Wednesday, July 29, 2009

၂၉ဇူလိုင်ဒိုင်ယာရီ

စက်တင်ဘာလမှာ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ အလားအလာရှိ
2009-07-29

လာမဲ့စက်တင်ဘာလမှာ လက်ရှိ စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ကြားဖြတ်အစိုးရ ဖွဲ့ဖို့ အလားအလာ ရှိတဲ့အကြောင်း နေပြည်တော် ဝန်ကြီးတဦးက ထုတ်ဖော် ပြောကြားပါတယ်။ စက်တင်ဘာလမှာ ကြားဖြတ်အစိုးရ ဖွဲ့ကောင်း ဖွဲ့နိုင်တယ်လို့ စက်မှု(၁) ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းက မကြာခင်က နေပြည်တော်မှာ ကျင်းပတဲ့ စက်မှု(၁) ဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှာ ခုလို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်ရဘို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ကြားဖြတ်အစိုးရကို ဘာကြောင့်ဖွဲ့တယ်၊ ဘယ်သူက ဦးဆောင်မယ်၊ ဘယ်သူတွေပါဝင်မယ်၊ စစ်တပ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမယ် စတဲ့ အသေးစိတ်ကိုတော့ ဝန်ကြီးဦးအောင်သောင်းက အစည်းအဝေးမှာ ရှင်းရှင်းလင်းလင်း ပြောဆိုမသွားဘူးလို့ စုံစမ်းသိရပါတယ်။ ဝန်ကြီးဦးအောင်သောင်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးမှာ ဝန်ကြီးချုပ်နေရာအတွက် လျာထားခံရသူ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင်ထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်တဲ့ လုပ်ငန်းမှန်သမျှကို စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်တယ် ဆိုပြီး မှတ်ယူရမယ်လို့ ၂ဝဝ၈ ခုနှစ် စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ မှာ ပြဌာန်းထားပါတယ်။ ဒါကြောင့် လက်ရှိစစ်အစိုးရကို ဖျက်သိမ်းပြီး ကြားဖြတ် အစိုးရဖွဲ့မယ်ဆိုလည်း ဖွဲ့နိုင်ခွင့်ရှိနိုင်တယ်လို့ ဝါရင့် မြန်မာရှေ့နေတဦးက ပြောပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၂ မှာ လက်ရှိ စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင်ထိ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆက်လက် ကျင့်သုံး ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားတဲ့အတွက် စစ်အစိုးရရဲ့ လက်ရှိ အနေအထားဟာ တရားဝင် မကြေညာပေမဲ့ ကြားဖြတ်အစိုးရ သဘောဆောင်နေတယ်လို့ပါ အဲဒီ ရှေ့နေက ထောက်ပြပါတယ်။၊

စစ်အစိုးရအနေနဲ့ စက်တင်ဘာလမှာ ကြားဖြတ်အစိုးရဖွဲ့ဖြစ်တယ်ဆိုရင် ဒီကြားဖြတ်အစိုးရ တာဝန်က ၂ဝ၁ဝ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အဓိက တာဝန်ယူရမှာ ဖြစ်တဲ့အတွက် ပထမအကြိမ် လွှတ်တော်ခေါ်ပြီး စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုချိန်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။




၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ
Wednesday, 29 July 2009 13:41 ဗထူး .နအဖစစ်အုပ်စုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရမည့် ပုဂ္ဂိုလ်များနှင့်ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းခဲ့ရာ အဆိုပါအစည်းအဝေးပွဲအား အဆုံးမသတ်နိုင်ဘဲ ခေတ္တ ရပ်ဆိုင်းထားရသည်။

လက်ရှိစစ်ခေါင်းများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါ အချက်အလက်များအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ဦးစလုံး အရပ်ဖက်အသွင်ကူးပြောင်းရေးအတွက် ၎င်းတို့နှစ်ဦးအကြား သဘောတူညီမှု မရရှိသေးခြင်းဖြစ်သည်။

“လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို တပ်ထဲမှာ ဆက်ထားခဲ့ဖို့ တပ်ချုပ်က ပြောတယ်၊ ဒါပေမဲ့ ဦးအေးက ဒီကိစ္စကို သဘောမတူဘူး၊ သူကိုယ်တိုင် ဦးစီးချုပ် ဆက်လုပ်မယ်ပြောတယ်” ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ တပ်ကြပ်ကြီးစာရေးတဦးက ပြောသည်။

စစ်ခေါင်းဆောင်နှစ်ဦးအကြား ယင်းပဋိပက္ခမှာ လွန်ခဲ့သည့် တလခန့်က စတင်ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ယခုအစည်းအဝေးကိုပင် ရပ်ဆိုင်းရသည့်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသွားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍လည်း တပ်မတော်အတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများအကြားတွင်လည်း ဝေဖန်မှုများ၊ မကျေနပ်မှုများ ပေါ်ပေါက်နေလျှက်ရှိသည်။

ယခုဖြစ်ရပ်သည်လည်း တပ်မတော်အနာဂါတ်အတွက် မေးခွန်းထုတ်စရာရှိလာပြီဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတခုတွင် တာဝန်ထမ်းဆောင်နေသူ တပ်ခွဲမှူးတဦးက ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ် အတည်ပြုခဲ့သည်။ သို့သော် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အာဆီယံအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးပြီး နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲတခုဖြစ်ရန် တိုက်တွန်းထားသည်။




ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု
ဦးဝင်းတင် ထင်မြင်ယူဆ
NEJ / ၂၉ ဇူလိုင် ၂၀၀၉


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျမည့် အလားအလာရှိသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုစစ်ဆေးခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား လာမည့်သောကြာနေ့ တွင် စီရင်ချက်ချမည်ဟု အင်းစိန်အထူးတရားရုံး တရားခွင်မှ ယမန်နေ့က ရုံးချိန်းပေးထားသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ထောင်ကျနိုင်မယ်ဆိုတာက နဂိုကတည်းက ထောင်ချချင်လို့ လုပ်တာပဲ။ ထောင်ချချင်လို့ လုပ်တာမဟုတ်ရင် ဒီကိစ္စပေါ်စရာ အကြောင်းမရှိဘူး။ တရားဥပဒေအရပဲ ကြည့်ကြည့်၊ နိုင်ငံရေးအရပဲ ကြည့်ကြည့် ပေါ်စရာအကြောင်းမရှိဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သာမန်အားဖြင့် လာမည့်နိုဝင်ဘာ (၂၇) တွင် လွှတ်ပေးရမည်ဖြစ်သည့်အတွက် ယင်းအချိန်ထိ မစောင့်ဘဲ ပြီးခဲ့သည့်မေလကပင် လုပ်ကြံအမှုဆင်ဖမ်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီရည်ရွယ်ချက်ကိုက ထောင်ချဖို့ ရည်ရွယ်တာပဲ။ ဒါပေမယ့် သူတို့မထင်ဘဲ ကမ္ဘာတခုလုံးကနေ အကြီးအကျယ် ဆူပွက်ပြီး ဒေါ်စုဘက်ကနေ ၀ိုင်းဝန်းပြီး ဒေါ်စုလွှတ်ရေးကို တောင်းဆိုလာတဲ့အခါကျ သူတို့မှာ လုပ်ရကိုင်ရတော့ ခက်သွားတာပေါ့။ ကျနော်ကတော့ ဘယ်လိုတွက်လည်းဆိုတော့ ဒေါ်စုထောင်ကျမှာပဲလို့ ယုံတယ်။ ကျနော့်တဦးချင်းသဘောပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် စစ်အစိုးရဘက်ကမူ ဆင်နိုင်သည့် အကွက်များ ရှိသေးကြောင်း၊ ယခုတရားရုံးအဆင့်သည် ခရိုင်ရုံးအဆင့်သာ ဖြစ်သဖြင့် ယင်းအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီး တိုင်းအဆင့်တွင် အယူခံဝင်နိုင်ကြောင်းလည်း ဦးဝင်းတင်က ရှင်းပြသည်။

၎င်းက “တိုင်းအဆင့်ကျမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အပေါ်မှာ လူတွေက ဘယ်လိုလှုပ်ရှားသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလှုပ်ရှားသလဲ၊ ဘာတွေဖြစ်သလဲ ဆိုတဲ့အပေါ်မှာ နိုင်နင်းနိုင်မယ့်အနေအထားရှိရင် တိုင်းရုံးမှာ သူတို့ဘက်က ပြန်ပြီးအယူခံတင်မယ်။ ပြီးမှ တိုင်းရုံးကနေ ထောင်ချပစ်နိုင်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ ပြောဆိုရခြင်းမှာ ၁၉၉၀ ရွေးကောက်ပွဲကာလအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်ရန် အန်အယ်လ်ဒီက ဆုံးဖြတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား အမတ်လောင်းလျှောက်လွှာ တင်သွင်းခဲ့ရာတွင် မြို့နယ်ရုံးကလက်ခံကာ ရွေးခံခွင့်ပေးခဲ့ပြီးမှ တိုင်းအဆင့်တွင် ပယ်ချခဲ့သည့် သာဓကရှိကြောင်း ဦးဝင်းတင်က ကိုးကားပြောဆိုသည်။

“ကျနော်တဦးတည်းသဘောအရ ပြောရရင်တော့ ဒေါ်စုကို ထောင်ချမှာပဲ။ တခုပဲရှိတယ်၊ (၅) နှစ်ချလိုက်ရင် လူထုက ဒေါသဖြစ်မှာစိုးလို့ လျော့လျော့ပေါ့ပေါ့ (၃) နှစ်လောက်ချရင် ချမယ်ပေါ့ဗျာ။ နောက်တခါ ဒေါ်စုကို အိမ်မှာပြန်နေခွင့် ပေးထားမယ်၊ ထောင်ထဲမပို့ဘူးဆိုတဲ့ အလျော့အပေါ့ အခင်းအကျင်းတွေနဲ့လုပ်ပြီးတော့ ထောင်ချမယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။


ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းကို စိတ်ပိုင်းရောင်းချထား


မင်းနိုင်သူ / ၂၉ ဇူလိုင် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိမြေ စိတ်ပိုင်းရောင်းချထားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သိရှိထားပြီး သူ့ရှေ့နေများကို လိုအပ်သလို ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

“ဘယ်လိုဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာ ကျနော်တို့ ညှိနှိုင်းတိုင်ပင်နေကြပါတယ်။ ဘယ်လိုဆောင်ရွက် သွားမယ်ဆိုတာကို ကျနော်တို့ ဘာမှမပြောနိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ၊ ၄၄ စီနှင့် ၆၄ စီ) ဟု သတ်မှတ်ထားသော ခြံဝင်းအတွင်းရှိပေ (၁၀၀x၇၀) အကျယ်ရှိ မြေကွက်ကို ၀ယ်ယူပြီးဖြစ်သဖြင့် တပတ်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြေညာချက်တခု ဇူလိုင် (၂၄) ရက်ထုတ် ကြေးမုံသတင်းစာတွင် ပါရှိခဲ့ခြင်းနှင့် ပတ်သက်၍ ဦင်္းဉာဏ်ဝင်းက ပြောကြားခြင်းဖြစ်သည်။

အမျိုးသမီးရှေ့နေများက လွှဲအပ်ညွှန်ကြားချက်အရဟုဆိုကာ ကြေညာထားသော ကန့်ကွက်နိုင်ကြောင်း ကြေညာစာတွင် ၀ယ်ယူသူအမည်ကို ဖော်ပြထားခြင်းမရှိပေ။

ရောင်းချလိုက်သူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးဆိုသူဖြစ်ပြီး ထိုနေရာတွင် နေထိုင်သွားခဲ့ဖူးကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

“၁၉၈၈ ခုနှစ်လောက်က အမှုတောင်ဖြစ်ဖူးသေးတယ်။ အဲဒီလူက အဲဒီနေရာကို ဒေါ်ခင်ကြည်မကွယ်လွန်မီက သူ့ကို ပေးခဲ့ပါတယ်ဆိုပြီး တောင်းဆိုမှုဖြစ်ခဲ့သေးတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ အထိန်းသိမ်းခံနေရတုန်း ရောင်းချလိုက်တာဖြစ်မယ်။ နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေလည်း ရှိပါလိမ့်မယ်” ဟု အန်အယ်လ်ဒီလူငယ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်၌ ရှိနေစဉ်အတွင်း ခြံမြေကို စိတ်ပိုင်းရောင်းချမှုမှာ တရားမ၀င်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“တကယ်တော့ တပတ်အတွင်း ကန့်ကွက်ရန်တို့၊ ဘာတို့ဆိုတာကလည်း Legal binding မဖြစ်ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် အင်းစိန်မှာ ပြောင်းရွှေ့အထိန်းသိမ်းခံနေရတုန်း သူ့အိမ်ကို သူ့မိတ်ဆွေနှစ်ဦး စောင့်ရှောက်ပေးနေတာပါ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရစဉ်အတွင်း အိမ်ခြံမြေကို စိတ်ပိုင်းရောင်းချခြင်းမှာ နအဖစစ်အစိုးရ၏ ဖိနှိပ်ချက်တခုဖြစ်သည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ဦးအောင်ဆန်းဦးကလည်း အမွေရယူထိုက် သည်ဟုဆိုကာ ၁၉၉၀ ခုနှစ်ဝန်းကျင်က တရားစွဲဆိုခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်၏အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယင်းကဲ့သို့ တရားစွဲဆိုနိုင်ရန် နအဖစစ်အစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖျက်သိမ်းခံလိုက်ရသည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“ဒီကိစ္စကို ဗိုလ်မှူးအောင်လင်းထွဋ် ပြောခဲ့ဖူးသလိုပါပဲ။ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် စီစဉ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေချင်လို့ပါပဲ။ ဦးအောင်ဆန်းဦးကိုတော့ အထူးအခွင့်အရေးတွေ ပေးထားပါတယ်။ ပုဂံမှာလည်း မြေနေရာချပေးထားပါတယ်”ဟု အဖျက်သိမ်းခံ ထောက်လှမ်းရေးတပ်မှ တပ်ကြပ်ကြီးဟောင်းတဦးက ပြောသည်။

လွန်ခဲ့သော မေလအတွင်းကလည်း ဦးအောင်ဆန်းဦး မြန်မာနိုင်ငံသို့ လာရောက်ကာ ပုဂံသရပါဟိုတယ်အနီးရှိအိမ်ကို ကြည့်ရှုခြင်းနှင့် အမွေအမှုဆက်လက်လုပ်ဆောင်ရန် စစ်တပ်အရာရှိများနှင့် တိုင်ပင်မှုများ လုပ်ဆောင်သွားကြောင်း တပ်ကြပ်ကြီးဟောင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထွက်ပြေးရန် ကြိုးစားခဲ့ဟု သတင်းစာတွင် ရေးသား
Wednesday, 29 July 2009 19:54 ဇာနည်ဝင်း .ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံရစဉ် ရုပ်ဖျက်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ဖွယ်ရှိသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

“ဥပဒေကို ချိုးဖောက်လျှင်ဖြင့်” အမည်ရှိ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဂျွန်ဝီလျံ ယက်ထော ယူဆောင်သွားသည့် ဝတ်ရုံနှစ်ခုကို ဥပမာပေးပြီး ထောက်ပြထားသည်။

“ခေါင်းမြီးခြုံ ကုလားမ ဝတ်စုံ နှစ်စုံနှင့် ပစ္စည်းအချို့၏ ရည်ရွယ်ချက် အမှန်ကိုသာ တွင်းတူး ဖော်ထုတ်မည် ဆိုလျှင် ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။ လျှို့ဝှက်သည်းဖို၊ ရုပ်ဖျက် ထွက်ပြေး လွတ်မြောက်သည့် ဇာတ်လမ်း တစ်ပုဒ် ကြည့်ရဖွယ် ရှိသည်” ဟု ဆောင်းပါးတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုထားရာ “တားဆီးမိန့်ကို ဆန့်ကျင်လျှင် သော်လည်းကောင်း၊ ဖောက်ဖျက်လျှင် သော်လည်းကောင်း၊ မလိုက်နာလျှင် သော်လည်းကောင်း ပြစ်ဒဏ် စီရင်ခြင်း ခံရစေမည့် ပြဌာန်းချက် ဖြစ်ကြောင်း” ယနေ့ထုတ် သတင်းစာများတွင် ပါရှိသော တရားစီရင်မှု သတင်းတွင် ဖော်ပြထားသည်။

ထိုပုဒ်မသည် ငွေဒဏ် ကျပ် ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မည်ဟု မည်သူကမျှ ယူဆမထားကြပေ။

“မှန်းဆတာကတော့ ထောင်သုံးနှစ် ချမယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်တဲ့ အတွက် ညှာတာတဲ့အနေနဲ့ ဆိုပြီး မင်္ဂလာ ယူမယ်ပေါ့ဗျာ၊ ချပြီးရင် သူ့ရဲ့ ဒုက္ခ တစုံတရာ သက်သာအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ်ပဲ ပြန်ထားမယ်လို့ ထင်တယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက ပြောသည်။

တရားရုံး၏ ဆုံးဖြတ်ချက်မှာ ထောင်ဒဏ် ၃ နှစ် ဖြစ်ဖွယ်ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ အရေး ဆောင်ရွက်နေသူ တဦးကလည်း ခန့်မှန်းသည်။

“ငွေဒဏ်တော့ ဖြစ်မှာ မဟုတ်ဘူး၊ သေချာတာကတော့ ထောင်ချမယ်။ ၃ နှစ်လောက် ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲမှာတော့ သူ့ကို မရှိစေချင်တာ အမှန်ပဲ။ ထောင်ချပြီးရင် ဗိုလ်ချုပ်ခင်ညွန့်ကို လုပ်သလို ဆိုင်းငံ့ထောင်ဒဏ် ဆိုတဲ့ ပုံစံမျိုး ချနိုင်တယ်။ အပြင်ထွက်လို့ မရဘူး၊ အိမ်ထဲမှာပဲ နေ ဆိုပြီး လုပ်နိုင်တယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။

တရားခွင်သို့ သွားရောက်ခွင့်ရခဲ့သူ သံတမန်များအနက်မှ တဦးဖြစ်သူ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မာ့က် ကန်းနင်း (Mark Canning) က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချလိမ့်မည်ဟု ယူဆကြောင်း ပြောဆိုခဲ့ဖူးသည်။

“ရလဒ်မကောင်းနိုင် တာကို ဝမ်းနည်းစွာနဲ့ ကြိုပြောလို့ရနိုင်ပါတယ်” ဟု သံအမတ်ကြီးက ပြောခဲ့သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သူများကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။ ယခုအချိန်တွင် အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိနေသည်ဟု သိရသည်။

ထိုအကျဉ်းသားများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င်ဖြစ်သည်။ ယခုအခါ အင်းစိန်ထောင်အတွင်း ရုံးဖွင့်ထားသည့် “ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး” တွင် အမှု ရင်ဆိုင်နေရသည်။

ထိုတရားရုံးမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခဲ့သည့် တရားရုံးမှာလည်း ဖြစ်သည်။

ဤ ထောင်တွင်း တရားရုံးသို့ ရောက်သွားသည့် မည်သည့် နိုင်ငံရေးသမားကို မဆို အမှုမှ လွတ်မြောက်သွားခြင်း မရှိဘဲ ကြီးလေးသည့် ထောင်ဒဏ်များကိုသာ ရရှိသွားကြောင်း ရန်ကုန်မှ ရှေ့နေများက ပြောသည်။

ဤအမှုမှာ လွန်ခဲ့သည့် ၂ လကျော်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက်ဝင်ရောက်သွားသည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောကို ဖမ်းဆီးမိခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့သည်လည်း ယခုအခါ အင်းစိန် အကျဉ်းထောင်တွင် ရောက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ၎င်းတို့ ၂ ဦး နှင့် မစ္စတာ ယက်ထောတို့သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် လာမည့် သောကြာနေ့တွင် စီရင်ချက် ချခံရမည် ဖြစ်သည်။

မစ္စတာ ယက်ထော ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး သတင်းပို့ရန် ပျက်ကွက်သည်ဟု အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပြောဆိုခဲ့သည်။

“လုံခြုံရေး တာဝန်ကျများကို အသိ မပေးဘဲ လျှို့ဝှက်လက်ခံထားခြင်းမှာ - - ဥပဒေနှင့် မငြိပေဘူးလား” ဟု အာဏာပိုင်တို့ ချုပ်ကိုင်ထားသည့် သတင်းစာများတွင်လည်း ယနေ့ ရေးသားထားသည်။

“ဥပဒေ ချိုးဖောက်မိလျှင် တရားဆိုင်၊ တရားရုံး အဆုံးအဖြတ် နာခံကြရုံသာ ရှိသည်။ ဤသို့မှလည်း နိုင်ငံတွင် ဥပဒေ စိုးမိုးကာ ရပ်ရွာ အေးချမ်း သာယာပေမည်” ဟု ယနေ့ထုတ် သတင်းစာ ဆောင်းပါးတွင် ရေးထားသည်။


ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိဟု ယက်ထော ရှေ့နေလျှောက်လဲ
Wednesday, 29 July 2009 20:10 ကိုစိုး .ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှု၌ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောတွင် အပြစ် ရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း ယမန်နေ့က တရားရုံးသို့ အပြီးသတ် လျှောက်လဲခဲ့ သည်ဟု မစ္စတာ ယက်ထော၏ ရှေ့နေ ဦးခင်မောင်ဦး က ပြောသည်။

မစ္စတာ ယက်ထောသည် အစိုးရတားမြစ်နယ်မြေသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့၍ ပြစ်မှုမြောက်ကာ ပြစ်ဒဏ် ကျခံရမည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော တားဆီးမိန့် ချိုးဖောက်မှုနှင့် ပတ်သက် ပြီး အားပေးကူညီမှု မမြောက်ကြောင်းလည်း ဦးခင်မောင်ဦးက လျှောက်ထားခဲ့သည်ဟု ပြောဆိုသည်။

“မစ္စတာ ယက်ထောအနေနဲ့ တားမြစ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်မှုက ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှု မြောက်ပါတယ်၊ ကျန်တဲ့ အမှုတွေကိုလည်း သက် ညှာတဲ့ ပြစ်ဒဏ်ပေးဖို့ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မစ္စ ယက်ထောကို ယာယီခိုလှုံခွင့်ပေးတာ ပြစ်မှုမမြောက်ဘူးလို့ လျှောက်လဲ ထား ပါတယ်၊ နေမကောင်းလို့ ၂ ရက် ယာယီနေခွင့်ပေးတာဟာ ပြစ်မှု မမြောက်ဘူး၊ ဥပဒေထဲမှာလည်း မပါဘူး ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူး၊ ကျနော်တို့ကတော့ တရားမျှတဲ့ ဆုံးဖြတ်ချက်ချ နိုင်မယ်လို့ မျှော်လင့်ထားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

အစိုးရတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ်သို့ ချမှတ်မည့် ပြစ်ဒဏ် အလေး အပေါ့ သည် တခြားသော ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ နှင့် မစ္စတာ ယက်ထောတို့နှင့်လည်း သက်ဆိုင် ဆက်နွယ်မှုရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ယက်ထော သည် မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ပြည်ဝင် ဗီဇာတခု ဖြစ်သော ကမ္ဘာလှည့် ခရီးသည် ဗီဇာဖြင့် လာရောက် ခဲ့သော်လည်း ဥပဒေအရ ကန့်သတ် တားမြစ်ထားသော စည်းကမ်းသတ်မှတ် ချက်ကို ဖောက် ဖျက်ခဲ့သည့် အတွက် ၎င်းအား လူဝင်မှု ကြီးကြပ် ရေး (အရေးပေါ်ပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ အမှုဖွင့် အရေးယူပေးရန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ အမှုအမှတ် (ပ) ၃၀၁/၂၀၀၉ နှင့် (ပ) ၃၀၂/၂၀၀၉ တို့အရ တိုင်ကြားခဲ့ သည်ဟု အစိုးရ သတင်းစာများတွင် ရေးသားခဲ့သည်။

မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထူးက ရေပေးရေးနှင့်သန့်ရှင်းမှု လုပ်ငန်းဆိုင်ရာ နည်းဥပဒေများ (၄၀) အရ ခွင့်ပြုချက်မရှိဘဲ အင်းလျားကန်တွင် ရေကူးခဲ့သည့်အတွက် စည်ပင် သာယာရေး ဥပဒေ ပုဒ်မ ၂၈ အရ အရေးယူပေးရန် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး သို့ တိုင်ကြားကြောင်း၊

၎င်း ဂျွန် ၀ီလျံ ယက်ထော သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ခြံအနောက်ဘက် အင်းလျားကန် အတွင်းမှ ရေကူးပြီးသွားရောက်ကာ ခြံဝ၌ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့နှင့်တွေ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှု ရန် Book of Mormon အမည်ရှိစာအုပ်ကို ခြံဝင်းအတွင်း ချထားပေးခဲ့ကြောင်း သတင်းစာတွင်ပါရှိသည်။

ယခု ကျူးလွန်ထားသော ပြစ်မှုများကြောင့် မစ္စတာ ယက်ထောသည် ထောင်ဒဏ် အနည်းဆုံး ၃ နှစ် ခန့် ကျခံ ရနိုင်သည်ဟု ၎င်း၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဦးက ပြောသည်။

ယင်း မစ္စတာ ယက်ထောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ပထမ အကြိမ် သွားရောက်ခဲ့စဉ်က လုံခြုံ ရေး တပ်ဖွဲ့ ဝင်များကို လာဘ် ငွေပေးပြီး ဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် မိသားစုဆရာဝန်ဒေါက်တာ တင်မျိုး ဝင်း က အာဏာပိုင်များထံ တိုင်ကြားခဲ့ဖူးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာအာဏာပိုင်များက မည်သို့မျှအရေး မယူ ခဲ့ ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြောဆိုထားသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။


မြန်မာ့စီးပွား ပိတ်ဆို့မှုသက်တမ်း အိုဘားမား တိုးမြှင့်
Wednesday, 29 July 2009 18:53 အေးလဲ့ .စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်အား စီရင်ချက်ချရန် ပြင်ဆင်နေချိန်တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေ ကို သက်တမ်း တိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံမှ သွင်းကုန်များ ၃ နှစ် ပိတ်ပင်ရေး ဥပဒေမူကြမ်းကို အောက်လွှတ်တော်က တညီတညွတ်တည်း အတည်ပြုပြီးနောက် အိုဘားမားက အင်္ဂါနေ့တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန် ကြေညာခဲ့သည်။

ယခင် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများသည် ရက်ပိုင်း အတွင်း သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။
စစ်အစိုးရ ကိုင်တွယ်ခဲ့သည်ဟု ယူဆရသည့် ၂၀၀၃ ခုနှစ် ဒီပဲယင်းဒေသ အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်းတွင် မြန်မာပြည်၏ ထွက်ကုန် မှန်သမျှကို အမေရိကန်က စတင် ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

“မြန်မာပြည်ကို ဖိနှိပ်အုပ်ချုပ်နေတဲ့ လက်ရှိ စစ်အုပ်စုရဲ့ လုပ်သမျှတွေမှာ အကျိုးဆက် ရှိတယ် ဆိုတာ ကျနော်တို့ ပြသဖို့ လိုပါတယ်” ဟု အိုဘားမား၏ ဒီမိုကရက်တစ်ပါတီမှ နယူးယောက် လွှတ်တော်အမတ် Joseph Crowleyက ပြောသည်။

မကြာသေးခင်က မြန်မာပြည်သို့ သွားရောက် လည်ပတ်ခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပိတ်ပင်မှု အပါအဝင် စစ်အစိုးရက မြန်မာနိုင်ငံသားများ အပေါ် ရက်စက် ကြမ်းကြုတ်မှုများကြောင့် ဒုက္ခသည် ပြဿနာများ ဖြစ်ပွားရမှုများကိုလည်း ၎င်းက ရှုတ်ချ ပြောဆိုလိုက်သည်။

၂ဝဝ၈ ခုနှစ် ဇူလိုင်လအတွင်းက တွမ်လန်းတော့စ် မြန်မာ့ ကျောက်မျက် ရတနာ ပိတ်ပင်ရေး အက်ဥပဒေ ဟု အမည်ရသည့် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် အဖိုးတန် ကျောက်မျက်များ တင်သွင်းမှုအပေါ် တားမြစ်သည့် ကို အမေရိကန် ပြည်ထောင်စုက ပြဌာန်း၍ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု တဆင့် တိုးမြှင့်ထားသည်။

စီးပွားရေး ပိတ်ဆို့ထားသော်လည်း ကျောက်မျက်များသည် အိမ်နီးချင်းနိုင်ငံများမှတဆင့် နိုင်ငံတကာသို့ ရောက်နိုင်သည် ဟု ရန်ကုန်မြို့မှ ကျောက်စိမ်း ကုန်သည်တဦးက ပြောသည်။

“အကျိုးသက်ရောက်မှု သူ့နည်း သူ့ဟန်တော့ ရှိပါတယ်၊ ဈေးကွက်တွေက အရင်လောက် မကောင်းဘဲ၊ ဈေးကွက် ကျသွားတယ်၊ တန်ရာ တန်ကြေး မရဘူး၊ တရုတ်က အဓိက ဈေးကစားတာပေါ့၊ အာဏာပိုင်က ဘာမှ စိတ်မဝင်စားဘူး၊ ကျောက်ပြပွဲ လုပ်လိုက်ရင် သူ့အတွက် ဘယ်လောက်ရမလဲပဲ စိတ်ဝင်စားတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တယောက်ဖြစ်သည့် ဦးဝင်းတင်က စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံသည်ဟု ဆိုသည်။

“ကျနော်တို့မှာ မလှုပ်နိုင် ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အခုလို ဒီမိုကရေစီနိုင်ငံကနေ စစ်အစိုးရကို အရေး ယူတဲ့ သဘောနဲ့ စီးပွားရေး ပိတ်ဆို့မှု ထပ်တိုးမြှင့် ချတာဟာ ကောင်းတဲ့ လက္ခဏာပဲလို့ ကျနော် ယူဆတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်သော မြန်မာနိုင်ငံသည် ကျောက်စိမ်း၊ ကမ္ဘာ့အလှပဆုံးသော ပတ္တမြား စသည့် ကျောက်မျက်များ ထွက်ရှိသော နိုင်ငံအဖြစ် ထင်ရှားသည့် နိုင်ငံဖြစ်သည်။

တချို့သော အာရှနိုင်ငံများက မြန်မာ့ကျောက်မျက်ကို ဝယ်ယူကြသော်လည်း သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန် နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတို့က မြန်မာ့ကျောက်မျက် တင်သွင်းမှုကို ပိတ်ပင်ထားသည်။

စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကလည်း ပြီးခဲ့သည့် စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောရာတွင် စီးပွားရေး ပိတ်ဆို့မှုကို အပြင်းအထန် ကန့်ကွက်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့နိုင်ငံအပေါ် နိုင်ငံကြီးတချို့က တဖက်သတ် အရေးယူ ပိတ်ဆို့နေပါတယ်။ ဒီပိတ်ဆို့မှုတွေဟာ အကျိုး အကြောင်း ညီညွတ်ခြင်း မရှိသလို နိုင်ငံတကာ ဥပဒေတွေနဲ့လည်း မညီပါဘူး။ ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်စေပြီး ဆန့်ကျင်ဘက် ဆိုးကျိုးကိုပဲ ဖြစ်စေပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။



ဒေါ်အောင်ဆန်းစုကြည် အမှုကြောင့် ထိုင်းဝန်ကြီးချုပ်၏ခရီး ရွှေ့ဆိုင်း
Wednesday, 29 July 2009 16:11 သန်းထိုက်ဦး .ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် မကြာမီ ရက်ပိုင်းအတွင်း မြန်မာပြည်သို့ သွားရောက်ရန် ပြင်ဆင်ထား သော်လည်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကြိုဆို ဧည့်ခံရန် အဆင်သင့်မဖြစ်သေးဟု အကြောင်း ပြန်ခဲ့သည့်အတွက် ခရီးစဉ် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ် မြန်မာပြည်သို့ သွားရောက်မည့် ဇူလိုင်လ ၃၁ ရက်နေ့သည် ရန်ကုန် အင်းစိန် ထောင်တွင် တရား ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှု အမိန့်ချ ရက်နှင့် တိုက်ဆိုင်နေသောကြောင့် ယင်းသို့ ရွှေ့ဆိုင်း ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ထိုင်းဝန်ကြီးချုပ်ကို ကြိုဆိုဧည့်ခံဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မြန်မာသံရုံးက တဆင့် ဆက်သွယ် ပြောကြားခဲ့ပါတယ်”ဟု ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပါနိတန်ဝါတန် ယာခွန်က သတင်း ထောက် များကို ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ လာမည့် သြဂုတ်လ တတိယပတ်အတွင်း သွားရောက်နိုင်ရန် ထိုင်း အစိုးရ ဘက် က မျှော်လင့်ထားကြောင်း အစိုးရ ပြောခွင့်ရသူကို ကိုးကား၍ သတင်းတရပ်တွင် ဖော်ပြထားသည်။

မစ္စတာ အဖိဆစ် ဝေ့ချာချီဝသည် ဝန်ကြီးချုပ်တာဝန် ယူပြီးနောက် အစဉ်အလာအရ ဒေသတွင်း နိုင်ငံများသို့ သွားရောက် လည်ပတ်ရန် စီစဉ်ခဲ့သည်။ ဤအတောအတွင်း မြန်မာပြည် ခရီးစဉ်ကို နောက်ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်။

တရက်ကြာခရီးစဉ် အတွင်း စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံရာတွင် ထိုင်းဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အရေးကို တိုက်ရိုက် ပြောဆိုမည်မဟုတ်ဘဲ အကြောင်းအရာ အားလုံးကို ခြုံငုံပြီး ဆွေးနွေးရန် စီစဉ်ထားသည်ဟု ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပါနိတန်ဝါတန် ယာခွန်က သတင်း ထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

“နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြမှာပါ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရှေ့ဆက်လုပ်ဖို့လည်း တိုက်တွန်းမှာ ဖြစ်ပါတယ်” ဟု ပါနိတန်ဝါတန် ယာခွန်က ပြောသည်။

မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုအား ယမန်နေ့ နံနက် ၁ဝ နာရီမှနေ့လယ် ၁၂ နာရီ အထိ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ပြီးနောက် စီရင်ချက် ချရန် အတွက် လာမည့် ဇူလိုင် ၃၁ ရက်နေ့သို့ ပြန် ချိန်းဆိုခဲ့သည်။


ထိန်းသိမ်းခံ ၃ နှစ်သား မြန်မာ ကလေး ပြန်လွတ်
Wednesday, 29 July 2009 19:52 ကိုထွေး .ထိုင်းနိုင်ငံ ဘန်ကောက်မြို့လူဝင်မှုကြီးကြပ်ရေး ဌာန (လ၀က) က တပတ်ခန့် ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သော မြန်မာ ကလေးငယ် တဦးကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည် ဟု Bangkok Post သတင်းစာတွင် ရေးသား ထားသည်။

အသက် ၃ နှစ် အရွယ်ရှိ အဆိုပါကလေးကို တောင်းရမ်း စားသောက်သူများနှင့် လုပ်ကိုင်နေသည်ဟု သံသယရှိ သဖြင့် ရဲများက ဇူလိုင်လ ၂၀ရက် တွင် ဘန်ကောက်မြို့ပြင်ရှိ ဈေးတခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့ Suan Phlu အရပ်ရှိ လ၀က ထိန်းသိမ်းရေးစခန်းတွင် ယမန်နေ့က အထိ ထိန်းသိမ်း ထားသည်ဟု သိရသည်။

ကလေး၏ မိခင်ဖြစ်သူသည် မိုမို (Momo) ဟု အမည်ရသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတဦး ဖြစ်သည်။ အစောပိုင်းတွင် မိခင်ဖြစ်သူက ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံပြီး ကလေးကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ရဲတို့က လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် သူက ထိန်းသိမ်းရေးစခန်းတွင် နေထိုင်ကာ သားဖြစ်သူကို ပြုစု စောင့်ရှောက်ခဲ့သည်ဟု ဆှိုသည်။

“ဒီထိန်းသိမ်းမှုက အမေတယောက်ရဲ့ ပြုစုမှုကို ရင်အုပ်မကွာ ရှိသင့်တဲ့ ၃နှစ်အရွယ် ကလေး တယောက် ရဲ့ အခြေခံ အခွင့်အရေးကို ကြမ်းကြမ်း တမ်းတမ်း ချိုးဖောက်လိုက်တာပါပဲ” ဟူသော ရှေ့နေများကောင်စီ၏ လူ့အခွင့်ရေးကော်မတီ အဖွဲဝင် တဦး ဖြစ်သူ Surapong Kongchantuek ၏ ပြောဆိုချက်ကို သတင်းစာတွင် ကိုးကား ဖော်ပြထားသည်။

နိုင်ငံမဲ့များအရေး ဆောင်ရွက်နေသည့် ဘန်ကောက် အခြေစိုက် Stateless Watch for Research and Development Institute of Thailand (Swit) အဖွဲ့၏ အကူအညီဖြင့် မိုမိုသည် ကလေး အမေ ဖြစ်ကြောင်း ၎င်းက သက်သေပြပြီး ကလေးငယ် လွတ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသက်သေအထောက်အထား အရ တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသည့် မိုမိုသည် ကလေးကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလက Samut Prakan ဆေးရုံတွင် မွေးဖွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ကလေးငယ်၏ အထူးမွေးစာရင်း အရ ၎င်းသည် ထိုင်းနိုင်ငံသား အဖြစ် လျှောက်ထားစဉ် ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်ရှိသည်ဟု ဆိုသည်။

ယင်းသို့ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းမှာ ရွှေ့ပြောင်းအလုပ်သမားတို့၏ ကလေးငယ်များကို နိုင်ငံတွင်း ယာယီ နေထိုင်ခွင့် ပေးထားသည့် ဥပဒေကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု Surapong Kongchantuekက ပြောသည်။

လ၀က အရာရှိ ဒုဗိုလ်မှူးကြီး Sunthorn Arunnara က “မိုမိုဟာ ကလေးအမေဆိုတာ သက်သေပြနိုင်ရင် ကလေးကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ကလေးရဲ့ မိခင် အစစ် ဟုတ်မဟုတ် သိချင်တာပါ၊ ကျနော်တို့က ကလေးကို မြန်မာပြည် ပြန်ပို့ဖို့ စိတ်ကူး မရှိပါဘူး” ဟု ပြောကြောင်း ဖော်ပြပါရှိသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများက အဆိုပါ ကလေးငယ် မြန်မာပြည်သို့ ပြန်ပို့ခံရမည်ဟု သံသယရှိသဖြင့် ယင်းဖမ်းဆီး ထိန်းသိမ်းမှုကို စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။


အာဆီယံ စွမ်းအင် အစည်းအဝေး မြန်မာပြည်တွင်ပြုလုပ်
Wednesday, 29 July 2009 19:41 ရန်ပိုင် .မန္တလေးမြို့တွင် လတ်တလော ကျင်းပနေသည့် အာဆီယံနိုင်ငံများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ဖက် နိုင်ငံများ၏ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၌ ရင်းနှီး မြုပ်နှံမှုများ ပိုမိုပြုလုပ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ဧရာဝတီသို့ပြောကြားသည်။

ထိုင်းနိုင်ငံသည် မြန်မာ့ စွမ်းအင်ကဏ္ဍ၌ တရုတ်နိုင်ငံ၏ ပိုမိုရင်းနှီးမြုပ်နှံမှုလာမှုအပေါ်တွင် စိုးရိမ်မကင်း ဖြစ်နေပြီး၊ သံလွင် မြစ်ပေါ်တွင် တည်ဆောက်ထားသော ဟတ်ကြီးနှင့် တာဆန်းရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့် စွမ်းအင်များကို ၀ယ်ယူရန် အတွက် ယခု ဇူလိုင်လ ၂၇ ရက်မှ ၃၀ ရက်အထိပြုလုပ်သည့်(Asean + 3)ဆွေးနွေးပွဲတွင် ဆွေးနွေးသွားမည်ဟု သိရ သည်။

ထိုင်းနိုင်ငံ သည် လာမည့် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ကျောက်မီးသွေး၊ ဒေသတွင်းလျှပ်စစ်စွမ်းအင် လွှဲပြောင်း ရယူ နိုင်ရေး၊ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေး၊ စွမ်းအင်ထိန်းသိမ်းရေး၊ စွမ်းအင်ပြန်လည်အသုံးချရေးနှင့် နျူကလီးယား စွမ်းအင် အသုံးပြုရေး တိုကို့ ဒေသ ၇ ခုတွင် အကောင်အထည်ဖော် မည်ဟုသိရသည်။

“စစ်အစိုးရက Energy ကို တခြားနိုင်ငံကို တင်ပို့ရောင်းချပြီး ၀င်ငွေကို စစ်ရေးမှာ အသုံးပြုနေတယ်၊ တရုတ်နဲ့ ထိုင်း နိုင်ငံ က သူတို့နိုင်ငံမှာထွက်ရှိတဲ့ စွမ်းအင်သယံဇာတကို ထုတ်မရောင်းဘဲ အနာဂတ်အတွက် သုံးဖို့ထားတယ်”ဟု ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခွန်စံ က ဧရာဝတီကိုပြောသည်။

ပြင်သစ် တိုတယ်ရေနံကုမ္ပဏီက မြန်မာနိုင်ငံတွင် တူးဖော်နေသည့် ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့စီမံကိန်း ၏ ဓာတ် ငွေ့ပမာဏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံသို့ တင်သွင်းနေသည်၊

နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှု ပိုမို ပြုလုပ်ခဲ့သောကြောင့် တိုတယ်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရပြီး တရုတ်ကုမ္ပဏီများ အစားထိုး ၀င်ရောက်ခဲ့သော် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့် စွမ်းအင်အကျပ်အတည်းပိုမို တွေ့ကြုံရမည် ဟု ပြင်သစ် အစိုးရ ကပြီးခဲ့သော မေလက ထုတ်ပြန်ခဲ့သည်။

ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက် လိုင်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်ဖောက်လုပ်မည်ဖြစ်ပြီး ၂၀၁၃ ခုတွင် အပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထား ကြောင်း၊ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း ( CNPC )က ၅၀.၉ ရာခိုင်နှုန်း၊ မြန်မာရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ၄၉.၁ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း သိရသည်။

“၂၀၀၇ ခုနှစ် လူထုအုံကြွမှုဟာ လောင်စာဆီဈေးနှုန်းမြင့်တက်မှု ကြောင့်ဖြစ်တယ်၊ အခု စွမ်း အင်ဆိုင်ရာ ဆွေးနွေးပွဲဟာ မြန်မာပြည်သူလူထုကို အကျိုးမပြုနိုင်ပါဘူး”ဟု Shwe Gas Movement အဖွဲ့ မှ ကိုဝမ်အောင်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ နိုင်ငံများနှင့် တောင်ကိုရီးယား၊ တရုတ် ၊ ဂျပန်နိုင်ငံများက အနာဂတ်အတွက် စွမ်းအင် သိုလှောင်ထားရှိမှုနှင့်ပတ်သက်၍ သဘောတူညီချက် မူကြမ်းတခု လည်းရေးဆွဲမည်ဟု သိရသည်။

ရေနံ နှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် လျှပ်စစ်စွမ်းအင်ကဏ္ဍပြီးလျှင် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဖြစ်သည်ဟုသိရသည်။



ဒေါ်အောင်ဆန်းစုကြည်၏အမှုကို ကုလအတွင်းရေးမှူးချုပ် စောင့်ကြည့်နေ
2009-07-29

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အနီးကပ် စောင့်ကြည့် လေ့လာနေတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်တဦးက မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သောကြာနေ့မှာ စီရင်ချက်ချမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ရပ်တည်ချက်ဟာ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်အတိုင်း မပြောင်းလဲပါဘူး၊ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီကနေ့ ပေါ်ပေါက်နေတဲ့ အခြေအနေတွေအပေါ် အထူးစိုးရိမ်နေကြောင်း၊ အာဏာပိုင်တွေအနေနဲ့ ဘယ်လုပ်ရပ်မျိုးမဆို အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုလုပ်ဆောင်ဖို့ လိုအပ်ကြောင်း စတဲ့ အချက်တွေကို ကြေညာချက်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြအသိပေးထားပြီး ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဒါ့ပြင် မစ္စတာဘန်ကီမွန်းအနေနဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ အရေးမှာ မြန်မာနိုင်ငံသား အားလုံး ပါဝင်ခွင့် ရှိရမယ်ဆိုတာ အပြည့်အဝ ယုံကြည်ထားကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ အခု လဆန်းပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးနဲ့ နှစ်ကြိမ်တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခံ ခဲ့ပေမဲ့ စစ်အစိုးရက ငြင်းဆန်ခဲ့ပါတယ်။


မြန်မာစစ်အစိုးရအား စီးပွားရေးပိတ်ဆို့မှု အမေရိကန်သက်တမ်းတိုး
2009-07-29

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး နောက်ဆုံး စီရင်ချက်ချမှတ်ဖို့ မြန်မာ စစ်အစိုးရက ပြင်ဆင်နေချိန်မှာ ၂ဝဝ၃ ခုနှစ် မြန်မာ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို အမေရိကန်သမတ အိုဘားမားက မနေ့က ဇူလိုင် ၂၈ရက် အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်ပါတယ်။


အဲဒီဥပဒေအရ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအဝင် ပို့ကုန်တွေကို အမေရိကန်ပြည်ထောင်စုထဲ နောက်ထပ် ၃နှစ် အဝင်မခံပဲ တားဆီးပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

ဒီဥပဒေကို စတင်တင်သွင်းခဲ့သူ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျိုးဆက် ခရိုလီက မြန်မာနိုင်ငံကို ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေ ရှိတယ်ဆိုတာ ပြသရမယ်လို့ ဆိုပါတယ်။

ကမႝာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာ ကမႝာ့အလှဆုံး ပတ္တမြားတွေ ထွက်ရှိပြီး ကျောက်မျက် ရတနာတွေဟာ စစ်အစိုးရရဲ့ အဓိက နိုင်ငံခြားငွေရရှိရာ အရင်းအမြစ်တခု ဖြစ်ပါတယ်။ မြန်မာ့ပြည်က ထွက်ရှိတဲ့ ကျောက်မျက်တွေကို ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ အီးယူ၊ သြစတေးလျ၊ ကနေဒါ နဲ့ နယူးဇီလန် နိုင်ငံတွေကလည်း အဝင်မခံပဲ တားမြစ်ပိတ်ဆို့ ထားကြတာပါ။ ဒါပေမဲ့ မြန်မာ့ကျောက်မျက်တွေကို တခြား အာရှနိုင်ငံတွေက ဝယ်ယူနေကြပါတယ်။

အလားတူ အမေရိကန်ပြည်ထောင်စုက ဥပဒေနဲ့ တားဆီးပိတ်ပင် ထားခဲ့ပေမဲ့ မြန်မာ့ ကျောက်မျက်ရတနာတွေဟာ မနှစ်ကအထိ အမေရိကန်ဈေးကွက်ထဲကို ဂယ်ပေါက် အမျိုးမျိုးကနေ ဝင်ရောက်နေဆဲပဲလို့ သိရပါတယ်။



မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပ
2009-07-29

စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရေး အစီအစဉ်ကို ငြင်းပယ်လိုက်ပြီးတဲ့နောက် ကိုယ်ပိုင် ပြည်သူ့စစ်တပ်ဖွဲ့ဆိုပြီး ဖွဲ့ဖို့ ထပ်မံ ကမ်းလှမ်းလာတဲ့ ကိစ္စအပေါ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တွေ အရေးပေါ် အစည်းအဝေး ခေါ်ပြီး ဆွေးနွေးကြပါတယ်။

ရေးမြို့ ချောင်းဖျား အထက်ဖက်မှာရှိတဲ့ ဗဟိုဌာနချူပ်ရုံးမှာ ကျင်းပနေတဲ့ အဲဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးက တာဝန်ရှိသူ ကိုနိုင်ချမ်းမွန်က 'ဒီ နယ်ခြားစောင့်တပ် ကိစ္စနဲ့ ပြည်သူ့စစ်ကိစ္စတွေပဲ၊ အဖြေကတော့ ဘာထွက်မလဲတော့ မသိဘူးပေါ့ အဲ့ဒီ ကိစ္စနှစ်ခုနဲ့တော့ ဆွေးနွေးဖြစ်ကြမှာပါ၊ ဘယ်ရက်ပြီးမယ်လို့တော့ မရှိဘူး၊ သူတို့ကတော့ လုပ်နေတုန်းပဲ' လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ အဲဒီနည်းလမ်းတွေကို လက်မခံဘူးဆိုရင် ဥပဒေဘောင်အတွင်းမှာ ဘယ်လို ပုံစံမျိုးနဲ့ ဆက်ပြီး ရပ်တည်သွားမလဲ ဆိုတာကို သဘောထားပေးဖို့ပါ စစ်အစိုးရက တောင်းဆိုထားပါတယ်။ အဲဒါကိစ္စ အကြောင်းပြန်နိုင်ဖို့အတွက် အခုလို ဗဟိုကော်မတီဝင်တွေ ဇူလိုင်လ ၂၅ရက် စနေနေ့ကစပြီး ဆွေးနွေး အဖြေရှာနေကြတာလို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းအရပဲ ဖြေရှင်းသွားချင်တဲ့ ဆန္ဒရှိပြီး၊ လောလောဆယ် အပြောင်းအလဲ တစုံတရာ မလုပ်ချင်သေးပဲ ရွေးကောက်ပွဲပြီးလို့ တက်လာမဲ့ အစိုးရအသစ်ကို စောင့်ကြည့်ချင်သေးတဲ့အကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက RFAနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောခဲ့ဖူးပါတယ်။

မွန်ပြည်သစ်ပါတီဟာ မြန်မာစစ်အစိုးရနဲ့ ၁၉၉၅ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ပြီး စစ်အစိုးရကကျင်းပတဲ့ အမျိုးသားညီလာခံမှာ ကိုယ်စားလှယ်အဖြစ်နဲ့ တက်ရောက်ခဲ့ပါတယ်။ ညီလာခံမှာ မွန်တိုင်းရင်းသားအရေးနဲ့ ရပိုင်ခွင့်တွေကို ဆွေးနွေးတင်ပြလို့ မရတဲ့အတွက် ညီလာခံ ကိုယ်စားလှယ် အဆင့်ကနေ လေ့လာသူအဖြစ် အဆင့်လျှော့ တက်ရောက်စေခဲ့ပြီးတဲ့ နောက်ပိုင်း စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးဟာ ခပ်တန်းတန်း ဖြစ်နေခဲ့ပါတယ်။


မြန်မာနိုင်ငံတွင် ရင်းနှီးမှု မပြုရန် အာဆီယံသို့ ပန်ကြား
ဝီရ / ၂၉ ဇူလိုင် ၂၀၀၉


မြန်မာနိုင်ငံ၌ စွမ်းအင်ထုတ်လုပ်သုံးစွဲရာတွင် နိုင်ငံတကာစံညွှန်း သတ်မှတ်ချက်များ မရှိသေးသရွေ့ အာဆီယံနိုင်ငံများနှင့် အခြားအာရှနိုင်ငံများက ရင်းနှီးမြှုပ်နှံမှု မပြုကြရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။

မန္တလေးမြို့၌ ယနေ့မှစတင်၍ နှစ်ရက်အကြာ ကျင်းပမည့် အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ (ASEAN+3) တို့၏ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခု တောင်းဆိုထုတ်ပြန်ချက်တွင် ပါဝင်သည့် တိုင်းရင်းသားအဖွဲ့အစည်းများ ဖွံ့ဖြိုးရေးဖိုရမ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခွန်ဆိုင်းက “အာဆီယံအနေနဲ့ ဒီအချိန်မှာ မြန်မာပြည်ရဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဖို့၊ ဘာကြောင့်လဲဆိုတော့ အခုရင်းနှီးမြှုပ်နှံတဲ့အမြတ်တွေက စစ်အစိုးရတွေရဲ့ အိတ်ထဲကိုပဲ ရောက်သွားလိမ့်မယ်။ အဲဒီနိုင်ငံ့ဝင်ငွေတွေက ပြည်သူတွေရဲ့အကျိုးအတွက် ဖြစ်လာမှာမဟုတ်ဘူး။ ပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့အစိုးရ မပေါ်ပေါက်သေးသရွေ့ ဒီစွမ်းအင်ကဏ္ဍမှာ ရင်းနှီးမှုတွေ မလုပ်ကြဖို့ အဓိကထားတောင်းဆိုထားပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် မိမိနိုင်ငံတွင် ချမှတ်ထားသည့် စွမ်းအင်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ ပေါ်လစီအတိုင်း မြန်မာနိုင်ငံနှင့်လည်း ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။

ကိုစိုင်းခွန်ဆိုင်းက “ထိုင်းအစိုးရအနေနဲ့လည်း ဆည်မြောင်းဆောက်ပြီး လျှပ်စစ်ထုတ်တာ မရှိဘူး။ အိမ်နီးချင်းနိုင်ငံတွေဆီက နေပြီးတော့ ဝယ်ယူသုံးစွဲနေတာ များနေတာကိုလည်း ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ ဒီစံညွှန်းအတိုင်း မြန်မာနိုင်ငံမှာလည်း ညှိနှိုင်းသင့်တယ်။ အာဆီယံအနေနဲ့လည်း အနည်းဆုံး ထည့်သွင်းစဉ်းစားသင့်တာက ရင်းနှီးမြှုပ်နှံတဲ့ အစုရှယ်ယာတွေ လျှော့ချသွားဖို့ နှိုးဆော်ထားတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏ၏ (၂၀) ရာခိုင်နှုန်းအား မြန်မာနိုင်ငံမှ ရဲတံခွန်နှင့် ရတနာ သဘာဝဓာတ်ငွေ့ တူးဖော်ရေးဇုန်များမှ ရရှိနေကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ယနေ့ကြေညာချက်ကို မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်၊ တိုင်းရင်းသားအဖွဲ့အစည်းများ ဖွံ့ဖြိုးရေးဖိုရမ်နှင့် ရွှေ သဘာဝဓာတ်ငွေ့လှုပ်ရှားရေးအဖွဲ့တို့က ပူးပေါင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခု မေလအထိ ရေနံနှင့်သဘာဝဓာတ်ငွေ့အတွက် လုပ်ငန်းခွင် (၈၉) နေရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သည့်ပမာဏ အမေရိကန်ဒေါ်လာ (၃.၃၉၈) ဘီလီယံအထိ ရောက်ရှိနေပြီး ရေအားလျှပ်စစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏပြီးလျှင် ဒုတိယနေရာတွင် ရှိနေကြောင်း စစ်အစိုးရ၏ တရားဝင်စာရင်းဇယားများတွင် ဖော်ပြထားသည်။


တရုတ်နိုင်ငံကလည်း ရခိုင်ကမ်းလွန်ပင်လယ်မှ ကူမင်းသို့ သွယ်တန်းမည့် (၁,၈၀၀) ကီလိုမီတာ ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်းအား ယခုနှစ် စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနဆိုင်ရာ အစည်းအဝေးပွဲ ကျင်းပနေသည့် မန္တလေးမြို့တွင် ယခင်က တရက် (၆) နာရီသာ လျှပ်စစ်မီး ပေးဝေနေရာမှ လွန်ခဲ့သည့်အပတ်မှစ၍ တရက် (၁၀) နာရီ ပေးဝေနေသည်။

မြန်မာပြည်မှာ A (H1N1) ရောဂါပိုးရှိသူ ၉ ဦး ရှိပြီဟု စစ်အစိုးရ ပြောဆို
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 29 ရက် 2009 ခုနှစ် 18 နာရီ 40 မိနစ်


ချင်းမိုင် ။ ။ မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါ ဖြစ်ပွားသည့် လူနာ ၂ ဦး ထပ်မံ တွေ့ရှိသဖြင့် ရောဂါဖြစ်ပွားသူ ၉ ဦး ရှိသွားပြီ ဖြစ်သည်။

ထပ်မံ တွေ့ရှိသူများသည် ယခုလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံမှ ပြန်ရောက်လာသူ ၂၃ နှစ်အရွယ် အမျိုးသမီးတဦးနှင့် မလေးရှားနိုင်ငံမှ ယခုလ ၂၇ ရက်နေ့တွင် ပြန်ရောက်လာသူ ၃၃ နှစ်အရွယ် အမျိုးသားတဦးတို့ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြခြင်း ဖြစ်သည်။

ရောဂါတွေ့ရှိသည့် အမျိုးသမီးသည် ခရီးစဉ်အမှတ် TG-303 ဖြင့် ထိုင်းနိုင်ငံမှတဆင့် ရောက်ရှိလာသူဖြစ်ပြီး၊ အမျိုးသားမှာမူ ခရီးစဉ်အမှတ် 8M-502 ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ရေးသားထားသည်။

အမျိုးသမီးလူနာအား ယခုလ ၂၇ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မိသားစုဝင် ၅ ဦးအား နေအိမ်၌ပင် “စောင့်ကြပ်ကြည့်ရှုခြင်း” ဆောင်ရွက်နေကြောင်းနှင့် သူမနှင့်အတူ စီးနင်းလိုက်ပါလာသော ခရီးသည် ၁၂၈ ဦးကိုလည်း ၎င်းတို့နေထိုင်ရာ နေရာများတွင် စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း ဆိုထားသည်။

အမျိုးသားလူနာကို ယခုလ ၂၇ ရက်နေ့၌ပင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ပြီဖြစ်ပြီး လူနာနှင့်အတူနေသည့် မိသားစု ဝင် ၂ ဦးအား နေအိမ်၌ “စောင့်ကြပ်ကြည့်ရှုခြင်း” ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အမျိုးသားလူနာနှင့် အတူစီးနင်းလိုက်ပါလာသော ခရီးသည် ၉၄ ဦးကိုလည်း ၎င်းတို့နေထိုင်ရာ နေရာများတွင် “သက်ဆိုင်ရာ” က စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်း၌ ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ယင်းရောဂါ ကူးစက်ခံရသူသည် စင်္ကာပူနိုင်ငံမှ ပြန်ရောက်လာသည့် ၁၃ နှစ်အရွယ် မိန်းကလေး ဖြစ်ကြောင်း ပြီးခဲ့သည့်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းတွင် ဖော်ပြခဲ့သည်။

သို့သော် အဆိုပါ လေယာဉ်များ ဆင်းသက်ရာ ရန်ကုန်လေဆိပ်ဝန်ထမ်းများ၏ အခြေအနေနှင့် ၎င်းတို့အား မည်သို့ဆောင်ရွက်ထားသည်ကိုမူ ယနေ့ သတင်းစာက တစုံတရာ ဖော်ပြထားခြင်း မရှိပေ။

ယနေ့အထိ A (H1N1) ပိုးဟု သံသယရှိသူ ၉၉ ဦးအား စမ်းသပ်စစ်ဆေးခဲ့ရာ ၉ ဦးကို ပိုးရှိကြောင်း တွေ့ရှိရခြင်းဖြစ်ပြီး၊ ၎င်းတို့အနက် ၄ ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့် ပေးလိုက်ကာ၊ ၅ ဦးကို အထူးကု ဆရာဝန်ကြီးများဖြင့် ဆက်လက် ပြုစုစောင့်ရှောက်လျက်ရှိကြောင်း မြန်မာ့အလင်းက ဖော်ပြသည်။

ရန်ကုန်လေဆိပ် အပါအဝင် နယ်စပ် အဝင်အထွက် အပေါက်များ၌ စစ်ဆေးရေးဌာနများ ဖွင့်လှစ်ထားသည်ဟု စစ်အစိုးရ သတင်းစာများက ရေးသားကြသော်လည်း နယ်စပ် ထွက်ပေါက်များတွင် တရားမဝင် ဝင်ထွက်နေသူများလည်း ရှိနေသောကြောင့် လူအများကမူ ယင်းအစီအစဉ်ကို သံသယဖြစ်နေကြသည်။


HomeDaily NewsGalleryHistoryAbout UsEnglish Versionကားလမ်း ရထားလမ်းဖေါက်သော်လည်း ရခိုင်လူထု ရေလမ်းကို ဆက်လက် အားကိုးနေရဆဲ
7/29/2009


ရခိုင်ပြည်နယ်တွင် နဖအ စစ်အစိုးရမှ ရထားလမ်း၊ ကားလမ်း များကို ဖေါက်လုပ်နေသော်လည်း ရခိုင်ပြည်သူ အများစုမှာ ရေလမ်းကိုဘဲ ဆက်လက် အားကိုးနေရဆဲ ဖြစ်သည်။

ယခုကဲ့သို့ အားကိုးနေရခြင်းမှာ နအဖစစ်အစိုးရ အာဏာပိုင်များမှ ဖေါက်လုပ်ထားသော ရခိုင်မှ ကားလမ်းများမှာ ပြီးစလွယ် ဖေါက်လုပ်ထားပြီး ခိုင်မာမူ မရှိသဖြင့် မကြာခ ကားတိမ်းမှောက်နေ၍ ဖြစ်သည်ဟု ဒေသခံ ခရီးသွား တဦးက ပြောသည်။

" ဒီနှစ် တနှစ်တည်းအတွင်းမှာ ရခိုင်ပြည်နယ် အတွင်း ကားမှောက်တာ အနည်းဆုံး (၁၀) ကြိမ်လောက်ရှိပါပြီ။ သေဆုံးတာကလည်း လူပေါင်း (၅၀) ကျော်နေပါပြီ။ အဲသလို ကားတွေ မကြာခဏ တိမ်းမှောက်နေတဲ့အတွက် လူတွေက ကားနဲ့ ခရီးသွားတာကို ရှောင်ရှားလာပြီး သင်္ဘောတွေနဲ့ဘဲ ခရီးသွားလာကြတာ ဖြစ်ပါတယ်။"

ယခုနှစ် ဧပြီလ ၂ ရက်နေ့က အမ်းမြို့နယ်တွင် ရန်ကုန်မှ လာသော ဘုရားဖူး ကားတစီး တိမ်းမှောက်သွားရာ လူပေါင်း ၂၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး မေလ ၃ ရက်နေ့က မန္တလေးမှ စစ်တွေသို့ မောင်နှင်လာသော ရွှေပြည်ရခိုင်ကား အမ်းမြို့နယ်တွင် တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် (၅) ဦး သေဆုံးခဲ့သည်။

အလားတူ နေ့စဉ် ရက်ဆက်ဆိုသလို ကားတိမ်းမှောက် မူများကြောင့် လူသေဆုံးမူများ ဆက်လက် ရှိနေဆဲ ဖြစ်သည်ဟု သတင်းများက ဖေါ်ပြသည်။

စစ်တွေမှ အရပ်လူကြီး တဦးကလည်း "အမ်းမြို့နယ်မှာ သာမကပါဘူး။ စစ်တွေနဲ့ ကျောက်တော် အကြားက ကန်စောက်ဆိုတဲ့ နေရာမှာလည်း ကားတွေက မကြာခဏ တိမ်းမှောက်နေတယ်။ အယူသည်းတဲ့ လူတွေကတော့ ကားလမ်း ဖေါက်တာကို နတ်တွေ မကြိုက်လို့ မှောက်သတ် နေတယ်လို့ ပြောနေကြတာပေါ့။ တကယ်တော့ လမ်းတွေက မကောင်းတဲ့အတွက် အခုလို မတော်တဆ ကားတိမ်းမှောက် မူတွေ ဖြစ်နေရတာပါ" ဟု ပြောသည်။

ရခိုင်ပြည်နယ်မှာ မိုးများသော ဒေသ တခုဖြစ်ပြီး ကားလမ်းများကို ခိုင်ခိုင်မာမာ တည်ဆောက်ထားခြင်း မဟုတ်သဖြင့် နှစ်စဉ် မိုးရာသီတွင် ကားလမ်းများ ပျက်စီးခြင်း တောင်ပြိုခြင်းများ မကြာခဏ ဖြစ်နေသည်ဟု သိရသည်။

ထိုကဲ့သို့ ကားလမ်းများ မကောင်းသဖြင့် ကားနှင့်ခရီးသွား၍ လူအများ သေဆုံးမူများ ရှိနေသဖြင့် ရခိုင်ခရီးသွားများမှာ သင်္ဘောများဖြင့် ပြန်လည်၍ ခရီးသွားလာကြ ခြင်း ဖြစ်သည်။

စစ်တွေမှ အရပ်လူကြီးက "နအဖ စစ်အစိုးရက အခု ရထားလမ်း တလမ်းကို ရခိုင်မှာ ဖေါက်လုပ်နေပါတယ်။ ဖေါက်ထားတဲ့ ကားလမ်းကိုတောင် သေချာ မပြုပြင်နိုင်ဘဲနဲ့ရထားလမ်းကို ဖေါက်နေတယ်ဆိုတော့ ၀ မရှိဘဲ ၀ိလုပ် နေတာနဲ့ တူနေပါတယ်။ ရှိနေတဲ့ ကားလမ်းကိုသာ အရင်ကောင်းမွန်အောင် ပြုပြင်ပေးဖို့ နအဖ အာဏာပိုင်တွေကို ပြောချင်ပါတယ်" ဟု ပြောဆိုသွားသည်။


စစ်တွေတွင် လုံခြုံရေး မတင်းကျပ်သော်လည်း
ရဲစခန်းများတွင် အင်အားဖြည့်တင်းထား
7/29/2009


ရခိုင်ပြည်နယ် စစ်တွေတွင် လုံခြုံရေး မတင်းကျပ်သော်လည်း ရဲစခန်းများတွင် ရဲသားများကို အင်အားဖြည့် တိုးချဲ့ ချထားသည်ဟု သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အား သောကြာနေ့တွင် တရားရုံးမှ စီရင်ချက် ချမည် ဖြစ်ရာ စစ်တွေတွင် ထူးခြားမူများ ရှိပါသလားဟု စစ်တွေမြို့ခံ တဦးကို နိရဉ္စရာက မေးမြန်းရာ သူက ယခုကဲ့သို့ပြောသည်။

“စစ်တွေမှာ မိုးအရမ်းရွာနေပါတယ်။ လမ်းပေါ်ကို လူထွက်လို့ မရအောင်ထိ မိုးရွာနေပါတယ်။ ခုချိန်ထိ တစုံတရာ ထူးခြားမူကတော့ မရှိသေးပါဘူး။ ဒါပေမယ့်လို့ လူတွေကတော့ ဒေါ်စုကို နအဖ စစ်အစိုးရ ထောင်ချမယ်ဆိုပြီးတော့ ပြောနေကြပါတယ်” ဟု ပြောသည်။

တခြား ရဲစခန်းနဲ့ နီးစပ်သူ တဦးက မေးကြည့်ရာ သူက “ခုရက်ပိုင်း အတွင်းမှာ ရဲသားတွေကို စတန်းဘိုင် (Standby) အနေအထားနဲ့ တွေ့ရပါတယ်။ ညမှာဆိုရင် ညလုံးပေါက် ရဲသားအများအပြားကို ချထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရင် တခုခု ဖြစ်နိင်တယ်လို့ အာဏာပိုင်တွေက တွက်ဆထားပုံရပါတယ်။ ဒါပေမယ့်လို့ စစ်တပ်နဲ့ လုံထိန်းတွေရဲ့ လူပ်ရှားမူတွေတော့ မတွေ့ ရသေးပါဘူး။” ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမ ပန်းခြံ၊ ဘုရားကြီးနှင့် လောကာနန္ဒာစေတီတွင် လုံခြုံရေးများမှာမူ ပုံမှန်အတိုင်းရှိနေပြီး လူအများ၏ သွားလာ လှုပ်ရှားမူကို အမြဲမပြတ် စောင့်ကြည့်နေသည်ဟု သိရသည်။

တခြား နိုင်ငံရေးနှင့် ဆက်စပ်သူ တဦးမှလည်း ရိုးရိုး အ၀တ်ဖြင့် ထောက်လှမ်းရေးများမှာ နိုင်ငံရေး လှုပ်ရှားသူများနှင့် တချို့ ဘုန်းတော်ကြီးကျောင်းများကို စောင့်ကြည့်မူများ ရှိနေသည်ဟု ပြောသည်။


တပ်သားသစ်ကို ဆန်နှင့် ဖလှယ်ပြီး စုဆောင်း
7/29/2009


ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရှေ့တန်း စစ်စခန်းများမှ တပ်သားသစ်များကို စုဆောင်းရာတွင် ဆန်နှင့် ဖလှယ်ပြီး စုဆောင်းနေသည်ဟု သတင်းရရှိသည်။

အိန္ဒိယ- မြန်မာ နယ်စပ်ရှိ ပလက်ဝမြို့နယ်တွင် အစားအစာ ရှားပါးမူနှင့် ရင်ဆိုင်နေရသဖြင့် နအဖ စစ်တပ်အရာရှိများမှ အဆိုပါ အခွင့်အရေးကို ယူပြီး စစ်တပ်ထဲသို့ ၀င်သူများကို ဆန်ထုတ်ပေးမည်ဟု ဆိုကာ ဆန်နှင့် ဖလှယ် စုဆောင်းနေခြင်း ဖြစ်သည်။

သို့အတွက် ပလက်ဝမြို့နယ် ပြင်တိုင်းကျေးရွာမှ လူငယ် (၃) ဦးမှာ မိသားစု အတွက် ဆန်ရမည် ဆိုသဖြင့် လွန်ခဲ့သော အပတ်က စစ်တပ်ထဲသို့ ၀င်ရောက်သွားသည်ဟု ဒေသခံ တဦးက ပြောသည်။

ဝင်ရောက်သွားသော လူငယ် (၃) ဦးမှာ ဦးကိုးရစ် (ကွယ်လွန်) ၏သား ပြိုအောင် (အသက် ၂၁ နှစ်)၊ ဦးအိုလံ (ကွယ်လွန်) ၏သား ထွန်းလင်း (၁၉ နှစ်) နှင့် ဦးကြီးဒေါင်၏သား ရာမူ ( ၂၀) တို့ ဖြစ်သည်။

အဆိုပါ လူငယ်များမှာ အဖမရှိသူ ခမီး လူငယ်များ ဖြစ်ပြီး ခလရ ၃၄ ထဲသို့ ၀င်ရောက်သွားခြင်း ဖြစ်သည်။

သူတို့ စစ်တပ်ထဲသို့ ၀င်ရောက်သွားသဖြင့် တဦးစီင်္ကို ကျပ်ငွေ တသိန်းနှင့် ရွာတွင် ကျန်ခဲ့သော မိသားစုများအတွက် ဆန်၊ ဆီ၊ ဆားနှင့် ငပိမှ အစ စစ်တပ်က ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့ ထောက်ပံ့ပေးခြင်းမှာ ဒေသအတွင်းရှိ တောင်ပေါ်သား လူငယ်များအား စစ်တပ်ထဲဝင်ရန် မက်လုံးပေးသည့် အနေဖြင့် ပေးကမ်းခြင်း ဖြစ်သည်ဟု သတင်းများက ဖေါ်ပြသည်။ သို့သော်လည်း အများစု လူငယ်များမှာ စစ်တပ်ထဲသို့ ၀င်ရောက်ရန် ကမ်းလှမ်းမူကို လက်မခံဘဲ ရှိနေကြသည် သိရသည်။

ယခုအခါ နအဖ စစ်တပ်အတွင်း တပ်သားသစ် ၀င်ရောက်မူနုန်း အလွန်ကျဆင်းနေရာ ပလက်ဝမြို့နယ်မှ အသက် ၁၇ နှစ်နှင့် ၂၅ နှစ်အကြား တောင်ပေါ်သား ခမီး၊ ချင်းနှင့် မြို လူငယ်များကို စာမတတ်သော်လည်း တပ်ထဲသို့ ၀င်ရောက်ရန် အတင်းစည်းရုံး သိမ်းသွင်းနေသည်ဟု သတင်းရရှိသည်။


ရခိုင်ဆားကြမ်း ရန်ကုန်တွင် ဈေးကောင်းရ
7/28/2009


ရခိုင်မှ နေလှမ်းဆားကြမ်းများ ဈေးကောင်း ရနေသဖြင့် ဆားလုပ်ငန်းရှင်များ အနေဖြင့် ရခိုင်မှ ဆားများကို ရန်ကုန်သို့ သင်္ဘောများဖြင့် တင်ပို့နေကြသည်။

ဆားလုပ်ငန်းရှင် တဦးက “အခု စစ်တွေမှာ ဆားကြမ်း တပိသာ ဈေးက ၁၄၀ နဲ့ ၁၅၀ ကျပ် အကြားမှာ ရှိပါတယ်။ ရန်ကုန်မှာတော့ ဆားကြမ်း တပိသာကို ၂၂၀ ကျပ် ရပါတယ် ” ဟု ပြောသည်။

ထိုကဲ့သို့ ဈေးကောင်းရနေသဖြင့် စစ်တွေမင်းဂံ ဆိပ်ကမ်းတွင် သိုလှောင်ထားသော ဆားများကို စစ်တွေ နှင့် မင်းဂံ ဆိပ်ကမ်းမှ တဆင့် ရန်ကုန်သို့ သင်္ဘောကြီးများဖြင့် တင်ပို့နေကြသည်။

“သင်္ဘောခက တပိသာကို ကျပ် ၂၀ ဘဲရှိတော့ ပို့ရတာက နည်းနည်း တွက်ခြေကိုက်ပါတယ်။ ခုလောလောဆယ်တော့ ဆားလုပ်ငန်းက နည်းနည်း အဆင်ပြေပါတယ် ” ဟု ပြောသည်။

ယခုနှစ် ဆားရာသီတွင် နေအလွန်ပူပြင်းခဲ့ပြီ်း မိုးရွာသွန်းမူ မရှိခဲ့သဖြင့် ရခိုင်တွင် ဆားအထွက်တိုးခဲ့သည်ဟု သိရသည်။

သို့သော်လည်း ဆားစီးပွားရေး လုပ်ငန်းရှင်များ အမြတ်ရသလောက် ဆားထုတ်လုပ်သူများမှာ ဆားအထွက်ကောင်းခဲ့သဖြင့် ဈေးမရရှိခဲ့ဟု သိရသည်။


အစိုးရအစုတ်က ငွေစက္ကူအစုတ်သာ လဲပေးနိုင်သည်ဟု ဆိုနေကြ

ယုယုခင်၊ ရန်ကုန်

ဇူလိုင် ၂၉၊ ၂၀၀၉

ပြည်သူများ လက်ဝယ်တွင် အချိန်ကာလကြာမြင့်စွာ သုံးဆွဲနေရသော ငွေစက္ကူဟောင်းများကို တစ်ဦးလျှင် ၁၀ရွက်နှုင်းဖြင့် သြဂုတ်လ ၃ရက်နေ့မှ စတင်ပြီး မြန်မာစီးပွားရေးဘဏ် အသီးသီးနှင့် မြန်မာနှိင်ငံတော် ဗဟိုဘဏ်လုပ်ငန်း ဌာန ခွဲ ငွေစက္က လဲလှယ်ရေးကောင်တာတွင် လဲယူနှိင်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ ဟောင်းနွမ်းသော ငွေစက္ကူများသည် သတ်မှတ်ချက်နှင့် ပြည့်စုံသော ငွေစက္ကူများဖြစ်မှ လဲလှယ်ပေးမည် ဖြစ်ပြီး ငွေစက္ကူ ၁၀ကျပ်တန် မှ ကျပ်၂၀၀ တန်အထိ သာ တန်ဖိုးချင်းတူ အဟောင်းနှင့် အသစ်လဲလှယ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ တစ်ယောက်ကို တစ်ခါလဲရင် ၁၀ရွက်နှုန်းပဲ လဲပေးနှိင်မှာပါ” ဟု မြန်မာနှိင်ငံတော် ဗဟိုဘဏ်လုပ်ငန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ငွေကျုပ် ၁၀မှ ငွေကျပ် ၂၀၀တန် အထိ ရှားပါးနေကာ ငွေအကြွေ ရှားပါးမှု သည် ပြသာနာကြီးတခု ဖြစ်နေပြီး ငွေစက္ကူဟောင်းများကို ပြန်လည် ပြုပြင် သုံးစွဲနေကြောင်း ရန်ကုန်မြို့ ဒေသခံများ ကဆိုသည်။

“ ပိုက်ဆံတွေက တအားစုတ်လာတယ်။ အကြွေကလဲ ရှား။ ပိုက်ဆံကလဲ စုတ်ဖြစ်နေတာ။ သူတို့လဲပေးမဲ့ ငွေပမာဏနဲ့ မြန်မာနှိင်ငံက ငွေအစုတ်တွေ၊ အဟောင်းတွေက ပို များ နေတာ။ တယောက်မှ ၁၀ရွက် ဆိုတော့ သိပ် အဆင်မပြေဘူး။ လုံးဝ မလဲပေးတာနဲ့ စာရင် အဆင်ပြေမှာပါ။” ဟု မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ စားသောက်ကုန်ရောင်း ၀ယ်ရေးလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ငွေအကြွေစက္ကူ လဲလှယ်မှုကို ယခုနှစ်ဆန်းပိုင်းမှ စတင်ပြိး နေပြည်တော်၊ မန္တလေး နှင့် ရန်ကုန်မြို့တော်ရှိ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီများ နှင့် မြို့တော်စည်ပင်သာယာ ဈေးများကို လဲလှယ်ပေးနေကြောင်း နှိင်ငံပိုင်မီဒီယာ တွင်ကြေညာထားသည်။

“ တစ်ပတ်ကို ကားတစီး အတွက် ၁၀၀၀ ဖိုး လဲပေးတာ။၂၀၀တန် သုံးရွက် ရယ် ၁၀၀ ရာတန် သုံး ရွက် ရယ် ၅၀ တန် နှစ်ရွက် - ကျနော်တို့ လိုင်းကားသမားတွေ ဘယ်လောက်မလဲ။ တနေနေ့ ကားပေါ်ကို လူ ထောင်ကျော် တက်လိုက် ဆင်းလိုက် လုပ်နေတာ၊ ဘယ်လောက်မလဲ”ဟု မထသ လက်အောက်ရှိ ယာဉ်မောင်းတစ်ဦး က ပြောသည်။

နအဖ အစိုးရအတွက်မူ ငွေစက္ကူရိုက်နှိပ်ခြင်းသည် လူအများ ငွေကြေး လှည့်ပတ် သုံးစွဲမှုအတွက် မဟုတ်ပဲ ငွေစက္ကူ ရိုက်နှိပ်ခြင်းမှ အကျိုးအမြတ်ရရန် ရည်ရွယ်ရိုက်နှိပ်လျက် ရှိခြင်းဖြစ်သည့်အတွက် ငွေကြေးဖောင်းပွမှု ကြီးမားနေသည့် မြန်မာနိုင်ငံ အနေဖြင့် ကျပ် ၅၀၊ ၁၀၀၊ ၂၀၀၊ ၅၀၀ တန်များကို ရိုက်နှိပ်လျင် စက္ကူနှင့် မှင်ကုန်ကျစရိတ်ကို မကာမိဟု ငွေစက္ကူ ရိုက်နှိပ်ရာတွင် တာဝန်ယူရသည့် အမည်မဖေါ်လိုသူ ၀န်ထမ်းတယောက်က ပြောဆိုသည်။

မြန်မာနှိင်ငံတွင် ငွေ အကြွေရှားပါးခြင်းနှင့် ငွေစက္ကူဟောင်းများ ပြားမှုသည် ကြီးမားသော ပြသာနာတခုဖြစ်၍ ယင်းသို့ သတ်မှတ်လဲလှယ်ပေးမည့် ငွေစက္ကူသည် နည်းပါးနေကြောင်း၊ ငွေစက္ကူ ဟောင်းလဲလှယ်မှု အရေအတွက် နည်းသော်လည်း ငွေစက္ကူဟောင်းလဲသူ ပွဲစား များပြားလာနှိင်ကြောင်း မြန်မာစီးပွာရေးဘဏ်က တာဝန်ရှိသူတဦးက ဆိုသည်။






တောင်ပြုန်းနတ်ပွဲသို့ သွားရောက်သူဦးရေ ကျဆင်း
ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 29 ရက် 2009 ခုနှစ် 18 နာရီ 25 မိနစ်

မဇ္ဈိမ (ချင်းမိုင်) ။ ။ တောင်ပြုန်းနတ်ပွဲ ကျင်းပရာသို့ ယခုနှစ်တွင် ရန်ကုန်မှ သွားရောက်သူဦးရေ ထက်ဝက်ခန့် ကျဆင်းသွားကြောင်း ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ကားလက်မှတ် အရောင်းဌာန ဝန်ထမ်းများက ပြောသည်။

တောင်ပြုန်းခရီးစဉ် လက်မှတ်ဈေးနှုန်းသည် ယခင်နှစ်အတိုင်း ဖြစ်သော်လည်း ယခုနှစ် ရောင်းအားသည် ထက်ထက်ခန့် လျော့ကျသွားကြောင်း ဝန်ထမ်းများက ပြောဆိုကြခြင်း ဖြစ်သည်။

“အရင်နှစ်က ၁၀ စီးလောက်ဆိုရင် အခု ၆ စီးလောက် ဖြစ်သွားတာပေါ့ဗျာ။ လူတွေကလည်း ဒီလိုပဲပေါ့ဗျာ၊ သွားဖို့လာဖို့ကျတော့ မလုံလောက်တော့ ဖြစ်တတ်တာပဲလေ။ အဓိကကတော့ဗျာ စီးပွားရေး မပြေလည်တော့ မသွားနိုင်ဘူးပေါ့၊ ဒါပါပဲ” ဟု ‘ရွှေအိုးစည်’ ကား လက်မှတ် အရောင်းဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

‘ရွှေအိုးစည်’ ကားက ခရီးစဉ်များကို ရန်ကုန်မှ စတင်မည်ဖြစ်ရာ လက်မှတ်ဈေးနူန်းမှာ တဦးလျှင် တောင်ပြုန်းတွင် တည၊ မန္တလေးတွင် တညဖြင့် ၂ ညအိပ် ၃ ရက် ခရီးကို ကျပ် ၃ သောင်းခွဲ၊ မေမြို့ ခေါ် ပြင်ဦးလွင် ပါလျှင် ၅ ရက်ခရီးအဖြစ် ၅ သောင်း၊ ထို့အပြင် စစ်ကိုင်း-မုံရွာ ပါလျှင် ၆ ရက်ခရီးအတွက် ၆ သောင်းကျပ် ဖြစ်သည်။

‘စိန်ဝင်းနှင့် ရောင်းရင်းများ’ ကားလက်မှတ် အရောင်းစာရေး တဦးက “ဒီနှစ်ကတော့ အရင်နှစ်တွေထက်စာရင် ရောင်းအားကျသွားတယ်လေ။ စီးပွားရေးကြောင့်ပဲပေါ့ အကိုရာ။ မနှစ်တုန်းကဆိုရင်တော့ ၁၀ စီးလောက် ထွက်ရတာပေါ့။ အခုနှစ်ကတော့ ၇ စီးလောက်ပဲ ထွက်ရတယ်” ဟု မဇ္ဈိမကို ပြောသည်။

တောင်ပြုန်းပွဲသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်ဂိတ်များမှာ ရန်ကုန်တွင် ဂိတ်ပေါင်း ၂၀ ကျော်ခန့်ရှိပြီး၊ ရွှေအိုးစည်၊ စိန်ဝင်းနှင့်ရောင်းရင်းများ စသည့် ဂိတ်များနှင့် နှိုင်းယှဉ်လျှင် အခြားဂိတ်များ၏ ရောင်းအားသည် ပို၍ပင် ကျဆင်းသွားကြောင်း သိရသည်။

မြန်မာပြည်အတွင်းရှိ ပွဲတော်များထဲတွင် တောင်ပြုန်းပွဲတော်သည် ထင်ရှားသည့် ပွဲတော်တပွဲဖြစ်ပြီး တောင်ပြုန်းပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့မှ ၁၅ ရက်နေ့ (ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့) အထိ ကျင်းပသည်။

တောင်ပြုန်းအရပ်အား အပိုင်စားရထားသည့် ရွှေဖျင်းမင်းညီနောင်အား သွားရောက်၍ ချိုးတော်ရေ ဆက်သလျှင် စီးပွားတိုးသည်ဟု ယုံကြည်သူများ သွားရောက်ကြသလို၊ ပျော်ရွှင်ပွဲအဖြစ် သွားရောက် လည်ပတ်သူများလည်း ရှိကြသည်။

ပွဲတော်ရက်များတွင် ကန်တော့ခံပွဲ၊ ည ညီလာခံ၊ ချိုးရေတော်သုံး၊ နန်းတက်ပွဲ၊ ယုန်ထိုး၊ ထိန်ခုတ်၊ ရွှေဘုံဆင်း စသည်ဖြင့် အစီအစဉ်များ အဆင့်ဆင့် ပြုလုပ်လေ့ရှိကြသည်။

စစ်အစိုးရအပေါ် အမေရိကန် ဒဏ်ခတ် အရေးယူမှု သက်တမ်း ထပ်တိုး

29 July 2009


မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး အခြေအနေ တိုးတက်အောင် မလုပ်နိုင်တာတွေကြောင့် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ထားတာကို သက်တမ်းတိုးမြှင့်ဖို့ သမ္မတ ဘရက်ခ် အိုဘားမား က လက်မှတ် ရေးထိုးလိုက်ပါပြီ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေ ပြောင်းလဲကောင်း ပြောင်းလဲမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောထားပေမဲ့ စစ်အစိုးရရဲ့ မပြောင်းလဲတဲ့ သဘောထားတွေကြောင့် ဒီလို အရေးယူမှုတွေကနေလည်း လျော့သွားစရာ မရှိဘူးလို့် အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀န်းက တွက်ဆ နေကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြန်ပြောင်းသုံးသပ်နေတဲ့ အမေရိကန် ပြည်ထောင်စုက စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေလုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ ဥပဒေကို နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ သမ္မတ ဘရက်ခ် အိုဘားမား က မနေ့တုန်းကပဲ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။ ကျောက်မျက်ရတနာတွေ အပါအ၀င် မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုတွေကို တားမြစ်တဲ့ Burmese Freedom and Democracy Act ၂၀၀၃ ခုနှစ် ဥပဒေကို အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်က ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အတည်ပြု မဲပေးပြီး အခုနောက်ဆုံး သမ္မတက လက်မှတ်ရေးထိုး သက်တမ်း တိုးလိုက်တာပါ။ ဒါဟာဆိုရင် လက်ရှိဖမ်းဆီးခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးတာ အပါအ၀င် နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် လုပ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်တာလို စစ်အစိုးရနဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ လုပ်နိုင်ပါတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောထားပြီး မရှေးမနှောင်း ဆိုသလို ထွက်ပေါ်လာတာပါ။ ဒီလို အခြေအနေမျိုးမှာ အမေရိကန်ဘက်က လိုက်လျောလိုတယ် ဆိုရင်တောင် နီးစပ်နိုင်မယ့် အလားအလာတွေ မမြင်ရဘူးလို့ ယူဆသူကတော့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပါ။

“စစ်အစိုးရက ဒီအတောအတွင်းမှာ သူတို့ကို အရေးယူပိတ်ဆို့တယ်ဆိုတာမျိုးကို မဖြစ်စေချင်ဘူး။ ကမ္ဘာမှာလည်း မျက်နှာပန်းမလှဘူး ဆိုတာကိုသာ ရှောင်ချင်တာပဲ။ သူတို့ဘက်က ဘာမှလျော့ပေးဖို့ လမ်းမရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကနေ ဘယ်လိုပဲ မျှောင်လင့်နေနေ၊ ဘယ်လိုပဲ တောင်းဆိုနေနေ သူတို့ကတော့ ကျွန်တော်ထင်တယ် ထောင်ချဖို့ပဲ ရည်ရွယ်တာပဲ။ ထောင်ချတယ်ဆိုတာကလည်း စကားပေါ့ဗျာ။ ထောင်ချတယ်ပေါ့။ အဓိကတော့ ဒီလာမယ့် ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်းမှာ ဒေါ်စုကို နိုင်ငံရေး ပင်မရေစီးကြောင်းကနေ ဖယ်ထုတ်ပစ်ချင်တဲ့ ဆန္ဒသဘောထားပဲ သူတို့ ရှိတယ်။ အဲဒီ ဆန္ဒသဘောထားအတိုင်းပဲ သူတို့ လုပ်မှာပဲ။ အဲဒီတော့ အမေရိကန်အစိုးရကနေ သူတို့ အရေးယူမှုတွေ လုပ်သော်ငြားလည်း သူတို့က ဘာမှ ပျော့ပြောင်း လာမှာ မဟုတ်ဘူး။ အဲဒီတော့ အမေရိကန် အစိုးရက သူ့ရဲ့ မူဝါဒ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့ လုပ်နေတယ်။ မလုပ်ခင်မှာ ဒီကိစ္စတွေ ပေါ်နေတာကိုး။ သူတို့ဘက်က လက္ခဏာတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန် ပြန်သုံးသပ်တဲ့နေရာမှာ ကျွန်တော်ထင်တယ်။ ခပ်တင်းတင်းလေးပဲ မူဝါဒတွေကို ကိုင်စွဲရမှာပဲလို့။ ”

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေမြို့မှာ ပြီးခဲ့တဲ့ တပတ်ထဲ ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ဒေသဆိုင်ရာ လုံခြုံရေး အစည်းအဝေးပွဲ ကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် က ဆက်ဆံရေး အပြောင်းအလဲတွေ လုပ်နိုင်တဲ့ အကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့တဲ့ အပေါ်မှာတော့ ဒါဟာ ပြည်တွင်းရေးကို စွက်ဖက်လာတာ၊ အာဆီယံ အသင်းကြီးအပေါ် သြဇာ လွှမ်းမိုးဖို့ ကြိုးပမ်းလာတာဆိုပြီး အစိုးရပိုင် သတင်းစာတွေက တုံ့ပြန် ဖော်ပြခဲ့ကြတာပါ။ လက်ရှိ မြန်မာစစ်အစိုးရရဲ့ ရပ်တည်ချက်တွေကြောင့် အမေရိကန် အစိုးရနဲ့ နီးစပ်ဖို့ အလှမ်းဝေးနေဦးမယ်လို့ တွက်ဆသူ နောက်တဦးကတော့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင် ဖြစ်ပါတယ်။

“အခုလို ပုံစံမျိုးဆိုရင်တော့ ပျော့ပြောင်းလာမယ့် အနေအထားမျိုးတော့ ဖြစ်လာလိမ့်မယ်လို့ ပြောဖို့ ခက်ပါတယ်။ အရင် အတိုင်းပဲ သူတို့ ပေါ်လစီအတိုင်း ဆက်လက်ပြီးတော့ လုပ်သွားလိမ့်မယ်လို့ မြင်ပါတယ်။ အမေရိကန်မှာ ကျင့်သုံး နေတဲ့ အမေရိကန်ရဲ့ ပေါ်လစီဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျင့်သုံးနေတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် တစုံတရာ အတိုင်းအတာအထိ ချမှတ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာလည်း အဆိုးဆုံး အခြေအနေလို့ ပြောစရာ၊ ယူဆနိုင်စရာ ရှိပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ ပျော့ပြောင်းလာဖွယ် မရှိဘဲ ပိုပြီးတော့ ပြတ်သားတဲ့၊ ပြင်းထန်တဲ့ ပေါ်လစီတွေသာ ကျင့်သုံး လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံအရေး အခြေအနေတွေ တိုးတက်မှု မရှိလို့ အမေရိကန် ပြည်ထောင်စု၊ အီးယူ (ဥရောပ သမဂ္ဂ) နိုင်ငံ တွေက စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူထားတာ ဖြစ်ပေမဲ့လည်း ဒါတွေဟာ ထိရောက်မှု မရှိဘူး၊ အကျိုးထက် အပြစ် က များတယ် ဆိုပြီးဝေဖန်မှုတွေလည်း ရှိနေတာပါ။ သမ္မတ ဘရက်ခ် အိုဘားမား ဦးဆောင်တဲ့ အစိုးရ တက်လာပြီး နောက်ပိုင်းမှာတော့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထိရောက်တဲ့ ရလာဒ်တွေ ထွက်လာဖို့ ဘာတွေလုပ်နိုင်မလဲဆိုပြီး သူတို့ရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြန်လည် သုံးသပ်တာတွေ လုပ်နေတာပါ။ ဒါပေမဲ့လည်း ဒါတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ကာနီးမှ ဥပဒေ ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုတာတွေ လုပ်နေတာကြောင့်လည်း ဒီလို သုံးသပ်မှုတွေ အပြီးမသတ်နိုင်ဘဲ ဖြစ်နေရတာ ပါ။


ကကကြည်းက တရုတ်ခရီးသွားများ ပြည်ဝင်ခွင့် ထိန်းချုပ်
မျိုးကြီး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 29 ရက် 2009 ခုနှစ် 15 နာရီ 44 မိနစ်


ရွှေလီ (မဇျွိမ) ။ ။ မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် လာရောက်လည်ပတ်မည့် တရုတ် နိုင်ငံသားများသည် ကာကွယ်ရေး ဦးစီးဌာန (ကြည်း) - ကကကြည်း၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ဝင်ခွင့် ရရှိတော့သည်။

ယခုလ ၁၆ ရက်နေ့မှ စတင်၍ မြန်မာပြည်တွင်း ခရီးသွားမည့် တရုတ်နိုင်ငံသားများသည် ကကကြည်းသို့ အကြောင်းကြားကာ ခွင့်ပြုချက် ယူရသည်။

''တရုတ်တွေ မြန်မာပြည် သွားမယ်ဆိုလို့ရှိရင် ကကကြည်းကို အကြောင်းကြားစာ ပို့ပြီးမှ သွားခွင့်ရမယ်။ သွားလို့ရှိရင်လည်း သူတို့ကို ခေါ်သွားတဲ့ ဂိုက် (လမ်းပြ) က လားရှိုးအထိ တာဝန်ယူပြီးမှ ခေါ်သွားရမယ်။ သတ်မှတ်ထားတဲ့ရက်မှာ ပြန်ထွက်လာတဲ့ စာရင်းဇယားထဲမှာ မတွေ့ဘူးဆိုရင် တာဝန်ခံခေါ်သွားတဲ့ ဂိုက်(ဧည့်လမ်းညွှန်) ကို ပြန်ပြီး စစ်ဆေးမယ်ပေါ့နော်။ ဂိုက်ကနေပြီးမှပဲ တာဝန်ခံလုပ်ခွင့်ပြုပြီးမှ ဝင်ရမယ်ပေါ့နော်'' ဟု ကုန်သည်များနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

မူဆယ်မြို့ရှိ မြပတ္တမြားခရီးသွားလာရေး အေးဂျင့်မှ တာဝန်ရှိသူတဦးနှင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ အဝင်အထွက်ဂိတ်အနီး ကပ်လျက်တည်ရှိသည့် တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့တွင် နေထိုင်သူ မြန်မာတဦးကလည်း ပြည်ဝင်ခွင့် အခြေအနေ ထိုကဲ့သို့ ပြောင်းလဲသွားကြောင်း အတည်ပြုပြောဆိုကြသည်။

တရုတ်နိုင်ငံသားများသည် မြန်မာနယ်စပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှတဆင့် နေပြည်တော်ရှိ ကကကြည်းထံသို့ စာရင်းပေးပို့ ပြသရပြီးနောက် ခွင့်ပြုချက်ရမှသာ ဝင်ရောက်ခွင့် ရရှိမည်။ ယခင်ကမူ နှစ်နိုင်ငံ နယ်စပ်ရှိ ခရီးသွားစင်တာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် သွားလာနိုင်ခဲ့သည်။

ပြည်ဝင်ခွင့် တင်းကျပ်လာခြင်းမှာ အလည်အပတ် ခရီးသွားဗီဇာဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်သွားသည့် တရုတ်နိုင်ငံသားအချို့သည် တားမြစ်နယ်မြေများကို သွားလာမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု တရုတ်ကုန်သည်များနှင့် နီးစပ်သူက ဆိုသည်။

''အရင်တုန်းကတော့ ရိုးရိုးခရီးသွားလက်မှတ်နဲ့ မန္တလေးဆိုပြီး ဝင်သွားတယ်။ ဖားကန့်လည်း ရောက်ချင်ရောက်တယ်။ ရွှေကျင်းလည်း ရောက်ချင်ရောက်တယ်။ သူတို့သွားချင်တဲ့နေရာ သွားကြတာပေါ့နော်။ အခုကတော့ အဲလို သွားခွင့်မပြုတော့ဘူးဆိုတဲ့ အနေအထားမျိုးပေါ့'' ဟု သူက ပြောသည်။

သို့သော်လည်း မျက်မြင်ကုန်သည်များ ပြောဆိုချက်အရ လက်ရှိတွင် တရုတ် ကျောက်စိမ်းကုန်သည်များမှာမူ မြန်မာနိုင်ငံသို့ ဝင်ထွက်သွားလာမှုများ ဆက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ အခြားသော အကြောင်းအရာများဖြင့် ဝင်ရောက်လိုပါက သက်ဆိုင်ရာ ကုမ္ပဏီများ၊ ဌာနများ၏ ဖိတ်ခေါ်စာများ လိုအပ်မည်ဖြစ်သည်။

''မြန်မာနိုင်ငံလာပြီးတော့ သတ္ထုတူးဖော်ဖို့ သွားကြည့်တာတို့၊ လေ့လာစုံစမ်းဖို့ သွားတာတို့၊ ကုမ္ပဏီက မြေကွက်သွားကြည့်တာတို့၊ စီးပွားရေးဆွေးနွေးပွဲ အဲလို ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံက သက်ဆိုင်တဲ့ ဋ္ဌာနတခုခုက ဖိတ်ခေါ်ရင်တော့ တယောက်ဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ် ရတယ်ဗျ။ အဲဒါမျိုးက သံရုံးကို ဗီဇာလျှောက်ပြီးတော့မှ ရတယ်။ နယ်စပ် အလည်အပတ်ခရီးကျတော့ အဲဒါတွေ မလိုတော့ဘူး။ ဟိုဘက်ဒီဘက် Tourism တွေ ပေါင်းပြီး ကြည့်လုပ်ကြတာပါပဲ'' ဟု သူက ဆက်ပြောသည်။

ထို့အပြင် ယခုလဆန်းပိုင်းမှ စတင်၍ နယ်စပ်လမ်းများမှ တရားမဝင် တရုတ်ကုန်တင်သွင်းခြင်းကို ပိတ်ပင်ထားကြောင်း သိရသည်။





မီးလာသော်လည်း ရေမလာသဖြင့် ပြည်သူများ အခက်တွေ့
NEJ / ၂၉ ဇူလိုင် ၂၀၀၉


ရန်ကုန်မြို့တွင် ဇူလိုင်လလယ်မှ စ၍ မီးပေးချိန် တိုးမြှင့်ထားသော်လည်း ဗို့အားမပြည့်သည့်အတွက် အထပ်မြင့်တိုက်များတွင် နေထိုင်သူများ အခက်တွေ့နေကြသည်။

“မီးလာတာ အရင်ထက် အချိန်ပိုလာလို့ ပျော်နေတာ။ ရေက တင်လို့မတက်တော့ စိတ်ညစ်ရပြန်ရော” ဟု ရန်ကုန် (၁၄၆) လမ်းနေသူတဦးက ပြောသည်။

ရန်ကုန်မြို့သို့ ရေပေးဝေနေသော ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်၊ ဂျိုးဖြူ ရေပိုက်လိုင်းများအနက် လှော်ကားနှင့် ငမိုးရိပ် ရေပေးဝေရေး လုပ်ငန်းတို့က ရေတွန်းစက်များအတွက် အသုံးပြုသော လျှပ်စစ်အားပြည့်ဝမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ အရာရှိတဦးက ပြောသည်။

ထို့ကြောင့် အထပ်မြင့်တိုက်ခန်းများသို့ မော်တာဖြင့် ရေတင်မှုများ အခက်တွေ့နေရခြင်းဖြစ်ကြောင်း၊ ရန်ကုန်စည်ပင်အနေဖြင့် အဆိုပါပြဿနာများကို ဖြေရှင်းရန် ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေအဖွဲ့နှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ထိုအရာရှိက ပြောသည်။

ရန်ကုန်တိုင်း လျှပ်စစ်ပေးဝေရေးအဖွဲ့က မြို့နယ် (၄၅) မြို့နယ်တွင် အုပ်စု (၄) ခုခွဲကာ လျှပ်စစ်ဓာတ်အားကို ခွဲတမ်းချပေးဝေ နေကြောင်း၊ အုပ်စု (၃) စုကို ညနေ (၅) နာရီမှ နောက်တနေ့နံနက် (၅) နာရီထိ မီးပေးချိန်ပိုလာပြီး မီးပြတ်တောက်ချိန် နည်းလာကြောင်း၊ ကျန်အုပ်စုတခုကိုမူ (၂၄) နာရီ ပုံမှန်ဖြန့်ဝေပေးနေကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထိုသို့မီးလာချိန် ပိုလာသော်လည်း အထပ်မြင့်နေသူများ ရေတင်မရသည့်ပြဿနာနှင့် ရင်ဆိုင်နေကြရသည်။

ကျောက်မြောင်းရပ်ကွက်နေ ပြည်သူတဦးက “ရေကို ညဘက်မှ တင်ကြတာများတယ်။ လျှပ်စစ်ဗို့အား ပြည့်တဲ့အချိန် ဖြစ်တဲ့အတွက်ပါ။ ဒါပေမယ့် အခု ညဘက်လည်း တင်လို့မရတော့ဘူး။ ဗို့အားက လုံးဝမရှိတော့ဘူး၊ ကျနေတာချည်း ဖြစ်နေ တယ်။ စည်ပင်ကိုမေးကြည့်တော့လည်း စည်ပင်က မီးအားအပြည့်မရလို့ပါလို့ ပြောတယ်။ ကျမတို့လည်း သေသေချာချာကို နားမလည်တော့ဘူး” ဟု ပြောသည်။


မိုးခေါင်၍ နှမ်းစိုက်တောင်သူများ ထိခိုက်နိုင်
မင်းနိုင်သူ / ၂၉ ဇူလိုင် ၂၀၀၉


အညာဒေသတွင် မိုးခေါင်နေသဖြင့် နှမ်းတောင်သူများ စိုက်ပျိုးစရိတ်ပင် ရှုံးမည့် အလားအလာများ ရှိနေကြောင်း အညာဒေသခံ သီးနှံပွဲစားများက ပြောသည်။

“ဒီနှစ်မိုးခေါင်တယ်။ အခုချိန်ထိ တစက်ကလေးမှကို မရွာသေးဘူး။ နောက်တပတ်အတွင်းမှ မရွာရင် တောင်သူတွေ ငိုရမယ့်ကိန်းဆိုက်တော့မှာပဲ” ဟု ဓနမဂ္ဂဇင်းမှ သီးနှံဈေးကွက်ဆောင်းပါးရှင် ဓနထွန်းက ပြောသည်။

အညာဒေသတွင် ယခုရာသီ၌ ပဲစင်းငုံ၊ နှမ်း၊ ၀ါတို့ကို အဓိကစိုက်ပျိုးထားရာ မိုးခေါင်နေသဖြင့် သီးနှံပင်များပျက်စီးမည့်အရေး စိုးရိမ်နေကြရသည်။

“နှမ်းတောင်သူတွေ စိတ်ညစ်နေကြရတယ်။ အခု အသီးတင်နေပြီဖြစ်ပေမယ့် မိုးမရွာတော့ အသီးအောင်ဖို့ ခက်နေတယ်။ နှမ်းသမားက မိုးမရလို့ကတော့ အကုန်နွားကျွေးပစ်ဖို့ပဲရှိတယ်။ စိုက်ပျိုးစရိတ်တောင် ပြန်ရမှာ မဟုတ်ဘူး။ နှမ်းသမားတင် မဟုတ်ပါဘူးလေ။ နောက်တပတ်ကျော်တဲ့အထိ မိုးမရွာရင် ပဲစင်းငုံသမား၊ ၀ါသမားလည်း သွားမှာပါပဲ။ အနည်းဆုံးတော့ အထွက်နှုန်းဆုပ်သွားမှာ” ဟု ဓနထွန်းက ပြောသည်။

မိုးခေါင်နေသဖြင့် နောက်ထပ် သီးနှံစိုက်ပျိုးရေးအတွက်ပါ အခက်တွေ့နေကြသော်လည်း မိုး/ဇလ၏ ညွှန်ကြားချက်များအရ နောက်သီးနှံစိုက်ပျိုးမည့် တောင်သူများအနေဖြင့် ထွန်ရေးညက်အောင် ထွန်ထားကြရန် မြို့နယ်စိုက်ပျိုးရေးဌာနများက ဆော်သြနေကြောင်း သိရသည်။

မန္တလေးသီးနှံပွဲစားတဦးက “နောက်ထပ်ကို မိုးခေါင်နေဦးမယ့် သဘောရှိပါတယ်ဗျာ။ မိုးဇလရဲ့ ညွှန်ကြားချက်အရ ထွန်ရေးညက်အောင် ထွန်ထားကြဖို့ တိုက်တွန်းနေတာတွေရှိတယ်။ ထွန်ရေးညက်တော့ မိုးလေးနည်းနည်းကျတာနဲ့ အချိန်မီ စိုက်ပျိုးနိုင်မယ်ဆိုတဲ့ သဘောပေါ့ဗျာ” ဟု ပြောသည်။

ယခုနှစ်တွင် မိုးခေါင်သည့်အပြင် မြစ်ရေမတိုးသဖြင့် ကျည်းတောတောင်သူများသာမက အောက်တော တောင်သူများလည်း စိုက်ပျိုးနိုင်ရေး အခက်တွေ့နေကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အညာဒေသတွင် မြစ်ရေ၀င်ရောက်ရာ လယ်ယာများကို အောက်တောဟုခေါ်ပြီး မြစ်ရေလုံးဝမရဘဲ မိုးရေကိုသာ အဓိကထား စိုက်ပျိုးရသည့် လယ်ယာများကို ကျည်းတောဟုခေါ်သည်။

“၀ါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုပေမယ့် ဒီနှစ်မြစ်ရေကလည်း သိပ်မတိုးဘူးဗျ။ ဟုတ်တယ်။ အောက်တောသမားတွေတောင် မိုးမျှော်နေကြရတယ်။ အောက်တောသမားတချို့ ကိုယ့်တွင်းနဲ့ကိုယ် ရေတင်စိုက်တာတွေရှိတယ်။ ဒါပေမယ့် မိုးမရွာတော့ တွင်းတော်တော်များက ကောကုန်တာပါပဲ” ဟု ဓနထွန်းက ပြောသည်။

တောင်သူများ စိုက်ပျိုးရေးအခက်တွေ့သကဲ့သို့ မြို့ပေါ်တွင်လည်း မိုးမရွာဘဲ ပူအိုက်နေသဖြင့် ရပ်ကွက်အသီးသီးတွင် သံဃာတော်များကို ပင့်ဖိတ်ကာ ငရံ့မင်းပရိတ်တရား ရွက်ဖတ်နေကြရသည်ဟု မန္တလေးနှင့် မုံရွာမြို့ခံများက ပြောသည်။

“ပြီးခဲ့တဲ့ တပတ်လောက်က ရန်ကင်းတောင်က ငရံ့မင်းရုပ်တုပင့် မြို့ပတ်ပြီး ပရိတ်တရားတော်တွေ လှည့်ရွတ်တယ်။ အခုချိန်ထိတော့ မရွာသေးဘူး။ အားလုံးက မိုးမျှော်နေကြရတယ်။ ရပ်ကွက်တချို့က ရေတွင်းတွေလည်း ရေခန်းကုန်လို့ အခက်တွေ့နေကြရတယ်” ဟု မန္တလေးမြို့ခံက ပြောသည်။





ထိုင်းနိုင်ငံတွင်းရှိ မြန်မာ ဒုက္ခသည် စခန်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ တွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာ
၂၉ ဇူလိုင် မဲဆောက် ၊ ၊Freedom News Group

DHF Break Out Refugee Camp and Burmese Migrant Workers


တုပ်ကွေးရောဂါ ဖြစ်ပွားနေသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရာ မဲလ ဒုက္ခသည် စခန်းတွင်းရှိ ဆေးရုံ
ထိုင်းနိုင်ငံ တခ် ခရိုင် အတွင်းရှိ မြန်မာ ဒုက္ခသည် စခန်းများဖြစ်သည့် မဲလ၊နို့ ဘိုး နှင့် အုံးဖျန် ဒုက္ခ
သည် စခန်းများတွင် ရာသီ အလိုက် ဖြစ်တတ်သော တုပ်ကွေးရောဂါ အပြင် သွေးလွန် တုပ်ကွေး ဖြစ်
ပွားသည့် လူနာ များပါ တွေ့ ရှိလာရ သဖြင့် စခန်းတွင် ဆေးရုံ များမှ တစ်ဆင့် မဲဆောက် ဆေးရုံအထိ
ပါတင် ပို့ ထားရကြောင်း မဲဆောက် ဆေးရုံကြီးမှ တာဝန် ရှိသူ တစ် ဦးက Freedom News Group
သို့ ပြောသည်။

ထိုင်းနိုင် ငံ အနောက် မြောက်ပိုင်းဒေသ များတွင် အဆက် မပြတ်ရွာသွန်းသည့် မိုးများကြောင့် ရာသီ
ဥတု ဆိုးရွားလာ ကာ စခန်းတွင်းနေ ထိုင်ကြသူများမှာ ညောင်းညာ ကိုက်ခဲ အဖျားတက် ၍ ကိုယ်
လက် မအီမသာ ဖြစ်ကြရာမှ တစ်ဆင့် တုပ်ကွေးရောဂါ ဖြစ်ပွားလာကြကြောင်း မဲလ စခန်း တွင်းနေ
ထိုင် သူ ကရင် ဒုက္ခသည် အမ်ျိုးသမီး တစ်ဦးက ပြောသည်။
နို့ ဘိုး နှင့် အုံးဖျံ ဒုက္ခသည် စခန်း များထက် မဲဆောက် မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာရှိ လူဦးရေ ထူထပ်သော မဲလ စခန်းတွင် တုပ်ကွေး နှင့် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေ များပြားသည်။

မဲလ ဒုက္ခသည် စခန်းတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသူ ဦးရေ ယခင် နှစ်များကထက်များပြားပြီး စခန်းတွင်းရှိ ဆေးရုံ သို့ လာရောက်ကုသ ခံသူ များအနက်မှ စိုးရိမ်ရသူ အချို့ ကို မဲဆောက်ဆေးရုံကြီးသို့ တင်ပို့ ထားရသည်။မဲလ ဒုက္ခသည် စခန်းတွင်းရှိဆေးရုံတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသူများပြားလှသောကြောင့် ဆေးရုံပင်မဆန့် ဟု ထိုစခန်းတွင်းရှိ ဆေးရုံမှ နေ၍ မဲဆောက် ဆေးရုံသို့ ပြောင်းရွှေ့လာသူ တစ်ဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ရှိ ဒုက္ခသည် စခန်းများ အပြင် မြန်မာ ရွှေ့ ပြောင်း အလုပ်သမား အများစု လာရောက် အလုပ် လုပ်ကိုင် ရာ မဲဆောက် မြို့ ရှိ စက်ရုံများ တွင်အလုပ်လုပ်နေကြသော မြန်မာ အလုပ်သမား အများစုမှာ လည်း တုပ်ကွေးရောဂါ များဖြစ်ပွားနေကြသောကြောင့် အလုပ်ပင်မဆင်းနိုင်၍ပုံမှန် ၀င်ငွေ မရ မှု များ ကျန်းမာရေး မကောင်း၍ အလုပ်နားရသော ၀န်ထမ်းများကို အလုပ်ရှင်ကအလုပ် ထုတ် ပစ်မှု များရှိနေသည် ဟု သိရသည်။


ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းကို ခွဲစိတ်ရောင်းချပြီးဖြစ်ကြောင်း မြန်မာသတင်းစာများတွင် ကြော်ငြာချက်ထုတ်ပြန် အသိပေး
July 29, 2009 · Leave a Comment
၂၉ ဇူလိုင် ရန်ကုန် ၊ ၊မိုးမခ အင်တာနက်စာမျက်နှာ သတင်း (www.moemaka.com)

Part of Aung San Suu Kyi’s residence’s plot sold, according to public notice from Regime’s new

တက္ကသိုလ်ရိပ်သာလမ်း (အမှတ် ၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ ၄၄ စီ နှင့် ၆၄ စီ) ဟု သတ်မှတ်ထားသည့် ခြံဝင်းထဲမှ ပေ ၁၀၀×၇၀ ကို ခွဲစိတ်ရောင်းချပြီးဖြစ်၍ ဥပဒေအရ ကန့်ကွက်လိုက ၇ ရက်အတွင်း လာရောက်ကန့်ကွက်ကြရန် ကြော်ငြာတခု ဇူလိုင်လ ၂၄၊ ကြေးမုံသတင်းစာတွင် ပါရှိခဲ့သည်။ ထိုခြံမြေကို ဒေါ်အောင်ဆန်းစုကြည်လက်ရှိနေထိုင်သော အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း ခြံဝင်းအဖြစ် ယူဆထားကြရာ စစ်အုပ်စုနှင့် မတရားအမှု စီရင်ခြင်းကို အင်းစိန်ထောင်အတွင်းမှ ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုနှင့် အပေါင်းအပါးများက ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်နေသည့် ခြေလှမ်းသစ်တခုအဖြစ် မြန်မာလူထုက မခံမရပ်နိုင်ဖြစ်ကြရသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်မိခင် ဒေါ်ခင်ကြည် မကွယ်လွန်မီက ၎င်း၏ အမဖြစ်သူ ဒေါ်ခင်ကြီး၏ သားတဦးဖြစ်သော အငြိမ်းစား ဗိုလ်မှူးတဦးဖြစ်သူ ဦးခင်မောင်အေး ကို ထိုမြေကွက်၏ အစိတ်အပိုင်းအား မေတ္တာလက်ဆောင်ပေးခဲ့သည်ဆိုပြီး အမှုတခု ၁၉၈၈ ၀န်းကျင်က ဖြစ်ပွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုတောင်းဆိုမှုကို ငြင်းဆိုပြီး တရားရင်ဆိုင်နေခဲ့ရာ၊ ယခု ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားချိန်အတွင်း ထို ဦးခင်မောင်အေးက အခြားဝယ်သူတဦးထံ လက်လွှဲရောင်းချလိုက်သည့်အတွက် ထိုကြော်ငြာချက်ကို အများပြည်သူတို့ တွေ့ရခြင်း ဖြစ်သည်။ ဦးခင်မောင်အေးသည် (စာရေးဆရာ – တက္ကသိုလ်ခင်မောင်အေး ) အမည်နှင့် စာရေးသည်ဟု ဆိုသည်။ ယခင်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ဖူးသည်။ ထိုအကြောင်းကို အင်န်အယ်ဒီပါတီ၏ ပြောခွင့်ရ ဦးဉာဏ်ဝင်းအား ဂျာမနီက ဒီပီအေသတင်းဌာနက မေးမြန်းရာ – ဒေါ်စုကို သူက အကြောင်းကြားပြီးဖြစ်ကြောင်း၊ ဒေါ်စုက ဥပဒေဘောင်အတွင်းက ပြန်လည်ဖြေရှင်းမည်ဟု ပြောကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုခြံဝင်းအားလုံးကို ဒေါ်စုသာ လုံးဝ ပိုင်ဆိုင်ကြောင်း၊ ယခု ဒေါ်အောင်ဆန်းစုကြည်အား အကြပ်အတည်းမျိုးစုံဖြင့် ဖိနှိပ်ထားရန် စစ်အုပ်စု၏ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ကြံသည့် ကြိုးပမ်းချက်တခုအဖြစ် ထင်မြင်ကြောင်း ၎င်းက ဆိုသည်ဟု ဆိုသည်။ စစ်အုပ်စုသည် ၁၉၉၀ ခုနှစ်များအတွင်းက အမေရိကန်နိုင်ငံသားခံယူထားသူ အောင်ဆန်းဦး (ဒေါ်စု၏ အကိုရင်း) အား ဒေါ်စု၏ နေအိမ်ခြံဝင်းကို ပိုင်ဆိုင်ခွင့်ရယူရန် တရားရင်ဆိုင်နိုင်ရန် အားပေးစီစဉ်ပေးခဲ့ဖူးသည်။ သို့သော် ထိုစဉ်က တရားရုံးက နိုင်ငံခြားသားတဦးအား နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့် မရှိကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရာ၊ ထို အောင်ဆန်းဦးမိသားစုက ၎င်းမိခင်နေအိမ်ကို ထိမ်းသိမ်းခွင့် ဆက်လက်တောင်းဆိုရန် ကြိုးစားနေကြောင်း သိရှိရသည်။ ထိုအတောအတွင်း ၂၀၀၀ ခုနှစ်များအတွင်း အောင်ဆန်းဦးမိသားစုကို မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များ စစ်အုပ်စုက ချမှတ်ပေးခဲ့သည်ကို တွေ့ရသည်။ စစ်အုပ်စုသည် အတိုက်အခံနိုင်ငံရေးသမားများ၊ နိုင်ငံရေးအကျဉ်းသားများ၊ ၎င်း မိသားစုများကို အထွေထွေ အကြပ်အတည်း အခက်အခဲများနှင့် ရင်ဆိုင်ရရန်၊ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့စေရန် မျက်ခြေမပြတ် အစဉ်တစိုက် အငြိုးတကြီး ဆောင်ရွက် လုပ်ကြံမှုများနှင့် ထင်ရှားသည်ဟု စာနယ်ဇင်းပညာရှင်ကြီးတဦးက မှတ်ချက်ပေးသည်။ “ စီးပွားရေးလုပ်ငန်းတွေ၊ အဝေးပြေးကားလုပ်ငန်း၊ ပွဲရုံလုပ်ငန်းနဲ့ ဈေးဆိုင်တွေကို အနှောက်အယှက်ပေးတာ၊ တားဆီးတာတွေ အများကြီးပဲ။ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေဆိုပြီး ဖိနှိပ်ပြီး အမှုဆင်တာ ထောင်ချတာတွေလည်း အများကြီးပဲ။ လက်ရှိထင်ရှားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိစ္စ။ ပြီးတော့ အင်န်အယ်ဒီပါတီ ရုံးချုပ်နေရာ။ စစ်အုပ်စုက ဒါကို ပိတ်ပစ်နိုင်ဖို့ မျိုးစုံ ဖိအားပေးနေတယ်။ နောက် ထောင်က လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်။ သူရထားတဲ့ တိုက်ခမ်းကို စစ်တပ်က ပြန်သိမ်းတယ်။ ဆရာ့မှာ နေစရာ ထောင်က လွတ်လာတော့ မရှိဘူး။ မိတ်ဆွေကြီး ကိုမောင်မောင်ခင့်အိမ်မှာ နေရတယ်။ အိမ်ငှားနေပြန်တော့လည်း အိမ်ရှင်ကို အကြိမ်ကြိမ် လာရောက်ခြိန်းခြောက်တယ်။ အိမ်ရှင်တွေက မငှားရဲဘူး။ အတိုက်အခံတွေက အကြပ်အတည်းဖြစ်လို့ အိမ်လေး ခြံလေး ဖဲ့ရောင်းချင်ရင်လည်း သာမန်လူတွေက မ၀ယ်ရဲဘူး။ စစ်တပ်က ငြိုငြင်မှာ စိုးလို့။ အတိုက်အခံတွေကို အိမ်တွေကနေ မောင်းချဖို့ နှင်ချဖို့ ဆိုရင် စစ်တပ်က လက်မနှေးပြန်ဘူး။ ၂၀၀၂ တုန်းက ရန်ကုန် ၀ဂ္ဂီရပ်ကွက်က မောင်စွမ်းရည်၊ ရွှေကူမေနှင်းတို့ အိမ်ကို ညတွင်းချင်း စက်နဲ့ထိုး ဖျက်ခဲ့တယ် မဟုတ်လား” ဟု သူက ပြန်ပြောင်းပြောပြပါသည်။ ၎င်းက ဆက်လက်ပြောကြားရာတွင် “ စစ်အုပ်စုနောက်ကွယ်ကနေ ကြိုးကိုင်တဲ့ အခု မြေကွက်ခွဲခြမ်းရောင်းချမှုမှာ ရောင်းချတဲ့သူအပြင် ဒီလို မြန်မာပြည်လွတ်လပ်ရေးဖခင်ကြီးရဲ့ မိသားစု အစဉ်အဆက်နေထိုင်ခဲ့တဲ့ သမိုင်းဝင်နေရာ၊ လက်ရှိ ဒီမိုကရေစီအရေးတော်ပုံ ခေါင်းဆောင်တဦးအတွက် တခုတည်းသော ကြံ့ကြံ့ခံရပ်တည်နေတဲ့ နေရာကို ဘယ်လိုလူမျိုးက အမဲဖျက်သလို ဖျက်ဆီးပြီး ၀ယ်ယူ သိမ်းပိုက်ဝံ့သလဲဆိုတာကလည်း ခံပြင်းအမျက်ထွက်စရာ မေးခွန်းတခုပဲ ဖြစ်ပါတယ်။” ဟု မှတ်ချက်ပေးသည်။


အဖမ်းရခက်လို့ ရန်ကုန်တွင် ဆိုင်ကယ်စီးနင်းမှု စိစစ်မည်
နီမိုးမြင့်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 29 ရက် 2009 ခုနှစ် 14 နာရီ 39 မိနစ်


ရန်ကုန် (မဇ္ဈိမ)။ ။ အများပြည်သူကို ပိတ်ပင်ထားပြီး ထောက်လှမ်းရေးများ အပါအဝင် သီးသန့်အုပ်စုသာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားသော ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးနင်းခွင့် စိစစ်မှု တိုးမြှင့်သွားဦးမည် ဖြစ်သည်။

စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းအချို့ကိုသာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားရာမှ ဟန်ဆောင်စီးနင်းမှု များပြားလာခြင်းကြောင့် ဆိုင်ကယ်စီးနင်းသူ၏ အမည်နှင့် ရာထူးတာဝန်များကို မှတ်တမ်းရယူပြီးမှသာ ခွင့်ပြုချက်ပေးတော့မည် ဖြစ်သည်။

“ဝန်ကြီးဌာနတွေကို အကြောင်းကြားစာ ပို့ပြီးသွားပါပြီ။ ဘယ်ဌာနက ဘယ်နှစီးစီးမယ်။ ဘယ်သူတွေ စီးမယ်ဆိုတာကို ကျနော်တို့ မှတ်တမ်းယူမယ်။ အခုက ဆိုင်ကယ်တွေတွေ့ရင်ဘယ်သူ မှန်းမသိဘူး။ ဌာနဆိုင်ရာ ဝန်ထမ်းလိုလို၊ အရပ်သားလိုလို။ ဖမ်းရမှာလား၊ မဖမ်းရဘူးလား။ ဘာလုပ်ရမှန်းကို မသိဘူး” ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရုံးမှ အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို နောက်ယောင်ခံလိုက်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆိုင်ကယ်ကို အဓိက အသုံးပြုကြသည်။

စရဖ၊ ရဲတို့နှင့် နီးစပ်သူအချို့သည် လိုင်စင်မဲ့ ဆိုင်ကယ်တွင် အဆိုပါ အဖွဲ့အစည်းများ၏ တံဆိပ်များတပ်ဆင်ကာ စီးနင်းမှုများလည်း အများအပြား ရှိသည်ဟုလည်း ရဲတပ်ဖွဲ့ သတင်းရပ်ကွက်အရ သိရသည်။

“တခြားဌာနတွေကတော့ ဆိုင်ကယ်ကို ရုံးချိန်တွင်းပဲ စီးရပါတယ်။ နောက်ပြီး ဆိုင်ကယ်စီးရင်လည်း ယူနီဖောင်း အပြည့်အစုံနဲ့မှ စီးလို့ရပါတယ်။ နောက်ပြီး ဌာနဆိုင်ရာတွေကို ဆိုင်ကယ်မသွားရမယ့် လမ်းတွေလည်း ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ယူနီဖောင်း ဝတ်စရာမလိုဘဲ အချိန်ပြည့်စီးခွင့် ရနေတာ၊ သွားချင်တဲ့နေရာ သွားလို့ရနေတာကတော့ ရဲနဲ့ ထောက်လှမ်းရေးတွေပါ” ဟု လမ်းမတော်မြို့နယ် စည်ပင်မှ ဆိုင်ကယ်စီး ဝန်ထမ်းတဦးက ပြောသည်။

စစ်အစိုးရ လက်သပ်မွေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင်အချို့ပါ လိုင်စင်မဲ့ ဆိုင်ကယ်များတွင် အသင်းအမှတ်တံဆိပ် ခြင်္သေ့ တပ်ဆင်ကာ စီးနင်းလာကြသည်ကိုလည်း တွေ့လာရသည်။

ဆိုင်ကယ်တိုက်မှု များပြားလာ၍ ကြပ်မတ်ရခြင်းကို တိုးမြှင့်ခြင်း ဖြစ်သည်ဟု ယာဉ်ထိန်း ရဲအရာရှိက ပြောသည်။

၂၀၀၉ ခုနှစ် နှစ်စပိုင်းမှ ဧပြီလကုန်အထိ ဆိုင်ကယ်မတော်တဆမှု ၂၅ မှုရှိပြီး သေဆုံးသူ ၈ ဦးအထိ ရှိခဲ့ပြီး၊ ပြီးခဲ့သည့်နှစ် တနှစ်လုံးအတွင်း ဖြစ်ပွားခဲ့သော ဆိုင်ကယ်တိုက်မှု အရေအတွက်ထက် များပြားသည်ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲရုံးမှ စာရင်းဇယားများအရ သိရသည်။

၂၀၀၈ ခုနှစ် တနှစ်ပတ်လုံးတွင် ရန်ကုန်မြို့ ဆိုင်ကယ်မတော်တဆမှု ၂၄ မှု ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၅ ဦးရှိခဲ့ကာ ၂၀၀၇ ခုနှစ်တွင် ဆိုင်ကယ် မတော်တဆမှု ၂၉ မှုနှင့် သေဆုံးသူ ၅ ဦး ရှိခဲ့သည်။


ကြက်သွန်နီဈေး မိုးပေါ်ထောင်တက်၊ ပြည်ပမှ ပြန်လည် တင်သွင်းမည်
နီမိုးမြင့်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 29 ရက် 2009 ခုနှစ် 14 နာရီ 32 မိနစ်


ရန်ကုန် (မဇ္ဈိမ)။ ။ တလအတွင်း ကြက်သွန်ဈေးနှုန်း ၂ ဆကျော် ထိုးတက်သွားခဲ့ရာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိသွားသည်။

ပြီးခဲ့သည့်လတွင် ဟိုတယ်စ ခေါ် အကောင်းစား ကြက်သွန်နီဈေးနှုန်းသည် တပိဿာလျှင် ၆၅၀ ကျပ်မှ ယခုအခါ ၁၃၀၀ ကျပ်နှင့် အများသုံး ကြက်သွန်နီအသေးမှာ ကုန်စည်ဒိုင် တပိဿာဈေးနှုန်း ၃၀၀ ကျပ်မှ ၈၀၀ ကျပ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

မေလနှင့် ဇွန်လများအတွင်းက ရန်ကုန်ရှိ ကုန်စည်ဒိုင်များသို့ တနေ့လျှင် ကြက်သွန်နီ ပိဿာချိန် ၅ သောင်းကျော် ပျမ်းမျှ ဝင်ရောက်ခဲ့သော်လည်း ဇူလိုင်လတွင် ပိဿာချိန် ၃ သောင်းကျော်သာ ဝင်ရောက်ခဲ့သည်ဟု မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ ပြုစုထားသော စာရင်းဇယားများအရ သိရသည်။

စီးပွားကူးသန်းဝန်ကြီးဌာနက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ကြက်သွန်များ ပြန်လည်တင်သွင်းရန် စီစဉ်နေသည်။

“အရင်နှစ်တွေကတော့ ကိုယ်က ပိုလျှံလို့ ပြည်ပကိုပို့တာ။ ဒီနှစ်တော့ သူတို့ဆီက ပြန်သွင်းရတော့မယ်” ဟု စီးပွားကူးသန်း ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

၂၀၀၆ ခုနှစ်အတွင်း ကြက်သွန်နီ ပြတ်တောက်မှုကြောင့် တပိဿာလျှင် ကျပ် ၂ ထောင် ဖြစ်သွားရာမှ စိုက်ပျိုးမှုများပြားလာပြန်ရာ တောင်သူများ အရှုံးပေါ်မှု ဖြစ်ခဲ့သည်။ ထို့နောက် စိုက်ပျိုးမှု ပြန်ကျဆင်းသွားသလို၊ ထိုင်းနိုင်ငံဘက် တင်ပို့မှုနှင့် သိုလှောင်မှုမှာ ယခုအခါ ဈေးကွက်အတွင်း ရောက်ရှိမှု လျော့နည်းလာတော့သည်။

၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များတွင် ကြက်သွန်နီစိုက်ပျိုးသူများ အရှုံးပေါ်ခဲ့သည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကြက်သွန်ပွဲရုံတခုက ပြောသည်။

သို့သော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင် သီးနှံစိုက်ပျိုး၊ ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့မှ မီဒီယာများမှတဆင့် “ကြက်သွန် သိုလှောင်သူများ ဆုံးရှုံးနိုင်”၊ “ကြက်သွန်နီဈေး ပြန်လည် ကျဆင်းတော့မည်” ဟု ပြောကြသည်။

“အခုတော့ အိမ်မှာ ဟင်းချက်ရင် ကြက်သွန်လျှော့ချက်တယ်” ဟု တာမွေမြို့နယ်မှ အိမ်ရှင်မတဦးက ပြောသည်။

မြန်မာတနိုင်ငံလုံး၏ ကြက်သွန်နီစားသုံးမှုမှာ တလလျှင် ပိဿာချိန် သိန်း ၅၀ ကျော်ရှိပြီး၊ ရန်ကုန်မြို့၏ ကြက်သွန်နီ စားသုံးမှုမှာ တလလျှင် ပိဿာချိန် ၁၀ သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားကြသည်။

ကြက်သွန် စိုက်ပျိုး ထုတ်လုပ်သူများ၏ တပိဿာ ကုန်ကျစားရိတ်မှာ ကျပ် ၁၅၀ မှ ကျပ် ၂၀၀ ကြားရှိသည်ဟု တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။


၂၀၁၀ ရွေးကောက်ပွဲအတွက် အလုပ်ကော်မတီဖွဲ့စည်း
Wed 29 Jul 2009, IMNA
မြန်မာစစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲအတွက် လှုပ်ရှားသွားနိုင်ရန် ပြည် တွင်းရှိ မွန်ခေါင်းဆောင်တချို့ ၊ မွန်ပြည်သစ်ပါတီဝင်ဟောင်း၊ မွန်အမျိုး သားဒီမိုကရေစီအဖွဲ့ဝင်နှင့် အငြိမ်းစားအစိုးရဝန်းထမ်းတို့ စုပေါင်းကာ အလုပ်ကော်မတီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်သည်။

၎င်းအလုပ်ကော်မတီကို ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည် သစ်ပါတီနှင့် မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲထားသည့် ၁၄ နှစ်ပြည့် နေ့တွင် ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

၎င်းကော်မတီသည် ပြည်သူတွေကိုစည်းရုံးလှုံဆော် ရန်အတွက်ဖွဲ့စည်းရန် ရည်ရွယ်ထားပြီး၊ အခြေအနေပေးလာ သည်နှင့်အမျှ ကော်မတီမှ နိုင်ငံ ရေးပါတီတစ်ခု (နိုင်ငံရေးအသွင်းပြောင်း) ဖွဲ့ပြီး ၂၀၁၀ အတွက် ရွေး ကောက်ပွဲဝင်ရန်၊ မဝင်ရန် ရှိသည်။

မြန်မာအစိုးရ ရေးဆွဲထားသည့် လမ်းပြမြေပုံ (၇) ချက်အရ လာမည့် ၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် ကြေငြာထားပြီးဖြစ်သည်။ မြန်မာ အစိုးရထားသည့် လမ်းစဉ်အပေါ် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမို ကရေစီအဖွဲ့တို့က လက်မခံနိုင်သည့် အနေထားရှိနေသည့်အတွက် နိုင် ငံရေးပါတီသစ်ဖွဲ့ရန် ရည်ရွယ်လျှက်ရှိသည်။

“ဒီကော်မတီဟာ အခြေနေပေးလာတာနဲ့ အစိုးရက ပါတီသစ်ဖွဲ့ပါ ကြေငြာ လာမှ ပါတီဖွဲ့မယ် ဒါမဟုတ် အစိုးရရဲ့လမ်းစဉ်တွေကို လက်မခံနိုင်ဘူး ဖြစ်လာမှ အစိုးရဲ့လမ်းစဉ်ကို ဆန့်ကျင်တဲ့ အခြေအနေမှာရှိတယ်” ဟု ၄င်းကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လတ်တလောအခြေအနေတွင် မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသား လွတ် မြောက်ရေးတပ်မတော်သည် နယ်ခြားစောင့်တပ်ပြောင်းလဲရန် သို့မဟုတ် ပြည်သူ့စစ်အသွင်းအဖြစ်ပြောင်းလဲရန် မြန်မာစစ်အစိုး ရ၏ဖိအားပေး ခြင်းကို ခံနေရသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် (၁၉၉၀) ခုနှစ်ရွေးကောက်ပွဲအပြီးတွင် ဖျက်သိမ်းခံရကာ နောက်ပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုတွေ ရပ်နားထား ရသည်မှာ ကာလကြာလာပြီးဖြစ်သည်။

၎င်းပါတီနှစ်ခု၏ အခြေအနေသည် မြန်မာအစိုးရ၏ နိုင်ငံရေးပါတီလမ်း စဉ်မှာ လျောက်လှမ်းရန် မဖြစ်နိုင်သည့်အနေအထားတွင်ရှိပြီး ခေါင်း ဆောင်တချို့က မြန်မာအစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ရန် ပါတီသစ်တစ်ခု ဖွဲ့စည်းရန်ရှိသည်။

မြန်မာအစိုးရက ပါတီစုံဖွဲ့စည်းရန်အတွက် မကြေငြာနိုင်သေးသည့်အတွက် ခေါင်းဆောင်တချို့က နိုင်ငံရေးပါတီ ဖွဲ့ထူထောင်ရန်အတွက် ဇဝေဇ ဝါဖြစ်နေကြသည်။


တာချီလိတ် မူးယစ်ဆေးဝါးနောက်ဆက်တွဲ ဒေသခံအများအပြားခေါ်ယူစစ်ဆေး/ငွေညှစ်ခံရ
ဗုဒ္ဓဟူးနေ့၊ 29 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့် .ဂျူလိုင် ၁၀ ရက်နေ့က တာချီလိတ်မြို့၌ ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးအမှုနှင့်ပ တ်သက်ဆက်နွယ်သည်ဟု ယူဆခံရသည့် ပုဂ္ဂိုလ်များအား သျှမ်းပြည်တောင်ပိုင်း၊ အရှေ့တောင်ပိုင်းတလွှား ဒေသခံအာဏာပိုင်များက ခေါ်ယူစစ်ဆေး/ငွေညှစ် ကြောင်း နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။

“၁၀ ရက်က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတင် ဒိုင်နာကားဆရာ စိုင်းလိန်ဆိုင်ကို လျှပ်စစ်နဲ့တို့စစ်တော့ နာမည်တွေ ရမ်းတမ်း လျှောက်အော်ရာကနေ အဲဒီပြဿနာဖြစ်လာတာဘဲ” - မူးယစ်ဆေးဝါးရောင်းဝယ်သည့် အသိုင်းအ၀ိုင်း ကဆိုသည်။

အဆိုပါ ပြဿနာပေါ်ပြီး နောက်ပိုင်း တာချီလိတ်မြို့တွင်းနှင့် ဆင်ခြေဖုံးရပ်ကွက်အပြင်၊ မိုင်းဆတ်၊ မိုင်းတုံ/နားကောင်းမူး၊ မိုင်းပန်၊ လင်းခေး၊ နမ့်ဇန် နှင့် မြို့တော်တောင်ကြီးရှိ နေအိမ်အချို့ စစ်ဆေးခံရကြောင်းဆိုသည်။

“စစ်အစိုးရ ကျောထောက်နောက်ခံပေးတဲ့ နမ့်ဇန်အခြေစိုက် နားယိုင်း နဲ့ မကျိုင်း ပြည်သူ့စစ်တပ်ဖွဲ့ ဌာနချုပ်ကိုလဲ တောင်ကြီး မူးယစ်ရဲတွေက သွားစစ်သေးတယ်ပြောတယ်။ လာမယ်ဆိုပြီးအကြောင်းကြားထားတော့ ဘာတွေ့မတုန်း” - ဟု အမည်မဖေါ်လိုသည့် မူးယစ်ကုန်သည်တဦးက ဆိုသည်။

မိုင်းပန် ကုလားမြင့်ဆွေ၏ သား (မူးယစ်ဆေးဝါးတင်) ယာဉ်မောင်း စိုင်းလိန်ဆိုင်နှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆသည့် မိုင်းဆတ်မြို့ပေါ်ရှိနေ အိမ်အချို့အား မိုင်းဆတ်အခြေစိုက်ပုလိပ်များက သွားရောက်စစ်ဆေးကာ မူးယစ်ဆေးမှုဖန်တီး၍ ပိုက်ဆံသိန်းချီ ငွေညှစ်ယူခဲ့ကြောင်း မိုင်းဆတ်မြို့ခံတဦးကလည်း သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

ပြည်သူ့စစ်အဖွဲ့နှင့် အ၀င်ထွက်ရှိသည့် ကုန်သည်တဦးက - “၁၀ ရက်နေ့က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးပိုင်ရှင်လို့ယူဆတဲ့ အားဖှါ (ခေါ်) ချိန်တာ့ဖှာ (ခေါ်) ဦးတင်ဦး (လားရှိုးဇာတိ ကိုးကန့်တရုတ်/ ထွက်ပြေးတိမ်းရှောင်နေသူ) ရဲ့ နားကောင်းမူး မှာရှိတဲ့ သူရဲ့နေအိမ်နဲ့ပိုင်ဆိုင်တဲ့ ပစ္စည်းအားလုံး စာရင်း လုပ်ပေးဖို့ မိုင်းဟန် ရွာသူကြီး စိုင်းနောင့်နောင့်ကို ဆင့်ခေါ် ခိုင်းထားတယ်”- ဟု ဆိုသည်။

ဂျူလိုင် ၁၀ ရက်နေ့က တာချီလိတ်၌ ဖမ်းမိသည့် မူးယစ်ဆေးဝါး (ရာဘအပြားပေါင်း ၁ သန်း နှင့် ဘိန်းဖြူဒေါင့် ၇၂၀ ကီလို ဂရမ်) မှု သည် နားယိုင်းပြည်သူ့စစ်ခေါင်းဆောင် ဇျိုးဆန်းနှင့် ပတ်သက်ဆက်နွယ်သည်ဟု သျှမ်းသံတော်ဆင့်မှ အချက် အလက်ရထားသော်လည်း သူနှင့်ဆွေမျိုးတော်စပ်သူတဦးက လုံးဝပတ်သက်မှုမရှိ ဟုသာပြောပြီး မည်သူနှင့်အမှန် တကယ် ပတ်သက်ဆက်နွယ်နေသည် ဆိုသည့်အချက်ကိုတော့ပြော ဆိုသွားခြင်းမရှိပါ။


စစ်အစိုးရ ဖိအားကြောင့် လားဟူပြည်သူ့စစ်အဖွဲ့ တောပြန်ခိုမည့် အလားအလာများ
အင်္ဂါနေ့၊ 28 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့် .စစ်အစိုးရ၏ သွေးခွဲအုပ်ချုပ်၊ ဖဲ့ထုတ်စည်းရုံးမှုအပေါ် အနာဂတ်အမျိုးသားရေးအတွက် ဆက်လက်ရပ်တည်နိုင်ရန် ၀န်လေးမိ ကြောင်း၊ ထို့ကြောင့် လားဟူလက်နက်ကိုင်တပ်ဖွဲ့များအချို့ တောခိုလာနိုင်ကြောင်း လားဟူအသိုင်းအ၀ိုင်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ မိုင်းဆတ်မြို့နယ်အတွင်း စည်းရုံးရေးဆင်းသည့် စစ်အစိုးရတပ်မှူးတဦးက - “ပြည်ထောင် စုအပေါ်သစ္စာမဖေါက်တာ လားဟူတို့ဘဲရှိတယ်၊ နိုင်ငံတော်အကြီးအကဲလမ်းညွှန်တဲ့အတိုင်းအားသွန်ခွန် စိုက်ဆက်လက် ကြိုးပမ်းသွားမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ထိုက်တန်တဲ့ ရာထူးရာခံတွေချီးမြှင့်ပေးမယ်” - ဟု ပြောဆိုစည်းရုံးချက် အပေါ် အနာဂတ်အတွက် စိတ်ပူမိသည်ဟု လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့ခေါင်း ဆောင် ပိုင်းများ၏ ပြော ကြားချက်အရသိရပါသည်။

“နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်အတိုင်း ဆက်လက်ကြိုးပမ်းသွားမယ်ဆိုရင် - ဆိုတဲ့အဓိပ္ပါယ်က ၂၀၁၀ မတိုင်ခင် စစ် အစိုးရကို ဆန့်ကျင်တဲ့ အပစ်ရပ်အဖွဲ့တွေ၊ တော်လှန်တိုက်ခိုက်နေဆဲဖြစ်တဲ့ သျှမ်းပြည်တပ်မတော်တို့တွေကို တိုက်ခိုက်နှိမ် နင်းဖို့အတွက် သူ့တို့ရှေ့ပြေးတပ်အဖြစ် လားဟူပြည်သူ့စစ်ကို မုချအသုံးချမှာဘဲ ၊ KNU ကိုတိုက်ဖို့ DKBA ကိုအသုံးချ သလိုပေါ့”- ဟု LDU Lahu Democratic Union က နာဗီးဘို က ဆိုသည်။

လားဟူအမျိုးသားလက်နက်ကိုင်အဖွဲ့သည် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့တိုင်သူတပါးအကျိုးအတွက်တာ တိုက်ပွဲ ဆင်နွဲလာခဲ့ရပြီး အသက်ပေါင်းများစွာသေကျေဆုံးရှုံးရကြောင်း၊ အနာဂတ်မှာ သူတပါးအတွက် အသက်ပေးဆပ်ရမည့် စစ်ပွဲမျိုးမဆင်နွှဲလိုတော့ဘဲ မိမိအမျိုးသားဘိုးဘွားဘီဘင်ပေးအပ်ခဲ့သည့် ရေမြေဒေသကို ကာကွယ်မည့်စစ်ပွဲမျိုးသာ ဆင်နွှဲ လိုကြောင်း LDU အဖွဲ့ဝင် စောလမွန်ကပြောပါသည်။

“ကိုမင်တန်ခေတ်ကလဲ ကွန်မြူနစ်ကိုတိုက်ရတယ်။ နောက်ပိုင်း ဗမာတပ်ဘက်နေပြီး ဗမာပြည်ကွန်မြူနစ်ပါတီကိုထပ်တိုက် ပေးရတယ်။ အခုခေတ်မှာလည်း စစ်အစိုးရဘက်နေပြီး မိမိနဲ့အတူ အေးအတူပူအမျှနေထိုင်လာတဲ့ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေကို ထပ်တိုက်ပေးရမယ်ဆိုတော့ မဟုတ်တော့ဘူး။ အမျိုးအတွက် တကယ်တိုက်ပွဲဝင်ရမယ့် အချိန်ရောက် ပြီ”- ဟု ပြောပြ၏။

သျှမ်းပြည် သံလွင်အရှေ့ခြမ်းတွင် လားဟူတိုင်းရင်းသားအများအပြားနေထိုင်ကြောင်း၊ ၀ နယ် ၀ိန်းကောဝ် နှင့် မိုင်းပေါက် ခရိုင်အတွင်းတွင်လည်းအများအပြားရှိကြောင်း၊ လားဟူပြည်သူ့စစ်အဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး KNU ကိုတိုက်နေသည့် DKBA ကဲ့သို့ သမရိုးကျ စစ်မျိုးတိုက်နိုင်သည့်အစဉ်အလာ မရှိကြောင်း၊ လားဟူတပ်သည် ပြောက်ကျား စစ်ဖြင့် ၎င်းင်းတို့နယ်ထဲကျွံလာသည့်ရန်သူကိုသာ ခုခံတိုက်ခိုက်သည့်အစဉ်အလာသာ ရှိကြောင်းဆိုပါသည်။

“အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုတိုက်ဖို့ စစ်အစိုးရက လားဟူတပ်ကို အသုံးချမယ်ဆိုရင်၊ ဆန့်ကျင်တိုက် ခိုက်နေတဲ့အုပ်စုနဲ့ ပူးပေါင်းမယ့် အပိုင်းတွေတော်တော်များများတွေ့ရတယ်” - ဟု စောလမွန်က သျှမ်းသံတော်ဆင့်သို့ ဆက်ပြော၏။

အခြားသျှမ်းပြည်ဘွား တိုင်းရင်းသားညီအစ်ကို လက်နက်ကိုင်တပ်ဖွဲ့အား -“ လားဟူလက်နက်ကိုင်တပ်ဖွဲ့တွေကို ဗမာစစ် အစိုးရရဲ့ လက်ကိုင်ဒုတ်အဖြစ် မမြင်သင့်ကြောင်း၊ တကယ်လို့ သူတို့ထိန်းချုပ်နယ်မှ တောခိုလာပါက လက်ကမ်းကြိုဆို အား ပေးပါရန် မေတ္တာရပ်ခံလိုပါတယ်”- ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါသည်။

လားဟူအမျိုးသားတို့သည် ၁၉၇၃ ဇန္န၀ါရီလ ၁၀ ရက်တွင် ပူကျောင်းလုံ ဦးဆောင်ကာ သံလွင်အရှေ့ခြမ်း မိုင်းဆတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၁၁/၁/၁၉၇၃ ရက်နေ့တွင် မိုင်းတုံမြို့ကို ဆက်လက်သိမ်းပိုက်ကာ တော်လှန်ရေးခရီး စတင်ခဲ့ သည်။ ထိုစဉ်က မိုင်းဆတ်တွင် ခလရ ၄၉ နှင့် မိုင်းတုံ တွင် ခလရ ၆၅ သာရှိပြီး ထိုနောက်ပိုင်း စစ်အစိုးရတပ်ရင်းများတိုးချဲ့ လာရာ ယနေ့ဆိုလျှင် ထိုနှစ်မြို့နယ်အတွင်း တပ်ရင်းပေါင်း ၁၀ ရင်းရှိကြောင်း၊ အမြောက်တပ် သံချပ်ကာတပ် နှင့် အခြား တပ်ရင်းများမပါသေးကြောင်း ဆို၏။

စစ်အစိုးရ၏ နားဂစ်ဖွဲ့စည်းပုံတွင် သျှမ်းပြည်ရှိ ကိုးကန့်၊ ၀၊ ဓနု နှင့် ပအိုဝ်းတိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ/တိုင်း ပေးထားသော်လည်း သံလွင်အရှေ့ခြမ်းတွင် လူဦးရေသိန်းချီရှိသည့် လားဟူအမျိုးသားများအတွက်မူ ထည့်တွင်းဖေါ်ပြထားခြင်းမရှိပေ။

သံလွင်အရှေ့ခြမ်းတွင် လားဟူအဖွဲ့ တဖွဲ့လျှင် အင်အား ၁၀ ယောက်ကျော်မှ ၂၀၀ ကျော် ၃၀၀ ၀န်းကျင်ရှိသည့် အဖွဲ့ကြီး/ ငယ်ပေါင်း ၂၀ ဖွဲ့ခန့်ရှိကြောင်း၊ အင်အားစု အားလုံးပေါင်းလျှင် ၁၀၀၀ ခန့်ရှိနိုင်ကြောင်း၊ စစ်အစိုးရအထောက်အပံ့ဖြင့် လွတ်လပ်သည့်ထိန်းချုပ်နယ်မြေနှင့် ကိုယ်ပိုင်မူးယစ်ဆေးဝါးချက်ရုံရှိသည့် အဓိကအင်အားကြီးတပ်ဖွဲ့ ၃ ဖွဲ့(ဂျငွဲ့ ဦးဆောင် သည့် ပူနားကိုအဖွဲ့၊ ဂျတယ်အဖွဲ့ နှင့် နမ့်ပုံအဖွဲ့)တို့ပါဝင်ကြောင်း ဆိုပါသည်။


လုံခြုံရေးကောင်စီအဖွဲ့ဝင်တနေရာ ထိုင်းနိုင်ငံ လျှောက်

ဇူလိုင် ၂၈၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)


၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတန်းအဖွဲ့ ၀င် မဟုတ်တဲ့ သာမန်အဖွဲ့ဝင်အဖြစ် ထိုင်းနိုင်ငံက လျှောက်မယ်၊ ဆိုတာ အင်္ဂါ နေ့က ကက်ဘိနက်မှာ သဘောတူညီမှု ရခဲ့ပါတယ်။ ဒီကိစ္စကို နိုင်ငံခြားရေး ၀န်ကြီး က အဆိုပြုတင်သွင်းခဲ့တာ ဖြစ်ပါတယ်လို့ အစိုးရရဲ့ ဒုတိယပြောရေး ဆိုခွင့်ရှိသူ Vachara Kannikar က ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ၁၉၈၅- ၁၉၈၆ခုနှစ်သက်တန်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတန်းမဟုတ်တဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်ဖူးပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ တရုတ်၊ ပြင် သစ်၊ ရုရှ၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ အမြဲတန်းအဖွဲ့ဝင် ၅ နိုင်ငံ နဲ့ အမြဲတန်းအဖွဲ့ဝင်မဟုတ်တဲ့ ၁၀ နိုင်ငံ နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန် တရုတ် သဘောတူ

29 July 2009


ဝါရှင်တန်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ ပြောဆိုဆွေးနွေးမှုမှာ ကိစ္စရပ် အတော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

တရုတ် ဒု-၀န်ကြီးချုပ် ၀မ်ကျီရှန်း (Wang Qishan) အပါအ၀င် တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားကိစ္စ အပါအ၀င် နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး အတူတကွ လုပ်ဆောင်ကြဖို့ ၂ နိုင်ငံစလုံးက သဘောတူခဲ့တယ်လို့ ၀န်ကြီး ကလင်တန်က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး အမြင်သဘောထား မတူညီခဲ့ပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချတဲ့နိုင်ငံအဖြစ် အမြန်ဆုံး အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ပြောဆိုဆွေးနွေးမှုတွေ အပြီးမှာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်သွားကြဖို့အတွက် နှစ်ဖက်စလုံးက သဘောတူခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တင်မသီ ဂိုက်သ်နာ (Timothy Geithner) က ပြောပါတယ်။



အထိန်းသိမ်းခံ ဆန္ဒပြသူ ၁၄၀ အီရန် ပြန်လွှတ်

29 July 2009


အီရန်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ လူ ၁၄၀ ကို အီရန် အာဏာပိုင်တွေက အင်္ဂါနေ့ကပဲ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အခု လွှတ်ပေးလိုက်တဲ့ သူတွေဟာ အမှုသေးလေးတွေနဲ့ပဲ တရားစွဲခံထားရပြီး အာမခံနဲ့ ပြန်လွှတ်လိုက်တာ ဖြစ်တယ်လို့ အမတ် ကာဇီ ဂျလာလီ (Kazem Jalali) က အီရန် သတင်းဌာနကို ပြောပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးမှုတွေကို စုံစမ်းစစ်ဆေးတဲ့ အထူးလွှတ်တော် ကော်မတီ အဖွဲ့ဝင်တွေဟာ တီဟီရန် မြို့တော်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဗင် (Evin) အကျဉ်းထောင်ကို အင်္ဂါနေ့ အစောပိုင်းကပဲ သွားရောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးခံရသူ အများစုကို အဲဒီအကျဉ်းထောင်မှာ ဖမ်းထားတယ်လို့ ယူဆရပါတယ်။

တနင်္လာနေ့ စာရင်းအရ အဖမ်းခံရသူ အယောက် ၃၀၀ လောက် ထောင်ထဲမှာ ရှိနေဆဲဖြစ်ပြီး အခု အာမခံနဲ့ လွှတ်ပေး လိုက်တဲ့ သူတွေထက် ပိုကြီးလေးတဲ့ ပြစ်မှုတွေကိုတော့ အကြမ်းဖျင်း လူ ၁၅၀ လောက် ရင်ဆိုင်နေရတယ်လို့ အမတ် မစ္စတာဂျလာလီက ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေးကို လိုလားသူ ဖမ်းဆီးခံ အကျဉ်းသားတွေကို ဆက်ပြီး ထောင်ချထားမလား၊ ပြန်လွှတ်ပေးမလားဆိုတာ တပတ်အတွင်းမှာ ဆုံးဖြတ်ဖို့အတွက် တရားသူကြီးချုပ်က တရားရေး အရာရှိတွေကို အမိန့်ပေးထားကြောင်း အီရန် သတင်း ဌာနက တနင်္လာနေ့ကပဲ ပြောသွားခဲ့ပါတယ်။


အီရတ်ရှိ အမေရိကန်စစ်သားတွေ ပိုမြန်မြန် ရုတ်သိမ်းပေးဖွယ်ရှိ

29 July 2009

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် က အီရတ်မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေကို အခုထက် ပိုပြီး မြန်ဆန်တဲ့နှုန်းနဲ့ ဆုတ်ခွာကောင်း ဆုတ်ခွာရလိမ့်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ ၂ရက်ကြာ အီရတ် ခရီးစဉ်အပြီးမှာ ကာကွယ်ကြီး ဂိတ်စ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေတွေ တိုးတက်မှု ရှိလာပြီး ၂၀၁၁ခုနှစ်အကုန်မှာ အီရတ်က ရှိသမျှ အမေရိကန် တပ်တွေကို အပြီးသပ်ဆုတ်ခွာမှာ ဖြစ်တယ်လို့လည်း ၀န်ကြီး ဂိတ်စ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အရင်လတုန်းက အီရတ်ရဲ့ အဓိက မြို့ပြနေရာတွေက အမေရိကန်တပ်တွေ ပြန်လည် ဆုတ်ခွာခဲ့ပြီး ဖြစ်ပါတယ်။ ကာကွယ်ရေး ၀န်ကြီး ဂိတ်စ် အီရတ်က ပြန်လည် မထွက်ခွာမီ အီရတ်နိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အရ ကာဒစ်စတန် ဒေသရဲ့ သမ္မတ မစွတ်ဗဇာဏီ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လူနည်းစု ကဒ် လူမျိုးနဲ့ လူများစု အာရပ် လူမျိုးတို့ကြား ပဋိပက္ခတွေ ဖြေရှင်း အဖြေရှာဖို့ ဆွေးနွေးခဲ့ပါသေးတယ်။ မနေ့တုန်းကတော့ ကာကွယ်ရေး ၀န်ကြီးဂိတ်စ်ဟာ အီရတ် ၀န်ကြီးချုပ် နူရီအယ်လ်မာကီနဲ့ တွေ့ဆုံပြီး အီရတ်လုံခြုံရေးအတွက် အမေရိကန် တပ်တွေရဲ့ အနာဂတ်အခန်းကဏ္ဍနဲ့ အီရတ်ကို လက်နက်ရောင်းချရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ပါတယ်။

မရေရာသော အနာဂတ်ပညာရေးနှင့် ယနေ့ကျေးလက်တွဲဖက်(သူခိုး)ကျောင်းများ
အောင်ထက်

၂၉ ဇူလိုင် ၂၀၀၉


“လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက်ရေး၊ ပြည်ထောင်စုကြီး၏ နယ်မြေတခုနှင့်တခု နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာ၊ နည်းပညာဘာသာရပ်အလိုက် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရေး၊ မိမိတို့ကိုယ်ပိုင်စွမ်းအားနှင့် ပြည်တွင်းအားကို စုစည်းကာ ပညာရေးကို မဏ္ဍိုင်ပြုပြီး အနာဂတ် နိုင်ငံတော်သစ်ကို တည်ဆောက်သွားနိုင်ရေး” ဟူသော ပညာခေတ်၏ စိန်ခေါ်မှုအခြေအနေများကို ယနေ့ပြည်တွင်း ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ခမ်းနားဝင့်ထည်သော စကားလုံးကြီးများဖြင့် ဖော်ပြနေသည်ကို တွေ့နေကြရသည်။

အဆိုပါအနေအထားသည် မြန်မာ့နိုင်ငံရေးသမိုင်းစဉ်၏ ဖြစ်ပျက်ပြောင်းလဲမှုကို မကြုံဖူးသည့် လူငယ်တို့အတွက် အထူးအဆန်း ဖြစ်နေပေလိမ့်မည်။ သို့သော် အာဏာရှင်စနစ် (Dictatorship) ၏ သရုပ်သကန်ကို သိမီသူတို့ကမူ ဤသို့ ကြီးကျယ်ခမ်းနားသည့် စကားလုံးများကို တွေ့မြင်ဖတ်ရှုရပေါင်းများ၍ ရိုးအီနေကြပေပြီ။

အာဏာရှင်စနစ် (Dictatorship) ဟူသည် အတိုက်အခံမီဒီယာကို ဖိနှိပ်ကန့်သတ်ထားမည်။ ကိုယ်ပိုင်မီဒီယာကို အစွမ်းကုန်မြှင့်တင်မည်။ ကိုယ်ပိုင်မီဒီယာကို အားပြုပြီး စကားလုံးအား အထုအထည်နှင့် ပြည်သူကို စနစ်တကျ အကွက်ချကာ လိမ်လည်မည်။ သို့လောသို့လောဖြစ်အောင် စကားလုံးမှိုင်းများကို ပြည်သူ့နားသို့ အတင်းသွတ်သွင်းမည်။ ဒါသည်ပင် Dictatoship (အာဏာရှင်စနစ်) ၏ လမ်းကြောင်းဖြစ်သည်။

တချိန်သောကာလက ဂျာမဏီမှ နာဇီများသည်လည်း ထိုသို့ပင် အသက်ဝင်ခဲ့သည်။ အီတလီ ဖက်ဆစ်အာဏာရှင် မူဆိုလိုနီနှင့် စပိန်မှ ဖရန်ကိုတို့သည်လည်း တိုင်းပြည်ကို သို့နှယ် ဓားမိုး၍ အုပ်ချုပ်ခဲ့သည်။ သို့သော် အဆိုပါပုဂ္ဂိုလ်တို့သည် သမိုင်းတွင် ပြည်သူတို့၏ အသွေးအသားတွေကို ဓားစာခံလုပ် အရင်းအနှီးပြုကာ သူတို့ယုံကြည်သောစနစ်ကို ပုံဖော်ထုဆစ်ရင်း နောက်ဆုံး သမိုင်းတရားခံတွေအဖြစ်နှင့် နိဂုံးမလှ ဖြစ်ခဲ့ကြရလေသည်။

“ပြည်နယ်နှင့်တိုင်းအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထူးဒေသကြီး (၂၄) ခု၊ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုလည်း အမျိုးသားပညာရည်မြင့်မားရေးစီမံကိန်းနှင့်အတူ တဆက်တစပ်တည်း သိမြင်ဖို့လိုအပ်ကြောင်း” ၂၀၀၉၊ ဇွန်လ (၂၉) ရက်က ကျင်းပသော အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၆၈) ဖွင့်ပွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်းမှ လမ်းညွှန်မှာကြားသွားခဲ့ပေသည်။

မစားရ၀ခမန်း အဆိုပါလမ်းညွှန်ချက်အပေါ် ဆိုရေးရှိလာ၍ ဆိုရပါလိမ့်မည်။ ကျနော်သည် ရန်ကုန်မြို့နှင့် မိုင် (၁၀၀) သာသာ ဝေးကွာသော မြေလတ်မြို့ ကြို့ပင်ကောက်၏ (၈) မိုင်ခန့်အကွာ ကျေးလက်တခု၌ မွေးဖွားခဲ့သည်။ ကျနော်၏ ၀မ်းကွဲသားချင်းတို့သည် ကျေးရွာမူလတန်းကျောင်း၌ (၄) တန်းအထိ ပညာဆည်းပူးကြရသည်။ ထိုခေတ်က (၄) တန်းအောင်သော် အများစု လယ်ထဲရောက်ကုန်သည်။ စီးပွားရေးပြေလည်သူတချို့၏ သားသမီးများက ရွာနှင့် (၄-၅) မိုင်မျှဝေးသော ကျွန်းကုန်းကြီး အလယ်တန်းကျောင်းသို့ သွားတက်၍ ပညာဆက်လက်ဆည်းပူးကြရသည်။

ရွာသာယာ၊ ရွာသစ်၊ ရှားပင်ထ၊ ကျွန်းကုန်းလေး၊ အုန်းနှဲ၊ ကျောတန်း ကျေးရွာများမှ ကျောင်းသားငယ်များသည် ရွှံ့တော၊ ဗွက်တောများကို ဖြတ်ကာ ကျောင်းတက်ခဲ့ရသည်။ နွေအခါ မသိသာသော်ငြား မိုးအခါ လွန်စွာ ဒုက္ခရောက်ကြရသည်။ လယ်ကွင်းတွေကို ဖြတ်ကာ လာကြရသည့်မို့ ကျောင်းရောက်သော် ရွှံ့အလိမ်းလိမ်းကို ဖုတ်ဖက်ခါ ရေဆေးကြရသည်။ ထိုသို့ကျောင်းတက်ခဲ့ကြရသည့် လယ်သမားသားသမီးတို့အား ဆရာတို့ကလည်း စာနာနားလည်ခဲ့ကြသည်။ စေတနာထား သင်ကြားပေးကြသည့်အတွက် အချို့ကျောင်းသားများ ထူးချွန်ပေါက်မြောက်ကာ လူရာဝင်ခဲ့ကြသည်။ (ယခင်) စက်မှု(၁) ဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဘဖေတို့သည် ကျွန်းကုန်းကြီး အလယ်တန်းကျောင်းထွက်များ ဖြစ်သည်။

ကျနော့်ဇာတိ ရှားပင်ထကျေးရွာတွင် မူလတန်းကျောင်းသာရှိခဲ့ပါသည်။ ထိုမှ အနှစ် (၄၀) ခန့်ကျော်ဖြတ်ပြီးနောက် ယခု မူလွန်ကျောင်းဖြစ်နေပြီဟု ကြားရသည်။ သို့သော် ထိုတွဲဖက်-မူလွန်ကို ရွာ၏ ဒေသခန့်ဆရာနှင့် သင်ကြားပြီး အတန်းတင် အဖြေလွှာများကို အုပ်စုပိုင် ကျွန်းကုန်းကြီး အလယ်တန်းကျောင်းသို့ပို့ကာ အစစ်ဆေးခံရသောစနစ်ဖြင့် စခန်းသွားနေရသည်။

တွဲဖက်မူလွန်ကျောင်းတို့၏ သဘောသဘာဝကို အကျဉ်းမျှ ရှင်းပြပါမည်။ စတုတ္ထတန်းအောင်မြင်ပြီးသူ မူလွန်ကျောင်းသားတို့သည် ဒိုင်နယ် (တိုက်နယ်) အတွင်းရှိ အလယ်တန်းကျောင်းများ၌ ပဉ္စမတန်း တက်ကြရပေမည်။ ငွေကြေးပြည့်စုံသူအချို့က အဆိုပါ အလယ်တန်းကျောင်းရှိရာ ဒိုင်နယ်အတွင်း သားချင်းများအိမ်၌ သားသမီးကို နေစေကာ ပညာသင်စေသည်။ ခရီးလမ်းဝေးကွာမှု၊ လမ်းပန်းမသာမှုနှင့် မပြေလည်သော စီးပွားရေးအခြေခံများကြောင့် ကျေးလက်ပြည်သူအများစုမှာ ၎င်းတို့၏ သားသမီးများကို ဒိုင်နယ်ကျောင်းများသို့ မစေလွှတ်နိုင်ခဲ့။ အဆိုပါ အခြေအနေအပေါ်မူတည်၍ ကျေးရွာကျောင်းကော်မတီမှ တွဲဖက်ကျောင်းအဖြစ် စီစဉ်ဖန်တီးပေးရသည်။

ကျောင်းသားတဦး တနှစ်လျှင် (၂၀,၀၀၀၊ ၃၀,၀၀၀၊ ၄၀,၀၀၀) ကျပ် အတန်းအလိုက် ကောက်ခံသည်။ အများစု တကြိမ်တည်း ငွေမချေနိုင်ကြ။ (၄-၅) ကြိမ် ခွဲသွင်းကြရသည်။ ထိုကောက်ခံငွေနှင့် ချိန်ဆကာ ကျောင်းကော်မတီမှ ဒေသခန့် ဆရာငှားရသည်။ ကျောင်းသားဦးရေအလိုက် ဆရာ (၂) ဦး၊ (၃) ဦးက ဘာသာစုံသင်ပေးရသည်။ ကျောင်းကော်မတီမှ ဆရာတို့အား လစဉ် လစာငွေ ရှင်းပေးသည်။

အဆိုပါ တွဲဖက်ကျောင်းများသည် ဇွန်လကျောင်းအပ်လက်ခံပြီဆိုကတည်းက နီးစပ်ရာ ဒိုင်နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်း (အစိုးရအသိအမှတ်ပြု) ကျောင်းများသို့ သွားရောက်ချိတ်ဆက်ကြရသည်။ တွဲရသည်ဟုလည်း ခေါ်သည်။

တွဲဖက်ကျောင်းသားများ၏ လပတ်စာမေးပွဲအဖြေလွှာများကို ဒေသခန့်ဆရာတို့က စစ်ဆေးပေးရသည်။ အတန်းတင် အဖြေလွှာကိုမူ အတွဲခံမည့် ကျောင်းသို့ပို့ကာ အစစ်ခံရသည်။ ထိုကျောင်းမှ အအောင်-အရှုံးသတ်မှတ်ကာ နိုင်ငံတော်၏ ပညာရေးမူဘောင်နှင့်အညီ တရားဝင်စေသည်။ တွဲဖက်ကျောင်းလေးများအား တွဲခွင့်ပြုရေး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး (TEO) နှင့် အစိုးရခန့်ကျောင်းအုပ်ကြီးသို့ တွဲဖက်ကျောင်းကော်မတီမှ ငွေလမ်းခင်းကြရသည်။

အကယ်၍ တွဲဖက်ကျောင်းအား ဒိုင်နယ်ကျောင်းတို့မှ အတွဲမခံပါက ဘုန်းတော်ကြီးသင် ပညာသင်ကြားရေး (ဘက) ကျောင်း များသို့ အဖြေလွှာများပို့ကာ အတန်းတင်စာမေးပွဲကို တရားဝင်ဖြစ်အောင် အစစ်ခံရသည်။ သို့သော် တွဲဖက်ကျောင်းအဆင့်မှ မကျော်လွန်နိုင်သေးသည့် အခြေအနေများ သိန်း-သန်းချီ ရှိနေသည့်အတွက် နိုင်ငံတော်၏ ပညာရေးပန်းတိုင်သို့ ရောက်ရှိအောင် အဘယ်ပုံ ချီတက်ရမည်ဆိုသည်မှာ ခေါင်းခဲစရာပြဿနာတခုဖြစ်သည်။ တနည်းအားဖြင့် တွဲဖက်မူလွန်ဟူသည် ကျေးလက်နေလူတန်းစားများ၏ ပညာရေးသရုပ်မှန်ကို မီးမောင်းထိုးပြနေသာ ပြယုဂ်တခုဖြစ်သည်။

ကျနော်သည် သတင်းသမားတဦးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရင်း မြန်မာပြည်၏ နယ်မြေအနှံ့သို့ အရောက်အပေါက် များခဲ့သည်။ နာဂစ်မတိုင်မီကတည်းက ရောက်ဖြစ်ခဲ့သည့် လပွတ္တာမြို့၊ ငခုံးမရွာ၊ ရေကျော်ကြီး၊ ကန်ကြီးထောင့်ရွာတို့မှ မူလွန်ကျောင်းသားတို့သည် သပြုကုန်းအလယ်တန်းကျောင်း၌ မူလွန်-တွဲနေရသည်ကို တွေ့ရသည်။ နှာခေါင်းပေါက်ကျေးရွာ၊ ကန်ပဲ့ကျေးရွာတို့သည် ခုံညင်းတန်းကျောင်း၌ တွဲကြရသည်။ ဒေးဒရဲမြို့၊ ရွှေဘိုစုကျေးရွာ၊ ကွမ်းသီးပင်စု အပါအ၀င် ကျေးရွာ (၆) ရွာမှ ကျောင်းသားတို့သည် သက္ကာယ်ချောင်းကျောင်း၌ တွဲကြရသည်။

ယခင်က တချက်တကောင် ချစ်လေးမောင်တို့၊ ကေအန်ယူ ဗိုလ်စိုးစိုးတို့၏ နယ်မြေဖြစ်သော တောင်ပို့ကြီးရွာ၊ လျှော်ချောင်း၊ သခွပ်ကုန်း၊ စစ္စလီထုံး၊ ၀ါးရုံးဒေါင့်ကျေးရွာများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ရုံးဒေါင့်အထက်တန်းကျောင်းသို့ တွဲကြရသည်။ လေးမျက်နှာမြို့၊ ညောင်ပင်ဝဲ၊ ကတက်ကုန်း၊ တူးရိုး၊ ၀ါးရုံစု၊ ဗောဓိရွာတို့သည် ကွမ်းခြံကုန်းရွာကျောင်း၌ တွဲကြရသည်။ ထားဝယ်မှိုင်းကြီး၊ ထားဝယ်မှိုင်းလေး၊ သပြေချောင်း၊ ဘုံလုံချောင်း၊ ကဒတ်ကြီးဝိုင်း၊ ပလီချောင်းကျေးရွာတို့သည် ကျိုက်လတ်မြို့၊ ခမုံရွာအလယ်တန်းကျောင်း၌ တွဲကြရသည်။

အဆိုပါ ကျေးလက်ဒေသတို့သည် ရန်ကုန်မြို့နှင့် မိုင်ထောင်ချီဝေးကွာသည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောအရပ်၌ ရှိနေကြသည် မဟုတ်ပါ။ ရှမ်းပြည်နယ် ဟိုပုန်း၊ လွိုင်လင် မဟုတ်ပါ။ မြစ်ကြီးနား အစွန်အဖျား ဖားကန့်၊ ၀ိုင်းမော် မဟုတ်ပါ။ လားရှိုးမြို့အနီး ကွမ်းလုံ၊ မူဆယ် မဟုတ်ကြပါ။ ကလေးနယ် တမူး၊ ဖလမ်း၊ ဂန့်ဂေါနယ်မြေတို့ မဟုတ်ကြပါ။ ရန်ကုန်မြို့မှ မိုင် (၁၀၀) မရှိတတ်သည့် ဧရာဝတီတိုင်း ကျေးလက်ဒေသတို့သာ ဖြစ်ပါသည်။ လွန်လွန်ကျူးကျူးဆိုရသော် ရန်ကုန်မြို့မှ အော်ခေါ်လျှင်ပင် ကြားနိုင်လောက်သည့် အရပ်ဒေသများ ဖြစ်ပါသည်။

အခြေခံပညာမူလတန်းအောင်၍မှ အလယ်တန်းအဆင့်တက်ရန် ရုပ်ဝတ္ထုစာသင်ကျောင်းမရှိသည့် ဒိုင်နယ်ကျောင်းများသို့ သွားရောက်တွဲနေကြရသည့် အဆိုပါ ကျောင်းသားငယ်တို့၏ ပညာရေးပန်းတိုင်သည် မည်မျှရေရာမှုရှိပါမည်နည်း။ ပညာခေတ်၏ အလားအလာကောင်းများကို လိုအပ်သလို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်အရာတွေက တွန်းအားပေးနိုင်ပါမည်နည်း။ မြန်မာနိုင်ငံ၏ လူတန်းစားအများဆုံးနှင့် အဓိက နိုင်ငံခြားဝင်ငွေရှာပေးနေသော ကျေးလက်နေပြည်သူတို့သည် အခြေခံအဆောက်အအုံကောင်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ မဟုတ်ပြီလော။ ထိုအခြေခံကောင်းများကို တိုင်းပြည်အကျိုးရှေးရှုသည့်လုပ်ငန်းများ၌ အပြုသဘော အသုံးမချနိုင်၍သာ လယ်သမားသားသမီးအများစု နင်းပြားဘ၀က မကျော်လွန်နိုင်ခြင်း ဖြစ်ပေသည်။ သို့ဖြင့် ကျွဲ နွားကျောင်း၊ လယ်ထဲဆင်းနှင့် အိုင်ပက်ငါးဖမ်း ဖြစ်ကုန်ကြတော့သည်။

ဤသို့ဆိုလျှင် “ကျောင်းနေရွယ်ကလေးငယ်များ ကျောင်းနေရေး၊ ကျောင်းနေကလေးများ၊ အတန်းပညာကုန်ဆုံးအောင် သင်ယူရေး၊ မိဘ-ဆရာနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရေး” ဟု လေသံလွှင့်နေသော အမျိုးသားပညာရေးကော်မတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ၂၀၀၉၊ ဇွန် (၂၅) ဘိုကလေးမြို့ ကျေးလက်ပြည်သူတို့အား လမ်းညွှန်ချက်သည်လည်းကောင်း၊ “မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသာ လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်သည့် ပညာရေးစနစ်တခု ဖြစ်ထွန်းလာစေရေး” ဟူသည့် နှစ် (၃၀) စီမံကိန်းတို့သည် ရေပေါ်အရုပ်ရေးသကဲ့သို့ အရာထင်လာမည် မဟုတ်သည့်အတွက် ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။

နာဂစ်အလွန် တနှစ်သာသာ၌ ကျနော်သည် ဘိုကလေးမြို့၊ အနောက်တောင်ထောင့်၊ ရေမိုင် (၂၀) ကျော်ရှိ ထော်ပိုင်-ရွှေပြည်အေးကျေးရွာသို့ ရောက်ဖြစ်ခဲ့သည်။ စက်ဆန်း (ယခင် စက်စု-စက်ဆန်း) ဒိုင်နယ်တွင် ကျေးရွာ (၃၆) ရွာ ပါဝင်ပြီး စက်ဆန်းက (၁၆) ရွာ၊ ရွှေပြည်အေးက ရွာ (၂၀) အုပ်ချုပ်သည်။ ထော်ပိုင်-ရွှေပြည်အေးကျေးရွာသည် အိမ်ခြေ (၂၉၀)၊ အိမ်ထောင်စု (၃၀၄) စုရှိပြီး ကရင်-ဗမာ စုပေါင်းနေထိုင်ကြသည်။ နာဂစ်လေဘေး၌ (၄၇) ဦး သေဆုံးပြီး UNDP မှ ဆောက်လုပ်လှူဒါန်းသော မူလတန်းကျောင်းမှာ အနည်းငယ်သာ ပျက်စီးခဲ့သည်။ အဆိုပါကျောင်း၌ ယခုနှစ် မူလတန်း ကျောင်းသား (၂၈၀) ဦးနှင့် မူလွန် (၅၂) ဦး ပညာသင်ကြားလျက်ရှိသည်။ အစိုးရခန့် ဆရာ (၃) ဦးနှင့် ဒေသခန့်ဆရာ (၂) ဦးရှိသည်။

၎င်းကျေးရွာရှိ မူလွန်ကျောင်းသားများ၏ အဖြေလွှာများ စစ်ဆေးပေးရန် စက်ဆန်းအထက်တန်းကျောင်းသို့ သွားတွဲရာ ကျောင်းအုပ်ဆရာမကြီး ရောက်မလာသေး၍ အတွဲမခံဟု တာဝန်ခံဆရာက အကြောင်းပြန်သည်။ အဆိုပါ ကျောင်းအုပ်ဆရာမကြီးသည် သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင် (သို့မဟုတ်) တိုင်းမှူး- ၀န်ကြီးတဦးဦး၏ PSO နှင့် ဆွေမျိုးဟု သတင်းထွက်ပေါ်နေသည်။ ပြောင်းရွှေ့မိန့် (Order) ကျပြီးသည်မှာ (၃) လခန့်ရှိနေပြီး ယခုထိ လာရောက်တာဝန်ထမ်းဆောင်ခြင်း မပြုသေးကြောင်း သိရသည်။ ထို့အတွက် ထော်ပိုင်-ရွှေပြည်အေး တွဲဖက်ကျောင်းကော်မတီမှ ကလေးများ ပညာသင်ကြားရေး နောက်မကျစေရန် အဆီကြီးရွာ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းသို့ တွဲထားရန် လိုရမည်ရ စီစဉ်နေရကြောင်း သိရသည်။

အဆိုပါ ထော်ပိုင်-ရွှေပြည်အေးကျေးရွာ၌ မူလွန်ကျောင်းချပေးရန် ၀န်ကြီးချုပ်မှ ဒေသအာဏာပိုင်တို့အား ယခုနှစ် ဖေဖော်ဝါရီလက ညွှန်ကြားခဲ့သော်လည်း ဇွန်လကျောင်းဖွင့်ချိန်အထိ အကောင်အထည်မပေါ်ခဲ့ဘဲ တွဲဖက် (ဒေသအခေါ်) သူခိုးကျောင်းအဖြစ်သာ ရှိနေခဲ့သည်။ တရားဝင် မူလွန်ကျောင်းဖြစ်ရေး ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးသို့ သွားရောက်စုံစမ်းသော် ခရိုင်အဆင့်၊ တိုင်းအဆင့် ဆက်လက်တင်ပြရဦးမည်ဖြစ်သည့်အတွက် ကျေးရွာမှ ငွေ (၂) သိန်းခန့် ကုန်ကျသွားသည်ဟု သိရသည်။

ဤမျှ ပညာရးကို နုံ့နဲ့စွာယူသင်နေကြရသည့် ထော်ပိုင်-ရွှေပြည်အေးကျေးရွာသည် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ကာကွယ်ရေးမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်၊ စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းတို့ မကြာခဏ ကွင်းဆင်းစစ်ဆေးနေသည့် နာဂစ်လေဘေးသင့်၊ စီမံကိန်း အဆင့်ဝင် ဘိုကလေးမြို့၊ စက်ဆန်း ဒိုင်နယ်နှင့် ကုန်းလမ်းခရီး (၇) မိုင်ခန့်သာ ဝေးကွာပါသည်။ စစ်အာဏာရှင်တို့အနေဖြင့် ဒေသပထ၀ီအနေအထားအရ မဟာဗျူဟာမကျ၍ ထော်ပိုင်-ရွှေပြည်အေး ဒေသဖွံ့ဖြိုးမှုကို ချန်လှပ်ခဲ့သည်ဆိုလျှင်တော့ မပြောတတ်ပြီ။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၌ နာဂစ်လေဘေး အလူးအလဲခံရပြီး အသေအပျောက် အများဆုံးကျေးရွာ (၂) ရွာရှိသည်။ ကျွန်းသာယာ-ကြိမ်ချောင်းကြီးနှင့် ပျဉ်ဘိုးကြီးကျေးရွာတို့ဖြစ်သည်။ တရားဝင်စာရင်းဇယားများအရ ပျဉ်ဘိုးကြီး ဒိုင်နယ်တွင် (၇၇၂) ဦး သေဆုံးပြီး ပျဉ်ဘိုးကြီး ကျေးရွာတခုတည်း (၃၅၃) ဦး သေဆုံးသည်။

ပျဉ်ဘိုးကြီး ကျေးရွာအုပ်စုတွင် ပျဉ်ဘိုးကြီး၊ ပျဉ်ဘိုးလေး၊ ကပ်ဗလာချောင်း၊ ၀က်ခေါင်းကျ၊ ဓမ္မသုခကျေးရွာတို့ ပါဝင်သည်။ နာဂစ်ဒဏ်ကြောင့် ပျဉ်ဘိုးကြီးအုပ်စုတွင်း၌ မူလတန်းစာသင်ကျောင်း (၄) ကျောင်းစလုံး ပျက်စီးခဲ့ရာ ကပ်ဗလာချောင်း မူလတန်းကျောင်းဆောင်သစ်တခုသာ ယခုနှစ် စာသင်ချိန်အမီ ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည်။ ကျန် (၃) ကျောင်းမှာ သင့်သလို ယာယီတည်ဆောက်ထားရပြီး ကျောင်းသားတို့ စာသင်နေကြရသည်။ အဆိုပါ ယာယီကျောင်းဆောင်၌ မူလတန်း (၁၂၀) ဦးနှင့် မူလွန် (၃၅) ဦးရှိသည်။ မူလွန်ကျောင်းသားတို့အတွက် ကျောင်းကော်မတီမှ ကုန်းလမ်း (၁) မိုင်ခွဲခန့် ဝေးကွာ သော စက်ဆန်းအထကနှင့် သွားတွဲရာ ကျောင်းမှ လက်မခံဟု ယခုရက်ပိုင်းသတင်းရရှိသည်။ ထို့အတွက် ကျောင်းကော်မတီမှ မျက်နှာငယ်စွာနှင့် ဂရမ်း အလကကျောင်းနှင့် စာမေးပွဲမတိုင်မီ တွဲရန် စီစဉ်နေရသည်ဟု သိရသည်။

မြန်မာကရုဏာ ဖောင်ဒေးရှင်း၊ I Love Myanmar, UNDP, UNICEF, Diamond Mercury စသည့် ဒေသတွင်း လူမှုအဖွဲ့အစည်းတို့၏ ထိရောက်မှုမရှိသော ထောက်ပံ့ရေးနည်းလမ်းများ၊ နအဖ၏ မုန်တိုင်းသင့် ဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ နေအိမ်တည်ဆောက်မှုနှင့် Cyclone Shelters များ၊ လမ်းတံတားများ တည်ဆောက်ပြီးစီးမှု စသည့် ၀ါဒဖြန့်ချိရေး စကားလုံးတို့သည် ဒေသခံပြည်သူတို့၏ လက်တွေ့ပကတိအခြေအနေနှင့် လွန်စွာကွာဟနေပေသည်။

အထက်အကြောင်းခြင်းရာတို့ကို ခြုံငုံသုံးသပ်ရသော် ကျေးလက်နေပြည်သူများထဲမှ လတ်တလော ဘ၀အခြေအနေ၊ အခြေခံကောင်းသူတို့၏ အနာဂတ်ပညာရေးပန်းတိုင်သည် ရေရာသေချာမှုရှိပါရဲ့လား။ မူလတန်းအောင်ပြီး၍ မူလွန်တက်ရောက်ရန်အတွက် ရုပ်ဝတ္ထုအခြေခံကောင်းတွေ ပြည့်စုံပါပြီးလား။ တွဲဖက်(သူခိုး)ကျောင်းသားများအဖြစ် သိမ်ငယ်စွာ ရပ်တည်နေရသော ကျောင်းသားငယ်တို့၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ ဖေးမကူတွဲကြပါမည်နည်း။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ကို ပင် ကျောင်းသားတိုင်းအား ရောင်းချမပေးနိုင်သည့် ယနေ့ခေတ်ပညာရေး၏ ဆုတ်ယုတ်မှု အခြေအနေအရပ်ရပ်အပေါ် အာဏာရှင်တို့အနေဖြင့် ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။


ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ
Saturday, 18 July 2009 15:48 မောင်သစ်ဦး .၁၉၇၀ ခုနှစ် တ၀ိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ၀န်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစအချိန်။ ကမ္ဘာ့  ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။

အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဘက်ကနိုင်ငံ့အရေးကို ဆောင်ရွက် ရင်း တဘက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိန္ဒိယက နေရူး စသည်တို့ဖြစ်ကြ၏။ ဟိုချီမင်းနှင့် မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရူး ကမူ စကားပြေများကိုရေး၏။

ထိုစဉ်က ကျနော်တို့ တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ ရေး ကိစ္စများကို တဘက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တချို့ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘ၀မှာ ကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့၏ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။

ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော် တို့ ငြိတွယ်ခဲ့ကြ၏။ သို့သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေး တည်း ထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ ကြောင့် ကျနော်တို့ မှာ ဗိုလ်ချုပ်၏ စာပေလက်ရာများကို စိတ်အားထက်သန်သလောက် ပြည့်ဝအောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။

၁၉၉၈ ခုနှစ်ထဲတွင်မူ ကျနော်တို့ တတွေ အနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆန္ဒတခုမှာ မမျှော်လင့်ဘဲ ပြည့်ဝလာခဲ့ရ၏။ ထိုနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထွက်ရှိ လာသောကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများကို ယခုကဲ့သို့ တလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့် စုဆောင်း ကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ( တက္ကသိုလ်များ သမိုင်းသုတေသနဌာန အကြီး တန်း သုတေသနမှူး) ဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဌာန ညွန်ကြားရေး မှူး ဒေါ်နီိနီမြင့်က ဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ မြဟန် ကရေး၏။ ဤစာအုပ်တွင်“ဗိုလ်ချုပ်အောင်ဆန်း ၏ စာရေးဝါသနာ” ၊ “ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ” ဆောင်းပါး( ၃ )ပုဒ်မှာမူ ရေးသူအမည်မပါရှိဘဲ ဖေါ်ပြထားသည်ကိုတွေ့ ရ၏။ သို့သော် ဤဆောင်းပါး များတွင်ပါရှိသည့် အတွင်းစာသားတချို့ အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစုစည်းသူ ဆရာ‘ မြဟန် ’ ကိုယ် တိုင်ပင်ဖြစ်မည်ဟု ယူဆရ၏။သို့သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါး များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ် စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။

* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “အယူအဆရေးရာကိစ္စများ”ကိုတွေ့  ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ဘ၀ လမ်းညွန် အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့် ပြန့်ပါဝင်၏။

ဥပမာ“ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသား သည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့် ၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည် ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့်ကိစ္စမှာ လွတ်လပ်မှုမရှိခြင်း ကို ပြဆိုခြင်းမဟုတ်ဘဲ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓာတ်တို့ ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။

နောက်ထပ် ဥပမာတ ခုမှာ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးမှာ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ပါဝင် သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘ၀က ရေးသည့် ဆောင်းပါးဖြစ်၏။

ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသား ဓလေ့ ထုံးစံအယူအဆများအပေါ် လူငယ်များမည်ကဲ့သို့ ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့် ဆောင်းပါး ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အချက်မှာ ဤဆောင်းပါး၌ “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာ အယူ အဆကိုအလေးအနက်ထား တင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ၀ိဘဇ္ဖ၀ါဒ ” ဖြစ်၏။ “ဗုဒ္ဒ၀ါဒ” ၏ အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ လက်ခံ ကျင့်သုံးသင့်ကြောင်း ထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာ အတိုင်းအဆ အတိမ်အနက် ကိုခန့် မှန်းလို့ ရသည့် နောက်ထပ် ဥပမာရှိပါသေးသည်။“ကျောင်းသားဝတ္တရား” ဆောင်းပါးဖြစ်၏။

ဤဆောင်းပါး၏ အနှစ်သာရမှာ( ၂ )ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး (၂)အချက်မှာကျောင်းသားများထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ ပထမ အချက် အရ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာ၌ “ပညာစစ်” ဆိုသည်မှာ ပညာသင်ကြားရေးလွတ်လပ်ခွင့် Academic Freedom ရှိမှသာ စစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။

နောက် တချက်မှာ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှနှင့်တာဝန်ကျေပွန်သည် မဟုတ်။ လောက ရေး၊ ဓမ္မရေးနှင့်ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမျိုးကိုရအောင် ဆည်းပူးကြရမည်ဟူသည့်အလုပ်လမ်းညွှန် အယူအဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင် ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက လောကရေးကိုပါလေ့လာပါဝင် ဆင်ခြင်လုပ်ကိုင်ရမည့် ၀တ္တရားရှိသည် ဟူသည့် အယူအဆ ပင်ဖြစ် သည်။ အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည်“ကျောင်းးသားများ နိုင်ငံရေးနှင့် မသက်ဆိုင်၊ ပညာရေး သက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ ရသည့် ဆောင်းပါးဖြစ်၏။

အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါး တွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ ရ၏။ ပထမအချက်မှာ“နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံး ပင်ဖြစ်၏”ဟု ဗိုလ်ချုပ်က ယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့ နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ် အထွေး များကြားညပ်နေသည့်အခါ “နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ ကုသိုလ် တပဲ ငရဲ တပိဿာ အလုပ်ဖြစ်သည်” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။“နိုင်ငံရေးသည် လောကီ ရေး ပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။

ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “စာပေရေးရာ အယူအဆ”ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့ သော် ထို ဆောင်းပါးကို မည်သည့်နေရာဌာနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ ဆောင်းပါ၏ ခေါင်းစဉ်ကို လည်းကောင်း မှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။

ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့်“အိုးဝေမဂဇင်း” ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ အယူ အဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြပေးခဲ့သဖြင့်သာ လူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ စာပေအယူအဆမှာ“မိမိရေးလိုက်သည့်စာပေသည် အမြဲတမ်းရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့ လောက တိုး တက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီး ပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူ အဆ ရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။

* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆပိုင်း အခြေနေကို ကျနော်တို့လေ့လာလို့ ရနိုင်၏။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ အခြေနေကိုလည်း လေ့လာနိုင်၏။ တနည်းအားဖြင့်ဆိုလျင် အကြောင်းအရာနှင့် အတတ်ပညာနှစ်ခုစလုံး လေ့လာခွင့်ရနိုင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲမှ ဗိုလ်ချုပ်၏ အယူအဆရေးရာပိုင်းကို ကျနော် အထက် တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့ လာကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ( ၀ါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ”စာအုပ်ထဲ တွင်ပါရှိသည့်“ဗိုလ်ချုပ်အောင်းဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းက သူကိုယ်တိုင်ပြန်းရေးခဲ့သည့် အတ္ထုပ္ပတ္တိဆောင်းပါးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးအစမှာ ဗိုလ်ချုပ်အောင်ဆန်းက သူမွေးဖွာခဲ့သည့် နတ်မောက်မြို့ အိမ်ကြီးတအိမ်၏ အနောက်ဘက် အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်း က ဆန်းသည်။

ပထမဦးစွာနတ်မောက်မြို့၏ ဖွဲ့ စည်းပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့နောက် ဘူတာ၏ ၀ဲယာ ပတ်လည်မှ မြေပဲခင်း နှမ်းခင်းများဆီ ရောက်၏။ ထိုမှတဖန် တောရကမ္မဌာန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း(သို့) နကျားထူးရွာစု၊ ထို့နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နာက်လောကဓာတ် မြန်မာအထက်တန်းကျောင်း၊ ထို့  နောက် ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့ အုပ်ရိုး အစရှိသည်တို့ ကိုတဆင့်ပြီး တဆင့်ရေးသွား ခဲ့၏။ နောက်ဆုံးတွင်မြို့ ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထို အိမ် ကြီး၏ နောက်ဖေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏ နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူ များကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့ ရှေ့ မှဖြတ်ရ၏။ စာပိုဒ်ဆုံးခါနီးကြမှ အိမ်ကြီးတအိမ်၏ နောက်ဖေးအခန်းငယ်ဆီ ရောက်လာလေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောက်မြို့ ကလေးကို မျက်စိထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့ အနွဲ့ မှာ သဘာဝပတ်ဝန်းကျင် အနေအထားကို ဖေါ်ပြ သော ရေးနည်းရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့ အနွဲ့ တချို့ ကိုလည်းထင်းထင်းပြက်ပြက် တွေ့ ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့် ကျင်ဘက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ ဖေါ်ပြခြင်းဖြင့်သူ၏ စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ် ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။

“ကျနော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့်ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျနော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျနော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေထိုင်မှ စ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့၊ ကျနော် က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏ ။ ကျနော်ကား မ၀တ်တတ် ။ မြန်မြန်ညစ်အောင် ၀တ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျနော်ကား ထူ၏ အေး၏” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ ရ၏။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့် သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်” ဟူသောစာကြောင်းဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေးကောင်း၊ အ ရေးကောင်းသူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။

* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ၀န်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဖိုးထား၏။ သို့သော် ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘ၀က ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူ အတော် များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ့ “အနိုင်မခံ ” ကဗျာဖြစ်၏။ ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာ ဖြစ်သည်ဟု ကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်း ဘာသာပြန်ဆို ရ သူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ် သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေသည် ကို လည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ်များက ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်း ဖန်တီး သူမဟုတ် ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ကျန်ခဲ့သည်လော ကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အတွေးအခေါ်အယူအဆနှင့် စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ ထိ နိုင် သည့်အတွက် ကျေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှထွက်ကာ စာရေးဆရာတဦးအနေ နှင့် ဘ၀ နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ် ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမားလေးနက်လှသည့် ဤ ပုဂ္ဂလိက စိတ်ဆန္ဒမှာမူ မပြည့်ဝ နိုင်ခဲ့ရှာပါ။

၁၉၄၇ ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံ ခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ ခွင့်မရခဲ့ရှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများမှာ အရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့် နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင် ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ ကို ကြိုးစားဖန်တီးခဲ့ရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းအား ကျနော်လေးစားမိသည်။ ထို့အပြင်ဘ၀ကိုစာရေးသူတဦး၏ ဘ၀နှင့်သာနိဂုံးချုပ်ရန် စိတ်အားထက်သန်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေးနက်မိပေ၏။



အီး မလိုတဲ့နိုင်ငံ
Wednesday, 29 July 2009 19:38 ရန်ကုန်သားတာတေ .“ထုံးဖြူ၊ ဗမာဆေး တရာဖိုးပေးကွာ”
“ခပ် .. န လေးစောင့်နော်အားကို့ .. ချွန်ဒေါ် ယားပေးမယ်နော်၊ အော်ဒါ နည်းနည်းများလို့ပါ”
“မြန်မြန်လုပ်ကွာ .. တရာဖိုးကို ဘယ်နှယာ ရမှာလဲ”
“ခြောက်ယာရမယ်နော် အားကို .. ကွမ်းဈေးတွေ အရမ်းတက်တယ် .. ချွန်ဒေါ်တို့လည်း ရှုံးတယ်”

“မဖြစ်နိုင်ပါဘူးကွာ .. မင်း ဒီလောက်တောင် ရောင်းနေရတာ .. ရန်ကုန်တမြို့လုံးလည်း နေရာတိုင်း ကွမ်းတံတွေးချည်းပဲ .. မင်းတို့ သူဌေးမဖြစ် ဘယ်သူဖြစ်မှာလဲကွ။ ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ”
“ချွန်ဒေါ့်နာမည် မောင်တာတေပါ”

ရန်ကုန်မြို့လယ်တွင်ဖြစ်သည်။ ဖိုးရှုပ်တယောက် ကွမ်းယာဝယ်နေသည်ကို ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့ စောင့်နေ ရသည်။ ကွမ်းယာယာသည့် ကောင်လေးက လက်မလည်အောင်ယာရင်း စကားကိုလည်း အမျှင် မပြတ်ပြော နေသည်။ ဖိုးရှုပ်ကလည်း သတင်းထောက်ပီပီ စပ်စုနေသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ် မပြီးသေးဘူးလားကွာ .. ကြာလိုက်တာ။

ဦးရုက္ခစိုး၏ အသံကြားတော့ ကွမ်းယာသည်လေးက မော့ကြည့်သည် ..။

တာတေ။ ။ ဟား ဒီလူးကြီး ချွန်ဒေါ်မြင်ဖူးတယ် .. ဖိုးချစ်ဇာတ်ပွဲထဲက မဟုတ်လား။ ချွန်ဒေါ်နော် ကွမ်းယာရောင်းရင်း အဲဒီဇာတ်ပွဲကြည့်တယ်။ အရမ်းကောင်းတယ်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ .. ဦးရုက္ခစိုးကို ကွမ်းယာသည်က ဇာတ်ထဲကနတ်နဲ့ မှားနေပြီဗျ။

တာတေ။ ။ ဘယ်လိုဖစ်တာလဲ ဦးလေး .. အဝတ်အစားတွေ ပေါင်ပြီး ဖဲရိုက်လိုက်လို့လား ..။ ဇာတ်ထဲက အဝတ်တွေနဲ့ လျှောက်သွားတယ်နော် .. ဦးလေး မကောင်းဘူးရှိတယ်။ သူများ ရယ်မယ်နော်။ ဟီးဟီးဟီး။

ထင်ရာတွေလျှောက်ပြောရင်း ဖြူဖွေးသောသွားများကို ဖြဲကာ ရယ်ပြနေသော တာတေကြောင့် ဦးရုက္ခစိုး ကျွဲမြီးတိုသွားသည်။

ရုက္ခစိုး။ ။ ကဲ ကဲ ဖိုးရှုပ်ရေ .. မင်းလည်း မြန်မြန်ပြီးပါမှပဲ။ မဟုတ်ရင် ငါ ဒီကောင့်ကို ထ ရိုက်မိတော့မယ်။ သူပြောတာနဲ့ ငါ့မလဲ ရစရာကို မရှိတော့ဘူး။

ဖိုးရှုပ်။ ။ မင်းကလည်း မင်းပဲ။ အလုပ်ရှုပ်ရတဲ့ထဲ မင်းမို့လို့ ဒီလောက်လေကပန်းနိုင်တယ် အံ့ရော .. ရော့ ၂၀၀ တန် .. ပြန်အမ်း တရာ။

တာတေ။ ။ ဟား ဒါက ချွန်ဒေါ်တို့ အလုပ်ရဲ့ ကာစတန်မာ ဆားဗစ်ပဲ အားကို ..။ စကားများများ ပြောရတယ်နော်၊ လူများများလာမယ်။ ချွန်ဒေါ့်ကိုလူမှတ်မိမယ်။ ရော့ ရော့ အားကို့ ကွမ်းယာထုပ်။ ခဏစောင့် ချွန်ဒေါ် ချက် မှာ လက်မ ထိုးလိုက်ဦးမယ်။

ကြွက်စုတ်။ ။ ဟေ့ကောင် .. မင်းကို တရာပြန်အမ်းဖို့ ပြောနေတာ .. ဘယ်က ချက်ကို လက်မနဲ့ ထိုးဦးမလို့လဲ .. မြန်မြန်လုပ်စမ်းပါကွာ။ ဒီမှာ ဦးရုက္ခစိုးကြီး စိတ်တိုနေပြီ။

ကုလား။ ။ ဟား .. အားကိုတို့ တော်တော်ခေတ်နောက်ကျနေပြီ .. ကြည့်ရတာ တောက တက်လာတာနဲ့တူတယ် .. ခပ် … နလေးစောင့် ..။

ပြောရင်းဆိုရင်းနှင့် တာတေက စာရွက်ပိုင်းလေးတခုပေါ်တွင် “၁၀၀ ကျပ်” ဟု ရေးလိုက်သည်။ ပြီးတော့ အောက်တွင် “တာတေ” ဟု လက်မှတ်ထိုးကာ ဖိုးရှုပ်ကိုလှမ်းပေးလိုက်သည်။ ဖိုးရှုပ်ကလည်း ယောင်နန နှင့် ယူလိုက်သည်။

ရုက္ခစိုး။ ။ ဟ .. ဟေ့ကောင် မောင်တာတေ .. မင်းက လူလည်ကျတာလားကွ။ ဒီစာရွက်နဲ့ ဘာလုပ်လို့ ရမှာလဲ။ ပြန်အမ်းကွာ တရာ။

တာတေ။ ။ ဘာလုပ်လို့ရမလဲ .. ဟုတ်လား။ ချွန်ဒေါ် ရှင်းပြမယ် ..။ ဒီစာရွက်နဲ့နော် .. တာတေ့ ကွမ်းယာဆိုင်မှာ အချိန်မရွေး ကွမ်းပြန်လာဝယ်လို့ရတယ်။ ဒါမှမဟုတ် .. ချွန်ဒေါ့် ဆိုင်ခွဲတွေမှာ သွား ဝယ်ချင်လည်းရတယ်။ ဦးလေး တရာတောင်းတယ်နော်။ ဒါ စိတ်ကူးယဉ်တာပဲ .. ။ ဘယ်သူမှ မတောင်းတော့ဘူး .. ။ တရာတန်နော် .. အရမ်းကို ရှားပါးပစ္စည်း ဖစ်နေပြီ။

ကြွက်စုတ်။ ။ ဟေ့ကောင် အကြွေရှားတာတော့ ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ငါကြားဖူးတာတော့ ကော်ဖီမစ်ထုပ်တို့၊ သကြားလုံးတို့၊ ဖယောင်းတိုင်တို့ အမ်းတာဆို။ မင်းလို စာရွက်ပိုင်းပေါ် ၁၀၀ လို့ ရေးပေးတာတော့ ခုမှကြုံဖူးတယ်။

တာတေ။ ။ အဲဒါကြောင့် အားကိုတို့ ခေတ်နောက်ကျနေပြီလို့ ပြောတာ ..။

ဖိုးရှုပ်။ ။ နေပါဦးကွ .. ခု ဘဏ်တွေက ပိုက်ဆံအဟောင်းနဲ့ အသစ် လဲပေးနေပြီလေကွာ .. မင်း သွားလဲပါလား။

တာတေ။ ။ စိတ်ကူးမယဉ်ပါနဲ့ အားကို .. တာတေနော် ဘဏ်သွားဖို့ အချိန်မရှိဘူး။ လူအများကြီး မစောင့်နိုင်ဘူး။ ချွန်ဒေါ် စီးပွားပျက်မယ်လေ။ ပြီးတော့ တယောက်ကိုနော် အရွက် ၃၀ ပဲ လဲပေးမယ်။ မလောက်ဘူး။ ဒီနည်းက အားလုံး အဆင်ပြေတယ်။ တချို့ဆို စာရွက် မသိမ်းချင်တော့ ချွန်ဒေါ့်ဆီမှာ ကွမ်းယာ လပေးစားကြတယ်။ ကောင်းတယ်နော် အားကို။ ဒီမှာတော့ အားလုံး ဒေါင်ကျကျ ပြားကျကျပဲ ..။ ဘဏ်ကနော် အရမ်းကြာတယ်။ ချွန်ဒေါ်တို့ ကွမ်းယာသည်တွေ၊ လက်ဖက်ရည် ဆိုင်တွေ၊ စတိုးဆိုင်တွေအားလုံး ဒီနည်းကို သုံးနေတာကြာပြီ .. ရောင်းသူ ဝယ်သူ အားလုံး အဆင်ပြေတယ်။ မကြာဘူးနော်။

ထိုစဉ် လူတယောက် ရောက်လာပြီး “ကွမ်း ၂၀၀ ဖိုးပေးပါ” ဟု ပြောလိုက်သောကြောင့် တာတေလည်း စကား ပြတ်ကာ ဦးရုက္ခစိုးတို့လည်း ထိုသူကို လှည့်ကြည့်မိကြသည်။ ထိုလူစိမ်းကိုကြည့်ရသည်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။ အဝတ်အစား အကောင်းစားများကို ဘိုသီဖတ်သီ ဝတ်ထားပြီး ခေါင်း စုတ်ဖွားနှင့် ဖြစ်နေသည်။ ထိုသူကလည်း ဦးရုက္ခစိုးတို့ကို ပြန်ကြည့်သည်။

ကြည့်ရင်းက ဦးရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ ထိုသူကို မှတ်မိကာ ပြိုင်တူ အားရပါးရ အော်လိုက်ကြသည်
“ဟာ .. ဘီလ်ဂိတ်ကြီး”

ဂိတ်။ ။ ခင်ဗျားတို့ကို ကျုပ်သိပါတယ်ဗျာ။ နာမည်ကြီးတွေပဲဟာ ..။ ဦးရုက္ခစိုးဆို ပိုတောင် ရင်းနှီးနေသေးတယ်။

ရုက္ခစိုး။ ။ ဘယ်လိုဖြစ်ပြီး ကွမ်းဝယ်စားနေတာလဲဗျ။ မနည်းကြည့်ရတယ်။ ဘိုသီဖတ်သီနဲ့။

ဂိတ်။ ။ ပြော .. မပြောချင်ပါဘူးဗျာ။ ကျုပ် တသက်နဲ့ တကိုယ် မကြုံဘူးတာတွေ ကြုံလာရလို့ .. လူလည်း ရူးကြောင် မူးကြောင် ဖြစ်နေတာ။ ကွမ်းဝယ်တယ်ဆိုတာက စားမလို့ မဟုတ်ပါဘူးဗျာ .. စမ်းသပ်မလို့ပါ။

ဖိုးရှုပ်။ ။ ဘယ်လိုစမ်းသပ်မှာလဲဗျ .. ခင်ဗျားက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ပြောပါဦး။

“သတင်းထောက်ကတော့ မေးခွန်းတွေစပြီ” ဟု ဘီလ်ဂိတ်က တွေးလိုက်သည်။

ဂိတ်။ ။ မြန်မာပြည်မှာ အီးကောမာ့စ် (e commerce) စတော့မယ်ဆိုလို့ လာတာလေ။ ချိုကုပ်ဒူးကြီးက ကျုပ်ကို ဖိတ်လို့ဗျ။ သူကတော့ ပြောတာပဲ .. ခင်ဗျားက ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ကြားဖူးတယ် .. လာကူညီ စမ်းပါ ဆိုတာနဲ့ လာတာ။

ကြွက်စုတ်။ ။ အဲဒီသတင်း ကျနော်တို့လည်း ကြားတာပဲဗျ။ မြန်မာပြည်မှာ ခရက်ဒစ်ကတ် မရှိ ဘာမရှိနဲ့ ဘယ်လိုလုပ် အီးကောမာ့စ် မှာလဲဗျ။ ဘဏ်စနစ်တွေကလည်း ကမောက်ကမ မဟုတ်လား။

ဂိတ်။ ။ အေးဗျ .. ဒါပေမယ့် ကျုပ်ကို ခင်ဗျားတို့ ချိုကုပ်ဒူးကြီးက အထင်ကြီးနေတာဆိုတော့ ရသလောက် လုပ်ပေးကြည့်မယ်၊ ကျုပ်အစွမ်းကို ပြမယ်ဆိုပြီးလာတာပဲ။ ဒါပေမယ့် … အဲဒီ အီး …

ထိုစဉ် ကွမ်းယာသည်တာတေက ဘီလ်ဂိတ်လက်ထဲသို့ ကွမ်း ၁၂ ယာပါသည့် အထုပ်ကလေး ထည့်ပေး လိုက်သောကြောင့် စကားစပြတ်သွားသည်။ ဘီလ်ဂိတ်က ၅၀၀ ကျပ်တန်တရွက်ပေးလိုက်သည်ရာ တာတေက ၂၀၀ တန်တရွက်နှင့် ၁၀၀ ဟု ရေးထားသော စာရွက်ပိုင်းလေး တပိုင်း ပြန်ပေးသည်။ ဘီလ်ဂိတ်က ယူလိုက်သည်။

တာတေ။ ။ ဟေး .. အားကို့တို့ ပြောတဲ့ထဲမှာ အီး ဆိုတာတွေပါတယ်၊ ညစ်ပတ်တယ်နော်။

ဖိုးရှုပ်။ ။ ဟေ့ကောင် .. အဲဒီ အီး က ညစ်ပတ်တဲ့ အီး မဟုတ်ဘူးကွ။ အီလက်ထရွန်းနစ် အီး (E) ..။ မင်းက ငါတို့ကိုတော့ ခေတ်မမီဘူးပြောတယ် .. မင်းကျတော့ ဘာမှလည်း မသိဘူး။

ဖိုးရှုပ်က ခုနက ခံထားရသည့်အတွက် တာတေ့ကို ပြန်တွယ်လိုက်သည်။

တာတေ။ ။ ချွန်ဒေါ် နားမလည်ဘူး အားကို ..။

ဖိုးရှုပ်။ ။ နားမလည်ရင် မှတ်ထား ..။ ဒီဆရာကြီးက မိုက်ခရိုဆော့ဖ် သူဌေးကြီး ..။ မင်းနားလည်အောင် ပြောရရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး၊ အချမ်းသာဆုံးထဲမှာပါတဲ့ သူဌေးကြီးကွ။ သူက မြန်မာနိုင်ငံမှာ အွန်လိုင်း စီးပွားရေး ထွန်းကားဖို့ လာကူညီတာ ..။ လူပြိန်းနားလည်အောင် ပြောရရင် .. ပိုက်ဆံ ကိုင်စရာမလိုဘဲ ဈေးဝယ်လို့ရမယ့် စနစ်ပေါ့ကွာ .. ဟဲဟဲ .. ဟုတ်တယ်နော် .. ဆရာကြီး။

ဖိုးရှုပ်က ခပ်ကြွားကြွားပြောရင်း ဘီလ်ဂိတ်ဘက်ကိုလှည့်ကာ ထောက်ခံချက် ယူလိုက်သည်။

ဂိတ်။ ။ ဟုတ် .. ဟုတ် တော့ ဟုတ်ပါတယ် .. ဒါ .. ဒါပေမယ့် .. (တွန့်ဆုတ်ထစ်အစွာ ပြန်ပြောသည်)

တာတေ။ ။ ဟားဟား .. ပိုက်ဆံမသုံးဘဲ ဈေးဝယ်တာများ အထူးအဆန်းလုပ် လာပြောနေ သေးတယ်။ ခု ချွန်ဒေါ်တို့လည်း ဒီလိုပဲ လုပ်နေတာပဲလေ ..။ ပိုက်ဆံနော် အကုန်လုံး စုတ်ပြတ်သတ်နေတယ်။ ကွမ်းယာကို လက်ဖက်ရည်နဲ့ လဲသောက်တယ်၊ စတိုးဆိုင်က ပြန်အမ်းတဲ့ ဖယောင်းတိုင် သုံး၊ လေးတိုင် ပေါင်းလိုက်ရင် ကိုယ် လိုချင်တဲ့ ပစ္စည်း ထပ်ဝယ်ချင် ဝယ်လို့ရတယ်။ အမ်းထားတဲ့ သကြားလုံးတွေစုထားရင် လိုချင်တဲ့ ပစ္စည်းနဲ့ ပြန်လဲလို့ ရတယ်။ ကော်ဖီမစ် သုံးထုပ်ပေးရင် ခေါင်းလျှော်ရည် သုံးထုပ်ရတယ် ..။ ဘာလိုချင်လဲ အကုန်ရတယ်။ အားကိုတို့ ပြောတဲ့ အီးဆိုတာကြီး မလိုဘူးနော် .. လုံးဝ မညစ်ပတ်ဘူး။ ဘာမှမအမ်းချင်ဘူးနော် .. ခု ချွန်ဒေါ် လုပ်သလို စက္ကူပေါ်မှာ စာရေးပေးလိုက် .. ကွမ်းပြန်ဝယ်လို့ရတယ် .. တာတေ့မှာနော် .. ကွမ်းယာဆိုင်ခွဲ အများကြီးပဲ။ ရန်ကုန်မှာကော မန္တလေးမှာကော .. ရှိတယ်။ ဒီလိုလုပ်နေတာ ကြာပြီ .. အီး မလိုဘူး အားကို။

ဖိုးရှုပ်။ ။ ဟာ .. အရေးထဲ ကွမ်းယာဆိုင်ကြော်ငြာက ဝင်နေသေးတယ်။ ဒီကောင်ကတော့ ခက်နေပြန်ပါပြီ .. ခင်ဗျားပဲ ရှင်းပြလိုက်ပါတော့ ဦးဘီလ်ဂိတ်ရယ်။

ဂိတ်။ ။ သူပြောတာ ဟုတ်တယ်ဗျ။ ကျုပ်လည်း မြန်မာပြည်မှာ အီး ကောမာ့စ် ဖြစ်ထွန်းဖို့ တတ်စွမ်း သလောက် ကူညီမယ်ဆိုပြီး လာတာပဲ။ ဒီရောက်တော့ ကျုပ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ခု ကျနော့်မှာ ၁၀၀ တို့ ၅၀ တို့ရေးထားတဲ့ စာရွက်တွေ အများကြီးပဲ။ ဖယောင်းတိုင်တွေ၊ ကော်ဖီမစ် ထုပ်တွေလည်း အများ ကြီးပဲ။ မြန်မာပြည်မှာ လူများစုက ဒီလိုပဲ လုပ်နေကြတာဗျ။ ဘာခရက်ဒစ်ကတ်မှ မလိုဘူး။

ကြွက်စုတ်။ ။ ဟုတ်ပါ့မလားဗျာ .. ခင်ဗျားက မလုပ်ပေးချင်တာနဲ့ဘဲ။

ဂိတ်။ ။ လုပ်ပေးလို့ရရင် လုပ်ပေးပါတယ်ဗျာ။ ကျုပ်က ဆော့ဖ်ဝဲတွေ ဘယ်လောက်လုပ်ပေးလုပ်ပေး ..၊ ဘယ်လောက်လှူလှူ၊ ဘယ်သူက သုံးမှာလဲဗျ ..။ ခင်ဗျားတို့ ခေါင်းရှောင်ကြီးတွေပဲ သုံးမယ့်ကိစ္စ ကျုပ်က ဘာလို့ လုပ်ပေးမှာလဲ။ ပြည်သူလူထုက သူ့ဟာနဲ့သူ အဆင်ပြေနေတာပဲဟာ။ ခုနည်းက ဘယ်လောက်ကောင်းလဲ .. မီးလည်း လာစရာမလိုဘူး။ အင်တာနက်မရှိလည်းရတယ်။ ကျုပ်တောင် ဒီစနစ် ပြန်သုံးကြဖို့ အိမ်ဖြူတော်ကို အကြံပေးရင်ကောင်းမလား စဉ်းစားနေတာ။ ဘာပဲဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်ကိုလည်း ချွေတာရာ ရောက်တာ ပေါ့ဗျာ။ ကျုပ်လည်း အသစ်အဆန်းတွေချည်း လုပ်ရတာ ပျင်းလာပြီ၊ တခါတလေ ကမ္ဘာဦးကို ပြန်သွားချင်တဲ့ စိတ် ပေါက်နေတာ အတော်ပဲလေ။ အဲဒါကြောင့် ခုလို တာတေတို့ဆီက နည်းနာတွေ ဆည်းပူးနေတာ။ မကြာခင် ကျုပ်မိတ်ဆွေ ကမ္ဘာကျော် ဘဏ်သူဌေးကြီးတွေလည်း လာလိမ့်မယ်။ သူတို့ကလည်း စိတ်ဝင်စားတယ်ဗျ။

တာတေ။ ။ ကဲ .. ချွန်ဒေါ် မပြောဘူးလား .. ဘာ အီး မှ မလိုပါဘူးလို့ ..။

ဦးရုက္ခစိုး။ ။ သူတို့ပြောတာ ဟုတ်သားပဲကွ ..။ မြန်မာနိုင်ငံက အီး မလိုတဲ့ နိုင်ငံပဲ။ အမြော်အမြင် ရှိလိုက်တဲ့ ချိုကုပ်ကြီးတွေ။ ထွက်သမျှဓာတ်ငွေ့တွေ ရောင်းစားတာ လက်စသတ်တော့ အီး မလိုလို့ကိုး။ လူတွေဆီက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကိုပါ ရောင်းလို့ရရင် ရောင်းဦးမလားမသိဘူး။ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ … အီးပေါက်ရင် သတိထားပေါက်နော်။ နောက်ပိုင်း ဈေးကောင်းချင်ကောင်းမှာ။

ကြွက်စုတ်။ ။ အဲဒီတော့လည်း စုထားပြီး နိုင်ငံတော်ကို ပြန်သွင်းရတာပေါ့ဗျာ။

ထိုစဉ် ကွမ်းယာသည်၏ ဘေးနားတွင် ထူထားသော “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးဆီသို့” ဟု ရေးထားသည့် ဆိုင်းဘုတ်ကြီး “ဝုန်း” ခနဲ ပြုတ်ကျလာသဖြင့် သူတို့အားလုံး လွတ်အောင် မနည်းရှောင်လိုက်ရ လေတော့သည်။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။