Wednesday, August 5, 2009

5August ဒိုင်ယာရီ

August News

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ချိန်တန်ပြီ

Wednesday, 05 August 2009 18:32 ဧရာဝတီ .မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် မီးရှုးတန်ဆောင်သဖွယ် ဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းတွင် အကြီးမားဆုံးသော အဟန့်အတားသဖွယ် ဖော်ပြလာခဲ့သည့် တချို့သောစိတ်ကူးစိတ်သန်းများကို မကြာသေးမီက ဖတ်ခဲ့ရပြန်သည်။
ဤသို့သော အငြင်းအခုန်ဖြစ်ဖွယ် အမြင်မှာ မိမိတို့ ကိုယ်မိမိတို့ မြန်မာပြည်အရေး ကျွမ်းကျင်သူများဟု ယူဆနေကြသူ "တတိယအင်အားစုဝင်" များက ၀ါဒဖြန့်ချိနေကြခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်များအတွင်း ၎င်းတို့ ခေါင်းပြူထွက်နိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းရင်း ဤသို့ ပြောဆိုနေခဲ့ကြခြင်း ဖြစ်သည်။ ဧရာဝတီမဂ္ဂဇင်းအနေဖြင့် ဤသို့သော ယုံမှတ်မှားချက် အမြင်ကို အနားပေးရန် သင့်ပြီဟု ယုံကြည်သည့်အလျှောက် တုံ့ပြန်ရေးသားရခြင်း ဖြစ်သည်။

နောက်ဆုံးဖြစ်ရပ်မှာ ဤသို့မသမာသော အကြံအစည်ဖြင့် ရေးသားထားသည့်စာကို ဇူလိုင်လ ၂၃ ရက်နေ့ထုတ် "သည် အီကော်နော်မစ်" (The Economist) စီးပွားရေးမဂ္ဂဇင်းတွင် ဖော်ပြလာခဲ့သည်။ "အမျိုးသမီးအနေနှင့် ပြောင်းလဲရန် သင့်ပေ ပြီ" (The Lady should be for turning) ဟူသော ဆောင်းပါးပါ ဖော်ပြချက် ဖြစ်သည်။

ဤဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ် အိမ်အကျယ်ချုပ်ကျခံရသည့် အနှစ် (၂၀) မြောက်သည့် နေ့မှစ၍ စတင်ဖော်ပြခဲ့ပြီး သူ၏ ဆယ်စုနှစ် ၂ ခုကျော်ကာလ ရင်ဆိုင်ခဲ့ရသော ရဲစွမ်းသတ္တိနှင့် ပုဂ္ဂိုလ်ရေးအရ စွန့်လွှတ် အနစ်နာခံမှုများကို ပစ်ပယ်၍ ရေးသားထားသည်။ (ယခင်က ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာတွင် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက ရေးသား ဖော်ပြချက်ကဲ့သို့ အမှားမျိုး မဖြစ်ရလေအောင်တော့ ရှောင်လွှဲရေးသားခဲ့သည်မှာ သံသယ ဖြစ်ဖွယ် မရှိပါ။ ၎င်း ဂါးဒီးယန်းပါ သတင်းစာဆောင်းပါးမှာ "ကိစ္စများအားလုံး ပြီးဆုံးပြီးသည့်နောက် ထင်သလို သူရဲကောင်း ကြီးလည်း မဟုတ်ပါ" (Not such such a hero after all) ဟု ခေါင်းစဉ်အမည်ပေးထားခဲ့ပြီး နောက်ဆုံးတွင် အကြိမ်ကြိမ် ပြန်လည် ပြင်ဆင်ရမှုများ၊ လူသိရှင်ကြား တောင်းပန်ရမှုများနှင့် အဆုံးသတ်ခဲ့ရဖူးသည်။)

သမားရိုးကျပုံစံများဖြင့် ဆောင်းပါးကို ခင်းကျင်းလာခဲ့သော်လည်း စာရေးသူက "တိုးတက်ပြောဆိုလာနေကြသော အမြင် များ" ဟူ၍ ကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည်သည် "စံပြုစရာ ခေါင်းဆောင်လော၊ အခက်အခဲလော" ဟု မေးခွန်းထုတ် လာခဲ့သည်။ ပို၍ တိတိကျကျဖော်ပြရလျှင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကို ပါးနပ်စွာ တိုက်ခိုက်ထားပြီး မြန်မာနိုင်ငံ စီးပွားရေးပျက်ယွင်းရမှု၏ အကြောင်းရင်း တခုသဖွယ် သတ္တုချ ဖော်ပြထားသည်။ ထို့ နောက် ဒီမိုကရေစီအရေးအတွက် အဓိပ္ပာယ်ရှိသော တိုးတက်ဖြစ်ထွန်းမှုများ မရရှိနိုင်သည့်အခြေအနေကိုလည်း ထောက်ပြထားခဲ့သည်။

ဤသို့ တစုံတဦးက စွပ်စွဲလာမည် ဆိုပါက ဤသို့ စဉ်းစားတွေးခေါ်မှုပုံစံသည် သူ့တဦးတည်းအတွက် လက်ခံနိုင်ဖွယ် ထင် ရှား ပေါ်လွင်နေသည် ဆိုဦးတော့ ငြင်းပယ်မှုအများအပြား ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ပါသည်။ ဤအခြေအနေမျိုးကို စာရေး သူကလည်း လိုလားမည် မဟုတ်ပါ။ သို့သော်လည်း တင်ပြထားသည့် ဆွေးနွေးချက်အပေါ်တွင် အခြေခံကျသည့် အမှား များကို မိမိတို့က ဖော်ထုတ် ထောက်ပြလိုပါသည်။ သို့မှသာ အမှန်ကို မြင်အောင် မှတ်ကျောက်တင်နိုင်လိမ့်မည် ဖြစ်သည်။

ပထမ ထောက်ပြလိုသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံများ၏ မူဝါဒများကို သြဇာလွှမ်း ထားခြင်း မဟုတ်ပါ။ များသောအားဖြင့် အနောက်တိုင်းမှ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ဒေါ်အောင် ဆန်းစုကြည် ၏ ပုဂ္ဂိုလ်ရေး ကံကြမ္မာနှင့် တွဲချိတ်ထားတတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဤမူဝါဒများ နောက်ကွယ်မှ တွန်း အား၊ အင်အားတခု မဟုတ်ပါ။ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အကယ်၍ ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်ပေးလျှင် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ်ရန် အသင့်ရှိနေကြောင်း မကြာသေးမီက ပြောခဲ့သည့်အခါ သူ၏ အမြင်အရ ဖော်ပြပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။ အထိန်းသိမ်းခံနေရသည့် ခေါင်းဆောင်နှင့် ညှိနှိုင်းတိုင်ပင်၍ ပြောဆိုခဲ့ခြင်း မဟုတ်ပါ။

တနည်းပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုအပေါ် ယခင်က သူ၏ ရပ်တည်ချက်ကို ပြောင်းလဲ၍ ပြောဆိုလာခဲ့လျှင်သော်မှ အနောက်နိုင်ငံများက ဤပြောကြားချက်အတိုင်း အလိုအလျောက် လိုက်လံ လုပ်ဆောင်မည်ဟု မဆိုနိုင်ပါ။ သို့အတွက်ကြောင့် နိုင်ငံရပ်ခြားအစိုးရများက လုပ်ဆောင်နေကြသော ဆုံးဖြတ်ချက်များ အတွက် ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိသည်ဟု စွပ်စွဲနေကြခြင်းမှာ လုံးဝ မမျှမတ ဖြစ်နေပါတော့သည်။

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု အကြောင်းအရင်းမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်သည်ဟု ဖော်ပြနေကြခြင်းမှာလည်း အချက်အလက်များကို ပုံဖျက် ဖော်ပြနေကြခြင်းသာ ဖြစ်သည်။ မြန်မာ နိုင်ငံ ကဲ့သို့သော သဘာဝသယံဇာတ ပေါကြွယ်ဝ သည့် နိုင်ငံတခုတွင် ပြည်သူလူထုကို မထောက်ပံ့နိုင်ဘဲ ဖြစ်နေရသည့် အဓိက အကြောင်းရင်းမှာ အစိုးရက တာဝန်ယူ တာဝန်ခံမှု လုံးဝကင်းမဲ့နေခြင်းသာ ဖြစ်သည်။

နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ မရရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ရှိမနေခြင်းကြောင့် မဟုတ်ပါ။ မြန်မာနိုင်ငံရှိ ကြွယ်ဝလှသည့် သဘာဝ သယံဇာတများကို လာရောက်ခေါင်းပုံဖြတ် အမြတ်ထုတ်ယူကြမည့် နိုင်ငံရပ်ခြားမိတ်ဆွေများကို ရှာဖွေရေး၌ စစ် အစိုးရအတွက် အခက်အခဲမရှိလှပါ။ သို့သော်လည်း ဤသို့ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများကို အလုံးစုံ ခိုးဝှက် ချရောင်းလိုက်သည့် ငွေကြေးဘဏ္ဍာများသည် နိုင်ငံရပ်ခြားရှိ ဘဏ်စာရင်းများ၌သော်လည်းကောင်း၊ သို့မဟုတ် နေပြည်တော်၌ ဥမင် လိုဏ်တည်ဆောက်ရေးလုပ်ငန်းများ၌ နိဂုံးချုပ် အဆုံးသတ်သွားကြပါသည်။ ဒေသတွင်း စီးပွားရေး လုပ်ငန်းများအတွင်းသို့ ဤဘဏ္ဍာငွေများက ပြန်လည်စီးဆင်းလာခြင်း မရှိသလို၊ နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လည်း အကျိုးမဖြစ်ထွန်းစေပါ။

The Economist မဂ္ဂဇင်းက မှတ်ချက်ပြုခဲ့သလို မြန်မာနိုင်ငံက ရရှိသည့် နိုင်ငံတကာ တရားဝင်အကူအညီများမှာ နိုင်ငံက လိုအပ်သည်ထက် လျော့နည်းနေသည်ဆိုသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဤသို့ဖြစ်ရသည်မှာလည်း နိုင်ငံတကာအလှူရှင် များက စစ်အစိုးရကို ယုံကြည်မှု ရှိမနေသောကြောင့်ပင် ဖြစ်သည်။ သူတို့က စစ်အစိုးရအနေနှင့် ၎င်းအကူအညီများကို သင့် လျော်သလို အကျိုးရှိရှိ သုံးစွဲလိမ့်မည်၊ အကူအညီပေးသည့် အေဂျင်စီအဖွဲ့များနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လိမ့် မည်ဟု ယုံကြည်ထားခြင်း မရှိကြပါ။ ထိုသူများက အလှူငွေများကို ပေးအပ်ရေး ထိန်းချုပ်ထားကြသည်မှာလည်း မြန်မာ နိုင်ငံရှိ ဒီမိုကရေစီခေါင်းဆောင်ကို ထောက်ခံမှုပြသသောကြောင့် မဟုတ်ရပါ။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ယခု တွက်ချက်ထားမှုထဲမှ ဖယ်ရှားလိုက်လျှင်သော်မှ စစ်အစိုးရကို ထောက်ခံပြောဆိုနေသူများ၊ မိမိကိုယ်ကို လက်တွေ့ကျ သည့် သဖွယ် ဟန်ဆောင်ပြောဆိုနေကြသူများ ကာလကြာရှည်ပြောဆိုလာကြသလို အခြေအနေက ပြောင်းလဲသွားလိမ့် မည် မဟုတ်ပါ။ နာဂစ်မုန်တိုင်းနောက်ပိုင်းကာလကို ပြန်ကြည့်လျှင်ပင် စစ်အစိုးရက အကူအညီများကို ချောမွေ့လျှင်မြန် စေရန် ကူညီရမည့်အစား၊ ပိတ်ဆို့မှုများပင် လုပ်ဆောင်ခဲ့သေးသည်။

ကမ္ဘာကြီးက မြန်မာနိုင်ငံသို့ အကူအညီများတိုး၍ ပေးအပ်လိုသည့် ယခုကာလမှာပင် စစ်အစိုးရက အတိုက်အခံအင်အားစု များကို တင်းကျပ်၍ ဖိနှိပ်နေသည့်အချက်မှာ မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် ပြည်သူများ ခံစားဒုက္ခတွေ့နေရသည်ကို အကြောင်းပြု၍ သူတို့အကျိုးအတွက် အမြတ်ထုတ်လိုသည့် ဆန္ဒပေါ်လွင်ထင်ရှားနေပါတော့သည်။ ဤသို့ဆောင်ရွက်နေ ခြင်းဖြင့် သူတို့က နိုင်ငံတကာမိသားစုကို ၂ ခုထဲမှ တခု ကြိုက်ရာရွေးခိုင်သည့်သဖွယ် ဖြစ်နေစေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်မည်လော၊ ကျန်သည့် နိုင်ငံသားများကို ကယ်တင်မည်လောဟု ရွေးချယ်ခိုင်းသည့် နှယ် ရှိနေသည်။ အကယ်၍ ဤရွေးချယ်မှုသည် အဓိပ္ပာယ်ရှိသော ရွေးချယ်ရန်ကိစ္စ ဖြစ်ပါက ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က ဒုတိယအဖြေကို ရွေးချယ်ရန် မဆိုင်းမတွ တိုက်တွန်းပါလိမ့်မည်။ သို့သော် ဤသို့မဟုတ်ပါ။ ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံရေးအင်အားစုတခုအဖြစ်မှ ဖယ်ပစ်ရန် ကြိုးပမ်းနေခြင်းဖြင့် ဗိုလ်ချုပ်များအတွက်လည်း ရေရှည်ခံစားရမည့် အကျိုးအမြတ်များ ဖြစ်ထွန်းလာဖွယ် မရှိပါ။

The Economist မဂ္ဂဇင်းက အခြားသူများကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချပြစ်တင်ဝေဖန်ရန်အတွက် ရည်ရွယ် ချက် ရှိပုံမရပါ။ သို့သော်လည်း ယခုတင်ပြထားသည့် အမြင်များနှင့် ကွဲလွဲနေသည့်၊ သို့မဟုတ် ယခုတင်ပြထားသူများ အပေါ် သံသယဖြစ် လာစေမည့် အမြင်များကို တင်ပြထားခြင်း မရှိပါ။ လက်ခံကျေးဇူးတင်ဖွယ် အမြင်တခုမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိမှ နိုင်ငံရေးအတွက် တွန်းအား၊ ကောင်းကျိုးများ ဆောင်ကျဉ်းလာမည်ဟူသော အမြင်ပင် ဖြစ်ပါသည်။

သို့အတွက်ကြောင့် ၎င်းမဂ္ဂဇင်းက"သတ္တိကောင်းလှသော အမျိုးသမီး" အနေနှင့် "ဖွံ့ဖြိုးရေးသည် ဒီမိုကရေစီရေး အတွက် ပို၍မြန်သောလမ်းဖြစ်မည်" ကို ၀န်ခံလာလိမ့်မည်လောဟု မေးခွန်း ထုတ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် ဗီယက်နမ်နိုင်ငံများ၏ အတွေ့အကြုံကိုဖယ်၍ ဤနှစ်နိုင်ငံကို မြန်မာနိုင်ငံက အတုယူနိုင်ဖွယ်ရှိသော ပုံစံအဖြစ် ဖော်ပြခဲ့ခြင်းကို လုံးဝလက်ခံနိုင်ဖွယ် မရှိပါ။ မြန်မာစစ်အစိုးရက ဘေဂျင်းနှင့် ဟနွိုင် အစိုးရများထံမှ အတုယူ လေ့လာရ မည့်အစား၊ မြောက်ကိုရီးယား ပြုံယန်းအစိုးရကို အားကျနေသည်ဆိုသည့် အချက်ကို စာရေးသူက မေ့လျော့ထား ပုံ ရပါ သည်။ အကယ်၍ ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် ဒီမိုကရေစီ ရနိုင်သည်ဟူသော အပြောကို ယုံကြည်စေလိုသည် ဆိုလျှင် ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဥပမာကမှ တော်သေးသည်ဟု ဆိုရပါလိမ့်မည်။

The Economist မဂ္ဂဇင်းက "ဖွံ့ဖြိုးတိုးတက်မှုဖြင့် နိုင်ငံရေး ရေခံမြေခံကို အလျှင်အမြန် ပြောင်းလဲသွားစေ ဖွယ်ရှိသည်။ အင်ဒိုနီးရှားတွင် နောက်ဆုံး ဖြစ်ပေါ်လာသကဲ့သို့ဟု ဆိုရမည်" ဟု မြန်မာ့သမိုင်းပညာရှင် ဦးသန့်မြင့်ဦးကို ကိုးကား၍ ဤ အမြင်ကို ဖော်ပြခဲ့သည်။ အကယ်၍ အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံကို မြန်မာနိုင်ငံတွင် အသုံးချနိုင်သည်ဟုဆိုပါကလည်း များစွာ လက်ခံဖွယ်ကောင်းသော ဥပမာ မဟုတ်ပါသေးချေ။ ဆူဟာတို လက်အောက် ခြစားမှုနှင့် ရက်စက် ကြမ်းကြုတ်မှု များ တင်းကြမ်းပြည့်နေသော အခြေအနေတွင် နှစ်ပေါင်း ၃၀ ကျော်ဖြတ်သန်းပြီးမှ စီးပွားရေးပျက်ကပ်အပြီး အင်ဒိုနီးရှား စီးပွားရေးအပြိုကာလ ၁၉၉၀ ခုနှစ်များ နှောင်းပိုင်း သွေးထွက်သံယို လူထုမငြိမ်သက်မှုများ ကြုံရပြီးမှသာ ဒီမိုကရေစီစနစ် သို့ ပြောင်းလဲဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဦးသန့်မြင့်ဦးနှင့် စီးပွားပိတ်ဆို့မှု ဆန်ရှင်ကို ဆန့်ကျင်နေကြသူများ က မြန်မာနိုင်ငံကို ဖြစ်စေလိုသည့် နမူနာလောဟု မေးခွန်းထုတ်ဖွယ် ရှိနေပါသည်။

ဤသို့ဆိုပါက ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့ သော လူထုအုံကြွမှုမျိုးကို ပြန်လည်တောင်းဆိုရန် မည်မျှလိုလားကြပါသနည်း ဟုလည်း မေးဖွယ် ရှိနေပြန်သည်။

အကယ်၍ အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံမှ သင်ခန်းစာထုတ်ယူစရာ ရှိသည်ဆိုဦးတော့၊ ဖိနှိပ်မှုများမှနေ၍ အကြမ်းဖက်မှု များ ပေါ်ပေါက်စေသည်ဟုသာ သင်ခန်းစာ ထုတ်ယူရန် ရှိပါသည်။ တိုင်းပြည်ကို တ၀ဲလည်လည် ထိုးကျဆင်းနေစေသော အဆိုးသံသရာကို ရပ်ဆိုင်းဟန့်တားနိုင်ရန်အတွက် သံလက်သီးဖြင့် အုပ်ချုပ်သော စနစ်မှလွဲ၍ အခြားရွေးချယ်စရာ နည်း လမ်းမှာ တခုတည်းသာ ရှိပါသည်။ ဤအဆိုးသံသရာကြောင့် ဖောက်ပြန်ဆိုးရွားသည့် အာဏာရှင်စနစ်များ နိဂုံးချုပ်ရခြိမ့် မည်ဟု သင်ခန်းစာ ထုတ်ယူရန်သာ ရှိပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ကြံခံရသူ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဆူကာနို၏ သမီးဖြစ်သူ မေဃာဝတီ ဆူကာနိုပူထရီ က နိုင်ငံ ချောက်ထဲကျလုဆဲဆဲ အခြေအနေမှ ပြန်လည်ကောင်းမွန်တည့်မတ် လာစေရေးအတွက် လမ်းညွှန်ပြရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ သမ္မတတဦးကဲ့သို့ သူက ထိရောက်စွာ မဆောင်ရွက်နိုင် သော်လည်း ပို၍ စွမ်းရည်ထက်မြက်သည့် နိုင်ငံရေးသမားများ နေရာယူနိုင်ရန် လမ်းခင်းပေးနိုင်ခဲ့ပြီး ပို၍တည်ငြိမ်သည့် နိုင်ငံရေးစနစ်တခုကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ အလားတူအခွင့်အရေး ရခဲ့ပါကလည်း အလားတူ စွမ်းဆောင်နိုင်မည်သာ ဖြစ်သည်ဟု ယုံကြည်သည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုပ်နေသူများအနေနှင့် ဤသို့ဖြစ်ပေါ်လာမည့်အရေးကို ကြိုတင် ၍ မမြင်နိုင်ကြခြင်းပင် ဖြစ်သည်။ အင်ဒိုနီးရှားခေါင်းဆောင် မေဃာဝတီနှင့် မတူကွဲပြားသောအချက်မှာ သူက ဆူဟာတို အာဏာမှ မဆင်းရမီကတည်းက အင်ဒိုနီးရှားလွှတ်တော်တွင် နေရာယူ လှုပ်ရှားနေခဲ့သူတဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်မှာ ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း အချိန်အများစုတွင် ချုပ်နှောင်ခံထားရပြီး သူ၏ အချိန်ကို ကုန်ဆုံး ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အထီးကျန်ဖြစ်အောင် ထားခဲ့သလို နှုတ်ပိတ် အသံတိတ်စေရန်လည်း လုပ်ဆောင်ခဲ့ ကြသည်။ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုအပေါ် သူ၏ ရပ်တည်ချက်ကို ပြန်၍ ဆင်ခြင်သုံးသပ်နိုင်ရန် အခွင့်အလမ်းဖြစ်စေ၊ အကြောင်းပြချက် ဖြစ်စေ ပေးအပ်ခဲ့ကြခြင်း မရှိပါ။

တချို့သော အနောက်တိုင်းသတင်းစာဆရာများက ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာကို The Economist မဂ္ဂဇင်း က ဖော်ပြထားခဲ့သလို၊ "ဒီမိုကရေစီအရေး ပိုစတာထဲမှ အမျိုးသမီးလေး"သဖွယ်ထား၍ သူ့ကို ပစ်ပယ်ရန် မြင်နေကြသည် မှာလည်း ၀မ်းနည်းဖွယ်ပင် ဖြစ်တော့သည်။ ထိုသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်အတွက် အလွန် အကျိုး ယုတ်စရာ အကြောင်း ပြုနေကြသည်ဟု ဆိုရပေတော့မည်။ အနောက်တိုင်းသတင်းမီဒီယာများက ဝေဖန်ပိုင်းခြားမှု မရှိဘဲ ကြည်ညို လေးစားစိတ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း အမှားရေးကြသလို၊ တချို့ကလည်း ဒေါ်အောင်ဆန်း စုကြည်၏ သူရဲကောင်း ခေါင်းဆောင်ပုံရိပ်ကို ပြန်ဆွဲချနိုင်ရန် တဖက်အစွန်းရောက် ပြုနေကြပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခွင့်မရှိ၊ ဤသို့ ဝေဖန်စရာများ ကင်းလွတ်နေသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် လည်း မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ဆင်းရဲဒုက္ခအလုံးစုံအတွက် ပုံချပြစ်တင်ဝေဖန်နေခြင်း (တနည်းအားဖြင့် သွယ်ဝိုက်၍ ပြစ်တင်နေခြင်း) သည် လုံးဝလွဲချော် မှားယွင်းနေသော ကိစ္စဖြစ်ပါ သည်။ မေးစရာရှိလာသော မေးခွန်းမှာ The Economist မဂ္ဂဇင်းက ဤမျှကြီးမားသော အမှားကို ၀န်ခံပါမည်လော ဟူ၍ပင် ဖြစ်ပါတော့သည်။

ဧရာဝတီမဂ္ဂဇင်း၏ အွန်လိုင်း အယ်ဒီတာ့ အာဘော် Lay Off the Lady ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
link

မြန်မာ၏ နျူကလီယား ရည်မှန်းချက်အတွက် တရုတ်က တုန်လှုပ်ချောက်ချား



ဘရိုင်ယန် မက်ကာတန်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 05 ရက် 2009 ခုနှစ် 12 နာရီ 42 မိနစ်


ဘန်ကောက် (မဇ္ဈိမ)။ ။ မြောက်ကိုရီးယားနှင့် ဆက်သွယ်မှု၊ နျူကလီယားရည်မှန်းချက်များ စသည်တို့ကို ပေါ်ထွက်လာပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် အသစ်တဖန် စိတ်ဝင်စားလာကြပြန်သည်။

ထို့အပြင် အမေရိကန်က တရုတ်၏ အိမ်နီးနားချင်း နှစ်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား တိုးပွားလာနေသော ပူးပေါင်း ဆောင်ရွက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုလာခြင်းကြောင့် တရုတ်နိုင်ငံ အနေနှင့်လည်း ပို၍ပင် စိတ်မသက်သာစရာများ ဖြစ်ပေါ်လာရသည်။

ဤသို့ ထုတ်ဖော် ဖွင့်ချလိုက်မှုများသည် စနေနေ့ထုတ် ဆစ်ဒနီမောနင်း ဟယ်ရယ် (Sydney Morning Herald) သတင်းစာကြီးတွင် ပါရှိခဲ့သည်။ သြစတြေးလျားတက္ကသိုလ် မြန်မာ့အရေးစောင့်ကြည့်သူနှင့် မဟာဗျူဟာလေ့လာရေး ကျွမ်းကျင်သူ ဒက်စမွန်ဘောလ် (Desmond Ball) နှင့် အလွတ်သတင်းထောက် ဖီလ်သောန်တန် (Phil Thornton) တို့ နှစ်ဦး ၂ နှစ်ကြာ သုတေသနပြု၍ အဆိုပါဆောင်းပါးကို ရေးသားထားခြင်းဖြစ်သည်။

ထိုဆောင်းပါးပါ အချက်အလက်များကို မြန်မာ့အနုမြူအစီအစဉ်နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုသော မြန်မာနိုင်ငံမှ ကူးပြောင်းလာသူများ၏ ထွက်ဆိုချက်များနှင့် ရေဒီယိုဆက်သွယ်မှု ကြားဖြတ်ဖမ်းယူမှုများကို အခြေခံရေးသားထားခြင်း ဖြစ်သည်။

အတိုက်အခံမီဒီယာများနှင့် မြန်မာ့အရေး လှုပ်ရှားသူများအကြားတွင် မြန်မာ့အနုမြူ စီမံကိန်းအကြောင်း ပြောဆိုနေကြသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း သူတို့၏ သုတေသနက မြန်မာစစ်အစိုးရသည် အနုမြူဓာတ်ပေါင်းဖို ၂ လုံးကို အကောင်အထည် ဖော်နေကြောင်းနှင့် အနုမြူလက်နက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်ကြောင်း သေချာပေါက် ညွှန်ပြပြောဆိုနေသည်ဟု ဒက်စမွန်ဘောလ်နှင့် ဖီလ်သောန်တန်တို့က ပြောသည်။

သူတို့၏ သုတေသနအရ ရုရှအကူအညီဖြင့် မကွေးတိုင်း မြိုင်မြို့နယ်တွင် ၁ဝ မီဂါဝပ် အင်အားရှိ အနုမြူဓာတ်ပေါင်းဖိုတလုံးကို တည်ဆောက်နေပြီး နောက်ထပ် `လျှို့ဝှက်´ ၁၀ မီဂါဝပ် အင်အားရှိ ဓာတ်ပေါင်းဖိုတလုံးကို မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် မန္တလေးတိုင်း နောင်လိုင်တွင် တည်ဆောက်နေသည်ဟု ဆိုသည်။

ထို့အပြင် ယူရေနီယံ သန့်စင်ရေးနှင့် အဆင့်မြှင့်တင်ရေး စက်ရုံတရုံကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် သပိတ်ကျင်းမြို့တွင် တည်ဆောက်နေသည်ဟု ဆိုသည်။ အဆိုပါ ဓာတ်ပေါင်းဖို နှစ်ခုလုံးမှာ အရွယ်အစားအားဖြင့် သေးငယ်သော်လည်း လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများက ထောက်ပြသည်မှာ မြောက်ကိုရီးယားသည်လည်း ယုံဗြွန်းရှိ အလားတူ ဓာတ်ပေါင်းဖိုမျိုးဖြင့်ပင် သူတို့၏ နျူကလီးယား အစီအစဉ်ကို ပြုလုပ်သွားကြခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။

ပို၍အန္တရာယ်ရှိသော အနေအထားတရပ်မှာ ထွက်ပြေးလာသူ နှစ်ဦး၏ ထွက်ဆိုချက်များအရ အလားအလာ ကောင်းသော အနုမြူလက်နက် ထုတ်လုပ်ရေး အစီအစဉ်တရပ်ကို မြန်မာနိုင်ငံက စတင် ဆောင်ရွက်နေပြီဖြစ်ပြီး၊ အကယ်၍ အဆိုပါ ထွက်ပြေးလာသူ နှစ်ဦး၏ ထွက်ဆိုချက်များ မှန်ကန်ပါက အဆိုပါ `လျှို့ဝှက်´ ဓာတ်ပေါင်းဖိုသည် ၂၀၁၄ ခုနှစ်မှစ၍ တနှစ်လျှင် အနုမြူဗုံး တလုံးကျ ထုတ်လုပ်သွားနိုင်တော့မည်ဟု ဆိုသည်။

အနုမြူဗုံး ထုတ်လုပ်ရေး အစီအစဉ်အတွက် ယခုထက်ပိုပြီး ပြင်ပအကူအညီများ လိုအပ်သေးသည်မှာ မှန်သော်လည်း တကိုယ်တော် အထီးကျန်နေ၍ အနောက်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိသူ အာဏာရှင်အစိုးရများကို အနုမြူနည်းပညာနှင့် အတတ်ပညာ တင်ပို့ပေးရန် လိုလားကြောင်း ပြုံယမ်းက ပြသခဲ့သည်။

မြန်မာနိုင်ငံအတွက်ဆိုလျှင် မြောက်ကိုရီးယားအနေဖြင့်လည်း ဤသို့ အနုမြူနည်းပညာများ ပေးအပ်ခြင်းဖြင့် သူတို့နိုင်ငံ အနုမြူဗုံး ထုတ်လုပ်ရေး စီမံကိန်းအတွက် လိုအပ်နေသော နျူကလီးယား ဓာတ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းသွားနေခဲ့သည်ဟု ယုံကြည်ရသော မြောက်ကိုရီးယား ကုန်သင်္ဘော ကန်နမ် (၁) (Kang Nam 1) ကြောင့် ပြုံယမ်းနှင့် နေပြည်တော်တို့အကြား ဒုံးကျည်ထုတ်လုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီလားဟူသော သံသယများကိုလည်း ပေါ်ထွက်လာစေခဲ့သည်။

အတိုက်အခံ သတင်းရပ်ကွက်များကမူ စစ်အစိုးရသည် စကဒ် (Scud) ပုံစံ ဒုံးကျည်များကို ရရှိထားပြီဖြစ်ပြီး၊ သူတို့ကိုယ်တိုင် ပုံစံထုတ်တည်ဆောက်ထားသော စကဒ် ဒုံးကျည်များကို ယခုအခါ စမ်းသပ်ပစ်လွှတ်နေပြီဟု ပြောသည်။

ယင်းတို့ကို မြောက်ကိုရီးယား အကြံပေးများ၏ အကူအညီဖြင့် တည်ဆောက်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဤသို့သော ပြောဆိုချက်များကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါ။ သို့သော် နအဖ အဖွဲ့တွင် နံပါတ် ၃ အဆင့်ရှိသော ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် အဖွဲ့ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်၍ စကဒ်ဒုံးကျည် ထုတ်လုပ်ရေးစက်ရုံကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်ဟူသော သတင်းက အဆိုပါပြောဆိုချက်ကို တစိတ်တပိုင်း အတည်ပြုပေးနေသည်။

ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ ရောင်းချရန်ကြိုးပမ်းခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဂျပန်အမှုဆောင်အရာရှိ ၃ ဦးကို တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟူသော သတင်းများလည်း ဇူလိုင်လ အစောပိုင်းက ပေါ်ထွက်ခဲ့သည်။

မြန်မာနိုင်ငံက အနုမြူလက်နက်များ ရရှိထားပြီး ထိုလက်နက်များကို ပစ်လွှတ်ရန် ဒုံးကျည်စနစ်တခု တည်ဆောက်နေသည်ဟူသော သတင်းကြောင့် ဒေသတွင်း လုံခြုံရေး အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်လာပြိး အရှေ့တောင်အာရှတွင် လက်နက်ပြိုင်ဆိုင်မှုတရပ်ကိုလည်း ပေါ်ပေါက်လာစေနိုင်သည်။

စနေနေ့က အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ Thawil Pliensri က အဆိုပါ သတင်းကို လေ့လာစုံစမ်းရန် သူ့အရာရှိများကို အမိန့်ပေးညွှန်ကြားခဲ့သည်။

ဤသို့သော အခြေအနေမျိုးကို မြန်မာနိုင်ငံအတွက် နိုင်ငံတကာစင်မြင့်တွင် အဓိက အကာအကွယ်ပေးနေသူကလည်း လိုလားနှစ်သက်မည် မဟုတ်သည်မှာ သေချာသည်။ သူ့နိုင်ငံ၏ ကြီးထွားတိုးတက်လာနေသော စက်မှုလုပ်ငန်းများအတွက် သဘာဝသယံဇာတများ ဈေးချောင်ချောင်ဖြင့် ရရာနေရာအဖြစ်၎င်း၊ ဝေးလံ၍ ကုန်းတွင်းပိတ် ဖြစ်နေသော အနောက်တောင်ဒေသအတွက် ကုန်သွယ်ရေး ထွက်ပေါက်အဖြစ်၎င်း၊ အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းရာတွင် မဟာဗျူဟာကျသော လမ်းကြောင်းအဖြစ်၎င်း အသုံးချနိုင်ရန် တရုတ်နိုင်ငံက အတော်အတန် ကြိုးပမ်းအားထုတ်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို နောက်လတွင် စတင်ရန် စီစဉ်ထားသည်။ အဆိုပါ ပိုက်လိုင်းမှ တနှစ်လျှင် ရေနံစိမ်းတန်ချိန် သန်း ၂၀ နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာပေါင်း ၁၂ ဘီလျံမျှကို မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်ပြည် အနောက်တောင်ပိုင်း ကူမင်းမြို့တော်သို့ သယ်ပို့ပေးနိုင်မည်ဖြစ်သည်။

ဤအဆိုပြုထားသော ရေနံပိုက်လိုင်းဖြင့် တရုတ် ရေနံတူးစင်များအနေဖြင့် ကျဉ်းမြောင်းသော မာလက်ကာရေလက်ကြားကို ရှောင်ကွင်း၍ သယ်ယူနိုင်တော့မည်ဖြစ်သည်။ လောလောဆယ်တွင် စုစုပေါင်း လောင်စာသွင်းကုန် ၈ဝ % ကို အဆိုပါ ရေလက်ကြားကိုဖြတ်၍ တင်သွင်းနေရပြီး အမေရိကန်နှင့် ပဋိပက္ခ ဖြစ်ပွားလာလျှင် အဆိုပါ ရေလက်ကြားကို ပိတ်မိနိုင်သော နေရာအဖြစ် တရုတ်က ရှုမြင်ထားသည်။

လေ့လာသုံးသပ်သူများ၏ သုံးသပ်ချက်အရ တရုတ်နိုင်ငံက မမြင်လိုဆုံးအချက်မှာ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကြောင့် သူတို့၏ ကူးသန်းရောင်းဝယ်ရေး သွေးလွှတ်ကြောအသစ်များ အန္တရာယ်ရှိမည့် အရေးပင် ဖြစ်သည်။ ၁၉၈ဝ စုနှစ်များ နှောင်းပိုင်းတွင် ဗမာပြည် ကွန်မြူနစ်ပါတီကို ထောက်ခံနေမှုများ ရုပ်သိမ်းလိုက်ပြီးကတည်းက တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရကို အတိုင်းအတာအမျိုးမျိုးဖြင့် ထောက်ပံ့ကူညီပေးနေခဲ့သည်။

ဗိုလ်ချုပ်ကြီးများ သူတို့စစ်တပ်ကို ခန့်မှန်းခြေအင်အား ၅ သိန်းထိ အလျင်အမြန် တိုးချဲ့နိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းများ ထိုသို့ အကြီးအကျယ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုများကို မြန်မာနိုင်ငံ ရှောင်လွှဲနိုင်ခဲ့သည်မှာ အဓိကအားဖြင့် တရုတ်နိုင်ငံ၏ သြဇာကြောင့်ပင် ဖြစ်သည်။ တရုတ်ကုမ္ပဏီများအတွက် အကျိုးများလှသော မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော သဘာဝသယံဇာတ ပစ္စည်းများ ထုတ်ယူခွင့် ရရှိရေး၊ မြန်မာနိုင်ငံသို့ စီးပွားရေးအရ လမ်းပေါက်ရေးတို့အတွက် တရုတ်နိုင်ငံက ငွေနှင့်ကြိုးပမ်းမှုများ အတော်အတန် သုံးစွဲလုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင် အန္တရာယ်များလှသောလမ်းကို ရွေးချယ်လုပ်ဆောင်လေ့ရှိသည့် မြန်မာနိုင်ငံအပေါ် တရုတ်က တနေ့တခြား စိတ်ပျက်လာနေသည်ကို တွေ့မြင်နေရပြီဖြစ်သည်။ မြန်မာနိုင်ငံက အနုမြူလက်နက်အဆင့်ရှိ လက်နက်ပိုင်ဆိုင်လာလျှင်သော်၎င်း၊ ဒုံးကျည် ပိုင်ဆိုင်လာလျှင်သော်၎င်း၊ စိုးရိမ်ပူပန်မှုများ တိုးပွားလာမည်မှာ သံသယဖြစ်စရာ မရှိပါ။ ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့သော သူ၏ သုတေသန စာတမ်းတွင် သြစတြေးလျားလူမျိုး မြန်မာ့အရေးကျွမ်းကျင်သူ အင်ဒရူးဆက်သ် (Andrew Seth) က `မြန်မာနိုင်ငံက တရုတ်ပြည်နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့်၎င်း၊ မြန်မာ့ပြည်တွင်းရေး မတည်ငြိမ်သောကြောင့်၎င်း၊ မြန်မာစစ်ခေါင်းဆောင်များ၏ အမူအကျင့်မှာ ခန့်မှန်းရခက်သောကြောင့်၎င်း၊ နအဖ ကသာ အနုမြူလက်နက် ပိုင်ဆိုင်လာဖွယ်ရှိသည်ဆိုလျှင် ပီကင်းအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိဖွယ်မမြင်ပါ´ ဟု ရေးသားထားသည်။

မြောက်ကိုရီးယားနိုင်ငံက အခြား မနှစ်မြို့စရာ နိုင်ငံတကာအစိုးရများဖြစ်သော ဆီးရီးယားနှင့် အီရန်တို့ကဲ့သို့ နိုင်ငံများကို သမရိုးကျလက်နက်များနှင့် ဒုံးကျည်လက်နက်များ ထောက်ပံ့ပေးနေခြင်းအား တရုတ်နိုင်ငံက ယခုအထိ ခွင့်ပြုထားခဲ့သော်လည်း သူနှင့် အိမ်နီးချင်းနိုင်ငံများသို့ အလားတူ လက်နက်များ ထောက်ပံ့ပေးပို့ခဲ့လျှင်ကား အဆိုပါ ချစ်ကြည်ရေးစိတ်ဓာတ်မှာ အာဏာကုန်ဆွဲဆန့်မှသာ ထိုသို့လိုက်လျောနိုင်မည်ဖြစ်သည်။ အထူးသဖြင့် သူ၏ ခေါ်ဆိုလေ့ရှိသော `ပါဝါအပျော့´ ကင်ပိန်းဖြင့် ရယူထားရသော သံတမန်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကြိုးပမ်းမှုများ အရှေ့တောင်အာရှဒေသကြီးတွင် ထိခိုက်ပျက်စီးလာမည်ကိုမူ လိုလားမည် မဟုတ်ပါ။

ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းထားရေးမှာ တရုတ်ပြည်အတွက် အဓိကအချက် ဖြစ်သည်။ မြန်မာနိုင်ငံက ဒုံးကျည်သော်၎င်း၊ အနုမြူလက်နက်သော်၎င်း ပိုင်ဆိုင်လာခြင်းဖြင့် အဆိုပါ လက်နက်မျိုး ပိုင်ဆိုင်ခြင်းမရှိသည့် ဒေသတွင်းတွင် လူအမြောက်အမြားကို သေကြေပျက်စီးစေနိုင်သည့် လက်နက်နည်းပညာ ပြန့်ပွားလာမည့် အန္တရာယ်လည်း ရှိနေသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများက ကာကွယ်ဟန့်တားနိုင်သော ရွေးလမ်းအဖြစ် အကြောင်းပြကာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတရပ် ပေါ်ပေါက်လာမည်ဖြစ်သည်။

`ဤသို့သော ထိတ်လန့်သံသယ ဖြစ်မှုများအောက်တွင် ဒေသတွင်းလုံခြုံရေး အန္တရာယ်မှာလည်း တိုးပွားလာမည်သာ ဖြစ်သည်။ အခြားနိုင်ငံများအနေနှင့်လည်း သူတို့၏ မဟာဗျူဟာလက်နက်များ တိုးချဲ့ချထား ထုတ်လုပ်ရန် လိုအပ်နေပြီဟူသော အမြင်မျိုးများလည်း ပေါ်ပေါက်လာမည်ဖြစ်သည်။ ပိုမိုနီးကပ်လာနေသော မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် အမေရိကန်က တုံ့ပြန်အရေးယူဆောင်ရွက်လာနိုင်ဖွယ် ရှိသည့်အပေါ်လည်း ပီကင်းက စိုးရိမ်ပူပန်လိမ့်မည်ဖြစ်သည်´ ဟု အင်ဒရူးဆက်သ်က သူ့စာတမ်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အနုမြူလက်နက်အစီအစဉ်နှင့် ဒုံးကျည်ရရှိရေး ကြိုးပမ်းမှုများအတွက် သက်သေအထောက်အထား အခိုင်အမာ ရရှိပြီဆိုပါက မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံမည့် သူ၏ မြန်မာနိုင်ငံ မူဝါဒကို ဝါရှင်တန်က ပြန်လည်သုံးသပ်ရတော့မည်ဖြစ်သည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဂျေ ခရိုလီ (Philip J. Crowley) က `မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု သဘောသဘာဝနှင့် ပတ်သက်၍´ အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သည်။

သူက မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုး ဆိုသည်ကို ရှင်းလင်းပြောကြားခြင်း မပြုသော်လည်း မြေအောက် အနုမြူစက်ရုံများ တည်ဆောက်နေမှုနှင့် ပတ်သက်သည့် မေးခွန်းများကိုမူ တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ အကဲခတ်အများအပြားကမူ မြန်မာနိုင်ငံ၏ အနုမြူလက်နက်ကိစ္စအပေါ် အမေရိကန်က အသစ်တဖန် စိတ်ဝင်စားနေသည်ဟု ယုံကြည်ကြသည်။
လိုးဝီးနိုင်ငံတကာ မူဝါဒ အင်စတီကျု (Lowy Institute for International Policy) ၏ ဘလော့ဖြစ်သော The Interpreter တွင် သြဂုတ်လ ၃ ရက်နေ့က ရေးသားရာ၌ အင်ဒရူးဆက်သ်က `အိုဘားမားအစိုးရသည် သူတို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်သည့်လုပ်ငန်း တစိတ်တပိုင်းအနေနှင့် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို သေချာစွာ လေ့လာစုံစမ်းနေသည်ဟု ဆိုသည်။

သို့သော် ယခုအထိ အမေရိကန်အစိုးရက ဤကိစ္စနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ရာတွင် အထူးသတိထားနေသည်။ ကြေညာချက် မထုတ်ပြန်မီ မြန်မာ့အနုမြူ အစီအစဉ်နှင့်စပ်လျဉ်း၍ ခိုင်မာသော သက်သေခံချက်များရအောင် စောင့်ဆိုင်းနေဖွယ်ရှိသည်ဟု သူက ပြောသည်။

သတင်းအချက်အလက်များ ဆက်လက်ပေါက်ကြားနေခြင်း၊ ယင်းကြောင့် စစ်ရေးအဆက်အဆံများအပေါ် မီဒီယာက အာရုံစိုက် စိတ်ဝင်စားလာနေခြင်း၊ နေပြည်တော်နှင့် ပြုံယမ်းအကြား ဖြစ်နိုင်ဖွယ်ရှိသော နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုများတို့ကြောင့် အမေရိကန်က မြန်မာနိုင်ငံအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေမှုမှာ နဂိုအတိုင်းပင် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ပို၍ပင် အရှိန်မြင့်လာနိုင်သည်။

အိုဘားမားအစိုးရက အရှေ့တောင်အာရှဒေသကို အသစ်တဖန် စိတ်ဝင်စားလာနေပြန်ကြောင်း ပြသခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် တရုတ်နိုင်ငံအတွက်လည်း သူ၏ တောင်ပိုင်းအိမ်နီးချင်းနိုင်ငံ၏ ကြီးမားလှသော ရည်မှန်းချက်များကို ထိန်းချုပ်ဇက်သတ်ထားနိုင်သည့် အကောင်းဆုံး အကျိုးစီးပွားကို ရရှိသွားစေခဲ့သည်။



Bill Clinton and Journalists in Emotional Return to U.S.