Thursday, October 15, 2009

Invitation to The Liberty Project


15 Oct ဒိုင်ယာရီ

http://ifile.it/5pymskw

15 Oct news

NLD နိုင်ငံရေးအာဏာယူဖို့အနေအထား မရှိ

14 October 2009


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခုအချိန်အထိ ဆုံးဖြတ်ချက် တစုံတရာ မချရသေးတဲ့အကြောင်း NLD ခေါင်းဆောင်တွေက EU ဥရောပနိုင်ငံတွေက သံတမန်တွေကို ပြောဆိုလိုက်ပါတယ်။ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် တောင်းဆိုချက်ဟာ မြန်မာစစ်အစိုးရနဲ့ အာဏာခွဲဝေရေးအတွက် တောင်းဆိုတာ မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။

ဒီနေ့ EU ဥရောပနိုင်ငံတွေက သံတမန်တွေနဲ့ NLD ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေကို ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းတဲ့အခါ ဦးခင်မောင်ဆွေက အခုလို စပြောပါတယ်။

“သူတို့က ဟောင်ကောင် Base ကနေပြီး ဆွီဒင်နိုင်ငံ သံအမတ်ကြီး ခေါင်းဆောင်ပြီးတော့ လာတာပါဗျ။ ဒီရောက်တော့မှာ ဒီက ဂျာမန်တို့၊ အင်္ဂလိပ်တို့၊ အီတလီတို့၊ ပြင်သစ်တို့ အစရှိတဲ့ သံအမတ်ကြီးတွေနဲ့ ပေါင်းပြီး၊ သံတမန်တွေလည်း ပါပါတယ်၊ အားလုံးပေါင်း လူ ၂၀ လောက်ပါတဲ့အဖွဲ့ ကျနော်တို့ကို လာတွေ့ပါတယ်။”

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဘယ်သူတွေ ပါပါသလဲခင်ဗျ။

“NLD ဘက်ကတော့ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးဝင်းတင်၊ ပြီးတော့ ကျနော်ပေါ့ဗျာ။”

အဓိက ဘာအကြောင်းအရာတွေ ဆွေးနွေးဖြစ်ပါသလဲ။

“အဓိကကတော့ ၂၀၁၀ ရွေးကောက်ပွဲ တကယ်လို့ ဖြစ်လာခဲ့ရင် ဘယ်လိုဖြစ်သန်းမလဲပေါ့ဗျာ။ အဲဒီအပေါ်မှာ ဘယ်လိုသဘောထား ထားပါသလဲပေါ့။ အဲဒါတွေ မေးပါတယ်။ ပြီးတော့ အခု ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေတဲ့ ပိတ်ဆို့အရေးယူမှုကို ဘယ်လို ပြန်လည်ပြုပြင်မလဲဆိုတဲ့ အပေါ်မှာ အချက်အလက်ရှာဖွေပြီး လုပ်ဆောင်မယ့် ကိစ္စတွေကိုလည်း NLD အနေနဲ့ ဘယ်လို သဘောထားပါသလဲလို့ မေးပါတယ်။

“နောက်တခုက အခု အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လုပ်နေတဲ့ကိစ္စဟာ Power Sharing အတွက်ပေါ့ဗျာ၊ အာဏာခွဲဝေယူရေးဆိုတဲ့ သဘောထားမျိုးနဲ့ လုပ်နေတာမျိုးလားလို့ မေးတဲ့ မေးခွန်းတွေကို ကျနော်တို့ ပြန်ဖြေရပါတယ်။”

ပထမဆုံး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ NLD ဘက်က ဘယ်လိုသဘောထား ပြန်ပေးခဲ့ပါသလဲခင်ဗျ။

“NLD ဘက်ကတော့ ကျနော်တို့ဟာ နိုင်ငံရေးပါတီတခု ဖြစ်တာနဲ့အညီ ဘယ်ရွေးကောက်ပွဲကိုမှ ဆန့်ကျင်တဲ့ သဘောထား မရှိပါဘူး။ မူအရ အားလုံး လက်ခံပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေး ဆိုတာကတော့ ဒါက ပါတီတခုရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထဲမှာ ရှိလို့ ဆုံးဖြတ်ပြီးတဲ့ အခါကြမှ ဒါကို အတိအကျ ပြောနိုင်မှာ ဖြစ်ပါတယ်။ အခုလက်တွေ့မှာတော့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အတိုင်းပဲ ကျနော်တို့ ရပ်တည်နေလျက် ရှိတယ်ဆိုတာ ရှင်းပြပါတယ်။”

ရွှေဂုံတိုင် ကြေညာစာတမ်းအရဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေကို ပြောင်းပေးမှ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စဉ်းစားမယ်ဆိုတဲ့ အချက်ပေါ့နော်။

“ဟုတ်ကဲ့။”

အဲဒီတော့ NLD အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခုအချိန်ထိ တစုံတရာ မဆုံးဖြတ်သေးဘူးဆိုတဲ့ သဘောလားခင်ဗျ။

“ဟုတ်ပါတယ်။ ခုနေအခါမှာ ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့ အတွက်ကို Yes or No၊ မ၀င်ဘူး၊ ၀င်မယ်လို့ တိကျပြတ်သားတဲ့အဖြေ ပေးလို့ မရသေးပါဘူး။ တိကျပြတ်သားတဲ့အဖြေ ရဖို့ဆိုတာ အချိန်စောင့်ရပါဦးမယ်။”

EU သံတမန်တွေဘက်ကရော NLD ရဲ့ သဘောထားကို တီးခေါက်တာမျိုးထက် သူတို့ဘက်ကလည်း မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒနဲ့ ပတ်သက်လို့ တစုံတရာ ပြောင်းလဲကောင်း ပြောင်းလဲမယ်ဆိုတဲ့ လေသံမျိုးတွေ ထွက်နေတော့ ဒါနဲ့ပတ်သက်လို့ရော သူတို့ဘက်က ဘာတွေ ပြောသွားတာ ရှိပါသလဲခင်ဗျ။

“သူတို့ဘက်ကတော့ တစုံတရာ ပြောင်းလဲမယ်ဆိုတဲ့ သဘောမျိုး မပြောပါဘူး။ သူတို့ကတော့ တချို့တွေက မြန်မာ့မိတ်ဆွေများ အဖွဲ့ထဲမှာ ပါတဲ့ နိုင်ငံတွေဖြစ်တယ်၊ တချို့နိုင်ငံတွေကလည်း ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေ အားလုံးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ကူညီဖြေရှင်းပေးချင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အပါအ၀င် တခြားတခြားသော အဖွဲ့တွေကိုလည်း တွေ့မှာဖြစ်တဲ့အတွက် ကျနော်တို့နဲ့ လာတွေ့တဲ့အခါ NLD ရဲ့ လက်ရှိ သဘောထား ရပ်တည်ချက်ဟာ ဘယ်လိုရှိပါသလဲ ဆိုတာကို မေးမြန်းစုံစမ်းခြင်းသာ ဖြစ်ပါတယ်။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စက အာဏာခွဲဝေရေးအတွက် လုပ်ကိုင်နေတာလားဆိုတဲ့ မေးခွန်းကို NLD ဘက်က ဘယ်လိုပြန်ဖြေခဲ့ပါသလဲ ခင်ဗျ။

“ဟုတ်ကဲ့၊ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ ကတိတွေ ပေးထားတဲ့အတိုင်း ပြည်သူလူထုကြီးကို ဒီမိုကရေစီ တံခါးပေါက်ဝကို ရောက်အောင် ပို့ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ်။ အာဏာခွဲဝေယူဖို့၊ နိုင်ငံရေးအာဏာကို ယူဖို့ဆိုတဲ့ အနေအထားမှာ မရှိတော့ပါဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပဲ ရှင်းလင်းတင်ပြလိုက်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။


ရခိုင်မှာ ကြွက်သောင်းကျန်းမှုဖြစ်၊ စားနပ်ရိက္ခာ ရှားပါးလာ
ကျော်ခ
ကြာသပတေးနေ့၊ အောက်တိုဘာလ 15 ရက် 2009 ခုနှစ် 20 နာရီ 35 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ စပါးခင်းများကို ကြွက်များ ဝင်ရောက် သောင်းကျန်းမှုက ရခိုင်ပြည်နယ်တွင်းသို့လည်း ကူးစက် ဝင်ရောက်နေရာ တောင်ကုတ်မြို့နယ်တွင်းရှိ ကျေးရွာများမှ ဒေသခံများ စားနပ်ရိက္ခာ ရှားပါးလာနေသည်။

သံတွဲခရိုင် တောင်ကုတ်မြို့နယ်မှ ရခိုင်ရိုးမပေါ်ရှိ ရပ်တော်မူ၊ စလူ၊ ညောင်လန်ဒိုး၊ ဒိုးနွေစမ်း (စုစုပေါင်း အိမ်ခြေ ၃၀၀ ခန့်) စသည့် ကျေးရွာများမှ ချင်းတိုင်းရင်းသားများ၏ စပါး၊ ရွှေဖရုံ၊ သခွား၊ ငြုတ်သီး၊ ခရမ်း စသည့် ရာသီပေါ် သီးနှံများကို ယခုနှစ် ဇူလိုင်လမှစ၍ ကြွက်များ ဝင်ရောက် စားသောက်နေကြခြင်း ဖြစ်သည်။

“ကြွက်တွေက ဝါးသီးတွေကို လာလာစားရင်းနဲ့ တောင်ယာမှာ စပါးလည်း တခုတောင်မကျန်ဘူး။ သခွားသီး ဆိုလို့ရှိရင် ဒီနှစ်ဆို တစ်လုံးတောင်မှ မစားရဘူး။ မနှစ်က နည်းနည်းပါးပါး စားရတယ်။ ရွှေဖရုံသီး၊ သခွားသီး ဆိုလည်း တခုတောင်မှ မရတော့ဘူး။ ဖြစ်တာဆိုလို့ ငြုတ်သီးနဲ့ ခရမ်းသီးပဲဖြစ်တယ်” ဟု ညောင်လန်ဒိုးရွာခံ တဦးက မဇ္ဈိမကို ပြောသည်။

ကြွက်များမှာ တကောင်လျှင် ငါးဆယ်သားခန့်ရှိပြီး ညဘက်တွင် အုပ်စုလိုက် ယာခင်းများထဲသို့ ဝင်ရောက် စားသောက်ခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့ပေါ်တွင် ဈေးဝယ်ရောက်ရှိနေသူ စလူရွာသား တဦး ကပြောသည်။

ယခုတောင်ယာခင်းများ ပျက်စီးမှုဖြစ်ပွားရာ ဒေသသည် ယမန်နှစ်က ကြွက်များ သောင်းကျန်း၍ စားနပ်ရိက္ခာရှားပါးမှု အကြီးအကျယ် ကြုံခဲ့ရသည့် နေရာတခုဖြစ်သော ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆက်စပ်လျက်ရှိသည်။

“တကောင်လာရင် အုပ်စုလိုက်လာတာလေနော့။ တညတည မရေနိုင်လောက်အောင်လာတယ်။ တုတ်နဲ့ ရိုက်တာတောင်မှ တညကို အကောင် ၈၀-၁၀၀ လောက်တောင် ရိုက်လို့ရတယ်။ သူတို့က ညဘက်မှ လာကြတာ နေခင်းဘက် မတွေ့ရဘူး” ဟု သူက မဇ္ဈိမကိုပြောသည်။

ဒေသခံများမှာ ရိုးရိုးဆန်တအိတ်ကို ၁၃၀၀၀ ကျပ်ဖြင့် တောင်ကုတ်မြို့မှ ဝယ်ယူစားသုံးနေကြရပြီး ကြွက်များကြောင့် တောင်ယာခင်းများလည်း ပျက်စီးကုန်သဖြင့် ဝင်ငွေရရှိရန်နှင့် ဟင်းစားအတွက် ငါးရှာခြင်း၊ အမဲလိုက်ခြင်းဖြင့် မြို့ပေါ်သို့ တက်ရောင်းခြင်းတို့ကို လုပ်ဆောင်နေကြရသည်။

ကြွက်များသောင်းကျန်းခြင်းကိုခံရသော ရွာများသို့ တောင်ကုတ်မြို့ပေါ်ရှိ ခရစ်ယာန်နှင့် ဗုဒ္ဒဘာသာ ဘာသာရေးအသင်း အဖွဲ့များက ဆန်အပါအဝင် အခြား အစားအသောက်အချို့ကို သွားရောက် ကူညီပေးလျက် ရှိကြောင်းလည်း သိရသည်။

ချင်းပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ကြွက်များသောင်းကျန်းသဖြင့် လူပေါင်း သိန်းနှင့်ချီ၍ အစား အစာ ပြတ်လပ်မှု ကြုံခဲ့ရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းဒေသ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင်းရှိ ကျေးရွာ ၆၀ ကျော်တွင်လည်း တောင်ယာ စပါးခင်းများကို စပါးဖျက်ပိုးများနှင့် ကြွက်များက ဖျက်စီးနေ၍ အနည်းဆုံး လူ ၄ ထောင်စာ စားနပ်ရိက္ခာလိုအပ်မှု ဖြစ်ပေါ်နေသည်။



ရဲက ရိုက်နှက်လို့ သေသူ၏ အမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်
ဖနိဒါ
ကြာသပတေးနေ့၊ အောက်တိုဘာလ 15 ရက် 2009 ခုနှစ် 19 နာရီ 31 မိနစ်


မဇ္ဈိမ(ချင်းမိုင်) ။ ။ မြောက်ဥက္ကလာ ရဲက ရိုက်နှက်ရာမှ သေဆုံးသွားသည်ဆိုသော ဦးကျော့မောင်၏ အမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ ပြုနေပြီ ဖြစ်သည်။

မြို့နယ် ရဲစခန်းနှင့် ရန်ကုန် တိုင်းကျန်းမာရေးရုံးတို့တွင် မြောက်ဥက္ကလာ ရဲစခန်းမှူး၊ တိုင်းကျန်းမာရေး ရုံးအုပ်ကြီး၊ အမှတ် ၂ ရပ်ကွက် ရယက ဥက္ကဌတို့က ကွယ်လွန်သူ၏ ဇနီးအပါအဝင် သက်သေ ၉ ဦးကို စစ်ဆေးပြီး ဖြစ်သည်ဟု မိသားစုဝင် တဦးက ပြောသည်။

အသက် ၅၆ နှစ်ရှိ ဦးကျော့မောင်သည် သားဖြစ်သူ ရဲစခန်းတွင် အဖမ်းခံထားရသော မောင်သက်ဦးမောင်၏ သတင်းကို သွားရောက် စုံစမ်းစဉ် သုမာလာလမ်းဆုံတွင် ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့ နှစ်ဦး က သုမာလာလမ်းဆုံတွင် အောက်တိုဘာ ၈ ရက် နေ့က လက်ထိပ်ခတ်၍ ဝိုင်းရိုက်သဖြင့် ဦးခေါင်း၌ သွေးခဲ သေဆုံးခဲ့သည်ဆိုကာ မိသားစုဝင်များက လူသတ်မှု ၃၀၂ (က) ဖြင့် အမှုဖွင့် ထားသည်။

အမှုနှင့် ပတ်သက်၍ ရာအိမ်မှူးဟောင်းကို ဖမ်းဆီးထားသော်လည်း ရဲတပ်သားမှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။

ယနေ့တွင် သေသူ၏ ရက်လည်ဆွမ်းကျွေးမှုကို နေအိမ်၌ ပြု လုပ်ခဲ့ရာ မြို့နယ်ရဲများက ဓါတ်ပုံ ရိုက်ယူခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားခဲ့သူ ကွယ်လွန်သူ၏သား၊ မောင်သက်ဦးမောင်အား မြောက်ဥက္ကလာ ရဲစခန်းမှတဆင့် အင်းစိန်ထောင်တွင်း၌ ဖမ်းဆီးထားရာမှ ယနေ့ လွတ်ရက်စေ့သော်လည်း မလွတ်လာသေးကြောင်း မိသားစုဝင် တဦးက ပြောသည်။

ယခုလ ၇ ရက်နေ့က မြောက်ဥက္ကလာ အထက်တန်းကျောင်း တကျောင်းမှ ၉ တန်း ကျောင်းသားများ ရန်ဖြစ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ မောင်သက်ဦးမောင်အား ရဲက ဖမ်းဆီးခဲ့သည်။




တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ကျင်းပမည်
မျိုးကြီး
ကြာသပတေးနေ့၊ အောက်တိုဘာလ 15 ရက် 2009 ခုနှစ် 18 နာရီ 54 မိနစ်


ရွှေလီ (မဇ္ဈိမ) ။ ။ ၉ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းရှိ ကျယ်ဂေါင်မြို့၌ လာမည့် ဒီဇင်ဘာလဆန်းတွင် ၅ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

ဒီဇင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကျယ်ဂေါင်မြို့ရှိ နိုင်ငံတကာ အခမ်းအနားနှင့် ပြပွဲများ ကျင်းပရာ ICEC အဆောက်အဦးတွင် ကျင်းပ မည် ဖြစ်ရာ၊ ပြပွဲ ကျင်းပနေစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်စီးပွားဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဟု တေဟုန်ပြည်နယ်ခွဲ အစိုးရဝဘ်ဆိုဒ်၌ ဖော်ပြထားသည်။

တရုတ်နှင့် မြန်မာ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ စီမံကိန်းများ တိုးမြှင့်ဆောင် ရွက်ရေး လက်မှတ်ရေးထိုးခြင်း၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအဖွဲ့ ဆွေးနွေးပွဲများအပြင် တောင်အာရှနှင့် အရှေ့တောင်အာရှ သွင်းကုန်ထုတ်ကုန်ပြပွဲ ဆက်သွယ် ဆောင်ရွက်မှုများ ပြုလုပ်သွားကြမည် ဖြစ်သည်။

ကျယ်ဂေါင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် နယ်စပ်ချင်းကပ်လျက် တည်ရှိသည်။ ထို့အပြင် ယူနန်ပြည်နယ်ရှိ ရှမ်းနှင့် ကချင် လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တေဟုန်ပြည်နယ်ခွဲ အတွင်းရှိ ရွှေလီမြို့ ပရ၀ုဏ်အတွင်း ပါဝင်သော နယ်စပ်မြို့လေး ဖြစ်သည်။

ယူနန် ကုန်သွယ်ရေးဌာနနှင့် တေဟုန်ပြည်နယ်ခွဲ အစိုးရက ကုန်စည်ပြပွဲကို ဦးဆောင်ကျင်းပမည် ဖြစ်ရာ၊ မြန်မာဘက်မှ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းအဖွဲ့လည်း ပါဝင်လုပ်ကိုင် သွားမည်။

တေဟုန်ပြည်နယ်ခွဲ၌ မြန်မာနိုင်ငံဆိုင်ရာ သွင်းကုန်ထုတ်ကုန် တန်ဖိုးသည် ၂၀၀၈ ခုနှစ်အတွင်း ယွမ်ငွေ သန်းပေါင်း ၇၆၀ ရှိခဲ့ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းပင် ရှိနေကြောင်း တရုတ်နိုင်ငံ CRI သတင်းဌာနက မကြာသေးခင်က ထုတ်ဖော် ပြောဆိုသည်။

၂၀၀၁ ခုနှစ်မှစတင်၍ ကုန်စည်ပြပွဲကို နှစ်နိုင်ငံနယ်စပ်မြို့များ ဖြစ်သော မူဆယ်နှင့် ကျယ်ဂေါင်တွင် တလှည့်စီ နှစ်စဉ် ကျင်းပလာခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ဖွင့်လှစ်ပြီး နောက်ပိုင်း အဆိုပါ ကုန်သွယ်ရေးဇုန်တွင် ပြောင်းလဲ ကျင်းပခဲ့သည်။

ပြီးခဲ့သည့်နှစ်က (၁၀၅) မိုင်တွင် အလှည့်ကျ ကျင်းပခဲ့ရာ သစ်အချောထည်ပစ္စည်းများ၊ ရေထွက်နှင့် သစ်တောထွက်များ၊ လယ်ယာထွက်ကုန် များ၊ ကျောက်မျက်ရတနာများ၊ တိုင်းရင်းဆေးဝါးများ၊ လက်မှု အနုပညာပစ္စည်းများ ခင်းကျင်း ပြသခဲ့သည်။



ဆန်ကြမ်း၊ ဆန်လတ် ဈေးနှုန်းများ မြင့်တက်
မျိုးသိဏ်း
ကြာသပတေးနေ့၊ အောက်တိုဘာလ 15 ရက် 2009 ခုနှစ် 10 နာရီ 46 မိနစ်


ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ပတင်ပို့သော ကုမ္ပဏီများမှ ဝယ်ယူအား များပြားနေမှုကြောင့် ဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်လတ် ဈေးနှုန်းများ မြင့်တက်နေကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း ပေါက်ဈေးအရ ဇူလိုင်လအထိ စိန်၊ ပေါ်ကျွဲစသော ဇီယာအုပ်စုဝင် ဆန်ကြမ်းနှင့် ဆန်လတ် ဈေးနှုန်းများမှာ တတင်းခွဲဝင် ဆန်တအိတ် (၂၄ပြည်-၁၀၈ ပေါင်)လျှင် ကျပ် (၁၂၀၀၀) ဝန်းကျင်သာ ရှိခဲ့ရာမှ သြဂုတ်လဆန်းတွင် ကျပ် (၁၄၅၀၀) ဝန်းကျင် ရောက်ရှိခဲ့သည်။ နောက်ပိုင်းတွင် ဆက်တိုက် ဝယ်လိုအား များလာသဖြင့် ဈေးနှုန်း တအိအိမြင့်တက်ကာ ယနေ့အချိန်တွင် ကျပ်(၁၇၅၀၀-၁၈၀၀၀) ဝန်းကျင်ခန့်အထိ ရောက်ရှိလာသည်။

`အိတ်စပို့က တောက်လျှောက် ဆွဲနေတယ်။ ဆန်ကြမ်းဈေးတက်တော့ ပေါ်ကျွဲလို ဆန်လတ်ဈေးကလည်း လိုက်လာတယ်။ ဒီနှစ် မိုးတောက် လျှောက် ဖျက်နေလို့ ဆန်သစ်ပေါ်တာလည်း နည်းနည်း နောက်ကျသွားတယ်။ `ဟု ဆန်စပါး ကုန်စည်ဒိုင်မှ မြောင်းမြ ဆန်ကုန်သည် တဦးက ပြောသည်။

`ပေါ်ဆန်းမွှေးလို ဆန်ကောင်းတွေက ပုံမှန်စပါးပေါ်ချိန်၊ ဆန်ဈေးတက်ချိန် အတိုင်းပဲ အတက်အကျ ရှိပါတယ်။ ဆန်ကြမ်းဈေးက အိတ်စပို့ ဝယ်အားအပေါ် အဓိက မူတည်ပါတယ်။ လောလောဆယ် ဆန်ကြမ်းဈေးတက်တော့။ ဆန်ကွဲဈေးတွေပါ လိုက်တက်လာတယ်” ဟု ပြောသည်။

ပုံမှန်အားဖြင့် ဆန်ဈေးမှာ- ဘုရင့်နောင် ကုန်စည်ဒိုင်တွင် တအိတ် ကျပ်တထောင့်ငါးရာခန့် ဈေးပိုသွားပြီး ပြင်ပလက်လီ ဈေးကွက်သို့ ရောက်ရှိ ချိန်တွင် တိုး၍မြင့်မားသွားသည်။

`အရင်က အနိမ့်ဆုံး ဆန်ကြမ်းက တပြည် (၅၅၀-၆၀၀) ကနေ (၇၀၀) လောက်နဲ့ ရောင်းပါတယ်။ ပုံမှန်က ဆန်ကြမ်းဈေးက အမြင့်ဆုံး (၁၃၀၀၀-၁၄၀၀၀)လောက်ပဲ အရောက်ပို့ဈေးနဲ့ ဝယ်ရတာကိုး။ ပုံမှန်တော့ (၁၀၀၀၀) ကနေ (၁၂၀၀၀) ကြားပဲလေ။ ဒီနေ့ ကျနော်ဝယ်တာ (၁၇၅၀၀) အရောက်ပို့။ အနည်းဆုံး တပြည် (၉၀၀)နဲ့ (၁၀၀၀) ကြားမှာ ပြန်ရောင်းမှ ကိုက်တော့မယ်။`ဟု ကမာရွတ် ဘူတာရုံလမ်းမှ ဆန်လက်လီဆိုင်တခု က ပြောသည်။

တတင်းခွဲဝင် ဆန်တအိတ်၏ ဈေးနှုန်းသည် ဆန်ကုန်စည်ဒိုင်မှ လက်လီ ဆန်ဆိုင်များသို့ ရောက်ရှိချိန်တွင် ကျပ်(၃၀၀၀)မှ ကျပ်(၅၀၀၀) အကြား ဈေးနှုန်း မြင့်တက်သွားကြောင်း တွေ့ရှိရသည်။

ဆန်ကြမ်း၊ ဆန်လတ်နှင့် ဆန်ကွဲများ ဈေးတက်နေသော်လည်း ပေါ်ဆန်းမွှေး ကဲ့သို့သော ဆန်ကောင်းများမှာ တအိတ် ၂၆၀၀၀ ကျပ် ပတ်ဝန်းကျင်ဖြင့် ဈေးနှုန်း တည်ငြိမ်လျှက်ရှိပြီး အရောင်းအဝယ် ခပ်အေးအေးပင် ရှိနေသည်ဟု ဆန်ကုန်စည်ဒိုင်မှ ကုန်သည်တဦးက ဆိုသည်။

`၀ယ်စားတဲ့ သူတွေဘက်က ကြည့်ရင်တော့ ဆန်ဈေးတက်တာ မကောင်းဘူးပေါ့ဗျာ။ အဓိကစားတဲ့ သူတွေက အခြေခံ လူတန်းစားတွေ များတာ ကိုး။ လူလတ်တန်းစားတွေလဲ စားကြပါတယ်။ ဒါပေမယ့် လယ်သမားတွေဘက်က ပြန်ကြည့်ရင်တော့ စပါးပေါ်ချိန်မှာ ဆန်ဈေးတက်တာ ကောင်း တာပေါ့ဗျာ။ ဧရာဝတီတိုင်းဘက်က လယ်သမားတွေက ပိုဆိုးတယ်။ နာဂစ် ပြီးကတည်းက ပြန်စိုက်တဲ့ လယ်တွေက မအောင်။ စပါးထွက်နည်း ရတဲ့အထဲ စပါးပေါ်ချိန်ကြတော့ စပါးဈေးကျပြီး အားလုံး အထိနာထားကြတာ။ ဒီတသီး နည်းနည်းဈေးရမှ သူတို့ အသက်ရှုချောင်မှာ။`ဟု ဒေးဒရဲမြို့မှ ဆန်လာရောက် ရောင်းချသူ ကုန်သည် တဦးက ဆိုသည်။



NLD ၏ နိုင်ငံရေးအမြင် EU ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမေးမြန်း
Thursday, 15 October 2009 17:45 အေးလဲ့
ဥရောပ သမဂ္ဂ (EU) နှင့် အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ အပါအဝင် ကိုယ်စားလှယ်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ယမန်နေ့က တွေ့ဆုံပြီး၂၀၁၀ ရွေးကောက်ပွဲ၊ စီးပွားရေး ပိတ် ဆို့မှုရုပ်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့် စသည့်အချက် ၃ ချက်နှင့် ပတ်သက်၍ သဘော ထားအမြင်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသော အနောက်တိုင်း သံတမန်များ (ဓာတ်ပုံ - ရိုက်တာ)
ယမန်နေ့က NLD ဗဟို အလုပ်အမှုဆောင်(CEC)မှ ဦးဝင်းတင် အပါအဝင် အဖွဲ့ဝင် ၆ ဦးနှင့် လက်ရှိ EU ဥက္ကဌ တာဝန်ယူထားသော ဆွီဒင် သံအမတ် ဦးဆောင်မှုဖြင့် ရန်ကုန်အခြေစိုက် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ သံတမန်များအပါအဝင် ကိုယ်စားလှယ် ၂၀ တို့သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ မွန်လွဲပိုင်း ၂ နာရီ ခွဲ မှ စတင်၍ အချိန် ၁ နာရီ ကျော်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၆ ဦး မှာ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေ နှင့် ဦးဝင်းတင်တို့ ဖြစ်ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD ၏ သဘောထား၊ ဒေါ်အောင်ဆန်း စုကြည်က စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် သည့်အပေါ် NLD ၏ သဘောထားနှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကို NLD က တောင်းဆိုခြင်းသည် အာဏာခွဲဝေရေး ရည်ရွယ်ချက်(သို့မဟုတ်) မည်သည့် ရည်ရွယ်ဖြစ်ကြောင်း အချက် ၃ ချက်ကို မေးမြန်းခဲ့သည်ဟု ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ NLD ဗဟို အလုပ်အမှုဆောင်(CEC)အဖွဲ့ဝင် ဦးခင်မောင်ဆွေ ကပြောပြသည်။

ဦးခင်မောင်ဆွေ က“နံပါတ် (၁) မေးခွန်းကိုတော့ တရားဝင်ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အတိုင်း အခုအချိန်အထိ ရပ်တည်ထားပါတယ်၊ တကယ်လို့ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီ ဥပဒေ ထွက်လာလို့ စဉ်းစားကြရမယ်ဆိုရင် အဆင့်ဆင့်သော ခေါင်းဆောင်တွေနဲ့ ညီလာခံခေါ်ယူပြီးတော့ ဆုံး ဖြတ်မယ်ဆိုတာကို ရှင်းပြတယ်၊ ဒါကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ တွေ့ခွင့်ရှိမှ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်”ဟု ပြန်လည်ဖြေဆိုခဲ့ကြောင်း ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်သော NLD ရွှေဂုံတိုင်ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သုံးသပ်ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး အလွှာ အသီးသီး ပါဝင်နိုင်ရေးနှင့် နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရ က လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း သဘောထား ဖော်ပြခဲ့သည်။

စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စအပေါ် NLD ခေါင်းဆောင်များအားလုံးက သဘောတူညီကြောင်း ဖြေဆိုခဲ့သည်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့်တောင်းဆိုခြင်းမှာ နိုင်ငံရေးအာဏာရယူရန် မဟုတ်ကြောင်းနှင့် ပြည်သူများကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန် ဦးဆောင်ပေးရေးအတွက် ဖြစ်သည်ဟု ပြောကြားခဲ့ ကြောင်းလည်း ဦးမောင်ဆွေက ဆိုသည်။

စစ်အစိုးရက ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ၂၀၀၈ ခုနှစ် မေလတွင် လူထုဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုချက်အရ ထောက်ခံမဲ ၉၀ ရာနှုန်းကျော်ရရှိကြောင်း ကြေညာခဲ့သည်။

ယမန်နေ့က လာရောက်တွေ့ဆုံသော သတမန်များတွင် ရန်ကုန်အခြေစိုက် သံတမန်များအပြင် စပိန်၊ နယ်သာလန်၊ ပိုလန်၊ ဖင်လန် သံတမန်များ ပါဝင်ကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ကူညီနိုင်ရန် သဘောထားဖြင့် လာရောက်ခြင်းဖြစ်သည့်အတွက် အကျိုး တစုံတရာ ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

“အခုလို နိုင်ငံတကာကို ကျနော်တို့ ပါတီရဲ့ ရပ်တည်ချက်တွေကို ပြောခွင့်ရတဲ့အတွက် ကြိုဆိုရမှာဖြစ် ပါ တယ်၊ နိုင်ငံရေးပြဿနာတွေကော အခြေခံဥပဒေဆိုင်ရာ ပြဿနာတွေအားလုံးကို ရွှေဂုံတိုင်စာတမ်းပါ အတိုင်းပဲ တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ အားလုံးက အဖြေတွေ့နိုင်မယ်၊ အဲဒီအတွက် တွေ့ဆုံဆွေးနွေး ရေးကို အရောက်သွားဖို့လိုပါတယ်၊ ပြီးမှသာ ရွေးကောက်ပွဲဆိုတာ စဉ်းစားရမယ့်အနေအထားဖြစ်တယ်”ဟု ၎င်း က ဆိုသည်။

အလားတူ ပြီးခဲ့သည့်အပတ် သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၾသစေတ်းလ်၊ အမရိကန်နှင့် ဗြိတိန် သံအမတ် သုံးဦးတို့ သည်လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ကြသည်။



မြန်မာ အလုပ်သမားများထံမှ ထိုင်းရဲက ငွေညှစ်
Thursday, 15 October 2009 19:03 ဘစောတင်
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့ အကန်ခ မြို့နယ်တွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၁၄ ဦးထံမှ ဒေသခံရဲများက အလုပ်နေရာ ပြောင်းလုပ်သည်ဟု အကြောင်းပြကာ ဘတ်ငွေ ၃၁၀၀၀ (ကျပ် ၁၀ သိန်းခန့်) ကို တောင်းယူ သွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းအလုပ်သမား လက်မှတ်ကိုင်ဆောင်ထားသူ မုံရွာမြို့သား ကိုမောင်ဇော် အပါအဝင် မြန်မာအလုပ်သမား ၁၄ ဦးသည် မူရင်းအလုပ်ရှင်ထံတွင် အလုပ်ပါးနေသောကြောင့် တခြားသော လုပ်ငန်းခွင်တွင် ၎င်းတို့ သူဌေး ၏ ခွင့်ပြုချက်ဖြင့် သွားရောက်အလုပ်လုပ်စဉ် ယမန်နေ့ နေ့လယ်က ငွေတောင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့တွေက ကိုယ့်သူဌေးဆီမှာ အလုပ်မရှိလို့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ သွားလုပ်တာကို ရဲက နေရာ ပြောင်းလုပ်တယ် ဆိုပြီး လာဖမ်းတာပါ” ဟု ကိုမောင်ဇော်က ပြောသည်။

ကိုမောင်ဇော်၊ ဦးမြင့်သိန်း၊ ကိုနိုင်၊ ကိုအောင်ဝင်း၊ မချို နှင့် ကိုဇေယျာတို့မှာ ထိုင်းသူဌေး ဖိစုံမတ်၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့ကြပြီး ၎င်းတို့၏ လက်မှတ်များကိုလည်း ထိုသူဌေးထံတွင် အပ်နှံထားသည်ဟု ဆိုသည်။ ၎င်းတို့သူဌေး အလုပ်မကောင်းသောကြောင့် အလုပ်ခွင် ပြောင်းလုပ်စဉ် ထိုင်းရဲက ငွေတောင်းသဖြင့် သူဌေးထံမှ ဘတ် ၁၅၀၀၀ ကို ချေးထားရကြောင်း ကိုမောင်ဇော်က ရှင်းပြသည်။

ကိုမောင်ဇော်တို့နှင့်အတူ လာအလုပ်လုပ်ကြသော တခြားသူဌေးထံမှ မြန်မာအလုပ်သမား ၇ ဦးတို့မှာလည်း ဖူးကက်ရဲကို ဘတ် ၁၆၀၀၀ ပေးခဲ့ရကြောင်း သိရသည်။

ရဲများက ၎င်းတို့ ၁၄ ဦးကိုဖမ်းသွားပြီး ရဲစခန်းရှိ ရုံးအတွင်းသို့ ခေါ်မသွားဘဲ ရုံးနောက်ဘက်မှ အဆောက်အဦ တခုတွင် ထားကာ အလုပ်ရှင်ထံသို့ ငွေပေးရန်ညှိနှိုင်းခဲ့သည်။ အလုပ်ရှင် သူဌေး၏ စာရေးမက ငွေလာပေး သောအခါမှ သူတို့ကို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမားများ အလုပ်လုပ်ကိုင်ရာ အကန်ခမြို့နယ်နှင့် အနီးဆုံးဖြစ်သော ၀ါချလောင် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ စခန်းမှူးက “ကျနော်တို့ စခန်းမှာ မြန်မာ ၁၄ ဦးကို ဖမ်းပြီး ငွေဒဏ်ရိုက်တဲ့ အမှု မရှိပါဘူး၊ ဒီလိုပဲ ရဲတွေအနေနဲ့လည်း အလုပ်သမားတွေဆီက ငွေညှစ်တာမျိုး လုပ်ခွင့် မရှိပါဘူး၊ မကျေနပ်ရင် လာတိုင်လို့ ရပါတယ်” ဟု ပြောဆိုခဲ့သည်။

“အလုပ်သမားတွေ ခရိုင်တခုတည်းမှာ အလုပ်ရှင်သဌေးနဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းတွေကို နေရာပြောင်းလဲ လုပ်နိုင်တယ်၊ တကယ်လို့ ရဲက ဥပဒေအရ ၀င်ဖမ်းရင်လည်း တရားရုံးမှာ ဒဏ်ငွေရိုက်ရမှာက အလုပ်ရှင် ကိုပဲ၊ အလုပ်သမားတွေဆီက အခုလို ရဲက ယူတယ်ဆိုရင်တော့ ဥပဒေရဲ့ပြင်ပကိုရောက်သွားပြီ” ဟု ဖူးကက်ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှ ဥပဒေအရာရှိ အမျိုးသမီးတဦးက ပြောသည်။

ယခုတလော ဖူးကက်မြို့နှင့် အနီးတဝိုက်ရှိ ဆောက်လုပ်ရေးဆိုဒ်များကို ရဲများက ၀င်ရောက်ကာ ငွေ တောင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် အလုပ်မဆင်းရဲဘဲ ရှောင်ပုန်းနေရကြောင်း မြန်မာ ဆောက်လုပ်ရေးလုပ်သား ကိုဇော်မိုးက ပြောသည်။

“အလုပ်သမား လက်မှတ်ရှိရဲ့သားနဲ့ အခုလို အဖမ်းခံရ၊ ဒဏ်ရိုက်ခံရတယ်ဆိုတော့ ဒီလက်မှတ်က ကျနော်တို့ကို ဘယ်လိုများ အကာအကွယ်ပေးသလဲဆိုတာကို နားမလည်တော့ဘူး” ဟု ကိုမောင်ဇော်က ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၂ သန်းမှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမားရေးရာ ဆောင်ရွက်သူများ ထံမှ သိရသည်။



စစ်အစိုးရအား ပိုမိုဖိအားပေးရန် ဂျပန်အစိုးရသစ်ကို တောင်းဆို
Thursday, 15 October 2009 18:34 ရန်ပိုင်
မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနမှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Tesuro Fukuyama တို့ ယမန်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့သည် ဟုသိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ( NCUB ) မှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုတွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို ယခုထက် ပိုမို တိုး မြှင့် ရန်အတွက် တိုက်တွန်းပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဧရာဝတီသို့ပြောသည်။

“ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားသည့် နိုင်ငံခြားရေးပေါ်လစီကတော့ ဒီမိုကရေစီကို အားပေးတဲ့ မူပေါ် မှာပဲ ရပ်တည်နေပါတယ်၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ အမြင်ကိုလည်း ဂရုတစိုက် လေ့လာနေပါ တယ်”ဟု အဆိုပါဌာနမှ ပြောသည်။

ထိုသို့တွေ့ဆုံမှုတွင် မြန်မာစစ်အစိုးရအပေါ်ဂျပန်နိုင်ငံအနေဖြင့်ယခုထက်ပိုပြီး ဖိအားပေးရန်၊ အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေးကို ဆွေးနွေးရန် ဦးမောင်မောင်က အကြံပေးကြောင်း အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ဂျပန်အလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ်၏ နိုင်ငံတကာရေးရာဋ္ဌာန ညွန်ကြားရေးမှုးချုပ် Chihiro Ikusawaက ဆိုသည်။

လာမည့် ၂၀၁၀ရွေးကောက်ပွဲကိုလည်း သန့်ရှင်းပြီး မျှတသည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် ဂျပန်နိုင်ငံမှ အမြဲ တမ်းကိုယ်စားလှယ်ထားရှိရန်လည်း တင်ပြသွားကြောင်းသိရသည်။

ယင်းသို့ မြန်မာ့အတိုက်အခံများ နှင့် ဂျပန်နိုင်ငံခြားရေးဋ္ဌာနတို့တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိ သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ် သော ဦးဝင်းတင်အား မြန်မာနိုင်ငံရှိ ဂျပန်သံရုံး ကောင်စစ်ဝန်က ခေါ်ယူတွေ့ဆုံခဲ့သေးသည်။

လက်ရှိ ဂျပန်အစိုးရသစ်က ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို လက်ရှိအနေအထားထက် ပိုမိုမြှင့်တင်သွားမည်ဟုကြွေးကြော်ခဲ့ပြီး ယခင်အစိုးရ၏ မြန်မာစစ်အစိုးရအပေါ်ထားရှိသည့် မူဝါဒကိုလည်း ဝေဖန်ပြောကြားခဲ့သည်။

မကြာသေးခင်ကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်စုရာ အိုကာဒါ က မြန်မာအစိုးရ အနေနှင့် ၎င်းတို့ ဖော်ဆောင်နေသည့် ဒီမိုကရေစီလုပ်ငန်းစဉ်အရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ကြီးမား သော အခွင့်အရေးတရပ်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြသရန်နှင့် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ကမ္ဘောဒီးယား နိုင်ငံ စီယံ ရိ(ပ်) တွင် ကျင်းပသော မဲခေါင်-ဂျပန် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအားပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား အဓိကအကူအညီပေးနေသော နိုင်ငံတခုဖြစ်ပြီး ၁၉၉၉ခုနှစ်မှ ၂၀၀၆ခုနှစ် အတွင်း ဖွံဖြိုးတိုးတက်ရေးအကူအညီ (ODA ) အမေရိကန်ဒေါ်လာ ဘီလျံ ၂.၉၆သန်း ထောက်ပံ့ခဲ့သည်ဟု သိရ သည်။

သို့သော် ၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာလှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ အသတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ထိုအကူအညီကို ခေတ္တ ရပ်ဆိုင်းခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချခဲ့ သည့်အပေါ်တွင် ဂျပန်အစိုးရက စိတ်ပျက်မိကြောင်း ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုက စစ်အစိုးရအပေါ်တွင်ထားရှိသည့် စီးပွားရေးပိတ်ဆိုမှု ကိုမရုပ်သိမ်းဘဲတွေ့ဆုံ ဆွေး နွေးသည့် မူဝါဒကို ဂျပန်အစိုးရ အနေဖြင့် ထောက်ခံကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောသည်။



သံဃာ ၃၀ ခန့် ဖမ်းဆီးခံရ
Thursday, 15 October 2009 18:50 ဧရာဝတီ
ရွှေဝါရောင် တော်လှန်ရေး ၂ နှစ် ပြည့်မြောက်သည့် စက်တင်ဘာမှ စတင်၍ အာဏာပိုင်များက သံဃာ အပါး ၃၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့မှ သံဃာ ၁၃ပါး၊ ကျောက်ပန်းတောင်းမြို့မှ သံဃာ ၁၀ ပါးတို့ကို စက်တင်ဘာလ နှောင်းပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သံဃာများနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။ စစ်အစိုးရကို ဆန္ဒပြရန် လှုံ့ဆော်ခဲ့သည့် အတွက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ၎င်းတို့က ယူဆနေကြသည်။

ဖမ်းဆီးခံရသူများထဲတွင် မိတ္ထီလာမြို့ နဂါးရုံကျောင်းမှ သံဃာများလည်း ပါဝင်ကြောင်း မိတ္ထီလာမြို့ရှိ အမည် မဖော်လိုသော အစိုးရ အရာရှိတဦးက ပြောသည်။

စက်တင်ဘာလတွင် အနည်းဆုံး သံဃာ ၁၂ပါး ထိန်းသိမ်းခံရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)က အတည်ပြု ပြောဆိုသည်။

AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “စက်တင်ဘာလအတွင်းမှာ သံဃာတော် အပါး ၂၀ လောက် အဖမ်းခံရတယ်၊ မကြာခင်ကပဲ သံဃာတော် ၇ ပါး အဖမ်းခံရတယ်လို့ သတင်းရတယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ဖမ်းဆီးမှုများသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် AAPP အဖွဲ့၏ စာရင်းပြုစုချက်အရ မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၁၁၉ ဦးရှိရာ သံဃာတော် ၂၂၄ ပါး ပါဝင်ကြောင်း သိရသည်။

မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၇၁၁၄ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၁၂၇ ဦး ပါဝင်သည်။ ထိုအထဲတွင် သံဃာ ၄ ပါး ပါဝင်သည်။

မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်ချိန်တွင် စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် ပြည်တွင်းပြည်ပရှိ သံဃာများကို နှိုးဆော်ခဲ့သည်။

ထို့ကြောင့် သြဂုတ်လမှ စတင်၍ အာဏာပိုင်တို့က ဘုန်းကြီးကျောင်းများတွင် လုံခြုံရေးများ ချထားခြင်း၊ သံဃာများအား စောင့်ကြည့်ခြင်းတို့ကို ပိုမို ပြုလုပ်ခဲ့သည်။ ထို့အပြင် အနယ်နယ် အရပ်ရပ်ရှိ သံဃာများ၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သည့် လူငယ်များကို ထိန်းသိမ်းခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် သံဃာ့လှုပ်ရှားမှု ဖြစ်သည်။ ထိုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။





အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် ဥရောပသံတမန်အဖွဲ့တွေ့ဆုံ
NEJ / ၁၅ အောက်တိုဘာ ၂၀၀၉
line


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့်ပါဝင်သည့် ဥရောပသံတမန်အဖွဲ့တို့ ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်၌ တွေ့ဆုံခဲ့ကြသည်။

အီးယူကိုယ်စားပြု ဥရောပသံတမန်အဖွဲ့တွင် ထိုင်းနိုင်ငံအခြေစိုက် ဆွီဒင်၊ နော်ဝေး၊ စပိန် စသည့်သံရုံးများနှင့် ပြည်တွင်းအခြေစိုက် ဂျာမဏီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ စသည့်သံရုံးများမှ သံအမတ်များနှင့် သံအရာရှိတို့ပါဝင်ပြီး အန်အယ်လ်ဒီမှ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေနှင့် ဦးဝင်းတင်တို့ပါဝင်ကာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသန်းထွန်းက “အဓိကကတော့ လက်ရှိဗမာပြည် အခြေအနေရော၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဆန်ရှင်နဲ့ပတ်သက်ပြီး သူလေ့လာနေတာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလျှော့နိုင်မလဲ၊ ဘာလဲဆိုတာကို အန်ကယ်တို့ ဘယ်လိုသိသလဲလို့ မေးတာပါ” ဟု ပြောသည်။

ဥရောပ သံတမန်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် အန်အယ်လ်ဒီနှင့် နအဖစစ်အစိုးရ အဆင်ပြေစေရန် လိုလားသည့်အကြောင်း ပြောကြားခဲ့ပြီး အန်အယ်လ်ဒီဘက်မှ ဆန်ရှင်ကိစ္စ တွေ့ဆုံဆွေးနွေးမှုမှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်သွားစေရန် လိုလားကြောင်း တင်ပြခဲ့သည်ဟု ဦးသန်းထွန်းက ပြောသည်။

၎င်းက “ဆန်ရှင်နဲ့ပတ်သက်လို့ကတော့ အန်အယ်လ်ဒီက လုပ်ထားတဲ့ ဆန်ရှင်မဟုတ်ဘူးလေ။ အခု အမေရိကန် ပေါ်လစီ ပြောင်းတာနဲ့ပတ်သက်လို့ အမေရိကန်ကလည်း ဆန်ရှင်က ဒီတိုင်းထားမယ်၊ ဆက်ဆံရေးကို ပိုမိုတိုးချဲ့ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ အတိုင်းပေါ့လေ။ သူတို့ဆက်ဆံရေးကောင်းလို့ တိုးတက်လာတာနဲ့အမျှ ဆန်ရှင်ကလည်း သူ့ဖာသာလျှော့သွားမယ်လို့ အန်ကယ်တို့ အဲလိုယူဆတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍မူ အန်အယ်လ်ဒီအနေဖြင့် ရွှေဂုံတိုင်ကြေညာချက်တွင် တောင်းဆိုထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဦးသန်းထွန်းက ပြောသည်။

ရွှေဂုံတိုင်ကြေညာစာတန်းတွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးနှင့် နိုင်ငံတကာကွပ်ကဲမှုရှိသည့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးရေးတို့ကို တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု တင်ပြထားသည်။

ယခုကဲ့သို့ အီးယူသံတမန်များက တွေ့ဆုံမေးမြန်းလာမှုနှင့်ပတ်သက်၍ ဦးသန်းထွန်းက “အီးယူအနေနဲ့ကတော့ အစိုးရကရော၊ အန်အယ်လ်ဒီဘက်ကရော လျှော့စေချင်တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ နှစ်ဖက်ကြေလည်အောင် ဖြစ်စေချင်တယ်ဆိုတဲ့ သဘောမျိုးရှိပုံရတယ်” ဟု ပြောသည်။

အီးယူသံတမန်များနှင့် တွေ့ဆုံရာတွင်ပါဝင်သူ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ရွှေဂုံတိုင်ကြေညာချက်ပါ အချက် (၃) ချက်နှင့်ပတ်သက်၍ “ကျနော်သုံးတဲ့စကားကတော့ ဒီ (၃) ချက် မရရင် ကျနော်တို့က ရွေးကောက်ပွဲ မ၀င်ဘူးလို့ပြောတယ်ပေါ့ဗျာ။ ကျနော့်အပြောပေါ့” ဟု ပြန်လည်ရှင်းပြသည်။

၎င်းကဆက်လက်ပြီး “နောက်တခုက အခုလို တောင်းဆိုနေတဲ့ကိစ္စတွေပေါ့ဗျာ။ အခြေခံဥပဒေပြင်ဖို့တို့ ဆိုတာဟာ power sharing လုပ်ဖို့လားဆိုတာတွေ သူတို့က မေးတယ်။ ကျနော်တို့က ဘယ်လိုပြောသလဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ထောက်ထားသောအားဖြင့်ဆိုရင် power sharing ဆိုတာ လုံးဝမရှိဘူး။ ဒါ့အပြင် အခုတောင်းဆိုနေတဲ့ဟာက power sharing ကိစ္စမဟုတ်ဘူး။ ကျနော်တို့တောင်းဆိုနေတာ ဒီမိုကရေစီပြောင်းလဲရေးကိစ္စတွေကို အထောက်အကူဖြစ်စေမယ့် သို့မဟုတ်လည်း ဒီမိုကရေစီနဲ့ဆန့်ကျင်နေတဲ့ အခြေခံဥပဒေအထဲမှာ ပါဝင်တဲ့အချက်တွေကို ပြင်ဆင်ပြောင်းလဲဖို့ကိုသာ တောင်းဆိုနေတာလို့ ကျနော်တို့ဖြေတာပေါ့ဗျာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထို့အပြင် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ပေါ်လစီသစ်ပြောင်းလဲမှုတွင် sanction ချမှတ်မှုနှင့်အတူ တိုက်ရိုက်စကားပြောဆို ဆွေးနွေးမှုများ လုပ်သွားမည်ဆိုရာတွင် စစ်အစိုးရနှင့် ဆက်ဆံရေးလုပ်သကဲ့သို့ အတိုက်အခံ အင်အားစုများနှင့်လည်း ဆက်ဆံပြောဆိုမှုများလုပ်ရန် လိုအပ်သကဲ့သို့ စစ်အစိုးရနှင့် အတိုက်အခံအင်အားစုများကြား ဆက်ဆံမှုများ လုပ်နိုင်ရန်အတွက်လည်း ဥရောပသံတမန်များအနေဖြင့် ၀ိုင်းဝန်းတိုက်တွန်း ဖိအားပေးကြရန် ပြောကြားခဲ့သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။





အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို အမှုစွဲတင်
မင်းနိုင်သူ / ၁၅ အောက်တိုဘာ ၂၀၀၉
line


ဘန်ကောက်မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က အင်းစိန်ထောင်တရားရုံးတွင် အမှုစွဲတင်လိုက်ပြီဖြစ်သည်။

ကိုညီညီအောင်အတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးဉာဏ်ဝင်းက “ဒီနေ့ အမှုကို ရုံးတင်လိုက်ပါပြီ။ သူ့ကို စွဲဆိုထားတာက လိမ်လည်မှုပုဒ်မ (၄၂၀) နဲ့ စာရွက်စာတမ်းအတု အသုံးပြုမှု ပုဒ်မ (၄၆၈) တွေနဲ့ စွဲထားတာပါ။ သတင်းစာမှာ သူတို့ရေးထားတဲ့ဟာတွေနဲ့ အခုတင်တာနဲ့တော့ ဘာမှမဆိုင်ပါဘူး။ အခုတင်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့လည်း ကိုညီညီအောင်က ဒီစာရွက်စာတမ်းတွေကို သူမသိဘူးတဲ့။ တခါမှလည်း မသုံးဖူးဘူးတဲ့။ သူလည်းမလုပ်ဘူးတဲ့။ အဲလိုပြောပါတယ်” ဟု ပြောသည်။

အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီးခံခဲ့ရသည်။

မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ဆိုသည်ကို အတိအကျ ဖော်ပြခြင်းမရှိသော်လည်း ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဖောက်ခွဲဖျက်ဆီးရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း တာဝန်မကင်းဟု စက်တင်ဘာ (၂၄) ရက်ထုတ် စစ်အစိုးရသတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

ကိုညီညီအောင်အပေါ် စွဲဆိုထားသည့် စွဲချက်ကို မင်္ဂလာဒုံမြို့နယ်တရားရုံးက လက်ခံကြားနာခြင်း ဖြစ်သော်လည်း တရားခွင်ကိုမူ အင်းစိန်ထောင်အထူးတရားရုံးအတွင်းသာ ပြုလုပ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကိုညီညီအောင်၏ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

“ဒီနေ့ အမှုစွဲတင်တာပဲ ရှိပါသေးတယ်။ သက်သေတွေဘာတွေ စစ်တာမရှိသေးပါဘူး။ နောက်ရုံးချိန်းကို (၂၃) ရက်နေ့ ပေးလိုက်ပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ကိုညီညီအောင်သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရဖူးသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ကာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းတင်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့အရေး အခင်းအပြီးတွင် ထောင်ဒဏ် (၅) နှစ်ချမှတ်ခံထားရပြီး ၀မ်းကွဲညီမ မသက်သက်အောင်မှာ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ် ချခံထားရသည်။






ကေအိုင်အိုခေါင်းဆောင် မန္တလေးဆေးရုံတွင် ကုသမှုခံယူ
ခိုင်လင်း / ၁၅ အောက်တိုဘာ ၂၀၀၉
line


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ ဦးဇောင်းဟရားသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မန္တလေးမြို့သို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသည်။

အသက် (၇ဝ) ကျော်နေသည့် ဦးဇောင်းဟရားသည် အသည်းအားနည်းသည့်ရောဂါနှင့် အခြားလူကြီးရောဂါများ ဖြစ်ပွားလာ၍ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ ကေအိုင်အို စစ်ဆေးရုံတွင် တက်ရောက်ကုသနေရာမှ မန္တလေးသို့ ဆေးစစ်မှုခံယူရန် သွားရောက်ခြင်းဖြစ်သည်ဟု ကေအိုင်အို သတင်းရပ်ကွက်က အတည်ပြုပြောသည်။

ကေအိုင်အိုနှင့် နီးစပ်သူ လိုင်ဇာဒေသခံတဦးက “အသက်ကြီးလာတော့ ဆေးစစ်မှုခံယူတဲ့သဘောပါ။ ဆိုးဆိုးဝါးဝါးကြီး မဖြစ်ပါဘူး။ တရုတ်ပြည်ဘက်က ဆေးရုံတွေနဲ့ ဘာမှပြဿနာမရှိပါဘူး။ ကျနော်တို့ဆီက ခေါင်းဆောင်တွေလည်း အရင်က သွားပြီးကုသနေကြတာပဲ။ အခုလည်း တရုတ်ဆေးရုံကို သွားလို့ရတယ်လို့ ထင်ပါတယ်။ တရုတ်ဘက်က တားဆီးတာတွေ ဘာမှမရှိပါဘူး။ အရင်လိုပါပဲ” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်များသည် အပစ်ခတ်ရပ်စဲရေး ကာလတလျှောက်လုံး တရုတ်ပြည်အတွင်းရှိ ဆေးရုံများတွင်သာ တက်ရောက်ကုသမှုခံယူနေရာမှ ယခုကဲ့သို့ မန္တလေးမြို့တွင် မြန်မာသမားတော်များနှင့် ဆေးကုသမှု ခံယူလာခြင်းမှာ
ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ယခုအခါ မြစ်ကြီးနား၊ မိုးကောင်း စသည့် ကချင်ပြည်နယ်အတွင်းမှ ငွေကြေးတတ်နိုင်သူများသည် တရုတ်ပြည် ကူမင်းမြို့နှင့် မံရှီမြို့တို့တွင် လာရောက်ဆေးကုသမှုများ လုပ်နေချိန်တွင် ယခုကဲ့သို့ မြန်မာပြည်ဘက်ရှိ ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူခြင်းမှာ နှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အကဲခတ်တဦးက ပြောဆိုသည်။

၎င်းက “တော်လှန်ရေးတလျှောက်လုံး တရုတ်ပြည်ထဲက ဆေးရုံကိုပဲ အားကိုးလာနေရာက အခုလို မြန်မာပြည်ထဲကို သွားတယ်ဆိုတာက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ မြစ်ကြီးနားမှာ (၈) ကြိမ်လောက် ဆွေးနွေးနေခဲ့တာ အခုထိ အဖြေမရသေးဘူး။ ဆွေးနွေးစရာစကားလည်း ကုန်သလောက်ဖြစ်နေပြီ။ ညှိလို့မရတဲ့ အခြေအနေအောက်မှာ တဖက်နဲ့တဖက် ယုံကြည်မှုရလာအောင် ကေအိုင်အိုက ထပ်ကြိုးစားတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။





လူငယ်အကြိုက် နေ့ကလပ်များ ရန်ကုန်တွင် ပြန်ခေတ်စား
ဝီရ / ၁၅ အောက်တိုဘာ ၂၀၀၉
line


ရန်ကုန်မြို့ အပန်းဖြေဥယျာဉ်များတွင် လူငယ်များ အကြိုက်တွေ့စေသည့် နေ့ပိုင်းကလပ်များ ပြန်လည်ခေတ်စားလာပြီး ဝင်ရောက်ရန် အသက်ကန့်သတ်ထားချက်မရှိခြင်းကြောင့် အရွယ်မရောက်သေးသူ ကျောင်းသူကျောင်းသား လူငယ်အချို့ သွားရောက်ပျော်ပါးနေကြကြောင်း သိရသည်။

ဗဟန်းမြို့နယ် အလယ်တန်းကျောင်းဆရာတဦးက “အဲဒီကိုသွားနိုင်တဲ့ ကျောင်းနေအရွယ် ကလေးတွေက ရပ်ကွက်လူကြီးတို့၊ အထက်အာဏာပိုင်လူကြီးတို့ရဲ့ သားသမီးတွေ၊ တူ တူမတွေပဲ များတယ်။ သာမန်အရပ်သား သားသမီးတွေက သွားနိုင်မှာလဲ။
ကလေးတွေက သွားခွင့်ရရင်တော့ သွားနေမှာပဲ။ ဒီအသက်အရွယ်တွေ ဝင်ခွင့်မပေးဘူးဆိုရင် တင်းတင်းကျပ်ကျပ် တားမြစ်လိုက်ပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဥပဒေကြောင်းအရ အဆိုပါကလပ်များသို့ အသက် (၁၆) နှစ် မပြည့်သူများအား ဝင်ရောက်ခွင့်ပြုပါက နှစ်ဖက်စလုံးကို အရေးယူနိုင်သည်ဟုဆိုသော်လည်း ကလပ်သို့သွားရောက်သူ လူငယ်အများစုမှာ အာဏာပိုင်တို့နှင့် ဆက်စပ်နေသူများသာ ဖြစ်နေသည့်အတွက် ဥပဒေအရာမရောက်ကြောင်း အဆိုပါဆရာက ပြောသည်။

ရန်ကုန်မြို့တွင်း၌ နေ့ပိုင်းဖွင့်လှစ်ထားသည့် ကလပ်များမှာ ရွှေတိဂုံဘုရား အနောက်ဘက် ပြည်သူ့ရင်ပြင်ဥယျာဉ်၊ ကန်တော်ကြီးဥယျာဉ်၊ ရန်ကင်းစင်တာ အနီးတဝိုက်ရှိ ကလပ်များဖြစ်ပြီး နံနက် (၁၀-၁၁) နာရီမှ ညနေ (၅-၆) နာရီအထိ ဖွင့်လှစ်ကြကြောင်း စုံစမ်းသိရှိရသည်။

နေ့ပိုင်းကလပ်များထဲတွင် ဝင်ကြေးအဖြစ် ကျပ် (၂,၀၀၀) မှ (၃,၅၀၀) အထိ ကုန်ကျပြီး သစ်သီးမျိုးစုံကို ဂျင်အရက်နှင့် အခြားအရက်များဖြင့် ဖျော်စပ်ထားသည့် ဖျော်ရည်များနှင့် စားသောက်ဖွယ်ရာများကို လာရောက်သူလူငယ်တိုင်း လွတ်လပ်စွာ သုံးဆောင်နိုင်ပြီး အချို့ကလပ်များတွင် သီးသန့်နားနေခန်းများလည်း ပါရှိကြောင်း ယင်းကလပ်များသို့ တက်ဖူးသူ လူငယ်တဦးက ပြောသည်။

“မြောက်ဒဂုံက နေ့ပိုင်းကလပ်ကဆိုရင် စည်ပင်လူကြီးတယောက်က ဖွင့်ထားတာ။ အဲဒီမှာက တက္ကသိုလ်ကျောင်းနဲ့ နီးတယ်လေ။ ပြီးတော့ ရန်ကုန်မြို့တွင်းက ကျောင်းသူကျောင်းသားတွေလည်း ကားတွေနဲ့ အုပ်လိုက် ဝင်ထွက်နေတာ တွေ့တယ်” ဟု အဆိုပါလူငယ်က ပြောသည်။

မြန်မာနိုင်ငံပညာရေးစနစ်အရ သင်ကြားနေရသည့် ကျောင်းသူကျောင်းသားတို့သည် ခေတ်မမီသော ဖတ်စာ၊ ကျောင်းသင်ခန်းစာများကို ငြီးငွေ့ခြင်း၊ ကျောင်းတက်ရန် စိတ်ဝင်စားမှုမရှိဘဲ ကျုရှင် (သို့မဟုတ်) ပုဂ္ဂလိက စာဖတ်ဝိုင်းများ တက်ခြင်းဖြင့် စာမေးပွဲအတွက် လုံလောက်သည်ဆိုသည့် အယူအဆများကြောင့် ကျောင်းပြင်ပရှိ ဖြစ်ပေါ်ပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်းများတွင် ယင်းကဲ့သို့ အချိန်ကုန်နေကြခြင်းဖြစ်ကြောင်း တက္ကသိုလ် ကျောင်းဆရာဟောင်းတဦးက ပြောသည်။

၎င်းက “ကျောင်းထဲမှာ ကလေးတွေ စိတ်ဝင်စားလာအောင်က အစိုးရအနေနဲ့ ဒီထက် ပိုရင်းနှီးပေးပေါ့။ ဒါမှ ကလေးတွေ ဒီလို လမ်းမှားဘက်ကိုရောက်ဖို့ နည်းမှာပေါ့” ဟု ပြောသည်။

အဆိုပါ ကလပ်ဖွင့်ပိတ်ချိန်သည် ကျောင်းတက် ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေပြီး သွားရောက်သူ ကျောင်းသူကျောင်းသားများမှာ အုပ်ထိန်းသူများကို အကြောင်းအမျိုးမျိုးပြ သွားရောက်နေကြခြင်းဖြစ်ကြောင်း ယခုအပတ်ထုတ် ဝီးကလီးအဲလင်းဗင်း ဂျာနယ်တွင် ရေးသားထားသည်။

နေ့ပိုင်းကလပ်များသည် ၂၀၀၀ ပြည့်နှစ်ခန့်တွင် ရန်ကုန်မြို့၌ စတင်ပေါ်ပေါက်ခဲ့သော်လည်း ၂၀၀၄ ခုတွင် ပြန်လည် ပျောက်ကွယ်သွားရာမှ ၂၀၀၈ ခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ခေတ်စားလာကြောင်း ထိုဂျာနယ်တွင် ဖော်ပြထားသည်။





မြန်မာအဆိုတော်များ မဲဆောက်တွင် သီဆိုဖျော်ဖြေမည်
ရဲရင့် / ၁၅ အောက်တိုဘာ ၂၀၀၉
line


မဲဆောက်မြို့တွင် ပြုလုပ်မည့် ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်နှင့် လွိုင်ကထုံမီးမျှောပွဲတွင် မြန်မာနိုင်ငံမှ နာမည်ရ ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်များ လာရောက်သီဆို ဖျော်ဖြေမည်ဟု သိရသည်။

ပွဲစီစဉ်သူ ကိုထိုက်က “ဒီအဆိုတော်တွေဟာ ရန်ကုန်ကနေ တရားဝင် လာရောက်မှာဖြစ်တယ်။ ပွဲကျင်းပဖို့အတွက် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းထားပြီးဖြစ်တယ်” ဟု ပြောသည်။

လာရောက်သီဆိုဖျော်ဖြေမည့်သူများမှာ ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော်နောနော်နှင့် အယ်လ်ဆိုင်းဇီတို့ဖြစ်ပြီး နိုဝင်ဘာလ (၁) ရက် တန်ဆောင်မုန်းလပြည့်ညတွင် ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။

မယ်တော်ဆေးခန်းအနီးရှိ စင်မြင့်တွင် ည (၈) နာရီခွဲမှ (၁၁) နာရီခွဲအထိ သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ၀င်ကြေးမှာ လက်မှတ်တစောင်လျှင် ဘတ် (၆၀)၊ ဘတ် (၈၀) နှင့် အထူးတန်းမှာ ဘတ် (၂၀၀) သတ်မှတ်ထားသည်။

အဆိုပါဂီတ ဖျော်ဖြေပွဲအပြင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားထိပ် ထိုင်းဘက်ခြမ်းတွင် ထိုင်း-မြန်မာချစ်ကြည်ရေး မယ်ရွေးပွဲ၊ လက်ဝှေ့ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများလည်း ကျင်းပပြုလုပ်မည်ဟု သိရသည်။




ပါတီညီလာခံကိစ္စ NLD ခေါင်းဆောင်များ သဘောထားကွဲ

15 October 2009


မြန်မာပြည်တ၀န်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတရပ် ခေါ်ယူပေးဖို့ တောင်းဆိုထားကြပါတယ်။ ဒီအချိန်မှာ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတရပ်ကို ခေါ်ယူဖို့ ဘာကြောင့် လိုအပ်တာပါလဲ၊ အဖွဲ့ချုပ် ခေါင်းဆောင်တချို့ရဲ့ ဒီအပေါ်မှာ သဘောထား ဘယ်လိုရှိလဲဆိုတာ မအေးအေးမာက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတရပ် ခေါ်ယူပေးဖို့အတွက် တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့နယ်တွေရဲ့ တောင်းဆိုမှုတွေကို ဗဟို CEC က လက်ခံထားပေမဲ့ လက်ရှိအခြေအနေအရ မလိုအပ်သေးဘူးလို့ သုံးသပ်မှုတွေ ရှိသလို ဒါဟာ အမှန်တကယ် လိုအပ်ချက် ဖြစ်ကြောင်းကိုလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

CEC အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ လက်ရှိကာလမှာ အခုလို နိုင်ငံလုံးဆိုင်ရာ ညီလာခံတရပ် ခေါ်ဖို့ကိစ္စဟာ မလိုအပ်သေးဘူးလို့ ဆိုပါတယ်။

“သာမန်ကိစ္စတခုအပေါ်မှာ ကျနော်တို့ ခေါ်ပေးလို့ မရပါဘူး။ နိုင်ငံလုံးကျွတ် ညီလာခံကို သူတို့အနေနဲ့ ဘာကြောင့်ခေါ်ချင်တယ် ဆိုတာလည်း ရေးသားထားတာ မရှိပါဘူး။ ဘာအတွက်ကြောင့် နိုင်ငံလုံးကျွတ် ညီလာခံကြီး ခေါ်ချင်တာလဲ ဆိုတဲ့ အကြောင်းအရာ မပါပါဘူးခင်ဗျ။ ကျနော်တို့ နိုင်ငံရေးပါတီတွေ အနေနဲ့ နိုင်ငံရေး အလှည့်အပြောင်းကြီး တခုခု ဖြစ်တဲ့အခါမျိုးမှသာ နိုင်ငံလုံးကျွတ် ညီလာခံကြီး ခေါ်ရတာ ဖြစ်ပါတယ်။ ခေါ်ချင်တိုင်း ခေါ်လို့ရတဲ့ အနေအထားမျိုးလည်း မဟုတ်ပါဘူး။ ဘာအကြောင်းအရာကြောင့် ခေါ်စေချင်တယ်ဆိုတာ မပါပါဘူး။

“နံပါတ် ၂ လုပ်နည်းလုပ်ဟန် မှားနေပါတယ်။ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်စွာ ပို့လာတာ မဟုတ်ပါဘူး။ နံပါတ် ၃ နိုင်ငံရေးအရ အရေးတကြီး လိုအပ်နေတဲ့အချိန် မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဗဟိုက သူတို့ တင်ပြတာတွေကို ကြားနာမှတ်သားပြီး လက်ခံထားပါတယ်။ ပယ်ချတာ မဟုတ်ပါဘူး။”

CEC အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ ဒါဟာ အမှန်တကယ် လိုအပ်ချက်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီကိစ္စဟာ ဒီလိုအချိန်အခါမျိုး၊ ဒီလိုအနေအထားမျိုးနဲ့ အရေးကြီးတဲ့ စဉ်းစားချက်၊ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်တယ်ဆိုတာတော့ သတ်မှတ်ရမယ်လို့ ကျနော်က ယူဆတယ်။ ဘာဖြစ်လို့ ယူဆလဲဆိုတော့ ဒီနေ့ ဒီအချိန်ဟာ အလွန့်ကို အရေးကြီးနေတယ်။ NLD အနေနဲ့ကလည်း နှစ်ပေါင်းများစွာ ညီလာခံလိုဟာမျိုး မကျင်းပနိုင်ခဲ့တာ ကြာလှပြီ။

“၁၉၉၇ လောက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နောက်ပိုင်း၊ ၉၆-၉၇ မှာ တခါ ကျင်းပတယ်။ တွေ့ဆုံပြီး ညီလာခံ တခုအနေနဲ့ သဘောထားပြီး သတ်မှတ်တယ်ပေါ့ဗျာ။ ညီလာခံအစစ် ဟုတ်ချင်မှလည်း ဟုတ်မယ်။ သို့သော် မြို့နယ်ပေါင်းစုံက ခေါင်းဆောင်တွေ ပါဝင်ပြီးတော့ စည်းဝေးခြင်း တခါလုပ်နိုင်ခဲ့တယ်။ ၂၀၀၉ ခုနှစ် ဧပြီလလောက်မှာ ကျင်းပတဲ့ ရွှေဂုံတိုင် အစည်းအဝေးကြီး ဆိုတာလည်း သာမန်အားဖြင့် ညီလာခံလို့ ခေါ်နိုင်တဲ့ အနေအထား မရှိဘူး။”

အခုဆိုရင် တိုင်းနဲ့ပြည်နယ် အသီးသီးက နိုင်ငံလုံးဆိုင်ရာ ညီလာခံ ခေါ်ပေးဖို့ တောင်းဆိုမှုဟာ ဘာကြောင့်လိုအပ်သလဲ ဆိုတာကိုတော့ မိတ္ထီလာခရိုင် ၉ မြို့နယ်ကိုယ်စား ခရိုင်အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက အခုလိုပြောပါတယ်။

“အစည်းအဝေးကြီး ဘာလို့ ခေါ်ဖို့ လိုအပ်သလဲဆိုတော့ အောက်ခြေပါတီဝင်ထုဟာ ဗဟိုကို အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းရံကြဖို့ သိပ်ကို အရေးတကြီး လိုအပ်နေလို့။ မြို့နယ်တွေ ၀ိုင်းညှိပြီး ပါတီကို တည်ဆောက်ရမှာ ဖြစ်တယ်။ ပါတီက ပါတီနဲ့ တူလာမှ တိုက်ပွဲကို အောင်ပွဲရအောင် တိုက်နိုင်မှာ ဖြစ်တယ်၊ ခေါင်းဆောင်နိုင်မှာ ဖြစ်တယ်။ ဒီအချိန်မှာ တခြားဟာတွေထက်ကို အရေးတကြီး လိုအပ်နေတယ်လို့ ကျမတို့က ယူဆတယ်။”

ညီလာခံခေါ်ပေးဖို့ ပဲခူးတိုင်း ၈ မြို့နယ်နဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် ၉ မြို့နယ်တို့ကတော့ သူတို့ရဲ့ သဘောထားတွေကို တိုင်းကိုရော ဗဟိုကိုပါ ပို့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူပဲ မကွေးတိုင်းအတွင်းက မြို့နယ်တွေကလည်း ဗဟိုကို တင်ပြထားတယ်လို့လည်း ဆိုပါတယ်။ မြို့နယ်တွေရဲ့ သဘောထား ဆန္ဒတွေ များလာတယ်ဆိုရင်တော့ စဉ်းစားဖွယ်ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“မြို့နယ်ပေါင်း ၄၀၀ ဆိုပါစို့၊ ရှိတဲ့အထဲမှာ ၂၀၀ ကျော်က ဒီလိုခေါ်ချင်ပါတယ် ဆိုရင်တော့ ကျနော်တို့ စဉ်းစားပြီး ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။”

ညီလာခံခေါ်ပေးဖို့ တောင်းဆိုတဲ့ တိုင်းနဲ့ပြည်နယ် မြို့နယ်အသီးသီးရဲ့ သဘောထား ဆန္ဒတွေကို လေးစားရမှာဖြစ်ပြီး လက်ရှိအခြေအနေအရ အရေးကြီးတာကို တောင်းဆိုတယ်လို့ ယူဆကြောင်း ဦးဝင်းတင်ကတော့ ပြောဆိုသွားပါတယ်။

“ဒီအချိန်မှာ အောက်ခြေရဲဘော်တွေက နေပြီးတော့ ဒီလိုဟာမျိုး ပြောလာတဲ့ဟာက ဌာနချုပ် ခေါင်းဆောင်များ အနေနဲ့ ဘယ်လိုအဆုံးအဖြတ် ပေးနိုင်မလဲဆိုတာ ကျနော် မပြောနိုင်သေးပေမဲ့ ဘာပဲပြောပြော သူတို့ရဲ့ အရေးကြီးမှုကို သိမြင်ခြင်း၊ အရေးကြီးမှုကို သိမြင်စွာ တုံ့ပြန်ခြင်း၊ အရေးကြီးမှုကို သိမြင်စွာ တုံ့ပြန်ခြင်းနဲ့အတူ အကျိုးရလဒ်တခုကို ရှာဖွေခြင်းကိုတော့ လေးစားရပါမယ်။”

အခုအခါမှာ NLD အတွင်းမှာလည်း အောက်ခြေထု ဆန္ဒသဘောထားတွေကို နားလည်တဲ့ ခေါင်းဆောင်တွေ ရှိသလို အောက်ခြေထုနဲ့ ကင်းကွာနေတဲ့ ခေါင်းဆောင်တွေလည်း ရှိနေတယ်လို့ မြို့နယ် အဖွဲ့ချုပ်ဝင်တွေက ပြောဆိုနေကြသလို တိုင်းအတွင်းမှာလည်း မြို့နယ်တွေရဲ့ သဘောထားကို တင်ပြတဲ့အခါမှာ ဗဟိုအထိ မရောက်ဘဲ ပယ်ချမှုတွေကို ကြုံနေရတယ်လို့လည်း ပြောပြကြပါတယ်။

NLD အဖွဲ့ဝင်တွေကြားမှာလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားအမြင် အမျိုးမျိုးလည်း ရှိနေတာကြောင့် ဒီနှစ်အတွင်းမှာ ချမှတ်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာချက် သဘောထားတွေကို သွေဖည်သွားခြင်း မဖြစ်စေဖို့အတွက် အောက်ခြေထုက နိုင်ငံလုံးဆိုင်ရာ ညီလာခံ ခေါ်သင့်ကြောင်း တောင်းဆိုခဲ့တာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

NLD အနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်သွားဖို့ လိုအပ်တာကြောင့် မကွေးတိုင်းနဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း စတဲ့ နေရာအသီးသီးက မြို့နယ်ခေါင်းဆောင်တွေကတော့ ညီလာခံခေါ်ဖို့အတွက် သူတို့ရဲ့ သဘောထားတွေကို လက်မှတ်ရေးထိုးပြီး တင်ပြထားတယ်လို့လည်း ပြောပြပါတယ်။



ရုရှား လူ့အခွင့်အရေး ချိုးဖောက်မှု ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်

15 October 2009


ရုရှားနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေးရှုနေတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေပေမဲ့ သတင်းထောက်တွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေကို နှိပ်ကွပ် တိုက်ခိုက်နေတာတွေဟာ ဒီတိုးတက်မှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

ဝန်ကြီး ကလင်တန်က သူ့ရဲ့ ဥရောပခရီးစဉ် နောက်ဆုံးနေ့ မော်စကိုက တက္ကသိုလ် ကျောင်းသားတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားပြည်သူတွေ အနေနဲ့ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို လွတ်လွတ်လပ်လပ် စိန်ခေါ်ခွင့် ရှိသင့်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နဲ့ အင်္ဂါနေ့ တွေ့ဆုံခဲ့တုန်းက သတင်းထောက်တွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ မော်စကို ရေဒီယို သတင်းဌာန တွေ့ဆုံခန်းမှာ ပြောပါတယ်။

မနေ့က ၀ါရှင်တန်ကို မပြန်ခင် တာဂျစ်ကစ္စတန်နိုင်ငံမှာ ခရီးတထောက် နားခဲ့ပါတယ်။ ဒီနိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းကိုရော၊ မွတ်စလင် ဗလီဝတ်ကျောင်းကိုပါ သွားရောက် လေ့လာခဲ့ပါတယ်။ ဒီနိုင်ငံဟာ မတူကွဲပြားတဲ့ ဘာသာတွေအကြား အပြန်အလှန် နားလည် သည်းခံမှုရှိတဲ့ စံပြ နမူနာနိုင်ငံ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။




အကျဉ်းကျ ကဗျာဆရာ စောဝေ လူ့အခွင့်အရေး စောင့်ကြည့်ရေးဆု ချီးမြှင့်ခံရ

15 October 2009


မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာရူးဆိုပြီး ကဗျာထဲ သွယ်ဝိုက်ဖွဲ့ဆိုခဲ့လို့ မန္တလေးထောင်မှာ အကျဉ်းချခံထားရတဲ့ မြန်မာကဗျာဆရာ စောဝေကို နယူးယောက်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က Hellman/Mammett ဆုနဲ့ ချီးမြှင့်ဂုဏ်ပြုလိုက်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက သတ္တိရှိရှိနဲ့ သူတို့ရဲ့ အမြင်တွေကို ရဲဝံ့စွန့်စား ထုတ်ဖော်ရေးသားကြတဲ့ ကမ္ဘာတ၀န်းက စာရေးဆရာတွေကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နှစ်စဉ် ဂုဏ်ပြုဆု ချီးမြှင့်လေ့ရှိရာ ဒီနှစ် ဆုချီးမြှင့်ခြင်းခံရသူ ၃၇ ဦးထဲမှာ မြန်မာကဗျာဆရာတယောက် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

အခုလို Hellman/Hammett ဆု ချီးမြှင့်ခြင်း ခံလိုက်ရတဲ့ မြန်မာကဗျာဆရာ စောဝေဟာ ချစ်သူများနေ့ (Valentines Day) အထိမ်းအမှတ် အနေနဲ့ အချစ်ဂျာနယ်ထဲမှာ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ စာကြောင်း ၈ ကြောင်းပါ အချစ်ကဗျာလေး တပုဒ်ကို ရေးသားထုတ်ဝေခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးထောင်မှာ အကျဉ်းချ ခံနေရတာ ဖြစ်ပါတယ်။ သူ့ကဗျာထဲမှာ အာဏာရူးကြီး သန်းရွှေဆိုတဲ့ စကားစုကို သွယ်ဝိုက် ဖွဲ့ဆိုထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကဗျာဆရာ စောဝေဟာ သာမန် ကဗျာသမားသက်သက် မဟုတ်ဘူးဆိုပြီး ဂုဏ်ပြုချီးမွမ်းသူကတော့ သူ့ကို ရင်းရင်းနှီးနှီးသိကျွမ်းတဲ့ အမေရိကားရောက် ကဗျာဆရာ အောင်ဝေး ဖြစ်ပါတယ်။

“ကျနော်တို့ ကဗျာဆရာတယောက် အခုလိုမျိုး နိုင်ငံတကာက ပေးတဲ့ဆု ရတဲ့အတွက် ဂုဏ်ယူပါတယ်၊ ၀မ်းသာပါတယ်။ ကျနော်တို့ တိုင်းပြည်က ဒီမိုကရေစီတိုင်းပြည်မှ မဟုတ်ဘဲ။ စစ်အာဏာရှင်အောက်က ပြည်သူလူထု ပြားပြားမှောက် ဖိနှိပ် ချုပ်ချယ်ခံထားရတဲ့ တိုင်းပြည်မှာ ဒီဆုရတာက ဒါ့ထက်မက ထိုက်တန်တယ်လို့ ယူဆပါတယ်။ ကဗျာဆရာ စောဝေက ကျနော့် သူငယ်ချင်းလည်း သူငယ်ချင်း၊ ရဲဘော်လည်း ရဲဘော်၊ အခုလောလောဆယ် ထောင်ထဲရောက်နေတယ်။

“သူ့ရဲ့ လမ်းကြောင်းကို ပြန်ကြည့်ရင်လည်း သူဟာ သာမန် ကဗျာဆရာတယောက် မဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကစပြီး သူ ပါဝင်လှုပ်ရှားလာခဲ့တယ်။ သူတို့ ထူထောင်ခဲ့တဲ့ ဖြူးမိတ်ဆွေများ စာကြည့်အသင်း ဆိုတာမျိုးက မြန်မာစာပေ လောကအတွက် အများကြီး ကောင်းကျိုး ပေးနိုင်ခဲ့တယ်။ အဲဒီလို လူမှုရေး လုပ်ငန်းတွေ၊ စာပေနဲ့ အနုပညာလုပ်ငန်းတွေ အပြင် ကျနော်တို့တွေ အတူတွဲပြီးတော့၊ ကိုစောဝေတို့၊ ကျနော်တို့၊ ထောင်ထဲရောက်နေတဲ့ ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့ အဖြူရောင်သက်တံဆိုပြီး HIV ကူးစက်ခံ မိဘမဲ့ ကလေးငယ်များ ရန်ပုံငွေ ကဗျာရွတ်ဆိုပွဲတွေ အများကြီး လုပ်ခဲ့တယ်။

“အားလုံးက စစ်အာဏာရှင် စနစ်ရဲ့ အောက်မှာ နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး၊ ဒီမိုကရေစီ မရှိဘူး၊ လူ့အခွင့်အရေး မရှိဘူးဆိုတဲ့ အခြေအနေမှာ ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာနဲ့ ပြည်သူလူထုအတွက်၊ နိမ့်ပါးနေတဲ့ လူတွေအတွက် ကျနော်တို့ လုပ်ခဲ့တယ်။ အဲဒီထဲမှာ ကဗျာဆရာ စောဝေက ရွပ်ရွပ်ချွံချွံ ပါခဲ့တဲ့ သူတယောက်ပါပဲ။ အဲဒီလို လူတယောက်ကို အခုလို ဆုပေးတယ် ဆိုတာကတော့ ဒါ လူမှန် နေရာမှန်ပဲလို့ ကျနော်တော့ ယူဆပါတယ်။”

ဆရာစောဝေအပြင် တရုတ်၊ ဗီယက်နမ်၊ တိဘက်၊ ဂါနာ စတဲ့ တခြားနိုင်ငံပေါင်း ၁၂ နိုင်ငံက စာရေးဆရာ၊ ကဗျာဆရာ ၃၆ ဦးလည်း ပါဝင်တာပါ။ ဆုချီးမြှင့်ခြင်း ခံရသူတွေထဲက ၁၈ ဦးကတော့ သူတို့နဲ့ သူတို့ရဲ့ မိသားစုအပေါ် အန္တရာယ် ကျရောက်မှာကို စိုးရိမ်လို့ အမည်ဖော်ခွင့် မပြုထားပါဘူး။

ဒီဆုရဲ့ နောက်ခံသမိုင်းအကျဉ်းနဲ့ ဆုရရှိသူတွေကို ဘယ်လို ရွေးချယ်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှရေးရာ ဒု-ညွှန်ကြားရေးမှူး အီလိန်း ပီယာစန် (Elaine Pearson) က အခုလို ပြောပါတယ်။

“ဒီဆုကို ချီးမြှင့်လာခဲ့တာ နှစ် ၂၀ ရှိပါပြီ။ အမေရိကန် ပြဇာတ်ရေးဆရာမ လီလီယန် ဟဲလ်မန်း (Lillian Hellman) က အခက်အခဲ ဖိနှိပ်မှုတွေကြားက မိမိတို့ရဲ့ သဘောထားကို ရေးသားထုတ်ဖော်လို့ ငွေရေးကြေးရေး အခက်ကြုံနေတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို အကူအညီပေးဖို့ သူပိုင်တဲ့ ခြံမြေကို သူ့ရဲ့ သေတမ်းစာထဲမှာ ပေးလှူခဲ့ကတည်းက စတင်ခဲ့တာပါ။ သူ့ဘ၀မှာလည်း ယုံကြည်ချက်တွေကို ရေးသားခဲ့လို့ ဒုက္ခတွေ ကြုံခဲ့ရသူပါ။ ကျမတို့အနေနဲ့ ဘယ်သူ့ကို ဆုချီးမြှင့်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမည်စာရင်း တင်သွင်းဖို့ အများကို ဖိတ်ခေါ်ပါတယ်။ ကိုယ့်ကိုယ်ကိုတော့ စာရင်းသွင်းလို့ မရပါဘူး။ အဲဒီနောက် စာရေးဆရာတွေ၊ အယ်ဒီတာတွေ ပါဝင်တဲ့ ဆုရွေးချယ်ရေး ကော်မတီက ဘယ်သူ့ကို ဆုပေးမလဲဆိုတာ ရွေးချယ်တာပါ။”

ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ နိုင်ငံပေါင်း ၉၁ နိုင်ငံက စာရေးဆရာ၊ ဆရာမပေါင်း ၇၀၀ ကျော်ကို ဒီ Hellman/Hammett ဆု ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာမှာ လူသိရှင်ကြား အသိအမှတ်ပြု ဂုဏ်ပြုတဲ့အပြင် စာရေးဆရာ၊ ဆရာမတယောက်ဆီကို ဒေါ်လာ ၁,၀၀၀ ကနေ ၁၀,၀၀၀အထိ ချီးမြှင့်ဂုဏ်ပြုတာ ဖြစ်ပါတယ်။




ဆော်ဒီ ပရော့စီ နံပါတ် သုံးမရတော့ သဖြင့် ပြည်တွင်း အင်တာနက် သုံးသူများကျော်ရန်ခက်ခဲနေ

တင့်လွင်

အောက်တိုဘာ ၁၅၊ ၂၀၀၉

မြန်မာနိုင်ငံမှ အင်တာနက် သုံးစွဲသူ အများစု အနေဖြင့် တားမြစ်ထားသည့် ၀က်ဆိုက်များကို ကြည့်ရှုနိုင်ရန် သုံးစွဲလျက်ရှိသည့် ဆော်ဒီအာရေဗျ နိုင်ငံ ပရောက်စီနံပါတ်ကို မကြာမီ ရက်ပိုင်းအတွင်း စစ်အစိုးရ၏ ဆာဗာက ပိတ်ဆို့လိုက်သဖြင့် ပြည်တွင်း အင်တာနက် သုံးသူများ အခက်ကြုံနေရသည်ဟု သိရသည်။

IP address(အိုင်ပီ လိပ်စာ) 212.93.193.83 နှင့် port ပို့တ် 443 တို့ကို လွန်ခဲ့သည့် မေလကုန်မှ စတင်သုံးစွဲခဲ့ကြပြီး အင်တာနက် ဆိုင်များ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အချို့သော အစိုးရရုံးများမှာပင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြသည်။

ထိုပရောက်စီနံပါတ်ကို အင်တာနက် ကြည့်ရှုသည့် ဆော့ဖ်ဝဲ (ဘရောက်ဇာ) ၏ နက်ဝေါ့ခ် ဆက်တင်တွင် ရိုက်ထည့်ထားပြီးလျင် မြန်မာအင်တာနက် သုံးသူများ အနေဖြင့် ကြည့်ရှုလိုသော ပြည်ပ သတင်းဝက်ဆိုက်များနှင့် အဖွဲ့အစည်း ၀က်ဆိုက်များကို လွတ်လပ်စွာကြည့်ရှု နိုင်သဖြင့် ထိုနံပါတ် မှာ မြန်မာအင်တာနက် သုံးသူများ အကြား ရေပန်းစားခဲ့သည်။

ရန်ကုန်မြို့မှ အင်တာနက်သုံးစွဲသူ တဦးက“ဆော်ဒီ ပရောက်စီသုံးတော့ ဘရောက်ဇာ တခုလုံး ကျော်ပြီးသားဖြစ်သွားတယ်။ ကြိုက်တဲ့ တက် သို့မဟုတ် ၀င်းဒိုးမှာ ကိုယ်ကြည့်ချင်တဲ့ လိပ်စာကို ရိုက်ပြီး ကြည့်လို့ရခဲ့တယ်။ အခုအဲဒီလိပ်စာကိုပိတ်လိုက်တော့ နောက်အခြား တမျိုးရှာကြရဦးမှာပေါ့၊ မကြာခင်ထွက်ပေါ်လာမယ် လို့ထင်ပါတယ်။ အဲလို အသစ်မလာခင်တော့ Ultrasurf အာထရာဆာ့ဖ် လိုဆော့ဖ်ဝဲကို Internet Explorer နဲ့တွဲသုံးရမှာပေါ့၊ နို့မဟုတ်ရင် https://www.polysolve.com, https://www.vtunnel.com . တို့လို လိပ်စာတခုချင်းကို ကျော်တဲ့ဟာနဲ့ သုံးရမှာပေါ့" ဟုပြောသည်။

အင်တာနက် ဆိုင်များအနေဖြင့်လည်း မိမိဆိုင်သို့ ကြည့်ရှုသူများ လာရောက်ရန်အတွက် ပိတ်ဆို့သည်ကိုကျော်သည့် ဆော့ဖ်ဝဲများ၊ ပရောက်စီ လိပ်စာများကို ကူညီရှာဖွေပေးလေ့ရှိသည်။ မြန်မာနိုင်ငံတွင် လူသုံး အများဆုံး အီးမေးလ် ဖြစ်သည့် ဂူဂဲလ်မေးလ် Gmail လိပ်စာကိုမူ http တွင် s တလုံး ပေါင်းထည့်ကာ https ဖြင့်ယခုအချိန်ထိ သုံးစွဲနိုင်သည်ဟုလည်း သိရသည်။ နအဖ စစ်အစိုးရအနေဖြင့် လူသုံးအများဆုံး ဂျီမေးလ်အပါအ၀င် အခမဲ့ အီးမေးလ်များကို ပိတ်ဆို့လိုသော်လည်း နည်းပညာ အဆင့်နိမ့်ခြင်းနှင့် ငွေကြေးသုံးစွဲနိုင်မှု အားနည်းခြင်းတို့ကြောင့် ယခုအချိန်ထိ အခမဲ့အီးမေးလ်များကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ယခု နှစ်ပိုင်းအတွင်း မြန်မာတယ်လီပို့ (ယခင် ပုဂံနက် ) နှင့် မြန်မာ့ဆက်သွယ်ရေး တို့မှ ထောက်ပံ့ပေးနေသည့် အခပေး အီးမေးလ်များကို သုံးစွဲသူ မရှိသလောက် နည်းပါးလာနေသည်ကို တွေ့မြင်ရသည်။ ထိုသို့သုံးစွဲသူ နည်းပါးလာခြင်းမှာ ၀န်ဆောင်မှု ညံ့ဖျင်းခြင်း၊ အီးမေးလ်များကို ကြားဖြတ် စစ်ဆေးလေ့ရှိသည့် အတွက်နောက်ကျခြင်း ၊ လုံခြုံစိတ်ချမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ကို တွေရှိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက်ကို ဆင်ဆာဖြတ်တောက်ရာတွင် ထင်ရှားသည့် နိုင်ငံ တဒါဇင်ကျော် စာရင်းထဲတွင် ပါဝင်သည့် နိုင်ငံတနိုင်ငံဖြစ်ပြီး DSL အင်တာနက် လိုင်းတလိုင်း သွယ်ယူရန်အတွက် ကျပ်ငွေ သိန်း ၂၀ ၀န်းကျင်ပေးသွင်းရသည့် အတွက် ကုန်ကျစရိတ်အများဆုံး နိုင်ငံစာရင်း ထဲတွင်လည်း ပါဝင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူပေါင်း စာရင်းအတိအကျ မကောက်နိုင်သေး သော်လည်း ဆိုင်ဘာ ကဖေး အရေအတွက် ၁ ထောင် ကျော်ရှိနေပြီး၊ တဦးချင်းသွယ်ယူ သုံးစွဲသူ၊ ကုမ္ပဏီများမှ သုံးစွဲသူများကိုပါ အခြေခံပြီး တွက်ကြည့်လျင် အင်တာနက် သုံးစွဲသူ သိန်းဂဏန်းနှင့်ချီရှိနိုင်သည်ဟု အိုင်တီနှင့် ဈေးကွက်လေ့လာသူများ ကပြောဆိုသည်။




သည်းထန်သောမိုးနှင့် ဒီရေသတင်း ထုတ်ပြန်ချက်ကြောင့် ဒလမြို့ခံများ ထိတ်လန့်
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၅၊ ၂ဝဝ၉

ဒလမြို့နယ် မြင်ကွင်းတခု (ဓာတ်ပုံများ-မိုးမခ)

မုန်တိုင်းနှင့် ဒီရေတက်မည် ဆိုသော ကောလာဟလများကြောင့် ဒလမြို့နယ်အတွင်း နေထိုင်သူများ အထိတ်တလန့် ဖြစ်နေကြသည်။

အောက်တိုဘာ ၁၃ ရက်က လေပြင်းနှင့်အတူ သည်းထန်စွာ ရွာသွန်းခဲ့သောမိုးကြောင့် ဒလမြို့နယ် အတွင်းရှိ ရပ်ကွက်တချို့ ရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

အောက်တိုဘာ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ တက်မည် ဆိုသော သတင်းထုတ်ပြန်ချက်ကြောင့် ဒလမြို့နေသူများ ပိုမို အထိတ်ထလန့် ဖြစ်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် မုန်တိုင်း ၀င်ရောက်မည် ဆိုသော သတင်း ပျံ့နှံ့ခဲ့သည်။

အောက်တိုဘာ ၁၇ မှ ၂၁ အတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၁ ပေ မှ ၂၀.၇ ပေအထိတက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြေခံရေစစ်မျဉ်း ဆိုသည်မှာ ရန်ကုန်မြစ်အတွင်း ရေအကျဆုံးအချိန်၌ ကျန်ရှိနေသောရေမှတ်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းရေအမှတ်မှာ ရာသီဥတုနှင့် မြစ်ကြောင်း ပြောင်းလဲမှုအပေါ် မူတည်ပြီး မြစ်ကြမ်းပြင်မှ ၁၃ ပေ ၀န်းကျင်ခန့် ရှိတတ်ပြီး ၎င်းအမြင့်ပေ အထက် ပေ ၂၀ ကျော် တက်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ မြစ်ကြမ်းပြင်မှ စုစုပေါင်း ၃၃ ပေ ၀န်းကျင် မြင့်တက်လာနိုင်သည့် သဘော ဖြစ်သည်။

သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့်လည်းကောင်း၊ ဒီရေ သတိပေးချက် ထုတ်ပြန်ချက်ကို လွဲမှားစွာ နားလည်ခြင်းကြောင့် လည်းကောင်း လူအများ အထိတ်တလန့် ဖြစ်ခဲ့သည်။

ဒလမြို့၊ အောင်မင်္ဂလာ ရပ်ကွက်အတွင်း နေထိုင်သူ အသက် ငါးဆယ်ကျော် အမျိုးသား တစ်ဦးက “ဗီယက်နမ်တို့ ဖိလစ်ပိုင်တို့မှာ မုန်တိုင်းတိုက်တာတို့ ရေကြီးတာတို့ အကြောင်းတွေကို နိုင်ငံတကာ သတင်းတွေမှာတွေ့နေရတော့ လူတွေက ကြောက်လန့်ပြီး တို့နိုင်ငံဘက်ကို ရွေ့လာတယ် ဘာညာ လို့လည်း ပြောနေကြတယ်” ဟု ပြောပြသည်။

မိဘ တချို့က ကျောင်းတက်နေသော ၎င်းတို့၏သားသမီးများကို စောစော ကြိုကြသည်။ ရန်ကုန်ဘက်ကမ်းသို့ သွားရောက်ပြီး အလုပ် လုပ်ကိုင်သူတချို့ကလည်း နေ့လည်ဘက် ကတည်းက အိမ်ပြန်ကြကြောင်း တွေ့ရသည်။

ဒလမြို့နယ် သင်္ဘောဆိပ်
ဒလမြို့အတွင်း ဈေးရောင်းသူတွေ၊ ဆိုက်ကားသမားများကလည်း မုန်တိုင်းနှင့်ဒီရေတက်မည်၊ တချို့ကလည်း စီးတီးအက်ဖ်အမ်မှ မုန်တိုင်းလာမည်ဟု ကြောငြာသည်ဟု ပြောနေကြသည်။

ဒလမြို့နယ် စက်မြေရပ်ကွက်အတွင်း နေထိုင်သူ စက်တပ်လှေပိုင်ရှင်တစ်ဦးက `နာဂစ်တုန်းက ခံထားရတော့ လူတွေကကြောက်နေကြပြီ။ ဖြစ်သွားပြီးတော့လည်း ဘယ်သူမှ ထိထိရောက်ရောက် လာကူတာ၊ ကယ်တာမရှိတော့ နောက်တစ်ခေါက်လာရင် ဆိုတဲ့ အတွေးနဲ့ တစ်ယောက်စကား တစ်ယောက်နားနဲ့ အထိတ်တလန့်ဖြစ်ကုန်တာပဲ´ ဟု သူ၏ ထင်မြင်ချက်ကို ပြောပြသည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်များတွင် လူအများ နားလည်နိုင်မည့် အသုံးအနှုန်းများ မပါဝင်ခြင်း ကြောင့်လည်း အထင်အမြင် မှားခြင်း ဖြစ်နိုင်ကြောင်း စက်တပ်လှေပိုင်ရှင်က ဆက်ပြောသည်။

ရပ်ကွက် အဆင့်အာဏာပိုင်များကလည်း ထိုသို့ လွဲမှားစွာ စိုးရိမ်မှုများ ပြေပျောက်စေရန် သက်ဆိုင်ရာ ဌာနသို့ မေးမြန်းခြင်း မရှိပေ။

`ရန်ကုန်မြစ်အတွင်းက အခြေခံရေစစ်မျဉ်းဆိုတာကို လူတွေက နားမလည်ကြဘူး။ ကျွန်တော်တို့လို ရေထဲမှာ အလုပ် လုပ်နေတဲ့သူတွေတောင် အကုန်လုံး မသိကြဘူး။ တခြားလူတွေ ဆိုရင်တော့ ပိုဝေးတာပေါ့။ ဒါတွေကို ရှင်းလင်းအောင် ရေးဖို့ ပြောဖို့တော့ လိုမှာပေါ့´ဟု စက်လှေပိုင်ရှင်က ပြောသည်။

ထို့အတူ ငလျင်သတင်း ကြေညာချက်များတွင်ပါဝင်သည့် ရစ်ချက်တာစကေး ဘယ်ရွေ့ဘယ်မျှသည် အဖျက်စွမ်းအား ဘယ်လောက် ရှိကြောင်းနှင့် မုန်တိုင်းကြေညာချက်များတွင် ပါဝင်သည့် တစ်နာရီလေတိုက်နှုန်းကြောင့် အပျက်အစီး မည်မျှရှိသည်ကို လူအများ နားလည်စေရန် အနီးစပ်ဆုံး ဥပမာများပေးကာ ကြေငြာသင့်ကြောင်း လူအများက ပြောဆိုကြသည်။




ဒလမြို့နယ်အတွင်း သောင်းကျန်းနေသော အုပ်စုဖွဲ့ခိုးသူများအား ဖမ်းမိပြီဟု ဆို
မိုးမခအထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၅၊ ၂ဝဝ၉

သူခိုးများ သောင်းကျန်းခဲ့သော ဒလ သင်္ဘောကျင်း (ဓာတ်ပုံ-မိုးမခ)

ဒလမြို့နယ်အတွင်းရှိ သင်္ဘောလွန်းတင်ကျင်းများတွင် လှည့်လည် ခိုးယူနေသော အဖွဲ့အား လွန်ခဲ့သော သီတင်းပတ်က ဖမ်းမိခဲ့သည်ဟု သိရသည်။

ထိုအဖွဲ့တွင် ပါဝင်သူ ၅ ဦး၊ ခိုးရာပါပစ္စည်း လက်ခံဝယ်ယူသူ ၁ ဦးတို့ကို ဒေါပုံမြို့နယ်အတွင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ဒလသင်္ဘောကျင်းအတွင်း လွန်းတင်ထားသော သင်္ဘောတစ်စီးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

`သူတို့ခိုးသွားတဲ့ ပစ္စည်းတွေက မူလပုံစံအတိုင်း မဟုတ်တော့ဘူး။ အကုန်လုံး သံတုံးတွေ၊ ကြေးတုံးတွေ ဖြစ်ကုန်ပြီ။ အဲဒါတွေပဲ ပြန်သိမ်းလာရတာပေါ့´ဟု အဆိုပါ ၀န်ထမ်းက ပြောပြသည်။

၎င်းတို့ အဖွဲ့သည် ခိုးယူနေစဉ်အတွင်း အစောင့်များတွေ့ရှိပါက ဓားဖြင့် ထိုးခြင်း၊ လေးခွဖြင့် ပစ်ခတ်ခြင်း စသည့် အကြမ်းဖက်မှုများကိုလည်း ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သော ၂ လခန့်က ဒလသင်္ဘောကျင်းမှ သင်္ဘောတစ်စီးတွင် ၎င်းတို့ ခိုးယူနေစဉ် အော်ဟစ် အကူအညီတောင်းသော အစောင့်တစ်ဦး၏ ခန္ဓာကိုယ်နှင့် လက်မောင်းမှ အသားများကို လှီးဖြတ်ခဲ့သည်ဟု ဆိုသည်။

ဖမ်းမိစဉ် ပစ္စည်းလက်ခံဝယ်ယူသူမှာ ထိုအဖွဲ့ကို ဦးဆောင်စေခိုင်းသူဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က သံသယ ရှိနေသည်ဟု သိရသည်။ ထိုအဖွဲ့တွင် ပါဝင်ပတ်သတ်သူ ၁ဝ ဦးထက် မနည်း ရှိသည်ဟု ယူဆရသောကြောင့် ကျန်ရှိသူများအား ဆက်လက် ဖော်ထုတ်နေကြောင်း သိရသည်။

၎င်းသူခိုးအဖွဲ့မှာ လွန်ခဲ့သော ငါးလခန့်မှ စတင်ကာ ဒလမြို့နယ်အတွင်းရှိ သင်္ဘောကျင်းများတွင် လှည့်လည် ခိုးယူ၊ လုယက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသည်။

`အရင်တုန်းက မြစ်ထဲမှာ ဆိပ်ကမ်းရဲက ကင်းလှည့်တဲ့သင်္ဘောလေးတွေ ရှိတယ်။ နောက်ပိုင်း အဲဒီရဲတွေ နေရာမှာ စရဖ(စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့)က လူတွေက နေရာယူလာတယ်။ ဗိုလ်တထောင်ဆိပ်ကမ်းမှာ သင်္ဘောလေးတစ်စီးနဲ့ နေရာ ယူထားပြီး လိုက်စစ်တယ်။ ဆိပ်ကမ်း တလျှောက်က ဆီမှောင်ခိုလုပ်တဲ့ သူတွေဆီက ပိုက်ဆံ တောင်းတာက လွဲပြီး ဘာမှ မလုပ်ဘူး။ အဲဒီနောက်ပိုင်းတော့ သူခိုးတွေ သောင်းကျန်းလာတာပဲ´ ဟု အံကြီး သင်္ဘောကျင်းမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

ပုဂ္ဂလိကတိုင်ကြားမှုများကို ရဲစခန်းက အရေးတယူ ဆောင်ရွက်ခြင်းမရှိဟု ဆိုသည်။ ယခု ဖမ်းမိခြင်းမှာ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများက ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ တိုက်ရိုက် တိုင်ကြားခြင်းကြောင့်သာ စီမံချက်ဖြင့် လိုက်လံဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။



ဗိုလ်သန်းရွှေကို သရော်သူ ကဗျာဆရာစောဝေ လူ့အခွင့်အရေးဆု ရရှိ

မိုးမခအထောက်တော် ၀၀၂

အောက်တိုဘာ ၁၆၊ ၂၀၀၉

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီး၏ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ရပ်တည်စိမ်ခေါ်သူ စာရေးဆရာများအတွက် ချီးမြှင့်သော Hellman/Hammett ဆုကို မြန်မာပြည်က ကဗျာဆရာ စောဝေ ရရှိသည်ဟု သတင်းများက ဆိုသည်။ ၂၀၀၉ ခုနှစ်အတွက် ရဲရင့်သူ စာရေးဆရာ ၃၇ ဦးကို ရွေးချယ်ရာတွင် မြန်မာပြည်က ကဗျာဆရာလည်း တဦးအပါအ၀င် ဖြစ်သည်။

ကဗျာဆရာ စောဝေသည် ၂၀၀၈ နှစ်ဆန်းက ကဗျာတပုဒ်တွင် စစ်အာဏာရှင် ဗိုလ်သန်းရွှေကို သရော်ခဲ့သဖြင့် ဖမ်းဆီးထောင်ချခံထားရသည်။ ယခု မြန်မာပြည်အထက်ပိုင်း အကျဉ်းထောင်တခုတွင် ထောင်ဒဏ် ၂ နှစ် ချခံထားရသည်ဟု ဆိုသည်။ ကဗျာဆရာစောဝေသည် ၂၀၀၇ သံဃာ့အရေးတော်ပုံမတိုင်ခင်ကတည်းက မိတ်ဆွေများဖြစ်သော ယခုနိုင်ငံရေးအကျဉ်းသား - ကိုဇာဂနာ၊ ပြည်ပသို့ ရောက်ရှိနေသူ - ကဗျာဆရာ အောင်ဝေးတို့နှင့်အတူ လူမှုရေး၊ စေတနာဝန်ထမ်းလုပ်ငန်းများ၊ အဖြူရောင်သက်တံ အေအိုင်ဒီအက်စ်၊ အိပ်ခ်ျအိုဗီ အရေးလှုံဆော်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်သူတဦးဖြစ်ခဲ့ပြီး၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် အနုပညာရှင်များအားလုံးနှင့်အတူ ရဟန်းသံဃာများဖက်က တက်ကြွစွာ ပါဝင်ခဲ့သည်။

မြန်မာပြည်က အဖိနှိပ်ခံ စာပေအနုပညာရှင်များအနက် ၎င်းဆုကို ရရှိခဲ့သူများမှာ - မောင်မောင်ကျော်ဝင်း၊ ဇာဂနာ၊ ခိုင်မာကျော်ဇော၊ စမ်းစမ်းနွဲ့၊ ကျောင်းသားခေါင်းဆောင် အောင်ထွန်း၊ အောင်ပွင့် စသည်တို့ ဖြစ်သည်ဟု သိရှိရပါသည်။



၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပိုမိုလုပ်ဆောင်ရမည်ဟု ပါတီခေါင်းဆောင်တဦးက ပြော
Wednesday, 14 October 2009 17:20 ဖြိုးကြီး
E-mail Print
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်အတွက် အဓိကကျသည့် ပြည်သူထူထုကို လှုံ့ဆော်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်လိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြောသည်။

ယနေ့ကျရောက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၂၁) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ဦးငွေလင်းစကားပြောစဉ် (ဓာတ်ပုံ - ရိုးမ ၃)

ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ဦးငွေလင်းစကားပြောစဉ် (ဓာတ်ပုံ - ရိုးမ ၃)
“၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ အဓိကက လူထုအပေါ်မှာ တာဝန်ရှိပါတယ်။ နောက်ပြီး လူထုက မန်းဒိတ်ပေးထားတဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ပိုင်ရှင်တွေ ဖြစ်ပါတယ်။ အဲဒီလူထုတွေက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုပိုက်ထွေးတဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ အဲဒါကြောင့် ဆက်လက် သပိတ်မှောက်သွားရမှာပဲဖြစ်တယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်အတွက် နိုင်ငံရေးအင်အားစုများအနေဖြင့် ပြည်သူလူထုကို ယခုထက်ပိုပြီး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ပြီး အနိုင်ရပါတီများကိုလည်း ယခင်ထက် ပိုမိုဝန်းရံကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရန်လိုကြောင်း ဦးငွေလင်းက ဆက်ပြောသည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားနှင့်ပတ်သက်၍ “(၂၁) နှစ်တာ ကျနော်တို့ ဖြတ်သန်းမှုအတွင်းမှာ စွန့်လွှတ်စွန့်စား အသက်ပါပေးပြီး ဆောင်ရွက်သွားခဲ့ကြတဲ့ ရဲဘော်တွေ၊ အခုထက်တိုင် ဆောင်ရွက်နေကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချင်တာရယ်၊ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းကို လူထုတွေ၊ မဟာမိတ်အဖွဲ့တွေကို ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအပြီးတွင် ကျောင်းသားလူငယ်များ၊ လူတန်းစားအသီးသီးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးပါတီများထဲတွင် (၉၀) ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် အင်အားအကြီးမားဆုံး ပါတီဖြစ်ကာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် တိုက်ပွဲဝင်နေသည့် ပါတီဖြစ်သည်။




မြန်မာနိုင်ငံသား ၄၄ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ
10/14/2009


ဘင်္ဂလာဒေခ်ျ့တွင် တရားမ၀င် ၀င်ရောက် နေထိုင်သူ မြန်မာနိုင်ငံသား ၄၄ ဦးကို ဘင်္ဂလာရဲ အဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူဆလင်များ ဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များက စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်အတွင်းမှ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဘင်္ဂလာရဲအဖွဲ့ပြောသည်။

သူတို့ အထဲမှ ၁၈ ဦးအား အောက်တိုဘာလ ၁၃ ရက်နေ့က အလယ်ခွာတောင်မြို့နယ် ပင်ဘာဇား (ကွမ်းဈေး)မှ ဖမ်းဆီးခြင်း ဖြစ်ပြီး ထိုအထဲတွင် ကလေးနှစ်ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်သည်။

အဆိုပါနေ့တွင်ပင် ဘင်္ဂလာရဲအဖွဲ့က ဘင်ဒရိုင်ဘင် မြို့အပြင်ရှိ ဘာလာဂတ်တာကျေးရွာကို ၀င်ရောက်စီးနှင်းစဉ် နောက်ထပ် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့သည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဘင်္ဂလာရဲက ဆက်လက်ပြီး အဆိုပါ ခရိုင်အတွင်းရှိ ရိုင်ဆနှင့် ကိုင်ဆတာလီကို ၀င်ရောက် စီးနှင်းစဉ် နောက်ထပ် ၂၁ ဦးကို ဖမ်းမိသည်ဟု ရဲက ပြောသည်။ ထိုအထဲတွင် အမျိုးသမီး ၂ ဦးပါဝင်သည်။

ယခုအခါ အဆိုပါ ဖမ်းဆီးရမိသူ ၄၄ ဦးကို ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဒီအာရ်လက်သို့ လွဲပြောင်းပေးအပ်လိုက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် မောင်းထုတ်မည်ဟု ရဲတာဝန်ရှိသူ တဦးက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီရ်ပူ မိုနီက ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၂၀၀၀၀ မှာ ကုလသမဂ္ဂမှ ဖွင့်လှစ်သော ကိုတောပလောင်နှင့် နာယာပါရာ ဒုက္ခသည် စခန်းများတွင် နေထိုင်ပြီး အနည်းဆုံး တသိန်းနှင့် နှစ်သိန်းအကြား ရိုဟင်ဂျာများမှာ ဘင်္ဂလာဒေခ်ျ့တွင် တရားမ၀င် နေထိုင်နေကြသည်ဟု နိုင်ငံခြား သံတမန်များကို ဗုဒ္ဓဟူးနေ့ ထုတ်ဖေါ်ပြောကြားသည်။




မြန်မာစစ်တပ်ကို တန်ပြန်ဖို့ရာအတွက် ဘင်္ဂလားဒေ့ရှ်မှ တပ်ဖြန့်ထားခြင်း

မန်ဇူး
post by Wednesday, October 14, 2009

ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မျဉ်းတစ်လျှောက်မှာ မြန်မာစစ်သား အများအပြား ဖြန့်ကျက်ထားနေရာယူ ထားသည့်အတွက် အချက် ခြာကျမယ့် နေရာအနှံ့အပြားကို ၀င်ရောက်ကျူးကျော်လာခြင်း မ ရှိအောင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ပိတ်ဆို့ဟန့်တားထားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကပြောကြားခဲ့တယ်။ ခိုင်လုံတဲ့ သ တင်းတွေအရဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ဟာ သူ့ပိုင်နက် နယ်စပ်တ ၀ိုက်တောင်ကုန်း တွေပေါ်မှာ တပ်မဟာ သုံးခုလောက်ကို ပို့ဆောင် ထားပြီး နောက်ထပ်တပ်မဟာတွေကိုလည်း လိုအပ်ရင် စစ်ကူဖြည့် ဖို့ရာအတွက် သေချာပြင်ဆင်ထားကြောင်းသိရှိရတယ်။

ထောက်လှမ်းရေး အရာရှိတွေကတော့ သံတမန်ရေးရာ နည်းလမ်းပေါင်းစုံနဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ရာမစွမ်းသာပဲ လက်လျော့ လိုက်ရပြီဆိုရင် ဘယ်လိုအခြေအနေမျိုးဖြစ်နေပစေ အထူးလေ့ကျင်ထားတဲ့ ဘင်္ဂလားဒေ့ရှ် လေတပ်ကိုထုတ် သုံးရမှာပဲလို့ဆိုထား တယ်။ ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်ဖွဲ့မှ ညွှန်ချုပ် မာအီနယ် အစ်လာမ် က ပုံမှန်အနေထားတရပ်မဟုတ်တဲ့အတွက် နယ်စပ်မျဉ်း တလျှောက် ထွက်ခွာမှုကို တင်းကြပ်စွာပိတ်ပင်ထားပြီး စောင့်ကြပ်နေတယ်လို့ဆိုထားတယ်။

နိုင်ငံခြားရေးဌာနက အရာရှိတွေကတော့ အိမ်နီးချင်းနဲ့ဖြစ်တဲ့ ပြဿနာအရပ်ရပ်တိုင်းကို သံတမန်ရေး နည်းလမ်းနဲ့တင် ဖြေရှင်းနိုင် မယ်လို့ယုံကြည်နေကြတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာတာမျိုးဆိုရင်တော့ ဒီအတိုင်းငြိမ်ခံနေလို့ ဘယ်ရတော့မှာလဲ။ ညွှန်ချုပ်ကတော့ ဒါဟာပုံမှန် အနေအထားတစ်ရပ် မဟုတ်ကြောင်းနဲ့ ပုံမှန်အားဖြင့် ဘယ်တိုင်းပြည်မှ နယ် စပ်တလျှောက် တပ်ဖြန့်ထားခြင်းမရှိသလို မြန်မာစစ်အင်ဂျင်နီယာတွေရဲ့ သံဆူးကြိုးကာရံပြီး လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ အပြုအမူ ကိုလည်း မနှစ်မြို့ကြောင်းထုတ်ဖော်ပြောကြားသွားလေရဲ့။ ဒေးလီးစတား ကိုပြောပုံအရဆိုရင်တော့ သူ့စစ်တပ်ဟာ စစ်ပွဲအတွက် အ သင့်အနေထားတရပ်မှာ အမြဲရှိနေပြီး တိုင်းပြည်တွင်းသို့ ကျူးကျော်လာတာနဲ့ စတင်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဆိုထားတယ်။

တမြန်နေ့ညကရတဲ့ ထောက်လှမ်းရေးသတင်းတွေအရဆိုရင်တော့ မြန်မာနယ်စပ်တလျှောက်မှာ စောင့်ကြပ်နေသူတွေဟာ ဘင်္ဂလား ဒေ့ရှ် နယ်စပ်အနီးက နာဆာကာမှာ ရိုဟင်ဂျာ ၁၀,၀၀၀ ကိုစုစည်းပြီး မထူး တဲ့အတူ နောက်ဆုံးဘင်္ဂလားဒေ့ရှ် နယ်မြေပိုင်နက်ထဲသို့ အတင်းကြပ်မောင်းသွင်းသွားမယ့် သဘောမှာ ရှိနေတယ်။ သူတို့ပြောပုံထောက်တော့ ရက်အနည်းငယ်ပိုင်းအတွင်းက နယ်စပ်ဒေသ အချက်အချာလို့ဆိုရမယ့် နာအီကွန်ချာရီ ရဲ့ ဆန့်ကျင်ဖက်အရပ်ဒေသဖြစ်တဲ့ ဗန်ဒါဗန် ၀န်းကျင်တ၀ိုက်ကို ထိန်းထားပုံရ တယ်။

မြန်မာစစ်တပ် ဖြန့်ကျက်လိုက်တာနဲ့ ချက်ချင်းဆိုသလို နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ်ကလည်း သူ့ရဲ့စစ်တပ်ကို အခိုင်အမာ တပ်စွဲထားလိုက်တော့တာပဲ။ ဘယ်အတိုင်းအတာထိ ကျယ်ပြန့်သွား နိုင်သလဲလို့ မေးကြည့်တော့ မာအီနယ် က သူ့ရဲ့ ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်ကို အင်အားထပ်ဖြည့်ပြီး နယ်စပ်ကင်းထောက် စစ်ဆင်ရေးတစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှာ တပ်စွဲထား မယ်လို့ဆိုတယ်။ နယ်စပ်နဲ့ ၅ ကီလိုမီတာအကွာမှာ လက်နက်ကြီးတွေအပြင် မြန်မာစစ်သားအများအပြားကို တပ်ဖြန့်ထားတဲ့အတွက် တပ်အင်အားထပ်ဖြည့်ရခြင်း ဖြစ်တယ်လို့ဆိုတယ်။

နယ်စပ်ကလာတဲ့ ဒီ့ပြင်သတင်းတွေအရဆိုရင်တော့ မြန်မာဘက်က တပ်ရင်း ၉ ရင်းကို ဖြန့်ကျက်ထားပြီး အောက်တိုဘာလ ၉ ရက် ပြီးခဲ့တဲ့ သောကြာနေ့ကတင် မောင်းတောကနေ ပုလဲဝထိပါ တပ်တွေကို ဖြန့်ထားတယ်လို့ဆိုတယ်။ ဒေးလီးစတားကို မိုနီရူ အစ် လာမ်မိုနူး သတင်းပေးပို့ထားတာအရဆိုရင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ နေထိုင်ကြသူတွေဟာ စစ်မက်ဖြစ်ပွားမဲ့ အရိပ်အယောင် တွေ မြင်တွေ့နေရတဲ့အတွက် ထိတ်လန့်ကြောက်ရွံ့နေကြလေရဲ့။ ဒေသခံတွေရဲ့အဆိုအရ လျှပ်စစ်သံဆူးကြိုး တံတိုင်း ကိုအကာအ ကွယ်ယူပြီး စစ်အင်အားတိုးချဲ့ထားတယ်လို့သိရတယ်။

နှစ်နိုင်ငံစလုံးနဲ့ အဆက်အသွယ်ရှိတဲ့သူဆီကလာတဲ့ သတင်းအရဆိုရင်တော့ မြန်မာစစ်တပ်ဟာ ဘိုလီဘာဇာ ဒေသရဲ့ဆန့်ကျင်ဖက် အရပ် ချက်ဒါလာ နယ်စပ်က နာအီခွန်ချာရီ အူပါဇီလာ ကို လက်နက်ကြီးတွေနဲ့ချိန်ရွယ်ထားပြီး စစ်တွေလေဆိပ်မှာလည်း စစ်လေ ယာဉ် ၁၀ စီးကိုအသင့်ပြင်ထားသလို စစ်သင်္ဘော ၁၂ စီးကိုလည်း မြစ်နှစ်ဆင်းမှာ အရံသင့် ကျောက်ချစောင့်ဆိုင်းထားနေလေရဲ့။


Reference:Bangladeshi troops all alert on Burma front
The Daily star
M Abul Kalam Azad and Ahmede Hussain

မန်ဇူး(ဘာသာပြန်သည်)




တရုတ်နယ်စပ်မှ ခရီးသည်တင်လိုင်းကားများ နေ့စဉ် ဗမာစစ်တပ် ချောလိုက်နေရ
ကြာသပတေးနေ့၊ 15 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ဗမာစစ်တပ်၏ နေ့စဉ်လိုအပ်သမျှ အလုပ်များတွင် အရံသင့်အသုံးပြုနိုင်ရန်အတွက် တရုတ်နယ်စပ်ခရီးသည်တင် လိုင်းကားများက တစ်ရက်တစ်စီးနှုန်း အလှည့်ကျစနစ်ဖြင့် ချောလိုက်နေရကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော ဗန်းမော်-လွယ်ဂျယ် လမ်းအတိုင်း ပြေးဆွဲ နေသည့် ခရီးသည်တင်လိုင်းကားများက လွယ်ဂျယ်မြို့ အခြေဆိုက် ဗမာစစ်တပ်စခန်း အတွက် ယခုလိုချော လိုက်နေရခြင်းဖြစ် သည်။

စစ်တပ်မှထိုသို့ နေ့စဉ်ချောခေါ်ရာတွင် အခကြေးငွေနှင့်နေ့တွက်ခများ မပေးသည့်အပြင် ပျက်ကွက်မှု တခုခု ရှိပါက ကားလိုင်း အသင်းတစ်ခုလုံးအား အပြစ်ပေးအရေးယူကြောင်း ဗန်းမော်-လွယ်ဂျယ် လှိုင်းကားသမား တစ်ယောက်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရှေ့တန်းရုံးသုံးဖို့တစ်ရက်တစ်စီး အဆင်သင့်စောင့်ပေးရတာမျိုးပေါ့ဗျာ ဘယ်သွားချင်လိုက်ပို့ ဘယ်သွားချင် လိုက်ပို့ သူကနေ့တိုင်းဝင်ရတာပဲ တစ်ရက်တစ်စီးအလှည့်ကျနဲ့ ဘာမှမပေးဘူး ဒီအတိုင်း ဖရီး (free) ခိုင်းတာ ပဲလေ ဘယ်လို အခွင့်အရေးရှိလည်း ဆိုတော့ တရုတ်ပစ္စည်းတွေတင်တဲ့အခါကျတော့ သိပ်မပြောတာပါပဲ ပိုက်ဆံ ကတော့ ပေးရတယ် ဒါပေမဲ့မဖမ်းဘူး မဆီးဘူးပေါ့ဗျာ ” လို့ ကားသမားက ပြောသည်။

လွန်ခဲ့သည့် လပိုင်းလောက်က ကားသမားဘက်မှ ပျက်ကွက်မှုရှိ၍ ကားလှိုင်းတစ်ခုလုံး အပြစ်ပေးခံရပုံကို ဆက် ပြောရာတွင် “တစ်နေကုန်စောင့်နေရတာ လွန်ခဲ့တဲ့တစ်လကျော်လောက်က ချောသွားပေးတယ်ဗျာ ကားကတော့စစ်တပ် ရှေ့တန်းရုံးမှာရှိတာပေါ့ လူကအပြင်သွားလိုက်တာ ဖုန်းဆက်တော့လည်း ဖုန်းကပိတ်ထားတော့ ခေါ်လို့ မရဘူး ကားက ဘာမှလုပ်လို့မရတော့ဘူးပေါ့ အဲဒီအခါကျတော့ ကားလှိုင်းတစ်ခုလုံးကို မင်းတို့ လှိုင်းမဆွဲရဘူး ဆိုပြီးပိတ်လိုက် တော့ သူတို့မသွားခိုင်းရင် သွားလို့မရဘူးပေါ့ဗျာ” လို့ သူက ဆက်ပြောသည်။

ချောကား သမားများက စစ်တပ်အတွက် ပုံမှန်သွားရသည့် အလုပ်မရှိပဲ ကြုံရာကျဘမ်း ခိုင်းသည့် နေရာသွားရကြောင်း သိရသည်။

“အဲဒါကတော့ပုံမှန်တော့မရှိဘူးပေါ့ သူတို့ရဲဘော် တစ်ယောက် ဖျားတယ် ဆေးရုံလိုက်ပို့ပါဆို လိုက်ပို့ရတယ်တပ်က လူကြီး ဘယ်သွားချင်ဟိုသွားချင် ဟိုဟာတင် ဒီဟာတင်ပေါ့ဗျာ အထွေထွေပေါ့ အဆင်သင့်စောင့် ပေးနေ ရတာပေါ့ လုပ်ငန်းဘာမှမရှိလည်း တစ်နေကုန်စောင့်နေရတာ ” လို့ ဆိုသည်။

ဗန်းမော်-လွယ်ဂျယ် ခရီးသည်တင် ကားလိုင်း (၃) လိုင်းရှိပြီး မကြာသေးခင်က ဗင်ကားလိုင်းတစ်လှိုင်း ထပ်မံတိုးလာ ကြောင်းသိရသည်။

ယခုလို အလှည့်ကျ တစ်ရက်တစ်စီးနှုန်း ဗမာစစ်တပ်အတွက် ချောလိုက်ပေးရခြင်းမှာ ကားသမားများအတွက် အမြဲတမ်း နှင့်ပုံမှန်ဖြစ်စဉ် တစ်ခုလိုဖြစ်လျှက်ရှိကြောင်း ကားသမားများက ပြောသည်။


မြောက်ကိုရီးယား က တောင်ကိုရီးယား ကို ရှားရှားပါးပါး တောင်းပန်မှုပြု


ရေကာတာ ဖေါက်ချမှုအတွက် ဝန်ချ တောင်းပန်လိုက်သော မြောက်ကိုရီးယားမှ မိသားစု ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဋ္ဌာန ညွှန်ချုပ် ကင်နန်ဆစ် © { Source: ချိုဆန်းအီဘို သတင်းဋ္ဌာန }
ရပ်တည်ချက် မတူညီသော နိုင်ငံ နှစ်ခု၏ ဆက်ဆံရေး ဆိုင်ရာ သမိုင်း တလျှောက်တွင် မြောက် ကိုရီးယား က တောင်ကိုရီးယားအား ရှားရှားပါးပါး တောင်းပန်မှု တခု ယနေ့ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လက မြောက်ကိုရီးယား ရေကာတာ တခုမှ မကြေညာပဲ ရေများ ဖေါက်လွှတ် ခဲ့မှုကြောင့် တောင် ကိုရီးယား နိုင်ငံသား (၆)ဦး သေဆုံးသွားခြင်း အတွက် မိမိတို့ လွန်စွာနောင်တရ စိတ်မကောင်း ဖြစ်မိကြောင်း အောက်တိုဘာ (၁၃)ရက် နေ့က မြောက်ကိုရီးယားက တရားဝင် တောင်းပန်ခဲ့သည်။

ဆိုးလ်မြို့တော်ရှိ တောင်ကိုရီးယား အစိုးရက နှစ်နိုင်ငံမှ ကိုယ်စားလှယ် များသည် ရေလွှမ်းမိုးမှု ကြိုတင် ကာကွယ်ရေး စီမံကိန်းများ အတွက် ဆွေးနွေးနေစဉ် ယခုလို မြောက်ကိုရီးယားက တောင်းပန်ခဲ့ခြင်းဟု အတည်ပြု ခဲ့သည်။

သဘောထား တင်းမာလှသော ပြုံယမ်း အခြေစိုက် အစိုးရသည် တောင်ကိုရီးယား အာဏာပိုင်များနှင့် အောက်တိုဘာ (၁၆)ရက် နေ့တွင် သီးခြား တွေ့ဆုံမှုများ ပြုလုပ်ရန် စီစဉ် ထားသေးသည်။ အောက်တိုဘာ (၁၂)ရက် နေ့က မြောက်ကိုရီးယား သည် အရှေ့ဘက် ကမ်းခြေမှ တာတိုပစ် ဒုံးကျည် (၅)စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့သေး သော်လည်း ထိုလုပ်ရပ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမှုကို မထိခိုက်နိုင်ဟု တောင်ကိုရီးယား အစိုးရက မျှော်လင့်ထားကြောင်း ထုတ်ဖော် ကြေညာထားခဲ့သည်။



ဂါဇာဒေသ ဥမင်လှိုင်ခေါင်း တခုအား အစ္စရေးလေတပ် ပစ်ခတ်တိုက်ခိုက်


ဒဏ်ရာရသူ တဦးအား ပါလက်စတိုင်း သူနာပြုတဦးမှ တရားမဝင် မှောင်ခိုတို့၏ ဥမင်လှိုင်ခေါင်း အတွင်းမှ ကယ်ထုတ်လာစဉ် © { Source: အေအက်ဖ်ပီ သတင်းဋ္ဌာန }
အောက်တိုဘာလ (၁၃)ရက် နေ့က အစ္စရေး လေတပ်မတော်က ဂါဇာဒေသရှိ ဥမင်လှိုဏ်ခေါင်း တခုအား ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လူ(၁)ဦး သေဆုံးပြီး ၄ဦးဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။

ဟားမတ် ပြောက်ကျားများ ဖြတ်သန်း သွားလာလေ့ရှိသည့် ဂါဇာနှင့် အီဂျစ်ကြားမှ ယင်းဥမင်ကို အစ္စရေးတို့ ပစ်ခတ်ခဲ့ရာ (၂၃)နှစ် အရွယ် ပါလက်စတိုင်း အမျိုးသားတဦး သေဆုံးပြီး (၄)ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း ပါလက်စတိုင်း ဆေးဝန်ထမ်း များက ဆိုသည်။

အစ္စရေး တပ်မတော်က ၎င်းတို့သည် ဂါဇာရှိ ဥမင်နှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။ အစ္စရေး နိုင်ငံသို့ ဟားမတ်တို့ ပစ်ခတ်လိုက်သော ဒုံးကျည်တစင်း အောက်တိုဘာ (၁၂)ရက် နေ့ညပိုင်းက ကျရောက် ပေါက်ကွဲ ခဲ့သော်လည်း ထိခိုက် သေဆုံးမှု မရှိခဲ့ပေ။

သို့သော်လည်း ယင်းအတွက် အစ္စရေးက ယခုလို တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။ အစ္စရေးနှင့် အီဂျစ်တို့သည် ဂါဇာကို အခြေပြုကာ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက် နေကြသော်လည်း (၂၀၀၇) ခုနှစ် နောက်ပိုင်း ဟားမတ် တို့သည် ဂါဇာရှိ ရာပေါင်း များစွာသော ဥမင်အတွင်း ခိုအောင်းနေကာ ကုန်ပစ္စည်းများကို ကြားဖြတ် လုယူလေ့ ရှိကြသည်။

အစ္စရေးသည် ပါလက်စတိုင်းနှင့် အပစ်အခတ် ရပ်စဲထားသည့်တိုင် ယင်း ဥမင်များအား စီးနင်း တိုက်ခိုက်မှုမှာ ယခု နှစ်ပိုင်းအတွင်း အရေအတွက် ပိုမိုများပြား လာနေကြောင်း သတင်းရရှိသည်။


ပါကစ္စတန်လေတပ် နယ်စပ်ဒေသရှိ စစ်သွေးကြွ များအား သည်းကြီးမဲကြီး ချေမှုန်းနေ


အာဖဂန်နစ္စတန် နယ်စပ်မျဉ်းပေါ်မှ ဖြတ်ပျံ တိုက်ခိုက်နေသော ပါကစ္စတန် လေတပ်မှ တိုက်လေယာဉ်များ © {Source: The Nation}
ပါကစ္စတန် လေတပ်မှ တိုက်လေယာဉ် များသည် အာဖဂန်နစ္စတန် နှင့် နယ်စပ်အနီးရှိ ပြောက်ကျား သူပုန်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သွေးကြွ (၉)ဦး သေဆုံး သွားခဲ့ရကြောင်း ပါဂီစစ်ဘက်

တာဝန်ရှိသူ များက ထုတ်ဖေါ် ပြောကြားလိုက်သည်။

အောက်တိုဘာ (၁၃)ရက် နေ့က ပြုလုပ်ခဲ့သော လေကြောင်း စစ်ဆင်ရေးသည် တောင်ပိုင်း ၀ါဇီရစ်စတန်ရှိ တာလီဘန် အခြေစိုက် စခန်းများကို ဦးတည်ခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် အာဏာပိုင် များသည် ထိုကဲ့သို့သော တိုက်ခိုက်မှုများမှာ နယ်စပ်ဆိုင်ရာ ဥပဒေများနှင့် ငြိစွန်းမည်ကို စိုးရိမ်သဖြင့် လပေါင်းများစွာ လက်ရှောင် နေခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသေခံ ဗုံးခွဲမှုများနှင့် စစ်အခြေစိုက်စခန်းကို စီးနင်း တိုက်ခိုက်ခံရမှု များကြောင့် ယခုလို လက်တုန့်ပြန် ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန် လေတပ်မှ အဆင့်မြင့် ဂျက်တိုက် လေယာဉ်များသည် ယခု သီတင်းပါတ် အတွင်း ယင်းဒေသရှိ စစ်သွေးကြွတို့ အခိုင်အမာ တပ်စွဲထားသည်ဟု ယူဆရသော နေရာများကို ဖိအားပေး တိုက်ခိုက်လျှက် ရှိသည်။ ပါကစ္စတန်သည် ပြီးခဲ့သည့် (၁၀)ရက် အတွင်း အကြမ်းဖက်သမား တို့၏ တိုက်ခိုက်မှုကြီး (၄)ခုနှင့် ကြုံခဲ့ရသည်။

ယင်းတို့အနက် မြို့တော် အစ္စလာမ်မာဘတ် ရှိ ကုလသမဂ္ဂ ရုံးတခုကို အသေခံဗုံးခွဲမှုနှင့် စစ်စခန်းတခုအား (၂၂)နာရီကြာ စီးနင်းထားခြင်း ခံရမှုများ ပါဝင်သည်။ အမေရိကန် နိုင်ငံကမူ ပါကစ္စတန် အစိုးရ၏ အကြမ်းဖက် သမားများအား တိုက်ခိုက် နေမှုအပေါ် အကြီးအကျယ် ထောက်ခံ အားပေးနေကြောင်း သတင်း ရရှိသည်။




ခရစ်ယာန် ဘုန်းတော်ကြီး လွတ်မြောက်ရေး မိုရို အစ္စလာမ်မစ် သူပုန်အဖွဲ့အား ဖိလစ်ပိုင် အစိုးရ အကူအညီတောင်း


ဖိလစ်ပိုင် နိုင်ငံအတွင်း များပြားလှသော အစ္စလမ်မစ် သူပုန် အဖွဲ့ခွဲများ၏ ဖမ်းဆီးခြင်းကို ခံရသော အိုင်ယာလန် ရိုမန်ကက်သလစ် ခရစ်ယာန်ဘုန်းကြီး မိုက်ကယ်ဆီနွတ် © (AP Photo/Missionary Society of St. Columban)
ဖိလစ်ပိုင် အစိုးရက နိုင်ငံတွင်းရှိ ပြောက်ကျားသူပုန် များအား အဖမ်းခံ ထားရသည့် အိုင်ယာလန် နိုင်ငံသား ရိုမန် ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီး ၏ လွတ်မြောက်ရေး အတွက် အကူအညီ ပေးပါရန်

တိုက်တွန်း လိုက်သည်။

မိုရို အစ္စလာမ်မစ် သူပုန်များသည် အင်အား (၁၁၀၀၀)မျှ ရှိပြီး ဖိလစ်ပိုင်၏ အင်အား အကြီးဆုံး အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ လည်း ဖြစ်သည်။ ၎င်းတို့သည် ဘုန်းတော်ကြီး မိုက်ကယ်ဆီနွတ် ပြန်လည် လွတ်မြောက်ရေး အတွက် ကူညီပေးရန် အသင့်ရှိကြောင်း သူပုန် ခေါင်းဆောင် မိုဟာဂါအစ်ဘေး က ယနေ့ ပြောကြားလိုက်သည်။

အသက် (၇၉)နှစ်ရှိ ဘုန်းတော်ကြီးသည် တောင်ပိုင်း ဇမ်ဘို အန်ဂါဒယ်ဆာ ခရိုင်ရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် အောက်တိုဘာ (၁၁)ရက် နေ့က အမည်မသိ လက်နက်ကိုင် တစု၏ ဖမ်းဆီးမှုကို ခံလိုက်ရခြင်း ဖြစ်သည်။

မူလက ဘုန်းတော်ကြီးအား ဖမ်းဆီးသွားသည်မှာ မိုရို အစ္စလာမ်မစ် များဟု ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းအဖွဲ့နှင့် ရပ်တည်ချက် မတူညီသည့် အခြား လက်နက်ကိုင် အဖွဲ့တခုခု မှသာ ဖြစ်နိုင်ကြောင်း စစ်ဆေးပေါ်ပေါက် လာခဲ့သည်။

ဖိလစ်ပိုင် စစ်တပ်မှ တာဝန်ရှိသူ ဗိုလ်မှူးချုပ် ဘန်ဂမင် ဒိုလော်ဖီနို က ၎င်းတို့သည် ရှာဖွေရေး လုပ်ငန်းများအတွက် အထောက်အကူပြုသည့် သတင်း အချက်အလက်များကို မိုရိုအစ္စလာမ်မစ် တို့ထံမှ ရယူ သွားမည်ဟု ပြောကြားခဲ့သည်။

ဘုန်းတော်ကြီးသည် ၎င်း အဖမ်းခံရသော ဒေသအနီး တောနက်ကြီး တခုတွင် အသက်ရှင်လျှက်သား ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဟု စစ်တပ်ကရော မိုရိုအစ္စလာမ်မစ် တို့ကပါ ယူဆထားကြောင်း သတင်းရရှိသည်။



Phone ကို ရီမုတ် ကွန်ထရိုး အဖြစ် သုံးနိုင်မည်


အိုင်ဖုန်းဖြင့် မိမိ၏ ကားအား အဝေးထိမ်း ရီမုတ်ကွန်းထရိုး အဖြစ် အသုံးချနိုင် © ( www.wired.com )
မော်တော်ကား တံခါးများကို ဖွင့်ရာတွင် အဝေးမှ ရီမုတ် ကွန်ထရိုးဖြင့် လှမ်းဖွင့် ခြင်းသည် ခေတ်စားသော အလေ့အထ တခုအဖြစ် ရပ်တည် လာသည်မှာ ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။

ယခုအခါ iPhone အသုံးပြုသူ များသည် ၎င်းတို့၏ ဖုန်းကို မော်တော်ကား ရီမုတ်အဖြစ် အသုံးပြု နိုင်တော့မည်ဟု သိရှိရသည်။ iTunes မှတဆင့် Download လုပ်ယူနိုင်သော ယင်း Application သည် iPhone ၏ ဘက်စုံ အသုံးတည့်မှုကို ပိုမိုပြည့်စုံ ကောင်းမွန် လာစေမည် ဖြစ်သည်။

ထို့အပြင် ယင်း Application သည် မော်တော်ကား၏ အပူအအေး စံနစ် များကိုပါ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း တီထွင် ရေးဆွဲသူ Directed Electronics မှဆိုသည်။ Viper ၏ SmartStart ဟု အမည် ပေးထားသော ယင်း Application သည် မော်တော်ကား တံခါး အဖွင့်အပိတ် ပြုလုပ်ခြင်း၊ ကားတွင် တပ်ဆင်ထားသော Alarm ကို အဖွင့်အပိတ် ပြုလုပ်ခြင်း များပါ ဆောင်ရွက် နိုင်မည်ဟု သိရှိရသည်။

iPhone တွင် ယင်း Application ကို ထည့်သွင်း ထားပြီးနောက် ပေ(၃၀) အကွာမှ မော်တော်ကားအား လှမ်း၍ ထိန်းချုပ် ခိုင်းစေမှုမျာ ပြုလုပ်နိုင်မည်ဟု သိရှိရသည်။

Smart Start ကို အသုံးပြုသူများ အနေနှင့် (၄၉၉) ဒေါ်လာဖြင့် ၀ယ်ယူ နိုင်မည်ဖြစ်ပြီး နောက်ထပ် အသစ်ထွက်လာသည့် Service များကိုပါ ရယူလိုမည် ဆိုလျှင် နှစ်စဉ်ကြေး (၂၉.၉၉) ဒေါ်လာစီ ထပ်မံ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။



ငွေစက္ကူအသစ်ထုတ်ပြီးနောက် နယ်စပ်တွင် ဆန်နှင့် စားသောက်ကုန် ဈေးနှုန်းတက်

ခွန်အောင်မြတ်။
အောက်တိုဘာလ ၁၅ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာစစ်အစိုးရက ငါးထောင်တန် ငွေစက္ကူအသစ်ထုတ်ပြီးသည့်နောက်ပိုင်း နယ်စပ်မြို့များ တွင်လည်း ဆန်နှင့် အခြား စားသောက်ကုန် ဈေးနှုန်းများ တက်သွားသည်ဟု ဈေးသည်များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းတွင် ယခုရက်ပိုင်းအတွင်း ကုန်ဈေးနှုန်းတက်သည့်အပြင် အရောင်း အ၀ယ် ခြောက်သွေ့နေသည်ဟု ဈေးသည်တဦးက ယခုလို ပြောသည်။

“ကုန်ဈေးနှုန်းကတော့ တက်နေကြတာပဲလေ။ ငါးထောင်တန်အော်ပြီးကတည်းက ဆန်ဈေးတွေ ဆို လည်း နှစ်သောင်းနဲ့ငါးရာ တန်ရှိရာကနေ နှစ်သောင်းသုံးထောင်၊ နှစ်သောင်းလေးထောင် အဲလိုမျိုး ဖြစ်နေတာပေါ့။ အားလုံးတက်တာပဲ ကြက်သွန်ဖြူလည်း (တပိဿာ) သုံးထောင်ကနေ သုံးထောင် ခြောက်၊ သုံးထောင်ရှစ်ရာ ကြက်သွန်ဖြူတွေဆိုရင်။ အခြေအနေကတော့ ဘာမှမထူး ဘူး။ မထူးခြား တဲ့အပြင်ကို ခြောက်သွေ့နေကြပြီလေ။ ဆိုင်တွေဆိုရင် တနေ့ တနေ့ ဈေးရောင်း ရဖို့ မနက်ဈေးဖိုး တောင် မရပါဘူးဆိုတဲ့ ဘူးစကားတွေပဲ ကြားနေရတယ်လေ။ ”

မြ၀တီတဖက်ခြမ်း မဲဆောက်တွင်လည်း မြန်မာဆန်ကြမ်း ဈေးနှုန်းများ တက်သည်ဟု မြန်မာအလုပ်သမား တဦး က ပြောသည်။

“ဆန်ကြမ်းက အခုလက်ရှိ ကျနော်တို့ဝယ်လိုက်ရတာ တအိတ်ကို အရင်တုန်းက ဘတ် ၈၅၀ အခုဆို ၉၂၀ ဖြစ်သွားတယ်။ (၇၀) ခုန်တက်သွားတယ်။ ဆန်အကြမ်းပေါ့နော်။ ဧည့်မထပေါ့။ ဆန်ခုန်တက် တာ က ခြောက်ရက်ပဲ ရှိသေးတယ်။ ငွေထုတ်ပြီးနောက်ပိုင်းပေါ့။ ”

ဆန်အပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲနှင့် အခြား စားသောက်ကုန်များလည်း ဈေးနှုန်း မသိမသာ တက်နေ သည်ဟု မြ၀တီ အိမ်ရှင်မတဦးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ခံတဦးကလည်း ၎င်းတို့ ဒေသတွင်း ကုန်ဈေးနှုန်း အခြေအနေကို ယခုလို ပြော သည်။

“ကုန်ဈေးနှုန်းတွေ နည်းနည်းတော့ကြီးတယ်။ ဆန်ဈေး၁၅၀၀၀ တစ်အိတ် အညံ့စား အရင်တုန်း က ၇၀၀၀ ထောင် ဆန်ကြမ်းတွေ တ၀က်လောက် တက်သွားတာပေါ့။ ငါးထောင်တန် ထွက်ကတည်းက တခြားကုန်ဈေးနှုန်းတွေရော ကြက်သွန်တို့ ပဲတို့ အကုန်တက်တယ်။ တောင်သူတွေ ဒုက္ခရောက်နေကြ တယ်။ စီးပွားရေးလုပ်ရတာ အဆင်မပြေဘူး။ အသီးအနှံစိုက် တော့လည်း မိုးမရွာလို့ စိတ်ညစ်နေကြ တယ်။ ”

မြန်မာစစ်အစိုးရက ကျပ်ငွေစက္ကူ ၅၀၀၀ တန်ကို ယခုလ ၂ ရက်နေ့တွင် စတင် ထုတ်ပြီးသည့် နောက်ပိုင်း စားသောက်ကုန်များအပြင် ရွှေဈေးလည်း မြှင့်တက်သွားသည်။










အမေရိကားရောက် မြန်မာ့ စပါးကြီးမြွေများ



အမေရိကန် တောင်ပိုင်းပြည်နယ် တွေကို တစတစ နယ်ချဲ့နေပြီး ဒေသခံတွေနဲ့ ယှဉ်ပြိုင် အနိုင်ယူ လာနေတဲ့ သူတို့တွေကတော့ မြန်မာပိုင်သွန် တွေပါ၊ သူတို့တွေ ဘယ်လောက် အထိ နယ်ချဲ့နိုင်မလဲ ဆိုတာကို

ခန့်မှန်းထားတဲ့ မြေပုံကို ထုတ်ပြန်လာပါတယ်၊ ကောင်လေးတွေက ငယ်စဉ်တော့ သိပ်လှတယ်၊ အရောင် အသွေးစုံနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ပြီး အလွန်လိမ္မာ ပုံရတာကို မြင်တာနှင့် သိနိုင်ပါတယ်။

သူတို့တွေက အရှေ့တောင် အာရှသား မြန်မာမျိုးရိုးတွေ၊ လွန်ခဲ့တဲ့ ၂၅ နှစ်ဝန်းကျင် လောက်ကစပြီး သူတို့တွေကို အမေရိကန်နိုင်ငံထဲ တင်သွင်း လာကြတာပါတဲ့၊ အခုတော့ သူတို့ကို ကျုးကျော်သူတွေ အဖြစ် မြင်သူတွေ မြင်လာကြပါပြီး သူတို့ အန္တရာယ်ကို တဖြေးဖြေးနှင့် သတိထားမိ လာကြပါတယ်၊ သူတို့တွေကတော့ မြန်မာ့ စပါးကြီးမြွေ (ခေါ်) စပါးအုံးမြွေ အမျိုးအစား Burmese Python တွေပါဘဲ၊ ကမ္ဘာ့အကြီးဆုံး မြွေမျိုးစု ၆မျိုး ထဲမှာပါဝင် ပါတယ်။

အဲဒီ မြန်မာ စပါးကြီးမြွေတွေကို စာရေးသူ ဖလော်ရီဒါမှာ ရေခြားမြေခြား စတင် တွေ့ခဲ့ဖူးပါတယ်၊ တညနေ သူများ ဈေးဝယ်တာကို ကားပါကင် နံဘေးမှာ ထိုင်စောင့်ရင်းက ပျင်းလာတာနဲ့ အနီးက အိမ်မွေး အကောင်လေးတွေ ရောင်းတဲ့ ဆိုင်ထဲ ဝင်ကြည့်မိတယ်၊ ဆိုင်ကလည်း အကြီးကြီးဆိုတော့ အိမ်အလှမွေး တိရိစ္ဆာန် အကောင်လေးတွေက စုံတယ်၊ ဒါနဲ့ မြွေတွေရောင်းတဲ့ ဘက်ရောက်သွားတော့ မြန်မာစပါးကြီး အကောင်ပေါက် လက်မလုံး သာသာ ကောင်ကလေးကို ဒေါ်လာ၉၉ လို့ ဈေးရေးထားတာ တွေ့ရတယ်၊ အမယ်..ဒီလိုမှန်းသိရင် အမေရိကန်ကို အလာမှာ တောကမြွေတွေ ဖမ်းထဲ့ခဲ့ရင်တောင် ခရီးစရိတ် ရနိုင်တယ်လို့ ရီစရာသဘောမျိုး တွေးမိသေးတယ်။

အဲ့ဒီ မြန်မာစပါးကြီးမြွေ တွေက ဖလော်ရီဒါကို စမြိုနေပြီလို့ တချို့ကလည်း တင်စားလာကြတယ်၊ သူတို့တွေက အမေရိကန် သဘာဝ ပတ်ဝန်းကျင်ကို စတင် တိုက်ခိုက်လာနေပြီ ဆိုတာပါဘဲ၊ ဘယ်လိုဘဲ ပြောပြော မွေးချင်သူတွေ များလွန်းလို့ ပြည်ပကနေ တင်သွင်းနေဆဲ ပါတဲ့၊ ခန့်မှန်းချေ သက္ကရာဇ် ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၅ခု ငါးနှစ် အတွင်းမှာဘဲ မြန်မာ စပါးကြီးမြွေပေါက် ကလေးတွေ အကောင် တသိန်း ငါးသောင်းခန့် တင်သွင်း ခဲ့ပါတယ်တဲ့၊ သူတို့တွေကို အိမ်မွေးတိရိစ္ဆာန် အဖြစ်တင်သွင်းနေတာ ကတော့ ကြာပါပြီ၊ အခုတော့ တင်သွင်းစရာ မလိုလောက်အောင် သူတို့တွေ အမေရိကန်ရာသီဥတုမှာ မျိုးဆက်ပြန်ပွားပြီး နေနိုင်ပါပြီ။

တခါတုန်းက ဖလော်ရီဒါကို ဝင်မွှေသွားတဲ့ မုန်တိုင်း တခုက အိမ်မွေးတိရိစ္ဆာန် အရောင်းဆိုင် တဆိုင်ကို ဖျက်ဆီး ပစ်လိုက်ရာကနေ မြန်မာစပါးကြီးတွေ အတော်များများ လွတ်သွားဘူးတယ် ဆိုပါတယ်၊ အဲ့ဒါကို ပြဿနာ အစလို့ တချို့ကလည်း ပြောကြပါတယ်၊ ဇာတ်လမ်းကတော့ ဒီလိုပါ လူတွေက အိမ်မွေးအဖြစ် ဝယ်ယူမွေးမြူကြတဲ့ မြန်မာစပါးကြီးမြွေ တွေဟာ အရောင်အသွေး အကွက်တွေက လှပပြီး အေးဆေး လိမ္မာကြပါတယ်၊ သူတို့က အဆိပ်လည်း မရှိပါဘူး၊ ဒီတော့ အကောင်ပလောင် မွေးရတာ အလွန် ဝါသနာပါတဲ့ အမေရိကန် တွေက စတိုင်ကျကျ မြန်မာ စပါးကြီးမြွေ တွေကို မွေးလာကြပါတယ်၊ သူတို့တွေက အသက် ၂၅နှစ် ၃၀လောက် အထိ နေနိုင်ပါတယ်၊ အရှည် က ပေနှစ်ဆယ်ကျော်နဲ့ ပေါင် ၄၀၀ လောက် အထိ ရှိနိုင်ပါတယ်၊ မှတ်တမ်းတခု အရတော့ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်က Scrpent Safari Park မှာ ၂၇ ပေအရှည် အလေးချိန် ၄၀၃ ပေါင်ရှိတဲ့ မြန်မာစပါးကြီးမြွေ တကောင် ဖမ်းမိဖူးတယ်လို့ ဆိုပါတယ်၊ သူတို့ ဇာတိကတော့ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ နေပါတယ်တဲ့၊ အိန္ဒိယကနေ အင်ဒိုနီးရှား ကြားထဲမှာ နေကြတာလို့ ဆိုပါတယ်၊ သူတို့ရဲ့ဇာတိက မြန်မာပြည်မှာ အထင်အရှား အများအပြား နေကြလို့ နာမည် ကိုတော့ Burmese Python လို့ ပေးထားတာပါ။

Burmese Python မျိုးစိတ်တွေထဲမှာ Albino Burmese Python ကတော့ အဝါရောင် အကွက်နဲ့ အတော် လှပါတယ်၊ မြန်မာပြည်မှာတော့ စာရေးသူ တခါမှ မမြင်ဖူးပါဘူး၊ Dwarf Burmese Python ကတော့ ၇ပေ ထက် ပိုမရှည်ပါဘူးတဲ့၊ နောက်ပြီး Green Burmese Python, Granite Burmese Python, Caramel Burmese Python မျိုးတွေလည်း ရှိပါသေးတယ်၊ နောက်တမျိုး Reticulatus Python တွေကတော့ မြန်မာနာမည် မပါပေမယ့် မြန်မာပြည် ပင်လယ် ကမ်းရိုးတန်းတွေမှာ တွေ့ရပြီး ဖိလစ်ပိုင် ကျွန်းစုများနဲ့ အင်ဒိုနီးရှား ဒေသတလျှောက် အထိနေကြပါတယ်၊ သူတို့ကတော့ ကမ္ဘာ့အရှည်ဆုံး မြွေတွေပါ၊ မြန်မာ ပိုင်သွန်တွေရဲ့ ထူးခြားချက် နောက်တခုကတော့ အလွန်ကြီးထွားနှုန်း မြန်တာပါဘဲ၊ ဖြစ်နိုင်တာက သူတို့ကို မွေးထားပြီး အစာကျွေးနေရင် ကျွေးသလောက် စားတယ်နိုင်တယ်၊ ဒါကြောင့်မို့လည်း တနှစ်ကျော်မှာ ၈ပေကျော် အထိ ကြီးနိုင်ပါတယ်တဲ့၊ ပိုင်သွန် တကောင်နဲ့ Anaconda တကောင် ယှဉ်မွေးတဲ့ လူတယောက် ကတော့ မြန်မာပိုင်သွန် တနှစ်သားဟာ Anaconda ၂နှစ်သား ထက်တောင် ပိုကြီးပါတယ်တဲ့။

မြန်မာပိုင်သွန် တွေဟာ ရေထဲမှာ နာရီဝက်လောက် အသက်မရူဘဲ ဆက်တိုက် ရေငုတ်ပြီး နေနိုင်ကြပါတယ် ကုန်းပေါ်မှာရော ရေထဲမှာရော သစ်ပင်တွေပေါ်မှာပါ နေကြပါတယ်၊ သိကြတဲ့ အတိုင်း သူတို့ထက် အဆမတန်ကြီးတဲ့ အကောင်ကြီး တွေကိုတောင် ရအောင်ဖမ်းပြီး မြိုချ စားသောက်ကြတဲ့ အကောင်တွေဆိုတော့ သူတို့ဟာ သိပ်သန်တယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး၊ သူတို့ကို ဝယ်ယူစဉ် ကတော့ အကောင်ငယ်လေး ဆိုတော့ ဘာမှပြဿနာ မရှိပါဘူး၊ အကောင်ပလောင် ချစ်တတ်တဲ့ အမေရိကန် တွေကလည်း ဂရုစိုက်ကြမှာ ပြောစရာမလိုပါဘူး၊ ဒီမှာက လူ့အခွင့်အရေးထက် တိရိစ္ဆာန် အခွင့်အရေးကို ပိုအလေးပေးတယ်လို့ တချို့တွေ ဝေဖန်ကြတာ ကြားဖူးတယ်။

ဖလော်ရီဒါမှာ လူတယောက် ကားထဲကနေ မြန်မာ့ စပါးကြီးမြွေကြီး လည်ပင်းပတ် ဆင်းလာကာ တိရိစ္ဆာန် အစာဆိုင်ထဲ ဝင်သွားတာ တွေ့ဖူးပါတယ်၊ လျှပ်စစ်စောင်ကြီး တထည်လုံးကို မျိုချလို့ ခွဲစိတ်ပြီး ထုတ်ပေးတာလည်း ဖတ်ရပါတယ်၊ အဲ.. ဒီလို မွေးရင်းနဲ့ ၁နှစ်ကျော် လောက်လဲကြာရော ပိုင်သွန် ကလေးဟာ ၆ပေ ၇ပေကျော် ရှိလာပါတော့တယ်၊ အဲဒီကနေ တဖြည်းဖြည်းနဲ့ ကြီးလာတော့ သူ့ကို ထိမ်းဖို့ ခက်လာပါတယ်၊ အစာဖိုး တတ်နိုင်တယ် ထားအုံး ထိမ်းသိမ်းရတာက မလွယ်ကူလှပါဘူး၊ တချို့လည်း မှန်ကန်ကြီးတွေ လုပ်ပြီး ထားကြပါတယ်၊ ဒီလိုနဲ့ တနေ့မှာ မွေးထားတဲ့မြန်မာ စပါးကြီးမြွေ တကောင်က ခွေးပုလေးကို သခင်ရှေ့မှာဘဲ ကောက်ကာငင်ကာ ဖမ်းပြီး ရစ်ပတ် လိမ်ချိုးသတ်ပစ်ပြီး မျိုချလိုက်တော့ အားလုံးလန့်ဖျန့် ကုန်ပါတယ်၊ နောက်တခါ ဖလော်ရီဒါမှာဘဲ မွေးထားတဲ့ အယ်ဘီနို မြန်မာပိုင်သွန် တကောင် လှောင်အိမ်ကနေ လွတ်ပြီး အိပ်နေတဲ့ ၂နှစ် အရွယ်ကလေးကို သွားပြီး တိုက်ခိုက်နေတာ အသိနောက်ကျလို့ ကလေးသေ သွားပါတယ် ကလေးကို စမြိုဖို့ လုပ်နေတုန်း တွေ့သွားတာပါ၊ အဲ့ဒါတောင် မြွေက သိပ်မကြီးသေးပါဘူး၊ စာရေးသူ အထင်ပြောရရင် လှောင်ထားတဲ့ မြွေက ဗိုက်ဆာလို့ ဆိုးလာတာလားတော့ မသိနိုင်တော့ပါဘူး၊ သိရတာ တခုက အဲဒီ သတင်းက အမေရိကန် တနံတလျား တောမီးလိုပြန့်ပြီး မြန်မာပိုင်သွန် အမေရိကားမှာ ဆိုးသတင်း ပိုလို့ သတင်းမွှေး လာပါတယ်။

အဲဒီ အချိန်ကစပြီး တိရိစ္ဆာန် အလှမွေးမြူရေး ဥပဒေတွေ တင်းကြပ် လာပါတယ်၊ လိုင်စင်ကြေးတွေ တိုးလာပြီး စည်းကမ်းချက်တွေပို ထုတ်လာရပါတယ်၊ ဒါပေမယ့် နောက်ကျ သွားပါပြီ၊ အရင် မွေးသူတွေဟာ မြွေတွေ သိပ်ကြီးလာလို့ မထိမ်းသိမ်း နိုင်တော့ရင် အစိုးရ တိရိစ္ဆာန် ထိမ်သိမ်းရေး စခမ်းတွေမှာ အပ်နှံရတာ ဈေးကြီးလွန်းတော့ အလကားရတဲ့ တောထဲမှာ သွားလွှတ်လိုက်ကြ တော့တာပါပဲ၊ အထူးသဖြင့် ဖလော်ရီဒါက Everglades National Park ထဲမှာ လွှတ်ကြတယ်လို့ နောက်များမှ သိရပါတယ်၊ နောက်ပြီး မုန်တိုင်း တိုက်တုန်းက လွတ်သွားတဲ့ မြွေတွေလည်း ဆက်လက် ရှင်သန်နေကြမယ်လို့ ယူဆကြပါတယ်၊ သူတို့ရဲ့ ပတ်ဝန်းကျင်ဒေသ အသစ်နဲ့ လိုက်လျောညီထွေ နေနိုင်ကြတယ် ဆိုတာ နောက်ပိုင်းမှ သိရှိ လာရပါတယ်၊ ဖလော်ရီဒါ ကလည်း မြန်မာပြည်လို ပူအိုက် စွတ်စိုတာကိုး၊ အဲဒီကနေ ပြီးတော့ မြန်မာပိုင်သွန် တွေဟာ သူ့ဟာသူ မျိုးဆက်တွေ ပြန့်ပွား ကုန်ကြတော့တာပါဘဲ။

စိုးရိမ်စရာကတော့ Everglades ထဲမှာ စပါးအုံးမြွေ အသိုက်တွေတောင် ရှာတွေ့ လာရပါတယ်၊ ဒီမှာက တောပစ် ဥပဒေသတွေက တင်းကြပ်တာ တကြောင်း၊ သူတို့ များစွာ ရှင်သန်ခွင့် ရကြပါတယ်၊ မြန်မာပြည်မှာ ဆိုရင်တော့ သူတို့ ဒီလို လွတ်လပ်စွာ ရှင်သန်ကြီးထွားခွင့် ရှိပါ့မလား၊ တွေးမိသေး၊ မြွေဖမ်းသမားတွေက များက များနဲ့၊ ဈေးကလည်း ကောင်းတယ်၊ အဲ..အမေရိကား မှာတော့ မြန်မာ့ စပါးကြီးတွေ အေးအေးဆေးဆေး ကလေးတွေ မွေးပြီး နယ်မြေ တစတစ ချဲ့လာ နေလိုက်ကြတာ အမေရိကန်ဒေသခံ အကောင် ပလောင်လေးတွေ လည်း သူတို့အစာ ဖြစ်လာကြရပါပြီ၊ ဒါကို သဘာဝဝန်းကျင် ထိမ်းသိမ်း သူတွေက အတော်ကို စိုးရိမ် လာကြပါတယ်၊ အမေရိကားက ဒေသခံ အပူပိုင်း အဆိပ်ရှိ မြွေတွေနဲ့ အဆိပ် မရှိတဲ့မြွေ တချို့ဟာ ၇ပေ၊ ၈ပေ အထိ ရှိတတ်ကြပါတယ်၊ ဒါပေမယ့် အားကောင်းမောင်းသန် မြန်မာပိုင်သွန် တွေကတော့ သူတို့ကို အစာလို့ဘဲ သဘောထားမှာ သေခြာပါတယ်။

သူတို့ကို ယှဉ်ပြိုင် အနိုင်ယူပြီး သဘာဝ ဘက်မျှမှုကို ထိမ်းထားဖို့ ဒေသခံ တိရိစ္ဆာန် တမျိုးမျိုး လိုအပ်ပါတယ်၊ ဒီနေရာမှာ အများစုက အမေရိကန် မိကျောင်း (Alligator) တွေရှိတယ်လို့ ဆိုပါတယ်၊ မိကျောင်း Crocodile က ပါးစပ်ရှည်ပြီး Alligator ကတော့ ခေါင်းကြီးကြီး ပါးစပ်ပြဲပြဲနဲ့ပါ၊ ဟုတ်ပါတယ် ဖလော်ရီဒါ တဝိုက်က နွံအိုင်တွေမှာ မင်းမူ သူတွေက အယ်လီဂေတာ အမေရိကန်ဒေသခံ မိကျောင်းတွေပါဘဲ၊ သူတို့တွေက မြွေတွေကို ကိုက်ဖြတ်ဖမ်းစား တတ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီ မြွေတွေထဲမှာ မြန်မာ့ စပါးကြီးမြွေ ပါရဲ့လား ဆိုတာတော့ ဘယ်သူမှ အသေအခြာ မပြောနိုင်သေးပါဘူး၊ ပြောနိုင်တာ ကတော့ အဲဒီ မြန်မာ စပါးကြီးမြွေ တွေက အယ်လီဂေတာ တွေကိုပါ ဖမ်းစားတာကို တွေ့လာ ရလို့ပါပဲ။

ဖြစ်ပုံက ဒီလိုပါ.. ၁၃ပေ အရှည်ရှိတဲ့ မြန်မာပိုင်သွန် တကောင်က ၆ပေ ရှည်တဲ့ အယ်လီဂေတာ တကောင်ကို မြိုပြီးနောက် သူ့ဗိုက်ပွင့်ထွက်ပြီး သေသွားပါတယ်၊ ခေါင်းပြတ်နေတဲ့ မြွေအသေကြီးနဲ့ ဗိုက်ထဲကနေ တပိုင်းတစ ထွက်လို့နေတဲ့ မိကျောင်း ကိုကြည့်ပြီး ပြိုင်ဘက်ကို တိုက်ခိုက်အနိုင်ယူ မြိုချပြီးကာမှ မြွေဘာလို့ သေသွားတယ် ဆိုတာ အခုထိ အတိအကျ ဘယ်သူမှ ပြန်မပြောနိုင် ကြသေးပါဘူး၊ တချို့ကတော့ မိကျောင်းကို မြိုအချ အပြီးမှာ နောက် မိကျောင်းတကောင်က လာတိုက်ခိုက် လက်စားချေ သွားတယ်လို့ မှန်းဆဆိုပါတယ်၊ အခြားတယောက် ပြောတာကတော့ မဖြစ်နိုင်ဘူးတဲ့ မိကျောင်းကိုက်ရင် မြွေခေါင်းဟာ ဒီလိုပုံမျိုး မပြတ်နိုင်ဘူး ဆိုပါတယ်၊ ကျားသစ်လို အကောင် လာကိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဆိုကြတယ်၊ ဒါပေမဲ့လည်း ကျားသစ်က နွံအိုင်ထဲ အထိ ဆင်းလာပါ့မလား မဖြစ်နိုင်ပါဘူးတဲ့၊ နောက်တယောက် ကတော့ (ပါမောက္ခ တဦး) မိကျောင်းက မြိုအချခံရ ပြီးတဲ့ နောက်ဗိုက်ထဲမှာ သတိပြန်ရပြီး ရုန်းလို့ မြွေဗိုက်ကွဲ တာတဲ့၊ ဘာပဲ ပြောပြော၁၃ပေ မြန်မာစပါးကြီးမြွေက ၆ပေ အယ်လီဂေတာကို ဖမ်းစားတာတော့ တွေ့လိုက် ရပါပြီ၊ ဖလော်ရီဒါမှာ မင်းမူနေတဲ့ အမေရိကန် အယ်လီဂေတာ တွေတော့ပြိုင်ဘက် အသစ်နဲ့ သူသေကိုယ်သေ ရင်ဆိုင်ပြီး အစာလု စားနေရပါပြီ၊ ကံဆိုးရင် သူပါ အစာ ဖြစ်သွားပါအုံးမည်။

သူတို့တွေ တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေကို မျက်မြင်တွေ့သူတွေ ရှိပါတယ်၊ တိုက်ပွဲ တခုမှာတော့ မြန်မာပိုင်သွန် တကောင်ဟာ မိကျောင်းကြီးရဲ့ ပါးစပ်ထဲမှာ ကိုယ်လုံးတပိုင်း ဝင်လျှက်နဲ့ တိုက်ခိုက်ကြတာ ၂၄ နာရီကျော်တောင် ကြာတယ်တဲ့..နောက်တော့ နှစ်ကောင်လုံး မောပြီး တိုက်ပွဲကို အဆုံးသတ်ခါ သရေနဲ့ လမ်းခွဲ လိုက်ကြတယ်၊ အဲဒီလို မြန်မာ စပါးကြီးမြွေနဲ့ အမေရိကန် အယ်လီဂေတာတို့ရဲ့ တိုက်ပွဲ တခုကို အကောင်းဆုံး မှတ်တမ်း တင်ထားတာကို အွန်လိုင်းဝဘ်ဆိုဒ် ယူတုဘ် (သို့) Ojatro.com မှာ Python Battle ဆိုပြီး ကြည့်နိုင်ပါတယ်။

ကဲ..သူတို့တွေ ဘယ်လောက် ဖလော်ရီဒါမှာ ပတ်ပြီး ကြမ်းနေကြသလဲ ဆိုတာ ကိုတော့ သိလောက်ပါပြီ၊ သူတို့တွေက ဖလော်ရီဒါ မှာတင်နေမှာ မဟုတ်ပါဘူး နယ်မြေတွေ ချဲ့ထွင်နေမှာ သေခြာပါတယ်၊ ဒါကြောင့် ဒီမြန်မာ့ စပါးကြီးမြွေတွေ ဘယ်အချိန်မှာ ဘယ်လောက် အထိအမေရိကားမှာ ပြန့်နှံ့သွားမလည်း ဆိုတာကို ခန့်မှန်းချက် မြေပုံမှာ ကြည့်နိုင်ပါတယ်၊ နောင်ဆိုရင်တော့ တက္ကဆက်ကို ဖြတ်ပြီး ကာလီဖိုးနီးယား အထိတောင် ရောက်လာပါလိမ့်မယ်၊ ကံကောင်းတာ ကတော့ သူတို့ အအေးပိုင်းတော့ သွားမှာ မဟုတ်လို့ပါ၊ အခု တော့ ဗဟိုအစိုးရက သူတို့ကို ထိမ်းချုပ်ဖို့ ဒေါ်လာသန်း၂၀၀ ဘက်ဂျက် ချပေးမယ်လို့ ဖတ်လိုက် ရပါတယ်၊ တချို့ကလည်း ထိမ်းချုပ်ဖို့ သိပ်နောက်ကျ သွားပြီလို့ ဆိုပြန်တယ်။

တချို့ကတော့ ဒီ မြန်မာပိုင်သွန်တွေ ဖလော်ရီဒါ နွံအိုင်ဒေသကို မင်းမူနိုင်နေရင်၊ အမေရိကန် ရာသီဥတုကို လိုက်လျော ညီထွေ နေနိုင်တာတွေကို ကောက်ချက်ချပြီး၊ အမေရိကန် ပိုင်သွန်လို့ နာမည် ပြောင်းလိုက်ဖို့ (အလွတ်) အဆိုပြု ကြပါတယ်၊ တချို့ကလည်း Burmese Python လို့ ခေါ်မဲ့အစား Python လို့ ဘဲခေါ်ဖို့ အဆိုပြုပြန်ပါတယ်၊ ဒါပေမယ့်လည်း ပိုင်သွန် အမျိုးကွဲ ချည်းဘဲက ၃၂ မျိုးလောက် ရှိတာဆိုတော့ ဒီလို ခေါ်လို့လည်း မဖြစ်တန်ရာပါ၊ Python လို့ဘဲ ဖော်ပြထားတာ တွေ့ဖူးသလို၊ အချို့ကလည်း ( ဆောင်းပါးတခုမှာ ငါ့မှာ ၁၂ပေရှည်တဲ့ ဘားမိ(စ်) ရှိတယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ် ) Burmese လို့ ချစ်စနိုး တင်စားခေါ်တာ ဖတ်ရဖူး ပါတယ်။

ဒီတော့ အမေရိကားမှာ ဘားမိ(စ်)တွေ တကယ် နယ်ချဲ့နေပြီလော ဟူ၍သာ!
ရန်မျိုး