Saturday, August 22, 2009

22August ဒိုင်ယာရီ

file download here


တတိယအကြိမ် သံဃာ့သပိတ်ဆင်နွှဲရန် သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲများဖွဲ့စည်း
Saturday, 22 August 2009 22:33 ရိုးမ ၃
E-mail Print
တတိယအကြိမ် သံဃာ့သပိတ်ဆင်နွှဲရာတွင် အောင်မြင်အောင်အထိ ဆောင်ရွက်သွားရန်အတွက် ရဟန်းပျိုသမဂ္ဂနှင့် သံဃာ့သမဂ္ဂီအဖွဲ့တို့က သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲများ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်သည်။

သံဃာတော် ၁၀ ပါးတို့၏ ဘွဲ့အမည်များနှင့် မြို့နယ်များကိုပါ ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်က ယခု တိုးချဲ့ဖွဲ့စည်းလိုက်သည့် အဖွဲ့ခွဲများအနေဖြင့် တတိယအကြိမ် သံဃာ့သပိတ်ကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

လာမည့် စက်တင်ဘာလ (၂၀) ရက်နေ့မှ စတင်ကာ သံဃာတပ်ပေါင်းစုကြီးမှ စစ်အစိုးရအား တောင်းဆိုထားသည့် အချက်များ ပါဝင်သည့် ထုတ်ပြန်ချက်ကို အဆိုပါအဖွဲ့ခွဲများက ဖတ်ကြားကာ မီဒီယာများ၊ ဌာနဆိုင်ရာများသို့ လိပ်မူကာ ပေးပို့သွားမည်ဟု ဆိုသည်။

နိုင်ငံတဝှမ်း သံဃာတော်အားလုံးအနေဖြင့် သံဃာအားလုံး စုပေါင်းညီညွတ်မှု အထိမ်းအမှတ်အဖြစ် မြတ်စွာဘုရားရှင် ချမှတ်ထားသော ဝိနည်းဥပဒေတော်နှင့်အညီ ဆောင်ရွက်ထားသော သံဃာ့သပိတ်ကို အားလုံး ပါဝင်ဆင်နွှဲကြရန် အဆိုပါကြေညာချက်က နှိုးဆော်ထားသည်။

ထို့အပြင် သံဃာတော်များအားလုံး သဘောတူညီထားသည့် သံဃာ့ကိစ္စကို မလိုက်နာဘဲ နအဖစစ်အစိုးရနှင့် ဆက်လက်ပေါင်းသင်းသော သံဃာတော်များအား ပကာသနီယကံပြုကာ သံဃာအဖြစ်မှကျဉ်ဖယ်လိုက်ကြောင်း ဘွဲ့အမည်၊ မိဘအမည်၊ ကျောင်းတိုက်နှင့် မြို့ရွာအမည်များကို ထုတ်ပြန်ကာ ပြည်သူများအနေဖြင့် အဆိုပါသံဃာတော်များအား ပစ္စည်းလေးပါးမလှူဒါန်းကြရန် နိုင်ငံအနှံ့ ထုတ်ပြန်သွားမည်ဟု ဆိုသည်။

စစ်အစိုးရက ပခုက္ကူသံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှေက်ခြင်းကို အကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်း ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာပြည်တဝှမ်း သံဃာတော်များက စစ်အစိုးရအား ရာဇသံပေးကာ ပတ္တနိကုဇ္ဇနကံဆောင်၍ မေတ္တာပို့လမ်းလျှောက်ကြွချီ သပိတ်မှောက်ခဲ့သဖြင့် ပြည်သူလူထုများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ထိုနောက် စစ်အစိုးရက အဆိုပါ ရွှေဝါရောင်သံဃာလှုပ်ရှားမှုအား အကြမ်းဖက်နှိမ်နှင်းဖြိုခွင်းကာ သံဃာတော်များနှင့် လှုပ်ရှားတက်ကြွသူများအား နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည့်အပြင် မိသားစုများ ထောင်ဝင်စာတွေ့ရန် ခက်ခဲသည့် နယ်ဝေးထောင်များသို့ ရွှေ့ပြောင်းထားခဲ့သည်။

ဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်၊ သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ် စော်ကားမှုများကို စစ်အစိုးရက ပြန်လည်တောင်းပန်ရန်၊ မလိုက်နာပါက တတိယအကြိမ် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ်အား ယခုနှစ် အောက်တိုဘာလ (၃) ရက်၊ သတင်းကျွတ်လပြည့် (၁၅) တွင် စတင်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးက ထုတ်ပြန်ထားသည်။




မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (၆)ကြိမ်မြောက်ညီလာခံကျင်းပခဲ့
Kaowao

သြဂုတ်၂၂ ၊၂၀၀၉။

မဲဆောက်(သြဂုတ်-၂၂)။ ။ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် Students & Youth Congress of Burma ၏ (၆)ကြိမ်မြောက်ညီလာခံကို ၂ဝဝ၉ ခုနှစ် သြဂုတ်လ (၁၇)ရက်မှ (၂၁)ရက်နေ့အထိ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီများနှင့် အလုပ်အဖွဲ့များကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း သတင်းပေးပို့ချက်အရ သိရသည်။

ထိုညီလာခံသို့ အဖွဲ့အစည်း(၁၆)ဖွဲ့မှ ကိုယ်စားလှယ်(၄၄)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်ဟု ဆိုပါသည်။ မူဝါဒရေးရာများကို ချမှတ်ဆောင်ရွက်မည့် သဘာပတိအဖွဲ့ ဝင်(၁၆)ဦး၊ အထွေထွေအတွင်းရေးမှူး ကိုနော်ဆန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဥာဏ်စိုက်၊ အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် စောဗစ်တာလင်း၊ လွေးလှာရိန်း၊ မနီနီကျော်တို့ကို ရွေးချယ်ပြီး ၂ဝ၁ဝမတိုင်မှီနှင့် ၂ဝ၁ဝ အလွန်ကာလများအတွက် ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ် များကို ဦးဆောင်အကောင်အထည် ဖေါ်ဆောင်သွားမည်ဟု သြဂုတ်လ ၂၁ ရက်နေ့ ထုတ်ပြန်ကြေညာချက် ဖေါ်ပြထားသည်။

ယနေ့ကာလ ဖြစ်ပေါ်နေသည့် ပြည်တွင်း ပြည်ပနိုင်ငံရေးအခြေအနေများအောက်တွင် နအဖစစ်အုပ်စု၏ စစ်ကျွန်ပြု မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)နှင့် ၄င်းဖွဲ့စည်းပုံကိုအသက်သွင်းမည့် ၂ဝ၁ဝရွေးကောက်ပွဲအား ဆန့်ကျင်တိုက် ဖျက်ရေးကို နည်းသဏ္ဍာန်ပေါင်းစုံ၊ ဥပဒေအတွင်း၊ ဥပဒေပ တိုက်ပွဲပုံသဏ္ဍန်ပေါင်းစုံ ဆင်နွဲနိုင်ရန်အတွက် စွမ်းဆောင်ရည်ရှိပြီး ကျစ်လစ်ခိုင်မာသည့် ကျောင်းသားလူငယ်အင်အားစုကြီးတရပ် တည်ဆောက်ရေးအပါအဝင် နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးချမှတ်နိုင်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

လက်ရှိမြန်မာနိုင်ငံ ၂ဝဝ၉-၂ဝ၁ဝ ကာလ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုသည် အရေးကြီးသည့် အချိုးအကွေ့တခု ဖြစ်သည့်အတွက် မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ကရက်၏ အခန်းကဏ္ဍသည် နိုင်ငံရေးအရ တစုံတရာ အတိုင်းအတာထိ ရုပ်လုံးပုံဖေါ်ဆောင်မည့် ကျောင်းသားလူငယ်တပ်ပေါင်းစု တခုအဖြစ် ရောက်ရှိနေပြီးဖြစ်ရာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး တွင် ကျရာအခန်းကဏ္ဍမှ တာဝန်ဝတ္တရားများကို အထိရောက်ဆုံး အကောင်အထည်ဖေါ် လုပ်ဆောင်သွားမည်ဟု သံဓိဌာန်ချခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖေါ်ပြထားသည်။

SYCB အထွေထွေအတွင်းရေးမှူးဖြစ်သည့် ကချင်ကျောင်းသားသမဂ္ဂမှ ကိုနော်ဆန်း၏ပြောပြချက်အရ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်တွင် တိုင်းရင်းသားအသီးသီး ကိုယ်စားပြု ကျောင်းသားလူငယ်များအပါအဝင် ၁၉၈၈ နှင့် ၁၉၉၀ နောက်ပိုင်း NLD-LA ကျောင်းသားလူငယ်များ ၁၆ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်သည်ဟု သိရသည်။


တာဝန်ရှိသူများက အမှုရှောင်လွှဲ၍ ရာအိမ်မှူးကို လူသတ်မှုနှင့်တရားစွဲဆို
Saturday, 22 August 2009 18:39 ဗထူး
E-mail Print
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ရယကအဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားသူအမှုတွင် တာဝန်ရှိသူများက အဆိုပါအမှုမှ ရှောင်လွှဲကာ ရာအိမ်မှူးတဦးအား လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့တွင် ပုသိမ်မြို့၊ စိန်ကုန်း တိုးချဲ့ရပ်ကွက်အမှတ် (၉) တွင် နေထိုင်သူ ကိုအောင်နိုင်ထွန်းသည် ရယကရုံးတွင် ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးခဲ့ရသည်။

အဆိုပါ (၁၉) ရက်နေ့က သံတိုသံစများ ရှာဖွေနေသည့် သေဆုံးသူ ကိုအောင်နိုင်ထွန်းတို့ စက်လှေသည် စက်ပျက်ခဲ့ပြီးနောက် ကမ်းနားသို့ ဆိုက်ကပ်ခဲ့ရာ အထက်အမိန့်ဖြင့် ဗေဒါအမှိုက်များ ဆယ်ယူနေသည့် ရယကအဖွဲ့ဝင်များနှင့် စတင်အချင်းများရာမှ ရယကရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည်။

ရယကရုံးသို့ရောက်ရှိပြီး ရယကဥက္ကဌနှင့် အဖွဲ့ဝင်များက ၎င်းတို့အား ဒဏ်ငွေအဖြစ် ငွေကျပ် ၆,၀၀၀ တောင်း ရမ်းခဲ့သဖြင့် အဖော်ဖြစ်သူ ကိုတင်ထွန်းလွင်မှာ ငွေကြေးအား နောက်တနေ့နံနက်တွင် ရယကရုံးသို့ သွားပေးရာတွင် ကိုအောင်နိုင်ထွန်းအား ပြန်လည်လွှတ်ပေးလိုက်သည်ဟု ရုံးတာဝန်ရှိသူများက ပြောဆိုခဲ့သည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ ကိုအောင်နိုင်ထွန်း အိမ်သို့ ပြန်မရောက်လာသဖြင့် ရပ်ကွက်နေသူများနှင့် မိသားစုများက လိုက်လံရှာဖွေခဲ့ရာ နောက်တနေ့ (၂၁) ရက်နေ့တွင် အမှတ် (၁) ရပ်ကွက်ရှိ ရေခဲစက်နှင့် ဆားစက်အကြားတွင် ဦးခေါင်းတွင် ပြင်းထန်သည့်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မိသားစုဝင်များက အဆိုပါအမှုအား အဆင့်ဆင့် တိုင်ကြားအမှုဖွင့်ခဲ့ရာ သက်ဆိုင်ရာ ရယကအာဏာပိုင်များက အချင်းများချိန်တွင် စတင်ခဲ့သူ ရပ်ကွက်ရာအိမ်မှူး ကိုထွန်းထွန်းအပေါ် ပြစ်မှုအားလုံးပုံချကာ ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ကိုထွန်းထွန်းနဲ့ စဖြစ်တာကို ပုံကြီးချဲ့ပြီးတော့ ဆင်လိုက်တဲ့သဘော၊ မနက်ဘက်ဖြစ်ပြီးကတည်းက ကိုထွန်းထွန်းက ရုံးကိုမသွားတော့ဘူး၊ ညဘက်ကျတော့ သူက စက်ဘီးနဲ့ထွက်တယ်၊ သူတို့ ညနေက ရုံးကိုခေါ်သွားတဲ့လူက သေလားရှင်လားမသိဘူး” ဟု ကိုထွန်းထွန်းနှင့်ရင်းနှီးသူ ဒေသခံက ဆိုသည်။

ယခုအခါ ကိုထွန်းထွန်းသည် ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရပြီး ရပ်ကွက်နေသူများက မတရားစွပ်စွဲခဲ့သည့် လုပ်ရပ်အား မကျေနပ်၍ အဆင့်ဆင့် တိုင်ကြားမှုများပြုလုပ်ရာ အာဏာပိုင်များက အဆိုပါရပ်ကွက် ရယကအဖွဲ့ဝင် သုံးဦးအား ထပ်မံဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဆက်လက်ဖမ်းဆီးခံထားရသည့် ရယကအဖွဲ့ဝင်များမှာ ဦးလှမြင့်၊ ဦးလှမြိုင်၊ ဖိုးလပြည့်တို့ဖြစ်ပြီး ယခုလ (၁၀) ရက်နေ့ထုတ် မှုခင်းဂျာနယ်တွင် ကိုထွန်းထွန်းအား အဓိက လူသတ်တရားခံအဖြစ် ဖော်ပြထားသည်ဟု ဒေသခံတဦးက ပြောသည်။

“အတွင်းရေးမှူးတို့ ဥက္ကဌတို့ လုပ်တဲ့သူတွေက သူတို့ အဓိကလုပ်တာ၊ ရိုက်ဖို့ သူတို့အမိန့်ပေးတယ်၊ ခု ကိုထွန်းထွန်းကိုယ်တိုင်လည်း ကမ်းနားမှာ စဖြစ်တုန်းက ပါးရိုက်တာတွေ ရှိတယ်၊ အခုဖြစ်စဉ်မှာက အတွင်းရေးမှူးတွေက ၀ိတ်အား၊ ငွေအားနဲ့ ဘေးဖယ်ထွက်နေပြီး ရာအိမ်မှူး ကိုထွန်းထွန်းကို အမှုအကုန်လုံး ပုံချထားတယ်” ဟု ဒေသခံက ပြောသည်။

၎င်းတို့အားလုံးအား ပုဒ်မ ၃၀၂၊ ၃၄၁၊ ၂၁၀/၁၀၉ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဓိက အမိန့်ပေးခဲ့သည့် ရပ်ကွက်(ရယက)ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များကို အရေးယူခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းနောက် ဖမ်းဆီးခံထားရသူ ကိုထွန်းထွန်း၏ သမီးဖြစ်သူက မကျေနပ်သဖြင့် ခရိုင်(ခယက)ရုံးအပါအ၀င် အခြားဌာနများသို့ တိုင်ကြားစာ ၁၀ စောင် ပေးပို့ခဲ့သဖြင့် ခယကရုံးမှ ဇနီးနှင့် သမီးဖြစ်သူအား ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

လူသတ်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိခြင်းကို သိရှိသည့် ရပ်ကွက်နေသူများက ၎င်း၏မိသားစုအား အစစအရာရာ ကူညီပေးခဲ့သည့်အပြင် အမှုရင်ဆိုင်ရာတွင် ရှေ့နေငှားရမ်းစရိတ်ကိုပါ ၀ိုင်းဝန်းထည့်ဝင်ခဲ့ကြဟု သိရသည်။

”ရှေ့နေခ ကျမတို့က အကုန်အကျမခံနိုင်ဘူး၊ ရပ်ကွက်က ထောက်ပံ့တာပါ၊ ကျမတို့က ဘာမှမရှိဘူး၊ ဆင်းရဲတယ်၊ ရပ်ကွက်က အကုန်လိုက်လုပ်ပေးနေတာ၊ မဟုတ်ဘဲနဲ့ ခံနေရတာကို ရပ်ကွက်က မကြည့်ရက်လို့ အားလုံးလိုက်လုပ်ပေးနေတာ၊ ကျမတို့ကလည်း အသနားခံစာ တင်ထားတယ်လေ” ဟု အကျဉ်းကျခံနေရသူ ကိုထွန်းထွန်း၏ဇနီးက ပြောသည်။

ကိုအောင်နိုင်ထွန်း သေဆုံးသွားသည့် အမှုနှင့်ပတ်သက်၍ ယခုလ (၂၈) ရက်နေ့တွင်လည်း ရုံးချိန်းရှိပြီး ပြီးခဲ့သည့်လ (၂၁) ရက်နှင့် (၂၈) ရက်နေ့တွင်လည်း အမှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဇနီးဖြစ်သူက ဆက်လက်ပြောဆိုသည်။

ယခု ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူ ကိုထွန်းထွန်းသည် မိသားစုဝင် ၃ ဦးနှင့်အတူ ပုသိမ်မြို့ သစ်ညိုကုန်း အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

စစ်တွေ-ရန်ကုန် ကားလမ်းတလျောက် အကောက်ဂိတ်များ အထူးတိုးပွားနေ

8/22/2009

သျှင်ထွီးခိုင်(အလွတ်သတင်းထောက်) ရန်ကုန်- စစ်တွေ အဝေးပြေးကားလမ်း တလျှောက်တွင် အကောက် ကောက်ခံသည့် ဂိတ်များ အထူးတိုးပွားနေသည်ဟု သတင်းရရှိသည်။

အဆိုပါ အကောက်ဂိတ်များကို အမည်အမျိုးမျိုးဖြင့် ဒေသ အာဏာပိုင်များက ဖွင့်လှစ်ထားပြီး ထိုအထဲတွင် တံတားအသုံးပြုခ ကောက်ခံရေးဂိတ်၊ ကုန်တင်ကား တန်ပို ကောက်ခံရေး ဂိတ်နှင့် မှတ်ပုံတင် စစ်ဆေးရေးဂိတ်များ ဖြစ်သည်ဟု အမည်မဖေါ်လိုသူ စီးပွားရေး သမား တဦီးက ပြောသည်။

ရန်ကုန် စစ်တွေ ကားလမ်းတလျှောက်ရှိ ရခိုင်ပြည်နယ်ဘက်တွင် တံတား အသုံးပြုခ ကောက်ခံရေးဂိတ်နှင့် တန်ပို စစ်ဆေးရေးဂိတ် ၃၀ ရှိပြီး ဂိတ်တိုင်းတွင် ဂိတ်ဖြတ်ခ၊ တံတား အသုံးပြုခနှင့် တန်ပိုလျှင် တန်ပိုခ များကို ပေးဆောင်ရသည်ဟု ပြည်တွင်း ကုန်စည် ပို့ဆောင်ရေး အရာရှိ တဦးက ပြောသည်။

၎င်းပြင်သူက ရန်ကုန် စစ်တွေ အဝေးပြေး ကားလမ်း တလျှောက်တွင် တန်ပို ကောက်ခံရေးဂိတ် ၅ ခု၊ တံတား အသုံးပြုခ ကောက်ခံရေး ဂိတ် (စခန်း) ၇ ခု၊ လမ်းအသုံး ပြုခကောက်ခံရေး စခန်း ၅ ခု၊ မြို့ဝင်ကြေး ကောက်ခံရေးဂိတ် ၁၂ ခုနှင့် မှတ်ပုံတင် စစ်ဆေးရေး စခန်း ၁ ခုတို့ ဖြစ်သည်ဟု သူက ပြောသည်။

စစ်ဆေးရေး စခန်းများတွင် ကုန်တင်ယာဉ်များ အနေဖြင့် စစ်ဆေးခံရန်နှင့် ဝန်ဆောင် ခများ၊ အခွန်အခများ ပေးဆောင်ရန် အတွက် ရပ်တန့်စောင်ဆိုင်းရခြင်းကြောင့် ခရီးစဉ် တစ်လျှောက် အချိန်ကြန့်ကြာ နှောင့်နှေးမှုများ ရှိနေသည်ဟုလည်း သိရသည်။

ယခုကဲ့သို့ စစ်ဆေးရေးနှင့် ငွေကြေး ကောက်ခံသောဂိတ်များကြောင့် ရခိုင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထူး အခက်ကြုံ နေရသည့် အပြင် ပြည်သူများပါ ခရီးသွားလာရာတွင် စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်ဟု သိရသည်။




မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအားဆူပူအုံကြွမှုဖန်တီးသူဟု နအဖညွှန်ကြားစာတစ်စောင်တွင်ဖေါ်ပြခဲ့
Kaowao

သြဂုတ်၂၁ ၊၂၀၀၉။

စံခလပူရီ(သြဂုတ်- ၂၁)။ ။ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာအား ရယကများထံ စစ်အစိုးရ၏ ကန့်သန့်အဆင့်ဖြင့် ညွှန်ကြားစာတစ်စောင်တွင် ထည့်သွင်းဖေါ်ပြခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း မွန်ပြည်သစ်ပါတီနိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်အောင်မင်း ပြောဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မင်း၊ ဒုတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်၊ လွတ်လပ်သောမွန်သတင်း အေဂျင်စီ IMNA နှင့် ကောင်းဝါသတင်းဌာန Kaowao Newsgroup အယ်ဒီတာတို့ ယမန်နေ့ညနေ ၆ နာရီက စံခလပူရီရှိ မွန်ပြည်သစ်ပါတီနိုင်ငံခြားဆက်ဆံရေးရုံး၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ရာတွင် နိုင်အောင်မင်း က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောသြဂုတ်လဆန်းပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မယကမှ လက်အောက်ခံ ရယကအသီးသီး ထံ ညွှန်ကြားချက်(ကန့်သန့်)ဖြင့် စာတစ်စောင်ပေးပို့ခဲ့ရာတွင် ထိုင်းနယ်စပ်တစ်နေရာရှိ မြန်မာနိုင်ငံ ဒီမိုကရေစီ ပန်းတိုင်လှုပ်ရှားမှုအဖွဲ့မှ သြဂုတ်လ ၆ ရက်နေ့မှစတင်၍ ၈ လေးလုံးနှစ်ပတ်လည်နေ့ ကာလအတွင်း တစ်ပြည်လုံး လူထုအုံကြွမှုဖြစ်ပေါ်စေရန် မြန်မာနိုင်ငံအတွင်းသို့ ဦးဆောင်လှုပ်ရှားသူ ၆၀ ယောက်ကို ဖောက်ခွဲရေးပစ္စည်းများနှင့် အတူ စေလွှတ်ထားခဲ့ရာ မိမိကျေးရွာ၊ ရပ်ကွက်အသီးသီးသို့ လူစိမ်းများဝင်ရောက်လာလျှင် သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဖေါ်ပြထားသည့် မိတ္တူစာကို မွန်ပြည်သစ်ပါတီမှ လက်ခံရရှိထားသည်ဟု နိုင်အောင်မင်းက ရှင်းပြပြောဆိုခဲ့သည်။

ထို့နောက် အဆိုပါညွှန်ကြားစာပါ မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှုအဖွဲ့ ဆိုသည်မှာ DAB အတွင်းရေးမှူး
Dr ကျော်ညွန့်၊ KNU မှ စောသမိန်ထွန်း၊ NMSP အတွင်းရေးမှူး နိုင်ဟံသာ၊ ABSDF ခေါင်းဆောင်များ ပါဝင်ကြ သည်ဟု ဆိုထားပါသည်။

နိုင်အောင်မင်းက “ကျနော်တို့ပါတီဝင်တွေလုပ်ကိုင်ပြောဆိုနေတာတွေကို စစ်အစိုးရကမကြိုက်ရင် ပြည်တွင်းက ဆက်ဆံရေးရုံးတွေကတဆင့် ကန့်ကွက်စာတွေ တရားဝင်ပေးပို့ခဲ့တာပါပဲ၊ ကျနော်တို့ကလည်း ပြန်လည်ဖြေရှင်း ကြရပါတယ်၊ အခုကိစ္စက ကျနော်တို့ပါတီကို ဘာမှကန့်ကွက်ပြောဆိုတာမရှိခဲ့ပါဘူး” ဟု ပြောဆိုခဲ့သည်။

ကောင်းဝါ အယ်ဒီတာမင်းစိုင်းနန်ဒေါက အဆိုပါညွှန်ကြားချက်မှာ နအဖဖက်မှ ထင်မြင်ယူဆချက်များသာဖြစ်နေ၍ မွန်ပြည်သစ်ပါတီအပေါ် တရားဝင်ကန့်ကွက်စာ မပေးပို့ခြင်းဖြစ်နိုင်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီသည် နအဖကမ်းလှမ်းနေသော နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကို လုံးဝလက်မခံနိုင် ကြောင်း လွန်ခဲ့သည့်သြဂုတ်လ ၅ ရက်နေ့တွင် စစ်အစိုးရထံ နောက်ဆုံးအကြိမ်ထပ်မံ အကြောင်းကြားထားပြီး ဖြစ်သည်။

ထို့ကြောင့် အပစ်အခတ်ရပ်စဲမှုပျက်ပြား၍ နှစ်ဖက်တပ်ဖွဲ့များ ပြန်လည်ပစ်ခတ်မှုဖြစ်မည်ကို ဒေသခံပြည်သူများ အလွန်စိုးရိမ်နေကြသည်၊ သို့ရာတွင် လက်ရှိငြိမ်းချမ်းနေမှုကို မလိုလားကြသူများက ကောလဟာလသတင်းများ၊ ပစ်စာများဖြန့်ဝေနေကြသည်ကို မကြာခဏတွေ့မြင်နေရသည်။

၁၄ နှစ်ကျော်ကာလ အပစ်အခတ်ရပ်စဲခဲ့သော မွန်ပြည်သစ်ပါတီသည် ပထမပိုင်း နှစ်အနည်းငယ်တွင် နအဖထံမှ မဖြစ်စလောက်သော ပေးကမ်းထောက်ပံ့မှုများကို ရရှိခဲ့သော်လည်း နောက်ပိုင်း၌ မသိမသာလျှော့ချခဲ့ပြီး ၂၀၀၀ ခုနှစ်ခန့်တွင် ပါတီ၏စီးပွားရေးလုပ်ငန်းများကိုပါ အားနည်းလာစေရန် ပိတ်ဆို့ဟန့်တားမှုများ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သောအမျိုးသားညီလာခံ ပြီးဆုံးတိုင်သည်အထိ မွန်ပြည်သစ်ပါတီက ဆက်လက်မတက်ရောက်သည်ကို နှစ်ဖက်ပြန်လည်ညှိနှိုင်းချက်အရ မွန်ပြည်သစ်မှ အလယ်အလတ်တန်းကိုယ်စားလှယ်များဖြင့် လေ့လာသူအဆင့် ဖြင့်သာ တက်ရောက်စေခဲ့သည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့သည်ုလက်ရှိတွင် ဆက်ဆံရေးအနေအထား တစ်စုံတစ်ရာအပြောင်းအလဲများ ထူးခြားမှုမရှိ၊ မွန်ပြည်သစ်ပါတီအား ထပ်မံဖိအားပေးအကြပ်ကိုင်လာခြင်းလည်း မတွေ့ရှိရသေးပေ။

သို့သော်လည်း အနားယူခဲ့သော မွန်ပြည်သစ်ပါတီဝင်အချို့ကို တစ်ခုထက်မကသော မွန်ခွဲထွက်အဖွဲ့များဖြစ်လာ စေရန် စစ်အစိုးရက အားပေးအားမြှောက်ပြုလာနေသည်ကို တွေ့ရှိနေရပြီး မွန်အချင်းချင်း လက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်သည့်လုပ်ဆောင်မှုများ စီမံထားသည်ကို လေ့လာစုံစမ်းချက်များအရ သိရသည်။


ဒီကေဘီအေနဲ့ ကေအန်ယူ ပြန်လည်ပူးပေါင်းဖို့ အလားအလာရှိ
2009-08-22

ကေအန်ယူနဲ့ ပြန်လည်ပူးပေါင်းလိုတဲ့ ဒီကေဘီအေ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် အဖွဲ့ဝင်တွေကို လာရောက်ပူးပေါင်းဖို့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ခရိုင်အဆင့် အရာရှိတွေက ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်၊၊

လာရောက် ပူးပေါင်းတဲ့အခါ ဒီကေဘီအေမှာ ထမ်းဆောင်ခဲ့တဲ့ ရာထူးတာဝန်အတိုင်း ကေအန်ယူမှာ ခန့်အပ် တာဝန်ပေးဖို့ကိုလည်း ကေအန်ယူ ခရိုင်အရာရှိတွေက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်၊၊

ကေအန်ယူက ခွဲထွက်ပြီး ၁၅ နှစ်လောက်အကြာ အချင်းချင်း တိုက်ခိုက်နေကြဆဲ ဖြစ်တဲ့ ဒီကေဘီအေနဲ့ ကေအန်ယူ ပြန်လည်ပူးပေါင်းနိုင်တဲ့ အလားအလာ ရှိမရှိ အပါအဝင် နှစ်ဖက်ဆက်ဆံရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ကေအန်ယူအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဖဒို ဒေးဗစ်သာကဘောနဲ့ အမည်မဖော်လိုတဲ့ ရှေ့တန်းစစ်မျက်နှာက တပ်မှူးအဆင့်ရှိ ဒီကေဘီအေ အရာရှိတယောက်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်၊၊


ဂျာနယ်တစောင် ထုတ်ဝေခွင့်ပိတ်
2009-08-22

မြန်မာနိုင်ငံမှာ အပတ်စဉ် ထုတ်ဝေနေတဲ့ ဂျာနယ်တစောင်ကို စစ်အစိုးရရဲ့ စာပေ စီစစ်ရေးရုံးကနေ မကြာခင်က ထုတ်ဝေခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။)

အပိတ်ခံလိုက်ရတဲ့ ဂျာနယ်က ဖီးနစ်ဂျာနယ်ဖြစ်ပါတယ်။ စာပေစိစစ်ရေးအဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်းနဲ့ မူဝါဒတွေကို ဖောက်ဖျက်တဲ့အပြင် ထုတ်ဝေသူတွေ လိုက်နာရမယ့် စည်းကမ်းတွေကို မလိုက်နာလို့ ဆိုပြီး ပိတ်လိုက်တဲ့အကြောင်း ကြာသပတေးနေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို သြဂုတ်လ ၂၁ရက်နေ့က စာပေစိစစ်ရေးရုံးမှာ ကပ်ထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ရန်ကုန်က ဖီးနစ်ဂျာနယ် ရုံးခန်းကို အာအက်ဖ်အေက ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါ တာဝန်ရှိသူ တယောက်က အခုလို အတည်ပြုပြောဆိုခဲ့ပြီး အသေးစိတ် ရှင်းပြဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

ရန်ကုန်က အပတ်စဉ်ထုတ် ဂျာနယ်တစောင်ရဲ့ အယ်ဒီတာတဦးကတော့ အနုပညာ အသိုင်းအဝိုင်းအကြောင်း မရေးပဲ သတင်းတွေ ဦးစားပေး တင်နေလို့ ဖြစ်တယ်ဆိုပြီး သိရတဲ့အကြောင်း ခုလိုပြောပါတယ်။

အယ်ဒီတာ။ ။ကြားတာက အဓိက သူ့ကိုပေးထားတာက ပေါ့ပ်လိုင်းပေါ့၊ အနုပညာလိုင်းပေါ့။ အဲဒါကို သတင်းလိုင်းတွေလုပ်လို့ မလုပ်ဖို့ ညွှန်ကြားချက် ထုတ်တယ် ကြားတာပဲ။ တခြားတော့ ဟိုလို နိုင်ငံရေးနဲ့ နွယ်တာတွေဘာတွေတော့ မရှိပါဘူး

ပြည်ပ အခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဦးဇင်လင်းကတော့ သတင်းထည့်လို့ ဒီဂျာနယ်ကိုပိတ်တယ် ဆိုရင် တော်တော့်ကို လူကြားလို့ မကောင်းတဲ့ ကိစ္စဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။

ဦးဇင်လင်း။ ။ဂျာနယ်ရဲ့အသက်ဟာ သတင်းပဲ။ သတင်းမပါပဲ ဂျာနယ်ထုတ်လို့ရှိရင် ဘာမှ အဓိပ္ပါယ် မရှိသလို ဖြစ်မှာပဲ။ ဒီလုပ်ရပ်ဟာ သတင်းလွတ်လပ်ခွင့် တင်မက သာမန် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ ဒါကြောင့်မို့ ဒီသတင်းရေးလို့ ပိတ်တယ်ဆိုရင်တော့ လက်ရှိ နအဖ စစ်အာဏာပိုင်များရဲ့ သဘောထားဟာ ဒီမိုကရေစီ လမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ဒါကြောင့်မို့လို့ ဒီလုပ်ရပ်ကတော့ ကျနော်တို့ မလွဲမသွေ ရှုတ်ချရမှာပါ

အရင်တုန်းကလည်း စာပေစိစစ်ရေးအဖွဲ့ဟာ အစိုးရကို ဆန့်ကျင်တယ်လို့ ယူဆရင် မထင်ရင်မထင်သလို ဂျာနယ်တွေ မဂ္ဂဇင်းတိုက်တွေကို ပိတ်ပစ်လေ့ရှိပါတယ်။ အချိန် အတိုင်းအတာတခုနဲ့ ယာယီ ပိတ်ခိုင်းတာကတော့ များပါတယ်။ အခု ဖီးနစ်ဂျာနယ်ကိုတော့ အကြိမ်ကြိမ် သတိပေးထားခဲ့ဖူးပြီး ဖြစ်တာကြောင့် ဒီတခါတော့ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကနေ ထုတ်ဝေခွင့်ကို အပြီး ပိတ်ပစ်ခိုင်းလိုက်တာလို့ ရန်ကုန်ဂျာနယ် အသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။


နိုင်ငံရေးအကျဉ်းသားတဦး ခွဲစိတ်မှုခံယူဖို့ လိုအပ်နေ
2009-08-22

ပြည်သူ့လွှတ်တော် ခေါ်ယူရေး တောင်းဆိုဆန္ဒပြမှုကြောင့် ၁၉၉၈ ခုနှစ်မှာ အဖမ်းဆီးခံရပြီး ၅ (ည)၊ ၁၇ (၁)၊ ၁၇ (၂) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၅၂ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဇော်ဟာ ပူတာအိုအကျဉ်းထောင်မှာ ထိပ်ကပ်နာဝေဒနာ ခံစားနေရပြီး ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

prisoners_photos_board_75px.jpgဒါပေမယ့် အာဏာပိုင်တွေက အခုချိန်ထိ ဆေးကုသခွင့် မပေးသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန် နေကြပါတယ်။ ကိုမျိုးမင်းဇော်ရဲ့ အခြေအနေတွေ သိရအောင် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်အေးကို RFA အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။


အင်ဒိုနီးရှားနိုင်ငံအတွင်း NCGUB လှုပ်ရှားမှု ခွင့်မပြု
2009-08-22

အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက NCGUB ခေါ် ပြည်ပရောက် မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ ခွင့်မပြုနိုင်ကြောင်း ပြောဆိုရင်း တဆက်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာလည်း ဝေဖန်ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဂျာကာတာမြို့မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တဲ့ ညွှန့်ပေါင်းအစိုးရ အပါအဝင် မြန်မာအတိုက်အခံတွေရဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မနေ့ကပြောဆိုရာမှာ ဒါဟာ သာမန်ဆွေးနွေးပွဲမဟုတ်ဘဲ ပြည်ပရောက် မြန်မာအစိုးရရဲ့ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်တဲ့အတွက် အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပိတ်ပင်ခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းရေးပြဿနာတွေ ရှိနေတာ မှန်ပေမယ့် စစ်အစိုးရ အုပ်ချုပ်နေတဲ့ အဲဒီနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားတယ်ဆိုတာကို မိမိတို့ မေ့ထားလို့မရကြောင်းနဲ့ အဝေးရောက် မြန်မာအစိုးရကို အင်ဒိုနီးရှားနိုင်ငံပိုင်နက်အတွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ခွင့်ပြုခဲ့မယ်ဆိုရင် မိမိတို့အနေနဲ့ လိမ်လည် လှည့်စားခံရတာ ဖြစ်လိမ့်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနက အရာရှိတဦးက ထုတ်ဖော်ပြောဆိုပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံအနေနဲ့ ညူကလီးယားစွမ်းအင်အစီအစဉ်ကို အရပ်ဖက်မှာ အသုံးပြုဖို့အတွက် လုပ်ဆောင်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံက ထောက်ခံသွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက မနေ့က ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားသိပ္ပံဌာနက ပြုလုပ်တဲ့ အခမ်းအနားတခုမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး Rezlan Ishar Jenie ကအခုလို ပြောလိုက်တာပါ။ မြန်မာနိုင်ငံဟာ ညူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်တဲ့အလျှောက် ငြိမ်းချမ်းတဲ့ကိစ္စတွေမှာ အသုံးပြုဖို့အတွက် ညူကလီးယားစွမ်းအင် ထုပ်လုပ်ခွင့်ရှိတယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပေမယ့် အဲဒီကိစ္စကို မိမိတို့က ညူကလီးယားကိစ္စနဲ့ သီးခြားစဉ်းစားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ညူကလီးယားလက်နက်ထုတ်လုပ်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း၊ ဒါပေမယ့် အရပ်ဖက်သုံး ညူကလီးယားစွမ်းအင် ထုတ်လုပ်မှုကိုတော့ လက်ခံကြောင်းနဲ့ အဓိကတာဝန်ရှိတဲ့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ လုပ်ဆောင်ဖို့ပဲ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ သိပ္ပံပညာရှင်တဦးကတော့ ညူကလီးယား နည်းပညာကို အရပ်ဖက်မှာ အသုံးပြုဖို့ စီစဉ်တာဖြစ်စေ စစ်မက်ရေးရာအတွက် အသုံးပြုဖို့ စီစဉ်တာဖြစ်စေ သိပ်ပြီး ထူးထူးခြားခြား ကွဲပြားမှု မရှိကြောင်း၊ ယူရေနီယမ်သတ္တုကို ပြုပြင်သန့်စင်လိုက်ရင် ညူကလီးယား လက်နက်အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တဲ့အတွက် ညူကလီးယားစွမ်းအင်အသုံးပြုမှုမှန်သမျှကို ထိန်းချုပ်ဖို့ အင်မတန် အရေးကြီးကြောင်း ပြောဆိုသွားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဆရာဝန်နဲ့ တွေ့ခွင့်မပေးသေး
2009-08-22

နေအိမ်အကျယ်ချုပ်အဖြစ် ဆက်လက် ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က မိမိ ဆေးကုသမှု ခံယူနေကျ ဆရာဝန်နဲ့ ကုသခွင့်ရဖို့ အာဏာပိုင်တွေကို ခွင့်တောင်းထားပေမယ့် ခွင့်ပြုချက်မရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

AFP

မြန်မာစစ်အစိုးရ၏ ရုံးတင် တရားစွဲဆိုခြင်း ခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အချက်အလက်များကို အေအက်ဖ်ပီ သတင်းဌာနက စုစည်းဖော်ပြထားပုံ ဖြစ်ပါသည်။ (Photo:AFP)

ဦးဥာဏ်ဝင်း။ ။ကျနော်သိသလောက် သူကျေနပ်တဲ့ ဆရာဝန် သူခေါ်လို့မရသေးဘူး။ အာဏာပိုင်တွေက သူတို့ဘာသာ ဆရာဝန် စီစဉ်နေတယ်၊ အမျိုးသမီးဆရာဝန်ပဲ။ ဒါပေမယ့်လို့ သူက သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး နှစ်ရှည်လများ ကြည့်ရှုလာတဲ့ ဆရာတင်မျိုးဝင်းနဲ့ ကုချင်တယ်၊ ပြချင်တယ်။ သူ့ခြံရဲ့ ကြီးကြပ်နေတဲ့ သတင်းတပ်ဖွဲ့ကို ပြောထားတယ်။ အခုထိ ရတယ်တော့ မကြားသေးဘူး။ ဆရာတင်မျိုးဝင်းလည်း အခုအချိန်အထိ သွားရောက်စစ်ဆေးတယ်ဆိုတာ မကြားသေးဘူး။

အမေရိကန်နိုင်ငံသား ဂ္ဆွန်ယက်ထောကြောင့် ဖြစ်လာရတဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် မပြောင်းရွှေ့ခင် သူမဟာ နေအိမ်မှာ ရေဓာတ်ခမ်းခြောက်တဲ့ ဝေဒနာ ခံစားခဲ့ရပါတယ်၊ အဲဒီအချိန်တုန်းက မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရှုစစ်ဆေးခွင့် မရလိုက်ပဲ အဖမ်းဆီးခံခဲ့ရပါတယ်၊ အဲဒီနောက် အင်းစိန်ထောင်တွင်းမှာ ကြွက်တက်တဲ့ ဝေဒနာကို ဒေါ်အောင်ဆန်းစုကြည် ခံစားရပြီး စစ်အစိုးရက စီစဉ်ပေးတဲ့ ဆရာဝန်တွေနဲ့သာ ကုသခွင့်ရခဲ့ပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ရှေ့နေအဖွဲ့က ဆက်လက် ဆောင်ရွက်သွားမယ့်အကြောင်း အာဏာပိုင်တွေကို အကြောင်းကြားထားတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည် မှာကြားလိုက်တာတွေကိုလည်း ရှေ့နေကြီးဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။နောက်ဆုံး မှာကြားထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လူမှုရေး၊ စီးပွားရေး၊ အမှုအခင်း ကိစ္စအားလုံးကို ရှေ့နေအဖွဲ့ကပဲ သူ့ကိုယ်စား ဆောင်ရွက်ပေးဖို့ သူ တာဝန်ပေးတယ်ဆိုတဲ့အကြောင်း ပြောတယ်။ ဒီလို ပြောတဲ့အကြောင်းကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေကို ဒေါ်စုကိုယ်တိုင် ပြောပြီးပြီလို့ ကျနော်တို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည်က စီအီးစီရယ် မဟုတ်ဘူး၊ အဲန်အယ်ဒီအဖွဲ့ဝင်တွေနဲ့ သူ တွေ့ဖို့ လိုလားတယ်၊ တွေ့ချင်တယ်ဆိုတာကိုတော့ ပြောလိုက်ပါတယ်။

လောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်နေတာကို မြင်တွေ့ခဲ့ရကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်အတွက် လာမယ့် သီတင်းပတ် ဗုဒ္ဓဟူးနေ့လောက်မှာ အယူခံတင်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အယူခံတင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမှာမဟုတ်ဘဲ မူလ ရပ်တည်ချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်မှုတစုံတရာ ကျူးလွန်မှုမရှိကြောင်း ဥပဒေအရ တင်ပြသွားမှာ ဖြစ်တယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက ပြောပါတယ်၊၊


မြောက်ကိုရီးယားအပေါ် အရေးယူမှု မြန်မာလိုက်နာခြင်း ရှိ-မရှိ စောင့်ကြည့်မည်
2009-08-22

မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂက အရေးယူ ပိတ်ဆို့တာကို ပူးပေါင်းပါဝင်ပါမယ်လို့ ခံဝန်ချက် ပေးထားတဲ့ မြန်မာစစ်အစိုးရကို မပြတ် စောင့်ကြည့်နေတယ်လို့ အမေရိကန် ထိပ်တန်းသံတမန်တဦးဖြစ်တဲ့ Philip Goldberg က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ဝဲ) နှင့် မြောက်ကိုရီးယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်မ်ဂျုပ်စစ် (ယာ)တို့ ပြုံယမ်းမြို့တော်၊ ကာကွယ်ရေး ဝန်ကြီးဌာနတွင် ၂ဝဝ၈၊ နိုဝင်ဘာ ၂၂ရက်က တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: RFA)

မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားတို့ဟာ ညူကလီးယားကိစ္စ ပူးပေါင်းဆောင်ရွက်နေတဲ့ အလားအလာ ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာကို ရည်ညွှန်းပြီး အခုလို ပြောကြားလိုက်တာပါ။

မြန်မာစစ်အစိုးရကို လျှို့ဝှက် ညူကလီးယားဓာတ်ပေါင်းဖိုနဲ့ ပလူတိုနီယမ် ထုတ်လုပ်တဲ့စက်ရုံ ဆောက်လုပ်ဖို့နဲ့ လာမယ့်ငါးနှစ်အတွင်း အနုမြူဗုန်း ထုတ်လုပ်ဖို့ မြောက်ကိုရီးယားက ကူညီနေတယ်ဆိုတဲ့ သတင်း လွန်ခဲ့တဲ့ သီတင်းပတ်တွေက ထွက်ပေါ်ခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ချမှတ်တဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါမယ်လို့ ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ကျင်းပတဲ့ ARF အရှေ့တောင်အာရှ နိုင်ငံများအသင်း ဒေသဆိုင်ရာ အစည်းအဝေးမှာ မြန်မာအစိုးရက ပြောကြားခဲ့တဲ့အကြောင်း Mr. Goldberg က ပြောပါတယ်။

မြောက်ကိုရီးယားက မေလ ၂၅ ရက်က မြေအောက်ညူကလီးယား စမ်းသပ်ဖောက်ခွဲအပြီး တဆက်တည်း ဒုံးကျည်တွေ ပစ်လွှတ်တာကို တုန့်ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇူလိုင်လမှာ မြောက်ကိုရီးယားကို တိုးချဲ့အရေးယူတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယားကို လက်နက်ရောင်းချတာကို ပိတ်ပင်ပြီး တားမြစ်ထားတဲ့ ဒုံးကျည်နဲ့ ညူကလီးယား ဆက်စပ်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်သင်္ဘောတွေကို ရှာဖွေခွင့်၊ ညူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်နဲ့ ပတ်သက်တဲ့ ဘဏ္ဏာရေးဆိုင်ရာ ပိတ်ဆို့တားမြစ်ခွင့်တွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်နေတဲ့အတွက် ဒီအရေးယူပိတ်ဆို့ချက်ကို လိုက်နာရမယ့် တာဝန်ရှိတယ်၊ ဒီ လိုက်နာရမယ့် တာဝန်အတိုင်း ဆောင်ရွက်တာရှိ-မရှိ ဆက်လက် စုံစမ်းမယ်လို့လည်း Mr. Goldberg က ပြောကြားပါတယ်။ Mr. Goldberg ဟာ မြောက်ကိုရီးယားပေါ် ကုလသမဂ္ဂက မကြာခင်က အရေးယူ ပိတ်ဆို့လိုက်တာကို အကောင်အထည် ဖော်ရေးဆိုင်ရာ အမေရိကန် ညှိနှိုင်းရေးမှူး အနေနဲ့ အာရှခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။


မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ဂရက် ၆ ကြိမ်မြောက် ညီလာခံ အောင်မြင်စွာ ပြီးဆုံး

8/22/2009

မင်းဆက်ခိုင်(နိရဉ္စရာ) ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် သြဂတ်(စ်)လ ၁၇ ရက်နေ့မှ စတင်ပြုလုပ်ခဲ့သော ကျင်းပပြုလုပ် ခဲ့သော ၆ ကြိမ်မြောက် SYCB (ခေါ်) မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် ညီလာခံမှာ သြဂတ်စ် ၂၁ ရက်နေ့က အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

ညီလာခံသို့ အဖွဲ့ဝင် အဖွဲ့အစည်း ၁၆ ဖွဲ့မှ ကိုယ်စားလှယ် (၄၄) ဦး တက်ရောက်ခဲ့သည်။

ညီလာခံတွင် နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်ချက် အစီရင်ခံစာ၊ ကွန်ဂရက်၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေး အစီရင်ခံစာများကို တင်သွင်းခဲ့ကြပြီး ကွန်ဂရက်၏ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင် ဖြည့်စွက် ချက်များကိုလည်း ဆွေးနွေး အတည်ပြု ခဲ့ကြသည်ဟု သိရသည်။

ညီလာခံတွင် အဓိက ဆွေးနွေး အတည်ပြုချက်များနှင့် ပတ်သက်၍ အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုစောလှထွန်းက ယခုကဲ့သို့ပြောသည်။

“ကျွန်တော်တို့က ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လက်မခံ သလို လာမယ့် ၂၀၁၀ရွေးကောက်ပွဲကို လုံးဝ အသိမှတ် မပြုဘူး။ ဒီတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျောင်းသား လူငယ်တွေ အနေနဲ့ ဆက်လက် လုပ်ဆောင်ဖို့ အတွက် ဆုံဖြတ်ချက်တွေ ချက်မှတ်ခဲ့ပါတယ်။ နောက် ပြီးတော့ နိုင်ငံရေး ပါတီတွေ၊ ကျောင်းသားလူငယ် တပ်ပေါင်းစုတွေနဲ့ ပူပေါင်း လုပ်ဆောင်ဖို့ သဘောထားတွေကို ချမှတ် နိုင်ခဲ့ပါတယ်။”

၎င်းအပြင် ညီလာခံတွင် စစ်အာဏာရှင် တိုက်ဖျက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး အတွက် ကွန်ဂရက် အနေဖြင့် ကျရာ အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် သွားကြရန် တညီတညွှတ်တည်း သံဓိဌာန်ချ ခဲ့ကြသည်ဟု သိရသည်။

သြဂတ်(စ်)လ ၂၁ရက်နေ့ နေ့စွဲဖြင့် ၎င်း၏ (၆)ကြိမ်မြောက်ညီလာခံနှင့် ပတ်သက်၍ ထုတ်ပြန်ချက် တစောင်ကို လည်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ကြေငြာခဲ့သည်။

ညီလာခံတွင် သဘာပတိအဖွဲ့ဝင် (၁၆)ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် (၅)ဦး၊ လုပ်ငန်းကော်မတီများ၊ အလုပ်အဖွဲ့များကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။


တပ်တွင်းရဟန်းခံပွဲအတွက် ငွေသိန်းများစွာ ကောက်ခံ
Sat 22 Aug 2009, အာကာ
ဝါခေါင်လပြည့်နေ့ (၅၊ ၈၊ ၀၉) တွင် ပြုလုပ်ခဲ့သော တပ်တွင်းရဟန်းခံပွဲမှ ကုန်ကျစရိတ်အားလုံးကို ပေးဆပ်ရန်အတွက် ခလရ (၃၁) မှ ငွေသိန်း ပေါင်းများစွာကို ရွာသားများထံ ကောက်ခံလျက်ရှိသည်။

၎င်းတပ်ရင်း အခြေချရာ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ် ခွဲအတွင်းရှိ ကျေးရွာပေါင်း (၁၈) ရွာမှ အိမ်ခြေ (၂၀၀၀) ကျော်အား တစ် အိမ်လျှင် (၃၀၀၀) ကျပ်မှ (၅၀၀၀) ကျပ်အထိ ကောက်ခံခြင်း ဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

“စစ်သားတစ်ရာကျော် ဘုန်းကြီးဝတ်ကြတယ်။ အန္တရာယ်ချေဖို့လို့ ပြော တာပဲ၊ အစက ဘာမှသူတို့မပြောဘူး၊ ပဉ္စင်းတက်ပြီး (၁၀) ရက်ကျော်မှ ရဟန်းခံပွဲက ကုန်ကျစရိတ်အတွက် ငွေကောက်တာ’’ ဟု ခေါဇာမြိ့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းပြင် ခေါဇာမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးမှ ခေါဇာမြို့ ရပ်ကွက်ဥက္ကဌများအား လစာပေးဆောင်ရန်အတွက် အိမ်ခြေ (၇၀၀) ခန့်ရှိ ခေါဇာမြို့မှ တစ်အိမ် လျှင် (၁၀၀၀) ကျပ် ကောက်ခံလျက်ရှိသည်။


ခေါဇာမြို့တွင် ရပ်ကွက် (၂) ရပ်ကွက်ရှိပြီး ရပ်ကွက်ဥက္ကဌ (၂) ဦးအား တစ် လလျှင်လစာငွေ မည်မျှခွဲဝေပေးသည်ကို ရွာသားများ မသိရှိကြပေ။
“တစ်အိမ်တစ်ထောင်ဆို အနည်းဆုံး ငါးသိန်း၊ ခြောက်သိန်းလောက် ရမယ်။ ရပ်ကွက်ဥက္ကဌကို လခပေးဖို့ ပြောတာပဲ၊ ဘယ်လောက်ပေးမလဲ၊ အများဆုံး နှစ်သောင်း သုံးသောင်းပေါ့၊ ကျန်တဲ့ပိုက်ဆံ ဘယ်ရောက် သွားသလဲဆိုတာ စဉ်းစားကြည့်ပေါ့’’ ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယခုလ (၁၅၊ ၁၆၊ ၁၇) ရက်တွင်လည်း ရေး ခေါဇာလမ်းမကြီးကို ပြုပြင် ရန်အတွက် ခေါဇာမြို့နယ်ခွဲမှ အိမ်ခြေ (၁၅၀) ခန့်ရှိ တိုးတက်ရွာသစ်မှ ရွာသားများ တစ်အိမ်တစ်ဦး လုပ်အားပေးကြရသည်။

လုပ်အားပေးအဖြစ် ကျေးရွာနှင့် တစ်မိုင်ခွဲအကွာရှိ ချောင်းမှ ကျောက်တုံး များကို ဆယ်ယူကြရပြီး ၄င်းမှတဆင့် ကားဖြင့် သယ်ယူကြရသည်။ သယ် ယူရန် ကားကိုလည်း ရွာသားများ ငှားရမ်းပေးရသည်။

ခေါဇာမြို့၌လည်း ၄င်းရက်များတွင် အလားတူ လုပ်အားပေးကြရသည်။ ရေးမြို့နယ် ဟံဂံကျေးရွာတွင်မူ ၄င်းလမ်းကို ပြုပြင်ရန်အတွက် တစ်အိမ် လျှင် (၄၀၀၀) ကျပ် ငွေကောက်ခံထားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသူများမှာလည်း မိမိနေ ရပ်သို့ ပြန်လာပါက ဒေသခံရဲများမှ တစ်ဦးလျှင် ငွေကျပ် ၃ သောင်း အတင်းအဓမ္မ ငွေကြေးတောင်းယူမှုနှင့် ရင်ဆိုင်နေကြရသည်။

ရေးမြို့နယ်တောင်ပိုင်း တာဝန်ကျစစ်တပ်များ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၂၀၀၁ ခုနှစ်မှစ၍ မွန်ပြည်သစ်ပါတီ စစ်မှုထမ်းဟောင်း၊ ဆေးတပ်သားနှင့် ရွာသား ၁၅ ဦးခန့် သူပုန်နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲခံရပြီး ကွပ် မျက်ခံခဲ့ရသည်။

ရာပေါင်းများစွာသော ရွာသားများမှာလည်း အဓမ္မငွေကြေးကောက်ခံခြင်း၊ လုပ်အားပေးစေခိုင်းခြင်း၊ တစ်နေကုန်နေပူလှန်းခြင်း၊ ကိုယ်လက်အင်္ဂါ လှီးဖြတ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်း အမျိုးမျိုးကို ခံကြရသည်။


မြဝတ်ီမြို့တွင် မြန်မာစစ်တပ်မှ လုံခြုံရေး ပိုမိုတင်းကြပ်ထား
Sat 22 Aug 2009, မင်းအာသံ၊ ပနွတ်ကျား

မြဝတီ ကော့ကရိတ်ကားလမ်းတစ်လျှေက်တွင် မြန်မာ့အစိုးရတပ်မှ လုံခြုံ ရေးများ ယခင်ကထက် ပိုမိုတင်းကြပ်ထားပြီး DKBA နှင့် KNU တို့ တိုက်ပွဲ ပြန်လည် ဖြစ်ရန်ရှိသည်ဟု DKBA အသိုင်းဝိုင်းနှင့် နီးစပ်သူတို့၏ ပြောပြ ချက်အရ သိရသည်။

ယခုရက်သတ္တပတ်အတွင်းမှ စတင်ပြီး မြန်မာအစိုးရစစ်တပ်များမှ စစ်သား အင်အား တိုးမြှင့်ထားကာ လုံခြုံရေး ပိုမိုတင်းကြပ်ထားပြီး ခရီးသည်များကို ယခင်ကထက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ခရီးသည်များမှာ မြဝတီမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယခင်ကကားပေါ်မှ ဆင်း၍ စစ်ဆေးရန်မလိုအပ်သော်လည်း ယခု ခရီးသည်များ ကားပေါ်မှ ဆင်းပြီး အစစ်ဆေးခံနေရသည်။

ယခုလို လုံခြုံရေးတင်းကြပ်လာရခြင်းမှာ ယခုလ ၁၀ ရက်နေ့က DKBA အချင်းချင်းတိုက်ပွဲဖြစ်ရာမှ တိုက်ပွဲတွင် DKBA စစ်သား နှစ်ဦးက ထွက် ပြေးလာရာ ၄င်းနေ့မှာပင် မြဝတီမြို့မှ ကော့ကရိတ်လမ်းကြောင်းအဆင်း အောက်ဖိုတဲအရောက်မှာ လမ်းရှိ ဂိတ်တွင် စောင့်စစ်ဆေးနေသော မြန်မာ စစ်သား နှစ်ဦးကိုသတ်လိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ၄င်း DKBA တပ်သားနှစ်ဦးကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ လုံခြုံရေးတင်း ကြပ်ထားခြင်းဖြစ်သည်ဟု DKBA နှင့် နီးစပ်သော သူတစ်ဦးမှ သိရပါသည်။

DKBA တို့၏ပစ်ခတ်မှုကြောင့် မြန်မာစစ်သား ၂ ဦး သေဆုံးသည့်ကိစ္စကို အကြောင်းပြုကာ စစ်တပ်တို့က လမ်းတစ်လျှောက်ရှိ ဂိတ်များမှာ လုံခြုံ ရေးတင်းကြပ်ခဲ့သည်ဟု မြဝတီမှ မော်လမြိုင်သို့ ပစ္စည်းသယ် ယူပို့ ဆောင်နေသော ကုန်သည်တစ်ဦးက ပြောသည်။

၎င်း၏ပြောပြချက်အရ “မြန်မာအစိုးတပ်ဘက်က အစောင့်ချထားတာ ကြာပြီးကွာ။ ပြောသံကြား နေတာကတော့ စိန်ခေါ်ပွဲလို့ဆိုတာပဲ။ သူတို့ အချင်းချင်း ပြန်ချဖို့ပဲဖြစ်မယ်” ဟု ပြောသည်။

“အောက်ဖိုတဲမှာ စစ်သားနှစ်ဦးကိုပစ်ပြီး ထွက်ပြေးသွားတဲ့ DKBA စစ် သားနှစ်ဦးကို KNU လက်ထဲ မရောက်သွားအောင် လိုက်ဖမ်းနေတယ်။ နောက်ပြီ KNU ဘက်က ၄င်းတို့၏ တပ်မဟာ(၇) ကို ပြန်လည်သိမ်းချင် တဲ့အတွက် မြန်မာစစ်အစိုးရက ဒီလိုမျိုး မြဝတီသွားတဲ့ လမ်းကြောင်း တစ်လျှောက်မှာ အစောင့်တပ်တွေ များများချထားခြင်းပင်ဖြစ်တယ်” ဟု ၄င်းက ဆက်ပြောသည်။





ရွှေတိဂုံဘုရား အင်္ဂါနံဒေါင့် ဆုတောင်းသူ ၁၄ ဦး အဖမ်းဆီးခံရသည့် စာရင်း လက်ခံရရှိ

မိုးမခ

သြဂုတ် ၂၁၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆုတောင်းဝတ်ပြုကြသူများကို စစ်အာဏာပိုင်တို့က နှောက်ယှက်နေသည့် သတင်းများထွက်ပေါ်နေချိန်အတွင်း ယမန်နေ့က လက်ခံရရှိသော ပေးစာတခုတွင် ရွှေတိဂုံဘုရားအင်္ဂါနံဒေါင့်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆုတောင်းသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူ ၁၄ ဦး ၏ စာရင်းကို ယမန့်နေ့ နေ့စွဲဖြင့် လက်ခံရရှိသည်။
၎င်းတို့ကို ပန်းဝါစစ်ကြောရေးစခန်း အဆောင် ၄ တွင် မနက် ၈ နာရီက ည ၈ နာရီအထိ စစ်ဆေးခဲ့သည်ဟု ရေးသားထားပြီး၊ အမည်စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။

ဦးတိုးအောင်

ဦးသိန်းအောင်

ဦးတိုးကြည်

ဦးမျိုးချစ်

ဦးအေး

ကိုဆန်းဝင်းထွဋ်

ဒေါ်နော်အုံးလှ

ဒေါ်ရှမ်းမ

ဒေါ်ချို

ဒေါ်ခင်ဝင်းကြည်

ဒေါ်စန်းစန်းမြင့်

ဒေါ်ခင်သက်လှိုင် (ကိုထွေးသိန်း ဇနီး)

မောင်နန်းမိုးဝင်း၊ ၄ တန်း ကျောင်းသား၊ (ကိုထွေးသိန်း၊ ဒေါ်ခင်သက်လှိုင် သား)

မောင်ထက်ဝေလျှံကျော်၊ ၂ တန်း ကျောင်းသား (ကိုထွေးသိန်း၊ ဒေါ်ခင်သက်လှိုင် သား)

ထိုစာရင်းနှင့် ပေးစာကို ယခုလက်ရှိတွင် သီးခြားအတည်ပြုချက် မရရှိသေးသော်လည်း၊ ဘုရားဝတ်ပြုဆုတောင်းသူများ ဖမ်းဆီးခံရလေ့ရှိသည့် မြန်မာစစ်အာဏာပိုင်များလက်အောက်က အခြေအနေတရပ်အဖြစ် စာရင်းတခုကို မှတ်သားစရာ တင်ပြလိုက်ပါသည်။

ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းချက်တောင်း

21 August 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းသတ်မှတ်ချက် တွေနဲ့အညီ နေအိမ်မှာ ပြန်နေဖို့ဆိုပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားခဲ့ပေမယ့် တချို့သတ်မှတ်ချက်တွေပေါ် မရှင်းလင်းတဲ့ အတွက် အာဏာပိုင်တွေ ဆီကနေ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းချက် တောင်းခံထားပါတယ်။ အဓိက မရှင်းလင်း တာကတော့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ပြုတာနဲ့ဆိုင်တဲ့ အချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက မေးမြန်း စုံးစမ်းထားပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော က သူ့သဘောနဲ့သူ နေအိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက် လာခဲ့ပြီးတဲ့ နောက် နေအိမ်မှာ အထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်တားမြစ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရပါတယ်။ အဲဒီနောက်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာ ထောက်ထားပြီးတော့ ဆိုပြီး ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ အဲဒီထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ပြန်နေစေဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ကို အိမ်ပြန်ပို့ ခဲ့တာပါ။

ဒီနေရာမှာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုတဲ့အထဲ ကြိုတင်ခွင့်ပြုချက်ရတဲ့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ရှိတယ် ဆိုတဲ့ အချက် ပါပါတယ်။ ဒါပေမယ့်လည်း ခွင့်ပြုချက်ကို တွေ့ချင်တဲ့လူက တောင်းခံရမှာလား၊ ဒေါ်အောင်ဆန်းစုကြည်က တောင်း ခံရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့အတွက် ရှင်းလင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင် တွေဆီကို အကြောင်း ကြားထားတယ်လို့ အကျိုးဆောင်ရှေ့နေတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ သွားတာအပြင်ကို ဧည့်သည်တွေကို ခွင့်ပြုတာတွေကို၊ အဲဒီစာမှာ မရှင်းသေးဘူး။ ဒီဟာကို ရှင်းရှင်းလင်းလင်း ပြောဖို့လုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတယ်လို့လည်း သိရတယ်။"

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီးကာမှ ဦးဉာဏ်ဝင်းတို့ ရှေ့နေအဖွဲ့နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီးပါပြီ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက်ပိုင်းမှာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေကို ပြောပြီးတော့ အာဏာပိုင်တွေကနေ ဦးဉာဏ်ဝင်းတို့ကို လာအကြောင်းကြားခဲ့တာကြောင့် သွားတွေ့ခဲ့ကြတာပါ။ အခု ဒီသီတင်းပတ်ထဲမှာ ပြန်တွေ့ကြမယ်လို့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပေမဲ့ ဒီကနေ့ထိတော့ ဘာမှအကြောင်းမကြားသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

စည်းကမ်းသတ်မှတ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားကြည့်ရှုခွင့်ရှိတယ်၊ တရားဝင်ထုတ်ဝေတဲ့ သတင်းစာတွေ ဖတ်ခွင့် ရှိတယ်လို့ ပါရှိပေမဲ့ ရေဒီယိုနားထောင်ခွင့်နဲ့ ပတ်သက်လို့ ဘာမှဖော်ပြမထားသလို ဒေါ်အောင်ဆန်းစုကြည် ဆီမှာ ရေဒီယို ရှိမရှိလည်း သူ သေချာမသိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် ရုပ်မြင်သံကြားတော့ သူမတွေ့မိပါဘူးလို့ ပြောပါတယ်။

"ဟုတ်တယ်။ မပါဘူး။ ကျနော်လည်း သိပ်တော့မသိဘူးဗျ။ ရှိမရှိ။ တီဗွီလည်း ကျနော် မတွေ့ဘူး။"

သတ်မှတ်ချက်တွေထဲမှာ ဆရာဝန်တို့၊ သူနာပြုတို့နဲ့တွေ့ခွင့်ရှိတာတွေပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေ က ဆရာဝန်တဦးကို လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူတွေ့နေကျ ဆရာဝန် မဟုတ်တဲ့အတွက် လက်မခံခဲ့ပါဘူး။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သူ ကုသနေကျဆရာဝန်နဲ့ပဲ သူ ကုသချင်တယ်လို့ ကျနော်တို့ သိတယ်။"

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်မပို့ခင်မှာ နေအိမ်ခြံဝင်းကိုရှင်းလင်းတာ၊ အင်းလျားကန်ဘက်ခြမ်းမှာ ခြံစည်းရိုး ကာတာတွေ ကို အာဏာပိုင်တွေက လုပ်နေပါတယ်။ လုံခြုံရေးကတော့ အရင်ကာလတွေတုန်းကပဲ တင်းကျပ်ထားပြီး အစောပိုင်းမှာ NLD လူငယ်အဖွဲ့ဝင်နှစ်ဦးကို လုံခြုံရေးအဖြစ် လက်ခံခဲ့သေးပေမဲ့ နောက်ပိုင်းမှာတော့ ဘာအကြောင်း ကြောင့်မှန်း မသိရဘဲ ဆက်ပြီး လက်မခံတော့ဘူးလို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်ပြီး ချမှတ်ခံရတဲ့ထိဖြစ်စေခဲ့တဲ့ အဓိက လက်သည်ဖြစ်သူ အမေရိကန် နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော ကတော့ အခုဆိုရင် သူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပြီး မိသားစုနဲ့အတူ ရှိနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် နောင်တမရပါဘူးလို့ မစ္စတာယက်တောက ပြောဆိုထားသလို လိုအပ်ဦးမယ် ဆိုရင် နောက်ထပ် အကြိမ်ရာ နဲ့ချီပြီး လုပ်ရဦးမယ်ဆိုရင်လည်း အလားတူ လုပ်ဦးမှာပါလို့ ပြောကြောင်း သူ အမေရိကန် ပြည်ထောင်စု ကို ရောက်တဲ့အချိန်မှာ ပြောတာတွေကို သတင်းတွေမှာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအချိန်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။



တောင်ကိုးရီးယားသမ္မတ မြောက်ကိုးရီးယား ကိုယ်စားလှယ်တွေနဲ့ တွေ့မည်

22 August 2009


ကွယ်လွန်သူ တောင်ကိုရီးယား သမ္မတဟောင်း ကင်မ်ဒေးဂျုံကို ဂါရ၀ပြုဖို့ မြို့တော် ဆိုးလ်မှာရောက်နေတဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က သမ္မတ လီမြောင်ဘတ်နဲ့ တွေ့ဆုံခွင့် တောင်းခံထားတာကို တောင်ကိုရီးယား သမ္မတဖြစ်သူ လီမြောင်ဘတ်က သဘောတူလိုက်တယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ တောင်နဲ့မြောက် ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ ၀န်ကြီး Hyun In-taek က ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယား ကိုယ်စားလှယ်တွေက သူတို့ရဲ့ခေါင်းဆောင် ကင်မ်ဂျုံအီး ဆီက သတင်းစကားပါးလိုက်တာ ရှိတယ်လို့ ပြောပြီး တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံခွင့်တောင်းခဲ့တာပါ။ အခုလို တောင်ကိုရီးယား သမ္မတနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခွင့်ရတော့မှာမို့ မြောက်ကိုရီးယား ကိုယ်စားလှယ်က ဒီကနေ့ တောင်ကိုရီးယားကနေ ပြန်လည်ထွက်ခွာဖို့ ကနဦး စီစဉ်ထားတာကနေ နောက်ထပ်တရက် တိုးလိုက်ပါတယ်။

ကင်မ်ဒေးဂျုံ ဈာပန မြောက်ကိုရီးယား ကိုယ်စားလှယ် တက်ရောက်

21 August 2009

ကွယ်လွန်သူ တောင်ကိုရီးယားသမ္မတဟောင်း ကင်မ်ဒေးဂျုံ ရဲ့ မိသားစုကို ၀မ်းနည်းကြောင်း သတင်းစကားပါးဖို့ မြောက် ကိုရီးယားက ပထမဆုံးအကြိမ် အဖြစ်နဲ့ တောင်ကိုရီးယားကို ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်လိုက်ပါတယ်။ တောင် နဲ့ မြောက် ကိုရီးယားတို့ကြား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းခဲ့တဲ့ ကင်မ်ဒေးဂျုံ ရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုရင်း အခုလို လာ ရောက်ကြမှာပါ။ ဒါပေမယ့်လည်း မြောက်ကိုရီးယားက အသက်ဘေး အန္တရာယ်ကြောင့် ထွက်ပြေး လာရသူတွေကတော့ ကွယ်လွန်သူ သမ္မတဟောင်း ထားခဲ့တဲ့ အမွေအနှစ်တွေနဲ့ ပတ်သက်လို့ သိပ်တော့ အကောင်းမြင်တဲ့ သဘောထားတွေ မတွေ့ရတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Kurt Achin ဆိုးလ်မြို့တော်ကနေ သတင်းပေးပို့ ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ ဒီကနေ့ မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ ထူးထူးခြားခြားလို့ ဆိုရမှာပါ။ ကွယ်လွန်သူ သမ္မတဟောင်း ကင်မ်ဒေးဂျုံ ကို နောက်ဆုံးအနေနဲ့ ဂါရ၀ပြုဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် ရဲ့ အမည် ရေးထိုးထားတဲ့ ပန်းစည်း အကြီးကြီးကို သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား အဆင့်မြင့်သံအဖွဲ့ကို တွေ့ရတာပဲ ဖြစ်ပါ တယ်။ အဖွဲ့ဝင် ၆ ယောက်ပါတဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေဟာ ဒီကနေ့ အစောပိုင်းမှာပဲ တောင်ကိုရီးယား ကင်ပို လေဆိပ်ကို ဆိုက်ရောက် လာခဲ့ကြတာပါ။ ဒီအထဲမှာ မြောက်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲနဲ့ အာဏာရ ကွန်မြူနစ်ပါတီ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။ နိုင်ငံတော် ဈာပနနဲ့ သမ္မတဟောင်းကို ဂုဏ်ပြုသဂြုင်္ိဟ်မယ့်နေ့ မတိုင်မီတရက်ဖြစ်တဲ့ စနေနေ့မှာ သူတို့ ပြန်လည် ထွက်ခွာကြမှာပါ။

“မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးလ် က တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ ရဲ့မိသားစုကို ၀မ်းနည်းကြောင်း အမှာစကား မှာကြားလိုက်တယ် ဆိုတဲ့အကြောင်း၊” - မြောက်ကိုရီးယားပိုင် သတင်းဌာနတွေက ကိုရီးယား ဘာသာစကားနဲ့ ကြေညာသွားခဲ့တာပါ။ သမ္မတဟောင်း ကမ်မ် ဟာ အင်္ဂါနေ့တုန်းက အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့တာပါ။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် မြောက်ကိုရီးယားက ပြုန်ရမ်း ထိပ်သီးညီလာခံတရပ်နဲ့ စတင်လိုက်ပြီး သူဟာ မြောက်ကိုရီးယားနဲ့ ပြန်လည်သင့်မြတ်ရေး အတွက် တောင်ကိုရီးယား ရဲ့ မူဝါဒသစ်ကို ချမှတ်ခဲ့တာပါ။ ဒီ ထိပ်သီး ဆွေးနွေးပွဲတွေ နောက်ပိုင်း သမ္မတဟောင်း ကင်မ် ဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့ပေမယ့် ဒီဆွေးနွေးပွဲအတွက် တောင်ကိုရီးယားက မြောက်ကိုရီးယားကို ဒေါ်လာသန်း ၅၀၀ ပေးခဲ့ရတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့တဲ့နောက် ဂုဏ် သိက္ခာ ကျစရာ ဖြစ်ခဲ့ရတာပါ။

အခုနောက်ဆုံး မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားကို ခြေချခဲ့တာဟာဆိုရင် ၂ နှစ်နီးပါးအတွင်း ပထမဆုံး အကြိမ် ဖြစ်သလို တောင်ကိုရီးယား ခေါင်းဆောင် တဦးကို ထူးထူးခြားခြား ဂုဏ်ပြုတာဟာလည်း ပထမဆုံး ဖြစ်ပါတယ်။ တကယ်တော့ တောင်နဲ့မြောက် ကိုရီးယား ၂ ဖက်အကြား စစ်မက်ဖြစ်ပွားမှုတွေ အဆုံးသတ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ ရန်ဖက်တွေ အဖြစ်နဲ့ ရှိနေခဲ့တာပါ။ သမ္မတဟောင်း ကင်မ် ရဲ့ မြောက်ကိုရီးယားအပေါ် အပြုသဘောထားပြီး ဆက်ဆံတဲ့ Sunshine ပေါ်လစီ လို့ ခေါ်တဲ့ မူဝါဒဟာ အဆင်အခြင်မဲ့တဲ့ ပျော့ပြောင်းမှုအဖြစ် မြင်သူတွေလည်း ရှိသလို တချို့ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လျစ်လျူရှု ဆက်ဆံမှုမျိုးအဖြစ်လည်း ရှုမြင်ကြပါတယ်။ မြောက်ကိုရီးယားက ထွက်ပြေးလာပြီး၊ တောင် ကိုရီးယားမှာ ခိုလှုံနေကြသူ ၁ သောင်းခွဲ လောက်ကတော့ ဒုတိယ အမြင်မျိုး ပိုပြီး ရှုမြင်ကြပါတယ်။ သူတို့အဖို့ သူတို့တတွေ နဲ့ သူတို့ရဲ့ မိသားစုတွေ အသက်စွန့်ပြီး ငတ်မွတ်ခေါင်းပါးမှုဘေး၊ အပြစ်ပေး အရေးယူ ခံရမယ့်ဘေးတွေက ထွက်ပြေး တိမ်းရှောင် လာခဲ့ကြရတာပါ။ မကြာသေးခင်ကပဲ တောင်ကိုရီးယားကို ထွက်ပြေးလာသူ တဦးကတော့ သူနဲ့ တခြားလူတွေ အနေနဲ့ သမ္မတဟောင်း ကင်မ် ကွယ်လွန်သွားတဲ့အတွက် ထူးထူးခြားခြား ၀မ်းမနည်းမိဘူးလို့ ဆိုပါတယ်။

“တောင်ကိုရီးယား အနေနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦး၊ သမိုင်းဝင် ပုဂ္ဂိုလ်တဦး ဆုံးရှုံးရတာဖြစ်တယ် ဆိုပေမဲ့ သမ္မတ ဟောင်း ကင်မ် လက်ထက် ချမှတ်ခဲ့တဲ့ မူဝါဒတွေဟာ သိပ်ကို မှားယွင်းတာမို့ ဒါဟာ ရှက်စရာပါ။”လို့ သူက ဆိုခဲ့တာပါ။ တောင်ကိုရီးယားကို ရောက်မလာခင် မြောက်ကိုရီးယားမှာ တက္ကသိုလ် ပါမောက္ခအဖြစ် အမှုထမ်း ခဲ့သူ Kim Heung Gwang ကတော့ -

Sunshine Policy ဆိုတဲ့ နေသာမယ့် မူဝါဒဟာ မြောက်ကိုရီးယားအပေါ် နွေးနွေးထွေးထွေး ဖြစ်လာအောင် အပြောင်းအလဲ တွေ ဖြစ်စေသလားဆိုရင်တော့ အဖြေကတော့၊ မဖြစ်ဘူးလို့ ပြောရမယ့်အကြောင်း သူက ပြောခဲ့တာပါ။

ခန္ဓာကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့တဲ့ ဝေဒနာခံစားနေခဲ့ရတဲ့ သမ္မတဟောင်း ကင်မ်ဒေးဂျုံ ဟာ ဆိုးလ်မြို့တော်မှာ ပြီးခဲ့တဲ့ လကတည်းက ဆေးကုသခံယူနေရာက အင်္ဂါနေ့တုန်းကပဲ နမိုးနီးယား အဆုပ်ရောင်ရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပြီးတော့ သူ့ရဲ့ ဈာပနကိုတော့ နိုင်ငံတော် အခမ်းအနားနဲ့ တနင်္ဂနွေနေ့မှာ သဂြုင်္ိဟ်မှာ ဖြစ်ပါတယ်။



တာလီဘန်ခေါင်းဆောင်သစ် တင်မြှောက်

22 August 2009


ပါကစ္စတန်နိုင်ငံမှာ တာလီဘန်အင်အားစုက ခေါင်းဆောင်သစ်တယောက် ရွေးချယ်တင်မြှောက်လိုက်ပြီလို့ တာလီဘန်စစ်သွေးကြွတွေက ပြောပါတယ်။ တိုင်းရင်းသားဒေသ သုံးခုမှာ တာလီဘန် စစ်ဘက်ရေးရာ အကြီးအကဲ အဖြစ်နဲ့ အသက် ၂၈ နှစ်အရွယ် ကိန်မူလာ မာဆု (Kaimullah Mehsud) က စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။

သူဟာ သူ့အရင်ကခေါင်းဆောင် Baitullah Mehsud လိုပဲ ရက်စက်တတ်တယ်လို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Baithlluah Mehsud ဟာ သူ့တာဝန်တွေ ဆက်ပြီးမထမ်းဆောင်နိုင်လောက်အောင် နာမကျန်း ဖြစ်နေတာကြောင့် အဖွဲ့ဝင် ၄၂ ဦးပါ တာလီဘန်ကောင်စီက ခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်တယ်လို့ တာလီဘန်တပ်မှူး မော်လ်ဗီ ဖာကာ မိုဟာမတ် (Maulvi Faqir Mohammad) က သတင်းမီဒီယာတွေကို စနေနေ့ကပဲ ပြောသွားပါတယ်။

ဒါပေမယ့် ဘာတူလာ မာဆု (Baithlluah Mehsud) ဟာ သြဂုတ်လ အစောပိုင်းက အမေရိကန် မောင်းသူမဲ့လေယာဉ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အမေရိကန်နဲ့ ပါကစ္စတန်အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ပက်ရှဝါ (Peshawar) မြို့မှာ စနေနေ့က ကားဗုံးကွဲမှု ဖြစ်ပွားပြီး လူနှစ်ဦးမက သေဆုံးသွားတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောကြပါတယ်။

သေဆုံးသွားသူတွေဟာ အဲန်ဆာရယ် အစ္စလာမ် (Ansarul Islam) စစ်သွေးကြွအဖွဲ့က အဖွဲ့ဝင်တွေဖြစ်တယ်လို့ ရဲက ပြောပါတယ်။ ဒီအဖွဲ့ဟာ Khyber ဒေသမှာ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပြီး လက်ရှ်ကာ-အီ-အစ္စလာမ် (Lashkar-e-Islam) နဲ့ ဟိုးအရင်ကတည်းက ပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် စစ်အစိုးရ တဖက်သတ် ပြင်ဆင်

22 August 2009
စစ်အစိုးရက ၂၀၁၀ ခုနှစ်မှာကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် စည်းမျဉ်း ဥပဒေတွေ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမဲ့ တချို့ဒေသတွေမှာ သူတို့ဖက်ကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ကရင် ပြည်နယ် ကော့ကရိတ်ဒေသဘက်မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေတောင် ကြိုတင် သတ်မှတ် နေ ကြပြီ လို့ မကြာခင်က အဲဒီဒေသကို သွားရောက်ခဲ့တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဗွီအိုအေကို ပြောပြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ဘက်ကို သွားရောက်ခဲ့တဲ့ NLD လွှတ်တော်အမတ်ကတော့ သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒ နယ်မြေ အမှတ် (၁) ကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဖြစ်ပါတယ်။ သူ ကော့ကရိတ် မြို့ ကို ရောက်တဲ့အခါမှာ ဒေသခံတွေက သူ့ကို ပြောပြခဲ့တာတွေနဲ့ပတ်သက်လို့ သူက အခုလို ပြောပြပါတယ်။

“ဘယ် မဲဆန္ဒနယ်မှာ ဘယ်သူ့ကို ကြိုလျာထားတယ်၊ ဘယ်သူ့ကို ဘယ်လို ဆိုတာတွေ သူတို့လူထုတွေက နံမည်တွေနဲ့ကို ကျနော့်ကို ပြောကြပါတယ်။ ကျနော်ကတော့ တလုံးပဲ အံအားသင့်ပြီး ပြန်ပြောတာရှိတယ်။ ဘယ်မှာလဲ ရွေးကောက်ပွဲ ဥပဒေ၊ အဲဒါတွေ မထွက်ဘဲနဲ့ ကြိုတင် လျာတယ်။ ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားတယ်ဆိုတာ သဘာဝလည်း မကျဘူး။ ဒါမျိုးက တရားမျှတမှု ကင်းမဲ့ရေးကို ဦးတည်သွားနိုင်တယ်လို့ ကျနော် သူတို့ကိုတော့ ရှင်းလင်းပြခဲ့ပါတယ်။ သူတို့ ပြောတဲ့အရ ဆိုရင်တော့ အဲဒီဒေသမှာ တကြိမ်တခါက တာဝန်ပေးအုပ်စိုးသွားတဲ့ အရာရှိဟောင်းကြီးတွေပေါ့၊ ဥပမာ - ကော့ကရိတ်ကို ဘယ်သူ၊ ဖားအံကို ဘယ်သူ၊ လှိုင်းဘွဲ့ကို ဘယ်သူ၊ ကြာအင်းဆိတ်ကြီးကို ဘယ်သူပေါ့ဗျာ။ သူတို့ နံမည်တွေ နဲ့ ပြောပါတယ်။ အရာရှိဟောင်းတွေပေါ့ဗျာ။”

ဒါပေမယ့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံအရ အနိုင်ရခဲ့တဲ့ NLD ပါတီကို စစ်တပ်က အာဏာလွဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာတွေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးကိစ္စမှာ ဒေသခံအများစုက ကန့်ကွက်မဲ ပေးခဲ့ကြ ပေမဲ့ အာဏာပိုင်တွေဘက်က ထောက်ခံမဲ အများစုရခဲ့တဲ့အကြောင်း အဓမ္မ ကြေညာခဲ့တာတွေကြောင့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အလားတူ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရမှာ လူထုအနေနဲ့ စိုးရိမ် ပူပန်နေတဲ့အကြောင်း ပြောပြပါတယ်။

“ကျနော်တို့အဖွဲ့ဝင်တွေရော၊ ဒေသခံပြည်သူတွေရောက သူတို့စိုးရိမ်ချက်တခု ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ ပူပူနွေးနွေး ပြန်ပြောရင် ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲလို သူတို့ဆုံတွေ့ရမယ့်ဟာမျိုး အခြေအနေမျိုးကို မလိုလားဘူး။ ဥပမာ သူတို့ ပြောင်ပဲ ပြောတယ်ဗျာ။ သူတို့မဲပေးတဲ့အချိန်တုန်းက ကန့်ကွက်မဲ ၇၅ % ကျော် ပေးခဲ့တယ်။ အဲဒီ ကန့်ကွက်မဲတွေကို ဒါနဲ့ ပတ်သက် ပြီးတော့ တကယ်ထွက်ပေါ်လာတဲ့ ရလဒ်ကျတော့ သူတို့ အံ့အားသင့်ပြီးတော့ မကျေနပ်မှုတွေ ဖြစ်ခဲ့ရတယ်။ အဲဒါမျိုးတွေကို နောက်လာမယ့်ရွေးကောက်ပွဲတွေမှာ သူတို့ မဖြစ်စေချင်ဘူး။ ၁၉၉၀ ခုနှစ် ရွေးကာက်ပွဲတုန်းကလည်း သူတို့ တောင်ပေါ် ကနေ ဆင်းပြီးတော့ မဲရုံရှိရာကို လာတယ်။ အပင်ပမ်းခံပြီး ရွာစင်ဖြတ်လာကြတယ်။ အမျိုးမျိုးသော အကျပ်အတည်းတွေ ကြားထဲက သူတို့ မဲရုံရောက်အောင်လာတယ်။ ဒါပေမယ့် သူတို့ ပေးလိုက်တဲ့ မဲတွေက အခု အနှစ် ၂၀ ကာလအထိ အချည်းနှီး ဖြစ်နတဲ့ အဖြစ်မျိုးကိုတော့ နောက်ထပ် သူတို့ ဒီအပေါ်မှာ သံသယ၀င်နေတာရှိတယ်။ အဲဒီတော့ သူတို့ ဒေသခံ လူထုအနေနဲ့ ဒီတိုင်းပြည်မှာ ကြုံနေတဲ့ နိုင်ငံရေးပြဿနာကိုတော့ ငြိမ်းငြိမ်းချမ်းချမ်း တရားဥပဒေဘောင်အတွင်းက ဖြေရှင်းတဲ့ဟာကိုတော့ ဒေသခံလူထုက အင်မတန် လိုလားပါတယ်။”

အရင်ကတော့ ဒီဒေသမှာ ပေါ်တာဆွဲ၊ လုပ်အားပေးတွေ အရမ်းများခဲ့ပေမယ့် အခုတော့ နိုင်ငံတကာက သတင်းမီဒီယာ တွေက ဒီကိစ္စတွေကို ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ဆောင်လာတာ၊ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ကို တိုင်ကြားခွင့် ရလာတွေ ကြောင့် ပေါ်တာဆွဲ လုပ်အားပေးခိုင်းစေတာတွေ ဒီဒေသမှာ သိသိသာသာ နည်းလာတယ်လို့ ဆိုပါတယ်။

“ခုကျတော့ သတင်းမီဒီယာတွေရဲ့ သတင်းလွှင့်မှုတွေ၊ အိုင်အယ်လ်အိုရဲ့ ဆောင်ရွက်မှုတွေကြောင့် အခု ကျနော်တို့ဘက်မှာ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းတာတွေ မရှိသလောက် ဖြစ်သွားပြီ။ မရှိတော့ဘူးလို့တောင် ဆိုနိုင်တဲ့အဆင့် ရှိတယ်လို့ မြို့ခံတွေက ပြောကြတယ်။”

ဒီလို ပေါ်တာဆွဲတာတွေ လုပ်အားပေး ခိုင်းစေတာတွေ နည်းလာတာဟာ တနည်းအားဖြင့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မှာ လူထုက စစ်တပ်ကို ထောက်ခံလာအောင် တမင်စည်းရုံးရေး လုပ်ဆောင်တာလား ဆိုတာတော့ အတိအကျ မသိနိုင်ပါ ဘူး။ ဒါပေမယ့် ဒီအပေါ်မှာ ဒေသခံလူထုကတော့ ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။

စစ်အစိုးရက သူတို့ရဲ့ လမ်းပြမြေပုံအစီအစဉ်အရ လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတဲ့အကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားပေမဲ့ ခုချိန်ထိ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ထုတ်ဖော် ကြေညာခြင်း မရှိသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်နေထိုင်နေကြရသောရခိုင်UNHCRဒုက္ခသည်များသည်

S >

Voice of Burma Issue No. 724 August 23, 2009

ပြည်တွင်းသံဃာတပ်ပေါင်းစုတိုးချဲ့ဖွဲ့စည်း



Abma (RGN) Re Founding Announcemant 2009 August

နအဖ ဒေါက်တိုင် ဂျာနယ်စာဆောင်များအား သပိတ်မှောက်ကြ

ရဲဘော်တို့
အောက်ပါ နအဖ အလိုတော်ရိ ဂျာနယ် စာဆောင်များကို သပိတ်မှောက်ကြပါ။

စစ်အာဏာရှင်များ အကြိုက်လိုက်၍ မိမိကိုယ်ကျိုးတခုထဲကိုသာကြည့်သော
စာပေသမား အမည်ခံများ ဦးစီးထုတ်ဝေလျက်ရှိသည့် အောက်ပါ ဂျာနယ်များ...
သတင်းစာများ နှင့် ဦးဆောင်ခိုင်းစေသူ ဗိုလ်မှုးချုပ် ကျော်ဆန်း
ပိုင်ဆိုင်သော ဆိုက်ဘာအင်တာနက် တို့ အား သပိတ်မှောက်လိုက်သည်။

၁။ မြေနီကုန်း ဆိုက်ဘာအင်တာနက် ( ဗိုလ်မှူးချုပ်ကျော်ဆန်း )
၂။ မြန်မာတိုင်း ဂျာနယ် ( ဒေါက်တာတင်ထွန်းဦး )

၃။ ပြည်မြန်မာဂျာနယ် ( ဒေါက်တာတင်ထွန်းဦး)

၎။ သုတစွယ်စုံမဂ္ဂဇင်း ( ဒေါက်တာတင်ထွန်းဦး )
၅။ သတင်းလွှာဂျာနယ် (ဒေါက်တာတင်ထွန်းဦး )
၆။ မဟာဂျာနယ် ( ဦးမြတ်ခိုင် )
၇။ အချစ်ဂျာနယ် (ဦးမြတ်ခိုင် )
၈။ လျှပ်တပြက်ဂျာနယ် ( ဦးမြတ်ခိုင် )
၉။ ကောင်းသတင်းဂျာနယ် ( ဦးမြတ်ခိုင် )
၁၀။ ကြီးပွားရေးမဂ္ဂဇင်း (ဦးမြတ်ခိုင် )
၁၁။ ဂီတဂျာနယ် ( ဦးမြတ်ခိုင် )
၁၂။ ပေါ်ပြူလာဂျာနယ် (ဦးဟိန်းလတ် )
၁၃။ မြန်မာ့အလင်း သတင်းစာ
၁၄။ ကြေးမုံ သတင်းစာ။

ပြည်သူလူထုအနေဖြင့် မိမိတို့ ၏ အထွေထွေ အကျပ်အတည်းများ အတွက် မိမိတို့ 
ကိုယ်တိုင်ပါဝင်ကာ ကိုယ်ကျိုးရှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
အပါအ၀င် ကိုယ်ကျိုးတခုထဲကိုသာကြည့်သော စာပေသမားအမည်ခံ
ကိုယ်ကျိုးရှာစီးပွားရေး သမားများအား ပြင်းထန်စွာ ဆန်
့ကျင်သပိတ်မှောက်ကြပါရန်နှင့် အထက်ပါ စာရင်းများအား ၀ယ်ယူသုံးစွဲမှု
လုံးဝ မပြုကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိတို့နှင့်နီးစပ်ရာကို သတင်းဖြန့်ဝေပေးကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါသည်။


ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး