Tuesday, September 8, 2009

TTC ၏ ကျောင်းခေါ်ချိန်



နံမည်ကြီးကျောင်းတွေ ကိုထားတော့မယ်ဆိုရင် ပထမဆုံးသိထားရမှာ ကဗိုလ်ချူပ်တစ်ယောက် လက်မှတ်ပါ ရမယ်ဆိုတာပါဘဲ...တော်တော် စိတ်ပျက်စရာ ကောင်းတာပါ TTC ကျောင်းဆိုရင် သူငယ်ချင်းရဲ. သမီးလေးက ကျောင်းဝင်ခွင့် ဖောင်မှာ ရှေ. ရောက်ရက်နဲ. မည်သည့် ဗိုလ်ချူပ် လက်မှတ်မှ မပါသည့် အတွက် ဝင်ခွင့်မရခဲ့ပါဘူး.....သူတို.နေတာ ကလည်းTTC ကျောင်းနဲ.တော် တော်လေးကို နီးပါတယ်...ဒီကျောင်းဝင်ခွင့် ဖောင်ရဖို. အတွက်လဲ မနက်၃နာရီ လောက်ထဲက သွားပြီးတန်းစီရတာပါ....ပညာရေးစနစ်ရဲ. အခြေခံ အုတ်မြစ်ဖြစ်တဲ့ ပထမဆုံး ကျောင်းအပ်တဲ့ အချိန်မှာ တောင်ဒီလိုတွေ ဖြစ်နေတော့ ဘယ်လိုများ ကောင်းလာနိုင်ပါတော့ မလဲ...ကျောင်းဝင်ခွင့် ထုတ်ပြန်တဲ့ နေ.မှာဘဲ..ကျောင်းအပ်ချင်ရင် ပေါက်ဈေးက သိန်းအစိတ် ပါတဲ့....
TTC ဆိုတဲ့ ရန်ကုန်မြို့ရဲ့နာမည်ကြီးကျောင်းကြီးကတော့ ကျောင်းမှ တာဝန်ရှိသောပုဂ္ဂိုလ်များ နှင့် အဆင်ပြေကြသော သူများ၊ တစ်ချို့သောလူကြီးး၏သားသမီးမြေးများသည်TTC ကျောင်းတွင် အများသူဌာကျောင်းသား ကျောင်းသူများ ကျောင်းတက်နေချိန်တွင် နေ့စဉ်ကျောင်းလာရောက်တက်ရန်မလိုပါပဲ နာမည်နှင့် စာရင်းသာTTC ကျောင်းတွင်ရှိ၍အင်္ဂလိပ်ကျောင်းများတွင်သာသွား
ရောက်တက်နေနိုင်ပြီး သာမာန်ဝန်ထမ်းသားသမီးများကတော့ တစ်ပတ်လျှင်တစ်ရက်တောင် ခွင့်ယူရန်မလွယ်ကူကြပါဘူး။
နှစ်စဉ်အချိန်တန်လျှင် နေ့စဉ်ကျောင်းပုံမှန်တက်ခဲ့ရသောကလေးများကဲ့ သို့ပင် တစ်နှစ်တစ်တန်းအောင်မြင်သွားကြပြီး ညီအစ်ကိုမောင်နှမ ဆွေစဉ်မျိုးဆက် ကျောင်းလာတက်ခဲ့ခြင်းမရှိပါပဲ မြန်မာပြည်၏GRADE 11 ကိုအောင်မြင်စွာဖြေဆိုပြီး တပြိုင်ထဲ အင်္ဂလိပ်ကျောင်းမှလည်း အဆင့်ဆင့်အောင်မြင်ကာ နိုင်ငံရပ်ခြားသို့ ပညာသင်သွားကြပါတယ်။
ကောလဟာလတော့မဟုတ်ပါဘူး။ယခုအထိဖြစ်နေတဲ့ တကယ့်လက်ရှိဖြစ်ရပ်မှန်ပါ။
အဲတော့ ကျန်တဲ့ကလေးတွေကတော့ ခွင့်(၁ဝ)ရက်ခန့်တင်ပြီး အလည်အပတ်သွားတာတောင် နိုင်ငံခြားတွင်ကျောင်းသွားတက်သလား ၊ဘာလားနှင့် အမျိုးမျိုး ပြသာနာရှာခံကြရပြီး နှစ်စဉ်ကျောင်းမတက်ပါပဲ တစ်နှစ်တစ်တန်းအောင်မြင်နေသော သူများကိုတော့ မသိသလိုပဲနေနေကြပါတယ်တဲ့ ။

ခွင့်တရားဝင်တင်ပြီး ခဏ နိုင်ငံခြားကိုအလည်ရိုးရိုး (၁ဝ ) ရက်သွားမိတဲ့ ကလေးကိုတော့ ပတ်စပို့တွေ မိတ္တူကူးတင်ခိုင်းပြီး နိုင်ငံခြားမှာကျောင်းသွားတက်တာမှလား။အဆင်မပြေလို့ပြန်လာတာမှလား။အခုအဲလိုဆိုကျောင်းထုပ်မယ်ဘာညာနဲ့ ခေါ်တွေ့ပြီး ပြသာနာရှာ ကျိန်းဝါးပြောဆိုခံရပါတယ်တဲ့။
ဒ့ါပေမယ့်မြန်မာပြည်တွင်း မှာတင် ကျောင်းတွင် စာရင်းသာရှိပြီးကျောင်းလာမတက်ပဲ အင်္ဂလိပ်ကျောင်းသာတက်နေတဲ့ ကလေးမျိုးတွေ ကိုတော့ ဘာလို့ အဲလိုမပြောတာလဲဆိုတာတော့...../

ရခိုင်အမျိုးသားသတင်းစာ(August Issue)

ဖိုင်ရယူရန်

The Arakan Naioanl Newspaper Vol.3 No.8 August, 2009

Voice of Burma (5 September Issue)

ဖိုင်ရယူရန်

VOB 5thsep2009

စက်တင်ဘာလ သံဃာအရေးအခင်းနှင့် ပတ်သက်သည့် နအဖ၏ အစီရင်ခံစာ



စက်တင်ဘာလ၂၇ရက် (၁ဝး၃ဝ) ချိန်ခန့် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အလယ်ပစ္စယံတွင် သံဃာ (၁ဝဝ) ပါး စုစည်းလျက်ရှိ။ ရဲတပ်ရင်းများ ကွပ်ကဲမှုညွှန်ကြားရေးမှူး ရဲမှူးချုပ်သန်းဟန်ဦးစီးပြီး လုံခြုံရေးတပ်ခွဲ(၁)ခွဲဖြင့် အဆိုပါ ဖြစ်စဉ်နေရာအား သွားရောက်ကြည့်ရှုခဲ့။ သံဃာများသည် လမ်းကြောင်းပိတ်၍ အုပ်စုဖွဲ့ နေလျက်ရှိရာ ရဲမှူးချုပ်သန်းဟန်မှ သံဃာများအား ယခုလုပ်ရပ်သည် ထုတ်ပြန်ပြီးဖြစ်သော သာသနာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မှု ဖြစ်သည့်အပြင် ပုဒ်မ၁၄၄ ထုတ်ပြန်ပြီး အခြေအနေကိုလည်း ကျူးလွန်လျက်ရှိကြောင်း၊ သို့ပါ၍ အေးချမ်းစွာ မိမိကျောင်းများသို့ ပြန်ကြစေရန်(၃) ကြိမ်ခန့် ပင့်ဆောင်ရာ သတ္တိရှိစွာ လိုက်နာမှု မရှိကြပါ။

(၁၁း၁၅)ချိန်တွင် အလုံမြို့နယ် ဆင်မင်းရပ်ကွက် အလုံလမ်းရှိ ဇဗ္ဗူရတနာကျောင်းတိုက်မှ သံဃာ (၄၂) ပါးသည် အာဇာနည်လမ်းအတိုင်း တပ်မတော် ဓမ္မာရုံ၊ ပြန်ကြားရေး ဓမ္မာရုံကြား ရှိ ပိုက်လုံးလမ်းမှ ကြားတောရလမ်း ၊ ၄င်းမှ ကြေးသွန်းဘုရားရှေ့သို့ (၁၂းဝဝ) ချိန် ရောက်ရှိပြီး အလယ်ပစ္စယံမှ ဆင်းလာသော သံဃာများနှင့် ပူးပေါင်းသဖြင့် စုစုပေါင်း သံဃာ ၃ဝဝ၊ လူ ၃ဝဝခန့် ရှိလာခဲ့ ။

(၁၂း၁ဝ) ချိန်မှစ၍ ရဲတပ်ဖွဲ့ဝင်များ၊ စွမ်းအားရှင်များ၊ ဂေါပကအဖွဲ့ဝင်များမှ လူစုခွဲရန်နှင့် အေးချမ်းစွာ သက်ဆိုင်ရာ ကျောင်းအသီးသီးသို့ ပြန်ကြရန် အကြိမ်ကြိမ်လျှောက်ထားသော်လည်း မရပါ။ (၁၂း၂ဝ) ချိန်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စတင်လုံးထွေးဖမ်းဆီးခဲ့ရာ ကပ်လျက်ရှိသော သံဃာများလည်း မဟာအောင်မြေဘုံကျောင်း အတွင်းသို့ ပြေးဝင်သွားခဲ့။

(၁၂း၃၅) ချိန်တွင် ကျောင်းအတွင်းသို့ ပြေးဝင်သွားသော လူပုဂ္ဂိုလ်များမှ အုတ်ခဲများ၊ ၊သားရေဂွများ ၊တုတ်များဖြင့် ပစ်ခတ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား အနီးကပ် အန္တရာယ်ပြု လက်နက်လုယူရန် ၂ ကြိမ်တိုင် အင်အားဖြင့် ချဉ်းကပ် ထိုးဖောက်မှုကြောင့် လူအုပ်စုအတွင်းသို့ မျက်ရည်ယိုဗုံး ( ၉ ) လုံး ပစ်ခတ်လူစုခွဲခဲ့။

(၁၂း၅ဝ) ချိန်ခန့်တွင် လူ (၃ဝဦး) နှင့် သံဃာ (၂ဝ) ခန့်သည် ကြားတောရလမ်းရှိ ကျောင်းအတွင်းသို့ ပြေးဝင်သွားပြီး ကျန်သံဃာများနှင့် လူများသည် ရွှေဂုံတိုင်လမ်းဆုံနှင့် ဓမ္မစေတီလမ်းဘက်သို့ လူစုခွဲ ထွက်ခွာသွားခဲ့ ။ ဖြစ်စဉ်တွင် အောက်ပါ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့။

(က) ရတရ (၁) ရင်းမှူး ဒုရဲမှူးကြီးသက်လွင် ဝဲဘက် မျက်ခုံး တစ်လက်မခန့်ကွဲ ။

(ခ) ရတရ (၁) မှ လ/၂၁၄ဝ၇၄ တသ ကျော်ဇေယျထွန်း နဖူးအလယ်ရှပ်မှန်။

(ဂ) ရတရ (၁) မှ လ/၁၈၆ဝ၈၄ ရဲဒုတက မိုးကျော်ဦး ဘယ်ခြေထောက် ခဲမှန်ဖူးရောင်။

(ဃ) ရတရ ၈မှ လ/၁၄၄၂၈၈ ရဲဒုတက တင်သိန်း နဖူး ယာဘက် မျက်ခမ်းနှင့် ဝဲရင်ဘတ်တို့တွင် ခဲမှန်။

ရေတာရည်လမ်းဟောင်း ငွေရသဃာင်္န်းတိုက်ရှေ့တွင် ရပ်ထားသည့် ဗဟန်း မနရ ပိုင် အပြာရောင်ဒရင်း (ဖ်) အမျိုးအစားနှင့် အပြာရောင် ကန်ဘိုအမျိုးအစား ဆိုင်ကယ် ၂စီး မီးရှို့ခံရ။ (၁ဝး၃ဝ) ချိန်မှစ၍ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံတွင် လူများစုရုံးခဲ့ရာ (၁၁း၃ဝ) ချိန် အင်အား (၃ဝဝဝ) ခန့် ဖြစ်လာခဲ့၊ ထိုအချိန်တွင် လမ်းဆုံမီးပွိုင့် ညာခြမ်း၌ ရှေ့ဆုံးမှ သံဃာ ၃ပါးသည် ဖယောင်းတိုင် ၃ တိုင်နှင့် အမွှေးတိုင်များထွန်း၍ ရေသန့်ဘူးများထောင်ပြီး မေတ္တာပို့ရွတ်ဆိုနေစဉ် နောက်မှ လူ ၂ဝဝ ခန့်က လိုက်ပါရွတ်ဆိုခဲ့၊ အခြားတဖက်မှ ရပ်ကြည့် နေသူများမှာလည်း ”ဗိုလ်ချုပ်သင်ပေးသော စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ပြည်သူ့ဆန္ဒ ပြည့်ဝစေရမည်ဟု” အော်ဟစ်၍ လည်းကောင်း၊ နိုင်ငံတော် သီချင်းအားလည်းကောင်း သီဆိုနေခဲ့။

(၁၂း၃ဝ) ချိန်တွင် ကုန်သည်ကြီးများ ဟိုတယ်ဘက်မှ ဆူးလေဘုရားလမ်းအတိုင်း ခမရ (၇၁ဝ) မှ စစ်ကြောင်း ၁/၂ နှင့် ခွဲ (၄) ခွဲ ရောက်ရှိလာပြီး ဆူးလေမီးပွိုင့်တွင် ရှေ့နောက်နှစ်ဘက်ညှပ်ကာ မီးခိုးဗုံး (၈) လုံးနှင့် ရာဘာကျည် ၄တောင့် ပစ်ခတ်၍လည်းကောင်း ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့။

လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆန္ဒပြသူများအား ဖမ်းဆီးခဲ့ရာ ည (၁၂း၄၅) ချိန်ထိ ကျား (၁၂၂) ဦး။ မ (၂၅) ဦး ။ ပေါင်း (၁၄၇) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ခြောက်လှန့်ပစ်ခတ်မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံသား (NHGADKMJI) အသက် ၅၅နှစ် ခန့်ရှိ ပစ်စ်ပို့ အမ်အက်စ် ဝဝ၂၂၂ဝဝဝ ဓါတ်ပုံသမား ကျား(၁) ဦးမှာ ယာဘက်ဝမ်းဗိုက်အောက် ထိမှန်သေဆုံးခဲ့ပါသည်။

အောက်ပါဒဏ်ရာရရှိ ဖမ်းဆီးရမိသူများအား ရန်ကုန်ဆေးရုံကြီးသို့ (၁၃း၃၅) ချိန် ပို့ဆောင်ပေးခဲ့။ (အားလုံးစိုးရိမ်ရ)

(က) ဦးရှယ်လစ် ၄၁ နှစ် (ဘ) ဦးလှသောင်း၊ အမှတ် ၁၃ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ဝဲခြေသလုံး ထိမှန်။

(ခ) သူရိန်လင်း ၁၉ နှစ် (ဘ) ဦးအောင်မြင့်၊ အမှတ် ၆၉ ၊ ဇေယျသိဒ္ဓိလမ်း၊ ကျောက်မြောင်းရပ်ကွက်။ တာမွေမြို့နယ်၊ (ဝဲရင်အောက်ထိမှန်)

(ဂ) မြသန်းထိုက် ၂၆ နှစ် (ဘ) ဦးမြသန်း၊ အမှတ် ၃၄၅ ဥက္ကလာပလမ်း၊ (ဇ/တောင်) ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်၊ (ဝဲပါးစပ်အနီးထိ)


(၁၄း၃ဝ) ချိန်တွင် အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ် လေးထောင့်ကန်လမ်းရှိ ဆူပါဝမ်းမားကက်ရှေ့၊ မြောက် / အရှေ့ မြင်းပြိုင်ကွင်းထောင့်တွင် လူအင်အား (၁ဝဝဝ) ခန့်စုရုံး နေသဖြင့် ရတ ခမရ ၁ဝ၆ စက ၁နှင့် ခွဲ ၁ ခွဲ ၊ရတခမရ ၃၁၃ စက ၁နှင့် ခွဲ၁ခွဲတို့အား လေးထောင့်ကန်လမ်းအတိုင်း စူပါဝမ်းမားကက်ဘက်မှ ထိုးဖောက် ရှင်းလင်းစေခဲ့။

(၁၅းဝဝ) ချိန်တွင် ရတခမရ၁ဝ၁ စက၁/၂နှင့် ခွဲ၎ခွဲသည် အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်း တောင်မှ မြောက်သို့ ထွက်ခွာလာစဉ် လူအင်အား (၁ဝဝဝဝ) ခန့်မှ အဆာဟိမှန်ဆိုင်ရှေ့တွင် မှန်ကြီးများထည့်သည့် သစ်သားဘောင်များဖြင့် လမ်းအား ပိတ်ဆို့ တားဆီးထားသည်ကို တွေ့ရှိရ၍ ရပ်တန့်ပြီး အတူ လိုက်ပါလာသည့် ရန်ကုန်တိုင်းရဲမှူး အေးသန်းမှ လက်ကိုင်အသံချဲ့စက်ဖြင့် လူစုခွဲရန် ၃ ကြိမ် ပြောခဲ့သော်လည်း လူစုကွဲမသွားသောကြောင့် ပိတ်ဆို့ထားသည့် သစ်သားတန်းများအား ဖယ်ရှားပြီး လူစုကွဲရန် မီးခိုးဗုံး ၃လုံး ပစ်ခတ်ခဲ့သော်လည်း လူအုပ်စုကွဲသွားခြင်း မရှိသဖြင့် သေနတ်ဖြင့် ၈ချက်ခန့် မိုးပေါ်ထောင်ဖောက်ခဲ့ ။

သို့သော် လူအုပ်စုကွဲသွားခြင်း မရှိခြင်းကြောင့် ရာဘာကျည်ဖြင့် ပစ်ခတ်ရှင်းလင်းမှသာ ပိတ်ဆို့နေသော လူအုပ်စုသည် ထွက်ပြေးသွားခဲ့။ လိုက်လံဖမ်းဆီးရာ ရဟန်း ၂ပါး၊ ကိုရင် ၁ပါး၊ ကျား ၁၃ဝ ဦး ၊ မ ၄ဝဦး၊ ဖမ်းဆီး ရမိပြီး လမ်းဘေးရှိ အကျယ် ၁ပေခွဲ အနက် ၂ပေခွဲခန့် ရှိ ကွန်ကရစ် ရေမြောင်းအတွင်း အသက် ၂၁ နှစ်ခန့်ရှိ ကျား ၁ဦး နှင့် အသက် ၂ဝနှစ်ခန့်ရှိ မ ၁ဦးအား ၁၅ပေ ခန့် ကွာလျက်သေဆုံးနေသည်ကို တွေ့ရှိရ သေဆုံးသူ ၂ ဦးအား စိစစ်ရာ အမျိုးသမီးမှာ ရေမြောင်းထဲ ပြုတ်ကျကာ ရေမြောင်းဘောင်နှင့် နောက်စေ့ ရိုက်မိဒဏ်ရာဖြင့် သေဆုံးနေကြောင်းနှင့် အမျိုးသားမှာ ရေမြောင်းအတွင်း မှောက်လျက် ပြုတ်ကျဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သိရှိရ။

(၁၄း၃ဝ) ချိန် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းအတိုင်း ချီတက်လာသော လူထုအင်အား (၁ဝဝဝ) ခန့်သည် နိုင်ငံတော်အလံ လွင့်ထူ၍ ခွပ်ဒေါင်းအလံ ၁ခု ကိုင်ဆောင်ပြီး ကျိုက္ကဆံလမ်းအတိုင်း ချီတက် လာခဲ့ရာ ကျောက်မြောင်းမီးပွိုင့် တာမွေလမ်း သျှင်ပါကူဆေးခန်းရှေ့၊ တာမွေငါးခွဆုံ မီးပွိုင့်တို့ကို ဖြတ်၍ အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်း ဆက်လက် ချီတက်လာရာမှ (၁၅းဝဝ) ချိန် အထက (၃) တာမွေ ရှေ့သို့ ရောက်ရှိခဲ့။

(၁၃း၎ဝ) ချိန် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမှတဆင့် စူပါဝမ်းကုန်တိုက် ဘက်မှ ချီတက် လာသောသံဃာ (၇ဝ)၊ လူ (၃ဝဝ) ခန့်တို့ အလယ်တွင် စစ်ကား ၃စီး၊ ရဲကား ၂စီး၊ စွမ်းအားရှင် ကား ၃စီး၊ ပေါင်း ၈ စီးတို့မှ ပိတ်မိနေခဲ့သဖြင့် (၁၅း၁၅) ချိန် သေနတ်တစ်ချက် မိုးပေါ်သို့ ပစ်ဖောက်၍ (၁၅း၂၅) ချိန် အတွဲလိုက် ပစ်ဖောက်ကာ (၁၅း၃၅) ချိန် ကား ၈ စီးလုံး လမ်းရှင်း ထွက်ခွာလာခဲ့ရာ အထက (၃) တာမွေရှေ့တွင် လူ(၂) ဦး သေဆုံးခဲ့ပြီး (၁၅း၄၅) ချိန် လေးထောင့်ကန်လမ်းအတိုင်း ထွက်ခွာ၍ (၁၆းဝဝ) ချိန် စူပါဝမ်းစင်တာရှေ့၌ ထပ်မံလူစုခွဲခဲ့။

(၁၆းဝဝ) ချိန် အင်အား၂၅ဝ ခန့်သည် တာမွေငါးခွဆုံ မီးပွိုင့်သို့ “ကမ္ဘာမကြေ” သီချင်း သီဆို၍ ထွက်ခွာ သွားခဲ့ပြီး ကျန် ၂ဝဝ ခန့်သည် (၁၆း၃ဝ) ချိန်တွင် အသီးသီး လူစုခွဲ ပြန်လည်ထွက်ခွာ သွားကြပါသည်။

(၁၅း၃ဝ) ချိန်တွင် ကမ်းနားလမ်းမှ ပန်းဆိုးတန်းလမ်းအတိုင်း အထက်ပန်းဆိုးတန်း ခုံးကျော်တံတား ပေါ်သို့ တက်လာသော ဆူပူဆန္ဒပြလှုပ်ရှားသူ လူထု ၅ဝဝဝ ခန့်အား ရတခမရ ၇ဝ၄ စက၁/၂ နှင့် ခွဲ၎ခွဲ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စွမ်းအားရှင်အဖွဲ့တို့မှ ပိတ်ဆို့တားဆီးခဲ့။ မယကဥက္ကဌ ဦးစီးအဖွဲ့တို့မှ အသံချဲ့ စက်ဖြင့် လူစုခွဲရန် အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သော်လည်း ဆန္ဒပြအဖွဲ့သည် လူစုခွဲခြင်းမရှိဘဲ မိမိလခရ တပ်ဖွဲ့ဝင်များအား ခဲ၊တုတ်၊လောက်လေးခွတို့ဖြင့် ပစ်ခတ်ပြီး ၅ ကိုက်အကွာ ရောက်သည်အထိ အတင်းဝင်ရောက် လုံးထွေးရန်ကြိုးစားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် အဓိကရုဏ်း နှိမ်နင်းရေး လောင်ချာဗုံးသီး မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲရာ (၁၆းဝဝ) ချိန်တွင် လူစုကွဲသွားခဲ့။

အနီးကပ် ဝင်ရောက်လုံးထွေးသော ဆန္ဒပြသူများအား ရာဘာဗုံးပစ်လောင်ချာဖြင့် ဖြိုခွင်းခဲ့ရသဖြင့် အမျိုးသား အမည်မသိ ၁ဦး ၂၇ နှစ်သည် ရာဘာဗုံးသီး ထိမှန် သေဆုံးသွားခဲ့။ (၁၆း၁၅) ချိန် တောင် ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းပေါ်တွင် ဆူပူဆန္ဒပြလှုပ်ရှားသူ လူထုအင်အား (၂ဝဝဝဝ) ခန့်သည် ဝေဇယန္တာ ပရိယတ္တိစာသင်တိုက်သို့ သုမင်္ဂလာလမ်းမှ တစ်ဆင့် သစ္စာလမ်းအတိုင်း ချီတက် လာသဖြင့် ရတခမရ ၇ဝ၂ စက ၁ နှင့်ခွဲ၂ခွဲ ၊ မြောက်ပိုင်း ခရိုင် ခယက ဥက္ကဌဦးစီး စွမ်းအားရှင်အဖွဲ့တို့မှ ပိတ်ဆို့တားဆီးခဲ့။ လူစုခွဲရန် အကြိမ်ကြိမ်သတိပေး တားမြစ်သော်လည်း ရပ်တန့်မှုမရှိဘဲ ပိတ်ဆို့ ရှင်းလင်းရေး ဆောင်ရွက်နေသော လူထုအတွင်း ကျွံဝင်သွားသည့် မိမိတပ်ဖွဲ့ဝင် လုံခြုံရေး စစ်သည်များ၏ လက်နက်ငယ်များအား ဝိုင်းဝန်းလုယက်သည်အထိ တင်းမာလာခဲ့။

အဓိကရုဏ်း နှိမ်နင်းရေးလောင်ချာ ၃လက်ဖြင့် ရာဘာဗုံးသီး ၄၅ လုံး ပစ်ခတ်ပြီး ရှင်းလင်းဆောင်ရွက်ခဲ့စဉ် (၁၆း၂၅) ချိန်တွင် ဆန္ဒပြ ဆူပူလှုပ်ရှားသူများမှာ လူစုကွဲသွားခြင်း မရှိသည့်အတွက် ရတခမရ ၇ဝ၂ မှ လက်နက်ငယ် ၂ဝ ချက် မိုးပေါ်ထောင်၍ ပစ်ခတ်သော်လည်း လုံးဝရပ်တန့်မှု မရှိသည့်အပြင် အတင်းတိုးဝင် သဖြင့် ထပ်မံပစ်ခတ်ရာမှ အရပ်သား၃ဦး ထိမှန်သေဆုံးးခဲ့။

၁၆း၁၅) ချိန် တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဝေဇယန္တာပရိယတ္တိ စာသင်တိုက်အနီး ဝေဇယန္တာနှင့် သစ္စာလမ်းဆုံရာတွင် ဆန္ဒပြဆူပူလှုပ်ရှားသူ လူထုအင်အား(၂ဝဝဝဝ) ခန့်သည် ဆန္ဒပြနေစဉ် ရတခမရ ၇ဝ၂ စက ၁ နှင့် ခွဲ၂ခွဲ၊ မနရတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စွမ်းအားရှင်အဖွဲ့တို့မှ ပိတ်ဆို့ တားဆီးခဲ့။ မြောက်ပိုင်းခရိုင် ခယကဥက္ကဌ ဦးစီးအဖွဲ့မှ အသံချဲ့စက်ဖြင့် လူစုခွဲရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ဆန္ဒပြ အဖွဲ့သည် လူစုခွဲခြင်းမရှိပဲ မိမိလခရတပ်ဖွဲ့ဝင်များအား ခဲ၊တုတ်၊များဖြင့် ပစ်ခတ်ပြီး လူအင်အားဖြင့် ဝင်ရောက်လုံးထွေး ရန်ကြိုးပမ်းစဉ် စွမ်းအားရှင်များမှ ပြန်လည်ရိုက်နှက် လူစုခွဲ ထိန်းသိမ်းရာမှ ဆန္ဒပြသူ ၁ ဦး သေဆုံးသွားခဲ့။

ဆေးရုံသို့ ရောက်ရှိသည့် သေဆုံးထိခိုက်ဒဏ်ရာ ရရှိသူစာရင်း

(က) အမျိုးသား ၁ဦး (၃ဝ) နှစ်ခန့် (အမည်၊ အဘ၊ နေရပ် စိစစ်ဆဲ) ဆီးခုံ အထက်ဖောက်ဝင် ၁ချက်၊သေဆုံး။

(ခ) ဒေါ်ဖြူဖြူဝင်း (၄၅) နှစ် ၊ အဘ(စီစစ်ဆဲ) ၊အမှတ် ၁၉ ကျောင်းလမ်း၊ ရွှေပြည်သာ မြို့နယ် နေသူမှာ ဝဲလက်ဖျံစုတ်ပြဲ၊ ဝဲနို့အုံ စုတ်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိ။

(ဂ) ဝင်းထွန်း ၂၇ နှစ် ၊ (ဘ) ဦးထွန်းမြင့် အမှတ် (၂ဝ၁) အခန်း ၃၁ဝ ။ဘုရားလမ်း ကမာရွတ်မြို့နယ်၊ နေသူ မှာ ညာတင်ပဆုံ ပေါက်ပြဲဒဏ်ရာ၁ချက် ။ (မစိုးရိမ်ရ) ရရှိ။

(ဃ) ဟန်လင်းထွန်း ၊ ၂၅ နှစ် ၊ (ဘ) ဦးလှထွန်း၊အမှတ် ၃၅၉ ။ အနော်မာလမ်း ၉၃ ရပ်ကွက် ဒဂုံ ဆိပ်ကမ်းမြို့ နယ် နေသူမှာ ယာပေါင်ပေါက်ပြဲဒဏ်ရာ၂ချက်။ (မစိုးရိမ်ရ) ရရှိ။



စက်တင်ဘာ၂၉ရက် (၁၄းဝ) ချိန်တွင် လမ်းမတော်မြို့နယ်မှ စွမ်းအားရှင်များ တင်ဆောင်လာသော ယာဉ်အမှတ် ၆က /၉၆၆၂ (ဒိုင်နာဖြူငှား) ယာဉ်အား လသာမြို့နယ် အနော်ရထာလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းဆုံတွင် လူ၃ဝဦးခန့်တို့မှ ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ အောက်ဖော်ပြပါ အတိုင်း ထိခိုက်ဒဏ်ရာရ ရှိခဲ့။

(က) ဆွေအောင်၂ဝနှစ်။(ဘ)ဦးမောင်လှအမှတ်၄၄။၇လမ်း၊၃ရပ်ကွက် လမ်းမတော်မြို့ နယ်နေသူမှာ အပေါ် နုတ်ခမ်း ပေါက်ပြဲဒဏ်ရာရ

(ခ) နော်ထွန်း၂၁နှစ်၊(ဘ) ဦးကျော်မြင့်၊ အမှတ်(မရှိ) ရေစက်ဝင်း လမ်းသစ်ရိပ်သာ ၁၁ ရပ်ကွက် လမ်းမတော် မြို့နယ် နေသူမှာ ယာနားနောက် ဖူးရောင်နာကျင်ဒဏ်ရာရ။



၁။ ၂ဝဝ၇ စက်တင်ဘာ ၃ဝရက် (၁၅း၃၅) ချိန်တွင် အင်းစိန် GTC ထိန်းသိမ်းရေးစခန်း၌ အောင်ကျော်ဦး ၄၂နှစ် (ဘ) ဦးစိုးမြင့်၊ အမှတ်(၃၈၅) မြောင်းမြလမ်း (၁ဝ) ရပ်ကွက်၊ ရွေပြည်သာ နေသူသည် စိတ္တဇ ရောဂါနှင့် ဝက်ရူးပြန်ရောဂါတို့ဖြင့် ရုတ်တရက် သေဆုံးသွားခဲ့ပါသည် ။



၂ဝဝ၇ စက် ၃ဝဝ၆ဝဝချိန်တွင် သက်နိုင်ဦး ၃ဝနှစ် (ဘ) ဦးအုန်းမြင့် တိုက် ၄ အခန်း (ဝဝ၂) ယုဇနမြို့တော်(ABlock)တွင် နေထိုင်သူ စက်၂၉၁၂ဝဝချိန် အနော်ရထာလမ်းနှင့် ဆူးလေမီးပွိုင့်၌ ဖမ်းဆီးရမိသူသည် ကျိုက္ကဆံ ယာယီထိန်းသိမ်းရေး စခန်းတွင် အိပ်ရာထရန် နိုးစဉ် ပြင်ပဒဏ်ရာမရှိဘဲ သေဆုးုံလျက်ရှိ။ ၂ဝဝ၇ စက်တင်ဘာ ၃ဝရက် (၁၅း၃၅) ချိန်တွင် အင်းစိန် GTC ထိန်းသိမ်းရေးစခန်း၌ ဦးသန်းအောင် ၄၃နှစ်(ဘ) ဦးတင်မောင်အေး အမှတ်၉၂၈ အင်းဝလမ်း ၆ရပ်ကွက် တောင်ဥက္ကလာပမြို့နယ် နေသူသည် စိတ်ဝေဒနာ လက္ခဏာပြင်းထန်စွာ ဖြစ်ပေါ်နေသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် (ဝ၈းဝဝ) ချိန်တွင် လမ်း၌ သေဆုံးသွားခဲ့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေငြာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီများအားစည်းရုံးလှုပ်ရှားခွင်ပြုရေး ကို ယနေ့ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဖိုင်ရယူရန်

Nld Statement

ဘ၀ရဲ့တိုက်ပွဲ

ဘ၀ရဲ့တိုက်ပွဲ
ကမ္ဘာမြေကြီးမှာနေထိုင်ကြတဲ့
ငါတို့တတွေဟာ
ယုံကြည်ကိုးကွယ်ရာမတူ
ဘာသာအသီးသီးကမွေးဖွားလာကြတဲ့
လောကီသားတွေပဲဖြစ်ကြတယ့့်  ။
ဘုရားသခင်ကိုမှန်းပြီးတော့
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ပေါ့
လောကကြီးမှာပြဿနာတွေအေးချမ်းပြီး
အားလုံးပဲငြိမ်းချမ်းစွာနဲ့
နေထိုင်ကြရမှာအမှန့့်  ။
ဘ၀တခုရဲ့ပြဿနာများစွာကို
တည်ငြိမ်စွာနဲ့အဖြေရှာကြည့်တော့
ကံဆိုတာလူလုပ်သမျှပဲဆိုတဲ့
အဖြေတခုကိုပဲ ရခဲ့သကွဲ့
တခါတလေမှာလည်းပဲ
ဆိုးဝါးလှတဲ့ဘ၀ရဲ့ကံတရားတွေကို
နတ်မိစ္ဆာတွေကတောင်ပြုစားထားသလားလို့
အရိုင်းစိတ်တွေဝင်ကာတွေးထင်မိရဲ့  ။
စေ့စေ့တွေးကာဘ၀တခုကိုရှေ့ဆက်ဖို့
ကံဆိုတာလူလုပ်သမျှဆိုတာကိုပဲ
ပြန်ကောက်ကာဘ၀တခုကိုတည်ထောင်ဖို့
လက်တွေကျတဲ့အတွေးအခေါ်တွေကို
လုပ်ရပ်တွေနဲ့ပေါင်းစပ်ပါလို့
အများတကာနဲ့တန်းတူနေနိုင်ကာ
လူ့အခွင့်အရေးတွေအပြည့်အ၀ရှိမယ့်
ဒီမိုကရေစီဆိုတဲ့
ဘ၀တိုက်ပွဲဆီကိုပဲ ဆက်ချီတက်ရမှာပဲ့  ။
ဇာနည်မောင်

သန်းရွှေနုင့်အဖွဲ့သို့အသိပေးခြင်း

ဖိုင်ရယူရန်


to SPDC

8September ဒိုင်ယာရီ

ဖိုင်ရယူရန်


8 September News

ထထကြွကြွနှင့် ပြိုင်တူဝိုင်းကြပါစို့


NEJ / ၇ စက်တင်ဘာ ၂၀၀၉

၁၉၈၉ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ ထိုစဉ်က န၀တစစ်အုပ်စုနှင့် ပထမဆုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ (မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု - MNDAA) နှင့် နအဖတပ်ဖွဲ့တို့အကြား သြဂုတ်လ (၂၇) ရက်မှ (၂၉) ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသတွင်းမှ စစ်ပြေးဒုက္ခသည် သုံးသောင်းငါးထောင် ကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ကိုးကန့်တပ်ဖွဲ့ဝင် (၁,၀၀၀) ခန့် တရုတ်ပြည်ဘက်သို့ ၀င်ရောက်ကာ တရုတ်အာဏာပိုင်များထံ လက်နက်ချအညံ့ခံခဲ့ကြသည်။

တနည်းအားဖြင့် အနှစ် (၂၀) ကျော် ကြာမြင့်ပြီးနောက် နအဖစစ်အုပ်စု၏ လက်ကိုင်တုတ်တပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား ပထမဆုံးအကြိမ် ကျည်စပေါက်ခဲ့ခြင်းဖြစ်သည်။ ကိုးကန့်ခေါင်းဆောင်များ၏ မူးယစ်ဆေးဝါးမှုနှင့် လက်နက်မှောင်ခိုမှုများကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း နအဖစစ်အုပ်စုဘက်မှ အကြောင်းပြသည်။

သို့သော် စစ်အုပ်စု၏ အကြောင်းပြချက်ကို နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် အတိုက်အခံအင်အားစုများက လက်ခံယုံကြည်ခြင်းမရှိပေ။ နအဖစစ်အုပ်စု ဖြစ်စေချင်သည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရေးကိစ္စကို ကိုးကန့်ခေါင်းဆောင်များက ငြင်းဆန်သဖြင့် တရုတ်နယ်စပ်တလျှောက်ရှိ အပစ်အခတ်ရပ်စဲရေး အဖွဲ့များအနက် အင်အားအနည်းဆုံးဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ကို အပြစ်ရှာပြီး ဗွေဆော်ဦး တိုက်ခိုက်ခြင်းဟုသာ လက်ခံယုံကြည်ကြသည်။

အနှစ် (၂၀) အတွင်း နအဖ လှမ်းခဲ့သည့် ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့်လည်း စစ်အုပ်စု၏ အကြောင်းပြချက် ခိုင်လုံခြင်းမရှိကြောင်း သိသာထင်ရှားနေသည်။ နအဖစစ်ခေါင်းဆောင်များသည် သူတို့စစ်အုပ်စုနှင့် အကျိုးစီးပွားတူလျှင် ကမ္ဘာက အလိုရှိနေသည့် ဘိန်းဘုရင် ခွန်ဆာကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင်လျှင် မိတ်ဆွေဖွဲ့ကာ ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့တွင် အေးအေးလူလူ ခေါင်းချခွင့်ပြုခဲ့သူများဖြစ်သည်။

ထို့အပြင် အနှစ် (၂၀) ကျော်ကြာ အပစ်အခတ်ရပ်စဲထားခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ခြင်းမျိုးမဟုတ်ဘဲ စစ်အုပ်စု၏ ယာယီအကျိုးစီးပွား (အဓိကအားဖြင့် စစ်မျက်နှာမများစေရေး) အတွက် စီးပွားရေးအရ အထူးအခွင့်အရေးပေး (၀ါ) လုပ်ချင်ရာလုပ်ခွင့်ပြုကာ မသိချင်ဟန်ဆောင်သည့်နည်းဖြင့် အပစ်အခတ်ရပ်စဲခဲ့ခြင်းဖြစ်သည်။

တနည်းအားဖြင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြောင့် ကြီးထွားလာသည့် ပြည်တွင်း/ပြည်ပဒီမိုကရေစီ အင်အားစုများအား နည်းမျိုးစုံဖြင့် ဖြိုခွဲရန်အတွက် အချိန်ယူချင်၍သာ အပစ်အခတ်ရပ်အဖွဲ့များနှင့် ယာယီငြိမ်းချမ်းရေး ရယူထားခဲ့ခြင်းမျိုးဖြစ်သည်။ ထို့အတွက် စစ်အုပ်စုသည် အပစ်ရပ်အဖွဲ့ခေါင်းဆောင်များကို စီးပွားရေးမက်လုံးများအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသများဖြင့်ပါ ဆွဲဆောင်စည်းရုံးခဲ့ရလေသည်။

သို့သော် နအဖစစ်ခေါင်းဆောင်များသည် လိုတမျိုး မလိုတမျိုး စိတ်သဘောထားမမှန် ဖောက်လွဲဖောက်ပြန် ပြုမူတတ်သည့် တပ်မတော်သားအယောင်ဆောင် လူလိမ်လူညစ် အာဏာရူးများသာဖြစ်ကြောင်း အနှစ် (၂၀) သာဓကများက တစတစ ထင်ရှားလာစေခဲ့သည်။ အကျိုးစီးပွားတူလျှင် ဘိန်းဘုရင်ပင်ဖြစ်သော်ငြား လည်ပင်းဖက်ပေါင်းသင်းခဲ့သော်လည်း အကျိုးစီးပွားမတူညီလျှင် (သို့မဟုတ်) မတူညီတော့သည့်အချိန်ရောက်လျှင် ပြိုင်ဘက်မှန်သမျှကို ကလိန်ကကျစ် ဉာဏ်နီဉာဏ်နက် နည်းမျိုးစုံသုံး၍ ဖယ်ရှားဖြိုခွင်းလေ့ရှိသည့် လူ့အောက်တန်းစားများဖြစ်ကြောင်း ကြာလေလေ ထင်ရှားလေလေဖြစ်၏။

အာဏာရှင်စစ်အုပ်စုသည် အနှစ် (၂၀) ကာလအတွင်း သူတို့၏ ရာဇပလ္လင်ကို ထိပါးအောင်ပြုမည်ဟု ယူဆသည့် နိုင်ငံရေးသမား၊ ကျောင်းသား၊ ပြည်သူဆိုလျှင် ဘိန်း၊ ချဲဘောက်ချာများ ပစ်ကာ အမှုဆင်ဖမ်းဆီးခြင်းမျိုး ကလိန်ကကျစ် ပြုလုပ်တတ်၏။ သံဃာတော်များဆိုလျှင် အမျိုးသမီး ထမီပစ်ကာ အမှုဆင်ဖမ်းဆီးခြင်းမျိုး အောက်တန်းကျကျ ပြုမူတတ်၏။ မကြာသေးမီက ဆိုလျှင် နေအိမ်အကျုယ်ချုပ်ကျခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူတယောက်လုံး ပင်ပစ်၍ အမှုဆင်ကာ မျက်နှာပြောင်တိုက် ဖမ်းဆီးခဲ့၏။

ထိုကဲ့သို့သော အမှုဆင်ဖမ်းဆီးမှုများအပြီးတွင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်အဖွဲ့ အသွင်ပြောင်းလဲရန် ငြင်းဆန်နေသည့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များထဲမှ ကိုးကန့်တပ်ဖွဲ့ကို မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှု ခေါင်းစဉ်တပ်ကာ အပြစ်ရှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပေ၏။ နဂိုကတည်းက ကိုးကန့်ခေါင်းဆောင်များ ဘိန်းလုပ်နေသည်ကို မသိချင်ဟန်ဆောင်ခဲ့သည့် နအဖစစ်ခေါင်းဆောင်များက သူတို့၏ အမိန့်ကိုမနာခံသည့် ယခုအချိန်ကျမှ မူးယစ်ဆေးဝါးမှုကို အကြောင်းပြလာသည်မှာ ရယ်သွမ်းသွေးဖွယ်ရာပင် ဖြစ်တော့၏။ (နအဖစစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ၏ ပြောပြချက်အရဆိုလျှင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ အလျှံအပယ်မထွက်ခင် ၁၉၉၃ ခုနှစ်အထိ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်နယ်စပ် အပစ်ရပ်ခေါင်းဆောင်များထံမှ ခွဲဝေရရှိသည့် မူးယစ်ဆေးဝါးရောင်းရငွေများအပေါ် မှီခိုခဲ့ရသည်ဟူ၏။)

ကိုးကန့်ခေါင်းဆောင်များ ကျူးလွန်သည်ဆိုသည့် မူးယစ်ဆေးဝါးပြဿနာများ အပါအ၀င် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအလုံးစုံသည် မြန်မာနိုင်ငံကို (၄၇) နှစ်ကျော်ကြာ စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့ခြင်းကြောင့် အမြစ်တွယ်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ရာ ပြဿနာအ၀၀ကို ချုပ်ငြိမ်းအောင် ဆောင်ရွက်လိုလျှင် ရှေးဦးစွာ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ဖို့လိုအပ်ပေသည်။ ထို့နောက်မှသာ ကျန်ပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် နည်းမှန်လမ်းမှန် စနစ်တကျ အချိန်ယူဖြေရှင်းရမည်ဖြစ်ပေသည်။

အဆိုပါပြဿနာအ၀၀ကို ဖန်းတီးခဲ့၊ ဖန်တီးနေဆဲဖြစ်သော နအဖစစ်အုပ်စုသည် အနှစ် (၂၀) အတွင်း အတိုက်အခံအင်အားစု အသီးသီး (တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ) အပေါ် ကလိန်အကျစ် ဉာဏ်နီဉာဏ်နက်မျိုးစုံဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးထိန်းသိမ်း တိုက်ခိုက်ခြင်းမျိုးအပြင် ပြည်သူကို ပြည်သူနှင့်၊ ကျောင်းသားကို ကျောင်းသားနှင့်၊ ကရင်ကို ကရင်နှင့်၊ ကိုးကန့်ကို ကိုးကန့်နှင့် အချင်းချင်း သပ်လျှိုသွေးခွဲကာ ဖြိုခွင်းသည့်နည်းကိုလည်း ကျင့်သုံးခဲ့ပေသည်။ မည်သို့ပင် ထောက်ချောက်ဆင် ဖမ်းဆီးဖမ်းဆီး၊ သွေးခွဲဖြိုခွင်းဖြိုခွင်းစေကာမူ တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် ပြဿနာများ သည် ပြေလည်လျော့ပါလာခြင်းမရှိဘဲ အလုံးစုံးပျက်သုဉ်းရမည့်ကိန်းသို့သာ တနေ့တခြား ဆိုက်ရောက်လာသည်ကို တွေ့နေရပေသည်။
ထိုသို့ တိုင်းပြည်ကို ချောက်ထဲသို့ တွန်းပို့နေသော ကောက်ကျစ်ယုတ်မာ ပက်စက်လှသည့် နအဖစစ်ခေါင်းဆောင်နှင့်တကွ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ရန်အလို့ငှာ စစ်အုပ်စုဆင်သည့် ထောင်ချောက်အတွင်းသို့ (ကိုးကန့်အရေးကို နမူနာယူကာ) တဦးချင်း၊ တဖွဲ့ချင်း သက်ဆင်းမခံဘဲ ပြည်သူလူထုတရပ်လုံးနှင့်အတူ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၊ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများအားလုံး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ချိန်ကကဲ့သို့ လက်ဦးမှုယူပြီး တချိန်တည်း တပြိုင်တည်း အုံကြွပေါက်ကွဲ တိုက်ခိုက်ကြဖို့ လိုအပ်ပါကြောင်း ခေတ်ပြိုင်က တပ်လှန့်နှိုးဆော်လိုက်ရပါ၏။

မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို အားပေးထောက်ခံကြ



(ဘာသာပြန်)
ဖိုးဇော်
၈ စက်တင်ဘာ ၂၀၀၉


ဒုတိယကမ္ဘာစစ်ကြီးရဲ့ ကြောက်မက်ဖွယ် အဖြစ်ဆိုးတွေက အကြမ်းဖက်မှုနဲ့ စစ်ဆိုရင် ဘယ်သောအခါမှ လက်သင့်မခံချင်တော့ လောက်အောင် လူ့အဖွဲ့အစည်းကြီးကို တုန်လှုပ်ချောက်ချားသွားစေခဲ့ပြီး ငြိမ်းချမ်းတဲ့ ခေတ်သစ်တခုကို အစပျိုးပေးခဲ့တယ်။ ဒါပေမယ့် နှိပ်စက်ညှဉ်းပန်းမှုနဲ့ ရာဇဝတ်မှုတွေကို ကျနော်တို့ အခုအချိန်အထိ အတောမသတ် မြင်တွေ့နေရဆဲပါ။ အချို့ဖြစ်ရပ်တွေမှာဆို လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ထိတောင် ဖြစ်ခဲ့ကြတာပါ။ ဒီလိုဖြစ်ရတာဟာလည်း ဒီရာဇဝတ်မှုတွေကို ကာကွယ်ဟန့်တားနိုင်စွမ်းရှိသူတွေက အနည်းအကျဉ်းလောက်သာ စွမ်းဆောင် ပေးနိုင်ခဲ့တာကြောင့် ဒါမှမဟုတ် ဘာတခုမှကို စွမ်းဆောင်မပေးခဲ့တာကြောင့်ပါ။

၁၉၇ဝ ပြည့်လွန်နှစ်တွေတုန်းက ကမ္ဘောဒီးယားမှာ “killing fields” လို့ခေါ်တဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ ၉၄ ခုနှစ်က ရဝမ်ဒါမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ ဒါဖာ (ဆူဒန်)၊ ဆိုမားလီးယားနဲ့ ကွန်ဂိုသမ္မတနိုင်ငံတွေမှာဆိုရင် အခုထိ ရက်စက်ကြမ်းကြုတ်မှုတွေ ပေါ်ပေါက်နေဆဲပဲ။ ဘုရားသခင်က လူသားတွေကို အသိဉာဏ်ပညာရှိသူတွေ၊ သနားညှာတာထောက်ထားတတ်သူတွေအဖြစ် ဖန်တီးပေးသနားခဲ့ပါလျက် တဦးအပေါ်တဦး လူမဆန်တဲ့ အရက်စက် အကြမ်းကြုတ်ဆုံး အပြုအမူတွေ ပြုမူနေကြဆဲပဲဆိုတာ ဒီနမူနာဖြစ်ရပ်တချို့က ကျနော်တို့ကို သတိပေးနေသလိုပါပဲ။

အကြမ်းဖက်မှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေ ထကြွပုန်ကန်ရတော့မယ့်အချိန် ကျရောက်နေပါပြီ။ သမိုင်းတလျှောက်မှာ အာဖရိက၊ အာရှနဲ့ ဥရောပတလွှားက ပြည်သူသန်းပေါင်းများစွာဟာ အာဏာရှင်တွေကို ဆန့်ကျင်အုံကြွ တွန်းလှန်ဖယ်ရှားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြပါပြီ။

ပြီးခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့မှာ ကျနော် မနီလာကို ရောက်ခဲ့တယ်။ အာရှတိုက်ရဲ့ သူရဲကောင်းတဦးဖြစ်တဲ့ ကိုရာဇွန်အကွီနိုကို ဂါရဝပြုဖို့ သွားရောက်ခဲ့တာပါ။ သူမဟာ ၁၉၈၆ ခုနှစ်တုန်းက အာဏာရှင်မားကို့(စ်)ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့တဲ့ “ပြည်သူ့အာဏာလှုပ်ရှားမှု” ကို ဦးဆောင်ခဲ့သူပါ။ ရိုးသားနှိမ့်ချတဲ့ သာမန်အိမ်ရှင်မဘဝကနေ နိုင်ငံတကာက အသိအမှတ်ပြု လေးစားခဲ့ရတဲ့ နိုင်ငံရေးသမားတယောက်လည်းဖြစ်၊ သူရဲကောင်းလည်းဖြစ်ခဲ့ရတဲ့ သူမကို ဖိလပ်ပိုင်ပြည်သူ သန်းပေါင်းများစွာတို့က နှုတ်ဆက်ဂါရဝပြုခဲ့ကြပါတယ်။

၁၉၉၈ ခုနှစ်မှာ အင်ဒိုနီးရှားကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတခုကြောင့် အာဏာရှင်ဆူဟာတို ပြုတ်ကျခဲ့ရတယ်။ ဒီဖြစ်ထွန်းမှုက ကျနော်တို့ တိုင်းပြည်လွတ်မြောက်ရေးကိုလည်း အထောက်အကူဖြစ်စေခဲ့တယ်။ ကနေ့ကာလမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ဟာ ဒေသတွင်းမှာ ဒီမိုကရေစီနဲ့ သည်းခံစိတ်ရှည်မှုတွေရဲ့ စံနမူနာကောင်းတွေပါပဲ။ ဒါပေမယ့် ဒါဟာလည်း ပြည့်စုံကုံလုံမှုတော့ မရှိသေးပါဘူး။ ကျနော်တို့ တီမောလိ(စ်)မှာ ဖြစ်ပျက်ကြုံတွေ့နေရသလိုမျိုးပေါ့။

အင်အားကြီးနိုင်ငံတချို့မှာလည်း ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောခဲ့ရတာ၊ နိုင်ငံတကာရဲ့ဖိအားကို မလွန်ဆန်နိုင်ခဲ့တာတွေ ရှိခဲ့တာပဲ။ ဆိုဗီယက်ပြည်ထောင်စုဟောင်းနဲ့ အသားအရောင်ခွဲခြားတဲ့ တောင်အာဖရိကအစိုးရရဲ့ အဖြစ်အပျက်တွေဟာ နမူနာဖြစ်ရပ်အချို့ပါပဲ။

လွန်ခဲ့တဲ့နှစ် (၅ဝ) လောက်ကတည်းက ပြောင်းလဲသွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကြီးမှာ ရှက်ရွံ့စရာ၊ စိတ်ကသိကအောက်ဖြစ်စရာ ပြယုဂ်တခုအနေနဲ့ အနည်းအကျဉ်းလောက်သာ ကျန်ရစ်နေတဲ့ အာဏာရှင်နိုင်ငံတွေထဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားဟာ အထင်အရှားဆုံးပါပဲ။ အရှေ့ဥရောပ၊ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကတလွှားမှာ အရည်အချင်း မပြည့်ဝမှု၊ မောက်မာမှုတွေနဲ့ အနိုင်ကျင့်စိုးမိုးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေထဲက အများစုကို အပြောင်းအလဲဆိုတဲ့ လေထုတွေက တိုက်ဖျက်ဖြိုလှဲခဲ့ကြပြီးပါပြီ။

အခုအချိန်ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ပိုမိုအားစိုက်လုပ်ဆောင်ဖို့၊ ပိုမိုဆန်းသစ်တီထွင်တဲ့ နည်းလမ်းတွေသုံးပြီး တိုက်ပွဲဝင်ကြဖို့ အချိန်ကျရောက်နေပါပြီ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ကုန်သွယ်ရေးနဲ့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေကို ကျနော်မလိုလားပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဒဏ်ခတ်အရေးယူမှုဟာ နိုင်ငံရေးအရ မှန်တယ်လို့ ပြောနိုင်သလို ကျနော်တို့အတွက်လည်း ဘဝင်ကျစရာဖြစ်ပေမယ့် အကြီးအကျယ် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်တော့ ဘူးလေရာ ဖရုံဆင့်ဆိုသလို ဖြစ်နိုင်လို့ပါပဲ။

ဒါပေမယ့် ဒေသတွင်းမှာရှိနေတဲ့ စစ်အစိုးရနဲ့ သူ့အပေါင်းအဖော်တွေ ပိုင်ဆိုင်တဲ့ ဓနဥစ္စာတွေအပေါ် ထိန်းချုပ်ကန့်သတ်တာ မျိုးကိုတော့ ကျနော် မဆန့်ကျင်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အစွန်းရောက် အကြမ်းဖက်အုပ်စုတွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေ ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေအပေါ် ထိန်းချုပ် ကန့်သတ်မှုတွေ လုပ်နိုင်တယ်ဆိုရင် အခုတတိုင်းပြည်လုံးကို ပြန်ပေးဆွဲသိမ်းပိုက်ထားပြီး အပြစ်မဲ့ပြည်သူတွေကို အစုအပြုံလိုက် သတ်ဖြတ် မုဒိမ်းကျင့်နေသူ တွေကိုလည်းပဲ ဦးတည်ချက်ထားပြီး အရေးယူဆောင်ရွက်ရေးဟာ ကိုယ်ကျင့်သိက္ခာပိုင်းအရရော၊ နိုင်ငံရေးအရပါ ထပ်တူထပ်မျှ လိုအပ်တယ်ဆိုတာကို နားလည်ခံယူထားရမှာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ နိုင်ငံရပ်ခြားဘဏ်တွေမှာ အပ်နှံထားရှိတဲ့ ငွေကြေးဥစ္စာတွေကို ထိန်းချုပ်ကန့်သတ်ဖို့ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် ဆုံးဖြတ်ချက်မျိုးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ဖို့ သေချာပေါက် မဖြစ်နိုင်တော့ဘူးဆိုရင် အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ အခြားသဘောထားကိုက်ညီတဲ့ နိုင်ငံတွေအနေနဲ့ အဲဒီလိုအရေးယူဆောင်ရွက်မှုမျိုးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်ဖို့လိုပါတယ်။

အင်တာပိုလို ရဲတပ်ဖွဲ့ဝင်တွေကိုလည်း စစ်အုပ်စုနဲ့ သူအပေါင်းအဖော်တွေက သူတို့ငွေကြေးဥစ္စာတွေကို ကမ္ဘာ့ဘယ်အရပ်၊ ဘယ်ဒေသမှာ ဘယ်လို ဘယ်လောက် မြှုပ်နှံထားရှိတယ်ဆိုတာကို လက်ခံထားရှိတဲ့ ဘဏ်အမည်စာရင်းတွေနဲ့တကွ စုံစမ်းဖော်ထုတ်ပေးဖို့ ညွှန်ကြားထားရပါမယ်။ အကြမ်းဖက်အုပ်စုတွေကို ငွေကြေးခန်းခြောက်အောင် လုပ်တာမျိုး၊ ကြားကနေ ဖြတ်တောက်သိမ်းယူတာမျိုး စတဲ့နည်းလမ်းတွေသုံးပြီး မြန်မာစစ်အစိုးရကို အကြပ်ဆိုက်အောင်လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့စည်းစိမ်ဥစ္စာတွေကို အကာအကွယ်ပေးနေတဲ့ ဘယ်ငွေကြေးအဖွဲ့အစည်းကိုမဆို အရေးယူအပြစ်ပေးဖို့လည်း လိုပါတယ်။

အိုဘားမားအစိုးရအနေနဲ့ ကမ္ဘာကြီးအတွက် သစ်လွင်လတ်ဆတ်တဲ့ အနေအထားသစ်နဲ့ မျှော်လင့်ချက်သစ်တွေ ပေးစွမ်းဖို့ ကြိုးပမ်းနေတယ်။ ဒါ့အပြင် ကြောက်ရွံ့မှု၊ မောက်မာမှု၊ အရည်အချင်းမပြည့်ဝမှုတွေနဲ့ ကိုယ့်တွင်းကိုယ်တူးပြီး နစ်နေတဲ့ မြန်မာစစ်အစိုးရလို အစိုးရမျိုးတွေကို သိက္ခာရှိရှိ ပြန်ရုန်းထွက်လာနိုင်ပြီး ငြိမ်းချမ်းရေးသံလွင်ခက်ကို လှမ်းယူဆုပ်ကိုင်နိုင်ဖို့ အတွက် တွေ့ဆုံဆွေးနွေးရေး အခွင့်အလမ်းကို ကမ်းလှမ်းဖွင့်လှစ်ပေးခဲ့တယ်။ ဒါပေမယ့် စည်ပင်သာယာဝပြောခဲ့တဲ့ နိုင်ငံတနိုင်ငံကို အလွဲလွဲအမှားမှား စီမံခန့်ခွဲအုပ်ချုပ်ရင်း ဖျက်ဆီးခြေမွှခဲ့တဲ့ မြန်မာစစ်အာဏာပိုင်တွေကတော့ အိုဘားမားအစိုးရရဲ့ အကောင်းမြင်ဝါဒနဲ့ သင့်မြတ်ပြေလည်ရေးနည်းလမ်းကို အသုံးပြုချဉ်းကပ်ဆောင်ရွက်နေတာကို ပျော့ကွက်ဟာကွက်လို သဘောထားပြီး တလွဲတချော် တွေးထင်ယူဆနေပုံရပါတယ်။

မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ကုလသမဂ္ဂရဲ့ အခြားအေဂျင်စီတွေကရော အာဆီယံအဖွဲ့ကပါ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ ကျနော်အဆိုပြုချင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ သံရုံးထားရှိတယ်ဆိုရုံလောက် အငယ်တန်း သံအရာရှိတဦး လောက်သာထားရှိပြီး နိုင်ငံအားလုံးကနေ သံတမန်ဆက်ဆံမှုတွေကို အဆင့်လျှော့ချပစ်ရပါ့မယ်။ ထွက်ပြေးခိုလှုံချင်တဲ့ မြန်မာသံတမန်တွေကိုလည်း ခိုလှုံခွင့်ပေးသင့်ပါတယ်။ အလားတူပဲ မြန်မာနိုင်ငံက ထွက်ပြေးလွတ်မြောက်ချင်တဲ့ အရပ်ဘက်နဲ့ စစ်ဘက်က ပုဂ္ဂိုလ်တွေကိုလည်း ထောက်ခံအားပေးသင့်ပါတယ်။

စစ်အေးခေတ်ကာလတလျှောက်မှာ အမေရိကန်၊ ဥရောပနဲ့ ကနေဒါနိုင်ငံတွေဟာ အခုကွယ်ပျောက်သွားပြီဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဥရောပနိုင်ငံတွေက နိုင်ငံရေးဒုက္ခသည်တွေအတွက် ခိုလှုံစရာပေးခဲ့တယ်။ ဒါဆို မြန်မာအစိုးရနဲ့ သဘောထားကွဲသူတွေနဲ့ ထွက်ပြေးခိုလှုံလာသူတွေကိုရော ဘာကြောင့် ဒီလိုထောက်ခံအားပေးမှုမျိုး မပေးနိုင်ရမှာလဲ။

ဗွီအိုအေတို့ ဘီဘီစီတို့လို အဓိကအသံလွှင့်ဌာနတွေနဲ့ အခြားအသံလွှင့်ဌာနတွေအနေနဲ့လည်း သူတို့ရဲ့ မြန်မာပိုင်း အစီအစဉ်တွေကို သိသိသာသာ တိုးချဲ့ထုတ်လွှင့်သင့်တယ်။

မြန်မာနိုင်ငံ စစ်တပ်ထဲက အစိတ်အပိုင်း အတော်များများဟာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အတော် စိတ်မချမ်းမသာ ဖြစ်နေကြတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတုန်းက သူတို့ကိုးကွယ်ဆည်းကပ်ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ကိုယ်တိုင်ရိုက်နှက်သတ်ဖြတ်ဖို့ အမိန့်ပေးခံရတဲ့နောက်ပိုင်းမှာပါ။

တိုင်းပြည်နဲ့ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ် ကယ်တင်နိုင်ရေးအတွက် တပ်မတော်အရာရှိ အရာခံနဲ့ အကြပ်တပ်သားအားလုံးကို လှုံ့ဆော်စည်းရုံးဖို့အတွက် ဆက်သွယ်ပြန်ကြားရေးနည်းလမ်းပေါင်းစုံကို အသုံးပြုဖို့လိုပါလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကို လုယက်ဓားပြတိုက်ပြီး အစုံအပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အိုမင်းရွတ်တွပြီး လောက်တက်ခြစားနေကြတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုက မိမိတို့တိုင်းပြည်ကြီးကို ဘယ်ပုံဘယ်နည်း ဒုက္ခအန္တရာယ် ကျရောက်အောင် လုပ်နေကြပုံနဲ့ မိမိတို့တတွေ သိက္ခာကျဆင်းနေရပုံတွေကို အဲဒီတပ်ထဲကသူတွေသိအောင် စည်းရုံးပြောပြဖို့လိုတယ်။

မြန်မာ့တပ်မတော်က အရာရှိတွေနဲ့ အကြပ်တပ်သားတွေကို ဒီရာဇဝတ်မှုတွေမှာ ကြံရာပါလို ဖြစ်နေရတဲ့အကြောင်းနဲ့ သူတို့သေနတ်ပြောင်းဝတွေကို ကိုယ့်ပြည်သူတွေဘက် မလှည့်ကြဖို့နဲ့ အဲဒီအိုနာရွတ်တွပြီး၊ လောက်တက်ခြစားနေကြတဲ့ စစ်ဗိုလ်ချုပ်တွေကို ဆန့်ကျင်တော်လှန်ကြဖို့ လိုပြီဆိုတဲ့အကြောင်း ပြောဆိုနားချဖို့လိုပါတယ်။

ဂျာမဏီမှာ အနန္တတန်ခိုးရှင်လို့ ထင်မှတ်မှားလောက်အောင် တန်ခိုးထွားခဲ့တဲ့ အာဏာရှင်ဟစ်တလာကို ဖြုတ်ချဖယ်ရှားဖို့ ကြိုးပမ်းရာမှာ ဟစ်တလာစစ်တပ်က ထိပ်ပိုင်းအရာရှိတွေဟာ ကြီးမားတဲ့ ရဲစွမ်းသတ္တိနဲ့ မျိုးချစ်စိတ်ဓာတ်ကို ဖော်ထုတ်ပြသ ခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်က ပေါ်တူဂီမှာ ငြိမ်းချမ်းစွာဆင်နွှဲခဲ့တဲ့ ''ဇော်မွှားပန်း တော်လှန်ရေး'' ဆိုတာ ပေါ်ပေါက်ခဲ့တယ်။ အဲဒီတော်လှန်ရေးကြောင့် နှစ် (၅ဝ) ကြာစိုးမိုးခဲ့တဲ့ အာဏာရှင်ဆိုလက်ဇာကို ဖြုတ်ချနိုင်ခဲ့ပြီး ပေါ်တူဂီမှာ ဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်းနိုင်ခဲ့တယ်။ ဒါ့အပြင် ပင်လယ်ရပ်ခြားက ပေါ်တူဂီကိုလိုနီနိုင်ငံတွေကိုလည်း လွတ်လပ်ရေးရစေခဲ့တယ်။ အဲဒီတော်လှန်ရေးရဲ့ ဗိသုကာတွေကတော့ ပေါ်တူဂီစစ်တပ်က အရာရှိငယ်တွေပါပဲ။ ဒါကြောင့် မြန်မာ့တပ်မတော်အရာရှိငယ်တွေကိုလည်း သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ မျိုးချစ်စိတ်ဓာတ်ရှိမှုကို စံနမူနာပြတဲ့အနေနဲ့ မိမိတို့တိုင်းပြည်ကို ကယ်တင်ကြဖို့ လှုံ့ဆော်စည်းရုံးနိုင်ပါတယ်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ မြန်မာနိုင်ငံစီးပွားရေး ပြန်လည်နာလန်ထူရေးနဲ့ ငွေကြေးစနစ် ပြန်လည်ထူထောင်ရေးအတွက် လေ့လာစူးစမ်းမှုတွေပြုလုပ်ရေးနဲ့ စီမံကိန်းမူကြမ်းတရပ်ရေးဆွဲရေးကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးစတင်ဆောင်ရွက်ဖို့လိုပါတယ်။

လွတ်လပ်မှုတွေ ပြန်လည်ရရှိလာတဲ့အခါ ပြန်လည်ထူထောင်ရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုအတွက် လျှောက်လှမ်းရမယ့် ခရီးလမ်းဟာ အလွန်ကြမ်းတမ်းရှည်လျားနေဦးမှာပါ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုအက်ကြောင်းတွေနဲ့ အက်ရာကွဲရာ ဗရပွဖြစ်နေသလို လက်နက်ကိုင် ဘိန်းရာဇာတွေရဲ့ ဖိစီးနှိပ်စက်မှုကိုလည်း ခါးစည်းခံနေရတဲ့ တိုင်းပြည်တပြည်ပါ။

တိုင်းပြည်တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရေးမှာ စစ်တပ်ဟာ ပစ်ပယ်ရှောင်လွှဲလို့မရနိုင်တဲ့ အခန်းကဏ္ဍမှာ ဆက်လက်ရှိနေဦးမယ်ဆိုတာ ဘယ်လိုမှမငြင်းနိုင်တဲ့ အချက်ပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ နောင်ပေါ်ထွန်းလာမယ့် စစ်အရာရှိတွေအနေနဲ့ သူတို့မှာ တိုင်းပြည်ကို ကယ်တင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီး ကမ္ဘာမှာ မြန်မာအတွက် နေရာပြန်ရအောင် ဆောင်ရွက်သွားဖို့ သမိုင်းပေးတာဝန်တရပ် ရှိနေတယ်ဆိုတာ သိနားလည်ဖို့လိုပါတယ်။

ဒါပေမယ့် စစ်တပ်နဲ့ ရဲအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ခေတ်မီတိုးတက်အောင် လုပ်ရမှာဖြစ်ပါတယ်။ ဒီအတွက် မြန်မာ့အိမ်နီးချင်း တွေနဲ့ မိတ်ဆွေတွေက ကူညီပံ့ပိုးဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေရပါမယ်။

မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့အနှစ် (၂ဝ) ကျော်အတွင်း ဖြစ်ထွန်းမှုတွေကို စေ့ငုသုံးသပ်ကြည့်ပြီးတဲ့နောက် တဖန် ကိုယ့်ပြည်သူတွေအပေါ် ထိန်းထိန်းသိမ်းသိမ်း ညှာညှာတာတာ ဆက်ဆံပြုမူဖို့နဲ့ ပြဿနာရပ်တွေကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ စစ်အုပ်စုခေါင်းဆောင်တွေကို အကောင်းဘက်က ရှုမြင်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပြောဆိုစည်းရုံးမှုတွေ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ပေမယ့် အဲဒီကြိုးပမ်းအားထုတ်မှုတွေအားလုံး အရာမထင်ဖြစ်ခဲ့တာတွေကို တွေ့မြင်ခဲ့ရပြီးတဲ့နောက် ကျနော်ယုံကြည်မိတာကတော့ ကိုယ့်ပြည်သူတွေအပေါ် ဆင်နွှဲခဲ့တဲ့ စစ်ပွဲအတွက် စစ်ဗိုလ်ချုပ်တွေဘက်က တန်ဖိုးတစုံတရာ ပြန်လည်ပေးဆပ်ဖို့အတွက် အရေးယူဆောင်ရွက်မှုတွေ လက်တွေ့ကျကျ အရှိန်မြှင့်ဆောင်ရွက်သွားဖို့ လိုနေပြီဆိုတာပါပဲ။

သံခင်းတမန်ခင်းအတွက်တော့ တံခါးတွေ ဆက်ဖွင့်ထားရပါလိမ့်မယ်။ အကယ်၍သာ အသိတရားတွေဝင်လာပြီး စစ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အခြားနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်မယ်ဆိုရင် နိုင်ငံတကာမိသားစုကြီးရဲ့ အူလှိုက်သဲလှိုက် ချီးကျူးထောပနာပြုသံတွေကို သူတို့ကြားလာရမှာပါ။ ဒါ့အပြင် အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အခြားခေါင်းဆောင်တွေနဲ့ပါ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး အဲဒီကတဆင့် အပြုသဘောဆောင်တဲ့ နောက်ထပ်ခြေလှမ်းတရပ်ကို သူတို့ဆက်လှမ်းကြမယ်ဆိုရင် နိုင်ငံတကာမိသားစုကြီးက ခိုင်မာတဲ့ ထောက်ခံအားပေးမှုတွေ ချက်ချင်းလက်ငင်းပေးလာကြမှာပါ။

အကယ်၍သာ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲတွေပြုလုပ်ဖို့ သဘောတူညီချက်တရပ်ရရှိပြီး စစ်တပ်အနေနဲ့ ရွေးကောက်ပွဲရလဒ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံတကာက ဝိုင်းဝန်းထောက်ပံ့ဖို့ ကတိကဝတ်ပြုရေး ညီလာခံကြီးတရပ် ကျင်းပပြုလုပ်ရပါလိမ့်မယ်။ အဲဒီညီလာခံမှာ ကမ္ဘာ့မိသားစုအသိုင်းအဝိုင်းကြီးကနေ မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူနိုင်အောင် ကူညီထောက်ပံ့ဖို့အတွက် ကတိကဝတ်တွေ ပေးကြပါလိမ့်မယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေးအတွက် လျှောက်လှမ်းရမယ့်ခရီးလမ်းဟာ အလွန်ရှည်လျား ထွေးပြားနိုင်တယ်ဆိုတာကိုတော့ ကျနော်တို့ ကြိုတင်တွက်ဆထားရပါလိမ့်မယ်။

မှတ်ချက် ။ ။ ၂ဝဝ၉ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ထုတ် The Huffington Post သတင်းစာတွင် “In Support of the Struggle for Democracy in Burma” ခေါင်းစဉ်ဖြင့် အရှေ့တီမောသမ္မတ ရာမို့စ်ဟော်တာ ရေးသားခဲ့သည့် ဆောင်းပါးကို တိုက်ရိုက်ပြန်ဆိုထားခြင်းဖြစ်ပါသည်။

SOURCE