနေသူကို တွေ့ရှိခဲ့ခြင်းကြောင့်ဟု ဆိုကြသည်။
လွန်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့က ဝက်တုတ်ကွေးရောဂါ A(H1 N1) လက္ခဏာဖြစ်ပေါ်မှု စတင်တွေ့ရှိခဲ့သူနှင့် နီးစပ်သူများကို စံခလပူရီဆေးရုံကြီးတွင် သီးသန့်ထား၍ ပြုစုစောင့်ရှောက်ထားခဲ့ရာ အခြေအနေကောင်းမွန်နေကြသော်လည်း သတ်မှတ်ကာလမပြည့်သေးသဖြင့် ဆေးရုံ၌သာ ဆက်လက်ထားရှိသည်။

အဆိုပါဝက်တုတ်ကွေးရောဂါနှင့်ပတ်သက်၍ ထိုင်းနိုင်ငံစံခလပူရီမြို့နယ်တွင် ပညာပေးမှုများတိုး၍ ပြုလုပ်နေသလို မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့တွင်လည်း မြန်မာအာဏာပိုင်များ ပညာပေးမှုများပြုလုပ်ခဲ့ကြသည်။ သို့သော် ဒေသခံဗမာ၊ မွန်နှင်ကရင် တိုင်းရင်းသားတို့ကြားတွင် ရောကူးစက်ပုံကို သေသေချာချာမသိကြသေးကြောင်းနှင့် လွဲမှားစွာသိနေကြကြောင်း မေးမြန်းချက်များအရ သိရသည်။ ဝက်များတွင်အဆိုပါ တုတ်ကွေးရောဂါဖြစ်ပွားနေပြီး ၄င်းဝက်သားစားသုံးမိခြင်းကြောင့် ရောဂါဖြစ်ပွားရသည်ဟု အများကထင်မြင်နေကြဆဲဖြစ်သည်။

ဤရောဂါသည် လူအချင်းချင်း၊ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်ခံရသောရောဂါဖြစ်သည်။


နယ်စပ်ဒေသတွင် မြန်မာအလုပ်သမားများကို ထိုင်းကျန်မားရေးဖွဲ့က A(H1N1) ရောဂါပိုးစစ်ဆေး

ဒီကေဘီအေ ထိုးစစ်ဆင်ရန်ပြင်ဆင်မှုကြောင့် ရွားသား ၂၀၀ ကျော် ထိုင်းသို့ ထွက်ပြေးနေရ

ဒီကေဘီအေတပ်သား ကေအန်ယူမှ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ

နယ်စပ်ဒေသမှာ ဝက်တုပ်ကွေး A(H1N1) ရောဂါစစ်ဆေးမှုများ ပိုမိုတင်းကျပ်လာ

မြန်မာစစ်အစိုးရမှ ထိုးစစ်မစခင် ကေအန်ယူမှ တပ်သားစုဆောင်း

နယ်စပ်ဒေသတွင် ကမ္ဘာ့လူတုပ်ကွေး A(H1N1) ကာကွယ်ရေး ဆွေးနွေးပွဲပြုလုပ်

၅၁ နှစ်ပြည့် မွန်ပြည်သစ်ပါတီ အခမ်းအနားကျင်းပ

အထက်လူကြီးခရီးစဉ်အတွက် လမ်းရှင်းရန် မယက ညွန်ကြား

နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ အကျဉ်းကျခံသည့် အထိမ်းမှတ်ဖြင့် မွန်ပြည်သူထံ ပန်ကြားစာရေးပို့

ကမ်ချနပူရီခရိုင်လူကြီးများမှာ ထိုင်း-မြန်မာနယ်စပ်ပြန်ဖွင့်ရန် အလိုရှိ

မော်လမြိုင်တွင် ထိုင်းကုန်စည်ပြတ်လတ်ခြင်းကြောင့် ကုန်စည်များ ဈေးတက်

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံများ အခက်အခဲဖြစ်

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေခြင်းကြောင့် ရွာသားများ ပြောင်းရွှေးနေရ

ဒုတိယမြောက်ကမ္ဘာ့လူတုပ်ကွေး A(H1N1) ရောဂါပိုးကူးစက် ခံရသူ အခြေအနေပြန်ကောင်းမွန်လာ


သတင်း

ကမ်းရိုးတန်းတိုင်းမှူးမှ မီးသွေးဖိုဖျက်ဆီးပြီးနောက် မီးသွေး အတွက်အခက်ကြုံ
Fri 24 Jul 2009, IMNA
တနင်္သာရီတိုင်း ကမ်းရိုးတန်းတိုင်းစစ်ဋ္ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်မှ မီးသွေးဖို သုံးရာကျော် ဖျက်ဆီးပြီးနောက် ဒေသအတွင်ရှိပြည်သူများ မီး သွေးအတွက် အခက်ကြုံနေကြရသည်။

ထို့အတွက်ကြောင့် မီးသွေးလည်း ပြတ်လုနီးပါးဖြစ်ခဲ့ပြီး မီးသွေးဈေးလည်း မြင့်တက်သွား ခဲ့သည်ဟု မီးသွေးဖိုပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဖျက်ဆီးခံရသော မီးသွေးဖိုပိုင်ရှင်တို့မှာ လျှော်ကြေးတစ်စုံစရာမရရှိခဲ့ပါ။ ဖျက်ဆီးခံရသော မီးသွေးဖိုမှာလည်း ကော့သောင်း၊ မြိတ်၊ ပုလော၊ ပု လောက်နှင့် ဘုတ်ပြင်မြို့နယ်တို့မှ ဖြစ်သည်။

ကမ်းရိုးတန်းတိုင်းစစ်ဋ္ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်မှ ပူပြင်းလွန်ခြင်း၊ ဆူနာမီနှင့် နာဂစ်ကဲ့သို့်သော ရေလေသဘာဝ ဘေးအန္တရာယ် ကျရောက် မည်ကို ကာကွယ်ရန် အတွက်ဟုဆိုပြီး ကမ်းရိုးတန်းတလျှောက်ရှိမီးသွေးဖို သုံးရာကျော်ကို ဖျက်ဆီးခဲ့သည်ဟု မီးသွေးဖိုပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မီးသွေးအတွက်ကုန်ကြမ်းကို ပင်လယ်ကမ်းရိုးတန်းဒေသရှိ ဒီရေတောမှ ပေါက်ရောက်သော သစ်များကို ခုတ်တွင်နေကြသည့်အတွက် သဘာဝ ဘေးအန္တရာယ်တားဆီရန်ဟုဆိုကာ လွန်ခဲ့သည့် တလခန့်က ဖျက်ဆီးခဲ့ သည်။ ကမ်းရိုးတန်းတိုင်း တိုင်းမှူး ထို့သို့ဖျက်ဆီးခဲ့ သည်မှာ နေပြည်တော်မှ လာသည့်အမိန့် ဖြစ်သည်ဟု ၄င်းပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော် တိုင်းမှူးနှင့်နီးစပ်သည့်လုပ်ငန်းရှင်များကိုသာ ၄င်းလုပ်ငန်း လုပ် ကိုင်ခွင့်ပြုခဲ့သည်။ ၄င်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခံခဲ့ရသောလုပ်ငန်းရှင်တို့မှာ တိုင်းမှူးနှင့်နားလည်မှုရယူထားပြီး ၄င်းလုပ်ငန်းရှင်းများကြောင့် သုံးစွဲသူ တို့အတွက် အနည်းငယ်ပြေလည်ခဲ့ပြီး ထိုနားလည်းမှုအတွက် ငွေကြေးကို အကောက်အဖြစ် တိုင်းမှူထံသို့ လုပ်ငန်းရှင်းများက ပေးသွင်းကြရသည်။

သုံးစွဲသူတို့၏အဆိုအရ “ပင်လယ်ကမ်းစပ်ကအပင်နဲ့ ဖုတ်ထားတဲ့မီးသွေးက ထမင်းဟင်းချက်တဲ့အခါ မီးပွားလည်းမကျရောက်ဘူး။ သုံးစွဲရတာလည်း တာရှည်ခံတယ်” ဟု ဆိုသည်။

ပင်လယ်ကမ်းစပ်မှရသော သစ်ပင်ဖြင့် ဖုတ်ထားသောမီးသွေးသည် ရောင်း သည့်အချိန် တွင်လည်း အလေးချိန်ပိုမိုရရှိကြောင်း မီးသွေးဖိုပိုင်ရှင်နှင့် နီးစပ်သူက ပြောသည်။

တနင်္သာရီတိုင်းနှင့် ရခိုင်ဒေသရှိ ဒီရေတောမှာ ၅၀ ရာခိုင်နှုန်းနီးပါးအထိ ပျက်စီးနေကြပြီး လက်ရှိအများဆုံးပျက်စီးနေသည်မှာ ဧရာဝတီတိုင်းဖြစ်ပြီး ၆၀ ရာခိုင်နှုန်း ပျက်စီးသွားပြီး ဖြစ်သည်ဟု ဖလားဝါးနယူးစ်ဂျာနယ်တွင် ဖော်ပြထားသည်။

နယ်စပ်ဒေသတွင် မြန်မာအလုပ်သမားများကို ထိုင်းကျန်မားရေးဖွဲ့က A(H1N1) ရောဂါပိုးစစ်ဆေး
Fri 24 Jul 2009, အာသံ
ယနေ့နံနက် (၆) နာရီအချိန်မှစ၍ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ထိုင်းဘက်ကမ်းသို့ အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများကို ထိုင်း ကျန်းမာရေးနှင့် အုပ်ချူပ်ရေးအဖွဲ့တို့က ပူးပေါင်းကာ အလုပ်သ မားများကို A(H1N1) ရောဂါပိုးစစ်ဆေးနေကြောင်း သိရပါသည်။

ထိုင်းဘက်ကမ်းရှိစက်ရုံအတွင်း၌ အလုပ်လုပ်နေသော မြန်မာအလုပ်သမား များသည် ထိုင်းကျန်မာရေး ဌာနမှ ရောဂါပိုး စစ်ဆေးစမ်းသပ်ခြင်းကို ခံယူ နေရကြောင်း ထိုင်းဘက်ကမ်း ဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသော အမျိုး သမီးတစ်ဦးက ပြောသည်။

“ထိုင်းကျန်မာရေးဌာနတွေက ကျမတို့သွေးကို မစစ်ပဲနဲ့ အပူချိန်တိုင်းယုံ လောက်ပဲ ပြီးတာနဲ့ ကဒ်ထုတ်ပေးတယ်။ သူတို့က လူကိုယ်ထဲမှာ ဖုဝဲတွေ့မှ သာ သွေးစစ်ဆေးတာမျိုးလုပ်နေတယ်” ဟု ၄င်းက ဆက်ပြောပါသည်။

ထိုင်းဘက်ကမ်းမှ ထုတ်ပေးသော ကဒ်ပြားမရှိပါက သွားရေးလာခွင့်မရှိ၍ ဘုရားသုံးဆူဒေသခံ ပြည်သူများကလည်း သွားလာရေးလွယ်ကူအောင် ထိုစမ်းသပ်စစ်ဆေးနေသော နေရာတွင် တန်စီပြီး အစစ်ဆေးခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် အလုပ်သမားနဲ့ ဒေသခံ ထောင်ချီပြီးရှိနေကြတယ်၊ ထိုင်းဘက် ကမ်းမှာ ရောဂါပိုး စမ်းသပ်စစ်ဆေးတဲ့ နေရာအရှေ့မှာ စစ်ဆေးခံနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းဘက်ကမ်းမှာ ထုတ်ပေးတဲ့ Travelers Arriving in Thailand မရှိရင် သွားလာခွင့်မရှိဘူး” ဟု ၄င်းက ဆက်ပြောပါသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ကမ္ဘာ့လူတုပ်ကွေး A(H1N1) ရောဂါ မကူးစက်ပြန့်ပွားသွားအောင် ထိုင်းနိုင်ငံမှ ဘုရားသုံးဆူမြို့ ဝင် ပေါက်များကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

၎င်းနယ်စပ်ဝင်ပေါက်သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ထိုင်းအစိုးရနှင့် မြန် မာအစိုးရတို့က တရားဝင် ပိတ်ထားသည်ဟု ဆိုသော်လည်း ယခုချိန်ထိ နား လည်မှုဖြင့် နယ်စပ်ပြည်သူတို့က ဝင်ပေါက်သုံးပေါက်ဖြင့် သွားလာနေကြ သည်။

“ဇူလိုင် ၂၀ ရက်နေ့မတိုင်ခင်က အဓိက ထိုင်းဘက်ကမ်းမှာ အလုပ်လုပ်နေ တဲ့သူတွေ ကျောင်းတက်နေတဲ့ကျောင်းသားတွေ ဝင်ထွက်သွားလာနေတဲ့ ဝင်ပေါက်မှပဲ ကျန်းမာရေးဌာနကနေ စစ်ဆေးတာရှိတယ်၊ ဝက်တုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီးတော့ ပညာပေးအစည်းဝေးခေါ်ထားပြီး ယခုဆိုရင် စစ်ဆေးမှုတွေ ပိုတင်းနေတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၀ ရက်နေ့က မြို့နယ်မယကဥက္ကဌနှင့် ဘုရားသုံးဆူရှိ မြန်မာအ စိုးရ အဖွဲ့ပေါင်းစုံ ၂၅ ဖွဲ့တို့မှ ဝက်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာ ပေးအစည်းဝေးပြုလုပ်ပြီးနောက် ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်း သို့ဝင်ထွက်သွားလာနေသည်များကို ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်။


ဒီကေဘီအေ ထိုးစစ်ဆင်ရန်ပြင်ဆင်မှုကြောင့် ရွားသား ၂၀၀ ကျော် ထိုင်းသို့ ထွက်ပြေးနေရ
Fri 24 Jul 2009, မိမွန်စွန်း
ဒီကေဘီအေက ကေအန်ယူတပ်ကို ထိုးစစ်ဆင်ရန်ပြင်ဆင်မှုကြောင့် ကရင် ရွားသား ၂၀၀ ကျော်ခန့် ထိုင်းနိုင်ငံသို့ထွက်ပြေးနေရသည်ဟု TBBC က ယမန်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။

၎င်းအစီအရင်ခံစာတွင် ကရင်ရွားသားများသည် ဒီကေဘီအေ၏ အတင်းအ ဓမ္မ စစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေးကြေးနှင့် စာနပ်ရိက္ခာ တောင်းခံခြင်းတို့ကြောင့် အိုးအိမ်ပစ္စည်းများ စွန့်ခွာပြီး ထိုင်းနိုင်ငံသို့` ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်သည်။

ရွာသားများသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ဘက်ကဖြစ်ပြီး၊ ယခုအ ချိန်တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်အတွင်း မဲ့ယူဆူ (Mae U Su) တွင် ယာယီစခန်းချပြီး နေထိုင်လျက်ရှိသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ကို ဒီကေဘီအေနှင့် မြန်မာစစ်တပ်တို့ သိမ်းပိုက်ပြီးနောက် ကရင်ရွာသား ထောင်နှင့်ချီကာ ထိုင်းနိုင်ငံသို့ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင် နေကြရသည်။

“မြန်မာပြည်ထဲကနေ ထွက်ပြေးလာတဲ့ ကရင်ရွာသားတွေ အခုချိန်မှာ အ ယောက် (၅၀၀) လောက်တိုးလာတယ်။ မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ ထိုး စစ်ဆင်းပြီးနောက်ပိုင်းမှာပေါ့၊ ကရင်ရွာသားတွေ မြန်မာပြည်ထဲကနေ ထွက် ပြေးလားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မြန်မာစစ်တပ်နဲ့ ဒီကေဘီ အေ နှိပ်စက်မှုကို မခံနိုင်လို့ထွက်ပြေးလာရတယ်” ဟု KRC အထွေထွေ အတွင်းရေးမှူး ကပြောသည်။

HURFOM ကထုတ်ပြန်ထားသည့် သတင်းအရ မြန်မာစစ်တပ်က ဒီကေဘီ အေအမည်ခံပြီး၊ ဘုရားသုံးဆူမြို့နယ်မှာ တစ်အိမ်ကို ဆန် ၁ တင်း ကောက် ခံနေသည်ဟု သိရသည်။ အကယ်၍ မပေးနိုင်လျင် ငွေ ၁၀၀၀၀ ပေးရ မည်ဟု သိရသည်။


ဝ တပ်ထွက် နှင့် ဗျူဟာမှူးပေါင်း၍တာချီလိတ်လယ်သမား လယ်မြေများ အဓမ္မဈေးနှိမ်ဝယ်
သောကြာနေ့၊ 24 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့် .သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ဒေသခံလယ်သမားအချို့အား လယ်မြေများရောင်းပေးရန် ၀ တပ်ထွက် ဗိုလ်မှူး တဦးနှင့်အပေါင်းပါလောဝ်ပန်းတစ်စုက တာချီလိတ်ဗျူဟာမှူးနှင့်ပူးပေါင်း၍ အဓမ္မလက်မှတ်ထိုးခိုင်းသည်ဟု နယ် စပ်သတင်းရပ်ကွက်က ဆိုပါသည်။
“ဒီလ ၁၂ ရက် ၀ တပ်ထွက် ဗိုလ်စန်းညိုတို့အဖွဲ့ ဗျူဟာမှူးဗိုလ်မှူးကြီးခင်မောင်ဖြိုး နဲ့ ပူးပေါင်းပြီးလယ်သမား တွေကို ဆင့်ခေါ်တယ်။ ပိုင်ဆိုင်သမျှလယ်မြေအားလုံး ရောင်းပေးဖို့အဓမ္မလက်မှတ်ထိုးခိုင်းတယ်” ဟုရပ်မိရပ်ဖ တဦးကဆိုသည်။

“၀မ့်ဟောင်ရွာ လယ်သမားတွေရဲ့ ဘိုးစဉ်ဘောင်ဆက်ပိုင်လယ်မြေတွေပေါ့။ အခု လက်မှတ်ထိုးရတာက အဲဒီ့ ရွာက လယ်သမား ၁၃ ယောက်။ ဗျူဟာရုံးကိုဆင့်ခေါ်ပြီး လက်မှတ်ထိုးခိုင်းတာ။” တာချီလိတ်မှ အမည်မဖော် လိုသူ လယ်သမားတစ်ဦးကပြော၏။

အဆိုပါ ၀ တပ်ထွက် ဗိုလ်မှူးစန်းညို နှင့် လောဝ်ပန်း ၁၄-၁၅ ယောက်တို့ပူးပေါင်း၍ ဈေးပေါပေါဖြင့် အဓမ္မ၀ယ်ယူ သောလယ်မြေမှာ ၁၀ ဧက (တာချီလိတ် - မိုင်းဖုန်း ကြား) ဖြစ်သည်ဟု ဆက်ပြောပြ၏။

“လယ် ၁၀ ဧက ကို ဘတ် ၁၈၀,၀၀၀ ပေးတယ်ဆိုတော့ တစ်ဧက ဘတ် ၁၈,၀၀၀ ဘဲကျတယ်လေ။ လယ်သမား တွေ မရောင်းချင်လဲ ဘယ်တရားရုံး/ဘယ်သူ့ကိုအားကိုးနိုင်လို့လဲ။ မျက်ရည်ဝဲ၀ဲမချိတင်ကဲ လက်မှတ်ထိုးပေး ရတယ်” ဟုဆို၏။

အလားတူ ဧပြီလ ၂၅ ရက် ၂၀၀၉ က အသစ်တိုးချဲ့ဖွင့်လှစ်သည့် ကျိုင်းတုံ လေယာဉ်ကွင်းသစ်သည်လည်း အဖိုး အခလုံးဝမပေးဘဲ ဒေသခံလယ်ယာမြေ အများအပြား သိမ်းဆည်းပြီး ဆောက်လုပ်ထားကြောင်း ကျိုင်းတုံဒေသခံ များက ဆိုသည်။

“အနံပေ ၁၅၀၊ အလျား ပေ ၈,၀၀၀ ထပ်မံတိုးချဲ့တဲ့ လေယာဉ်ကွင်းကြောင့် ကျနော်တို့ဘိုးစဉ်ဘောင်ဆက် နေ ထိုင်လာကြတဲ့ ကိန်းလိတ်ရွာတစ်ရွာလုံး နဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံရတယ်” - အမည်မဖေါ်လို သည့် ကျိုင်းတုံ ဒေသခံတဦးက ဆိုသည်။

ရွာသားများလည်း ကျိုင်းတုံမြို့အရှေ့မြောက်ဘက် ၄ မိုင် ခန့်အကွာ ၀မ့်နောင် အနီး (မကြာသေးမီက ၀မ့်ယန်း ကုန်းရွာသားများထံမှ နအဖစစ်တပ် သိမ်းယူခဲ့သော) လယ်ကွင်းပြင်သို့ ပြောင်းရွှေ့နေထိုင်ကြရသည် ဟုဆို၏။

ထို့အပြင် လေယာဉ်ကွင်း ပတ်ဝန်းကျင်ရှိ ၀မ့်ဖွေးဟုန်း၊ ၀မ့်ယန်းခွယ်ရွာသားများ၏ လယ်မြေ တော်တော်များများ ကိုလည်း အာဏာပိုင်များ သိမ်းယူခဲ့သည်ဟု ဆိုသည်။

လက်ဖက်တောင်သူ ငါးသိန်းကျော် စီးပွားရေး အကျပ်အတည်းကြုံ
2009-07-24

စစ်အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အဝါရောင် ဓာတုဗေဒ ဆိုးဆေး အိုရာမင်းအို ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ဖက်ရောင်းချမှုတွေကို ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း လက်ဖက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြရတဲ့ ပလောင်ဒေသက လက်ဖက်စိုက် တောင်သူ ငါးသိန်းကျော်ဟာ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီလို့ ပလောင်အဖွဲ့တွေ စုစည်းထားတဲ့ ပလောင် လုပ်ငန်းအဖွဲ့က ဇူလိုင်လ ၂၃ရက်မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။


ခုလို ပလောင် တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲဒီအဖွဲ့က စစ်တမ်းကောက်ယူ ပြုစုပြီး ‘လက်ဖက်ဖျက်ပိုး’ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ တစောင်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတရပ် ထိုင်း-မြန်မာနယ်စပ် တနေရာမှာ ဇူလိုင်လ ၂၃ရက် မနက်ပိုင်းက ပြုလုပ်ခဲရာမှာအဖွဲ့ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် မိုင်ဘုန်းကျော်က အခုလိုပြောပါတယ်။

မိုင်ဘုန်းကျော်။ ။ 'ကျနော်တို့ ဒီအစီရင်ခံစာကို ပြည်တွင်းမှာ ရှိတဲ့ လက်ဖက် စားသုံးသူတွေ သိရှိအောင် လုပ်မယ်၊ လက်ဖက်တောင်သူတွေကို သိရှိအောင်လုပ်မယ်၊ နအဖက သူစီမံခန့်ခွဲနေတာက မှားနေပါတယ်၊ သူက ဒါကို စီမံခန့်ခွဲနိုင်စွမ်း မရှိဘူး ဆိုတာကို ကျနော်တို့ သက်သေပြမယ်။ နအဖကို နည်းလမ်းအမျိုးမျိုးနဲ့ တစုံတရာ ဖိအားပေးနိုင်တဲ့ နိုင်ငံတကာ မိသားစုကို တင်ပြသွားမယ်၊ အထူးသဖြင့် ကျနော်တို့က WFP ကမႝာ့စားနပ်ရိက္ခာအဖွဲ့ကို တင်ပြခြင်းအားဖြင့် ကျနော်တို့ရဲ့ အစီရင်ခံစားကို ဖတ်ရှုခြင်းအားဖြင့် ကျနော်တို့ ပလောင်မိဘပြည်သူတွေ ငတ်ပြတ်နေတယ် အစားအသောက်မဲ့ ဖြစ်နေတယ်ဆိုတဲ့ ကိစ္စကို တစုံတရာ ဖန်တီး ဖြေရှင်းပေးနိုင်မယ်၊ ကမႝာ့ ကုလသမဂ္ဂ ကလေးရန်ပုံငွေအဖွဲ့က သိရှိသွားမယ်ဆိုရင် ဒုက္ခ ရောက်နေတဲ့ ကလေးငယ်တွေ ပညာဆက်မသင်နိုင်တဲ့ ကလေးငယ်တွေ အတွက် တစုံတရာ ကူညီလာနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။'

ကျန်းမာရေးဝန်ကြီးဌာနက ၂ဝဝ၉ မတ်လဆန်းက စပြီး လက်ဖက်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုဗေဒ ဆိုးဆေး ပါဝင်နေတာကြောင့် စားသုံးရန်မသင့်ဘူးလို့ ကြေညာပြီးလက်ဖက်ရောင်းချခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုပိတ်ပင်တာဟာ ပြည်သူ့ကျန်းမာရေးအတွက် ကာကွယ်တာဖြစ် ပေမဲ့လည်း စနစ်တကျ မဟုတ်ပဲ သိမ်းကျုံးပြီး ဖျက်ဆီးပစ်တာတွေ ပိတ်ပင်တာတွေ လုပ်လိုက်တာကြောင့် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့ကြတဲ့ ပလောင်ဒေသက သာမန်လက်ဖက်စိုက် လက်ဖက်ခူးတောင်သူတွေရဲ့ဘဝတွေ နစ်နာနေကြရပြီလို့ ဆက်ပြောပါတယ်။

လက်ဖက်တွေကို ပိတ်ပင်ဖျက်ဆီးတဲ့ နေရာမှာလည်း မျှမျှတတ မဟုတ်ပဲ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်လို့ မိုင်ဘုန်းကျော်က အခုလို ထောက်ပြပါတယ်။

မိုင်ဘုန်းကျော်။ ။ 'အသိသက်သေနဲ့ ကျနော် ထောက်ပြမယ်ဆိုရင် နမ့်ဆန်မြို့မှာဆိုရင် တပ်မတော် အချိုခြောက်စက်ရုံဆိုပြီး လက်ဖက်စက်ရုံ ရှိပါတယ်။ လက်ရှိစက်ရုံမှူးက ဗိုလ်ကြီးသန်းထွန်း။ ဗိုလ်ကြီး သန်းထွန်းဆိုရင်သူ ကိုယ်ပိုင် ပိုင်တဲ့ လက်ဖက်စက်ရုံလည်း ရှိပါတယ်။ ပြီးတော့ သူ့အမျိုးတွေ သူတို့နဲ့ ဆက်နွယ်တဲ့ဟာတွေ သူတို့တွေလည်း လက်ဖက်စို လုပ်ကြတယ် ဆိုတော့ အဲဒီလက်ဖက်ကလည်း အဝါရောင် ပါတယ်။ အဲဒါ တွေကလည်း အသိမ်းခံရတဲ့ အထဲမှာပါတယ် ဒါပေမဲ့ ဖျက်ဆီးခံရတဲ့ စါရင်းထဲမှာ မပါဘူး ဆိုတာ တွေရတယ်။ အဲဒါတွေ ထောက်ရှုခြင်းအားဖြင့် နအဖရဲ့ စစ်အုပ်ချုပ်ရေးယန္ဈရားဟာ ကျနော်တို့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဘယ်လိုမှ အကာအကွယ် မပေးနိုင်ဘူး၊ သူတို့က ဒီလိုပြဿနာတွေကို စနစ်တကျ ဘယ်လိုမှ မခန့်ခွဲနိုင်ဘူးဆိုတာ သက်သေပြလို့ ရပါတယ်။'

ဒီအစီရင်ခံစာ ရေးသားဖို့ ဧပြီလကနေစပြီး ၂လကြာ အချက်အလက်တွေလိုက်လံ စုဆောင်းခဲ့တာလို့ သိရပါတယ်။ လက်ဖက်အဓိက ထွက်ရှိတဲ့ နမ့်ဆန်၊ မန်တုန်၊ နမ့်ခမ်း၊ ကျောက်မဲစတဲ့ ဒေသတွေအပြင် လက်ဖက်တင်ပို့တဲ့ မြန်မာပြည်အတွင်းပိုင်းက ရန်ကုန်နဲ့ မန္ဈလေးမြို့ကြီးတွေက ကုန်သည်တွေ၊ လက်ဖက်ခြံပိုင်ရှိင်၊ လက်ဖက်စို၊ လက်ဖက်ခြောက် စက်ရုံပိုင်ရှင်၊ ပွဲရုံပိုင်ရှင်၊ စားသုံးသူနဲ့ လက်ဖက်ခူးသမားအပြင် ဒေသခံအာဏာပိုင် စသဖြင့် စုစုပေါင်း လူ ၁၆၂ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး ခုလို ထုတ်ပြန်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာထုတ်ပြန်တဲ့ ‘ပလောင် လုပ်ငန်းအဖွဲ့’ကို တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (TSYO)၊ ပလောင် အမျိုးသမီးအစည်းအရုံး (PWO) နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) စတဲ့အဖွဲ့တွေ ပူးပေါင်း ပါဝင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

တရုတ်နယ်စပ်မှ အလည်ခရီး ဧည့်သည်များကို မြန်မာဖက်မှ ပိတ်ပင်
2009-07-24

တရုတ်-မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံဖက် ကမႝာလှည့် ခရီးသွား ဧည့်သည်တွေ ဝင်ရောက် လည်ပတ်တာကို မြန်မာဖက်က ပိတ်လိုက်ပြီလို့ သိရပါတယ်။

တရုတ်လူမျိုးတွေ မြန်မာနိုင်ငံကို လာရောက်ကြတာဟာ အလည်အပတ် သဘောမျိုး မဟုတ်ပဲ စီးပွားလာလုပ်ကြတာလို့ တရုတ်-မြန်မာနယ်စပ် အသိုင်းအဝိုင်းက ပြောပါတယ်။

အပြီးသတ် လျှောက်လဲချက်မတင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့ဆုံ
2009-07-23

ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ရှေ့နေတွေ ဒီကနေ့ ၁၂ နာရီခွဲလောက်မှာ တွေ့ဆုံခွင့် ရခဲ့ပါတယ်။မနက်ဖြန် သောကြာနေ့မှာ အပြီးသတ် လျှောက်လဲချက်မတင်ခင် တွေ့ဆုံဖို့ လိုအပ်ကြောင်း ရှေ့နေတွေက တင်ပြ တောင်းဆို ခဲ့တဲ့အတွက် အခုလို တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။


ရှေ့နေ ဦးဥာဏ်ဝင်းက အခုလို ပြောဆိုပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'မနေ့က က္ဆွန်တော်တို့က အကျဉ်းဦးစီးဌာနမှာ စာတင်ပါတယ်။ က္ဆွန်တော်တို့ ထပ်တွေ့ဖို့ တောင်းတာဟာ အရေးကြီးတယ်။ က္ဆွန်တော်တို့ အပြီးသတ် လျှောက်လဲချက် အတွက်လည်း နောက်ဆုံး အပြီးသတ် ညှိနှိုင်းဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ က္ဆွန်တော်တို့ အဲလို တင်တယ်။ တင်တာ တင်တဲ့အပေါ်မှာ မူတည်ပြီး အခုလို ပေးတွေ့တာပါ။ က္ဆွန်တော်တို့လည်း ဒီနေ့ အပြီးသတ် လျှောက်လဲချက်အတွက် နောက်ဆုံး ညှိနှိုင်းဆောင်ရွက်မှု လုပ်ငန်းကို ပြီးစီးအောင် လုပ်နိုင်ပါတယ်။ ရေးသား လျှောက်လဲချက်အနေနဲ့တော့ အပြီးတော့ မပြီးဘူးပေါ့။ က္ဆွန်တော်တို့က စာပြန်ရေးရဦးမယ်၊ စာပြန်ရိုက်ရဦးမယ်ပေါ့။ ဒါပေမဲ့ မနက်ဖြန် အချိန်မီအောင်တော့ က္ဆွန်တော်တို့ ကြိုးစားပြီး လုပ်ရမှာပဲ။'

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခံခဲ့တာကို မနေ့ကတော့ ထောင်အာဏာပိုင်တွေက ပယ်ချခဲ့ပြီး၊ ဒီနေ့မှ တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မနက်ဖြန်သောကြာနေ့ နေ့လည် ၂ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးချိန်းဖြစ်ပြီး၊ နောက်ဆုံး အပြီးသတ်လျှောက်လဲချက်တင်သွင်း ရမှာဖြစ်ပါတယ်။

အပြီးသတ်လျှောက်လဲချက်အတွင်း တစုံတယောက်ကို ထိခိုက်နစ်နာစေတဲ့ အချက်အလက်တွေ မပါစေဖို့ ဒေါ်အောင်ဆန်းစုကြည်က အထူးတလည် မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'အကြောင်းထူးတာတော့ ထူးထူးခြားခြားက က္ဆွန်တော်တို့ ရေးသားတဲ့ စာမျက်နှာ ၂ဝကျော်မှာ ဥပမာ၊ လုံခြုံရေးကိစ္စ၊ လုံခြုံရေး ဖောက်တာ ဘာညာဆိုတာ၊ ဒါ အဖြစ်အပျက်တွေလေ၊ အဲ ဒီအဖြစ်အပျက်မှာ ပုဂ္ဂိုလ် တဦးတယောက်ကို ထိခိုက်အောင် မရေးဖို့၊ အဖြစ်အပျက်ကိုလည်း ဖော်ပြရမယ်၊ အဲဒီလို က္ဆွန်တော်တို့ကို လမ်းညွှန်ပါတယ်ခင်ဗျ။'

မနက်ဖြန်လျှောက်လဲချက်တင်အပြီးမှာ၊ နောက်ဆုံးစီရင်ချက်ချမဲ့ ရုံးချိန်ရက်ကို တရားသူကြီး တွေက သတ်မှတ်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးတဲ့အမှုမှာ၊ တရားစွဲဆိုသူ အစိုးရအာဏာပိုင်တွေဖက်က တင်သွင်းတဲ့ သက်သေ ၁၅ ဦးကို စစ်ဆေးခဲ့ပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်ဖက်က သက်သေ ၄ ဦးသာ တင်သွင်းခဲ့ပေမဲ့ ၂ ဦးကိုပဲ တရားရုံးမှာ ထွက်ဆိုခွင့်ပြုခဲ့ပါတယ်။


ရုရှားပြန် စစ်တပ်အရာရှိသုံးဦး ပြည်ပကို ထွက်ပြေးတိမ်းရှောင်
2009-07-23

ဇူလိုင်လ ၂ဝ ရက်နေ့ကစလို့ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာ ရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနဲ့ ပြည်ပ ထွက်ခွာမဲ့သူတွေ အခွန်ငွေ ပေးသွင်းရတဲ့ ပုံစံ ၁၉ ရုံးတို့ကို နေပြည်တော် မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် အရာရှိ၊ ဝန်ထမ်းတချို့နဲ့ ပတ်စပို့ပွဲစားတွေ အပါအဝင် လူ ၈ဝလောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အဲဒီရုံးတွေနဲ့ နီးစပ်တဲ့သူတွေက RFA ကို ပြောပါတယ်။


ရုရှားနိုင်ငံမှာ ပညာသင်ယူပြီး ပြန်လည်ရောက်ရှိလာတဲ့ တပ်မတော်က ဗိုလ်ကြီးအဆင့် အရာရှိသုံးဦးဟာ ပွဲစားတွေကတဆင့် နိုင်ငံကူးလက်မှတ်တွေ ရယူပြီး၊ ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားတဲ့အတွက် နေပြည်တော် အထူးရဲတပ်ဖွဲ့က အဲဒီရုံးတွေကို အခုလို အပူတပြင်း စီးနင်း ရှာဖွေစစ်ဆေးခဲ့တာလို့ ပတ်စပို့ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပတ်စပို့ရုံးနှင့် နီးစပ်သူ။ ။ 'ရုရှားကနေ ပညာသင်ပြီး ပြန်လာတဲ့ ကက်ပတိန် သုံးယောက် တံဆိပ်တုံးအတုတွေ ဘာတွေ လုပ်ပြီးတော့ နိုင်ငံခြား ထွက်သွားတာပေါ့။ ထွက်သွားတော့ ထိုင်း၊ ထိုင်းကတဆင့် ဘယ်သွားဦးမလဲတော့ မသိဘူးပေါ့။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ သူတို့ ပွဲစားတွေ လိုက်ဖမ်းတာပေါ့။ ပွဲစားတွေနဲ့ ဝန်ထမ်းတချို့၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဆိုင်တွေကိုပါ ဝင်ဆွဲတာပေါ့။ ဓာတ်ပုံတွေနဲ့ နာမယ်နဲ့ တိုက်ပြီးတော့၊ ပွဲစား အယောက် ၈ဝ လောက်လို့ ကြားတာပဲ။ သူတို့ဆီမှာ စာရင်းတွေ ရှိတယ်။ အရင်တုန်းက ပတ်စပို့ ပွဲစားတွေပေါ့။ ပတ်စပို့ ပွဲစားဆိုတာ အရင်တုန်းက အက်စ်ဘီဟောင်းတွေ များပါတယ်။ အက်စ်ဘီပြုတ်တွေလေ။'

ဒါ့ပြင် မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တချို့ရဲ့ ပြည်ပခရီးစဉ် မှတ်တမ်းတွေ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ရုရုား၊ မြောက်ကိုရီးယားစတဲ့ နိုင်ငံတွေက နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးချက် ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့တာဟာ အဲဒီ ထွက်ပြေး တိမ်းရှောင်သွားတဲ့ တပ်မတော် အရာရှိ ၃ ဦးရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ယူဆတဲ့အတွက် အာဏာပိုင်တွေက အထူးအလေးထား ဖော်ထုတ်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ အတည်ပြုချက် ရယူနိုင်ဖို့ နေပြည်တော် မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့၊ ရန်ကုန် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနဲ့ ပုံစံ ၁၉ အခွန်ရုံးတို့ကို RFA ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း ကိုင်သူတွေက လက်ခံဖြေဆိုမှု မရှိပါဘူး။

ဒီကနေ့မှာတော့ ပတ်စပို့ရုံးနဲ့ ပုံစံ ၁၉ ရုံးတွေမှာ ခါတိုင်းနဲ့မတူပဲ လူသူ အထူးနည်းပါး ခြောက်ကပ်နေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ ပတ်စပို့ရုံးနဲ့ ပုံစံ ၁၉ ရုံးတွေဟာ ကြိုးနီစနစ် များတာကြောင့် ပွဲစားတွေ အထူးပေါများသလို လာဘ်ပေးလာဘ်ယူ အဆိုးဆုံး ရုံးတွေအဖြစ် လူသိများပါတယ်။


ကူကီးတိုင်းရင်းသားအမည် အတင်းအကျပ်ဖျောက်ခိုင်း၍ ကန့်ကွက်ဆန္ဒပြ
2009-07-23

မြန်မာစစ်အစိုးရက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာနေထိုင်ကြတဲ့ ကူကီးတိုင်းရင်းသားတွေကို ကူကီးမျိုးနွယ်စု နာမည်ကို ဖျောက်ဖျက်ပြီး ထာဒိုချင်း လူမျိုးများသာ ဖြစ်ကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းနေတာဟာ ကူကီးတိုင်းရင်းသားတွေအပေါ် မျိုးတုံးစစ်ဆင်ရေး လုပ်တာဖြစ်တဲ့အတွက် ချက်ချင်း ရပ်ဆိုင်းပေးဖို့နဲ့ တိုင်းရင်းသားအားလုံးကို တန်းတူဆက်ဆံရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတခုကို ပြည်ပရောက် ကူကီးတိုင်းရင်းသားတွေက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဇူလိုင် ၂၃ရက် ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

နယူးဒေလီရှိ ဂျန်တားမန်တားပန်းခြံမှာ ကူကီးတိုင်းရင်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ စုစုပေါင်း အင်အား ၆ဝကျော်ွွေ့ကးကြော် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ကူကီးအမျိုးသား ကွန်ဂရက်ဥက္ကဋ္ဌ ဦးလက်လန်းက ကူကီး တိုင်းရင်းသားတွေအပေါ် စစ်အစိုးရက အနိုင်ကျင့်နေတာတွေနဲ့ ပတ်သက်ပြီး ပြောကြားသွားပါတယ်။

ဦးလက်လန်း။ ။ 'ကူကီးခေါင်းဆောင်တွေကို အတင်းအကျပ် ခေါ်ပြီးတော့ သူတို့ဟာ ကူကီးလူမျိုး မဟုတ်ပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒါ အင်မတန်မှ ရိုင်းတဲ့ကိစ္စဖြစ်တယ်။ ဒါမျိုး ကမႝာပေါ်မှာ ဘယ်နိုင်ငံမှာမှ မကြားဖူးပါဘူး၊ ကျနော်တို့ လူမျိုးမှာလည်း ကျနော်တို့ လူမျိုးနာမည်ကို ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ကူကီးဆိုတာ ဗမာပြည်မှာ မရှိဘူးဆိုတဲ့ စကားမျိုးကို ဒီနေ့ပြောလာပါတယ်။ ဒီလိုပုံစံမျိုးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာလည်း ဘယ်လိုမှ ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီစစ်အစိုးရဟာ လူမျိုးစုံအပေါ်မှာရော ပြည်သူလူထုတရပ်လုံးအပေါ်မှာရော အမြဲဗိုလ်ကျစိုးမိုးဖို့ ကလိမ်ကကျစ် ဥာဏ်တွေသုံးပြီးတော့ ပြည်သူလူထုအပေါ်မှာ ရတဲ့နည်းနဲ့ အနိုင်ယူဖို့ လုပ်တာ ဖြစ်တယ်။ ဒါကို ကျနော်တို့ပဲ သိတယ်။ '

ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဥက္ကဋ္ဌ ကိုလူလွန်းကလည်း ကိုယ့်လူမျိုး ကိုယ့်အမည်နဲ့ပဲ လွတ်လွတ်လပ်လပ် နေချင်တဲ့အတွက် တောင်းဆိုရတာ ဖြစ်ကြောင်းနဲ့ ခေတ်အဆက်ဆက်က ကူကီးတိုင်းရင်းသားတွေ အနှိမ်ခံဘဝနဲ့နေခဲ့ရတာကို ပြောသွားပါတယ်။

ကိုလူလွန်း။ ။ 'တိုင်းရင်းသားရဲ့ အခွင့်အရေးဆိုတာ အတိုင်းပဲ ကျနော်တို့က လွတ်လွတ်လပ်လပ် ကိုယ့်လူမျိုးရဲ့ အမည်ပဲ ဖြစ်ဖြစ် ကိုယ့်လူမျိုးရဲ့ နယ်မြေထဲမှာ ကျနော်တို့က လွတ်လွတ်လပ်လပ်နေချင်တယ်၊ နောက်ပြီးတော့ ဒီမိုကရေစီရေး ဆိုရင်လည်း ကျနော်တို့က လွတ်လွတ်လပ်လပ် တိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့က ကူကီး အရေးလုပ်ရင်းနဲ့ ဒီမိုကရေစီအတွက်လည်း တိုက်သွားမှာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက အမျိုးမျိုး ခြိမ်းခြောက်တယ်ပေါ့နော်၊ ကျနော်တို့ခံခဲ့ရတာ ၁၉၆၇ ကနေ ခါတော်မီ စစ်ဆင်ရေးမှာလည်း ကူကီးဆိုပြီးတော့မှ သူတို့က မောင်းထုတ်ခဲ့ကြတယ်၊ နောက်မှ ဒီလိုမျိုး ပြသနာဆက်ဖြစ်တယ်ပေါ့။ တချို့က ကူကီးဆိုတာ မပြောရဲကြဘူး။ ကူကီးဆိုတာက ကျနော်တို့ မွေးရာပါ အခွင့်အရေး ဖြစ်တဲ့အတွက် ကျနော်တို့ဟာ ကူကီးဖြစ်တယ်။ အရင်ကလည်း ဖြစ်တယ်။ နောင်လည်း ဖြစ်တယ်။'

ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဥက္ကဋ္ဌ ကိုလူလွန်း ပြောသွားတာပါ။ ကူကီးတိုင်းရင်းသားတွေဟာ စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်း ဟုမ္မလင်းဒေသ ခန္ဈီးမြို့နယ် လေရှီးမြို့နယ်နဲ့ ချင်းပြည်နယ် တွန်းဇံ မြို့နယ်တွေမှာ အများစု နေထိုင်ကြတာ ဖြစ်ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့က တမူးမြို့ပေါ်မှာရှိတဲ့ ကူကီးတိုင်းရင်းသားတွေကို ကူကီးတိုင်းရင်းသား မဟုတ်ပဲ ထာဒိုချင်း တိုင်းရင်းသားတွေ ဖြစ်ကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့ရာကနေ ဒီပြဿနာတွေ စတင်ခဲ့တာလို့ သိရပါတယ်။




ခါတော်မီ အာဇာနည် မဟုတ်ပါ
.

ရွက်ဟောင်းတို့ ကြွေလွင့်ခဲ့ပြီး ရွက်သစ်တို့ ဝေဝေဆာသည့် သည်ဝသာန်ခါ ရာသီ ရောက်ချေပြီ။ စိမ်းစိုသော သစ်ပင် သစ်ခက်တို့သည် လေပြင်းနှင့်အတူ သည်းထန်လှသော ရန်ကုန်မိုးကို အံတုရင်း ယိမ်းနွဲ့လျှက် ရှိကြသည်။ ကြပ်ညပ်လှသော ၃၉ ဘတ်စ်ကားကို စီးရင်း ဝက်တုပ်ကွေး မကြောက်၊ ကူးစက်ရောဂါ မကြောက်ဖြင့် ရန်ကုန်ထဲအသွား ရှေးဟောင်း အဆောက်ဦနီနီကြီး နံဘေး ကွေ့ဝိုက်မောင်းနှင် ချိန်တွင် လမ်းမပေါ်၌ ရေဆိုးတို့ဖြင့် လျှံနေပေပြီ။

ယိုယွင်း ပျက်စီးနေသော မြို့တော်ရန်ကုန် နေရာ အတော်များများသည် မိုးသည်းသည်း ရွာသည်နှင့် မကြာမီ ကားလမ်းတို့ ရေလျှံတက်နေ တတ်ပြီ။ ဝန်ကြီးများ ရုံးကို ပတ်ဝိုက် မောင်းနှင် ဖြတ်သန်းတိုင်း ရင်ထဲ အောက်မေ့ သတိရမိသည်မှာ ဤ အဆောက်အဦးကြီး အတွင်း အသက်စတေး ပေးဆပ် သွားရရှာသော အာဇာနည်ကြီးများ အကြောင်းပင် ဖြစ်သည်။ အော် ... ဘာလိုလိုနဲ့ မကြာခဏ ဆိုလျှင်ပင် အာဇာနည်နေ့ တို့ကို တိုက်စားသွားသည်မှာ ၆၂ ခုနှစ်နှစ်ပင် တိုင်ခဲ့ချေပြီ။

အာဇာနည်နေ့ ဆိုသည်နှင့် အတူ ငယ်စဉ်တောင်ကျေး ဘဝက ကြားခဲ့ဖူးသော ဗိုလ်ချုပ်မိန့်ခွန်း အစီအစဉ် ရေဒီယို အသံလွှင့်ချက်များ။ ကျဆုံးသော အချိန် အထိမ်းအမှတ် ဥသြဆွဲသံများ နှင့် ကလေး အရွယ်ပင် ဖြစ်ချိမ့်သော်လည်း ထိုဥသြသံ ကြားသည့် အခါတိုင်း ရောက်သည့်နေရာ ကြားသည့်အချိန် သတိတရ ဖြင့် အလေးပြု ငြိမ်သက် အောက်မေ့ခဲ့ပုံများ၊ ကြက်သီး တဖြန်းဖြန်းထသည့်တိုင်အောင် ခေါင်းဆောင်ကြီး များအား အောက်မေ့ ချီးကျူး လေးစားခဲ့ပုံများကို ပုံရိပ်များသဖွယ် တလှပ်လှပ် ပေါ်ပေါက် မြင်ယောင် လာလေသည်။ အော် …….. ငယ်စဉ်က ကြုံခဲ့ရဖူးသည့် မြင့်မြတ်သော အတွေ့အကြုံတို့ ယခု မရှိတော့လေပြီ။

အာဇာနည် ဆိုတာ အဆိုတော်လား? ဟု ခေတ်လူငယ် အများစုက မေးနေကြလေပြီ။ နိုင်ငံ့ ခေါင်းဆောင်ကြီး၏ ရုပ်လွှာ ပုံရိပ် တို့ကိုပင် ခိုးကြောင် ခိုးဝှက် ဆောင်သိမ်း ချိတ်ဖွက် နေရတော့သည်။ လတ်တလော သုံးစွဲနေရသော ရှာရန် ခက်သလောက် သုံးရန်လွယ်သည့် တန်ဖိုးမဲ့ ငွေကြေးစက္ကူများ စုတ်ပြတ်သတ်ကာ မသတီဖွယ် ဖြစ်နေခြင်းကို ကြည့်ပြီး မိမိတို့ မြတ်နိုး တန်ဖိုးထားရသော ဗိုလ်ချုပ် ဖခင်၏ ပုံရိပ် ဤငွေ တို့အပေါ် မရှိတော့ သည်ကိုပင် ကြံဖန် ကျေးဇူးတင် ရအုံးတော့မည်။

အာဇာနည်ကြီးများ အကြောင်း ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ဖူးသော မိန့်ခွန်းတချို့ကို ရှာဖွေ ဖတ်ရှုမိသည်။ မိမိတို့ လူဖြစ်နေသော ခေတ်ကို ပိုင်းခြား မိခြင်းမျှသာ။ သံဖြူဇရပ် စစ်သင်္ချိုင်း ဖွင့်ပွဲတွင် ဗိုလ်ချုပ်က ဤသို့နှယ် ပြောခဲ့သည်။

လူတဦး တယောက်ဟာ... အခြားလူတဦး တယောက်ကို နှိပ်စက် ကလူပြုတယ်၊ သွေးစုပ် ချယ်လှယ်တယ် ၊ တရား မျှတမှုကို မျက်ကွယ်ပြုတယ် ဆိုရင်... ဒါမှ မဟုတ်နိုင်ငံ တခုက အခြား နိုင်ငံတခု အပေါ် ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ တရား မျှတမှု အဝဝကို ချိုးဖေါက်ခြင်း၊ ပြုမယ်ဆိုရင် ထိုလူ (သို့မဟုတ်) ထို နိုင်ငံဟာ ထို မတရားမှု အတွက် အပြစ်ဒါဏ် ခတ်မှုကို မုချမလွဲ ခံရစမြဲဘဲ ဖြစ်တယ်။
လူတဦးက တဦးပေါ်မှာ ဖြစ်စေ၊ နိုင်ငံတခုက တခုပေါ်မှာ ဖြစ်စေ။ ဖိနှိပ် ချယ်လှယ်မှုတွေ ခေါင်းပုံ ဖြတ်မှုတွေ ပြုလုပ် ခဲ့ကြလို့လည်း ဒီကမ္ဘာကြီးမှာ ဒုက္ခတွေ ပင်လယ်ဝေခဲ့တာ အကြိမ်ကြိမ် ရှိခဲ့ပါပြီ။ တရားမဲ့ခြင်း ၊ ဖိနှိပ် ချယ်လှယ်ခြင်း ၊ ခေါင်းပုံဖြတ်ခြင်းတို့ ဆက်လက် တည်ရှိနေသရွေ့ တုန့်ပြန် လက်စားချေမှု တွေဟာ မကြာခဏ ပေါ်ပေါက်နေအုံးမှာပဲ…...
ဗိုလ်ချုပ်သည် အမြော်အမြင် ကြီးမားစွာဖြင့် နောင်လာ နောက်သားတို့ အတွက် မှာခဲ့၏။ တရား မျှတသော မြန်မာ့လူ့ဘောင် စနစ်ကို တည်ဆောက် ကျင့်သုံးရန် ကြိုးပမ်းခဲ့၏။ သူသာ ရေတိမ် မနစ်ခဲ့လျှင်၊ မိမိတို့ မြန်မာပြည်သည် ယခုကဲ့သို့ ဖြစ်နေချိမ့်မည် မဟုတ်ဟု လေးလေးနက်နက် ယုံကြည်သည်။

သူ ... မရှိတော့သော နောက်၊ ကျွန်ုပ်တို့ ဖခင် မရှိတော့သော နောက်၊ မွန်မြတ် မှန်ကန်သော လူထု ခေါင်းဆောင်တို့ မရှိတော့သည့်နောက် ယနေ့တွင် မြန်မာနိုင်ငံသား များစွာတို့သည် လူဖြစ်သော်လည်း လူလို နေနိုင်သူ၊ လူလို တွေးတော ကြံဆနိုင်သူ မဟုတ်ကြတော့ပေ။ အရာရာကို အကြောက်တရားနှင့် ယှဉ်ပြီး ကိုယ်ကျိုး အတ္တ အစွဲအတွက်သာ တွေးကြံလှုပ်ရှား တင်းတိမ် ရောင့်ရဲရင်း ဘဝများစွာတို့ ရှင်လျှက်နှင့်ပင် သေနေကြလေပြီ။

မြန်မာပြည်တွင်း မိမိတို့ လူဖြစ်သည် ဆိုကတည်းက လောကဓံ ဆိုသည်နှင့် အတူ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ စီးပွားရေးအရ၊ ဖိနှိပ်မှုများ တွန်းအားပေးမှုများ ပြန်လည် ဝေဖန်ရန် ခက်သော ဖိစီးမှု အခြေအနေများစွာ တွေ့ကြုံခဲ့ရသည်။ ယနေ့ တိုင်လည်း မြင်ရတွေ့ နေရဆဲပင်။ လူဖြစ်နေ၍လား? ... လူလို နေထိုင်ခွင့် မရသေးသည့် အုပ်ချုပ်ရေး စနစ်ကြောင့်လား? ... ဘာကြောင့်တော့ သေခြာ မသိချေ၊ ဖိနှပ်ချုပ်ချယ် အနိုင်ကျင့်မှု များကတော့ ခံနေရသည်မှာ ပီပြင် သေခြာလှသည်။

မိမိတို့ လူဖြစ်နေသော ခေတ်သည် မချိတင်ကဲ ဖြစ်ဖွယ်များစွာ တွေ့ကြုံ နေရသည်။

ယနေ့ပင် ဝန်ကြီးများရုံး အနားဖြတ်သန်း အသွား စီးလာသော ကားကို စိန်ပေါလ် မီးပွိုင့်လမ်းဆုံ သစ်ပင်ကြီး တပင်ခြေရင်း အုတ်ခုံပေါ်တွင် ခြေတဖက် တင်၍ ရုပ်ရှင်မင်းသား ဟန်ပန် စီးကရက်ကို တဖက်က ကိုင်ထားသော ယာဉ်ထိမ်းရဲ က ခရာ ... တတွီတွီ အဆက်မပြတ် တွတ်မှုတ်၍ ကားရပ်ရန် အချက်ပြ တားဆီးပါသည်။ ကျန်တဦးက ခါးထောက်ပြီး ဒေါသ ထွက်နေဟန်ဖြင့် ကားပေါ်ပါ လူအားလုံးကို မိုက်ကြည့်ကြည့်သည်။

အမှန်တကယ် မိမိတို့ ခရီးသည် အားလုံးတွင် ဘာအပြစ်မှ ရှိသည်မဟုတ်။ အဖြစ်ကို မသိလျှင် ယာဉ်ထိမ်းရဲကျွေး ထားသော ထမင်းကို ကားစီး ခရီးသွားအားလုံးက စားထားသည့် နှယ်။

ဦးထုပ်မဆောင်း ယူနီဖေါင်း ကြေကြေ မျက်နှာက ယဉ်ကျေးမှု တစက်မှ မထွန်းကားသော ရုပ်နှင့်၊ စီးကရက်နှင့် ကွမ်းယာကို တရစပ် သုံးစွဲနေဟန် ရှိသော သူတို့ နှစ်ဦးစလုံးသည် အရက်သေစာလည်း သောက်သုံးထားသည် ထင်ရသည်။

ကားစပါယ်ယာ က ပြေးဆင်းသွားပြီး ထိုနှစ်ဦးကို မျက်နှာချိုသွေးသည်၊ ပိုက်ဆံ နှစ်ရာကို ထိုးထည့်ပေးသည်ကို ရပ်ထားသော ကားပေါ်မှ ဖြတ်ကနဲ လှမ်းတွေ့လိုက်ရသည်။ ထိုအခါ အုတ်ခုံပေါ် ခြေတဖက် တင်၍ ရင့်သီးလှသော မျက်နှာပေးဖြင့် တခြားလမ်းဖက် မျက်နှာ မူနေသော ရဲက လှည့်၍ပင် မကြည့်၊ မတူမတန်သည့်ဟန်။

ငါးရာတန် ထိုးပေးလိုက်သော အခါမှ မလိုချင် လိုချင်၊ မယူချင့် ယူချင် ဟန်ဖြင့် လှစ်ကနဲ ယူပြီး ဘောင်းဘီအိတ်ထဲ ထိုးသွင်းလိုက်သည်။ ပြီးမှ လွန်စွာ သဘောထားကြီးသည့် ဟန်ဖြင့် လက်ညိုး တငေါက်ငေါက် ထိုးကာ စကားတချို့ပြောသည်ကို ကားပေါ်မှ မိမိတို့ အားလုံး မြင်နေ တွေ့နေ ရသည်။

စပါယ်ယာလေး ကားဆီ အပြေးလာရင်း မောင်းဆရာရေ့... ဟု .. ဇောင်းထဲမှ လွတ်သော မြင်းလို ကဆုန်စိုင်း၍ အအော် ... ကားကအထွက် ... ခရီးသည် အချို့ထံမှ ဗျစ်တောက် ဗျစ်တောက် အသံတချို့လည်း ထွက်ပေါ်လာသည်။ စကားလုံး အချို့သည် တိုင်ပင် ကိုက်မထားပါဘဲလျှက် တူညီနေလေသည်။

အေးဓမြ……….. တွေတဲ့။

စပါယ်ယာကို လက်တို့ မေးကြည့်ပါသည်။ ဘာကြောင့် သူတို့ လက်တား ဖမ်းဆီးသလဲ ? ဆိုသောအခါ။ ဤနေရာတွင် ဘတ်စ် ကားတိုင်းက လမ်းကြောင်းကြေး ၁၀၀ ပေးနေကျ ဖြစ်ကြောင်း ယခု မိမိ တို့ကားက မပေးဘဲ မီးစိမ်းပေါ်သည့် မီးပွိုင့်ကို ဖြတ်မောင်းလာ၍ ပြန်ခေါ်ပြီး ပိုက်ဆံတောင်းခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။

စိတ်ထဲ ဦးဆုံး သတိရမိသည်မှာ ဤနေရာနှင့် မလှမ်းမကမ်းတွင် အသက်ဆုံးရှုံး သွားခဲ့ဖူးသော ကျွန်ုပ်တို့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ကြီးများ ကိုပင် မထောက်ထား ရက်လေတော့ သလား?။

အကြောင်းဧကန် သင့်လျော်ခြင်း ရှိသည် မရှိသည် မသိပါ။ ယနေ့ တိုင်းပြည် ပရမ်းပတာ ဖရိုဖရဲ နှင့် နေရာ တကာတွင် ယူနီဖေါင်းဝတ် ဆိုသူတိုင်းကို ကြောက်နေရခြင်းအား လုံးဝ သဘောမကျ စရာ၊ မနှစ်မြို့စရာပင်။

ပျက်စီး ယိုယွင်းသော ခေတ်ကို ဖန်တီးသည့် တရားခံသည် အုပ်ချုပ်သောသူ အဓိက ဖြစ်ပြီး နောက်ဆက်တွဲ တရားခံမှာ ထိုသို့ အုပ်ချုပ်သော သူတို့ကို လက်ခံထားသည့် တော်လှန်ပြောင်းလဲရန် မကြိုးစားသည့် ပြည်သူလူထု ကိုယ်၌ပင် ဖြစ်ပေရာ၊ မိမိတို့လည်း ဒုတိယ တရားခံ စာရင်းထဲ ပါနေသည်ဟု တနုတ်နုတ် တွေးနေမိသည်။ နောက် မျိုးဆက်သစ်တို့ အပေါ် တာဝန် ကျေပွန်ခဲ့ခြင်း အလျဉ်းမရှိသည့် လူသား မဖြစ်လိုသော မိမိမှာ လူတွေအကြား လှုပ်ရှားသွားလာရင်း ခေတ်လူငယ် တဦးအဖြစ်နှင့် လည်းကောင်း၊ တပ်မတော် မျိုးချစ်စစ်သားဟောင်း တဦးအနေဖြင့် လည်းကောင်း ထို့အတွက် ရတက်မအေး အတွေးများစွာ အရေးများစွာကို နေ့စဉ်နီးပါး တွေးတော စဉ်းစားနေတတ်သည်မှာ ကြာခဲ့ချေပြီ။

သို့တိုင် ဘာမှ လက်တွေ့ အကောင်ထည် မပေါ်လာသေးဟု မချင့်မရဲ ဖြစ်မိတိုင်း တစုံတခုကို ဝံ့ဝံ့စားစား ဆုံးဖြတ် ချင်မိသည်။ ဖေါက်ထွက်ရေး နည်းလမ်းများကို ရှာဖွေချင်မိသည်။ ပေါင်းစည်းနိုင်မည့် ကမ်းလက်များကို ရှာဖွေချင်မိသည်။ အားပေးနိုင်မည့် စွမ်းအားများကို တီထွင် ချင်မိသည်။

တခုတော့ စဉ်းစားမိသည်။ မိမိတို့ နိုင်ငံ ယခုလို ဖြစ်နေခြင်း ယနေ့လို မွတ်သိပ် ကြပ်တည်းစွာ ခံစားနေရခြင်း များ၏ အကြောင်းရင်းခံမှာ မိမိတို့ နိုင်ငံသားများ ထဲတွင် အာဇာနည် စိတ်ထား ရှိသူတို့ နည်းပါးနေ၍ ဖြစ်ကြောင်း တခုသာ တွေးမိသည်။

အာဇာနည် စိတ်ထား ရှိသူကို မျှော်နေ၍ ပြီးမည်လား? .....

စာဆို တခုကို သတိရမိသည်။

မိမိကိုယ်တိုင် မြင်ချင်သော ဖြစ်ရပ် အခြေအနေတခု ပေါ်ပေါက်ဖို့ အတွက် မိမိကိုယ်တိုင် ထိုဖြစ်ရပ်ကို အကောင်ထည်ဖေါ် ကျင့်သုံးသူ ဖြစ်ဖို့လိုသည်...
ဆိုသော စာဆိုပင်။

အာဇာနည် စိတ်ထားတော့ မမှီပါ။ သို့သော်လည်း ခါတော်မီ အာဇာနည်လဲ မဟုတ်ရပါ၊ အများပြည်သူ အတွက် ဘဝအချိန် ပေးဆပ်ရင်းနှီးရမည့် မည်သည့် ဒုက္ခမျိုးကို ကြုံရပေ့စေ ရင်ဆိုင်ဖေါက်ထွက်ဖို့ အသင့်ပြင်ထားပြီးပြီဟု ယုံကြည်သည်။

ကမ်းလင့်သော လက်များ။ ပေါင်းစည်းမည့် လက်များ၊ ဖေးမမည့် လက်များ။ ပင့်တင်မည့် လက်များ။ တွဲခေါ်မည့် လက်များ၊ မိုးကာမည့် လက်များ၊ ချည်တွဲ အားဖြည့်မည့်လက်များ ပေါ်ထွက်လာအောင် ကြိုးပမ်းရေး အတွက် လူငယ်ထုကြီး တရပ်လုံးနှင့် ယှဉ်သော အင်အားစုကြီး တခု ပေါ်ထွန်းလာပါစေဟု ရည်မှန်းကာ လာမည့် နေ့သစ်များတိုင်း နိုင်ငံရေးအသစ် ပုံစံတို့ ပေါ်ထွက်ရေးကို မျှော်လင့် နေမိတော့သည်။

တရားမျှတမှု တည်ဆောက်ရေးနှင့် ပြည်သူ့ ညီညွတ်ရေး ဆောင်ကြဉ်းနိုင်မည့် ကျယ်ပြန့်သော အင်အားစုကြီးမျိုး တခုကို လိုလိုလားလား တောင့်တ နေမိကာ မကြာမီ ခေတ်သစ်သို့ ချည်းကပ် နိုင်လိမ့်မည်ဟုလည်း လေးလေးနက်နက် ယုံကြည်နေမိသည်။

ပြည်ချစ်သား
http://peoplemediavoice.com/Life/isnt-just-in-times-martyr.html