Tuesday, October 27, 2009

YMBAတည်ထောင်ခဲ့သူများတွင်ပါဝင်သောဦးဘရင်၏မြေးတကိုယ်တော်ဒေါ်စုမျက်နှာဖုံးနှင့်ဓါတ်ပုံပြပွဲ




သူ့နာမည်ကအန်းဘရင်(Anne Bayin)
ဒေါ်စုမျက်နှာဖုံးနဲ့ပုံတွေကိုဖြတ်ညှပ်ကပ်မလုပ်ပဲနဲ့ကမ္ဘာအနှံလိုက်လံပြီးဓါတ်ပုံရိုက်ယူခဲ့တယ်။ရရှိခဲ့တဲ့ဓါတ်ပုံတွေကိုတိုရန်တိုကနေဒါမှာ
ပြန်လည်ပြသခဲ့တယ်။သူအကြောင်းကိုမေးချင်ပေမဲ့ဒီပွဲရဲ့ရည်ရွယ်ချက်ကိုပဲမေးမြန်းခဲ့ပါတယ်...
အခြားမြန်မာတွေပြောပြတာကတော့ဦးဘရင်ဟာစကော့တလန်ကိုရောက်သွားပြီးအဖြူနဲ့အိမ်ထောင်ကျရာကနေဖြစ်တည်လာတဲ့မျိုး
ဆက်ဖြစ်ပါတယ်။အန်းဘရင်ကမြန်မာလိုမတတ်ပေမဲ့မြန်မာ့အရေးကို(အချို့)မသိချင်ယောင်ဆောင်နေတတ်တဲ့မြန်မာစစ်စစ်တွေ
ထက်စိတ်ဝင်စားပြီးအချိန်ပေးငွေကုန်ခံအခုလိုပြသတဲ့ပွဲလေးကိုတဆင့်ကြည့်ရအောင်မျှဝေလိုက်ပါတယ်။

သူ့အကြောင်းတွေဆက်ဖတ်ချင်ရင်တော့ ဒီကိုသွားပါ။




27 Oct ဒိုင်ယာရီ

http://ifile.it/1zxpjol

27 Oct news

ကဲ … ယုံချင် ယုံ၊ မယုံချင်နေ (အပိုင်း - ၄)




မင်းလွင်ဦး
အင်္ဂါနေ့၊ အောက်တိုဘာလ 27 ရက် 2009 ခုနှစ် 13 နာရီ 14 မိနစ်


အထူးကျွမ်းကျင်တဲ့ စပါယ်ရှယ်လစ် ရှေ့နေ

ရဲစခန်းကတဆင့် ညွှန်ပြလို့ ငှားတဲ့ ရှေ့နေ၊ အမှုပွဲစားတွေက ငှားပေးတဲ့ ရှေ့နေ၊ တရားခွင်စာရေးနဲ့ ဘီးလစ်စာရေးတို့က ညွှန်းတဲ့ ရှေ့နေ၊ တရားသူကြီးကိုယ်တိုင်က ငှားဖို့ပြောတဲ့ ရှေ့နေ အစရှိသဖြင့် အမှုဖြစ်လာပြီဆိုမှတော့ ငွေကုန်ဖို့က နည်းလမ်းပေါင်းစုံနဲ့ ပေါ်လာတာပါပဲ။ …. သေဒဏ်ထိုက်သင့်တဲ့အမှုကို ကျူးလွန်ပြီး ငွေမတတ်နိုင်တဲ့ အမှုသည်တွေအတွက် နိုင်ငံတော်က အစိုးရစရိတ်နဲ့ ရှေ့နေ ငှားပေးပါတယ်။

တကယ်တမ်း ပြောရရင် အထက်တန်း ရှေ့နေ၊ မှတ်ပုံတင်လက်မှတ်ရ ရှေ့နေ၊ တရားရုံးချုပ် ရှေ့နေ အစရှိသဖြင့် ရှေ့နေတွေထဲမှာလည်း အမျိုးမျိုးပါ၊ အထက်တန်းရှေ့နေဆိုတာက မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ တိုင်း အထိပဲ လိုက်ပါဆောင်ရွက်လို့ ရတယ်။

ရန်ကုန်တိုင်းမှာ လိုက်ပါဆောင်ရွက်ဖို့ စာရင်းတင်ထားတဲ့ ရှေ့နေက အခြား ပြည်နယ်နဲ့ တိုင်းမှာ အမှုသွားလိုက်ချင်ရင် လိုက်ပါဆောင်ရွက်ခွင့်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းမှာ ထပ်မံတင်ပြခွင့် တောင်းရပြီး တရားရုံးချုပ်ရှေ့နေကတော့ တနိုင်ငံလုံးကို လိုက်ပါဆောင်ရွက်နိုင်တယ်။

ဆရာဝန်မှားသွားရင် လူနာက မြေကြီးအောက် ၆ ပေမှာ စန့်စန့်လေးနေရသလို၊ ရှေ့နေ တချက် လျှာချော်သွားရင်လည်း အမှုသည်က လေထဲမှာ ၆ ပေတန်းလန်းနဲ့ ဂန့်ရတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်လေ။


ဒါကြောင့် ရှေ့နေငှားမယ်ဆိုရင်လည်း စိတ်ချရဖို့ လိုတယ်။ ဥပဒေကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ရှေ့နေဆိုပေမယ့် တရားရုံးနဲ့ မပိုင်ရင်လည်း မဖြစ်သေးဘူးလေ။ ခေတ်နဲ့ စနစ်ကိုက အဲဒီလို ဖြစ်နေတာကိုး။

ဆရာဝန်တွေမှာ အထူးကုဆိုတာတွေ ရှိသလို၊ ရှေ့နေတွေမှာလည်း စပယ်လစ်ရှေ့နေတွေ ရှိပါတယ်။ မူးယစ်ဆေးဝါးမှုဆိုရင် ဘယ်မြို့နယ်မှာ ဘယ်သူ့ကို ငှား၊ လူသတ်မှု ဓားပြမှုဆိုရင် ဘယ်ရှေ့နေကို ငှား၊ စသုံးလုံး အမှုဆိုရင် သူတို့နဲ့ အမြဲတမ်း ထိတွေ့နေတဲ့ ရှေ့နေကို ရှာ၊ မုဒိန်းမှုဆိုရင်တော့ဖြင့် ဘယ်သူက အတော်ဆုံး စသဖြင့် အထူးကျွမ်းကျင်တဲ့သူတွေ ရှိပါတယ်။

ရှေ့နေတွေကလည်း ပေါမှပေါ။ တချို့ဆို နာမည်တူတွေ များလွန်းလို့ တရားရုံးချုပ်က နံပါတ် တပ်ပေးထားတယ်။ ဥပမာ - မောင်မောင်ဆိုတဲ့ အမည်က မြန်မာပြည်မှာ အလွန်အမှည့်များတဲ့ နာမည်ပေါ့။ တရားရုံးချုပ် ရှေ့နေတွေထဲမှာတင် ကျနော်တို့ခေတ်က ၆ ဦးလောက် ရှိတယ်။

အဲဒီတော့ ဦးမောင်မောင် (၁) ၊ (၂) ၊ (၃) စသဖြင့် အမှတ်စဉ်ထိုးပေးလိုက်တာ (၆) ကျတော့ သိပ်အဆင်မပြေဘူး၊ နံပါတ် ၆ လား၊ တခြားထင်စရာလား မဖြစ်ရလေအောင် တချို့ကျတော့ ယူထားတဲ့ ဘွဲ့ထူးတွေနဲ့ ကိုယ့်ဘာသာကိုယ် ခွဲလိုက်တယ်။ ဒေါက်တာမောင်မောင်ကျော်၊ ဦးအုန်းမောင် (စိတ်ပညာ) စသဖြင့်ပေါ့။

တချို့ကျတော့လည်း မိမိရဲ့ မွေးရပ်မြေကို အမည်နောက်မှာ ထည့်လိုက်တာပါပဲ၊ ဦးအေးမောင် (ပန်းတနော်)၊ စိန်ဝင်း (မြင်းခြံ)၊ မျိုးထွဋ် (ညောင်တုန်း) စသဖြင့်ပေါ့ နွားထိုးကြီးတို့ ပြွန်တန်ဆာတို့က ရှေ့နေတွေတော့ မွေးရပ်ထည့်တာ မတွေ့ပါဘူး။ မွေးရပ်မြေကို မချစ်လို့တော့ မဟုတ်ဘူး ထင်ပါတယ်။ ဒါက ရှေ့နေတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ နာမည်ပါ။

`အမှုသည်တွေကလည်း လူအမျိုးမျိုး မဟုတ်လား။ ပေးထားတဲ့ အမည်တွေအတိုင်း ခေါ်ချင်မှ ခေါ်တာ။ နောက်ကွယ်ကျရင် ပြောချင်ရာပြောတာ။ ငွေပေးပြီး ငှားထားရတော့ နောက်ကွယ်မှာ ပေးထားတာနဲ့ တန်အောင်ခေါ်လိုက်အုံးမယ်ဆိုပြီး ခေါ်ကြတာပါပဲ။ သူတို့လည်း သူတို့ နာကျည်းချက်တွေနဲ့ကိုး။ ဘယ်တားလို့ ရပါ့မလဲ။

အဲဒီလို ခေါ်ကြတဲ့အထဲမှာ အချို့ ဂုဏ်ထူးဝိသေသတွေက မဆိုးဘူး၊ ခေတ်မီတယ်လို့ ပြောရင် ရတယ်။ မူးယစ်ဆေးဝါးမှု၊ ဓားပြမှုလိုက်တဲ့ ရှေ့နေတွေကို ပေးထားတာက အီတလီ မာဖီးယားဂိုဏ်းက ခေါင်းဆောင်တွေလို ဒွန် ဘယ်သူဘယ်ဝါပေါ့။ အဲဒီရှေ့နေဆို မူးယစ်ဆေးဝါးမှုတွေမှာ စပါယ်ရှယ်လစ်လို့သာ မှတ်၊ ၁၉၈၈ မတိုင်မီက မူးယစ်ဆေးဝါးမှုက များမှ များကိုး။ အဲဒီတော့ ကျွမ်းကျင်သူတွေ ပေါ်လာတာပေါ့။ ဘယ်မြို့နယ်မှာဆို ဒွန် ဘယ်သူကို ငှားလိုက်ပေါ့။

မုဒိန်းမှုတွေလိုက်တဲ့ ရှေ့နေတွေကျတော့ သိပ်မသက်သာလှဘူး။ ကျနော်တို့ခေတ်တုန်းက မုဒိန်းမှုတွေဆို ရဲကနေ အငြိမ်းစားယူပြီး၊ ရှေ့နေလိုက်တဲ့ သူတွေက အဲဒီအမှုတွေကို ရတာများတယ်။ စေ့စေ့ပေါက်ပေါက် မေးရတာရယ်၊ နောက်ပြီး စွပ်စွဲတဲ့သူ၊ ကျူးလွန်ခံရတဲ့ အမျိုးသမီးက အမှန်အကန်လား၊ အကြံအဖန်လား ဆိုတာတွေကို သူတို့က ရဲလုပ်သက်တွေအရ သိပြီးသားဆိုတော့ အဲဒီတချက်က သူတို့အတွက် တပန်းသာတာပေါ့ဗျာ။

တခါက ရဲဝန်ထောက်ဟောင်း တရားရုံးချုပ် ရှေ့နေတဦးဆို မေးရင်းမေးရင်း အာတွေ့သွားလို့ တရားရုံးချုပ်က လိုင်စင် ၂ နှစ် အနားပေးတာ ခံလိုက်ရတာတွေလည်း ရှိတယ်။

ပါးစပ်လိုင်စင် ရပြီဆိုပြီး ပြောချင်တာပြောလို့တော့ မရဘူး။ ကန့်သတ်ချက်တွေကိုလည်း သတိထားမှ။ အဲဒီရှေ့နေတွေကိုတော့ အမှုသည်တွေက မုဒိန်းကို ရှေ့က တပ်ရင်တပ်၊ ဒါမှမဟုတ်ရင် နောက်က တပ်ပေးလိုက်တာပဲ။ မုဒိန်း ဘယ်သူဘယ်ဝါပေါ့ဗျာ။

အဲဒါကြောင့် သိပ်မကောင်းဘူး ပြောတာ။ တခါက ပန်းပဲတန်းမြို့နယ်မှာ နာမည်ကြီးအရိုးအကြောကု ဆရာကြီးနဲ့ နာမည်ကြီး ဗေဒင်ဆရာတို့ ၂ ဦးရဲ့ အမှုကို လိုက်ပေးတဲ့သူဆို အမှုသည်တွေ အမှုက ကွင်းလုံးကျွတ်လွတ်ကုန်လို့ အဲဒီဘွဲ့ကို မယူချင်ဘဲနဲ့ အပ်နှင်းခံလိုက်ရတယ်။

နောက်တခါ ခေတ်အခြေအနေက မကောင်းတော့ ငွေရလွယ်တဲ့ အလုပ်လုပ်ကိုလုပ်ကြရတဲ့ အမျိုးသမီးတွေလည်း အမျိုးမျိုးပဲ။ ဒါတောင် အခုခေတ်လို မိုတယ်တွေ၊ နိုက်ကလပ်တွေ မရှိလို့ ကျနော်တို့ခေတ်က စားသောက်ဆိုင်တွေနဲ့ လေအေးသာတို့လောက်ပဲ ရှိတာ။ ညဘက် ဆူးလေလမ်း၊ ကမ်းနားလမ်း၊ လမ်း ၃ဝ ၊ ဦးဝိစာရလမ်းနဲ့ သင်္ဃင်္န်းကျွန်း ဘိုမတို့လို နေရာတွေလည်း ရှိတော့ အဲဒီအမှုတွေကလည်း အများသား။

မြို့နယ်တွေအလိုက် ရှိကြပေမယ့် အများဆုံးလို့ ပြောလို့ရတာက ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာပါ။ အဲဒီအမှုတွေမှာလည်း စပါယ်ရှယ်လစ် အထူးကျွမ်းကျင်တဲ့ ရှေ့နေတွေ ရှိတယ်။ မှောင်ရိပ်ခိုတာ မဟုတ်ဘူး။ တူတူပုန်းတမ်း ကစားနေတာပါ ဆိုတာတွေပေါ့၊ အဲဒီရှေ့နေတွေကျတော့ ပိုပြီးဆိုးတယ်။

ဘွဲ့ထူးကို အားမနာပါးမနာ အမှုသည်တွေက ပေးလိုက်တာများ ဘယ်သူဘယ်ဝါပေါ့ဗျာ။ သူ့ခမျာလည်း နာမည်သာဆိုးတာပါ၊ ရုံးလာရင် သူ့အနားမှာ အရွယ်စုံ၊ ဆိုက်စုံ ဝိုင်းအုံနေလိုက်တာများ တခါတခါ မထင်ရတဲ့သူတွေပါ တွေ့ရသေးတယ်။

အထူးကျွမ်းကျင်တဲ့ ရှေ့နေတွေကိုလည်း သိရပြီဆိုမှတော့ ငှားရတော့မှာပေါ့။ ရှေ့နေခလား … ဒါလည်း အမျိုးမျိုးပဲ။ နေ့တွက်နဲ့လိုက်တဲ့ ရှေ့နေရှိတယ်။ သူက ရုံးချိန်းရက်တွေမှာ ခရီးစရိတ် အပြီးအငြိမ်းတခေါက်ကို ဘယ်လောက်ပေး … ဆိုတာမျိုးပေါ့။ အမှုသည်တွေက မတတ်နိုင်ရင် ရှေ့နေတချို့လည်း သနားပြီး၊ အဲဒီလို လိုက်ပေးရတာပဲ။

ပေးတဲ့အခါ ပေး၊ မပေးတဲ့အခါလည်း မပေးတဲ့ အမှုသည်လည်း ရှိပါတယ်။ ပုတ်ပြတ်နဲ့လိုက်တဲ့ ရှေ့နေရှိတယ်။ သူကတော့ အမှုကို မြို့နယ်ရုံးမှာ အပြီးအထိ လိုက်ပါဆောင်ရွက်ပေးမယ်။ ဘယ်ရွေ့ဘယ်မျှပေါ့။ ဒီနေရာမှာ တရားရုံးချုပ်ရှေ့နေတွေက အမြင့်ဆုံးတရားရုံးထိ လိုက်ပါဆောင်ရွက်ပေးမယ်၊ ဘယ်လောက်ဆိုပြီး တောင်းတာလည်း ရှိတယ်။

တချို့ရှေ့နေကတော့ ရှင်းတယ်။ တရားရုံးကို ပေးစရာရှိတဲ့ကိစ္စ ခင်ဗျားတို့ ဘာသာလုပ်။ ရှေ့နေကတော့ ဥပဒေဘောင်ထဲက ကိစ္စတွေကို အကုန်ပြည့်စုံအောင် မေးမြန်းစစ်ဆေးပေးမယ်လို့ ပြောတာရှိတယ်။ တချို့ရှေ့နေက အဲဒီလိုမဟုတ်ဘူး။

တရားသူကြီးနဲ့ ရုံးကိစ္စအားလုံးအတွက် ဘယ်လောက်ပေးရမယ်၊ ရှေ့နေခက ဘယ်လောက် စသဖြင့်လည်း ပြောတတ်တယ်။ အမှုစစ်နေရင်းကနေ တရားရုံးဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ အယူခံ၊ ပြင်ဆင်တက်ရရင် ငွေထပ်ပေးရပါတယ်။

အဲဒါကိုတော့ တသီးစား၊ နှစ်သီးစား စသဖြင့် တရားရုံးအဆင့်ဆင့်ပေါ်မှာ မူတည်ပြီး ထပ်မံငွေပေးရပါသေးတယ်။ ဥပဒေပညာနဲ့ အသက်မွေးတဲ့ ရှေ့နေတွေကတော့ တရားရုံးအဆင့်ဆင့်အတွက် ခရီးစရိတ်ကလွဲလို့ ထပ်တောင်းတာ မရှိပါ။ တချို့တချို့သော ရှေ့နေတွေကတော့ မိုးပေါ်ထိတက်လည်း ငွေထပ်တောင်းဦးမှာပါပဲလို့ ပြောလိုက်ပါရစေ။

စဉ်းစားစရာဝေါဟာရနဲ့စံ



ရဲဘော်ဖိုးသံချောင်း
၂၇ အောက်တိုဘာ ၂၀၀၉


အခုနောက်ပိုင်း နအဖရဲ့ ဒီမိုကရေစီအောက်မှာ အပြောများလာ၊ မီဒီယာတွေထဲမှာ အတွေ့ရများလာတဲ့ နိုင်ငံရေးဝေါဟာရ တွေထဲမှာ “စတိတ်စမင်း” (statesman) ဆိုတာလည်း ပါတယ်လို့ဆိုရပါမယ်။ ဒါကို ဒီတိုင်းပြည်မှာ စကားလုံးကြီးတွေနဲ့ထုတဲ့ အကျင့်က မပျောက်ကြသေးပဲကိုးလို့ မှတ်ချက်ချရုံနဲ့ မပြီးဘူးထင်ပါတယ်။ ဒီစကားလုံး၊ ဒီဝေါဟာရကို ရှေ့တန်းတင် ပြောဆိုနေကြသူတွေရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ ဗမာပြည်နိုင်ငံရေးနောက်ခံနဲ့ ဟပ်ပြရမယ်လို့ ထင်ပါတယ်။

ဒီပညာရှိတွေဟာ ဒါနဲ့တူညီတဲ့ ဝေါဟာရမျိုး ဗမာစကားထဲမှာ မရှိဘူးဆိုပြီး (ဒီလိုအရည်အချင်းရှိတဲ့လူ ဗမာပြည်မှာမရှိဘူးလို့ မပြောရုံတမယ်) အင်္ဂလိပ်အဘိဓာန်ကြီးတွေ၊ နိုင်ငံခြားသားတွေရဲ့ အဆိုအမိန့်တွေနဲ့ ကိုယ်လိုရာဆွဲပြီး အနက်ဖွင့်ပြကြပါတယ်။ သူတို့ထဲက တချို့ရဲ့အဆိုအရ ဒါဟာ “နိုင်ငံရေးရေချိန်နိမ့်နေသေးတဲ့ ဗမာပြည်သားတွေ” ကို ပညာပေးတဲ့သဘော ဖြစ်ဟန်တူပါတယ်။ သူတို့ရေးတာတွေထဲမှာ သတိထားမိတဲ့တချက်က သူတို့ပြောတဲ့ စတိတ်စမင်းဆိုတာမျိုးကို ဗမာပြည်သား ထဲက တဦးတယောက်ကိုမှ ကိုးကားထောက်ပြတာ မတွေ့ရတာပါပဲ။ ဒီတော့ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ ဂျပန်ဖက်ဆစ်တွေကို တွန်းလှန်ဖယ်ရှားခဲ့တဲ့၊ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ်ကိုဆင်နွှဲနေတဲ့၊ နှစ်ပေါင်း (၅ဝ) နီးပါး စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒီနိုင်ငံမှာ စတိတ်စမင်းတယောက်မှ မရှိပါကလားလို့ တွေးယူရမလိုဖြစ်လာပါတယ်။

တကယ်ကျတော့ ဗိုလ်သန်းရွှေတို့ခေတ်မှာ ပေါ်ထွန်းလာတဲ့ ဂုရုများဟာ လက်ရှိအတိုက်အခံ နိုင်ငံရေးလုပ်နေသူတွေကို ရှုတ်ချတဲ့ သဘောနဲ့ ဒီလိုစံတခုတင်နေကြတာဖြစ်ပါတယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေဟာ မီဒီယာအမျိုးမျိုးမှာ ဘယ်လိုပဲပွဲထွက် နေနေ၊ ဘာကြေညာချက်တွေထုတ်နေနေ တယောက်မှ စတိတ်စမင်းမဟုတ်ဘူးလို့ ဆိုချင်ကြတာပါ။ ဦးဝင်းတင်ကစလို့ ပြည်ပရောက်တွေအဆုံးကို သူတို့က နာမည်မတပ်ရုံတမယ် စောင်းလို့တဖုံ၊ တည့်တည့်တမျိုး အပြစ်ရှာပြနေတာဖြစ်ပါတယ်။ အဲဒီလို အရေးအသားတွေထဲက ဆောင်းပါးတပုဒ်မှာ “လက်တွေ့မကျသော၊ စိတ်ကူးယဉ်ဝါဒနှင့် အလုပ်မဖြစ်သော အစစ်အမှန် ဝါဒတို့ကို ရှောင်ရှားနိုင်ရေးသည် စတိတ်စမင်း၏ အရည်အချင်းတပါးဖြစ်သည်” လို့ ရေထားပါတယ်။ ဆိုလိုတာကရှင်းပါတယ်။ ဘယ်လိုပဲ ဝေ့ကာဝိုက်ကာရေးနေနေ၊ အပြီးသတ်တော့လည်း ဝှီးဖတ်ဆိုသလို ဒီဘူတာကိုပဲဆိုက်တာပါ။ နအဖစီစဉ်သမျှကို လက်မခံရင် လက်တွေ့မကျဘူး၊ စိတ်ကူးယဉ်ဝါဒဖြစ်တယ်လို့ဆိုပြီး ရွေးကောက်ပွဲဝင်ခိုင်းတာပါပဲ။ ဒီနေ့ဗမာပြည်ရဲ့ နိုင်ငံရေး ဇာတ်ခုံမှာ စတိတ်စမင်းဆိုသူဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်တယ်ဆိုတဲ့ သဘောထား ရှိကိုရှိရမယ်လို့ ဆိုလိုက်တာပါ။

သူတို့ ဒီလိုပြောဆိုရေးသားနေတာတွေကို နအဖစစ်အစိုးရက သဘောကျမယ်ဆိုတာကတော့ ဘာမှသံသယဖြစ်စရာ မလိုပါဘူး။ ဒါကြောင့် ရေးသူများဟာ သူတို့ရဲ့ရည်မှန်းချက်ကိုတော့ အရောက်သားလို့ အောက်မေ့ရမှာပါ။ ဒါပေမယ့် ဒီနေရာမှာ သူတို့ကို မေးလိုက်ချင်စရာ တချက်ပေါ်လာပါတယ်။ အဲဒါက ဒီလိုဆိုရင် ဗိုလ်နေဝင်း-ဗိုလ်သန်းရွှေအပါ နိုင်ငံတကာထွက် လှုပ်ရှားနေကြတဲ့ ဗိုလ်သိန်းစိန်-ဗိုလ်ဉာဏ်ဝင်းတို့အလယ်၊ ပြုတ်သွားတဲ့ ဗိုလ်ခင်ညွန့်-ဗိုလ်စောမောင်အဆုံး ဘယ်သူတွေကိုများ စတိတ်စမင်းလို့ သတ်မှတ်လို့ရပါသလဲလို့။ ဒါကိုတော့ သူတို့က ဘယ်သူဖြင့် ဟုတ်တယ်၊ ဘယ်သူဖြင့် မဟုတ်ဘူးလို့ ပြောရဲမယ်မထင်ပါဘူး။ သူတို့ ခံစားနေရတဲ့ ဒီမိုကရေစီကလည်း အကန့်အသတ်ရှိနေတာကိုး။

ဒီလိုနဲ့ ဗမာပြည်မှာ ဘယ်သူ့ကိုများ စတိတ်စမင်းလို့ သတ်မှတ်နိုင်သလဲ ရာဇဝင်လှန်မှောက်၊ ဝက်ဘ်ဆိုက်တွေ ချောင်းပေါက်လို့ ဒေါင်းတောက်အောင် ရှာပစ်လိုက်တော့ နောက်ဆုံးမှာ “လား-လား၊ ငါနဲ့ငါပဲရှိတာကိုး” လို့ ဆိုချင်ကြတာနဲ့ တူနေပါတယ်။ သူတို့ရဲ့ရေးသားချက်တခုမှာလည်း “အသွင်ကူးပြောင်းနေသောကာလတွင် မည်သည့်အရာသည်တိုးတက် သည်၊ မည်သည့်အရာသည် ဖောက်ပြန်သည်ဆိုသောအချက်ကို စတိတ်စမင်းက ရွေးချယ်နိုင်ရမည်” လို့ ရေးထားပါတယ်။ ဆိုလိုတာ သူတို့လို စစ်အုပ်စုလုပ်နေတာတွေကို တိုးတက်တဲ့အရာတွေအဖြစ် ကြည့်မြင်နိုင်ရမယ်၊ အတိုက်အခံတွေ လုပ်နေတာတွေကို ဖောက်ပြန်တဲ့အရာတွေလို့ ကြည့်မြင်နိုင်ရမယ်လို့ ဆိုတာပါပဲ။ စတိတ်စမင်းဆိုတာရဲ့စံကို တင်ပြသလိုလိုနဲ့ နအဖရဲ့စံကို ပွဲထုတ်နေကြတာဖြစ်ပါတယ်။

သူတို့ပြောတဲ့ စတိတ်စမင်းဆိုတာက ပြည်ပမှာပဲရှိသလိုလို၊ ကစ်ဆင်းဂါးလို ဗီယက်နမ်လူမျိုး အသောင်းအသိန်းကို သတ်ဖြတ်ခဲ့ သူကိုပဲ စတိတ်စမင်းခေါ်ရမလိုလို၊ စတိတ်စမင်းဆိုတာ လူသူတော်လိုလို ညွှန်းကြပါတယ်။ သူတို့ခမျာ ဘာမှအငြင်းပွားဖွယ် မရှိတဲ့ ဗမာပြည်အတွက် လွတ်လပ်ရေးရယူနိုင်အောင်လုပ်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်များကိုတောင် လက်ညှိုးထိုးမပြရဲပါဘူး။

စတိတ်စမင်းဆိုတဲ့ ဝေါဟာရဟာ အစောပိုင်းမှာရော၊ အခုနောက်ပိုင်းမှာပါ နိုင်ငံရေးလောကထဲမှာ တွင်ကျယ်နေတဲ့ မင်းညီမင်းသားတွေ၊ လူဂုဏ်တန်တွေအတွက် အသုံးပြုတဲ့ ဝေါဟာရတခုဖြစ်ပါတယ်။ အနောက်နိုင်ငံမီဒီယာတွေနဲ့ ပါတီကြီးတွေက တခြားပါတီငယ်တွေ၊ အလုပ်သမားခေါင်းဆောင်လိုလူတွေ၊ အထူးသဖြင့် အတိုက်အခံ နိုင်ငံရေးသမားတွေကို နှာခေါင်းရှုံ့ရာမှာ ကိုယ့်လူကိုယ်အမွှန်းတင်ဖို့အတွက်၊ ငါမှတပါးလုပ်ဖို့အတွက် သုံးတဲ့ဝေါဟာရလို ဖြစ်နေတယ်ဆိုတာကော သတိထားမိကြပါသလား။ လက်နက်ကိုင်တော်လှန်တဲ့လူတွေကို စတိတ်စမင်း စာရင်းမသွင်းတာကို ပြန်စဉ်းစားကြည့်ပါ။ ဘက်လိုက်မှုအပြည့်ရှိတဲ့ ဝေါဟာရဖြစ်ပါတယ်။ အစိုးရဆန့်ကျင်သူတွေကို စတိတ်စမင်းလို့ခေါ်ကြ၊ ရေးကြသူတွေဟာ လက်ဝဲသမားတွေထဲကသာ များပါတယ်။ ကျန်တဲ့လူတွေက အသိအမှတ်မပြုချင်လှပါဘူး။ ဒါကြောင့် တချို့ကများဆိုရင် ဒီအသုံးအနှုန်းကို အင်္ဂလိပ်လူမျိုးတို့ရဲ့ (snobbery) ကိန်းကြီးခန်းကြီးဂိုက်ထုတ်မှု တမျိုးလို့တောင် ဆိုကြပါတယ်။

တဆက်တည်း ပြောစရာဖြစ်လာတာက ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ လိုအပ်နေတာက သူတို့ပြောတဲ့ စတိတ်စမင်းကြီးတွေလား ဆိုတာပါပဲ။ ဗမာပြည်ကြီး ဒီလိုပစ်စလက်ခတ်ဖြစ်နေတာကို စတိတ်စမင်းကြီးတွေကမှ ကယ်တင်နိုင်မှာလား၊ ဗမာပြည်သူတွေ ရာစုနှစ် တဝက်နီးပါး မျှော်လင့်တောင့်တနေတဲ့ ဗမာပြည်သစ်ကြီးကို စတိတ်စမင်းကြီးတွေကမှ တည်ဆောက်နိုင်မှာလား။ စတိတ်စမင်းတွေရဲ့ ပါးစပ်ကပြောတဲ့ ဒီမိုကရေစီကမှ ဒီမိုကရေစီ၊ လယ်သမားက ဒီမိုကရေစီစကားပြောတာကို မတန်မရာစကား ပြောတယ်လို့ ဆိုချင်တာလား။

ဗမာပြည်နိုင်ငံရေးမှာ နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ လူငယ်တွေကို အဲဒီလိုသဏ္ဌာန်ဆန်တဲ့ကိစ္စတွေမှာ စီးပါနစ်မျောနေတာ၊ အရည်မရအဖတ်မရ ငြင်းခုန်မှုတွေနဲ့ပဲ အချိန်တွေကုန်နေတာဟာ နအဖအဖြစ်စေချင်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ လူငယ်တွေအနေနဲ့ ဗမာပြည်နိုင်ငံရေးမှာ ဘယ်သူ့ကိုမှ စတိတ်စမင်းခေါ်သင့်တယ်၊ ဘယ်သူ့ကိုတော့ မခေါ်သင့်ဘူး စသဖြင့် ငြင်းခုန်နေကြရင် ဒီနေ့လက်တွေ့လုပ်စရာတွေကို မျက်ခြည်ပြတ်သွားနိုင်ပါတယ်။ ပြည်ပကသိသင့်တာတွေကို ပြည်တွင်းသယ်လာတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ပြည်ပကစံတွေနဲ့ ပြည်တွင်းနိုင်ငံရေးကို ရှုပ်ထွေးအောင်လုပ်ရင်တော့ ခွင့်မလွှတ်သင့်ပါဘူး။

ဗမာပြည်သားများအနေနဲ့ လက်ရှိအခြေအနေမှာ ဒီလူကြီးမင်းတို့ရဲ့ စတိတ်စမင်းကြီးတွေကို ကယ်တင်ရှင်လိုမျှော်ယောင်နေ ကြလို့မဖြစ်ပါဘူး။ သူတို့စကားအတိုင်းပဲ ပြောရရင် ဒါဟာလက်တွေ့မကျပါဘူး။

http://www.khitpyaing.org/articles/Oct09/271009.php