Friday, August 21, 2009

ဂျွန်ယက်တောကိုလက်ဆွဲနူတ်ဆက်ပြီး ဒေါ်စုခြံထဲပေးဝင်ခဲ့ပါတယ်တဲ့.. ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာ စောင့်နေကြတဲ့ လုံခြုံရေးတွေ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာ စောင့်နေကြတဲ့ လုံခြုံရေးတွေက ဂျွန်ယက်တော ၀င်ရောက်တဲ့အချိန်မှာ တားဆီးမပိတ်ပင်တဲ့အပြင်သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး ၀င်ခွင့်ပေးခဲ့ပါတယ်တဲ့။Newsweek သတင်းဂျာနယ်နဲ့  အင်တာဗျူးမှာ ယက်တောကပြောသွားပါတယ်။
(But now, in an exclusive interview with NEWSWEEK, Yettaw has offered an explanation: Burmese security officials let him. "I don't know why they didn't stop me," he says. "The man with the AK-47 shook my hand and let me in.")

http://dassk.org/index.php/topic,11111787.0.html

ကာတွန်းနှင့် ပန်းချီဆရာ ကံချွန် ကွယ်လွန်





ကာတွန်းနှင့် ပန်းချီဆရာ ကံချွန် ကွယ်လွန်

နာမည်ကျော် ကာတွန်းနှင့် ပန်းချီဆရာ ကံချွန် (အသက် ၆၄ နှစ်) သည် သြဂုတ်လ (20) ရက်နေ့ နေလည်ပိုင်းက ဇာတိမြေ မန္တလေးမြို့မှာ ကွယ်လွန်သွားပါပြီ။ အသည်း ကင်ဆာရောဂါဖြင့် သေဆုံးခဲ့ရတာဖြစ်ပြီး ဈာပနကိုတော့ (21)ရက်နေ့ နေ့လယ် (၂) နာရီမှာ ကြာနီကန် သုဿာန်မှာ ပြုလုပ်မယ်လို့ ကျန်ရစ်သူ မိသားစုဝင်တွေက ပြောပါတယ်။

''သူက အခုလို ဖြစ်နေတာ ၆ လလောက်တော့ ရှိနေပြီ။ အသည်း အနာဖြစ်ရာကနေ ခွဲလိုက်တာ။ ခွဲပြီးတော့ ဆေးဖြန်းလိုက်တာပေါ့။ ဆေးဖြန်းပြီးတော့ ဒီပြန်ရောက်ပြီး ၂ ပတ်လောက်နေတော့ ဆေးရုံပြန်တက်ရတယ်။ သူက မတ်လ ၂၉ ရက်က ဗိုက်ခွဲရတယ်။ ပြီးတော့ ရန်ကုန်ကိုသွားပြီး အသည်း ဆေးဖြန်းရတယ်'' ဟု သူ၏ သားမက်ဖြစ်သူ èးမြင့်အောင်က မဇ္ဈိမကို ပြောကြားသည်။

ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးဖြစ်သူ မိသားစုများ ကျန်ရစ်သည်။
ယနေ့ သူကွယ်လွန်ချိန်တွင် သူ့ကို ချစ်သော ပရိသတ် အပါအဝင် နယ်ပယ်အသီးသီးမှ မိတ်ဆွေများ သူ့အိမ်တွင် စုရုံးရောက်ရှိနေပြီး၊ သူ့နောက်ဆုံး ခရီးအတွက် ဝိုင်းဝန်းပြင်ဆင်ပေးနေသည်။

အသည်းကင်ဆာကို ဆေးကုသနေရသည့်ကြားက ဆရာကံချွန်သည် ယခုလ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ မန္တလေးမြို့ ဥမငနညအေူံသကျန တွင် သူ၏ တကိုယ်တော် ပန်းချီပြပွဲကို ပြုလုပ်နေပြီး ယနေ့တွင် သူ၏ ပန်းချီပြပွဲ နောက်ဆုံးနေ့ ညနေတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

''ဆရာ ကံချွန်က မန္တလေးမှာတင် မကဘူးခင်ဗျ။ ကျနော်တို့ ဗမာ စာပေနယ်မှာကိုပဲ သူ ဆုံးသွားတာက အင်မတန်ကြီးတဲ့ ကွက်လပ်ကြီး ဖြစ်သွားတာဗျ။ သူက ကာတွန်းလည်း ဆွဲသလို ဝတ္ထုလည်း ရေးတယ်။ ဆောင်းပါးတွေလည်း အများကြီး ရေးတယ်။ ကျနော်တို့ မြန်မာပြည်မှာ ထုတ်နေတဲ့ ဂျာနယ် အစောင်ပေါင်း မြောက်မြားစွာမှာ သူက တပြိုင်ထဲ ရေးနေတာ။ မဂ္ဂဇင်းတွေရော၊ ဂျာနယ်တွေရော။ အဲဒီတော့ သူ ဆုံးသွားတယ်ဆိုရင် အဲဒီကွက်လပ်ကြီးက အကြီးကြီး။ အဲဒါကြီးကို ပြန်ဖြည့်ဖို့၊ ဖြည့်နိုင်ဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်'' ဟု မန္တလေးသား စာရေးဆရာ ဆရာကျော်ရင်မြင့်က ဆိုသည်။

ဆရာကံချွန်က သူ၏ ကိုယ်ရေးအကြောင်းအရာကို ယခုကဲ့သို့ သူ၏ တကိုယ်တော် ပန်းချီပြပွဲ လက်ကမ်းစာစောင်တွင် ရေးသားသွားခဲ့သည်။
သူ၏ ပန်းချီပြပွဲတွင် သူကိုယ်တိုင် ရေးသားခဲ့သော ကိုယ်ရေးရာဇဝင်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။

''ကံချွန်ဆိုတာ မြန်မာပြည်က ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာပါ။ မန္တလေးမြို့မှာ မွေး၊ မန္တလေးမြို့မှာ ကြီး၊ မန္တလေးမြို့မှာပဲ နေပါတယ်။ လေဘာတီ မမြရင် နှစ် ၁ဝဝ ပြည့် အမှတ်တရ၊ မန္တလေးအငြိမ့် အလွမ်းပြေ ဠဃီ ရိုက်ကူးခဲ့တယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ ဟာသတိုများနဲ့ လူငယ် ပညာပေး အတွေးအခေါ်ဆိုင်ရာ စာပေမျိုးစုံကို ရေးသားပြုစုခဲ့ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကာတွန်း ရေးခဲ့တယ်။ ကာတွန်း ဇာတ်လမ်းရှည်တွေလည်း ရေးခဲ့တယ်။ ဂျာနယ်တွေမှာ ကွက်ဆက် ကာတွန်းနဲ့ တကွက်ချင်း ကာတွန်းတွေ ရေးခဲ့တယ်။ ပန်းချီကားများစွာ ရေးခဲ့သလို ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆ ခုမှာ ထူထောင်ခဲ့တယ်။ အနုပညာအလုပ်တွေ အများကြီးကို တပြိုင်တည်း လုပ်နေတာဟာ ဆရာကံချွန်ပါပဲ။ သူ့ပုံရိပ်ကို ခွဲခြားပြီး ပြောပါ့မယ်။ ကလောင်အမည် ကံချွန်၊ အမည်ရင်း ကံချွန်။ အဖနဲ့ အမိ ဦးးဘဌေး- ဒေါ်အေးရွှင်။ မွေးရက် ၄ ရက်၊ ဧပြီ ၁၉၄၆ ။ မွေးရာဇာတိ မန္တလေးမြို့၊ မြန်မာပြည်။ မွေးချင်း ဘိုမောင် (ကာတွန်းဆရာ)၊ လှဝင်း (ဓာတ်ပုံဆရာ)၊ မျိုးဆက်သမီး စိန်စိန်ဦး၊ သမက် ကိုမြင့်အောင် (ထုတ်ဝေသူ)၊ မြေး -မောင်အောင်မျိုးဦး၊ မောင်အောင်မင်းဦး၊ မနှင်းပွင့်ဖြူ တို့ကျန်ခဲ့ပါသည်။

ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး


ရဲဘော်ဖိုးသံချောင်း
၂၁ သြဂုတ် ၂၀၀၉

ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင်ဖြစ်နေတယ်လို့ ယူဆရတဲ့ ဂျွန်ယက်တောဟာ ဗမာပြည်နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံတခေါင်းကြီး သယ်လာခဲ့တယ်လို့ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့မျက်မှောက်ကာလနိုင်ငံရေးကို ယက်တောလွန်/ဝက်ဘ်လွန်နိုင်ငံရေးလို့တောင် နာမည်ပေးရင်ရမလားပါပဲ။ အပေါ်ယံကြည့်လိုက်ရင်တော့ အခုအချိန်မှာ အမေရိကန်ကလာတဲ့ ယက်တောလည်း အမေရိကန်ကိုပြန်သွား၊ အိမ်ချုပ်ထဲကဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိမ်ချုပ်ထဲပြန်ထည့်၊ အဆင့် (၁) ကို ပြန်ရောက်သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။

ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ခရီးစဉ်မှာ ဝက်ဘ်နဲ့နအဖတို့ပဲ အမြတ်ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ်ရသွားပါတယ်။ အမေရိကန်နိုင်ငံသားတယောက်ကို လူဆိုးတွေလက်က ကယ်တင်နိုင်သူ သူရဲကောင်းဖြစ်သွားပါတယ်။ သူ့ရှေ့တက်လမ်းအတွက် အမှတ်တော်တော်ရသွားတယ် လို့တောင် တချို့ကပြောပါတယ်။ နောက်ပြီး နအဖအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့်ရသွားပါတယ်။ ဒါဟာအရင်လို မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါးရိပ်ခြေ အသိပေးနေရတာတွေနဲ့စာရင် အများကြီးပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ဆိုရင်လည်း အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစတစ ရသွားပါတယ်။ သူများက ယုံတာမယုံတာအပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူတွေဖြစ်ပါတယ်လို့ ပြသခွင့်ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ်ချင်တဲ့ ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့်ရသွားပါတယ်။ သူက နာမည်ကြီးချင်လို့လုပ်တာဆိုရင် ပိုတောင်အောင်မြင်သေး တယ်လို့ ပြောရပါမယ်။

ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ အတော်ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလိုစဉ်းစားတွေးတောစရာတွေ ဖြစ်လာရတဲ့အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့လူက သာမန်လူမဟုတ်ဘဲ အမေရိကန်နိုင်ငံက ဆီနိတ်တာအမတ်တယောက်ဖြစ်နေလို့ပါပဲ။

တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေလွှမ်းမိုးနေပါတယ်။ ဝက်ဘ်ဘက်ကလည်း အများကြီးထိန်ချန်ထား၊ နအဖဘက်ကလည်း အများကြီးထိန်ချန်ထားတာမို့ တကယ့်အခြေအနေကို မှန်းဆရတာဟာ အလွန်ခက်ပါတယ်။ စောလည်းစောလွန်းနေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့ ကြပ်ပြေးအကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာရှိပါတယ်။ ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့ကံကြမ္မာအပေါ် ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊ ပြောဆိုသူတွေ အခုထက် ပိုများလာကောင်းလာစရာလည်း ရှိပါတယ်။

ဒါတွေနဲ့ဆက်နေတဲ့ကိစ္စတခုက ဝက်ဘ်ရဲ့ခရီးစဉ်ဟာ အမျိုးသားရင်ကြားစေ့ရေးဆီကို တွန်းပို့ရာကျမကျဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို ပြောသူတွေထဲမှာ သဘောထားအမျိုးမျိုးနဲ့ ပြောကြသူတွေပါပါတယ်။ တချို့ကလည်း အဲဒီလိုဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာတခုအတွက် အကြောင်းပြစရာရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေကတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို တခွန်းမှမဟကြောင်း အသေအချာထောက်ပြဖို့လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊ တပြည်လုံးကပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့် အကောင်အထည်မပေါ်တာလဲ ဆိုတာဖြစ်ပါတယ်။ အမှန်မှာ အဓိကပြဿနာဟာ နအဖရဲ့သဘောထားဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖစစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ နအဖဗိုလ်ချုပ်တွေကို အာဏာခွဲဝေယူချင် အောင်၊ အာဏာကို လက်လွှတ်ချင်အောင် ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်ကနားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့ တခြားနိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။

ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီအရေးတော်ပုံဟာ ဒါလောက်ကြာမနေပါဘူး။ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့သမိုင်းမှာ စံချိန်တင်လောက်တဲ့ အာဏာမက်သူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့အာဏာနဲ့ အသေတွဲချည်ထားသူတွေပါ။ အာဏာမရှိရင် သူတို့ကိုယ်တိုင်ပါ ရပ်တည်လို့မရအောင် သူတို့ဘာသာ လုပ်ထား-လုပ်နေပါတယ်။ နအဖကို ကြမ်းပြင်ပေါ် တုတ်ကလေးတချက်ရိုက်ပြရုံနဲ့ လန့်လိမ့်မယ်၊ မုန်လာဥလေးတဥ ပြလိုက်ရုံနဲ့ ဟပ်တပ်ဆွဲလာမယ်လို့ထင်ရင် စိတ်ကူးယဉ်တာပဲဖြစ်ပါလိမ့်မယ်။ နအဖနဲ့ရင်ဆိုင်ရာမှာ ဇာတ်ဓား၊ နတ်ဓားလောက်နဲ့ မရဘူးဆိုတာ ဗမာပြည်ပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ နအဖက ယက်တောကို လွှတ်လိုက်တာဟာ အမေရိကန်အစိုးရကို အချက်ပြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထပ်ချလိုက်တာဟာ ဗမာပြည်သားတွေကို အချက်ပြတာဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဗမာပြည်သူတွေအပေါ်မှာ ပြတ်သားမြဲပြတ်သားတယ်၊ အာခံဝံ့ရင်ခံကြည့်လို့ ပြောတာပဲဖြစ်ပါတယ်။

သတိထားသင့်တဲ့နောက်တချက်က တကယ်လို့များ နအဖက ဟန်ပြစာပွဲဝိုင်းထိုင်တာမျိုးလုပ်လာရင် ဒါကို အမျိုးသား ရင်ကြားစေ့ရေးလုပ်တယ်လို့ မဆိုမိဖို့ပါပဲ။ နအဖဟာ ဒီလိုဟန်ပြမျိုးတွေ လုပ်ခဲ့လှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်ဆိုသူနဲ့ စကားပြောစေတယ်ဆိုတာမျိုးနဲ့ မဗေဒါရေခပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို မှတ်မိကြမယ်ထင်ပါတယ်။ အခုအခါမှာ ဒီလိုလုပ်တာတွေနဲ့ ပြည်သူတွေကို မျက်စိလည်စေ၊ ကိုယ့်ကိုယ်ကိုယ်မျက်စိလည်စေတာ မဖြစ်သင့်တော့ပါဘူး။

ဒီနေရာမှာ ဗိုလ်နေဝင်းလက်ထက် ၁၉၈ဝ ခုနှစ်တုန်းက ဗိုလ်နေဝင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်ခဲ့တဲ့အဖြစ်အပျက်ကို ပြန်ထောက်ပြချင်ပါတယ်။ အဲဒီတုန်းက ဗိုလ်နေဝင်းဟာ တရုတ်ကပြောလွန်းတာနဲ့ တရုတ်ကျေနပ်အောင် ငြိမ်းချမ်းရေး ဆွေးနွေတယ်ဆိုတာက တိတ်တဆိတ်လုပ်ခဲ့ပါတယ်။ တဖက်မှာလည်း တရုတ်ကိုတော့ အသိပေးထားပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကို နေ့ဝက်ပဲ ဆွေးနွေးပြီးတော့ ဘာမှအကြောင်းမပြဘဲ အကုန်ဖျက်ပစ်ခဲ့ပါတယ်။ အခုလည်းပဲ နအဖဟာ အိမ်ဖြူတော်က ကျေနပ်အောင်၊ ပြကောင်းအောင်လောက် လုပ်လာနိုင်သေးတယ်ဆိုတာ တွက်ထားသင့်ပါတယ်။

ဒီနေ့အခါမှာ အမေရိကန်ကလည်း နအဖကိုဆွဲလို၊ နအဖကလည်းအမေရိကန်နဲ့ နီးစပ်လို၊ နှစ်ဖက်စလုံးဟာ အဲဒီဦးတည်ချက် ဆီကို တက်လှမ်းနေကြတာဆိုတယ်ဆိုတာ တကမ္ဘာလုံးအသိပါ။ အားလုံး ကိုယ့်စဉ်းစားချက်နဲ့ ကိုယ်ချည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဖက်စလုံးက ဗမာပြည် ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ်ကနေ တယောက်ကိုတယောက် လက်ကမ်းနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်ချည့်ပါ။ ဒါကိုအပြစ်ပြောနေဖို့ မဟုတ်ပါဘူး။ အရေးကြီးတာ ကိုယ်ကသူတို့နောက်ကို မျောမပါဖို့ဘဲဖြစ်ပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အရေးတော်ပုံရဲ့ ကံကြမ္မာကို ဘယ်နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ တွဲချည်မထားဖို့ဘဲ လိုပါတယ်။

နောက်တချက်က ဒီလိုအချိန်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကိုဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေ မပေးသင့်ပါဘူး။ ကယ်တင်ရှင် မျှော်ခိုင်းတာလည်း မလုပ်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုကယ်တင်ဖို့ ယက်တောရောက်လာတယ် ဆိုတာထက် ပိုဆိုးကုန်နိုင်ပါတယ်။ ဗမာပြည်သားတွေနဲ့ ဒီမိုကရေစီအရေးတော်ပုံတပ်သားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှတပါး တခြား ဘယ်သူ့ကိုမှ အားမကိုးဖို့ပိုင်းဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ခိုင်မြဲစေဖို့လိုပါတယ်။ နအဖတကယ်ကြောက်တာဟာ ပြည်သူ့အင်အား ဖြစ်တယ်ဆိုတဲ့အချက်ကို မျက်ခြည်ပြတ်ခံလို့မဖြစ်ပါဘူး။

တကယ်က နအဖအမြင်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ သူတို့ရဲ့အာဏာကို လက်လွှတ်ရေးဖြစ်နေပါတယ်။ သူတို့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တခြားလူတွေကိုဖြစ်စေ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပေးလိုက်ရင် သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်လိမ့်မယ်လို့ တွက်ပါတယ်။ ဒီတော့ ငယ်ငယ်တုန်းကပြောသလို မုန့်သာ တဖဲ့စီဝေစားရင်စားမယ်၊ တိုင်းပြည်အာဏာကိုတော့ ဝေမစားဘူးဆိုတာဟာ ဒီဗိုလ်ချုပ်တွေရဲ့ အသည်းထဲကမူဝါဒပါ။



‘နံပါတ်ဝမ်း’ သန်းရွှေရဲ့ (ကိုယ်ရေးအကျဉ်း)

နေ့သစ်မီဒီယာ
post by Friday, August 21, 2009
ဘယ်အချိန်မှာ ဘယ်သူ့ကပ်ရမယ်ဆိုတာကို စစ်အုပ်စုတိုင်းက သိတယ်။ ကြေးစားစစ်ဗိုလ်ရဲ့ဗီဇစိတ်ကြောင့်ပဲ ဖြစ်လိမ့်မယ်။ “အိမ် စောင့်” ရတုန်းက အမေရိကန်၊ အစ္စရေးလ်ကို ကပ်တယ်။ မဆလ စစ်အုပ်စုက တအိမ်လုံးသိမ်းမိတော့ ကမ္ဘာ့ဗိုလ်ကြီး (၂) ဗိုလ်ကို ကပ် တယ်။ နောက်တော့ အမွေခံ ‘နဝတ’ က တရုတ်နဲ့ အာဆီယံ၊ အိန္ဒိယကို ကပ်တယ်။ အခုတော့ နအဖ က တရုတ်၊ အာဆီယံ၊ အိန္ဒိယ အပြင် အမေရိကန်ကိုပါကပ်ဖို့ လမ်းစရသွားပြီ။

ဂြိုဟ်ကောင် ‘ဂျွန်ယက်တော’ ကို အမေရိကန်လွှတ်တော်အမတ်က အထူးစစ်လေယာဉ်နဲ့ခေါ်ပြီး ပြန်သွားနိုင်ခဲ့ပြီ။ သန်းရွှေကို ‘အ’ တယ် မထင်ပါနဲ့။ အောက်ခြေကနေ အခုအမြင့်ဆုံး နံပါတ်ဝမ်းအထိ တက် လာနိုင်တာဟာ ဘယ်အချိန်မှာ ဘယ်သူ့ကပ်ရမယ်ဆိုတာ သိလို့၊ အကင်းပါးလို့ပဲ။

၁၉၅ဝ နှစ်ပိုင်းတွေက မြောက်ပိုင်းတိုင်းမှာ ဆိုရှယ်လစ်စစ်ဗိုလ်ကြီး တွေ စုမိပြီး ဗကပ ချေမှုန်းရေး ထိုးစစ်ကြီးတွေ ဆင်တုန်းက သန်းရွှေက အဲဒီတုန်းက တန်ခိုးထွားနေတဲ့ မြန်အောင် သခင် ချစ်မောင်ကို ကပ်မိတယ်။ မြန်အောင်သခင်ချစ်မောင်ရေးတဲ့ “နိုင်ငံ ရေးသံဝေဂစာတမ်း’ (သူ့စာအုပ်နာမည်တော့ မေ့နေပြီ) အဲဒီစာတမ်း မှာ အထက်ဗမာပြည် ထိုးစစ်ကြီးအတွင်း စိတ်ဓာတ်စစ်ဆင်ရေးဋ္ဌာန ရဲ့အာဏာပိုင်အဖြစ် ပါဝင်နေရတုန်းက နာမည်ပျက်ရုံ အရက် သောက်တဲ့အကျင့်ရကြောင်း ရေးဖူးတယ်။ အဲဒီကာလက သန်းရွှေ က ဗိုလ်ပေါက်စပဲ။ မြန်အောင်သခင်ချစ်မောင်ကို အထူးပြူစုတဲ့ စားပွဲထိုးအလုပ် တက်တက်ကြွကြွ လုပ်ခဲ့တယ်။ ချစ်မောင် မျက်စိ ကျသွားတယ်။ နောက်တော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ ရောက်သွား တယ်။ ကွန်မြူနစ်ပျက် ပါရီပြန် ကိုချစ်လှိုင် (အခု ကိုကိုမောင်ကြီး) က အလားအလာကောင်းတဲ့သူအဖြစ် သန်းရွှေကို မွေးမြူတယ်။ အဲဒီကတည်းက သန်းရွှေဟာ တက်လမ်းချည်းပဲ တွေ့ရတော့တယ်။

နောက်ဆုံးနေဝင်းက အာဏာအမွေလွှဲတော့ နံပါတ်တူးအဖြစ်နဲ့ အာဏာပိုင်တယောက် ဖြစ်လာတာပဲ။ တဦးတည်း အာဏာပိုင်တော့ မဟုတ်သေးဘူး။

ဗိုလ်စောမောင်က နိုင်ငံရေးအကွက် မမြင်ဘူး။ ရိုးတယ်။ အတယ်။ ၁၉၉ဝ ရွေးကောက်ပွဲဟာ အာဏာလွှဲပေးဖို့လုပ်တဲ့ ရွေးကောက်ပွဲလို့ ထင်ခဲ့ပြီး စကားတွေ အလွန်အကျွံ ပြောမိတယ်။ နောက်ဆုံးတော့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား မပြန်ရဘဲ သူပဲ အရူးဖြစ်ကာ ဇာတ်သိမ်းရတယ်။

ဗိုလ်စောမောင် မရှိတော့ သန်းရွှေဟာ နံပါတ်ဝမ်း (နာမည်ခံသာ) ဖြစ်နေတာပဲ။ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်နဲ့ ပူးတွဲအာဏာ ကျင့်သုံး နေရတာ ဖြစ်တယ်။ နေဝင်းကိစ္စပေါ်တော့ ဗိုလ်ခင်ညွန့် အာဏာကျစပြုတယ်။ ဒဘယင်း (ဒီပဲယင်း) ပြီးမှပဲ ဗိုလ်ခင်ညွန့်ကို ဖယ်ပစ်နိုင် တာပဲ။ ဗိုလ်ခင်ညွန့်ကိုစွဲတဲ့ အမှုက ကြီးတယ်။ ဗိုလ်စောမောင်ကို ဖယ်ရှားတုန်းကလိုလုပ်လို့ မဖြစ်ဘူး။ ဒါကြောင့် ထောင်နှစ်ရှည် ချတယ်။ ပြီးမှ ဆိုင်းငံ့ပေးတယ်။ ဆိုင်းငံ့တာရဲ့ အကြောင်းကတော့ ‘စစ်အုပ်စုဝံသာနုစိတ်’ ကြောင့်ပါ။ (တလောက ဗြုတ်စဗျင်းတောင်း တယောက်က ဗိုလ်ခင်ညွန့်ကို သန်းရွှေရဲ့ မွေးစားသားလို့ပြောတာ ကြားလိုက်ရတယ်။ စစ်အုပ်စုထိပ်သီးတွေရဲ့ ကိုယ်ရေးအကြောင်း မသိဘဲ သန်းရွှေကို (ဖား) ချင်လွန်းအားကြီးပြီး ပြောလိုက်ပုံရတယ်။ နေဝင်းရဲ့ မွေးစားသားဆိုရင် ဟုတ်သလိုလို ရှိဦးမယ်။)

သန်းရွှေ နံပါတ်ဝမ်း စစ်စစ်ဖြစ်တာ ဒဘယင်း (ဒီပဲယင်း) အပြီး ဗိုလ်ခင်ညွန့်ကို့ ဖြုတ်ပြီးမှ ဖြစ်တာပါ။

ဓနုပုံပြင်တခု ရှိတယ်။ စပါးကြီးမြွေမှာ သူဋ္ဌေးကွက်ဆိုတဲ့ အကွက်တကွက်ရှိတယ်။ အကွက်တွေ ထောင်သောင်းထဲမှာ တကွက်ပဲ ပါတာ တဲ့။ ပြီးတော့ အဲဒီအကွက်က ပုံမှန်မရှိဘူး။ အမြဲ စက္ကန့်နဲ့အမျှ ပြောင်းနေတာဆိုပဲ။

အဲဒီသူဋ္ဌေးကွက်ကို ပထမဆုံး တုတ်ချက်နဲ့ ရိုက်မိရင် ဒီရေအလား စည်းစိမ်တိုးပြီး သူဋ္ဌေးဖြစ်တာပဲတဲ့။

သန်းရွှေလည်း မြန်အောင်ချစ်မောင်ကို ကပ်မိတာဟာ သူဋ္ဌေးကွက်ကို ရိုက်မိတာပဲ ဖြစ်လိမ့်မယ်။

သန်းရွှေဟာ အခု အမေရိကန်ကိုကပ်ဖို့ လမ်းစရသွားပြီ။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ချုပ် - ဂြိုဟ်ကောင်က ကျော့ကျော့မော့မော့ အိမ်ပြန်သွားပြီ။ အမေရိကားမှာ သူက တစုံတရာ ထင်ပေါ်ကျော်ကြားသူ ဖြစ်ဦးတော့မယ်။ ‘ဗမာပြည်အရေး ကျွမ်းကျင်သူ’ နိုင်ငံခြား သား နောက်ထပ်တယောက် တိုးပြန်ဦးမယ်။

ဘန်ကီမွန်းလာတုန်းက ‘ဒေါ်စု’ နဲ့တွေ့ခွင့် မပေးဘူး၊
ဂျင်ဝက်ဘ်ကိုတော့ တွေ့ခွင့်ပေးတယ်။ ဘာ့ကြောင့်လဲ။

(၁) ဘန်ကီမွန်းက ကုလသမဂ္ဂ(UN) (S/G)အတွင်းရေးမှူးချုပ်အနေနဲ့ လာတာပဲ။္က္ဒ မှာက ကြီး ‘၅’ ကြီးက အခရာပဲ။ ကြီး ‘၂’ ကြီးကို နအဖ က ကပ်ထားမိတယ်။ UN မှာ ကာကွယ်ပေးမယ့်သူ ရှိပြီးဖြစ်တယ်။ ဒါကြောင့် UN ရဲ့ S/G ကို ဒေါ်စုနဲ့တွေ့ဖို့ ခွင့်မပြုနိုင်ဘူးလို့ ပြောဝံ့တယ်။ ပြောနိုင်တယ်။ ပြီးတော့ နအဖ ထိပ်သီးတွင်းမှာ ဒေါ်စုအမှုနဲ့ ပတ်သက်ပြီး သဘောထားညှိရဆဲကာလလည်း ဖြစ်နေတယ်။ အဆုံးအဖြတ် မကျသေးဘူး။ ဒါကြောင့် တရားရုံးရဲ့ကိစ္စထဲ ဝင်မစွက် ချင်လို့ အကြောင်းပြပြီး ငြင်းလို့ရတယ်။

ဂျင်ဝက်ဘ်ကတော့ အမေရိကားက လာတာပဲ။ အထက်လွှတ်တော်အမတ်လည်း ဖြစ်တယ်။ သမ္မတအိုဘားမားနဲ့လည်း တပါတီတည်းဖြစ်ပြီး ရင်းနှီးတယ်။ ဒေါ်စုကလည်း အမှုပြီးလို့ အိမ်ချုပ်အဖြစ် အိမ်ပြန်ရောက်နေပြီ။ ထောင်ထဲ သွားတွေ့ ရမှာ မဟုတ်ဘူး။ ဒါကြောင့်ပဲ သန်းရွှေက တွေ့ပေးဖို့ စီစဉ်လိုက်တာပဲ။ အခုအရေးအကြီးဆုံးအဖြစ်က (နအဖဝင် အားလုံး သဘောညီညွတ်နေတာက) အမေရိကန်နဲ့ ရင်ကြားစေ့ရေးပဲ။ ဒေါ်ကလင်တန်ကလည်း လေသံပစ်ထားတာ ရှိတယ်။

နောက် ဗိုလ်ခင်ညွန့် ရှိတုန်းကလို အမေရိကန်အရာရှိက စီစဉ်ပေးတဲ့ သူတချို့လို ဗမာပြည်ထဲ ခိုးကြောင်ခိုးဝှက်လာ တာ မဟုတ်ဘူး။ ဝက်ဘ်ကိုယ်တိုင် လော ကနေ အထူးလေယာဉ်စီးပြီး နေပြည်တော်ကို တိုက်ရိုက်ဝင်လာတာပဲ။

သန်းရွှေက ပါးပါတယ်။ ဒါအခွင့်ကောင်းပဲဆိုတာ သူသိတယ်။ တရုတ်က အမေရိကန်နဲ့ ရင်ကြားစေ့ချင်တုန်းကလို ‘ပင်ပေါင်ဒီပလိုမေစီ’ မျိုး လုပ်နေစရာ မလိုဘူး။ အထက်လွှတ်တော်အမတ်ကိုယ်တိုင် လာနေပြီပဲ။ ဒီအခွင့်ကောင်းကို သန်းရွှေ ကောင်းကောင်းအသုံးချလိုက်တာပဲ။

(၂) ဒေါ်စုကို ဝက်ဘ် ဘာသွားပြောသလဲ မသိပါဘူး။ ဖြစ်နိုင်တာ ပြောရရင် သန်းရွှေက ‘စကားပါး’ လိုက်တာကို ပြောပုံ ရတယ်။

NLD ရွေးကောက်ပွဲ သပိတ်မမှောက်သင့်ကြောင်း၊ ‘ရွှေဂုံတိုင်’ ကို အသေကိုင်ထားရင် လမ်းပိတ်နေမှာဖြစ်ကြောင်း၊ ပြည်သူ ၉ဝ% ရာခိုင်နှုန်းက အတည်ပြုပေးထားတဲ့ ‘၂ဝဝ၈ အခြေခံဥပဒေ’ ကို ပြန်လည်သုံးသပ်ပြင်ဆင်တာ (နအဖ) က လုပ်မှာမဟုတ်ကြောင်း စတာတွေပြောတာလည်း ဖြစ်နိုင်တာပဲ။ တနာရီလောက်ကြာတဲ့ စကားဝိုင်းမှာ ပြောတာတွေ များမှာပါ။

ဝက်ဘ်က မောင်စူးစမ်းလိုတော့ နိုင်ငံရေးဆိုတာတို့၊ စပေ့စ်တို့၊ ဘာတို့ သွယ်ဝိုက်ပြောနေမှာ မဟုတ်ပါဘူး။ မောင် စူးစမ်းကတော့ ဒဲ့ဒိုး (တဲ့တိုး) မပြောဝံ့ဘူး။ ရွေးကောက်ပွဲ သပိတ်မမှောက်နဲ့၊ နေရာပျောက်သွားမယ်လို့ ပြောချင်တာကို စကားလုံးကြီးကြီးကျယ်ကျယ်သုံးပြီး ပြောတာမျိုးတော့ ပြောမှာမဟုတ်ဘူး။

အမေရိကန်ပုံစံ ဟောဟောဒိုင်းဒိုင်း ပြောမှာပဲ။ ဒေါ်စုကလည်း အကင်းပါးပြီးသားပါ။ အမေရိကန်လွှတ်တော်နဲ့ အမေရိ ကန်သမ္မတ ဘယ်လိုစခန်းသွားသလဲဆိုတာ သိပါတယ်။ ဘာပြောသလဲဆိုတာတော့ အချိန်ကျရင် ဒေါ်စု ပြောပါလိမ့် မယ်။

(၃) ဂျင်ဝက်ဘ်က ဘယ်တော့ ရွေးကောက်ပွဲဝင်ရမလဲဆိုတာ မသိပါ။ ဒီလောက်လည်း အရေးမကြီးလို့ Google မှာ မရှာတော့ပါဘူး။ သေချာတာက သူ့အနေနဲ့ အမှတ်တိုးသွားပြီ ဆိုတာပါပဲ။ အလုပ်ကြမ်းနဲ့ ထောင် ‘၇’ နှစ် ချခံထားရတဲ့ ဂြိုဟ်ကောင်ကို လွတ်အောင်လုပ်ပေးနိုင်လို့ ကျော်ကြားထင်ရှားသူ ဖြစ်မှာပါ။ သမ္မတဟောင်းကလင်တန်ရဲ့ နာမည် ကောင်း မျိုးတော့ ဝက်ဘ်ရမှာပါ။

၁၉ - ၈ - ၂ဝဝ၉

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်


ညီညီချမ်း သြဂုတ် ၂၀ ၊ ၂၀၀၉။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ‘၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန်’ ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့က နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားမှ ကြေငြာသည်ကို ကြားလိုက်သည်နှင့် တပြိုင်နက် ဒေါ်အောင်ဆန်းစုကြည်သည် တပါးသူနည်းတူ အင်းစိန်ထောင်တွင် ပြစ်ဒဏ် ရင်ဆိုင်ခံရဖွယ်ရှိကြောင်း ထင်ခဲ့မိပါသည်။ သို့သော် ဒေါ်စု၏ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အကျဉ်းသားဘ၀ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုပ်ပိုင်ခွင့်အာဏာဖြင့် ကယ်တင်လိုက်ပြီ မဟုတ်ပါလော။ သို့ဖြစ်၍ ဗိုလ်ချုပ်မှူးကြီး မည်သို့သော သဘောထားနှင့် ကယ်တင်လိုက်သည်ကို လေ့လာ သုံးသပ်ရန် လိုလာပါသည်။

စာရေးသူသည် မိမိကိုယ်တိုင် မတွေ့ကြုံဘူးဘဲ၊ တပါးသူပြောသည်ကို လက်ခံ ယုံကြည်တတ်သည့် ပင်ကိုယ်အရည်အသွေး မရှိခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီးသည် “ပရိယာယ်များကြောင်း၊ န အ ဖ စစ်တပ်တွင် အာဏာရှိကြောင်း” အများတကာ ပြောသည်ကို မယုံကြည်ခဲ့သည်မှာ အမှန်ပင်။ ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တယောက် ရုပ်ပြသာ ထင်ခဲ့သော စာရေးသူ၏ ထင်မြင်ချက်သည် ပကတိဖြစ်စဉ်နှင့် လုံးဝမှားနေကြောင်း ၀န်ခံပါရစေ။ ထိုင်း - ဗမာနယ်စပ်တွင် နေထိုင်စဉ် ‘ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး’ ရဲဘော် စာရေးသူ၏ မိတ်ဆွေတဦးမှ “ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ ဒု-ဗျူဟာမှူး ဖြစ်တုန်းက သူ့ရဲ့ ဗျူဟာမှူးကိုပင် ဖြုတ်ခဲ့ဖူးတယ်” လို့ ပြောသည်ကိုပင် အလေးအနက် မထားခဲ့။ သို့သော်၂၀၀၄ ခုနှစ် နှောင်းပိုင်း ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်အား ဖယ်ရှားစဉ် “ ပုံ - သန်းရွှေ” ဟူသော အမိန့် ကြေငြာချက်ကို ကြားလိုက်ရတော့ ဗိုလ်ချုပ်မှူးကြီးသည် အမှန်ပင် ဥာဏ်များကြောင်း၊ အာဏာရှိကြောင်းကို တစိတ်တပိုင်းအားဖြင့် လက်ခံလာခဲ့ရသည်။

တဖန် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်အဖြစ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ် ချလိုက်သည်ကိုပင် နအဖ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးကို အရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းကြောင့် လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ရည်စူး၍ မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် စာနာ ထောက်ထားညှာတာမှု ပြုသည်” ဟူသော ကြေငြာချက်ချက်ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံနေရာမှ နေအိမ်အကျယ်ချုပ် (၁၈) လသာ လျော့ပေးနိုင်သူ ဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်ရွှေသည် အကြွင်းမဲ့အာဏာရှိကြောင်းနှင့် သူဖြစ်ချင်သည်ကို အမှန်တကယ်ပင် လုပ်နိုင်ကြောင်းကို ယုံမှား သံသယ ဖြစ်စရာ မလိုပါ။

သို့သော် ဒေါ်အောင်ဆန်းစုကြည် အပေါ် စာနာထောက်သော ဗိုလ်ချုပ်မှူးကြီးတယောက် ကံမကောင်းရှာ။ ဒေါ်စု အမှုအား စီရင်ချက် ချပြီးသည်နှင့် တပြိုင်နက် ပြည်တွင်းပြည်ပ ဒီမိုကရေစီ လိုလားသူများက သူ့အား အကောင်းမမြင်ကြ။ ဗိုလ်ချုပ်မှူးကြီး လျော့ပေးလိုက်သော အပြစ်ဒဏ်သည် “ မျှတသော စီရင်ချက် မဟုတ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်ပြီး၊ ကမ္ဘာတ၀ှမ်းလုံးကို စိတ်ပျက်သွားစေကြောင်း လူ့အခွင့်အရေးအဖွဲ့များမှ ဝေဖန်ရှုံ့ချ ရသည်အထိ ဖြစ်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ ဗိုလ်ချုပ်မှူးကြီး ကံကြမ္မာ၊ ကံဇာတာ ညံ့၍မဟုတ်။ သူ့စေတနာနှင့် လက်တွေ့လုပ်ဆောင်ချက် မှားနေခြင်းကြောင့်ဟု ဆိုရပေလိမ့်မည်။

ဗိုလ်ချုပ်မှူးကြီးသည် စစ်ခေါင်းဆောင်တဦး ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေသော နိုင်ငံခေါင်းဆောင် တဦးဖြစ်သည်။ စစ်ခေါင်းဆောင်တို့မည်သည် နိုင်ငံအပေါ် ကျရောက်လာမည့် ပြည်ပ အန္တရာယ်နှင့် ပြည်တွင်း ဆူပူမှုများကို တိုက်ထုတ် ဖယ်ရှားရမည့် တာဝန်ဖြစ်သည်။ အလားတူ နိုင်ငံတနိုင်ငံ၏ ခေါင်းဆောင်သည် နိုင်ငံတည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေး၊ နိုင်ငံအတွင်း တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း သင့်မြတ်ရေးအတွက် အစဉ်အမြဲ ဂရုစိုက် ဖြေရှင်းနေရမည်။

မြန်မာနိုင်ငံ အနေအထားကို သုံးသပ်လျှင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ အရှေ့တောင်အာ ASEAN အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ ကုလသမဂ္ဂ ပဋိညာဉ်တွင် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာကို အခြားနိုင်ငံများက လေးစား အသိအမှတ်ပြုရန် ပါရှိသည်။ အလားတူ အာဆီယံ ပဋိညာဉ်တွင်လည်း တပါးပြည်တွင်းရေး ၀င်ရောက်မစွက်ဖက်ရေးမူ ပါရှိနေပြန်သည်။ ဒါ့အပြင် မြန်မာနိုင်ငံသည် အိမ်နီးချင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတန်း အဖွဲ့ဝင် ကွန်မြူနစ် မဟာအင်အားကြီး တရုတ်နိုင်ငံနှင့် မဟာမိတ် ဖြစ်နေသည်။ ထိုနည်းတူစွာ အိမ်နီးချင်း ဒီမိုကရေစီ အန္ဒိယနိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်နေသည်။

နိုင်ငံတွင်း အခြေအနေကို သုံးသပ်ရာတွင် လက်နက်ကိုင် တိုင်းရင်းသား အင်အားစု အားလုံးနီးပါးလည်း နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းလိုခြင်းကြောင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ပြီးပြီ။ အချို့သော အပစ်ရပ်အဖွဲ့ ခေါင်းဆောင်များမှာ “သူတို့ စစ်မတိုက်လိုကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း နေလိုကြောင်း” ပြောဆိုလာသည်အထိ ရှိသည်။ ပြည်တွင်းပြည်ပ တိုင်းရင်းသား အင်အားစုများလည်း သုံးပွင့်ဆိုင်ဆွေးနွေးရေးကို အစဉ်တစိုက် တောင်းဆိုခဲ့သည်။ ဒီမိုကရေစီ အင်အားစုများကလည်း လက်နက်တစုံတရာမပါပဲ ၎င်းတို့လိုလားသည့် ဒီမိုကရေစီ အခွင့်အရေးကို ငြိမ်းချမ်းစွာ လှုပ်ရှား တောင်းဆိုခဲ့သည်။ လှုပ်ရှားတောင်းဆိုနေဆဲလည်း ဖြစ်သည်။ ဤအနေအထားကိုကြည့်လျှင် မြန်မာနိုင်ငံသည် ဘယ်မှာလဲ ပြည်ပရန်၊ ဘယ်မှာလည်း ပြည်တွင်း ဆူပူသူ။ ပြည်တွင်း၊ ပြည်ပရန် မရှိသည့် မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး တယောက် ဘာတွေလုပ်နေသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ဗိုလ်ချုပ်မှူးကြီးသည် - အပြစ်မရှိသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိသူတဦးအဖြစ် ဖန်တီးခဲ့သည်။ အပြစ်မှ သက်သာစေရန် လျော့ပေါ့ပေးခဲ့သည်။ တမူထူးခြားသည်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံစေရန် အဓိက လူကြမ်းဖြစ်ခဲ့သူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံရသော နိုင်ငံခြားသား ဂျွန်ယက်တောကို ပြစ်ဒဏ်မှ လွတ်အောင် ကယ်တင်ခဲ့သည်။ သို့သော် ဤတာဝန်သည် စစ်တပ်ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး၏ တာဝန်မဟုတ်ပေ။

ဤ လုပ်ဆောင်ချက်များကြောင့် ဗိုလ်ခင်ညွန့်အား ဖယ်ရှားစဉ် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် “ဥပဒေအထက်တွင် မည်သူမှ မရှိစေရ” ဟူသည့် တပ်မတော်ခေါင်းဆောင် တဦး၏ စကားကို အခြားအထက်အရာရှိ တဦးမှ မျက်ကွယ်ပြုလိုက်သည်။ တရားစီရင်ရေးနဲ့ တရားသူကြီး၏ လုပ်ပိုင်ခွင့် ၀င်ရောက် စွက်ဖက်သည်။ တရားဥပဒေ စိုးမိုးရေးကို ချိုးဖေါက်လိုက်သည်ဖြစ်၍ ဥပဒေအထက်တွင် ဗိုလ်ချုပ်မှူးကြီး ရှိနေသည်ကို ထင်ရှားစေသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုအား လျော့ပေါ့ပေးရာတွင် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှုပြီး ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေလိုသော ရည်ရွယ်ချက်အတိုင်း ဗိုလ်ချုပ်မှူးကြီး သဘောထား မှန်ကန်မည်ဆိုလျှင် ၀ါရင့်နိုင်ငံရေးသမား သခင်ချန်ထွန်း ပြောသကဲ့သို့ပင် “တွေ့ဆုံ နွေးနွေးဖို့” အပြောင်းအလဲ လုပ်သင့်သည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များမှလည်း “အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အချိန်မနှောင်းသေးဘူး” လို့ ကြိုဆိုနေဆဲဖြစ်သည်။ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ‘ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု’ ပေးအပ်ချီးမြှင့်ရာတွင် လက်နက်ကိုင် ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုးမန်ရှာအား ရွေးချယ် ပေးအပ်ရာတွင် မွန်ပြည်စစ်ပါတီ အထွေထွေအတွင်းအရေးးမှူး နိုင်ဟံသာမှ “စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် လူမျိုးစုံတိုင်းရင်းသား တန်းတူရေးကို လက်ခံပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရာတွင် ကြိုးပမ်းသူ မည်သူမဆို ဒီလိုမျိုး ဆုကို ရွေးချယ် ချီးမြှင့်သင့်သည်။ အမှန်တကယ် ကြိုးပမ်းဆောင်ရွက်သူဖြစ်ပါက န အ ဖ တပ်မှ ပုဂ္ဂိုလ်တွေကိုလည်း ဒီဆုကို ပေးအပ် ချီးမြှင့် သင့်သည်” မွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းခန်း တခုတွင် ပြောဆိုခဲ့ဘူးသညိ။

လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအတွက် အနစ်နာခံ ကြိုးပမ်းသူတို့ကို ကမ္ဘာ့နိုင်ငံများမှ လေးစား၊ တန်းဘိုးထားကာ ဂုဏ်ပြုမှုနှင့် ဆုများ ချီးမြှင့်သည်။ ထိုအသိအမှတ်ပြုကို မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေသူ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ ခွန်ထွန်းဦး၊ ဦးပူရှင်ကျင်းထန်၊ ပဒိုမန်းရှာ၊ နိုင်ငွေသိမ်း၊ ဦးအေးသာအောင် အစရှိသည့် ခေါင်းဆောင်များ၊ လူသားချင်း စာနာထောက်ထားမှုအတွက် ဆောင်ရွက်နေသူ ဒေါက်တာစင်တီယာမောင်၊

လူ့အခွင့်အရေးအတွက် အနစ်နာခံကြိုးပမ်းသူ ဦးမြင့်အေး၊ မစုစုနွေး အစရှိသူတို့သည် မြန်မာနိုင်ငံအတွက် အနစ်နာခံ ကြိုးပမ်းသူများဖြစ်၍ ကမ္ဘာ၏ အသိအမှတ်ပြု လေးစား ချီးမြှင့်မှုကို ခံကြရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေတွင် စည်းစိမ်ဥစ္စာရှိသည်။ စစ်တပ်ရှိသည်။ မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့်အာဏာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဒဏ်လျော့ပေါ့ရာတွင် သူပြောခဲ့သည့်အတိုင်း တဦးအပေါ်တဦး အာဃာတမထား၊ ဒီမိုကရေစီ လမ်းကြောင်းအပေါ် အနှောင့်အယှက်မရှိစေဘဲ လုပ်ဆောင်လိုသည့် ဆန္ဒရှိပါက ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသား အင်အားစုတို့မှ ကြိုဆိုနေသည့် အချိန်ကာလတွင် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး တွေ့ဆုံဆွေးနွေးရေးအတွက် လုပ်ဆောင်ပါက နိုင်ငံတကာနှင့် မြန်မာနိုင်ငံသားများ သူ့အား မြင့်မြတ်သော ဆုတခုခုကို ပေးအပ်ချီးမြှင့်မည်ပင်။

သို့ရာတွင် ဗိုလ်ချုပ်မှူးကြီး အာဏာရပြီးနောက် သူ၏လုပ်ဆောင်ချက်များကို ကြည့်လျှင် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ ကြိုဆိုကမ်းလှမ်းချက်ကို လက်မခံ၊ နိုင်ငံတကာ သတိပေးမှု၊ စီးပွားရေး ပိတ်ဆို့မှုကိုလည်း ဂရုမစိုက်၊ ရှုံ့ချမှုကိုလည်း ဘေးဖယ်ထားပြီး သူပြုချင်သလိုပြုနေသူ ဖြစ်သည့်အလျှောက် ပြည်ပမှ ဖိအားပေးမှုနှင့် ပြည်တွင်းမှ တိုက်ပွဲဝင်ရုံမှတပါး အခြားနည်းလမ်းမရှိ။

စင်စစ်တွင်မူ ဗိုလ်ချုပ်မှူးသည် နိုင်ငံတကာဖိအားနှင့် ပြည်တွင်းလှုပ်ရှားမှုကြောင့်သာလျှင် ဒေါ်အောင်ဆန်းစုကြည် အပြစ်ဒဏ်အား မလွှဲမရှောင်သာ လျှော့ပေးလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အပြောင်းအလဲလုပ်ရာတွင် ပြည်တွင်းလှုပ်ရှားမှုနှင့် နိုင်ငံတကာ ဖိအားသာလျှင် ဗိုလ်ချုပ်မှူးကြီး၏ ဆန္ဒကို အကောင်းဘက်သို့ ပြောင်းလဲပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ယုံကြည်ပါသည်။


မင်းညီချမ်း(ဘဝတက္ကသိုလ်)

source

21August ဒိုင်ယာရီ


download file


နအဖလုံခြုံရေးတွေ ဂျွန်ယက်တောကိုလက်ဆွဲနူတ်ဆက်ပြီးဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲပေးဝင်ခဲ့ပါတယ်တဲ့..
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာ စောင့်နေကြတဲ့ လုံခြုံရေးတွေက ဂျွန်ယက်တော ဝင်ရောက်တဲ့အချိန်မှာ တားဆီးမပိတ်ပင်တဲ့အပြင်သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး ဝင်ခွင့်ပေးခဲ့ပါတယ်တဲ့။Newsweekသတင်းဂျာနယ်နဲ့  အင်တာဗျူးမှာ ယက်တောကပြောသွားပါတယ်။


(But now, in an exclusive interview with NEWSWEEK, Yettaw has offered an explanation: Burmese security officials let him. "I don't know why they didn't stop me," he says. "The man with the AK-47 shook my hand and let me in.")

http://dassk.org/index.php/topic,11111787.0.html

ယခု အရောင်ပြောင်းထားတဲ့..ကြွက်များစီးသော ဆိုင်ကယ်များအားမကြာခင် အရောင်ထက်ပြောင်းဦးမယ်..ဟု ကြားသိရပါသည်..
အဘယ်ကြောင့်ဆိုသော်..
လိမ္မော်ရောင်သည်...ဘုန်းကြီးအရောင် ဖြစ်နေသောကြောင့်ဟုဆိုပါသည်..လူစိမ်းကြီးကြီး တစ်ယောက်ကမြင်ပြီးတော့..ဘယ်သူ့ အိုင်ဒီယာ လဲဟု..အရင်းစစ်လိုက်တော့...အကြံပေးပုတ်ဂို က လူမျိုးခြား(ကုလား)ဖြစ်နေပါသည်။
အဲဒီပုဂ်ဂိုလ် ကိုလည်းဆွဲစိ ထားသည်..(ဘာသာရေးနည်းနည်းရောသွားသည်))အကြံညဏ်ယူသောလူကိုလည်း...အပြစ်ပေးထားသည်..ဟုကြားမိပါသည်။ထပ်ပြောင်းမဲ့ ဆိုင်ကယ်များ အရောင်မှာ...မိုးပြာရောင် ဖြစ်ပါသည်။


အပြာရောင်ပြောင်းရင် စစ်အစိုးရ ပြာ နေတယ်လို့ ယူဆပြီး အကြံပေးတဲ့သူကိုဖမ်းဦးမှာပါ။
အကောင်းဆုံးအရောင်ကတော့ စစ်တပ်အရောင်..ကာကီရောင် လေ။

“ကာကီ” လဲ ကောင်းဘူးဗျ။ “ကာကီ”“နာပြီ” ဆိုပီး လူတွေက ပြောကြမှဖြင့် အကြံပေးတဲ့သူ “တလာစီ” နေရဦးမယ်နော်။
ကျွန်တော်ကြား တာကတော့ အပြာမှာ အဖြူကြားပြီး မူယာများမယ် ဆိုပဲ..


စာပေစိစစ်ရေးရုံးသို့ စာရေးဆရာကြီးနန်းညွန့်ဆွေ
သွားရောက်ကန့်ကွက်
NEJ / ၂၁ သြဂုတ် ၂၀၀၉


စာရေးဆရာကြီး နန်းညွန့်ဆွေသည် သုခမိန်ကလောင်အမည်ဖြင့် မြန်မာသစ်မဂ္ဂဇင်းအတွက် ရေးသားခဲ့သည့် သူ၏ဆောင်းပါးကို စာပေစိစစ်ရေးက ပိတ်ပင်လိုက်သဖြင့် မကျေမနပ်ဖြစ်ပြီး စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင် သွားရောက်ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဆရာကြီးနန်းညွန့်ဆွေသည် ပြီးခဲ့သည့်လက သုခမိန်ကလောင်အမည်ဖြင့် အပယ်ရတနာဆိုသည့် ဆောင်းပါးတပုဒ်ကို မြန်မာသစ်မဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ စာပေစိစစ်ရေးက ပိတ်ပင်ခဲ့သဖြင့် အကျိုးအကြောင်း သွားရောက်မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဆောင်းပါးတွင် ဆရာကြီးက သူ့၏ဇနီးသည် စာရေးဆရာမကြီး ဒေါ်ကြည်ဦး မကျန်းမမာဖြစ်ပြီး ဆေးရုံတင်ကာစမှ နောက်ဆုံးကွယ်လွန်ချိန်အထိ လွမ်းမောစရာ အမှတ်တရ အဖြစ်အပျက်များကို ရေးသားထားခြင်းဖြစ်သည်။ ဆောင်းပါးတွင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးက အိမ်ထောင်ထိန်းသိမ်းခဲ့ပုံ၊ သား(၃) ယောက်ကို ပြုစုပျိုးထောင်ခဲ့ပုံ၊ စီးပွားရေးလုပ်ခဲ့ပုံ၊ တရားရှုမှတ်ပုံစသဖြင့် ရေးသားထားကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံရေးနှင့် ဆက်နွှယ်ပတ်သက်မှု လုံးဝမပါဘဲ၊ အကျဉ်းချခံနေရသည့် သားတဦးဖြစ်သူ ကိုသူရခေါ် လူရွှင်တော်ဇာဂနာအကြောင်း မရေးပါဘဲ ဘာကြောင့် ဆောင်းပါးကို ပိတ်ပင်ခဲ့သည်ကို ဆရာကြီးက နားမလည်နိုင် ဖြစ်ရသည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာသစ်မဂ္ဂဇင်းမှ အယ်ဒီတာတယောက်နှင့်အတူ စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့ခြင်းဖြစ်သည်။

စာပေစိစစ်ရေးရုံးမှ စာစစ်မှူးတဦးက “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အသက်ခပ်ကြီးကြီး အဖိုးအိုတယောက် ရောက်လာပြီး ညွှန်မှူးဗိုလ်မှူးတင့်ဆွေ အခန်းကို မေးတယ်။ ဒါနဲ့ကျမက ညွှန်ပြလိုက်တယ်။ နောက်ဗိုလ်မှူးအခန်းဘက်က ဆူဆူညံညံ အသံကြားတာနဲ့ သွားကြည့်တော့ စောစောက အဖိုးအိုက အသံတုန်တုန်ရီရီနဲ့ ဗိုလ်မှူးတင့်ဆွေကို ဝေဖန်နေတာ ကြားရတယ်။ ဗိုလ်မှူးကတော့ ဘာမှပြန်မပြောဘူး။ နောက်မှ အဲဒီအဖိုးအိုက နာမည်ကျော်စာရေးဆရာကြီး နန်းညွန့်ဆွေဖြစ်နေတာ သိရတယ်” ဟု ပြောသည်။

ဗိုလ်မှူးတင့်ဆွေနှင့်တွေ့ဆုံရာတွင် ၎င်း၏ဆောင်းပါးကို ဘာကြောင့်ပိတ်ပင်ရသည်ကို ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသည့် အတွက် စိတ်ဆိုးဒေါသထွက်ပြီး စာပေစိစစ်ရေးက ယခုကဲ့သို့ လုပ်နေမှုကို ဝေဖန်ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာကြီးနန်းညွန့်ဆွေသည် သူ့၏ကလောင်အမည်နှင့်ရေးသားသမျှကို စာပေစိစစ်ရေးက ပိတ်ပင်နေသဖြင့် အခြားကလောင် အမည်များဖြင့် စာပေရေးသားပြီး မဂ္ဂဇင်းတိုက်များသို့ ပို့ပေးနေခဲ့ရာတွင် သုခမိန်ဆိုသည့် ကလောင်အမည်လည်း အပါအ၀င် ဖြစ်ပြီး ဆရာကြီးမှန်း စာပေစိစစ်ရေးက မသိသဖြင့် ပုံမှန်ဖော်ပြခွင့်ရရှိခဲ့သည်ဟု ပြည်တွင်းမဂ္ဂဇင်းတခုမှ စာရေးဆရာတဦးက ပြောသည်။

သရုပ်ဆောင်ဇာဂနာ၏ ဖခင်ဖြစ်သည့် ဆရာကြီးနန်းညွန့်ဆွေသည် အသက် (၈၆) နှစ်ရှိပြီး ၎င်း၏ဇနီးသည် ကိုဇဂနာ၏မိခင် နာမကျန်းဖြစ်နေစဉ်ကလည်း ကိုဇာဂနာကို လာရောက်ကြည့်ရှုခွင့်ပေးရန် နေပြည်တော်အပါအ၀င် သက်ဆိုင်ရာများထံ စာရေးတင်ပြ အသနားခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ဘဲ ဆရာမကြီး ဒေါ်ကြည်ဦး ဆုံးပါးခဲ့ရသည်။


ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းချက်တောင်း

21 August 2009



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းသတ်မှတ်ချက် တွေနဲ့အညီ နေအိမ်မှာ ပြန်နေဖို့ဆိုပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားခဲ့ပေမယ့် တချို့သတ်မှတ်ချက်တွေပေါ် မရှင်းလင်းတဲ့ အတွက် အာဏာပိုင်တွေ ဆီကနေ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းချက် တောင်းခံထားပါတယ်။ အဓိက မရှင်းလင်းတာကတော့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ပြုတာနဲ့ဆိုင်တဲ့ အချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက မေးမြန်း စုံးစမ်းထားပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော က သူ့သဘောနဲ့သူ နေအိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက် လာခဲ့ပြီးတဲ့နောက် နေအိမ်မှာ အထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်တားမြစ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ထောင်ဒဏ်သုံး နှစ်ချမှတ်ခံရပါတယ်။ အဲဒီနောက်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာ ထောက်ထားပြီးတော့ ဆိုပြီး ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ အဲဒီထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ပြန်နေစေဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ကို အိမ်ပြန်ပို့ခဲ့တာပါ။

ဒီနေရာမှာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုတဲ့အထဲ ကြိုတင်ခွင့်ပြုချက်ရတဲ့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ရှိတယ်ဆိုတဲ့အချက် ပါပါတယ်။ ဒါပေမယ့်လည်း ခွင့်ပြုချက်ကို တွေ့ချင်တဲ့လူက တောင်းခံရမှာလား၊ ဒေါ်အောင်ဆန်းစုကြည်က တောင်းခံရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့အတွက် ရှင်းလင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေဆီကို အကြောင်း ကြားထားတယ်လို့ အကျိုးဆောင်ရှေ့နေတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ သွားတာအပြင်ကို ဧည့်သည်တွေကို ခွင့်ပြုတာတွေကို၊ အဲဒီစာမှာ မရှင်းသေးဘူး။ ဒီဟာကို ရှင်းရှင်းလင်းလင်း ပြောဖို့လုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတယ်လို့လည်း သိရတယ်။"

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီးကာမှ ဦးဉာဏ်ဝင်းတို့ ရှေ့နေအဖွဲ့နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီးပါပြီ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက်ပိုင်းမှာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေကို ပြောပြီးတော့ အာဏာပိုင်တွေကနေ ဦးဉာဏ်ဝင်းတို့ကို လာအကြောင်းကြားခဲ့တာကြောင့် သွားတွေ့ခဲ့ကြတာပါ။ အခု ဒီသီတင်းပတ်ထဲမှာ ပြန်တွေ့ကြမယ်လို့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပေမယ့် ဒီကနေ့ထိတော့ ဘာမှအကြောင်းမကြားသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

စည်းကမ်းသတ်မှတ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားကြည့်ရှုခွင့်ရှိတယ်၊ တရားဝင်ထုတ်ဝေတဲ့ သတင်းစာတွေ ဖတ်ခွင့်ရှိတယ်လို့ ပါရှိပေမယ့် ရေဒီယိုနားထောင်ခွင့်နဲ့ ပတ်သက်လို့ ဘာမှဖော်ပြမထားသလို ဒေါ်အောင်ဆန်းစုကြည် ဆီမှာ ရေဒီယို ရှိမရှိလည်း သူ သေချာမသိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် ရုပ်မြင်သံကြားတော့ သူမတွေ့မိပါဘူးလို့ ပြောပါတယ်။

"ဟုတ်တယ်။ မပါဘူး။ ကျနော်လည်း သိပ်တော့မသိဘူးဗျ။ ရှိမရှိ။ တီဗွီလည်း ကျနော် မတွေ့ဘူး။"

သတ်မှတ်ချက်တွေထဲမှာ ဆရာဝန်တို့၊ သူနာပြုတို့နဲ့တွေ့ခွင့်ရှိတာတွေပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေ က ဆရာဝန်တဦးကို လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူတွေ့နေကျ ဆရာဝန် မဟုတ်တဲ့အတွက် လက်မခံခဲ့ပါဘူး။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သူ ကုသနေကျဆရာဝန်နဲ့ပဲ သူ ကုသချင်တယ်လို့ ကျနော်တို့ သိတယ်။"

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်မပို့ခင်မှာ နေအိမ်ခြံဝန်းကိုရှင်းလင်းတာ၊ အင်းလျားကန်ဘက်ခြမ်းမှာ ခြံစည်းရိုးကာတာတွေ ကို အာဏာပိုင်တွေက လုပ်နေပါတယ်။ လုံခြုံရေးကတော့ အရင်ကာလတွေတုန်းကပဲ တင်းကျပ်ထားပြီး အစောပိုင်းမှာ NLD လူငယ်အဖွဲ့ဝင်နှစ်ဦးကို လုံခြုံရေးအဖြစ် လက်ခံခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘာအကြောင်းကြောင့်မှန်းမသိရဘဲ ဆက်ပြီး လက်မခံတော့ဘူးလို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်ပြီး ချမှတ်ခံရတဲ့ထိဖြစ်စေခဲ့တဲ့ အဓိကလက်သည်ဖြစ်သူ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော ကတော့ အခုဆိုရင် သူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပြီး မိသားစုနဲ့အတူ ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် နောင်တမရပါဘူးလို့ မစ္စတာယက်တောက ပြောဆိုထားသလို လိုအပ်ဦးမယ်ဆိုရင် နောက်ထပ် အကြိမ်ရာ နဲ့ချီပြီး လုပ်ရဦးမယ်ဆိုရင်လည်း အလားတူ လုပ်ဦးမှာပါလို့ ပြောကြောင်း သူ အမေရိကန်ပြည်ထောင်စုကို ရောက်တဲ့အချိန်မှာ ပြောတာတွေကို သတင်းတွေမှာတွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအချိန်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။



အဝေးပြေးယာဉ် ဆိုက်ရောက်ချိန် ပြောင်းလဲသတ်မှတ်
ခရီးသည်ကားများ လမ်းခရီးတွင် အချိန်ဖြုန်းရ
ဝီရ / ၂၁ သြဂုတ် ၂၀၀၉


နယ်အသီးသီးမှ ခရီးသည်တင် အဝေးပြေးကားများ ရန်ကုန်မြို့သို့ ဝင်ရောက်ချိန်ကို ပြောင်းလဲသတ်မှတ်လိုက်သဖြင့် ကားပြေးဆွဲသူများနှင့် ခရီးသည်များပါ အဆင်မပြေမှုများဖြင့် ရင်ဆိုင်နေရသည်။

နယ်မြို့များမှ ခရီးသည်တင်ကားများအား ရန်ကုန်-အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းမှစ၍ နံနက် (၅) နာရီ နောက်ပိုင်းမှသာ ဝင်ရောက်ရမည်ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနက ပြောင်းလဲသတ်မှတ်လိုက်သည်။

မော်လမြိုင်မှ ရန်ကုန်သို့သွားရောက်ခဲ့သည့် ခရီးသည်တဦးက “အခု (၅) နာရီနောက်ပိုင်းမှ ရန်ကုန်ကို ဝင်ရမယ်ဆိုတော့ ကားတွေက တောက်လျှောက်ရပ်လာခဲ့တာ၊ စစ်တောင်းတံတား မဖြတ်ခင် မုပ္ပလင်မှာ ကားစက်သတ်ပြီး ရပ်ထားတာ အကြာကြီးပဲ။ ပဲခူးရောက်တော့ ည (၂) ချက်ထိုးပဲ ရှိသေးလို့ အဲကွန်းပိတ်၊ စက်သတ်ပြီး ရပ်ထားတော့ ဒုက္ခရောက်တာပေါ့။ မိုးရာသီလည်း ဖြစ်နေတယ်။ ကားပေါ်မှာလည်း အိပ်လို့မရ၊ အပြင်က ဆိုင်တွေမှာလည်း ဘယ်လိုလုပ်အိပ်မလဲ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုသို့သတ်မှတ်လိုက်သောကြောင့် တရက်လျှင် မှန်လုံကားအစီးရေ (၆၀) ကျော်မှာ ရပ်နားစခန်း ကျဉ်းကျဉ်းထဲတွင် တချိန်တည်း ဝင်ရောက်နေရ၍ အခက်တွေ့နေကြောင်း သိရသည်။

“ကားတွေက ပိတ်နေတော့ ယာဉ်ရပ်နားစခန်း အပြင်ပတ်လမ်းတွေမှာပဲ လူတွေချပြီး အထဲဝင်ဖို့ တန်းစီစောင့်နေရတယ်။ ခရီးသည်တွေကလည်း အထုပ်အပိုးတွေနဲ့ ဘယ်လမ်းကနေ ထွက်ရမှန်းမသိကြဘူး။ အားလုံး ပိတ်မိနေတယ်။ မြောက်ဥက္ကာလ ကို သွားတဲ့လမ်းမဆီရောက်ဖို့ လိုင်းကားတို့၊ တက္ကစီတို့ ရှာဖို့ အဝေးကြီးပဲ။ အပြင်မှာ မဆင်းချင်လို့ ဂိတ်အထဲထိ ရောက်ဖို့က တနာရီလောက် ကြာဦးမယ်” ဟု အဆိုပါခရီးသည်က ပြောသည်။

ယခင်က အဝေးပြေးခရီးသည်တင်ကားများသည် အောင်မင်္ဂလာဂိတ်သို့ ညသန်းခေါင်အချိန်တွင် ဝင်ရောက်ကြသည့်အတွက် ရန်ကုန်မြို့တွင်းသို့ သွားလာရန် အခက်အခဲရှိနေ၍ ယခုကဲ့သို့ မိုးလင်းပိုင်း (၅) နာရီနောက်ပိုင်းမှ ဝင်ရောက်ရန် အချိန်ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။ သို့သော် နယ်မြို့များမှ စတင်ထွက်ခွာရမည့်အချိန်ကိုမူ ယခင်အတိုင်း ညနေ (၅) နာရီ နောက်ဆုံးအဖြစ် သတ်မှတ်ထားသည်။

ထို့ကြောင့် ရန်ကုန်မြို့သို့ စောရောက်လာသည့် အချို့ကားများက ခရီးသည်များအား ဆွဲဆောင်သည့်အနေဖြင့် မြို့တွင်းပိုင်းသို့ တိတ်တဆိတ် ပို့ဆောင်နေမှုများ ရှိနေသည်။

“တချို့ကားတွေက ခရီးသည်တွေ အဆင်ပြေအောင် မြို့ထဲအထိ ပတ်ပြီး လိုက်ချပေးတာ၊ ကားတွေက ရောက်တာ စောတာကိုး။ ဒါပေမယ့် ဒီအဝေးပြေးကားတွေအနေနဲ့က မြို့ထဲအထိ ဝင်ခွင့်မရှိဘူး။ ခိုးဝင်ရတာပေါ့။ ပြည်လမ်း၊ အင်းစိန်လမ်းမကြီးကနေ ကြည့်မြင်တိုင်၊ တာမွေအထိ လူတွေကို လိုက်ချပေးတယ်။ အဲဒီလိုသာမဟုတ်ရင် (၅) နာရီမှ ဂိတ်ဝင်ရမှာဆိုတော့ ခရီးသည်တွေကို ဘယ်မှာသွားထားမလဲ။ ညပိုင်းခရီးဖြစ်နေတော့ လမ်းတလျှောက်လုံးက လုံခြုံစိတ်ချရတဲ့ နေရာတွေက ရှားတယ်လေ” ဟု မော်လမြိုင် အဝေးပြေးခရီးသည် ပို့ဆောင်ရေးမှ မှန်လုံကားလက်မှတ် အရောင်းဝန်ထမ်းတဦးက ရှင်းပြသည်။

မိုင် (၂၀၀) ဝန်းကျင်သာ ရှိသည့် မော်လမြိုင်-ဘားအံ-ရန်ကုန်ခရီးသည် တညတာသွားရသည့် ခရီးမဟုတ်သဖြင့် မှန်လုံကား အများစုမှာ လမ်းခရီးတွင်သာ အချိန်ဖြုန်းနေကြရကြောင်း ၎င်းကပြောသည်။


ကာတွန်းဆရာကံချွန် ဈာပန ယနေ့ပြုလုပ်မည်
မင်းနိုင်သူ / ၂၁ သြဂုတ် ၂၀၀၉


ကာတွန်းဆရာကံချွန်၏ ဈာပနကို ယနေ့ မွန်းလွဲပိုင်း (၁) နာရီခွဲတွင် ပြုလုပ်မည်ဖြစ်ပြီး ကြာနီကန်သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သမီးဖြစ်သူ မစိန်စိန်ဦးက ပြောသည်။

အသက် (၆၄) နှစ်အရွယ်ရှိ ကာတွန်းဆရာကံချွန်သည် လွန်ခဲ့သည့် (၅) လခန့်မှစတင်ကာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရပြီး ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲတွင် ကွယ်လွန်ခဲ့သည်။

“အပါကြီးက အသည်းကင်ဆာဖြစ်နေတာကို ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီက ခွဲစိတ်ကုသမှုလုပ်သေးတယ်။ တလခွဲကြာတယ် ဆေးသွင်းရ၊ ဆေးကုရ ဆက်တိုက်ပါပဲ။ မနေ့ကတော့ အိမ်မှာတင် ဆုံးသွားရှာတယ်” ဟု မစိန်စိန်ဦးက ပြောသည်။

ကာတွန်းဆရာကံချွန်သည် ၁၉၆၆ ခုနှစ်မှစတင်ကာ ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်၏ အကြံပြုလမ်းညွှန်မှုများဖြင့် မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာတွင် ကာတွန်းများ စတင်ရေးသားခဲ့ကာ နောက်ပိုင်းတွင် ၀တ္ထု၊ ဆောင်းပါးများစွာကို လည်း ရေးသားခဲ့သူဖြစ်သည်။

ပြည်တွင်းသတင်းထောက်တဦးက “ဆရာက စာစုံရေးနိုင်တဲ့သူပါ။ ခေတ်နဲ့လည်း မျက်ခြည်မပြတ်ခဲ့ဘူး။ ကျမတို့ဆို အပျိုစင်မဂ္ဂဇင်းမှာ သူရေးတဲ့ အပျိုစင်တို့သိသင့်သမျှဆိုတဲ့ ဆောင်းပါးတွေ ဖတ်ခဲ့မှတ်ခဲ့ရတာ အများကြီး အကျိုးရှိခဲ့ပါတယ်။ မိန်းကလေးတွေ သိထားသင့်တဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေကို ပေါ့ပေါ့ပါးပါးလေး ရေးပြထားတော့ ဖတ်လွယ်မှတ်လွယ်ခဲ့တယ်” ဟု ပြောသည်။

ဆရာကံချွန်သည် ကာတွန်း၊ စာပေရေးသားရုံမျှသာမကဘဲ ပန်းချီရေးသားခြင်းနှင့် ဗွီဒီယိုရိုက်ကူးခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

သြဂုတ် (၁၅) ရက်နေ့မှစတင်ကာ မန္တလေးမြို့ Oriental House တွင် တကိုယ်တော်ပန်းချီပြပွဲကျင်းပခဲ့ပြီး ပြပွဲနောက်ဆုံး ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“သူက ပျောက်ကွယ်လုနေပြီဖြစ်တဲ့ မန္တလေးမြို့ရဲ့ အငွေ့အသက်တွေထဲက တခုဖြစ်တဲ့ အငြိမ့်လောကအကြောင်းကို အများကြီး ရေးပြနိုင်ခဲ့တယ်” ဟု မန္တလေးမြို့ခံ စာရေးဆရာညီပုလေးက ပြောသည်။

မန္တလေးမြို့ဝန်းကျင်တွင် ဗွီဒီယို (၃) ကားခန့် ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သော လေဘာတီမမြရင် နှစ် (၁၀၀) ပြည့် အငြိမ့်ဗွီစီဒီအခွေမှာ ပရိသတ်အကြား အပျံ့အနှံ့ဆုံးဖြစ်သည်။

၁၉၄၆ ခုနှစ် ၊ ဧပြီ (၄) ရက်တွင် မွေးဖွားခဲ့သော ဆရာကံချွန် ကွယ်လွန်ချိန်တွင် လုံးချင်းဝတ္ထုပေါင်း (၇၃) အုပ် ထုတ်ဝေခဲ့ပြီး သမီး၊ သမက်နှင့် မြေး (၃) ဦး ကျန်ရစ်သည်။





မြန်မာပြည်တောင်ပိုင်းတွင် ဖောက်ခွဲမှု ဖြစ်ပွားနိုင်ဟု
စစ်အစိုးရ သတိပေး
ဝီရ / ၂၁ သြဂုတ် ၂၀၀၉


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ပူးပေါင်း၍ မြန်မာပြည် တောင်ပိုင်းဒေသများတွင် ဖောက်ခွဲရေးလုပ်ငန်းများ ပြုလုပ်လာနိုင်၍ သတိထားစောင့်ကြည့်ကြရန် စစ်အစိုးရအာဏာပိုင်များက စာဖြန့်ဝေကာ ကျေးရွာဥက္ကဋ္ဌတို့အား အသိပေးထားသည်။

အဆိုပါစာတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီတို့ကို ပုတ်ခတ်ရေးသားထားပြီး ကေအန်ယူက ယင်းဖောက်ခွဲရေးလုပ်ငန်းအတွက် သင်တန်းသား (၆၀) ကျော်အား လေ့ကျင့်ပေးလျက်ရှိကြောင်းလည်း ပါရှိသည်။

မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၏ ပြည်ပခရီးစဉ်နှင့်ပတ်သက်၍ ပုတ်ခတ်ရေးသားထားပြီး ၎င်းက အခြား အတိုက်အခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကေအန်ယူ ထိန်းချုပ်ရာ နယ်စပ်တနေရာတွင် ဖောက်ခွဲရေးအတွက် သင်တန်းပေးနေသည်ဟု စွပ်စွဲထားသည်။

ယင်းစာနှင့်ပတ်သက်၍ အခြေအမြစ်မရှိကြောင်း ပါတီသိက္ခာ ကျဆင်းစေရန်ရည်ရွယ်၍ စာလိုက်ဖြန့်နေခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးက ပြောသည်။

၎င်းက “အဲဒါတောင် မကဘူး။ အခုအပတ်ထဲက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ရောက်လာတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော် ကိုယ်တိုင်က မွန်ပြည်သစ်က အများပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်နေတယ်လို့ မွန်ပြည်နယ်က မြို့နယ်လူကြီးတွေနဲ့ တွေ့တုန်းက ပြောခဲ့သေးတယ်။ ဘာအကြောင်းကြောင့် ဒီလိုပြောခဲ့တယ်ဆိုတာတော့ ကျနော်တို့မသိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာသည် အဆိုးဘက်သို့ ဦးတည်သွားရန် အလားအလာ များနေပြီး နအဖအနေဖြင့် ရွေးကောက်ပွဲအား တဖက်သတ်တွန်းပြီး လုပ်သွားလျှင် ပြည်တွင်းစစ်မီး ပြန်လည်ထတောက်လာရန် ရှိနေသည်ဟု ပြည်ပမီဒီယာမှတဆင့် နိုင်ဟံသာက သတိပေးပြောကြားခဲ့ပြီးသည့်နောက် နအဖက စာဖြန့်ဝေမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

မုဒုံမြို့နယ်မှ စာလက်ခံရရှိသူတဦးက “စာလာပေးပြီး ရွာတွေထဲမှာ သူစိမ်းတွေ ဝင်ထွက်သွားလာနေတာတို့၊ မွန်ပြည်သစ် တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပြီး အာဏာပိုင်တွေထံ တင်ပြဖို့ တရားဝင် ညွှန်ကြားချက်ပါတယ်။ ရွာရဲ့ ဧည့်စာရင်းကိုလည်း နှစ်ပတ်တကြိမ် မြို့နယ်ရုံးကို တင်ပြရမယ်။ ပြီးတော့ ဖောက်ခွဲရေးလုပ်ငန်းတွေ ဒီဒေသမှာ ဖြစ်လာနိုင်တယ်တဲ့။ အဲဒါကြောင့် စာဖြန့်ရတာတဲ့” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်သကဲ့သို့ နယ်ခြားစောင့်တပ် ပြောင်းလဲရန် လက်မခံကြောင်း ကြေညာထားသည်။


ကေအိုင်အို သြဇာသက်ရောက်မှု မရှိရန်
ဖားကန့်စစ်ဗျူဟာမှူး ဆောင်ရွက်
ခိုင်လင်း / ၂၁ သြဂုတ် ၂၀၀၉


ယခုလအစောပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပါအဝင် ကျောက်စိမ်းတွင်းဒေသရှိ ဒေသခံလူထုအကြား ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ အာဏာသက်ရောက်မှု မရှိစေရန် ဖားကန့်စစ်ဗျူဟာမှူးက လုပ်ဆောင်နေသဖြင့် နှစ်ဖက်အကြား ဆက်ဆံရေးတင်းမာနေသည်။

ကေအိုင်အိုအဖွဲ့၏ တပ်ရင်း (၆) သည် ဖားကန့်မြို့နယ်၊ ဆိုင်းရာဒေသတွင် အခြေပြုတပ်စွဲထားပြီး ကျောက်စိမ်းတွင်း မှော်များတွင် ဖြစ်ပေါ်နေသည့် အမှုအခင်းကိစ္စရပ်များအား ဝင်ရောက်ဖြေရှင်းမှုများ ရှိနေသည့်အပေါ် ဖားကန့်စစ်ဗျူဟာမှူးက ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့် ကိစ္စနှင့် ဆက်စပ်နိုင်သည်ဟု အများက ယူဆနေသည်။

ဒေသခံလူထုအတွင်း ဖြစ်ပေါ်သည့် ငွေကြေးအရှုပ်အရှင်းကိစ္စရပ်များ၊ ကျောက်စိမ်းအတုလုပ်ခြင်း၊ ခိုးဆိုးလုယက်မှုနှင့် လိမ်လည်မှုများနှင့်ပတ်သက်သည့် တိုင်ကြားချက်များကို ဒေသအတွင်းအခြေစိုက်သည့် ကေအိုင်အေတပ်မတော်၊ တပ်ရင်း (၆) က ဖြေရှင်းပေးလေ့ရှိသည်။

ယင်းလုပ်ရပ်များကို ကေအိုင်အိုက ၀င်ရောက်စွက်ဖက်သည်ဟုဆိုကာ တိုင်ကြားရန် ဖားကန့်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်က ဌာနဆိုင်ရာ အာဏာပိုင်များအား အမိန့်တရပ်ထုတ်ထားသည်ဟု ဖားကန့်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဗျူဟာမှူးက ပြောထားတာက ကချင်အဖွဲ့က ဝင်ရှုပ်တာကို မလိုချင်ဘူးပေါ့။ ပြည်သူလူထုတွေက သူတို့ကို ယုံကြည်အားကိုးလာအောင် လုပ်ဖို့ လိုတယ်ပေါ့။ တခုခုဖြစ်လာရင် သက်ဆိုင်ရာကို လာတိုင်ကြားနိုင်အောင် ပညာပေး စည်းရုံးဖို့လိုတယ်ပေါ့။ ကချင်အဖွဲ့ ဝင်ရှုပ်နေတာတွေ့ရင်လည်း လာတိုင်ကြားဖို့ အဲလို ပြောထားတယ်” ဟု ပြောသည်။

လုံးခင်းနှင့်ဖားကန့်မြို့မှလွဲ၍ ကျောက်စိမ်းမှော်နေရာအတော်များများတွင် ကေအိုင်အိုအဖွဲ့က ဆယ်စုနှစ်အတော်ကြာ စီမံခန့်ခွဲအုပ်ချုပ်နေခဲ့ရာမှ ၁၉၉၄ ခုနှစ်၊ ကေအိုင်အိုနှင့် စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကျောက်စိမ်းတွင်း သွားရာလမ်းတွင် အခွန်ကောက်ခွင့်၊ ကျောက်စိမ်းမှော်များရှိ ကျောက်တွင်းများတွင် အခွန်ကောက်ခွင့်များ ကေအိုင်အိုက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့တဲ့သည့်လ ပထမပတ်အတွင်း ဖားကန့်ဒေသရေကြီးမှုဖြစ်စဉ်တွင် ရေကန်ဖောက်ချခဲ့သည့် တစ်သုံးလုံး ကုမ္ပဏီအား အပြစ်ရှိသည့်အတွက် လမ်းများပျက်စီးမှုအပေါ် ရှင်းလင်းပေးရန် ကေအိုင်အိုအဖွဲ့က ပြောဆိုမှုအပေါ် ဖားကန့်စစ်ဗျူဟာမှူးက ကန့်ကွက်ပြီးနောက်ပိုင်း နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေသည်ဟု ဖားကန့်ကလာသည့် သတင်းများအရ သိရသည်။

“အခုက မှော်ထဲမှာ တရုတ်နဲ့ ဗမာပဲ အများဆုံးတွေ့ရတယ်။ ကချင်အဖွဲ့တွေလည်း မတွေ့ရတော့ဘူး။ ကချင်တွေတောင် သိပ်မရှိတော့ဘူး။ အရင်ကဆို ကချင်ငြိမ်းချမ်းရေးအဖွဲ့တွေ ဖားကန့်နဲ့ ဆိုင်းတောင်တွေမှာ ရောက်လာတာ တွေ့ရသေးတယ်” ဟု ဖားကန့်ဒေသခံတဦးက ပြောသည်။


အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်အတွက်
ဒေါ်အောင်ဆန်းစုကြည် အယူခံတင်မည်
မင်းနိုင်သူ / ၂၁ သြဂုတ် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံတင်သွင်းရန် ရှေ့နေများ ပြင်ဆင်နေကြကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်တို့ ရေးနေကြတယ်ဗျာ။ မပြီးသေးဘူး။ နောက်အပတ်မှပဲ တင်ဖြစ်မယ်ထင်ပါတယ်။ မတင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်မယ်လို့တော့ မျှော်လင့်တာပဲ။ အခုထိတော့ မသိရသေးဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံနိုင်ရေးကို ယခင်က ရှေ့နေများမှတဆင့် အာဏာပိုင်များထံ တင်ပြခဲ့ရခြင်း ဖြစ်သော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆောင်ရွက်နေကြောင်း သိရသည်။

“ကျနော်တို့က ဆောင်ရွက်တာမရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဆောင်ရွက်တာပါ။ သူ့နေအိမ် တာဝန်ယူထားတဲ့ လုံခြုံရေးတာဝန်ခံတွေကတဆင့် ကျနော်တို့ ရှေ့နေတွေနဲ့တွေ့ဖို့ကို အကြောင်းကြားပါတယ်။ သူတို့ခွင့်ပြုတယ်ဆိုရင် အကြောင်းကြားတဲ့ရက်မှာ သွားတွေ့ရပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေအမျိုးသမီး (၂) ဦးတို့အား တရားစွဲဆိုခဲ့သည်။

ထို့နောက် သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက နေအိမ်အကျယ်ချုပ် (၁၈)လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။

ယခုအယူခံတင်သွင်းခြင်းသည် အင်းစိန်အထူးတရားရုံးမှ ချမှတ်ခဲ့သော အလုပ်နှင့်ထောင်ဒဏ် (၃) နှစ် တရားစီရင်မှုအတွက် အယူခံတင်သွင်းခြင်းဖြစ်ပြီး နအဖစစ်အစိုးရက ထပ်မံကန့်သတ်ထားသော နေအိမ်အကျယ်ချုပ် (၁၈) လနှင့် သက်ဆိုင်ခြင်း မရှိပေ။

ထို့ကြောင့် အယူခံအောင်မည်ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် (၁၈) လဖြင့် နအဖက ထိန်းသိမ်းထားဦးမည်ဖြစ်သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက်ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ သူမ၏ပါတီ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီရင်ချက်ချအပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း တရားစွဲဆိုနေစဉ်ကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှု မရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။

သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားနိုင်ခြင်း မရှိပေ။





လယ်သမားများကို ချေးငွေပေးပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးနေ
Fri 21 Aug 2009, ပနွတ်ကျား၊ IMNA
စိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာဝယ်ရန် လိုအပ်သော ငွေများကို မြန် မာအစိုးရအာဏာပိုင်မှ လယ်သမားများကို ချေးငှာခွင့် ပေးထား ကြောင်း သိရသည်။

ဓာတ်မြေသြဇာအတွက် လိုအပ်မည့်ငွေများကို ကျေးရွာဥက္ကဌများထံ ထုတ် ယူနိုင်ပြီး ဓာတ်မြေသြဇာအတွက် ယခုချေးငွေထုတ်ပေးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် လယ်သမားတွေကို စည်း ရုံးရန် ပြင်ဆင်နေသည်ဟု မုဒုံမြို့နယ်ရှိ ကျေးရွာဥက္ကဌများက ပြောသည်။

လယ်သမားများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသေးစားချေး ငွေ (အမတော်ချေးငွေ) နှစ်စဉ်ထုတ်ချေးပေးသော်လည်း ဓာတ်မြေသြဇာ အတွက် ”အခုလိုငွေတွေချေးပေးတာဟာ အရင်က ဒီလိုမျိုးမရှိခဲ့ဖူးဘူး။ မြို့နယ်မယက ကနေတစ်ဆင့် ကျေးရွာဥက္ကဌတွေကို ညွှန်ကြားထားတာ” ဟု မုဒုံမြို့နယ်မှ ဒေသခံတစ်ဦး ကပြောသည်။ ယခုထုတ်ချေးပေးခြင်းမှာ မြန်မာစစ်အစိုးရ ပြုလုပ်ကျင်းပ မည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ၄င်း တို့ မဲဆွယ်ရန်ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။

အခုချိန်မှာ ဓာတ်မြေသြဇာဝယ်ယူရန်အတွက် ကျေးရွာဥက္ကဌမှတဆင့် စာ ရင်းများ ပေးသွင်းရပြီး မြို့နယ်မယကထံသို့ အစီရင်ခံတင်ပြသွားပြီဟု ၄င်း က ဆက်ပြောသည်။

ချေးငွေကို ကြိုက်သလောက် ချေးခွင့်ပြုထားပြီး မိုးနှောင်းကာလ စပါးနှင့် ရာဘာ စသည့်တို့ ထွက်ရှိ လာမှသာလျှင် ပြန်ဆပ်ရမည် ဖြစ်သည်။

စိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာများလိုအပ်နေပြီး ဓာတ်မြေသြဇာတစ် အိတ်လျှင် ပြင်ပပေါက်ဈေးမှာ ကျပ် ၂၆၀၀၀ ကနေ ၂၇၀၀၀ ကျပ် ထိရှိ နေပြီး အာဏာပိုင်များက တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်း ချပေးသည်။

မုဒုံမြို့ခံတစ်ဦး၏ပြောပြချက်အရ“ငွေကြိုက်သလောက်ယူ အခုက စိုက်ပျိုး ရေးရာသီမှာ ဓာတ်မြေသြဇာလိုနေတာပါ၊ သူတို့ပေးတာက အပြင်ဆိုင်နဲ့ စာရင်ဈေးပိုချိုလို့ပိုဝယ်ကြတယ်။

အခုရက်ပိုင်းမှာ ကလယ်သမားနဲ့ရာဘာသမားတွေက ဓာတ်မြေသြဇာ ထည့်ချိန်လည်း ဖြစ်နေတယ်လေ”ဟုစိုက်ပျိုးသူတစ်ဦးကပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ပေါင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်တွင်လည်း ဓာတ်မြေ သြဇာဝယ်ရန်အတွက် ချေးငွေထုတ်ပေးနေကြာင်း ၄င်းဒေသခံတွေက ဆိုကြသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးပေးသည့်အမတော်ချေးငွေကို စပါး ထွက်ရှိချိန်တွင် လယ်သမားများမှ စပါး သို့မဟုတ် ငွေသားဖြင့်လည်း ပြန် လည်းပေးနိုင်သည်။ ထိုချေးငွေကို ငွေသားဖြင့် ပေးသွင်းပါက အတိုး ၃ ကျပ်နှုန်းဖြင့် ပြန်သွင်းရသည်။


ဒေသခံလယ်သမားများထံမှ မွန်ခွဲထွက်ရေးအဖွဲ့ (MPDF) ငွေကောက်ခံမည်
Fri 21 Aug 2009, ကွန်းဟဒေ့
ဗိုလ်ချုပ်အောင်နိုင်အဖွဲ့ဟု ထင်ရှားသောမွန်ခွဲထွက်ရေးအဖွဲ့ဖြစ်သည့် အမ်ပီဒီအက်ဖ်အဖွဲ့ (MPDF) သည် မွန်ပြည်နယ် မုဒုံမြို့နယ်တွင်ရှိသော ကျေးရွာလယ်သမားများထံမှ ငွေတောင်းခံထားသည်ဟု သိရသည်။

လယ်တစ်ဧကလျှင် ၁၅၀၀ ကျပ် ပေးဆောင်ရမည်ဟု လွန်ခဲ့သောတစ် ပတ်ခန့်က အမ်ပီဒီ အက်ဖ်အဖွဲ့မှ ဒေသခံလယ်သမားများထံသို့ အ ကြောင်းကြားစာပေးထားခဲ့သည်ဟု မုဒုံမြို့မှ လယ်သမားတို့၏ အဆိုရ သိရသည်။

လယ်သမားများက အမ်ပီဒီအက်ဖ်အဖွဲ့သို့ ငွေပေးရာတွင် ကိုယ်တိုင်သွား ရောက်ပေးချေရန် မလိုပဲ ၄င်းတို့ကိုယ်တိုင် လယ်သမားများထံသို့ လာ ရောက်ပြီး ကောက်ခံမည်ဖြစ်ကြောင်း အမ်ပီဒီအက်ဖ်အဖွဲ့ဝင်များက ပြော ခဲ့သည်ဟု လယ်သမားတစ်ဦးက ပြောသည်။

“လယ်သမားတွေကို ငွေပေးဖို့ ဖြတ်ပိုင်းတွေ ပေးထားတယ်၊ လယ်သမား တွေ ကိုယ်တိုင် သွားစရာမလိုဘူး၊ သူတို့ကိုယ်တိုင် လာယူမယ်လို့ ပြော ထားတယ်” ၄င်းက ပြောသည်။

ယခုအချိန်အထိပင် မည်သည့်လယ်သမားမှ အမ်ပီဒီအက်ဖ်အဖွဲ့သို့ ငွေပေး ဆောင်ခြင်း မ ရှိသကဲ့သို့ အမ်ပီဒီအက်ဖ်အဖွဲ့ကလည်း မည်သည့်အချိန်တွင် ငွေလာရောက်ကောက်ခံ ယူမည်ကို မသိသေးရကြောင်း ၄င်းက ပြောသည်။

မည်သည့်အတွက်ကြောင့် ၄င်းတို့အဖွဲ့မှ ငွေကောက်ခံသည်ကို လယ်သ မားများက အတိ အကျ မသိရသေးဟု သိရသည်။

သို့သော် မုဒုံမြို့ခံ လယ်သမားတစ်ဦးက “ မြို့တွင်းမှ သတင်းပျံ့နေတာက တော့၊ ဗိုလ်ချုပ်အောင်နိုင်တို့အဖွဲ့က လယ်သမားတွေဆီ ငွေကောက်တာ သူတို့တပ်အင်းအာ ဖြည့်ဖို့ရှိတယ်၊ အဲဒီလို ကြားနေတယ်၊ ဟုတ်လားမ ဟုတ်လားတော့ မသိဘူး” ဟု ပြောသည်။

အမ်ပီဒီအက်ဖ်ကို ဦးဆောင်သော နိုင်အောင်နိုင်သည် ယခင်က မွန်ပြည် သစ်ပါတီတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ဦးဆောင် သော စစ်ဦးစီးချုပ်တစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ၄င်း၏အဖွဲ့ဝင် အချို့နှင့် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည်။


ခလရ ၃၂ စစ်ကြောင်းတစ်ဦးရေမျောသေဆုံး၊ နှစ်ဦးထွက်ပြေး

Kaowao သြဂုတ်၂၁ ၊၂၀၀၉။
စံခလပူရီ(သြဂုတ်- ၂၁)။ ။ ဘုရားသုံးဆူနယ်စပ်မြို့သို့ ခမရ ၂၈၃ အစားထိုးဝင်ရောက်လာပြီး ပြန်လည်ထွက်ခွာ သွားသော ခလရ ၃၂ စစ်ကြောင်းမှာ အနန်းကွင်းဖက်သို့ ဦးတည်သွားရောက်စဉ် ယမန်နေ့က တားဒိန်ချောင်းကို ဖြတ်ကူးရာတွင် ရေမျော၍ တပ်သားတစ်ဦးသေဆုံးသွားကြောင်း တားဒိန်ရွာသား လမ်းပြတစ်ဦး ပြောကြားချက် အရ သိရှိရသည်။

၎င်းရေမျောသွားသော နအဖစစ်သားအလောင်းကို ယမန်နေ့မွန်းလွဲပိုင်း၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး သေနတ်တစ် လက်လည်း ရေမျောရာတွင်ပျောက်ဆုံးခဲ့သည်ကို သိရှိရကြောင်း တားဒိန်စခန်းရှိ မွန်ပြည်သစ်အရာရှိတစ်ဦးက ထပ်မံအတည်ပြုပြောကြားပါသည်။

ထိုနေရာ၌ တပ်ဖွဲ့ဝင်နှစ်ဦး ရေမျောခဲ့ရာတွင် တစ်ဦးကိုသာပြန်လည်ကယ်တင်နိုင်ခဲ့သည်။ မိုးများလည်း အဆက် မပြတ် နေ့စဉ်ရွာသွန်းနေပြီး ချောင်းရေများ အလွန်မြင့်တက်နေသည်ဟု ဆိုသည်။

ခလရ ၃၂ စစ်ကြောင်းမှာ KNU ပြောက်ကျားများ၏ တိုက်ခိုက်လာမှုကိုစိုးရိမ်ပြီး သာမန်သွားနေကျလမ်းကြောင်းကို မသွားဝန့်ပဲ တောတိုး၍သွားနေရကြရသည်ဟု ဆိုပါသည်။ ခရီးလမ်းကြောင်း နယ်မြေမကျွမ်းကျင်သဖြင့် တားဒိန် ချောင်း၏ ရေအတိမ်အနက်ကို မသိရှိကာ ရေစီးကြမ်းသောနေရာတွင် ဖြတ်သန်းမိ၍ ယခုကဲ့သို့ ရေမျောခြင်းဖြစ်ရ သည်ဟု အဆိုပါတားဒိန်ရွာသားက ဆက်လက်ပြောကြားပါသည်။

တားဒိန်ရွာသည် စစ်အစိုးရက မွန်ပြည်သစ်ပါတီအား တရားဝင်တပ်တည်ခွင့်ပြုထားသည့် နေရာဒေသတစ်ခုဖြစ်ပြီး မွန်ပြည်သစ်ပါတီမှ ဘုရားသုံးဆူနှင့်အနန်းကွင်း မော်တော်ကားလမ်းကြောင်းပေါ်တွင် စစ်ဆေးရေးဂိတ်စခန်းတစ်ခု၊ ကြာအင်းဆိပ်ကြီးသို့သွားရာ ဇမိမြစ်ကြောင်းပေါ်တွင် လှေအကောက်ဂိတ်တစ်ခု ဖွှင့်လှစ်ထားရှိသည်။

ယခုစစ်ကြောင်းလှုပ်ရှားမှုကို KNU တပ်မဟာ ၆ မှအချိန်နှင့် တစ်ပြေးညီသတင်းများရရှိနေပြီး အချက်အချကျသည့် နေရာများတွင် ပြောက်ကြားပစ်ခတ်မှုများ မကြာမီတွင်ဖြစ်ပေါ်လာတော့မည်ဟု ဘုရားသုံးဆူ နယ်စပ်စစ်ရေးအခြေ အနေ လေ့လာသူများက အကဲခတ်စောင့်ကြည့်နေသည်။

အဆိုပါစစ်ကြောင်းသည် ယမန်နေ့ညက တားဒိန်အနီးစခန်းချရပ်နားစဉ် တပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးသွားပြန်ရာ သက်ဆိုင်ရာတပ်ခွဲမှူးကို ခလရ ၃၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော် ဆူပူကြိမ်းမောင်းခဲ့ကြောင်း ရွာသားများတွေ့ ရှိရချက်ကို ပြောပြခဲ့သည်။

ဤစစ်ကြောင်းမှာ အင်အားတစ်ရာမျှပင် မကျော်တော့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ ရေတွက်ချက်အရ သိရ သည်။ ဘုရားသုံးဆူ၌ လေးလကြာရောက်ရှိနေစဉ် ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ နီးပါးခန့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ကြကြောင်း သတင်းမှတ်တမ်းများတွင် မှတ်သားထားသည်။

ယခုအခါ နအဖတပ်များ၌ တပ်ရင်းတစ်ရင်းလုံး ရှေ့တန်းထွက်ရာတွင် ပါဝင်နိုင်သောအများဆုံး တပ်ဖွဲ့ဝင်အရေ အတွက်မှာ ၁၃၀ ဦးထက်မပိုတော့ကြောင်း စစ်ရေးကျွမ်းကျင်သူများ ထောက်ပြပြောဆိုနေကြသည်။

ခလရ ၃၂ သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၌ တပ်ရင်းအခြေစိုက်လျှက်ရှိပြီး ယခုရှေ့တန်းရောက်စစ် ကြောင်းမှာ ၄င်းတို့၏မိခင်တပ်ရင်းတည်ရှိရာသို့ ပြန်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။

အကယ်၍ နယ်မြေအေးချမ်းမှူရှိခဲ့လျှင် ဤကဲ့သို့မိုးရာသီကာလ၌ ဘုရားသုံးဆူမှ ကြာအင်းဆိပ်ကြီးမြို့သို့ ဇမိမြစ်ကြောင်းအတိုင်း ပဲ့ချိပ်လှေဖြင့်စုန်ဆင်းပါက တစ်နေ့ခရီးသာကြာမြင့်ပါသည်။

သို့ရာတွင် အဆိုပါမြစ်ကြောင်းတစ်လျှောက်ကို KNU တပ်မဟာ ၆ ကထိမ်းချုပ်ထားလျှက်ရှိရာ KNU ရန်သူမှန်သမျှ ဤလမ်းကြောင်းကို အသုံးမပြုကြပေ။

ဇမိမြစ်ကြောင်းလမ်းသည် မိုးရာသီကာလ၌ ပြည်တွင်းမှ ဘုရားသုံးဆူနယ်စပ်လာရန် တစ်ခုတည်းသော ကုန်သည် လမ်းကြောင်းဖြစ်သည်။

ယခု ရှေ့တန်းပြန်ခလရ ၃၂ စစ်ကြောင်းမှာ ခရီးအစပိုင်းမျှသာဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိနိုင်ရန် သံဖြူဇရပ်၊ မုဒုံမြို့ဖက်မှ မော်တော်ကားများဖြင့် ပတ်ကွေ့သွားမှသာ မိခင်တပ်ရင်းဌာနသို့ ရောက်ရှိရှိမည်ဟု သိရသည်။

ယခုအခါ ခလရ ၃၂ ရှေ့တန်းပြန်စစ်ကြောင်းသည် ဂျပန်ခေတ်က သေမင်းတမန်လမ်းဟောင်းအတိုင်း သံဖြူဇရပ် မြို့ဖက်သို့ ဦးတည်နေရာ KNU တပ်မဟာ ၆ ထိမ်းချုပ်ရာနယ်မြေကို သတိကြီးစွာဖြင့် ဖြတ်သန်းနေရဆဲဖြစ်သည်။ မိုးသည်းထန်နေသည့်ကြားမှ ရေစီးကြမ်းတမ်းသော ချောင်းကြီးချောင်းငယ်များကိုလည်း ဆက်လက်ဖြတ်သန်း နေရဦးမည် ဖြစ်သည်။


ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး အယူခံ အပယ်ခံရ
Friday, 21 August 2009 15:38 ကိုထွေး
ထင်ရှားသည့် လူရွှင်တော် ကိုဇာဂနာနှင့် အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့၏ ဒုတိယကြိမ် တင်သည့် အယူခံကို ဗဟိုတရား ရုံးချုပ်က ယမန်နေ့က ပယ်ချလိုက်ကြောင်း ၎င်းတို့၏ ရှေ့နေနှင့် မိသားစုဝင် များက ပြောသည်။

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး (ဓာတ်ပုံ - ဧရာဝတီ)
ကိုဇာဂနာ၏ ရှေ့နေဖြစ်သူ ဒေါ်ခင်ဌေးကြွယ်က “အင်္ဂါနေ့က ဗဟို တရားရုံးက ပလပ်လိုက်တာပါ၊ သူ့မိသားစုနဲ့ ပြန်အဆက်သွယ်လုပ်ပြီး နောက် အယူခံ ထပ်ဝင် မ၀င် မေးရဦးမယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ယခု အယူခံသည် ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး တို့ အမှုတွဲအတွက် ဒုတိယ အကြိမ် ဖြစ်ပြီး ယင်း အမှုများကို ရှေ့နေ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးဇော်လင်းတို့က တာဝန်ယူ ဆောင်ရွက် ပေးလျက် ရှိကြသည်။

ပထမအကြိမ် အယူခံတွင် ကိုဇာဂနာကို ထောင်ဒဏ် ၂၄ နှစ်နှင့် ကိုဇော်သက်ထွေးကိုမူ ထောင်ဒဏ် ၈ နှစ် လျှော့ပေးခဲ့သကဲ့သို့ ၎င်းတို့နှင့် အမှုတွဲဖြစ်သော ကိုသန့်ဇင်အောင်ကို ၈ နှစ်၊ ကိုတင်မောင်အေး ၁၅ နှစ် လျှော့ပေး လိုက်ကြောင်းလည်း သိရသည်။

ကိုဇာဂနာ၏ ခယ်မ မငြိမ်းက“ အထူးအယူခံဆိုတာ နောက်တခုရှိတယ်၊ ၆ လအတွင်း တင်ရမယ်၊ ကျမ အစ်ကိုဆန္ဒကို မေးရမယ်” ဟု ပြောသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင် ကျခံနေရသော ကိုဇာဂနာကို ၎င်းတို့သည် ဇွန်လ၂၉ တွင် ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ ထိုစဉ်က သွေးတိုးရောဂါအတွက် ဆေးများ ၀ယ်ပေးခဲ့ကြောင်း၊ လာမည့် စက်တင်ဘာ လဆန်းပိုင်းတွင် ထပ်မံသွားရောက်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

ကိုဇော်သက်ထွေး၏ ဇနီးဖြစ်သူ မခိုင်ချိုဇော်ဝင်းတင်က “အခုက ဟိုက်ကုတ်ကို အယူခံဝင်တာ အဲဒီအမှုတွဲထဲက ကိုခင်မောင်အေးကိုတော့ ၃နှစ် လျှော့ပေးတယ်၊ ကိုဇော်သက်နဲ့ ဘဘသူရတို့ကိုတော့ အရင်အတိုင်းပဲ၊ နောက် ဆုံး အထူးအယူခံပဲ ကျန်တော့တယ်၊ ကိုယ့်ဘက်ကတော့ ဆက်လုပ်ရမှာပဲ၊ အဆုံးစွန်ထိတော့ လုပ်ရမှာပဲ” ဟု ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆို ထားခဲ့သည်။

၂၀၀၈ နိုဝင်ဘာတွင် ကိုဇာဂနာကို ဗီဒီယို အက် အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၊ ၁၇/၂ အရ ၊ ၅၀၅(ခ) နှင့် ၂၉၅(က) တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၅၉ နှစ် ကျခံရန် အင်းစိန်ထောင် အထူးတရားရုံးက ချမှတ်ခဲ့သည်။

ကိုဇာဂနာနှင့် အမှုတွဲ ကိုဇော်သက်ထွေး ကိုလည်း ပုဒ်မ ၅၀၅(ခ)နှင့် ၂၉၅(က) တို့ဖြင့် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့သည်။ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားသည်။

ကြံ့ဖွံ့ ခေါင်းဆောင် ဗိုလ်ချုပ် ဌေးဦး ဂျပန်ရောက်
Friday, 21 August 2009 19:42 ဧရာဝတီ
ဂျပန်နိုင်ငံသို့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (ကြံ့ဖွံ့) အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးသည် ယမန်နေ့က ရောက်ရှိနေကြောင်း သိရသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ်သော ဗိုလ်ချုပ် ဌေးဦး ၏ ခရီးစဉ်သည် ဂျပန်အစိုးရ၏ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ အာကမတ်ဆု တာကီရှီ က ဧရာဝတီသို့ ပြောသည်။

“အဓိက အနေနဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ ဖြစ်နိုင်ပါ တယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်း ဗိုလ်ချုပ် ဌေးဦး၏ တပတ်ကြာ ယခုခရီးစဉ်အရ ၂ နိုင်ငံဆောင်ရွက်မှုများတိုးမြှင့်ရန် ဖြစ်သည်ဟုလည်း ဆိုသည်။

“ဗိုလ်ချုပ်ဌေးဦးဟာ အစိုးရအဖွဲ့ရဲ့ တစိတ်တပိုင်း တာဝန်ရှိသူတဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုကြပါတယ်၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်ဖို့ ဂျပန်အစိုးရက မျှော်လင့်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ယခု ဗိုလ်ချုပ်ဌေးဦး၏ ဂျပန်နိုင်ငံ ခရီးစဉ်သည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း သွားခဲ့ပြီးနောက် ပထမ ဆုံး ခရီးစဉ်ဖြစ်သည်။

ဂျပန် သုတေသနပညာရှင် ယူကီ အာကီမိုတိုက“ဂျပန်နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည် ကို တရားစီရင်လိုက်တာနဲ့ ပတ်သက်ပြီး မြန်အစိုးရကို စိုးရိမ်ကြောင်းပြချင်ပုံရတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာအစိုးရနဲ့က အခုအချိန်အထိ အကျွမ်းတဝင်ရှိနေသေးတယ်လေ”ဟု ပြောသည်။

ဂျပန် အစိုးရဘက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းမှာ ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဂျပန်သတင်းထောက် ကန်ဂျီးနာဂါအိ သေနတ်မှန် သေဆုံးမှုနှင့် ပတ် သက်ပြီး ဂျပန် ဒု နိုင်ငံခြားရေးဝန်ကြီး မီတိုဂျီ ယာမူန လာရောက်သည့် ခရီးစဉ်သည် နောက်ဆုံး လာရောက် ခဲ့ခြင်းဖြစ်သည်။

မကြာသေးခင်က ထိုင်းနိုင်ငံ ဖူးကက်ကျွန်းတွင်ပြုလုပ်သော အာဆီယံ အစည်းအဝေးတွင် မြန်မာနိုင်ငံခြား ရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဟီရိုဖူမီ နာကာဆိုနီ တို့တွေ့ဆုံ၍ အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စ အပါအဝင် ၂၀၁၀ ခု နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ချခံရပြီးနောက် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက လွန်စွာ စိတ်ပျက်မိကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ရန် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သေးသည်။

ဂျန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက အလှူရှင် နိုင်ငံ တနိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဖွံ့ဖြိုးရေး ဆိုင်ရာ ထောက်ပံ့မှုအတွက် အမေရိကန် ဒေါ်လာ ၂.၉၆ ဘီလျံ ပေးလှူ ခဲ့ကြောင်း ဂျပန် တာဝန်ရှိသူ များ၏ ပြောဆိုချက်အရ သိရသည်။

ဂျပန်သတင်းထောက် ကန်ဂျီးနာဂါအိ သေဆုံးပြီးနောက် ယင်းဖွံ့ဖြိုးရေး ဆိုင်ရာ အလှူငွေများကို ဂျပန် အစိုးရက ခေတ္တ ရပ်ဆိုင်းထားခဲ့သေးသည်။

အမေရိကန်နှင့် မြန်မာ ဆက်ဆံရေးတိုးတက်ရန် အပြုသဘောဆောင်သည့် ခရီးစဉ်အဖြစ် ဂျင်မ်ဝက်ဘ် ဖော်ဆောင်နိုင်ဟုဆို
Friday, 21 August 2009 18:50 အေးချမ်းမြေ့
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်၏ ခရီးစဉ်သည် အမေရိကန်နိုင်ငံနှင့် မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရန် အပြုသဘော ဆောင်သည့် ခရီးစဉ် ဖြစ်သည် ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

“အမေရိကန်ရဲ့ ထိပ်တန်း နိုင်ငံရေး အသိုင်းအဝန်းမှာ ဆီနိတ်တာ ဝက်ဘ်လို လက်တွေ့ကျပြီး အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်မျိုး ရှိနေပြီးတော့ မြန်မာ - အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးပါတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီရဲ့ အကြီးအကဲ အဖြစ် တာဝန်ယူခွင့် ရလာတာဟာ မြန်မာပြည်သူတွေအတွက် ကံကောင်းခြင်း တရပ်လို့ ယူဆနိုင်သလို ဆီနိတ်တာဝက်ဘ်ရဲ့ အကျိုးဖြစ်ထွန်းမှုရှိတဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက်လည်း မြန်မာ ပြည်သူအများစုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမှာ သေချာပါတယ်” ဟု ၎င်းသတင်းစာပါ “ပိတ်လေ ဝေးလေ၊ ထိခိုက်လေမို့ ရွှေတံခါးကြီး ဖွင့်ကြပါစို့” ဆောင်းပါး၌ ရေးသားထားသည်။

အနောက်အုပ်စု သဘောထားတင်းမာသူ များနှင့် ပြည်တွင်း ပြည်ပမှ မြန်မာအစိုးရ၏ အတိုက်အခံအဖွဲ့များ အနေနှင့် စီးပွားရေးပိတ်ဆို့မှုသည်သာလျှင် စစ်အစိုးရအပေါ် မကျေနပ်ကြောင်းပြနိုင်သည့် တခုတည်းသော နည်းလမ်းဟု ထင်မြင်ယူဆနေကြကြောင်း၊ မြန်မာအစိုးရကို ဖိအားပေး၊ အပြစ်ပေးရန် စီးပွားရေးပိတ်ဆို့မှု နည်းလမ်းတမျိုးတည်းကို အသုံးပြုနေခြင်းသည် ခုတ်ရာတခြား ရှရာတလွဲဖြစ်နေကြောင်း ဆောင်းပါးရှင် ကိုမြန်မာက ဖော်ပြထားသည်။

၎င်းက စီးပွားရေးပိတ်ဆို့မှု၏ ဆိုးကျိုးကို အနောက်နိုင်ငံသားများလည်း ယထာဘူတကျကျ သိမြင်လာကြပြီ ဟု ဆိုသည်။

“အနောက်နိုင်ငံသားတွေ ထဲမှာလည်း ပိတ်ဆို့မှုရဲ့ ဆိုးကျိုးတွေကို ယထာဘူတ ကျကျ သိမြင်ပြီး မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို အားပေးတိုးမြှင့်သင့်တယ်လို့ ယူဆတဲ့ ဆင်ခြင်တုံတရား ပြည့်ဝတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေထဲမှာ မကြာခင်က မြန်မာနိုင်ငံကို လာသွားတဲ့ အမေရိကန်အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်ဟာလည်း တယောက်အပါအဝင်ဖြစ်ပါတယ်” ဟု ဆောင်းပါးရှင်က ရေးထားသည်။

ယခင်တပတ်က မစ္စတာ ဂျင်မ်ဝက်ဘ် မြန်မာပြည်သို့ လာရောက်ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် လည်း ၄၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရန် ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြရာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂျင်မ်ဝက်ဘ်တို့ အမြင်မတူမှုများရှိသည်ဟု ဆိုသည်။ ဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှု လျှော့ချရန် ပြည်ပနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း မပြုမီ ပြည်တွင်းတွင် အရင်ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

စစ်အစိုးရအပေါ် နိုင်ငံတကာက ချမှတ်ထားသော ပိတ်ဆို့မှုများသည် သူ၏ ဆောင်ရွက်ချက်များ မဟုတ်သည့် အတွက် ရုတ်သိမ်းပေး၍ မရနိုင်ကြောင်း၊ ယင်းပိတ်ဆို့မှုများသည် တိုင်းပြည်နှင့် လူထု အတွက် အကျိုး မရှိပါက စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၀၇ ခုနှစ်က အဆိုပြုခဲ့ရာ အစပိုင်း တွင် စစ်အစိုးရက သဘော တူ သယောင် ရှိသော်လည်း နောက်ပိုင်းတွင် အရာမထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂျင်မ် ၀က်ဘ် ကို ရှင်းပြခဲ့သည် ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောခဲ့သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို သဘောမတူခဲ့သူတဦးဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း အမေရိကန်ထိပ်တန်း နိုင်ငံရေးဆိုင်ရာ တာဝန်ရှိသူ တဦးနှင့် မြန်မာအာဏာပိုင်များအကြား ပထမဆုံးတွေ့ဆုံမှုဖြစ်သည်ဟု သတင်းစာ ဆောင်းပါးတွင် ရေးသား ထားသည်။

သတင်းစာ ဆောင်းပါး၌ ဥရောပသမဂ္ဂ အနေနှင့် သြဂုတ် ၁၃ ရက်နေ့က မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ထပ်မံ ပြုလုပ်လာခြင်းအပေါ် ဝမ်းနည်းသည်ဟု ဆိုထားသည်။ ထိုကဲ့သို့ အရေးယူ ပိတ်ဆို့ ခြင်းကြောင့် မြန်မာပြည်သူပြည်သားများသာ နစ်နာသည်ဟုလည်း ရေးသားဖော်ပြထားသည်။

မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရခဲ့သည့် မစ္စတာ ဂျင်မ်ဝက်ဘ် ကြောင့် မြန်မာပြည်အပေါ် ပိတ်ဆို့ အရေးယူ ထားသည့် အမေရိကန်၏ သဘောထား ပြောင်းလဲမည်ဟု မထင် ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းရန် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်မှသာ ဖြစ်နိုင်ခြေရှိကြောင်း ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်အစိုးရက မစ္စတာ ဂျင်မ် ဝက်ဘ်၏ တောင်းဆိုမှုကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံ ထားရသူ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ပြန်လွှတ်ပေးခဲ့သော်လည်း နေအိမ်တွင်း ကျူးကျော်ဝင်ရောက် ခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ကိုမူ နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ သတ်မှတ်ခဲ့သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ဆောင်းပါးထဲ၌လည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် လွှတ် ပေးရန် တောင်းဆိုခြင်းသည် ဥပဒေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခြင်း ဖြစ်ကြောင်းနှင့် အင်အားကြီးသူများ စုပေါင်း၍ ပိတ်ဆို့မှုများ မလုပ်သင့်ကြောင်း ရေးသားထားသည်။

ဆောင်းပါးရှင်ကိုမြန်မာက ယမန်နေ့က ရေးသားထားသော ၎င်း၏ ဆောင်းပါးအဆုံးသတ်၌ “ပိတ်ဆို့ ပြဌာန်းမှုကို ဖိအားပေးရေး နည်းလမ်းတခု အဖြစ် ကျင့်သုံးလေလေ၊ အားလုံး လိုချင်မျှော်မှန်းကြတဲ့ ဒီမိုကရေစီ ပန်းတိုင်နဲ့ ဝေးလေလေ မြန်မာပြည်သူတွေ ရဲ့ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဝေးလေလေ၊ ပြည်သူလူထုရဲ့ လိုလားထောက်ခံမှုတွေနဲ့ ဝေး လေလေ ဖြစ်မယ်ဆိုတာ နိုင်ငံရေး အင်အားစုတွေ အားလုံးက လက်တွေ့ကျကျ နားလည်သိမြင်ပြီး ပိတ်ဆို့ရေး နည်းလမ်းတွေကို စွန့်လွှတ်ကာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီးတော့ အေးချမ်း သာယာ တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် အတွက် ရွှေတံခါးကြီးကို စုပေါင်း ဝိုင်းဝန်း ဖွင့်လှစ်ကြပါစို့လို့ တိုက်တွန်း လိုက်ချင်ပါတယ်” ဟု ရေးသား ထား သည်။


ရနောင်းမြို့တွင် “လူကုန်ကူးမှု ရပ်တန့် ရေး” အမည်ရှိ ပန်းချီပြိုင်ပွဲကျင်းပ
Friday, 21 August 2009 17:57 ဘစောတင်
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ ဖန်ဖလားရပ်ကွက် ၀ိတိုရိယကျောင်းတွင် မူလတန်း၊ အလယ်တန်း ကျောင်း ပေါင်း (၁၂) ကျောင်းမှ မြန်မာ ကလေးငယ်(၃၆)ဦးပါဝင်သည့် “လူကုန်ကူးမှု ရပ်တန့် ရေး” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတရပ်ကို ယနေ့ နံနက် (၉)နာရီက စတင် ကျင်းပခဲ့သည်ဟု သတင်းရရှိသည်၊

မထမ ဆုရ မနန္ဒာဝင်းနှင့် တခြားသော ဒုတိယ ၊ တတိယ ဆုရ ကျောင်သား ကလေးများ (ဓာတ်ပုံ - ဧရာဝတီ)
ယခုပြိုင်ပွဲတွင် ရနောင်းမြို့ စွယ်ကျက်ကျောင်းမှ တတိယတန်းကျောင်းသူ မနန္ဒာဝင်း၏“ပွဲစားပြောတိုင်း မယုံနဲ့ ဘ၀ပျက်တတ်သည်” အမည်ရှိ ခေါင်းစဉ်ဖြင့် ရေးဆွဲထားသော ပန်းချီက ပထမဆု ရရှိခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက ပြောသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဆရာမ ဒေါ်အိအိက“အခု ပထမဆုရတဲ့ ကလေးရဲ့ ပန်းချီကတော့ ပွဲစားက မိန်းကလေးတွေကို အလုပ်ကောင်း ရမယ်လို့ စည်းရုံးခံထားရတဲ့ မိန်းကလေးတွေ စဉ်းစားနေပုံကို ရေးဆွဲ ထားတယ်၊ ကလေးတွေ ဆွဲထားတဲ့ ပုံတွေကတော့ စုံနေတာပဲ၊ မနှစ်က ဖူးကက်မှာ သေသွားကြတဲ့ ၅၄ ယောက် အကြောင်း လည်းပါတယ်၊ လမ်းမှာ ဖျက်ဆီးခံရတဲ့ မိန်းကလေးတွေ အကြောင်းလည်းပါတယ်” ဟု ရှင်းပြသည်။

အဆိုပါ ထိုင်း ပညာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ၏ ကလေးငယ် များတက်ရောက်နေသည့် ကျောင်းများမှ ပန်းချီပြိုင်ပွဲကို ထိုင်းနိုင်ငံ အခြေစိုက် လူသားချင်း စာနာမှုအကူ အညီများပေးနေသော World Vision အဖွဲ့ ၏ လူမှောင်ခိုတိုက်ဖျက်ရေး အစီအစဉ်မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

မိသားစု စားဝတ်နေ ရေးအတွက် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်လိုသူ မြန်မာနိုင်ငံ သားများစွာသည် လူပွဲစားများ၏ လိမ်လည်ရောင်းစားခံရမှုများနှင့် ကြုံတွေ့ရခြင်းများကြောင့် ယင်းလူကုန် ကူးမှု ပပျောက်စေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်ဟု စွယ်ကျက်ကျောင်းမှ ဆရာ ဦးအောင်မင်းက ပြောသည်။

“မိသားစု မပြေလည်တော့ သူများတိုင်းပြည်မှာ ၀င်ငွေကောင်းတယ်၊ အလုပ် ကောင်းရမယ်ထင်လို့ ပွဲစား စကားကိုယုံပြီး လာကြတာ၊ ဒီလည်းရောက်ရော ရောင်းစားခံရ ရော၊ ရောင်းစားခံရတာ မိန်းကလေးချည်း မဟုတ်ဘူးနော်၊ ယောက်ျားတွေလည်း အရောင်း စားခံရတာဘဲ”ဟုလည်း ၎င်းက ဆက်ပြောပြသည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄သန်း အထိနေထိုင် လုပ်ကိုင်လျက် ရှိကြောင်း အလုပ်သမား အဖွဲ့များ၏ အဆိုအရ သိရသည်။

လမ်းလျှောက်ဆန္ဒပြသူများ လွတ်မြောက်လာ
ဖနိဒါ
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 17 နာရီ 43 မိနစ်


ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၇ ခု စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင်း လိုင်းကားခများ ဈေးတက်သဖြင့် လမ်းလျှောက် သဖြင့် ထောင်ကျခဲ့သူ NLD အဖွဲ့ဝင် ၃ ဦး ယနေ့ လွှတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက် လာကြသည်။

ရန်ကုန်တိုင်း ဒဂုံတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးအမျိုးသမီး တာဝန်ခံ ဒေါ်ခင်အေး (၆၅ နှစ်) မကွေးတိုင်း သရက်ထောင်မှ ယနေ့ လွတ်မြောက်လာသည်။

“၂ နှစ်ခွဲချခံရတာကနေ မနက်ဖြန်ဆို ၂ နှစ်ပြည့်ပြီ။ အယူခံ ၆ လရတယ်။ အန်တီက လွတ်ရက် အပြည့် လွတ်လာတာ” ဟု ဒေါ်ခင်အေးက မဇ္ဈိမကို ပြောသည်။

သူ၏ အမှုတွဲများဖြစ်သည့် ဦးစိုးကြွယ် (၆၈)နှစ် သည် ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ဒေါ်မြင့်သိန်းသည် မန္တလေးတိုင်း မြင်းခြံထောင်တို့မှ ယနေ့ အသီးသီး လွတ်မြောက်လာပြီ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“အဖေက မရောက်သေးဘူး။ ဒီည ၇ နာရီ သွားကြိုမယ်။ ဒီနေ့အရောက် ပြန်လာမယ်ပြောတယ်။ အဖေအတွက် ဝမ်းသာတယ်။ ဒါပေမဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကျမ စိတ်မချမ်းသာ နိုင်ပါဘူး”ဟု ဦးစိုးကြွယ်၏ သမီးဖြစ်သူ မငယ်က မဇ္ဈိမကို ပြောသည်။

သူတို့သည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဒဂုံတောင်မြို့နယ်မှ ဗဟန်းမြို့နယ် NLD ရုံးသို့ ကားခဈေးကြီးသဖြင့် လမ်းလျှောက်ခဲ့ရာ လမ်းတွင် စွမ်းအားရှင် အယောက် ၃ဝ ခန့်က ရိုက်နှက်ပြီး ကျိုက္ကဆံကွင်းသို့ ကားဖြင့် ခေါ်ဆောင်သွားခဲ့သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် တရားမဝင် လူစုလူဝေးမှု ပုဒ်မ ၁၄၃၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုအား ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲဆီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သရက်အကျဉ်းထောင်တွင် ဒေါ်ခင်အေးနှင့်အတူ ၈၈ ကျောင်းသူ မနီလာသိန်းနှင့် မနီမွန်လှိုင်တို့လည်း ရှိနေကြောင်း သိရသည်။

မနီလာသိန်းသည် ရင်ဘတ်အောင့်နေသဖြင့် နှလုံး တိုင်းရင်းဆေး သောက်သုံးနေပြီး မနီမွန်လှိုင်သည် မကြာခဏ သွေးပေါင်ချိန်ကျလျက် ရှိတဖြင့် တပတ်တကြိမ် ဆရာဝန်က လာရောက် ကုသပေးသည် သိရသည်။

ယခုကဲ့သို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူများ ရှိသကဲ့သို့ ထောင်ဒဏ်ချမှတ်နေမှုများလည်း ရှိသည်။

၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြတောင်းဆိုခဲ့သည့် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးခင်မောင်ချို ခေါ် ဖိုးတုတ်အား ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၈ နှစ် ထပ်လောင်း ချမှတ်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

“သူ့ကို အရင် ကြည့်မြင်တိုင်တရားရုံးကနေ ပုဒ်မ ၄ ခုနဲ့ ၁၉ နှစ်ချတယ်။ ရန်ကင်းတရားရုံးက ၁၃(၁)ပုဒ်မနဲ့ ၅ နှစ်ချတယ်။ အခုတတိယ အကြိမ်ထပ်ချတာက ၁၇(၁)နဲ့ ၃ နှစ်နဲ့ ၁၇(၂)နဲ့ ၅ နှစ် ၈ နှစ် ထပ်ချလိုက်တယ်။ အားလုံးပေါင်း ၃၂ နှစ် ချခံရမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းက အင်းစိန်ထောင်တွင်းမှ အကျဉ်းသား ၁၂၀ ကျော်အား လွှတ်ပေးခဲ့ သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးသူရရွှေမန်းထံ ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အိတ်ဖွင့်ပေးစာပို့
2009-08-21

ဗိုလ်ချုပ်ကြီးသူရရွှေမန်း ပြောတဲ့အတိုင်း ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ အပြောနဲ့ လက်တွေ့ညီအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖယ်ရှားပေးပါလို့ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံနေထိုင်နေတဲ့ ထောက်လှမ်းရေး အရာရှိဟောင်းလည်းဖြစ် စစ်သံမှူးရုံး အရာရှိဟောင်းလည်း ဖြစ်တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။

မြန်မာ့တပ်မတော်က အရာရှိတချို့နဲ့ အဆင့်နိမ့် စစ်မှုထမ်းတွေက ဗိုလ်ချုပ်ကြီး သူရရွှေမန်းထံ ခုလို အိတ်ဖွင့်ပေးစာ ပေးပို့ဖို့ မေတ္တာရပ်ခံတဲ့အတွက် ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး အချက်အလက်တွေ ဖော်ပြတဲ့ ဖိုးတရုတ် အင်တာနက် ဘလော့ဂ်မှာ တင်ပြထားတာပါ။

ဦးအောင်လင်းထွဋ်။ ။ 'ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ စကားလုံးဟာ က္ဆွန်တော်တို့ ရင်ထဲမှာရော၊ မြန်မာပြည်သူလူထုနဲ့ တပ်မတော်သားတို့ရဲ့ ရင်ထဲမှာရော၊ အခုအချိန်အထိ စွဲကျန်နေခဲ့သလို အားလုံးကလည်း အစ်ကိုကြီးကို မြန်မာနိုင်ငံတော်ကြီးကို အာဏာရှင် စနစ်ထဲက ကယ်တင်မဲ့ ကယ်တင်ရှင်ကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိခဲ့ပါတယ်။'

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး မောင်အေးတို့ ခေါင်းဆောင်မှုကို စိတ်ပျက်နေတဲ့ အရာရှိတချို့က ဗိုလ်ချုပ်ကြီး သူရရွှေမန်းသာ နိုင်ငံကို ဦးဆောင်မယ်ဆိုရင် အသင့်ရှိနေတယ်လို့ သူသိတဲ့အကြောင်းလည်း ဖော်ပြပါတယ်။

အစ်ကိုကြီးကိုယ်တိုင် ပြောခဲ့တဲ့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ မှန်ကန်မြင့်မြတ်တဲ့စကားကို တည်စေချင်ရင် အစ်ကိုကြီးကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖယ်ရှားဖို့ပါပဲ။

သူ့ပေးစာမှာ ပြည်ပရောက်မြန်မာတွေ တခြားနိုင်ငံမှာ က္ဆွန်ဖြစ်နေရသလို ပြည်တွင်းကလူတွေ စစ်က္ဆွန်ဖြစ်နေရတာတွေ၊ ဒီပဲယင်းလုပ်ကြံမှု နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခိုင်းတာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဆွေးနွေးတာတွေကို သဘောတူတာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သဘောတူပြီးမှ ပြန်ဖျက်ခိုင်းတာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေပဲ ဖြစ်တဲ့အကြောင်းတွေ အပြင်၊ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ ဖမ်းဆီးနိုင်အောင် အကွက်ဆင်တာတွေကိုပါ ဖော်ပြထားပါတယ်။

နိဂုံးပိုင်းမှာတော့ ဦးအောင်လင်းထွဋ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ခုလို တိုက်တွန်းပါတယ်။

ဦးအောင်လင်းထွဋ်။ ။ 'အစ်ကိုကြီးကိုယ်တိုင် ပြောခဲ့တဲ့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ မှန်ကန်မြင့်မြတ်တဲ့စကားကို တည်စေချင်ရင် အစ်ကိုကြီးကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖယ်ရှားဖို့ပါပဲ။ အဲဒီနောက်မှာ ကမႝာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ အောက်ပါ အချက်သုံးချက်ကို ဆောင်ရွက်ပေးဖို့ပါ။ တစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ နှစ်၊ နိုင်ငံကောင်းရာကောင်းကြောင်း တွေ့ဆုံဆွေးနွေးရေး၊ သုံး၊ အများသဘောတူတဲ့ ဖွဲ့စည်းပုံနဲ့အတူ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ပြုလုပ်ပေးရေးတို့ ဖြစ်ပါတယ်။ ကိုကြီးခင်ဗျာ၊ ယနေ့ မြန်မာနိုင်ငံကို အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်တွင်းက ကယ်တင်ဖို့ အစ်ကိုကြီးဟာ အဓိက ဖြစ်ပါတယ်။'

စိတ်ဓာတ်စစ်ဆင်ရေး ဝေဒနာရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အနားပေးဖို့ အချိန်တန်ပါပြီလို့လည်း သူက အိတ်ဖွင့်ပေးစာမှာ ဆိုထားပါတယ်။


အကန့်အသတ်များကြောင့် NLD စည်းရုံးရေး ထင်သလောက် ခရီးမပေါက်
2009-08-21

NLD အဖွဲ့ချုပ်ဟာ လူထုနဲ့ တသားတည်းဖြစ်အောင် ပြည်နယ်နဲ့ တိုင်းတွေမှာ စည်းရုံးရေး ပြန်လည်လုပ်ဆောင်ဖို့ အစီအစဉ် ရှိပေမဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ အကန့်အသတ်နဲ့ ရင်ဆိုင်နေရတာကြောင့် ထင်သလောက် ခရီးမပေါက်ပဲ ဖြစ်နေကြောင်း သိရပါတယ်။

NLD ရဲ့ အနာဂတ် စည်းရုံးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ NLD အဖွဲ့ချုပ်လူငယ် လုပ်ငန်းဖော်ဆောင်ရေး တာဝန်ခံတွေနဲ့ NLD ဗဟိုအလုပ်အမှုဆောင် တာဝန်ရှိသူတချို့ကြား ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ အစည်းအဝေးတရပ် ကျင်းပခဲ့ကြောင်းလည်း သိရပါတယ် ၊ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေကို RFA အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။


ကျောင်းသွားရင်း အဖမ်းခံရသော ကလေးစစ်သားကို မိဘများ ပြန်ခေါ်မရဖြစ်နေ
2009-08-21

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့က အထက ၁ ဒသမတန်းမှာ ပညာသင်ကြားနေတဲ့ အသက် ၁၅ နှစ်ကျော်သာ ရှိသေးတဲ့ မောင်ငြိမ်းချမ်းအောင်ကို သြဂုတ်လ ၁၁ ရက်နေ့မှာ ကျောင်းကိုအသွား လမ်းမှာ လေ့ကျင့်ရေးတပ်က တပ်ကြပ် သူရအောင်ဆိုသူက ဖမ်းခေါ်သွားတာ ဖြစ်တဲ့အကြောင်း ညောင်လေးပင်မှာနေတဲ့ အဲဒီတပ်ကြပ်ရဲ့ မိခင်ကပြောလို့ သိရတဲ့အကြောင်း အငြိမ်းစား စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ခလေးရဲ့ဖခင် ဦးစောစတီဗင်က RFA ကို အခုလို ပြောပါတယ်။


ဦးစောစတီဗင်။ ။ 'စုံစမ်းတော့ သူ့ စစ်သားအမေက သူသားခေါ်သွားပါတယ်တဲ့၊ သူက ဖမ်းခေါ်သွားတာ ကလေးကို၊ ကလေးကို ခေါ်သွားပြီးတော့ စစ်သားတယောက် ရလို့ရှိရင် သူတို့က ဆီ ၂ ပုံးနဲ့ ဆန်တအိတ် ငွေတသိန်း ရတယ်လို့ ပြောတယ်။ ရာထူးလည်းတက်တယ်၊ အဲ့ဒါ ကျနော့်သားကို ကျနော် ပြန်ခေါ်ချင်တယ်၊ ကျောင်းသားက ကျောင်းက တက်နေတယ်၊ ကျနော့်သားက ကျနော့်လို စစ်သားဘဝ မဖြစ်ချင်လို့ ပညာသင်နေတဲ့အချိန်၊ ကျနော် ဒုက္ခလည်း ရောက်တယ်။ သားတို့ ဒီစစ်သားတွေကို မလုပ်နဲ့လို့ ပြောထားတယ်၊ အဲ့ဒါ ဒီတပ်ကြပ်နဲ့ကောင် ခေါ်သွားတယ်။'

မောင်ငြိမ်းချမ်းအောင်ဟာ စစ်မှုထမ်းဖို့ အသက်မပြည့်သေးတာကြောင့် ဖခင်ဖြစ်သူက ပြန်ခေါ်ရအောင် တပ်ကြပ် သူရအောင်ရှိတဲ့ မြစ်ကြီးနား ပျဉ်တောင် အမှတ် ၇ လေ့ကျင့်ရေးတပ်ကို လိုက်သွားပြီး စုံစမ်းတဲ့အခါမှာ အဲဒီတပ်က အရာရှိတွေက တခြားစုဆောင်းရေးတပ်ကို လွှဲလိုက်တယ်လို့ ပြောတဲ့အကြောင်း အခုလို ဆက်ပြောပါတယ်။

ဦးစောစတီဗင်။ ။ 'တပ်ရေးဗိုလ်ကြီး အောင်မျိုးနဲ့ တွေ့တော့ ဗိုလ်ကြီး အောင်မျိုးက အခု ရထားနဲ့ပဲ သွားလိုက်ပြီတဲ့ တပ်ရေး ဗိုလ်ကြီးက ပြောပြတာပေါ့၊ ဒီ သူရအောင် ခေါ်သွားပြီတဲ့၊ သားကိုတဲ့၊ ဟိုး ရွှေဘိုကို လိုက်တဲ့ ဆိုပြောတယ်၊ ရွှေဘို ထပ်ပြန်လိုက်ရပြန်ပြီ။ ရွှေဘိုရောက်တော့ ဒီ အမှတ် ၄ စုဆောင်းရေး တပ်ကို သွားတယ်၊ သွားပြီးတော့ပြော ဆိုလုပ်တော့ တပ်ကြပ်သူရအောင် မရောက်သေးဘူး ပြောတယ်ဗျ၊ အဲဒီလို ညာထားတယ်ဗျ။'

ဦးစောစတီဗင်ဟာ ဆက်ပြီးစောင့်ဖို့ စရိတ်မရှိတော့တာကြောင့် ပြန်လာခဲ့ကြောင်း၊ သူ့မှာ သားသုံးယောက် ရှိတဲ့အထဲက တခြား သားနှစ်ယောက်ဟာလည်း အရင်က အဓမ္မ ကလေးစစ်သား အဖြစ်ဖမ်းခေါ်သွားတာ ခံခဲ့ရဘူးတယ်လို့ ပြောပြပါတယ်။ တယောက်က အမေဖြစ်သူ လိုက်ခေါ်လို့ ပြန်လွှတ်လိုက်တာဖြစ်ပြီး၊ နောက်တယောက်ကတော့ ပြန်ထွက်ပြေးလာခဲ့တာလို့ သိရပါတယ်။

လောလောဆယ် ဖမ်းခေါ်သွားတဲ့ မောင်ငြိမ်းချမ်းအောင်ကို ပြန်ခေါ်နိုင်အောင် လူ့အခွင့်အရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ပဲခူးမြို့က ရှေ့နေ ဦးအေးမြင့်ဆီကို သွားပြီး အကူအညီ တောင်းထားတဲ့အကြောင်း ဖခင်ဦးစတီဗင် ပြောပါတယ်။

ရှေ့နေဦးအေးမြင့်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာတဲ့ အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အိုကို အကြောင်းကြားပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ရှေ့နေဦးအေးမြင့်။ ။ 'အိုင်အယ်လ်အို ကနေတဆင့် တောင်းရမှာမို့လို့ အိုင်အယ်လ်အိုကို ပို့ပေးမယ်၊ အိုင်အယ်လ်အိုကို အခုလက်ရှိလည်း အကြောင်းကြားထာပြီး၊ အကုန်လုံး ပို့ပေးပြီးတော့ ပြန်ပြီးတော့ ဆောင်ရွက်မယ်၊ အခု လောလောဆယ်ကို အန်ကယ်ဆီမှာဆို လူ ၅ဝ ကျော်သွားပါပြီ။'

ဇွန်ကနေ ဒီကနေ့အထိ ခလေးစစ်သားအဖြစ် ဖမ်းဆီးသွားတာ ခံရတဲ့အတွက် အိုင်အယ်လ်အိုကို အကြောင်းကြားပြီးသူကော အကြောင်းမကြားရသေးသူပါ စုစုပေါင်း ၃ဝ ကျော်ရှိတယ်လို့ ရှေ့နေ ဦးအေးမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဥပဒေအရ အသက် ၁၈ နှစ် မပြည့်သေးသူတွေကို စစ်မှုထမ်းခွင့်မရှိဘူးလို့ ဆိုထားပေမဲ့ အစိုးရစစ်တပ်မှာကော စစ်အစိုးရကို တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာပါ အသက်မပြည့်သေးတဲ့ ခလေးတွေကို စစ်မှုထမ်းခိုင်းနေတာတွေ အများအပြား ရှိနေတဲ့အကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက မကြာခဏ ပြောဆိုလေ့ရှိပါတယ်။


ဘုန်းကြီးကျောင်းများ နိုင်ငံရေးကင်းရှင်းရန် သံဃာ့မဟာနာယကအဖွဲ့ သတိပေး
2009-08-21

ရန်ကုန်တိုင်းအတွင်းက အခမဲ့ ပညာဒါနပြု ဘုန်းကြီးကျောင်းတွေဟာ နိုင်ငံရေးနဲ့ ကင်းရှင်းရမှာ ဖြစ်သလို သာသနာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း မှတ်ပုံတင်ပြီး ၊ စည်းကမ်း လိုက်နာကြဖို့ ရန်ကုန်တိုင်း သံဃာ့မဟာနယကအဖွဲ့က ဘုန်းကြီးကျောင်းတွေကို အခုရက်ပိုင်းအတွင်း သတိပေး နှိုးဆော်ထားကြောင်း သိရပါတယ်။


အခုလို လုပ်ဆောင်ခိုင်းတာဟာ ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုနောက်ပိုင်း သံဃာ့လှုပ်ရှားမှုတွေ နောက်ထပ်တကြိမ် ဖြစ်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေတယ်လို့ ရန်ကုန် သံဃာအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် အချို့သော အခမဲ့ပညာဒါနပြု ဘုန်းကြီးကျောင်းတွေမှာ သံဃာနဲ့ လူတွေကြား လှုမှုရေး ရှုပ်ထွေးမှု ရှိခဲ့တာကို တားမြစ်လိုတာကြောင့် ပြီးခဲ့တဲ့ဇွန်လမှာ အခမဲ့ ပညာဒါနပြု ဘုန်းကြီးကျောင်း တွေကို သာသနာရေး ဒုဝန်ကြီးကိုယ်တိုင် အစည်းအဝေး ခေါ်ယူ သတိပေးခဲ့တယ်လို့ ရန်ကုန်မြို့က အခမဲ့ ပညာဒါနပြု ဘုန်းကြီးကျောင်းတကျောင်းရဲ့ ဆရာတော်က RFA ကို မိန့်ပါတယ်။

ဆရာတော်။ ။ 'ဟို ပြီးခဲ့တဲ့ ၆ လပိုင်းမှာပဲ ဘုန်းကြီးတို့ တိုင်းစည်းဝေးပွဲမှာ ဒီ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ပညာဒါနကျောင်း၊ ဘကကျောင်းတွေ အကုန်လုံး အဲဒီမှာ ပင့်ဖိတ်ပြီးတော့ စနစ်တကျ လုပ်ဖို့ မှတ်ပုံတင်ဖို့ အဲဒီလိုတော့ သူတို့ ပြောတယ်။ ဟို တောင်ဥက္ကလာမှာ ကျောင်းတကျောင်း အဲလို ဖြစ်တာနဲ့ စပ်ယှဉ်တာပေါ့။ အဲ အဲဒီမှာ အဲလို ကလေး အဲဒီက တယောက်က အဲဒီလို နည်းနည်း ပြဿနာ ဖြစ်တယ်ထင်ပါတယ်။ အဲလို ပရဟိတကျောင်း။ အဲဒါနဲ့ စပ်ယှဉ်ပြီးတော့ စည်းကမ်းရှိဖို့နဲ့ အဲလိုသဘောပေါ့။ ဘုန်းကြီးတို့ အကုန်လုံး ပင့်ပြီးတော့ လျှောက်တယ်။'

၂ဝဝရ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု နောက်ပိုင်း လူစည်ကားတဲ့ ဘုန်းကြီးကျောင်းတွေကို အရပ်ဝတ် လုံခြုံရေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး သတင်းပေးတွေနဲ့ စွမ်းအားရှင်တွေက စောင့်ကြည့်နေကြောင်း ဘုန်းကြီးကျောင်းတွေကို အဝင်အထွက် လုပ်နေတဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အဲဒါကြောင့်မို့ သံဃာတော်တွေဟာ နိုင်ငံရေးမှာ စိတ်ပါပေမဲ့ နိုင်ငံရေးနဲ့ ခပ်ဝေးဝေးမှာပဲ နေနေရကြောင်း စောစောက ဆရာတော်ကပဲ ခုလို မိန့်ကြားပါတယ်။

ဆရာတော်။ ။ 'ဘုန်းကြီးတို့ကျောင်းကတော့ နိုင်ငံရေး ကင်းရှင်းတဲ့အတွက် ဘာမှ မထူးခြားပါဘူး၊ အဲဒါတွေကတော့။ နိုင်ငံရေးကတော့ ဘာစကားလုံးမှ ပြောခွင့်မရှိဘူး၊ ပြောလည်း မပြောဘူးလေ။ အဲဒါကြောင့် အဟန့်အတားလည်း မရှိသလို ဘာမှ အခက်အခဲ မရှိပါဘူး။ ခါတိုင်းလိုပါပဲ။ သူတို့ ကြည့်တာ မကြည့်တာလည်း ဘုန်းကြီးတို့ ဂရုမစိုက်ဘူးဗျာ၊ ဟုတ်လား၊ ကိုယ့်စာသင်နေချိန် သင်တာပဲ၊ အဲဒါပဲ ရှိတယ်။'

ပြီးခဲ့တဲ့ ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘုန်ကြီး ကျောင်းပေါင်း ၆ဝကျော်ကို အဓမ္မ ဝင်ရောက်ဖမ်းဆီး ရိုက်နှက်မှုတွေ ရှိခဲ့သလို ၊ သံဃာတော်တွေဖက်ကလည်း သပိတ်မှောက် ကံဆောင်မှုတွေ အခုအချိန်ထိ မရုပ်သိမ်းရသေးဘူးလို့ မကြာသေးမီက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆိုရန် အာဆီယံအရာရှိများ သဘောတူ
2009-08-21

မြန်မာအတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ရေးသားထားတဲ့ ကြေညာချက်ကို သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေကို မေးမြန်းပြီး အတည်ပြုချက်ယူဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ သြဂုတ်လ ၂၁ ရက် ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ အာဆီယံ အဆင့်မြင့်အရာရှိကြီးတွေ သဘောတူ ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။
မြန်မာအပါအဝင် အာဆီယံ ၁ဝ နိုင်ငံက အဆင့်မြင့် အရာရှိကြီးတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတာက ပြန်လွှတ်ပေးရေး တောင်းဆိုထားတဲ့ ပူးတွဲကြေညာချက်ကို အဖွဲ့ဝင်အားလုံးရဲ့ သဘောထားအဖြစ် ထုတ်ပြန်နိုင်ဖို့ ဂျာကာတာမြို့မှာ နှစ်ရက်တာ ဆွေးနွေးခဲ့ပြီးနောက် ခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အဆင့်မြင့်အရာရှိတွေက ကြေညာချက်ကို မူအရ သဘောတူခဲ့ပေမဲ့ နိုင်ငံအသီးသီးရဲ့ ရပ်တည်ချက် သဘောထားကို သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေကသာ ပြတ်ပြတ်သားသား အတည်ပြု ဆုံးဖြတ်မှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မစ္စတာ Teuku Faizasyah က ပြောပါတယ်။

အဆင့်မြင့်အရာရှိတွေဟာ သက်ဆိုင်ရာနိုင်ငံကို ပြန်သွားပြီး နိုင်ငံခြားရေးဝန်ကြီးထံက သဘောထားအဖြေကို တောင်းခံရမှာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့အတွင်း အပေါင်းလက္ခဏာ ဆောင်တဲ့ တိုးတက်မှုတခု ဖြစ်တယ်လို့ မစ္စတာ Faizasyah က ပြောပါတယ်။

အာဆီယံအဖွဲ့ဟာ ဒီမိုကရေစီ ပြဌာန်းချက်တွေနဲ့ လူအခွင့်အရေးတွေကို လေးစားလိုက်နာရေး ဖော်ပြထားတဲ့ ဖွဲ့စည်းပုံ ပဋိဥာဉ်စာတမ်းကို မနှစ်က အပြီးသတ် အတည်ပြုနိုင်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အရင်က တောင်းဆိုခဲ့တာ မရှိပါဘူး။


၂ဝ၁ဝ ရွေးကောက်ပွဲကြောင့် အစိုးရပုံစံ ပြောင်းလဲနိုင်ကြောင်း ICG ကြေညာ
2009-08-21

စစ်အစိုးရက ကျင်းပမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မဟုတ်ခဲ့ရင်တောင် လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရခေါင်းဆောင်တွေ နေရာဖယ်ပေးရမဲ့ အခြေအနေမျိုး ပေါ်ပေါက်လာနိုင်တယ်လို့ ဘယ်လ်ဂျီယမ်နိုင်ငံ Brussel မြို့ အခြေစိုက်တဲ့ ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့က သြဂုတ်လ ၂ဝ ရက် မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖတ်ရှုရပါတယ်။


၂ဝဝ၈ခုနှစ်မှာပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းပြည်အုပ်ချုပ်ရေးမှာ စစ်တပ်ဟာ အဓိက ဦးဆောင်ကဏ္ဍက ပါဝင်နေမှာ ဖြစ်ပေမဲ့လည်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ရေးအတွက် ရွေးကောက်ပွဲကနေတဆင့် ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ နိုင်ငံရေး လှုပ်ရှားနေကြသူတွေအနေနဲ့ တွန်းအားပေး ဆက်လက် ဆောင်ရွက်သွားနိုင်မဲ့ အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်လို့ ‘ရွေးကောက်ပွဲဆီသို့ မြန်မာနိုင်ငံ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ICG အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ခဲ့ရင်တောင် ရွေးကောက်ပွဲကြောင့် အစိုးရပုံစံ အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ရေးသားထားပေမဲ့ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ရွေးကောက်ပွဲကနေ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ပေါ်လာမဲ့ လမ်းစတွေ မတွေ့ရတဲ့အကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေက ပြောပါတယ်။

ဦးခင်မောင်ဆွေ။ ။ 'ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်ခြင်းမရှိပဲနဲ့ ဝင်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲရလဒ်ဟာ ဘာရည်ရွယ်ချက်လဲလို့ ဒါကို စဉ်းစားဖို့ လိုတယ်။ နောက်ပြီးတော့ အန်ကယ်တို့ နိုင်ငံရေးပါတီတွေဟာ ပြည်သူလူထုကို ဒီမိုကရေစီ လူ့ဘောင်ဆီကို ရောက်အောင် ခေါ်သွားဖို့ ကြိုးပမ်းနေတဲ့အခါမှာ ဒီလို ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်ခြင်းလည်း မရှိဘူး၊ ဒီမိုကရေစီကို ရရာရကြောင်း တံခါးတချပ်တောင် မပါပဲနဲ့ ဆက်သွားမယ် ဆိုလို့ရှိရင် ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ အပြီးမှာ ရှိနေမဲ့ ပုံစံဟာ သိပ်ပြီးတော့ ခြားနားမှာ မဟုတ်ဖူး။ အခွင့်အရေးဆိုတာ ပြည်သူကို ဒီမိုကရေစီ အခွင့်အရေး ပေးနိုင်လို့ရှိရင်တော့ ဒီမိုကရေစီ အခွင့်အရေး ဖြစ်ပါတယ်။ ပြည်သူကို ဒီမိုကရေစီ အခွင့်အရေး မပေးနိုင်ပဲနဲ့ ဝင်ဟ ဝင်ဟဆို ပြည်သူတွေ ဝင်ကြရမယ်ဆိုရင် ပြည်သူတွေကတော့ ပေးချင်လည်း ပေးမှာပေါ့လေ။ ဒါပေမဲ့ အန်ကယ်တို့ အမြင်ကတော့ ဒါဟာ အပြောင်းအလဲတခုကို ဦးတည်စေမယ်ဆိုတဲ့ ဟာမျိုးကတော့ အာမခံချက် မရှိဘူး။'

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေ ပြောသွားတာပါ။

ICG အဖွဲ့ရဲ့အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ တိုက်တွန်းထားပြီး ရွေးကောက်ပွဲမှာ မပါဝင်ရင် စစ်အစိုးရ စိတ်တိုင်းကျ ဖြစ်သွားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်အစိုးရ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ သူ့တို့ရဲ့ အသက်အရွယ်တွေကြောင့် ရွေးကောက်ပွဲအပြီးမှာ မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေကို အာဏာ လွှဲပြောင်းပေးဖွယ် ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ICG အဖွဲ့ဟာ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်တဲ့ ပညာရှင်အဖွဲ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာပညာရှင်တွေရဲ့ ရေးသားပြုစုချက်တွေကို ICG က နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်လေ့ ရှိပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ICG စီရင်ခံစာ အကျဉ်းချုပ်ကို ဦးစိန်ကျော်လှိုင်ကလည်း ဗန်ကောက်မြို့ကနေ သုံးသပ် တင်ပြထားပါတယ်။


အီးယူ ကယ်ဆယ်ရေးဌာန၏ လူသိနည်း ကမႝာ့ပြဿနာများ ဖော်ထုတ်
2009-08-20

ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဌာန (ECHO) ရဲ့ ၂ဝဝ၉ ခုနှစ်အတွင်း လူတွေ မေ့ပျောက်ထားတာ ခံရတဲ့ ကမႝာပေါ်က လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေကို သြဂုတ်လ ၁၉ရက် မနေ့က ဖော်ထုတ် လိုက်ပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံ အရှေ့ပိုင်းက တိုင်းရင်းသား ပဋိပက္ခပြဿနာ၊ ဆိုင်ကလုံးနာဂစ်ဘေးနဲ့ အနောက်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ပြဿနာလည်း ပါဝင်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ရုံးထိုင်တဲ့ ECHO အကြီးအကဲ Mr. Simon Horner ကို ဆက်သွယ်မေးမြန်းပြီး RFA မှ ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။





ဘင်္ဂလားဒေ့ရှ် A (H1N1) ကို ရခိုင်သားများ စိုးရိမ်နေ
ငြိမ်းချမ်း
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 16 နာရီ 37 မိနစ်


ဒါကာ (မဇ္ဈိမ)။ ။ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် A (H1N1) တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၉၀ နီးပါး တွေ့ရှိထားသဖြင့် အစောင့်အကြပ် မရှိသော နှစ်နိုင်ငံနယ်စပ်မှတဆင့် ဝင်ရောက်လာမည်ကို ရခိုင်ပြည်နယ် နယ်စပ်နေ ဒေသခံများ စိုးရိမ်နေသည်။

ဘင်္ဂလားဒေ့ရှ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့မှစတင်၍ ယခုထိ A (H1N1) ခေါ် ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ခံရသူ ၈၇ ဦး ရှိပြီဖြစ်ကြောင်း ဘင်္ဂလား သတင်းစာများတွင် ဖော်ပြပါရှိနေပြီး၊ နှစ်နိုင်ငံ နယ်စပ်လမ်းများတွင် စောင့်ကြည့်စစ်ဆေးမှု မရှိသဖြင့် ဒေသခံများအဖို့ စိုးရိမ်နေကြရခြင်း ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရောဂါကူးစက်သူက တရက်ထက် တရက် တိုးလာနေတယ်။ ကျနော်တို့နဲ့ ဘင်္ဂလားနဲ့ဆိုတာ နီးနီးလေးပဲ၊ အချိန်မရွေး ပြန့်ပွားလာနိုင်တယ်။ နောက်ပြီးတော့ ကျနော်တို့ဆီမှာက ကျန်းမာရေး စောင့်ရှောက်မှုက ကောင်းတာမဟုတ်ဘူး။ ဖြစ်လာရင် သေဖို့သာ ရှိတယ်” ဟု မောင်တောမြို့ မြို့မရပ်ကွက်မှ မူဟာမက် ကာမာဟူဆင် (MD. Kamal Hossion) က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် A (H1N1) ဟု သံသယရှိသူများ တွေ့ရှိသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် နယ်စပ်ရှိ ပလက်ဝမြို့တွင် အသွားအလာများ စစ်တပ်က ပိတ်ပစ်ခဲ့သော်လည်း ဘင်္ဂလား-မြန်မာနယ်စပ်တွင်မူ စစ်ဆေးစောင့်ကြည့်မှု မရှိသေးကြောင်း မောင်တောမြို့ လိပ်ရရွာသား ကိုစိုးနိုင်က ပြောသည်။

“ဒီနယ်စပ် တခြားနယ်စပ်လို ကုန်းမြေက နည်းတယ်ဆိုတော့ နတ်မြစ်ကို တရားမဝင်နည်းနဲ့ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ လူတွေက တရက်တရက်ကို ၄-၅ဝဝ လောက်ရှိမယ် ထင်တယ်။ ဘယ် နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးအဖွဲ့) စခန်းကမှလည်း စစ်ဆေးတာ မရှိဘူး။ ရောဂါပိုးပါလာတဲ့ လူဝင်လာရင်လည်း သိနိုင်မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၂၆ ရက်နေ့မှစပြီး ယနေ့အထိ A (H1N1) ကူးစက်ခံရသူ ၂၄ ဦးရှိနေပြီး ၎င်းတို့ကို လေဆိပ်တွင် စစ်ဆေးသော်လည်း ချက်ချင်း မတွေ့ရဘဲ နေအိမ်များရောက်ပြီး နောက်ပိုင်းမှသာ သိရှိခဲ့ရသည်။

ဘင်္ဂလား-မြန်မာနယ်စပ်တွင်မူ ရေလမ်းကို အဓိကထား ကူးလူးသွားလာနေသလို၊ နယ်စပ်နိုင်ငံကူး လက်မှတ်ဖြင့် ဝင်ထွက်သွားလာသူ ဆယ်ဂဏန်းမျှသာရှိပြီး၊ တရားမဝင် လမ်းများမှ နေ့စဉ် ရာဂဏန်းမျှ သွားလာနေကြောင်းနှင့် စစ်ဆေးစောင့်ကြပ်မှု မရှိခြင်းသည် စိုးရိမ်စရာဖြစ်ကြောင်း နယ်စပ်မြို့ မောင်တော ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ဆီမှာတော့ A (H1N1) ပိုး ကူးစက်ခံရသူ မရှိသေးပါဘူး။ မတွေ့လည်း မတွေ့ရသေးဘူး။ လိုအပ်လာမယ်ဆိုရင်တော့ အာဏာပိုင်တွေကလည်း စောင့်ကြည့်လေ့လာမှုတွေ လုပ်ကောင်းလုပ်လာနိုင်ပါတယ်။ အခုအချိန်အထိတော့ မလုပ်သေးဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် A (H1N1) ကာကွယ်ရေးအတွက် ခရိုင်အဆင့်တွင် RRT ခေါ် (လျှပ်တပြက်တုံ့ပြန်) အဖွဲ့များ ဖွဲစည်းထားပြီဟု စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားသော်လည်း RRT ကို မြို့တော် စစ်တွေတွင်သာ ဖွဲ့စည်းနိုင်သေးပြီး မောင်တောတွင် မဖွဲ့ရသေးကြောင်း ယခု ဆရာဝန်ကပဲ ပြောဆိုသည်။

ဘင်္ဂလား-မြန်မာနယ်စပ်တွင် မိုင် ၃၀ ကျော်ရှည်လျားသော နတ်မြစ်ကိုဖြတ်ကာ နှစ်နိုင်ငံပြည်သူများ သွားလာနေကြခြင်း ဖြစ်သည်။

မြန်မာ့အိမ်နီးချင်း ထိုင်းတွင် A (H1N1) ကူးစက်ခံရသူ ၂၃၀၀ ခန့်၊ တရုတ်တွင် ၂၀၀၀ ကျော်၊ အိန္ဒိယတွင် ၉၀၀ ခန့် ရှိကြောင်းနှင့် ကမ္ဘာ့လူဦးရေ ၁ သိန်း ၇ ထောင်ခန့် ကူးစက်ခံကြရသည်။

အောင်ဘာလေထီ လောကကိုပါ ဦးတေဇ ဝင်ရောက်လာ (ရုပ်သံသတင်း)


http://www.youtube.com/watch?v=MEttu-U3ttM&feature=player_embedded

ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံ တင်သွင်းမည်
မြင့်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ 20 ရက် 2009 ခုနှစ် 20 နာရီ 55 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်း မြောက်ပိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ ဥပဒေနှင့် မကိုက်ညီဟုဆိုကာ သူမ၏ ရှေ့နေများက အယူခံ ဝင်သွားမည် ဖြစ်သည်။

တရားဝင် ရပ်ဆိုင်းပြီး ဥပဒေဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးတွင် လာမည့် တပတ်အတွင်း အယူခံတင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်ဖို့ ပြောပါတယ်။ အယူခံကို ရေးနေတုန်း ရှိပါသေးတယ်။ ပြီးတာနဲ့ ဒေါ်စုကို ပြမယ်။ ပြပြီးတာနဲ့ အတည်ပြုချက်ရရင် တိုင်းတရားသူကြီးရုံးကို တင်မှာပါ။ လာမယ့် အပတ်ထဲမှာ တင်ဖို့ လုပ်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်ပုံ အခြေခံဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်အရ ထောင်ဒဏ်ကို ၁၈ လသို့ လျှော့ပေါ့ကာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကန့်သတ်စည်းကမ်းများဖြင့် သူမ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မဝင်းမမနှင့်အတူ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ပြန်လည် ထိန်းသိမ်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ တွင် ဖော်ပြထားသည်မှာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရပ်ဆိုင်းသွားခဲ့ကြောင်း ဖော်ပြထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ယခုအခါ ပျက်ပြယ်ပြီးကြောင်း ဦးကြည်ဝင်းက ပြောသည်။

အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ပြောစကား ဂျာနယ်တွင် ဖော်ပြခွင့်ရ
နန်းဒေဝီ
ကြာသပတေးနေ့၊ သြဂုတ်လ 20 ရက် 2009 ခုနှစ် 20 နာရီ 30 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ စာပေစိစစ်ရေး၏ ဆင်ဆာဖြတ်တောက်မှု လျှော့ပေါ့မှုတခုမှာ အစဉ်အလာအားဖြင့် ဖော်ပြခွင့် ပေးလေ့မရှိသော အတိုက်အခံပါတီ အန်အယ်ဒီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြောစကားကို အပတ်စဉ်ထုတ် ရန်ကုန်အခြေစိုက် ဂျာနယ်နှစ်ခုတွင် ကိုးကား ဖော်ပြခွင့် ရခဲ့သည်။

ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲကျခံနေသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ရေးသားရာတွင် ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း၏ စကားများကို ယခုတပတ် နောက်ဆုံးထုတ် The Voice နှင့် 7 Days ဂျာနယ်တို့တွင် ကိုးကားဖော်ပြခွင့် ရရှိခြင်း ဖြစ်သည်။

“ဦးဉာဏ်ဝင်း နာမည်ဆိုတာ အရင်က ကျနော်တို့ ဂျာနယ်တွေမှာ သူ့ပြောစကား မပြောပါနဲ့၊ သူ့နာမည်တောင် ဖော်ပြခွင့် မရှိပါဘူး။ ဒီတခေါက်တော့ စိစစ်ရေးက ခွင့်ပြုထားတာကို တွေ့ရတော့ ထူးခြားသလိုတော့ တွေ့ရတယ်” ဟု အပတ်စဉ်ဂျာနယ်တခုမှ အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။

7 Days တွင် ပြစ်ဒဏ်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်သို့ ပြန်ရောက်ပြီး နောက်တရက်တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက သွားရောက် တွေ့ဆုံခဲ့သည့်အပေါ် တွေ့ဆုံမေးမြန်းထားသည့် ပြောစကားကို ဖော်ပြထားသည်။

“သူ့အတွက် ယူသွားတဲ့ ဂျာနယ် ၂ စောင် ပေးခဲ့ပါတယ်။ အခု ပေးလို့ရပြီ၊ ဧည့်တွေ့ခွင့်လည်း ရခဲ့တဲ့အတွက် ဒီနေ့ ၁ နာရီခန့်ကြာ တွေ့ဆုံစကားပြောခွင့်ရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်” ဟု ဆိုသည်။

အလားတူ The Voice ၏ မျက်နှာဖုံးတွင် “ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပြန်ရောက်သော်လည်း နေအိမ်ကို ဆက်လက်ပြင်ဆင်ခွင့်ပြု” ခေါင်းစည်းဖြင့် ဦးဉာဏ်ဝင်း၏ အမည်နှင့် ပြောစကားကို ဖော်ပြသည်။

အတွင်းစာမျက်နှာများ၌လည်း ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချသည့်ကိစ္စ၊ နေအိမ်ပြုပြင်သည့်ကိစ္စ၊ သူမ၏ နေအိမ်အစောင့် ရဲဝန်ထမ်းများကို အရေးယူသည့် ကိစ္စအပြင်၊ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ ခုနှစ်တွင် ပြန်လည်လွတ်လာမည် စသည်ဖြင့် ဆိုထားသေးသည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရစဉ် တရားခွင်သတင်း ယူခွင့်ပေးခဲ့သော်လည်း ဖော်ပြခွင့် မပေးခဲ့သော သတင်းများအနက် သတင်းတပုဒ်ကိုလည်း ‘၇၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည်အမှု အမိန့်ချသည့်နေ့’ ဟု ခေါင်းစဉ်ဖြင့် The Voice က ရေးထားသည်။

ယခုလို ရှေ့နေ ဦးဉာဏ်ဝင်း ပြောစကားနှင့် တရားခွင်သတင်းကို စာပေစိစစ်ရေးက ခွင့်ပြုခဲ့သော်လည်း မြန်မာနိုင်ငံတွင် စာပေလွတ်လပ်ခွင့် အစပျိုးလိုက်ပြီဟု ပြောဆို၍ မရသေးကြောင်း စာနယ်ဇင်းသမားများကမူ ပြောဆိုသုံးသပ်ကြသည်။

“တခါတလေ တချို့ဟာတွေ လွှတ်ပေးတယ်၊ တခါတလေ ပြန်တင်းတယ်။ အဲဒါကို စာပေလွတ်လပ်မှု အစပြုတယ်လို့ ပြောလို့မရသေးပါဘူး။ စိစစ်ရေးက နားလည်ရခက်တယ်” ဟု ပြည်တွင်း သတင်းထောက်တဦးက မဇ္စျိမကို ပြောသည်။

အန်အယ်ဒီအပါအဝင်၊ ဒီမိုကရေစီရေး လှုပ်ရှားသည့် သံဃာတော်များ၊ ကျောင်းသားများ၊ အနုပညာရှင်များနှင့် စာနယ်ဇင်းသမားများ၏ လူမှုရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ လှုပ်ရှားမှုများကို စစ်အာဏာပိုင်များက ကန့်သတ်ထိန်းချုပ်သည့်အပြင် မီဒီယာများတွင် ၎င်းတို့၏ အမည်များကို ဖော်ပြခွင့် ပိတ်ပင်လေ့ရှိသည်။

လတ်တလောတွင် စစ်အစိုးရအာဘော် သတင်းစာများ၌ မကြာခင်က မြန်မာပြည်သို့ လာရောက်ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် အမေရိကန်အမတ် မစ္စတာဂျင်မ်ဝဘ် ခရီးစဉ်အကြောင်း ဆက်တိုက်ဖော်ပြခဲ့သည်။

ခရီးစဉ်မှအပြန် ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားတချို့ကို ကွဲလွဲစွာ ပြောဆိုခဲ့သည်။

စစ်အစိုးရ သတင်းစာများကမူ ဂျင်မ်ဝဘ်ခရီးစဉ်နှင့် သူ၏ စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်သည့် ရပ်တည်ချက်ကို ချီးမွမ်းရေးသားကာ၊ ပိတ်ဆို့မှုကို ကိုင်စွဲခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းပြည်ပ အတိုက်အခံများကို ဆန့်ကျင်ရေးသားကြသည်။

မြန်မာစာနယ်ဇင်းသမားများကမူ စစ်အစိုးရအာဘော် သတင်းစာများ၏ ရေးသားချက်များသည် ၎င်းတို့ လိုရာတွေးကာ ရေးသည့်အတွက် လွဲမှားနေကြောင်း ဝေဖန်သုံးသပ်ကြသည်။



ကရင်ဒုက္ခသည်များ ထပ်မံ ထွက်ပြေးနေရ
Friday, 21 August 2009 16:25 သန်းထိုက်ဦး
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ကရင်ရွာသားများသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) က တပ်သားသစ် စုဆောင်းမှုကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးနေကြရသည် ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောဆိုသည်။

အဆိုပါ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ သလီဖိုးကွီး နှင့် ကွီးလေ ကျေးရွာ ဒေသခံများသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထ ဆောင်ယမ်းမြို့နယ် ဘက်သို့ မကြာသေးခင်က ထွက်ပြေးလာသူပေါင်း ၃၀ ကျော်ရှိသည်ဟု လယ်ပေါ်ဟဲ စခန်း ဥက္ကဌ စောတာစူးညား က ဧရာဝတီသို့ ပြောသည်။

“ထွက်ပြေးလာတာကတော့ တယောက်ပြီးတယောက် ထွက်ပြေးလာတယ်။ အစုလိုက်အပြုံလိုက် ထွက်ပြေးလာ လို့မရဘူး၊ တချို့ကတော့ မိန်းမ အရင်လာတယ်၊ ပစ္စည်းတွေလည်း ထမ်းလာလို့မရဘူး၊ အသိတွေဆီသွားမယ် ပြောပြီး ထွက်ပြေးလာကြရတယ်”ဟု ၎င်းက ဆိုသည်။

အလားတူပင် လွန်ခဲ့သည့် ဇူလိုင်လတွင် ၎င်းမြို့နယ်အတွင်းရှိ မဲ့လာအားခီး၊ ၀ါးမီးကလာနှင့် ကျော်ကေးထ ကျေး ရွာဒေသခံ အိမ်ထောင်စု ၈၀ ခန့်ထွက်ပြေးလာခဲ့သည်။ ထွက်ပြေးလာသူပေါင်း လူဦးရေ ၅၁၇ ဦးရှိခဲ့ပြီး ယခု ထပ်မံ ရောက်ရှိလာခြင်းဖြစ်သည်။

ဒေသခံများသည် DKBA တပ်များက တပ်သားသစ် စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေကြေးရိက္ခာ တောင်းခံ ခြင်းများ ပြုလုပ်နေသောကြောင့် ထွက်ပြေးလာကြရသည်ဟု စောတာ စူးညားက ပြောပြသည်။

DKBA နှင့် နီးစပ်သူတဦးကလည်း လူငယ်ဆိုပါက စစ်သားလုပ်ကြရပြီး ကရင်အချင်းချင်း ပြန်တိုက်ရသော ကြောင့် မတိုက်ချင်ဘဲ ထွက်ပြေးကြရသည်ဟု ဆိုသည်။

“တိုက်ရတာလည်း ကရင်အချင်းချင်းဆိုတော့ ဘယ်သူမှလည်း ရဲဘော်မလုပ်ချင်၊ ဘယ်သူမှလည်း အထုတ်အပိုး တွေ မထမ်းချင်ဘူး၊ အဲဒါကြောင့်ပြေးနေတာ”ဟု ၎င်း DKBA နှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်အစိုးရသည် DKBA ကို ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။ DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးယူထားသည်။

လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများသည် မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များက ကရင် အမျိုး သားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည့် နေရာများလည်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ကရင်ဒုက္ခသည် စုစုပေါင်း ၄၀၀၀ ကျော်သည် ထိုင်းနိုင်ငံ မဲ့သဝေါနှင့် မဲ့သလေ မြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။ ထို့အပြင် (KNLA) ၏ တပ်မဟာ ၇ နယ်မြေမှ စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် မြန်မာ့ တပ်မတော်နှင့် (DKBA) ပူးပေါင်း တပ်များက ကရင်ပြည်နယ် မြောက်ပိုင်းရှိ KNLA အခြေစိုက် စခန်းများကို လာမည့်လတွင် ထိုး စစ်ဆင်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အနီး သံလွင်မြစ် တလျှောက်ရှိ KNLA တပ်မဟာ ၅ ဒေသမှ စခန်းများကို ထိုးစစ်ဆင် ကြမည်ဖြစ်ရာ KNLA ကလည်း ၎င်းတို့၏ စခန်းများကို အလွယ်တကူ လက်လွတ် ဆုံးရှုံးခံမည် မ ဟုတ်ဘဲ ပြန်လည်ခုခံ တိုက်ခိုက်ရန် အသင့်ပြင်နေသည်။

မြန်မာစစ်အစိုးရသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းမြန်မာနယ်စပ် တလျှောက်တွင်ရှိသော KNU လက် အောက်ခံ KNLA ထိန်းချုပ်ရာဒေသများကို အပြီးသတ်ရှင်းလင်းတိုက်ခိုက်ရန် ရည်ရွယ် ထားကြောင်း သိရ သည်။


ရန်ကုန်ယူနိုက်တက်အသင်းနှင့် ထိုင်းဆိပ်ကမ်း ကလပ်အသင်း ခြေစမ်းပွဲကစား
Friday, 21 August 2009 18:53 ရန်ပိုင်
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ထိုင်းဆိပ်ကမ်း ကလပ်အသင်းတို့ ယမန်နေ့က ထိုင်း နိုင်ငံ ဘန်ကောက် မြို့တွင် ခြေစမ်းကစားရာ ရန်ကုန်ယူနိုက်တက် အသင်း ၄ဂိုး-၃ဂိုးဖြင့် ရှုံးနိမ့် သွားကြောင်း သိရသည်။

ယမန်နေ့က ရန်ကုန်ယူနိုက်တက် အသင်းနှင့် ထိုင်းဆိပ်ကမ်း ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ - Thaiportfc.com)
ယင်းသို့ ရှုံးနိမ့်ရခြင်းသည် နိုင်ငံကူးလက်မှတ်အခက်အခဲကြောင့် ဝါရင့် ကစားသမားတချို့လိုက်ပါ မကစားနိုင်သည့် အတွက် ဖြစ်ကြောင်း ဦတေဇနှင့် နီးစပ်သူ တဦးက ပြောသည်။

“အခုပွဲစဉ်တွေမှာ အရင်က ၀န်ကြီးဌာနကကစားသမားတွေမပါဘူး၊ အရင်ကကိုင်တဲ့ပတ်စ်ပို့ အစိမ်း တွေကို ပြန်ပြီး လဲလှယ်ဖို့ အခက်အခဲရှိတယ်” ဟု ၎င်းက ကဧရာဝတီသို့ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းတွင် မြန်မာ့လက်ရွေးစင် ဘဏ္ဍအခွန် ဂိုးသမား အောင်အောင်ဦး စသည့် ၀န်ကြီးဋ္ဌာနကစားသ မား ဟောင်းများပါဝင်သည်။

ယင်း ကစားပွဲ အပြီးတွင် ထိုင်း ဆိပ်ကမ်းနည်းပြ ခွန်ဆူရိုင်က“ဒီပွဲဟာ တဘက်နဲ့တဘက်ခြေမှန်းလို့မရဘူး၊ ဆိပ်ကမ်း အသင်းမှာလည်း လူသစ်တွေဆိုတော့ ကစားကွက် ကိုစမ်းသပ် နေတာ ဖြစ်တယ်” ဟု ပြောကြောင်း ထိုင်းဆိပ်ကမ်း ဘောလုံးအသင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုခြေစမ်းပွဲသည် ရန်ကုန်ယူနိုက်တက်အသင်း အတွက်ပထမဆုံး ပြည်ပတွင် ကစားသောပွဲစဉ်တခုဖြစ်ပြီး သြဂုတ်လ၂၄ ရက်နေ့တွင် ပတ္တယားယူနိုက်တက်အသင်း၊ သြဂုတ်လ ၂၆ ရက်နေ့တွင် BEC တယ်ရိုဆက်ဆနာ အသင်းနှင့် ကစားမည် ဟုသိရသည်။

ထိုင်းဆိပ်ကမ်းအသင်းနှင့် BEC တယ်ရိုဆက်ဆနာအသင်းတို့သည် ထိုင်းပရီးမီယားလိဂ်တွင် နာမည်ကြီးအသင်းများဖြစ် သည်။ ထိုင်းဆိပ်ကမ်းအသင်းတွင် မြန်မာလက်ရွေးစင်ဟောင်း အောင်ထွန်းထွန်းသွားရောက်ကစားခဲ့ဖူးသည်ဟုသိရသည်။

တယ်ရိုဆက်ဆနာ အသင်းတွင်လည်း နံမည်ကြီး ထိုင်းလက်ရွေးစင်ဟောင်း ဒူးဆစ် စသည့်ကစားသမားများကစားခဲ့ဖူးပြီး မြန်မာနိုင်ငံသို့ လည်း ခြေစမ်းပွဲများလာရောက်ကစားခဲ့ဖူးသည်။

BEC တယ်ရိုဆက်ဆနာအသင်းနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရန်စာချုပ်ချုပ်ဆိုကာ မြန်မာဘောလုံးသမား ၃ ဦးကို လည်းအငှားချထားမည်ဖြစ်ပြီး၊ အာစင်နယ်ဘောလုံးအသင်းနှင့်ချိတ်ဆက်ကာ လူငယ်ဘောလုံးသင်တန်းကျောင်း ကိုဖွင့်ရန်စီစဉ်ထားသည်ဟု သြဂုတ်လ ၁၈ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင်လည်း ဖော်ပြထားသည်။

ပြီးခဲ့သည် သြဂုတ်လ၁၉ ရက်နေ့က အိန္ဒိယ ကလပ် အရှေ့ဘင်ဂေါအသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းကစားရာတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ၃ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဦးတေဇ၏ သားဖြစ်သူ ကိုပြည့်ဖြိုးတေဇမှာ ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းဥက္ကဋ္ဌဖြစ်ပြီး နည်းပြချုပ်မှာ မြန်မာ့ လက်ရွေးစင် ဘဏ္ဍအခွန်ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်း ဖြစ်သည် ဟုသိရသည်။

ပြီးခဲ့သော MNL အမှတ်ပေး ချန်ပီယံဖလားတွင် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုင်းဆမ်ထွန်း ပိုင်ဆိုင်သည့် ရတနာပုံ ယူနိုက်တက်ကို ဗိုလ်လုပွဲတွင် ရှုံးခဲ့သည့် အတွက်ကြောင့်လည်း ရန်ကုန်ယူနိုက်တက် အသင်း အသုံးစရိတ်ကို တိုးမြှင့် သုံးစွဲ နေပြီး၊ အဝေးကွင်း မန္တလေးတွင် သွားရောက် ကစားသည့်အခါ လိုက်ပါ အားပေးမည့်သူများကို ပို့ဆောင်ရေး အတွက် အသင်းပိုင်ရှင် ဦးတေဇက တာဝန် ယူမည်ဖြစ်ကြောင်း၊ အားပေးသော ပရိသတ်များ အတွက် အသင်းအင်္ကျီ တသောင်း အခမဲ့ ပေးဝေရန် စီစဉ်လျက်ရှိသည်ဟု First Eleven ဂျာနယ်တွင် ဖော်ပြထားသည်။


ကော့သောင်းမြို့နယ် ကားချောဆွဲခံရမှုများပြားသဖြင့် ကားသမားများ အခက်တွေ့

ဇာဇာမော်။
သြဂုတ်လ ၂၁ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့နယ်၌ ယခုလအတွင်း ကားချောဆွဲခံရမှုပိုမိုများပြားလာခြင်းကြောင့် ကား သမားများ အခက်အခဲဖြစ်နေသည်။

ကားသမားများအနေနှင့် ကားချောဆွဲခံရမှုများကို နေ့စဉ်ကြုံတွေ့နေကြရပြီး ပုံမှန်ဝင်ငွေလည်းမရ ဖြစ်နေကြရ သည်ဟု ချောဆွဲခံရသည့် ကားသမားတဦးက ယခုလိုပြောသည်။

“ကားတစ်ခေါက် ချောဆွဲပါသွားရင် ဓါတ်ဆီကို မိုင်နှုန်းနဲ့တွက်ပြီးအတိအကျပေးတော့ အခက်အခဲ တွေ့ပြီး အဆင်မပြေဖြစ်တယ်။ ချောဆွဲရင် ကားရောလူရောခေါ်သွားတယ်။ ချော တစ်ခေါက်ပါရင် ၄ ရက်လောက်တော့ ကြာတယ်။ လမ်းခရီးမှာကားတစ်ခုခုဖြစ်ရင်လဲ ကိုယ့်စရိတ်နဲ့ ကိုယ်ပဲပြင်ရတယ်။ သူတို့ဘာမှထောက်ပံ့မှုမရဘူး။ ကုန်ကျစရိတ်လည်း များတယ်။ အလုပ်လည်းပျက်တယ်။”

ဗျူဟာမှူး၏ အမိန့်အရ မော်တော်ယာဉ်ထိန်းသိမ်းရေးအသင်း(မထသ) တာဝန်ခံများမှ တဆင့် ကားချောလိုက် ရန်ဆင့်ခေါ်ခြင်းဖြစ်သည်။

ထိုသို့ဆင့်ခေါ်ရာ၌ အတင်းအကျပ်ခေါ်ယူရာမှ ကားသမားအချို့နှင့် မထသ တာဝန်ခံတို့ ခိုက်ရန် ဖြစ်ပွားမှုများရှိ နေသည်။

“အရင်က တရက်ဝင်ငွေ တစ်သောင်းနှစ်သောင်းလောက်ရတယ်။ အခုချောလိုက်ရတော့ ရှစ်ထောင် လောက်ဘဲ ရတော့တယ်။” ဟု အဆိုပါ ကားသမား ကဆက်ပြောသည်။

ကော့သောင်းမြို့နယ်အတွင်း၌ ကားအစီးပေါင်း ၇၀ ခန့်ရှိ၍ ခရီးဝေးသွားသည့်ကားအစီး ၃၀ ခန့်ကိုသာ ချောဆွဲ ခြင်းဖြစ်ပြီး မြို့တွင်းပြေးဆွဲနေသည့်လိုင်းကားများ ချောဆွဲခံရခြင်း မရှိပေ။


ထိုင်းမြန်မာနယ်စပ်တာချီလိတ်မြို့တွင် တရားဝင်နိုင်ငံကူးလက်မှတ်များ စတင်ပြုလုပ်ပေး

မြတ်သဇင်။
သြဂုတ်လ ၂၁ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံ၏တရားဝင် အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ၅၀ အား တရားဝင်နိုင်ငံကူးလက်မှတ်များပြုလုပ် ပေးနေသည်။

ဘန်ကောက်နှင့် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမား ၅၀ သည် ယခုလ (၁၈) ရက်နေ့က တာချီလိတ်မြို့၌ သွားရောက်ပြုလုပ်ခဲ့သည်ဟု ကိုယ်တိုင်သွားရောက်လုပ်ကိုင်ခဲ့သူ မဟာချိုင်ဒေသမှ အလုပ်သမား တစ်ဦးက ယ ခုလိုပြောသည်။

“ကျနော်တို့သွားတာအားလုံးကအယောက် ၅၀ ရှိတယ်။မဟာချိုင်ကချည်းပဲမဟုတ်ပါဘူး။ ဘန်ကောက် က တွေလည်းပါတယ်။ ဘန်ကောက်ကနေတဆင့် ဦးဆုံး ၅၀ သွားတယ်။ အောင်မြင်ရင်တော့ နောက် ထပ်သွားမှာပေါ့။”

တာချီလိတ်တွင် သွားရောက်လုပ်ကိုင်နိုင်ရန် ဘန်ကောက်မြို့တွင်ရှိသော ထိုင်း-မြန်မာ ချစ်ကြည်ရေးရုံးမှ ကား စီစဉ်ပေးပြီး ခရီးစရိတ် ထိုင်းဘတ်ငွေ ၃၁၀၀ နှင့် လက်မှတ်လုပ်ခ ဘတ် ၃၀၀၀ ကုန်ကျသည်။

တာချီလိတ်တဖက်ကမ်းရှိ မယ်ဆိုင်မြို့၌ ဦးစွာစာရင်းသွင်းရပြီး မြန်မာဖက်ခြမ်း တာချီလိတ် ရဲစခန်းသို့ သွားရောက်စစ်ဆေးခံရကာ ထောက်ခံစာယူရသည်ဟု သိရသည်။

တာချီလိတ်ရဲစခန်း ထောက်ခံစာယူရာ၌ လိုအပ်သည့်အချက်များနှင့်ပတ်သက်၍ “ကျနော်တို့ ပေးရတာက တော့ ဗမာမှတ်ပုံတင်၊ ထိုင်းအလုပ်သမားကဒ်၊ မှတ်ပုံတင်နံပါတ် မှတ်မိရင် ရဲစခန်းကထောက်ခံစာ ထုတ်ပေးတယ်၊ နောက်ပြီးသူဌေးရဲ့လက်ရှိ လုပ်နေတဲ့ အလုပ်၊ ရပ်ကွက်ပေါ့ ညီအစ်ကိုယ်မောင်နှမ ဘယ်နှစ်ယောက်ရှိတယ်၊ အဖေ၊ အမေ၊ အဘိုးအဘွား၊ ဘယ်မှာမွေးတယ်၊ ဘာတွေလုပ်ကိုင်နေတယ်၊ နေရပ်လိပ်စာ အတိအကျတော့ ပေးရတယ်၊ ဒါလောက်ပါပဲ၊အခက်အခဲမရှိပါဘူး” ဟု ၎င်းကပြောသည်။

အလားတူ ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့တွင် ယင်းလက်မှတ်အားအခက်အခဲမရှိ ပြုလုပ်ပေးနေသည်ဟု ကော့သောင်းနယ်စပ်ဒေသ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးမှ တာဝန်ရှိသူတဦးက ယခုလိုပြောသည်။

“မှတ်ပုံတင်ပျောက်သွားပြီဆိုလို့ရှိရင်လည်းရတယ်၊ ရဲစခန်းထောက်ခံချက်ယူလည်းရတယ်၊ မပါဘူးဆို လို့ရှိရင် ကျနော်တို့ မေးမယ်၊ စစ်မယ်၊ ဗမာနိုင်ငံသားဆိုရင်ပေးမယ်၊ မပါလည်း ကိစ္စမရှိပါဘူး၊ ဗမာ စကားပြောတတ်ရင် ရပြီပေါ့နော်” ဟုပြောသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက်မှတ်ကို အခြား နယ်စပ်မြို့များတွင် ပြုလုပ်ပေးနေသော်လည်း တာချီလိတ်မြို့တွင် သြဂုတ်လ (၁၈) ရက်နေ့မှစတင်ပြုလုပ် ပေးခဲ့ ခြင်းဖြစ်သည်။

ထိုင်းမြန်မာနယ်စပ်မြို့ များဖြစ်သည့် ကော့သောင်း၊ မဲဆောက်နှင့် မြ၀တီမြို့များတွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ယင်းလက်မှတ်များအား ပြုလုပ်ပေးခဲ့ပြီး လာမည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလကုန်သည်အထိ ဆက်လက်ပြုလုပ် ပေးသွားမည်ဖြစ်သည်။


ဆည်ရေခွန် အဆမတန်ကောက်ခံမှုကြောင့် လယ်သမားများ အခက်အခဲဖြစ်

ဇာဇာမော်။
သြဂုတ်လ ၂၀ ရက်၊ ၂၀၀၉ ခုနှစ်။

ကရင်နီဒေသအတွင်း ဆည်ရေအသုံးပြုနေရသည့် ဆည်ရေအခွန် အများအပြားကောက်ခံ နေရသည့် အတွက် လယ်သမားများ အခက်အခဲဖြစ်နေသည်။

ယခင်နှစ်များက အခွန် ကောက်ခံမှု အနည်းငယ်သာရှိသော်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ အခွန်နှုန်းထားများကို ပိုမိုတိုးမြှင့်ကောက်ခံခဲ့သည်ဟု ကရင်နီအမျိုးသားလူငယ်များ အစည်းအရုံး (KNYO) ဥက္ကဌ Sun Shine က ယ ခုလိုပြောသည်။

“အရင်တုန်းကတော့ ၇၀၀ ကျပ်လောက်ပဲ အခွန်ပေးရတယ်လေ။ အခုကျနှစ်ဆန်းပိုင်းမှာ လယ်တစ် ဧက ကို ၈ ထောင်ကျပ် ၁ သောင်းကျပ် အထိအဆမတန်ပေးနေရတယ်လေ။”

အာဏာပိုင်အဖွဲ့အစည်းများက ဆည်ရေခွန်မပေးဆောင်ပါက လယ်ကိုသိမ်း၍လယ်ပိုင် ရှင်အား အရေးယူမည်ဟု ခြိမ်းခြောက်သည့်အတွက် လယ်သမားများ အခက်အခဲ ဖြစ်နေကြသည် ဟု ၎င်းက ဆက်လက် ပြောသည်။

“အဓိက လယ်သမားတွေတော်တော်လေးညည်းနေတာက သူတို့တသက်နဲ့တကိုယ် တခါ မှမပေးဘူး ခဲ့တဲ့ ရေခွန်ပေါ့ဗျာ၊ အလကားရတဲ့ရေကို အခွန်ပေးနေရတဲ့အပေါ်မှာ သူတို့ တော်တော်လေး စိတ်ပျက် တယ်။ ပြီးတော့ တော်တော်လေးညည်းနေကြတယ်။”

ဆည်ရေခွန်ကို ဆည်မြောင်းဦးစီးဌာနအပြင် အခြားအဖွဲ့အစည်းများ ဖြစ်သည့် ရဲ၊ မီးသတ်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းများ ကလည်းလာရောက်ကောက်ယူကြသကဲ့သို့ အခွန်ငွေမတတ်နိုင်၍ ဆည်ရေကိုမသုံးဘဲ ဒေသတွင်း ရှိ ချောင်းငယ်များမှ ရေသွယ်ယူပြီး အသုံးပြုနေကြသည့် လယ်သမားများထံမှလည်း ရေခွန်ကောက်ယူနေသည် ဟု သိရသည်။

ကရင်နီပြည်နယ်ရှိ လယ်သမားများအနေနှင့် လွိုင်ကော်၊ ဒီမေားဆို၊ ဖရူဆိုဒေသများရှိ မိုးဗြဲဆည်၊ လွယ်နမ့်ဖတ် ဆည်၊ ငွေတောင်ဆည်များမှ ရေကိုအသုံးပြု၍ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်သည်။

ယခုနှစ်တွင် ကရင်နီပြည်နယ် ဒေသအချို့တွင် မိုးရေလုံလောက်စွာမရရှိသည့်အတွက် စပါးအထွက်နုန်းကျပြီး စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဒေသခံများက စိုးရိမ်နေကြသည်။


ချေးငွေ တဝက် ပြန်ဆပ်ရန် ဆားလုပ်ငန်းရှင်များကို နှိုးဆော်
နန်းဒေဝီ
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 19 နာရီ 35 မိနစ်


နယူးဒေလီ (မဇ္စျိမ)။ ။ နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ဆားလုပ်ငန်းရှင်များကို အစိုးရချေးငွေ၏ ထက်ဝက်ကို ယခုလအတွင်း ပြန်ဆပ်ကြရန် နှိုးဆော်နေပြီ ဖြစ်သည်။

ဟိုင်းကြီးကျွန်းတဖက်ကမ်း သက်ကယ်တောင်ရွာနေ ဆားလုပ်ငန်းရှင်များအား ပြီးခဲ့သည့် နှစ်အတွင်းက အစိုးရဘဏ်များမှ ချေးယူခဲ့သည့် ချေးငွေများအနက် ထက်ဝက်ကို ယခုလအတွင်း ပြန်လည်ပေးဆပ်ရန် နှိုးဆော်ထားကြောင်း ဆားလုပ်ငန်းရှင်များက မဇ္စျိမကို ပြောဆိုကြခြင်း ဖြစ်သည်။

“အကြွေးယူထားတာ တနှစ်မပြည့်သေးပါဘူး။ အခု စပြီး တောင်းနေပြီ။ ကျနော်တို့အထဲမှာတော့ လှုပ်လှုပ်တော့ ဖြစ်တာပေါ့ဗျာ။ ခက်တာက အခုထိ လူ ၁၀၀ မှာ ၅၀ က မပေးနိုင်သေးဘူး။ ကျနော်ကိုယ်တိုင်က ကျပ်သိန်း ၁၁၇ သိန်း ချေးထားတာ။ ၅၅ သိန်း ရှာမရသေးဘူးခင်ဗျ။ အဲဒါ တခြားပစ္စည်းတွေ ရောင်းထုတ်ပြီး ဆပ်မလို့ လုပ်နေတာ” ဟု ဆားလုပ်ငန်းရှင် ဦးသိန်းသန်းထွန်းက မဇ္စျိမကို ပြောသည်။

၂၀၀၈ မေလ ၂-၃ ရက်နေ့တွင် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဧရာဝတီတိုင်းရှိ ဆားလုပ်ငန်းများကို ပြန်လည် လည်ပတ်နိုင်ရေးအတွက် သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ၊ မြန်မာ့ဆားလုပ်ငန်းက အာမခံပေးကာ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များဖြစ်သည့် ကမ္ဘောဇ၊ မြဝတီ၊ မွေးမြူရေး၊ စက်မှုလက်မှု စသည့် ဘဏ်များက ချေးငွေများကို ထုတ်ချေးပေးခဲ့သည်။

၂ နှစ်အတွင်း အရစ်ကျစနစ်ဖြင့် ၂ ကြိမ် ပေးဆောင်ရမည်ဖြစ်ပြီး၊ ပထမနှစ်တွင် ချေးငွေ၏ ထက်ဝက်ကို ပေးချေ၍ အတိုးနှုန်းများကို တနှစ်လျှင် ၁၅ ရာခိုင်နှုန်းဖြင့် ၃ လတကြိမ် ပေးသွင်းရန်လည်း သတ်မှတ်ထားသည်။

ဆားလုပ်ငန်းရှင်အများစုက ဆားကွင်းဖော်သည့်ရာသီ ကုန်ဆုံးပါက သဘာဝနည်းဖြင့် ပုဇွန်မွေးမြူခြင်းနှင့် မိုးစပါးစိုက်ပျိုးခြင်း လုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်ကြသည်။

သို့သော် ယခုနှစ် ဆားကွင်းရာသီအတွင်း မတ်လနှင့် ဧပြီလအတွင်းက ဘင်ဂျလီ မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ရာ ဆားတွင်းများ ရေဝင်ကာ လုပ်ငန်းများ ရပ်နားခဲ့ရသဖြင့် ဆားလုပ်ငန်းရှင်များ အရစ်ကျ ငွေပေးချေရန် ခက်ခဲကြုံနေရခြင်း ဖြစ်သည်။

ထို့အတူ မိုးတွင်းရာသီကာလအတွင်း သဘာဝနည်းဖြင့် ပုဇွန်လုပ်ငန်း လုပ်ကိုင်ရာတွင် မိုးကြီးခြင်းနှင့် နေအပူရှိန် ပြင်းထန်မှုများကြောင့် ပုဇွန်များ သေကြေပျက်စီးကာ ငွေကြေးဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရကြောင်း ပုဇွန်လုပ်ငန်း ပူးတွဲလုပ်ကိုင်သူ ဆားလုပ်ငန်းရှင် ကိုသိန်းသန်းထွန်းက ပြောသည်။

“မိုးဆက်တိုက်ရွာပြီးတော့ ၇ ရက်လောက် နေတအားပြင်းပြန်တော့ ပုဇွန်တွေ သေတယ်။ ဂဏန်းဖမ်းတာလည်း အရင်တုန်းကလို မရပြန်ဘူး” ဟု သူက ပြောသည်။

သဘာဝနည်းအရ ပုဇွန်မွေးမြူရာတွင် ရွှံ့မြေပေါ်ရှိ မြေဧက အကျယ် တဧကတွင် ပတ်လည်မြောင်းတူးကာ တာဖို့ခြင်းဖြင့် ချောင်းများမှ ပုဇွန်၊ ငါးပေါက်များကို သွင်းယူကာ မွေးမြူကြသည်။

ပုဇွန်လုပ်ငန်း လုပ်ကိုင်ရာတွင် လုပ်အားခသည် တဧကလျှင် ကုန်ကျငွေ ကျပ် ၃ သိန်းအထိရှိပြီး၊ လုပ်နိုင်သည့် မြေဧကအလိုက် ဆားလုပ်ငန်းရှင်များက တနိုင်တပိုင် လုပ်ကိုင်နေကြသည်။

ချေးငွေများကို ယခုလို တောင်းဆိုလာသဖြင့် ဆားလုပ်ငန်းရှင် ထက်ဝက်ခန့်မှာ ငွေချေရန် မလုံလောက်သဖြင့် အချို့ဆားလုပ်ငန်းရှင်များက ငွေကြေးချောင်လည်သည့် လုပ်ငန်းရှင်တချို့ထံမှ ငွေကျပ် ၁၀၀ ကို ၅ ကျပ်အတိုးဖြင့် ထပ်မံချေးယူကာ အစိုးရကို ပြန်လည်ပေးသွင်းနေရသည်။

“ဒီလအတွင်း မပေးရင် ဘာလုပ်မယ်ဆိုတာမျိုး မပြောပေမယ့်၊ တခြားလူတွေဆီမှာ ငွေထပ်ချေးရတော့ အကြွေး ထပ်တင်တာပေါ့ဗျာ။ တချို့ဆိုရင် ငွေချေးပေးမယ့်သူတောင် မရှိဘူး” ဟု ပုဇွန်မွေးမြူရေး ဧက ၅၀ ကျော် လုပ်ကိုင်သူ တဦးက ပြောသည်။


ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလှုပ်ရှားသူများ တောင်းဆို
မုံပီး
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 19 နာရီ 02 မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကုလ လုံခြုံရေး ကောင်စီအနေဖြင့် စစ်အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးရမည့်အချိန် ကျရောက်နေပြီဟု ကင်ပိန်းလှုပ်ရှားသူများက ပြောဆိုလိုက်ကြသည်။

မကြာသေးခင်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမှတ်လိုက်ခြင်း၊ တိုင်းပြည်၏ နယ်စွန်နယ်ဖျားတွင် တိုင်းရင်းသား လူနည်းစုများအား မျိုးတုံးသတ်ဖြတ်နေခြင်းတို့ဖြင့် စစ်အစိုးရသည် သူတို့၏ ရက်စက်မှု၊ ခေါင်းမာမှုတို့ကို ရှင်းလင်းစွာ ပြသခဲ့ပြီးဖြစ်ကာ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် တောင်းဆိုချက်ကိုလည်း လျစ်လျူရှုခဲ့သည်ဟု ကင်ပိန်းလှုပ်ရှားသည့် အဖွဲ့ ၃ ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့ ၃ ဖွဲ့အနက်မှ တဖွဲ့ဖြစ်သည့် စင်ပြိုင်အာဆီယံအဖွဲ့ (Altsean Burma) ၏ ညှိနှိုင်း ဆက်သွယ်ရေးမှူးဖြစ်သူ ဒက်ဘီစတော့ဟတ် (Debbie Stothard) က ထိုသို့ စုံစမ်းရေးကော်မရှင်တရပ်ကို လုံခြုံရေးကောင်စီက ဖွဲ့စည်းပါရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် ရှုတ်ချကြောင်း စကားလုံးများဖြင့်သာ ပြောဆိုနေသော်လည်း စစ်အစိုးရက မြန်မာနိုင်ငံတွင်းတွင် အပြောင်းအလဲများ လုပ်ဆောင်လာအောင် လက်တွေ့ တွန်းအားပေးသည့်အလုပ်များကို အနည်းငယ်မျှသာ လုပ်ခဲ့သည်ဟု သူမက ပြောသည်။

`ဒီအချိန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို လက်ခံနေတာ ရပ်ဆိုင်းပြီး သူတို့ကို ရင်ဆိုင်ဘို့ အချိန်ကောင်းပါပဲ´ ဟု စတော့ဟတ်က ကြာသပတေးနေ့က မဇ္ဈိမကို ပြောသည်။

စင်ပြိုင်အာဆီယံ (Altsean Burma) ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်း (FIDH) ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) တို့က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်၍ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမှတ်အပြီး စစ်အစိုးရအပေါ် နောက်ထပ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ (EU) ကို သူတို့၏ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး တောင်းဆိုချက်အား ထောက်ခံပါရန် ပန်ကြားတောင်းဆိုလိုက်သည်။

မြန်မာပြည်တွင်း ဆိုးရွားလာနေသော လူ့အခွင့်အရေး အခြေအနေများ၊ တိုင်းရင်းသားလူမျိုးစုများအပေါ် ဆက်လက်ကျူးလွန်နေသော ယုတ်မာရက်စက်မှုများနှင့် နှိုင်းစာလျှင် ဥရောပသမဂ္ဂ - အီးယူ၏ ပိတ်ဆို့အရေးယူမှု အသစ်သည် လုံလောက်မှုမရှိကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

`ဤပိတ်ဆို့အရေးယူမှုများသည် အီးယူ၏ ယခုပြဿနာအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပေးလိုသည့် နိုင်ငံရေးအရ ဆန္ဒမရှိခြင်းကို ထင်ဟပ်ဖော်ပြနေခြင်းဖြစ်ပြီး၊ သူတို့အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နိုင်သည်ဟု စစ်အစိုးရကို မီးစိမ်းပြလိုက်သလို ဖြစ်သွားစေပါတယ်´ ဟု FIDH ၏ ဥက္ကဋ္ဌ Souhayr Belhassen က ကြေညာချက်တွင် ပြောဆိုထားသည်။

ရန်ကုန် အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးက ၂ လကျော်ကြာ စစ်ဆေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို သြဂုတ်လ ၁၁ ရက်နေ့က အမိန့်ချမှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်၍ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သည်။

ထို့နောက် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားရုံးအမိန့်ကို သူ၏ အထူးအမိန့်ဖြင့် ပြင်ဆင်ပြောင်းလဲကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချပြီး ကျန်ထောင်ဒဏ်တဝက်ကိုလည်း သူမ၏ နေအိမ်တွင်ပင် နေထိုင်၍ ကျခံခွင့်ပြုလိုက်သည်။ ထို့ပြင် ကောင်းမွန်စွာ နေထိုင်ပါက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်ဟုပါ ဖော်ပြထားသည်။

ထိုသို့ စီရင်ချက်ချမှတ်ပြီးနောက် နိုင်ငံအများအပြားက ကြေညာချက်များ ထုတ်ပြန်ကာ စစ်အစိုးရကို ရှုတ်ချကန့်ကွက်ခဲ့ကြသည်။ နိုင်ငံအနည်းအကျဉ်းကသာ ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်အပေါ် လျှော့ပေါ့ပေးကာ သက်ညှာပေးခဲ့ခြင်းကြောင့် စစ်အစိုးရကို ထောက်ခံကြိုဆိုခဲ့ကြသည်။

`အီးယူအနေဖြင့် နအဖ (စစ်အစိုးရ) ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဟန်ပြသက်ညှာမှုကို ကြည့်ပြီး အရူးလုပ်မခံသင့်ဘဲ၊ နအဖ အနေဖြင့် သူတို့၏ မဟာဗျူဟာဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို လူမြင်ကွင်းမှ ဖျောက်ထားလိုသည့် အချက်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် တချိန်တည်းတွင် နအဖ သည် ဒီမိုကရေစီသို့ ရှေးရှုသွားနေပါသည်ဟု ကမ္ဘာကို ပြသနိုင်ခဲ့ပြီးဖြစ်ကြောင်း။ မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အချိန် နအဖ က ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများကို မည်သို့ ယုံကြည်လက်ခံနိုင်ပါမည်လဲ´ ဟု စတော့ဟတ်က မေခွန်းထုတ်သွားသည်။

စစ်အစိုးရတပ်သားများက နောက်ထပ် ယုတ်မာရက်စက်မှုများကို ကျူးလွန်နေသည့်အတွက် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ထောင်ပေါင်းများစွာသော တိုင်းရင်းသားနိုင်ငံသားများမှာ မိမိအိုးအိမ်ကို စွန့်ခွာထွက်ပြေးနေကြရသည်ဟု စတော့ဟတ်က ပြောသည်။

`အကယ်၍ စစ်အစိုးရသာ အပြောင်းအလဲများကို ရိုးရိုးသားသား အမှန်တကယ် အကောင်အထည်ဖော်ချင်သည့် ဆန္ဒရှိလျှင် တိုင်းရင်းသားများကို သတ်ဖြတ်နေခြင်းအား ရပ်ဆိုင်းပစ်ရမည်။ မြန်မာ့နိုင်ငံရေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား အရေးတခုတည်းမဟုတ်၊ တိုင်းရင်းသား လူမျိုးစုများ၏ အရေးလည်း ဖြစ်သည်´ ဟု စတော့ဟတ်က အထူး အလေးပေး ပြောကြားသွားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂသည် စစ်အစိုးရအား သူတို့၏ အမူအကျင့်များ ရပ်တန်းက ရပ်ရေးအတွက် ထိရောက်သော အစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ခြင်း မရှိဟုလည်း စတော့ဟတ်က ဆက်လက်ပြောဆိုခဲ့သည်။

`ကုလသမဂ္ဂမှာ နအဖ (SPDC) အပေါ် ဖိအားနည်းနည်းပဲ ဒါမှမဟုတ် လုံးလုံးကို မရှိတာ။ နအဖ ကလည်း သိတယ်၊ သူတို့ ဒီအတိုင်း အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှာ ဆက်ကစားနေလို့ ရတယ်ဆိုတာကို´ ဟု သူမက စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟူသော အမည်ကို ရည်ညွှန်း၍ ပြောကြားသွားသည်။

ထိုအတောအတွင်း အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ တရားရေးဗဟိုဌာန (GJC) ကလည်း သတင်းကြေညာချက်တစောင် ထုတ်ပြန်၍ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာပေါ်တွင် တဦးတည်းသော အထိန်းသိမ်းခံ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက စီရင်ချက်ချမှတ်လိုက်သည့်အပေါ် တုံ့ပြန်ပြောကြားပုံနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချလိုက်သည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချလိုက်သည့်အပေါ် ပြောကြားလိုက်သည့် မှတ်ချက်စကားသည် ကုလပဋိဉာဉ်စာတမ်းပါ သူ၏ လုပ်ပိုင်ခွင့်နှင့် လုံးဝပင် ကွဲလွဲနေသည်ဟု GJC က ပြောဆိုလိုက်သည်။

`ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တဦးအနေနဲ့ အခုရှိနေတဲ့ ဒီအကြောင်းအချက်တွေအရနဲ့ နိုင်ငံတကာ ဥပဒေအရ ကုလအတွင်းရေးမှူးချုပ် လုပ်ရမှာက အပြစ်ရှိသူတွေ အပြစ်က လွတ်နေတာတွေကို ရပ်တန့်သွားအောင် တောင်းဆိုဘို့ ဖြစ်တယ်။ `စိတ်ပျက်မိကြောင်း´ `ရင်ကြားစေ့ရေး´ကို တောင်းဆိုကြောင်း တွေ ပြောနေဘို့ မဟုတ်ဘူး´ ဟု GJC က သူတို့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဤစီရင်ချက်အပေါ် `စိတ်ပျက်ကြောင်း´ `အံ့သြတုန်လှုပ်မိကြောင်း´ တွေ ပြောနေမည့်အစား မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICC) သို့ လွှဲအပ်ဆောင်ရွက်စေသင့်ကြောင်း GJC က ကြေညာချက်တွင် ပြောဆိုထားပြီး အဆုံးသတ်တွင် ဘန်ကီမွန်း၏ မှတ်ချက်စကားသည် `ဥပဒေစိုးမိုးမှုကို လျော့ပါးထိခိုက်စေကြောင်း´ ပြောဆိုထားသည်။


“ဆေးစက်ကျရာ ကပြသူတွေနဲ့ ဆေးစက်ချသူများ”
အယ်ဒီတာ့ထံပေးစာ
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 18 နာရီ 10 မိနစ်


သို့ -
အယ်ဒီတာ
မဇ္ဈိမ သတင်းဌာန

(၁၅.၈.၀၉) ညနေပိုင်းမှာ အံ့သြစရာကောင်းတဲ့ သတင်းတပုဒ် ထွက်လာခဲ့ပါတယ်။ အဲဒါက ဂျွန်ဝီလျံ ယက်တောကို ပြန်လွှတ်ပေးလိုက်တဲ့ သတင်းပါ။ အချိန်တခုအတွင်း ပြန်လွှတ်ပေးမယ်လို့ ထင်ထားကြပေမယ့် ဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်လာမယ်လို့ ထင်မထားခဲ့ကြပါဘူး။

မကြာသေးခင်ကပဲ ရဲချုပ်ခင်ရီက သတင်းစာ ရှင်းလင်းပွဲမှာ ယက်တောရဲ့နောက်ကွယ်က ကြိုးကိုင်နေသူတွေကို စုံစမ်းဖော်ထုတ်မယ်ပြောပြီး၊ မြဝတီနယ်စပ်က မြန်မာအမျိုးသမီးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့အတူ ပြခဲ့ပါသေးတယ်။ အဲဒီလို ဇာတ်လမ်းတပုဒ်လုပ်ဖို့ အရေးဟာ ပြီးဆုံးသွားခဲ့ပြီလို့ ပြောရတော့မယ် ထင်ပါရဲ့။ ရဲချုပ်ခင်ရီက ယက်တောရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ခြေရာခံရင်းနဲ့ အဲဒီကြိုးက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်တော့မလို့။ အခုအချိန်လောက်ဆို တော်ပါသေးရဲ့လို့ တွေးနေမိပြီထင်ပါ့။

အခု ယက်တောရဲ့ နောက်ကွယ်က လူတွေဟာ ဘယ်သူတွေ ဆိုတာထက် ဒီဇာတ်လမ်းရဲ့ ဇာတ်ပေါင်းခန်းကို အဓိက ကြိုးကိုင်သွားတဲ့ သူကိုတော့ သိရပြီးလို့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်စရာ မလိုတော့ဘဲ ပါးစပ်ပိတ်ရပါတော့မယ်။

ယက်တောကို အဓိကတရားခံပါလို့ ရဲချုပ်ကိုယ်တိုင် ပြောခဲ့တာဆိုတော့ လက်ရှိ ထိန်းသိမ်းခံနေရသူတွေရဲ့ အရေးကရော ဘယ်လိုလဲ။ ပင်မတရားခံ ယက်တောကတော့ လွတ်သွားပါပြီ။ သူ့ကြောင့် နေရင်းထိုင်ရင်း ထိန်းသိမ်းခံရသူတွေကိုတော့ မလွှတ်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေ၊ အုပ်ချုပ်သူတွေရဲ့ တရားစောင့်စည်းမှုတွေကို အားလုံးက မေးခွန်းထုတ်ရတော့မှာပါ။ တရုတ်နဲ့ ရုရှားရဲ့ မြန်မာပြည် တရားစီရင်ရေးကို လေးစားလိုက်နာသင့်တယ်ဆိုတဲ့ အသံတွေရော မှန်ကန်ဖြောင့်မတ်မှု ရှိကြပါရဲ့လား။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးလည်း နအဖရဲ့ မျှတစွာ တရားဆုံးဖြတ်မှုကို မျက်ဝါးထင်ထင် တွေ့လိုက်ရပြီ။ ၂၀၁၀ ရွေးကောက်ပွဲကိုရော တရားမျှတစွာ လုပ်လိမ့်မယ်လို့ ထင်နေပါသေးလား။ နအဖ ကတော့ သူလုပ်ချင်တာကို ရအောင် လုပ်သွားပါပြီ။ သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေရဲ့ မြင်ကွင်းကနေ ဖယ်ထားချင်လို့ ဇာတ်လမ်းဇာတ်ကွက်တွေ အစုံအလင်နဲ့ လက်စွမ်းပြလိုက်ပါပြီ။ ယုတ္တိမရှိတဲ့ ဇာတ်ကွက်တွေအပေါ်မှာရော ကမ္ဘာ့အသိုင်းအဝိုင်းက လျစ်လျူရှုသင့်ပါရဲ့လား။

ဘယ်လိုပဲဖြစ်ဖြစ် အမြတ်ထွက်သွားတာက ယက်တောရဲ့ သရုပ်ဆောင်မှုကြောင့် နအဖ စစ်အုပ်စုနဲ့ အမေရိကန် အဆက်သွယ်ကောင်းရဖို့ လမ်းကြောင်းရသွားပါပြီ။ ဘာဆက်လုပ်ကြပါမလဲ။

ရဲသွေးနီ


၂၀၁၀ ရွေးကောက်ပွဲသည် `အပြောင်းအလဲအတွက် အခွင့်အလမ်း´ ဟု ICG ပြော
မုံပီး
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 22 နာရီ 34 မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ကျယ်ပြန့်စွာ ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ယင်းသည် `အပြောင်းအလဲအတွက် ဖြစ်နိုင်ခြေ´ တရပ်ဖြစ်ကြောင်းနှင့် ထို့ကြောင့်လည်း အစိုးရ၊ အတိုက်အခံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဤအခွင့်အရေးအား `အချည်းနှီးဖြုန်းတီး´ မပစ်ရန် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်သည်။

ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည် မဟုတ်သော်လည်း ယင်းသည် မြန်မာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲစေနိုင်ကြောင်းနှင့် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိသော ဗိုလ်ချုပ်ကြီးများ အနေဖြင့်လည်း ရာထူးမှဆင်းပေးရပြီး အဆောင်အယောင်မျှသော ရာထူးများကိုသာ ယူထားရသည့် အခြေအနေမျိုး ကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ICG က ယမန်နေ့က ထုတ်ပြန်လိုက်သော အစီရင်ခံစာသစ်တရပ်တွင် ရေးသားထားသည်။

`ကာယကံရှင်အားလုံးအနေနှင့်လည်း အစိုးရကို ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်သင့်မြတ်ရေးဆီသို့ တွန်းအားပေးသွားနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာနိုင်သည့်အတွက် နိုးနိုးကြားကြား ရှိနေသင့်ကြောင်း´ ဟု `မြန်မာနိုင်ငံ-ရွေးကောက်ပွဲဆီသို့´ ဟူသော အစီရင်ခံစာတွင် ရေးသားထားသည်။

စစ်အစိုးရအနေဖြင့် မိမိတို့၏ လက်ရှိလွှမ်းမိုးချုပ်ကိုင်နိုင်မှုကို အာမခံချက်ရစေရန် ရွေးကောက်ပွဲကို အသုံးချလိုနေသည်ဟု ယူဆနိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် မျိုးဆက်တဆက်အတွင်း အကျယ်ပြန့်ဆုံး လှုပ်ခါပစ်လိုက်နိုင်မည့် အခြေအနေဖြစ်သောကြောင့် ကာယကံရှင် အားလုံးအနေဖြင့် ဖြစ်နိုင်ခြေရှိသော အပြောင်းအလဲအတွက် ပြင်ဆင်ထားသင့်ကြောင်း ICG ၏ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာ Jim Della-Giacoma က ပြောသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊ ဆန့်ကျင်ခြင်းတို့သည် စစ်အစိုးရ၏ အကြိုက်သာ ဖြစ်သွားမည်ဖြစ်ကာ၊ ရွေးကောက်ပွဲကျင်းပမည်ကို တားဆီးနိုင်မည်မဟုတ်၍ အစိုးရဘက်သား မဟုတ်သော ကိုယ်စားလှယ်လောင်းမျာ၏ မဲရရှိနိုင်မှုကို ပိတ်ပင်ထားသလို ဖြစ်မည်ဖြစ်ကြောင်းနှင့် အနာဂတ် ဥပဒေပြုလွှတ်တော်များတွင် အသံအမျိုးမျိုး ထွက်နိုင်မှုကို လျော့နည်းသွားစေမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။

ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်နေမည့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ အဖွဲ့များအနေနှင့် မိမိတို့ တပါတီချင်းသော်၎င်း၊ အဖွဲ့အစည်းများအနေနှင့်သော်၎င်း၊ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ခဲ့သည့်တိုင် ရွေးကောက်ပွဲဖြစ်စဉ်တွင် ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံး ပါဝင်နိုင်မှုကို အားပေးကြရန် ဤအဖွဲ့က ဆိုထားသည်။

ဒီချုပ်ကမူ သူတို့၏ ရွှေဂုံတိုင်ကြေညာချက်၌ စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သော ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ပေးပြီး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနိုင်ခွင့် ပေးမှသာ သူတို့အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း မေလတွင် ကြေညာခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ နောက်ထပ် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခြင်းမှ ရပ်တန့်ရှောင်ရှားရန် စစ်အစိုးရကို ဤအဖွဲ့က တောင်းဆိုထားသည်။ ရွေးကောက်ပွဲကျင်းပရေးနှင့် စပ်လျဉ်းသည့် တရားမျှတသော အုပ်ချုပ်မှုဥပဒေများ၊ စည်းမျဉ်းများကို ပြဋ္ဌာန်းပေးရန်၊ နိုင်ငံတကာနှင့် ပြည်တွင်းအကဲခတ်များကိုလည်း ရွေးကောက်ပွဲဖြစ်စဉ်ကို အကဲခတ်လေ့လာခွင့် ပေးရန်တို့ကိုလည်း သူတို့က တိုက်တွန်းတောင်းဆိုထားသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးပြီး နောက်ထပ် ၁၈ လ ထိန်းသိမ်းထားရန် အမိန့်ချမှတ်လိုက်ခြင်းသည် `တိုင်းပြည်က နောက်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည့်အချိန်တွင် ဖြစ်နေသည့်အတွက် ဤနိုင်ငံရေးဖြစ်စဉ်အပေါ် ယုံကြည်ကိုးစားရမှုကို လျော့ပါးစေခဲ့ကြောင်း´ Giacoma က မဇ္ဈိမကို ယနေ့ ပြောသည်။

ရွေးကောက်ပွဲက လွတ်လပ်မျှတမည် မဟုတ်သော်လည်း မြန်မာအာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင်ခွင့်ပြုခြင်းဖြင့် သူတို့၏ ရွေးကောက်ပွဲဖြစ်စဉ်ကို ပို၍ ယုံကြည်ကိုးစားခံရအောင် လုပ်ဆောင်သင့်ကြောင်းလည်း သူက ပြောသည်။

`နိုင်ငံရေးလှုံ့ဆော်ချက်နဲ့ ဖမ်းဆီးတာတွေကို ရပ်ရမယ်။ အဓိကကျတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို မြန်နိုင်သမျှ မြန်မြန်ပြဋ္ဌာန်းပေးဘို့ကလည်း အရေးကြီးတယ်။ နိုင်ငံရေးပါတီတွေကို မလျော်ကန်တဲ့ ကန့်သတ်မှုတွေမရှိဘဲ မှတ်ပုံတင်ခွင့် ပေးရမယ်၊ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေကို ခွင့်ပြုရမယ်၊ မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်´ ဟု သူက ဆက်လက်ပြောဆိုသည်။

ICG ၏ ဤအစီရင်ခံစာသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် အားမလိုအားမရ ဖြစ်နေကြချိန်၊ ဖိအားများတိုးမြင့်လာနေချိန်နှင့် စစ်အစိုးရသည် အပြောင်းအလဲများ လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု အတိုက်အခံတို့က ပြောဆိုနေကြချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည့် အလားအလာလည်းမရှိ၊ အပြောင်းအလဲများ အားလုံးသည်လည်း အပေါင်းလက္ခဏာဆောင်မည့် အလားအလာ မရှိကြသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပုံအပေါ် ဒေါသထွက်ရခြင်း၊ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် ဖိနှိပ်နေခြင်းတို့ကြောင့်တော့ဖြင့် ဖြစ်ပျက်လာမည့် အဖြစ်အပျက်များအပေါ် သြဇာသက်ရောက်စေနိုင်မည့် အခွင့်အလမ်းများအပေါ်တော့ အတားအဆီး မဖြစ်စေသင့်ကြောင်း ICG ၏ အာရှအစီအစဉ် ဒါရိုက်တာ ရောဘတ်တင်ပလာ (Robert Templer) က ပြောသည်။

`နောက်ဆုံးအနေဖြင့်ပြောရလျှင် မြန်မာပြည်သူများသည် နိုင်ငံရေးအရ မတိုးသာမဆုတ်သာ ဖြစ်နေမှုအတွက် အကြီးမားဆုံးသော တန်ဖိုးကို ပေးခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် ပြင်ဆင်နေချိန်တွင် သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် အခွင့်အလမ်းသစ်များအတွက် နိုးနိုးကြားကြား ရှိနေသင့်ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအတွက်လည်း အလားတူ နိုးကြားနေသင့်ကြောင်း´ တင်ပလာက ပြောသည်။



မလေးရှားမှာ တရက်အတွင်း လူ ၅၇၀ နီးပါး A (H1N1) ကူးစက်ခံရ
ကျော်သိင်္ခ
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 18 နာရီ 45 မိနစ်


ဖန်င (မဇ္ဈိမ)။ ။ အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်သည့် မလေးရှားတွင် ယမန်နေ့ တရက်ထဲ၌ပင် လူတုပ်ကွေး ကပ်ရောဂါ A (H1N1) ကူးစက်ခံရသူ ၅၆၉ ဦး ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

A (H1N1) ကူးစက်ခံရသူပေါင်း ၄၂၂၅ ဦးအနက် သေဆုံးသူ ၆၂ ဦး ရှိခဲ့သဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရောက်ရှိနေသည့် မလေးရှားတွင် ယမန်နေ့ တရက်ထဲအတွင်း လူပေါင်း ၅၇၀ နီးပါး ထပ်မံ၍ ထိုကဲ့သို့ ကူးစက်ခံလိုက်ရခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ရောဂါဖြစ်ပွားမှုကို တားဆီးနိုင်ရန် ကြိုးပမ်းနေရကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီး Datuk Seri Liow Tiong Lai က ကွာလာလမ်ပူမှာ ယမန်နေ့က ပြုလုပ်သည့် H1N1 ကာကွယ်တားဆီးရေး ဆွေးနွေးပွဲအပြီး သတင်းထောက်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။

“အခုလို အခြေအနေအရ H1N1 ကူးစက်မှုနှုန်းက ယနေ့အထိ မြင့်တက်နေဆဲပဲလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ H1N1 စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ပြည်တွင်းထဲက ရောဂါပြန့်ပွားမှုရှိတဲ့နေရာတွေကို စေလွှတ်ပြီး ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးဖို့ ကြိုးစားနေပါတယ်” ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံ တရားမဝင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း ၁၃ ခုထဲမှ တခုဖြစ်သည့် ကေအယ်အိုင်အေ စခန်း၌လည်း ယခုလ ၄ ရက်နေ့က ၃၅ နှစ်အရွယ်ရှိ တွန်ဂိုနိုင်ငံသားတဦး သေဆုံးခဲ့သည်။

မလေး လူဝင်မှုကြီးကြပ်ရေးဌာနက ကေအယ်အိုင်အေ၌ A (H1N1) ကူးစက်ခံရသူ ၉ ဦး ရှိသွားပြီဖြစ်ကြောင်း သြဂုတ်လ ၈ ရက်နေ့က ကြေညာခဲ့သေးသည်။

ကေအယ်အိုင်အေမှ မြန်မာအကျဉ်းသား ကိုဇော်စိုးက “ဟုတ်ကဲ့၊ ဒီထောင်ထဲမှာ H1N1 ကူးစက်ခံရတဲ့ လူကတော့ ၉ ယောက် ရှိသွားပါပြီ။ ၉ ယောက်မှာ မြန်မာ ၄ ယောက်ပေါ့။ အဲဒီလူတွေကိုတော့ ဘယ်အဆောင်မှာ ထားလဲတော့ မသိဘူး” ဟု မဇ္ဈိမကို ပြောသည်။

ယခုအခါ ထိုအကျဉ်းစခန်းမှ အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် မလေးရှားအခြေစိုက် အင်ဂျီအို အဖွဲ့တခုဖြစ်သော ACTS က သွားရောက်ပြီး ကျန်းမာရေး ဆေးစစ်စောင့်ရှာက်မှုများ ပြုလုပ်နေသည်။

မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား၏ A (H1N1) ကာကွယ် တားဆီးရေးနှင့် ပတ်သက်၍ ကွာလာလမ်ပူရှိ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR ၏ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းမှ ကျန်းမာရေးလုပ်သား ကိုသန်းမင်းလွင်က မြန်မာအပါအဝင် နိုင်ငံခြားသား ဒုက္ခသည်များနှင့် အထိန်းသိမ်းခံ အကျဉ်းသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အခက်အခဲရှိကြောင်း ပြောသည်။

သူက “ဌာနေနိုင်ငံသားတွေအနေနဲ့ကတော့ သူတို့ အစိုးရတွေဆီက ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိမယ်။ အခက်အခဲတွေ့မယ့် လူတွေကတော့ ဒီ ဒုက္ခသည်တွေနဲ့ နိုင်ငံခြားသားတွေပေါ့။ အဲဒီအတွက် UNHCR ကလည်း တိုင်းရင်းသား အဖွဲ့အစည်းတွေက ကျန်းမာရေး လုပ်သားတွေကို ရက်တို ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေပေးပြီး၊ ကိုယ်နဲ့နီးစပ်ရာ လူထုထဲမှာ ပညာပေးလုပ်ငန်းတွေ လုပ်စေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း ၁၃ ခုတွင် A (H1N1) ကူးစက်ခံနေရသူပေါင်း မည်ရွေ့မည်မျှ ရှိနေကြောင်း မလေးအစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။


ဝက်တုပ်ကွေးအတွက် ပြင်ဆင်ကြဖို့ ကုလသမဂ္ဂ သတိပေး

21 August 2009


လာမယ့်လတွေအတွင်း HINI ဗိုင်းရပ်စ် ၀က်တုပ်ကွေးရောဂါ ကူးစက်မယ့်အလားအလာ တွေ့ရလို့ အစိုးရတွေအနေနဲ့ အဆင်သင့် ပြင်ဆင်ထားကြဖို့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သောကြာနေ့က သတိပေးလိုက်ပါတယ်။


နိုင်ငံအတော်များများမှာ ၀က်တုပ်ကွေးရောဂါကူးစက်သူ ဦးရေ အဆမတန်များလာတာကို တွေ့လာနိုင်တယ်လို့ WHO အကြီးအကဲ Margaret Chan က Beijing မြို့မှာကျင်းပတဲ့ ကျန်းမာရေး နှီးနှောဖလှယ်ပွဲမှာ ပြောဆိုလိုက်တာပါ။

နိုင်ငံအများစုမှာ ရောဂါကူးစက်မှုအခြေအနေ အဆိုးဆုံးအဆင့် မရောက်မှီ လတွေနဲ့ချီပြီး ၃၊ ၄ ရက်အတွင်း ကူးစက်သူဦးရေ ၂ ဆတိုးလာတာတွေ့ရနိုင်တယ်လို့ WHO ပစိဖိတ်အနောက်ပိုင်းဒေသ ညွှန်ကြားရေမှူး Shin Young-soo က သတိပေးလိုက်ပါတယ်။

အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေရဲ့ညံ့ဖျင်းတဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စံနစ်ကြောင် ရောဂါကူးစက်မှုနှုန်း မြန်လာတာဖြစ်တယ်လို့ WHO တာဝန်ခံတွေက ပြောပါတယ်။

နိုင်ငံအားလုံးအတွက် ကာကွယ်ဆေးရရှိရေး သေချာအောင်လုပ်ဖို့ကတော့ WHO အတွက် အကြီးဆုံး စိန်ခေါ်နေတဲ့ပြသာနာပဲလို့ တုပ်ကွေးရောဂါကျွမ်းကျင်သူ Keiji Fukuda ကဆိုပါတယ်။

ကမ္ဘာတ၀န်း ကျန်းမာရေးဓါတ်ခွဲခန်း ၁၈,၀၀၀ တသိန်း ရှစ်သောင်းရဲ့ စစ်ဆေးချက်အရ ၀က်တုပ်ကွေးရောဂါကြောင့် သေဆုံးရသူပေါင်း ၁၈,၀၀ ရှိသွားပြီလို့ WHO က အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၀က်တုပ်ကွေး ရောဂါကူးစက်တယ်လို့ သံသယရှိသူ ၁၈၁ ဦးကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့ရှိသူ ၂၄ ဦး ရှိသွားပြီလို့ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲဌာနက အတည်ပြုထားကြောင်း ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှု ပြုလုပ်
ကျော်သိင်္ခ
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 17 နာရီ 45 မိနစ်


ဖန်င (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် မြေငလျင်တိုင်းထွာရေးဌာနတို့ ပူးပေါင်း၍ ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအထိ ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၆ ခုတွင်ရှိသော ကမ်းခြေဒေသများ၌ တပြိုင်တည်း ပြုလုပ်ခဲ့သည်။

“အဓိက ရည်ရွယ်ချက်ကတော့ ဒီ ကမ်းခြေဒေသတွေမှာရှိတဲ့ ဒေသခံလူထုတွေကို အကယ်၍ ဆူနာမီ လှိုင်းတွေလာလို့ ဆူနာမီအချက်ပြ တာဝါတိုင်ကနေ သတိပေးသံကိုကြားရင် ကမ်းခြေကနေ အနည်းဆုံး ၂ ကီလိုမီတာ ကျော်လောက်ဝေးတဲ့၊ ဘေးကင်းရာနေရာတွေကို ချက်ချင်း ပြေးနိုင်အောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။ အခုလို သတိပေးချက် အစမ်းလေ့ကျင့်မှုမျိုးကို မိုးလေဝသဌာနနဲ့ မြေငလျင် တိုင်းထွာရေးဌာနရဲ့ မိုးလေဝသ ခန့်မှန်းချက်ပေါ် မူတည်ပြီးတော့ အခါအားလျော်စွာ ပြုလုပ်ပါတယ်” ဟု ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်ပွဲ (ဖန်ငခရိုင်) သို့ တက်ရောက်လာသော ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဒါရိုက်တာဖြစ်သူ မစ္စတာ ဗျူရင် ဝက်ခ်ျဘန်သောင်က မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ အစိုးရအနေနှင့် ယခုကဲ့သို့ ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှုကို ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကမ်းခြေဒေသများတွင် နှစ်စဉ်ပြုလုပ်သည်။

“ဒီ ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေဒေသမှာနေတဲ့ အလုပ်သမားတယောက်အနေနဲ့ အခုလို ဆူနာမီအချက်ပေး ဥသြဆွဲသံတို့၊ ပင်လယ်ကမ်းခြေဒေသရဲ့ ရာသီဥတုအခြေအနေ၊ ပင်လယ်ပြင် အနေအထားတွေကို သိထားဖို့ လိုပါတယ်။ ဒီလိုအဖြစ်မျိုးက ထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ တကယ်လို့ ဖြစ်လာရင်လည်း ဘေးလွတ်တဲ့ နေရာတွေကို ဘယ်လိုပြေးရမယ် ဆိုတာမျိုးတွေကို သိရတယ်” ဟု ဖန်ငခရိုင် တကွာပါမြို့နယ် ခီးခက်ကမ်းခြေတွင် ပြုလုပ်သော ဆူနာမီ သတိပေးချက် အစမ်းလေ့ကျင့်ပွဲသို့ တက်ရောက်လာသော ရာဘာခြံ အလုပ်သမား မြန်မာရွှေ့ပြောင်းလုပ်သားတဦးက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံအစိုးရက နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ကမ်းခြေ ဒေသများတွင် ယခုကဲ့သို့ ဆူနာမီ သတိပေးချက် အစမ်းလေ့ကျင့်မှုမျိုးကို ၄ နှစ်ဆက်တိုက် ပြုလုပ်လာခဲ့ပြီး၊ ယခုနှစ်တွင်လည်း ထိုကဲ့သို့ လေ့ကျင့်မှု မပြုလုပ်မီ ကမ်းခြေဒေသများရှိ လူထုများအား အဆိုပါ ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှု ပြုလုပ်မည့် ကမ်းခြေဒေသများသို့ လာရောက်ကြရန် ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးရေးဌာနက ၂ ရက်ကြိုတင်၍ သတိပေး လှုံဆော်ခဲ့သည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဆူနာမီငလျင်လှိုင်းကြောင့် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံတို့တွင် စုစုပေါင်း လူဦးရေ ၂၉၄၀၀၀ (နှစ်သိန်း ကိုးသောင်း လေးထောင်) ကျော် သေဆုံးခဲ့သည်။


ကင်မ်ဒေးဂျုံ ဈာပန မြောက်ကိုရီးယား ကိုယ်စားလှယ်တက်ရောက်

21 August 2009

ကွယ်လွန်သူ တောင်ကိုရီးယားသမ္မတဟောင်း ကင်မ်ဒေးဂျုံ ရဲ့ မိသားစုကို ၀မ်းနည်းကြောင်း သတင်းစကားပါးဖို့ မြောက်ကိုရီးယားက ပထမဆုံးအကြိမ် အဖြစ်နဲ့ တောင်ကိုရီးယားကို ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်လိုက်ပါတယ်။ တောင်နဲ့မြောက် ကိုရီးယား တို့ကြား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းခဲ့တဲ့ ကင်မ်ဒေးဂျုံ ရဲ့ ကျိုးပမ်းမှုတွေကို ဂုဏ်ပြုရင်း အခုလို လာရောက်ကြမှာပါ။ ဒါပေမယ့်လည်း မြောက်ကိုရီးယားက အသက်ဘေး အန္တရာယ်ကြောင့် ထွက်ပြေး လာရသူတွေကတော့ ကွယ်လွန်သူ သမ္မတဟောင်း ထားခဲ့တဲ့ အမွေအနှစ်တွေနဲ့ ပတ်သက်လို့ သိပ်တော့ အကောင်းမြင်တဲ့ သဘောထားတွေ မတွေ့ရတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Kurt Achin ဆိုးလ်မြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ ဒီကနေ့ မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ ထူးထူးခြားခြားလို့ ဆိုရမှာပါ။ ကွယ်လွန်သူ သမ္မတဟောင်း ကင်မ်ဒေးဂျုံ ကို နောက်ဆုံးအနေနဲ့ ဂါရ၀ပြုဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် ရဲ့ အမည်ရေးထိုးထားတဲ့ ပန်းစည်း အကြီးကြီးကို သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား အဆင့်မြင့်သံအဖွဲ့ကို တွေ့ရတာပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၆ ယောက်ပါတဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေဟာ ဒီကနေ့ အစောပိုင်းမှာပဲ တောင်ကိုရီးယား ကင်ပို လေဆိပ်ကို ဆိုက်ရောက် လာခဲ့ကြတာပါ။ ဒီအထဲမှာ မြောက်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲနဲ့ အာဏာရ ကွန်မြူနစ်ပါတီ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။ နိုင်ငံတော် ဈာပနနဲ့ သမ္မတဟောင်း ကို

ဂုဏ်ပြုသဂြုင်္ိဟ်မယ့်နေ့ မတိုင်မီတရက်ဖြစ်တဲ့ စနေနေ့မှာ သူတို့ ပြန်လည် ထွက်ခွာကြမှာပါ။

“မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးလ် က တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ ရဲ့မိသားစုကို ၀မ်းနည်းကြောင်း အမှာစကား မှာကြားလိုက်တယ် ဆိုတဲ့အကြောင်း၊” - မြောက်ကိုရီးယားပိုင် သတင်းဌာနတွေက ကိုရီးယား ဘာသာစကားနဲ့ ကြေညာသွားခဲ့တာပါ။ သမ္မတဟောင်း ကမ်မ် ဟာ အင်္ဂါနေ့တုန်းက အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့တာပါ။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် မြောက်ကိုရီးယားက ပြုန်ရမ်း ထိပ်သီးညီလာခံတရပ်နဲ့ စတင်လိုက်ပြီး သူဟာ မြောက်ကိုရီးယားနဲ့ ပြန်လည်သင့်မြတ်ရေး အတွက် တောင်ကိုရီးယား ရဲ့ မူဝါဒသစ်ကို ချမှတ်ခဲ့တာပါ။ ဒီထိပ်သီးဆွေးနွေးပွဲတွေ နောက်ပိုင်း သမ္မတဟောင်း ကင်မ် ဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့ပေမယ့် ဒီဆွေးနွေးပွဲအတွက် တောင်ကိုရီးယားက မြောက်ကိုရီးယားကို ဒေါ်လာသန်း ၅၀၀ ပေးခဲ့ရတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့တဲ့နောက် ဂုဏ်သိက္ခာကျစရာ ဖြစ်ခဲ့ရတာပါ။

အခုနောက်ဆုံး မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားကို ခြေချခဲ့တာဟာဆိုရင် ၂ နှစ်နီးပါးအတွင်း ပထမဆုံး အကြိမ် ဖြစ်သလို တောင်ကိုရီးယား ခေါင်းဆောင် တဦးကို ထူးထူးခြားခြား ဂုဏ်ပြုတာဟာလည်း ပထမဆုံး ဖြစ်ပါတယ်။ တကယ်တော့ တောင်နဲ့မြောက် ကိုရီးယား ၂ ဖက်အကြား စစ်မက်ဖြစ်ပွားမှုတွေ အဆုံးသတ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ ရန်ဖက်တွေ အဖြစ်နဲ့ ရှိနေခဲ့တာပါ။ သမ္မတဟောင်း ကင်မ် ရဲ့ မြောက်ကိုရီးယားအပေါ် အပြုသဘောထားပြီး ဆက်ဆံတဲ့ Sunshine ပေါ်လစီ လို့ ခေါ်တဲ့ မူဝါဒဟာ အဆင်အခြင်မဲ့တဲ့ ပျော့ပြောင်းမှုအဖြစ် မြင်သူတွေလည်း ရှိသလို တချို့ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လျစ်လျူရှု ဆက်ဆံမှုမျိုးအဖြစ်လည်း ရှုမြင်ကြပါတယ်။ မြောက်ကိုရီးယားက ထွက်ပြေးလာပြီး၊ တောင်ကိုရီးယားမှာ ခိုလှုံနေကြသူ ၁ သောင်းခွဲ လောက်ကတော့ ဒုတိယ အမြင်မျိုး ပိုပြီး ရှုမြင်ကြပါတယ်။ သူတို့အဖို့ သူတို့တတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အသက်စွန့်ပြီး ငတ်မွတ်ခေါင်းပါးမှုဘေး၊ အပြစ်ပေး အရေးယူ ခံရမယ့်ဘေးတွေက ထွက်ပြေးတိမ်းရှောင် လာခဲ့ကြရတာပါ။ မကြာသေးခင်ကပဲ တောင်ကိုရီးယားကို ထွက်ပြေးလာသူ တဦးကတော့ သူနဲ့ တခြားလူတွေ အနေနဲ့ သမ္မတဟောင်း ကင်မ် ကွယ်လွန်သွားတဲ့အတွက် ထူးထူးခြားခြား ၀မ်းမနည်းမိဘူးလို့ ဆိုပါတယ်။

“တောင်ကိုရီးယား အနေနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦး၊ သမိုင်းဝင် ပုဂ္ဂိုလ်တဦး ဆုံးရှုံးရတာဖြစ်တယ် ဆိုပေမယ့် သမ္မတဟောင်း ကင်မ် လက်ထက် ချမှတ်ခဲ့တဲ့ မူဝါဒတွေဟာ သိပ်ကို မှားယွင်းတာမို့ ဒါဟာ ရှက်စရာပါ။”

- လို့ သူက ဆိုခဲ့တာပါ။ တောင်ကိုရီးယားကို ရောက်မလာခင် မြောက်ကိုရီးယားမှာ တက္ကသိုလ် ပါမောက္ခအဖြစ် အမှုထမ်းခဲ့သူ Kim Heung Gwang ကတော့ -

Sunshine Policy ဆိုတဲ့ နေသာမယ့် မူဝါဒဟာ မြောက်ကိုရီးယားအပေါ် နွေးနွေးထွေးထွေး ဖြစ်လာအောင် အပြောင်းအလဲတွေ ဖြစ်စေသလားဆိုရင်တော့ အဖြေကတော့၊ မဖြစ်ဘူးလို့ ပြောရမယ့်အကြောင်း သူက ပြောခဲ့တာပါ။

ခန္ဓာကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့တဲ့ ဝေဒနာခံစားနေခဲ့ရတဲ့ သမ္မတဟောင်း ကင်မ်ဒေးဂျုံ ဟာ ဆိုးလ်မြို့တော်မှာ ပြီးခဲ့တဲ့ လကတည်းက ဆေးကုသခံယူနေရာက အင်္ဂါနေ့တုန်းကပဲ နမိုးနီးယား အဆုပ်ရောင်ရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပြီးတော့ သူ့ရဲ့ ဈာပနကိုတော့ နိုင်ငံတော် အခမ်းအနားနဲ့ တနင်္ဂနွေနေ့မှာ သဂြုင်္ိဟ်မှာ ဖြစ်ပါတယ်။



အာဖဂန် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံး

21 August 2009



အာဖဂန်ပြည်သူအချို့ ကဘူးလ်မြို့ ဗလီတခုအတွင်း မဲပေးနေစဉ်။
သြဂုတ် ၂၀၊ ၂၀၀၉။
မနေ့က ကျင်းပခဲ့တဲ့ အာဖဂန်နစ္စတန်က ရွေးကောက်ပွဲဟာ တာလီဘန် သူပုန်တွေက မဲရုံတွေကို တိုက်ခိုက်တာတွေ၊ မဲပေးသူတွေကို အနှောင့်အယှက်ပေး ခြိမ်းခြောက်တာတွေ လုပ်နေတဲ့ကြားထဲက အာဖဂန်ပြည်သူ သန်းပေါင်းများစွာဟာ မဲရုံတွေကိုသွားပြီး မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲပါ။ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ၊ ရဲတွေနဲ့ စစ်သားတွေ အပါအ၀င် လူပေါင်း ၂၆ ယောက် သေဆုံးခဲ့တယ်လို့ အာဖဂန်အစိုးရက ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် စတိဗ် ဟာမန်း (Steve Herman) သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အာဖဂန်နိုင်ငံတ၀န်းက ပြည်နယ် ၁၅ ခုမှာ တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ အာဖဂန်သမ္မတ ကာဇိုင်း (Karzai) က ပြောကြားလိုက်ပါတယ်။

“အာဖဂန်ပြည်သူတွေဟာ ဒုံးကျည်တွေ၊ ဖောက်ခွဲမှုတွေ၊ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့ကြပါတယ်။ ဒီလို အဟန့်အတားတွေ ရှိခဲ့ပေမယ့်လည်း သူတို့တွေဟာ မဲရုံတွေကိုသွားပြီး မဲပေးခဲ့ကြတယ်” လို့ သမ္မတ ကာဇိုင်းက ပြောကြားသွားခဲ့ပါတယ်။

ကြိုတင်သဘောထား ကောက်ယူမှု စစ်တမ်းတွေအရ မစ္စတာကာဇိုင်းဟာ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ရေပန်းစားနေသူပါ။ သမ္မတသက်တမ်း ဒုတိယအကြိမ်အဖြစ် အရွေးခံဖို့နဲ့ ရွေးကောက်ပွဲ ဒုတိယအဆင့်ကို ရှောင်ရှားနိုင်ဖို့ ဆိုရင်တော့ မစ္စတာကာဇိုင်းဟာ မဲအရေအတွက် ၅၀% ကျော်ကို ရဖို့လိုပါတယ်။ ရွေးကောက်ပွဲရလဒ် တစိတ်တဒေသကိုတော့ တနင်္ဂနွေနေ့ မတိုင်ခင် သိရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ကဘူးလ်မြို့က ဗလီတခုမှာ မဲပေးခဲ့တဲ့ အာမီယာ ခန်းက တာလီဘန်တွေဟာ ရွေးကောက်ပွဲပျက်အောင် ခြိမ်းခြောက်တာတွေ လုပ်ခဲ့၊ မဲပေးသူတွေရဲ့ လက်ချောင်းတွေကို ဖြတ်တာတွေ လုပ်ခဲ့ပေမယ့်လည်း ဒီလို ခြိမ်းခြောက်မှုတွေက သူ့ကို မဲမပေးနိုင်အောင် မဟန့်တားနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

သူ့အနေနဲ့ လုံးဝ ကြောက်ရွံ့မှု မရှိကြောင်း၊ အစိုးရက လုံခြုံရေး အခြေအနေကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်တာကြောင့် တာလီဘန်တွေကို ကြောက်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောပါတယ်။

မြို့တော် ကဘူးလ်နဲ့ တခြားနေရာတွေမှာ လုံခြုံရေးတွေ အပြည့်ချထားတာကြောင့် ဟိုတယ်တခုရဲ့ အမိုးပေါ်မှာ တိုက်ခိုက်ဖို့ လုပ်တာနဲ့ အစိုးရ ၀န်ကြီးရုံးတွေကို သိမ်းယူဖို့ လုပ်တာတွေကို ဟန့်တားနိုင်ခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှု အများစုဟာ မြို့တော် ကဘူးလ်နဲ့ ကန်ဒဟာမြို့ အပါအ၀င် တခြား မြို့ကြီးတွေမှာ ဖြစ်ခဲ့တာပါ။ ကဘူးလ်မြို့နဲ့ အာဖဂန်နိုင်ငံ မြောက်ပိုင်းမှာ မဲပေးမှုက ပုံမှန်ဖြစ်ခဲ့ပေမယ့် တာလီဘန်တွေ အားကောင်းတဲ့ အာဖဂန်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာတော့ မဲပေးမှုတွေဟာ အလွန်နည်းခဲ့ပါတယ်။ အကြမ်းဖက်မှုတွေအပြင် မဲဝယ်တာတွေ၊ မဲခိုးတာတွေနဲ့ လိမ်ပြီးတော့ မဲပေးတာတွေလည်း ရှိခဲ့ပါတယ်။

သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် အရာရှိတွေက အမျိုးသမီးတွေရဲ့ မဲတွေကို ဖြည့်ပေးနေတာကို တွေ့ခဲ့တယ်လို့ ပါလီမန်အမတ် ဖော်ဇီယာ ကူဖီက ဗီအိုအေကို အခုလိုပြောပါတယ်။

“ရွေးကောက်ပွဲ အရာရှိတွေနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ၊ မသမာလုပ်မှု အတိုင်းအတာတွေဟာ အတော်ကို များပါတယ်။ မဲရုံတွေကို ကျမ သွားခဲ့ပါတယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် အရာရှိတွေဟာ အမျိုးသမီးတွေကိုယ်စား မဲပေးတာတွေလုပ်တာ တွေ့ရတယ်။ ဒါဟာ ရွေးကောက်ပွဲရလဒ်နဲ့ အဲဒီရလဒ်တွေ အပေါ်မှာ အခြေခံပြီး ဖြစ်လာမယ့် အစိုးရအပေါ် အများယုံကြည် လက်ခံနိုင်မှုကို ထိခိုက်လာလိမ့်မယ်လို့ ထင်ပါတယ်။”

အာဖဂန်နိုင်ငံရဲ့ ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဇက်ခ်ရီယာ ဘာရတ်ခ်ဇိုင်း (Zekria Barakzai) က အဲဒီလို တိုင်တန်းမှုတွေကို အလေးအနက်ထားပြီး လုပ်ဆောင်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဘယ်လို မဲလိမ်မှုမျိုးကိုမဆို ကျနော်တို့ စုံစမ်းစစ်ဆေးသွားမှာပါ။ ဒီလို သတင်းပေးတာ အတော်များများကို လက်ခံရရှိခဲ့ပြီးတော့ ဒါတွေကို ချက်ချင်းပဲ ဖြေရှင်းခဲ့ပါတယ်။”

ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ထောင်ပေါင်းများစွာက လေ့လာစောင့်ကြည့်သူတွေက ရွေးကောက်ပွဲ မဲပေးတာတွေနဲ့ မဲရေတွက်တာတွေကို စိစစ် စောင့်ကြည့်နေပါတယ်။ အဲဒီလို လေ့လာ စောင့်ကြည်သူတွေထဲက အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိ ကိုင်း အိဒ် (Kai Eide) ဖြစ်ပါတယ်။

“ဒီနေ့ ကျနော် သိလိုက်ရတာကတော့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ အာဖဂန်ပြည်သူတွေရဲ့ လုပ်ရပ်ကတော့ တကယ့်ကို လေးစားလောက်ပါတယ်။ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက် ပေးခဲ့ကြတဲ့ သူတွေနဲ့ မဲပေးခဲ့ကြတဲ့သူတွေ အားလုံးဟာ အာဖဂန်နိုင်ငံရဲ့ အနာဂတ်ကို ၀ိုင်းပြီးတော့ ပုံဖော်ခဲ့ကြတာပါပဲ။”

အာဖဂန်နိုင်ငံတ၀န်းမှာ နေတိုးနဲ့ အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့အင်အား ၁၀၀,၀၀၀ ကျော် ရှိပါတယ်။ ရွေးကောက်ပွဲနေ့က ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉ ယောက်၊ ရဲ ၉ ယောက်နဲ့ စစ်သား ၈ ယောက် သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ၊ သေဆုံးမှုတွေ ရှိခဲ့ပေမယ့်လည်း အာဖဂန်နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း အာဖဂန် ရွေးကောက်ပွဲဟာ ခြိမ်းခြောက်မှုတွေ ကြားကနေ အောင်မြင်ခဲ့တဲ့ ရွေးကောက်ပွဲတခုပဲလို့ ပြောဆိုလိုက်ပြီး အမေရိကန်စစ်တပ် အနေနဲ့ အာဖဂန်မှာရှိတဲ့ သူပုန်တွေကို ဆက်ပြီးတော့ ဖိအားပေးပြီး တိုက်ခိုက်သွားမယ်လို့ ကတိပေး ပြောကြားလိုက်ပါတယ်။


လေယာဉ်ဗုံးခွဲသမား စောပြီး ပြန်လွတ်

21 August 2009


စကော့တလန်နယ် လော့ကာဘီး (Lockerbie) မြို့ပေါ် ၁၉၈၈ ခုနှစ်က လေယာဉ်ပျက်ကျအောင် လေယာဉ်ဗုံးခွဲသူ လစ်ဗျားနိုင်ငံသားကို စကော့တလန်က စာနာသက်ညှာမှုနဲ့ ရက်စောပြီး ပြန်လွှတ်ပေးခဲ့ပြီးနောက် သူဟာ အခု လစ်ဗျားနိုင်ငံကို ပြန်ရောက်သွားပါပြီ။

လေယာဉ်ဗုံးခွဲသူ လစ်ဗျား ထောက်လှမ်းရေး အရာရှိဟောင်း အက်ဘ်ဒယ်လ် ဘာဆက် အလီ အယ်လ် မက်ဂရာဟီ (Abdel baset Ali Al Megrahi) ဟာ ထရီပိုလီ (Tripoli) လေဆိပ်ကို ကြာသပတေးနေ့ကပဲ ရောက်ရှိပါတယ်။

လစ်ဗျားနိုင်ငံတော်သီချင်း ဖွင့်ထားတာနဲ့အတူ လစ်ဗျားလူငယ် ရာပေါင်းများစွာက သူ့ရဲ့ဓာတ်ပုံတွေ၊ လစ်ဗျားအလံတွေကို ဝှေ့ယမ်းပြီး လေဆိပ်မှာ စောင့်ကြိုနေခဲ့ကြပါတယ်။

အခုလို သူ့ကို ပြန်ပြီးလွှတ်ပေးဖို့ စကော့တလန်က ဆုံးဖြတ်ခဲ့တာဟာ မှားယွင်းတယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။ လစ်ဗျားအစိုးရ အနေနဲ့လည်း မက်ဂရာဟီကို မကြိုဆိုသင့်ကြောင်းနဲ့ သူ့ကို နေအိမ်အကျယ်ချုပ် ချထားသင့်တယ်လို့ သမ္မတအိုဘားမားက အမေရိကန် ရေဒီယို သတင်းထောက်တယောက်ကို ပြောခဲ့ပါတယ်။

မက်ဂရာဟီကို ရက်မပြည့်ခင် ပြန်လွှတ်ပေးလိုက်တဲ့အတွက် တရားဥပဒေအတိုင်း သူခံသင့်သလောက် မခံခဲ့ရဘူးလို့လည်း အိုဘားမားအစိုးရ ထိပ်တန်းအရာရှိတယောက်က ပြောပါတယ်။

လေယာဉ်ဗုံးခွဲသူ မက်ဂရာဟီဟာ ဆီးကြိတ်ကင်ဆာနဲ့ လပိုင်းအတွင်း ကွယ်လွန်တော့မှာဖြစ်လို့ လွတ်ရက်မစေ့ခင် ပြန်လွှတ်ပေးလိုက်တယ်လို့ စကော့တလန် တရားသူကြီး ကန်နီ မက်အတ်စ်ကေးလ် (Kenny MacAskill) က အီဒင်ဘာ့ (Edinburh) မြို့တော်မှာ ကြာသပတေးနေ့က ကြေညာပါတယ်။

လွန်ခဲ့တဲ့ ၂၁ နှစ်က PanAM လေယာဉ် ၁၀၃ လန်ဒန်ကနေ နယူးယောက်ကိုအသွား ဝေဟင်မှာ ပျံသန်းနေစဉ် ဗုံးပေါက်ကွဲပြီး စကော့တလန်နယ် လော့ကာဘီးမြို့ပေါ် ပျက်ကျခဲ့တဲ့အတွက် စုစုပေါင်း ၂၇၀ သေဆုံးခဲ့ရပါတယ်။ ဒီအမှုအတွက် ဗုံးခွဲသူ မက်ဂရာဟီကို ထောင်ဒဏ်တသက် ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။
PhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket