Monday, October 19, 2009

DVBYV - Min Ko Naing's 47th birthday tribute

ဗွီဒီယိုဖိုင်ရယူရန်

19 Oct ဒိုင်ယာရီ

http://ifile.it/k3q6s5z

19 Oct news

မိဘတို့နှင့် ကွဲကွာခြင်း ကင်းကြပါစေ



ဧကသီ
တနင်္လာနေ့၊ အောက်တိုဘာလ 19 ရက် 2009 ခုနှစ် 16 နာရီ 51 မိနစ်

မိဘနဲ့ ဝေးရ၊ ခွဲရမှာကို အလွန်ကြောက်ခဲ့တယ်။ ငယ်တုန်းက မိဘတွေကနေ ရွာဦးဘုန်းကြီးကျောင်းမှာ ကိုရင် ဝတ်စေခဲ့ပါတယ်။ မိဘနဲ့ မခွဲနိုင်လို့ ညအိပ်ရင် အိမ်ပြန်အိပ်ရတာပေါ့။ နောက်တော့ … 'ကိုရင်ဆိုတာ အိမ်မှာ မအိပ်ကောင်းဘူး၊ ငရဲကြီးတတ်တယ်' လို့ ရွာဦးဘုန်းကြီး မိန့်ဆိုတာနဲ့ နောက်ရက်တွေမှာ ကျောင်းမှာပဲ အိပ်တော့တယ်။ မနက်ရောက်တော့ အမေတို့ဆီသွားပြီး 'လူထွက်မယ်' ပြောတော့၊ အမေက 'မထွက်ပါနဲ့ ကိုရင်ရယ်။ လူထွက်ရင် ဆင်းရဲလိမ့်မယ်။ အခုလို သင်္ကန်းဝတ်နေတော့ အမေတို့လည်း ကုသိုလ်ရတယ်' တဲ့။ အမေတို့ စိတ်ချမ်းသာအောင် ကိုရင်လူထွက်ရေး အစီအစဉ် ပျက်ခဲ့တယ်။

၁၃ နှစ်သားအရွယ်မှာ မိဘနဲ့ ခွဲပြီး မကွေးစာသင်တိုက်မှာ ပရိယတ္တိစာပေသင်ဖို့ ရွာဦးဘုန်းကြီးကိုယ်တိုင် လိုက်ပို့တယ်။ ဘယ်လိုမှ မပျော်ခဲ့ဘူး။ နေ့ရှိသရွေ့ မိဘကိုပဲ သတိရနေမိတယ်။ နွေရာသီ ကျောင်းပိတ်ရက် အမြန်ရောက်ပါစေဆိုပြီး ရက်တွေလတွေ နေ့တိုင်း ရေတွက်မိတယ်။ တပေါင်းလ ကျင်းပတဲ့ စာမေးပွဲပြီးတာနဲ့ ရွာကို အမြန်ပြန်ခဲ့တယ်။ မိဘကလည်း သား ပြန်လာတာဆိုတော့ ဝမ်းသာအားရ ပီတိဖြာလို့ပေါ့။

အမေက 'ကိုရင် စာသင်ရတာ အဆင်ပြေရဲ့လား။ စားရေးသောက်ရေး အဆင်ပြေလား။ အဆင်မပြေရင် အမေတို့ကို ပြောပါ။ စာမေးပွဲရော ဖြေနိုင်လား။ စာကို ကြိုးစားပါ။ ဘုန်းကြီးဝတ်လည်း စာတတ်မှ။ စာမတတ်ရင် လူတောမတိုးဘူး ကိုရင်။ လူ့ဘဝလည်း ဒီအတိုင်းပဲ။ စာမတတ်ရင် အောက်ကျနောက်ကျ နေရတယ်။ အမေတို့က ဆင်းရဲတယ်။ စာလည်း လည်လည်ဝယ်ဝယ် မတတ်ဘူး။ ကိုရင်ကို အမေတို့လို မဖြစ်အောင်လို့ပါ' တဲ့။

နွေရာသီ ကျောင်းပိတ်ကာလမှာ အမေတို့ဆီသွားလိုက်၊ ကျောင်းပြန်လာလိုက်နဲ့ အလွန်ပျော်ပါတယ်။ ရွာနဲ့ တနှစ်ကျော် ဝေးနေတာဆိုတော့ တရက်နဲ့ တရက် ကုန်ဆုံးမှာတောင် မရေတွက်မိဘူး။ စာသင်တိုက်ပြန်ဖို့ ရက်က တဖြည်းဖြည်း နီးကပ်လာပြီဆိုတော့ စိတ်ထဲမှာ အသိတခု ဝင်လာတယ်။ 'သြော် … ငါ အမေတို့နဲ့ ခွဲရဦးမှာပါလား' ဆိုတဲ့အသိ။ ပြန်မယ့်ရက်ရောက်တော့ အမေကိုယ်တိုင် ကားဂိတ်လိုက်ပို့တယ်။ တလမ်းလုံး အမေက မေတ္တာစကားတွေနဲ့ မှာကြားပါတယ်။ 'လိမ်လိမ်မာမာနဲ့ စာကြိုးစား။ ကျန်းမာရေးလည်း ဂရုစိုက်။ အရေးအကြောင်းရှိရင် အမေတို့ဆီ စာရေးလိုက်' နဲ့ပေါ့။ ကားဂိတ်ရောက်တော့ အမေ့ခမျာ တဘက်လေး ပခုံးတင်ပြီး၊ ကန်တော့တယ်။ မျက်ရည်ကျနေတဲ့ အမေ့မျက်နှာကို အခုထိ မေ့လို့မရဘူး။

ပြန်သာပြန်ခဲ့ရတာ အတော်ဝမ်းနည်းတယ်။ ကျောင်းရောက်တော့ ဆရာတော်က စာမေးပွဲအောင်တဲ့အကြောင်း ပြောပါတယ်။

မကွေးစာသင်တိုက်မှာ ၂ နှစ် ဆက်တိုက်အောင်ပြီး ၂ဝဝ၅ ခုနှစ်မှာ ရန်ကုန်ကိုပြောင်းပြီး စာသင်ခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ တခြား ဘာမှစိတ်မဝင်စားဘဲ အမေမှာတဲ့ စကားတွေ၊ ကြိုးစားရမယ့် အကြောင်းတွေကို သတိရတယ်။ စာတတ်မှဖြစ်မယ်ဆိုတဲ့ အသိတရားကြောင့် စာကိုပဲ ကြိုးစားပါတယ်။

နောက်အသိတခုက ရွာဦးကျောင်း ဘုန်းကြီးစကားပါ။ 'ကိုရင် … မင်း ရွာမှာနေချင်ရင် စာမေးပွဲအောင်ဖို့ မလိုဘူး။ စာတတ်ဖို့ပဲ လိုတယ်။ ကိုယ်သင်နေတဲ့စာကို တတ်အောင်ကြိုးစားပါ။ ကိုရင်နေတဲ့ အင်းစိန် စာသင်တိုက်ကြီးက သံဃာလည်း အများကြီးပဲ။ ကျောင်းတိုက်ကလည်း အလွန်ခမ်းနားထည်ဝါလှတယ်။ အနယ်နယ် အရပ်ရပ်က သံဃာတွေလာပြီး စာသင်နေကြတာ။ စည်းကမ်းလည်း အလွန်ကြီးတယ်။ စာချဆရာတော်တွေလည်း စာသင်တာ အလွန်ကောင်းပါတယ်။ ဆရာတော် ဦးတိလောကဆိုရင် စာချတဲ့အခါမှာလည်း စာသင်သားတွေ နားလည်အောင် ပို့ချတယ်။ သံဃာတွေအပေါ်မှာလည်း မေတ္တာထားတယ်။ ဆရာတော် အမြဲပြောတာက ညီညီညွတ်နေကြ၊ စာကြိုးစားကြ၊ အားလုံး စာကြိုးကြပါတယ်' တဲ့။

ဒီလိုနဲ့ တနှစ်တကြိမ် ကျင်းပတဲ့ စာမေးပွဲ ရောက်လာပါတယ်။ စာမေးပွဲဖြေပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ၂ လခွဲလောက် ပြန်ရပါတယ်။ ရွာရောက်တော့ အမေနဲ့ အဖေ့ကို ကျန်းကျန်းမာမာ တွေ့ရတော့ ဝမ်းသာတယ်။ အမေက … 'ကိုရင် အသက် ၂ဝ ပြည့်ပြီ။ ရဟန်းဘောင် တက်ရအောင်။ အမေတို့ကပဲ ရဟန်း ဒကာ၊ ဒါယိကာမအဖြစ် ခံယူမယ်' လို့ ဆိုခဲ့ပါတယ်။

ဒီလိုနဲ့ ရဟန်းဘဝကို ရောက်ခဲ့ပါတယ်။ ရဟန်းဘဝနဲ့ ရွာမှာ ကျောင်းပိတ်ကာလ ကုန်ဆုံးအောင်နေပြီး၊ ရန်ကုန် ပြန်ခါနီး အမေက 'ဦးဇင်း … စာကြိုးစားနော်။ အမေနဲ့ အဖေက အသက်ကြီးပြီ။ ရွာဦးဘုန်းကြီး ပြောတယ်။ နင့်သားကို စာကြိုးစားခိုင်း၊ ရွာပြန်နေရတော့မယ်လို့ ပြောလိုက်' တဲ့။ အမေတို့ဆီက စကားကြားရတာ၊ အလွန်ပျော်ပါတယ်။ ရန်ကုန်ပြန်ရောက်တော့ စာမေးပွဲအောင်စာရင်းတွေ ထွက်နေပါပြီ။ သံဃာတွေ ဝိုင်းအုံကြည့်နေတဲ့ဆီကို ပြေးပြီး၊ အောင်စာရင်း လိုက်ရှာနေတုန်း ဘေးနားက ဦးဇင်းတပါးက 'ရှာမနေနဲ့ မင်း စာမေးပွဲအောင်တယ်' တဲ့။ ဘေးက ပြောတာကို အားမရသေးဘူး။ ကိုယ်တိုင်ရှာတွေ့မှ အတော် ပျော်သွားတယ်။ 'ငါ .. ရွာပြန်နေရတော့မယ်ဟေ့' လို့။ တချက်အော်လိုက်သေးတယ်။ ဖြစ်ပုံက …။

အောင်စာရင်းတွေ ထွက်ပြီးတာနဲ့ ၂ဝဝ၇ စာသင်နှစ်ကို ရောက်လာပြီး ဆက်သင်ခဲ့ပါတယ်။ အရင်နှစ်တွေထက် ပိုပြီးကြိုးစားရပါတယ်။ သံဃာတွေလည်း ဒီနှစ်မှာ အရင်နှစ်ကထက် ပိုများလာပါတယ်။ အားလုံး တည်ငြိမ်စွာ ပရိယတ္တိစာပေကို သင်နေတဲ့အချိန် သတင်းဆိုးတခု ကြားလိုက်ရတယ်။ ပခုက္ကူသံဃာတွေကို စစ်တပ်က ရိုင်းစိုင်းစွာ စော်ကားတဲ့ သတင်းပါပဲ။ ကျောင်းထဲက သံဃာတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ နောက်တခုက သံဃာတွေ ဆွမ်းခံကြွတဲ့အခါ ဆွမ်း၊ ဆွမ်းဟင်း မပြည့်စုံတာရယ်၊ နေ့တိုင်း ဒကာ၊ ဒါယိကာမတွေရဲ့ ကုန်ဈေးနှုန်းကြီးလို့ ညည်းညူသံတွေ ကြားနေရတော့ သံဃာတွေခမျာ ဆွမ်းခံသွားဖို့ အခက်အခဲ ဖြစ်လာတော့တယ်။ ရန်ကုန်မြို့ သံဃာနဲ့ လူထုတွေလည်း ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းမပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာရှင်က လူမဆန်စွာ ရိုက်နှက်စော်ကားကြတယ်။

ဒီသတင်းတွေကြားတော့ ပိုပြီး မခံမရပ်နိုင်ဖြစ်ကြတယ်။ သံဃာတွေဟာ နိုင်ငံရေးအကြောင်းတွေကို နားလည်လို့ မဟုတ်။ ဒကာ၊ ဒါယိကာမတွေ ဒုက္ခရောက်နေတာရယ်၊ ဘာသာ သာသနာကို စော်ကားတာတွေ၊ မျှတမှုမရှိတဲ့ အာဏာရှင်ဆီက ငြိမ်းချမ်းစွာ မျှတမှုကို တောင်းခံတာပါပဲ။ မျှတမှုကို မပေးတဲ့အပြင် ရက်စက်ယုတ်မာ လိုက်ကြတာ။ မြင်ရသူတိုင်း ရင်နင့်စရာ ဖြစ်မိတယ်။ အင်းစိန်ကျောင်းတိုက် သံဃာတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး၊ မျှတမှုအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေတာကို သံဃာတွေ အုပ်စုကွဲအောင် ရိုက်နှက်ပစ်ခတ်ကြတယ်။ သံဃာတွေခမျာ မြင်မကောင်း၊ ရှုမကောင်း သွေးအလိမ်းလိမ်းနဲ့ လဲသူ လဲ၊ ကွဲသူ ကွဲ၊ သေသူတွေ အများအပြားပဲ။ တချို့လည်း ပြေးရင်းလွှားရင်း ဘယ်ရောက်မှန်းမသိ ခြေဦးတဲ့ရာ ပြေးကြတာ၊ ကျနော်လည်း အပါအဝင်ပါပဲ။

ပြေးရင်းလွှားရင်း ရောက်လိုက်တဲ့ ဒုက္ခတွေ၊ ရဟန်းဖြစ်ပြီး အစာမစားရတဲ့ ရက်တွေလည်း အများအပြားပါ။ ရေးလို့ပြောလို့ ကုန်မယ်မထင်ဘူး။ ထိုင်းနိုင်ငံ နယ်စပ်တနေရာရောက်မှ ငါ့ဘဝ ကံကောင်းတယ်လို့ မှတ်ယူမိတယ်။ ဒါပေမဲ့ ယူကြုံးမရ ဖြစ်မိတာက မြန်မာမှာ ကျန်ခဲ့တဲ့ မိဘတွေ၊ သားဦးဇင်းပျောက်လို့ ရှာပုံတော် ဖွင့်နေလောက်ပြီ။ ဗေဒင်မေး၊ ယတြာချေ၊ မြို့ကပြန်လာသူတိုင်း သားဦးဇင်းကို မတွေ့ခဲ့ဘူးလားဆိုပြီး အရူးတယောက်လို မေးနေမှာ သေချာပါတယ်။ အသက်အရွယ်ရလာတဲ့ မိခင်ဖခင်တို့ ကျန်းမာစွာနဲ့ ရှိမှ ရှိသေးရဲ့လားလို့ အမြဲပဲ တွေးတောပူပင်ရတယ်။ ဘဝဆက်တိုင်း အမိအဖနဲ့ ဝေးကွာခြင်း ကင်းရပါလိုတယ်။ အနှစ်နှစ်အလလ မနားမနေ ကြိုးစားခဲ့ရတာ။ 'ငါ .. တနေ့ ရွာမှာနေရရင် အသက်အရွယ်ကြီးလာတဲ့ မိဘတွေကို ကြည့်ရှုစောင့်ရှောက်မယ်' လို့ ရည်ရွယ်ခဲ့တာပါ။

အခုတော့ ရည်ရွယ်ချက်တွေ ပျက်တဲ့အပြင် အသက်အရွယ် အိုမင်းလာတဲ့ မိဘတွေ လူ့လောကမှာ ရှိသေးရင် သားအတွက် ပူပင်သောက ရောက်နေမှာ။

မိခင်ဖခင်တို့ ကျန်းမာကြပါစေ။ ဘဝဆက်တိုင်း ဘယ်သောအခါမှ မိဘတွေနဲ့ ဝေးကွာခြင်း ကင်းရပါလိုတယ်။ အာဏာရှင်တွေ နှောင့်ယှက်မှုကြောင့် မိဘတွေ၊ သားသမီးတွေ ကွဲကွာနေကြတာ အများကြီးပါ။ အာဏာရှင်တွေ မကျဆုံးသရွေ့ ထပ်ပြီး ဝေးကွာမှုတွေ ရှိနေဦးမှာပါပဲ။ အဲဒီ အာဏာရှင်တွေ အမြန်ဆုံး ကျဆုံးပါစေ။ ကွဲကွာနေတဲ့ သားသမီးတွေနဲ့ မိဘတွေ ပြန်လည်ပေါင်းစည်းနိုင်ကြပါစေ ….။

http://www.mizzimaburmese.com/edop/songpa/4027-2009-10-19-10-38-38.html

ကဲ … ယုံချင် ယုံ၊ မယုံချင်နေ အပိုင်း - ၃




မင်းလွင်ဦး
တနင်္လာနေ့၊ အောက်တိုဘာလ 19 ရက် 2009 ခုနှစ် 18 နာရီ 01 မိနစ်


Minlwins

ရဲစခန်းက ရဲတွေနဲ့ ဥပဒေအရာရှိတွေကို အမှုတင်ဖို့၊ ငွေပေးဖို့လိုကြောင်း အရင်အပိုင်းမှာ ရှင်းပြပြီးပါပြီ။ ဒီအပတ်မှာတော့ တရားရုံးကို ရောက်လာတဲ့အခါ ဘယ်လို ထပ်မံကုန်ကျရဦးမယ်ဆိုတာကို ပြောပြမှာပါ။

ရဲစခန်းက အမှုကို တရားရုံးမှာ စစ်ဆေးဖို့ တင်ပို့တဲ့အခါ ဥပဒေကို တတ်ကျွမ်းနားလည်တဲ့ ရှေ့နေတွေအတွက် စိုးရိမ်စရာမရှိပေမယ့်၊ ရဲစခန်းနဲ့ပေါင်းပြီး လုပ်စားနေရတဲ့ အပိုင်စားရှေ့နေ၊ မြို့နယ်တရားသူကြီးနဲ့ ပေါင်းပြီး ရိုက်စားနေတဲ့ ရှေ့နေတွေအတွက်တော့ ဒီအဆင့်မှာ တော်တော်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့နယ်တရားသူကြီးက နေ့စဉ်တင်လာတဲ့ အမှုတွေအနက် ဘယ်အမှုကိုတော့ ဒီနေ့တာဝန်ယူရမယ့် ဘယ်တရားသူကြီးက စစ်ဆေးစီရင်စေ၊ ထောင်ဒဏ် ၃ နှစ်အောက် အမှုတွေကို ဘယ်တရားသူကြီးက စစ်ဆေးစီရင်စေ၊ ထောင်ဒဏ်မချဘဲ ဒဏ်ငွေတပ်ရိုက်မယ့် ကိစ္စကတော့ဖြင့် လုပ်သက် ၇ နှစ်အောက်ရှိတဲ့ ဘယ်တရားသူကြီးက စစ်ဆေးစီရင်စေ စသဖြင့် ခွဲဝေပေးရတယ်။

ဒီအခါ အစောက အပိုင်စားရှေ့နေတွေအနေနဲ့ မိမိနဲ့အဆင်ပြေတဲ့၊ လက်ဝါးရိုက်ထားတဲ့ တရားသူကြီးလက်ထဲကို ကိုယ့်အမှုရောက်ဖို့ အရေးကြီးတယ်။ ကိုယ်နဲ့အဆင်မပြေတဲ့ တရားသူကြီးလက်ထဲ ရောက်သွားရင် အမှုစစ်ဆေးတဲ့အခါမှာ၊ သက်သေခံတွေ တင်သွင်းတဲ့အခါမှာ ပြဿနာ ဖြစ်သွားနိုင်တယ်လေ။ ကိုယ်ကိုယ်တိုင်ကလည်း ဥပဒေကိုတတ်ကျွမ်းလို့ အသက်မွေးဝမ်းကျောင်း ပြုနေတာ မဟုတ်ဘဲ ဝေစားမျှစားနဲ့ အသက်ဆက်နေရတဲ့ သူဆိုရင် ဒီအဆင့်က အဲဒီလိုရှေ့နေတွေအတွက် အလွန်အရေးပါတယ်။ ကိုယ့်ကို ဖေးမပေးမယ့် တရားသူကြီးမရှိရင် အမှုသည်ကို ပြောထားတဲ့အတိုင်း၊ ကတိပေးထားတဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်လေ။

တခါတလေမှာ အမှုသည်ကို စစ်ဆေးစီရင်နေတဲ့ တရားသူကြီးက ဘယ်အကျိုးဆောင်ကို ငှားပါလို့ တိုက်ရိုက်ညွှန်ပြတာလည်း ရှိတယ်။ စေတနာနဲ့ ကူညီတယ်လို့ မထင်နဲ့။ သူနဲ့ လက်ဝါးရိုက်ထားတဲ့ ရှေ့နေကို ငှားရင် သူက ကော်မရှင်ရမယ်။ ဒီနေရာမှာ ကော်မရှင်က ၄ဝ % ကနေ ၆ဝ % အထိ ရှိတတ်ပါတယ်။ အမှုတန်ဖိုးလို့ခေါ်တဲ့ အမှုအသေးအကြီးပေါ်မှာ မူတည်ပြီး တရားသူကြီးနဲ့ အပိုင်စားရှေ့နေတို့ ခွဲဝေယူကြတာပါ။

တရားသူကြီးကို အိတ်ထဲထည့်ထားနိုင်ပြီမို့ ဘာလိုသေးလဲ။ ဘာမှ ဂရုစိုက်စရာ မလိုတော့ဘူးလို့ တထစ်ချ မမှတ်ယူလိုက်ပါနဲ့ဦး။ ပေးရမယ့်လူနဲ့ ငွေက မကုန်သေးပါဘူး။ နေရာတိုင်းမှာ လူတိုင်းက တခုမဟုတ်တခု၊ တနည်းမဟုတ်တနည်း အရေးပါနေကြတာပါ။ မိမိအမှုကို စစ်ဆေးတဲ့အခါ လုံလောက်တဲ့ အချိန်လိုတယ်။ ဒါမှလည်း မိမိဘက်က တင်ပြလိုတဲ့ကိစ္စတွေကို စုံလင်အောင် တင်ပြနိုင်မှာဖြစ်တယ်။ တော်ကြာ ရုံးချိန်ကုန်ခါနီးမှ အမှုကို စစ်ဖို့ခေါ်ရင် လုံလောက်တဲ့အချိန်လည်း မရတဲ့အတွက် နောက်ရုံးချိန်းကို ထပ်လာရမယ်။

အစစ်ခံမယ့် သက်သေကိုလည်း ခရီးစရိတ်၊ နေ့တွက်စရိတ် ထပ်ပေးရမယ်။ သမ္မာန်စာဆင့်တဲ့ သူကိုလည်း သမ္မာန်စာ အတည်ဖြစ်ဖို့အတွက် ခြေကြွခ ထပ်ပေးရမယ်။ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေမင်း ရုံးကို အချိန်မီလာဖို့ ကားငှားခတွေ ထပ်ကုန်မယ်။ ကိုယ့်အမှုကို စစ်ဆေးဖို့ခေါ်ယူမဲ့အချိန်မရောက်မီ၊ အကျိုးဆောင်နဲ့ သက်သေတွေ ကြည်ကြည်သာသာ ဖြစ်နေစေဖို့ အစစအရာရာ ကိုယ်တိုင် တာဝန်ထားရတယ် မဟုတ်လား။

အထက်မှာ ဖော်ပြခဲ့တဲ့ သက်သေအတွက် ခရီးစရိတ်၊ နေ့တွက်စရိတ်နဲ့ သမ္မာန်စာဆင့်ဖို့ ကိစ္စတွေအတွက် တရားရုံးများလက်စွဲမှာ ဖော်ပြထားတာက ပြစ်မှုဆိုင်ရာ အမှုတွေအတွက် တရားရုံးက နိုင်ငံတော် စရိတ်နဲ့ ကုန်ကျခံရမှာပါ။ ဒါပေမဲ့ အစိုးရက ခွင့်ပြုထားတဲ့ငွေကို တရားရုံးက ထုတ်ပေးတယ်လို့ ကျနော်တို့ မကြားဖူးပါဘူး။

ဘယ်သက်သေကလည်း တရားရုံးမှာ သက်သေအတွက် ထိုက်သင့်တဲ့ ခရီးစရိတ်၊ နေ့တွက်စရိတ်တွေကို မတောင်းပါဘူး။ တရားရုံးက ထုတ်ပေးမယ့် စရိတ်ထက် သူတို့ကို ပြန်ပေးရမယ့် ငွေက ပိုများနေလို့ ဘယ်သက်သေမှလည်း စိတ်မဝင်စားဘူး။ ဒါပေမဲ့ အဲဒီငွေတွေကို စိတ်ဝင်စားသူတွေကတော့ ဘီးလစ်စာရေးလို့ခေါ်တဲ့ တရားရုံး ငွေထိန်းစာရေးကြီးက သိပ်စိတ်ဝင်စားပါတယ်။

တမှုချင်းအလိုက် ပေးရမယ့် ငွေက ဘာမှမများပေမယ့် တလစာ ဒါမှမဟုတ် တနှစ်စာအတွင်း စစ်ဆေးစီရင်ခဲ့တဲ့ အမှုတွေ၊ သက်သေတွေရဲ့ ခရီးစရိတ်၊ နေ့တွက်စရိတ်တွေကို ပေါင်းလိုက်ရင် နည်းတဲ့ငွေတွေလား။ အဲဒီငွေတွေကို ဘီးလစ်က ဦးစီးပြီး မြို့နယ်တရားသူကြီးရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတော်ဘဏ္ဍာကို ထုတ်ယူနေတာပါ။ မြို့နယ်တရားရုံး တရုံး နေ့စဉ်ပုံမှန်လည်ပတ်ဖို့အတွက် အဓိက တာဝန်ယူဆောင်ရွက်နေတာက တရားခွင် စာရေးနဲ့ ဘီးလစ်စာရေးလို့ခေါ်တဲ့ ငွေထိန်းစာရေးကြီးပါ။ မြို့နယ်တရားသူကြီး မဟုတ်ပါဘူး။

တခါတခါ စာရေးတွေ သင်ပေးတဲ့အတိုင်း မလုပ်လို့ ပညာပြခံရတဲ့ တရားသူကြီးတွေလည်း ရှိပါတယ်။ တရားသူကြီးပေါက်စ ဆိုရင်တော့ ရှေ့ပတ်စာရေးလို့ခေါ်တဲ့ တရားခွင်စာရေးနဲ့ ဘီလစ်စာရေးကြီးဆီမှာ ဦးစွာ ပညာသင်ကြားရပါတယ်။ တရားသူကြီးပေါက်စဆိုတော့ အမှုကြီးတွေကို မစစ်ရ၊ ဒဏ်ငွေလောက်သာ တပ်ရိုက်နိုင်တဲ့ မော်တော်ယာဉ်မှု၊ ဧည့်စာရင်းမှု၊ လမ်းဘေးဈေးသည်မှု စတာတွေလောက်ကိုပဲ စစ်နေရတာလေ။

ဘယ်ဝင်ငွေမှန်ပါ့မလဲ။ အဲဒီတော့ အစောက စာရေးကြီးတွေ သင်ပေးတဲ့အတိုင်း လုပ်မှ နေ့စဉ်ဝင်ငွေ မှန်မှာလေ။ ကိုယ်က အမှန်အတိုင်း လျှောက်လုပ်နေရင် အိမ်မှာရှိတဲ့ မိန်းမနဲ့ ကလေးတွေ ဘာနဲ့စားကြမလဲ။ ဒီတော့လည်း အများမိုးခါးရေသောက်သလို .. ကိုယ်ကလည်း လိုက်သောက်လိုက်ရတာပဲ။

၁၉၈၈ မတိုင်ခင်က မြို့နယ်တရားရုံးတွေကို အမှီပြုပြီး အသက်မွေးနေတဲ့ ဆိုက္ကားနင်းတဲ့သူတွေဆို အတော်အသင့်ကောင်းတဲ့ တိုက်ပုံအင်္ကျီတထည်၊ ပုဆိုးတထည်နဲ့ မှတ်ပုံတင်ကို ပလပ်စတိတ်အိတ်နဲ့ ထည့်ပြီး ထိုင်ခုံအောက်မှာ အမြဲဆောင်ထားကြတယ်။ ဒါက အပိုဝင်ငွေအတွက်ပါ။ တရားရုံးမှာ မိဘသဘောမတူလို့ လက်ထပ်ဖို့လာတဲ့သူတွေ၊ အာမခံပေးရမယ့် အမှုတွေမှာ အာမခံပေးမယ့်လူ အဆင်သင့်မရှိရင် အာမခံပေးဖို့ လက်မှတ်ထိုးတဲ့အခါ ဝတ်ဖို့ပါ။ ၁၉၈၈ မတိုင်ခင်ကတော့ မင်္ဂလာဆောင်သက်သေဆို ၅ဝ ကျပ် အနည်းဆုံး။ အာမခံအတွက်ဆို ကျပ် ၃ဝဝ ကနေ အထက်ပေါ့။ အခုချိန်မှာတော့ အဆ ၅ဝဝ လောက်နဲ့ မြှောက်ရမှာပေါ့။

ကုန်ဈေးနှုန်းကလည်း ကြီးလာပြီမဟုတ်လား။ ကိုယ်လိုက်ပါ လက်မှတ်ထိုးတားတဲ့ ကိစ္စက အမှုအခင်း ဖြစ်လာတဲ့အခါမှာလည်း ထပ်ပေးရသေးတာပဲ။ ဒါကြောင့် သိတာ မသိတာ အသာထား၊ လတ်တလော ဝမ်းရေးအတွက် ဖြေရှင်းလိုက်ရတာပဲ။

နောက်ပိုင်း အမှုအခင်းဖြစ်လာတဲ့ အခါကျတော့လည်း တခါတလေ ပေးထားတဲ့ လိပ်စာက ပြောင်းသွားလို့ သမ္မာန်စာ အတည်မဖြစ်ဘူးလို့ သမ္မာန်စာချတဲ့သူက တရားရုံးကို ပြန်အစီရင်ခံလိုက်ရင်လည်း ပြီးသွားတာပဲလေ။ ခက်တာမှတ်လို့။ တရားရုံး တရားသူကြီးကလည်း ဘယ်သူက ဘယ်အမှုမှာ သက်သေအဖြစ် လက်မှတ်ထိုးထားတယ်ဆိုတာ မှတ်ထားတာမှ မဟုတ်ပဲ။

တရားခွင်စာရေးဆိုပြီး မခန့်လေးစားတော့ မဆက်ဆံနဲ့ မှားသွားလိမ့်မယ်။ သူကလည်း သူ့ဂွင်မှာ သူဘုရင်ပဲ။ ပညာပြလို့ရတဲ့ ကိစ္စတွေက များတယ်။ တရားရုံးက အမှုစစ်ဖို့ ချိန်းထားတဲ့အချိန်မှာ လိုက်ပါဆောင်ရွက်မယ့် ရှေ့နေက အခြားတရားရုံးမှာလည်း အမှုစစ်ဆေးဖို့ ချိန်းဆိုထားတယ်ဆိုပါစို့။

အဲဒီအခါမှာ ရှေ့ပတ်စာရေးဆိုတဲ့ ကိုယ်တော်လေးကို ဘယ်အချိန်လောက်မှ အမှုကို စစ်ဖို့ ခေါ်ပါ၊ တခြားမှာ အမှုစစ်စရာ ရှိနေလို့ဆိုပြီး ငွေသာ မစလိုက်။ အဲဒီရှေ့နေ လာနိုင်မယ့် အချိန်ရောက်မှ အဲဒီအမှုကိုစစ်ဖို့ ခေါ်ပါလိမ့်မယ်။ တဖက်က ရှေ့နေနဲ့ အမှုသည်တွေကတော့ ရုံးချိန်အမီလာ၊ အမှုခေါ်တဲ့အထိ စောင့်ပေတော့။ အဲဒီကာလအတွင်း ကုန်ကျမယ့် စရိတ်ကို သက်ဆိုင်တဲ့ အမှုသည်က အကုန်ခံပေတော့။

တခါတရံ ပြစ်မှုဆိုင်ရာ အမှုတွေမှာ တရားလိုအဖြစ် ဆောင်ရွက်တဲ့ နိုင်ငံတော်က ဆောင်ရွက်တဲ့အမှုတွေမှာ သက်သေအဖြစ် လာရောက်ထွက်ဆိုမယ့် သူကို တရားခံဘက်က ခရီးစရိတ်ပေးပြီး ခေါ်ရတာမျိုးလည်း ရှိပါတယ်။ အံ့သြသွားလား။ ကိုယ့်ကိုထောင်ချမယ့် သက်သေကို ကိုယ်က ငွေကုန်ခံခေါ်ရတယ်လို့။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ပဲ၊ မကြားဖူးတာ အကုန်ဖြစ်တယ်။

ဥပမာ - မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေတွေအရ အရေးယူခံရတဲ့ အမှုတွေမှာ ဓာတုဗေဒ အစီရင်ခံစာ၊ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိ သက်သေထွက်ချက်ပေးမယ့် ဆရာဝန်တွေရဲ့ သက်သေထွက်ချက်က အမှုကို စစ်ဆေးစီရင်တဲ့အခါ လွန်စွာမှပင် အဓိကကျတယ်။

အဲဒီလိုသက်သေမျိုးကိုတော့ ငွေကြေးတတ်နိုင်တဲ့ တရားခံတွေဘက်က အကုန်အကျခံပြီး အမှုမှာ လာရောက်သက်သေခံထွက်ဆိုဖို့ ပင့်ဖိတ်ရတယ်။ ထိုက်သင့်တဲ့ ပေးကမ်းမှုမျိုး လုပ်ရတယ်။ အဲဒါမှ သမားတော်များက သူတို့ရဲ့ စစ်ဆေးတွေ့ရှိချက်ကို ရုံးမှာ လာရောက်ထွက်ဆိုမှာ ဖြစ်တယ်။ သူတို့ရဲ့ ထွက်ချက်မပါဘဲနဲ့ အမှုကို စီရင်ချက်ချလို့ မရဘူးလေ။ ကျွမ်းကျင်သူတွေရဲ့ ထွက်ချက်က အဲဒီနေရာမှာ အရေးကြီးတယ်။ ဒါကြောင့်လည်း တရားခံဘက်က ငွေကုန်ခံရပါတယ်။

(အခုတင်ပြခဲ့တာတွေက တရားရုံးရှေ့ အမှုရောက်ရင် ကုန်ကျခံရမယ့် ငွေကြေးခန့်မှန်းကို အကြမ်းအားဖြင့် ပြောပြတာပါ။ အမှုစစ်တဲ့အဆင့် မရောက်သေးပါဘူး။ နောက်တပတ်မှာ တရားရုံးမှာ ကုန်ရမယ့် ငွေတွေကိစ္စ ထပ်ပြောပါဦးမယ်။)


http://www.mizzimaburmese.com/edop/songpa/4030-2009-10-19-11-46-36.html

ရွေးကောက်ပွဲကျင်းပတိုင်း ဒီမိုကရေစီမရနိုင်ပါ


NEJ / ၁၉ အောက်တိုဘာ ၂၀၀၉


အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံဥပဒေအရ ပါတီစုံရွေးကောက်ပွဲကျင်းပ၍ တရားဝင်အစိုးရဖွဲ့သည်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်၏။ တိုင်းပြည်၏ အရေးကိစ္စ၌ အဆုံးအဖြတ်ပေးမည့် ပုဂ္ဂိုလ်များကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၌ ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးချယ်လိုက်သည်ကို ဒီမိုကရေစီဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤပုံစံအတိုင်း ရှေ့နှစ်တွင် ပါတီစုံရွေးကောက်ပွဲကျင်းပ၍ “စည်းကမ်းရှိ” ဒီမိုကရေစီကို ဗမာစစ်ခေါင်းဆောင်များက တည်ထောင်မည်ဟုဆို၏။ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပတိုင်း ဒီမိုကရေစီမရနိုင်ပါ။ လွတ်လပ်မှုအတိုင်းအတာနှင့် သိက္ခာရှိမှုသည် အလွန်အရေးကြီး၏။

ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးလွတ်လပ်မှုရှိမရှိ၊ အတိုက်အခံကို လေးစားမှုရှိမရှိ၊ ယှဉ်ပြိုင်သူအားလုံး တန်းတူရည်တူ အခွင့်အရေးရှိမရှိ၊ ရွေးကောက်ပွဲအမှုထမ်းများ မျှမျှတတလုပ်မလုပ်၊ မဲဆန္ဒရှင်များ လွတ်လပ်စွာ မဲပေးနိုင်မပေးနိုင်၊ ပေးထားသောဆန္ဒမဲနှင့် ရွေးကောက်ပွဲရလဒ်ကိုက်ညီမညီ စသည်များကို ဆန်းစစ်ရန်လို၏။ ရွေးကောက်ပွဲနိုင်သောပါတီက ဖွဲ့စည်းလိုက်သည့်အစိုးရသည် စစ်တပ်နှင့် အာဏာရှင်လူတန်းစားကို ကိုယ်စားပြု၍ အုပ်ချုပ်သည့်ပုံစံမျိုးရှိသည်။ ရုရှားနိုင်ငံရေးစနစ်ကို ‘ရွေးကောက်ပွဲအာဏာရှင်စနစ်’ ဟု သတ်မှတ်သူများရှိသည်။ စင်ကာပူသည် ဒီမိုကရေစီနိုင်ငံမဟုတ်ပါ။

ပါတီစုံရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းလိုက်သော အစိုးရများသည် ဒီမိုကရေစီနှင့် အာဏာရှင်စနစ်အကြား ပုံစံအမျိုးမျိုးဖြင့် စခန်းသွားနေသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်များက လေ့လာတွေ့ရှိထားသည်မှာ မြန်မာပြည်သူပြည်သားများအတွက် အလွန်အရေးကြီးသည်ဟု ယူဆပါသည်။ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်၏ အသွင်လက္ခဏာများကို ရောစပ်သုံးစွဲနေသည်မှာ ကြာပြီဖြစ်၏။ လွန်ခဲ့သော အနှစ် (၄၀) ကျော်ကတည်းက ပါတီစုံရွေးကောက်ပွဲကျင်းပ၍ အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံများရှိခဲ့၏။ စင်ကာပူနှင့်မလေးရှားသည် ရွေးကောက်ပွဲအာဏာရှင်စနစ် ကျင့်သုံးနေတုန်းဖြစ်၏။ ဤနိုင်ငံများတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် အစိုးရပြောင်းလဲရန်မဟုတ်ပါ။

အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းသောနိုင်ငံများတွင် ပြည်တွင်းပြည်ပက တောင်းဆိုသည့်အတိုင်း ဒီမိုကရေစီပြုပြင်ရေး လုပ်ဟန်ဆောင်ကြသည်။ အာဏာရှင်စနစ်ကို ဒီမိုကရေစီဖြင့် အရေခြုံပေးလိုက်ခြင်းဖြစ်၏။ ရွေးကောက်ပွဲ အတိုက်အခံ သတင်းမီဒီယာ စသည်များကို အဖြည့်ခံအဖြစ် ကျွမ်းကျင်စွာ အသုံးပြုခြင်းပင်ဖြစ်သည်။

အာဏာရအစိုးရကို ဝေဖန်ရှုတ်ချခြင်းမပြုသော အတိုက်အခံပါတီနှင့် စာနယ်ဇင်းကို ရပ်တည်ခွင့်ပေးထားပြီး အာဏာရှင်လူတန်းစား အကျိုးစီးပွားကို ထိခိုက်အောင်လုပ်သော အတိုက်အခံနှင့် စာနယ်ဇင်းကို ချေမှုန်းပစ်တတ်ပါသည်။ ဤသို့ ဒီမိုကရေစီအရေခြုံသော အစိုးရများလာပြီး အာဏာရှင်စနစ်ကို ဗြောင်ကျင့်သုံးသူ နည်းပါးလာသည်။ စစ်အာဏာရှင်စနစ် ကျင့်သုံးနေသော ဗမာစစ်အစိုးရသည်လည်း ဒီမိုကရေစီအရေခြုံ၍ သက်ဆိုးရှည်ရန် ကြိုးပမ်းနေသည်။

အင်အားရှိသောအဖွဲ့အစည်းက မိမိ၏ပြိုင်ဘက်ကို အကြမ်းဖက်သည်မှာ အာရှရွေးကောက်ပွဲဓလေ့ကဲ့သို့ ဖြစ်နေပါသည်။ ၀ါရင့်ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယ၌ပင် ရွေးကောက်ပွဲရာသီ ရောက်ပါက သတ်ကြဖြတ်ကြ အကြမ်းဖက်ကြပါသည်။ သို့သော် အကြမ်းဖက်မှုအနည်းငယ်ကြောင့် ဒီမိုကရေစီမကျဟု မပြောနိုင်ပါ။ အပြစ်အနာအဆာ လုံးဝကင်းစင်သော နိုင်ငံရေးစနစ် မရှိသေးသည့်အတွက် ပြည်သူ့ကိုယ်စားလှယ်မှတဆင့်အုပ်ချုပ်သော ဒီမိုကရေစီစနစ်ကို အမြဲတမ်းသတိဖြင့် စောင့်ကြည့်ရန်လိုသည်။

ထို့ကြောင့် နိုင်ငံခြားသားများကို ရွေးကောက်ပွဲကြီးကြပ်သူနှင့် လေ့လာသူတွေအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။ ပါတီစုံရွေးကောက်ပွဲကို ဟန်ပြအဖြစ် ကျင်းပသော တိုင်းပြည်များတွင် အစိုးရပါတီကသာ အနိုင်ရသည်။ စင်ကာပူတွင် လွှတ်တော်အမတ်နေရာ (၉၅) ရာခိုင်နှုန်းကို အာဏာရပါတီကသာ အမြဲတမ်းအနိုင်ရနေသည်။ ကမ္ဘောဒီးယား၌လည်း ဟွန်စန်၏ပြည်သူ့ပါတီသည် ဆန္ဒမဲ (၇၀) ရာခိုင်နှုန်းကို ချုပ်ကိုင်ထားနိုင်၏။ အီဂျစ်သမ္မတသည် ရွေးကောက်ပွဲတိုင်းနိုင်ပြီး အာဏာရနေသည်မှာ အနှစ် (၂၀) ကျော်ပါပြီ။ ဇင်ဗာဗွေသမ္မတ ရောဘတ်မူဂါဘီလည်း ရွေးကောက်ပွဲနည်းဖြင့် အာဏာရထားသည်မှာ အနှစ် (၂၀) ကျော်နေပြီဖြစ်သည်။

သမ္မတ ရောဘတ်မူဂါဘီသည် မြန်မာ့ကြံ့ဖွံ့ကဲ့သို့သော လက်မရွံ့ခါးပိုက်ဆောင် အရပ်သားအဖွဲ့ကိုသုံးပြီး ပြိုင်ဘက်ကို အကြမ်းဖက်သည့်နေရာတွင် နာမည်ကြီး၏။ ရွေးကောက်ပွဲ၌ ပြိုင်ဆိုင်မှုများလေလေ အာဏာရှင်၏တုံ့ပြန်မှု ကြမ်းတမ်းခက်ထန်လေလေဖြစ်လာသည်။ အာဏာရှင်ကြီးစိုးသော စနစ်တခုနှင့်တခု အသွင်တူကြသည်မဟုတ်ပါ။ ပညာမရှိသော အာဏာရှင်ကြီးစိုးသည့်နိုင်ငံ ရှိသကဲ့သို့ ပညာတတ်အာဏာရှင် ကြီးစိုးသောနိုင်ငံလည်းရှိပါသည်။ ထို့ကြောင့် နိုင်ငံရေးစနစ်တခုတွင် ဒီမိုကရေစီကျသောအချက်နှင့် မကျသောအချက်ကိုသာ လေ့လာသင့်သည်ဟု ယူဆသူများလည်းရှိ၏။

တပါတီအာဏာရှင်စနစ်များတွင် နိုင်ငံရေးလွပ်လပ်မှုမရှိသော်လည်း တိုင်းပြည်အကျိုးနှင့်ပတ်သက်သည့်ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ရှိတတ်သည်။ ဥပမာ တရုတ်ပြည်၌ ဒီမိုကရေစီမရှိသော်လည်း ဒေသဆိုင်ရာ အမှုထမ်းများ အာဏာအလွဲသုံးစားမလုပ်နိုင်ရန် အရေးယူဆောင်ရွက်မှုမျိုးလုပ်လာပါသည်။ အစိုးရပေါ်လစီလမ်းစဉ်ချွတ်ခြုံကျပြီး အဂတိလိုက်စားမှုများသည့်ဒဏ်ကို တိုင်းသူပြည်သားများ ခံနေရသည့်အတွက် အာဏာကိုကန့်သတ်သော နိုင်ငံရေးပြုပြင်မှုများ ရှိနိုင်သည်ကို တရုတ်ပြည်က သက်သေပြနေပါသည်။ ထို့ကြောင့် ဟန်ပြရွေးကောက်ပွဲလုပ်မည့်အစား ပြုပြင်ပြောင်းလဲရေး လုပ်သည်က ပို၍ အကျိုးသက်ရောက်မှုရှိသည်ဟု ပြောဆိုကြခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ ကျန်းမာရေးလမ်းစဉ် ချွတ်ခြုံကျနေ၍ လူဦးရေတ၀က်ကျော်ခန့် ဆေးမကုနိုင်သည့်အဖြစ် ရောက်နေသည်ကို ပြင်ဆင်လိုက်ပုံသည် စိတ်ဝင်စားစရာကောင်းပါသည်။ တရုတ်ပြည်၌ ဈေးကွက်စီးပွားရေးကျင့်သုံးစဉ်မှစ၍ ငွေရှိမှ ဆေးကုနိုင်သည်။ ငွေကြေးတတ်နိုင်သူနှင့် အစိုးရအမှုထမ်းများသာ ဆေးကုနိုင်ပြိး တောင်သူလယ်သမား သန်း (၇၀၀) ကျော်သည် ဆေးရုံမတက်နိုင်ကြပါ။ ငွေရှိမှ အသက်ရှင်မည့်သဘောမျိုး ဖြစ်နေပါသည်။

ထိုကြောင့် ဈေးကွက်ခေတ် ကျန်းမာရေးစနစ်ကို ပြုပြင်ရန် အစိုးရအကြံပေးအဖွဲ့တခုသည် ၂၀၀၅ ၌ အစီရင်ခံစာတင်သွင်း၍ ပြည်သူ့ကျန်းမာရေးကို ဂရုမစိုက်ပါက အစိုးရကို အပြင်းအထန်ဝေဖန်ရှုတ်ချသည်အထိ ပြည်သူလူထုက တုံ့ပြန်လာနိုင်ကြောင်း ဖော်ပြလိုက်၏။ နောက်မကြာမီ တိုင်းသူပြည်သားတိုင်း တက်နိုင်မည့် အခြေခံပြည်သူ့ကျန်းမာရေးစနစ်ကို စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာသည်။ နိုင်ငံသူနိုင်ငံသား (၉၀) ရာခိုင်နှုန်းကို (၃) နှစ်အတွင်း ဆေးကုသပေးနိုင်မည့် စီမံကိန်းပင်ဖြစ်သည်။

ဈေးကွက်ခေတ်တွင် တရုတ်နိုင်ငံသားများ အလုပ်လုပ်နိုင်သည်မှာ ကျန်းမာသန်စွမ်းသောကြောင့်ဖြစ်၏။ ဤသည်မှာ မော်စီတုန်းခေတ်၌ ပြည်သူ့ကျန်းမာရေးကို အာမခံချက်ပေးပြီး အခမဲ့ဆေးကုသပေးခဲ့၍ဖြစ်၏။ ထိုကြောင့် တရုတ်အစိုးရသည် ဒေါ်လာသန်းပေါင်း (၈၅,၀၀၀) မတည်၍ ပြည်သူ့ကျန်းမာရေးစနစ်ကို အကောင်အထည်ဖော်နေပါသည်။ ဒီမိုကရေစီ မကျင့်သုံးသော်လည်း ပြည်သူလူထုအကျိုးစီးပွားကို ဂရုစိုက်ကြောင်း တရုတ်ကွန်မြူနစ်က ပြသလိုက်ခြင်းပင်ဖြစ်သည်။

ဗမာစစ်အစိုးရသည်လည်း အတုအယောင်ဆောင် ရွေးကောက်ပွဲဖြစ် ဒီမိုကရေစီအရေခြုံမည့်အစား ပြည်သူ့ဘ၀သာယာဝပြောရေးကို ဦးစားပေးလုပ်ကိုင်ပါက ပြည်သူ့ထောက်ခံမှု ရရှိနိုင်ပါသည်။ လူ့အခွင့်အရေး လေးစားသောအစိုးရသည် ဒီမိုကရေစီအရေခြုံ၍ လူ့အခွင့်အရေးချိုးဖျက်သော ရွေးကောက်တင်မြှောက်ခံအစိုးရထက် သာသည့်သဘောပင်ဖြစ်၏။

http://www.khitpyaing.org/