Monday, September 7, 2009

ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ



Saturday, 05 September 2009 18:56 အောင်သက်ဝိုင်း


အချိန်က ခြစ်ခြစ်တောက်ပူနေတဲ့ နေ့လယ် ၁ နာရီ ခန့်။ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီး ရှေ့ကနေ သံဃာတော် ထောင်ပေါင်းများစွာ တရွေ့ရွေ့နဲ့ ရွှေတိဂုံ စေတီ ရင်ပြင်ပေါ်ဆီ လှမ်းကြွလာတယ်။

ကိုရင်ငယ်လေးတွေ၊ သီလရှင်တွေကလည်း မျက်လွှာလေးတွေချပြီး သံဃာတော်တွေ နောက်က စည်းကမ်း တကျ စီတန်းလိုက်ပါလာတယ်။ သံဃာတော်တွေ၊ သီလရှင်တွေ၊ ကိုရင်တွေကို ပြည်သူ ထောင်ပေါင်း များ စွာက လက်ချင်းချိတ် ၀န်းရံလို့ လိုက်ပါ စောင့်ရှောက် ချီတက်နေကြတယ်။

ရွှေတိဂုံစေတီတော်ကြီးကို ဖူးမျှော်ရင်း တဖြည်းဖြည်းလှမ်းကြွနေတဲ့ သံဃာထုက စေတီရင်ပြင်တခုလုံးကို ဖုံးလွှမ်းသွားတယ်။

“အရှေ့အရပ်၌ ရှိသော အနန္တစကြ၀ဠာ ၊အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”ဆိုတဲ့ မင်းကွန်း ဆရာတော် ဘုရားကြီးရဲ့ အရပ်ရှစ်မျက်နှာ မေတ္တာပို့ဆုတောင်း ဂါထာကို သံဃာတော်တွေက ညီညီညာညာ ရွတ်ဆိုနေ ကြတယ်။

သံဃာတော်တွေရဲ့ မေတ္တာပို့ဆုတောင်းရွတ်မှုကို ထောင်သောင်းချီတဲ့ ပြည်သူတွေကလည်း လက်အုပ် ကလေးတွေချီလို့ လိုက်လံရွတ်ဆိုနေကြတယ်။

ရွှေတိဂုံစေတီတော်ကြီးကို လက်ယာရစ်တပတ်ဖူးမြော်ပြီးချိန်မှာ သံဃာတော်တွေနဲ့ ပြည်သူ ထောင်ပေါင်း များစွာက အရှေဘက်မုခ် ကနေတဆင့် ဗဟန်းလမ်းမကြီးအတိုင်း ဆူးလေစေတီတော်ကြီးဆီ မေတ္တာသုတ် ရွတ်ဆိုပြီး ငြိမ်းချမ်းစွာ ချီတက်လာတယ်။

အဲဒီ သံဃာတော်တွေ နဲ့ ပြည်သူတွေဆီက နိုင်ငံရေးတောင်းဆိုသံတွေ၊ စစ်အစိုးရကို ဝေဖန်ပုတ်ခတ်သံတွေ ထွက်ပေါ်ခြင်းမရှိဘဲ မေတ္တာပို့ဆုတောင်းသံတွေကသာ သံဃာ နဲ့ လူအုပ်ကြီးဖြတ်သန်းရာ လမ်းမတလျှောက် ပျံ့လွင့်နေတယ်။

ပူပြင်းလှတဲ့နေရောင်ကြောင့် ကတ္တရာလမ်းမကြီးတွေပေါ်မှာ ကတ္တရာတွေတောင်အရည်ပျော် နေပါပြီ။ မေတ္တာပို့လမ်းလျှောက် ချီတက်နေတဲ့ သံဃာတော်တွေနဲ့ပြည်သူတွေက ဖိနပ်မ ပါ၊ အမိုးအဆောင်းထီးမပါ နေရောင်အောက်မှာ ချွေးတပြိုက်ပြိုက်နဲ့ လျှောက်လှမ်းနေကြတာ ပါ။

လမ်းမကြီးတွေပေါ်မှာ လမ်းလျှောက်မေတ္တာပို့နေကြတဲ့ သံဃာအရေအတွက် များပြားလွန်းတာကြောင့် အဝေးကလှမ်းကြည့်ရင် ပင်လယ်ပြင်မှာလှိုင်းလုံးကြီးတွေ တလိပ်လိပ်တက်လာနေတဲ့ပုံစံလိုပါပဲ။

“ဒကာတွေ ဘုန်းဘုန်းတွေရှေ့က မသွားကြနဲ့။ ဦးပဉ္ဇင်းတွေနောက်ကပဲ ၀န်းရံလိုက်ကြပါ။ ဒကာ၊ ဒကာမတို့ ကို ကာကွယ်စောင့်ရှောက်ဖို့ ဦးပဉ္ဇင်းတို့ မေတ္တာပို့ လမ်းလျှောက်နေတာပါ။ သံဃာတွေ ရှေ့က မသွားကြနဲ့။ အန္တရာယ်တွေ့မှာစိုးလို့ပါ”ဆိုတဲ့ သက်တော် ၃၀ နီးပါးရှိတဲ့ ဦးပဉ္ဇင်းတပါးက သံဃာတော်တွေရဲ့ ရှေ့ကနေ ဦးဆောင်လမ်းလျှောက်နေကြတဲ့ လူတွေကို မိန့်ကြားနေတယ်။

အဲဒီဦးပဉ္ဇင်းရဲ့စကားကြောင့် သံဃာနဲ့လူအုပ်ကြီးရဲ့ ရှေ့ဆုံးက လမ်းလျှောက်နေကြတဲ့ လူငယ်၊ အမျိုးသား၊ အမျိုးသမီးတွေ အားလုံး သံဃာတော်တွေရဲ့ လက်ဝဲလက်ယာမှာ စုစည်းဝန်းရံကြပြီး ရှေ့ဆုံးမှာ သာသနာ့ အလံနဲ့ ဘုရားပုံတော်ကိုင်ဆောင်ထားတဲ့ သံဃာငယ်တွေကိုသာ ဦးဆောင်စေတယ်။

“ဒကာတို့ သာသနာ့အလံအောက်မှာ တဦးတယောက်ကိုမှ ရန်လိုစိတ်မထားကြနဲ့။ သံဃာထု ကို ဦးဆောင် လာတာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ဦးဆောင်လာတယ် ဆိုတာ မမေ့ကြနဲ့”လို့ သံဃာ ထုရဲ့ ရှေ့ဆုံးကနေဦးဆောင်လမ်းလျှောက်နေတဲ့ ဦးပဉ္ဇင်း တပါးက လော်စပီကာက တဆင့် မိန့်ကြားတယ်။

ဖြတ်သန်းသွားတဲ့ လမ်းဘေးဝဲယာတလျှောက် သံဃာတော်တွေကို ထိုင်ရှိခိုးကြတဲ့ လူတွေကလည်း ရာထောင်ချီရှိပါတယ်။

သံဃာတော်တွေရဲ့ ပြည်သူတွေအပေါ်ထားတဲ့ မေတ္တာကြောင့် မျက်ရည်တွေကျပြီး ၀မ်းသာပီတိ ဖြစ်နေကြ တဲ့ အမျိုးသား အမျိုးသမီးတွေလည်း မနည်းလှပါဘူး။

အဖြူရောင်လည်ကတုံးအင်္ကျီနဲ့ ယောပုဆိုးဝတ်ဆင်ထားတဲ့ ဆေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် အပါအ၀င် စတဲ့ တက္ကသိုလ်တွေက ကျောင်းသားကျောင်းသူပေါင်းမြောက်မြားစွာ ပါဝင်တဲ့ လူငယ်အဖွဲ့တွေက သံဃာတော်တွေကို သောက်ရေသန့်ဘူးတွေ ဆက်ကပ်လှုဒါန်း နေကြတယ်။

လမ်းလျှောက်ရင်း ခြေသလုံးကြွက်တက်ဝေဒနာခံစားရတဲ့ သံဃာတော်ကို ပြုစုကုသပေးတဲ့ ဆေးတက္ကသိုလ် ကျောင်းသား လူငယ်လေးတွေလည်း ဒဏ်ကြေဆေးတွေ၊ ပတ်တီး တွေနဲ့ အလုပ်ရှုပ်နေကြတယ်။

လူငယ်လူရွယ်၊လူလတ်ပိုင်းနဲ့ သက်ကြီးရွယ်အို လူကြီးပိုင်းထိ အမျိုးသမီး၊အမျိုးသား မရွေး ပါဝင်တဲ့ လူအုပ် ကြီးကလည်း သံဃာတော်တွေကို အလယ်ခေါင်မှာ ထားပြီး လမ်းဘေးဝဲယာ ကနေ လက်ချင်းမြဲမြဲခိုင်ခိုင်ချိတ် လို့ သူတို့အားလုံးရဲ့မျက်နှာမှာ ခွန်အားတွေ၊ အားမာန်တွေနဲ့ တက်ကြွနေတယ်။

သံဃာတော်တွေနဲ့ လူအုပ်ကြီးဖြတ်သန်းသွားရာ လမ်းတလျှောက်မှာ ထောက်ခံအားပေးတဲ့ ပြည်သူတွေ၊ ရေသန့်ဘူးလှူဒါန်းသူတွေ၊ ချွေးသုတ်ပ၀ါ လှူဒါန်းသူတွေက တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး စည်ကား လှတယ်။

သံဃာတွေက မေတ္တာပို့ဆုတောင်းမှုတွေလုပ်နေချိန် လမ်းဘေးဝဲယာက ကြည့်ရှုအားပေးနေကြတဲ့ လူထုက လက်ခုပ်တွေ တဖျောင်းဖျောင်းတီးပြီးအားပေးထောက်ခံကြောင်း ပြသကြလို့ ရန်ကုန်တမြို့လုံး လက်ခုပ်သံ တွေ သောသောညံ သွားတယ်။

လက်ခုပ်တီးပြီးအားပေးရုံနဲ့ မကျေနပ်နိုင်ကြတဲ့ ပြည်သူများစွာကလည်း လမ်းလျှောက် သံဃာတော်တွေနဲ့ ပူးပေါင်းပါဝင်လာတဲ့အတွက် ရပ်ကွက်တခု၊ မြို့နယ်တခုကို ဖြတ်သန်းတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြမေတ္တာပို့ ဆုတောင်းလမ်းလျှောက်ပွဲကို ပါဝင်လာသူ သံဃာတော်နဲ့ပြည်သူလူထုအရေအတွက်က တိုး၍တိုး၍ သာ လာပါတော့တယ်။

နေ့လယ် ၁ နာရီ စတင်ချီတက်ချိန် နေက တောက်ပပူပြင်းနေခဲ့ပေမယ့် မွန်းလွဲ ၂ နာရီခွဲ ခန့်မှာ ရုတ်တရက် မှောင်သွားပြီး မှိုင်းပြာနေတဲ့မိုးတိမ်မိုးသားတွေလွှမ်းလာကာ အရှိန်အဟုန် ပြင်းပြင်းနဲ့ မိုးရွာချပါတော့တယ်။ ဒါပေမယ့် အဲဒီမိုးက သံဃာနဲ့လူထုရဲ့ ငြိမ်းချမ်းစွာလမ်းလျှောက် မေတ္တာပို့ ချီတက်ပွဲကို မဖျက်ဆီးနိုင်ခဲ့ပါဘူး။

နေရောင်ကြောင့် ပင်ပန်းနွမ်းနွယ်နေတဲ့ သံဃာတော်တွေဟာ မိုးရေကြောင့် ပြန်လည်လန်းဆန်းလာတယ်။ သင်္ကန်းတွေက ရေစိုနေပေမယ့် သံဃာတော်တွေက ချမ်းအေးတဲ့ အမူအရာမပြဘဲ တည်ငြိမ်းအေးချမ်းတဲ့ မျက်နှာတွေနဲ့ မေတ္တာပို့ဆုတောင်းနေကြဆဲပါ။

ရေစိုအ၀တ်အစားတွေနဲ့ ပြည်သူသိန်းဂဏန်းကျော်ဟာလည်း သံဃာတော်တွေနဲ့အတူ ဇွဲမာန်အပြည့် ချီတက်နေကြဆဲ။

ရန်ကုန်မြို့မှာ၂၀၀၇ ခု စက်တင်ဘာလ ၁၈ ရက်ကနေ စတင်ခဲ့တဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ပွဲက စတင်ချိန်က သံဃာတော်အနည်းငယ်မျှနဲ့သာ ဟိုတစု၊ ဒီတစု စတင်ခဲ့ရ ပေမယ့် စက်တင်ဘာလ ၂၃ ၊ ၂၄ ၊ ၂၅ ရက်တွေမှာ ပြည်သူသိန်းဂဏန်း ကျော် ပါဝင်ဆင်နွှဲလာတဲ့အတွက် လမ်းတွေ ပေါ်မှာ လမ်းလျှောက်သူတွေနဲ့ ပြည့်နှက်သွားတယ်။

စက်တင်ဘာလ ၂၅ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ ရန်ကုန်မြို့တခွင် လမ်းလျှောက်ချီတက်ကြတဲ့ သံဃာနဲ့ လူထု အရေအတွက် က သိန်းပေါင်းများစွာရှိလာပြီး တမြို့လုံး လမ်းလျှောက်မေတ္တာပို့ကြတဲ့ သံဃာတွေ၊ ပြည်သူ အဖွဲ့တွေအများကြီးပေါ်လာပြီး ရန်ကုန်မြို့လယ် ဆူးလေစေတီတော်ကြီး အနီးမှာ သံဃာနဲ့ ပြည်သူ အဖွဲ့ပေါင်းစုံ စုစည်းမိတယ်။

နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့တဲ့ ခွပ်ဒေါင်းအလံတော်ကလည်း ကျောင်းသားလူငယ်တွေ ဦးဆောင်မှုနဲ့ လေထဲမှာ ပျံ့လွင့်လာပြီး သာသနာ့အလံတော်အောက်မှာ ခွပ်ဒေါင်းအလံကပါ ပူးတွဲထွက်ပေါ်လာတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့လမ်းမကြီးနဲ့ မြို့ထဲလမ်းမတွေအားလုံးမှာ သိန်းပေါင်းများစွာသော လူတွေနဲ့ ပြည့်လျှံနေတယ်။

ပဋ္ဌာန်းရွတ်ဆိုသံတွေ၊ မေတ္တာသုတ်ရွတ်သံတွေ ၊ လက်ခုပ်သံတွေ၊ ကြွေးကြော်သံတွေနဲ့ လူတွေအားလုံး တက်ကြွနေကြပြီ။

ပခုက္ကုမြို့မှာ သံဃာတော်တွေ မေတ္တာပို့ လမ်းလျှောက်စဉ် စစ်အစိုးရက ကြိုးကွင်းပစ်ဖမ်းဆီး ရိုက်နှက်ခဲ့ တာကြောင့် တပြည်လုံးပျံနှံ့လာတဲ့ သံဃာတွေဦးဆောင်တဲ့ ငြိမ်းချမ်းသော လူထုလှုပ်ရှားမှုကြီး ကြောင့် ဒီတကြိမ်မှာ စစ်အစိုးရ ပြုတ်ကျဖို့သေချာနေပြီလို့ ပြည်သူတွေအများစု ထင်မှတ်ထားကြတယ်။

သံဃာတော်တွေရဲ့ စစ်အစိုးရအပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ခြင်းကို သံဃာထု တရပ်လုံးက ညီညီညွှတ်ညွှတ် ဆောင်ရွက်နေတာကြောင့် စစ်အစိုးရ သံဃာဂိုဏ်းသင့်ပြီး စစ်အာဏာရှင်စနစ်ပျက်သုဉ်း တော့မယ်လို့ အများစုက တွက်ဆထားကြတာပါ။

ဒါပေမယ့် စစ်အစိုးရက ဘုရားသားတော် သံဃာတော်တွေကိုတောင် အာဏာတည်မြဲရေးအတွက် ရက်ရက် စက်စက် အကြမ်းဖက်ရိုက်နှက် ဖြိုခွဲခဲ့ပါတယ်။ လုံထိန်းရဲ၊စစ်သားများနဲ့ သေနတ်တွေ၊ နံပါတ်တုတ်တွေရဲ့ အောက်မှာ သွေးသံရဲရဲနဲ့ သံဃာတော်တွေ၊ ပြည်သူပေါင်း မြောက်မြားစွာကျဆုံးခဲ့ရရင်း စစ်အာဏာရှင်စနစ် ပျက်သုဉ်း ရေးအိမ်မက် ဆန္ဒတွေကလည်းပျောက်ဆုံးသွားခဲ့ရပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးဆင်နွှဲခဲ့တာ၂နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် သံဃာထုနဲ့ ပြည်သူလူထု ရဲ့ ရင်ထဲမှာ ယနေ့အထိ မမေ့နိုင်သေးသလို ဒီတော်လှန်ရေးကြီးကို ဦးဆောင်ဆင်နွှဲခဲ့ကြတဲ့ အရှင်ဂမ္ဘီရ အပါ အ၀င် သံဃာတော်တွေ၊ ပြည်သူတွေက အခုချိန်ထိ စစ်အစိုးရအကျဉ်းထောင်တွေထဲမှာ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေရဆဲပါ။

“ဓမ္မနဲ့ အဓမ္မ တိုက်ပွဲမှာ ဓမ္မကသာ အနိုင်ရစမြဲပါ။ အခု အဓမ္မ၀ါဒီတွေကြီးစိုးနေပေမယ့် မကြာမီ ဓမ္မတရားက အဓမ္မ၀ါဒီတွေကိုအောင်ပွဲခံပါလိမ့်မယ်။ ဦးပဉ္ဇင်းတို့ ပြည်သူပြည်သားတွေရဲ့ဆင်းရဲဒုက္ခတွေ မကြာမီချုပ်ငြိမ်း ပါလိမ့်မယ်။ မြတ်စွာဘုရားရှင်က မေတ္တာရားနဲ့ အောင်ခြင်းရှစ်ပါးကို အောင်နိုင်ခဲ့သလို ဦးပဉ္ဇင်းတို့ ပြည်သူ တွေလည်း မေတ္တာတရားနဲ့ အာဏာရှင်စနစ်ကိုအောင်မြင်ပါလိမ့်မယ်”လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ သံဃာတပါးက မိန့်ကြားခဲ့ပါတယ်။

UWSA ကို တိုက်လျှင် လက်နက်ကြီး/ စစ်လေယာဉ်သုံးမည်ဟု နေပြည်တော်အရာရှိပြော


တနင်္လာနေ့၊ 07 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်
ဝ နှင့် မိုင်းလားအဖွဲ့တို့အား တိုက်ခိုက်ပါက လက်နက်ကြီးများနှင့် တိုက်လေယာဉ်များ အသုံးပြုမည်ဟု မိုင်းယန်းမြို့ရောက် နေပြည်တော်အဆင့်မြင့်အရာရှိက ရပ်ရွာလူထုခေါင်းဆောင်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ကျိုင်းတုံကုန်သည် သတင်းရပ်ကွက်ပြောပါသည်။

စစ်အစိုးရ၏ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးကျော်ကျော်က မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းနှင့်အတူ လိုက်ပါ၍ မိုင်းယန်းမြို့ ဌာနပေါင်းစုံဝန်ထမ်းများ၊ ဒေသခံရပ်ကွက်ဥက္ကဌများအား ဆင့်ခေါ်အစည်းအဝေးတရပ်ကျင်းပ ခဲ့ပါသည်။

“နေပြည်တော်က လာတဲ့ အရာရှိ ဗိုလ်မှူးကြီးကျော်ကျော် ဆိုတာက ပြီးခဲ့တဲ့ ၅-၆ နှစ်က မိုင်းယန်း ခလရ ၂၆၉ တပ်ရင်းမှူး ဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် စည်းရုံးရေးအတွက် သူ့ကို လွတ်လာတာနေမှာပေါ့” - ဟု အမည် မဖေါ်လိုသည့် မိုင်းယန်းမြို့ ခံတဦးက ပြောပါသည်။

အစည်းအဝေးတွင် ဗိုလ်မှူးကြီးကျော်ကျော်က အစိုးရစစ်တပ်နှင့် မိုင်းလား တပ်ဖွဲ့၊ ၀ တပ်ဖွဲ့တို့ စစ်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံများ ၀န်ထမ်းများ အားလုံး မိမိနေရပ်ပြန်လာပြီး ပုံမှန်အတိုင်းနေထိုင် သွားရန် မှာကြားခဲ့ကြောင်း ပြောဆိုသည့်အပြင် -

“ကောဠာဟာဠ သတင်းတွေကြောင့် တိမ်းရှောင်နေတဲ့ဝန်ထမ်းတွေ အမြန်ဆုံးပြန်လာပါ၊ အချိန်မှီအလုပ် လာမလုပ်ရင်ရာထူး ကနေ ဖြုတ်ချခံရမယ်။ ကြီးလေးတဲ့ပြစ်ဒဏ်ပေးခံရမယ်၊ အခုအခြေအနေမှာ တပ်မတော်အဖို့ ၀ နဲ့ မိုင်းလားကို တိုက်ဖို့ အကြောင်းမရှိဘူး၊ တိုက်မယ်ဆိုရင် တပ်ရင်း ဆယ်နဲ့ချီ တွေ့ရမှာပေါ့၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေတွေ့ရမှာ ပေါ့၊ အရင်ကလို လူအင်အားများများစားစား သုံးတော့မှာမဟုတ်ဘူး၊ အခု ဒီဒေသမှာ ထူးခြားတဲ့ပြင်ဆင်မှုတွေမတွေ့ရတာ ကိုက လုံးဝ တိုက်ပွဲဖြစ်မှာမဟုတ်ဘူး ကျနော်အာမခံတယ်” ဟု ပြောကြားခဲ့သေးကြောင်း အမည်မဖေါ် လိုသည့်ဝန်ထမ်း တဦးကဆိုပါသည်။

ပြီးခဲ့သည့်လက စစ်အစိုးရက အင်အားသုံး၍ ကိုးကန့်ဒေသအားဝင်ရောက်သိမ်းပိုက်လိုက်ခြင်းကြောင့် တရုပ်နယ်စပ် ဒေသခံ လူထုက မိမိလုံခြုံ ရေးအတွက် အခြားဒေသသို့တိမ်းရှောင်ခဲ့ကြသည်။

“စီးပွားရေးသမားတွေ၊ တရုပ်နိုင်ငံသားတွေ ကိုးကန့်အရေးအခင်းကတည်းက မိုင်းလားဒေသ၊ ၀ ဒေသအတွင်း မနေရဲ တော့ဘူး။ အရင်က ပန်ဆန်း-တန့်ယန်း ကားခ ၆ သောင်း လောက်ကနေ အခု ၁ သိန်း ၂ သောင်းဖြစ်သွားပြီ၊ ပြီးခဲ့တဲ့အ ပတ် က တစ်သိန်းခွဲအထိတက်တယ်။ တရုပ်ပြည်သားတွေလဲ ပြန်ကုန်ပြီ၊ မိုင်းလား နဲ့ ပန်ဆန်းမှာ ကာစီနိုရုံလဲ မရှိတော့ ဘူး၊ ည ၈ နာရီဆို စားသောက်ဆိုင်တွေပိတ်ကုန်ပြီ”- အမည် မဖေါ်လိုသည့် ပန်ဆန်းကုန်သည်တဦးက ပြောပြသည်။

မိုင်းယန်း၌ နေပြည်တော်အရာရှိက စစ်မဖြစ်နိုင်ကြောင်း ဒေသခံလူထုအား ရှင်းလင်းပြောကြားသကဲ့သို့ ပန်ဆန်းဝမြို့တော်၌ လည်း စစ်ဖြစ်ခဲ့ပါက အနည်းဆုံး ၃ လမှ အများဆုံး ၅-၆ လအချိန်ယူမှသာ ဌာနချုပ်သို့ ပျံ့နှံ့လာနိုင် မည် ဖြစ်ကြောင်း နံရံကပ်စာစောင်များကပ်၍ ဒေသခံလူထုအား နေရင်းပြန်လာရန် ခေါ်သောကြောင့် တချို့တ၀က် ပြန်လာနေပြီဟုအဆိုပါ ကုန်သည်က ပြောပြသည်။

မြန်မာ့တရားစီရင်ရေး စနစ်ကို မေးခွန်းထုတ်ခြင်း




နိုင်ငံရေးအမှုလိုက်ရှေ့နေကြီး
တနင်္လာနေ့၊ စက်တင်ဘာလ 07 ရက် 2009 ခုနှစ် 18 နာရီ 06 မိနစ်

မြန်မာ့တရားစီရင်ရေး စနစ်ကို မေးခွန်းထုတ်ခြင်း

တရားစီရင်ရေးမှာ အကျုံးဝင်တဲ့ တရားသူကြီးတွေ၊ ဥပဒေဝန်ထမ်းတွေ၊ ရှေ့နေရှေ့ရပ်တွေ၊ တရားစွဲဆိုသူတွေ၊ ဆွဲချတွေဟာ အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတစွာ စီရင်နိုင်ရေး (Administration of Justice) မှာ အဓိကတာဝန်ရှိသူတွေ ဖြစ်ကြပါတယ်။

အဲဒီတာဝန်ရှိသူတွေဟာ မိမိတို့ရဲ့ ပေါ့လျော့မှု (Neglience)၊ လုပ်ငန်းမကျွမ်းကျင်မှု (Inefficiency)၊ မရိုးသားမှုတို့အပြင် ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဗျာပါဒ စတဲ့ အဂတိတရားလေးပါးကြောင့် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူတဦး အမှုက လွတ်မြောက်သွားခဲ့ရင် တရားမျှတမှု သားလျှောပျက်ကျခြင်း (Miscarriage of Justice) ကို ဖြစ်ပေါ်စေပါတယ်။ အပြစ်မဲ့သူတွေ ပြစ်ဒဏ်ခံနေရရင်လည်း တရားရေး သားလျှောပျက်ကျပါတယ်။ တရားစွဲဆိုတယ်ဆိုတာ ရဲစခန်းမှာ တိုင်ချက်ရေးဖွင့် တိုင်ကြားတာ၊ တရားရုံးမှာတိုင် လျှောက်လွှာတင်သွင်းတာ၊ တရားရုံးကိုယ်တိုင်က တရားလိုလုပ် အရေးယူတာရယ်လို့ ၃မျိုး ရှိပါတယ်။

တရားစွဲဆိုခြင်းရဲ့ အဓိက ရည်ရွယ်ချက်က စွပ်စွဲခံရသူအပေါ် အပြစ်ရရှိစေဖို့ သက်သက်မျှသာမဟုတ်ဘဲ၊ တရားမျှတမှု ပေါ်ပေါက်စေဖို့လည်း ရည်ရွယ်ရပါတယ်။ တရားရုံးတို့ရဲ့ စီရင်ပိုင်ခွင့်ကို တရားဥပဒေက အပ်နှင်းခဲ့လို့သာ စီရင်ပိုင်ခွင့်ရနေတာ ဖြစ်ပါတယ်။ အဲဒီဥပဒေကိုကျော်ပြီး မိမိသဘောအတိုင်း စီရင်ပိုင်ခွင့်ကို ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ အလားတူ မူလအမှုစစ်ရုံးရဲ့ စီရင်အမိန့်ချမှတ်ချက်ကို အယူခံခွင့်ဆိုတာကလည်း ဥပဒေက ဖန်တီးမှသာ ဖြစ်ပေါ်လာတဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။

ဥပဒေဆိုတာ နိုင်ငံသားတိုင်း လိုက်နာကြဖို့ဆိုရင် အဲဒီနိုင်ငံသားတွေထဲမှာ ပါဝင်နေတဲ့ အုပ်ချုပ်သူနဲ့ တရားစီရင်သူတွေပါ လိုက်နာကြရမှာပါပဲ။

တရားဥပဒေတွေ ပြဋ္ဌာန်းကြရခြင်းရဲ့ မူရင်းရည်ရွယ်ချက်တွေက အပြစ်ကင်းမဲ့သူတို့ကို အကာအကွယ်ပေးဖို့နဲ့ အပြစ်ရှိသူတွေကို အပြစ်ပေး အရေးယူဖို့လောက်မျှ မဟုတ်ပါ။ တရားဆွဲဆိုခံရသူများရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေမှု အပိုင်းကိုလည်း ထည့်သွင်းမစဉ်းစားရင် ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ တရားစီရင်ရေးစနစ် ဖြစ်သွားမှာပေါ့။

တရားစီရင်ရာမှာ အမှန်ကိုဆုံးဖြတ်ပေးရုံနဲ့ မပြီးပါဘူး။ အမှန်ဆုံးဖြတ်ကြောင်းကို အများပြည်သူ မြင်စေရာသည်ဆိုတဲ့ ယခင်တရားစီရင်ထုံး (Ruling) တွေအတိုင်း အများပြည်သူမြင်သာအောင် ဆုံးဖြတ်လုပ်ဆောင်ပေးရမှာ ပါမယ်။

တရားစီရင်ထုံးတွေ ပေါ်ပေါက်လာတာဟာ ရှေ့နေနဲ့ ပညာရှိတရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ လုံ့လတွေကြောင့်ဖြစ်တယ်။ ဒါတွေကို နောင်လာနောင်သား တရားသူကြီးတွေက ဆက်လက် လိုက်နာကျင့်သုံးကြရတာကြောင့် တရားသူကြီးက ဥပဒေပြုတာ (Judge made law) လို့တောင် တင်စားပြောဆိုနေကြရပါတယ်။

အဲဒီ့ ဥပဒေစနစ်အတိုင်း လက်ခံကျင့်သုံးနေတဲ့ မြန်မာပြည်မှာ ရှိရင်းစွဲ စီရင်ထုံးတွေကို ကြပ်မတ်ထိန်းသိမ်းဖို့နဲ့၊ မလိုလားအပ်တဲ့ တရားလက်လွတ် စီရင်ထုံးအသစ်တွေ ပေါ်ထွက်မလာစေဖို့အတွက် လက်ရှိအမြင့်ဆုံး တရားရုံးမှာ အများကြီး တာဝန်ရှိပါတယ်။

တရားရုံးပြင်ပ တကယ့်အခြေအနေမှာ တကမ္ဘာလုံးသိကြပြီးတဲ့အတိုင်း အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူ အမေရိကန်နိုင်ငံသား ယတ်တောကိုတော့ လွတ်မြောက်စေပြီး၊ မပြီးပြတ်သေးတဲ့ မူလအမှုနဲ့ ကျန်တဲ့သူတွေက အယူခံဆက်လက်ဝင်ရောက်နေရတယ်။ ဒီဖြစ်ရပ်ဟာ တရားရေးစနစ်အတွက် အဓိပ္ပာယ်မဲ့ပြီး၊ တရားရုံးတွေကို ဂုဏ်သိက္ခာ လုံးဝညှိုးနွမ်းစေပါတယ်။

မူရင်း ပြစ်မှုကျုးလွန်သူကို လွတ်မြောက်စေပြီးနောက်မှ၊ ပြည်တွင်းက အပြစ်မဲ့သူတွေကို ပြစ်ဒဏ်ကိုထပ်ပြီး အတည်ပြုဦးမယ်ဆိုရင်၊ နောင်တချိန်မှာ ဒီလိုဆုံးဖြတ်ခဲ့တဲ့ စီရင်ထုံးကို အသုံးပြုပြီး နိုင်ငံတော်အကြီးအကဲတွေနဲ့ နီးစပ်သူတွေက လူသတ်ချင်တိုင်းသတ်မယ်။ ပြီးရင် အခုအမှုစီရင်ထုံးကို အသုံးပြုပြီး လွတ်မြောက်သွားကြဦးမယ်။ မလွတ်မြောက်ခင်မှာ သူမကျေနပ်တဲ့သူ တယောက်ကိုပါ သူလည်းပါတယ်ဆိုပြီး ပူးတွဲတရားခံဖြစ်အောင် လက်ညှိုးထိုး ဒုက္ခပေးခဲ့မယ်။

ဒါကြောင့် အခုလို မိုက်မဲတဲ့ တရားရုံးဆုံးဖြတ်ချက်က ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တွေ အထပ်ထပ် ပေါ်ထွက်လာအောင် နိုင်ငံအတွင်း လှုံ့ဆော်ပေးသူအဖြစ်နဲ့ တရားစီရင်ရေး သမိုင်းတရားခံ ဖြစ်သွားနိုင်ပါတယ်။

အမှုတခုကို စီရင်ဆုံးဖြတ်တဲ့နေရာမှာ တရားသူကြီးတွေဟာ ကိုယ်တိုင်ပြင်ပ အသိနဲ့ မဆုံးဖြတ်ရဘူး၊ ရုံးရှေ့သက်သေခံချက်တွေအတိုင်းသာ ဆုံးဖြတ်ရမယ်ဆိုပေမယ့် စက်ယန္တရားလည်ပတ်သလို၊ သိပ္ပံပုံသေနည်းတွေလို တရားသေ၊ လှေနံဓားထစ် လုပ်ဆောင်ရမှာ မဟုတ်ပါဘူး။ ဆင်ခြင်တုံတရားကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးရမှာ ဖြစ်ပါတယ်။

အမြင့်ဆုံး တရားရုံးမှာ အယူခံမှု၊ ပြင်ဆင်မှုတွေရောက်တဲ့အထိ အပြစ်ကင်းသူလို့ ကနဦးကပင် မှတ်ယူရမယ်ဆိုတဲ့ ဥပဒေသဘောတရားကိုလည်း တရားသူကြီးတွေ မေ့နေကြပြီလို့ မထင်ပါဘူး။

အောက်ရုံးတရားသူကြီးတွေရဲ့ အသိဥာဏ်နုံနဲမှုကို အထက်အဆင့်မြင့်တရားရုံးများက ရွှေစစ်လျှင် ငရဲမီး အစားခံနိုင်သကဲ့သို့ (Acid test) အစမ်းသပ်ခံနိုင်တဲ့အမိန့်တွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးရမှာပါ။

ဥပဒေအတိုင်း စီရင်ဆုံးဖြတ်မယ်ဆိုရင်လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၁) အရ လွတ်လပ်သော ဆိုရှယ်လစ် နိုင်ငံတော်ကပဲ အချုပ်အခြာ အာဏာပိုင်ဖြစ်တာကြောင့်မို့ အဲဒီဥပဒေနဲ့ အရေးယူခဲ့တယ်။ ဒါပေမဲ့ တရားသူကြီးမင်းများအပါအဝင် ဒီကနေ့ ပြည်သူလူထုဟာ ဆိုရှယ်လစ် အချုပ်အခြာအာဏာပိုင် မဟုတ်တော့ပါဘဲနဲ့ ၁၉၇၄ အခြေခံ ဥပဒေ အသက်ဝင်နေသေးတယ်ဆိုပြီး ယူသုံးတာဟာ အများရယ်စရာပါ။

၂ဝဝ၈ အခြေခံဥပဒေရယ်လို့ တဖက်သတ်ပြဋ္ဌာန်းပြီး၊ ၁၉၇၄ အခြေခံဥပဒေကိုယူသုံး တရားစီရင်ခြင်းအားဖြင့် ပထမဦးဆုံးအချိန်တိုတိုအတွင်း အခြေခံဥပဒေသစ်ကို ချိုးဖောက်ပြသူများကတော့ ယနေ့အာဏာပိုင်များနဲ့ တရားသူကြီးမင်းများပါပဲ။

ပိုဆိုးတာက တရားစီရင်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာကို ဖျက်သိမ်းပစ်ခဲ့တာဟာ အဲဒီ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၉၄ (က) မှာ ပြဋ္ဌာန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ၇၅ ရာခိုင်နှုန်းက ထောက်ခံပြီးနောက် မဲပေးခွင့်ရှိသူ ၅ဝ ရာခိုင်နှုန်းကျော်ရဲ့ ပြည်သူ့ဆန္ဒခံယူကာ၊ အဲဒီထောက်ခံမှုရမှ အခြေခံဥပဒေကို ပြင်ဆင်နိုင်သည် ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို မလေးစားမလိုက်နာခဲ့ကြတာပါ။

၂ဝဝ၈ ခုနှစ်မှာ ရေးဆွဲပြီးဆုံးခဲ့ပြီဆိုတဲ့ အခြေခံဥပဒေကိုလည်း နောင်တချိန်မှာ သူတို့လို ဥပဒေကို မလေးစားတဲ့သူတွေက အာဏာသိမ်းပြီး ကြိုက်တာလုပ်လို့ရအောင် လမ်းပြပေးနေသလိုပါပဲ။ ဒါဟာ နောင်လာမယ့် အနာဂတ်အစိုးရတွေကို အာမခံချက်မရှိတော့ဘူးဆိုတာ သက်သေပြတဲ့ စီရင်ထုံးတခုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်သွားနိုင်ပါတယ်။

ဒီကနေ့ မြန်မာ့တရားစီရင်ရေးစနစ်မှာ ပျက်ကျမှုတွေ အခါခါ မြင်တွေ့နေကြရပါတယ်။ တရားရေးစနစ် ပြိုပျက်သားလျှောမှုက တတိုင်းပြည်လုံး ကတိမ်းကပါးနဲ့ ငါးပါးမှောက် ကုန်စေပါမယ်။

ဒါကြောင့် ရိုးသားမှု၊ တော်တည့်ဖြောင့်မတ်မှု (honesty and integrity) တို့ကို အခြေခံပြီး အများအကျိုးအတွက် အနစ်နာခံကာ တရားမျှတမှုကို ဖော်ဆောင်ပေးတဲ့ စီရင်ဆုံးဖြတ်ချက်မျိုး ချမှတ်ခြင်းဖြင့် ပြည်သူတို့ရဲ့ ကြည်ညိုလေးစားခြင်းကို တရားသူကြီးမင်းတို့ ရယူနိုင်ပါစေ။

7September ဒိုင်ယာရီ

MSWဖိုင်ရယူရန်
pdf Fileရယူရန်
07 September News


စီးပွားရေးသမားများက ကေအိုင်အိုကို မျက်ခြေမပြတ် စောင့်ကြည့်နေ
တနင်္လာနေ့၊ 07 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်
E-mail Print
တရုပ်နယ်စပ်ရှိ ကချင်ပြည်လွပ်လပ်ရေးတပ်မတော် (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် ရင်းနှီး မြုပ်နှံထားသည့်စီးပွားရေး လုပ်ငန်းရှင်များက ဗမာစစ်တပ်နှင့်ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ (KIO)အဖွဲ့ တို့၏ နှစ်ဘက်ဆက်ဆံရေးအခြေအနေ အား သတိထား စောင့်ကြည့်နေကြောင်း သိရသည်။

လိုင်ဇာ၌ စီးပွားရေးလုပ်ကိုင်သူများက နှစ်ဘက်အခြေအနေကို စိတ်ဝင်စားနေခြင်းမှာ အခြေအနေ မဟန်ပါကပြောင်းရွေ့ ကြရန် ဖြစ်သည်။

အထူးသဖြင့် နအဖနှင့်ကေအိုင်အို တွေ့ဆုံဆွေးနွေးမည်ဆိုသည့် သတင်းထွက်ပေါ်လာပြီးနောက် ၎င်း ရလဒ်ကိုစိတ်ဝင် တစား စောင့်ကြည့်နေကြောင်း လိုင်ဇာဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သျှမ်းသံတော် ဆင့်ကိုပြောသည်။

စက်တင်ဘာ 4 ရက်နေ့ နံနက်ပိုင်းတွင် လိုင်ဇာမြို့ရှိ လိုင်ဇာဟော်တယ်၌ ကေအိုင်အို ဗဟိုဌာနချုပ်ရှိထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဒေသ အသီးသီးမှ နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (ဆလံကမ္ဘာ) ကိုယ်စားများတွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

အခြေအနေကို စောင့်ကြည့်နေသူများထဲတွင် ရပ်ဝေးမှလာရောက် အခြေချစီးပွားရေးလုပ်သူများသာမက ဒေသခံများ လည်း ပါဝင်ကြောင်း သိရသည်။

“ကျနော်တို့တော့ အောက်တိုဘာလအထိစောင့်ကြည့်ချင်သေးတယ် အဲဒီတော့မှပဲအခြေအနေမကောင်းရင် ဒီ ဘက် ထွက်လာမယ် တချို့တွေတော့ ဆိုင်တွေပိတ်ထားကြတယ် ပစ္စည်းတွေတော့ဘယ်ရွေ့သွားကြမှန်းမသိ ဘူး” လို့ လိုင်ဇာမြို့တွင် ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

အရင်းအနှီးများများဖြင့် လာရောက်စီးပွားရေးလုပ်သူများတွင် တရုပ်နိုင်ငံသားအများစုဖြစ်ကြပြီး မော်တော်ဆိုင် ကယ် ကုမ္ပဏီများ ၊ ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီများ၊ အ၀တ်အထည်ဆိုင်ကြီးများ ၊ လျှပ်စစ်ပစ္စည်းဆိုင်များ နှင့်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များ ပါဝင်သည်။

လွန်ခဲ့သည့် လကုန်ပိုင်းကစ နအဖနှင့်အပစ်ရပ်ကိုးကန့်တို့ စစ်ရေးတင်းမာစပြုချိန်တွင် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို ငြင်းဆန်နေသည့် တရုတ်နယ်စပ် အပစ်ရပ်ငြိမ်းအဖွဲ့များ၏ စီးပွားရေး လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ရန် အစီအစဉ်မရှိတော့ကြောင်း သိရသည်။

လတ်တလော အခြေအနေတွင် တရုပ်နိုင်ငံသား စီးပွားရေးသမားအချို့၏ ဆိုင်ခန်းများ ပိတ်သွား၍ လိုင်ဇာဈေးအတွင်းရှိ ဆိုင်ခန်းအချို့လည်း ပိတ်သွားပြီဖြစ်ကြောင်း လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။

တရုပ်ဘက်ခြမ်း လိုင်ဇာမြို့သို့ပြောင်းရွေ့ အခန်းငှားရမ်းသူများပြားလာသဖြင့် တရုပ်အာဏာပိုင်များဘက်မှစာရင်း ကောက်ယူမှုများရှိနေကြောင်း သူကပြောသည်။

“ဒေသခံတွေလည်း ပစ္စည်းတွေပြောင်းနေတာပဲ တရုပ်ဘက်ကလာတဲ့သူတွေကတော့ အရင်းအနှီးများတယ်ပစ္စည်းတွေ တော့သယ်ထားကြပြီ တချို့လည်း ဆိုင်ပိတ်လိုက်ပြီ လောင်းကစားဝိုင်းတွေတော့ မပိတ်သေးပါဘူး ရှိပါတယ်” လို့ ဆိုသည်။

လိုင်ဇာတွင် စီးပွားရေးလာရောက်လုပ်ကိုင်သူအများစုမှာ တရုပ်ပြည်သားများဖြစ်ကြပြီး မြစ်ကြီးနားနှင့်ဗန်းမော် ဘက်မှ လုပ်ငန်းရှင်များလည်း ကုန်ဆိုင်ဖွင့်ရောင်းချသူများရှိကြောင်း သိရသည်။

ယခုလို ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုအပေါ် ကေအိုင်အိုကတစ်စုံတစ်ရာ ပြောဆိုရှင်းလင်းခြင်းမရှိသေး ကြောင်း သိရသည်။

တရုပ်နယ်စပ်အနီးရှိ သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ အပစ်အခတ်ရပ်ဆဲထားသည့် ကိုးကန့်အဖွဲ့နှင့် နအဖ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့အပြီး ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့နားအထိ နအဖစစ်တပ်များက ချဉ်းကပ်နေရာယူ
လာကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ကေအိုင်အိုအဖွဲ့အား အောက်တိုဘာလ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖွဲ့စည်းရန် ဖိအား ပေး ပြောဆိုထားသဖြင့် တစ်လတာကာလအတွင်း အခြေအနေအပြောင်းအလဲကို စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

ဖုန်ကြားရှင်သစ္စာခံများက အလစ်အငိုက်တုံ ပြန်မည်ဆိုသောသတင်းကြောင့် မန္တလေးရှိ ကိုးကန့် နှင့် ၀ များကိုစောင့်ကြည့်မှုရှိ

၇ စက်တင်ဘာ မန္တလေး၊ ၊ညွန့် သက်ထားဦး

ယခင်မြန်မာနိုင်ငံ၏ ဒုတိယ မြိုတော် ဖြစ်သည့် မန္တလေး မြို့ တွင် အထူးဒေသ (၁) နှင့် အထူးဒေသ (၂) စသည့် လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့ များမှ ရင်းနှီးမြုပ်နှံထားသော စီးပွားရေးလုပ်ငန်းများကိုဒေသခံ စရဖ နှင့် ရဲတပ်ဖွဲ့ ဝင်များက စောင့်ကြပ်ကြည့်ရှုများရှိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းက ကိုးကန့် နယ်မြေ အတွင်းသို့ မြန်မာ အစိုးရ တပ်များထိုးဖောက်ဝင်ရောက်ပြီးနောက်ပိုင်းတွင် မန္တလေးမြို့ ပေါ်ရှိ ကိုးကန့် နှင့် ၀ လူမျိုးတို့ ဖွင့်လှစ်ထားသည့် ကုမ္ပဏီ များ စားသောက်ဆိုင်များကို ပို၍ တင်းကျပ်စွာစောင့်ကြပ်ကြည့်ရှုမှု
များရှိ ခဲ့သည်။အထူးသဖြင့် ဖြုတ်ချခံခဲ့ရသည့် ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင် နှင့်နီးကပ်စွာဆက်ဆံ မှု ရှိခဲ့သော ကိုးကန့် လူမျိုး အချို့ ကို စစ်ထောက်လှမ်းရေးက ပိုမိုစောင့်ကြပ်ကြည့်ရှုသည် ။

နအဖ စစ်တပ်၏ ကိုးကန့် ဒေသ သိမ်းပိုက် မှု နောက်ပိုင်းတွင် မန္တလေးမြို့ ၏ အခြေအနေ နှင့် ပတ်သက်၍ ကျွဲဆည်ကန် ရပ် နေသူ တစ်ဦးက “ဒီနေရာက ပိုက်ဆံရှိတဲ့သူတွေနေကြတယ်လေ အထူးဒေသ ၁ က ကိုးကန့် အချို့ လည်း ဒီဝင်းထဲမှာရှိတယ် ။အခု သူတို့ ကို ထောက်လှမ်ရေး က အမြဲစောင့်ကြည့်နေတယ်။ အိမ်ထဲထိ ၀င်စုံစမ်းတာတွေ လဲရှိတယ်“ဟု Freedom News Group သို့ ပြောသည်။

နန်းရှေ့ရေတံခွန်တောင် ဘီယာပဘ် ဖွင့်လှစ်ထားသည့် အထူးဒေသ (၁) မှ ကိုးကန့် လူမျိုးတစ်ဦး ကို မူ မန္တလေး စရဖ မှ မေးမြန်းရန် အတွက် ဆိုကာ မကြာခဏ လာရောက်ခေါ်ဆောင်သည် ဟု ထိုဘီယာဆိုင်မှ ၀န်ထမ်းတစ်ဦးကပြောသည်။

မန္တလေး နှင့် လာရှိုးရှိ ဓန အင်အားကြွယ်ဝသော ၀ နှင့် ကိုးကန့် လူမျိုးများမှာ မြန်မာနိုင်ငံမှတိတ်တဆိတ် ထွက်ခွာ၍ တရုတ်ပြည်နယ်စပ်မြို့ များသို့ ပြောင်းရွှေ့ သွားကြသည်။မန္တလေးမြို့ တွင်မူ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ များက ၎င်းတို့ ပိုင်ဆိုင်သည့် အိမ်ခြံမြေများကို ပြန်လည်ရောင်းချ မှုကြောင့် အိမ်ခြံမြေဈေးများကျဆင်းလျှက်ရှိသည်။

နအဖ စစ်တပ် ၏ ကိုးကန့် ဒေသ သိမ်းပိုက်မှု အပြီးတွင် မန္တလေး နှင့် လားရှိုးမြို့ ပေါ်တွင်ကောလဟာလ သတင်းမျိုးစုံ ထွက်ပေါ်နေရာ တံခွန်တိုင် ရှိ သံချပ်ကာ ယန္တယားတပ် မှ အရာရှိ တစ်ဦးက “ဖုန်ကြားရှင် ရဲ့ သစ္စာခံတွေ က မန္တလေး နဲ့ လားရှိုးမှာ ဗုံးခွဲတာတွေ
လုပ်ကြံတာတွေ ဖြစ်လာနိုင်တယ် လို့ သတင်းရထားတယ်”ဟု ပြောသည်။

ဒေသခံ မန္တလေး ဂျာနယ် လစ်တစ်ဦးက“မန္တလေးမြို့ ပေါ်ရဲ့ သုံးပုံ တစ်ပုံ နီးပါးက ၀နဲ့ ကိုးကန့် တွေ ပိုင်ဆိုင်ထားကြတာ ဆိုတော့  ဟိုမှာ ဂယက်ထတော့ ဒီမှာ လည်း ဂယက်ရိုက် လာတာပဲ မန္တလေးသားတွေ ထဲမှာ ဒေသစွဲ ရှိပြီး ၀ နဲ့ ကိုးကန့် တွေ ကိုမုန်းတဲ့သူတစ် ချို့ ကတော့ မန်းလေး က ၀ နဲ့ ကိုးကန့် တွေ ကို ထွက်သွားဖို့ စာတွေလိုက်ကပ် တယ်လို့ ကြားတယ်။ဘာတွေ ဆက်ဖြစ်လာအုံးမလဲ မသိဘူး လူမျိုးရေး ပဋိပက္ခ မဖြစ်လာပါစေနဲ့ လို့ ဆုတောင်းရတယ်။ဝ နဲ့  ကိုးကန့် ကြောင့် ဘ၀ပျက်ခဲ့သူ တွေ က ခံစားချက်တွေ ကို ထုတ်
ပြဖို့ အချိန်တန်ပြီ လို့ ပြောနေကြတယ် တကယ်တော့ မန္တလေးဟာ မြန်မာ တို့ ရဲ့ မြေပါဟု“မန္တလေးမြို့ အခြေအနေ နှင့် ပတ်သက်၍ သုံးသပ်ပြသွားသည်။



ကေအိုင်အိုကို ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ်အဖြစ် ပြောင်းရန်
ကချင်လူထု ဆုံးဖြတ်
ခိုင်လင်း / ၇ စက်တင်ဘာ ၂၀၀၉
line


ကေအိုင်အိုအား နယ်ခြားစောင့်တပ် (BGF) အစား ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ် (KRGF) အဖြစ် အသွင်ပြောင်းရန် ကချင်ပြည်နယ်ဒေသအသီးသီးမှ လူထုကိုယ်စားလှယ်များနှင့် ကေအိုင်အိုတို့ တွေ့ဆုံဆွေးနွေးကာ သဘောတူ ဆုံးဖြတ်လိုက်သည်။

ယခုလ (၅) ရက်တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ဖားကန့် စသည့် ဒေသအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ ဒေသဆိုင်ရာယဉ်ကျေးမှုအဖွဲ့၊ လူမှုရေးအဖွဲ့အသီးသီးမှကိုယ်စားလှယ် စုစုပေါင်း (၃၂၄) ဦးနှင့် ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်များ တွေ့ဆုံစည်းဝေးပွဲတရပ်ကျင်းပခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကချင်အမျိုးသားများ၏ရှေ့ရေး ဆွေးနွေးပွဲအမည်ဖြင့် ကျင်းပသည့် ယင်းအစည်းအဝေးမှ အချက် (၆) ချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟုလည်း ကေအိုင်အေအရာရှိတဦးက ပြောသည်။

၎င်းက “အဓိကတော့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ ကေအိုင်အိုအနေနဲ့ ပါဝင်မှုကို လိုလားတယ်။ စစ်အစိုးရနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးသွားဖို့နဲ့ အချင်းချင်း ယုံကြည်မှုနဲ့ဆွေးနွေးသွားမယ်။ ငြိမ်းချမ်းရေးကို ဆက်လက်အကောင်ထည် ဖော်ဆောင်ရွက်သွားမယ်။ နယ်ခြားစောင့်တပ်အနေနဲ့မဟုတ်ဘဲ ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ် (KRGF) အဖြစ် အနေနဲ့ပဲ လူထုက လိုလားတယ်ဆိုတာ ကြေညာချက်နဲ့ ဖော်ပြထားပါတယ်” ဟု ပြောသည်။

နအဖက ကေအိုင်အိုအပါအဝင် အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ပြီးခဲ့သည့် ဧပြီ (၂၈) ရက်မှ စတင်ကမ်းလှမ်းပြောဆိုပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

နအဖက နယ်ခြားစောင့်တပ်အဖြစ်သာ အသွင်ပြောင်းရန် တစိုက်မတ်မတ် ဖိအားပေးပြောဆိုလာခဲ့သော်လည်း ကေအိုင်အိုအနေဖြင့် လက်မခံနိုင်သည့်အကြောင်းကို ယခုပြုလုပ်ခဲ့သည့် ကချင်လူထုအစည်းဝေးဖြင့် ထပ်မံ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ကေအိုင်အိုအဖွဲ့မှ အသက် (၅ဝ) နှစ် အထက်ရှိသူများကို နိုင်ငံရေးပါတီထူထောင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် နအဖက ကမ်းလှမ်းထားခဲ့ရာ ဒု-ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ၊ အထွေထွေအတွင်းရေးမှူး (၂) အင်ဂျာနော်ရစ် အပါအဝင် ခေါင်းဆောင် (၆) ဦးတို့ ကေအိုင်အိုမှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးပါတီထဲ ဝင်ရောက်ရန်ရှိသည်ဟု အဆိုပါ ကေအိုင်အိုအရာရှိက ပြောသည်။

၎င်းက “သူတို့ကို ဖယ်ရှားတာ မဟုတ်ဘူး။ နဂိုတည်းက နိုင်ငံရေးပါတီထဲမှာ လုပ်ဖို့ အစီစဉ်ရှိပြီးသားပါ။ ကြားကာလ လုပ်ငန်းကော်မတီဆိုပြီး ဖွဲ့ထားတာရှိတယ်။ အဲဒီမှာ လုပ်နေကြရာက အခု ပါတီထဲမှာလုပ်ဖို့ နုတ်ထွက်ခွင့်ပေးလိုက်တာပါ” ဟု ပြောသည်။

ကေအိုင်အိုအနေဖြင့် နအဖက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ငြင်းဆန်နေသကဲ့သို့ တဖက်မှလည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်အချို့အား ဝင်ရောက်စေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန်နေကြသည်။



ပညာဒါနသင်တန်း တက်ရောက်သူများ စည်းကမ်းချက်များပါ လိုက်နာကြရ
မျိုးချစ်သူ/ ၇ စက်တင်ဘာ ၂၀၀၉
line


ကြံ့ဖွံ့က ဖွင့်လှစ်ပေးထားသည့် ပညာဒါနသင်တန်းများတွင် ပညာသင်ကြားပေးမှုအပြင် တင်းကျပ်သည့်စည်းကမ်းများကိုပါ ထုတ်ပြန်ထားကြောင်း သိရသည်။

ပညာဒါနသင်တန်းများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်ဖြစ်သည့် ရန်ကုန်တိုင်းတာဝန်ခံ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဦးဆောင်ကာ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။

ယင်းသင်တန်းများတွင် အပြင်ကျူရှင်ဆရာများကို ခေါ်ယူကာ (၁၀) တန်း ကျောင်းသူကျောင်းသားများအား စနေ၊ တနင်္ဂနွေတွင် အခမဲ့သင်ကြားပေးနေခြင်းဖြစ်သည့်အတွက် ပြင်ပကျူရှင်မတက်နိုင်သူ ကျောင်းသူကျောင်းသားများ တက်ရောက်ကြကြောင်း သိရသည်။

ပညာဒါနသင်တန်းတက်နေသည့် ကျောင်းသားတဦး၏ ဖခင်ဖြစ်သူက “စေတနာနဲ့ သင်တန်းဖွင့်တာလို့တော့ ပြောပါတယ်။ ကျောင်းသားတွေရဲ့ ပညာရေးအတွက် အခမဲ့သင်တန်းဆိုတော့ ကျနော်လည်း ကျနော့်သားကို သင်တန်းတက်ခိုင်းပါတယ်။ ဒါပေမယ့် အဲဒီသင်တန်းတက်မှာ စည်းကမ်းချက်တွေ ထုတ်ထားတာ (၁၆) ခုလောက် ရှိတယ်။ အဆိုးဆုံးကတော့ သင်တန်းအတွင်းမှာ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့စကား လုံးဝမပြောရ ဆိုပြီးတော့ပါတယ်။ ဒါဟာ လူငယ်တွေရဲ့ အနာဂတ်အတွက် မျက်စိ၊ နားတွေကို ပိတ်စေ ကန်းစေတာပဲ” ဟု ပြောသည်။

ပညာဒါနသင်တန်းတက်ရောက်သူ သင်တန်းသားများသည် အစိမ်းနှင့်အဖြူ ယူနီဖောင်းကဲ့သို့ ၀တ်ဆင်ရသည်ဟုလည်း သိရသည်။

“ပညာဒါနမှာ ကျောင်းသားတွေကို အစိမ်းနဲ့ အဖြူ ၀တ်ခိုင်းတယ်။ အမှန်တော့ ကြံ့ဖွံ့ပုံစံ သွင်းနေတာလေ။ သူတို့ပုံစံမျိုး ယူနီဖောင်းလို မျိုးပေါ့။ တကယ်ဆိုရင် ပညာဒါနဆိုတာ ကျူရှင်လိုပဲလေ။ စည်းကမ်းတကျ စနစ်တကျဖြစ်စေမယ့် ၀တ်စားဆင် ယင်မှုဆိုရင် အဆင်ပြေတာပဲလေ။ အစိမ်းနဲ့ အဖြူကို ၀တ်ခိုင်းစရာ လိုလို့လားဗျာ” ဟု သင်တန်းတက်ရောက်သူ ကျောင်းသားတဦးက ပြောသည်။

ရန်ကုန်တွင် မြို့တော်ဝန်က ပညာဒါနသင်တန်းများကို မြို့နယ်များအားလုံးတွင် အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြည် တွင်း သတင်းဂျာနယ်များတွင် ရေးသားဖော်ပြခဲ့သည်။

“ ပညာဒါန ဆိုပြီးတော့ ဖွင့်နေတာ ပြီးခဲ့တဲ့ ပညာသင်နှစ်ကပဲ ကြားတယ်။ စည်းရုံးရေးဆင်းတဲ့သဘော၊ ဆန်ပေးမှ ဆီရဆိုတာ မျိုးပေါ့။ ကြံ့ဖွံ့အသင်းဝင်ရတယ်လေ။ သူတို့က အရေအတွက်ကိုပဲ ကြည့်တာ၊ စာရွက်မှာရေးပြီးတော့ ၀င်လိုက်လို့ရတာကို လူတိုင်းလုပ်နိုင်တယ်။ ရင်ထဲက အကြောင်းအရာတွေက အရေးကြီးတယ်လေ။ ပြည်သူတွေက ငွေရေးကြေးရေး ဆင်းရဲကြတယ်။ ကျောင်းသားမိဘတွေ တော်တော်များများက သားသမီးတွေကို ကျူရှင်မထားနိုင်ဘူး။ ဒါကို အခွင့်အရေးယူပြီးတော့ ကြံ့ဖွံ့က စည်းရုံးတယ်။ အဖြေကတော့ ပွဲလန့်နေတုန်း ဖျာခင်းတဲ့ သဘောပါပဲ” ဟု ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းစာ ဆရာတဦးက ပြောသည်။

ကျူရှင်ဆရာများအား ရန်ကုန်မြို့တော်ဝန်က ပညာဒါနသင်တန်းတွင် ၀င်ရောက်သင်ကြားပေးရန် ပြောဆိုကြောင်း၊ ရန်ကုန်မှ နာမည်ကြီးကျူရှင်ဆရာများလည်း ပါဝင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။




ထိုင်းနှင့်တရုတ်ထက် သဘာဝဓာတ်ငွေ့ထွက် မြန်မာ
လျှပ်စစ်သုံးစွဲခွင့် လျော့နည်း
မင်းနိုင်သူ/ ၇ စက်တင်ဘာ ၂၀၀၉
line


မြန်မာနိုင်ငံသည် ကမ္ဘာ့သဘာဝဓာတ်ငွေ့ အရင်းအမြစ်ပိုင်ဆိုင်သော နိုင်ငံများစာရင်းတွင် အဆင့် (၁၀) အဖြစ် ပါဝင်နေသော်လည်း မြန်မာနိုင်ငံသားတဦး၏ လျှပ်စစ်သုံးစွဲမှု ပမာဏသည် အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံသားတဦး၏ လျှပ်စစ်သုံးစွဲမှု ပမာဏအောက် (၅) ရာခိုင်နှုန်း လျော့နည်းနေကြောင်း အာဏာစင်္ကြန် အစီရင်ခံစာတွင် ထောက်ပြထားသည်။

အဆိုပါအစီရင်ခံစာကို တရုတ်နိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတော့မည့် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စောင့်ကြည့်နေသည့် ရွှေဂက်စ်အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“အစီရင်ခံစာထုတ်ရတာက ဒီပိုက်လိုင်းသွယ်တန်းမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လယ်ယာမြေ အသိမ်းပိုက်ခံရမှုတွေ ရှိလာနိုင်တယ်ဆိုတာနဲ့ ဒီသဘာဝဓာတ်ငွေ့ကြောင့် ပြည်သူလူထု အကျိုးစီးပွား ဖြစ်လာမှာမဟုတ်ဘဲ မြန်မာနဲ့ တရုတ်အစိုးရတို့ အာဏာတည်မြဲရေးအတွက်ပဲ ဖြစ်နေတယ်ဆိုတာကို သိရှိလာကြစေဖို့အတွက် ထုတ်ရတာဖြစ်ပါတယ်” ဟု ရွှေဂက်စ်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုဝင်းအောင်က ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် သဘာဝဓာတ်ငွေ့ရောင်းချမှုမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ (၂.၄) သန်း ရရှိနေသော်လည်း လူထုအတွက် အရေးပါသော ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့၌ သုံးစွဲမှုပမာဏမှာ အနည်းအကျဉ်းမျှသာ ရှိသည်ဟု ထိုအစီရင်ခံစာ၌ ထောက်ပြထားသည်။

“အစိုးရကို အဓိက ငွေရှာပေးနေတဲ့ လုပ်ငန်းတခုဖြစ်နေတာပါ။ ကျနော်တို့ ရတနာ ရဲတံခွန်စီမံကိန်းတုန်းက ဆိုရင်လည်း လယ်ယာမြေသိမ်းပိုက်မှုတွေ၊ စစ်တပ်အင်အား တိုးချဲ့ချထားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိခဲ့တာပါ။ ဒီတရုတ်ကို သွယ်တန်းမှာကြတော့ ရေနံနဲ့ဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုဖြစ်နေတယ်ဆိုတော့ ပိုက်လိုင်း လမ်းကြောင်းတလျှောက်မှာ နေထိုင်နေကြတဲ့ လူထုအတွက် စိုးရိမ်စရာအခြေအနေတွေ ပိုကြုံတွေ့လာရနိုင်တယ်” ဟု ကိုဝင်းအောင်က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ နန်နင်းမြို့သို့ သွယ်တန်းမည့် ပိုက်လိုင်းလမ်းကြောင်း တလျှောက်တွင်လည်း ယခုအခါ နအဖစစ်အစိုးရက မြန်မာဘက်အခြမ်းတွင် စစ်သားဦးရေ (၁၃,၀၀၀) ခန့်ချထားပြီးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုဖောက်လုပ်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာအစိုးရအတွက်သာမက တရုတ်အစိုးရအတွက်လည်း မဟာဗျူဟာမြောက် စီမံကိန်းတခုဖြစ်နေသဖြင့် ဒေသခံတိုင်းရင်းသားများ အရေးထက် ပိုက်လိုင်းသွယ်တန်းမှု အောင်မြင်ရေးကိုသာ အဓိကထားလိမ့်မည်ဟု ကိုဝင်းအောင်က သုံးသပ်သည်။

၎င်းက “တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် အဓိကကျနေတာရယ်၊ အရင်ကဆိုရင် မလက္ကာရေလက်ကြားကို ဖြတ်ပြီး သင်္ဘောနဲ့ ရေနံသယ်ယူရတဲ့ လုပ်ငန်းတွေရယ်၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ကြုံတွေ့ခဲ့ရတဲ့ အမေရိကန်ရေတပ် ကြီးစိုးမှုတွေကို တရုတ်အနေနဲ့ ရှောင်ရှားနိုင်မှာ ဖြစ်တယ်။ နှစ်နိုင်ငံအစိုးရအတွက် မဟာဗျူဟာကျ အာဏာစပ်လမ်းကြောင်း ဖြစ်တဲ့အတွက် ဒီစီမံကိန်းလမ်းကြောင်းမှာရှိတဲ့ ပြည်သူလူထုပဲဖြစ်ဖြစ်၊ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေပဲဖြစ်ဖြစ် အနှောင့်အယှက်ဖြစ်လာမယ်လို့ မြင်ရင် ရှင်းပစ်မယ့် သဘောရှိတယ်” ဟု ပြောသည်။

သို့သော် ပိုက်လိုင်းသွယ်တန်းမည့် တရုတ်နိုင်ငံအနေဖြင့် ဒေသခံပြည်သူလူထု အကျိုးထိခိုက်အောင် သွယ်တန်းဖောက်လုပ် ခဲ့ပါက ဆုံးရှုံးမှုများကြုံတွေ့ရနိုင်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုကြောင့် လယ်ယာမြေအသိမ်းပိုက်ခံရမှုများ ၊ အဓမ္မလုပ်အားပေး စေခိုင်းခံရမှုများ ဖြစ်ခဲ့ပါက ဒေသခံလူထုအနေဖြင့် အိုင်အယ်လ်အိုအဖွဲ့၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များသို့ ဆက်သွယ်တိုင်ကြားသင့်ကြောင်း ကိုဝင်းအောင် အကြံပြုသည်။

နအဖစစ်အစိုးရ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး ယခုနှစ် ဇွန်လတွင် သွားရောက်ခဲ့သော တရုတ်ခရီးစဉ်အတွင်း တရုတ်ဒု-သမ္မတ နှင့် ပိုက်လိုင်းသွယ်တန်းရေး၊ လုပ်ငန်းလည်ပတ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) သည် ယခုလမှစတင်ကာ ကီလိုမီတာ (၄,၀၀၀) ခန့်ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို သွယ်တန်းမည်ဖြစ်သည်။







မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ
ရန်ကုန်ယူနိုက်တက်အသင်း ပွဲဦးထွက်ရှုံး
မျိုးချစ်သူ/ ၇ စက်တင်ဘာ ၂၀၀၉
line


မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ပြန်လည်ကျင်းပခဲ့ရာ ယမန်နေ့က ရန်ကုန် သုဝဏ္ဏဘောလုံး အားကစားကွင်း (အိမ်ကွင်းတွင်) ပထမဦးဆုံး ကန်ခွင့်ရသော ရန်ကုန်ယူနိုက်တက်အသင်း ပွဲဦးထွက် ရှုံးနိမ့်ခဲ့သည်။

ယင်းအသင်းအနေဖြင့် ဧရာဝတီတိုင်းကိုယ်စားပြု ဒယ်လ်တာယူနိုက်တက် အသင်းအား (၂ - ၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့ ကျနော်တို့ကလေးတွေ ကြိုးစားပြီး ကန်တာကို အသိအမှတ်ပြုပါတယ်။ ဒါကြောင့် ဒီပွဲမှာ ကျနော်တို့ အသင်းရှုံးနိမ့်တယ်လို့ မမှတ်ထားပါဘူး” ဟု အသင်းနည်းပြ မျိုးလှိုင်ဝင်းက ဘောလုံးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန် ယူနိုက်တက်အသင်းသည် ထူးကုမ္ပဏီမှ ဦးတေဇ (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက) ပိုင်သော အသင်းဖြစ်ပြီး ဒယ်လ်တာယူနိုက်တက်အသင်းသည် မက်စ် ဦးဇော်ဇော် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ) ပိုင်သော အသင်းဖြစ်သည်။

“ရတနာပုံနဲ့ ရန်ကုန်နဲ့ ကန်တုန်းကလည်း တေဇက ဆုဖလားကို မှန်းထားတာလေ။ ချန်ပီယံ ရချင်တာ မရလိုက်ဘူး။ သူတော် တော်လေး စိတ်ထိခိုက်တယ်လို့ ကျနော်တို့သိရတယ်။ အခုလည်းကြည့် ပွဲဦးထွက်မှာပဲ ရှုံးနေတာ။ အမှန်ဆိုရင် ဒယ်လ်တာ ယူနိုက်တက်အသင်းဆိုတာ အသင်း (၈) သင်းထဲမှာ လုံးဝအားနည်းတဲ့ အသင်းပဲ။ အမှတ်က အနိမ့်ဆုံးအသင်းပဲ။ နိုင်သင့်တာပေါ့” ဟု ရန်ကုန် ဘောလုံးပရိသတ်တဦးက ပြောသည်။

မြန်မာ့ဘောလုံးလောကတွင် ပထမဦးဆုံးကျင်းပခဲ့သည့် MNL Cup Grand Royal 2009 ဘောလုံးပြိုင်ပွဲကို မေလ (၁၆) ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်နှင့် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC အသင်းတို့ ဇူလိုင် (၅) ရက်တွင် ယှဉ်ပြိုင်ကစားကြရာ ရတနာပုံအသင်းက အနိုင်ရရှိသွားသည်။

မြန်မာနေရှင်နယ်လိဂ်ဘောလုံးကလပ်အသင်းများကို ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းကခန့်မှစတင်၍ တိုင်း (၇) တိုင်း ကိုယ်စားပြုအသင်း (၇) သင်းနှင့် ပုဂ္ဂလိက အသင်း (၁) သင်း၊ စုစုပေါင်း (၈) သင်း ဖွဲ့စည်းခဲ့ကာ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

နေရှင်နယ်လိဂ် ကွင်းဝင်ကြေးများကို အထူးတန်းလက်မှတ် တစောင်လျှင် (၁,၀၀၀) ကျပ်၊ ရိုးရိုးတန်းလက်မှတ်တစောင်လျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကဲ့သို့ ဈေးမြင့်တက်မှု ရှိသော်လည်း ယခုမှောင် ခိုလက်မှတ်ဈေးမှာ အထူးတန်း (၃,၀၀၀) ကျပ်ဖြစ်ပြီး ရိုးရိုးတန်းလက်မှတ်ဈေးမှာ ပုံမှန်အတိုင်းဖြစ်သည်။

“အရင်ပွဲစဉ်လို လူမများဘူး။ အရင်ကဆိုရင် ဘောလုံးကွင်းရှေ့မှာ တန်းစီစနစ်နဲ့ လက်မှတ်ဝယ်ရတယ်။ လက်မှတ်မရတဲ့ သူတွေရှိတယ်။ အထူးတန်းတစောင်ကို (၇,၀၀၀) ကျပ်နဲ့ ၀ယ်ရတာထိ ဖြစ်သွားတယ်” ဟု သုဝဏ္ဏမြို့ခံတဦးက ပြောသည်။

ပထမအကြိမ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ဘောလုံးအသင်း (၈) သင်းက ကျပ်ငွေ သိန်းပေါင်း (၃) သောင်းကျော် အကုန်အကျခံ ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ရတနာပုံအသင်းက ကျပ်သိန်း (၆,ဝဝဝ)၊ ဦးတေဇပိုင် ရန်ကုန်ယူနိုက်တက်အသင်းက ကျပ်သိန်း (၄,ဝဝဝ) ကျော်နှင့် အခြားအသင်းများက ကျပ်သိန်း (၁,ဝဝဝ) ကျော်မှ (၃,ဝဝဝ) အကြား သုံးစွဲခဲ့ကြခြင်းဖြစ်ကြောင်း အသင်းပိုင်ရှင်များ၏ ပြောကြားချက်အရ သိရသည်။




ထထကြွကြွနှင့် ပြိုင်တူဝိုင်းကြပါစို့
NEJ / ၇ စက်တင်ဘာ ၂၀၀၉


၁၉၈၉ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ ထိုစဉ်က န၀တစစ်အုပ်စုနှင့် ပထမဆုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ (မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု - MNDAA) နှင့် နအဖတပ်ဖွဲ့တို့အကြား သြဂုတ်လ (၂၇) ရက်မှ (၂၉) ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသတွင်းမှ စစ်ပြေးဒုက္ခသည် သုံးသောင်းငါးထောင် ကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ကိုးကန့်တပ်ဖွဲ့ဝင် (၁,၀၀၀) ခန့် တရုတ်ပြည်ဘက်သို့ ၀င်ရောက်ကာ တရုတ်အာဏာပိုင်များထံ လက်နက်ချအညံ့ခံခဲ့ကြသည်။

တနည်းအားဖြင့် အနှစ် (၂၀) ကျော် ကြာမြင့်ပြီးနောက် နအဖစစ်အုပ်စု၏ လက်ကိုင်တုတ်တပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား ပထမဆုံးအကြိမ် ကျည်စပေါက်ခဲ့ခြင်းဖြစ်သည်။ ကိုးကန့်ခေါင်းဆောင်များ၏ မူးယစ်ဆေးဝါးမှုနှင့် လက်နက်မှောင်ခိုမှုများကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း နအဖစစ်အုပ်စုဘက်မှ အကြောင်းပြသည်။

သို့သော် စစ်အုပ်စု၏ အကြောင်းပြချက်ကို နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် အတိုက်အခံအင်အားစုများက လက်ခံယုံကြည်ခြင်းမရှိပေ။ နအဖစစ်အုပ်စု ဖြစ်စေချင်သည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရေးကိစ္စကို ကိုးကန့်ခေါင်းဆောင်များက ငြင်းဆန်သဖြင့် တရုတ်နယ်စပ်တလျှောက်ရှိ အပစ်အခတ်ရပ်စဲရေး အဖွဲ့များအနက် အင်အားအနည်းဆုံးဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ကို အပြစ်ရှာပြီး ဗွေဆော်ဦး တိုက်ခိုက်ခြင်းဟုသာ လက်ခံယုံကြည်ကြသည်။

အနှစ် (၂၀) အတွင်း နအဖ လှမ်းခဲ့သည့် ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့်လည်း စစ်အုပ်စု၏ အကြောင်းပြချက် ခိုင်လုံခြင်းမရှိကြောင်း သိသာထင်ရှားနေသည်။ နအဖစစ်ခေါင်းဆောင်များသည် သူတို့စစ်အုပ်စုနှင့် အကျိုးစီးပွားတူလျှင် ကမ္ဘာက အလိုရှိနေသည့် ဘိန်းဘုရင် ခွန်ဆာကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင်လျှင် မိတ်ဆွေဖွဲ့ကာ ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့တွင် အေးအေးလူလူ ခေါင်းချခွင့်ပြုခဲ့သူများဖြစ်သည်။

ထို့အပြင် အနှစ် (၂၀) ကျော်ကြာ အပစ်အခတ်ရပ်စဲထားခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ခြင်းမျိုးမဟုတ်ဘဲ စစ်အုပ်စု၏ ယာယီအကျိုးစီးပွား (အဓိကအားဖြင့် စစ်မျက်နှာမများစေရေး) အတွက် စီးပွားရေးအရ အထူးအခွင့်အရေးပေး (၀ါ) လုပ်ချင်ရာလုပ်ခွင့်ပြုကာ မသိချင်ဟန်ဆောင်သည့်နည်းဖြင့် အပစ်အခတ်ရပ်စဲခဲ့ခြင်းဖြစ်သည်။

တနည်းအားဖြင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြောင့် ကြီးထွားလာသည့် ပြည်တွင်း/ပြည်ပဒီမိုကရေစီ အင်အားစုများအား နည်းမျိုးစုံဖြင့် ဖြိုခွဲရန်အတွက် အချိန်ယူချင်၍သာ အပစ်အခတ်ရပ်အဖွဲ့များနှင့် ယာယီငြိမ်းချမ်းရေး ရယူထားခဲ့ခြင်းမျိုးဖြစ်သည်။ ထို့အတွက် စစ်အုပ်စုသည် အပစ်ရပ်အဖွဲ့ခေါင်းဆောင်များကို စီးပွားရေးမက်လုံးများအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသများဖြင့်ပါ ဆွဲဆောင်စည်းရုံးခဲ့ရလေသည်။

သို့သော် နအဖစစ်ခေါင်းဆောင်များသည် လိုတမျိုး မလိုတမျိုး စိတ်သဘောထားမမှန် ဖောက်လွဲဖောက်ပြန် ပြုမူတတ်သည့် တပ်မတော်သားအယောင်ဆောင် လူလိမ်လူညစ် အာဏာရူးများသာဖြစ်ကြောင်း အနှစ် (၂၀) သာဓကများက တစတစ ထင်ရှားလာစေခဲ့သည်။ အကျိုးစီးပွားတူလျှင် ဘိန်းဘုရင်ပင်ဖြစ်သော်ငြား လည်ပင်းဖက်ပေါင်းသင်းခဲ့သော်လည်း အကျိုးစီးပွားမတူညီလျှင် (သို့မဟုတ်) မတူညီတော့သည့်အချိန်ရောက်လျှင် ပြိုင်ဘက်မှန်သမျှကို ကလိန်ကကျစ် ဉာဏ်နီဉာဏ်နက် နည်းမျိုးစုံသုံး၍ ဖယ်ရှားဖြိုခွင်းလေ့ရှိသည့် လူ့အောက်တန်းစားများဖြစ်ကြောင်း ကြာလေလေ ထင်ရှားလေလေဖြစ်၏။

အာဏာရှင်စစ်အုပ်စုသည် အနှစ် (၂၀) ကာလအတွင်း သူတို့၏ ရာဇပလ္လင်ကို ထိပါးအောင်ပြုမည်ဟု ယူဆသည့် နိုင်ငံရေးသမား၊ ကျောင်းသား၊ ပြည်သူဆိုလျှင် ဘိန်း၊ ချဲဘောက်ချာများ ပစ်ကာ အမှုဆင်ဖမ်းဆီးခြင်းမျိုး ကလိန်ကကျစ် ပြုလုပ်တတ်၏။ သံဃာတော်များဆိုလျှင် အမျိုးသမီး ထမီပစ်ကာ အမှုဆင်ဖမ်းဆီးခြင်းမျိုး အောက်တန်းကျကျ ပြုမူတတ်၏။ မကြာသေးမီက ဆိုလျှင် နေအိမ်အကျုယ်ချုပ်ကျခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူတယောက်လုံး ပင်ပစ်၍ အမှုဆင်ကာ မျက်နှာပြောင်တိုက် ဖမ်းဆီးခဲ့၏။

ထိုကဲ့သို့သော အမှုဆင်ဖမ်းဆီးမှုများအပြီးတွင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်အဖွဲ့ အသွင်ပြောင်းလဲရန် ငြင်းဆန်နေသည့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များထဲမှ ကိုးကန့်တပ်ဖွဲ့ကို မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှု ခေါင်းစဉ်တပ်ကာ အပြစ်ရှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပေ၏။ နဂိုကတည်းက ကိုးကန့်ခေါင်းဆောင်များ ဘိန်းလုပ်နေသည်ကို မသိချင်ဟန်ဆောင်ခဲ့သည့် နအဖစစ်ခေါင်းဆောင်များက သူတို့၏ အမိန့်ကိုမနာခံသည့် ယခုအချိန်ကျမှ မူးယစ်ဆေးဝါးမှုကို အကြောင်းပြလာသည်မှာ ရယ်သွမ်းသွေးဖွယ်ရာပင် ဖြစ်တော့၏။ (နအဖစစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ၏ ပြောပြချက်အရဆိုလျှင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ အလျှံအပယ်မထွက်ခင် ၁၉၉၃ ခုနှစ်အထိ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်နယ်စပ် အပစ်ရပ်ခေါင်းဆောင်များထံမှ ခွဲဝေရရှိသည့် မူးယစ်ဆေးဝါးရောင်းရငွေများအပေါ် မှီခိုခဲ့ရသည်ဟူ၏။)

ကိုးကန့်ခေါင်းဆောင်များ ကျူးလွန်သည်ဆိုသည့် မူးယစ်ဆေးဝါးပြဿနာများ အပါအ၀င် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအလုံးစုံသည် မြန်မာနိုင်ငံကို (၄၇) နှစ်ကျော်ကြာ စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့ခြင်းကြောင့် အမြစ်တွယ်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ရာ ပြဿနာအ၀၀ကို ချုပ်ငြိမ်းအောင် ဆောင်ရွက်လိုလျှင် ရှေးဦးစွာ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ဖို့လိုအပ်ပေသည်။ ထို့နောက်မှသာ ကျန်ပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် နည်းမှန်လမ်းမှန် စနစ်တကျ အချိန်ယူဖြေရှင်းရမည်ဖြစ်ပေသည်။

အဆိုပါပြဿနာအ၀၀ကို ဖန်းတီးခဲ့၊ ဖန်တီးနေဆဲဖြစ်သော နအဖစစ်အုပ်စုသည် အနှစ် (၂၀) အတွင်း အတိုက်အခံအင်အားစု အသီးသီး (တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ) အပေါ် ကလိန်အကျစ် ဉာဏ်နီဉာဏ်နက်မျိုးစုံဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးထိန်းသိမ်း တိုက်ခိုက်ခြင်းမျိုးအပြင် ပြည်သူကို ပြည်သူနှင့်၊ ကျောင်းသားကို ကျောင်းသားနှင့်၊ ကရင်ကို ကရင်နှင့်၊ ကိုးကန့်ကို ကိုးကန့်နှင့် အချင်းချင်း သပ်လျှိုသွေးခွဲကာ ဖြိုခွင်းသည့်နည်းကိုလည်း ကျင့်သုံးခဲ့ပေသည်။ မည်သို့ပင် ထောက်ချောက်ဆင် ဖမ်းဆီးဖမ်းဆီး၊ သွေးခွဲဖြိုခွင်းဖြိုခွင်းစေကာမူ တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် ပြဿနာများ သည် ပြေလည်လျော့ပါလာခြင်းမရှိဘဲ အလုံးစုံးပျက်သုဉ်းရမည့်ကိန်းသို့သာ တနေ့တခြား ဆိုက်ရောက်လာသည်ကို တွေ့နေရပေသည်။
ထိုသို့ တိုင်းပြည်ကို ချောက်ထဲသို့ တွန်းပို့နေသော ကောက်ကျစ်ယုတ်မာ ပက်စက်လှသည့် နအဖစစ်ခေါင်းဆောင်နှင့်တကွ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ရန်အလို့ငှာ စစ်အုပ်စုဆင်သည့် ထောင်ချောက်အတွင်းသို့ (ကိုးကန့်အရေးကို နမူနာယူကာ) တဦးချင်း၊ တဖွဲ့ချင်း သက်ဆင်းမခံဘဲ ပြည်သူလူထုတရပ်လုံးနှင့်အတူ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၊ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများအားလုံး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ချိန်ကကဲ့သို့ လက်ဦးမှုယူပြီး တချိန်တည်း တပြိုင်တည်း အုံကြွပေါက်ကွဲ တိုက်ခိုက်ကြဖို့ လိုအပ်ပါကြောင်း ခေတ်ပြိုင်က တပ်လှန့်နှိုးဆော်လိုက်ရပါ၏။

ဒေါက်တာ တူးဂျာ ဘာလို့ နုတ်ထွက်လဲ Print E-mail
အင်တာဗျူး
ဖနိဒါ
တနင်္လာနေ့၊ စက်တင်ဘာလ 07 ရက် 2009 ခုနှစ် 19 နာရီ 22 မိနစ်


စစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခြင်း ခံနေရသော အပစ်ခတ်ရပ် အဖွဲ့တခုဖြစ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့၏ ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးက နုတ်ထွက်သွားခြင်းက မြန်မာ့နိုင်ငံရေးအတွင်း ဂယက်ငယ်တခု ဖြစ်သွားခဲ့သည်။ ဒေါက်တာတူးဂျာကို မဇ္ဈိမသတင်းထောက် ဖနိဒါက မေးမြန်းထားသည်။

ဒေါက်တာ တူးဂျာအနေနဲ့ ကေအိုင်အိုအဖွဲ့ကနေ ဘယ်လိုအကြောင်းများကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်သလဲရှင်။

ဒါကတော့ မြို့ပေါ် နိုင်ငံရေးကို ပိုပြီး အာရုံစိုက် လုပ်ကိုင်နိုင်ဖို့ ကေအိုင်အိုကနေ နုတ်ထွက်လိုက်တာပါ။ မြို့ပေါ် နိုင်ငံရေး လုပ်မယ်ဆိုရင် အဖွဲ့အစည်းကနေ နုတ်ထွက်ရမယ်။ ပါတီနိုင်ငံရေး ထောင်မယ်ဆိုရင် လွတ်လွတ်လပ်လပ် ပြည်သူတယောက် အနေနဲ့ မြို့နိုင်ငံ နိုင်ငံရေး လုပ်ဆောင်နိုင်ဖို့ မိမိအဖွဲ့ကနေ ထွက်လိုက်တာပါ။

ပါတီနိုင်ငံရေး တည်ထောင်ဖို့အတွက် ဘယ်လို ရည်ရွယ်ချက်ကြောင့်ပါလဲ။

ပါတီထောင်ဖို့က ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့အတွက် စစ်အစိုးရက လမ်းပြမြေပုံ ချမှတ်ပြီးတော့မှ အကောင်အထည် ဖော်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲပါဝင်ဖို့ သူတို့က နိုင်ငံရေး ပါတီထောင်ဖို့ လုပ်လာမယ်။ အဲဒီအချိန်မှာ ကျနော်တို့က တိုင်းရင်းသား ပြည်သူလူထုအတွက် လူမျိုးဘာသာ မခွဲခြားဘူး၊ နိုင်ငံရေး စိတ်ပါဝင်စားတဲ့လူတွေ အားလုံး စုပေါင်းပြီးတော့မှ ပါတီတခု ထူးထောင်ပြီးတော့မှ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာမှာ ပါဝင်ကြဖို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ လူတွေက ကချင်ပြည်နယ်ရဲ့ လွှတ်တော်မှာ လွှတ်တော်အမတ် ဖြစ်လာမယ်။ နောက်ပြီးတော့ နောက်တက်လာမယ့် ကချင်ပြည်နယ် အစိုးရတရပ်မှာလည်း ပါဝင်သွားနိုင်မယ်လေ။ အဲဒီအခါကျတော့ ကချင်ပြည်နယ်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ပြည်နယ်သားများရဲ့ အကျိုးစီးပွားကို အဲဒီလမ်းကြောင်းအတိုင်း လုပ်ဆောင်သွားတာ အသင့်တော်ဆုံးဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ပါတီထောင်လိုက်တာပါ။

အခုလို ကေအိုင်အိုအဖွဲ့ကနေ နုတ်ထွက်လိုက်တဲ့အခါမှာ ကေအိုင်အိုထဲမှာ စိတ်ဝမ်းကွဲတာမျိုးများ ရှိလာနိုင်မလား။

အားလုံး တိုင်ပင်ပြီးသား ဖြစ်တဲ့အတွက် ကေအိုင်အို ဗဟိုအနေနဲ့လည်း အစိုးရက ချမှတ်တဲ့ နည်းလမ်းအတိုင်း ပြည်သူဘက်မှ ရပ်တည်သွားဖို့ လက်ခံတယ်။ အားပေးတယ်။ မကန့်ကွက်ပါဘူး။ စိတ်ဝမ်းကွဲတဲ့သဘော လုံးဝ မရှိပါဘူး။ ဗဟိုဌာနက နုတ်ထွက်မိန့်ကိုတော့ စက်တင်ဘာလ ၃ ရက်နေ့မှာပါ။

ကေအိုင်အိုအဖွဲ့ဝင် ၆ ယောက် နုတ်ထွက်လိုက်တဲ့အပေါ်မှာ ကေအိုင်အိုအဖွဲ့မှာ အင်အား လျော့နည်းသွားတာမျိုး ရှိလာနိုင်မလား။

ဒါကတော့ ကျနော်တို့ ကေအိုင်အိုက အဖွဲ့အစည်း အကြီးကြီး တခုပဲလေ။ ကျနော်တို့ ၄-၅ ယောက် ထွက်သွားရုံနဲ့ အင်အား မလျော့သွားပါဘူး။

ပါတီဖွဲ့စည်းဖို့ အစိုးရအနေနဲ့ ဖိအားပေးတာမျိုး ကန့်ကွက်တာမျိုးရှိလား။

ကျနော်တို့ကို အစိုးရအနေနဲ့ ဖိအားပေးတာလည်း မရှိဘူး။ ကန့်ကွက်တားမြစ်တာလည်း မရှိပါဘူး။

ပါတီထဲမှာ ဘယ်လို အဖွဲ့အစည်းတွေ ပါဝင်ပါသလဲရှင်။

ပါတီထဲမှာ ဦးဇခုန်တင်ယိမ်းအဖွဲ့ ကချင်အမျိုးသားဒီမိုကရက်သစ် တပ်မတော် (NDAK) အဖွဲ့က တချို့ပါလာမယ်။ ကေအိုင်အိုခွဲထွက်အဖွဲ့ လဆန်အောင်ဝါ အဖွဲ့လည်း ပါတယ်။ နောက်ကချင် အတိုင်ပင်ခံအဖွဲ့နဲ့ ကေအိုင်အို အဖွဲ့အချို့လည်း ပါမယ်။ အများစုက အရပ်သားတွေ ပိုများမယ်။ လူထုဘက်က ဖြစ်လာမယ်။ နိုင်ငံရေး စိတ်ပါဝင်စားတဲ့ လူတွေ အားလုံးပါလာနိုင်တယ်။

ကေအိုင်အိုတပ်ကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့ဖို့အစား ကေအိုင်အိုတပ်တခုလုံး ပါဝင်တဲ့ (KRGF) တပ်ဖွဲ့ဖို့ တောင်းဆိုချက်ကို ဘယ်လို မျှော်လင့်ပါသလဲ။

အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီးမှသာ အဖြေထွက်လာမှာဖြစ်တဲ့အတွက် အသွင်ကူးပြောင်းရေး အောင်မြင်ဖို့ဆိုရင် လိုတိုးပိုလျှော့ လုပ်ရမှာပဲ။ အစိုးရလည်းပဲ လိုက်လျောမယ်လို့ ယူဆပါတယ်။ လိုက်လျော ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကချင်ပြည်သူလူထုအတွက် ဘယ်လို ပြုပြင်ပြောင်းလဲတဲ့ အခွင့်အလမ်းမျိုး ရနိုင်မယ်လို့ မျှော်လင့်ပါသလဲရှင်။

ပြုပြင်ပြောင်းလဲဖို့အတွက် ပြည်ထောင်စုတခုလုံးအနေနဲ့ ပြုပြင်ပြောင်းလဲရမှာပဲ။ ကျနော်တို့ ပြည်နယ်အတိုင်းအတာအနေနဲ့လည်း အစိုးရက လမ်းဖွင့်ပေးခဲ့တဲ့အတိုင်း လမ်းဖွင့်ပေးသလောက် ကျနော်တို့က လက်တွေ့ကျကျ လုပ်ကိုင်ပြီးတော့ ပိုမိုကောင်းမွန်လာအောင် ကျနော်တို့ ကြိုးစားသွားမှာပါ။


မလေးရှားတွင် အဖမ်းခံနေရသူများကို ပြန်လည်လက်ခံ Print E-mail
မေကျော်
တနင်္လာနေ့၊ စက်တင်ဘာလ 07 ရက် 2009 ခုနှစ် 19 နာရီ 27 မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ တရားမ၀င် နေထိုင်မှုဖြင့် မလေးရှားတွင် ဖမ်းဆီး ခံနေခဲ့ရသော မြန်မာလုပ်သားများအနက် လမ်းစရိတ် တတ်နိုင်သူများကို ပြန်လည် ပို့ဆောင်ခြင်း ပြုလုပ်လျက် ရှိသည်။

မြန်မာနိုင်ငံသားအဖြစ် အထောက်ပြနိုင်သူများဖြစ်ပြီး တဦးလျှင် အပြန်လမ်းစရိတ် လေယာဉ် လက်မှတ်ဖိုး အပါအ၀င် မလေးရှားငွေ ရင်းဂစ် ၁၆၀၀ (ကျပ်ငွေ ၅ သိန်းခန့်) ကုန်ကျခံနိုင်သူများကို ရန်ကုန်မြို့သို့ တိုက်ရိုက် ပြန်လည် ပို့ဆောင်ခြင်း ဖြစ်သည်။

ပထမဆုံး အသုတ်အနေဖြင့် ၄၉ ဦး ပြန်လည် ရောက်ရှိလာကြောင်း စက်တင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားသည်။

ပြန်လိုသူများသည် သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်း ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူတို့ဖြင့် မလေးရှားဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်စားလှယ်မှတဆင့် လျှောက်ထားကြရသည်ဟု စုံစမ်း သိရှိရသည်။

“အခုကတော့ စခန်းထဲက လူတွေက အပြင်က ကျန်ခဲ့တဲ့ သူငယ်ချင်းဖြစ်ဖြစ်၊ အမျိုးတွေဖြစ်ဖြစ် သူတို့က ပိုက်ဆံစုပြီး လုပ်ပေးနေကြတယ်။ ဒါမှမဟုတ် ပြည်တွင်းက ပို့ပေးတဲ့ ပိုက်ဆံနဲ့ဖြစ်ဖြစ် ပြန်နေကြတယ်။ ပွဲစားကိုတော့ စခန်းစောင့်တဲ့ ရဲတွေကတဆင့် ချိတ်တယ်” ဟု အခြေအနေကို စောင့်ကြည့်နေသည့် မလေးရှားရောက် ကိုအောင်ကျော်က ပြောသည်။

မလေးရှား အစိုးရက နိုင်ငံတွင်း တရားမ၀င် အလုပ်သမားများကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး စေတနာ့ ၀န်ထမ်းများဖြင့် ဖွဲ့စည်းထားသော RELA သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် Volunteers of Malaysia People က နိုင်ငံတွင်း တရားမ၀င် အလုပ်သမားများကို ရှာဖွေဖမ်းဆီးပြီး လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ထားသည်။

မလေးရှားအစိုးရက ထုတ်ပြန်သော စာရင်းများအရ တရားမ၀င် နိုင်ငံခြားသား အလုပ်သမား ၇၀၀၀ တွင် မြန်မာ ၂၈၀၀ ဦးပါဝင်နေသည် ဟု သိရသည်။

မလေးရှားတွင် တရားဝင် မြန်မာလုပ်သား ၁ သိန်း ၄ သောင်းကျော် ရှိနေပြီး တရားမ၀င် မြန်မာလုပ်သားက ယင်းထက် အဆများပြားမည်ဟု ခန့်မှန်းထားကြသည်။


ကချင်လူထုက နယ်ခြားစောင့်တပ် လက်မခံ Print E-mail
ဖနိဒါ
တနင်္လာနေ့၊ စက်တင်ဘာလ 07 ရက် 2009 ခုနှစ် 18 နာရီ 34 မိနစ်


ချင်းမိုင်(မဇ္ဈိမ)။ ။ ကချင် လွတ်မြောက်ရေးအဖွဲ့၏ တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက ဖိအားပေးနေသော်လည်း ကချင်လူထုက လက်မခံဘဲ ပယ်ချလိုက်သည်။

စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့ထိ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသည့် ကိုယ်စားလှယ်ပေါင်း ၃၂၄ ဦးနှင့် ကေအိုင်အို ခေါင်းဆောင်များ ပါဝင် တက်ရောက်သော အစည်းအဝေးက ကေအိုင်အိုတပ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိသော ကချင်ဒေသလုံခြုံရေး (KRGF) တပ်အဖြစ်သာ ပြောင်းလဲမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

“ကချင်ပြည်သူလူထု အရပ်လုံးလိုလားတဲ့ အခွင့်အရေးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားပွဲပေါ်မှာ ဆွေးနွေးသွားဖို့ကို အတူတောင်းဆိုကြတယ် ဆိုတာတွေ ဆုံးဖြတ်တယ်။ နောက်ပြီး နယ်ခြားစောင့်တပ်အစား ကေအိုင်အိုတပ် တတပ်လုံးပါဝင်တဲ့ အဖွဲ့ပြောင်းဖို့ အစိုးရတပ်နဲ့ ညှိနှိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု အစည်းအဝေး ပါဝင်တက်ရောက်ခဲ့သူ ကေအိုင်အို အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားလိုကြောင်းနှင့် နောင်တက်လာမည့် ကချင်ပြည်နယ် အစိုးရအဖွဲ့အတွင်း ကေအိုင်အိုအနေဖြင့် အသွင်ပြောင်း ပါဝင်လိုကြောင်း အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

စစ်အစိုးရလိုချင်သော တပ်မတော်၏ ကွပ်ကဲမှုအောက် ပုံအပ်ရမည့် နယ်ခြားစောင့်တပ်ပုံစံကို ကေအိုင်အိုက မလုပ်လိုပါဟု ဇူလိုင်လကတည်းက နေပြည်တော်သို့ အကြောင်းကြားပြီး ဖြစ်သော်လည်း စစ်အစိုးရက သူ၏ သဘောထားကို ပြင်လိုဟန်မရှိဘဲ အောက်တိုဘာလ နောက်ဆုံးထား ဆုံးဖြတ်ရန် ကချင်အဖွဲ့သို့ သတိပေးထားသည်။

နယ်ခြားစောင့်တပ်ပြောင်းရေး ငြင်းဆန်ခဲ့သော အခြားသော ငြိမ်းအဖွဲ့တခုဖြစ်သည့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှ စစ်အစိုးရက တိုက်ခိုက်မှုဖြစ်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်အနီး နောက်ထပ်စစ်ပွဲများ ပြန်လည် ပေါ်ပေါက်လာနိုင်သည် ဟူသော တွက်ဆမှုများ တိုးမြှင့်လာခဲ့သည်။

သို့သော်လည်း ကိုးကန့်တပ် ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၁ ထက် အင်အားသာလွန် ကောင်းမွန်သော ကေအိုင်အိုအဖွဲ့ကို စစ်အစိုးရကလည်း သတိထား တုံ့ပြန်နေရသည်ဟု နေပြည်တော် စစ်ရုံး သတင်းရပ်ကွက်အရ သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းကလည်း ”နှစ်ဖက်စလုံး အလျှော့အတင်း မလုပ်ရင်တော့ ကိုးကန့်လို တိုက်လာမှာတော့ စိုးရိမ်ရတယ်။ ... ကေအိုင်အိုကို တိုက်ဖို့အတွက် စစ်တပ်ဘက်ကလည်း အခက်အခဲ ရှိနိုင်မယ်။ ဒါကြောင့် စစ်တပ်ကလည်း တစုံတရာ ညှိနှိုင်းမှုကတော့ ဆက်လုပ်ဦးမယ် ထင်တယ်။ ကေအိုင်အိုဘက်ကလည်း ညှိနှိုင်းမှုကတော့ အရင်ကထက်စာရင် ပိုပြီးတော့ အလေးအနက်ထားပြီး လုပ်ရမယ်” က ပြောသည်။

ထိုကဲ့သို့ ဖြစ်ထွန်းနေချိန်တွင် ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်အချို့ အဖွဲ့မှ နုတ်ထွက်ပြီး စစ်အစိုးရက ၂၀၁၀ တွင် ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲဝင်ရန် ခြေလှမ်းတလှမ်းတိုးလိုက်သည်။

ယခုလဆန်း ၂ ရက်နေ့က ကေအိုင်အိုအဖွဲ့မှ ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာ အပါအဝင် ခေါင်းဆောင် ၆ ဦးအား ကေအိုင်အိုအဖွဲ့မှ နုတ်ထွက်ခွင့် ပြုခဲ့သည်ဟု ကေအိုင်အို သတင်းရပ်ကွက်က ပြောသည်။

“ဒေါက်တာတူးဂျာတို့ အဖွဲ့ကိုတော့ ကချင်ပြည်သူလူထု ကိုယ်စားပြုတဲ့ ပါတီဖွဲ့ဖို့ လမ်းဖွင့်ပေးလိုက်တာပဲ။ ကျနော်တို့ လိုအပ်လို့၊ သဘောတူလို့ ထွက်ခွင့်ပေးလိုက်တာပါ” ဟု သတင်းရပ်ကွက်က ဆိုသည်။

ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာ၊ အထွေထွေ အတွင်းရေးမှူး (၂) အင်ဂျာနော်ရပ်စ်၊ နိုင်ငံခြားရေး တာဝန်ခံ နုတ်လဲ့၊ အရှေ့ပိုင်း တိုင်းမှူး ချဘောင်ကရန်၊ စီးပွားရေးဌာနမှ အရာရှိ ဦးမုန်ခေါင်၊ ကြားကာလ ကော်မတီအဖွဲ့မှ အရာရှိ ဦးဇော်ဖန်းတို့ ကေအိုင်အိုအဖွဲ့မှ နုတ်ထွက်ကာ နိုင်ငံရေးပါတီ ထူထောင်မည် ဖြစ်သည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ Kachin State Progressive Party (KSPP) အမည်ဖြင့် ကချင်ပြည်နယ်ကို အဓိကထား၍ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ကချင်နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။

KSPP တွင် ဒေါက်တာ တူးဂျာက ဥက္ကဋ္ဌ ဖြစ်ပြီး ကချင်ဒီမိုကရက်တစ် တပ်မတော်မှ ဒုတိယ ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး မန်ချန် သိန်းဆောင်နှင့် ကေအိုင်အိုမှ ခွဲထွက်သည့် လဆန်အောင်ဝါအဖွဲ့မှ ဗိုလ်မှူး ဖုန်းရမ်တို့ ပါဝင်မည်ဟု သိရသည်။

၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့သည့် KIA အဖွဲ့သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲယူထားသည်။

အိမ်အပြန် Print E-mail
ဆောင်းပါး
ညိုထက်ညို
တနင်္လာနေ့၊ စက်တင်ဘာလ 07 ရက် 2009 ခုနှစ် 16 နာရီ 26 မိနစ်

lolem

မိုးဦးကျမို့ ထင်သည်။ သောင်ရင်းက ခါတိုင်းထက်တော့ အရိုင်းဆန်နေသလို သူ ခံစားရသည်။ ဝါညစ်ညစ် မြစ်ရေတို့က ခပ်သော့သော့ စီးဆင်းနေသည်။ မနက်စောစော သူ နိုးစကတည်းက မိုးက တဖွဲဖွဲ။ သူ “ခိုးဂိတ် ” ကို ရောက်တော့ မနက် ၇ နာရီ။ ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးသော သူ့ ညီဝမ်းကွဲကို နှုတ်ဆက်စကားဆိုရင်း သူ လှေဆိပ်သို့ ဆင်းခဲ့သည်။ အနည်းငယ် စောနေသေးသော်လည်း သူ့တွင် ဘာမှ လုပ်စရာမရှိ။ ခိုးဂိတ်တွင် လူ ၄-၅ ယောက် ထိုင်နေသော လှေကိုတွေ့တော့ သူ တဖက်ကမ်းသို့ကူးရန် ဆုံးဖြတ်လိုက်သည်။

သူ စီးကရက်တလိပ်ကို မီးညှိလိုက်တော့ လှေက မြစ်လယ်မှာ။ မြစ်က ကျဉ်းကျဉ်း။ ဘဝက ကျယ်ကျယ်။ ခဏနေတော့ တိုသွားသော စီးကရက်ကို သူ မြစ်ထဲသို့ တောက်ထုတ်လိုက်ရင်း ကမ်းပေါ်သို့ တက်လိုက်သည်။ မဲဆောက်က သူ့နောက်ကျောဘက်တွင် ကျန်ရစ်ခဲ့ပြီ။ ၇ နာရီခွဲတော့မည်။ သူ့ ခရီးအစက မြဝတီ။ ဦးတည်ရာက ရန်ကုန်ဆီ။ နောက် လွိုင်လင်ဆီသို့။ သူ့ချစ်သူ ရှိရာသို့။

သူ ဘားအံသွားရန် ကားဂိတ်ကိုရောက်တော့ ခရီးသည်တင်ရန် အသင့်စောင့်နေသော ဗင်တစီးကို တွေ့ရသည်။ သည်လမ်းသည်ခရီးတွင် လူအများဆုံး စီးနင်းကြသည်က ဟိုင်းလတ်စ်ကားများ။ ဈေးကလည်း နှစ်ဆသာသာ ကွာသည်။ ဟိုင်းလတ်စ်နှင့်ဆို လူတယောက် ၃ ထောင်မှ ၄ ထောင်။ ဗင်နှင့်ဆို ၈ ထောင်။ မိုးတဖွဲဖွဲထဲတွင် အမိုးမပါ ကျပ်ကျပ်သိပ်သိပ် ဟိုင်းလတ်စ်ကို သူ မစီးလိုတော့သည်နှင့် ဗင်စီးရန်ပဲ စိတ်ကူးလိုက်သည်။ ခရီးသည်က သူတယောက်တည်း။ အလုပ်မကောင်းသည်မှာ လအတန်ကြာခဲ့ပြီမို့ သည်ဘက်ပိုင်းတွင် ခရီးသည်များ ပါးနေသည်မှာပင် ထုံးစံဖြစ်ခဲ့ပြီ။ ကားဆရာနှင့်အပြိုင် သူ ခရီးသည်တွေကို မျှော်နေမိသော်လည်း တော်တော်နှင့် ပေါ်မလာ။ သူ ဟိုဟိုသည်သည် လျှောက်ကြည့်တော့ ပေါင်မုန့်ကားတစီးပေါ်တွင် လူ ၃-၄ ယောက် ထိုင်နေတာ တွေ့ရသည်။ သူ ဗင်နှင့် သွားမည့် စိတ်ကူးကို ဖျက်လိုက်ပြီး ပေါင်မုန့်ကားနှင့်ပဲ လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဈေးကတော့တူတူ။ လူတဦးလျှင် ၈ ထောင်စီ။ နောက် ခရီးသည်တဦး ထပ်ရောက်လာတော့ ကားဆရာက ထွက်တော့မည် ဟုဆိုသည်။ ၁ဝ နာရီပင် ထိုးတော့မည်။

လမ်းတဖက်တွင် ချောက်ရှိသည်။ တဖက်တွင်တော့ ဒေါနတောင်တန်း၏ မတ်စောက်စောက် ကမ်းပါး။ လမ်းက ကားတစီးသွားသာရုံ။ သည်နေ့က အဆင်းရက်။ မနက်ဖြန်ဆိုလျှင် အတက်။ အဆင်းနှင့်အတက် တလှည့်စီ ဖြစ်နေတာက ဘဝလိုပဲလား။ သည်လမ်းသည်ခရီးကို ကြိမ်ဖန်များစွာ သွားခဲ့ဖူးသည်မို့ ရှုခင်းတွေက သူ့ကို မဖမ်းစားတော့။ တကယ်က ခရီးကဘာမှ ဝေးသည်မဟုတ်။ မိုင် ၅ဝ သာသာ။ လမ်းက ဝေးနေခြင်းသာ ဖြစ်သည်။ ခပ်ဖြည်းဖြည်း တောင်ကို တက်လိုက်ဆင်းလိုက် မောင်းနေသော ကားပေါ်တွင် သူ ရောက်တတ်ရာရာ တွေးရင်း ပါလာခဲ့လေသည်။ သည်အချိန် မိုး ဘာလုပ်နေမလဲ။

စိတ်က အတိတ်နှင့် ပစ္စုပ္ပန်ကို လူးလာခေါက်တုံ့ ပြေးနေသည်။ သင်္ဃန်းညီနောင်ကိုပင် ဘယ်အချိန် ကျော်လာသလဲ သူ မသိလိုက်။ သူ ဆေးလိပ်သောက်ချင်စိတ် ပေါက်လာသည့် အချိန်တွင် ကားက ကော့ကရိတ်သို့ ဝင်တော့မည် ဖြစ်သည်။ ကော့ကရိတ်တွင် ထမင်းစားရန် တထောက်နားလိမ့်မည်။ ထမင်းဆိုင်တဆိုင်ရှေ့ ကားထိုးရပ်လိုက်တော့ နေ့လယ် ၁၂ နာရီ။ နာရီဝက်သာသာ ရပ်နားချိန်အတွင်း စားလိုစိတ် မရှိသော်လည်း သူ နေ့လယ်စာကို အပြီးသတ်လိုက်ရသည်။ ကားပြန်ထွက်တော့ လမ်းက မြေပြန့်ဖြစ်သွားခဲ့ပြီ။ ရာသီဥတုကတော့ ပျပျမှုန်မှုန်။ သူ့ စိတ်ကလည်း အလားတူ။ ကားထဲတွင်တော့ ခရီးသည်များက ကုန်သည်တွေချည်း ဖြစ်ပုံရသည်။ ညည်းသံညူသံတွေ လှိုင်းလှိုင်းထနေသော စကားဝိုင်းတွင်တော့ သူ ဝင်မပါလိုတော့။ သူ့ကို လာမေးသော စကားတို့ကို ခပ်တိုတို ဖြတ်ချရင်း သူ ဘာသိဘာသာ လိုက်လာခဲ့သည်။ ဘားအံကိုဝင်တော့ ညနေ ၃ နာရီ။ နာရီစင်ရှေ့တွင် သူကားပေါ်မှ ဆင်းလိုက်ပြီး သူ့သူငယ်ချင်း အိမ်သို့ လျှောက်လာခဲ့သည်။ သူ့သူငယ်ချင်းထံတွင် ရန်ကုန်ကားလက်မှတ် ဝင်ယူရမည်။ ဟိုခပ်ဝေးဝေးဆီတွင်တော့ သံလွင်က စီးမြဲစီးနေပါသည်။

သူ့သူငယ်ချင်း အိမ်သို့ရောက်တော့ သူငယ်ချင်းက မရှိ။ သူငယ်ချင်း၏ ဇနီးဖြစ်သူ လင်းလင်း ကိုသာ တွေ့ရသည်။ သူ့ကို ခဏစောင့်ရန် ပြောပြီး သူငယ်ချင်းကို သွားခေါ်ရန် လင်းလင်းက ဆိုင်သို့ထွက်သွားသည်။ သူငယ်ချင်းက ဖားအံတွင် တီဗီဂိမ်းအပိုပစ္စည်းဆိုင် ဖွင့်ထားသူ။ ခဏနေတော့ ဇနီးဖြစ်သူ နှင့်အတူ သူငယ်ချင်း ပြန်ရောက်လာသည်။ သူတို့နှစ်ယောက် နှုတ်ဆက်ရင်း သူငယ်ချင်း အိမ်နံဘေးရှိ လက်ဖက်ရည်ဆိုင်သို့ ဝင်လိုက်ကြသည်။ သူတို့စကားဝိုင်းက ရောက်တတ်ရာရာ။ မိုးအကြောင်း လေအကြောင်း ပြောမဆုံးပေါင် တောသုံးထောင်တွေအကြောင်း။ သူ့ စီးကရက်ဘူးထဲက စီးကရက်တွေက တလိပ်ပြီးတလိပ် ပြာဖြစ်သွားကြသည်။ စကားပြောနေရင်း မိုးက ရွာလာပြန်သည်နှင့် သူတို့ ဆိုင်ထဲ ဝင်ပြေးရပြန်သည်။ သူ နာရီကိုပင် သတိမပြုမိ။ သူ လက်ဖက်ရည်ဆိုင်မှထတော့ ၆ နာရီပင် ထိုးတော့မည်။ သူငယ်ချင်းထံမှ ကားလက်မှတ်ယူပြီး သူ နာရီစင်ဘက် ပြန်ထွက်လာခဲ့သည်။ သည်တခါ သူ ကားကို စောင့်စရာမလိုတော့။ ကားက သူ့ကို စောင့်နေသည်။ ရွှေစင်စင်္ကြာတဲ့။ ဘားအံ-ရန်ကုန် လိုင်းတွင်တော့ သည်ကားက အကောင်းဆုံးပဲ ဖြစ်သည်။ လက်မှတ်ခက ၆ ထောင်။ မိုးရိပ်တိမ်ရိပ်တွေနှင့်မို့ ထင်သည်။ မကြာမီ မှောင်တော့မည်။

ည ၈ နာရီလောက်တွင် သူတို့ကား ဘီးလင်းသို့ ရောက်လာသည်။ သူ ထမင်းဆင်းစားပြီး ကားပေါ် ပြန်တက်ခဲ့သည်။ ကားပေါ်တွင်တော့ ခပ်ညံ့ညံ့ မြန်မာကား တကားကို ဖွင့်ထားသည်။ ဇာတ်လမ်းကဘာမှမရှိ။ ခါးအောက်ပိုင်း ပြက်လုံးတွေကိုပဲ ရယ်သူတွေက ရယ်နေကြသည်။ သူ စိတ်ပျက်ပျက်ဖြင့် ကားဖြတ်သန်း သွားလာရာ အမှောင်ထုကြီးကိုပဲ ငေးကြည့်နေမိသည်။ သည်အမှောင်တွေ ဘယ်တော့ ပျောက်သွားမလဲ။ သူ မဖြေနိုင်သော မေးခွန်းတွေနှင့် ထွေးလုံးရစ်ပတ်ရင်း မုပ္ပလင်သို့ ည ၁၁ နာရီ ကျော်ကျော်လောက်တွင် ရောက်သည်။ သူ ကိုယ်လက်သန့်စင်ရင်း ကော်ဖီတခွက်ကို သောက်လိုက်သည်။ ကားပြန်ထွက်တော့ ကားပေါ်တွင် အိပ်သူတွေလည်း အိပ်ကုန်ကြပြီ။ သူကတော့ ကားစီးရင်း မအိပ်တတ်သူမို့ ဟိုတွေးသည်တွေး တွေးရင်းသာ လိုက်ပါလာခဲ့ရသည်။ နောက်တခါ ကားထပ်ရပ်တော့ ည တနာရီပင်ခွဲတော့မည်။ ဘယ်နေရာပါလိမ့်။ သူ အောက်ဆင်းပြီး နည်းနည်းပါးပါး မေးမြန်းလိုက်တော့ ပဲခူးအထွက်သို့ ရောက်နေကြောင်း သိရသည်။ ရန်ကုန်နှင့် နီးနေပြီပဲ။ ဘာလို့ တခါတည်း ဆက်မမောင်းသွားသလဲ။ သူ အံ့သြစိတ်တဝက်ဖြင့် ”အေးရာအေးကြောင်း” ဟု အမည်ပေးထားသော စားသောက်ဆိုင်ကြီးထဲသို့ ဝင်လိုက်သည်။

ဆိုင်ထဲတွင် လူတွေမနည်း။ ဆိုင်ရှေ့တွင် ရပ်ထားသော ကားတွေလည်း မနည်း။ သူ ဆိုင်ထဲတွင် ည ၂ နာရီ ထိုးသည်အထိ ထိုင်နေသော်လည်း ကားက ပြန်ထွက်မည့်ပုံမပြ။ သူ ကားဆီ ပြန်လျှောက်လာရင်း ကားပေါ်တွင် အရံသင့် တွေ့သည့် စပယ်ယာလုပ်သူကို မေးကြည့်တော့မှ အဖြေပေါ်တော့သည်။ ရန်ကုန်ကို မနက် ၄ နာရီထက် စောမဝင်ရတဲ့။ စောဝင်လျှင် ဒဏ်ငွေ ၅ သောင်း။ သူ သင်္ကြန်တုန်းက ပြန်စဉ်က သည်အမိန့်မရှိ။ ယခုမှ ထုတ်သည့် အမိန့်အသစ်ချပ်ချွတ်ပါလား။ သူ စိတ်ပျက်ခြင်းတဝက်ဖြင့် ဆိုင်ထဲ ပြန်ဝင်ခဲ့သည်။ ဆိုင်ထဲတွင် ခြင်ကိုက်ခံ ထိုင်နေရင်း မနက် ၃ နာရီ ကျော်ကျော်လောက်မှ ကားက ပြန်ထွက်တော့သည်။ အောင်မင်္ဂလာကားဝင်းအတွင်း ကားထိုးဆိုက် လိုက်တော့ မနက် ၄ နာရီခွဲ။ အရုဏ်ပင်မပျို့သေး။ ဈေးသည်များ၊ တက္ကစီဧည့်ကြိုများ ၏ အသံဗလံများ ကြားမှ သူ တိုးဝှေ့၍ ဝင်းထဲရှိ လက်ဖက်ရည်ဆိုင်တဆိုင်သို့ ထွက်ခဲ့သည်။

တညလုံး မအိပ်ခဲ့ရ သောကြောင့် သူ့ခေါင်းက ငြီးစီစီ။ ရန်ကုန်ကတော့ နိုးထသေးဟန် မရှိ။ စီးကရက်တလိပ်ကို မီးညှိလိုက်ရင်း သူ လက်ဖက်ရည်ဆိုင် အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူ့ဘဝ သက်တမ်းတဝက်ကျော်ကျော် နေခဲ့သော သူ့ရေသူ့မြေသည် အခုတော့လည်း သူနှင့် သူစိမ်းပြင်ပြင်။ ဇာတိရနံ့ကို သူ ပြန်မရ။ ပဝတ္ထိရနံ့ တို့ဖြင့်သာ သူ နေသားကျခဲ့ပြီ။ တွေးနေရင်းနှင့် မီးစက်မှ ဓာတ်ဆီညှော်နံ့က သူ့ဆီ တိုးဝင်လာသည်။ သြော်…မီးပျက်နေသည်ပဲ။ သူ သက်ပြင်းဖွဖွ ချမိလိုက်သည် ထင်သည်။

နံနက် ၆ နာရီခန့်တွင်တော့ ကောင်းကင်က လင်းလင်းထင်းထင်း ဖြစ်နေခဲ့ပြီ။ သူ နောက်တနေ့ တောင်ကြီးသွားရန် ကားလက်မှတ်ကို တခါထဲ ဝင်ဝယ်လိုက်သည်။ ၁၀၉၀၀ ကျပ်။ ပြီးတော့ သူ အောင်မင်္ဂလာ ကားဝင်းအတွင်းမှ အပြင်လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ ဈေးကြီးပေးပြီး တက္ကစီတော့ သူမစီးလိုတော့။ ဘတ်စ်ကားစီးရန်ပဲ သူ ဆုံးဖြတ်လိုက်သည်။ သူ ကြာကြာ မစောင့်လိုက်ရ။ ၄၃ အထူးလိုင်း ဘတ်စ်ကားတစင်း ထိုးဆိုက်လာသည်။ ဂိတ်စမို့ထင်သည်။ သူ ထိုင်ခုံရသည်။ သူ့ဘဝ တသက်တာတွင် ပထမဆုံး ထိုင်ခုံရဖူးခြင်းပါလား။ ကားခက နှစ်ရာမျှသာ။ သူ တွေးနေရင်းနှင့်ပင် ဆူးလေသို့ ရောက်လာသည်။ ရန်ကုန်၏ မနက်ခင်းက အသက်ဝင်စပြုပြီ။ သူ ရုပ်ရှင်ရုံများ ရှေ့ကဖြတ်ပြီး ဗိုလ်ချုပ်လမ်း ပေါ်ရောက်တော့ ဆိုက်ကား တစီးငှားလိုက်သည်။ ဆိုက်ကားခက ၅၀၀။ ခရစ်လမ်းထောင့်ရှိ Queen’s park ဟိုတယ်ဆီသို့။

သူ ဟိုတယ်သို့ ရောက်တော့ အခန်းက ချက်ချင်းမရပြန်။ ၈ နာရီခွဲ ၉ နာရီမှ ရမည်ဟု ဆိုသည်။ သူ ဘာလုပ်ရမှန်းမသိ။ ဘာမှလည်း လုပ်စရာမရှိ။ လ္ဘက်ရည်ဆိုင်ပဲ ထပ်ထိုင်နေလိုက်တော့မည် စိတ်ကူးဖြင့် သူ ၄၉ လမ်းထဲရှိ လပ်ကီးဆဲဗင်းသို့ လျှောက်လာခဲ့သည်။ သူ အိပ်ငိုက်ငိုက်ဖြင့် လပ်ကီး ဆဲဗင်းတွင် ၉ နာရီအထိ ထိုင်နေရပြန်သည်။ သူ ဟိုတယ်ကို ပြန်လာတော့ အခန်းက အရံသင့်။ တရက်ကို ၁၄၀၀၀။ သူ တရက်ပဲ နေမည်မို့ အခန်းခကို တခါထဲ ပေးချေလိုက်သည်။ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးတော့ မနက် ၁၀ နာရီ။ သူငယ်ချင်းရှိရာ မင်္ဂလာမွန်ဈေးတွင် မိုးအတွက် သူ ပို့ပေးထားသော လက်ဆောင်များကို သွားယူရန် သူ ထွက်လာခဲ့သည်။

မင်္ဂလာမွန်ဈေး ရောက်တော့ သူငယ်ချင်းကို ဆိုင်တွင် အဆင်သင့်တွေ့ရသည်။ သူ့ပစ္စည်းတွေ သူပြန်ယူပြီး သူ့ဦးလေးရှိရာ မင်္ဂလာဈေးဆီ သူ ထွက်လာခဲ့ပြန်သည်။ သူ့ဦးလေးဆိုင် ရောက်တော့ အရင်လို ပုံစံမျိုးနှင့် အရင်လိုပဲ ဆိုင်တွင်ထိုင်နေကာ အရင်လိုစကားတွေ ပြောနေတုန်းဖြစ်သည့် သူ့ ဦးလေးနှင့် သူ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပြန်သည်။ အရင်လို မဟုတ်တာကတော့ တခုထဲ ဖြစ်သည်။ အရင်က ဦးလေး လက်ထဲတွင် တွေ့နေကျဖြစ်သည့် လန်ဒန်အစား အခုကျတော့ ရူဘီဖြစ်နေသည်။ သည်တော့မှ လန်ဒန်ဈေးတွေ တဘူး ၁၈ဝဝ တောင် ဖြစ်သွားပြီမှန်း သူ ပြန်သတိရလာသည်။ သြော်…စီးကရက်ကလည်း ဘဝ၏ ညွှန်မှတ်ဖြစ်နိုင်တာပါပဲလား။ သူ တဝက်ပြုံးမိရင်း ဟိုတယ်ကို ပြန်ရောက်တော့ နေ့လယ်တနာရီ။ သူ ခဏအိပ်ရန် ဆုံးဖြတ်လိုက်သည်။

သူ အိပ်ရာက ပြန်ထလာတော့ ညနေ ၅ နာရီပင် ထိုးနေပြီဖြစ်သည်။ သူ ရေချိုးလိုက်ပြီး သူငယ်ချင်း တယောက်ဆီ ဖုန်းခေါ်ရသည်။ အဝတ်အစား လဲပြီးတော့ သူ ခရစ်လမ်းအတိုင်း မဟာဗန္ဓုလလမ်းဘက်ဆီ ထွက်လာခဲ့သည်။ လမ်း ၅ဝ ဘက်ချိုးလိုက်တော့ “ဝင်း” က အရင်ကလိုပင် သူ့ကို စောင့်ကြိုနေလေသည်။ သူငယ်ချင်းကတော့ ရောက်မလာသေး။ သူ လမ်းပေါ်ရှိ ပလတ်စတထိုင်ခုံလေးပေါ် ထိုင်ချလိုက်ပြီး မြန်မာ နှစ်လုံး မှာလိုက်သည်။ အမြည်းကတော့ သူ့ ထုံးစံအတိုင်း မြေပဲကြော်။ သူ့ဝန်းကျင်ကို အကဲခတ်လိုက်တော့ ဟိုတုန်းကအတိုင်း။ သည်လူတွေ သည်နေရာမှ ရွေ့မှရွေ့ပါလေစ။ သူ့ ဘီယာနှစ်ပုလင်းစလုံး စားပွဲပေါ်မှ ပလက်ဖောင်းပေါ် ရောက်သွားတော့မှ သူငယ်ချင်းကား ထိုးဆိုက်လာသည်။ သူတို့နှစ်ယောက် ဝမ်းသာအားရ နှုတ်ဆက်ကြရင်း စကားလက်ဆုံ ကျကြပြန်သည်။ ဘီယာတွေက တလုံးပြီးတလုံး။ ရှိပါစေ။ သည်တညတော့ သည်အတိုင်း ရှိပါစေ။ ဘယ်သွားမလဲ ဟု သူငယ်ချင်းက မေးလိုက်တော့ ည ၈ နာရီ။ သူ တဝက်ပြုံးရင်း သည်ညတွင်တော့ သူ့ကိုယ်သူ သူ့ သူငယ်ချင်းလက်ထဲအပ်ရန် ဆုံးဖြတ်လိုက်သည်။ ရန်ကုန်မြို့၏ ညမှာ ငွေ ဖြစ်သည်။

အလုပ်သမားဆေးရုံ မျက်စောင်းထိုးရှိ လမ်းကလေးထဲသို့ သူတို့ကား ချိုးဝင်လိုက်တော့ ည ၉ နာရီ။ လမ်းတလျှောက်လုံး မီးတွေပျက်နေသည်ကို သူ တွေ့ခဲ့ရသည်။ မှောင်ကြီးမည်းကြီးထဲတွင် ရန်ကုန်မြို့သည် ပီဘီကွန်ကရစ် တောနက်ကြီးအလား ဖြစ်နေသည်။ တော်သေးသည်။ လမ်းကလေးထဲတွင်တော့ မီးလာနေသည်ကို သူ တအံ့တသြ တွေ့ရလေသည်။ တိုက်တတိုက်၏ သုံးထပ်မြောက်တွင်တော့ မီးလင်းနေသော ဆိုင်းဘုတ်ဝါဝါကလေး။ မီးအိမ်နီ ဟူသော တရုတ်ဝတ္ထုတပုဒ်ကို သူ မဆီမဆိုင် သတိရမိလိုက်သေးသည်။ မည်းမှောင်အေးစက်နေသော လှေကားထစ်တွေအတိုင်း သူတို့နှစ်ယောက် တက်လာခဲ့သည်။ အခန်းတံခါးကို ခေါက်လိုက်တော့ ချာတိတ်တယောက်က တံခါးလာဖွင့်သည်။ သူ့ သူငယ်ချင်းကို သိပုံရသော ထိုချာတိတ်က “ကိုလင်း…လာ“ ဟု ပဋိသန္ဓာရစကားဆိုရင်း အခန်းတံခါးကို ဖွင့်ပေးသည်။ သူ ဖိနပ်ချွတ်ကို ကြည့်လိုက်တော့ ဖိနပ် များများစားစားမရှိ။ လူရှင်းနေတာမို့ သူ ကျေနပ်သွားသည်။ အခန်းကြမ်းပြင် ပေါ်တွင်တော့ ကောင်မလေး ၄ ယောက် စုထိုင်ရင်း ဖွင့်ထားသော ဗီစီဒီခွေကို ကြည့်နေကြသည်။

“ဟာ…ကိုလင်း…မလာတာတောင် ကြာပြီ ဘယ်ပျောက်နေတာလဲ“ ဟု နှုတ်လျှာသွက်ပုံရသော ကောင်မလေး တယောက်က သူ့ သူငယ်ချင်းကို လှမ်းနှုတ်ဆက်လေသည်။ သူငယ်ချင်းက “ဟုတ်တယ် သဇင် အကို ခရီးထွက်နေလို့” ဟု တုံ့ပြန်ရင်း သူတို့နှစ်ယောက် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကြသည်။ သိပ်မကြာ။ ကွမ်းတွေကို ရဲနေအောင် စားထားသည့် အမကြီးတဦး ဧည့်ခန်းသို့ ထွက်လာပြန်သည်။ သည်ဆိုင်၏ ဆိုင်ရှင်ဖြစ်ပုံရသည်ဟု သူ ခန့်မှန်းနေတုန်းမှာပင် သူ့ သူငယ်ချင်းနှင့် ထိုအမကြီး အပြန်အလှန် နှုတ်ဆက်ကြသည်။ “မချို…ဒါက ကျနော့် သူငယ်ချင်း၊ နယ်ကလာတာ၊ ရေမီးအစုံ လုပ်ပေးလိုက်ပါဗျာ” ဟူသော သူငယ်ချင်း၏ စကားအဆုံးတွင် အမကြီးက ဟက်ဟက်ပက်ပက် ရယ်ရင်း “အမလေး ဘယ်တုန်းက ရေမီးမစုံတာ ရှိခဲ့ဖူးလို့လဲ“ ဟု သူငယ်ချင်းကို တုံ့ပြန်သည်။ သူတို့ စောစောက သောက်တာ နည်းနည်းများသွားသည်မို့ အချိန်မဆိုင်းလိုတော့။ အခန်းထဲသို့ ဝင်ခဲ့ကြသည်။

အခန်းထဲတွင်တော့ ကန့်လန့်ကာပါးပါး ကလေးများက အိပ်ရာတခုနှင့် တခုကို ခြားထားသည်။ မီးရောင်က လုံးလုံးမရှိ။ ပကတိ အမှောင်ထုက စိုးမိုးနေသည်။ ဒါတွေလည်း အရင်တုန်းကလိုပါပဲ။ စောစောက ရေမီးအစုံ ဟူသော သူငယ်ချင်း၏ စကားကို သူ ကြားယောင်ရင်း အိပ်ရာပေါ်လှဲလိုက်တော့ ကောင်မလေး၏ လက်တွေက သူ့ ခြေထောက်ပေါ်ရောက်လာသည်။ သူ့ သူငယ်ချင်းကတော့ ဟိုဘက်ခန်းမှာ။ ဘာမှမကြာ။ ကောင်မလေးက သူ့နံဘေး လှဲအိပ်လိုက်သည်။ အိပ်ချင်ပြီဟု နှုတ်ကပြောရင်း လက်တဖက်က သူ့ရင်ဘတ်ပေါ် ရောက်လာသည်။ သူ ဘာမှ မတုံ့ပြန်မိ။ နောက်မှ “ရတယ် .. ညီမ၊ အေးဆေးနေပါ ကျနော်လည်း အိပ်လိုက်ဦးမယ်“ ဟု ပြောလိုက်မိသည်။ တကယ့်တကယ် ကျတော့လည်း သူ အိပ်မပျော်။ ကောင်မလေး၏ တထောင့်တည ဇာတ်လမ်းတွေကိုလည်း သူ မစပ်စုလိုတော့။ ရှိပါစေ။ သည်အတိုင်းပဲ ရှိပါစေ။

စီးကရက်ကို ထုတ်သောက်ရင်း သူ ဟိုတယ်ပြန်ချင်လာသည်။ နာရီကို ကြည့်လိုက်တော့ ၁ဝ နာရီပင် ခွဲတော့မည်။ သူငယ်ချင်းကတော့ ဘယ်နှစ်ဆက်ရှင် နေမည်မသိ။ သူ စဉ်းစားနေတုန်း သူ့ အခန်းတံခါးပွင့်သွားကာ လူတွေဝင်လာသည်ကို တွေ့ရသည်။ သည်တော့မှ သူ ပြန်ရန် ယတိပြတ် ဆုံးဖြတ်လိုက်လေသည်။ သူ အခန်းထဲမှ မထွက်ခင် သူငယ်ချင်းဆီ ဖုန်းလှမ်းခေါ်ပြီး သူ အိပ်ချင်၍ ပြန်တော့မည့်အကြောင်း ပြောလိုက်သည်။ သူငယ်ချင်းက သူ့ကို စိတ်ပျက်ဟန်ဖြင့် တားသေးသော်လည်း သူ မနေချင်တော့။ သူငယ်ချင်းကို ဖုန်းထဲမှ နှုတ်ဆက်လိုက်ပြီး သူ ပြန်ထွက်ခဲ့သည်။ ထွက်လာရင်း သည်လိုညတွေကို အင်မတန်မှ နှစ်နှစ်ကာကာ ရှိလှစွာသော အဝေးမှ တယောက်သောသူကို သူ သတိရမိပြန်သည်။ သူသာရှိလျှင် သူ့ကို ပြန်လွှတ်မည်မထင်။ သူ ပြုံးရင်း လှေကားကျဉ်းကျဉ်းကလေးမှ ပြန်ဆင်းလာခဲ့သည်။

ထိုစဉ်မှာပင် ရပ်ကွက်တခုလုံး မီးတွေ ဖျတ်ခနဲ ပျက်သွားသည်။ ညဥ့်နက်ပြီမို့ ထင်သည်။ ဟေးခနဲအော်သံကိုပင် သူမကြားမိ။ ရိုးနေ၍ပဲလားတော့ မသိ။ စောစောက ရေမီးအစုံ ဟူသော သူငယ်ချင်း၏ စကားကို သူ ကြားယောင်လာပြန်သည်။ သူ မဲဆောက်က ထွက်လာသည်က နှစ်ရက်မပြည့်သေး။ သူ့စိတ် မဲဆောက် ပြန်ရောက်သွားသည်။

နောက်နေ့မနက် သူ အိပ်ရာကနိုးတော့ နေမြင့်နေပြီ ဖြစ်သည်။ မနက် ၉ နာရီ။ သူ ကိုယ်လက်သန့်စင်လိုက်ပြီး အောက်ထပ်တွင် မနက်စာ ဆင်းစားလိုက်သည်။ ပြီးတော့ သူ့တွင် ဘာမှလုပ်စရာ မရှိသည်နှင့် ဟိုတယ်အပြင်သို့ ထွက်ခဲ့သည်။ သူ ဟိုဟိုသည်သည် လျှောက်ရင်း သိမ်ဖြူလမ်းပေါ် ရောက်သွားသည်။ ကားဂိတ်နှင့် မလှမ်းမကမ်း ရောက်တော့ အမျိုးသမီးငယ် ၃ ယောက်ကို သူ တွေ့ရသည်။ ကျင့်သားရနေပြီဖြစ်သော သူ့မျက်စိက နတ်သမီးကလေးများဟု အတပ်သိလိုက်သည်။ သူ စီးကရက်တလိပ်ကို သောက်ရင်း အဓိပ္ပာယ်မဲ့ ရပ်နေမိပြန်သည်။ နေရောင်အောက်တွင် ဘဝတွေက တံလျပ်ပမာ တဖျတ်ဖျတ်။ ရပ်နေရင်း သူ ငြီးငွေ့သွားပြန်သဖြင့် ဟိုတယ်ဘက်သို့ ပြန်လျှောက်လာခဲ့သည်။ သူ ဟိုတယ်မှ check out လုပ်ပြီး ထွက်လာတော့ မွန်းပင်တည့်တော့မည်။

သူ့တွင်ဘာမှ ထွေထွေထူးထူးမပါ။ ခရီးဆောင်အိတ် တအိတ်မျှသာ။ သူ လျှောက်လာရင်း ၄၇လမ်းထိပ်ရှိ ထမင်းဆိုင်ကလေးမှာ ထမင်းဝင်စားလိုက်သည်။ တောင်ကြီးသို့သွားမည့် ကားထွက်မှာက ညနေ ၃ နာရီ။ အချိန်တွေ ပိုနေသေးသည်နှင့် သူ ဗိုလ်ချုပ်လမ်း ဘက်လျှောက်လာမိပြန်သည်။ ၄၆ လမ်းထိပ်တွင် ဆံပင်ညှပ်ဆိုင်တဆိုင် တွေ့တော့မှ သူ့ခေါင်း ယားကျိကျိဖြစ်နေတာ သူ သတိရသွားသည်။ အချိန်တွေ ပိုနေသေးသည်နှင့် သူ ခေါင်းလျှော်ရန် ဆုံးဖြတ်လိုက်သည်။ ငွေ ၂ဝဝဝ က သူ့အိတ်ထဲမှ ခုန်ထွက်သွားပြန်သည်။ အားလုံးပြီးလို့ သူ နာရီကြည့်လိုက်တော့ ၂ နာရီပင် ထိုးတော့မည်။ သူဆိုင်ထဲမှ ကမန်းကတမ်းထွက်လာရင်း တက္ကစီတစီး ငှားလိုက်ရသည်။ ငွေ ၅ဝဝဝ ။ အောင်မင်္ဂလာဆီသို့။ ဈေးမှန်မို့ သူ ဆစ်မနေတော့။

သူ့ စီးကရက် သူ အပြီးသတ်လိုက်ရင်း ရန်ကြီးအောင် ပေါ်တက်လိုက်တော့ ညနေ ၃ နာရီ ထိုးနေပြီ ဖြစ်သည်။ သူ့ခုံက နောက်ဘက်ခပ်ကျကျ။ ဝယ်လာသော ဂျာနယ်နှစ်စောင်ကို သူ ထုတ်ဖတ်နေရင်း ရန်ကုန်က ဘယ်အချိန် ထွက်လာသည်ကိုပင် မသိလိုက်။ သူ ဝန်းကျင်ကို အကဲခတ်လိုက်တော့ ကားက ဖြူးဖြူးဖြောင့်ဖြောင့် လမ်းမကြီးပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနေသည်ကို သတိပြုမိသည်။ ဒါ ဘာလမ်းပါလိမ့်။ လွန်ခဲ့သော ၃ နှစ်လောက်က သူ သွားခဲ့သော လမ်းမဟုတ်။ သူ့ဘေးက ခရီးဖော်ကို မေးကြည့်တော့မှ နေပြည်တော်သို့ တိုက်ရိုက်ပေါက်သော လမ်းသစ်ဖြစ်ကြောင်း သူသိရသည်။ ခဏနေတော့ သူ့ရှေ့ တခုံကျော်မှ လူတယောက်က သူ့ဘေးမှ ထိုင်သူနှင့် သူငယ်ချင်းဖြစ်နေ၍ ခုံလဲပါရစေဟု လာပြောသည်။ အားနာသည်နှင့် သူ လဲပေးလိုက်ရသည်။ သူ့ ခရီးဖော်အသစ်က အမျိုးသမီးတဦး။ သူ အနေကြုံ့ကြုံ့နှင့်ပင် စိတ်ပျက်လက်ပျက် လိုက်ပါလာခဲ့ရလေသည်။ တချက်တချက် အမကြီးဆီက လွင့်ပျံလာသော ပရုတ်ဆီနံ့ကြောင့် သူ့ခေါင်း မူးနောက်နောက် ဖြစ်လာသည်။ တော်သေးသည်။ သည်တခါ သူ စီးသည့် ကားက ကားကောင်း။ အဲကွန်းက အေးစိမ့်နေသည်။ ညနေ ၅ နာရီခွဲလောက်ရောက်တော့ ကားက လမ်းဘေး ထိုးရပ်လိုက်သည်။

တောက်လျှောက်မောင်းလာသည့် လမ်းတလျှောက်လုံး ဘယ်မြို့ဘယ်ရွာ ကိုမှ မဖြတ်။ လမ်းနံဘေးတွင် လယ်ကွင်းများကိုသာ သူ တွေ့ခဲ့ရသည်။ ယခု ကားရပ်လိုက်သည့် နေရာက တဲကြီးတလုံးရှေ့တွင်။ ဘေးဘီဝဲယာတွင် ဘာမှမရှိ။ ကွင်းပြောင်ကြီးထဲတွင် တဲကြီးကထီးထီး။ မင်းသိင်္ခ ဝတ္ထုတွေထဲက ထမင်းဆိုင်များကို သူ သွားသတိရမိလိုက်ပြီး ကားပေါ်မှဆင်း၍ ညစာစားလိုက်ရသည်။ ခဏနေတော့ ကားက ပြန်ထွက်လာသည်။ လမ်းတွင် တခါရပ်သည်ကလွဲ၍ ကားက အမှောင်ထုကြီးထဲတွင် ဘယ်မြို့ဘယ်ရွာကိုမှ မဖြတ်ဘဲ နေပြည်တော် ရောက်သည်အထိ တောက်လျှောက် မောင်းတော့သည်။ နေပြည်တော်ကို ရောက်တော့ ညတနာရီ။ မီးတွေက ထိန်ထိန်လင်းနေသည်။ သည်လောက် အားကောင်းမောင်းသန် မီးတွေလင်းနေတာကို သူ့တသက် မြန်မာပြည်တွင် မမြင်ဖူးခဲ့သည်မို့ သူ ငေးကြည့်နေမိသည်။ နေပြည်တော်တွင် မိနစ် ၂ဝ လောက် ကားခဏရပ်ပြီး ပြန်ထွက်လာခဲ့သည်။ သူ ကားပေါ်မှာ မအိပ်တတ်သောကြောင့် မျက်စိကြောင်လျက်သား လိုက်ပါလာခဲ့ရသည်။ နောက်တခါ ကားရပ်တော့ အောင်ပန်း။ အရုဏ်က ခပ်ပျပျ အဝေးမှ ပေါ်လာနေသည်။ အေးသာယာကို ရောက်တော့ မနက် ၅ နာရီခွဲ။ သူ့ ခရီးစဉ် ဆုံးပြီမို့ သူ ကားပေါ်မှ ဆင်းခဲ့သည်။

နောက်တနာရီလောက်ကြာတော့ ဘုန်းကြီးတပါး၊ အမကြီးတယောက်နှင့် သူ တောင်ကြီးသို့ ဟိုင်းလတ်စ်ကားဖြင့် တက်နေပြီ ဖြစ်သည်။ သူနှင့် အမကြီးက ကားနောက်ခန်းထဲတွင် ဘုန်းကြီးဝယ်ယူလာသော၊ သူ အမျိုးအမည် မခွဲတတ်သည့် စက်ပစ္စည်းတခုနှင့် ကျပ်ကျပ်ညပ်ညပ် လိုက်ပါလာခဲ့ရသည်။ တောင်ကြီးသို့ ရောက်တော့ သူ ကားဆရာကို လွိုင်လင်ကားဂိတ်နားက ဈေးသက်သာသည့် တည်းခိုခန်းတခန်းသို့ လိုက်ပို့ခိုင်းလိုက်သည်။ သူ ကိုယ်လက်သန့်စင်ရုံ။ ရေချိုးရုံ။ တည်းခိုခန်းကလေးက မြို့လယ်ကောင်မှာပဲ ဖြစ်သည်။ သူ ကိစ္စဝိစ္စတွေ ပြီးတော့ ခဏအိပ်ပြီး လမ်းဘေးဆိုင်တဆိုင်မှာပဲ ထမင်းစားလိုက်သည်။ သူ ကားဂိတ်ရောက်တော့ နေ့လယ် ၁၂ နာရီ။ ကားကဗင်ကား။ ခရီးသည် ၆ ယောက်ပြည့်မှ ထွက်မည်မို့ သူ စောင့်ရပြန်သည်။ ကားခက ၄၃ဝဝ။ ရှေ့ခန်း ၂ ယောက်၊ နောက်ခန်း ၄ ယောက်။ နေ့လယ် ၂ နာရီသာ ကျော်သွားသည်။ လူက မပြည့်။ သူ အပါအဝင် ၄ ယောက်မျှသာ။ သူ နောက်ကျလျှင် မိုး စိတ်ပူနေမည်မို့ သူ အခြားခရီးသည်များနှင့် ညှိလိုက်ရသည်။ ရှေ့ခန်းကို သူ တယောက်တည်း နှစ်ယောက်စာပေးပြီး ယူလိုက်သည်။ နောက်ခန်းအတွက် ၄ ယောက်စာကို ခရီးသည် ၃ ယောက်အား ပေးခိုင်းလိုက်သည်။ ခုမှပဲ သူ မိုးကို သတိရလာသည်။ မိုးနှင့် သူ တဖြည်းဖြည်း နီးလာပြီ။

ခရီးစဉ်ကတော့ တောင်ကြီး ဟိုပုန်း မိုင်းပွန် လွိုင်လင် ဖြစ်သည်။ ဝေးမည်ဟု သူထင်ထားခဲ့သော်လည်း ခရီးကမဝေး။ ၅၈ မိုင်မျှသာ။ ကားအရှိန်က ဖြည်းဖြည်းညင်ညင်။ လမ်းကတော့ တောင်ပတ်လမ်း။ သိပ်လည်း မကျဉ်း။ သိပ်လည်း မကျယ်။ ရာသီဥတုကတော့ ကြည်ကြည်လင်လင် သာယာလှပနေသည်။ အေးမည်ဟု သူထင်ထားခဲ့သော်လည်း မအေး။ သည်လိုနှင့် ခရီးစဉ် သုံးချိုးနှစ်ချိုးကိုရောက်တော့ မိုင်းပွန်သို့ ရောက်လာသည်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းကို သူ သတိရမိရင်း မြို့ကလေးကို အကဲခတ်လိုက်တော့ ခြောက်ခြောက်ကပ်ကပ်။ မိုင်းပွန်တွင် နာရီဝက်ခန့်နားပြီး သူတို့ကား ပြန်ထွက်ခဲ့သည်။ လွိုင်လင်ရောက်တော့ ညနေ ၅ နာရီခွဲသာသာ။ ကားဆရာလိုက်ပို့ပေးသော လွိုင်လင်မြို့တွင် အကောင်းဆုံး တည်းခိုခန်းတွင် နေရာမရ။ တည်းခိုခန်း ခပ်ညံ့ညံ့ကိုသာ သူ ယူလိုက်ရသည်။ ကိစ္စမရှိ။ သည်မြို့တွင် မိုးရှိသည်။

သူ တော်တော် ခရီးပန်းနေသော်လည်း ရေချိုးပြီးသည်နှင့် မိုးဆီ ထွက်လာခဲ့သည်။ သူ နေတဲ့ တည်းခိုခန်းက မြို့လယ်မှာ။ မိုးနေတဲ့နေရာနှင့် ဘာမှမဝေး။ သူ နည်းနည်းပါးပါး မေးစမ်းပြီး လျှောက်လာတော့ ၅ မိနစ်သာသာဖြင့် ရောက်လာပြီး အစိုးရဝန်ထမ်းအိမ်ယာ သုံးထပ်တိုက်ပေါ်သို့ သူ တက်လာခဲ့သည်။ အောက်ထပ်တွင်တွေ့သည့် အမကြီးတယောက်အား မိုး နာမည် မေးလိုက်တော့ အပေါ်ဆုံးထပ်သို့ နတ်လမ်းညွှန်ပေးသည်။ သူ သုံးထပ်သို့ တက်လာပြီး အခန်းတံခါး ရှေ့ရှိ လူခေါ်ခေါင်းလောင်းကြိုးကလေးကို ဆွဲလိုက်တော့ မိုးအရွယ် ကောင်မလေးတယောက် ထွက်လာပြီး တံခါးလာဖွင့်သည်။ သူ အခန်းထဲသို့ လှမ်းကြည့်လိုက်တော့ မိုးက မိုးနှင့်ရွယ်တူ ကောင်မလေး ၃-၄ ယောက်နှင့် ထမင်းစားနေသည်။ သူ့ကို မြင်တော့ ဝမ်းသာအယ်လဲ အမူအရာနှင့် မိုးက ထမင်းဝိုင်းက ချက်ချင်းထလာပြီး သူ့ဆီ လျှောက်လာသည်။ ထမင်းဝိုင်းမှ မိုးနှင့် လုပ်ဘော်ကိုင်ဘက် ဖြစ်ဟန်တူသော ကောင်မလေးတွေကတော့ ပြုံးစိစိ (နောက်မှ သူ နောက်ကျနေသဖြင့် မိုး စိတ်ပူပြီး မြို့ထဲရှိ တည်းခိုခန်းတွေကို ဖုန်းဆက်မေးထားကြောင်း သူ သိသည်။) မိုး အသားတွေ ဖြူလာသည်။ အနည်းငယ် ပြည့်လာသည်။ ထိုညက သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

နောက်နေ့မနက်ကျတော့ သူ ဘယ်မှ သွားစရာ မရှိ။ မိုးကလည်း ရုံးသွားနေသည်။ သူ လ္ဘက်ရည်ဆိုင်ထိုင်ပြီး ဟိုနားသည်နား လျှောက်ကြည့်ရုံက လွဲပြီး ဘယ်မှမရောက်ဖြစ်။ နေ့လယ် ၁၂ နာရီကျော်မှ မိုးက ရုံးမှ ဆင်းလာပြီး သူ့ထံ ရောက်လာသည်။ မိုးနှင့်သူ ထမင်း အတူတူစားပြီး ထွက်လာတော့ လူတွေက ကွက်ကြည့်ကွက်ကြည့်။ တစိမ်းတရံစာများ အရောက်အပေါက် နည်းလှသော လွိုင်လင်တွင် သူသည် ပီဘိ လူစိမ်းတယောက် ဖြစ်နေသည်။ ညနေပိုင်းကျတော့ မိုးနှင့် သူ မြို့ထဲရှိ ဘုန်းကြီးကျောင်းထဲမှ စေတီကလေးသို့ ထွက်ခဲ့ကြသည်။ နေခြည်က ဝင်းဝင်းပပ။ လေအဝှေ့တွင် ဆည်းလည်းခတ်သံ သဲ့သဲ့ကို သူ ကြားမိသလို ရှိသည်။ ဘုရားရင်ပြင်တော်ပေါ် သူတို့ရောက်တော့ မိုးက ပျော်လိုက်တာဟု ပြောရင်း ကလေးငယ်လေးတယောက်လို ရွှင်မြူးနေသည်။ ပြီးတော့ သူ့ကို အစ်ကိုကော ပျော်ရဲ့လား ဟု တခုတ်တရ မေးသည်။ မိုးမေးမှပဲ သည်စကားလုံးကို သူ ပြန်သတိရလာသည်။ သူ နောက်ဆုံး ပျော်ခဲ့တာ ဘယ်တုန်းကပါလိမ့်။ သူ သေချာမမှတ်မိတော့။ သူ့ဘာသူပဲ မေ့သွားသလား။ သူ တမင်တကာပဲ မေ့ထားခဲ့လေသလား။ ဒါလည်း သိပ်မသဲကွဲချင်။ ဘာပဲပြောပြော မိုးကိုတော့ သူ ပျော်စေချင်ပါသည်။ မိုး ပျော်ပါစေ…။ ပျော်ပါတယ် မိုးရဲ့ဟု သူ ပြန်ဖြေလိုက်တော့ မိုးက ကျေနပ်ဟန်မပြ။ “ဟင် .. ဟုတ်လဲဟုတ်ပဲနဲ့“ ဟု မိုးဆီက အသံထွက်လာသည်။ သူ ဘာမှ မတတ်နိုင်။ “အကို ပြောတာကလည်း စိတ်မပါသလိုကြီး“ ဟု မိုးက သူ့ကို ထပ်ပြောပြန်သည်။ သူ ကမန်းကတမ်း အာရုံတို့ကို စုစည်းကာ “တကယ်ပြောတာပါ မိုးရဲ့ ပျော်ပါတယ်“ ဟု မိုးကို ပြန်ဖြေလိုက်ရသည်။ မိုး ဘာမှ ထပ်မပြောတော့။ ကျေနပ်ဟန်တော့ မပြ။ သည်ကိစ္စ သည်မှာပြီးပြီ သူ ထင်သော်လည်း နှစ်ယောက်တွဲ ဘုရားဝတ်ပြုအပြီးတွင် “အကို … ဘာဆုတွေတောင်းလဲ“ ဟု မိုးက ထပ်မေးပြန်သည်။ ရုတ်တရက် သူ ဘာပြန်ဖြေရမှန်း မသိ။ တကယ်က သူ ဘာဆုမှ မတောင်း။ သာမန် ပြုရိုးပြုစဉ် ဘုရားဝတ်ပြုခဲ့ခြင်းသာ ဖြစ်သည်။ မိုးကကော ဘာဆုတွေတောင်းလဲ….။ သူ အပြေးအလွှား စဉ်းစားရပြန်သည်။ သမားရိုးကျ ဝတ္ထုတွေ ကဗျာတွေထဲကလို ရိုးမြေကျ ပေါင်းရပါစေ။ ဘဝဆက်တိုင်း တွေ့ရပါစေလို့ပဲ တောင်းမလားမသိ (ဒါကလည်း သူ့အထင်မျှသာ ဖြစ်သည်)။

အမှန်တော့ သူ မိုးကို မညာချင်။ သို့သော် မညာလို့လည်း မဖြစ်။ မိုးပျော်ပါစေ….။ သူ သည်လိုတွေးရင်း “မိုးနဲ့အတူ ဒီလိုပဲ အမြဲတမ်း နေပါရစေလို့ တောင်းလိုက်တယ် မိုးရဲ့“ ဟု မယုတ်မလွန် ဖြေလိုက်မိသည်။ မိုးကတော့ အကြာကြီး ငိုင်နေပြီးမှ အဖြေပေးသော သူ့ကို ကျေနပ်ဟန်မပြ။ ယုံလည်း ယုံဟန်မတူ။ “ဟင် .. ဟုတ်လည်းဟုတ်ပဲနဲ့“ ဟု သူ့ကို ပြောပြန်သည်။ “ဟုတ်ပါတယ် မိုးရဲ့ တကယ်ပါ“ ဟု သူ ပြန်ဖြေရင်း မိုး၏ ရွှေရောင် ရောတိရောရာ ဆံနွယ်ကလေးတွေကို သပ်လိုက်မိသည်။ အရေးထဲ သူ ဆေးလိပ်သောက်ချင်လာ ပြန်သည်။ မိုးရှေ့တွင် တတ်နိုင်သမျှ မသောက်ရန် သူ ဆုံးဖြတ်ထားသော်လည်း တကယ်တမ်း သူ နေနိုင်ခြင်း မရှိ။

သူ ဆေးလိပ်မီးညှိနေတုန်း မိုးဆီက “မိုး .. ဘာတွေ ဆုတောင်းလဲကော မမေးတော့ဘူးလား“ ဟု သူ့ကို ပြောသံထွက်လာပြန်သည်။ ဟုတ်သားပဲ။ သူ မေးသင့်လျက် မမေးမိ။ သူ့ကိုယ်သူ ပြန်အပြစ်တင်ရင်း “မိုး .. ဘာတွေဆုတောင်းလဲ“ ဟု မေးလိုက်ရသည်။ မိုးက ဘာမှ မပြောတော့။ “ရပါတယ် ထားလိုက်ပါတော့“ ဟုသာ ပြောရင်း တဖက်သို့ လှည့်သွားသည်။ သည်တော့မှ “ ပြောပါ မိုးရ .. အကို သိချင်တာပေါ့“ ဟု မိုးကို သူ ပြန်ချော့ရပြန်သည်။ နောက်ဆုံးတော့လည်း ထုံးစံအတိုင်း မိုးကပဲ သူ့ကို အလျှော့ပေးလိုက်သည်။ သည်တော့မှ သူ သက်ပြင်းချနိုင်တော့သည်။

နောက်နေ့ နေ့လယ်ကျတော့ မိုး အသိတယောက်ဆီက ဆိုင်ကယ်ငှားပြီး သူနှင့် မိုး ပင်လုံသို့ ထွက်လာခဲ့သည်။ ငယ်ငယ်က သင်ခဲ့ဖူးသော သမိုင်းစာမျက်နှာတွေထဲက နာမည်ကျော် ပင်လုံသို့ သူ တနေ့ ရောက်ရလိမ့်မည်ဟု တခါမှ တွေးမကြည့်ခဲ့ဘူး။ လွိုင်လင်နှင့် ပင်လုံကလည်း ဘာမှမဝေး။ ၆ မိုင်သာသာ။ သူ ဆိုင်ကယ်မောင်းလာရင်း လမ်းဘေး ကွင်းခေါင်ခေါင်ကြီးထဲတွင် အဆောက်အဦးကြီးတခုကို တွေ့၍ ကြည့်လိုက်တော့ ကွန်ပြူတာ တက္ကသိုလ်ဟု ရေးထားတာ တွေ့ရသည်။ သည်ဝန်းကျင် သည်အခြေအနေတွေနှင့် ကွန်ပြူတာ တက္ကသိုလ်ကို သူ ဘယ်လိုမှ ဆက်စပ်ကြည့်၍ မရ။ လူသူတဦးတယောက်မှလည်း သူ မတွေ့။ ပကတိ ဆိတ်ငြိမ်ခြင်းက လွှမ်းမိုးနေသည်။ မိုးကို မေးကြည့်တော့လည်း ရေရေရာရာ မသိ။ ရှိပါစေ။ သည်အတိုင်းပဲ ရှိပါစေ။ သူ တွေးနေရင်းနှင့်ပင် ပင်လုံသို့ ရောက်လာသည်။

သူ့စိတ်ထဲတွင် ထင်ထားခဲ့သည်က ပင်လုံကျောက်တိုင်ကို အထင်အရှားတွေ့လိမ့်မည်ဟု။ တကယ်တမ်းကျ သူမတွေ့။ ဘယ်မှာမှမတွေ့။ သူ ဆိုင်ကယ်ရပ်ပြီး မေးမြန်းကြည့်မှ ပင်လုံအထွက်တွင် ဖြစ်ကြောင်း သိရသည်။ သူ ရောက်တော့ လမ်းပေါ်မှ မတွေ့ပြန်။ စေတီအသစ်စက်စက်ကြီး တည်ထားသည်ကိုသာ သူ တွေ့ရသည်။ စေတီ၏ နောက်ဘက်တွင်မှ ပင်လုံကျောက်တိုင်။ စေတီက ကွယ်နေသဖြင့် ကျောက်တိုင်ကို လမ်းပေါ်မှ မမြင်နိုင်တော့။ စေတီကို ဘယ်တုန်းက တည်လိုက်ပါလိမ့်။ သိပ်ကြာဦးမည်ဟုတော့ သူ မထင်။ ခြံစည်းရိုးများ၊ လမ်းများ အားလုံးက သစ်လွင်နေသောကြောင့် ဖြစ်သည်။ စေတီကြီးကို ပတ်၍ နောက်ဘက်မှ ကျောက်တိုင်ဆီ သူရောက်တော့ ကျောက်တိုင်ကလေးကို ထီးတည်းတိတ်ဆိတ်စွာ တွေ့လိုက်ရသည်။ အမြင့်က ဘယ်လောက်မှမရှိ။ သစ်ပင် ခပ်လတ်လတ်တပင်၏ အမြင့်လောက်သာ ရှိသည်။ အောက်ခြေတွင်တော့ “ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်ကျောက်တိုင်“ ဟု တိုတိုနှင့် လိုရင်းရေးထားသည်။ သြော်…ပင်လုံဆိုတာ ဒါပါလား…။ သူ ခဏကြည့်နေပြီးမှ ခပ်လှမ်းလှမ်း သစ်ပင်ကြီးတပင် အောက်တွင်ရှိသော သစ်သားခုံကလေးသို့ မိုးနှင့်အတူ လျှောက်လာခဲ့သည်။

“ဓာတ်ပုံရိုက်မယ်လေ အကိုရဲ့” ဟု မိုး ပြောတော့ သူ့အကြောင်းကို ခုထက်ထိ သေချာသိဟန် မတူသေးသော မိုးကို ကြည့်ရင်း သူ ပြုံးမိသည်။ သူ ဓာတ်ပုံရိုက် ဝါသနာပါတာကို မိုးက အဓိပ္ပာယ်ကောက် လွဲနေပုံရသည်။ သူ့ကိုယ်သူ မှတ်တမ်းတင်ရန် သူ ဘယ်တုန်းကမှ ဝါသနာမပါခဲ့တာ မိုး သိဟန်မတူ။ မိုး အခုထက်ထိ ရိပ်မိဟန်လည်း မရှိ။ သူငယ်ချင်းများနှင့် မလွှဲမကင်းသာ ဓာတ်ပုံတွေ ရိုက်ခဲ့ဖူးသည်ကလွဲ၍ သူ တယောက်တည်း ဓာတ်ပုံရိုက်လေ့ မရှိ။ မိုးနှင့် ချစ်သူ ဖြစ်ကာစက မိုးကိုပေးဖို့ ဓာတ်ပုံပင် သူ မနည်း ရှာခဲ့ရသည်။ ဒါတွေကို မိုး မသိ။ မသိတာဘဲ ကောင်းပါတယ်၊ မိုးရယ် …. သိရင် မိုး အကို့ကို နားမလည်နိုင်တာတခု ထပ်တိုးသွားပါဦးမယ်…..။ သူ့ စိတ်ထဲက ပြောရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဓာတ်ပုံရိုက်ပေးဖို့ ဘယ်သူမှ ရှိမနေ။ ကိစ္စမရှိ။ ကင်မရာကို သူ့လက်နှင့် ပြောင်းပြန်ကိုင်ပြီး ရိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။ မိုး လည်တိုင် ကြော့ကြော့ကလေးက သူ့ပခုံးဘက် ငဲ့လာသည်။ သည်အနေအထားနှင့်ပင် သူ ဓာတ်ပုံနှစ်ပုံ ရိုက်လိုက်သည်။ လုံလောက်ပြီဟု သူ ထင်သောကြောင့် သူတို့နှစ်ယောက် ဓာတ်ပုံရိုက်ခြင်းကို သူ သည်မှာပဲ လက်စသတ်လိုက်သည်။ နောက် ပင်လုံကျောက်တိုင်ကို သူ တပုံရိုက်လိုက် သည်။ ကောင်းကင်က ပြာပြာစင်စင်။ ကြည်ကြည်လဲ့လဲ့။ သည်နေရာတွင် သူတို့နှစ်ယောက်မှ အပ ဘယ်သူမှမရှိ။ ပန်းကလေးတပွင့် ဖျတ်ခနဲ ပွင့်လာသည်။ သူ့ရင်တွေ လှိုက်ခနဲ ခုန်သွားသည်။

နောက်ပြီးတော့လည်း စောစောက သစ်သားခုံကလေးတွင်ပင် သူတို့နှစ်ယောက် ပြန်ထိုင်မိကြသည်။ စောစောက ရိုက်ထားခဲ့သော ပုံလေးနှစ်ပုံကို မိုးနှင့်အတူ ပြန်ကြည့်မိတော့ မိုးက သူ့ကို “နောက် ၁ဝ လောက်နေလို့ ဒီပုံလေးတွေ ပြန်ကြည့်မိရင် ဘယ်လိုနေမလဲ မသိဘူးနော်“ ဟု ပြောပြန်သည်။ သည်လို အနာဂတ်ကို မျှော်မျှော်ကြည့်သော စကားမျိုး မိုးဆီက သူ ခဏခဏ ကြားရသည်။ အခု ထပ်ကြားရပြန်တော့ နောက် ၁ဝ နှစ်ဝေး၍ နောက် ၁ဝ ရက်ပင် တွေးမကြည့်ဖူးသော သူ့ကိုယ်သူ သူ ပြန်အံ့သြရပြန်သည်။ သူ တခါမှ မိုးလို တွေးမကြည့်ဘူး။ တွေး၍လည်း မရ။ ဘဝတွင် မည်သည့်အရာကိုမျှ သူ ကြိုတင်စီစဉ်လိုခြင်း၊ သတ်မှတ်လိုခြင်း မရှိ။ ဘာကိုမှ သူ စနစ်တကျ ဇယားမချလို။ ဒါကြောင့်ပဲ သူ့ဘဝ ဖြစ်ချင်တာ ဖြစ်ပျက်ချင်တာပျက်နေခြင်းလား သူ စဉ်းစားမိပြန်သည်။

ဘာပဲပြောပြော အဲလ်ဘတ်ကမူး၏ မားဆိုးနှင့် သစ္စာနီ၏ မင်းဝေ တို့ကို သူ မကြာမကြာ သတိရတတ်ကြောင်းတော့ သူ ဝန်ခံရန် အသင့်ရှိပါသည်။ ထိုစဉ် “အကို ဘာတွေစဉ်းစားနေရပြန်တာလဲ“ ဟု မိုးဆီက အသံထွက်လာပြန်သည်။ အတွေ့အကြုံ ရှိပြီးဖြစ်၍ “သြော် .. အဲဒီလောက်ဆို မိုးနဲ့ အကို နှစ်ယောက်တည်း မဟုတ်တော့ဘဲ သားလေးတွေ သမီးလေးတွေပါ ရှိနေရောပေါ့လို့ စဉ်းစားနေတာ မိုးရဲ့“ ဟု သူ ခပ်သွက်သွက် ပြန်ဖြေလိုက်ရသည်။ မိုးက ရှက်ပြုံးဖြင့် သူ့လက်ကို ဖျစ်ညှစ်လိုက်တော့ သူလည်း မိုးလက်ကလေးကို ညင်သာဖွဖွ ဆုပ်နယ်လိုက်မိသည်။ သည်ရက်ပိုင်းအတွင်း လေးပါးမြောက်သီလကို သူ အကြိမ်ကြိမ် ချိုးဖောက်မိနေလေသည်။

နောက်နေ့ မနက်စောစောတွင်တော့ မိုး နေထိုင်ရာ တိုက်ရှေ့မှာပဲ မိုးနှင့်သူ စကားပြောဖြစ်ကြသည်။ သူ ခဏနေ ပြန်တော့မည်မို့ မိုးကို နှုတ်ဆက်ရင်း နောက်တခါ ထပ်တွေ့မည့်အချိန်ကို မိုးက ပြောနေပြန်သည်။ သူ မိုး စကားတွေကို အလိုက်သင့်အလျားသင့် ပြန်ပြောနေရင်း စကားစက ပြတ်တောက်သွားပြန်သည်။ သူထင်ထားသည့်အတိုင်း မိုးဆီက “အကို့ကြည့်လိုက်ရင် အမြဲတမ်း ငူငူငိုင်ငိုင်နဲ့“ ဟု ပြောသံထွက်လာပြန်သည်။ အမှန်တော့ သူ ငူငူငိုင်ငိုင် နေခြင်းမဟုတ်ပါ။ သူ့ဘဝ၏ ခဏငယ်တိုင်း အစိတ်အပိုင်းတိုင်းတွင် သူ သည်သို့သာ နေတတ်ပါသည်။ မိုး ကိုတော့ ဒါတွေ သူ ရှင်းပြမနေချင်တော့။ “ဒီလိုပါပဲ မိုးရဲ့“ ဟုသာ သူ ပြန်ပြောရင်း ဝင်းဝင်းစက်စက် သာယာလှပနေသော လွိုင်လင်၏ နံနက်ခင်းကို သူ သတိပြုမိသည်။ တဆက်တည်း မောင်ချောနွယ်၏ “လိုအပ်တာထက် ပိုမို လှပသာယာလာ“ ဟူသော ကဗျာတစကို သူ သတိရလာပြန်သည်။ “ကြည့် .. ပြောနေရင်း၊ ဆိုနေရင်း ဘာတွေ တွေးနေပြန်လဲ မသိဘူး“ ဟု မိုးဆီက အသံ ထွက်လာပြန်သည်။

သူ မောင်ချောနွယ် ကဗျာအကြောင်း စဉ်းစားနေမှန်း မိုးကိုပြောဖို့ သူ စိတ်ကူးလိုက်မိပြီးမှ သူ့စိတ်ကူးသူ ချက်ချင်း ပြန်ဖျက်လိုက်သည်။ ဆရာချောကို မိုးသိမည်မထင်။ ရှိပါစေ။ သည်အတိုင်းပဲ ရှိပါစေ။ သူ ရှင်းပြဖို့ မကြိုးစားတော့။ မိုးကတော့ သူ့ကို နားမလည်သလို ကြည့်နေသည်။ နားမလည်တာ သဘာဝ ကျတာပါပဲ … နားလည်တာမှ သဘာဝမကျတာပါ မိုးရယ် … ဟု သူ့စိတ်ထဲက ပြောမိပြန်သည်။ နောက် “ငါ ပေါင်းရတဲ့ အရာတွေ မှန်သမျှ မကောင်း၊ ငါ မပေါင်းရတဲ့ အရာမှန်သမျှသာ ကောင်းခဲ့“ ဟူသော ကဗျာ နောက်ဆက်တွဲကို ထပ်သတိရလာပြန်သည်။ သည်စာသားတွေကိုတော့ မိုးသိလို့မဖြစ်။ သိလျှင် သူ့ကို အကြီးအကျယ် စိတ်ကောက်လိမ့်မည် (စိတ်ဆိုးရက်မည်ဟုတော့ သူမထင်ပါ)။ မိုး ရုံးသွားဖို့ ပြင်ရဆင်ရဦးမည်မို့ မိုးကိုသူ နောက်ဆုံး နှုတ်ဆက်လိုက်တော့ မိုး မျက်နှာလေး ညှိုးသွားသည်။ သူ မိုး ခေါင်းလေးကို တချက်ပုတ်၍ နှုတ်ဆက်လိုက်ပြီး တည်းခိုခန်းသို့ ပြန်ထွက်ခဲ့သည်။ မနက် ၁ဝ နာရီမှ ကားထွက်ပါသည်။

သူ တောင်ကြီး ပြန်ရောက်တော့ နေ့လယ်တနာရီ။ သူ အချိန်မဆိုင်းတော့ဘဲ အေးသာယာသို့ ပြန်ဆင်းခဲ့သည်။ အပြန်တွင်လည်း အသွားတုန်းကလိုပဲ ရန်ကြီးအောင် ဖြစ်သည်။ ညနေ ၃ နာရီ အေးသာယာမှ စထွက်သော ကားက နောက်နေ့မနက် ၇ နာရီလောက် အောင်မင်္ဂလာသို့ ရောက်သွားသည်။ ထုံးစံအတိုင်း သူ ဘတ်စ်ကားဖြင့် Queen’s park သို့ ပြန်ရောက်လာသည်။ တလမ်းလုံး အိပ်ပျက်ခဲ့သည်မို့ သူ ဘယ်မှမထွက်တော့။ တနေ့လယ်လုံး ဟိုတယ်မှာပဲ အိပ်နေလိုက်သည်။ ညနေကျတော့ သူငယ်ချင်း တယောက်ထံမှ ညဘက်ဆုံရန် သူ့ဆီ ဖုန်းဝင်လာသည်။ သူ ရေချိုးပြီး ဆုံရန် အချိန်နည်းနည်း စောနေသေးသော်လည်း မြို့ထဲသို့ လျှောက်ကြည့်ရန် ဟိုတယ်မှ ထွက်လာခဲ့သည်။

သူ ထွက်လာလာချင်းပဲ ခရစ်လမ်းပေါ်တွင်ကော သိမ်ဖြူလမ်းပေါ်တွင်ပါ နတ်သမီးကလေးတွေကို နှစ်ယောက်တတွဲ၊ သုံးယောက်တတွဲ တွေ့ရပြန်သည်။ အနော်ရထာတလျှောက် လျှောက်လာရင်း လမ်း ၄ဝ ထိပ်တွင်လည်း ထုံးစံအတိုင်း တွေ့ပြန်သည်။ တချို့ကတော့ မျက်နှာသိ။ သူ မရောက်ဖြစ်တာ နှစ်ပေါက်ခဲ့ပြီမို့ တချို့ကလည်း မျက်နှာစိမ်းတွေ ဖြစ်နေသည်။ သူ့သူငယ်ချင်းတွေ ရှိရာ သီတာလမ်းသို့ သူရောက်တော့ ည ၇ နာရီ။ ထုံးစံအတိုင်း မီးကပျက်နေပါသည်။

နောက်ဆုံးတော့လည်း ဖြစ်နေကျ အစီအစဉ်တွေအတိုင်း သူတို့ ကေတီဗီသို့ ရောက်သွားသည်။ မင်္ဂလာဈေးထဲက Infinity ။ တနာရီ ၃ဝဝဝ ကျပ်၊ မြန်မာတလုံး ၂၅ဝဝ ကျပ်။ ကောင်မလေးတွေကတော့ ထုံးစံအတိုင်း ဟိုဘက်ခန်းသည်ဘက်ခန်း ကူးလိုက်သန်းလိုက်။ ဟိုလွန်ခဲ့သော နှစ်များစွာက ကေတီဗီညတွေအကြောင်း သူ့စိတ်ပြန်ရောက်သွားပြီး သူ ပျော်သလို ဖြစ်သွားမိသေးသော်လည်း သိပ်မကြာခင်မှာပဲ သူ ပြန်ငြီးငွေ့သွားပြန်သည်။ တော်သေးသည်။ ကောင်မလေးတွေက ဘာမှ မမှာသဖြင့် သူတို့ အကုန်အကျ သက်သာသွားသည်။ သူ စိတ်ထဲက မပါ့တပါဖြင့် သူ့နံဘေး ပူးပူးကပ်ကပ် လာထိုင်နေသော ကောင်မလေးနှင့် စကားစမြည် ပြောနေရသည်။ ပတ်စာခွာတော့ ည ၁၂ နာရီ။ သူ့အိတ်ထဲက ထောင်တန်လေးရွက် ကောင်မလေးအိတ်ထဲ ရောက်သွားသည်။

နောက်တရက် ညနေ ၆ နာရီတွင်တော့ သူ ရန်ကုန်ကို ကျောခိုင်းခဲ့ပြီဖြစ်သည်။ သူ အိပ်ရေးပျက်နေသည်မှာ ၄-၅ ရက်ရှိပြီမို့ သည်တခါတော့ သူ ဟန်မဆောင်နိုင်တော့။ တလမ်းလုံး အိပ်လျက်ပါသွားသည်။ သူတို့ကား ဘားအံကိုရောက်တော့ တံတားကမဖွင့်။ စောင့်အိပ်ရုံမှလွဲ၍ အခြားနည်းမရှိ။ သူကလည်း အိပ်ချင်နေသည်မို့ ဘာမှ ညည်းညူ မနေလိုတော့။ တံတားကတော့ မနက် ၅ နာရီမှ ဖွင့်လေသည်။ သူ ဘားအံကို ရောက်တော့ မနက် ၆ နာရီ။ အချိန်စောနေသည်မို့ သူငယ်ချင်းကို သွားမနှိုးလိုတော့။ သူ့ဘာသာ လ္ဘက်ရည်ဆိုင်ပဲ ထိုင်နေလိုက်သည်။ ဘားအံမှ သူဗင်ကားဖြင့် မြဝတီသို့ ထွက်လာတော့ မနက် ၈ နာရီ။ ရောက်တော့ နေ့လယ်တနာရီ။ သူ အချိန်မဆိုင်းတော့။ မဲဆောက်ဘက်သို့ကူးရန် ခိုးဂိတ်သို့ ထွက်လာခဲ့သည်။ ခိုးဂိတ်ကိုရောက်တော့ သူ တဖက်ကမ်းကို လှမ်းမျှော်ကြည့်လိုက်သည်။ ဟိုဘက်မှာ သူနေထိုင်ရာ မဲဆောက်။ ဟိုဘက်ကမ်းက မီးထိန်ထိန်။ ဘဝတွေကို သောင်ရင်းမြစ်က တိတိပပ ပိုင်းခြားထားသည်။ သူ တွေးနေရင်းက မဆီမဆိုင် မိုးကို ဖျတ်ခနဲ သတိရလိုက်ပြန်သည်။ “အစ်ကို ပျော်ရဲ့လား“ ဟု ဘုရားရင်ပြင်တော်ပေါ်တွင် သူ့ကို မေးလိုက်သော မိုးအသံကို သူ ကြားယောင်လိုက်မိသည်။ ခုနေများ မိုးက သူ့ကို ထပ်မေးလာလျှင် သူ ညာဖို့ လိုမည်မထင်တော့။ အိမ်ပြန်ရတော့မည်မို့ သူ ပျော်နေမိပါသည်။


စစ်ရေးနည်းဖြင့် မဖြေရှင်းချင်ဟု ၀ခေါင်းဆောင်ပြောဆို
Monday, 07 September 2009 19:17 ရန်ပိုင်
E-mail Print
ဝတိုင်းရင်းသား အပစ်ရပ်အဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူချမ်းက တရုတ် မြန်မာ နယ်စပ်တွင် စစ်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်နေသောကြောင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးကို အချိန်ယူ တည်ဆောက်ရန် လိုအပ်သည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။

[တရုတ် ရုပ်မြင်သံကြား Phoenix တွင် တွေ့ရသည့် ၀ ခေါင်းဆောင် ဦးပေါက်ယူချမ်း]

တရုတ် ရုပ်မြင်သံကြား Phoenix တွင် တွေ့ရသည့် ၀ ခေါင်းဆောင် ဦးပေါက်ယူချမ်း
ယမန်နေ့က ထုတ်လွှင့်သွားသည့် တရုတ် ရုပ်မြင်သံကြား Phoenix TV နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ဦးပေါက်ယူချမ်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်ပြီး အသွင် ကူးပြောင်းရေးအတွက် အခက်အခဲများကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍ မရနိုင်ဟုလည်း ပြောလိုက်သည်။

“တပ်များ အသွင် ကူးပြောင်းရေးကို လက်ခံတယ်၊ လက်တွေ့ လုပ်ငန်းများ လုပ်ကိုင်တဲ့အခါ နှစ်ဦးနှစ်ဘက် အသေးစိတ် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးဖို့ လိုတယ်၊ အချိန်ယူရမယ်။ တပ်တွေကို ဖျက်သိမ်းတဲ့ ပုံမျိုးတော့ မလုပ်ဘူး၊ စစ်ရေးအရ ဖြေရှင်းလာမယ် ဆိုရင်တော့ ခုခံကာကွယ် ရမှာပဲ” ဟု ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အကြီးအကဲ ဦးပေါက်ယူချမ်းက ပြောကြားသည်ဟု သိရသည်။

UWSA အပြင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ကလည်း ထိုသို့သော သဘောထား ရှိနေကြောင်း တရုတ်မြန်မာ နယ်စပ်ရှိ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“KIA ရော ၀ ကပါ နယ်ခြားစောင့်တပ် ကိစ္စကို ယေဘုယျအားဖြင့် မူအရ သဘောတူတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ ဘယ်လို ညှိနှိုင်းမယ် ဆိုတာကိုတော့ မပြောဘူး သူတို့ပြောတဲ့ အောက်တိုဘာလမှာတော့ လုပ်နိုင်မယ် မထင်ဘူး၊ ဒီလို တရားဝင် ပြောတာဟာ တရုတ် ဖိအား ပေးတာလို့ ထင်တယ်” ယခင် ဗမာပြည် ကွန်မြူနစ် ပါတီဝင် တဦးဖြစ်သူ ဦးအောင်ကျော်ဇောက သုံးသပ်လိုက်သည်။

စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲမြင့်က UWSAကို တိုက်ခိုက်မည် မဟုတ်ကြောင်း စာဖြင့် ထပ်မံ ကတိပေးထားသည်ဟု ၀တပ်ဖွဲ့ အရာရှိ တချို့ကို ကိုးကားပြီး ဦးအောင်ကျော်ဇောက ရှင်းပြသည်။

သို့သော်လည်း ၀ ဒေသတွင် စစ်အစိုးရတပ်များ ချထားပြီး စိတ်ဓာတ် စစ်ဆင်ရေး ပုံစံ လုပ်ကိုင်နေကြောင်း၊ လက်နက်ကြီးများဖြင့် ခြိမ်းခြောက်မှုများ လုပ်ကိုင်နေကြောင်း ထိုဒေသအရေးကို အထူးပြု လေ့လာနေသူ စာနယ်ဇင်းသမား တဦးက ပြောသည်။

“တပ် တချို့ကိုတော့ ဖျောက်ထားတယ်လို့ ကြားတယ်၊ လက်နက်ကြီးတွေ ပါတယ်၊ တခါမှ မမြင်ဘူးဘူး တဲ့” ဟု ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

UWSA သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် အင်အားစု အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး၊ ယခုအခါ စစ်သည်အင်အား နှစ်သောင်း မှ နှစ်သောင်းခွဲကြားတွင် ရှိသည်ဟု သိရသည်။

တရုတ်မြန်မာ နယ်စပ် အနီးရှိ KIA တပ်ဖွဲ့ကလည်း ပြီးခဲ့သည့် စနေ နှင့် တနင်္ဂနွေနေ့တို့တွင် လူထု အစည်းအဝေး ခေါ်ယူ ကျင်းပရာ စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး အကြောင်းအရာကို ဆွေးနွေးခဲ့သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ယခင်ကတည်းကပင် မူအားဖြင့် သဘောတူညီကြောင်း၊ နယ်ခြားစောင့်တပ် အဖြစ် မဟုတ်ဘဲ ကချင်လုံခြုံရေးတပ် အဖြစ်သာ ဖွဲ့လိုကြောင်း၊ ငြိမ်းချမ်းရေးနည်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး စစ်ရေးနည်းဖြင့် ဆောင်ရွက်မှုကို ဆန့်ကျင်ကြောင်း လူထုအစည်းအဝေးပွဲတွင် ဆုံးဖြတ်ခဲ့သည်။

ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် ပြီးခဲ့သည့် လကုန်ပိုင်းက ၃ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိုဒေသ နှင့် အနီးတ၀ိုက်တွင် အခြေစိုက်သော အပစ်ရပ် တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ရာဒေသမှ အရပ်သားအများအပြား တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်လျက်ရှိသည်။

ကိုးကန့်ဒေသ တိုက်ပွဲများ အပြီးတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်တချို့သည် ကိုးကန့်ဒေသ လောက်ကိုင်မြို့သို့ သွားရောက်ပြီး ဒေသ တည်ငြိမ်ရေးကို ဆောင်ရွက်နေကြကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ကိုးကန့်ဒေသမှ တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်သွားသူ ဒုက္ခသည် သုံးသောင်းကျော် အနက်မှ တသောင်းကျော် နေရပ်ရင်းသို့ ပြန်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ကချင်ပါတီ အဖွဲ့ဝင် ၈၀၀ ရပြီဟုဆို
Monday, 07 September 2009 20:09 အေးလဲ့
E-mail Print
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) မှ နှုတ်ထွက်ပြီး နိုင်ငံရေး ပါတီတခု ထူထောင်ထားရာ ပါတီဝင် ၈၀၀ ခန့် စည်းရုံးနိုင်ပြီ ဖြစ်ကြောင်း ထိုပါတီ၏ ခေါင်းဆောင်တဦးက ပြောသည်။

ကချင် ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ဟု အမည်ပေးထားသော ၎င်းတို့၏ ပါတီသည် တရားဝင် မှတ်ပုံတင်ရန် ရွေးကောက်ပွဲ ဥပဒေကို စောင့်ဆိုင်းနေသည်ဟု ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ မနန်တူးဂျာက ပြောသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လက ဒေါက်တာ မနန် တူးဂျာ ခေါင်းဆောင်သောအဖွဲ့ ၊ နယ်ခြားစောင့်တပ် အဖြစ် လက်ခံထားသော ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကချင် အတိုင်ပင်ခံ ကောင်စီ (KCC) တို့က ကချင်ပြည်နယ် အသွင် ကူးပြောင်းရေး အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ယင်းမှ တဆင့် ယခုနှစ် မတ်လတွင် ကချင်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေးပါတီအဖြစ် KSPPကို ဖွဲ့စည်းခြင်းခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ မနန် တူးဂျာက သူ အပါအ၀င် ၅ ဦးသည် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

“ နိုင်ငံရေး ပါတီ အရေးကို အာရုံစူးစိုက် လုပ်ဆောင် သွားရင် အကောင်းဆုံး ဖြစ်မယ် ဆိုတဲ့ သဘောထားနဲ့ KIO အဖွဲ့ဝင် ၅ ဦးက ဗဟိုအဖွဲ့ကနေ နှုတ်ထွက်ခွင့်တောင်းတယ်၊ KIO အနေနဲ့ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို မဆန့်ကျင်ဘူး၊ ပြည်သူဘက်က ပါတီ ထူထောင်ပြီးတော့၂၀၁၀ ရွေးကောက်ပွဲကိုလည်း အားပေးတယ်” ဟု ဒေါက်တာ မနန် တူးဂျာက ရှင်းပြသည်။

သို့သော်လည်း ၎င်းတို့ ၅ ဦး KIO မှ နှုတ်ထွက်သွားခြင်း မဟုတ်ဘဲ တာဝန်မှ ဖယ်ရှားခံရခြင်းသာ ဖြစ်သည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကလည်း ကချင် နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်များနှင့် ကချင် လူထု ကိုယ်စားလှယ်များ အကြား ဆွေးနွေးပွဲ တရပ်ကို KIO ဌာနချုပ် ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ၂ ရက်ကြာ ကျင်းပခဲ့သည်။

KIO အနေဖြင့် အသွင်ကူးပြောင်းရေးကို စစ်အစိုးရနှင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေး အဖြေရှာသွားရန် လိုကြောင်း၊ စစ်ရေးအရ အဖြေရှာခြင်းကို မထောက်ခံကြောင်း၊ တပ် နှင့် ပတ်သက်ပြီး နယ်ခြားစောင့်တပ် ဆိုခြင်းထက် ကချင်ဒေသ လုံခြုံရေးတပ် အဖြစ် ဖွဲ့စည်းရန် လိုလားကြောင်း လူထု အစည်းအဝေးပွဲ၌ တက်ရောက်သူ လူထုကိုယ်စားလှယ် စုစုပေါင်း ၃၂၄ ဦးက ဆုံးဖြတ်သည်ဟု KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ က ဧရာဝတီကို ပြောသည်။

ကချင်ဒေသ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အဖြစ်မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ KIO နှင့် မြန်မာ့ တပ်မတော်တို့ ၇ ကြိမ်ခန့် တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ဖြစ်သည်။ ယခု ရက်ပိုင်းတွင်လည်း မြစ်ကြီးနားမြို့တွင် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး စစ်အစိုးရက အောက်တိုဘာလတွင် အပြီးသတ် ဆွေးနွေးရန် ပြောဆိုထားသော်လည်း KIO က လိုက်လျောရန် မဖြစ်နိုင်ကြောင်း ဒေါက်တာ မနန် တူးဂျာ က ပြောသည်။

“ ဒီဘက်က အဖွဲ့အစည်း(KIO) အနေနဲ့တော့ အဆင်သင့် ဖြစ်ဖို့ကတော့ အလားအလာ သိပ်မတွေ့ရဘူး၊ အချိန်ကတော့ တော်တော် များများ ယူရမယ့် သဘောရှိနေတယ်” ဟု ဒေါက်တာ မနန် တူးဂျာက ပြောသည်။

မြန်မာ တပ်မတော်နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း KIO ၏ သဘောထားနှင့် ရပ်တည်ချက်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေထံမှ မည်သို့မျှ တုန့်ပြန်ခြင်း မရှိကြောင်း၊ ယခု နိုင်ငံရေးအရ ဆွေးနွေးရန် ပြီးဆုံးပြီဟု သုံးသပ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်သတင်းဌာန Kachin News Group အယ်ဒီတာ လဖိုင် နော်ဒင်းက ပြောသည်။

လဖိုင် နော်ဒင်းက “ KIOနဲ့ သက်ဆိုင်ရာ တိုင်းမှူးတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးတယ်၊ အထက်ကို မရောက်ဘူး၊ အခုအချိန်မှာ နိုင်ငံရေးအရ ပြီးသွားပြီလို့ ကျနော်မြင်တယ်၊ နအဖ ဘက်က နယ်ခြားစောင့်တပ် တောင်းတယ်၊ KIO ဖက်က သန်းရွှေနဲ့ တွေ့ပြီး KIO သဘောထား တင်ပြ တောင်းဆိုတဲ့ အပိုင်းတွေမှာ ဘာမှ အဖြေမရဘူး၊ အခြေအနေကတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့က KIO ဘက်က ပြီးသွားပြီ၊ နအဖ ဘက်ကသာ ဘယ်လို ဖြစ်လာမလဲ၊ အဲဒီတော့ နအဖဘက်က ဖန်တီးနိုင်တဲ့ ပြည်သူ့စစ် (တပ်ဖွဲ့) ပဲ ဖြစ်လာနိုင်တယ်” ဟုပြောသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် KIO အဖွဲ့သည် ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

လက်လုပ်လက်စားများကို စွမ်းအားရှင်အဖြစ် လိုက်လံစုဆောင်း
Monday, 07 September 2009 19:44 ဟိန်းဇော်
E-mail Print
မြို့နယ်များတွင် ငွေကြေးချို့တဲ့သည့် လက်လုပ် လက်စားများကို စွမ်းအားရှင်အဖြစ် လိုက်လံစုဆောင်းမှုများ ရှိနေကြောင်း သိရသည်။

လက်လုပ် လက်စား အများစုနေထိုင်ရာ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်၊ ဒေါပုံ၊သာကေတ၊သန်လျင်၊ ဒလစသောမြို့နယ်များမှ လက်လုပ် လက်စားများ၊ အလုပ်လက်မဲ့များကို အဓိကစုဆောင်းနေကြောင်း ရွှေပြည်သာမြို့နယ်မှ မယက အဖွဲ့ ဝင်တဦးကဆိုသည်။

သက်ဆိုင်ရာမှ ခေါ်ယူစုဆောင်းထားသော စွမ်းအားရှင်များကို ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာများ တွင်သာမက ဝါတွင်းကာလ၏နေ့ထူးနေ့မြတ်နှင့် လပြည့်လကွယ် ဥပုသ်နေ့များတွင် တန်ခိုးကြီးဘုရားများသို့ ဘုရားဖူးလာသူများကို စောင့်ကြည့်ခိုင်းထားသည်ဟု ၎င်းက ပြောသည်။

“ကျနော့်ရပ်ကွက်မှာ လိုက်တဲ့သူတွေရှိတယ်၊ အလုပ်အကိုင်မကောင်းတဲ့ သူတွေပေါ့။ သူတို့ ကို တနေ့ ကျပ် ၁၅၀၀၊ ၂၀၀၀ ပေးတယ်လို့ ပြောတယ်။ စီးပွားရေးမကောင်းတော့ ဘယ်လောက် ရရ မနည်းဘူးဆိုပြီး လိုက်တဲ့သူတွေများတယ်” ဟု သန်လျင်မြို့နယ်၊ ထမလုံကျေးရွာတွင် နေထိုင်သူတဦးက ပြောသည်။

အာဏာပိုင်များအနေဖြင့် သံဃာလှုပ်ရှားမှု မဖြစ်ပေါ်စေရန် မြန်မာနိုင်ငံတဝန်းမှ စာသင်တိုက် များကို လုံခြုံရေး တင်းကြပ်နေသည့်အပြင် ခရီးသွားပြည်သူများ၊ ဘုရားဖူးလာသူများကိုပါ စောင့်ကြည့်လာသဖြင့် လူထုအကြား စိုးရိမ်မှုများ ရှိလာကြောင်း ဘုရားဖူးတဦးကဆိုသည်။

“ကျမ တော်သလင်းလပြည့်၊ ဥပုသ်နေ့က ဘုရားတက်တာ။ လူ တယောက်ချင်းစီကို အရပ်ဝတ်တွေနဲ့ ရဲတွေက လိုက်ကြည့်တာ။ ကိုယ့်ကိုယ်ကိုယ်တောင် မလုံဘူး” ဟု ၎င်းက ပြောသည်။

ယင်းနေ့က ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သော တရားပွဲများတွင် အရပ်ဝတ်ရဲများနှင့် စွမ်းအားရှင်များက တရားပွဲများတွင် ဥပုသ်သည် အယောင်ဆောင်၍ ဘုရားဖူးများကို စောင့်ကြည့်မှုများ ရှိခဲ့သည်ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦး ထံမှ သိရသည်။

ယခုရက်ပိုင်းတွင် ရန်ကုန်မြို့တွင်သာမက တခြားမြို့ကြီးများတွင်လည်း လူစုလူဝေးဖြစ်မည့် အနေအထားများ သတင်းရရှိပါက ချက်ချင်းသွားလာနိုင်စေရန် လုံထိန်းကားများနှင့် စွမ်းအားရှင် များကို အသင့်ပြုလုပ်ထားရန် ညွှန်ကြားထားကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဆိုသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက် ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရစဉ် ကလည်း အင်းစိန် အကျဉ်းထောင်အနီးရှိ အင်းစိန်ဈေးပတ်ဝန်းကျင်တွင် ဘီအမ်၊ ဒိုင်နာ၊ ဟိုင်းလတ်စ် စသော ယာဉ်များတွင် စွမ်းအားရှင်များကို ခေါ်ယူ၍ လုံခြုံရေးအင်အားတိုးမြှင့်ခဲ့သည်။


ရန်ကုန်က ဒဲလ်တာကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံး
Monday, 07 September 2009 20:14 ကိုထွေး
E-mail Print
ဒုတိယအကြိမ် မြန်မာ နေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲ အဖြစ် ရန်ကုန်နှင့် ဒယ်လ်တာ ယူနိုက်တက် အသင်းတို့ ယမန်နေ့က ယှဉ်ပြိုင် ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်သွားကြောင်း သိရသည်။

[MNL ပထမဆုံးပွဲစဉ်အဖြစ် ရန်ကုန်နှင့် ဒယ်လ်တာ ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြစဉ် (ဓာတ်ပုံ - ygnutd.com)]

MNL ပထမဆုံးပွဲစဉ်အဖြစ် ရန်ကုန်နှင့် ဒယ်လ်တာ ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြစဉ် (ဓာတ်ပုံ - ygnutd.com)
ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်မှ နိုင်ဦးလွင်၏ ဗွေဆော်ဦးဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ဒယ်လ်တာ အသင်းမှ စတန်လေက ချေပဂိုး သွင်းယူခဲ့ပြီး ၀ီလျံက အနိုင်ဂိုးသွင်းယူသွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းကို အားပေးကြသော ပရိသတ်များအတွက် အင်္ကျီအထည် ၁၀၀၀၀ ကို အခမဲ့ ဖြန့်ဝေသွားမည့်ဟု ယင်းအသင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသားခဲ့သော်လည်း လူအများ ရုတ်ရုတ် သည်းသည်း ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ယင်းအစီအစဉ် ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းပြိုင်ပွဲအတွင်း ပရိသတ် များက လှောင်ပြောင် အော်ဟစ်ခဲ့သည့် အတွက် အဖမ်းအဆီးရှိခဲ့ကြောင်း အသင်းနှင့် နီးစပ်သူများက ပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းနှင့် နီးစပ်သူတဦးက “ မနေ့ကအဖမ်းအဆီးရှိတယ်၊ အင်္ကျီတွေ ဝေမရလို့ ဂျာနယ် တိုက်မှာ သွားယူခိုင်းထားတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် နီးစပ်သူတဦးက ပြောသည်။

ရန်ကုန်ယူနိုက်ဘောလုံး အသင်းသည် MNL ပွဲစဉ်များ မစတင်မီ ငွေကြေး အမြောက်အများ အကုန်အကျ ခံကာ ပရိသတ်များကို ဆွဲဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“လေယာဉ်လက်မှတ်၊ LCD၊ လေအေးပေးစက်၊ ဘောလုံးပွဲ အားလုံးကြည့်ခွင့်၊ ဈေးဝယ်ခွင့်က ၅သိန်းဖိုး အဲဒီ့ ကံစမ်းမဲတွေကို ရန်ကုန် ယူနိုက်တက် ကစားသမားတွေက ဘောလုံးတွေနဲ့ ပရိသတ်ထဲကို ကန်ပို့ပေးကြတယ်” ဟု သူက ရှင်းပြသည်။

အဆိုပါပြိုင်ပွဲများ၏ ကွင်းဝင်ကြေးကို လျှော့ချ သတ်မှတ်ခဲ့သကဲ့သို့ မြန်မာနိုင်ငံ မြို့ကြီးများ၏ အချက်အချာ ကျသော လမ်းဆုံများတွင် တပ်ဆင်ထားသည့် LED ရုပ်မြင်သံကြားစက် များတွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ များကို တိုက်ရိုက်ပြသရန် စီစဉ်နေကြောင်း ပြည်တွင်းထုတ် ဂျာနယ်များမှ တဆင့်သိရသည်။

ရန်ကုန်ယူနိုက်တက် အသင်းသားများအတွက် အမေရိကန် ဒေါ်လာ ၁ သိန်းခွဲတန်သော ဘတ်စ်ကား အသစ်ကို ပြောင်းလဲ အသုံးပြုလိုက်ကြောင်း၊ လက်ရှိ အသုံးပြုနေသော လှိုင်ဘောလုံးကွင်းကို လေ့ကျင်းရေးကွင်းအဖြစ်သာ အသုံးပြုမည် ဖြစ်ပြီး အောင်ဆန်းကွင်း ကို အိမ်ကွင်း အဖြစ်အသုံးပြုမည် ဖြစ်ကြောင်း ယင်းအသင်း၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ပတ်သက်သော အမှတ်တရ ပစ္စည်းများ ရောင်းချမည့် ဆိုင်ကိုလည်း ဆူးလေဘုရားလမ်း Myanmar Shopping Mall မြေညီထပ်တွင် ယခုလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ပြီး အာဆင်နယ်ဘောလုံး အကယ်ဒမီကို တည်ဆောက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုတော် မျိုးကြီး သီဆိုထားသော ရန်ကုန် ယူနိုက်တက်အသင်း၏ သီချင်းကို မန္တလေး FM ကထုတ်လွှင့်ရန် စီစဉ်နေသကဲ့သို့ တေးရေး မြင့်မိုးအောင် ရေးသားကာ Melody world တွင် ဆုရရှိထားသော တေးသံရှင် ကောင်းကောင်းက သီဆိုထားသည် ရန်ကုန်ယူနိုက်တက် အသင်း၏ သီချင်းသစ်ကိုလည်း ယင်းဝက်ဘ်ဆိုက်မှ တဆင့်နားဆင်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် နိုင်ငံခြား ကစားသမား ၅ ဦး ကို စာချုပ်ချုပ်ဆို ခေါ်ယူထားပြီး အနိမ့်ဆုံးလစာ ငွေမှာ ဒေါ်လာ ၂၀၀၀ ခန့်ရှိကြောင်း သတင်းများက ဆိုသည်။

၎င်းအသင်းသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ မစတင်မီ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ခြေစမ်းပွဲများကန်ခဲ့ရာ၌ ထိုင်းဆိပ်ကမ်းအသင်း ကို ၄ ဂိုး ၃ ဂိုး၊ BEC တယ်ရိုဆက်ဆနာအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး အိန္ဒိယ ကလပ်အသင်း အရှေ့ဘင်ဂေါအသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်း ကစားရာတွင် ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

မန္တလေးမြို့တွင်ကျင်းပသောပွဲစဉ်များအတွက် ရန်ကုန်ယူနိုက်တက် ပိုင်ရှင် ဦးတေဇက ၎င်းအသင်း၏ ပရိသတ် များကို မန္တလေးမြို့သို့ လိုက်လံအားပေးရန် မော်တော်ယာဉ်များ၊ ရထားများ စီစဉ်ပေးမည်ဟုလည်း ဆိုထားသည်။

ဘောလုံးအသင်း တသင်းသည် အနည်းဆုံး ကျပ် သန်း ၂၀၀ ခန့် မြှုပ်နှံရပြီး တချို့သော အသင်းများမှာ ဘောလုံးသမားများအတွက် လစာ၊ ဝတ်စုံ၊ သယ်ယူပို့ဆောင် စရိတ်နှင့် ကန်ထရိုက် စာချုပ်ကြေးများ အပါအဝင် ကျပ် သန်း ၁၀၀၀ ကျော် ကုန်ကျမှု ရှိကြောင်း သိရသည်။

ပထမ အကြိမ် မြန်မာလိဂ် ဗိုလ်လုပွဲတွင် ရတနာပုံအသင်း ဖလားရရှိခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်း နှင့် ဗိုလ်လုကြရာတွင် နှစ်ဂိုးစီ သရေကျနေသဖြင့် ပင်နယ်လ်တီ ဆုံးဖြတ်ချက်ဖြင့် ရတနာပုံအသင်း က ၆ ဂိုး ၃ ဂိုးနှင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။

မြန်မာလိဂ်ပြိုင်ပွဲတွင် ပါဝင်သည့် အသင်းများမှာ ရတနာပုံ FC၊ ရန်ကုန် ယူနိုက်တက် FC၊ မကွေး FC၊ ကမ္ဘောဇ FC၊ ဇေယျာရွှေမြေ FC၊ ဥဿာ ယူနိုက်တက် FC ၊ ဆောက်သမ်း မြန်မာ FC ၊ ဒယ်လ်တာ ယူနိုက်တက် FC တို့ဖြစ်ပြီး အသင်းပိုင်ရှင်များမှာ မြန်မာပြည်၏ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်ကြကာ ၎င်းတို့ထဲမှ အများစုကို အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ အရေးယူထားသည်။


ာဂစ် စတိတ်ရှိုးတချို့ အရှုံးပေါ်
Monday, 07 September 2009 19:36 သဲသဲ
E-mail Print
နာဂစ် ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် ပြည်ပ၌ ရန်ပုံငွေဖျော်ဖြေပွဲများ ပိုမိုကျင်းပလာနိုင် သော်လည်း စရိတ်စက ပိုမိုကြီးမားသည့် အတွက် အများစုမှာ အရှုံးပေါ်ကြောင်း ကြားသိရ သည်။

လန်ဒန်မြို့၌ ကျင်းပပြုလုပ်သွားခဲ့သည့် ပထမ အကြိမ် နာဂစ်ရန်ပုံငွေပွဲတွင် မြန်မာပြည်မှ နာမည်ကျော် အဆိုတော်များ ပါဝင်ဖျော်ဖြေခဲ့ကြသဖြင့် လူကြိုက်များ အောင်မြင်ခဲ့သော်လည်း ငွေကြေးအားဖြင့် အရှုံးပေါ်ခဲ့ကြောင်း ကြားသိရသည်။

ဇူလိုင် ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ၎င်းပွဲတွင် ပါဝင်သော အနုပညာရှင်များထဲမှ တချို့ကို အနုပညာကြေး အနေနှင့် တယောက် ဒေါ်လာ ၁၀၀၀ ပေးရသည်ဟု သိရသည်။ အဆိုတော်တချို့က အနုပညာကြေး မယူသော်လည်း လူပိုများ ခေါ်လာ သောကြောင့် ထိုသူတို့အတွက် တာဝန်ယူရသဖြင့် ကုန်ကျစရိတ်မှာ အနုပညာကြေး ပေးရသည့် နည်းတူ ဖြစ်ခဲ့ကြောင်း ထို့ပြင် လူအဝင်နည်းသောကြောင့် အရှုံးပေါ်ရခြင်းဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တဦးက ပြောပြသည်။

“လတ်မှတ်က အစောင် ၄၂၀ လောက်ပဲရောင်းရတာမှာ လက်ဆောင်ပေးရတာနဲ့ဆို ခန့်မှန်းခြေ ၃၆၀ လောက်ပဲ အသားတင် ရတယ်။ အရင်းက ပေါင် ၂ သောင်းနီးပါး (ကျပ် သိန်း ၃၆၀ နီးပါး) လောက်ရှိတာကို ပေါင် ၈ ထောင် ကျော် (ကျပ်သိန်း ၁၆၀ နီးပါး) ရှုံးတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်မှတ်တစောင်လျှင် ပေါင် ၂၀ (ကျပ် ၃၆၀၀၀ ဝန်းကျင်) ခန့်ဖြင့် ရောင်းချသော ထိုစင်တင်ပွဲတွင် အရှုံး ပေါ်ခဲ့ သော်လည်း နာဂစ်ဆိုင်ကလုန်း ရန်ပုံငွေအဖြစ် ပေါင် ၁၀၀၀ ကျော် (ကျပ် ၁၈ သိန်းခန့်) လှူဖြစ်ခဲ့သည်ဟု သူက ဆိုသည်။

၎င်းစင်တင်ပွဲတွင် အဆိုတော် အဲလက်စ်၊ ရေဗက္ကာဝင်း၊ J- Me၊ တင့်တင့်ထွန်းနှင့် မိုးဟေကိုတို့ ပါဝင်ဖျော်ဖြေ ခဲ့ကြပြီး မိုးဟေကိုနှင့် တင့်တင့်ထွန်းတို့၏ အကများမှာ မြန်မာ အင်တာနက် စာမျက်နှာများပေါ်တွင် ရေပန်းစားခဲ့သည်။

၂၀၀၈ ခုနှစ်မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေကြေ ပျက်စီးကာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ အခြေပျက်ခဲ့ရသောကြောင့် ပြည်တွင်းပြည်ပမှ အလှူရှင်များက နည်းမျိုးစုံဖြင့် လှူဒါန်းခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် အနုပညာရှင်များလည်း ပါဝင်ခဲ့ပြီး ပြည်တွင်းပြည်ပတွင် စင်တင်ပွဲများ ပြုလုပ်ကာ ရရှိလာသည့် ငွေကြေးဖြင့် နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို လှူဒါန်းနိုင်ခဲ့ကြသည်။

ယမန်နှစ် သြဂုတ်လက နာဂစ်ဆိုင်ကလုန်း ရန်ပုံငွေပွဲအဖြစ် ကျင်းပခဲ့သော Iron Cross တေးဂီတ ဖျော်ဖြေပွဲမှ အမြတ်ငွေ ကျပ် သိန်း ၁၃၀၀ ကျော်ရရှိလှူဒါန်းနိုင်ခဲ့ပြီး တခြားသော ရန်ပုံငွေ စင်တင်ပွဲများမှလည်း ကျပ် သိန်း ရာဂဏန်းချီ ရရှိကာ လှူဒါန်းနိုင်ခဲ့ကြောင်း ကြားသိရသည်။

၂၀၀၈ ခုနှစ်သြဂုတ်လ ၃ ရက်နေ့ကလည်း သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ဟစ်ဟော့အနုပညာရှင်များ၏ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ရာ ၎င်းပွဲတွင်ရရှိသော ကျပ် ၁၀၄ သိန်းကျော်အား ကွမ်းခြံကုန်း မြို့ရှိ ပျက်ဆီးသွားသည့် အရှေ့ပိုင်းမြို့မကျောင်းကို လှူဒါန်းလိုက်ကြောင်း ဂီတအစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောပြသည်။

ယခုနှစ် သြဂုတ် ၃၁ ရက်နေ့က လန်ဒန်မြို့တွင် ဒုတိယအကြိမ်အဖြစ် နာဂစ်မိဘမဲ့ ကလေးများ ရံပုံငွေပွဲကို ဇော်ဝင်းထွဋ်၊ ဆောင်းဦးလှိုင်၊ ရဲလေး၊ ထွန်းအိန္ဒြာဗိုလ်၊ L-ဆိုင်းဇီ စသည့်အဆိုတော်များဖြင့် ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပြီး ပေါင် ၅၀၀၀ ကျော် (ကျပ် သိန်း ၉၀ ဝန်းကျင်) လှူဒါန်းနိုင်လိမ့်မည် ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူ ဒေါက်တာ မြင့်ဝင်းက ဆိုသည်။

“အစကတည်းက ရည်ရွယ်ချက်တခုနဲ့ပါ၊ နဂိုကတည်းက ဘယ်လောက်ကုန်မယ်ဆိုတာ မှန်းထားပြီးသား၊ စရိတ်စက က ပွဲလက်မှတ် ရောင်းတဲ့ထဲက ထွက်လာမယ်၊ အဲဒီပွဲလေးကိုအကြောင်းပြုပြီး အလှူငွေကောက်ခံမယ်။ အဲဒါက အသားတင် လှူဖို့ပါပဲ” ဟု သူက ဆက်လက် ရှင်းပြသည်။ ၎င်းပွဲတွင် လတ်မှတ် ၁၀၀၀ ကျော် ရောင်းချရကြောင်း လည်း သိရသည်။

ယမန်နှစ်က ဂျပန်တွင် ကျင်းပခဲ့သော နာဂစ်ဆိုင်ကလုန်း ရန်ပုံငွေ ဖျော်ဖြေပွဲတွင် ရရှိသည့်ရန်ပုံငွေများကို ပွဲစီစဉ်သူက မပေးအပ်ဘဲ လိမ်လည်မှုတရပ် ဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်။ ၎င်းဖျော်ဖြေပွဲတွင် အဆိုတော် မေခလာ၊ ခင်မောင်တိုး အစရှိသည့် နာမည်ကြီး တေးသံရှင်များ ပါဝင်ခဲ့ကြောင်း ကြားသိရသည်။

ထိုပွဲတွင် ပါဝင်ခဲ့သော အဆိုတော်ကြီး တဦးက “လွှဲရမယ့် ငွေတွေ မလွှဲဘူးလို့ကြားတယ်။ အဲဒီလူ ထွက်ပြေးနေတယ် လို့လည်း ကြားတယ်။ နောက်ပိုင်း ဘာဆက်ဖြစ်လဲတော့ မသိပါဘူး” ဟု ပြောပြသည်။

ပြည်တွင်းတွင် ပြုလုပ်သော နာဂစ်ဆိုင်ကလုန်းဒုက္ခသည်များ ရန်ပုံငွေရှာဖွေသည့် စင်တင်ပွဲများမှာ စားရိတ် စက နည်းသောကြောင့် ရန်ပုံငွေပိုမို ရရှိကြောင်းနှင့် ပြည်ပပွဲများတွင်လည်း အနုပညာရှင်များက အနုပညာကြေးကို အဓိက မထားမှသာ အမြတ်ငွေရရှိပြီး ပိုမိုလှူဒါန်းနိုင်ကြောင်း ဂီတ လောကသား တဦးက ပြောသည်

ယခုလတ်တလော ဂီတလောကတွင် အနုပညာရှင် အများစုမှာ ပြည်ပသို့အပြိုင်အဆိုင် ထွက်ကာ ရန်ပုံငွေ ဖျော်ဖြေရေး ပွဲများအပြင် တခြားဖျော်ဖြေရေးပွဲများကို သီဆိုလာကြသည်။ ယခုလအတွင်း မလေးရှားနိုင်ငံ၌ Iron Cross တေးဂီတ ဖျော်ဖြေပွဲရှိသည်ဟု ကြားသိရသည်။


ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဆိုင်းငံ့ရန် တရုတ်ကို တောင်းဆို
Monday, 07 September 2009 19:13 သန်းထိုက်ဦး
E-mail Print
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေသဖြင့် စီမံကိန်းကို ဆိုင်းငံ့ထားရန် လူ့အခွင့်အရေး အဖွဲ့တခု ယနေ့ တောင်းဆိုလိုက်သည်။

[ပိုက်လိုင်း သွယ်တန်း ဖောက်လုပ်မည့် ဒေသများ]

ပိုက်လိုင်း သွယ်တန်း ဖောက်လုပ်မည့် ဒေသများ
ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ယနေ့ ထုတ်ပြန်သော “အာဏာစင်္ကြန်” ဟု အမည်ရသည့် အစီအရင်ခံစာတွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကီလိုမီတာ ၄၀၀၀ ခန့် ရှည်လျားပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သွားမည့် ပိုက်လိုင်း တလျှောက်တွင် အာဏာပိုင်တို့က စီမံကိန်းအတွက် လုပ်အားပေး ခိုင်းစေခြင်း၊ နေအိမ်များ ပြောင်းရွှေ့ခိုင်းခြင်း၊ မြေယာများ သိမ်းယူခြင်း စသည်တို့ကို ပြုလုပ်နေသည်ဟု အစီရင်ခံစာက ဆိုသည်။ ထို့အပြင် စီမံကိန်း ဧရိယာအတွင်း နေထိုင်သော ဒေသခံများ အပေါ် စစ်သားများက လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံ ကျူးလွန်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကြောင့် နှစ်ပေါင်း ၃၀ အတွင်း ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်း စီမံကိန်းကို တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် China National Petroleum Corporation (CNPC) က ယခုလအတွင်း စတင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

CNPC ကုမ္ပဏီက ဆောက်လုပ်ရေး၊ ပုံစံထုတ်လုပ်ရေး နှင့် လုပ်ငန်း လည်ပတ်ရေး တို့အတွက် ဇွန်လတွင် မြန်မာစစ်အစိုးရ နှင့် တရုတ် နိုင်ငံတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

နိုင်ငံတကာ ကုမ္ပဏီများနှင့် မြန်မာ ကုမ္ပဏီများကလည်း ၎င်း စီမံကိန်းတွင် ပါဝင်ခွင့် ရနိုင်ရန် အလု အယက် ကြိုးစားနေကြကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ ကြိုးစားနေသည့် ကုမ္ပဏီများထဲတွင် မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ စင်္ကာပူနိုင်ငံမှ IGE နှင့် အိန္ဒိယနိုင်ငံမှ Jahind Project Ltd. တို့ ပါဝင်သည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

“တရုတ်၊ တောင်ကိုးရီးယား နှင့် အိန္ဒိယ အစိုးရတွေဟာလည်း ဒီစီမံကိန်းနှင့် ဆက်စပ်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်တွေမှာ ပါဝင် ပတ်သက်နေကြတဲ့ အတွက် ဥပဒေအရ သူတို့မှာ တာဝန်ရှိတယ်၊ အဲဒါကြောင့် ဒီစီမံကိန်းကို ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုနေတာ ဖြစ်တယ်”ဟု ရွှေ သဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုဝင်းအောင်က ဆိုသည်။

ရှမ်းပြည်နယ်ကိုဖြတ်ပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိမည်ဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN)မှ နန်းချန်တောင်းက ပြောကြားလိုက်သည်။

“စစ်အစိုးရဖက်က ပိုက်လိုင်းဖောက်လုပ်မယ့် လမ်းကြောင်း တလျှောက်မှာ နေကြတဲ့ ဒေသခံ လူထုကို ကြိုတင် သတင်း ပေးထားတာလည်း မရှိ၊ တိုင်ပင်ဆွေးနွေးတာလည်း မရှိဘူး။ စစ်အစိုးရအနေနဲ့ သူတို့ စစ်တပ်တွေ ပိုပြီး တိုးချဲ့ဖို့ ပိုက်ဆံတွေ ပိုရလာမယ်၊ ပြီးတော့ မုဒိန်းကျင့်မှု၊ နှိပ်စက် ညှဉ်းပမ်းမှုတွေနဲ့ အမျိုးသမီးတွေကို သတ်ဖြတ်တာမျိုးတွေကို ဆက်လုပ်နေဦးမှာပဲ” ဟု နန်းချန်တောင်းက ပြောသည်။

ပိုက်လိုင်း တည်ဆောက် ပြီးစီးပါက တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသ နှင့် အာဖရိကမှ ၀ယ်ယူပြီး သင်္ဘောဖြင့် တင်ဆောင်လာသော ရေနံများ၊ ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင်နိုင်မည် ဖြစ်သည်။

KIO ထိပ်တန်းခေါင်းဆောင် ၅ဦး တာဝန်မှနားပြီး ပါတီသစ်ထောင်မည်

06 September 2009


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)က ထိပ်ပိုင်းခေါင်းဆောင် ၅ဦးဟာ ၂၀၁၀မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့အတွက် ပါတီ ဖွဲ့စည်းကြမှာ ဖြစ်တာကြောင့် KIOအဖွဲ့ကနေ နှုတ်ထွက် ခွင့်ပြုလိုက်ပါတယ်။ ဒေါက်တာတူးဂျာ အပါအ၀င် ကေအိုင်အို ခေါင်းဆောင်ဟောင်းတွေဟာ ကချင်ပြည်နယ်က အခြားနိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပါတီတရပ် ထူထောင်သွားမှာ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြတာဖြစ်ပါတယ်။

KIOအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နှုတ်ထွက်လိုက်တဲ့ အကြောင်းကို မနေ့က KIO ဌာချုပ် လိုင်ဇာမြို့မှာ ကျင်းပတဲ့ လူထု အစည်းအဝေးမှာ တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။

KIO လူကြီး၅ယောက်ဟာ ပါတီနိုင်ငံရေးကို ပါဝင်ဆောင်ရွက်လိုတာကြောင့် နှုတ်ထွက်ခွင့်ပေးတာဖြစ်တယ်လို့ ဒေါက်တာ တူးဂျာ က အခုလို ပြောပါတယ်။

"ကျွန်တော်တို့က မြို့ပေါ်ထွက်ပြီးတော့ မြို့ပေါ်နိုင်ငံရေးကို လွတ်လွတ်လပ်လပ်လုပ်ချင်လို့ ကျွန်တော်တို့ အဖွဲ့အစည်းက ထွက်ခွင့်တောင်းတာပါ။ အဲဒါကို လူကြီးတွေက လက်ခံခဲ့ပြီး ခွင့်ပြုတာပေါ့။ အဲဒါ ထုတ်ပယ်လိုက်တဲ့ သဘော၊ အဲဒီလို အဓိပ္ပာယ်မျိုးတော့ မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုပေါ်မှာ သူတို့က စဉ်းစားပေးခဲ့တာပါခင်ဗျ။ ကျွန်တော်တို့ ၅ယောက် အခုလောလောဆယ်တော့။ တရားဝင်ကတော့ မြို့ပေါ်က လူကြီးတွေ အားလုံး ၃၀၀ကျော်ပေါ့ဗျာ၊ အစည်းအဝေး လုပ်တယ်။ အဲဒီမှာ တရားဝင် ကြေညာပေးလိုက်တာပေါ့။"

အခုလို နှုတ်ထွက်သူတွေကတော့ ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာတူးဂျာ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး ဦးအင်ဂျာနော်ရစ်၊ ဦးမွန်ခေါင်၊ ဦးဇောင်ဖန်းနဲ့ ဦးလဇွန်တန်တို့ ဖြစ်ပါတယ်။

အခုလို နှုတ်ထွက်လိုက်တဲ့ KIO ခေါင်းဆောင်တွေဟာ အခြား ကချင်ပြည်နယ်အတွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ ဒေါက်တာတူးဂျာက ဆက်ပြော ပါတယ်။

"ကျွန်တော်တို့ မြို့က လူတွေနဲ့ အားလုံး သွားပြီး ပေါင်းပြီး ပါတီတရပ် ထူထောင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင် ပြည်နယ် တိုးတက်ရေးပါတီ ဆိုတာကို ထူထောင်ဖို့ အခု ပြင်ဆင်နေတာပေါ့။ ကချင်ပြည်နယ် တိုးတက်ရေးပါတီမှာတော့ လူမျိုးဘာသာ မခွဲခြားပေါ့ဗျာ ပါဝင်လို့ ရတာပေါ့။ အဲဒီမှာ NDA-K အဖွဲ့ကလည်း သူတို့ ကျွန်တော်တို့လို အဖွဲ့အစည်းက ထွက်ပြီး ပါမယ်ဆို ပါလို့ရတယ်။ ဘယ်အဖွဲ့အစည်းကမဆို မိခင်အဖွဲ့အစည်းကနေ ထွက်ပြီးတော့ အရပ်သား တယောက် အနေနဲ့ ပါဝင်လို့ရတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းကိုယ်စားလှယ်အနေနဲ့တော့ မရဘူးခင်ဗျ။ "

ယခုဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ၂၀၁၀ရွေးကောက်ပွဲအတွက် ပါတီတွေ ဖွဲ့စည်းခွင့် ပြုတဲ့အချိန်ကျမှ တရားဝင် မှတ်ပုံတင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်တိုးတက်ရေး ပါတီဟာ KIO၊ NDA-K ခေါ် ဒီမိုကရေစီသစ်တပ်မတော်-ကချင် နဲ့ ကချင်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင်တွေ ပူးပေါင်းပြီး အရင်နှစ် ဇွန်လအတွင်းက ဖွဲ့စည်းခဲ့တဲ့ ကချင်ပြည်နယ် အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးဦးဆောင်အဖွဲ့ကို အခြေခံ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဒေါက်တာတူးဂျာနဲ့ အဖွဲ့က ဒီလို နိုင်ငံရေးပါတီဖွဲ့စည်းဖို့ ပြင်ဆင်နေချိန်မှာ KIOအဖွဲ့ မြန်မာစစ်အစိုးရက ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး မနေ့က သူတို့ ဌာနချုပ် လိုင်ဇာမြို့မှာ လူထု အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို ဒေသအသီးသီးက ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေက ခေါင်းဆောင် ၃၀၀ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီလူထုစည်းဝေးပွဲမှာတော့ ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA) အသွင်ကူးပြောင်းရေးကို မူအားဖြင့် လက်ခံ ကြောင်း၊ ဒီလို အသွင်ပြောင်းရင် KIAစစ်တပ်ကို သာမက ပါတီနဲ့ ဌာနဆိုင်ရာတွေကို အသွင်ပြောင်းဖို့ လိုလားကြောင်းနဲ့ ဒီလို အသွင်ကူးပြောင်းတာကို ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာတဲ့ အစိုးရနဲ့ အပြီးသတ် ညှိနှိုင်း ဆွေးနွေးလိုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။ နောက် ဒီအစည်းအဝေးကို တက်ရောက် လာသူတွေနဲ့ KIO အဖွဲ့ဝင်တွေက ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းပြီး ညှိနှိုင်းဆွေးနွေးသွားလိုကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။

KIO ကိုယ်စားလှယ်တွေနဲ့ မြန်မာစစ်တပ်က ကိုယ်စားလှယ်တွေက KIA ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်က နောက်တပတ်အတွင်း တွေ့ဆုံဖို့ ရက်ရွှေ့ပြောင်းခဲ့ပါတယ်။

KIAကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး KIO နဲ့ မြန်မာစစ်အစိုးရအကြား ၇ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပေမဲ့ ပြီးပြတ်တဲ့ သဘောတူညီချက်တော့ မရသေးပါဘူး။

အာဖဂန် လေကြောင်းတိုက်ခိုက်မှု စုံစမ်းရေး ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း

06 September 2009


အာဖဂနစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ဂျာမန်တပ်မှူးက အမိန့်ပေးခဲ့တဲ့ သောကြာနေ့က လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမြန်ဆုံးနဲ့ တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာခဲလ် က ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ အရပ်သားတွေ ပါဝင်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောဆိုထားတာပါ။ ဂျာမန် ၀န်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်းနဲ့ တွေ့ဆုံပြီး၊ အာဖဂန် နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဒီနှစ် မကုန်မီ ဆွေးနွေးကြဖို့ ကုလသမဂ္ဂရဲ့ ညီလာခံကို အားပေးထောက်ခံစကားလည်း ပြောကြားခဲ့တာပါ။ တနင်္ဂနွေနေ့ထုတ် အမေရိကန် နိုင်ငံက ၀ါရှင်တန် ပို့စ် သတင်းစာကြီးကတော့ ထောက်လှမ်းရေး သတင်းအရင်းအမြစ် တခုတည်းအပေါ် အခြေခံပြီး ဂျာမန်တပ်မှူးက အမိန့်ပေးစေခိုင်းခဲ့တာဟာ နေတိုး ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ သဘောသက်ရောက်နိုင်ကြောင်း ဖော်ပြခဲ့တာပါ။ တာလီဘန်တွေ လက်ထဲ ရောက်နေတယ်လို့ ဆိုတဲ့ လောင်စာတင် ကား ၂ စီး အနီးအနားမှာ လူတွေ ၀ိုင်းဝန်းနေတဲ့ ခပ်ဝါးဝါး ဗွီဒီယိုမှတ်တမ်းကို အမေရိကန် တိုက်လေယာဉ်က ပေးပို့ခဲ့တာကို ဂျာမန်တပ်မှူးက ရရှိခဲ့ပေမဲ့ ဒီအထဲက လူတွေဟာ လက်နက်တွေ ကိုင်ဆောင်ထား မထား ဆိုတာကို ရှင်းရှင်း လင်းလင်း မတွေ့ရဘူးလို့ ၀ါရှင်တန်ပို့စ် က ဆိုပါတယ်။ ဒါပေမဲ့လည်း အာဖဂန်နိုင်ငံသား သတင်းပေး က အဲဒီမှာရှိနေတဲ့ သူတွေဟာ သောင်းကျန်းသူတွေ ဖြစ်တယ်လို့ ဆိုခဲ့တာမို့၊ ဂျာမန် တပ်မှူးက ဂြိုဟ်တုပဲ့ထိန်း ဗုံးတွေနဲ့ လောင်စာတင် ကားတွေကို ကျဲချဖို့ အမိန့်ပေးခဲ့တာလို့ သတင်းစာက ဖော်ပြခဲ့တာပါ။


ဖိလစ်ပိုင်ကမ်းရိုးတန်းသွား သင်္ဘော နစ်မြုပ် လူပေါင်း ၆၀ပျောက်ဆုံး

06 September 2009


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာ နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်က လူ ၉၀၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့  ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ် က ပြောပါတယ်၊ သေဆုံးသူဟာ အတည်ပြုနိုင်သလောက် ၉ ဦး ရှိသွားပြီး ၆၀ ကျော် ပျောက်ဆုံး နေတယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည် တထောင်နီးပါး ပါတဲ့ Super Ferry 9 ခရီးသည်တင် သင်္ဘော တနင်္ဂနွေနေ့မှာ လုံးဝ နစ် မသွားခင်မှာ ခရီးသည် အများစုကို တခြား သင်္ဘောတွေပေါ် သက်ဆိုင်ရာက ပြောင်းတင် ပေးနိုင်ခဲ့ပါတယ်။

General Santos မြို့ကနေ အီလိုအီလိုမြို့ကို အသွား သဘောင်္ဟာ ရှော်ခွန် ပင်လယ်အော်မှာ တနင်္ဂနွေနေ့  လင်းအားကြီး ချိန်မှာ စတင် တိမ်းမှောက်ခဲ့တယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။ သင်္ဘောနစ် မသွားခင် သင်္ဘောကို စွန့်ပြီး သွားကြဖို့ သင်္ဘော Captain က ခရီးသည်တွေကိုရော ဝန်ထမ်းတွေကိုပါ အမိန့်ပေးခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေကို ရေတပ် သင်္ဘောတွေ၊ လေတပ်က ရဟတ်ယာဉ်တွေနဲ့  လိုက်လံ ရှာဖွေနေပါတယ်။

အမေရိကန်ကလည်း ဖိလစ်ပိုင်တောင်ပိုင်းမှာ စစ်ရေး လေ့ကျင့်နေတဲ့ အမေရိကန် ရဟတ်ယာဉ်တွေနဲ့  အမေရိကန် ဆေးတပ်မှူးတွေပါတဲ့ သင်္ဘောတွေကိုလည်း သင်္ဘောမှောက်တဲ့ နေရာကို စေလွှတ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးတာနဲ့  သင်္ဘော ဘာကြောင့် မှောက်ခဲ့ရသလဲဆိုတာကို စုံစမ်း စစ်ဆေးမယ်လို့  ကမ်းရိုးတန်းစောင့်တပ် တာဝန်ရှိသူတွေ က ပြောပါတယ်။


တရုတ်နယ်စပ် တိုက်ပွဲများကြောင့် ဒေါ်လာ လဲနှုန်းကျ
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၇၊ ၂၀၀၉
သြဂုတ်လကုန်တွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ဒေါ်လာကို ၀ယ်လိုအား ကျဆင်းခဲ့ပြီး ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲနှုန်းတွင် မြန်မာငွေ ၄၀ ကျပ်ခန့် မြင့်တက်ခဲ့သည်ဟု သိရှိရသည်။

ကိုးကန့်ဒေသ တိုက်ပွဲများ မဖြစ်ပွားမီက အမေရိကန် တဒေါ်လာလျင် မြန်မာကျပ်ငွေ ၁၁၂၀ ၀န်းကျင် ရှိခဲ့ရာမှ ပြီးခဲ့သည့် သောကြာနေ့က ၁၀၈၀ ကျပ်ထိ ကျဆင်းသွားခဲ့ပြီး သီတင်းပတ်ကုန်ပိုင်းတွင် ၁၀၈၅၊ ၁၀၉၀ ကျပ် ၀န်းကျင်တွင် ရောက်ရှိနေခဲ့သည်ဟု ရန်ကုန်မြို့မှ အီလက်ထရွန်းနစ် ပစ္စည်းရောင်းသူ တဦးက ပြောသည်။

`ဒီရက်ပိုင်းမှာ နယ်စပ်မှာဒေါ်လာ ၀ယ်လိုအား ကျသွားတာကြောင့် မြန်မာငွေ တန်ဖိုးတက်လာသလို ဖြစ်သွားတာ၊ တရုတ် ပစ္စည်းတော့ မပြတ်ပါဘူး၊ အဓိက ၀င်ပေါက်မှာ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ၊ ကိုးကန့်ဘက်မှာ ဖြစ်တာကြောင့်ပါ၊ ငွေလဲနှုန်းမှာ မြန်မာကျပ် တက်လာတော့ ရန်ကုန်မှာ ပစ္စည်းတွေရဲ့ ဈေးနှုန်း နည်းနည်းကျသွားတယ်´ ဟုအဆိုပါ အီလက်ထရွန်းနစ် ရောင်းသူက ပြောသည်။

ယခုနှစ်လယ်ပိုင်းတွင် အမေရိကန် တဒေါ်လာလျင် မြန်မာငွေ ၁၁၀၀ ကျပ် အထက်တွင် လအတော်ကြာ ရှိနေခဲ့ပြီး ယခုတလော ဖြစ်ပွားသည့် တိုက်ပွဲများကြောင့်သာ ၁၁၀၀ ကျပ် အောက်သို့ ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။


ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း ၅ ခုထိ အခြေစိုက်ထား

9/7/2009

နအဖ စစ်အစိုးရသည် ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့နှင့် ရေပြင်ပိုင်နက် အငြင်းပွားမူဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း (၅)ထိ တိုးချဲ့ အခြေစိုက်ထားသည်ဟု ရခိုင်ပြည်နယ် စစ်ရေး အခြေအနေကို လေ့လာသူ တဦးက ပြောသည်။

အဆိုပါ တိုးချဲ့ချထားသော အမြှောက်တပ်ရင်းများမှာ အမှတ် ၃၇၄ -အမ်း၊ အမှတ် ၃၇၃- စစ်တွေ ၊ အမှတ် ၃၇၇- ကျောက်တော်၊ အမှတ် ၃၇၈ - ဘူးသီးတောင်နှင့် အမှတ် ၃၇၅ -တောင်ကုတ်တို့ ဖြစ်သည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း အမြှောက်တပ်ရင်းများ မရှိဘဲ ခြေလျင်နှင့် ခြေမြန် တပ်ရင်းများသာ ရှိခဲ့ပြီး ယခုအခါ အမြှောက်တပ်ရင်း ၅ ရင်းကိုပါ တိုးချဲ့ အခြေစိုက်ထားလိုက်သည်။

မျက်မြင်များ၏ အပြောအရ ဘူးသီးတောင် အခြေစိုက် အမြှောက် တပ်ရင်းတွင် တရုတ်လုပ် တင့်ကားများပါ ရောက်ရှိနေပြီး အဆိုပါ တပ်ရင်းကို လွန်ခဲ့သောနှစ်က ဘူးသီးတောင် တပ်မင်းချောင်းတွင် အခြေစိုက်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာဆက်ဆံရေးမှာ တရုတ်အစိုးရ၏ ကြားဝင် ဆောင်ရွက်ပေးမူကြောင့် ယခုအခါ အသင့်အတင့် ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ရေပြင်ပိုင်နက် အငြင်းပွားမူမှာမူ ယခုအချိန်ထိ မဖြေရှင်းနိုင်ဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသေးသည်။

ဘင်္ဂလာဒေခ်ျ့်မှ အငြင်းပွားရေပြင်ပိုင်နက် အနီးတွင် ဂတ်စ် ရှာဖွေခွင့်ကို အမေရိကန် နိုင်ငံ ကုမ္ပဏီ တခုအပါအ၀င် နောက်ထပ် နိုင်ငံခြား ကုမ္ပဏီ တခုအား ဌားရမ်းခဲ့သည်။

မြန်မာ စစ်အစိုးရသည် ဘူးသီးတောင်နှင့် ကျောက်တော်အကြား ကားလမ်းကြမ်းတခုအား ဖေါက်လုပ်နေပြီး စစ်တွေ-ရန်ကုန် ကားလမ်းမနှင့် ချိတ်ဆက်ရန် စီစဉ်နေသည်။

၎င်းပြင် နအဖ စစ်အစိုးရသည် ရခိုင်ကမ်းရိုးတန်း တလျောက်ရှိ အရေးပါသော ကျွန်းများ ဖြစ်ကြသည့် ကျွန်းသာယာနှင့် နန့်သာကျွန်းများတွင်လည်း အမြောက်တပ်ဖွဲ့များကို ချထားသည်ဟု စစ်ရေးလေ့လာသူက ပြောဆိုသည်။


ရခိုင်နှင့် ကရင် ၃၄ ဦးအမူတွင် တရားလိုဘက်က သက်သေများ စစ်ဆေးပြီးစီး

9/6/2009

အိန္ဒိယ နိုင်ငံ ကာလကတ္တား ထောင်တွင် ဖမ်းဆီး ချုပ်နှောင်ခံထားရသော ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၄ ဦး၏ အမူအား စက်တင်္ဘလာ ၂ ရက်နေ့က ဆက်လက် စစ်ဆေးရာ တရားလိုများဘက်မှ သက်သေများကို အပြီးသတ် စစ်ဆေးပြီးစီးသွားပြီ ဖြစ်သည်။

အဆိုပါ အမူတွင် တရားလိုမှာ အိန္ဒိယ နိုင်ငံမှ CBI ထောက်လှမ်းရေး အဖွဲ့ ဖြစ်ပြီး မူလက စက်တင်္ဘာ ၂ ရက်မှ ၄ရက်နေ့ထိ စစ်ဆေးရန် ရုံးချိန်း ရှိခဲ့သော်လည်း တရားသူကြီး၏ မေးမြန်းချက်ကို တရားလို သက်သေများက ကောင်းမွန်စွာ မဖြေဆိုနိုင်သဖြင့် တရက်တည်း စစ်ဆေးပြီး တရားလိုဘက်က သက်သေများ စစ်ဆေးမူကို အဆုံးသတ်လိုက်သည်ဟု သိရသည်။

လက်နက်မူဖြင့် တရားစွဲဆိုခံထားရသူ ရခိုင်နှင့် ကရင် ၃၄ ဦးအား လာမည့် စက်တင်္ဘာ ၁၄၊ ၁၅နှင့် ၁၆ ရက်များတွင် စစ်ဆေးသွားမည် ဖြစ်သည်။

အဆိုပါ စစ်ဆေးမူ ပြီးသွားပြီးနောက်ပိုင်း တရားခံများဘက်မှ သက်သေများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။

များမကြာမှီ အဆိုပါ အမူမှာ ပြီးဆုံးသွားနိုင်သော်လည်း မတရားဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသူ ရခိုင်နှင့် ကရင် ၃၄ ဦး၏ အနာဂတ် အခြေအနေမှာ မရေရာ မသေချာဘဲ ဖြစ်နေသေးကြောင်း လေ့လာသူများက ပြောသည်။

ယခုအခါ အဆိုပါ ရဲဘော် ၃၄ ဦး အိန္ဒိယ ထောင်ထဲ ရောက်နေသည်မှယ ၁၁ နှစ်ကျော် ရှိနေပြီ ဖြစ်သည်။

သူတို့မှာ ၁၉၉၈ ခုနှစ်က အိန္ဒိယ နိုင်ငံ အန်ဒမန်ကျွန်းစုတွင် တည်ရှိသော လန်းဖေါ့ကျွန်းတွင် အိန္ဒိယ စစ်တပ်နှင့် သဘောတူညီမူ အရ ရေတပ် စခန်း တည်ဆောက်ရန်လာစဉ် ဖမ်းဆီးခံခဲ့ကြရသူများ ဖြစ်သည်။

သူတို့၏ ခေါင်းဆောင် ဗိုလ်ရာဇာနှင့် တခြား ခေါင်းဆောင် ၅ ဦးကို ရဟတ်ယဉ်ဖြင့် ရောက်ရှိလာမည့် အိန္ဒိယမှ စစ်တပ်မှ ဗိုလ်ချုပ် တဦးအား ကြိုဆိုရန်ဟု ဆိုကာ စစ်တပ်မှ ခေါ်ယူသွားခဲ့ပြီး ရဟတ်ယဉ် အဆင်းတွင် ရခိုင် ခေါင်းဆောင်များ နောက်မှနေပြီး သေနတ်များဖြင့် အိန္ဒိယ စစ်တပ်က သွေးအေးအေးဖြင့် ပစ်သတ်ပစ်ခဲ့သည်။

သံပရာသီခွဆုံမှ လူကြီးများတွေ့ဆုံခွင့်ကို အာဏာပိုင်များက ပိတ်ပင်

9/5/2009

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ လူသိများသော သံပုရာသီး ခွဆုံ (လမ်းဆုံ)တွင် လူကြီးများ စကားပြောဆို ဆွေးနွေးခြင်းကို အာဏာပိုင်များက ပိတ်ပင်လိုက်သည်။

အမည်မဖေါ်လိုသူ လူကြီး တဦးက “ ကျနော်တို့အထဲက အသက်အရွယ် ကြီးရင့်နေတဲ့ လူကြီး နှစ်ဦးကို အမှတ်(၁) ရဲစခန်းကို ခေါ်ယူပြီး သံပုရာသီး ခွဆုံမှာ လူစု လူဝေး မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။ ဒါ့အပြင် ဦးဥတ္တမ ပန်းခြံထဲမှာလည်း လူတွေ စုပြီး စကားပြောတာတွေ မလုပ်ဖို့ ပြောတယ်လို့ သိရပါတယ် ” ဟု ပြောသည်။

စစ်တွေတွင် သံပုရာသီး ခွဆုံမှာ မင်းကြီးကျောက်တန်း အနီးတွင် တည်ရှိပြီး အသက်အရွယ် ကြီးရင့်နေသူများ၊ အစိုးရ အငြိမ်းစားရ ၀န်ထမ်းများနှင့် အလုပ်အကိုင် မရှိသူ အသက် ၆၀ ထက် အထက် လူကြီးများ စုဝေး စကားပြောဆိုလေ့ရှိသော နေရာဖြစ်သည်။

ကမ်းနားလမ်းက လူငယ် တဦးက “လူကြီးတွေက အမြဲ သံပရာသီး ခွဆုံက လဘက်ရည် ဆိုင်တွေမှာ စုဆုံပြီး နိုင်ငံရေး အကြောင်း၊ အစိုးရ အကြောင်း၊ ဘော်လုံးပွဲ အကြောင်း စတာတွေကို ပြောကြဆိုကြ ငြင်းခုံကြလေ့ရှိပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်ကတည်းက စစ်တွေမှာ တည်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ခုတော့ လူကြီးတွေ လွတ်လပ်မူကို စစ်အာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ ကြားရပါတယ် ” ဟု ပြောသည်။

ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာ အဆိုပါ အသက်အရွယ်ကြီးရင့်နေသော လူကြီးများမှ ရေဒီယိုမှ ထုတ်လွင့်သော သတင်းများ အပြင် တခြားမှ ရရှိသော သတင်းများကို သံပရာသီး ခွဆုံတွင် ထိုင်ကာ အချင်းချင်းဖလှယ်ပြီး နိုင်ငံရေး အခြေအနေများကို သုံးသပ် ဝေဖန် ပြောဆိုကြလေ့ရှိသည်ဟု သိရသည်။

“ကျနော်တို့ လူကြီးတွေဆိုတော့ နိုင်ငံရေး လုပ်တာတော့ မဟုတ်ပါဘူး။ ဘီဘီစီ၊ ဗွီအိုအေနဲ့ အာရ်အက်ဖေတို့က မြန်မာ သတင်းတွေပါလာရင် သူအထင် ကိုယ်အထင် ပြောကြ ဆိုကြ ငြင်းခုံကြတာတွေတော့ ရှိပါတယ်။ ဒါကို အာဏာပိုင်တွေက အစိုးရကို ဆန့်ကျင်တဲ့ စကားတွေ ပြောတယ်လို့ ယူဆပြီး ခုလို ပိတ်ပင်တာ ဖြစ်ပါတယ် ” ဟု အဆိုပါ လူကြီးက ပြောသည်။

စစ်တွေတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်မည်ကို အာဏာပိုင်များက စိုးရိမ်မူရှိနေပြီး လုံခြုံရေး တင်းကျပ်ထားစဉ် ထိုကဲ့သို့ သံပရာသီး ခွဆုံနှင့် ဦးဥတ္တမ ပန်းခြံတွင် လူကြီးများ စုဝေး စကားပြောဆိုခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

စစ်တွေတွင် အဆိုပါ လူကြီးများ အမြဲမပြတ် စုဆုံနေသော ၎င်းနေရာအား သံပရာသီး ခွဆုံ(လမ်းဆုံ)ဟု အမည်ပေးထားခြင်းမှာ အသက်အရွယ် ကြီးရင့်နေသော အဆိုပါ လူကြီးများ အနေဖြင့် နိုင်ငံရေး၊ လူမူရေး အပါအ၀င် အချစ်ရေး၊ ကြိုက်ရေး၊ အိမ်ထောင်ရေးနှင့် အမျိုးသမီး အရေးများကိုပါ အဆိုပါ နေရာတွင် ဆွေးနွေး ငြင်းခုံလေ့ရှိ ကြသဖြင့် စစ်တွေဒေသခံများက အဆိုပါ နေရာရောက် လူကြီးများကို သံပရာသီးဟု အမည်ပေးရာမှ အဆိုပါနေရာကို လူအများက သံပရာသီး ခွဆုံဟု ခေါ်ဆိုကြခြင်း ဖြစ်သည်ဟု သိရသည်။

နအဖ စစ်တပ်မှ ခရီးရှည် ချီတက်မူ ပြုလုပ်၍ လူထုကို အင်အားပြ

9/7/2009

အနောက်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများ အနေဖြင့် ခရီးရှည် ချီတက်မူများ ပြုလုပ်ကာ ရခိုင် လူထုကို ဆန္ဒပြပွဲများတွင် မပါဝင်ရန် ခြိမ်းခြောက် အင်အားပြမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဘူးသီးတောင် မြို့ခံ တဦးက “အင်အား ၂၀၀ ခန့်ပါတဲ့ စစ်သားတွေကို ဗျူဟာမှူး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်ပြီး ဘူးသီးတောင်ကနေ မောင်တောမြို့နယ် အစပ်ထိ စက်တင်္ဘာလ ၅ ရက် ရွှေဝါရောင် တော်လှန်ရေး စတင်တဲ့ နေ့မှာ လမ်းလျှောက်ချီတက် ခိုင်းခဲ့ပါတယ်” ဟု ပြောသည်။

အလားတူ မင်းပြားမြို့ တိုင်းဗဟို လေ့ကျင့်ရေး ကျောင်းမှ စစ်သား ၁၀၀ ကျော်ခန့် သည်လည်း စက်တင်္ဘာလ ၅ ရက်နေ့က ရန်ကုန် စစ်တွေ ကားလမ်းတွင် မိုင် ၃၀ အကွာအဝေးထိ လမ်းလျှောက်ချီတက်ကာ အင်အားပြခဲ့ကြသည်။

ထိုကဲ့သို့ ချီတက် အင်အားပြမူအား စစ်တွေ အခြေစိုက် ခလရ ၂၀၊ ခမရ ၂၃၂၊ ရသေ့တောင် အခြေစိုက် ၅၃၈၊ ပလက်ဝ အခြေစိုက် ၂၈၉၊ ပုဏ္ဍားကျွန်း အခြေစိုက် ၅၅၀နှင့် သံတွဲ အခြေစိုက် ၅၅ တို့က ပြုလုပ်ခဲ့ကြသည်။

“သူတို့က ရွှေဝါရောင်တော်လှန်ရေး စတင်တဲ့နေ့ကိုမှ ရွှေးချယ်ပြီး လက်နက် အပြည့် အစုံ၊ ယူနီဖေါင်း အပြည့်အစုံနဲ့ လမ်းလျှောက် ပြတယ်ဆိုကတည်းက ဒါဟာ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တာ ဖြစ်ပါတယ်။ လူတွေက ရွှေဝါရောင်တော်လှန်ရေးနေ့ စတင်တဲ့ နေ့မှာ တခုခု ဖြစ်မလားဆိုပြီး စောင့်ဆိုင်း ကြည့်ရှု့နေကြတဲ့ အချိန်မှာ ခုလို လမ်းလျှောက်အင်အားပြတာ ဖြစ်တဲ့အတွက် ခြိမ်းခြောက်တဲ့ သဘောမျိုး ဖြစ်နေပါတယ်” ဟုသူက ပြောသည်။

စစ်တပ်နှင့် နီးစပ်သူများ အပြောအရ စက်တင်္ဘာလ တရက်နေ့မှ စပြီး လကုန်အထိ ကာလကို အရေးကြီးသော အချိန် အဖြစ် အနောက်ပိုင်းတိုင်းက သတ်မှတ်ထားပြီး စစ်တပ် တပ်ရင်းများသို့ လုံခြုံရေး ဆိုင်ရာ ညွန်ကြားချက် အများအပြားကို ထုတ်ထားသည်ဟု သိရသည်။

သိန်းပေါင်း ၂၇၀ တန်ဖိုးရှိ ယာဘားဆေးပြားများကို မူးယစ်ခေါင်းဆောင် နှစ်ဦးနှင့် အတူ ဖမ်းဆီးရရှိမိ

9/6/2009

တာကလူး (နိရဉ္စရာ) မောင်တော နစက တပ်ဖွဲ့မှ သိန်းပေါင်း ၂၇၀ တန်ဖိုးရှိ ယာဘား ဆေးပြားများကို မူးယစ်ရောင်းဝယ် ဖေါက်ကားသူ တဦးနှင့် နစက တပ်ဖွဲ့ ဒုရဲအုပ် တဦးထံမှ များမကြာမှီက ဖမ်းဆီး ရရှိသည်။

ဖမ်းဆီးရမိ ယာဘားဆေးပြား အရေအတွက်မှာ တသောင်းခန့် ရှိသည်ဟု အမည်မဖေါ်လိုသူ အရာရှိ တဦးက ပြောသည်။

အဆိုပါ ယာဘားဆေးပြားများကို မောင်တော ရွှေဇားရပ်ကွက်တွင် ဖမ်းဆီးရမိခြင်းပြီး အဆိုပါ ယာဘားဆေးပြားပိုင်ရှင်များမှာ မန္တလေးမြို့ အောင်မြေသာစည် မြို့နယ်မှ ဦးစိုင်းကောင်နှင့် နစက တပ်ဖွဲ့မှ ဒုရဲအုပ် စိုးလွှင်တို့ ပိုင်ဆိုင်သည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ဌာနဆိုင်ရာ ၀န်ထမ်း တဦး အပြောအရ အဆိုပါ ယာဘားဆေးပြားများကို မန္တလေးမြို့သို့ ခွင့်သွားပြီး ပြန်လာသူ ဒုရဲအုပ် စိုးလွှင် သေတ္တာများထဲတွင် ထည့်သယ်လာခဲ့ပြီး တဘက်နိုင်ငံသို့ ခိုးထုတ်ရန် စီစဉ်နေစဉ် ဖမ်းဆီး ရမိခြင်း ဖြစ်သည်။

မောင်တော နစက တာဝန်ရှိသူ တဦးမှလည်း အဆိုပါ ဖမ်းဆီးမူကို အတည်ပြု ပြောကြာပြီး နစကနယ်မြေ ၆ လက်အောက်ခံ စခန်းအမှတ် (၁၄)မှ ဗိုလ်ကြီးအောင်ထူးမြင့် ဦးဆောင်ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု ပြောသည်။

ယခုအခါ ဖမ်းဆီးရမိသူ တရားခံ နှစ်ဦးကို နစက ဌာနချုပ်မှ မောင်တောရဲစခန်းသို့ လွဲပြောင်း ပေးအပ်လိုက်ပြီး ဌာနဆိုင်ရာ ၀န်ထမ်းများက စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေသည်။

မြန်မာနိုင်ငံမှ ယာဘားဆေးပြားများကို ဘင်္ဂလာဒေခ်ျ့တွင် အ၀ယ်လိုက်နေပြီး ဈေးကောင်းကောင်းရနေသဖြင့် မူးယစ်ရာဇာများက ဒေသခံ အကျင့်ပျက် အရာရှိများနှင့် ပူးပေါင်းပြီး ခိုးထုတ်နေကြသည်။

ဘင်္ဂလာဒေခ်ျ့ သတင်းစာများက အဆိုပါ မြင်းဆေးခေါ် ယာဘားဆေးများကို ကာမအားတိုးဆေးအဖြစ် ဖေါ်ပြပြီး မြို့ပြ လူငယ်များအကြားတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည်ဟု ပြောသည်။

အဆိုပါ ယာဘားဆေးပြားများကို ဖမ်းဆီးရရှိမိပြီးနောက် ၎င်းတို့နှင့် ဆက်နွယ်နေသူများအား သက်ဆိုင်ရာမှ လိုက်လံ ရှာဖွေ ဖေါ်ထုတ် နေသည်ဟု သိရသည်။

သို့သော်လည်း မောင်တောမြို့ရှိ အစိုးရ ထိပ်တန်း အရာရှိ အများအပြားမှာ ယာဘား မူးယစ် လုပ်ငန်းများတွင် ပါဝင် ပတ်နေသဖြင့် အဓိက ယာဘား လုပ်ကိုင်နေသူများအား သက်ဆိုင်ရာက တိတိကျကျ ဖေါ်ထုတ်မည် မဟုတ်ဟု သူထင်မြင်ကြောင်း မောင်တောမှ လူငယ် တဦးက ပြောသည်။

မောင်တော ခရိုင် ရဲတပ်ဖွဲ့အရာရှိကြီးများသည် ယာဘား လုပ်ကိုင်သူများမှ လာဒ်ငွေများ မှန်မှန် ရနေပြီး တချို့ ရဲဌာန အကြီးအကဲများမှာ ယာဘား မှောင်ခိုသမားများထံတွင် အစုစပ် ချဲယာများ ၀င်ထားသည်ဟု မောင်တောက လာသော သတင်းများတွင် ဖေါ်ပြသည်။

ယခုဖမ်းဆီး ရရှိမိသော ယာဘားဆေးပြား အရေအတွက်မှာ ယခုနှစ်အတွင်း ဖမ်းဆီးရမိသော ယာဘားဆေးပြားများအထဲတွင် အများဆုံး ပမာဏ ဖြစ်သည်။

မြေမြှုပ်မိုင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်တစ်ဦး ခြေတစ်ဖက်အဖြတ်ခံရ
Mon 07 Sep 2009, ရိုင်မရော့၊
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၏ မြောက်ဘက် မဲကသာတောအတွင်း တပ်စွဲထားသည့် ဒီကေဘီအေတပ်သားတစ်ဦးက မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်အဖြတ်ခံရသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကရင်အ မျိုးသားအစည်းအရုံး (ကေအန်ယူ) တို့၏ ထိန်းချုပ်ရာနယ်မြေအတွင်း ဝင် ရောက်တပ်စွဲထားသည့် ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) က လိုထူးဖော ဗျူဟာလုံခြုံရေးတပ်ခွဲမှူး ဗိုလ်ကြီးစောအေဝမ်း၏ တပ်သား တစ်ဦးက မြေမြှုပ်မိုင်း နင်းမိသည်။

“ဗိုလ်အေဝမ်းရဲ့တပ်သားတစ်ဦးက မိုင်းနင်းမိတယ်၊ အဲဒီနေ့မှာ ဘုရားသုံး ဆူကို သယ်လာပြီးတော့ ကန်ချနပူရီဆေးရုံကို ချက်ချင်းပို့လိုက်တယ်၊ မနေ့က ကြားတာကတော့ အဲဒီတပ်သားရဲ့ ခြေတစ်ဖက်ကို ပေါင်ထိဖြတ် လိုက်ရတယ်” ဟု ဒီကေဘီအေအသိုင်းအဝိုင်းနှင့် နီးစပ်သူ ဘုရားသုံး ဆူမြို့ခံတစ်ဦးက ပြောပြသည်။

လွန်ခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့တွင် ဒီကေဘီအေတပ်များနှင့်အတူ မြန်မာစစ်အစိုးရ၏ ခလရ ၂၈၃ မှ တပ်သားအင်အား ၃၀ ခန့်ကလည်း မဲကသာတောအတွင်းသို့ ဝင်ရောက်တပ်စွဲထားပြီး ဖြစ်သည်။

“ဒီလိုမျိုး ကေအန်ယူနယ်မြေအတွင်းမှာ မိုင်းနင်းမိတာကတော့ ဒါပထမ အကြိမ်ပဲ ကြားဖူးတယ်၊ ကြားဖူးတာကတော့ ဒီကေဘီအေတပ်စွဲထားတဲ့ နယ်မြေတွေမှာဆိုရင် မိုင်းနင်းမိတာတော့ ရှိတယ်” ဟု ၄င်းမြို့ခံက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၅-၂၀၀၇ ခုနှစ်ခန့်တွင် ဒီကေဘီအေတပ်စွဲထားသည့် ဘု ရားသုံးဆူမြို့၏အပြင်ဘက် တောင်ဝိုင်းအနီးအနားတဝိုက်တွင် ကရင်ရွာ သားများ မိုင်းနင်းမိဖူးကြောင်းလည်း ၄င်းက ဆက်ပြောသည်။

“မဲကသာရွာဟောင်းမှာ ဒီကေဘီအေနဲ့အတူ မြန်မာတပ်ပါ ဝင်လာတယ်၊ စက်တင်ဘာလ ၃ ရက်နေ့မှာတော့ ခမရ ၂၈၃ က ရွာရဲ့တောင်ဘက် ပန်းပဲကုန်းကို ရောက်သွားခဲ့တယ်၊ သူတို့တပ်သားတော့ ဘာမှမဖြစ်ဘူး၊ နောက် ၅ ရက်နေ့မှာကျတော့ ဒီကေဘီအေတပ်တွေ အဲဒီပန်းပဲကုန်းကို ထပ်သွားပြန်တော့ တပ်သားတစ်ဦး မိုင်းထိသွားတာပဲ” ဟု မဲကသာရွာ သားတစ်ဦးက ပြောသည်။

၎င်းတပ်သား နင်းမိသည့်မိုင်းသည် မည်သည့်အဖွဲ့အစည်းမှ ထောင်ထား သည့်မိုင်း ဖြစ်သည်ကို အတည်မပြုနိုင်သော်လည်း ကေအန်ယူထိန်း ချုပ် ရာနယ်မြေ မဲကသာဒေသတစ်ဝိုက်တွင် ယခုကဲ့သို့ ဖြစ်လေ့ဖြစ်ထမရှိဟု ဒေသခံတို့က ပြောဆိုကြသည်။

မဲဆောက်အခြေစိုက် Burma issue အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၀၈ ခုနှစ် (Landmines monitor) ထုတ်ပြန်ချက်အရ မြေမြုပ်မိုင်းကြောင့် သေဆုံး သွားသည့်လူဦးရေမှာ တစ်နှစ်ထက် တစ်နှစ် နှစ်ဆပိုများလာသည်။ ၂၀၀၆ ခုနှစ်က ၂၀ ယောက်ခန့်နှင့် ၂၀၀၇ ခုနှစ်တွင် ၄၇ ယောက် သေဆုံးမှု ရှိသည်။

၎င်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းတို့အနက် ထက် ဝက်ခန့်က မြေမြှုပ်မိုင်းအန္တရာယ်အောက်တွင် ရှိနေဆဲပင် ဖြစ်သည်။

မြေမြုပ်မိုင်းသည် အများအားဖြင့် ကရင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားမှု များပြီး၊ မြန်မာစစ်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့၏ လှုပ်ရှားရာ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်၌ ဖြစ်ပွားလေ့ရှိသည်ဟု ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ) သတင်းစာမျက်နှာ၌ဖော်ပြထား သည်

တ်စ်ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်ကို တရုတ်အစိုးရက မျက်ကွယ်ပြုနေ
Mon 07 Sep 2009, IMNA
မြန်မာနိုင်ငံကို ဖြတ်သန်းသွားသည့် ဂတ်(စ်)ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာ နိုင်သည့် အန္တရာယ်များကို တရုတ်အစိုးရတို့က မျက်ကွယ်ပြုနေသည်ဟု ရွှေဂတ်(စ်) လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်သော “အာဏာစင်္ကြ” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍရေးအကျပ်အတည်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပိုက်လိုင်းတည်ဆောက်သွားမည့် လမ်းကြောင်းတလျှေက်တွင် တိုက်ပွဲ များဖြစ်ပွားနေမှုနှင့် ပြည်သူလူထူအပေါ် ဘေးအန္တရာယ် ကျရောက်လာ နိုင်သည့်အခြေနေ ဖြစ်ပေါ်နေသည်ကို တရုတ်အစိုးရက မျက် ကွယ်ပြုကာ၊ ကီလိုမိတာ ၄၀၀၀ ခန့်ရှည်လျားသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ သွယ်သန်းသွားမည်ဖြစ်သည်။

“တရုတ်အစိုးအနေနဲ့ နိုင်ငံတကာရင်နှီးမြုပ်နှံမှုတွေရဲ့ စီမံကိန်းက လူ့အခွင့် အရေးချိုးဖောက်မှုများအပါဝင် ဆူပူမှုများဖြစ်အောင်လုပ်နေတယ်၊ မြန်မာ နိုင်ငံရဲ့အခြေနေကလည်း တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့ အနေအထား မှာရှိနေပါတယ်၊ တိုင်းရင်းသား အပစ်ခတ်ရပ်စဲရေးနဲ့ တခြားအင်အားစု တွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအနေထားဟာ အချိန်မရွေး ပေါက် ကွဲဆူပူလာနိုင်တဲ့အနေအထားမှာရှိနေပါတယ်၊ အဲဒါတွေကို ယှဉ်ပြီးကြည့် လာရင် တရုတ်အစိုးရက ဒီလိုမျိုး နိုင်ငံမငြိမ်မသက်မှုနဲ့ နိုင်ငံရေးပြောင်း လဲရန်အရှိန်ယူနေတဲ့အခါမှာ ဒီလိုစီမံကိန်းကို လုပ်တာဟာ မြန်မာနိုင်ငံကို မျက်ကွယ်ပြုပြီး လုပ်နေတယ်” ဟု ရွှေဂတ်(စ်) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းအောင်နှင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

လောင်စာစွမ်းအင်သယ်ယူသည့် လမ်းကြောင်းမှာ မြန်မာအစိုးရနှင့် တ ရုတ်အစိုးရတို့၏ အရေးပါသည့်လုပ်ငန်းကို အကောင်ထည်ဖော်သည့် လမ်း ကြောင်းတစ်ခုဖြစ်ရာ နှစ်နိုင်ငံအစိုးရ၏ အာဏာတည်ရန် လမ်းကြောင်း ဖြစ်လို့ “အဏာစင်္ကြ” လမ်းကြောင်းဟု ပြောလို့ရပြီး၊ တရုတ်အစိုးရအ နေနှင့် မဟာဗျုဟာကျသည့် လမ်းကြောင်းတစ်ခုဟု ကိုဝင်းအောင်က ပြောသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်သည့် ကုမ္ပ ဏီဖြစ်သော တရုတ်အမျိုးသားပိုင် ရေနံကော်ပိုရေးရှင်း (CNPC) မှ ယခု လအတွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ မြန်မာအစိုးရ အား နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ပေးဆောင်ရ မည်ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပိုက်လိုင်းဖြတ်သွားမည့်လမ်းကြောင်း အနီးတ ဝိုက်မှာ ပစ်ခတ်မှုကြောင့်၊ ဒုက္ခသည် ထောင်နှင့်ချီပြီး၊ တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ရကာ မြန်မာနိုင်ငံအတွင်းမှာ မတည်ငြိမ်မှုများ ဖြစ်နေသည်ကို ဖော်ပြနေခြင်းဖြစ်သည်။ ဒါကြောင့် မြန်မာစစ်အစိုရးက ဒေသအတွင်း တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေသည်ဆိုတာကို တွေ့မြင်နေရသည်ဟု ယနေ့ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

ဓါတ်ငွေ့ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှု များသည် ကန်ဘောက်-မြိုင်ကလေး မှ သွယ်တန်းထားသည့် ပိုက်လိုင်း တစ်လျှောက်ထက် ပိုများနိုင်ကြောင်း ကိုဝင်းအောင်က ပြောသည်။ ၄င်းက သဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ဆေက်မည့် ဒေသတစ်လျေက်တွင်လည်း မြန်မာအစိုးရ တပ်ရင်း (၄၄) မှ စစ်တပ်အင်အား တစ်ထောင်ကျော် တိုး ချဲ့ချထားသည်ဟု ဆက်ပြောသည်။

လွန်ခဲ့သည့် မေလက လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့ (မွန်ပြည်နယ်) (HURFOM) က ထုတ်ပြန်သည့် “Laid Waste” အစီရင်ခံစာမှာလည်း မြန်မာအစိုးရမှ ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် ပြည်သူတို့၏ လယ်ယာ မြေများ၊ သဘာဝ သယံဇာတဆုံရှုံးမှုများသာမက အိုးအိမ်စွန့်ခွာရသည်အ ထိ တစ်ခြားဒေသသို့ ထွက်ပြေးရသည့် အခြေနေများလည်းရှိသည်ဟု ဖော်ပြထားသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလုံခြုံရေးအတွက် တရုတ်စစ်တပ်များဝင် ရောက်လာနိုင်

ဇော်ကြီး။
စက်တင်ဘာလ ၇ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် တရုတ်နိုင်ငံမှ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း တွင် ပိုက်လိုင်း လုံခြုံရေးအတွက် တရုတ်အစိုးရတပ်များ ၀င်ရောက်လာနိုင်သည်ဟု ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှု အဖွဲ့က ပြော ဆိုလိုက်သည်။

ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှုအဖွဲ့ (SGM)က “အာဏာစင်္ကြန်ကြီး” ဟု အမည်ပေးထားသော အစီရင်ခံစာကို ယနေ့ ထုတ်ဝေခဲ့ပြီး ပိုက်လိုင်းစီမံကိန်းလုံခြုံရေးအတွက် တရုတ်အစိုးရ တပ်အချို့ မြန်မာပြည်တွင်းသို့ ၀င်ရောက် လာနိုင်သည်ဟုရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှုအဖွဲ့ (SGM) ပြောခွင့်ရပုဂ္ဂိုလ် ကိုဝင်းအောင် ကသတင်းစာရှင်းလင်း ပွဲ အပြီးယခုလိုပြောသည်။

“ဒီစီမံကိန်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးကို သူတို့(တရုတ်)က နအဖစစ်အုပ်စုနဲ့ ဆွေးနွေးတိုင်ပင် ပြီးတော့ လိုအပ်ရင် အကာအကွယ်ပေးရေးအတွက်မြန်မာနိုင်ငံထဲမှာ တရုတ်စစ်တပ်တချို့ကို ချပေး လာနိုင်တဲ့ အနေအထားတွေကိုကျနော်တို့အနေနဲ့ ကြိုတင် ခန့်မှန်းလို့ရတာပေါ့နော်။”

နိုင်းယှဉ်ချက်တခုအနေနှင့် “အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့စီမံကိန်းတွေတော်တော်များများမှာ ဆိုရင် တရုတ် အစိုးရက သူတို့စီမံကိန်းလုံခြုံရေးအတွက် ဒီတရုတ်စစ်တပ်တွေနဲ့ လက်နက်တွေကို သူတို့အနေနဲ့ ထောက်ပံ့ပြီးတော့ အဲလိုမျိုး စေလွတ်တာတွေ ကျနော်တို့အများကြီး တွေ့ရှိရတာပေါ့။” ဟု ၎င်းက ဆက် ပြောသည်။

အာဖရိကအရှေ့ပိုင်းရှိ ဆူဒန်နိုင်ငံ၌ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) ၏ ရေနံရှာဖွေတူးဖော်သည့် လုပ်ငန်းမှ ရရှိသည့်အကျိုးအမြတ်များကိုအသုံးချ၍ ဆူဒန်အစိုးရမှ လူမျိုးတုန်းသတ်ဖြတ်မှုများကို ကျူးလွန်နေ သည်ဟု ထိုအဖွဲ့မှထုတ်ဝေသည့် မှတ်တမ်းများက ဆိုသည်။

ယင်းပိုက်လိုင်းတည်ဆောက်ပြီးပါက တရုတ်အစိုးရအနေနှင့်အကျိုးအမြတ်များစွာရရှိနိုင်ပြီး မြန်မာစစ်အစိုးရ အ နေနှင့် နှစ်ပေါင်းသုံးဆယ်အတွင်း အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံ ရရှိနိုင်ကာပိုက်လိုင်းတလျှောက်ရှိ ဒေသခံ ပြည်သူလူထုတရပ်လုံးအနေနှင့် ဆိုးကျိုးကိုသာ ခံစားရနိုင်မည်ဟု ကိုဝင်းအောင်က ပြောသည်။

လွန်ခဲ့သည့် ၁၉၉၈ မှ ၂၀၀၂ နှစ်အတွင်းကတနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့်ကရင် ပြည်နယ်တို့တွင် ပြုလုပ်ခဲ့ သည့် ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းများကြောင့် ကျေးရွာအတော်များများ ပြောင်းရွှေ့ခံခဲ့ရသလို ဒေသခံများသည် အဓမ္မလုပ်အားပေးစေခိုင်းခံရကာ ပိုက်လိုင်း လုံခြုံရေးအတွက် ထိုဒေသများအတွင်း စစ်အစိုးရတပ်များ ပိုမိုတိုးပွားလာခဲ့သည် ဟု မွန်ပြည်နယ်လူ့အခွင့်အရေး အဖွဲ့ဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်ကဆော့မွန်က ပြော သည်။

ယခုပြုလုပ်မည့် ပိုက်လိုင်းစီမံကိန်းကြောင့် ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရာ လမ်းကြောင်း တလျှောက်ရှိ ဒေသ ခံများအနေ နှင့် အလားတူအဖြစ်မျိုးကြုံတွေ့ရနိုင်ပြီး အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ရှိသည့်ဒေသများတွင်ပိုမိုကြုံတွေ့ရနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

“ရှမ်းပြည်မြောက်ပိုင်း ပြည်သူလူထုတွေက မြန်မာပြည်အလယ်ပိုင်းပြည်သူလူထုတွေထက် ပိုပြီးတော့ ခံစားရဖွယ်ရှိတယ်လို့ ယူဆတယ်။”

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) ကမြန်မာနိုင်ငံရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ကီ လိုမီတာ ၄၀၀၀ ခန့် ရှည်လျားသည့်ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ရွှေဂက်စ်စီမံကိန်းအား ၂၀၀၉ ခုနှစ် စက် တင်ဘာလတွင် စတင်မည်ဟု ထိုအဖွဲ့က ဆိုသည်။

အဆိုပါ ပိုက်လိုင်းအား ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ မကွေးတိုင်းနှင့် မန္တလေးတိုင်းကိုဖြတ်၍ ရှမ်း ပြည်နယ်မှတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဖောက်လုပ်သွားမည်ဖြစ်သည်။

KIO ဒု-ဥက္ကဌ အပါအ၀င် ခေါင်းဆောင်အချို့နုတ်ထွက်

ဇော်ကြီး။
စက်တင်ဘာလ ၇ ရက်၊ ၂၀၀၉ ခုနှစ်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဒု-ဥက္ကဌဖြစ်သူ ဒေါက်တာတူးဂျာ အပါအ၀င် အဆင့်မြင့်အရာရှိ (၅) ဦး စနေနေ့က အဖွဲ့မှ တရားဝင်နုတ်ထွက်လိုက်သည်။

၎င်းတို့သည် လွန်ခဲ့သည့် စနေနေ့က KIO ဌာနချုပ် လိုင်ဇာမြို့တွင်ပြုလုပ်ခဲ့သည့် လူထု အစည်းအဝေးတွင် တ ရားဝင်နုတ်ထွက်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့မှနုတ်ထွက်ခဲ့သူ ဒေါက်တာတူးဂျာကယခုလိုပြောသည်။

“ကျနော်တို့က မြို့ပေါ်ထွက်ပြီးတော့မှ မြို့ပေါ်နိုင်ငံရေးကို လွတ်လွတ်လပ်လပ်လုပ်ချင်လို့ ကျနော်တို့ ထွက်ခွင့်တောင်းတာပါ။ အဲတာကိုလူကြီးတွေက လက်ခံပေးတာပေါ့လေ။ လူကြီး တွေလက်ခံပေးပြီး ခွင့်ပြုတာပေါ့။အဲတာ ထုတ်ပယ်လိုက်တဲ့ သဘောမျိုး မဟုတ်ဘူးဗျ။”

အဖွဲ့မှ နုတ်ထွက်ခဲ့သူ (၅) ဦးမှာ ဒု-ဥက္ကဌ ဒေါက်တာတူးဂျာ၊ဒု-အတွင်းရေးမှူး အင်ဂျာနော်ရစ်၊ ဦးမွန်ခေါင်၊ ဦး ဇော်ဖန်း၊ ဦးစဘော်ဂမ်တို့ဖြစ်သည်။

၎င်းတို့အနေနှင့် သီးခြားပါတီတစ်ခုထူထောင်ရန် ရည်ရွယ်၍ နုတ်ထွက်ခဲ့ခြင်းမဟုတ်ဘဲ ယမန်နှစ် ဇွန်လ ၂၀ ရက်နေ့က ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ်အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးအမှုဆောင်အဖွဲ့၏ လုပ်ငန်းစဉ် များအား ဆက်လက်ဆောင်ရွက်နိုင်ရန် ယခုလို နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

စနေနေ့ကပြုလုပ်ခဲ့သည့် လူထုအစည်းအဝေးတွင် KIO ဗဟိုကော်မတီအပါအ၀င် ကချင်ပြည်နယ် ဒေသအသီး သီးမှ လူထုကိုယ်စားလှယ် ၃၀၀ ကျော်တက်ရောက်ခဲ့သည်။

ယင်းလူထုအစည်းအဝေးက မြန်မာစစ်အစိုးရက KIO အားနယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ တွန်း အားပေးလာသည့်အပေါ် အစည်းဝေးတက်ရောက်သူအများစုမှ ငြိမ်းချမ်းရေး ကိုဆက်လက်ထိမ်းသိန်းထားလိုပြီး စစ်ရေးအရ အကြမ်းဖက်ဖြေရှင်းခြင်းကို မလိုလားကြောင်း ဆုံးဖြတ်ခဲ့ကြပြီး “အဓိကလိုလား ချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးမှသာ အသွင်ကူးပြောင်းရေးကို အပြီးသတ်ညှိနိုင်းဆွေးနွေးသွားချင်တယ်ပေါ့ လေ။” ဟု ဒေါက်တာတူးဂျာကပြောသည်။

စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် KIOကိုယ်စားလှယ်အဖွဲ့တို့ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ကိစ္စဆွေးနွေးရန်အတွက် မြစ်ကြီးနားမြို့၌ ယမန်နေ့က တွေ့ဆုံရန်ရှိသော်လည်း မတွေ့ဆုံဖြစ်သေးဘဲ ရက်ရွှေ့ ဆိုင်းလိုက်ရသည်။

စစ်အစိုးရမှ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန်လွန်ခဲ့သည့်ဧပြီလ(၂၈) ရက်နေ့က ကမ်းလှမ်း ပြောဆိုခဲ့ပြီးနောက်ပိုင်း KIOနှင့် စစ်အစိုးရတို့ကြား ၇ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီးယခုထပ်မံဆွေးနွေးရန် စစ်အစိုးရ တာဝန်ရှိသူက ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မြန်မာစစ်အစိုးရတို့ကြားအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ၁၉၉၄ ခုနှစ်က ပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုသော ကေအိုင်အို ထိပ်သီးများ ရာထူးမှ ဖယ်ရှားခံရ

ယခု သတ္တပတ်များ အတွင်း အပစ် အခတ် ရပ်စဲထားသော ကိုးကန့် ဒေသတွင် သေနတ်ပေါက်သံ မြည် လာပြီး နောက် နယ်စပ်ဒေသ များတွင် စစ်အစိုးရ စစ်တပ်များ၊ ငြိမ်းချမ်းရေး

ဒေသများတွင် စစ်ပြင်လာသော စစ်ရေး လှုပ်ရှားမှုများ အထူး တိုးမြှင့် လုပ်ဆောင် လာသည်ကို တွေ့ရှိ ရသည်။

ထို့နောက် စက်တင်ဘာလ (၂)ရက် နေ့ကလည်း ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ၏ ထိပ်သီးအရာရှိ ၆ဦး ရာထူးမှ ဖယ်ရှားခံရကြောင်း သတင်းများ ထပ်မံ ထွက်ပေါ် လာခဲ့သေးသည်။

လိုင်ဇာ အခြေပြု ကေအိုင်အို ထိပ်သီးပိုင်း ရာထူးမှ ဖယ်ရှားခြင်း ခံရသော အရာရှိများမှာ ကေအိုင်အို နံပါတ်၂ ရာထူး ရယူထားသော ဒု-ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ၊ ဒုတိယ အထွေထွေ အတွင်းရေးမှူး အင်ဂျာနော်ရစ်၊ ဒူကဘာ မှုန်ခေါင်၊ ဒူကဘာ ပေါင်ရှီဇော်ဖန်း၊ ဒူကဘာ နှုတ်လဲ့ ၊ ဆလန်ကဘာ ဇဘော် ကရန် တို့ ဖြစ်ကြသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ ဗိုလ်မှူးချုပ် ဆွန်လွတ် ဂွမ်မော်က Kachin State Progressive Party (KSPP) ကချင်ပြည်နယ် တိုးတက်ရေးပါတီ အနေနဲ့ ၂၀၁၀ မှာ စစ်အစိုးရ ဦးစီး ကျင်းပတဲ့ ရွေးကောက်ပွဲဝင်မှာ ဖြစ်တဲ့အတွက် အခုလို ဒီအဖွဲ့ ရာထူးက နှုတ်ထွက်တာလို့ ပြောဆိုပေမဲ့၊ " မြန်မာ စစ်အစိုးရ အလိုကျ ယိမ်းလွန်းတဲ့ ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေ လုပ်ဆောင်မှုဟာ ပြည်သူတွေကို ကေအိုင်အိုဟာ ကိုယ်စားပြု မလား၊ စစ် အစိုးရဖက်များ ယိမ်းလွန်း သွားမလား၊ စောင့်ကြည့် ရဦးမယ် " လို့ မြစ်ကြီးနား၊ ဒူကထောင် ရပ်ကွက်က အမည် မဖေါ်လိုတဲ့ ကချင် တက္ကသိုလ် ကျောင်းသားတဦးက လူထုအသံအား ယခုလို သုံးသပ် ပြောကြားသွားခဲ့သည်

အီရန်နိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီး ရွေးချယ်ခန့်အပ်

အီရန်နိုင်ငံ သမတ အာမက် ဒီနီဂျက်၏ အစိုးရ အဖွဲ့တွင် ပထမဆုံး အမျိုးသမီး တဦးကို ၀န်ကြီးအဖြစ် ရွေးချယ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အာမက်ဒီနီဂျက်က အစ္စလာမ် ဘာသာအရ အမျိုးသမီး အခွင့်အရေးကို ချိုးနှိမ်ထားမှုကို လျစ်လျူကာ မာဇီ ဗာဟစ် ဒက်ဂျာဒီ အား ကျန်းမာရေး ၀န်ကြီးအဖြစ် ခန့်အပ် လိုက်သည်။

သူမသည် အာမက် ဒီနီဂျက်က ၀န်ကြီး နေရာများအတွက် အဆိုပြုထားသည့် အမျိုးသမီး (၃)ဦး အနက်မှ (၁)ဦး ဖြစ်သည်။ အခြားသော ပညာရေးနှင့် ပြန်လည် ထူထောင်ရေး ၀န်ကြီးနေရာ အတွက် အဆိုပြုထားသည့် အမျိုးသမီးများ မှာမူ ပယ်ချ ခံခဲ့ရသည်။

အာမက် ဒီနီဂျက်၏ အစိုးရ အဖွဲ့တွင် အာဂျင်တီးနား အစိုးရက ဂျူးစင်တာ တခုအား (၁၉၉၄)ခုနှစ်က ဗုံးခွဲခဲ့သည့် အတွက် အလိုရှိနေသူ တဦးမှာ ကာကွယ်ရေး ၀န်ကြီးအဖြစ် ပါဝင်ဖူးသည်။

အာမက် ဒီနီဂျက်သည် ဇွန်လအတွင်းက ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာပြီးနောက် နိုင်ငံသမိုင်း တလျှောက် အင်အား အကြီးမားဆုံး လူထု ဆန္ဒပြပွဲကြီး တခုနှင့် ကြုံခဲ့ ရသေးသည်။

မာဇီဗာအား ပထမဆုံး အမျိုးသမီး ၀န်ကြီးအဖြစ် ခန့်အပ်ရန် အာမက် ဒီနီဂျက်၏ စီမံမှုကိုလည်း မနှစ်ခြိုက်သူ အတော်များများ ရှိနေသေးကြောင်း သိရှိရသည်။ အာမက် ဒီနီဂျက်သည် အမတ်နေရာ (၂၉၀) ပါဝင်သော လွှတ်တော်ကို ပြန်လည် ဖွဲ့စည်းရန် အချိန်(၃)လ အထိ ယူခဲ့ရကြောင်း သတင်းရရှိသည်။

နိုင်ငံရေးအသွင်ကူးပြောင်းရေးကိုသာ ကေအိုင်အို လိုလား
2009-09-06

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ အနေနဲ့ ကချင်လက်နက်ကိုင်တပ်ကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲရေးထက် ကေအိုင်အို ကို နိုင်ငံရေးအရ အသွင်ကူးပြောင်းရေးကိုသာ ပိုမို လိုလားကြောင်း ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက် နဲ့ ၆ ရက်နေ့မှာ ကေအိုင်အို ခေါင်းဆောင်တွေ အပါအဝင် ကချင်လူထု ကိုယ်စားလှယ်တွေပါ တက်ရောက်တဲ့ အစည်းအဝေးတရပ်ကို လိုင်ဇာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်အစိုးရရဲ့တောင်းဆိုချက်တွေနဲ့ လက်ရှိ အကြပ်အတည်းအပေါ် အထူးအလေးပေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအပြီး ဒီကနေ့ မနက်ပိုင်းက အချက် ခြောက်ချက်ပါတဲ့ ကြေညာချက်တစောင်ကို ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ကေအိုင်အို အနေနဲ့ အနာဂတ်တိုင်းပြည်ရဲ့ လုပ်ငန်းစဉ်အဖြစ်၊ အသွင်ကူးပြောင်းရေးလုပ်ဖို့ မူအားဖြင့် လက်ခံထားပြီး ဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေရှိတဲ့ အသွင်ကူးပြောင်းရေးကို အေးချမ်းစွာ အဖြေရှာလိုကြောင်း၊ အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားလိုကြောင်း ဒီ ကြေညာချက် အစပိုင်းမှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက်ကို လက်ခံရရှိထားတဲ့ ကချင်ဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့က ဦးအောင်ဝါက ကချင်ဘာသာကနေ မြန်မာလိုပြန်ပြီး ဖတ်ပြပါတယ်။

ဦးအောင်ဝါ။ ။'ကြေညာချက်ခေါင်းစဉ်ကတော့ ကချင်အမျိုးသားများ၏ ရှေ့ရေး စည်းဝေးကြေညာချက်။ ဒုတိယအပိုဒ်က SPDC စစ်တပ်မှ ဦးစီးပြုလုပ်သော အသွင်ကူးပြောင်းရေး၌ ကေအိုင်အိုအဖွဲ့ကို ပြောင်းလဲလုပ်ဆောင်ဖို့ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် ဖြစ်သည့်အလျောက် အသွင်ကူးပြောင်းရေးကို မူအားဖြင့် တက်ရောက်လာသော ကိုယ်စားလှယ်အားလုံး သဘောတူ ဆုံးဖြတ်သည်။ နံပတ်သုံး၊ လုပ်ဆောင်ခဲ့သော အသွင်ကူးပြောင်းရေးလုပ်ငန်းကို မြန်မာနိုင်ငံအစိုးရ SPDC နှင့် ကေအိုင်အို ငြိမ်းချမ်းရေးကို အချင်းချင်းယုံကြည်မှုဖြင့် ဆွေးနွေးသွားမည်ကို လိုလားသည်။ ရယူထားသော ငြိမ်းချမ်းရေးအတွင်း၌ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။ စစ်ရေးနည်းဖြင့် ဖြေရှင်းမှုကို ဆန့်ကျင်သည်'

ကေအိုင်အို အနေနဲ့ ကချင်စစ်တပ်တခုတည်းကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းတာထက် နိုင်ငံရေးအရ အသွင်ကူးပြောင်းမှုကိုပါ လိုလားကြောင်း၊ နောင် ဖြစ်ပေါ်လာမယ့် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင်း ကေအိုင်အို အနေနဲ့ အသွင်ကူးပြောင်း ပါဝင်လိုကြောင်း ဒီ ကြေညာချက်ပါ အချက်အလက်တွေကို ဦးအောင်ဝါက မြန်မာဘာသာ ပြန်ဆိုပြီး အခုလိုဆက်ဖတ်ပြပါတယ်။

ဦးအောင်ဝါ။ ။'နံပတ်လေး၊ ကေအိုင်အေ စစ်တပ်တခုလုံးကို အသွင်ကူးပြောင်းရေး ပြုလုပ်ခြင်း မဟုတ်ဘဲ ကေအိုင်အိုတခုလုံးကို အသွင်ကူးပြောင်းရေး ပြုလုပ်မည်။ ကေအိုင်အေ၊ ကေအိုင်အို အဖွဲ့အစည်းသည် ကချင်ပြည်နယ်အစိုးရထဲ၌ လက်တွဲဆောင်ရွက်မှုကို လိုလားသည်။ နံပါတ် ငါး၊ ကေအိုင်အေတပ်ကို နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲခေါ်ဆိုခြင်း မပြုဘဲ ကချင်ဒေသလုံခြုံရေးတပ် KRGF- Kachin Regional Guard Force အဖြစ် အသွင်ကူးပြောင်းရေးအချက်တွေ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ကချင်ပြည်နယ် အစိုးရအထဲတွင် လုပ်ဆောင်မှုကို လိုလားသည်။ နံပါတ် ခြောက်၊ ၂ဝ၁ဝ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲကို သန့်ရှင်းပြီး တရားမျှတသော ရွေးကောက်ပွဲ ပြုလုပ်ဖို့ လိုလားသည်။ ၎င်း ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသော ကချင်ပြည်နယ်အစိုးရသစ်နှင့် ကေအိုင်အိုသည် အသွင်ကူးပြောင်းရေး ပြုလုပ်ဆောင်ရွက်သွားရန် ဖြစ်သဖြင့် သင့်လျော်သော ပုဂ္ဂိုလ်၊ သင့်လျော်သော နည်းလမ်းနှင့် ပါဝင်ခွင့် ရရန် လိုလားသည်'

ပြီးခဲ့တဲ့ ၅ ရက်နေ့ အစည်းအဝေးမှာ ကချင် ဗဟိုကော်မတီဝင်တွေ တက်ရောက်ကြပြီး နိုင်ငံရေးပါတီ ထူထောင်လိုတဲ့ ဒေါက်တာတူးဂျာနဲ့ ခေါင်းဆောင်တချို့ကို အဖွဲ့အစည်းကနေ နှုတ်ထွက်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာတူးဂျာနဲ့ ခေါင်းဆောင်တချို့ဟာ ကချင် တိုးတက်ရေးပါတီ KSPP အမည်နဲ့ ပါတီထူထောင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ ကိုးကန့်ဒေသ စစ်ဆင်ရေးတွေအပြီး မြန်မာစစ်အစိုးရအနေနဲ့ ကချင်လက်နက်ကိုင် အဖွဲ့အစည်းဘက်ကို လှည့်လာနေပြီလို့ အများက သုံးသပ်သလို ကချင်ဒေသအတွင်း စစ်အစိုးရတပ်တွေ တိုးချဲ့ ချလာတဲ့အတွက် ဒေသခံပြည်သူတချို့ တရုတ်ပြည်ဘက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြောင်းရွေ့ခဲ့ကြပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ ပြန်လည် အေးဆေးသွားပြီလို့ သိရပါတယ်။

လောလောဆယ်အချိန်အထိ ကချင်ဒေသအတွင်း အရင် စစ်အစိုးရတပ်စွဲထားရာ နေရာတွေမှာ တပ်အင်အား သုံးလေးဆလောက် တိုးချလာတဲ့အပြင်၊ လက်နက်နဲ့ ရိက္ခာတွေလည်း သယ်ယူ စုဆောင်းနေပါတယ်။ ဒါပေမယ့် စစ်အစိုးရ သတ်မှတ်ချက်အရ အသွင်ကူးပြောင်းရေးကို အောက်တိုဘာလအတွင်း နောက်ဆုံးထား လုပ်ဆောင်ရမယ်လို့ ပြောထားတဲ့အတွက် အောက်တိုဘာလ မတိုင်ခင်အထိ ဆွေနွေးဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းတွေကျန်ရှိနေသေးကြောင်း ကေအိုင်အို သတင်းရပ်ကွက်က ဆိုပါတယ်။ ဒါပေမယ့် လက်ရှိ ကေအိုင်အိုရဲ့ အကြောင်းပြန်ကြားချက်အပေါ် စစ်အစိုးရဘက်က မလိုက်လျောနိုင်ဘူးဆိုရင် အောက်တိုဘာလအတွင်း စစ်ရေးအရ ပိုမို တင်းမာလာနိုင်တယ်လို့ ကချင်သတင်းရပ်ကွက်က ပြောဆိုပါတယ်။


မြန်မာနိုင်ငံဖွံ့ဖြိုးနှုန်း GDP ကို လျှပ်စစ်မီးအသုံးပြုနိုင်မှုနဲ့ တိုင်းတာ
2009-09-06

အမေရိကန်ပြည်ထောင်စု ဘရောင်းတက္ကသိုလ်က စီးပွားရေးပညာရှင် သုံးဦးက ကမ္ဘာတလွှား ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး ဖွံ့ဖြိုးတိုးတက်မှုနှုန်း GDP ကို လျှပ်စစ်မီး အသုံးပြုနိုင်မှုနဲ့ နှိုင်းယှဉ်တိုင်းတာရာမှာ မြန်မာ အာဏာပိုင်တွေရဲ့ တရားဝင် ဖွံ့ဖြိုးတိုးတက်နှုန်းထက် ထက်ဝက်ကျော် လျော့နည်းနေတယ်လို့ သိရပါတယ်။

အမေရိကန်လေတပ် အာကာသစခန်းက ဂြိုဟ်တုက ပေးပို့တဲ့ ညပိုင်းဓာတ်ပုံတွေနဲ့ ဒေသအလိုက် ၁ဝ နှစ်ကျော်ကြာ ကာလကို လေ့လာခဲ့ရာမှာ တရားဝင် သတ်မှတ်ထားတာနဲ့ မကိုက်ညီဘဲ နိမ့်ကျနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ သတ်မှတ်တဲ့ ပြည်တွင်းထုတ်ကုန် GDP တန်ဖိုးဟာ နှစ်စဉ် ၈ ဒဿမ ၆ ရာနှုန်းရှိပေမယ့် သူတို့ရဲ့ လေ့လာချက်အရ လျှပ်စစ်မီး ထွန်းညှိနိုင်မှုနဲ့ ဆက်စပ်တွက်ချက်ရင် ၃ ဒဿမ ၄ ရာနှုန်းသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကွန်ဂိုနိုင်ငံဆိုရင် တရားဝင် ဖွံ့ဖြို့းတိုးတက်နှုန်း ၂ ဒဿမ ၆ ရှိပြီး လျှပ်စစ်မီး ထွန်းညှိနိုင်မှုနဲ့ ဝင်ငွေ၊ ကုန်ဈေးနှုန်းအရ တိုင်းတာချက်မှာ ၂ ဒဿမ ၄ သာ ရှိပါတယ်။

ဘရောင်းတက္ကသိုလ်က စီးပွားရေးပညာရှင် ၃ ဦးဖြစ်တဲ့ J Vernon Henderson၊ Adam Storeygard နဲ့ David Weil တို့က အမျိုးသား စီးပွားရေး သုတေသနဌာနအတွက် ပြုစုတဲ့ အစီရင်ခံစာဟာ စိတ်ချရတဲ့ အချက်အလက် အတိအကျရရှိဖို့ မလွယ်ကူတဲ့ တတိယကမ္ဘာ နိုင်ငံတွေရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP တိုင်းတာရာမှာ ခက်ခဲလှတဲ့အတွက် ဂြိုဟ်တုဓာတ်ပုံတွေက ညွန်ပြနေတဲ့ ညပိုင်း လျှပ်စစ်မီး ပေးနိုင်မှု တိုင်းတာချက်နဲ့ ဆက်စပ် အထောက်အကူ ပြုနိုင်ဖို့ လေ့လာခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပညာရှင် သုံးဦးရဲ့ အဓိက ဖွံ့ဖြိုးမှု တိုင်းတာချက်ဟာ ဝင်ငွေနဲ့ ကုန်ဈေးနှုန်းပမာဏ တိုင်းတာတဲ့ Penn World Tables က အချက်လက်တွေနဲ့ ပြီးခဲ့တဲ့ ၁ဝ နှစ်တာကာလ ညဖက် မီးထွန်းနိုင်မှုတွေကို နှိုင်းယှဉ်သတ်မှတ်တာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီတွေ့ရှိချက်တွေကို တရားဝင်စံနှုန်းတွေအစား အသုံးပြုဖို့ မရည်ရွယ်ပေမယ့် ကမ္ဘာ့ဘဏ်လို အဖွဲ့စည်းတွေအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမျာ အမှန်တကယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဘယ်လောက်ရှိတယ် ဆိုတာကို လေ့လာတဲ့နေရာမှာ အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း ပါမောက္ခ Henderson က ပြောပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနဲ့ ကိုးကန့်ပြဿနာ
2009-09-06

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ ပြဿနာကို စစ်အစိုးရ သတင်းစာတွေက ဖော်ပြခဲ့ရာမှာ အငြိမ်းစား ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ဘယ်လိုဘယ်ပုံ ပတ်သက်ခဲ့တယ်ဆိုတဲ့ အချက်တွေ မတွေ့ရပါဘူး။

ကိုးကန့် လက်နက်ကိုင်အဖွဲ့နဲ့ စစ်အစိုးရအကြား အပစ်အခတ် ရပ်စဲရေးမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနဲ့ ပတ်သက်တဲ့ သမိုင်းကွင်းဆက်တွေကို ဦးစိန်ကျော်လှိုင်က သုံးသပ်အစီရင်ခံထားပါတယ်။


မြန်မာဌာန > သတင်းများ
မလေးရှားရောက်မြန်မာနိုင်ငံသားတွေ ထပ်မံဖမ်းဆီးခံရ
2009-09-06

မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် လုံခြုံရေးကင်မရာတွေ တပ်ဆင်အသုံးပြုနေရာမှာ မြန်မာနိုင်ငံသားတွေလည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်၊၊ ကွာလာလမ်ပူမြို့က လမ်းတွေမှာ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး မသင်္ကာသူတွေကို လုံခြုံရေးကင်မရာနဲ့ ဖမ်းဆီးခဲ့ရာမှာ တရားမဝင် နေထိုင်သူလို့ ယူဆရသူ အယောက် ၅ဝ ကျော် အဖမ်းခံခဲ့ရပြီး မြန်မာနိုင်ငံသား ၁၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်၊၊

မလေးရှားနိုင်ငံက လုံခြုံရေးတင်းကြပ်မှုနဲ့ အဖမ်းခံရသူ မြန်မာနိုင်ငံသားတွေရဲ့ လက်ရှိအခြေအနေကို ကွာလာလမ်ပူ အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှားအဖွဲ့) အတွင်းရေးမှူး ကိုအောင်ကျော်ဆက်က အခုလို ပြောပါတယ်၊၊

ကိုအောင်ကျော်ဆက်။ ။ရေဒါတွေ အသစ် ထပ်တိုးထားတာတွေ ရှိတယ်။ ပြီးတော့ မြို့လည်ကောင်တွေမှာလည်း ရဲတွေက ဝတ်စုံတွေနဲ့ လမ်းသွားရင်းနဲ့ စစ်ဆေးနေတာတွေ ရှိတယ်။ အဲဒီလို အဖမ်းခံရတဲ့သူ တချို့လည်း တွေထဲမှာ ထည့်တယ်။ တချို့ ပိုက်ဆံတတ်နိုင်တဲ့သူတွေက လူတွေကိုထုတ်တယ်။ မတတ်နိုင်တဲ့သူတွေက တရားစွဲဆိုခံရတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၁၅ ယောက်ရှိတယ်။ သူတို့ကို ကစ်ဂျာရီ Camp ထဲကို ပို့တယ်။ တချို့ကလည်း စမုန်ညင်းဆိုတဲ့ Camp ကို ပို့တယ်။ အဲဒီ ၁၅ ယောက်လောက်မှာ ၁၃ ယောက်လောက်က ပိုက်ဆံတတ်နိုင်လို့ ထွက်လာနိုင်တယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူကတော့ လုံးဝ မထွက်လာနိုင်ဘူး

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တရားဝင်အလုပ်သမားရော ၊ တရားမဝင်အလုပ်သမားတွေပါ ပါဝင်ကြောင်း တရားဝင်အလုပ်သမားတွေကို အလုပ်ရှင်က တာဝန်ယူ ခေါ်ထုတ်သွားတာတွေ ရှိကြောင်း သိရပါတယ်၊၊ မလေးရှား NLD-LA အဖွဲ့အနေနဲ့ ကျန်ရှိနေတဲ့ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေအတွက် UNHCR အဖွဲ့ကို သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ တင်ပြပြီး အကြောင်းကြားထားတယ်လို့ သိရပါတယ်၊၊