Friday, August 7, 2009

မြန်မာ့အနုမြူစီမံကိန်း

ဖိုင်အဖြစ်သိမ်းဆည်းလိုလျှင်
file1
file2

မြန်မာစစ်အာဏာရှင်တို့ နျူကလီးယားလက်နက် သုံးနိုင် ကြတော့မည်လား
မြန်မာနိုင်ငံတွင် နျူကလီးယား လက်နက်များ တပ်ဆင်နိုင်ရေး အတွက် မြန်မာ စစ်အစိုးရက ပိုမို အားထည့် ကြိုးပမ်း လာမှုနှင့် အတူ မြန်မာ့ နျူကလီးယား လက်နက် အစီအစဉ်မှာ မကြာမီ နှစ်များအတွင်း အသက်ဝင်လာဖွယ် ရှိနေသည်။ ကျွမ်းကျင်သူ များ၏ အဆိုအရ မြန်မာ နိုင်ငံအတွင်း နျူကလီယား လက်နက်များ ပိုင်ဆိုင်လာနိုင်သော အလားအလာသည် နောက်ထပ် (၁၀)နှစ်မျှပင် မကြာ နိုင်တော့ကြောင်း သိရှိ ရသည်။ ထို့ကြောင့် ကမ္ဘာ့အဆိုးရွားဆုံး စစ်အာဏာရှင် အစိုးရ အဖွဲ့အစည်း တစ်ခု၏ လက်သို့ အစုလိုက် အပြုံလိုက် သေစေ နိုင်သော အဖျက် လက်နက်ဆန်းကြီး ရောက်ရှိ သွားနိုင် မှုအပေါ် နိုင်ငံတကာ မှ စိုးရိမ် ထိတ်လန့်မှု မှာလည်း တစစဖြင့် တိုးမြင့် လာနေသည်။

မကြာသေးမီ နှစ်များအတွင်း အနုမြူစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရေး မြန်မာအစိုးရဘက်မှ အသည်းအသန် ဆောင်ရွက် လာမှုနှင့်အတူ မြန်မာနိုင်ငံအနေနှင့် နျူကလီးယား လက်နက်ဆိုင်ရာ လျှို့ဝှက်စီမံကိန်းကြီး တစ်ခုကို အသက်သွင်း နေပြီဆိုသည့် အတည် မပြုနိုင်သော သတင်းများလည်း ထွက်ပေါ် လာခဲ့သည်။ ထိုအခြေအနေသည် ကောလဟာလ တစ်ခုအဖြစ် သတ်မှတ်နိုင်သလို သတင်းမှန်သာ ဖြစ်ခဲ့မည်ဆိုပါက အရှေ့တောင် အာရှ ဒေသတစ်ခုလုံး၏ ရပ်တည်မှုအပေါ် ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့နိုင်ငံရေး သုတေသီများက သုံးသပ် ပြောဆိုထားကြသည်။

မြန်မာနိုင်ငံသည် မူလက ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံ၏ အကူအညီကို ရယူခဲ့သော်လည်း နောက်ပိုင်းတွင်မူ အဆိုးရွားဆုံး စစ်အာဏာရှင် စနစ် ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားနှင့် လက်တွဲလာခဲ့သည်။ ကမ္ဘာ့အပယ်ခံ နိုင်ငံနှစ်ခု၏ အစိုးရချင်း ရင်းနှီးလာမှုနှင့် အတူ မြန်မာ့နျူကလီးယား လက်နက်အိပ်မက်မှာ ပိုမိုလျင်မြန်စွာ အကောင်အထည် ပေါ်လာဖွယ်ရှိသည်။ မြန်မာနိုင်ငံသည် ရုရှားနှင့် တရုတ်နိုင်ငံများမှ အကူအညီများ မျှော်လင့်နေသည့်တိုင် ထိုနိုင်ငံကြီးများမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ထိတွေ့ ဆက်ဆံနေမှုကြောင့် ကမ္ဘာ့ လူမုန်းအများဆုံး မြန်မာ စစ်အစိုးရအား အင်တိုက်အားတိုက် ကူညီထောက်ပံ့ရေးတွင် အကန့် အသတ်များ မလွဲမသွေ ကြုံရမည် သာဖြစ်သည်။

သို့သော်လည်း မြောက်ကိုရီးယားမှာမူ ကွဲပြားသော အခြေအနေတွင် ရပ်တည်နေသည်။ သမ္မတ ကင်မ်ဂျုံအီလ် အုပ်ချုပ်သော အထီးကျန် နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အား အကောင်းဆုံး လက်နက် နိုင်ငံတော်တစ်ခု ဖြစ်နေပြီး နိုင်ငံတကာ ဖိအားပေးမှုများကို မျက်ကွယ်ပြုလေ့ ရှိသဖြင့် မြန်မာအစိုးရ မျှော်မှန်းသော နျူကလီးယားလက်နက် စီမံကိန်းအား စိတ်ပါလက်ပါ ကူညီလာဖွယ်ရှိသည်။ ထိုကဲ့သို့ မြောက်ကိုရီးယားနှင့် ရင်းနှီးစွာ ဆက်ဆံ လာနိုင်ခြင်းကြောင့် မြန်မာ့နျူကလီးယား လက်နက်များ ထုတ်လုပ်ရေး စီမံကိန်းမှာ ပိုမိုလျင်မြန်စွာ အကောင်အထည် ပေါ်လာနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ လေ့လာသူများက အိမ်နီးချင်း နိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ နည်းပညာများ ပြန့်ပွားမှုသည် လျင်လျင်မြန်မြန် တိုးတက် လာနေကြောင်း သတိပေးခဲ့သည်။

ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများသည် အီရန်ကဲ့သို့ နျူကလီးယားလက်နက် စမ်းသပ်နေသည့် နိုင်ငံများကို သံတမန်နည်းဖြင့် တားဆီးနိုင်ရန် ကြိုးစားနေတတ်ပြီး ပိုမိုတိုက်ရိုက်ကျသော အရေးယူမှုမျိုး ပြုလုပ်ရန် ဆုတ်ဆိုင်းနေသည့် သာဓကများက မြန်မာအစိုးရအား နျူကလီးယား ထုတ်လုပ်မှုကို အကြောက်အလန့်မရှိ ဆောင်ရွက်နိုင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်လျက်ရှိသည်။

အချို့သော နိုင်ငံရေး သုတေသီများက မြန်မာနိုင်ငံ၏ နျူကလီးယား စီမံကိန်းမှာ ထင်သလောက် မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပုံကြီးချဲ့ပြီး အစိုးရိမ် လွန်နေကြောင်း ဝေဖန်ခဲ့သည်။ အမှန်ဆိုလျင် မြန်မာနိုင်ငံသည် နျူကလီးယားဆိုင်ရာ လုပ်ငန်းများကို (၁၉၅၆)ခုနှစ်ကတည်းက စတင် လာခဲ့ပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် ထိုအချိန်ကတည်းက မြန်မာ့ အက်တမ် စွမ်းအင်စင်တာ (UBAEC) ကို ဖွင့်လှစ်ထားခဲ့ပြီး (၁၉၆၂)ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော စစ်အစိုးရ အာဏာသိမ်းမှု အပြီးတွင်မူ အဆိုပါ စင်တာ၏ အခန်းကဏ္ဍမှာ မှေးမှိန်သွားခဲ့သည်။ ကာလကြာညောင်းပြီးနောက် (၂၀၀၁) ခုနှစ်၊ ဖေဖေ၀ါရီလမှ စတင်ပြီး လက်ရှိစစ်အစိုးရ အာဏာပိုင်များက နျုကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရေးကို ပြန်လည် အာရုံကျလာသည်။

ရုရှားနိုင်ငံ အက်တမ်စွမ်းအင် ၀န်ကြီးဌာနက မြန်မာနိုင်ငံအတွင်း (၁၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရန် အကူအညီပေးသွားမည်ဟု အတည်ပြု ကြေငြာခဲ့သည်။ ထိုအခြေအနေသည် တစ်ကမ္ဘာလုံးအတွက် မြန်မာ့ နျူကလီးယား အကောင်အထည် ဖော်နေမှုကို အာရုံစိုက်လာစေမည့် အချက်ပေး ခေါင်းလောင်းသံလည်း ဖြစ်သည်။ ထိုနှစ် ဇူလိုင်တွင်မူ စွမ်းအင်နှင့် သိပ္ပံဆိုင်ရာ ၀န်ကြီးဦးသောင်း၏ လက်အောက်ခံ အဖွဲ့တစ်ခု ဖြစ်နိုင်ဖွယ်ရှိသော နျူကလီးယား စွမ်းအင်ဌာနကို စတင် ဖွင့်လှစ်ခဲ့သည်။ ထို့နောက်တွင်တော့ မြန်မာ့ကာကွယ်ရေး အကယ်ဒမီ(DSA)မှ ဘွဲ့ရ အရာရှိများကို ရုရှားသို့ နျူကလီးယားဆိုင်ရာ ပညာတော်သင်များ အဖြစ် စေလွှတ်ခဲ့တော့သည်။

(၂၀၀၂)ခုနှစ်၊ ဇန်န၀ါရီလ (၂၁)ရက်နေ့တွင် ထိုစဉ်က မြန်မာ့စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် ကျော်ဝင်းက မြန်မာနိုင်ငံသည် နျူကလီးယား စွမ်းအင် ထုတ်လုပ်နိုင်မှုအပေါ် အာရုံ စိုက်သွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာ သွားခဲ့သည်။ နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်ကို ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့သော်လည်း စစ်အစိုးရ၏ အစစ်အမှန် ရည်မှန်းချက်ကို တစ်ကမ္ဘာလုံးက သံသယ ရှိလာနေခဲ့သည်။ စစ်အစိုးရ ထိပ်တန်း အရာရှိများထံမှ စက်မှုလုပ်ငန်းများ လည်ပတ်နိုင်ရေး စွမ်းအင်ကို နျူကလီးယားမှ ထုတ်လုပ်ရန် ရည်ရွယ်ပါကြောင်း လေသံ ပစ်လာကြသည့်တိုင် မြန်မာနိုင်ငံ စစ်အစိုးရသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည်မှာ သေချာပါသည်ဟု အာမခံဝံ့သူ မရှိခဲ့ချေ။ ရေအားလျှပ်စစ် အပါအ၀င် နိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှု မလောက်ငသည့် အခြေအနေ များကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်သွားရန် ကြံစည်နေပါသည်ဟု စစ်အစိုးရက ပြောဆိုနေသည့်တိုင် နိုင်ငံတိုင်းက သံသယ မျက်လုံးများဖြင့် စူးစမ်း နေဆဲဖြစ်သည်။

နောက်ပိုင်းတွင် နျူကလီးယား ဓာတ်ပေါင်းဖိုကို ဆေးပညာ လေ့လာမှုအတွက်ပါ အသုံးချသွားမည်ဟု ပြောင်းလဲ ပြောဆို လာပြန်သဖြင့် စစ်အစိုးရ၏ မူရင်းရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ရန် ပိုမိုရှုပ်ထွေး လာတော့သည်။ သို့သော်လည်း လေ့လာသူများက ရုရှား၏ အကူအညီဖြင့် မြန်မာအစိုးရသည် အနည်းဆုံး (၅)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်းဖို တစ်ခုလောက် အနည်းဆုံး တည်ဆောက်နိုင်ရန် မရမက ကြိုးပမ်းမည်ဖြစ်ပြီး ထိုမှတဆင့် လက်နက် ထုတ်လုပ်နိုင်သည်အထိ နျူကလီးယား သန့်စင်မှုဆိုင်ရာ နည်းစနစ်များကို မြောက်ကိုရီးယားထံမှ မှီခို ရယူနိုင်ဖွယ် ရှိကြောင်း သုံးသပ်ထားသည်။

ထိုအခြေအနေများကြောင့် နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေး ထိန်းချုပ်မှု အဖွဲ့ အစည်းများအတွက် အဆုံးဖြတ်ရ ခက်ခဲသော စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်လာရသည်။ လက်ရှိအချိန်သည် အမေရိကန်အနေနှင့် အီရန်၏ နျူကလီးယား အစီအမံများအပေါ် အပြည့်အ၀ အာရုံစိုက်နေသဖြင့် မြန်မာနိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ လုပ်ငန်းဆောင်တာများ မည်မျှ တိုးတက်နေသည်ကို ထောက်လှမ်းနိုင်ရန် အချိန်မပေးနိုင်ခဲ့ပေ။ ထို့အပြင် ရုရှားနှင့် တရုတ်တို့ကဲ့သို့ ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ ကျောထောက်နောက်ခံ အင်အားကို ရရှိထားသည့် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအမံများကို ခိုင်မာသော အထောက်အထား မပြနိုင်ဘဲ ကန့်ကွက် ရှုတ်ချနိုင်ရေးမှာ အမေရိကန်အတွက် အလွန်သတိထားရမည့် ခြေလှမ်း တစ်ခုဖြစ်သည်။ ထို့အပြင် ဆာဒမ်ဟူစိန်သည် အစုလိုက် အပြုံလိုက် သေစေတတ်သော လက်နက်ဆန်းများ သေချာပေါက် ထုတ်လုပ်နေသည် ဟူသော စွပ်စွဲချက်ဖြင့် အီရတ်ကို ကျူးကျော် သိမ်းပိုက်ပြီးမှ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ သတင်းမှားကို ယုံစားမိသည့် အပြစ်အတွက် လက်ညှိုးထိုးခံရမှုမျိုး နောက်တစ်ကြိမ် ကြုံရမည်ကို အမေရိကန် ပြည်ထောင်စု အစိုးရအနေနှင့် ၀န်လေးနေမည်သာ ဖြစ်သည်။

ထိုနောက်ခံဖြစ်ရပ်များ အားလုံးတို့ကို အခွင့်ကောင်းယူကာ မြန်မာအစိုးရ အနေနှင့် ၎င်း၏ရည်မှန်းချက် ပန်းတိုင်ဆီသို့ တိတ်တဆိတ် ချီတက် နေဖွယ်ရှိသည်။ အကယ်၍သာ မြန်မာနိုင်ငံ အစိုးရတွင် အဖျက်စွမ်းအား အလွန်ကြီးမား ပြင်းထန်သည့် နျူကလီးယား လက်နက်ကြီးများ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရလာတော့မည်ဆိုလျင် ကမ္ဘာတစ်ခုလုံး ကျီးလန့်စာစား ဖြစ်လာရမည်မှာ မလွဲနိုင်ပေ။ ထိုအကြောင်းကို ကမ္ဘာ့နိုင်ငံများမှ အစိုးရတိုင်း သဘောပေါက်ကြပါသည်။ သို့သော်လည်း ထိုသို့ မဖြစ်လာစေရေး မည်သို့ ထိန်းချုပ်ရ ပါမည်နည်း။ လက်နက်ကိုင် အာဏာသိမ်းခဲ့သော အစိုးရအဖွဲ့ တစ်ခုသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချပါမည်ဟု ကြွေးကြော် လျက်ရှိသည်။ အမှန်လား၊ အမှားလားဆိုသည်ကိုမူ ကာယကံရှင် စစ်အစိုးရသာ အသိဆုံးဖြစ်ပေလိမ့်မည်။ ငြိမ်းချမ်းမှုကို လိုလားသော ကမ္ဘာ့နိုင်ငံများ အတွက် မြန်မာ့နျူကလီးယား ပြဿနာမှာ အနာသိလျက် ဆေးအရှာခက်နေသော အခြေအနေ တစ်ရပ်သာ ဖြစ်ပါတော့သည်။

မြန်မာစစ်အစိုးရ ၂ဝ၁၄ခုမှာ ညူကလီးယားလက်နက် ထုတ်နိုင်မည် ခန့်မှန်း
2009-08-05

မြန်မာစစ်အစိုးရအနေနဲ့ လက်ရှိ အနေထားအတိုင်း ညူကလီးယား စီမံကိန်းကို အကောင်ထည် ဖော်မည်ဆိုရင် ၂ဝ၁၄ ခုနှစ်မှာ ညူကလီးယားလက်နက် ထုတ်လုပ်နိုင်လိမ့်မယ်လို့ သြစတြေးလျ ပညာရှင် ပါမောက္ခ Desmond Ball နဲ့ သြစတြေးလျ သတင်းစာဆရာ Mr. Phil Thornton က မကြာခင်က ဖော်ထုတ်ရေးသားလိုက်ပါတယ်။ မြန်မာစစ်ဖက်နဲ့ အရပ်ဖက်က ထွက်ပြေးလာ နှစ်ဦးကို သီးခြား မေးမြန်းစုံစမ်းအပြီး ၂ နှစ်အကြာမှာ အခုလို ရေးသားလိုက်တာလို့ သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်ရေးသားခဲ့သူ နှစ်ဦးထဲက သတင်းစာဆရာ Phil Thornton ကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဟုတ်ကဲ့ Mr. Phil Thornton ခင်ဗျား။ မြန်မာပြည်ထဲက ထွက်ပြေးလာတဲ့သူ နှစ်ယောက်ကို ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့သူတဦးအနေနဲ့ မြန်မာစစ်အစိုးရက ညူကလီးယားလက်နက် ထုတ်နိုင်တဲ့ စက်ရုံဆောက်နေတယ်ဆိုတဲ့ ကောက်ချက်ကို ဘယ်လို ဆွဲခဲ့ပါသလဲဗျ။

ကျနော်တို့ ထွက်ပြေးလာတဲ့သူ နှစ်ဦးကို သီးခြားစီ တွေ့မေးခဲ့တာပါ။ တယောက်က ရုရှားနိုင်ငံ မော်စကိုမြို့မှာ သင်တန်းတက်ခဲ့တဲ့ စစ်တပ်က ဗိုလ်ကြီးတဦးဖြစ်ပြီး နောက်တယောက်ကတော့ ဒီကိစ္စတွေကို အတွင်းကျကျ သိထားတဲ့ ထူးထရိတ်ဒင်းက စာရင်းကိုင်တယောက် ဖြစ်ပါတယ်။

အစတော့ သူတို့ပြောတာတွေကို ကျနော်တို့ သံသယရှိပါတယ်။ မြန်မာနိုင်ငံမှာက ပြည်သူတွေကို လျှပ်စစ်မီး ၂၄ နာရီပေးနိုင်ဖို့ကို အခက်အခဲ ဖြစ်နေတာဆိုတော့ ညူကလီးယားစက်ရုံ ကိစ္စတွေကို ပြောလာတော့ သံသယဖြစ်ကြတာပါ။

ဟုတ်ကဲ့၊ Mr. Thornton တို့ ဒီ Sydney Morning Herald နဲ့ Bangkok Post တွေမှာ ရေးထားချက်အရဆိုရင် ပထမဆုံးတွေ့ပြီး မေးခဲ့တဲ့သူက ဗိုလ်ကြီးမိုးကြိုးလို့ အမည်ဝှက်ပေးထားတဲ့ ရုရှားပြန် စစ်ဗိုလ်တဦးလို့ ဆိုပါတယ်။ သူ့အကြောင်း ပြောပြပါလားခင်ဗျ။

ဟုတ်ပါတယ်၊ မိုးကြိုးဆိုတာ သူ့လုံခြုံရေးအတွက် ပြောင်းထားတဲ့ နာမည်ဝှက်ပါ။ သူက ၂ဝဝ၃ ခုနှစ်မှာ လက်ရွေးစင် ရွေးပြီး မော်စကိုမှာ ညူကလီးယား အင်ဂျင်နီးယားရင်းပညာ တက်လာတဲ့ ဗိုလ်ကြီးတဦးပါ။ အဲဒီမှာ ၂ နှစ်တက်ပြီး မြန်မာပြည်ပြန်ရောက်တော့ ညူကလီးယားတပ်ရင်းမှာ တာဝန်ပေး ခံရပါတယ်။ ဒီကနေ သူသင်လာခဲ့တာတွေကနေ ပြန်တာဝန်ယူရတဲ့သဘောပါ။

ကျနော်တို့ နှစ်ယောက်ထဲက ပါမောက္ခ ဘောလ်က ညူကလီးယား သင်တန်းနဲ့ စက်ရုံတွေအကြောင်း ပိုပြီး အသေးစိတ် အချက်လက်တွေ မေးမြန်း မှတ်တမ်းယူခဲ့ပါတယ်၊ သူက ညူကလီးယားနဲ့ ပတ်သက်လို့ က္ဆွမ်းကျင်သူ ပညာရှင်ဆိုတော့ သူက ပိုပြီး ထွက်ဆိုချက်တွေကို မှတ်သားဝေဖန်ပါတယ်။ ဟုတ်မဟုတ် သုံးသပ်ပါတယ်။ သူက ဒီအချက်လက်တွေကို ထောက်ပြီး မြန်မာနိုင်ငံဟာ ညူးကလီယားလက်နက် ထုတ်နိုင်ဖို့ ပြင်နေတယ်၊ ဘယ်အချိန် လက်နက်ထုတ်နိုင်မယ်ဆိုတာကို သုံးသပ်တာပါ။

ကျနော့်အတွက်ကတော့ မြန်မာစစ်အစိုးရအနေနဲ့ အခု ဒီလူ နှစ်ဦးက ပြောဆိုချက်တွေထဲက ၁ဝ ရာခိုင်နှုန်းပဲ မှန်တယ်ထားဦး၊ အရပ်သုံးဖြစ်ဖြစ် စစ်သုံးဖြစ်ဖြစ် ညူကလီးယားစက်ရုံ ထောင်တယ်ဆိုရင် ဒေသတွင်း လုံခြုံရေး အတွက် စိုးရိမ်စရာလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မနှစ်က ဆိုင်ကလုံးနာဂစ်တိုက်တော့ မြန်မာစစ်အစိုးရဆီမှာ အမျိုးသား အရေးပေါ် လုံခြုံရေးစနစ် မရှိတာ တွေ့နိုင်ပါတယ်။ ဒီလို ကယ်ဆယ်ရေးတွေကိုတောင် အမျိုးသားလုံခြုံရေးအဖြစ် မဆောင်ရွက်နိုင်ရင် ညူးကလီယားလို ကိစ္စမျိုးမှာ ဘေးအန္ဈရာယ်ဖြစ်လာရင် ဒါဟာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ ကိစ္စဖြစ်လို့ပါပဲ။

ဟုတ်ကဲ့။ ထွက်ပြေးလာသူ ၂ ယောက်ထဲက ထူးထရိတ်ဒင်းက စာရင်းတွေကို ကိုင်တွယ်ရသူ ကိုတင်မင်းလို့ နာမည်ဝှက်ပေးထားသူဆီကကော ဘယ်လို အချက်လက်တွေရလဲ ပြောပါဦးခင်ဗျ။

သူကတော့ ပစ္စည်းတွေ ဘယ်လိုသယ်ယူတယ်၊ ပစ္စည်းတွေ ဘယ်လိုမှာယူတယ်၊ ဆောက်တယ် စတဲ့ နောက်ခံ အခြေအနေကို ယေဘုယျ ခြုံပြောနိုင်ပါတယ်။ ဘယ်လိုဝယ်တယ်၊ ဘယ်ကနေ ငွေကြေးရတယ်ဆိုတာမျိုးတွေကို ပြောနိုင်ပါတယ်။ သူ့ထွက်ဆိုချက်တွေနဲ့ စောစောက ဗိုလ်ကြီး ထွက်ဆိုချက်တွေကို ဆက်စပ်ကြည့်ရင် အဖြေမှန် ပေါ်လာပါတယ်။ မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ပိတ်ထားတဲ့နိုင်ငံဆိုတော့ အတိအကျ စစ်ဆေးနိုင်ဖို့ ခက်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ညူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် လက်မှတ်ထိုးထားတဲ့ နိုင်ငံပါ။ ဘယ်လို ညူးကလီယားကိစ္စမျိုးလုပ်လုပ် ကုလသမဂ္ဂ အိုင်အေအီးအေကို အစီရင်ခံရမှာပါ။ ဒါဟာ စိုးရိမ်စရာပဲဖြစ်ပါတယ်။

ဟုတ်ကဲ့ သတင်းစာ ၂ စောင်မှာ ရေးသားချက်အရ မြန်မာစစ်အစိုးရဟာ ၂ဝ၁၄ ခုနှစ်မှာ ညူကလီးယား လက်နက်ထုတ်နိုင်မဲ့အဆင့်ရောက်မယ်လို့ ဆိုထားပါတယ်။ ဒီကောက်ချက်ကကော ဘယ်လိုဆွဲပါသလဲ။ ထွက်ပြေးလာတဲ့သူတွေဆီက တိုက်ရိုက်ပြောတဲ့ အချက်ပါလားဗျ။

ဒါကျနော်တို့ရတဲ့ ထွက်ပြေးလာတဲ့သူတွေပြောတဲ့ သတင်းအချက်အလက်တွေ၊ အချိန်ကာလတွေအပေါ်မှာ သုံးသပ်ပြီး ဒေါက်တာဘောလ်က အကဲဖြတ်တာ ဖြစ်ပါတယ်။

ကျနော်တို့ကို ပြောပြချက်တွေသာ မှန်ခဲ့ရင် မြန်မာနိုင်ငံဟာ ဒီအချိန်မှာ ညူကလီးယားလက်နက် ထုတ်နိုင်မဲ့ အခြေအနေဖြစ်ပါတယ်။

အဲဒါကတော့ မြန်မာစစ်အစိုးရအနေနဲ့ ၂ဝ၁၄ ခုနှစ်မှာ ညူကလီးယား လက်နက် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ သြစတြေးလျနိုင်ငံသား နှစ်ဦးထဲက သတင်းစာဆရာ Mr. Phil Thornton ကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာညူကလီယား ဓာတ်ပေါင်းဖိုကို ဂြိုလ်တုမှရိုက်ကူးထားသောပုံ
http://longwalktofreedom.wordpress.com/2009/08/05

၅ ဇူလိုင် ဘန်ကောက် ၊ ၊စံပယ်ထွန်း
What’s Burma building in there?


ယနေ့ ထုတ် အမေရိကန် မဂ္ဂဇင်းတစ်စောင် ဖြစ်သည့် နိုင်ငံခြားရေးရာ မူဝါဒ စာစောင် (Foreign Policy) တွင်ဂူးဂယ် အတ်မှ တစ်ဆင့် မြန်မာညူကလီယား ဓာတ်ပေါင်းဖို ကိုဖေါ်ပြခဲ့သည့်။စနေ နေ့ က သြစတေးလျှ နိုင်ငံထုတ် ဆစ်ဒနီ မောနင်း ဟယ်ရယ် တွင် ပါရှိခဲ့သည့် မြန်မာ နိုင်ငံ၏ ညူကလီယား လက်နက် ကို ငါးနှစ်အတွင်း ထုတ်လုပ် နိုင်တော့ မည် ဆိုသည့်သတင်းကြောင့် နိုင်ငံတကာ အနူမြူလက်နက် စောင့်ကြည့် ရေး အဖွဲ့ များက လည်း စစ်အစိုးရ အပေါ်မေးခွန်းထုတ်နေကြသည်။


မြန်မာ့အဏုမြူစီမံကိန်း ထုတ်ဖေါ်မှု

မူရင်း။ Brisbane Times

အရေးပါသော ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူ ပညာရှင်များ၏ထွက်ဆိုချက်အရ မြန်မာပြည်မှ အထီးကျန်စစ်ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏အကူအညီဖြင့် လာမည့်ငါးနှစ်တာကာလအတွင်း ပထမဆုံးအဏုမြူဗုံးထုတ်လုပ်နိုင်ရန်အတွက် လျှို့ဝှက်အဏုမြူဓါတ်ပေါင်းဖိုနှင့် ပလူတိုနီယံဒြပ်စင်ထုတ်စက်ရုံများကို တည်ဆောက်လျက်ရှိကြောင်း သံတော်ဆင့်သတင်းတွင် ဖေါ်ပြထားသည်။

အဆိုပါလျှို့ဝှက်စက်ရုံများ၏ အစိတ်အပိုင်းအများစုကို မြန်မာပြည်မြောက်ဖျား၏ နောင်လိုင်အင် Naung Laing ခေါ်ဒေသရှိ တောင်များတွင် မြေအောက်ဥမင်များတူးလျက် ဆောက်လုပ်နေပြီး ရုရှားနှင့်ဆောက်လုပ်နေသော နိုင်ငံတကာ၏ကြပ်မတ်မှုအောက်တွင် ထားရှိပါမည်ဟုသတင်းလွှင့်ထားသည့် အခြားဓါတ်ပေါင်းဖိုတစ်ခုနှင့် အပြိုင်ဆောက်လုပ်ထားကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်ခန့်မှစတင်၍ သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်မှ မဟာဗျူဟာပါရဂူ Desmond Ballနှင့် ထိုင်းအခြေစိုက်သတင်းစာဆရာ Phil Thorntonတို့က မြန်မာနိုင်ငံမှ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူ ပညာရှင်နှစ်ဦးကို ထိုင်းနိုင်ငံတွင် သီးခြားစီ စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

တစ်ဦးမှာ မြန်မာစစ်တပ်၏ လျှို့ဝှက်အဏုမြူတပ်ရင်းမှ အရာရှိတစ်ဦးဖြစ်ပြီး မော်စကိုတွင် နှစ်ခန့်ပညာတော်သင်သွားရောက်ခဲ့ဖူးသည်။ အခြားတစ်ဦးမှာယခင်ကမြောက်ကိုရီးယားနှင့်ရုရှားနိုင်ငံတို့နှင့်အဏုမြူကိစ္စရပ်များကိုကိုင်တွယ်နေသောထူးထရေးဒင်း၏အမှုဆောင်တစ်ဦးဖြစ်ကြောင်းသိရသည်။

၎င်းတို့၏ပြန်လည်ပြောပြချက်များသည် အာရှနိုင်ငံများကို ဂယက်ရိုက်သွားစေခဲ့ပြီး ''အထောက်အထားတွေကတော့ ပဏာမအဆင့်မှာပဲရှိသေးပြီး အတည်ပြုချက်ယူဖို့လိုပါသေးတယ်။ ဒါပေမယ့်ဒီကိစ္စဟာ ဒေသန္တရလုံခြုံရေးအတွက် လက်ရှိအခြေအနေကို ပြောင်းလဲစေမယ့်အရာတစ်ခုဖြစ်ပါတယ်''ဟု ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ခေါင်းဆောင် Thitinan Pongsudhirak ကပြောကြားခဲ့သည်။

စစ်အာဏာရှင် အစိုးရနှစ်ဖွဲ့၏ နျူကလီးယား ဇာတ်လမ်း တွဲ
မြန်မာ စစ်အစိုးရ၏ နျူကလီးယား လက်နက် ထုတ်လုပ်ရေး အစီအစဉ်မှာ လက်ရှိ အချိန်တွင် ဖြစ်နိုင်ခြေ နည်းနေ သေးသော်လည်း လျှော့တွက် ထား၍ မရနိုင် ကြောင်း နိုင်ငံတကာ နျူကလီးယား လက်နက်ဆိုင်ရာ ပညာရှင် များက သတိပြု ပြောဆို လာခဲ့ကြသည်။ မြန်မာနိုင်ငံ တွင် နှစ်ပေါင်း များစွာ မတရား ဖိနှိပ် အုပ်ချုပ်ခဲ့ သော စစ်အစိုးရသည် (၂၀၀၇) စက်တင်ဘာလတွင် ဆန္ဒပြခဲ့ကြသည့် ရဟန်းတော်များ အပေါ် လူမဆန်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့မှုများအား တစ်ကမ္ဘာလုံးမှ ၀ိုင်းဝန်း ရှုတ်ချနေသည့် ဖိအားများကြောင့် နျူကလီးယား လက်နက်များ ထုတ်လုပ်ရေးတွင် ပိုမို အာရုံစိုက်ပြီး ဆောင်ရွက်လာဖွယ် ရှိသည်။ ကုလသမဂ္ဂ အအပါအ၀င် နိုင်ငံတကာ တောင်းဆိုမှုများအား နျူကလီးယား ခြိမ်းခြောက်မှုဖြင့် တုန့်ုပြန်နိုင်ရန် အာဏာရူး မြန်မာ စစ်အစိုးရက ရန်ရွယ်ထားဟန် ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်း ရုရှား၏ အကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်သွားရန် စီစဉ်ပြီးဖြစ်သည်။ စွမ်းအင်ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားသော အဆိုပါ ဓာတ်ပေါင်းဖိုတွင် လက်နက် ထုတ်လုပ်နိုင်ခြင်း လုံးဝမရှိသော ယူရေနီယမ် (၂၃၅)ကို အသုံးပြုမည်ဖြစ်သည်။ ထိုပမာဏသည် လက်နက်များ ထုတ်လုပ်နိုင်မည့် ယူရေနီယမ် သန့်စင်မှု၏ (၂၀) ရာခိုင်နှုန်း မျှသာ ရှိသည်ဟု သိရသည်။

ထို့ကြောင့် ထိုဓာတ်ပေါင်းဖိုသည် မြန်မာအစိုးရ၏ နျူကလီးယား လက်နက်ဆန်းများ ပြုလုပ်သွားနိုင်ရေး ရည်ရွယ်ချက်အပေါ် တိုက်ရိုက် အကျိုးပြုမည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း နျူကလီးယား စွမ်းအင်အား ရင်းရင်းနှီးနှီး အသုံးပြုခွင့် ရလာမှုသည် မြန်မာစစ်အစိုးရ လက်အောက်ခံ နျူကလီးယား ပညာရှင်များအတွက် ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်လာစေမည့် လက်တွေ့နယ်ပယ် တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

တိုင်းပြည်ဝင်ငွေ အများစုကို လက်နက်များ ၀ယ်ယူ တပ်ဆင်ရေးအတွက် အစဉ်တစိုက် အသုံးချခဲ့သည့် မြန်မာ စစ်အစိုးရ အနေနှင့် လက်နက်များထဲတွင် ဖျက်ဆီးအား အကြီးမားဆုံးဖြစ်သော နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရေးအတွက် လွန်ခဲ့သော (၁၀)နှစ်ကျော် ကတည်းက စတင် လှုပ်ရှားလာခဲ့သည်။

(၁၉၉၇)တွင် DSAအပါတ်စဉ် (၄၂)ကျောင်းဆင်း အရာရှိများအား အိန္ဒိယသို့ စေလွှတ်ပြီး နျူကလီးယား ပညာရပ်များ သင်ယူနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ အစပိုင်းတွင် အဆင်ပြေသော်လည်း နောက်ဆုံးတွင်မူ အိန္ဒိယနိုင်ငံ အနေနှင့်လည်း နည်းပညာ အားနည်း နေကြောင်း ရိပ်မိခဲ့သော စစ်အစိုးရက သဘောတူညီမှုအား ပြန်လည် ပယ်ဖျက်လိုက်သည်။

မြန်မာ စစ်အစိုးရသည် ၎င်းတို့၏ သြဇာအာဏာ ဆက်လက် တည်တံ့ရေးအတွက် နျူကလီးယား ပိုင်ဆိုင်မှုသည်သာ အကောင်းဆုံး အဖြေဖြစ်သည်ဟု တရားသေ ယုံကြည်ထားသောကြောင့် နောက်ထပ် အစီအစဉ် တစ်ခုအား ဖန်တီးရန် ကြံစည်ကြပြန်သည်။ နောက်ဆုံးတွင်မူ လက်နက်အင်အားကြီး နိုင်ငံတစ်ခုဖြစ်သော ရုရှားနိုင်ငံနှင့် ဆက်သွယ် မိလေတော့သည်။

မြန်မာ စစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် တရုတ်အစိုးရက ဆက်သွယ် ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်းသစ်၊ ပတ္တမြား စသည်တို့ အပါအ၀င် မြန်မာ့ သယံဇာတများအား မျက်စိကျနေသော ရုရှားအစိုးရက နည်းပညာပိုင်း အကူအညီပေးရန် သဘောတူလိုက်သည်။ ထိုအခါတွင် နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာများအား အာသာငမ်းငမ်း လိုချင်မက်မောနေသည့် မြန်မာ စစ်အစိုးရအဖို့ ဖိုးကျိုင်းတုတ် ဖြစ်နေတော့သည်။

မြန်မာနိုင်ငံမှ စစ်အရာရှိများအား နျူကလီးယား သင်တန်းများ ပို့ချသွားရန် ရုရှားအစိုးရက သဘောတူ လိုက်ပြီးနောက် မြန်မာအစိုးရက ရုရှားသို့ ပညာတော်သင် စစ်သည်များ နှစ်စဉ် ပို့ဆောင်ပေးခဲ့သည်။ ပထမအသုတ်အဖြစ် (၂၀၀၁)တွင် အရာရှိ (၁၅၀)အား ရုရှားသို့ ပို့လွှတ်သည်။ မြန်မာအနေနှင့် နျူကလီးယား နည်းပညာများ ရရှိလာခြင်းကြောင့် စစ်အစိုးရ မျှော်မှန်းထားသည့် လက်နက် ထုတ်လုပ်ရေး အစီအစဉ်နှင့် ပိုမိုနီးစပ်လာသော်လည်း နျူကလီးယား လက်နက်များ ထုတ်လုပ်သွားရန် လိုအပ်နေသည့် စွမ်းအင်များ ရရှိနိုင်ရန်မူ များစွာ ခက်ခဲနေဆဲ ဖြစ်သည်။

တရုတ်နှင့် ရုရှားတို့သည် နျူကလီးယား ပိုင်ဆိုင်ပြီးသော နိုင်ငံများဖြစ်သော်လည်း အမေရိကန်နှင့် အနောက်အုပ်စု၏ အငြိုအငြင်ကို မခံလိုပေ။ ထို့အတူ ကမ္ဘာပေါ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အစိုးရ အဖွဲ့တစ်ခုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်များ အနေနှင့် ယူရေနီယမ် အပါအ၀င် နျူကလီးယား လက်နက် ထုတ်လုပ်ရေး လိုအပ်သော ပစ္စည်းများ ထောက်ပံ့သွားရန် စဉ်းစားထားပုံ မရချေ။

ထိုအခြေအနေအပေါ် နားလည်ထားသည့် မြန်မာအစိုးရအနေနှင့် ၎င်း၏ မျှော်မှန်းချက်များ အောင်မြင်အောင် ဖြည့်ဆည်းပေးမည့် လက်တွဲဖော် သစ်အား ထပ်မံ ရှာဖွေရပြန်သည်။ ထိုအခါ မြောက်ကိုရီးယားသည် မြန်မာ စစ်အစိုးရ ရိုက်ကူး တင်ဆက်နေသည့် နျူကလီးယား ဇာတ်လမ်းတွဲကြီးတွင် အဓိက ဇာတ်ဆောင်ကြီး ဖြစ်လာလေတော့သည်။

မြန်မာနှင့် မြောက်ကိုရီးယား တို့တွင် တူညီမှု များစွာရှိကြသည်။ နှစ်နိုင်ငံလုံးတွင် အပေါများဆုံး ပိုင်ဆိုင်သည့် အရာများမှာ စစ်လက်နက်များ ဖြစ်ကြသည်။ နှစ်နိုင်ငံလုံးမှ ပြည်သူများသည် လူ့အခွင့်အရေး ဆိုသည်ကို လုံးသလား၊ ပြားသလားဟု ကွဲပြားအောင် မသိကြချေ။

ထို့ပြင် နှစ်နိုင်ငံ အစိုးရများသည် ငတ်မွတ်ခေါင်းပါးနေသော ပြည်သူများအတွက် သနားဂရုဏာ သက်စွာ သေနတ်နှင့်ချိန်ပြီး စောင့်ရှောက်နေသည့် အစိုးရများ ဖြစ်ကြသည်။ ယခုအခါတွင်တော့ ကမ္ဘာပေါ်တွင် နာမည်အပျက်ဆုံး အစိုးရ အချင်းချင်း ပေါင်းဆုံ မိကြသည်။ နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူ မှုများအား ခံနေရသည့် အထီးကျန်၊ အပယ်ခံနိုင်ငံ အချင်းချင်း လက်တွဲမိကြသည်။ ထိုအခါတွင်တော့ အရှေ့တောင်အာရှ လူသတ်အစိုးရသည် ၎င်း၏ နျူကလီးယား အိပ်မက်အား လက်တွေ့ ဘ၀တွင် ပိုင်ဆိုင်နိုင်ရန် အလွန် နီးစပ် လာတော့သည်။

မြောက်ကိုရီးယားသည် နျူကလီးယား ပိုင်ဆိုင်ထားသည့် ကွန်မြုနစ် နိုင်ငံတော်ဖြစ်သည်။ စစ်လက်နက် တောင့်တင်းသည်။ စစ်သည်အင်အား များပြားသည်။ စစ်နည်းပညာ မြင့်မားသည်။ ထိုသို့သော နိုင်ငံတစ်ခုသည် ၎င်း၏ ရန်ဘက် အမေရိကန်နှင့် အကြီး အကျယ် အတိုက်အခံ ဖြစ်နေသော မြန်မာ စစ်အစိုးရအား ကူညီသွားရန် ဆုံးဖြတ်လိုက်သည်။ (၂၀၀၃)မှစပြီး မြန်မာတပ်မတော် အရာရှိများ မြောက်ကိုရီးယားသို့ သွားရောက်ကာ နျူကလီးယား ပညာရပ်များ သင်ယူကြသည်။

(၂၀၀၆) ခုနှစ်တွင်မူ နျုကလီးယား ဓာတ်ခွဲခန်းများ တည်ထောင်နိုင်ရန် လိုအပ်သော ကိရိယာများကို မြောက်ကိုရီးယား ထံမှ ၀ယ်ယူသည်။ ထိုအတောအတွင်း နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေး ကိုလည်း မြန်မာ စစ်အစိုးရက ပိုမို အားထည့်လာခဲ့သည်။ မူလက ယခုထက် ပိုစောပြီး ဆောက်လုပ်လိုသော်လည်း ကုန်ကျငွေ အမေရိကန်ဒေါ်လာ သန်း(၅၀၀)မျှ ရှိမည့် စီမံကိန်း အတွက် ရန်ပုံငွေ မလုံလောက် မှုကြောင့် ရွှေ့ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် မြောက်ကိုရီးယား၏ အကူအညီကြောင့် ပိုမို အဆင်ပြေသော နည်းလမ်းသစ်များကို သိရှိလာပြီဖြစ်ရာ ဓာတ်ပေါင်းဖို စီမံကိန်းကိုလည်း အသက်သွင်းရန် ကြံစည်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံထွက် သယံဇာတများကို ရုရှားနိုင်ငံသို့ ဈေးပေါပေါဖြင့် ထုတ်လုပ်ရောင်းချ နေသလို ယခုထိ ပညာတော်သင် (၄၆၀၀)ကျော်ကို ရုရှားသို့ ပို့လွှတ်ပြီး ဖြစ်သည်။ ပြည်သူများ ရရှိခံစားသင့်သည့် နိုင်ငံပိုင် ငွေကြေးများအားလုံးကို နျူကလီးယား စမ်းသပ်မှုအတွက် ပုံအော အသုံးချခဲ့သည်။ အတိတ်က သမ္မတ ချန်ဒူးဝမ်ကိစ္စနှင့် ပတ်သတ်ပြီး သံတမန် ဆက်သွယ်မှုပင် ဖြတ်တောက် ထားခဲ့သည့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေး အရှိန်မြှင့် ဆောင်ရွက်သည်။

ထိုအခြေအနေများ အားလုံးတို့သည် မြန်မာ စစ်အစိုးရ အနေနှင့် နျူကလီးယား လက်နက်များအား မည်မျှ တောင့်တနေကြောင်း ဆက်စပ် ခန့်မှန်းနိုင်ပေသည်။ မြန်မာအဖို့ ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားတို့ အပေါ် အားကိုးအားထား ပြုပြီး လက်နက် ထုတ်လုပ်ရေး ကြံဆနေဆဲ ဖြစ်သည်။ နျူကလီးယား အတွက် အဓိက လိုအပ်သော ယူရေနီယမ် မိုင်းတွင်းများမှာ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တွေ့ရှိနိုင်သည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။ ကျောက်ပြုန်း၊ ဖောင်းပြင်နှင့် ကျောက်ဆင် ဒေသများတွင် ယူရေနီယမ် ထွက်ရှိနိုင်သည်ဟု ပညာရှင်များက ပြောဆိုခဲ့ကြသည်။

ထိုဒေသများတွင် ထွက်ရှိသည့် ယူရေနီယမ် ဓာတ်သတ္တုများအား တူးဖော် ထုတ်လုပ်နိုင်ရန် မြန်မာ စစ်အာဏာရှင်များက စီစဉ်လျက် ရှိကြသည်။

(၂၀၀၂)အတွင်း MIG-29 ခေတ်မီ ဂျက်တိုက်လေယာဉ်များ ရောင်းချမှုနှင့်အတူ ရုရှားနိုင်ငံသည် မြန်မာ စစ်အစိုးရအပေါ် လက်နက် အကူအညီများ ယခုထိ ပေးနေဆဲဖြစ်သည်။ နျူကလီးယားနှင့် ပတ်သတ်သမျှ တိုက်ရိုက် အကူအညီများ ပေးမည် မဟုတ်လျင်တောင် ထိရောက်သော အထောက်အကူများ ပေးနေဖွယ် ရှိနေသေးသည်။ မြောက်ကိုရီးယား ကမူ မည်သည့်နိုင်ငံ၏ မျက်နှာကိုမှ ကြည့်ရန် မလိုပေ။

မြန်မာ စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်အား ၎င်းတို့စိတ်ကြိုက် အလိုရှိသလို ပံ့ပိုးသွားဖွယ်ရှိသည်။ ကမ္ဘာ့ Major Power အသစ် ဖြစ်လာသည့် တရုတ်နိုင်ငံကလည်း အရှေ့တောင် အာရှဒေသအတွင်း ၎င်းတို့၏ သြဇာအာဏာကို အမေရိကန်နှင့် အပြိုင် တိုးချဲ့နိုင်ရန် မျှော်လင့်လျက်ရှိရာ မဟာမိတ်ဖြစ်သည့် မြန်မာအစိုးရအား ထောက်ခံသွားမည်မှာ မလွဲနိုင်ချေ။ အထူးသဖြင့် နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် မြန်မာနိုင်ငံ အနေနှင့် အရှေ့တောင်အာရှတွင် အင်အား အကြီးမားဆုံး လက်နက် နိုင်ငံတော်အဖြစ် သြဇာကြီးမား လာမည်ဖြစ်ရာ တရုတ်အဖို့ အကောင်းဆုံး စစ်ရေး မဟာမိတ်နိုင်ငံ တစ်နိုင်ငံ ရရှိသွားမည် ဖြစ်သည်။

တရုတ် အစိုးရမှ (၂၀၂၀)ခုနှစ် မတိုင်မီ မြန်မာ စစ်အစိုးရအနေနှင့် နျူကလီးယား ပိုင်ဆိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုထားကြောင်း သတင်းများပင် ထွက်ပေါ်လျက် ရှိသည်။

နျူကလီးယား လက်နက်ဟူသည် စွမ်းအား အလွန် ထက်မြတ်ကြောင်း လူတိုင်း သဘောပေါက်ပြီး ဖြစ်သည်။ ဟီရိုရှီးမား ဖြစ်ရပ်ကြီးသည် နျူကလီးယား စွမ်းအင်၏ ကြောက်စရာ အကောင်းဆုံး ပြယုဂ်ပင် ဖြစ်သည်။ ထို့ကြောင့်လည်း ကမ္ဘာ့ နိုင်ငံများသည် နျူကလီးယား လက်နက်များ ပြန့်ပွား သွားမည်ကို အလွန် စိုးရိမ်ကြပြီး လိုက်လံ ကာကွယ် တားဆီးနေခြင်း ဖြစ်သည်။ စစ်ရေးမူဝါဒ ပြင်းထန်သော၊ ရက်စက်ကြမ်းကြုတ်သော အစိုးရအဖွဲ့ တစ်ဖွဲ့၏ လက်ထဲသို့သာ အဆိုပါ နျူကလီးယား လက်နက်များ ရောက်ရှိသွားမည် ဆိုပါက မည်မျှ အန္တရာယ် ကြီးလာနိုင်ကြောင်း လူတိုင်း နားလည်နိုင်ပါလိမ့်မည်။

မြန်မာ စစ်အစိုးရသည် မည်သို့သော အစိုးရ ဖြစ်သည်ကို အထူး ပြောစရာ မလိုတော့ပါ။ ထိုသို့သော အာဏာရူး၊ စစ်ဘီလူးများ လက်သို့ နျူကလီးယား လက်နက်များ အမှန်တကယ် ရောက်ရှိသွားမည် ဆိုပါမူ ……… ဆက်မတွေးရဲတော့ သလို၊ ဆက်မရေးရဲတော့ သောကြောင့် ယခုဆောင်းပါးအား ဤနေရာတွင် အဆုံးသတ်လိုက်ပါသည်။ ။

အောင်ခိုင် ( လူထုအသံ - ရန်ကုန် )


လူ့မိစ္ဆာ တစ်စု၏ အိပ်မက် နျူကလီးယား လက်နက်များ
လက်ရှိ မြန်မာနိုင်ငံနှင့် မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ရင်းနှီးသော ဆက်ဆံမှု များက မြန်မာနိုင်ငံ အနေနှင့် နျူကလီးယား လုပ်ငန်း စဉ်များအတွက် အားထုတ် ကြိုးပမ်း နေပြီလား ဟူသော သံသယ မေးခွန်း တစ်ခုကို ပေါ်ပေါက် လာစေကြောင်း နိုင်ငံတကာ ရေးရာ သုတေသီများက ပြောကြား ခဲ့ကြသည်။ အာဏာရှင်စနစ် လက်အောက် ကျရောက်နေသော အဆိုပါ နှစ်နိုင်ငံအနက် မြောက်ကိုရီးယား နိုင်ငံသည် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားပြီး ဖြစ်ကာ ယခုအခါတွင် မြန်မာ နိုင်ငံအနေနှင့် မြောက် ကိုရီးယား ထံမှ နည်းပညာ အကူအညီများ ရယူကာ နျူကလီးယား လက်နက်များ ထုတ်လုပ်လာဖွယ် ရှိနေသည်။

လွန်ခဲ့သော (၃) လတာ အတွင်း မြန်မာ့ တပ်မတော် မှ ထိပ်တန်း အဆင့်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ အနည်းဆုံး (၃) ဖွဲ့မျှ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းသို့ သွားရောက် ခဲ့ခြင်းသည် အဆိုပါ သံသယ ဖြစ်ဖွယ် အနေအထားကို ပိုမိုအား ဖြည့်ပေး လျက်ရှိသည်။

မြန်မာ စစ်အစိုးရ အာဏာပိုင် များနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာသော သတင်းများ အရ စက်တင်ဘာလ လယ်က သွားရောက် ခဲ့သော ပြုံယမ်း ခရီးစဉ်အား မြန်မာ့ တပ်မတော်မှ ဗိုလ်ချုပ် အောင်သိန်းလင်းက ဦးဆောင် ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် စစ်လက်နက် ထုတ်လုပ်ရေး အကြီးအကဲ ဖြစ်သူ ဗိုလ်မှူးချုပ် တင်အေးနှင့် လေကြောင်း ကာကွယ်ရေး ဦးစီးမှူး ဗိုလ်မှူးချုပ် မြင့်လှိုင်တို့ သည်လည်း သြဂုတ် နှင့် ဇူလိုင်လ များ အတွင်းက ကမ္ဘာ့ထိပ်သီး ကွန်မြူနစ် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးများ သွားရောက် ခဲ့ကြသည်။

ထိုခရီးစဉ်များမှာ သမားရိုးကျ ချစ်ကြည်ရေး ရည်ရွယ်ချက် သက်သက်မျှမကဘဲ မြန်မာ့တပ်မတော်အတွင်း အင်အား ဖြည့်တင်းရန် အတွက် လက်နက်များ ၀ယ်ယူရေး ညှိနှိုင်းမှုများ ဆောင်ရွက် သွားရန် အတွက်လည်း ရည်ရွယ်ထားဟန် ရှိသည်။ မြန်မာ စစ်အစိုးရ အနေနှင့် လက်နက် ပစ္စည်းများ တိုးမြှင့် ၀ယ်ယူရန်အပြင် လေကြောင်းကာကွယ်ရေး ခေတ်မှီ လက်နက်ဆန်းများ ၊ ဒုံးကျည် စနစ်များ နှင့် တာဝေးပစ် ချေမှုန်းရေး လက်နက် ကြီးများ တပ်ဆင်သွား နိုင်ရန် အတွက်ပါ မြောက်ကိုရီးယား နိုင်ငံအား ချဉ်းကပ်နေခြင်း ဖြစ်နိုင်ဖွယ် ရှိသည်။

မြန်မာ စစ်အစိုးရ အနေနှင့် ထိုကဲ့သို့ နိုင်ငံအတွင်း စစ်ရေး လုံခြုံမှုများ အင်အား ဖြည့်တင်း ပြီးပါက ၄င်းတို့ အဓိက ဆန္ဒ ပြင်းပြစွာ လိုချင် မက်မော နေသော နျူကလီးယား လက်နက်များ ထုတ်လုပ် နိုင်ရေး အတွက် ပိုမို အားထည့် ကြိုးပမ်း နိုင်ရေး နီးစပ် သွားပြီ ဖြစ်သည်။ မြန်မာ အနေနှင့် မြောက် ကိုရီးယားမှ စစ် လက်နက်များ ၀ယ်ယူထားမှုကြောင့် မြောက် ကိုရီးယား ထံမှ နျူ လက်နက် နည်းပညာများ အကူအညီ ရနိုင်ဖွယ် ရှိနေသည်။ လက်ရှိ ရန်ကုန်တိုင်း တိုင်းမှူး တာဝန်ကို ရယူ ထားသော ဗိုလ်ချုပ် အောင်သိန်းလင်းသည် မြန်မာ နိုင်ငံ အတွင်း စက်မှု ထုတ်ကုန်များကို အဓိက ထုတ်လုပ် ပေးနေသော အမှတ် (၂) စက်မှု ၀န်ကြီး ဌာနကို ကြိုးကိုင် ခြယ်လှယ် နေသူ လည်း ဖြစ်သည်။

(၁၉၉၈) ခုနှစ် နောက်ပိုင်း အမှတ်(၂) စက်မှုဝန်ကြီးဌာန ၀န်ကြီး များသည် မြန်မာ့နျူကလီးယား စွမ်းအင် လေ့လာရေး အဖွဲ့ကြီး၏ ခေါင်းဆောင် တာဝန်ကိုလည်း ယူရလေ့ ရှိသည်။ မြန်မာနိုင်ငံ အတွင်း နျူကလီးယား စွမ်းအင် ကိစ္စများကို သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးဌာနမှ တရားဝင် တာဝန် ယူထားသော်လည်း နျူကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရေး စီမံကိန်းကြီးတွင် အမှတ် (၂) စက်မှုဝန်ကြီး ဌာနမှာ အခရာ ကျလာ ပေလိမ့်မည်။

မြန်မာ နိုင်ငံ၏ အနုမြူ လက်နက် စီမံကိန်းသည် (၁၉၉၈) ခုနှစ် ကတည်း က လျှို့ဝှက်စွာ ကြံစည် နေခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။ (၁၉၉၈)ခုနှစ်၊ မေလ အတွင်း မြန်မာ့ အိမ်နီးချင်း ပါကစ္စတန် နိုင်ငံက နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲခဲ့ပြီးနောက် အာရှဒေသ အတွင်း အနုမြူ လက်နက်များ ပြန့်နှံ့ လာမည်ကို တစ်ကမ္ဘာလုံးက ထိတ်လန့် စိုးရိမ် လာခဲ့သည်။

ထို အချိန်က မြန်မာ စစ် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အက်တမ် စွမ်းအင် ဥပဒေအား ဇွန်လ(၈) ရက် နေ့ တွင် ထောက်ခံ လက်မှတ် ရေးထိုး ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ပါကစ္စတန် နိုင်ငံနှင့် ဆက်သွယ်မှုများ ပြုလုပ်ကာ နျူကလီးယား လမ်းစဉ် အပေါ် စတင် စိတ်ဝင်စား လာခဲ့သည်။ အချို့ သော နိုင်ငံရေး အကဲခတ် များက မြန်မာ စစ်အစိုးရ အနေနှင့် နိုင်ငံတကာ တိုက်ခိုက် မှုများအတွက် ပြင်ဆင်နိုင်ရန်နှင့် နိုင်ငံ၏ မဟာ ဗြူဟာ စစ်လက်နက် စွမ်းရည်ကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက် များဖြင့် နျူကလီးယား လက်နက်များ ထုတ်လုပ် သွားနိုင်ရေးကို မျက်စိကျလာခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်း ခဲ့ကြသည်။

ယခင် ကတည်းက နိုင်ငံ၏ ၀င်ငွေ အတော် များများကို စစ်လက်နက်များ ၀ယ်ယူရေးတွင်သာ ပုံအော အသုံးချခဲ့သော မြန်မာ စစ်အစိုးရ အနေနှင့် အလွန် အစွမ်းထက်သော နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခွင့် ရမည်ဆိုလျင် ငွေကြေး မည်မျှ ကုန်ကုန် အလျင်း ဂရုစိုက်ဖွယ် မရှိချေ။

(၂၀၀၁) အစော ပိုင်းက မြန်မာနိုင်ငံ၏ မဟာမိတ် နိုင်ငံဖြစ်သော ရုရှားနိုင်ငံက မြန်မာ နိုင်ငံအတွင်း စွမ်းအင် ထုတ်လုပ်ပေးရန် ရည်ရွယ်ချက်ဖြင့် နျူကလီးယား ဓါတ်ပေါင်းဖို တစ်ခု ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း စတင် လေသံပစ် လာခဲ့သည်။ ရုရှား၏ အနုမြူ စွမ်းအင် ဌာနက မြန်မာ နိုင်ငံအတွင်း သုတေသနပြု ဓါတ်ပေါင်းဖိုတစ်ခု ဆောက်လုပ်သွားရန် အစီအစဉ် ရှိနေကြောင်း ကြေငြာ ခဲ့သည်။ နောက် တစ်နှစ်အကြာတွင်မူ ထိုစဉ်က မြန်မာ့ နိုင်ငံ ခြားရေးဝန်ကြီး ဦး ခင်မောင်ဝင်းက စွမ်းအင် ထုတ်လုပ် နိုင်မည့် နျူကလီးယား သုတေသန ဓါတ်ပေါင်းဖို တစ်ခု မြန်မာ စစ်အစိုးရ အနေနှင့် စမ်းသပ် တည်ဆောက် သွားမည် ဖြစ်ကြောင်း ပြည်သူ လူထုအား အသိပေး ကြေညာလိုက်သည်။

မြန်မာ နိုင်ငံ သည် နျူကလီးယား ရူပဗေဒ အတတ် ပညာများ ဆည်းပူး လေ့လာ နိုင်ရန် အတွက် တပ်မတော်မှ ပညာတော်သင် စစ်သည် ထောင်နှင့် ချီပြီး ရုရှားသို့ ပို့ဆောင်ခဲ့သည်။ မူလက ရုရှား အကူအညီ နှင့် တည်ဆောက်မည့် နှူကလီးယား ဓာတ်ပေါင်းဖို စီမံ ကိန်းသည် (၂၀၀၃) ခုနှစ် တွင် စတင် နိုင်မည်ဟု မျှော်မှန်းထားသော်လည်း ဘဏ္ဍာရေး ဆိုင်ရာ အကြပ် အတည်းများကြောင့် (၁၀) မီဂါဝပ် ဓါတ်ပေါင်းဖို တည်ဆောက်ရေး မှာ (၂၀၀၇) မေလ ရောက် သည်အထိ စတင် နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

အဆိုပါ ဓါတ်ပေါင်း ဖိုသည် လက်နက် ထုတ်လုပ် နိုင်စွမ်း မရှိသည့် ယူရေနီယမ် အဆင့်(၂၃၅) လောင်စာကိုသာ အသုံးပြုမည် ဖြစ်ပြီး ထို ဓါတ်ပေါင်း ဖိုကို ကုလ သမဂ္ဂ လက်အောက်ရှိ နိုင်ငံတကာ အနုမြူ ထိန်းချုပ်ရေး အဖွဲ့ကြီးက စနစ် တကျ စောင့်ကြည့်သွားမည် ဖြစ်သောကြောင့် မြန်မာ စစ်အစိုးရ အနေနှင့် အနုမြူ လက်နက်များ ထုတ်လုပ်နိုင်ရေး မျှော်လင့်ချက်နှင့် ဝေးကွာနေဆဲ သာဖြစ်သည်။ သို့သော်လည်း နျူကလီးယား နည်းပညာများနှင့် ထိတွေ့ ရင်းနှီးခွင့် ရလာမည် ဖြစ်သလို အက်တမ်ဆိုင်ရာ သီအိုရီများ၊ ဗဟု သုတများ ကိုလည်း ပိုမို နားလည် သိရှိလာမည်ဖြစ်ရာ ပြင်ပ အထောက်အပံ့များ ရရှိနိုင် ခဲ့မည် ဆိုပါက အနုမြူ လက်နက် စီမံကိန်း စတင်နိုင်ရေး အတွက် အခြေခံ ကောင်းများသဖွယ် ဖြစ်နေခဲ့သည်။

ယခုသော် အနုမြူလက်နက်များ ပိုင်ဆိုင်နေသော ကမ္ဘာ့ထိပ်သီး ကွန်မြူနစ် လက်နက် နိုင်ငံတော် ကြီး တစ်ခုနှင့် မြန်မာ စစ်အစိုးရတို့ သူတော် ချင်းချင်း သတင်း လွေ့လွေ့ ပေါင်းဖက် တွေ့ကြပြီ ဖြစ်သည်။ မြောက်ကိုရီးယားသည် နိုင်ငံတကာ တောင်းဆိုမှု များကို လျစ်လျူရှုပြီး နျူကလီးယား လက်နက်များ ဆက်လက် စမ်းသပ် ထုတ်လုပ် နေသော စစ်ဖက် အသားပေး နိုင်ငံ တစ်နိုင်ငံ ဖြစ်သလို မြန်မာ နိုင်ငံသည်လည်း စစ်အင်အား တိုးချဲ့ရေးအတွက် ထိပ်တန်း မဟာမိတ်များ လိုအပ်နေချိန် ဖြစ်သည်။

မြောက် ကိုရီးယား နိုင်ငံအား မြန်မာ စစ်အစိုးရ အနေနှင့် (၁၉၈၃)ခုနှစ်က အလည်အပတ် လာရောက် သော တောင်ကိုရီးယား နိုင်ငံ့ ခေါင်းဆောင် ချန်ဒူးဟွမ်အား မြောက်ကိုရီးယား သူလျှိုများက ရန်ကုန်မြို့တွင် လာရောက် ဗုံးခွဲ လုပ်ကြံ ရန် ကြိုးပမ်းခဲ့မှု နောက်ပိုင်း ဆက်ဆံရေး ဖြတ်တောက် ထားခဲ့ရာမှ ယခုကဲ့သို့ အလွန်တရာ ကောင်းမွန် သော ဆက်ဆံရေး တစ်ရပ် ပြန်လည် တည်ဆောက် နိုင်ရန် ကြိုးပမ်း လာခြင်းမှာ နျူကလီးယား နည်း ပညာများ အကူအညီ ရရှိလိုမှုအတွက် ဖြစ်နိုင်ချေ အလွန် များနေသည်။

အမေရိကန် အစိုးရ အနေနှင့် လက်ရှိ မြန်မာ - မြောက် ကိုရီးယား နွေးထွေးသော ဆက်ဆံရေး များကို သံသယ ရှိနေပြီး (၂၀၀၇)ခုနှစ် အတွင်းကတည်းက မြန်မာ စစ်အစိုးရအား အနုမြူ လက်နက်များ စမ်းသပ် ထုတ်လုပ်မှု မပြုရန် လက်မှတ် ရေးထိုးထားသည့် စာချုပ်အပေါ် လေးစားမှုရှိရန် သတိပေးထားသည်။ သို့သော်လည်း လက်တလော ကာလအတွင်း ပြုံယမ်းသို့ မြန်မာ ချစ်ကြည်ရေး အဖွဲ့များ အကြိမ်ကြိမ် သွားရောက် နေမှုမှာ နျူကလီးယား လက်နက် မပြန့်ပွားရေး ကြိုးပမ်း နေကြသော နိုင်ငံတကာ အဖွဲ့အစည်းများ အတွက် အချက်ပေး ခေါင်းလောင်း ထိုးလိုက်သလို မြန်မာ ပြည်သူများ အတွက်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းသော သတင်းတစ်ရပ် ဖြစ်လာခဲ့သည်။

လက်ရှိ အခြေ အနေတွင်ပင် လက်နက် အားကိုး ဖြင့် ပြည်သူများအပေါ် အနိုင်အထက် ပြုကျင့်နေသော စစ်အစိုးရ လက်ထဲသို့သာ အလွန် အဖျက်စွမ်းအား ကြီးသော နျူကလီးယား လက်နက်များ ရောက်ရှိ သွားမည် ဆိုပါက မြန်မာ ပြည်သူများ အနေနှင့် ဟစ်တလာ အယောက် (၁၀၀) နှင့် တပြိုင်တည်း ကြုံရသလို ဖြစ်လာ ပေလိမ့်မည်။ အကြမ်းဖက်မှုကို လိုလားသော၊ လက်နက် အားကိုး အနိုင်ကျင့် တတ်သော စစ်အစိုးရ အနေနှင့် မြောက်ကိုရီးယား ထံမှ နည်းပညာ၊ ဓါတ်သတ္တု ပစ္စည်းများ အပါအ၀င် အကူအညီ အထောက် အပံ့များ မရရှိ နိုင်ပါဟု မည်သူမျှ ငြင်းချက် မထုတ်နိုင်ချေ။ မြန်မာ စစ်အစိုးရ အနေနှင့် မူ ၄င်းတို့၏ မျှော်လင့်ချက် ရောင်နီသည် ပြုံယမ်း အရပ်ဆီမှ တဖြည်းဖြည်း သမ်းလာ နေပြီ ဖြစ်သည်။

နျူကလီယား စွမ်းအင်သည် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအတွက် အလွန် အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်သည်ကား အသေအချာ ပင်ဖြစ်သည်။ သို့သော်လည်း မြန်မာ စစ်အစိုးရ ကဲ့သို့သော လူ့မိစ္ဆာများ လက်သို့ အဆိုပါ လက်နက်ဆန်းများ ရောက်ရှိ သွားခဲ့ပြီဆိုလျင်ကား ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုး အန္တရာယ်သည် ကြိုတင် ခန့်မှန်း နိုင်ခြင်း မရှိလောက်အောင် ကြီးမား ကျယ်ပြန့် လာပေလိမ့်မည်။

ထို့ကြောင့်လည်း လက်နက် အားကိုးနှင့် ကမ္ဘာ့အလယ် ငပွကြီး လုပ်နေသော မြန်မာ စစ်အစိုးရ လက်သို့ စွမ်းအား ကြီးမားသော အဖျက် လက်နက်များ ရောက်ရှိ မသွားနိုင်ရေးအတွက် ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့များ အနေနှင့် ထိန်းသိမ်း ဆောင်ရွက် သွားနိုင်ရေးသာ မျှော်လင့်ချက် ထားနေရမည် ဖြစ်တော့သည်။

အောင်ခိုင် ( လူထုအသံ )


Ref: လူထုအသံ

မြန်မာ့ နျူကလီးယားဝှက်ဖဲ
Friday, 13 July 2007
အောင်ဇော်

ရုရှနိုင်ငံ အဏုမြူစွမ်းအင်အေဂျင်စီ Rosatom ၏ အကူအညီဖြင့် ၁၀ မီဂါဝပ်အင်အားရှိ အဏုမြူဓါတ်ပေါင်းဖို တလုံး တည်ဆောက်ရန် အစီအစဉ်ကို မြန်မာစစ်အစိုးရက အတည်ပြုလိုက်ခြင်းကြောင့် မြန်မာ့အရေး လေ့လာ အကဲဖြတ်နေ သူများအကြားတွင် ထိတ်လန့်မှု၊ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

နိုင်ငံတကာမှ ဖယ်ကျဉ်ထားမှုနှင့် ပိတ်ဆို့ခြင်းများ ရင်ဆိုင်နေရသော နေပြည်တော်ရှိ စစ်အစိုးရက အဏုမြူဓာတ် ပေါင်းဖိုကို “ငြိမ်းချမ်းသောကိစ္စများအတွက် သက်သက်သာ” အသုံးချရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်သည် ဟု အခိုင်အမာ ပြောဆိုနေသည်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းက မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အသုံးချရေး ရည်မှန်းချက်အတွက် အဏုမြူ လောင်စာအပေါ် စိတ်ဝင်စားမှုသည် ရှေးယခင်ကာလများ ကတည်းက ရှိနေခဲ့သည်ဟု ထုတ်ဖေါ် ပြောဆိုခဲ့ဖူးသည်။

သို့သော်လည်း မြန်မာပြည်တွင်းနှင့် ပြည်ပရှိ အင်အားစုများအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းကမူ ဤအာမခံချက်ကို သံသယဖြင့်သာ စောင့်ကြည့်နေဆဲ ဖြစ်သည်။

ဤသံသယကို အခြားအချက်များကလည်း အားဖြည့်ပေးပြန်သည်။ ရိုဆာတွမ် Rosatom အာဏာပိုင်များ၏ အဆိုအရ ယူရေနီယမ် ၂၃၅ (Uranium 235) ၂၀ ရာခိုင်နှုန်းထက်လျော့နည်း၍ လောင်စာပေးရန် လိုအပ်သော ၁၀ မီဂါဝပ် အဏုမြူ ဓာတ်ပေါင်းဖိုသည် မြန်မာနိုင်ငံ၏ နျူကလီးယားရူပဗေဒ၊ ဇီဝ-သိပ္ပံနည်းပညာ၊ ရုပ်ဝတ္ထုသိပ္ပံ သုတေသနလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေပြီး ဆေးဝါးပေါင်းများစွာ ထုတ်လုပ်ရာတွင်လည်း အထောက်အကူဖြစ်စေမည်ဟု ဆိုခဲ့ကြပါသည်။ လုပ်ငန်းစီမံကိန်းဆိုင်ရာအသေးစိတ် ပထမအဆင့် ဆွေးနွေးပွဲ များ စတင်နေပြီဖြစ်ပြီး နောက်ထပ် ဆွေးနွေးပွဲများကိုလည်း ယခုနှစ် ဒုတိယပိုင်းတွင် ဆက်လက်ဆွေးနွေးရန် ပြင်ဆင်ထားကြပါသည်။

နျူကလီးယားစွမ်းအင်ထုတ်လုပ်လိုသော မြန်မာနိုင်ငံ၏ စိတ်ဝင်စားမှုသည် အသစ်အဆန်းတော့ မဟုတ်ပေ။ ၁၉၅၀ ခုနှစ် များကပင် ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဌာန (UBAEC) ကို တည်ထောင်၍ ဦးလှညွန့်အား ဦးဆောင်စေခဲ့ ပါသည်။ ဦးလှညွန့်သည် ၁၉၄၉ ခုနှစ်တွင် နိုဘဲလ်ဆု ချီးမြှင့်ခံခဲ့ရသော နာမည်ကျော် ဂျပန် လူမျိုး ရူပဗေဒပညာရှင် ဟိုင်ဒီကီ ယူကာဝါ (Hideki Yukawa) ထံတွင် ဆည်းပူး လေ့လာခဲ့သည့် ကျောင်းသားတဦး ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစမ်းအင်ဌာန (UBAEC) သည် လူငယ်များ၊ ထူးချွန်သော ရူပဗေဒ ပညာရှင်များကို စုစည်း၍ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ နောက်ထပ် လေ့လာမှုများပြုလုပ်ရန် စေလွှတ်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ်တွင် အမေရိကန်စွမ်းအင်ဝန်ကြီးဌာန၏ အကြီးဆုံးသုတေသန ဌာနများအနက်မှ တခုဖြစ်သော အာဂိုနဲ အမျိုးသား ဓာတ်ခွဲခန်း (Argonne National laboratory) တွင် အနည်းဆုံး ခြောက်ဦး လေ့လာခွင့်ရခဲ့ ပါသည်။

ထိုကာလများတွင် မြန်မာနိုင်ငံသည် အိမ်နီးနားချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နျူကလီးယား လုပ်ငန်းတွင် များစွာ ရှေ့တန်း ရောက်ရှိနေခဲ့ပါသည်။ ၁၉၆၀ ခုနှစ် အစောပိုင်းကာလများတွင်ပင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ် ကျောင်းပရ၀ဏ် အတွင်း၌ အဏုမြူသုတေသန ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန်အတွက် နေရာလျာထား သတ်မှတ်ခဲ့ဖူးပါသည်။

၁၉၆၂ ခုနှစ်၌ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းအပြီး နောက်ပိုင်းတွင် (UBAEC) သည် ရပ်ဆိုင်း အသက်မဲ့ သွားခဲ့ရပါသည်။ ဗိုလ်ချုပ်ကြီးက သူ၏ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ထူထောင်ရေးအတွက် အလုပ်ရှုပ် နေခဲ့သလို ကြီးမားသည့် ခြိမ်းခြောက် မှုဖြစ်နေသော ကွန်မြူနစ်သူပုန်များနှင့် တိုင်းရင်းသား လက်နက်ကိုင် သူပုန်များ၏ ရန်ကို တန်ပြန်တိုက်ခိုက်ရန်အတွက် သူ၏အာဏာအုတ်မြစ်ကို အခြေခိုင်အောင် တည်ဆောက် နေရင်းဖြင့် အချိန်ကုန်နေသော ကာလဖြစ်သည်။ ၎င်းတို့ထက် ပို၍အရေးကြီးသောအချက်မှာ အာဏာရှင်ဗိုလ်ချုပ်ကြီးက ဦးလှညွှန့်ကို မယုံကြည်ခြင်း ဖြစ်သည်။

၁၉၈၄ ခုနှစ် ညစာစားပွဲ တခုတွင် တက္ကသိုလ်ပါမောက္ခများအား ၎င်းလုပ်ငန်းကို အဆုံးသတ်ခဲ့ခြင်းကြောင့် သူ့အနေဖြင့် အမှားတခုကို ကျူးလွန်မိခဲ့သည်ဟု ဦးနေ၀င်းက ၀န်ခံခဲ့ပါသော်လည်း မြန်မာ့ အဏုမြူ စီမံကိန်းသည် ဤသို့ဖြင့် တိမ်မြုပ် သွားခဲ့ရတော့သည်။

လက်ရှိစစ်အစိုးရက ၎င်းအဏုမြူစီမံချက်ကို ပြန်လည် ဆန်းသစ်လာစေခဲ့သည်။ ၁၉၅၀ ခုနှစ်များတွင် ဦးလှညွှန့်၏ ကျောင်းသားတဦးဖြစ်သော ရခိုင်လူမျိုးပါမောက္ခ ဦးသိန်းဦးဖိုးစောက ၁၉၉၀ ခုနှစ်တွင် အဏုမြူစွမ်းအင် ကော်မတီအား အသစ်ပြန်လည် မွေးဖွားခဲ့ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် အသစ်တဖန် စတင် ဆက်သွယ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် ၎င်း၏ “ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက်” အဏုမြူစွမ်းအင် ထုတ်လုပ်ရေး ဆန္ဒရှိနေ သည်ကို ဖော်ပြလာခဲ့သည်။

အပြင်ပန်းအားဖြင့် စစ်အစိုးရသည် နျူကလီးယား ကင်းလွတ်သောနယ်မြေဟူသော အယူအဆကို ထောက်ခံထားသည်။ ၁၉၉၅ ခုနှစ်တွင် ဘန်ကောက်သဘောတူညီချက် စာချုပ်ဟု လူသိများသော အရှေ့တောင် အာရှ ဒေသအတွင်း နျူကလီးယားလက်နက်ကင်းလွတ်ရေးဇုန် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ နောင်တနှစ် အကြာတွင် မြန်မာနိုင်ငံက နျူကလီးယားစမ်းသပ်မှုများ လုံးဝ ကင်းရှင်းစေရေး စာချုပ် Comprehensive Nuclear Test Ban Treaty ကို လက်မှတ် ရေးထိုးခဲ့ပြန်သည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံသည် နျူကလီးယားဓာတ်ပေါင်းဖို တခုတည်ဆောက်ရန် စီစဉ်နေခဲ့သည်။ သိပ္ပံနှင့် စွမ်းအင်ဝန်ကြီး ဌာနအား ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စစ်တက္ကသိုလ် (ဒီအက်စ်အေ) အပတ်စဉ်- ၁ ဆင်း အစွန်းရောက်အမျိုးသားရေးဝါဒီ ဦးသောင်းကို ဦးဆောင်စေခဲ့သည်။ နောင်၂ နှစ် ကြာသော အခါတွင် မြန်မာ နိုင်ငံသည် ရုရှနိုင်ငံနှင့်စတင်၍ နျူကလီးယား စီမံချက်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ စတင်ပြုလုပ်လာခဲ့သည်။ ၂၀၀၂ ခု ဇန်န၀ါရီလတွင် စစ်အစိုးရသည် နျူကလီးယား သုတေသန ဓာတ် ပေါင်းဖိုတခုအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ရန် အစီအစဉ် ရှိကြောင်းကို အတည်ပြု ပြောကြားလာခဲ့သည်။

မျှော်မှန်းထားသလိုပင် ပြည်ပရောက် မြန်မာအတိုက်အခံများသည် ဤကိစ္စအပေါ် သတင်း အချက်အလက်များ အနံ့ခံစုစည်းခြင်းဖြင့် အလုပ်များနေခဲ့သည်။ သို့သော် ခိုင်မာသော သက်သေ အထောက် အထား အနည်း အကျဉ်းသာ ရရှိခဲ့ကြသည်။ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန် သတ်မှတ် ထားသော နေရာသည်ပင် အတိအကျ မသိရှိကြရသေးပေ။ အချို့သော အတိုက်အခံများက ကောင်းကင်ဂြိုဟ်တု မြေပုံကို ဖော်ပေးနိုင်သော ဂူးဂဲလ် အတ်သ် (Google Earth) ကွန်ပျူတာစနစ်ကို အသုံးပြု၍ ဖြစ်နိုင်ခြေနေရာ များကို ထောက်ပြကြသလို မြန်မာပြည်အလယ်ပိုင်းရှိ အဆောက် အဦများကိုပင် ညွှန်ပြကြသည်။ မကွေးမြို့ဟု တောက်လျှောက် ညွှန်းပြပြောဆိုနေကြသည်။ အကယ်၍သာ အဏုမြူ ဓာတ်ပေါင်း ဖိုအား စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုရန်တည်ဆောက်မည် ဆိုပါက တည်ဆောက်မည့် နေရာသည် နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် ထားမည်မှာ သေချာလှသည်။ သို့သော်လည်း နျူကလီးယား ပိုင်ဆိုင်သော မြန်မာနိုင်ငံ ဖြစ်လာမည့်အရေးမှာ မည်သို့ပင်ဆိုစေ နှစ်ပေါင်းများစွာ ကြာမြင့်ပါလိမ့်ဦးမည်။

ယခုအချိန်တွင်တော့ မြန်မာနိုင်ငံ၏ နျူကလီးယားပိုင်ဆိုင်လိုသည့် စိတ်ဆန္ဒကို ဖြည့်ဆည်းပေးနေသော ရုရှနိုင်ငံ၏ အခန်းကဏ္ဍ အပေါ်တွင်သာ ပို၍ အာရုံစိုက်လာကြသည်။ တပြိုင်နက် တည်းမှာပင် ပြည်ပရှိ အတိုက်အခံ အုပ်စုများနှင့် စစ်အစိုးရကို ဝေဖန်ပြောဆိုနေသူများက မြန်မာနိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံမှလည်း နျူကလီးယား နည်းပညာများကို ရယူရန် ကြိုးပမ်းနေသည်ဟု ဆိုကြသည်။ မြောက်ကိုရီးယားနိုင်ငံမှ စစ်ရေး သံတမန်များက အလည်အပတ်လာရောက်ခဲ့ သည်ကို တွေ့ခဲ့ကြရသည်။ ဤမျှမက မြောက်ကိုရီးယား နည်းပညာရှင်များသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မီးရထားတွဲ များပေါ်မှ ဆောက်လုပ်ရေး ပစ္စည်းများချပေးနေ သည်ကို မြင်ခဲ့ကြရသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိလာကြသည်။ ရုရှ လေယာဉ်ပျံများလည်း မြန်မာနိုင်ငံအလယ် ပိုင်းတွင် ဆင်းသက်နေသည်ကို တွေ့မြင်ကြရကြောင်း ဖော်ပြခဲ့ကြသည်။

အမေရိကန်အစိုးရကပင်လျှင် သံသယများရှိနေခဲ့သည်။ ၂၀၀၄ ခုနှစ်အစောပိုင်းတွင် အမေရိကန် အရာရှိများနှင့် ကွန်ဂရက် လွှတ်တော် အမတ်များက မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားအကြား လျှို့ဝှက် ဆက်ဆံရေး ပြန်လည်ထူ ထောင်နေမှုနှင့် ပတ်သက်၍ သတိပေး ပြောဆိုမှုများ ရှိလာခဲ့သည်။

အမေရိကန် ဆီးနိတ်၏ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌဟောင်း ရစ်ချတ် လူဂါက ၂၀၀၅ ခုနှစ်တွင် မြောက်ကိုရီးယား နိုင်ငံ၏ အဓိက ပြည်ပပို့ကုန်မှာ အန္တရာယ်ရှိသော လက်နက် နည်းပညာများ ဖြစ်ပြီး ၎င်းသည် အာရှဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ် ရေးကို အဓိက ခြိမ်းခြောက်မှုတခု ဖြစ်သည်ဟု သတိပေး ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း မြန်မာအစိုးရထံသို့ မြောက်ကိုရီးယား နိုင်ငံမှ ဒုံးကျည်များ လွှဲပြောင်း လက်ခံခဲ့သည်ဟူသော ကောလာဟလထွက်လာမှု အပေါ် စိုးရိမ်မကင်းဖြစ်မှုကို တရားဝင်စာရေး ပေးပို့ လာခဲ့ဖူးသည်။

၎င်းဖြစ်ထွန်းမှုများတွင် အရေးအကြီးဆုံးသော အချက်တချက်မှာ လွန်ခဲ့သော ဧပြီလက မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့ သံတမန်ဆက်ဆံရေး ပြန်လည်လမ်းဖွင့်ခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတ ချွန်ဒူးဝမ် ဦးဆောင်သော အစိုးရဧည့်ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယား အကြမ်းဖက် သမားများက ရန်ကုန်မြို့တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သော (၁၉၈၃ ခုနှစ်) လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေး ပျက်စီး ရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်း လူသိရှင်ကြား ပြန်လည် ဆက်ဆံကြခြင်း ဖြစ်သည်။

အမှန်တွင် ဤနှစ်နိုင်ငံကြား နှစ်များကြာမြင့်စွာကပင် ပြန်လည်၍ လျှို့ဝှက်ဆက်ဆံနေပြီး ဖြစ်သည်။ မြန်မာနိုင်ငံက ၎င်း အတွက်လိုအပ်နေသော သမားရိုးကျလက်နက်များ အပူတပြင်းရှာဖွေနေရင်း ယခုကဲ့သို့ ပို၍ အဆင့်မြင့် တိုးတက်လာ နေခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကာကွယ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ တစိုက် မတ်မတ်လေ့လာနေခဲ့သူ အင်ဒရူး ဆဲလ်သ် (Andrew Selth) က မကြာသေးခင်ကမှ ထုတ်ဝေ ခဲ့သည့် “မြန်မာ နိုင်ငံနှင့် နျူကလီးယားနည်းပညာပြန့်ပွားမှု။ မူဝါဒရေးရာနှင့် ထင်မြင် သုံးသပ်ချက်များ” (Burma and nuclear proliferation: policies and perceptions) ဟူသော အစီရင်ခံစာတွင် ၁၉၉၀ ခုနှစ်များ၌ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ ၁၅၀ မမဒုံးကျည် ၁၆ လက်၊ M 46 အမျိုးအစား တိုက်ပွဲဝင်လက်နက်များအပါအ၀င် သမားရိုးကျလက်နက်များနှင့် ကျည်ဆံ အမြောက်အများ ၀ယ်ယူခဲ့သည် ဟု ဖော်ပြရေးသားထားခဲ့ပါသည်။ သတင်းများအရ မြန်မာနိုင်ငံကလည်း စစ်ရေး မစ်ရှင် အဖွဲ့များနှင့် အရာရှိများကို ပြုံယမ်းသို့ စေလွှတ်ခဲ့သည် ဟုလည်း ဆိုပါသည်။ ထိုကဲ့သို့သော စစ်ရေးအရ ဆက်ဆံမှုများသည် ပြဿနာပိုကြီးရန်၊ အန္တရာယ်ပိုများ ရန်သာ ဖြစ်စေနိုင်ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ထိပ်တန်းစစ်ခေါင်းဆောင်များအကြား မည်သို့ တွေးခေါ်နေကြသည်ကို အတိ အကျ သိရန် ခက်ခဲလှသော်လည်း စစ်အင်အားကို အခြေခံ၍ “စတုတ္ထ မြန်မာနိုင်ငံတော်”ကို တည်ထောင်မည် ဟူသော အိပ်မက်များ ကိန်းအောင်းနေကြသည်မှာ လူအများ သိထားကြသည့်ကိစ္စ ဖြစ်ပါသည်။ ၎င်းတို့၏ နျူကလီးယားမျှော်လင့်ချက်အပေါ် မရေရာမှုများ ရှိနေခြင်းကပင်လျှင် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကဲ့သို့သော နိုင်ငံများအပေါ် ခြိမ်းခြောက်မှု ဖြစ်လာစေပါသည်။ နျူကလီးယားလက်နက် လက်ဝယ် ပိုင်ဆိုင်ထားပါက အနောက်နိုင်ငံများနှင့် ဆက်ဆံရာတွင် လည်းကောင်း၊ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရာတွင် လည်းကောင်း အသာစီးရစေနိုင်မည်ဟု မြန်မာ စစ်ဗိုလ်ချုပ်ကြီး များက ယုံကြည်ကောင်း ယုံကြည် နေနိုင်ပါသည်။

မြန်မာနိုင်ငံမှ သုတေသနပညာရှင်များအဆိုအရ စစ်အစိုးရသည် ၂၀၂၅ ခုနှစ်တွင် နျူကလီးယား ပိုင်ဆိုင်သော တိုင်းပြည်တခုအဖြစ် အပြီးတည်ဆောက်ရန် မျှော်မှန်းထားသည်ဟု သိရသည်။ ဦးနေ၀င်း အစိုးရလက်ထက်နှင့် လက်ရှိ စစ်အစိုးရကိုပါ အကြံဥာဏ်များ ဆက်လက်ပေးနေသော မြန်မာ ပါမောက္ခအချို့ကပင် စစ်အစိုးရသည် မီဂါဝပ် ၁၀၀ မှ ၄၀၀ အင်အားရှိသည့် နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်ရန် စီစဉ်နေသည်ဟု ဖွင့်ဟ ပြောဆိုလာခဲ့ကြသည်။ ဤအစီအစဉ်များတွင် အသေးစား ဓာတ်ပေါင်းဖိုများ တည်ဆောက်ရန်နှင့် နျူကလီးယား သုတေသန လုပ်ငန်းများ ထပ်မံ တိုးချဲ့ ဆောင်ရွက်ရန်လည်း ပါရှိသည်ဟု အဆိုပါပညာရှင်များက ပြောပြကြသည်။

ဦးသိန်းဦးဖိုးစောအပြင် ၀န်ကြီး ဦးသောင်းသည်လည်း မြန်မာပြည်၏ နျူကလီးယားစီမံချက် အထမြောက်ရေး အတွက် ဆောင်ရွက်လျှက်ရှိသည်။ ရုရှ အဏုမြူအေဂျင်စီ၏ တာဝန်ရှိသူဖြစ်သော ဆာဂျီ ကီရီယန်ကို (Sergi Kiriyenko) နှင့် ဦးသောင်းသည် မော်စကိုမြို့၌ ပြီးခဲ့သည့် ဇွန်လတွင် ဓာတ်ပေါင်းဖိုတည်ဆောက်ရေး သဘော တူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဦးသောင်းက ဗိုလ်ချုပ်သန်းရွှေနှင့် နီးစပ်သူ၊ ၎င်း၏လက်ထောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့် နီးစပ်သူတဦးဟုလည်း လူအများ သိထားကြသူ ဖြစ်သည်။

ဦးသောင်းသည် မြန်မာပြည်၏ ဓာတ်သတ္တုနှင့် ယူရေနီယမ်လုပ်ငန်းများတွင် အထူးကျွမ်းကျင်သူ တဦးဖြစ်ပြီး စစ်တပ် ရာထူးမှ အနားယူချိန် ၁၉၈၀ ခုနှစ်များမှစ၍ မြန်မာနိုင်ငံ၏ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေတူးဖေါ် ရေးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ယူလာခဲ့သူလည်း ဖြစ်သည်။

စစ်တပ်အပေါ် သူ၏သစ္စာရှိမှုမှာ မေးခွန်းထုတ်စရာမလိုအောင် အပြည့်အ၀ဖြစ်ပြီး လက်ရှိစစ်အစိုးရ အောက်တွင်လည်း ဆက်လက်တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးခံရပြီး နောက်ပိုင်းတွင် ရန်ကုန်သို့ ပြန်ခေါ်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနကို ဦးဆောင် တည်ထောင်စေခဲ့ခြင်း ဖြစ်သည်။ ရုရှနိုင်ငံနှင့် ဆက်ဆံရေး တည်ဆောက်ရန်၊ ဓာတ်ပေါင်းဖို စီမံချက်အား စတင်ရန်ကိုပါ တဆက်တည်း ညွှန်ကြားခံခဲ့ရသည်။

တာဝန်ယူချိန်မှစ၍ လွန်ခဲ့သော ၇ နှစ်တာကာလအတွင်း သဘောတူစာချုပ် အထမြောက်စေရန် အတွက် ဦးသောင်းသည် မော်စကိုသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ပြီး ငွေပေးချေရေး ကိစ္စများအပေါ် သဘောတူညီမှု မရနိုင်ခဲ့သောကြောင့် ကနဦး ဆွေးနွေးပွဲများသည် ၂၀၀၃ ခုနှစ်တွင် ရပ်နားထားခဲ့ရသည်။ သို့သော်လည်း ယခု အချိန်တွင် သဘာဝ ဓာတ်ငွေ့သိုက်ကြီးများ အသစ်ထပ်မံ တွေ့ရှိလာနေသည်နှင့် အမျှ ငွေကြေးကိစ္စ အတွက် စစ် အစိုးရက ပြဿနာအဖြစ် ပူပန်နေစရာ မလိုတော့ပေ။

မြန်မာနိုင်ငံတွင် သိပ္ပံနှင့်အင်ဂျင်နီယာကျောင်းသားများ ရှိသော်လည်း ဦးသောင်းက သဘောပေါက်လာသည်မှာ ၎င်းတို့တွင် နျူကလီးယားပညာရပ်ဆိုင်ရာ အသိပညာ နှင့် သင်တန်းများ လိုအပ်နေသေးသည်ဟု နားလည်လာခဲ့ သည်။ ဤသို့ဖြင့် ကျောင်းသားများနှင့် စစ်တပ်အရာရှိများကို မော်စကိုသို့ ပညာသင်စေရန် စတင်၍ စေလွှတ်လာ ခဲ့သည်။၂၀၀၆ ခုနှစ်တွင် နျူကလီယား ရူပဗေဒဌာနများကို ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းဝင်ခွင့်ကို အစိုးရက ကိုယ်တိုင် ထိန်းချုပ်ထားသည်။

လွန်ခဲ့သောနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှသံအမတ်ကြီး ဒေါက်တာ မီခေးလ် အမ် မတ်ဂလဒ်ဇီ (Dr. Mikhail M. Mgeladze) က နှစ်နိုင်ငံ သဘောတူညီချက်အရ ရုရှနိုင်ငံ၏ အဆင့်မြင့်ကျောင်း ၁၁ ကျောင်းတွင် မြန်မာကျောင်းသား ၂,၀၀၀ ခန့်ကို ပညာသင်ကြားခွင့်ပြုထားကြောင်းနှင့် ကျောင်သား ၅၀၀ ခန့်သည် ဘွဲ့ကြို၊ မဟာဘွဲ့၊ သို့ မဟုတ် ဒေါက်တာ ဘွဲ့များရ၍ မြန်မာနိုင်ငံသို့ ပြန်သွားပြီဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ငြိမ်းချမ်းသောဦးတည်ချက်ဖြင့် နျူကလီးယားနည်းပညာအသုံးချရေးကို ရည်ရွယ်၍ IAEA မှ မြန်မာနိုင်ငံသားများကို သင်တန်းများ ပေးနေဆဲဖြစ်သည်ဟု ၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်းကလည်း ထုတ်ပြန်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏နျူကလီးယားစီမံကိန်းကို ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးကိုယ်တိုင် ကြီးကြပ်နေသည်ဟု တရုတ်ထောက်လှမ်းရေး သတင်းရပ်ကွက်များက ယုံကြည်ကြသည်။ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ယမန်နှစ်က ရုရှနိုင်ငံသို့ပင် တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့သေးသည်။

ဓာတ်ပေါင်းဖိုစီမံကိန်းတွင် မြန်မာနိုင်ငံအတွင်း ယူရေနီယမ် အပူတပြင်းရှာဖွေရေးလည်း ပါဝင်နေသည်။ ၂၀၀၂ ခုနှစ် အစောပိုင်းတွင် စစ်အစိုးရက မြန်မာနိုင်ငံ နေရာ ၅ ခုတွင် ယူရေနီယမ် ဓာတ်သတ္တုများ ရှာဖွေတွေ့ရှိခဲ့သည်ဟု တရားဝင် လူသိရှင်ကြား အတည်ပြုပြောကြားခဲ့သည်။ ယင်းနေရာများမှာ မကွေး၊ တောင်တွင်းကြီး၊ ကျောက် ဖြူကုန်း၊ မိုးကုတ်မြို့ အနီး ဖောင်းပြင်နှင့် ကျောက်ဆင်ဒေသတို့ ဖြစ်သည်။ မကြာသေးမီက မန္တလေးမြို့မြောက် ဘက် မိုင် ၆၀ ဝေးသော သပိတ်ကျင်းမြို့နယ်တွင်လည်း ရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံများက ပြောပြကြသည်။ တောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း လုပ်ငန်းဆောင်ရွက်မှုများ ရှိနေခဲ့ကြောင်း သတင်းပေးပို့ အစီရင်ခံမှုများလည်း ရှိခဲ့သည်။

တရုတ်သတင်းရပ်ကွက်များ၏ အဆိုအရ ရုရှသတ္တုတူးဖေါ်ရေးကုမ္ပဏီတခုသည် မြန်မာပြည် အထက်ပိုင်းဒေသတွင် ယူရေနီယမ်အမြောက်အများရှိနေသော သိုက်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ရုရှကုမ္ပဏီ Zarubezneft, Itera, Kalmykia နှင့် ရုရှား၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတခုဖြစ်သော Tyazhpromexport တို့သည် လောင်စာနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင် ပါဝင်လုပ်ကိုင်နေကြပြီး၊ ရှမ်းပြည်နယ်တွင် သံရိုင်းဖေါ်ထုတ်ရန်အတွက် စက်ရုံတရုံတည်ထောင်ခဲ့ကြသည်။ Tyazhpromexport ၏ ရင်းနှီးမြုပ်နှံမှုတခုတည်းကပင်လျှင် အမေရိကန် ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိနေသည်။

မြန်မာပြည်အတွင်း နျူကလီးယားလုပ်ငန်းများတွင် ရုရှားနိုင်ငံ၏ ပါဝင်ပတ်သက်မှုကို တုန်လှုပ်ခြောက်ခြားဖွယ် မဖြစ်ကြ သော်လည်း စိုးရိမ်မှုများနှင့် မှန်းဆချက်များမှာ မြောက်ကိုရီးယားနှင့် အသစ်တဖန် မိတ်ဆွေပြန်ဖွဲ့မှုကြောင့် ပို၍ကြီးထွား လာစေခဲ့သည်။

ဧပြီလတွင် ကန်နမ် ၁ (Kang Nam 1) ဟုခေါ်သော မြောက်ကိုရီးယား ကုန်တင်သဘောင်္တစင်းသည် ရန်ကုန်မြို့မှ တောင်ဘက် ကီလိုမီတာ ၃၀ အကွာရှိ သီလ၀ါဆိပ်ကမ်းတွင် ရပ်နားလာခဲ့သည်။ သံတမန်ဆက်ဆံရေး ပြန် လည်စတင် သည့်အချိန်မှစ၍ ပထမဦးဆုံးအကြိမ် မြန်မာပြည်သို့ ဆိုက်ကပ်လာခဲ့သော မြောက်ကိုရီးယားသင်္ဘောသည် မုန်တိုင်း လာခိုခြင်းသာဖြစ်သည်ဟု မြန်မာအာဏာပိုင်များက ရှင်းပြခဲ့ကြသည်။

သီလ၀ါဆိပ်ကမ်းသည် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ အေးရှဝေါကုမ္ပဏီမှ ပိုင်ဆိုင်လည်ပတ်နေပြီး ဆိပ်ကမ်းသို့ သတင်းစုံစမ်းရန် သွားရောက်ခဲ့သော ဂျပန်သတင်းအေဂျင်စီအတွက် အလုပ်လုပ်နေသူ ဒေသခံ သတင်းထောက်နှစ်ဦး ကိုလည်း အာဏာပိုင်များက ခေတ္တခေါ်ယူထိန်းသိမ်းခဲ့သည်။

မြန်မာ့ရေပိုင်နက်သို့ ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုဖြင့် ဒုက္ခရောက်၍ပြေးဝင်ခိုလှုံလာသော မြောက်ကိုရီးယား သင်္ဘောသည် ပထဦးဆုံးတော့ မဟုတ်ပေ။ လွန်ခဲ့သော နိုဝင်ဘာလတွင် မြောက်ကိုရီးယားကုန်တင်သင်္ဘော အမ် ဗွီ ဟောင်ဖန်း (M V Bong Hoafan) သည်လည်း မုန်တိုင်းမိ၍ မြန်မာ့ဆိပ်ကမ်းတခုသို့ ၀င်ရောက် ခိုနား ခဲ့ဖူးသေးသည်။ သင်္ဘောပေါ်သို့ တက်ရောက်ရှာဖွေ စစ်ဆေးရာတွင် မင်္သကာစရာပစ္စည်းနှင့် စစ်သုံးပစ္စည်းများ မတွေ့ရှိခဲ့ရကြောင်း မြန်မာစစ်အစိုးရက သတင်းထုတ်ပြန်ပေးခဲ့သော်လည်း ရန်ကုန်ရှိ သတင်းထောက်များနှင့် သံတမန်များအကြားတွင် သံသယများ မပြေနိုင်ခဲ့။

အတိုက်အခံသတင်းရပ်ကွက်များ၏ အဆိုအရ လွန်ခဲ့သောနှစ် ဇူလိုင်လအစောပိုင်းတွင် မြောက်ကိုရီးယား သင်္ဘော တစင်းဖြင့် မြောက်ကိုရီးယား အကြီးတန်း နျူကလီးယားနည်းပညာ ကျွမ်းကျင်သူ ဗိုလ်မှုးဟွန် ကီးလ် ဒွန် (Maj. Hon Kil Don) သည် ရန်ကုန်သို့ ရောက်လာခဲ့ပြီး ဇီဝနှင့် နျူကလီးယားဆိုင်ရာ ပစ္စည်းများလည်း ၎င်းနှင့် အတူ ပါလာသည်ဟု ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြခဲ့သည်။ နိုင်ငံခြားသား လေ့လာသုံးသပ်သူများနှင့် ထောက်လှမ်း ရေးသတင်းရပ်ကွက်များက ဤသတင်းကို ချက်ချင်းပယ်ချခဲ့သော်လည်း မြန်မာနိုင်ငံသည် ပြုံယမ်းထံမှ အဆင့် မြင့် တာဝေးပစ်ဒုံးကျည်များအစား သမားရိုးကျလက်နက်များနှင့် နည်းပညာများ ရယူရန် ကြိုးပမ်းခြင်း ဖြစ်နိုင် သည်ဟု သဘောတူခဲ့ကြသည်။

သို့သော်လည်း စစ်အစိုးရပြောစကားကို မယုံကြည်နိုင်ကြသူများအတွက်မူ နျူကလီးယား ဓာတ်ပေါင်းဖိုစီမံချက်အား ဆက်လက်ဆောင်ရွက်နေချိန်နှင့် မြောက်ကိုရီးယားသင်္ဘောနှစ်စင်း ရောက်ရှိလာမှုသည် သာမန်တိုက်ဆိုင်မှုတော့ မဟုတ်တန်ရာဟု မြင်နေခဲ့ကြသည်။ ရုရှနိုင်ငံ၏ မြန်မာနိုင်ငံ နျူကလီးယားလုပ်ငန်း စီမံချက်တွင် ပါဝင် ပတ်သက်လာမှုနှင့် မြောက်ကိုရီးယား သင်္ဘောများ ရောက်ရှိလာမှုသတင်းသည် အိမ်နီးချင်း တရုတ်အစိုးရကို လှုပ်နှိုးသတိပေးသလို ဖြစ်စေခဲ့ သည်။ သို့သော်လည်း မြန်မာစစ်အစိုးရ၏ အရင်းနှီးဆုံး အင်အားကြီး နိုင်ငံရေး မိတ်ဆွေကြီး ဘေဂျင်းအစိုးရသည် ဤကိစ္စရပ်အပေါ်တွင် ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ အတွက်မူ နျူကလီးယားပိုင်ဆိုင်သော အိမ်နီးနားချင်း နှစ်ဦး အနားတွင်ထားရန် ဆိုသည်ကမူ မလွယ်ကိန်း ဖြစ်မည်။

ခက်ခဲရှုပ်ထွေး၍ ဘေးအန္တရာယ်များလှသော လုပ်ငန်းစဉ်ဖြစ်သည့် ယူရေနီယမ်မှ လက်နက်ထုတ်နိုင်သော ပလူတိုနီယမ် အဆင့်ကို တက်လှမ်းရန်ဆိုသည်မှာ ခက်ခဲမလွယ်ကူလွန်းလှသော ကိစ္စဖြစ်ပြီး မြန်မာစစ်အစိုးရက ဤသို့ ကြံရွယ်ချက်ရှိနေ သည်ဟု နိဂုံးချုပ်သုံးသပ်ချက် ချရန်မှာ လက်ရှိအခြေအနေများအရ အချက်အလက် မခိုင်လုံ အလွန်စောလွန်းလှပါသေး သည်။ သို့သော်လည်း သံသယများက ပို၍ပို၍ ကြီးထွားလာနေပါသည်။ မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နျူကလီးယား စွမ်းအင်ပိုင်ဆိုင်သော နိုင်ငံတခုအဖြစ်သို့ ရောက်ရှိစေရေး အတွက် ရည်မှန်းချက်ထားသည်ဟု ဆိုသည်မှာ နျူကလီးယား လက်နက်ထုတ်နိုင်သော အဆင့်ကို ဆိုလိုခြင်း လည်း ဖြစ်နိုင်ပါသည်။ ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မည်။ မသေချာပါ။

သို့သော်လည်း ခြောက်ခြားဖွယ် ဖော်ပြကြသော တွေးခေါ်ပြောဆိုချက်များလည်း ရှိနေပါသေးသည်။ ဆိုပါစို့။ အကယ်၍ လွန်ခဲ့သော နိုဝင်ဘာလနှင့် ယခုနှစ်ပိုင်းများအတွင်း ရောက်ရှိခဲ့သော မြောက်ကိုရီးယား ကုန်တင် သင်္ဘောများက သမားရိုးကျလက်နက်များကို သယ်ဆောင်လာခြင်း မဟုတ်ဘဲ ပလူတိုနီယမ်နှင့် ဓာတ်ပြုပစ္စည်းများပါ သယ်ယူလာသည် ဆိုပါက မြန်မာနိုင်ငံသည် ပလူတိုနီယမ် ထုတ်ယူရသော ရှုပ်ထွေးသောအဆင့်ကို ကျော်လွန်၍ လက်နက်ထုတ်နိုင်သည့် အဆင့်ကို တိုက်ရိုက်ကျော်လွှားတက်သွားနိုင်ပါသည်။ ဤသို့ သံသယ ဖြင့် ခန့်မှန်းဖော်ပြနေသူများလည်း ရှိနေပါသည်။

ခိုင်မာသော သက်သေအထောက်အထား ယခုအချိန်အထိ မပြနိုင်သေးသော်လည်း မြန်မာနိုင်ငံသည် ပြုံယမ်းထံမှ နျူကလီးယားနည်းပညာ ရရှိရေးကြိုးပမ်းနေသည်ကို အလွယ်တကူ တွက်ထားနိုင်ပါသည်။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရ၏ စိတ်ရင်းအမှန်ကို သိရှိရစေရန် အတွက်သော်လည်းကောင်း၊ တာဝန်မဲ့ အစိုးရများ၏လက်ဝယ်တွင် နျူကလီးယားနည်းပညာမရောက်ရှိရေး ကာကွယ်တားဆီးရန်အတွက် သော် လည်းကောင်း လူသိရှင်ကြား ဖေါ်ထုတ်၍ စုံစမ်းမှုများ ပြုလုပ်ရန်မှာ တရားဝင်သော၊ ကျိုးကြောင်းဆီလျော် လှသော လုပ်ငန်းတခု ဖြစ်ပါသည်။

မြန်မာအစိုးရက နျူကလီးယားလက်နက် ထုတ်လုပ်လိုစိတ် လုံးဝမရှိကြောင်းကို ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ၎င်း၏ အဏုမြူ စီမံကိန်းသည် အစိုးရ၏မူဝါဒနှင့်အညီ ငြိမ်းချမ်းရေးအတွက်သာ ဖြစ်သည်ဟုလည်း ပြောဆိုထားခဲ့သည်။ သို့သော်လည်း အာမခံနေသူကိုယ်တိုင်က ယုံကြည်စရာမရှိသော အခြအနေဖြစ်နေပါသည်။ သို့မဟုတ် ယုံကြည်စရာ ကောင်းနေသည် ဆိုဦးတော့ ဤ နျူကလီးယားစွမ်းအင် စီမံကိန်းကိစ္စသည် မွေးခွန်းထုတ်စရာ မလိုအပ်သော အားလုံးကောင်း၊ အားလုံး အဆင်ပြေမည့်ကိစ္စမျိုး မဟုတ်ပေ။

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ အောင်ဇော်ရေးသားသော Burma Plays Nuclear Card ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဦးသိန်းဦးဖိုးစော သို့မဟုတ် မြန်မာ့နျူကလီးယား ရေးရာ ပြောရေး ဆိုခွင့်ရှိသူ
Friday, 13 July 2007
အောင်ဇော်

၁၉၉၃ ခုနှစ်မှစ၍ ပြတ်တောင်းပြတ်တောင်း ကျင်းပလာခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲရာ အမျိုးသားညီလာခံတွင် မြန်မာနိုင်ငံ၏ နျူကလီးယား ရည်ရွယ်ချက်သည် အလေးအနက် ဆွေးနွေးကြရသော အကြောင်းအရာတခု ဖြစ်လာခဲ့သည်။ ဤဆွေးနွေးမှုများကို ဦးဆောင်သူက အမေရိကန်နိုင်ငံတွင် ပညာဆည်းပူးလာသည့် နျူကလီးယားသိပ္ပံပညာရှင် ဦးသိန်းဦးဖိုးစော ဖြစ်သည်။

ဦးသိန်းဦးဖိုးစောက ၁၉၅၀ ခုနှစ်များတွင် အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ် တက္ကသိုလ်တွင် နျူကလီးယား အင်ဂျင်နီယာ မဟာဘွဲ့ကို ဆည်းပူးရရှိလာသူ ဖြစ်သည်။

သူက အစိုးရပညာတော်သင်အဖြစ် သွားရောက်လေ့လာခဲ့ရခြင်းဖြစ်ပြီး ကွယ်လွန်သူဝန်ကြီးချုပ်ဦးနုမှ ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနသိပ္ပံ၊ အဏုမြူစွမ်းအင် အစီအစဉ်ဖြင့် တိုင်းတပါးသို့ စေလွှတ် ပညာသင်ကြား စေခဲ့သော ကျောင်းသားများထဲမှ တဦးဖြစ်သည်။ ဤပညာရှင်များအနက် လက်ရှိ စစ်အစိုးရအတွက် ဆက်လက် အလုပ်လုပ်ပေးနေဆဲ တဦးတည်းသော ပညာရှင်ပုဂ္ဂိုလ်မှာ ဦးသိန်းဦးဖိုးစော ဖြစ်သည်။

ဦးသိန်းဦးဖိုးစော အမေရိကန်မှ ပြန်ရောက်ချိန်တွင် UBARI ခေါ် အဏုမြူစွမ်းအင် အစီအစဉ်မရှိတော့။ ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ ထို့နောက်ပိုင်းတွင် သူက ၁၉၆၂ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ မေမြို့ကာကွယ်ရေး စစ်တက္ကသိုလ် (ဒီအက်စ်အေ) ၏ ရူပဗေဒ ဌာနကို ဦးဆောင်ခဲ့သည်။ ဆက်လက်၍ သူက ယခုအခါ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာသုတေသနဌာနဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သော မြန်မာနိုင်ငံ ဗဟို သုတေသနအဖွဲ့၏ သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

ဒီအက်စ်အေတွင် သိပ္ပံဘာသာရပ်လေ့လာခဲ့သော ယနေ့မြန်မာနိုင်ငံရှိ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများသည် သူ၏ ကျောင်းသားဟောင်းများဖြစ်ကြ၍ ဤအတွက်ကြောင့်ပင် သူ့ကိုယုံကြည်ကိုးစားမှုရသည်ဟုလည်း ယူဆနိုင်ပါသည်။

ဦးသိန်းဦးဖိုးစောသည် စစ်အစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြံပေးတဦးအဖြစ် ထမ်းဆောင်နေသည့်အပြင် မြန်မာနည်းပညာတက္ကသိုလ်၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန် ထမ်းဆောင်လျှက်ရှိသည်။ ၀န်ကြီးဌာနက သူ့အား အင်ဂျင်နီယာ ဘာသာရပ်အတွက် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့်ခဲ့ပြီး ရန်ကုန် စက်မှုတက္ကသိုလ်၏ ဘွဲ့လွန်သင်တန်းများတွင် ဆက်လက် စာသင်ကြားပေးနေဆဲလည်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ အဏုမြူစွမ်းအင်ကော်မတီအား ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီနှင့် ပြန်လည်ချိတ်ဆက်ခြင်း လုပ်ငန်းများတွင် သူသည် အရေးပါသော အခန်းကဏ္ဍမှနေ၍ ပါဝင်လှုပ်ရှားခဲ့သည်။ အာရှနှင့် ပစိဖိတ်ဒေသအတွင်း နျူကလီးယား သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသန ဖြစ်ထွန်း တိုးတက်မှုနှင့် သင်တန်းများအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် (RCA) ၌ ပါဝင်ရန်လည်း ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရသို့ အကြံပြုခဲ့သူလည်း ဖြစ်သည်။

၂၀၀၅ ခုနှစ်အစောပိုင်းမှစ၍ အမျိုးသားညီလာခံတွင်လည်း အရေးပါလာပြန်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ကာကွယ် ရေးနှင့် ဆက်နွယ်သော အခြေခံဥပဒေမူကြမ်း ဆွေးနွေးပွဲများတွင် သူနှင့်အတူ အသိပညာရှင် လုပ်ဖော်ကိုင်ဖက်များက များစွာ စိတ်ဝင်စားဖွယ် ကောင်းသော အကြံပြု ဆွေးနွေးချက်များကို တင်ပြခဲ့ကြသည်။

၂၀၀၅ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဆွေးနွေးခဲ့သော ဖွဲ့စည်းပုံဆိုင်ရာ အခန်းတခုတွင် အမျိုးသား လုံခြုံရေးနှင့် ပတ်သက်၍ အဓိကအချက် ၇ ချက်ကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့တွင် ဓာတုနှင့် ဇီဝလက်နက်များ ဆိုင်ရာ ကိစ္စလည်း အပါအ၀င်ဖြစ်သည်။

ဤကဏ္ဍတွင် ဦးသိန်းဦးဖိုးစောက “အကြမ်းဖက်သမားများရန်နှင့် ဖိအားများမှ ကာကွယ်ခြင်း” ဟူသည့် ခေါင်းစဉ်ကို ဖြည့်စွက်အကြံပြုတင်ပြခဲ့ပြီး “ပြည်ထောင်စုမြန်မာနိုင်ငံ၏ နယ်မြေအသီးသီးကို ကာကွယ်ခြင်းနှင့် ကာကွယ်ရေးအစီအစဉ် တခု ပြင်ဆင်ခြင်း”နှင့် ပတ်သက်၍ ဥပဒေတခု ပြဌာန်းသင့်ကြောင်း ဆွေးနွေး အကြံပြုခဲ့သေးသည်။

ယင်းအစီအစဉ်တွင် ပါဝင်ဖွယ်ရှိသည့် အကြောင်းကိစ္စများနှင့် ပတ်သက်၍ နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့ ရာတွင် “သမားရိုးကျလက်နက်များ၊ ကျည်များ၊ ပေါက်ကွဲစေသော ပစ္စည်းများနှင့် သမားရိုးကျ မဟုတ်သော ခေတ်မီ မဟာဗျူဟာမြောက် လက်နက်များ” သာမက “နျူကလီးယားစွမ်းအင်၊ နျူကလီးယား လောင်စာနှင့် ရေဒီယို သတ္တိကြွ ပစ္စည်းများ၊ ၎င်းတို့ကို ထုတ်လုပ်နိုင်သည့် တွင်းထွက်ပစ္စည်း အရင်းအမြစ်များပါဝင်ပြီး ၎င်းတို့မှ ထုတ်လုပ်သော အထူး လျှို့ဝှက်အပ်သည့် ပစ္စည်းများ၊ အရာဝထ္ထုများ၊ နေရာဒေသများ၊ နည်းပညာများ၊ သုတေသနလုပ်ငန်းများ၊ သတင်းအချက် အလက်များနှင့် အထူး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင်၊ အထူးလျှို့ဝှက်အပ် သောလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေ ကြသူများနှင့် ပတ်သက်သော မတော်တဆ ဖြစ်မှုများနှင့် ယင်းမတော် တဆဖြစ်မှုများ ဖြစ်ပွားခဲ့ပါက ၎င်းတို့အတွက် လျော်ကြေးဆိုင်ရာကိစ္စများ၊ အာမခံချက်များ”လည်း ပါဝင်သေးသည်။

ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအောင်တိုးကပင် ဖွဲ့စည်းပုံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခန်းတွင် ၎င်းနျူကလီးယားအစီအစဉ်ကိုသာ ထည့်သွင်းပါက နိုင်ငံတကာ ဝေဖန်မှုများ ခံရနိုင်သည်ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

ဦးအောင်တိုးက အခြားရွေးချယ်စရာ နည်းလမ်းတခုကို တင်ပြခဲ့သည်။ “ထို့အတွက်ကြောင့် ယင်းကိစ္စရပ်အား ကာကွယ် ရေးနှင့် လုံခြုံရေးအခန်းကဏ္ဍတွင် ထည့်သွင်းမည့်အစား စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့် သစ်တောဆိုင်ရာ အခန်းကဏ္ဍ တွင် ထည့်သွင်းသင့်ကြောင်း” ဦးအောင်တိုးက ညီလာခံ တက်ရောက်လာသူ ကိုယ်စားလှယ်များကို ပြန်လည်ဖြေကြား ခဲ့သည်။

“ကာကွယ်ရေးနှင့် လုံခြုံရေးအခန်းပါ နျူကလီးယား စွမ်းအင်၊ နျူကလီးယားလောင်စာ၊ ရေဒီယိုဓာတ်သတ္တိကြွ ပစ္စည်း များနှင့် ၎င်းတို့ကိုထုတ်လုပ်နိုင်သော တွင်းထွက်အရင်းအမြစ်များသည် နောင်အနာဂတ်တွင် လိုအပ်ချက်အရ ပြည်ထောင်စု မြန်မာနိုင်ငံ ဥပဒေပြုသင့်သောစာရင်းတွင် ရှိသင့်သော ကိစ္စကြောင်းရပ်များ ဖြစ်သည်။ ကာကွယ်ရေးအခန်းတွင် ထည့်သွင်း ဖေါ်ပြခြင်းအားဖြင့် စစ်ရေးအရ အသုံးပြုခြင်း တခုတည်း အတွက် ယူဆ၍ မရနိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ နျူကလီးယားစွမ်းအင်နှင့် လောင်စာအား လူသားအကျိုးဖြစ်ထွန်းမှုအတွက်အသုံးပြုရန်ကိစ္စများအတွက်လည်း ရည်ရွယ်ခြင်း ဖြစ်သည်” ဟု ဦးအောင်တိုးက အမျိုးသားညီလာခံတွင် ပြန်လည်ဖြေကြားခဲ့လေသည်။

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ အောင်ဇော်ရေးသားသော Thein Oo Po Saw: Burma’s Spokesperson for Nuclear Power ကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။

ပွင့်လင်း မြင်သာမှု ရှိရန် လိုသည်
Friday, 13 July 2007
မောင်သုတ

ရုရှနိုင်ငံ၏ အကူ အညီဖြင့် မြန်မာ နိုင်ငံက နျူကလီးယား သုတေသန ဌာနတခု တည်ဆောက်ရန် စီစဉ် နေသည်ဟူသော သတင်းများ ထွက်ပေါ် လာခဲ့သည်။ ဤ အချက်ကြောင့်ပင် ပြည်ပရှိ အတိုက်အခံ ဒီမိုကရေစီ အုပ်စုများအကြား၊ စစ် အစိုးရကို ဝေဖန်နေကြ သူများအကြား၊ နောက်ဆုံး အမေရိကန် အစိုးရ၏ အချို့သော ဌာနများ၊ အရာရှိများ ကြားတွင် ပွက်လော ရိုက်သွားရသည်။ ဆွေးနွေးငြင်းခုန်စရာတွေ ဖြစ်လာခဲ့သည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ ၁၀ မီဂါဝပ် အပူပေးသုတေသနဓာတ်ပေါင်းဖိုတခုနှင့် ၎င်းနှင့် သက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးမည်ဖြစ်သည်။ ဤသတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှ စစ်အစိုးရ၏ နျူကလီးယားအစီအစဉ် ရည်ရွယ်ချက်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အကြောင်းမှာ စစ်အစိုးရကိုယ်နှိုက်က ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဆိုးရွားသော လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် နေခြင်း၊ နိုင်ငံရေးအရ ဖိနှိပ်မှုများရှိနေသည့်အပြင် တိုင်းပြည်စီးပွားရေးအရလည်း ကျဆင်းနေသည်။ အနောက်ကမ္ဘာ နှင့်လည်း သင့်လျော်သော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ပျက်ကွက်နေခြင်း ကြောင့် ကာလကြာရှည် အငြင်းပွားနေရမှုများကြောင့်လည်း ဖြစ်သည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့သူမှာ စစ်အစိုးရထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ သစ္စာရှိသော နောက်လိုက် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းဖြစ်ပြီး ၎င်းက စစ်အစိုးရ၏ ဒုတိယ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် စစ်တက္ကသိုလ်တွင် တတန်းတည်းကျောင်းနေဘက် သူငယ်ချင်းဟောင်းလည်း ဖြစ်သည်။ တဘက်က ရုရှနိုင်ငံ အဏုမြူအေဂျင်စီဝန်ကြီးဌာန လက်အောက်ခံ ကုန်ပစ္စည်း ရောင်းချသောကုမ္မဏီဖြစ်သည့် AtomStory Export က လက်မှတ်ရေးထိုးခဲ့သည်။

စစ်အစိုးရက ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပါမည်ဟု ပြောသည့်အပေါ် သံသယရှိသူကမရှား။ ထို့အပြင် အချို့သူများက စစ်အစိုးရက နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရေးအတွက် စိုင်းပြင်းလာနိုင်သည်ဟု လော၍ ကောက်ချက်ချနေကြသည်။ သို့သော်လည်း သံသယရှိနေသူများနှင့် မီးလှန့်သံချောင်းခေါက်နေသူများ သတိမမူမိသည့် နောက်ကွယ်အကြောင်းအရာများလည်း ရှိနေသေးသည်။ ၎င်းမှာ မြန်မာပြည်အနေဖြင့် ကာလကြာရှည်ကပင် အဏုမြူနည်း ပညာပိုင်ဆိုင်ရေးအတွက် ဆန္ဒရှိပြီး ကြိုးပမ်းအားထုတ်ခဲ့ကြသည်ဟူသော နျူကလီးယားနည်းပညာ ရှာပုံတော်ဆိုင်ရာ သမိုင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်ခန့်က ဦးနု၊ ဦးဘဆွေတို့နှင့် သုံးပွင့်ဆိုင် နိုင်ငံအုပ်ချုပ်ရေးတွင် ဦးဆောင်နေသူ တဦးဖြစ်သည့် ဦးကျော်ငြိမ်းသည် လက်တွေ့ကျကျမြင်တက်သော ခေတ်မီရေးဝါဒီတဦးဖြစ်သည်။ သူက မြန်မာ နိုင်ငံ၏ ထွန်းသစ်စ စက်မှုဖွံ့ဖြိုးရေးကို နောက်ကွယ်မှ အဓိကမောင်းနှင်ပေးသူ တဦးလည်း ဖြစ်ခဲ့သည်။ ထိုကာလတွင်ပင် အမေရိကန်နိုင်ငံ လက်နက် သုတေသန ဖောင်ဒေးရှင်း (American Armour Research Foundation) နှင့် တွဲဖက်၍ စက်မှုဝန်ကြီးဌာန လက်အောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနအဖွဲ့ကို ၁၉၅၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဦးကျော်ငြိမ်းက ကြီးကြပ်လာခဲ့သည်။

၁၉၅၅ ခုနှစ်အကုန်ပိုင်းတွင် အဏုမြူစွမ်းအင်ဌာနနှင့် အဏုမြူဆိုင်ရာ တွင်းထွက် သယံဇာတများဌာနကို တည် ထောင်ခဲ့ပြီး အထူးသဖြင့် အမေရိကန် ပြည်ထောင်စုသို့ ထူးချွန်သော လူငယ်ပညာရှင်များနှင့် နည်းပညာရှင်များကို စေလွှတ်ခဲ့ကြသည်။ သင်ကြားရသည့် ဘာသာရပ်များမှာ ဘွဲ့လွန်အဆင့် ကျန်းမာရေး ရူပဗေဒ၊ နျူကလီးယား ရူပဗေဒ၊ သတ္တုဗေဒဆိုင်ရာ နှင့် ဓာတ်သတ္တုတူးဖေါ်ရေးအင်ဂျင်နီယာပညာရပ်တို့ အပြင် ကရိယာပစ္စည်းများ ထုတ်လုပ်ရာ ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စက်မှု လုပ်ငန်းများတွင် နျူကလီးယားနည်းပညာ အသုံးချမှုဆိုင်ရာ နည်းပညာသင်တန်းများကို လည်း တက်ရောက်စေခဲ့သည်။

စာသင်သွားသူအများစုက မြန်မာပြည်သို့ပြန်လာခဲ့ပြီး UBARI ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနအဖွဲ့၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး သုတေသနသိပ္ပံများတွင် ၀င်ရောက်အမှုထမ်းခဲ့ကြသည်။ AEC ခေါ် အဏုမြူစွမ်းအင်ဌာနကို ဦးဆောင်သည့် ဦးလှညွှန့်က ရှေ့ဆောင်သင်ပြခဲ့ပြီး ၎င်း၏ လမ်းညွှန်မှုမှုအောက် တွင် နိုင်ငံတော် ပညာတော်သင်အပတ်စဉ်ဆင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဦးလှညွန့်က လွတ်လပ်ရေး မရမီ ကတည်းက ဂျပန်နိုင်ငံတွင် ပညာဆည်းပူးနေခဲ့သူလည်း ဖြစ်သည်။ ဤသို့သော ပထမအသုတ် ပညာတော်သင် များအနက် ဦးသိန်းဦးဖိုးစောလည်း အပါအ၀င်ဖြစ်ပြီး သူတဦးသာလျှင် လက်ရှိစစ်အစိုးရအောက်တွင် ဆက်လက်၍ အမှုထမ်းနေဆဲ လည်း ဖြစ်သည်။ ဦးသိန်းဦးဖိုးစောက ယခုတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြံပေး တဦး ဖြစ်ပြီး ရန်ကုန် စက်မှုတက္ကသိုလ်တွင်လည်း တွဲဖက်ပါမောက္ခတဦးအဖြစ် တာဝန်ယူလျှက်ရှိသည်။

၁၉၅၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသည် ဂျနီဗာ၌ကျင်းပသော အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး နိုင်ငံ တကာညီလာခံကို တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တည်ထောင်သော အခါတွင်လည်း ယင်းအဖွဲ့သို့ ၀င်ရောက်ခဲ့သည်။ များမကြာမီပင် မြန်မာနိုင်ငံ၏ AEC ခေါ် အဏုမြူစွမ်းအင်ဌာနအား “ပြည်ထောင်စုမြန်မာနိုင်ငံ အဏုမြူစွမ်းအင် စင်တာ” (UBAEC) အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

၁၉၅၀ ခုနှစ် နှောင်းပိုင်းကာလများသည် အဏုမြူခေတ်သစ်အတွက် ရောင်ခြည်သန်းနေဆဲကာလဖြစ်သည်။ ဤ ကာလတွင် မြန်မာနိုင်ငံ၏ UBAEC တွင်ဝန်းရံ ဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံ၏ နျူကလီးယားပညာရှင် ထိပ်သီး များတွင် မြန်မာ နိုင်ငံကို ခေတ်မီစက်မှုနိုင်ငံတော်သစ်ဆီသို့ မောင်းတင်ပေးနိုင်သည်ကို သံသယလုံးဝ မရှိခဲ့ကြပေ။ စွမ်းအင် ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းနှင့် ပညာရေးနယ်ပယ်များတွင် အပတ် တကုတ် သုတေသနလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် အကြွားသန်ခဲ့ကြသော “ပြည်တော်သာစီမံကိန်း”၏ ကျရှုံးမှုနှင့်အတူ နှစ်အနည်းငယ်အတွင်း နျူကလီးယား ရည်မှန်းချက်၏ ပထမအဆင့်ကာလသည်လည်း အိပ်မက်ပြိုကွဲ တုန့်ဆိုင်းသွားခဲ့ရသည်။ UBAEC ၏နာယကဖြစ်သူ ဦးကျော်ငြိမ်းလည်း နိုင်ငံရေးဂိုဏ်းဂဏ အကွဲအပြဲများ၊ ဝေဖန်မှုများအောက်တွင် အရှက်ရခဲ့သည်။

၁၉၆၂ ခုနှစ် မတ်လတွင် စစ်တပ်က အာဏာသိမ်းပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်စေလိုက်သည်။ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းတွင် အခြားဦးစားပေးကိစ္စများသို့ ပြောင်းသွားခဲ့သည်။ အဏုမြူအသိပညာ၊ အဏုမြူပါဝါ ရှာပုံတော်ဆီသို့ ဦးမလှည့်နိုင်တော့။ ဤသို့နှင့် တချိန်က လျှမ်းလျှမ်းတောက်ခဲ့သော UBAEC ၏ ကံတောက်ပမှုသည်လည်း ကွယ်ပျောက်ခဲ့ရသည်။

စစ်အေးတိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ဈေးပေါပေါဖြင့် အဏုမြူပါဝါ ရရှိမည်ဟူသော ကိစ္စများမှာ မဖြစ်နိုင်တော့။ ပို၍ ခက်ခဲလာသည်နှင့်အတူ မြန်မာနိုင်ငံ၏ အဏုမြူရည်မှန်းချက်ကိုလည်း ရင်ထဲသိမ်းထုတ်ထားလိုက်ရတော့သည်။ တိုင်းပြည် တော်တော်များများက နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုများနှင့် နျူကလီးယားစက်ရုံများ တည် ဆောက်နိုင်ခွင့်ရရှိခဲ့ ကြသော်လည်း မြန်မာနိုင်ငံ၏ အတိအကျ ဘက်မလိုက်ကြားနေရေးမူဝါဒကြောင့် အမေရိကန် ပြည်ထောင်စုထံမှရော၊ ရုရှနိုင်ငံ နှစ်နိုင်ငံစလုံးမှပါ နျူကလီးယားဆိုင်ရာ အကူအညီများ ရယူနိုင်ခြင်း မရှိခဲ့ပါ။ ဤအခွင့်အရေးများ လက်လွတ်ဆုံးရှုံး ခဲ့ရပြန်သည်။ နောက်ပိုင်းတွင် ဦးလှညွှန့်သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာ၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တွင် အကြီးတန်းအရာရှိအဖြစ် ဆက်လက်အလုပ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း ပြည်ပတွင်ပင် သူကွယ်လွန်ခဲ့သည်။

သို့သော်ငြားလည်း နိုင်ငံခြားတိုင်းပြည်များတွင် ပညာသင်ကြားခဲ့ကြသော တက္ကသိုလ်ကြီးများတွင် တာဝန်ထမ်းဆောင် နေကြသည့် ပထမနှင့် ဒုတိယမျိုးဆက်၊ လက်တဆုပ်စာ ရူပဗေဒပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အသုံးချသုတေသနသိပ္ပံ (UBARI) တို့သည် အခြေခံ နျူကလီးယားသိပ္ပံ အသုံးချ သုတေသနကို ဆက်လက် သင်ကြားဆဲ၊ လေ့လာဆောင်ရွက်ဆဲ ပြုနေခဲ့သည်။ နျူကလီးယား သုတေသနစင်တာ တခုတည်ဆောက်ရေးအပြင် (IAEA) နှင့် အစိုးရအထောက်အပံ့များဖြင့် နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုတခု တည်ဆောက်နိုင်ရေး မျှော်လင့်ချက်ကိုလည်း ဆက်လက်ကိန်းအောင်းနေခဲ့ကြသည်။

(IAEA) နှင့်ရင်းနှီးသော အစိုးရများ၏ နည်းပညာအကူအညီများနှင့် ၁၉၆၀ ခုနှစ်အစောပိုင်းကာလများမှစ၍ ရန်ကုန်ဝိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ်တွင် ဘွဲ့ကြိုတန်းကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသန ပညာရှင်များ အတွက် နျူကလီးယားဓာတ်ခွဲခန်းတခု တည်ဆောက်လည်ပတ်ထားခဲ့သည်။ ဘွဲ့ကြိုဂုဏ်ထူးတန်း သင်ခန်းစာများတွင် နျူကလီးယား ရူပဗေဒအား မသင်မနေရဘာသာရပ်တခုအဖြစ် သင်ကြားစေခဲ့ပြီး ၁၉၆၄ ခုနှစ်မှစတင် ကျင့်သုံးခဲ့သော အဓိက ဦးစားပေး ဘာသာ “မေဂျာ”ယူရသော ပညာရေးစနစ်သစ်အောက်ရှိ မဟာဘွဲ့များတွက် စိတ်ကြိုက်ရွေးချယ် သင်ကြားနိုင်သော ဘာသာရပ်တခုအဖြစ် သင်ကြားပြသခဲ့ကြသည်။ နောက်နှစ်များတွင် မန္တလေးတက္ကသိုလ်ကလည်း အလားတူ သင်ကြားမှု ပုံစံမျိုး ဆက်လက်ကျင့်သုံးခဲ့ကြသည်။

အလားတူပင် (UBARI) ကလည်း ၁၉၅၀ ခုနှစ်များတွင် သုတေသနစာကြည့်တိုက်နှင့် သတင်းအချက်အလက်စင်တာများကို တည်ထောင်ခဲ့ပြီး ထိန်းသိမ်းဖွင့်လှစ်ထားခဲ့သည်။ ကုန်ပစ္စည်းများ ထုတ်လုပ်ရေး၊ ရေဒီယိုအိုင်ဆိုတုပ် အသုံးချ ဘာသာရပ်၊ ကျန်းမာရေးရူပဗေဒဘာသာရပ်၊ ဓာတ်သတ္တိကြွထိန်းချုပ်မှုဘာသာရပ်၊ စက်မှုလုပ်ငန်းအသုံးချ ဘာသာ ရပ်များနှင့် ဓာတ် သတ္တု ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဘာသာရပ် နယ်ပယ်များတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင် ခြင်းနှင့် အခြား ဖြစ်ထွန်းဖွံ့ဖြိုးစေမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ (IAEA) ၏ ရုပ်ဝထ္ထုပစ္စည်း၊ သင်တန်းအထောက်အပံ့နှင့် ကျွမ်းကျင်မှုနည်းပညာအထောက်အပံ့စသော နည်းပညာအကူအညီများ ဆက်လက်ရယူ နေခဲ့သည်။

၁၉၆၀ နှောင်းပိုင်းနှစ်များတွင် တော်လှန်ရေးကောင်စီသည် သုတေသနမူဝါဒညွှန်ကြားရေးဘုတ်အဖွဲ့ဟု ခေါ်ဝေါ်သော
ဝန်ကြီးအဆင့် သုတေသနကြီးကြပ်ရေးအဖွဲ့တခုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများနှင့် ဖွဲ့စည်းလာ ခဲ့သည်။ နောက်ပိုင်းတွင် ၎င်း၏စီမံမှုအောက်တွင် အဏုမြူစွမ်းအင်ကော်မတီကို ဖွဲ့စည်းခွင့် ပြုခဲ့သည်။ ၁၉၇၀ ခုနှစ်များ အတွင်းတွင် ၎င်းကော်မတီက မြန်မာနိုင်ငံ နျူကလီးယားသုတေသနလုပ်ငန်းများ အားလုံးကို ကြီးကြပ်ခဲ့သည်။ နျူကလီးယားဓာတ်ပေါင်းဖို အသေးစားတခုတည်ဆောက်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း ဤကော်မတီတွင် ဆွေးနွေးခဲ့ ကြသည်။

အဆင့်နှိမ့်ထားသော သင်တန်း၊ သုတေသနဆိုင်ရာ အိုင်ဆိုတုပ်ထုတ်လုပ်ရေးနှင့် အထွေထွေ အက်တမ်ပိုင်းဆိုင်ရာ အမေရိကန်ပုံစံ အစီအစဉ် American TRIGA (Training, Research Isotope Production, General Atomic) တခုကို ဒေါ်လာ ၅ သိန်းအောက်တန်ဖိုးမျှဖြင့် တည်ဆောက်နိုင်ရေးအတွက် ကမ်းလှမ်းရန် ထိုအချိန်က စဉ်းစားခဲ့ကြသေး သည်။ သို့သော် လက်တွေ့တွင် အကောင်အထည် ပေါ်မလာခဲ့ပေ။ အကြောင်းမှာ နိုင်ငံခြားငွေ မရှိသလောက် ပြတ်တောက်နေ ခြင်းနှင့် တပါတီဆိုရှယ်လစ်အစိုးရ၏ အာဏာအ၀န်းအ၀ိုင်းထဲတွင် ဤအစီအစဉ်အတွက် စည်းရုံးပေးမည့် ဦးကိုင်ဖခင် တဦးမျှ မရှိသောကြောင့် ဖြစ်သည်။

ယခုဆိုလျှင် ဦးသောင်းက ဤအဏုမြူအစီအစဉ်အတွက် ဦးကိုင်ဖခင်ဖြစ်လာခဲ့သည်။ စစ်အုပ်စု၏ခေါင်းဆောင် ဗိုလ်ချုပ် မှုးကြီးသန်းရွှေကိုလည်း နားချထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သဘာဝဓာတ်ငွေ့ရောင်းရငွေများမှ နိုင်ငံခြားငွေ အမြောက် အများလည်း လှိမ့်၍ရနေချိန် ဖြစ်သည်။ ၁၉၉၇ ခုနှစ် သူ၏၀န်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော အဏုမြူစွမ်းအင်ဌာနသည်လည်း ဓာတ်ပေါင်းဖိုကို အခြေခံသော နျူကလီးယားသုနေသန ဌာနတခု တည်ဆောက်ရန်
တာဝန်ကို အထမြောက်အောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု သူက ယုံကြည်ချက်အပြည့် ရှိနေပုံ ရသည်။ (ဦးသောင်း၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တနှစ်စော၍ ဖွဲ့စည်းခဲ့သည်။)

မြန်မာပြည်တွင် နျူကလီးယားသုတေသနလုပ်ငန်းများကို ထိရောက်လုံခြုံစွာ၊ ဘေးကင်းစွာ လုပ်ဆောင်နိုင်စွမ်းရှိပါ သလားဟု မေးခွန်းမေးလာပါကလည်း မြန်မာနိုင်ငံ၏ ကာလကြာရှည်စွာကတည်းက သန္ဓေတည်လာခဲ့သော နျူကလီးယား သုနေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြရန်ရှိနေသည်။ ၎င်းတို့လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ကြာ အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံတွင်း (အဓိကအားဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များ)နှင့် နိုင်ငံခြားပြည်ပ (ရုရှနိုင်ငံ) များတွင် နျူကလီးယား အတတ်ပညာရှင်များကို လေ့ကျင့် ပေးနေခဲ့သည်မှာ ဆယ်စုနှစ်တခုပင် ရှိတော့မည်ဖြစ်သည်။ ဤအချက်များကို ဦးသောင်းက မလွဲမသွေ ထောက်ပြနိုင် လိမ့်မည် ဖြစ်သည်။

သို့သော်လည်း အရေးကြီးလှသောမေးခွန်းမှာ နျူကလီးယားလုပ်ငန်းများကို လုပ်နိုင်စွမ်းမဟုတ်ပါ။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ဤအစီအစဉ်၏ ပွင့်လင်းမြင်သာမှုပင် ဖြစ်ပါသည်။ ထို့အပြင် ခက်ခဲပင်ပန်းစွာရထားသော နိုင်ငံခြား ငွေမာများကို မည်သို့မည်ပုံ စီမံသုံးစွဲသနည်းဟူသော သူတို့၏ ချင့်ချိန်စဉ်းစားမှုကိုလည်း မေးရန် ရှိပါသည်။ ဤ အဏုမြူ လုပ်ငန်းများအတွက် နှစ်စဉ်ကုန်ကျစရိတ် ဒေါ်လာ သောင်းဂဏန်း၊ သိန်းဂဏန်းကုန်ကျပါလိမ့်မည်။

အမေရိကန် ဒေါ်လာ ဆယ်သန်းမှ သန်း တစ်ရာအထိလည်း ရှိနိုင်ပါသည်။ ဆင်းရဲသော မိမိတို့တိုင်းပြည်တွင် အခြေခံ လိုအပ်ချက်များဖြစ်သည့် သောက်ရေသန့်နှင့် လျှပ်စစ်မီးမှန်မှန် မပေးနိုင်သေးသောအချိန်၌ ဤကဲ့သို့သော အရေးပေါ် လိုအပ်ချက်များအတွက် နိုင်ငံတော်၏ ငွေမာများကို ပို၍အကျိုးရှိရှိအသုံးချရန် သင့်ပါကြောင်း တင်ပြလိုပေသည်။

မောင်သုတသည် နိုင်ငံရပ်ခြားတွင်နေထိုင်လျှက်ရှိသော မြန်မာပညာရှင်တဦးဖြစ်သည်။

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ မောင်သုတရေးသားသော Transparency Needed ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

မြန်မာ့နူးကလီးယားရောဂါ
Burma nuclear disease

စစ်အေးတိုက်ပွဲလွန်ကာလ။

အမေရိကန်သမ္မတကြီးးက ကမ္ဘာကြီးငြိမ်းချမ်းသွားပြီဟူ၍ မိန့်ခွန်းခြွေသည်။

နိုင်ငံရေး သိပ္ပံပညာရှင်များကတော့ ပဋိပက္ခများ ပိုမိုများပြားပြီး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေသော ပြဿနာများ တိုးလာမည်ဟု ဟောကိန်းထုတ်ကြသည်။ သိပ်မကြာလိုက်ပါ။ ပညာရှင်များ၏ ဟောကိန်း မှန်ကန်ကြောင်းကို ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာသော အကြမ်းဖက်မှုများ၊ လူမျိုးစုမျိုးတုန်း သတ်ဖြတ်ပွဲများ၊ နူးကလီးယားလက်နက် စမ်းသပ်ထုတ်လုပ်မှုများက သက်သေထူလိုက်သည်။
ယင်းပြဿနာများအနက် နူးကလီးယားလက်နက်များ ထုတ်လုပ်မှုပြဿနာကား၊ ယနေ့ကမ္ဘာ့ နိုင်ငံရေး လောက၏ အဓိက ပြဿနာကြီးတစ်ရပ် ဖြစ်လာခဲ့လေပြီ။

အဘယ်ကြောင့်နည်းဆိုသော် နူးကလီးယားရောဂါသည် အေအိုင်ဒီအက်စ်ကဲ့သို့ ကူးစက်တတ်သော ရောဂါဖြစ်နေသော ကြောင့်ပင်ဖြစ်သည်။

စစ်အေးတိုက်ပွဲကာလက နူးကလီးယားလက်နက်ပိုင်ဆိုင်ခြင်းအား အသိအမှတ်ပြုခံထားရသော နိုင်ငံကြီး ငါးနိုင်ငံရှိခဲ့သည်။ ဗြိတိန်၊ ပြင်သစ်၊ ယူအက်စ်အေ၊ ဆိုဗီယက်၊ တရုတ်နိုင်ငံတို့ဖြစ်ပြီး၊ အခြားနိုင်ငံများ၌ နူးကလီးယားလက်နက် ထုတ်လုပ်မှုအား ငြိမ်းချမ်းရေးထိခိုက်စေနိုင်သော အကြောင်းပြချက်နှင့် ဦးဆောင် ကန့်ကွက်သော နိုင်ငံများဖြစ်သည်။ (Horizontal proliferation) အခြားရှုထောင့်မှ ကြည့်သောနိုင်ငံများလဲ ရှိသည်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီဂျစ် စသော နိုင်ငံများကမူ နိုင်ငံကြီးငါးနိုင်ငံကသာ နူးကလီးယား လက်နက်များ ပိုင်ဆိုင်မှုကို လက်မခံကြပဲ နူးကလီးယားလက်နက်စမ်းသပ် ထုတ်လုပ်မှုများ ပြုလုပ် လာကြသည် (Vertical proliferation)။

ယင်းယူဆချက်နှစ်ခုရှိနေရာမှ စစ်အေးတိုက်ပွဲပြီးသွားသည့် ကာလတွင်ကား နည်းပညာပျံ့နှံ့မှုနှင့် ဒီမို ကရေစီ အသွင်ကူးပြောင်းသော တတိယလှိုင်းလုံးတွင် မပါသွားပဲ အချို့ စစ်အာဏာရှင်စနစ် နိုင်ငံများ ကျန်ရှိခဲ့မှု စသည်များကြောင့် နူးကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းမှုများသည် ရောဂါပိုး တစ်ခုနှယ် ကမ္ဘာ့နိုင်ငံများအကြားသို့ ရောက်သွားသည်။

အဓိကဖြစ်လာသောပြဿနာကား နူးကလီးယားလက်နက်ထုတ်လုပ်မှု မဟုတ်ပါ။ မည်သူထုတ်လုပ်ပြီး၊ မည်သူ ပိုင်ဆိုင်မည်ကသာ ပြဿနာဖြစ်ပါသည်။ ဥပမာဆိုရသော် သားလှီးဓားတစ်ချောင်း ဆိုပါစို့။ စားဖိုမှူး လက်ထဲတွင် သားလှီးဓားရှိနေခြင်းကြောင့် မည်သူ့ကိုမျှ မထိခိုက်နိုင်သော်လည်း၊ စိတ္တဇ လူသတ်သမား တစ်ယောက် လက်ထဲတွင်ရှိနေခြင်းကတော့ အနည်းနှင့်အများ အန္တရာယ်ရှိနိုင်သည် မဟုတ်ပါလော။

နိုင်ငံရေးသိပ္ပံပညာရှင် စာဂမ်(Sagan) ဆိုသူက စစ်တပ်များတွင် ရှိနေပြီးဖြစ်သော အမိန့်နာခံမှုများ၊ ဖွဲ့စည်းပုံအလိုက် အထက်အောက် အာဏာတည်မှုများ၊ တင်းကျပ်သောလုပ်နည်း လုပ်ဟန်များ၊ တသွေး တသံတမိန့် စသည်များသည် ရည်ရွယ်သည်ဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ၊ နူးကလီးယားစစ်ပွဲများ စတင် ဖြစ်သွားစေနိုင်ကြောင်းနှင့် အရပ်သားအုပ်ချုပ်ရေး မဟုတ်သော စစ်အုပ်ချုပ်ရေးနိုင်ငံများသည် အရေးကြုံပါက စစ်နည်းစစ်ဟန်အတိုင်း လက်နက်အင်အားသုံးခြင်းကိုသာ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဟူ၍ နူးကလီးယားလက်နက်ရောဂါ ပျံ့နှံ့မှုနှင့်ပတ်သက်၍ ဖြစ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက်များကို မီးမောင်းထိုးပြထားပါသည်။

သို့ဆိုလျှင်မြန်မာ့အရေးနှင့်ပတ်သက်၍ လေ့လာကြည့်ကြပါစို့။

စာရေးသူအမြင်အရ၊ အဓိကအချက်များမှာ-
(၁) မြန်မာနိုင်ငံသည် စစ်တပ်အုပ်ချုပ်သော နိုင်ငံဖြစ်သည်။
(၂) ထိုစစ်တပ်သည် ပြည်သူလူထုဆီမှ အာဏာကိုမတရားရယူထားသည်။
(၃) အာဏာသိမ်းရာတွင် လက်နက်အားကိုးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းနည်းကိုသုံးသည်။
(၄) အရေးတစ်ခုခုကြုံလျှင် သံတမန်နည်းမသုံးပဲ၊ စစ်ဆင်ရေးများကို ဦးစားပေး ပြုလုပ်တတ်သည်။
(၅) အနာဂတ်နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သော ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းများကို လျစ်လျူရှု ထားသည်။
(၆) တသွေး၊ တသံ၊ တမိန့်စနစ်ကိုကျင့်သုံးသည်။
(၇) စစ်တပ်အင်အားတိုးချဲ့မှု၊ စစ်လက်နက်များတိုးမြှင့် ဝယ်ယူထုတ်လုပ်မှုပမာဏမှာ ဒေသ တစ်ခုလုံးတွင် အမြင့်ဆုံးဖြစ်သည်။
(၈) နူးကလီးယားလက်နက်ထုတ်လုပ်ရာတွင်သုံးသည့် ယူရေနီယံ သယံဇာတရှိနေပြီးသား ဖြစ်ခြင်းကြောင့်၊ နည်းပညာပိုင်းသာ လေ့လာရန်လိုသဖြင့် strategic resources ရှိနေပြီးသားဟုဆိုနိုင်သည်။
(၉) စစ်တပ်တစ်ခုလုံးအား မျက်ကန်းမျိုးချစ်ဝါဒ ရိုက်သွင်းထားပြီး၊ ပြည်ပနိုင်ငံများ (အထူးသဖြင့် ဥရောပနှင့် အမေရိကန်နိုင်ငံများ)အား မုန်းတီးစိတ်သွင်းထားသည်။
(၁ဝ) စစ်ခေါင်းဆောင်ကြီးများသည် အာဏာရူး၊ ဥစ္စာရူးများဖြစ်ပြီး၊ အာဏာမြဲမည်ဆိုလျှင် ဘာပဲ လုပ်ရလုပ်ရ ဆိုသော စိတ်ဖောက်ပြန်မှုရောဂါကို ခံစားနေကြရသည်။

စာရှုသူအပေါင်းတို့-
အထက်ပါအချက်များကိုလေ့လာကြည့်ပြီး၊ မြန်မာ့နူးကလီးယားရောဂါကို ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက် နိုင်သည် မထိခိုက်နိုင်သည်ကို စဉ်းစားကြည့်ကြပါကုန်။ မြန်မာ့နျုကလီးယားရောဂါသည်များ လက်ထဲတွင် မပျောက်မပျက်ပဲ နောင်နှစ်ပေါင်းများစွာအထိ မြန်မာပြည်ကြီး ကမ္ဘာ့အလယ်မှာ ဆက်လက် တည်ရှိပါစေကြောင်းသာ ဆုတောင်းမိပါကြောင်း။

ခင်မမမျိုး (ဂျုလိုင်၊ ၂ဝဝ၆)



နအဖရဲ့ နျူကလီးယားအိပ်မက် (၁)
ဂါမဏိ

နအဖရဲ့ ရည်မှန်းချက်ပန်းတိုင်
ဗမာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းမယ်လို့ ဗမာစစ် အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဆိုသူ ဦးသောင်းက ၂၀၀၁ ခု မေလအတွင်းက ရန်ကုန်မှာရှိတဲ့ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ထမြောက်သွားရင် နအဖစစ်အုပ်စုဟာ အရှေ့တောင် အာရှမှာ စစ်အင်အား အတောင့်ဆုံး နိုင်ငံ ဖြစ်သွားပါလိမ့်မယ်။ ဗမာပြည်ဟာလည်း "စတုတ္ထမြန်မာနိုင်ငံတော်" အဖြစ် အသွင်ပြောင်းသွားပြီး ထိုင်းနိုင်ငံကို စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် နအဖဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါး အန္တရာယ်ပြု ခြိမ်းချောက်နေပြီဖြစ်ပါတယ်။ နအဖရဲ့ အသစ်စက်စက် (၁၀) မီဂါဝပ် နျူကလီးယား ဓာတ်ပေါင်းဖိုကို ငြိမ်းချမ်းတဲ့ သုတေသန လုပ်ငန်းအတွက် ရည်ရွယ်တယ်လို့ ကြေညာထားတာဟာ လိမ်ညာမှု သက်သက်သာဖြစ်ပါတယ်။

စီမံကိန်းနောက်ခံ
နအဖရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးစီမံကိန်းဟာ ၁၉၉၀ ခု နဝတခေတ်မှာ စတင်ခဲ့ပါတယ်။ နဝတဟာ နျူကလီးယား နည်းပညာ ဖော်ထုတ်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ ဦးဖိုးစောနဲ့ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြား ပညာတော်သင်စေလွှတ်ဖို့ လူရွေးချယ်ရေး ကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ နျူကလီးယား နည်းပညာအတွက် ဗိုလ်လောင်းတွေ လေ့ကျင့် မွေးမြူဖို့ အစီအစဉ်ကိုတော့ ၁၉၉၇ ခု စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၄၂ နဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်မှာ နအဖဟာ ရုရှားနျူကလီးယား ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတ်ပေါင်းဖို တည်ဆောက်ရေး၊ နေရာရွေးချယ်ရေး၊ ပညာတော်သင်တွေ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေး ခဲ့ကြပါတယ်။

ကျနော်တို့ သတင်းရင်းမြစ်ကရတာက စစ်အုပ်စုဟာ နျူကလီးယား နည်းပညာရဖို့ ပထမဦးစွာ အိန္ဒိယနိုင်ငံကို အရင် ချဉ်းကပ်ခဲ့တယ်၊ အိန္ဒိယကလည်း ပညာတော်သင်တွေ လက်ခံဖို့တောင် သဘောတူခဲ့သေးတယ်။ ဒါပေမဲ့ ဓာတ်ပေါင်း ဖို လည်ပတ်မှုကို ကြီးကြပ်ရေးနဲ့ ထိန်းချုပ်ရေးကိုပါ အိန္ဒိယက တောင်းဆိုလာလို့ နအဖက ဒီချဉ်းကပ်မှုကို နားပစ်လိုက် ပါတယ်။

နအဖဟာ တရုတ်နိုင်ငံ အကူအညီနဲ့ ရုရှားနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့ တရုတ်အစိုးရက နအဖစစ်အုပ်စုကို အကြံပေးခဲ့ပြီး ရည်မှန်း သတ်မှတ်ကာလ ၂၀၂၀ ရောက်လို့မှ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်သေးရင် ဝယ်ယူဖို့ အကြံပေးခဲ့ပါတယ်။ ၂၀၀၃ ခုမှာ စစ်အစိုးရဟာ မြောက်ကိုးရီးယားကို စစ်ဗိုလ် အယောက်(၃၀)စေလွှတ်ပြီး နျူကလီးယား နည်းပညာ လေ့လာ သင်ယူစေခဲ့ပါတယ်။ ၂၀၀၆ မှာတော့ ဓာတ်ပေါင်းဖို တည်ဆောက်ရေး အတွက် လိုအပ်တဲ့ စက်ယန္တရားတွေကို မြောက်ကိုးရီးယားဆီက စတင်ဝယ်ယူခဲ့ပါတယ်။ နအဖနဲ့ရုရှား ဆက်ဆံရေး ပျက်ပြားသွားလို့ နျူကလီးယား စီမံကိန်း ရပ်သွားတာမျိုး မဖြစ်ရအောင် မြောက်ကိုးရီးယားနဲ့ လမ်းဖောက်ခဲ့တာ ဖြစ်ပါတယ်။

နအဖဟာ နိုင်ငံခြား ပညာတော်သင်တွေ စရိတ်အပါအဝင် နျူကလီးယားနည်းပညာ ရနိုင်ဖို့အတွက် သဘာဝ သယံဇာတ တွေကို ရောင်းထုတ်ခဲ့ပါတယ်။ (အတည်ပြုနိုင်တဲ့ သတင်းတရပ်အရ ရုရှား တနိုင်ငံတည်းမှာတင် ပညာတော်သင် ၄၆၀၀ ရှိတယ်လို့ သိရပါတယ်။) သယံဇာတတွေ ရောင်းထုတ်တဲ့ အထဲမှာ ကချင်ပြည် ဖားကန့်ဒေသ ကသိုင်းတောင် က တူးဖော်တဲ့ သံရိုင်းတန်ချိန် ၂၀၀၀၀ ပါတယ်လို့လည်း သတင်းရခဲ့ပါတယ်။ ဒါပေမဲ့ အများ သိကြတဲ့ အတိုင်း နအဖဟာ ၂၀၀၅ ခုမှာ ဘဏ္ဍာရေး ပြဿနာတွေ ကြုံခဲ့ရပြီး ရုရှားနဲ့လုပ်ထားတဲ့ စီမံကိန်းကို ရပ်နားလိုက် ရပါတယ်။ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီးနောက် စီမံကိန်းကိုပြန်စခဲ့ပါတယ်၊ အခု အခါမှာတော့ နအဖဟာ ဘဏ္ဍာရေးအရ ခိုင်မာနေပါပြီ။ (ဒီလိုကံဇာတာတက်လာတဲ့ အကြောင်းရင်းက သိသာပါတယ်။ ရတနာ ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဗမာ အစိုးရအတွက် အနိမ့်ဆုံးအားဖြင့် နှစ်စဉ် ဒေါ်လာသန်း ၂၀၀၀ ဝင်ငွေရနေပါတယ်။)

နအဖဟာ အီရန်နိုင်ငံကနေလည်း အကူအညီရဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့ဘက်က သတင်းထပ်ရခဲ့ ပါတယ်။ ဒီသတင်းက တခြားသတင်းရင်းမြစ်တွေကရထားတဲ့ ဆက်ဆံမှုသတင်းကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ၂၀၀၀ ပြည့်နှစ်မှာ ဓာတ်ပေါင်းဖိုကိုင်တွယ်ရေးဆိုင်ရာ ပါရဂူအဆင့်ပညာသင်ဖို့ ပညာ တော်သင်တွေ စလက်ခံပေးခဲ့ပါတယ်။ ဂျပန့်အကူအညီနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မေမြို့ စစ် တက္ကသိုလ်တွေမှာ နျူကလီးယားသိပ္ပံဌာနသစ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။

ရုရှားရောက်ပညာတော်သင်
၂၀၀၁ ခုမှာ ပထမအသုတ် ပညာတော်သင် စစ်ဗိုလ် ၁၅၀ ကို စင်းလုံးငှား အယ်ရိုဖလုတ် လေယာဉ်တွေနဲ့ မန္တလေး တံတားဦး လေဆိပ်ကနေ ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ နအဖပညာတော်သင်တွေဟာ ကိုယ်သင်မယ့် ဘာသာရပ် ပေါ်မူတည်ပြီး မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်မြို့တော် တွေမှာရှိတဲ့ တက္ကသိုလ်နဲ့ သိပ္ပံဌာနအမျိုးမျိုးမှာ တက်ရောက် ပညာသင်ကြပါတယ်။ အဲဒီကျောင်းတွေထဲမှာ --

မော်စကိုအင်ဂျင်နီယာရူပဗေဒတက္ကသိုလ် MEPHI
မော်စကိုအီလက်ထရွန်းနစ်နည်းပညာတက္ကသိုလ် MIET
မော်စကိုလေကြောင်းနည်းပညာတက္ကသိုလ် MATI
မော်စကိုလေကြောင်းသိပ္ပံ MAI
ဘောမင်းမော်စကိုအစိုးရနည်းပညာတက္ကသိုလ် BMSTU
မော်စကိုအပူနည်းပညာတက္ကသိုလ် MITT
မော်စကိုဆောက်လုပ်ရေးအင်ဂျင်နီယာသိပ္ပံ MISI
မော်စကိုအစိုးရသတ္တုတူးဖော်ရေးတက္ကသိုလ် MSMU စသည်တို့ ပါဝင်ပါတယ်။

MEPHI က နျူကလီးယားသိပ္ပံသင်ပေးပြီး MIET က ဒုံးပျံလမ်းကြောင်းထိန်းပညာ၊ MAI က လေကြောင်းနဲ့ အာကာသ ပညာတွေ၊ MATI က ဂြိုလ်တုလွှတ်နိုင်တဲ့ ဒုံးပျံတည်ဆောက်ရေးနည်းပညာကို သင်ပေးပါတယ်။ ဒါ့အပြင် ဥမင် လှိုင်ခေါင်းတူး ဘာသာရပ်၊ ယူရေနီယမ်သတ္တုတူးဖော်ရေး ဘာသာရပ် နဲ့ ယူရေနီယမ် သတ္တုရိုင်းသန့်စင်ရေး ဘာသာရပ် တွေအတွက် သီးခြားသင်တန်းတွေလည်း ရှိပါတယ်။

ဒီပညာတော်သင် အများအပြားဟာ မပျော်ကြဘူးလို့ အတည်ပြု သတင်းရထားပါတယ်။ သူတို့ဟာ ရုရှားကို ဇွတ်အတင်း စေလွှတ်ခံရတယ်၊ လစာက တအားနည်းတယ်၊ ရာသီဥတုက ကြမ်းလွန်းလို့ ဒုက္ခရောက်ရတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုက ချို့ငဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ မော်စကိုက ဗမာ သံရုံးကိုသွားပြီး တိုင်တန်း တင်ပြကြ၊ အိမ်ပြန်ခွင့်ရဖို့ အသနားခံကြပေမဲ့ (ထိုစဉ်က) ကကလှမ်းက သူတို့ကို အပတ်စဉ် ညွှန်ကြားချက်တွေပို့ပြီး သင်တန်းပြီးအောင် တက်ဖို့နဲ့ နိုင်ငံတော်ရဲ့ ရည်မှန်းချက် (ဝါ) နျူကလီးယား လက်နက်ထုတ်လုပ်ရေးကို ဖြည့်ဆီးဖို့ဘဲ တိုက်တွန်းခဲ့ပါတယ်။ တခါတော့ (ထိုစဉ်က) နိုင်ငံခြားရေး ဝန်ကြီးဦးဝင်းအောင် ကိုယ်တိုင်လာပြီး ပညာတော်သင် စစ်ဗိုလ်တွေကို ပညာဆုံးခန်းတိုင်သင်ဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင် ရုရှားမ တယောက်ကို လက်ထပ်ပြီး ဗမာပြည်ပြန်လာနိုင်သူ ဘယ်သူ့မဆို ဆု ချီးမြှင့် ဂုဏ်ပြုမယ်ဆိုတဲ့ ဒုတပ်ချုပ်မောင်အေးရဲ့ အမှာစကားကိုလည်း ပါးလိုက်ပါသေးတယ်။

၂၀၀၂ ခုမှာလည်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီးတို့ဟာ ရုရှားနိုင်ငံကိုသွားပြီး ဝယ်ထားတဲ့ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တွေကို ဗမာပြည် ပြန်မောင်းလာဖို့အတွက် နအဖ လေတပ် လေယာဉ်မှူး အယောက် ၂၀ သင်တန်းပေးဖို့ ကိစ္စ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ လေယာဉ်တင် သင်္ဘောတွေ ရေငုပ်သင်္ဘောတွေ ဝယ်ဖို့ လို မလိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၂ ဇူလိုင်လမှာ နအဖ သိပ္ပံနဲ့နည်း ပညာဝန်ကြီး မောင်သောင်း ရုရှားနိုင်ငံကိုသွားပြီး နျူကလီးယား ဓာတ်ပေါင်းဖို ဝယ်ယူတည်ဆောက်ရေး သဘောတူ စာချုပ် လက်မှတ်ထိုးခဲ့ ပါတော့တယ်။

ဓာတ်ပေါင်းဖိုတည်နေရာ
ကျနော်တို့ဟာ အရင်ကတော့ ဓာတ်ပေါင်းဖို တည်နေရာကို သပိတ်ကျဉ်းနားက ကျောက်ပုထိုးလို့ ပြောခဲ့ပါတယ်။ ဒါကို အတည်မပြုနိုင်သေးပေမဲ့ နအဖက တည်နေရာ လျှို့ဝှက်ထားဖို့ ကြိုးစားတဲ့အကြောင်း နောက်ထပ်သတင်းတွေ ရခဲ့ပါ တယ်။ ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ပညာရပ် သင်တန်းတက်ထားတဲ့ ပညာရှင်တွေတောင် စက်ရုံတည်နေရာကို သိခွင့်မရကြပါဘူး။ ၂၀၀၆ ဇွန်လမှာတော့ သတင်းပေါက်ကြားမှု တခုဖြစ်ခဲ့ပြီး စီမံကိန်းမှာပါတဲ့ အရာရှိတွေ နေပြည် တော်ခေါ်ပြီး စစ်ကြော မေးမြန်းခံခဲ့ရပါတယ်။ အဲဒါကတော့ ဘာတင်းလ်လစ်တနာရဲ့ ၂၀၀၆ ဇူလိုင်ထုတ် အာရှတိုင်းမ် ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ လစ်တနာက မကွေးမြို့အရှေ့ဘက်က နတ်မောက်မြို့နားမှာ မြောက်ကိုးရီးယားပညာ ရှင်တွေ တွေ့ခဲ့တယ်လို့ သတင်းရေးခဲ့လို့ ဖြစ်ပါတယ်။

အခုတော့ ဒီ ၁၀ မီဂါဝပ် ဓာတ်ပေါင်းဖိုကို မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ တည်ဆောက်ခဲ့တယ် (သို့မဟုတ်) တည် ဆောက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ကျနော်တို့သိရပါပြီ။ ဒါ့အပြင် ဒီဓာတ်ပေါင်းဖိုဟာ ရေလေး heavy water ကိုသုံးမှာ ဖြစ်တယ်၊ ဒါကြောင့် ပလူတိုနီယမ် အဆင့်ထိ ထုတ်နိုင်မယ်ဆိုတာလည်း သိရပါတယ်။

ဒါကြောင့် အခုဆိုရင် ဖြစ်နိုင်တဲ့ ဓာတ်ပေါင်းဖိုစက်ရုံနေရာ နှစ်ခုရှိနေပါတယ်။ အဲဒါတွေကတော့ မြိုင်မြို့နယ် နဲ့ ကျောက်ပုထိုး တို့ဘဲဖြစ်ပါတယ်။ အခုလို ကွဲပြားနေရတဲ့ အကြောင်းတခုကတော့ နအဖဟာ နဂိုမူလက စက်ရုံကို မကွေး ဒေသမှာတည်ဖို့ စီစဉ်ခဲ့ပေမဲ့ ဧရာဝတီ မဂ္ဂဇင်းက ဖော်ပြခဲ့သလို ငလျင်စက်ကွင်းဖြစ်နေလို့ အစီအစဉ်ပြောင်း လိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မကွေးဒေသဟာ ဖြစ်နိုင်ခြေတခု ဖြစ်မြဲဖြစ်နေပြီး သပိတ်ကျဉ်းမှာဖြစ်ဖို့ တော့ အင်မတန် အလားအလာများနေပါတယ်။

ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ

နအဖရဲ့ နျူကလီးယားအိပ်မက် (၂)
ဂါမဏိ

ယူရေနီယမ်လှုပ်ရှားမှုများ
ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေးတဲ့ နောက်ထပ်အချက် အလက်တွေ ထပ်ထွက်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ်သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်း ပြင်နဲ့ ကျောက်ဆင့် ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင် တနင်္သာရီတောင်ပိုင်း၊ ကရင်နီပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်း နဲ့ ရှမ်းပြည် တောင်ကြီးအနောက်ဖက်တွေမှာလည်း ယူရေနီယမ် စမ်းသပ်ရှာဖွေနေပါတယ်။ ယူရေနီယမ် သတ္တုရိုင်း ကြိတ်ခွဲမှုကိုတော့ သပိတ်ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် ကြိတ်ခွဲပြီးယူရေနီယမ် (အဝါရောင် ကိတ်မုန့်)ကို ယူ-၂၃၅ အဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုကိုလည်း သပိတ်ကျဉ်းမှာ စလုပ်နေပြီ လို့ သတင်းရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာ အားလုံးကို နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်း သုံးစွဲနေပြီဖြစ်ပါတယ်။

၂၀၀၆ ခု နှစ်ဦးပိုင်းတုံးက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တဲ့အကြောင်း အတည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယား ဆီကနေ ယူရေနီယမ်သန့်စင် အဆင့်မြှင့် ရာမှာသုံးဖို့နဲ့ ပလူတိုနီယမ် ထုတ်လုပ်ရာမှာပါ သုံးဖို့ နျူကလီးယား ဓာတ်လှုံ့ ကရိယာတွေ ဝယ်ယူခဲ့ပါတယ်။ ဒီစက်ကရိ ယာအကြောင်းကို ကျနော်တို့ တိတိကျကျ မသိသေးပေမဲ့ တခြားသတင်း အချက်အလက်တွေအရ အများကြီး ဖြစ်နိုင်တာကတော့ စင်ထရီဖျူ့ဂ်ျ (ဗဟိုဆွဲအားကရိယာ)တွေ ပါဝင်ပါလိမ့်မယ်။ မြောက်ကိုးရီးယား နျူကလီးယားပါရဂူ အနည်းဆုံး တယောက်လောက်ကတော့ အခု သပိတ်ကျဉ်းမှာ အလုပ်လုပ်နေပါတယ်။

နောက်ထပ် အတည်ပြုနိုင်တဲ့ သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီးယားနဲ့ ဆက်နွယ်နေတဲ့ စစ်ဘက် သုတေသန ဌာနတခု တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ လွန်ကျော်ဒေသမှာလည်း နျူကလီးယားတပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်မှာတော့ အရပ်ဘက် သုတေသနဌာနတခု ဖွင့်ထားပါတယ်။ မေမြို့မှာလည်း ရုရှား နျူကလီးယား ပါရဂူတွေက ပြည်တော်ပြန်လာတဲ့ ပညာတော်သင်တွေကို မွမ်းမံသင် တန်းတွေ ပေးနေပါတယ်။

စစ်ဘက်ခေတ်မှီရေးနဲ့ နေပြည်တော်ကာကွယ်ရေး
နအဖ ဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့လက်နက်ကိုင်တပ်တွေကို ခေတ်မှီအောင်လုပ်ဖို့ အကြီးအကျယ် ကြိုးစား နေပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက ထူးထူးခြားခြား ဝယ်ယူမှုတွေကို အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါတယ်။

၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ဝယ်ခဲ့ပါတယ်။ တရုတ် နိုင်ငံ မြောက်ပိုင်း စက်မှု ကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု ဝယ်ခဲ့ပြီး မင်္ဂလာဒုံ လေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ် ရေဒါစခန်း၊ ဟိုင်းကြီးကျွန်း ရေဒါစခန်း၊ ကိုကိုးကျွန်း ရေဒါစခန်းတို့မှာ တပ်ဆင် နေရာချခဲ့ပါတယ်။ ပင်လယ်ပြင်နဲ့ ကမ်းခြေ လုံခြုံရေးအတွက်လည်း ဧရာဝတီတိုင်း ထဲက ပြင်ဝိုင်း၊ တိတ်စွန်းနဲ့ တာပင်မှော်ကျွန်းများ၊ ရခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီတိုင်းထဲက ကျွန်း(၈)ကျွန်းတို့မှာ ရေတပ်သုံး ရေဒါတွေ တပ်ဆင်ခဲ့တယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂ ခုထဲမှာဘဲ အမ်အိုင်ဂျီ-၂၉ (၁၀)စီးဝယ်ခဲ့ပြီး ၂၀၀၅ ဖေဖော်ဝါရီမှာ ဒုံးပျံပစ်စင်တွေနဲ့ ဒုံးပျံတင်ထရပ်ကားတွေ၊ ၂၀၀၆ နိုဝင်ဘာမှာ ၁၂၂ မမဒုံးပျံတွေနဲ့ ၂၄၀ မမဒုံးပျံတွေ ဝယ်ခဲ့ပါတယ်။

နအဖဟာ ရေတပ်က စစ်ဗိုလ်တွေကို အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေမှာ သင်တန်း တက်ခိုင်းထားပါတယ်။ အိန္ဒိယမှာ သင်္ဘောပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင် အမြောက်ပစ်နဲ့ ဒုံးကျည်ပစ် သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ် ဒုံးကျည်ပစ်စင် (၂၈)ခုနဲ့တကွ ဆက်စပ်ဒုံးကျည်တွေကို အသုတ်လိုက် ခွဲဝယ်ခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။

၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ်အမြောက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း (၁၀)ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါတယ်။ ၂၀၀၀ ခုမတိုင်ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်း ဌာနချုပ် (ဝါ) အမြောက်တပ်မ (၂)ခုဘဲရှိခဲ့ပါတယ်။ ၂၀၀၄ ခုရောက်တဲ့အခါမှာတော့ အမြောက်တပ်မ (၁၀)ခုနဲ့ ဒုံးပျံတပ်မ (၁)ခုအထိ တိုးချဲ့ခဲ့ပါတယ်။

စစ်ရုံးချုပ်ကို ပျဉ်းမနားရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ ဆက်သွယ်ဖို့ ဖိုင်ဘာအော့ပ်တစ် (အလင်းဖန်မျှင်) ကြိုးတွေ အသုံးပြုခဲ့ပါတယ်။ နေပြည်တော် ကာကွယ်ရေးစည်းကြောင်း၊ ရန်ကုန်တိုင်းက ရေဒါစခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့ နေရာတွေကို ဆက်သွယ်ဖို့ ဂွင်ကျယ်ကွန်ယက် WAN တခုကို သုံးပါတယ်။ ဒါ့အပြင် ပျဉ်းမနား ကာကွယ်ရေးအတွက် စကခ ၆ ရဲ့တပ်ရင်း (၁၀)ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တည်းဖြစ်တဲ့ ပျဉ်းမနား တောင်ညိုမှာ လေယာဉ်ပစ် တပ်ရင်းတရင်းထားပြီး နောက်လေယာဉ်ပစ် တပ်ရင်းတရင်းကိုတော့ ဝဲကြီးနဲ့ သာဝတ္ထိအရှေ့ဘက်မှာ ချထားပါတယ်။ လေယာဉ်ပစ် ဒုံးကျည်တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ အခြေစိုက်ထားပါသေးတယ်။ နေပြည်တော်အတွက် အပိုဆောင်း လုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း (၂)ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြားမှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃)ရင်းနဲ့ အမြောက်စခန်း ဌာနချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘောနက်ကြီး-ဘုရားကြီး ဒေသမှာ ချထားပါတယ်။

အချက်ပြ ဆက်သွယ်မှု လုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင် ဝါယာလက် (ကြိုးမဲ့) ဆက်သွယ်ရေးစနစ်တွေ ဖော်ထုတ် နေပါတယ်။ ၂၀၀၆ ခုမတိုင်ခင်က XD-D6M ဆက်သွယ်ရေး စက်တွေကို သုံးခဲ့တယ်။ ဒီစက်တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင် ဖမ်းနိုင်ပြီး ဆက်သွယ်မှုကို အလွယ်တကူ ကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော် ပင်မ ဆက်သွယ်ရေး အလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့ ပင်မ ဆက်သွယ်ရေး အလုပ်ရုံက တရုတ်နည်းပညာ အကူအညီနဲ့ ကြိုးမဲ့ ဆက်သွယ်ရေး စက်အသစ်တမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ဒါကို 2006M1 လို့ ယာယီ နာမည်ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း .၀၀၀၀၁ မီတာကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒီစက်သစ်တွေနဲ့ ပို့လွှတ်တဲ့ သတင်းတွေကို ကြားဖြတ်ဖမ်းဖို့ အတော့်ကို ခက်ခဲတယ်လို့ ကြားရပါတယ်။

နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေ အတွက်လည်း ကိုယ်တိုင် ချိန်ရွယ်ပစ်ခတ်တဲ့ စနစ်ကို အစားထိုးဖို့ ကွန်ပျူတာဆော့ဖ်ဝဲ တီထွင်ဖော်ထုတ် နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ် စနစ်တွေအတွက် ဆော့ဝဲ သုတေသနကိုလည်း ဆောင်ရွက်နေပါ တယ်။

ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ် ပြန်လည်မွမ်းမံ ပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လုပ်ထားပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့ ပုံမှန်အစားထိုး လဲလှယ်ဖို့လိုတဲ့ နာမည်ပျက်ရှိပြီး အပူပိုင်း ရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီး ယိုယွင်းလွယ်ပါတယ်။) တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယား ပါရဂူတွေနဲ့ ကပစ ၁၄ ကို ပြင်ဆင် မွမ်းမံခဲ့ပါတယ်။ ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ တည်ဆောက်ခဲ့ပြီး အခု လည်ပတ် ထုတ်လုပ်နေပြီလို့ ယူဆရပါတယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့် စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ်နေပါတယ်။ (မှတ်ချက်။ အရင်က နအဖအနေနဲ့ တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ်လောက် ကြာအုံးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရုရှားလုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလိုတာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။)

နိဂုံး
နအဖအနေနဲ့ နျူကလီးယား လက်နက်တွေကို သဲကြီးမဲကြီး ကြိုးပမ်းနေတာဟာ (တခြားစီမံကိန်းကြီးတွေလည်း ရှိသေးတယ်) ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ် ပူပန်သင့်ပါတယ်။ ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းက စစ်အုပ်စု အပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာကို လုံးဝပြောင်းပြန် လှန်ပစ်ဖို့လိုပါတယ်။ နအဖဟာ အဆိုးဆုံး အန္တရာယ်ကြီး ဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ်ရပါမယ်။ ရုရှားနဲ့ တရုတ် ဗီတိုအာဏာတွေ ပါနေတဲ့ လုံခြုံရေး ကောင်စီဟာ ကိုင်တွယ်နိုင်စွမ်း မရှိတဲ့အတွက် တခြား ရွေးစရာ ဖြေရှင်းချက် ရှိရပါမယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင်တာက အမေရိကန် တခုဘဲရှိပြီး သူ့တနိုင်ငံတည်းကဖြစ်စေ သို့မဟုတ် တခြား စိုးရိမ်ပူပန်တဲ့ နိုင်ငံတွေနဲ့ (ထိုင်းနိုင်ငံ?) ပူးတွဲ၍ဖြစ်စေ မြန်မာနိုင်ငံက ပြည်သူတွေ မိမိတို့ဖာသာ လွတ်မြောက်အောင် ကြိုးပမ်းနေတာကို ကူညီပေးဖို့ လမ်းတခုဘဲ ရှိပါတယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်းဘဲဖြစ်ဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ




မြန်မာ၏ နျူကလီယား ရည်မှန်းချက်အတွက် တရုတ်က တုန်လှုပ်ချောက်ချား
ဘရိုင်ယန် မက်ကာတန်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 05 ရက် 2009 ခုနှစ် 12 နာရီ 42 မိနစ်

ဘန်ကောက် (မဇ္ဈိမ)။ ။ မြောက်ကိုရီးယားနှင့် ဆက်သွယ်မှု၊ နျူကလီယားရည်မှန်းချက်များ စသည်တို့ကို ပေါ်ထွက်လာပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် အသစ်တဖန် စိတ်ဝင်စားလာကြပြန်သည်။

ထို့အပြင် အမေရိကန်က တရုတ်၏ အိမ်နီးနားချင်း နှစ်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား တိုးပွားလာနေသော ပူးပေါင်း ဆောင်ရွက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုလာခြင်းကြောင့် တရုတ်နိုင်ငံ အနေနှင့်လည်း ပို၍ပင် စိတ်မသက်သာစရာများ ဖြစ်ပေါ်လာရသည်။

ဤသို့ ထုတ်ဖော် ဖွင့်ချလိုက်မှုများသည် စနေနေ့ထုတ် ဆစ်ဒနီမောနင်း ဟယ်ရယ် (Sydney Morning Herald) သတင်းစာကြီးတွင် ပါရှိခဲ့သည်။ သြစတြေးလျားတက္ကသိုလ် မြန်မာ့အရေးစောင့်ကြည့်သူနှင့် မဟာဗျူဟာလေ့လာရေး ကျွမ်းကျင်သူ ဒက်စမွန်ဘောလ် (Desmond Ball) နှင့် အလွတ်သတင်းထောက် ဖီလ်သောန်တန် (Phil Thornton) တို့ နှစ်ဦး ၂ နှစ်ကြာ သုတေသနပြု၍ အဆိုပါဆောင်းပါးကို ရေးသားထားခြင်းဖြစ်သည်။

ထိုဆောင်းပါးပါ အချက်အလက်များကို မြန်မာ့အနုမြူအစီအစဉ်နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုသော မြန်မာနိုင်ငံမှ ကူးပြောင်းလာသူများ၏ ထွက်ဆိုချက်များနှင့် ရေဒီယိုဆက်သွယ်မှု ကြားဖြတ်ဖမ်းယူမှုများကို အခြေခံရေးသားထားခြင်း ဖြစ်သည်။

အတိုက်အခံမီဒီယာများနှင့် မြန်မာ့အရေး လှုပ်ရှားသူများအကြားတွင် မြန်မာ့အနုမြူ စီမံကိန်းအကြောင်း ပြောဆိုနေကြသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း သူတို့၏ သုတေသနက မြန်မာစစ်အစိုးရသည် အနုမြူဓာတ်ပေါင်းဖို ၂ လုံးကို အကောင်အထည် ဖော်နေကြောင်းနှင့် အနုမြူလက်နက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်ကြောင်း သေချာပေါက် ညွှန်ပြပြောဆိုနေသည်ဟု ဒက်စမွန်ဘောလ်နှင့် ဖီလ်သောန်တန်တို့က ပြောသည်။

သူတို့၏ သုတေသနအရ ရုရှအကူအညီဖြင့် မကွေးတိုင်း မြိုင်မြို့နယ်တွင် ၁ဝ မီဂါဝပ် အင်အားရှိ အနုမြူဓာတ်ပေါင်းဖိုတလုံးကို တည်ဆောက်နေပြီး နောက်ထပ် `လျှို့ဝှက်´ ၁၀ မီဂါဝပ် အင်အားရှိ ဓာတ်ပေါင်းဖိုတလုံးကို မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် မန္တလေးတိုင်း နောင်လိုင်တွင် တည်ဆောက်နေသည်ဟု ဆိုသည်။

ထို့အပြင် ယူရေနီယံ သန့်စင်ရေးနှင့် အဆင့်မြှင့်တင်ရေး စက်ရုံတရုံကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် သပိတ်ကျင်းမြို့တွင် တည်ဆောက်နေသည်ဟု ဆိုသည်။ အဆိုပါ ဓာတ်ပေါင်းဖို နှစ်ခုလုံးမှာ အရွယ်အစားအားဖြင့် သေးငယ်သော်လည်း လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများက ထောက်ပြသည်မှာ မြောက်ကိုရီးယားသည်လည်း ယုံဗြွန်းရှိ အလားတူ ဓာတ်ပေါင်းဖိုမျိုးဖြင့်ပင် သူတို့၏ နျူကလီးယား အစီအစဉ်ကို ပြုလုပ်သွားကြခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။

ပို၍အန္တရာယ်ရှိသော အနေအထားတရပ်မှာ ထွက်ပြေးလာသူ နှစ်ဦး၏ ထွက်ဆိုချက်များအရ အလားအလာ ကောင်းသော အနုမြူလက်နက် ထုတ်လုပ်ရေး အစီအစဉ်တရပ်ကို မြန်မာနိုင်ငံက စတင် ဆောင်ရွက်နေပြီဖြစ်ပြီး၊ အကယ်၍ အဆိုပါ ထွက်ပြေးလာသူ နှစ်ဦး၏ ထွက်ဆိုချက်များ မှန်ကန်ပါက အဆိုပါ `လျှို့ဝှက်´ ဓာတ်ပေါင်းဖိုသည် ၂၀၁၄ ခုနှစ်မှစ၍ တနှစ်လျှင် အနုမြူဗုံး တလုံးကျ ထုတ်လုပ်သွားနိုင်တော့မည်ဟု ဆိုသည်။

အနုမြူဗုံး ထုတ်လုပ်ရေး အစီအစဉ်အတွက် ယခုထက်ပိုပြီး ပြင်ပအကူအညီများ လိုအပ်သေးသည်မှာ မှန်သော်လည်း တကိုယ်တော် အထီးကျန်နေ၍ အနောက်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိသူ အာဏာရှင်အစိုးရများကို အနုမြူနည်းပညာနှင့် အတတ်ပညာ တင်ပို့ပေးရန် လိုလားကြောင်း ပြုံယမ်းက ပြသခဲ့သည်။

မြန်မာနိုင်ငံအတွက်ဆိုလျှင် မြောက်ကိုရီးယားအနေဖြင့်လည်း ဤသို့ အနုမြူနည်းပညာများ ပေးအပ်ခြင်းဖြင့် သူတို့နိုင်ငံ အနုမြူဗုံး ထုတ်လုပ်ရေး စီမံကိန်းအတွက် လိုအပ်နေသော နျူကလီးယား ဓာတ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းသွားနေခဲ့သည်ဟု ယုံကြည်ရသော မြောက်ကိုရီးယား ကုန်သင်္ဘော ကန်နမ် (၁) (Kang Nam 1) ကြောင့် ပြုံယမ်းနှင့် နေပြည်တော်တို့အကြား ဒုံးကျည်ထုတ်လုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီလားဟူသော သံသယများကိုလည်း ပေါ်ထွက်လာစေခဲ့သည်။

အတိုက်အခံ သတင်းရပ်ကွက်များကမူ စစ်အစိုးရသည် စကဒ် (Scud) ပုံစံ ဒုံးကျည်များကို ရရှိထားပြီဖြစ်ပြီး၊ သူတို့ကိုယ်တိုင် ပုံစံထုတ်တည်ဆောက်ထားသော စကဒ် ဒုံးကျည်များကို ယခုအခါ စမ်းသပ်ပစ်လွှတ်နေပြီဟု ပြောသည်။

ယင်းတို့ကို မြောက်ကိုရီးယား အကြံပေးများ၏ အကူအညီဖြင့် တည်ဆောက်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဤသို့သော ပြောဆိုချက်များကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါ။ သို့သော် နအဖ အဖွဲ့တွင် နံပါတ် ၃ အဆင့်ရှိသော ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် အဖွဲ့ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်၍ စကဒ်ဒုံးကျည် ထုတ်လုပ်ရေးစက်ရုံကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်ဟူသော သတင်းက အဆိုပါပြောဆိုချက်ကို တစိတ်တပိုင်း အတည်ပြုပေးနေသည်။

ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ ရောင်းချရန်ကြိုးပမ်းခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဂျပန်အမှုဆောင်အရာရှိ ၃ ဦးကို တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟူသော သတင်းများလည်း ဇူလိုင်လ အစောပိုင်းက ပေါ်ထွက်ခဲ့သည်။

မြန်မာနိုင်ငံက အနုမြူလက်နက်များ ရရှိထားပြီး ထိုလက်နက်များကို ပစ်လွှတ်ရန် ဒုံးကျည်စနစ်တခု တည်ဆောက်နေသည်ဟူသော သတင်းကြောင့် ဒေသတွင်း လုံခြုံရေး အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်လာပြိး အရှေ့တောင်အာရှတွင် လက်နက်ပြိုင်ဆိုင်မှုတရပ်ကိုလည်း ပေါ်ပေါက်လာစေနိုင်သည်။

စနေနေ့က အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ Thawil Pliensri က အဆိုပါ သတင်းကို လေ့လာစုံစမ်းရန် သူ့အရာရှိများကို အမိန့်ပေးညွှန်ကြားခဲ့သည်။

ဤသို့သော အခြေအနေမျိုးကို မြန်မာနိုင်ငံအတွက် နိုင်ငံတကာစင်မြင့်တွင် အဓိက အကာအကွယ်ပေးနေသူကလည်း လိုလားနှစ်သက်မည် မဟုတ်သည်မှာ သေချာသည်။ သူ့နိုင်ငံ၏ ကြီးထွားတိုးတက်လာနေသော စက်မှုလုပ်ငန်းများအတွက် သဘာဝသယံဇာတများ ဈေးချောင်ချောင်ဖြင့် ရရာနေရာအဖြစ်၎င်း၊ ဝေးလံ၍ ကုန်းတွင်းပိတ် ဖြစ်နေသော အနောက်တောင်ဒေသအတွက် ကုန်သွယ်ရေး ထွက်ပေါက်အဖြစ်၎င်း၊ အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းရာတွင် မဟာဗျူဟာကျသော လမ်းကြောင်းအဖြစ်၎င်း အသုံးချနိုင်ရန် တရုတ်နိုင်ငံက အတော်အတန် ကြိုးပမ်းအားထုတ်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို နောက်လတွင် စတင်ရန် စီစဉ်ထားသည်။ အဆိုပါ ပိုက်လိုင်းမှ တနှစ်လျှင် ရေနံစိမ်းတန်ချိန် သန်း ၂၀ နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာပေါင်း ၁၂ ဘီလျံမျှကို မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်ပြည် အနောက်တောင်ပိုင်း ကူမင်းမြို့တော်သို့ သယ်ပို့ပေးနိုင်မည်ဖြစ်သည်။

ဤအဆိုပြုထားသော ရေနံပိုက်လိုင်းဖြင့် တရုတ် ရေနံတူးစင်များအနေဖြင့် ကျဉ်းမြောင်းသော မာလက်ကာရေလက်ကြားကို ရှောင်ကွင်း၍ သယ်ယူနိုင်တော့မည်ဖြစ်သည်။ လောလောဆယ်တွင် စုစုပေါင်း လောင်စာသွင်းကုန် ၈ဝ % ကို အဆိုပါ ရေလက်ကြားကိုဖြတ်၍ တင်သွင်းနေရပြီး အမေရိကန်နှင့် ပဋိပက္ခ ဖြစ်ပွားလာလျှင် အဆိုပါ ရေလက်ကြားကို ပိတ်မိနိုင်သော နေရာအဖြစ် တရုတ်က ရှုမြင်ထားသည်။

လေ့လာသုံးသပ်သူများ၏ သုံးသပ်ချက်အရ တရုတ်နိုင်ငံက မမြင်လိုဆုံးအချက်မှာ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကြောင့် သူတို့၏ ကူးသန်းရောင်းဝယ်ရေး သွေးလွှတ်ကြောအသစ်များ အန္တရာယ်ရှိမည့် အရေးပင် ဖြစ်သည်။ ၁၉၈ဝ စုနှစ်များ နှောင်းပိုင်းတွင် ဗမာပြည် ကွန်မြူနစ်ပါတီကို ထောက်ခံနေမှုများ ရုပ်သိမ်းလိုက်ပြီးကတည်းက တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရကို အတိုင်းအတာအမျိုးမျိုးဖြင့် ထောက်ပံ့ကူညီပေးနေခဲ့သည်။

ဗိုလ်ချုပ်ကြီးများ သူတို့စစ်တပ်ကို ခန့်မှန်းခြေအင်အား ၅ သိန်းထိ အလျင်အမြန် တိုးချဲ့နိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းများ ထိုသို့ အကြီးအကျယ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုများကို မြန်မာနိုင်ငံ ရှောင်လွှဲနိုင်ခဲ့သည်မှာ အဓိကအားဖြင့် တရုတ်နိုင်ငံ၏ သြဇာကြောင့်ပင် ဖြစ်သည်။ တရုတ်ကုမ္ပဏီများအတွက် အကျိုးများလှသော မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော သဘာဝသယံဇာတ ပစ္စည်းများ ထုတ်ယူခွင့် ရရှိရေး၊ မြန်မာနိုင်ငံသို့ စီးပွားရေးအရ လမ်းပေါက်ရေးတို့အတွက် တရုတ်နိုင်ငံက ငွေနှင့်ကြိုးပမ်းမှုများ အတော်အတန် သုံးစွဲလုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင် အန္တရာယ်များလှသောလမ်းကို ရွေးချယ်လုပ်ဆောင်လေ့ရှိသည့် မြန်မာနိုင်ငံအပေါ် တရုတ်က တနေ့တခြား စိတ်ပျက်လာနေသည်ကို တွေ့မြင်နေရပြီဖြစ်သည်။ မြန်မာနိုင်ငံက အနုမြူလက်နက်အဆင့်ရှိ လက်နက်ပိုင်ဆိုင်လာလျှင်သော်၎င်း၊ ဒုံးကျည် ပိုင်ဆိုင်လာလျှင်သော်၎င်း၊ စိုးရိမ်ပူပန်မှုများ တိုးပွားလာမည်မှာ သံသယဖြစ်စရာ မရှိပါ။ ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့သော သူ၏ သုတေသန စာတမ်းတွင် သြစတြေးလျားလူမျိုး မြန်မာ့အရေးကျွမ်းကျင်သူ အင်ဒရူးဆက်သ် (Andrew Seth) က `မြန်မာနိုင်ငံက တရုတ်ပြည်နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့်၎င်း၊ မြန်မာ့ပြည်တွင်းရေး မတည်ငြိမ်သောကြောင့်၎င်း၊ မြန်မာစစ်ခေါင်းဆောင်များ၏ အမူအကျင့်မှာ ခန့်မှန်းရခက်သောကြောင့်၎င်း၊ နအဖ ကသာ အနုမြူလက်နက် ပိုင်ဆိုင်လာဖွယ်ရှိသည်ဆိုလျှင် ပီကင်းအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိဖွယ်မမြင်ပါ´ ဟု ရေးသားထားသည်။

မြောက်ကိုရီးယားနိုင်ငံက အခြား မနှစ်မြို့စရာ နိုင်ငံတကာအစိုးရများဖြစ်သော ဆီးရီးယားနှင့် အီရန်တို့ကဲ့သို့ နိုင်ငံများကို သမရိုးကျလက်နက်များနှင့် ဒုံးကျည်လက်နက်များ ထောက်ပံ့ပေးနေခြင်းအား တရုတ်နိုင်ငံက ယခုအထိ ခွင့်ပြုထားခဲ့သော်လည်း သူနှင့် အိမ်နီးချင်းနိုင်ငံများသို့ အလားတူ လက်နက်များ ထောက်ပံ့ပေးပို့ခဲ့လျှင်ကား အဆိုပါ ချစ်ကြည်ရေးစိတ်ဓာတ်မှာ အာဏာကုန်ဆွဲဆန့်မှသာ ထိုသို့လိုက်လျောနိုင်မည်ဖြစ်သည်။ အထူးသဖြင့် သူ၏ ခေါ်ဆိုလေ့ရှိသော `ပါဝါအပျော့´ ကင်ပိန်းဖြင့် ရယူထားရသော သံတမန်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကြိုးပမ်းမှုများ အရှေ့တောင်အာရှဒေသကြီးတွင် ထိခိုက်ပျက်စီးလာမည်ကိုမူ လိုလားမည် မဟုတ်ပါ။

ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းထားရေးမှာ တရုတ်ပြည်အတွက် အဓိကအချက် ဖြစ်သည်။ မြန်မာနိုင်ငံက ဒုံးကျည်သော်၎င်း၊ အနုမြူလက်နက်သော်၎င်း ပိုင်ဆိုင်လာခြင်းဖြင့် အဆိုပါ လက်နက်မျိုး ပိုင်ဆိုင်ခြင်းမရှိသည့် ဒေသတွင်းတွင် လူအမြောက်အမြားကို သေကြေပျက်စီးစေနိုင်သည့် လက်နက်နည်းပညာ ပြန့်ပွားလာမည့် အန္တရာယ်လည်း ရှိနေသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများက ကာကွယ်ဟန့်တားနိုင်သော ရွေးလမ်းအဖြစ် အကြောင်းပြကာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတရပ် ပေါ်ပေါက်လာမည်ဖြစ်သည်။

`ဤသို့သော ထိတ်လန့်သံသယ ဖြစ်မှုများအောက်တွင် ဒေသတွင်းလုံခြုံရေး အန္တရာယ်မှာလည်း တိုးပွားလာမည်သာ ဖြစ်သည်။ အခြားနိုင်ငံများအနေနှင့်လည်း သူတို့၏ မဟာဗျူဟာလက်နက်များ တိုးချဲ့ချထား ထုတ်လုပ်ရန် လိုအပ်နေပြီဟူသော အမြင်မျိုးများလည်း ပေါ်ပေါက်လာမည်ဖြစ်သည်။ ပိုမိုနီးကပ်လာနေသော မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် အမေရိကန်က တုံ့ပြန်အရေးယူဆောင်ရွက်လာနိုင်ဖွယ် ရှိသည့်အပေါ်လည်း ပီကင်းက စိုးရိမ်ပူပန်လိမ့်မည်ဖြစ်သည်´ ဟု အင်ဒရူးဆက်သ်က သူ့စာတမ်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အနုမြူလက်နက်အစီအစဉ်နှင့် ဒုံးကျည်ရရှိရေး ကြိုးပမ်းမှုများအတွက် သက်သေအထောက်အထား အခိုင်အမာ ရရှိပြီဆိုပါက မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံမည့် သူ၏ မြန်မာနိုင်ငံ မူဝါဒကို ဝါရှင်တန်က ပြန်လည်သုံးသပ်ရတော့မည်ဖြစ်သည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဂျေ ခရိုလီ (Philip J. Crowley) က `မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု သဘောသဘာဝနှင့် ပတ်သက်၍´ အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သည်။

သူက မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုး ဆိုသည်ကို ရှင်းလင်းပြောကြားခြင်း မပြုသော်လည်း မြေအောက် အနုမြူစက်ရုံများ တည်ဆောက်နေမှုနှင့် ပတ်သက်သည့် မေးခွန်းများကိုမူ တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ အကဲခတ်အများအပြားကမူ မြန်မာနိုင်ငံ၏ အနုမြူလက်နက်ကိစ္စအပေါ် အမေရိကန်က အသစ်တဖန် စိတ်ဝင်စားနေသည်ဟု ယုံကြည်ကြသည်။
လိုးဝီးနိုင်ငံတကာ မူဝါဒ အင်စတီကျု (Lowy Institute for International Policy) ၏ ဘလော့ဖြစ်သော The Interpreter တွင် သြဂုတ်လ ၃ ရက်နေ့က ရေးသားရာ၌ အင်ဒရူးဆက်သ်က `အိုဘားမားအစိုးရသည် သူတို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်သည့်လုပ်ငန်း တစိတ်တပိုင်းအနေနှင့် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို သေချာစွာ လေ့လာစုံစမ်းနေသည်ဟု ဆိုသည်။

သို့သော် ယခုအထိ အမေရိကန်အစိုးရက ဤကိစ္စနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ရာတွင် အထူးသတိထားနေသည်။ ကြေညာချက် မထုတ်ပြန်မီ မြန်မာ့အနုမြူ အစီအစဉ်နှင့်စပ်လျဉ်း၍ ခိုင်မာသော သက်သေခံချက်များရအောင် စောင့်ဆိုင်းနေဖွယ်ရှိသည်ဟု သူက ပြောသည်။

သတင်းအချက်အလက်များ ဆက်လက်ပေါက်ကြားနေခြင်း၊ ယင်းကြောင့် စစ်ရေးအဆက်အဆံများအပေါ် မီဒီယာက အာရုံစိုက် စိတ်ဝင်စားလာနေခြင်း၊ နေပြည်တော်နှင့် ပြုံယမ်းအကြား ဖြစ်နိုင်ဖွယ်ရှိသော နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုများတို့ကြောင့် အမေရိကန်က မြန်မာနိုင်ငံအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေမှုမှာ နဂိုအတိုင်းပင် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ပို၍ပင် အရှိန်မြင့်လာနိုင်သည်။

အိုဘားမားအစိုးရက အရှေ့တောင်အာရှဒေသကို အသစ်တဖန် စိတ်ဝင်စားလာနေပြန်ကြောင်း ပြသခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် တရုတ်နိုင်ငံအတွက်လည်း သူ၏ တောင်ပိုင်းအိမ်နီးချင်းနိုင်ငံ၏ ကြီးမားလှသော ရည်မှန်းချက်များကို ထိန်းချုပ်ဇက်သတ်ထားနိုင်သည့် အကောင်းဆုံး အကျိုးစီးပွားကို ရရှိသွားစေခဲ့သည်။


R M Nuclear

တွင်စုဆောင်းထားမှုများဖြစ်ပါသည်။