Tuesday, October 13, 2009

လိမ်ညာလှည့်စား တတ်ယောင်ကားနှင့် ဗြောင်သမားများ



မောင်ဂဒိုး

ပညာမတတ်တော့ (စာမေးပွဲအောင်တဲ့ အတန်းပညာကိုသာ မဆိုလိုပါ။) ပညာမရှိ၊ အသိဥာဏ်ဆင်ခြင်တုံ တ ရားမဲ့လို့ အမှားအမှန် မခွဲခြားတတ်ဘူး။ အကြောင်းအကျိုး ဆက်စပ်ပတ်သက်နေမှုကိုလည်းမသိတော့ ဖြစ်လာ မယ့်ရလဒ်၊ အကျိုးဆက်ကိုလည်းနားမလည်ဘူး၊ ဒီတော့ အကြောက်အလန့်မရှိ ဆင်ကန်းတောတိုးလုပ်တယ်။ ရက်ရက်စက်စက်လည်း လုပ်တတ်တယ်။ အရှက်မရှိလည်း ပြုမူပြောဆိုတတ်တယ်။ မရှိဘဲနဲ့လည်း ရှိဟန်၊ မ သိဘဲနဲ့လည်း သိဟန်ဆောင်တတ်တယ်။ ဒါ စစ်အစိုးရအဆက်ဆက် ပညာမဲ့အာဏာရှင်တွေ ပြုကျင့်နေကျ စ ရိုက်သဘာဝတွေပါ။ ဒီနည်းနဲ့ လက်အောက်ငယ်သားရဲ့ အထင်ကြီးမှု၊ နာခံမှု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေ ကြတယ်။

မဆလခေတ်က ဦးနေဝင်းဟာ တတ်ယောင်ကားအလွန်လုပ်တာပေါ့။ အရင်က သူဟာ စာတိုက်ကြီးမှာ စာရေး လို့ ပြောပါတယ်။ ပညာအရည်အချင်းအားဖြင့်တော့ အင်တာလို့ခေါ်တဲ့ ၁၁ တန်း (သို့) ၁၂ တန်းကို ရောက်ခဲ့ တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အင်တာနဲ့တန်တဲ့ အရည်အချင်းမျိုးတော့ မတွေ့ရပါဘူး။ မြန်မာပြည်မှာ ၁၂ တန်း ၁၃ တန်းလောက်ပဲ ကျောင်းတက်ပြီး ပညာကြီးတဲ့ အထင်ကရပုဂ္ဂိုလ်တွေ အမြောက်အမြားရှိပါတယ်။ လောကီ အတန်းပညာ မသင်ခဲ့ရတဲ့ ပညာရှိကြီးတွေလည်းရှိတာပဲ။ သူကတော့ အင်တာအတုကြီးနေမှာပါ။ ဒါကြောင့် သူသိသူတတ်လုပ်လေ့ရှိတယ်။

မြန်မာစကားမှာ ဟိုးအရင်ကတည်းက သုံးစွဲလာခဲ့တဲ့ “လူတော်လူကောင်း” ဆိုတာ ရှိခဲ့ပါတယ်။ အဲဒါကို “လူ ဟာ တော်ပေမယ့် မကောင်းရင် အလကားပဲ၊ ကောင်းဖို့က ပိုအရေးကြီးတယ်၊ ဒါကြောင့် လူကောင်းလူတော် ဆိုတာက ပိုပြီးသင့်လျော်တယ်” ဆိုပြီး ရှေးပညာရှိစကားကိုပြောင်းပြန်လှန်ပစ်တယ်။ ဘာကိုရည်ရွယ်တယ်၊ ဘယ်သူ့ကို ရည်ညွှန်းပြီးပြောတယ်ဆိုတာတော့ လုပ်ငန်းခွင်ဝင်စ ငယ်သေးတဲ့အရွယ်ဆိုတော့ မသိခဲ့ပါဘူး။ အဲ ဒါ အစည်းအဝေးမှာလား၊ ပါတီညီလာခံမိန့်ခွန့်လား၊ တိုင်းပြည်ကို မိန့်ခွန်းပြောတာလား သေချာမမှတ်မိတာ လည်း ခွင့်လွှတ်ပါ။ အဲဒီကစလို့ “လူကောင်းလူတော်” ဆိုတာ ဖြစ်လာခဲ့တာပါပဲ။

သူပြောတာ ကျိုးကြောင်းဆီလျော်မှု ရှိချင်လည်းရှိမှာပါ။ ဒါပေမယ့် ဒါဟာ ပညာရှိတွေရဲ့ အလုပ်ပါ။ အာဏာရှိ သူပြောတာနဲ့ လိုက်လုပ်ရတာဟာ အမှန်တရားကို ပျောက်ကွယ်စေပါတယ်။ လူကောင်းလူတော်က မှန်သ လား၊ လူတော်လူကောင်းက မှန်သလား ယူဆချက်ကွဲလွဲနိုင်ပေမယ့် ဟိုတုန်းက လက်ခံထားခဲ့တာကတော့ လူ တော်လူကောင်းပါ။ ဖဆပလခေတ် ပြည်တော်သာစီမံကိန်းအတွက် ဆရာမြို့မငြိမ်း ရေးစပ်ခဲ့တဲ့ သီချင်းတပုဒ် ရှိပါတယ်။ အခုထိထင်ရှားဆဲ၊ နာမည်ကြီးဆဲ၊ အကြိမ်ကြိမ် ပြန်ဆိုကြဆဲပါ။ “လူချွန်လူကောင်း” တဲ့။ တော်တာနဲ့ ချွန်တာဟာ အတူတူပါပဲ။

ဆရာကြီးမင်းသုဝဏ်တို့ လက်ထက်တုန်းကလည်း မြန်မာအဘိဓာန်လုပ်ငန်းထဲအထိတောင် ဦးနေဝင်းက နား မလည်ပါးမလည်နဲ့ ဝင်စွက်ခဲ့တာပါ။ မြန်မာစာအသုံးအနှုန်း တခု၊ တကောင်၊ တယောက် ဆိုတာကိုလည်း အခု ရေးနေကြတဲ့အတိုင်း တစ်ခု၊ တစ်ကောင်၊ တစ်ယောက် စသဖြင့် ရေးဖို့လုပ်ခဲ့တာလည်း ဦးနေဝင်းပါပဲ။ စာပေ ဆိုလို့ ရွှေသွေးလောက်သာဖတ်ပြီး ကျမ်းကြီးကျမ်းခိုင်တွေကို သူပိုင်နိုင်တယ်လို့များ ထင်ထားလေသလားမသိ ပါဘူး။ ပိဋကတ်သုံးပုံကိုတောင် လေးပုံလို့မပြောခဲ့တာ ကံကောင်းတယ်လို့ ယူဆမိပါတယ်။

ဦးနေဝင်းလက်ထက်က ပညာရေးဝန်ကြီး ဦးကျော်ငြိမ်း ဆိုတာလည်း ရှိခဲ့ဘူးတယ်။ ၈၀ ခုနှစ်များဆီကပါ။ စစ် အစိုးရအဆက်ဆက် ပညာရေးဝန်ကြီးတွေဟာ မြန်မာပြည်ပညာရေးတိုးတက်အောင်တော့ မဆောင်ရွက်နိုင် ဘူး။ ဒါပေမယ့် နှမ်းဖြူးတော့တတ်တယ်။ အသေးအဖွဲကိစ္စလေးတွေမှာ ဟိုဝင်ဒီစွက်လုပ်တတ်တယ်။ အဲဒီတုန်း က သူငယ်တန်း မြန်မာဖတ်စာထဲမှာ “ဇ ဇရပ်မှာ တည်းခိုပါ” ဆိုတာပါတယ်။ အဲဒီမှာ “မင်းတို့ဟာက သူများ တွေက လပေါ်လူရောက်နေပြီ၊ အင်္ဂါဂြိုလ်ပေါ် လူရောက်နေပြီ … မင်းတို့က ခုထိ ဇ ဇရပ်မှာတည်းခိုတုန်းလား၊ ဘာလား လျှောက်ပြောတော့ “ဇ ဇလပ်ဖြူ သင်းကြူကြူ” ဆိုပြီး ဖြစ်သွားပါလေရောတဲ့။

အဲဒီလိုပြောင်းသွားတာကို မြန်မာစာပါမောက္ခ ဒေါ်စီစီဝင်း သိတော့ “ဒါဘယ်သူလုပ်တာလဲ၊ ဘာကြောင့် ပြောင်းသွားရတာလဲ၊ ဇရပ်မှာ တည်းခိုတယ်ဆိုတာ မြန်မာ့ဓလေ့ မြန်မာ့စရိုက်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ကောင်း မြတ်တဲ့ စိတ်ထားကို ဖေါ်ပြတာပဲ၊ ဒါကို ဘာဖြစ်လို့ ပြောင်းပစ်တာလဲ” စသဖြင့်ပြောတော့ ဝန်ကြီးကလည်း မ နေသာတော့ဘဲ “အဲဒီလိုမှန်းမသိလို့ပါ ဆရာမကြီးရယ်၊ ကျနော်ပြောခဲ့တာပါ၊ ဆရာမကြီး သဘောပါပဲလို့” ဝန် ခံပြောကြားပြီး လိုက်လျောခဲ့ကြောင်း၊ အတိအကျ မဟုတ်ပေမယ့် အဲဒီသဘောပြောဆိုကြောင်း ကြားခဲ့ရပါ တယ်။ ဆရာမောင်စွမ်းရည်တို့ဆိုရင် ပိုပြီးပြည့်ပြည့်စုံစုံ တိတိကျကျ သိကြမှာပါ။

၁၉၉၀ ပြည့်နှစ်များဆီက နဝတ ခေတ်ထင်ပါရဲ့၊ မီးရထားဝန်ကြီးဌာနမှာ ဝန်ကြီးက ဦးဝင်းစိန်ပါ။ ကဗျာလင်္ကာ ဝါသနာပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူရေးတဲ့ ကဗျာဆိုတာတော့ မတွေ့ဘူးပါဘူး။ ရေးလည်းရေးမထင်ပါ ဘူး။ ဒါတွေက အကြောင်းမဟုတ်ပါဘူး။ တခါမှာတော့ သူ့အိမ်မှာ ကဗျာဝပ်ရှော့ဆိုတာ လုပ်တယ်။ ကဗျာ စာ ပေဆိုတာ လူတိုင်းမွေ့လျော်ခွင့်ရှိပါတယ်။ အပြစ်ဆိုစရာ မဟုတ်ပါဘူး။ လူတော်တော်များများလည်း ကဗျာကို ချစ်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုကြားတဲ့အချိန်မှာ ကျနော့်စိတ်ထဲဖြစ်လာတဲ့ ခံစားချက်ကတော့ “ကဗျာဝပ် ရှော့နဲ့ မီရထားဝန်ကြီးနဲ့ ဘာဆိုင်လဲ” ဆိုတာပါပဲ။

ဝန်ကြီးဆိုတာ ဝန်ကြီးဌာနတခုရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ပါ။ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ လုပ်ငန်းကိစ္စအဝဝ တိုး တက်ဖွံ့ဖြိုးဖို့၊ ကောင်းမွန်ဖို့ဟာ တိုင်းပြည်နဲ့ချီပြီး သူ့မှာ တာဝန်ရှိတာပါ။ စစ်အစိုးရအဆက်ဆက် ဝန်ကြီးဌာန အားလုံးဟာ ဖြစ်ချင်တိုင်းဖြစ်နေကြတာမို့၊ မီရထားဝန်ကြီးဌာနတခုထဲကွက်ပြီး အပြစ်မပြောလိုပါဘူး။ မဆိုင် တဲ့အပေါက် ဂလိုင်နဲ့ခေါက်ဆိုတဲ့ လုပ်ရပ်မျိုးလုပ်တာကိုသာ ပြောလိုတာပါ။ သူ့လက်ထက်ကစလို့ ဖြစ်လာခဲ့ တဲ့၊ မြန်မာ့မီးရထားဝန်ကြီးဌာနရဲ့ အတိုကောက်အသုံးအနှုန်း “မမ” ဆိုတာကြီးကျတော့လည်း ကဗျာလည်းမ ဆန်၊ သုံးလို့စွဲလို့လည်း မဟန်ပါဘူး။ ဘယ်သူမှ မမ နဲ့ ခရီးသွားမယ်၊ မမ ကို စီးမယ်ဆိုတာမျိုး မသုံးကြပါဘူး။

ဦးနေဝင်းကစလို့ သူ့ဝန်ကြီးများ၊ အခုခေတ် ဗိုလ်ချုပ်၊ တိုင်းမှူး၊ ဝန်ကြီးများအထိ နှမ်းဖြူး၊ ဆရာလုပ်၊ ဝင်စွက်၊ လမ်းညွှန်မိန့်ကြား အစရှိသဖြင့် မျိုးစုံအောင်လုပ်နေကြတာပါ။ ဒါတွေဟာ တတ်ယောင်ကား စစ်ဗိုလ်ချုပ်များရဲ့ အကျင့်စရိုက်ဖြစ်နေတာမို့ မထူးဆန်းတော့ပါဘူး။ ရေးလို့လည်းမကုန်နိုင်ပါဘူး။ ဒါပေမယ့် မထူးခြားတာတွေ ထဲက အထူးဆန်းဆုံးတခုကိုတော့ အံ့သြမှုနဲ့အတူ “ဟာသပဲ” လို့ သဘောထားမိရင်းနဲ့ တွေးမိတယ်။ သူများ တွေဘယ်လိုသဘောထားတယ် မပြောတတ်ပေမယ့် ကျနော့်အဖို့တော့ “ရီချင်လိုက်တာ ဖတ်ဖတ်မော၊ ရင် ဘတ်နောက်ကကျော” လို့ ပြောရမလိုပါ။

အဲဒါကတော့ ၁၉၉၅ ခုနှစ်တုန်းက ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည်ဆိုတဲ့ “လောကနီတိ” စာအုပ်က လေးပါ။ မနှစ်တမြန်နှစ်လောက်ကမှ ဒီစာအုပ်ကို တွေ့မိပါတယ်။ လောကနီတိကို ကျနော်တို့ငယ်ငယ် ဘုန်းကြီး ကျောင်းသားဘဝတုန်းက အနည်းအကျဉ်း သင်ခဲ့ရဖူးပါတယ်။ ဒီစာအုပ်ငယ်ကလေးထဲမှာ ဆိုထားတာကတော့ “လောကနီတိသည် လောကအကြောင်းနှင့်စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်း ဖြစ်သည်” လို့ ဆိုထားပါတယ်။ တကယ်တော့ ကြီးပွားတိုးတက်ရန်သာမက၊ လိမ္မာယဉ်ကျေးရန်၊ ရိုသေလေး စားတတ်ရန်၊ ကျေးဇူးသိတတ်ရန်အတွက် ဘုရားဟောကျမ်းဂန်များမှ လောကီရေးရာနှင့်ပတ်သက်သည့် သင့် နိုးရာရာတို့ကို ကောက်နှုတ်ရွေးချယ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနပါမောက္ခ ဒေါ်ခင်ဝင်းကြည်ရဲ့ ဝါရှင်တန်တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ အတွက် တင်ပြတဲ့ Burmese Philosophy Reflected in Caturingabala’s Loka Niti ကျမ်းကို ဒုတိယဗိုလ် ချုပ်ကြီးထွန်းကြည် ဖတ်ရှုမိရာမှ အခြေခံပညာမူလတန်းကျောင်းသားများအတွက် အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ကျစ်လစ်တိကျတဲ့ ကျမ်းငယ်တစောင် လိုအပ်တယ်လို့ ယူဆမိပါသတဲ့ (သူက ပညာရေးဝန်ကြီးလည်းမဟုတ်)။ ဒါကြောင့် ဆရာကြီးဦးတက်တိုးကို တိုက်တွန်းတောင်းပန်ခဲ့ရာကနေ ဒီစာအုပ်ငယ် ဖြစ်ပေါ်လာရတယ်လို့ ဆိုပါ တယ်။ ဆရာတော်ဦးဗုဒ်ရဲ့ ပါဠိမှ မြန်မာဘာသာပြန်ကို အခြေပြုပြီး မြန်မာနဲ့ အင်္ဂလိပ်ဘာသာပြန်ကို ဆရာကြီး ဦးတက်တိုးက ပြုစုထားပါတယ်။ ဗိုလ်ချုပ်ထွန်းကြည်က အမှာစာတောင်ရေးလို့ ...။

လောကနီတိကျမ်းဟာ လူ့လောက၊ လောကီအကျိုးစီးပွားကို ဆောင်ကြဉ်းစေတာမို့ လေ့လာဆည်းပူးအပ်၊ လက်တွေ့ကျင့်သုံးအပ်သလို၊ လူအများလေ့လာနိုင်အောင် ဆောင်ရွက်တာဟာလည်း ချီးကျူးလေးစားထိုက်ပါ တယ်။ ဒါပေမယ့် လောကနီတိကျမ်းကို ဗိုလ်ချုပ်ထွန်းကြည်က၊ ကမကထပြုပြီး ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေလိုက်တဲ့အတွက် ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်ရဲ့လုပ်ရပ်တွေဟာ လောကနီတိကျမ်းလာ နဲ့ ကိုက်ညီတယ်လို့များ ယူဆကြရင်ဖြင့် ငါးပါးမက သံဃာစင်ပါ မှောက်ကုန်တော့မှာပဲ။ သာမန်အားဖြင့်ကြည့် ရင် မွန်မြတ်တဲ့ အလုပ်အကိုင်များ လုပ်ကိုင်နေသယောင်၊ ဒေါက်တာဘွဲ့ယူကျမ်းကြီးပဲ ဖတ်နိုင်သယောင်၊ ယုန် ထင်ကြောင်ထင်ဖြစ်အောင် ပြည်သူလူထုကို လိမ်ညာလှည့်စားပြီး၊ တတ်ယောင်ကား လုပ်နေကြတယ်။ ရှင်း ရှင်းရေးရရင် လောကနီတိကျမ်းနဲ့ ဗိုလ်ချုပ်ထွန်းကြည် ဘာဆိုင်လို့လဲ။

လောလောဆယ် နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ နန်းကျရာဇာ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်အခါက လည်း ဟိုနေရာပါ ဒီနေရာပါနဲ့ တပြည်လုံး သူ့ခြေသူ့လက်ဆိုသလိုပါပဲ။ အလုပ်တွေသိပ်လုပ်သပေါ့။ ဒါပေမယ့် ကြည့်လိုက်ရင် အဝတ်အစားက မတွန့်မကြေ၊ ကော့ပြန်နေတာပါပဲ။ ခေါင်းက ဆံပင်အမောက်ကို ဖြီးသင်ထား လိုက်တာက ဟိုတုန်းက ရုပ်ရှင်မင်းသား ဇော်ခင်လား၊ တွံတေးသိန်းတန်လား အောက်မေ့ရပါတယ်။ စီးထားတဲ့ ရှူးဖိနပ်က မှန်ကြည့်လို့ရတယ်။ ဒါလားဟဲ့ စစ်သားလို့ မေးရမလိုပါ။ တီဗီထဲမှာ လှလှလေးပါဖို့၊ သတင်းစာထဲ မှာ ရွရွလေးပါဖို့လောက်ကို ကလေးကလားအရေးထားနေတယ်။ ဟန်ပြတွေပေါ့။ ဒါကြောင့်ဘယ်နေရာမှ မတိုး တက်တာဖြစ်တယ်။

ဒီလိုလူကိုပဲ တချို့က ပြုပြင်ပြောင်းလဲရေးလုပ်လိုသူ၊ သဘောထားပျော့ပြောင်းသူ အစရှိသဖြင့် အကောင်းမြင် ပြီး အထင်ကြီးနေကြသေးတယ်။ စစ်အစိုးရအာဏာသိမ်းပြီး မကြာခင်၊ သူအာဏာရှိန်တက်ခါစက “တိုင်းပြည် နဲ့လူမျိုးကို ချစ်တဲ့စိတ်ရှိတာချင်း ပြိုင်ဝံ့ပါတယ်” ဆိုတဲ့ စိန်ခေါ်မှုမျိုး တိုင်းပြည်ကို ပြောခဲ့ဖူးတယ်။ ဒါကြောင့်ပဲ ထင်ရဲ့။ ဟိုတလောက နယ်စပ်အပစ်ရပ်အဖွဲ့တွေကို စေ့စပ်ရေးလုပ်ပေးဖို့ နအဖကချဉ်းကပ်တော့ ထိန်းသိမ်းခံ ထားရတဲ့ သူ့ရဲ့ထောက်လှမ်းရေးက လူ (၃၀၀) ကျော် လွှတ်ပေးမှ လုပ်ပေးမယ်လို့ ပြောတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့လူက ဘာဖြစ်လို့ “တိုင်းပြည်နဲ့ လူမျိုးကောင်းဖို့ ရှေ့ရှုတဲ့လုပ်ရပ်ဖြစ်မှ လုပ်ကိုင်ပေးမယ်” ဆို တဲ့ အသုံးအနှုန်းမျိုး မသုံးရတာလဲ။ သူချစ်တာက သူ့လူ (၃၀၀) ကျော်ကိုပဲလား၊ ရှေ့နောက်လည်း စကားမညီ ပါဘူး။

ဒီလိုလူမျိုးတွေက ကြီးကျယ်တဲ့ လုပ်ရပ်တွေမှာ မတန်မရာဝင်လုပ်ပြီး နေရာယူတတ်တယ်။ မြန်မာနိုင်ငံ ပုံ တောင်ပုံညာဒေသနဲ့ အခြားဒေသများရဲ့ ရှေးနှစ်သန်းပေါင်း (၄-၅၀) ခန့်သက်တမ်းရှိတဲ့ အီယိုဆင်းကျောက် လွှာတွေထဲမှာ လူရဲ့အဦးအစဖြစ်တဲ့ လူတူလူဝံခေါ် ပုံတောင်ပရိုင်းမိတ်များရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရ တဲ့အတွက် “လူသားရဲ့အဦးအစ၊ မြန်မာက၊ မြန်မာလူမျိုးများဟာ ဘယ်နိုင်ငံ၊ ဘယ်ဒေသကမှ ရွှေ့ပြောင်းလာ ခဲ့တာမဟုတ်ဘဲ ကိုယ့်နိုင်ငံအတွင်းမှာပဲ ပေါက်ဖွား ရှင်သန်ပြီး ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ကြတယ်” လို့ မြန်မာဘူမိဗေဒပညာရှင်များက ၁၉၇၀-၈၀ နှစ်များက ဆိုခဲ့ပါတယ်။

နဝတ က အဲဒီ “လူသားအစ၊ မြန်မာက” ဆိုတာကို ဝါဒဖြန့်ဖို့အတွက် ရှေ့တန်းတင်၊ စစ်ထောက်လှမ်းရေးက ကမကထပြု ကွင်းဆင်းလေ့လာပြီး အသားလုပ် ပနာယူမှုတွေပြုခဲ့ပါတယ်။ တက္ကသိုလ်ဆရာများ၊ ပညာရှင်များ ကတော့ နောက်တန်းကပဲ နေရာပေး အသိအမှတ်ပြုခြင်းခံရပါတယ်။ လူ့အခွင့်အရေးကို မတရားသဖြင့် ချိုး ဖောက်၊ ဒီမိုကရေစီဘက်သားနဲ့ တခြားရန်သူလို့ယူဆရတဲ့သူတွေကို လျှို့ဝှက်ထောက်လှမ်းပြီး ရက်ရက်စက် စက်ပြုကျင့်လေ့ရှိတဲ့ စစ်ထောက်လှမ်းရေးနဲ့ အဆင့်မြင့်ပညာရှင်အလုပ်ဖြစ်တဲ့ “လူသားအစ မြန်မာက” ဟာ ပြဒါးတလမ်း သံတလမ်းပါ။ ဒါဟာလည်း ကူလီကူမာ ဉာဏ်ကစားပြီး အသားယူတတ်တဲ့ စစ်အုပ်စုရဲ့အကျင့်စ ရိုက်ပါ။

သူ့ကိုသူ ဘဝရှင်မင်းတရားကြီးစိတ်ပေါက်နေတဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေး၊ ရွှေမန်း၊ အောင် သောင်းနဲ့ သိန်းစိန်တို့ကတော့ ကြည့်လိုက်ရင်ကိုပဲ ဘာမှမတတ်ဘူးဆိုတာ ထင်ရှားနေတယ်။ ဒါကြောင့်သူတို့ ကတော့ ပေါ်ပေါ်တင်တင် ဗြောင်ကျကျပဲလုပ်တော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လုပ်ကြံခိုင်း တယ်။ ၂၀၀၇ မှာ ဘုရားသားတော် သံဃာတော်တွေကိုတောင် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တယ်။ ၂၀၀၈ မှာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်မယ့် အမေရိကန်နဲ့ ပြင်သစ်၊ အင်္ဂလန်က သင်္ဘောတွေကို အဝင် မခံဗြောင်ငြင်းဆန်တယ်။ ပြည်တွင်းက ကူညီရေးအဖွဲ့တွေကို ရန်ရှာတယ်။ ဘယ်သူကမှ ဆေးဖော်ကြောဖက် မလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံတယ်ဆိုပြီး ဒီဥပဒေအရ စစ်အုပ်စု သက်ဆိုးရှည်စေဖို့ အခုကြိုးစားနေပြန်ပြီ်။ ကိုယ့်ဘက်က ဘာမှပြင်ဆင်လိုက်လျောမှုမရှိဘဲ စီးပွားရေးပိတ်ဆို့မှု တွေ ရုတ်သိမ်းပေးဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကလေးမုန့်တောင်းသလို အရှက်မရှိ ဗြောင်တောင်း ဆိုခဲ့တယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုတဲ့အတွက် မရ ရတဲ့နည်းနဲ့ ကြိုးစားဆောင်ရွက်လိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ကြားထဲက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့ထား တာတွေကို ဖယ်ရှားပေးနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက် အရေးယူမှုအခြေအနေကို အသေးစိတ်သိ နိုင်ရန် အီးယူသံတမာန်တွေနဲ့ တွေ့ခွင့်ပြုဖို့ခွင့်တောင်းခဲ့တယ်။ ခွင့်ပြုတဲ့အတွက် အခုလ (၁၀) ရက်နေ့က တွေ့ ကြပါတယ်။ ဒါကိုကြည့်ပြီး ဗြောင်သမားတွေ သဘောထားပြောင်းလာပြီလို့များယူဆရင် ယူဆဖို့ သိပ်စောလွန်း နေသေးတယ်လို့ ထင်ပါတယ်။ အီးယူသံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာလို့ ပိတ်ဆို့မှုရုတ်သိမ်းရင် သူတို့ပဲ အကျိုးရှိမှာကိုး။ စိတ်ရင်းစေတနာရင်းလို့ ယူဆလို့မရသေးပါဘူး။ လောလော ဆယ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံကို ပယ်ချထားတာပါ။ ကျန်တဲ့ အရေးကြီးတဲ့ တောင်းဆိုမှုအားလုံး ရနိုင်ဖို့ဆိုတာ အဝေးကြီးရှိပါသေးတယ်။

ဒါပေမယ့် ဒီအချိန်အခါမှာ နည်းဗျူဟာမျိုးစုံသုံးပြီး ချဉ်းကပ်လာရမှာက နအဖပါ။ နအဖဟာ စီးပွားရေးပိတ်ဆို့ အရေးယူထားမှုတွေ ရုတ်သိမ်းစေလိုတယ်ဆိုရင် အမှန်တကယ် လိုက်လျောမှုတွေ ပြုလာရမှာဖြစ်ပါတယ်။ အ မေရိကား၊ ကုလသမဂ္ဂ၊ အီးယူနဲ့ နိုင်ငံတကာတို့ကလည်း နအဖကို တောချောက်ပေးနေပါပြီ။ NLD နဲ့ ဒီမိုက ရေစီအင်အားစုများဟာ ယုံကြည်ချက်နဲ့ မိမိတို့ချမှတ်ထားတဲ့ လမ်းစဉ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဖို့ပါတယ်။ ညီ ညီညွတ်ညွတ်နဲ့ ဆက်လက်ချီတက်ရင် တတ်ယောင်ကားနဲ့ ဗြောင်သမား စစ်အာဏာရူးတို့ရဲ့ အရှက်မရှိ အုပ် ချုပ်မှုအောက်က မကြာခင် ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါကြောင်း ...။

မောင်ဂဒိုး
၁၂၊ အောက်တိုဘာ၊၂၀၀၉
http://drlunswe.blogspot.com/2009/10/blog-post_12.html

ဘ၀အန္တရာယ်...့ကျည်အန္တရာယ်..စစ်စနစ်စိုးမိုးထားသည့်အိမ်

http://ifile.it/fvgl3e5

091012 Bty Bur Burma Today

13 Oct ဒိုင်ယာရီ

http://ifile.it/p4c1yli

13 Oct news

နာကျင်မှုများအတွက် အမှန်တရားပေးကြပါ

Tuesday, October 13, 2009
ပေးပို့ - Myanmar True Man

source=> http://drlunswe.blogspot.com/2009/10/blog-post_13.html

Give Me the Truth for My Hurts.

သည်ဗွိုက်စ် (The Voice)၊ မောင်ရစ်နဲ့ ဖိနပ်ပြဿနာ




ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိလာကြတဲ့ နအဖ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နိုင်ငံခြားရေး ဝန်ကြီး (ဗိုလ်ချုပ်ဟောင်း) ဦးဉာဏ်ဝင်းတို့ကို ဒီမိုကရေစီ လိုလားသူ မြန်မာနိုင်ငံသားတွေက ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုဟာ ယခုတလော မြန်မာနိုင်ငံသားတွေ ကြားမှာ ဝေဖန် ဆွေးနွေးစရာ ဖြစ်နေပါတယ်။ အဲဒီလုပ်ရပ်ကို ကြိုဆိုသူတွေ ရှိသလို၊ ဒါမျိုးလုပ်တာကို မကြိုက်သူ မလုပ်လိုသူတွေလည်း ရှိပါတယ်။ ဒါမျိုး မလုပ်သင့်ကြောင်း ကိုယ်ပိုင် ဘလော့ကနေ ဝေဖန်ခဲ့တဲ့ စင်ကာပူမှ မြန်မာနိုင်ငံသား ဘလော့ဂါ တချို့ရဲ့ တင်ပြချက် အချို့ဟာ တလေးတစား တွေးတော စဉ်းစားသင့်တဲ့ အချက်တွေ ပါဝင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အခု အပတ်ထုတ် သည်ဗွိုက်စ် ဝီကလီး (The Voice Weekly) ဂျာနယ်ရဲ့ Editorial (ခေါင်းကြီးပိုင်း) မှာ ဒီကိစ္စကို 'မှန်ဖြင့် ဆောက်မည့်အိမ်၊ စနစ်နှင့် လူများ' ခေါင်းစဉ်တပ် ရေးသားထားတာကို ဖတ်မိရာကနေ အခုဆောင်းပါး 'သည်ဗွိုက်စ် (The Voice)၊ မောင်ရစ်နဲ့ ဖိနပ်ပြဿနာ' ကို ပြန်ရေးမိတာ ဖြစ်ပါတယ်။


အခုလို ကိုယ့်လက်မခံနိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖိနပ်နဲ့ ပေါက်တဲ့ အလေ့အထဟာ အီရတ်မှာ ပြုလုပ်တဲ့ အမေရိကန် သမ္မတ ဂျော့ ဒဗလျူ၊ ဘွတ်ရှ် (George W. Bush) ရဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ အီရတ် ဂျာနယ်လစ် တယောက်ဖြစ်တဲ့ (Egypt-based al-Baghdadia television network မှ) Muntadhar al-Zaidi က သမ္မတ ဘွတ်ရှ်အား ဖိနပ်နဲ့ ထပေါက်တာကနေ စလာတဲ့ ပုံတူ ကူးချမှုလို့လည်း ဝေဖန်သူတွေက ဝေဖန်ကြပါတယ်။ ကောင်းဗွိုင် (Cowboy = အမေရိကန် နွားကျောင်းသာများ လို့ခေါ်တဲ့ မြင်းတစီး သေနတ်တလက်ဖြင့် ထိန်းကျောင်းသူများ) တို့ရဲ့ မွေးရပ် ဇာတိမြေမှ လာတဲ့ သမ္မတ ဘွတ်ရှ်ဟာ ဒီမိုကရေစီ အလံကို အမြင့်ဆုံး လွှင့်တင်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ယှဉ်လာရင်တော့ လူ့အခွင့်အရေးကို နည်းနည်းလေးမှ ဂရုမစိုက်တာ တွေ့ရတယ်။ အီရတ်ကို ဝင်တိုက်ပြီး ဆတ်ဒန်ဟူစိန်ကို ဖြုတ်ချလိုက်တဲ့ ကိစ္စကိုလည်း ကမ္ဘာ့ပြည်သူ အများစုကြီးက ခံတွင်း မတွေ့ကြတာလည်း အမှန်ပါပဲ။ မြန်မာ့ ဒီမိုကရေစီအရေး တက်ွ့က လှုပ်ရှားသူတွေ အကြားမှာလည်း၊ "ငါတို့အရေးကို လင်ရော မယားပါ ထက်ထက်သန်သန် တက်တက်ွ့ကွ့က ထောက်ခံနေလို့သာ၊ ဒီကောင်းဗွိုင် သမ္မတရဲ့ လုပ်ရပ်တွေကို ထောက်ခံဖို့တော့ ခပ်ခက်ခက်ကွ" လို့ ပြောဆို ဝေဖန်သံတွေကိုလည်း ကြားရဖူးသလို၊ အဲဒီလို ဖိနပ်နဲ့ မပေါက်ခံရခင် ကတည်းက အမေရိကန် ပြည်သူတွေ ကြားထဲမှာလည်း သမ္မတကို ထောက်ခံမှုတွေ လျော့ကျလာနေတယ်လို့ ကြားသိခဲ့ရဖူးပါတယ်။ ဒါတွေကြောင့်ပဲလားတော့ မသိ၊ ဒီလို သူတို့ကိုယ်တိုင် ရွေးကောက် တင်မြှောက်ထားတဲ့ သမ္မတဘွတ်ရှ်အား အီရန် ဂျာနယ်လစ်က ဖိနပ်နဲ့ ပစ်ပေါက်လိုက်တာကို အမေရိကန် ပြည်သူတွေနဲ့ သတင်းစာတွေကတော့ သတင်းတပုဒ်ထက် ပိုပြီး မမြင်ခဲ့ကြပါဘူး။


ဒါပေမဲ့လည်း ဘွတ်ရှ် ဖိနပ်နဲ့ ပေါက်ခံရတဲ့ နောက်ဆက်တွဲ အဖြစ်၊ ဖိနပ်ပေါက်မှုတွေ ဒီမိုကရေစီ နိုင်ငံ အတော်များများမှာ ဖြစ်လာတာကိုတော့ သတိထားမိလာရသလို။ ယခုနှစ် ဧပြီ ၂၆ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ၊ အမာဒါဘတ် (Ahmedabad) မှာ ဝန်ကြီးချုပ် မက်မိုဟန်ဆင်း (Dr. Manmohan Singh) ကို အသက် ၂၆ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ကွန်ပျူတာ အင်ဂျင်နီယာ ကျောင်းသား တဦးက ဖိနပ်နဲ့ ပစ်ပေါက်တာ ဖြစ်ခဲ့ပြန်တယ်။


ပြီးတော့မှ နယူးယောက်မှာ နအဖ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နိုင်ငံခြားရေး ဗိုလ်ချုပ်ဟောင်း ဦးဉာဏ်ဝင်းတို့ စီးတဲ့ ကားကို ဒီမိုကရေစီ လိုလားသူ မြန်မာနိုင်ငံသား အချို့က ဖိနပ်နဲ့ ပစ်ပေါက်တာ ဖြစ်ပွားခဲ့တာပါ။


ဘွတ်ရှ် ဖိနပ်နဲ့ အပေါက်ခံရပြီး နောက်ပိုင်း အလားတူ အမှုတွေ အမြောက်အမြား ဖြစ်ပွားခဲ့ပေမယ့်၊ ကျနော် အနေနဲ့ သိသာရုံသာ အိန္ဒိယမှာ မကြာသေးခင်ကမှ ဖြစ်ပွား ဖိနပ်နဲ့ ပစ်ပေါက်မှု တမှုကို ထုတ်ဖော် တင်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို free encyclopedia တခု ဖြစ်တဲ့ အခမဲ့ စွယ်စုံကျမ်း ကွန်ရက် စာမျက်နှာ ဝီကီပီဒီယားမှာ အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ [http://en.wikipedia.org/wiki/Muntadhar_al-Zaidi]


ဒါဆိုရင် မြန်မာနိုင်ငံမှာရော ဒီလို ကိုယ့်မကျေနပ်တဲ့ စင်ပေါ်ကလူကို ဖိနပ်တွေ ဘာတွေနဲ့ ပစ်ပေါက်တဲ့ အလေ့ အရင်က မရှိခဲ့ဘူးလား ဆိုတဲ့ အမေး ပေါ်လာတော့၊ ကျနော်ရဲ့ အကိုလို ဖြစ်တဲ့ သူငယ်ချင်း တဦး ပြောတာကို သွားသတိရမိတယ်။ ကျနော်တို့တတွေ လူငယ် ဘာသာဘာဝ ကိုယ့်ကြိုက်တဲ့ သဘောကျတဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ဝိုင်းဖွဲ့ ပြောကြတဲ့ စကားဝိုင်းမှာ၊ အဲဒီ သူငယ်ချင်းက သူအကြိုက်ဆုံး အဆိုတော်က 'ဘိုတောက်' လို့ ပြောပါတယ်။ ပြီးတော့ သူ ပါးစပ်ဖျားမှာ စွဲနေတဲ့ 'ဘိုတောက်' သီချင်းတပုဒ်ကိုပါ ဟစ်ပြလိုက်ပါသေးတယ်။ ဒါနဲ့ အခြားသူတွေက "မင်း ဘိုတောက်ရဲ့ ဘယ်စီးရီး ဘယ်သီချင်းတွေ ကြိုက်တာလဲ" လို့ ဝိုင်းမေးကြတော့၊ သူ့ပါးစပ်ဖျား စွဲနေတဲ့ 'ဘိုတောက်' သီးချင်းတပုဒ်က လွဲပြီး ဘိုတောက် စီးရီးတွေ၊ စီးရီးခေါင်းစဉ်တွေ သာမက အခြား ဘယ် 'ဘိုတောက်' သီချင်းကိုမှ ကောင်းကောင်း မသိတာ တွေ့ရတယ်။ ဒါနဲ့ ခင်ဗျားက 'ဘိုတောက်' ကြိုက်တယ်ဆိုတာ ဘာကို ကြိုက်တာလဲ ဆိုတော့မှ သူ ဘာကြောင့် ကြိုက်ရတဲ့ အကြာင်းရင်းကို အခုလို ပြောပြပါတယ်။


"ဟာကွာ - ဒို့ဆီမှာ ဘိုတောက်တို့ တီးဝိုင်းအဖွဲ့ သီချင်း လာဆိုတော့၊ ဘိုတောက် အလှည့်ရောက်ပြီး ၂ ပုဒ် ၃ ပုဒ်လည်း ပြီးရော ဒို့နယ်က လူတွေက ပြောင်းဖူးရိုးတွေ ဘာတွေနဲ့ ဝိုင်းအားပေးကြတာကွ။ ဘိုတောက်က ဘယ်လုပ် မှတ်လဲ၊ သူ့ကိုယ့် ပစ်တဲ့ ပြောင်းဖူးရိုး တရိုးကို စင်ပေါ်ကနေ ကောက်ကိုက်ပြီး ဆက်ဟစ်တာ ကောင်းမှကောင်း။ ငါတော့ အဲဒါကို အရမ်းသဘောကျတာ သွားပြီး၊ အဲဒီကတည်းက ဘိုတောက်သာ အကောင်းဆုံးလို့ သတ်မှတ်လိုက်တော့တာ" တဲ့။


ကျနော်က ဒီလို ရေးလိုက်လို့ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့၊ ဗိုလ်ချုပ်ဟောင်း ဦးဉာဏ်ဝင်းတို့ အနေနဲ့ 'ပေါက်တဲ့ ဖိနပ်ကို ကောက်ကိုက်လိုက်ပေါ့' လို့ ပြောလိုခြင်း လုံးဝ မဟုတ်ပါ။ ဖိနပ်နဲ့ ပြောင်းဖူးရိုး မတူတာကို ကျနော် နားလည်ပါတယ်။ ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ စင်ပေါ်တက် ကို့ရိုးကားရား လုပ်တယ်လို့ ပရိသတ်က မြင်လာရင်တော့ ဒီလို ပြောင်းဖူးရိုးတို့ ဘာတို့နဲ့ ပစ်ပေါက်တတ်တဲ့ အလေ့အထ ဟိုအရင်ကတည်းက ရှိတယ် ဆိုတာကို ပြောပြချင်တာ သက်သက်ပါ။


နောက်ပြီး ဒါမျိုးလုပ်တာကို ကျနော် အနေနဲ့ ထောက်ခံတယ်၊ အားပေးတယ် ဆိုတဲ့ အဓိပ္ပါယ်လည်း မဟုတ်ပါဘူး။ ဒါမျိုး အလေ့အထကို ကျနော်လည်း မကြိုက်လှပါဘူး။ ဒါပေမဲ့ ကျနော် မကြိုက်တာနဲ့ ဒါမျိုး မလုပ်ရဘူးလို့လည်း ယတိပြတ် ပြောလို့ မရပါဘူး ဆိုတာကိုပါ နားလည်ပါတယ်။ လူတဦးချင်းစီရဲ့ ကိုယ့်ပိုင် ဆုံးဖြတ်ချက် အပြင် ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင် အခြေအနေ အပေါ်မှာလည်း မူတည်အုန်းမှာပါ။ ကျနော် အနေနဲ့ကတော့ စတိတ်ရိုး တပွဲ သွားကြည့်မိတဲ့အခါ စင်ပေါ်က လူက စင်ပေါ်မှာ ကို့ရိုးကားရား ရှောက်လုပ်လာလို့ မကြိုက်တော့ရင် ကုန်ကျခံထားတဲ့ ပိုက်ဆံကို အဆုံးခံပြီး ပြန်ထွက်လာလိုက်မှာ။ ကိုယ့်ကုန်ထားတဲ့ ပိုက်ဆံ နှောမျောပြီး ပြန်မထွက်ဘဲ ဆက်ကြည့်နေမိရင်၊ ကိုယ်လည်း ပြောင်းဖူးရိုးနဲ့ ထုတဲ့အထဲမှာ ပါမိဖို့ရာက များနေတယ်လေ။


နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စတွေမှာတော့ စတိတ်ရိုးကြည့်သလို ပြန်ထွက်လာလိုက်ပေါ့လို့ ပြောလို့ လုပ်လို့ မရပါဘူး။ ပိုဆိုးတာက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နိုင်ငံခြားရေး ဝန်ကြီး (ဗိုလ်ချုပ်ဟောင်း) ဦးဉာဏ်ဝင်းတို့ဟာ ဘယ်ပြည်သူကမှ ရွေးကောက် တင်မြှောက်ထားတဲ့ ဝန်ကြီးတွေ မဟုတ်တဲ့ အပြင် အာဏာကို လက်နက်အားကိုးနဲ့ မတရား ရယူထားသူတွေ ဖြစ်ပြန်လေတော့ ကြုံတုန်း ဖိနပ်စာ ကွေ္ဆးချင်သူတွေကို ကိုယ့်မကြိုက်လည်း အပြစ်မမြင်မိတာတော့ အမှန်ပါ။


အခုတော့ ပြည်တွင်းမှာ တရားဝင် ထုတ်ဝေ ဖြန့်ချိနေတဲ့ သည်ဗွိုက်စ် ဂျာနယ် (The Voice Weekly - Vol. 5/ No. 49, Monday, October 12-18, 2009) Editorial (ခေါင်းကြီး) မှာ ဒီဖိနပ် ပြဿနာကို 'မှန်ဖြင့် ဆောက်မည့်အိမ်၊ စနစ်နှင့် လူများ' လို့ ခေါင်းစဉ်တပ်ပြီး ရေးထားတာကို ဖတ်ရတယ်။ နအဖ စစ်အစိုးရရဲ့ စာပေစီစစ်ရေး လက်အောက်မှာ ထုတ်ဝေနေရတဲ့ ပြည်တွင်းက ဂျာနယ် တစောင်ဖြစ်လို့ နအဖ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးကို နယူးယောက်မှာ ဖိနပ်နဲ့ ဆုံးမနေကြပြီလို့ ပြည်သူလူထုကို တဖက်လှည့်နဲ့ သတင်း ပေးချင်လိုများလား။ ဒါပေမဲ့လည်း ရေးထားတဲ့ သည်ဗွိုက်စ် Editorial (ခေါင်းကြီး) အာဘော်အရတော့ သတင်းဂျာနယ် တစောင် မပီမသနဲ့ ဘက်လိုက် ရေးသားထားတာကို တွေ့ရပါတယ်။ ၇၊ ၁ဝ၊ ၂ဝဝ၉ နေ့စွဲနဲ့ 'အယ်ဒီတာ' အနေနဲ့ ရေးသားထားတဲ့ အဲဒီ ခေါင်းကြီးရဲ့ ပထမအပိုဒ်မှာ၊


"နယူးယောက်မြို့တော်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လိုလားသူဆိုသူများ အီရတ်နိုင်ငံတွင် သမ္မတ ဘွတ်ရှ်ကို ဆန္ဒပြခဲ့သူတစ်ဦးကို အတုယူ၍ အလားတူ လုပ်ဆောင်ခဲ့ကြခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်တို့ကဲ့သို့ပင် လူကြီးလူကောင်း မဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခဲ့ခြင်းဖြစ်ရာ မြန်မာ တစ်ဦးအနေဖြင့် များစွာ အရှက်ရမိပါသည်" (မူရင်း သတ်ပုံအတိုင်း)

လို့ ရေးပြီး အစပျိုးထားပါတယ်။


ဒီတော့ သည်ဗွိုက်စ် Editorial (ခေါင်းကြီး) အရ လူကြီးလူကောင်း မဆန်တာ၊ မယဉ်ကျေးတာ၊ Civilize မဖြစ်သူတွေဟာ အီရတ်တွေ ဖြစ်တယ်။ ဒီအီရတ်တွေ အပြင် 'ဒီမိုကရေစီ လိုလားသူဆိုသူများ'ပါ ပါတယ်လို့ ဆိုလိုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အပိုဒ် ၄ ပိုဒ် ပါရှိတဲ့ သည်ဗွိုက်စ်ရဲ့ Editorial (ခေါင်းကြီး) မှာ အဲဒီ 'ဒီမိုကရေစီ လိုလားသူဆိုသူများ' ကရော၊ ပထမဆုံး စတဲ့ အီရတ် ဂျာနယ်လစ်ကရော ဘာကြောင့် အခုလို ဖိနပ်နဲ့ ပစ်ပေါက်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို တလုံးတပါဒမှ ဖော်ပြထားတာကိုတော့ မတွေ့ရဘူး။ ဒါပေမဲ့လည်း သူ့နိုင်ငံကို သိမ်းယူထားတဲ့ နိုင်ငံခြား တိုင်းပြည် တပြည်မှ သမ္မတ တဦးကို ဖိနပ် ထပေါက်ရုံနဲ့ အီရတ် လူမျိုးတွေဟာ လူကြီးလူကောင်း မဆန်သူတွေ၊ မယဉ်ကျေးသူတွေ၊ Civilize မဖြစ်သူတွေလို့ သိမ်းကြုံး ပြောဆိုလိုက်သလို၊ စီးတဲ့ကားကို ဖိနပ်နဲ့ ပစ်ပေါက်ရုံနဲ့လည်း ဒီမိုကရေစီ လိုလားသူတွေဟာ (သည်ဗွိုက်စ်ရဲ့ အမှန်တကယ် ရေးသား သုံးနှုန်းထားတာက 'မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လိုလားသူဆိုသူများ' ဆိုတဲ့ ဘက်လိုက် ရေးသားတဲ့ အသုံးအနှုန်းနဲ့ပါ) လူကြီးလူကောင်း မဆန်ဘူး၊ မယဉ်ကျေးဘူး၊ Civilize မဖြစ်ဘူးလို့ ဂျာနယ်လစ် တယောက်က ဝင်ပြီး ဆုံးဖြတ် ပေးလိုက်တာကိုတော့ တွေ့ရပါတယ်။


ဂျာနယ်လစ် တယောက်အနေနဲ့ ဒီလို မတော်တရော် (ဖိနပ်ပစ်ပေါက်ရတဲ့) အဖြစ်အပျက်ရဲ့ နောက်ကွယ်မှ အကြောင်းအရင်း အမှန်တွေကို မဖော်ထုတ်ဘဲ ဒီလို ဘက်လိုက် ရေးပိုင်ခွင့် ရှိပါသလား။ သေချာတာကတော့ ဂျာနယ်လစ် ပီသသူတွေ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "Find truth, report it accurately." ဆိုတဲ့ "အမှန်တရားကို ရှာဖွေဖော်ထုတ်ပြီး အတိအကျ တင်ပြပါ" မူအရတော့ ဒီလို ဘက်လိုက် ရေးသားမှုမျိုးဟာ လူ့ဘောင်တခု အတွက် တရားမျှတမှုကို ဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။ ဒီလို တဖက်သက် ဘက်လိုက် ဖော်ပြ ရေးသားမှုမျိုးဟာလည်း ဂျာနယ်လစ်တွေရဲ့ မူမဟုတ်၊ ဝါဒဖြန့်ချိသူတွေ လက်ကိုင်ထားတဲ့ မူသာ ဖြစ်တယ်။


"က္ဆွန်ုပ်တို့အားလုံးသည် စနစ်တစ်ခု၏ သားကောင်များ ဖြစ်ခဲ့ကြပြီး ထိုစနစ်ကို ယခုအခါ ပြင်ဆင်ရန် အခွင့်သာနေချိန် ဖြစ်ရာ စနစ်နှင့် စနစ်အတွင်း ကျရာကဏ္ဍမှ ဝင်ရောက် သရုပ်ဆောင် ကပြနေသူများကို ခွဲခြား နိုင်ရေးသည်များစွာ အရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါသည်" (မူရင်း သတ်ပုံအတိုင်း)


၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပ ပေးပြီးရင် ဘားတိုက် ပြန်မယ်ဆိုပြီး ပြည်သူလူထုကို တရားဝင် ထုတ်ဖော် ပြောကြားခဲ့တဲ့ နဝတ/နအဖ စစ်အုပ်စုကို ရည်ညွှန်းထားတဲ့ (အထက်ပါ သည်ဗွိုက်စ် Editorial (ခေါင်းကြီး) နောက်ဆုံးပိုဒ် အာဘော်အရ) 'စနစ်အတွင်း ကျရာကဏ္ဍမှ ဝင်ရောက် သရုပ်ဆောင် ကပြနေသူများ' ဆိုသူတွေရဲ့ သရုပ်သဏ္ဍာန် အစစ်အမှန်က ဘာလဲ။


(၁) ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်းမှာ ပါတီ စည်းရုံးရေး ခရီးစဉ် ထွက်လာတဲ့ စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦးနဲ့ ကမ္ဘာ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေရဲ့ ကားတန်းကို မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ (အဲဒီအချိန်က ကြပ်ပြေး နေပြည်တော်ဆိုတာ မရှိသေးပါ) ရန်ကုန်မှာ နေ့ခင်းကြောင်တောင် ကားမှန်တွေ ရိုက်ခွဲပြီး အသက်အန္ဈရာယ်ကိုပါ ခြိမ်းခြောက်လာတဲ့ အထိ ပြုမူ လုပ်ဆောင်ခဲ့ကြတဲ့ လူမိုက် လူရမ်းကားတွေကို ဘယ်သူက အမိန့်ပေး ခိုင်းစေခဲ့တာလဲ၊

(၂) ဒါထက်ဆိုးတာက ၂ဝဝ၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့မှာ လူ ၇ဝ ကျော် သေဆုံးခဲ့တဲ့ စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦးနဲ့ ကမ္ဘာ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေနဲ့ သူတို့ကို ထောက်ခံတဲ့ ပြည်သူတွေကို ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးမှာ မီးအမှောင်ချ အသေရိုက်သတ်တဲ့ လုပ်ရပ်မှာ ပါဝင် ကျူးလွန် ပတ်သက်ခဲ့သူတွေက ဘယ်တွေလဲ၊ အဲဒီ ဒီပဲယင်း လူသတ်မှုကို ဘယ်သူတွေက နောက်ကွယ်က ကြိုးကိုင် စီစဉ်ခဲ့တာလဲ၊ အဲဒီလို ဥပဒေမဲ့ တရား လက်လွတ် လက်ရဲဇက်ရဲ ကျူးလွန်သူတွေကို ကုလသမဂ္ဂ အပါအဝင် တကမ္ဘာလုံးက ရှုတ်ချခဲ့တာကိုရော အသင် အယ်ဒီတာ သိပါသလား၊

(၃) ၂ဝဝ၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ကိုသက်နိုင်ဦး (ခေါ်) ကိုပြာလောင်ကို နအဖ လက်ကိုင်ဒုတ် မီးသတ်နဲ့ ရဲတွေက မြို့တော်ရန်ကုန်က ပြည်သူလူထု ရှေ့မှောက်မှာ လူမဆန် အသေရိုက် သတ်ခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ်ကိုရော အသင် အယ်ဒီတာ ဘာပြောချင်ပါသလဲ၊

(၄) ၂ဝဝ၇ ခုနှစ်မှာ လောင်ဆီဈေးတွေကို နအဖ စစ်အစိုးရက ကြိုတင် အသိပေးမှု တစုံတရာ မပြုဘဲ ၂ ဆ မြှင့်လိုက်လို့ ဘစ်ကားမစီးတော့ဘဲ လမ်းလျှောက်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းတွေကို ထောင်နှစ်ရှည်တွေ ချတာကလဲ 'စနစ်အတွင်း ကျရာကဏ္ဍမှ ဝင်ရောက် သရုပ်ဆောင် ကပြနေသူများ'ရဲ့ လက်ချက် မဟုတ်သလော၊

(၅) မကြာသေးမီ ၂ဝဝ၇ စက်တင်ဘာကမှ ဖြစ်ပွားခဲ့တဲ့ ငြိမ်းချမ်းစွာ လမ်းရှောက် ပရိတ်ရွတ် မေတ္တာပို့တဲ့ သံဃာတော်တွေကို ရိုက်နှက်ရုံသာမက သေနတ် ပစ်သတ်ခဲ့တာကရော ဘယ်သူတွေလဲ၊


အထက်ပါ တောတွင်း ဥပဒေသနဲ့ လုပ်ရပ်ကို လက်ကိုင်ထား လုပ်ဆောင်ခဲ့ကြတဲ့ 'စနစ်အတွင်း ကျရာကဏ္ဍမှ ဝင်ရောက် သရုပ်ဆောင် ကပြနေသူများ' စီးတဲ့ကားကို ဖိနပ်နဲ့ ပစ်ပေါက်သူတွေက 'လူကြီးလူကောင်း မဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုး' တွေလား၊ ဒါမဟုတ် အဲဒီလို ဖိနပ်နဲ့ ပစ်ပေါက်ခံသူတွေကသာပဲ 'လူကြီးလူကောင်း မဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုး' တွေလား ဆိုတာကိုတော့ လယ်ပြင်မှာ ဂေါ်ဇီလာသွားသလို ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။


"'မှန်ဖြင့် ဆောက်လုပ်ထားသော အိမ်တွင် နေထိုင်လိုသော လူသည် သူတစ်ပါး၏မှန်ကို ခဲဖြင့် မပေါက်ရ' ဆိုသော တရုတ်ပညာရှိ တစ်ဦး၏ စကားကို ကိုးကားရမည် ဆိုပါက ထိုအပြုအမူမျိုးသည် မြန်မာတို့အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိ သက်သေထူနေခြင်းလည်း ဖြစ်ပေသည်" (သည်ဗွိုက်စ် Editorial ဒုတိယပိုဒ်၊ မူရင်း သတ်ပုံအတိုင်း)


လွတ်လပ်တဲ့ ဒီမိုကရက်တစ် လူ့ဘောင် အခိုင်အမာ ထွန်းကား တိုးတက်နေတဲ့ အနောက်နိုင်ငံတွေမှာ သာမက သက်တမ်း ရှည်ကြာလှတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်အောက်မှာ အရောင်အသွေး စုံလင်ပြီး လွတ်လပ်တဲ့ လူ့ဘောင် အဖွဲ့အစည်းတွေ စည်ပင် ထွန်းကားနေတဲ့ ကျနော်တို့နဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာပါ နိုင်ငံ့ ခေါင်းဆောင် နိုင်ငံရေးသမား အချို့ကို ကြက်ဥတွေ ပစ်ပေါက်တာ၊ ဖိနပ်နဲ့ ပစ်ပေါက်တာတွေ မကြာခဏ ဖြစ်ပျက်ခဲ့ ဖြစ်ပျက်လေ့ ရှိတယ် ဆိုတာ မကြားဘူးရော့ထင်။ ဒါကြောင့်ပဲ ဘာမဆိုင် ညာမဆိုင် အယ်ဒီတာက အသိဉာဏ် နုံနဲ့စွာနဲ့ အထက်ပါအတိုင်း ကောက်ချက် ဆွဲလိုက်တာ ဖြစ်ပုံရတယ်။


ဒါ့အပြင် ဒီမိုကရေစီ ထွန်းကားပြီး ကမ္ဘာ့ အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ သမ္မတ ဘွတ်ရှ်က သူသိမ်းပိုက်ထားတဲ့ အီရတ်မှာ သူဖိနပ်နဲ့ ပစ်ပေါက်ခံရတာနဲ့ ပတ်သက်ပြီး၊ သတင်းထောက်တွေ အမေးကို ဖြေကြားခဲ့တဲ့ စကားကိုလည်း သည်ဗွိုက်စ် အယ်ဒီတာ ဖတ်ဖူး ကြားဖူးပုံ မပေါ်။


"These journalists here were very apologetic. They ... said this doesn't represent the Iraqi people, but that's what happens in free societies where people try to draw attention to themselves."


သမ္မတ ဘွတ်ရှ်က၊ "ဒီက ဂျာနယ်လစ်တွေကတော့ အားနာ နေကြပါတယ်။ ဒီလုပ်ရပ်ဟာ အီရတ်ပြည်သူတွေကို ကိုယ်စားမပြုဘူးလို့လည်း ပြောပြကြတယ်။ ဒါဟာ လွတ်လပ်တဲ့ လူ့ဘောင် အဖွဲ့အစည်းမှာ လူတွေက သူတို့ကို ဂရုထား အာရုံစိုက်လာဖို့ အခုလို ပြုမူလေ့ ရှိကြတယ်" တဲ့။


သမ္မတဘွတ်ရှ် ပြောသလို ဆိုရင်တော့၊ ဒီနည်းဗျူဟာ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ဘိုးတော်ဘုရား လက်ထက် ကတည်းက မောင်ရစ် (နောင်စစ်သူကြီး မဟာဗန္ဓုလ ဖြစ်လာသူ) က သုံးပြီး သွားပါပြီ။ ဟုတ်တယ်လေ၊ သူ့ကို ဘုရင်က သတိမမူ အလေးမထားလို့ ဘုရင်ရဲ့ ညီလာခံ လူပုံအလယ်မှာ အနားကလူကို ဘာမဆိုင် ညာမဆိုင်နဲ့ မောင်ရစ်က တံတောင် ထထောင်းခဲ့တယ် မဟုတ်လား။


ဆက်လက်ပြီးလည်း သည်ဗွိုက်စ်မှာ ၊


"Us Them ခွဲခြားမှုတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား အများအပြား ရှိနေကြောင်း သိရှိနေသူ တစ်ဦးအနေဖြင့် The Voice Weekly သည် အဆိုပါ အပြုအမှုမျိုးကို Us Them ရှုထောင့်မှနေ၍ အသိမဲ့ ထောက်ခံ အားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ယခု ခေါင်းကြီးကို ရေးသားလိုက်ရပါသည်" (သည်ဗွိုက်စ် Editorial တတိယပိုဒ်၊ မူရင်း သတ်ပုံအတိုင်း)


ပညာရှိ သည်ဗွိုက်စ် အယ်ဒီတာက လူထုကို ပညာမဲ့တွေလို့ ပြောဆိုပြီး သကာလ နေရာမှား အချိန်မှားမှာ 'နောင်ဒါမျိုး မလုပ်နဲ့'လို့ သြဝါဒ လမ်းညွှန် ပေးလိုက်ပေသေးတယ်။


'ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့' ဆိုတာ လူသားတွေ အတွက် အချိန်တိုင်း နေရာတိုင်းမှာ မှန်ကန်နိုင်တဲ့ တရားမဟုတ်ဘူး ဆိုတာတော့ သည်ဗွိုက်စ် အယ်ဒီတာက သတိပြုမိပုံ မရဘူး။ အိမ်ရှေ့လာပြီး ကလော်တုတ်နေသူကို သည်းခံခြင်းတရား လက်ကိုင်ထားပြီး ဥပက္ခာတရား ပွားများကောင်း ပွားများနိုင်ပေမယ့်၊ အိမ်ထဲအထိ ဝင်ရောက် ကျုးကျော် စော်ကားလာမယ် ဆိုရင်တော့ ဘယ်သူ လူသားကမှ 'ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့' ဆိုပြီး သကာလ သည်းခံခြင်းတရား ပွားများနေတော့မှာ မဟုတ်တာလည်း သေချာပါတယ်။


ဒီနေရာမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းနဲ့ ကျောင်းသား လှုပ်ရှားမှု သမိုင်းမှာ အထင်ကရ မှတ်တိုင် တတိုင်ဖြစ်တဲ့ ဒုတိယ ကျောင်းသားသပိတ် (ခေါ်) ၁၉၃၆၊ ကျောင်းသားသပိတ်ကြီး ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းလေးကို (ဒီအကြောင်းနဲ့ တိုက်ရိုက် ပတ်သက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုနု၊ နောင်လွတ်လပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ပထမဆုံး ဝန်ကြီးချုပ် အဖြစ် တာဝန် ယူခဲ့သူ၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ကိုယ်တိုင် ထုတ်ဖော်ရေးသားခဲ့တဲ့ 'တာတေ စနေသား' စာအုပ်မှ) သတိရမိတယ်။


"အဲဒီလိုနဲ့ တနှစ် ကုန်ခါနီးပြီ။ တက္ကသိုလ် သမဂ္ဂရဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပတဲ့နေ့ကို ရောက်လာတယ်။ အဲဒီ အချိန်အခါတုန်းက တက္ကသိုလ်သမဂ္ဂရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေကို တခမ်းတနား ကျင်းပကြတယ်။ အဲဒီနေ့က အခမ်းအနားမှာ ဆိုရင် နန်းရင်းဝန်နဲ့ ဝန်ကြီးတချို့၊ ဥပဒေပြု အမတ်တချို့၊ ဟိုက်ကုတ် တရားသူကြီး တချို့၊ နာမည်ကြီး ဝတ်လုံတချို့က စပြီး တခြား နာမည်ကြီး ဧည့်သည် တချို့လည်း တက်ရောက်ကြတာကို တွေ့ရတယ။် အခမ်းအနား အစီအစဉ်အရ ဥက္ကဋ္ဌ ကိုနုက မိန့်ခွန်း ပြောတဲ့အခါ စခါစမှာတော့ အတော်လေး အိနြေ္ဒရရ ပြောနိုင်တယ်။ ဒါပေမဲ့ နိဂုံးနား ရောက်တဲ့အခါ ဂုဏ်သရေရှိ ပရိသတ်တွေ အတွက် ကံမကောင်းချင်တော့ ဥက္ကဋ္ဌ ကိုနုဟာ ကျောင်းသားတွေ ဆလံပေးတဲ့ ကိစ္စကို ဗြုန်းကနဲ အမှတ်ရသွားတယ်။ အဲဒီလို သတိရပြီး ဒီအကြောင်းကို ပြောတဲ့အခါ အရင်ကလို မဟုတ်တော့ဘူး။ နဲနဲဖောက်လာပြီး သူ့မျက်နှာထား ကိုယ်အမူအယာနဲ့ လေသံပါ နည်းနည်းပြောင်းလာတယ်။ ဖောက်တယ် ဆိုပေမဲ့ ဒီအထိ ဒါလောက် မဆိုးသေးဘူး။ ဒီအကြောင်းကို ပြောနေတုန်း အိမ်ပြန်ချင်တဲ့ ကျော်းသားလေးဆီက ခေတ္တ ကျောင်းအုပ်ကြီးက စာတောင်း ကြည့်တာကိုပါ ကိုနု ပြေးသတိရလာပြန်တယ်။ အဲဒီ အချိန်မှာ ကိုနုဟာ အောက်ခြေ အတော်ကြိး လွတ်သွားပြီး သူ့မျက်နှာထားကလည်း ပိုပြီး တင်းမာလာတယ်။ လက်သီးလက်မောင်း တန်းတာလည်း ပိုပြီး ကြမ်းတမ်းလာတယ်။ အသံကလည်း ပိုပြီး ပြင်းထန်လာတယ်။ အဲဒီလို ပြောရင်း ခေတ္တ ကျောင်းအုပ်ကြီးနဲ့ အရေးဆိုဖို့ သူကိုယ်တိုင် သွားတဲ့အပိုင်းကို ရောက်လာတယ်။ အိမ်ကစာရလို့ သူပြန်ချင်တယ်လို့ ပြောတဲ့အခါ အကယ်၍များ ခေတ္တ ကျောင်းအုပ်ကြီးက သူ့စာကို ကြည့်ချင်တယ်လို တောင်းရင် ဒီခေတ္တ ကျောင်းအုပ်ကြီးကို ရုံးခန်းထဲက အပြင်ရောက်သွားအောင် သူ ကန်ထုတ် ပစ်လိုက်မယ်လို့ ကိုနုဟာ ပြင်းပြင်းထန်ထန်ကြီး ပြောချလိုက်တယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ တခဲနက် သြဘာသံကြီး ထွက်လ်ာတယ်။ ဧည့်သည်တွေကတော့ တယောက်မှ မလှုပ်ဘူး။ ဒီလို ရိုင်းစိုင်း ရင့်သီးတဲ့ စကားကို ဂုဏ်သရေရှိ ဧည့်သည်တွေက ဘယ်လို ထောက်ခံနိုင်ပါ့မလဲ။ ကိုနု ကိုယ်တိုင်လည်း တခဲနက် သြဘာသံတွေကို ကြားနေတုန်းကတော့ သူ့ဟာသူ ဟုတ်လှပြီ ထင်လိုက်သေးတာပဲ။ အဲဒီည အိပ်ယာဝင်ခါနီး သူ့ကိုယ်တွင်းက တက်ွ့ကနေတဲ့ အရှိန်တွေ လျှော့ကျ သွားတော့မှ သူမှားသွားပြီ ဆိုတာ သဘောပေါက်လာပြိး တစိမ့်စိမ့် ရှက်နေတယ်။ အခမ်းအနား အပြီးမှာ ဧည့်သည်တော်တွေထဲက ဟိုက်ကုတ် တရားသူကြီး ဘရောင်း ဆိုသူဟာ ကိုနု အနားကို ကပ်ပြီး၊ 'မောင်နု ကျောင်းသား တဦးဆီက ခေတ္တကျောင်းအုပ်က စာတောင်း ဖတ်တယ် ဆိုတဲ့ မင်းတင်တဲ့ အမှုဟာ အမှု အနေနဲ့က အင်မတန်ကောင်းတဲ့ အမှုပဲ။ ဒါပေမဲ့ မင်းတင်ပြပုံ မကောင်းတဲ့ အတွက် မင့်အမှု ရှုံးပြီ' လို့ ရယ်ပြီး ပြောသွားတဲ့ စကားကို ပြန်သတိရတဲ့ အခါ ကိုနုဟာ ရှေးကထက်တောင် ပိုပြီး ရှက်လာတယ်။ ကိုနုဟာ အတော် ရယ်စရာကောင်းတယ်။ အောက်စဖို့နဲ့ ကင်းဘရိတ်ဆိုတဲ့ အင်္ဂလိပ် တက္ကသိုလ်တွေမှာ အင်္ဂလိပ် ဆရာတွေဟာ တပည့်တွေရဲ့ စာကို တောင်းမကြည့်ဘူး ဆိုတာကိုတော့ သိတယ်။ ဒါပေမဲ့ ဒီအင်္ဂလိပ် တက္ကသိုလ်တွေမှာ ကျောင်းအုပ်ကို ရုံးခန်းထဲက ကန်ထုတ်ပစ်မယ် ဆိုတာမျိုး အထိ ရင့်သီး ရိုင်းစိုင်း ရုန်းရင်း ကြမ်းတမ်းတဲ့ စကားမျိုးကို ဘယ်အင်္ဂလိပ် ကျောင်းသားကမှ မပြောဘူးဘူး ဆိုတာကျတော့ ကိုနု သိပုံမပေါ်ဘူး"


ဒါတွင်မက အဲဒီ ဒုတိယ ကျောင်းသား သပိတ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ပတ်သက်ခဲ့သူ နောက်တဦး ဖြစ်တဲ့ အဲဒီ အချိန်က ကျောင်းသား သမဂ္ဂရဲ့ အာဘော်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင် တဦးဖြစ်သူ (ဦး) ညိုမြ (နောက် အိုးဝေ အယ်ဒီတာချုပ် ဦးညိုမြ ခေါ် မုံရွာ ပါလီမန်အမတ် ဦးသိန်းတင်၊ နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့် ချီးမြှင့်ခဲ့ရသူ) က သူပါဝင်ခဲ့ရတဲ့ အစိတ်အပိုင်းကို နောင်မှာ အခုလို ထုတ်ဖော် ရေးသားခဲ့ပါသေးတယ်။ (၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလထုတ် အိုးဝေ၏ ရွှေရတုသဘင် စာအုပ်ပါ 'က္ဆွန်တော် ငရဲခွေး ဆောင်းပါးရေးစဉ်က' ဆောင်းပါးမှ)


"ကိုနုကို ကျောင်း ထုတ်ပစ်သည်ကို အကြောင်းပြု၍ ပြန်ကြားရေးဌာန အတွင်းရေးမှူး အနေဖြင့် တာဝန်ရှိသည်ဟု ခံယူပြီး အဖွဲ့အနွဲ့ အစောင်းအထေ့များဖြင့် တန်ဆာဆင်လျက် တက္ကသိုလ် အာဏာပိုင်များအား ရည်ညွှန်း ရေးသားခဲ့ကြောင်း၊ တက္ကသိုလ် အာဏာပိုင်များ ဒေါသထွက်ပြီး အလွဲလွဲ အချော်ချော် ဖြစ်စေရန် ခပ်ရိုင်းရိုင်း စကားများဖြင့် ရေးဖွဲ့ခဲ့ကြောင်း၊ ပုံမှန်အားဖြင့် ရေးသမျှ စာမူများကို ရင်းနှီးသည့် ဆရာများ၊ မိတ်ဆွေများနှင့် သူငယ်ချင်းများကို ပြသ တိုင်ပင်လေ့ ရှိသော်လည်း ငရဲခွေးကြီး ဆောင်းပါးကိုမူ ညသန်းခေါင်ကျော်တွင် အခန်းတံခါးပိတ် ရေးပြီး မည်သူ့ကိုမျှ ပြသတိုင်ပင်မှု မပြုဘဲ ကိုအောင်ဆန်းထံ ပေးခဲ့ကြောင်း။ ပခုက္ကူ အမတ်ဟောင်း ဦးညွန့်က 'ငရဲခွေးကြီး လွတ်ပြေးနေသည်' ကို အိုးဝေဂျာနယ်မှာ ထပ်မံ ပုံနှိပ်ဖော်ပြရန် မေတ္တာ ရပ်ခံခဲ့သော်လည်း တချိန်က မလွဲသာမရှောင်သာ အခြေအနေမို့ ရေးသားခဲ့သည့် ခပ်ရိုင်းရိုင်း စကားလုံးများ ပါဝင်သဖြင့် လက်ရှိ အခြေအနေတွင် မသင့်လျော်သဖြင့် လိုက်လျောမှု မပြုခဲ့ကြောင်း၊ ကိုအောင်ဆန်းကို ကျောင်းထုတ်ပြီးစက ဂျီစီဘီအေ ဦးစိုးသိမ်းက လက်ဆွဲ ဆုပ်ကိုင်ပြီး၊ 'ညိုမြလို ရေးပြီး အောင်ဆန်းလို လုပ်မှ မြန်မာပြည် ကောင်းမှာ တိုးတက်မှာ' ဟု ပြောဆို အားပေးခဲ့၍ နှစ်သိမ့်မိကြောင်း"

လို့ (ဦး) ညိုမြက ထုတ်ဖော် ရေးသားခဲ့ပါတယ်။


သြော် … ငါတို့ နိုင်ငံသည်ကား … လူ့မယဉ်ကျေးတွေ၊ လူမိုက်တွေ အခုလို ရမ်းရမ်းကားကား ရိုင်းရိုင်းစိုင်းစိုင်း လုပ်ဆောင်ခဲ့လို့သာ လွတ်လပ်ရေး အောင်ပန်းကို မြန်မြန်ဆန်ဆန် ဆွတ်ခူးနိုင်တာပါလားလို့ တွေးတောမိပြန်ပါရော။


နောက်ပြီး အခုလို ဖိနပ်နဲ့ အပေါက်ခံခဲ့ရသူ အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျုဘွတ်ရှ်နဲ့ လက်ရှိ အိန္ဒိယ ဝန်ကြီးချုပ် မက်မိုဟန်ဆင်းတို့ဟာ သူတို့ ပြည်သူတွေက ရွေးချယ် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ဖြစ်သလို၊ သူတို့ ကိုးကွယ်တဲ့ ဘာသာ သာသနာကို မစော်ကား မပုတ်ခတ် မနှိပ်ကွပ် မသတ်ဖြတ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့လည်း သူတို့ လုပ်ရပ်အချို့ကို မကျေနပ်သူတွေက အခွင့်ကြုံတုန်း အခုလို ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ကြတာကို ယဉ်ယဉ်ကျေးကျေးပဲ သူတို့ရော သူတို့ ပြည်သူတွေကရော ခံယူခဲ့ကြပါတယ်။ ယုတ်စွအဆုံး 'လူကြီးလူကောင်း မဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုး'တို့၏ သွားလေသူ အာဏာရှင်ကြီး ဆတ်ဒန်ဟူစိန်လို သူကတောင် သူ့ဘာသာနဲ့ သူ့သာသနာကို မစော်ကားခဲ့ပါဘူး။ လက်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှူးပြုတဲ့ နအဖ စစ်ကောင်စီဝင်တွေကတော့ သူတို့ကို မလိုလားသူဆိုရင် ရဟန်း သံဃာ အရှင်သူမြတ်ရော ဘာရော နားမလည် သတ်ဖို့ ဖြတ်ဖို့ ဦးမလေးသူတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ပြည်ပမှာ ရောက်ရှိနေတဲ့ သံဃာတော်တွေက နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မိစ္စာဒိဋ္ဌိအဖြစ် မကြာခင်က ကြေညာခဲ့တာ ဖြစ်ပါတယ်။


ဒါပါပဲ၊ လွတ်လပ်ပြီး ယဉ်ကျေးတဲ့ လူ့ဘောင်မှာ နေထိုင်သူတွေဟာ ကိုယ့်လုပ်ရပ်ကို ကိုယ့်တာဝန်ခံပြီး လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြဆိုတာ။ ဗိုက်ဆာလို့ ငိုပြီး မုန့်တောင်းတဲ့ ကလေးကို ဝါးရင်းဒုတ်နဲ့ ရိုက်နှက် မဆုံးမသလို၊ ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီးလည်း မိမိနဲ့ မတူတွေ၊ မိမိကို ဆန့်ကျင်သူတွေကိုလည်း လက်နက်အားကိုး လူအုပ်နဲ့ ရိုက်နှက် ဖမ်းဆီး နှိပ်စက်ကာ နှစ်ရှည်ထောင်တွေလည်း ချမပစ်ပါဘူး။


အခုဆိုရင် သမ္မတ ဘွတ်ရှ်ကို ဖိနပ်နဲ့ ပေါက်မှုနဲ့ အီရတ် ဂျာနယ်လစ် al-Zaidi အား အီရတ် တရားရုံးက ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပြီး၊ al-Zaidi ဟာ ထောင်ထဲမှာ ၉ လကြာ အပြစ်ဒဏ်ခံယူပြီးနောက် အီရတ် အစိုးရက ဒီနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့သလို၊ အိန္ဒိယ ဝန်ကြီးချုပ်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အိန္ဒိယ ကျောင်းသားဟာလည်း လုံခြုံရေးအရ တညတာသာ ချုပ်နှောင်ခြင်း ခံခဲ့ရတာကို တွေ့ရပါတယ်။ ဒါဟာ 'ဒီလို လုပ်ကြဟေ့' လို့ အားပေးတာ လုံးဝ မဟုတ်ပါဘူး။ လူထု ခေါင်းဆောင်ဆိုသူတွေက သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း အတိုက်အခံ ပြုခဲ့တဲ့ လူထုထဲက လူတဦးတယောက် အပေါ် ဘယ်လို သဘောထားပြီး ဘယ်လို တုံ့ပြန် ပြုမူခဲ့ကြပုံနဲ့ နိုင်ငံသား အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးမှု ရှိကြပုံကို တင်ပြလိုရင်းသာ ဖြစ်ပါတယ်။


"Justice can not be built upon a foundation of injustice, nor can morality be built upon a foundation of immorality."

from the book of 'Eternalism: A Theory of Infinite Justice' by Orlando Jay Smith

ထိန်အောင်


http://www.myanmarisp.com/2009-2/PA/part0022/

ယိုင်နဲ့လာတဲ့ ပီကင်း-မြန်မာဆက်ဆံရေး



မန်ဇူး
post by Tuesday, October 13, 2009

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်နယ်စပ်ကို ဒုက္ခသည် အလုံးအရင်းနဲ့လိမ့်ဝင်သွားခြင်းဟာ အနောက်အုပ်စုနဲ့ ပိုပြီးထိတွေ့ ဆက်ဆံလာစေဖို့ အာဏာသိမ်းစစ်အစိုးရကို သတိပေးနှိုးဆော်လိုက် တာပဲဖြစ်တယ်။

ပီကင်းအစိုးရ အပေါ်အားကိုးအားထားပြုရာကနေ အနောက်ကို အင် အားချိန်ခွင်လျှာညှိခြင်းဟာ စစ်အုပ်စုရဲ့ သဘောထားအမြင် ပြောင်း လဲလာသလို အထူးသဖြင့် နယ်စပ်ပြဿနာကြောင့် အိမ်နီးချင်းနှစ် နိုင်ငံကြားဆက်ဆံရေး မကြေလည်မှုအသွင် ပိုဆောင်လာ ကြတယ်။ ပီကင်းဟာသူ့ရဲ့မဟာမိတ်အပေါ် မကျေလည်တဲ့ အရိပ်အယောင် တွေပြနေချိန်မှာပဲ စစ်အစိုးရရဲ့ တရုတ်ပြည်အပေါ်ထားရှိတဲ့ ဆက်ဆံရေးဟာ အေးစက်လာတယ်။

တိုတောင်းတဲ့ အချိန်ကာလလေးအတွင်းမှာ တရုတ်ပြည်အနေဖြင့် သံတမန်ရေးအရ ပီကင်း၊ နေပြည်တော်၊ နယူးယောက်တို့နဲ့ ဆက် ဆံဆောင်ရွက်ခဲ့သလို တိမ်သလ္လာဖုံးလွှမ်းနေတဲ့ဆက်ဆံရေးကင်းစင်သွားအောင် ချိန်ခါသင့်ညှိ နှိုင်းဆောင်ရွက်တဲ့အနေဖြင့် နယ်စပ်နှင့် ပင်လယ်ရပ်ခြားဆိုင်ရာတို့အပြင် ပြင်ပလုံခြုံရေးရာတို့ကိုပါ အဓိကတာဝန်ယူထားသူ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး ၀ူဒါးဝေ ဟာ လွန် ခဲ့တဲ့နှစ်ပတ်က လျှို့ဝှက်အစီအစဉ်ဖြင့် မြန်မာပြည်သို့သွားရောက်ခဲ့ကြောင်း အကြီးတန်း မြန်မာအာဏာပိုင်တွေရဲ့ အဆိုအရသိရပါ တယ်။ ဘယ်သူနဲ့တွေ့ဆုံပြီး ဘယ်လိုအကြောင်းကိစ္စတွေ ဆွေးနွေးခဲ့တာ အသေးစိတ်မသိရပေမယ့် ပီကင်းရဲ့သံတမန်ရေး လှုပ်ရှား မှုဟာ နဂိုမူလဆက်ဆံရေးပြန်လည်ရရှိအောင် လုပ်ဆောင်တဲ့ ခြေလှမ်းတရပ်ဆိုတာကတော့ အထင်အရှားပါပဲ။ နယ်စပ်ပြဿနာ ထက်ကိုကျော်လွန်ပြီး အမေရိကန်အစိုးရဟာ မြန်မာပြည်နဲ့ အရှေ့တောင်အာရှဒေသတွင်းကို များမကြာမှီကာလအတောအတွင်း ၀င် ရောက်ပါဝင်ပတ်သက်လာဖို့ ထင်သာမြင်သာရှိနေတယ်လို့ကို ယုံကြည်နေကြတယ်။

သြဂုတ်လအတွင်းတိုက်ခိုက်မှု

နှစ်နှစ်ဆယ်ကြာအပစ်အခတ်ရပ်စဲထားတဲ့ မြန်မာစစ်အုပ်စုနဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သြဂုတ်လအတွင်း တိုက်ခိုက်မှုကနေ ဦးဆုံးသင်္ကေတအဖြစ် ဆက်ဆံရေးအက်ကြောင်းထလာတော့တာပဲ။ မြန်မာပြည်မြောက်ပိုင်း နယ်စပ်မျဉ်းတ လျှောက်ကနေစတင်လိုက်တဲ့ ပြည်တွင်းစစ်ဟာ အရှိန်မြင့်တက်လာနိုင်တဲ့အတွက် ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ နယ်စပ်မျဉ်းတလျှောက် ထွက်ပြေးခိုလှုံလာကြတဲ့အတွက် တရုတ်ပြည်ကိုပါ တပ်လှန့်လိုက်သလိုဖြစ်နေတယ်။ မြန်မာအာဏာပိုင်တွေ ဆီကနေထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင်တော့ မြန်မာပြည်ရဲ့ အိုးအိမ်ဦးစီးဌာနက ၀န်ကြီးဟာ ဒီဖြစ်ရပ်မျိုး နောက်တကြိမ် ထပ်မဖြစ်ဖို့ရာအတွက် တရုတ်အစိုးရအပေါ် ကတိပေးပြောကြားခဲ့တယ်လို့သိရတယ်။

ချင်းမိုင် တက္ကသိုလ်မှ မြန်မာ့အရေးလေ့လာသူ ကိုဝင်းမင်းရဲ့ အဆိုအရတော့ ရှိရင်းစွဲခိုင်မာနေတဲ့ ဆက်ဆံရေးတရပ်ကို ချောင်ထိုး ထားလိုက်ပြီး အင်အားကြီးနိုင်ငံတနိုင်ငံနဲ့ ပြောင်းလဲဆက်ဆံလိုက်တဲ့အတွက် အထိုက်အလျောက် နာကျင်မှုတွေကတော့ရှိမှာပဲ။ တရုတ်ပြည်ရဲ့ များပြားကြီးမားလှတဲ့စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ အထူးသဖြင့် အာရခန်ပင်လယ်ကိုဖြတ်ပြီး မြန်မာပြည်အနောက် ကမ်းရိုးတန်းမှတဆင့် တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်သို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဟာ များမြောင်လှတဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေထဲက တခုအပါအ၀င်ပေါ့။ ပီကင်းအနေနဲ့ နိုင်ငံရေးအခြေအနေတရပ်ကြောင့် ဆင်းရဲကျပ်တည်းစွာဖြင့် နယ် စပ်မျဉ်းတလျှောက် တိုးပွားလာသူတွေနဲ့ မြန်မာပြည်တွင်းနေထိုင်နေတဲ့ တရုတ်လူမျိုးတွေအပေါ်မှာတော့ အလေးထားဂရုပြုပုံရပါ တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ထဲက တရုတ်လူမျိုး နှစ်သိန်းခွဲဝန်းကျင်ဟာ မြောက်ပိုင်း နယ်စပ်မျဉ်းတလျှောက်ကိုဖြတ်သန်းပြီး စီးပွားရေး အခွင့်အလမ်းတွေအတွက် အလုပ်အကိုင်ကို လာရောက်ရှာဖွေကြရရှာတယ်။

ပြီးခဲ့တဲ့ အပတ်အတန်ကြာထဲက ယူနန်မြို့တော် ကူမင်း အခြေစိုက် အစိုးရထိန်းချုပ်ထားတဲ့ TV လိုင်းမှ တရုတ်အစိုးရက ခုနေအခါ လုံခြုံရေးအစီအစဉ်တွေပြုလုပ်ရေးဆွဲထားပြီးဖြစ်တဲ့အတွက် တရုတ်နိုင်ငံသားအားလုံး မြန်မာပြည်အရှေ့ဖက်ခြမ်းမှ မိခင်တိုင်းပြည်သို့ အမြန်ပြန်လာဖို့ ကြေငြာချက်ထုတ်ပြန်ခဲ့တယ်။ ပြီးခဲ့တဲ့လ အတွင်းဖြစ်ပွားခဲ့တဲ့ မြန်မာစစ်အုပ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် တဲ့ ကိုးကန့်စစ်တပ်ရဲ့ပဋိပက္ခပြဿနာကြောင့် နယ်စပ်တလျှောက် ရှည်ကြာအခြေချနေထိုင်နေတဲ့ တရုတ်လူမျိုးတွေအပေါ် ထိခိုက်မှု ရှိလာမယ်ဆိုတဲ့ တရားဝင်အကြောင်းပြချက်တရပ်ထွက်ပေါ်လာတာဖြစ်တယ်။

ကိုးကန့်မြို့တော် လာအိုဂိုင် အတွင်းပဋိပက္ခတိုက်ပွဲတွေကြောင့် တရုတ်ပိုင် စီးပွားရေးလုပ်ငန်းနဲ့ တသီးပုဂ္ဂလ ထိခိုက်နာကျင်မှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအပေါ် မြန်မာစစ်အုပ်စုအနေဖြင့် လျော်ကြေးငွေပေးဆောင်ဖို့ ဒေသခံတရုတ်အာဏာပိုင်တွေက တောင်းဆိုခဲ့ကြ တယ်။ တရုတ်ပြည် အနောက်တောင်ဘက်အခြမ်းမှ ဒေသခံအာဏာပိုင် လင်ဆန်း ကတော့ စစ်အုပ်စုအပေါ် ၁.၃ ဘီလီယံ ဘတ် လျော်ကြေးငွေအဖြစ်တောင်းဆိုခဲ့တယ်။ မြန်မာပြည်ဘက်ကတော့ တရုတ်ပြည်ကို လှိမ့်ဝင်သွားတဲ့ ဒုက္ခသည်အများအပြားဟာ နဂိုအ နေအထားတိုင်းငြိမ်သက်သွားတဲ့အခါ ပြန်လာမှာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သလို မြန်မာသံအမတ် သိန်းလွင် ကလည်း တ ရုတ်အာဏာပိုင် သတင်းဌာနကို ကိုးကန့်ဒေသတွင်း ယခုအခါ ပြန်လည်ငြိမ်းချမ်းသွားသလို အခြေချနေထိုင်သူတွေရဲ့ ဆုံးရှုံးမှုတွေ အ ပေါ်မှာစာနာစိတ်ရှိပြီး သေဆုံးသွားတဲ့ တရုတ် လူမျိုးနှစ်ဦးနှင့်ပတ်သက်၍ ကြေကွဲဝမ်းနည်းရကြောင်းပြောဆိုသွားလေရဲ့။

ယခုချိန်အထိကို ဒုက္ခသည်တွေဟာ တရုတ်-မြန်မာ နယ်စပ်အနီးနေထိုင်သူတွေရဲ့အဆိုအရ ကိုးကန့်ဒေသကနေမဟုတ်ပဲ နယ်စပ်ကို ဖြတ်ကျော်နေကြတာ အနီးစပ်ဆုံး ဒုက္ခသည် ၄၀,၀၀၀ ထဲကမှ အများအပြားဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြပြီး တိုက်ပွဲ စတင်ဖြစ်ပွားထဲက တရုတ်နယ်စပ်ကိုထွက်ပြေး တိမ်းရှောင်လာကြတာဖြစ်တယ်။ တရုတ်အာဏာပိုင်တွေရဲ့ ထောက်ပံ့မှုနဲ့ စခန်းအ တွင်းအိမ်ယာဆောက်လုပ်နေထိုင်ကြပေမယ့် အစုအဝေးကွဲသွားထဲက မြန်မာပြည်ပြန်သွားတယ်လို့ တရားဝင်သတင်းတွေအရသိ ရတယ်။ အလည်အပတ်ရောက်သွားတဲ့ နိုင်ငံခြားသားတဦးကတော့ ကိုးကန့်မြို့တော် လာအိုဂိုင်ဟာ တိတ်ဆိတ်ခြောက်သွေ့နေပြီး မြို့အတော်များများအပြင် ရှမ်းပြည်အရှေ့ပိုင်းနယ်စပ်မြို့ မွန်ဂလာမြို့ပါ ဗာလာနတ္တိ ဖြစ်နေတယ်လို့ထပ်လောင်းပြောဆိုသွားလေရဲ့။


အပစ်အခတ်ရပ်စဲမှုအပေါ်ခြိမ်းခြောက်လာခြင်း

ကချင်ပြည်နယ်အနောက်ဘက်နှင့် ရှမ်းပြည်နယ် အရှေ့ဘက်ကနေ တရုတ်ပြည်ထဲကိုထွက်ပြေးတိမ်းရှောင်သူကြခြင်းက တခြားတိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အထူးသဖြင့် ကချင်၊ ၀ တို့နဲ့ မြန်မာစစ်တပ်တွေ ထပ်မံတိုက်ခိုက်ဖို့အလားအလာရှိတဲ့ အ တွက်ကြောင့်လို့ ဒီဒေသ တလျောက်ခရီးသွားလာပြီး စီးပွားရေးလုပ်ကိုင်နေသူ အိန္ဒိယအမျိုးသားတွေကပြောဆိုကြတယ်။ နှစ် နှစ် ဆယ်ကြာ စစ်ဗိုလ်ချုပ်တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်သုန်းသွားပြီး ပြန်လည်တိုက်ခိုက်နေတဲ့အတွက် လူတိုင်း လိုလို ကြောက်ရွံ့ထိပ်လန့်နေကြတာလို့ တရုတ်နယ်စပ်မြို့ ရူအီလီမှာနေထိုင်တဲ့ ကချင် ကျောင်းသားလေးတယောက်က ပြောဆို သွားပါတယ်။

မြန်မာ စစ်တပ်ရဲ့ ၀ ဒေသအတွင်း ကျုးကျော်တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာမယ့် ဒုက္ခသည်တွေ ယာယီနေထိုင်ဖို့ရာ အတွက် တရုတ်အာဏာပိုင်တွေက ယူနန်နယ်စပ်၊ ပန်ဆန်းရဲ့ဆန့်ကျင်ဘက်အရပ်ဒေသနှင့် ၀ မြို့တော်တလျှောက် ဒုက္ခသည်စခန်း တွေကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ဒီဒေသအပေါ် ကြည့်ရှုအကဲခတ်နေတဲ့ အနောက်တိုင်းထောက်လှမ်းရေး သတင်းရင်း မြစ်တွေအရသိရှိရတယ်။ ဒီအခြေအနေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းတွေနဲ့ မြန်မာစစ်တပ်ဟာ တိုက်ခိုက်မှာမဟုတ်ပေမယ့် ဒီအပေါ်မှာတော့ အတော်လေးကို သက်ရောက်မှုရှိလိမ့်မယ်လို့ လေ့လာ သူ ကိုဝင်းမင်းက သုံးသပ်ပြောဆိုထားပါတယ်။ နောက်နှစ်ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို လက်နက်ဖြုတ်ချခိုင်းပြီး စစ်အုပ်စု ထိန်းချုပ်မှုအတွင်းမှ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှာကိုတော့ သံသယ ဖြစ်စရာမရှိပါဘူး။

အပစ်ခတ်ရပ်စဲရေးအဖွဲ့တွေရဲ့အဆိုအရ အောက်တိုဘာလအကုန်လောက်မှာ စစ်အုပ်စုက လက်နက်ရုတ်သိမ်းခိုင်းပြီး နောက်နှစ်ရွေး ကောက်ပွဲမတိုင်မီ စစ်တပ်ရဲ့ အုပ်ချုပ်မှုဘောင်အတွင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့အသွင်ပြောင်းဖို့ ရှိတယ်လို့ဆိုရမယ်။ လက်နက် ကိုင်အဖွဲ့အစည်းတွေ အထူးသဖြင့် ၀ တွေနဲ့ စေ့စပ်သဘောတူညီမှုရယူခဲ့တဲ့ စစ်အုပ်စုရဲ့ထောက်လှမ်းရေး အကြီးအကဲလည်းဖြစ် ၀န် ကြီးချုပ်ရာထူးကိုပါယူထားတဲ့ ဗိုလ်ချုပ် ခင်ညွန့် ကို ၂၀၀၄ ခုနှစ် အောက်တိုဘာလ မှာရာထူးကဖြုတ်ချပြီး နေအိမ်အကျယ်ချုပ်နဲ့ ရန်ကုန်မြို့မှာ ချုပ်နှောင်ထားခဲ့တယ်။ တိုင်းရင်းသား ခေါင်းဆောင်အတော်များများဟာ ခင်ညွန့်နဲ့ သဘောတူညီထားတဲ့ ဒီအပစ်ခတ် ရပ်စဲရေး သဘောတူညီချက် ခုချိန်ထိယုံကြည်နေကြတုန်းပဲ။ သူအာဏာရုတ်သိမ်းခံရမှုအပြီး စစ်ဘက်ထောက်လှမ်းရေး အရာရှိ ၃၀၀ လောက်ဟာ ထောင်သွင်းအကျဉ်းချခံကြရသလို သူနဲ့သဘောတူညီထားချက်တွေကို သူ့လူတွေက မထိန်းထားနိုင်ခဲ့ကြဘူး။

ကချင်၊ ကိုးကန့်နှင့် ၀ တိုင်းရင်းသားတွေအပေါ် ဆက်ဆံရေးရင်းနှီးကျွမ်းဝင်တဲ့ သူ့အခြေအနေကို စစ်အုပ်စု ခေါင်းဆောင်တွေက ငြင်း ပယ်တဲ့အတွက် အမျက်ရှမှာကိုစိုးရိမ်သဖြင့် တရုတ်အစိုးရဟာ ပါဝင်ပတ်သက်ဖို့အရေးတုန့်ဆိုင်းခဲ့ရတယ်။ တိုင်းရင်းသားခေါင်းဆောင် တွေဟာ စစ်ရေးကိုအသေအချာပြင်ဆင်ထားသော်ငြား စစ်အုပ်စုကိုခြိမ်းခြောက်နိုင်စွမ်းမရှိပေမယ့်လို့ တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည်ခုခံကာကွယ်ရလိမ့်မယ်လို့ ကချင် ထိပ်တန်းခေါင်းဆောင်တဦးက စပက်ထရမ် ကို ပြောကြားသွားတယ်။ မကြာခင်က တွေ့ ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ ကချင်၊ ရှမ်းနဲ့ ၀ တိုင်းရင်းသားတွေဟာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကို အတူလက်တွဲပြီး ကြံ့ကြံ့ခံရင်ဆိုင်ဖို့ သဓိဋ္ဌာန်ချထားကြောင်း သူကပဲထပ်လောင်းပြောကြားသွားတယ်။ ဒေသတွင်း ထိုင်းအရာရှိတွေရဲ့ပြောဆိုချက်အရ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ပြောက်ကျားတပ်တွေ ပိုမိုလုံခြုံမှုရှိစေဖို့ရာအတွက် ခေတ်မှီလက်နက်တွေ လိုက်လံရှာဖွေနေကြတယ်။ အတိတ်ကာလတုန်းက စီးပွားရေးတရပ်အနေနဲ့ တရားဝင် လက်နက်အရောင်းအ၀ယ်လုပ်နေတဲ့ ၀ တွေအတွက်တော့ သိပ်အဆင် ချောလှမှာမဟုတ်ဘူးလို့ အမည်မဖော်လိုသူ ထိုင်းစစ်တပ်အရာရှိက ပြောဆိုသွားလေရဲ့။


အသိအမှတ်ပြုလက်ခံထားခြင်းအပေါ် ဆန်းစစ်ခြင်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အထူးသဖြင့် ကချင်၊ ကိုးကန့်နဲ့ ၀ တို့ဟာ သမိုင်းကြောင်း အစဉ်အလာအရကို တရုတ် အာဏာပိုင်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီး စီးပွားရေးနှင့် ယဉ်ကျေးမှုထုံးတမ်းဓလေ့က မြန်မာစစ်အုပ်စုတွေထက်စာရင် တရုတ်နဲ့ပိုပြီးနီး စပ်တာကတော့ အသေချာပဲ။ တိုင်းရင်းသား ခေါင်းဆောင် အတော်များများဟာ တရုတ်ဆေးရုံတွေမှာ ဆေးကုသခံယူကြသလို သူတို့ ရဲ့ သားသမီးတွေကိုလည်း တရုတ်ကျောင်းတွေမှာ ပို့ထားလေ့ရှိကြတယ်။ ကိုးကန့်၊ ရှမ်းပြည်မြောက်ပိုင်း ၀ ဒေသတွေမှာ တရုတ်ဘာ သာစကားနဲ့ တရုတ်ငွေကြေး ရန်မင်ဘီကို တလျောက်လုံးသုံးစွဲလာကြတယ်။

များမကြာမီ အတိတ်ကာလ နှစ်များဆီတုန်းကတော့ အရှေ့တောင်အာရှဒေသမှာ စစ်အုပ်စုဟာ တရုတ်ပြည်အတွက် အဓိက မဟာဗျူ ဟာ မိတ်ဖက်ဖြစ်ခဲ့တာမှန်ပေမယ့် ဒေသတွင်းမှာရှိတဲ့ အမေရိကန် အကျိုးစီးပွားတွေအတွက် ပြန်လည်ညှိနှိုင်းမှုတွေပြုလုပ်ပြီး အခန်း ကဏ္ဍကိုမြှင့်တင်ဖို့လုပ်ဆောင်လာတဲ့ ၀ါရှင်တန် အစိုးရရဲ့ မြန်မာပြည်အပေါ် စတင်ချဉ်းနင်းဝင်ရောက်လာမှုဟာ တရုတ်ခေါင်းဆောင် တွေ အတွက်တော့ အတော့်ကိုခေါင်းရှုပ်စရာပဲ။ အမေရိကန်ရဲ့ဟောင်းနွမ်းနေပြီဖြစ်တဲ့ တရုတ်ပြည်အပေါ် ထိန်းချုပ်ရေး မဟာဗျူဟာ ကို ၀ါရှင်တန်အစိုးရပြန်လည်ကျင့်သုံးလာမှာနဲ့ ပီကင်းရဲ့နောက်ဘက်ခြမ်းမှာရှိနေတဲ့ အရှေ့တောင်အာရှဒေသကို အလှမ်းဝေးကွာတဲ့ နေရာကနေ ယှဉ်ပြိုင်လွှမ်းမိုးလာမှာကိုတော့ အတော်လေးကို စိုးရိမ်ကြောင့်ကြနေလေရဲ့။

ပီကင်းအပေါ် ဗီယက်နမ်ရဲ့ထောက်ခံမှုမရှိသလောက်ဆိုရမှာဖြစ်သလို တခါတရံမှာ ဟနွိုင်းဟာ အကျိုးစီးပွားအတွက် ၀ါရှင်တန်နဲ့နီး ကပ်စွာ ဆက်ဆံလေ့ရှိသဖြင့် ဒေသတွင်းလွှမ်းမိုးနိုင်မှု အားနည်းလာမှာကို တရုတ်ပြည်အနေနဲ့ ကြောင့်ကြမှုရှိလာတယ်။ ဗန်ကောက် မှာရှိတဲ့ အနောက်သံတမန် သတင်းရပ်ကွက်တွေအဆိုအရ တရုတ်ပြည်ရဲ့ နယ်နမိတ်ဖြန့်ကျက်လာမယ်ဆိုတဲ့ ကောလဟာလထွက် ပေါ်လာမှုတွေကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးမှုန်ဝါးသွားဖို့ရာ ဗီယက်နမ်အနေနဲ့ အားတက်သရောလိုလားမှုရှိတယ်။ တရုတ်ရဲ့ မဟာဗျူဟာမြောက်လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာအမေရိကန်နဲ့ ဆက်ဆံရေးပိုမိုခိုင်မြဲလာကြတယ်။ မဲခေါင်ဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့နှင့် အမေရိကန် အစိုးရ ဇူလိုင်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့မှုဟာ ပီကင်း အပေါ်အချက်ပြတပ်လှန့်လိုက်သလိုပါပဲ။

ကိုယ့်ရဲ့အခိုင်အမာဖြစ်နေတဲ့ မဟာမိတ်က ၀ါရှင်တန်အစိုးရအပေါ် ပလူးပလဲဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ခုနေအခါ တရုတ်အစိုးရဟာ အတော်လေးကို စိတ်ကသိကအောက်ဖြစ်နေပုံရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အတ္ထုပ္ပတ္တိ ရေးသားသူမြန်မာ ပြည်ရေးရာ ကျွမ်းကျင်တဲ့ ဗြိတိသျှလူမျိုး ဂျပ်စ်တင် ၀င်းတယ်လ် ရဲ့ပြောဆိုချက်အရ မဖိတ်ခေါ်ပဲ မြန်မာပြည်အတွင်း တစတစ ချဉ်း နင်းဝင်ရောက်လာမှုအပေါ် တရုတ်ပြည်အနေနဲ့ ဘယ်အတိုင်းအတာနဲ့ ပြန်လည်တုန့်ပြန်ရမလဲဆိုတဲ့အပေါ်မှာ အတော်လေးစဉ်းစားရ ကြပ်နေပုံရတယ်။

ယိုင်နဲ့လာတဲ့ နှစ်နိုင်ငံဆက်ဆံရေးကြောင့် စစ်အုပ်စုအပေါ်သင်္ကာမကင်းဖြစ်လာပုံရတယ်။ တရုတ်အစိုးရအာဏာပိုင်တွေရဲ့ အပြောအ ရ ထိုင်းလူမျိုးတွေနဲ့ ဆုံတွေ့တဲ့အချိန်မှာ သူတို့ကိုကြည့်ရတာ တရုတ်လူမျိုးနဲ့အတော်လေးကိုဆင်တူပြီး တရုတ်ဘာသာစကားပဲ ပြော ကြပေမယ့် မြန်မာခေါင်းဆောင်တွေဟာ တရုတ်ဘာသာစကားကိုမပြောကြသလို သူတို့ကိုကြည့်ရတာလဲ တောင်အာရှသားတွေနဲ့ ဆင်တူတယ်လို့ဆိုထားပါတယ်။ မြန်မာနဲ့ တရုတ်ဟာ တကယ့်မိတ်ဆွေရင်းချာတွေ မဟုတ်ကြဘူး၊ ဥပမာ အနေနဲ့ဆိုရမယ်ဆိုရင် ထိုင်း နိုင်ငံအပါအ၀င်ပေါ့။ ကျနော်တို့ ဒီအထဲကိုဝင်သွားတယ်ဆိုတာကလည်း ဒီကနေဘာတွေ ပြန်သယ်ထုတ်သွားနိုင်မလဲဆိုတဲ့ နှစ်ဦး နှစ်ဖက် အကျိုးစီးပွားပေါ်မူတည်ပြီး ဆက်ဆံကြတာဖြစ်တယ်။


စီးပွားရေး နှောင်ကြိုး

ကိုဝင်းမင်းရဲ့အပြောအရဆိုရင်တော့ များမကြာမှီကာလအတွင်း ရန်ဘက်အသွင်ကူးပြောင်းသွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ စီးပွားရေး အရ တရုတ်ပြည်အပေါ် အတော်လေးမှီခိုအားထားမှုပြုနေရတဲ့အတွက် မဟာဗျူဟာမိတ်ဖက်အဖြစ် ဆက်လက်ရှိနေရမှာဖြစ်တယ်။ စစ်အုပ်စုရဲ့အစီရင်ခံစာဖော်ပြချက်မှာ မနှစ်က မြန်မာပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၉၀% ကျော်ဟာ တရုတ်ပြည်ကဖြစ်နေတယ်။ ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှာတင် ဒေါ်လာ ၁ ဘီလီယံ ထက်ပိုများသွားတဲ့အတွက် ၂၅% ကျော်ခုန်တက်သွားခဲ့တယ်။ မြန်မာပြည်တွင်း ၈၀% အထက် ရင်းနှီးမြုပ်နှံမှုတွေထဲမှာ သတ္တုတွင်းလုပ်ငန်း၊ လောင်စာစက်ရုံနှင့် များမြောင်လှတဲ့ ရေအားလျှပ်စစ်လုပ်ငန်းတို့ပဲဖြစ် တယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်က ၂၅% ထက်ပိုလာတဲ့အတွက် ၂၀၀၈ ခုနှစ်အတွင်း ဒေါ်လာ ၃ ဘီလီယံ နီးပါးအထိရှိလာခဲ့တယ်။ အနောက်ရဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုတွေပြောင်းသွားအောင်လုပ် ဆောင် နိုင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ စီးပွားရေးပိတ်ဆို့မှုတွေဟာ စစ်အုပ်စုအတွက်တော့ တနုံ့နုံ့နဲ့ မရှုနိုင်မကယ်နိုင်ဖြစ်မှာကတော့ သေချာတယ်။

လွန်ခဲ့တဲ့လ နယူးယောက်မှာကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂ နှစ်စဉ် အထွေထွေညီလာခံမှာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် ရဲ့ အ ပြောကတော့ မြန်မာပြည်အပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေကို နိုင်ငံရေးလက်နက်အဖြစ်အသုံးချတာကို ဆန့်ကျင်ကန့် ကွက်ကြောင်းနဲ့ ကျိုးကြောင်းဆီလျော်မျှတမှု မရှိကြောင်းပြောဆိုသွားလေရဲ့။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားတဲ့ အကူ အညီနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်တွေ တိုင်းပြည်တွင်းဝင်ရောက်လာဖို့၊ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းဖို့အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တွေနဲ့ပါသိမ်းသွင်းပြီး စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်သို့ အမေရိကန်အစိုးရ လှုံ့ဆော်တိုက်တွန်းတာကိုတော့ သံ သယဖြစ်စရာမရှိပါဘူး။ စစ်ဗိုလ်ချုပ်တွေအနေနဲ့ ခိုင်မာတဲ့ ဒေါက်တိုင်တခု ယိုင်နဲ့သွားတဲ့အပေါ်မှာ စိတ်မချမ်းမွေ့ဖွယ်ဖြစ်နေပေမယ့်လို့ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုချိန်ခွင်လျှာကိုထိန်းညှိဖို့ရာအတွက် အမေရိကန် ပြည်ထောင်စု၊ တခြားသောနိုင်ငံတွေဖြစ်တဲ့ အာဆီယံလိုအဖွဲ့ အပြင် အိန္ဒိယတို့နဲ့ပါ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတရပ် ထူထောင်ဖို့ကြိုးစားမှာဖြစ်တဲ့အတွက် မဝေးလှတဲ့ အနာဂတ်မှာ တရုတ်နဲ့ ပြန်လည်ဆက်ဆံဖို့ရာအတွက် ချည်နှောင်ထားတဲ့ ချက်ကြိုးကိုဖြတ်တောက်ပစ်မှာမဟုတ်ဘူးလို့တော့ ကိုဝင်းမင်းကပြောဆိုသွားပါ တယ်။

ပီကင်းရဲ့လွှမ်းမိုးမှုအောက်ကနေ မလွတ်ကင်းသေးတာကို စစ်အုပ်စု ခေါင်းဆောင်ပိုင်းတွေက အတော်လေး ကသိကအောက်ဖြစ်နေပုံ ရတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်ခြောက်ဆယ်ပြည့် ထူထောင်ခြင်း အထိမ်းအမှတ်အဖြစ် တရုတ်သံရုံးမှာ အစွမ်းကုန်ပြုလုပ်တဲ့ အခမ်းအနားအစီအစဉ်မှာ သံအမတ်ကြီးရဲ့မိန့်ခွန်း သို့ ကြုံတောင့်ကြုံခဲဖြစ်စဉ်တရပ်ကို နောက်နေ့မနက် မြန်မာ့အလင်းသတင်းစာမှာ အတွင်းရေးမှူး ၁ တက်ရောက်ခဲ့တာကို အဓိကထားဖော်ပြရမယ့်အစား မဆိုစလောက်ကြေငြာချက်လေးသာပါလာတယ်။ ဒီ့နောက် ပိုင်း မြန်မာတိုင်းမ်စ် ဂျာနယ်မှာ တိဗက်ခေါင်းဆောင် ဒလိုင်းလားမား လွန်ခဲ့တဲ့ လ ကထိုင်ဝမ်ကိုသွားရောက်လည်ပတ်တာကို ထည့် သွင်းဖော်ပြခွင့်ပြုခဲ့တယ်။

သန်းရွှေနဲ့ တရုတ် သံတမန် လျှို့ဝှက်စွာတွေ့ဆုံမှုအပြီးမှာတော့ တချို့သောအကြောင်းအရာအတော်များများကို ဖြေရှင်းပြီးလောက်ပြီ လို့ဆိုရမှာပဲ။ တရုတ်ပြည်အနေနဲ့ စစ်အုပ်စုအပေါ်ခွဲခြားဆက်ဆံပြီး တံတိုင်းကာရံဖို့လုပ်ဆောင်ခဲ့တဲ့ ဥပမာတရပ်ကို ပြရမယ်ဆိုရင် တရုတ်ပြည်ရဲ့သံတမန်ရေးရာလုပ်ဆောင်ချက်ဖြစ်တဲ့ မြန်မာပြည်ရဲ့ အရေးကိစ္စဟာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဖြေ ရှင်းဖို့ မလိုအပ်ကြောင်း ဒီလအစောပိုင်းမှာတင်ပြောကြားခဲ့တယ်။ တဖက်ကလည်း တရုတ်ပြည်ဟာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွတ်ပေးဖို့ ထောက်ခံ အတည်ပြုချက်ပေးခဲ့တယ်။

မဟာဗျူဟာမိတ်ဖက် နှစ်နိုင်ငံကြား ခဏတာသဘောကွဲလွဲမှုဖြစ်တဲ့အတွက် အဆုံးသတ်မှာတော့ မြန်မာပြည်အနေနဲ့ လက်ကမ်းကြိုရ မှာပဲဖြစ်တယ်။ တရုတ်ပြည်ရဲ့စီးပွားကုန်သွယ်မှုနဲ့ စစ်ရေးအရပါဝင်ပတ်သက်မှု အနေအထားကြောင့် ခယဆက်ဆံခြင်းမပြုရရင် တောင် လက်ကမ်းကြိုဆိုမှုတော့ မလွဲမသွေလုပ်ဆောင်ရမှာပဲ။ ခုလက်ရှိ ရင်ဆိုင်ကြုံတွေ့နေရမှုအပေါ်မှာ စစ်အုပ်စုအနေနဲ့ ဘယ်လောက် အတိုင်းအတာထိ ကွေးချည်ဆန့်ချည် ပြုလုပ်နေနိုင်မှာမို့လို့လဲ။


Reference: Larry Jagon
Bangkok Post
Beijing and Burma no longer the best of friends

မန်ဇူး(ဘာသာပြန်သည်)

http://www.naytthit.com/internationalnews/October09/mz%20Oct13.html

ယနေ့နိုင်ငံရေးအလှည့်အပြောင်းနှင့် မွန်အမျိုးသားတို့အနေအထား




Kaowao Bulletin -Volume,28

အောက်တိုဘာ ၁၃၊၂၀၀၉။

၂၀၀၉ ခုနှစ်သည် ယခုတွင်လေးပုံသုံးပုံခန့်ကျော်လွန်ခဲ့လေပြီ။ မြန်မာ့နိုင်ငံရေးရှေ့အလားအလာများ အကောင်းဖက် သို့မဟုတ် အဆိုးဖက်ကို ဦးတည်သွားနေသလားဆိုသည်ကို အမျိုးမျိုးသော ဝေဖန်ပြောဆိုနေသံများကြားနေရဆဲပင်။ ရွေးကာပွဲကာလသို့ တစ်လှမ်းပြီးတစ်လှမ်း ဝင်ရောက်လာနေသည်။ နည်းလမ်းမကျ တရားမမျှတသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟု ဆိုကြစေကာမူ အချို့သောနိုင်ငံရေးပါတီများ ၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်နိုင်စေရန် လှို့ဝှက်စီစဉ်ဆောင်ရွက်နေကြသည်။

လာမည့်ရွေးကောက်ပွဲကိုမူတည်၍ ပထမ၊ ဒုတိယ၊ တတိယအင်အားစုများပေါ်ထွက်လာသည်။ ရွေးကောက်ပွဲကိုထောက်ခံသည့်ပထမအင်အားစု၊ လက်မခံသောဒုတိယအင်အားစုနှင့် ရွေးကောက်ပွဲဝင်သင့်မသင့် ယတိပြတ်မဆုံးဖြတ်ရသေးသော ကြားနေတတိယအင်အားစုတို့လည်း စောင့်ကြည့်နေကြဆဲပင်။
လတ်တလောကာလများ၌ ၂၀၁၀ ရွေးကောက်ပွဲပဏာမပြင်ဆင်မှုအနေဖြင့် မြန်မာစစ်အစိုးရမှ ငြိမ်းချမ်းရေး၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းနှင့် မြန်မာစစ်အစိုးရတို့၏ စစ်သင်တန်းများကို တက်ရောက်စေရန် ကြိုးပမ်းလုပ်ဆောင်လာနေသည်။

နယ်ခြားစောင့်တပ်ကိုလက်မခံ၊ ရွေးကောက်ပွဲကိုလည်းမဝင်သည့် ကိုးကန့်တပ်ဖွဲ့အား မြန်မာစစ်အစိုးရတပ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အုပ်စုနှစ်စုခွဲလိုက်ရာ နယ်ခြားစောင့်တပ်ဖွဲ့ကိုလက်ခံသည့် ကိုးကန့်တပ်ဖွဲ့တစ်ဖွဲ့ကို ၄င်းဒေသကို ဆက်လက်အုပ်ချုပ်စေသည်။ ယင်းတိုက်ပွဲများအတွင်း ကိုးကန့်ဒေသသားများ၏ အဖိုးတန်ပစ္စည်းများစွာ ဆုံးရှုံးနစ်နာခဲ့ကြရပြီး တရုပ်ပြည်ဖက်သို့ ထွက်ပြေးသွားရသည့် ဒုက္ခသည်အများအပြားရှိခဲ့သည်။ ဤသည်မှာ ငြိမ်းချမ်းရေးနှင့် အပစ်ရပ်အဖွဲ့များ ထင်သာမြင်သာ သိရှိနားလည်လောက်စေသော စစ်အစိုးရ၏ လုပ်ဆောင်မှုတစ်ရပ်အဖြစ် နိုင်ငံရေးသမားများ အကဲခတ် ပြောဆိုနေကြသည်။

ဤသို့ဆိုလျှင် ကျွန်ုပ်တို့မွန်တစ်မျိုးသားလုံး မည်သို့ဆက်လုပ်သင့်သနည်း။ မွန်တို့၏အနာဂတ်ကြမ္မာကို မွန်တို့သာ ဆုံးဖြတ်ကြရမည်သာဖြစ်ပေသည်။ စည်းလုံးညီညွတ်မှုဖြင့် ပူပေါင်းအကြံဥာဏ်ပေး လုပ်ဆောင်သွားနိုင်မှသာ မွန်အမျိုးသားတို့၏ ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖေါ်ဆောင်သွားနိုင်မည်ဖြစ်သည်။ မိမိနှင့်မသက်ဆိုင်သလို အမျိုးသားရေးလမ်းကြောင်းမှ ဖယ်ကျဉ်ပြီး မိမိတစ်ကိုယ်တော်လွတ်မြောက်ရေးကိုသာ ကြိုးပမ်းနေကြမည်ဆိုပါလျှင် မွန်အမျိုးသားတို့၏အနာဂတ်ခရီးကား မတွေးဝံ့အနေအထားသို့ ရောက်ရှိရပေတော့မည်။

အချုပ်အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မွန်အမျိုးသားထုတစ်ရပ်လုံးအနေဖြင့် ဘာဆက်လုပ်သင့်သနည်း၊ ဘာများပြင်ဆင်ထားရမည်နည်း။ မည်သည့်အနေအထားဖြင့် ကျော်ဖြတ်သွားရမည်နည်း၊ ကျော့ကွင်းလှောင်ချိုင့်အတွင်း ပိတ်မမိနေစေရန် အလွန်သတိထားကြရပေမည်၊ ခြေလှမ်းတစ်ချက်မှားသည်နှင့် တစ်သက်လုံးဆုံးရှုံမှုများနှင့် ကြုံတွေ့နိုင်မည်ကို သတိချပ်စေလိုသည်။ အချိန်ကာလအနည်းငယ်အတွင်းမှာ မိမိအမျိုးသားရေးအတွက် အဆုံးအဖြတ်များ ပေးကြရတော့မည်။ မိမိတစ်ဦးတည်း၊ တစ်ဖွဲ့တည်းဖြင့် အရာမရောက်သောလုပ်ဆောင်မှုတို့ကို ချန်ရစ်ထားရှိခဲ့ပြီး တစ်မျိုးသားလုံးနှင့်အတူ ပါဝင်လက်တွဲလှုပ်ရှားကြပါစို့လို့ ကောင်းဝါ မှတိုက်တွန်းအပ်ပါသည်။


http://www.kaowao.org/b/oct09-13Readers_front_volume28.php

၂ဝ၁ဝ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်နိုင်ပါ့မလား


Monday, 12 October 2009 16:10 ကေလတ်
E-mail Print
ဗြိတိသျှက မြန်မာပြည်အတွက် ‘ဒိုင်အာခီ’ ဆိုတဲ့ အုပ်ချုပ်ရေး စနစ်တမျိုး ၁၉၂၂ ခုနှစ်မှာ စတင် အကောင် အထည် ဖော်ခဲ့ချိန်ကစပြီး ရေတွက်မယ်ဆိုရင် ရှေ့နှစ်မှာ လုပ်ဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ရဲ့ (၁၅) ခုမြောက် ရွေးကောက်ပွဲ ဖြစ်လာမှာပါ။ အဲ့ဒီတော့ လာမယ့် ရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဆန္ဒတွေကို တကယ် ထင်ဟပ်ခဲ့ပါသလား ဆိုတာ မေးစရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

စာဖတ်သူများသို့

၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ၁၅ ခုမြောက် ရွေးကောက်ပွဲ ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး နှစ် ၂၀ ကြာမှ ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည်။

မြန်မာ့သမိုင်းတွင် ရွေးကောက်ပွဲ အများစုမှာ ဗြိတိသျှအစိုးရနှင့် စစ်အစိုးရများ လက်ထက်တွင် ပေါ်ပေါက်ခဲ့သည်။ နောက်ဆုံး ပြုလုပ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံ၏ မဲပေးပိုင်ခွင့် ရှိသော လူဦးရေ သန်း ၂၀ တွင် ၁၅ သန်းက မဲပေးခဲ့သည်။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရသော်လည်း စစ်အစိုးရက အာဏာလွှဲပေးခြင်း မပြုခဲ့ပေ။

အနှစ် ၂၀ ကြာပြီးသော အခါတွင် စစ်အစိုးရက ရွေးကောက်ပွဲတခု ထပ်မံ ပြုလုပ်ပြီး တရားဝင် အာဏာရယူရန် စီစဉ်နေပြီဖြစ်သည်။ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး” ဟူသည့် ဗိုလ်ချုပ်ကြီးများ တရားဝင် ကြေညာထားသည့် ဆောင်ပုဒ် အတိုင်း ဖြစ်မြောက်လာ စေရန် ၂၀၁၀ ရွေးကောက်ပွဲကို စီစဉ်နေခြင်း ဖြစ်သည်ဟု လေ့လာသူ အများစုက ဆိုသည်။

လေ့လာသူများ၊ နိုင်ငံရေး သမားများက ဤရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည် မဟုတ်ဟု ယူဆထား သော်လည်း တချို့ကမူ စစ်အစိုးရက မည်သည့် ဖိအား၊ မည်သည့် ကမ်းလှမ်း ချက်ကိုမျှ ဂရုမစိုက်သည့် အတွက် ဤရွေးကောက်ပွဲ သည်သာ တခုတည်းသော နိုင်ငံရေး ထွက်ပေါက် ဖြစ်နေသည်ဟု သုံးသပ်ကြသည်။

ထို့ကြောင့် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ယခု ရွေးကောက်ပွဲသည် နိုင်ငံရေး ပြောင်းလဲ ဖြစ်ထွန်းမှုတခုဟု ဧရာဝတီက ယူဆသည်။

ထို့ကြောင့် ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးရာများကို အပတ်စဉ် အသေးစိတ် သုံးသပ် တင်ပြသွားရန် ဧရာဝတီက ဤအထူးကဏ္ဍကို ဖွင့်လှစ်လိုက်သည်။

ဧရာဝတီ
မြန်မာပြည်မှာ အမျိုးမျိုးသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေ ရှိခဲ့ပါတယ်။ ပထမဆုံး ဖွဲ့စည်းပုံက ၁၉၃၇ ခုနှစ်၊ ဧပြီလမှာ စတင် အသက်ဝင်ခဲ့ပြီး နောက်ဆုံး ဖွဲ့စည်းပုံကတော့ လက်ရှိစစ်အစိုးရရဲ့ အဆိုအရ ၂ဝဝ၈ ခုနှစ်၊ မေလဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင် အများစုရဲ့ တခဲနက် ဆန္ဒမဲနဲ့ အတည်ပြုခဲ့တယ် ဆိုတဲ့ ဖွဲ့စည်းပုံပဲ ဖြစ်ပါတယ်။ အဲ့ဒီ အမျိုးမျိုးသော ရွေးကောက်ပွဲတွေနဲ့ အခြေခံ ဥပဒေတွေဟာ အထွေထွေသော လူမှုစီးပွားနောက်ခံသမိုင်းတွေနဲ့ နိုင်ငံရေးလားရာတွေကို ရောင်ပြန်ဟပ် ဖော်ညွှန်းနေကြပါတယ်။

ဗြိတိသျှအစိုးရလက်အောက် ပထမဆုံး ဖွဲ့စည်းပုံဥပဒေဟာ ဗမာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီး ၁၉၃၅ ခုနှစ် မြန်မာပြည် အက်ဥပဒေအနေနဲ့ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဥပဒေမတိုင်ခင်က ‘ဒိုင်အာခီ’ အုပ်ချုပ်ရေးစနစ် အောက်မှာ ဥပဒေပြု ကောင်စီ ရွေးကောက်ပွဲတွေကို ဗမာပြည်မမှာ ကျင်းပခဲ့တာရှိပါတယ်။ ဗမာ့မျိုးချစ် နိုင်ငံရေးသမားတွေက အဲ့ဒီရွေးကောက်ပွဲတွေမှာ ဗမာလူမျိုးတွေ မဲပေးခွင့်ရတာ အရမ်း နည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သပိတ်မှောက်ခဲ့ကြပါတယ်။

ကိုလိုနီအုပ်ချုပ်ရေးရဲ့ စံနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်အရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေဟာ အတော်လေး ကိုယ်စားပြုမှုရှိတာ တွေ့ရပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ဥပဒေပြုလွှတ်တော်ကို တာဝန်ခံရတဲ့ ဝန်ကြီးအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ အထွေထွေအုပ်ချုပ်ရေးတရပ် ထွက်ပေါ်လာပါတယ်။

ဥပဒေပြုလွှတ်တော်မှာ အထက်လွှတ်တော်နဲ့၊ ပြည်သူ့လွှတ်တော် နှစ်ရပ် ပါရှိပါတယ်။ အထက် လွှတ်တော်ရဲ့ ကိုယ်စားလှယ်ထက်ဝက်ကို ပြည်သူ့လွှတ်တော်က တဝက်၊ အစိုးရက ခန့်ထားတဲ့ ကိုယ်စားလှယ်တွေက တဝက်နဲ့ အချိုးကျ ဖွဲ့စည်းပါတယ်။ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၃၂ ဦးရှိတဲ့အနက် ၉၂ ဦးကို ဒေသဆိုင်ရာ မဲဆန္ဒနယ်တွေက ရွေးကောက်တင်မြှောက်ပြီး ကျန်တဲ့ ကိုယ်စားလှယ် နေရာတွေကို လူမျိုးရေးနဲ့ တခြားအခွင့်ထူးခံတွေအတွက် ဖယ်ထားပါတယ်။

အဲ့ဒီ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲတွေကို ၁၉၃၆ ခုနှစ်မှာ ကျင်းပပြီး နိုင်ငံရေး အဖွဲ့အစည်း အတော်များများ ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။ ဝင်ပြိုင်ကြတဲ့အထဲမှာ မျိုးချစ်နိုင်ငံရေးအဖွဲ့တခု ဖြစ်တဲ့ ‘ဒို့ဗမာအစည်းအရုံး’ ကလည်း ‘ကိုယ့်မင်းကိုယ့်ချင်း’ ပါတီ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ ဒေါက်တာဘမော်က အဲ့ဒီ အခြေခံဥပဒေအရ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ကိုလိုနီခေတ်မှာ အတော်လေး ဒီမိုကရေစီ ပြည့်ဝတဲ့ စနစ်တခု ဖြစ်ခဲ့ပေမယ့် ဗမာမျိုးချစ်များကတော့ ဗြိတိသျှ အုပ်ချုပ်ရေး ယန္တယားကို သက်ဆိုးရှည်စေတဲ့ စနစ်ဖြစ်တယ် ဆိုပြီး ပယ်ချခဲ့ကြပါတယ်။ အဲ့ဒီ စနစ်က အဓိက ပြည်မ ဒေသ အတွက်ပဲ သက်ရောက်ခဲ့ပြီး တိုင်းရင်းသား အများစု နေထိုင်ကြတဲ့ တောင်တန်းဒေသတွေကို ချန်လှပ်ထားပါတယ်။

တနိုင်ငံလုံး အကျုံးဝင် လွှမ်းခြုံတဲ့ ရွေးကောက်ပွဲတရပ်ကိုတော့ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ၁၉၄၇ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ) က အပြတ်အသတ် နိုင်ခဲ့ပါတယ်။ မဲဆန္ဒနယ် ၂ဝ၂ ခုအနက် ၁၉၆ ခုမှာ အနိုင်ရရှိခဲ့တာပါ။

တိုင်းပြုပြည်ပြုလွှတ်တော်က မြန်မာပြည် လုံးဝ လွတ်လပ်ရေးရဖို့ အာမခံတဲ့ အခြေခံဥပဒေတရပ်ကို ရေးဆွဲ ပြဌာန်းခဲ့ပါတယ်။

လေ့လာဝေဖန်သူတွေကတော့ အခြေခံဥပဒေဟာ တနှစ်အတွင်းမှာ ပြီးအောင် အမြန်ရေးဆွဲခဲ့ရတဲ့အတွက် အားနည်းချက်တွေ ပါခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း အခြေခံ ဥပဒေဟာ ပင်လုံညီလာခံတုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဘောတူထားခဲ့သလို ဖက်ဒရယ် ပြည်ထောင်စု ပုံစံမျိုး မဟုတ်ဘဲ တပြည်ထောင်စနစ် ပုံစံမျိုး ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ ၁၉၄၇ အခြေခံ ဥပဒေရဲ့ အဓိက အကြံပေးပုဂ္ဂိုလ် ရှေ့နေချုပ်နဲ့ ဗဟိုတရားရုံးချုပ် တရားသူကြီးဟောင်းတဦး ဖြစ်တဲ့ ဦးချန်ထွန်း က “ဒီအခြေခံ ဥပဒေဟာ ပုံသဏ္ဌာန်အားဖြင့် ပြည်ထောင်စု ဖြစ်ပေမယ့် လက်တွေ့မှာတော့ တပြည်ထောင်စနစ် ဖြစ်နေပါတယ်” လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။

ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေတဲ့ ၁၉၅ဝ ပြည့်လွန်နှစ်များမှာ ရွေးကောက်ပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ နှစ်ကြိမ်စလုံးမှာ ဖဆပလ အဖွဲ့ချုပ်က အနိုင်ရပါတယ်။ ၁၉၅၁ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂၅ဝ အနက် ၁၄၇ နေရာ အနိုင်ရပြီး၊ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂၂၁ နေရာအနက် ၁၇၃ နေရာ အနိုင်ရခဲ့ပါတယ်။

၁၉၆ဝ ပြည့်နှစ် ဗိုလ်ချုပ်နေဝင်း ရဲ့ အိမ်စောင့်အစိုးရလက်ထက် ရွေးကောက်ပွဲမှာ ဖဆပလ တခြမ်းပဲ့ ဖြစ်တဲ့ ဦးနုရဲ့ ပြည်ထောင်စု (ပထစ) ပါတီက အနိုင်ရပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ၅၄ ရာခိုင်နှုန်း မဲပေးခဲ့ကြတဲ့အတွက် မြန်မာပြည်ရဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲတခုအဖြစ် ယူဆကြပါတယ်။

၁၉၄၈ ကနေ ၁၉၅၈ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနု ကပဲ ဝန်ကြီးချုပ်ဆက်ဖြစ်ပါတယ်။ သူက ၁၉၄၇ အခြေခံဥပဒေကို ပြန်ပြင်ပါ့မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ကတိပေးထားခဲ့ပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးဟာ ဗိုလ်ချုပ်နေဝင်းရဲ့ အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားပါတယ်။

ဗိုလ်နေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့ပါတယ်။ အခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲပြီး လွှတ်တော်မရှိတဲ့အတွက် ၁၉၇၄ ခုနှစ်မှာ ပြည်သူ့ ဆန္ဒခံယူပွဲကနေ အတည်ပြုခဲ့ပါတယ်။

အရင်ဗြိတိသျှလက်ထက်က အခြေခံဥပဒေမှာ ဗမာပြည်မအဖြစ် သတ်မှတ်ခဲ့တဲ့ နယ်တွေဟာ အခြေခံဥပဒေသစ် အရ တိုင်း ၇ ခု ဖြစ်လာပြီး အဓိက လူမျိုးစုကြီး ၇ ခု ရှိတဲ့ ဒေသတွေက ပြည်နယ် ၇ ခု ဖြစ်လာပါတယ်။ အခြေခံဥပဒေသစ်အရ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွေ ရှိပါတယ်။ ၁၉၈၈ ခုနှစ်မှာ အခြေခံဥပဒေ ရပ်ဆိုင်းမသွားခင်အထိ ပြည်သူလူထုဟာ လေးကြိမ်မဲပေးခဲ့ကြရပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲတွေဟာ ရွေးကောက်ပွဲလို့တောင် မခေါ်နိုင်ဘဲ တခုတည်းသော ပါတီဖြစ်တဲ့ မဆလပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အတည်ပြုပေးရုံသက်သက် ရွေးချယ်ပွဲတွေသာ ဖြစ်ခဲ့ပါတယ်။

တချို့နိုင်ငံရေးသမားတွေဟာ စစ်မှန်တဲ့ ဆိုရှယ်လစ်နိုင်ငံတော် ထူထောင်မယ်ဆိုတဲ့ ဦးနေဝင်းရဲ့ ကတိကို ယုံကြည်ပြီး အာဏာသိမ်းတာကို ထောက်ခံခဲ့ကြတာပါ။ အဲ့ဒီအချိန်မှာ ပြည်သူလူထုက နိုင်ငံရေးသမားတွေရဲ့ အာဏာလွန်ဆွဲပွဲတွေ၊ ဖောက်ပြန်မှုတွေအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်လည်း ဖြစ်ပါတယ်။

အချိန်အတော်ကြာတော့မှ ဦးနေဝင်းရဲ့ မဆလပါတီဟာ တပါတီအာဏာရှင်စနစ် နဲ့ အတုအယောင် ပြည်ထောင်စုကိုသာ ဖော်ထုတ်ပေးပြီး ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေအတွက် ဘာကိုယ်စားပြုမှုမှ မရှိဘူးဆိုတာ သူတို့ သဘော ပေါက်လာကြပါတယ်။

၁၉၉ဝ မှာလည်း ရွေးကောက်ပွဲကြီးတခု လုပ်ခဲ့ပါတယ်။ ဒါဟာ နောက်ဆုံး ရွေးကောက်ပွဲ ဖြစ်ပြီး ၁၉၈၈ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ ကတိကဝတ်အရ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကို မနှစ်သက်ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်ကိုသာ လိုလားကြောင်း ပြသတဲ့အနေနဲ့ မဲပေးခွင့်ရသူ သန်း ၂ဝ ကျော် အနက် ၆ဝ ရာခိုင်နှုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးခဲ့ကြပါတယ်။ အဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၈၅ ခု အနက် ၃၉၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်ကိုတော့ စစ်အစိုးရက မျက်ကွယ်ပြုထားပါတယ်။

အခြေခံဥပေဒသစ်တရပ် ရေးဆွဲဖို့ အမျိုးသားညီလာခံတရပ်ကို စစ်အစိုးရက စီစဉ်ပြုလုပ်ပြီး ထွက်ပေါ်လာတဲ့ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ်မှာ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီအခြေခံဥပဒေအရဆိုရင် မြန်မာပြည်ဟာ တိုင်းဒေသကြီး ၇ ခု နဲ့ ပြည်နယ် ၇ ခု ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်ပါတယ်။ ဒါပေမယ့် အနှစ်သာရအားဖြင့် ဒီမိုကရေစီနိုင်ငံ မဟုတ်သလို ပြည်ထောင်စုလည်း မဟုတ်ပါဘူး။ စစ်တပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ကသာ နိုင်ငံတော် အာဏာကို နည်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားတဲ့ စနစ် တရပ်သာ ဖြစ်ပါတယ်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲမှာ အတည်ပြုခဲ့ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းမှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ ဆန္ဒခံယူပွဲ ဖြစ်ပါတယ်။ ဒီဆန္ဒခံယူပွဲဟာ မျက်နှာပြောင်တိုက် လိမ်ညာမှုဖြစ်ပေမယ့် စစ်အစိုးရက သူတို့ရဲ့ အခြေခံဥပဒေဟာ မဲပေးသူပေါင်း ၉ဝ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှု ရခဲ့တယ်လို့ ကြေညာပါတယ်။ တကယ်တမ်းကျတော့ ဒီအခြေခံဥပဒေကို နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေသာမက အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေကလည်း မထောက်ခံကြပါဘူး။

မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေနဲ့ အခြေခံဥပဒေတွေ အားလုံးဟာ ပြည်သူ လူထုရဲ့ မျှော်မှန်းချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပါဝင် ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေတောင်မှ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကျေနပ်မှုကို အပြည့်အဝ မရရှိခဲ့ပါဘူး။

နောက်ပိုင်း အခြေခံဥပဒေတွေနဲ့ ရွေးကောက်ပွဲတွေလည်း ဒီလိုပဲ ဖြစ်ပါတယ်။ အဲ့ဒီခေတ်က နိုင်ငံရေး ခေါင်းဆောင်တွေဟာ အခြေခံဥပဒေရဲ့ အားနည်းချက်တွေကို အချိန်မီ ဖယ်ရှားပြုပြင်ဖို့ ပျက်ကွက်ခဲ့ပြီး အာဏာနိုင်ငံရေးမှာ နစ်မြှုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၇ဝ နဲ့ ၁၉၈ဝ နှစ်များမှာတော့ စစ်တပ်က နိုင်ငံရေးသမားတွေကို အနိုင်ကျင့်ပြီး ‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ အရောင်ပြကာ အာဏာသိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့် ‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ ဟာလည်း တိုင်းရင်းသား လူမျိုးစုများ အပါအဝင် ပြည်သူ လူထုရဲ့ မျှော်မှန်းချက်တွေကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။

၁၉၇၄ အခြေခံဥပဒေနဲ့ အဲ့ဒီနောက်ပိုင်းရွေးကောက်ပွဲတွေဟာ ပြည်သူလူထုကို လုံးဝ ကိုယ်စားမပြုခဲ့ပါဘူး။ ၁၉၉ဝ ရွေးကောက်ပွဲဟာ အတော်အသင့် လွတ်လပ်ပြီး တရားမျှတပေမယ့် ထွက်ပေါ်လာတဲ့ ရလဒ်ကို စစ်အစိုးရက အကြောင်းပြချက် ခိုင်ခိုင်မာမာ မပေးဘဲ လျစ်လျူရှုခဲ့ပါတယ်။

စစ်စိုးမိုးမှုအောက်က အခု ၂ဝဝ၈ အခြေခံဥပဒေဟာ ဘယ်လောက် ကြာကြာ ခံမလဲ၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွေ ကလည်း ကိုယ်စားပြုမှု ဘယ်လောက် ရှိမလဲ ဆိုတာတွေရယ်ကိုတော့ စောင့်ကြည့် လေ့လာရပါဦးမယ်။ ဒါပေမယ့် ဗမာပြည်ရဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းကြောင်းအရတော့ ပြည်သူ လူထုနဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ ထောက်ခံမှုမရှိရင် ဘယ်အခြေခံဥပဒေမှ ကြာကြာမခံဘူး ဆိုတာကို တွေ့နိုင်ပါတယ်။ ။


source

ကဲ … ယုံချင် ယုံ၊ မယုံချင် နေ အပိုင်း - ၂




ဆောင်းပါး
မင်းလွင်ဦး
တနင်္လာနေ့၊ အောက်တိုဘာလ 12 ရက် 2009 ခုနှစ် 12 နာရီ 52 မိနစ်

MinlwinOos

ရဲစခန်းအတွင်း နေထိုင်အိပ်စက်ဖို့ ကုန်ကျရမယ့် ကိစ္စတွေကို ပြီးခဲ့တဲ့အပိုင်း ၁ မှာ ဖော်ပြ ပြီးပါပြီ။ ဒီတပတ်တော့ ရဲစခန်းကနေတဆင့် တရားရုံးကို အမှုတင်တဲ့အခါမှာ ထပ်မံကုန်ကျရဦးမယ့် ငွေကြေးနဲ့ ပတ်သက်ပြီး ဖော်ပြပါမယ်။

မှုခင်းတခုဖြစ်ပြီဆိုရင် မပတ်သက်ချင်တဲ့သူနဲ့လည်း ပတ်သက်ရမယ်၊ မပြောချင် မတွေ့ချင်သူနဲ့လည်း ရင်ဆိုင်ရမယ်၊ နောက်ဆုံး မရောက်သင့် တဲ့နေရာလို့ သတ်မှတ်ထားတဲ့ အချုပ်ခန်းအတွင်းကိုတောင် ရောက်နေပြီဆိုမှတော့ ကျန်တဲ့ကိစ္စတွေက စဉ်းစားစရာတောင် မလိုတော့ပါဘူး။ သာမန်မှုခင်းတွေမှာ ရဲစခန်း ရောက်ပြီဆိုတာနဲ့ အမှုစစ် ရဲအရာရှိက အမှုဖွင့် တိုင်စာရေး၊ ရဲစစ်ချက်ယူ စတာတွေက ရဲရဲ့ တာဝန်ဝတ္တရားပါ။

အမှုစစ်ရဲအရာရှိက အခုအမှုဟာ ထောင်ဘယ်လောက်ထိ ကျနိုင်တဲ့အကြောင်း၊ ဒါပေမဲ့လည်း ရှေ့နေ ရှေ့ရပ် ဥပဒေ နားလည်သူကို ငှားရမ်းပြီး ခုခံချေပမယ်ဆိုရင် လွတ်နိုင်တယ် ဆိုတဲ့အကြောင်း၊ မြို့နယ်တရားရုံး တရားသူကြီးနဲ့ အဆင်ပြေတဲ့ ရှေ့နေကို ဆက်သွယ်ပေးမယ် ဆိုတဲ့အကြောင်း စေတနာထားသလိုနဲ့ ပြောဆိုတာကို မလွဲမသွေ ကြုံရမှာပါ။

တရားရုံးနဲ့ ရဲစခန်း အတွေ့အကြုံ မရှိတဲ့ သာမန်ပြည်သူ၊ တောသူတောင်သားတွေကတော့ အားကိုးတကြီးနဲ့ ကူညီဆောင်ရွက်ပေးဖို့ အကူအညီ တောင်းလိုက်မယ်။ ရဲက ပြောတဲ့ရှေ့နေကို ငှားလိုက်မယ် ဆိုပါတော့ ရှေ့နေငှားခပေါ်မှာ ရဲက ရာခိုင်နှုန်းနဲ့ ငွေရတာလည်း ရှိတယ်။ အမှုပေါ်မှာ မူတည်ပြီး တမှုကို ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာလည်း ရှိတယ်။

ဥပမာ မူးယစ်ဆေးဝါးတမှုဆို ဘယ်လောက်၊ ချဲထီမှုဆို ဘယ်လောက် သတ်မှတ်ထားတာမျိုးပေါ့။ အများအားဖြင့်တော့ ရှေ့နေငှားခပေါ်မှာ ရာခိုင်နှုန်းနဲ့ ယူကြတာ များတယ်၊ ရဲစခန်းနဲ့ပေါင်းထားတဲ့ ရှေ့နေကလည်း ရဲက အမှုပွဲစားလုပ်ပြီး အပ်လာတဲ့အမှုပေါ်မှာ ဖမ်းဆီးမိတဲ့ သက်သေခံပစ္စည်းအပေါ် အမှုအကြီးအသေးအပေါ် မူတည်ပြီး၊ ရဲကိုပေးဖို့က ဘယ်လောက်၊ တရားရုံးကို ပေးဖို့က ဘယ်လောက်၊ ဥပဒေအရာရှိ ဖြစ်သူကို ဘယ်လောက်၊ ရှေ့နေအဖြစ် လိုက်ပါမယ့် သူ့အတွက်က ဘယ်လောက် စသဖြင့် တွက်ချက်ပြီးမှ အမှုသည်ဆီက တောင်းမှာမို့ သက်သာလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ ….။

ရဲနဲ့ပေါင်းပြီး သက်သေခံ ပစ္စည်းတွေကို လဲတာလည်း ပါမယ်၊ ရှာဖွေပုံစံ နည်းလမ်းတကျ မဖြစ်အောင်လည်း ရဲနဲ့ပေါင်းပြီး လုပ်မယ်။ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ မညီအောင် အမှုပွဲစား ရဲနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်။ ဥပဒေ ပြဋ္ဌာန်းချက်တွေ၊ စီရင်ထုံးအကိုးအကားတွေက သိပ်အရေးမကြီးလှဘူး၊ တရားသူကြီးကို ငွေပေးပြီး စီရင်ချက်ကို ရေးခိုင်းမှာမို့ ဥပဒေပညာတတ်စရာတောင် မလိုဘူး၊ ဒါကြောင့်လည်း တချို့မြို့နယ်တွေမှာ ရှိတဲ့အပိုင်စား ရှေ့နေတွေလို့ နာမည်ကြီးနေတဲ့ သူတွေထဲမှာ ဥပဒေပညာကို နှံ့နှံ့စပ်စပ်မသိ၊ မလေ့လာထားတဲ့သူတွေ အများကြီးပါ။

ဥပဒေက မည်သို့ပင်ဆိုစေကာမူ အစောကပြောသလို ငွေတတ်နိုင်တဲ့သူတွေက အမှုက လွတ်ဖို့ အကုန်အကျ ခံတဲ့အတွက် အမှန်တရားဆိုတာကို ဘယ်လိုမှ ရှာဖွေလို့ မရနိုင်တော့ဘူး။ ဒါကြောင့်လည်း ငွေများ တရားနိုင်ဆိုတဲ့ စကားက တွင်ကျယ်လာရတာပါ။

ဥပမာအားဖြင့် လိမ်လည်မှုတခု ဖြစ်ခဲ့ပြီဆိုပါတော့ … လိမ်သွားတဲ့သူဆီမှာက ငွေလုံးငွေရင်းရှိနေပြီ၊ အလိမ်ခံရတဲ့ သူကတော့ ဘာမှမကျန်တော့ ဘူး၊ အမှုရုံးရောက်၊ ရဲစခန်းရောက် စတဲ့ ကိစ္စတွေမှာ ငွေကုန်ခံဖို့ မရှိတဲ့အတွက် ဘာမှရှောရှောရှူရှူ မရှိနိုင်ဘူးလေ။

ရဲကနေပြီး တရားခံတွေ၊ သက်သေတွေ စစ်ပြီးတဲ့အခါမှာ အမှုကို တရားရုံးကိုတင်ဖို့ ဥပဒေအရာရှိကို အမှုတင် ရတယ်လေ၊ ဒီနေရာမှာ ဥပဒေ အရာရှိ ဖြစ်သူက အမှုကိုဖတ်ရှု လေ့လာသုံးသပ်ပြီး မည်သည့် ဥပဒေပုဒ်မနဲ့ အရေးယူရန်ဆိုပြီး မှတ်ချက်ပေးရပြန်တယ်။

ဒီနေရာမှာ ရဲက တင်လာပေမယ့် ဥပဒေဝန်ထမ်းကလည်း ငွေမရရင် သက်သေအထောက်အထား မပြည့်စုံ၊ တပ်ထားတဲ့ပုဒ်မနဲ့ အံမဝင်၊ ဒါကြောင့် လိုအပ်တဲ့ သက်သေ အထောက်အထားနဲ့ သက်သေ ထွက်ချက်တွေ ပြန်စစ်ပါဦးလို့ အမှုကို တရားစွဲဖို့ ထောက်ခံတင်ပြခြင်း မပြုတာကိုလည်း ရင်ဆိုင်ရမှာပါ။

ဒါကြောင့်လည်း တချို့အမှုတွေမှာ ရဲက ဥပဒေအရာရှိကို တမှု ငွေ ကျပ် ၃၀၀၀၀ အနည်းဆုံးပေးမှ ဥပဒေအရာရှိက အမှုတွဲ တင်ပေးတာလည်း တွေ့ရတယ်။ မြို့ပေါ်မှာဆိုရင်တော့ ပုဒ်မ တခုကို တသိန်း ပေးရတယ်လို့တောင် ဆိုတယ်။ ကိုယ်က တရားလိုလုပ်ပြီး အမှုစွဲမယ်ဆိုရင်လည်း ဥပဒေ အရာရှိကိုပေးမှသာ အဆင်ပြေတယ်။

ကိုယ်က တရားခံဖြစ်နေပြီဆိုရင်လည်း ပုဒ်မတွေဖြုတ်ဖို့ကို ဥပဒေအရာရှိကသာ စွမ်းဆောင်နိုင်တယ်၊ ငိုစား၊ ရယ်စား ဆိုတဲ့အထဲမှာ ရဲနဲ့ ဥပဒေအရာရှိလည်း တကြိတ်ထဲ၊ တဉာဏ်ထဲပါပဲ။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ မှန်ကန်မျှတတဲ့ တရားစီရင်ရေးဆိုတာက ရှာမရှားတယ်ဆိုတဲ့ အခြေအနေကို ရောက်နေပြီ။ တရားသူကြီး၊ ဥပဒေအရာရှိ၊ တရားခွင်စာရေးလို့ခေါ်တဲ့ ရှေ့ပတ်စာရေး စတာတွေကလည်း ဝန်ထမ်းလစာတွေနဲ့ မလောက်င တဲ့အခါမှာ လာဘ်စားလို့ရတဲ့ ငွေနဲ့သာ မိသားစုပရိရေသန ဝမ်းစာကို ဖြေရှင်းကြရတယ်။

ဒါကြောင့်လည်း လာဘ်စားတာကို ဥပဒေနဲ့မညီတဲ့ အလုပ်လို့ မသတ်မှတ်တော့ဘူး၊ အားလုံး လုပ်နေကြလို့ တရားဝင်ခွင့်ပြုထားတဲ့ အလုပ်တခု လို ထင်မှတ်လာကြတယ် … လာဘ်မစားတဲ့ သူအတွက်တော့ ဝမ်းရေး အဆင်မပြေဘူးပေါ့။

အမှုတခုဖြစ်လာမှတော့ သက်သေခံပစ္စည်းတွေ၊ ရှာဖွေတုန်းက ပါဝင်ခဲ့ပြီး ရှာဖွေပုံစံမှာ လက်မှတ်ရေးထိုးတဲ့ ရှာဖွေ ပုံစံသက်သေတွေကလည်း အမှုထဲမှာ အရေးပါတဲ့နေရာက ရှိနေတယ်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုတွေမှာ ရှာဖွေသူတွေလိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။

ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ရှာဖွေသိမ်းဆည်းရမိတဲ့ သက်သေခံ ပစ္စည်းတွေဟာ မှုခင်းဖြစ်စဉ်က တကယ် သိမ်းဆည်းရမိတာ ဟုတ်မဟုတ် မသေချာတော့ဘူး၊ ဥပဒေသမားတွေကတော့ ရှာဖွေ ပုံစံပျက်တယ်လို့ ပြောကြတယ်။

ရှာဖွေပုံစံ နည်းလမ်းတကျ မဖြစ်တာကြောင့် မူးယစ်ဆေးဝါး တကီလိုကလည်း ၁၀၀၀ တန် ဘိန်းဖြူထုပ် တထုပ်လည်း ဖြစ်သွားနိုင်တယ်။ ပေါင်ဒါမှုန့်တွေလည်း ဖြစ်သွားနိုင်တယ်။ တချို့အမှုတွေမှာ ဘိန်းဖြူအစစ်ကို ရဲက ပေါင်ဒါမှုန့်နဲ့လဲပြီး အစစ်ကို မြို့နယ်အတွင်းက ရောင်းဝယ်သူ တွေကို ပြန်လည်ရောင်းချတာလည်း ရှိတယ်။

ဓာတုဗေဒဌာနကလည်း တခါတလေ ဘိန်းဖြူ အစစ်ဖြစ်ပေမယ့်လည်း ပေါင်ဒါမှုန့်တို့၊ မြေဖြူမှုန့်တို့ဆိုပြီး ငွေရတဲ့အမှုတွေမှာ ရေးသားအကြောင်း ပြန်တတ်ပါတယ်၊ ငွေတတ်နိုင်ရင် တတ်နိုင်သလိုပေါ့လေ ….. အမှု အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်။

အခု ဖော်ပြနေတဲ့အထိ အမှုက တရားရုံးကို မရောက်သေးပါဘူး ….. အမှုစွဲတင်ဖို့အတွက် ရဲ၊ ဥပဒေ အရာရှိနဲ့ ရှာဖွေ ပုံစံသက်သေတွေကို ငွေပေးပြီး အမှု တည်ဆောက်နေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးနေတဲ့ တရားခံကို လိုက်ဖမ်းဖို့ ပေးရမယ့်ငွေ၊ အချို့ကိစ္စတွေမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ပူးတွဲ တရားခံတွေကို ဖမ်းဖို့လိုတဲ့အခါမှာ ရဲက ၂ ခါ ငွေရပါတယ်။

အမှုသည်က ပြစ်မှုကျူးလွန်တဲ့ တရားခံကို ဖမ်းဖို့ ရဲကို ငွေပေးရသလို၊ အဖမ်းခံရမယ့် တရားခံတွေကလည်း မဖမ်းဖို့ ရဲကို ငွေပေးလာဘ်ထိုး ရပြန်တယ်။ အဲဒီအခါမှာ ရဲက ၂ ဖက်စလုံးက ငွေကိုယူပြီး တရားခံတွေကို ရုံးချိန်းနေ့ကျရင် လာအဖမ်းခံဖို့ ညှိနှိုင်းပြီး လုပ်ဆောင်တတ်တာလည်း ရှိပါတယ်။

အကျင့်ပျက် ရဲဝန်ထမ်း၊ ဥပဒေအရာရှိနဲ့ အပိုင်စားရှေ့နေတွေက ဥပဒေကို လက်တလုံးခြား လုပ်၊ မမှန်သက်သေတွေ ဖန်တီးတဲ့ ကိစ္စရပ်တွေကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား၊ အထက်အာဏာပိုင် အဆင့်ဆင့်ကို တိုင်ကြားရင်ကော မရဘူးလား စသဖြင့် မတရားခံရတဲ့သူတွေက စဉ်းစား မိပါလိမ့်မယ်၊ မတရား အလုပ်ခံရတဲ့ကိစ္စမို့ မကျေမနပ် ဖြစ်ပြီးလည်း တိုင်ကြ၊ တန်းကြတာတွေလည်း အများအပြားပါ။ ဒါက လူ့သဘာဝ မဟုတ်လား ….။

အထက်အာဏာပိုင် အဆင့်ဆင့်ကို တိုင်တန်းလို့ အပြစ်ပေး အရေးယူတဲ့အခါ အလွန်ဆုံးအလုပ်က ပင်စင် ပေးလိုက်တာ၊ ရာထူးတဆင့် ချထား လိုက်တာ၊ နယ်ပြောင်းရွှေ့ခံရတာက အလွန်ဆုံးပါပဲ၊ ထောင်ကျသွားတဲ့ ရဲအရာရှိ၊ ဥပဒေအရာရှိဆိုတာ လွန်စွာမှပင် ရှားပါးလှတယ်လို့ သိရပါတယ်။

ယခင် ထောက်လှမ်းရေးတွေ ခေတ်ကောင်းစဉ်အခါက တရားစွဲအဖွဲ့အစည်း အသီးသီးက ကျူးလွန်ခဲ့တဲ့ လာဘ်စားမှု တွေကို ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေဆိုတာနဲ့ အရေးယူခဲ့တာ မဟုတ်ပါဘူး၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ရာထူး ချတာ၊ နယ်ပြောင်းတာနဲ့ သိပ်လွန်လွန်းတဲ့သူကို အနားပေးလိုက်တာပဲ ရှိပါတယ်။ ထောင်မကျပါဘူး။

(တရားရုံးမှာ ကုန်ကျရမည့်ငွေကို ရှေ့အပတ်တွင် ဆက်လက် ဖော်ပြပါမည်။)


source