Friday, November 20, 2009

20 Nov ဒိုင်ယာရီ

http://www.multiupload.com/U68IFY7LS7



http://www.scribd.com/doc/22824124/nov-20-09-Diary
nov 20 09 Diary

ဘိန်းစွန့်လွတ်ကြောင်း ကြေငြာထားသော ကိုးကန့်ဒေသတွင် မူးယစ်ဆေးဝါး ဖျက်ဆီးရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းများ



ကြာသပတေးနေ့၊ 05 နိုဝင်ဘာလ 2009 သျှမ်းသံတော်ဆင့်
မြန်မာစစ်တပ်နှင့် ကိုးကန့်ငြိမ်းချမ်းရေးတပ်ဖွဲ့တို့ လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂ လကျော်ကြာ ကာလ အတွင်း မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည့် ကိုးကန့်အဖွဲ့ ဥက္ကဌ ဟောင်း ဦးဖုန်ကျားရှင်းနှင့် ဆွေမျိုးများ ပိုင်သည်ဟု ဆိုသော မူးယစ်ဆေးဝါးများကို နိုဝင်ဘာလ ၁ ရက်နေ့က လောက်ကိုင်တွင် မီးရို့ဖျက်ဆီးခဲ့သည့် အပေါ် အကဲခတ်များက ထောက်ပြမှု ပြောဆိုမှုများ ရှိနေသည်။

လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် နှစ်ဘက်တိုက်ပွဲအပြီးတွင် ယခင်ကိုးကန့်အဖွဲ့ ဥက္ကဌ ဦးဖုန်ကျားရှင်း အပါအ၀င် ဖုန်ဆွေမျိုးများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး မြန်မာစစ်တပ်မှ ကျောထောက် နောက်ခံပြု ထားသည့် ဦးပိုင်ဆုံချိန် ခေါင်းဆောင်သော ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီအား ပြန်လည်အစားထိုး ဖွဲ့စည်းထားသည်။

ယခုနှစ် ဧပြီလ ၂၈ ရက်နေ့က မြန်မာစစ်ဘက်ရေးရာ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်မှ သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံး နယ်ခြားစောင့် အသွင်ပြောင်းလဲဖွဲ့စည်းရန် အဆိုပြု ထားရာတွင် ကိုးကန့်အဖွဲ့ ဥက္ကဌဟောင်း ဦးဖုန်ကျားရှင်းနှင့် ဆွေမျိုးများက ငြင်းပယ်ထားပြီး ယခု ယာယီဦးစီးကော်မတီ ခေါင်းဆောင် ဦးပယ်စောက်ချိန်မှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအား လက်ခံခဲ့ရာ ကိုးကန့်အဖွဲ့ အတွင်း မတူညီသည့် အချက်များတွင် မူးယစ်ဆေးဝါး သမိုင်းကြောင်း အခြေခံရှိသူခြင်း တူညီနေတောင်မှ နိုင်ငံရေး အရမြန်မာစစ်တပ်နှင့်တစ်လှေတည်းစီး သူများမှာ မူးယစ်ဆေးဝါးနှင့် ကင်းလွတ်ခွင့်ရကြကြောင်း ထောက်ပြကြသည်။

အသစ်ဖွဲ့စည်းထားသော ကိုးကန့်ယာယီဦးစီးကော်မတီ ခေါင်းဆောင် ဦးပိုင်ဆုံချိန်နှင့် ထွက်ပြေး တိမ်းရှောင် နေရသော ဖုန်ညီအကိုများ နှိုင်းယှဉ်ချက်

ဦးပိုင်ဆုံချိန်သည် ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့တွင် ၁၉၈၀ ခုနှစ်မတိုင်မှီ ကာလမှစတင် တာဝန်ထမ်း ဆောင်ခဲ့ရာ ၁၉၈၀ ခုနှစ်တွင် တိုက်ပွဲအတွင်း ရရှိခဲ့သည့် ဒဏ်ရာကို အကြောင်းပြု၍ ရှေ့တန်းစစ်မျက်နှာမှ ကိုးကန့် ဒေသသို့ အနားယူရန် ထွက်ခွာသွားခဲ့သည်။

၁၉၈၁ ခုနှစ်တွင် ဗကပမှ တပ်မ ၆၈ တိုးချဲ့ ဖွဲ့စည်းရာတွင် ၄င်းတပ်မ စစ်ဆင်ရေးဌာနမှူးမှ သူ့အား တပ်မတွင်တာဝန် ထမ်းဆောင်ရန် တွေ့ဆုံ ခေါ်ယူခဲ့သော်လည်း တာဝန်ထမ်းဆောင်ခြင်း မရှိပဲ ကိုးကန့်ဒေသ အတွင်းတွင်စီးပွားရေး လုပ်ကိုင်နေထိုင်ခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ကိုးကန့်ဒေသ ခရိုင်တပ်အား ဖွဲ့စည်းခဲ့ချိန်တွင် ခရိုင်တပ်ဖွဲ့၏ ဒုရင်းမှူးအဖြစ် ဗကပ အာဏာသိမ်းခံရ သည့် ၁၉၈၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်း ပါဝင်လှုပ်ရှားခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်း သမိုင်းတစ်လျှောက်တွင် ၁၉၈၀ ခုနှစ်မတိုင်မှီကာလများ၌သာတပ်နှင့် အတူနေထိုင်ခဲ့ပြီး ဒဏ်ရာရရှိပြီးနောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ မူးယစ်ဆေးဝါးများအဓိက ထုတ်လုပ်သူအဖြစ် စွပ်စွဲခံထားရသည့် ဖုန်ညီအကိုများက ဦးပိုင်ဆုံချိန် အနားယူနေသည့် ထိုကာလတွင် ထိုစဉ်က ရန်သူဖြစ်ခဲ့သည့် မြန်မာစစ်တပ်အား ရွပ်ရွပ်ချွံချွံ တိုက် ခိုက်ခဲ့ကြသည့် တပ်မှူးကြီးများ ဖြစ်သည်။

ထိုစဉ်က ဖုန်ညီအကိုများ ရောက်လေရာ စစ်မျက်နှာတိုင်းတွင် ရန်သူတော် မြန်မာစစ်တပ်အား တိုက်ပွဲများ ဖေါ်ဆောင်ခဲ့ သဖြင့် မြန်မာစစ်တပ်မှ အထူးသတိထားစောင့်ကြည့်ခဲ့ရပြီး ၁၉၇၈ ခုနှစ် ၁၂လပိုင်းက အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ ဖုန်ညီအကိုများသွားသည့် နေရာတိုင်းတွင် တိုက်ပွဲများဖေါ်ဆောင်ရန် ညွန်ကြားထားခဲ့သည်။

ထို့ကြောင့် တိုက်ပွဲများကာလ တစ်လျှောက်လုံးတွင် ဒုက္ခလှလှကြီး ပေးနိုင်ခဲ့သည့် ဖုန်ညီအကိုများ အပေါ် မြန်မာစစ်တပ်မှ ပြင်းထန်သည့် အမြင်သဘောထားရှိခဲ့သည်။

၂၀၀ဂခုနှစ်အတွင်းက ပေါ်ထွက်လာသည့် လျှို့ဝှက်စာတမ်းတစ်စောင်အရ ဖုန်ညီအကိုများနှင့် ဦးပိုင်ဆုံချိန် တို့ ပြဿနာ ဖြစ်ပွားပါက ဦးပိုင်ဆုံချိန်ဘက်မှ ပြတ်ပြတ်သားသားရပ်တည် ဆောင်ရွက်ရန် ဆိုထားကြောင်း သိရသည်။ ယခုပြဿနာ များမတိုင်မှီကတည်းက ဖုန်ညီအကိုများနှင့် ပိုင်ဆုံချိန်တို့ မူးယစ် ဆေးဝါးကိစ္စနှင့် ပတ်သက်၍ အပြန်အလှန်စွပ်စွဲမှုများ ရှိနေခဲ့သည်။

တပ်သားထုအပေါ်သြဇာညောင်းသူ ဖုန်ညီအကိုများနှင့် စီးပွားရေးသြဇာဖြင့် ရာထူးတက်လာသူ ဦးပိုင်ဆုံချိန်တို့ဘက် နှစ်ဘက်ကြား နှိုင်းယှဉ်ချက်အရ မြန်မာစစ်တပ်မှ ဖုန်ညီအကိုများအပေါ် ယခင်ကာလကတည်းက ရန်လိုသည့်သဘော ထားရှိခဲ့ကြောင်း ထင်ရှားသည်။

ကိုးကန့်ဒေသမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် စစ်အရာရှိများ အဘယ့်ကြောင့် ဂုဏ်ပြုမခံရသနည်း

အချိန်တိုကာလအတွင်း ကိုးကန့်ဒေသ လောက်ကိုင်မှ ဖမ်းဆီးရမိခဲ့သည်ဆိုသည့် မြောက်မြားလှစွာသော မူးယစ် ဆေးဝါး ဖမ်းဆီးသည့် စစ်အရာရှိများ ယနေ့တိုင်ရာထူးတက်ခြင်း ဂုဏ်ပြုခံရခြင်း မရှိခြင်းမှာလည်း မေးခွန်း ထုတ် စရာတစ်ခု ဖြစ်နေပြန်သည်။

လက်ရှိ အခြေအနေတွင် ကိုးကန့်ဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်အရာရှိကြီးများမှာ ဒကစ (လောက်ကိုင်) မှူး ဗိုလ်မှူးချုပ် လှမြင့် တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇော စကခ ၁၆ မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတို့ဖြစ် သည်။

ယခုအချိန်အထိ အဆိုပါ တပ်မှူးကြီးများအပါအ၀င် အခြားသော မြန်မာစစ်အရာရှိများ မူးယစ်ဆေးဝါးဖမ်းဆီးရမိသဖြင့် ဂုဏ်ပြုခံရခြင်းမရှိသဖြင့် ထိုဒေသမှရရှိသည် ဆိုသည်မှာ ဖြစ်နိုင်မဖြစ်နိုင်ဟု လေ့လာသူများက သံသယ ဖြစ်နေသည်။


နောက်ထပ် အမြင်သာဆုံးသော ထောက်ပြချက်

သျှမ်းပြည်အတွင်း ၂၀၀၈ ခုနှစ်ထွက်ပေါ်ခဲ့သည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် လျှို့ဝှက် စာတမ်းတစ်စောင် အရ ဆိုလျှင် ဘိန်းနှင့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုသည် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးနယ် မြေများ ထက်စာလျှင် မြန်မာစစ်တပ်ထိန်းချုပ် နယ်မြေအတွင်း၌ အများဆုံးဖြစ်သည်။

အထူးသဖြင့် မြန်မာစစ်တပ်များ အလုံးအရင်းနှင့် ရှိနေသည့် သျှမ်းပြည် (အလယ်ပိုင်း) ဒေသတွင် ဘိန်းအများဆုံး စိုက်ပျိုးကြောင်း စာတမ်းက ဆိုသည်။

နိုင်ငံရေးအရ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး လက်ခံထားသည့် အဖွဲ့အစည်းများ၏ မူးယစ်ဆေးဝါးလုပ်ငန်းများ နှင့် မူးယစ်ဆေး ၀ါးရာဇာကြီးများဟု သမုတ်ခံထားရသည့် တိုင်းရင်းသားခေါင်းဆောင် အချို့ထံမှ ငွေကြေးရယူနေသည့် မြန်မာ စစ်တပ် အရာရှိကြီးများကိုလည်း လက်မနှေးသော အရေးယူ ဆောင်ရွက်မှုများမှာ မတွေ့ရ သလောက်ဖြစ်နေခြင်း က မူးယစ်ဆေးဝါးအား အမှန်တကယ်တိုက်ဖျက်လိုသည့် ဆန္ဒအပေါ်အခြေမခံဟု ယူဆသူများရှိသည်။

ငြိမ်းချမ်းရေးယူခဲ့သည့် နှစ် ၂၀ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အလွယ်တကူဖြိုခွဲနိုင်ရန် တမင် ရည်ရွယ်ကာ စီးပွားရေး လုပ်ငန်းမှန်သမျှ လွပ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားရာမှ ယခုမှ နယ်ခြားစောင့်တပ် ပြောင်းလဲရေး အစီအစဉ်အား ငြင်းဆန်သူများအပေါ် မူးယစ်ဆေးဝါးဖြင့် အချိန်ကိုက် စွပ်စွဲမှု ပြုလုပ်လာခြင်းက နိုင်ငံရေးအရမတူသူများ အား မူးယစ်ဆေးဝါးနှင့် တိုက်ခိုက်ခြင်းဖြစ်သည် ဆိုသည်မှာ မြင်သာထင်သာ အရှိဆုံး ထောက်ပြချက် ဖြစ်လေသည်။

http://www.mongloi.org/burmese/2008-08-03-15-59-20/98-2008-08-03-15-56-21/568-2009-11-05-14-44-45.html

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)



ဗလ နိုဝင်ဘာ၂၀၊၂၀၀၉။
တခုခု ပြုလုပ်ဖန်တီးတော့မယ်ဆိုရင် စိတ်ကူးအမြင်က အရေးကြီးပါတယ်။ စိတ်ကူးအမြင် အားနည်းရင် ဖန်တည်းပြု လုပ်တဲ့ အရာကလဲ မပြီမပြင်ဖြစ်တတ်ပါတယ်။ ပုံတူကူးချတာ၊ လုပ်နေကြမို့ အကုန် အလွတ်ရနေတာမျိုးသာ မဟုတ် လို့ကတော့ စိတ်ကူးအမြင်လွဲရင် လွဲသလောက် အကုန်လွဲတော့တာပါဘဲ။ ကြီးမားကျယ်ပြန့်ပြီးရှုပ်ထွေးတဲ့ ကိစ္စမှာတော့ ပိုလိုအပ်တာပေါ့။ အခုကျနော်တို့ရဲ့ တိုင်းပြည်မှာ ဒီမိုကရေစီစံနစ် တည်ဆောက်ကြမယ်။ (အခု လက်ရှိဗမာပြည်ဟာ ကျနော်တို့အတွက် အဆင်မပြေလို့ နေပျော်ထိုင်ပျော် မဖြစ်လို့ အားလုံးအတွက် အဆင်ပြေမဲ့ နေပျော်ထိုင်ပျော်ဖြစ်ပြီး အားလုံးအတွက် လုံခြုံအေးချမ်းပြီး တိုးတက် ဖွံ့ဖြိုးမှုကို ပေးနိုင်မဲ့ တိုင်းပြည်ဖြစ်ချင်လို့။) ဒီမိုကရက်တစ် တိုင်းပြည်ဖြစ် အောင်လုပ်ကြမယ်။ အဲဒီလို စဉ်းစားလိုက်တော့ ခုကျနော်တို့ရဲ့ ပြဿနာကို ကျနော်ကတော့ အနာဂါတ်ပြည်ထောင်စု တည်ဆောက်ရေး ပြဿနာလို့ ကြည့်မြင်မိပါတယ်။ အဲဒီ စိတ်ကူးပုံရိပ်ပေါ်ကနေ ကြည့်လိုက်တဲ့ အခါကြတော့ ခုတွေ့ နေရတဲ့ အခက်အခဲတွေ အတော်များများကို ဖြေရှင်းကျော်လွှားဖို့ စိတ်ကူးက တမျိုးဖြစ်လာရပါတယ်။

ခုအချိန်မှာ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်ရေးရရှိရေး၊ တိုင်းရင်းသား အခွင့်ရေး ရရှိရေး၊ ဆိုပြီး အမျိုးမျိုး ကြွေးကြော်နေကြပါတယ်။ အဲဒီ စိတ်ကူးအမြင်တွေနဲ့ စဉ်းစား ကြံဆပုံ အမျိုးမျိုးက ကျနော်တို့ရဲ့ အရေး တော်ပုံကို အားရကြေနပ် လောက်တဲ့ တိုးတက်မှု မပေးသေးပါဘူး။ စစ်အာဏာရှင်တွေကိုနိုင်ဖို့အတွက် ကျနော်တို့ညီ ညွှတ်ကြဖို့ လိုတယ်၊ လို့ ပြောကြပါတယ်။ အဲဒီ ညီညွှတ်ရေးကိုလဲ အလုပ်ဖြစ်လောက်အောင် မရသေးပါဘူး။ ကျန်တိုင်း ရင်းသားများမှာလဲ သူတို့ရဲ့ အရေးကိစ္စတွေ (ပြဿနာလို့ ကျနော်မသုံးမပါဘူး) ရှိကြပါတယ်၊၊ မြန်မာတိုင်းရင်းသားတွေ မှာလဲ သူတို့ရဲ့  ပြဿနာတွေနဲ့ မျှော်မှန်းချက်တွေ ရှိကြပါတယ်၊၊ မြန်မာတွေနဲ့ ကျန်တိုင်းရင်းတွေ တဘက်ကိုတဘက် မယုံသင်ကာတာနဲ့ အသာစီး ယူထားချင်တာတွေ လဲရှိကြပါတယ်။ မြန်မာတွေက စစ်အစိုးရ ဖယ်ရှားရေး ဒီမိုကရေစီ ရေးကို အဓိကနဲ့ ပထမ လုပ်ချင်တယ်။ ကျန်ကိစ္စတွေကို နောက်မှ ပြောကြ လုပ်ကြတာပေါ့ဆိုတာမျိုး ထားချင်တယ်။ ကျန်တိုင်းရင်းသားများကတော့ ခွဲထွက်ခွင့် အပါအဝင် နယ်မြေပြဿနာ အပါအဝင် လူမျိုးစု ပြဿနာတွေကိုအရင်ပြော ဆိုပြီး ခိုင်မာတဲ့ ဂတိစကား ရထားချင်တယ်။ တချိန်တည်းမှာဘဲ တဘက်ကိုတဘက် မယုံသင်ကာ လည်းရှိနေကြတယ်။ အဲဒါကြောင့် ဗမာတပြည်လုံးရဲ့ ပြဿနာ ဘုံရန်သူကို ရင်ဆိုင်ရေး တိုက်ဖျက်ရေး ပြဿနာတွေမှာ တကယ့် ပူးပေါင်း ဆောင်ရွက်မှုကို မရနိုင်ကြဘူးဖြစ်နေပါတယ်။

ဒါတွေကို ကျော်လွန်ပြီး ဗမာတပြည်လုံး မှာရှိတဲ့ ပြည်သူတွေ ကြီးမားတဲ့ စည်းလုံးညီညွှတ်မှု ရှိမှသာ ကျနော်တို့ အောင်မြင်မှု ရမှာဖြစ်ပါတယ်။ ကျနော့်အနေနဲ့ အနာဂါတ် ပြည်ထောင်စု တည်ဆောက်ရေး ပြဿနာလို့ ကြည့်မြင်ပြီး စဉ်းစားလိုက်တော့ ပြဿနာ အတော်များများကို လက်ငင်းဖြေရှင်းဖို့ လိုတယ်လို့ ယူဆမိပါတယ်၊ ဘယ်ကိုဦးတည်ပြီး ရှင်းရမလဲ ဆိုတော့၊ အနာဂါတ်ပြည်ထောင်စု ဗမာနိုင်ငံတည်ဆောက်ရေးကို ဦးတည်ပြီး လုပ်ကြရပါမယ်။ ဟုတ်ပါတယ်။ ပထမဆုံး ကိုယ်ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာ ရှင်းရှင်း လင်းလင်း ဖြစ်နေဖို့ လိုပါတယ်။ ရိုးရိုးသားသားလဲ ဖြစ်နေကြရင်တော့ ပိုကောင်းတာပေါ့။

ပဌမဆုံးအနေနဲ့ ကျနော်တို့က ကိုယ်ဘယ်လိုဗမာပြည်မျိုးမှာ နေချင်သလဲဆိုတာ စဉ်းစားကြည့်ရ ပါမယ်။ ပြီးတော့ ကိုယ်နဲ့ အနီးဆုံးလူတွေနဲ့စပြီး ညှိကြည့်တာပေါ့။ အတိတ်က ပြဿနာတွေကို အတတ်နိုင်ဆုံး ချန်ထားခဲ့ပြီး အနာဂါတ် ကို များများအာရုံစိုက်ပြီး ပြောကြ ညှိကြရ မှာပေါ့။ သေချာတာကတော့ ခုစစ်ဗိုလ်တွေ ကြိုးစားနေသလို ကိုယ့်အတွက် အကောင်းဆုံးတွေနဲ့ ကိုယ်ကြိုက်တွေချည့်ဘဲ ဆိုတဲ့ ဒီဇိုင်းကိုတော့ အများက ကြိုက်မှာမဟုတ်ဘူး လက်ခံမှာမဟုတ်ဘူး ဆိုတာပါဘဲ။ တကယ်လိုလိုချင်ချင် နဲ့သာ ပြောဆိုညှိနှိုင်းကြမယ် ဆိုရင်တော့ သူကြိုက်ကိုယ်ကြိုက် အများလက်ခံနိုင်ပြီး အလုပ်ဖြစ်လောက်တဲ့ ဒီဇိုင်းကရလာမှာပါ။

အလုပ် လုပ်ဖြစ်ဖို့ဆိုရင် သိပ်ယေဘူယျ ဆန်တဲ့သဘောတူညီမှုမျိုးတွေ လောက်နဲ့ မရနိုင်ပါဘူး။ အလုပ်ဖြစ်လောက်တဲ့ သဘောတူညီမှု ရအောင်ညှိကြဖို့ဆိုရင်လဲ သိပ်အသေးစိတ် ဂဂျီဂဂျောင် ကြနေလို့လဲ မဖြစ်ပါဘူး။ ပြဿနာတွေ မရှိ သယောင် ဟန်ဆောင်ကြဖို့လဲ မလိုပါဘူး။ လက်တွေ့ အလုပ်ဖြစ်အောင်ကတော့ ဖြေရှင်းကြရပါမယ်။ ပြဿနာတွေ အကုန်ရှင်းပြီးမှ စလုပ်မယ် ဆိုတာမျိုးလဲ မဖြစ်ထိုက်ပါဘူး။ အဲဒီလိုနည်းနဲ့ တန်းညှိကြည့်လိုက်ရင် ဘယ်သူတွေကတော့ မညီချင်လို့ကို မညီနေတာဘဲ၊ အလုပ်မလုပ်ချင်လို့ကို အလုပ်မဖြစ်ချင်လို့ကို မလုပ်ဘဲ နေတာဘဲ ဆိုတာလဲ ပေါ်လာနိုင် ပါတယ်။

ကျနော်တို့ကြားထဲမှာ နယ်မြေပြဿနာတွေ ရှိပါတယ်၊ အခွင့်အရေးပြဿနာတွေ ရှိပါတယ်၊ စီးပွါးရေး ပြဿနာတွေ ရှိပါတယ်။ ဒါတွေကို အတက်နိုင်ဆုံး ပွင့်ပွင့်လင်းလင်း ချပြကြပြီး ညှိနှိုင်းဖြေရှင်းကြဖို့ လိုပါတယ်။ အဲဒါတွေ ပြေလည် လာသလောက် အခြင်းခြင်းကြားက ညီညွှတ်ရေးကလည်း ပိုပြီးအားကောင်း လာမှာဖြစ်ပါတယ်။ အရေးကြီးတာကတော့ အခြင်းခြင်းကြားထဲမှာ ကိုယ်ကအသာစီး ရယူထားချင်တာကို အဓိကမထားဘဲ စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်နိုင် အောင် ညီညွှတ်ရေးရဖို့ကို အဓိကထားပြီးလုပ်ကြမယ် ဆိုရင်တော့ ရကိုရမှာပါ။ ညှိလို့ရသလောက်မှာ သတ်သတ်မှတ် မှတ် လုပ်ငန်းတာဝန်ခွဲဝေပြီး ဆက်လုပ်ကြတာပေါ့။ တဦးခြင်းကိုက ကြီးငယ်မရွှေး တာဝန်ကို သတ်သတ်မှတ်မှတ် ယူကြရပါမယ်။

ဆွေးနွေးညှိနှိုင်းလို့ ရလာတာတွေက ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအတွက် အခြေခံတွေနဲ့ လုပ်ထုံးလုပ်နည်းတွေအတွက် အခြေခံတွေ ဖြစ်လာရပါမယ်။ အဲဒီကနေ အနာဂါတ်ပြည်ထောင်စု အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံအထိ မျှော်မှန်းပြီး လုပ်ကြ ရပါမယ်။ ဒီလိုနည်းနဲ့  ကျနော်တို့မှာ တိကျ ရှင်းလင်းတဲ့ ဘုံအခြေခံနဲ့  ဘုံရည်မှန်းချက်အဖြစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့  အနာဂါတ် ပြည်ထောင်စု ကိုရလာနိုင်ပါတယ်၊၊ ဘာအတွက် ကျနော်တို့  စစ်တိုက်ကြမလဲ ဒါအတွက် တိုက်ကြမယ်၊ ဘယ်အပေါ်မှာ အခြေခံပြီး ညီညွှတ်ကြမလဲ ဒီအပေါ်မှာ အခြေခံပြီး ညီညွှတ်ကြမယ်။ မှန်တယ်မှားတယ် တိုင်းဖို့  စံ(ပေတံ)ရလာပါမယ်။


ရ လာမည့် ဖွဲ့စည်းပုံကို လိုက်နာကျင့်သုံးမဲ့ လွှတ်တော်၊ ပါလီမန်၊ အစိုးရအဖွဲ့၊ စတာတွေ တည်ထောင်ရပါမယ်။ အဲဒီ ဖွဲ့စည်းပုံနဲ့ အစိုးရကို သစ္စာခံပြီး၊ လိုက်နာဆောင်ရွက် မည့်တပ်မတော် တရပ်နဲ့ ယန္တယား ( ဗြူရိုကရေစီ ယန္တယား ) တရပ်ကိုလဲ တည်ဆောက်ယူ ရပါမယ်။ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ၊ နဲ့ပြည်ထောင်စု အစိုးရကို သစ္စာခံတဲ့ ၊ ပြည်ထောင်စု တပ်မတော် တရပ်ဟာ၊ ကျနော်တို့ရဲ့ နိုင်ငံရေး သဘာဝဝန်းကျင် အနေအထား (Political Environment ) အပြောင်းအလွှဲအတွက် အများကြီး အလုပ်လုပ် လာပါလိမ္မယ်။ အရေးကြီးတာက ညှိလို့ရ သလောက်က စလုပ်။ လုပ်လို့ရသလောက်ပေါ် အခြေခံပြီး ထပ်ညှိ တစိုက်မတ်မတ် လုပ်ကြဖို့ပါဘဲ။ အန္ဒရယ်တွေ ကတော့ ဆင့်ကဲဆင့်ကဲ လုပ်သွားကြရမဲ့ အပြာင်းအလွှဲတွေ အတွင်းမှာ ကွဲမဲ့လူတွေရဲ့ တုံးခုမဲ့ ကိစ္စနဲ့ ပေါက်မဲ့လူတွေရဲ့ ကိုယ့်မြင်းကိုယ်စိုင်း ကိုယ်လိုရာ ဆွဲပြေးကြမဲ့ ကိစ္စတွေဘဲဖြစ်ပါတယ်။

နောက်စဉ်းစားချက်တခုက ဒီလိုပါ တတိယနိုင်ငံရောက်၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ အရေးတော်ပုံကို သံယောဇဉ် မကုန်ကြပါဘူး။ တနည်းနည်းနဲ့  ပါတ်သက်ချင်ကြပါတယ်၊ ပတ်သက်ကြောင်း ပြချင်ကြပါတယ်၊ ဒါပေမဲ့ အများစုဖြစ်တဲ့ တချို့ဟာ အကြောင်း အမျိုးမျိုး ကြောင့် ဟိုလူကိုတော့ မထောက်ခံနိုင်ဘူး၊ ဒီအဖွဲ့ စည်းနဲ့တော့အဆင် မပြေဘူး၊ ဆိုတာတွေ ရှိနေကြပါတယ်၊ ဒီဗမာတွေဟာ လုံလောက်တဲ့ အကျိုးအကြောင်းရှိရင်တော့ တတ်နိုင်သလောက် အားပေးထောက်ခံကြမှာပါ။ ဆိုလိုချင်တာက ပြည်ထောင်စုအစိုးရနဲ့  ပြည်ထောင်စု တပ်မတော် အနေနဲ့  ရံပုံငွေ ကောက်လို့ရနိုင်ပါတယ်။

လူသိပ်များများကို မဟုတ်ပေမဲ့၊ (၁၉၉၉)လောက်က ရံပုံငွေ မကောက်ခံချင်ဘူးလို့  သဘောထားရှိ တဲ့လူတွေကို မေးကြည့်မိထားတာ ရှိပါတယ်။ ၁၊ ၊ လိုက်ကောက်ရမှာ အောက်ကျတယ်။ ၂၊ ၊လူတွေက ထည့်မယ်လို့  မထင်ဘူး။ ၃၊ ၊ နာမည်ခံလေးဘဲ ရမယ်၊ လုံလောက်အောင် ရမယ်လို့ မထင်ဘူး။ ၄၊ ၊ ငွေ လေး နည်းနည်းပါးပါး ထည့်ပြီး မြိုပေါ်နေတဲ့ လူတွေက တော်လှန်ရေး လုပ်နေတဲ့ သူတွေကို ဆရာ လာလုပ်တာ၊ ဝေဖန်တာ မခံနိုင်ဘူး။ ၅၊ ၊ငွေထည့် တဲ့သူတွေကို စာရင်း ပြန်ရှင်း ပြမနေနိုင်ဘူး။ ၆၊ ၊ တာဝန်ခံ ပြီးကောက်ပေးမဲ့လူ မရှိဘူး - -အစရှိ တဲ့အကြောင်းပြချက် တွေ ရပါတယ်၊ ကျနော့် အနေနဲ့တော့ အဲဒါတွေ အကုန်လုံးဟာ ဖြေရှင်းလို့ရတဲ့ ကိစ္စတွေဘဲ ဖြစ်ပါတယ်။ နည်းစံနစ် ပြည့်စုံမှန်ကန်ဖို့တော့ လိုမှာပေါ့ ။ အခုတော့လဲ အဖွဲ့အစည်းတချို့အနေနဲ့ ငွေလိုက်အလှူခံရ ကောက်ရတဲ့ အတွေ့အကြုံ တွေ အတော်ရနေပါပြီ။

ဒါပေမဲ့ ကျနော်တို့ ဗမာပြည်က လူတွေအနေနဲ့ ကွန်မြူနတီ စုရုံးမှုမှာ အတော်အားနဲ ပါသေးတယ် နိုင်ငံတကာမှာ တရုတ်၊ ကုလား၊ တိဘက်၊ ဗီယက်နန် စသည်ဖြင့် (Community center) တွေ အတော်ကောင်းတာတွေ့ ရပါတယ်။ ခု ဗမာကစပြီး လိုက်လာပါပြီ။ ဒီကိစ္စမှာ ချင်းလူမျိုးတွေက အများကြီး ရှေ့ရောက်တာ တွေ့ရပါတယ်။ community အစု အစည်း ပေါ်လာတော့ ဦးဆောင်မှု ဖေါ်ယူလာရပါတယ်၊ ပေါ်လာရပါတယ်။ တချိုနေရာတွေမှာ ပုံမပေါ်သေးပါဘူး။ အင်နဲ့ အားနဲ့  ပေါ်လာအောင် စနစ်တကျ ဖြစ်လာအောင် အားပေးကြရပါမယ်။ အနာဂါတ်ပြည်ထောင်စုကို ယုံကြည်တဲ့ ကျနော်တို့က (Community Leader ) တွေကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရရဲ့  ကိုယ်စားလှယ်တွေ ၊ကောင်ဆယ် လာတွေ၊ သံအမတ်တွေ ဖြစ်လာအောင် လုပ်ကြရပါမယ်။ ဒေသခံအစိုးရတွေ၊ အဏာပိုင်တွေက၊ တရားဝင်အသိအမှတ် ပြုရင် ပြည်ထောင်စု အစိုးရကလဲ တရားဝင် အသိအမှတ်ပြု ခန့်ထားရပါမယ်။ ဒေသခံ အာဏာ ပိုင်တွေက တရားဝင် အသိအမှတ် မပြုသေးရင်လဲ ကိုယ့်ဗမာလူမျိုးတွေက အသိအမှတ်ပြု ဆက်ဆံလာဖို့  အနိမ့်ဆုံးထား ကြိုးစားရပါမယ် အဲဒါနည်းလမ်းများစွာ ရှိပါလိမ္မယ်။

ဒီလိုနည်းနဲ့ နိုင်ငံရေး၊ စီမံခန့်ခွဲရေး အလုပ်တွေ အများကြီး ပေါ်လာပါမယ်။ အဲဒီ ဗြူရိုကရေစီ ယန္တယား တည်ဆောက် ရေးဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေး လုပ်နေတဲ့ အဝန်းအဝိုင်း အတွင်းမှာရှိနေတဲ့ ပြဿနာ အတော်များကို ဖြေရှင်းပြီး ကျနော်တို့ကို ကျနော်တို့ နောက်တဆင့် တိုးတက်အောင်လုပ်ဖို့ အခြေအနေပေးလာမှာ ဖြစ်ပါတယ်။ ဘာတွေလဲလို့ ရေတွကကြည့်မယ်ဆိုရင် ---
- အလုပ်များတဲ့ သူတွေမှာ မနိုင်မနင်းတွေဖြစ်ပြီး ထောင့်မစေ့နိုင်လို့ လစ်ဟာ နှောင့်နှေးမှု တွေဖြစ်နေရတာ။
- အလုပ်မရှိတဲ့သူတွေ ဘေးထိုင်ဘိုင်ကျ ဘုပြောဖြစ်နေရတာ။
- တီထွင် ဖန်တီး ဦးဆောင်မှု ပေးရတဲ့ နိုင်ငံရေးခေါင်းဆောင်မှု အလုပ်နဲ့ ပုံမှန်လှည်ပတ် နေအောင် ထိမ်းသိမ်းရတဲ့ စီမံခန့်ခွဲသူရဲ့ အလုပ်လို သဘာဝမတူတဲ့ အလုပ်တွေကို လူတဦးထဲက လုပ်နေရတာတွေ။
- တော်လှန်ရေးနယ်ပယ်မှာ ရှေ့ကလုပ်နေတဲ့သူတွေကို အားမလို အားမရနဲ့ စောင့်ကြည့် နေရတာကလွဲလို့ လုပ်စရာမရှိဖြစ်နေတာ စတာတွေဖြစ်ပါတယ်။

နောက်မြင်မိတာ တခုကတော့ ဒီနေ့အချိန်တွေမှာ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့  ရောက်နေတဲ့ ဗမာတွေ ၂သန်းခွဲ ကျော်မယ်လို့ ခန့်မှန်းပါတယ်၊ သူတို့တွေက ဗမာပြည်ဟာ သူတို့ပြည်လို့ သဘောထားနေသေးရင် ဗမာပြည် အစိုးရ ကလဲ သူတို့ကို ကိုယ့်ပြည်သားတွေလို့ သဘောထား ရပါလိမ္မယ်။ ကျနော်တို့ရဲ့ ပြည်သူ၊ သားတွေ ကံအတော်ဆိုးပါ တယ်၊ ရောက်ရာနေရာမှာလဲ မျက်နှာငယ်ကြပါတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရကလဲ အခွန်ကောက်ဖို့နဲ့ သူတို့ အပေါ်က အမြတ်ထုတ်ဖို့လောက်ဘဲ စိတ်ဝင်စားပါတယ်။ သဘာဝဘေး၊ စစ်ဘေး၊ ဒါမှမဟုတ် ပြဿနာ တခုခုဖြစ်ခဲ့ရင် တခြားတိုင်းပြည် အစိုးရတွေက သူတို့ပြည်သူတွေဘက်က ရပ်ခံတယ်၊ ကာကွယ်ဖို့၊ ကယ်တင်ဖို့၊ လုပ်ကြတယ် ကျနော် တို့ဗမာပြည်သားတွေမှာတော့ ခိုကိုးရာမဲ့ ဖြစ်ကြပါတယ်၊ ကိုယ့်တိုင်းပြည် အစိုးရကို တိုင်ကြား အကူအညီ တောင်းခံဖို့ ထက် ဒီအစိုးရ သိမသွားအောင် ဖုံးကွယ်ပုံးအောင်း နေဖို့ ကြိုးစားကြရပါတယ်။

ကျနော်တို့ရဲ့ ပြည်ထောင်စု အစိုးရက ဒီကိစ္စတွေကို ဘယ်လိုသဘောထား ကြမလဲ။ ဒါဟာ အရေးကြီး ပါတယ်၊ ၁-၁၊ ဘယ်လောက် လူစဉ်မှီတဲ့ အစိုးရ ဖြစ်လာမလဲ၊ ၂-၂၊ ဘယ်လောက် အင်အားရှိတဲ့ အစိုးရ ဖြစ်လာမလဲ၊ ၃-၃၊ ဘယ် လောက်အထိ ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ အစိုးရဖြစ်လာမလဲ။ ဆိုတာတွေကို အဆုံးအဖြတ်ပေးတဲ့ ကိစ္စဖြစ်လာနိုင် ပါတယ်။ ၁-၁၊ အစိုးရ တာဝန် ဝတ္တရားများ ထမ်းဆောင်နိုင်စွမ်း ၊ အစိုးရဟု အသိမှတ်ပြု ဆက်ဆံခံရမှု၊ တုံ့ပြန် အရေး ယူနိုင်သည့် အတိုင်းအတာ၊- -စသည် များကို ဆိုလိုပါသည်။ ၂-၂၊ ပြည်သူ ထောက်ခံမှု အတိုင်းအတာ၊ ငွေကြေး အင်အား၊ လူအင်အား၊ အဆက်အသွယ်များ၏ အမျိုးအစားနဲ့  အတိုင်းအတာ၊ စစ်အင်အား၊ - -စသည်များကို ဆိုလို ပါသည်။ ၃-၃၊ ပြည်တွင်း၊ ပြည်ပ ဗမာများကို ဘယ်လောက်သြဇာ လွှမ်းမိုးသလဲ၊ ပြည်သူ အစိတ်အပိုင်း ဘယ်လောက် များများနဲ့  နယ်မြေဧရိယာ ဘယ်လောက်အထိမှာ ဆန္ဒမဲ ကောက်ယူနိုင်စွမ်း ရှိသလဲ၊- - စသည်များကို ဆိုလိုပါသည်။ ဒါတွေအတွက်လဲဘဲ ပြည်ထောင်စုတပ်က အဓိက မောင်းနှင်အား ဖြစ်လာပါလိမ္မယ်။

အခုအချိန်မှာတော့ စစ်အုပ်စုက အမျိုးသားရင်ကြားစေ့ရေးကို မျက်ကွယ်ပြုပြီး စစ်အာဏာ ခိုင်မာရေးကို အတည့် အလင်း လုပ်လိုက်ပြီဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (အပစ်ခတ်ရပ်စဲ၊ မရပ်စဲ) အားလုံးကို နအဖက ဖျက်သိမ်းရေး လုပ်ပါလိမ့်မည်။ ဒီမိုကရေစီ နည်းကြ လူမျိုးစု အခွင့်အရေးများ မျှော်လင့်စရာ မရှိပါဘူး။အဖျက်သိမ်းမခံ ချင်လျှင် ခုခံကာ ကွယ်ရေးလုပ်ကြရပါမည်။ တစ်ဦးချင်း တစ်ဖွဲ့ချင်း ခုခံကာကွယ်ရေးလုပ်ရန် အခက်ခဲအများကြီး ရှိပါ သည်။ စုပေါင်း၍လုပ်လျှင် ဖြစ်နိုင်ချေပိုရှိပါသည်။ စုပေါင်း အစီအစဉ် အနေအဖြင့် ပြည်ထောင်စုတပ်သည် နည်းလမ်း တစ်ရပ် ဖြစ်ပါသည်။ ကျနော်တို့ အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို လက်တွေ့ကြကြ လက်ခံကျင့်သုံးကြဖို့ဘဲ လိုပါ သည်။

ကျနော်တို့က ပြည်ထောင်စုတပ် ဖေါ်သည့် လုပ်ငန်းဖြင့် ဦးဆောင်၍ဖြစ်စေ၊ န အ ဖ က စစ်ရေး နိုင်ငံရေးအရ ချေမှုန်း ၍ဖြစ်စေ၊ ကမ္ဘာ့အင်အားကြီးများ၏ ကမ္ဘာ့စံစနစ်သစ် (New world order ) တွက်လွန်ဆွဲပွဲ ကြောင့်ဖြစ်စေ၊ အခြေအနေ များပြောင်းတော့မည်။ ပြောင်းနေပါသည်။ ဒါကိုကျနော်တို့ ဒီမိုကရေစီ အင်အားစုများလဲ ရှောင်လွှဲ၍ ရမည်မဟုတ်ပါ။ ယခု ၂ဝဝ၉ ခုနှစ် ထဲမှာတော့ အခြေအနေတွေကို အားလုံးဘဲ တွေ့မြင် ထိသိ ခံစား နေကြရပြီး ဖြစ်ပါသည်။ အပြောင်း အလွဲတွေက မြန်ပါသည်၊ ကျနော်တို့ အမှီလုပ် ကြရပါမည်။ ကိုယ်ကိုတိုင်က ကိုယ် ရောက် နေတဲ့နေရာက စလုပ်ကြဖို့ ဖြစ်ပါသည်။ ကျနော်တို့ရဲ့ အနာဂါတ်ကို ကျနော်တို့ကိုယ်တိုင် တည်ဆောက်ယူကြပါစို့။

ကောင်းမွန်သောအနာဂါတ်ကို မျှော်မှန်းလျှက်
ဗလ

အခုအချိန်မှာတော့ စစ်အုပ်စုက အမျိုးသားရင်ကြားစေ့ရေးကို မျက်ကွယ်ပြုပြီး စစ်အာဏာ ခိုင်မာရေးကို အတည့် အလင်း လုပ်လိုက်ပြီဆိုတော့ ကျနော်တို့ အနေနဲ့ တိုးမြင့် တိုက်ခိုက်ဖို့ မှတပါးတခြားမရှိတော့ပါဘူး။

ဗလ
http://www.kaowao.org/b/art09-nov20.php

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)ဒီမှာဖတ်ပါ

သမိုင်းသင်ကြားချက်တွေထဲက သတိပြုစရာတခု


ရဲဘော်ဖိုးသံချောင်း

၂၀ နိုဝင်ဘာ ၂၀၀၉


တလောလေးကပဲ ပထမကမ္ဘာစစ်ပြီးဆုံးတာ အနှစ် (၉ဝ) မြောက်တဲ့ အခမ်းအနားများကို ဥရောပအနှံ့အပြားမှာ ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာတွေ့ရပါတယ်။ ဗြိတိသျှဘုရင်မကြီးအပါအဝင် နိုင်ငံအများအပြားက ထိပ်သီးတွေ တက်ရောက်ကြပါတယ်။ ဒါပေမယ့် လူ့အသက်ပေါင်း (၈၇) သိန်းကျော် ချုပ်ငြိမ်းစေခဲ့တဲ့ ဒီစစ်ပွဲကြီး ပြီးသွားတာကြာပြီဖြစ်လို့လားမသိ၊ ဒီအခမ်းအနားမှာရော၊ ဒီကာလအတွင်း မီဒီယာတွေမှာရော ဒီစစ်ကြီးပေါက်ဖွားလာပုံ၊ အဆုံးသတ်သွားပုံတွေနဲ့ပတ်သက်လို့ သိပ်မပြောကြတော့ပါဘူး။ ပြောရတာများလို့ မောသွားကြတာလား၊ သဗ္ဗေသတ္တာအဝေရာဟောန္တုပဲ လုပ်လိုက်ကြတာလား မပြောတတ်ပါ။ ဒီနေရာမှာတော့ အဲဒီအထဲက မမေ့သင့်တဲ့ သင်ခန်းစာတခုကို ပြန်ထောက်ပြချင်ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ ပထမကမ္ဘာစစ်တို့ဆက်နေပုံကို မှတ်မိကြလိမ့်အုန်းမယ်လို့ ထင်ပါတယ်။ ကမ္ဘာစစ်ကြီးတခုပြီးလို့ အနှစ် (၂ဝ) မရှိခင်မှာဘဲ နောက်ကမ္ဘာစစ်ကြီးတခုအတွက် ပြင်ဆင်ကြတာ၊ ခြေပုန်းခုတ်ကြတာ၊ တကယ်လည်း ပေါက်ကွဲထွက်လာတာ စတဲ့ကိစ္စတွေဟာ မတော်တဆတိုက်ဆိုင်မှုတွေမဟုတ်ပါဘူး။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကြီးမှာ စတင်စစ်ခင်းသူဟာ ပထမ ကမ္ဘာစစ်ကြီးတုန်းက စစ်ရှုံးခဲ့သူဖြစ်တယ်ဆိုတဲ့အချက်ဟာ သတိမပြုဘဲမနေသင့်ပါဘူး။

ပထမကမ္ဘာစစ် ဘယ်လိုအဆုံးသတ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။ စစ်ရှုံးသူဂျာမဏီအပေါ်မှာ ဗာဆိုင်းစာချုပ်- The Treaty of Versailles (၂၈-၆-၁၉) ၊ လော်ဇန်းစာချုပ် The Treaty of Lausanne (၂၄-၇-၂၃ ခု)၊ စိန့်ဂျာမိန်းစာချုပ် The Treaty of St. Germain (၁ဝ-၉-၁၉) စတဲ့စာချုပ်တွေ အများကြီးချုပ်ဆိုပြီး စစ်ရှုံးသူတွေကို ဖိထားခဲ့တာဖြစ်ပါတယ်။ ဗာဆိုင်း စာချုပ်ကိုဆိုရင် ဗြိတိန်နိုင်ငံကတောင်မှ ဂျာမဏီအပေါ်မှာတောင်းဆိုတာ သိပ်ပြင်းထန်လွန်းတယ်လို့ ပြောခဲ့ပါတယ်။ ဒီစာချုပ် ကြောင့်မို့ ဂျာမဏီနိုင်ငံဟာ စစ်မဖြစ်မီကရှိခဲ့တဲ့ သူ့နယ်မြေဧရိယာရဲ့ (၁၃.၅) ရာခိုင်နှုန်း (လူဦးရေ ၇ သန်း) ကို ဆုံးရှုံးသွားခဲ့ပါတယ်။ နောက်ပြီး ပြည်ပမှာရှိတဲ့ သူတို့ကိုလိုနီတွေ အားလုံးကိုလည်း လက်လွှတ်လိုက်ရပါတယ်။ တခါ တူရကီဟာဆိုရင်လည်း လော်ဇန်းစာချုပ်ကြောင့် သူ့ရဲ့ အော်တိုမန်အင်ပါယာဆိုတာကို လုံးဝလက်လွှတ်လိုက်ရပြီး နယ်မြေတွေ အများကြီးဆုံးရှုံးသွားပါတယ်။ ဟက်ဘ်စဘဂ်အင်ပါယာ (Habsburg empire) ကို ဆုံးရှုံးလက်လွှတ်လိုက်ရတဲ့ သြစထရီးယားနိုင်ငံဟာလည်း သူ့နဂိုဒေသတွေ ခွဲထုတ်ပေးပစ်ရ၊ သူ့တပ်ကို (၃) သောင်းအထိ လျှော့ချရ စသဖြင့် တသက်အခဲမကျေစရာတွေ ခံစားခဲ့ရပါတယ်။

ဒီလိုမတရားတဖက်သတ်ကျတဲ့ စစ်ပြေငြိမ်းစာချုပ်တွေကြောင့်မို့ ဒုတိယကမ္ဘာစစ်ကြီး ပေါ်ပေါက်တယ်ဆိုတာကို ကမ္ဘာ့သမိုင်း ပညာရှင်တွေနဲ့ စွယ်စုံကျမ်းအတော်များများကပဲ အသိအမှတ်ပြုကြပါတယ်။ မတရားအချုပ်ချယ်ခံခဲ့ရတဲ့ နိုင်ငံတွေမှာ အမျိုးသားရေးစိတ်ဓာတ်နဲ့ လူထုကို စည်းရုံးလို့အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီးတပွဲပြီးတယ်ဆိုတိုင်း ငြိမ်းချမ်းရေးအတွက် အာမခံချက် ရတာမဟုတ်ကြောင်း ဒီခေတ်လူသားတွေကို ဒီသမိုင်းက ဖော်ပြနေပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို တဖက်သတ်ဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းလို့မရကြောင်းလည်း သင်ခန်းစာယူသင့်ပါတယ်။

ဒါနဲ့တဆက်တည်း၊ မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ စစ်အေးစစ်ပွဲကိစ္စကိုလည်း ပြန်စဉ်းစားစရာသင့်ပါတယ်။ စစ်အေးစစ်ပွဲ ဆိုတာကြီးဟာ သေနတ်သံတချက်မကြားရဘဲ ပြီးသွားတယ်လို့ ပြောရင်ရပါတယ်။ ဘယ်လိုစစ်ပြေငြိမ်းစာချုပ်၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာတွေမရှိဘဲ သိန်းနဲ့ချီတဲ့ ဝါဆောစာချုပ်တပ်ဖွဲ့ဆိုတဲ့ ဧရာမစစ်တပ်တွေလည်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်သွားတဲ့အတွက် အဲဒီဒေသတွေမှာ တကယ်တမ်းငြိမ်းချမ်းရေးရခဲ့ပါသလား။ မနည်းလှတဲ့ နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက် အကြီးမားဆုံးပြိုကွဲမှုတွေနဲ့ ပထမဆုံးသေနတ်သံတွေ ပြန်ကြားလာရတယ် မဟုတ်ပါလား။ ပြောရရင် ဝါဆောစစ်အုပ်စု မရှိတော့တဲ့အတွက် နေတိုးစစ်အုပ်ရဲ့ တည်ရှိမှုဟာလည်း အဓိပ္ပာယ်မရှိတော့ပါဘူး။ တရားအရဆိုရင် သူလည်း တဖြည်းဖြည်း ပျောက်ကွယ်ရတော့မှာပါ။ ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်ဘဲ နေတိုးကိုတိုးချဲ့လာလိုက်တာ ရုရှားနဲ့နယ်စပ်ချင်း ကပ်နေတဲ့ နိုင်ငံတွေကိုတောင် ရောက်လာပါပြီ။ ဒီလိုနဲ့ ပူတင်တို့ဘက်ကလည်း အခုအခါ အမျိုးသားရေးကြွေးကြော်သံတွေကိုတင်ပြီး စစ်အင်အားတိုးချဲ့တာ၊ ဖြည့်ဆည်းတာတွေ လုပ်လာလို့ ဒုတိယစစ်အေးစစ်ပွဲကို ပြန်ရောက်လာအုန်းမှာလားလို့ တွေးစရာ၊ မေးစရာဖြစ်လာနေပါတယ်။ တပါတည်း ဗမာပြည်နိုင်ငံရေးရဲ့ အခုနောက်ဆုံးဖြစ်ပေါ်မှုတွေဟာ အဲဒီမပေါ်ပေါက်သေးတဲ့ ဒုတိယစစ်အေးစစ်ပွဲနဲ့များ ဆက်နေသလားလို့တောင် တွေးစရာဖြစ်လာနေတယ်မဟုတ်ပါလား။

ကမ္ဘာစစ်တခုပြီးတော့ နောက်ကမ္ဘာစစ်တခု။ စစ်အေးစစ်ပွဲတခုပြီးတော့ နောက်စစ်အေးစစ်ပွဲတခု။

ဒီလိုပါပဲ။ သမိုင်းမှာ တဖက်စီးနင်းဆုံးဖြတ်ခဲ့၊ လုပ်ကိုင်ခဲ့တာတွေဟာ တကယ်တမ်းပြီးပြတ်သွားတာ မဟုတ်ပါဘူး။ တန်ပြန်တဲ့ အကျိုးဆက်တွေနဲ့ ကြုံရတတ်ပါတယ်။ ဒီကနေ့ ဗမာနိုင်ငံမှာ ဒီနေ့ဖြစ်ပျက်နေတာတွေကိုကြည့်ပြီး အရာရာကို နအဖစစ်အုပ်စုက ထင်သလို ခြယ်လှယ်လုပ်ကိုင်နိုင်နေပြီ၊ နအဖစစ်အစိုးရဟာ သင်္ခါရတရားနဲ့ကင်းလွတ်နေသူတွေဖြစ်တယ်၊ ကျန်တဲ့တနိုင်ငံလုံး၊ ပြည်သူတရပ်လုံးဟာ သူတို့ပေးသနားတဲ့ စပေ့စ်လေးထဲမှာပဲ လှုပ်ရှားကြပေတော့လို့ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို တခုတည်းသော တလမ်းသွားလမ်းကြောင်းလို ပြောသူတွေက ပြောနေကြပါတယ်။ ဒီလိုအနေအထား အောက်မှာ နအဖဗိုလ်ချုပ်တွေဟာလည်း နေမြင့်လေအရူးရင့်လေဆိုသလို အဲဒီလိုမြှောက်ပြောတာတွေကို နားထောင်ရင်း စိတ်ကြီးဝင်သထက်ဝင်၊ အတိုက်အခံတွေကို ရှိတယ်လို့တောင်မှ သဘောမထားဘဲ လုပ်ချင်တာလုပ်နေကြပါတယ်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက်မဲပေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရန်ကုန်မှာသာ တမြို့တည်းမှာသာ ဆိုင်းဘုတ်တင်ခွင့်ပေး၊ သူတို့ကိုဖားနေတဲ့ “ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်” ဆိုတဲ့ အဖွဲ့လိုဟာတွေကိုတော့ တိတ်တိတ်ထောက်ပံ့ကြေးတွေပေးပြီး တပြည်လုံးမှာ လှုပ်ရှားခိုင်းထားပါတယ်။ ဒီလိုပဲ ဗမာပြည်နိုင်ငံရေးမှာ ဘုရားကားအောက် မျောက်ကားအထက် ဖြစ်နေတာကြာပါပြီ။

စစ်အာဏာရှင်တွေရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့နီးလာလေလေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲမဝင်ရင် ဖျက် သိမ်းပစ်မယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ကျပြီးပြီ စတဲ့ကောလာဟလတွေ အကျယ် အပြန့် ကြားလာရပါတယ်။ ဘယ်သူကလွှင့်တယ်ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် ကြက်တူရွေးထက်ကဲနေတဲ့ မယ်ဘော်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်ခံချင်သလားလို့တောင် မောက်မောက်မာမာ၊ မိုက်မိုက်ရိုင်းရိုင်းတွေ ရေးနေကြပါတယ်။ သူတို့အနေနဲ့ ဒီလိုရေးလိုက်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း မခြောက်လှန့်နိုင်ဘူး၊ ပြည်သူလူထုကိုလည်း မျက်စိလည်အောင်မလုပ်နိုင်ဘူးဆိုတာ သူတို့သိပါတယ်။ တကယ်က ဆရာလုပ်တာအကျင့်ပါနေတဲ့ သူတို့ဟာ နအဖစစ်ဗိုလ်ချုပ်တွေကို “ချလိုက်ပါတော့လား” ဆိုတာမျိုး အကြံပေးတိုက်တွန်းနေတာသာ ဖြစ်ပါတယ်။

အထက်မှရေးခဲ့သလိုပဲ သမိုင်းဆိုတာ အသာစီးရနေတုန်း တဖက်သတ်လုပ်ခဲ့တာတွေနဲ့ချည်း ပြီးသွားတာမဟုတ်ပါဘူး။ တန်ပြန်ကိစ္စတွေ ပေါ်ထွက်လာနိုင်ပါတယ်။ တန်ပြန်တယ်ဆိုရင် ပိုတောင်ပြင်းထန်၊ ပိုတောင်သဲသန်တတ်တယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။

http://www.khitpyaing.org/articles/Nov09/201109.php

United Nations General Assembly Third Committee voted on a Resolution on Burma


http://www.multiupload.com/VQHHN5XB4B

un

Communist Party of Burma Statement about Burma Current Political Situation


http://www.multiupload.com/170ZL8G4UT

Communist Party of Burma Statement