Monday, October 12, 2009

12 Oct ဒိုင်ယာရီ

http://ifile.it/lyxtarm

12 Oct news

နေ့စွဲပျောက်နေသော သက္ကရာဇ်များ


Monday, 12 October 2009 15:11 ခင်ငြိမ်းသစ်
E-mail Print
ထောင်ဆိုတာ နံရံလေးဘက် အလယ်က ကျဉ်းမြောင်းတဲ့ ဧရိယာလေးကို ခေါ်တာပါ။ ထောင်ထဲမှာ သတင်းစကား မရှိ၊ မေတ္တာတရား ဆိုတာ ရှားပါးပစ္စည်း၊ လတ်ဆတ်မှုဆိုလို့ လေတောင်မှ မရှိတဲ့နေရာပါ။

အဲဒီ နေရာမှာ လူ ၃ မျိုး ရှိပါတယ်။ ပထမ တမျိုးက တကယ့် လူဆိုး လူမိုက်၊ ဒုတိယ တမျိုးက တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးကြောင့် ထောင်ထဲကို ရောက်နေရတဲ့လူတွေ၊ နောက် တမျိုးကတော့ ယုံကြည်ချက်ကြောင့် ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတဲ့အချိန်ဟာ မရှိသလောက်ပါပဲ။ ကိုလိုနီ ခေတ်ကစပြီး အခု စစ်အာဏာရှင်ခေတ်အထိ နှစ်ပေါင်းတရာ ကျော်ခဲ့ပါပြီ။ နိုင်ငံရေး အကျဉ်းသားတွေ စဉ်ဆက်မပြတ် ရှိနေကြဆဲပါပဲ။

ကျမ ခပ်ငယ်ငယ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ အဖေ့ သူငယ်ချင်း နိုင်ငံရေး အကျဉ်းသားတဦး အိမ်ကို လာလည်ခဲ့ဖူးတယ်။ သူ နဲ့အဖေ ပြောနေတဲ့စကား တချို့ကို ကျမ မှတ်မိနေပါသေးတယ်။ သူပြောတာက “နေရမယ်ဆိုရင်လဲ ထောင်ထဲမှာ နေမှာပဲ၊ နေချင်လွန်း လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားအတွက် ဘယ်တော့မှ အရှုံး မပေးဘူး” တဲ့။ အဲဒီ စကားရဲ့ အဓိပ္ပာယ်ကို အဲဒီတုန်းက နားမလည်ခဲ့သေးပါဘူး။ ကျမ သေချာသိတဲ့အချိန် ၁၉၉၂ ခုနှစ်လောက်က ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃ ထောင် လောက် ရှိနေခဲ့ ပါတယ်။ အဲဒီ အချိန် မှာ ၁၁/ ၉၂ ကို န၀တ က ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်အရ ကျမတို့က နိုင်ငံရေးသမားတွေ အများကြီး လွှတ်ပေးမယ် ထင်ခဲ့တာပါ၊ တကယ်တမ်းကျတော့ ၃၀၀ ကျော်ပဲ လွတ်ခဲ့တာပါ။ လွတ်တဲ့သူတွေက ပျော်တော့ပျော်ပါတယ်၊ အပြည့်အ၀တော့ မပျော်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သေဖော်ရှင်ဘက်တွေ ထောင်ထဲမှာ ကျန်နေကြသေးတာကိုး။ ကျန်ခဲ့တဲ့ လူတွေအတွက် စိုးရိမ်နေတာလည်း ပါပါတယ်။

ပြီးခဲ့တဲ့ လကလည်း နိုင်ငံရေး အကျဉ်းသား နည်းနည်းကို လွှတ်ပေးလိုက် ပြန်တယ်။ စုစုပေါင်းပြန်လွှတ်လိုက်တဲ့ အကျဉ်းသား ၇၀၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသားက ၂ ရာခိုင်နှုန်းလောက်ပဲ ပါတာပါ။ ဒါပေမယ့် တယောက်မှ မလွှတ်တာထက်စာရင် နည်းနည်းလွှတ်တာ ကိုပဲ မဆိုးဘူးလို့ ပြောရမယ် မဟုတ်လား၊ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် လွှတ်ပေးဖို့ လိုသေးတယ်၊ မြန်မာပြည်က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ဝန်းကျင် ကျန်နေသေးတယ် ဆိုတာကိုတော့ ဆက်ပြောနေရမှာပါ။

ထောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေ ရှိနေသမျှ လူ့အခွင့်အရေးတွေ ပျောက်ဆုံး နေတယ်ဆိုတာ ပေါ်လွင် ထင်ရှားတဲ့ ပြယုဂ် တခုပါ။

၁၉၉၅ ခုနှစ်ထဲမှာ ကျမ အချုပ်ဘ၀နဲ့ အင်းစိန်ထောင်ကို ရောက်ခဲ့ပါတယ်။

ကျမနဲ့ အေးမိုးတို့ နှစ်ယောက်ဟာ ၁၂ ပေ၊ ၈ ပေ ပဲရှိတဲ့ အခန်း ကျဉ်းထဲမှာ မိလ္လာအိုး ၂လုံး၊ သောက်ရေအိုး၊ ဖျာ ၂ ချပ်နဲ့ ကျပ်ကျပ် တည်းတည်း နေရပါတယ်။ ကျင်ငယ်ရည်နံ့တွေက နံစော်၊ ကြမ်းပိုးတွေကလည်း ကိုက်နဲ့ တော်တော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ တယောက်က လမ်းလျှောက်ရင် တယောက်က ချောင်ထဲမှာ နေရတာပါ။

ပြီးတော့ အဲဒီလို အချုပ်မကျခင် ကျမက ကျူရှင် သင်နေတော့ စာမေးပွဲ နီးနေတဲ့ အဲဒီလိုအချိန်မှာ ကလေးတွေအတွက် စိတ်ပူနေပါတယ်၊ အဲဒီအချိန်ကျမှ ကျုရှင် ပြောင်းတက်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ကျန်းမာရေး မကောင်းလှတဲ့ ကျမ အဖေကိုလည်း စိတ်ပူ နေပါသေးတယ်။ ကျမ ထောင်ကျသွားရင် အဖေမှ ခံနိုင်ရည် ရှိပါ့မလား၊ ကျမတက်လက်စ ပြင်သစ် သင်တန်းကလည်း ကျမသူငယ်ချင်း ရီ က အပ်ပေးထား တာပါ။ သင်တန်းခက ဈေးကြီးတော့ ဘာပဲဖြစ်ဖြစ် ပြီးဆုံးအောင်တော့ တက်ချင်မိပါတယ်။

ဒါကြောင့် ကျမ ထောင်မကျ ချင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထောင်ကတော့ ကျကိုကျမယ် ဆိုတာလည်း ကျမသိပါတယ်။ န၀တ က ဒီလောက်တော့ သဘောထား မကြီးနိုင်ဘူးဆိုတာ သိပါတယ်။

အေးမိုးလည်း ဂုဏ်ထူးတန်း ဆက်တက်ချင်နေပါတယ်၊ ချိုနွယ်လည်း သူလုပ်နေတဲ့ ကုမ္ပဏီမှာ ဆက်လုပ် ချင်နေပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ် ဧပြီ ၅ ရက်မှာ ရုံးထုတ်ပါတယ်။ ကျမတို့ အဖွဲ့ထဲက ဘယ်သူကမှ ထောင်မကျရအောင် အညံ့ခံဖို့ စိတ်မကူးကြပါဘူး။ ဘယ်သူ ကမှလည်း စိတ်ဓာတ်ကျ မနေပါဘူး၊ အားလုံး ခံနိုင်ရည် ရှိကြပါတယ်။

ဒီလိုနဲ့ ကျမတို့ ၉ယောက်စလုံး ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ် ခံရပါတယ်။ အမိန့်ချပြီးတော့လည်း အားလုံး အပြုံး မပျက်ကြပါဘူး၊ တဦး ကိုတဦး နှုတ်ဆက်ကြပါတယ်။ မိသားစုကို နှုတ်ဆက်တဲ့ အချိန်မှာတော့ ကျမ စိတ်မကောင်း ဖြစ်မိပါတယ်၊ ကျန်းမာရေး မကောင်းတဲ့ အဖေ ဘယ်လို နေမလဲ၊ အသက်ကြီးနေတဲ့ အမေ့ခမျာ ပင်ပန်း နေရှာမှာပဲဆိုတဲ့ သောကကြောင့် ကျမ ၀မ်းနည်းနေမိတယ်။ အဲဒါဟာ နောင်တ တော့မဟုတ်ပါဘူး။

အမိန့် ချပြီးတော့ ကျမ၊ အေးမိုး၊ ချိုနွယ်တို့ကို “မ” ကျတိုက်ကို ပို့ပါတယ်။ ကျမတို့နေရတဲ့ တိုက်မှာ အခန်း ၁၀ ခန်းရှိပြီး ၅ ခန်းစီ မျက်နှာချင်း ဆိုင် ဆောက်ထားပါတယ်။ နိုင်ငံရေး ဒီရေကျချိန်မို့ မျက်နှာချင်းဆိုင် အခန်းတွေမှာ လူမရှိပါဘူး။ နံပါတ် (၃) အခန်းမှာ အန်တီစန်း (စာရေးဆရာမ စန်းစန်းနွဲ့-သာယာဝတီ) နဲ့ သမီး မြတ်မိုမိုထွန်း၊ နံပါတ် (၄) မှာ ချိုနွယ်၊ နံပါတ် (၅) မှာအေးမိုးနဲ့ ကျမတို့ နေကြရပါတယ်။

ထောင်ကျချိန်မှာ အန်တီစန်းက မုဆိုးမတဦး ဖြစ်ပြီး သိပ်ငယ်သေးတဲ့ ကလေးတွေ ကျန်ခဲ့ပါတယ်။ အန်တီစန်းက သူ့ရဲ့ အငယ်ဆုံးသားလေး အတွက် စိတ်ပူပန်နေပါတယ်။ အန်တီစန်းမှာ ဘယ်လောက်ပဲ ပူပန်မှုတွေရှိနေပါစေ ကျမတို့ကို ၀တ္ထုပြောပြတာ မပျက်ပါဘူး။ ပြီးတော့ သူ့ရဲ့ ဘ၀အတွေ့အကြုံ တွေကိုလည်း ပြောပြပါတယ်။

အဲဒါအပြင် ကျမတို့ကို “စမ်းရေ” ဆိုတဲ့ သီချင်းလေး သင်ပေးခဲ့ပါတယ်။ ထောင်ထဲမှာ လူထွက်ပေါက် မရှိပေမယ့်၊ ကျမတို့က စိတ်ထွက်ပေါက် ကို ရအောင်ရှာကြပါတယ်။ ကျမတို့ သီချင်းဆိုကြတယ်၊ ချိုနွယ်က သီချင်းဆိုကောင်းပါတယ်၊ အသံလည်း သာတယ်၊ နောက်ပြီး ဆိုဟန် လည်း ရှိတယ်၊ အဆိုတော် အေးချမ်းမေရဲ့ “ဘ၀စာမျက်နှာ” တို့၊ မေဆွိ ရဲ့ “မောင်” သီချင်းတို့ကို ချိုနွယ်ဆိုရင် ကျမတို့တောင် လွမ်းတယ်။ ကျမကတော့ အသံလည်း မကောင်း၊ ဆိုတာလည်း မရပေမယ့် ကျမရဲ့ ခံစားချက် ဖြစ်တဲ့ ခိုင်ထူးရဲ့ “အိမ်ပြန်ချင်တဲ့အလွမ်း” သီချင်း ကိုတော့ ဆိုဖြစ်ပါတယ်။

တယောက်ယောက်နဲ့ ရန်ဖြစ်ရင်တော့ ထူးအိမ်သင်ရဲ့ “အမေ့အိမ်” ပေါ့။ မေမေ့ ကိုလွမ်းတဲ့ အချိန်မှာ “အမေအို မျော်နေမှန်းလည်း သိလျှက်နဲ့ တလှမ်းချင်းစွန့်ခွာ အိမ်ကို ပစ်ပြီးတော့” ဆိုတဲ့ အပိုဒ်ကို ထပ်ခါထပ်ခါ ဆိုပစ်လိုက်တယ်။ အေးမိုးကတော့ သူစိတ်ပါရင် “ဧည့်ဆိုး” ကို ဆိုပါတယ်။

ပြီးတော့ ကျမတို့ တက်တင်းထိုးပါတယ်။ တက်တင်း ထိုးတာက အနုစိတ်ရတဲ့ အလုပ်ဆိုတော့ စိတ်ပျံ့လွင့်တာကို ထိမ်းချုပ်ထား နိုင်ပါတယ်။ အဆောင်မှာလည်း ၅ (ည) ပုဒ်မ တပ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိပါတယ်။

တိုးတိုးမြင့် (ခ) ဖိုးသာထူးက ကျမတို့တိုက်ကို အမြဲလာလည်လေ့ရှိပါတယ်။ လာလည်တယ် ဆိုပေမယ့် ကျမတို့ အခန်းထဲတော့ ၀င်လာလို့ မရပါဘူး၊ ကျမတို့ရဲ့ အခန်းတွေက အမြဲတမ်း တံခါး သော့ခတ်ထားတာပါ။ ကျမတို့က မနက်ပိုင်း ၁၅ မိနစ်၊ ညနေပိုင်း မိနစ်၂၀ ပဲ အပြင် ထွက်ခွင့် ရတာပါ။ ဒီတော့ ဖိုးသာထူးက ပြူတင်းပေါက် အပြင်ဘက်မှာရပ်ပြီး ကျမတို့က အတွင်းဘက်က ရပ်ပြောရပါတယ်။ ဖိုးသာထူးက ၁၁/ ၉၂ ကြေညာတာကို မီခဲ့ပေမယ့် လွှတ်တဲ့အထဲ သူမပါ ပါဘူး။ သူ ထောင်ကျတဲ့ အချိန်က သူ့အသက်က အရမ်းငယ်ပါသေးတယ်။ ကျမ တို့နဲ့ တွေ့တဲ့အချိန်မှာ ထောင်ထဲမှာနေရတာကြာလို့ နည်းနည်း ပိန်သွားတာက လွဲရင် စိတ်ဓါတ်ကတော့ မာဆဲပါပဲ။

အားလုံးကတော့ ဒီလိုပါပဲ၊ ထောင်ထဲမှာ မနေချင်ပေမယ့် အာဏာရှင်ဆီမှာ အညံ့ခံမယ့်အစား ထောင်ထဲမှာပဲ အသေခံသွားဖို့ စိတ်ကူး ရှိကြသူတွေပါ။

ဖိုးသာထူးဟာ ကျမတို့ ရောက်လာတော့ ပျော်နေပုံ ရပါတယ်။ အဆောင်ထဲက ရိုးရိုးအကျဉ်းသား တွေအကြောင်းပြောပြ၊ သူ့အကြောင်း ပြောပြနဲ့ ကြည့်ရတာ လန်းဆန်းနေပါတယ်။ ကျမတို့ ထောင်မကျခင်တုန်းက သူ့အတွက် တော်တော်စိတ်ပူခဲ့တာပါ။ တခြားလူတွေ လွတ်ပြီး သူကျန်ခဲ့တဲ့ အချိန်မှာ သူစိတ်ဓါတ် ကျသွားမလား ဆိုပြီးပေါ့။ လက်တွေ့မှာတော့ ဖိုးသာထူးက ဘာမှ မဖြစ်ပါဘူး၊ သူ့ကို ချီးကျုးမိပါတယ်။

ထောင်မှာ မိသားစုနဲ့ ၂ ပတ်တကြိမ် ထောင်ဝင်စာတွေ့ခွင့်ရပါတယ်။ တခါတွေ့ရင် ၁၅ မိနစ်ပါ။ ကျမကိုတော့ အမေက ထောင်ဝင်စာ လာတွေ့ပါတယ်။ ထောင်ဝင်စာထုပ်ကို အမေ တယောက်တည်း ဆွဲလာပါတယ်။ မျက်နှာမှာလည်း ချွေးတွေနဲ့ စိုရွှဲ နေပါတယ်။ အမေ့ကို ကြည့်ရတာ မောပန်းနေပါတယ်။ တွေ့တာနဲ့ ချက်ချင်း စကားမပြောနိုင်ဘဲ အမောဖြေနေတာကို ကြည့်ပြီး ကျမရင်ထဲမှာ မွန်းကျပ် နေပါတယ်။ စကားစပြောရင်တော့ နေကောင်းအောင်နေဖို့၊ အပြင်က လူတွေကို စိတ်မပူဖို့၊ အားလုံး အဆင်ပြေတယ်ဆိုတဲ့ စကားကိုပဲ အမြဲပြောပါတယ်၊ ဒီလို ပြောတိုင်းလည်း ကျမ ပိုပြီး စိတ်ပူတတ်ပါတယ်။ သူတို့ ဘာတွေများ ဖုံးဖိ ထားသလဲဆိုပြီး စိတ်ပူတာပါ။

ထောင်ဝင်စာထုပ်ကို သယ်ပြီး တိုက်ကိုပြန်လာရင်တော့ ဘ၀တူတွေကို ဝေဖို့ ချမ်းဖို့ စိတ်ကူးရင်းနဲ့ အိမ်ပြန်ချင်စိတ်တွေ မေ့ပျောက်သွား တတ်ပါတယ်။ အရမ်းပြန်ချင်တာက တပိုင်း၊ နေလို့ ရတဲ့နည်းနဲ့ နေနေတာက ကျမတို့ရဲ့ ပစ္စုပ္ပန် ဘ၀ပါ။ ဒီလိုပဲ နေတတ်အောင် နေကြရပါတယ်။

ထောင်ထဲမှာ အတွင်းထောင်ဝင်စာ ဆိုတာရှိတယ်၊ တနင်္ဂနွေနေ့မှာ တွေ့ရတာပါ။ အဲဒါလည်း တလတကြိမ် ပါပဲ။ ထောင်ထဲမှာ ရှိနေတဲ့ မိသားစုချင်း တွေ့ရတာပါ။ ကျမတို့က အတွင်းထောင်ဝင်စာ မတွေ့ရပေမယ့် တွေ့ခွင့်ရတဲ့ လူတွေဆီကနေတဆင့် ကျမတို့ရဲ့ လုပ်ဖော် ကိုင်ဘက် သူငယ်ချင်းတွေဆီ လက်ဆောင်ထည့်ပေးလို့ ရပါတယ်။ နောက်ပြီး ယောက်ျားလေးတွေဘက်က ကျမတို့ဘက်ထက်ပိုပြီး သတင်းစုံ ပါတယ်။

သူတို့ ဘက်မှာက ရေဒီယို၊ တိုင်းမ်စ်၊ နယူးစ်ဝိခ် မဂ္ဂဇင်းကအစ အကုန်သွင်းတာကိုး။ သွင်းတယ် ဆိုတာက တရားမ၀င် ရောက်အောင်ပို့ထားတာ၊ အဲဒီအချိန်တုန်းက စာဖတ်ခွင့်မရှိဘူး။ ကျမတို့ ဘက်မှာ ဘာစာအုပ်မှ မရှိဘူး။ စာသိပ်ဖတ်တဲ့ မိုမိုတောင် ဆေးလိပ်ဖင်စီခံက စာရွက်ကို ရှာဖတ်ရတာ၊ အခုနောက်ပိုင်းမှသာ စာဖတ်ခွင့်ရတာပါ။

ဒီလိုနေလာရင်းနဲ့ ၁၉၉၅ ဇူလိုင်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါတယ်။ ကျမတို့ ပျော်လိုက်ကြတာ၊ အန်တီစုတောင်မှ လွတ်တယ်ဆိုရင် ကျမတို့လည်း လွတ်နိုင်မယ်ထင်ပါရဲ့ဆိုပြီး စိတ်ကူးယဉ်ခဲ့၊ အိပ်မပျော်ခဲ့တဲ့ ညတွေတောင် ရှိပါတယ်။ ငါလွတ်ရင် ပြင်သစ်စာ သင်တန်း ပြန်တက်မယ်၊ ကျူရှင်ပြန်သင်မယ်လို့ စဉ်စားတယ်။ ကျမက ဆရာမ သိပ်ဖြစ်ချင်ခဲ့သူပါ၊ ယုံကြည်ရာကို ခြေလှမ်းမှန်မှန်နဲ့ လှမ်းရ ဦးမယ်မဟုတ်လား။

တက္ကသိုလ် ကျောင်းသူတယောက် အနေနဲ့ တက္ကသိုလ် စိန်ရတုပွဲကိုလည်း နွှဲချင်ပါတယ်။ ကျမတို့ရဲ့ ရဲဘော်ရဲဘက် ကိုဂီးက အငြိမ့် ကမယ်တဲ့၊ ကျမတို့ရဲ့ အမှုတွဲ ကိုမောင်မောင်ဦးက ပြက္ခဒိန် လုပ်ချင်တယ်တဲ့။ ကျမရယ်၊ ရီရယ် အေးမိုးရယ်လည်း တိုင်ပင်ထားတယ်။ ကျမတို့မှ မဟုတ်ပါဘူး၊ မိသားစုတွေလည်း မျှော်လင့်နေကြတယ်။

ကျမအိမ်က ကျမ ထောင်ကလွတ်ရင် ၀တ်ဖို့ ၀တ်စုံ ၁ စုံတောင် ပို့ပေးထားသေးတယ်၊ ကျမတို့ တတိုက်လုံးလည်း စိတ်ကူးတွေ ယဉ်ကြ တာပေါ့၊ ကျမ အဖေနဲ့လည်း မသေခင် တွေ့ချင်သေးတယ်လေ။ သေချာတာက ကျမအဖေက ၇ နှစ်တောင် စောင့်နိုင်မှာ မဟုတ်ဘူး၊ အဖေ့ရဲ့ အဆုပ်နာက နှစ်တွေကြာနေပြီ၊ ရောဂါက ရင့်နေပြီ။

လတွေက တဖြည်းဖြည်း ကုန်ဆုံးလာပါပြီ၊ ထောင်ဝင်စာတွေမှာ မျှော်လင့်တဲ့အသံတွေ အားပျော့လာပြီး အန်တီစုရဲ့ ရဲရဲတောက် မိန့်ခွန်း တွေအကြောင်းနဲ့ အမျိုးသား ရင်ကြားစေ့ရေး တောင်းဆိုသံက ပိုကျယ်လာပြီ။ အမျိုးသားညီလာခံကို ကန့်ကွက်တဲ့ အကြောင်း၊ ညီလာခံက ထွက်လာကြတဲ့ သူတွေ အကြောင်း၊ ဒါတွေပဲ ကြားရတော့တယ်။

ဖေဖေကလဲ စာတစောင် ရေးပေးလိုက်ပါတယ်၊ လောကဓံ ကို ရင်ဆိုင်နိုင်ဖို့ ကျန်းမာရေးက အရေးကြီးကြောင်း၊ စိတ်ဓာတ်အင်အားသာ ရှိမယ်ဆိုရင် ကိုယ်သွားချင်ရာကို တခဏနဲ့ အရောက်သွားနိုင်ကြောင်းကို စာရေးပေးလိုက်ပါတယ်။ အဖေကတော့ အခြေအနေကို ခန့်မှန်းနိုင်ခဲ့ပါတယ်၊ အဖေ့စာကိုဖတ်ပြီး ကျမလည်း နားလည်လိုက်ပါတယ်။ ချိုနွယ် ကလည်းပြောပါတယ် အန်တီစုက သူ့ဘာသာ လွတ်ရက်စေ့လို့ လွတ်တာ ငါတို့ကိုက ရူးတာပါတဲ့။

ဒီလိုနဲ့ ကျမတို့ တိုက်ကို အချုပ်သစ် နှစ်ယောက် ရောက်လာပါတယ်၊ အသက်ကြီးကြီး အမျိုးသမီး ကြီးတွေပါ၊ ပထမ တရက်၊ နှစ်ရက် ကတော့ လခြုံရေး တင်းကျပ်ထားပါတယ်၊ သူတို့နဲ့စကားပြောခွင့် မရှိပါဘူး။ ဒါပေမယ့် ထုံးစံအတိုင်း ၀န်ထမ်း အလစ်မှာတော့ ငပိကြော်၊ မုန့်နဲ့ ကော်ဖီမစ်ကို ခိုးပေးကြရပါတယ်၊ ဒါမှ သူတို့ စားလို့ သောက်လို့ ရမှာပေါ့၊ မဟုတ်ရင် ဘာမှစားစရာ မရှိဘူး။

အမြဲတမ်း လုံခြုံရေးက မတင်းကျပ်နိုင်တော့ လစ်မှပဲ ဘာဖြစ်လာတာလဲ ဆိုတာ မေးရတာပေါ့၊ သူတို့က အန်တီစု ကျမ်းမာပါစေ၊ ချမ်းသာပါစေ အော်လို့ အဖမ်းခံရတာတဲ့၊ အချုပ်သစ်တွေ ရောက်လာတော့ ကျမတို့ ပျော်ပါတယ်။ အပြင်က အကြောင်းတွေကို လတ်လတ်ဆတ်ဆတ် သိရတာပေါ့၊ သူတို့ကလည်း ပြောပြကြပါတယ်၊ ကျမတို့က နားထောင်ရင်းနဲ့ ကိုယ်ဘာသာ ပုံဖော်ကြရတယ်။

သူတို့ကလည်း အန်တီစု ဘယ်နေ့က ဘာဝတ်တယ်က စပြီး ဘယ်မိန့်ခွန်း ဘယ်မှာဆုံးတယ် အထိ ပြောနိုင်ကြပါတယ်၊ နောက်တပတ် အတွင်းထောင်ဝင်စာမှာ ပြောနိုင်အောင် သတင်းစု နေတာပေါ့၊ တကယ်တော့ ကျမတို့ကသာ ကြွားနှိုင်မယ်ထင်တာ ယောင်္ကျားလေး တွေဘက်က ကျမတို့ထက် ပိုပြီးသိတယ်၊ ကျမတို့ဘက်ကမှ နှစ်ယောက်ထဲရောက်တာ သူတို့ဘက်က ဆယ်ဂဏန်း ကျော်တယ်၊ အတွင်း ထောင်ဝင်စာနေ့ရောက်တော့ သူတို့ဘက်က သတင်းက ပိုတောင်မှ များသေးတယ်။

ထောင်ဆိုတဲ့ နေရာက အမြဲတမ်း နေရတာကျပ်လေ့မရှိသလို၊ အမြဲတမ်းလဲ ချောင်လေ့မရှိပါဘူး၊ ထောင်ပိုင်ရဲ့ သဘောထားပေါ် မူတည်ပြီး ပြောင်းသွားလေ့ရှိပါတယ်။ ထောင်ပိုင်ပြောင်းသွားတော့ ပေါ်လစီလည်း ပြောင်းသွားပြီး ထောင်ထဲမှာနည်းနည်းကျပ်သွားတယ်၊ ဒါကြောင့် အတွင်းထောင်ဝင်စာမှာ သတင်းတွေ လဲကြဲ သွားတယ်။ ဒါပေမယ့် အမျိုးသမီး တိုက်ကိုတော့ အားပေးပါတယ်၊ စိတ်ဓာတ် မကျနဲ့၊ တိုက်ပွဲက ပြီးတော့မှာတဲ့။

နောက်တော့ “ကျန်းမာပါစေ” တွေလည်း ထောင် ၇ နှစ် ကျသွားတယ်၊ ကျမတို့တွေ အပြုံးမပျက်ကြပါဘူး၊ ဘယ်သူမှလည်း ဘုံးဘုံးလဲ မသွားပါဘူး၊ အချိန်တန် စားမြဲ၊ သီချင်းဆိုမပျက်၊ ၀တ္ထုပြောမြဲ၊ တခါတလေ မိန်းမယူသွားတဲ့ ရည်းစားကို မလွမ်းပါဘဲ လွမ်းချင်ယောင် ဆောင်ပြီး ရည်းစားရှိကြောင်းကြွားမြဲ၊ စိတ်ကူးတည့်ရာတွေကို ဇာတ်လမ်းဆင်ပြီး ပြောမြဲ၊ လုပ်ရိုးလုပ်စဉ်အတိုင်း ဘာဆိုဘာမှ ပြောင်းလဲမသွားပါဘူး။

ဘယ်လိုပဲ အနာဂတ်တွေ အိပ်ပျော်နေပါစေ၊ ဘယ်လိုဘဲ မျှော်လင့်ချက်တွေမဲ့နေပါစေ၊ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတဲ့ တိုင်းပြည်ဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်နေပါတယ်ဆိုတာကို သက်သေပြနေတာပါ။

ကျမကတော့ ထောင်ကထွက်ရင်ဝတ်ဖို့ အိမ်က ထည့်ပေးလိုက်တဲ့ ၀တ်စုံသစ်ကလေးကို မဝတ်ရသေးမယ့်တူတူ ၁၃ (ဃ) လို့ခေါ်တဲ့ အခြေမဲ့ အနေမဲ့လေး လွတ်တဲ့နေ့မှာဝတ်ဖို့ ပေးလိုက်ပါတော့တယ်။

ခင်ငြိမ်းသစ်သည် မကြာသေးခင်က ထိုင်း -မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1961:2009-10-12-08-14-44&catid=2:articles&Itemid=30

မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်



ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
၁၂ အောက်တိုဘာ ၂၀၀၉


ကိုးကန့်ဒေသကို ဗမာစစ်တပ်က၀င်စီးပြီး လုယက်တဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေ နစ်နာဆုံးရှုံးရတဲ့ကိစ္စမှာ လျော်ကြေးဒေါ်လာသန်း (၄၀) ကျော်ပေးဖို့ ယူနန်ဘက်က တောင်းထားကြောင်း သိရတယ်။ တကယ်တော့ ကိုးကန့်နဲ့‘၀’ဒေသကို မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်လို့ခေါ်နိုင်တယ်။ ကိုးကန့်အဖွဲ့နဲ့ ဗမာစစ်အစိုးရ ပထမဆုံးအပစ်အခတ် ရပ်စဲနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးသူ ဘိန်းမှောင်ခိုဟောင်း လော်စစ်ဟန်ဟာ ကိုးကန့်တရုတ်ပါ။ ကိုးကန့်နယ်မှာ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရတာဟာ အပစ်အခတ်ရပ်စဲရတဲ့အကြောင်းတခုဖြစ်တယ်။ ဒါပေမယ့် စာချုပ်စာတမ်းရေးထားတာမဟုတ်ဘဲ နုတ်ကတိလောက်နဲ့ နားလည်မှုယူထားတာဖြစ်လို့ တရုတ်ပိုင်ပစ္စည်းသိမ်းတာ အငြင်းပွားစရာဖြစ်နေတယ်။

မြန်မာပြည်ထဲ ယူနန်တရုတ်ဝင်နေတာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ယူနန်နဲ့ အထက်မြန်မာပြည်ဆက်နေတာမို့ ယူနန်မှာ အပြောင်းအလဲဖြစ်တိုင်း မြန်မာပြည်အထိ ဂယက်ရိုက်လာတတ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၂,၀၀၀) ကျော် ယူနန်မှာကြီးစိုးတဲ့ နန်ကျောင်က ၀င်တိုက်တဲ့အတွက် ပျူနိုင်ငံပျက်စီးရတယ်လို့ ရှေးဟောင်းသမိုင်းဆရာတွေက ဆိုပါတယ်။ တရုတ်ပြည်မှာ မွန်ဂိုအာဏာရပြီး ယူနန်အထိ အာဏာစက် ချဲ့လာတဲ့အခါ မြန်မာနဲ့ထိတွေ့ပြီး (၁၃) ရာစုနှောင်းပိုင်းမှာ မွန်ဂိုဝင်တိုက်တဲ့အတွက် နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပုဂံပြည်ပျက်စီးရတယ်။ အဲဒီနောက် ရှမ်းမျိုးနွယ်တည်ထောင်တဲ့ အင်းဝနန်းဆက်အနှစ်တရာကျော်မှာ ယူနန်-မြန်မာကုန်သွယ်ရေး စတင်တယ်လို့ သမိုင်းဆရာတွေက ဆိုတယ်။

(၁၇) ရာစုမှာ တရုတ် ‘မင်’ မင်းဆက်ကို မန်းချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည်ရောက်တရုတ်တွေ စခန်းထကြတဲ့အတွက် တိုင်းရေးပြည်ရာ အလွန်ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်းလိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီးအပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသမှာ အခြေစိုက်နေထိုင်တဲ့အတွက် ကိုးကန့်တရုတ်ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။ (၁၇) ရာစုနှောင်းပိုင်းကစပြီး ကိုးကန့်တရုတ်ရယ်လို့ ပေါ်ထွက်လာတာဖြစ်လို့ ပြည်နယ်လေးလိုဖြစ်နေတာ ကြာလှပါပြီ။ ကိုးကန့်တရုတ်ကို တောင်ပေါ်တရုတ်လို့ ယူနန်မှာ လူသိများတယ်လို့ ‘တာကာနို’ က ဆိုပါတယ်။ ပထမဆုံး ၀တိုင်းရင်းသားနဲ့ လက်ရည်တပြင်တည်း နေထိုင်စားသောက်တဲ့ နိုင်ငံခြားသားဟာ ဂျပန်အမျိုးသား ဟီဒဲယုကိ-တာကာနို ဖြစ်ပါတယ်။

(၁၄) ရာစုလောက်ကတည်းက မြန်မာ့ကျောက်စိမ်းကို ယူနန်တရုတ်က မျက်စိကျခဲ့တာပါ။ (၁၈) ရာစုနှောင်းပိုင်း ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၃-၁၇၇၆) တရုတ်-မြန်မာနယ်ခြားစစ်ပွဲ ပြီးဆုံးသွားတာဟာ ယူနန်-မြန်မာကုန်သွယ်ရေး တိုးပွားစေတဲ့ အကြောင်းရင်းဖြစ်တယ်။ (၁၉) ရာစုမှာ အမရပူရအခြေစိုက် ယူနန်တရုတ်က ၀ါဂွမ်းနဲ့ကျောက်မျက်ကို ယူနန်ကို တင်ပို့ပြီး ပိုးချည်ရွှေငွေနဲ့ သတ္တုအိုးခွက်ကို ယူနန်က တင်သွင်းပါတယ်။ သေဆုံးသူ တရုတ်ကုန်သည် (၆,၀၀၀) ကျော်ရဲ့ အမည်စာရင်းကို အမရပူရတရုတ်ဘုံကျောင်းမှာ တွေ့ရတယ်လို့ ကိုလိုနီခေတ်အစီရင်ခံစာတခုမှာ ရေးထားတယ်။ မိုးကောင်းကို ဗဟိုပြုပြီး ကုန်သွယ်ရာမှာ ကချင်လူမျိုးကို ကျောက်တွင်းပိုင်အဖြစ် သတ်မှတ်တာကို ဗမာမင်းက မကန့်ကွက်ပါဘူး။

လားပေါ်မှာကုန်တင်ပြီး သယ်ယူပို့ဆောင်တဲ့လုပ်ငန်းကို ယူနန်သားတွေ ကျွမ်းကျင်ကြတယ်။ ကုန်းကြောင်းခရီးကြမ်းမှာ လားတန်းနဲ့လိုက်ပါတဲ့ ယူနန်သားကို ‘လားတရုတ်’ လို့ အညာမှာခေါ်တယ်။ ယူနန်-မြန်မာ-လာအိုနဲ့ ထိုင်းနိုင်ငံအကြား ရာစုနှစ်အတော်ကြာ လားတန်းနဲ့ ကုန်သွယ်တုန်း ယူနန်ကို မပြန်တဲ့ တရုတ်လည်းရှိတယ်။ (၁၉) ရာစုမှာ ပန်းသေးတရုတ်မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့အခါမှာလည်း ပန်းသေးတရုတ်အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာရှိသလို ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ဆင်းသွားသူတွေလည်း ရှိတယ်။

ယူနန်က ဘိန်းစိုက်တဲ့ဓလေ့ကို ကိုးကန့်က အမွေဆက်ခံတာပါ။ အရှေ့အိန္ဒိယ အင်္ဂလိပ်ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်မှာ စိုက်သမျှဘိန်းကို လက်ဝါးကြီးအုပ်ဝယ်ယူပြီး တရုတ်ပြည်ကို တင်ပို့တယ်။ တပြည်လုံးဘိန်းစားဖြစ်ကုန်မှာ စိုးလို့ တရုတ်အစိုးရက ဘိန်းတင်သွင်းခွင့် ပိတ်လိုက်တော့ (၁၉) ရာစုမှာ ပထမဘိန်းစစ် ဖြစ်ပွားတယ်။ တရုတ်ကစစ်ရှုံးတော့ ဘိန်းရောင်းဝယ်မှု တိုးပွားလာတယ်။ တရုတ်ပြည်မှာပါ ဘိန်းစိုက်ပျိုးလာတာမို့ ဘုရင်စနစ်ကိုဖျက်သိမ်းပြီး သမ္မနိုင်ငံထူထောင်တဲ့ ၁၉၁၁ ခုနှစ်မှာ တရုတ်ပြည်ဟာ ဘိန်းတန်ချိန် (၂၂,၀၀၀) ကျော် ထုတ်လုပ်နေပါပြီ။

ယူနန်ပြည်နယ်က ဘိန်းစိုက်တဲ့ဓလေ့ဟာ အိမ်နီးချင်းဒေသတွေအထိ ပျံ့နှံ့လာတာမို့ မြန်မာနယ်စပ် ကိုးကန့်နဲ့ဝဒေသမှာ (၁၉) ရာစုနှောင်းပိုင်းကတည်းက အကြီးအကျယ် ဘိန်းစိုက်ပျိုးခဲ့တယ်။ စာရေးဆရာရွှေရိုးအမည်ခံ James George Scott အဲဒီဒေသကို ခရီးထွက်စဉ်က ဘိန်းခင်းတွေများလွန်းလို့ ရက်အတော်ကြာခရီးသွားတာတောင် ဘိန်းခင်းတွေက မဆုံးသေးဘူးလို့ ရေးထားတယ်။ ၁၉၃၀ ခုနှစ်မှာ ကူမင်တန်တရုတ်အစိုးရက တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်လိုက်တဲအခါမှာ တရုတ်ကုန်သည်တွေဟာ ကိုးကန့်နဲ့ဝဒေသက ထွက်တဲ့ဘိန်းကို အားကိုးလာရပါတယ်။

အင်္ဂလိပ်ကိုလိုနီအစိုးရဟာ သံလွင်မြစ်အရှေ့ဘက်ဒေသမှာသာ ဘိန်းစိုက်ခွင့်ပြုပြီး ပုံမှန်ဝယ်ယူလေ့ရှိပေမယ့် သံလွင်မြစ်အနောက်ဘက်ဒေသမှာတော့ ဘိန်းစိုက်ခွင့်မပြုပါ။ ကချင်ပြည်နယ်မှာလည်း အနည်းအကျဉ်းစိုက်ပျိုးခွင့်ပြုပါတယ်။ အထက်မြန်မာပြည်က ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ငွေကြေးထောက်ပံ့တဲ့အနေနဲ့ ဘိန်းကို မဟာမိတ်ဘက်ကသုံးတယ်။ ၁၉၄၈ ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်စတင်ဖြစ်ပွားတော့ တရုတ်ပြည်မှာ ပြည်တွင်းစစ် ပြီးဆုံးသွားပါပြီ။ စစ်ရှုံးတဲ့ တရုတ်ကူမင်တန်တပ်အချို့ ရှမ်းပြည်အရှေ့ပိုင်းဒေသမှာ ၀င်ရောက်ခြေကုပ်ယူပြီး တရုတ်ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးစားတဲ့လှုပ်ရှားမှုနဲ့ နောက်ပိုင်းပေါ်ပေါက်တဲ့ ရှမ်းလက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ဘိန်းလုပ်ငန်းဟာ အဓိက အရေးပါလာပါတယ်။

တရုတ်ကွန်မြူနစ်ကိုတိုက်မယ့် ကူမင်တန်တရုတ်တပ်ကြီးကို ရှမ်းပြည်နယ်မှာ ပြန်လည်ဖွဲ့စည်းပါတယ်။ လက်နက်ခဲယမ်းကို ထိုင်ဝမ်က တိုက်ရိုက်ပို့ပေးပြီး ကုန်ကျစရိတ်ကိုတော့ ဘိန်းလုပ်ငန်းက ရတဲ့ငွေနဲ့ ထောက်ပံ့ပါတယ်။ ကူမင်တန်တပ်တွေဟာ ၁၉၆၁ ခုနှစ်လောက်အထိ ရှမ်းပြည်နယ်မှာ လှုပ်ရှားသွားတာမို့ ဘိန်းလုပ်ငန်းကို အုတ်မြစ်ချနိုင်ခဲ့တယ်။ ကွန်မြူနစ် တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးဖို့ ခက်ခဲလေလေ ရှမ်းပြည်က ဘိန်းလုပ်ငန်းလည်း ကြီးထွားလေလေဖြစ်လာတယ်။

တရုတ်ကွန်မြူနစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယူနန်နယ်သားအများအပြား မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံပြန်ပါတယ်။ ဒီအထဲမှာ မွတ်စလင်တရုတ်နဲ့ မွတ်စလင်မဟုတ်တဲ့ KMT တရုတ်ဆိုပြီး နှစ်မျိုးရှိတယ်။ ကူမင်တန်တရုတ်တပ်က အကြွင်းအကျန်တွေကို KMT တရုတ်လို့ ခေါ်တာပါပဲ။ KMT တပ် ထိုင်ဝမ်နိုင်ငံကို ရွှေ့ပြောင်းတော့လည်း လိုက်သွားသူက နည်းနည်း၊ ထိုင်း-မြန်မာနယ်စပ်မှာ အခြေချသူများက များပါတယ်။ ဘိန်းဖြူနဲ့ ကျောက်မျက်မှောင်ခိုလုပ်ငန်းမှာ စီးပွားရှာကြသူတွေပါပဲ။

ဒီနေရာမှာ ယူနန်တရုတ်လို့ပြောပေမယ့် ကိုးကန့်တရုတ်၊ ‘၀’တရုတ်၊ KMT တရုတ်၊ ပန်းသေးတရုတ် စတဲ့ တရုတ်အားလုံး အကျုံးဝင်တယ်။ လောစစ်ဟန်၊ လောစစ်မင်း၊ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး၊ ပေါက်ယူချမ်း၊ လင်မင်းရှန်၊ ခွန်ဆာ (ခေါ်) ချန်ရှီဖူး၊ ဝေဆူကိုင်စတဲ့ ဘိန်းမှောင်ခိုတွေဟာ တရားဝင်စီးပွားရှာခွင့်ရလာတယ်။ ငွေရင်းရှိတဲ့တရုတ်ဟာ သူတို့နဲ့ဆက်ပြီး စီးပွားရေးလုပ်ကြတယ်။ မဆလဆိုရှယ်လစ်ခေတ်မှာလည်း တရုတ်စီးပွားရေးသမားတွေပဲ ချမ်းသာကြတယ်။ မြန်မာက ဆိုရှယ်လစ်သင်တန်းတက်နေချိန်မှာ တရုတ်က မဆလစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်နေတော့ ချမ်းသာတာပေါ့။ ဗမာစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်တာ တရုတ်ထုံးစံဖြစ်နေပြီ။ ဗမာစစ်တပ်ကို ဆက်ကြေးမှန်မှန်ပေးနေရင် တရုတ်ပြည်နယ်ဟာ ကြီးပွားချမ်းသာဖို့သာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့အခြေအနေမှာ တရုတ်ပြည်နယ်တွေဟာ အကြီးအကျယ်ချမ်းသာမယ့် အလားအလာရှိပါတယ်။

http://www.khitpyaing.org/articles/Oct09/121009.php

မင်းဟာ......တကယ်တော့

http://ifile.it/k7r98vp

Kaw Thar Story