Thursday, July 30, 2009

Burma VJ

30JULY ဒိုင်ယာရီ

လူထုတစ်ရပ်လုံး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတွင်ပါဝင်ရန် အသင့်ရှိနေကြဟု ဗကသ စည်းရုံးရေးကော်မတီက ပြော
July 30, 2009 · Leave a Comment
၂၉ ဇူလိုင် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး

Activists Start Leaflet Distribute Campaign

နေအိမ် အကျယ်ချုပ် ဥပဒေ ချိုးဖောက် မှု ဟူသည့် စွပ်ဆွဲချက်ဖြင့်ရုံးတင်တရားစွဲဆိုခြင်းခံနေရသည့်ဒေါ်အောင်ဆန်းစုကြည် အား အမိန့် ချမှတ်ရန် ရက်ပိုင်းသာ အလိုတွင် မြန်မာ ပြည်သူလူထုတစ်ရပ် လုံးမှာ ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းကိုသာစိတ်ဝင်စားရုံသာမက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှင့် ပတ်သက်၍ မည် သည့်လွတ်မြောက်ရေးမျိုးကို မဆို ပြုလုပ်သွားရန်
အစီအစဉ်ရှိကြောင်း ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် (ဗကသ) စည်းရုံးရေးကော် မတီ (ရန်ကုန်)မှ ကိုလှနိုင် က Freedom News Group သို့ ပြောသည်။“လူတွေ ရဲ့ ခံစားချက် က ၂၀၀၇ တုန်းက လောင်စာဆီဈေးနှုန်း တက်လိုက် တုန်းက လို မဟုတ်
တော့ဘူး အရမ်းခံပြင်းမှု တွေ ပါဖြစ်ကုန်ကြပြီ ဒေါ်စု ကို ဖမ်းပြီးထောင်ချဖို့ လဲ လုပ်သေးတယ် သူ့ ပိုင်ဆိုင်တဲ့မြေ ကိုလည်း ထက်ဝက် ရောင်း လိုက် သေးတယ် ဆိုတော့ လူတွေ ကတော်တော် ပေါက်ကွဲနေကြပြီ ”ဟု ကိုလှနိုင် ကဆက်၍ ပြောသည်။

ယနေ့ (ကြာသပတေးနေ့ ) ရန်ကုန် မြို့ တွင် လုံခြုံရေးတင်းကျပ်စွာချထားပြီး လူငယ် အဖွဲ့ အစည်းများ မှ လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် လှုံဆော်စာများ နေရာ အနှံ ဝေငှ သည် ဆိုသောကြောင့် နေရာ အနှံ တွင် လုံခြုံရေး ၀န်ထမ်း များသာ မက အစိုးရရုံးဝန်ထမ်းများပါ ၎င်း တို့  နှင့် သက် ဆိုင် သည့် အလုပ် မဟုတ်ပဲ စောင့်ကြပ်နေရသည် ဟုသိရသည်။

ဘားလမ်း ရှိ မြန်မာ့ စီးပွားရေး ဘဏ်ဝန်ထမ်း တစ်ဦးက မူ ပန်းဆိုးတန်း ဘဏ်နားမှ စာဝေ သွားတယ် ဆိုလို့  ညွှန်မှုးက လုံခြုံရေး တာဝန် ယူခိုင်းထားလို့ ထွက်စောင့် နေရတယ်ဗျာ ၊ကျွန်တော်နဲ့ ဘာမှ ဆိုင်တာ မဟုတ်ဘူး ကျွန်တော် က ဘဏ်စာရေးပါ ဗျာ ရဲ မှ မဟုတ်တာ” ဟုသူက ညည်းညူပြောကြားသည်။

မိုးများသည်းသည်းမည်းမည်းရွာနေ သော ယနေ့ ညနေ ရန်ကုန် မြို့ မှ တိတ်ဆိတ် ခြောက်ကပ်လျှက်ရှိပြီး ၃၈ လမ်းဈေးမှ ဈေးသည် တစ်ဦးကမူ “ဒီနေ့ ပဲ အိတ်ဆောင် လှိုင်းတိုရေဒီယို လေး ၀ယ်လိုက်တယ် ဒေါ်စု သတင်း သိချင် လို့ ”ဟု သူ့ ဆန္ဒ ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရ မှ ထောင်ဒဏ်ချမှတ်ခဲ့ပါ က စစ်အစိုးရ အနေဖြင့် မျှော်လင့် မထားသည့် အကျိုးဆက် များကို ကြုံတွေ့ ရမည် ဟု ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည် ကို အကြောင်းပြု၍ ဆူပူဆန္ဒပြမှု များ မလုပ်ရန် စစ်အစိုးရ သတိပေး

၃၁ ဇူလိုင် ရန်ကုန်၊ ၊ယူကွန်
Myanmar warns against protests ahead of trial verdict

ဇူလိုင်လ ၃၁ ရက် သောကြာနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးမှ စီရင်ချက် ချမှတ်မည့် တစ် ရက် အလို ကြာသပတေးနေ့ ထုတ် မြန်မာ သတင်းစာများတွင် ဆူပူလှုပ်ရှား မှု များ မပြုလုပ်ကြရန် ပြင်းထန် စွာသတိ ပေးထားသည်။ယနေ့ ထုတ်မြန်မာ့ အလင်းသတင်းစာ တွင် “လမ်းပေါ်တွင် ဆူပူဆန္ဒပြမှုများမှ တစ်ဆင့် နိုင်ငံရေးအာဏာ ရရှိရန် လုပ်ဆောင်သူမျာကို ဒီမိုကရေစီ လိုလားသူများ ဟု မခေါ်ဆို နိုင်ကြောင်း နှင့် ၎င်းတို့ ၏ လုပ်ဆောင်မှုများသည် လည်း ဒီမိုကရေစီ ကို သွေဖည် သော မင်းမဲ့စရိုက် ဆန်သည့် လုပ်ဆောင် မှုမျိုးသာ ဖြစ်သည် ဟု ထည့် သွင်းဖေါ်ပြထားသည်။ဒေါ်စု အားစီရင် ချက်ချမှတ် ရန် တစ်ရက် အလိုတွင် ရန်ကုန် မြို့ အနှံ့ စစ်တပ် နှင့် ရဲ အပါအ၀င် ကြံ့ဖွတ်၊စွမ်းအားရှင် အစရှိသည့် လုံခြုံရေး အင်အားကို လည်း တိုး မြှင့်ချထားသည်။ရန်ကုန် မြို့ တော်ခန်းမရှေ့ ၊ရွှေဂုံတိုင် ၊မြေနီကုန်း နှင့် သမိုင်း လမ်းဆုံစသည့် နေရာများတွင် အနည်းဆုံး စစ်ကား နှင့် ရဲကာ ငါးစီးခန့် ကို အများမြင်သာသောနေ ရာများတွင် အဆင်သင့် စောင့်ခိုင်းထားသည် ကို တွေ့ ရသည် ဟု ရန်ကုန် စည်ပင် သာယာဝန်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။
ယမန်နေ့ ထုတ်မြန်မာ့ အလင်းသတင်းစာ တွင် လည်း ဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် ချမှတ်မည့်အမိိန့် ကို ခန့် မှန်းပြောဆိုခြင်းသည် တရားရုံးကို မထီမဲ့မြင် ပြုရာရောက်သည် ဟုဆိုသည်။



တိုင်းရင်းသားဘာသာဖြင့် ရေဒီယိုလိုင်းအသစ် နေပြည်တော်မှ ထုတ်လွှင့်
ဝီရ / ၃၀ ဇူလိုင် ၂၀၀၉


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပညာပေးအစီအစဉ်များနှင့် စည်းရုံးရေးဆိုင်ရာ စစ်အစိုးရအာဘော်များကို တိုင်းရင်းသား ဘာသာစကားများဖြင့် ထုတ်လွှင့်သည့် ရေဒီယိုလိုင်းသစ်တခုကို ယခုတပတ်အတွင်း စတင် တင်ဆက်နေသည်။

ယခုထုတ်လွှင့်နေသည့် ရေဒီယိုလိုင်းသစ်ကို နေပြည်တော် တိုင်းရင်းသားရေဒီယိုဟုသာ ကြေညာထားပြီး တိုင်းရင်းသားလူမျိုး တမျိုးစီအတွက် တရက်လျှင် အနည်းဆုံး တနာရီစီ အသံလွှင့်နေကြောင်း မော်လမြိုင်မြို့ခံတဦးက ပြောသည်။

၎င်းက “မွန်ဘာသာအတွက် မနက်ပိုင်းဆိုရင် (၆) နာရီခွဲကနေ (၇) နာရီခွဲအထိ လွှင့်နေတယ်။ ညနေပိုင်း (၅) နာရီကနေ (၆) နာရီအထိက ဘာသာတမျိုးစီ အလှည့်ကျ ထုတ်လွှင့်သေးတယ်။ ခေတ်ပေါ်တိုင်းရင်းသားသီချင်း (၃) ပုဒ်၊ (၄) ပုဒ်ရယ်။ စစ်အစိုးရရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲအတွက် စည်းရုံးရေး၊ ပညာပေးတာနဲ့ဆိုင်တဲ့ ဆောင်းပါးအာဘော်တွေကို မွန်ဘာသာနဲ့ ထုတ်လွှင့်နေတယ်။ ကျနော် သတိထားမိတာက ဒီအပတ် တနင်္လာနေ့ကမှ စတာ” ဟု ပြောသည်။

ယခုလွှင့်သည့် ရေဒီယိုအစီအစဉ်သစ်သည် ပိတောက်မြေနှင့် နေပြည်တော်မြန်မာအသံတို့ ထုတ်လွှင့်နေသည့် စစ်အစိုးရ အာဘော်များအား တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်လွှင့်ခြင်းဖြစ်သည်။

အစီအစဉ်များထဲတွင် တိုင်းရင်းသားဘာသာစကားဖြင့် သီချင်းတောင်းဆိုနိုင်သောကြောင့် စိတ်ဝင်စားသူ များပြားကြောင်း မုဒုံမြို့နယ်မှ ရွာသားတဦးက ပြောသည်။

၎င်းက “အခု သူတို့လွှင့်နေတာက တိုင်းရင်းသားအသံ သက်သက်ဆိုတော့ ဒီအနားတဝိုက်က ရွာတိုင်းက နားထောင်နေကြတယ်။ ပြီးတော့ သီချင်းတွေကိုလည်း တောင်းဆိုနိုင်သေးတယ်။ နေပြည်တော်က သီချင်းတောင်းနိုင်တဲ့ ဖုန်းနံပါတ်တွေကိုပါ ကြေညာပေးထားတော့ တိုင်းရင်းသားဘာသာနဲ့ပဲ တောင်းဆိုရတယ်။ တိုက်ရိုက်မဟုတ်ပေမယ့် ဘယ်ရွာ၊ ဘယ်နယ်က၊ ဘယ်သူက တောင်းဆိုတယ်ဆိုတာပါ ကြေညာပေးတော့ လူငယ်တွေလည်း စိတ်ဝင်စားကြတယ်။ သီချင်းထုတ်လွှင့်တဲ့ အပိုင်းကိုပေါ့။ ကျန်တဲ့ပညာပေးတာတို့၊ ရွေးကောက်ပွဲအကြောင်းတွေကို စိတ်ဝင်စားသူက နည်းတယ်။ အဲဒီအထဲက ကျနော်ကြိုက်တဲ့ အစီအစဉ်တခုက မိုးလေဝသ ကြေညာချက်ပါ။ တိုင်းရင်းသားစကားနဲ့ ကြေညာပေးတာ” ဟု ပြောသည်။

နေပြည်တော် တိုင်းရင်းသားရေဒီယိုလိုင်းသစ်အား နေပြည်တော် မြန်မာအသံနှင့် ပိတောက်မြေ ရေဒီယိုတို့ကဲ့သို့ ထုတ်လွှင့်နေသည့် လှိုင်းတိုမီတာနှင့် လှိုင်းလတ်မီတာတို့တွင် နားဆင်နိုင်သည်။

အဆိုပါနေပြည်တော် တိုင်းရင်းသားရေဒီယိုလိုင်းသစ်အား ၂၀၀၉ ခုနှစ် ဇူလိုင်လ အစောပိုင်းကတည်းက စမ်းသပ်ကာလအဖြစ် စတည်ထုတ်လွှင့်ခဲ့ပြီး တိုင်းရင်းသားလူမျိုးတမျိုးစီအတွက် ဌာနေစကားတတ်မြောက်သူ ဘွဲ့ရ (၄) ဦးစီ ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း MRTV4 အစီအစဉ်အား ထုတ်လွှင့်နေသည့် Forever Group ကုမ္ပဏီမှ ဝန်ထမ်းတဦးက အတည်ပြု ပြောကြားသည်။

နေပြည်တော် မြန်မာအသံကို ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်ထုတ်လွှင့်ခဲ့ပြီး ပိတောက်မြေ ရေဒီယိုအစီအစဉ်ကိုလည်း နေပြည်တော် မြန်မာအသံမှ ထုတ်လွှင့်နေသည့် လှိုင်းလတ်မီတာတွင်ပင် တထပ်တည်း ထုတ်လွှင့်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားသီချင်းများ ထုတ်လွှင့်သည့် FM ရေဒီယိုလိုင်းသစ်များအနေဖြင့် ပဉ္စဝတီ (ရခိုင်ပြည်နယ်)အား စတင်ထုတ်လွှင့်ခဲ့ပြီး ရွှေ FM (မြန်မာပြည်တောင်ပိုင်း) နှင့် ချယ်ရီ FM (တောင်ကြီး) တို့အား ထုတ်လွှင့်နိုင်ရန် စိုင်းပြင်းနေကြောင်း သိရသည်။



ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်
ဖနိဒါ
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 20 နာရီ 56 မိနစ်


ချင်းမိုင်(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ အိမ်ခြံဝင်းတွင်းမှ မြေကွက်တခုကို ရောင်းချသည့်အပေါ် ကန့်ကွက်ထားသည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

“ကြော်ငြာထဲပါတဲ့ ရှေ့နေနှစ်ဦးဆီကို အကြောင်းကြားထားတယ်။ ဒီကိစ္စက ရောင်းပိုင်ခွင့်မရှိဘူး။ ဒီခြံတွေဟာ ကျနော်တို့ အမှုသည်ရဲ့ လက်ဝယ်မှာပဲ ရှိတယ်။ ရောင်းတာ မလုပ်နိုင်ဘူး။ ကန့်ကွက်တဲ့စာ ပို့ထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေနေ့လည်းဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့အား ရောင်းလိုက်ပြီး ဖြစ်သဖြင့် ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ယခုလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

ဗဟန်းမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ၊ ၄၄ စီနှင့် ၆၄ စီ) မြေဧရိယာ ၉.၂၃ မှ မခွဲမစိတ်သေးသည့် အစိတ်အပိုင်း (အလျား ၁၀၀၊ အနံ ၇၀) အကျယ်ရှိ မြေကွက်ကို ဦးခင်မောင်အေးမှ ရောင်းချပြီး ဖြစ်သဖြင့် ကန်ကွက်နိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ကြေညာပြီး နောက်ရက်တွင် ဦးခင်မောင်အေး၏ ကွာရှင်းပြတ်စဲခြင်းမရှိသေးသော ဇနီးဖြစ်သူ ဒေါ်တင်တင်ဦးက မြေကွက်နှင့် ဆောက်လုပ်ဆဲ အဆောက်အဥိကို ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။

ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။

အထက်တန်း အမျိုးသမီးရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင် တို့က “လွှဲအပ်ညွှန်ကြားချက် အရ” ဟု ဆိုပြီး ကန့်ကွက်နိုင်ကြောင်း ကြေငြာစာတွင် ဖော်ပြထားသော်လည်း ဝယ်ယူသူ၏ အမည်ကိုမူ ဖော်ပြထားခြင်း မရှိပါ။

“အခုရောင်းမယ်ဆိုတာက အဲဒီခြံထဲက မခွဲမစိတ်ရသေးတဲ့ အပိုင်းတွေ ဖြစ်တယ်။ အခုလို ဝယ်တဲ့ လူနာမည်လဲမပါဘူး။ လျို့ဝှက်ထားတယ်။ ဒီအခြေအနေမှာ ဒီလိုသုံးလာတော့ ကျနော်တို့ သိပ်စိုးရိမ်လာတယ်။ ဘယ်လို ဆက်လုပ်မယ်ဆိုတာ အသေးစိတ်တော့ ပြောခွင့်မရှိသေးဘူး။ အစီစဉ်တော့ ရှိတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ယခုကဲ့သို့ မြေကွက်ရောင်းချကြောင်းကြော်ငြာပေါ်ထွက်လာချိန်သည် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ပြီး တရားစွဲဆို စစ်ဆေးနေချိန်နှင့် တိုက်ဆိုင်နေသည်။

၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦး ကလည်း အမွေရယူထိုက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့ဖူးသည်။











မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးဖြစ်သူ (၁၀) ဦးရှိပြီ
NEJ / ၃၀ ဇူလိုင် ၂၀၀၉


မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးရောဂါဝေဒရှင် (၁၀) ဦးရှိပြီဟု ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းမီဒီယာများက ဖော်ပြသည်။

(၁၀) ဦးမြောက် ရောဂါဖြစ်ပွားသူမှာ ဇူလိုင် (၂၀) ရက်တွင် MI-512 ဖြင့် ရောက်ရှိလာသူ အသက် (၅၇) နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း သိရသည်။

ဇူလိုင် (၂၉) ရက်ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြချက်အရ ဇူလိုင်လ (၂၀) ရက်က မြန်မာနိုင်ငံသို့  ထိုင်းလေကြောင်းလိုင်း အမှတ် TG-303 ဖြင့် ရောက်ရှိလာသော အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတဦးနှင့် ဇူလိုင် (၂၇) ရက်က လေကြောင်းလိုင်း ခရီးစဉ်အမှတ် 8M-502 ဖြင့် မလေးရှားနိုင်ငံမှ ပြန်ရောက်လာသူတို့တွင်လည်း အဆိုပါတုပ်ကွေးရောဂါ တွေ့ရှိကြောင်း ဖော်ပြသည်။

မလေးရှားနိုင်ငံမှ ပြန်ရောက်လာသူ အမျိုးသားနှင့်အတူ လေယာဉ်စီးခရီးသည် (၉၄) ဦးကို တုပ်ကွေးရောဂါ လက္ခဏာ ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ယမန်နေ့ထုတ် သတင်းစာတွင် ဖော်ပြပြီး အမျိုးသမီးနှင့်အတူ လေယာဉ်စီးခရီးသည်များကို စောင့်ကြပ်ကြည့်ရှုနေကြောင်းကိုမူ မဖော်ပြထားပေ။

ယခုတိုင် ရောဂါဖြစ်ပွားသူ (၁၀) ဦးရှိပြီး (၄) ဦးမှာ ရောဂါပျောက်ကင်းပြီဖြစ်သဖြင့် ဆေးရုံက ဆင်းခွင့်ပေးလိုက်ကြောင်း၊ ကျန် လူနာ (၆) ဦးကို အထူးကြပ်မတ်စောင့်ရှောက်လျက်ရှိကြောင်း သတင်းစာတွင် ဖော်ပြသည်။

လူနာများကို ဝေဘာဂီ အထူးကုဆေးရုံ သီးသန့်လူနာကုသခန်းတွင် ထားရှိကုသပေးနေကြောင်း သိရပြီး ကမ္ဘာ့လူတုပ်ကွေးရောဂါပိုးဟု သံသယရှိသူ ပေါင်း (၁၀၇) ဦးကို ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနက စမ်းသပ်စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသူ (၁၀) ဦးသာ ဖြစ်သည်ဟု ဖော်ပြသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်လည်း တုပ်ကွေးရောဂါ ဖြစ်ပွားနေသူများကို ကုသပေးလျက်ရှိသည်ဟု တာဝန်ကျ ဆေးဝန်ထမ်း တဦးက ပြောသည်။

ရန်ကုန်တိုင်း ဒလမြို့ပေါ် မြို့သစ်ရပ်ကွက်၌လည်း ပြည်ပမှ ပြန်ရောက်ရှိလာသူ (၁) ဦး ပြင်းထန်စွာ ဖျားနေသည့်အတွက် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဒလမြို့ခံတဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့က ပို့လိုက်တာပါ။ အဲဒီလူက အသက် (၃၅) နှစ်လောက်ရှိပြီဗျ။ သူက သင်္ဘောသား၊ အဲဒီလူနဲ့ ပတ်သက်တာတော့ သတင်းစာထဲမှာ မပါဘူး။ ကျနော်တို့မျက်မြင်ပဲ။ ဒါမျိုးတွေ အများကြီးပဲနေမှာ” ဟု ဒလမြို့ခံက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ယင်းရောဂါ ကူးစက်ခံရသူသည် စင်ကာပူနိုင်ငံမှ ပြန်ရောက်လာသည့် (၁၃) နှစ်အရွယ် မိန်းကလေးဖြစ်ကြောင်း စစ်အစိုးရမီဒီယာများက ဖော်ပြခဲ့သည်။



စာပေဟောပြောပွဲတက်ရန် ရပ်ကွက်လူထုကို ဖိအားပေး
မင်းနိုင်သူ / ၃၀ ဇူလိုင် ၂၀၀၉


ရန်ကုန်တိုင်း၌ ယခုရက်ပိုင်းအတွင်း စာပေဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာရယကများက စာပေဟောပြောပွဲသို့ တက်ရောက်ရန် ရပ်ကွက်လူထုအား ဖိအားပေးမှုများရှိသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

“ဒီမှာတော့ ဇူလိုင် (၂၆) ရက်က လာလုပ်သွားပြီ။ တရပ်ကွက်ကို အနည်းဆုံး (၁၅) ယောက်နှုန်း မတက်မနေရတက်ရမယ်လို့ မယက က ရယကကို ဖိအားပေးတဲ့အတွက် ရယက က ရပ်ကွက်က လူတွေကို တဆင့်ဖိအားပေးတက်ခိုင်းပေမယ့် မသွားကြပါ ဘူး။ နောက်ဆုံးတော့ ကြံ့ဖွံ့အသင်းဝင်တွေနဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းဝင်တွေပဲ ဟောပြောပွဲ တက်လာကြတာ တွေ့ရတယ်” ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူ အင်းစိန်မြို့ခံတဦးက ပြောသည်။

အဆိုပါ စာပေဟောပြောပွဲများကို ရန်ကုန်တိုင်း တယကရုံး၏ ညွှန်ကြားမှုအရ စာပေနှင့်စာနယ်ဇင်းအဖွဲ့က စီစဉ်ပေးခဲ့ရကာ ရန်ကုန်တိုင်း (၁၁) မြို့နယ်အတွင်း စာပေဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း စာနယ်ဇင်းဆရာတဦးက ပြောသည်။

၎င်းက “စာပေစာနယ်ဇင်းကို ခေါင်းတပ်တယ်။ တကယ်တမ်းလုပ်တာက စစ်ဌာနချုပ်ရဲ့ ညွှန်ကြားမှုအရ ရန်ကုန် တယက ကလုပ်တာလို့ သိထားရတယ်။ ဟောရမယ့် စာရေးဆရာတွေကိုလည်း ဘယ်မြို့နယ်မှာ ဘယ်သူ့ကိုဖိတ်ပြီး ဟောခိုင်းရမယ်ဆိုတာ သူတို့ကပဲ ရှာပေးပြီးသား။ ချစ်နိုင် (စိတ်ပညာ)၊ ကောင်းသန့်၊ ချစ်ဦးညို၊ လယ်တွင်းသားစောချစ်၊ ဒေါက်တာမတင်ဝင်း၊ ချစ်စံဝင်း အဲလိုမျိုး သူတို့လိုချင်တဲ့ စာရေးဆရာတွေကို စာပေစာနယ်ဇင်းအဖွဲ့ကတဆင့် ခေါ်ခိုင်းထားပြီးသား” ဟု ရှင်းပြသည်။

ရန်ကုန် တယကရုံးက ဟောပြောသည့် စာရေးဆရာတဦးလျှင် (၅၀,၀၀၀) ကျပ်ပေးအပ်ကာ သက်ဆိုင်ရာမြို့နယ်များမှလည်း မိမိတို့ဘာသာ ရန်ပုံငွေရှာကြံ၍ လက်ဆောင်ပစ္စည်းများထပ်ပေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။

ထိုကဲ့သို့ စာပေဆိုင်ရာ ဟောပြောချက်များ ဟောပြောပေးရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့က မိမိကို အကြောင်းကြားခဲ့ကြောင်း စာရေးဆရာ ချစ်ဦးညိုက ပြောသည်။

“ကျနော် သုံးပွဲဟောခဲ့ရပြီးပါပြီ။ ကျနော်ကတော့ အနုပညာဆိုင်ရာ ကိစ္စရပ်တွေကိုပဲ ဟောပြောခဲ့တာပါ။ အဓိကစီစဉ်တာ ဘယ်သူတွေဆိုတာ ကျနော်မသိပါဘူး။ ကျနော့်ကို စာနယ်ဇင်းအဖွဲ့က ဖိတ်ကြားလို့ သွားရတာပါ။ စာပေပရိသတ်လို့ပဲ မှတ်ယူပြီး ဟောခဲ့တာပါပဲ” ဟု စာရေးဆရာချစ်ဦးညိုက ပြောသည်။

အင်းစိန်မြို့နယ်သို့ လာရောက်ဟောပြောခဲ့ကြသော စာရေးဆရာအချို့ကမူ မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး ဟောပြောသယောင်ဖြင့် စစ်အစိုးရ မူဝါဒကို ထောက်ခံသင့်သည်ဟူသော သဘောမျိုးသက်ရောက်အောင် ဟောခဲ့သည်ဟု အင်းစိန်မြို့ခံက ပြောသည်။

“စာရေးဆရာတွေဆိုတော့ သိတဲ့အတိုင်းပဲလေ။ ကွေ့ကာ၊ ၀ှိုက်ကာနဲ့ ပြောတတ်လိုက်ကြတာ။ တပ်ထွက် စာရေးဆရာတွေ ပိုဆိုးသေး။ သူတို့မှပဲ အမျိုးချစ်တတ်သလိုလိုနဲ့ ဟောပြောသွားတာ” ဟု ၎င်းက ပြောသည်။

လာမည့် သြဂုတ်လ (၂) ရက်တွင်လည်း မှော်ဘီမြို့နယ်၌ စာပေဟောပြောပွဲကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။



လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ
နန်းဒေဝီ
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 20 နာရီ 31 မိနစ်


နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံတွင် အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးကာ အကျဉ်းထောင်များမှ ပြန်လွှတ်ပေးပါက အထိန်းသိမ်းခံ စစ်ထောက်လှမ်းရေးများ ပါဝင်လာဖွယ်ရှိကြောင်း တပ်တွင်း သတင်းတရပ်က ဆိုသည်။

ယခုလအတွင်း ကုလလုံခြုံရေး ကောင်စီတွင် အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ပြောဆိုသည်ကို မြန်မာကိုယ်စားလှယ် ဦးကျော်တင့်ဆွေက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု တုံ့ပြန် ပြောဆိုခဲ့ပြီးနောက် ယခုသတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ စည်းမျဉ်းများ သို့မဟုတ် ၂၀၁၀ ရွေးကောက်ပွဲ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ပြီး၊ ထိုအထဲတွင် စစ်ထောက်လှမ်းရေး အရာရှိများ ပါဝင်မည်ဖြစ်ကြောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ကို နေအိမ်အကျယ်ချုပ် ဆက်ထားဖွယ်ရှိကြောင်း သတင်းက ဆိုသည်။

၂၀၀၄ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး၊ သူနှင့်အတူ စစ်ထောက်လှမ်းရေး အရာရှိ အများအပြား အဖမ်းခံခဲ့ရသည်။

စစ်အစိုးရက ၂၀၀၈ ခု စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကျဉ်းသားပေါင်း ၉၀၀၂ ဦး ပြန်လွှတ်ပေးခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ၆၃၁၃ ဦး လွှတ်ပေးခဲ့သည်။ သို့သော် နိုင်ငံရေး အကျဉ်းသားမှာ အနည်းငယ်သာ ပါဝင်ခဲ့သည်။

ကုလဆိုင်ရာ မြန်မာသံအမတ် ဦးသန်းဆွေက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာဖြစ်ကြောင်း ဇူလိုင်လ ဒုတိယပတ်အတွင်း နယူးယောက်တွင် သံတမန်များကို ပြောသည်။

”(ကုလ) အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်နဲ့ မြန်မာအစိုးရဟာ လူသားချင်း စာနာထောက်ထားပြီးတော့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာဖြစ်ပါတယ်” ဟု ဦးသန်းဆွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြောခဲ့သည်။



ရေဘေးသင့်ဖားကန့်မြို့ ဆင်ခြေဖုံးရပ်ကွက်အား
နေရာရွှေ့ပြောင်းခိုင်း
NEJ / ၃၀ ဇူလိုင် ၂၀၀၉


ယခုလ (၄) ရက်နှင့် (၅) ရက်က ရေကြီးမြေပြိုမှုဖြစ်ခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ဖားကန့်မြို့ ဆင်ခြေဖုံး ရပ်ကွက်ဖြစ်သည့် ကာလီချောင်ရပ်ကွက်မှ နေအိမ် (၇ဝ) ကျော်အား မြို့နယ်စည်ပင်သာယာက မကြာသေးမီရက်ပိုင်းအတွင်း၌ နေရာရွှေ့ပြောင်းခိုင်းနေသည်။

ကာလီချောင် ချောင်းဘေးအနီးနားရှိ နေအိမ်များအား ရေဘေးလွတ်ရန်ဟုအကြောင်းပြ ပြောင်းရွှေ့ခိုင်းထားပြီး မည်သည့်နေရာသို့ ပြောင်းရွှေ့ပေးရမည်ဆိုသည်ကိုမူ နေရာချမပေးသည့်အတွက် နေအိမ်ပိုင်ရှင်များက မကျေမနပ် ဖြစ်နေကြကြောင်း ဖားကန့်ဒေသခံတဦးက ပြောသည်။

“မိုးတွင်း ရေကြီး၊ ရေတက်လာရင် နည်းနည်းပါးပါး ရေဝင်တာတော့ ရှိတယ်။ အခုလို ဆိုးဆိုးဝါးဝါး ဖြစ်ဖူးတာမဟုတ်ဘူး။ အခုဖြစ်သွားတာက ဖားကန့်မြို့ကို ရေပေးနေတဲ့ တစ်သုံးလုံးကုမ္ပဏီက ရေကန်ဖောက်ချလိုက်လို့ ဖြစ်သွားတာ။ အဲလိုရွှေ့ရမှာကို ဘယ်သူမှ မကျေနပ်ကြဘူး။ အခုလည်း မရွှေ့ကြသေးဘူး။ သူတို့ဘက်က ဘယ်လိုလုပ်လာမလဲတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

ယခင် မဆလခေတ်ကတည်းကစ၍ ဖားကန့်ဒေသအတွင်း အနယ်နယ်အရပ်ရပ်မှ အခြေချ စီးပွားလာရှာကြသူများ များပြားလာသည့်နှင့်အမျှ ကာလီချောင်ရပ်ကွက် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အိုးအိမ်တိုက်တာ အဆောက်အဦ ကြီးကြီးမားမားမရှိသော်လည်း လူအတော်များများမှာ ဆယ်စုနှစ်အတော်ကြာ အခြေချလာခဲ့သူများဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

၎င်းက “မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာတွေ ရနိုင်တဲ့နေရာဆိုပြီး နာမည်ကြီးခဲ့တာ။ အခုရွှေ့ရမယ့်အိမ်တွေက ကချင်အိမ်တွေ များတယ်။ ချောင်းဘေးမှာ ရှိတဲ့ဟာတွေ၊ ရေကြီးတုန်းကလည်း အပျက်အစီးတော့ ရှိတာပေါ့။ နည်းနည်းပါးပါး ပြန်ပြင်ပြီး နေနေကြတာ။ အဲဒါကို ရွှေ့ခိုင်းတာက လာမယ့်ဆောင်းရာသီ ကျင်းတွေပြန်စရင် လုပ်ကွက်ဖော်ဖို့ဆိုပြီး အားလုံးက တွက်နေကြတယ်။ မတူးရသေးတဲ့ မြေမှန်တွေ ရှိသေးတယ်လေ။ အရင်က ဖြတ်ထား၊ ခွဲထားတဲ့ ကျောက်အစအန၊ အပဲ့တွေက ဒီဒေသက အိမ်တိုင်းလိုလိုရဲ့ မြေအောက်တွေထဲမှာ ရှိနေတာ။ ဟိုတုန်းက အဖိုးမတန်ဘူးပေါ့။ အခုတော့ အဲဒါတွေလည်း ရောင်းလို့ရနေပြီ” ဟု ပြောသည်။

မကြာသေးသည့် နှစ်ပိုင်းများကလည်း ဖားကန့်ဒေသအတွင်းမှ ဝေခါကျေးရွာအပါအဝင် ကျေးရွာ၊ ရပ်ကွက်များအား စစ်တပ်ဖြင့် အတင်းအဓမ္မရွှေ့ပြောင်းခိုင်းပြီး နအဖစစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများအား ကျောက်တူးဖော်ခွင့် လုပ်ကွက်များ ချပေးခဲ့သည်။



မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှု
အမေရိကန်သမ္မတ သက်တမ်းတိုး
NEJ / ၃၀ ဇူလိုင် ၂၀၀၉


အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံအပေါ်ပြဋ္ဌာန်းထားသည့် ၂၀၀၃ ခုနှစ် မြန်မာ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို ဇူလိုင် (၂၈) ရက်တွင် လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်သည်။

အဆိုပါဥပဒေအရ မြန်မာနိုင်ငံမှ ပို့ကုန်များအပြင် ကျောက်မျက်ရတနာများကို နောက်ထပ် (၃) နှစ် အမေရိကန်နိုင်ငံတွင်းသို့ အ၀င်မခံဘဲ ပိတ်ဆို့တားမြစ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ သွင်းကုန်များကို ပိတ်ဆို့အရေးယူသည့် အဆိုပါဥပဒေကို သက်တမ်းတိုးရန် ဇူလိုင် (၂၁) ရက်တွင် အောက်လွှတ်တော်အမတ်များက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်။

ယခုဥပဒေကို စတင်တင်သွင်းခဲ့သူ ဒီမိုကရက်တစ်လွှတ်တော်အမတ် ဂျိုးဆက် ခရိုလီက မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရကို ၎င်းတို့လုပ်ရပ်များနောက်တွင် အကျိုးဆက်များရှိသည်ကို ပြသရမည်ဟု ပြောကြားခဲ့သည်။

စစ်အစိုးရက ပြည်သူလူထုအပေါ် ရက်စက်ဖိနှိပ်မှုကြောင့် အဓိကဒုက္ခသည်ပြဿနာများ ပေါ်ပေါက်ခဲ့ရသည့်အပေါ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မကြာသေးခင်က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း၌လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရရှိခဲ့သည့်အပေါ်တွင်လည်း မစ္စတာ ခရိုလီက ပြစ်တင်ရှုတ်ချလိုက်ပါသည်။

အမေရိကန် လွှတ်တော်အမတ်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် ဖိအားပေးနေကြခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စယက်တော ရေကူးဝင်ရောက်ခဲ့ကာ (၂) ရက်ကြာ နေထိုင်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုခဲ့ပြီး အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားခဲ့သည်။ မနက်ဖြန် ဇူလိုင် (၃၁) တွင် ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည် ဖြစ်ပြီး ယခုအမှုအတွက် ထောင်ဒဏ် (၅) နှစ်အထိ ချမှတ်ခံရဖွယ်ရှိသည်။



မြန်မာနိုင်ငံတွင် A (H1N1) ကူးစက်မှု ပိုများနိုင်ဟု ကျွမ်းကျင်သူများပြော
နန်းဒေဝီ
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 20 နာရီ 16 မိနစ်


နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးဖြစ်ပွားသူ ၁၀ ဦးရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော်လည်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ညံ့ဖျင်းလှသဖြင့် ကျေးလက်ဒေသများတွင် ရောဂါကူးစက်ရန် အခွင့်အလမ်း ပိုများနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

“ကျန်းမာရေး စောင့်ရှောက်မှုစနစ် မရှိတာက မြန်မာနိုင်ငံမှာ သာမန် အခြေအနေလို ဖြစ်နေတယ်။ အဲဒီလို နေရာတွေမှာ ရောဂါ တားဆီးနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ပိုပြီး စိုးရိမ်ရတာက ဒီရောဂါ ဆေးမတိုးတာမျိုး ဖြစ်လာမှာကိုပဲ” ဟု ထိုင်းနိုင်ငံ John Hopkins Bloomberg ကျောင်းမှ လူထုကျန်းမာရေး သုတေသနနှင့် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန် ဒေါက်တာ ဗိုရဗစ် ဆူဝမ်ဗနိကီ (Dr.Voravit Suwanvanichkij) က မဇ္ဈိမကို ပြောသည်။

ရန်ကုန် နိုင်ငံတကာ လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် တုပ်ကွေးဖြစ်ပွားမှု စစ်ဆေးစောင့်ကြည်မှုများ ပြုလုပ်ထားသည်ဟု အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ နယ်စပ်ဒေသ စစ်ဆေးရေး စခန်းများတွင် လူပေါင်း ၁ သန်း ၉ သိန်းကျော်ကို ဧပြီလ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ရောဂါရှိမရှိ စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ယနေ့ထုတ် မြန်မာ့အလင်းတွင် မြန်မာနိုင်ငံတွင် A (H1N1) ကူးစက်ခံရသူပေါင်း ၁၀ ဦး ရှိပြီဟု ဆိုသည်။ သို့သော် ထုတ်ပြန်ချက်များအရ လူတုပ်ကွေးဖြစ်ပွားသူ အားလုံးမှာ လေကြောင်းခရီးဖြင့် နိုင်ငံခြားမှ ပြန်လာသူများသာ ဖြစ်နေသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးခန်းတခုမှ ဝါရင့်ဆရာဝန်တဦးက “အဲဒီဒေသတွေမှာ မသိလိုက်ဘဲနဲ့ ရောဂါကူးစက်တာတွေ ရှိနိုင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု မရှိတဲ့ဒေသတွေမှာ ကူးစက်နှုန်းက အခွင့်အလမ်း ပိုများတာပေါ့။ ကူးစက်နှုန်းက မြန်တော့ ရှိနိုင်ပါတယ်” ဟု ပြောသည်။

“ရောဂါဖြစ်တဲ့အပေါ် စိုးရိမ်စရာဆိုတာကတော့ မဟုတ်ဘဲနဲ့ ဒီ့ထက် ပိုတောင် တိုးလာအုံးမယ်လို့ ကျနော် စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျန်တဲ့နိုင်ငံတွေမှာတောင် လူအများကြီး ဖြစ်နေကြပြီလေ” ဟု သူက ပြောသည်။

ပုံမှန်အားဖြင့် အများပြည်သူများ အထိတ်တလန့် ဖြစ်စေနိုင်သော သတင်းဆိုးများဟုဆိုကာ အမှောင်ချလေ့ရှိသော်လည်း A (H1N1) ကူးစက်ခံရမှု အခြေအနေကို အာဏာပိုင်များက ထုတ်ပြန်ပေးနေခြင်းကိုတော့ ဒေါက်တာ ဗိုရဗစ် ဆူဝမ်ဗနိကီက ကြိုဆိုလိုက်သည်။

”အခုလို ဘာတွေ ဖြစ်နေသလဲဆိုတာ ပြောဆိုမှု တိုးလုပ်လာတဲ့အတွက် ဝမ်းသာစရာပါပဲ” ဟု သူက ပြောသည်။

သို့သော် နိုင်ငံနှင့်အဝှမ်း လိုအပ်သင့်တော်သော ကျန်းမာရေး စောင့်ရှောက်မှုစနစ် မရှိသောကြောင့် အမှန်တကယ် လူတုပ်ကွေး ကူးစက်ခံရမှုမှာ များပြားနိုင်သည်ဟု သူက သံသယ ရှိသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ရှိ ကုတင် ၁၀၀ ဆန့် ဝေဘာဂီ ကူးစက်ဆေးရုံတွင် ကူးစက်ရောဂါများဖြစ်သည့် HIV/AIDS ဝေဒနာရှင်များ၊ AIDS နှင့် ဆက်စပ်နေသည့် အဆုတ်ရောဂါသည်များ၊ ဝမ်းပျက်ဝမ်းလျှော အစရှိသည့် လူနာများအပြင် လက်ရှိ A (H1N1) ကူးစက်ခံရသူများကိုပါ ကုသပေးနေသည်။

A (H1N1) ကူးစက်မှု တစထက်တစ တိုးပွားလာနေသဖြင့် နောက်ထပ် ရောဂါကူးစက်ခံရသူ ပိုမိုတိုးပွားလာပါက ဆေးရုံရှိ လူနာဆောင်များဖြင့် မလုံလောက်မှာ စိုးရိမ်မှုလည်း ရှိသည်။

ဝေဘာဂီဆေးရုံ လက်ထောက်အဆင့် ဆရာဝန်တဦးကမူ ရောဂါကူးစက်နှုန်း များလာလည်း စိုးရိမ်စရာမရှိဟု မဇ္စျိမကို ပြောသည်။

“ဗျူဟာက အမျိုးမျိုးပြောင်းလို့ ရတယ်လေ။ ပြောင်းချင်လို့ ပြောင်းတာ မဟုတ်ဘူးဗျာ။ ဥပမာ-နှလုံးရောဂါသည် အားလုံးကို ဆေးရုံတင်ဖို့ မလိုသလိုပေါ့။ အရင်းအမြစ်တွေနဲ့ အဆင်ပြေနိုင်မယ့် အခြေအနေပေါ့နော်။ အဲဒီအပြင်ကို ကျန်းမာရေး စောင့်ရှောက်မှုတွေကို ထိထိရောက်ရောက်လည်း ဖြစ်စေရမယ်။ အဲဒီလိုပါ။ စိုးရိမ်ဖို့ မလိုပါဘူး” ဟု သူက ပြောသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် A (H1N1) ရောဂါကြောင့် လူပေါင်း ၆၅ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ အိန္ဒိယတွင်မူ အင်္ဂါနေ့ကအထိ ရေတွက်လျှင် ကူးစက်ခံရသူ ၄၇၅ ဦးရှိကာ တရုတ်နိုင်ငံတွင်မူ ဇူလိုင် ၂၇ ရက်နေ့အထိဆိုလျှင် ၁၉၃၀ ဦး ရှိသွားပြီ ဖြစ်သည်။

ယခုအခါ A (H1N1) ဖြစ်ပွားမှုသည် ကမ္ဘာတဝှန်းတွင် ဖြစ်ပွားနေရာ၊ နိုင်ငံပေါင်း ၁၆၀ အထိ ရှိလာခဲ့ပြီး၊ လူပေါင်း ၈၀၀ ကျော် သေဆုံးပြီး ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ လာမည့်နှစ်အတွင်း လူသန်းပေါင်း ၂၀၀၀ အထိ A (H1N1) တုပ်ကွေးဖြစ်ပွားမည်ဟု မကြာသေးခင်က ခန့်မှန်းချက် ထုတ်ခဲ့သေးသည်။



ဒေါ်အောင်ဆန်းစုကြည် အမိန့်ချသည့်နေ့တွင် လူထုတရပ်လုံးပါဝင်ရန် လှုံ့ဆော်စာများ ပျံ့နှံ့
Thursday, 30 July 2009 18:06 အေးလဲ့ .မနက်ဖြန်တွင် ပြုလုပ်မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက် ချမည့်ကိစ္စကို လူအများ စိတ်ဝင်စားလျက်ရှိပြီး လုံခြုံရေးများ တင်းကျပ် ထားသည့် ကြားက လူထု တရပ်လုံး ပါဝင်ရန် နှိုးဆော်ထားသည့်စာများ ပျံ့နှံ့လျက်ရှိကြောင်း သတင်းရရှိသည်။


အင်းစိန်ထောင် အနီးဝန်းကျင်၌ ဇူလိုင် ၂၈ နေ့က သံဆူးကြိုး အတားအဆီးများချ၍ လုံခြုံရေး တင်းကျပ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)
ရန်ကုန်ရှိ ရွှေဂုံတိုင် ဆေးခန်းတဝိုက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမည့် အချိန်တွင် ပြည်သူ တရပ်လုံး ပါဝင်ရန် နှိုးဆော်ထားသည့် “တိုက်ပွဲဦးဆောင်ကော်မတီ” မှ ဖြန့်ထားသော စာများ ပျံ့နှံ့ နေကြောင်း ယင်းစာ ဖတ်ရှုရသူများကပြောသည်။

၎င်း စာရွက် ဖတ်ရှုလိုက်ရသည့် မြို့ခံ တဦးက “ ကျမ ဖတ်လိုက်ရတဲ့ စာမှာ တိုက်ပွဲဝင်ဖို့ ပြင်ဆင်စို့ ဆိုပြီး ရေးထားတယ်။ စစ်အာဏာရှင်ကြီးစိုးတဲ့ တရားရုံးကနေပြီး ကျွန်ုပ်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ရင် ကျရာနေရာ ကျရာတာဝန်ဖြင့် တိုက်ပွဲဝင်နိုင်ဖို့ ဆိုပြီး နှိုးဆော်ထားတာ တွေ့ရတယ်။ ကျမ ကတော့ ဒီစာလေးဖတ်လိုက်ရတာ အားရှိသွားတယ်” ဟုဆိုသည်။

ရန်ကုန်မြို့ခံ အများစုသည်လည်း လုံခြုံရေး အထူးချထားသည်ကိုပင် စိတ်မဝင်စားတော့ဘဲ မနက်ဖြန်တွင် အင်းစိန်ထောင် အထူးတရားရုံးရှိရာ အနီးတဝိုက်သို့ သွားရန် စီစဉ်နေသည်ဟု သူက ဆက်ပြောသည်။

အဆိုပါ မြို့ခံက “ကျမကတော့ လက်ရှိ အာဏာရှင် စနစ်ပုံစံနဲ့ ဆက်သွားလို့ မရဘူးလို့ မြင်တယ်။ လူထု သက်သာချောင်ချိမယ့် နည်းလမ်းတွေရှိနိုင်တဲ့ စနစ်ကောင်းဖြစ်တဲ့အထိ ဦးဆောင်မယ့် လူရှိရင် နောက်က လိုက်ဖို့ကတော့ အဆင်သင့်ပဲလေ” ဟု ဆိုသည်။

အလားတူ မန္တလေးမြို့၌လည်း သံဃာတော်များနှင့် မြို့ခံများမှာ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမည့် သတင်းကို အထူး စိတ်ဝင်စားနေကြသည်ဟု မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် တာဝန်ခံ တဦးကပြောသည်။

၎င်းက “မနက်ဖြန်ကိစ္စကို တော်တော် စိတ်ဝင်စားနေကြတယ်။ ပြည်သူတွေ မခံချင်ရင်တော့ ဆူရင်လည်း ဆူလိုက်မယ်။ ပြည်သူတွေ ဘယ်လိုပေါက်ကွဲမလဲတော့ မသိသေးဘူး။ ကျောက်ဝိုင်းတွေမှာကော၊ ဆိုင်ကယ် ဝိုင်းဘက်တွေမှာကော ဒီအကြောင်းပဲ ပြောနေကြတယ်” ဟုဆိုသည်။

မန္တလေးရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ အောင်မြေသာဇံ၊ မဟာအောင်မြေ စသည့် လေးမြို့နယ်ရှိ ရယက ရုံးများတွင်လည်း လုံခြုံရေးများ ချထားသည် ဟု သိရသည်။

ထို့အပြင် မန္တလေးတွင် အာဆီယံနိုင်ငံများနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖက် တရုတ်၊ ဂျပန်၊ ကိုးရီးယား (ASEAN +3) ၏ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေခြင်းကြောင့် အစောင့်အကြပ်များ ယခင်ထက် တိုးမြှင့်ချထားခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မန္တလေး မြို့ခံ တဦးက “ အာဆီယံ လူကြီးတွေ ရောက်နေလို့ အစောင့်အကြပ်တွေ အများကြီး ချထားတယ်။ လမ်းထောင့်တိုင်းမှာ ရဲ ၂ ယောက်၊ ၃ ယောက်လောက် ချထားတာတွေ့တယ်” ဟု ပြောသည်။



ဆေးကျောင်းသူ သေဆုံးမှု ရွှေမန်းသူ အတိုင်ခံရ
မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 18 နာရီ 18 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးမြို့ ယာဉ်တိုက်မှုတခုတွင် သေဆုံးခဲ့သည့် ၂၁ နှစ်အရွယ် ဆေးတက္ကသိုလ် ကျောင်းသားတဦးအတွက် သက်ဆိုင်ရာ ကားအသင်းမှ အရေးယူဆောင်ရွက်မှု မရှိသဖြင့် မိဘများက ကာကွယ်ရေး ဝန်ကြီးဌာနသို့ တိုင်ကြားလိုက်သည်။

ယခုလ ၁ ရက်နေ့ ရက်စွဲတပ် တိုင်ကြားစာကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးတင်အေးထံ လိပ်မူထားပြီး၊ မိတ္တူများကို အလယ်ပိုင်းနှင့် နေပြည်တော် စစ်တိုင်းမှူးများ၊ သမဝါယမနှင့် ပြည်ထဲရေး ဝန်ကြီးများထံသို့ သေဆုံးသူ၏ မိသားစုဘက်က ပေးပို့ခဲ့သည်။

၇၈ လမ်းပေါ်ရှိ ကုန်တိုက်ရှေ့တွင် ဧပြီလ ၉ ရက်နေ့က ကားတိုက်မှုဖြစ်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ မရည်မွန်အေး သေဆုံးခဲ့သည်။

မိဘများက တိုက်သွားသောကားမှာ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လိမိတက်မှ ရွှေမန်းသူ ပို့ဆောင်ရေးလုပ်ငန်းမှ ဘတ်စ်ကားဖြစ်သည်ဟု ဆိုသည်။

“တိုက်တဲ့ ကားကို ယာဉ်ထိန်းစခန်းကို ခေါ်သွားတယ်။ တိုက်လို့ ၆ ရက်ပဲ ရှိသေးတယ်၊ သက်သေခံကားကို အာမခံနဲ့ ထုတ်သွားတယ်။ ရည်မွန်အေး မိဘတွေကို ဘာမှ လုပ်မပေးဘူး။ ဈာပနလိုက်ပို့ဖို့ ကားလည်း အကူအညီ မပေးဘူး။ ငွေကြေးအကူအညီလည်း မပေးဘူး။ ရွှေမန်းသူ ကားသင်းက ဗိုလ်ကြီးသိန်းကျော်ငြိမ်းက သူတို့ ကားသင်းကနေ တိုက်တာမဟုတ်ဘူးလို့ ငြင်းတယ်” ဟု အမည်မဖော်လိုသူ ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

မီးပွိုင့်တွင် လမ်းဖြတ်ကူးရန်အတွက် မရည်မွန်အေးနှင့် သူငယ်ချင်း မလှိုင်စုမွန်တို့ စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ဦးခင်မောင်ထွန်း မောင်းနှင်လာသည့် ရွှေမန်းသူ ဘတ်စ်ကား (၄ခ/၉၄၆၁၊ ဟီးနိုး rainbow) က ဝင်တိုက်သည့်အတွက် မရည်မွန်မှာအခင်း ဖြစ်ပွားရာတွင်ပင် သေဆုံးခဲ့ပြီး မလှိုင်စုမွန်မှာ ဦးခေါင်းကို ထိခိုက်သည့် ဒဏ်ရာကြောင့် စိတ်ဝေဒနာ ခံစားနေရကြောင်း တိုင်ကြားစာထဲ၌ ဆိုထားသည်။

မန္တလေး ဆေးရုံကြီး၏ ဆေးအစီရင်ခံစာတွင် မရည်မွန်နှင့် ပတ်သက်၍ “ဆေးရုံသို့ ပထမ ရောက်ရှိစဉ်က ရရှိသော ဒဏ်ရာအကြောင်းအရာ အပြည့်အစုံ” ဆေးမှတ်တမ်းတွင် “ဦးခေါင်း(မျက်နှာ)နှင့် လည်ပင်းပိုင်းတွင် ပွန်းခြစ်ဒဏ်ရာများ၊ ဘယ်ဘက်နားထင်ပိုင်း စုတ်ပြဲဒဏ်ရာ (၁၂ x ၈) စင်တီမီတာခန့် ကွဲခြင်း၊ နောက်ကျောပိုင်း အလယ်နှင့် ဝဲတင်ပါးတို့တွင် ပွန်းခြစ်သည့် ဒဏ်ရာများ ရှိခြင်း၊ ဦးခေါင်းခွံအခြေရိုး၊ ဦးခေါင်းရိုး ညာဘက်၊ ဝဲဘက်မျက်နှာရိုးများ ကျိုးပဲ့ခြင်း၊ ဦးနှောက်စုပ်ပြဲခြင်း၊ ဝဲညှပ်ရိုးများ ကျိုးပြီး ရင်ခေါင်အတွင်း သွေးယိုစီးခြင်းများ တွေ့ရသည်” ဟု ပါရှိကြောင်း တိုင်စာထဲတွင် ထည့်သွင်းဖော်ပြထားသည်။

ရဲမှုခင်း မှတ်တမ်းအစီရင်ခံစာတွင် “တိုက်သောယာဉ်သည် ဘတ်စ်ကား ဖြစ်နိုင်ကြောင်းနှင့် မျက်နှာပြင်ပြားသော ယာဉ်ဖြင့် ထိခိုက်ခြင်းကြောင့် ဝဲဘက်နားတင်၊ ဝဲညှပ်ရိုး၊ ဝဲနံရိုး၊ ဝဲတင်ပါးကို တပြိုင်တည်း ထိခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပြီး၊ ဆေးစာတွင် မပါသော်လည်း “ဘယ်လက်” ကိုပါ ထိခိုက်သဖြင့် လက်ပတ်နာရီ ပျက်စီးသွားကြောင်း ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၏ ပြောပြချက်ဟုဆိုကာ တိုင်စာထဲတွင် ဆိုထားသေးသည်။

ရွှေမန်းသူ ကားအသင်းက ယာဉ်တိုက်မှုတွင် သူတို့နှင့် သက်ဆိုင်မှု မရှိကြောင်း ပြင်ပတွင် ငြင်းဆိုခဲ့ပြီး ယခုထိ ကူညီဖြေရှင်းမှုများ လုပ်ဆောင်ရန် ပျက်ကွက်နေသည်ဟု တိုင်စာက ဆိုသည်။

ယာဉ်ထိန်းရဲကလည်း အမှုဖွင့် တိုင်ကြားထားသည်ဟူသော အကြောင်းကြားမှုမျိုး မိသားစုထံသို့ မပြောခဲ့ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူက ပြောဆိုသည်။

လျော်ကြေးမျိုး မဟုတ်ဘဲ မရည်မွန်အေး ရည်ရွယ်ခဲ့သော “ရည်မွန်အေး ပညာရေး ဖောင်ဒေးရှင်း” ကို အကောင်အထည် ဖော်ရန်အတွက် ထည့်ဝင်လှူဒါန်းသည့် ငွေကြေးမျိုးကိုသာ မိသားစုအနေဖြင့် လက်ခံ စဉ်းစားသွားမည်ဟု စိတ်ကူးထားကြောင်း ဆွေမျိုးတော်စပ်သူက ပြောဆိုလိုက်သည်။



အတိုက်အခံရှေ့နေကို အာဏာပိုင်များ နှောင့်ယှက်
မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 16 နာရီ 44 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်မှ ပြန်လွတ်လာပြီးနောက် ဝမ်းရေးအတွက် အောင်ဘာလေထီ ရောင်းချမှု မလုပ်နိုင်အောင် အာဏာပိုင်များက နှောင့်ယှက်ထားသည်ဟု ပဲခူးမြို့မှ ရှေ့နေ ကိုညီညီထွေးက ပြောသည်။

အကျဉ်းချပြီး ရှေ့နေလိုင်စင်ပါ အသိမ်းခံရသည့် အသက် ၃၃ နှစ်အရွယ် ကိုညီညီထွေးသည် အောင်ဘာလေထီ လက်လီ ရောင်းချနေရာ ထီဆိုင်များ အနေဖြင့် သူ့ကို အကြွေးမပေးရန်နှင့် ထီရောင်းကား မငှားရမ်းရန် ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်မှုများ ရှိနေသည်ဟုဆိုသည်။

“လိုင်စင် သိမ်းခံထားရတယ်ဆိုတော့ ကျနော့်အတတ်ပညာနဲ့ ဘာမှလုပ်စားလို့ မရဘူး။ စီးပွားရေးလုပ်ငန်းက ကျနော့်မှာ ခိုင်ခိုင်မာမာ မရှိဘူး။ ကျနော့်အမျိုးသမီးက ထီရောင်းတယ်။ အရင်းအနှီး မရှိတော့ ကိုယ်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီကနေ အကြွေးစနစ်နဲ့ ယူရောင်းရတယ်။ ကားကိုလည်း ပုံသေငှားရမ်းလို့ မရအောင် နောက်ကနေ လိုက်ပိတ်နေတယ်” ဟု ကိုညီညီထွေးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းသူ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင် တရားခွင်တွင် ခုခံကာကွယ်ပေးနေရင်း ရုံးတော်ကို မထီမဲ့မြင်မှုဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၆လ ချခံခဲ့ရသည်။

အမှုစစ်နေစဉ် သူ၏ အမှုသည်များက ကျောခိုင်းထိုင်နေသည်ကို တရားသူကြီးက သူမှတဆင့် ပြင်ထိုင်ခိုင်းရာ တရားခွင်အတွင်း အမှုသည်များအနေဖြင့် စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသဖြင့် တရားစီရင်ရေးကို နှောင့်ယှက်သည်ဟုဆိုကာ ပုဒ်မ ၂၈၈ ဖြင့် ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်ချပြီး ရက် ၂၀ ခန့်အကြာတွင် ရှေ့နေလိုင်စင်ပါ အသိမ်းခံလိုက်ရပြီး၊ လွတ်ရက်စေ့သဖြင့် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လွတ်လာခဲ့သည်။



ဖားကန့်ရှိ အိမ်ခြေ ၁၀၀ ခန့်ကို အာဏာပိုင်များက ဖျက်သိမ်းခိုင်းနေ
Thursday, 30 July 2009 18:36 ရန်ပိုင် .ကချင်ပြည်နယ် ဖားကန့်မြို့မှ အိမ်ခြေ ၁၀၀ခန့်ကို ပြည်နယ်အာဏာပိုင်များက မြို့အင်္ဂါရပ်နှင့် မညီညွတ်ဟု အကြောင်းပြ ချက်ဖြင့် ယခုအပတ်တွင်း၌ ဖျက်သိမ်းခိုင်းထားကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက် က ရေလျံမှု ဖြစ်ခဲ့သော ဖားကန့် တာလီချောင်ချောင်း ဘေးရှိ ၎င်းလူနေအိမ်များကို ရွံညွံများထူထပ် နေ သော ကြောင့် မြို့အင်္ဂါရပ်နှင့် မည်ီညွတ်ဟုအကြောင်းပြချက်ဖြင့် ပြည်နယ်အာဏပိုင်များ အမိန့်ဖြင့် မြို့နယ် စည်ပင် သာယာ အဖွဲ့က ဖျက်သိမ်းခိုင်းသည်ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“အရင်ဖားကန့်မြို့လို့ မသတ်မှတ်ခင်ကတည်းက ရှိခဲ့တဲ့ အိမ်တွေဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ် နောက်ပိုင်း ကျူးကျော်မြေ လို့ သတ်မှတ်ခဲ့ပေမယ့် မြို့နယ်စည်ပင်သာယာက ငွေကြေး ကောက်ခံပြီး ဆက်လက်နေခွင့်ပြုခဲ့တဲ့အိမ်တွေပါ”ဟု ထိုဒေသခံ ကပြောသည်။

တချို့သော ဖျက်သိမ်းခိုင်းခံရသည့် အိမ်များသည် တန်ဖိုးအားဖြင့် ကျပ် သိန်း၆၀ ခန့် ရှိကြောင်း ၊ ထိုအိမ် ထောင်စုများ ကို ပြန်လည်နေရာချခြင်း၊ လျော်ကြေးပေးခြင်းများ မရှိဟု သိရသည်။

ထို့အပြင် လွန်ခဲ့သော ၁၀ ရက်ခန့်ကလည်း အိမ်ခြေ ၂၀၀ခန့်ရှိသော မှော်မောင်းကုန်းရွာ ခေါ် ဆုတောင်းကုန်းရွာ ကို လည်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မှ ကျောက်တွင်းလုပ်ကွက်အသစ်များ လုပ်ကိုင်ရန်အတွက် ဖယ်ရှား ခိုင်းထားကြောင်း၊ ဒေသခံရွာသားများကလည်း ဒေသအာဏာပိုင် များထံသို့ ကန့်ကွက်စာ တင်ထားကြောင်း အထက်ပါ ဒေသခံက ပြောသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ မှ စတင်ပြီး ၃ ရက်ခန့် မိုးသည်းထန်စွာရွာသွန်းသောကြောင့် ဥရုချောင်း ရေလျှံပြီး လူနေအိမ်ခြေ ၆၀ ခန့် ပျက်စီး၍ လူပေါင်း ၇၀ကျော် သေဆုံးခဲ့သည်ဟု ဒေသခံများကပြောဆိုသည်။ အစိုးရ သတင်းစာများတွင် ၂၄ ဦးသေဆုံးသည်ဟု ထုတ်ပြန်ခဲ့သည်။

ဖားကန့်ဒေသသည် အဖိုးတန်ကျောက်စိမ်းများ ထွက်ရှိရာ ဒေသဖြစ်ပြီး လစဉ်လူပေါင်းသိန်းချီ၍ ၀င်ထွက်သွားလာနေ သော ဒေသတခုဖြစ်သည်။ ယခုနောက်ပိုင်း ကျောက်တူးဖော်သည့် ကုမ္ပဏီ များ၏ စည်းကမ်းမဲ့ ကျောက်တူးဖ်ာမှု များကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်လာကြောင်း သိရသည်။



အာဆီယံ လူ့အခွင့်အရေးအဖွဲ့ မေးခွန်းထုတ်ခံနေရ
Thursday, 30 July 2009 19:41 ဇာနည်ဝင်း .မကြာမီ ပေါ်ပေါက်လာမည့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)၏ လူ့အခွင့်အရေး အဖွဲ့သည် အစိုးရ ခေါင်းဆောင် များကိုသာ အကာအကွယ် ပေးမည့် အဖွဲ့ ဖြစ်သည် ဟု ဒေသတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတဦးက ယနေ့ ဝေဖန်လိုက်သည်။


စင်ပြိုင် အာဆီယံအဖွဲ့မှ ဒက်ဘီ စတူးဟတ်က (ဓာတ်ပုံ - ဧရာဝတီ)
“အာဆီယံ ၁ဝ နိုင်ငံထဲက ပြည်သူလူထုကို ဒီ လူ့အခွင့်အရေး ကော်မရှင်က အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူး” ဟု စင်ပြိုင် အာဆီယံအဖွဲ့ (Altsean) မှ ဆက်သွယ် ညှိနှိုင်းရေးမှူး ဒက်ဘီ စတူးဟတ်က ဧရာဝတီကို ပြောပြသည်။

စင်ပြိုင်အာဆီယံအဖွဲ့သည် ဘန်ကောက်မြို့ အခြေစိုက် အဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့် လေ့လာနေသော အဖွဲ့ ဖြစ်သည်။

လူ့အခွင့်အရေး ကော်မရှင်နှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ၏ ကာကွယ် ပြောကြားချက်များ မကြာသေးမီက ထွက်ပေါ်လာသည်။ မည်သည့် တိုးတက်ဖြစ်ထွန်းမှုမျှ မရှိသည်ထက် တစုံတခုကို အစပျိုးလိုက်ခြင်းက ပိုမို သင့်လျော်ပါသည်ဟု ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို ရှင်းပြခဲ့သည်။

“ကျနော်တို့ အခြေခံအချက် သုံးချက်နဲ့ အစပြုချင်ပါတယ်။ အများယုံကြည်လက်ခံနိုင်မှု၊ လက်တွေ့ကျမှု နဲ့ ဆင့်ကဲ ဆင့်ကဲ ဖြစ်ထွန်းမှုဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

“အဖိဆစ် ပြောတဲ့ ဆင့်ကဲ ဆင့်ကဲ ဖြစ်ထွန်းမှု ဆိုတာ အန္တရာယ်ရှိတယ်နော်။ ဒီကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေး မယူနိုင်တဲ့ အတွက် ဘယ်လို လက်တွေ့ကျနိုင်မှာလဲ” ဟု မစ္စဒက်ဘီက မေးခွန်းထုတ်လိုက်သည်။

အာဆီယံအဖွဲ့က သမိုင်းဝင် ခြေလှမ်းတခု အဖြစ် သတ်မှတ်ထားသော လူ့အခွင့်အရေးအဖွဲ့ကို လာမည့် ၃ လ အကြာတွင် ဖွဲ့စည်းမည်ဟု တရားဝင် ကြေညာထားသည်။ ထိုအဖွဲ့ကို အာဆီယံ အစိုးရများ လူ့အခွင့်အရေး ကော်မရှင် (ASEAN Inter-Governmental Commission on Human Rights) ဟု အမည်ပေးရန် သဘောတူထားသည်။

ထိုသို့ ဖွဲ့စည်းရာသို့ အသင်းဝင်နိုင်ငံများက လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ်များကို စေလွှတ်ရမည် ဖြစ်သည်။

အဖွဲ့ဝင် နိုင်ငံ တခု၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး ဆိုသည်မှာ အာဆီယံ၏ မူဝါဒ တခု ဖြစ်သည်။

အာဆီယံ လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းရေးတွင် ပါဝင်သည့် စည်းကမ်းချက် ၇ ခု တွင်လည်း ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး ဟူသည့်အချက် ပါဝင်သည်။ ထိုအချက်ကြောင့် အာဆီယံ၏ လူ့အခွင့်အရေး ကော်မရှင်သည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ဒေသတွင်း လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင် တရပ် ဖွဲ့စည်းရန် ယမန်နှစ်က သဘောတူညီခဲ့ပြီး ဖြစ်သော်လည်း ယင်း သဘောတူညီချက်မှာ အလွယ်တကူ ရရှိခဲ့ခြင်း မဟုတ်ပေ။ အစပိုင်း တွင် မြန်မာစစ်အစိုးရက ကော်မရှင် ဖွဲ့စည်းရေးကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မလေးရှားနိုင်ငံသို့ သွားရောက်ပြီး ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ မဟာသီယာ မိုဟာမက်ကို မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းရန် အစီအစဉ်ရှိသည်ဟု ပြောပြခဲ့သည်။ မဟာသီယာ မိုဟာမက် နှင့် မလေးရှား ဝန်ကြီးများကလည်း ဗိုလ်ချုပ်မှူးကြီး၏ အာမခံချက်များကို ယုံကြည်ခဲ့ကြသည်ဟု မလေးရှားအမျိုးသမီး မစ္စဒက်ဘီက ပြောသည်။

အာဆီယံအင်အား ကြီးထွားရန်၊ မြန်မာနိုင်ငံအား တရုတ်နိုင်ငံ၏သြဇာလွှမ်းမိုးမှုအောက်မှ ဆွဲထုတ်ရန် လိုလားသည့် အာဆီယံက နောက်တနှစ်တွင် မြန်မာနိုင်ငံကို အသင်းဝင်နိုင်ငံ အဖြစ် လက်ခံလိုက်သည်။

မြန်မာနိုင်ငံက အာဆီယံအသင်းဝင်ဖြစ်လာသည့် ၁၀ နှစ်ကျော် ကာလအတွင်း အာဆီယံ၏ မိတ်ဆွေများ ဖြစ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ အစိုးရများက မြန်မာစစ်အစိုးရ၏ အပြုအမူများနှင့် ပတ်သက်ပြီး အာဆီယံကို ဖိအားပေးလေ့ရှိသည်။

“မြန်မာစစ်အစိုးရကို အကာအကွယ် ပေးနေရတာနဲ့ပဲ အာဆီယံ အစိုးရတွေက ဓားစာခံတွေ ဖြစ်လာကြတယ်၊ ဖိအားပေးခံနေရတယ်” ဟု မစ္စဒက်ဘီက ထောက်ပြသည်။

လူ့အခွင့်အရေး နှင့် ပတ်သက်လာလျှင်လည်း အာရှနိုင်ငံများတွင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများအတိုင်း ကျင့်သုံးရန် မဖြစ်နိုင်ဟု အာဆီယံ အစိုးရ တချို့က စောဒက တက်ကြသည်။ ထိုသို့သော အယူအဆနှင့် ပတ်သက်ပြီး မစ္စဒက်ဘီက ထောက်ပြ ဝေဖန်ရန် အသင့် ဖြစ်နေသည်။

“နိုင်ငံတကာ အဆင့်မီ လုပ်ဆောင်ထားတယ် ဆိုပြီး ပြောနေကြတယ်။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင်တော့ နိုင်ငံတကာ စံနှုန်းကို လက်မခံဘူး၊ သူတို့က အာရှတန်ဖိုး ဆိုတာနဲ့ ကိုင်ပေါက်ကြတယ်။ တနည်းအားဖြင့် ပြောရရင် ဒါဟာ အာရှသားတွေကို စော်ကားလိုက်တာပဲ” ဟု မစ္စဒက်ဘီက ဧရာဝတီကို ပြောပြသည်။



မြောက်ပိုင်းတိုင်းမှူးနှင့် ဘာသာရေးခေါင်းဆောင်များ ကချင်တပ်အရေး ဆွေးနွေး
ဖနိဒါ
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 14 နာရီ 51 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့အကြား နယ်ခြားစောင့်တပ်အရေး သဘောကွဲလွဲမှုအပေါ် ညှိနှိုင်းရန်အတွက် မြောက်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံတို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။

မြစ်ကြီးနား အောင်နန်းရိပ်သာရပ်ကွက်ရှိ ကာသိုလိပ် St. Columban ဘုရားရှိခိုးကျောင်းဓမ္မာရုံတွင် ဆွေးနွေးပွဲ ကျင်းပရာ ဗိုလ်ချုပ်စိုးဝင်းနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ (Myitkyina Christian Council - MCC) ခေါင်းဆောင်များ၊ ကေအိုင်အို ဒုဥက္ကဋ္ဌ-၂ ဒေါက်တာတူးဂျာတို့ ပါဝင်ကာ ၃ နာရီကြာ တွေ့ဆုံခဲ့ကြသည်။

မြောက်ပိုင်းတိုင်းမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုကိုင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း နယ်ခြားစောင့်တပ်ပြောင်းလဲခြင်းမရှိသော ငြိမ်းချမ်းရေးအဖွဲ့များ၏ စစ်တပ်များသည် တရားဝင်တော့မည် မဟုတ်ကြောင်း ပြောဆိုသွားသည်။

နအဖက ကချင်အထူးဒေသ (၂) ကေအိုင်အို၏ စစ်တပ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို မြန်မာ့တပ်မတော် ကိုယ်စားလှယ်များ အုပ်ချုပ်မှုတွင် ပါဝင်စွက်ဖက်မည့် နယ်ခြားစောင့် တပ်အဖြစ် အသွင်းပြောင်းကာ အင်အားကိုလည်း လျော့ချစေလိုသည်။ သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လက်ရှိအင်အားအတိုင်းထားရှိလိုသော ကချင်ဒေသ၏အကြီးမားဆုံးအဖွဲ့က “ကချင်ဒေသ လုံခြုံရေးတပ်“ (Kachin Regional Guard Force - KRGF) အဖြစ်သာ လုပ်လိုကြောင်း တုံ့ပြန်ထားသည့်နောက် ယခု တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့သည်။

အစည်းအဝေး တက်ရောက်ခဲ့သူတဦးက မဇ္ဈိမသို့ ပြန်လည်ပြောပြရာတွင် “ဗိုလ်ချုပ်စိုးဝင်းက ကေအိုင်အိုတို့ တောင်းဆိုထားတဲ့ KRGF က အဆင့်နိမ့်သွားတယ်၊ ကချင်ပြည်နယ်လောက်ပဲ ဖြစ်သွားမယ်။ အခု သူတို့ပြောတာတွေက အဆင့်မြင့်တယ်ပေါ့။ နိုင်ငံတော်အဆင့်ဖြစ်အောင် လုပ်နေတာတဲ့။ KRGF အဆင့်နိမ့်ရင်တော့ အကျိုးမရှိဘူးဆိုပြီး ပြောလာတယ်” ဟု ပါရှိသည်။

အခြားသော အစည်းဝေး တက်သူတဦးကလည်း “တကယ်လို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက် မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ကေအိုင်အို ဆိုတဲ့ နာမည်တွေက ရှိဦးမလားလို့ မေးတော့၊ ဗိုလ်ချုပ်စိုးဝင်းက မရှိတော့ဘူးလို့ ပြောတယ်။ ကေအိုင်အိုက လျှပ်စစ်ဓာတ်အား ပေးနေတာကတော့ရော ဘယ်လိုလုပ်မလဲလို့ မေးတော့ - ဒါကတော့ ကုမ္ပဏီတခုလို ဆက်လုပ်ပါစေ” ဟု ဖြေကြားခဲ့သည်ဟု ဆိုသည်။

MCC ဥက္ကဋ္ဌ သင်းအုပ်ဆရာကြီး ဇုန်းကယန်း (Rev. Zung Kyang) က ဆွေးနွေးပွဲတွင် စစ်ကို ဆန့်ကျင်ကြောင်းနှင့် ကေအိုင်အို၏ တောင်းဆိုချက်အပေါ် ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု သိရသည်။

“MCC က အချက် ၂ ချက်ပဲ ပြောတယ်။ အပြစ်မဲ့ စစ်ပွဲ တိုက်ခိုက်မယ်ဆိုရင် လုံးဝ လက်မခံပါ၊ ဆန့်ကျင်ပါတယ်။ နောက် ကေအိုင်အိုက တောင်းဆိုထားတဲ့ ကိစ္စကိုလည်း ဆွေးနွေး ဆောင်ရွက်ပေးပါ၊ သူတို့ လိုအပ်ချက်ကို အလျှော့အတင်း တတ်နိုင်သလောက် ဆွေးနွေးပေးဖို့ ကျနော်တို့ လိုလားပါတယ်” ဟု ကချင်နှစ်ခြင်း အသင်းတော် အကြီးအကဲတဦးက ပြောသည်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ကားမိုင်း၊ တနိုင်း၊ ချီဖွေ၊ ဗန်းမော်မြို့ရှိ ကချင်နှစ်ခြင်း အသင်းတော်၊ ကာသိုလိပ်၊ အင်္ဂလီကန်၊ လွတ်လပ်သော အသင်းတော်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

St. Columban ဘုရားကျောင်းမှ ဘုန်းတော်ကြီးတပါးက “အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ သဘောပေါက် နားလည်အောင်၊ နားမလည်တာတွေကို ဆွေးနွေးတယ်။ သူတို့ (နအဖ ကိုယ်စားလှယ်) ကတော့ ကောင်းတဲ့လမ်းစဉ်၊ ငြိမ်းချမ်းရေး တည်မြဲဖို့ရန်အတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော် ဆောင်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိအောင်လို့ ပြောတာပဲ” ဟု မဇ္ဈိမကို ပြောပြသည်။

စစ်အစိုးရက ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရန် ကမ်းလှမ်းခဲ့သည်။ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦးပါဝင်ပြီး မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များကိုလည်း အုပ်ချုပ်ရေးအပိုင်းတွင်ပါ လက်ခံရမည် ဖြစ်သည်။

သို့သော် တပ်မဟာ (၅) ခု၊ လှုပ်ရှားမှု တပ်မ (၁) ခုတို့ ဖြင့် ဖွဲ့စည်းထားသော ကေအိုင်အေ အနေဖြင့် ကချင်ပြည်နယ်အတွင်းသာမက ရှမ်းပြည်မြောက်ပိုင်းဒေသတွင်လည်း အခြေပြုနေရာချထားခြင်းကို ငြိမ်းချမ်းရေးရယူစဉ်က သဘောတူညီထားပြီးဖြစ်သည့်အတိုင်း ပြင်ဆင်လိုခြင်းမရှိကြောင်းနှင့် ကေအိုင်အေ အရာရှိ စစ်သည်များသာပါဝင်သော ကချင်ဒေသလုံခြုံရေးတပ်ဟူ၍ ခေါ်ဝေါ် ပြောင်းလဲလိုကြောင်း တုံ့ပြန်ခဲ့သည်။

ထို့အပြင် ၂၀၁၀ ပါတီစုံရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာသော အစိုးရသစ်သို့ နအဖက အာဏာလွှဲပြောင်းရာတွင်လည်း ကချင်ပြည်နယ်အစိုးရ အာဏာသုံးရပ်၌ ကေအိုင်အို အနေဖြင့် တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်အောင် စီမံထားရန် ပန်ကြားထားသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ခဲ့သော ကေအိုင်အိုသည် ဖေဖော်ဝါရီ ၂၄ ရက်၊ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့သည်။




နယ်ခြားစောင့်တပ်အရေး ကေအိုင်အို တုန့်ပြန်ချက်
သုတေသန
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 14 နာရီ 47 မိနစ်
PhotobucketPhotobucketPhotobucket



အကျဉ်းသားလွတ်မြောက်ရေး ဘန်ကီမွန်း မျှော်လင့်
Thursday, 30 July 2009 16:39 သန်းထိုက်ဦး .အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ကတိ ပေးထားသဖြင့် အကျဉ်းသားများ လွတ်မြောက်လာမည်ကို မျှော်လင့်နေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို စစ်အစိုးရက အမိန့်ချရန် ပြင်ဆင်နေခြင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်တွင် ယမန်နေ့က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မကြာသေးမီက မြန်မာပြည်သို့ ၂ ရက်ကြာ သွားရောက်ခဲ့သည့် မစ္စတာ ဘန်ကီမွန်းက ၎င်း၏ ခရီးစဉ်နောက်ပိုင်း မြန်မာပြည် အရေးကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံနေရခြင်းကို စိုးရိမ်မိကြောင်း သတင်းထောက်များကို ပြောပြသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေ ကိုယ်တိုင် လုံခြုံရေးကောင်စီ အစည်းအဝေးတခုတွင် မြန်မာစစ်အစိုးရက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပြုမည် ဖြစ်ကြောင်း၊ လွှတ်ပေးမည့် အစီအစဉ်သည် မစ္စတာ ဘန်ကီမွန်း၏ တောင်းဆိုချက်အရ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အကျဉ်းသားများကို လွှတ်ပေးမည်ဟု သံအမတ်ကြီး၏ ပြောကြားချက်မှာ ၂ ပတ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အကျဉ်းသား တဦးမှ လွတ်ငြိမ်း ချမ်းသာခွင့် မရရှိသေးပေ။

သံအမတ်ကြီး၏ အာမခံချက်ကိုလည်း နိုင်ငံရေးသမားများ နှင့်လူ့အခွင့်အရေး လှုပ်ရှားသူများက သံသယရှိကြသည်။ သံအမတ်ကြီး၏ ပြောကြားချက်တွင် “နိုင်ငံရေးအကျဉ်းသား” ဟူသော စကားလုံး ပါဝင်ခြင်း မရှိကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။ လွှတ်ပေးမည် ဆိုလျှင်လည်း ယခင်ကကဲ့သို့ပင် သာမန်အကျဉ်းသား ထောင်ဂဏန်း နှင့် နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းကို လွှတ်ပေးမည်ဟု ယူဆနေကြသည်။

လူ့အခွင့်အရေး အဖွဲ့များ၏ စာရင်းအရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိကြောင်း သိရသည်။

နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက မကြာသေးမီ ရက်ပိုင်းအတွင်း ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညစာစားပွဲ တခုတွင် ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ဟူသော တောင်းဆိုချက်မှာ လက်ခံနိုင်ဖွယ်ရာ မရှိဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုအား ဇူလိုင် ၃၁ ရက်နေ့ (မနက်ဖြန်)တွင် စီရင်ချက်ချမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏အိမ်သို့ မစ္စတာ ဂျွန် ဝီလျံယက်ထော တိတ်တဆိတ်ခဲ့မှုကြောင့် တရားစွဲခံနေရခြင်း ဖြစ်သည်။

လာမည့်နှစ်တွင် ကျင်းပမည်ဟု ကြေညာထားသည့် အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်ထားလိုသဖြင့် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ၅ နှစ် ချမှတ်ဖွယ်ရှိသည်ဟု မြန်မာ့ နိုင်ငံရေးလောကတွင် ခန့်မှန်းနေကြသည်။



သိန်းနှင့်ချီသည့် မြန်မာများ ထိုင်းတွင် အလုပ်သမား လက်မှတ်ပြုလုပ်
Thursday, 30 July 2009 18:54 ဘစောတင် .ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား သိန်းနှင့်ချီ၍ ယခုလအတွင်း အလုပ်သမားလက်မှတ် ပြုလုပ်ကြကြောင်း သတင်းရရှိသည်။

ဘန်ကောက်မြို့ ဝန်းကျင်တွင်ပင် အလုပ်သမား လက်မှတ် ပြုလုပ်သည့် မြန်မာနိုင်ငံသား၂ သိန်းနှင့် ၃ သိန်း ကြားရှိကြောင်း အလုပ်သမားလက်မှတ် လုပ်ငန်းစဉ်ကို လေ့လာသည့် NGOs ပေါင်းစုံပါဝင်သော Migrant Working Group ( MWG) မှ ကိုသက်ခိုင်က ပြောဆိုသည်။
ဘန်ကောက်မြို့ဖက်လန်ဆောင်ရှိ ဆေးရုံတွင် အလုပ်သမား လက်မှတ်အတွက် ဆေးစစ်ခံရန် စောင့် ဆိုင်းနေသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ - ဘစောတင်)
“ကျနော်တို့ အဖွဲ့ ဝင်တွေ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများစုရှိတဲ့ ဘန်ကောက်မြို့ဖက်လန်ဆောင် (RAMA 2) ဒေသကို အဓိက ထားလေ့လာခဲ့တဲ့အခါ၊ အဲဒီမှာ အလုပ်သမားလက်မှတ်လုပ်ပေးနေတဲ့ အလုပ် သမားရုံးနဲ့ ဆေးစစ်ပေးတဲ့ ဆေးရုံတွေက ပြောတာကတော့ တရက်ကို အနည်းဆုံး အလုပ်သမား တထောင် ကနေ တထောင့်ငါးရာအတွင်း လက်မှတ်လုပ်ဖို့ လာကြတယ်၊ ဘန်ကောက် အတိုင်းအတာအရ အခုအချိန် မှာ ၂ သိန်းနဲ့ ၃ သိန်းကြား လက်မှတ် လုပ်ပြီးပြီလို့ ပြောလို့ ရတယ်”ဟု ၎င်းကဆိုသည်။

ကိုသက်ခိုင်သည် အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့(NCGUB)၏ ဒုက္ခသည်နှင့် ရွှေ့ ပြောင်း အလုပ်သမား ဌာနမှ တာဝန်ခံ တဦးလည်း ဖြစ်သည်။

ဖက်လန်ဆောင်ရှိ အမှတ်(ဂ) ဘန်ကောက်ဆေးရုံတွင် အလုပ်သမားလက်မှတ်လုပ်ရန် သွေးအမျိုးအစားစစ် ဆေးမှုခံယူနေသော ဖယောင်းပန်းထိမ် အလုပ်သမား ကိုသန်းစိုးဦးက“အခုလို လက်မှတ် လုပ်ခွင့်ရတော့ ပျော်တာပေါ့ဗျာ၊ လက် မှတ်မရှိတော့ ပုလိပ်ရန်ကြောက်ရ၊ နေသာ နေရ လိပ်ပြာမလုံနဲ့ အခုတော့ စိတ်ချ လက်ချ သွားလို့ ရတော့ အရမ်းကို ၀မ်းသာတယ်ဗျာ”ဟု ပြောသည်။ သူသည် မိုးကုတ်မြို့မှ လာရောက် အလုပ်လုပ်နေသူဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ အလုပ်လုပ်ခွင့် လက်မှတ်မရှိသော ရွှေ့ပြောင်းအလုပ်သမားများသည် အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုကို စိုးရိမ်ရသည့်အပြင် အလုပ်ရှင်တို့ ၏ ခေါင်းပုံဖြတ်မှုများကို နည်းမျိုးစုံဖြင့်ခံကြရသည်ဟု အလုပ်သမားများက ပြောသည်။

ဖူးကက်မြို့ ထလန်အရပ်ရှိ ပန်းခြံတွင် အလုပ်လုပ်နေသူ ကိုမောင်ဖြူက“ဒီလို အလုပ်လုပ်ခွင့် လက်မှတ်လုပ် ပေးတဲ့အတွက် ကျနော် ဒီအစိုးရကို ကျေးဇူးတင်တယ်ဗျာ၊ နို့ မဟုတ်ရင် ကျနော်တို့ ဘ၀က ကျီးလန့် စာစား နေနေရတာ၊ ကျနော်ကတော့ လက်မှတ်ရှိတယ်၊ ဒါပေမယ့် ကျနော့်သမီးလေးက ဒီနှစ်မှ ရောက်တာဆို တော့ အမြဲတမ်းစိတ်ပူနေရတယ်၊ အခုမှပဲ စိတ်အေးရတယ်”ဟု ပြောပြသည်၊

လစာဝင်ငွေကောင်းသော အရပ်များဖြစ်သည့် ဘန်ကောက် ဖူးကက် ချင်းမိုင်တို့ တွင် လက်မှတ်လုပ် နိုင်ကြ သော်လည်း လုပ်ခနည်းသော မဲဆောက်နှင့် အလုပ်အကိုင်တည်မြဲမှုမရှိသော ချုံဖော်ဘက်မှ ရေလုပ်သား များကမူ အလုပ်သမား လက်မှတ်လုပ်သူ နည်းပါးကြောင်း သိရသည်။

အလုပ်ရှင်အများစုအနေနှင့် အလုပ်သမားများက ရပိုင်ခွင့်များ တောင်းဆိုလာမည်ကို မလိုလားသောကြောင့် ယင်းလက်မှတ်ကို လုပ်မပေးလိုကြကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ကိုမိုးဆွေ က ပြောသည်။

“မဲဆောက်ဘက်မှာတော့ ဒီလက်မှတ်လုပ်ကြတာနည်းတာ ကိုတွေ့ ရတယ်၊ ဒီလိုဖြစ်ရတာ အဓိက အချက် နှစ်ချက်ရှိတယ်၊ အလုပ်ရှင်တွေက မလုပ်ပေးချင်တာကတော့ လက်မှတ်ရှိရင် အလုပ်သမားတွေက ပြောရဲ ဆိုရဲလာမယ်၊ အခွင့်အရေးတွေ တောင်းရဲလာမယ်ပေါ့၊ အလုပ် သမားတွေ မလုပ်တာကတော့ တချို့ဆို တရက်လုပ်လို့ ဘတ် တရာတောင်ရတာမဟုတ်ဘူး၊ ခုနစ်ဆယ် ရှစ်ဆယ် လောက်နဲ့ လုပ်နေသူတွေ လည်း ရှိတယ်၊ သူတို့မတတ်နိုင်ဘူး၊ ပြီးတော့ အလုပ်ရှင်တွေက လက်မှတ်အစစ်ကို ပေးထားလေ့မရှိတော့ မိတ္တူနဲ့ပဲ သွားလာနေကြရတယ်၊ ပုလိပ်ဖမ်းရင် လျော်ရတာပဲ၊ မထူးဘူးဆိုပြီး မလုပ်ကြ တာလည်း ရှိတယ်”ဟု ၎င်းက ပြောပြသည်။

ချုံဖော်၊ ထုံလုံချောက်လှေဆိပ်မှ ကိုကျော်စွာက “ရေလုပ်သားတွေက လုပ်ချင်ကြတယ်၊ ဒါပေမယ့် သူဌေး တွေက လုပ်မပေးဘူး၊ အပြင်မှာလုပ်ဖို့ ကလည်း ပွဲစားနဲ့ ဆို ငါး ထောင် ခြောက်ထောင်ရှိတယ်၊ မတတ်နိုင် ဘူးလေ၊ ဒါကြောင့် ဒီက လှေသားတွေ သိပ်မလုပ်ကြဘူး”ဟု ဆိုသည်၊၊

အစိုးရ တရားဝင် အလုပ်သမား လက်မှတ်ပြုလုပ်သည့် ကုန်ကျစရိတ်မှာ ဘတ် ၃၈၀၀ ဖြစ်သည်။

အထက်ပါ အကြောင်းများကြောင့် တရားဝင် လက်မှတ်မရှိဘဲ အလုပ်လုပ်နေသူ သန်းနှင့်ချီ၍ ရှိနေဦးမည် ဖြစ်ကြောင်း သိရသည်။

ယင်း အလုပ်သမားလက်မှတ်အသစ်များကို ဇူလိုင်လဆန်း တရက်နေ့မှ စတင်၍ ဇူလိုင်လ (၃၁)ရက်နေ့အထိ ပြုလုပ်ပေးခြင်း ဖြစ်သည်။ ထိုင်းအစိုးရက လွန်ခဲ့သော ၃ နှစ်ခန့်မှ စတင်၍ အလုပ်သမားလက်မှတ်အသစ်ပြု လုပ်ပေးခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး ယခုပြန်လည် ပြုလုပ်ပေးခြင်းဖြစ်သည်။ ၎င်းလက်မှတ်သည်(၁)နှစ် သက် တမ်း ဖြစ်သည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ်သမား အဖွဲ့များ၏ အဆိုအရ သိရပြီး အလုပ်သမား အများစုမှာ အလုပ်သမားလက်မှတ်ဖြင့် အလုပ်လုပ်ကိုင်နိုင်သည့် အခွင့် အရေး ကို လိုချင်ကြကြောင်း သိရသည်။



ဒေါ်စုအပေါ် တရားစွဲဆိုမှု ရုပ်သိမ်းပြီး လွှတ်ပေးဖို့ ဘန်ကီမွန်း တောင်းဆို

30 July 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးနေတဲ့ တရားခွင် အဆုံးသတ်တော့မယ့်အချိန် နီးကပ်လာတာနဲ့အမျှ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးဖို့ တောင်းဆိုသံတွေ ထွက်ပေါ်လာနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေကို ပယ်ဖျက်ပြီး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ရုံးချုပ်မှာ မနေ့တုန်းကပဲ တိုက်တွန်း ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆို ကြားနာမှုတွေ ပြီးဆုံးလို့ အဆုံးသတ် စီရင်ချက် ချမှတ်ဖို့ မနက်ဖြန် သောကြာနေ့ မှာ ချိန်းဆိုထားတာမို့ ထွက်ပေါ်လာဖွယ်ရာရှိတဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်မကင်းသံ တွေ လည်း ကြားနေရတာပါ။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီလဆန်းပိုင်းတုန်းကပဲ ၂ ရက်ကြာ မြန်မာနိုင်ငံကို ရောက်သွားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း အပါအ၀င် ဖြစ်ပါတယ်။ နယူးယောက်ခ်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ကိစ္စတွေကို ပြောခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုတွေ ဆက်လုပ်နေတာနဲ့ ပတ်သက်လို့ ကျနော် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ကျနော် ရောက်တုန်းကလည်း ပြောပြီးပါပြီ၊ သူ့အပေါ် စွပ်စွဲချက်တွေကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ ထပ်တလဲလဲ ပြောခဲ့ တာပါ။ ဒီအတွက်လည်း ဆက်ပြီး ဖိအားပေးသွားမှာပါ။”

အတွင်းရေးမှူးချုပ်ကတော့ နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတယ်၊ သူ့ခရီးစဉ်အပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစီရင်ခံတုန်းက စစ်အစိုးရ ကိုယ်စားလှယ်က ကတိပြုထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်ဆိုတဲ့ ကတိက၀တ်တွေကိုလည်း စောင့်ထိန်းသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။ အတွင်းရေးမှူးချုပ်က ဒီလို မှတ်ချက်ပေး ပြောဆိုလိုက်တာဟာဖြင့် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေရဲ့ အခြေခံတွေကို ဖြေရှင်းပေးဖို့ တိုက်တွန်း တောင်းဆိုချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လည်း ကြိုဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဟာ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးဆိုတာလည်း ကျနော်တို့ဘက်က ရှေ့နေတွေက အကြိမ်ကြိမ် ပြောပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သူ့မှာ အပြစ်မရှိကြောင်း ရုံးတော်မှာ သူ တင်ပြပြီးပြီ။ ဘာပဲဖြစ်ဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ကျနော်တို့တိုင်းပြည် အမှန်တကယ် ဖွံ့ဖြိုး တိုးတက်စေချင်တယ်၊ တကယ်ကို ဒီမိုကရေစီရေးကို ရှေးရှုမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမှုက ရုပ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ကျနော်တို့ကတော့ လိုလားတယ်။

“ကျနော်တို့ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာလည်း ဒီကိစ္စတွေကို အဓိကထား ပြောထားတယ်။ နံပါတ်တစ်အချက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ပြီးရင် ဆုံးဖြတ်နိုင်တဲ့ Power ရှိတဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံ ဆွေးနွေးဖို့၊ ပြီးရင် ဒီတွေ့ဆုံဆွေးနွေးပွဲက ရလဒ်တွေအတိုင်း အတည်ပြုပြီး ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်ဖို့ဆိုပြီး ရွှေဂုံတိုင်ကြေညာစာတမ်းမှာလည်း ပြောထားတဲ့အတွက် မစ္စတာဘန်ကီမွန်းရဲ့ တိုက်တွန်းတောင်းဆိုချက်ကို ကျနော်တို့က အပြည့်အ၀ ထောက်ခံပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးအရ တိုးတက်မှုတွေရှိအောင် လုပ်ဖို့ တိုက်တွန်းတောင်းဆိုသံတွေ ထွက်ပေါ်နေပေမဲ့လည်း ဒါဟာ ပြည်တွင်းရေးကိစ္စကို ၀င်ရောက်စွက်ဖက်တာ၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုရဲ့ တရား စီရင်ရေးစနစ်ကို ၀င်ပါနေတာဆိုပြီး တုံ့ပြန်ပြောဆိုမှုတွေကို အစိုးရပိုင် သတင်းစာတွေကတော့ ဖော်ပြနေကြတာပါ။ တကယ်တော့ နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ကာနီးကြမှ အခုလို တရားစွဲဆိုတာတွေနဲ့ ကြုံနေရတဲ့အတွက် စစ်အစိုးရရဲ့ တရားစီရင်မှုအပေါ် အများက သံသယ ၀င်နေကြသလို ကြားနာစစ်ဆေးမှုတွေလုပ် ရှေ့နေရှေ့ရပ်တွေနဲ့ ခုခံချေပခွင့် ပေးထားတယ် ဆိုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ရှိကြောင်းသာ ဆုံးဖြတ်လိမ့်မယ် ဆိုပြီးတော့လည်း သံသယတွေ ရှိနေကြတာပါ။ အတွင်းရေးမှူးချုပ်ကတော့ ဒီလိုသာ ဆုံးဖြတ်ရင် စစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ရဲ့ လိုလားချက်တွေကို ကျောခိုင်းရာ ရောက်လိမ့်မယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအ၀န်းထဲကို အပြည့်အ၀ ပြန်လည်ဝင်ရောက်လာတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ၊ ကမ္ဘာ ပေါ်က တခြားလူတွေလိုပဲ လွတ်လပ်တဲ့အရသာကို ခံစားနိုင်တာကို မြင်တွေ့လိုကြတဲ့ နိုင်ငံတကာက ဆန္ဒတွေ မျှော်လင့်ချက် တွေအပေါ် သစ္စာဖောက်သလို ဖြစ်ပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေး စီရင်ခဲ့မယ် ဆိုရင်တော့ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့ နိုင်မယ့် အခွင့်အလမ်းကောင်း တခုကို ဆုံးရှုံးရလိမ့်မယ် ဆိုပြီးတော့လည်း အတွင်းရေးမှူးချုပ်က သတိပေး ပြောဆိုခဲ့တာပါ။ ဒီလိုသာမက နိုင်ငံတကာက ဖိအားတွေ၊ အရေးယူ ဆောင်ရွက်မှုတွေသာ ပိုလာနိုင်တာမို့ တိုင်းပြည်အတွက် ဆိုးကျိုးတွေ သာ ထွက်ပေါ်လာစရာ ရှိတယ်လို့ ရှုမြင်သူကတော့ NLD ပါတီက ဒေါက်တာဝင်းနိုင် ဖြစ်ပါတယ်။

“တိုင်းပြည်ရဲ့ ရှေ့အနာဂတ်ကို ပုံဖော်ပြီး တဖက်က နအဖအနေနဲ့ လက်တွဲသွားနိုင်မယ့် ခေါင်းဆောင်တယောက်ကို ဒီလိုသာ အပြစ်ဒဏ် ချခဲ့မယ်ဆိုရင် ရှေ့အလားအလာကတော့ တိုင်းပြည်အနေနဲ့ ရင်လေးစရာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး ဆိုတာကို တည်ဆောက်နိုင်ဖို့က တော်တော်ခဲယဉ်းသွားမယ်။ ကျနော်တို့ မျှော်မှန်းနေတဲ့ ရှေ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့၊ ဒီမိုကရေစီရေးတို့ဆိုတဲ့ အလားအလာတွေကလည်း မှေးမှိန်သွား လိမ့်မယ်။

“ဒါ့အပြင် နိုင်ငံတကာ မိသားစုက မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တခုက ပျောက်ကွယ်သွားမယ် ဆိုရင်တော့ နိုင်ငံတကာ မိသားစုအနေနဲ့ကလည်း ဒီအပေါ်မှာ စိတ်ပျက်မယ်၊ ဒေါသဖြစ်မယ်၊ အဲဒီအတွက် သူတို့ကလည်း တုံ့ပြန်ကြမှာပဲ။ အဲတော့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုလာမယ့် စီးပွားရေး အလာအလာတွေ၊ အကူအညီတွေဆိုတာ ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူ ပြည်သားတွေ ခံစားရဖို့ဆိုတာ တော်တော်ခဲယဉ်းသွားမယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ပြဿနာတွေ၊ စီးပွားရေး ပိတ်ဆို့မှု တွေကလည်း ပိုဆိုးလာမယ်၊ နိုင်ငံရေး ပြဿနာတွေကလည်း ပိုနက်ရှိုင်းသွားလိမ့်မယ်လို့ ကျနော်တို့တော့ မြင်တယ်။”

NLD ပါတီ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြန်ပြောင်းသုံးသပ်နေတဲ့ အမေရိကန်ပြည်ထောင်စုကတော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုရှိအောင် မလုပ်နိုင်တာကြောင့် စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု တွေ လုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ ဥပဒေကို နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အင်္ဂါနေ့တုန်းကပဲ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ အဖိုးတန် ကျောက်မျက်တွေ အပါအ၀င် မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုတွေကို တားမြစ်တဲ့ မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး ၂၀၀၃ ခုနှစ် ဥပဒေကို အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်က ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အတည်ပြု မဲပေးပြီး သမ္မတက လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။



အီရန် ရွေးကောက်ပွဲအလွန် ဆန္ဒပြ သေဆုံးသူတွေအတွက် တီဟီရန်မှာ စုဝေး

30 July 2009


အီရန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ အလွန် ဆူပူ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူတွေအတွက် တီဟီရန်မြို့က သင်္ချိုင်းတခုမှာ ကျင်းပနေတဲ့ အောက်မေ့ဘွယ် ဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်နေတဲ့ အတိုက်အခံခေါင်းဆောင် မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) ကို အဲဒီနေရာကနေ ထွက်သွားဖို့ သူ့ကားရှိရာကို အီရန် လုံထိန်းရဲတွေက အတင်းတွန်းထုတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဲဒီအခါမှာ အောက်မေ့ဘွယ် အခမ်းအနား တက်ရောက်လာသူတချို့က မစ္စတာမူဆာဗီကို ထောက်ခံကြောင်း ကြွေးကြော်သံတွေနဲ့ သူ့ကားရှိရာကို ၀ိုင်းအုံလာခဲ့ကြပါတယ်။ အစိုးရက မသွားဖို့ ပိတ်ပင်ထားတဲ့ကြားက အဲဒီ အောက်မေ့ဘွယ် အခမ်းအနားကို လူရာပေါင်းများစွာ တက်ရောက်ခဲ့ရာမှာ ရဲတွေက လူတော်တော်များများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒီကနေ့ ဆုတောင်းပွဲမှာ ရွေးကောက်ပွဲလွန် ဆူပူမှုအတွင်း အသတ်ခံခဲ့ရတဲ့ အီရန်အမျိုးသမီးလေး နီဒါ အာဂါ-ဆိုလ်တန် (Neda Agha-Soltan) ရဲ့ မိခင်ဖြစ်သူဟာလည်း သူ့သမီး သေဆုံးခဲ့တာ ရက်ပေါင်း ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲလွန် ကာလမှာပဲ နီဒါတယောက် ပစ်သတ်ခံခဲ့ရတဲ့ ပုံရိပ်တွေဟာ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူတွေအတွက် ကြွေးကြော်စရာတခု ဖြစ်ခဲ့တာပါ။ အစိုးရ သတင်းမီဒီယာတွေရဲ့ အဆိုအရ ဇွန်လ ၁၂ ရက် ရွေးကောက်ပွဲအလွန် ဆန္ဒပြမှုတွေအတွင်း လူ ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။



မြောက်ကိုရီးယားက ဖမ်းထားတဲ့ ငါးဖမ်းသင်္ဘော ပြန်အပ်ဖို့ တောင်ကိုရီးယား တောင်းဆို

30 July 2009


တောင်ကိုရီးယားပိုင် ငါးဖမ်းသင်္ဘောတစင်းကို မြောက်ကိုရီးယားဘက်က သင်္ဘောနဲ့ဆွဲပြီး မြောက်ကိုရီးယား ဆိပ်ကမ်းတခုကို သယ်သွားတယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

Yeonan 800 လို့ အမည်ပေးထားတဲ့ အဲဒီ ငါးဖမ်းသင်္ဘောရဲ့ GPS ဆက်သွယ်ရေး ဂြိုဟ်တုကတဆင့် လမ်းပြတဲ့ မြေပုံစနစ် ပျက်သွားတဲ့အတွက် မြောက်ကိုရီးယား ရေပိုင်နက်ထဲ ၁၁ ကီလိုမီတာလောက် ၀င်သွားတဲ့အချိန်မှာ အခုလို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံလိုက်ရတာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

အဲဒီ ငါးဖမ်းသင်္ဘောနဲ့အတူ ပါလာတဲ့ သင်္ဘောသားတွေကို မြောက်ကိုရီးယား ကင်းလှည့်ယာဉ်က ဖမ်းဆီးပြီး အရှေ့ပိုင်း ဂျန်ဂျွန်း (Jangjon) ဆိပ်ကမ်းကို ခေါ်သွားခဲ့တာလို့ ဆိုပါတယ်။

လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ ငါးဖမ်းသင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ မြောက်ကိုရီးယား ရေကြောင်းဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အဲဒီ တောင်းဆိုချက်ကို မြောက်ကိုရီးယားက လက်ခံခဲ့ပြီး စဉ်းစားပေးမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့လည်း အဲဒီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။



အာဆီယံ စွမ်းအင်ဝန်ကြီးများ မန္တလေးမှာ ဆွေးနွေး

30 July 2009


အာဆီယံဒေသတွင်းမှာ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှုတွေ ဆက်ပြီး လည်ပတ်နေနိုင်ဖို့ အရေး ဆွေးနွေးပြောဆိုမှုတွေကို အာဆီယံနိုင်ငံတွေက စွမ်းအင်ဆိုင်ရာ အရာရှိကြီးတွေနဲ့ မန္တလေးမြို့ မှာ ပြုလုပ်နေကြပါပြီ။ အာဆီယံ အသင်းဝင် ဆယ်နိုင်ငံအပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက စွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်တွေပါ တက်ရောက် ဆွေးနွေးနေကြတဲ့ နှစ်ပါတ်လည်ပွဲပါ။ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ဆွေးနွေးနေကြတာပါ။ စွမ်းအင်ဆိုင်ရာ ပူးပေါင်း လုပ်ဆောင်မှုတွေကို ၅နှစ် စီမံကိန်းတခု ချပြီး လုပ်ဆောင်ကြဖို့ ဆွေးနွေးနေကြတာလို့ အစည်းအဝေး တက်ရောက်နေကြတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲဒီ စီမံကိန်းဟာ နောက်နှစ်ထဲကျရင် စမှာ ဖြစ်ပြီး ပါတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်စေမယ့် နည်းပညာတွေနဲ့ လုပ်ဆောင်ကြမှာလို့ ဆိုပါတယ်။

အာဆီယံဒေသတွင်းမှာ စွမ်းအင်ဆိုင်ရာ မြေပုံညွန်းတွေ ရေးဆွဲဖို့၊ ဓါတ်ငွေ့ပိုက်လိုင်းတွေ၊ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ရေအား လျှပ်စစ် ထုတ်လုပ်နိုင်အောင် ရှာဖွေရေး၊ ပြန်လည် အသုံးချနိုင်တဲ့ စွမ်းအင်နဲ့ နျူကလီးယား စွမ်းအင်တွေကို ဖေါ်ထုတ်နိုင် ရေး လုပ်ငန်းတွေပါ အဲဒီစီမံကိန်းမှာ ပါဝင်ပါတယ်။ အခုအစည်းအဝေးဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ မြန်မာနိုင်ငံက သူ့ရဲ့ ရေနံနဲ့သဘာဝတွေကို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ မျက်စိကျအောင် ဆွဲဆောင်တဲ့ပွဲ တခုလည်း ဖြစ်ပါတယ်။ မြန်မာ ပြည်အတွင်း စွမ်းအင်ဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့အထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ ကတော့ အရင်းအနှီး အများဆုံးဖြစ်ပါတယ်။ အခု အစည်းအဝေးမှာ သံလွင်မြစ်အတွင်း ရေအားလျှပ်စစ် ထုတ်လုပ်မယ့် ရေကာတာ တည်ဆောက် ရေး စီမံကိန်း၂ခုကိစ္စကိုပါ ဆွေးနွေးကြလိမ့်မယ်လို့လည်း အစည်းအဝေးကို တက်နေတဲ့ ကိုယ်စားလှယ်တွေက ပြောပါ တယ်။



ဘန်ကီမွန်း မြောက်ကိုရီးယားကို သွားရောက်လို

30 July 2009


မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် မြောက်ကိုရီးယားကို သွားဖို့ သူ ဆန္ဒရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက် ပါတယ်။ မြောက်ကိုရီးယားမှာ အကျဉ်းကျနေတဲ့ အမေရိကန် သတင်းထောက် နှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ ရဲ့ကိုယ်စား မြောက်ကိုရီးယား အာဏာပိုင်တွေနဲ့ ဆွေးနွေးလိုတဲ့အကြောင်း သူ့အနေနဲ့ ကြိုတင်အချက်ပြ ပြောဆို ထားတယ် လို့လည်း အတွင်းရေးမှူးချုပ်က ဆိုပါတယ်။ ကုလသမဂ္ဂ ဌာနချုပ်ရှိရာ နယူးယောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Margaret Besheer က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

အထူးသဖြင့် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေ ပျက်ခဲ့တဲ့ အချိန်က စလို့ ကိုရီးယားကျွန်းဆွယ်က အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ စိုးရိမ်မိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး ဟောင်းဖြစ်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။

“မြောက်ကိုရီးယား အာဏာပိုင်တွေဘက်က ဆွေးနွေးနိုင်မယ့် အခွင့်အလမ်းတွေ အားလုံးကို ရပ်ပစ်လိုက်တဲ့အတွက် ကျနော် စိုးရိမ်မိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဆွေးနွေးမှုတွေကနေ တဆင့် ဆုံးဖြတ်ချက် တစုံတရာ ချနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကို ၆ ပါတီ ဆွေးနွေးပွဲကနေ လုပ်ပေးနိုင်သေးတယ်လို့ ကျနော် ယုံကြည်သလိုပဲ တချိန်တည်းမှာလည်း တခြား ဆွေးနွေးမှုတွေကိုလည်း လိုအပ်ရင် လိုအပ်သလို လုပ်သင့်ပါတယ်။”

အမေရိကန်ပြည်ထောင်စုနဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေလုပ်ဖို့ မကြာသေးခင်က မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လစဉ် ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်သလို ဆွေးနွေးမှု ပုံစံနဲ့ အရွယ်အစား ဘယ်လိုပဲဖြစ်နေပါစေ၊ တွေ့ဆုံဆွေးနွေးဖို့က ပဓာန ဖြစ်ပြီး အဲဒါကသာ မြောက်ကိုရီးယား နျူကလီးယား အရေးကို ဖြေရှင်းနိုင်တဲ့ တခုတည်းသော နည်းလမ်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား နဲ့ အမေရိကန် တို့ရဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေဟာလည်း တရုတ်၊ ဂျပန်၊ ရုရှား နဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ ၆ ပါတီ ဆွေးနွေးပွဲ ရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ တနင်္လာနေ့မှာ အမေရိကန်က ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားကိစ္စ ဆွေးနွေးမှုတွေအတွက် သူ့ရဲ့ ကုလသမဂ္ဂ ရုံးက ကူညီဖို့ အသင့်ရှိနေသလို မြောက်ကိုရီးယားကို သွားဖို့လည်း စဉ်းစားနေတယ်လို့ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

“ကိုရီးယား ကျွန်းဆွယ်ရဲ့ အခြေအနေက အရမ်းကို စိုးရိမ်ရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူး တယောက်အနေနဲ့ အခု အချိန်မှာ မြောက်ကိုရီးယားကို သွားရောက်တာ အပါအ၀င် ကျနော် လုပ်နိုင်တာ မှန်သမျှ လုပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာသွားရင် အကောင်းဆုံးဖြစ်မယ်ဆိုတာကိုတော့ စူးစမ်းရပါဦးမယ်။”

မြောက်ကိုရီးယားမှာ အကျဉ်းကျနေတဲ့ အမေရိကန် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်အောင် ကုလသမဂ္ဂ အနေနဲ့ ဘယ်လိုများ ကြိုးပမ်းဆောင်ရွက်နိုင်မလဲလို့ မေးတဲ့အခါမှာတော့ ဒီ သတင်းထောက် နှစ်ဦး ပြန်လွတ်အောင် သူ တတ်နိုင်သမျှ ကြိုးစားခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းက ဖြေခဲ့ပါတယ်။

“ဒီသတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် ကျနော့်ဘာသာ ကြိုးစားဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ဘယ်လို ကြိုးစား တယ် ဆိုတာကိုတော့ ကျနော် မပြောနိုင်ပါဘူး။ မြောက်ကိုရီးယား အာဏာပိုင်တွေ အနေနဲ့ အခုကိစ္စကို ပြန်လည် ဆန်းစစ် ပြီးတော့ လူသားချင်းစာနာမှု ရှုထောင့်ကပဲဖြစ်ဖြစ်ကြည့်ပြီး ဒီလူ နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကျနော့်ရဲ့ ဆန္ဒနဲ့ တောင်းဆိုချက်ကို နှစ်ကြိမ်တိတိ ဖော်ပြခဲ့ပါတယ်။ ဒါဟာ ကျနော့်ရဲ့ လောလောဆယ် ကြိုးပမ်းချက်ပါ။”

သတင်းထောက်နှစ်ဦး လွတ်မြောက်ရေး သူ့ရဲ့ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မစ္စတာ ဘန်ကီမွန်း က မပြောခဲ့ပါဘူး။ ဒီအမေရိကန်သတင်းထောက် နှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လ က မြောက်ကိုရီးယား နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မြောက်ကိုရီးယား အစိုးရက သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ် ခဲ့တာလည်း ဖြစ်ပါတယ်။


ကတိနဲ့အညီ အကျဉ်းသားတွေ လွှတ်ဖို့ အတွင်းရေးမှူးချုပ် စစ်အစိုးရကို တိုက်တွန်း

30 July 2009


မြန်မာစစ်အစိုးရကိုယ်တိုင် လုံခြုံရေးကောင်စီကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် ပေးထားတဲ့ ကတိအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ မျှော်လင့်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုကို လာမယ့် သောကြာနေ့မှာ တရားရုံးက စီရင်ချက်ချမယ်လို့ ကြေညာထားနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားတာပါ။ စစ်အစိုးရဘက်က ကတိက၀တ်အတိုင်း လိုက်နာ ဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ပြီး တရားစွဲဆိုနေတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်မိတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပြီး ချက်ခြင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း စစ်အစိုးရကို သူ ရှင်းရှင်းလင်းလင်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။ ဒီတောင်းဆိုချက်ကို စစ်အစိုးရဘက်က လိုက်လျောလာအောင် သူ့ဘက်က ထပ်ပြီး တိုက်တွန်း တောင်းဆိုသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခရီးစဉ်က ပြန်လာခဲ့ကတည်းက မျက်ခြည်မပြတ် စောင့်ကြည့် နေတဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါ တယ်။



အီရတ်ရှိ အမေရိကန်စစ်သားတွေ မြန်မြန် ရုပ်သိမ်းပေးဖွယ်ရှိ

29 July 2009

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် က အီရတ်မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေကို အခုထက် ပိုပြီး မြန်ဆန်တဲ့နှုန်းနဲ့ ဆုတ်ခွာကောင်း ဆုတ်ခွာရလိမ့်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ ၂ရက်ကြာ အီရတ် ခရီးစဉ်အပြီးမှာ ကာကွယ်ကြီး ဂိတ်စ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေတွေ တိုးတက်မှု ရှိလာပြီး ၂၀၁၁ခုနှစ်အကုန်မှာ အီရတ်က ရှိသမျှ အမေရိကန် တပ်တွေကို အပြီးသပ်ဆုတ်ခွာမှာ ဖြစ်တယ်လို့လည်း ၀န်ကြီး ဂိတ်စ်က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။ အရင်လတုန်းက အီရတ်ရဲ့ အဓိက မြို့ပြနေရာတွေက အမေရိကန်တပ်တွေ ပြန်လည် ဆုတ်ခွာခဲ့ပြီး ဖြစ်ပါတယ်။ ကာကွယ်ရေး ၀န်ကြီး ဂိတ်စ်၊ အီရတ်က ပြန်လည် မထွက်ခွာမီ အီရတ်နိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကာဒစ်စတန် ဒေသရဲ့ သမ္မတ မစွတ်ဗဇာနီ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လူနည်းစု ကဒ် လူမျိုးနဲ့ လူများစု အာရပ် လူမျိုးတို့ကြား ပဋိပက္ခတွေ ဖြေရှင်း အဖြေရှာဖို့ ဆွေးနွေးခဲ့ပါသေးတယ်။ မနေ့တုန်းကတော့ ကာကွယ်ရေး ၀န်ကြီးဂိတ်စ်ဟာ အီရတ် ၀န်ကြီးချုပ် နူရီအယ်လ်မာကီ နဲ့ တွေ့ဆုံပြီး အီရတ်လုံခြုံရေးအတွက် အမေရိကန် တပ်တွေရဲ့ အနာဂတ်အခန်းကဏ္ဍနဲ့ အီရတ်ကို လက်နက်ရောင်းချရေး ကိစ္စ တွေကိုပါ ဆွေးနွေးခဲ့ပါတယ်။



ညွှန်ကြားချက်ဖြင့် စပါးစိုက်ခိုင်းသဖြင့် လယ်သမားများအခက်တွေ့
Thursday, 30 July 2009 15:03 ဖြိုးကြီး .ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာများကို မြို့နယ်(မယက)က မိုးစပါးဧက ပြည့်မှီရေးအတွက် ခွဲတမ်းစနစ်ဖြင့် စိုက်ပျိုးရန် ညွှန်ကြားသဖြင့် ဒေသခံရွာသားများ အခက်တွေ့နေရသည်။

ယခုလ (၁၇) ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ကာ ကြိမ်ချောင်းကြီးကျေးရွာအုပ်စုနှင့် ကျွန်းသာယာကျေးရွာအုပ်စုများအတွင်းရှိ လယ်များတွင် သွားရောက် စိုက်ပျိုးခိုင်းခြင်းဖြစ်သည်။

“လယ်ယာမြေ ၃၁၄၄ ဧကကို သွားလုပ်ခိုင်းတာ၊ (မယက)ဥက္ကဌက အစည်းအဝေးခေါ်ပြီး တရွာကို ဧက ၅၀ လုပ်ရမယ်ဆိုပြီး ပြောတယ်၊ အားလုံး ရွာပေါင်း ၆၅ ရွာ၊ လုပ်ခိုင်းတာက (၁၇) ရက်နေ့မှာ၊ (၂၂) ရက်နေ့မှာ သွားကြည့်တဲ့အခါ ဘာမှလုပ်ထားတာမရှိတော့၊ (၂၃) ရက်နေ့မှာ သွားလုပ်ပါဆိုပြီး ထပ်ညွှန်ကြားတယ်” ဟု ငခူကျေးရွာသားတဦးက ပြောသည်။

ယင်းကဲ့သို့ သွားရောက်လုပ်ကိုင်ခိုင်းရာတွင် သက်ဆိုင်ရာ ကျေးရွာ(ရယက)များက စိုက်ပျိုးစရိတ်အတွက် ကျေးရွာအလိုက် ငွေကြေးကောက်ခံနေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ရွာတွေကို ခွဲပြီးလုပ်ခိုင်းတော့ (ရယက)တွေက သူတို့လည်း မလုပ်နိုင်တော့ ရွာတွေမှာ ပိုက်ဆံတောင်းပြီး ပံ့ပိုးမယ်၊ သွားစိုက်ဆိုပြီး ပြောတယ်၊ လယ်တွေကိုလည်း အပိုင်ပေးမယ်ပြောတယ်၊ ရာသီကလည်း နောက်ကျနေပြီ၊ ထွက်လာတဲ့ စပါးကိုလည်း (မယက)က စီမံခန့်ခွဲမှာဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု ပြောသည်။

ယခု သွားရောက်စိုက်ပျိုးခိုင်းသည့် လယ်မြေများမှာ ယခင်ကစိုက်ပျိုးသည့် လယ်သမားများရှိခဲ့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက နိုင်ငံတကာကပေးသည့် အကူညီအထောက်ပံ့များကို အလွဲသုံးစားလုပ်ပြီး ထိထိရောက်ရောက် ကူညီခဲ့ခြင်းမရှိသည့်အတွက် လုပ်ကိုင်မည့်သူ မရှိတော့ခြင်းဖြစ်ကြောင်း အဆိုပါရွာသားက ဆက်ပြောသည်။

“ဒီလူတွေက မလုပ်တော့ဘူးဆိုတာက နာဂစ်ဒေသမှာ အကူအညီတွေ လာပေးတာမနည်းဘူး၊ ဒါပေမဲ့ ဒီမှာ အာဏာပိုင်တွေ မသမာမှုကြောင့် လယ်သမားတွေက သူတို့ပြောသလို ထောက်ပံ့မှုတွေ တကယ်မရကြဘူး၊ မရတဲ့အခါကျတော့ ဒီပြဿနာတွေဖြစ်လာတာ” ဟု ပြောသည်။

လယ်သမားများအတွက် စက်သုံးဆီများ ထောက်ပံ့ပေးစဉ်ကလည်း သက်ဆိုင်ရာ (ရယက)နှင့် မြို့နယ်အာဏာပိုင်များ ပေါင်းပြီး လယ်ဧကပိုပြပြီး ဆီများထုတ်ယူကာ ရောင်းစားခြင်းများရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“လယ်ဧက ၃၂၈၀ ရှိတဲ့ ရွာမှာ စက်သုံးဆီပေးမယ်ဆိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ မြို့နယ်အာဏာပိုင်တွေ ပေါင်းပြီး ၆၃ ဧက ပိုပြလိုက်တယ်၊ ပေးတာက တဂါလံကို ၃၀၀၀ နဲ့ထုတ်ပြီးတော့ ၃၅၀၀ နဲ့ ပြန်ရောင်းစားတယ်၊ နောက် (ရယက)ဥက္ကဌတယောက်ဆိုရင် ထွန်စက် ၄ လုံး ကူညီထောက်ပံ့ပေးတာကို ရောင်းစားပစ်တယ်” ဟု ပြောသည်။

ယင်းကဲ့သို့ အာဏာပိုင့်အဆင့်ဆင့် ခေါင်းပုံဖြတ်မှုများကြောင့် ဒေသခံလယ်သမားများမှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရပြီး စပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့သည့် အခြေအနေများနှင့် ရင်ဆိုင်နေရကာ ယခုထပ်မံ၍ အတင်းအကြပ် လုပ်ခိုင်းနေသဖြင့် ဒေသခံများ စားဝတ်နေရေးအခက်အခဲများပါ ကြုံတွေ့နေရလျက်ရှိသည်။



အကြီးမားဆုံး ဘင်္ဂလာ စစ်သားများကို စစ်တကောင်းတောင်တန်းနယ်မှ ရုတ်သိမ်းမည်
7/30/2009


ဘင်္ဂလာဒေခ်ျ့ အစိုးရမှ စစ်တကောင်းတောင်တန်းနယ်တွင် တပ်စွဲထားသော စစ်တပ် တပ်မတခုအား များမကြာမှီ စတင်ပြီး ရုတ်သိမ်းတော့မည် ဖြစ်ကြောင်း ယမန်နေ့က ကျေညာသည်။

အဆိုပါ ရုတ်သိမ်းမူကို များမကြာမှီ စတင်ရန်နှင့် စက်တင်္ဘာလအတွင်း အပြီးသတ် ရုတ်သိမ်းမည် ဖြစ်ကြောင်း အစိုးရမှ ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။

ယခုရုတ်သိမ်းမည့် အစီအစဉ်တွင် တပ်ရင်း (၃) ရင်းနှင့် စခန်းပေါင်း ၃၅ ခုပါဝင်သည်။

ယခု အစီအစဉ်သည် ၁၉၉၇ ခုနှစ်က ချန်တီဘာဟီနီခေါ် သက်တော်လှန်ရေး အုပ်စုနှင့် ဘင်္ဂလာဒေခ်ျ့ အစိုးရ အကြား ငြိမ်းချမ်းရေး ရယူစဉ်က သဘော တူညီမူကို လက်ရှိ ရှိတ်ဟာဆီးနာ အစိုးရမှ အကောင်အထည် ဖေါ် ဆောင်ရွက်ခြင်း ဖြစ်သည်။

ချန်တီဘာဟီနီ ပြောက်ကျားများ လက်နက်စွန့် ငြိမ်းချမ်းရေး ရယူခဲ့သည့် ၁၉၉၇ ခုနှစ်မှ စတင်ပြီး စစ်တပ် စခန်း ၂၀၀ ခန့်ကို စစ်တကောင်းတောင်တန်းနယ်မှ ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်ဟု အစိုးရဘက် တာဝန်ရှိသူများက ပြောသည်။

သို့သော်လည်း ငြိမ်းချမ်းရယူထားသည် ချန်တီဘာဟီနီများက စစ်တကောင်း တောင်တန်းနယ်တွင် အခြေစိုက်ထားသာ စခန်း စုစုပေါင်း ၄၀၀ တွင် ၁၅၀ ကိုသာ ရုတ်သိမ်းသေးကြောင်း ပြောဆိုသည်။

ငြိမ်းချမ်းရေး ရယူစဉ် ရှိတ်ဟာဆီးနာ ဦးဆောင်သော ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ချန်တီဘာဟီနီများ အကြား သဘောတူညီချက် အများအပြားရှိခဲ့သော်လည်း လွန်ခဲ့သော ဘီအန်ပီ အစိုးရ လက်ထက်တွင် အဆိုပါ သဘောတူညီချက်များကို အသိအမှတ် မပြုခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး သဘောတူညီချက်များထဲတွင် စစ်တကောင်းတောင်နယ်တွင် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ရပြီးနောက် ၀င်ရောက်နေထိုင်သော မူဆလင် ဘင်္ဂလီ လူမျိုးများအား ထုတ်ပေးရန်နှင့် ဒေသခံများ ပိုင်ဆိုင်သော မြေယာများကို ပြန်လည် ဝေခြမ်းပေးရေး အစီအစဉ်များလည်း ပါဝင်သည်။

စစ်တပ်များ ဆုတ်ခွာသွားသော်လည်း စစ်တကောင်းတောင်တန်းနယ် အုပ်ချုပ်ရေးကို ရဲအဖွဲ့နှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့များက တာဝန် ယူသွားမည် ဖြစ်သည်ဟု သိရသည်။

စစ်တကာင်းတောင်တန်းနယ်တွင် သက်၊ မာရမာ၊ မြို၊ မြုံ၊ လင်းကြေး၊ ဒိုင်းနက် စသည့် လူမျိုးများ နေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။



နှစ်လုံးထီ လောင်းကစား ဖမ်းဆီးနေ

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇူလိုင် ၃၁၊ ၂၀၀၉

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် တရားမ၀င် ၂လုံး၊ ၃လုံးထီ (ချဲထီ) လောင်းကစား သူများကို စီမံချက်ဖြင့် ထောက်လှမ်းဖမ်းဆီးနေကြောင်း ရန်ကုန်မြို့ရှိ လောင်းကစား ဒိုင်နှင့် ထိုးသားများက ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း တယ်လီဖုန်းများဖြင့် အလောင်းအစား လက်ခံလျက်ရှိသည့် ဒိုင်များမှာ ရဲနှင့် ရဲထောက်လှမ်းရေးများက တယ်လီဖုန်း ကြားဖြတ်နားထောင်ပြီး ဖမ်းဆီးနေသည်ကို ကြောက်ရွံ့ကာ ရပ်နားထားကြသည် ဟုလည်း သိရှိရသည်။ ပုံမှန်ကာလများတွင် မိုဘိုင်းဖုန်းများဖြင့် လောင်းကြေးလက်ခံကာ တပတ်ကုန်ပြီးမှ အိမ်တိုင်ရာရောက် ငွေပေးငွေယူလုပ်သည့် စနစ်ဖြင့် လုပ်ကိုင်ခြင်းမှာ အန္တရာယ် သိပ်မရှိသော်လည်း ယခုအခါ တယ်လီဖုန်းကြား ဖြတ်နားထောင်သည့် နည်းလမ်းဖြင့် ဖမ်းဆီးနေခြင်းကြောင့် စိုးရိမ်နေကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ကာ မသင်္ကာသူများကို ချဲထီလောင်းကြေး စာရွက်များ၊ အတိတ်စာရွက်များ ပါရှိခြင်း ရှိမရှိစစ်ဆေးရန် ညွှန်ကြားထားပြီး၊ ယခင်က ကြိုးတယ်လီဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းများတွင် နိုင်ငံရေး ကိစ္စရပ်များကိုသာ ကြားဖြတ် နားထောင်လျက်ရှိသော်လည်း ယခုအခါ ချဲထီနှင့် ပတ်သက်သည်များလည်း ကြားဖြတ်နားထောင်ပြီး ဖမ်းဆီးရန် ညွှန်ကြားထားသည်ဟု ရန်ကုန်ကန်တိုင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ တီဗီ လိုင်းမှ နေ့စဉ် စတော့ရှယ်ယာ ဈေးကွက် အညွှန်းကိန်း ဂဏန်းများကို အမှီပြုပြီး တရက်လျင် ၂ကြိမ် အလောင်းအစား လုပ်နေကြသည်ကို ၂လုံးထီဟု ခေါ်ဆိုပြီး ထိုင်းနိုင်ငံမှ ၁၅ရက်တကြိမ် ဖွင့်သည့် အစိုးရထီ၏ နောက်ဆုံး ဂဏန်း ၃လုံးကို အလောင်းအစားပြုသည်ကို ၃လုံးထီဟု ခေါ်ဆိုသည်။

မည်သည့် အကြောင်းကြောင့်ထိုသို့ ဖမ်းဆီးလျက်ရှိသည်ကို မသိရှိရသော်လည်း မကြာမီ ရက်ပိုင်းအတွင်း နိုင်ငံတကာ မီဒီယာ အချို့နှင့် ပြည်ပမြန်မာ သတင်းဌါနများမှ ချဲထီအကြောင်း ရေးသား လွှင့်ထုတ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟူသည့် ယူဆမှုများလည်း ထွက်ပေါ်နေသည်ကို ကြားသိရ၏။

မြန်မာတနိုင်ငံလုံးနှင့် ကမ္ဘာတ၀ှမ်းမှ အစိုးရများ၊ ခေါင်းဆောင်များက စိတ်ဝင်စားလျက်ရှိသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် မတရားမှု အမိန့်ချရန် နီးကပ်နေသည့် ကာလနှင့် ချဲထီနှိမ်နှင်းမှု စစ်ဆင်ရေးတို့ တိုက်ဆိုင်နေသည်ကိုလည်း တွေ့ရှိရသည်။ ချဲထီသည် ရဲနှင့် ထောက်လှမ်းရေး အစရှိသည့် လုံခြုံရေး အာဏာပိုင်များအတွက် ပုံမှန် ၀င်ငွေရလမ်း တခုဖြစ်ပြီး နာမည်ရှိပြီး ထင်ရှားသည့် ချဲဒိုင်ကြီးများမှာ သက်ဆိုင်ရာမြို့နယ်၊ တိုင်းရဲမှူးများ၊ ရဲအရာရှိများကို ပေါင်းသင်းပေးကမ်း ထားကြရသည်ဟု ရန်ကုန်မြို့မှ အလတ်စားချဲဒိုင်တဦးက ပြောဆိုသည်။



DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ ၆ ဧရိယာသို့ဝင်ရောက်လာပြီ

Kaowao ဇူလိုင် ၃၀၊၂၀၀၉။
စံခလပူရီ(ဇူလိုင်-၃၀)။ ။ DKBA - တပ်မဟာ ၅ မှူး၊ ဗိုလ်မှူးချုပ် စောလားဖွယ်(ခ) နှုတ်ခမ်းမွေး ဦးစီးအင်အား
၇၀ ခန့်တို့သည် သံဖြူဇရပ်၊ အနန်းကွင်း၊ တံခွန်တိုင် လမ်းသုံးခွဆုံရာ ဖားပြရွာသို့ ယနေ့နံနက်ပိုင်း၌ ဝင်ရောက်စခန်းချလျှက်ရာ အနီးတဝိုက်ရှိ ကရင်ရွာသားများကိုခေါ်ယူ၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း KNU အရာရှိတစ်ဦးက ဖုန်းဖြင့်ပြောကြားခဲ့သည်။


ဒီကေဘီအေတပ်ဖွဲ့ယူနီဖောင်းအသစ်နှင့် အရာရှိတစ်ဦး၏ဓါတ်ပုံ

သို့ရာတွင် ကရင်ရွာသားယောက်ျားများ အတွေ့မခံကြပဲ တောနက်ထဲသို့ သွားရောက်ပုံးခိုနေကြရပြီး သက်ကြီးရွယ်အိုများ
နှင့် မိန်းမသားများသာ ယင်းအစည်းအဝေးကို တက်ရောက်ခဲ့ဟု ဆိုသည်။

နယ်စပ်စစ်သတင်းလေ့လာသူများမှ လက်ခံရရှိခဲ့သော သတင်းတစ်ရပ်မှာ KNU တပ်မဟာ ၆ နယ်မြေအား စစ်ဆင်ရေးပြုလုပ်ရန် မကြာခင်ရက်ပိုင်း၌ ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက လက်အောက်ခံတပ်ဖွဲ့များထံ ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အနန်းကွင်းရွာ၌ ရတခ ဗျူဟာ ၂ ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်၊ ဘုရားသုံးဆူနှင့် အနန်းကွင်းကြားတွင်
စကခ ၁၂၊ နည်းဗျူဟာ ၁ မှဗိုလ်မှူးကြီးမောင်ရှိန် တပ်ဖွဲ့များ အခြေပြုနေသည်။

ဒီကေဘီအေ အထူးတပ်ရင်း ၉၀၄ ကပိုင်ခလယ်မှ ထီးတပေါင် ထိုင်နယ်စပ်လမ်းကြောင်း၊ အမှတ် ၉၀၁-
တပ်ရင်းက ကြာအင်းဆိပ်ကြီးမှ ကျွန်းချောင်းလမ်းကြောင်း၊ အမှတ် ၉၀၆-တပ်ရင်းက ဇမိမြစ်အနောက်ဖက် ခြမ်းလမ်းကြောင်းများ သတ်မှတ်ထားကြောင်း KNU ဖက်မှ ကြိုတင်သတင်းရရှိထားသည်ဟု ဆိုသည်။

သို့ရာတွင် KNU တပ်မဟာ ၆ အရာရှိတစ်ဦးက “ကျနော်အရာရှိတစ်ယောက်ဖြစ်ပေမဲ့ တပ်မဟာ ၆ ဌာနချုပ် ဘယ်မှာရှိတယ်ဆိုတာ ကျနော်လည်းမသိဘူး” ဟုပြောခဲ့ဘူးသည်။ KNU တပ်မဟာ ၆ သည် စခန်း အသေထိုင်ထားခြင်းမရှိပဲ ကျယ်ပြန့်သော နယ်မြေတွင် လှုပ်ရှားသွားလာရင်း ပြောက်ကျားစနစ်ကိုသာ ကျင့်သုံးကြသည်ဟု သိရသည်။

နအဖနှင့် ဒီကေဘီအေတို့၏ ယခုထိုးစစ်မှာ မည်သည့်နေရာကို အဓိကထားထိုးစစ်ဆင်လာမည်ကို စစ်ရေး အကဲခတ်သမားများ နားမလည်ကြသေးသော်လည်း စစ်ဆင်ရေးအနေအထားအရ ဘုရားသုံးဆူဒေသ အနီးတဝိုက်ကို ဦးတည်နေသည်ဟု ပြောဆိုနေကြသည်။

မိုးရာသီအတွင်း ယခုထိုးစစ်ဆင်မှုများကြောင့် စစ်အစိုးရနှင့် ဒီကေဘီအေတို့၏ ပေါ်တာအထမ်းသမားအဖြစ်သို့ မရောက်ရှိစေရန် ဒေသခံများမှာ လယ်ယာလုပ်ငန်းများကို ရပ်ဆိုင်းထားကြရသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမှ ပဲ့ချိပ်လှေစီးပြီး ဘုရားသုံးဆူမြို့သို့ ယမန်နေ့က ရောက်ရှိလာသော မွန်ပြည်သစ်ပါတီမှ ဆေးမှူးတစ်ဦးအဆိုအရ လမ်းခရီးတလျှောက် ဖေါင်ဖွဲ့ဈေးအိမ်များတွင် လူမစည်ကားတော့ကြောင်း၊ ရွာသားများလည်း စက်လှေသံများကြားတိုင်း သတိထားပြီး ထွက်ကြည့်နေကြကြောင်း သိရပါသည်။

မကြာမီတွင် တိုက်ပွဲများဖြစ်လာမည်ကို ဘုရားသုံဆူမြို့ဒေသရှိ ကရင်အမျိုးသားများအကြား အလွန်စိုးရိမ် နေကြရသည့် ပြောဆိုသံများ ထွက်ပေါ်နေ၏။

ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက KNU တပ်မဟာ(၇) တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ KNU တို့ဆုတ်ခွါပေးလိုက်ပြီး ထိုင်းနိုင်ငံသို့ ကရင်ဒုက္ခသည် စုစုပေါင်း ၆၀၀၀ ကျော် ထွက်ပြေးပုန်းရှောင်နေကြရသည်။

၂၀၀၉ ခု၊ မေလ ၂၁ ရက်နေ့၊ မြဝတီမြို့၌ ကျင်းပခဲ့သော DKBA အစည်းအဝေးမှ အတည်ပြုဖွဲ့စည်းပုံသစ်အရ
DKBA - တပ်မဟာ ၅ မှူး၊ ဗိုလ်မှူးချုပ် စောလားဖွယ်(ခ) နှုတ်ခမ်းမွေးက တပ်ဖွဲ့များကိုဦးစီးပြီး ကလို့ထူး ဘောဗျူဟာမှူး- ဗိုလ်မှူးကြီး စောစိန်မြင့်၊ ဒု- ဗျူဟာမှူး- ဗိုလ်မှူးကြီး စောမောသို တို့ပါဝင်ကြသည်။

လက်အောက်ခံတပ်များမှာ ထီးဖိုးသံ၊ ကြအင်းဆိပ်ကြီးမြို့နယ်အခြေစိုက်တွင် တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး
စောဘလူး ၉၀၁-တပ်ရင်း၊ အစွန်းရွာ၊ ကော့ကရိတ်မြို့နယ်အခြေစိုက် တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး စောကျော်ကျော် ၉၀၄-တပ်ရင်း၊ တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး မန်းဥာဏ်မင်း ၉၀၆-တပ်ရင်း၊ မြဝတီမြို့၌တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး စောနော်တယာ ၉၀၇- တပ်ရင်း၊ တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး နယ်လယ်ဟေး
(ခ) နိုင်လွန် ၉၀၅-တပ်ရင်းတို့ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု DKBA မှတ်တမ်းအရ သိရသည်။



အမျိုးသမီးငယ် ၂ ဦး ထိုင်းနိုင်ငံ ခိုးဝင်စဉ် အဖမ်းခံရ
Thu 30 Jul 2009, IMNA
အသက် (၁၇) နှစ်အရွယ် မြန်မာအမျိုးသမီးငယ် (၂) ဦး ထိုင်းနိုင်ငံသို့ ခိုးဝင်ရန် ကြိုးပမ်းနေစဉ် ကော့သောင်းမြို့ တဘက်ကမ်း ထိုင်းနိုင်ငံ ရ နောင်းတွင် အဖမ်းခံရသည်။

၎င်းအမျိုးသမီး(၂) ဦးသည် ဇူလိုင်လ ၂၄ ရက်နေ့တွင် လူကုန်ကူးပွဲစား များ အစီအစဉ်ဖြင့် ဆိုင်ကယ်တက္ကစီဖြင့် ရနောင်းမြို့သို့ ဝင်ရောက်စဉ် ထိုင်းအာဏာပိုင်၏ဖမ်းဆီးခြင်းကို ခံရပြီး ယခုလောလောဆယ်တွင် အ ချုပ်ခန်းထဲတွင် ရှိနေသည်ဟု အဖမ်းခံရသည့်အမျိုးသမီးနှင့်နီးစပ်သူ၏ ပြောပြချက်အရ သိရသည်။

၎င်းက “သူတို့ အဖမ်းခံရတဲ့နေ့က သူတို့ကို သွင်းလာတဲ့ ပွဲစားက လူအ ယောက် (၂၀) လောက် ထိုင်းဘက်ကမ်းကို သွင်းလာတယ်။ ပုလိပ်တွေက သတင်းရပြီး သွားဖမ်းတာ သူတို့ (၂) ယောက်ကို ဖမ်းမိသွားတယ်။ ပြီး တော့ ပွဲစားကလည် အခုလောလောဆယ်မှာ ပျောက်နေတယ်။ သူတို့ကို အချုပ်ထဲမှာ လာပြီးတော့ မခေါ်ဘူး” ဟု ဆက်ပြောသည်။

ထိုင်းအာဏာပိုင်များ ဖမ်းဆီးခြင်းခံရသည့် မြန်မာအလုပ်သမားများသည့် ၄င်းတို့၏ ပွဲစားများ လာမရွေးရင် အချုပ်ခန်းထဲတွင် ၁၀ ရက်ခန့်နေရပြီး အာဏာပိုင်များက မြန်မာနယ်စပ်သို့ ပြန်ပို့ပါသည်။

“ကျွန်တော်က သူတို့ကို အချုပ်ခန်းထဲကနေ ရွေးဖို့ ရနောင်းအာဏာပိုင် တွေနဲ့ ညှိပြီးပြီး။ တစ်ရက်ကို ထိုင်းဘတ်ငွေ (၂၀၀) ဒဏ်ကြေး ဆောင်ရ တယ်။ နောက် ၂ ရက်လောက်ဆိုရင် သူတို့ပြန်လွတ်မယ်” ဟု ကော့ သောင်းရှိ ပွဲစားတစ်ဦးက ပြောသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် ဝင်ရောက်အလုပ်လုပ်ကိုင် ရန်အတွက် ကော့သောင်းမှ တဘက်ကမ်းရှိ ရနောင်းသို့ ပဲ့ချိတ်လှေဖြင့် ကူးကာ ဝင်ရောက်လေ့ရှိသည်။ လွန်ခဲ့သည့် မေလကလည်း ရနောင်းသို့ ကူးရန်အတွက် ပဲ့ချိတ်လှေဖြင့်ကူးစဉ် လှေမှောက်က မြန်မာအလုပ်သမား ၁၀ ဦး အသက်ဆုံးရှုံးရသည်။

ထိုင်းနိုင်ငံ၌ အလုပ်သမားတွေကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည်ဖြင့်သည့်အတွက် မြန်မာအလုပ်သမားများက နည်းမျိုးစုံဖြင့် ထိုင်းနိုင်ငံကို ဝင်ရောက်ကြိုးပမ်းနေကြသည်။



မိုးလေဝသကြောင့် အမြန်ရေယာဉ် ပြေးဆွဲမှု ရပ်နား
Thu 30 Jul 2009, IMNA
တနင်္သာရီတိုင်း မိုးလေဝသအခြေအနေကြောင့် ၁၀ ရက်ခန့် တနင်္သာ ရီကမ်းရိုးတန်းတွင် ပြေးဆွဲနေသည့်အမြန်ရေယာဉ် ပြေးဆွဲမှုကို ရပ် နားထားခဲ့သည်ဟု အမြန်ယာဉ်လက်မှတ်ရောင်းသူနှင့် နီးစပ်သူက ပြောသည်။

၎င်း၏အဆိုအရ “ဇူလိုင် ၂၀ ကတည်းကပဲ မပြေးဆွဲတာ ဒီနေ့အထိပဲ၊ ရာ သီဥတုကြောင့်ပဲ မိုးလည်းကြီး တယ်လေ” ဟု ဆိုသည်။ အမြန်ယာဉ် ပြေး ဆွဲသည် မပြေးဆွဲသည်ကို ညနေ ၈ နာရီကျော်ခန့်တွင် သိရှိရသည်ဟု လက်မှတ်ရောင်းသူက ပြောသည်။

၎င်းအမြန်ယာဉ်သည် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ ကော့သောင်း မြို့အထိ နေ့စဉ်နှစ်စီး နှုန်းဖြင့် ပြေးဆွဲသည်။ ၄င်းအမြန်ယာဉ်ခရီးသည် ထားဝယ်-မြိတ်-ကော့သောင်းမြို့သို့ တစ်နေ့ခန့် ကြာမြင့်သည်။

ထားဝယ်မြို့မှ ကော့သောင်းသို့ပြေးဆွဲနေသည့်အမြန်ရေယာဉ် ၉ စီးခန့်ရှိပြီး ပုဂ္ဂလိကပိုင်များဖြစ်သည်။ တစ်စီးလျှင် ခရီးသည် ၂၀၀-၄၀၀ ခန့်သယ် ဆောင်နိုင်ပါသည်။

“မိုးသက်လေပြင် တစ်နာရီ ၄၀-၄၅ မိုင်တိုက်ခတ်နိုင်တဲ့အတွက်ကြောင့် အစိုးရဘက်က မပြေးဆွဲဖို့ ပြောတယ်။ တရားဝင် ကြေငြာချက် ထုတ် ထားတာတော့မဟုတ်ဘူး” ဟု လက်မှတ်ရောင်းသူနှင့်နီးစပ်သူက ပြောသည်။

“ကျနော်လူတွေလည်း ကော့သောင်းကိုလာဖို့ရှိတယ်။ ရေလမ်းက မပြေး ဆွဲတော့ ထားဝယ်မှာ သောင်တင်နေတယ်။ ဒါကြောင့် ကော့သောင်း ကိုအမြန်ရောက်ဖို့ လေယာဉ်ခရီးစဉ်ရှိရင် လေယာဉ်နဲ့ အမြန်လာ၊ ဒါမ မဟုတ် အမြန်ရေယာဉ်ပြေးဆွဲရင် အမြန်ယာဉ်နဲ့ အမြန်လာဖို့ ပြော ထားယ်။ အခု ကျနော်လူက ထားဝယ်မှာ ရှိနေတုန်းပဲ” ဟု ၄င်းက ဆက်ပြောသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အား ကောင်းရာမှ အားအလွန်ကောင်းလျက်ရှိ သည်။ မြန်မာ့ပင်လယ်ပြင်တွင်မူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြလေသည် တစ်နာရီ မိုင် ၄၀ တိုက် ခတ်နိုင်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ ခရီး သည်တစ်ဦး၏အဆိုအရ ရေလမ်းသာမက လေကြောင်းလမ်းမှာလည်း မိုးလေဝသသတင်းကြောင့် ရန်ကုန်မှ ထားဝယ်နှင့် မြိတ်မြို့သို့ ဆင်းသက် မည့်လေယာဉ်မှာလည်း ခေတ္တခဏရပ်နားထားပြီး ရန်ကုန် -ကော့သောင်း ခရီစဉ်မှာ ပုံမှန်အတိုင် ပြေးဆွဲလျှက်ရှိသည်။

အမြန်ရေယာဉ်နှင့် လေကြောင်းပြေးဆွဲမှု ယာယီရပ်နားထားသည့်အတွက် ၄င်းမြို့တို့တွင် ခရီးသည်များ သောင်တင်နေကြသည်ဟု ၄င်းခရီးသည်တစ် ဦးက ပြောသည်။ ထားဝယ်မှ ကော့သောင်းသို့ အမြန်ရေယာဉ်စရိတ်မှာ တနင်္သာရီတိုင်းအတွင်းမှ ခရီးသည်တစ်ဦးဖြစ်ပါက ကျပ် ၄၅၀၀၀ ပေးရ သည်။ အခြားပြည်နယ်နှင့် တိုင်းမှလာသောခရီးသည်ဖြစ်ပါက တစ်ဦးလျှင် ၇၅၀၀၀ ကျပ်ပေးဆောင်ရပြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဆင်းခွင့်ရ ရန်အတွက် အာဏာပိုင်တို့အား ကျပ် ၃၀၀၀၀ အပိုပေးဆောင်ရသည်။

အမြန်ရေယာဉ်နှင့် လေယာဉ်ပြေးဆွဲမှု ယာယီရပ်နားထားသော်လည်း မီးသွေး၊ သစ်များသယ်ဆောင်သည့် လှေနှင့် ငါးဖမ်းလှေများမှာ ဆက် လက်ပြေးဆွဲလျှက်ရှိသည်။



စစ်အစိုးရတပ် သျှမ်းရွာသုံးရွာ အိမ်ခြေ ၁၀၀ ကျော် မီးရှို့/ဖမ်းဆီးနှိပ်စက်
ကြာသပတေးနေ့၊ 30 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့် .သျှမ်းသူပုန်များအား သတင်းပေးကူညီသည်ဟု စစ်အစိုးရတပ်စွပ်စွဲသည့် သျှမ်းပြည်အလယ်ပိုင်းမှ သျှမ်းရွာသုံးရွာ အိမ်ခြေ ၁၀၀ ကျော် ကို မီးရှို့ဖျက်ဆီးလိုက်သဖြင့် ကျေးလက်လူထု ငိုယိုပူဆွေးကြရကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်း ရပ်ကွက် က ဆိုသည်။


ဂျူလိုင် ၂၉ ရက် မနက် ၀၄း၀၀ နာရီက လဲချားအခြေစိုက် ခလရ ၆၄ မှ စစ်ကြောင်းတကြောင်းသည်လဲချားမြို့အရှေ့ မြောက်ဘက် တတ်မောက်ကျေးရွာအုပ်စုဝင် တတ်မောက်၊ ကွန်ဟုန်း၊ နှင့် ဟိုလုံး(မ်း)ရွာအတွင်းသေနတ်ပစ်ဖေါက်ဝင် ရောက်ပြီး အိမ်ခြေများ စပါးကျီများအားလုံး မီးရှို့ဖျက်ဆီးကာ ဒေသခံအမျိုးသား ၄၀ - ၅၀ ဦးကိုလည်း ဖမ်းဆီး ရိုက်နှက်စစ်ဆေးကြောင်း ဆိုပါသည်။

“တတ်မောက်ကျေးရွာသူကြီး စိုင်းတိ ၊ ရွာသား လုံးလိန် နဲ့ စိုင်းတာ့ကို မေ့မျောတဲ့အထိ ဗမာတပ်က ရိုက်နှက်တယ်။ ထော် လာဂျီနှစ်စီးနဲ့ လူအယောက် ၅၀ လောက်ကိုဖမ်းသွားတယ်။ ခလရ ၆၄ တပ်ထဲခေါ်သွားပြီး ရိုက်နှက်စစ်ဆေးတယ်။ SSA ခွဲထွက် ဗိုလ်မိုင်းဇင့် လူတွေပါသွားတယ်လို့ ဒီနေ့မနက် တချို့ပြန်လွတ်လာတယ်ပြောတာဘဲ” - ဟု လဲချားမြို့သို့ ထွက်ပြေးရသည့် ရွာသားတဦးက ပြောပါသည်။

အဆိုပါအကြောင်းကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော်ပြောခွင့်ရ စိုင်းဆိုင်မိဏ်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဟုတ်မှန် ကြောင်း အတည်ြုပပြောဆိုသည့်အပြင် - “စစ်အစိုးရက လူထုကို နှိပ်စက်ချင်တိုင်း၊ ကျေးရွာရွှေ့ပြောင်းစေချင် တိုင်း သျှမ်းသူ ပုန်တွေနဲ့ ဆက်သွယ်သတင်းပေး ကူညီထောက်ပံ့တယ်လို့ အမြဲစွပ်စွဲတာဘဲ” - ဟုဆို၏။

အမည်မဖေါ်လိုသည့်ဒေသခံတဦးကလည်း -“အိမ်အသစ်ဆောက်ဖို့ သစ်တွေစုထားတာလဲ ဗမာတပ်မီးရှို့တဲ့အထဲပါသွား ပြီ၊ ၀ယ်ထားတဲ့ကုန်တွေလဲဘာမှမကျန်တော့ဘူး၊ ထော်လာဂျီနဲ့ မြို့ထဲကနေကျန်တဲ့ပစ္စည်းလေးတွေသွားသယ်ယူဖို့ကလဲ ဗမာတပ်တွေက အရမ်းစစ်ဆေးနေတယ်၊ ဒီနေ့(၃၀၊၀၇၊၀၉) လဲ တခြားရွာတွေဆက်ရှို့တုန်းဘဲ” - ဟု ပြော၏။

“ဒေသခံလူထုတွေကို နှိပ်စက်တဲ့ စစ်အစိုးရရဲ့ ဘယ်စစ်ကြောင်းမဆိုကျနော်တို့ သျှမ်းပြည်တပ်မတော်က ပြန်လည် ချေပမှာ ဘဲ၊ လက်နက်ကိုင်ပြီး ပြည်သူပိုင် ဥစ္စာပစ္စည်းတွေကို အနိုင်ကျင့် ဖျက်ဆီးရင် ကျနော်တို့လဲလက်နက်နဲ့ ပြန်ပြီးတုန့်ပြန်ရ လိမ့်မယ်” - ဟု စိုင်းဆိုင်မိဏ်းက ပြောပါသည်။

စစ်အစိုးရတပ်မီးရှို့ဖျက်ဆီးသည့် တတ်မောက်ရွာတွင် အိမ်ခြေ ၆၀ ခန့်၊ ဟိုလုံး(မ်း)ရွာတွင်အိမ်ခြေ ၃၀ ကျော်၊ ကွန်ဟုန်းရွာ ၌ အိမ်ခြေ ၄၀ ၀န်းကျင်ခန့် မီးထဲအားလုံး ပါသွားပြီဖြစ်ကြောင်း ဒေသခံများပြောကြားချက်အရ သိရပါသည်။ ၎င်း ရွာများ အား လိုက်လံမီးရှို့နေသည့် စစ်အစိုးရတပ်သည် အများအားဖြင့် လဲချားအခြေစိုက် ခလရ ၆၄ ဖြစ်သည်ဟုပြောသော်လည်း အချို့က လင်းခေး အခြေစိုက် ခလရ ၉၉ ဖြစ်သည်ဟုလည်း ဆိုကြပါသည်။

၂၀၀၉ ဂျူလိုင် ၁၅ ရက်က သျှမ်းပြည်တပ်မတော် နအဖ စစ်ကြောင်းအားြုခံခိုတိုက်ခိုက်ရာမှာ စစ်အစိုးရဘက် ၁၁ ယောက် သေဆုံးပြီး ၁၄ ယောက်ဒဏ်ရာရရာမှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရန် မိုင်းနောင်အခြေစိုက် ဒကစမှူးဗိုလ်မှူးကြီး ကျော်ဇံမြင့် က ၎င်း လက်အောက်ခံ ခမရ၊ ခလရ တပ်မှူးများအားလုံးခေါ်ယူပြီး ဂျူလိုင် ၂၀ ရက်နေ့က အရေးပေါ်အစည်း အဝေးခေါ်ယူ ကျင်းခဲ့ပါသည်။ ထိုအစည်းအဝေးမှာ တောင်ပိုင်း SSA တပ်ဖွဲ့အား အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်ဗျူဟာနှစ်ခု ပြင်ဆင်ဖို့ အမိန့်ပေးခဲ့သည့်နောက်ပိုင်း ကျေးရွာမီးရှို့ဖျက်ဆီးမှု ပထမဆုံး စတင်ခဲ့တာဖြစ်ပါသည်။



တာချီလိတ် မူးယစ်ဆေးဝါးနောက်ဆက်တွဲ ဒေသခံ အများအပြား ခေါ်ယူစစ်ဆေး/ ငွေညှစ်ခံရ
ဗုဒ္ဓဟူးနေ့၊ 29 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့် .ဂျူလိုင် ၁၀ ရက်နေ့က တာချီလိတ်မြို့၌ ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးအမှုနှင့်ပ တ်သက်ဆက်နွယ်သည်ဟု ယူဆခံရသည့် ပုဂ္ဂိုလ်များအား သျှမ်းပြည်တောင်ပိုင်း၊ အရှေ့တောင်ပိုင်းတလွှား ဒေသခံအာဏာပိုင်များက ခေါ်ယူစစ်ဆေး/ငွေညှစ် ကြောင်း နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။

“၁၀ ရက်က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတင် ဒိုင်နာကားဆရာ စိုင်းလိန်ဆိုင်ကို လျှပ်စစ်နဲ့တို့စစ်တော့ နာမည်တွေ ရမ်းတမ်း လျှောက်အော်ရာကနေ အဲဒီပြဿနာဖြစ်လာတာဘဲ” - မူးယစ်ဆေးဝါးရောင်းဝယ်သည့် အသိုင်းအ၀ိုင်း ကဆိုသည်။

အဆိုပါ ပြဿနာပေါ်ပြီး နောက်ပိုင်း တာချီလိတ်မြို့တွင်းနှင့် ဆင်ခြေဖုံးရပ်ကွက်အပြင်၊ မိုင်းဆတ်၊ မိုင်းတုံ/နားကောင်းမူး၊ မိုင်းပန်၊ လင်းခေး၊ နမ့်ဇန် နှင့် မြို့တော်တောင်ကြီးရှိ နေအိမ်အချို့ စစ်ဆေးခံရကြောင်းဆိုသည်။

“စစ်အစိုးရ ကျောထောက်နောက်ခံပေးတဲ့ နမ့်ဇန်အခြေစိုက် နားယိုင်း နဲ့ မကျိုင်း ပြည်သူ့စစ်တပ်ဖွဲ့ ဌာနချုပ်ကိုလဲ တောင်ကြီး မူးယစ်ရဲတွေက သွားစစ်သေးတယ်ပြောတယ်။ လာမယ်ဆိုပြီးအကြောင်းကြားထားတော့ ဘာတွေ့မတုန်း” - ဟု အမည်မဖေါ်လိုသည့် မူးယစ်ကုန်သည်တဦးက ဆိုသည်။

မိုင်းပန် ကုလားမြင့်ဆွေ၏ သား (မူးယစ်ဆေးဝါးတင်) ယာဉ်မောင်း စိုင်းလိန်ဆိုင်နှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆသည့် မိုင်းဆတ်မြို့ပေါ်ရှိနေ အိမ်အချို့အား မိုင်းဆတ်အခြေစိုက်ပုလိပ်များက သွားရောက်စစ်ဆေးကာ မူးယစ်ဆေးမှုဖန်တီး၍ ပိုက်ဆံသိန်းချီ ငွေညှစ်ယူခဲ့ကြောင်း မိုင်းဆတ်မြို့ခံတဦးကလည်း သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

ပြည်သူ့စစ်အဖွဲ့နှင့် အ၀င်ထွက်ရှိသည့် ကုန်သည်တဦးက - “၁၀ ရက်နေ့က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးပိုင်ရှင်လို့ယူဆတဲ့ အားဖှါ (ခေါ်) ချိန်တာ့ဖှာ (ခေါ်) ဦးတင်ဦး (လားရှိုးဇာတိ ကိုးကန့်တရုတ်/ ထွက်ပြေးတိမ်းရှောင်နေသူ) ရဲ့ နားကောင်းမူး မှာရှိတဲ့ သူရဲ့နေအိမ်နဲ့ပိုင်ဆိုင်တဲ့ ပစ္စည်းအားလုံး စာရင်း လုပ်ပေးဖို့ မိုင်းဟန် ရွာသူကြီး စိုင်းနောင့်နောင့်ကို ဆင့်ခေါ် ခိုင်းထားတယ်”- ဟု ဆိုသည်။

ဂျူလိုင် ၁၀ ရက်နေ့က တာချီလိတ်၌ ဖမ်းမိသည့် မူးယစ်ဆေးဝါး (ရာဘအပြားပေါင်း ၁ သန်း နှင့် ဘိန်းဖြူဒေါင့် ၇၂၀ ကီလို ဂရမ်) မှု သည် နားယိုင်းပြည်သူ့စစ်ခေါင်းဆောင် ဇျိုးဆန်းနှင့် ပတ်သက်ဆက်နွယ်သည်ဟု သျှမ်းသံတော်ဆင့်မှ အချက် အလက်ရထားသော်လည်း သူနှင့်ဆွေမျိုးတော်စပ်သူတဦးက လုံးဝပတ်သက်မှုမရှိ ဟုသာပြောပြီး မည်သူနှင့်အမှန် တကယ် ပတ်သက်ဆက်နွယ်နေသည် ဆိုသည့်အချက်ကိုတော့ပြော ဆိုသွားခြင်းမရှိပါ။


KIO အဖွဲ့ တောင်းဆိုချက် စစ်အစိုးရပယ်ချ
2009-07-30

စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရွေးကောက်ပွဲအပြီး ပြည်နယ်စောင့်တပ်အဖြစ်သာ ပြောင်းလဲ ဖွဲ့စည်းခွင့်ပြုဖို့ မြန်မာစစ်အစိုးရအပေါ် တောင်းဆိုထားချက်ကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပယ်ချလိုက်တယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး ကချင်သတင်းအဖွဲ့က ဒီကနေ့ ရေးသားလိုက်ပါတယ်။

KIO ရဲ့တောင်းဆိုချက်ကို လက်ရှိအနေထားမှာ မလိုက်လျောနိုင်ကြောင်း၊ အကြောင်းကတော့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပြင်ဆင်လို့ မရတဲ့အတွက်ဖြစ်ကြောင်း၊ တကယ်လို့ လိုက်လျောရမယ်ဆိုရင် ဖွဲ့စည်းပုံ ပြန်ပြင်ရမယ့် အနေထားရောက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောတယ်လို့ ဆိုပါတယ်။

KIO အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကို စစ်အစိုးရတောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ်မလုပ်ဘဲ ကချင်ပြည်နယ်စောင့်တပ်အဖြစ် ဖွဲ့ဖို့ ပြန်ပြီး မကြာခင်လပိုင်းက KIO က စစ်အစိုးရထံ ပန်ကြားခဲ့ပါတယ်။

လေ့လာသူတွေကတော့ ကချင်တပ်ဖွဲ့တွေအနေနဲ့ စစ်အစိုးရဆီက ဖိအားပေးတာကို ခံနေရသလို ဒေသခံ ကချင်တိုင်းရင်းသားတွေနဲ့ ပြည်ပရောက် ကချင်အဖွဲ့အစည်းတွေက စစ်အစိုးရတောင်းဆိုချက်ကို မလိုက်လျောဖို့ ဖိအားပေးတာတွေကိုလည်း ခံနေရတယ်လို့ ဆိုပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး အာအက်အေက KIO အဖွဲ့ရဲ့ အတည်ပြုချက်နဲ့ တုန့်ပြန်ချက်ရဖို့ ကြိုးစားပေမယ့် မအောင်မြင်သေးပါဘူး။



ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းသည် နိုင်ငံအတွက် ဆုံးရှုံးမှု
2009-07-30

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ထိန်းသိမ်းခဲ့တာ ၁၃ နှစ်ရှိခဲ့ပြီး အကျဉ်းစံရက်တွေဟာ မကြာခင်က ရက်ပေါင်း ငါးထောင်ကျော်ခဲ့ကြောင်း၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်ပါမကဘဲ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် အများကြီး အကျိုးရှိမယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေ့စွဲနဲ့ ထုတ်ဝေတဲ့ လန်ဒန်ထုတ် The Guardian သတင်းစာမှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည့်သို့ အလေးပြုချက်လို့ တိုက်ရိုက်အမည်ရတဲ့ ဆောင်းပါးမှာ ဘုန်းတော်ကြီးတူးတူးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ လူသားတွေရဲ့ လွတ်လပ်ခွင့်တောင်းဆိုမှုဟာ အာဏာနဲ့ ဖိနှိပ်လို့မရဘူးဆိုတဲ့ အမှန်တရားကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ သဘောပေါက်နားလည်ခြင်း မရှိကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုဟာ နှစ်ဖက် အချင်းများ အငြင်းပွားတာကို ဖြေရှင်းတဲ့သဘော ရောက်ကြောင်း၊ အမှန်က ရက်စက်ပြီး တရားမဝင်တဲ့ အာဏာရှင်စနစ်နဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတရေး တောင်းဆိုနေသူတွေအကြား ကြားချလို့မရကြောင်း ဘုန်းတော်ကြီးတူးတူးက ဆိုပါတယ်။

တရားမမျှတတဲ့သူတွေက လုပ်ဆောင်မယ့် ဒီမိုကရေစီလမ်းညွှန်မြေပုံနဲ့ ရွေးကောက်ပွဲကိစ္စတွေ ပြောနေတာဟာလည်း တရားမျှတရေးအတွက် အနှောက်အယှက်သာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီသတင်းစာဆောင်းပါးမှာ မြန်မာနိုင်ငံပြည်သူတွေကို ကရုဏာမဲ့ အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကုလသမဂ္ဂက အမှုဖွင့်စုံစမ်းပြီး အရေးယူဖို့တောင်းဆိုထားသလို နိုင်ငံတကာအသိုင်းဝိုင်းက မြန်မာစစ်အစိုးရ အပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ရေးကိုလည်း တောင်းဆိုထားပါတယ်။





ဒေါ်အောင်ဆန်းစုကြည်အမှု တခုတည်းနဲ့ မြန်မာနိုင်ငံမူဝါဒ မတည်ဆောက်သင့်
2009-07-30

ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်အမိန့်တခုထဲနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ သဘောထားကို မဆုံးဖြတ်သင့်ကြောင်း ကုလမသဂ္ဂအဖွဲ့ကြီးနဲ့ ကမ္ဘာ့နိုင်ငံတွေကို လန်ဒန်အခြေစိုက် Burma Campaign UK က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

Burma Campaign UK အနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေက ဒေါ်အောင်ဆန်းစုကြည်အမှုကိုချည်း အာရုံထားပြီး လွတ်ပေးပြီး ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဦးစားပေး ပြောဆိုနေတာတွေ ရှိတဲ့အတွက် စိုးရိမ်ပူပန်မိကြောင်း အဖွဲ့ဒါရိုက်တာ Mr. Mark Farmanar က ပြောပါတယ်။

Mr. Mark Farmanar။ ။ကျနော်တို့အနေနဲ့ အီးယူ၊ွ၈ နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပြောဆိုကြေညာချက်တွေကို ထောက်ပြီး စိုးရိမ်မိပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရင် အဓိက နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲမယ့်သဘောတွေ ပြောထားတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရင် မြန်မာနိုင်ငံက ပြဿနာတွေ အားလုံးပြေလည်သွားမယ်လို့ ယူဆထားတဲ့ သဘောရောက်နေပါတယ်။ တကယ်က မြန်မာနိုင်ငံက ပြဿနာတွေအားလုံးရဲ့ အရင်းမြစ်ကို ခြုံကြည့်ရမှာဖြစ်ပါတယ်။

Mr. Mark Farmanar က ဆက်ပြီးတော့ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ကြိမ် ပြန်လွတ်ပေးခဲ့ကြောင်း၊ ဒါပေမယ့် ဘယ်နိုင်ငံရေးပြောင်းလဲမှု ကြီးကြီးမားမားမှ မဖြစ်ခဲ့တာကို သဘောပေါက်ရမှာဖြစ်ကြောင်း ဆက်ပြီးပြောပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာကို အရင်ကလည်း နိုင်ငံရေးကစားကွက် အနေနဲ့ လုပ်ဆောင်ခဲ့တာသာဖြစ်ပြီး အမှန်တကယ် ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှု စစ်စစ်မှန်မှန် လုပ်ဆောင်ခဲ့တာ မရှိကြောင်း၊ ဒါ့ကြောင့် မြန်မာစစ်အစိုးရရဲ့ ကစားကွက်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက နားယောင်မသွားဖို့ အခုလို ကြေညာချက်ထုတ်ပြန် တိုက်တွန်းတာဖြစ်ကြောင်း Mr. Mark Farmanar က ပြောသွားပါတယ်။




ဘယ်လိုစီရင်ချက်မျိုးမဆို ရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိနေ
2009-07-30

အမှုရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထောင်ဒဏ်ချမှတ်ခံခဲ့ရရင် အဆင်သင့်ဖြစ်အောင် ဖတ်စရာစာအုပ်နဲ့ ဆေးဝါး အသုံးအဆောင်တချို့ကို ကြိုတင်မှာယူ ပြင်ဆင်ထားတယ်လို့ သူမရဲ့ရှေ့နေတွေက RFA ကို ပြောပါတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လိုအပ်တဲ့ ပစ္စည်းတချို့ ကြိုတင်မှာယူ စုဆောင်းနေတာဟာ အမှု စတင်ရင်ဆိုင်ရချိန်ကတည်းက ဖြစ်တယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်၊၊


ဦးဥာဏ်ဝင်း။ ။ဒီအမှုစထဲကိုက သူတောက်လျှောက်မှာတယ်။ ကျနော်တို့လည်း တောက်လျှောက် ရှာဖွေပြီးတော့ ပေးတယ်။ အဲဒီတော့ ပစ္စည်းထဲမှာ အင်္ဂလိပ်စာအုပ်ပါတယ်၊ ပြင်သစ်စာအုပ်ပါတယ်၊ မြန်မာစာအုပ်ပါတယ်၊ နောက် ဆေးတွေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားအရ သူဟာ အကယ်၍များ အကျဉ်းကျလို့ရှိရင် သူ့မှာ လုပ်စရာ စာဖတ်တဲ့အလုပ်ဘဲ ရှိတယ်။ ဒါကြောင့် စာအုပ်တွေမှာတယ်လို့ ကျနော့်ကို ဒီလိုပြောဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လို စီရင်ချက်မျိုးမဆို ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေသလို အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်၊၊ သူမဟာ စိတ်ဓာတ်ရော၊ ကျန်းမာရေးပါ ကောင်းမွန်တယ်လို့ သိရပါတယ်၊၊

ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၈ ရက်နေ့စကလို့ စစ်အစိုးရက ရုံးတင်တရားစွဲဆိုခဲ့တဲ့အတွက် နိုင်ငံတကာက အခြေအမြစ်မရှိတဲ့ လုပ်ရပ်အဖြစ် မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်၊၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို မနက်ဖြန်သောကြာနေ့မှာ စီရင်ချက်အမိန့်ချမှတ်ဖို့ ချိန်းဆိုထားပြီး ရန်ကုန်မြို့မှာ လုံခြုံရေး အထူးတင်းကြပ်ထားတယ်လို့ သိရပါတယ်၊၊




အာဆီယံစွမ်းအင်အစည်းအဝေးကာလ မန္တလေးမှာ လျှပ်စစ်မီးပုံမှန်ရ
2009-07-30

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဆွေ သုံးနိုင်ငံရဲ့ ၆ ကြိမ်မြောက် စွမ်းအင်ဝန်ကြီးများဆိုင်ရာ အစည်းအဝေးကို မန္တလေးမြို့မှာ မနေ့က စတင်ကျင်းပနေကတည်းက လျှပ်စစ်မီး တောက်လျှောက် လာနေတယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးကို အာဆီယံဝန်ကြီးတွေအပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက စွမ်းအင်ဝန်ကြီးတွေလည်း တက်ရောက်နေကြတာပါ။

အစည်းအဝေးပြုလုပ်နေတဲ့ ကာလအတွင်း ၇၈ လမ်းမကြီးတလျှောက်နဲ့ မန္တလေးမြို့ နေရာအနှံ့အပြားမှာ စစ်တပ်နဲ့ရဲ လုံခြုံရေးတွေ အမြောက်အမြား ချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မန္တလေးမြို့မှာ အခုလို လုံခြုံရေးတိုးမြှင့်ချထားတာဟာ အာဆီယံ စွမ်းအင်အစည်းအဝေးကျင်းပ နေချိန်ဖြစ်သလို၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမှတ်တော့မယ့် ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှုးချုပ် ရောက်ရှိနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လျပ်စစ်မီးပုံမှန်ရနေတဲ့အတွက် ပြည်သူတွေ စိတ်ချမ်းသာနေကြတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အာဆီယံဒေသတွင်း အနာဂတ်စွမ်းအင် ဖူလုံရေးနဲ့ သက်သာချောင်ချိရေးကိစ္စတွေ ဆွေးနွေးနေကြတဲ့ အဲဒီအစည်းအဝေးမှာ တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ တရုတ် အမျိုးသားစွမ်းအင်ဆိုင်ရာ ဒုတိယအကြီးအကဲ Liu Qi က နိုင်ငံတကာနဲ့ ဒေသတွင်း စွမ်းအင်ဖူလုံရေးကိစ္စတွေမှာ တရုတ်အနေနဲ့ အခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။



နေပြည်တော်ဝန်ထမ်းတွေကို မီးခွန်ရေခွန် ကောက်
2009-07-30

နေပြည်တော်ဝန်ထမ်းတွေကို အခွန်တွေ စတင်ကောက်ခံဖို့ စစ်အစိုးရက စီစဉ်နေတဲ့အတွက် ဝန်ထမ်းတွေ မကျေမနပ်ဖြစ်နေတယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။

ဝန်ထမ်းတွေကို နေပြည်တော်ပြောင်းခိုင်းတုံးက ရေဖိုး၊ မီးဖိုး၊ အဆောင်ခ ကောက်ခံမှာမဟုတ်ဘဲ လခ အသားတင်ရမှာဖြစ်တယ်လို့ အာမ ခံခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ခုတော့ ဇူလိုင်လအတွက် မီတာခကို အောက်ခြေဝန်ထမ်းတွေ ကျပ်ငွေနှစ်ထောင်၊ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ကို ကျပ်သုံးထောင်နဲ့ ညွှန်ကြားရေးမှူးနဲ့ အထက်အဆင့်ကို ကျပ်ငါးထောင်အထိ ပုတ်ပြတ် ကောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

သြဂုတ်လကစပြီး မီတာတက်တဲ့အတိုင်း ပေးဆောင်ရမှာဖြစ်တယ်လို့ပါ ညွှန်ကြားထားပါတယ်။ အရာရှိအဆင့်ကို လျှပ်စစ်ယူနစ် ၆ဝ အထိ အခမဲ့သုံးခွင့်ပေးထားပြီး အောက်ခြေဝန်ထမ်းတွေကို ယူနစ်တထောင်အထိ သုံးခွင့်ပေးမှာဖြစ်ပါတယ်။ ပိုတဲ့ လျှပ်စစ်ယူနစ်ကို ဝန်ထမ်းတွေ အရာရှိတွေက ပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် နေပြည်တော် ဝန်ထမ်းအိမ်ယာတွေမှာ တပ်ဆင်ထားတဲ့မီတာတွေဟာ တရုတ်နိုင်ငံလုပ် မီတာပုံးတွေ ဖြစ်တဲ့အတွက် မီးတပွင့်သာ သုံးသူတွေရဲ့မီတာက ယူနစ်တထောင်အထိ မှားပြနေသလို တီဗွီ၊ ဗီဒီယိုစတဲ့ လျှပ်စစ်ပစ္စည်း များများသုံးသူတွေရဲ့ အခန်းတွေမှာ တယူနစ်သာ ပြနေတာမျိုး တွေ့နေရတယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

မကြာခင် ရေဖိုး၊ အခန်းခနဲ့ စည်ပင်သာယာခွန်တွေပါ ကောက်မှာဖြစ်တဲ့အတွက် ဝန်ထမ်းတွေ မကျေမနပ် ဖြစ်နေတယ်လို့ပါ ဝန်ထမ်းတွေက ပြောပါတယ်။ ခုလို မီတာခတွေ ကောက်နေတဲ့အတွက် နေပြည်တော် ဝန်ထမ်းအိမ်ယာ အတော်များများ ညဘက် မီးမဖွင့်ဘဲ မှောင်နေတာတွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။


စစ်သားကောင်း ပီသကြပါစေ
ဗိုလ်ထက်မင်း

၃၀ ဇူလိုင် ၂၀၀၉


ရုရှားနိုင်ငံကို သွားရောက်ပညာဆည်းပူးခဲ့တဲ့ DSA ကျောင်းဆင်း ညီတော်တွေကို အရင်ခေတ် တပ်မတော်အရာရှိတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ထားရှိပုံတွေကို ရှင်းပြလိုပါတယ်။ တို့တတွေ ကျောင်းဆင်းလာတော့ ပခုံးပေါ်မှာ တင်ထားတဲ့ တပွင့်တည်းသောကြယ်ပွင့် လျှောကျသွားမှာစိုးလို့ ဆွဲဆွဲတင်နေလိုက်ရတာ အမောပဲဆိုတာကို ရှင်းပြလိုတာပါ။ ပြီးတော့ တို့တိုင်းပြည်အတွက် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတော့ လက်သီးလက်မောင်းတန်းရင်း ကြိမ်းဝါးမိတာလည်း ရှိပါသေးတယ်။

အရာရှိအချင်းချင်း နောက်ပြောင်ပြောဆိုနေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက်နေရတာမျိုးနဲ့ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ကျလာမယ် အထင်မကြီးဘူးလို့လည်း ရိတိတိ ပြောတတ်ခဲ့ကြပါတယ်။

တပ်ရင်းကို ရောက်သွားတော့လည်း တို့တတွေဟာ ကာဘိုင်သေနတ်ကို ရွေးရတာ ခေါင်းအကိုက်ရဆုံးပါပဲ။ ရန်သူနဲ့တွေ့ရင် ပြန်ပစ်နိုင်ဖို့ရာ Zero inch ဖြောင့်တန်းမှုရယူထားတဲ့ ကာဘိုင်ကို အလိုချင်ကြဆုံး ဖြစ်ပါတယ်။ တချို့တပ်ခွဲ တပ်ကြပ်ကြီးတွေရဲ့ ကာဘိုင်ဒင် သစ်သားပိုင်းက ပေါလစ်သုတ်ထားလို့ ပြောင်နေတာကိုတွေ့ရင် အရာရှိပေါက်စတွေက ရင်သပ်ရှုမော ကိုင်တွယ်ကြည့်ကြတာ ညီတော်တို့ သိစေချင်ပါတယ်။

Equipment လို့ခေါ်တဲ့ စစ်ချပ်ဝတ်တန်ဆာအပိုင်းမှာ ခါးပတ်နဲ့ ရေဘူးဆိုရင် အမေရိကန်ထုတ် ခါးပတ်၊ ရေဘူးမှ ၀တ်ဆင်ကြပါ တယ်။ အရာရှိတဦး US Equipment အပြည့်အစုံ ၀တ်ထားပြီဆိုရင် ကျန်တဲ့အရာရှိတွေက ရင်သပ်ရှုမောနဲ့ ဘယ်လောက်ပေး ရလဲ ဘယ်မှာဝယ်လဲ စသဖြင့် အလုအယက် မေးမြန်းလာကြတာလည်း တွေ့ရပါတယ်။ အဲဒီအရာရှိတွေ တပ်ပြောင်းခဲ့ရင် US Equipment ကို အမှတ်တရ လက်ဆောင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်ကြတဲ့အထိ အရာရှိတွေက မက်မက်မောမော ရှိကြပါတယ်။

ကျောင်းဆင်းအရာရှိတွေဟာ တပ်ရင်းရှိ တပ်စုတစုကို ကိုင်တွယ်ဖို့ တပ်ခွဲမှူးက အပ်နှံခဲ့ရင်ဖြစ်စေ၊ တပ်စုတပ်ကြပ်ကြီးတဦးက ၎င်းတပ်စုကို သတိဆွဲကာ မိမိထံသို့ အလေးပြုပြီး သတင်းပို့ခဲ့ရင်ဖြစ်စေ အဲဒီအချိန်မှာ ရင်ထဲမှာ ငါဟာ လူ (၃၀) ကို အုပ်ချုပ်ရ တဲ့ အရာရှိပေါက်စတဦး မကြာခင် ဖြစ်တော့မှာပါလားဆိုတဲ့ ရင်ထဲက ပီတိကို ညီတော်တွေအား မျှဝေပေးချင်ပါတယ်။

ရှေ့တန်းရောက်ရင် တပ်စုတပ်ကြပ်ကြီးလုပ်သူ ဆရာကြီးက နယ်မြေနဲ့ ရန်သူသတင်းတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပုံ၊ ရွာတွေရောက်ခဲ့လို့ အိမ်တွေမှာ ညအိပ်ခဲ့ရင် ကိုယ့်ထက်အသက်ကြီးတဲ့ တပ်စုတပ်ကြပ်ကြီးက အိမ်အောက်မှာ အနစ်နာခံ အိပ်ခဲ့ပုံ၊ မိမိကိုတော့ အိမ်ပေါ်မှာ ဇိမ်ကျကျ အိပ်ခွင့်ပေးခဲ့ပုံ … စသဖြင့် အတူတူစား အတူတူသွားလာကြတဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက်စိတ်တွေ ကြီးမားလှပုံကို ပြောပြချင်ပါတယ်။

တပ်ခွဲမှူးကိုဆိုရင် ကိုယ့်ရဲ့ အကိုကြီးတယောက်လို ခင်တွယ်မိကာ ထမင်းလက်ဆုံ စားကြတဲ့အခါမျိုး စစ်နည်းဗျူဟာတွေကို လက်တွေ့နယ်ပယ်မှာ အပ်ကျမတ်ကျ သင်ကြားပေးခဲ့ပုံတွေကအစ နောက်ဆုံး ညီတော်တွေ ပိုက်ဆံမရှိလို့ နောင်တော်တွေက မုန့်ဖိုးအဖြစ် ပေးသုံးခဲ့ပုံတွေ၊ ရန်သူနဲ့ နင်လား ငါလား တိုက်ပွဲတွေဖြစ်လာရင် တပ်ခွဲမှူးက အတွေ့အကြုံနည်းတဲ့ ကျောင်းဆင်း မိမိတို့ တပ်စုမှူးတွေကို ချေမှုန်းရေးတပ်စုမှာ မထားဘဲ တပ်ခွဲမှူးရုံးရဲ့ အနီးကပ်တပ်စုအဖြစ် စိုးရိမ်ကြောင့်ကြစွာ ပြောင်းလဲထားခဲ့ပုံတွေ ဒါတွေကိုလည်း အခုခေတ် ညီတော်တွေ သိစေချင်တယ်။

နောက်တန်းပြန်ရောက်လို့ လူပျိုအရာရှိရိပ်သာရောက်ပြီဆိုရင် စီနီယာနောင်တော် တပ်ခွဲမှူးဗိုလ်ကြီးတွေက ဦးဆောင်ပြီး စားသောက်ဖွယ်ရာတွေ အပါအ၀င် အထွေထွေ ကုန်ကျစရိတ်အားလုံး အကုန်အကျခံပုံတွေ၊ သူတို့ကိုယ်တိုင်က မင်းတို့တပ်စုမှူးတွေ ပိုက်ဆံရှိကြတာမဟုတ်ဘူး၊ ငါတို့အကြီးတွေပဲ ပေါင်းပြီး ရှင်းပေးလိုက်မယ်ဆိုတဲ့ ကြင်နာမှုစကားသံတွေ၊ မြို့ထဲကို ကားတစီးနဲ့ ထွက်လည်ကြလို့ စားသောက်ဆိုင်ကို ရောက်ပြီး ရှင်းကြပြီဆိုရင်လည်း စီနီယာအရာရှိတွေက ကျနော်တို့ ဂျူနီယာအရာရှိတွေကို လက်ကာပြီး သူတို့ပဲ ရှင်းပေးကြပုံတွေ၊ အကိုကြီး အဖအရာဆိုသလို တပ်ထဲမှာ နေထိုင်ပြုမူကျင့်ကြံပုံ၊ ဆိုင်ရာတွေကို ဆိုဆုံးမပုံတွေဟာ ယနေ့ထက်တိုင် ရင်ထဲအသည်းထဲ စွဲမြဲနေပါတယ်။

တိုက်ပွဲမှာ တပ်ခွဲမှူးဖြစ်ဖြစ်၊ တပ်စုမှူးဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရလို့ဖြစ်စေ ပိတ်ဆို့ခံရလို့ဖြစ်စေ ဘယ်လိုမျိုး အခက်အခဲတွေ ကျရောက်နေပါစေ ညီတော်နောင်တော်တွေက မဖြစ်ဖြစ်အောင် ဖောက်ထွက်ပြီး ကူညီဖေးမ ကယ်တင်တတ်တဲ့ ရှေ့တန်းရဲ့  ရဲရဲတောက် သံမဏိစိတ်ဓာတ်တွေကိုလည်း ညီတော်တွေ သိစေချင်ပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင်တွေလို ဖြစ်နေပြီး တို့တပ်မတော်ဟာ ရာထူးအာဏာ မက်မောမှုနဲ့အတူ စီးပွားရေး၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက်ချုပ်ကိုင်လာတာနဲ့အမျှ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတာဟာ တပ်မတော်နဲ့ ဘာမှမသက်ဆိုင်တော့တဲ့အထိ ရာဇ၀င်ရိုင်းခဲ့ပြီ ဖြစ်ပါတယ်။

တို့ ကျောင်းဆင်းပြီးပြီးချင်း ရှေ့တန်းမှာ (၉) လ ဆက်တိုက်ကြာသွားတော့ မိခင်ဖြစ်သူက တပ်ရင်းမှူးဆီ စာရေးပြောတယ်။ အဲဒီအခါကျမှ တပ်ရင်းမှူးက သတိရပြီး ခွင့်ခေါ်ပေးလို့ မိခင်အိမ်ကို ပြန်ခွင့်ရပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ ရုန်းရင်းကန်ရင်း ပေပေတေတေ နေလိုက်တာ ပင်ပန်းရမှန်းမသိဘဲ အချိန်ကုန်သွားခဲ့တာဖြစ်တယ်။ တပ်ရင်းမှူးက ခွင့်ခေါ်ပေးမှသာ (၉) လ ကြာပြီဆိုတာကို သိရတာဖြစ်တယ်။

ရှေ့တန်းမှာက တပ်ခွဲမှူးက အစစအရာရာ ကျွေးမွေးနေတော့ ဘာကုန်ကျမှုမှမရှိဘူး။ ဒါကြောင့် အိမ်ပြန်တဲ့အခါ ဘဏ် (၆) မှာ လစာကို တလုံးတခဲတည်း ထုတ်ရတယ်။ အဲဒီအချိန်မှာ ခံစားခဲ့ရတဲ့ပီတိ၊ အဲဒီလစာတွေထဲက မိခင်ကို ကန်တော့လိုက်ရတဲ့ ပီတိ၊ အရင်က ကျောင်းနေဖက်သူငယ်ချင်းဖြစ်ခဲ့တဲ့ RIT ကျောင်းသား သူငယ်ချင်းထံသွားပြီး သူ့ကို RIT ကင်တင်းရိပ်သာမှာ ကိုယ်ရတဲ့လစာနဲ့ ကျွေးမွေးပြုစုရတဲ့ ပျော်ရွှင်မှုပီတိ ခံစားချက်တွေကို ငါ့ညီတော်တွေ သိစေချင်တယ်။

ငါတို့ဟာ တက္ကသိုလ်ကျောင်းသားဘ၀က လာခဲ့တာမို့ ကျောင်းသားတွေရဲ့ ဘ၀ကို ပြန်လည်တမ်းတမိရင်း အတူတူလက်တွဲခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရှေ့တန်းမှာ မသေလို့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ငါတို့ရဲ့  အမှတ်တရ ပွဲလေးကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားတွေရဲ့ တန်ဖိုးနဲ့ ရဲစွမ်းသတ္တိကိုလည်း ခံစားနားလည်တယ်။ တို့တပ်တွေမှာ အရင်က ရှေ့တန်းမှာ ပင်ပန်းဆင်းရဲလွန်းအားကြီးပြီဆိုရင် သင်တန်းတခုခု တက်ခွင့်ရတာကိုပဲ အနားယူတဲ့ သဘောလို့ ယူဆကြတယ်။

အခုညီတော်တွေကျတော့ အဲဒီလိုဖြတ်သန်းမှုမျိုးမရှိခဲ့လို့ တပ်မတော်ရဲ့ သံမဏိစိတ်ဓာတ်ဆိုတာ ဘာမှန်းမသိ၊ ရဲဘော်ရဲဘက်စိတ်ဓာတ်ဆိုတာ ဘာကိုဆိုလိုရမှန်းမသိ ဖြစ်နေကြတယ်။ အဆိုးဆုံးက စစ်တပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးချနေတဲ့ တပ်မတော်သမိုင်းကို ဖျက်ဆီးနေသူ အာဏာရှင်ထိပ်ပိုင်းတစုရဲ့ လုပ်ရပ်တွေကြောင့် ညီတော်တွေဟာ သန်လျက်ကို ရေထင်၊ ရွှေသမင် အလိုက်မှားနေကြတယ်။

ညီတော်တွေဟာ DSA သုံးနှစ် ကျောင်းဆင်းပြီးကတည်းက ခြေလျင်တပ်ကို ရောက်ရှိသတင်းပို့တာနဲ့ ရှေ့တန်းမှာ ကျောပူအောင် လမ်းမလျှောက်ကြရတော့ဘဲ MSC ဆိုတဲ့ (၂) နှစ် သင်တန်းကြီးကို မဖြစ်မနေ ဆက်လက်တက်ရောက်ကြပုံတွေ၊ အဲဒီကမှတဆင့် အဆင့်မီလို့ ရုရှားကို ပညာဆည်းပူးခွင့် ဆက်လက်တက်ရောက်ခွင့်ရကြပုံတွေ၊ ပြန်လာကြတော့လည်း ပြင်ဦးလွင်မှာ ကွန်ပျူတာနဲ့ နပန်းလုံးပြီး ဒီမိုကရေစီဘက်တော်သား ၀က်ဆိုက်တွေကို အဖျက်အမှောင့်လုပ်ခဲ့ပုံတွေ ကြားသိရတော့ ညီတော်တွေရဲ့ ကျပ်မပြည့်တဲ့ စစ်သားတပိုင်းဘ၀ကို သနားမိပါတယ်။

အခုတော့ ညီတော်တွေထဲက အရာရှိတဦးကို DSA မှာ နည်းပြအဖြစ် ရောက်နေတဲ့ ရုရှားနည်းပြ အမျိုးသမီးလှလှတဦးက အပြာဇာတ်လမ်းတွေနဲ့ မှတ်ကျောက်တင်ပေးလိုက်တယ်လို့ ကြားသိရလို့ စိတ်မကောင်းဖြစ်မိတယ်။ စစ်သားရဲ့ မှတ်ကျောက်တင်မှုဟာ ရှေ့တန်းစစ်ဆင်ရေး နယ်မြေသာဖြစ်လို့ ညီတော်တွေရဲ့ မှတ်ကျောက်ကို ဘယ်နေရာမှာ တင်ရမလဲ ဆိုတာ စဉ်းစားလို့မရအောင်ကို ဖြစ်ရတယ်။

မင်းတို့သိပြီးသား တို့တတွေရဲ့ “ဆောင်ပုဒ်” ရှိပါတယ်။ ပြန်ပြောပြမယ်။ “ဘာလုပ်နေလဲ - လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ - တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်၊ ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်” ဆိုပြီး ငါတို့ ဆိုရတဲ့ ဆောင်ပုဒ် ရှိပါတယ်။ အခုတော့ ညီတော်တွေခေတ်မှာ အဲဒီဆောင်ပုဒ်ကို ပြင်ရမလို ဖြစ်နေပါတယ်။

“ဘာလုပ်နေလဲ - ဒီမိုဝက်ဆိုက် ဖျက်ဆီးနေတယ်၊ ဘာလုပ်ဖို့လဲ - ရာထူးအာဏာ မတရားယူဖို့၊ ဘယ်သူ့အတွက်လဲ - နအဖ စစ်အာဏာရှင်တွေအတွက်၊ ဘာစိတ်ဓာတ်လဲ - မစ္ဆရိယစိတ်ဓာတ်” လို့ ပြင်ရမလို ဖြစ်နေတယ်။

ညီတော်တွေရဲ့ ခံယူချက်၊ စိတ်ဓာတ်တွေဟာ ယခင်နောင်တော်တွေရဲ့ ခံယူချက် စိတ်ဓာတ်တွေနဲ့ မိုးနဲ့မြေလို ကွာခြားတာနဲ့အမျှ တပ်မတော်ရဲ့ အနာဂတ်ဟာလည်း မဲမှောင်လျက်သာ ရှိနေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။