Monday, August 3, 2009

3August ဒိုင်ယာရီ

August News

အမှုမှ အပြီးပြတ် လွှတ်ခြင်းနှင့် ပြစ်ဒဏ် သတ်မှတ်ခြင်း



မင်းလွင်ဦး
တနင်္လာနေ့၊ သြဂုတ်လ 03 ရက် 2009 ခုနှစ် 14 နာရီ 02 မိနစ်


ဥပဒေရေးရာတိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ရတော့မှာလား၊ အမှန်တရားအတွက် တိုက်ပွဲဝင်သူတွေအတွက် ဥပဒေက ဘာမှ အကာအကွယ် မပေးနိုင်တော့ဘူးလား။

တရားဥပဒေ စိုးမိုးမှုဆိုတာ ပြည်သူတွေအတွက် မဟုတ်ဘဲ၊ အာဏာရှင်တွေ အာဏာတည်မြဲဖို့ ထင်သလို ရမ်းကားနိုင်ဖို့ကိုပဲ ထောက်ကူပံ့ပိုးနေတော့မှာလား။

အမှန်တရားကို တည့်မတ်ပေးမည့် ထီးချက်စောင့်နတ်သမီး အိပ်ပျော်နေသလား။

အမျိုးမျိုး တွေးတောစရာတွေ ဖြစ်ပေါ်လာတာတော့ အမှန်ပါ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အရှုံးတွေကို ထပ်ဆင့် ရင်ဆိုင်နေရလို့ စိတ်ဓာတ်ကျစရာတွေ ဖြစ်လာတယ်ဆိုရင် မငြင်းနိုင်တဲ့ အချက်တချက်လို့ ပြောရမှာပါ။

ဒါပေမဲ့ မှုခင်းတွေ ဖြစ်ပွားလာပြီဆိုတာနဲ့ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး စသဖြင့် ဒွန်တွဲနေတာဟာ နိယာမ တရားတခုပဲ ဖြစ်တယ်။ မှားယွင်းဆုံးဖြတ်လိုက်လို့ နစ်နာတဲ့သူအတွက် သက်သာခွင့် ကုစားခွင့် အဆိုးထဲက အကောင်းရွေးချယ်လို့ကော မရတော့ဘူးလား။ ဒီလိုတော့ မဟုတ်ပါ။ အကောင်းမြင်တတ်သူတွေအတွက် ကောင်းတယ်လို့ ရွေးချယ်ခံစားနိုင်ဖို့ အချို့အချက်အလက်တွေ ရှိပါတယ်။

အာဏာရှင်တို့အနေနဲ့ အာဏာတည်မြဲနိုင်ဖို့ရာအတွက် ဘာကိုမှ အလေးမထားဂရုမစိုက်ဘဲ လုပ်ကိုင်တယ်ဆိုတာကို နိုင်ငံတကာနဲ့ပြည်သူလူထုတရပ်လုံး ပိုမိုသိမြင်လာစေတယ်။

ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လက်နက်သဖွယ် အသုံးပြုပြီး၊ ပြည်သူတွေနဲ့ အတိုက်အခံတွေကို ဖိနှိပ်နိုင်ဖို့ အသုံးပြုတယ်ဆိုတာကို နိုင်ငံတကာက ပိုမိုထင်ရှားစွာ သိလာပြီဖြစ်တယ်။

နိုင်ငံတကာက လက်ခံကျင့်သုံးလိုက်နာရမယ့် လူ့အခွင့်အရေး အခြေခံမူတွေဟာ အာဏာရှင်လူတစုအတွက်သာ ဖြစ်ပြီး၊ ပြည်သူအများအတွက် မဟုတ်ဘူးဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်စေတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတွေအဖြစ် တင်ပြထားတဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့အား လက်ခံစစ်ဆေးပေးဖို့ လျှောက်ထားတာကို ပလပ်ခဲ့တဲ့ တရားရုံးချုပ်ရဲ့ စီရင်ချက်မှာ လျှောက်ထားသူ အမှတ် (၁) က ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုမှာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ စွဲဆိုခြင်းဖြစ်ကြောင်းနဲ့ ယင်းပုဒ်မမှာ အရေးယူခံရသူတဦးဟာ ကန့်သတ်မိန့် (ဒါမှမဟုတ်) တားဆီးမိန့်ကို ဆန့်ကျင်လျှင်သော်လည်းကောင်း၊ မလိုက်နာရင်သော်လည်းကောင်း အရေးယူသည့် ပုဒ်မဖြစ်ကြောင်း တရားရုံးချုပ်က မှတ်ချက်ပြုဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မူလရုံး အမှုမှာ သူ့အပေါ် အရေးယူထားတဲ့ ကန့်သတ်မိန့် (ဒါမှမဟုတ်) တားဆီးမိန့်ကို ဆန့်ကျင်ခြင်း မရှိ၊ ဖောက်ဖျက်ခြင်း မရှိကြောင်းနဲ့ အဓိက ထုချေဖြေရှင်းဖို့သာဖြစ်ကြောင်း ဆိုထားပါတယ်။

တရားဆိုင် ၂ ဦး ၂ ဖက် တင်ပြတဲ့ သက်သေတွေကို စစ်ဆေးပြီးနောက် ၂၅-၇-၂ဝဝ၉ ရက် သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်တွေက လျှောက်လဲချက်ပေးပြီးနောက် ရုံးချိန်ကုန်သွားတဲ့အတွက် ၂၈-၇-၂ဝဝ၉ တနင်္လာနေ့ ထပ်ချိန်းဆိုခဲ့ပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံးက ၂ ဖက် တင်ပြတဲ့ အပြီးသတ် လျှောက်လဲချက်ကို ကြားနာခဲ့ပြီးနောက် အမိန့်ချမှတ်ဖို့ ဇူလိုင်လ ၃၁ ရက်နေ့ ချိန်းခဲ့ပါတယ်။ ဒီ့နောက် ဥပဒေရေးရာ အချက်အလက်တွေ ပေါ်ပေါက်နေတဲ့အတွက် ချိန်းဆိုထားတဲ့နေ့မှာ အမိန့်မချဖြစ်ဘဲ သြဂုတ်လ ၁၁ ရက်နေ့ ထပ်ချိန်းခဲ့သည်။

အမှုမှာ စစ်ဆေးပေါ်ပေါက်ချက်တွေ၊ သက်သေထွက်ဆိုချက်တွေ၊ သက်သေအထောက်အထားတွေနဲ့ နှစ်ဖက်တင်ပြတဲ့ လျှောက်လဲချက်ကို ကြားနာပြီးနောက် တရားလိုဘက်က စွဲဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်က ကျူးလွန်ကြောင်းနဲ့ အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိရင် ပြစ်မှုနဲ့ အချိုးကျတဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးရမှာပါ။ အဲဒီလို ပြစ်ဒဏ်ချမှာ ပထမ သင့်မြတ်တဲ့ ပြစ်ဒဏ်အမျိုးအစားကို ရွေးရပါတယ်။ ပြီးရင် ပြစ်ဒဏ်ရဲ့ အတိုင်းအတာကို သတ်မှတ်ရပါတယ်။

ပြစ်ဒဏ်အမျိုးမျိုးမှာ ငွေဒဏ်၊ ထောင်ဒဏ်နဲ့ သေဒဏ်တို့ ပါတယ်။ စည်းကမ်းချက်တွေနဲ့ ခံဝန်ချုပ်ဆိုပြီး အလွတ်နေထိုင်ရတာလည်း ပြစ်ဒဏ်တမျိုးပါပဲ။

ပြစ်မှုကျူးလွန်ရင် ဘယ်လိုပြစ်ဒဏ် ထိုက်သင့်စေရမယ်လို့ သက်ဆိုင်ရာ ဥပဒေက တပါတည်း ပြဋ္ဌာန်းထားပါတယ်။ တရားရုံးက ဥပဒေနဲ့အညီသာ ဆုံးဖြတ်ရတယ်။ ဥပဒေက သတ်မှတ်တဲ့ ပြစ်ဒဏ်ကြီး လေးလွန်းတယ်လို့ ယူဆရင်လည်း လျှော့မပေးနိုင်၊ ပေါ့လွန်းတယ်လို့ ယူဆရင်လည်း တိုးမပေးနိုင်၊ ဥပဒေ ဘောင်အတွင်းမှာ အမှုအဖြစ်အပျက်၊ အခြေအနေ၊ တရားခံနောက်ကြောင်း စတာတွေကို ထောက်ပြီး ပြစ်ဒဏ်အမျိုးအစားကို ရွေးချယ်နိုင်တယ်။ အတိုင်းအတာကို ချိန်ဆချင့်ချိန်နိုင်တယ်။

တချို့ပြစ်မှုတွေမှာ ပြစ်ဒဏ်အမျိုးအစားကိုပင် တရားရုံးက မရွေးနိုင်၊ ဥပမာ သေဒဏ် မပေးမနေရ ပြဋ္ဌာန်းထားရင် ငွေဒဏ်ချမှတ်ယုံနဲ့မပြီး၊ ထောင်ဒဏ်မပေးမနေရ သတ်မှတ်ထားတဲ့အပြင် အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ်ကနေ တသက်ထောင်ဒဏ်လို့ပါ အတိအလင်း ပြဋ္ဌာန်းထားရင် ထောင်ဒဏ်ကို ၁ဝ နှစ်အောက်လျှော့ပြီး ပြစ်ဒဏ်ပေးလို့ မရ။ ဒါကြောင့် ၁ဝ နှစ်နဲ့ တသက် ထောင်ဒဏ်အကြားမှာပဲ တရားရုံးက ချိန်ဆသတ်မှတ်နိုင်တယ်။ နိုင်ငံတော် သစ္စာဖောက်မှုအတွက် ပြစ်ဒဏ်ဟာ တသက်တကျွန်းဒဏ် ဒါမှမဟုတ် သေဒဏ်ဖြစ်တယ်။ ပြစ်မှုထင်ရှားတွေ့ရှိရင် ဒီထောင်ဒဏ် ၂ ရပ်အနက် တရပ်ကိုပဲ တရားရုံးက ရွေးချယ်အပြစ်ပေးနိုင်တယ်။ တခြားပြစ်ဒဏ်ကို တရားရုံးက ရွေးချယ်ချမှတ်ပြီး မပေးနိုင်ပါ။

ထောင်ဒဏ်တသက်ဆိုရင် သာမန်အားဖြင့် နှစ် ၂ဝ ၊ နိုင်ငံတော် သမ္မတက ပြောင်းလဲသတ်မှတ်ပေးရင် ၁၄ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။

ထောင်ဒဏ်ချမှတ်ရမယ်လို့ ဥပဒေက ပြဋ္ဌာန်းပေမယ့် အများဆုံးကိုပဲ ဖော်ပြပြီး၊ အနည်းဆုံးကို ချန်လှပ်ထားရင် တရားရုံးက တရက်ကနေ သတ်မှတ်တဲ့ အများဆုံးအထိကို ချိန်ဆသတ်မှတ်ရတယ်။ တရက်ကို တရားရုံးတထိုင် လို့လည်း သတ်မှတ်တယ်။ တရက်ကနေ တသက်အထိကို ချိန်ဆဆုံးဖြတ်ရရင် တရားရုံးမှာ တာဝန်ကြီးလေးတယ်။ အမှားဖြစ်တတ်တယ်။ အပြောခံရတတ်တယ်။ အဂတိဝင်တတ်တယ်။ ဒါကြောင့် တရားရုံးရဲ့ ဆုံးဖြတ်ခွင့်ဟာ မကျဉ်းလွန်း၊ မကျယ်လွန်း၊ မတင်းမကျပ် မလျော့လွန်း ဖြစ်သင့်တယ်။

တချို့ပြစ်မှုတွေမှာ ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ် ၂ ရပ်စလုံး စီရင်နိုင်တယ်။ ငွေဒဏ်ကိုလည်း ဘယ်လောက်အထိလို့ သတ်မှတ်လေ့ရှိတယ်။ ဒဏ်ငွေကနေ တဖက်နစ်နာသူကို ဘယ်လောက်ပေးစေလို့ တရားရုံးက အမိန့်ချမှတ်နိုင်တယ်။

ငွေဒဏ်မပေးဆောင်နိုင်သူကို ထောင်ဒဏ်အချိုးကျ ချမှတ်နိုင်တယ်။ အစားထိုး ထောင်ဒဏ်ဟာ ဘယ်လောက်မပိုရလို့ ဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားတယ်။ ပြစ်ဒဏ်အမျိုးအစားနဲ့ အချိုးကို ရွေးချယ်ရာမှာ အမှုအဖြစ်အပျက်၊ ကာလဒေသ၊ အခြေအနေနဲ့ တရားခံရဲ့ နောက်ကြောင်းကို ထည့်သွင်းစဉ်းစားသင့်တယ်။ အမှန်းအဆ၊ ကိုယ့်အထင်အမြင် ဒေါသနဲ့ ပြစ်ဒဏ်ကို သတ်မှတ်ရင် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မှားတတ်တယ်။ အပြစ်ရှိကြောင်း တွေ့ပြီးလို့ ပြစ်ဒဏ်ရွေးချယ်သတ်မှတ်ဖို့ ဖြစ်လာရင် အချက်အလက်တွေကို လေ့လာသုံးသပ်ပြီး အဂတိတရား လေးပါး ကင်းစွာ ဒေါသကင်းကင်းနဲ့ ဆုံးဖြတ်သင့်တယ်။

အခု ရန်ကုန်မြောက်ပိုင်းခရိုင် အထူးခုံရုံးမှာ စစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါတယ်။

''နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ အရေးယူခြင်း ခံရသူတဦးဦးသည် ကန့်သတ်မိန့် သို့မဟုတ် တားဆီးမိန့်ကို ဆန့်ကျင်လျှင်သော်လည်းကောင်း၊ ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ မလိုက်နာလျှင်သော်လည်းကောင်း၊ အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ စီရင်ခြင်းခံစေရမည်'' ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။

ဒီပုဒ်မနဲ့ အပြစ်ပေးအရေးယူနိုင်ဖို့ ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖောက်ဖျက်ကျူးလွန်ကြောင်းကို တရားလိုဘက်ကနေ အထင်အရှား သက်သေပြနိုင်မှပဲ အပြစ်ပေးနိုင်မှာပါ။

''ပုဒ်မ ၁ဝ (ခ) အရ အရေးယူခြင်းခံရသူအား တားဆီးမှုပြုရာတွင် -
(က) မည်သည့်နေရာတွင် မနေထိုင်ရဟု သတ်မှတ်ခြင်း၊
(ခ) မည်သည့်နေရာဒေသတွင် နေထိုင်ရမည်ဟု သတ်မှတ်ခြင်း၊
(ဂ) သွားလာမှုကို လိုအပ်သလို တားဆီးခြင်း၊
(ဃ) သတ်မှတ်သည့် အရာဝတ္ထုများကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ပိတ်ပင်တားဆီးခြင်း'' လို့ ပြဋ္ဌာန်းထားပါတယ်။

အမှုမှာ တင်ပြထားတဲ့ သက်သေခံ အထောက်အထားတွေအရ - သက်သေခံ (ခ-၁) မှာ ပါရှိတဲ့ အပိုဒ် (က) (ခ) (ဂ) တွေပါ အချက်အလက်တွေနဲ့ တားဆီးထားပါတယ်။

''အပိုဒ် (က) တွင် သံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီနှင့် ဆက်နွယ်သူများ၊
အပိုဒ် (ခ) တွင် နေအိမ်မှအပ ပြင်ပသို့ လုံးဝ မထွက်ရ၊
အပိုဒ် (ဂ) တွင် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြောကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရ'' ဟု အစိုးရအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုမိန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အထက်ပါအတိုင်း တားဆီးထားတဲ့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဥပဒေ ပုဒ်မ ၉ (စ) မှာ ''ကန့်သတ်တားဆီးမှု ခံထားရသူသည် ပုဒ်မ ၁၁ ပါ ကန့်သတ်ထားသည့် ကိစ္စရပ်များမှတပါး နိုင်ငံသားများ ခံစားခွင့်ရှိသော အခြားအခွင့်အရေးများကို ခံစားခွင့်ရှိသည်'' လို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ တားဆီးထားတဲ့ ကာလအတွင်း အထက်မှာ ဖော်ပြထားတဲ့ တားဆီးမိန့်ကို ချိုးဖောက်ခဲ့ခြင်း မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ နေအိမ်မှာ ထိန်းသိမ်းထားပြီး နေအိမ်ကို အာဏာပိုင်တွေက လုံခြုံရေးတာဝန် ယူထားခြင်း ဖြစ်ပါတယ်။ နေအိမ်ထဲကို လုံခြုံရေးစည်းကို ကျော်ဖြတ်ပြီး၊ ဂျွန်ဝီလျံယက်တော ဝင်ရောက်လာတဲ့ ကိစ္စမှာ အာဏာပိုင်တွေက ဂျွန်ဝီလျံယက်တောကို ညဥ့်အချိန် ပုန်းလျှိုးဝင်ရောက်မှု၊ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုရမှာ ဖြစ်ပါတယ်။ ဂျွန်ဝီလျံယက်တောကိုယ်တိုင်က ကျူးကျော်ဝင်ရောက်လာကြောင်း ဝန်ခံထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို မလုပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက တရားခံအဖြစ် တရားစွဲဆိုတာဟာ အလွန်ကိုပဲ မှားယွင်းနေပါတယ်။

တရားလိုဘက်ကနေ သက်သေတွေဖြစ်တဲ့ ဒုရဲမှူးကြီးဇော်မင်းအောင်နဲ့ ဒုရဲမှူးကြီးဝင်းနိုင်ထွန်းတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၇၄ခု ခုနှစ် ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၈ (ဂ)၊ ၁၅၇၊ ၁၅၈၊ ၁၅၉ (က) (ခ) ပုဒ်မ ၁၆ဝ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ဖောက်ဖျက်ကြောင်း သက်သေထွက်ဆိုခဲ့တယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတော်အစိုးရကနေ ပယ်ဖျက်တဲ့ ဥပဒေတွေ စာရင်းမှာ မပါဝင်ပေမယ့် ၁၉၈၈ ခုနှစ် စစ်တပ်ကနေ အာဏာသိမ်းပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၈၈ စကားရပ်တွေ အစားထိုးတဲ့ ဥပဒေအမှတ် ၈/၈၈ ဥပဒေလို အာဏာတည်တဲ့ အမိန့်အမှတ် ၂/၈၈၊ ၃/၈၈ ၊ ကြေညာချက်အမှတ် ၂/၈၈ တို့အရလည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ကြေညာချက်အမှတ် ၁/၉၇၊ ၁၉၉၇ ခုနှစ် စကားရပ်တွေ အစားထိုးတဲ့ ဥပဒေအမှတ် ၁/၉၇ တို့အရလည်းကောင်း၊ သက်သေခံအမှတ် (ခ) ကန့်သတ်မိန့်မှာ ဖော်ပြထားတဲ့ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေဟာ ကြေညာချက်အမှတ် ၆/၈၈ မှာ ဖော်ပြထားတဲ့ ပယ်ဖျက်ခြင်းအရ ပယ်ဖျက်တဲ့သဘော သက်ရောက်နေတာကို တွေ့ရတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်မယ့် ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့နဲ့ ပြည်သူ့ကောင်စီ အဆင့်ဆင့်ကို ပယ်ဖျက်ထားပြီးဖြစ်နေတဲ့အတွက် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သက်ဝင်လှုပ်ရှား အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့ပါ။

၁၉၇၄ ခုနှစ် ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ၆/၁၉၈၈ အရ ကြေညာချက်အရ မပယ်ဖျက်သေးလို့ အတည်ဖြစ်လျက်ရှိကြောင်းနဲ့ တရားလိုဘက်ကနေ တင်ပြတဲ့ သက်သေတွေက ထွက်ဆိုပေမယ့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်က ၄၆ နှစ်မြောက် တော်လှန်ရေးနေ့ ၂၇-၃-၁၉၉၁ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ကြောင်း မိန့်ခွန်းပြောကြားထားတာကိုလည်း တွေ့ရတယ်။

ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး အထူးခုံရုံးက ဇူလိုင်လ ၃၁ ရက်နေ့မှာ အမိန့်ချဖို့ ချိန်းဆိုထားပေမယ့် ဥပဒေရေးရာ အချက်အလက်တွေ ပေါ်ပေါက်နေတဲ့အတွက် သြဂုတ်လ ၁၁ ရက်နေ့ ပြန်ချိန်းခဲ့တယ်။ ဥပဒေရေးရာ အငြင်းပွားနေတဲ့ အချက်တွေအနေနဲ့ -

၁။ ၁၉၇၄ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အတည်ဖြစ်တုန်းလား။
၂။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၄၈ (ဂ)၊ ၁၅၇၊ ၁၅၈၊ ၁၅၉ (က) (ခ) ပုဒ်မ ၁၆ဝ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ဖောက်ဖျက်တယ်လို့ သက်သေထွက်ဆိုချက်တွေကို အမှုစစ်ဆေးစီရင်ရာမှာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါသလား။
၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ဖောက်ဖျက်သလား ဒါမှမဟုတ် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ဖောက်ဖျက်ပါသလား စတဲ့ အချက်တွေဟာ အမှုကို စီရင်ဆုံးဖြတ်မယ့် တရားသူကြီးတွေအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် ဥပဒေပြဿနာတွေ ဖြစ်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်တွေက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ကျူးလွန်ဖောက်ဖျက်ခြင်း မရှိကြောင်း ခုခံချေပခဲ့ပြီး ဖြစ်တယ်။

တရားလိုတွေဘက်က တင်ပြစွဲဆိုတဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သက်ဝင်လှုပ်ရှားနိုင်ခြင်း မရှိတော့တဲ့အတွက် ပယ်ဖျက်ပြီးသလို ဖြစ်နေကြောင်းလည်း တင်ပြထုချေခဲ့ပြီး ဖြစ်တယ်။

အထူးခုံရုံးအနေနဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ၊ သက်သေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ အမိန့်ချရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်မမနဲ့ ဒေါ်ဝင်းမမတို့ကို အမှုကနေ အပြီးပြတ်လွှတ်ပေးတဲ့ အမိန့်ကိုပဲ ချမှတ်ရမှာပါ။ ဒါပေမဲ့ နိုင်ငံရေးအရ တရားရုံးဆီ တင်ပို့တရားစွဲဆိုတဲ့ မှုခင်းတွေကို တရားသူကြီးတွေက စစ်ဆေးဆုံးဖြတ်တာ မဟုတ်ဘဲ၊ အာဏာရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ပြယုံပဲ ဖြစ်ပါတယ်။

ကုလအတွင်းရေးမှူးချုပ် လာလည်း ဒေါ်စုအမှုအတွက်တော့ ဘာမှထူးလာမှာ မဟုတ်ဘူးဆိုတာကို သက်သေတွေ ခေါ်ယူစစ်ဆေးခွင့်ပြုဖို့ လျှောက်ထားတဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၃၃/၂ဝဝ၉ မှာ တရားရုံးချုပ်က ချမှတ်လိုက်တဲ့ အမိန့်နဲ့ သက်သေပြလိုက်သလို နောက်တဆင့် ပြစ်ဒဏ်ချမှတ်ဦးမယ် ဆိုတာကိုလည်း ရဲချုပ်ခင်ရီရဲ့ သတင်းစာရှင်းပွဲက သက်သေပြထားပြီးဖြစ်တယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လေးစားမှုနဲ့ နိုင်ငံတကာ ဖိအားတွေကြောင့် အခုအမှုကို ဘယ်လို တုံ့ပြန်ပြီး အမိန့်ချမှတ်မယ်ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

တရုတ်ကို အတုခိုးချသော နအဖ စစ်တပ် - ၂


ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
တနင်္လာနေ့၊ သြဂုတ်လ 03 ရက် 2009 ခုနှစ် 14 နာရီ 42 မိနစ်

junta-copy-china21
ဖြစ်နိုင် မဖြစ်နိုင်စဉ်းစားစရာ

ဤ ခေတ်မီ စစ်လက်နက်ပစ္စည်းများနှင့် ခေတ်မီ တပ်မတော်ကို တည်ထောင်ရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပါ။ စစ်လက်နက်ပစ္စည်းများကို ဈေးကြီးပေးဝယ်ရုံနှင့် မရပါ။ သုံးတတ်အောင် နောက်ဆုံးပေါ် အတတ်ပညာများကို တတ်မြောက်ရုံနှင့်မရ - ကျွမ်းကျင်ရပါသည်။ ထို့အပြင် ပစ္စည်းဆိုသည်မှာ အဆင်သင့် ဖြစ် အောင် ထိန်းသိမ်းထားရပါတယ်။ လွယ်သောကိစ္စမဟုတ်ပါ။ ထိုင်းနှင့် တင်းမာချိန် ထိုင်းမှ F15 လေယာဉ်များ မြန်မာလေပိုင်နက်ထဲဝင်လာသည်ကို မသိလိုက်ကြရ။ ထို့ကြောင့် ထိုင်းကို အံတုနိုင်ရန် လေယာဉ်ပစ် SAM Surface to Air Missiles များနှင့် ဆိုဗီယက်လုပ် သုံးပြီးသား MIG-29 များကို မြန်မာစစ်တပ်က ဝယ်ယူခဲ့သည်။ ယနေ့ MIG29 လေယာဉ် ဘယ်နှစှ်စီး ရုတ်တရက် ထပျံနိုင်သော အခြေအနေရှိပါသလဲ။ ထို့ပြင် MIG-29 လေယာဉ်များသည် အလွန်လေး၍ လောင်စာဆီအလွန်စားပါသည်။ တိုက်လေယာဉ် မောင်းသမားဆိုသည်မှာ လက်ရည်တက်အောင် အစဉ်မပြတ် အမောင်းကျင့်ရပါသည်။ ထို့ပြင် Dog Fight ဟု ခေါ်သော တိုက်လေယာဉ်ချင်း ထိပ်တိုက်တွေ့သော် ယှဉ်ပြိုင်တိုက်နိုင်ရန် Dog Fight နည်းနာများကို သင်ကြားလေ့ကျင့်ရပါသည်။ MIG29 များနှင့် လေ့ကျင့်ဖို့ နေနေသာသာ ဓာတ်ဆီအကုန်မခံ၍ လည်းကောင်း၊ အပြင်တွင် ဓါတ်ဆီရောင်းစားနေရ၍ လည်းကောင်း မှန်မှန်ပင် မပျံနိုင်ပါ။ ထိုနည်းတူ SAM ဆိုသည်မှာလည်း တိတိကျကျ ဖြစ်နိုင်ရန် မီးကုန်ယမ်းကုန် ကျင့်ကြရပါသည်။ SAM များကို လေ့ကျင့်ရာမှာလည်း ကုန်ကျစရိတ် မသေးပါ။ ထို့ကြောင် ငွေကုန်ခံ၍ ဝယ်ထားသော SAM များနှင့် MIG-29 လေယာဉ်များမှာ ဟန်သာရှိ၍ တကယ်ထိရောက်မှုမရှိဟု နားလည်သူပညာရှင်များက ကောက်ချက်ချကြပါသည်။

နအဖ စစ်တပ်သည် လက်နက်မရှိသော ပြည်သူများကို ရက်ရက်စက်စက် ပစ်ရန်နှင့် သူပုန်များကို တိုက်ရန် အဆင့်ပဲရှိပါသည်။ ပြည်တွင်းစစ်ကို ကြိတ်တိုက်လာသည်မှာ ကြာပြီဖြစ်၍ သူပုန်နှင့်တိုက်ရာတွင် အတွေ့အကြုံရှိသည်မှာ အမှန်ပင်။ သို့သော် ကြည်းတပ်၊ တင့်ကားတပ် ၊အမြောက်တပ် လေယာဉ်တပ် စုပေါင်းညှိနှိုင်း၍ တပ်မအလိုက် တိုက်ရသော တနည်းအားဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်တပ်ချင်း တိုက်ပွဲအတွေ့အကြုံ မရှိပါ။ မြန်မာနိုင်ငံတွင် အမှုထမ်းခဲ့သော အမေရိကန် စစ်သ်ံမှူးတဦးနှင့် ဤအကြောင်းကို ဆွေးနွေးဖူးပါသည်။ Low Intensity warfare ဟု ခေါ်သော သူပုန်နှင့် တိုက်ပွဲမျိုးတွင် မြန်မာစစ်တပ်သည် အတွေ့အကြုံရှိသည်။ တိုက်ရည်ခိုက်ရည် ရှိသည်ဟု ဆိုပါသည်။ သို့သော် တပ်တပ်ချင်း ရင်ဆိုင်တိုက်ရသည့် တိုက်ပွဲမျိုး မတိုက်တတ်ဟု ဆိုပါသည်။

၁၉၉၅ ၊ ၁၉၉၇ နှင့် ၁၉၉၈ ခုနှစ်တို့တွင် ပြောင်းလဲလာသော စစ်ရေးအတွေးအခေါ်ကို စမ်းသပ်ရန် ကြည်း ရေ လေ စုပေါင်းလေ့ကျင့်ပွဲကို လုပ်ခဲ့သည်ဟု ဆိုပါသည်။ တပ်မ ၅ ခုအောက်တွင် တပ်သား ၃ဝဝဝဝ ကျော် ပါဝင်၍ 76mm, 105mm, 120mm, 155mm အမြောက် ၁ဝဝ ကျော် အာမတ်ကားနှင့် တင့်ကား ၃ဝဝ ကျော် လေယာဉ်အုပ်စု ၆ စု ရေယာဉ် အစီး ၃ဝ ကျော် ပါဝင်ခဲ့သည်ဟု ဆိုပါသည်။ နောက်ထပ် လေ့ကျင့်ကြောင်း မကြားရတော့ပါ။ ထိုင်းစစ်တပ်ဆိုလျှင် Cobra ဟုခေါ်သော ပူးတွဲစစ်ဆင်ရေးကို အမေရိကန် စစ်တပ်နဲ့ မှန်မှန်ပူးတွဲ လေ့ကျင့်ကြသည်။

စုစည်းခိုင်မာ လေ့ကျင့်မှု အားကောင်းသော စစ်တပ်ဖြစ်ရန် ဖွဲ့စည်းမှုနှင့် ခေါင်းဆောင်မှု လိုအပ်ပါသည်။ ကျနော့်အမြင် ပြောရလျှင် မြန်မာ့တပ်မတော် အင်အားကောင်းဆုံးအချိန်မှာ ဗကပတို့ အားကောင်းသော ၁၉၈ဝ ခုနှစ်များဟု ထင်မိသည်။ ပြည်ပမှ အန္တရာယ်ကို ရင်ဆိုင်နေရချိန် အုပ်ချုပ်ရေးကို မဆလပါတီက တာဝန်ယူချိန်ဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအားလုံးကို စစ်ဗိုလ်ချုပ်များ တိုင်းမှူးများကသာ ခြယ်လှယ်ခွင့်ရသဖြင့် လာဘ်စားခွင့် ပိုမိုရရှိလာကြရာ စာရိတ္တလည်း ပိုမိုပျက်စီးလာကြပါသည်။ ထို့ကြောင့် တာဝန်ရှိသော ဗိုလ်ချုပ်များသည် မိမိတပ် ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး အဆင်သင့်ဖြစ်ရေးတို့တွင် စိတ်မဝင်စားကြပါ။ မိမိ ရာထူးရှိသည့်ကာလတွင် ရသမျှစားထား ဆိုသည်မှာ လက်ရှိ နအဖ ဗိုလ်ချုပ်များ၏ ကျင့်စဉ်ဖြစ်လာပါသည်။ ထို့ကြောင့် စက္ကူပေါ်တွင် စစ်တပ်အင်အား ရှိသော်လည်း ယခု နအဖ စစ်တပ်တွင် တပ်ရင်းအင်အားမှာ တချို့တပ်များတွင် တဝက်ပင်မရှိပါ။ စစ်တိုက်မထွက်ခင် စစ်ဗိုလ်များကအတင်း လူလိုက်စုနေရသည်ဟု ဆိုပါသည်။ စည်းကမ်းပျက်၍ တပ်ရင်း ဖွဲ့စည်းပုံ ဖရိုဖရဲ ဖြစ်နေပုံကို ကြားသိရသည်မှာ ယုံနိုင်စရ်ာပင်မရှိပါ။

စိတ်ဓာတ်ပျက်ပြား၊ စည်းကမ်းမရှိ၊ ဖွဲ့စည်းပုံပျက် သင်ကြားအားနဲလျက်ရှိသော နအဖစစ်တပ်သည် လက်နက်မရှိသော ပြည်သူနှင့် ညီညွတ်မှုမရှိ၍ အင်အားမရှိသော လက်နက်ကိုင် တိုင်းရင်းသားတပ်များကိုသာ ဗိုလ်ကျနိုင်ပါမည်။ လက်နက်အားသာ၍ လေ့ကျင့်မှု အားကောင်းသော Professional Army တကယ့်စစ်တပ်ကို တိုက်ခိုက်နိုင်စွမ်းအား ရှိမည်မဟုတ်ပါ။ မြန်မာ့ရေတပ်မတော်သည် ဘင်္ဂလားဒေ့ရှ် ရေတပ်ကိုပင် မယှဉ်နိုင်ပါ။ တရုတ်မှဆေးသုတ်ပြီး ညာရောင်းထားသော သဘောင်္များမှာလည်း Armour ဟု ခေါ်သော သံချပ်ကာ အစွမ်းမရှိကြပါ။ ကျည်တချက်ထိလျှင် ထုတ်ချင်းပေါက် ပေါက်မည်သာ ဖြစ်သည်။ ယနေ့ နအဖ တပ်မတော်သည် နိုင်ငံခြားတပ်များကို မပြောနှင့် လက်ရှိ ”ဝ” တပ်ကိုပင် နိုင်အောင် တိုက်နိုင်မည့်အခြေအနေ ရှိပုံမရပါ။

အမေရိကန်၏ စွမ်းအား

တရုတ်တပ်မတော်၏ စစ်ရေးအတွေးအခေါ် (Military Doctrine) ကို အမေရိကန်စစ်တပ်က ကောင်းကောင်းသိပါသည်။ တရုတ်တို့၏ Tunnel Warfare လှိုဏ်ခေါင်းများကိုလည်း ကောင်းကောင်း လေ့လာထားပါသည်။ ထို့ကြောင့် အမေရိကန်ရေမတော်ကTunnel Warfare Center ကို Chinalake, California တွင်၂ဝဝ၁ ခုနှစ်က ဖွင့်လှစ်ခဲ့ပါသည်။ အီရတ်စစ်ပွဲတွင် ဆဒန်ဟူစိန်၏ ကွန်ကရစ်ဘန်ကာများကို ဖြိုခွဲရန် GBU (28) ကို ထွင်ခဲ့ကြပြီး၊ ယခုပို အစွမ်းထက်သော GBU-43/B Massive Ordnance Air Blast Bomb (MOAB) ကို လက်ဝယ်ရှိနေပါပြီ။ သာမန်အားဖြင့် လေယာဉ်မှပစ်သော ဗုံးသည် 2000lb (ပေါင် ၂ဝဝဝ) ဆိုလျှင်ပင် အကြီးဆုံးမျှပင် ဖြစ်ပါသည်။ BLU-02B/C-130 ဗုံး- အတိုကောက် - Daisy Cutter ဟု ခေါ်သော ဗုံးသည် 15,000lbs (ပေါင်၁၅,ဝဝဝ) ရှိပါသည်။ ယခု MOAB ဟု ခေါ်သော ဗုံးသည် (22,600lbs) ရှိ၍ (18,700lbs) သက်သက်မှာ ရမ်းအားဖြစ်သည်။ ပေ ၄၅ဝ (သို့) Nine City Blocks ကို ဖျက်ဆီးနိုင်ပါသည်။ ထို့ပြင် Tactical Nuclear Weapons ဆိုသည်များလည်း ရှိပါသေးသည်။ ဤလက်နက်များမှာ အရွယ်အားဖြင့် သေးငယ်သော်လည်း ဂျပန်ကို ကြဲခဲ့သည့် အနုမြူဗုံးထက် အဆပေါင်းများစွာ ပြင်းထန်ပါသည်။ ထို့ပြင် ယခုအခါတွင် Precision Guidance ဟု ခေါ်သည့် ပစ်မှတ်ကို တည့်တည့်ထိအောင် ပစ်နိုင်သော စနစ်များ တည်ရှိနေပါပြီ။ ထို့ပြင် 2nd Generation Precision Bombs ဟု ခေါ်သော လက်နက်များသည် ပစ်ပြီးမှ ပစ်မှတ်ကို ပြောင်းနိုင်သည့် စွမ်းအား ရရှိနေပါပြီ။ ယ္ခု MOAB ဗုံးသည် Precision Guidance ဗုံးဖြစ်သည်။ တလုံးဆိုတလုံးထိရောက်စွာပစ်နှတ်ကိုထိနိုင်စွမ်းရှိသည်။

ထို့ကြောင့် အမေရိကန်ကသာ တကယ်တိုက်ခိုက်လာပါသော် နအဖ လှိုဏ်ခေါင်းများသည် ကာကွယ်နိုင်စွမ်း မရှိပါ။

ထို့ကြောင့် နအဖဗိုလ်ချုပ်များသည် လွဲမှားစွာ ဖြုန်းတီးနေသည်ကို နအဖ စစ်တပ်မှ စစ်ဗိုလ်များကို သိစေချင်ပါသည်။

junta-copy-china22

မိမိတပ်ကို ဖျက်မည့် ကက (ကြိုင်)

ယနေ့ လက်ရှိအုပ်ချုပ်ရေးတွင် ဒေါ်ကြိုင်ကြိုင်၏ ဝင်ရောက်စွက်ဖက် လွှမ်းမိုးမှုသည် ကြီးစိုးလာကာ ယဉ်ကျေးမှု (Culture) သဖွယ် ဖြစ်လာပါသည်။ တပ်မမှူးကတော်သည် မိမိခင်ပွန်း လက်အောက်ရှိ တပ်ရင်းမှူးကတော်များကို ခိုင်းစားနိုင်ရုံမက တပ်ရင်းမှူးများကိုပင် ခိုင်းနိုင်လာပါသည်။ ထိုနည်းတူ တိုင်းမှူးကတော်က လက်အောက်ခံ တပ်မမှူးကိုပါ ခိုင်းနိုင်သည့် စရိုက်အကျင့် ဖြစ်လာပါသည်။ တပ်တွင် အပို Chain of Command ဆင့်ကဲဆင့်ကဲအုပ်ချုပ်မှုမှာ အပို ပါဝင်လာပါသည်။ ထို့ကြောင့် ကက(ကြည်း) နှင့် အပြိုင် ကက(ကြိုင်) ဟု တပ်ထဲတွင် ပြောင်လှောင် ခေါ်ပြောလာကြသည်ဟု ဆိုကြပါသည်။ ဤသတင်းမှာ မည်မျှမှန်ကန်သည်ကို အတတ်မပြောနိုင်ပါ။ မှန်ခဲ့သည်ရှိသော် တပ်ထဲတွင် စာရိတ္တသာမက အုပ်ချုပ်ရေးနှင့် စည်းကမ်းအပိုင်းတွင်ပါ ယိုယွင်းလာခြင်းဟု ဆိုနိုင်ပါသည်။ အုပ်ချုပ်ရေးနှင့် စည်းကမ်းပျက်လာသော စစ်တပ်များ၏ စွမ်းအားသည် စက္ကူပေါ်တွင်သာ ကြည့်ကောင်းကြ၍ နဖူးတွေ့ ဒူးတွေ့တိုက်ကြပြီဆိုလျှင် တချိုးထဲ ထွက်ပြေးကြပါလိမ့်မည်။

စစ်တပ်တွင် ”စိတ်ဓာတ်” သည် အလွန်အရေးကြီးပါသည်။ ဗီယက်နမ် စစ်ပွဲတွင် မြောက်ဘက်မှ တပ်သားများနှင့် တောင်ဘက်မှ တပ်သားများမှာ စိတ်ဓာတ်ရေးရာအရ လွန်စွာ ကွာခြားကြပါသည်။ တောင်ဘက်မှ စစ်ဗိုလ်များက တကယ်လက်တွေ့တွင် မရှိသော စစ်သားများကို စာရင်းလိမ်ပြ၍ လစာထုတ်နေသူများဖြစ်ရာ -ဘယ်မှာစွန့်စား ဝံ့မှာလဲ? တချိန်က စတုတ္တအကြီးဆုံးဖြစ်သော ဆဒမ်၏ တပ်များသည် ပထမ အီရတ်စစ်ပွဲတွင် လက်နက်ချ အညံ့ခံခဲ့ကြသည်မှာ လူမြင်စရာပင် မကောာင်းပါ။ စိတ်ဓာတ်ဆိုသည်မှာ ခေါင်းဆောင်ပေါ် မူတည်ပါသည်။ တိုင်းပြည်ကို တကယ်ချစ်၍ ရိုးသားမှုကို အခြေခံသော ဗိုလ်ချုပ်အောင်ဆန်း ဦးစီးခဲ့သော မြန်မာ့တပ်မတော်နှင့် ယနေ့ နအဖ တပ်မတော်ကို နှိုင်းယှဉ်ကြည့်ပါ။ ယနေ့စစ်တပ်နှင့် စစ်သားတို့ စိတ်ဓာတ် ပျက်စီးနေပုံမှာ ယုံနိုင်စရာ မရှိပါ။

AOC Artillery Operation Command

လက်ရှိပြည်တွင်းမှ စစ်ဗိုလ်တဦး၏ ပြောပြချက်အရ မြန်မာစစ်တပ်တွင် အမြောက်တပ်ပွဲ Artillery Operation Command - AOC ကို ဖွဲ့စည်းခဲ့ပါသည်။ နအဖ ဖွဲ့စည်းပုံအရ Military Operation Command - MOC - စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၊ Regional Operation Command - ROC ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဆိုတာများကို ဖွဲ့စည်းခဲ့ပါသည်။ အကြမ်းဖျင်း ပြောရရင် ၎င်းတို့မှာ တပ်မများဖြစ်သည်။ ROC သည် အင်အားမပြည့်သောတပ်မဟုဆိုနိုင်ပါသည်။

စစ်တက္ကသိုလ် DSA တွင် ပထမ စုစည်း ပညာသင်ပြီးမှ နောက်ဆုံး ကြည်းတပ်၊ ရေတပ်၊ လေတပ်ကို ရွေးချယ်၍ ဗိုလ်လောင်းများကို ခွဲထုတ်ပေးပါသည်။ ယခု စစ်တပ်တက္ကသိုလ်တွင် AOC အတွက် ဗိုလ်သပ်သပ် ခွဲထုတ်နေသည်ဟု ဆိုပါသည်။ မည်မျှအထိ ဤ သ်တင်း မှန်ကန်သည်ကို မသိရပါ။ အကယ်၍ မှန်ကန်ခဲ့သော် နအဖ စစ်တပ်သည် တရုတ်တို့၏ ပုံစံဖြစ်သော အနုမြူလက်နက်အားလုံးကို ဒုတိယ အမြောက်တပ်အစု (2nd Artillery Corps) အောက်တွင် ထားသကဲ့သို့ AOC အောက်တွင် ထားဖွယ်ရှိပါသည်။ SAM များနှင့် SCUD ဒုံးပျံများနှင့် နည်းပညာကို ပိုင်ဆိုင်ခဲ့သော် အဆင်သင့်ဖြစ်ရန် ဖွဲ့စည်းမှုကို အရင်ကြိုဖွဲ့ထားခြင်း ဖြစ်နိုင်ပါသည်။

နအဖ စစ်တပ်ရွေးသည့် လမ်း

နအဖ ဗိုလ်ချုပ်များသည် တရုတ်တို့ကို အဖေခေါ်ရာမက တရုတ်တို့၏ စစ်ရေးအတွေးအခေါ်နှင့် ဖွဲ့စည်းပုံတို့ကိုပါ ခိုးချလျက်ရှိပါသည်။ သို့သော် တရုတ်တပ်မတော်ကို နက်နက်နဲနဲ လေ့လာပုံမပေါ်ပါ။ တိန်လျှောက်ပိန်ကြောင့် တရုတ်ပြည်ကြီး ပြောင်းလဲခဲ့သလို - တရုတ်တပ်မတော်သည်လည်း ပြောင်းခဲ့ပါပြီ။မော်စီတုံးလက်ထက် က ”အာဏာ” သည်သာ အဓိကဖြစ်၍ - တရုတ်တပ်မတော်ကို ”နိုင်ငံရေး” မှန်ကန်မှုအတွက် အရေးပေးခဲ့ပါသည်။ ထို့ကြောင့် တရုတ်တပ်မတော်သည် စစ်သားသက်သက် စစ်တပ်ဖြစ်သော Professional Army မဖြစ်ခဲ့ရပါ။ နအဖနည်းတူ တရုတ်စစ်တပ်က စီးပွားရေးတွင် ပါဝင်ခဲ့ကြရပါသည်။ တရုတ်စစ်တပ်ပိုင် ကုမ္ပဏီ အများအပြား ရှိပါသည်။ စစ်တပ်စစ်သား ဆိုသည်မှာ စစ်ရေးတခုတည်းသာ ထူးချွန်အောင် စူးစူးစိုက်စိုက် အချိန်ပေး လေ့ကျင့်ရပါပြီ။ လိုအပ်ငွေ ဘတ်ဂျက်ကို အစိုးရက ချမှတ်ပေး နိုင်ပါပြီ။ ယခု တရုတ်စစ်တပ်သည် Professional စစ်တပ်ဖြစ်ရေးကို ရှေးရှုလျက် ရှိပါသည်။

တိန်လျှောက်ပိန်၏ ဉာဏ်ပညာကြီးမှုနှင့် လမ်းညွှန်မှုကြောင့် လက်ရှိ တရုတ်ပြည်ကြီးသည် တဟုန်ထိုး အောင်မြင်လျက်ရှိသည်။ အာဏာရှင်စနစ်ကို ကိုင်စွဲထားသော်ငြားလည်း တရုတ်ခေါင်းဆောင်များသည် တရုတ်ပြည်နှင့် တရုတ်လူမျိုးကို ချစ်သောခေါင်းဆောင်များ ဖြစ်ကြသည်။ တရုတ်ပြည်တွင် ခြစားမှု Corruption ရှိသော်လည်းတိုးတက်မှုကိုထိခိုက်သည်အထိပေါ်ပေါ်ထင်ထင်မဖြစ် မြန်မာနိုင်ငံကဲ့သို့ ယဉ်ကျေးမှုအဆင့် အဖြစ်လက်ခံသည့်အခြေအနေဆိုးအထိမရောက်။တိုးတက်မှု၏နောက်တဆင့်(Next-Phase)တွင်ပြဿနာရှိ နိုင်သော် လည်း တိန်လျှောက်ပိန်ကအစ - ဒီပြဿနာကို ကိုင်တွယ်ရမည်ကို နားလည်ခဲ့ကြသည်။

တရုတ်ဗိုလ်ချုပ်များကလည်း တိုင်းပြည်ချစ်စိတ်နှင့် တိုင်းပြည်ကာကွယ်ရေးကိုသာ ဦးစားပေးလာကြသည်။ တကယ် တရုတ်ရာဇဝင်ကို ပြန်လေ့လာလျှင် တရုတ်တို့ကို အနောက်နိုင်ငံနှင့် ဂျပန်တို့က အနိုင်ကျင့် ဗိုလ်ကျခဲ့သည်မှာ မခံချင်စရာပါပေ။ သို့သော် လက်ရှိ တရုတ်ခေါင်းဆောင်များသည် အတွေ့အကြုံ ရှိကြသည်။ စိတ်ရှည်ကြသည်။ လူ့အခွင့်အရေး မျက်စိနှင့်ကြည့်လျှင် (မူ) မရှိကြပါ။ သို့သော် တရုတ်နိုင်ငံအကျိုးအတွက် စိတ်ရှည်ရှည်နှင့် တိုင်းပြည်ထူထောင် - စစ်တပ်ကို ထူထောင်ပြီး ရေရှည် တဖြည်းဖြည်း ဝါးမြိုမည့် လမ်းစဉ်ဖြစ်သည်။ တချိန်က အမေရိကန်က ထိုင်ဝမ်ကို မထိနဲ့ ပေါ်လစီကို ကျင့်သုံးခဲ့သည်။ ၁၉၉ဝ နှစ်ဦးစ သမ္မတ ကလင်တန်လက်ထက်အထိ အမေရိကန်လေယာဉ်တင် သဘောင်္ကိုလွတ်၍ ခြိမ်းခြောက်နိုင်ခဲ့သည်။ ယနေ့ အခြေအနေ ပြောင်းသွားပြီး၊ တရုတ်ဗိုလ်ချုပ်တဦးက အမေရိကန်ဗိုလ်ချုပ်တွေကို ပြောခဲ့သည်။ အရင်က ခင်ဗျားတို့ ထိုင်ဝမ်နဲ့ ပတ်သတ်ပြီး ခြိမ်းခြောက်ခဲ့ကြတယ်။ ဒါ ခင်ဗျားတို့ လုပ်နိုင်လို့ လုပ်ခဲ့ကြတာ၊ အခု ခင်ဗျားတို့ မလုပ်နိုင်တော့ဘူးလို့ ဆိုခဲ့သည်။

အမေရိကန်ရေတပ်တွင် လေယာဉ်တင် သင်္ဘောသည် အဓိကကျသည့် တိုက်စစ်လက်နက်ဖြစ်သည်။ ထို့ကြောင့် လေယာဉ်တင် သင်္ဘောကို ကာကွယ်ရန် ရေငုပ်သင်္ဘောနှင့် အခြားသဘောင်္များ ခြံရံ၍ Squadron သင်္ဘော အုပ်စုအဖြစ် တည်ရှိသည်။ Aegis System ဟု ခေါ်သော ပတ်ဝန်းကျင် ရေပေါ်ရေအောက် သင်္ဘောများကို ရေဒါဖြင့် ရှာဖွေ၍ ခံစစ်အတွက် ပြင်ဆင်ထားကြရသည်။ အမေရိကန်တို့က လုံခြုံပြီဟု ယူဆခဲ့သည်။ ၂ဝဝ၉ ခုနှစ် အစပိုင်းလောက်က တရုတ် ရေငုပ်သင်္ဘောတစင်းက အမေရိကန်တွေ မသိအောင်ကပ်ကာ လေယာဉ်တင် သင်္ဘောနားကပ်၍ ရေပေါ်-ပေါ်ပြခဲ့သည်။ အမေရိကန်ရေတပ်မှာ ဆူညံသံများ ထွက်လာသည်။ တရုတ်စစ်တပ်၏ တိုးတက်မှုပင် ဖြစ်သည်။

ဤသို့ တရုတ်စစ်တပ် တိုးတက်လာသည်မှာ တရုတ်အစိုးရ ချမ်းသာလာသည်နှင့်အမျှ ကာကွယ်ရေးအတွက် ငွေသုံးလာနိုင်သည်။ တရားဝင် တရုတ်၏ စစ်ဘတ်ဂျက်မှာ ၆ဝ ဘီလျံ (သန်းပေါင်း ၆ သောင်း) ဖြစ်သည်။ အမေရိကန်၏ ခန့်မှန်းချက်က ဘီလျံ ၈ဝ ဟု ထင်သည်။ အမေရိကန်၏ ကာကွယ်ရေး ဘတ်ဂျက်မှာ ဘီလျံ ၅ဝဝ ကျော်သည်။ အီရတ်နှင့် အာဂတန်စစ်စရိတ်တို့ မပါ ပါ။ ကမ္ဘာတွင် ဒုတိယ အများဆုံး ဖြစ်သည်။ထို့အပြင် တရုတ်စစ်တပ်တွင် အခြားတာဝန်များ မရှိ။ စစ်တပ်ထူထောင်ရေးသာ ဖြစ်သည်။

မြန်မာဗိုလ်ချုပ်များသည် (အာဏာ) လောဘကြီးကြသည်။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ အားလုံး ဗိုလ်ချုပ်များက အုပ်စိုးထားသည်။ အုပ်ချုပ်ရေးလည်း တကယ်နားမလည်။ အမိန့်အာဏာနှင့် အုပ်ချုပ်လိုသည်။ စီးပွားရေးတွင်လည်း လက်ညှိုးထိုးရောင်းချရန်သာ သိသည်။ စီးပွားရေးအကြောင်း နားမလည်။ လာဘ်ယူရင်း ပျော်မွေ့လာကြရာ တိုင်းပြည်နှင့် လူမျိုးကို ချစ်ရမှန်းပင် မသိတော့။ လူမှုရေးတွင်လည်း ထိုနည်းလည်းကောင်းပင်။ ထို့ကြောင့် နအဖ ဗိုလ်ချုပ်များသည် စစ်တပ်တည်ထောင်ရေး တခုထဲကို အရေးမပေးနိုင်။ စိတ်ဓာတ် ပျက်ပြားလာသည်နှင့်အမျှ တိုင်းပြည်နှင့်အတူ စစ်တပ်ပါ ပျက်စီးလာခဲ့ပြီ။ ဘယ်ပညာမဆို စာတွေ့တခုနှင့် မရပါ။ လက်တွေ့ လိုပါသည်။ အတွေ့အကြုံဆိုတာ အလွန်အရေးကြီးပါသည်။ မြန်မာနိုင်ငံသည် စစ်တပ်ကြီးစိုးရာ နိုင်ငံဖြစ်ခြင်းကြောင့် အရပ်ဘက်တွင် လုပ်ခွင့် မရရှိခြင်းကြောင့် အတွေ့အကြုံမရှိ ဖြစ်နေကြရသည်။ ထို့ကြောင့် လိုအပ်သော အတွေ့အကြုံ ရင့်ကျက်သည့် အတတ်ပညာရှင်များ မမွေးထုတ်နိုင်ပါ။ အားလုံး စစ်ဘက်ကကြီး အာဏာနဲ့ ဦးဆောင်ဖို့ ကြိုးစားလျှင် အလယ်ခေါင်တွင် အဆံချောင်ဖို့ များပါသည်။ငွေတွေကုန်ပြီး အလဟဿဖြစ်ဖို့ များပါသည်။

နအဖ ဗိုလ်ချုပ်များကတော့ ဒီအထိ နက်နက် တွေးချင်ပုံမရပါ။ ငွေနှင့် အာဏာသုံး၍ ဘာမဆိုရမည် ထင်ပုံရပါသည်။ စောင့်ကြည့်ကြပါ။ မြောက်ကိုရီးယားလို ပြည်သူတွေသာငတ် - ကမ္ဘာ့ချဉ်ဖတ်နှင့် အနုမြူဗုံးကြီးကိုင်ပြီး ငတ်နေကြမည့်အဖြစ်ကို မြင်ယောင်ပါသေးသည်။

တိုင်းပြည်ကို ချစ်သော၊ လူမျိုးကို ချစ်သော စစ်ဗိုလ်ချုပ်များ အရှိကို အရှိအတိုင်း မြင်နိုင်ပြီး လိုအပ်သလို သုံးသပ်နိုင်ကြပါစေသော်။

၆၂ နှစ် ကြာခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကို မမေ့နိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းကို သတိရလိုက်ပါပိ။

တိုင်းပြည်ချစ်သောဗိုလ်ချုပ်ကိုတမ်းတမိခြင်းပါ

ဘိုဘိုကျော်ငြိမ်း
Bnyein@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

ကိုးကား

Building the Tatmadaw, Myanmar Armed Forces Since 1948 by Maung Aung Myo

Unpublished paper of Maung Aung Myo

ANU published papers by Maung Aung Myo

Military Power of the People’s Republic of China, Annual report to Congress, Office of the Secretary of Defense.

Theater Ballistic Missiles and China’s doctrine of ‘Active Defense’ by Martin Andrew, China Brief Volme:6, Issue:6

Chinese Nulcear Forces and U.S. Nuclear war planning, Hans M Kristensen, Robert S. Norris, and Matthew G. McKinzie

China Nuclear Forces: Operation, Training, Doctrine, Command, Control and Campaign Planning by Larry M. Wortzel

China Nuclear Doctrine, Savita Pande, Research Fellow, IDSA Strategic Analysis

Report on General Shwe Mann secret trip to North Korea

ရွေးကောက်ပွဲနှင့်ဒီမိုကရေစီဓလေ့

NEJ / ၃ သြဂုတ် ၂၀၀၉


ရှေ့နှစ်၌ ပါတီစုံရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ဒီမိုကရေစီရရန် နီးလာပြီဟု အစိုးရ၀ါဒဖြန့်သမားများ ပေါ်လစီဆောင်းပါး ရေးသည်ကို တွေ့ရ၏။ စစ်အစိုးရဘက်မှ ရေးနေကြသော်လည်း ဝေဖန်တိုက်ခိုက်ခံရသူများတွင် ပြန်လည်ချေပခွင့် မရှိကြပါ။ ဤသည်မှာ တဖက်သတ်အနိုင်ကျင့်သော စစ်အစိုးရခေတ် နိုင်ငံရေးဓလေ့ဖြစ်၏။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဇူလိုင်လအစောပိုင်း၌ ကြပ်ပြေးနေပြည်တော်သို့ သွားသည့်အခါတွင်လည်း တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာမခံလိုက်သည်။

ပြောချင်သလိုပြော၍ လုပ်ချင်သလိုလုပ်သည်မှာ ဗမာစစ်ဗိုလ်၏အကျင့်ဖြစ်သည်။ တရားမျှတသော ရွေးကောက်ပွဲအတွက် လိုအပ်သည့် အခြေခံများကို မတွေ့ရသေးပါ။ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပထမလွတ်လပ်ရန်လို၏။ ယှဉ်ပြိုင်မည့်သူကို စည်းကမ်းနည်းလမ်းများဖြင့် ကန့်သတ်ချုပ်ချယ်ထားပါက လွတ်လပ်မည်မဟုတ်ပါ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်နှင့် မဲဆွယ်ခွင့်ရှိရန်လိုသည်။ ဤသို့လုပ်ခွင့်မရှိသော ရွေးကောက်ပွဲသည် အခမ်းအနားသာဖြစ်၏။

ရွေးကောက်ပွဲအခမ်းအနား (Ceremonial Election) လုပ်ရုံဖြင့် ဒီမိုကရေစီကို အစပျိုးနိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီဓလေ့ ထုံးစံများကို အရင်ဆုံးမပြုစုမပျိုးထောင်ဘဲ ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီစနစ်ကို မြှင့်တင်ရာမရောက်ပါ။ ရွေးကောက်ပွဲ ကျင်းပနိုင်ရုံဖြင့် ဒီမိုကရေစီရပြီဟု မပြောနိုင်ပါ။ အစိုးရအာဏာကို ဥပဒေဖြင့် ကန့်သတ်ပြီး နိုင်ငံသားများတွင် လူ့အခွင့်အရေးရှိမှ ဒီမိုကရေစီဟု ခေါ်နိုင်ပါသည်။ ထိုကြောင့် လွတ်လပ်မှုသည် ရွေးကောက်ပွဲထက် အရေးကြီးသည်ဟု ဆိုခြင်းဖြစ်၏။

လွတ်လပ်စွာ ဝေဖန်ဆွေးနွေးနိုင်မှသာလျှင် ပြည်သူ့အတွေးအခေါ် ပြောင်းလဲလာနိုင်ပါသည်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ဗမာစစ်အစိုးရအဆက်ဆက်က ပိတ်ပင်ထားသည်ကို ကြည့်ခြင်းအားဖြင့် ပြည်သူပြည်သားများ လွတ်လပ်စွာတွေးခေါ်မည်ကို မည်မျှကြောက်သည်ကို သိနိုင်သည်။ သို့သော်လည်း လွတ်လပ်ရုံဖြင့် ပြည်သူ့အတွေးအခေါ် ချက်ချင်းပြောင်းသွားမည်မဟုတ်ပါ။ အခြေခံကျသောကိစ္စနှင့် အကျင့်ပါနေသော ကိစ္စများတွင်မူ ဖြည်းဖြည်းချင်းသာ ပြောင်းလဲနိုင်သည်ကို တွေ့ရ၏။ အချိန်ကြာမြင့်စွာ အတင်းအကျပ် ပိတ်ပင်ထားသော အယူအဆများကို စတင်ဆွေးနွေးပါက ပထမပိုင်းတွင် လက်မခံနိုင်ကြသည်က များ၏။

သို့သော်လည်း ယင်းအယူအဆကို အဆက်မပြတ်အလေးအနက် တင်ပြနိုင်ပါက ပြည်သူတရပ်လုံး လက်ခံစဉ်းစားသည့် အဆင့်ထိ ရောက်သွားနိုင်၏။ ပိတ်ပင်ချုပ်ချယ်ထားသော လူ့အဖွဲ့အစည်း၏ အတွေးအခေါ်နှင့် လွတ်လပ်သောလူ့အဖွဲ့အစည်း၏ အတွေးအခေါ်သည် ကွဲပြားခြားနားပါသည်။ အပြန်အလှန်ဝေဖန်မှုသည် ဒီမိုကရေစီဓလေ့ဖြစ်၏။ နိုင်ငံရေးလုပ်သူတိုင်း ဝေဖန်ခံနိုင်ရပါမည်။ ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် စုဝေးခွင့်သည် မဲဆန္ဒပေးပွဲထက်ပို၍ အရေးကြီးပေသည်။

ဗမာစစ်အစိုးရ စီစဉ်နေသော ရွေးကောက်ပွဲသည် ချုပ်ချယ်ကန့်သတ်ထားသော ဈေးကွက်ပုံစံဖြစ်နေ၏။ အစိုးရခွင့်ပြုသော အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်ကသာ ယှဉ်ပြိုင်ခွင့်ရပါလိမ့်မယ်။ လွတ်လပ်သော ဈေးကွက်တွင် ဤသို့သော ကန့်သတ်ချက်မထားဘဲ ပြည်သူလူထုလိုအပ်သည့် ကုန်ပစ္စည်းကို တီထွင်ထုတ်လုပ်ပေးပါသည်။ တနည်းဆိုပါက ဒီမိုကရေစီကျသော ရွေးကောက်ပွဲကို ဒီမိုကရေစီကျင့်သုံးသောနိုင်ငံ၌သာ ကျင်းပနိုင်ပါလိမ့်မယ်။ ဖိနှိပ်ချုပ်ချယ်မှုကြောင့် ကြောက်လန့်နေသော လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ၍ မရပါ။ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့် ရှိမှသာ ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်ကို တင်မြှောက်နိုင်ပါလိမ့်မည်။

အစိုးရတည်ထောင်သော နိုင်ငံရေးပါတီကို ထင်သလိုလုပ်ခွင့်ပြု၍ ပြည်သူလူထုတည်ထောင်သောပါတီကို ကန့်သတ်ချုပ်ချယ် မည်ဆိုပါက တရားမျှတသောရွေးကောက်ပွဲ မဖြစ်နိုင်ပါ။ ဒီမိုကရေစီရင့်ကျက်သော နိုင်ငံများ၌ပင်လျှင် အစိုးရပါတီသည် ပို၍အခွင့်အရေးရသည်။ ရုံးကားသုံး၍ ရွေးကောက်ပွဲစည်းရုံးရေးဆင်းခြင်းသည် အခွင့်ထူးတမျိုးပင်ဖြစ်၏။ ထို့ကြောင့် အင်္ဂလန်၌ ရွေးကောက်ပွဲနီးပြီဆိုပါက တီဗွီရုပ်မြင်သံကြားနှင့်ရေဒီယိုများတွင် နိုင်ငံရေးပါတီအားလုံးကို အညီအမျှ အသံလွှင့်ခွင့် ပေးရပါသည်။ ဤအခွင့်အရေးမျိုး ဗမာစစ်အစိုးရပေးနိုင်လျှင် ဒီမိုကရေစီမြှင့်တင်ရာရောက်သည်။

အပြစ်အနာအဆာ လုံးဝကင်းရှင်းသော စနစ်ဟူ၍မရှိနိုင်ပါ။ ဒီမိုကရေစီစနစ်၌လည်း အားနည်းချက်များရှိသည့်အတွက် နိုးကြားတက်ကြွသော ပြည်သူလူထုသည် အမြဲတမ်းစောင့်ကြည့်ဖို့လိုသည်။ ထိုကြောင့် လွတ်လပ်မှုသည် အရေးကြီးသည်ဟု ပြောနေရခြင်းဖြစ်၏။ တရားမျှတရန် မည်သို့လုပ်မည်ဆိုသော အချက်သည်လည်း အရေးကြီးသည်။ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန် စံသတ်မှတ်ချက်များထားရှိရမည်ဟု နိုင်ငံရေးပညာရှင်များက ယုံကြည်ကြသည်။

ရွေးကောက်ပွဲကို ကြားနေအဖွဲ့အစည်းက ကြီးကြပ်မှသာ တရားမျှတမည်ဟု ယုံကြည်ကြသည်။ ကြီးကြပ်သူသည် မဲလိမ်မှုကို ကာကွယ်နိုင်၍ မဲရေတွက်ရာ၌ ကျွမ်းကျင်ရန်လိုအပ်သည်။ ရွေးကောက်ပွဲဝင်သူအားလုံးကို ရဲသား၊ စစ်သားနှင့်တရားရုံးက ကျောသားရင်သားမခွဲခြားဘဲ တန်းတူရည်တူ ဆက်ဆံရန်လိုသည်။ ယှဉ်ပြိုင်သူအားလုံးသည် သတင်းမီဒီယာကို အသုံးပြုခွင့် ရှိရပါလိမ့်မည်။ ရွေးကောက်ပွဲစည်းကမ်းဖြင့် အတိုက်အခံကို ချုပ်ချယ်မှု ကင်းရှင်းရပါမည်။ လျှို့ဝှက်မဲပေးစနစ်ကျင့်သုံး၍ မဲဆန္ဒပေးမှုနှင့် မဲရေတွက်မှုကို တသီးပုဂ္ဂလများက စောင့်ကြည့်ရန်လိုသည်။ မဲရေတွက်မှုကို အများရှေ့၌ သိသာမြင်သာအောင် လုပ်နိုင်ရပါလိမ့်မည်။ ပြဿနာဖြစ်ပါက ဘက်မလိုက်ဘဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကြိုတင်ဖော်ပြရန် လိုအပ်၏။ ဤအချက်များဖြင့် ညီညွတ်မှသာလျှင် တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်နိုင်ပါလိမ့်မည်။

ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များသည် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ရပါလိမ့်မည်။ သို့သော်လည်း ဗမာစစ်အစိုးရခေတ် (၄၇) နှစ် အတွေ့အကြုံကို ကြည့်ပါက ပြည်သူ့ကိုယ်စားလှယ်သည် စစ်အာဏာရှင်၏ အခိုင်းခံဖြစ်နေသည်ကို တွေ့ရ၏။ ကြပ်ပြေးနေပြည်တော်၌ ခြေကုပ်ယူထားသော စစ်ဗိုလ်တစုသည် ပြည်သူ့ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို နာခံမည်လားဆိုသည်မှာ စဉ်းစားစရာဖြစ်နေ၏။

လွတ်လပ်သောရွေးကောက်ပွဲ ကျင်းပတိုင်း စစ်တပ်နှင့်ပတ်သက်သောပါတီများ ရှုံးကြသည်မှာ မြန်မာ့နိုင်ငံရေး အစဉ်အလာကဲ့သို့ ဖြစ်နေ၏။ ၁၉၆၀ ရွေးကောက်ပွဲ၌ တည်မြဲဖဆပလ ခွက်ခွက်လန်အောင် ရှုံးသွားရခြင်းသည် စစ်တပ်ထောက်ခံသောပါတီအဖြစ် မဲဆန္ဒရှင်များက မြင်နေ၍ဖြစ်၏။ ဤသည်ကို သတိမရဘဲ ၁၉၉၀ ၌ ရွေးကောက်ပွဲ ကျင်းပသည့်အခါ စစ်တပ်ထောက်ခံသောပါတီ အကြီးအကျယ်ရှုံးပြန်ပါသည်။ သို့သော် မဆလခေတ် (၂၅) နှစ်တွင် တပါတီတည်း ရှိသည့်အတွက် မဆလသူခိုးကိုသာ မဲဆန္ဒပေးခဲ့၏။ ထိုကြောင့် လွတ်လပ်မှုမရှိပါက လာမယ့် ရွေးကောက်ပွဲ၌ စစ်တပ်အလိုတော်များသည် သေချာပေါက်နိုင်သောနည်းကို သုံးလိမ့်မည်ဟု ခန့်မှန်းကြသည်။

တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲ၌ အာဏာရအဖွဲ့အစည်းသည် (၉၀) ရာခိုင်နှုန်းကျော် အနိုင်ရနိုင်၏။ စင်ကာပူ၊ အီဂျစ်၊ ကမ္ဘောဒီယား စသည့်နိုင်ငံများတွင် လက်ဝါးကြီးအုပ် ဒီမိုကရေစီကျင့်သုံး၏။ ရွေးကောက်ပွဲပုံမှန်ကျင်းပသော စင်ကာပူ၌ လီကွမ်ယူးတို့ သားအဖကြီးစိုး၏။ အီဂျစ်၌ မူဘာရတ်၊ ကမ္ဘောဒီယား၌ ဟွန်စင်၊ ဇင်ဘာဘွေ၌ မူဂါဘီ ကြီးစိုးသည်။ ဗမာပြည်က ဗိုလ်ချုပ်များသည်လည်း သူတို့ကို အမီလိုက်ရန် ကြိုးပမ်းနေပုံရ၏။

အမှုကို အစွမ်းကုန်အမြတ်ထုတ်နေတဲ့ နအဖဗိုလ်ချုပ်များ



ရဲဘော်ဖိုးသံချောင်း
၃ သြဂုတ် ၂၀၀၉
line


နအဖစစ်အစိုးရဟာ ကြောင်ကဖမ်းမိထားတဲ့ကြွက်ကို မစားခင် ကစားသလို ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ်မှာ အမြတ် ထုတ်နေပါတယ်။ နောက်ပြီး ဒီလိုနှိပ်စက်ရတာကို သူတို့က သာယာနေကြပါတယ်။ ဒါဟာ Sadism ဆိုတဲ့ သူများကို နှိပ်စက်ခြင်းနဲ့ သာယာကြတဲ့ စိတ်ရောဂါဝေဒနာသည် ဖက်ဆစ်တွေ အရသာခံနည်းမျိုး ခံနေကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ မတတ်သာလို့ သေဒဏ်အပြစ်ပေးရရင်တောင် အတတ်နိုင်ဆုံး အနာအကျင် ကင်းမဲ့တဲ့ နည်းနဲ့ အမြန်ဆုံးပြီးမြောက်အောင် လုပ်ရပါတယ်။ ဒါပေမယ့် နအဖစစ်ဗိုလ်ချုပ်တွေကတော့ ဒါနဲ့ပြောင်းပြန် လူကိုပိတ်လှောင်ခြင်းနဲ့ နှိပ်စက်ရုံမက အချိန်ဆွဲတဲ့နည်းနဲ့ပါ နှိပ်စက်နေပါတယ်။ တချို့ သူတို့အင်မတန်အငြိုးထားတဲ့ ဦးဝင်းတင်တို့၊ ဗိုလ်ကြီးဝင်းထိန်တို့ကိုဆိုရင် ထောင်ဘူးဝရောက်မှ ထောင်ထဲပြန်ခေါ်သွားတာ၊ အပြင်ကိုလွှတ်ပေးပြီး နောက်တနေ့ကျမှ ပြန်ဖမ်းဆီးတာ စတဲ့ ရိုင်းပြ ရက်စက်တဲ့ နှိပ်စက်နည်းတွေနဲ့ အာဏာပြခဲ့ကြတာကို တိုင်းပြည်ကမမေ့ပါဘူး။

ဒီအချိန်မှာ သတိထားမိတဲ့ နောက်တချက်ကတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို နိုင်ငံရေးသတင်းတကာရဲ့ ထိပ်ဆုံးမှာ ရောက်နေအောင်လုပ်ထား၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အားလုံးကို မှန်းဆနေအောင် လုပ်ထားတာတွေနဲ့ တချိန်တည်းမှာ ပြည်တွင်းပြည်ပကို သတင်းတုတွေအမျိုးမျိုး လွှင့်တဲ့နည်းနဲ့ “နိုင်ငံရေးကစား” နေကြပါတယ်။ ဒါဟာ စစ်တပ်မှာ တဖက်ရဲ့တပ်တည်နေရာနဲ့ ပစ်အားအခြေအနေကို သိရအောင် "searching fire" ပစ်ကြည့်တယ်ဆိုတာမျိုး လုပ်နေတာပါ။ ပြည်တွင်းပြည်ပက အာဘော်တွေ၊ သဘောထားတွေကို ဒီနည်းနဲ့သိအောင် လုပ်နိုင်တယ်ဆိုပြီး သူတို့ကိုယ်သူတို့ လည်လှပြီလို့ ထင်နေကြဟန်တူပါတယ်။ ဒီကိစ္စမှာ မစ္စစ်ကလင်တန်ထွက်ပြောလာတာမျိုးကို သူတို့က အမြတ်လို့ တွက်နေကြဟန်တူပါတယ်။ တကယ်ကျတော့ ဒီဗိုလ်ချုပ်တွေရဲ့လုပ်နည်းတွေဟာ တည်ကြည်တဲ့ နိုင်ငံရေးလက္ခဏာ လုံးဝမဆောင်ဘဲ သူခိုးဓားပြ ဂိုဏ်းတွေ၊ မာဖီးယားဂိုဏ်းတွေ လက်နက်အားကိုးနဲ့ နှိပ်စက်ကလူ လုပ်ချင်တိုင်းလုပ်နေကြတာ ဖြစ်ပါတယ်။

သူတို့ ဘယ်လိုပဲအကြောင်းပြပြ၊ သူတို့ရဲ့ဒီလိုလုပ်ရပ်ဟာ ဒီအမှုအပေါ်စိတ်ဝင်စားတဲ့၊ စိုးရိမ်တကြီးစောင့်ကြည့်နေကြတဲ့ ပြည်တွင်းပြည်ပကလူတွေ၊ အသင်းအပင်းအဖွဲ့အစည်းတွေ၊ အစိုးရတွေကို စော်ကားတာပဲဖြစ်ပါတယ်။ တရားရုံးမှာ လာနားထောင်နိုင်ပါတယ်ဆိုလို့၊ ဖိတ်လို့၊ ဘန်ကောက်ကတောင်လာတဲ့လူတွေအပါ နိုင်ငံတကာသံတမန်နယ်ပယ်ကိုလည်း မထီလေးစား၊ စော်ကားတာဖြစ်ပါတယ်။ တကယ်ကျတော့ သူတို့ဘာရည်ရွယ်ချက်တွေနဲ့ ဘာလို့ အခုလိုလုပ်တယ်ဆိုတာဟာ အင်မတန်မှစင်းနေ၊ ရှင်းနေတာဖြစ်ပါတယ်။

သူတို့အနေနဲ့ အမှုကိုအချိန်ဆွဲတဲ့နည်းနဲ့ ဒီအမှုအပေါ် အာရုံစိုက်စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်သူလူထုကို ကသိကအောက်ဖြစ်အောင်လုပ်တာ၊ အာရုံပျက်အောင်၊ အာရုံလွင့်အောင် လုပ်နေတာဖြစ်တယ်ဆိုတာ မြင်သာလှပါတယ်။ တပါတည်းမှာပဲ ဒီနေ့ စီရင်ချက်ကိုစောင့်ပြီး ဆန္ဒပြဖို့၊ ဒါမှမဟုတ် တနည်းနည်းတုံ့ပြန်ဖို့ ပြင်ဆင်ထားသူတွေကိုလည်း ကမောက်ကမဖြစ်စေဖို့ တချက်ခုတ်နှစ်ချက်ပြတ် ရည်ရွယ်တာဖြစ်ပါတယ်။ သေချာတာကတော့ ဒီတခါ ရုံးချိန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အင်းစိန်ထောင်ထဲမှာရှိတဲ့ ဒီတရားရုံးကို တကယ်တမ်းအဆုံးအဖြတ်ပေးနေတာဟာ ကြပ်ပြေးက ဖြစ်တယ်ဆိုတာကို ပြသလိုက်ပါတယ်။

ဗိုလ်သန်းရွှေတို့ အခုလို ကုလားဖန်ထိုးတာနဲ့ ပတ်သက်လို့ ပြောကြတာတွေထဲမှာ စဉ်းစားစရာကောင်းတယ်လို့ထင်တဲ့ စကား တခွန်းကတော့ နအဖဗိုလ်တွေဟာ ရှစ်လေးလုံးနှစ်ပတ်လည်ကိုလည်း ရှောင်ချင်လို့ဖြစ်တယ်ဆိုတာပါပဲ။ ဗမာပြည် ပြည်သူတွေ အနေနဲ့ ရှစ်လေးလုံးအရေးအခင်းကို ဘယ်တော့မှမေ့မှာမဟုတ်ကြောင်း၊ တိုင်းပြည်မှာ အရေးကိစ္စကြုံတိုင်း ပြန်သတိရလေ့ ရှိကြောင်း ပြသတဲ့အချက်ပါ။ နောက်ပြီး ဒီရှစ်လေးလုံးအရေးတော်ပုံကြီးဟာ စစ်အုပ်စုဝင်တွေကို သေတဲ့အထိ ခြောက်လှန့်နေ တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။

တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ကို နအဖဗိုလ်ချုပ်တွေက မျက်စိကန်းတစ္ဆေမကြောက် ထောင်ဒဏ်အပြစ်ပေး လိုက်တယ်ဆိုရင် ဒီအဖြစ်အပျက်ဟာ ဒီပဲယင်းအရေးအခင်း၊ စက်တင်ဘာသံဃာ့လှုပ်ရှားမှုတို့လိုပဲ နအဖရဲ့သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ဒီမိုကရေစီကို အဆုံးစွန် ချိုးဖောက်မှုတခု တိုးလာမှာဖြစ်ပါတယ်။ ဒါ့အပြင် နအဖရဲ့သမိုင်းရှိ နိုင်ငံတကာအသိုင်းအဝိုင်းကို အာခံမှုတွေထဲမှာလည်း တံခွန်ထူမယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုပဲပြောပြော နအဖစစ်ဗိုလ်တွေအကြောင်း နောကျေနေတဲ့ ဗမာနိုင်ငံသားတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို သူတို့ရဲ့လက်ထဲမှာ မြှောက်ကာမြှောက်ကာလုပ်ပြပြီး ပြည်ပအစိုးရတွေကို ဈေးဆစ်နေတဲ့ပုံကိုပဲ မျက်စိထဲမှာမြင်ယောင်နေပါတယ်။ နအဖသက်တမ်းတလျှောက်မှာ သူတို့ဟာ နိုင်ငံရေးအကျဉ်းသမားတွေကို ပြန်ပေးဆွဲသလိုဖမ်းထားပြီး အနောက်နိုင်ငံတွေဆီက သူတို့လိုချင်တာတွေတောင်းနေခဲ့တာ လူတိုင်းအသိပါ။ အခုလည်းပဲ ဒီအမှုနဲ့ ပတ်သက်တဲ့ မစ္စစ်ကလင်တန်ရဲ့ ပြောစကားကိုကြားပြီးနောက် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ဟာ လေလံဈေးခေါ်သလိုများ လုပ်ချင်စိတ်တွေ ပိုပေါ်လာတာလားလို့တောင် တွေးမိပါတယ်။

အသေအချာပြောလို့ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတာဟာ ပြည်သူလူထုထောက်ခံမှု အများဆုံးရနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် စီရင်ချက်ချတာ၊ အမျိုးသားရင်ကြားစေ့ရေးလမ်းစဉ်အပေါ် စီရင်ချက်ချတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကျန်ကောင်းလို့ ကျန်တဲ့မျှော်လင့်ချက်လေးအပေါ် စီရင်ချက်ချတာလည်းဖြစ်ပါတယ်။

ဒါက တဆက်တည်းဖော်ပြနေတာဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ အဲဒီရွေးကောက်ပွဲလွန်ကာလ ဗမာပြည်နိုင်ငံရေး ဇာတ်ခုံဟာလည်း အလားတူပဲ စစ်အုပ်စုကနေ နောက်ကနေ ခြယ်လှယ်ပြီး လုပ်ချင်တိုင်းလုပ်တဲ့ ကောက်ကျစ်မှုတွေ၊ မာဖီးယား လုပ်ဟန်တွေနဲ့ ပြွမ်းတီးနေမယ်ဆိုတာပါပဲ။ မှန်းဆလို့ရတာကတော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲလုပ်ပြီးလို့ (ဘယ်သူတွေပဲ အမတ်တွေ ဝန်ကြီးတွေဖြစ်ဖြစ်) ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်ပြီဆိုတာနဲ့ တပြိုင်နက်တည်း ဗမာပြည်မှာ အမျိုးသားရင်ကြားစေ့ရေးတံခါးဟာ ပိတ်သလောက် ဖြစ်သွားတော့မယ်ဆိုတာပါပဲ။ အဲဒီအခါကျရင် နအဖမှာ အလိုတော်ရိအသစ်တွေ၊ လက်ကိုင်တုတ် အသစ်တွေရလာပြီး ပြည်တွင်းပြည်ပကို ရင်ဆိုင်တော့မှာဖြစ်တယ်ဆိုတာလည်း ကြိုစဉ်းစားထား၊ ပြင်ဆင်ထားတာတွေ လုပ်ကြရပါတော့မယ်။
နအဖနဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာဟာ ဖန်တို့တမ်းကစားသလို လုပ်လို့မရဘူးဆိုတာ ထင်ရှားသထက်ထင်ရှားလာနေပါပြီ။ နအဖဗိုလ်ချုပ်တွေကို ဘွာခေါ်ခွင့်မပေးတမ်း စာရင်းရှင်းကြပါစို့။