Saturday, August 29, 2009

Voice of Burma Issue No.725 August 30, 2009

ဖိုင်ရယူရန်

VOB725KK

29August ဒိုင်ယာရီ

MSW File ဖြင့်ရယူရန်


ကိုးကန့် တပ်ဖွဲ့ဝင် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချ
Saturday, 29 August 2009 19:55 ရန်ပိုင်

ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ၇၀၀ကျော်သည် ယနေ့နေ့လယ်ပိုင်းက တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်သွားပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်လိုက်ကြောင်း သိရသည်။

ထိုသို့ လက်နက်ချလိုက်သောကြောင့် တိုက်ပွဲများ ဆုံးခန်းတိုင်လု ဖြစ်သွားသည်ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောဆိုသည်။

“ကိုးကန့်တပ် အင်အား ၇၀၀ လောက် ဒီနေ့နေလယ်က တရုတ်ဘက်ကို ၀င်သွားပြီး၊ တရုတ်အစိုးရဆီမှာ လက်နက်ချလိုက် တယ်၊ တပ်ဖွဲ့ငယ်လေးတွေပဲကျန်တော့တယ်၊ ညီနောင်တပ်ဖွဲ့တွေလည်း ဒီနေ့မနက်လေးနာရီမှာ ဆုတ်သွားပြီ”ဟု ၎င်း က ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသော ငြိမ်းချမ်းရေး ၂၀ မြောက် အခမ်းအနားတွင် စစ်ရေးပြနေ သည့် ကိုးကန့် တပ်ဖွဲ့ဝင်များ
စစ်အစိုးရတပ်က လက်နက်ကြီးများ၊ တင့်ကားများဖြင့် ထိုဒေသအတွင်းသို့ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း လည်း သိရသည်။

“မြန်မာပြည်သူများ မျက်နှာမထောက်ဘဲ ကုလသမဂ္ဂမှာ စစ်အစိုးရဘက်မှ လိုက်ခဲ့တဲ့တရုတ်နိုင်ငံကို စစ်အစိုးရက ဂရု မစိုက် ကြောင်း ပြသလိုက်တာပဲဖြစ်တယ်၊တရုတ်ကတိုက်ပွဲကြီး မဖြစ်ပါစေနဲ့ပြောတယ်၊ စစ်အစိုးရက လက်နက် ကြီးနဲ့ပစ် ပြလိုက် တယ်”ဟု ဦးအောင်ကျော်ဇော ကဆက်ပြောသည်။

ယခု ကိုးကန့်တပ်ဖွဲ့ဝင်များ လက်နက်ချသတင်းနှင့်ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေး ပေ။

ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်အစိုးရ တပ်က ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီး ကျည်များကျရောက်ပြီး တရုတ်လူမျိုးတဦး သေဆုံး၍ ၂ ဦးဒဏ်ရာရှိခဲ့သော်လည်း၊ ယနေ့တွင် လက်နက်ကြီးများနှင့် ဆက်လက်ပစ်ခတ်ခဲ့ သေးကြောင်း သိရသည်။

ယမန်နေ့ ကပင် တိုက်ပွဲများ ဖြစ်ပွားနေသော တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေး ကိုထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာစစ် အစိုးရ ကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြား ထားသည်။

“မြန်မာ့ပြည်တွင်းရေး ဖြစ်သောကြောင့် နိုင်နင်းစွာကိုင်တွယ်ရန်လိုကြောင်း၊ တရုတ်အစိုးရအနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်ရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများအား နိုင်ငံသားအခွင့်အရေးများ နှင့် အကာ အကွယ်ပေးရန် တိုက်တွန်းကြောင်း” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jian Yu ကပြောကြား ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းကမှု“ဗမာစစ်အစိုးရ ဆိုတာ ဘယ်သူမှဂရုမစိုက်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သာအထင်ကြီး တယ်၊ တရုတ်ကိုလည်း ထည့်စဉ်းစားမယ် မထင်ပါဘူး” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကိုးကန့်ဒေသမှ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိလာသည့်အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတပ်စ်ကပြောဆိုသည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလို၍ ကိုးကန့်စစ် ဖန်တီးဟု ဆို
Saturday, 29 August 2009 19:40 အောင်သက်ဝိုင်း
E-mail Print
စစ်အစိုးရသည် ကိုးကန့်ဒေသနှင့် နယ်စပ်ဒေသများတွင် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များနှင့် ပြည်တွင်းစစ် ဖန်တီးတိုက်ခိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်ဟူသော ထင်မြင်ယူဆချက်များ ရန်ကုန်မြို့ နေ ပြည်သူများအကြားတွင် ပျံ့နှံ့နေကြောင်း သိရှိရသည်။

ကိုးကန့်ဒေသတွင် စစ်အစိုးရနှင့် ဦးဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်ငြိမ်းချမ်းရေးတပ်ဖွဲ့များအကြား တင်းမာ မှုများ သတင်းများ ထွက်ပေါ်ချိန်မှစပြီး မြန်မာ ပြည်သူများအကြား ပြည်ပ အခြေစိုက် အသံလွှင့်ဌာန များမှ သတင်းများကို အထူးအာရုံစိုက်နားထောင်လာကြရာ တိုက်ပွဲများ ဖြစ်ပွား သောအခါ ပိုမိုစိတ်ဝင်တစား ဆွေးနွေးပြောဆိုမှုများ ရှိနေခဲ့ကြသည်။

ရန်ကုန်မြို့နေ တက္ကသိုလ် ကျောင်းသား ၅ ဦး၊ အစိုးရ ၀န်ထမ်း ၂ ဦး၊ သတင်းသမား ၅ ဦး၊ ကုမ္ပဏီရုံး ၀န်ထမ်း ၃ ဦး၊ စီးပွားရေးသမား ၅ ဦးနှင့် အငြိမ်းစား တပ်ကြီး ၂ ဦးတို့ကို ကိုးကန့်ဒေသ စစ်ပွဲ နှင့် ပတ်သက်ပြီး အနာဂတ်အခြေအနေကို မေးမြန်းရာ ပြည်တွင်းစစ်ဖြစ်ပွားရေး ဦးတည်နေပြီ ဟု ပြောဆိုကြပြီး စစ်အစိုးရ၏လုပ်ရပ်ကို ထောက်ခံခြင်း၊ မထောက်ခံခြင်း အပိုင်းတွင် သဘောထားကွဲလွဲလျက်ရှိသည်။

စစ်အစိုးရက ပြည်တွင်းစစ်ဖန်တီးကာ မတည်ငြိမ်မှုများဖြစ်ထွန်းစေပြီး ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခြင်း များဖြစ်ပေါ်လာနိုင်ကြောင်း၊ စစ်အုပ်ချုပ်ရေးဖြင့် ဆက်လက်အုပ်ချုပ်ရန် ရည်ရွယ်ချက် ရှိနိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည့်ကိစ္စနှင့် ဆက်စပ်ပြီး စစ်အစိုးရ ဗိုလ်ချုပ်များအတွင်း အာဏာလွန်ဆွဲပွဲများ ရှိနေ ခြင်းကြောင့် ပြည်တွင်းစစ်ဖန်တီးပြီး စစ်အုပ်ချုပ်ရေး တည်တံ့ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းထောက် ၅ ဦး စလုံးက တူညီစွာ သုံးသပ်သည်။

“၂၀၁၀ ရွေးကောက်ပွဲမလုပ်စေချင်တဲ့ စစ်ဗိုလ်ချုပ်တွေကလည်း စစ်တပ်ထိပ်ပိုင်းခေါင်း ဆောင်ပိုင်းမှာကို ရှိနေတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲကို သူ့သဘောနဲ့သူလုပ်တာ။ အရပ်သား တွေနဲ့ အာဏာဝေခြမ်းအုပ်ချုပ်ရမှာကို တခြား ဗိုလ်ချုပ် တွေက မနှစ်မြို့ကြဘူးလို့ လည်း သတင်းတွေထွက်တယ်” ဟု မန္တလေးသား ဂျာနယ် သတင်းထောက် တဦးက ပြောသည်။

ကိုးကန့်ဒေသတိုက်ပွဲများမှတဆင့် ပြည်တွင်းစစ်ဖြစ်ပွားလာပါက စစ်တပ်အတွင်းတွင်လည်း စစ်အာဏာ သိမ်းမှုများ ပေါ်ပေါက်လာနိုင်သည်ဆိုသော ယူဆချက်များလည်း ပေါ်ထွက်လာသည်။

“ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကြည်းတပ်တွေက ဒီလိုတိုက်ပွဲတွေ ဖြစ်အောင် လုပ်တယ်လို့လည်း ကြားတယ်။ ၂၀၁၀ မတိုင်ခင် စစ်တပ်အတွင်းမှာ အာဏာသိမ်းမှုတွေ ဖြစ်နိုင်တယ်” ဟု ရန်ကုန် သတင်းထောက် တဦးက ဆိုသည်။

အစိုးရ၏ ယခုကဲ့သို့ စစ်ရေးအရ ဖြေရှင်းခြင်းကို သဘောမတူကြောင်းနှင့် တိုက်ပွဲများ အဆုံးသတ်ပြီး ဆွေးနွေးညှိုနှိုင်းသင့်ကြောင်းလည်း ရန်ကုန်သတင်းထောက်များက သုံးသပ်နေကြသည်။

မူးယစ်ဆေးဝါး နှင့် လက်နက်ရောင်းဝယ်ခြင်း တရားမ၀င်လုပ်ငန်းများကို လုပ်ကိုင်နိုင်နေသော ကိုးကန့်နှင့် တိုင်းရင်းသားတပ်ဖွဲ့များကို စစ်ရေးအရက တိုက်ခိုက်ခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု လည်း တချို့ပြည်သူများက ထင်မြင်ယူဆသည်။

“ဘယ်အစိုးရပဲတက်တက် မူးယစ်ဆေးဝါး၊ တရားမ၀င် လက်နက်အရောင်းအ၀ယ် လုပ်တဲ့ ဒီ တိုင်းရင်းသား အဖွဲ့တွေက လုံခြုံရေးနဲ့ ဥပဒေ၊ တရားမျှတမှု ထွန်းကားရေးအတွက် အနှောင့်အယှက် ဖြစ်နေဦးမှာ၊ ဒီလို စစ်အရေးအရ တိုက်ခိုက်တာဟာ ဒီအစိုးရမှ မဟုတ်ဘူး၊နောင် တက်မယ့် အရပ်သား အစိုးရကလည်း ဒီလို တိုက်ရမှာပဲ” ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောဆိုသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားတချို့ကမူ ကိုးကန့်တိုက်ပွဲကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ရွှေ့ဆိုင်း နိုင်သည်ဟု မထင်မြင်ကြောင်း၊ ကိုးကန့်နှင့်တိုက်ပွဲများ ဖြစ်ပွားခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကို သေချာပေါက် ကျင်းပ လိုသောကြောင့် ယခုကဲ့သို့ တိုက်ပွဲများဖန်တီးခြင်းဖြစ်ပြီး စစ်အစိုးရ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ငြင်းဆန်နေသော တိုင်းရင်းသားတပ်ဖွဲ့များကို ခြိမ်းခြောက်မှု ဟုဆိုလျှင်လည်း
မမှားနိုင်ကြောင်း ပြောသည်။

“ကိုးကန့်နဲ့စစ်တိုက်ပြီး အခြားတိုင်းရင်းသားတပ်ဖွဲ့တွေကို ခြိမ်းခြောက်တဲ့သဘောပဲ။ သူတို့ လက်အောက်ခံ နယ်ခြားစောင့်တပ်မဖွဲ့ရင် စစ်ရေးအရ တိုက်ခိုက်နှိမ်နင်းခံရမယ် ဆိုတာကို ဥပမာပေးလုပ်ဆောင်တယ်လို့ ယူဆပါတယ်”ဟု ဥပဒေအထူးပြုဒဂုံတက္ကသိုလ် ကျောင်းသားတဦးက ထင်မြင်ချက်ပေးသည်။

ကိုးကန့်တိုက်ပွဲများသည် ရေရှည်တိုက်ခိုက်ပြီး ပြည်တွင်းစစ်ပုံစံဖြစ်လာပါက ရန်ကုန်၊မန္တလေးနှင့် နိုင်ငံ တ၀န်း တွင် စီးပွားရေးလုပ်ကိုင်နေသော ကိုးကန့်နှင့် `၀´ တိုင်းရင်းသားများ၏ ရင်းနှီးမြုပ်နှံမှုများ ပြန်လည် ဆုတ်ခွာသွားနိုင်သဖြင့် စီးပွားရေးလောကတွင်လည်း အပြောင်းအလဲ တချို့ရှိလာနိုင်ကြောင်း ရန်ကုန် စီးပွားရေးသမား တဦးက သုံးသပ်သည်။

“ကိုးကန့်နဲ့ ၀ တွေက ပြည်တွင်းစီးပွားရေးလုပ်ငန်း တော်တော်များများမှာ ရင်းနှီးမြုပ် နှံထားတယ်။ တိုက်ပွဲ တွေကြောင့် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်သွားမယ်။ စီးပွားရေး ဆုတ်ယုတ်မှုတွေဖြစ်နိုင်သလို ပြည်တွင်းစီးပွားရေးသမားတွေအတွက် ရပ်ဆိုင်းသွားတဲ့စီးပွားရေး လုပ်ငန်းတွေနေရာမှာ လုပ်ကိုင်ဖို့ အခွင့် အလမ်းတွေဖြစ်လာ နိုင်တယ်” ဟု ထိုစီးပွားရေးသမားက ပြောသည်။

ကိုးကန့်နှင့်စစ်မက်ဖြစ်ပွားလျက်ရှိသော နေရာသည် တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်သည့် အပြင် နယ်စပ် ဒုက္ခသည်ပြဿနာများကြောင့် မြန်မာအစိုးရကို အစဉ်တစိုက် ထောက်ခံနေသော တရုတ်အစိုးရ၏ မူဝါဒများ
အပြောင်းအလဲဖြစ်ပေါ်နိုင်သည်ဟု ပြောဆိုမှုများလည်း ရှိလာသည်။

“မြန်မာအစိုးရကို ထောက်ခံအားပေးတဲ့ တရုတ်အစိုးရ မူဝါဒ အပြောင်းအလဲဖြစ်နိုင်တယ်။ အဆိုးထဲက အကောင်းထွက်ဆိုသလို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို တရုတ်က ထောက်ခံ အားပေးလာနိုင်ပါတယ်။ အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး တိုင်းရင်းသားတွေနဲ့အတူ ဆွေးနွေးပွဲစကားဝိုင်း ပေါ် ရောက်လာဖို့ တရုတ်က တွန်းအားပေးမှု ဖြစ်လာနိုင်တယ်”ဟု ရန်ကုန် သတင်းထောက်တဦးက ပြောသည်။

ကိုးကန့်ဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး စစ်အစိုးရ သတင်း မီဒီယာများက ယခု အချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးချေ။


မြန်မာစစ်အစိုးရနဲ့ ကိုးကန့် တိုက်ပွဲ တတိယနေ့ အရှိန်လျော့

29 August 2009


တိုင်းရင်းသားလက်နက်ကိုင် ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ တတိယမြောက်နေ့ အဖြစ် ဆက်လက်ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရဖက်က တပ်အင်အားတွေ တိုးပြီး စစ်ရေး အရှိန်မြှင့် လုပ်ဆောင်လာတာနဲ့အမျှ ကိုးကန့်တပ်ဖွဲ့ အများစုကတော့ တရုတ်နိုင်ငံဖက် တိမ်းရှောင်လာနေကြတာမို့ အရင်နေ့တွေ ကလောက်တော့ ရင်ဆိုင်တိုက်ပွဲတွေ မပြင်းထန်လှဘူးလို့ တရုတ်-မြန်မာနယ်စပ် က အခြေအနေတွေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာ စစ်အစိုးရတို့ကြား တင်းမာမှုတွေ ကြီးထွားလာပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၃ ရက် မြောက်တဲ့ နေ့မှာတော့ တိုက်ပွဲတွေ အရှိန်လျော့လာတာပါ။ ဒါပေမယ့်လည်း တပ်အင်အားတွေ တိုးချလာနေတဲ့ မြန်မာစစ်တပ်ဖက်က ကိုးကန့်တပ်ဖွဲ့တွေကို လက်နက်ကြီး၊ ငယ်တွေနဲ့ ဆက်လက် ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်တာမို့ တရုတ်-မြန်မာ နယ်စပ်မှာ သေကျေမှုတွေ ထိခိုက်မှုတွေ ဖြစ်တဲ့အထိ ရှိနေဆဲပါ။ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ တရုတ်-မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က အခုလို ပြောပြပါတယ်။

“ကိုးကန့်ရဲ့ အဓိက တိုက်ခိုက်ရေး အင်အားက တစ်ထောင်ကျော်ပဲရှိတယ်။ ရန်သူက အခု လက်ရှိ ရှိနေတာ ၆ ထောင်ကျော်လောက် ဖြစ်တဲ့အပြင်မှာ တပ်မ ၂ ခု ထပ်လွှတ်နေတယ်။ မြန်မာတပ်က ၃၃ ခေါ်ထားတယ်၊ ရောက်လာပြီ။ ၉၉ လည်း တချို့တ၀က် ရောက်ပြီလို့ ပြောတယ်။ မူလက အဲဒီ တိုက်ပွဲဝင်ထဲမှာကို တပ်ရင်း ၂၈ ရင်း နဲ့ ၃၀ ကြားမှာရှိတာကိုး။ အဲဒါ ရန်သူက တစ်သောင်းလောက် ဖြစ်လာနိုင်တယ်။ အဲဒါ တခုပေါ့နော်။ အဲတော့ ၀န်နဲ့အားနဲ့ မမျှဘူး။ အဲဒီမှာ သူတို့ လက်နက်ကြီးတွေနဲ့ တောင်ပစ် မြောက်ပစ်တွေ အများကြီးဖြစ်တယ်၊ အမြောက်တွေ ဘာတွေနဲ့။ သူတို့ အနာမခံတော့ဘူး၊ သူတို့ ပထမဆုံး ၂၆ ရက်နေ့တုန်းက တော်တော် နာလိုက်တယ်၊ လူနဲ့ဝင်လို့။ အဲတော့ သူတို့က အဲဒါကို မလုပ်ပဲနဲ့ လက်နက်ကြီးတွေနဲ့ တအားပစ်ပြီးမှ သူတို့တိုက်ဖို့ လုပ်တယ်။ အဲဒီမှာ လူထု တော်တော် ထိခိုက်တယ်။

အဲဒီ အခြေအနေ အချက်အလက်အောက်မှာ ဒီ ကိုးကန့်ခေါင်းဆောင် တချို့က ဆုံးဖြတ်လိုက်တာကတော့ ကိုးကန့် အဓိက တပ်ဖွဲ့တွေကို တရုတ်ပြည်ထဲမှာ ၀င်သွားခိုင်းလိုက်တယ်။ အဲတော့ ဒီနေ့ နေ့ခင်းလောက်မှာ စပြီးတော့ ဒီပျောက်ကျားတပ်ဖွဲ့ အချို့က လွဲရင်ပေါ့နော်၊ လူ ၂ ရာ ၃ ရာ လောက် ချန်ထားခဲ့ပြီးတော့ အများစုက တရုတ်ပြည်ထဲ ၀င်သွားကြတယ်ခင်ဗျ။ လက်နက်တွေကိုတော့ သူ ယူထားလိုက်ပြီးတော့ စစ်ပြေးဒုက္ခသည်များအဖြစ် သတ်မှတ်ပြီးတော့၊ လက်ခံထားလိုက်တယ်။ အဓိကက ကိုးကန့်တပ်ဖွဲ့တွေ ဆုတ်တဲ့အတွက်၊ တရုတ်ပြည်ထဲ ဆုတ်ခွာသွားတဲ့အတွက် အခြား ညီနောင် တပ်ဖွဲ့ အသီးသီးလည်း သူ့ဒေသတွေကို ပြန်လည်ဆုတ်ခွာ သွားကြတယ်။”

ဒီလို မြန်မာစစ်တပ်ဖက်က ပြဿနာဖြစ်ပွားနေတဲ့ ဒေသထဲကို စစ်တပ်အင်အားတွေ အပြင် စစ်အစိုးရကို ထောက်ခံတဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေကိုပါ စေလွှတ်နေတာတွေ၊ စစ်တပ်အတွက် လိုအပ်တာတွေ ထောက်ပံ့ဖို့ ယာဉ်တွေကို အဓမ္မ အသုံးပြုနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒီအထဲမှာ ရှမ်းပြည်နယ်ထဲက ဒေသတချို့က ပြည်သူ့စစ်တွေကို ဆင့်ခေါ်တာတွေ၊ မော်တော်ကားတွေကို စစ်တပ်အတွက် ဆင့်ခေါ်တာတွေ ရှိနေတယ်ဆိုပြီး ဒေသခံတွေက ပြောပြတဲ့အကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးစိန်ကြည် က ပြောပါတယ်။

“လားရှိုး၊ သိန္ဒီ၊ ကွတ်ခိုင်၊ ကွမ်လုံ ကားလမ်းတလျှောက်ဆိုရင် ချောတွေ တအားဖမ်းတာပဲတဲ့။ တပ်တွေလည်း ပို့ထားတယ် ပြောတယ်။ တပ်မ ၃၃၊ ၅၅၊ ၉၉ ဒီတပ်မ ၃ ခု သုံးမယ်တဲ့။ အဲဒါ အရေအတွက် အင်အား ဘယ်လောက် အတိအကျ၊ ဘယ်ကိုရောက်နေလဲ ဆိုတာတော့ အသေးစိတ် မသိရသေးဘူးဗျ။ မိုင်းဆတ်၊ မိုင်းတုံကနေ ထိုင်းနယ်စပ်တလျှောက် ဒီ နအဖ ဗမာတပ်တွေကလည်း တအားပြင်ဆင်မှုတွေ လုပ်နေတယ်ပြောတယ်။ ချောကားတွေ တအားဖမ်းတယ်၊ မိုင်းဆတ်မှာ။ ပြည်သူ့စစ် တပ်ဖွဲ့တွေလည်း ဆင့်ခေါ်ထားတာ ရာနဲ့ချီ တဖွဲဖွဲသွားနေကြပြီတဲ့ မိုင်းဆတ်ကို။”

မြန်မာပြည် အမျိုးသား သွေးစည်း ညီညွတ်ရေး တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ နဲ့ မြန်မာ စစ်အစိုးရတို့ကြား သြဂုတ် လဆန်းပိုင်းကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့ရာက အခုနောက်ဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁) အဖြစ် စစ်အစိုးရက သတ်မှတ်ပေးထားတဲ့ သူတို့ အခြေစိုက်ရာ လောက်ကိုင်မြို့မှာ မြန်မာစစ်တပ်တွေ တိုးမြှင့်ချထားလာရာက နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေရှိတဲ့အထိ ဖြစ်ခဲ့တာပါ။ အစောပိုင်းမှာတုန်းကတော့ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဖုန်းကျားရှင် ရဲ့ နေအိမ်ကို မြန်မာလုံခြုံရေး အာဏာပိုင်တွေက ၀င်ရောက် စီးနင်းရှာဖွေမှုတွေလည်း ဖြစ်ပွားခဲ့တာပါ။ ကိုးကန့်အဖွဲ့ကတော့ ဒါတွေဟာ ရှေ့နှစ် ရွေးကောက်ပွဲတွေ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့် တပ်အသွင် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာစစ်အစိုးရက ပြောဆိုခဲ့လို့ လက်မခံခဲ့တာမို့ ဖြစ်လာရတဲ့ ပဋိပက္ခတွေဆိုပြီး ကြေငြာချက်ထုတ်ပြန်ပြောဆိုခဲ့တာပါ။ ဥက္ကဋ္ဌဖြစ်သူ ဖုန်းကျားရှင် ရဲ့ ပြောခွင့်ရသူ သူ့အမည်ဟာ ဦးမောင်ဦး လို့ ရည်ညွှန်းပြီး ဗွီအိုအေ ကို ဒီ ကြေငြာချက်နဲ့ ပတ်သက်လို့ ပြောပြရာမှာတော့ …

“ငြိမ်းချမ်းရေး ယူကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ပြည်သူ့စစ်အဖြစ်သော်လည်းကောင်း၊ နယ်စပ်စောင့် တပ်ဖွဲ့ဝင်များ အဖြစ်သော်လည်းကောင်း၊ အသွင်ပြောင်း လက်ခံလာအောင် အောက်ပါနည်းလမ်းများ အသုံးပြုပြီး ဖိအားပေး နေပါသည်။ စစ်ရေးဖြင့် ခြိမ်းခြောက် တိုက်ခိုက်ခြင်း၊ အဆိုပါ အဖွဲ့များအား ပြိုပျက်အောင် သွေးခွဲခြင်း၊ တဖွဲ့နှင့်တဖွဲ့ သဘောထား ကွဲလွဲအောင် ပြုလုပ်ခြင်း၊ တဖွဲ့ကိုစည်းရုံး တခြားတဖွဲ့ကို ၀င်ရောက်ဖျက်ဆီးခြင်း။”

စစ်အစိုးရနဲ့ ပဋိပက္ခဖြစ်နေတဲ့ ကိုးကန့်အဖွဲ့ဟာ ဆိုရင် ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေး ရယူခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သလို မြန်မာစစ်အစိုးရက ကမကထလုပ် ကျင်းပခဲ့ပြီး အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ အမျိုးသား ညီလာခံကို တက်ရောက်ခဲ့တဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။ အရင်က ပြေပြေလည်လည် ရှိနေခဲ့တဲ့ ဒီ ကိုးကန့်အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတဲ့နောက် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း မြန်မာ စစ်အစိုးရ အနေနဲ့ ပြဿနာတွေဟာ တရုတ်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ဒေသတည်ငြိမ်မှုကို မထိခိုက်ရလေအောင် သေသေချာချာ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်ပြီး မနေ့တုန်းကပဲ သတိပေး ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ဒီကနေ့အထိ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူတဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရာသူတွေလည်း အများအပြား ရှိတဲ့အကြောင်းလည်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ပွဲတွေက ရှောင်ရှားပြီး ထွက်ပြေးကြတဲ့ ဒေသခံတွေ ဟာဆိုရင်လည်း မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နန်ဆန်း ဒေသကို ရောက်လာတာ သြဂုတ်လ ၈ ရက်နေ့ အထိဆိုရင် ၃ သောင်း အထိ ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။


ကိုးကန့်ဒုက္ခသည်အရေး ကုလသမဂ္ဂစိုးရိမ်

29 August 2009


မြန်မာနိုင်ငံ ကိုးကန့်နယ်က ဒုက္ခသည်တွေ တရုတ်နိုင်ငံဘက် ခိုလုံနေတယ်ဆိုတဲ့ သတင်းကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။ စစ်အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား ဖြစ်နေတဲ့တင်းမာမှုတွေ၊ တိုက်ပွဲတွေကြောင့် ဒေသခံတွေ တရုတ်ဘက်ကို ထွက်ပြေးနေကြရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မနေ့ကပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ မစ်ရှဲလ် မွန်းတက်စ် က အခုလို ပြောကြားသွားပါတယ်။

“မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်က ဒုက္ခသည်ပေါင်း တစ်သောင်းကနေ သုံးသောင်းအထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ပြေးဝင်ခိုလုံတယ်ဆိုတဲ့ သတင်းကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက စိုးရိမ်မကင်း ဖြစ်ကြောင်း ဖော်ထုတ်ပြောကြားလိုက်ပါတယ်။ ဒီဒုက္ခသည်တွေ အတွက် ဘာတွေ လိုအပ်နေသလဲဆိုတာ UNHCR က အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေပါတယ်။ မြန်မာနိုင်ငံဘက်က သုံးသောင်းအထိ ရှိတဲ့လူတွေ စစ်အစိုးရနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေကို တိန်းရှောင်ရင်း တရုတ်နိုင်ငံဘက်က နေရာတချို့ဆီကို သြဂုတ်လ ၈ ရက်နေ့ကစပြီး ၀င်ရောက် လာနေကြတာ ဖြစ်ပါတယ်။ ယူနန် အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်တွေအတွက် နေစရာ စားစရာနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။ ဒီလို ကူညီထောက်ပံ့နိုင်ရေးအတွက် ဒေသအာဏာပိုင်တွေကို ကူညီဖို့ UNHCR ကလည်း အသင့်ရှိနေပါတယ်။”

ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မစ်ရှဲလ်မွန်းတက်စ် ပြောသွားတာပါ။



မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး ပျက်ပြီ
Friday, 28 August 2009 17:05 ဧရာဝတီ
E-mail Print
လွန်ခဲ့သည့် လအနည်းငယ် အတွင်းမှစ၍ တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာစစ်အစိုးရအကြား တင်းမာမှုများ တိုးများလာ ခဲ့သည်။

မြန်မာပြည် မြောက်ပိုင်း ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် ယမန်နေ့ မနက်ပိုင်းကတည်းက စစ်အစိုးရ တပ်များနှင့် မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု(ကိုးကန့်) ခေါ် (MNDAA) ကိုးကန့်တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးအဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်။

ပြီးခဲ့သည့်တနင်္လာနေ့တွင် စစ်အစိုးရတပ်များက ယင်း လောက်ကိုင်ဒေသရှိ MNDAA ကိုးကန့်တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးအဖွဲ့၏ နယ်မြေအတွင်းသို့ ၀င်ရောက်လာချိန်မှစ၍ ဤသို့ စစ်ရေး တင်းမာလာပြီး ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလာ ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရတပ်ဖွဲ့များက ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်၏ နေအိမ်ဝင်းအတွင်း ၀င်ရောက်၍ မူးယစ်ဆေးဝါး ရှာဖွေကြ သည့်အခါ ၎င်းမှာ နောက်လိုက်နောက်ပါတချို့နှင့်အတူ ဖမ်းဆီးခံရခြင်းမှ ရှောင်တိမ်းလွတ်မြောက်သွားသည်။

ဖုန်ကြားရှင်သည် ၁၉၈၉ ခုနှစ်မှစ၍ မြန်မာစစ်အစိုးရနှင့် MNDAA အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ် ရေးထိုးထားခဲ့သူလည်း ဖြစ်သည်။

နောက်ဆုံးအခြေအနေအရ ကိုးကန့် MNDAA နှင့် မဟာမိတ်ပြုလုပ်ထားသော အဖွဲ့များလည်း ယခုစစ်ရေး တင်းမာမှုတွင် ပါဝင်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ကိုးကန့် MNDAA အဖွဲ့ အပါအဝင် နအဖ စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသော ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားအဖွဲ့ စသည့် အဖွဲ့ ၄ ဖွဲ့က မဟာမိတ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဤသို့တင်းမာမှုများ ဖြစ်လာစေသည့် အဓိကအကြောင်းအရင်းမှာ မြန်မာစစ်အစိုးရက အပစ်အခတ်ရပ်စဲရေးအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို ၎င်း၏ထိန်းချုပ်မှုအောက်၌ နယ်ခြားစောင့်တပ်ရင်းများအဖြစ် အသွင်ပြောင်းရန် အတင်းအကျပ် တောင်းဆိုရာမှ စတင်လာခဲ့ခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအဖွဲ့များကလည်း ဤတောင်းဆိုချက်ကို လိုက်လျောရန် တစိုက်မတ်မတ် ငြင်းဆန်ခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဧပြီလမှစ၍ စစ်အစိုးရက အပစ်အခတ်ရပ်စဲရေးအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ဖိအားပေးလာခဲ့သည်။
ဤအစီအစဉ်သစ်အရ နယ်ခြားစောင့်တပ် တစ်တပ်တွင် အရာရှိ အဆင့် ၁၈ ဦး အပါအ၀င် စုစုပေါင်း အင်အား (၃၂၆) ဦး ပါဝင်ရန်သတ်မှတ်ထားသည်။ အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများနှင့်ရုံးတာဝန် များတွင် မြန်မာစစ်တပ်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့် တပ်များသည် လက်ရှိ ထိန်းချုပ်ထားသော နယ်မြေအတွင်း၌သာ တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး မြန်မာစစ်တပ်နှင့်တပြေးညီလစာ ခံစားခွင့် ရရှိကြမည် ဖြစ်သည်။

အင်အားကောင်းသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် တရုတ်-မြန်မာနယ်စပ်တွင် အခြေစိုက်သော ကချင်၊ ၀နှင့် ကိုးကန့်တပ်များက ၎င်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကို ငြင်းဆန်ခဲ့ကြသည်။ သို့သော်လည်း အင်အားနည်းသည့်၊ သေးငယ်သည့် အဖွဲ့များကို စစ်အစိုးရက ပထမဦးစွာ စစ်ရေးအရ ဖိအားပေးသည်ကို ယခု လတ် တလော ဖြစ်ပွားနေသည့် တိုက်ပွဲများက သက်သေခံနေသည်။

ဝေဖန်ကြသူများက ခန့်မှန်းပြောဆိုကြရာတွင် စစ်အစိုးရက နောက်ပစ်မှတ်အဖြစ် ၀ အဖွဲ့ကို ရည်ရွယ်ထားသည်ဟု ဆိုကြ သည်။ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က စစ်အစိုးရ အဆိုပြုချက်ကို ငြင်းဆန်ခဲ့သောကြောင့် တင်းမာမှုများ ဖြစ်လာရပြီး သေနတ်ပြန်ပေါက်လာမည့် အရေးကို တွက်ဆပြောဆိုထားကြသည်။

မြန်မာနိုင်ငံ တောင်ပိုင်းတွင်မူ စစ်အစိုးရက ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ချေမှုန်းနိုင်ရန်အတွက် သွေးခွဲအုပ် ချုပ်သည့်မူကို ကျင့်သုံးလျက် ရှိသည်။ အချင်းချင်း သဘောထားကွဲလွဲနေမှုနှင့် ကရင်အဖွဲ့များအကြားရှိ ပဋိပက္ခကို အသုံးချ၍ တချိန်ကအင်အားတောင့်တင်းခဲ့သော ကရင်တပ်ဖွဲ့များကို အထူးချိနဲ့စေခဲ့သည်။

မြောက်ပိုင်းဒေသကို ပြန်ကြည့်လျှင် တချိန်က ဤအဖွဲ့ခေါင်းဆောင်များက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် လိုလားကြောင်း ဆန္ဒ ဖော်ပြခဲ့ကြသော်လည်း စစ်အစိုးရ၏ အမျိုးသားညီလာခံသို့လည်း ကိုယ်စားလှယ်များ စေလွှတ် ဆွေးနွေးခဲ့ကြ ဖူးသည်။ သူတို့က စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှုများလုပ်ရန် နောက်ပိုင်းတွင် တင်ပြခဲ့ကြသော်လည်း စစ်အစိုးရက ဤအဆိုပြုချက်များကို ပယ်ချခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များမှာလည်း မြန်မာစစ်အာဏာရှင်များ ကဲ့သို့ပင် ပဒေသရာဇ် ဆန်ဆန် စစ်ဘုရင်များဖြစ်နေကြသည်။ သူတို့က ဒီမိုကရေစီကိုလည်း သိပ်အရေးစိုက်လှသည် မဟုတ်ပါ။ ပို၍ဆိုးသည်မှာ ၀နှင့် ကိုးကန့်အဖွဲ့ခေါင်းဆောင်များက မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေကြသည်ဟု ကျော်စောနေခြင်းပင် ဖြစ်သည်။

အမေရိကန်အစိုးရက ဤအဖွဲ့များ၏ ခေါင်းဆောင်အများအပြားကို အလိုရှိနေသည့်ဖမ်းဆီးရမည့်သူများ နာမည်ပျက် စာရင်းတွင် ထည့်သွင်းထားခဲ့သည်။ ၂၀၀၅ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု တရားရေးဌာနက ၀ အဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း အပါအ၀င် ခေါင်းဆောင် ၈ ဦးကို အလိုရှိသူ တရားခံပြေးများစာရင်းတွင် ထည့်သွင်း ကြေညာထားသည်။

မြန်မာစစ်အစိုးရနှင့် ပြန်လည်ချဉ်းကပ်ဆက်ဆံရေးအတွက် တိုက်တွန်းပြောဆိုနေသူ အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် လွန်ခဲ့သည့် သြဂုတ်လလယ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ချိန်မှစ၍ ၀နှင့် ကိုးကန့် တိုင်း ရင်းသား အဖွဲ့များအပေါ် ရန်လိုသည့် အပြုအမူ သဘောထားများ ပို၍ ပြလာခဲ့သည်။ ထိုးစစ်များကိုပင် စ၍ပြင်ဆင်လာခဲ့ သည်။

မူးယစ်ဆေးကိစ္စဖြင့် နာမည်ကြီးနေသည့် မူးယစ်ရာဇာများကိုသာ တိုက်ခိုက်ပါက အမေရိကန်ပြည်ထောင်စုမှ မျက်နှာသာ နာမည်ကောင်းမရလျှင်သော်မှ အနည်းဆုံး စာနာနားလည်မှုပေးလိမ့်မည်ဟု စစ်အစိုးရက ယူဆထားပုံရသည်။ ရယ်ဖွယ် ကောင်းသည်မှာ တချိန်ကမြောက်ပိုင်းရှိ ဘိန်းကုန်ကူးရောင်းဝယ်မှု ကိစ္စများကို မျက်စိမှိတ်၍ မသိကျိုးကျွံပြုထားခဲ့သူ မှာ လည်း ဤစစ်အစိုးရသာ ဖြစ်သည်။ သူတို့က ကိုးကန့်နှင့် ၀ခေါင်းဆောင်များကိုပင် တချိန်က ဘိန်းလုပ်ငန်းမှရရှိသည့် ငွေများဖြင့် စီးပွားရေးလုပ်ငန်းများ ထူထောင်ခွင့် ပြုထားခဲ့သေးသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖွဲ့စည်းမှုတွင် တိုင်းရင်းသားလူမျိုးများ၏ အခန်းနေရာကိစ္စကို ဖြေရှင်းရန်မှာ အရေးကြီးလှသည့် ပြဿာနာဖြစ်သလို၊ ရေရှည်ခံမည့် နိုင်ငံရေးအာမခံချက်များလည်း လိုအပ်သည်။ လက်ရှိအချိန်တွင်မူ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန်မှာ အရေးကြီးလှသော်လည်း၊ မကြာသေးမီက စစ်အစိုးရက ကိုးကန့်နှင့် နယ်စပ် တလျှောက်ရှိ အခြားသော တိုင်းရင်းသားအုပ်စုများအပေါ် ပြုမူဆက်ဆံခဲ့ပုံမှာ မယုံကြည်မှု သံသယများနှင့် တင်းမာမှုများ ကိုသာ တိုး၍ ဖြစ်ပေါ်စေပါတော့သည်။

ဧရာဝတီမဂ္ဂဇင်း၏ အွန်လိုင်း အယ်ဒီတာ့အာဘော် Tension in the North ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ကိုးကန့်ဒေသတိုက်ပွဲ တရုတ်ဘက်မှ တဦး သေဆုံး
ဓာတ်ပုံသတင်း
သြဂုတ် ၂၉၊ ၂၀၀၉မြန်မာပြည် ကိုးကန့် ဒေသမှ ထွက်ပြေးလာသော အရပ်သားတချို့ကို တရုတ်နိုင်ငံဘက်တွင် ယနေ့ တွေ့ရသည့် မြင်ကွင်း။ မြန်မာ့တပ်မတော် နှင့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အကြား ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာသူပေါင်း သုံးသောင်းအထိ ရှိသည်ဟု ကုလသမဂ္ဂသို့ ရောက်လာသည့် စာရင်းများက ဆိုသည်။ တရုတ်နိုင်ငံအတွင်း ဗုံးတလုံး ကျရောက် ပေါက်ကွဲသဖြင့် ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု သိရသည်။ တရုတ်နိုင်ငံက လာမည့် ၄ ပတ်အကြာတွင် ကျရောက်မည့် တော်လှန်ရေး အနှစ် ၆၀ ပြည့် အခမ်းအနားအတွက် အကြီးအကျယ် ပြင်ဆင်လျက်ရှိသည်။ ဤတိုက်ခိုက်မှုများက အခမ်းအနားကာလအတွင်း တည်ငြိမ်မှုကို လိုလားသည့် တရုတ်အစိုးရကို ထိခိုက်စေနိုင်သည်ဟု တရုတ်ပြည်မှ လာသည့် သတင်းများက ဆိုသည်။ တိုက်ခိုက်မှု ကာလအတွင်း လူနာ ၂၅ ဦး ရောက်လာကြောင်း၊ အများစုမှာ ကိုးကန့် တိုင်းရင်းသားများဖြစ်ကြောင်း Zhenkang အရပ်ရှိ ဆေးရုံမှ ဆရာဝန်တဦးက AP သတင်ဌာနကို ပြောသည်။

စစ်အုပ်စု၏ အဖမ်းအဆီးများနှင့် ပြန်လွှတ်ပေးသူများ စာရင်းရရှိသမျှ

မိုးမခအထောက်တော် ၀၀၄

သြဂုတ် ၂၉၊ ၂၀၀၉

သြဂုတ်လ ၁၆ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်မှာ ဒေါ်စုလွတ်မြောက်ရေးစာတမ်းများ ဖြန့်ချိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ မမာမာအေးကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၆ က ကျောက်မြောင်းအင်တာနက်ဆိုင်မှာ ဖမ်းဆီးခံရသူ ကိုနိုင်ငံလင်း ဆိုသူကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ၎င်းသည် အင်န်အယ်ဒီရုံးချုပ်မှာ အင်္ဂလိပ်စာ ပြနေသူတဦး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ က နေအိမ်တွင် ဖမ်းဆီးခံရသူ ကိုမင်းသိန်းကိုလည်း ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ နိုင်ငံခြားရေးရာ ၀န်ထမ်းများနဲ့ အင်န်အယ်ဒီလူကြီးများတွေ့ဆုံနေချိန်မှာ နိုင်ငံရေးဖိနှိပ်မှုတွေကို စစ်အုပ်စုက ဆက်လက်ဆောင်ရွက်နေဆဲပဲလို့ သတင်းပို့သူက မှတ်ချက်ပေးပါတယ်။

ရေလယ်မှာ ဆီသယ်ကြသူများ
ဝင်းမြတ်၊ ရန်ကုန်
သြဂုတ် ၂၉၊ ၂၀၀၉

ရန်ကုန်မြစ်အတွင်း သင်္ဘောကြီး ကျောက်ချ ရပ်နားရာ နေရာ အလုံကျောက်ချစခန်း။

အလုံဆိပ်ကမ်းမှာ စားအုန်းဆီတွေ ချခဲ့ပြီး ပင်လယ်ပြင်ကို ပြန်လည်ထွက်ခွာမယ့် စားအုန်းဆီတင် သင်္ဘောကြီး တစ်စင်းက ရေတက်ချိန်ကိုစောင့်ဆိုင်းဖို့ ကျောက်ချ ရပ်နားမယ့်နေရာကို တစ်ဖြည်းဖြည်းနဲ့ နောက်ပြန် မောင်းလာတယ်။

ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော နိုင်ငံခြား သင်္ဘောတစီး

သင်္ဘောကြီးကို လိုအပ်ရင် ကူတွန်းပေးဖို့ တွန်းသင်္ဘောတစ်စင်းနဲ့ ရေလမ်းကြောင်းရှင်းဖို့ သင်္ဘောငယ်တစ်စီး နဲ့အတူ အခြား သင်္ဘောငယ်လေးတွေကလည်း သင်္ဘောကြီးရဲ့ ဘေးမှာ ၀ိုင်းနေကြတယ်။

အလုံကျောက်လိုင်းမှာ သင်္ဘောကြီး ကျောက်ချလိုက်ပြီဆိုတာနဲ့ သင်္ဘောငယ်ပေါ်ကို ထန်းလျက်ခဲကို ပုရွက်ဆိပ် အုံသလို လူတွေ တစ်ပြုံတစ်မကြီး တက်ပါတော့တယ်။ သူတို့လက်ထဲမှာတော့ ၁၅ ဂါလံဝင် ပလတ်စတစ်ပုံး ကိုယ်စီ ပါကြပါတယ်။

သည်လို အခြေအနေမျိုးမှာ ကိုထိုက်တို့လို စားအုန်းဆီ သင်္ဘောကို ကန်ထရိုက် ဆွဲထားတဲ့ ဆီပွဲစားတွေကလည်း သင်္ဘောကြီးပေါ်မှာ ယောက်ယက် ခပ်နေကြတာပေါ့။

သင်္ဘောပေါ်မှာပါရှိတဲ့ သင်္ဘောအရာရှိရဲ့ ခွင့်ပြုချက်ရပြီဆိုတာနဲ့ ဆီလှောင်ကန်ကိုဖွင့်ပြီး ကန်အောက်ခြေကို ဆင်းကြပါတော့တယ်။

သင်္ဘောဆီလှောင်ကန်က အနည်းဆုံး ၁၅ ပေလောက် အနက် ရှိလေတော့ ခြေချော်လက်ချော် ပြုတ်ကျရင် အသက်ကိုပါ အန္တရာယ်ရှိတဲ့ အနေအထားပါပဲ။ သင်္ဘောဝမ်းထဲမှာ ကျန်နေသေးတဲ့ ဆီတွေကို ပါလာတဲ့ ပုံးထဲကို ခပ်ထည့်၊ သင်္ဘော ကုန်းပတ်ပေါ် မှာကျန်နေတဲ့လူက ကြိုးနဲ့ဆွဲတင်၊ ဘေးနားက သင်္ဘောလေးပေါ်ကို ကြိုးနဲ့ပဲ ပြန်ချပေးရတယ်။

`ဆီကန်ဆိုတော့ ချောနေတာပေါ့။ သေသေချာချာ သတိထားပြီး ဆင်းရတယ်။ ကန်ထဲမှာ ခြေမျက်စိ မြုပ်လောက် အောင်တော့ ဆီတွေက ကျန်နေသေးတယ်။ ပထမ တော့ ခွက်ကြီးကြီးနဲ့ ခပ်ထည့်။ နောက်ဆုံးမှာ ဆပ်ပြာခွက်နဲ့ပါ ခပ်ထုတ်ရတယ်´ လို့ ကိုထိုက်ပြောတယ်။

ကန်အောက်ခြေက ဆီတွေ ဖြစ်တာကြောင့် အနည်အနှစ်တွေ သင်္ဘောဝမ်းသံပြားက အညှိတွေပါ ရောနှောနေတယ်။ အောက်ခြေကို ဆင်းပြီး ခပ်တဲ့သူတွေကလည်း အလုပ်သမားတွေ ဖြစ်တာကြောင့် တစ်ခါတစ်ရံ ခြေထောက်မှာ ရွှံ့ဗွက်တွေ စက်ဆီတွေ ပေနေတဲ့ သူတွေလည်းပါပါတယ်။

ဘယ်လိုပဲ ညစ်ပတ်နေပါစေ အဓိကကျတာ စားအုန်းဆီလို့ အမည် တပ်လို့ရတဲ့ ဆီတွေကို ရနိုင်သလောက် များများ ခပ်ယူနိုင်ဖို့ပဲ လိုတယ်လို့ သည်အလုပ်သမားတွေနဲ့ ဆီပွဲစားတွေက လက်ခံထားကြပါတယ်။

တစ်ခါတစ်ရံမှာ စားအုန်းဆီပေပါ အလုံး နှစ်ဆယ် အစိတ်လောက် အထိ ရတတ်တယ်လို့ ဆိပ်ကမ်း အလုပ်သမား တစ်ဦးဖြစ်သူ ကိုနိုင်ကြီးက ပြောပါတယ်။

`သင်္ဘောပေါ်မှာပါတဲ့ ကန်တွေကို အကုန်ခပ်ခွင့် ပေးရင်တော့ တော်တော်များများ ရတယ်။ တစ်ခါတုန်းက ပေပါ အစိတ်လောက် အထိရဖူးတယ်´ လို့ ကိုနိုင်ကြီးက ပြောပါတယ်။

ရန်ကုန်မြို့ရှိ ဈေးတဈေးတွင် စားအုန်းဆီ ပီပါမှ ဆီကို ငှဲ့ထုတ်နေသူတဦး။

စားအုန်းဆီဈေးမှာ မြေပဲဆီဈေးထက် တပိသာလျင် ကျပ် ၁ထောင်ဝန်းကျင် ဈေးချိုသည့် အတွက် အများစုမှာ စားအုန်းဆီကို သုံးပြီးချက်ပြုတ်ရောင်းချကြသည်။

တစ်ပေပါကို ဂါလံ ငါးဆယ် ဆံ့ပါတယ်။ တစ်ခါတစ်ရံ စားအုန်းဆီထည့်ဖို့ ပုံး မလောက်တော့တဲ့အခါ သင်္ဘောမှာ ပါတဲ့ ဒီဇယ်ဆီပုန်းကို ရေဆေးပြီး စားအုန်းဆီ ထည့်ကြတယ်ရပါတယ်။

သည်လိုပြုလုပ်နိုင်ဖို့ ငံပြာရည်နဲ့ ဆပ်ပြာမှုန့်တွေကို အရံသင့် ဆောင်ထားရတယ်ပါတယ်။ ဒီဇယ်ဆီပုံးထဲကို ငံပြာရည်နဲ့ ဆပ်ပြာမှုန့် ရောထည့်ပြီး ပုံးကို ဆေးရပါတယ်။ ပြီးရင် ရေနဲ့ ဆပ်ပြာမှုန့်နဲ့ တစ်ခေါက် ထပ်ပြီး ဆေးရတယ်။ အဲသည့် အချိန်မှာ ပေါပေါလောလော အမြန်ဆုံး ရနိုင်တဲ့ ရေကတော့ မြစ်ထဲကရေပါပဲ။

မြန်မာနိုင်ငံကို စားအုန်းဆီ တင်သင်္ဘောကြီးတွေဟာ ပုံမှန်အားဖြင့် တန်ချိန် နှစ်ထောင့်ငါးရာ ၀န်းကျင် တင်ဆောင်လာ တတ်ကြတဲ့ ထိုင်းနိုင်ငံက သင်္ဘောတွေ ဖြစ်ပါတယ်။

အလုံဆိပ်ကမ်းပေါ်မှာရှိတဲ့ စားအုန်းဆီ ကန်တွေထဲကို ပန့်တွေနဲ့ မောင်းတင်ကြတယ်။ သင်္ဘောပေါ်မှာ ပါရှိတဲ့ ဆီကန်ထဲက ဆီတွေကို ဆီပန့်တွေက အကုန်မစုပ်ယူ နိုင်ကြဘူး။ ဒါကြောင့် ဆိပ်ကမ်းမှာ စားအုန်းဆီတွေကို ချပြီး တဲ့အခါ သင်္ဘောမှာပါရှိတဲ့ ဆီကန်ရဲ့အောက်ခြေမှာ ဆီတွေ ကျန်နေပါသေးတယ်။

ဒါတွေကို ကိုထိုက်တို့လို စားအုန်းဆီ ပွဲစားတွေနဲ့ သင်္ဘော ၀န်ထမ်းတွေက သင်္ဘောကြီး ကျောက်ချရပ်နားတဲ့အခါမှာ သင်္ဘောကြီးပေါ်ကို တက်ပြီး ခပ်ယူလေ့ရှိကြတယ်။ သည်လို သင်္ဘောကြီးပေါ်ကို တက်ရောက် ဆီခပ်နိုင်ဖို့ သင်္ဘောပေါ်မှာ ပါရှိတဲ့ သင်္ဘောအရာရှိတွေ သင်္ဘောသားတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းထားရတယ်။

ရန်ကုန်ဆိပ်ကမ်းကို စားအုန်းဆီသင်္ဘောတွေ ဘယ်အချိန်ဝင်မယ် ထွက်မယ်ဆိုတာကို ကိုထိုက်တို့က နားစွင့်ထားကြတယ်။ သင်္ဘောဝင်လာပြီး ဆိပ်ကမ်းကပ်ပြီ ဆိုတာနဲ့ သင်္ဘောအတွက် လိုအပ်တဲ့ အစားအသောက် အသီးအနှံတွေကို ၀ယ်ယူပြီး လက်ဆောင်အဖြစ် ပေးကြရတယ်။

တစ်ခါတစ်ရံတော့ သင်္ဘောသားတွေ သွားချင်တဲ့ ရန်ကုန်မြို့အနှံ့က အနှိပ်ခန်းတွေ ဇိမ်ခန်းတွေကို ကိုထိုက်တို့က လိုက်ပါ ပို့ဆောင်ပေးရတယ်။ သည်လို ကုန်ကျစရိတ်တွေကို ကိုထိုက်တို့က ကျခံပေးရလေ့ရှိပြီး တစ်ခါတစ်ရံတော့ သင်္ဘောသားတွေက ပေးလေ့ရှိပါတယ်။

သည်လို ကုန်ကျစရိတ်ထက် သင်္ဘောကြီးပေါ်က ရရှိမယ့် ဆီလက်ကျန်တွေကို ပြန်ရောင်းရင် ရမယ့်ငွေက အဆများစွာ သာနေလေတော့ ကိုထိုက်တို့ကလည်း မညည်းမညူ ဧည့်ခံလေ့ ရှိကြပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ သည်လိုလုပ်စားရတဲ့ အနေအထားကို သိလာကြတာကြောင့် အရင်ကလို သိပ်ပြီး အဆင် မပြေကြတော့ဘူးလို့ ပွဲစားတွေနဲ့ ဆိပ်ကမ်း အလုပ်သမား တွေက ပြောဆို ကြပါတယ်။

ဆိပ်ကမ်းကို ၀င်ရောက်ရင် လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ ကျန်းမာရေး စစ်ဆေးပေးတဲ့ ဆိပ်ကမ်းကျန်းမာရေးအဖွဲ့၊ အကောက်ခွန်၊ ဆိပ်ကမ်းရဲ၊ ရေတပ် ထောက်လှမ်းရေး၊ ပိုင်းလော့နဲ့ ဆိပ်ကမ်း သင်္ဘောဝန်ထမ်း စတာတွေကိုလည်း သင်္ဘော အရာရှိတွေက ဝေမျှပြီး ပေးရတာကြောင့် လို့ဆိုပါတယ်။

စားအုန်းဆီ တစ်ပိဿာကို ဆိပ်ကမ်းအရောက် ပွဲစားဈေးက တစ်ပိဿာ ၁၄၀၀ ကျပ်ရပါတယ်။ ၀ယ်မယ့်သူက ဆိပ်ကမ်းမှာ အသင့် စောင့်နေလေ့ရှိတယ် လို့ ဆိုပါတယ်။

`တယ်လီဖုန်း ဆက်လိုက်တာနဲ့ ၀ယ်မယ့်သူက ငွေထုပ်ပိုက်ပြီး ဆိပ်ကမ်းကနေ အဆင်သင့် လာစောင့်နေတာ´ လို့ ကိုနိုင်ကြီးကသူ့အတွေ့အကြုံကို ပြောပြတယ်။

မြေပဲဆီငှဲ့ထည့်နေပုံ။

ဒီဇယ်ပုံးထဲ ထည့်ယူလာလို့ စားအုန်းဆီတွေက ဒီဇယ်ဆီအနံ့ ထွက်နေရင်တောင် လွှင့်ပစ်စရာ မလိုဘဲ စားအုန်းဆီကို ဒီဇယ်ဆီဈေးနဲ့ ပြန်ရောင်းလို့ ရနိုင်ပါသေးတယ်။ ရောင်းသူဈေးကွက်လို့ ဆိုရမလို ဘာပဲပါလာလာ ၀ယ်လက်က ရှိပြီးသားပါပဲ။

တစ်ဂါလံကို စားအုန်းဆီ နှစ်ပိဿာနဲ့ ညီတယ်လို့ ကမ်းနားက ဆီအရောင်းအ၀ယ် လောကမှာ သတ်မှတ်ပါတယ်။ စားအုန်းဆီ တစ်ဂါလံကို ငွေကျပ် ၂၈၀၀ ရရှိမှာဖြစ်ပေမယ့် ဒီဇယ်ဆီနံ့ ထွက်လို့ ဒီဇယ်ဈေးနဲ့ ရောင်းရတဲ့အခါ ကမ်းနားဒီဇယ်ဆီ ပေါက်ဈေးက တစ်ဂါလံကို ၁၈၀၀ ကျပ် ဖြစ်တာကြောင့် စားအုန်းဆီ နှစ်ပိဿာ ရောင်းတိုင်း တစ်ထောင်ကျပ် နစ်နာပါတယ်။

သည်လို ကမ်းနားက ရရှိလာတဲ့ဆီတွေဟာ ညောင်ပင်လေးဈေး၊ ပုန်ဇွန်တောင်ဈေး၊ ဘိုကလေးဈေး စတဲ့ ကမ်းနားနဲ့ နီးတဲ့ ဈေးတွေကို ရောက်ရှိသွားကြပါတယ်။ ဈေးတွေက ဆီရောင်းတဲ့သူတွေက ကန်ဆီလို့ခေါ်တဲ့ ပြည်ပက တင်သွင်းလာတဲ့ စားအုန်းဆီတွေနဲ့ ပြန်လည် ရောနှောပြီး ရောင်းချကြတယ်။

သင်္ဘောဝမ်းထဲက ခပ်လို့ရတဲ့ ဆီတွေဟာ နောက်ကျိနေတတ်ပြီး အမှုန်တွေ အနည်တွေ ရောနှော ပါဝင်နေတယ်။ ဒါပေမယ့် ကန်ဆီတွေနဲ့ ရောလိုက်တဲ့အခါမှာတော့ သိပ်ပြီး မသိသာတော့ဘူးလို့ ဆိုပါတယ်။

ကိုထိုက်တို့ ကိုနိုင်ကြီးတို့ကတော့ ဆီသန့်တာ မသန့်တာ၊ ကျန်းမာရေးနဲ့ ညီညွတ် မညွတ်တာတွေကို သိပ်ပြီး စိတ်ပူကြသူတွေ မဟုတ်ပါဘူး။ စားအုန်းဆီ သင်္ဘော ရောက်လာရင် ရနိုင်သလောက်များများ ခပ်ယူနိုင်ဖို့နဲ့ သည့်ထက်ပိုပြီး ဈေးကောင်းပေးမယ့် ၀ယ်လက်တွေကိုပဲ မျှော်နေကြသူတွေပါ။

အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တွေ့ဆုံ
မြန်မာ့နိုင်ငံရေးအခြေအနေများ ဆွေးနွေး
NEJ / ၂၉ သြဂုတ် ၂၀၀၉
line


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီမှ အရာရှိ (၃) ဦးနှင့် ယမန်နေ့ ညနေပိုင်းတွင် အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းသို့ဆွေးနွေးရာတွင် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေတို့နှင့်အတူ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနှင့် ရုံးအဖွဲ့မှူး ဦးလှမင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံလက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာ့နိုင်ငံရေးဆွေးနွေးရာတွင် အမေရိကန်အောက်လွှတ်တော် အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုက်တွန်းသည့် သဘော၊ ဆောင်ရွက်သင့်သည်ဆိုသည့်သဘောမျိုး ပြောဆိုဆွေးနွေးခြင်းမရှိကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီဘက်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့သဘောထားရှိသည်၊ ရွေးကောက်ပွဲပြီးပါက မည်သို့ဖြစ်လာမည် ဆိုသည့်အခြေအနေနှင့် လက်ရှိအပစ်အခတ်ရပ်စဲရေးအဖွဲ့များနှင့် မပြေမလည်ဖြစ်နေသည့် အခြေအနေပေါ်တွင် အန်အယ်လ်ဒီ က ဆုံးဖြတ်နိုင်ခြင်းမရှိသေးသည့် အချက်များကို ရှင်းပြခဲ့ကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဦးစိုးမြင့်က ရှင်းပြပါတယ်။ လက်ရှိအားဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ရင် နောက်ဆုံးဖြစ်ပေါ်နေတဲ့ နယ်စပ်မတည်မငြိမ်မှု၊ ဒါတွေကို ထည့်သွင်းသုံးသပ်ရမယ်။ နောက်တခုက ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တချို့သောနေရာတွေမှာ ဥပဒေမပြဋ္ဌာန်းသေးဘဲနဲ့ တချို့သောပါတီတွေက ဆိုင်းဘုတ်ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ကြွေးကြော်နေတယ်။ ဒီလိုအခြေအနေတွေကို သူတို့ကို ရှင်းပြတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီကသော်လည်းကောင်း၊ မစ္စတာဘန်ကီမွန်းကသော်လည်းကောင်း အားလုံးပါဝင်နိုင်ရေးလို့ ပြောပြီး ဒီလိုအခြေအနေဖြစ်ပေါ်နေတယ်။ အဲလိုဖြစ်ပေါ်နေတဲ့အခြေအနေမှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဟာ ဆုံးဖြတ်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကို သူတို့ကို ရှင်းပြခဲ့တာပါ” ဟု ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ လက်ရှိနေထိုင်ရသည့်အခြေအနေနှင့် ထိန်းသိမ်းထားသည့်အခြေအနေကိုလည်း အမေရိကန်အရာရှိများက မေးမြန်းကြသဖြင့် ယင်းအခြေအနေများကို ၎င်းကိုယ်တိုင်ရှင်းလင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်က ပြောပြလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က (၃) နှစ်ထောင်ဒဏ်ကျတယ်။ အဲဒီထဲမှာ (၁) နှစ်ခွဲကို ပယ်ဖျက်လိုက်ပြီ၊ (၁) နှစ်ခွဲကျန်တယ်။ ကျန်တဲ့ အဲဒီ (၁) နှစ်ခွဲကို ဆိုင်းငံ့ထားတယ်။ ဆိုင်းငံ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ လွတ်လပ်စွာနေထိုင်ခွင့်ရှိရမယ်၊ သို့သော်လည်းပဲ မလွတ်လပ်ဘူး၊ အကျဉ်းကျတယ်။ အဲလိုအကျဉ်းကျတာဟာ နအဖအစိုးရရဲ့အမိန့်ကြောင့်။ အဲဒီအမိန့်ကလည်း ဥပဒေမှာ ဒီလိုဆောင်ရွက်ခွင့်မရှိဘူးဆိုတာကို ကျနော်ရှင်းပြတယ်” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ (၂,၀၀၀) ကျော်ရှိနေသည်ကို အမေရိကန်အရာရှိများက သိနေပြီး ထိုအကျဉ်းသားများ၏ ထောင်တွင်းနေထိုင်ရသည့် အခြေအနေကိုမေးမြန်းကြောင်း၊ ယင်းအခြေအနေများကို ထောင်တွင်းအတွေ့အကြုံများသည့် ဦးခင်မောင်ဆွေနှင့် ဦးအုန်းကြိုင်တို့က ရှင်းပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ထို့အပြင် အန်အယ်လ်ဒီပါတီအတွင်း generation gap ဖြစ်နေသည့်ကိစ္စကိုလည်း မေးမြန်းခဲ့သဖြင့် အဖွဲ့ဝင်လူကြီးများက အဖွဲ့ချုပ်တွင် လူငယ်များသည် နဂိုကတည်းက စိတ်ဓာတ်ရှိပြီးသား လူငယ်များဖြစ်သည့်အတွက် new generation အင်အားများသည် ရှိပြီးသားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။

အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အမေရိကန်အောက်လွှတ်တော် အရာရှိများမှာ ဒီမိုကရက်တစ်ပါတီမှ Lynne Weil နှင့် Jessica Lee၊ ရီပတ်ဘလီကန်ပါတီမှ Dennis Halpin တို့ဖြစ်ပြီး ၎င်းတို့သည် (၄) ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ် အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့အရာရှိများ လာရောက်မေးမြန်းမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “သူတို့ပြောတဲ့စကားတွေအရပဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ လာရောက်စုဆောင်းတယ်ဆိုတာ ပေါ်နေတယ်။ ဘယ်အတွက်လဲဆိုတာက ကွန်ဂရက် အတွက်လား၊ မူဝါဒသစ်အတွက်လား ဒါတော့ ကျနော်တို့လည်းမသိပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အရာရှိ (၃) ဦး၏ မြန်မာနိုင်ငံခရီးစဉ်သည် သြဂုတ် (၁၄) ရက်တွင် မြန်မာနိုင်ငံသို့ (၃) ရက်ကြာလာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ခရီးစဉ် အပြီး လာရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်းပါးတပုဒ်ကို သြဂုတ် (၂၆) ရက်ထုတ် New York Times သတင်းစာတွင် ရေးသားထားပြီး အဆိုပါဆောင်းပါးတွင် အတိုက်အခံ အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ဖို့စဉ်းစားစေချင်ကြောင်း တိုက်တွန်းထားသည်။

အဆိုပါ မစ္စတာဝက်ဘ်၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ၏ သဘောထား မည်သို့ရှိသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် (၂၇) ရက်တွင် အယူခံကိစ္စသွားရောက်တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းအား ခေတ်ပြိုင်က မေးမြန်းခဲ့သည်။

၎င်းက “ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ခြုံငုံပြီးတော့ သုံးသပ်ချက်ပေးပါတယ်။ တခုချင်း တခုချင်းတော့ သူမပြောဘူး။ သူပြောတာက မစ္စတာဝက်ဘ်ရဲ့ ပြောဆိုရေးသားနေတဲ့ဟာတွေက အိုဘားမားမူဝါဒတွေလို့ သူမယုံကြည်ဘူးတဲ့” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီသဘောထားကို ယခုကဲ့သို့ ရှင်းပြသည်။

“ကျနော်တို့ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး စဉ်းစားတာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူလူထုအတွက် အကျိုးရှိလား၊ မရှိလားဆိုတာ ကျနော်တို့လိုချင်တာဖြစ်တယ်။ အဲဒါတွေ လုံးဝမှမရနိုင်ရင် ဘာမှလုပ်စရာမရှိတော့ဘူး” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။



အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေး

28 August 2009

မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အရာရှိ ၃ ဦးဟာ ဒီကနေ့ညနေပိုင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး တစ်နာရီကျော်ကြာ မြန်မာ့အရေး ဆွေးနွေးနေကြပါတယ်။ အထူးသဖြင့် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာအဓိက မေးမြန်းဆွေးနွေးခဲ့ကြတာပါ။ အပြည့်စုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

အခုမြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်နေတဲ့ အမေရိကန်အောက်လွတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် အရာရှိ သုံးဦးရဲ့ ခရီးစဉ်တွင်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနဲ့ ကိစ္စတွေ ဆွေးနွေးမယ်လို့ မနေ့က ရန်ကုန် အမေရိကန် သံရုံးပြောခွင့်ရသူက ပြောပြခဲ့ပေမယ့် ဒီကနေ့ ဆွေးနွေးမှုအတွင်းမှာတော့ လက်ရှိနိုင်ငံရေး ပြဿနာတွေကိုသာ ပြောဖြစ်ခဲ့ကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောပါတယ်။

အခု မြန်မာနိုင်ငံကို ရောက်နေတဲ့သူတွေကတော့ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Howard Berman ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Lynne Weil နဲ့ ကျွမ်းကျင်သူ အရာရှိ Jessica Lee နဲ့ အတူ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Ros-Lehtinen ရဲ့ ကျွမ်းကျင်သူ အရာရှိ Dennis Halpin တို့ ဖြစ်ပြီး သူတို့နဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၈ ဦးနဲ့ တွေ့ဆုံခဲ့ကြတာပါ။ အထူးသဖြင့် သူတို့ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ အမေရိကန်အစိုးရနဲ့ သက်ဆိုင်ခြင်း မရှိသလို သူတို့ဟာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင်တွေသာ ဖြစ်တယ်လို့ ရှင်းပြခဲ့တယ်လို့ NLD ပြောခွင့်ရသူလည်းဖြစ်၊ အခုဆွေးနွေးပွဲထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ကပြောပါတယ်။

“အဓိက နိုင်ငံရေးပြဿနာကိုပဲ သိချင်တဲ့ဆန္ဒနဲ့ သူတို့မေးမြန်းပြောဆိုထားတာပါ။ သူတို့ရဲ့ ပထမဆုံးမေးခွန်းက ဘာလဲဆိုတော့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် အကျဉ်းကျခံနေရတဲ့ဟာ သိတယ်၊ ကြားတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ ခံစားနေရတဲ့၊ နိုင်ငံရေးအကျဉ်းသားတွေ ခံစားနေရတဲ့ အခြေအနေတွေကို သိချင်တယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီမှာ ဆရာ ဦးဝင်းကြိုင်နဲ့၊ ဆရာ ဦးခင်မောင်ဆွေ တို့က သူတို့က အကျဉ်းထောင်ထဲကို နှစ်ရှည်လများလည်း ခံစားခဲ့ရတယ်။ အဲဒီကထွက်လာတာ သူတို့က ဒါတွေကို ရှင်းပြလိုက်ပါတယ်။ နံပါတ် - ၂ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိနေထိုင်ရမယ့် အခြေအနေ၊ လက်ရှိနေထိုင် ထိန်းသိမ်းခံနေရတဲ့ အခြေအနေတွေ၊ ဒါနဲ့ပတ်သက်ပြီးတော့ အဲန်ကယ်လ်က ရှင်းပြပါတယ်။ နောက်ပြီးတော့ ထိန်းသိမ်းတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဲန်ကယ်လ်က ပြောပါတယ်။ ဒီ ထိန်းသိမ်းခြင်းဟာ ဥပဒေအခြေခံနဲ့ ထိန်းသိမ်းတာမဟုတ်ဘူး။ တနည်းအားဖြင့်ပြောရင် ဥပဒေအရ ထိန်းသိမ်းတာမဟုတ်ဘူးလို့ ရှင်းပြတယ်။ အဲဒီထိန်းသိမ်းခံရခြင်းသည် နအဖ ရဲ့ အမိန့်တရပ်ကြောင့် အဲဒီအမိန့်ကလည်း ဥပဒေက အပ်နှင်းထားတဲ့ အာဏာအရ ထုတ်တဲ့အမိန့်မဟုတ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ အထိန်းသိမ်းခံရတာ မဟုတ်ဘူးလို့ အဲဒါကို ရှင်းပြပါတယ်။ သူတို့လည်း နောက်ဆုံး သဘောပေါက်သွားပါတယ်။”

ဒါ့အပြင် စစ်အစိုးရ ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ NLD ရဲ့ သဘောထားနဲ့အတူ အခြား ပါတီတွင်း ကိစ္စတွေလည်း မေးမြန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

“အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးပါတယ်။ အဲဒီဆွေးနွေးချက်မှာ ကျနော်တို့ ဆရာဦးညွှန့်ဝေ က ရှင်းပြပါတယ်။ သူတို့က အဲဒီမေးခွန်းထဲမှာ တခါတည်း ဆက်ပြီးတော့ generation to generation ကိစ္စတွေကိုပဲ ထည့်မေးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အလုပ်လုပ်နေတဲ့ လူငယ်တွေရဲ့ ဆက်ခံမှုဟာ အင်မတန် မြင့်မားတဲ့အကြောင်းကို နမူနာလေးတွေနဲ့ ရှင်းပြသွားပါတယ်။”

အထူးသဖြင့် အခုအချိန်ဟာ သမ္မတ အိုဘားမား အစိုးရအဖွဲ့က မြန်မာနိုင်ငံပေါ်ထားတဲ့ မူဝါဒတွေ ပြန်လည် သုံးသပ်နေချိန် လည်း ဖြစ်တာမို့ အမေရိကန်တို့ရဲ့ မူဝါဆိုင်ရာကိစ္စတွေနဲ့အတူ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားတွေနဲ့ ပတ်သက်လို့ သူတို့က ရှင်းပြခဲ့တာမျိုးရှိပါသလားလို့ ကျမ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“သူတို့လာရောက်တာဟာ သူတို့အမြင်ကို ပြောပြဖို့ထက်ကို ကျနော်တို့ဆီကနေ အချက်အလက် လာရောက် စုဆောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမယ်လို့ သူတို့က အမြင်တခု ပြောပါတယ်။ အဲဒါကဘာလဲဆိုတော့ လက်ရှိ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပြောင်းလဲရေးအတွက် စဉ်းစားနေတယ်၊ ပြန်လည်ပြင်ဆင်ရေး စဉ်းစားနေတယ်၊ ဒါတွေကို အမြဲပြောနေတာ။ ဒါတွေနဲ့ပတ်သက်လို့တော့ သူတို့က အချိန်မြန်မြန်အတွင်း မူဝါဒအသစ်တရပ် ပေါ်ပေါက်မယ်လို့ မထင်ဘူးဆိုတဲ့အကြောင်း ဒီလိုတော့ မှတ်ချက်ပြောသွားပါတယ်။”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ ဒါ့အပြင် ဦးဉာဏ်ဝင်းက သူတိုရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ ကနေ အမေရိကန်တို့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ သုံးသပ်ရာမှာ လက်ရှိ အခြေအနေအမှန်တွေကို အသေအချာ ထည့်သွင်းစဉ်းစားနိုင်လောက်အောင်ထိ ရှင်းပြနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အခု အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင်တွေဟာ အခုခရီးစဉ်တွင်း မြန်မာစစ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်မရှိပေမယ့် အလယ်အလတ် အစိုးရတာဝန်ခံတွေနဲ့တော့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ပြောပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရာရှိ ၃ ဦးဟာ ဒီကနေ့ နေ့လယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်း ကြိုင် က VOA ကို ပြောပါတယ်။

အခုလိုလာရောက်တာဟာ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ် ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

အခုတွေ့ဆုံရာမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီးမေးမြန်းဆွေးနွေးခဲ့တဲ့ အပြင် အခုထိအထိမ်းသိမ်းခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ကိစ္စနဲ့ NLD အဖွဲ့ရဲ့ ရပ်တည်ချက်တွေကို NLD ဗဟို အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

မြန်မာနိုင်ငံကိုလာရောက်သူတွေဟာ ကယ်လီဖိုးနီးယားပြည်နယ် (California) ဒီမိုကရက်တစ် (Democratic) အောက်လွှတ်တော်အမတ် ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ နဲ့ ကျွမ်းကျင်သူ အရာရှိ နောက် ဖလော်ရီဒါပြည်နယ် (Florida) ရီပတ်ဘလစ်ကန် (Republican) အောက်လွှတ်တော်အမတ်ရဲ့ ကျွမ်းကျင်သူ အရာရှိ တို့ ဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း အမေရိကန် အရာရှိတွေဟာ မပြန်ခင်မှာ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ် ဒေသဘက်ကို သွားရောက်ဖို့လည်း ရှိပါတယ်။

ဒါဟာဆိုရင် ဗာဂျီးနီးယားပြည်နယ် (Virginia) က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်းမှာပဲ အမေရိကန် အောက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

Grand Royal မီးလောင်မှုရှို့မီးဖြစ်နိုင်သည် ဟု ယူဆ
၂၉ သြဂုတ် ရန်ကုန် ၊ ၊ညွန့် သက်ထားဦး

Myanmar Huge Distillery Fire Suspects Arson


Grand Royal အရက်ချက်စက်ရုံမီးလောင်မှုသည် စီးပွားရေးပြိုင်ဘက်များမှ အကောက်ကြံသော ရှို့မီးဖြစ်နိုင်ကြောင်း Grand Royal ၀ီစကီ အား ထုတ်လုပ်သည့် IBTC (International Beverages Trading Co.Ltd) မှ အမည်မဖေါ်လိုသော အကြီးတန်းအရာရှိတစ်ဦးက Freedom News Group သို့ ပြောသည်။

ဘွိုင်လာအိုးအပူရှိန် ပြင်းထန်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည် သတင်းထုတ်ပြန်ထား
သော်လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှ စစ်ဆေးရေးအရာရှိများက ထိုအချက်ကို သဘောမတူ ဟု သိရသည်။သြဂုတ်လ ၂၄ ရက် ဒုတိယနေ့ ထပ်မံမီးလောင်ချိန်တွင် အရက်ဆီပေါင်းအိုး နှစ်လုံးမီးလောင်ပေါက်ကွဲခြင်းကြောင့်ဖြစ်သည် ဟု ယူဆကြသည်။

IBTCကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အရက်ဈေးကွက်တွင်လူကြိုက်များသည့်  Grand Royal ၀ီစကီ အပါအ၀င် Special London Dry Gin နှင့် London Rum အပါအ၀င် အရက်အမျိုးအစား ၈ မျိုးကိုထုတ်လုပ်သည်။

ရန်ကုန်တိုင်း လှည်းကူးမြို့ နယ် ယင်းတိုက်ပင် ကျေးရွာ အနီးတွင် တည်ဆောက်ထားသော ထိုစက်ရုံမှ မီးလောင်မကြောင့်စက်ရုံတစ်ခုလုံး နီးပါးပျက်စီးဆုံးရှုံးခဲ့သည် ။ှုမီးလောငမှုကြောင့် အမေရိကန် ဒေါ်လာ ခုနှစ်သန်းခန့် နှင့် မြန်မာငွေသိန်းထောင်ချီဆုံးရှုံးရပြီး နိုင်ငံခြားမှ မကြာခင်က မှာယူတင်သွင်းထားသည့် ပေါင်းခံစက်များလည်းပျက်စီးဆုံးရှုံးခဲ့ရသည်။

IBTC ကုမ္ပစီမှ တာဝန်ရှိသူ တစ်ဦးကမူ မြန်မာနိုင်ငံ၏ ပြည်တွင်း ယမကာ ဈေးကွက် ၏ ၈၀ ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်သည့် ၎င်း တို့ ကုမ္ပဏီ ကို မနာလိုသည့် ပြိုင်ဘက်များရှိပြီး IBTC ၏ အကြီးအကဲဖြစ်သူ ဦးအောင်မိုးကျော်မှာ လည်းမကြာခဏ ခြိမ်းခြောက်စာများရရှိသည် ဟုအဆိုပါ ကုမ္ပဏီဝန်ထမ်းက ထုတ်ဖော်ပြောကြားသည်။

ဦးအောင်မိုးကျော် ၏ IBTCကုမ္ပဏီသည် ဘောလုံးပြိုင်ပွဲများ တွင် စပွန်ဆာပေးသော ကုမ္ပဏီ လည်းဖြစ်ပြီး မြန်မာလိဂ် ပြိုင်ပွဲဖြစ်မြောက်အောင် စွမ်းဆောင်နေသော ကုမ္ပဏီလည်း ဖြစ်သည်။

Grand Royal အားထုတ်လုပ်သော IBTCကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ ဦးအောင်မိုးကျော်သည် ဥဿာ ယူနိုက်တက် အမည်ရှိ ဘောလုံးကလပ် ကိုထောင်ထားပြီးထိုကုမ္ပဏီ မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးမိုးသန်းချစ်မှာ လည်း မြန်မာ စာနယ်ဇင်းဆရာများနှင့် ရင်းနီးသူဖြစ်သည်။

မီးလောင် ပြီးနောက် ကုမ္ပဏီ ၏ အမှုဆောင်အစည်းအဝေးတွင် ထိုမီးလောင်မှုသည် လုပ်ငန်းပျက်စီးရာပျက်စီးကြောင်း အတွက် တစ်စုံတစ်ယောက်က စနစ်တကျ စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည် ဟု သံသယ ရှိကြသည်။

မီးလောင်မမှုကြောင့် လူသုံးဦးသေဆုံးခဲ့သည်။ မီးလောင်နေစဉ် အတွင်း အရေးပေါ်မီးငြိမ်းသတ်စက်များ အဆင်သင့်ရှိသော် လည်း သုံးမရ ဖြစ်ခဲ့သည် ဟု သိရသည်။


ထိုင်းရောက် မြန်မာအလုပ်သမားတွေ ပိုမိုဆင်းရဲ

29 August 2009


ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သားတွေရဲ့ ဘ၀ဟာ အရင်နှစ်တွေကထက် ပိုဆိုးလာတယ်လို့ MAP ခေါ် ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့က ပြောလိုက်ပါတယ်။ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ထိုင်းအစိုးရက ပိုပြီးအကာအကွယ်ပေးဖို့၊ တရားဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးမှုတွေရော၊ လူမှုရေးဆိုင်ရာ လုံခြုံမှုတွေ ရဖို့ကိုရော ကူညီလုပ်ဆောင်ပေးဖို့ အဲဒီအဖွဲ့က ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ၇၀ % ဟာ မြို့ကြီးတွေမှာ အလုပ်လုပ်နေကြပြီး အရင်ကထက် ဒုက္ခတွေ ပိုများနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် နေစရိတ်စားစရိတ်တွေ တက်သွားခဲ့ပေမယ့်လည်း သူတို့ရဲ့ လစာကတော့ လျှော့ချခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

MAP ရဲ့  အစီရင်ခံစာကို ရေးသားခဲ့သူထဲကတဦးက ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်ချိန်၊ အနည်းဆုံး ရသင့်ရထိုက်တဲ့လစာနဲ့ အလုပ်ပြုတ်သွားရင် ရသင့်တဲ့ နစ်နာကြေးနဲ့ပတ်သက်ပြီး ဥပဒေတွေ ချမှတ်ပြီး ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သူတို့တိုင်းပြည်ကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်တာတွေကိုလည်း ရပ်တန့်သင့်တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစုဟာ တရားဝင် စာရွက်စာတမ်းမရှိဘဲ နေထိုင်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။



“ကာတွန်းဆိုတာ ရယ်စရာတခုတည်း မဟုတ်ဘူး…”
Saturday, 29 August 2009 16:54 ဧရာဝတီ
E-mail Print
ကာတွန်းဟန်လေးသည် ရှမ်းပြည်နယ်တွင် မွေးဖွားခဲ့ပြီး ဖခင်ထံမှ အနုပညာအမွေအနှစ် လက်ဆင့်ကမ်း ရယူခဲ့သူဖြစ်သည်။ ပန်းချီပညာကို ၁၉၈၂ ခုနှစ်က ရန်ကုန် ပန်းချီ ပန်းပု အနုပညာကျောင်းတွင် တက်ရောက် သင်ကြားခဲ့ပြီး လက်ဦးဆရာများဖြစ်သော ပန်းချီ ဦးသုခ၊ ဦးဘလုံလေး၊ ဦးဘကြည်နှင့် ဦးတင်အေးတို့ထံမှ ပန်းချီ ပညာများ ဆည်းပူးခဲ့သည်။ နောက်ပိုင်းတွင် ပန်းပုပညာကိုလည်း သင်ယူခဲ့သည်။ ၁၉၈၈ နောက်ပိုင်း ပြည်ပ၌ နိုင်ငံရေးကာတွန်းများကို စိုက်လိုက်မတ်တတ် ရေးဆွဲခဲ့ရာ ဧရာဝတီမဂ္ဂဇင်းတွင် ပင်တိုင် ကာတွန်း ဆရာအဖြစ် အများအသိအမှတ်ပြုရသည့် နိုင်ငံရေး ကာတွန်းများ၊ သရုပ်ဖော်ပုံများကို ၆ နှစ်ကြာ ရေးဆွဲခဲ့ပြီး ဖြစ်သည်။ ၎င်း ရေးဆွဲခဲ့သော ဧရာဝတီ မဂ္ဂဇင်းကာတွန်းများထဲမှ ရွေးချယ်၍ ကာတွန်းပေါင်းချုပ် ၁ ကို ၂၀၀၆ တွင် ထုတ်ဝေခဲ့ပြီး ယခု မကြာသေးခင်က ကာတွန်း ပေါင်းချုပ် အမှတ် ၂ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ယခုအခါ ဇနီးသည်၊ သမီးငယ်နှင့်အတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပန်းချီနှင့် ကာတွန်းများစွာ ရေးဆွဲရင်း အေးချမ်းစွာနေထိုင်လျက်ရှိသော ကာတွန်းဟန်လေး၏ ကာတွန်းအပေါ်အမြင်၊ နိုင်ငံရေးအပေါ်သဘောထား၊ နိုင်ငံရေး ကာတွန်းဆရာ တဦး၏ ဘဝ အစရှိသည်ဖြင့် ဧရာဝတီ သတင်းထောက်အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ မကြာသေးခင်က ထွက်ခဲ့တဲ့ ကာတွန်းစာအုပ်နဲ့ပတ်သက်ပြီး ကိုဟန်လေး ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ဒီလို စာအုပ်လေးတွေ လုပ်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်၊ ဂုဏ်လည်းယူပါတယ်။ ကျနော် ဧရာဝတီမဂ္ဂဇင်းမှာ နိုင်ငံရေး ကာတွန်းတွေ ရေးလာတာကြာပါပြီ။ တပတ်ကို ၂ ပုံလောက် အနည်းဆုံး ရေးဖြစ်တယ်။ တလကို ၈ ပုံပေါ့။ အဲဒီထဲက ကောင်းနိုးရာရာတွေ ရွေးထုတ်ပြီး ၂၀၀၆ တုန်းက ကာတွန်း ပေါင်းချုပ် အမှတ် ၁ ထွက်ခဲ့ပြီးပါပြီ။ ဒီစာအုပ်က အမှတ် ၂ ပေါ့။ ပုံ ၂၀၀ လောက်ထဲက အကောင်းဆုံး လို့ယူဆတဲ့ ပုံ ၅၀ ကိုရွေးထုတ်ထားတာပါ။ အမှန်အတိုင်းပြောရရင် ကျနော် သိပ်အားမရ သေးပါဘူး။ နောက် ထပ် အမှတ် ၃ ထွက်ဖို့လည်း စီစဉ်နေပါတယ်။ နောက်တအုပ်ထွက်ရင် ဒီ့ထက် ပိုကောင်းအောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

မေး။ ။ နိုင်ငံရေး ကာတွန်းတွေကိုပဲ စိုက်လိုက်မတ်တတ် ဆွဲနေတဲ့အပေါ် ကိုဟန်လေးရဲ့ ခံစားချက်ကို ပြောပြပေးပါ။

ဖြေ။ ။ ကိုယ့်နိုင်ငံရဲ့ အခြေအနေကို အားမရတဲ့အတွက် ကာတွန်းကိုပဲ တစိုက်မတ်မတ် ဆွဲနေရတယ်။ ကျနော် ကာတွန်းစဆွဲတဲ့အချိန်ကနေစပြီး ခုချိန်ထိတခုတည်းကိုပဲ လှောင်ပြောင်နေရတာ စိတ်ထဲမှာ အားမရ ဘူး။ မပျော်ဘူး။ ဒီမိုကရေစီရတဲ့နိုင်ငံဆိုရင် ၄ နှစ်ကို တခါလောက် ပြောင်းပြီး သရော်လို့ရတယ်လေ။

အခုကျတော့ ဒီနအဖ တခုတည်းကိုပဲ သရော်နေရတယ်။ သူတို့ တခုလုပ်မယ်ဆို ကြိုပြီးဆွဲထားလို့ ရတယ်။ ဘာလုပ်မယ်ဆိုတာ ကြိုသိနေတယ်။ ဒါက ကျနော်တယောက်တည်း သိတာမဟုတ်ဘူး။ ပြည်သူအားလုံး သိနေကြတာ။

မေး။ ။ နိုင်ငံရေး ကာတွန်းတွေကို ရေးနေတဲ့ ကာတွန်းဆရာ တယောက်အနေနဲ့ နိုင်ငံရေးဆိုတာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကာတွန်းနဲ့ နိုင်ငံရေးဆိုတာ လင်မယားလိုပဲ။ သတင်းသမားလိုပဲပေါ့။ သတင်းသမား မရှိလို့ မရသလို၊ ကာတွန်းမရှိလို့လည်းမရဘူး။ နိုင်ငံရေးသမားက ကာတွန်းဆရာကို မုန်းလည်း မုန်းနိုင်တယ်၊ မရှိလို့လည်းမရဘူး။ အဲဒီလိုပဲ နိုင်ငံရေးသမားမရှိရင် ကာတွန်းဆရာဆိုတာလည်း မရှိနိုင်ဘူး။ ဒါပေမယ့် ကာတွန်းတွေက ပြည်သူတွေကို ထင်ဟပ်တယ်၊ အစိုးရဘက်က မရပ်တည်ဘူး။ ကာတွန်းဆိုတာ ရယ်စရာ တခုတည်း မဟုတ်ဘူး။ မီဒီယာတခုလိုလည်း သုံးနိုင်တယ်၊ လူတွေကို ပညာပေးတာကအစ ဓာတ်ပုံနဲ့ ပြ လို့မကောင်းတာတွေကို ကာတွန်းနဲ့ သရုပ်ဖော်ရင် ရိုင်းမသွားဘူး၊ အသုံးတည့်တယ်။ နောက်တခုက ပညာ ပေး အဆင့်မဟုတ်ရင်တောင် အထောက်အကူတခုတော့ ဖြစ်တယ်။ အသက်ကြီးတဲ့ အထိ အဲဒီအကြောင်း အရာကို ကာတွန်းကြောင့် မှတ်မိနေနိုင်တယ်။ ဥပမာ - ကျနော်ဆို ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဦးဘကြည်ရဲ့ ရုပ်ပြပေါ့။ ကျန်စစ်သားနဲ့ ငရန်မန်ကန်း အကြောင်းလေ ..။ အနှစ် ၃၀ လောက် ရှိနေပြီ မျက်စိထဲက မထွက် သေးဘူး။

မေး။ ။ ဒီလို ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေတဲ့ မီဒီယာတခုမှာ ကာတွန်းဆရာတယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

ဖြေ။ ။ ဂုဏ်ယူပါတယ်၊ ဒါပေမယ့် အတိုင်းအတာတခုထိတော့ အားမရသေးဘူး။ ပြည်တွင်းက ကာတွန်း ဆရာတွေက အချုပ်အနှောင်ကြားမှာ ရေးရတဲ့အတွက် ဒါက အရည်အချင်းတခုလို ဖြစ်လာတယ်။ အားမရဘူးဆိုတာ ဒီထက် ပိုလုပ်သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် အကြံလည်း မထုတ်တတ်တော့ဘူး။ မချင့်မရဲဖြစ်တယ်။ အယားဖြေပေးသလောက်ပဲ လုပ်နိုင်တာကိုး။ အဲဒီထက် ပိုပေးချင်တယ်။

ဒါပေမယ့် တခုရှိတာက ကာတွန်းဆရာတိုင်း အစိုးရတခု ပြောင်းလဲလောက်အောင်တော့ မစွမ်းဆောင် နိုင်ပါဘူး။ ဒါပေမယ့် သမိုင်းကိုတော့ ကောင်းကောင်း မှတ်တမ်းတင်ပေးနိုင်ပါတယ်။

မေး။ ။ ကိုဟန်လေး လေးစားခဲ့တဲ့၊ အတုယူခဲ့ရတဲ့ ကာတွန်းဆရာ၊ သရုပ်ဖော်ဆရာတွေက ဘယ်သူ တွေလဲ။

ဖြေ။ ။ သရုပ်ဖော်တာဆိုရင်တော့ ဦးဘကြည်ကို အကြိုက်ဆုံးပဲ၊ သွက်တာဆိုရင်တော့ ကာတွန်း ဝင်းမောင်၊ လူတွေကိုထိသွားအောင် ပြောချင်တာကို ထိထိမိမိပြောတဲ့နေရာမှာတော့ ကာတွန်း အော်ပီကျယ် ပေါ့။

မေး။ ။ ကိုဟန်လေးက ကာတွန်းကော၊ ပန်းချီပါဆွဲတာဆိုတော့ အဲဒီနှစ်ခုအပေါ် ကိုဟန်လေးရဲ့ ခြားနားတဲ့ အမြင်ကို ပြောပြပါဦး။

ဖြေ။ ။ ကာတွန်းနဲ့ ပန်းချီတမျိုးစီ စွဲလမ်းတယ်။ ပန်းချီကို ခံစားချက်နဲ့ ရေးမယ်၊ တိုက်ဆိုင်လို့ တခြား တယောက်က ကြိုက်ချင်လည်း ကြိုက်မယ်၊ မကြိုက်ချင်လည်း မကြိုက်ဘူး။ ဒါက ကိုယ့်ရဲ့ခံစားချက် အတိုင်း ပေါ့။ ကာတွန်းကျတော့ သူများရဲ့ခံစားချက်ကို မျှဝေခံစားပြီးဖော်ပြပေးတာ၊ ဥပမာ - ပြည်သူတွေရဲ့ ဘဝ ဘယ်လိုဆိုးတယ်ဆိုတာမျိုး ခံစားပြီးတော့ ရေးပေးတာပေါ့။ ကာတွန်းက အပေး၊ ပန်းချီကျတော့ အယူပေါ့။

မေး။ ။ ကာတွန်းဆိုတာကို ကိုဟန်လေးဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

ဖြေ။ ။ ကာတွန်းဆိုတာ သတင်းသမားလိုပဲ လက်ခုပ်တီးတာလည်းရှိတယ်၊ အဆဲခံရတာလည်း ရှိ မယ်။ ဒီနှစ်မျိုးလုံး ကိုလက်ခံပါတယ်။ နောက်ပြီး ကျနော့် ကာတွန်းပေါင်းချုပ်မှာပြောထားသလိုပဲ ကာတွန်း ဆိုတာ ကလေးလိုပဲ။ အပြစ်ကင်းတယ်။ သူမြင်တာကို မြင်တဲ့အတိုင်း မခြွင်းမချန်ပြောမယ်၊ ဘယ်သူ့ဘက်မှ မလိုက်ဘူး။

မေး။ ။ ကိုဟန်လေးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပုံကိုဆွဲတာ တော်တော်ပီပြင်တာပဲနော်။

ဖြေ။ ။ ဒါကတော့ သူ့ပုံကိုပဲ ဆွဲလာရတာ နှစ် ၂၀ လောက်ရှိပြီကိုး။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးကို အခုချိန် ရုတ်တရက်တွေ့မယ်ဆိုရင် ဘာပြောမိမယ်ထင်လဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီးက ဒီလောက်စွမ်းတဲ့ အာဏာတွေ ပါဝါတွေကို ခါးမှာပဲချိတ်ထားတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အဲဒါကို ခေါင်းထဲ ဖြစ်ဖြစ်၊ နှလုံးသားထဲကိုဖြစ်ဖြစ် သွင်းလိုက်ရင် အရမ်းကောင်းသွားမှာပဲလို့ ပြောချင်တယ်။

အပြစ်မဲ့ ၂ လကြာ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသူ ပြန်လည်လွတ်မြောက်
Saturday, 29 August 2009 16:27 ဗထူး
E-mail Print
အမှုစွဲ တရားရုံးတင်ခြင်းမရှိဘဲ ၂ လကျော်ကြာ ထိန်းသိမ်းခံခဲ့ရသည် ဒေါပုံမြို့နယ်မှ ကိုနိုင်ငံလင်းသည် ယမန်နေ့က အောင်သပြေစစ်ကြောရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသည်။

ယခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် စာသင်ကြားရာမှပြန်လာသူ ကိုနိုင်ငံလင်းကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်ကာ အောင်သပြေစစ်ကြောရေးစခန်းတွင် ၆၂ ရက်ကြာ ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

“မနေ့က (၁၂) နာရီခွဲမှာ ပြန်လွတ်လာတာပါ။ အိမ်ကို ကားနဲ့လိုက်ပို့ပါတယ်။ ဘာပြစ်မှုမှမရှိလို့ ပြန်လွှတ်တာလို့တော့ ပြောတယ်ဗျ၊ ကျနော်နဲ့အတူတူ အဖမ်းခံရတဲ့ ကိုကျော်ကျော်ကိုတော့ ပြန်မလွှတ်သေးဘူး။ သူ့ကို ဘယ်မှာထားတယ်ဆိုတာလဲ မသိရဘူး” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုနိုင်ငံလင်းက ပြောသည်။

ရန်ကုန်မြို့ တာမွေကျောက်မြောင်းအနီး အင်တာနက်ဆိုင်တွင် အင်တာနက် အသုံးပြုနေစဉ် အမည်မသိသူ ၅ ဦးက ဖမ်းဆီးသဖြင့် လိုက်ပါသွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကြောရေးစခန်းသို့ရောက်ပြီး ၃ ရက်တိတိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နောက်ထပ်မေးမြန်းမှုများ မပြုလုပ်တော့ဘဲ အခန်းတခုတွင် သီးသန့်ထားကာ ပြန်လည်မလွတ်မြောက်မီ ၆ ရက်ခန့်အလိုတွင် အချုပ်ခန်းထဲတွင် ချုပ်နှောင်ခံခဲ့ရပြီး လွတ်မြောက်လာသည့်ရက်အထိ ကောင်းမွန်စွာ နေထိုင်ခဲ့ရကြောင်း ကိုနိုင်ငံလင်းက ပြောသည်။

အောင်သပြေစစ်ကြောရေးစခန်းမှ မေးမြန်းချက်များနှင့်ပတ်သက်၍ ကိုနိုင်ငံလင်းက “အဓိကကတော့ ကျနော်ရဲ့ နောက်ကြောင်းရာဇဝင်ပဲ မေးတယ်။ ဘာလုပ်တယ်၊ အဓိက NLD ရုံးမှာ ဘာတာဝန်ရှိလဲလို့ မေးတယ်။ ကျနော်က အစဝင်ကတည်းက အင်္ဂလိပ်စာပဲ သင်တာ။ အဲဒါပဲ ပြောပြတယ်။ သူတို့က တခြားအဖွဲ့တွေ၊ ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိလားဆိုပြီး စစ်တယ်၊ ကျနော်လည်းမသိတော့ မသိဘူးပဲပြောတာပေါ့။ နောက် ဒီတိုင်းပဲထားပြီး ကျနော့်ကို ဆက်မစစ်တော့ဘူး” ဟု ပြောသည်။

ကိုနိုင်ငံလင်းသည် ဒဂုံတက္ကသိုလ်တွင် သင်္ချာဘာသာရပ်အား သင်ကြားနေသူ တတိယနှစ်ကျောင်းသားဖြစ်ပြီး သူ အဖမ်းခံရစဉ် သူ၏ဇနီးသည် မခင်စန္ဒာဝင်းမှာ ကိုယ်ဝန်ဖြင့် နေအိမ်တွင်ကျန်ရစ်ခဲ့သည်။

ယခုကဲ့သို့ ဇနီးသည်နှင့့်် ပြန်ဆုံတွေ့ခွင့်ရသည်ကို ဝမ်းသာကြောင်း ပြောဆိုပြီး သူက “ကျနော်အရမ်း ဝမ်းသာပေမဲ့ အထဲမှာ ကျန်ခဲ့တဲ့ လူတွေအတွက်တော့ အရမ်းစိတ်မကောင်းဘူး။ အောင်သပြေစခန်းမှာ အမှုမတင်ဘဲ ရှိနေတဲ့ လူတွေ အရမ်းများတယ်လို့ ယူဆရပါတယ်။ ကျနော်ကတော့ သေသေချာချာ မသိဘူး။ လူတွေကတော့ အများကြီးပဲ။ ဘယ်သူတွေမှန်းတောင် မသိဘူး” ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာပြီးနောက် သူ၏ နဂိုမူလအလုပ်ဖြစ်သော NLD လူငယ်များကို အင်္ဂလိပ်စာသင်ကြားခြင်းနှင့် ပညာဒါနအဖြစ် စာသင်ကြားခြင်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆက်လက်ပြောဆိုသည်။

ရက်ပေါင်းမြောက်များစွာ ဖမ်းဆီးခံခဲ့ရသည့် သူ၏ ခံစားချက်နှင့်ပတ်သက်၍ ကိုနိုင်ငံလင်းက “ကျနော့်အတွက်ကတော့ ကျနော်ခံလိုက်ရပေမယ့် နည်းနည်းတော့ ဖြေနိုင်တာပေါ့။ ဒါပေမယ့် နောက်ဒီလို မဖြစ်စေလိုချင်ဘူး။ သူတို့ ခုလိုဖမ်းဆီးတာ လုံးဝတရားမဝင်ဘူး။ တရားမဝင်ဘူးဆိုတာ လူတယောက်ကို လမ်းမှာတွေ့ရင် ခေါ်သွားတယ်။ ပြီးတော့ ဖမ်းထားပြီးတော့ အကြာကြီး စစ်ဆေးတယ်။ ရမန်ကိုလည်း နှစ်ခါပဲယူရမှာကို အကြာကြီးယူတယ်။ အဲလိုမျိုးလုပ်တာကိုက လုံးဝ တရားမဝင်ဘူး။ အဲဒါတွေဟာ အစိုးရတရပ်မှာ မရှိသင့်ဘူးလို့ ထင်တယ်၊ ဒါပဲ ပြောချင်တယ်” ဟု ပြောဆိုသွားခဲ့သည်။

စစ်ကြောရေးစခန်းတွင် ရိုက်နှက်သည့်ဒဏ်ကြောင့် သံဃာတပါး အူကျသည့်ရောဂါ ခံစားနေရ
Saturday, 29 August 2009 15:37 ဖြိုးကြီး
E-mail Print
အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့် ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစားနေရသည်။

စစ်ကြောရေးစခန်းမှ ရဲအုပ် ကျော်စိန်နှင့် ဒုရဲအုပ် ပြည်ခိုင်ဇော်တို့က ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း (၂၇) ရက်နေ့ တိုင်းတရားရုံတွင် ရုံးထုတ်သည့်နေ့က မိသားစုဝင်များကို အရှင်ဆန္ဒာဓိက က ပြောသည်။

“ဝါးစိမ်းတုတ်နဲ့ ရိုက်တာ အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တာလို့ပြောတယ်၊ အဲဒီဒဏ်တွေကြောင့် အူကျတာတွေ ဖြစ်နေတယ်၊ လောလောဆယ် ထောင်ဆေးရုံမှာ ပြနေရတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။

အာဏာပိုင်များက စစ်ကြောရေးစခန်းတွင် ရိုက်နှက်ကာ ဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းကြပ် ထွက်ဆိုခိုင်းကြောင်း ၎င်းက ဆက်ပြောသည်။

အရှင်ဆန္ဒာဓိကကို အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရသည့် ယခုလ (၁၁) ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားရောက်ကြားနာပြီး အပြန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အရှင်ဆန္ဒာဓိက အဖမ်းခံရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ရုံးထုတ်မှာ ဘယ်လိုအမိန့်ချမလဲဆိုတာ သွားနားထောင်ခဲ့တယ်၊ နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘက်ကို လာပြီး သူ့ဒကာ၊ ဒကာမတွေကို နှုတ်ဆက်ပြီးတော့ ပြန်တဲ့အချိန်မှာ ကားအဖြူလေးနဲ့ လူသုံးယောက်က ဦးဇင်းကို အအေးကပ်ချင်လို့ဆိုတော့ ဦးဇင်းကလည်း ငါဘုန်းပေးတာ ပြည့်စုံပြီတဲ့၊ မလိုတော့ပါဘူးဆိုပြီး ပြောတာကို ဦးဇင်းကို ပြောစရာရှိလို့ပါတဲ့၊ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာ” ဟု မိသားစုဝင်က ပြောသည်။

ယခုလက်ရှိ အရှင်ဆန္ဒာဓိကကို အင်းစိန်ထောင် အဆောင် (၃) အခန်း (၁) တွင် လူဝတ်လဲထားကာ သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် ဒုရဲအုပ် ဇော်ဖုန်းဝင်းက တရားလိုပြုလုပ်ကာ တရားစွဲထားပြီး နောက်လ (၃) ရက်နေ့တွင် ရုံးချိန်း ထပ်မံချိန်းဆိုထားသည်

လေဆင်နှာမောင်းကြောင့် တရွာလုံး ပြိုပျက်သွားသော်လည်း အစိုးရထံမှ အကူအညီမရ

8/28/2009

ရသေ့တောင်မြို့နယ် အလယ်ချောင်းကျေးရွာတွင် ရုတ်တရက် လေဆင်နှာမောင်း ကျရောက်မူကြောင့် အိမ်အများအပြား ပျက်စီးသွားပြီး လူများ ထိခိုက်ဒဏ်ရာ ရရှိသွားသော်လည်း စစ်အစိုးရထံမှ အကူအညီ တစုံတရာ ရရှိခြင်း မရှိကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက “အကူအညီ ရမယ်ဆိုပြီး အစိုးရဆီက အကူအညီကို မျှော်နေတာ ခုချိန်ထိ ဘာမှ မရသေးပါဘူး။ ယူအန်က အကူအညီ တချို့တော့ ရရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေးဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

အလယ်ချောင်းကျေးရွာမှာ နတ်ချောင်းကျေးရွာအုပ်စုတွင် တည်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိသော ကျေးရွာ တရွာ ဖြစ်သည်။ ဇူလှိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ရုတ်တရက် လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် အိမ်ခြေ ၇၀ ခန့် ပြိုပျက်သွားပြီး တချို့အိမ်များမှာ လေထဲသို့ ပါသွားခဲ့သည်။

“စုစုပေါင်း လူ ၁၀ ဦးလောက် ဒဏ်ရာရသွားပါတယ်။ လူကြီးတဦးနဲ့ ကလေးတဦးကတော့ လက်တွေကျိုးပြီး အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်” ဟုသူက ပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ဒေအတွင်းရှိ ယူအန်အိပ်ခ်ျစီအာရ်မှ အရာရှိများ ရောက်ရှိလာပြီး ဒုက္ခရောက်သွားသော မိသားစုများကို အကူအညီများ လာပေးသွားခဲ့သည်။

“ယူအန်က ပေးတာကတော့ အိမ်ထောင်စု တစုစီကို ဆန်တအိတ်၊ အိုးနှစ်လုံး၊ အိမ်မိုးတဲ့ ပလစတစ်အမိုးပြား တခုနဲ့ ငွေ ၅၀၀ စီပေးပါတယ်။ အစိုးရဆီကတော့ ဘာဆို ဘာမှ မရပါဘူး” ဟု ပြောသည်။

စစ်အစိုးရ အာဏာပိုင်များ အနေဖြင့် လာရောက် စစ်ဆေးမူ မရှိသဖြင့် ဒဏ်ရာ ရရှိသွားသူများ အနေဖြင့် ကိုယ့်စရိတ်ဖြင့်ကိုယ် ဆေးရုံတွင် ဆေးကုသ ရသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် မိုးရာသီ အတွင်း ပုံမှန် အပူပိုင်း မုန်တိုင်းများ တိုက်ခတ်လေ့ရှိသော်လည်း ယခုကဲ့သို့ လေဆင်နှာမောင်း တိုက်ခတ်မူ မရှိကြောင်း သိရသည်။

ယခုကဲ့သို့ လေဆင်နှာမောင်းတိုက်ခတ်မူကြောင့် ဂွမြို့နယ်နှင့် အမ်းမြို့နယ်တွင်လည်း ဇူလိုင်လ အတွင်းက လူအသေအပျောက်များ ရှိခဲ့သည်။

ဇူလှိုင်လ ၂၅ ရက်နေ့ နံနက်က ဂွမြို့နယ် ပလ္လင်မော်ကျေးရွာမှ ကျွန်းနံ့သာ ကျေးရွာသို့ သွားရောက်သည့် ငါးဖမ်းစက်လှေ တစီးသည် လေဆင်နှာမောင်း တိုက်ခတ်စဉ် နစ်မြုပ်သွားခဲ့ သဖြင့် စက်လှေနစ်မြုပ်သွားခဲ့ပြီး လူ ၅ ဦးပျောက်ဆုံးခဲ့သည်။

အလားတူ ဇူလှိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အမ်းမြို့နယ် တောင်စီသာ ကျေးရွာ အနီး၌ တပ်တောင်မှ ခုတ်မောင်းလာသော စက်လှေ တစီးသည် လေဆင်နှာမောင်း တိုက်ခတ် မူကြောင့် နစ်မြုပ်သွားခဲ့ပြီး စက်လှေမောင်း ဦးစောရွှေသိန်းမှာ သေဆုံးသွားခဲ့သည်။

စစ်အစိုးရအား စုပေါင်းတွန်းလှန်ရန်မှတပါး အခြားနည်းလမ်းမရှိဟု NCUB ပြော
Sat 29 Aug 2009, အာကာ
ကိုးကန့်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်အစိုးရတပ်များ ကျူးကျော်ဝင် ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ကိုးကန့်အပါအဝင် အပစ်ရပ်မဟာမိတ်အဖွဲ့ များနှင့် ဘဝတူတိုင်းရင်းသားများအနေဖြင့် စစ်မှန်သော ညီညွတ်ခြင်းနှင့် စစ်အစိုးရအား စုပေါင်းတွန်းလှန် ကာကွယ်ကြရန်မှတပါး အခြားနည်းလမ်း မရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB က ယမန်နေ့က တိုက်တွန်းလိုက်သည်။

NCUB အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လုံခြုံရေးအရ မဟာမိတ်ပြုထားတဲ့အဖွဲ့တွေဟာ တစ်ယောက်ကိုတစ်ယောက် ဟန်ပြပဲ လားပေါ့၊ ငါ့ကိုမထိရင် ငါနေမယ်။ သူ့ကိုထိရင် သူ၊ ငါ့ကိုထိရင် ငါဟန် ဆောင်ပန်ဆောင်ညီညွှတ်ရေးလား၊ ဒါမှမဟုတ်ရင်လည်း တကယ်ပဲ ကိုယ့် တိုင်းရင်းသားအခွင့်အရေးတွေကို တကယ်လိုချင်လို့ နိုင်ငံရေးအ မြင်နဲ့ ညီညွှတ်ရေးတည်ဆောက်သလား ဆိုတာ ဒါကို နအဖက အကဲစမ်းတာပဲ ပေါ့ဗျာ” ဟု ပြောသည်။

အပစ်ရပ်မဟာမိတ်အဖွဲ့အတွင်း အင်အားအနည်းဆုံးဖြစ်သော မြန်မာအမျိုး သား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA (ခေါ်) ကိုးကန့်လက် နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အား ဖြိုခွဲခြင်းသည် ကျန်အပစ်ရပ်မဟာမိတ်အ ဖွဲ့များကိုလည်း တဖွဲ့ပြီးတဖွဲ့ ဆက်လက်ဖြိုခွဲရန် သက်သေပြနေခြင်း ဖြစ် သောကြောင့် ယခုကဲ့သို့ ပြောကြားရခြင်းဖြစ်ကြောင်း NCUB က ပြော သည်။

လုံခြုံရေးအရ စစ်ရေးမဟာမိတ်ပြုထားသည့် အပစ်ရပ်အဖွဲ့များတွင် ကချင် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ ဝပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကိုးကန့်အဖွဲ့နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ ပါ ဝင်သည်ဟု သိရသည်။

ကိုးကန့်အမျိုးသားခေါင်းဆောင် ဖုန်ကျားရှင်၏နေအိမ်သို့ မူးယစ်ဆေးဝါး နှင့် လက်နက်စက်ရုံရှိသည်ဟု အကြောင်းပြပြီး အစိုးရတပ်ဖွဲ့များနှင့် ရဲတပ် ဖွဲ့ဝင်များက ယခုလ ၈ ရက်နေ့တွင် တကြိမ်၊ ၂၃ ရက်နေ့တွင် တကြိမ် ဝင် ရောက်ရှာဖွေခြင်း၊ ကိုးကန့်အမျိုးသားနယ်မြေ လောက်ကိုင်အတွင်းသို့ စစ်အစိုးရတပ်များ အင်အားသုံးပြီး ကျူးကျော်ဝင်ရောက် တပ်စွဲထားခြင်း ကြောင့် NCUB က ယခုကဲ့သို့ သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။

NCUB ၏ ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ကိုးကန့်ခေါင်း ဆောင်များအကြား ကွဲလွဲမှုကို ၄င်းတို့အချင်းချင်း ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေးအဖြေရှာရေးကို လေးစားရန် စစ်အစိုးရအား တောင်းဆိုထားသည်။

ကိုးကန့်တပ်ဖွဲ့အတွင်း ဖုံမျိုးနွယ်စုနှင့် ရန်မျိုးနွယ်စုအကြား မကြာမီကဖြစ် ပွားသည့် ကွဲလွဲမှုအတွင်း စစ်အစိုးရမှ အခွင့်ကောင်းယူပြီး သပ်လျှိုဖြိုခွဲခြင်း ပြုလုပ်နေသည်ဟုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၎င်းပြင် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြဌာန်းထားသော ‘ကိုးကန့်အ မျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ’ ဟူသည်ကိုလည်း အဓိပ္ပါယ်မဲ့အောင် စစ်အစိုးရ၏ ယခုလုပ်ရပ်က သက်သေခံလျက်ရှိကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

“နအဖရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာက သူ့စကားနားထောင်မှ သူ ညွှန်ကြားတာ လိုက်လုပ်မှ ရမယ့်သဘောပေါ့၊ အခုတော့ သူတို့စကားကို နားမထောင်ဘူးဆိုတော့ ပြောင်ပြောင်တင်းတင်းပဲ လက်နက်အားကိုးနဲ့ သိမ်းပိုက်တာပဲ” ဟု ဗိုလ်မှုးကြီးခွန်ဥက္ကာက ပြောသည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေးယူထားသောအဖွဲ့ ဖြစ် သည်။

မြို့နယ်ဥက္ကဌမှ ကြက်ဆူပင် ထပ်မံရောင်းစား
Fri 28 Aug 2009, မင်းအာသံ
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး (မယကဥက္ကဌ) သည် အပင်ပေါင်းများစွာ စိုက်ပျိုးထားသည့် တာပတွန်ကျေးရွာမှာ ကြက်ဆူပင်များကို မြို့နယ်တွင်းရှိ ကျေးရွာကြီးငယ်များထံ လိုက်လံရောင်းစားနေသည်ဟု သိရသည်။

တစ်လ လေးကြိမ် ပြုလုပ်သော မြို့နယ်အစည်းအဝေး၌ မုဒုံမြို့ မယကက ယခုကဲ့သို့ ချမှတ်ခဲ့သည်။ ၄င်းကြက်ဆူပင်များကို အကြောင်းပြုပြီ ကျေးရွာများထံ လိုက်လံငွေတောင်းခံခဲ့သည်ဟု ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က ကျေးရွာမှာ အိမ်ခြေအပေါ်မူတည်ပြီ (ကြီး၊ လတ်၊ ငယ်) သုံးမျိုးခွဲထားတယ်။ ကြီးတဲ့ကျေးရွာကို (၂) သိန်း၊ အလတ်ဆိုရင် (၁) သိန်းခွဲနဲ့ ငယ်တဲ့ရွာကို (၁) သိန်းနဲ့ငါးထောင် ရောင်းပေးနေတယ်။ နောက်ပြီ ရွာထဲမှာ လွတ်တဲ့မြေကွက်တွေမှာလည်း ကြက်ဆူပင် စိုက်ခိုင်းနေတယ်” ဟု ၄င်းက ဆက်ပြောသည်။

ထို့ကြောင့် ၄င်းတို့မှ ပျိုးထားသောကြက်ဆူပင်များကို ရွာကြီးငယ်အပေါ်မူတည်၍ မယူမနေရစနစ်အဖြစ် အတင်းဝယ်ခိုင်းနေသည်ဟု မုဒုံမြို့နယ် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“မယကက သူတို့ချပေးထားတဲ့ ကြက်ဆူပင်များကို ဝယ်ခိုင်းပြီ ကျေးရွာအတွင်းမှာ ပြန်စိုက်ခိုင်းတယ်။ ရွာမှာဆိုရင် အိမ်ကြီး အိမ်ငယ်ကြည့်ပြီ တစ်ချို့အိမ်ကို (၄) ပင်ဝယ်ခိုင်းတယ်။ ငယ်တဲ့အိမ်တော့ (၂) ပင်လောက် ဝယ်ခိုင်းတယ်” ဟု ၄င်းက ဆက်ပြောသည်။ ကြက်ဆူပင် ပျိုးပင်တစ်ပင်ကို (၃၀၀) ကျပ် ပေးရသည်ဟု သိရပါသည်။

မုဒုံမြို့နှင့် မုဒုံမြို့နယ်အပါဝင် ကျေးရွာကြီးငယ်စုစုပေါင်း (၄၂) ရွာ ရှိပြီး မယကမှ ကျေးရွာဥက္ကဌများထံ အစည်းအဝေးတွင် တောင်းခံထားသော ငွေပမာဏများကို သြဂုတ်လ ယခုလမကုန်မီ အပြီးထည့်သွင်း ပေးရမည်ဟု မြို့နယ်မယကမှ ချမှတ်ထားသည်။

မုဒုံမြို့ခံတစ်ဦး၏ ပြောပြချက်အရ “ဒီအချိန်မှာ ရာဘာလည်း မထွက်သေးလို့ ဘာကြေးညာကြေးတွေကလဲ များနေတယ်။ ကျနော်တို့က မပေးချင်ပေမယ့်လည်း ပေးနေရတယ်။ ကျနော်ကြားတာကတော့ ရွာ အများစုကလည်း ကြောက်ပြီ ပေးနေရတယ်” ဟု ၄င်းက ဆိုသည်။

လွန်ခဲ့သည့်နှစ်များတွင်လည်း တစ်အိမ်လျှင် ကြက်ဆူပင် ၅ ပင် အိမ်တိုင် ဝယ်ယူထိသော်လည်း အပင်ဖြစ်ထွန်းမအောင်မြင်သည့်အတွက် ဒေသခံအာဏာပိုင်တို့မှ ကြက်ဆူပင်ကို ထပ်မံရောင်းချသည်။ ကြက်ဆူပင်များသာမက ကြက်ဆူစေ့များကို အစိုးရအဖွဲ့များ မှတ်ပုံတင် လုပ်ပေးနေသောအချိန်တွင် မှတ်ပုံတင် လာရောက်လုပ်သူများအား တစ်ယောက်လျှင် တစ်ထုတ်စီရောင်းပေးပြီး အိမ်ပတ်ဝန်းကျင်၌
ပြန်လည်စိုက်ပျိုးခိုင်းခဲ့သည်။

လွန်ခဲ့သည့် ဇန်နဝါရီလတွင်လည်း သံဖြူဇရပ်မြို့နယ်ရှိ ကျောင်းသား ၁၄ ဦး ကြက်ဆူသီးစားမိ၍ မူးဝေသွားခြင်းကြောင့် ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ကြရသည်။



အီရန်အတိုက်အခံ ခေါင်းဆောင်တွေကို အရေးယူမည်

29 August 2009


လက်ရှိသမ္မတ မာမွတ်အမာဒင်နီဂျတ် ပြန်လည်အရွေးခံခဲ့ရတဲ့ အီရန်သမ္မတရွေးကောက်ပွဲ နောက်ပိုင်းမှာ မငြိမ်မသက်မှုတွေ ဖြစ်လာအောင် ဦးဆောင်ခဲ့သူတွေအားလုံးကို အရေးယူအပြစ်ပေးမယ်လို့ သမ္မတ အမာဒင်နီဂျတ် က ပြောလိုက်ပါတယ်။

မနေ့က မြို့တော် တီဟီရန် ကနေ အီရန်တတိုင်းပြည်လုံးကို မိန့်ခွန်းပြောရာမှာ သမ္မတ အမာဒင်နီဂျတ် က - အတိုက်အခံတွေ ဖရိုဖရဲ ဖြစ်နေကြပြီလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။

အစိုးရဆန့်ကျင်ဆန္ဒပြတာတွေကို စီစဉ်သူတွေဟာလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို ခံရလိမ့်မယ်။ သူ့စကားနဲ့ ပြောရရင်တော့ ရန်သူ့အစီအစဉ်ကို အကောက်အထည် ဖော်ပေးတဲ့သူတွေဟာ သူတို့လုပ်တဲ့ကိစ္စကို သူတို့ တာဝန်ယူ ရလိမ့်မယ်လို့ ပြောခဲ့တာပါ။

ဆန္ဒပြမှုတွေမှာ နောက်လိုက်သက်သက် အဖြစ် ပါဝင်ခဲ့သူတွေကတော့ အစ္စလာမ်ဘာသာရဲ့ သက်ညှာမှုနဲ့ ကိုင်တွယ်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဇွန်လက ကျင်းပခဲ့တဲ့ အီရန်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ပြန်လည်အရွေးခံခဲ့ရတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အဖမ်းခံခဲ့ရသလို အမြောက်အများဟာလည်း အစိုးရကို ထိပါးစော်ကားတဲ့ ရာဇ၀တ်မှုနဲ့ ရုံးတင်စစ်ဆေးခံနေကြရတာ ဖြစ်ပါတယ်။

မနက်ဖြန်အရေး



သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 

ရည်မှန်းချက် ယုံကြည်ချက်တွေအတိုင်း

ခရီးဆက်ရင်းနဲ့

ပန်းတိုင်မရောက်ခင်

အစိမ်းကြွေ ကြွေသွားခဲ့ကြရတဲ့

သူတွေဟာလည်းပဲ ဒုနဲ့ဒေ့း့  ။

သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 

ဖြစ်နိုင်တဲ့ယုံကြည်ချက်တွေကလည်းပြင်းထန်

ခရီးကလည်းကြမ်း

အတိုက်အခံ အာဏာရူးတွေကလည်းပဲ

ဆင်ကန်းတောတိုးပုံစံမျိုးနဲ့

ဇွတ်အတင်းဆက်ကာတိုးနေလေတော့

အရင်းအနှီးတွေများစွာ

ပေးဆပ်နေကြရပြီပေါ့  ။

သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 

ကံဆိုတာလူလုပ်သမျှပဲလေ

တောင်ကြီးကမိုဟာမက်ရှိရာကိုမလာရင်

မိုဟာမက်ကတောင်ကြီးရှိရာကိုပဲ သွားရမှာပေါ့

မာယာပရိယာယ်များလှတဲ့

မနက်ဖြန်အရေးအတွက်ကိုတော့

မှုန်ဝါးဝါးတော့မဖြစ်လေစေနဲ့  ။

သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 

မနက်ဖြန်များစွာကိုရောက်ဖို့အရေး

ဘ၀တိုက်ပွဲအမျိုးမျိုးကပြင်းထန်

ရေရှည်အချိန်ယူကာတိုက်ကြရမှာမို့

သွေးချင်းညီကြသူတွေလက်တွဲ

သတင်းမီဒီယာတွေကလည်းစည်းရုံးကြကာ

တယောက်တလက်သတင်းကောင်းပါးကြပါလို့

မနက်ဖြန်အရေးတိုက်ပွဲဝင်ဖို့အတွက်

အင်အားသတ္တိတွေမွေးကြရမှာပဲ့  ။

သာယာအေးချမ်းတဲ့ ဘ၀တွေဆီကိုရောက်ချင်လှပြီ့ 

ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကိုလိုချင်ရင်လည်း

ထိုက်တန်တဲ့ရင်းနှီးမှုတော့ပြုရမှာပဲ

အတိတ်ကာလတွေမှာ

အတွေ့အကြုံမရှိသေးလို့ခါးသီးခဲ့လည်း

အဲ့ဒီသင်ခန်းစာတွေကိုဗဟုသုတတွေယူလို့

မနက်ဖြန်အရေးတွေကောင်းဖို့

လွတ်လပ်မှုကိုလိုလားကြတဲ့သူများ

ကိုယ်ပိုင်အသိတရားများမွေးကာ

ရာဇ၀င်သမိုင်းတွေကောင်းအောင်

ကြိုးစားဆောင်ရွက်ကြရမှာသဘာဝပဲ့  ။

ဇာနည်မောင်

စစ်ကြောရေးစခန်းတွင် ရိုက်နှက်သည့်ဒဏ်ကြောင့် သံဃာတပါး အူကျသည့်ရောဂါ ခံစားနေရ

အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့်
ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစားနေရသည်။

စစ်ကြောရေးစခန်းမှ ရဲအုပ် ကျော်စိန်နှင့် ဒုရဲအုပ် ပြည်ခိုင်ဇော်တို့က
ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း (၂၇) ရက်နေ့ တိုင်းတရားရုံတွင်
ရုံးထုတ်သည့်နေ့က မိသားစုဝင်များကို အရှင်ဆန္ဒာဓိက က ပြောသည်။

“ဝါးစိမ်းတုတ်နဲ့ ရိုက်တာ အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တာလို့ပြောတယ်၊
အဲဒီဒဏ်တွေကြောင့် အူကျတာတွေ ဖြစ်နေတယ်၊ လောလောဆယ် ထောင်ဆေးရုံမှာ
ပြနေရတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။

အာဏာပိုင်များက စစ်ကြောရေးစခန်းတွင် ရိုက်နှက်ကာ ဓါတ်ဆီလောင်း
မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းကြပ် ထွက်ဆိုခိုင်းကြောင်း ၎င်းက
ဆက်ပြောသည်။

အရှင်ဆန္ဒာဓိကကို အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရသည့်
ယခုလ (၁၁) ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားရောက်ကြားနာပြီး အပြန်တွင်
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အရှင်ဆန္ဒာဓိက အဖမ်းခံရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ကို
အင်းစိန်ရုံးထုတ်မှာ ဘယ်လိုအမိန့်ချမလဲဆိုတာ သွားနားထောင်ခဲ့တယ်၊
နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘက်ကို လာပြီး သူ့ဒကာ၊
ဒကာမတွေကို နှုတ်ဆက်ပြီးတော့ ပြန်တဲ့အချိန်မှာ ကားအဖြူလေးနဲ့ လူသုံးယောက်က
ဦးဇင်းကို အအေးကပ်ချင်လို့ဆိုတော့ ဦးဇင်းကလည်း ငါဘုန်းပေးတာ
ပြည့်စုံပြီတဲ့၊ မလိုတော့ပါဘူးဆိုပြီး ပြောတာကို ဦးဇင်းကို
ပြောစရာရှိလို့ပါတဲ့၊ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာ” ဟု
မိသားစုဝင်က ပြောသည်။

ယခုလက်ရှိ အရှင်ဆန္ဒာဓိကကို အင်းစိန်ထောင် အဆောင် (၃) အခန်း (၁) တွင်
လူဝတ်လဲထားကာ သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် ဒုရဲအုပ်
ဇော်ဖုန်းဝင်းက တရားလိုပြုလုပ်ကာ တရားစွဲထားပြီး နောက်လ (၃) ရက်နေ့တွင်
ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။
http://www.yoma3.org/မှကူးယူဖေါ်ပြသည်