Tuesday, November 10, 2009

အနာဂါတ်ပျောက်နေသော မလေးရှား ရခိုင်ဒုက္ခသည်များ။


ရခိုင်ပြည်အတွင်း စစ်အစိုးရ၏ လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများကို မခံမရပ်နိုင်၍ နီးစပ်ရာ နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာကြရသည့် အထဲ၌ မလေးရှားနိုင်ငံသည် တတိယမြောက် ရခိုင်သား အများဆုံး ခုံလှုံ နေကြရသည် နိုင်ငံဖြစ်သည်။ ယခုဆိုလျှင် မလေးရှားနိုင်ငံအတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးထဲ၌ ပထမအများဆုံး ချင်းလူမျိုး၊ ဒုတိယ မွန်လူမျိုး၊ ရခိုင်လူမျိုးမှာ တတိယအများ ဆုံးဖြစ်လာသည်။ ရခိုင်ဒုက္ခသည်စာရင်းအရ ၂၀၀၀၀ ကျော်ခန့်ရှိမည်ဖြစ်သည်။ ထိုအထဲမှ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(မလေးရှားနိုင်ငံ) ၌ ဒုက္ခသည်အဖြစ်လျှောက်ထားခွင့်ရသည့် လူဦးရေမှာ (၅၀၀)ခန့် သာရှိပြီး။ တတိယနိုင်ငံသို့ထွက်ခွင့်ရသည့်ဦးရေမှာ ၁၀၀ ခန့်သာရှိမည်ဖြစ်သည်။
မလေးရှားနိုင်ငံအတွင်း ရောက်ရှိနေကြရသည့် ရခိုင်ဒုက္ခသည်များအနေဖြင့် သင့်တင့်လျောက်ပတ်သော ပရိယေန ၀မ်းစာရှာဖွယ် လုပ်ကိုင်စားသောက်နိုင်ခွင့် မရရှိကြပေ။ ယုတ်စွာအဆုံး လူသားတဦး၏ ရသင့်၊ ရထိုက်သည့် အခွင့်အရေးတို့သည်လည်း ဆုံးရှုံးနေကြရပေသည်။ ပြည်တွင်း၌ကျန်ရှိနေကြသည့် ရခိုင်ပြည် သူများမှာလည်း စစ်အစိုးရ၏ လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများကြောင့် လွန်စွာပင် အတိဒုက္ခ ရောက်နေကြ ရပေသည်။
နအဖ စစ်အစိုးရသည် ၄င်းတို့ စစ်အာဏာတည်မြဲရေးအတွက် စစ်လက်နက်ပစ္စည်း ၀ယ်ယူနိုင်ရန် နိုင်ငံခြားဝင်ငွေ ရှာဖွေရာ၌ ရခိုင်ပြည်သူပိုင် လယ်ဧက (၆၀၀၀၀)ကျော်ကို အဓမ္မ သိမ်းယူ၍ ဘင်္ဂလားဒေခ်ျ့(ရှ်) အစိုးရအား ငှါးရမ်းလိုက်သည်။ တဖန် အိန္ဒိယ ကုန်တွင်းပိတ်ဒေသများသို့ ကုန်ပစ္စည်းများ လွယ်ကူစွာသယ်ယူ နိုင်ရန်ဟုဆိုကာ ”ကုလားတန်မြစ် စီမံချက် ပရောဂျစ်” တရပ်ကိုလည်း အိန္ဒိယနှင့် နအဖ စစ်အစိုးရတို့သည် ၂၀၀၈-ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုစီမံချက်ကို အမေရိကန်ဒေါ်လာ သန်း၂၀၀-ကျော်ခန့်ကုန် ကျခံပြီး တည်ဆောက်နေကြသည်။
ထိုစီမံကိမ်းကြောင့် ကုလားတန်မြစ်ကို အမှီပြု၍ သက်မွေးဝမ်းကျောင်း ပြုနေကြရသည့် ရခိုင်ပြည်သူများသည် သူတို့၏သက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သည့် မြေပဲ စိုက်ခင်း၊ ပြောင်းစိုက်ခင်း၊ ငရုပ်စိုက်ခင်း စသည့် အခြားသော စိုက်ခင်း များနှင့်အတူ အိုးအိမ်လယ်မြေများကိုလည်း စစ်တပ်မှ အတင်းအဓမ္မသိမ်းဆည်းမှု၊ ရွေ့ပြောင်းခိုင်းမှုများပြုလုပ်နေပြီဖြစ်သည်
နအဖ စစ်အစိုးရသည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ရခိုင်ပြည် နေရာအနှံပြား၌ သဘာဝဓါတ်ငွေ့နှင့် ရေနံ ရှာဖွေရေးလုပ်ငန်းများကို အထူးစီမံကိန်းတရပ်အနေနှင့် နိုင်ငံခြားကုန်မဏီးများကို လုပ်ပိုင်ခွင့်ပေးထားသည်။ ထိုကုမဏီမှ သဘာဝဓါတ်ငွေ့နှင့်၊ ရေနံ ရှိနိုင်လောက်သည် နယ်မြေများအတွင်းရှိ ရပ်ရွာများကို စစ်တပ်နှင့် ပေါင်း၍ အတင်းအဓမ္မရွေ့ပြောင်းစေခိုင်းမှုများပြုလုပ်နေကြပေသည်။
ယခင်က ရခိုင်ပြည်တွင်း၌ စစ်တပ်၊ တပ်ရင်း (၅) ရင်းသာထားရှိပြီး ယခု တပ်ရင်းပေါင်း (၅၇)ရင်း တိုးချဲ့ချထားခြင်းက ညှင်းပန်းနှိပ်စက်မှုနှင့်အတူ လုပ်အားပေးစေခိုင်းမှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ လူမျိုး ရေးအရ သွေးနှောမှုတို့သည် ရခိုင်ပြည်အနှံအပြား၌ နေ့စဉ်ကြုံတွေ့နေရပေသည်။ ဤသို့သော အခြေအနေ မျိုးကြောင့် ရခိုင်လူငယ်၊ လူလတ်ပိုင်းများသည် မိမိတို့၏ နေရပ်ကိုစွာခွါလာကြရသည့် အကြောင်း အရင်းများထဲမှ တစိတ်တဒေသဖြစ်သည် ဤထက် လေးနက်သည့် အကြောင်းအရာများစွာရှိပေအုံးမည်။
လက်ရှိဗမာပြည်နိုင်ငံရေး အခြေအနေမှာလည်း အကောင်းဖက်သို့ပြောင်းလဲရန် ဦးတည်နေသည့် အခြေအ နေမျိုး ယခုထိ မတွေ့ရသေးပေ။ နအဖ စစ်အစိုးရသည် တိုင်းရင်းသားပြည်သူလူထုများကို နှိပ်စက်မြဲ ပင်ဖြစ်သည်။ ဒီမိုကရေစီဖက်သို့ ဦးတည်ပြောင်းလဲရန် သူတို့ကြိုးစားနေသည်ဟု နိုင်ငံတကာသို့ပြောကြားနေ သော်ငြားလည်း သူတို့ စစ်အာဏာတည်မြဲရေးအတွက် ကြိုးစားနေခြင်းသာဖြစ်၏။ အာဏာလက်မလွတ်ရေး အတွက် ကျားကုတ်ကျားခဲ ကြိုးစားနေသည်ကို မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ကျွှန်ုပ်တို့ ရခိုင်ဒုက္ခသည်များအနေဖြင့် နောက်ထပ် နှစ်ပေါင်းမည်မျှ နိုင်ငံမဲ့သူတို့ဘ၀အဖြစ်နှင့် မလေးရှားနိုင်ငံအတွင်း၌ နေထိုင်ကြရဦးမည်နည်း။? ”လူသားတဦးသည် နိုင်ငံမရှိသူတဦးအဖြစ် မည်မျှ ကြာရှည်နေထိုင်နိုင်မည်နည်း။ လူသားတဦးအဖို့ (၁၀)နှစ်ကျော်ဆိုသည့် အတိုင်းအတာသည်ပင်လျှင် တိုင်းမရှိ ပြည်မရှိ ဘ၀နှင့် နေထိုင်ရန် လွန်လွန်းနေပြီထင်၏။ ယခုဆိုလျှင် မလေးရှားနိုင်ငံအတွင်း၌ နိုင်ငံမဲ့သူများ အဖြစ်နှင့် ရခိုင်ဒုက္ခသည် (၂၀၀၀၀)ကျော်ခန့် ရှိနေပြီဖြစ်သည်။“
မိမိတိုင်းပြည်သို့လည်း ဂုဏ်သိက္ခာရှိရှိမပြန်နိုင်ဘဲ နိုင်ငံမဲ့သူအဖြစ် နောက်ထပ် နှစ်ပေါင်းများစွာ နေထိုင်ကြ ရအုံးမည်ဆိုလျှင် မလေးရှားရောက် ရခိုင်လူမျိုးတို့၏ အနာဂါတ်ရေးသည်။ အလွန်ပင် ရင်လေးဖွယ်ရာဖြစ် ပေသည်။ အထူးသဖြင့် ရခိုင်ပြည်တွင်း၌ ကျန်ရှိနေခဲ့ကြသည့် ရခိုင်အမျိုးသမီးတို့၏ အနာဂါတ်ရေးသည်ကား ပို၍ပင် ရင်လေးဖွယ်ရာ ကောင်းလှပါ၏။
ဤသို့သော အခြေအနေမျိုး၌ မလေးရှားနိုင်ငံအတွင်း ရောက်ရှိနေကြရသည့် ရခိုင်ဒုက္ခသည်တို့ ၏အနာ ဂါတ်ရေးကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(မလေးရှားနိုင်ငံ) အနေဖြင့်၎င်း၊ ဒုက္ခသည်များ ကို လက်ခံအခြေချ နေထိုင်ခွင့်ပေးသည့် နိုင်ငံတကာ အစိုးရအနေဖြင့်၎င်း၊ ကျွှန်ုပ်တို့ ရခိုင်ဒုက္ခသည်များ အရေးကိုလည်း လူသားချင်း ကိုယ်ချင်းစာနာစွာဖြင့် သင့်တင့်လျောက်ပတ်သည့် အခြားသော ဒုက္ခသည်များ ကဲ့သို့ လူ့ဂုဏ်သိက္ခာရှိရှိ အခြေချနေထိုင်ခွင့် ရလိုပါကြောင်း အသနားခံ အပ်ပါသည်။

ခိုင်ဘခင်

သုံးရောင်ခြယ်ကျောင်းသားကိုမြတ်စံ၏ဖခင် ဦးမင်းနွယ်ဆွေရဲ့ ဈာပနမှတ်တမ်းဓာတ်ပုံများ

10 Nov ဒိုင်ယာရီ

http://ifile.it/bm3sxvp

<nov 10 09 Diary

ဒီမိုကရေစီနဲ့ စစ်ဝါဒီတွေ့ဆုံပွဲ



ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

၉ နိုဝင်ဘာ ၂၀၀၉


အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ကြပ်ပြေးနေပြည်တော်မှာ ၀န်ကြီးချုပ်သိန်းစိန်နဲ့ တွေ့ဆုံတဲ့သတင်းနဲ့အတူ ဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေ၊ သူရရွှေမန်းနဲ့ တင်အောင်မြင့်ဦးတို့အဖွဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က လေဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုနေတဲ့သတင်း မြန်မာ့အလင်းမှာ ဖော်ပြပါတယ်။ ကြပ်ပြေးမှာရှိရက်သားနဲ့ အမေရိကန်ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့ကို မတွေ့ရင် နိုင်ငံတကာက ၀ိုင်းဆဲမှာကြောက်လို့ တမင်ရှောင်နေတာလို့ မြင်ကြတယ်။ အာဏာရှင်ကြပ်ပြေးသန်းရွှေနဲ့ တွေ့ခွင့်မရတဲ့ခရီးစဉ်ကို အကျိုးမရှိဘူးလို့ သုံးသပ်ကြသူတွေရှိပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ဒီမိုကရေစီအစိုးရနဲ့ မြန်မာစစ်အာဏာရှင်အစိုးရတို့ တွေ့ဆုံတာမို့ ယဉ်ကျေးမှုချင်း ဆွေးနွေးပွဲ dialogue of civilizations လို့လည်း ခေါ်နိုင်တယ်။ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စမ်းသပ်ကျင့်သုံးနေတာ (၂၃၃) နှစ်ရှိသွားပြီ။ ခြောက်ပြစ်စနစ်မဟုတ်တော့ အားနည်းချက်တွေ၊ အားသာချက်တွေ ရှိနေတုန်းပဲ။ မြန်မာစစ်အာဏာရှင်ကလည်း အနိုင်ကျင့်ပြီး အုပ်ချုပ်လာတာ (၄၇) နှစ်ရှိပြီ။ လက်နက်ကိုင်တော်လှန်ရေးလုပ်ပြီး အမေရိကန်နိုင်ငံကို တည်ထောင်တာဖြစ်လို့ အကြမ်းဖက်တာ အမေရိကန်ဓလေ့လို့ ဝေဖန်တာမျိုးတွေရှိတယ်။ ဒါပေမယ့် လက်နက်မရှိသူကို မပစ်ရဘူး၊ နောက်ကျောကို သေနတ်နဲ့ မပစ်ရဘူးဆိုတဲ့ ဓလေ့ထုံးစံတွေကို အမေရိကန်က ရိုသေလေးစားတဲ့ အစဉ်အလာရှိတယ်။ မြန်မာစစ်ဗိုလ်တွေလို သေနတ်ကိုင်အနိုင်ကျင့်ပြီး ခိုးဝှက်နေတာမဟုတ်ဘူး။

‘အရပ်သားဝါဒ’ Civilianism ကို မြေတောင်မြှောက်ပေးတာ အကောင်းဆုံးလို့ အမေရိကန်က ယူဆပါတယ်။ အရပ်သားဝါဒဟာ ‘စစ်ဝါဒ’ Militarism ရဲ့ ဆန့်ကျင်ဘက်ပါ။ စစ်ဝါဒဆိုတာ ကိုယ်ကျိုးရှာ စစ်ဗိုလ်တစုရဲ့ အယူအဆကို လူ့အဖွဲ့အစည်းတခုလုံးက လက်ခံထားရတဲ့ သဘောပဲလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ စစ်ဝါဒဟာ အခုခေတ်မစားတော့ပေမယ့် စစ်တပ်ကြီးစိုးဖို့ ကြိုးပမ်းနေသူတွေကတော့ ဒီသဘောတရားကိုအသုံးပြုပြီး ဆင်ခြေပေးနေတုန်းပါပဲ။ အာဏာရလူနည်းစု အမြဲတမ်းအပေါ်စီး ရနေအောင် အတင်းအဓမ္မနည်းကိုအသုံးပြုပြီး ဒီနည်းလမ်းကိုသုံးရမယ်လို့ အာဏာရလူနည်းစုက ယုံကြည်ထားတာဟာ စစ်ဝါဒပါပဲ။ စစ်ဝါဒီတွေကို ယဉ်ကျေးသိမ်မွေ့အောင်၊ လူဆန်လာအောင်လုပ်ဖို့ အမေရိကန်က တာဝန်ယူလိုက်သလိုဖြစ်နေတယ်။

စစ်ဝါဒီဦးဆောင်တဲ့ လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်ရေးအင်အားစုကို စစ်တပ်အတွက် အဓိကသုံးတဲ့အတွက် တိုင်းပြည်မှာ ဘာမှဖြစ်ထွန်းမှာမဟုတ်ပါဘူး။ အရင်းရှင်နဲ့ ဆိုရှယ်လစ်စနစ် ကျင့်သုံးရာနိုင်ငံတွေမှာတော့ ထုတ်လုပ်ရေးအင်အားစုကို လူ့အဖွဲ့အစည်းအတွက် အသုံးပြုတယ်။ စစ်ဝါဒီကြီးစိုးတဲ့ မြန်မာပြည်မှာ “အာဏာရှိလေ အကျင့်ပျက်လေ” power corrupts, and absolute power corrupts absolutely လို့ လော့ဒ်အက်တန် (Lord Acton) ပြောသလိုဖြစ်နေတယ်။

လက်ရှိမြန်မာစစ်တပ်ဟာ ဘုရင်စနစ်ကို အရေခြုံထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။ ဘုရင်ကြီးနေ၀င်းသေတော့ ဘုရင်ကြီး သန်းရွှေတက်လာတယ်။ နေ၀င်း/သန်းရွှေခိုင်းသမျှ လိုက်လုပ်နေရတဲ့ စစ်တပ်ပါပဲ။ ဗဟိုချုပ်ကိုင်မှုဟာ မြန်မာစစ်အစိုးရ ကျင့်သုံးတဲ့စနစ်ပဲ။ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်တဲ့ အစဉ်အလာကြောင့် စစ်အေးခေတ်ကာလ စစ်အင်အားကြီးမားလာခဲ့တဲ့ အမေရိကန်ဟာ စစ်တပ်နိုင်ငံတော်ဘ၀ကို မရောက်နိုင်တာလို့ Princeton တက္ကသိုလ်ပါမောက္ခ Aaron L.Friedberg က သုံးသပ်တယ်။

အာဏာရှိရင် ဓနဥစ္စာရနိုင်ပြီး ဥစ္စာဓနရှိရုံနဲ့ အာဏာမရှိနိုင်ဘူးလို့ စစ်ဝါဒီက ယုံကြည်တယ်။ အာဏာရှိအောင်လုပ်ရာမှာ စစ်တပ်ကို အသုံးချတဲ့အတွက် စစ်အစိုးရနဲ့ စစ်တပ်နိုင်ငံတော် ပေါ်လာတာပါပဲ။ မြန်မာစစ်တပ်ကလည်း အာဏာကိုသုံးပြီး ခိုးကြ၀ှက်ကြလို့ ချမ်းသာလာကြတာပါပဲ။ ဒီလိုသူခိုးတွေက အမေရိကန်နဲ့ ဆွေးနွေးပြီး အာဏာလွှဲပေးမှာလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

မြန်မာစစ်ဗိုလ်တွေဟာ အာဏာကိုသာယုံကြည်တယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစားစနစ်ကွယ်ပျောက်ဖို့ ရည်ရွယ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စွန့်ပစ်လိုက်တဲ့ အာဏာရဗိုလ်ချုပ်တွေ အကြီးအကျယ်ချမ်းသာနေကြတယ်။ ဒါကြောင့် စစ်ဗိုလ်ချမ်းသာလေလေ အရပ်သားဆင်းရဲလေလေ ဖြစ်လာတယ်။ ဗိုလ်ချုပ်တွေက ဂေါက်သီးကစားတာကို နှစ်သက်တယ်။ နအဖပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ ကမ္ဘာမှာ အနည်းဆုံးဖြစ်ပေမယ့် ဂေါက်ကွင်းတွေကတော့ တိုးပွားနေတယ်။ ဗိုလ်ချုပ်သားသမီးတွေ စီးပွားရေးလုပ်တယ်ဆိုတာ သူတို့နာမည်ကို ငှားစားနေတာပါပဲ။ မြန်မာ့စီးပွားရေးကို စစ်ဗိုလ်အရင်းရှင်စနစ်လို့လည်း ခေါ်နိုင်တယ်။

အခွင့်ထူးခံ သူဌေးစစ်ဗိုလ်တွေဟာ အမေရိကန်နဲ့ဆွေးနွေးပြီး အာဏာစွန့်လွှတ်ပါ့မလားဆိုတာဟာ စဉ်းစားစရာဖြစ်နေတယ်။ သူတို့စိတ်ဝင်စားတာက ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းရေးဖြစ်တယ်။ ကျန်တာကို စိတ်ဝင်စားပုံမရဘူး။ ဒီအတောအတွင်း ကြပ်ပြေးအသိုင်းအ၀ိုင်း ၀မ်းသာအောင် ဥရောပအဖွဲ့က လုပ်ပြလိုက်သေးတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ Uzbekistan ကို ဒဏ်ခတ်အရေးယူထားတာတွေ ရုပ်သိမ်းဖို့ အောက်တိုဘာ (၂၇) ရက်နေ့မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေက ဆုံးဖြတ်လိုက်တယ်။ စီးပွားရေးအကျိုးအမြတ်ကြောင့် ပြန်လည်ဆန်းသစ်တဲ့ မင်းဆိုးမင်းညစ်နဲ့ ဆက်ဆံဖို့ ဆုံးဖြတ်ကြတာပါပဲ။

အပြောင်းအလဲတွေလုပ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ အိုဘားမားအစိုးရဟာ ဘုရှ်အစိုးရဟောင်းနဲ့မတူ တမူထူးခြားကြောင်း ပြချင်တာတခုတည်းနဲ့ မြန်မာစစ်သူခိုးနဲ့ ဆက်ဆံရင် နာမည်ပျက်ဖို့သာရှိတယ်လို့ သုံးသပ်သူလည်း ရှိပါတယ်။ ဥပမာ စစ်အစိုးရ၊ ဒီမိုကရေစီအုပ်စုနဲ့ တိုင်းရင်းသားဆိုတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရေးကို အမေရိကန်က ကြိုးစားမယ်လို့ ဆိုတယ်။ အဲဒီလိုဆိုရင် တိုင်းရင်းသားဘက်က ‘၀’ ခေါင်းဆောင်တွေပါလာရင် အမေရိကန်လက်ခံနိုင်ပါ့မလား။ ၀ခေါင်းဆောင်တွေကို မူးယစ်ဆေးမှောင်ခိုအဖြစ် အမေရိကန်မှာ စွဲချက်တင်ထားတာ ရှိသေးတယ်လေ။ မြန်မာစစ်ခွေးနဲ့ ထိတွေ့ရင် အပုပ်နံ့ရှူရမှာကိုလည်း ထည့်တွက်ထားဖို့လိုတယ်။

အမေရိကန်အစိုးရသစ်တွေ အစိုးရတာဝန် စတင်ထမ်းဆောင်တဲ့ ပထမလပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့အမှားတွေကို Kurt Campbell နဲ့ James Steinberg တို့က ၂၀၀၈ ဒီဇင်ဘာက စာအုပ်ထုတ်ခဲ့ပါတယ်။ Foreign policy troubles at the outset of presidential power ဆိုတဲ့ စာအုပ်ပါပဲ။ အခုတော့ Kurt Campbell က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ James Steinberg က ဒု-နိုင်ငံခြားရေးဝန်ကြီးဖြစ်လာကြတဲ့အတွက် သူတို့ပူးတွဲရေးသားတဲ့စာအုပ်ဟာ အရေးကြီးလာတာဖြစ်တယ်။ ပညာရှင်ဘ၀မှာ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို နိုင်ငံရေးသမားဘ၀မှာ လက်တွေ့အသုံးချရမယ့် သဘောရှိတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို မူလအစကတည်းက မှန်ကန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဆန်းစစ်ထားတဲ့ စာအုပ်ပါပဲ။ Somalia ကိုအထင်သေးပြီး ၀င်ရောက်စွက်ဖက်လိုက်လို့ သမ္မတ Bill Clinton ပထမနှစ်မှာ ဗျာများသွားရပုံကို သုံးသပ်တင်ပြထားပါတယ်။ အစိုးရဟောင်းရဲ့ လမ်းစဉ်မှန်သမျှကို စွန့်ပစ်ချင်စိတ်များနေတာရယ်၊ ရွေးကောက်ပွဲမှာ ကတိပေးခဲ့တာနဲ့ လက်တွေ့ဘ၀မှာ ကွာဟနေတာတွေကိုလည်း သတိထားဖို့ လိုပါတယ်တဲ့။ အမေရိကန်အစိုးရသစ်တွေ လေ့လာသင့်တဲ့ နိုင်ငံခြားရေးဆိုင်ရာ သင်ခန်းစာတွေ စာအုပ်ပြုစုထားတဲ့ လက်ထောက်နဲ့ဒု နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့ကိစ္စကို ကိုင်တွယ်နေတာဖြစ်လို့ အလားအလာရှိနိုင်မယ်လို့သာ မျှော်လင့်မိပါတယ်။

http://www.khitpyaing.org/articles/Nov09/091109.php

မြန်မာ့နိုင်ငံရေး အကျပ်အတည်း ရှေ့တလှမ်းတိုးနိုင်မည်လော

NEJ / ၉ နိုဝင်ဘာ ၂၀၀၉


၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို လူမဆန်စွာ အကြမ်းဖက်နှိမ်နင်းပြီးနောက် နိုင်ငံရေးအကျပ်အတည်း ဆိုက်ခဲ့သည့် နအဖစစ်အုပ်စုသည် (၁၄) နှစ်ကြာ ကျင်းပလိုက် ရပ်နားလိုက် ပြုလုပ်ခဲ့သည့် ညောင်နှစ်ပင် အမျိုးသားညီလာခံကို အလျင်အမြန် အဆုံးသတ်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေမူကြမ်းဆိုသည်ကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် မြန်မာပြည်သူများ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အပူမီးတောက်လောက်နေချိန် ၂၀၀၈ ခုနှစ်၊ မေလတွင် ဆန္ဒခံယူပွဲပြုလုပ်ပြီး ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံမူကြမ်းကို ဖုတ်ပူမီးတိုက် လိမ်လည်အတည်ပြုခဲ့သည်။ (၉၂) ရာခိုင်နှုန်းကျော် သော ဆန္ဒမဲဖြင့် အတည်ပြုကြောင်း မျက်နှာပြောင်တိုက်ကြေညာပြီး ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု တဆက်တည်း ထုတ်ပြန်ခဲ့လေသည်။

သို့သော် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါလီမန်တွင် စစ်ဗိုလ်တမတ်သား အလိုအလျောက်ပါဝင်မည့် နအဖ၏ ၂၀၀၈ ညောင်နှစ်ပင်ဖွဲ့စည်းပုံ အခြေခံဥပေဒကို လက်မခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီနည်းမကျသည့် အချက်အလက်များကို ပြင်ဆင်ပေးမှသာ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ရွှေဂုံတိုင်ကြေညာစာတမ်း ကို ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။ အန်အယ်လ်ဒီ၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များကို ပြည်တွင်းပြည်ပရှိ အတိုက်အခံအင်အားစုများကလည်း သဘောတူ ထောက်ခံခဲ့ကြသည်။

နအဖစစ်အုပ်စုကမူ အန်အယ်လ်ဒီ၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်ကို အကြောင်းပြန်ကြားခြင်းမရှိဘဲ သူတို့၏ အစီအစဉ်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန်အတွက်သာ ကျိတ်ပုန်းခုတ်ပြင်ဆင်နေခဲ့သည်။ သို့သော် ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောအမှု ဖြစ်ပွားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံရေးအခင်းအကျင်းသည် အပြောင်းလဲကြီး ပြောင်းလဲခဲ့လေသည်။ ဂျွန်ယက်တောအမှုနှင့် ဆက်နွှယ်ကာ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ရောက်ရှိလာပြီးနောက် မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် အမေရိကန်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုသည် တမဟုတ်ချင်း ရှေ့တန်းသို့ တက်လှမ်းလာခဲ့လေသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး စကော့မာရှယ်တို့အဖွဲ့ လာရောက်သည့် ခရီးစဉ်အထိပင်ဖြစ်သည်။

သို့သော် မစ္စတာကာ့တ်ကမ်ဘဲလ်နှင့် စကော့မာရှယ်တို့ လာရောက်သည့် ခရီးစဉ်၏ ရလဒ်သည်လည်း ယခင့်ယခင် ကြားဝင်ဆောင်ရွက်ခဲ့ကြသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်များ၏ ခရီးစဉ်များနှင့် မခြားနားသော အခြေအနေမျိုးဖြင့်သာ အဆုံးသတ်ခဲ့သည်ကို တွေ့မြင်ရပေသည်။ နအဖစစ်အုပ်စုဘက်မှ အဆုံးအဖြတ်ပေးနိုင်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်မရရှိဘဲ ပြန်သွားခဲ့ရပြီးနောက် ယခင်ကိုယ်စားလှယ်များနည်းတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ တွေ့ဆုံဆွေးနွေးရေးလုပ်ရန် ထိုသို့ထင်သာမြင်သာသည့် တိုးတက်မှုများရှိမှသာ စီပွားရေးအရ ပိတ်ဆို့အရေးယူမှုများကို လျော့ပေါ့ပေးသွားမည်ဆိုသည့် ဖြေကြားမှုများဖြင့် ခရီးစဉ်အား အဆုံးသတ်ခဲ့သည်ကို တွေ့ရသည်။

အနည်းငယ်ထူးခြားသည်မှာ ကာ့တ်ကမ်ဘဲလ်၏ ခရီးစဉ်၌ ယခင်ကိုယ်စားလှယ်များ လာရောက်စဉ်က ကန့်သတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းတင်နှင့် ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (ယူအန်အေ) မှ တိုင်းရင်းသားခေါင်းဆောင်များကို တွေ့ဆုံခွင့်ရခဲ့ခြင်းနှင့် စီးပွားရေးပိတ်ဆို့မှု လျှော့ပေါ့ရေးအတွက် မက်လုံးပေးပြောဆိုနိုင်မှုတို့ပင်ဖြစ်သည်။

နအဖစစ်အုပ်စုဘက်မှ ပြုမူဆက်ဆံပုံကို သတိထားသုံးသပ်ကြည့်လျှင်မူ အမေရိကန်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကို လက်ခံခဲ့သည့် သူတို့၏ ရည်ရွယ်ချက်သည် အမေရိကန် လိုလားသည့်အတိုင်း တွေ့ဆုံဆွေးနွေးရေးလုပ်ရန်နှင့် နိုင်ငံရေးအရ တိုးတက်မှုရှိကြောင်း ပြသနိုင်ရန် လုပ်ကိုင်ဆောင်ရွက်လို၍ မဟုတ်ဘဲ သူတို့စစ်အုပ်စုအပေါ် အထိနာစေသည့် စီပွားရေးပိတ်ဆို့ အရေးယူမှုများကို လျှော့ပေါ့ပေးစေလိုခြင်းကြောင့်သာ အတိုက်အခံအင်အားစုများနှင့် ဟန်ပြတွေ့ဆုံခွင့်ပြုခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပေသည်။

နအဖလိုလားသည်က အမေရိကန်ဘက်မှ စီပွားရေးပိတ်ဆို့အရေးယူမှုများကို အရင်လျှော့ပေါ့ပေးစေလိုခြင်းဖြစ်ပြီး အမေရိကန်အစိုးရအနေဖြင့်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပြီး စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုကို အရင်ပြုလုပ်မှ လျှော့ပေါ့ပေးလိုခြင်းဖြစ်သည့်အတွက် နအဖ၏ အကြံအစည်နှင့် အမေရိကန်အစိုးရ၏ ကြားဝင်ဆောင်ရွက်သည့် ရည်ရွယ်ချက်သည် လတ်တလောအခြေအနေတွင် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို တွေ့မြင်ရပေသည်။

ထို့အပြင် နအဖစစ်အုပ်စုက သူတို့စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းချင်၍သာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပလိုနေခြင်းဖြစ်သဖြင့် တတ်နိုင်သမျှ အတိုက်အခံအင်အားစုများ၏ ပါဝင်ခွင့်ကို ကန့်သတ်ထားလိုသည်။ သို့သော် အမေရိကန်၊ ဂျပန်နှင့် အနောက်အုပ်စုအစိုးရများက ပါဝင်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်ဟု ဆိုသည့်အတွက် အတိုက်အခံတို့ တောင်းဆိုနေသည့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒမရှိသည့် နအဖစစ်အုပ်စုအဖို့ ရှေ့ဆက်ရန် အခက်တွေ့နေလေသည်။

အတိုက်အခံအင်အားစုများဘက်သို့ ငဲ့စောင်းကြည့်ရှုလျှင်လည်း မိမိတို့လိုလားသည့် တွေ့ဆုံဆွေးနွေးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို နအဖဘက်မှ မဖြစ်မနေ လက်ခံဆောင်ရွက်လာစေရန်အတွက် ဖိအား (လူထုတိုက်ပွဲ၊ စစ်ရေး၊ သံတမန်ရေးဖိအား) ပေးနိုင်သည့် အနေအထားမျိုး မတွေ့ရသေးပေ။ ထိုသို့ နအဖဘက်မှလည်း အလျှော့မပေး (အာဏာမစွန့်ချင်)၊ အတိုက်အခံဘက်မှလည်း နအဖစစ်အုပ်စု အလျှော့မပေး၍ မရအောင် ဖိအားပေးနိုင်ခြင်းမျိုးမရှိလျှင် လူကြီးနေရာမှ ကြားဝင်ဆောင်ရွက်သည့် အမေရိကန်အစိုးရအနေဖြင့် နအဖနှင့် အတိုက်အခံတို့အကြား တစုံတရာ ပြေလည်မှုရရှိအောင် မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည်လဲ သို့တည်းမဟုတ် ယခုအတိုင်းပင် မြန်မာ့နိုင်ငံရေး အကျပ်အတည်း လိပ်ခဲတည်းလည်း ဆက်ဖြစ်နေဦးမည်လားဆိုသည်ကို စောင့်ကြည့်အကဲခတ်ရဖို့ရှိပေသည်။

http://www.khitpyaing.org/editorial/Nov09/091109.php

ဝါရှင်တန်နဲ့ကြပ်ပြေး ဘာအပေးအယူတွေ လုပ်နေကြတာလဲ



ရဲဘော်ဖိုးသံချောင်း

၁၀ နိုဝင်ဘာ ၂၀၀၉


မီဒီယာသမားတွေ ရလိုက်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးဓာတ်ပုံတပုံ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရလိုက်တာက ဗိုလ်ချုပ်တင်ဦးအပေါ် နအဖက အခုအထိ ဘယ်လိုသဘောထားတယ်ဆိုတဲ့ သဘောထား။ နအဖရလိုက်တာက ပြည်တွင်းပြည်ပကို လိမ်ညာခွင့်။ ဗမာပြည် ပြည်သူလူထုကတော့ တံလျှပ်လေးတောင်မမြင်လိုက်ရ။ လာကတည်းက အခြေအနေကို စနည်းနာဖို့ လာတာလို့ပြောခဲ့တဲ့ အမေရိကန်အစိုးရအဖို့ကတော့ အရင်းဟာ အရင်းပဲလို့ ပြောနိုင်ပါတယ်။ သူတို့အတွက်က ရသမျှအမြတ်ချည်းလို့ တွက်ထားတာဖြစ်ပါတယ်။

ဒီလို သဲထိတ်ရင်ဖို ရုပ်ရှင်ကားလိုလို၊ သံတမန်သူလျှို ရုပ်ရှင်ကားလိုလို ဗမာ့နိုင်ငံရေးဇာတ်လမ်းတခုကို အားလုံးကအလေးထား အာရုံစိုက်ကြည့်နေကြလို့ အဆုံးပိုင်းလည်းရောက်ရော မထင်မှတ်ဘဲ လူပြက်တယေက်ခုန်ထွက်လာတယ်။ တခြားလူဟုတ်ပါရိုးလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ့။ ကမ်ဘဲလ်ပြန်သွားတာ သေချာပြီဆိုတော့မှ ပုန်းအောင်းနေရာက ထွက်လာ၊ ပြီးတော့ ကြပ်ပြေးကို ပြန်ရောက်ရောက်ချင်း အိပ်မှုန်စုံမွှားနဲ့ “စက်မှုနိုင်ငံထူထောင်ရမယ်” လို့ လက်သီးလက်မောင်းတန်း အော်လိုက်ပါတယ်။ ဦးပုညရေးသလို “ကမ္ဘာကြီးပျက်ကာမှ ယောင်တိယောင်နနဲ့ လူ့ဘဝကိုရတဲ့” လူဆိုတာမျိုးပါပဲ။ သူဟာသွားပုန်းနေတာ မဟုတ်ပါဘူးလို့ လျှောက်လဲချက်တင်နေတာပါ။ ဒါပေမယ့် ဒီအပြောဟာ ဒီနိုင်ငံ့အကြီးအကဲကြီးရဲ့ အရည်အချင်းကို ဖော်ပြလိုက်သလိုဖြစ်သွားတာမို့ ပရိသတ်ကို ပွဲအကျကြီးကျသွားစေပါတော့တယ်။ ထားတော့။ ဗမာပြည်နိုင်ငံရေးဟာ ဒါနဲ့ပဲ သံသရာလည်နေရတော့မှာလား။

အမေရိကန်က ကမ်ဘဲလ်ကိုလွှတ်တာဟာ အဓိကအားဖြင့် အာရှတိုက်ဒီဘက်ပိုင်းက တရုတ်၊ အိန္ဒိယ၊ အာဆီယံတို့ရဲ့ နိုင်ငံရေး ကျားဝိုင်းမှာ သူတို့ကျန်မနေခဲ့ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဗမာပြည်အရေးဟာ အမေရိကန်နိုင်ငံအတွက် အရေးပါသလောက် ပါပေမယ့် ဘယ်တုန်းကမှ ထိပ်တန်းထားရတဲ့ ကိစ္စမဖြစ်ခဲ့ပါဘူး။ အခုလည်းမဖြစ်သေးပါဘူး။ ဒီတော့ အိမ်ဖြူတော်ဟာ ဗမာပြည်အရေးကို တလျှောက်လုံး သူတို့နိုင်ငံခြားရေးပေါ်လစီရဲ့ ဒုတိယတန်း၊ ဒါမှမဟုတ် တတိယတန်းပြဿနာအဖြစ်ပဲ ကိုင်တွယ်နေမှာပါ။ “ဗမာပြည်ကို တခေါက်သွားလိုက်တာနဲ့ပဲ ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မမျှော်လင့်သင့်ဘူး” ဆိုတဲ့ အပြောမျိုးတွေပဲ ကြားနေရဦး မှာသေချာပါတယ်။ ဒါကို လည်တံတမော့မော့ လုပ်နေကြလို့မဖြစ်ပါဘူး။

ဒီလိုအခါမှာ နအဖစစ်ဗိုလ်ချုပ်တွေအနေနဲ့ နိုင်ငံကြီးတွေအကြားမှာ ဟိုပင်ဒီပင်ကူးပါလို့ ကစားနိုင်တော့မယ်လို့ တွေးပြီး အူမြူးနေမှာသေချာပါတယ်။ အရင်ကတော့ အတိုက်အခံတွေက ဗမာပြည်အရေးကို ပြည်ပနိုင်ငံရေးဝိုင်းထဲကိုတွန်းပို့၊ ဆွဲပို့တာတွေ လုပ်နေခဲ့ပါတယ်။ မကြာမီကာလမှာတော့ နအဖစစ်အစိုးရက ပြဿနာတွေကို ပြည်ပလွှဲချပြီးအချိန်ဆွဲတာ၊ အငှားဗိုက်နဲ့ ဓားထိုးခံတာ၊ ပြည်ပနဲ့ရန်တိုက်ပေးတာတွေ လုပ်လာနိုင်ပါတယ်။ အမေရိကန်ကို ပုဏ္ဏားတိုင်ထားပြီးပြောတာကို အတိုက်အခံတွေထက် နအဖကပိုလုပ်လာတာမျိုးတောင် တွေ့ကောင်းတွေ့လာရနိုင်ပါတယ်။

နောက်ဖြစ်နိုင်ခြေတခုကတော့ အင်တာနက်ရယ်၊ ဗိုလ်စာနဲ့ရေးထားတဲ့ စာအုပ်ကြီးတွေရယ်ကို ကိုးကားပြီး မီဒီယာတွေကနေ ဖိန်းတာ၊ ဟိန်းတာတွေလည်း ပိုများကောင်းများလာနိုင်ပါတယ်။ တဆက်တည်းမှာ မရှက်မကြောက် ဟိုဘက်-ဒီဘက် ခြံကူးတာတွေလည်း တွေ့လာရပါလိမ့်မယ်။ ဟိုပုဂ္ဂိုလ်များပြောတဲ့ “စပေ့စ်” တွေ များလာနိုင်တယ်ဆိုတဲ့သဘောမျိုးလား။ အင်း- နအဖထိုးပေးထားတဲ့ မီးမောင်းအောက်မှာ ကကြပေတော့ပေါ့။ နောက်ပြီး မောင်မောင်မခေါ်ခင်ကတည်းက ဗျာထူးနေတဲ့ လူတွေလည်း အခုထက်ပိုများကောင်းများလာနိုင်ပါတယ်။ ရွေးကောက်ပွဲဥပဒေထဲမှာ ဘာတွေပဲရေးထားထား ဒို့ကတော့ အမတ်တနေရာရဖို့အတွက် အသက်ပဲပေးရ-ပေးရ၊ အရှက်ပဲပေးရ-ပေးရ ဝင်မှာပဲဆိုတဲ့လူတွေလည်း အားတက်ကောင်းတက်ပါလိမ့်မယ်။

သေချာတာကတော့ ဗမာပြည်ရဲ့ နိုင်ငံရေး ပိုရှုပ်ထွေးလာမယ်ဆိုတာပါပဲ။ တိုင်းပြည်တပြည်ရဲ့အရေးမှာ နိုင်ငံကြီးတွေပါလာရင် ပိုရှင်းရလွယ်မယ်လို့ အသေတွက်ရင် မှားတယ်ဆိုတာ မြင်ရတော့မှာပါ။ အိုဘားမားအစိုးရအနေနဲ့က ဗမာပြည်အရေးဟာ ဘုရှ်ရဲ့နည်းလည်းမစွံဘူး၊ အာဆီယံနည်းလည်းမစွံဘူး၊ ဒါကြောင့် ဘယ်နည်းကောင်းမလဲလို့ ရှာဖွေစမ်းသပ်နေတာပါ။ ထပ်ပြောပါ့မယ်။ အိုဘားမားအစိုးရဟာ ဗမာပြည်အရေးကို ဘယ်နည်းနဲ့ချဉ်းကပ်ဖြေရှင်းတာ အကောင်းဆုံးလဲလို့ ရှာဖွေစမ်းသပ်နေတာဖြစ်ပါတယ်။ သူတို့က နိုင်ငံကြီးဆိုတော့ အချိန်စောင့်နိုင်ပါတယ်။ လောစရာမလိုပါ။ သူတို့အဖို့က အရှေ့တောင်အာရှက ဒီအရေးမှာ ငါ့ကိုချန်ထားလို့ မရဘူးနော်လို့ ပြောလိုက်ရရင်ပဲ ရည်ရွယ်ချက်တဝက်ကျော် ပြည့်မြောက်နေပါပြီ။ သူတို့ဦးတည်လှုပ်ရှားနေတာက ဗမာပြည် ပြည်သူတွေမဟုတ်ပါဘူး။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအပါ ဒီဒေသကနိုင်ငံတွေကို ဦးတည်တာပါ။

ကမ်ဘဲလ်လာသွားတာဟာလည်း သူတို့သဘောထားကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြဖို့ပဲဖြစ်ပါတယ်။ ဒီကလူတွေနဲ့ အဖွဲ့ အစည်းတွေရဲ့သဘောထားကို အကျယ်အပြန့်နားထောင်ဖို့က အဓိကမဟုတ်ပါဘူး။ (ဗမာပြည်အကြောင်း၊ ဗမာပြည်ကလူ-အဖွဲ့ အစည်းတွေရဲ့ သဘောထားတွေကို သူတို့မသိတာလည်းမဟုတ်ပါဘူး)။ သူတို့လုပ်ချင်တာကို ဒီကလူတွေ နားလည်သဘောပေါက်ဖို့၊ ဒါမှမဟုတ် နောင်အတွက် လမ်းဖွင့်ထားနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

အခုတော့ အိုဘားမားနဲ့ သိန်းစိန် တွေ့မယ်ဆိုတဲ့ အခြေအနေတောင် ရောက်လာနေပါတယ်။ ဒီအခါမှာ မီဒီယာတွေက ၁၉၆ဝ ခုနှစ်များတုန်းက ဗိုလ်နေဝင်းနဲ့ အမေရိကန်သမ္မတ ဂျွန်ဆင်တို့ တွေ့ကြတာကို ပြန်ညွှန်းနေကြတာကိုလည်း တွေ့လာရပါတယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် အမေရိကန်က ဗိုလ်နေဝင်းကို ကျောသပ်ခဲ့တာ၊ အကူအညီပေးခဲ့တာတွေကို ထောက်ပြကြပါတယ်။ ဒါပေမယ့် သူတို့လိုသွားတဲ့အချက်တချက် ကျန်နေတယ်လို့ထင်ပါတယ်။ အဲဒါက အဲဒီတုန်းက ဝါရှင်တန်နဲ့ မဆလစစ်အစိုးရ အဆင်ပြေခဲ့တာဟာ အကျိုးစီးပွားချင်း သွားတိုက်ဆိုင်နေလို့ဖြစ်ပါတယ်။ အမေရိကန်ကလည်း ဗီယက်နမ်စစ်ပွဲ တိုက်နေရတာမို့ ဒီဒေသမှာ ကွန်မြူနစ်ဆန့်ကျင်သူကို ရှာဖွေနေတာဖြစ်ပြီး ဗိုလ်နေဝင်းကလည်း ဗကပအမြစ်ဖြတ်ရေးကို ဖြတ်လေးဖြတ်နဲ့ အပြတ်အသတ် လုံးပန်းနေချိန်ဖြစ်ပါတယ်။ ဗိုလ်နေဝင်းက ကွန်မြူနစ် ဆန့်ကျင်တာဟာ သူ့အကျိုးစီးပွား ကြောင့်မို့ဖြစ်ပါတယ်။ အမေရိကန်က နားချလို့ လုံးဝမဟုတ်ပါဘူး။ ဗမာပြည်က စစ်အုပ်စုတွေ၊ စစ်အာဏာရှင်တွေဟာ တောင်ဗီယက်နမ်က ငိုဒင်ဇင်၊ အင်ဒိုနီးရှားကဆူဟာတို၊ ဖိလစ်ပိုင်က မားကို့စ်တို့လို အမေရိကန် အကူအညီနဲ့ အာဏာရခဲ့တာ မဟုတ်သလို အမေရိကန်ရဲ့စီးပွားရေး သံသရာကြီးထဲမှာ ကိုယ့်အကျိုးစီးပွားတွေကို ပုံထားရသူတွေလည်း မဟုတ်ပါဘူး။ အမေရိကန်က ပြောတိုင်းရတဲ့ လူတွေမဟုတ်ဘူးဆိုတာ မမေ့ဖို့လိုပါတယ်။ ဒါဟာ ဗိုလ်နေဝင်းလက်ထက်ကတည်းက ချမှတ်ခဲ့တဲ့လမ်းကြောင်းဖြစ်ပြီး ဗိုလ်သန်းရွှေတို့ ဖဝါးခြေထပ်လိုက်နေတာလည်း ဖြစ်ပါတယ်။ ဒီလိုလျှောက်ဖို့ဟာ သူတို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဗိုလ်ချုပ်တွေအသိဆုံးပါ။ ဒီလို စစ်ဗိုလ်ချုပ်တွေ မျက်စိမလည်တဲ့ကိစ္စကို အတိုက်အခံတွေက မျက်စိမလည်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒါမျိုးတွေဟာ ဖြစ်ရိုးဖြစ်စဉ်၊ ဘာမှမဆန်းတာလို့ မြင်ဖို့လိုပါတယ်။ ဒီလိုအပြောင်းအလဲတွေက ကိုယ်လုပ်စရာရှိတာတွေကို မထိခိုက်ဖို့လိုပါတယ်။ နိုင်ငံတခုနဲ့တခုဆက်ဆံမှုကို လိုက်ပြီး ကိုယ့်လုပ်ငန်းစဉ်ကို မပြောင်းဖို့လိုပါတယ်။

နအဖစစ်အုပ်စုရဲ့အဘိဓာန်ထဲမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ဝေါဟာရဟာမရှိဘူးဆိုတာ အိမ်ဖြူတော်ကပုဂ္ဂိုလ်တွေ သိမသိမပြောတတ်ပါ။ ငါပြောရင်ရပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလို့မရတာတော့ သေချာပါတယ်။ နိုင်ငံငယ်တွေက နိုင်ငံကြီးတွေကို နှပ်ကစားတာ၊ နိုင်ငံကြီးတွေက မသိချင်ဟန်ဆောင်ပြီး တမင်အနှပ်ခံတာဆိုတာတွေဟာ နိုင်ငံချင်း ဆက်ဆံရေးမှာ မဆန်းတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ခက်တာက ဒီကိစ္စတွေ ဗမာပြည်မှာ လာပေါ်ပေါက်နေတာလားလို့ စဉ်းစားစရာဖြစ်နေတာပါပဲ။

http://www.khitpyaing.org/articles/Nov09/101109.php

အခြေခံဥပဒေ ပြင်ဆင်ရေးသည် ခက်ခဲလိမ့်မည်


Monday, 09 November 2009 14:39 ကေလတ်
“ညီမလေး အရပ်ပုရင် ဒေါက်ဖိနပ် စီးလိုက်ရုံပေါ့” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးကြည်မောင်က ရွေးကောက်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောခဲ့ဖူးသည်။ အာဏာ လွှဲပြောင်းရေး အတွက် ဖွဲ့စည်းပုံ တရပ် လိုအပ်သည်ဟု စစ်အစိုးရ၏ အဆိုကို ချေပ ပြောဆိုခြင်း ဖြစ်သည်။

စစ်အစိုးရထံမှ အာဏာလွှဲပြောင်းရယူသော အသွင်ကူးပြောင်းရေးကာလတရပ်၌ အသုံးပြုရန် ယာယီ အခြေခံဥပဒေ တရပ်ကို NLD က ပြင်ဆင် ရေးဆွဲခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး စောမောင် ခေါင်းဆောင်သော စစ်အစိုးရက လက်မခံခဲ့။

ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရစဉ် NLD၏ ခေါင်းဆောင် ဖြစ်ခဲ့သော ဦးကြည်မောင်က အာဏာမလွှဲပြောင်းမီ အခြေခံဥပဒေသစ် တရပ် လိုအပ်သည်ဟု စစ်အစိုးရ၏ ကြေညာချက်ကို တုံ့ပြန်၍ အခြေခံဥပဒေ ဆိုသည်မှာ ပြင်ဆင် ပြောင်းလဲ၍ရကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုများက အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် ပုံစံဖြင့် ပြန်လည် ပြင်ဆင် ရေးဆွဲလိုခြင်းမှ အစပြု၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းသည် စိမ်ခေါ်မှု တရပ်သဖွယ် ဖြစ်လာခဲ့ရသည်။

တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများနှင့် ထိုစဉ်က ဝန်ကြီးချုပ် ဖြစ်သော ဦးနုတို့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန် သဘောတူညီချက် ရပြီးချိန်တွင် ဦးနေဝင်းက ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်မှ ကယ်တင်လိုက်ရသည်ဟု အကြောင်းပြ၍ ၁၉၆၂ ခုနှစ်၊ မတ်လတွင် အာဏာသိမ်းခဲ့သည်။

၁၉၄၇ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း နည်းလမ်းများဖြင့် ပြင်ဆင်ခွင့် ရှိသည်။ အခြေခံဥပဒေ ပြင်ဆင်မှု ဥပဒေကြမ်းကို လွှတ်တော်တရပ်ရပ်၌ တင်သွင်း အတည်ပြုပြီးလျှင် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးက ဤဥပဒေကြမ်းကို စဉ်းစား ဆွေးနွေးကြသည်။ ထို့နောက် ဤဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေး၌ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံထက် မနည်းသော မဲအရေအတွက်ဖြင့် အတည်ပြုနိုင်သည်။

ထို့ကြောင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ဆိုင်ရာ ပြဿနာများကို သက်ဆိုင်ရာ ကာယကံရှင်များ ကိုယ်တိုင် ညှိနှိုင်းဆွေးနွေး အဖြေရှာ၍ ရနိုင်သည်။

၁၉၇၄ အခြေခံဥပဒေတွင် တချို့သော ပြဌာန်းချက်များ အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ရန် သဘောတူပြီးသောအခါ ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပပြီး မဲဆန္ဒပေးခွင့် ရှိသူ အားလုံး၏ တဝက်ကျော် ဆန္ဒမဲဖြင့် အတည်ပြုနိုင်သည်။ တချို့သော ပြဌာန်းချက်များအတွက်မူ လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်သည်။ ၁၉၇၄ အခြေခံဥပဒေ၏ အဓိကကျသော ပြဌာန်းချက်များ ပြင်ဆင်ခဲ့ခြင်း မရှိပါ။

ဦးကြည်မောင်၏ စကားမတိုင်မီ အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့သူတဦး ဖြစ်သော သောမတ်ဂျက်ဖာဆင် ကလည်း ၁၈၁၆ ခုနှစ်၊ ဇူလိုင်လတွင် ဆင်မြူရယ်ကာခီဗယ် ထံသို့ ရေးသော စာတစောင်၌် “ကျနော်ဟာ ဥပဒေတွေ၊ အခြေခံ ဥပဒေတွေ ခဏခဏ ပြောင်းလဲခြင်းကို နှစ်သက်တဲ့သူတယောက် မဟုတ်ပါဘူး။ ဒါပေမယ့် ဥပဒေတွေ အခြေခံ အဆောက်အအုံတွေဟာ လူသားတွေရဲ့ တိုးတက်မှုဖြစ်စဉ်နဲ့ သဟဇာတ ဖြစ်ရပါလိမ့်မယ်” ဟု ပြောခဲ့ဖူးသည်။

သူက ဆက်၍ “မယဉ်ကျေးသေးတဲ့ အဘိုးအဘွားတွေရဲ့ နေထိုင် စားသောက်မှုပုံစံအောက်မှာ နေနေရတဲ့ ယဉ်ကျေးတဲ့ လူနေမှုဘဝက လူတယောက်အဖို့ သူနဲ့ သင့်တော်တဲ့ အင်္ကျီကို သူဝတ်နိုင်ဖို့လည်း လိုအပ်မှာပါ” ဟု ပြောခဲ့သည်။ ပြောင်းလဲလာသော အခြေအနေနှင့်အညီ အခြေခံဥပဒေက လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေကို အကြမ်းအားဖြင့် ‘တင်းကျပ်သောဥပဒေ’ နှင့် ‘ပြင်လွယ်ပြောင်းလွယ်ဥပဒေ’ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ တင်းကျပ်သော ဥပဒေသည် အနည်းဆုံး အခြေခံဥပဒေ၏ တချို့အစိတ်အပိုင်းကို ပြန်လည် ပြင်ဆင် ပြောင်းလဲရန် ခက်ခဲသော လုပ်ငန်း အစီအစဉ်များ ပါရှိသည်။ ပြင်လွယ်ပြောင်းလွယ် အခြေခံဥပဒေတွင်မူ ယင်း၏ ပြဌာန်းချက်များကို ပြုပြင်ပြောင်းလဲရန် လွယ်ကူသော လုပ်ငန်းစဉ်များ ပါဝင်သည်။

အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် တင်းကျပ်၏။ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ရာခိုင်နှုန်း မြင့်မားသော မဲအများစု လိုအပ်သည်။ အသုံးများသော နည်းလမ်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော် တရပ်စီတွင် သုံးပုံနှစ်ပုံ မဲအများစုဖြင့် ပထမ အတည်ပြုပြီး ပြည်နယ်လေးပုံသုံးပုံ၏ အတည်ပြုချက်ကို ထပ်မံရယူခြင်း ဖြစ်သည်။

ဤနည်းလမ်းမှာ လက်ရှိ အခြေခံဥပဒေပြင်ဆင်ချက်အားလုံးအတွက် အသုံးပြုခဲ့သော နည်းလမ်းဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်း ၂ဝဝ အတွင်း အခြေခံဥပဒေ ပြင်ဆင်ချက် (၂၇)ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသည့် အချက်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် သမ္မတ၏ အခန်းကဏ္ဍ လုံးဝ မပါရှိခြင်း ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံတွင်မူ လွှတ်တော်က အဆိုပြုသော (သို့မဟုတ်) နိုင်ငံသား (၁ဝဝ ဝဝဝ) ကျော်၏ ဆန္ဒမဲဖြင့် အဆိုပြုသော အခြေခံဥပဒေ ပြင်ဆင်ချက်ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ အများစုမဲဖြင့် အတည်ပြုရသည်။ ထို့နောက် ပြည်နယ်တခုချင်းစီ၌ အများစုမဲဖြင့် ထပ်မံအတည်ပြုပြီး၊ ပြည်နယ်အများစု၏ အတည်ပြုချက်ကို ထပ်မံ ရယူရသည်။ ဆွစ်ဇာလန်အခြေခံဥပဒေသည် သမိုင်းတလျှောက် အကြိမ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၏ အခြေခံဥပဒေသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်သည်။ ယင်းအခြေခံဥပဒေ၏ ပြဌာန်းချက်များ၊ စည်းမျဉ်းများကို သာမန် လွှတ်တော်ဥပဒေတရပ်ဖြင့် ပြုပြင် ပြောင်းလဲနိုင်သည်။

အခြေခံဥပဒေ အများစုသည် တင်းကျပ်သော ဥပဒေများ ဖြစ်ကြသည်။ သို့သော်လည်း တင်းကျပ်သော ဥပဒေသည် တိုင်းပြည်၏ အခြေခံဥပဒေများကို တည်ငြိမ်စေရန်နှင့် အဓွန့်ရှည် တည်တံ့ရန် အလိုအလျောက် အာမခံချက် ပေးနိုင်ခြင်း မရှိပေ။

တောင်အာဖရိက အခြေခံဥပဒေသည် အမျိုးသားလွှတ်တော်၌ အခြေခံဥပဒေ ပြင်ဆင်မှု ဥပဒေမူကြမ်းတရပ် တင်သွင်းပြီး လွှတ်တော်ဥပဒေတရပ်ဖြင့် ပြင်ဆင်နိုင်သောကြောင့် ပြောင်းလွယ်၊ ပြင်လွယ် ဖြစ်သည်ဟု ယူဆနိုင်သည်။ အခြေခံ ဥပဒေ ပြဌာန်းချက် အများစုကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်၌ သုံးပုံနှစ်ပုံ မဲအများစုဖြင့် အတည်ပြု ပြင်ဆင်နိုင်သည်။ သို့သော်လည်း အရေးကြီးသော ပြဌာန်းချက်များအတွက်မူ ဒေသဆိုင်ရာ အမျိုးသားကောင်စီ တခုချင်းစီတွင် ရာခိုင်နှုန်း အများစုမဲဖြင့် အတည်ပြုချက်ယူရပြီး အနည်းဆုံး ဒေသကိုးခုအနက် ခြောက်ခုတွင် အတည်ပြုချက်ရမှ ပြင်ဆင်နိုင်သည်။

အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေကို ပြင်ဆင်ရန် ခက်ခဲသည်ဟု ဆိုနိုင်သော်လည်း အခြားတင်းကျပ်သော အခြေခံ ဥပဒေများနှင့် နှိုင်းယှဉ်လျင် ပို၍လွယ်ကူသည်ဟု ပြောနိုင်သည်။ တင်းကျပ်သောအခြေခံဥပဒေများ၏ ပြဌာန်းချက်များသည် အချိန် ကြာလာသည်နှင့် အမျှ တရားရုံးများ (သို့မဟုတ်) ဥပဒေပြုအဖွဲ့များ နှင့် အုပ်ချုပ်မှုအဖွဲ့များ၏ အဓိပ္ပာယ် ကောက်ယူမှုအပေါ် မူတည်လာကြသည်။

မြန်မာပြည်ရှိ ရွေးကောက်ပွဲလိုလားသော အဖွဲ့တချို့က အခြေခံဥပဒေစနစ်ကို လက်ခံရန်၊ အခြေခံဥပဒေရှိ မလိုလားအပ်သော ပြဌာန်းချက်များကို တဖြည်းဖြည်း ပြင်ဆင် ပြောင်းလဲသွားရန် ဆော်သြ စည်းရုံးလျက်ရှိကြသည်။

“စစ်တပ်ဟာ သူ့ရဲ့သြဇာ ဆက်လက် အဓွန့်ရှည်ဖို့ ရွေးကောက်ပွဲတွေကို အသုံးချလိုတဲ့ သဘောရှိပါတယ်။ ဒါပေမယ့် ဒီ ရွေးကောက်ပွဲဟာ ဒီမျိုးဆက် ကာလတခုအတွင်း အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံး အပြောင်းအလဲတခုပါပဲ” ဟု နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့၏ အရှေ့တောင်အာရှ လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး ‘ဂျင်ဒယ်လာဂျီယာကိုမာ’ က ဆိုသည်။ “စစ်အစိုးရက ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်တဲ့၊ ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအလဲ အတွက် အစိုးရ၊ အတိုက်အခံ၊ အိမ်နီးချင်း နိုင်ငံများ နဲ့ နိုင်ငံတကာ မိသားစုက ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုပါသည်။

၂ဝဝ၈ အခြေခံဥပဒေသည် တင်းကျပ်သောဥပဒေ (သို့မဟုတ်) ပြင်လွယ်ပြောင်းလွယ် ဥပဒေ ဟုတ်မဟုတ် အကဲဖြတ်ရန် အခြေခံဥပဒေ ပြင်ဆင်ချက်လုပ်ငန်းစဉ်ကို ဂရုတစိုက် လေ့လာကြည့်ရန် လိုအပ်မည်ဖြစ်သည်။ ဤအခြေခံဥပဒေ၌ အပြုသဘော (သို့မဟုတ်) အပျက်သဘော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည့် လစ်ကွက် ဟာကွက်များ ရှိ မရှိကိုလည်း ဆန်းစစ်ရန် လိုအပ်သည်။

အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် (လွှတ်တော်နှစ်ရပ်ပေါင်း) ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းက အခြေခံဥပဒေ ပြင်ဆင်မှု ဥပဒေမူကြမ်းကို တင်သွင်းရန်လိုအပ်ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမဲဖြင့် အတည်ပြုရမည်။

အရေးကြီးသော ပြဌာန်းချက်များဖြစ်သည့် အခြေခံမူများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ၊ သမ္မတနှင့် ဒုသမ္မတလောင်းများ အတွက် အရည်အချင်းများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ အရေးပေါ်အခြေအနေ စသည့် ပြဌာန်းချက်များ အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပေးပြီး မဲပေးခွင့်ရှိသူများ၏ ထက်ဝက် ထောက်ခံဆန္ဒမဲဖြင့် ထပ်မံ အတည်ပြုရန် လိုအပ်သည်။

ဤကဲ့သို့ ပြဌာန်းချက်များကို ပြင်ဆင်ရန် ခက်ခဲသည့် လုပ်ငန်းစဉ်များကြောင့် ၂ဝဝ၈ အခြေခံဥပဒေမှာ ‘တင်းကျပ်သော’ ဥပဒေဖြစ်ကြောင်း ထင်ရှားသည်။

စစ်အစိုးရက စစ်စိုးမိုးမှုအတွက် တချိန်က နမူနာပြု အတုယူရန် ကြိုးစားခဲ့ဖူးသော အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိအခြေခံ ဥပဒေတွင် အခြေခံဥပဒေကို ပြည်သူ့ အတိုင်ပင်ခံ လွှတ်တော်တွင် သုံးပုံနှစ်ပုံ ထောက်ခံမဲဖြင့် အတည်ပြု ပြင်ဆင်နိုင်သည်။

၁၉၆၈ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သော ဆူဟာတိုသည် အခြေခံဥပဒေကို ပြင်ဆင် ပြောင်းလဲရန် ခွင့်မပြုခဲ့ပေ။ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲဆန္ဒပေးခွင့်ရှိသူ အားလုံး၏ ၉ဝ ရာခိုင်နှုန်းက မဲပေးရမည်ဖြစ်ပြီး ထိုမဲပေးသူများ အနက်မှ ၉ဝ ရာခိုင်နှုန်း ထောက်ခံမဲဖြင့်သာ ပြင်ဆင်နိုင်သည်။

၁၉၉၈ ခုနှစ်၌ ဆူဟာတိုနှင့် သူ၏ အုပ်ချုပ်ရေးစနစ် ပြိုကျခဲ့ပြီးနောက်ပိုင်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းသစ်ကို ပိုမို၍ ဒီမိုကရေစီနည်းကျစေရန် လွယ်ကူ ရှင်းလင်းစေရန် ပြုပြင်ခဲ့သည်။ ပြည်သူ့အတိုင်ပင်ခံ လွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်မှုကို လွယ်ကူစေရန် ပြုလုပ်ပေးပြီး ရလဒ်အနေဖြင့် မူလအခြေခံဥပဒေ၏ ၁၁ ရာခိုင်နှုန်းသာ မပြောင်းလဲဘဲ တည်ရှိတော့သည်။

မြန်မာပြည်၏ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေတွင် လွှတ်တော်နှစ်ရပ်၌လည်းကောင်း၊ ပြည်နယ်အဆင့် လွှတ်တော်များ၌ လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က စေလွှတ်ရန် ပြဌာန်းထားသည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

အခြေခံဥပဒေကို ပြင်ဆင်လိုပါက အရပ်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းအပြင် အနည်းဆုံး စစ်တပ်ကိုယ်စား လှယ်တဦး၏ ထောက်ခံချက် ရရှိရန် လိုအပ်မည်ဖြစ်သည်။

အခြေခံဥပဒေ၏ တင်းကျပ်မှုကြောင့် အနာဂတ် အုပ်ချုပ်မှု၏ လမ်းကြောင်းကို ထိမ်းချုပ်နိုင်ရန် အတိုက်အခံ အင်အားစု လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အားထားရန် အခွင့်အလမ်း အလွန် နည်းပါးကြောင်း တွေ့ရသည်။ အကျိုးရလဒ်အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးမှတဆင့် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေး အယူအဆမှာ လက်တွေ့မကျကြောင်း တွေ့ရှိရသည်။
SOURCE


အရောင်တော်လှန်ရေးများ(Aung Moe Win)

http://ifile.it/rowf4zc

Struggles Around the World _4 Articles

မြေသြဇာအဖွဲ့ ၀င်များ၏လှုပ်၇ှားမှုများ

၈-၁၁-၀၉ ရက်နေ့ ည ၁၂ နာရိခန့်တွင် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့နှင့် မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် ရေဥက္ကံ ကျေးရွာ ရှိ ရဲကင်း ၊ ကျန်စစ်သား အိမ်ရာ ဆိုင်းဗုဒ်၊ဗစ်တိုးရိးယား စတိုး ဆိုင်းဗုဒ် များနှင့် ပန်းလှိုင် ဂေါက်ကွင်း ခြံစည်းရိုး အုပ်ရိုးတို့တွင် ပို့စကဒ်များကပ်ခြင်း၊ကြေငြာချ
က်များ ကပ်ခြင်းနှင့်GAB=TBM=FBF စာသားများ ရေးသား ခြင်းလှုပ်ရှားမှု့များ ပြုလုပ်ခဲ့ကြပါသည်။ထပ်မံပြီး -9.11.2009 ရက်နေ့ည ကြည့်မြင်တိုင်မြို့နယ် သီ၇ိမင်္ဂလာဈေး အတွင်းလှုပ်ရှားမှု အဖြစ် ပို့စကဒ်များအား ပြည်သူလူထုအတွင်း ဖြန့်ဝေခြင်းဈေးအတွင်း၇ှိ နံရံများ ဈေးတာဝန်ခံရုံးနံရံများ တံခါးများဆိုင်းဘုတ်များတွင် မြေသြဇာအဖွဲ့ ၀င်များမှလှုပ်၇ှားမှုများပြုလုပ်ခဲ့ကြပါသည်။

NewTemple Grand Opening Ceremony BC, CANADA