Monday, September 14, 2009

မြန်မာမှဘလော့ဂါများအီးမေးလ်ဖြင့်ပိုစ့်တင်နည်း

ပထမဆုံး Blog ကို Login ၀င်ဗျာ ...

ဝင်ပြီးရင် Posting, Setting, Layout တွေ့ရင် Setting ကို နှိပ်ဗျာ ...

နှိပ်ပြီးလို့ Basic, Publishing, ..., Email, OpenID, Permissions ဆိုတာတွေကို တွေ့ရင် Email
ကို နှိပ်ဗျာ ...

နှိပ်ပြီးရင် Mail-to-Blogger Address ဆိုတာတွေ့မယ်ဗျာ ...

သူ့ဘေးမှာ Username.Blank@blogger.com ဆိုတာတွေ့လိမ့်မယ်ဗျာ ...

Blank မှာ ကြိုက်တဲ့ စကားလုံးထည့်ဗျာ ... အဲ့စကားလုံးက Secret Word ပဲဗျာ ... ဘယ်သူမှ မသိ
စေနဲ့ ...

သိတော့ဘာဖြစ်လဲ ... သိတော့ ကိုယ့် Bolg ကိုသူများက ပိုစ့်တင်လို့ ရသွားရောဗျာ ...

Save Setting ကိုလည်းနှိပ် ဖို့ မမေ့နဲ့ဗျာ ...

ပြီးရင် Email ကိုဖွင့် ... To မှာစောစောက ကိုယ်ပေးထားတဲ့ Address (Username.SecretWord@blogger.com) ကိုထည့်ဗျာ ...

Subject မှာ Post Title ကိုထည့်ဗျာ ....

စာရေးတဲ့နေရာမှာ ကိုယ့်ထည့်ချင်တဲ့ ပိုစ့်ကို ရေးဗျာ ...

ပုံတွေ၊ ရုပ်ရှင်တွေ ထည့်ချင်ရင် ရိုးရိုး ပိုစ့်တင်တုန်းက အတိုင်းပဲ လင့်တွေထည့်ဗျာ ...

ပြီးရင် Send ကိုနှိပ်ဗျာ ...

ပြီးရင် Blog ကိုသွားကြည့်ဗျာ ...

ဒီမှာရယူသည်။


၂၀၁၀ ရွေးကောက်ပွဲသာလျှင် အသက်ကယ်ဆေး

ဖိုင်ရယူရန်

cow group

ဒီနေရာကရယူပါသည်

နှင်းမေအောင်(ခ)နိုဘယ်အေး

ဖိုင်ရယူရန်


nobel-aye
သတင်းထုတ်ပြန်ချက်

နေ့စွဲ။ ၁၄ စက်တင်ဘာ၊ ၂၀၀၉ ခုနှစ်

နိုင်ငံရေးအကျဉ်းသား မနှင်းမေအောင် (ခေါ်) နိုဘယ်အေး မုံရွာအကျဉ်းထောင်တွင်း တိုက်ပိတ်ခံရ

နအဖ စစ်အုပ်စု၏ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသော မနှင်းမေအောင်သည် မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့သည့် စနေနေ့က တိုက်ပိတ်ပြစ်ဒဏ် ပေးခံထားရကြောင်း ထောင်ဝင်စာသွားတွေ့သည့် အခြားမိသားစုမှတဆင့် ကြားသိရသည်။ မည်သည့်အတွက် တိုက်ပိတ်သည်ကိုမူ အသေးစိတ်မသိရှိရသေးပေ။

ယခု တိုက်ပိတ်ခံနေရချိန်တွင် နှင်းမေအောင်သည် အသည်းရောင်အသားဝါရောဂါကို ခံစားနေရပါသည်။

နှင်းမေအောင်သည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ တွင် ပထမအကြိမ် ဖမ်းဆီးခြင်း ခံရပြီး ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ တွင် ပြန်လည် လွတ်မြောက်လာသူတဦး ဖြစ်သည်။

ဆက်သွယ်ရန်-

ကိုတိတ်နိုင် +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁

ကိုဘိုကြည် + (၀) ၈၁ ၃၂၄ ၈၉၃၅



မနိုဘယ်အေး တိုက်ပိတ်ခံရ
Monday, 14 September 2009 18:13 အေးလဲ့

အသည်းရောဂါ ဝေဒနာ ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေး (ခေါ်) မနှင်းမေအောင်သည် မုံရွာ အကျဉ်းထောင်တွင် တိုက်ပိတ် ခံထားရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

မနိုဘယ်အေးအား မည်သည့်အတွက်ကြောင့် တိုက်ပိတ်ခံနေရခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။

AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က “ပြီးခဲ့တဲ့ ဇွန်လကလည်း နိုင်ငံရေးအကျဉ်းသား ၅ ဦးကို အင်းစိန်ထောင်မှာ အကြောင်းပြချက်မရှိဘဲ တိုက်ပိတ်ခဲ့တယ်၊ အခုလည်း ဘာအကြောင်းပြချက်မှ မပေးဘဲ တိုက်ပိတ်ထားတယ်လို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။

မနိုဘယ်အေးသည် အသည်းရောင်အသားဝါ ရောဂါ ဝေဒနာကို အင်းစိန်ထောင်တွင် ရှိကတည်းက ခံစား နေခဲ့ရပြီး ယခု မုံရွာထောင်တွင် သူ၏ရောဂါဝေဒါနာ ပိုမိုခံစားနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

မနိုဘယ်အေး၏ မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းက သမီးဖြစ်သူ၏ မည်သည့်သတင်းကိုမှ ယခုထိ မကြားသိ ရသေးဟုဆိုသည်။ ၎င်းအနေနှင့် လာမည့် ၁၆ ရက်နေ့တွင်မှ မနိုဘယ်အေးကို ထောင်ဝင်စာ သွား တွေ့ရမည်ဖြစ်ကြောင်း ပြောသည်။

၈၈ မျိုးဆက်သစ် ကျောင်းသား အဖွဲ့ဝင် တဦးလည်း ဖြစ်သည့် မနိုဘယ်အေးသည် ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း လောင်စာဆီဈေးနှုန်း ရုတ်တရက်မြင့်တက်ခဲ့မှုနှင့် ပတ်သက်ပြီး ဆန္ဒပြရာတွင် ပါဝင်ခဲ့မူကြောင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားခဲ့ရသည်။ ထို့မှ တဆင့် ဖေဖော်ဝါရီလတွင် မုံရွာထောင်သို့ ပို့ဆောင် ခံခဲ့ရသည်။

မနိုဘယ်အေးသည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ တွင် ပထမအကြိမ် ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၂၀၀၅ ခုနှစ် ဇူလိုင် တွင် ပြန်လည် လွတ်မြောက်လာခဲ့ကာ ၂၀၀၇ သြဂုတ်လတွင် ပြန်လည် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဇွန်လ အစောပိုင်းက အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၅ ဦးသည် “စစ်ခွေးတိုက်” ဟု ခေါ်သည့် အလုံပိတ် တိုက်ခန်းများ အတွင်းတွင် တလကြာ ပိတ်လှောင် ခံထားရပြီး မိသားစုနှင့်လည်း အဆက် အသွယ် မရရှိကြကြောင်း AAPP က သတင်းထုတ်ပြန်ခဲ့သေးသည်။

ဥက္ကဌမင်းစားပွဲပေါ်က ကြွက်မြီးများ


နာဂစ်ဝင်မွှေသွားတော့ အခြားသတ္တဝါတွေလိုပဲ ဒုက္ခရောက်သွားတာက မြွေတွေပါ။ မြွေဆိုတာနဲ့ ကြောက်ရွံ့ ရွံရှာတဲ့စိတ်နဲ့ အလန့်တကြား ဟာ ...မြွေတွေပဲ ဒုက္ခရောက်ပါစေ သေကုန်ရင် ပိုကောင်းတာပေါ့လို့ အလွယ်မပြောလိုက်ကြပါနဲ့ဦးခင်ဗျ၊ တကယ်တော့ အဲဒီမြွေတွေဟာ လယ်သမားကြီးတွေအတွက် အန္တရာယ်ရှိတဲ့ မိတ်ဆွေကြီးတွေပါဗျာ။

သိကြတဲ့အတိုင်း ကြွက်ဆိုတာက အင်မတန်လူကိုဒုက္ခပေးတတ်တဲ့သတ္တဝါပါ၊ အထူးသဖြင့် လယ်ကွင်းထဲက စပါးပင်တွေကို ကိုက်လှဲဖျက်ဆီးပြီး၊ စပါးနှံတွေကို စားသောက်ပစ်တတ်တာက အဆိုးဆုံးပေါ့။ ဒီကြွက်ပြဿနာကို လယ်သမားကြီးတွေဝန်ပေါ့ရအောင် တဖက်တလမ်းတာဝန်ယူပြီး ဖြေရှင်းပေးတာက လူတွေကြောက်တဲ့ မြွေတွေပါပဲ၊ မြွေတွေဟာ ကြွက်သားကြိုက်တယ်လေ။

နာဂစ်ကြီးဝင်လာတော့ ကြွက်တွေရော မြွေတွေပါ အဲဒီဒေသမှာ အတော်သေကုန်ပါတယ်၊ ဒါပေမဲ့ ပြဿနာအသစ်က မြွေနဲ့ ကြွက်ရဲ့မွေးဖွားနုန်းမတူညီတာပဲတဲ့။ သားပေါက်နုန်းမြင့်တဲ့ ကြွက်တွေဟာ နာဂစ်ဖြစ်ပြီး တနှစ်ကျော်လာတဲ့အခါ အများကြီးပြန်ဖြစ်နေပေမဲ့ မြွေတွေက ကြွက်တွေလောက်သားပေါက်နုန်း မကောင်းတော့ ကြွက်တွေအရမ်းပေါနေပြီး မြွေတွေကအရမ်းနည်းနေတယ်၊ ဒီတော့ လယ်သမားတွေရဲ့ ခက်ခက်ခဲခဲ ပြန်စိုက်ထားရတဲ့ စပါးပင်တွေကို မောင်မင်းကြီးသား ကြွက်တွေက အားရပါးရဒုက္ခပေးကြတော့တာပေါ့။

အခုဆို လက်ပွတ္တာ ဘိုကလေး ဘက်မှာ ဒီလိုကြွက်တွေ ဒုက္ခပေးတဲ့ဒဏ်ကို ကောင်းကောင်းကြီးခံနေရပါသတဲ့။ ပြီးတော့ အရင်က အဲဒီနယ်တွေမှာ ကြွက်ကုလားဆိုတဲ့ နှာခေါင်းတို လက်ဖြူကြွက်အမျိုးစားနဲ့ လယ်ကြွက်ဆိုတဲ့ နှာခေါင်းရှည် လက်မဲ ကြွက်အမျိုးစားသာ ရှိပေမဲ့ အခုတွေ့နေရတဲ့ ကြွက်တွေက အကောင်ကြီးပြီး အမွေးနီကြမ်းတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ အတွေ့များတဲ့ကြွက်မျိုးတွေတဲ့။ မုန်တိုင်းကြွက်တွေပေါ့။

ဒီပြဿနာကို ဖြေရှင်းဖို့ ဒေသခံအာဏာပိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယရဲ့ ကြွက်နှိမ်နင်းရေး နမူနာကိုယူပြီး တအိမ်ထောင်လျှင် တနေ့ကိုကြွက်မြီး၁ဝချောင်း သက်ဆိုင်ရာ ရ-ယ-က ရုံးတွေမှာ အပ်နှံရမယ်လို့ အမိန့်ချမှတ်ထားပါသတဲ့ (ဟိုနိုင်ငံတွေမှာက အစိုးရက တကောင်ဘယ်လောက်ဆိုပြီး ငွေကြေးနဲ့ ဝယ်ယူပါတယ်၊ ကျွန်တော်တို့ဆီမှာကတော့ ....အင်း)

ဒီအမိန့်ချထားတော့ ဒေသခံတွေဟာ ဥပဒေကိုလေးစားသူများပီပီ တအိမ်ထောင် တနေ့ကြွက်မြီး ၁ဝချောင်း ရ-ယ-က ရုံးကိုသွားပို့ပေးရတာပေါ့။ ဒါပေမဲ့ ကြွက်ဖမ်းတယ်ဆိုတာက မာလကာသီးခူးသလို လွယ်တာမျိုးမှမဟုတ်တာ၊ ဒီတော့ ဈေးရောင်းစား ဆံပင်ညှပ်စားတဲ့ သူတွေရဲ့ အိမ်ထောင်စုဆို ကြွက်၁ဝကောင် ဖမ်းဖို့မလွယ်ဖူးပေါ့၊ ဒါနဲ့ အဖမ်းကျွမ်းတဲ့သူဆီက ကြွက်တမြီး ၂ဝဝကျပ်နဲ့ဝယ်ပြီး ရ-ယ-က ရုံးကိုသွားပေးရတာလဲရှိသတဲ့။ အဲ ..တချို့ နပ်တဲ့သူတွေကြတော့ အလိုက်တသိနဲ့ ရ-ယ-က ရုံးကို ငွေသွားသွင်းလိုက်ကြတာပဲ၊ အားလုံးအဆင်ပြေ လောကငြိမ်းချမ်းပေါ့။

သတင်းအရင်းအမြစ်က ဘီဘီစီကပါ။

မူဆယ် တဖက်ကမ်း ဂျယ်ဂေါင်မြို့မှာတွေ့ခဲ့တဲ့ မြန်မာပြည်သွားမယ့် တရုတ်BUSလေးတွေပါ



မူဆယ် တဖက်ကမ်း ဂျယ်ဂေါင်မြို့မှာတွေ့ခဲ့တဲ့ မြန်မာပြည်သွားမယ့် တရုတ်ဘတ်စ်လေးတွေပါ ..... အားလုံး ၁၁ စီးတွေ့ရပါတယ် ......

14September ဒိုင်ယာရီ

ဖိုင်ရယူရန်


14 September News

''ငချစ်ညို'' တို့ အမေ


မင်းဒင်
တနင်္လာနေ့၊ စက်တင်ဘာလ 14 ရက် 2009 ခုနှစ် 19 နာရီ 09 မိနစ်

''ငချစ်ညို'' တို့ အမေ

ကျနော်ကြည့်ခဲ့ဖူးသမျှ ရုပ်သံဇာတ်လမ်းတို့တွင် ပါဝင်ကြသော ဇာတ်ကောင်များအနက် ''ကြိုင်ဝင်းရီ'' ကို ကျနော့် စိတ်မှာ မှတ်မှတ်ထင်ထင် ရှိနေခဲ့သည်။

ကြိုင်ဝင်းရီကား မြန်မာ့အသံမှ ထုတ်လွှင်ခဲ့သည့် ''ပြည်သူ့တရားရှင် ဇာတ်လမ်းတွဲ'' တခုတွင် ပါဝင်သော ဇာတ်ကောင်ဖြစ်သည်။ ကြိုင်ဝင်းရီသည် ရက်စက်ယုတ်မာရာတွင် ပြိုင်စံရှားစာရင်းဝင်သည်။ မုဒိန်းကျင့်သည်။ လူသတ်သည်။ မတရားမှုမှန်သမျှ အကုန်လုပ်သည်။ ကောက်ကျစ်သော နည်းလမ်းမှန်သမျှ အကုန်သုံးသည်။ နောက်ဆုံး သူ့ကောင်းစားရေးအတွက် အဖေအရင်းကိုပင် စတေးခဲ့သည်။

ကြိုင်ဝင်းရီ လှည့်ကွက်၊ လိမ်လည်လှည့်ဖြားချက်တို့မှာ ပြည်သူ့တရားရှင် ''ပေါင်ချိန်''ပင် လက်မြှောက်အရှုံးပေးရသည်။ ဇာတ်လမ်းအဆုံး မိုးကြိုးပစ်မှ ကြိုင်ဝင်းရီ ဇာတ်သိမ်းသည်။

********
လူထုကြိုက်ပါတီက အပြတ်အသတ် အနိုင်ရခဲ့သော ရွေးကောက်ပွဲမှာ အာဏာလွှဲရန်မဟုတ်ဘဲ လွှတ်တော်ခေါ်ယူရန် ဖြစ်သည်ဟု မြန်မာအစိုးရမင်းများက ဆိုခဲ့ပြန်ပါသည်။ လွှတ်တော်ခေါ်ယူနိုင်ရန်အတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့ရာ ဆယ်နှစ်ကျော် ကြာမြင့်ပါသည်။ အတိုက်အခံခေါင်းဆောင်ကို လက်စတုံး အပြီးအပြတ်ရှင်းရန် ဒီပဲယင်းတွင် ကြံစည်ရာ မအောင်သည့်အဆုံးတွင် နိုင်ငံတော် လုံခြုံရေးအတွက်ဆိုကာ ၁၄ မိုး နီးပါး နေအိမ်တွင် အကျယ်ချုပ်ထားရှိသည်။

အာဏာတည်မြဲရေးအတွက် စိုးရိမ်သည်ဟု ယူဆရသည့် ၈၈ မျိုးဆက်တို့ကို ထောင်ဒဏ် ၆၅ နှစ်အထိ ချသည်။ ဗိုလ်ချုပ်ဆေထင်၊ ဦးခွန်ထွန်းဦးအပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တို့လည်း အနှစ် ၁ဝဝ နီးပါး ထောင်ဒဏ်တွေ တသီကြီးနှင့် ထောင်တွင်းမှာပင် ရှိနေသည်။ မြန်မာ့အရေး လှုပ်ရှားသူမှန်သမျှအတွက် ထောင်တံခါးအားလုံးကို အသင့်ဖွင့်ထားသည်။ လူထုကား ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်၊ ဖွတ်ဘိုးအေ ဘဝမှာပင် ကူကယ်သူဝေးနေဆဲ။

မြန်မာအစိုးရမင်းများ၏ ခြေလှမ်းနှင့် ပြုမူဆောင်ရွက်တို့ကို မြင်ရတိုင်း ကျနော် ''ကြိုင်ဝင်းရီ'' ကို သတိရမိသည်။

********
ဤရက်ပိုင်းမှာပင် ငချစ်ညိုတို့အမေ ဒေါ်ဇံကလားကို ဆရာ အိုးဝေညိုမြ၏ ကုန်းဘောင်ရှာပုံတော်မှာ အမှတ်မထင် တွေ့ရသည်။

********
ဦးချစ်ညိုကား မြင်းစီး၊ လှံထိုး၊ ကြိုးပစ် စသော သူရဲကောင်းအတတ်တို့၌ ကျွမ်းကျင်၏။ သူ့မိခင် ဒေါ်ဇံကလားက (ငါ့သား .. မင်းဖြစ်လိုလျှင် မုဆိုးဘိုသား အောင်ဇေယျကို ဦးစွာသုတ်သင်ရမည်။ အောင်ဇေယျကား ကိန်းခန်းကြီးလှသည်။ အောင်ဇေယျကို စောစောကပင် မသုတ်သင်နိုင်သော်၊ သင့်အဖို့ အခက်ကြုံချိမ့်မည်။ သူ့ကို မရလျှင် အင်းဝသို့ဝင်၍ ကျွန်ခံလေ) ဟုဆို၏။

ဒေါ်ဇံကလားကား ဗေဒင်အခါပေးကောင်း၍ တနေ့သ၌ (ယနေ့သည် အခါကောင်းသော နေ့ဖြစ်၍ မုဆိုးဘိုသားကို အဖမ်းအယူထွက်လော့) ဟု ဆို၏။

********
ထိုနေ့၌ပင် ဦးအောင်ဇေယျလည်း ဦးချစ်ညိုကို ဖြားယောင်းသွေးဆောင် သိမ်းသွင်းရန် မြင်းစီး၍ ခင်ဦီးမြို့ဆီသို့ ထွက်ခဲ့၏။ ဦးချစ်ညိုက စစ်မှုစစ်ရေးကျွမ်းကျင်၍ ဗိုလ်ခြေတသိန်းသော်လည်း တယောက်နှင့် ခံနိုင်သူဟု ယူဆသဖြင့် အသာတကြည် ဆွေးနွေးစည်းရုံးလိုလေသည်။

လမ်းတွင် သူတို့နှစ်ဦး ရင်ဆိုင်မိရာ ဦးချစ်ညိုက ကြိုးကွင်းပစ်ကာ ဦးအောင်ဇေယျ၏ လည်ပင်းကို ရစ်ပတ်လေသည်။ ထိုသို့ ရစ်ပတ်ဆွဲငင်ရာတွင် ဦးအောင်ဇေယျနှင့်တကွ မြင်းလည်း လဲလေသည်။ ဦးအောင်ဇေယျသည် လဲရာမှထ၍ ကြိုးကို ဓားနှင့်ဖြတ်နေခိုက် ဦးချစ်ညိုက လှံနှင့်ပစ်သည်။ ဦးအောင်ဇေယျက ဓားနှင့် ကာသဖြင့် လွဲလေသည်။

ဦးချစ်ညို၏ညီ ဦးချစ်မြက အကိုဘက်မှ ကူညီရန် လိုက်လာ၏။ သို့သော် ထန်းပင်ထက်မှ ထန်းသမားက (တဦးချင်း ရန်ဖြစ်နေသည်ကို ဘာလို့ ကူညီရမည်လဲ) ဆိုကာ ထန်းပင်မှ ဆင်း၍ ချစ်မြ၏ လည်ပင်းကို ညှစ်၏။ ဤတွင် ချစ်မြက (ကယ်ပါ) ဟု အော်သည်ကို သူ့အကို ဦးချစ်ညို ကြားသော် ဦးအောင်ဇေယျကို လွှတ်ခဲ့၍ ညီနှင့် ထန်းသမားတို့ လုံးထွေးသတ်ပုတ်ရာသို့ ပြေးလာ၏။ သို့မှ ထန်းသမားလည်း ချစ်မြကို လွှတ်ကာ ပြေးလေသည်။ ဦးအောင်ဇေယျသည် တဦးနှင့် နှစ်ဦးဖြစ်၍ မြင်းစီးကာ အပြင်းဆုတ်ခွာလေသည်။

ခင်ဦးသို့ ဦးချစ်ညိုတို့ ညီအကို ရောက်သော် မိခင်က မေးသည်။

မိခင်။ ။ အောင်ခဲ့၏လော။
ချစ်ညို။ ။ ကျနော် အောင်ဇေယျနှင့် အထွေးထွေးရှိသည်တွင် ငချစ်မြသည် ထန်းသမားနှင့် အချင်းဖြစ်၍ ကူညီရန် သွားရပါသည်။ ထိုအတောအတွင်း အောင်ဇေယျက မြင်းစီးပြီး ခွာလေသောကြောင့် မအောင်မြင်လေ။
မိခင်။ ။ (ထမီကို ခါ၍) ဟယ် .. သားမောင် မှားပြီ။ ရှင်ဘုရင်လုပ်မည့်သူမှာ ညီဟူ၍ အမှတ်ထားရာ သလော။ ညီဆိုသည်မှာ ဟောဒီမိခင် ဝမ်းဗိုက်ရှိသမျှ ရနိုင်သည်။ (မူရင်းသတ်ပုံအတိုင်း)

********
ပရမတ္တမ အမြင်အရမူ လောကသည် အချည်းနှီးတည်းဟု ဆိုပါသော်ငြား ပညတ်ထဲက ခွဲမထွက်နိုင်လေသေးသော ကျနော့်စိတ်သည် ကုန်းဘောင်ခေတ်ဦးမှသည် မျက်မှောက်ခေတ်ဆီသို့ ရောက်လာပြန်ပါသည်။

အစိုးရမင်းများသည် သက္ကရာဇ် ၂ဝ၁ဝ တွင် ပါတီစုံဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဟု ဆိုပါသည်။ အပစ်ရပ်အဖွဲ့များအားလုံးကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် အားထုတ်နေလေရာ အများညီညီ၊ မညီညီ ''ဤ'' ကို ''ကျွဲ'' ဟု ဖတ်ခိုင်းရင်း ကိုယ့်ရှူးကိုယ်ပတ်လျက်ရှိပြီ။

ကနဦးမီးပွားမှာ လောက်ကိုင်နယ်မြေ ကိုးကန့်တပ်ဖွဲ့တွေက စသည်။ လက်နက်စက်ရုံ ထောင်ခြင်း၊ မူးယစ်ဆေးဝါး အကြီးအကျယ် ရောင်းဝယ်ဖောက်ကားခြင်းဟူသော စွဲချက်များဖြင့် တပ်ရင်း တပ်မ အင်အား အလုံးအရင်းနှင့် ဝင်တိုက်ရာ ဖုန်ကြားရှင် တောပုန်းဘဝ ပြန်ရောက်သွားသည်။

ဖုန်ကြားရှင်အဖြစ်ကို ကြည့်ကာ ကျန်အပစ်ရပ်များ မျက်ကလဲဆန်ပြာ ဖြစ်ကုန်သည်။ နောက်ထပ်ဖွင့်မည့် စစ်မျက်နှာသည် UWSA လော၊ ကချင်တို့ပေလော စောင့်မျှော်နေရလေပြီ။ လူထုအုံကြွမှုကိုသာ နှိမ်နင်းတတ်သော မြန်မာစစ်တပ် ရှေ့တန်းပြန် ရောက်တော့မည့်အချိန်။ နယ်စပ်ဒေသ တည်ငြိမ်မှု ပျက်ပြားနေသော အချိန်တည်း။

********
မြန်မာနိုင်ငံတွင် မတရားသော စစ်အစိုးရကို အံတုဖက်ပြိုင်အံ့ဟု ဖွဲ့စည်းခဲ့လေသော အဖွဲ့ချုပ်ကြီးတခုသည် ရှိ၏။ အဆိုပါ အဖွဲ့ကြီးသည် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို အဖြေမပေးသေးချေ။ မပေးနိုင်သေးသည်လော၊ ဝေခွဲရခက်နေသည်လော မဆိုနိုင်။ လက်ရှိတိုက်ကွက် မှန်သမျှသည်လည်း မဲပြာပုဆိုးထဲက မထွက်နိုင်သေး။ အစိုးရမင်းများကို ကြိုင်ဝင်းရီက အဖေခေါ်ရလောက်အောင် နိုင်ရင် ပြီးစတမ်း၊ ခါးတောင်းကျိုက် မဖြုတ်တမ်း ရက်စက်မှုအပေါင်း သရဖူဆောင်းနေချိန်တွင်၊ ယင်းအဖွဲ့ကြီးကား နစ်လုဆဲဆဲ လှေပျက်ကြီးကို ဖက်တွယ်ထားနေဆဲ။ ခါးချိနားထိုင်း ဇရာပိုင်းလွန်နေသည့် ခေါင်းဆောင်များနှင့်ပင် နယ်ဘက်မှာသုံးနေဆဲ လော်ကယ် ရထားကြီးနှယ် အရွေ့နှုန်း နှေးနေသည်။ လူထု၏ ဒုက္ခအပေါင်းကို ကယ်တင်မည့် အဖွဲ့ကြီးကား မည်သည်ကို တွေးတောနေပါသနည်း။

********
အစိုးရမင်းတို့ ဘက်တွင်လည်း ကိုယ့်ကတိနှင့်ကိုယ် ကိုယ့်ကြိုးကွင်းကိုယ်စွပ်ကာ ရွေးကောက်ပွဲအရေး၊ အပစ်ရပ်အရေး၊ နိုင်ငံတကာဖိအား၊ မျိုးစုံရင်ဆိုင်နေရချိန်သည် စစ်ဦိးကို ဟူးဟူးလျင်လျင် ဖွင့်ရမည့်အချိန် မဟုတ်လေသလော။ စစ်မင်းများ အကျပ်ရိုက်နေမည့် ဤအချိန်သည် စစ်ဦိးကို ဟူးဟူးလျင်လျင် ဖွင့်ရမည့်အချိန်ပေတကား။ ငချစ်ညိုတို့အမေ ဒေါ်ဇံကလားသာရှိပါမူ ဤအချိန်ကို ထွက်တိုက်ကြရမည့် အချိန်ဟု အခ်ါတော် ပေးပေလိမ့်မည်။

အရှည်ကို တွေးတောကြံဆခြင်း၊ အစေ့အစပ် ဆင်ခြင်သုံးသပ်ခြင်းတို့သည် ကောင်းမွန်လှပါ၏။ သို့သော် ယင်းတို့သည် တွေဝေတွန့်ဆုတ်ြခင်းနှင့် အလွန်ပါးလွှာသော နံရံတချပ်သာ ကွာနေကြောင်း သတိချပ်သင့်သည်။

တွန့်ဆုတ်တွေဝေခြင်း၊ စိတ်ကူးယဉ်နေခြင်း၊ ထောက်ထားညှာတာနေခြင်းတို့ဖြင့် အချိန်ကုန် မည်ဆိုပါမူ လူထုကို ကယ်တင်နိုင်မည့် အခြေအနေသည် ရွေ့လျောသွားပေလိမ့်မည်။ ယခု လတ်တလော အခြေအနေ၌ ငချစ်ညိုတို့ အမေကို မြန်မာ့အရေးအတွက် သဘောထားမှတ်ချက် တစုံတခုပေးရန် ပြောဖြစ်ခဲ့သည် ဆိုငြားအံ့။ အဖွဲ့ချုပ်ကြီး မရှိသည့်တိုင် သူရဲကောင်းဟူသည် လူထုရှိသမျှ မွေးဖွားလာနိုင်ကြောင်း ဒေါ်ဇံကလားက ထမီကို ပုတ်၍ပြောမည်ဟု ကျနော် ထင်ပါသည်။

စစ်လည်းမဟုတ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်တဲ့ နယ်စပ်ဒေသ



ရဲဘော်ဖိုးသံချောင်း
၁၄ စက်တင်ဘာ ၂၀၀၉



ပြီးခဲ့တဲ့ကိုးကန့်အရေးအခင်းမှာ နအဖစစ်အစိုးရက အစွယ်ဖြဲပြခဲ့ပြီ။ သေနတ်ဖောက်ပြခဲ့ပြီ။

ဒါဟာ ငြိမ်းအဖွဲ့တွေကိုသာမက တတိုင်းပြည်လုံးကိုပါ သတိပေးခြိမ်းခြောက်လိုက်တာ ဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ အိမ်နီးနားချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းများကိုလည်း ကြားလိုက်ကြရဲ့မဟုတ်လားလို့ မေးနေတဲ့အလားပါပဲ။

နအဖ အခုလို ကိုးကန့်က MNDAA ကို အပြတ်ချေမှုန်းတဲ့အထိ လုပ်လိုက်တာဟာ သူတို့စီစဉ်တဲ့ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံတဲ့ အကြောင်းရင်းတခုတည်းကြောင့်ပြောရင် နအဖစကားကို အလွယ်နဲ့ယုံကြည်ရာကျပါလိမ့်မယ်။ တကယ်က ဒီနေ့အပစ်ရပ်အဖွဲ့တွေထဲမှာ ဦးဖုန်ကြားရှင်တို့လိုပဲ လက်မခံနိုင်ဘူးလို့ ပြောနေတဲ့ တခြားအဖွဲ့အစည်း ကြီးငယ်တွေ မနည်းရှိနေပါသေးတယ်။

နောက်အကြောင်းပြချက်တခုဖြစ်တဲ့ လက်နက်စက်ရုံကိစ္စဟာလည်း တော်တော်ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ဖြစ် ပါတယ်။ တရုတ်ဗမာနယ်စပ်က တချို့ငြိမ်းအဖွဲ့အစည်းတွေမှာ လက်နက်ခဲယမ်းထုတ်လုပ်တဲ့ စက်ရုံငယ်လေးတွေ ရှိတတ်တယ်။ ရှိတယ်ဆိုတာကို နအဖ မသိတာမဟုတ်ပါဘူး။ အဲဒီအဖွဲ့အစည်းတွေကလည်း ဗြောင်သာထုတ်မပြောတာ သိပ်ဖုံးကွယ် ထားကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဒီစက်ရုံးတွေ တည်ရှိနေတာဟာ နှစ်ပေါင်းကိုကြာလှပါပြီ။ ဒါ့အပြင် ပြောဖြစ်အောင် ပြောရမယ့်အချက်တခုက နဝတနဲ့ဒီအဖွဲ့တွေ အပစ်အခတ် ရပ်စဲရေးဆိုတာကို လုပ်ခဲ့ကြတုန်းက လက်နက်ခဲယမ်းမစုဆောင်းရ၊ မထုတ်လုပ်ရလို့ သဘောတူညီချက်မရှိခဲ့ပါဘူး။ အခုမှ သူတို့ရဲ့တပ်တွေကို ပြင်ဆင်ပြီးပြီ ဆိုတော့မှ ဒီကိစ္စကို လက်ညှိုးထိုးပြပြီး ရမယ်ရှာတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး။ ဒီအကြောင်းပြချက်ကတော့ ပိုလို့တောင် ရီစရာကောင်းပါတယ်။ ဒီဒေသတွေမှာ ဗိုလ်ခင်ညွန့်နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်လိုက်ပြီးမှ မူးယစ်ဆေးဝါးထုတ်လုပ်မှုဟာ အရေအတွက်အရ၊ အရည်အသွေးအရ၊ အမျိုးအစားအရ အကုန်တိုးပွား လာတယ်ဆိုတာ ကမ္ဘာအသိပါ။ ဒါကို စစ်အစိုးရက မသိကျိုးနွံပြုထားသလို ထောက်လှမ်းရေးအပါ စစ်တပ်တချို့ဟာလည်း ဒီလုပ်ငန်းတွေကိုမှီပြီး ဝင်ငွေကောင်းနေခဲ့ကြတာပါ။ ဒါပေမယ့် ၂၁ ရာစုဝင်ပြီးနောက်ကစပြီး ဒီဒေသတွေမှာ မူယစ်ဆေးဝါး ထုတ်လုပ်မှု ကျဆင်းသွားတယ်ဆိုတာလည်း ကမ္ဘာက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ နအဖစစ်အစိုးရဟာ ဦးဖုန်ကြားရှင်တို့ မူးယစ်ဆေးဝါး လှိုင်လှိုင် ထုတ်နေတုန်းက သူတို့ရဲ့ “အမျိုးသားညီလာခံ” မှာ တိုင်းရင်းသားခေါင်းဆောင်ကြီးလို့ ဖူးဖူးမှုတ်ဗန်းတင်ထားခဲ့တာကို ဘယ်သူက မေ့ပါ့မလဲ။ နောက်ပြီး အခု ဦးဖုန်ကြားရှင်တို့ကို ဗကပထဲကနေ ခွဲထွက်စေတုန်း ကရော၊ အခုဖြိုခွဲတိုက်ခိုက်တဲ့အခါမှာရော နအဖစစ်အစိုးရဟာ လားရှိုးမှာ မူးယစ်ဆေးဝါးရာဇာကြီးတွေကို တမင်ပင့်ဖိတ် အကြံဉာဏ်တွေ ယူခဲ့တယ်ဆိုတာ ကမ္ဘာကမသိဘူးမှတ်လို့လား။

ဒီတခါ နအဖက ဦးဖုန်ကြားရှင်တို့ရဲ့ ခေါင်းပေါ်ကိုဖြတ်ပြီး သေနတ်ဖောက်ပြလိုက်တာဟာ သေသေချာချာ၊ စေ့စေ့စပ်စပ် စီမံပြင်ဆင်ခဲ့တဲ့ တပြည်လုံး၊ တကမ္ဘာလုံးကြားအောင် တမင်ပစ်ဖောက်လိုက်တဲ့ သေနတ်သံလို့ပဲ နားလည်ရပါတယ်။ သူတို့နဲ့ မတူသူတွေကို သေနတ်စာကျွေးမယ်လို့ ဖော်ပြလိုက်တာဖြစ်သလို သူတို့ရဲ့နောက်လိုက် သဗ္ဗနံပေါင်းစုံကိုလည်း “ယ-ရက်” နီးပြီလို့ တပ်လှန့်အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ တပါတည်း “မင်းတို့ရဲ့နောက်မှာ သေနတ်ရှိတယ်၊ လုပ်ချင်တာသာ လုပ်ကြ” လို့ ကျားစွယ်တိုက်ပေးလိုက်တာလည်းဖြစ်ပါတယ်။

ဒီကိစ္စကို အခုလို တတိုင်းပြည်လုံး နိုင်ငံရေးနဲ့ဆက်စပ်လိုက်တော့ ထပ်တွေ့ရတဲ့အချက်တခုက ဒီကိစ္စဖြစ်ပေါ်တဲ့အချိန်ကာလ ပါပဲ။ ယက်တောကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ထပ်ချတာတွေ ပြီးစီးသွားတဲ့နောက်မှာ ဖြစ်ပေါ်လာခြင်းပါပဲ။ တပြိုင် နက်တည်းမဖြစ်ဘူးဆိုတာ သတိပြုရပါမယ်။ ကြပ်ပြေးက ဒါရိုက်တာ စီစဉ်ညွှန်ကြားနေတဲ့အတိုင်း အစီအစဉ်တကျ ဖြစ်ပေါ်နေတာချည်း ဖြစ်ပါတယ်။ ပြည်မတလှည့်၊ ပြည်နယ်တလှည့်၊ လက်နက်မကိုင်သူတွေတလှည့်၊ လက်နက်ကိုင်သူတွေ တလှည့် တလှည့်စီ သွေးတိုးစမ်းနေတာရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိတယ်ဆိုတာ သေသေချာချာ စဉ်းစားသင့်ပါ တယ်။ တပါတည်းမှာ နောက်ခြေလှမ်းရဲ့ ပစ်ကွင်းဟာ ဘာဖြစ်မလဲဆိုတာလည်း တွေးတောသင့်ပါတယ်။ ဝဖြစ်မလား၊ မုန်းလားဖြစ်မလားဆိုပြီး လွယ်လွယ်စဉ်းစားလို့ မဖြစ်ပါဘူး။ နအဖဟာ ထင်မထားတဲ့ပစ်မှတ်တွေ ဖော်ထုတ်တတ်တယ် ဆိုတာကို သတိပြုရပါမယ်။

သေချာတာကတော့ သူတို့အနေနဲ့ ဒီနေရာ၊ ဒီအဆင့်မှာတင် ရပ်ထားလို့မရပါဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ သူတို့ရဲ့ လမ်းပြမြေပုံအတွက် ခလုတ်ကန်သင်းမှန်သမျှကို ရှင်းရပါတော့မယ်။ အနုနည်းနဲ့ရရင်ရ၊ မရရင် ဦးဖုန်ကြားရှင်တို့ကိုလုပ်သလို အကြမ်းနည်းနဲ့ ရှင်းပါလိမ့်မည်။ ရွေးကောက်ပွဲဆိုတာ အာဏာပြဿနာဖြစ်ပါတယ်။ နအဖစစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့ ပတ်သက်ရင် နည်းနည်းမှ ဟန်မဆောင်ဘူးဆိုတာ အားလုံးသိကြပြီးသားပါ။

အခု သူတို့ဟာ ဝနဲ့မိုင်းလားကို မတိုက်ဘူးလို့ပြောတယ်။ ဒါပေမယ့် သံချပ်ကာကားများအပါအဝင် အင်မတန်များပြားတဲ့တပ် ပေါင်းစုံကို အဲဒီဒေသတွေကို လာဆိုင်ထားတယ်။ ခြိမ်းခြောက်ထားတယ်။ ပြန်မဆုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ရာမှာ ဆိုင်းငံ့တနှစ်ခွဲလို့ လုပ်ထားလိုက်တာနဲ့ တူလိုက်လေလို့တွေးမိတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှာလည်း နအဖတပ်တွေက အားဖြည့်နေရာယူပြီးဖြစ်နေတယ်။ ဒီလိုအနေအထားကိုမြင်ရတော့ တကယ်လို့သာ တတိုင်းပြည်လုံးမှာ လှုပ်ရှားမှုကြီးတခုခု ပေါ်ပေါက်ခဲ့ရင်၊ ဒါမှမဟုတ် နအဖဘက်ကနေ လူထုဖိနှိပ်ရေးလှုပ်ရှားမှုကြီးတခုလုပ်ခဲ့ရင် နအဖအစိုးရဟာ သူတို့တပ်တွေကို ဒီလိုပဲ ချထားမှာ၊ ငြိမ်းအဖွဲ့တွေကို ရင်ဆိုင် ထိန်းချုပ်ထားမှာပဲလို့ တွေးမိစရာဖြစ်နေတယ်။ နအဖအစိုးရ အနေနဲ့ မုန်းလားနဲ့ဝကို မတိုက်ဘူးလို့ ပြောတယ်ဆိုတာကို နအဖရဲ့သတင်းစာတွေ၊ အသံလွှင့်ရုံ၊ ရုပ်မြင်သံကြားတို့ကနေ မဖော်ပြဘူးဆိုတဲ့ အချက်ဟာလည်း သတိထားစရာပါ။ သူတို့ဘက်က ဒါကို တရားဝင်ကတိအာမခံချက် မဖြစ်အောင် တမင်လုပ်ထားတဲ့သဘောလို့ ယူဆစရာ ဖြစ်နေပါတယ်။ တဖက်မှာကျတော့လည်း “ဝတို့၊ မုန်းလားတို့ကိုသာတိုက်ရင် “လက်နက်ကြီးတွေနဲ့ တိုက်လေယာဉ်တွေသုံးမယ်” လို့ တရားမဝင်ပြောဆို သတင်းလွှင့်နေပါတယ်။

ဒီနေ့ ဗမာပြည်နိုင်ငံရေးကို ပြန်ကြည့်လိုက်တော့လည်း နအဖဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးမှာလည်း “စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်” ဆိုတဲ့ လိပ်ခဲတည်းလည်းအနေအထားပဲ ထိန်းသိမ်းထား တာပါ။ အချိန်မရွေးချေမှုန်းပစ်မယ့် ခြိမ်းခြောက်မှုကို စစ်အစိုးရက တရားဝင် ထုတ်မပြောပေမယ့် လူတိုင်းခံစားမိနေပါတယ်။
နအဖစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူလူထုနဲ့ အတိုက်အခံအမျိုးမျိုးကို ‘ကုတ်ပေါ်ဓားဝဲ’ အနေအထားမျိုး တောက်လျှောက် ဖြစ်နေအောင် တဖက်မှာဖန်တီးထားပြီး တဖက်မှာ သူတို့ကိုယ်တိုင်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် နယ်ဆင်းစည်းရုံး တာတွေအပါ ခြေလှမ်းအမျိုးမျိုးကို ကြိတ်လှမ်းနေကြပါတယ်။ ပြည်တွင်းနိုင်ငံရေးကို အဓိကထားတယ်ဆိုရင် နအဖရဲ့ ခြေလှမ်းတွေကို မျက်ခြည်မပြတ်စောင့်ကြည့်တာ၊ ဖော်ထုတ်တာ၊ ဆန့်ကျင်တာတွေ တောက်လျှောက်လုပ်နေရမှာပါ။

ကိုးကန့်အဖြစ်အပျက်ကိုကြည့်ပြီး တရုတ်သဘောထားက ဘယ်လို၊ အမေရိကန်သဘောထားက ဘယ်လို၊ အာဆီယံသဘော ထားက ဘယ်လိုဆိုတာတွေ တွက်နေလို့ ခရီးမပေါက်ပါဘူး။ နအဖရဲ့သဘောထားကဘယ်လို၊ နအဖရဲ့အကြံအစည်က ဘယ်လို၊ ဒါကြောင့် ငါတို့ကဘယ်လိုဆိုတာမျိုးကို တိတိပပစဉ်းစားရ၊ ပြင်ဆင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။

သိန်းစိန်အတွက်ဖိနပ်တရံ

ဖိုင်ရယူရန်


Document 1

SOURCE

၈၈နှင့်ဗကသကြေငြာချက်

ဖိုင်ရယူရန်

Joint Statement 88G&Amp;#43;ABFSU 1_2009_Bur